ဗေဒါလမ်းကဗျာစု (၂)
ဇော်ဂျီ
အခန်း (၁၁) တွေးမိပါစ
အခန်း (၁၂) စိုင်းဦးမှာလား
အခန်း (၁၃) ဆိုင်ခင်းလျက်ပဲ
အခန်း (၁၄) ချောင်းရဲ့ အလှ
အခန်း (၁၅) သူ့လမ်းစဉ်
အခန်း (၁၆) ချောင်းလှဖို့ကို
အခန်း (၁၇) ဗေဒါနှင့် ကျူပင်
အခန်း (၁၈) ပွင့်ဖူးတံချီ
အခန်း (၁၉) တင်းရပုံပဲ
အခန်း (၂ဝ) ချောင်းတစ်ခွင်
အခန်း (၁၁) တွေးမိပါစ
ဗေဒါတဲ့ ဗေဒါ။
ဒီချောင်းမှာ အမည် မွှေး၊ အေးငြိမ်းသာယာ။
မွှေးသမျှ ပြန်တစ်ရာ၊ ခံစရာ အရေး။
အတိုက်ခံနိုင်မှ၊ အမွှေခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့ ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ်လေး။
မွှေးမှလည်း မဟုတ်ပါ။
ရိုးသံရှင် ပဲ့တင်ထပ်၊ ချောင်းရပ် ဧရာ။
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ။
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေးဒဏ် ခံနေကျ တွေးမိပါစ။ ။
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း (၁၉၆၀)
အခန်း (၁၂) စိုင်းဦးမှာလား
ပင်လယ်ဝဆီက၊ ဒီတက်စ လှိုင်းဘောင်ဘင်။
မဗေဒါ တစ်ဟုန်ထိုး၊ ချောင်းရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေးတိုင်း။
ရေထဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျတော့
ဒီညောင်းစ ချောင်းရေသာ။
မဗေဒါ ကိုယ်ရှိန်သတ်၊ လှမ်းတက်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံပုံခဲ့။
ရေသင်ဖြူး ပေမို့
ပွင့်ဖူးစုံ ငုံတံနဲ့၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ တဲ့။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက
ဒီရေကျ ခွန်းစလာ၊ လွမ်းစရာပါတကား။
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း၊ စိုင်းဦးမှာ လား။ ။
တက္ကသိုလ် အိုးဝေမဂ္ဂဇင်း (၁၉၆၀)
အခန်း (၁၃) ဆိုင်ခင်းလျက်ပဲ
အညာလှေ
အညာမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာ နား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
တံငါလှေ
တံငါမြေ ကုန်ရောင်:ဖို့၊ ဒီချောင်းမှာနား။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာမြှောင်
အိုးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာမြှောင်
ငါးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ခယင်ငါးရယ်နဲ့ ငါးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား တဲ့။
ဒီလမ်းက ပန်းဗေဒါ။
ဆန်ရေ စုန်ရေနဲ့
ထုံပေပေ သူမနား၊ သွားရခါခါ။
ပါပါစ ရောင်:စရာ၊ ပါရှာဘု သူတို့နည်း။
အပြာမှာ အဝါကွက်ကယ်နဲ့
အတက်မှာသူရွှင်ပြပေမဲ့
ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ၊
ဆိုင်ခင်းလျက်ပဲ။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၁၄) ချောင်းရဲ့ အလှ
ကျူရိုးရှင် မနေတတ်လို့
ရေစပ်ကိုတဲ့ ဆင်းလို့လာ။
မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ။
ကျူရိုးရှင် ဝါသနာ၊ ကဗျာနွဲ့ချိုတေး။
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး တဲ့။
အိုးအချင်း မင်းပီပီ။
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ။
ဆန်လိုက်ကြ စီရရီ၊ တချီချီ ထကြွကြွ၊
တက်ရေမှာ မြင်နေကျ၊ ချောင်းရဲ့ အလှ။
အိုအချင်း ပီပီငယ်။
ရေကျမှာ ဗေဒါပန်း၊ ကမ်းရပ်ကို ဖယ်။
ဝဲယာမှာ လတာကျယ်၊ အလယ်မှာ ဗေဒါမ။
သက်ရေမှာ မြင်နေကျ၊ ချောင်းရဲ့ အလှ။
တက်ရေနဲ့ သက်ရေနယ်။
ဆန်မကုန် စုန်မဆုံး၊ လုံးပတ်ချာလည်။
ဗေဒါမ ခရီးသည်၊ ပန်းရှာမယ်ဆိုရလည်း။
ဒီချောင်းမှာ အလှဖွား၊ ပွားခဲ့ပြီပဲ။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၁၅) သူ့လမ်းစဉ်
ကမ်းကပ်ကို မင်
လမုပင် အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကို ဒီရေတိုး၊ ပြိုလဲမှာစိုး။
ကမ်းစပ်ကို မင်
ဓနိပင် ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင် အလက်ထဲက၊ ခွဲရမှာစိုး။
ကမ်းစပ်ကို မင်
လတာပြင် ငါးပျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျှင် လတာနုန်း၊ ဒီဖုံးမှာစိုး။
စိုးပါဘူး သူ့မူရာ။
ချောင်းတစ်ခွင် ပင်လယ်ဝက၊ ပန်းလှ ဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ် သူမြင်ရဲ၊ သူစွဲတတ်ဘိ။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၁၆) ချောင်းလှဖို့ကို
ဒီချောင်းမှာ သာ၊ ကြာပါပေါ့လား။
မဗေဒါ ပြာနွဲ့နှောင်းငဲ့
ချောင်းတန်တန် ရေငန်ရပ်မှာ၊ စွဲတတ်နိုင်အား။
သူ့စိတ်နဲ့ သူ့ကိုယ်။
ချောင်းတစ်ခွင် မြင်သမျှ၊ ချောင်းလှဖို့ကို။
ဘုတ်မက ချိချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်း ကောက်ချင်ကောက်။
သူ့လမ်းနဲ့ သူ့အမြင်
ချောင်းဒီရေ နေသမျှ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တစ်လွှား။
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။
ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေချောင်စောင်းငဲ့
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၁၇) ဗေဒါနှင့် ကျူပင်
မဗေဒါ၊ ဆန်လာပေါ့ အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း
ရေမွန်းလိုက်ရင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း
သောင်ထွန်းလိုက်ရင်း။
မဗေဒါ၊
ဆန်လာပေါ့ အတင်း။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ပုန်းရပြန်ရင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ ပြန်ဆင်း။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။
ကျူပင်ရိုးမှာတော့၊ ယိမ်းထိုးရ အခါခါ။
မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရ ဘယ်နဲ့ညာ၊ ရိုးတံညှာ ရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ယိမ်း။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၁၈) ပွင့်ဖူးတံချီ
အပြာမှာ အဝါကွက်ကယ်နဲ့
ဝိုင်းစက်စက် ရွယ်ငယ်ရှင်။
မဗေဒါ ပင်လယ်အောက်က
ချောင်းပေါက်ကိုဝင်။
ချောင်းတစ်လျှောက် မယ့်လမ်းစဉ်
ယဉ်ပေစွတကား။
ဗေဒါတွေ ဒီရေထဲမှာ၊ ရဲပေစွတကား။
ရေဆိပ်မှာတဲ့ ညံစီစီ။
ပျိုလေးတွေ လက်တစ်ကမ်း၊ ပန်းဆန်ခဲ့ပြီ။
လှမ်းကြပေါ့ မီ့တမီ၊ ကံသီလို့ တကတဲ။
ဗေဒါပျံ ကံကကြီး၊ ရေစီးကြောင့် လွှဲ။
ခရိုပတ် ဝဲငယ်ငယ်။
ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်။
မဖြစ်လို့ နှစ်တွယ်တွယ်၊ ဝဲလယ်ကအဖွဲ့။
မဗေဒါ ပတ်ချာလှည့်၊ လွှဲထွက်နိုင်ခဲ့။
လောင်းစပ်ကခပ်တက်ပြင်။
ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက်ပန်းဆင်။
လှေဦးက ဘီလူးဝင်၊ လျင်နိုင်မှလွတ်မြဲ။
ဗေဒါပျံလှေနံယိမ်း၊ တိမ်းခဲ့သည်ပဲ။
ချောင်းဖျားက ငါး ငါးပျံ။
လတာရောင် အကောင်သေး၊ မေးလိုက်ခဲ့ပြန်။
ဗေဒါကဖောင်သဏ္ဌာန်၊ ငါးပျံက ဖောင်စီး။
ပြာဝါရောင် ဘယ်မညှိုး၊ ပိုးခဲ့မညည်း။
တက်ရေမှာ ဆန်၊ ကျပြန်တော့ စုန်ဆင်း။
ပွင့်ဖူးတဲ့ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ၊ မျောတတ်လေခြင်း။
ရန်ကုန်တက္ကသိုလ် နှစ် လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၁၉) တင်းရပုံပဲ
ဖူးတံက ညိုတိုတို။
စုန်ရေ ဆန်ရေနဲ့
ဗေဒါတွေ ရေအလှ၊ ချောင်းမတစ်ခို။
ရေငန်နဲ့ ရေချို၊ ဥဒဟိုမစဲ။
နေ့မရှောင် ညမအား၊ နားရရှာပဲ။
နားချင်လို့ ခါတစ်ရံ။
မဗေဒါ ရွာသူ့ပန်းပေမို့၊ ကမ်းကပ်မယ့်ကြံ။
အစုန်မှာကပ်ရပြန်၊ အဆန်မှာ ခွာရမြဲ။
အဆန်မှာ ကပ်လျှင်လည်း၊ စုန်ဆင်းတော့ခွဲ။
ကပ်ပြန်ရ ဝမ်းမသာ၊ ခွာပြန်ရ ဝမ်းမနည်း။
မဗေဒါ စုန်ဆန်ရင်း၊ တင်းရပုံပဲ။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
အခန်း (၂ဝ) ချောင်းတစ်ခွင်
ပွင့်ဖူးတံချီ၊ ဗေဒါရီတစ်မိ။
ချောင်းတစ်ခွင် သူဆန်သွား၊ ချောင်းဖျားအထိ။
တစ်ရွာကိုကျော်၊ တစ်ခေါ်လောက်စခန်း။
မဗေဒါ ဆန်တဲ့ချောင်း၊ ကျောင်းနဲ့ နတ်လမ်း။
နတ်လမ်းကို ကျော်၊ တစ်ခေါ်လောက်စခန်း။
မဗေဒါ ယာဘက်ဘေး၊ တဲ လေးအိမ်တန်း။
လေးအိမ်ကို ကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါ မယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း။
စားကျက်ကို ကျော်၊ တစ်ခေါ်လောက်စခန်း။
မဗေဒါ ဝဲယာလိုက်၊ တောဗျိုက်ဖြူတန်း။
ဗျိုက်တောကို ကျော်၊ တစ်ခေါ်လောက်စခန်း။
မဗေဒါ ပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း။
ရောက်ပြန်လျှင် ပျော်၊ ကျော်ပြန်တော့ သူလွမ်း။
ရောက်တိုင်း တပျော်ပျော်နဲ့
ကျော်တိုင်းသာသူ့မှာ လွမ်း
ချောင်း ဗေဒါလမ်း။ ။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၁၉၆၀)
No comments:
Post a Comment