ဗေဒါလမ်းကဗျာစု (၁)
ဇော်ဂျီ
- အခန်း (၁) မယ့်လမ်းပါလား
- အခန်း (၂) မယ့်လမ်းပါတဲ့
- အခန်း (၃) ဘယ်ရွာဆိပ်ကမ်း
- အခန်း (၄) မှန်းဖို့ လိုပဲ
- အခန်း (၅) တက်ချိန်နှင့် ကျချိန်
- အခန်း (၆) မျောလျက်သာပဲ
- အခန်း (၇) ရဲခဲ့သည်ပါ့
- အခန်း (၈) တေးစုံနဲ့ပဲ
- အခန်း (၉) စုန်ဆန်ရ တရား
- အခန်း (၁ဝ) ပန်းပန်လျက်ပဲ
အခန်း (၁) မယ့်လမ်းပါလား
ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ တန်းစီလို့လေး။
အို အချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ် ပြင်။
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်းတဲ့။
တွေ့ချင်တဲ့ စေတနာရယ်။
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာက ဝတ်ရည်သယ်၊ စံပယ်က မအား။
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့ အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်တုံ့ပန်းကို၊ ပြုံး ကြည့်ချင်ငဲ့တဲ့။
ကြည့်ချင်တဲ့ စေတနာရယ်။
သနားဖွယ် ချစ်ဖွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို
ပျိုနယ် လိုက်လေမလား။
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်း ကျိုးရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော် က တချွင်ချွင်၊ ကွင်းပြင်ကဘုရား။
နေမင်း ညို ချိန်တန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး၊ ဖူးချင်လျက်သားတဲ့။
ဖူးချင်တဲ့ စေတနာရယ်။
နိဗ္ဗန္ဒ ဂီတာတေးပေမို့၊ အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့ အရ။
ပွင့်ဖူး တဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်သင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင် ဆိုက်အောင်။
အားစိုက်ပါလေး။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)
အခန်း (၂) မယ့်လမ်းပါတဲ့
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့။
စံပယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့။
ပျိုမယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့။
စေတီငယ် ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
လင်းယဉ်နွဲ့ တချီချီ၊
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။
အခန်း (၃) ဘယ်ရွာဆိပ်ကမ်း
ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ ပျော်လို့သာနေ။
ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ စင်း။
သည်ချောင်းရေ လေမခတ်တယ်
စီးတတ်လေခြင်း။
ကျူရိုးရှင် ပီပီမှုတ်လို့ ဘုတ်မကို သူကပြိုင်၊
ချောင်းစပ်မှာ ထိုင်။
ဘုတ်မက တိုင်၊ ကျုကိုင်က အေး။
ရေစီးနဲ့ လာ၊ ရေသာမှာ ပြန်လို့ မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို၊ လွမ်းတယ်တဲ့လေး။
စုန်ပါတဲ့ ဆန်ပါ။
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးရှိလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း။
အပွင့် အပြာရောင်နဲ့
ဘယ်သောင်မှာနေချိုအေးလျှင်။
မှေးအိပ်မယ်မှန်း။ ။
အခန်း (၄) မှန်းဖို့ လိုပဲ
မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာ မှ၊
နေအိပ်လိုပဲ။
ဒီတက်လျှင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင်
ဆန်လိုက်သည်ပဲ။
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာ မှ၊
နေအိပ်လိုပဲ။
ဒီကျလျှင် ရွှင်
ဗေဒါခင် ပယ်လယ်ဆိုက်အောင်
စုန်လိုက်သည်ပဲ။
ဘုတ်မက အီ၊ ပီပီက သံမစဲ။
မဗေဒါ စုန်ဆန်လမ်းကို မှန်းဖို့လိုပဲ။ ။
အခန်း (၅) တက်ချိန်နှင့် ကျချိန်
ဗျိုင်းညီနောင်၊ အတောင်က ဖြူဖွေး။
ကမ်းစပ်ကိုကြည့်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ၊
ဒီကြွပြီလေး။
ကဏန်းမရွှံ့စိုစို၊ တစ်ကိုယ်လုံး နီတွေး။
တွင် ဝ လတာပြင်က
ခရာပင် တွယ်ကာတတ်လေပေါ့
တောင်ဘက်ခွင် ပင်လယ်စွန်းမှာ
ဒီတွန်းပြီလေး။
ပုစဉ်းကောင်၊ အတောင်ကငွေမှေး။
ကမ်းစပ် ကျူတစ်ရုံက
သူမလုံ သူခုန်ထွက်လေပေါ့
ဒီတက်ပြီလေး။
ဒီတက်ချိန်တန်၊ ဆန်လာပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း။
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။
ကမ်းစပ်မှာ ငိုင်
သူ့လည်တိုင် စေ့တစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့ ဒီညောင်းပြီလေး။
ကဏန်းမရွှံ့စိုစို၊ တစ်ကိုယ်လုံး နီထွေး။
လက်မ တထောင်ထောင်နဲ့
တွင် ပေါင်မှာ မင်းယောင် ခင်းပြန်ပေါ့
ဒီဆင်းပြီလေး။
ပုစဉ်းကောင်၊ အတောင်ကငွေမှေး။
ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီကျပြီလေး။
ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူပင်ရွတ်နဲ့
ခွန်းဆက်လို့လွမ်း။ ။
အခန်း (၆) မျောလျက်သာပဲ
လေပြင်ငယ် ပွေ၊ လေပြင်လျှင် လည်း။
ချောင်းကျယ် ဘယ်မငြင်း
ချောင်းကျဉ်းလျှင် လည်း။
နေပူတုန်း ခါ၊ မိုးရွာလျှင်လည်း။
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင် လည်း။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လည်း။
ပွင့်ဖူးစုံ အကုန်လန်း၊ နွမ်းနယ်လျက် လည်း။
စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာပဲ။ ။
အခန်း (၇) ရဲခဲ့သည်ပါ့
မြစ်တန်းမှာတဲ့ လေကြမ်းဆင်။
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်။
တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ။
ရေလှိုင်း ဗလပွေနဲ့
မုန်တိုင်းလေး ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။
မြစ်ရိုးမှာ တဲ့ မိုးသက်ဆင်။
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ။
ရေလှိုင်း ဗလပွေနဲ့
မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာ ပဲ။
စိုးမရွံ့ တွန့်မတုန်။
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှမဖြုံ။
ဆန်လိုက်ပြန်တုံ၊ စုန်လိုက်ပြန်ရ။
ခေါက်ပေါင်း မရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)
အခန်း (၈) တေးစုံနဲ့ပဲ
တီတာတာ ကညာမေဘုတ်က၊ ရွှေနှုတ်ချိုသွေး။
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့ တေး။
ပဒေသာ
ထေရ်ဝါရည်စူးလို့၊ လှေဦးမှာ လေး။
ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံ တေး။
သောင်အခြေ
ခေါင်ရေ လေမြူး တော့၊ ရေရူးတွေ ဖွေး။
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံ တေး။
အကောင်သေ
တောင်လေ ရေတက်တော့၊ ရေယက်နဲ့ ထွေး။
ကျူရိုးရှင် ပီပီညှင်း၊ ငိုချင်းသံ တေး။
တက်မကူ
ရွက်ဖြူပူဖောင်းနဲ့၊ လှေလောင်းကိုယ် လေး။
ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံ တေး။
ပြူ့တပြူ
မြေငူ ဓနိကျွန်း၊ သောင်ထွန်းပြီလေး။
ကျူရိုးရှင် ပီပီနော့၊ သားချော့သံ တေး။
တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေပဲ။
မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ပဲ။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇ - ၁၉၅၉)
အခန်း (၉) စုန်ဆန်ရ တရား
ပန်းပါဘိ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ် တစ်ကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဖွယ်တဲ့လေး။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွဝင်။
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ် ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်
တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန် ပုစွန်ငါး၊ နေ့တိုင်းပါလား။
ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲ အဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉)
အခန်း (၁ဝ) ပန်းပန်လျက်ပဲ
အခန်း (၄၂) ဇော်ဂျီ (၁၉၀၇-၁၉၉၀)
၁၉ဝ၇ ဧပြီ ၁၂ ရက်၊ သောကြာနေ့တွင် ဖျာပုံမြို့၌ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့် တို့မှ ဖွားမြင်သည်။
သားချင်း ကိုးယောက် အနက် အကြီးဆုံး သားဦး ဖြစ်သည်။ အမည် ရင်း ဦးသိန်းဟန် ဖြစ်သည်။
၁၉၁၂-၁၉ ရှေးဦးစွာ ဖျာပုံမြို့၊ ဘုန်းတော် ကြီးကျောင်း၊ ထို့နောက် မြန်မာကျောင်း၊ ထို့နောက် ဖျာပုံမြို့ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်းတို့တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။
၁၉၂၀ ရန်ကုန်တက္ကသိုလ် ပထမသပိတ်ကြီးတွင် ဖျာပုံကျောင်းသူ ကျောင်းသားများ နှင့် အတူ ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။
၁၉၂၄ ရန်ကုန်မြို့၊ အမျ သားအထက်တန်းကျောင်း (သရက်တောကျောင်းတိုက်)သို့ ပြောင်းရွှေ့ပညာသင်ခဲ့သည်။ ထို့နောက် အထောက်အပံ့ခံ မြို့မအမျိုးသား (တိုင်းရင်းသား) အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့ပြီး ၁၁ ဆင့်တန်း အောင်မြင်ခဲ့သည်။ သစ္စာဝါဒီ သတင်းစာတိုက်က ကြီးမှူး | ကျင်းပသော ကဗျာဘာသာပြန်ပြိုင်ပွဲတွင် စိတ္တသုခလင်္ကာဖြင့် သစ္စာဝါဒီဆု (ရွှေဒင်္ဂါးငါးပြား) ရရှိခဲ့သည်။ (စိတ္တသုခ လင်္ကာမှာ အင်္ဂလိပ်ကဗျာဆရာ Henry Wotton ၏ The Character of A Happy life ကဗျာကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်)
၁၉၃၅-၃၆ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ခဲ့သည်။
၁၉၂၈ နောင်အခါ ပထမဦးဆုံးသော ခေတ်စမ်းကဗျာ ဖြစ်လာမည့် `ပိတောက်ပန်း”ကဗျာကို ဖွဲ့ဆို၍ ရှေးဦးစွာ ဟံသာကြေးမုံစာစောင်တွင် ဖော်ပြခဲ့သည်။ ထို့နောက် မတ်လထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၌ ထပ်မံဖော်ပြခဲ့သည်။
ဥပစာတန်းကို မြန်မာစာအမှတ်အများ ဆုံးနှင့် အောင်မြင်၍ သာဒိုးအောင်ဆု ရခဲ့သည်။
၁၉၂၉ ဝိဇ္ဇာဘွဲ့ ရရှိသည်။ (မြန်မာစာပေ။ အင်္ဂလိပ်စာပေ၊ အရှေ့တိုင်းနိုင်ငံများ သမိုင်းဘာသာရပ်များ ဖြင့် အောင်မြင်ခဲ့သည်။)
၁၉၃၀ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်၌ မြန်မာစာ နည်းပြဆရာအဖြစ် အမှုထမ်းသည်။
၁၉၃၁-၃၄ ရန်ကုန်၊ မြို့မအမျ သားအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအ ဖြစ် လုပ်ကိုင်ခဲ့သည်။
၁၉၃၄ ရန်ကုန်တက္ကသိုလ်၏ မဟာဝိဇ္ဇာသင်တန်းကို တက်ခဲ့သည်။ (အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ နှစ် ဘာသာတွဲ ယူသည်။)
၁၉၃၆ မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။
၁၉၃၆-၃၈ မန္တလေး ဥပစာကောလိပ်၌ မြန်မာစာနည်းပြဆရာအ ဖြစ် အမှု ထမ်းသည်။
၁၉၃၈ စာကြည့်တိုက်ပညာ၊ ပညာတော်သင် အ ဖြစ် လန်ဒန်တက္ကသိုလ်နှင့် ဒဗ္ဗလင်တက္ကသိုလ်တို့၌ ပညာသင်ခဲ့သည်။
၁၉၄၀ စာကြည့်တိုက်ပညာ ဒီပလိုမာရရှိခဲ့သည်။
၁၉၄၁ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက် | စာကြည့်တိုက်မှူး အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အောက်တိုဘာလတွင် ဦးဆန်း+ဒေါ်နှင်းဇင်တို့၏ သမီး၊ ရန်ကုန်မြို့မ အမျိုးသမီးကျောင်း၊ အထက်တန်းပြဆရာမ ဒေါ်စောရင် ဘီ-အေ၊ ဘီ-အီးဒီနှင့် လက်ထပ်ခဲ့သည်။
၁၉၄၂ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာအစိုးရပညာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေး ဝန် (စာပေနှင့် စာကြည့်တိုက်ဌာနခွဲ) အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၆ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။
၁၉၄၇-၄၈ တိုင်းပြည်ပြု လွှတ်တော် ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးတို့တွင် အထူးအရာရှိ (အခြေခံဥပဒေ အချောကိုင်ကော်မတီ၊ မြန်မာနိုင်ငံတော် အလံ၊ သီချင်းနှင့် တံဆိပ်ကော်မတီအဖွဲ့ဝင်)အ ဖြစ် တာဝန်ပေးခြင်း ခံရသည်။
၁၉၄၈ ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ်ရသည်။
၁၉၅ဝ ချစ်ကြည်ရေး အဖွဲ့ဝင်အ ဖြစ်ဖြင့် ၊ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။
၁၉၅၁-၅၂ ပညာရေး လေ့လာရေး အဖွဲ့ဝင် အ ဖြစ် အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများ သို့ သွားရောက်ခဲ့သည်။
၁၉၅၂-၅၇ ပညာရေး ဌာန၊ ကျောင်းသုံးစာအုပ်ပြုစုရေး (ထုတ်လုပ်ရေး ညွှန်ကြားရေး ဝန် အ ဖြစ် တာဝန်ယူခဲ့သည်။
၁၉၅၅ `သခင်ကိုယ်တော်မှိုင်းဋီကာ ́စာအုပ်အတွက် စာပေဗိမာန်၏ စာပဒေသာဆု | ရရှိခဲ့သည်။ ချစ်ကြည်ရေး အဖွဲ့ဝင်အဖြစ် ယိုးဒယားနိုင်ငံသို့ သွားရောက်ခဲ့သည်။
၁၉၅၉ မြန်မာနိုင်ငံတော် သမိုင်း ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရသည်။
၁၉၆၁ (မေလ) ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခအ ဖြစ် ဆောင်ရွက်သည်။
သီရိပျံချီဘွဲ့တံဆိပ် ရခဲ့သည်။ ချစ်ကြည်ရေး အဖွဲ့ဝင် အ ဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။
၁၉၆၅-၇၅ ပညာရပ်ဝေါဟာရကော်မတီဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
၁၉၆၇ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး အ ဖြစ်မှ အငြိမ်းစားယူသည်။ ပညာရေး အထူးအရာရှိ (၁)၊ မြန်မာနိုင်ငံ သုတေသနအသင်းဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်သည်။
၁၉၇၆ နိုင်ငံသမိုင်း သုတေသနဦးစီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်သည်။ အိန္ဒိယသို့ ရာမစာတမ်းဖတ်ပွဲ တက်ရောက်ရန် ဦးခင်ဇော် (R)နှင့် အတူ သွားခဲ့သည်။
၁၉၇၉ `နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ ဘာသာပြန်စာအုပ်ဖြင့် အမျိုးသားစာပေ (ဘာသာပြန်ရသစာပေ) ဆုရခဲ့သည်။
၁၉၈၁ အငြိမ်းစားဘဝကို အပြည့်အဝ စတင်ခံစားခဲ့သည်။
၁၉၈၇ `ရှေးခေတ် ပုဂံကဗျာစုနှင့် အခြားကဗျာများ” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေ(ကဗျာ) ဆုရခဲ့သည်။
၁၉၉၀ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ငါးနာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
ကမ္ဘောဇလမ်း၊ အမှတ် (၁ဝ-က)နေအိမ်တွင် ကွယ်လွန်သည်။
No comments:
Post a Comment