စာပေါင်းသိုက် အက်ဆေးများ - ဇော်ဇော်အောင်
အမှာစာ
နိဒါန်း - ‘အက်ဆေး’ (Essay) ဆိုတာ ဘာလဲ။
သိင်္ဂါရ ရသ - ကံ့ကော်မြိုင်စာတန်း၊ ၁၉၆၄
မနက်စောစော - ကံ့ကော်မြိုင်စာတန်း၊ ၁၉၆၄
ဇော်ဂျီ (သဘင်၊ ၁၉၈၄ ဒီဇင်ဘာ) - ဆရာဇော်ဂျီအကြောင်း သူ့တပည့်ရေးသောစာ
ဝတ္ထုအကြောင်း တပေါင်းစာတမ်း - ဒဂုန်၊ ၁၉၈၅ ဧပြီ
ဝတ္ထုအကြောင်း ဆွေ့ဆွေ့ခုန်စာတမ်း - ဒဂုန်၊ ၁၉၈၅ မေ
လူပေါလူညံ့ပြဿနာ - သဘင်၊ ၁၉၈၅ ဩဂုတ်
ဟေမာနေဝင်း သီချင်းကဗျာ - သဘင်၊ ၁၉၈၆ ဩဂုတ်
ဒေါင်းအလွမ်းစာ - မြတ်လေး၊ ၁၉၈၇ မေ
မန္တလေး - ရှုမဝ၊ ၁၉၈၈ မတ်
ရာဇဝင်အမှောင်မှာ တန်ဆောင်ဆီမီးပမာ - သဘင်၊ ၁၉၈၇ ဩဂုတ်
မအောင်မြင်မှု ငွေရတုစာတမ်း - မြတ်လေး၊ ၁၉၉၈ မတ်
မြက်ခင်းသံစဉ် အမှတ် (၆) - ရှုမဝ၊ ၁၉၈၈ ဧပြီ
မိုးခင်အတွက် ပိတောက်ခက် စကားပြေ - မြတ်လေး၊ ၁၉၈၈ မေ
တယောထိုးတဲ့ ပို့စ်မော်ဒန်ကောင်မလေး မန္တလေးမြို့မနှင့် ကိုတင်ရီ - ပို့ဆောင်ရေးမဂ္ဂဇင်း၊ ၂၀၀၀
တိုက်စိုးလို ဖြစ်ချင်တယ် - မြင်သာမဂ္ဂဇင်း၊ ၂၀၀၀
နှစ်ဆယ့်တစ် ကြိုချင်း - စျေးကွက်ဂျာနယ်၊
မိုးသက်လေနှင်၏ အလွန်မှာ ပန်းချီဆရာ မောင်ညိုဝင်းနှင့်အတူ - ကုမုဒြာဂျာနယ်၊ ၂၀၀၀
အမာစိန်နှင့် အရိုင်းမယ်လေး - ကုမုဒြာဂျာနယ်၊ ၂၀၀၀
ငြိမ်သက်သော ဆောင်းကဗျာအကြောင်း အက်ဆေး
အမှာစာ
ယခုစာအုပ်တွင် ပါဝင်သော ကျွန်တော့်စာများကို ရေးခဲ့စဉ်က ယခုလို စုစုစည်းစည်း ပြန်လည်ထုတ်ဝေဖို့ မစဉ်းစားခဲ့ပါ။ နောက်သို့ ပြန်မျှော်သော နှစ်အတော်ကြာခဲ့ပြီ။ နာမည်များ၊ အကြောင်းအရာများ၊ အဖြစ်အပျက်များ၊ အခြေအနေများ မှုန်ဝါး ကျန်ရစ်ခဲ့ပြီ။ ဆုံးရှုံးမှုတွေ များခဲ့ပြီ။ ရသည်ဟု ထင်သောအရာတွေလည်းများခဲ့ပြီ။ အိုမင်း ခြင်းနှင့် ရင့်ကျက်ခြင်း၏ ကြားတွင် ပါးလျားစွာ တည်ရှိနေသော နယ်နိမိတ်မျဉ်းကို ယနေ့အထိ ဖမ်းဆုပ်၍ မမိသေး။ စာမျက်နှာများပေါ် က စာလုံးများသည် ဘဝဟုဆိုပါလျှင် ဘဝသည် ထွေပြားခဲ့သည်။ ကာလကြာမြင့်ခဲ့သည်။
ထိုစဉ်က ယနေ့အထိ ကျွန်တော့်စာများကို ထည့်သွင်း ဖော်ပြပေးသော အယ်ဒီတာများ၊ မဂ္ဂဇင်းများ၊ ထုတ်ဝေပေးသော စာအုပ်တိုက်များကို ကျေးဇူးတင်ပါသည်။
ယခုစာအုပ်တွင် ပါဝင်သော စာများကို တစ်လုံးတစ်ပါဒမျှပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း ကျွန်တော် မလုပ်ပါ။ လွန်ခဲ့သော နှစ်အစိတ် သုံးဆယ်လောက် ကျွန်တော် ရေးသောစာနှင့် ယနေ့ ၂ဝဝဝ မှာ ကျွန်တော်ရေးသားသောစာ တူချင်မှတူပါမည်။ တူချင်လည်း တူနေပါမည်။ အတွေးအခေါ် အယူအဆများ ရင့်ကျက်လာသည်ဟု ပြော၍ ရသလို ပျက်စီးလာသည်ဟုလည်း ပြောလို့ ရချင်ရပါလိမ့်မည်။ ပြောင်းလဲလာသည်က သေချာပါသည်။ ထိုအပြောင်းအလဲ ကောင်း မကောင်း ဆုံးဖြတ်ပြောဆိုခြင်းသည် ကျွန်တော့်ကိစ္စ မဟုတ်ပါ။ လွန်ခဲ့သော နှစ်အစိတ် သုံးဆယ်ခန့်က ကျွန်တော် ထိုသို့ ရေးခဲ့သည်။ ယနေ့ယခု ကျွန်တော် ဤသို့ရေးနေသည် ဆိုသောအချက်ကို ပကတိ မြင်သာအောင် ပြခြင်းသာ ကျွန်တော့်ကိစ္စ ဖြစ်သည်။
ဤ စာအစုအဝေးကို “စာပေါင်းသိုက်” ဟု ကျွန်တော် အမည်ပေးပါသည်။
စာအမျိုးအစားကို “အက်ဆေး” ဟု ကျွန်တော် ဆုံးဖြတ်ပါသည်။
ဇော်ဇော်အောင်
၁၈၊ ၉၊ ၂ဝဝဝ။
မရမ်းကုန်း၊ ကျိုက်ဝိုင်း၊ ရန်ကုန်။
* * * * * * * * *
နိဒါန်း - ‘အက်ဆေး’ (Essay) ဆိုတာ ဘာလဲ။
ကမ္ဘာ’အက်ဆေး’ ၏ ဖခင်သည် မီရှယ်မောန်တိန်း / Mechel Eyquem de Montaigne (1533-92) ဖြစ်သည်ဟု ဆရာစဉ် သမားစဉ် အမှတ်အသား ရှိသည်။ သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄ဝ၈ နှစ် ရှိပြီ။ ထိုမျှအထိ ဆွဲဆန့်လျှင် ရှည်လျားလေးလံပေသည်။ သိမီသလောက်က ဖြတ်ပြောပါမည်။
ကျောင်းစာသင်ခန်းအတွင်းမှာ သင်ခန်းစာအဖြစ် ‘စာစီစာကုံး’ဟု ရှိသည်။ အများသိပြီး ဖြစ်၏။ နိဒါန်း၊ စာကိုယ်၊ နိဂုံး၊ အင်္ဂါသုံးပါး နှင့် ညီညွတ်သော၊ စီကာစဉ်ကာ ပန်းသဖွယ်သီကုံးထားသောစာ။ ထိုစာကို စာစီစာကုံးဟု ယနေ့အထိ အသုံးတွင်နေသည်။
စာသင်ခန်း၏ ပြင်ပတွင် Essay ၏ အခြားအဓိပ္ပာယ်တစ်ခုကို ရည်၍ ‘အစမ်းစာ‘ဟု ခေါ်ခဲ့ကြသေးသည်။ ဆရာဇော်ဂျီက (စာတမ်း/ စာတန်း) နှစ်မျိုးကွဲစေ၍ Essay ကို ‘စာတန်း’ ဟု သတ်မှတ်ကာ စတင်သုံးစွဲခဲ့သည်။ စည်းကြီးကမ်းကြီးဖြင့် ရေးသားသော စာမျိုးကို ‘စာတမ်း’၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရေးသော စာမျိုးကို ‘စာတန်း’ ဟု ခေါ်စေလိုသည်ဟု ယူဆရပါသည်။ ပညာရပ်၊ ဘာသာရပ် အလေးကဲ၍ စည်းကမ်းစနစ်ကို တည်ဆောက်ကာ ရေးသားသော ဘွဲ့ယူစာတမ်း Thesis/Dissertation အမျိုးအစားများဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ “စာတန်း’ သည် စည်းမဲ့ကမ်းမဲ့ မဟုတ်စေကာမူလည်း ပိုလွတ်လပ်ပေါ့ပါးသည်၊ အနုပညာပုံသဏ္ဍာန်ဘက်သို့ တိမ်းညွတ်သော စာမျိုးဟုလည်း ဆင်ခြင်ကြည့်နိုင်ပါသည်။ ကျွန်တော့်စာများတွင် ပါသော ထွေပြားမှုဖြင့်လည်း ယှဉ်၍ ဆင်ခြင်ကြည့်စေလိုပါသည်။
* * * * *
မြန်မာစာပေလောကတွင် သိပ္ပံမောင်ဝ ကလောင်အမည်ဖြင့် ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ခဲ့သည်။ “ခေတ်စမ်းစာပေ”နှင့်တွဲ၍လည်းကောင်း၊ သူတို့၏ ဆရာကြီး (ဝါ) ခေတ်စမ်း၏ ဖခင်ကြီး ပါမောက္ခ ဦးဖေမောင်တင်နှင့် တွဲ၍လည်းကောင်း၊ ခေတ်စမ်းကဗျာကဝိကြီးနှစ်ဦးနှင့် တွဲ၍လည်းကောင်း မြန်မာစာပေသမိုင်းတွင် ထင်ရှားအသိများခဲ့၏။
သူ့စာများကို စုစည်း၍ “သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ’ ဟူသော စာအုပ်တစ်အုပ် ပေါ်ထွန်းထုတ်ဝေခဲ့ဖူးသည်။ စာပေဗိမာန်တိုက်က ထုတ်သည်ဟု မှတ်မိနေပါသည်။ ဝတ္ထုဆောင်းပါး ဟူသော အမည်အမျိုးအစား Genre နှင့် ပတ်သက်၍ ဘဝင်မကျသော အသံဗလံများ ကြားခဲ့ရသည်။ ဝတ္ထုနှင့်ဆောင်းပါး အတူတူပဲလား။ ထိုနှစ်မျိုးရောထားတာလား စသည်ဖြင့် အသံဗလံများအဖြစ်သာ ကြားခဲ့ရသည်။ ထိုအမည်ကိုပေး၍ ထိုအမျိုးအစားဟု သတ်မှတ်ရန် အကြံပြုသူ၊ တိုက်တွန်းသူ သတ်မှတ်ခေါ်တွင်စေသူများမှာ ခေတ်စမ်းကဝိကြီးနှစ်ဦးဟု ကျွန်တော်မှတ်သားဖူးသည်
ဆရာဇော်ဂျီနှင့် အနီးကပ် နေခဲ့ရသော ကာလများအတွင်း (၁၉၇၀-၇၅ ဝန်းကျင်) တစ်နေ့ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာ့ကို ကျွန်တော်မေးဖူးသည်။ ကျွန်တော်ကိုယ်တိုင် ထိုစဉ်က အမှန်တကယ် ဘဝင်မကျ။ ဆရာက ‘ဝတ္ထုကောင်းလျှင် ဆောင်းပါးဖြစ်၍၊ ဆောင်းပါးကောင်း လျှင် ဝတ္ထုဖြစ်တတ်သည်” ဟု ဖြေပါသည်။ ကျွန်တော်၏ ဉာဏ်ပညာနုံသော အဖြစ်သည် ထိုကိစ္စတွင် ဘွားဘွားပေါ်သည်။ ထိုစဉ်က ကျွန်တော်စဉ်းစားမရ။ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်လောက် ကြာမှ (ယခုပင်ဆိုကြပါစို့) ကျွန်တော် သဘောပေါက်ပါသည်။ ယခု ကျွန်တော့်ဆရာ မရှိတော့ပြီ။ သူ့တပည့် ခပ်ညံ့ညံ့ ကျွန်တော်သည် အသက်ကလေး အတော်ရလာခါမှ အဖတ်အရှုကလေး အနည်းအကျဉ်းရှိလာခါမှ အနုပညာပစ္စည်းတို့၏ အမျိုးအစားရောနှောခြင်းသဘောကို သိလာပါသည်။ ယနေ့ ပို့စ်မော်ဒန်သမားများ အခေါ် အပြောများနေသော Deterritorialization/ နယ်နိမိတ်များ ကျိုးပျက်ခြင်းသဘော Reteritorialization/ နယ်နိမိတ်များ အသစ်ပြန်လည် သတ်မှတ်ခြင်းသဘောတို့နှင့် ထင်ဟပ်၍ ဆင်ခြင်မိလာပါသည်။ဆရာဇော်ဂျီ၏ နှုတ်ဖျားမှ “ပို့စ်မော်ဒန်’ ဆိုသော စကားတစ်ခွန်းတစ်ခါမှ ပေါ်ထွက်လာသည် မကြားဖူးပါ။ သို့သော် သဘောကို ဆင်ခြင်ဖို့သာ အရေးကြီးပါသည်။ “ပို့စ်မော်ဒန်’ ဆိုသည်မှာ အမည်တစ်ခုမျှသာဖြစ်ပါသည်။ ဆရာမကြီး ဂါထရုစတိန်း/Stein ၏ ‘နှင်းဆီပန်း တစ်ပွင့်၏ အမည်သည် နှင်းဆီပန်းတစ်ပွင့် (ဖြစ်၍) နှင်းဆီပန်းတစ်ပွင့် ဖြစ်သည်. . .” ဆိုသောစကားကို သတိရဖွယ်ရှိ၏။ ကျွန်တော့်ဆရာက ‘စာတန်း’ဟု အမည်ပေးခဲ့သော စာမျိုးကို ယခုကျွန်တော် ‘အက်ဆေး”ဟုပင် ခေါ်ဝေါ်သုံးနှုန်းလိုက်ပါသည်။ The name of an essay is An essay …ဟု မခေါ် သင့်ပါလား။
* * * * *
အကယ်၍ စိတ်ဝင်စားမည်ဆိုပါက ဆရာ သိပ္ပံမောင်ဝ၏ ‘ဝတ္ထုဆောင်းပါး’ များနှင့်ပတ်သက်၍ စဉ်းစားဖွယ်တစ်ခုကို တင်ပြလိုပေသည်။စိတ်ဝင်စားသူများအတွက် ရည်ရွယ်သည်ဟု ပြောလျှင် ပိုသင့်လျှော်ပါမည်။ ထိုကိစ္စမှ. . . သိပ္ပံမောင်ဝ၏စာများကို Proto Modernဟု ခေါ်သင့်မခေါ် သင့်ကိစ္စဖြစ်ပါသည်။ ထိုအယူအဆ၏ အစကို ဆွဲထုတ်ပေးသူမှာ ဒေါက်တာမြင့်သန်း Ph.D (စာရေးဆရာမြင့်သန်း) ဖြစ်၏။ သူ့ဆောင်းပါးတစ်ပုဒ်မှာ “စဉ်းစားကြည့်နိုင်ရန် နမူနာတစ်ခု နှစ်ခုပေးလိုပါသည်။ မြန်မာတို့၏ (မော်ဒန်အစဦးကာလ(?) ဟု ခေါ်ဆိုလိုက ခေါ်ဆိုနိုင်မည်ဟု ထင်ရသော) ခေတ်စမ်းကာလ အရေးအသားအချို့ကိုကြည့်ပါ . . ” ဟုရေးခဲ့ပါသည်။ ဆက်လက်၍ “သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ’ (၁၉၅၅)၊ သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ’ (၁၉၆၁)၊ ‘ကိုဒေါင်း’ (၁၉၆ဝ) တို့ကို ကိုးကားသွားပါသည်။
ကျွန်တော်အဓိကပြောလိုသည်မှာ ဆရာမြင့်သန်းက ခေတ်စမ်းနှင့် မော်ဒန်အစဦးကို သဘောတူထား သုံးစွဲလိုသော အယူအဆဖြစ်၏။ လေ့လာသူ သုတေသီတို့၏ အစဉ်အလာထုံးတမ်းကို လိုက်နာသောအားဖြင့် “ခေါ်ဆိုလိုက ခေါ်ဆိုနိုင်မည်ထင်ရသော’ ဟု သုံးသွားပါသည်။ ယတိပြတ်မပြောခဲ့ပါ။ Scholar တို့၏ ထုံးတမ်းစဉ်လာဖြစ်၍ မြင့်သန်းကို အပြစ်တင်ဖွယ်မရှိ။ အကယ်၍ သိပ္ပံမောင်ဝစာများနှင့် မော်ဒန်စာပေသဘောတရားများကို နှိုင်းယှဉ်စိစစ်ပြီးပါက သိပ္ပံမောင်ဝ၏ စာများသည် Proto-modern ဖြစ်သည်။ (သို့မဟုတ်) မဖြစ်ဟု ယတိပြတ် ပြောနိုင်ပါလိမ့်မည်။
ဤအကြောင်းအရာကို ဇာချဲ့၍ပြောနေရသည်မှာ သိပ္ပံမောင်ဝ၏စာများသည် Proto-modern မော်ဒန် အဦးအစ လက္ခဏာများ ပါဝင်တည်ရှိနေသည်ကို ကျွန်တော်လေ့လာမိသလောက် ပြောနိုင်သော အခြေအနေတွင် ရှိနေ၍ ပြောရခြင်းဖြစ်သည်။ သိပ္ပံမောင်ဝ လေ့လာသူများ၊ သုတေသီများ ဆက်လက်ပွားများကြပါဟုလည်း မေတ္တာရပ်ခံလိုပါသည်။ အကျယ်မပြောသာပါ။ ကျွန်တော်အက်ဆေးများနှင့် ဆိုင်သလောက်ကိုသာ ကျွန်တော်ပြောနိုင်ပါလိမ့်မည်။ ဤသို့ ဆက်ပြောချင်ပါသည်။
* * * * *
“မော်ဒန်ဝတ္တုကို” မြစ်ဖျားခံရာ နှစ်ခုရှိသည်။ ၁/စကားပြေကဗျာများ Prose Poems၊ ၂/အတွင်းစိတ်သန္တာန်ကို ခြယ်မှုန်းသော စာတန်းများ Psychological Sketch ဖြစ်သည်။ ဤအချက်ကို ပညာရှင်အများ လက်ခံထားကြ၏။ ပထမအမျိုးအစားကို ကမ္ဘာကျော် ဘော်ဒီလဲ Baudelaire (1821-67) က စတင်သည်ဟု တညီတညွတ် တည်း အသိအမှတ်ပြုကြသည်။ (မှတ်ချက်။ ။ ယနေ့ ပို့စ်မော်ဒန်ခေတ်တွင် ပို့စ်မော်ဒန် မဟာကဗျာကျော် Postmodernity’s Laureater ဂျွန်အက်ရှဘာရီ John Aslibery ၏ ကဗျာများကို (စိတ်ဝင်စားသူများ) ရှာဖွေဖတ်ရှုကြပါဟု ညွှန်လိုပါသည်။ သူ၏ Three Poems ကဗျာစာအုပ်၏ ဘာသာစကား/မီဒီယံ Medium သည် စကားပြေ ဖြစ်၏။ စာမျက်နှာတစ်ရာကျော်ရှိသော အက်ဆေး Essay တစ်ပုဒ် ဟုလည်း ခေါ်ကြ၏။ ရှာဖွေဖတ်ရှုသင့်ပါသည်) ဒုတိယအမျိုးအစား ဖြစ်သော အတွင်းစိတ်သန္တာန်ကို ခြယ်မှုန်းသည့် စာတန်းကို သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများနှင့် နှိုင်းယှဉ်လေ့လာသင့်၏။ သုတေသနဘက်တွင် အားသန်သော ပုဂ္ဂိုလ်များအဖို့ ထိုစဉ်က (ဝါ) သိပ္ပံ မောင်ဝခေတ်က ပေါ်ထွန်းခဲ့သော စာတန်းများ၊ ဝတ္ထုတိုများ၊ သိပ္ပံမောင်ဝ ဖတ်ခဲ့သည်ဟု ပြောနိုင်သော စာအုပ်စာတမ်း အထောက်အထားများကို အပတ်တကုတ် ရှာဖွေဖော်ထုတ်ကြလျှင် ကျွန်တော်တို့အတွက် အကျိုးဖြစ်ဖွယ်ရှိပါသည်။ ထို’ဆက်ထုံး’ ကို ရှာဖွေဖော်ထုတ်သကဲ့သို့ ၁/ယခင်ရှိခဲ့သော စာတန်းများ၊ ၂/ယခုရှိနေဆဲ စာတန်းများ၊ ၃/ယနေ့ ဖြစ်ပေါ်နေသော စာတန်းများ၏ ‘ဆက်ထုံး” ကို ရှာဖွေဖော်ထုတ်သင့်လှ၏။
စကားစဉ်ကို ပြန်ချုပ်ရသော် စာတန်း/အက်ဆေး/Essay ဖြစ်ပေါ်တိုးတက်မှုသမိုင်းတွင် သမိုင်းသဘောနိယာမအရ အပြောင်းအလဲများ၊ အရပ်အတန့်များ၊ ကုန်ပျက်ခြင်းများ၊ အသစ်ပေါ်ထွန်းခြင်းများဖြင့် ပြည့်နှက်နေပါသည်။ အားကောင်းခဲ့သော အရေးပုံသဏ္ဍာန်များ အားပျော့ပျက်ပြယ်သွားကြသည်။ အသစ်များ ဝင်ရောက်လွှမ်းမိုးလာသည်။ မသေချာမရေရာမှုများ လွှမ်းမိုးထားသော ယနေ့ ပို့စ်မော်ဒန်ကာလတွင် အနုပညာဘက်သို့ တိမ်းညွတ်သော “အက်ဆေး” သည်လည်း မသေချာ မရေရာ ဖြစ်လာရသည်။ ဆရာဇော်ဂျီတို့နှစ်ဦး ပြောခဲ့သော ဝတ္ထုဆောင်းပါးသည် ဝတ္ထုလည်းမဟုတ်၊ ဆောင်းပါးလည်း မဟုတ်၊ ထိုနှစ်ခုပေါင်းလည်း မဟုတ်။ တစ်ချိန်တည်းမှာပင် ဝတ္ထုလည်းဟုတ်သည်၊ ဆောင်းပါးလည်း ဟုတ်သည်၊ ထိုနှစ်ခုပေါင်းလည်း ဟုတ်သည်။ ထိုအရာအားလုံး မဟုတ်၊ တစ်ချိန်တည်းမှာ ထိုအရာအားလုံး ဟုတ်သည်။ ထိုသဘောကို ထင်မြင်ပေါက်မြောက်အောင် ဆင်ခြင်ပါမှ (ဝါ) ဆင်ခြင်ပါက ယနေ့ ‘ပို့စ်မော်ဒန်အက်ဆေး” သို့ ရောက်သည်ဟု အသေအချာပြောနိုင်ပါသည် (ဝါ) ပြောနိုင်ပါလိမ့်မည်။
* * * * *
ကျွန်တော်အက်ဆေးစုတွင် ယခင်က ရေးခဲ့သော အက်ဆေးများ၊ ယခုရေးသော အက်ဆေးများ၊ မနက်ဖြန်တွင် ရေးရန်ကျန်၍ ရေးကြည့်သော အက်ဆေးများ ပါဝင်ပါသည်။ ကြိုက်လျှင်ဖတ်ပါ၊ မကြိုက်လျှင် မဖတ်ပါနှင့်။ လုပ်ငန်းသဘောအရသော်လည်းကောင်း၊ မတော်တဆ သော်လည်းကောင်း ဖတ်ဖြစ်သွားသည် ဆိုပါတော့၊ ဘာမှ မရလိုက်ဟု ဆိုလျှင်လည်း ကျွန်တော့်တာဝန်မဟုတ်ပါ။
ပို့စ်မော်ဒန်များက “အက်ဆေး” ဖွင့်ဆိုရန် မကြိုးပမ်းကြပါ။ သူတို့ ဘာကိုမျှ ဖွင့်ဆိုဖို့ စိတ်မဝင်စားကြဟု ထင်ပါသည်။ အခြားသူများကတော့... ပို့စ်မော်ဒန်အက်ဆေးများ၏ “စ” ကို ယောက်ယက်ခတ် ခုန်ကျော်နေခြင်း (ဝါ) Discursive ဖြစ်ခြင်းနှင့် တိုင်းတာသတ်မှတ် ကြပါသည်
ထိုအဆင့်ကို ကျွန်တော်မရောက်သေးဟု ထင်ပါသည်။
ထိုစံကို ကျွန်တော်မမီသေးဟု ထင်ပါသည်။
* * * * * * * * * *
သိင်္ဂါရ ရသ
ကံ့ကော်မြိုင်စာတန်း၊ ၁၉၆၄
ဘတ်စ်ကားသည် ဗြုန်းကနဲ ထိုးရပ်လိုက်၏။ ကားပေါ်က လူအားလုံး ရှေ့သို့ ငိုက်ခနဲ ယိုင်သွားကြသည်။ ဘိုကလေးဈေးမှတ်တိုင်သို့ ရောက်ပေပြီ။ ဆင်းသူက ဆင်း၏။ တက်သူက တက်၏။ အားလုံး ရှုပ်ယှက်ခတ်နေပေသည်။ နွားနို့ပုန်းကြီးနှစ်လုံးကို မနိုင့်တနိုင် ဆွဲကာတက်လာသော ကုလားကြီးကို လက်မှတ်ရောင်းက ငေါက်၏။ ကုလားကြီးကလည်း ရှူးရှူးရှားရှား ပြန်ပြော၏။ တရုတ်မ ဝဝကြီးနှစ်ယောက်ကလည်း နောက်ဆုံးခုံတွင် တခွိကွိ တကွကွ စကားလက်ဆုံကျနေကြ၏။ အမျိုးသမီးလှလှလေးများ တက်လာ၍ နေရာထပေးသူက ပေး၏။ လက်မှတ်ရောင်းကလည်း ကားခ တွင်တွင်တောင်းလျှက် ငါးကျပ်တန်ပေးထားရာ အအမ်းမရသေး၍ နားပူသူက ပူ၏။ မက်မန်းပေါင်းနှင့် ယနေ့ထုတ် ဘားမားစတားရောင်းသော လူငယ်ကလေးများကလည်း ကားပေါ်တက်ကာ ကျွတ်ကျွတ်ညံအောင် အော်နေကြ၏။ ဘက်စ်ကားတစ်စီးလုံး ဆူလျက်၊ ညံလျက်၊ ရှုပ်လျက်၊ ပွေလျက် အုတ်အုတ်ကျက်ကျက် ဖြစ်နေပေသည်။
ဘတ်စ်ကားသည် ဤမှတ်တိုင်တွင် အကြာကြီး ရပ်လေ့ရှိ၏။
အခုမှပင် ကားဘေးသို့ လှည့်စောင်းကြည့်မိသည်။ ကဇော်ဆိုင်ကြီးပါကား။ ထိုဆိုင်ကြီး၏ ပတ်ဝန်းကျင်သည် ဒိုဘီဝတ်အမျိုးကောင်းသား ဂေါ်ရီဂျီများဖြင့် ပြည့်နှက်စုပြုံ ပြွတ်သိပ် ရှုပ်ထွေးနေပေသည်။ နားကွင်းကျယ်ကျယ်နှင့် အမျိုးကောင်းသမီး ဂေါ်ရင်ဂျီမများလည်း ရှိပေသည်။ သူတို့အားလုံး၏ အဝတ်အစားများသည် စုတ်ပြတ်ညစ်ပေနေပေသည်။ ကဇော်ဆိုင်အတွင်းသို့ သောက်ရန် ဝင်သူက ဝင်၏။ ကဇော်ဆိုင်အပြင်သို့ သောက်ပြီး၍ ထွက်သူက ထွက်၏။ ပလက်ဖောင်းဘေး၊ ပလက်ဖောင်းပေါ်၊ သစ်ပင်အောက်တို့တွင်လည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဝိုင်းဖွဲ့ကာ ခွက်လှည့်ကျသောက်နေကြ၏။ သူတို့ရှေ့တွင် ဆန်ဆေးရေပုလင်းနှင့်တူသော အဖြူနှစ် ရောင် ကဇော်ပုလင်းကလေးများ ထောင်လျက်တွေ့ရ၏။ ပြောလိုက်သည့် စကား၊ ဆိုလိုက်သည့်သီချင်း၊ ဖြစ်လိုက်သည့်ရန် အုံးအုံးကျွက်ကျွက် ညီပါလေရော။ သစ်ပင်အောက် တစ်နေရာတွင် ဂေါ်ရင်ဂျီတစ်ယောက် ပက်လက်လန်လဲကျကာ မျက်ဖြူဆိုက်နေသည်။ သူ့ မိတ်ဆွေဖြစ်ဟန်တူသော အခြားဂေါ်ရင်ဂျီတစ်ယောက်က ကဇော်ကိုလက်ခုပ်ထဲတွင် ထည့်၍ယူလာ၏။ မျက်ဖြူဆိုက်လဲနေသော ဂေါ်ရင်ဂျီ၏ ပါးစပ်ကို အခြားတစ်ယောက်က အတင်းဖြဲပေး၏။ ထို့ နောက် လက်ခုပ်ဖြင့် ကဇော်ယူလာသော ဂေါ်ရင်ဂျီက လဲနေသော ဂေါ်ရင်ဂျီ၏ ပါးစပ်ထဲသို့ ကဇော်ကို လောင်းထည့်ပေး၏။ ထိုပုဂ္ဂိုလ်၏ လက်ခုပ်ကလည်း အံ့ဖွယ်တစ်ပါးပင်။ ခြေလှမ်း ဆယ်လှမ်း လောက်အကွာမှ ယူလာရာတွင် လက်ခုပ်ထဲက ကဇော်သည် တစ်စက်ကလေးမှ မယိုမဖိတ်။ ကိုယ့်အချင်းချင်း တယ်ချစ်ကြပါကလား တယ်စေတနာရှိကြပါလား။ တစ်ယောက်တည်း မျိုလို့ မကျနိုင်ပါကလားဟု ကျွန်တော် စဉ်းစားမိပါသည်။
တစ်ယောက်သော ဂေါ်ရီဂျီသည် လက်တစ်ဖက်တွင် အာတာပုလင်းကို ဆွဲ၍ လက်တစ်ဖက်က ဂျလေဗီ မုန့်အတွင်းကလေးတစ်ခုကို ကိုင်လျက် ကနေသည်။ ဂျလေဗီကို တစ်ကိုက် ကိုက်လိုက်၊ ကဇော် တစ်ကျိုက်ကျိုက်လိုက်၊ ဂျလေဗီတစ်ကိုက် ကဇော်တစ်ကျိုက် အလှည့်ကျ စခန်းသွားရင်း ဘာအကမှန်း ခန့်မှန်း၍ မရသော အကကို ကနေပေသည်။ အရက်နှင့်အချို မတည့်ဟု ကျွန်တော်ကြားဖူးပါသည်။ ယခု ကျွန်တော့်တွင် ဗဟုသုတ တိုးပေပြီ။ ထို့ကြောင့်လည်း ကျွန်တော့် သူငယ်ချင်း ဘသန်းတင်သည် ဟင်နက်ဆီဘရန်ဒီနှင့် သစ်သီးကိတ် အလွန်လိုက်ကြောင်း ခဏခဏ ပြောခြင်း ဖြစ်ပေလိမ့်မည်။ ထိုဂေါ် ရင်ဂျီသည် သောက်ရုံစားရုံ ကခုန်ရုံမက သီချင်းကလေးများပင် ဆိုလိုက်သေး၏။ သူ့သီချင်းနှင့် သူ့အသံကလည်း အံ့ဖွယ်ရာပင်။ ဘယ့်ကြောင့်ဆိုသော သူ့သီချင်းသည် ‘အပျိုကြီး မမရယ်’ဟူသော သီချင်းဖြစ်၍ သူ့အသံသည် ပီသ ကြည်မြလှသော မြန်မာစစ်စစ်ကြီး ဖြစ်သောကြောင့်တည်း။
ကျွန်တော်သည် ရှုပ်ထွေးဆူညံသော၊ ညစ်ပတ်ပေရေသော၊ စုတ်ပြတ်နုံချာသော ဤပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်ရှုပ်သလို ဖြစ်မိ၏။ သို့ရာတွင် အကြောင့်အကြ ကင်းမဲ့စွာ သောက်စားပျော်ပါးနေကြသော သူတို့၏ ဘဝ၊ ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ အပူအပင်ကင်းမှုတို့ကိုလည်း အားကျသလိုလို၊ သူတို့ကို ကြည့်ရင်း ပျော်သလိုလို ဖြစ်မိသည်။ တစ်ချိန်တည်းတွင် အာရုံနှစ်ခုဖြစ်ပေါ်နေသော ကျွန်တော့်စိတ်သည် သျှာသွက်သော ချိန်ခွင်ပမာ ဟိုဘက်သည်ဘက် တက်လိုက် ကျလိုက် ဖြစ်နေပါသည်။
ရုတ်တရက် စူးစူးဝါးဝါး အော်လိုက်သော အသံတစ်သံကိုကြားလိုက်ရ၏။ ကျွန်တော့်မျက်လုံးများသည် ပြူးကျယ်၍ သွား၏။ ကျွန်တော့် နားရွက်နှစ်ဖက်သည် ခွေးနား ကြောင်းနားပမာ ဆက်ခနဲ တွန့်သွားသည်ဟု ထင်လိုက်မိပါသည်။ အသံလာရာဘက်သို့ ငဲ့စောင်း၍ ကြည့်လိုက်မိ၏။ ကဇော်မူးနေသော ဂေါ်ရိဂျီကုလားမ တစ်ယောက်သည် ပလက်ဖောင်းပေါ်တွင် လဲနေရာမှ ကုန်း၍ ကုန်း၍ ထနေသည်။ နိကြန်တွန့်လိမ်လျက်ရှိသော ဆံပင်တို့သည် ကုလားမ၏ မျက်နှာတစ်ခုလုံးကို ဖုံး၍နေ၏။ ကုလားမ၏ မည်းနက်ခြောက်သွေ့ ပိန်ကပ်နေသော ကိုယ်တွင် အကွက်မပေါ်အောင် ညစ်ပတ်ပေရေနေသော ဆာရီအနိတစ်ထည် မြင်မကောင်း ရှုမကောင်း ရစ်ပတ်၍နေ၏။ တပေါ့ပေါ့ အန်နေသောကြောင့် သူ့ ဆာရီနှင့် သူ့တစ်ကိုယ်လုံးသည် အန်ဖတ်များဖြင့် ရွဲရွဲစိုကာ ပေပွနေ၏။ ငေါ်တူးချဉ်စူးသော ကဇော်နံ့၊ အန်ဖတ်နံ့များကို ကားပေါ်ကပင် ရပါသည်။ ကုလားမသည် လဲနေရာက ကုန်းထလိုက် ပြန်လဲသွားလိုက် ဖြစ်နေသည်။ ပါးစပ်ကလည်း ပွက်ပွက်ရိုက်အောင် အော်ဟစ် ဆူညံနေပေသည်။ ကုလားမ၏ ဘေးတွင် သူ့ယောက်ျားဖြစ်ဟန်တူသော ဂေါ်ရင်ဂျီတစ်ဦးသည် ကုလားမကို ဖောင်းဖျထိန်းသိမ်းရန် ကြိုးစားနေ၏။ ထိုကုလား၏ ကိုယ်တွင် အင်္ကျီမရှိ။ တံဆိပ်စာလုံးများ ပျက်ပြယ်မှေးမှိန်စပြုနေသော ဂျုံမှုန့်အိတ်ပိုင်းစတစ်ခုကို အရှက်လုံလောက်သာ အောက်ပိုးကျိုက်၍ ထားသည်။ သူ့ အသားအရေသည် မည်းနက်ခြောက်သွေ့ကာ သူ့ကိုယ်လုံးသည် ကြုံလှီပိန်ကပ်၍နေ၏။ ကြိုးနှင့်သိတွယ်ထားသော ငါးကလေးသုံးကောင်ကို ပလက်ဖောင်းပေါ်တွင်ချ၍ ကုလားမကလည်း အော်လိုက် ဟစ်လိုက် ရုန်းလိုက် ကန်လိုက်နှင့်ပင်။ ကုလားသည် ကုလားမကို အသာအယာ ချော့မော့ဖေးမ၍ ထူရန် လှမ်း၍ကိုင်လိုက်သည်တွင် ကုလားမသည် ထိုင်ရာက ကုလား၏ ရင်ဝကို ဆောင့်၍ကန်လိုက်ရာ ကုလားခမျာ နောက်သို့ ဝုန်းခနဲ ပတ်လက်လန် လဲကျသွားရှာသည်။
ပြန်ထကာ ကုလားမကို ချော့မော့ရန် ထပ်၍ ကြိုးစား၏။ ကုလားမသည် အော်ဟစ်ရင်း ကုလား၏ တွန့်လိမ်နေသော ဆံပင်အုပ်လုံးကို ဆွဲကာ ပါးကို ရိုက်ပြန်တော့၏။ ဘေးမှ ဂေါ်ရင်ဂျီများကလည်း အော်သူအော်၊ လက်ခုပ်လက်ဝါးတီး၍ ဩဘာပေးသူက ပေးနှင့် ဝိုင်းလာကြ၏။ ကုလားမသည် ကုလား၏ ပါးကို ဆက်ကာ ဆက်ကာ ရိုက်၏။ ဆံပင်ကို ဆွဲ၏။ လက်မောင်းကိုကိုက်၏။ ရင်ဘက်ကို ထု၏။ ကုလားသည် ကုလားမ၏ လက်တွင်းဝယ် ယက်ကန်ယက်ကန် ဖြစ်နေရှာ၏။ သို့သော် ကုလားမ လုပ်သမျှကို ငုံ့ခံကာ ပါးစပ်ကသာ တတွတ်တွတ် ချော့မော့နေရှာသည်။ ကုလားမသည် အားယူထပြီးနောက် ကုန်းကုန်းကလေး ဒူးထောက်လျက်သား ဖြစ်နေရှာသော ကုလား၏ ခေါင်းကို ခြေထောက်နှင့် ကြုံး၍ကန်လိုက်ပြန်၏။ ကုလားမသည် သူ့ကိုယ်သူ မနိုင်ဘဲ တစ်ပတ်လည်ထွက်သွားကာ ကုလားအပေါ်သို့ ကျသွားတော့သည်။ သူတို့နှစ်ယောက်လုံးသည် ပလက်ဖောင်းပေါ် တွင် အိုင်ထွန်းနေသော ကဇော်အန်ဖတ်ထဲ၌ လုံးထွေး၍နေတော့သည်။
ထိုအခိုက်တွင် ဂီယာသံကြားရ၍ ကားဘီးများ လိမ့်ကြလေပြီ။ ကဇော်ဆိုင်ကြီးသည်လည်းကောင်း၊ ကဇော်သောက် ပရိတ်သတ်သည်လည်းကောင်း၊ ကဇော်မူးနေသော ဂေါ်ရင်ဂျီကုလားမသည် လည်းကောင်း၊ ထိုကုလားမကို ချော့မော့နေသော သူ့ယောက်ျား ဂေါ် ရင်ဂျီ ကုလားသည်လည်းကောင်း နောက်တွင် ကျန်ရစ်ခဲ့ပေပြီ။ ရှုပ်ထွေး ဆူညံသော၊ ညစ်ပတ်ပေရေသော၊ စုတ်ပြတ်နုံချာသော၊ အရုပ်ဆိုး အကျည်းတန်သော ပတ်ဝန်းကျင်သည် ကျန်ရစ်ခဲ့ပေပြီ။ ထိုပတ်ဝန်းကျင်ကို ကြည့်ခဲ့ ရှုခဲ့ မြင်ခဲ့ တွေ့ ခဲ့ရသောကြောင့် ကျွန်တော့်ရင်သည် တလှပ်လှပ်ဖြစ်၍ လာသည်။ အသည်းနှလုံးတွင်ဝယ် သိမ်မွေ့ နူးညံ့လှသော လှုပ်ရှားမှု စိတ်လှိုင်းကလေးတစ်ခု ဖြစ်၍လာပါသည်။
အထူးသဖြင့်ကား ထိုကုလားမနှင့် ထိုကုလားတို့ မြင်ကွင်းသည် ယောက်ျားနှင့် မိန်းမတို့ မေတ္တာသဘောသရုပ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဖွင့်လှစ်ပြသသော မြင်ကွင်းဖြစ်ပေသည်။ ကျွန်တော်ယူဆမိပါသည်။ ပါးကိုရိုက်လိုက်၊ ခြေနှင့်ကန်လိုက်၊ ဆဲလိုက်ဆိုလိုက်၊ ကုတ်လိုက်ဖဲ့လိုက် လုပ်ချင်တိုင်း လုပ်နေသည့်ကြားက မျက်နှာသေကလေးဖြင့် ငုံ့ခံကာ တတွက်တွတ် ချော့နေရှာသော ကုလား၏ စကားများသည် မေတ္တာစကားများ ဖြစ်၏။ ကုလားမ၏ အန်ဖက်များပေါ်သို့ တစ်ပေါက်စ နှစ်ပေါက်စ ကျသွားသော ကုလား၏ မျက်ရည်ပေါက်များသည် မေတ္တာသက်သေများ ဖြစ်၏။ ကုလားမ၏ အော်ဟစ်ဆဲဆိုသံများသည် ကုလား၏ အင်အားကြီးမားသော ခိုင်ခံ့မြဲစွဲသော သည်းခံသော မေတ္တာကို အံတုဖက်ပြိုင်ရာတွင် မနိုင်ဘဲ အချည်းအနှီး ဖြစ်ရသောကြောင့် ထွက်ပေါ်လာသည့် ရှုံးနိမ့်သံများ ဖြစ်ပါသည်။ ကျွန်တော်တို့အဖို့ ထိုမြင်ကွင်းကို မြင်ရသည်မှာ မေတ္တာသရုပ်ဖော် ရုပ်ရှင်ကားတစ်ကား၊ မေတ္တာသရုပ်ဖော် ဝတ္ထုတစ်ပုဒ် ၊ မေတ္တာသရုပ်ဖော် ကဗျာတစ်ပုဒ်ကို တွေ့မြင်ဖတ်ရှုလိုက်ရသည်နှင့် မခြားပါ။
ကျွန်တော့်စိတ် အရှိတိုင်းသာ ဆိုခွင့်ရှိရပါမူ ထိုဂေါ်ရင်ဂျီ ကုလားမနှင့် ဂေါ်ရင်ဂျီကုလားတို့၏ မြင်ကွင်းသည် သိင်္ဂါရ ရသကို ပြည့်ဝစွာ ပေးစွမ်းနိုင်သော မေတ္တာသရုပ်ဖော် မြင်ကွင်းတစ်ခု ဖြစ်ပါပေသည်ဟု ဆိုရပါမည်။ သင့်မသင့်၊ လျော်မလျော်ကို မျှော်ခေါ်စဉ်းစား၍ ပေးတော်မူကြပါဘိ။
* * * * * * * * * *
မနက်စောစော
ကံ့ကော်မြိုင်စာတန်း၊ ၁၉၆၄
ကျွန်တော့်မျက်လုံးများသည် ဖန်၍နေကြလေပြီ။ ကျိန်းစပ်သော ဝေဒနာကိုလည်း ခံစားနေရသည်။ မျက်ရည်ပူများကလည်း မျက်လုံးအိမ်ဝယ် စုလျက်နေ၏။ နားထင်တစ်ဖက်တစ်ချက်ကို တူကြီးများ ဖြင့်တဒိန်းဒိန်း ထုနေသည်အလားဟု ထင်ရလောက်အောင် ခေါင်းကိုက်နေပါသည်။ ကျောရိုးတစ်လျောက်တွင် တုတ်ချောင်း လျှိုထားသကဲ့သို့ တောင့်တင်းနေသည်မှာလည်း အခံရ ခက်လှပါသည်။ မျက်နှာတစ်ခုလုံးလည်း ချွေးသီးများ ပြန်ကာ စေးကပ်ကပ် စေးထန်းထန်း ဖြစ်နေ၏။ နေထိုင်ရသည်မှာ မသက်သာလှပါ။ အဘယ့်ကြောင့်ဆိုသော မနေ့က တစ်ညလုံး အိပ်မရသောကြောင့် ဖြစ်ပါသည်။ ယခု အရုဏ်ကျင်း၍ လင်းတော့မည်။ ပြတင်းပေါက်မှ မျှော်ကြည့်သော် အရှေ့ဆီမှ ရောင်နီကို မြင်ရ၏။ သည်စားပွဲတွင် သည်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း တစ်ညလွန်မြောက်ခဲ့ပေပြီ။ လက်ဖက်ရည်ကြမ်း အအေးကို တစွတ်စွတ်သောက်ရင်း တစ်ညလုံး အလုပ်လုပ်ခဲ့သည်။ ယခုမိုးလင်းတော့မည်။ နာရီပြန်တစ်ချက်နှင့် သုံးနာရီကြားတွင် အိပ်တော့မည်ဟု ကြိမ်ဖန်များစွာ ကြံခဲ့မိ၏။ သို့သော် မအိပ်ဖြစ်။ လက်ဖက်ရည်ကြမ်း သောက်လိုက် လမ်းလျှောက်လိုက်နှင့် မအိပ်ဖြစ်အောင် ကြိုးစားကာ အလုပ်ဆက်၍ လုပ်ခဲ့သည်။ သုံးနာရီအကျော် လေးနာရီ အကူးလောက်တွင် မျက်စိပြန်ကျယ်လာသည်။ ယခု အိပ်၍မရတော့ပါ။ အိပ်ချင်စိတ်ကား ရှိ၏။ အိပ်ရာ နူးနူးညံ့ညံ့ထွေးထွေးနွေးနွေးကလေး တစ်ခုပေါ်တွင် ပက်လက်လျန် ကျောဆန့်ကာ အိပ်လိုက်ရလျှင် အလွန့်အလွန် အရသာရှိပေမည်ဟု စဉ်းစားမိ၏။ သို့သော် ယခု ကျွန်တော် အိပ်၍မရတော့ပါ။
စားပွဲက ထ၍တံခါးကို ဖွင့်ကာ ဆင်ဝင်ဘက်သို့ ထွက်ခဲ့ပါ သည်။ မိုးမိထားသော ဝါဂွမ်းများနှင့်တူသည့် တိမ်ဆိုင်များကို အရှေ့ ကောင်းကင်တစ်ဝိုက်တွင် တွေ့ရ၏။ တိမ်များ၏ အရောင်သည် တောက်၏။ ရောင်နီသည်လည်း ပြန့်ပြန့်လွင်လွင် ရှိလှ၏။ သို့သော် ကောင်းကင်ဝမှ ထိုအရောင်များသည် လမ်းမီးများ၏ အရောင်ကို မထိုးဖောက်နိုင်သေးပေ။ အပြာရောင်လဲ့လဲ့ရှိသော်လည်း လမ်းမီးများကား ထိန်လင်း ထွန်းတောက်လှ၏။ တစ်တိုင် နှစ်တိုင် သုံးလေးတိုင် ကြိုကြားတည်ရှိနေသော လမ်းမီးတိုင်များသည် အဝေးအမှောင်အတွင်းသို့ တိုးဝင်ပြေးသွားနေသည်နှင့်တူ၏။ ကတ္တရာစေးလမ်းမကား ပြောင်လက်နေ၏။ ဆေးဖြူဖြင့်ရေးထားသော လမ်းပြကားကွေ့ မျဉ်းများသည် ကတ္တရာစေးလမ်းပေါ်တွင် ထင်းနေ၏။ လမ်းပေါ်တွင် လူသွားလူလာ ရှင်းသေး၏။ ရံဖန်ရံခါ အရှိန်ပြင်းစွာ မောင်းဝင်လာသော ပန်းကားများ၊ ဟင်းသီးဟင်းရွက်ကားများလောက်သာ တွေ့ရ၏။ အကောင်သေးသလောက် အသံကျယ်သော သုံးဘီးကလေးများ ဒုန်း ပြေးသွားသည်ကိုလည်း တွေ့ရ၏။ အလုပ်သမား အပြည့်တင်လာသော အလုပ်သမားကားကြီးများကိုလည်း မြင်ရ၏။ ဆိုက်ကားများလည်း လှုပ်ရှားစပြုပေပြီ။
ဆိုက်ကားများ လှုပ်ရှားစပြုကြသည်နှင့် တစ်ပြိုင်နက် လမ်းမသည် အသက်ဝင်၍ လာတော့သည်။ လူသံသူသံ ကြား၍ လာတော့သည်။ ခရီးသည်များကို တင်ကာ ဟိုမှသည်မှ၊ သည်မှ ဟိုမှ လူးလား တုံ့ခေါက် ပို့ဆောင်နေကြသော ဆိုက်ကားများကို တွေ့ ရပေပြီ။ အချို့ သည် ခရီးသည်မပါသောကြောင့် သီချင်းတအေးအေးနှင့် ဖြည်းဖြည်း နင်း၍ သွားကြသည်။ လမ်းကြိုလမ်းကြားမှ ဆိုက်ကားများ ထွက်၍ ထွက်၍ လာကြ၏။ ထိုက်ဆိုက်ကားများပေါ်တွင် မိန်းမငယ်များ ပါ၍ ပါ၍ လာတတ်ကြ၏။ ပွသောဆံပင်၊ တွန့်ကြေလျော့ရဲသော အဝတ်အစား၊ နွမ်းနယ်လေးလံသော အမူအရာများကို ထိုမိန်းမငယ်များတွင် အထင်အရှား တွေ့မြင်ရပါသည်။ သည်ဆိုက်ကားများ ဘယ်ကလာ၍ ဘယ်ကို သွားကြမည်ကို ကျွန်တော်မသိပါ။ မိန်းမငယ်များနှင့်အတူ ဟိုလမ်းကြို သည်လမ်းကြား အမှောင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားကြ၏။ သည်မိန်းမများ ဘယ်ကလာကြသနည်း။ သည် မိန်းမငယ်များ ဘယ်က လာကြသနည်း။
ကျွန်တော်စဉ်းစားပါသည်။ ကျောင်းသူတစ်ဦးသည် နံနက် ၉နာရီတွင် ကျောင်းတက်ကာ ညနေ ၄ နာရီတွင် ကျောင်းဆင်း၍ အိမ်ကို ပြန်၏။ စာရေးမတစ်ဦးသည် နံနက် ၉ နာရီတွင် ရုံးတက်ကာ ညနေ ၄ နာရီတွင် ရုံးဆင်း၍ အိမ်ကိုပြန်၏။ ဈေးသည်မတစ်ဦးသည် နံနက် ၉ နာရီတွင် ဈေးထွက်ကာ ညနေ ၄ နာရီတွင် ဈေးသိမ်း၍ အိမ်ကိုပြန်၏။ သည်မိန်းကလေးများကကော။ လောကတွင် ယေက်ျားတိုင်း၊ မိန်းမတိုင်း၊ လူတိုင်းသည် မိမိတစ်ဝမ်းတစ်ခါးလှရေးအတွက် အလုပ်လုပ်ကြ၏။ ရုန်းကန်ရ၏။ လူတိုင်း အလုပ်လုပ်ရသည်ပင်။ ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်၍ ပန်ကာအောက်တွင် အလုပ်လုပ်ရသူ နှင့် မြေကြီးပေါ်တွင်ထိုင်ကာ နေပူထဲတွင် အလုပ်လုပ်ရသူ ဟူ၍သာ ကွာခြား၏။ သူတောင်းစားသည် တောင်းစားသောအလုပ်ကို လုပ်၏။ ဆိုက်ကားသမားသည် ဆိုက်ကားနင်းသောအလုပ်ကို လုပ် ၏။ လယ်သမားသည် လယ်စိုက်သော အလုပ်ကိုလုပ်၏။ တောင်သူသည် ယာလုပ်သောအလုပ်ကို လုပ်၏။ ကျောင်းသားသည် စာသင်သောအလုပ်ကို လုပ်၏။ ဝိပဿနာသမားသည်ပင်လျှင် တရားထိုင်သောအလုပ်ကို လုပ်သေးသည်။ သူတောင်းစားသည် အလုပ်လုပ်ရန် ဈေးလမ်းဆုံသို့ သွားရ၏။ ဆိုက်ကားသမားသည် အလုပ်လုပ်ရန် ခရီးသည်ရှိရာသို့ သွား၏။ လယ်သမားသည် အလုပ်လုပ်ရန် လယ်တောသို့သွားရ၏။ တောင်သူသည် အလုပ်လုပ်ရန် ယာတောသို့ သွားရ၏။ ကျောင်းသားသည် အလုပ်လုပ်ရန် စာသင်ခန်းသို့ သွားရ၏။ ဝိပဿနာသမားများသည်လည်း အလုပ်လုပ်ရန် ဆိတ်ငြိမ်ရာ အရပ်သို့ သွားရ၏။ အလုပ်ပြီးသောအခါ အားလုံး အိမ်ပြန်ကြ၏။ အလုပ်လုပ်ရန် အလုပ်ရှိရာအရပ်သို့ သွားရသူချည်းပင်။ မိမိ၏ ဖြစ်တည်ရာ အရပ်နှင့် အလုပ်ရှိရာ အရပ်တို့၏ စပ်ကြား ခရီးသည် လူ၏ ဘဝလမ်းကြောင်းပင် ဖြစ်ပေသည်။
သည်မိန်းမငယ်များ ဘယ်က လာကြသနည်း။ သူတို့ဘဝ၏ ဖြစ်ရာတည်ရာ အရပ်တို့ကား အဘယ်မှာနည်း။ သူတို့ အလုပ်ရှိရာ အရပ်ကား အဘယ်မှာနည်း။ သည်မိန်းမငယ်များ ဘယ်ကို သွားနေကြပါသနည်း
ကျောင်းသူကလေးများသည် ကျောင်းဆင်းချိန် အိမ်ကိုပြန်၏။ စာရေးမလေးသည် ရုံးဆင်း၍အိမ်ကို ပြန်၏။ ဈေးသည်မလေးသည် ဈေးမှ အလုပ်ပြီး၍ အိမ်ကိုပြန်၏။ အိမ်ကိုပြန်ကြသော ကျွန်တော် နှမကလေးများကို မြင်ရလေတိုင်း မနက်စောစော ပွရောင်း ခြောက်သွေ့သော ဆံပင်၊ တွန့်ကြေလျော့ရဲသော အဝတ်အစား၊ နွမ်းနယ်လေးလံသော အမူအရာတို့ဖြင့် ဆိုက်ကားစီးကာ အိမ်ပြန်ကြရရှာသော မိန်းမငယ်များအကြောင်းကို ကျွန်တော် တွေးမိပေဦးတော့မည်။ ထိုအခါ နှလုံးစိတ်ဝမ်း မချမ်းမြေ့ဖွယ် စိတ်လှုပ်ရှားမှုများကို ခံစားရပေဦးတော့မည်။
ထိုမိန်းမငယ်များ၏ ဘဝလမ်းကြောင်းကို ပြောင်းလဲပေးရန် မည်သူ တာဝန်ယူပါမည်နည်း။
* * * * * * * * * *
ဇော်ဂျီ (သဘင်၊ ၁၉၈၄ ဒီဇင်ဘာ)
ဆရာဇော်ဂျီအကြောင်း သူ့တပည့်ရေးသောစာ
လွန်ခဲ့သော နှစ်အစိတ်လောက်က တက္ကသိုလ် စာသင်ခန်းတစ်ခုမှာ ဆရာ့ကို ပထမဆုံး စမြင်ဖူးပါသည်။ မြန်မာစာ ဂုဏ်ထူးတန်း ပထမ နှစ်။ ထိုစဉ်က ဘာသာတွဲစနစ်ရှိသေး၍ ဂုဏ်ထူးတန်း ပထမနှစ်မှာ အင်္ဂလိပ်စာပေနှင့် မြန်မာ့ယဉ်ကျေးမှုသမိုင်းကို ယူခဲ့ပါသည်။ မြန်မာ့ယဉ်ကျေးမှုသမိုင်း ဘာသာရပ်ကို သာမန်အားဖြင့် မြန်မာ့သမိုင်း၊ မြန်မာ့ရာဇဝင် ဟူ၍လည်း ခေါ်ကြပါသည်။ မြန်မာ့သမိုင်းကို ယဉ်ကျေး မှုဘက်က အလေးကဲ၍ သင်ကြားပေးသော ဘာသာရပ်ဟု ပြောနိုင်မည် ထင်ပါသည်။
ထိုဘာသာရပ်တွင် ကွယ်လွန်သူ ဗိုလ်မှူးဘရှင်က သမိုင်းအပိုင်းကို တာဝန်ယူပို့ချပါသည်။ ဆရာဦးဝန် (မင်းသုဝဏ်)က ပုဂံခေတ် စာပေနှင့် ပညာရေးကို ပို့ချပါသည်။ ဆရာဦးသိန်းဟန် (ဇော်ဂျီ) ပုဂံခေတ် ယဉ်ကျေးမှုကို ပို့ချပါသည်။ ကျွန်တော်မှတ်မိသလောက် ထိုဘာသာရပ်တွဲယူသော ကျောင်းသား ကျောင်းသူ နှစ်ရာခန့်ရှိမည်။ ယနေ့ခေတ် တက္ကသိုလ်၏ သင်္ကေတတစ်ခုလို ဖြစ်နေသော သစ်ပုတ်ပင်ကြီး၏ အရှေ့ဘက် ကျောင်းဆောင်ဌာန အပေါ်ထပ်ခန်းမတွင် မြန်မာ့ယဉ်ကျေးမှု သမိုင်းကို သင်ကြားပို့ချပါသည်။ ထိုစာသင်ခန်းထဲမှာ ဆရာဇော်ဂျီကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးခဲ့ပါသည်။ အမှန်စင်စစ်တော့ . . . ။
တက္ကသိုလ် မရောက်ခင်၊ တက္ကသိုလ် ဆိုတာ၊ တက္ကသိုလ်က စာပေ ပညာရပ်တွေဆိုတာ ဘာမှမသိခင် အထက်အညာ မုံရွာမြို့က အင်္ဂလိပ်မြန်မာ ဗုဒ္ဓဘာသာအထက်တန်းကျောင်း (ယခု အမှတ်-၁) ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း၊ စာရူး ပေရူး၊ မနူးမနပ် ဆောင့်ကြွားကြွား ဇော်မြင့်သက် ဘဝကပင် ဇော်ဂျီ၊ မင်းသုဝဏ်ဟူသော နာမည်နှစ်ခုကို ကြားဖူးယဉ်ပါးခဲ့ပါသည်။ ပင်နီတိုက်ပုံ၊ လုံချည်တိုတို၊ ခုံဖိနပ်စီး၊ လွယ်အိတ်ကြီး လွယ်ကာ လောက၏ သစ္စာတရား၊ အဘိဓမ္မာတရား ဘာညာတွေကို ရှာဖွေမည်ဟု မာန်တင်း တက်ကြွအော်ဟစ်နေသော အသက်ဆယ့်ငါးနှစ်အရွယ် ကျွန်တော့်လွယ်အိတ်ထဲမှာ အမြဲတမ်း စာအုပ်သုံးအုပ်ပါ၏။ သွားလေရာပါ လက်ကမချ တပြပြနှင့်။ ဟန်တစ်ခါပြင် စာအုပ်သုံးအုပ်။
တစ်အုပ်မှာ ပစ္စည်းမဲ့ရေးသော “ဘာလဲဟဲ့ ကွန်မြူနစ်”၊ နောက်တစ်အုပ်မှာ ရှင်ဉာဏိဿရ နှင့် မြင့်ဆွေရေးသော “နီတိ”။ နောက်တစ်အုပ်မှာ ဇော်ဂျီနှင့် မင်းသုဝဏ်ရေးသော “စာပေလောက’။ အမှန်စင်စစ် ကျွန်တော် ဆယ့်ငါးနှစ်သား ဘာမသိ ညာမသိ ယောင်တောင်ပေါင်တောင်ဘဝကပင် ဇော်ဂျီနှင့် မင်းသုဝဏ်ကို သဘောကျ နှစ်သက်ခဲ့ပါသည်။
တက္ကသိုလ်ရောက်ပြီးနောက် မန္တလေးတက္ကသိုလ်မှာ ပထမ၊ နောက် ရန်ကုန်တက္ကသိုလ် ပြောင်းလာသည်။ ဥပစာတန်း အပိုင်း (ခ)ကို အောင်မြင်ပြီးသောအခါ အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခွင့်ရသော်လည်း မြတ်မြတ်နိုးနိုး မိုက်မိုက်မဲမဲ မြန်မာစာ ဂုဏ်ထူးတန်း တက်ခဲ့သည်။ ထိုနှစ်ကပင် ဆရာဇော်ဂျီကို စတင်တွေ့ခဲ့ရ၏။
ထိုပုဂ္ဂိုလ်သည် ကျွန်တော်ကိုယ်တိုင် အမှတ်ထင်ထင် သတိမထားမိပါဘဲ စာပေလေ့လာစိတ်၊ မြတ်နိုးချစ်ခင်စိတ်များ ဖြစ်ပေါ်စေခဲ့သော ‘စာပေလောက’ စာအုပ်ကို ဆရာမင်းသုဝဏ်နှင့် တွဲဖက်ရေးသားခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိလာခဲ့ရပါသည်။ ထိုနှစ်များအတွင်း ဆရာ့ထံသို့ မကြာမကြာ ရောက်ခဲ့ပါသည်။ ဆရာ သို့မဟုတ် မိမိက ဆရာအဖြစ် အသိအမှတ်ပြုထားသူနှင့် ပြောဆိုရ၊ ကြားနာရ၊ ဆွေးနွေးရ၊ မေးမြန်းဆည်းပူးရသော အဖြစ်သည် တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ပညာရေးဘဝတွင် အနှစ်သာရတစ်ခုဖြစ်ကြောင်း သဘောပေါက်လာခဲ့ပါသည်။
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် အဆောက်အအုံဟောင်း အပေါ်ထပ် အစွန်ဆုံးအခန်းတွင် ဆရာရုံးထိုင်သည်။ သူ့ အခန်းတွင်း ဝင်သွားသည်နှင့် စာအုပ်ပင်လယ်ထဲ ရောက်သွားသည် ထင်လိုက်ရသည်။ ပတ်ပတ်လည်မှာ စာအုပ်တွေ၊ ဗီရိုတွေ၊ သံမဏိစင်တွေ၊ သစ်သားစင်တွေနှင့်အပြည့်၊ ကြမ်းပေါ်မှာ၊ ပြတင်းပေါက်ပေါင်မှာ စာအုပ်တွေ။ စားပွဲတွေပေါ်မှာ စားပွဲအောက်မှာ စာအုပ်တွေ နေရာမလောက်၍ ကုလားထိုင်တွေပေါ်မှာလည်း စာအုပ်တွေ။ စာအုပ်တွေ ကြားမှာ ဆရာနှင့်ကျွန်တော် စကားပြောခဲ့ကြရသည်။ ဆရာပြောတာတွေနှင့် ပတ်သက်၍ ကျွန်တော့်အဖို့ ပညာတိုးသောအခါတွေ ရှိသလို နားမလည်တာတွေလည်း ရှိ၏။ တစ်ခါတစ်ရံ သဘောမတူတာတွေပင်ရှိ၏။ ဤသို့ဖြင့် ဆရာ့အခန်းတွင်း စာအုပ်ပုံတွေကြားမှာ မကြာ မကြာ တွေ့ဆုံခဲ့ပါသည်။ အကြိမ်များလာသည်နှင့်အမျှ ဆရာသည် တစ်စစနှင့် ကျွန်တော့်ဆရာ ဖြစ်၍လာ၏။ ကျွန်တော်သည် သူ၏တပည့် ဖြစ်၍လာခဲ့ပါသည်။ သို့သော် ဤအကြောင်းကို ကျွန်တော် ဖွင့်မပြောခဲ့ဖူးပေ။
ထို့နောက် ကျွန်တော် နည်းပြဆရာ ဖြစ်လာခဲ့သည်။ ထိုစဉ်က တက်လမ်းရှိ၍ အလားအလာကောင်းသည်ဟု အများယူဆကြသော အလုပ်သုံးခုကို ကျွန်တော် ပစ်ပယ်၍ တက္ကသိုလ် မြန်မာစာဌာနက နည်းပြဆရာအလုပ်ကို မိုက်မိုက်မဲမဲ စောင့်ခဲ့၏။ တစ်နေ့တွင် ဆရာဦးဝန်က လူလွှတ်၍ ခေါ်သည်။ မှတ်မှတ်ရရ အစည်းအဝေးတစ်ခုအပြီး ဘွဲ့နှင်းသဘင် အဆောက်အအုံမှ ထွက်လာသော ဆရာဦးဝန်ကို လှေကားထစ်များပေါ်တွင် ဆုံသည်။ ဆရာက ကျွန်တော့်ကို စကား နှစ်ခွန်းပဲ ပြောသည်။ “ဇော်မြင့် . . . မင်းဌာနမှာ အလုပ်လုပ်မလား”။ “ဟုတ်ကဲ့”၊ ‘ဒါဖြင့် မနက်ဖြန်လာခဲ့’ “ဟုတ်ကဲ့”။ ပညာရေးဌာနက၊ တက္ကသိုလ်က၊ အစိုးရက ကျွန်တော့်ကို အလုပ်ခန့်သည် မှန်သော်လည်း ယနေ့အထိ ကျွန်တော် စွဲမြဲမှတ်ယူထားသည်မှာ ကျွန်တော့်ကို အလုပ်ပေးသူမှာ ဆရာမင်းသုဝဏ် ဖြစ်သည်ဆိုသော အချက်ပင်။ မကြာခင် မော်လမြိုင်ကောလိပ်သို့ ပြောင်းရ၏။ ငါးနှစ်လောက် ကြာသည်။ ကျွန်တော် ရန်ကုန်ပြန်ပြောင်းလာ၏။
ထိုအခါ ဆရာသည် တက္ကသိုလ်စာကြည့်တိုက် အကြီးအကဲအဖြစ်မှ ငြိမ်းစားယူ၍ အထူးအရာရှိတာဝန်ကို ဆက်လက် ထမ်းဆောင်နေရသည်။ ယခု တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် အဆောက်အအုံဟောင်း အဝင်ဝ ဘယ်ဘက်အခန်းတွင် ဆရာရုံးထိုင်ပါသည်။ ဆရာ့အခန်းထဲမှာ ယခင်က အတိုင်းပါပဲ။ စာအုပ်တွေ . . . စာအုပ်တွေ ပုံနေ၏။ ထိုအချိန်လောက်ကစ၍ ဆရာနှင့် ကျွန်တော်တို့၏ ဆရာတပည့် ဘဝသည်၊ ဆရာတပည့် ဆက်ဆံရေးသည် အရင်းနှီးဆုံးအဆင့် အရင့်ကျက်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပါသည်။
ငါးနှစ်ကျော် ခြောက်နှစ်နီးပါး ဆရာနှင့် လက်ပွန်းတတီး နေလာခဲ့ပါသည်။ တစ်စတစ်စနှင့် ဆရာ့ကို ပို၍ နားလည် သဘောပေါက်လာသည်ဟု ထင်မိပါသည်။ ဆရာ့ စာပေအယူအဆများ၊ အနုပညာအယူအဆများ၏ အရပ်အယောင်ကို ဖမ်းလို့ ဆုပ်လို့ ရလာသည်ဟုလည်း ထင်မိပါသည်။ နေ့စဉ်လိုလို ဆရာနှင့် တွေ့ဆုံခဲ့ရာတွင် စာပေပညာနှင့် ပတ်သက်၍၊ အနုပညာနှင့် ပတ်သက်၍ ကျွန်တော် ပညာရခဲ့သည်၊ အသိရခဲ့သည်ဟု တွေးမှတ်ယူခဲ့ပါသည်။ နှစ်အတော်ကြာသောအခါကျမှ ဆရာ့ထံက ကျွန်တော်ရခဲ့သည်မှာ “လင်းပွင့်မှု’ ဖြစ်ကြောင်း သဘောပေါက်လာပါသည်။
ဆရာသည် ကျွန်တော့်အား သူ့ အယူအဆတွေ၊ အတွေးအခေါ်တွေကို ပေးနေခြင်း၊ ပေးခဲ့ခြင်းမဟုတ်။ သူ့အယူ သူ့အတွေးများကို ရှင်းလင်းပြောပြခြင်းအားဖြင့် ကျွန်တော့်တွင် ရှိနေသော တစ်စုံတစ်ခုသော အတားအဆီး အပိတ်အဆို့ကို ရှင်းလင်းဖယ်ရှားပစ်ရန် ကူညီကြိုးပမ်းနေခြင်းသာ ဖြစ်ပေသည်။ တစ်စတစ်စ အနေကြာလာသည်နှင့်အမျှ ကျွန်တော့်တွင် စာပေအနုပညာနှင့်ပတ်သက်၍ တစ်စုံတစ်ခုသော ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့သည်ဟု ကျွန်တော် ယူဆမိပါသည်။ ဆရာသည် ကျွန်တော့်ကို ပညာပေးရာတွင် အသိဉာဏ်ပေးရာတွင် ဘယ်အချိန်အခါအထိ ပေးရမည်၊ ဘယ်အတိုင်းအတာအထိ ပေးရမည်ကို ကောင်းစွာသိ၏။ ကျောင်းသားဘဝကလို စာသင်ခန်းထဲမှာ စာသင်ပေးခြင်းမျိုး မဟုတ်။ ဆရာပေါက်စဘဝကလို ရုံးထဲက စာအုပ်ပုံတွေကြားမှာ ပညာပေးခြင်းမျိုး မဟုတ်။ လောကထဲမှာ အတူရှိနေကြရင်း ‘လင်းပွင့်မှု’ ကို ဖြစ်ပေါ်တည်ရှိစေရန် ကူညီညွှန်ပြခဲ့သည် ဟု ကျွန်တော် ယူဆမိပါသည်။
ဆရာ့ကို စာအုပ်ပုံတွေကြားမှာပင် တွေ့နေရသော်လည်း ထိုအချိန်မှာ ကျွန်တော်တို့ ဆရာတပည့်သည် စာအုပ်ပုံတွေကြားမှာ မရှိတော့ပါ။ ကျွန်တော့်စိတ်ထဲတွင် ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်သည် အဆုံးအစမရှိ ကျယ်ပြန့်သော လွင်ပြင်ကြီးထဲမှာ ကောင်းကင်ကိုကြည့်၍၊ မြေပြင်မြက်ခင်းကို ကြည့်၍၊ လောကဝန်းကျင်ကို ကြည့်၍၊ ဝေးလံသော တစ်နေရာမှ မိုးကုတ်စက်ဝိုင်းကို ကြည့်၍ အေးအေးလူလူ စကားတပြောပြောနှင့် လမ်းလျှောက်လာကြသည်ဟု ခံစားရပါသည်။ ဆရာသည် ကျွန်တော်နှင့် ဘေးချင်းယှဉ်၍ လိုက် ပါလာခဲ့သည်။ နူးညံ့အေးမြသော စကားသံများသည် လွင်ပြင်ကျယ်အနှံ့ ပြန့်လျက်ရှိသည်။ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦး၏ သီးခြား ရပ်တည်နေကြသော အဖြစ်ကို ဆရာ လွန်စွာ အလေးအနက်ထားပုံရ၏။ သူသည် ကျွန်တော်၏ ဆရာဖြစ်နေခြင်း၊ ကျွန်တော်သည် သူ၏ တပည့်ဖြစ်နေခြင်းတည်းဟူသော သီးခြားဖြစ်တည်နေမှု နှစ်ခုကို ဆရာ လွန်စွာ အလေးထားကြောင်း ပြောနိုင်သော အချက်တစ်ချက် ရှိ၏။ ထိုတစ်ချက်တည်းနှင့်ပင်လျှင် ဆရာ့ကို ကျွန်တော့်ဆရာအဖြစ် လေးမြတ်စွာ မှတ်ယူလိုက်ပါသည်။
ထိုအချက်မှာ ဆရာသည် ကျွန်တော့်ကို တပည့်တစ်ယောက် အဖြစ် လက်ခံလိုက်ပြီဟု နှုတ်မှ ဖွင့်ဟမပြောဘဲ လက်ခံလိုက်ပြီးသည့်နောက် သူနှင့် စာပေအယူအဆ၊ အနုပညာအယူအဆများ၊ သဘောကွဲလွဲသည့်အခါ မျိုးရှိခဲ့လျှင် “လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပေးထားခြင်း’ ဟူသောအချက်ပင် ဖြစ်၏။ ဤတစ်ချက်တည်းနှင့်ပင် ဇော်ဂျီသည် ကျွန်တော့်ဆရာဖြစ်ကြောင်း၊ ကျွန်တော်သည် ဇော်ဂျီ၏တပည့် ဖြစ်ကြောင်း ကျွန်တော်သတ်မှတ်အတည်ပြုခဲ့ပါသည်။
ယခုအခါ ဆရာသည် ရသစာပေသီဝရီ တစ်စောင်တစ်ဖွဲ့ ရေးခဲ့ပြီးပေပြီ။ ပလေတို နိဒါန်းကျမ်းကိုလည်း ရေးခဲ့ပြီးပေပြီ။ “ဗေဒါလမ်း’‘ ကဗျာ အပုဒ်လေး ဆယ်တိတိ ရေးခဲ့ပြီးပေပြီ။ ဆရာသည် ကံ့ကော်ပင်များ ဝန်းရံဆိုင်းအုပ်နေသော တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ စာအုပ်များ ပင်လယ်ဝေနေသော ရုံးခန်းအတွင်းမှ ထွက်ခွာသွားခဲ့ပေပြီ။ ကျွန်တော်သာလျှင် ကံ့ကော်ပင်တွေကြားမှာ၊ စာအုပ်ပုံတွေကြားမှာ ကျန်ရစ်ခဲ့၏။ ဤစာရေးနေချိန်အထိ ဆရာနှင့် ကျွန်တော် မတွေ့ ရသည်မှာ၊ အေးစက်နေသော လက်ဖက်ရည်နှစ်ခွက် ရှေ့မှာချ၍ စကားမပြောရသည်မှာ ခြောက်နှစ်လောက် ရှိပါပြီ။ ဆရာ့တပည့်များ နှစ်စဉ်စုဝေး၍ ကန်တော့ကြသော ပွဲမျိုးကိုလည်း ကျွန်တော် ဘယ်တော့မှ မတက်ခဲ့ပါ။ ငါးနှစ်ကျော် ခြောက်နှစ်လောက် ဆရာနှင့်ကျွန်တော် အဆက်အသွယ် ပြတ်နေခဲ့ပါသည်။ ယနေ့အထိ။ သို့သော် ဆရာသည် ကျွန်တော်နှင့် အတူရှိနေ၏။
ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်သည် အဆုံးအစမရှိ ကျယ်ပြန့်သော မြက်ခင်းစိမ်းလွင်ပြင်ကြီးထဲမှာ စကားတပြောပြောနှင့် အေးအေးလူလူ လမ်းလျှောက်နေကြပါသည်။ ဆရာသည် တဖြည်းဖြည်း ဝေး၍ ဝေး၍သွားပါသည်။ ကျွန်တော့်ရှေ့ အတော်ဝေးဝေးမှာ ဆရာ၏ သိမ်မွေ့ပါးလျာသော ရုပ်သွင်ကို မြင်နေရပါသည်။ ရှေ့က သွားနှင့်ပါဆရာ။ ပေါက်မြောက်အဆင့်ရှိသော အနုပညာစခန်းတစ်ခု ဆရာရောက်သွားနှင့်ပါပြီ။ မိုးကုပ်စက်ဝိုင်း၏ ဟိုမှာဘက် လောက၏အစွန်အဖျားတစ်နေရာ၊ နူးညံ့ဖြူဆွတ်သော ထိုအနုပညာတိမ်တိုက်ပေါ်မှာ ဆရာနှင့် ကျွန်တော် ပြန်ဆုံပါမည်။ ယခုတော့ ဆရာ့တပည့် နောက်ချန်၍ နေရစ်ခဲ့ရပါဦးမည်။
ဒီဝဲကြောင့် မငြိုငြင်
မမောခင် ထွက်ချင်လည်း၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ၊
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ ။
(ဗေဒါလမ်း ၄ဝ ၊ နောက်ဆုံးအချိုး)
ဆရာ ကျန်းမာပါစေ . . . ။
* * * * * * * * *
ဝတ္ထုအကြောင်း တပေါင်းစာတမ်း
ဒဂုန်၊ ၁၉၈၅ ဧပြီ
လွန်ခဲ့သော သုံးလေးနှစ်အတွင်း လောက်ကစ၍ ဝတ္ထုကလေးများ ရေးဖြစ်ခဲ့ပါသည်။ ကျွန်တော်အရင်က ရေးခဲ့သော လုံးချင်းဝတ္ထုများနှင့် မတူသော ဝတ္ထုများ ဖြစ်ပါသည်။ ကျွန်တော်သည်လည်းကောင်း၊ ကျွန်တော့်ဝတ္ထုများသည်လည်းကောင်း ယနေ့စာပေလောကမှာ ရေးကြီးခွင်ကျယ် လုပ်လောက်သော ကိစ္စမဟုတ်ဟု အမှန်တကယ် ကျွန်တော် ယုံကြည်ယူဆပါသည်။ သို့သော် အကြောင်းဆိုက်လာသောကြောင့် ကျွန်တော့် ဝတ္ထုများအကြောင်း ကျွန်တော် ပြောရပါတော့မည်။ ပြောခွင့် ပြုစေလိုပါသည်။ ထိုသို့ပြောခြင်းကို မနှစ်သက်ပါကလည်း သည်းခံခွင့်လွှတ်ကြပါ။
အကြောင်းရင်းခံ
ကျွန်တော့်ဝတ္ထုများအကြောင်း ဤသို့ ပြောစရာ အရင်းခံလာသော အကြောင်းရှိပါသည်။ ပြီးခဲ့သောလက (၈၅၊မတ်) မဂ္ဂဇင်းကြီးတစ်စောင်တွင် ဝေဖန်ရေးဆရာတစ်ဦးက ကျွန်တော့် ဝတ္ထုတစ်ပုဒ်အကြောင်း ရေးခဲ့ပါသည်။ ထိုမဂ္ဂဇင်းသည်လည်းကောင်း၊ ထိုဝေဖန်ရေး ဆရာသည်လည်းကောင်း ကျွန်တော်နှင့် ရင်းနှီးခင်မင်သော အသိုင်းအဝိုင်းမှ ဖြစ်ပါသည်။ ကျွန်တော့် ဝတ္ထုကို ဝေဖန်ရေး ဆရာက “ကျွန်တော် အတော်ကလေး ကြိုက်ပါသည်” ဟူ၍လည်းကောင်း၊ “ဤဝတ္ထုကို ကျွန်တော်ကြိုက်သည်မှာကား အမှန်ပင်ဖြစ်ပါသည်’ ဟူ၍ လည်းကောင်း ဖော်ပြထားသည်။ ထိုကိစ္စမှာ ကျွန်တော့်ကိစ္စမဟုတ်ပါ။ ဝေဖန်ရေးဆရာ၏ အကြိုက်သာဖြစ်ပါသည်။ ကျွန်တော်သည် ဝေဖန်ရေးဆရာ ကြိုက်အောင် လိုက်၍လည်း မရေးပါ။ မကြိုက်အောင် ဘက်တိုက်၍လည်း မရေးပါ။ ဝတ္ထုရေးသူနှင့် ဝတ္ထုဝေဖန်သူ နှစ်ယောက်သည် ကိုယ့်ကိစ္စ ကိုယ်လုပ်နေကြခြင်းသာဖြစ်၏။ သို့သော် ဝေဖန်ရေးဆရာ၏ မှတ်ချက်တွင် ကျွန်တော်ထိုသို့ ဝတ္ထုများ ရေးသားရခြင်းနှင့်ပတ်သက်၍ “ဇော်ဇော်အောင်သည် စိုးအောင် ဝတ္ထုရှည်များနှင့် နာမည်ကြီးခဲ့သည်ကို အားလုံးသိကြပါသည်။ ယခု သူသည် သူ၏ တကယ့်အနုပညာကိုပြရန် ကြိုးပမ်းနေသည်။ သူ မတူအောင် တီထွင်ရန် အားထုတ်နေသည်ဟု ကျွန်တော်ယူဆမိပါသည်” ဟု ဖေါ်ပြထားပါသည်။ ဤကိစ္စသည် ကျွန်တော့်ကိစ္စဖြစ်လာပြီ။ ကျွန်တော်နှင့် ပတ်သက်လာပြီ။ အဘယ့်ကြောင့်ဆိုသော ဤကိစ္စသည် ကျွန်တော် စွဲမှတ်ယုံကြည်သော အနုပညာ အယူအဆနှင့် ကွဲလွဲနေသောကြောင့်ပင် ဖြစ်၏။ (၁) တကယ့် အနုပညာကို ပြရန် ကြိုးပမ်းနေသည်။ (၂) သူမတူအောင် တီထွင်ရန် အားထုတ်နေသည်။ ဟူသော အချက် နှစ်ချက်မှာ ခွက်ခွက်လန်အောင် သဘောကွဲလွဲပါသည်။ ထို့ကြောင့် ဤစာတမ်းကို ကျွန်တော် ရေးလိုက်ရပါသည်။
ကျွန်တော့်အနုပညာအယူအဆ
ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်ထားသော အနုပညာအယူအဆ တစ်ခုရှိပါသည်။ အားလုံးကို လွှမ်းခြုံနိုင်သော အနုပညာသစ္စာတရား တစ်ခု ဟုတ်ချင်မှ ဟုတ်ပါမည်။ ကျွန်တော်မသိပါ။ သို့သော် ကျွန်တော် စွဲမြဲယုံကြည်သော အယူအဆဖြစ်ကြောင်း အသေအချာ ပြောခဲ့ပါသည်။ ထိုအယူအဆမှာ... အနုပညာသမား တစ်ယောက်သည် တကယ့်အနုပညာကို ပြလိုက်မည်၊ သူမတူအောင် တီထွင်ပြလိုက်မည် ဟူသော စိတ်ထားမျိုး မရှိ၊ မရှိသင့်ဟူသော အယူအဆဖြစ်၏။ ကျွန်တော်တစ်ယောက်အနေနှင့် အသေအချာပြောရဲသည်မှာ ကျွန်တော့်တွင် ဘယ်တုန်းကမှ တကယ့်အနုပညာကို ပြလိုက်မယ်။ သူမတူအောင် တီထွင်လိုက်မယ်ဟူသောစိတ်မရှိခဲ့ပါ။ အနုပညာသမားတစ်ယောက်အဖို့ အရေးကြီးဆုံးက သူ့ ရင်ထဲ ဖြစ်ပေါ် လာသော ခံစားမှုကို သူရေးချင်သောအခါ ရေးချင်သလို ရေးချလိုက်ဖို့ပင်ဖြစ်၏။ ကျွန်တော် ထိုသို့ယုံကြည်ပါသည်။ ကျွန်တော် အထက်ပါဝတ္ထုများကို ရေးရာတွင်လည်း ရင်ထဲမှာ ပေါ်လာသော ခံစားမှုများကို ရေးချင်သောအခါ ရေးချင်သလို ရေးချခဲ့ပါသည်။ “ရေးချင်သလို” ဆိုသော စကားမှာ တာဝန်မဲ့လွန်းခဲ့သည်။ မင်းမဲ့ဆန်သည်ဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မရှင်းလင်းနိုင်ပါ။ ရှင်းလည်း ရှင်းတတ်မည်မဟုတ်ပါ။ သို့သော် ရေးချင်သလို ဆိုသော စကားရပ်ကို အမျိုးမျိုးဖွင့်လို့ ရပါလိမ့်မည်။ ကျွန်တော်ဆိုလိုသော ‘ရေးချင်သလို” ၏ အဓိပ္ပာယ်ကို အနုပညာသမားများသာ သိနိုင်ပါလိမ့်မည်။ သိသည်ဆိုရာတွင်လည်း ခံစားသိနိုင်ခြင်းကို ဆိုလိုပါသည်။ အနုပညာသများ တစ်ယောက် ရင်ထဲမှာ ဖြစ်ပေါ်လာသော ခံစားမှုကို ဘယ်လိုဖန်တီးထုတ်လိုက်ကြောင်း ကြားလူဖြစ်သော ဝေဖန်ရေးဆရာ မသိနိုင်ပါ။ ‘သူမတူအောင်တီထွင်’ သည် ဆိုသော စကားရပ်မှာလည်း သည်လိုပါပဲ။ သူများထက် ထူးအောင် တီထွင်လိုက်မယ် ဟူသော စိတ်ရှေ့က သွားနေလျှင် ထိုသူသည် အနုပညာသများမဟုတ် ဟု ကျွန်တော်ယူဆပါသည်။ ထို့ပြင်လည်း တီထွင်မှုတစ်ခု အနုပညာမြောက် မမြောက်၊ အတည်ဖြစ်၊ မဖြစ် ဆုံးဖြတ်ရာမှာလည်း အငြင်းပွားစရာ ပြဿနာတွေ့ရှိပါသည်။ ဝေဖန်ရေးဆရာကြိုက်ခြင်း၊ အများ လက်ခံနှစ်သက်ခြင်းဟူသော စံများသည်ပင်လျှင် အဆုံးစွန် မဟုတ်နိုင်ပါ။ တီထွင်မှုဆိုသည်မှာလည်း အနုပညာသမား၏ ရင်ထဲက ခံစားမှုမှာ အခြေပြုသည်ဟု ကျွန်တော်ယူဆပါသည်။ ဘယ်လိုတီထွင်လိုက်မယ်၊ ဘာတွေတီထွင်လိုက်မယ်၊ ဘယ်သူနှင့်မှ မတူစေရဘူး ဟူသောစိတ်တွေ ရှေ့ကသွား၍မရ။ ကျွန်တော် တစ်ယောက်အနေနှင့် ပြောရလျှင်လည်း ထိုသဘောမျိုး မရှိပါ။ ရင်ထဲက ကျွန်တော်ခံစားရသည့်အတိုင်း၊ စိတ်ထဲက ပေါ်လာသည့်အတိုင်း ရေးလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ရေးချလိုက်သောအခါ အများနှင့်မတူသည့် အတွက် တီထွင်လိုက်သူဟု ကျွန်တော့်ကို ပြောကောင်းပြောပါလိမ့်မည်။ သို့သော် ‘တီထွင်ခြင်း’ သည် အနုပညာသမား၏ အလုပ်မဟုတ်ဟု ကျွန်တော် ယူဆပါသည်။ သူများနှင့်မတူသော ပုံစံသစ်တစ်ခုဖြင့် ရေးလိုက်၍ တီထွင်သူဟု ပြောလာသည့်တိုင် ထိုစကားရပ်ကို ကျွန်တော် လက်မခံပါ။ ငြင်းပယ်ပါသည်။ တီထွင်သည်ဆိုရာတွင် တစ်စုံတစ်ခုသော အကျိုးတရားအတွက် ရှိနှင့်ပြီးဖြစ်သော အရာဝတ္ထုနှင့် မတူသော၊ ပို၍ အဆင်ပြေကျေးဇူးရှိသော အရာတစ်ခုကို ဖန်တီးထုတ်လုပ်သည်ဟု နားလည်ပါသည်။ အနုပညာမှာ သည်ကဲ့သို့ အကျိုးတရားကို မျှော်ကိုးသော သဘောမရှိပါ။ မရှိသင့်ပါ။ တယ်လီဖုန်း တီထွင်တာမျိုး၊ ခွဲစိတ်ကုသသော လေဆာရောင်ခြည်ဓား တီထွင်တာမျိုး၊ ပြောင်းဖူးစေ့ ထွင်သောစက် တီထွင်တာမျိုး မဟုတ်ပါ။ သူ့ရင်ထဲမှာ သူခံစားရသည့်အတိုင်း သူရေးချင်သလို ရေးလိုက်ရာတွင် ရှိပြီး အနုပညာပစ္စည်းများနှင့်မတူ ကွဲပြားသွားသည့်အတွက် သူ့ကို တီထွင်သူဟု ပြောကြခြင်း ဖြစ်ပါလိမ့်မည်။ သူသည် တီထွင်သူမဟုတ်ပါ။ ဖန်တီးသူသာ ဖြစ်ပါသည်။ ထို့ကြောင့် ‘တီထွင်ခြင်း’ သည် အနုပညာသမား၏ အလုပ်မဟုတ်ဟု ကျွန်တော်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အနုပညာသမားဆိုသည်မှာ “ဖန်တီးသူ’‘ သာ ဖြစ်ပါသည်။ ဤအနုပညာဒဿနကို အရှည်အလျား ရှင်းလင်းရန် မရည်ရွယ်ပါ။ ကျွန်တော်နှင့် ဆိုင်သော ကိစ္စကိုသာ ကျွန်တော်ပြာရင်း စကားစဉ်ကို ပြန်ချုပ်ရသော မိတ်ဆွေဝေဖန်ရေးဆရာ ပြောသကဲ့သို့ (၁) ကျွန်တော်သည် တကယ့်အနုပညာအစစ်ကိုပြရန်၊ သူမတူအောင် တီထွင်ရန် ကြိုးပမ်း အားထုတ်နေသူ မဟုတ်ပါ။ (၂) ကျွန်တော်ခံစားရသလို ကျွန်တော် ရေးချင်သလို ဝတ္ထုကလေးများ ရေးနေခြင်းသာ ဖြစ်ပါသည်။ (၃) အနုပညာဖန်တီးရာတွင် အနုပညာအစစ်ကို ပြရန်၊ သူမတူအောင် တီထွင်ရန် ဟူသောစိတ် ရှေ့ကသွားနေလျှင် အနုပညာဖြစ်၍ မလာနိုင်၊ ပေါ်ထွက်၍ မလာနိုင်ဟု ကျွန်တော် ယုံကြည်ပါသည်။
ကျွန်တော့်ဝတ္ထုများ
ကျွန်တော့်အယူအဆကို ပြောပြီး၍ ဝေဖန်ရေးဆရာ၏ အယူအဆကို (ဝေဖန်ရေးဆရာတွင် သူ့ အယူအဆ ပြောနိုင်ခွင့်ရှိသကဲ့သို့ ကျွန်တော့်တွင်လည်း ငြင်းပယ်ပိုင်ခွင့်ရှိသည့်အားလျော်စွာ) ငြင်းပယ်ပြီးနောက် ကျွန်တော့်ဝတ္ထုများအကြောင်း အကြမ်းတင်ပြလိုပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ကျွန်တော်ရေးခဲ့သော မဂ္ဂဇင်းဝတ္ထုများ နှစ်မျိုးနှစ်စား ရှိပါသည်။
၁။ ဇာတ်လမ်းဇာတ်ကွက် အကြောင်းအရာ မည်မည်ရရ မရှိဘဲ ခံစားမှုများကို နိမိတ်ပုံများ၊ သင်္ကေတများနှင့် စီစဉ်ရေးသွားသော ဝတ္ထုမျိုး (နေယျဒေါသ၊ ဂီတပဒေသာမဂ္ဂဇင်း၊ ၁၉၈၂ ဧပြီလ)။
၂။ ပြောစရာတစ်ခုခု၊ တင်ပြစရာတစ်ခုခုရှိ၍ ဇာတ်လမ်း ဇာတ်ကွက် (အနည်းငယ်မျှဖြစ်ဖြစ်) ထည့်သွင်း၍ (ဝါ) အဖြစ်အပျက် တစ်ခုမှ၊ အခြေအနေ တစ်ခုခုကို ဖော်ပြ၍ ရေးသောဝတ္ထုမျိုး (အာလာဒင်ဇော်မြင့်အကြောင်း ဝတ္ထုတို၊ သဘင်မဂ္ဂဇင်း၊ ၁၉၈၅ ဖော်ဖော်ဝါရီလ)
ပထမအမျိုးအစားက ရှင်းပါသည်။ ဇာတ်လမ်းမပါပါ။ ဘာပြီးလျှင် ဘာဖြစ်တယ်၊ ဘယ်သူက ဘယ်သူနှင့်တွေ့တယ်၊ ဘာတွေပြောတယ် စသည်တို့မပါပါ။ စိတ်ထဲမှာ ပေါ်လာသော ခံစားမှု (အာရုံဟု သုံးစွဲချင်ပါသည်) တွေကို ပေါ်လာသည့်အတိုင်း ရေးပြခြင်းမျိုး ဖြစ်ပါသည်။ နိမိတ်ပုံသင်္ကေတများ အတော်များများ ပါဝင်ပါသည်။‘သိစိတ်အလျဉ်’ ရေးနည်းဟု ပြောဆိုသံကြားရပါသည်။ ကျွန်တော့်ဘက်က အသေအချာ ပြောနိုင်သောအချက်မှာ ကျွန်တော်သည် ထိုဝတ္ထုမျိုး ရေးရာတွင် ‘နည်း’ ကို အရင်စဉ်းစား၍မရပါ။ ဘယ်တုန်းကမှ မရေးပါဟူသော အချက်ပင် ဖြစ်ပါသည်။ “သိစိတ်အလျဉ်’ ဆိုတာကိုလည်း မစဉ်းစားပါ။
ဒုတိယအမျိုးအစားမှာတော့ စာဖတ်သူကို ပြောလိုက်ချက်သော အချက်ကလေး၊ ပေးလိုက်ချင်သော အတွေးကလေးရှိ၍ ရေးသော ဝတ္ထုမျိုးဖြစ်ပါသည်။ ပုံစံအားဖြင့် ‘ဆီလျော်သော ခေါင်းစဉ်တပ်ပါ” တွင် ဆိုက်ကားသမားတစ်ယောက်၏ ဘဝ‘အာလာဒင်ဇော်မြင့်အကြောင်း ဝတ္ထုတို’ တွင် လူ့သိက္ခာစသည်ဖြင့် ပြောချင်သောအချက်၊ ပေးချင်သော အတွေးဟူ၍ ပါဝင်ပါသည်။ ထို့ကြောင့်လည်း ဇာတ်လမ်း အဖြစ်အပျက်ကို အနည်းငယ်မျှဖြစ်စေ ထည့်သွင်း၍ ရေးသားပါသည်။
မတူသော အခြင်းအရာများ
အထက်ပါဝတ္ထုနှစ်မျိုးလုံးသည် သမားရိုးကျ ဝတ္ထုများနှင့် မတူသော အခြင်းအရာများ ရှိသည်ထင်ပါသည်။ ဘာတွေ မတူသလဲ ဆိုသောကိစ္စသည် ကျွန်တော့်ကိစ္စမဟုတ်ပါ။ စာဖတ်သူနှင့်သာ ဆိုင်ပါသည်။ ဝေဖန်ရေးဆရာနှင့် ဆိုင်ပါသည်။ ကြိုက်ခြင်း၊ နှစ်သက်ခြင်း၊ ခံစားခြင်း၊ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်း၊ လျစ်လှူရှုခြင်းတို့မှာ စာဖတ်သူနှင့် ဝေဖန်ရေးဆရာ လုပ်ပိုင်ခွင့်ရှိသော ကိစ္စများ ဖြစ်ပါသည်။ ဖန်တီးသူ အနုပညာသမားက သူ့အလုပ် သူလုပ်သွားရန်သာ ရှိပါသည်။ ထို့ကြောင့် ကျွန်တော့်အနေနှင့် ကျွန်တော့်ဝတ္ထုများ နှင့် သမားရိုးကျ ဝတ္ထုများ ဘာတွေမတူသလဲ၊ ဘယ်နေရာမှာ မတူသလဲ ၊ ဘယ်လို မတူသလဲ ပြောပြရန် မရည်ရွယ်ပါ။ ကျွန်တော့်အလုပ် ကျွန်တော် လုပ်သလို စာဖတ်သူနှင့် ဝေဖန်ရေးဆရာတို့ကလည်း သူတို့အလုပ် သူတို့လုပ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
ပုံစံအသစ်အဆန်းကိစ္စ
သမားရိုးကျ ဝတ္ထုများနှင့် မတူသော အခြင်းအရာများ ရှိသည် ထင်ကြောင်း အထက်က ပြောခဲ့ပါသည်။ မတူကွဲလွဲသောကြောင့် ကျွန်တော့်ဝတ္ထုတွေ ပုံစံအသစ် ဖြစ်ချင်ဖြစ်နေပါမည်။ အဆန်းဖြစ်ချင်ဖြစ်နေပါမည်။ ပုံစံ အသစ်အဆန်းကိစ္စနှင့် ပတ်သက်၍လည်း ကျွန်တော့်တွင် ပြောရန်မရှိပါ။ သို့သော် ကျွန်တော်နှင့် ဆိုင်သောကိစ္စ တစ်ခုတော့ ရှိလာပါသည်။
ကျွန်တော်တို့ အတော်များများ ကြားဖူးနေသောစကားများ ရှိပါသည်။ အကြောင်းအရာအသစ်တွေက တောင်းဆိုနေလို့ ပုံသဏ္ဍာန်အသစ်ကို ဖန်တီးရတယ်။ ပုံသဏ္ဍာန်အဟောင်းတွေဟာ လက်ရှိအကြောင်းအရာ အသစ်တွေအတွက် အနှောင်အဖွဲ့အတားအဆီးတွေ ဖြစ်နေလို့ ပုံသဏ္ဍာန်ဟောင်းထဲက ဖောက်ထွက်ခဲ့ရတယ် ဘာညာ ဆိုသော စကားတွေ ကြားဖူးကြပါလိမ့်မည်။ ကျွန်တော့်မှာ ထိုအယူအစမျိုး မရှိပါ။ ကျွန်တော်ရေးနေသည်မှာ အကြောင်းအရာ အသစ်တွေဟုလည်း မယူဆပါ။ သမားရိုးကျ ဝတ္ထုပုံသဏ္ဍာန်တွေကလည်း ကျွန်တော့်အတွက် အတားအဆီး၊ အနှောင်အဖွဲ့ မဖြစ်ပါ။ ကျွန်တော် ဟိုလို မရေးချင်၍ သည်လို ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ရိုးရိုးကလေးပါပဲ။
နိဂုံး
ကိုယ့်အကြောင်းကို ကိုယ်ပြောရသော ကိစ္စသည် အလွန် “အောက်သောကိစ္စ’’ ဖြစ်ပါသည်။ အထူးသဖြင့် အနုပညာသမားတစ်ယောက်က သူ့ အနုပညာအကြောင်း ရှင်းပြရသည်မှာ ပို၍ ‘အောက်’ သည် ထင်ပါသည်။ အနုပညာသမားသည် သူ့ဘဝအရ၊ သူ့သဘာဝ အရ ‘ရှင်းလင်းဖွင့်ဆိုသူ’ မဟုတ်ပါ။ “ဖန်တီးသူ”သာ ဖြစ်ရပါမည်။ သို့တိုင်အောင် အကြောင်းဆိုက်လာသောကြောင့် “အအောက်ခံ၍ဤ စာတမ်းကို ရေးသားလိုက်ရပါသည်။ လိုအပ်လျှင် ဆက်လက်ရေးသားပါမည်။ အားလုံးကို လေးစားမေတ္တာထားလျက် ရှိပါသည်။
၁၃၄၆ ခု၊ တပေါင်းလ
* * * * * * * * * *
ဝတ္ထုအကြောင်း ဆွေ့ဆွေ့ခုန်စာတမ်း
ဒဂုန်၊ ၁၉၈၅ မေ
ကျွန်တော်တို့ ဝတ္ထုကလေးများ ရေးသားနေကြပါသည်။ “သမားရိုးကျဝတ္ထု’ များနှင့်မတူ ခြားနားနေသောကြောင့် ပြောစရာဆိုစရာ ဖြစ်လာကာ ပြောသံ ဆိုသံများ ပေါ်ထွက်လာပါသည်။ ယနေ့ မြန်မာပြည်တွင် ထင်ရှားသော ဝေဖန်ရေးဆရာတစ်ယောက်က ‘ဤဝတ္ထုမျိုးကို မည်သည့် လူပေါ လူညံ့ မဆို ရေးနိုင်ကြောင်း’ ပြောသံကြားလိုက်ရပါသည်။ ထိုပုဂ္ဂိုလ်ကပင် ‘ဤဝတ္ထုမျိုးသည် တစ်နှစ်လောက်သာခံမည်’ ဟူ၍လည်း ပြောကြောင်း ကြားလိုက်ရပါသည်။ ယနေ့မြန်မာပြည်မှာပင် ထင်ရှားသော ဝေဖန်ရေးဆရာ (နောက်တစ်ယောက်) ကလည်း သင်တန်းတစ်ခု ပို့ချရင်း ဤဝတ္ထုမျိုးသည် အချိန်တန်လျှင် ကျဆုံးသွားလိမ့်မည် ဟုပြောသွားပါသည်။ အကယ်၍ ကျွန်တော်သည် ရင့်ကျက်ပြည့်ဝသူ၊ အရင့်အမာ အနုပညာသမားတစ်ယောက် ဖြစ်ပါက ထိုဝေဖန်သံများကို လျစ်လျူရှုလိုက်နိုင်ပါလိမ့်မည်။ သို့သော် ကျွန်တော်သည် ရင့်ကျက်ပြည့်ဝသူ မဟုတ်ပါ။ အရင့်အမာအနုပညာသမားကြီး မဟုတ်ပါ။ သာမန်အနုပညာ ပုထုဇဉ်တစ်ယောက်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤစာတမ်းကို ကျွန်တော်ရေးရပါသည်။
ကျွန်တော်တို့ဟု အထက်တွင် သုံးခဲ့သော်လည်း အုပ်စုသင်းပင်း အုံကျင်းဖွဲ့ထားသော သဘောမျိုး မရှိပါ။ ကျွန်တော့်ဝတ္ထုမျိုး ကျွန်တော် ရေးပုံမျိုး ရေးနေကြသူတွေ လက်ချိုးရေကြည့်လျှင် လက်ငါးချောင်းပင် ပြည့်သည် မထင်ပါ။ ထိုပုဂ္ဂိုလ်များတွင် ကျွန်တော်နှင့် ရင်းနှီးသူများ ပါသလို ကျွန်တော်မသိသူများလည်း ပါပါသည်။ ပမာအားဖြင့် မြင့်သန်း (ဩစတြေးလျ)သည် ကျွန်တော်နှင့် ရင်းသူဖြစ်၏။ သို့သော် လူချင်းမတွေ့၊ စာချင်းအဆက်အသွယ် မရှိသည်မှာ နှစ်နှင့်ချီ၍ ကြာပါပြီ။ ကျွန်တော်မသိသော အခြားပုဂ္ဂိုလ်များလည်း ရှိပါလိမ့်မည်။ ကျွန်တော် အလေးအနက် ပြောလိုသောအချက်မှာ ကျွန်တော်တို့သည် တိုင်ပင်နှီးနှော၍၊ စုပေါင်းဆွေးနွေး၍ ရည်ရွယ်ချက်ပန်းတိုင်တစ်ခု ထားကာ အစီအစဉ်ချကာ ရေးနေကြခြင်းမဟုတ် ဟူသောအချက် ဖြစ်ပါသည်။ သဘောချင်းတူ၍၊ ခံစားပုံချင်းတူ၍ ဝတ္ထုများ အသွင်တူ အဆင်တူနေကြခြင်းသာ ဖြစ်ပါသည်။ အသွင်တူ အဆင်တူ ဆိုသည်မှာ ယေဘုယျသာ ဖြစ်ပါသည်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ ဝတ္ထုများသည် သီးခြား ဝတ္ထုများသာ ဖြစ်ပါသည်။
ကျွန်တော်တို့ဝတ္ထုနှင့်ပတ်သက်၍ ဝေဖန်ရေး အကြားအမြင် ပေါက်နေဟန်တူသော ဝေဖန်ရေးဆရာနှစ်ယောက်က “တစ်နှစ်သာ ခံမည်’၊ ‘အချိန်တန် ကျဆုံးလိမ့်မည်’ ဟု အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ကြောင်း အထက်မှာ ပြောခဲ့ပါပြီ။ ကျွန်တော် ဖတ်ဖူး မှတ်ဖူးသမျှ ကမ္ဘာမှာ ဘယ်ဝေဖန်ရေးဆရာမှ အနုပညာပစ္စည်းတစ်ရပ်၏ အနာဂတ်ကို သည်လို အချိန်ပိုင်းခြား၍ မိုက်မိုက်ကန်းကန်း ဟောကိန်းမထုတ်ဖူးပါ။ ထားတော့၊ သူတို့ဟောကိန်းသည် သူတို့ဟောကိန်းသာ ဖြစ်၏။ အနုပညာသမားသည် “ကျွန်တော်အနုပညာကလေး ဘယ်နှစ်နှစ်ခံမလဲ ဆရာ’ဟု ဝေဖန်ရေးဆရာထံ ဝေဖန်ရေးဗေဒင် မေးပြီး မှ ရေးသားဖန်တီးသူ မဟုတ်။ အကယ်၍ ဟုတ်ခဲ့လျှင်လည်း သူ့ကို အနုပညာသမားဟု မခေါ်အပ်။ ကျွန်တော်တစ်ယောက်အနေနှင့် ပြောရလျှင် ‘တစ်နှစ်ခံမည်’၊ ‘နှစ်နှစ်ခံမည်’၊ ‘မကြာခင်ကျဆုံးလိမ့်မည်’ တို့ကို တွေးတောပူပန်ခြင်း မရှိပါ။ ရင်ထဲမှာ ခံစားလာရသော ခံစားရသလို ရေးချနေခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး ၏ ‘ဝတ္ထုရှေ့ဖြစ်ဖတ်ခြင်း’ ကိစ္စသည် ကျွန်တော်နှင့် မဆိုပါ။ သူတို့ နှုတ်က ဖွင့်ဟပြောခဲ့ခြင်း ဖြစ်သည့်အလျှောက် ကိုယ့်စကားကိုယ် တာဝန်ယူပါက သူတို့ဘာသာ ရှင်းကြပါလိမ့်မည်။ ကျွန်တော့်အနေနှင့်မူကား တစ်နှစ်ခံချင်လည်း ခံမည်၊ တစ်လ ဖြစ်ချင်လည်း ဖြစ်မည်။ အနုပညာ မြောက်ချင်လည်း မြောက်မည်၊ မမြောက်ချင်လည်း နေမည်။ ကောင်း ချင်မှ ကောင်းမည်။ လူကြိုက်ချင်မှ ကြိုက်မည်။ မူလကတည်းက ကမ္ဘာအရှည် တည်ရော့လဟယ်. . . ဟု ဝတ္ထုရေးခြင်း မဟုတ်ပါ။ ရိုးရိုး ကလေးပါပဲ။ ခံစားရလို့၊ ခံစားရသလို ဝတ္ထုရေးလိုက်ခြင်းသာ ဖြစ်ပါသည်။ အနုပညာသမား သိနိုင်ခက်ခဲသော စိတ်သဘာဝကို ဝေဖန်ရေးဆရာ မရိပ်စားမိသမျှ သည်လို ခွတီးခွကျ အဖြစ်တွေ ကြုံတွေ့ရဦးမည်သာ ဖြစ်ပါသည်။ ကျွန်တော့်အနေနှင့်ကတော့ သည်နေရာတွင် တစ်ခုပဲ ပြောချင်ပါသည်။ Joseph Conand ၏ ‘Heart of Darkness’ ဝတ္ထုထဲက စာတစ်ကြောင်းကို သတိရမှီငြမ်း၍ တစ်ခုပဲ ပြောချင်ပါသည်။ ကျွန်တော့်ခံစားမှုတွင် အသံရှိသည်။ ဝေဖန်ရေးဆရာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်တော့်အသံကို တိတ်သွားအောင် ဘယ်သူမှ မလုပ်နိုင်ပါ။
ဝတ္ထုတစ်ပုဒ် (ဤနေရာတွင် ဝတ္ထုတိုကို ဆိုလိုပါသည်)၏ အင်္ဂါရပ်များနှင့် ပတ်သက်၍ ‘ကျမ်းရိုးဝေဖန်ရေး’ သီဝရီများက အမျိုးမျိုး ဆိုခဲ့ပါသည်။ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကောင်၊ ကာလ ဒေသ၊ နောက်ခံ အကြောင်းအရာ ဘာသာစကား စသည်ဖြင့်။ ထို့ပြင်လည်း ဝတ္ထုတို၏ ထုံးဖွဲ့နည်းမှာ ဇာတ်ပျိုး ၊ ဇာတ်နိုး၊ ဇာတ်တတ်၊ ဇာတ်ထွက်၊ ဇာတ်ဆင်း၊ ဇာတ်သိမ်းဟူ၍ ရှိကြောင်းလည်း ပြောကြပါသည်။ ဤ ထုံးဖွဲ့နည်းကို ၁၈၆၃ ခုနှစ်တွင် ဂူစတပ်ဖရေးတဂ် (Gustuv Freytag) ဆိုသော ပုဂ္ဂိုလ်က စ၍ ပြောခဲ့သည်ဟု အဆိုရှိပါသည်။ (သီပေါမင်း ၁၈၈၅ ခုနှစ်တွင် ပါတော်မူပါသည်) ထိုဝတ္ထုတိုဘသဘောတရားနှင့် ပတ်သက်၍ ပညာရှင်ပေါင်းများစွာ၊ အဆိုအမိန့်ပေါင်းများစွာကား ပြောမကုန်နိုင်အောင်ပင်။ ယေဘုယျပြောရလျှင် ဝတ္ထုတိုတစ်ပုဒ်မှာ ဇာတ်လမ်းပါရမည်။ ဘာအကြောင်းလဲ၊ ဘာအဖြစ်အပျက်လဲ၊ ဘာအခြေ အနေလဲ။ ဇာတ်လမ်း မည်မည်ရရ မရှိလျှင်တောင်မှ မှိန်မှိန်ရေးရေး လမ်းကြောင်းကလေးတော့ ပါရစမြဲ။ “သမားရိုးကျဝတ္ထုတိုများ’ ကြည့်ပါက ဝတ္ထုတိုင်းတွင် ဇာတ်လမ်းပါကြောင်း တွေ့ရပါလိမ့်မည်။
ဇာတ်လမ်း။ ။ ဇာတ်လမ်းဆိုသော ပွိုင့်က စ၍ ကျွန်တော် ပြောရပါလိမ့်မည်။ ဝတ္ထုတို (ဝတ္ထုရှည်ကို ယူလျှင်လည်း ရပါသည်)မှာ “ဇာတ် လမ်းမပါရင် ဘာဖြစ်မလဲ”။ သည်မေးခွန်းက သော့ချက်ဖြစ်ပါသည်။ ဇာတ်လမ်းမပါရင် ဘာဖြစ်မယ် ညာဖြစ်မယ် ပြောစရာတွေ အများကြီး ရှိပါလိမ့်မည်။ အကြောင်းအကျိုး ယုတ္တိသာဓကတွေ အများကြီး ရှိပါလိမ့်မည်။ အထူးသဖြင့် မီးရထားခေါင်းတွဲကို ခဲတံချွန်စက်ဖြစ်အောင် ပြောနိုင်သော ဝေဖန်ရေးပညာရှင်မျိုးမှာ ပြောစရာသာ၍ ရှိပါလိမ့်မည်။ ဝတ္ထုတိုမှာ ဇာတ်လမ်းမပါလျှင် “ကမ္ဘာပျက်လိမ့်မည်”၊ “ရေးတဲ့သူ မြေမျိုလိမ့်မည်” စသည်ဖြင့် ပြောစရာတွေ တစ်ပုံရှိပါလိမ့်မည် ပြောပါ။ ထိုသို့ ပြောသည့်အတွက် ဝေဖန်ရေးဆရာကို ကျွန်တော် တစ်ယောက်အနေနှင့် ငြူစူပြစ်တင်ခြင်း မရှိပါ။ သူ့မှာ အခွင့်အရေးရှိပါသည်။ သူ့ အခွင့်အရေးကို ကျွန်တော် လေးစား အသိအမှတ်ပြုပါသည်။ သို့သော် ကျွန်တော့်အခွင့်အရေးကိုလည်း ဝေဖန်ရေးဆရာများ လေးစား အသိအမှတ်ပြုကြပါသည်ဟု ကျွန်တော် မတောင်းခံပါ။ သူ့ သဘောပါပဲ။ ကျွန်တော့်တွင် အခွင့်အရေး ဧကန်အမှန် ရှိပါသည်။ ထိုအခွင့်အရေးမှာ ‘ဇာတ်လမ်းမပါသော ဝတ္ထု’ ရေးခြင်းပင် ဖြစ်၏။
ကျွန်တော် ဇာတ်လမ်းမပါဘဲ ဝတ္ထုရေးပါသည်။ ခံစားရလို့ ခံစားရသလို ရေးပါသည်။ ဇာတ်လမ်းမှိန်မှိန်ကလေး ပါချင်လည်း ပါမည်။ ထင်းထင်းကြီး ပါချင်လည်း ပါမည်။ လုံးဝမပါဘဲ ရှိချင်လည်း ရှိမည်။ ဆိုပါစို့။ ဇာတ်လမ်းမပါဘဲ ဝတ္ထုရေးပြီ ဆိုပါစို့၊ ဘယ်လိုရေးသလဲ၊ ဘာတွေ ရေးသလဲ၊ ဘာကြောင့် ထိုသို့ရေးရသလဲ ကျွန်တော်မှာ ပြောစရာတွေ ရှိပါသည်။ ဝေဖန်ရေးဆရာ တစ်ခွန်းပြောလျှင် ကျွန်တော်လည်း တစ်ခွန်းပြန်ပြောနိုင်ပါသည်။ ဝေဖန်ရေးဆရာက ဝတ္ထုသဘောတရား စာအုပ်တစ်အုပ် ဖတ်ထားသည် ဆိုပါစို့၊ ကျွန်တော်လည်း တစ်အုပ်ဖတ်ထားပါသည်။ ဝေဖန်ရေးဆရာ အုပ်တစ်ရာ ဖတ်ထားလျှင် ကျွန်တော်လည်း အုပ်တစ်ရာ ဖတ်ထားသည်ဟုသာ မှတ်ယူထားရန် ဖြစ်ပါသည်။ သို့သော် ဝေဖန်ရေးဆရာသည် ဝတ္ထုအကြောင်း “ပြောသူ” ဖြစ်၏။ ကျွန်တော်သည် ဝတ္ထု ‘ရေးသူ” ဖြစ်၏။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြလျှင် အကောင်းဆုံးပါပဲ။ ဇာတ်လမ်းမပါသော ဝတ္ထု ကျွန်တော်ရေးပါသည်။
တစ်ချက်ပြောရန် ကျန်ပါသည်။ ကျွန်တော်သည် ဇာတ်လမ်း မပါဘဲ ဝတ္ထုရေးသည် ပြောခဲ့ပါပြီ။ ဇာတ်လမ်းပါသော ဝတ္ထုများ ဘာဖြစ်သည် ညာဖြစ်သည်ဟု ကျွန်တော်မပြောပါ၊ မပြောခဲ့ဖူးပါ။ ဇာတ်လမ်းပါသော ဝတ္ထုတစ်ပုဒ်ကို ကျွန်တော် နှစ်သက်ခံစားလို့ ရပါသည်။ ဇာတ်လမ်းပါသော ဝတ္ထုတွေထဲမှာ ကျွန်တော် နှစ်သက်ခံစားမိသော ဝတ္ထုတွေ အပုံရှိပါသည်။ ဇာတ်လမ်းပါသော ဝတ္ထုရေးဆရာကိုလည်း လေးစားလို့ ရပါသည်။ အနုပညာသမားအချင်းချင်း သူ့လွတ်လပ်ခွင့်၊ သူ့ ရွေးချယ်ခွင့် ၊ သူ့ ဖန်တီးခွင့်ကို လေးစား အသိအမှတ်ပြုပါသည်။ ဇာတ်လမ်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အရေးကြီးသည်မှာ အနုပညာပစ္စည်းသည် အနုပညာပစ္စည်းဖြစ်ဖို့ ဆိုသော အချက်ပင်။ ကျွန်တော်ကတော့ ဇာတ်လမ်းမပါသော ဘက်က နေပါသည်။
နိဂုံး ။ သမားရိုးကျဝတ္ထုများနှင့် မတူသော ကျမ်းရိုးဝတ္ထုစံများနှင့် မကိုက်ညီသော ဝတ္ထုများ ရေးသားခြင်းအတွက် ငါတို့ ကြိုးစားပမ်း စာတည်ဆောက်ထားခဲ့ရသော ဝတ္ထုစံများ၊ သဘောတရားများ ပျက်ပါပြီဟု ‘ဆွေ့ဆွေ့ခုန်မျှ’ မခံမရပ်နိုင် ဖြစ်မနေကြရန် သက်ဆိုင်သူ ပုဂ္ဂိုလ်အချို့ကို မေတ္တာစကား ပါးလိုက်ပါသည်။ ကျွန်တော်တို့သည် (ကျွန်တော်သည်) သမားရိုးကျဝတ္ထုများ၊ ကျမ်းရိုးဝတ္ထုစံများ၊ သဘောတရားများကို ကောင်းသည်ဆိုးသည် ဘာမျှပြောမည် မဟုတ်ပါ။ သမားရိုးကျ ဝတ္ထုသမားကိုလည်း အချင်းချင်း သဘောထားဖြင့် လေးစားလျက် ရှိနေပါသည်။ ဝေဖန်ရေးဆရာများကလည်း ပြောစရာရှိမှ ပြောကြပါ။ အမှန်တကယ် လေးစားဦးညွှတ်လျက် ရှိပါသည်။ သို့သော် ကျွန်တော်တို့သည် (ကျွန်တော်သည်) ဝတ္ထုရေးရာတွင် သီပေါမင်း ပါတော်မူပြီးခါစလောက်က ပေါ်သော ဝတ္ထုထုံးဖွဲ့ပုံ အခြေခံသဘောတရားကို အသုံးမပြုပါ။ ကျွန်တော်တို့သည် (ကျွန်တော်သည်) ဝတ္ထုရေးရာတွင် ဝတ္ထု၏အခြင်းအရာ အင်္ဂါရပ်များ၊ နည်းနာများကို ကိုယ့်ဘာသာကိုယ်တိုင် ရွေးချယ် သတ်မှတ်ပြဋ္ဌာန်း၍ ဖန်တီးရေးသား (ကြ)မည်ဟူသော အချက်ကို လေးစားစွာ အသိပေးလိုက်ပါကြောင်း။
* * * * * * * * * *
လူပေါလူညံ့ပြဿနာ
သဘင်၊ ၁၉၈၅ ဩဂုတ်
ယခုတလော ရေးသားလာကြသည့် ခေတ်သစ်ဝတ္ထုကလေးများနှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ကောင်းစွာ ဖတ်လိုက်ရပါသည်။ သဘောမကျတာလေးတွေ၊ ပြောချင် ဆိုချင်တာကလေးတွေ ရှိ၍ ဤစာတမ်းကို ရေးလိုက်ရပါသည်။ ဆောင်းပါးရှင် ဘာတွေ ရေးထားသလဲ၊ ဘယ်လို ရေးထားသလဲဟု အသေးစိတ် ကောက်နှုတ်ဖော်ပြနေလျှင် ကျွန်တော်လည်းပဲ လေကြောရှည်၍ သွားပါလိမ့်မည်။ ထို့ကြောင့် ထိုဆောင်းပါးမှ သိသာထင်ရှားစွာ ငေါထွက်နေသော အနက်အချို့ကိုသာ တိုတိုနှင့် လိုရင်း ဖော်ပြသွားပါမည်။ ကျွန်တော့်စကားများကို မူလဆောင်းပါး (သဘင် မဂ္ဂဇင်း၊ ဇူလိုင် ၈၅)နှင့် တိုက်ဆိုင်ယှဉ်တွဲ၍ ဖတ်ကြပါရန် စာဖတ်သူများအား မေတ္တာရပ်ခံပါသည်။
၁။ ဆောင်းပါးရှင်က သူသည် ‘သမားရိုးကျသမား’ မဟုတ်ကြောင်း၊ ဇာတ်လမ်းကို ဖက်တွယ်နေသူ မဟုတ်ကြောင်း ထင်ရှားသိသာအောင် လွန်ခဲ့သော နှစ်ခန့်က သူ့ဆောင်းပါးများ ကိုးကား၍ သက်သေထူပါသည်။ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ မဟုတ်လျှင်လည်း ပြီးရောပေါ့ဟု ကျွန်တော်တို့ သဘောထားနိုင်ပါသည်။ ထို့ပြင် ဝုဖ်နှင့် ဂျိုက်စ်တို့ ခေတ်ဝန်းကျင်က သူတို့ဆီမှာ ပေါ်သော ဝတ္ထုသစ် (သိစိတ်အလျဉ်ရေးနည်းဟု ဆိုပါစို့) များကို ဝေဖန်သတ်မှတ်ပေးထားသော ကောက်နှုတ်ချက်များကိုလည်း အကိုးအကားများနှင့် ဖော်ပြထားပါသည်။ ဤနေရာမှာ ကျွန်တော်ပြောချင်သော အချက်မှာ ယနေ့ ကျွန်တော်တို့ဆီမှာ ရေးသားစပြုနေသော ခေတ်သစ်ဝတ္ထုများနှင့် ပတ်သက်၍ ဘာ့ကြောင့် ပေါ်ပေါက်လာသလဲ၊ ဘာကြောင့် ထိုသို့ရေးကြသလဲဟု နည်းနည်းပါးပါးဖြစ်ဖြစ် စဉ်းစားဖို့ကောင်းသည် ဟူသောအချက် ဖြစ်ပါသည်။ ကိုဘခွေးလို အရူးထ၍ ရေးသည်ဟု ပြောလျှင်တော့ ကျွန်တော်ဘာမှ ဆက်ပြောစရာ မရှိပါ။ မည်သည့် လူပေါလူညံ့မဆို ရေးလို့ရသည်၊ ထင်ရာကောက်ရေး၊ မြင်ရာ စွတ်ထည့်၊ အစီအစဉ်မဲ့အောင် လုပ်သည်ဟု ဆောင်းပါးရှင်က ပြောပြီးမှတော့ ကိစ္စက ပြတ်နေပါပြီ။ တကယ်တမ်း ကျွန်တော် ဤစာတမ်းကို ရေးနေခြင်းကိုက လွန်နေပါပြီ။ သို့သော် ပြောတော့ ပြောလိုက်ပါရစေ။ အကြောင်းရင်း ဇာစ်မြစ်ကို နည်းနည်းပါးပါး ဖြစ်ဖြစ် လေ့လာ စူးစမ်းကြည့်ပါဦး။
၂။ ဆောင်းပါးရှင်သည် ကျမ်းကိုးကျမ်းညွှန်းများ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ပြထားသော်လည်း ဂျွိုက်က်စ်တို့ စာများ (မူရင်းဝတ္ထုများ)ကို ဖတ်ဖူးခြင်း ရှိမရှိ ဆိုသည်မှာ လွန်စွာသံသယဖြစ်ဖွယ် ရှိပါသည်။ ကျွန်တော့်အထင်တော့ ဆောင်းပါးရှင် မဖတ်ဖူးပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးရှင် နှိုင်းယှဉ်ပြသလို ယနေ့ရေးစပြုနေသော ခေတ်သစ်ဝတ္ထုများသည် ဂျွိုက်စ်တို့ကို အစစအရာရာ လိုက်တုပြီး ရေးနေကြသော ဝတ္ထုများ မဟုတ်ကြပါ။ သီးခြားလက္ခဏာတွေ ရှိပါသည်။ မတူတာတွေ ရှိနေပါသည်။ ထို့ပြင် ယနေ့ရေးစပြုနေကြသော ဝတ္ထုများ သိစိတ်အလျဉ်းရေးနည်းနှင့် သင်္ကေတ ရေးနည်း နှစ်မျိုးသာ ပါသည်မဟုတ်ပါ။ ထိုနည်းနှစ်နည်းမှအပ အခြားရေးနည်းများလည်း ပါရှိနေကြောင်း ဆောင်းပါးရှင် မြင်ပုံမရပါ။ သီးခြားလက္ခဏာတွေ ရှိနေကြောင်း ကြည့်တတ်လျှင် မြင်ရပါသည်
၃။ ဆောင်းပါးရှင်က “ထင်ရာကောက်ရေး၊ မြင်ရာစွတ်ထည့်၊ အစီအစဉ်မဲ့အောင်လုပ်’ ဟူသော စကားရပ်များကို ဖော်ပြထားပါသည်။ ကျွန်တော်ဉာဏ်မီသလောက် ပြောရလျှင် ထိုသို့မဟုတ်ပါ။ ယနေ့ ရေးနေကြသော ဝတ္ထုသစ်များတွင် အစီအစဉ်တွေ ရှိနေပါသည်။ ကြောင်းကျိုး ဆက်စပ်မှုတွေ ရှိနေပါသည်။ “ထင်ရာကောက်ရေး၊ မြင်ရာစွတ်ထည့်’ ဟု တရားသေ ကောက်ချက်ချရလောက်သည်အထိ မဟုတ်ပါ။ သူတို့ ရေးတာတွေ၊ သူတို့ထည့်တာတွေမှာ ထူးခြားသော အဓိပ္ပာယ်တွေ ရှိမရှိ လေ့လာစူးစမ်းကြည့်ဖို့ ကောင်းပါသည်။
၄။ ထို့ပြင် သည်လိုဝတ္ထုတွေရေးနေကြသူတွေကို အတုလား အစစ်လား ခွဲခြား ရခက်ပါသည်ဟုလည်း ညည်းသံ တွေ့လိုက်ရပါသည်။ (အစစ်နှင့်အတုကို အင်္ဂလိပ်လိုလည်း ဖော်ပြထားပါသည်။) ခွဲခြားရခက်လျှင် ဦးနှောက်ခြောက်ခံပြီး၊ စဉ်းစားမနေပါနှင့်ဟု အကြံပေးပါရစေ။ ဘယ်နေရာမှာမဆို၊ ဘယ်အရာမဆို အတုတွေ ကွယ်ပျောက်၍ အစစ်တွေသာ ကျန်ရစ်မည်ဆိုသော အချက်မှာ သဘာဝတရားတစ်ခုပင် ဖြစ်၏။ ဝေဖန်ရေးဆရာတစ်ယောက်အနေနှင့် ပူပူပင်ပင် ရှိလှသည်ကို အပြစ်တင် မစောလိုပါ။ သို့သော် မပူပါနှင့်။ အတုတွေ မှေးမှိန်ပျောက်ကွယ်၍ အစစ်တွေသာ ရပ်တည်ကျန်ရစ်မည်မှာ သေချာပါသည်။
၅။ ကျွန်တော်တို့ဆရာ မင်းသုဝဏ်၏ ကျော်ကြားသော စကားတစ်ခွန်း ရှိပါသည်။ ထိုစကားမှာ စု၊ တု၊ ပြု ဟူသော စကား ဖြစ်ပါသည်။ လူငယ်များအတွက် တန်ဖိုးကြီးလှသော သီဝရီတစ်ရပ်ပင် ဖြစ်ပါသည်။ ယနေ့ ဝတ္ထုသစ် ရေးနေသူများသည် ဂျွိုက်က်စ်တို့ကို လိုက်တုပြီး ရေးနေကြသည်ဟုပင် ဆိုပါစို့။ မတုရဘူးလား။ တုပါစေလား။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ (ဤသို့ တုပရင်း ပရင်းနှင့်ပင်) အဆင့်တစ်ဆင့်ကို ရောက်သောအခါ ကိုယ်ပိုင်ဟန်များ ပေါ်ပေါက်လာသော သဘာသရှိပါသည်။ ကျွန်တော်တို့ အရှုံးမရှိပါ။ တုပါစေ။ တုရာမှ ပြုနိုင်သော အဆင့်သို့ တစ်ယောက်တလေ ရောက်သည် ဆိုလျှင်ပင် ကျွန်တော်တို့ မြတ်ပါသည်။
၆။ ထို့ပြင် ယနေ့ ဝတ္ထုသစ်များ ရေးသားနေသူများကို ဂျွိုက်က်စ်တို့လို “ဘဝခံယူချက်၊ ဘဝယုံကြည်ချက်၊ ဧရာမ ကျိုးကြောင်း ဆင်ခြင် ဉာဏ်ကြီးတွေ’ မပါလို့ ညံ့လေခြင်းဟု ပြောသင့် မပြောသင့် နည်းနည်းပါးပါး ဖြစ်ဖြစ် စဉ်းစားချင့်ချိန်ဖို့ ကောင်းပါသည်။ ကျွန်တော်တို့က အခုမှစကြရမည့်သူများ ဖြစ်ပါသည်။ အခုမှ စနေသူများ ဖြစ်ပါသည်။ စကားပမာ ဆိုပါစို့။ ကျွန်တော်တို့ဆီက အတော်ဆုံးဝတ္ထုတို ဝေဖန်ရေးဆရာကို အီးအမ်၊ ဖော်စတာလို ကမ္ဘာက မသိလေခြင်း၊ ညံ့လေခြင်းဟု ပြောပြီဆိုပါစို့။ ထိုစကား မပြောသင့်ပါ။ ထိုသို့ ပြော၍ မရပါ။ စဉ်းစားပါဦး။
ခရစ်နှစ် ၁၈၆၃ ခုနှစ် (သီပေါမင်း ပါတော်မမူခင်)က ပေါ်သော “ဖရေးတတ်၏ ပိရမစ်သဘောတရား’ နှင့်အညီ သမားရိုးကျဝတ္ထုများ ရေးခွင့်ရှိသည် ဆိုပါလျှင် ခရစ်နှစ် ၁၉၂၂ ခုနှစ်က ထုတ်ဝေသော ဂျွိုက်စ်၏ ‘ယူလီဆီး’ ထဲမှ ရေးနည်းများကို လိုက်တု၍လည်း ရေးခွင့်ရှိပါသည်။ တစ်ချက်ကွာသည်မှာ ကျွန်တော်တို့က အခုမှ စနေသူများ ဖြစ်ပါသည်။ ကျွန်တော်တို့ထဲတွင် ဂျွိုက်စ်လို မဟာပါရမီရှင်တွေ ပါချင်မှပါပါမည်။ လမ်း စလျှောက်တတ်စ ကလေးကို မာရသွန် မပြေးနိုင်ကောင်းလားဟု ဝေဖန်လျှင် သင့်မသင့် စဉ်းစားပါဦး။
၇။ အဆိုးဆုံး အချက်တစ်ချက် (ဝါ) ကျွန်တော် မကြိုက်ဆုံး အချက်တစ်ချက်ကို မရေးမဖြစ်၍ ရေးရပါလိမ့်မည်။ “သူတို့ မကြိုက်တာတွေများကို လျှို့ဝှက်သင်္ကေတများဖြင့် ရှုတ်ချဆဲရေးထားကြောင်း အထောက်အထားနှင့်တကွ ငြင်းမရအောင် ကျွန်တော် ဖွင့်ရှင်းပြနိုင်ပါသည်။ မလုပ်ကောင်း၍ ချန်ထားခဲ့ခြင်း ဖြစ်ပါသည်” ဟု ဆောင်းပါး ရှင်က ရဲရင့်ပြတ်သားစွာ ရေးခဲ့ပါသည်။ ဘယ်လိုပဲ စဉ်းစား စဉ်းစား၊ ဘယ်ဘက်ကပဲ တွေးကြည့်တွေးကြည့် ဤစကားရပ်သည် “ခြိမ်းခြောက်မှု’ ဖြစ်ပါသည်။ အနုပညာကိစ္စ မဟုတ်ပါ။ စာပေဝေဖန်ရေးကိစ္စ လုံးဝ မဟုတ်ပါ။ ချက်အောက်ဆီသို့ ထိုးဖို့ရွယ်လိုက်သော လက်သီးဖြစ်ပါသည်။ အဝါကတ်တွေ တစ်ထပ်ကြီး ထုတ်ပြရမည့် ပြစ်ဒဏ်ဘော ဖြစ်ပါသည်။ မလုပ်ကောင်းမှန်းသိပါသည်ဟု ပြောပြီးမှ လုပ်လိုက်သော ဤစာပေဝေဖန်ရေး foul shot အတွက် ဘယ်စာရေးဆရာမှ စိတ်ကောင်းနိုင်မည် မဟုတ်ပါ။ ဘယ်စာရေးဆရာကမှ ခွင့်လွှတ်မည် မဟုတ်ပါ။ စကားကတော့ ကျွံခဲ့ပြီ။
ကျွန်တော် ပြောစရာ ဆိုစရာလေးတွေ ပြောဆိုပြီးပါပြီ။ အမှန်စင်စစ် ကျွန်တော် သဘောကို “တပေါင်းစာတမ်းနှင့် ဆွေ့ဆွေ့ခုန် စာတမ်း’ နှစ်စောင်မှာကတည်းက ပြောခဲ့ပြီးပါပြီ။ နောက်ထပ် လူပေါလူညံ့အကြောင်းနှင့် ပတ်သက်၍ ပြောရန်လည်း မရှိတော့ပါ။ ပြောတော့မည် မဟုတ်ပါ။ သို့သော် ကျွန်တော်ရေးသော ဝတ္ထုတိုများ အကြောင်းနှင့် ပတ်သက်၍မူ ပြောစရာရှိပါက ဆက်လက်၍ ပြောသွားမည်ဖြစ်ပါကြောင်း စာဖတ်သူများအား အစီရင်ခံခဲ့ပါသည်။
* * * * * * * * * *
ဟေမာနေဝင်း သီချင်းကဗျာ
သဘင်၊ ၁၉၈၆ ဩဂုတ်
မွှေးပျံ့သော ပန်းခင်းမှ ပန်းခြင်းတစ်ခုစာ အပြောရောင်ပန်းများ ခူးယူခဲ့ပြီးနောက် ဘယ်သူ့ထံမှောက် အရောက်ခစား၍ ပန်းများကို ပေးအပ်ရပါမည်နည်း။ ဆောင်းဦးပေါက် တစ်နေ့တာအတွက် ကဗျာများ ဖူလုံစွာ စပ်ပြီးပြီလား။
မနေ့က ကဗျာများသည် သည်ကနေ့ ကဗျာများကို ဖျော့တော့စွာ ငြင်းဆိုနေကြကြောင်း ကြားသိလိုက်ရသောကြောင့် စိတ်မသက်သာ။ ကဗျာက ငြင်းသည်လား၊ လူကငြင်းသည်လား။ ရောင်ဝါမထွန်း ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု . . . ။ နေက ချမ်းသည်လား၊ လူက ချမ်းသည်လား။
မြို့မငြိမ်း၏ ရေချိုးဆိပ်အနားက သစ်ဖောင်ပေါ်မှာ ကြောင်တစ်ကောင် ရှိ၏။ ထိုကြောင်ကို ဘယ်သူပင်ပန်းကြီးစွာ ရေချိုးပေးနေသည်လဲ။
ပန်းတွေဝေနေအောင် ပွင့်နေသည်။ ပန်းတွေနှင့်ဝေ၊ ပန်းကလေးတွေနှင့်ဝေ၊ တွေနှင့်ဝေ။ ဒေါ်စိန်ငုံ သီချင်းဆိုနေသည်။ မောင်ဝဏ္ဏ ရုပ်ရှင်ရိုက်နေသည်။ ပန်းကလေးတွေနှင့်ဝေ၊ ပန်းတွေနှင့်ဝေ၊ ကတ္တီပါပန်းခင်းထဲမှာ ကျက်သရေ ကင်းမဲ့စွာ ရာဘာဖိနပ် သဲကြိုးပြတ် တစ်ဖက်။ ကျေးဇူးပြု၍ မနေတတ်သူများ ထိုဖိနပ်ကို ကာသိကရာဇ်တိုင်းဖြစ် ပိုးသားစစ်စစ် ပုဆိုးတစ်ထည်ဖြင့် ထုပ်၍ စကြဝဠာအပြင်ဘက်သို့ သွားရောက်ပစ်ချခဲ့ပါ။
ရွာထဲသို့ အရူးဝင်သောအခါ ကလေးတွေ ဆူ၏။ အကြီးအကျယ်ဆုံး ဟာသ တစ်ပုဒ်ကို ရေခဲတုံးဖြင့် ပန်းပုရုပ် ထုလုပ်နေကြသည်လား။
နေရောင်ချည် ဖြန့်ကျက်သော နံနက်ခင်း၏ နှင်းမြူဇာမှာ ရွှေရောင်ငွေရောင် အကွက်အဆင်များ သံစဉ်ညှိ၍ ဖူးပွင့်လာပါစေ။ “ထိုအခါ နေခြည်နှင်းမြူဇာကို ထက်အောက်ဆင်တူ ဝတ်စုံချုပ်၍ ကောလိပ်ဂျင်နေဝင်း၏ သမီးကလေးကို မွေးနေ့လက်ဆောင် ပေးလိုက်ကြပါ။ သူသီချင်းဆိုနေပါစေ’။ သီချင်းသံပဲ ကြားပါရစေ။ အေးအေးဆေးဆေး နားထောင်နေစမ်းပါရစေ။ သူတို့မရှိဘဲ သူတို့မပါဘဲ ဘဝသည် အလိုလို မောနေ၏။ မျောနေ၏။ မွန်းနေ၏။ အမောသမား၊ အမျောသမား၊ အမွန်းသမားများ သံသရာရေးပြင်မှာ ရေနစ်၍ မသေ၊ အခုတလော နားကြောပြတ်၍ သေကြရလျှင် တစ်စုံတစ်ယောက်တော့ ဝမ်းသာပေလိမ့်မည်။
မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းညာဆီမျာ ခါတော်မီ သီမမေ့နိုင်ဘု၊ သည်ကွေ့မှာ၊ ခါတော်မီ သီးသီလေးတောင် မမေ့နိုင်ဘု၊ မိုက်မလင်းနိုင်ဘု၊ သည်ကွေ့ မှာ၊ နေကုန်မျောရှာကြ၊ ခါတော်မီ၊ ခါတော်မီ၊ သည်ကွေ့မှာ၊ တစ်နေကုန်အောင် မျော၍၊ ခါတော်မီ၍ သည်ကွေ့မှာ . . .. ဟေမာနေဝင်း သီချင်းတစ်ပုဒ်လောက် ထပ်ဆိုပါ။ “မင်းအဖေကို တို့ သတိရသည်။ ပါးစပ်အလှဆုံး သွားအလှဆုံး၊ မေးရိုးအလှဆုံး သမီးကလေးကို မွေးမှ မွေးတတ်ပလေ။
အရူးတွေမလာနှင့်။ မိမဆုံးမ ဖမဆုံးမ ကလေးတွေ၊ မလာနှင့်။ ပန်းခင်းထဲမှာ ပန်းတွေ ညှိုးလျော်နေသည်လော။ ရေလောင်းပါ။ ပေါင်းသင်ပါ။ မြေကို ဆွပါ။ နှင်းမိုးများ ရွာသွန်းဖြိုးအောင် သိပ္ပံပညာကို အကူအညီတောင်းပါ။
အဝါရောင်တိမ်တိုက်များ၏ ဖွားရာဇာတိသည် ပိတောက်ပန်း ဖြစ်၏။ မအူမလည် နိုင်ငံရေး စကားလုံးများ၏ ဖွားရာဇာတိသည် ညစ်ထေးသော သမိုင်းသဲမြေပွပေါ်မှ ခြောက်သွေ့နေသော တံတွေးကွက်များ ဖြစ်၏။ အကောင်းဆုံးကတော့ မသိဘဲနှင့် ဝင်ဝင် မပြောနှင့်။ ဟိုမှာ သီချင်းသံများ ဝဲပျံလာနေသည်။ မြက်ခင်းပေါ်က သစ် ရွက်ခြောက်ကို ကောက်၍ပစ်။ ကော်ဇော်အသစ်ကို ဖုန်ကောင်းစွာ ခါ၊ ထိုနေရာမှာ ဖြန့်ခင်း၊ သီးချင်းသံကို နေရာပေးပါ။
ရင်ထဲမှာ မီးပုံ။ အဂ္ဂဘုံမှာ ကဗျာဆရာများ နေ၏။ သူ၏ မှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းသည် သူ့ကဗျာများ ဖြစ်၏။ သူသည် ထမင်းကို စားသူမဟုတ်၊ ကဗျာကို စားသူဖြစ်၏။ ကဗျာနှင့် နေသည်။ ကဗျာကို နေသည်။ ကဗျာတွင် နေသည်။ ကဗျာအား နေသည်။ ကဗျာကြောင့် နေသည်။ ကဗျာက နေသည်။ ကဗျာမှ နေသည်။ ကျောက်စီခြယ် ရွှေကလပ်မှာ လိမ်းကပ်သည် မြူမှုန်ဖယ်၍ ကဗျာကို ထားပါ။ ကဗျာကို ဆရာလိုထားပါ။ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးဟု ကမ္ဗည်းထိုးပါ။ ဆော့ခရိတ္တိခေတ်မှာ လူသွား၍ ဖြစ်သူကို စောင်အဖြူတစ်ထည် ကိုယ်မှာပတ်၍ ကျောင်းသား လှေကား စ်များပေါ်မှာ မတ်တတ်ရပ်စေ၍ မိန့်ခွန်းခြွေခိုင်းပါ။ ခေါမခေတ်၊ ရောမခေတ်၊ ဘောမခေတ်၊ သောမခေတ်တွေ၏ ရှေ့အဝေးကြီးမှာ ကဗျာရောက်နေပြီဖြစ်ကြောင်းကိုတော့ သူကောင်းစွာသိဖို့လိုမည် မထင်ပါ။ ကဗျာဆရာသည် စပါးစိုက်သူမဟုတ်။ ကားဘော်ဒီထုသူမဟုတ်။ မိုက်ကရိုချစ်(ပ) ထုတ်လုပ်သူမဟုတ် ။ ရက်ကန်း ရက်သူမဟုတ်။ လက်သမားမဟုတ်။ သိပ္ပံပညာရှင် မဟုတ်။ သုတေသီ မဟုတ်။ ကျမ်းသုံးထောင် ကုန်အောင်ဖတ်သော ပါမောက္ခမဟုတ်။ ဆရာဝန်မဟုတ်။ ကချေသည်မဟုတ်။ တပ်မှူးမဟုတ်။ ဂေါ်ဖီထုပ် ရောင်းသူမဟုတ်။ ဒဿနိကဗေဒ ပညာရှင်မဟုတ်။ ဖန်ခွက်ဆိုင်ထဲ ဝင်သည့်ကျွဲလို မည်းမည်းမြင်တိုင်း ဝင်ခတ်သူမဟုတ်။ ဝေဖန်ရေး ဆရာမဟုတ်။ ထိုသူအားလုံး ဟုတ်ချင်ဟုတ်မည်။
ကဗျာဆရာသည် ကဗျာဆရာဖြစ်၏။ ဟေမာနေဝင်း ဘာပြောချင်သလဲ။ သီချင်းကလေးထဲက အရဲစွန့်ပြီး ပြောစရာမလို။ ရဲရဲဝံ့ဝံ့သာ ပြောလိုက်ပါ။ ကဗျာဆရာသည် ကဗျာဆရာဖြစ်သည်ဟု ရဲရဲ ဝံ့ဝံ့ပြောလိုက်ပါ။ မဆိုင်သောအရာတွေ လေကြောရှည်နေသူများကိုလည်း မင်း၏ပျားရည်အသံကလေးဖြင့် ခြေထောက်လှလှကလေးတစ်ချက် ဆောင့်၍ သွားကြစမ်း...တိတ်ကြစမ်းဟု ငေါက်လိုက်ပါ။ ကမ္ဘာလောက၏ ကောင်းချီးပေးသံတို့ဖြင့် သူတို့ကို နှစ်မြှုပ်ပြီးသား ဖြစ်သွားပါလိမ့်မည်။
အနာဂတ်အတွက် နေခြည်အသစ်တို့ ဖွင့်လှစ်ပေးသော မိုးကောင်းကင်မှာ ကဗျာရှိနေမည်မှာ သေချာပါ၏။ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ မပြည့်စုံခြင်း၊ အထိတ်တလန့်ဖြစ်ရခြင်း၊ ဖြေရှင်းမရခြင်း၊ အနှစ်သာရကင်းမဲ့ခြင်း၊ ရဲဝံ့စွာ မရယ်မောနိုင်ခြင်း။ ထိုအရာအားလုံး ကင်းသောနေရာနှင့် အချိန်က ကဗျာကို မျှော်လင့်စောင့်စား၏။
တဖွဲဖွဲကြွေ၍ မြေပြင်မှာ အဝါရောင်ပန်းကော်ဇောခင်းသည့် ပိတောက်ပင်ခြေရင်းမှာ ပလ္လင်ဆောက်၍ ကဗျာကို လောက၏ ဘုရင်အဖြစ် မြှောက်ကြမည်။ တညင်းသီး၊ ကြွက်စုတ်နှင့် ကွန်မြူနစ်ဝါဒ မရှိသော ကဗျာသောင်စပ်က ကော်ဖီဆိုင် ထီးအကျားအောက်မှာ ကော်ဖီသောက်ရင်း ကဗျာကို စောင့်ကြမည်။ အကောင်းဆုံး အကြံပေးလိုက်မည်။ ခပ်ဝေးဝေးသွားကြ။ ဆာလောင်သည်၊ မွတ်သိပ်သည်၊ မပြည့်စုံ၊ ထိတ်လန့်သည်၊ ဖြေရှင်းမရ၊ အနှစ်သာရဗလာ ၊ရဲဝံ့စွာ ရယ်မော။ ငါတို့သီချင်းနားထောင်နေသည်။ ငါတို့ကဗျာဖတ်ချင်သည်။ ကဗျာသောင်စပ်မှာ ကဗျာဟု စာလုံးရေးလိုက်ပြီးသည်နှင့် လှိုင်ခေါင်းဖြူ အမြှုပ်ဖွေးတို့က ရေဆေး၍ ချလိုက်၏။ သဲပြင်ပေါ်မှာ ကဗျာ၏ခြေရာ၊ ကဗျာကျောက်သားပေါ်မှာ၊ ပန်းပွင့်ပေါ်မှာ၊ လွယ်အိတ်ထဲမှာ၊ လှေကားပေါ်မှာ၊ ပန်းကန်ပြားပေါ်မှာ၊ လရောင်ခြည်ထဲမှာ၊ နှင်းမှုန်ထဲမှာ၊ ဝါးရွက်ကြားမှာ၊ ယုဇနပင်အောက်မှာ၊ သရက်ပင်ထိပ်ဖျားမှာ၊ ပင်လယ်ထဲမှာ၊ ဘဏ်တိုက်ထဲမှာ၊ အက်ဖ် ၁၆ လေယာဉ်ပျံပေါ်မှာ၊ ပင်လယ်ထဲမှာ၊ ဧဝရတ်တောင်ထိပ်မှာ၊ မြစ်ကြီးနားမှာ၊ ပုဂံယွန်းကျောင်းမှာ၊ စိန်ဗေဒါကြီး၏ ကျောက်ရုပ်မှာ၊ တစ်နေ့နေ့ လူသန့်သွားသော ကမ္ဘာကြီးမှာ ... ကဗျာတွေ။ တစ်နေ့နေ့ လူသန့်သွားသောကမ္ဘာကြီးမှာ. . . ကဗျာတွေ။ ညင်သာစွာ တီးမှုတ်၍ မန္တလေးကျုံးတော်တွင်းက ရေကင်းသံဖြင့် လူသန့်သွားသောအခါ၊ တစ်နေ့နေ့ ၊ မန္တလေးကျုံးတော်တွင်းက ရေကင်းသံဖြင့် ကဗျာကို ကြိုကြပါမည်။ မန္တလေးမှာ လူသန့်သွားသောအခါ။ တညင်းသီးဆားရည်စိမ်ရယ်၊ ကြွက်စုတ်ရယ်၊ ကွန်မြူနစ်ဝါဒရယ် မရှိသော သောင်စပ်က ကော်ဖီဆိုင်ကလေးမှာ။ ရေခဲစိမ်ကော်ဖီနှစ်ခွက်ကို ကဗျာများများထည့်၍ ပါးစပ်အားနေလျှင် ချောင်းဆိုးပါ။ ဝင်ဝင်မပြောပါနှင့်။ လက်အားနေလျှင် တယောထိုးပါ။ တယောထိုးပါ။ ချောင်းဆိုးပါ။ သို့မဟုတ် အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိမ်မက်ထဲမှာ နီရိုးဘုရင်ကို တွေ့လျှင် နှုတ်ဆက်ဖြစ်အောင် ဆက်ပါ။ သူ့ကိုကဗျာအကြောင်း သွားမစပါနှင့်။ မိုးဦးစောမည်။ မြစ်ရေကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များ ကြိုတင်ပြောကြကောင်းပါရဲ့။ ကဗျာမြစ်သည် ကောင်းကင်မှာ စီးဆင်းနေ၏။ အမှိုက်ပုံထဲမှာ လူတစ်ယောက်၏ ကျောရိုးတစ်ချောင်းနှင့် လူတစ်ယေက်၏ ဦးနှောက်တစ်ခြမ်းပဲ့။ တူးကော် . . . ကဗျာများများ . . . . သကြားချိုချို။
လူသန့်လျှင် အနုပညာသန့်မည်။ ကဗျာသန့်မည်။ သီချင်းတွေ ချိုမည်။ စိတ်ထားတွေချိုမည်။ နားလည်လာ၍ ချိုမည်။ ယုံကြည်လာ၍ ချိုမည်။ ပြည့်စုံလာ၍ ချိုမည်။ စားကောင်းသောက်ဖွယ်များဖြင့် ချိုမည်။ တကယ်ပြည့်စုံလာမည့် ကတိစကားများဖြင့် ချိုမည်။ အချစ်များဖြင့် ချိုမည်။ မိုက်မလင်းနိုင်ဘု၊ ကျောက်စီခြယ်ရွှေကလပ်မှာ ကဗျာသည် ဘုရင်ဖြစ်၏။ ကဗျာမြစ်ကောင်းကင်မှာ စီး၏။ ခါတော်မီ သီ မဝေ့နိုင်ဘု၊ သည်ကွေ့မှာ ်ကဗျာသည် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်၏။ ကတ္တီပါပန်းခင်းထဲက တမ်းချင်းအသစ်ရွှေကဗျာ။ သံစဉ်သွင်း၍ သီချင်းဆိုသောအခါ ဟေမာနေဝင်း ဆိုပါစေ။ အဝေးဆုံးတစ်နေရာ မြစ်ညှာအရပ်ဆီမှ သစ်ရွက်စိမ်းများ ညှော်နံ့ရသည်။ ပြောင်းပြန် မြင်ရသော ခပ်ဝေးဝေးက ရေတံခွန်တစ်ခုပမာ၊ မီးခိုးများ ခွေလိပ် တွန့်တက်နေသည်။ သီချင်းများ၊ ကဗျာများ လွတ်ရာကို ရွှေ့၍ ထားပါ။ အုတ်ခဲနှင့် ကျောက်တုံးများ လူအုပ်ထဲ ရောက်နေသည်။
ရွယ်လယ်မှာ ကလေးတွေ ဘာကြောင့် ဆူနေကြသလဲမွှေးပျံ့ သော ပန်းခင်းထဲမှ ပန်းခြင်းတစ်ခုစာ ပန်းအပြာရောင်များ ခူးပြီးနောက် ကဗျာဆရာကို ကမ္ဘာလောက၏ လက်ဆောင်အဖြစ် ပေးအပ်ကြမည်။ ကောလိပ်ဂျင်နေဝင်းသမီးကလေး သဘောတူပါရဲ့လား။ သူတို့ကို ငေါက်ငမ်းပစ်လိုက်စမ်း။ လူသန့်သွားသည်အထိ ကျေးဇူး ပြု၍ သီချင်း ဆက်ဆိုပါဦး ကလေးမ။
* * * * * * * * * *
ဒေါင်းအလွမ်းစာ
မြတ်လေး၊ ၁၉၈၇ မေ
“ပင့်ကူအိမ်ဝယ်
ကြောင်အိမ်လှေကား
တပ်ဆင်ထားသည်
ဖြေဖျားထောက်၍ တက်ပါလော့”
ဒေါင်းနွယ်ဆွေ
ကွယ်လွန်သူ ဆရာဒေါင်း ကျန်ရစ်ခဲ့တဲ့၊ ချန်ထားရစ်တဲ့ ကဗျာတစ်စ ဖြစ်ပါသည်။ သူမရှိတော့ပေမယ့် သူ့ကဗျာတွေ ရှိနေပါသည်။ သူ့ကဗျာတွေ ရှိနေဦးမည်ဖြစ်ပါသည်။ အတူတကွ လာရောက်ဆုံစည်းကြတဲ့ ကျွန်တော်တို့ အဝန်းအဝိုင်းမှာ ကျွန်တော့်ထက် အသက်၊ ဝါ သမ္ဘာကြီးတဲ့ ဒေါင်းနွယ်ဆွေသည် ကျွန်တော့်အဖို့ နောင်တော်ကြီး ဒေါင်းနွယ်ဆွေပင် ဖြစ်ပါသည်။ သေသည်အထိ ကဗျာရေးသွားတဲ့ ခင်ဗျားကို တမ်းတမ်းတတ သတိရစွာ ရေးလိုက်တဲ့ အလွမ်းစာပါ နောင်ကြီးဒေါင်း။
“ပင့်ကူအိမ်ဝယ်
ကြောင်အိမ်လှေကား
တပ်ဆင်ထားသည်
ဖြေဖျားထောက်၍ တက်ပါလော့”
ဒေါင်းနွယ်ဆွေ
ဒေါင်းနွယ်ဆွေကိုချစ်တဲ့၊ ဒေါင်းနွယ်ဆွေကို လေးစားတဲ့၊ လိုလားတဲ့ သူ့ ကဗျာဖတ်သူတစ်ယောက်အဖြစ် ထိုကဗျာစကို ကျွန်တော် ခံစားမိပါသည်။ ဤကဗျာတစ်စတွင် ပါဝင်ကိန်းအောင်းနေသော ကဗျာဒဿနကိုလည်း ရလိုက်ပါသည်။ ရလိုက်သောခဏတွင်လည်း နှစ်သက်ကြည်နူးမှု ဖြစ်ရပါသည်။ ဒေါင်းနွယ်ဆွေ ဘာပြောထားသလဲ။ ကျွန်တော် ဘာခံစား ရရှိလိုက်သလဲ။ ဤ မေးခွန်းနှစ်ခုသည် ကဗျာခံစားမှုကိစ္စ၊ ကဗျာအကြောင်း ပြောဆိုရာမှာ အရေးပါသော မေးခွန်းနှစ်ခု ဖြစ်ပါ၏။
ဒေါင်းနွယ်ဆွေ ဘာပြောထားသလဲ။
ရိုးရိုးစင်းစင်းပါပဲ။ ပင့်ကူအိမ်တစ်ခုများ ကြောင်လိမ်လှေကား တပ်ဆင်ထားသည်။ ထိုကြောင်လိမ်လှေကားမှတစ်ဆင့် ပင့်ကူအိမ်ရှိရာသို့ ခြေဖျားထောက်၍ တက်ခဲ့ပါဟု ဒေါင်းနွယ်ဆွေ ပြေထားပါသည်။ ထိုသို့ပြောထားကြောင်း ဘယ်လိုလုပ်သိရှိပါသလဲ။ သူ ကဗျာကို စကားပြေပြန်ကြည့်ခြင်းဖြင့် သိပါသည်။ ဒေါင်းနွယ်ဆွေ ဘာပြောထားသလဲဟူသော မေးခွန်း၏ အဖြေသည် သူ့ကဗျာ၏ “စကားပြေပြန်အဓိပ္ပာယ်” ထဲမှာ ရှိသည်ဟု ဆိုရပါမည်။ ကဗျာကိစ္စ စာဖတ်ခြင်းကိစ္စမှာ ကဗျာ၏ ‘စကားပြေပြန်အဓိပ္ပာယ်’ ရလိုက်သည်နှင့်ကိစ္စပြီးသလား။ စကားပြေပြန်အဓိပ္ပာယ်မှာ ခရီးဆုံးသလားဟု စဉ်းစားရန် ရှိလာပါသည်။ အဓိပ္ပာယ် သိဖို့အတွက် ဆိုလျှင် ကဗျာကြားက ခံမနေဘဲ စကားပြေ တိုက်ရိုက်ရေးလိုက်ရင်ကော မပြီးဘူးလား။ ဘာကြောင့် ကဗျာရေးနေရသလဲ ဟူသော မေးခွန်းတွေ ပေါ်လာပါသည်။ ဟိုအရင်ကလည်း ပေါ်ခဲ့ဘူးပါသည်။ စင်စစ် ကဗျာကိစ္စတွင် စကားပြေပြန်အဓိပ္ပာယ် ရရုံမျှနှင့် ကိစ္စမပြီး ခရီးမဆုံးကြောင်း အထူး ပြောဖွယ်မရှိတော့ပါ။ စကားပြေပြန်အဓိပ္ပာယ်မှ တစ်ဆင့် ခံစားမှုကို ရေးပါသည်။ ကဗျာဆရာ ထိုသို့ ထိုသို့ပြေထားသောကြောင့် (ဝါ) ပြောလိုက်ခြင်းကြောင့် ဖတ်သူ ဘယ်လိုခံစားရသလဲ။ ဖတ်သူ ဘယ်လို ခံစားရသလဲဟူသော အပိုင်းမှာ ကဗျာ၏အဓိပ္ပာယ် ရှိပါသည်။ စကားပြေပြန် အဓိပ္ပာယ်နှင့် ကဗျာ၏ အဓိပ္ပာယ် (ဝါ) ကဗျာ အဓိပ္ပာယ် မတူပါ။ လုံးဝကွဲပြားပါသည်။
ကဗျာ၏ စကားပြေပြန်အဓိပ္ပာယ်ထဲမှာ နေ၍ ကဗျာကိုဝေဖန်ခြင်း၊ သုံးသပ်ခြင်း၊ ကောင်းအညံ့ အကြောင်းအကျိုး ပြောဆိုခြင်းများ လုပ်ကိုင်ဆောင်ရွက်လျှင် လိုရာမရောက်ဘဲ “ကြောင်’သွားလေ့ ရှိပါသည်။ ကဗျာ့သဘာဝကို နားမလည်ရာ ရောက်သည့်အပြင် တစ်ခါတစ်ရံ လူရယ်စရာ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကဗျာအကြောင်း ပြောလျှင်၊ ပြောမည်ဆိုလျှင် စကားပြေပြန်အဓိပ္ပာယ်မှ တစ်ဆင့်တက်၍ ကဗျာအဓိပ္ပာယ်ထဲ ရောက်အောင် လာရပါမည်။ ထို့အတူ ကဗျာစာပေအကြောင်း ပြောလျှင်၊ ကဗျာအကြောင်း ပြောမည်ဆိုလျှင် ကဗျာဆရာ ဘာပြောထားသည်ဟု မိမိသိရှိနားလည်သော ကိစ္စကို မပြောဘဲ ကဗျာဆရာ ထိုသို့ပြောထားသည့်အတွက် မိမိဘယ်လိုခံစားမိသလဲ ဟူသော ခံစားမှုကိစ္စကိုသာ ပြောရပါမည်။ နားလည်ခြင်းသည် ခရီးဆုံးမဟုတ်၊ ခံစားခြင်းသည်သာ ခရီးဆုံး ဖြစ်၏။ ဤအခြေခံ အယူအဆများကို နှလုံးသွင်း၍ အထက်ပါ စကားကို ပြန်ဆက်လျှင် . . . .
ကျွန်တော်ဘာခံစားရရှိလိုက်သလဲ။
နုပျိုသော နေရောင်ခြည်များ ဖြန့်ကျင်းလွှမ်းခြုံအပ်သော အရပ် ဒေသတစ်ခုမှာ ငွေရောင်တလက်လက်ထွက်နေသော ပင့်ကူအိမ်တစ် ခုရှိနေပါသည်။ အကွက်အကန့်များဖြင့် အချိုးညီညီ ရက်ရှယ်ထားသော ငွေရောင်ပင့်ကူအိမ်သည် နေရောင်ခြည်ထဲမှာ တောက်ပနေ၏။ ညက ကျန်ခဲ့သော နှင်းစက်အချို့သည် ပင့်ကူအိမ်အကွက် အကန့် အချို့နေရာများမှာ ခိုတွဲနေ၏။ ကျယ်ပြန့်ပြောသော ကောင်းကင် နောက်ခံ၊ ဟင်းလင်းပြင်မှာ ပန်းဆိုင်းဆွဲသလို တွဲလွဲခို ဖြန့်ကျက်အပ်သော ငွေရောင်ပင့်ကူအိမ်သည် လောကကို အုပ်မိုးထားသည် ထင်ရပါသည်။ ကြည့်နေရင်းပင် ပြတ်ထွက်လွင့်စဉ်သွားမလား၊ လေပြည်တစ်ချက် သုတ်ဖြူးလိုက်ရုံနှင့် အပိုင်းပိုင်းပြတ်တောက် ပြိုပျက်သွားလေမလား စိတ်တထင့်ထင့် ခံစားစေသော ပင့်ကူအိမ်၏ နူးညံ့သိမ်မွေ့ မှုကို အဝေးမှ ငေးမျှော်ကြည့်ရင်း ထိတွေ့နေရပါသည်။ ထိုနူးညံ့သိမ်မွေ့မှုသည် ခန္ဓာကိုယ်ဖြင့် ထိတွေ့ကိုင်တွယ်ရသော အထိအတွေ့ အာရုံမျိုးမဟုတ်။ စိတ်ဖြင့်သာ ခံစားထိတွေ့နိုင်သော အာရုံဖြစ်၏။ နူးညံ့သိမ်မွေ့မှုသည် ခန္ဓာကိုယ်အရေပြားဆီသို့ မလာ။ ရင်ထဲ နှလုံး သားထဲသို့သာ ရောက်ရှိလာပါသည်။
အောက်ခြေ မြေအပြင်မှ ကွေ့ကောက်လိမ်နွယ်၍ တက်သွားသော လှေကားတစ်စင်း ရှိ၏။ အလိမ်အလိမ် ခွေရစ်၍ တိမ်တိုက်များကို ဖြတ်ကာ၊ လေပြည်လေညင်းများကို ဖြတ်ကာ၊ နေရောင်ခြည်ကို ဖြတ်ကာ တက်သွားသော လှေကားအစွန်းအဖျားသည် ပင့်ကူအိမ်မှာ ဆုံး၏။ လှေကားထစ်များပေါ်မှ ဖြည်းညင်း သာယာစွာ နင်း၍ တစ်ထစ်ချင်း တက်လာခဲ့သည်။ တစ်ထစ်ချင်း တစ်လှမ်းချင်း ခြေကိုဖွဖွနင်း၍ ခွေကာ လိမ်ကာ တက်လာခဲ့သည်။ တစ်စတစ်စဖြင့် တက်လာခဲ့သည်။ ခြေကိုဖွ၍ ခြေဖျားကိုကြွ၍ သတိကြီးစွာ နင်းတက်လာခဲ့သည်။ တစ်လမ်းချင်း တစ်ထစ်ချင်း အောက်ဆီကြည့်ရာ တိမ်မျှင်တွေ လွင့်နေ၏။ တောတောင် ရေမြေ မြစ်ချောင်း အင်းအိုင်တွေ၊ လူနေအိမ်ခြေစုစုတွေ၊ မြို့ရွာတွေ သေးငယ်လှစွာ ပြားချပ် ပြင်ညီစွာ မြင်နေရ၏။ အထက်စွန်းမှာ တဖြည်းဖြည်း သေးငယ်သွားသော လှေကားထိပ်တွင် ငွေရောင်ပင့်ကူအိမ်၏ နူးညံ့သိမ်မွေ့မှုကို လှမ်းမြင်နေရ၏။ နှင်းစက်တို့ခိုတွဲ ရွှန်းလက်နေသော ငွေချည်မျှင် အကွက်အကန့်တို့ တစ်ကန့်စီ ရွှန်းလက်နေသော မိုးစွန်ဖျား ဟင်းလင်းပြင်ထဲက ပင့်ကူအိမ်ထဲမှာ ဝေးလွန်း၍ မမြင်သော်လည်း ကဗျာရှိနေကြောင်း ခံစား သိရှိနေသည်။ ကဗျာရှိရာသို့ တစ်လှမ်းခြင်း တစ်ထစ်ချင်း ခွေလိမ်ကာတက်နေရင်း ရင်ထဲမှာ ပေါ့ပါး၍၊ တစ်ပြိုင်နက် လေးလံစွာ လှုပ်ရှား၍ တစ်လှမ်းချင်း တစ်ထစ်ချင်း ခြေကို ဖွဖွနင်းကာ ကဗျာရှိရာ ပင့်ကူအိမ်သို့ အကွက်အကန့်လိုက် ငွေရောင်တောက်နေသော ဟင်းလင်းပြင် ကောင်းကင်ထက်က ပင့်ကူအိမ်ရှိရာသို့ တစ်လှမ်းချင်း တစ်ထစ်ချင်း၊ ခြေကို ဖွဖွနင်းကာ ရင်ထဲမှာ.. ။ ...
ကျွန်တော် ထိုသို့ခံစားရပါသည် ကိုဒေါင်း။
* * * * * * * * * *
မန္တလေး
ရှုမဝ၊ ၁၉၈၈ မတ်
မန္တလေးကို ချစ်သည်။
အခုတော့ ဟိုတုန်းက မန္တလေးကို လွမ်းနေရပါသည်။
အဆောက်အအုံတွေ ပြွတ်သိပ်ပိတ်ဆီး၍ မျက်နှာစာအလှနှင့် ခံ့ထည်မှု ပျက်စီးသွားပြီဖြစ်သော မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံကြီး၏ အဝင်ဝ၊ ကျောက်သားလှေကားထစ်များပေါ်မှာ ပတ်လက်လှန်၍ တိမ်ကင်းသော မန္တလေးည၊ မန္တလေးကောင်းကင်ပေါ်က မန္တလေးလမင်းကို မော့ကြည့်ရသော အရသာ၊ ရွှေပြည်အေး ကျောင်းဆောင် ခေါင်မိုးပေါ် ကုတ်ကတ်တွယ်တက်၍ တော်မီးလည်ဆွဲရတနာကို ထုတ်ယူဝတ်ဆင်ထားသော အရှေ့ရိုးမ၏ တပေါင်းည အပျိုစင်အလှကို ရင်မောတိတ်ဆိတ်စွာ ငေးကြည့်ရသော အရသာ၊ ယာဉ်ပျံဘက်က ရေနီမြောင်းဘေး ထန်းပင်ရိပ်မှာ ဝမ်းလျားမှောက်အိပ်ရင်း ဖိုးခေါင်ကြွေးကြော်၊ မန်းတောင်ရိုးပေါ်၊ ပြည်တော်ကို မျှော်လိုက်စမ်း၊ လမ်းဘယ်မမြင်. . . ဟူသောတေးကို အော်ဟစ်သီဆိုကာ၊ ဗောဓိကုန်း နုကြည်ရပ်သာသို့ အပြန်လမ်းမှာ သမင်လိုက်ယိုးဒယား တစ်လမ်းလုံးကခဲ့သောအရသာ။ ထိုအရသာများသည် မှုန်ရီဝေဝါး၍ ကျန်ရစ်ခဲ့ပြီ။ သူငယ်ချင်းများ၊ မိတ်ဆွေကောင်းများ၊ ရဲဘော်ရဲဘက်များ၊ နာမည်တွေအချို့ ပြယ်လွင့်ခဲ့ပြီ။ အချို့ တစ်နိုင်ငံ မြိုင်ယံခြားသို့။ စန္ဒရားသိန်းမောင် ဘယ်မှာလဲ။ ဝင်းကြွယ် ပင်လယ်ပေါ်မှာ ပင်လယ်ပျော်။ တက္ကသိုလ်ဝင်း မရှိတော့။ ဥသျှာမောင်ကိုခင်ကို သတိရသည်။ ကိုကြီးကျော်စိုး။ အနီ အဝါ အပြာ အစိမ်း မှန်ချပ်အပိုများ ထပ်ရိုက်ထားသော ရုပ်ရှင်ကားကြည့်ရသလို အရောင်တွေ လျင်မြန်စွာ လှုပ်ရှားရောနှော၍ ဝေဝေရီရီ။ အရသာများ ပျောက်ဆုံးခဲ့ရ၏။ ချစ်ခင်မှုများ ပျောက်ဆုံးခဲ့၏။ နာမည်များ ပျောက်ဆုံးခဲ့၏။ မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့၏။ အုတ်မြစ်များ ပျောက်ဆုံးခဲ့၏။ အိပ်မက်များ ပျောက်ဆုံးခဲ့၏။ အိပ်မက်မဟုတ်သော အိပ်မက်လိုအရာများ ပျောက်ဆုံးခဲ့သည်။
ပြင်ဦးလွင်။ အတက်လမ်းကွေ့ကွေ့တွေ၊ ပန်းပင်တွေ၊ ပန်းတွေတဝေဝေ။ ထင်ရှူးပင်တွေ၊ ရေတံခွန်တွေ၊ အောင်ပင်လယ် တာရိုးမှာ မိုးတွေညိုလို့။ သခင်တောင်၊ မန္တလေးတောင်၊ တောင်သမန်၊ တောင်ပြုံးနဲ့ ရတနာ့ဂူ၊ မင်းကွန်းဘက်က သဲသောင်ခုံနဲ့ သစ်ပင်ရိပ်တွေ၊ စစ်ကိုင်းတောင်တော်ရိုးက ဘုရားပုထိုးအဆူဆူ၊ ဆွမ်းဦးပုညရှင် မြင်ရတဲ့ ဧရာဝတီ၊ စစ်ကိုင်းတံတား မရောက်ခင် ကားလမ်းဘေးက ဖွေးနေတဲ့ ရေတွေ၊ ဦးပိန်တံတားပေါ်က လှမ်းမြင်ရတဲ့ ရေပြင်ကျယ်၊ အဲဒီနေရာတွေမှာ ပဲ့တင်သံတွေ။ စိတ်ကောက်တဲ့ ချစ်သူဟောင်းရဲ့အသံ၊ သဘောကွဲလွဲတဲ့ ရဲဘော်ရဲဘက်ရဲ့ အသံ၊ ညီညွတ်သဘောတူကြသူများရဲ့ မျှော်လင့်ခြင်းအသံ၊ လွတ်လပ်ပျော်ရွှင်တဲ့ သူငယ်ချင်းကောင်းများရဲ့ ရယ်မောသံ၊ ကတိပေးတဲ့အသံ၊ ကတိတည်တဲ့ အသံ၊ ယုံကြည်တဲ့အသံ၊ မေတ္တာရဲ့ အသံ၊ မာကျောနူးညံ့တဲ့ ရဲဘော်ရဲဘက် စိတ်ထားရဲ့အသံ၊ ထိုပဲ့တင်သံအားလုံး ကြားနေရသည်။ ရင် ထဲမှာ ထိုပဲ့တင်သံ အားလုံး ကြားနေရသည်ဟု စိတ်က လှည့်စားပေမယ့် အမှန်စင်စစ် အားလုံးပျောက်ဆုံးခဲ့။ ရင်ထဲမှာ ကြားနေရပေမယ့် မကြားရတော့။ အချစ်၏ အရိပ်. . . ။
ဘာကြောင့်လဲဟု မစဉ်းစားမိ
မြေသင်းနံ့တို့ ပျံ့ထုံသော ထူးကဲလှပ တသဖွယ်ရာ မန္တလေး သင်္ကြန်ရက်များကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ ချမ်းချမ်းစီးစီး စက်ဘီးကိုစီး၍ သူငယ်ချင်းတစ်စု ဆိုင်းသံကြားရာ လိုက်၍ရှာရသော မန္တလေးအငြိမ့်ပွဲများကြောင့်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ရွှေမန်းရီရီ အငြိမ့်အဖွဲ့မှ မင်းသမီးကလေး အမာစိန်ကသာ မန္တလေးအငြိမ့်များကြောင့်လည်း ဖြစ်နိုင်သည်။ ဘာကြောင့်လဲဟု အဖြေထွက်သည် အထိ မစဉ်းစားမိ။ အခုအထိ မန္တလေးကို ချစ်နေသည်။ ရင်ထဲမှာ လှုပ်ရှားတုန်ယင်စွာ ချစ်နေသော မန္တလေးဆိုသော အရာသည် အရိပ်များ၊ အရောင်များ၊ ပဲ့တင်သံများ၊ တံလှပ်များ၊ အခိုးအငွေ့များသာဖြစ်ကြောင်း ကောင်းကောင်း လက်မခံချင်သေး။
‘အရုဏ်’ ဆိုသော မဂ္ဂဇင်းပါးပါးကလေးတစ်စောင် ထုတ်စဉ်တုန်းက ကိုခင်မောင်ရဲ့ ဂုဏဝတီပုံနှိပ်တိုက်မှာ ရိုက်သည်။ မန္တလေးမှာ အခြေချသော သံတွဲသား ဒွါရဝတီဘုန်းလူက ငွေရှာသည်။ သည်အထဲမှာ ယောင်တောင်ယောင်တောင် ဝင်၍ ကဗျာရေးသည်။ ကိုသန်းညွန့် မရှိရှာတော့။ ကိုခင်မောင် ရှိနေသေးသည်။ ဘုန်းလူ မကျန်းမာ။ တက္ကသိုလ်ဝင်း၊ ကွယ်လွန်ပြီ။ သည်နာမည်များသည် ဇော်ဇော်အောင်နှင့် ပုဂ္ဂလိက ဆက်စပ်နေသော နာမည်များ ဖြစ်သော်လည်း သူတို့သည် မန္တလေးဖြစ်၏။ ပုံနှိပ်စက်ခြေနင်းသံ၊ စက္ကူ၏အနံ့၊ ပုံနှိပ်မှင်အနံ့၊ ပေါင်နှံရောင်းချရသော ရွှေတိုရွှေစများ၊ မဂ္ဂဇင်း စာမျက်နှာပေါ်က ကဗျာစာလုံးများ၊ ထိုအရာ အားလုံးသည် မန္တလေးဖြစ်၏။
မန္တလေး၏ အနုပညာရိပ်မှာ ဘယ်တုန်းကမျှ မခိုလှုံခဲ့ဖူးသော ဇော်ဇော်အောင်၏ လက်သင်ကဗျာ လက်သင်စာများသည် မန္တလေးမှာရေးသော မန္တလေးကဗျာများ။ အံ့ဩဖွယ်ရာ ဖြစ်နေ၏။ မန္တလေး၏အရိပ်ကို မခို၊ မန္တလေးတောင်၏ အရိပ်ကို မခိုသော်လည်း အသက်ကလေး ရှည်နေသော ဇော်ဇော်အောင်သည် ယခုအထိ မန္တလေးကိုချစ်နေဆဲ။ ဇော်ဇော်အောင် သည် မန္တလေးအရိပ်ကို ခိုသူမဟုတ်။ မန္တလေးကို ရင်ထဲမှာ ထားသူဖြစ်၏။ မန္တလေးကိုချစ်သူဖြစ်၏ မန္တလေးသည် ချစ်သူဖြစ်၏။ အချစ်၏ အရပ်သည်.. ။
အသက်မငယ် လေးဆယ်ကျော်ခါမှ ကလေးကလား လူရယ်စရာဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း အခုမရှိရှာတော့ပြီဖြစ်သော ရွှေဆိုင်တန်းက ခင်လေး မေးစဉ်တုန်းက မန္တလေးသားလုပ်မှာလား၊ မန္တလေးမှာ နေမှာလား ဆိုသော မေးခွန်းနှစ်ခုကို ခေါင်းနှစ်ကြိမ်ခါ၍ ဖြေခဲ့သည်ကို အခုအထိ အမှတ်ရနေ၏။ တမလွန်က ခင်လေးအချစ် ခွင့်လွှတ်ပါ။ ခင်လေးကို အခုအထိ ချစ်နေတုန်းပါဟု လွယ်လွယ်ကူကူ ညာမပြောချင်ပေမယ့် ခင်လေးတို့ မန္တလေးကိုတော့ အခုထိ ချစ်နေတုန်းပါဟု အသေအချာ အမှန်ပြောနိုင်ပါသည်။ ခင်လေး ဖြစ်စေချင်သလို မန္တလေးသားဖြစ်မလာသော်လည်း ခင်လေး နေစေချင်သော မန္တလေးမှာ မနေသော်လည်း ခင်လေးတို့ မန္တလေးကို ရင်ထဲမှာ အခုအထိ သိမ်းထားဆဲပါ။ အခုအထိ ချစ်နေဆဲပါ။ ခင်လေး၏ မန္တလေးသည် ဇော်ဇော်အောင်၏ မန္တလေးဖြစ်၏။ ခင်လေးမရှိတော့သော် လည်း ရင်ထဲက မန္တလေးရှိနေသည်မှာ အမှန်ဖြစ်၏။
ခွင့်လွှတ်ပါခင်လေး. . . ။
၁၉၉၈ ၊ ဇန်နဝါရီ
* * * * * * * * * *
ရာဇဝင်အမှောင်မှာ တန်ဆောင်ဆီမီးပမာ
သဘင်၊ ၁၉၈၇ ဩဂုတ်
ဇော်ဇော်အောင်ဆိုတာ သိပ်ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ မြန်မာပြည်မှာ သာမန် အမှုန်အမွှား အစက်အပြောက်ကလေးလို သဘောထားပါတယ်။ မိုးတိမ်မြင့်မား တိမ်တိုက်ဖျားမှာ ပေါက်ကွဲနေတဲ့ မီးတောင်ကြီးရဲ့ ခြေရင်းက သခွပ်ပင်လေးတစ်ပင်လို့လည်း ကိုယ့်ကိုယ်ကို ထင်မိပါတယ်။ ဒါပေမယ့် ပြောရေးဆိုရေး ရှိလာတဲ့အခါမှာ စကားမကျန်အောင်တော့ ပြောရလိမ့်မယ်။ ပြောသင့်တယ်လို့လည်း ထင်ပါတယ်။ ပြီးတော့လည်း ကိုယ့်အယူအဆကို ကိုယ်ပြောခွင့်ရတာဟာ အင်မတန် ကြည်နူးစရာကောင်းပါတယ်။
“အနုပညာသည် အနုပညာအတွက်’ ဆိုတဲ့ အယူအဆဟာ ၁၉ရာစုနှစ်က အယူအဆပါ။ မူလ စခဲ့တုန်းကတော့ အနုပညာပစ္စည်းတစ်ရပ်ကို ခံစားရာမှာ အခြား ရည်ရွယ်ချက် မထားဘဲ အနုပညာပစ္စည်းတစ်ရပ်အဖြစ်နဲ့သာ ခံစားရမယ်ဆိုတဲ့သဘောက စခဲ့တာပါ။ (တစ်ခုခုကို ဆန့်ကျင်ကန့်ကွက်တာပဲဖြစ်ဖြစ်၊ ထောက်ခံသဘောတူတာပဲဖြစ်ဖြစ် ပထမဆုံး အရင်သိအောင်တော့ လုပ်သင့်ပါတယ်။ ရမ်းပြောတာ ရမ်းလုပ်တာ တိုင်းပြည်နာပါတယ်။ သိအောင်လုပ် ဆိုရာမှာလည်း ရေဆုံးရေဖျား လိုက်ဖို့လိုပါတယ်။ အဲဒီတော့ ဒီဝါဒကို ပြောချင်ရင် ခြေခြေမြစ်မြစ်တော့ လေ့လာထားမှပေါ့လို့ လူတချို့ကို ကြားဖြတ်ပြောပါရစေ။)
အနောက်တိုင်း အနုပညာအတွေးအခေါ် သမိုင်းကိုတော့ လေ့လာကြဖို့ လိုပါမယ်။ Aestheticism ဆိုတဲ့ဝါဒတစ်ရပ် ပေါ်ခဲ့ဖူးပါတယ်။ အနုပညာ ဝါဒကြီးတွေထဲမှာ ထင်ရှားတဲ့ romanticism (ရိုမန်တစ်ဝါဒ/ဆရာဇော်ဂျီကတော့ ဘဝအလွမ်းဝါဒ) ဖြစ်ပေါ်တိုးတက်မှုအစဉ်မှာ အဆင့်တစ်ဆင့် နေရာတစ်နေရာက တိုးတက်မှု ဖြစ်ပေါ်ပါဝင်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၉ဝ တစ်ဝိုက် အင်္ဂလန်မှာပဲ ဒီဝါဒရဲ့ ရှေ့ဆောင်ကြီးကတော့ Oscar Wilde ပါပဲ။ နာမည်ကျော်ခဲ့တဲ့ ဝေါ်လတာ ပေတာရဲ့ စကားတစ်ခွန်းက. . .
“အနုပညာကို အနုပညာသက်သက်အဖြစ်နဲ့ ချစ်မြတ်နိုးရမယ်’
“The Love of Art for Its Won Sake” ဆိုတဲ့စကားပါပဲ။ ပြင်သစ်စာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်များအဖို့ တော့ L’Art Pour L’Art ဆိုရင် သိပြီးဖြစ်ပါလိမ့်မယ်။ တရားကိုယ် သဘောအချုပ်ကို ကျွန်တော် တတ်စွမ်းသမျှ တင်ပြပါ့မယ်။ အချုပ်ပါပဲ။
ဒီကမ္ဘာကြီးဟာ တကယ့်အရှိ ပကတိတရားတွေရဲ့ ကြမ်းတမ်း ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတယ်။ ခေတ်အဆက်ဆက် ဖြစ်ပေါ်တိုးတက်ခဲ့တဲ့ တွေးခေါ်မြော်မြင်ရေး သဘောတရား/ ဒဿနတွေရဲ့ တရားသေဆန်မှုတွေနဲ့လည်း ပြည့်နှက်နေတယ်။ ရှုမြင်ပုံတွေ၊ ရှုထောင့်တွေကလည်း ပုံသေဖြစ်ပြီး တစ်နေရာတည်းမှာ တည်နေကြတယ်။ အဲဒါတွေကို ဖယ်ခွာစွန့်ပယ်လိုက်မှ အနုပညာရဲ့ အလွန်သန့်စင်တဲ့ ပီတိသုခကို ရရှိခံစားနိုင်လိမ့်မယ်။ (ပီတိသုခ ဆိုရာမှာ အသုံးများတဲ့ ဝေါဟာရကတော့ Ecstasy ပါပဲ။ သင့်မသင့် ဆင်ခြင်ကြပါ။) အနုပညာရဲ့ ရသ/ ပီတိသုခ/ နှစ်သက်ကြည်နူးမှုကို ရဖို့ရာ။ အဲဒါတွေကို ဖယ်ခွာစွန့်ပစ်ရမယ်လို့ အဓိကဆိုလိုတာပါပဲ။ ‘ပေတာ” ရဲ့ The Renaissance ဆိုတဲ့ ကျမ်းဟာ မူလကျမ်းရင်းပါပဲ။ ခရစ်နှစ် ၁၈၇၃ ထုတ်လို့ အမှတ်အသားရှိပါတယ်။
ပြင်သစ် ကျမ်းရင်းတွေ ဖတ်နိုင်တဲ့ ပုဂ္ဂိုလ်များအဖို့ တစ်ပန်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ‘အနုပညာအတွက်’ အယူအဆ လှုပ်ရှား မှုတွေဟာ အင်္ဂလန်ထက်စောပြီး ပြင်သစ်ပြည်မှာ စတင်ခဲ့လို့ပါပဲ။ စာအုပ်စာတမ်းဆိုရင်လည်း ပြင်သစ်ဘာသာနဲ့ ရေးတာတွေက အရေအတွက် ပိုများတယ်လို့လည်း ကြားဖူးပါတယ်။ ပြင်သစ်က စပြီး အင်္ဂလန်မှာ ၁၈၈ဝ နဲ့ ၁၈၉၀ နှစ်များ ဝန်းကျင်မှာ ထွန်းကားပါတယ်။ သိသိသာသာ တမင်တကာ ဆောင်ရွက်လုပ်ကိုင်တဲ့ ‘လှုပ်ရှားမှု’ တစ်ရပ်အနေနဲ့ကတော့ အင်္ဂလန်မှာ ၁၈၉၆ လောက်ကစပြီး ရပ်တန့်သွားခဲ့ပါတယ်။ အော်စကာဝိုင်း ရုံးတင်တရားစွဲခံရတဲ့နှစ်လို့ အမှတ်အသား ရှိပါတယ်။ သို့သော်လည်း ဆက်လက်ပြီး ပျံ့နှံတဲ့ အထောက်အထားတွေဟာ အနောက်တိုင်း အနုပညာလောကမှာ အထင်အရှားပါပဲ။
ဒီဝါဒ၊ ဒီအယူအဆ၊ ဒီလှုပ်ရှားမှုဟာ သူ့ခေတ်က ထွန်းပေါ်ခဲ့တဲ့ ဘူဇွာအယူအဆများ၊ စက်မှုလက်မှု တိုးတက်မှုများကို ဆန့်ကျင်ကန့်ကွက်ခဲ့ရာက စတင်ခဲ့တယ် ဆိုတဲ့အချက်ဟာ စိတ်ဝင်စားစရာပါပဲ။ စဉ်းစားစရာအချက်ပါပဲ။ အဲဒီဝါဒကို နောက်ပိုင်းမှာ မာ့က်စ်ဝါဒ ပေါ်ပေါက်လာပြီး၊ ရုရှားပြည်မှာ တော်လှန်ရေးကြီးတစ်ရပ် အောင်ပွဲခံပြီး မာ့က်စ်ဝါဒီတွေက တစ်လျှောက်လုံး သဲသဲမဲမဲ ဆန့်ကျင်တိုက်ခိုက်ကြတာ ဘာကြောင့်လဲဆိုတာ စဉ်းစားကြည့်ပါ။ အကောင်းဆုံးကတော့ မာ့က်စ်ဝါဒီတွေ ကိုယ်တိုင် ပြောတဲ့စကားတွေ၊ သူတို့ပေးတဲ့ အကြောင်းပြချက်တွေကို တစ်ယောက်ယောက်က ကျွန်တော်တို့ကို ပြောပြဖို့ပါပဲ။
ကိုယ်ယုံကြည်တဲ့ဝါဒ၊ ကိုယ်ယုံကြည်တဲ့ဘက်က ရပ်ပြီး ဟောဒါတွေကြောင့်ဟေ့လို့ ပြောပြကြပါ။ သိသလိုလိုနဲ့ စကားလုံးကြီးတွေ ဟန်ရေးပြပြီး နားဝေတိမ်တောင်ဖြစ်အောင် မလုပ်သင့်ပါဘူး။
ကျွန်တော် တစ်ယောက်အနေနဲ့ကတော့ အဲဒီဝါဒဟာ ခေတ်မမီတော့ဘူးလို့ ယူဆပါတယ်။ အဲဒီဝါဒ ယုံကြည်သူတွေမှာ ယုံကြည်ခွင့်ရှိသလို ကျွန်တော့်မှာလည်း မယုံကြည်ခွင့်ရှိတယ်။ ဒါပေမယ့် အဲဒီဝါဒနဲ့ပတ်သက်လို့ ပြောဖို့ ဝေဖန်ဖို့က ကျွန်တော့်ကိစ္စ မဟုတ်ဘူး။ ဒါဖြင့် ကျွန်တော့်ကိစ္စက ဘာလဲ။
ကျွန်တော့်ကိစ္စက အဲဒီ ဝါဒီယောင်ယောင် ဘာယောင်ယောင်နဲ့ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်လောက်က လက်ဝဲစကားလုံး အကျိုးအပျက်တွေ ၊ လက်ဝဲဗန်းစကားတွေသုံးပြီး အနုပညာသည် အနုပညာအတွက် ဝါဒ ခေါင်းထောင်လာတာကို တိုက်ရမယ် ဘယ့်နှယ် ညာနှယ် အော်ဟစ်ပြီး ဒီနေ့ စာပေအနုပညာနယ်မှာ စွာကျယ်ကျယ်လုပ်ဖို့ ကြိုးစားသူတွေနဲ့ ရင်ဆိုင်ဖို့ပါပဲ။ တစ်ခုတော့ ပြောလိုက်ချင်ပါတယ်။ အဲဒီလို ရင်ဆိုင်တဲ့နေရာမှာ ..
“ဇော်ဇော်အောင် တစ်ယောက်တည်းပါပဲ။ ကျွန်တော့်ရှေ့က ဘယ်သူမှမရှိဘူး။ နောက်ကလည်း ဘယ်သူမှ မရှိဘူး။ စူးရှ ထိန်လင်းတဲ့ သမိုင်းနေရောင်အောက်မှာ ဇော်ဇော်အောင် တစ်ယောက်တည်းပါပဲ။’’
အရင်ကလည်း ဆောင်းပါး နှစ်စောင် သုံးစောင်လောက် တင်ပြ ပြီးပါပြီ။ ထပ်မံ တင်ပြပါရစေ။
အနုပညာသည် အနုပညာအတွက် သက်သက် ဆိုတဲ့ဝါဒ ဒီနေ့ မြန်မာပြည်မှာ မရှိဘူး၊ အဲဒီဝါဒဟာ ကမ္ဘာမှာလည်း ခေတ်ကုန်သွားပြီ။
ဘယ်သူမှလည်း မပြောတော့ဘူး။ ဘာဖြစ်လို့ မပြောသလဲ။ မမှန်လို့၊ လက်မခံနိုင်လို့၊ သူသားတွေ လက်မခံကြလို့ မပြောကြတာ။ ဘယ်သူမှ မပြောတော့တာ ကျွန်တော်တစ်ယောက်အနေနဲ့ ပြောဖို့ လိုအပ်ရင် ပြောလိုက်ပါဦးမယ် “ကျွန်တော်လဲ လက်မခံဘူး’ လို့။ မေးစရာ ရှိလာပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ အခုလို ပူညံပူညံ ဖြစ်နေရတာလဲ။ ဟောဒီလို ရှည်ရှည်ဝေးဝေး ရှင်းပြရပါလိမ့်မယ်။
မြန်မာပြည်မှာ လွတ်လပ်ရေး ရပြီးကတည်းက အဲဒီဝါဒီတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး စခဲ့တယ်။ ပစ္စည်းမဲ့အာဏာရှင်စနစ် တည်ဆောက်မယ့် အဲဒီဝါဒီတွေရဲ့ တော်လှန်ရေးဟာ ဒီနေ့အထိ မအောင်သေးဘူး။ ရိုးရိုးရှင်းရှင်းကလေးပါပဲ။ ဒီနေ့အထိ မအောင်သေးဘူး။
လွတ်လပ်ရေးရပြီးကတည်းက အဲဒီဝါဒီတွေနဲ့ ဆက်စပ်ယှက်နွယ်တဲ့ ‘လက်ဝဲ’ အင်အားစုဟာ မြန်မာစာပေနဲ့ အနုပညာလောကမှာ အတော်ဩဇာရှိခဲ့တယ်။ (လက်ဝဲနွယ်တဲ့ စာပေအနုပညာသမားရဲ့ အကျိုးပြုမှု၊ စာပေအနုပညာရပ်ကြီးတစ်ခုလုံးမှာ ထည့်ဝင်ဖန်တီးမှုတွေကို အသိအမှတ်ပြုတာက တစ်ပိုင်းပါ။ ကျွန်တော်အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် စာပေအနုပညာကို အဲဒီဝါဒီတွေရဲ့ ပစ္စည်းမဲ့ပါတီ ညွှန်ကြားတဲ့အတိုင်း ရေးသားဖန်တီးကြမယ်ဆိုတာကိုတော့ လက်မခံပါ။
ဒီနေ့စာပေလောကမှာ အဲဒီဝါဒီတွေရဲ့ ဩဇာဟာ သိသိသာသာ ကျဆင်း ကုန်ဆုံးနေပါတယ်။
ဘယ်လိုကုန်ဆုံးနေသလဲ။ ဒီနေ့ မြန်မာပြည်မှာ အဲဒီဝါဒနဲ့ ဘယ်လိုမှ ဆက်စပ်ပတ်သက်ခြင်း မရှိတဲ့ စာပေအနုပညာသမားတွေဟာ ဒီနေ့အလုပ်သမား လယ်သမား လူလတ်တန်းစား အလွှာပေါင်းစုံ အားလုံးရဲ့ ပကတိဘဝကို စာနာထောက်ထားစွာ၊ ကြင်နာယုယစွာ သူတို့ဘက်က ရပ်တည်ပြီး သူတို့ဝေဒနာကို ကိုယ့်ဝေဒနာအဖြစ် ပြောင်းလဲခံစားပြီး စာပေအနုပညာအစုစုကို ဖန်တီးဆောင်ရွက်နေကြပါတယ်။ သူတို့ဟာ ပြည်သူတွေနဲ့ တစ်သားတည်း၊ ပြည်သူတွေရဲ့ဘက်က ရပ်နေကြပေမယ့် အဲဒီဝါဒီများရဲ့ ဩဇာလောင်းရိပ်အောက်က မဟုတ်ဘူး။ အဲဒီ ပါတီရဲ့ ရင်ခွင်ထဲက မဟုတ်ဘူး။
အဲဒီ စာပေအနုပညာသမားတွေ (အထူးသဖြင့် လူငယ် မျိုးဆက်သစ် စာပေအနုပညာသမားတွေ) ဟာ သူတို့ဩဇာကို မခံဘဲ သူတို့နဲ့မပတ်သက်ဘဲ သီးခြားကင်းလွတ်စွာ ရပ်တည်လာကြတယ်။အဲဒီလို သူတို့ဩဇာမခံဘဲ ‘တက်’လာကြတဲ့ စာပေအနုပညာ မျိုးဆက်သစ်ကို ချုပ်ကိုင်ဩဇာပေးဖို့၊ ရင်ခွင်ထဲဆွဲသွင်းဖို့ ကြိုးစားကြတဲ့ လက်ဝဲလက်ကျန်တစ်စုကြောင့် အခုလို ပူညံပူညံ ဖြစ်လာရတာပါပဲလို့ ကျွန်တော် ယူဆပါတယ်။
အဲဒီ လက်ဝဲလက်ကျန် တစ်စုကို မှာလိုက်စမ်းပါရစေ။
အနုပညာသမားဆိုတာ လောကမှာ ခံစားမှု အထက်မြတ်ဆုံး၊ တန်ဖိုးအရှိဆုံး လူသားတွေပါ။ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ တရားတယ်၊ ဘယ်ဟာ ဆိုးတယ်၊ ဘယ်ဟာ မှားတယ်။ ဘယ်ဟာကတော့ လုံးဝ မတရားဘူးဆိုတာ သူတို့ရင်ထဲက အနုပညာခံစားမှုတွေ သိနေတယ်။ ဘယ်သူ့ကို ဆန့်ကျင်ပြီး ဘယ်သူ့ဘက်က ရပ်တည်ရမယ်။ ဘယ်သူ့အကျိုး သယ်ပိုးရမယ် ဆိုတာလည်း သူတို့ရင်ထဲက ခံစားမှုနဲ့ သိနေကြတယ်။ သမိုင်းတစ်လျှောက်လုံး အနုပညာသမားတွေဟာ ဘယ်တော့မှ “ဘက်”ရွေး မမှားခဲ့ကြဘူး။ အဲဒီအနုပညာသမားတွေရဲ့ အနုပညာဘဝ၊ အနုပညာသစ္စာအသိ၊ အနုပညာဖန်တီးမှုတွေကို ဘယ်သူကမှ ဩဇာပေးလို့၊ ခြယ်လှယ် ချုပ်ကိုင်လို့ မရဘူး။ အဲဒီဝါဒီတွေ၊ အဲဒီအဖွဲ့အစည်းတွေ မရှိပေမယ့်လည်း ဒီနေ့မြန်မာပြည်က စာပေအနုပညာသမားတွေရဲ့ ရင်ထဲက အနုပညာတွေဟာ “ရာဇဝင်အမှောင်မှာ တန်ဆောင်ဆီမီးပမာ” ထွန်းလင်း လျှံလက်ပျံတက် ကွန့်မြူးနေတယ်ဆိုတာ၊ နေမယ်ဆိုတာ အသေအချာပြောလိုက်ပါတယ်။
တော်ရာ လျော်ရာသာ သွားနေကြပါတော့ (ဝါဒီ) များ ခင်ဗျား။
* * * * * * * * * *
ပုဂံ
ပုဂံနေပြည်တော်သည် ခမ်းနားကြီးကျယ်သော အသရေ ကုဋေတစ်သန်း ခြံရံလျက် ရင်တွင်းသို့ ပထမဆုံးအကြိမ် ချဉ်းနှင်းဝင်ရောက်ကာ စံမြန်းနေပေပြီ။ ရင်ထဲက ပုဂံနေပြည်တော်ကို သက်ဆုံးတိုင် စွဲမြဲပိုင်နိုင်စွာ သိမ်းဆည်းသယ်ဆောင်သွားနိုင်လိမ့်မည်ကိုလည်း သိနေ၏။ ထိုအသိသည် နှိုင်းတုမရသော ပီတိဖြစ်၏။ ပုဂံနေပြည်တော်သည် မြန်မာလူမျိုး ဇော်ဇော်အောင်၏ ရင်ထဲမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာပါသည်။
ပုဂံကို ကျွန်တော်အခေါက်ခေါက် အခါခါ ရောက်ဖူးပါ၏။ အသက်အရွယ် အမျိုးမျိုး၊ အချိန်အခါ အမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးမှာရောက်ဖူးပါ၏။ အထက်တန်းကျောင်းသားဘဝက စာအုပ်တွေထဲမှာ စာသင် အလွန်ကောင်းသော ရှေးကျောင်းဆရာကြီးများ ပုံဖော်ပေးသော ရာဇဝင်သင်ခန်းစာတွေထဲမှာ ရှေးဦးစွာ စ၍ တွေ့ဖူးခဲ့သည်။ အနော်ရထာမင်းမြတ်၊ ကျန်စစ်သား၊ ရှင်အရဟံ၊ အနန္တသူရိယ၊ စစ်သည် လေးသိန်း ၊ မဏိစန္ဒာ၊ နရသူ၊ သမ္ဘူလ၊ ရာဇကုမာရ်၊ နရသီဟပတေ့၊ မိဖုရားကြီးဖွားစော စသော ပုဂံသမိုင်းဝင် အာဇာနည်များ၊ ပုဂံ ပြည်သူများသည် ရှေးအထက်တန်းပြဆရာကြီးများ၏ နှုတ်ဖျားမှ တစ်ဆင့် သက်ဝင်လှုပ်ရှားခဲ့သည်။ စကားဝါရနံ့သင်းသော စမ်းကျရေတို့ဖြင့် စိုစွတ်အေးစိမ့်သော ပုပ္ပားတောင်၏ တောတောင်ရေမြေဝန်းကျင်မှာ ရက်ဖောက်ယှက်နွယ်သော နတ်ဒေဝတာတို့၏ ဒဏ္ဍာရီများလည်း သက်ဝင်လှုပ်ရှားခဲ့ပါသည်။
ငယ်စဉ်က အခြေတည်ခဲ့သောပုဂံချစ် စိတ်ဓာတ်သည် တက္ကသိုလ်ရောက်သောအခါမှာ ပိုမို ရှင်သန်အားကောင်းလာမည်ဟု အထင်ရောက်ခဲ့မိပါသည်။ မြန်မာစာ ဂုဏ်ထူတန်းရောက်စဉ်က သင်ရသော ပုဂံကျောက်စာများသည် စိတ်ကူးယဉ် လှုပ်ရှားခဲ့သော ပုဂံအိပ်မက်ကို ရုပ်လုံးပို၍ ကြွလာစေသည်။ ပို၍ ပီပြင်ပြတ်သားလာစေသည်ဟုလည်း အထင်ရောက်မိပါ။ ဂုဏ်ထူးတန်းမှာ တွဲဖက်ဘာသာရပ် အဖြစ် မြန်မာ့ယဉ်ကျေးမှုသမိုင်း ဟူသော ဘာသာရပ်တစ်ခု ယူခဲ့ရပါသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာ ဆရာမများ ပေးခဲ့သော ပုဂံစိတ်ဓာတ်ကို အားသစ်လောင်း၍ ပေးလိုက်သူများမှာ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ ဖြစ်ပါ၏။ အဆိုပါ မြန်မာ့ယဉ်ကျေးမှု သမိုင်း ဘာသာရပ်တွင် ဆရာဇော်ဂျီက “ပုဂံ အနုပညာ’ ကို ပို့ချ၍ ဆရာမင်းသုဝဏ်က “ပုဂံစာပေနှင့် ပညာရေး’ ကို တာဝန်ယူ ပို့ချပါသည်။ ပုဂံစာပေယဉ်ကျေးမှု အနုပညာ၊ အထူးသဖြင့် ဗိသုကာပညာရပ်များနှင့် ပတ်သက်၍ တက္ကသိုလ်ဝန်းကျင်၊ တက္ကသိုလ် စာကြည့်တိုက် ဝန်းကျင်၊ စာသင်ခန်းများ၊ စာဖတ်ခန်းများအတွင်းမှာ ထိုသို့ လေ့လာဆည်းပူး၍ ဆရာကောင်း ဆရာမြတ်များထံ ချဉ်းကပ်ခံယူ၍ နေလာခဲ့သည်နှင့်အမျှ ပုဂံကိုချစ်သော ပုဂံကို နားလည်သော လေ့လာသူတစ်ယောက်၏ ဘဝကို ငါ ရလေပြီ ဟု အထင်ရောက်ခဲ့၏။ ထိုစဉ်မှာပင် ဆရာကြီးဇော်ဂျီ၏ ပုဂံဆောင်းပါးများကို တွေ့ရှိဖတ်ရှုလာခဲ့ပါသည်။ တက္ကသိုလ် ကံ့ကော်တော်အုပ်၏ အပြင်လောကမှာ ဆရာကြီး ဇေယျ၏ စာတိုစေကလေးများသည်လည်း ကျွန်တော်နှင့် ကျွန်တော့် ပုဂံချစ်စိတ်ကို များစွာအနူးညွတ် ဩဇာသက်ခဲ့ပါ၏။
ဤသို့ဖြင့် ပုဂံကို အခေါက်ခေါက် အခါခါ ရောက်ခဲ့ပါသည်။ ကျောက်စာ မင်စာတွေ၊ ဆေးရေးပန်းချီတွေ၊ အင်္ဂတေပန်းတွေ ၊ စဉ့်ကွက် စဉ့်ပန်း စဉ့် ရုပ်ကြွတွေ၊ ကျောက်ဆစ်လက်ရာတွေ ကြားမှာ ကျက်စားပျော်ပိုက်၍ ပုဂံကို ငါတွေ့ ရလေပြီ၊ ပုဂံသားတို့၏ စိတ်တော်ကို ငါရလေပြီ၊ ပုဂံအလှ ပုဂံရသကို ငါခံစားနိုင်လေပြီဟု ဝမ်းသာ ညွတ်နူးခဲ့ဖူးပါသည်။ သဗ္ဗညုလိုဏ်ဂူတော်ကြီး၏ တတိယထပ် အပြင်ဘက် ကွမ်းတောင်အခြေပတ်လည်မှ လှမ်းမျှော်ကြည့်မြင်ခဲ့ရသည့် ပုဂံညနေ တိမ်တောက်ပုံကိုလည်းကောင်း၊ နှင်းမြူရောယှက်သော လရောင်ခြည်အောက်မှ အာနန္ဒာလိုဏ်ဂူတော်ကြီး၏ ဝိုးတဝါး အလှကျက်သရေကိုလည်းကောင်း၊ ကြေးနီရောင်တောက်သော တတ္တဒေသ၏ ပူပြင်းစူးရှသော နေရောင်အောက်မှ ဓမ္မာရံကြီးဘုရား၏ ကြီးမားထည်ဝါ လွှမ်းမိုးမှုကိုလည်းကောင်း၊ မြန်မာ့ဗိသုကာ လက်ရာထွတ်အထိပ်ဟု ဆိုအပ်သော မင်္ဂလာစေတီ၏ ညွတ်နူးဖွယ် သပ္ပာယ်မှုကိုလည်းကောင်း အကြိမ်ကြိမ်အဖန်ဖန် ခံစားခဲ့ဖူးပါသည်။ ပုဂံ၏ ရသသည် “အဗ္ဗုတ၊ ဘယာနက၊ သန္တ’ တည်းဟူသော ရသများ၏ အပေါင်းစုဖြစ်၏။ ကျမ်းစာထဲမှာ၊ သင်ရိုးထဲမှာ၊ ဆရာစဉ် သမားစဉ် အဆိုအမိန့်များထဲမှာ ကျွန်တော် ရှာမရခဲ့သော “ရသအသစ်” တစ်မျိုးကို ခံစားရသည်ဟု နားလည်းခဲ့ပါသည်။ ထိုရသသည် “ပုဂံရသ” ဟု စိတ်ထဲမှာ မှတ်ထားခဲ့ပါသည်။
ဤသို့ဖြင့် ပုဂံကိုလည်းကောင်း၊ ပုဂံစိတ်ဓာတ်ကိုလည်းကောင်း၊ ပုဂံရသကိုလည်းကောင်း၊ ကောင်းစွာ ရရှိလေပြီဟု အထင်ရောက်ခဲ့သော ကျွန်တော်သည် ကျောင်းသားဘဝကို လွန်မြောက်ခဲ့ပါ၏။ မြန်မာစာဌာနက မြန်မာစာပြ ဆရာကလေးဘဝကို လွန်မြောက်ခဲ့ပါ၏။ ဘဝသက်တမ်း ခရီးလမ်းဆိုသော မျဉ်းကြောင်းသည် ပုဂံကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပါသည်။ လုပ်ငန်းသဘောအရလည်း ရောက်၏။ အပျော်အပါးသဘောလည်း ရောက်၏။ ပုဂံကျောက်စာလည်း ဖတ်ဖူး၏။ ကျောက်စာလည်း ကူးဖူး၏။ တစ်ခုသော လိုဏ်ဂူမှောင်ရိပ် အကွေ့မှာ ချစ်သူ၏ လည်ပင်းကိုလည်း နမ်းဖူး၏။ သီရိပစ္စယာရွာအနီးက လှည်လမ်းကြောင်း သဲမြေပွထဲမှာ ထန်းရည်မူး၍ လဲဖူး၏။ ကိုစောညိန်း၏ သစ္စာသီချင်းကို အော်ဆိုဖူး၏။ ပုဂံမှာ ကောင်းတာတွေ လုပ်ဖူး၏ မကောင်းတာတွေလည်း လုပ်ဖူး၏။ ဘဝတစ်လျှောက်လုံး ပုဂံသည် ရင်ထဲမှာ ရှိနေသည်ဟု အထင်ရောက်ခဲ့၏။
အမှန်စင်စစ် မုံရွာမြို့၊ ဗုဒ္ဓဘာသာကျောင်း၊ အထက်တန်း ကျောင်းသားဘဝက စတင်အခြေမြစ်တွယ်ခဲ့သော ပုဂံသည် အံ့ဩဖွယ်ရာ နှစ်ပေါင်း အစိတ်သုံးဆယ်ကြာတော့မှ သန့်စင်ကြည်လင်စွာ ရင်ထဲ နှလုံးထဲသို့ ခမ်းနားကြီးကျယ်သော ကျက်သရေ ကုဋေတစ်သန်းဖြင့် ဝင်ရောက်လာပါသည်။ ပုဂံကို ရသည်။ ပုဂံကို သိသည်၊ ပုဂံကို ခံစားနိုင်သည်ဟု ထင်ခဲ့သော အထင်ရောက်မှု မှန်သမျှ ပြိုလဲပျက်စီးခဲ့၏။ ကျွန်တော် ပုဂံကို မနေ့တစ်နေ့ကမှ ရခဲ့ သိခဲ့ ခံစားခဲ့ရပါသည်။ ကျွန်တော့်ဆရာ ဆရာမများသည် စာအုပ်ထဲမှာ၊ စာသင်ခန်းထဲမှာ ၊ စာကြည့်တိုက်ထဲမှာ၊ ပြတိုက်ထဲမှာ လမ်းကိုသာ ပြခဲ့ပါသည်။ အမှန် စင်စစ်. . . ပုဂံသည် ကျွန်တော်တစ်ယောက်အတွက် လေ့လာစရာ မဟုတ်တော့ပြီ။ ခံစားစရာသာ ဖြစ်၏။ ပုဂံကို လေ့လာခြင်း အလုပ်များကို ကျွန်တော် စွန့်ပစ်လိုက်ပေပြီ။ မနေ့တစ်နေ့က ကျွန်တော့်ဇနီး၊ သမီး၊ ဆွေမျိုး မိတ်သင်္ဂဟတစ်စုနှင့် ပုဂံကို ကျွန်တော်ရောက်ခဲ့ပါသည်။
သည်တစ်ခေါက်တွင်မူ. . . ။
မိမိအကျိုးစီးပွား ပြည်သူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဟု ယူဆသောကြောင့် ကိုးကွယ်ယုံကြည်မှု အသစ်တစ်ခုသို့ ပြောင်းလဲရဲသော အနော်ရထာမင်းမြတ်၏ သတ္တိ၊ တိုင်းရင်းသားပြည်သူများ၏ စည်းလုံး၊ ညီညွတ်ရေးသို့ အမြင်ကျယ်စွာ ဆောင်ရွက်ထူထောင်နိုင်သော ကျန်စစ်သား၏ စည်းရုံးရေး အုပ်ချုပ်ရေး စွမ်းရည်၊ ကျေးဇူးသိတတ် စိတ်နှလုံး နူးညံ့သော ရာဇကုမာရ်၊ မိမိခံစားမှုကို ကိုးကွယ် ယုံကြည်မှု အနုပညာဖြင့် ဖော်ပြနိုင်သော မနူဟာဘုရင်။ ထိုသို့ လွတ်လပ်စွာ ဖော်ပြခွင့်ပေးသော အနော်ရထာမင်းမြတ်၏ သဘောထား ကြီးမားကျယ်ပြန့်မှု၊ ခက်ထန်ကြမ်းကြုတ်သည်ဟု အဆိုရှိသော နရသူမင်း၏ လက်ထက်မှာပင် အံ့မခန်းသော ကြီးကျယ်သော ဓမ္မရံကြီးကို တည်ခဲ့သည့် ပုဂံပြည်သူများနှင့် ... ထိုပြည်သူများ တည်ထားဆောက် လုပ်ခဲ့သည့် ဘုရားပုထိုး အဆူဆူ။ ထိုဘုရားပုထိုး အဆူဆူတို့ ကိန်းဝပ် မွေ့လျော်စံပျော်ရာ. . ပုဂံလွင်ပြင်၊ ထိုပုဂံလွင်ပြင်၏ ကျယ်ပြန့်ပြောမှုအစုစု စသည်တို့ကို. . . ယခု အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင် ရောက်မှပင် ကျွန်တော် ရင်နှင့် ခံစား ရရှိခဲ့ပါသည်။ ပုဂံ၏ ရသသည် သဘောထားကြီးမား ကျယ်ပြန့်ခြင်း၊ ဇွဲလုံ့လ ဝီရိယရှိခြင်း၊ လွတ်လပ်ပွင့်လင်းခြင်းနှင့် အလေးအနက် ယုံကြည်ခြင်း တို့ပင် ဖြစ်ပေသည်။
[ညီမ နုနုရီ (မန္တလေး)သို့ ကျေးဇူးတင်စွာဖြင့်. . .]
* * * * * * * * * *
မအောင်မြင်မှု ငွေရတုစာတမ်း
မြတ်လေး၊ ၁၉၉၈ မတ်
နှစ်ပေါင်းအစိတ်ကျော်ခဲ့ပြီ။
အဲဒီတုန်းက ကမ်းနားလမ်းနှင့် ၂၄ လမ်းထောင့်က တိုက်ကြီးတစ်လုံးရဲ့ အခန်းတစ်ခန်းထဲမှာ။ ငါတို့တစ်တွေ စုဝေးနေထိုင်ခဲ့ကြသည်။ တစ်စစီ တစ်စစီ ကွဲပြတ်လွင့်စဉ်သွားသော ဘဝအသီးသီး၏ အစိတ်အပိုင်းများ လေထဲမှာ ပျောက်ကွယ်သွားကြပြီး ပါးလျား ဖျော့တော့သော နေဝင်ချိန် တိမ်မျှင်စပမာ၊ ထိုစဉ်က အနုပညာစိတ်ဓာတ်များ ကြေကွဲဖွယ်ရာ လွင့်ပါးပျောက်ကွယ်သွားကြပြီ။ ရင်ထဲမှာ ပူနွေးစွာ အပြာရောင်တောက်ပသော မိုးစက်မှုန်များ တဖွဲဖွဲကျလျက်။ အားငယ်စိတ်ပျော့တတ်သော ဇော်ဇော်အောင်သည် “သူငယ်ချင်း’ ဟူသော စကားရပ်၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည် သွားသည်ဟု ယူဆဖွယ်ဖြစ်တော့၏။
သူငယ်ချင်း သိန်းမောင်၊ မင်းဘယ်မှာလဲ။ မာလာဆောင်ရှေ့နေဆီက ‘ဟိုင်း’ လက်ဖက်ရည်ဆို ငါအမြဲထိုင်လေ့ရှိတယ်။ မကြာခဏ ဆိုသလို ခိုင်ထူးရဲ့ “မိုးကျော်’ သီချင်းဖွင့်တတ်တယ်။ ကြားရတိုင်း ငါမင်းကိုသတိရတယ်၊ မင်းဘယ်ရောက်နေပြီလဲ သိန်းမောင်။ ငါ မှတ်မိသလောက် မင်းရဲ့ စန္ဒရားလက်သံကို ပထမဆုံး ငါစကြားဖူးတာ ၁၉၆၁ ခုနှစ်၊ နေ့စွဲ ရက်စွဲတွေ ငါမမှတ်တတ်ဘူး။ မျက်နှာဖြူ ဗိသုကာ အော့စဝဲနဂ္ဂလာနဲ့ တွဲပြီး ငါတို့သူငယ်ချင်း ဘိုကြီး ဆောက်ခဲ့တဲ့ တက္ကသိုလ်ထဲက အပန်းဖြေရိပ်သာမှာ အနုပညာအသင်း စန္ဒရားခန်းမှာ မင်းရဲ့လက်သံကို ငါပထမဆုံး စကြားဖူးတာပဲ။ ငါ ဂီတနဲ့ ပတ်သက်လို့ အလွန်ဒုန်းဝေးတာ မင်းအသိပါပဲ။ ငါ မတီးတတ်ဘူး။ မဆိုတတ်ဘူး၊ နားထောင်တတ်တယ်လို့တော့ ထင်တာပဲ။ မင်းလက်သံဟာ ငါကြားဖူးနေကျ စန္ဒရားလက်သံတွေနဲ့ မတူဘူးဆိုတာတော့ ငါ သိလိုက်တယ်။ ဘာကောင်းတာလဲ ငါ မပြောတတ်ဘူး။ တန်ဖိုးမဖြတ် တတ်ဘူး။ ဒါပေမယ့် နှစ်သက်ခံစားမိတာတော့ အမှန်ပဲ။ အခု မင်း ဘယ်မှာလဲ ဘာလုပ်နေသလဲ။ စန္ဒရားတီးရရဲ့လား။ မင်းချစ်တဲ့ စန္ဒရားနားမှာ မင်းရှိနေရဲ့လား။ ငါတို့တော့။ ငါတို့တော. . . ။
အဲဒီတုန်းက ၆၁-၆၂ ခုနှစ်ဝန်းကျင်၊ ၂၄ လမ်း ဗိသုကာရုံးခန်းမှာ ငါတို့ အားလုံး စုဝေးနေကြတယ်။ လက်ရင်းအစကတော့ ပြင်ဦးလွင်သား ဘိုကြီးနဲ့ မုံရွာသားငါ၊ မန္တလေးတက္ကသိုလ် ရွှေပြည်အေးဆောင်မှာ ဆုံခဲ့ရာက စကြတာပဲ။ ကျောင်းက ထွက်ကြတော့ ဘိုကြီး၊ တင်ထွန်း၊ အောင်ကြီးမြင့် ဆိုတဲ့ သူငယ်ချင်းသုံးယောက် ဗိသုကာအဖွဲ့တစ်ဖွဲ့ ထောင်ပြီး ၂၄ လမ်းမှာ ‘အေအိုင်’ ဆိုတဲ့ ရုံးခန်းဖြစ်လာတယ်။ အုပ်စုထဲမှာ အားလုံးရဲ့ အချစ်ခံရတဲ့ အောင်ကြီးမြင့်၊ နှုတ်ခမ်းမွှေးကားကားနဲ့ အောင်ကြီးမြင့်။ အခု တောင်ကြီးမှာတဲ့။ အားလုံးက ချစ်ကြတဲ့ နောက်တစ်ယောက် ခင်မောင်ရင်၊ ပန်းချီဆရာ၊ ဗိသုကာ ‘နှမလက်လျှော့နေလေတော့’ ဆိုတဲ့ ရုပ်ရှင်ကားတစ်ကား ရိုက်ပြသွားတဲ့ ခင်မောင်ရင်၊ အခု မြောက်ဥက္ကလာပမှာ အောင်မြင်ကျော်ကြားတဲ့ အင်္ဂလိပ်စာပြ ဆရာဖြစ်နေတယ်။ တို့အုပ်စုထဲမှာ အစောဆုံး ကွယ်လွန်သွားတာကတော့ ထွန်းထွန်း (ဆေးသိပ္ပံ)။ ဆရာဝန်စာရေးဆရာတွေ အခုလောက်မများခင်ကတည်းက ဆေးဝါးကုထုံးနဲ့ ရောဂါအကြောင်း မရေးဘဲ လူနာနဲ့ ဆရာဝန် ဆရာမတို့ရဲ့ စိတ်ကို ရေးတယ်လို့ ကြွေးကြော်ခဲ့တဲ့ စာရေးဆရာ ဒေါက်တာမြင့်ထွန်းသိန်း၊ အခု သူ မရှိတော့ဘူး။ နာမည်သုံးလုံးနဲ့ နောက်တစ်ယောက်က သိန်းသန်းထွန်းပေါ့။ မပန်ပါနဲ့ ကြွေချင်တယ် ဆိုတဲ့ ခေတ်တစ်ခေတ်ထဲမှာ ရှိတဲ့ သိန်းသန်းထွန်း ပိုဝလာတယ်။ ဆံပင်တွေ ပိုဖြူလာတယ်။ ပိုပြီး လေးလံထိုင်းမှိုင်းလာတယ်။ သူထက်သန်တဲ့ သမိုင်းသုတေသန လုပ်ငန်းလုပ်နေပြီတဲ့။ ဟိုတုန်းက သူနဲ့ငါ အမြဲတမ်း နပန်းလုံးနေကျ။ အခု ငါနိုင်တော့မယ် မဟုတ်ဘူး။ နောက်နာမည် သုံးလုံးနဲ့ ဟန်ဝင်းအောင်။ ဘာသတင်းမှ မကြားရတော့ဘူး။ အဲဒီအထဲမှာ မန္တလေးက လွင့်မျောလာကြသူတွေ ၂၄ လမ်းမှာ လာစုစည်းကြသေးတယ်။ မင်း အပါအဝင်ပေါ့။ ကိုပေါ်ဦး (ပေါ်ဦးသက်) မတွေ့ရတာကြာပြီ။ သမထ ဝိပဿနာဘက် ရောက်နေပြီလို့ ကြားရရဲ့။ နောက်တစ်ယောက်ကတော့ ငါတို့ စိန်မြင့်။ အပူအပင်ကင်းမဲ့တဲ့ စိန်မြင့် အရင်အတိုင်းပါပဲ။ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူက ကွမ်းတဖြုတ်ဖြုတ်စားရင်း၊ လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ်လည်နေလေရဲ့။ အဲဒီတုန်းက တို့တစ်တွေ မဟုတ်တာ တစ်ခုခု လုပ်တော့မယ် ဆိုရင် ဆော်ဩသူက မောင်ငှက်ကျား။ (အဲဒီတုန်းက နေ့တိုင်းလုပ် ဖြစ်ကြတာပါပဲ) အစီအစဉ်ချ အကောင်အထည်ဖေါ်ဆောင်ရွက်သူက ငါပါပဲ။ မရှက်မကြောက် ဂုဏ်ယူပြောတ မဟုတ်ပါဘူးကွာ၊ လွမ်းလွန်းလို့ ထုတ်ဖေါ်ပြောရတာပါ။ အဲဒီ ငှက်ကျားက ဆရာဝန်။ ဒီစာ စရေးပြီး သုံးရက်အကြာမှာ မမျှော်လင့်ဘဲ ကွယ်လွန်သွားပြီ။ တို့အထဲမှာ လူကြီးအဆန်ဆုံး၊ အတည်ဆုံး ကိုလွင်အောင်။ စက်မှုတက္ကသိုလ်မှာ သူချစ်တဲ့ ဗိသုကာပညာ ပို့ချဖြန့်ဝေနေတဲ့ ဒေါက်တာလွင်အောင် ဖြစ်နေပြီ။
တစ်နေ့လုံး အင်္ဂလိပ်သီချင်းတွေ ညည်းနေတတ်တဲ့ နှုတ်ခမ်းမွှေးကလေး အောင်ကြီးမြင့်၊ တစ်နေ့လုံး ပန်းချီဆွဲနေတတ်တဲ့ ခင်မောင်ရင်၊ ညတိုင်း ညတိုင်း မိန်းကလေးဧည့်သည် တစ်ယောက်ကျ ငါခေါ် ခေါ်လာတာ အားလုံးအသိပဲ။ ငါခေါ်လာတဲ့ အဲဒီမိန်းကလေး ဧည့်သည်တွေကို လက်ဖျားနဲ့မှ မတို့ဘဲ ပန်းချီပုံတူတွေ ဆွဲပြီး လက်ဆောင်ပေးတတ်တဲ့ ပေါ်ဦးသက်၊ အမြဲတမ်း ပျာယီးပျာယာ အလုပ်လုပ်နေတတ်တဲ့ ဘိုကြီး၊ ရေဟာ လူကို လန်းဆန်းစေတတ်တယ်ကွ ဆိုပြီး ရေ ခဏခဏ ချိုးတတ်တဲ့ ဆရာဝန် ငှက်ကျား၊ အသံပြဲကြီးနဲ့ အော်အော်ရယ်တတ်တဲ့ မြင့်ထွန်းသိန်း၊ ပတ်လက်ကုလားထိုင်တစ်လုံးနဲ့ အိပ်ငိုက်သလို အမြဲမှိန်းနေတတ်တဲ့ သိန်းသန်းထွန်း၊ ပြီးတော့ နှစ်ဆယ့်လေးနာရီနီးပါး အကျယ်ကြီး ဖွင့်ထားတတ်တဲ့ ခင်မောင်ရင်ရဲ့ သီချင်းစက်ထဲက မိုးဇတ်၊ ဗေထိုဗင်၊ ချိုက်ကော့စကီး၊ တို့ရဲ့ ဂန္တဝင် တေးကြီး ဘွဲ့ကြီးတွေ၊ အဲဒီအရာအားလုံး၊ လူအားလုံး၊ လှုပ်ရှားမှုအားလုံးတွေဟာ ပဲ့တင်သံ ဖြစ်ခဲ့ပြီ။ နှလုံးသားထဲက တိုးညှင်းတဲ့ ပဲ့တင်သံတွေ ငါကြားနေရတာ ကြာပါပြီ။ မရေမတွက်နိုင်လောက်တဲ့ တစ်ရေးနိုး ညလယ်ပေါင်းများစွာ၊ အိပ်မရတဲ့ညပေါင်းများစွာ။ မင်းဘယ်မှာလဲ သိန်းမောင်၊ မင်းဘာလုပ်နေသလဲ။ ငါတို့ ဘာလုပ်နေကြသလဲ။ နှစ် ပေါင်း အစိတ်ကျော်ခဲ့ပြီ သိန်းမောင်။
ဘဝမှာ အောင်မြင်တာတွေ မအောင်မြင်တာတွေ၊ ကျော်ကြားတာတွေ ပျက်ပြားတာတွေ၊ အခြေကျတာတွေ အခြေမကျတာတွေ၊ ပြေလည်တာတွ မပြေလည်တာတွေ၊ အခြေမြင့်တာတွေ တွယ်ရာမဲ့တာတွေ။ လူတွေ တွေ့နေကျ ကိစ္စအဝဝကို ငါတို့ တွေ့ကြကြုံကြရတာပေါ့။လောဘဒေါသ၊ မောဟ ရစ်နှောင်ဖွဲ့တဲ့ တို့ဘဝ အသီးသီးမှာ လူပီသစွာ လှုပ်ရှားနေမြဲ နေဆဲပါပဲ။ အနေဝေးလို့ သတိရတာ ရှိမယ်၊ မေ့လျော့တာရှိမယ်။ လွမ်းရတမ်းတရတာတွေ ရှိမယ်။ နာတာတွေ ရှိမယ်။ သေတာတွေ ရှိမယ်။ မမျှော်လင့်ဘဲ တွေ့လိုက်ရလို့ ဝမ်းသာတာရှိမယ်။ အကြောင်းအမျိုးမျိုးကြောင့် မျက်နှာလွှဲသွားတာတွေ ရှိမယ်။ ကောင်းသတင်းကြောင့် ဝမ်းသာရသလို မကောင်းသတင်းကြောင့် ဝမ်းနည်းရတာတွေ ရှိမယ်။ ငါတို့ဟာ လူတွေပဲ သိန်းမောင်။ ဘဝမှာ အရပ်ဒေသပေါင်းများစွာက ပျံသန်းပြေးလွှား ဝင်ရောက်လာတဲ့ မျဉ်းကြောင်းတွေ ရှုပ်ယှက်ခတ်လို့။ အဲဒီဘဝမျဉ်းကြောင်းတွေ အစက်အပြောက် ပွိုင့်ကလေးတစ်ပွိုင့်မှာ လာဆုံတဲ့ ၂၄ လမ်း တိုက်ခန်း။ ဘဝလမ်းကြောင်းဆိုတဲ့ မျဉ်းကြောင်းများဆုံရာ အဲဒီ အစက်အပြောက်ကလေးဟာ နှစ်အစိတ်ရဲ့ ဟိုဘက်မှာ မှုန်ဝါးပျောက်ကွယ် ကျန်ခဲ့ပြီပေါ့ သိန်းမောင်။
အဲဒီတုန်းက ငါတို့ရင်ထဲမှာ အသီးသီးရှိခဲ့ကြတဲ့ အနုပညာ မျှော်မှန်းချက်တွေ အနုပညာအိပ်မက်တွေ၊ ငါတို့ ဖန်တီးချင်တာတွေ။ ငါတို့ တည်ဆောက်ချင်တာတွေ၊ ငါတို့ လိုချင်တဲ့ အနုပညာအလုပ်တွေ။ အဲဒါတွေအားလုံးကို ခြုံခေါ်ရရင် ငါတို့ရဲ့ အနုပညာဝိညာဉ်တွေ။ ခမ်းနားကြီးမြင့်တဲ့၊ လန်းဆန်းစိမ်းစိုတဲ့တဖျက်ဖျက်တောက်ပ ကွန့်မြူးနေတဲ့ ငါတို့ အနုညာဝိညာဉ်တွေ။ ရင်ထဲမှာ ခံစားနေရတယ် သိန်းမောင်။ မြစ်ကြီးလေးစင်းဆုံရာ၊ မီးပုံကြီးသုံးပုံရဲ့ အလယ်မှာတစ်လက်မ ကုဗပတ်လည်ရှိတဲ့ ရေခဲတုံးကလေး တစ်တုံး။ မြူမှုန်တွေနဲ့အတူ ပြာစတွေ လွင့်မျောနေတယ်။ နီဝါဝါမီးညွန့်တွေရဲ့ အထက်မှာ ကွေ့ကွေ့ချိတ်ချိတ် အပူရိပ်တံလျှပ်တွေ။ ကောင်းကင်ပြာဟာ ကြေးနီရောင် ပြောင်လက်နေတယ်။ ငါတို့တစ်တွေ၊ အောင်ကြီးမြင့်၊ ဘိုကြီး၊ ခင်မောင်ရင်၊ ပေါ်ဦးသက်၊ မြင့်ထွန်းသိန်း၊ မင်းရယ်၊ ငါရယ်၊ တခြားသူငယ်ချင်းတွေရယ်။ တို့အားလုံး လက်ချင်းတွဲပြီး မီးပုံကြီး တွေကို ဝိုင်းပတ် ကခုန်နေကြတယ်။ အာဖရိကတိုက်က ရိုးရာအကတွေ ရုပ်ရှင်ထဲမှာ မြင်ဖူးမှာပေါ့။ ဝိုင်းပတ်ကခုန်ရင်း ခြေထောက် တစ်ချက် ဆောင့်လိုက်တိုင်း ဆောင့်လိုက်တိုင်း “ညံ့ဖျင်းသော လူသားများ’ လို့ တို့သံပြိုင်အော်ကြတယ်။ သိပ်ပျော်တယ် သူငယ်ချင်း။ နှစ်အစိတ်ကျော်က သေဆုံးကွယ်ပျောက်ခဲ့တဲ့ ငါတို့ရဲ့ အနုပညာဝိညာဉ်ဟာ တစ်လက်မပတ်လည် ရေခဲတုံးကလေးထဲမှာ။ မင်းဘာလုပ်နေသလဲ သိန်းမောင်။ စန္ဒရားတီးရရဲ့လား။ မင်းချစ်တဲ့ စန္ဒရားနားမှာ ရှိရဲ့လား။ ငါတို့ဟာ ညံ့ဖျင်းသော လူသားများလား။ ငါတို့လား။ သိပ်ခံစားရတယ် သိန်းမောင်။
လေနှင့်ရော၍ တိမ်ကြောမှာ ပျံပါလေကွယ်၊ ပန်းရည်ငှက်ကယ်၊ အနုပညာငှက်သည် သမုဒ္ဒရာ ခုနှစ်စင်းပေါ်မှာ ကျော်ဖြတ် ပျံသန်းနေဆဲ။
* * * * * * * * * *
မြက်ခင်းသံစဉ် အမှတ် (၆)
ရှုမဝ၊ ၁၉၈၈ ဧပြီ
ကြားအကွာအဝေး တစ်ပြေးညီရှိ၍ အစီအရီတန်းနေသော ဝင်းထရံတိုင်များသည် မျက်စိတစ်ဆုံး၏ ဟိုဘက် မိုးကုပ်စက်ဝိုင်း အစွန်းဆီသို့ ရောက်သွားသည်။ ကျယ်ပြန့်ခြင်း၊ အတားအဆီးမဲ့ခြင်းတို့သည် ရင်တွင်းသို့ စိမ့်ပျံ့နှံ့နေသည်။ လွတ်လပ်သော လေသည် သန့်စင်စွာပင် ရင်ထဲသို့ ဝင်၏။ မြက်ပင်စိမ်းစိမ်းတို့၏ အနံ့များ၊ အမျိုးအမည် မထင်ရှားသော ပန်းရိုင်းပွင့်ကလေးတို့၏ အနံ့များ၊ အနီရင့်ရောင် မြေစိုင်ခဲတို့၏ အပျိုစင်အနံ့များ အားလုံးသည် လေထဲတွင် ပန်းဆိုင်းဆွဲ သကဲ့သို့ တစ်ခုစီ တစ်ကွက်စီ ခိုတွဲလျက် ရှိ၏။ ရေစီးသံသဲ့သဲ့ကိုလည်း ကြားနေရ၏။ သို့သော် စမ်းချောင်းငယ်တစ်ခု တလေမျှ မတွေ့ရ။ ကြားရုံသာ ကြားနေရသော ရေ၏ အသံသည် ပကတိရေ၏ အထိအတွေ့ထက်ပို၍ အေးမြနေသည်လား။ မြက်ခင်းထဲမှာ လူးလဲပစ်လိုက်သောအခါ အဝါရောင်မြက်သီးများ ကိုယ်တွင် စေးကပ်ငြိတွယ်သွားသည်မှာ ပျော်စရာကောင်း၏။ ထိုမြက်ခင်းစောင်း ကုန်းမိုမိုမှာ ခြေလက်ဖြန့်ကား ပက်လက်အနေအထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ရသော ခဏ၊ ထိုခဏမှာပင် ဇော်ဇော်အောင် လူဖြစ်ရကျိုး နပ်သွားသည်ဟု ထင်၏။
ဘာကိုမျှ မသိ။ ဘာကိုမျှ မစဉ်းစားမိ။ ဘာကိုမျှမဆင်ခြင်မိ။ ဘာကိုမျှ မကြံစည် မတွေးတောမိ။ ဘာကိုမျှ အကြောင်းအကျိုး အကောင်းအဆိုး မဝေခွဲ မသုံးသပ်မိ။ ကောင်းကင်ပြင် လုံးဝဥဿုံအဖြစ် တည်နေသည်ကိုသာ သိ၏။ အပြာရောင်ထဲသို့ စိတ်သည် တိုးဝင်လွင့်မျောသွား၏။ ထိုခဏ အပိုင်းပိုင်းပြတ်သော စိတ်တို့သည် မြက်ခင်းပြင်ပေါ်သို့ တဖွဲဖွဲပြန်ကျလာ၏။ ရင်ထဲမှာ အေး၍ နွေးနေသည်။ ဘယ်ဆီမှာ မိုးရွာနေသည်လည်းမသိ။ တစ်ချက်သုတ်လိုက်သော မိုးသက်လေသည် ကျေနပ်မှုတို့ကို သယ်ယူလာ၏။ လေထုသည် ရေငွေ့ဖြင့် တစ်ခဏချင်း သိပ်သည်းလေးလံလာသည်။
မိုးတွေရွာပါပြီကော။
ကောင်းကင်ပြာ ဘယ်မှာမှ မရှိတော့။ တိမ်သားနိမ့်နိမ့်တို့ အုံ့ပျသောဟန်နှင့် အလျင်အမြန် လွင့်မျောလာ။ စိမ်းဝါမိုးပန်း ထွေထွေ စွန်းကာ ရေသွန်းသာကြည် ပျော်ရမည်ကို မြရည်သက်မှတ်. . ။ စိမ်းဝါ မိုးပန်းဆိုသည်မှာ ပန်းလား၊ မိုးစက်လား။ အုံ့မှိုင်းနေသော လောကဝန်းကျင် တိမ်ညိုတိမ်မည်း တိမ်ပုပ်တွေထဲက လေးဆယ့်ငါးဒီကရီ စွေစောင်းကျဆင်းလာသော မိုးစက်များသည် အစိမ်းရောင် အဝါရောင်။ ဇာတ်စင်ပေါ်က ကတ္တီပါကားလိပ်မှာ၊ မင်းသမီးကလေး၏ ရင်ခံအဝတ်မှာ လက်နေသော ဘော်ကြယ်စီးကွင့်တွေလို အစိမ်းရောင်အဝါရောင် တလက်လက်တောက်နေသော မိုးစက်များ သွယ်တန်းကျနေနေသည်။ စိမ်းဝါမိုးပန်း တွေတွေသွန်းဖြိုးပြီ။ ဆံပင်တွေကြားက မိုးရေများသည် မျက်လုံးထဲသို့ စီးကျလာ၏။ နှာခေါင်းဘေးတစ်ဖက်တစ်ချက်မှ မိုးရေများသည် တင်းတင်းစေ့၍ပိတ်ထားသော ပါးစပ်ကို ကျော်ဖြတ်ကာ မေးရိုး အစပ်ဆီသို့ စီးဆင်းသွား၏။ အင်္ကျီ အဝတ်အစားပေါ်မှ မိုးစက်များ ညင်သာစွာ တဖြောက်ဖြောက် လာရောက်ထိတွေ့သော ခဏမှာ လွဲခဲ့ရသော အချစ်ဟောင်း၏ အယုအယများကို သတိပြန်ရသည်။ အဝတ်အစားတို့ ရေစို၍ ကိုယ်တွင် မြဲမြဲကပ်လေသည်။ ကျောပြင်နှင့် ကိုယ်ခန္ဓာအောက်ပိုင်းတို့ ပူနွေးသော မြေသားနှင့် ထိတွေ့နေကြသည်။ လျှပ်မလက် မိုးမချုန်း တိတ်ဆိတ်ညင်သာစွာ ရွာသောမိုး။ မိုးသည်သဲသဲမဲမဲ ရှိလွန်းလှသည် ထင်ရ၏။ လေဝေ့သောအခါ အစိမ်း အဝါ ပုတီးစေ့။ ကန့်လန့်ကာသည် လှုပ်ခါယမ်း၍သွား၏။ မိုးစက်များအချို့၏ အထိအတွေ့သည် ပူနွေး၍ အချို့၏ အထိအတွေ့ သည် အေးမြလှ၏။ ဘယ်မိုးစက်က ပူနွေး၍ ဘယ်မိုးစက်က အေးမြသည်ကို သတိကြီးစွာ ထားမှတ်သားသော်လည်း မရ။ ပူနွေးခြင်းနှင့် အေးမြခြင်းတို့ ရောထွေးနေသည်။ ပိတ်ထားသော မျက်စိကို ဖွင့်သောအခါ မိုးရေစက်များ ဝင်လာ၍ ပြန်ပိတ်ရသည်။ ပိတ်ထားလျက်ပင် မိုးစက်တွေကို မြင်နေရသည်။ မိုးသက်လေထဲမှာ နှင်းဆီပန်းရနံ့တွေ၊ စံပယ်ပန်းနှင့် ခရေပန်းရနံ့တွေ လက်ဆတ်အံ့ဩဖွယ်ရာ မျောပါလာသည်။
မိုးတွေ တိတ်သွားပါကကော။
အေးမြခြင်းက တင်းကျပ်စွာ လွှမ်းခြုံထား၏။ ပိတောက်ပန်းရောင် တိမ်စိုင်များ အဝေးမှ ပျံသန်းလာသည်။ မိုးတိတ်ခါစ လောက၏ လက်ဆက်မှုသည် ကလေးငယ်တစ်ယောက်၏ အရယ်အပြုံးနှင့် တူ၏။ တိမ်တိုက်ဝါဝါများ ခေါင်းပေါ်က ကျော်၍ မြောက်အရပ်ဆီသို့ လွင့်ပျံ့ပြေးကြသည်။ စူးစူးရှရှ အော်သော ပုရစ်တစ်ကောင်၏ အသံကို ကြားရ၏။ ထိုအသံရပ်သည့်ခဏတွင် လောကသည် လွန်မင်းစွာ တိတ်ဆိတ်သွား၏။ ကျောပြင်အောက် မြေသားသည် ပူနွေးလျက်ရှိသည်။ ကောင်းကင်သည် နို့နှစ်ရောင်လို ဖြူဖွေးနေ၏။ တောင်အရပ်ယွန်းယွန်းဆီမှ လပြည့်ဝန်း ပေါ်ထွန်းလာသည်။ နေ့လိုလိုအလင်းရောင်က မပျောက်သေး။ မြက်ခင်းထဲက မြက်သီးဝါဝါ ကလေးများ လရောင်ခြည်အောက်မှာ မည်းနက်စ ပြုလာပြီ။ တစ်လောကလုံး လမင်းရောင်ခြည် ဖုံးတော့သည်။ စောစောက ငုပ်လျှိုး ရှာမရသော စမ်းချောင်းငယ်သည် မြေတွင် ဘွားဘွားပေါ်၍ ငွေရောင်လက်စွာ စီးဆင်းလေသည်။ လရောင်အောက်က လောက အခင်းအကျင်းသည် အတားအဆီးမဲ့စွာ၊ ကျယ်ပြန့်စွာ၊ လွတ်လပ်ဝေးလံစွာ မိုးကုပ်စက်ဝိုင်းဆီသို့ ပြေးသွား၏။ မြက်ပင်ဖျားမှာ တင်ကျန်ခိုတွဲသော မိုးရေစက်တွင် လရောင်ခြည်ရှိ၏။ ဘဝသက်တမ်းတစ်လျှောက်လုံး တစ်ခါမျှ မရဖူးသော ချမ်းသာခြင်းကို ရလေပြီဟု ထင်မိသည်။ လေအေးသည် ဖျော့တော့ပါးလျစွာ တိုက်ခတ်လာ၏။ ကြည်နူးခြင်းများသည် ကိုယ်တွင် အနှံ့ပြန့်၍ ဖြစ်ပေါ်၏။ ဘယ်တော့လဲ ။ ဘယ်တော့ သွားမှာလဲ။ သည်နေရာမှာ ဘာလုပ်နေသလဲ။ ဘယ်တော့မှ မဟုတ်ပါ။ ဘယ်တော့မှ မသွားပါ။ သည်နေရာမှာ ဇော်ဇော်အောင် နေနေသည်။ လရောင်တို့ လင်းလက်ဝေစည်သော အရပ်ဒေသမှာ နေခြင်းသည် အလုပ်တစ်ခု ဖြစ်တော့၏။ လိင်စိတ်ဖြင့် နီရဲသောရမ္မက်တို့ မရှိ။ ကြီးမြင့်လိုခြင်း၊ အောင်မြင်လိုခြင်း၊ အခြေကျလိုခြင်းတို့ မရှိ။ စဉ်းလဲကောက်ကျစ်မှု၊ မနာလိုဝန်တိုမှုတို့ မရှိ။ ပြည့်စုံခြင်းနှင့် မပြည့်စုံခြင်း၊ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်း၊ ပျော်ရွှင်ခြင်းနှင့် မပျော်ရွှင်ခြင်းတို့၏ ကြားမှာခံသော နယ်နိမိတ်မျဉ်းကြောင်း မရှိ။ ပကတိသော မြက်ခင်းပြင်၏ ကြီးကျယ်ခမ်းနားခြင်းထဲမှာ နေသည် နေမည်။ အချစ်မလို။ အမုန်းမလို၊ အချစ်လို၊ အမုန်းလို။ ကတ္တီပါထဲမှာ နေသည်၊ နေမည်။ အနုပညာမလို၊ ကဗျာမလို။ တေးသံမလို။ ကြီးကျယ်လွန်းသော ထိုမာယာများ မလို။ အစစ်အမှန်ဖြစ်သော မြက်ခင်းပြင်ကုန်းမိုမို၏ အထက်က ကောင်းကင်ပြင်၊ ထို့နောက် မြက်ခင်းပြင်၊ ထို့နောက် ကောင်းကင်ပြင်၊ မြက်ခင်းနှင့် ကောင်းကင်သာလျှင် အလိုလားအပ်ဆုံး အမွန်မြတ်ဆုံး အရာများ ဖြစ်သည်ကို ယုံကြည်နေသည်။ အေးဆေးကောင်းကင်အောက်က မြက်ခင်းပေါ်မှာ လဲလျောင်း နေပါရစေ။ ဇော်ဇော်အောင်သည် လူဖြစ်၏။
* * * * * * * * * *
မိုးခင်အတွက် ပိတောက်ခက် စကားပြေ
မြတ်လေး၊ ၁၉၈၈ မေ
တိတ်ဆိတ်ခြင်း၊ အသံမဲ့ခြင်း၊ ဘာမှ မကြားရခြင်း၊ လုံးဝတိတ်ဆိတ်ခြင်း၊ အသံလုံးဝ ကင်းမဲ့ခြင်း၊ ဘာကိုမှ လုံးဝမကြားရခြင်း၊ ထိုအရာ အားလုံး စုပေါင်းထောင်းထု ဆုတ်ချေ ကြိတ်နယ်၍ ပန်းပုရုပ် တစ်ရုပ် ထုလုပ်ချင်သည်။ ထိုပန်းပုရုပ်သည် တိတ်ဆိတ်အသံမဲ့၊ သီချင်းတစ်ပုဒ် ဖြစ်စေရမည်။ ကြီးမြတ်သော ဒဿနပညာရှင်ကြီး အရစ္စတောတယ် ပြောခဲ့သော အနုပညာပစ္စည်းတစ်ရပ်၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ညီညွတ်မှုကို သုံးဆယ့်ရှစ်လမ်းထိပ်က အမှိုက်ပုံးထဲသို့ ထည့်လိုက်မည်။ ဝါးရွက်ညွန့်အဖျားက မိုးစက်ထဲမှာ သက်တံရောင် ရှိ၏။ ထိုသက်တံရောင်စဉ်ထဲမှာ အစ အလယ် အဆုံးကို ရှာကြည့် ပါ။ မှိုင်းညို့သော ခဲသားရောင်နောက်ခံဖြင့် သိင်္ဂုတ္တရကုန်းတော်ပေါ် မှာ ရွှေတောင်ကြီး ပေါက်နေသည်။ ထိုမြင်ကွင်းကို ဖူးတွေ့ကြည်ညိုဆဲ ခဏမှာ အစ အလယ် အဆုံးကို ရှာကြည့်ပါ။ ဖြုတ်ခနဲ ကြွေသော ကံ့ကော်ပွင့် မြေထက်သို့ မရောက်မီ အချိန်ကလေးအတွင်းမှာ အစ အလယ် အဆုံးကို ရှာကြည့်ပါ။ တစ်ယောက်တည်း ရှိနေသောအခါ မျက်စိကို မှတ်စဉ် ပေါ်လာသော သူငယ်ချင်း၏ မျက်နှာမှာ အစ အလယ် အဆုံးကို ရှာကြည့်ပါ။ မီးပွိုင့်ဘေးမှာ စံပယ်ပန်းကုန်းရောင်းသော ကလေး၏ မျက်လုံးထဲမှာ အစ အလယ် အဆုံး ကို ရှာကြည့်ပါ။ လောကအားလုံး လွှမ်းမိုးထိန်လင်းသွားသော အနုပညာရသ လင်းပွင့်ချိန် စက္ကန့်ထဲမှာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သုခမရှိ၊ ဒုက္ခမရှိ။ ပကတိအေးငြိမ်းသော အမည်မဲ့ ရသနယ်အဝန်းထဲမှာ အသံမဲ့ ပန်းပုရုပ်ကို သီချင်းတစ်ပုဒ်အဖြစ် သွန်းလုပ်ရေးစပ်ပြီးသောအခါ ထိုအရာသည် ဝတ္ထုတိုတစ်ပုဒ် ဖြစ်လာလိမ့်မည်။ ထိုဝတ္ထုမျိုး ရေးချင်သည်။
ကိုယ့်ကြောင်း ကိုယ် အကောင်းပြောနေကြသည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ သူတစ်ပါး အပြစ်ဖို့နေကြသည်။ ငြင်းခုံ စကားများနေကြသည်။ လိမ်ညာလှည့်ဖြားနေကြသည်။ စိတ်မပါဘဲ ကျန်းမာပါစေဟု ဆုတောင်းနေကြသည်။ အိတ်ထောင်ကို လက်နှင့်ဖိကာ မိမိဘယ်လောက် ကိုယ်ကျိုးစွန့်ကြောင်း ပြောနေကြသည်။ ငတ်နေသော ကလေးများ နို့မှုန့်ဝလင်စွာ စားသောက်ဖို့အတွက် အနုပညာသမားက သီချင်းဆို၍ ငွေရှာနေချိန်မှာ လူအချို့ စကားများနေကြသည်။ ဒေါသဖြစ် ငေါက်ငမ်းသံ၊ ကြိမ်းဝါးသံ၊ ကြုံးဝါးသံ၊ ရန်တွေ့သံ၊ တကယ်တည်းမှာ မဟုတ်သော ကတိပေးသံ၊ ကျေနပ်အားရသောပီတိပြုံးအသံ.. ကမ္ဘာလောကမှာ အသံတွေ များလွန်းလှသည်။
ကျေးသံငှက်သံ၊ ပန်းပွင့်လာသံ၊ စမ်းရေသံ၊ လရောင်ခြည်၏ အသံ၊ သဘောတူသောအသံ၊ ခွင့်လွှတ်ကြင်နာသံ၊ ကတိတည်သော အသံ၊ ကူညီသောအသံ၊ မေတ္တာကရုဏာသံ၊ လူသားစင်စစ်တို့၏ အသံများ နစ်မြုပ်ဖျော့တော့ ပျောက်ကွယ်သွား၏။ ပဲ့တင်တိုးညင်းသော နောင်တ၏ အသံသည်လည်း သမုဒ္ဒရာကြမ်းပြင်အောက် ရေညှိရွက်ကြားမှာ ပုန်းလျှိုးသွား၏။ ရေမျက်နှာထက် လှိုင်းပွက်တို့ ငြိမ်သက်စွာ လှုပ်ရှားနေသည်။ လေပြည်လေညင်းသည် အဝါရောင် မုသားများကို သယ်ဆောင်လာ၏ ပူအိုက်မွန်းကျပ်နေသာ ကမ္ဘာသည် မိုးရေငတ်၍ နေ သည်။ ဘာလုပ်ကြမလဲဟု မစဉ်းစားခင် လောဘ ဒေါသ မောဟ သမားများကို ဘာမှမလုပ်ပါနဲ့ ဟု အရင်ပြောပါ။ ခက်တော့ ခက်လိမ့် မည်။ အသံမဲ့ခြင်းကို ဝတ္ထုတို တစ်ပုဒ် ရေးချင်သည်။
ဝတ္ထုတိုလား ဝထုရှည်လား၊ ဆောင်းပါးလား စာတမ်းလား စာတန်းလား အက်ဆေးလား အတွေးစာလား နာမည်ပညတ်တောမှာ အမောဆို့အောင် ငြင်းနေရစ်ကြ။ ဇော်ဇော်အောင်တော့ သွားနှင့်ပြီ။ အနုပညာ ပရမတ်တရားကို သရုပ်မှန်အောင် လုပ်ကြံဇာတ်လမ်းဆင်ပြီးရှာဖို့ ကြိုးစားသူတွေထဲမှာ မပါချင်တော့ပါ။ စကားပြေဆိုသည်မှာ မတက်ရသေးသော တောင်ထွတ်၊ ရွက်မလွင့်ရသေးသော သမုဒ္ဒရာ။ ကာရန်ပါမှ ကဗျာဖြစ်သည်ဟု ကြွေးကြော်သည်အထိ မကြောင်သေး။ ကဗျာ၏ လိုအပ်ချက်အရ ကာရန်တင်းကျပ်မှုကို လျှော့ပစ်သည်ဟု ကြွေးကြော်သည်အထိ လူသည်မကျသေး။ မြန်မာဘာသာစကားထဲက နဘေတွေ လေးချိုးဘုရင်ကြီး စပ်လို့ ကုန်သလောက်ရှိပြီ။ နဘေတွေ ဝေဝေဆာဆာ ထပ်ပြီး ဆရာကြီး၏ အစဉ်အလာ လိုက်သလိုလိုနှင့် ဆရာကြီး၏ အိမ်တော်ရာ ဖိနပ်သည် ကြိုးပြတ်ကို ကောက်ကိုင်ဖို့ပင် မထိုက်တန်သေးသူများ၊ စဉ်းစားဖို့ရာက နဘေဆိုသည်မှာ မတတ်တတတ် လူများအဖို့ ကာရန်ထက်ပို၍ တင်းကျပ်ခက်ခဲသည်ဆိုသော အချက်ဖြစ်၏။ ကဗျာထဲမှာ ဘာသာစကားက လွဲလို့ ဘာရှိပါသနည်း။ စကားပြေထဲမှာ ဘာသာစကားကလွဲလို့ ဘာရှိပါသနည်း။ ကဗျာအလုပ်ကို စကားပြေလည်း လုပ်လို့ရသည်။ စကားပြေအလုပ်ကို ကဗျာလည်း လုပ်လို့ရသည်။ အရေးကြီးသည်မှာ ရသခံစားမှုအကျိုးဆက်တရား ဖြစ်၏။ ထိုကိစ္စ ပြီးမြောက်အောင် အနုပညာက ဆောင်ရွက်နိုင်သည်။ တိုသလား ရှည်သလား၊ ဇာတ်လမ်းလား၊ ဇာတ်ဆောင် စရိုက်လား၊ ပလတ်စတစ်ပေတံကျိုးတွေ ပဲလှော်နှင့် လဲစားပစ်လိုက် ပါ။ အရေးကြီးတာက ရေးဖို့ပါ။ ဘာရေးမလဲ စွာတာတာ ဆရာလာ မလုပ်နှင့် အသံမဲ့ခြင်းကို ဝတ္ထုတိုတစ်ပုဒ် ရေးချင်သည်။
အဆိုကျော်ကို ပါးစပ်ပိတ်လျက် အသံထွက်အောင် တေးသံ အညည်းခိုင်းကြည့်ပါ။ ဘာသာစကားထဲက စကားလုံးတွေ စကားသံတွေ မပါစေရ။ ဘာသာစကား မပါစေရ။ လူသားမိန်းမ တစ်ယောက်၏ အသံသက်သက်။ အလားတူ ဟေမာ၊ မေခလာ မေဆွိတို့ကိုအညည်း ခိုင်းကြည့်ပါ။ စိုင်းထီးဆိုင်ကိုလည်း ခိုင်းကြည့်ပါ။ ဝင်းဦး၊ သုမောင်တို့လည်း ပါပါစေ။ နားထောင်ကောင်းသလား။ သာယာသလား။ စာသား ဘာသာစကားမပါဘဲ လှထွတ်ကို စန္ဒရား အတီးခိုင်းကြည့်ပါ။ ရောင်နီကောင်းကို အော်ဂင်တီးခိုင်းကြည့်ပါ။ ကိုတင်ရီကို တယောအထိုး ခိုင်းကြည့်ပါ။ နားထောင်ကောင်းသလား။ စာသား ဘာသာစကား မပါ။ သာယာသလား၊ နှစ်သက်သလား။ ဆိုင်းဘုရား စိန်ဗေဒါ ဦးဘမောင်တို့ ထားပါဦး၊ စိန်ဗိုလ်တင့်၊ စိန်စတင်းတို့၏ စာသား ဘာသာ စကား မပါသော ဆိုင်းသံ ပတ်သံ သက်သက်ကို နားထောင်ဖူးသလား နားထောင်ကောင်းသလား။ သာယာသလား၊ နှစ်သက်သလား။ စာသား ဘာသာစကား မပါ။ စဉ်းစားကြည့်ပါ။
ဝတ္ထုတိုမှာ ဘာသာစကားပါသည်။ မပါလို့မရပါ။
ဘာသာစကားသည် လူ့လောက ဂိုဒေါင်ထဲ စုပုံစပ်ထပ်ထားသော ထင်းရှူးသေတ္တာ အခွံများမဟုတ်။ အချိန်နှင့်အတူ တဖျပ်ဖျပ် ပြောင်းလဲနေသောအရာ ဖြစ်၏။ ဘာသာစကား၏ ကြီးမားသော ဝိသေသ ဂုဏ်တစ်ရပ်မှာ ကိုယ်စားပြုရည်ညွှန်းခြင်း ဖြစ်၏။ အနက်အဓိပ္ပာယ် စကားလုံး ဘယ်နှစ်လုံး သိသလဲ။ ရှိသလဲ၊ ရေတွက်ဖူးသလား၊ ကိုယ် ဘယ်နှစ်လုံး ပိုင်ပိုင်နိုင်နိုင် သို့မဟုတ် လိုသလို အသုံးချနိုင်သလဲ။ ဘယ်လောက်များပြားကျယ်ဝန်းသလဲဟု စဉ်းစားကြည့်မိဖူးသလား။ ဘာသာ စကားသည် မတတ်ရသေးသော တောင်ထွတ်၊ ရွက်မလွှင့်ရသေးသော သမုဒ္ဒရာဖြစ်၏။
ဘာသာစကားသည် ခံစားမှု သို့မဟုတ် စိတ်ကို မည်သည့်အခါမှ သို့မဟုတ် ပြောချင်သော အကြောင်းကို မည်သည့်အခါမှ ပြည့်စုံပြီးစီးအောင် မကြွင်းမကျန်ရစ်အောင် လုံးဝဥဿုံ မဖော်ပြနိုင် သို့မဟုတ် မပြောဆိုနိုင် သို့မဟုတ် မရေးသားနိုင်ဟု ဆို၏။ ဆိုကြ၏။ ထိုသို့ဆိုလျှင် ဘယ်လောက်အထိ ကြိုးစားဖော်ပြကြည့်ဖူးသလဲ။ ဘယ်လောက် စမ်းကြည့်ဖူးသလဲ။ မကြိုးစားဖူးဘဲနှင့် စမ်းမကြည့်ဖူးဘဲနှင့် သို့မဟုတ် ဝတ္ထုတို မရေးဖူးဘဲနှင့် သို့မဟုတ် မရေးတတ်ဘဲနှင့် သို့မဟုတ် ဘာရေးရမှန်းမသိဘဲနှင့် သို့မဟုတ် ဘယ်လိုရေးရမှန်း မသိဘဲနှင့်၊ တော်ရာသွားစမ်း။
ဂီတသည် အမြင့်ဆုံး၊ အသန့်ရှင်းဆုံး အနုပညာရသ ဖြစ်၏။ ဗိသုကာသည် အသိမ်မွေ့ဆုံး အနူးညံ့ဆုံး အနုပညာရသ ဖြစ်၏။ ပုဂံ မနူဟာဘုရား ဖူးဖူးသလား။ အာနန္ဒာလိုဏ်ဂူတော်ကြီးကို ကြည်ညိုဖူးသလား၊ ဝတ္တုတိုသည် သီးခြား၊ ကွဲပြားသော အနုပညာဖြစ်၏။ ဂီတသံစဉ်သည် ဒြပ်မဲ့ဖြစ်၏။ ဗိသုကာလက်ရာသည် ဒြပ်ရှိသော်လည်း ဒြပ်မဲ့ဖြစ်၏။ ဝတ္ထုတိုသည် အကြောင်းခြင်းရာ၊ အဖြစ်အပျက်ရှိသည်ဟု စွဲမှတ်နေကြသော်လည်း ဒြပ်မဲ့ဖြစ်၏။ အနုပညာအားလုံးသည် ဒြပ်မဲ့သော သဘောသက်သက်မျှသာ ဖြစ်၏။ ဟုတ်ယောင်ယောင် မှန်ယောင်ယောင် ဖြစ်စေသော မာယာဖြစ်၏။ ဝတ္ထုတိုတစ်ပုဒ် ရေးစမ်းကြည့်ကြရအောင်။
မဟုတ်မမှန် လုပ်ကြံပြောနေကြသော အသံတွေ ကင်းဝေးရာ၊ တစ်စုံတစ်ခုသော လောကထဲက မြက်ရိုင်းခင်းထဲမှာ ကောင်းကင်ကို မော့ကြည့်၍ ဘယ်သူ့ကိုမှ မကြောက်ရဘဲ ဘာကိုမှ မစိုးရိမ်ရဘဲ အသက် ဝဝလင်လင်ရှူကာ အသံမဲ့။ ခက်တော့ ခက်လိမ့်မည်၊ အသံမဲ့ ဝတ္ထုတိုတစ်ပုဒ် ဇော်ဇော်အောင်ရေးသည်။
* * * * * * * * * *
တမာပင်အောက်မှာ အေးမြစွာ ပေါက်ကွဲခြင်း
အောက်ပြည် အောက်ရွာမှာ အနေကြပေမယ့် မုံရွာကတော့ ရင်ထဲမှာ အမြဲရှိနေသည်။ နှစ်အတော်ကြာခဲ့ပြီ။ အချိန်တို့ လျင်မြန်စွာပျံသန်းနေကြ၏။ နှစ်အစိတ်လား၊ သုံးဆယ်လား။ မှတ်အသားမရှိ။ အခုတစ်ခေါက် မုံရွာသားတစ်ယောက် မုံရွာပြန်ရောက်ခဲ့ပါသည်။ အမေ မရှိတော့သော အမေ့အိမ်။ အမေ မရှိတော့သော အမေ့အိမ်သည် ငိုကြွေးနေသော အနက်ရောင် ကျောက်ဆစ်ပန်းပုရုပ်ကြီး တစ်ခုပမာ။ အမေ မရှိတော့ပြီ။ ရင်ထဲမှာတော့ အတိတ်တွေ ကျန်နေသည်။
အတိတ်ကိုလည်း မပြန်၊ အနာဂတ်ကိုလည်း မမျှော်၊ ပစ္စုပ္ပန်တည့်တည့်မှာသာ နေသည်ဟု ကြွေးကြော်ခဲ့သော မော်ဒန်သမား အလကားကောင်သည် သူ့ကို အတိတ်တွေက ဖိစီးနှိပ်စက်တော့မှ သူ့ကိုယ်သူ မော်ဒန်သမား အလကားကောင် ဖြစ်နေမှန်း ရိပ်မိ၏။ သွားစမ်းပါ အတိတ်တွေ၊ ပစ္စုပ္ပန်မှာ ငါနေသည်ဟု အော်ဟစ်သော ကွဲအက်စူးရှစွာ အသံမဖြစ်မီက ပျောက်နှင့်သည်။ အတိတ်တွေပါလား။
ဘယ်တုန်းကမှ ရင်မခုန်တတ်၊ ဘယ်တော့မှ ရင်မခုန်ဟု ကြွားဝါ ကြွေးကြော် တံဆိပ်ချိတ်ခဲ့သော ရင်သည် ပုံမမှန် စံသွေ့စွာ ခုန်နေ၏။
တန်းမြင့်ကျောင်း၊ အမှတ် (၁) တန်းမြင့်ကျောင်း။ သူ့အဖေ သည်ကျောင်းမှာ နေခဲ့၏။ အင်္ဂလိပ် မြန်မာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း Anglo-Vernacular Buddhist High School ။ အဖေ အလွန်ဂုဏ်ယူခဲ့သောကျောင်း၊ သိန်းဖေမြင့်သည် ကျောင်းမှ ထွက်ခဲ့သည်တဲ့။ အိုးဝေညိုမြ သည်ကျောင်းမှာ နေခဲ့သည်တဲ့။ အဖေသားသည်လည်း သည်ကျောင်းမှာနေခဲ့သည်။ တမာပင်တန်းနှင့် လမ်းကလေး၊ တမာပန်းတွေ တဝေဝေ၊ တမာနံတွေ သင်းပျံ့လျက်။ အရင်တုန်းကလိုပါပဲ။ ကျွန်တော် သည်ကျောင်းမှာ နေခဲ့သည်။ ဆရာတွေ၊ ဆရာမတွေ မရှိတော့ပြီ။ သူငယ်ချင်းတွေ ဘယ်ရောက်နေကြသလဲ။ အမည်တွေ ပေါ်လာလိုက် ပျောက်သွားလိုက်။ ဘစု၊ ခင်မောင်လတ်၊ မြသန်းထွန်း၊ ရှမ်းတင်လှိုင်၊ တပရင်း ငချို။ ကိုဇာဝီ၊ ကျော်သိန်းကြီး ၊ တင်မောင်၊ ခင်အောင်၊ ကိုလေးရီ၊ မောင်ဒိုး၊ ဘလက်ကက်၊ ထွန်းကြည်၊မောင်အုန်း။ သည်နာမည်တွေသည် ကျွန်တော့်အတွက် လွမ်းစရာ အတိတ်များ ဖြစ်ပါသည်။ အခု သူတို့သည် ကျောင်းမှာ မရှိကြတော့။ ကျွန်တော်လည်း မရှိတော့။ သို့သော် သည်ကျောင်းဝင်း အတွင်းမှာ တမာပင်အသစ်တွေ၊ ကျောင်းဆောင်အသစ်တွေ၊ ဆရာ/ဆရာမအသစ်တွေ၊ ကျောင်းသား ကျောင်းသူအသစ်တွေ ရှိနေပါသည်။ ကျွန်တော်တို့ထက် တော်သော ကျောင်းသား ကျောင်းသူတွေ ဖြစ်စေချင်သည်။ အရင်ကထက် ပိုတော်သော ဆရာတွေ ဆရာမတွေဖြစ်စေချင်သည်။ အရင်ကထက် ပိုမြင့်သော ပညာတွေ သင်ပေးနိုင်စေချင်သည်။ ဆရာကြီး ဦးဖေမောင်တင်ကို သတိရသည်။ ကျွန်တော့်ဆရာများ၏ ဆရာကြီး။ တိုင်းပြည်တစ်ပြည်မှာ ခေတ်တစ်ခေတ်မှာ တပည့်က ဆရာ့ထက် ပိုမတော်လျှင်၊ လူငယ်က လူကြီးထက် ပိုတော်မလာလျှင် အဲဒီတိုင်းပြည် မြောင်းထဲ ရောက်ပြီသာ မှတ်ပေရော့။ ပြောရင်းဆိုရင်း တွေးရင်း တောရင်း အနာဂတ်ကို မျှော်မိပြန်ပြီ။ ပစ္စုပ္ပန်မှာ တော့ …… ။
မုံရွာနွေသည် ပက်ပက်စက်စက် ပူပြင်းလောင်မြိုက်လှ၏။ သက်ရှိသက်မဲ့မှန်သမျှ မီးလျှံအစွယ်များဖြင့် ဝါးမျိုကိုက်ဖြတ်နေသော မုံရွာ နွေလူးကို ဘာနှင့် ခုခံ၍မှ မရနိုင်။ မိုးရွာပါတော့။ မိုးလာပါတော့။ ငယ်ဆရာတစ်ဦး၏ စကားကို ပြန်ကြားယောင်သတိရပါသည်။ ကျွန်တော့်၏ နိုင်ငံရေး ဥပဇ္ဈယ်ဆရာ ဘုန်းကြီး ကန်ထွန်းကြည်။ အနောက်ဘက် ဘုန်းကြီးကန်ရွာသား၊ ကိုယ်တစ်ပိုင်းသေ လေဖြတ်နေသော ဒုက္ခိတကြီး ဦးထွန်းကြည်။ ကျွန်တော့်ကို ပြောဖူးပါသည်။ နွေအခါ နေပူတယ်၊ မိုးမရွာလို့ ပူပြင်းတယ်ဆိုတာ မင်းအတွက် အရေပြားကသာ ခံစားရတဲ့ဒုက္ခပါ။ တောသူတောင်သား မုံရွာနယ်က နှမ်းတောင်သူတွေ ပဲတောင်သူတွေ ခံစားရတာက တစ်ဘဝလုံးရဲ့ ဒုက္ခ။ နွေမှာ နေပူလို့ မိုးမရွာလို့ မင့်ဘဝ ပျက်မသွားဘူး။ တောင်သူတွေ အဖို့တော့ ဘဝပျက်သွားနိုင်တယ်။ ဆွေစဉ်မျိုးဆက် ဘဝပျက်နိုင်တယ်ဟု ပြောဖူးပါသည်။ ကျွန်တော့်မှာ ဆရာနှစ်ယောက်ရှိခဲ့ပါသည်။ ငယ်ဆရာ ဘုန်းကြီးကန်ထွန်းကြည်။ ကြီးဆရာ ရှေ့နေကြီး ဦးကိုယု၊ ကိုထွန်းကြည် မရှိတော့ပြီ။ လောလောဆယ်တော့ ပူပြင်းလောင်မြိုက်သော ပစ္စုပ္ပန်ဖျာလိပ်ခေါင်းထဲမှာ ခေါင်းဝင်ပြီး ကျွန်တော် အတင်းတိုးထွက်နေပါသည်။ နေပူတာသာ ကြောက်နေရင် ဆရာဘယ်မှ သွားလိုက်ရမှာ မဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း တွေ့ ရမှာမဟုတ်ဘူး။ မုံရွာသား ကိုရည်က ပြော၍ လာခေါ်သည်။ လက်တွေ့ ကျသော အဘိဓမ္မာပေပဲ။ ကဗျာဆရာတွေ အတော်များများနှင့် တွေ့ရသည်။ မှန်ပါသည်။ နေပူတာသာ ကြောက်နေလျှင် ကျွန်တော် ဘယ်ကဗျာဆရာနှင့်မှ တွေ့ ရမည်မဟုတ်။ ပြောရဆိုရ ဆွေးနွေးရမည်မဟုတ်။ အစိုင်အခဲများကို ထုထောင်းချေဖျက်ရလိမ့်မည် မဟုတ်။ မပြေလည်မှုများကို နောက်ဆုံး အဆင်သင့် ရွှေ့ဆိုင်းထားဖြစ်လိမ့်မည် မဟုတ်။ သည်တစ်နွေမှာ ဘယ်တုန်းကမှ မလုပ်ဖူးသော ကဗျာဆရာ အနုပညာသမားများနှင့် ‘တွေ့ ဆုံဆွေးနွေးခြင်း’ ကို ကျွန်တော် လုပ်ခဲ့ရ၍ ကျေနပ်မိပါသည်။ မုံရွာနွေသည် မုံရွာသား ဂီတသမား ကိုရည်ကတစ်ဆင့် အလွန်ရိုးစင်း တန်ဖိုးရှိလှသော သဘာဝ အဘိဓမ္မာတစ်ရပ်ကို ကျွန်တော့်အား သင်ကြားပေးလိုက်ပါသည်။ နွေဆိုတာ ပူမှာ။ အပူကို မကြောက်နဲ့။ ပြောစရာရှိလျှင် အလွန်ပြတ်ပြတ်ပြောတတ်သော မောင်ယဉ်နိုင်၏ စကားများကိုလည်း ကျွန်တော်နားထောင်ခဲ့ရသည်။ ပြောစရာရှိလျှင် စကားမချန်ဘဲ ပြတ်ပြတ်တောက်တောက် ပြောသောနေရာတွင် သူနှင့်ကျွန်တော် တူပါသည်။ မဂ္ဂဇင်း အဖွင့်စာမျက်နှာများပေါ်မှာ များများစားစား မတွေ့ရသော်လည်း ထိပ်တန်းကဗျာဆရာတစ်ယောက်ဟု ကျွန်တော် ဆုံးဖြတ်မိသူတစ်ယောက်ကိုလည်း တွေ့ရပါသည်သူကား မောင်ဆေးရိုး။ သူမေးသော မေးခွန်းများ၊ သူတင်ပြသော မကျေလည်မှုများ၊ သူ ယုံကြည်သော ကဗျာအယူအဆများကို ကျွန်တော် ကြားခဲ့သိခဲ့ရပါသည်။ မောင်ဆေးရိုးသည် သမ္ဘာရှိ၏။ ရင့်ကျက်၏။ သူ့အယူအဆ များသည် မျှတ၏။ ချင့်ချင့်ချိန်ချိန် ရှိ၏။ ပေါ့တီးပေါ့ဆ သဘော ထား၍ မရလောက်သော ကဗျာအယူအဆများ သူ့တွင်ရှိကြောင်း ကျွန်တော်သိခဲ့ရသည်။ အတတ်ကြွဆုံး၊ အဖျက်လက်ဆုံး၊ မေးခွန်း အများဆုံး၊ မကျေနပ်တာတွေ အများဆုံးကတော့၊ စကားအပြောဆုံး ကတော့ မင်းဆွေနှစ် ဖြစ်သည်။ လူငယ်ပေပဲ။ ကျွန်တော်သူ့ အရွယ်ကလည်း သည်လိုပဲရှိမည်။ သူ့ကိုကြည့်၍ တတ်ကြွမှုတွေ ကူးစက်နေသည်။ အထူးသဖြင့် သူ လူငယ်တစ်ယောက် ဖြစ်နေခြင်းအတွက် ကျွန်တော်ပို၍ ကြည်နူးမိသည်။ အာဃာတမပါ၊ ပကာသန မပါ၊ ဂိုဏ်းစွဲမပါ၊ ပရိယာယ်မပါ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပွဲများမှာ ကဗျာသာ ပါ၏။ စာပေအနုပညာသာပါ၏။ (မှတ်ချက် -အရက်လည်း မပါပါ) သည်လိုနှင့်ပင် တွေ့ဆုံဆွေးနွေးပွဲ အတော်များများ ကျွန်တော် ထိုင်ဖြစ်ခဲ့ပါသည်။ လက်ဖက်ရည်ဆိုင် အတော်များများမှာ။
ကျွန်တော်တို့ မုံရွာသာများ အပြောကြီးကြပါသည်။ မြန်မာပြည်မှာ လက်ဖက်ရည် အကောင်းဆုံးမြို့ ။ အပြောကြီးလည်း ကြီးလောက်ပါပေသည်။ မုံရွာမြို့မှာ ကျွန်တော်သောက်ခဲ့သမျှ လက်ဖက်ရည်ဆိုင်တိုင်းလိုလို ကောင်းကြသည်။ ရန်ကုန်မြို့ က အကောင်းဆုံး၊ အခမ်း နားဆုံး၊ ဈေးအကြီးဆုံး လက်ဖက်ရည်ကို မုံရွာ ပလက်ဖောင်းဘေးက ဆိုင်ကလေးက ခါးထောက်ပြုံးပြနေလိမ့်မည်။ လက်ဖက်ရည်ဆိုင်တိုင်းမှာ တမာပင်ရှိ၏။ တမာရိပ်ရှိ၏။ ထိုဆိုင်အတော်များများမှာ ကျွန်တော်ထိုင်၍ လူငယ်ကဗျာဆရာများ နှင့် ဆွေးနွေးနှီးနှောဖြစ်ခဲ့ပါသည်။ သူတို့ မကျေနပ်တာတွေ၊ မကျေလည်တာတွေ၊ သဘောမတူတာတွေ၊ လက်မခံနိုင်တာတွေ၊ ကျေနပ်တာတွေ ၊ကျေလည်တာတွေ ၊ သဘောတူတာတွေ၊ လက်ခံတာတွေကို အပိုင်းအစများသည် ကျွန်တော့်ရင်ကို စူးရှခင်မင်စွာ လာရောက်ထိမှန်ပါသည်။ သူတို့ စကားလုံးတိုင်းသည် တင်းမာပြတ်သားသော်လည်း ပန်းပွင့်များ ဖြစ်ကြ၏။ ကြည်နူးရပါသည်။ အယူအဆတူသူအချင်းချင်းကို မပြောနှင့်တော့၊ အယူအဆ မတူသူများပင် ဖြစ်စေကာမူ တစ်ခုသော စိတ်ဓာတ်၊ တစ်ခုသော ယုံကြည်ရာတွင် ခိုင်ခိုင်မာမာ သန့်သန့်စင်စင် ရပ်တည်၍ ဆွေးနွေးရသည်မှာ ဘာနှင့်မှ မတူအောင် ကြည်နူးစရာကောင်းပါသည်။ ကျွန်တော့်စိတ်အထင်မှာ မုံရွာမြို့လယ်က “ကန်တော်ကြီး’ ရေပြင်တွင် ကြာဖြူ၊ ကြာနီ၊ ကြာညိုပန်းတွေ ဝေနေသည်။ ကြာပန်း ကြာပွင့် တွေ၊ ကြာရိုး ကြာနွယ်တွေ၏ အောက်တွင် နက်ရှိုင်းသော၊ ခိုင်မာသော၊ အင်အားကြီးသော၊ အခြေခုံထုထည်ကြီး တစ်ခု ရှိနေသည်ကို ကျွန်တော် သိလိုက်ပါသည်။ မုံရွာသည် ကဗျာမြို့ ဖြစ်၏။
မုံရွာနွေ တမာပင်အောက်က ခုံတန်းလျားလေးပေါ် ကျွန်တော် ထိုင်နေပါသည်။ ကျွန်တော့်အနီးမှာ ကဗျာများ ပေါက်ကွဲနေကြ၏။ ထိုပေါက်ကွဲမှုများကို ကျွန်တော်အေးမြစွာ ခံစားနေရ၏။ ကဗျာဆိုသည်မှာ ပေါက်ကွဲခြင်းပါပဲ။
အေးမြသော နှင်းမှုန်ကြားမှာ ကဗျာမြို့တော်၏ အလှကို နောက်တစ်ကြိမ် ခံစားကြည့်ချင်ပါသေးသည်။
* * * * * * * * * *
တယောထိုးတဲ့ ပို့စ်မော်ဒန်ကောင်မလေး မန္တလေးမြို့မနှင့် ကိုတင်ရီ
ပို့ဆောင်ရေးမဂ္ဂဇင်း၊ ၂၀၀၀
ဗင်နက်ဆာမေ(Venessa Mae) ၏ တယောလက်သံ အခွေတစ်ခွေကို ပထမဆုံး နားထောင်လိုက်ရစဉ်ကပင် ကျွန်တော်အလွန်ကြိုက်သွားပါသည်။မကြာခင် တစ်ယောက် ဗီဒီယိုတိတ်ခွေတစ်ခွေ လာပေးသည်။ လန်ဒန်မြို့ ‘တော်ဝင် အဲလ်ဘတ်ခန်းမ’ တွင် တင်ဆက်သော စင်တာတယောပွဲတော်အခွေဖြစ်သည်။ အသားဝါဝါ၊ ဆံပင်တိုကလေးနှင့် စီးကွင့် (ဘော်ကြယ်) ထိုးထားသော အနက်ရောင် မီနီစကတ် တိုတိုကလေးနှင့် သားရေဘွတ်ဖိနပ်နှင့် သွက်လက်မြူးကြွ ခုန်ပေါက်ပြေးလွှာနေသော ထိုကောင်မလေးသည် ကမ္ဘာ့ထိပ်တန်း တယောပညာရှင်မကလေးနှင့်မတူ။ စိတ်လွတ်ကိုယ်လွတ် ပျော်မြူး ပြေးလွှားနေသော မြီးကောင်ပေါက်မကလေးနှင့် ပိုတူနေသည်။ တကယ်တော့ လျှပ်စစ်တယောပြား ဖြူဖြူကလေးကို ပခုံးပါးမှာ ညှပ်ပြီး တယောထိုးရင်း ခုန်ပေါက်ပြေးလွှားနေသော ကောင်မလေးသည် ကမ္ဘာ့ထိပ်တန်း စာရင်းဝင် တယောပညာရှင်မကလေး ဖြစ်၏။
မျက်နှာလေး နုပျိုပျို၊ ဆံတိုပြတ်ကလေး တစ်ခါခါနှင့်၊ အနီးကပ် သူ့မျက်နှာကလေးမှာ တည်လိုက်၊ မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတစ်ခါ ကင်မရာတည့်တည့်ကြည့်၍ ပြုံးလိုက်၊ တစ်ခါတစ်ခါ မဲ့သလိုလို၊ နှုတ်ခမ်းထူထူကလေး တင်းတင်းစေ့လိုက်၊ တစ်ခါတစ်ခါ မပွင့် တပွင့် ဟလိုက် အလွန်ချစ်စရာကောင်းပါသည်။
ကိန်းကြီးခန်းကြီး အထာ အလွန်ကိုင်တတ်သော အင်္ဂလိပ်လူမျိုးတို့၏ ရွှေမြို့တော် လန်ဒန်က Royal Albert Hall ဆိုတာ တော်ရုံ တန်ရုံ အနုပညာနှင့် မကပ်နိုင်ဟု ကြားဖူးသည်။ ပရိသတ် ထောင်သောင်းရှိသော ထိုခန်းမကြီးကို ကောင်မလေး၏ တယောသံက လွှမ်းမိုး ချုပ်ကိုင်ထားသည်။ ကျွန်တော်ကြားဖူးနားဝ သိသမျှ ကမ္ဘာ့ဂီတ ကဝိကြီးများ၏ တေးကြီး ဘွဲ့ကြီးများကို လျှပ်စစ်တယောပြားကလေးနှင့် ထိုးပြသွားသည်။ စန္ဒရား၊ ဆက်ဆိုဖုန်း၊ ကလယ်ရီနက်၊ ဂစ်တာ သုံးလက်၊ ဒရမ်ဆက်တို့ဖြင့် တွဲဖက်တင်ဆက် ထိုးပြသွားသည်။ Bachပါသည်။ Paganini ၏ တယောဘွဲ့ ကြီးတစ်ပုဒ် ပါသည်။ Haydn ပါသည်။ ကျွန်တော် သိသလောက် Niccolo Paganini (1782-1840) မဂ္ဂါနီနီသည် တယောကဝိကြီး ဖြစ်၏။ တယော ဘွဲ့ကြီးများ စပ်ဆိုသွားခဲ့သည့် ဂန္တဝင် ပဂေးကြီးဖြစ်၏။ ကျွန်တော့်အထင် ဟိတ်နှင့်ဟန်နှင့် မှင်နှင့် မောင်းနှင့် ခံ့ခံ့ညားညား တီးရသော တယောဘွဲ့ကြီးကို ဒရမ်ဆက်၊ ဂစ်တာသုံးလက်၊ ကီးဘုတ်တို့ဖြင့် ဝုန်းဒိုင်းကြဲအောင် တီးမှုတ်သွားပါသည်။ ဘယ်လိုလဲ ကျွန်တော် မသိပါ။ ဘယ်လို arrangements တွေ လုပ်သွားသည်ကို ကျွန်တော် မသိပါ။ ကျွန်တော်သိတာကတော့ မဂ္ဂါနီနိ (Paganini) ကို ဇာတ် စင်ပေါ်မှာ ခုန်ပေါက်မြူးထူး၍ ဝုန်းဒိုင်းကြဲအောင် တီးပြသွားခြင်းကိုသာ သိပါသည်။
လူပြိန်းတစ်ယောက်အနေနှင့် ပြောရလျှင် အလွန်ကြိုက်ပါသည်။ ကျွန်တော် နားလည်သလို ဥပမာပေးရလျှင် ထိုကောင်မလေး၏ ဂန္တဝင်တယော Live Show ကို ကြည့်ရသည်မှာ ခေတ်ပေါ် ဂီတ (ဆိုပါတော့) Ricky Martin လို အဆိုတော်မျိုး ၊ Jennifer Lopez တို့၊ Janet Jackson တို့၊ TLC တို့ Coco Lee တို့လို အဆိုတော်မျိုးတွေ ၏ Live Show ကို ကြည့်နေရသည်နှင့် ဘာမှ မခြားပါ။ တဝုန်းဝုန်း တဒိုင်းဒိုင်း ခုန်ပေါက်မြူးထူးနေပုံမှာ အလွန်သဘောကျစရာကောင်း ပါသည်။ လူပြိန်းတစ်ယောက်၏ အတွေးမျှသာ ဖြစ်ပါသည်။
ကျွန်တော့်စိတ်အထင် လွန်ခဲ့သော အနှစ် ၄ဝ ကျော် ၅ဝလောက်က ရှိလိမ့်မည်။ ကျွန်တော် ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ် စတက်သည်။ မန္တလေးတက္ကသိုလ် ရတနာပုံကျောင်းဆောင်မှာ နေခဲ့သည်။ ထိုစဉ်က ရွှေမန္တလေး၏ သီတင်းကျွတ်တန်ဆောင်တိုင် ပွဲတော်ညများ ကြုံခဲ့ရသည်။ တစ်သက်မမေ့။ တိုတိုပြောရလျှင် ညတစ်ည ပွဲခင်းလှည့်ရင်း သူငယ်ချင်းတစ်သိုက်နှင့် မလွန်ဘက်ဟု ထင်သည်။ ဇာတ်စင်ကြီး တစ်စင်တွေ့၍ ဝင်နားထောင်ရန် တိုးဝှေ့ကြည့်ကြသည်။ မန္တလေးမြို့မ အပျော်တမ်းတူရိယာအဖွဲ့ဟူသော စာတမ်း ပိတ်ကားကြီးကို ကျွန်တော်မှတ်မိနေသည် ထင်ရ၏။ ထိုစဉ်က မန္တ လေးမြို့မဆိုတာ ဘာမှန်းမသိ။ ကြားလည်း မကြားဖူးပါ။ စင်ပေါ် မှာပြောင်ပြောင်လက်လက် ကောက်ကောက်ကွေ့ကွေ့ ကိရိယာတွေနှင့် တီးမှုတ်နေကြသည်ကို တွေ့ ရသည်။ လူတွေကလည်း ၂၀၊ ၃၀ လောက်ရှိလိမ့်မည်။ ဘာတူရိယာပစ္စည်းဟု ကျွန်တော်မသိခဲ့။ ကောက်ကောက်ကွေ့ ကွေ့ ပြောင်ပြောင်လက်လက်တွေသာ တွေ့ ရ၏။ သီချင်းဆိုသူကို မတွေ့ရ။ တီးလုံးသက်သက် တီးမှုတ်နေကြ၏။ တီးလုံးကို အာရုံစိုက်ပါသည်။ ပထမတော့ တဂီဂီ တဂေါ်ဂေါ် ဆူညံနေသည်။ ဘာမှန်းမသိ။ နောက်တော့ ထိုတီးလုံးကို ကျွန်တော်သိသည်။ သိနေသည်။
ကျွန်တော်ဆယ်တန်းအထိ မုံရွာမြို့ အမှတ် (၁) တန်းမြင့်ကျောင်းမှာ နေခဲ့သည်။ ကျောင်းပိတ်ရက်များတွင် ကျွန်တော့်မိဘများ အလုပ် ပြောင်းရွှေ့ရာ မြို့ရွာများသို့ လိုက်နေခဲ့ရ၏။ ချောင်းဦး၊ ဆားလင်းကြီး၊ ရေဦး၊ ကသာ၊ တမူး၊ တံတားဦး၊ အင်းဝ၊ ထိုမြို့ကလေးများတွင် နေခဲ့စဉ်က အလှူမင်္ဂလာ၊ သာရေးနာရေးကိစ္စများတွင် မပါမဖြစ် ပါခဲ့သော၊ ထိုစဉ်က အလွတ် ခေတ်စားခဲ့သော လော်စပီကာ ယဉ်ကျေးမှုနှင့် အတော်ရင်းနှီးခဲ့ပါသည်။ ခေတ်က ဓာတ်ပြားခေတ်၊ ရွာထိပ်မန်ကျည်းပင်ဖျားမှာ အော်လန်ကြီး နှစ်ခုတပ် ဓာတ်စက်ဖွင့်လိုက်လျှင် ရွာနီးချုပ်စပ်ကပင် ကြားရသော လော်ကြီးများ၏ ခေတ်ဖြစ်သည်။ ထိုစဉ်က နေမျိုးဗလကျော်သူဘွဲ့ရ ဆိုင်းဘုရား ရွာစားကြီး စိန်ဗေဒါ၏တီးလုံး ဓာတ်ပြားများ နားလျှံအောင် ကြားခဲ့ရ၏။ ဥဩတို့ ညိုစိမ့်တို့လို ဆိုင်းနောက်ထ ပညာရှင်များနှင့် ရွာစားကြီး အချီအချ ပြောကြသည်များကို အလွန်သဘောကျခဲ့၏။
ရွှေမန်းကျည်းရယ် ခုနှစ်ပင်
ယဉ်ပါလေစ မြက်ကယ်က
ကိုကြီးနတ်ကယ် ဆီးကြိုလာ၊
ကျားညီနောင် ကြောင်နှစ်ကွင်း
ဘယ်မငြင်းသာ
ထဘီဖာ လိုပါသေးတယ်၊
ဘီးနဲ့မှန် လိုပါသေးတယ်။
လိုက်ပါရစေ. . . အို. . . စိန်ဗေဒါနဲ့
လိုက်ပါရစေ။
စာသား အတိအကျ ဟုတ်ချင်မှ ဟုတ်မည်။ ကျွန်တော် မှတ်မိသလောက်ဖြစ်၏။ ထိုတီးလုံးကို ကျွန်တော် ကောင်းကောင်း မှတ်မိနေသည်။
ယခု မန္တလေးမြို့မ အပျော်တမ်းတူရိယာအဖွဲ့မှ ပုဂ္ဂိုလ်များသည် ဆက်ဆိုဖုန်းတွေ၊ ကလယ်ရီနက်တွေ၊ ထရမ်းပတ်တွေနှင့် အထက်ဖော်ပြပါ ‘ရွာစားကြီးစိန်ဗေဒါ” ၏ တီးလုံးကို ရေရေလည်လည် ‘ကိုင်’ နေကြပါသည်။ ကောင်း၏ မကောင်း၏ ကျွန်တော်မသိပါ။ မဝေဖန်တတ်ပါ။ သို့သော် ကျွန်တော်ကြားဖူး မှတ်မိနေသော မြန်မာဆိုင်း ဝိုင်းကြီးနှင့် တီးမှုတ်ရသည့် တေးသွားသီချင်းကို ယခု “မြို့မ” က ပုဂ္ဂိုလ်များက လေမှုတ်ပစ္စည်းများဖြင့် ကျကျနန တီးမှုတ်ပြနေသည်ကို ကျွန်တော်အလွန် သဘောကျမိပါသည်။ ဘာကြောင့်ဟု မပြောတတ်ပေမယ့် ကျွန်တော် အလွန်ကြိုက်သွားပါသည်။ တင်စားပြောရလျှင် ရင်ထဲ စွဲငြိသွားသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ နှစ်အတော်ကြာခဲ့ပြီ။ယခု ကျွန်တော်လည်း အသက်၆ဝ ရှိပြီ။ ထိုစဉ်က ကျွန်တော် ၁၆နှစ်သား သာသာလောက်တုန်းက အဖြစ်အပျက်ကို ယခု ကျွန်တော် ရေးတေးတေး သိသော အနုပညာသီဝရီများနှင့် ထင်ဟပ်၍စဉ်းစားမိပါသည်။ မန္တလေးမြို့မသည် ထိုစဉ်ကတည်းက ယခု ပို့စ်မော်ဒန်ဟု ခေါ်ကြသော အခြေအနေ အခြင်းအရာတစ်ရပ်သို့ ဦးတည်နေသလား ကျွန်တော်စဉ်းစားမိပါသည်။ အသေအချာ မပြောနိုင်ပါ။ ကျွန်တော် မဝေဖန်တတ်ပါ။ သိုထိုအဖြစ်အပျက်ကို ကျွန်တော် အလွန် ကြိုက်ခဲ့ပါသည်။ ယခုတိုင် နှစ်သက်ချီးကျူးမိနေပါသည်။
ကျွန်တော့်အသည်းကျော်မလေး ဗင်နက်ဆာမေ နှင့် စိန်ဗေဒါကြီး နှင့် မန္တလေးမြို့မ တို့သည် ကျွန်တော့်ခေါင်းထဲမှာ လုံးချာလိုက်၍ နေပါသည်။
Venessa Mae၊ နေမျိုးဗလ ကျော်သူဘွဲ့ရ ဆိုင်းဘုရား ရွာစားကြီး စိန်ဗေဒါ၊ မန္တလေးမြို့မ
လောလောဆယ် လမ်းထိပ်က ကွမ်းယာဆိုင်မှာ ကွမ်းယာဖိုး အကြွေး ၂ဝ ပေးစရာ ရှိသည်။ ကျွန်တော်မပေးရသေး။ သို့သော်၊ သို့ သော် ဆိုသည်မှာ အကယ်၍ ဖြစ်၏။ အကယ်၍ ကျွန်တော်သာ ဘီလျံနာတစ်ယောက်ဖြစ်ခဲ့လျှင် “ဇော်ဇော်အောင် ဖောင်ဒေးရှင်း’ မှ ဒေါ်လာ သန်းနှစ်ရာ ထုတ်ယူ၍ တယောကိုတင်ရီကို ပေးလိုက်မည်။ “ဦးတင်ရီ ခင်ဗျား အနုပညာလုပ်ငန်း လုပ်ဖို့အတွက် ရော့. . . ဒီမှာ ဒေါ်လာသန်း နှစ်ရာ၊ ခင်ဗျား လုပ်ချင်တာ လွတ်လွတ်လပ်လပ်လုပ်’ ဟုလည်း ကျွန်တော် ပြောလိုက်ပါမည်။
တယောထိုးတဲ့ ပို့စ်မော်ဒန်ကောင်မလေး ဗင်နက်ဆာမေ (Venessa Mae) ကို ကျွန်တော် အလွန်ကြိုက်ပါသည်။ ကျွန်တော့်လို အဘိုးကြီးတစ်ယောက် ပြောရမည့်စကားမျိုး မဟုတ်၍ ပြစ်တင် ရှုတ်ချအပုတ်ချနိုင်ပါသည်။ အရေးမကြီးပါ။ သို့သော် တယောထိုးတဲ့ ပြင်သစ်-ထိုင်း ကပြား ကောင်မလေးကို စွဲလမ်သွားစေအောင် ဖန်တီးသော တရားခံသုံးယောက်ရှိပါသည်။ The Storm ဆိုသော ကက်ဆက်ခွေ လာပေးသည့် ပန်းချီဆရာ မောင်မောင်ထွေး၊ The Red Hot Tour ဗီဒီယိုအခွေ လာပေးသော ကျွန်တော့် ထုတ်ဝေသူ ကိုယ်ထိုက်၊ ထိုကောင်မလေး၏ ဓာတ်ပုံများ၊ သတင်းဆောင်းပါးများပါသော Asia Week, Time, Bangkok Post, The Nation, Strait Times စသော ဂျာနယ်များ၊ သတင်းဆောင်းပါးများကို ယူလာပေးသော ‘တက်လမ်း’ ဂျာနယ်မှ ကိုသက်တို့သည်သာ တရားခံများဖြစ်ကြ၏။ ကျွန်တော့်ကို ပူစပ်ပူလောင် ဖြစ်အောင်လုပ်သော သူတို့သုံးယောက်ကိုသာ အပြစ်တင်သင့်လှ၏။ ဗင်နက်ဆာမေ၊ စိန်ဗေဒါကြီး၊ မန္တလေးမြို့မ၊ တယောကိုတင်ရီ၊ စိန်ဗေဒါကြီး၊ ဗင်နက်ဆာမေ၊ မန္တ လေးမြို့မနှင့် ကိုတင်ရီနှင့် တယောနှင့် ဗင်နက်ဆာမေနှင့် မန္တလေး မြို့မနှင့် စိန်ဗေဒါကြီးနှင့် တယော...။
* * * * * * * * * *
တိုက်စိုးလို ဖြစ်ချင်တယ်
မြင်သာမဂ္ဂဇင်း၊ ၂၀၀၀
ဆရာ ‘တိုက်စိုး’ ကို စာကြည့်တိုက်ပညာရှင်၊ ယဉ်ကျေးမှုရေးရာ ကျွမ်းကျင်သူ၊ စာပေပညာရှင်၊ သုတေသီ စသည့် ဂုဏ်ပုဒ်များဖြင့် သိမှတ်ခေါ်ဆိုနိုင်သည်။ ပညာလောကမှာ ထိုဂုဏ်ပုဒ်များဖြင့် သူ့ကိုသိကြပါသည်။ ကျွန်တော်တစ်ယောက်၏ သဘောအရ သူ့ကို “စကားပြေဆရာ” တစ်ဦးအဖြစ် ဂုဏ်ပြုချင်ပါသည်။ ထို့ပြင် ကျွန်တော်လေးစားသော ဆရာတွေထဲမှာ ဆရာတိုက်စိုး ပါဝင်ပါသည်။ ကျွန်တော့်သင်ဆရာ မဖြစ်ခဲ့ဖူးသော်လည်း ကျွန်တော့်ဆရာအဖြစ် သဘောထားပါသည်။ ကိုယ်လေးစားသော သူတစ်ဦးနှင့် ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ကြည့်တတ်ကြသည်မှာ လူ့သဘာဝဟု ထင်ပါသည်။ ကျွန်တော် ဆရာတိုက်စိုးလို ဖြစ်ချင်သည်။ သဘောထားတစ်ခု အရည်အချင်းတစ်ခုမှာ ဆရာတိုက်စိုးလို ကျွန်တော်ဖြစ်ချင်ပါသည်။ အကြိမ်ကြိမ် အဖန်ဖန် စဉ်းစားဆင်ခြင်မိတိုင်း သူ့မှာရှိသော အရည်အချင်းမျိုး ကျွန်တော့်မှာ မရှိသေးကြောင်း ပို၍ပို၍ သေချာနေပါသည်။
လွန်ခဲ့သော နှစ် ၂၀ ကျော်ကျော် ၃၀ လောက်က ဖြစ်ပါသည်။ တက္ကသိုလ်မှာ “ပညာပဒေသာ’ ဟု ခေါ်သော ပညာရပ်ဂျာနယ် တစ်စောင် ပုံမှန်ထုတ်ဝေဖူးပါသည်ဝိဇ္ဇာသိပ္ပံပညာရပ်များကို သိက္ခာရှိသော စာပေဆောင်းပါးစာတမ်းများဟု ခေါ်နိုင်ပါလိမ့်မည်။ ယခုတော့ ထိုဂျာနယ်သည် လွမ်းမောတသဖွယ်ရာ ပျောက်ကွယ်သွားပါပြီ။ ထိုဂျာနယ်တစ်စောင်မှာ စာတမ်းတစ်စောင် ကျွန်တော် ရေးခဲ့ဖူးပါသည်။ စကားပြေလေ့လာမှု’ နှင့် ပတ်သက်သော သဘောတရားနှင့် ဝေဖန်ရေး စာတမ်းဖြစ်သည်။ အမှန်ပြောရလျှင် ထိုစဉ်က ကျွန်တော်သည် L.A. Richardsကို သဲသဲမဲမဲ ကြိုးစားဖတ်နေရသောအချိန် ဖြစ်သည်။ ဂုဏ်လုပ်လိုသော စကား မဟုတ်ပါ။ ကောင်းကောင်း သဘောမပေါက်သောကြောင့် သဲသဲမဲမဲ ကြိုးစားဖတ်နေသည်ဟု ဆိုချင်ပါသည်။ ထို့ပြင် အမေရိကန် ဝေဖန်ရေးသစ် (New Criticism) ရဲ့ အတွေးအခေါ်များကလည်း ကျွန်တော့်ကို လွှမ်းမိုးထားသော အချိန် လည်းဖြစ်သည်။ စာကြည့်တိုက်မှာ အချိန်များစွာကုန်စေ၍ သဲသဲမဲမဲ အငမ်းမရ ရှာဖွေဖတ်ရှုနေရသော အချိန်ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ထိုစကားပြေလေ့လာမှု ဆောင်းပါးတွင် မြန်မာစာပေလောကမှာ စကားပြေအရေးတွင် ထိပ်တန်းနာမည်ကျော် ဆရာကြီးများ၏ စကားပြေများမှ ‘အပြစ်အနာအဆာ’များကို ကျွန်တော် ထောက်ပြဝေဖန်ခဲ့ပါသည်။ သိပ္ပံမောင်ဝ၊ ရွှေဥဒေါင်း တို့မှစ၍ ကျွန်တော့်ဆရာများ ဖြစ်သော ပါမောက္ခ ဦးဧမောင်၊ အင်္ဂလိပ်စာ ပါမောက္ခဦးမျိုးမင်း (နွယ်စိုး)၊ မြန်မာစာပါမောက္ခ ဦးမောင်မောင်ကြီး တို့ပါသည်။ ယင်းတို့အထဲမှာ ဆရာတိုက်စိုးလည်း ပါသည်။ ထိပ်တန်းဆရာကြီးများ၏ စာကို အပြစ်အနာအဆာ ထောက်ပြ၍ ဝေဖန်လိုက်သောကြောင့် အတော်ဂယက်ရိုက်ခဲ့ပါသည်။ ကျွန်တော်လည်း အတော်ခံလိုက်ရပါသည်။ ဆရာကြီးများကို ဝေဖန်သင့် မဝေဖန်သင့် ဆိုသည်မှာ တစ်ကိစ္စ။ ကျွန်တော့်ဝေဖန်ပုံ၊ ဝေဖန်ရေး စနစ်မှာ တစ်ကိစ္စ ဖြစ်ပါသည်။ စကားပြေသဘောတရားတစ်ခုကို တည်ဆောက်၍(ဝါ) စံပြု၍ အသေအချာ အလေးအနက် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် ကျွန်တော် အတော်စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် ကျွန်တော်ဝေဖန်ရေးမှားသည်ဟု ယခုအထိ မယူဆပါ။ ဝေဖန်သင့် မဝေဖန်သင့်ကိစ္စမှာသာ ကျွန်တော် ဒွိဟဖြစ်၍ စိတ်မကောင်းဖြစ်ခဲ့ပါသည်။
ထိုသို့ဖြင့် ကျွန်တော့်ကို ဝိုင်း‘သမ’ နေကြသည်။ ကျွန်တော့်ကို ဝိုင်း၍ အပြစ်တင်ကြသော်လည်း ကျွန်တော်ဝေဖန်ပုံစနစ်ကို ဆန့်ကျင်ချေဖျက်သော ဆောင်းပါး တစ်စောင်တလေမှ မထွက်ခဲ့ပါ။ ထိုစဉ် တစ်လအတွင်းဟု ထင်ပါသည်။ ဆရာတိုက်စိုးနှင့် တွေ့ပါတော့သည်။ ကျွန်တော်မှတ်မိသလောက် ဝိဇ္ဇာခန်းမ/ ဂျပ်ဆင်စင်္ကြ တစ်နေရာဟု ထင်ပါသည်။ ပြုံးပြုံးရယ်ရယ် နှုတ်ဆက်လာသော ဆရာ့ရှေ့မှာ ကျွန်တော် အားတုံ့အားနာ ဖြစ်နေသည်။ ကျွန်တော့်အမူအရာမှာ ပုံမှန်မဟုတ်ဟု ဆိုရပါမည်။ ဆရာတိုက်စိုးက ပြုံးရယ်၍ ကျွန်တော်ရေးသော စာတမ်းများကို ဖတ်ရကြောင်း၊ ကောင်းကြောင်း၊ သည်လိုရှုထောင့်အသစ်တွေက ဝေဖန်သောစာများ လူငယ်တွေ ရေးသင့်ကြောင်း၊ အထူးသဖြင့် သိပ္ပံမောင်ဝ၏ စာသားကို ဂရပ်မျဉ်း (graph) ဖြင့် ကျွန်တော်ပြပုံကို ကြိုက်ကြောင်း ပြောပါတော့သည်။ သူ့ မျက်မှန်ထူထူကြီးနောက်မှာ သူ့မျက်လုံးများတွင် ကျေနပ်သောအရိပ်များ တွေ့လိုက်သည်ထင်ရ၏။ တပည့်လူငယ်တစ်ယောက်ကို ကျေနပ်စွာ ပြုံးကြည့်နေပုံမျိုးဖြစ်၏။
ဆရာက ဆက်၍ “ခင်ဗျား ဆရာရဲ့ ဆရာက ဘယ်သူလဲဆိုတာ သိလား...’ ဟု မေးပါသည်။ ကျွန်တော့်ဆရာဆိုသည်မှာ ဇော်ဂျီကို ဆိုလိုသည်။ ကျွန်တော်က မသိကြောင်း ပြောသောအခါ ဆရာက “ခင်ဗျားဆရာရဲ့ ဆရာက “သေက္ချတောင်ဆရာတော်’ ဗျ၊ သူ သိပ် သဘောကျတာ၊ ခင်ဗျားဆရာက စကားပြေကို (အကွက်ဆင်)ပြီး ရေးတတ်တယ်။ သေက္ချတော်ဆရာတော် လဲ အဲဒီလိုပဲ” ဟု ပြောပါသည်။ ထို့နောက် ဆရလည်း သွားစရာရှိသည် ပြော၍ လမ်းခွဲခဲ့ပါသည်။ ကျွန်တော့်ခေါင်းထဲမှာ သေက္ချတောင်ဆရာတော် ဆိုသော အမည်က ဆူညံမြည်ဟိန်းနေပါသည်။
နောက်တစ်နေ့ ဆရာဇော်ဂျီထံ သွား၍ ဆရာတိုက်စိုးနှင့်တွေ့ ကြောင်း၊ သည်လို သည်ပုံပြောကြောင်း ကျွန်တော် ပြောပြပါသည်။ ဆရာဇော်ဂျီက သူ့ဆံပင်ဖြူဖြူ တိုတိုကလေးတွေ လက်ဝါးနှင့်အသာ အယာပွတ်၍ “ကိုသန်းထွတ်က အဲဒီလို ပြောသလား’ ဟု ဆိုပါသည်။ ဆရာသည် တစ်စုံတစ်ရာ ကျေနပ်သဘောကျသောအခါမျိုးမှာ ဆံပင်ဖြူတိုနံ့နံ့ကလေးတွေနှင့် သူ့ခေါင်းကို သူအသာအယာပွတ်၍ ပြုံးတတ်သော အကျင့်ရှိကြောင်း ဆရာနှင့် အနေကြာ၍ ကျွန်တော်သိနေပါသည်။ ဆက်၍ “ငါ့ကိုသာ ပြောတာ၊ သူလဲ စကားပြေအကွက်သမားပဲကွာ၊ pattern ချပြီး ရေးတတ်တယ်၊ intution နောက် မလိုက်ဘူး၊ technique ကို အားကိုးတယ်’ ဟု ပြောပါသည်။
ထိုစဉ်က ဆရာပြောတာ ကောင်းကောင်းနားမလည်ခဲ့ပါ။ ထို့ နောက် ဆရာက သူ့ဘေးတွင် ပင်လယ်ဝေနေသော စာအုပ်ပင်လယ်ထဲက စာအုပ်တစ်အုပ်ကို ရှာဖွေဆွဲထုတ်၍ ကျွန်တော့်ကို ပေးပါသည်။ မင်းဖတ်ကြည့်ဟု ပြောပါသည်။ (ထိုစဉ်က ဆရာသည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဟောင်း အပေါ်ထပ်တွင် ရုံးထိုင်ပါသည်။) စာအုပ်က ခပ်ဟောင်းဟောင်း ခပ်နွမ်းနွမ်း၊ ကတ်ထူဖုံးနှင့်။
“သေက္ချတောင်ဆရာတော် အရှင်တိလောကမထေရ် စီရင်အပ်သော ပညာ့ဂုဏ်ရည် ပဏ္ဍိတဝေဒနိယဒီပနိကျမ်း”.. . ဟူ၍ဖြစ်၏။
ထိုစာအုပ် ကျွန်တော် သဲသဲမဲမဲ အသေအလဲ ဖတ်ပါသည်။ တစ်လ၊ နှစ်လ၊ ခြောက်လ၊ တစ်နှစ်လောက် ကောင်းကောင်း သဘောမပေါက်။ အလွန်ခက်ခဲသော ဝိပဿနာကမ္မဋ္ဌာန်းကျမ်းပေပဲ။ ဆရာနှင့်နေ့တိုင်း တွေ့ သည်။ တစ်နှစ်လောက်အထိ ဆရာက ဘာမှမမေး။ ကျွန်တော်ကလည်း မပြော။ နောက်ဆုံး တစ်နှစ်ကျော်တော့ ကျွန်တော်ဆရာ့ကို ပြောမိပါသည်။ ဆရာက “မင်းက အဓိပ္ပာယ်နောက် လိုက်နေတာကိုးကွ၊ စကားပြေအဖြစ်နဲ့ လေ့လာချင်ရင် ဝါကျဖွဲ့ထုံးကို ကြည့်မှပေါ့၊ ဝါကျအပေါင်းအစုတွေ ကြည့်မှပေါ့” ဟု ဆိုပါသည်။ ဆရာကောင်းဟူသည် တပည့်၏ မျက်စိကို ထိုသို့ဖွင့်ပေးတတ်ရမည် ဟု ကျွန်တော်ကောင်းကောင်း သဘောပေါက်လိုက်ပါသည်။ ထိုအချိန် မှစ၍ လေ့လာခဲ့ရာ သေက္ချတောင်စကားပြေ ၏ အကွက်အဆင်ကို ကျွန်တော် ကောင်းစွာသိမြင်ခဲ့ပြီဟု ထင်ပါသည်။ တိုက်စိုးက “အကွက်သမား’ ဟု ပြောခဲ့သော ဇော်ဂျီ၏ စကားပြေစာသားကိုလည်းကောင်း၊ ဇော်ဂျီက သူလည်း ‘အကွက်သမား ပဲဟု ပြောခဲ့သော တိုက်စိုး၏ စကားပြေစာသားကိုလည်းကောင်း ကျွန်တော် ကောင်းစွာသိမြင်ခဲ့ပြီ ဟု ထင်ပါသည်။
ဆရာတိုက်စိုးအကြောင်းပြန်သွားပါမည်။
စကားပြေကွန်ချက်တစ်ခုကို ပြခဲ့သော ဆရာတိုက်စိုးကို ယနေ့အထိ စဉ်းစားတွေးတောတိုင်း ကျေးဇူးတင်နေကြောင်း ဆိုခဲ့ပါသည်။ ထိုမျှမကပါ။ တိုက်စိုးလို ဖြစ်ချင်သည် ဟုလည်း ကျွန်တော် ပြောခဲ့ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ ဆရာတိုက်စိုးသည် သူ့ စာကို (ပက်ပက်စက်စက်ဟုပင် ဆိုကြပါစို့) ဝေဖန်ခဲ့သော ကျွန်တော့်အပေါ်မှာ စိတ်မမျက်ရုံမျှမက ကျွန်တော့်ကို အားပေးသည်။ ချီးကျူးသည်။ ကျွန်တော့်ကို ဝိုင်း“တွယ်’နေချိန်မှာ သည်လိုပုဂ္ဂိုလ်မျိုး၏ အားပေးစကားတစ်ခွန်းသည် မည်မျှ တာသွားကြောင်း ကျွန်တော်သာလျှင် သိနိုင်ပါသည်။ စိတ်မမျက်၊ စိတ်မကွက်ရုံသာမက စကားပြေလေ့လာမှုမှာ ကျွန်တော့်အတွက် ယခုအထိ အဖိုးမဖြတ်နိုင်သော “ပညာကွန်ချက်” တစ်ခုကို ပြခဲ့ပါသည်။ သည်လိုသဘောထားမျိုး၊ သည်လို အရည်အချင်းမျိုး၊ သည်လိုစိတ်မျိုးသည် တကယ့် ‘တန်ဖိုး’ ဖြစ်၏။ ပညာသမား၏ ‘တန်ဖိုး’ ဖြစ်၏။ ပညာရှင်၏ ‘တန်ဖိုး’ ဖြစ်၏။ ဆရာသမား အခေါ်ခံထိုက်သူ၏ ‘တန်ဖိုး’ ဖြစ်၏။ ဆရာကြီးတိုက်စိုး၏ တန်ဖိုး ဖြစ်၏။ တိုက်စိုးလို ကျွန်တော်ဖြစ်ချင်သည်။
သို့သော် . . . . ယနေ့အထိ မဖြစ်သေးပါ။
၂၀-၆-ဝဝ
* * * * * * * * * *
နှစ်ဆယ့်တစ် ကြိုချင်း
စျေးကွက်ဂျာနယ်၊
ပို့စ်မော်ဒန်အတွေးအခေါ်များတွင် နယ်နိမိတ်များ ကျိုးပျက်ခြင်း ဟူသော အတွေးအခေါ်တစ်ရပ် ရှိသည်။ ထိုအတွေးအခေါ်သည် ယဉ်ကျေးမှု တန်ဖိုးများနှင့် စံများ ပြိုကွဲခြင်းနှင့် ဆက်စပ်နေသည်။ အရာခပ်သိမ်းတွင် ဗဟိုချက်ပျောက်ကွယ်သွားခြင်းနှင့်လည်း ဆက်စပ်နေသည်။ ထိုအတွေးအခေါ်သည် ၂၁ ရာစုသစ်တွင် ဆက်လက်ဖြစ်ပေါ် တည်ရှိဦးမည့် ပို့စ်မော်ဒန် အခြေအနေများတွင် ဆက်လက် ဖြစ်ပေါ်တည်ရှိလိမ့်မည်။ ဆက်လက်လွှမ်းမိုးထားလိမ့်မည်ဟု ခန့်မှန်းရသည်။ နယ်နိမိတ်များ ကျိုးပျက်ခြင်း ဆိုတာဘာလဲ၊ ကျွန်တော်တို့ စာပေအနုပညာမှာ သတ်မှတ်ချက်တွေ ခွဲခြားမှုတွေ ရှိပါသည်။ ပမာအားဖြင့် ကဗျာ၊ စကားပြေ၊ ဝတ္ထု၊ ဆောင်းပါး စသည်တို့ကို အစဉ်အလာ ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ကြာလည်း ကြာခဲ့ပါပြီ။ ယင်းတို့ကို နယ်နိမိတ်သတ်မှတ်၍ ခွဲခြားသတ်မှတ်ခြင်းဟု ပြောရပါမည်။ ယခု ပို့စ်မော်ဒန် အခြေအနေများမှာ ထိုနယ်နိမိတ်များ ကျိုးပျက်ခဲ့ပြီ။ လူအတော်များများအတွက် လက်ခံနိုင်ဖွယ်ရှိမည်မဟုတ်သော်လည်း အချို့ပိုစ်မော်ဒါန်များက စာပေအနုပညာဖန်တီးမှုနှင့် ဝေဖန်ရေး၏ကြားတွင် ရှိသောနယ်နိမိတ်များကိုပင် ဖျက်ပစ်လိုက်ကြပြီ။ အစဉ်အလာအားဖြင့်ဆိုပါတော့ ကဗျာတစ်ပုဒ်ဟူ၍ ရှိသည်။ ထိုကဗျာသည် ဖန်တီးမှု တစ်ခု ဖြစ်၏။ ထိုကဗျာကို သီဝရီများ၊ စနစ်များဖြင့် ကြောင်းကျိုး ယုတ္တိဆက်စပ်ဆင်ခြင်၍ အကောင်းအညံ့ ခွဲခြားတန်ဖိုး ဖြတ်ခြင်းသည် ဝေဖန်ရေးဖြစ်၏။ ယင်းတို့နှစ်ခု သီးခြားတည်ရှိခဲ့သည်မှာ ကြာပြီ။ ယခု ပို့စ်မော်ဒန်တို့က ထိုသို့ မယူတော့။ ပထမရှိသော ကဗျာသည် ဖန်တီးမှုဖြစ်သကဲ့သို့ ယင်းကဗျာကို ဝေဖန်သော ဝေဖန်ရေးသည်လည်း ဖန်တီးမှုပင်ဖြစ်ရမည်ဟု ရောနှောပစ်လိုက်ကြသည်။ Metaficationဟူ၍ လည်းကောင်း၊ Paracriticism ဟူ၍လည်းကောင်း ခေါ်ကြသည်။ စကားပမာ ဆရာမောင်ထင်၏ ငဘ ဝတ္ထုသည် ဖန်တီးမှုတစ်ခုဖြစ်၏။ ထိုဝတ္ထုကို ဝေဖန်မည်ဆိုလျှင် အစဉ်အလာအတိုင်း ဆောင်းပါးပုံစံ၊ စာပေလေ့လာချက်စာတမ်းပုံစံဖြင့် မရေးတော့ဘဲ ဝတ္ထုအဖြစ် ရေး၍ ဝေဖန်လို့ရသည်။ ထိုအခါ ငဘ ဝတ္ထုကိုဝေဖန်သော ဝတ္ထုဖြစ်ပေါ်တည်ရှိလာပါလိမ့်မည်။ အခြားသော အနုပညာများမှာလည်း ထိုသို့နယ်နိမိတ်များ ကျိုးပျက်ခဲ့ကြသည်။ စကားပမာ Assemblage အမျိုးအစား အနုပညာပစ္စည်းတစ်ခုကို ပန်းချီလား၊ ပန်းပုလား ခွဲခြားဖေါ်ပြရန် ခက်သည်။ ပို့စ်မော်ဒန် Collage ဝတ္ထု တစ်ပုဒ်ကို ဝတ္ထုလား၊ ဆောင်းပါးလား ခွဲခြားဖော်ပြရန် ခက်သည်။ ထို့အတူ Marz ဟု ခေါ်သော Collage အမျိုးအစား အနုပညာပစ္စည်း တစ်ခုကို ပန်းချီလား၊ ပန်းပုလား၊ ဘယ်ရယ်ဟု ပြောမရသော အခြေအနေကို ရောက်သည်အထိ နယ်နိမိတ်များကို ချိုးဖျက်ထားသည်။ Rap ဂီတ ဆိုပါစို့၊ (ကျွန်တော် သိသလောက်၊ ကြားဖူးသလောက် Public Enemy နှင့် MC Hammer ။ ကျွန်တော်တို့ဆီမှာ မျိုးကျော့မြိုင်တို့ လူစု) Rap သည် စကားပြောခြင်းနှင့် သီခြင်းဆိုခြင်း ကြားရှိ နယ်နိမိတ်ကို ချိုးဖျက်ထားခြင်း ဖြစ်သည်။ ဤသို့ဖြင့် စာပေအနုပညာနှင့် အခြား အနုပညာနယ်များမှာ “နယ်နိမိတ်များ ကျိုးပျက်၍ အရောရော အနှောနှော’ ဖြစ်နေသည်။ ထိုအခြေအနေသည် ၂၁ ရာစုတွင် ဆက် လက်ဖြစ်ပေါ်တည်ရှိနေလိမ့်မည်ဟု ခန့်မှန်းရပါသည်။
“နယ်နိမိတ်များ ကျိုးပျက်ခြင်း’ သဘောလက္ခဏာသည် “ယဉ်ကျေးမှုတန်ဖိုးများနှင့် စံများ ပြိုကွဲခြင်း’ နှင့် ဆက်စပ်နေသည်ဟု ပြောခဲ့ပြီ။ထိုနှစ်ခုသည် အကြောင်းတရား/အကျိုးဆက် နှစ်ခုလုံး အပြန်အလှန် ဖြစ်နိုင်ကြောင်း သတိပြုသင့်သည်။ ထို့ကြောင့် ၂၁ ရာစုတွင် ယဉ်ကျေးမှုတန်ဖိုးများနှင့် စံများကို အသစ်တစ်ဖန် ပြန်လည် သတ်မှတ်ဖို့ လိုအပ်လာလိမ့်မည်။ တစ်နည်းဆိုသော ပြန်လည်သတ်မှတ် လာကြလိမ့်မည်။ စကားပမာ ဆိုပါတော့၊ ကျွန်တော်တို့ စာပေ အနုပညာနယ်မှာ တစ်က ပြန်စပြီး ‘အနုပညာဆိုတာ ဘာလဲ’ ဟု ပြန်လည် မေးမြန်းစဉ်းစား၍ သတ်မှတ်ဖို့လိုအပ်လာပြီ။ ထိုစံကို ခေတ်အဆက်ဆက် အနုပညာသမိုင်းတစ်လျှောက်လုံး သတ်မှတ်ခဲ့ကြပြီးသား။ သို့သော် ဘယ်တုန်းကမှ တညီတညွတ်တည်း ကျေနပ်လက်ခံလောက်သည့် စံကို မရခဲ့ကြောင်းကိုလည်း သိကြပြီးလား။ ယခုတစ်ဖန် သတ်မှတ်ကြရဦးမည်မှာ အဆိုပါ ကျေနပ်လက်ခံခြင်း မရှိခဲ့သော စံကိုပင် ထပ်မံသတ်မှတ်ကြရပါမည်။ အဘယ်ကြောင့်ဆိုသော ရှိပြီးသား စံများသည် လုံးဝပြိုကွဲသွားသောကြောင့်ဖြစ်၏။ လွယ်ကူသော ဥပမာ များကို စဉ်းစားကြည့်သင့်ပါသည်။ ကျွန်တော်တို့ ပြန်လည်သတ်မှတ် ရမည့် စံတွေထဲမှာ အနုပညာ၊ အနုပညာစနစ်၊ အမှန်တရား၊ ရသတန်ဖိုး၊ ခံစားမှု စသည့် ခေါင်းစဉ်များ ပါဝင်ပါလိမ့်မည်။ အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသော လူမှုဝိဇ္ဇာနယ်ပယ်များမှာလည်း ထိုအတူပင် ရှိပါလိမ့်မည်။ ၂၁ ရာစု စကာလုံးများ၊ အသံများ ဆူညံရှုပ်ထွေးနေလိမ့်မည်ဟု ခန့်မှန်းရပါသည်။
အမှောင်ကမ္ဘာ၏ အစွန်အဖျားတွင် အလင်းစက်ကလေးတစ်စက် တောက်ပနေသည်။ ဤဝါကျသည် Social Existentialism အငွေ့အသက်များ ပါနေသည်ဟု တစ်စုံတစ်ယောက်က ပြောလာပါက ငြင်းဆိုရန် အကြောင်းမရှိပါ။ ဤစာရေးသူသည် ပစ္စုပ္ပန်ထဲမှာ နေ၏။ ထိုပစ္စုပ္ပန်သည် မသေချာ။ အတိတ်ဆိုသည်မှာ ပစ္စုပ္ပန်၏ သတိရတမ်းတခြင်းသာ ဖြစ်သည်။ အနာဂတ်ဆိုသည်မှာ ပစ္စုပ္ပန်၏ မျှော်လင့်ခြင်းသာဖြစ်သည်။ ဟိုအဝေးမှာ တောက်ပသော အလင်းစက် လာနေသည်။
လောကကို မခွဲနိုင် မခွာရက် ခင်တွယ်နေလို့လား၊ မိမိအတ္တကိုပဲ လွန်လွန်ကဲကဲ စွဲလမ်းနေလို့လား၊ မသိနိုင်ပြီ။ နှစ်ဆယ်ရာစု၏ လေးတွဲသော ခြေသံကို ကြားနေရသည်။ သွားတော့၊ လောက၏ အဝင်လမ်းမှာ အဝါရောင် ဂန္ဓမာပန်းတစ်ခင်းကို ဖြန့်ကျင်းစိုက်ပျိုးထားပါ။ ယုဇနပင်မှာ ဖဲကြိုးဝါတစ်စကိုလည်း ချည်နှောင်တွဲချိတ်ထားသင့်၏။ ရှေ့ဆီကောင်းကင်၊ ပုလဲစင်ဝယ်သစ်လွင်အရုဏ်၊ ရောင်ခြည်လှုံပြီ။
* * * * * * * * * *
မိုးသက်လေနှင်၏ အလွန်မှာ ပန်းချီဆရာ မောင်ညိုဝင်းနှင့်အတူ
ကုမုဒြာဂျာနယ်၊ ၂၀၀၀
ကျွန်တော်သိမီသမျှ ကျွန်တော်အကြိုက်ဆုံး အမျိုးသား အဆိုတော်သည် မောင်မောင်ညွန့် ဖြစ်သည်။ အကျိုးအကြောင်းနှင့် ဆက်စပ်၍ ကျွန်တော် မပြောတတ်ပါ။ သို့သော် ကျွန်တော်ကြိုက်တာကိုတော့ သိနေသည်။ ဂီတနက်သန် ကိုစောညိန်း၏ သီချင်းများ သူ သီဆိုခဲ့ပါသည်။ ကိုစောညိန်း၏ သီချင်များ ကောင်းလှကြောင်းကိုတော့ ပြောချင်ပါသည်။ အမျိုးသမီးအဆိုတော်ထဲက အဆိုတော် မြင့်မြင့်ရှိန်၏ မြနဒီသည် ကျွန်တော် အထူးကြိုက်သော သီချင်းတစ်ပုဒ် ဖြစ်သည်။ နောက်တော့ မောင်မောင်ညွန့်၏ မိုးသက်လေနှင်။ အလွန်ကြိုက်ပါသည်။
‘မိုးသက်လေနှင်’ ကို ပထမဆုံး စ၍ကြားဖူးသည်မှာ လွန်ခဲ့သော နှစ် ၄၀ လောက်ဟု ထင်ပါသည်။ ရှေးခေတ်က ယခုလိုထရစ်စစ္စတာတွေ၊ ဒစ်ဂျစ်တယ်ရေဒီယိုတွေ မပေါ်သေး။ သစ်သားအိမ်နှင့် B.U.S.H ရေဒီယိုအကြီးကြီးကို ကျွန်တော်မြင်ယောင်နေသည်။ ထိုစဉ်က “မိုးသက်လေနှင်သီချင်းကို သီဆို၍ မြန်မာ့အသံမှ အသံလွှင့်သွားသူမှာ ကွယ်လွန်သူ နောင်တော်ကြီး စာရေးဆရာ အောင်လင်း ဖြစ်သည်။ ‘ကိုတင်ဖေ’ဟူသော နာမည်ရင်းဖြင့် သီဆိုအသံလွှင်သွားသည်ကို အသေအချာ မှတ်မိနေသည်။ အစ်ကိုအောင်လင်းသည် ဂီတပညာရှင်ကြီး ‘မြန်မာညွန့် ဦးချစ်မောင်’ ၏ တပည့်အရင်းဟု သိရပါသည်။ သူကိုယ်တိုင် စပ်ဆိုသော သီချင်းပုဒ်ရေ နည်းပါးသော်လည်း အဆင့်ရှိကြောင်း ဂီတသမားများ ပြောကြဆိုကြသည်ကို မှတ်သားဖူးပါသည်။ အဆိုတော်လီလီ ကြာညွန့်၏ မေတ္တာရွှေစောင်းသည် အစ်ကိုအောင်လင်း၏ လက်ရာကောင်းတစ်ပုဒ် ဖြစ်ကြောင်း သိရပါသည်။ သည်နောက် အခြား ဘယ်အဆိုတော်တွေ သီဆိုခဲ့ကြသည်ဟု အသေအချာ မမှတ်မိသော်လည်း “မိုးသက်လေနှင်’ ကို မောင်မောင်ညွန့် အကောင်းဆုံး သီဆိုသွားသည်ဟု ကျွန်တော်ပြောချင်ပါသည်။ သာမန်လူတစ်ယောက်၏ အထင်ဖြစ်ပါသည်။
သာမန်အားဖြင့် မြန်မာ့ရုပ်သံအစီအစဉ်များကို သိပ်မကြည့်ဖြစ်ပါ။ တစ်နေ့ ညနေခင်း ပျင်းပျင်းရှိ၍ ဖွင့်ကြည့်ဖြစ်သည်“မိုးသက်လေနှင် ကို အမျိုးသမီးငယ်တစ်ယောက် သီဆိုနေသည်။ စာတန်းထိုးသည်ကို မမီလိုက်၊ တစ်ဝက်က ဖြတ်ကြည့်ရ၍ ဘယ်သူဘယ်ဝါ မသိပါ။ အသက် ငယ်ပါသေးသည်။ ကျွန်တော်နှင့် သည်လောက သိပ်မနီးစပ်၍ မသိတာ ဖြစ်ပါလိမ့်မည်။ တော်တော်ကလေးကို ကောင်းပါသည်။ ကျွန်တော့်အကြိုက်နှင့် အထင်မျှသာ ဖြစ်ကြောင်းလည်း ထပ်ပြောပါရစေ။ အပျော်တမ်းမဟုတ်၊ ပရော်ဖက်ရှင်နယ်၊ တကယ့်တန်းဝင် အဆိုတော်လေးဟုပင် ဆိုချင်ပါသည်။ သို့သော် ကျွန်တော့် ရင်ထဲမှာ တစ်ခုခု လိုနေသည်ဟု ထင်မိ၏။ ဘာလဲ ကျွန်တော် မပြောတတ်ပါ။ သည်အဆိုတော်ကလေး ဆိုတာ ကောင်းသည်ကိုလည်း လက်ခံထားသည်။ သို့သော်လည်း တစ်ခုခု လှစ်ဟာ၍ နေသည်ကိုလည်း ခံစားရသည်။ မောင်မောင်ညွန့်ကို မမီ၊ မောင်မောင်ညွန့်လောက် မကောင်းဟု လူပြိန်း တစ်ယေက်ဆန်ဆန် ဆုံးဖြတ်ချက် မချချင်ပါ။ မီ မမီ၊ ကျော် မကျော် ဆိုသည်မှာ နှိုင်းယှဉ်ခြင်းသဘော ပါသည်။ သီးခြား အနုပညာဆောင်ရွက်သူများ ဖြစ်သည်ကိုလည်း ခံစားရသည်။ သို့သော် မောင်မောင်ညွန့်ကို စွဲလမ်းနှစ်ခြိုက်ခဲ့သော အစွဲက ရင်ထဲမှာ ‘ခု’ နေသည်ဟု ထင်ရသည်။ အသစ်တွေ ဘယ်လို ကောင်းပေမယ့် ဆိုသောစကား သည်နေရာမှာ ရည်ရွယ်ထားသည်ဟု ထင်သည်။ ဆိုပါတော့၊ ရုပ်ရှင်မင်းသမီးကြီး မေရှင်၏ ကျေးစေတမန်၊ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၏ ရွှေလည်တိုင်တို့တွင် ဤသဘောထား ခံစားမှုများ ထင်ရှားဖြစ်ပေါ်နေသည်ဟု ပြောလိုပါသည်။
ဂီတနက်သန် ကိုစောညိန်း မိုးသက်လေနှင် သီချင်း၊ ကိုအောင်လင်း၊ မောင်မောင်ညွန့် နှင့် အမျိုးသမီးအဆိုတော်ကလေးတို့သည် ရင်ထဲမှာ အေးမြစွာ တိုးဝှေ့လှုပ်ရှားနေကြသည်။
မြန်မာ့ခေတ်သစ်ပန်းချီအကြောင်း ပြောမည်ဆိုလျှင် မေ့ကျန်ချန်ထား၍ မရသော ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ဆရာကြီး ဦးဘရင်လေး။ ထိုနည်းတူစွာ ယနေ့မြန်မာ ပန်းချီအကြောင်း ပြောကြလျှင် ချန်လှပ်၍မရသော သူတစ်ဦး ရှိပါသည်။ ပန်းချီမောင်ညိုဝင်း။ ကိုညိုဝင်းနှင့် ကျွန်တော် လူချင်း အတွေ့အကြုံနည်းပါသည်။ သို့သော် သူ့ကို ကျွန်တော်များစွာ လေးစားပါသည်။ များစွာ အသိအမှတ်ပြုပါသည်။ တစ်နေ့မှာ ကျွန်တော့်တူတစ်ယောက် ကိုညိုဝင်းနှင့် ဆုံကြပါသည်။ ကိုတင်ဝင်း၏ ဗိဿနိုးပန်းချီခန်းမှာ။ ထွေရာလေးပါး စကားပြောကြရင်း ကိုညိုဝင်းက ကျွန်တော့်စာတွေ သူဖတ်ကြောင်း၊ ကြိုက်ကြောင်း၊ လေးစားကြောင်းကို ပြောသည်တဲ့။ ကျွန်တော့်တူ ခိုင်ဝင်းအောင်မှတစ်ဆင့် ကိုညိုဝင်းက မှာလိုက်သည်။ ကိုဇော်ကို ပြောလိုက်ပါ။ အခုအချိန်မှာ ကိုယ်ပိုင် အယူအဆတွေ မျှော်လင့်နေကြောင်း၊ ဖတ်ချင်ကြောင်း။ ကျွန်တော်ခံစားရပါသည်။ ကိုညိုဝင်း တလေးတစား မှာကြောင်း သိရ၍လည်း ပို၍ ခံစားရပါသည်။ သူနှင့်အဆက် အသွယ်တော့ မလုပ်ဖြစ်ပါ။ သို့သော် ကျွန်တော့်ရင်ထဲမှာတော့ “သိပ် မလွယ်သေးဘူး ကိုညိုဝင်းရေ” ဟု အကြိမ်ကြိမ်ရေရွတ်နေမိသည်။ ကိုယ်ပိုင် အယူအဆတွေ ပြောဖို့ထက် သူတစ်ပါး အယူအဆတွေ ပြောဖို့တောင် အနိုင်နိုင်။ ကိုယ့်ကိုယ်ကိုလည်း သိပ်နောက်ကျနေသည်ဟု ခံစားရသည်က အကြိမ်ကြိမ်။ ကျွန်တော် မသိသေးတာတွေလည်း အများကြီး။ တစ်နေ့ ကိုညိုဝင်းနှင့်တွေ့မှ ရင်ဖွင့်ပြဦးမည်ဟု စိတ်ကူးထားပါသည်။
မကျေနပ်၍ “မိုးသက်လေနှင်” ကို အထပ်ထပ်အခါခါ ဖွင့်၍ နားထောင်မိသည်။
မောင်မောင်ညွန့်၏အသံနှင့် ကိုစောညိန်း၏ စကားလုံးများနောက်က ဂစ်တာသံ။
အာရုံကို စူးစူးစိုက်စိုက် နှစ်၍ထား။ အသံများအဖြစ်သာ ကြားရသည်အထိ အာရုံကို စိုက်၍ထား။ ဝါး၍ဝါး၍ လာသည်။ မြူခိုးတွေလို မှုန်နေသည်။ အာရုံမှာ။
“... မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မင်
ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင်
သမ္ဗုန် . . . အမ္ဗုန် . .”
ဘာသာစကားထဲက အဓိပ္ပာယ်များ ပျောက်သွားသည်အထိ အာရုံကို စိုက်၍ထား။
အသံများသာ၊ အသံများသာ ရှိတော့သည်။
စကားလုံးများထဲက အဓိပ္ပာယ်များသည် မည်းမှောင်သော အဝတ်စကြီး တစ်ခုဖြင့် ဖုံးအုပ်လိုက်သည့်ပမာ. . . ။
အဓိပ္ပာယ်များအားလုံး ပျောက်၍ အားလုံး ကုန်ပျောက်၍ သွားတော့သည်ဟု. . .
သိလိုက်သောအချိန်ကလေးတစ်ချိန်သို့ ရောက်သွားသည်။
ဘာမှမရှိ။ အသံများသာအဓိပ္ပာယ် ကင်းမဲ့စွာ၊ အဓိပ္ပာယ်ကင်းမဲ့စွာ။
လူသံနှင့် သတ္တုသံများသာ . . .။
တစ်နေ့နေ့တွင် ပန်းချီဆရာ မောင်ညိုဝင်းနှင့်တွေ့ မှ ကိုညိုဝင်း ရေ ….သည်လိုတော့ ဖြစ်ခဲ့သည်ဟု ပြောပြရဦးမည်။
အနုပညာဖန်တီးခြင်း၏ အဆုံးစွန်သော အန္တိမတွင် ဘာမျှမရှိ။ သုညသာရှိ၏။
အနုပညာခံစားခြင်း၏ အဆုံးစွန်သော အန္တိမတွင် ဘာမျှမရှိ၊သုညသာရှိ၏။ ထိုသုညသည် ပီတိဖြစ်၏။ စကားဖြင့် ဘာသာစကားဖြင့် ဖော်ပြ၍မရ။
အန္တိမ၊ သုည၊ ပီတိ။ ကျွန်တော် ဒါပဲတွေ့ ရသည်ဟု ကိုညိုဝင်းကို ပြောပြရဦးမည်။
တစ်နေ့နေ့၊ တစ်ခွက်တစ်ဖလားနှင့် နားနားနေနေ။ ကိုညိုဝင်းနှင့် ကျွန်တော် မျက်နှာချင်းဆိုင်၍ အလယ်မှာ မိန်းမလှကလေး တစ်ယောက်ဖြစ်စေ။ပန်းချီကားတစ်ချပ်ဖြစ်စေ၊ ကျောက်ခဲတစ်လုံးဖြစ်စေ၊ အမှိုက်ပုံတစ်ပုံဖြစ်စေ၊ တစ္ဆေသရဲတစ်ကောင်ကောင်ကိုဖြစ်စေ။ သူ နှင့် ကျွန်တော် အလယ်မှာထား၍ တစ်ခွက်တစ်ဖလားမော့ရင်း တိတ်ဆိတ်ငြိမ်သက်စွာ အနုပညာဆိုသောအရာ၏ အန္တိမသုခ၊ သုညတ ပီတိကို ခံစားကြည့်ချင်ပါသေးသည်။
* * * * * * * * * *
အမာစိန်နှင့် အရိုင်းမယ်လေး
ကုမုဒြာဂျာနယ်၊ ၂၀၀၀
သဘာဝတရားကြီးသည် အလွန် စည်းစနစ်ကြီးသော အရာကြီး ဖြစ်၏။ သူ့နေရာနှင့်သူ အဆင်ပြေအောင်၊ ဆီလျော်အောင်၊ အကျိုးစီးပွား ဖြစ်ထွန်းအောင် နေသားတကျ စီစဉ်နေရာချထားတတ်၏။ ထိုသို့ဖြစ်ခြင်း (ဝါ) ထိုသို့ဖြစ်နေခြင်းကို “သဘာဝတရား၏ ဟာမိုနီ’ ဖြစ်သည်ဟု ပြောတတ်ကြ၏။ ကျွန်တော် ဉာဏ်မီသလောက် ဥပမာ ပေးချင်ပါသည်။ ဥပမာ အိမ်တစ်အိမ်၏ ဧည့်ခန်းမှာ ဆိုပါတော့။ အလှအပ စိတ်ကြည်နူးဖို့ ပန်းအိုးကလေး တစ်အိုးတော့ ထားတတ်ကြ၏။ ဧည့်ခန်း စားပွဲပေါ်မှာ ပန်းအိုး မထားဘဲ ငရုတ်ဆုံကြီး တစ်လုံး တင်ထားလျှင် ဟာမိုနီပျက်သွားသည်။ မလှတော့။ အကျည်းတန်သွားပြီ။ ဆိုင်မဆိုင်တော့မသိ။ ယခု ကျွန်တော် အငြိမ့်အကြောင်း အက်ဆေး ရေးမလို့။ ဂျာနယ်ဟာမိုနီတွေတော့ ပျက်ကုန်ပြီထင်ပါရဲ့။
ငယ်ငယ်တုန်းက မန္တလေးကို သိပ်လွမ်းပါသည်။ ၁၉၅၃ ခုနှစ်က ဆိုတော့ ၄၇ နှစ်တောင်ကြာခဲ့ပြီ။ မန္တလေးတက္ကသိုလ် (ဒီကရီကောလိပ်)မှာ ကျွန်တော် ဥပစာ (က) တန်း၊ ယခုအခေါ် ပထမနှစ် တက်နေသည်။ ဟိုတုန်းက လူလည်း သိပ်မများသေး။ ကျွန်တော်ရတနာပုံကျောင်းဆောင်မှာ နေသည်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်အချိန်မှာ ပွဲတွေက အလွန်ပေါ။ ဆိုင်းသံကြားရာလိုက်ပြီး အငြိမ့်ကြည့်ကြရသည်။ တန်ဆောင်တိုင် ညတစ်ညမှာ ကျွန်တော်တို့လူစု (တကယ်တော့ တစ်ကျောင်းလုံး အကုန်နီးပါး) မြို့ထဲထွက်၊ အငြိမ်ကြည့်ကြသည်။ အလွန်ကျယ်ဝန်းသော ဘုရားရင်ပြင်တော်လေးဖက်လေးတန်မှာ စင်လေးစင် ထိုးပြီး အငြိမ်လေးဖွဲ့ စင်ပြိုင်ကကြသည်။ စိတ်အထင် ရွှေကျီးမြင့်ဘုရားဟု ထင်သည်။ သေတော့ မသေချာ။ ကျွန်တော်တို့ အသည်းစွဲ အသည်းကျော်မလေး ‘အမာစိန်’ ကသော စင်ရှေ့မှာ ကျွန်တော်တို့ ရောက်နေကြသည်။ ထိုစဉ်က အမာစိန်သည် ခေါင်းဆောင်မင်းသမီး ‘ရွှေမန်းရီရီ’ ၏ အငြိမ့်အဖွဲ့တွင် ရှေ့ထွက်မင်းသမီးကလေး ဘဝမှာပင် ရှိသေး၏။ အမာ့အသက် ရှိလှမှ ၁၆ ၊ ၁၇ ပေါ့။ မကိုဋ်ချွန်ချွန်ကလေး ဆောင်းလို့။ ငွေရောင်ဘော်ကြယ်တွေ တဖိတ်ဖိတ်လက်နေသော ဖဲသားအနက်ရောင်ဝတ်စုံနှင့်။ ကျွန်တော် မှတ်မိသလောက် ထဘီက အနားအရှည်ကြီးနှင့် မဟုတ်၊ အင်္ကျီကလည်း ခါးတောင် ပါသော အင်္ကျီမျိုးမဟုတ်။ အသားကလေးက ဝင်းလို့။ အလွန်လှပါသည်။ ကျွန်တော်တို့ ကျောင်းသားများသာမက မန္တလေးတစ်မြို့လုံး၏ ကာလသားအားလုံး၏ အသည်းစွဲ အသည်းကျော်မလေးပါပဲ။ပွဲခင်းထဲမှာ ကျွန်တော်တို့ အော်ဟစ်ဆူညံ လက်ခေါက်မှုတ်အားပေးကြတာ နားကွဲမတတ်။ မင်းသမီးလည်း က မရ။ လူရွှင်တော်လည်း ပြက်မရ။ ဆိုင်းလည်း တီးမရ။ ထိုအခါမျိုးတွင် ဇာတ်စင်ပေါ်ပြုံးနေရာက ရယ်ပြီး ‘ကြည့်ပါလား၊ အမာ က လို့ မရတော့ဘူး” တစ်ခွန်း ပြောလိုက်သည်နှင့် ပွဲခင်းတစ်ခင်းလုံးငှက်မွေးကလေးတစ်မွှေး ကျသွားသော အသံကိုပင် ကြားရလိမ့်မည်၊ တိတ်ငြိမ်းသွား၏။ ကျွန်တော်တို့ အလွန်ကြောက်ရသော ကျောင်းအုပ်ကြီး ဦးကိုလေး၏ စကားကိုတောင် သည်လောက်နားထောင်လိမ့်မည် မဟုတ်။ (ဆရာကြီး ဦးကိုလေးသည် ဇေယျာမောင်အမည်နှင့် ဘာသာရေးစာများရေးနေဆဲဟုကြားပါသည်) အမာ့စကားကို ထိုမျှ နားထောင်ခဲ့ကြ၏။ သူပြုံးပုံ၊ ရယ်ပုံသည် ဘယ်သူနှင့်မှ မတူဟု ထင်၏။ သူတစ်ချက်ပြုံးလိုက် ရယ်လိုက်လျှင် ကျွန်တော့်ရင်ဘတ်ထဲက နှလုံသားဆိုသော အရာသည် ရုတ်ခနဲ ခုန်ထွက်ပြီး အမာရှိရာ ဇာတ်စင်ပေါ်ရောက်သွားသည်ဟု ခံစားခဲ့ရသည်။ ထိုသို့. . . အမာ က သော စင်ရှေ့မှာ ပါးစပ်ကြီးဟ မျက်လုံးတွေ ပြူးပြီး ကြည့်ကောင်းနေတုန်း ကျွန်တော့်သူငယ်ချင်း တင်မြင့်ကြီး (ယခုကွယ်လွန်ရှာပြီ) က “ဟတ်ကောင်. . . . လာ၊ ဟိုဘက်စင်သွားမယ်’ ဟု ဆွဲခေါ်သည်။ ကျွန်တော်က ငြင်း၏။ “ဒီမှာ... အမာကနေပြီကွ၊ ငါမလိုက်ဘူး’ “ဟဲ့ကောင်. . . လာဆို လာ၊ မင့်အမာထက် ကောင်းတယ်’ ဟု ဇွတ်ဆွဲခေါ်သွား၏ အခြား စင် တစ်စင်သို့။
စင်ရှေ့မှာ လူအုပ်ကြီးက ကြောက်ခမန်းလိလိ။ အမာ့စင်ရှေ့က လူအုပ်ထက် လေးငါးဆ ပိုများလိမ့်မည်။ အငြိမ့်အဖွဲ့ကလည်း နာမည်ကြီး။ ရွှေမန်းရီရီအဖွဲ့နှင့် တန်းတူကျော်ကြားသည်။ ထိုအငြိမ့်အမည်ကို ကျွန်တော် ကောင်းကောင်းမှတ်မိပါသည်။ ထုတ်ဖော်မပြောသင့်၍ မပြောတော့ပါ။ မင်းသမီးကလေးကလည်း အသားအရေဝင်းဝင်း၊ ကိုယ်ဟန်သွယ်သွယ်။ သို့သော် ပြည့်ပြည့်ဖြိုးဖြိုး၊ အသက်ကလည်း အမာနှင့် မတိမ်းမယိမ်း ရှိမည်။ အတော့်ကို လှပါသည်။ သူကလေး၏ အမည်ကိုလည်း ထုတ်ဖော်မပြောသင့်၍ မပြောတော့ပါ။ အသက်အရွယ်၊ အလှအပမှာ အမာနှင့် မကွာလှပါ။ သို့သော် ကွာတာက သူကလေး ကနေသောအက။ ကျားသစ်ရေအဆင်ပိတ်စကို ပခုံးတစ်ဖက်ဖော်၍၊ ယခု “မီနီစကတ်’ မျိုးလို ဂါဝန်တိုတိုကလေးနှင့်။ ဝင်းဝါချောမွတ်နေသည်။ စကတ်ဂါဝန်က ဘယ်လောက်တိုသလဲ ဆိုတော့၊ ထားပါတော့၊ စကတ်လောက်ပဲ တိုပါသည်။ လူရွှင်တော်နှစ်ယောက်ခေါင်းမှာ ငှက်တောင်တွေစိုက်။ မျက်နှာကို ဆေးတွေခြယ်။ လက်ထဲမှာ လှံရှည်ကြီးတွေကိုင်လို့ လူရိုင်းပုံစံ။ ဘာအကလဲ ကျွန်တော် မသိ။ အလွန်ကြည့်ကောင်းသည်။ ထိုခဏ ကျွန်တော့်အသည်းကျော်မလေးအမာကိုလည်း မေ့သွား၏။ ခုန်ပျံလျှပ်ရှားလျက်၊ ဂါဝန်တိုကလေး တဝဲဝဲနှင့်။ ကျွန်တော့်သူငယ်ချင်းက “မင့်အမာစိန် ထက် ကောင်းတယ်’ ဆိုသောစကားကို သဘောပေါက် ထောက်ခံလိုက်မိသည်။ တစ်ချိုးနှစ်မျိုးလောက် ကပြီးတော့ လူရွှင်တော်နှင့် မင်းသမီး အမေးအဖြေလုပ်သည်။ လူရိုင်းဘာသာစကားပေါ့။ ဘာတွေမှန်း မသိ။ မင်းသမီးကလည်း ပြုံးပြုံးကလေး ပြန်ဖြေသည်။ ဘာတွေမှန်း မသိ။ လူရွှင်တော်တစ်ယောက်က မြန်မာလို ဘာသာပြန်ပြသည်။ ပရိသတ်တသောသော။ မင်းသမီး အသက် ဘယ်လောက်ရှိပြီလဲဟု မေး။ လူရိုင်းစကားနှင့်ပြန်ဖြေ။ လူရွှင်တော်က ဘာသာပြန်ပြ၏။ ဪ.. ၁၆ နှစ်ပဲ ရှိသေးသတဲ့။ ဒါလောက်လှလွန်းနေတာ ဘယ်မြို့ ဘယ်ရွာသူလဲ။ လူရိုင်းလိုမေး။ မင်းသမီးက ပြန်ဖြေ။ လူရွှင်တော် ဘာသာပြန်ပြ၏။ ‘မုံရွာသူ’ တဲ့။ ပွဲခင်းတစ်ခုလုံး ဝေါခနဲ ဖြစ်သွား၏။ ဆက်၍ “ဇော်မြင့်ရေ . . မင်းတို့ မုံရွာသူတဲ့ဟ။ ဟ... မင်းသမီးက ဇော်မြင့်နှမတဲ့ဟေ့။ ဒီမှာ. . . . မင်းသမီးအစ်ကိုရှိတယ်ဗျို့’ ပွက်ပွက် ရိုက်အောင် တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြသည်။ ပွဲခင်းထဲမှာကျွန်တော်တို့ ကောလိပ်က အဆောင်ကျောင်းသားတွေချည်းပါပဲလား။ အဲဒီတုန်းက လူနည်းတော့ အချင်းချင်း မသိတဲ့လူ မရှိကြ။ ပထမတော့ လူရွှင်တော်တွေတောင် ကြောင်သွားသေး။ နောက်တော့ ချက်ချင်းပဲ လူရွှင်တော်တစ်ယောက်က ‘ညီလေး မောင်ဇော်မြင့်... ပွဲပြီးရင် ဇာတ်စင်နောက်က စောင့်နေနော်၊ အစ်ကိုကြီး မင်းတို့နဲ့အတူ မင်းတို့အိမ် လိုက်အိပ်မယ်..’ ကျွန်တော့်မျက်နှာ ဘယ်ထားရမှန်းမသိ၊ ရှက်လိုက်တာ။ ထိုညက အဖြစ်အပျက်ကို မမေ့။ လှပဝင်းဝါ ချောမွတ်သော လူရိုင်းမယ်ကလေး မျက်စိထဲက မထွက်။ သည်လိုနှင့် တိုတိုပြောရလျှင် ကျွန်တော် ရန်ကုန်တက္ကသိုလ် ပြောင်းခဲ့သည်။
ကျွန်တော် ရွှေဘိုဆောင်မှာ နေသည်။ ရှေးကောလိပ်ကျောင်းသား နောင်တော်ကြီးများ အစဉ်အလာမပျက် နှစ်ပတ်လည် အဆောင်ညစာ စားပွဲတွေမှာ ရန်ကုန်အငြိမ့်တွေ ကြည့်ရပါသည်။ သိပ်မစွဲလှ။ နှစ်တွေ ကြာလာသည်။ ရန်ကုန်အငြိမ့်တွေ သိပ်မကြည့်ဖြစ်။ အမာစိန်တို့၊ နွဲ့နွဲ့စန်းတို့ ရွှေမန္တလေးမှာ ပန်းပန်အောင်ပွဲခံနေကြပြီ။ သို့သော် ကျွန်တော်နှင့် အတော်ဝေးနေပြီ။ ယခုနောက်ပိုင်း. . . ကျွန်တော်သိ သလောက် ထိပ်တန်းမှာ ရှိခဲ့ကြသော ရွှေ၊ ရတနာပုံ၊ လမင်းတစ်ရာ ဌေးဌေးမြင့်တို့ကို နာမည်သာ ကြားဖူးတော့သည်။ ကျွန်တော် တက္ကသိုလ်အလုပ်က ထွက်ခါနီး တက္ကသိုလ် အနုပညာအသင်းကြီး ဥက္ကဌ ပါမောက္ခ ဒေါ်စီစီဝင်းက တာဝန်ပေးလို့ တက္ကသိုလ်အငြိမ့်အဖွဲ့တွေနှင့် ပတ်သက်လာရပြန်သည်။ ထိုစဉ်က ဇာတ်ဆရာက အောင်ကျော်တိုး (အခု ကထိက ဆရာကြီး ဖြစ်နေပြီဟု ကြားရ၏) တာဝန်အရ တက္ကသိုလ်အငြိမ့်အဖွဲ့ ကလေရာနောက် လိုက်ရသည်။ ကျွန်တော် ဘာမှ ပင်ပင်ပန်းပန်း ခေါင်းမစားရ။ အောင်ကျော်တိုးပဲ အစစ ဦး ဆောင်သွားသည်။ ကျွန်တော် မှတ်မိသလောက် မင်းသမီးက ချစ်ချစ်ဇော်၊ လူရွှင်တော်တွေက ယနေ့တိုင် ထိပ်ရောက်နေကြသော အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်တို့ လူစု။
သူတို့လည်း စူပါတန်းဝင်တွေ ဖြစ်ကုန်ကြပြီ။ သည်လိုနှင့် ကျွန်တော် တက္ကသိုလ်က ထွက်ခဲ့သည်။ နှစ်တွေ ကြာ၍ အမာ့ကို မေ့တေ့တေ့ ဖြစ်နေပြီ။
ရုပ်မြင်သံကြားတွေပေါ်လာတော့ တစ်ခါတစ်ခါ ဖန်သားပေါ်က အငြိမ့်တွေ ကြည့်ဖြစ်ပါသည်။ အေးအေးမြင့်တို့၊ သီတာဝင်းတို့ခေတ်။ တစ်ခါတစ်ခါတော့လည်း နန်းခင်မွှေးတို့၊ ဒေလီမြင့်တို့၊ ဇာဇာစန်းတို့ ကြည့်ရပါသည်။ ကျွန်တော့်ငယ်ချစ် အမာလောက် ရင်ထဲ မငြိ။ (မှတ်ချက် - ငယ်ချစ်ဆိုတာ ရိုးရိုးတင်စားခြင်းပါ။ ဒီနေ့ အထိ အမာစိန်ကို လူချင်း တစ်ခါမျှ မတွေ့ဖူးပါ။)
လွန်ခဲ့သော သုံးလေးနှစ်က ဟု ထင်ရသည်။ မန္တလေးမြို့မအဖွဲ့ကြီးနှင့် လူရွှင်တော် မြို့တော်ဦးပေါစံ၊ ဦးတက်တိုးတို့နှင့်။ အမာကို ဖန်သားပေါ်မှာ ပြန်တွေ့ရသည်။ သူလည်း အသက်အရွယ် မငယ်ရှာတော့ပါ။ ငယ်ငယ်တုန်းက စွဲခဲ့ရသော အမာ့ရယ်ပုံ၊ ပြုံးပုံတွေက အရင်အတိုင်းပါပဲ။ နုပျိုဆဲ။ အကလည်း အရင်ကထက် ပိုညက်ညောလာသည် ထင်ရသည်။ ငယ်ငယ်တုန်းက သူ တစ်ချက်ပြုံးလိုက်လျှင် ကျွန်တော့်ရင်ဘက်ထဲက နှလုံးသားဆိုသောအရာသည် အမာရှိရာ ဇာတ်စင်ပေါ်သို့ ရုတ်တရက် ခုန်ပျံပြေးထွက်သွားသည်ဟု ထင်ခဲ့ဖူး၏။ ယခု အနှစ် ၅ဝ လောက် ဆေးလိပ်ဒဏ်၊ အရက်ဒဏ်တွေနှင့် နွမ်းနယ်ချည့်နဲ့နေသော ကျွန်တော့်နှလုံးသားအိုကြီးသည် အရင်တုန်းကလို အမာရှိရာ တီဗီဖန်သားပြင်ထဲ ရုတ်ခနဲ ခုန်ပျံပြေးဝင်မသွားနိုင်ရှာတော့။ သို့သော်. . . ရင်ထဲမှာ နည်းနည်းတော့ တုန်ခါနေဆဲပါ။
ဟိုတုန်းက ရွှေမန်းရီရီအငြိမ့်အဖွဲ့ကြီး၏ ရှေ့ထွက် မင်းသမီးလေး အမာစိန်သည် ယခုအခါ ဒေါ်အမာစိန်ဖြစ်နေပြီ။ ယဉ်ကျေးမှု တက္ကသိုလ်မှာ တာဝန်ကြီးကြီး ထမ်းဆောင်နေကြောင်း သတင်းစာ ကြားရသည်။ ကျွန်တော် စဉ်းစားမိတာက ဟိုလွန်ခဲ့တဲ့ ၄၇ ခုနှစ်လောက်က အမာနှင့်အပြိုင်ကခဲ့သော။ အမာ့ထက် ပရိတ်သတ်ကို ပိုဆွဲဆောင်နိုင်ခဲ့သောအရိုင်းမယ်ကလေး. . . ယခု ဘယ်ရောက်နေသလဲ။ နာမည်လည်း မကျန်ရစ်၊ လူလည်း ရှိမှ ရှိသေးရဲ့လားမသိ။ ပျောက်ကွယ်သွားပြီ။ အမာကတော့ ယနေ့ထိ အငြိမ့်အနုပညာ၊ အကအနုပညာ နယ်ဝန်းမှာ ရှိနေဆဲ။ ဘာကြောင့်လဲ။ ဒါလောက်မျှ မသိရကောင်းလားဟု ငေါက်ရင်လည်းခံရပါမည်။ ဤမေးခွန်းသည် ကျွန်တော်တို့ ပို့စ်မော်ဒန် သမားများအဖို့ ဆက်မေးရန် လိုသော (ဝါ) ပြန်လည်မေးရန်လိုသော အနုပညာမေးခွန်း ဖြစ်သည်။ အရိုင်းမယ်ကလေး၏ အနုပညာက ပေါ်ပင်၊ အနုပညာအတု။ အမာစိန်၏ အနုပညာက အစစ်ဟု ပြောကြပါလိမ့်မည်။ သို့သော် ထိုမေးခွန်းကိုလည်း ဆက်မေးရပါဦးမည်။ အမာစိန် ယနေ့ထိ ရှိနေသည်။ အရိုင်းမယ်ကလေး ဘာကြောင့် မရှိတော့တာလဲ။ အဆင့်မြင့် အနုပညာဆိုတာ ရှိသလား၊ အဆင့်နိမ့် ပေါ်ပင်အနုပညာဆိုတာ ရှိသလား။ အနုပညာမှာ အစစ်ဆိုတာ ရှိသလား၊ အတုဆိုတာ ရှိသလား။ ပြဿနာကို မီးခွက်ထွန်းရှာတတ်သော ကျွန်တော်တို့ ပို့စ်မော်ဒန်သမားများအဖို့ မေးရပါဦးမည်။ (မှတ်ချက် မီးခွက်မထွန်းဘဲ မှောင်ထဲမှာ ရှာလျှင် ပြဿနာ၏ အဖြေကို တွေ့မည်ထင်ပါသည်။)
ဒေါ်အမာစိန် ကျန်းမာပါစေ။
အနုပညာသမားမှန်သမျှ ကျန်းမာကြပါစေ။
၁၀၊ ၇၊ ၂၀၀၀
* * * * * * * * * *
ငြိမ်သက်သော ဆောင်းကဗျာအကြောင်း အက်ဆေး
မြေကရားဖြင့် နှပ်ထားသော ပင်လောင်းလက်ဖက်ခြောက်။ လက်ဖက်ရည်အခါးကို အခါးရည်ဟု ခေါ်သည်။ အချို့ကလည်း ရေနွေးကြမ်းဟု ခေါ်သည်။ အချို့ကလည်း ရေနွေးဟု ရိုးရိုးခေါ်၏။ အချို့ကတော့ လက်ဖက်ရည်ကြမ်းဟု ခေါ်သည်။ အချို့ကျတော့ အဖန်ရည်ဟု ခေါ်၏။ “လက်ဖက်ရည် အဖန်သောက်ရင်လဲ ကျက်သရေအမှန် ရောက်ပါလိမ့် ကြံသလောက် ပြီးတဲ့ရေ. . .’ ပင်လောင်း လက်ဖက်ခြောက်ကို မြေခရားဖြင့် နှပ်၍ထား။ ပူပူကြီး မှုတ်သလောက်ရတာကို မကြိုက်။ သိပ်အေးသွားပြန်ရင်လည်း မကောင်း။ ခပ်နွေးနွေး တေးသောက်ရတာ ကောင်းသည်။ သူဌေးတော့ အခုအထိ မဖြစ်သေးပါ။ ငယ်ငယ်တုန်းက ကဗျာစပ်ဖူးသည်။
ပုရာဏမိစ္စေဝ န သာဓု သဗ္ဗံ၊
န စာပိ ကာဗျံ နဝမိတျဝဇ္ဇံ။
သန္တော ပရိက္ချာ ညတရံ ဘဇန္တ၊
မူဋ္ဌော ပရပ္ပစ္စယနေယဗုဒ္ဓိ။
ကာဗျံ -ကဗျာသည်၊ ပုရာဏမိစ္စေဝ - အဟောင်းဖြစ်သောကြောင့်သာ၊ သဗ္ဗံ-အကုန်လုံး၊ သာဓု-အကောင်းချည်း၊ န-မဖြစ်နိုင်။ နဝမိ တိစာပိ-အသစ်ဖြစ်သောကြောင့်လည်း၊ သဗ္ဗံ-အကုန်လုံး၊ အဝဇ္ဇံ- အဆိုးချည်း၊ န-မဖြစ်နိုင်၊ သန္တော-လူတော်လူကောင်းတို့သည်၊ ပရိက္ချ- စူးစမ်း၍၊ အညတရံ-ဟောင်းသစ်နှစ်ချက် တစ်ဖက်ဖက်သို့၊ ဘဇန္တေ - ချဉ်းကပ်ကြ၏။ မူဋ္ဌော-မပြတ်မသား မိုက်မှားတွေဝေသော သူကား၊ ပရကပ္ပစ္စယနေယဗုဒ္ဓိ-သူတစ်ပါးအား ကိုးစားယုံပုံတတ်သော ဂုဏ်မျိုးသာရှိ၏။
ကာလီဒါသ
ကဗျာဆိုတာဘာလဲ။ ကဗျာဆိုတာ အသေချာဆုံးက ကဗျာပါပဲ။
ဆောင်းညတစ်ည။ လက မှုန်ရီ။ ညက မှုန်ရီ။ နဝဒေးရတုထဲမှာ၊ မဟုတ်သေးဘူး၊ နတ်သျှင်နောင်၊ သေချာပါသည်။ နဝဒေးရတုထဲမျာ အရွက်မြမြ၊ တယံညဟု တွေ့ဖူးသည်။ ညထဲမှာ လရောင်အောက်မှာ သစ်ရွက်များ မြလို စိမ်းမနေ။ အမှောင်တစ်ဝက် ဖုံးနေသည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာကို ထူးအိမ်သင်ရေးသည်။ တက္ကသိုလ်ထဲမှာ ကဗျာရှိသလား။ ချစ်ခင်ငယ်ကျွမ်း၊ ဆွတ်မျှလွမ်း၊ နမ်း၍ မကုန်နိုင်။ နောင်နှင့်ကွာလမ်း၊ ရွှေရင်ချမ်း၊ လွမ်း၍ မကုန်နိုင်။ စိုက်ခေါ် ယောင်ယမ်း၊ နောင့်ကိုစမ်း၊ ညှိုးသမ်းတမှိုင်မှိုင်။ ကိုယ်တော် ညှိုးနွမ်း၊ ဗျာပါမွမ်း၊ ရွှမ်းရွှမ်းမျက်ရည်အိုင်။ သူတို့ကိုသာ လွမ်းပါသည်။
တိတ်ဆိတ်ငြိမ်သက်ခြင်း၏ ထုထည်သည် ပန်းပွင့်ထဲမှာ ပျော်ဝင်လျက်ရှိသည်။ အရှေ့ကျောင်းက ခေါင်းလောင်းသံ ချိုပြီ။ စိမ်းလန်းသော မြက်ခင်းများလည်း နေရောင်ခြည်ဝတ်ရုံဖြင့် လှချင်တိုင်းလှနေသည်။ အချစ်ဆုံး သူငယ်ချင်းများ၏ ရယ်မောသံ မိုးယံထက်မှာ ရှိသည်။ ငါတို့ ညနေစာထမင်းကို ဘာဟင်းနဲ့ စားကြမည်လဲ တိုင်ပင်ကြရအောင်။ ပျော်တတ်သော ငှက်ကျားသည် ဓနုဖြူက အရက်ဖြူကို တမ်းတနေသည်။ ညသို့ရောက်သော အဖြူရောင် တောက်ပနေ၏။ ယုဒဿန်လမ်းမှာ ပန်းတွေနှင့်ဝေနေသည်။ မြက်ခင်းလဲ့လဲ့ မြေညီညီ၊ ကံ့ကော်ဝတ်မှုန်စိ။ စိတ်ဝမ်းညီမျှ အေးချမ်းလှသည်။ ဝဏ္ဏကို ခေါ်လိုက်၊ ရုပ်ရှင်ရိုက်ရအောင်။ တကယ်တမ်း ပြောရလျှင် သူတို့ဘာကိုမှ မသိ။ ဝါးရုံပင်ထိပ်ဖျားမှာ လကို ချိတ်ဆွဲထားသည်။ စင်္ကြလမ်းသည် ရေညှိများဖြင့် စိမ်းလျက်ရှိ၏။ လေထုထဲမှာမူလေးပန်းရနံ့များ မျောပါလာသည်။ စာအုပ်ထဲမှာ ကဗျာများ မရှိ။ မနေ့က သူ့ကို တွေ့လိုက်သလား။ သည်ညပွဲတော်မှာ သူလာလိမ့်မည် အသေအချာ။ ညစာမစားခင် သူ့ကို စောင့်ရင်း သီချင်းဆိုကြမည်။ စည်းဝါးမကျသော အသံပြာပြာများ ပါလျှင်လည်း အကြောင်း မဟုတ်ပါ။ အားလုံး သံပြိုင်ဆိုလျှင် ဟာမိုနီ ဖြစ်ပါလိမ့်မည်။ ဘဝလည်း နေပျော်ပါလိမ့်မည်။ လှပခြင်းများကို ပေါင်းစု၍ ဖန်သားပန်းပုရုပ်တစ်ရုပ် ထုကြ။ အဆောက်အအုံရှေ့မှာ တပ်ဆင်ထားမည်။ သူ လာပြီလား။ အချစ်ဆုံးဟု ခေါ်နိုင်။ ဆောင်းညတစ်ည။ လက မှုန်ရီ ညက မှုန်ရီ။ “အဝန်းကိုးထောင်” ရတုထဲမှာ အရွက်မြမြ၊ တယံည ဟူသော စကားပါသည်။ သစ်ရွက်များသည် နှင်းရည်စက်တို့ တွဲခို အေးမြနေကြသည်။ ဘဝအပူအလောင်တွေ ဖယ်ရှားပြီးပါပြီ။ သည်နေရာကို လာကြပါ။ သည်နေရာမှာ... ကဗျာရှိသည်။ သည်နေရာသည် ကဗျာဖြစ်၏။ ဆောင်းနွေအကူးမှာ ကံ့ကော်ပန်းတွေ ခူး၍ ထိုနေရာက ကဗျာကို ဆက်သကြမည်။
အစက မသိခဲ့။ ယုံတော့ မယုံပါ။ ယုံချင်စရာကောင်းသော စရိုက်လက္ခဏာ ရှာမရ၍ ယုံရလောက်သော အခြေအနေ လုံးဝမရှိဟု နားလည်လိုက်သောကြောင့် လုံးဝ မယုံခဲ့ပါ။ သို့သော် စကားပြောတာ များလွန်းသည်။ စကားထဲမှာ ယုံချင်စရာတွေပါ၏။ ဘာသာစကား၏ အဓိက ချို့ယွင်းချက် (သို့မဟုတ်) ချွတ်ယွင်းချက်သည် သူ ထုတ်လွှင့်ပေးအပ်လိုက်သော အဓိပ္ပာယ်များသည် ထိုထိုသော အဓိပ္ပာယ်ရှိကြောင်း သူ အာမခံချက် မပေးနိုင်ခြင်းဖြစ်၏။ သည်စကားလုံးတွင် သည်အဓိပ္ပာယ်ရှိသည်ဟု တွဲချိတ်သတ်မှတ်ထားခြင်း မရှိ။ စကားလုံး၏ အဓိပ္ပာယ်များကို ဘာသာစကားက မှန်ကန်ကြောင်း အာမခံချက် မပေးနိုင်သော်လည်း ကြားထဲက လူများက မှန်ကန်ကြောင်း အာမခံချက် ဝင်ပေးကြသည်။ ကမ္ဘာပေါ်မှာ စကားတွေ များလွန်းသည်။ စကားလုံး အခေါင်းပွများသည် လိုဏ်သံပေါက်နေ၏။ ပြောနိုင်လွန်းကြသည်။
ဘာသာစကား မပါသော ကဗျာကို ယုံလိုက်ရမည်လား။ ယုံလိုက်တော့။ ဘာသာစကား မပါသော်လည်း သဘောထားကောင်းများ ပါသည်။ ဟာမိုနီများ ပါသည်။ ပြေပြစ်သော အရောင်များ ပါသည်။ အတွဲအစပ် ညီသော အသံများပါသည်။ လှိုက်လှဲရင်ထဲကလာသော ရယ်မောသံများ ပါသည်။ ကြင်နာစိတ်များ ပါသည်။ ကူညီရန် ဆန့်တန်း လှမ်းလင့်သော လက်များပါသည်။ ချစ်သောသူများ ပါသည်။ ထိုကဗျာထဲမှာ ကာရန်မပါ။ ရစ်သမ်လည်း မပါ။ စကားလုံးများပင် မပါ။ ထိုကဗျာသည် အကြီးအကျယ်ဆုံး အမြင့်မားဆုံး ဖြစ်တော့သည်။
မြောင်းထဲမှာ ပလတ်စတစ်အိတ်ခွံများ၊ တုတ်ချောင်းများနှင့် မည်းညစ်သော ရွှံနှစ်များ ရှိသည်။ မြောင်းဘောင်တွင် ကွမ်းတံတွေးများ ပေကျံလျက်။ အညစ်အကြေးများသည် အညစ်အကြေးများ ရှိသင့်သောနေရာတွင် မရှိ။ မြောင်းထဲမှာ ရွှံ့နှစ်နှင့် အမှိုက်သရိုက်၊ စာကြွင်း စာကျန်များ ရှိသည်။
မြမြမြှေး၍၊ ဆီသေးနှင်းဖြူ၊ မြူလည်း ကြွေလင့်၊ မပွင့်နေခြည်၊ မကြည်ကောင်းကင်၊ ထက်ခွင်အံ့ပျ၊ ငြိမ့်မဆကိုယ်တွင်း၊ ဆီးနှင်းကျလွှမ်း၊ ချမ်းတို့စွလည်း၊ ရင့်မြကျညောင်၊ တပေါင်းရက်ကျူး ၊ မဖူးရက်လေ၊ ဟေမ ရာသီ၊ နာရီပွားတိုး၊ သောက်မိုးညဉ့်ရှည်၊ ဆောင်းခါ၊ လည်သည် ချမ်းသာရေ အဟန်တတား။
နဝဒေကြီး/နတ်သျှင်နောင် (မသေချာသေးပါ)
“ဆောင်းနတ်မယ်လျ မြောက်ဆိကသာ ကင်းစလေဦး မြူးကာ ကကာ ခြုံလွှာငွေနှင်းပွင့်ကို လွင့်ကာ လွင့်ကာခြွေလို့ တစ်ကိုယ်ရေပင်ပန်း မောင့်ကို ပက်ဖျန်းကျီစယ် ကြမ်းလှတယ်။ အကျွမ်းမဝင်ခင်မို့ ဆောင်းဘုရင်မလေးရဲ့ ထွေးပိုက်တဲ့ ရင်ခွင်လယ်ဝယ် တုန်ကာ နွမ်းပန်းလျလျခက်ပြီးနော်ကွယ်၊ အသက်ရှူမှားအောင် ကစားတာ မြူတယ်၊ ပျော်နိုင်ပဲ ငယ်စက်လဲဆောင်ကြာယံ လယ်ဆောင်းဦးပျို သစ်မူရာ စုံကြွယ် အချစ်စမ်းတာလား သနားစေချင်လှတယ်. . .”
ဂီတနက်သန်ကိုစောညိန်း (သေချာသည်)
ရွှေညှောက်နုညီ၊ မြချပ်စီသို့၊ ပီပိမစိမ်း၊ တောခပ်သိမ်းလည်း၊ ရှိမ်းရှိမ်းလတ်လတ်၊ ပင်လုံးကျွတ်လျှင်၊ ဘက်ဆွတ်ပိတောက်၊ လဲနှင့်ပေါက်တို့၊ ခါရောက်ညီဘိ၊ လူ့ထက်သိရှင့်၊ တတီကြည်စင်၊ မိုးကောင်းကင်တုံ၊ မင်းလွင်ဆိုင်းဆိုင်း၊ မြမြမှိုင်းလျက်၊ နေ့တိုင်းရီရီ၊ လေပြင်းချီသော်၊ သိင်္ဂီမြညှာ၊ ရွက်ရွှေဝါလည်း၊ ပင်မှာမတင့်၊ ကြွေကျလင့်က၊ ကျူးရင့်သံအိုင်၊ ငှက်နှင့်ပြိုင်၍၊ နေထိုင်မရွှင်၊ ယနေ့တွင်မူ ရွှေရင်ပေါ်ကွာ၊ မလုံရာကို၊ လာလာမပြင်း၊ အချမ်းသွင်းသည်၊ ညင်းသို့ စင် ဖြူးဘိသည်။
နဝဒေး (သေချာသည်)
နွေနှောင်းရက်ကျန်၊ ဝဿန်ပေါ်ဦးခါ၊ အုံ့ပျမှိုင်းဆန်၊ ယုဂန်တွေ မြနန်းမျာ၊ ရွှေလျှံလျှပ် နွယ်ခွေက မိလ္လာချပ်ဆင် ဝေမင်မှောင်ပြာ၊ တိမ်တိုက်ရွှေ့ပြောင်း လေလျင်းလောင်းရာ၊ ကြွေကာကြွေကာ မြေမှာ ကြဲလျက်၊ ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာ၊ မြူမှုန်လိမ်းကျံတဲ့ ညှိုး ပြောင်းရွက်ညှာ ရွှေရောင်ရော်ဝါ သန္တာလို မြညိုရောကာ ကြွေလျောကုန်လု ပုရစ်နုညှာချီ၊ နှောင်းနွေသန်လု၊ စက်ရာသီမှာ၊ လေယူဆောင်နှင်း၊ မြေဆီမြေသင်းနံ့သာ၊ စိန်ခြူးအုံကြွ ကြာညောင်းသဉ္ဇာ၊ ပန်းကြဲခဲ့ ဖဲစက်ရာမှာ မယ့်ကိုယ်စား မွှေးမြလေသလား၊ ထင်မြင်ယောင် တွေးမိမှားကာ သည်းအူချာ ကြွေအောင်ဖန်လာ၊ သက်လျာဓာတုရဲ့ မြင်လှည့်ပါ။
ဂီတနက်သန် ကိုစောညိန်း (သေချာသည်)
ရေနွေးကြမ်း ခပ်နွေးနွေး တစ်ငုံလောက် ငုံ၍ အရသာမကြည့်ပါ။ သူ့ကို ကြည်ညိုသည်၊ အလွန် လောဘနည်းသူဖြစ်၏။ အလွန် ကိုယ်ကျိုးစွန့်သူဖြစ်၏။ သူ့ကိုလည်း ကြည်ညိုသည်။ သူ့တစ်သက်မှာ တစ်ခါမှ အင်တာဗျူး မလုပ်ဖူးဟု သိရသည်။ အကြီးမြင့်ဆုံး စာပေဆုကို သူမယူ။ သိပ်လိုချင်သူများ၊ သိပ်ဖြစ်ချင်သူများ၊ သိပ်. . . . ။
စာရေးဆရာ ဘာမှမရှိ။ ကဗျာရေးဆရာ ဘာမှမရှိ။ စာမလို ကဗျာမလို။ ရိုးသားဖို့သာ လိုသည်ဟု မထင်မိဘူးလား၊ ကမ္ဘာလောကသည် အဓိပ္ပာယ်ကင်းမဲ့သော စကားသံတွေနှင့် ဆူညံလွန်းလှသည်။ တိတ်တိတ်ဆိတ်ဆိတ် နေလို့မရဘူးလား။ အဓိပ္ပာယ်မပါဘဲနှင့် စကားတွေ ပြောမနေကြနှင့်တော့။ ဟို. . . အဝေးမှာ ငှက်တစ်ကောင်။ ဘက်ကက် Beckett၏နောက် ငြိမ်သက်ခြင်း။ အပြာရောင် ဆောင်းကဗျာမှာ ဖဲကြိုးဝါတစ်စ ချည်နှောင်ထားနှင့်ကြ ။
ဇော်ဇော်အောင်
၁၆-၉-၂ဝဝဝ
အလင်းမြစ် စာအုပ်တိုက်
၂၀၀၁၊ နိုဝင်ဘာ။
No comments:
Post a Comment