မီ - ကြည်အေး

 



မီ . . . တဲ့ ။


မီ . . . မီ . . . မီ့ကို မမြင်ဘူးခင် ကတည်းက သည်နာမည်ကလေးကို ဘယ်လောက် ဘယ်လောက်များ တ ရပါလိမ့် ။


ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည် ။


နောက်တော့ ယောင်္ကျားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင်သူမို့ ၊ နောက်တော့ ဘယ်သူကိုမှ မခဲရလျှင် သူ့အမြီး သူ ပြန်ခဲသည့် ကျားနာလို ရက်စက်သူမို့ . . .


ခုမှာမူ ကျွန်တော်သည် ပပ်ကြားအက်ကွဲနေသော အသည်းနှလုံးနှင့် မှုန်ရီဝေးကွာခဲ့သည့် မီ၏ အတိတ်က အရိပ်တွေကို လိုက်လံဖမ်းယူကာ မီ . . . မီ . . . မီဟု မောဟိုက်တမ်းရှိုက်မိပါသည် ။


 


*****


 


“ လေး” . . .


ညက လေးကို အိပ်မက် မက်တယ် ။


လှေကားထစ်တွေက . . . အို . . . အရှည်ကြီးပဲတဲ့ လေးရယ် . . . ကွေ့ကွေ့ကောက်ကောက်နဲ့ မဆုံးနိုင်ဘူး . . . နေ့လား ညလားတော့ မသိဘူး ။ မှောင်တော့ ခပ်မှောင်မှောင်မှာ လေးနဲ့မီ လှေကားတစ်ထစ်ပြီး တစ်ထစ် ၊ တစ်ထစ်ပြီးတစ်ထစ် ဆင်းကြပါရောတဲ့ ။


အိပ်မက်ထဲမှာ လေးက ကြောက်လို့တဲ့လေ ။ တစမ်းစမ်းနဲ့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာမို့ မီက ‘ လာပါ လေးရဲ့ . . . လာပါ ’ လို့ ခေါ်ပြီး အတင်းဆွဲရသတဲ့ ။ လေးက မီ့လက်မောင်းကို မှေးကိုင်ပြီး လိုက်လာလို့ မီက လမ်းပြလိုလို ဖြစ်နေတာပေါ့ ။


အောက်ဆုံး သုံးလေးထစ်ထဲကျန်လို့ မီတို့နှစ်ယောက် ငုံ့အကြည့်လိုက် မှောင်ကြီးမှ တကယ့်အမှောင်ကြီးပဲ ၊ နက်လိုက်တာကလည်း လွန်ရော ။ အဲဒီထဲ ကျသွားရင် ဘယ်မှမရောက်နိုင်တော့ဘဲ မှောင်ထဲမှာပဲ ပတ်ချာလည် နေရမယ်တဲ့ . . . အိပ်မက်ဆိုတာ ဒီလိုပဲနော် ။ အိပ်မက်ထဲမှာ ပြောပြမယ့်လူ မရှိပေမဲ့ အလိုလို သိနေတာပဲ ။


နောက်တော့ ဘာဖြစ်လို့ရယ် မသိပါဘူး ။ မီတို့နှစ်ယောက် မှောင်ကြီးကိုမေ့ပြီး လှေကားရင်း ညာဘက်ထောင့်မှာကပ်လို့ တစ်ယောက်နှင့်တစ်ယောက် မှီထိုင်နေကြတယ်တဲ့ ။ စိုစိုစွတ်စွတ်နဲ့ မိုးဖွားလေးတွေက တဖြောက်ဖြောက် ကျလို့ပေါ့ ။ မီတို့နှစ်ယောက် မျက်နှာမှာလည်း မိုးရေလား ၊ မျက်ရည်လား တစ်ခုခုပဲ ရွှဲလို့တဲ့ လေးရယ် ။ အို . . . မျက်ရည်ပဲ ဖြစ်ရမှာပေါ့နော် ။


မီတို့နှစ်ယောက် ငြိမ်ထိုင်ပြီး စကားမပြော ဘာမပြော နေလိုက်ကြတာ တစ်ညလုံးပဲ ထင်ပါရဲ့ ။ မီ လန့်နိုးလာတော့ အဲဒီထိုင်တုန်း တစ်ဝက်တစ်ပျက်ပဲ ရှိသေးတယ် ။


ကဲ . . . ဒါဟာ အိပ်မက်တဲ့ ။ မီကတော့ နိမိတ်ပဲ ထင်တာပဲ မောင် ။ အိပ်မက်က မဆုံးသေးခင် နိုးလာလို့ပေါ့ ။ ဆုံးအောင်သာ မက်ရမယ့်ဟာဆိုရင် မှောင်ကြီးထဲ နှစ်ယောက်သား လိမ့်ကျကြလိမ့်မယ်နဲ့တူတာ လေးရဲ့ ။


သိပ်စင်းတဲ့ အိပ်မက်ပဲနော် . . .


လေးရယ် . . . မီကတော့ သွားရမယ့်လူပါ ။ မကောင်းတာ ၊ မသင့်တာ ၊ မတော်တာတွေ မှန်သမျှ လုပ်ပြီးခဲ့လို့ သက်တမ်းမစေ့ခင် စောစောစီးစီး သေရမှာဟာ မီ့လမ်းပဲ ။ အမှန်တော့ မီဟာ လေးကို အိပ်မက်ထဲက အတိုင်းပဲ အတင်းဆွဲခေါ်ပြီး ဒုက္ခတွေ တွေ့စေတာပဲ ။ လေးနဲ့မီ စတွေ့ကတည်းက မီဟာ တစ်ခါမှ ကောင်းကျိုးမပေးခဲ့သေးဘူးနော် ။


လေးဟာ မီ့အပြစ်တွေ အတွက် မီ့ကို သေသေချာချာ မုန်းလိုက်ဖို့ကောင်းတယ် ။ လေး ခုလို မီ့ဆီက ထွက်ပြေးလို့တော့ မီ့ဒဏ်က လွတ်မယ်ထင်သလား ။


လေးဟာ မီ့ကို မုန်းပြီး မေ့လိုက်မှ အေးမှာ ။ လေးဟာ ခုလို မီ့အတွက် စိတ်ညစ်ပြီး ထင်ရာတွေ လုပ်နေဖို့ မကောင်းပါဘူး ။


မီ့ကို လှေကားရင်း မှောင်စပ်မှာ ပစ်ထားပြီး အပေါ်သာ ပြန်တက်ပြေးပါတော့ကွယ် ။ အပေါ်မှာ ပျော်စရာတွေ ရှိတယ်တဲ့ ။ မီ့ဒုက္ခတွေ ၊ မီ့အပြစ်တွေကို မဆိုင်ဘဲနဲ့ ဝေမခံချင်ပါနဲ့တော့ ။


မီလည်း နီးပါပြီ ၊ ပြန်မြင်နေသေးတော့တယ် လေးရယ် ။ ရှေ့ကလည်း မှောင်ကြီး လှေကားထစ်ကလည်း သုံးလေးထစ်ပဲ ကျန်တော့တယ် ။


မှောင်ကြောက်ပြီးတော့ လွဲဖယ်သွားစရာလည်း မရှိဘူး ။ မီကတော့ အပေါ်မှာ ဘာတွေရှိရှိ ပြန်တက်မပြေးချင်တော့ပါဘူး ။ ဒီမှောင်ဆီကိုပဲ ကျရအောင် တမင်ဆင်းခဲ့ရတာ မဟုတ်လား ။


မီးကတော့ နီးပါပြီဆို ။ ညက ချောင်းဆိုးတယ်လေ ။ သွေးတော်တော်ပါတယ် ။ ဘေးက လူတွေတောင် လန့်ကုန်တယ်လေ ။ မီ မကြားဘူးမှတ်လို့ တိုးတိုးပြောကြသေးတယ် ။ သွေးတွေကလည်း များလိုက်တာ ချင်းချင်းနီနေတာပဲတဲ့ ။


မနီပါဘူး ၊ အဟုတ်မနီပါဘူး ။ မည်းနေတာပဲ ။ မည်းလွန်းလို့ မှောင်နေတာ မီ မြင်သားနဲ့ ။ ခုတော့ မီ့ရှေ့မှာ မှောင်ကြီးပဲ လေးရေ့ ။ ဘာကိုကြည့်ကြည့် အမည်းချည်း မြင်တာပဲ ။


လေး . . . ဒီစာကိုဖတ်ပြီး မငိုနဲ့ဦးနော် ။ လေးဟာ ခဏလေးပဲ ရှိသေးတယ် ။ ငိုစရှိ ငိုတုန်းပဲ ။ စင်စစ်တော့ ငိုစရာ မဟုတ်ပါဘူး ။ ဒါဟာ ရယ်စရာကြီးပါ ။ မောင် . . . ရယ်စရာကြီးပါ ။ မီတော့ ရယ်တာပဲ ’


 


                                   “လေးရဲ့မီ”


 


သည်ကစပြီး မီ့ကို ကျွန်တော် သိပေသည် ။


မီသည် ယောင်္ကျားတစ်ယောက်ကို ဘယ်လို သိမ်းဆည်းရမည် ဆိုတာကို သိပေသည် ။


ခုကြည့်ပါ ။ မောင်ကိုလေးသည် မီ မှာသလိုတောင် မငိုနိုင်အောင်ကို စိတ်ထိခိုက် နေပေသည် ။


ကျွန်တော့်လက်တွင်းက သူ့ မီ၏ စာကလေးကို ငေးမောတွေစိုက်ပြီးနေ၏ ။


ကျွန်တော့်ကို မကြည့်ဘဲ


‘ မီ သေရင် ကျွန်တော် မနေဘူး ’ ဟု မိုက်မဲစွာ ပြော၏ ။


မောင်ကိုလေးသည် သည်လောက် မိုက်မဲရအောင်ပဲ ငယ်သေးသည် ။


သူ့မှာ လူငယ်တို့၏ အရည်အချင်းဖြစ်သည့် ယုံလွယ်သောစိတ် မိုက်ရူးရဲစိတ် မြန်လွန်းသောစိတ် ရှိသည် ။


သို့သော် စစ်ထဲဝင်နိုင်လောက်အောင် စွန့်စားခြင်းမှာလည်း ဝါသနာမပါ ။


နိုင်ငံကိုလည်း မချစ်လှသောကြောင့် သူ စစ်သား ဖြစ်နေသည်ကို ကျွန်တော် နားမလည်ပေ ။


နောက်ဆုံး၌ လူငယ်ပီပီ အချစ်ကိစ္စဖြင့် စိတ်အခန့်မသင့်ဖြစ်ကာ ကျွန်တော်တို့ တပ်ထဲ ရောက်လာမှန်း သိရလေ၏ ။


မောင်ကိုလေးသည် မီ့ကို အသက်ငယ်ငယ် ကောင်ကလေးများ ချစ်တတ်သည့် ကမူးရှူးထိုးစိတ်ဖြင့် ပြင်းထန်စွာ ချစ်မိပါသည် ။ မီကတော့


‘ မီကတော့ . . . အင်း . . . မီ့သဘောကို ကျွန်တော် နားမလည်ပါဘူး ။ တစ်ခါ တစ်ခါ မီဟာ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ ထင်တယ် ။ တစ်ခါ တစ်ခါတော့ သိပ်မုန်းတယ် ထင်တယ် ’


မောင်ကိုလေး၏ စကား ။


‘ မီဟာ လှတယ် ၊ ဒါပေမဲ့ ဒါထက်ပိုတာ တစ်ခုရှိတယ် ။ ဘာလဲတော့ မသိဘူး ။ ရှင်းရှင်းပြောရင် မီ့မှာ ကျွန်တော့်ကို ရူးစေတဲ့ အရာတစ်ခု ရှိတယ် ’


‘ မီ့ဆံပင် အညိုရောင်ကလေး ။ မျက်လုံးက မီးခိုးရောင်လိုလိုပဲ ။ အသားက ဖြူပြီးဖျော့တယ် ။ ကိုယ်နေကလည်း ခပ်လျလျ ပါးပါးမို့ သိပ်နဲ့တယ် ။ ’


‘ မီဟာ ဗမာနဲ့လည်း သိပ်မတူဘူး ။ သူ လှပုံက တစ်မျိုးပဲ ။ နာမည်ပေးရမည် ဆိုရင် မီ့အလှဟာ ဖျော့တော့တဲ့အလှ ၊ ဖျော့တော့တဲ့အလှ ’


မောင်ကိုလေးသည် မီ့ကို တွေးသည့် အတွေးများမှာ မူးမေ့ရင်း ကျွန်တော့်အား မီနှင့် မတွေ့ဖူးခင် ကတည်းက မိတ်ဆက်ပေး၏ ။


‘ မီဟာ ကျွန်တော် မကြိုက်တဲ့ အလုပ်တွေကို သိပ်လုပ်တယ် ။ ဘယ်သူ့ကိုမှလည်း မမှုဘူး ။ ပြီးတော့ ကျွန်တော့်ကို သူ့ချစ်စရာ အပြုအမူလေးတွေနဲ့ စိတ်ပြေအောင်လုပ်တယ် ’


‘ မီဟာ ကျွန်တော့်ကို ရူးခိုင်းတဲ့ အခါတွေ အများကြီး ရှိတာပဲ ၊ အမြဲလိုလိုပါပဲလေ ။ ဒါပေမဲ့ ကျွန်တော့်နားကို တိတ်တိတ်ကလေး ရောက်တဲ့အခါမှာဆိုရင် . . . အို . . . ’


‘ ကျွန်တော်က စားပွဲတစ်ခုမှာ လက်ထောက်ရင်း ထိုင်တယ် ဆိုပါစို့ ။ ပထမဆုံး အီဗနင်းအင်ပဲရစ် အနံ့ကလေး ရမယ် ။ ’


‘ ပြီးတော့ ပခုံးပေါ်ကို အေးစက်စက် ပျော့တော့တော့ လက်ကလေးများ ကျလာမယ် ။ ’


‘ ပြီးတော့ မျက်နှာကလေး တစ်ခြမ်းဟာ ကျွန်တော့်ပါးပြင်နားကို ကပ်လာမယ် ။ ’


‘ ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ပဲ ။ ခပ်တွန့်တွန့်နဲ့ပဲ သူ့လက်ကလေးတွေကို ဆုပ်လိုက်တယ် ။ ’


‘ လက်ကလေးတွေဟာဗျာ . . . သိပ်ပျော့ပြီး သိပ်သွယ်တာပဲ ။ ဆင်စွယ်လိုပဲ ချောပြီး ဖြူတယ် ။ ’


‘ အဲဒါဟာ ကျွန်တော် အရူးဆုံး အချိန်ပဲ ။ မီ့မှာ ကျွန်တော် မသိအောင် နောက်ကလာပြီး ချော့တတ်တဲ့ အကျင့်လေး ရှိတယ် ’


ကျွန်တော်လည်း စိတ်ဝင်စားကာ ‘ ဒါနဲ့ မင်းက ဘာပြုလို့ စစ်ထဲဝင်ရတာလဲ ’ ဟု မေးလျှင် သူက မသာယာသော အပြုံးကို အရင်ပြုံး၏ ။


‘ ကျွန်တော် ဒီအကြောင်းကို မတွေးချင်ဘူး ။ ဒါပေမဲ့ အမြဲတွေးတယ် ။ ပြီးတော့ ငိုတယ် ။ မရှက်ပါဘူး . . . ကျွန်တော် မီ့အတွက် ခဏခဏပဲ ငိုတယ် ။ ’


‘ ကျွန်တော်နဲ့မီကို တွေ့တဲ့လူဟာ သိပ်ချစ်တဲ့သူ နှစ်ယောက်လို့ ထင်လိမ့်မယ် ။ ကျွန်တော့်ဘက်ကတော့ ဟုတ်တာပေါ့ ။ မီကတော့ . . . ’


‘ ကျွန်တော် ပြောခဲ့ပြီ မဟုတ်လား ။ မီဟာ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ တစ်ခါ တစ်ခါ ထင်တယ် ။ တစ်ခါ တစ်ခါတော့လည်း သိပ်မုန်းတယ်လို့ ထင်တယ် ဆိုတာ . . . ’


‘ မီဟာ . . . ကျွန်တော်နဲ့ သွားချင်ရာ သွားနေတာပဲ ။ ကျွန်တော့်ကို ခေါ်ပုံကလည်း လေးတဲ့ဗျာ ။ ကျွန်တော်က ချစ်တယ် ချစ်တယ် ပြောချင်သလောက်ပြော မီ ပြုံးနေတယ် ။ ’


‘ ဒါပေမယ့် ခေါင်းခါတယ် ။ ‘ မီ မချစ်နိုင်ပါဘူး ၊ မမုန်းနိုင်ပါဘူး ’ လို့ အပြီးပိတ်ပြီး ပြောတယ် ။ ’


‘ ဘာဖြစ်လို့ မချစ်တာလဲ မေးဦးမလား . . . မီက ‘ မချစ်လို့ပေါ့ ’ လို့ ဖြေမယ် ။ ’


‘ ကျွန်တော့်ကို ဂရုမစိုက် လုပ်ပစ်တယ် ။ ဒါပေမဲ့ ကျွန်တော့်အပေါ်တော့ သိပ်ရင်းရင်းနှီးနှီး နေတယ် ။ ’


‘ အို . . . တကယ့်သမီးရည်းစားလိုပါပဲ ။ ’


‘ ကိုင်း . . . ကျွန်တော်မှ မရူးရင် ဘယ်သူ ရူးဦးမလဲ ။ ကျွန်တော်လည်း မနေနိုင်တော့ဘူး ။ ’


‘ ဒေါသလည်းထွက် ၊ ရှက်လည်းရှက် ၊ ဝမ်းလည်းနည်းပြီး ‘ မီဟာ မောင့်ကို ချစ်ရက်သားနဲ့ မုန်းဟန်ဆောင် နေတာလား ။ မုန်းရက်သားနဲ့ ချစ်ဟန်ဆောင်နေတာလား ’ လို့ မေးတော့တာပေါ့ . . . ။ ’


‘ မီက အေးဆေးပဲ ‘ နှစ်ခုစလုံး မဟုတ်တော့ဘူး ’ တဲ့ ။ ’


‘ ကျွန်တော်က ဒါနဲ့ ‘ မောင် သေသွားရင် မီ ဘယ့်နှယ့်နေမလဲ ’ လို့ ဆိုတော့ ‘ သုံးလေးရက် ဝမ်းနည်းမှာပေါ့ ’ တဲ့ဗျာ ။ ’


‘ ကျွန်တော် ဘာဖြစ်သွားမယ် ဆိုတာ ခင်ဗျား သိချင်သလား ။ သိအောင်လည်း ကျွန်တော် ပြောပြနိုင်မှာ မဟုတ်ပါဘူး ။ ခင်ဗျား ကိုယ်တိုင် ဒီလိုခံရမှ သိမယ် ။ ’


‘ ကျွန်တော် မခံချင်လို့ ထပ်ထပ်မေးတယ် ။ ဒီအဖြေပဲ ။ ရက်စက်လိုက်တဲ့ မီ . . . သုံးလေးရက်ပဲ ဝမ်းနည်းမှာပေါ့တဲ့ ။ ကျွန်တော်ကတော့ မီ သေရင် မနေဘူးလို့ တွက်ထားတယ် ။ ’


‘ မီဟာ တည်ပေမဲ့ ကျွန်တော်နဲ့ကျရင် အမြဲပြုံးပြီး စကားပြောတတ်တယ် ။ ’


‘ ဒီတော့ သူ စကားပြောရင် နောက်နေတာလား ၊ အတည်လားလို့ လက်ဦးတွေးရတယ် ။ ’


‘ ကျွန်တော်ကတော့ ဒီနှစ်ခုကို မခွဲခြားနိုင်ခဲ့ပါဘူး ။ ’


‘ ဒါနဲ့ ကျွန်တော်လည်း သိပ်ရှက်ပြီး သိပ်နာသွားတယ် ။ ’


‘ ဒါကြောင့် မီ့အပေါ် ကြောက်စရာကောင်းအောင် ချစ်တဲ့လူကို ကြောက်စရာ ကောင်းအောင်ပဲ မုန်းမိတဲ့ မီ့အမုန်းအတွက် မီ့ကို သုံးလေးရက် ဝမ်းနည်းရအောင်တော့ ဒဏ်ပေးဦးမယ် . . . ဆိုပြီး စစ်ထဲဝင်လိုက်တယ် ။ ’


‘ သေဖို့ ဝင်ခဲ့တယ် ၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး ။ ခုတော့ မီက စာတွေ ရေးပြန်ပြီ ။ ရေးပုံက လွမ်းလောက်စရာပါပဲ ။ ဖတ်ပြီးတော့ ခင်ဗျား ဘယ့်နှယ်ထင်သလဲ ကျွန်တော့်ကို မီ ချစ်တယ် ထင်သလား ။ ’


‘ ကျွန်တော်ကတော့ တွေးတုန်းပဲ ။ မီ ခုလိုလုပ်နေတာဟာ နောက်နေတာလား ၊ အတည်လားလို့ ’


မောင်ကိုလေးသည် ဤသို့ မီ့အတွက် ရူး၏ ။ အရမ်းကာရောပင် ရူး၏ ။


မီ ကိုယ်တိုင်ကတော့ ဘယ်လောက် စွမ်းလိမ့်မည် မသိ ။ မီ့စာများကတော့ သူ့ကို ငိုသည့်အခါ ငိုစေ၍ ရယ်သည့်အခါ ရယ်စေ၏ ။


ကျွန်တော်သည် မောင်ကိုလေး အတွက် မခံချိ မခံသာ ဖြစ်ကာ . . . မီဟာ ဘယ်လို မိန်းမကလေးမျိုးပါလိမ့်ဟု တွေးလေ၏ ။


ထိုခဏမှာ အေးစက်စက် မထီတရီ မီ့ကို တွေ့၏ ။ မီသည် မောင်ကိုလေး ပခုံးကိုကိုင်ကာ သူ ငိုသည်ကို ပြုံးပြီးကြည့်၏ ။


အပြုံးနှင့် မျက်ရည်သည် နှစ်ခုပြောင်းပြန် ဖြစ်နေပုံကို ကြည့်ပါဦး ။ မိန်းကလေးက ပြုံးလို့ ယောင်္ကျားလေးက ငိုရသတဲ့ ။


မမြင်ဖူးသေးတဲ့ မီ့ကို ကျွန်တော် မုန်း၏ ။ မုန်းလျက်က စွဲလမ်း၏ ။ တွေးချိန်ရတိုင်း မီ့ကိုတွေးကာ မီ . . . မီ . . . မီ ဟု တသမိပါသည် ။


မီ့ထံမှ စာတွေလာသမျှ ကျွန်တော့်အား ပြသည် ။ ကျွန်တော်က မဖတ်တော့ချေ ။ မီ့သဘောကို ဟိုတစ်စောင်ဖတ်ပြီး ကတည်းက ရိပ်ဖမ်းမိပါပြီ ။


မီဟာ မောင်ကိုလေးကို လှည့်စားနေတယ် ဆိုတာ တစ်ဖက်က လွှတ်ပြီး တစ်ဖက်က ပြန်ဖမ်းနေတယ် ဆိုတာ . . .


ခုတစ်လောလာသည့် မီ့စာများသည် ဒုက္ခအတော်ပေးဟန်တူသည် ။


မောင်ကိုလေးသည် ငိုတစ်ခါ ရယ်တစ်လှည့် မဟုတ်တော့ဘဲ ငြိမ်ငြိမ်ထိုင်ကာ တွေမှိုင်လာ၏ ။ ‘ သေချင်တယ် . . . သေချင်တယ် ’ နှင့် ညည်းလာ၏ ။


ကျွန်တော်ကမူ ‘ မင်းဟာ ယောင်္ကျားစိတ် မရှိဘူး ’ ဟုလည်း မဆူပွက်တော့ ။ လက်ပိုက်ပြီး ကြည့်နေလိုက်သည် ။


သူ ဖြစ်ချင်သလို ဖြစ်နေ ၊ ကျွန်တော် ကြည့်ကာသာနေ၏ ။ ဒါ့ကြောင့် မချိမဆံ့ ပိုဖြစ်လေသလားတော့ မသိပေ ။


တစ်ညမှာ ၂ နာရီကျော်လောက် ထင်သည် ။ ကျွန်တော့်အား အတင်းလှုပ်နိုး၏ ။


အိပ်မောကျနေသူပီပီ အလန့်တကြား တွတ်ပစ်ရင်း ထလိုက်သည် ။


စိတ်တွင် ရှောင်တခင် စစ်ပွဲတော့ လာပြီဟု ထင်သည် ။ မောင်ကိုလေးက လုံးလုံးလျားလျား နှိုးမိသည် အထိပင် စောင့်၏ ။ ပြီးတော့ မီ့အကြောင်းကို ပြောသည် ။


‘ မီဟာ ကျွန်တော့်ကို ဘယ်လောက် မုန်းတယ် ဆိုတာ ခုမှသိတယ် မီက သေပါစေ . . . ဆုတောင်းနေတာဗျ ။ ’


‘ ကျွန်တော် စစ်ထဲဝင်တုန်းက ပျော်နေတာပဲ ။ မီ ပျော်နေတာပဲ ။ ကျွန်တော် မရှိမှ သူ တွဲချင်တဲ့လူနဲ့ တွဲရမှာပေါ့ ။ ပြီးတော့ ‘ သူရဲကောင်းကြီး ’ တဲ့ ။ လှောင်လိုက်သေးတယ် ။ ’


‘ မီဟာ အမြဲကို လှောင်နေတာပဲ ။ ကျွန်တော်ကသာ အကောင်းမှတ်နေတာ ။ ’


‘ ခု မီ အိမ်ပြောင်းသွားပြီ ။ ကျွန်တော့်ကို လိပ်စာမပေးဘူး ။ အလိမ္မာလေးနဲ့ ဖြတ်လိုက်တာပေါ့ ။ သိပ်တောတဲ့ မီ ၊ အစက ဒီလောက်တော်မှန်း မသိဘူး ။ ’


‘ ပြီးတော့ ရေးလိုက်တဲ့ စာကလည်း သူ့ကောင်တွေ အကြောင်းချည်းပဲ ။ သူ့မှာပေါကြောင်း သိပါတယ်ဗျာ ။ ’


‘ ဒါပေမယ့် ကျွန်တော် ဘာဖြစ်နေတယ် ဆိုတာ စဉ်းစားမိဖို့ ကောင်းပါတယ် ။ ဒါလောက် ရက်စက်ဖို့ မကောင်းပါဘူး ’


ဤသို့ မောင်ကိုလေး လာနှိုးသည့် အကြောင်းရင်းကို သိရပါသည် ။


သည်လို ကလေးသာသာ လူငယ်ကလေးက သည်လောက်ကြီးတဲ့ ဒုက္ခနဲ့ တန်ပါလေသလား ။


ဘာပဲဖြစ်ဖြစ် မောင်ကိုလေး၏ လူငယ်ဘဝဟာဖြင့် ပျက်စီးခဲ့ပါပြီ ။


မီသည် မောင်ကိုလေး၏ ပျော်ရွှင်မှုကို ချေပစ်လိုက်ပြီ ။


ချေတာမှ ခြေနဲ့ကို နင်းချေလိုက်တာပဲ ။


သန်းခေါင်ကျော် လေသည် အေးလှ၏ ၊ ရက်စက်၏ ။


ဖျော့တော့သည့် အလှကလေးသည်လည်း သည်လိုပင် အေး၍ ရက်စက်ပေလိမ့်မည် ။


မီသည် မောင်ကိုလေးအား ညှဉ်းဆဲနေရသည်ကို အရသာ ပေါ်နေဟန်တူ၏ ။


မီသာမဟုတ် ၊ ဘယ်မိန်းမဆို သူတို့အတွက် လူတစ်ယောက် ဒုက္ခရောက်နေသည်ဆိုလျှင် ပျော်၏ ၊ အားရ၏ ။


ပြီးတော့ သူတို့ ရက်စက်မှု အတွက် ဂုဏ်ယူလိုက်ချေသေးသည် ။ သို့ပေမည့် မီကတော့ ပို၏ ၊ မီကတော့ ပို၏ ။


အေးလှသည့် လေနှင့် မီ့အတွေးများကြောင့် ကျွန်တော်သည် အိပ်ချင်စိတ် ပျောက်သွားသည် ။


မောင်ကိုလေးက မျက်နှာခပ်လွှဲလွှဲနှင့် နေ၏ ။ သူ့စိတ်ထဲ ဘယ်လိုများ နေလိမ့်မလဲ ။


အသက်နှစ်ဆယ် မကျော်သေးသည့် သူ၏ နုနယ်ပျိုရွယ်သော စိတ်ဓာတ်ကလေးသည် မိဘထံမှလည်း ထွက်ပြေးခဲ့ပြီ ။


ကြမ်းတမ်းသည့် စစ်သားဘဝကိုလည်း တွယ်ကပ်ခဲ့ပြီ ။ နောက်ဘာဖြစ်ရဦးမည်လဲ ။


ကျွန်တော်သည် မောင်ကိုလေးကို နှစ်သိမ့်စေချင်၏ ။ သို့သော် ဘာပြောရ ဘာလုပ်ရမှန်း မသိပေ ။


‘ အေးလိုက်တာ ’ ဟုသော စကားမရှိ စကားရှာပြီး ပြောကာ တစ်ကိုယ်လုံး တွန့်လိုက်မိပါသည် ။


မောင်ကိုလေးက ကျွန်တော့်အား မမြင်သော မျက်လုံးများဖြင့် စိုက်ကြည့်သည် ။ နောက်မှ အဓိပ္ပာယ် နားလည်လာသလို ‘ သိပ်အေးတာပဲဗျာ ’ ဟု စိတ်မပါဘဲ လိုက်ပြောလေ၏ ။


‘ အေးတယ်ဆိုလို့ တစ်ညကို သတိရတယ် ။ ပြာသိုတစ်ညပေါ့ ။ ခုနှစ်နာရီလောက် ရှိသေးပေမဲ့ သိပ်ဉာဉ့်နက်နေပြီ ထင်ရတယ် ။ ’


‘ လမ်းပေါ်မှာ လူ မရှိတော့ဘူး ။ အိမ်တံခါးတွေလည်း ပိတ်ထားကြတယ် ။ ’


‘ မီက သွားချင်တယ်ဆိုလို့ ကဖေးတစ်ခုကို လိုက်ပို့ရတယ် ။ ’


‘ ပထမတော့ သူ ဆာလို့ အောက်မေ့တယ် ။ ဒါပေမဲ့ ဘာမှမစားဘူး ။ ဘရန်ဒီပဲ သောက်တယ် ။ ’


‘ မီဟာ ဒီလိုမိန်းကလေး ၊ ချမ်းလို့ လို့တော့ ပြောတာပေါ့ ။ ကျွန်တော်ကတော့ မကြိုက်ဘူး ။ ’


‘ မီ ဘာဖြစ်လို့ သောက်ရတာလဲ ’ လို့ ကျွန်တော်က မမေးရက် မေးရက်နဲ့ပဲ မေးတော့ ‘ လေးကော မသောက်ဘူးလား ’ တဲ့ ။ ပြီးတော့ စီးကရက်ခဲပြီး ကျွန်တော် ပြောသမျှတွေကို မကြားသလို နေတာပဲ ။


‘ အဲဒီညဟာ ကျွန်တော် အသည်းကွဲတဲ့ညပဲ ။ ဘားမှာ သူ့မိတ်ဆွေတွေ တွေ့လိုက်တာဟာလည်း မနည်းပါဘူး ။ ဒီလူတွေ သူ့ကို ခေါ်ပုံ ၊ စကားပြောပုံဟာ တစ်မျိုးပဲ . . . တစ်မျိုးပဲ . . . ကျွန်တော် မကြိုက်ဘူး ။ ’


‘ မနက်ကျတော့ မီ လဲတာပဲ ။ သွေးတွေ သိပ်အန်တာကိုး ။ ကျွန်တော် မကြည့်ဝံ့ဘူး ။ သူကတော့ ပြုံးနေလိုက်သေးတယ် ။ ပြီးတော့ သေစကားချည်းပဲ ပြောနေတယ် ။ ’


‘ ကျွန်တော်ကတော့ သေနတ်ချည်း စမ်းစမ်းနေတာပဲ ။ ဆရာဝန်ကသာ ပြောလိုက် မီဟာ သေတော့မယ် . . . လို့ ။ ’


‘ ကျွန်တော် သူ့ကို ဝေဒနာ မခံရအောင် ပစ်သတ်မယ် ။ ပြီးတော့ . . . ကျွန်တော်လည်း လိုက်သွားမယ် ။ ’


‘ မီ့မှာ တီဘီရှိတယ် ။ ကျွန်တော်ကတော့ မကြောက်ပါဘူး ။ ကျွန်တော့်ကို ကူးကူး သေသေ ၊ မီ့ကို ပိုသနားတယ် ။ မီဟာ ကျွန်တော့်ကို ချစ်ပါတယ်ဗျ ။ သူ့ရောဂါကြီးကြောင့် ငြင်းတာပဲ ။ ငြင်းမရလို့ ကျွန်တော် စိတ်ပျက်အောင် မီ တမင်ထင်ရာတွေ လုပ်နေတာပဲ ။ ’


‘ မီဟာ ကျွန်တော် မခံနိုင်ဆုံး စကားလုံးကို သိပ်ပြောတယ် ။ ‘ မုန်းလိုက် . . . မုန်းလိုက် ’ တဲ့ ။ ရောဂါကြီးနဲ့ မိန်းကလေး တစ်ယောက်တည်း နေရတဲ့ မီ့ကို ဘယ်သူ မုန်းနိုင်ပါ့မလဲ ။ မီဟာ သနားစရာ သက်သက်ပါ ။ ’


‘ မီ ကျွန်တော့်ကို ချစ်ပါတယ် ။ ‘ လေးဟာ မီ့အတွက် ဘဝအဆုံးမခံပါနဲ့ ’ တဲ့ ။ ‘ လေးဟာ ကလေးလေးပဲ တကယ့်ကို ကလေးလေးပဲ ’ လို့ မီ ညည်းရှာတယ် ။ မီက ကျွန်တော့်ထက် သုံးနှစ်ကြီးတယ် ။ ’


မောင်ကိုလေးသည် မီ၏ အချစ်နှင့် အမုန်းကြားဝယ် ပတ်ချာလည်ကာ ဓားနှင့် အစိုက်ခံရသူ၏ ညည်းသံမျိုးဖြင့် ရှည်လျားစွာ ကြောက်မက်ဖွယ်ရာ ညည်း၏ ။


ကျွန်တော်တို့ တပ်၏ အခြေအနေသည် ဆိုးလာ၏ ။ တပ်သားများသည် အိမ်အကြောင်းပြောဖို့ သတိမရတော့ဘဲ တိုက်ပွဲကိုသာ မျှော်ရ၏ ။


လက်နက်များကို ပြင်ဆင်ရ၏ ။


အကူတပ်များကိုလည်း ဝမ်းတွင်းမှ တိတ်တဆိတ် မျှော်ကြ၏ ။


သည်အတွင်းမှာ မောင်ကိုလေးသည် စစ်သွေးလုံးလုံး မဝင်ဘဲ မီ . . . မီ . . . မီ နှင့် မီကာနေရာမှ ဆိတ်ငြိမ်သွား၏ ။


မည်သည့်လက္ခဏာလည်းတော့ မသိချေ ။


ကျွန်တော့်ကိုပင် စကားမပြောတော့ ၊ တစ်ယောက်တည်းသာ နေပါများတော့သည် ။


တိုက်ပွဲတစ်ခု ဖြစ်ပွား၏ ။


အင်္ဂလိပ် အစိုးရ၏ ဂေါ်ရခါး စစ်သားများသည် သစ်လွင်လှပါသည် ။


မည်းမည်းညစ်ညစ် ဗမာစစ်သားများသည် ကျ ကျသွား၏ ။


သေစရာရှိလျှင် အဆွေတော် နီပွန်တို့သည် နောက်ဆွယ်မှ ရှောင်နေသည် ။


ကျွန်တော်တို့သည် မခံချင်စိတ် ၊ ရှက်စိတ်ဖြင့် ဇွတ်သာတိုက်၏ ။


ထို့ကြောင့် တပ်လုံးပြုတ်တော့မလို ဖြစ်နေသည် ။


ဂေါ်ရခါး စစ်သားတစ်စုသည် အမြစ်မှကျွတ်ပြီး လဲနေသော ကျွန်းပင်ကြီး နောက်မှာရှိ၏ ။


ထိုတစ်စုကြောင့် တပ်သားအများဆုံး သေ၏ ။


ကျွန်းပင်ကြီး၏ ပင်စည်မှာ လဲနေလျက်က လူ့တစ်ရပ်ခန့် ရှိပေသည် ။


ထိုအပင်ပေါ်ကို တပ်သားတစ်ယောက် ခုန်ပြေးပြီး တက်လိုက်၏ ။


လက်ထဲမှာ လက်ပစ်ဗုံး ကားခနဲ ဖြစ်သွားသည့် ခြေထောက်သည် ပြန်အစု အရပ်မားခနဲ မြင့်အလာမှာ ထပြီးပေါက်ကွဲ၏ ။


မောင်ကိုလေး ။


ထိုတပ်သားကို မောင်ကိုလေးဟု ပေါက်ကွဲပြီးမှ နောက်ကျစွာ သိရလေ၏ ။


တိုက်ပွဲပြီးသွား၍ အခိုးအငွေ့များ သေသည့်အခါ ကျွန်တော်တို့ တပ်သားများ အလောင်းကောက်ကြသည် ။


ကျွန်းပင်၏ အမြစ်အတက်များအကြား ဂေါ်ရခါး စစ်သားများအောက်မှ မောင်ကိုလေးသည် မှောက်လျက်ကားရားကြီးနေ၏ ။


သူ့မှာ နောက်စေ့မရှိတော့ချေ ။


အားလုံးကို ဖယ်ပစ်၍ မောင်ကိုလေး၏ အလောင်းကို ပက်လက်လှန်လိုက်သော် သူ့အင်္ကျီ ရင်ဘတ်အောက်မှ ရည်းစား စာတွေ တစ်ထပ်ကြီး ထွက်ကျလာလေသည် ။


 


*****


စစ်ပြီးသွားသည့်အခါ ကျွန်တော်လည်း တပ်တွင်းမှ ထွက်လိုက်၏ ။


စစ်သားလူထွက်ပီပီ ဘယ်နေရာ ဘယ်အလုပ်မှာမှ အတည်တကျ မနေနိုင်ဘဲ လျှောက်ပြီးလေလွင့်နေ၏။


ကျွန်တော့်မိဘများမှာ အလုပ်အကိုင်မပျက် ပြန်၍လုပ်နေသဖြင့် ကျွန်တော်သည် ထင်သလိုပင် လေလွင့်နိုင်၏ ။


ကျွန်တော်သည် မီ့ကိုသာ ရှာ၍နေမိပါသည် ။ မီ့ကို ဘိန်းစွဲသလို စွဲနေ၏ ။


ကိုယ့်ကို ဖျက်ဆီးမည်မှန်းလည်း သိ၏ ၊ တပ်မက်နှစ်သက်ပြီးလည်း နေသည် ။


ပြီးတော့ မောင်ကိုလေးကို သတ်သည့် လက်သည်၏ မျက်နှာကို စေ့စေ့လည်း ကြည့်လိုပေသည် ။


မီ့ကိုတွေ့အောင် ခဲခဲယဉ်းယဉ်း မရှာရပါ ။ မီသည် ကျော်စော၏ ။ ပွဲလမ်းသဘင်မှာ ထင်ရှား၏ ။


ညစ်ညမ်းသော အဓိပ္ပာယ်နှင့် မျက်စပစ်တတ်သူ ယောင်္ကျားများ၏ ပါးစပ်မှာ မီ့ကိုရှာပါ ။


အင်္ဂလိပ် ကပွဲများပေးသည့် ဟိုတယ်တစ်ခုက ပရိတ်သတ်ထဲမှာ မီ့ကို တွေ့ရလေသည် ။


မီ၏ဘေးမှာ စိန်လက်စွပ် ခပ်ကြီးကြီးကို နှစ်ဆင့်ကွင်း ဝတ်ထားသည့် ယောင်္ကျားခန့်ခန့်တစ်ယောက် ထိုင်၏ ။


သူတို့စားပွဲပေါ်မှာ ဘရန်ဒီ ပုလင်းနှင့် ဖန်ခွက်များ ရှိပေသည် ။


မီ့ကို တွေ့တွေ့ချင်း ဖြစ်ပေါ်သည့် စိတ်မှာ ဘယ်လိုမုန်းမှန်း မသိအောင် မုန်းသည့် အမုန်းပင် ဖြစ်၏ ။


ကျွန်တော်သည် မီ့စားပွဲသို့သွားကာ ‘ မီ ဆိုတာ မဟုတ်လား ’ ဟု မေးလိုက်ပါသည် ။


မီကို မီမှန်း သိခဲ့ပါပြီ ။ ကျွန်တော်၏ မိတ်ဆွေတစ်ယောက်က ကျွန်တော် ရောက်စကပင် လက်ညှိုးထိုး၍ ပြခဲ့ပေပြီ ။


ပြီးတော့ မီ၏ ထူးခြားဖျော့တော့သည့် အလှနှင့် ဘေးဘီကို မမှုသည့်ဟန်က ထင်ပေါ်လှသည် ။


မီက နှုတ်ခမ်းမှ စီးကရက်ပင် မချွတ်ဘဲ မျက်လွှာကို မှေးကြည့်ပြီး ‘ မီမှန်း ဘယ်လိုသိပါသလဲ ’ ဟု ခပ်ပြတ်ပြတ် မေး၏ ။


သူ့ဘေးက လူက မျက်မှောင်ကုတ်ပြီး စောင့်ကြည့်၏ .


‘ ကျွန်တော်ဟာ မောင်ကိုလေးကို သိခဲ့ရင် မီ့ကိုလည်း သိရမှာပေါ့ ’


ကျွန်တော်၏ မျက်နှာမှာ မီ့ကို ရှုံ့ချသရော်ဟန် ပေါ်လိမ့်မည် ထင်သည် ။


မီက ကျွန်တော့်စကားကို နားလည်ကာ တစ်ချက်ရယ်လိုက်၏ ။


စကားမပြောသေး ၊ စီးကရက်ကို သိပ်ရှိုက်၍ဖွာကာ မီးခိုးများကို မှုတ်ထုတ်ပြီး မထီလေးစား ပြုံးသည် ။


ထို့နောက် ‘ သြော် . . . စစ်ထဲ ဝင်သွားတဲ့ ကောင်လေးဟာ ထင်ပါတယ် ’ ဟု ကျွန်တော့်အရှိုက်ကို ဆောင့်သည့် အေးစက်စက် အမူအရာဖြင့် ပြောလေ၏ ။


‘ ဟုတ်တာပေါ့ မိန်းမတစ်ယောက်က ခိုင်းလို့ စစ်ထဲဝင်ပြီး သေပေးရတဲ့ မောင်ကိုလေးဟာပေါ့ ’


မီက ဂရုမစိုက်ဘဲ ရွှေစီးကရက်ဘူးလေးကို ထိုးပေးကာ ‘ သောက်ပါဦး ဦးသော်ဆွေ ’ ဟု ကျွန်တော့်နာမည်ကို တမင်ပီပီသသ ခေါ်လိုက်ပေ၏ ။


ကျွန်တော့်နာမည် သိနှင့်ခြင်းကို အံ့သြစေလိုဟန် တူပါသည် ။


ဒါပေမဲ့ အံ့သြစရာလား မောင်ကိုလေးဆီက သိနိုင်သည် ။


ဘာပဲဆိုဆို ကျွန်တော်သည် အနည်းငယ် နေမထိ ထိုင်မသာတော့ ဖြစ်သွား၏ ။


ကျွန်တော်လည်း ကုလားထိုင် တစ်ခုမှာ ဝင်ထိုင်ရင်း စီးကရက် တည်သည်ကို တစ်လိပ်ယူလိုက်ပါသည် ။


မီးခြစ်ကိုခြစ်၍ ညှိမည်အပြုမှာ မီက စီးကရက်အသစ် တပ်ထားသည့် သူ့နှုတ်ခမ်းကလေးကို လက်နားတိုးပေးသဖြင့် သူ့စီးကရက်ကို ညှိပေးလိုက်ရ၏ ။


ပန်းငုံမဖောင်းတဖောင်းကလေးကို ပွင့်ဖူးနေသည့် ပန်းနုရောင် မီ့နှုတ်ခမ်းလေးများကို သတိထားမိရင်း ကျွန်တော့်မျက်လုံးများ အနည်းငယ် အခြေပျက် သွားပေသည် ။


မီ၏ ဖျော့တော့သော အလှသည် ယောင်္ကျားတစ်ယောက်ကို မချိတရိ ဖြစ်စေနိုင်၏ ။


မိန်းမအလှကို ကျွန်တော် ဂရုမပြုလှသော်လည်း မီကျတော့ နှစ်လိုမိသည် ။ မီ့ကိုကြည့်ရင်း ကဗျာတောင် ဆန်လာသည် ။


မီ့ဆံပင်ကလေးများဟာ ပိုးမျှင်လို နူးညံ့ပြီး အညိုဖျော့ဖျော့ လက်နေတာပဲ ။ အသားရောင်က အဖြူဖျော့ဖျော့ ၊ မျက်လုံးက မိုးတိမ်ဖျော့ဖျော့ ။ မီသည် လေမှာလွင့်သည့် ပုလဲရောင် လည်စီးနှင့်သာ တူတော့သည် ။


နွဲ့လျသည့် မီက ကျွန်တော့်လက်မောင်းကို ရင်းနှီးရဲတင်းစွာကိုင်၍ ထလိုက်၏ ။


ဘေးကလူကို ‘ မီ . . . သူနဲ့ လိုက်သွားဦးမယ် ကိုမောင် ။ ပြီးတော့ အိမ်ပြန်နှင့်မယ်လေ ’ ဟု မြှူချော့ပြီးပြောကာ ကျွန်တော့်အား  မေးတစ်ချက် ဆတ်ပြသည် ။


သူ့လူက မျက်နှာမဲ့ကာ ‘ အင်း . . . အင်း . . . ’ ဟု ပါးစပ်ပိတ်ပြီး ပြော၏ ။


ကျွန်တော်လည်း သူ့ကို ရန်သူလို ထင်မိကာ မီ့နောက်ကို တမင်လိုက်မိ၏ ။


ကျွန်တော်သည် စပါးကြီးညှို့မှာ မိနေသူပမာ ကိုယ့်ကို စားမည် စောင့်သည့် စပါးကြီး ရှိရာလမ်းကို သိလျက်ပင် တတန်းတန်း လိုက်နေပြီ ။ ဒါကို မီက စင်းစင်းကြီး သိသည် ။


ကျွန်တော် မိုက်မဲရာတော့ ကျတာပေါ့ ။ ဒါပေမဲ့ မိုက်မဲတာသည် ဘေးလူအမြင်မှာ ဘာပဲဖြစ်နေဖြစ်နေ မိုက်မဲရသူ အဖို့တော့ ပျော်စရာ ၊ မီနှင့် တွေ့ရလျှင် မိုက်မဲရခြင်းသည် ပျော်စရာ ။


ဆူးလေဘုရားကို ပတ်၍လျှောက်ရင်း မီ့အစွမ်းသတ္တိကို တွေးနေမိရာက ‘ မီဟာ ဗမာလား ၊ မီ . . . ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား ’ ဟု မေးလိုက်ရာ သဘောကျသွားသလို ဟက်ဟက်ပက်ပက်ကလေး ရယ်ပစ်လိုက်၏ ။ ဖြေကား မဖြေချေ ။


‘ မီဟာ ဗုဒ္ဓဘာသာ ဗမာမိန်းကလေး တစ်ယောက်နဲ့ မတူဘူး ။ မီဟာ အံ့သြစရာကေကာင်းတယ် ’


ကျွန်တော်က သည်လို ချီးမွမ်းဟန်နှင့် အပြစ်တင်လိုက်သည်ကို မီက ဘာမှပြန်မပြောချေ ။


အမှန်တော့ . . . သည်လို ပြောလိုက်ခြင်းဟာ ရင်းနှီးလွန်းရာ မကျဘူးလား ။ ကျွန်တော့်စိတ်ထဲမှာ မီကို ခုမှတွေ့ဖူး ၊ စကားပြောဖူးသော်လည်း ရင်းနှီးခဲ့သည်မှာ ကြာပြီ ။


ထို့ပြင် မီသည် ဗမာမိန်းကလေးတစ်ယောက် နေပုံထိုင်ပုံနှင့် အင်မတန်ကို ဖီလာဖြစ်နေသဖြင့်လည်း ပြောမိခြင်းဖြစ်သည် ထင်ပါ၏ ။


‘ မီ ဗမာပါပဲ ’


ဘာသာကိုတော့ မီက မဖြေပါ ။


စကားမဆက်ဖြစ်ဘဲ နှစ်ယောက်သား လျှောက်လာရင်း မီက ဖြုန်းခနဲ ကျွန်တော့်လက်ကိုဆွဲကာ ‘ လေး သေပုံ ပြောပြစမ်းပါ ဦးသော်ဆွေရယ် ’ ဟု လည်တံကြော့ကို မော့ပြီးပြော၏ ။


သူ့မျက်လုံးများ လက်နေသည်မှာ မျက်ရည်ကြောင့်ပေလား ၊ လက်ကလေးများကလည်း တုန်လို့ပါကော ။


မောင်ကိုလေး၏ အကြောင်းကို ပြောပြစဉ်မှာ မီသည် ငိုရှိုက်နေသလို ထင်ရသည် ။


သေသေချာချာ ကြည့်ပြန်တော့လည်း ငိုရှိုက်နေသည် မဟုတ်ချေ ။


မီ ငိုသည်ထင်၍ ငုံ့ကြည့်လိုက် ၊ မငိုတာမြင်၍ ပြန်လှည့်သွားလိုက် ၊ ကျွန်တော့်မှာ အတော်ကြောင်ရလေ၏ ။


‘ မီဟာ မောင်ကိုလေး သေလို့ လွမ်းလှပါတယ်ဆိုပြီး ငိုချင်ယောင်ဆောင်နေတယ် ။ တကယ် ငိုလို့တော့ မရဘူး ’ ဟု ကျွန်တော် တွေးကာ မုန်းစိတ်များ ထလာ၏ ။


သူ ကိုင်ထားသည့် ကျွန်တော့်လက်မောင်းကို ခပ်ကြမ်းကြမ်း ပြုတ်သွားအောင် ရုန်းလိုက်၏ ။


မီက လမ်းလျှောက်ရပ်လိုက်ပြီး အံ့အားသင့်သွားသလို ငေးပြီးကြည့်၏ ။


‘ ကျွန်တော့်စိတ်ထဲမှာ မောင်ကိုလေးကို မီ သတ်တာပဲလို့ထားတယ် ။ မောင်ကိုလေးဟာ ခု ပြာအိုးပဲ ကျန်တော့တယ် ။ ပြာတောင် ရှိပါသေးရဲ့လား မသိဘူး ။ မီကတော့ ဟိုတယ်မှာ ကပွဲကြည့်နေတယ် ။ မောင်ကိုလေး ပြောခဲ့တဲ့ မီ့အရည်အချင်းတွေကို ကျွန်တော် ခု တွေ့ပါပြီ ။ ကိုင်း . . . မီ့အိမ်ကို ကျွန်တော် လိုက်ပို့ပါရစေတော့ ’


မီက ငြိမ်နေ၏ ။


ပြီးတော့ ဟန်ဆောင်ရှက်လား ၊ တကယ်ရှက်လား မသိ ။ ရှက်ပြီး ဒေါသကလေးထွက်ကာ ကျွန်တော့်လက်ကို ပြန်ဆောင့်ဆွဲသည် ။


‘ မိန်းကလေး တစ်ယောက်ကို ကြိုက် ၊ တစ်ယောက်ထဲ ရူးပြီး စစ်ထဲဝင် သေတာ ဘယ်သူ့အပြစ်လဲ ’ ဟု အော်လိုက်ပြီး ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်၍ ရယ်ကာ ‘ ဦးသော်ဆွေ ရှင်ဟာ သိပ်ရယ်စရာကောင်းတဲ့ လူပဲ ’ ဟု အချက်ကို ခွပ်လိုက်၏ ။


ကျွန်တော်သည် ဘယ်တော့မှ ရယ်စရာကောင်းသူ မဟုတ်ပေ ။ ဒါသည် ကျွန်တော်၏ မာနပင် ဖြစ်ပေသည် ။


မိန်းမများ ရန်တွေ့ပါစေ ၊ ယောင်္ကျားများက စော်ကားပါစေ ကျွန်တော်သည် ကျောခိုင်းလိုက်ခြင်းဖြင့် လည်းကောင်း ၊ လက်သီးဖြင့် လည်းကောင်း တုံ့ပြန်နိုင်၏ ။ အရယ်ခံရခြင်းကိုမူ မတုံ့ပြန်တတ်တော့အောင်ကို အခံရ ခက်ပေသည် ။


ကျွန်တော်သည် ဘယ်သူ၏ ရယ်စရာ သတ္တဝါ အဖြစ်မှ မခံနိုင်ပေ ။


နှုတ်အကာသာ မီ့ကို စူးစိုက်ကြည့်လိုက်ရာ မီ၏ ညိုလက်လက် အေးစက်စက် မျက်လုံးများကို မြင်ရပါသည် ။


ကျွန်တော်ကပင်စပြီး မျက်လုံးလွှဲရ၏ ။


မီ၏ အနိုင်ကို တွေ့တွေ့ခြင်းပင် ခံရပေပြီ ။


မီက ကျွန်တော့်မျက်နှာထားကို ဂရုမစိုက်ဘဲ ဘာမှမဖြစ်သလို ပျော့ပျောင်းစွာ ‘ လေးဟာ သနားစရာပဲ ။ သူတို့ အရွယ်လေးတွေဟာ ခက်တယ် ။ လေးဟာ အချစ် ဆိုတာကို နားမလည်သေးပါဘူး ဦးသော်ဆွေရယ် ။


ဒါဟာ ဘာမှမဟုတ်ဘူး ။ စိတ်လှုပ်ရှားမှုပဲ ။ လေးဟာ မီနဲ့ ခင်ခင်မင်မင် နေရလို့ လူငယ်တို့ဘာဝ စိတ်လှုပ်ရှားတာပဲ ’ ဟု မှုန်မှိုင်းသော မျက်လုံးများကို တစ်ဝက်ပိတ်ကာ ပြောလေသည် ။


မီက ဤသို့ပြောလိုက်သည့်အခါ ကျွန်တော်၏ ဒေါသသည် ပျောက်သွား၏ ။


ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၏ ။


ဘာ့ကြောင့် ကျွန်တော်သည် မီ့မှာ သာယာရပါသလဲ ။ မီ့စကားသံမှာ ငြိမ်ရပါသလဲ ။ မီ့လက်ကလေး အထိမှာ တုန်လှုပ်ရပါသလဲ ။ မီ ရပ်နေသည်မှာ ကျွန်တော်နှင့် နီးလွန်းသည် ။


မောင်ကိုလေးဟာ ရူးတာပဲ ထားပါဦး ။ မီက ဘာဖြစ်လို့ လိုက်လျောရသလဲ ။ မီ့သဘော သူ့စကားနှင့် တစ်ထပ်တည်းကျလျှင် မီသည် မောင်ကိုလေးနှင့် ခုလို အရောတဝင်နေ ၊ ချစ်သူလို ပေါင်းနေဖို့ မရှိပါကလား ။


မီသည် လိမ်၏ ။ မောင်ကိုလေး ခေါ်ရာ မီ လိုက်ခဲ့ပုံတွေ ၊ မောင်ကိုလေးကို မီ ချော့မော့ခဲ့ပုံတွေ ။ ဒါတွေကိုမြှုပ်ပြီး မောင်ကိုလေးက သူ့ဘာသာနေသည့် မီ့ကို လိုက်ကြိုက် ၊ ရူးပြီး သေသလိုဖြစ်အောင် မီ ပြော၏


တတ်နိုင်ပါပေ့ မီရယ် ။


ဒါပေမဲ့ မီက သည်လောက် ကြည်လဲ့သည့် လေသံကလေးဖြင့် သည်လို လွမ်းဆွတ်ဖွယ် ညည်းညူလိုက်ခြင်းမှာ ကျွန်တော့်ဒေါသကို အမှုန့်ချေပစ်ဖို့ အကောင်းဆုံးနည်း ဖြစ်သည် ။


မောင်ကိုလေးကို မေ့ကာ စစ်သားစိတ်ကို ကဗျာဆန်အောင် လုပ်နိုင်သည့် မီ၏ ပန်းနွဲ့နေဟန်ကလေးကို စိတ်ဝင်စားလာ၏ ။


မီသည် လှလွန်း၏ ၊ ဒါထက် လည်လွန်း၏ ။


ကျွန်တော်ကမူ မီ့အနှောင်အဖွဲ့ကို မြင်လျက်က ကန်းကာ တိုးလျက် ရှိသည် ။


မီသည် တခြားလူ အဖို့တော့ မသိ ။ ကျွန်တော့်အဖို့တော့ မောင်ကိုလေး မိတ်ဆက်ပေးခဲ့သည့် မီ မဟုတ်ချေ ။


လေးရဲ့ မီသည် ယောင်္ကျားကလေး ငိုသည်ကို သတ္တိကောင်းကောင်းနှင့် ပြုံးပြီးကြည့်သည့် မီ . . .


ကျွန်တော့်မီကမူ လောကကို ရွဲ့နေသည့် သနားစရာ မီ . . .


လူငယ်တစ်ယောက်ကို ကြိုးလျှော့ ကြိုးတင်းဖြင့် ကမ်း၍ ကျွန်တော့်လို အသက်သုံးဆယ် အရွယ်ကို ပျော့ခွေကျလာသည့် တွယ်ရာမဲ့သော မီ အဖြစ် ဖမ်းသည်မှာ မီ၏ အပါးအနပ်ပင် ဖြစ်ပေသည် ။


မီသည် မိန်းကလေးတန်မယ့် အရက်ကို အရမ်းပင် သောက်နိုင်၏ ။


ယောင်္ကျားတကာနှင့်တွဲပြီး ‘ ဘား ’ ကို သွား၏ ၊ ဟိုတယ်တက်၏ ။


မီသည် ကစားမျိုးစုံလည်း တတ်သည် ။


နောက်ပြီး ကြည့်လိုက် ၊ မီကို ဘယ်အချိန်မဆို ကြည့်လိုက် စီးကရက် အမြဲခဲကာနေသည် ။ တစ်လိပ်ကို နှစ်ရှိုက် သုံးရှိုက်နှင့် ကုန်အောင်သောက်သည် ။


မီ စကားပြောလျှင် စီးကရက်နံ့ သို့မဟုတ် ဘရန်ဒီနံ့ သင်း၍နေပေသည် ။


ကျွန်တော်သည် မီ့နောက်သို့ တကပ်ကပ်လိုက်ကာ မီ အရမ်းကျသမျှကို ရွံရှာစွာ ပြောဆိုတားမြစ် မိတော့သည် ။


မီနှင့်ကျွန်တော်သည် ဟိုတယ်သို့ ညတိုင်းလိုလို ရောက်၏ ။


မီကို တခြားလူနှင့် မသွားစေလို၍ ကျွန်တော် လိုက်ပို့ရ၏ ။


မီ့အသိတွေကတော့ ဘယ်သွားသွားမလွတ် ။ ပြီးတော့ ယောင်္ကျားချည်းပဲ ယောင်္ကျားချည့်ကဲ ။


‘ ဒီလူဟာ အလကားလူ . . . မီ မသွားနဲ့ . . . ’


မီနှင့်ကျွန်တော် လိမ္မော်ရည် သောက်နေစဉ် လူတစ်ယောက်က မလှမ်းမကမ်းမှာရပ်ပြီး ခေါင်းညိတ်ခေါ်၏ ။


ထိုလူကို နာမည်မသိသော်လည်း ဟိုတယ်တကာတွင် ရမ်းကားလှသဖြင့် ကျွန်တော် သိ၏ ။


‘ မြို့ပိုင် ဦးဘချစ်လေ . . . မီနဲ့ သိပ်ခင်တာ ’


‘ ဒီလိုလူမျိုးနဲ့ ခင်ရတာ မီ့အဖို့ ကြောက်စရာပဲ ။ မီ ဘာဖြစ်လို့ ဒီ ဦးဘချစ်နဲ့ တွဲချင်ရတာလဲ ’


‘ သူကလည်း မေးလိမ့်မယ် . . . ဘာဖြစ်လို့ ဦးသော်ဆွေနဲ့ တွဲသလဲလို့ ’


‘ ကိုယ်က မီ့ကို စောင့်ရှောက်နေတာ ’


‘ မီ့ကို စောင့်ရှောက်နေတဲ့လူကို ဦးသော်တာဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး ။ အများကြီးပဲ ’


‘ သူတို့ စောင့်ရှောက်နေပုံက မပြောချင်ပါဘူး မီရယ် ။ မီဟာ မိန်းကလေး တစ်ယောက်ထဲက သူတို့က တဏှာရူး ၊ တစ်နေ့မှာ မီးပွင့်လိမ့်မယ် ’


ကျွန်တော်က ရိုင်းရိုင်းပင် ပြောလိုက်၏ ။


မီက ပခုံးတစ်ချက် တွန့်ကာ နှုတ်ခမ်းတစ်ဖက် ရွဲ့ကာ လက်ထဲက စီးကရက်တိုက ပြာကိုတောက်ကာ ချွေလိုက်၏ ။


ပြီးတော့ ရဲနေသည့် စီးကရက်မီးကို သူ့လက်ချောင်းကလေးများဖြင့် ဖျစ်ပြ၏ ။


ပြီးတော့ အငွေ့မသေတသေ စီးကရက်တိုကို ကျွန်တော့်ရင်ဘတ်သို့ ပေါက်လိုက်၏ ။


‘ မီးဟာ ကြောက်စရာလား ’


မီသည် ဦးဘချစ်ထံသို့ သွား၏ ။


ဦးဘချစ်က ပိုင်စိုးပိုင်နင်း ပခုံးကို ကြိုပွေ့ကာ နှစ်ယောက်သား သွားကြ၏ ။


ဟိုတယ်ပျော် လူငယ်တစ်စုက ကျွန်တော်တို့သုံးယောက် ဖြစ်ပုံကိုကြည့်ကာ ပွဲအကျကြီးကျပြီး ရယ်ကြ၏ ။


ကျွန်တော်သည် မိနစ်ပေါင်းများစွာ မေ့ငိုင်ကာ ကျန်ရစ်ခဲ့ရာမှ ဗြုန်းခနဲထကာ မီ့ကို လိုက်ရှာသည် ။ ဘယ်စားပွဲမှာမှ မတွေ့ပေ ။


စိတ်ရှုပ်ရှုပ်နှင့် ဆင်ဝင်လသာခန်းကို ထွက်လာကာ ရောက်ရာပေါက်ရာ တွေးနေမိ၏ ။


မီဟာ ဘာဖြစ်လို့ ဒီလိုလုပ်ရပါလိမ့် ။ ငါ့ကိုများ အရွဲ့တိုက် နေတာလား ။ မီ့ကို ရွံ့တယ် ၊ မုန်းတယ် ပြောခဲ့ဖူးလို့ ချစ်တယ် ပြောဖြစ်အောင် အစ်တာလေလား ။


ထိုစဉ်မှာ လူတစ်ယောက်သည် မေးခွန်းတစ်ခုနှင့်အတူ ရောက်လာ၏ ။


‘ မီ့ကို ရှာလို့တွေ့လား ’


ကျွန်တော်က ခေါင်းခါလိုက်သည် ။


‘ ဘယ်တွေ့မလဲ . . . မီက ဦးဘချစ်နောက် ကားတစ်စီးနှင့် ပါသွားပြီ ။ မီဟာ ဒီလိုပဲ ။ ခင်ဗျားလို ကျုပ်လို လူမျိုးဟာ မီ့ကို ဝေးဝေးကရှောင်မှ . . . ’


‘ ခင်ဗျား မီ့အကြောင်း မသိဘူး ။ ကျွန်တော် သိတယ် ။ မီဟာ တိတ်တဆိတ် ပျက်စီးနေတဲ့ မိန်းမလှလေးပဲ ။ မီဟာ ပညာသည်လိုပဲ ။ လူကို သူ့အလှ ၊ သူ့မာယာနဲ့ ပြုစားနိုင်တယ် ။ ပြီးတော့ မီနဲ့ ရင်းရင်းနှီးနှီး တွေ့မိတဲ့ လူတိုင်းဟာ ဒုက္ခရောက်ရတာချည်းပဲ . . . ’


‘ ခင်ဗျား မီ့ကို စိတ်ထဲမှာ မထားပါနဲ့တော့ ။ ကျွန်တော် ဒါ သတိပေးတာပဲ ။ ကျွန်တော်လည်း မီ့လူတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ် ။ ဒါကြောင့် သိတာပေါ့ ။ ခုတော့ ကျွန်တော် မီ့ကို ကြောက်တယ် ’


ကျွန်တော်သည် စကားပြောသူကိုပဲ ဆွဲထိုးရမလား ၊ မီတို့နောက်ပဲ ပြေးလိုက်ရမလား . . . ဟု တွေး၏ ။


ထိုလူကိုသာ စိုက်ကြည့်မိသည် ။ ကျွန်တော့်မျက်နှာသာ မှောင်ရိပ်ထဲမှာ ရောက်မနေခဲ့လျှင် ၊ ဒါမှမဟုတ် ညသာမဟုတ်ဘဲ နေ့ခင်းလင်းလင်း ဖြစ်ခဲ့လျှင် သူသည် ကျွန်တော့်မျက်နှာ အမူအရာကိုမြင်ကာ စကားရှိန်သတ်၍ မြန်မြန်ထွက်ပြေးလိမ့်မည်ထင်၏ ။


‘ မီ့မှာ ပုံတွေအများကြီး ရှိတယ် ။ လူတစ်ယောက်ကို ပုံတစ်မျိုး ပြောတာပဲ ။ လူတိုင်းယုံတာပဲ ။ လူတိုင်းဟာ သူ့နောက်ကို တကောက်ကောက်လိုက်တယ် ။ ဒီထဲမှာ သူ ရွေးတာပဲ ။ ဦးဘချစ်လို လူမျိုးပေါ့ ။ သူ့ကို အစစ အရာရာမှာ ဖောဖော ပံ့ပိုးနိုင်မယ့်လူ ဆိုပါတော့ ။ အဆုံးတော့ဗျာ မီဟာ ဒီလိုလူမျိုးနဲ့တွဲပြီး မိန်းမတွေ ကြောက်တဲ့ဟာ ဟူသမျှကို လျှောက်လုပ်တယ် . . . ဒါပဲ ’


မီ့မှာ ပုံတွေအများကြီး ရှိတယ်ဆို၍ တစ်ခါ မီ ပြောပြဖူးတာ သတိရပါသည် ။


မီသည် မွေးပြီးပြီးချင်း မိဘများ သေကုန်သဖြင့် မြင်ပင် မမြင်ဖူးလိုက်ပေ ။


ဆွေမျိုးလည်း မရှိ ၊ ရှိလည်း မဆိုင် ။ မီသည် ခရစ်ယာန် ဘာသာထဲဝင်ကာ မယ်သီလရင်ကျောင်းမှာ နေရ၏ ။


ဆယ်တန်းအောင်၍ ကျောင်းထွက်သော် မီ့လက်ထဲတွင် ငွေအစိတ်သာ ရှိသည် ။


မီသည် အလုပ်တစ်မျိုးပြီးတစ်မျိုး လျှောက်လုပ်သည် ။


အုပ်ထိန်းသူ မရှိသဖြင့် စော်ကားလိုသူများ၏ ရန်ကို ရွံ့ကာ အလုပ်တစ်ခုမှတစ်ခု ပြောင်းပြေးရသည် ။


မီသည် စိတ်ညစ်လွန်းသဖြင့် ရှုပ်လှသော ရန်ကုန်မြို့ကြီးဝယ် တစ်ညလုံး ထင်ရာမြင်ရာ လျှောက်သွားနေသည့်အခါ ရှိခဲ့ဖူးသည် ။


မီသည် သူ့အကြောင်းကို ပြောပြစဉ်က အသံသည် ခါတိုင်းလို ချိုမြမနေဘဲ အနားဆတ်သည့် ပန်းကန်အသံလို အက်ကွဲနာကြည်းနေ၏ ။


ပြီးတော့ သူ့ခေါင်းကို ကျွန်တော့်ပခုံးပေါ်တင်ကာ ရှိုက်၍နေသေးသည် ။


မီ့ဆံပင်ကလေးများသည် ကျွန်တော့်ပါးပြင်ကို လာ၍ပွတ်သပ်စဉ် သတိလက်လွတ် မဖြစ်ရအောင် အထိန်းကြီး ထိန်းခဲ့ရပါသေးသည် ။ ‘ ခင်ဗျား သိတဲ့ မီ့ပုံက ဘယ်လိုလဲ ’ ဟု ကျွန်တော်က မေးလိုက်၏ ။


‘ မီ့ကို ငယ်ငယ်လေးတည်းက အင်္ဂလိပ် မယ်သီလရင်ကျောင်းမှာ အပိုင်အပ်ထားသတဲ့ ။ သူ ကျောင်းထွက်တော့ မအေနဲ့ နေရာမှာ ပထွေးရန် ကြောက်လို့ တစ်ယောက်တည်း နေရသတဲ့ ။ ကုလားသူဌေး တစ်ယောက်ဆီ အလုပ်လုပ်တာ ကုလားက ကြာသမားတဲ့ဗျာ ။ ဒီက သွားရပြန်ပြီး ဆရာမ လုပ်တယ်ဆိုလား . . . ကျွန်တော်နဲ့ မီ တွေ့ကြတဲ့ အချိန်တုန်းက မီက ဝတ်လုံတစ်ယောက်နဲ့ ယူတော့မလိုလိုပဲ ။ ခုတော့ ဦးတင်မောင်ဆီမှာ ခု လူတွေ ပြောနေကြတာတော့ မီဟာ ဦးတင်မောင်ရဲ့ ခြေတော်တင်တဲ့ဗျ ’


‘ ခင်ဗျား ထွက်သွားပါ ’ ဟု ကျွန်တော်က လူသတ်ချင်သည့်စိတ်ဖြင့် အော်လိုက်၏ ။


‘ ခင်ဗျား ဘာဖြစ်သွားတာလဲ ။ ကျွန်တော် တစ်ခုမှ လိမ်မပြောဖူးဘူး ။ ခင်ဗျား ကောင်းဖို့ စေတနာနဲ့ ပြောတာ ’


‘ ခင်ဗျား ထွက်သွား ’


ထိုသူက စောင်းကန်းစောင်းကန်း လုပ်နေရာ ကျွန်တော်သည် ကုပ်ပိုးမှ ဆောင့်ဆွဲပြီး လသာခန်းမှနေ၍ အတွင်းသို့ တွန်းသွင်းလိုက်၏ ။


ယခု မီ၏ လက်ရှိအလုပ်မှာ သူဌေး ဦးတင်မောင်၏ စက္ကရီတေရီ လုပ်ခြင်းဖြစ်၏ ။ မီသည် ဦးတင်မောင် အိမ်တွင်ပင် နေထိုင်၏ ။


ဦးတင်မောင်မှာ မိန်းမဘက်တွင် နာမည်ကျော် ဖြစ်လေရာ မီ့လို အလှကလေးကို တစ်လနှစ်ရာ့ငါးဆယ် အလကားပေးပြီး အိမ်ခေါ်ထားသည်မှာ ရူးသွပ်ခြင်း မဟုတ်ပေ ။


ကျွန်တော်သည် ဦးတင်မောင်ကို မုန်း၏ ။


သူ့စာရိတ္တကိုပြသည့် ထူအမ်းမဲ့ရွဲ့သော နှုတ်ခမ်းကို မုန်း၏ ။


သို့သော် သူသည် မျက်ခုံးမျက်လုံးကောင်းကောင်း ၊ နှာခေါင်းချွန်ချွန် သပ်သပ်ရပ်ရပ် ဝတ်စားတတ်၏ ။


သူ့ရုပ် ၊ သူ့ပစ္စည်းနှင့် သူ့ကိုယ်သူ အထင်ကြီးသူ ဖြစ်လေရာ ဘယ်တော့မှ လမ်းပေါ်က အပေါစား မိန်းမများနှင့် မဆက်ဆံပေ ။


ပြီးတော့ လူတစ်ယောက်ဟာ ပါးလည်းပါးမယ် ၊ ငွေလည်းရှိမယ် ၊ ခေတ်ပညာလည်း တတ်မယ်ဆိုရင် အထက်တန်းစား ဆိုသူများထဲက လင်ရှိအပျို ၊ တစ်ခုလပ်အပျို ၊ မုဆိုးမအပျို ၊ အပျိုသန့်သန့် စသည်များကို သူ လိုချင်တဲ့ နည်းမျိုးနဲ့ပဲ ရနိုင်တယ် မဟုတ်လား ။


ဦးတင်မောင်နှင့် မီသည် အများပြောလည်း ပြောစရာ ရင်းနှီးလွန်း၏ ။ သို့သော် ကျွန်တော် မီ့ကို ပထမဆုံး စတွေ့စဉ် ဦးတင်မောင်ကို မျက်နှာကြီး ပျက်နေအောင် ထားခဲ့ကာ ကျွန်တော်နှင့် ဆူးလေဘုရားဘက် ထွက်လာသည်ကို တွေးမိသော်


‘ မီဟာ ဦးတင်မောင်ကို မုန်းတယ် . . . မီ သိတယ် ဦးတင်မောင်ကို အလုပ်ရှင်မို့ အလိုက်အထိုက် နေရတာ ’ ဟု အကောင်းဘက်က လှည့်တွေးလိုက်၏ ။


ဟိုတယ်တွင် ၁၁ နာရီ ခွဲသည်အထိ မီ့ကို စောင့်ပါသေးသည် ။ မီ ပြန်မလာပါ ။


မီဟာ အိမ်ပြန်အိပ်နေပြီ ဆိုရင်တော့ ကောင်းပါရဲ့ ။ ဒါပေမဲ့ ဦးဘချစ် . . .


မီ့အသံကို ကြားလိုက်၏ ။


‘ မီးဟာ ကြောက်စရာလား ’


ကျွန်တော်သည် တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံး မိန်းမအတွက် မောင်ကိုလေး ငိုသလို ငိုရကောင်းမလားဟု တွေးမိ၏ ။


နောက်တစ်နေ့ မိုးလင်းလင်းချင်း မီ့ထံ ( ဦးတင်မောင်အိမ် ) သို့ သွား၏ ။


မီရော ၊ ဦးတင်မောင်ရော မရှိဘဲ ဦးတင်မောင့်လူယုံ ကုလားကပြားကိုသာ တွေ့ရ၏ ။


‘ မီ . . . ညက ပြန်မလာဘူးလား ’


‘ လာတယ် ၊ တစ်ချက်ကျော်ကျော်မှာ လာတယ် ။ ဦးတင်မောင်နဲ့ ရန်ဖြစ်ကြတာပေါ့ ။ သူဌေးက မီ့ကို သိပ်သနားတယ် ၊ ဂရုစိုက်တယ် ။ မိန်းကလေး ဖြစ်ချင်ရာ ဖြစ်မှာကို သိပ်ကြောက်တယ် ’


ကုလားက သူ့အဓိပ္ပာယ်နှင့်သူ အားရပါးရ ရယ်လေ၏ ။ ထို့နောက် မျက်ခုံးတစ်ဖက်ပင့်ကာ


‘ သူဌေးက အတော် စိတ်ဆိုးတယ် ။ မီကတော့ ဂရုတောင် မစိုက်ဘူး ။ ‘ ရှင် သဘောမကျရင် အလုပ်ကထွက်မယ် ၊ ထုတ်ပစ်လိုက် ’ တဲ့ ။ သူဌေးကပဲ ပြန်ချော့ရသေး ချည်တော့တယ်ဗျို့ ။ ကျုပ်ဖြင့် အတော် သဘောကျတယ် ။ မီ့နေရာသာ ဖြစ်ချင်လာတော့တာပဲ ။ ကျုပ်သာ မီ ဆိုရင်လား . . . ’


ကုလားက ရွံစရာကောင်းစွာ ရယ်ပြန်၏ ။


ကျွန်တော်လည်း ဘယ်သူ့ကိုမှန်းမသိ ဒေါသထွက်ကာ


‘ ဟေ့ . . . ဒါတွေ မကြားချင်ဘူး ။ ခု သူတို့ ဘယ်မှာလဲ ၊ ဘယ်သွားလဲ နှစ်ယောက်အတူတူ သွားတာလား ’


ဟု ဟောက်လိုက်၏ ။


‘ အို . . . သူတို့ ဘယ်သွားတယ် ဆိုတာ ပြောလို့ဖြစ်မလား ။ နှစ်ယောက်တည်း သွားတာကို ခင်ဗျား လိုက်ပြီး သုံးယောက် မလုပ်ချင်ပါနဲ့ ’


‘ သူတို့ ဘယ်တော့ပြန်လာမလဲ ’


‘ မပြောတတ်ဘူး ’


ကျွန်တော်သည် ကိုင်သာ ရိုက်လိုက်ချင်သော စိတ်ကို ချိုးနှိမ်ကာ ဒေါသကို သက်ပြင်းအဖြစ်သို့ ပြောင်းလဲမှုတ်ထုတ်လိုက်ရင်း


‘ ကဲကွာ . . . ဒါဖြင့်ရင် သူ ဒီလိုသွားတဲ့အခါ ဘယ်လောက် ကြာတတ်သလဲ ခါတိုင်း ’


ဟု တစ်နည်းလှည့်ပြီး မေး၏ ။


‘ မီဟာ ဦးတင်မောင် စက္ကရီတေရီပဲ ။ သူ ဘယ်သွားသွား ၊ ဘယ်လောက်ကြာကြာ မီက အမြဲ သူနဲ့ ရှိရမှာပေါ့ ။ တစ်ရက်ထဲ ကြာတတ်တာလဲ ရှိတယ် ။ တစ်လ ကြာတတ်တာလည်း ရှိတယ် ။ ဒါပေမဲ့ တစ်ခါတော့ သိပ်မကြာပါဘူး ။ အလုပ်ကိစ္စနှင့် သွားတာမှ မဟုတ်ဘဲ ၊ အပျော်သွားတတ်တာပဲ ။ သန်ဘက်ခါလောက်တော့ ပြန်လာကောင်းမယ်နဲ့ တူပါရဲ့ ’


ကျွန်တော်သည် ဘာကိုမျှ မမြင်တော့ဘဲ ခေါင်းအောက်စိုက်ကာ ထွက်အလာ လူပါးဝသည့် ကုလား၏ အော်သံကို ခပ်သဲ့သဲ့ ကြားရပါသည် ။


သို့သော် ပြန်ပြီးသတ်ချင်စိတ်လည်း မရှိတော့ ။


‘ ဟဲ့ . . . နွား . . . ’


မီ့ကို မုန်းသည်ဟု ကျွန်တော် ပြောခဲ့ဖူးပေသည် ။ သို့သော် ကျွန်တော်၏ အမုန်းသည် မီ ကျွန်တော် တစ်ယောက် အနားသာ ကပ်နေစေလိုသည့် အမုန်း ။ မီ ဘယ်သူ့ကိုမှ တစ်ချက် ပြန်လှည့်မကြည့်စေလိုသည့် အမုန်းမှန်း ခု သိပါပြီ ။


မီသည် ကျွန်တော်က ဟန်လုပ်မနေ ရှက်မနေတော့ဘဲ ‘ မင်းနဲ့ငါ ယူကြစို့ကွယ် ’ ဟု သဘောသက်ရောက်သည့် စကားများကို ပြောလိုက်သည့်အခါ သူ ပြုံးနေကျ မထီတရီ အပြုံးကလေးကို ပြုံးလိုက်၏ ။


‘ အင်း ’ လို့လည်း ခေါင်းမညိတ် ။ ‘ ဟင့်အင်း ’ လို့လည်း မငြင်း ။


ကျွန်တော်သည် မီ့ကို နှောင့်ယှက်၏ ။ မီ ဘယ်သူနှင့် တွဲနေနေ အတင်းဝင်ပြီး ဆွဲခေါ်လာ၏ ။


ပထမတော့ မီက ငြင်းဆန်၏ ။ ထေ့ပြုံးပြုံး၏ ။ ‘ ရှင်က ဘာဆိုင်လို့လဲ ’ ဟု မေး၏ ။


သည်အခါများတွင် ကျွန်တော်က ‘ ဘာဖြစ်လို့ မဆိုင်ရမှာလဲ ။ ကိုယ်က မီ့ကို ယူမယ့်လူ ၊ သူတို့က မီ့ကို အပေါစားလို စိတ်ထဲကထားတာ ’


‘ ရှင် တိတ်လိုက် ’


မီက တွေ့ရာလူကိုဆွဲကာ နေ့ညမရှောင် သွားချင်ရာသွား၏ ။


ကျွန်တော်က မလျှော့ဘဲ မီ့အန္တရာယ်တွေကို ဖယ်ပစ်၏ ။ လက်သီးကို မကြာခဏ အသုံးချရ၏ ။


ကျွန်တော့်မျက်နှာ ၊ မေးရိုး စသည်တို့သည်လည်း မကြာခဏ ဖူးရောင်ရ၏ ။


မီသည် ကျွန်တော့်ဘက်ကနေနေ ၊ သူတို့ဘက်ကနေနေ မီ့ကို ကျွန်တော် အစွမ်းကုန် ကာကွယ်ပါ၏ ။


တစ်ခါတစ်ခါမူ မီသည် မျက်နှာကလေး မသာမယာနှင့် ကျွန်တော့်နောက်သို့ ပါလာ၏ ။


‘ မီတော့ ဖြစ်ချင်ရာတွေ ဖြစ်ကုန်တော့မယ် ။ မီ အရင်တုန်းက မီ ထင်ရာလုပ်ခဲ့ပေမယ့် ခု မလုပ်ပါနဲ့တော့ . . . မီ့အတွက် ကိုဆွေ ရှိပါပြီ ။ ကိုဆွေ့ကို လက်ထပ်ပါ ဆိုတော့လည်း မဟုတ်ပြန်ဘူးတဲ့ ။ မီဟာ ဒီလိုနေရတာ သိပ်ပျော်သလား ။ ဒီလိုလုပ်ပုံတွေနဲ့ မောင်ကိုလေးကိုလည်း သတ်ခဲ့ပြီနော် ။ ကိုဆွေတို့လို တကယ် ချစ်တတ်တဲ့ လူများဟာ ဟို . . . ဦးဘချစ်တို့ ၊ ဦးတင်မောင်တို့လို လူတွေနဲ့ ပြိုင်နေရတာ မသင့်ပါဘူး ။ သူတို့မှာ ယုတ်မာချင်တဲ့ စိတ်သာ ရှိတာပဲ ။ မီနဲ့ ဝေးရလို့များ ကိုဆွေတို့လို ရူးကျန်ခဲ့မယ် ထင်သလား ။ ဝေးလိုက်လေ . . . မီရယ် . . . ’


ကျွန်တော်သည် ညည်းညူရာက ဒေါသထွက် ရွံရှာလာကာ


‘ မင်းဟာ လှည့်စားနေတာပဲ ။ ကိုလေးနဲ့ကျတော့ တစ်မျိုး ၊ ငါ့ကျတော့ တစ်မျိုး ၊ ဟိုလူတွေကို တစ်မျိုး လုပ်နေတာပဲ ။ မင်းဟာ ဂျင်ပဲ ’ ဟု ပြောပစ်မိလေ၏ ။


မီက ဘာလုပ်ရမှန်း မသိသော အမူအရာဖြင့် တွေစိုက်ကာ နေရာမှ ကျွန်တော့်ခြေရင်းမှာ ထိုင်ချကာ


‘ အို . . . မီ ဘာဖြစ်နေတယ် မသိဘူး ။ ထင်ရာရမ်းချင်တဲ့ရောဂါ မီ့မှာ ရှိတယ် ။ ကိုဆွေ မီ သေခါနီးမို့ ကယောင်ကတမ်း ဖြစ်နေတာလား မသိဘူး ’


ဟု ငိုလိုကျ၏ ။


‘ ငါတော့ ချီးမွမ်းပါတယ် မီ . . . မင်းဟာ ငါနဲ့ကျရင် ငိုတယ် ၊ ကိုလေးနဲ့ကျတော့ သူ ငိုတာကို မင်း ပြုံးတယ် ။ မီ . . . မီဟာ ယောင်္ကျားတစ်ယောက်ကို အကြောကြံဖို့တော့ ထိပ်တန်းကပဲ ’


မီက နာသွားသည် ။ ထို့ကြောင့် ထလိုက်ကာ ကျွန်တော်နှင့်ယှဉ်ပြီး ရပ်သည် ။


ကျွန်တော့်မျက်နှာကို မီက ရိုက်လိုက်တော့မည်ဟုပင် ထင်လေသည် ။


‘ အကြောကြံဖို့ ဟုတ်လား . . . နေပါဦး . . . ခု ဘယ်သူက ဘယ်သူ့ကို ချစ်တယ် ချစ်တယ် ပြောနေတာပါလိမ့် ။ ဦးသော်ဆွေ . . . မီက အကြောကြံမယ် စိတ်ကူးပြီး ကိုဆွေ့ကိုများ ချစ်တယ် တစ်ခွန်းပြောဖူးသလား ။ မီ ဘယ်သူ့ကိုမှ မပြောဘူး ။ မချစ်ဘူး . . . လူတိုင်းကို မုန်းတယ် ’


သည်တစ်ခါ နာသူကတော့ မီ မဟုတ်ချေ ။


ကျွန်တော်သည် ဂရုမထားသလို ဟန်ဆောင်လိုက်၏ ။ ပြီးတော့ မီ့ကို ရယ်ပစ်ချင်စွာ သေသေချာချာ ကြည့်၏ ။


‘ အို . . . ကိုဆွေ ဒီလိုမကြည့်ပါနဲ့ ၊ မကြည့်ပါနဲ့ ။ ကိုဆွေ သတ္တိကောင်းမှန်း သိပါတယ် ။ မီ ဘာဖြစ်ဖြစ် ကြည့်နေနိုင်မှန်း သိပါတယ် ’


မီက ကျွန်တော့်လက်ပေါ် ယိမ်းယိုင်ကျကာ ငိုယိုရင်း မူးဝေနေသူပမာ တစ်လုံးချင်း ပြောသေး၏ ။


‘ မီက အကြောမကြံရပါဘူး ကိုဆွေရယ် . . . သူများကြံတာ မီ ခံရတာပါ ။ အို . . . မီ ဘယ်လို ပြောရမှာလဲ ။ မီ ယောင်္ကျားတစ်ယောက် ဘယ်လို ယုတ်မာတယ် ဆိုတာ သိခဲ့ပြီးပါပြီ ။ မီ ကျောင်းထွက်စ အသက်ငယ်ငယ်လေးတုန်းက တွေ့ရဖူးပါတယ် ။ ’


‘ မီ အဲဒီကတည်းက ရမ်းကားခဲ့တယ် ။ အရက်ဆို မမူးတမ်း သောက်တယ် ။ ကစားဝိုင်းတကာ ရောက်ဖူးတယ် ။ ယောင်္ကျားတကာနဲ့ တွဲတယ် ။ ဒါပေမဲ့ တစ်ခါက နှစ်ခါ အနှပ်မခံဘူး ။ သူတို့ ဒုက္ခရောက်ရုံ မီ လုပ်တယ် ။ ’


‘ မီဟာ ကျားနာပဲ ။ မီ မြင်ရာလူကို ဒုက္ခပေးချင်တယ် ။ သူတို့ကို သနားစရာလား ။ မီ့ကို မကောင်းကြံ နေတာတွေ သူတို့ ချောက်ထဲကျရင် မီကတော့ ဝမ်းသာလိုက်တာ ။ ဒါပေမဲ့ လေးလို လူကိုတော့ မီ မရယ်နိုင်ပါဘူး ။ လေးကို မီ တကယ် သနားပါတယ် ။ အို . . . မီ့မှာ အသည်းနှလုံး မရှိတော့ဘူးလို့ ထင်သလား ’


ကျွန်တော်က မတုန်လှုပ်ဘဲ အေးဆေးစွာ ။


‘ ခက်တာက မီ . . . သော်ဆွေဟာ ကိုလေး မဟုတ်ဘူး ။ မီ စကားတစ်လုံးပြောရင် ‘ ပြောင်နေတာလား ’ လို့ ကိုလေးက တွေးတယ် ။ အဲဒါ ကိုလေးနဲ့ ငါ ကွာတာပဲ ။ မင်းဟာ သိပ်မွှတ်တယ် ။ ကိုလေးအပေါ် ငါ ဘယ်လို စိတ်မျိုးထားတယ် ဆိုတာ သိတော့ ကိုလေးအပေါ် သနားပြတယ် ။ သူတော်ကောင်းကြီးပဲ ’


မီသည် ကြက်သေ သေသွားပြီးမှ မျက်ရည်ကြားက ပြုံးကာ မျှော်လင့်ချက် ပျက်ပြားသွားသလို ခေါင်းခါလေသည် ။


မီသည် နောက်တစ်နေ့တွင် ချောင်းဆိုးပြီး အိပ်ရာထဲ လဲပြန်၏ ။


ကျွန်တော်က မီ့ကို ဦးတင်မောင် အိမ်မှာ မနေစေဘဲ ဆေးရုံသို့ပို့၏ ။


မီသည် ညက ကျွန်တော် ပြန်သွားပြီးသည့် အချိန်ကစ၍ အအေးထဲ မိုးလင်းအထိ ထိုင်နေသည်ဟု ဦးတင်မောင်က ပြောပြ၏ ။


မီသည် ဝရန်တာမှာ ကုလားထိုင် တစ်လုံးနှင့် ထိုင်၏ ။ အိမ်ထဲဝင်ဖို့ ပြော၍မရ ။


ပက်လက်ကုလားထိုင်ပေးသည် ရွှေ့မထိုင် ။ စောင်ပေးလည်း မခြုံဘဲနေသည် ။


မိုးလင်းသော် မီ့တစ်ကိုယ်လုံးသည် ရေခဲလို အေးစက်ကာ သွေးချောင်းသာ ဆိုးကာနေလေသည် ။


သည်အထဲမှာ သောက်လိုက်တဲ့ စီးကရက် ။ ဒါကိုမဖြတ်နိုင်လျှင် အသက်တိုမည်ဟု ဆရာဝန်က ပြောသည်ကို မီက အားကြီးကို သဘောကျနေပေသည် ။


မီသည် ကျားနာမှ တကယ့်ကျားနာ ။ သူ့အမြီး သူ ပြန်ခဲနေပြီး လောကမှာ မီသည် ဂြိုဟ်ကောင်သက်သက် ဘယ်သူ့ကိုမဆို မွှေသည် ။ သူ့ကိုယ်သူ ကောင်းကျိုးမပေး ။


ကျွန်တော်က မီ သောက်နေသော စီးကရက်ကို ယူလွှင့်ပစ်သည့်အခါ မီသည် တစ်မျိုးကလေး ပြုံးရှာ၏ ။


ကျွန်တော်လည်း သူ့အပြုံးမှာ မူးနောက်သလိုလို ဖြစ်သွားကာ ကိုလေးနဲ့ဖြင့် တူတူလာပါပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်မြင်လိုက်ပေသည် ။


ကျွန်တော်သည် မီ သေရင် ငါ မနေတော့ဘူးဟု တွေးလိုက်မိသောကြောင့် ဖြစ်၏ ။


မီ ဆေးရုံက ဆင်းလာသည့်အခါ ကျွန်တော်သည် တယုတယထဲသာ ယုယနေမိသည် ။


မယုယဘဲ နေနိုင်ပါ့မလား ။ မီ ဆေးရုံတက်ရတာဟာ ကျွန်တော့်ကြောင့်ပဲ ။ မီ့မှာ အသည်းနှလုံးရှိသည် ဆိုတာကို ကျွန်တော် ယုံပြီး မီ၏ အသည်းနှလုံးသည် ကျွန်တော်တို့လုံးလုံး ဖြစ်ချင်ဖြစ်မည်ဟုပင် အထင်ကြီး၏ ။


ရက်စက်သည် ဆိုချင်ဆိုပါ ၊ မီ ဆေးရုံတက်ရခြင်းကို ကျွန်တော် ကျေနပ်၏ ။ မီ့လုပ်ပုံကို သဘောကျလျက် ရှိ၏ ။


မီ စကားတစ်ခွန်း ပြောလျှင်လည်း အရင်လို သံသယ မပွားတော့ ။ မယုံချင်စရာ မကောင်းတောင် မီ့လက်ကလေး ဖြူဖြူဖျော့ဖျော့ကို ဆုပ်ကိုင်ကာ ထိုအထိအတွေ့ဖြင့် တုန်လှုပ်လာသော စိတ်ဖြင့် မယုံနိုင်ခြင်းကို မေ့ပစ်လိုက်သည် ။


မီကမူ အတိုင်းထက်အလွန် မတုန်မလှုပ် ပမာမခန့် နိုင်လာ၏ ။


ကျွန်တော်က ‘ မီ . . . မီ . . . မီ ’ ဟု ဒရောသောပါး ဖြစ်သမျှကို ခါးထောက်မပျက် အေးစက်စက် ပြုံးပြီးကြည့်၏ ။


တစ်ခါတစ်ခါ အောင့်သက်သက် ဖြစ်စရာ တရားကျသည့် ပညာရှိဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်သေး၏ ။


ကျွန်တော့်ကို ရှိသည်ပင် မအောက်မေ့ဘဲ မီ ဖြစ်ချင်သလို ဖြစ်၏ ။


စီးကရက်ကို အနားမရှိသောက်၏ ။


ထို့နောက် ယောင်္ကျားတစ်ယောက်ယောက်ကို ဆွဲခေါ်ကာ ဘားသို့သွား၏ ။


ထို့နောက် ဘရန်ဒီ ဖြစ်ဖြစ် ၊ ဘီယာ ဖြစ်ဖြစ် မှာကာသောက်၏ ။ မူး၏ ။ ထို့နောက် ဘာဖြစ်သလဲ မသိပေ ။ သိလည်းမသိချင် ။


ကျွန်တော် စိတ်ညစ်လျှင် ‘ ကိုဆွေရယ် . . . မီ့ကို မုန်းလိုက်ပါ ။ မီဟာ ဘယ်လောက် မကောင်းတဲ့ မိန်းမစားလဲ ဆိုတာ သိပြီမဟုတ်လား ။ မုန်းလိုက်ပါ ’ ဟု မီက တိုက်တွန်းမည် ။


ကျွန်တော်က မီ့ကို ထင်တိုင်းဖြစ်ပါစေဟု ပစ်ထားကာ စားပွဲမှာ ထိုင်ငိုင်လျှင် ပထမ အီဗနင်အင် ပဲရစ်နံ့ကလေး ရမည် ။


ပေါ့တော့တော့ အေးစက်စက် လက်ကလေး ပခုံးပေါ် ကျလာမည် ။


မီ့မျက်နှာကလေးတစ်ဝက် ပါးပြင်နားသို့ ကပ်လာမည် ။


ကျွန်တော်သည် သည်အခါများတွင် ဗြုန်းခနဲထကာ


‘ မီ . . . မီ . . . ကိုဆွေကို တစ်နေရာရာ နှင်ပြီးတော့ လှေကားအရှည်ကြီးပါတဲ့ အိပ်မက်အကြောင်း စာရေးပေးပြီး သေတော့မခိုင်းပါနဲ့ကွယ် ’


ဟု ပြောမိသည် ။


မီသည် မျက်နှာပျက်သွားတတ်၏ ။


‘ သြော် . . . ကိုဆွေကအစ မီ့ဘက်မှာ မရှိဘူးနော် ။ ကိုဆွေဟာ လေးဘက်က သိပ်နာနေတာကိုး ’ ဟု ပြောကာ ကမန်းကတန်း ထွက်သွား၏ ။


မီဟာ ကျွန်တော့်ကွယ်ရာမှာ ငိုရအောင် ထွက်သွားတာပဲ ။


 


*****


တစ်ညနေမှာ မီ့ကို တွေ့ချင်၍ သူ သွားနေကျ ဟိုတယ်သို့ လိုက်သွား၏ ။


စားပွဲတစ်ခုမှာ မီ့ကို အလယ်ကထား၍ ဦးဘချစ်နှင့် ဦးတင်မောင်တို့ ထိုင်သည်ကို တွေ့ရသည် ။ ဦးဘချစ်နှင့် ဦးတင်မောင်တို့သည် လူကြားကောင်းသော ရန်စကားများကို ပြောနေဟန်တူ၏ ။


ဘာပဲဖြစ်ဖြစ် မျက်နှာက အတွင်းသဏ္ဏာန်ကို မဖုံးနိုင်ပေ ။


မီက ကလေးငယ်ပမာ အပြစ်ကင်းစင်သည့် မျက်နှာဖြင့် ပြုံး၍နေ၏ ။


ကျွန်တော်ကမူ အပြုံး၏ နောက်ကွယ်က ရက်စက်သည့် အရိပ်ကို လှမ်းမြင်သည် ။


ခဏကြာသော် ဟိုတယ်တို့ ထုံးစံအတိုင်း တစ်ထောင့်က ဒုန်းဒိုင်းနှင့် ဆူညံသတ်ပုတ်ကြ၏ ။


အရက်ပုလင်းချင်းရိုက်သံ ၊ ဖန်ခွက်ကွဲသံ ၊ ကုလားထိုင်ဖြင့်ပေါက်သံ စသည်ဖြင့် ရုပ်ရှင်စတန့်ကား ဆန်လှ၏ ။


ဦးတင်မောင် မွေးထားသည့် လူမိုက်များနှင့် ဦးဘချစ်၏ တပည့်ပုလိပ်များ ရန်ဖြစ်ကြသည် ။ အကြောင်းရင်းကတော့ ထင်ပေါ်လွန်း လှပါသည် ။


ဦးဘချစ်က ရန်ဖြစ်သူများထံ သွားကာဖျင်၏ ။


ဦးတင်မောင်က သတိမပြုချင် ဟန်ဆောင်သော်လည်း သူ့လူများကို ‘ မကြောက်နဲ့ ’ ဟူသော အဓိပ္ပာယ်ဖြင့် လှမ်းပြီးခေါင်းငဲ့ပြ၏ ။


မီကမူ ဘာကိုမှ  မမှုဘဲ အေးအေးဆေးဆေးပင် စားသောက်မြဲ စားသောက်နေသည် ။


မီ မတုန်လှုပ်သည်ကိုကြည့်ကာ ကျွန်တော့်ရင်တွင် ကြပ်လာ၏ ။


ကျွန်တော့်ဘေးက အင်္ဂလိပ် အိမ်က ဒရိုင်ဘာလိုလို ၊ ဘိလပ်ပြန်လိုလို တစ်ယောက်က ပေါင်မုန့်ကို တစ်ချပ်ပြီးတစ်ချပ် စားရာက . . .


‘ ဦးဘချစ်နဲ့ သူဌေး ဦးတင်မောင် ဖြစ်ကြပြန်ပြီ ။ ခင်ဗျား နားသာထောင်နေ ။ ဒါနဲ့ မဆုံးသေးဘူးမှတ် ။ အရင်းခံ တရားခံ ကြည့်မလား ။ ဟောဟိုမှာ မီတဲ့ မလှလား ’


ဟု မီ့ကို မေးငေါ့ပြကာ ကျွန်တော့်ကို မျက်စိတစ်ဖက် မှိတ်ပြ၏ ။


‘ အဲ့ဒီမိန်းမဟာလေ ’


မီ့အကြောင်းကို သူများပြောသံ ကြားရတာ များလှပြီ ။ ကြားရတိုင်း ကျွန်တော် စိတ်မသက်မသာ ဖြစ်ရ၏ ။


ထိုသူ ဘာမှထပ်ပြောဖို့ မလိုပါ ။ လုံလောက်ပါပြီ ။ ကျွန်တော်သည် ‘ တော်ဗျာ ’ ဟု ငေါက်ပစ်လိုက်၏ ။


ဦးဘချစ် ပြန်လာသော် မီနှင့် ဦးတင်မောင်တို့ မရှိတော့ပေ ။ ထသွားသည်ကို ကျွန်တော်လည်း မမြင်လိုက် ။


ဦးဘချစ်က အံတချက်ကြိတ်ပြီး အခန်းပြင်သို့ ထွက်သွား၏ ။


ကျွန်တော်လည်း မယောင်မလည် လိုက်၏ ။


ဦးတင်မောင်ရော ၊ မီရော ၊ ဦးဘချစ်ရော ရပ်နေကြသည်ကိုတွေ့ကာ တံခါးဝမှ သူတို့ကို ကျောပေး၍ ရပ်လိုက်၏ ။


‘ ခင်ဗျားတို့ လစ်ပြေးတာကိုးဗျ ’


ဦးဘချစ်၏ ရယ်ရယ်မောမောအသံ


‘ မီက ကြောက်လို့တဲ့ဗျ ’


ဦးတင်မောင်၏ ဆင်ခြေ . . .


‘ မီ ကြောက်တယ် မပြောပါဘူး ’


ဟု မီ ပြောသံကိုကြား၍ သူတို့ ဘယ်လို ဖြစ်နေမည်ကို လှည့်ကြည့်ချင်လာ၏ ။


ဦးဘချစ်က


‘ ကျုပ်တို့သုံးယောက် ဂလုပ်သွားမယ် ပြောတာနော် ။ နှစ်ယောက်ထဲတော့ မသွားပါနဲ့ ။ ကျုပ်လည်း ကြည့်ချင်ပါသေးတယ် ’


ဟု ခပ်ရွှင်ရွှင် ပြောသံကိုကြား၏ ။


‘ ခင်ဗျား ကြည့်ချင်ရင် လက်မှတ်ဝယ်ပေးပါ့မယ်ဗျာ ။ တစ်ညလုံး ရုံထဲက မထွက်ပါနဲ့ ။ တစ်ရုံပြီးတစ်ရုံ ဆက်ကြည့်ပါ ။ ကျွန်တော်တို့ကတော့ မကြည့်ပါဘူး ။ မီက ကားလျှောက်စီးမယ် ပြောတယ် ’


ဦးဘချစ်ကတော့ မျက်မှောင်ကုတ်သွားမှာပဲ ။ ဦးတင်မောင်က မဲ့ရွဲ့ပြီး နေမလား ။


ဤသို့ တွေးမိခိုက် မီသည် ကျွန်တော့်ဘေးနားသို့ ဖြုတ်ခနဲ ပေါက်လာ၏ ။


‘ လာ . . . ပြေးရအောင် ’


မီနှင့်ကျွန်တော်သည် အခန်းတွင်းသို့ ပြန်ဝင်ကာ ဟိုတယ်ဘေးပေါက်မှ ခပ်သုတ်သုတ်ဆင်း၏ ။


မြင်းရထား တစ်စီးပေါ်တက်ကာ အမြန်မောင်းခိုင်းရင်း ဘေးက တရုတ်ကပ်ကလေးများကို ကျွန်တော် ပိတ်၏ ။


မီက . . . ‘ မပိတ်ပါနဲ့ ဂရုစိုက်လို့ ’ ဟု ပြော၏ ။


မြင်းရထားလည်း အတော်ပြေးသည် ။ ဟိုတယ်သည် နောက်မှာ ကျန်ခဲ့၏ ။


ဦးဘချစ်တို့ နှစ်ယောက်လည်း ကျန်ခဲ့ပြီ ။ ထိုးသတ်များ နေလေမလား ။


သို့သော် နှစ်ယောက်လုံးသည် ဗြောင်ရန်ဖြစ်လောက်အောင် မိုက်ကန်းမည် မဟုတ်ပေ ။


နှစ်ယောက်လုံး ကျော်ကြားသည့် လူကြီးလူကောင်းများ ဖြစ်ပေသည် ။


‘ နွားကြီးနှစ်ကောင် ’


မီသည် ဤသို့ ရေရွတ်ကာ ဝမ်းသာအားရ ရယ်၏ ။


ကျွန်တော်လည်း ယောင်ယမ်းခေါင်းညိတ်ကာ မီ့ကို ငေးမောပြီး ကြည့်၏ ။


‘ မီရယ် . . . ကိုဆွေ့ကို လက်ထပ်ပါတော့ ။ ကိုဆွေတို့နှစ်ယောက် ရန်ကုန်ကထွက်ပြီး တောထဲ ၊ တောင်ထဲ သွားလည်ရအောင် ’


ဟု ကျွန်တော်က ပျော့ပျောင်းစွာ အောက်ကျခံ၍ တောင်းပန်လိုက်သည် ။


မီက ဘာလုပ်သလဲ ။ မီက ပြောင်ချော်ချော်ရယ်ကာ


‘ တောထဲ တောင်ထဲ ဆိုတော့ အတော်ပျော်စရာ ကောင်းမှာပေါ့နော် ကိုဆွေ ’


သည်လိုပြောပြီး စီးကရက် မီးခိုးနှင့် ကျွန်တော့်မျက်နှာကို မှုတ်ပက်လိုက်၏ ။


ကျွန်တော်က မသိလိုက် မသိဘာသာ ။


‘ ပျော်ရအောင်ပေါ့ မီ . . . လက်ထက်ပါလို့ ဆိုတာ ’


မီက ‘ ဟင့်အင်း ’ ဟု ရှင်းရှင်းပင် ငြင်း၏ ။


ကျွန်တော်က


‘ မီရယ် . . . ကိုဆွေ့ကို ဒီလောက်ပဲ မုန်းသလား ’


ဟု မချိမဆံ့မေးလျှင် မီက ကျွန်တော် တစ်ဆင့်ကြားခဲ့ဖူးသော အဖြေကို ဖြေ၏ ။


‘ မမုန်းပါဘူး . . . မချစ်ပါဘူး ’


ကျွန်တော်၏ ခေါင်းတွင်းသို့ အကြောက်တစ်မျိုး ဝင်လာပြီး မီ့ကို ငေးကြည့်မိသည် ။


မီက ဒါကို ကျေနပ်ဟန်ဖြင့် ချိုမြစွာ ပြုံးလိုက်၏ ။


 


*****


 


စနေတစ်ညမှာ မီ့ထံမှ ‘ ဦးတင်မောင် ဆုံးပြီ အမြန်လာပါ ’ ဟု အဓိပ္ပာယ်ရသော စာတစ်စောင်ရ၏ ။


အချိန်မှာ ၁ နာရီ ကျော်ပြီ ။ စာမှာ အရေးတကြီး လွှတ်လိုက်သဖြင့် ချက်ချင်းထပြီး သွားရသည် ။


ရောက်သော် အိပ်ခန်းတွင်းဝယ် ခုတင်ကို ကန့်လန့်ဖြတ်ကာ လဲလျက်သေဆုံးနေသော ဦးတင်မောင်ကို တွေ့ရ၏ ။


ညအဝတ်အစားကို ဝတ်ထားသည် ။ လက်တွင် သက္ကလတ် လက်အိပ်စွပ်ထားသည် ။


ဘယ်လက်မှာ သေနတ်ကို ခပ်လျော့လျော့ ကိုင်ထား၏ ။


ညာဘက်ရင်ဘတ်မှာ သွေးများခဲနေသော သေနတ်ဒဏ်ရာ ရှိသည် ။


ကျွန်တော်၏ ဘေးတွင် မီသည် ရင်ကလေးပင့်ကာ ဦးတင်မောင် အလောင်းကို တစ်လှည့် ၊ ပုလိပ်မင်းကြီးကို တစ်လှည့် ၊ ကျွန်တော့်ကို တစ်လှည့် လှည့်ပတ်ကာ ကြည့်နေလေ၏ ။


လူယုံ ကုလားကပြားမှာ အိမ်ထဲဝင်လိုက် ၊ အိမ်ပြင်ထွက်လိုက်ဖြင့် ပျာယာခတ်နေ၏ ။


အစေခံများမှာ အိမ်ရှေ့တွင် ကြောက်ရွံ့တုန်လှုပ် နေကြသည် ။


ဦးတင်မောင်က ဘာကြောင့် သတ်သေပါလိမ့် ။ သည်လိုလူစား သတ်သေသည်ကို ကျွန်တော် မယုံနိုင် ဖြစ်မိ၏ ။


ဦးတင်မောင်သည် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေသူပီပီ အင်မတန် သတ္တိကြောင်ပေသည် ။


ကျွန်တော်သည် ဦးတင်မောင် သေနေပုံကို စေ့စေ့စပ်စပ် ကြည့်ရင်းက ခုတင်၏ အနောက်ဘက် ခြေထောက်အနီး မှောင်ရိပ်ကျကျမှာ ပုလဲရင်ထိုးကလေး တစ်ခုကို ရေးရေးမြင်ရ၏ ။


စုံထောက် မလာခင် အခြေလည်း မပျက်အောင် ထိုရင်ထိုးကလေးကို ကောက်ရသည်မှာ မလွယ်ချေ ။


သည်အမှုကို မိမိကိုယ်ကို သတ်သေမှုဟု မီက တိုင်၏ ။


ပုလိပ်မင်းကြီးက စစ်စရာ မေးစရာများကို စစ်မေး၏ ။


သည်အတွင်း ‘ ကျွန်တော့်ကားက အရေးရှိရင်ပျက်ပြီ ’ ဟူသော အညည်းနှင့် အစိုးရစုံထောက် ရောက်လာ၏ ။


စုံထောက်တို့ ထုံးစံအတိုင်း ကြည့်သည် ။ သူသည် မီ့တိုင်ချက်ကို ဂရုမစိုက်ပေ ။


မီ၏ ပြိုးပြိုးပြောင်ပြောင် အဖိုးတန် အဝတ်အစားများသည် အခြေအနေနှင့် မလိုက်ပေ ။


မီသည် ယခုမှ ဟိုတယ်ကပွဲက ပြန်လာသည် ။


သူသည် အိမ်က အခေါ်လွှတ်မှ ပြန်လာကာ အားလုံး သိရသည် ။


မီသည် ဤသို့ ကျွန်တော့်အား ပြောပြနေစဉ် ကျွန်တော်သည် မီ့မျက်နှာကိုသာ စိန်းစိန်းကြည့်နေမိ၏ ။


ထို့နောက် မီသည် အဝတ်သွားလဲ၏ ။


စုံထောက်က စစ်ဆေးကြည့်ရှုပြီးသော် ကျွန်တော်နှင့် ပုလိပ်မင်းကြီးကြားတွင် လာရပ်ကာ


‘ ဒါဟာ လူသတ်မှုပဲ ’


ဟု တထစ်ချ လေးနက်စွာ ပြောလေသည် ။


ကျွန်တော်သည် ရှပ်နာရီအိတ်တွင်းမှ ရင်ထိုးကလေးကို ယောင်ယမ်းပြီး စမ်းသပ်လိုက်မိ၏ ။


စုံထောက်ကိုလည်း ဆွဲထိုးချင်လာ၏ ။


မီ ခုနေရှိရင် ဘယ်လို နေမလဲဟု တွေး၏ ။


သို့သော် မီ ဆင်းလာသည့်အခါ ကျွန်တော်က လူသတ်မှု ဖြစ်ကြောင်းပြောလျှင် မီက ‘ အို ’ ဟု အံ့သြသွားရုံထက် ဘာမှပိုမဖြစ်ချေ ။


နောက်တစ်နေ့တွင် ဦးဘချစ်ကို ဖမ်းလိုက်၏ ။


ကျွန်တော့်ကိုလည်း စောင့်ကြည့်နေ၏ ။ မီလည်း မအားရ ။


ဦးတင်မောင်၏ အမှုသည် ကျေနပ်စရာမရှိ ၊ ရှုပ်ပွေ၏ ။


သေသည့်ညက သေနတ်သံပင် မကြားကြ ။ သေပြီးအတော်ကြာမှ သိရသည် ။


အမှုသည် အနည်းငယ် ပတ်ချာလည်နေစဉ် ကျွန်တော်သည် တက္ကစီ တစ်စီးကို တစ်နေ့တွက်ငးကာ မီ့ကို ခေါ်လာ၏ ။


ပြည်လမ်းတစ်လျှောက် ဖြည်းနှေးစွာ မောင်းလာ၏ ။


မီသည် ကျွန်တော့်ဘေးမှာငြိမ်ပြီး ထိုင်လိုက်၏ ။


ဘယ်သူမှ စကားပြောဖို့ စိတ်မကူး ။


မီ့့စိတ်ထဲ ဘာဖြစ်နေမည်ကို တွေးမိ၏ ။


ကျွန်တော်ကမူ တုန်လှုပ်၍ နေ၏ ။


သတ္တိကြောင်၍ ကြောင်၍ လာသည် ။


သည်ကားနှင့်ပင် လွတ်ရာကျွတ်ရာ မောင်းပြေးချင်လာ၏ ။


မီက တိတ်ဆိတ်ခြင်းကို ထိတ်လန့်လာသည့်သဖွယ်


‘ ပျင်းစရာကြီး ’ ဟု ကျွန်တော့်အာ စကားပြောရန် ခိုင်းလိုက်၏ ။


ကျွန်တော်မှာ ဘာဖြစ်သွားမှန်း မသိဘဲ မီ့ကိုသာ စိုက်ကြည့်မိရာ မီက ဟန်မပျက်အောင် သူ့ကိုယ်ကို သူ ထိန်း၍နေ၏ ။


မျက်နှာ တစ်ချက် တစ်ချက် ပျက်သွား၏ ။


နောက်ဆုံးတွင်ကား သူ ပြုံးနေကျ အေးစက်စက် အပြုံးကလေး ပေါ်လာသည် ။


ကျွန်တော် ဒေါသထွက်ကာ


‘ ရယ်လိုက်ပါ . . . မီ ။ ပစ်ပြီးရယ်လိုက်စမ်း ’ ဟု အော်မိရာ


‘ ကိုဆွေ ဘာဖြစ်သလဲ ’ ဟု ဝမ်းနည်းသွားသလို မေး၏ ။


‘ မီ . . . ဦးတင်မောင် သေတဲ့ညက အင်္ကျီတစ်ထည် မစုတ်ဘူးလား ။ မီ့ပုလဲရင်ထိုးလေးကော မပျောက်ဘူးလား ’


မီသည် ဘာဖြစ်သွားသည်ကို ဖော်နိုင်ဖို့ရာ စကားလုံး အတော်များများ သုံးရပေမည် ။


မီသည် ကြောက်သွား၏ ။


ပြီးတော့ ကျွန်တော့်အား ရွံမုန်းသွားပြီး အရှုံးပေးလိုက်၏ ။


သို့သော် သတ္တိဆောင်လိုက်၏ ။


မီသည် ဝိုင်းလည်နေသော မျက်လုံးများဖြင့် ကြည့်ရာက အားယူပြီး ပြုံးလိုက်ရာ အပြုံးသည် အမဲ့ဖြစ်၍ နေလေသည် ။


‘ မီဟာ ကိုလေးကိုတော့ သေခိုင်းလို့ ရတယ် ။ ဦးတင်မောင်ကတော့ ဒီလိုလူစား မဟုတ်ဘူး ။ ဒီတော့ မင်း ကိုယ်တိုင် ကိုယ်ထိလက်ရောက် သတ်လိုက်တယ် ။ မီ ငြင်းချင်ငြင်းဦး ’


ကျွန်တော်က ပုလဲရင်ထိုးလေးကို ပြလိုက်၏ ။


ရင်ထိုး၏အပ်တွင် ပဒုမ္မာ အင်္ကျီအစုတ် စကလေးသည် ညပ်မြဲ ညပ်နေသေးသည် ။


ရင်ထိုးမှ ပုလဲပွင့်ခိုင်ကလေးမှာ ကျိုးလုကျိုးချင် ဖြစ်နေသည် ။


‘ ဦးတင်မောင်နဲ့မင်း သူ့အခန်းထဲမှာ ဟိုညက ရှိတယ် ။ မင်းတို့ ဘာဖြစ်သလဲတော့ ငါ မသိဘူး ။ နပန်းလုံးချင်လည်း လုံးမယ် ဟား . . . ဟား ။ ’


‘ ပြီးတော့ မင်းဟာ တစ်ခုခုဖြစ်ပြီး ဦးတင်မောင်ကို ပစ်သတ်တယ် ။ ပြီးတော့ သူ့ကိုယ် သူ သတ်သေပါတယ်ဖြစ်အောင် မင်း သွေးအေးအေးနဲ့ လုပ်တယ် ’


‘ ငါ မြင်မိသေးတယ် မီရယ် ။ မိန်းမလှလှ နွဲ့နွဲ့ကလေးတစ်ယောက်ဟာ ယောင်္ကျားကြီး တစ်ယောက်ကို ပစ်သတ် ၊ သေနတ်က လက်ရာတွေသုတ်ပစ် ။ သေသူ့လက်ကို လက်အိတ်စွပ်ပေးပြီး သေနတ်ထည့်ပေး ။ ဒါမှ သေနတ်လက်ရာ မရှိတာ ယုတ္တိတန်မှာကိုး ။ သိပ်ဉာဏ်သွားတာပဲနော် ။ ’


‘ အဲဒီ မိန်းကလေးမျိုး မီ မဖြစ်ချင်ဘူးလား  ဘယ်လောက် သတ္တိကောင်းသလဲ ။ အလောင်းကောင်ကြီးနားမှာ ညကြီးမင်းကြီး တကုပ်ကုပ် လုပ်နေတာလေ ’


မီသည် မျက်စိများမှိတ်၍ လက်ကလေး နှစ်ဖက်ကို သူ့ပါးမှာ အပ်ကာ ‘ ဘုရား . . . ဘုရား ’ ဟု မပီမသ တနေ၏ ။


မျက်နှာမှာလည်း အိုစာသွားကာ နဂိုက ဖျော့ရာတွင် ခု ဘာရောင်မှ မရှိတော့ဘဲနေ၏ ။


‘ မီ ကြောက်ဟန်ဆောင်ပြန်ပြီ ။ မီ တလိုက်တာက ဘာဘုရားတုန်း ။ အရက်ပုလင်းစောင့်တဲ့ ဘုရားလား ၊ စီးကရက်ဘူးစောင့်တဲ့ ဘုရားလား ။ ကိုင်း ဒါတွေတော်ပါတော့ကွယ် ။ မင်း ဦးတင်မောင်ကို သတ်ပုံကလေး ပြောပြပါဦး . . . နားထောင်ရအောင် ’


မီက ကျွန်တော့်လက်ဝါးပေါ်က ပုလဲရင်ထိုးကလေးကို လုယူတော့မလို ကြည့်ရင်းက မူးဝေသွားသလို ခေါင်းနောက်လန်သွားကာ


‘ ကိုဆွေ . . . မီ့ကို ပုလိပ်လက် အပ်တော့မလား ’ ဟု အားနည်းစွာ မေး၏ ။


‘ တစ်ယောက် အသတ်ခံရရင် တစ်ယောက် ကြိုးစင်တက်ရတာပဲ မီ ’


‘ အို . . . ကိုဆွေကို ချစ်တယ်လို့ တစ်ခါမှ မပြောဘူးတာ ခုပြောတော့မယ် ထင်ပါရဲ့ဟင် . . . မီ မင်းဟာ တစ်ဆိတ် လည်လွန်းတယ်နဲ့တူတယ် ။ လည်ပေမဲ့ ငါ့အကြောင်းတော့ မင်း ကောင်းကောင်း မသိသေးပါဘူး မီ . . . မင်းဟာ သိပ်ရယ်စရာ ကောင်းတယ် ။ ရယ်စရာမှ တကယ့်ရယ်စရာ ’


ကျွန်တော်က တဟားဟား ရယ်ပစ်ရာက မီ့အကဲကို ကြည့်လိုက်၏ ။


ကျွန်တော့်စကားသံနှင့် ရယ်သံသည် မီ့ကို ထိသွား၏ ။ မီ့မာနကို ထိသွား၏ ။


ထို့ကြောင့် မတည်ငြိမ်လှသော အသံဖြင့် ကျွန်တော် ရယ်တာကိုလိုက်ပြီး ပဲ့တင်ထပ်ရန် ကြိုးစား၏ ။


သို့သော် ကြိုးစားမှုသည် အလကား ။ မီ့ရယ်သံသည် အအစကားပြောသလို မဆုံးခင် ရပ်တန်းမှာ ရပ်သွား၏ ။


မီ စကားပြောနိုင်သေး၏ ။


‘ ကိုဆွေဟာ ဘယ်လောက်များ မုန်းစရာကောင်းတယ် ဆိုတာ မီ သိပါတယ် ။ ဘယ်လောက်များ ကိုဆွေ့ကို မီ မုန်းဖို့သင့်လိုက်ပါလိမ့် ။ အို . . . သေလုအောင်ကို မုန်းပစ်လိုက်ဖို့ သင့်ပါတယ် ’ ဟု ခါးသီးစွာညည်းကာ


‘ ဒါပေမဲ့ ဒါဟာ မီ မလုပ်နိုင်ဆုံး အလုပ်ပဲ ။ သူ့ကို မုန်းဖို့ရာ မီ မလုပ်နိုင်ပါဘူး ’


ဟု တီးတိုးစွာ ကျွန်တော် မကြားအောင် သူ့ကိုယ် သူ ပြော၏ ။


‘ ဘာ ’ ဟု ကျွန်တော် မေးလိုက်သည်ကို ပြန်မပြောတော့ချေ ။


ထို့နောက် ကြောက်လည်းမကြောက် ၊ မှုလည်းမမှုဟန်ဖြင့် ဦးတင်မောင်ကို သတ်ပုံပြောပြ၏ ။


‘ သူ့ကို မုန်းတယ် ၊ သတ်ပစ်ချင်အောင်ကို မုန်းတယ် ။ မီ့ကို သူ မကောင်းကြံနေတယ် ။ မီ လူဖြစ်ရှုံးအောင် ၊ သူ့ကို ကြောက်အောင် လုပ်ချင်တယ် ။ ’


‘ အဲဒီညက ‘ ဝီစကီ သောက်ပါဦးလား ’ တဲ့ . . . မီ့ကို ခေါ်တယ် ။ ကောင်းသားပဲလို့ မီက လိုက်သွားတယ် ။ ထမင်းစားခန်းကို သွားတာပဲ ။ သူ့အိပ်ခန်းကို ဖြတ်သွားရတယ် ။ သူ့အခန်းဝရောက်တော့ အတင်းဆွဲခေါ်ပြီး တံခါးပိတ်တယ် ။ သူ့ဗလကြီးကိုလည်း ကိုဆွေ သိသားနဲ့ ။ သူက ပြောသေးတယ် ။ ‘ မီ ကျုပ်ကို ကြိုက်တယ် မဟုတ်လား . . . ဟန်လုပ်မနေပါနဲ့ ’ တဲ့ ထွီ . . . ရွံစရာ ကောင်းလိုက်တဲ့ပါးစပ် ’


‘ မီက အကြံယူပြီး သူ့အိပ်ရာပေါ် လှဲလိုက်တယ် ။ သူကတော့ တကယ် အောက်မေ့တာပေါ့ ။ ဒီလိုနဲ့ မီက ခေါင်းအုံးနဲ့ သူ့ခေါင်းကို လှမ်းအပေါက်မှာ ခေါင်းအုံးအောက်က သေနတ်ကလေး ထွက်လာပါလေရော ။ ပစ္စတိုလေး သိပ်လှတာပဲ ။ သူ့လက်ထဲမှာ ကိုဆွေ မြင်တယ် မဟုတ်လား ။ ’


‘ မီက ပစ်မယ် ချိန်လိုက်တော့ အမယ်လေး . . . သူ့မှာ ကြောက်လိုက်တာ ယောင်္ကျားမဟုတ်သလိုပဲ ။ ကြောက်လိုက်တာ မီ့ကို ရှိခိုးမလို ဘာလိုနဲ့ တောင်းပန်လိုက်တာလည်း စကားတောင် မပီတော့ဘူး ။ မီကဖြင့် သဘောကျ ကျလာတာနဲ့ ခုတင်ပေါ်ကဆင်းပြီး သူ့အနားကပ်တယ် ။ သူက လှည့်ပတ်ပြီး ပြေးတာပဲ ။ နောက်ဆုံး မီက ပိတ်ထားတဲ့ တံခါးဝကို ကျောမှီရပ်ပြီး သူ့ကို သေသေချာချာချိန်တယ် ။ ’


‘ သူက တုန်ချိပြီး ခုတင်ကို မှီရပ်ရင်း ‘ မလုပ်လိုက်ပါနဲ့ မီရယ် . . . မလုပ်လိုက်ပါနဲ့ ’ တဲ့ ။ ဟင် . . . ကိုဆွေ မီသာ ဒီသေနတ် မတွေ့ရင် မီက တောင်းပန်ရမယ့်စကား မဟုတ်လား ။ ဟာဟ . . . မီကတော့ လက်ယားလာတာပဲ ။ သူ့ဖြစ်ပုံကို ကြည့်ကြည့်ပြီး အရသာ ရှိလိုက်တာ ကိုဆွေရယ် ။ သူလည်း အသံမထွက်နိုင်တော့ဘူး ။ နောက်ဆုံး ပြုးပြဲပြီး အကြည့်မှာ မီက ပစ်လိုက်တာပါပဲ ’


မီသည် ယခုပင် ပစ်လိုက်ရသလို စိတ်အားထက်သန်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာ၏ ။


ကျွန်တော်လည်း ကားမောင်းရင်း ထင်ရာမြင်ရာ ဝင်မဆောင့်မိအောင် ကိုယ့်ကိုယ်ကိုယ် ချော့ရပါ၏ ။


ကျွန်တော်တို့သည် အင်းလျားကန်စောင်းသို့ရောက်ကာ မီ့ကိုခေါ်ပြီး ရေစပ်သို့ ဆင်းလာ၏ ။


မီက မတိုက်တွန်းရဘဲ စကားဆက်ပြန်၏ ။


‘ သေနတ်ဟာ အတော်မြည်သားနော် ကိုဆွေ ။ မီဖြင့် တန်းလျားက အစေခံတွေ ပြေးလာမယ်လို့ အောက်မေ့တာ ။ ဒါပေမဲ့ သူ့အိပ်ခန်းက သူ ချမ်းသာသမျှ လုပ်ထားတဲ့ အခန်းဆိုတော့ သိပ်လုံတယ် ။ အုတ်က မီးခံကျောက်ပြားတွေ ၊ တိုက်ကြီးကလည်း ဟိန်းသာနေတာပဲ ။ တော်ရုံအသံ အပြင်မထွက်ဘူး ။ တန်းလျားကလည်း ဟိုခြံစွန်းမှာ ။ ’


‘ မီလည်း သူ့ကိုယ် သူ သတ်သေတယ် ထင်ရအောင် ကိုဆွေ ပြောသလို ပဲလုပ်ပြီး အဝတ်အစားလဲပြီး ဟိုတယ် ထွက်လာတာပေါ့ ။ မီ သူ့ကိုသတ်တော့ ၁၀ နာရီလောက် ရှိပြီ ။ မီ ၉ နာရီခွဲအထိ ဟိုတယ်မှာ ရှိတယ် ။ ဒါကြောင့် သူ သေတော့ ချက်ချင်း ဟိုတယ်ပြန်ပြီး လူတွေနဲ့ ရောနေလိုက်တာပေါ့ ။ ဘယ်သူမှ မီ အိမ်ခဏ ပြန်သွားမှန်း ၊ သူ့ကို သတ်ခဲ့မှန်း မသိဘူး ။ ပုလိပ်စစ်တော့ လူတိုင်းက မီဟာ အိမ်ကလာခေါ်တဲ့အထိ တစ်ညလုံး ဟိုတယ်မှာ ရှိတယ်လို့ ထွက်တာ ကြားတယ် မဟုတ်လား ’


မီသည် ကန်ရေပြင်ကို ငေးနေ၏ ။


ကျွန်တော့်စိတ်သည်လည်း ဟိုသည်ခုန်ပေါက်ကာ ရှိပြီး ကန်ရေသည် ဆောင်းလေအသုတ်မှာ လှိုင်းနုကလေးများ ဘောင်ဘင်ဖွဲ့နေ၏ ။


ကမ်းစပ်သို့ လာ၍ရိုက်သော ရေလုံးကလေးများသည် ခြေဆင်းထိုင်နေသော မီ့ခြေဖျားနှင့် ထဘီစကလေးကို စိုစွတ်စေသည် ။


ကျွန်တော်သည် ဒါကို စိုက်ကြည့်ရင်း စိတ်အနည်းငယ် တည်ရာရလာ၏ ။


ဤသို့ ကြာမြင့်စွာပင် စိတ်မကောင်းဖွယ်ရာ ငြိမ်နေကြစဉ် မီက ‘ အတော်တော့ မွန်းမှာပဲ ’ ဟု ရေကိုကြည့်၍ သူ့စိတ်ကူးနှင့် သူ ပြော၏ ။


ကျွန်တော်က တည်ကြည်စွာ


‘ ကြိုးဆိုတော့လည်း လည်ပင်းတယ်အစ်တာပဲ ’


‘ မီတော့ဖြင့် ဘာပြောပြော သေနတ်ပဲ ကြိုက်တယ် ။ မီလေ သေရရင် သေနတ်ပစ် ခံရပြီးပဲ သေပါစေ ဆုတောင်းလာတယ် ။ ဗြုန်းခနဲ လွယ်လွယ်ကလေး သေသွားတာပေါ့ ။ ချောင်းလည်းမဆိုးဘူး ၊ သွေးလည်းမအန်ရဘူး ။ မီ သိပ်အသက် မပြင်းပါဘူး ။ သေနတ်တစ်ချက်နဲ့ သေပါတယ် ။ အင်း . . . ကိုဆွေကတော့ သိပ်ကျေနပ်နေပြီပေါ့လေ ။ သူငယ်ချင်း အတွက် ကောင်းကောင်း လက်စားချေလိုက် ရပြီပဲ ။ ကိုဆွေဟာ လေးကို သိပ်ချစ်တယ်နော် ။ မီထက် ဆယ်ဆ ချစ်တယ် ။ ဆယ်ဆ . . . ဆယ်ဆ . . . ’


မီသည် မျက်ရည်ဝေ့လာကာ ကျွန်တော့်ကား စိုက်ပြီးကြည့်ရှာ၏ ။


ကျွန်တော်ကမူ သန္နိဠာန် ချပြီးသော မျက်နှာဖြင့် ထလိုက်၏ ။


မီကလည်း လိုက်ထ၏ ။


‘ အပိုတွေ ပြောမနေပါစို့နဲ့ ။ မီ . . . အလုပ်ဟာ အလုပ်နဲ့တူအောင် လုပ်ရမှာပဲ ။ မင်း ဘယ်လိုဆက်ပြီး ချော့ချော့မြှူမြှူ ငါ မကျတော့ဘူး မီရေ့ . . . ’


‘ ကိုဆွေ ခု မီ့ကို ဘယ်လိုမုန်းမုန်း တစ်ခါတုန်းကတော့ ချစ်ခဲ့ဖူးပါတယ် မဟုတ်လား ’


‘ တိုတိုပြောစမ်း မီ . . . ’


‘ မီ့ကို ပုလိပ်လက်ထဲ မအပ်ပါနဲ့ ။ ဌာနကို သွားတိုင်နှင့်ပါ ။ မီ အိမ်က စောင့်ပါမယ် ။ မီ့ကို သေနတ်တစ်လက် ရှာပေးပါ ။ ကိုဆွေ လိုချင်တာက ဒါပဲမဟုတ်လား ။ မီလည်း မလွမ်းပါဘူး ။ မီ ဒါနဲ့မသေရလို့ နေရရင်လည်း နေရလှ သုံးလပေါ့ ။ ခု မီ့အဆုတ်ဟာ တစ်ခြမ်းပဲ ကျန်တော့တယ် ပြောတယ် ’


‘ အေး . . . ငါ စဉ်းစားမယ် ’


မီသည် သည်တစ်ခါတော့ ဟန်ဆောင်နေခြင်း ၊ ကျွန်တော့်ကို လှိမ့်နေခြင်း မဟုတ်တော့ဟု စွမ်းအားရှိသမျှ တွေးရပါသည် ။


မီ သည်လောက် ပဲ့ကိုင်နိုင်လျှင် ကိုင်ပါစေတော့ ။ သည်လောက် မီ တတ်နိုင်လျှင် အရှုံးပေး အညံ့ခံပါတော့မည် ။


ကျွန်တော်သည် ပုလဲရင်ထိုးလေးကို မီ့လက်ထဲ ထည့်လိုက်၏ ။ မီက ဒါကို နားမလည်သေးဘဲ တွေနေ၏ ။


ပြီးမှ ဝေခွဲမရသလို ၊ ပြီးတော့ ဝမ်းသာသွားသလို မျက်နှာကလေး ကြည်လာ၏ ။


တစ်ခုခု ပြောချင်ပြီး မပြောနိုင် ၊ နှုတ်ခမ်းကလေးများ တုန်နေ၏ ။


ကျွန်တော်သည် သူ့ရင်ထိုးကလေးကိုယူကာ အင်းလျားကန် ရေလယ်သို့ လွှင့်ပစ်လိုက်၏ ။


ပြီတော့ ချစ်သူ မီ့ကို မထိရက် မကိုင်ရက် သနားယုယစွာ ပွေ့ဖက်၍


‘ မီ . . . မီ . . . ’ ဟု တသလိုက်မိပါသည် ။


‘ မီ . . . မီ . . . မီဟာ မီ မဟုတ်ဘူး ။ မီးပဲ . . . မီးပဲ ။ ငါ့ကို ရှို့နေတဲ့ မီးပဲ ။ မီလေးရယ် ’


မီလည်း သည်တွင်မှ အကြီးအကျယ် ထိခိုက်သွားဟန်ဖြင့် ကလေးတစ်ယောက် ငိုသလို လွတ်လွတ်ကျွတ်ကျွတ်ပင် ရှိုက်ကြီးတငင် ငိုလေ၏ ။


ညနေသည် လှပ၏ ၊ နှင်းမလွှမ်းသေးပေ ။


ကျွန်တော်သည် သန့်စင်လန်းဆန်းသော စိတ်ဖြင့် မီ့အိမ်သို့ ကုန်းကြောင်းလျှောက်လာ၏ ။


မီသည် ဦးတင်မောင် အိမ်မှာ မနေတော့ပေ ။ အဒေါ်ကြီး တစ်ယောက်နှင့် အခန်းတစ်ခုကို ငှားပြီးနေ၏ ။


တိမ်တောက်နေသဖြင့် အတော်လင်းသော်လည်း နေကျသည်နှင့် အမှောင်သည် ဖြုတ်ခနဲ ဝင်လာရာ လမ်းကို မြင်နိုင်အောင် စီးကရက်ကို ခပ်ကြမ်းကြမ်း ဖွာရပါ၏ ။


လူတစ်ယောက်သည် မြန်ဆန်စွာ ရှေ့သို့ရောက်လာ၏ ။


ရှေ့တူရှုက လာတာလား ၊ နောက်က လိုက်လာတာလားတောင် မသိပေ ။


‘ မီး ခဏညှိပါရစေ . . . ’ ဟု ပြော၏ ။


သူက ရဲခနဲ စီးကရက် ညှိလိုက်ရာ နှာခေါင်းတိုတို ၊ မေးရိုးကြီးကြီး ကြမ်းတမ်း၍ အောက်တန်းစား မျက်နှာပြားကို တွေ့ရပေသည် ။


ထိုလူကို အလိုလို မကြည့်ချင်ဖြစ်ကာ စီးကရက် ပြန်ရလျှင်ရချင်း ထွက်လာရာ ဘေးကကပ်ပြီး ပါလာသဖြင့် စိတ်တိုတိုနှင့်


‘ ဟေ့လူ . . . ဒါက ဘာဘောလဲ ’ ဟု ဟောက်လိုက်မိ၏ ။


‘ ခင်ဗျားနောက် လိုက်လာတဲ့ သဘောပေါ့ ’ ဟု ဖြေရင်း အသံမထွက်အောင် တိုးတိတ်စွာရှိုက်၍ ရယ်ရာက


‘ ခင်ဗျား . . . မီ့ကို သိပ်ချစ်သလား ’ ဟု ခပ်တည်တည် မေး၏ ။


‘ ခင်ဗျား ဘာပြောစရာ ရှိသလဲ ’


‘ ရွှေဓားမြှောင်ဆိုတာ ကျုပ်ပဲ ’


ရွှေဓားမြှောင်သည် နာမည်ကြီး လူမိုက်တစ်ယောက် ဖြစ်၏ ။


သို့သော် အလိမ္မာ ရှိသဖြင့် လူထဲသူထဲ ဝင်ဆန့်၏ ။ အစိုးရနှင့်တည့်၏ ။


ခေတ်ဟောင်းက အမျိုးမျိုး ဆိုးသွမ်းရမ်းကားခဲ့သော်လည်း အေးအေးဆေးဆေးပင်နေ၏ ။


ကျွန်တော်သည် စီးကရက်ကို ဒေါသတကြီး လွှင့်ပစ်ရာက


‘ ရွှေဓားမြှောင်ရယ် ၊ မီရယ် ၊ သော်ဆွေရယ် . . . ဒီသုံးယောက်ဟာ ဘယ်လို သက်ဆိုင်နေတယ် ဆိုတာ စဉ်းစားလို့ မရဘူး ’ ဟု အံကြိတ်ပြီး ပြောမိ၏ ။


‘ အင်း . . . ခင်ဗျား ရူးနေတယ်လို့ မီ ပြောသွားတာ မှန်တာပဲ ’ ဟု သူ့ကိုယ် သူ ပြောကာ


‘ သိပ်စိတ်မတိုပါနဲ့ ကျွန်တော် ပြောချင်တာက ခင်ဗျားရော ၊ ကျုပ်ရော မီ့စက်အလှည့်ကို ခံနေရတယ်လို့ ’ ဟု ပြော၏ ။


သူ့စကားကို ဂရုမစိုက်ဟန်ဆောင်လိုက်သော်လည်း


‘ ဆိုပါဦး ’ ဟု ပွဲတောင်းလိုက်မိပြီးသား ဖြစ်ရ၏ ။


‘ ဦးဘချစ်ကို နေ့လယ်က လွှတ်လိုက်တယ် ။ ခု ပုလိပ်တွေ ကျုပ်နောက်ကို လိုက်နေတယ် ။ တရားခံ ကျုပ်မှန်းသိသွားပြီ ။ ကျုပ် မရှိတုန်း အိမ်မှာဝင်ရှာသွားတယ် ။ ဦးတင်မောင် ပစ္စည်းတွေ တွေ့သွားတယ် ။ ဒါဟာ မီ့လက်ချက်ပဲ ’


ကျွန်တော် သိပြီးသား ထင်၍လား ၊ ဂရုမစိုက်၍လားမသိ ။ ရွှေဓားမြှောင်က ဤသို့ သူ့ကိုယ် သူ ဖော်၏ ။


ကျွန်တော်သည် မီ့စကားတွေကို ပြန်ကြားကာ ဘာလုပ်၍ လုပ်ရမှန်းကို မသိအောင် အံ့သြနေ၏ ။


သို့သော် အခြေမပျက်စေဘဲ သူ့ကိုသာ ကြည့်နေရ၏ ။


‘ ဦးတင်မောင် ဘယ်လောက် ချမ်းသာတယ် ဆိုတာ ခင်ဗျား သိသလား ။ ကျုပ် သိတယ် ။ မီ့ကို ဦးတင်မောင်က တစ်ခါတစ်ခါ ဆင်ပေးတယ် ။ ကျုပ်က ‘ ဟေ့ မီ တယ်ပွနေပါလား ’ လို့ မေးတော့ မီက ‘ ရှင်ရော မပွချင်ဘူးလား ’ တဲ့ ။ ခင်ဗျားကို အားနာပါရဲ့ ။ ဒါပေမဲ့ မီက ကျုပ်ရဲ့ လူမသိတဲ့ မယား ။ ဒါပေမဲ့ ကျုပ် တစ်ယောက်ထဲရဲ့ မယားတော့ မဟုတ်ဘူး ’


ရွှေဓားမြှောင်က အကဲခတ်ကြည့် ကြည့်၏ ။


ကျွန်တော်ကမူ မချိပြုံးသာ ပြုံးပြလိုက်မိတော့လေသည် ။


‘ မီ့ကို ကျုပ်လိုလူ ထောင်ကျတာ အံ့သြစရာ မကောင်းဘူးလား ။ ကျုပ် မီ့ကို သိပ်တော့မယုံပါဘူး ။ ဒါပေမဲ့ မီဟာ သဘောတွေ့စရာတော့ အတော်ကောင်းတယ် ။ မီက ဦးတင်မောင်ဆီမှာ အလုပ်လုပ်တော့ ကျုပ်က ဆူသေးတယ် ။ ကျုပ်တို့ ခဏ အဆက်ပြတ်သွားသေးတယ် ။ တစ်နေ့တော့ မီက ကျုပ်ကို ပြောပြတယ် ။ ဦးတင်မောင်ကို သူ နှပ်နေတဲ့အကြောင်း ၊ ဦးတင်မောင် ပစ္စည်း ဘယ်မှာရှိတဲ့ အကြောင်း ။ ’


‘ ကျုပ် အေးအေးနေနေတာကို လူတိုင်းသိတယ် ။ ဒါပေမဲ့ ဝါသနာဟာ စွန့်နိုင်ခဲသားပဲ ။ မီနဲ့တွေ့တော့ ကျုပ် စိတ်ပါလာတယ် ။ ဒါနဲ့ ကောင်းပြီ ဆိုပြီး ကျုပ်တို့ကြံတယ် ။ ကျုပ်တို့ကြံတယ် ဆိုပေမဲ့ မီက ကြံတာပါ ။ ကျုပ်  နောက်ကလိုက်တဲ့ ‘ ငအ ’ ပေါ့ ။ ကျုပ်ဟာ မီနဲ့ကျတော့ ‘ ငအ ’ ဖြစ်သွားတာပဲ ။ ’


‘ အင်း . . . မီဟာ လှလွန်းတယ် ။ ပြီးတော့ ရဲတယ် ၊ ရက်ရောတယ် ။ ဒီတော့ ကျုပ်ဟာ အနိုင်ခံရတာပေါ့ ။ ယောင်္ကျား တစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ကို ပိုင်လိုက်ရရင် နိုင်လိုက်ပြီ ထင်ကြတာပဲ ။ မီနဲ့ ဆိုရင်တော့ မီ့ကို ပိုင်လိုက်ရင် မီ့အနိုင်သာ ခံပေတော့ ။ ’


‘ မီက ပြောတယ် ‘ လွယ်လွယ်လေးပါ ’ တဲ့ ။ ဒါနဲ့ ကျုပ် ဟိုညမှာ ဦးတင်မောင် အိမ်ကို သွားတာပေါ့ ။ မီက အသင့်စောင့်နေတယ် ။ ပြီးတော့ ကျုပ် သူ့အခန်းထဲဖွက်ပြီး ဦးတင်မောင် ရှိရာ အိမ်ရှေ့ကို သွားတယ် ။ ကျုပ်ဆီ တစ်ခါပြန်လာပြီး ‘ ငနဲကြီးကို ဖြီးခဲ့ပြီ ။ မီနဲ့သူ သူ့အခန်းထဲ သွားမယ် ။ နောက်လိုက်ခဲ့ ။ ပြီးတော့ အခန်းပြင်ကစောင့် ။ မီ တံခါးဖွင့်ပေးမယ် ’ တဲ့ ပြောတယ် ။ ’


‘ ကျုပ် ဦးတင်မောင် အခန်းဝက စောင့်တယ် ။ မီနဲ့ဟိုလူက အခန်းထဲမှာပေါ့ ။ ကျုပ် လူဆိုးပေမဲ့ မနာလိုတတ်ပါဘူး ။ မယား အတွက်တော့ နာသေးတာပဲ ။ ကျုပ် အတင်းဝင်မယ် စိတ်ကူးတုန်း တံခါးပွင့်လာတယ် ။ ’


‘ ဦးတင်မောင်က ပြူးတူးပြဲတဲနဲ့ ခုတင်ပေါ်မှာ မီက သေနတ်ကို ကိုင်ထားပြီး ချိန်ထားတယ် ။ ကျုပ် ဝင်သွားတော့ မီက သေနတ်လှမ်းပေးပြီး သော့တောင်းခိုင်းတယ် ။ ဒီလိုနဲ့ စိန်နဲ့ပတ္တမြားချည်း ရှိတဲ့ဘူးကို ကျုပ်တို့ ရတယ် ။ ဦးတင်မောင်ဟာဗျာ သူ့ကို သတ်မယ်ကြံတော့ ကြောက်လွန်းလို့ တောင်းပန်လိုက်တာ ကျုပ်တောင် ပျော့သွားတယ် ။ မီက ပြုံးပြတယ် ။ ‘ သူ့ပါးစပ်ဟာ သေမှ ပိတ်လို့ရမှာ ’ တဲ့ ပြောလိုက်ချေသေး ။ ’


‘ ဟုတ်တာပဲ . . . ဒီလို ဓာတ်သိချင်း လူသိချင်း လုပ်ရတာဟာ မကောင်းဘူး ။ ဒါနဲ့ ကျုပ် ပစ်သတ်လိုက်တယ် ။ မီက သူ့ကို လက်အိတ်စွပ်တယ် ၊ သေနတ်သေသေချာချာသုတ်ပြီး သူ့လက်ထဲ ထည့်ရတယ် ။ သူက ဘယ်သန်မို့ ဘယ်လက်ထဲထည့်ဖို့ မီက ပြောသေးတယ် ။ ကြည့်ရတာတော့ သူ့ကိုယ်သူ သတ်သေပုံနဲ့ အတော်တူတာပဲ ။ ’


‘ မီက ဟိုတယ်ပြန်သွားတယ် ။ ကျုပ်လည်း အိမ်ပြန်ရတာပေါ့ ။ စိန်ဘူးက ကျုပ် ဆီမှာ ။ မီက သူ ကြည့်ပြီး လုပ်မယ်လို့ ပြောတယ် ။ ဦးတင်မောင် သေတာမြင်ပြီး ပုလိပ်က လူသတ်မှုမှန်းသိတောင် မီဟာ ဘာမှမပေါ်အောင် ဖုံးဖိနိုင်တယ် ။ ’


‘ ဦးဘချစ်ကို ပထမ ဖမ်းမှာပဲ ။ ဦးဘချစ်ကို လွှတ်ရရင်လည်း မီက တစ်မျိုးကြံမတဲ့ ။ မီ့အကြံက ခင်ဗျားကို ဆွယ်ဖို့တဲ့ဗျား ။ ခင်ဗျားကို သူ သတ်ပါတယ်ပြောပြီး အစားသွင်းမယ်တဲ့ ။ ‘ သော်ဆွေ ဆိုတဲ့ လူက မီ့အတွက် ရူးနေတာပါ ။ မီ မျက်ရည်ခံ ထိုးလိုက်ရင် ကျမှာပါ ။ မီ့အတွက် သူ စက်တိုင်တက်လိမ့်မယ် ’ တဲ့ ။ ဒီတော့ လုပ်ရတာ အဖြူးသားဗျ ။ ’


‘ ကျွန်တော်သည် အကယ်၍များ အမှုပေါ်သွားလျှင် ‘ ကျွန်တော် သတ်တာပါ ’ ဟု ဝင်ပြီး ဓားစာခံမည်ဟု စိတ်ကူးမိဖူးပေသည် ။ ’


ခုတော့ ပုလိပ်ကို မီက တိုင်လိုက်ပြီ ၊ ကောင်းသေးသလား ။ ဦးတင်မောင် သေပေမဲ့ စိန်ဘူး ပျောက်သွားမှန်း ဘယ်သူမှ မသိသေး ။


‘ ဒီစိန်ဘူး ဦးတင်မောင်ဆီမှာရှိမှန်း သိတောင်မသိကြဘူး ။ သူ့လူယုံ ကုလားတောင် မသိဘူး ။ မီသာ သိတာပဲ ။ ’


‘ ကျုပ် ခု စဉ်းစားနေတယ် ။ ကျုပ် အဖမ်းခံပြီး မီ့ကို ဖော်ရကောင်းမလား ။ ဒါမှမဟုတ် ကျုပ် လွတ်အောင် ပြေးရမလားလို့ ။ ’


‘ ကျုပ် စီစဉ်ထားတာရှိတယ် ။ ရခိုင်ကို ပထမပြေးမယ် ။ ရခိုင်ကျမှ အိန္ဒိယ သွားမယ်လို့ ။ ဒါပေမဲ့ ငွေ မရှိဘူး ’


‘ မီဟာ ကျုပ်ကို ဖော်လိုက်ပြီး အေးတော့နေမှာ မဟုတ်ဘူး ။ သူ့အန္တရာယ်လည်း သူ သိမှာပဲ ။ ကျုပ်ကို မဖော်နိုင်ခင် သတ်ဖို့များ စိတ်ကူးမလား မသိဘူး ။ ’


‘ ခု ထွန်းမောင် ဆိုတဲ့ကောင်နဲ့ ပျာယာခတ်နေတယ် ကြားတယ် ။ ထွန်းမောင် ဆိုတာက ကျုပ်နဲ့ ဗိုလ်လုဘက်ပဲ ။ ’


‘ ကျုပ်ဟာ အဖမ်းခံလိုက်ဖို့ ကောင်းတယ် ထင်ပါရဲ့နော် ။ မီ့ကို ဖော်လိုက် ၊ မီလည်း ထောင်ကျ ၊ ကျုပ်လည်း အို . . . လူသတ်မှုတိုင်း စက်တိုင်မတက်ရပါဘူး ။ ကျုပ် ကြံမယ် ထောင်ကျရုံ ၊ ကျွန်းကျရုံထက် မပိုအောင် ကြံမယ် ။ ကျုပ် မသေရင်တော့ မီနဲ့ တွေ့ဦးမှာပေါ့ ။ ’


‘ မီ့ . . . ကို . . . ဖော်လိုက် . . . မယ် ’


သည်နောက်ဆုံး စကားကို ရွှေဓားမြှောင်က ကျွန်တော့်အသည်းထဲ ဝင်သွားစေရန် ရည်သန်၍ ဆောင့်ဆောင့်ပြီး အော်လိုက်ပေသည် ။


ရွှေဓားမြှောင်သည် ဘာကြောင့် ကျွန်တော့်ကို သည်ဟာတွေ ပြောပြနေရပါသနည်း ။


သူသည် မီ့ကိုစွဲကာ မီ သစ္စာအဖောက်မှာ ရူးနေသူ မဟုတ် ။ သူသည် ပုလိပ်ထံ သွားချင်သွား ၊ အိန္ဒိယ ပြေးချင်ပြေး ။


သည်နှစ်ခုထဲက တစ်ခုခုကို အမြန်ဆုံး လုပ်ဖို့သာ မရှိပေဘူးလား ။


ရွှေဓားမြှောင်က ကျွန်တော့်အပြောကို စောင့်၏ ။ ကျွန်တော်က သူ့အပြောကို စောင့်၏ ။


နောက်ဆုံးတွင် အရင်လိုနေသော လူသတ်မှု တရားခံက


‘ ခင်ဗျား မီ့ကို ချစ်သလား ’ ဟု သွေးဆောင်သည့် အမူအရာနှင့် ဖြည်းညှင်းစွာ မေးလေရာ


ကျွန်တော်သည် စီးကရက် တစ်လိပ်ကို မီးညှိရင်း သူ့ကို မကြည့်ဘဲ


‘ ခင်ဗျား ဘယ်လောက် လိုချင်သလဲ ’ ဟု ပမာမခန့် မေးလိုက်၏ ။


ရွှေဓားမြှောင် . . . လိပ်ပြာမလုံ ဖြစ်သွားပြီ ။


‘ ဦး . . . ဦးသော်ဆွေ ’ ဟု စကားထစ်နေ၏ ။


ပြီးတော့


‘ ခင်ဗျားဟာ ပါးသားပဲ ။ မီ ပြောသလောက် မရူးပါဘူး ’ ဟု ချီးမွမ်းလိုက်သေးသည် ။


‘ ငွေတစ်သောင်း လိုချင်တယ် ။ ဒါပေမဲ့ စျေးတက်တယ် မထင်ပါနဲ့ ။ ကျုပ် လွတ်အောင်ပြေးဖို့ကို သိပ်ဂရုမစိုက်ပါဘူး ။ မီကို နှံချင်တယ် ။ မီဟာ ခု အရိုးတွန်နေပြီ ။ သူ့ဘေးကို သူ သိပ်မမြင်ဘူး ။ ကျုပ်မှာ လူတွေ အများကြီး ရှိတယ် ။ သူ့မှာ တစ်ယောက်ထဲ ’


‘ မီ့ဘက်မှာ ကျုပ် ရှိပါသေးတယ် ။ ခုနေ ကျုပ် ခင်ဗျား လည်ပင်းညှစ်သတ် ၊ မီ့ကို သွားသတ်ပြီးတော့ ကျုပ် ဘာသာ ကျုပ် ပစ်သတ် ၊ အဲဒီလိုဆိုရင် ဘယ်နဲ့နေမလဲ ’


ကျွန်တော်က ရွှေဓားမြှောင်လို လူစားနှင့်ပြိုင်၍ လူမိုက်စကား ပြောလိုက်ရာ သူက ရယ်မောလိုက်သော်လည်း ကြောက်ဟန်တော့ရှိသည် ။


နှစ်ယောက်စလုံး စကားမပြောဘဲ ဆယ်မိနစ်လောက်နေရာ ကျွန်တော်တို့ လမ်းလျှောက်နေမှန်း သိလာပါသည် ။


ဘယ်ရောက်နေပြီလဲတော့မသိ ၊ မြို့စွန်မြို့ဖျားနှင့်လည်းတူသည် ။


အိမ်ပုတ်ကလေးတွေ မီးမှိတ်တုတ်နှင့် မှောင်လှပါကလား ။


ခုလို လမ်းကြမ်းကြမ်းကလေးတွေကို မှောင်မှောင်မဲမဲနှင့် သူခိုးဂျပိုးပမာ လျှောက်ခဲ့သည်မှာ မီနှင့် တွေ့ကတည်းက ဖြစ်၏ ။


သို့ပေမည့် ဦးတင်မောင်တို့ ၊ ဦးဘချစ်တို့လို အထက်တန်းစား လူဂုဏ်ထံတွေနဲ့လည်း တွေ့ရပါသေးသည် ။


အင်း . . . မီ၏ကျေးဇူး အတော်ကြီးပေပြီ ။


‘ သြော် . . . မဆိုင်တဲ့ ခင်ဗျားကို ချောက်တွန်းရတာ သိပ်မကောင်းလှပါဘူး . . . လို့ ကျွန်တော်လည်း တွေးနေပါတယ် ။ ဦးသော်ဆွေ . . . တကယ်ပါ ။ ဒါပေမဲ့ ဒီတစ်နည်းပဲ ရှိတော့တယ် ။ ပြီးတော့ ခင်ဗျားကို သတိပေးချင်တယ် ။ ’


‘ မီ့ကို ရှောင်ပါတော့ ။ မီဟာ ခင်ဗျားလိုလူနဲ့ မတန်ပါဘူး ။ မီ လူကောင်းတွေ အတော်တွေ့သားပဲ ။ ဒါပေမဲ့ သူက ဒုက္ခချည်း ပေးလွှတ်လို့ ကြောက်လန့်ပြီး ပြေးကြရတယ် ။ ’


‘ ခင်ဗျားကိုတောင် ခုလောက်ပေါင်းနေတာ သိပ်အံ့သြစရာ ကောင်းတယ် ။ မီနဲ့ ပတ်သက်မိသမျှ လူဟာ ဘယ်တော့မှ ကြာကြာမခံဘူး ။ သေရင်သေ ၊ ဒုက္ခရောက်ရင်ရောက် . . . ’


‘ မီဟာ လူစားတယ် ပြောရမှာပဲ ။ မီဟာ လူစားနေတယ် ။ မီဟာ ယောင်္ကျားတစ်ယောက်မြင်ရင် အနားကပ်မြှူ လိုချင်တာပေး ၊ အဲဒီလို ရူးပြီဆိုရင် စားလိုက်တာပဲ . . . ’


‘ တစ်နှစ်တုန်းက ယစ်မျိုးဝန်ထောက်တစ်ယောက် ထောင်ကျသွားပါပကော မီ ညှဉ်းလို့ညှဉ်းမှန်းမသိ ။ မီ့အလိုကျအောင် လာဘ်စားပြီးတော့ မီက တစ်ဖက်လှည့်နဲ့ ဖော်လိုက်တယ် ။ ’


‘ သူဌေးတစ်ယောက်ဖြင့် ကြိုးဆွဲချပြီး သေသွားတယ်လို့တောင် ကြားဖူးတာပဲ ။ မီ့ကို ပစ္စည်းတွေ ခိုးပေးသတဲ့ ။ နောက် အိမ်က မယားကြီးနဲ့ စကားများ ၊ အရှက်ကွဲပြီး သေတယ် ပြောတာပဲ ။ ’


‘ အို . . . အများကြီးပါပဲ ပြောရင် ခင်ဗျား ယုံချင်မှ ယုံမယ် ။ ဒါပေမဲ့ မီဟာ ယောင်္ကျားတွေကို ဒုက္ခပေးရတဲ့ အရသာတော်တော် ပေါ်နေတယ် ။ မီဟာ ပစ္စည်းမက်လို့တော့ မဟုတ်ဘူးနဲ့ တူပါရဲ့ ။ ဒါပေမဲ့ သူ ဖောဖောနေနိုင်အောင်တော့ တကယ့်လူတွေနဲ့မှချည်းပဲ ပေါင်းတယ် ။ ပေါင်းနိုင်အောင် ရုပ်ကလည်း မက်စရာ ၊ အင်္ဂလိပ် ပညာကလည်း တတ်တယ် ။ ဒါထက်အလိမ္မာကြီးတယ် ။ ’


‘ ဘာကြောင့် သူ ဒီလိုလုပ်ရသလဲ ဆိုတာ ကျုပ် စုံစမ်းဖူးတယ် ။ ဘာမှမထင်ရှားပါဘူးဗျ ။ မီဟာ စင်စစ်တော့ သွေးဆာနေတာပါပဲ ။ တစ်ခုတော့ ရှိတယ် ။ သူဟာ ငယ်ငယ်တုန်းက ယောင်္ကျား တစ်ယောက်ယောက်ရဲ့ အလိမ်အညာ အဖျက်အဆီးကို ခံရတယ်လို့ ပြောဖူးတယ် ။ ဒီအကြောင်းကို သူ လူတိုင်းကို ပြောတယ် ။ ဒါပေမဲ့ တစ်ယောက်ကို တစ်မျိုးစီ ပြောတာပါဗျာ ။ ဟုတ်တယ် မထင်ပါဘူး ’


ကျွန်တော်သည် တစ်ချိန်လုံး ရွှေဓားမြှောင် ပြောနေသည်ကိုသာ နားထောင်နေရာမှ . . .


‘ ခင်ဗျား နောက်ကို ပုလိပ်တွေ လိုက်နေတယ် ဆိုတာ မေ့သွားပြီလား ။ ခင်ဗျား ခု အချိန်တွေ ဖြုန်းနေတာပဲ ’ ဟု သတိပေးလိုက်၏ ။


‘ မမေ့ပါဘူး ’ ဟု ရွှေဓားမြှောင်က ဗြောင်လိမ်၏ ။


ပြီးတော့ ‘ ဘယ်နဲ့လဲ ကျွန်တော်တို့ အရောင်းအဝယ် ’ ဟု မေးရာ ကျွန်တော်က အေးစက်စက်ပင်


‘ စဉ်းစားဦးမယ် ’ ဟု ပြောသည် ။


‘ သိပ်တော့မကြာစေနဲ့ဗျ . . . ’


‘ မနက်ဖြန် အကြာဆုံးပေါ့ ။ ကျုပ် ညနေတိုင်း မီ ခုနေတဲ့ အိမ်ဘက်ကို လမ်းလျှောက်တယ် ။ မနက်ဖြင့် ကျုပ် ငွေရင်လည်း ယူခဲ့မယ် ’


‘ ပုလိပ်ရင်လည်း ခေါ်ခဲ့မယ်ပေါ့ ’


‘ ပုလိပ်တော့ မခေါ်ပါဘူး ။ သေနတ် ပြောတာပေါ့ ’


‘ ကျုပ်ကတော့ အပစ်မခံချင်သေးဘူး ။ ကျုပ်ကိုမိတောင် လွတ်အောင်ရုန်းရဦးမှာပဲ ။ ခင်ဗျားဟာ မိဘလည်း ရှိတယ် ၊ ချမ်းချမ်းသာသာလည်း နေရတယ် ၊ အရွယ်လည်းကောင်းတယ် ။ ဘာကြောင့် သေချင်ရတာတုန်း ’


ကျွန်တော်က မချိသွားဖြဲ ရယ်လိုက်၏ ။


‘ ကျုပ် တကယ်ပြောတာ ။ မီ့လည်း ဂရုမစိုက်ဘူး ။ ငွေတစ်သောင်းနဲ့ မီ့ကို တန်းတူထားပြီး လိုချင်တယ် ။ နှစ်ခုစလုံး ယူမရလို့သာပေါ့ ။ ဒါပေမဲ့ ပုလိပ်နဲ့တော့ ကျုပ် မတွေ့ချင်သေးပါဘူး ဦးသော်ဆွေ ။ ’


‘ ခင်ဗျား ငွေတစ်သောင်း ပေးရပေမဲ့ မီ့ကို မရှောင်မချင်းတော့ အေးမှာ မဟုတ်ဘူး ဆိုတာ သိရဲ့လား ။ မီဟာ ခင်ဗျား ဒီလောက် သူ့အကြောင်း သိပြီဆိုရင် သတ်ဖြစ်အောင် သတ်လိမ့်မယ် ’


‘ ဖြစ်ချင်ရာဖြစ် ’ ဟု ကျွန်တော်က အော်လိုက်ပြီး


‘ ဒါပေမဲ့ဗျာ . . . ကျုပ်ဟာ မသေချင်သေးပါဘူး ။ မီ့ကိုလည်း မသေစေ့ချင်ပါဘူး ။ အားလုံး အေးအောင်များ လုပ်လို့ရရင် ကျုပ် မီ့ကို လက်ထပ်ပြီး လွတ်ရာကျွတ်ရာ ခေါ်သွားမယ် စိတ်ကူးတယ် ’


ဟု လှိုက်လှဲစွာ ပြောလိုက်မိသည် ။


ရွှေဓားမြှောင်လည်း ကျွန်တော့်ကို သနားသလို စုတ်သတ်ပြီး သက်ပြင်းချလေ၏ ။


ထို့နောက် ကျွန်တော့်လက်ကို ဖျစ်ညှစ်ကာ


‘ ခင်ဗျားဟာ လူကောင်းတစ်ယောက်ပဲ ။ ကျုပ်လည်း လူကောင်းတစ်ယောက် ဖြစ်ဖူးပါတယ် ’


ဟု သဒ္ဒါဝါကျ အနည်းငယ် မှားသော်လည်း ပီသသွက်လက်သော အင်္ဂလိပ် စကားကိုပြောပြီး ကြွားသေးသည် ။


ရွှေဓားမြှောင်သည် ဖြုတ်ခနဲ လျင်မြန်စွာ ပျောက်သွား၏ ။ ဘယ်လစ်သွားမှန်းပင် မသိပေ ။


ကျွန်တော့်နား သူ လာသလိုပင် လျင်မြန်ဖျတ်လတ်စွာ ကျွန်တော့်နားက ပျောက်သွား၏ ။


ကျွန်တော်သည် လမ်းမှား၍ နေသေး၏ ။ သည်ရပ်ကွက်ကို တစ်ခါမှလည်း မရောက်ဖူးပေ ။


သည်ကမ္ဘာပေါ်မှာ ရှိလိမ့်မည်ဟုပင် မထင် ။ လမ်းကွေ့လမ်းကောက်များသည် မီ့လိုပင် ပလီပလာနိုင်၏ ။ မူရာမာယာကြွယ်၏ ။


ကိုယ့်ကိုယ်ကိုယ် ဘယ်ရောက်၍ ရောက်မှန်း မသိပေ ။


နောက်ဆုံးတွင် ပေတရာလမ်းပေါ် ရောက်လာ၏ ။ ‘ မြို့ထဲကို မြို့ထဲကို ’ ဟု အော်သော ကားတစ်စီးကို တက်စီးလာ၏ ။


မြို့ထဲရောက်မှ မီ့အိမ်ကို တစ်ဆင့်သွားရ၏ ။


မီက ‘ မိုးချုပ်လှချည့်လား ။ ၁၀ နာရီ ခွဲပြီ ’ ဟူသော စကားဖြင့် ကြိုသည် ။


မီသည် မီးရောင်မှိန်မှိန်မှာပင် လှနေပြန်၏ ။


လှပဲ လှနိုင်လွန်းသည် ။ ပါးလွှာပျော့ရော့သော အဝတ်အစားကို ဝတ်ထားသည် ။ အခန်းမှာ မီ့အလှနှင့်ပဲ အရောင်ဖျော့ဖျော့တစ်မျိုး လင်းနေသလိုလို ။


ကျွန်တော်က မီးလျှံထွက်တော့မလို မျက်လုံးပြူးကာ သူ့ကို ကြည့်၏ ။


မီက မှုန်မှိုင်းအေးစက်စွာသာ ပြန်ကြည့်လေရာ သူ့ပခုံးကို ဖိနှိပ်ဖျစ်ညှစ်ပြီး ဆောင့်ဆွဲကာ ဝရန်တာသို့ ထွက်လာ၏ ။


မီက ရုန်းကန်တော့မလို တွန့်လိမ်ကာ ပါလာ၏ ။


မီ့ကို ကြိမ်ကုလားထိုင်ပေါ် တွန်းလှည့်ပစ်ကာ ကုလားထိုင် လက်ရန်းပေါ် ကျွန်တော် တက်ထိုင်ပြီး


‘ ရွှေဓားမြှောင်နဲ့ ငါ စကားပြောလာတယ် ’


ဟု မောပန်းလေးလံစွာ ပြောပြလိုက်၏ ။


‘ ရွှေဓားမြှောင် ’


အကြည့်စိန်းစိန်းကြီးနှင့် မီ၏ အော်သံ ။


‘ အေး . . . ရွှေဓားမြှောင် . . . မင်းရဲ့လင်တစ်ယောက် ’


ကျွန်တော်က ကြမ်းတမ်းစွာ သည်လိုပြောလိုက်ပြီး


‘ မင့်အကြောင်း ငါ အကုန်သိပြီ ။ ရွှေဓားမြှောင်ဟာ မင်း သစ္စာမရှိတာနဲ့ ငါ့လူ ဖြစ်သွားပြီ ။ မင့်လူ မဟုတ်တော့ဘူး ’


ဟု ကိုယ့်ဟာကိုယ် ပြန်ကြောက်မိသေးသည့် အသံနက်ကြီးဖြင့် ပြောလိုက်၏ ။


မီသည် ခုန်၍ထကာ ကျွန်တော့်ရှေ့တွင်ရပ်ပြီး အရူးမျက်လုံးဖြင့် ကြောင်တောင်ငေးကြည့်၏ ။


‘ ကြည့်လိုက်စမ်း မီ . . . ကြည့်လိုက်စမ်း ။ ပြီးတော့ အကြံတစ်ခုထုတ် ။ အေး . . . ငိုလိုက် ခုလိုငိုလိုက် ’


မီက ငိုတော့မလို ကျွန်တော်၏ပေါင်ပေါ် ခွေကျလာသည်ကို ကျွန်တော်က ဦးအောင်ပြောပြီး ရယ်ပစ်၏ ။


‘ ကိုဆွေ . . . ကိုဆွေ . . . ကိုဆွေ . . . ဆွေ . . . ’ ဟု မီသည်ရှိုက်ကာ


‘ မီ ဘာကြောင့်မသေသေးပါလိမ့် ။ မီ ဘာကြေင့် အသက် ဒီလောက် ပြင်းရတာပါလိမ့် ’ ဟု အထပ်ထပ် မြည်တမ်းနေလေသည် ။


မီ၏ လျှော့ပြေနေသည့် ဆံနွယ်ကွေ့ကွေ့ကောက်ကောက်မှ တချို့တစ်ဝက်သည် မီ့မျက်နှာကိုအုပ်ကာ မျက်ရည်များနှင့် ပါးပြင်မှာ ကပ်နေ၏ ။


သည်ဆံပင် ညိုဖျော့ဖျော့ မွှေးပျံ့ပျံ့ကို ဘေးသို့ဖယ်ကာ သူ့မျက်နှာကို လက်နှစ်ဖက်နှင့်ညှပ်၍ မော့စေပြီး


‘ မင်းဟာ ဘာကြောင့် ဒါလောက် ယုတ်မာရတာလဲ . . . ယုတ်မာရတာလဲ ’


ဟု သွားစေ့ကာ ပြောမိသည် ။


မီသည် ကျွန်တော့်အား မကြည့်ရဲဘဲ မျက်တောင်များစင်းကာ မျက်စိလွှဲ၍နေ၏ ။


ကျွန်တော်က မီ၏ ခါးနွဲ့လေးကို လက်နှစ်ဖက်ပြောင်း၍ ဖျစ်ညှစ်ဆုပ်ကိုင်ကာ အတင်းမပြီး ရပ်စေရာ မီက နာကျင်တွန့်လိမ်ကာ ကျွန်တော်၏ ပခုံးကို လက်တင်ကာ မှေးပြီးရပ်၏ ။


‘ ငါ မင်းကို ဟောဒီလို ညှစ်သတ်ချင်တယ် ’


ဟု သူ့ခါးမျှင်မျှင်ကလေးကို တအားဖျစ်လိုက်ရာ မီသည် မအော်ဘဲ အောင့်ခံပြီး မူးမိုက်သွား၏ ။


လွှတ်လိုက်လျှင် ဒူးထောက်လျက်ကျကာ ကျွန်တော့်ပေါင်ပေါ်ကို သူ လက်ပိုက်လျက် ခေါင်းကလေးကိုတင်၏ ။


‘ ငါဟာ သိပ်ချစ်တယ် မီ ။ ချစ်သူကို မရှိခင် ကတည်းကကြိုပြီး ချစ်နှင့်တယ် ။ မင်းကိုလည်း မမြင်ဘူးခင် ကတည်းကစွဲပြီး ရှာခဲ့တယ် ။ ငါ့စိတ်ကူးတွေကတော့ ပျော်စရာပဲ ။ ငါနဲ့ ငါ့ချစ်သူဟာ တစ်ယောက်နဲ့တစ်ယောက် အကြွင်းမဲ့ ယုံကြည်မယ် ။ ’


‘ လိမ်တာတွေ ၊ ဟန်ဆောင်တာတွေ ၊ မကောင်းကြံတာတွေ တို့ ကြားထဲမှာ မရှိရဘူး ။ တစ်ယောက်နဲ့ တစ်ယောက် အမြဲ ခွင့်လွှတ်မယ် ၊ နားလည်မယ် ။ ခုတော့ ကြည့်စမ်း . . . တို့နှစ်ယောက်ဟာ တိရစ္ဆာန်တွေလိုပဲ ။ အချင်းချင်း စိတ်ကောင်းထားလို့ မရဘူး ။ အလစ်ကြည့်နေရတယ် ။ သတ်ဖို့ကြံနေတယ် ။ ’


‘ မင်းကို အညံ့ဆုံး ဘဝမှာ ငါ တွေ့တယ် ။ ဒါပေမဲ့ စိတ်ပျက်သလား ၊ မပျက်ဘူး ။ မင်းရဲ့ ဖြစ်ချင်ရာ ဖြစ်နေတဲ့ ရောဂါကို ငါ့အချစ်ဆေးနဲ့ ကုမယ်လို့ တွက်ထားတယ် ။ မင်းကတော့ ငါ့ကို မကောင်းကြံတယ် ။ မင်းအပေါ် ငါ စေတနာ ဘယ်လောက်ထားသလဲ ။ ဒီစေတနာ အတွက် ငါ ဘာရသလဲ ။ ’


‘ ဦးတင်မောင်တို့ ၊ ကိုလေးတို့ သေသွားတာဟာ အမှန်တော့ ကံကောင်းလို့ပဲ ။ သူတို့ဟာ တစ်ခါပဲ မကောင်းကြံတာ ခံရပြီး တစ်ခါပဲ သေတယ် ။ ငါကတော့ အကြိမ်ကြိမ် မကောင်းကြံ ခံရတယ် ။ ခု ငါ့ဘဝဟာ သေပြီ မင်းကြောင့် ’


မီသည် အသက်ရှု မှားသွားသလို ချောင်းတဟွတ်ဟွတ် ဆိုးလာ၏ ။


ခေါင်းကို မထူနိုင်ဘဲ ပေါင်ပေါ်မှာ လှိမ့်နေသည် ။


ကျွန်တော်က ဒါကို ကျေနပ်သလိုဖြစ်ကာ ရက်စက်စွာပြုံးရင်း


‘ မင်းဟာ ကျိန်စာတွေ ထိနေတာပဲ ။ ကျိန်စာတွေထိပြီး သွေးချည်းပဲ အန်နေတာပဲ ’ ဟု မိန်းမစကား ပြောလိုက်မိ၏ ။


ထို့နောက် မီ့ခေါင်းကို ပါးနှင့်အပ်ရင်း


‘ ကိုဆွေ သေချင်ပြီ . . . မီ ကိုဆွေ ဘာတွေများ ပြောမိပါလိမ့် ။ မင်းကို ဘယ်လောက်မုန်းမုန်း ဒီလိုပြောမိပြန်တော့လည်း အသည်းကွဲရပါလား ’ ဟု ရှိုက်ငင်လိုက်မိ၏ ။


ကျွန်တော် မီ့ကိုယ်ကို ပက်လက်ကုလားထိုင်ပေါ် တင်လိုက်သော် ပျော့ခွေအေးစက်၍ နေသည်ကို သိရ၏ ။


ကျွန်တော်လည်း အတန်ကြာ စိုက်ကြည့်နေပြီး မျက်လုံးမပွင့်သည်ကိုတွေ့၍ သူ့အဖော် မိန်းမကြီးအား လှမ်းခေါ်ပေးကာ ထွက်လာ၏ ။


 


*****


 


       ကျွန်တော်သည် မီ့ထံက ပြေးထွက်ခဲ့၏ ။ ဆိုလိုသည်မှာ ရန်ကုန်က ထွက်ပြေးခဲ့၏ ။


နဂိုက ရန်ကုန်မြေကို မချစ်ရသည့် အထဲမှာ ယခုလို ဖြစ်ရပြန်တော့ တစ်တောဝင် တစ်တောင်တက်နှင့် အားလုံးကို ဖျောက်ပစ်ရသည် ။


သို့သော် ယခုထိ မမှတ်သေးသည့် ကျွန်တော်သည် ‘ မီများပါလာရင် ဘယ်လောက် ကောင်းမလဲ ’ ဟု တွေးသေးသည် ။


သည်လို ခဏခဏပင် တွေးသည်ဖြစ်ရာ ရန်ကုန်ကို ထင်သလို မပစ်နိုင်ကြောင်း သိရ၏ ။


ထို့ကြောင့် တစ်လမျှ မကြာခင် ပြန်လာခဲ့ပြန်၏ ။


သို့သော် . . . မီ့ထံသို့ မသွားတော့ချေ ။ အိမ်ပြင်ပင် မထွက်တော့ချေ ။


မီ့သတင်းများကိုတော့ ကြားရ၏ ။


မီသည် ဆေးရုံမှ မဆင်းရသေးချေ ။ အိပ်လည်း မအိပ် ၊ စားလည်း မစား ။ ဆေးလည်း လက်မခံဘဲ စီးကရက်ချည်းသာ သောက်နေသည်တဲ့ ။


ဆရာဝန်ကိုလည်း နှင်လွှတ်သည်တဲ့ ။ ထို့ကြောင့် သူ ထင်သလို နေနိုင်ရန် အိမ်ပြန်ခေါ်လာရသည် ။


ကျွန်တော်ကမူ မီ့ကို သနားသည်ထက် ကိုယ့်ကိုယ်ကိုယ် ပိုသနားကာ ဖျားချင်နေ၏ ။


အားလုံးကို ပြီးလိုက်စေချင်သော်လည်း မပြီးသေးချေ ။


အမှုသည်လည်း စစ်နေဆဲ ၊ ရွှေဓားမြှောင်ကို ဖမ်းမိပြီ ။ သို့ပေမည့် ကံကောင်းလို့ပဲဆိုပါ ။


ရွှေဓားမြှောင်က မီ့အကြောင်းကို မဖော်ပေ ။ မီ သူ့ရာဂါနှင့် သေလုလု ဖြစ်နေသည်ကိုသိ၍ ဖြစ်ချင်ဖြစ်မည် ။ ဒါမှမဟုတ် . . .


ကျွန်တော်သည် အဆိပ်ပင် ရေလောင်းဆိုဆို ဘာပဲဆိုဆို မနေနိုင်သည့် အားလျော်စွာ မီ့အတွက် သေချာအောင် ရွှေဓားမြှောင်ကို ငွေတစ်သောင်း သွား၍ပေးလိုက်၏ ။


သည်ငွေကြောင့် ရွှေဓားမြှောင် လွတ်ချင်လည်း လွတ်ပစေ ။


ကျွန်တော်တို့ မိဘမျိုးရိုးမှာ ဂါတ်နှင့်ရုံးနှင့် ကင်းရှင်းစွာနေသည့် ကုန်သည်မျိုးရိုး ဖြစ်၏ ။


ဂုဏ်စစ်ဂုဏ်မှန်ကိုသာ မြတ်နိုးကာ အေးချမ်းသာယာစွာနေ၏ ။


မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ရိုသေသည့် အကျင့်ကို လိုက်နာဂုဏ်ယူ၏ ။


ကျွန်တော့်ကျမှ မီနှင့်တွေ့ကာ ယခုလို ရှုပ်ရှုပ်ယှက်ယှက် ဖြစ်ရပေရာ မိဘများသည် ကျွန်တော် တောင်းသောငွေကို အဓိပ္ပာယ် နားလည်စွာ ပေးလိုက်၏ ။


‘ မီ ဒီတစ်ခါတော့ သွားရှာတော့မယ်ထင်တယ် ’ ဟု သူ့အဖော် မိန်းမကြီးက လာပြော၏ ။


‘ ညကျရင် စောင်မခြုံဘူး ၊ နှင်းထဲထွက်ထိုင်တယ် ။ ခိုက်ခိုက်တုန်နေတာပဲ ။ မနက်ကျတော့ လူမှန်းမသိတော့ဘူး ။ နည်းနည်းလည်း သွပ်တွတ်တွတ် ဖြစ်နေတယ် ထင်တယ် ။ ရယ်ရယ်နေတယ် ။ ဆေးပုလင်းတွေဆို ခွဲပစ်တာပဲ ။ ဆရာဝန်က ပြောတယ် ။ ဆေးသာ ခုလို အထိုးမခံဘဲနေရင် တစ်ပတ် နှစ်ပတ်ထက် ပိုမခံဘူးတဲ့ ’


ကျွန်တော်က


‘ ခု ကျွန်တော် သွားရင် သူ့အတွက်လည်း မကောင်းဘူး ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မညှဉ်းပါနဲ့လို့ ကျွန်တော် မှာလိုက်တယ်လို့ ပြောပါ ။ နေကောင်းအောင် နေပါလို့ ’ ဟု ပြောလိုက်မိ၏ ။


မီသည် ကျွန်တော့်အမှာကို ရသည့်အခါကစ၍ ဆေးထိုးစရာရှိ ထိုး ၊ သောက်စရာရှိ သောက်ကာ ကျန်းမာအောင် နေသည်ဟု ကြား၏ ။


ကျွန်တော့်မှာ ဝမ်းသာရမလို ဝမ်းနည်းရမလို ရင်တလှပ်လှပ်ဖြစ်ကာ


‘ မီ . . . မီ . . . မီ ’ ဟု တမိပါသည် ။


မီ အနည်းငယ် ထူထူထောင်ထောင် ရှိလာသည်ကြားသော် ကျွန်တော်က စာတစ်စောင် ထည့်လိုက်၏ ။


မီ့ဆီကလည်း တစ်စောင်ပြန်လာ၏ ။


သူ နေထိုင်ကောင်းပါပြီ ဆိုသည်ကလွဲ၍ ဘာမှမပါချေ ။


မီ့စာများကို နောက်ထပ် မျှော်နေမိ၏ ။ တစ်စောင်မှ မလာချေ ။


ကျွန်တော်ကလည်း ထပ်မရေး၍ ကျွန်တော်တို့ နှစ်ယောက်သည် တစ်မြို့ထဲနေကာ ကွာဝေးခဲ့ကြ၏ ။


မီ့ကို အရိပ်အယောင်တောင် မမြင်ရသည်မှာ သုံးလရှိသွား၏ ။


သို့ပေမည့် နှစ်ပေါင်းများစွာလို ထင်မိသည် ။ မီ့ကိုတွေး၏ ၊ အိပ်မက်မက်၏ ။ တစ်ကိုယ်တည်း ယောင်ယမ်းအူချာလည်ကာနေ၏ ။


မီနှင့် ကွဲနေသည့် အချိန်ရှိသမျှမှာ ကိုယ့်ကိုယ်ကိုယ် လူစဉ်မမီတော့ဟု ထင်နေသည် ။


ဝေး . . . ဝေး . . . ဝေး . . . အဝေးကြီးကို ဝေးခဲ့ပါပြီ ထင်၏ ။


မီနှင့် နီးစပ်ဖို့လမ်း တစ်ခုတလေကလေးတောင် မရှိတော့ဟု ထင်၏ ။


ခု ထပြီးသွားလိုက်လျှင် မီ့ဆီရောက်မည်ကို သိပါသည် ။


သို့သော် . . . ဒါကို လုံးလုံးမတွေးဘဲ တငေးတမော ထိုင်ကာသာ ညည်းမိသည် ။ မီနဲ့ဖြင့် ဘဝခြားခဲ့ပါပြီ။


 


သုံးလ . . . သုံးလတဲ့ . . . သုံးလ ဆိုတာ ကြာတဲ့အချိန်မှ မဟုတ်ဘဲ ။ တစ်နှစ် တစ်နှစ် ဆိုသည့် အချိန်တောင် ခဏလေးနှင့် တစ်ပတ်လည် လည်လာသည် မဟုတ်ပါလား ။


ပိတောက်ပန်းတွေ သင်္ကြန်ရေတွေကို မနေ့တစ်နေ့ကလို မြင်လိုက်ရပြီး ခုပြန်ပြီး မြင်ရတတ်သည် ။ ခုတော့ သုံးလတဲ့ ၊ သုံးလကို နှစ်တွေ ရှည်ခဲ့ပြီ ထင်၏ ။


ကျွန်တော်သည် နာတာရှည် လူမမာပမာ တစ်နေ့ တစ်နေ့ကို အရှည်ကြီး ထင်မြင်နေပါတကား ။ ကျွန်တော်၏ မှန်ကုန်သော အမြင်များသည် တကယ်ပင် ပျောက်ကုန်ပြီ ။


မီသည် အသစ်မွေးဖွားလာသည် ။


ယောင်္ကျားကို အဝတ်အစား လဲသလို အလဲလဲတွဲကာ စီးကရက် တစ်ရှိုက် ၊ ဘရန်ဒီ တစ်ကျိုက်နှင့် မတုန်မလှုပ် ပြုံးသည် ။ မီ့ကို ဘားမှာ ၊ ကစားဝိုင်းမှာ ၊ ဟိုတယ်မှာ မတွေ့ရတော့သည်ကို ကျွန်တော် သိ၏ ။


လူတွေက မီသည် သူ၏ တိတ်တိတ်ပုန်း ယောင်္ကျား ဦးတင်မောင် သေဆုံးသဖြင့် နောင်တရပြီး ပြောင်းလဲသွားပြီဟု ပြောကြသည် ။


တော်လောက်ပါပြီဟု ထင်သည့် တစ်နေ့မှာ မီ့ထံကို ကျွန်တော် သွား၏ ။


ထိုအခါမှာ ကျွန်တော့်တွင် မီ့ကို ရွံစိတ် ၊ မုန်းစိတ် ၊ ကြောက်စိတ်တွေပျောက်ပြီး သနားစိတ် ၊ ချစ်စိတ်သာ သက်သက်ရှိတော့၏


မီသည် ကျွန်တော် လာသည်ကိုမြင်လျှင် တွေကျသွား၏ ။


ဟိုဟာလုပ်ရမလို သည်ဟာလုပ်ရမလို ယောင်ကန်းကန်း ဖြစ်သွား၏ ။


ပြီးတော့ ဘာအမူအရာမှ မရှိသော လဟာပြင်လို မျက်နှာထားဖြင့် ငေးပြီးကြည့်၏ ။


မီသည် ဖွေးနေလေသည် ။ တော်တော်လည်း ကျသွား၏ ။


နဂိုက ညိုဖျော့ဖျော့ ဆံပင်သည် ခပ်လဲ့လဲ့နေကာ အလင်းရောင် အရိုက်မှာ ဖြူနေ၏ ။


မျက်နှာမှာ ပါးသွယ်လေးများကျပြီး စံပယ်ပမာ ဖြူနေရာ အသွေးအရောင်ဟူ၍ ပန်းနုနှုတ်ခမ်းလေးသာ ။ ကျွန်တော့်မျက်လုံးများမှာ ပြာမှိုင်းကာ ဘာကိုမှ မမှုသည့် မခံချိ မခံသာ ဖြစ်စရာ အကြည့်လည်း မရှိတော့ပြီ ။


မီ့မှာ လူစားချင်သည့်သွေး မရှိတော့သဖြင့် သိမ်မွေ့နေ၏ ၊ အပြစ်ကင်းနေ၏ ။


အရင်တုန်းက မီ့အလှသည် ဖျော့တော့သော အလှဆိုရင် ယခု မီ့အလှသည် ဖြူလဲ့သောအလှ ၊ ဖျော့တော့သော အလှသည် မူရာမာယာများ၏ ။ ဖြူလဲ့သော အလှက သန့်ရှင်းနူးညံ့သည် ။


မီ၏ အဓိပ္ပာယ် ကင်းမဲ့သော မျက်နှာကိုမြင်၍ ကျွန်တော် အားငယ်သွားကာ


‘ မီ . . . ကိုဆွေ လာတာ မကြိုက်ဘူးလားဟင် ’ ဟု မေး၏ ။


‘ မီ ပျော်လည်းသွားတယ် ၊ ဝမ်းလည်းနည်းသွားတယ် ။ တစ်မျိုးပဲ ။ မတွေ့ရတာ ကြာလို့ထင်တယ် ။ ခုန ကိုဆွေ့ဆီ မီ ပြေးလာမလို့ပဲ ။ ဒါပေမဲ့ . . . ’


ကျွန်တော်က စောင့်နေရာ


‘ ဒါပေမဲ့ မီ . . . ဟန် . . . ဟန်ဆောင်တယ် . . . ထင်ဦးမလားလို့ ’ ဟု ဝမ်းနည်းစွာ ဖြေ၏ ။


ကျွန်တော့်မှာ သနားစိတ်နဲ့ပဲ အရည်ပျော်ရမလိုဖြစ်ကာ ‘ မီရယ် . . . မီရယ် ’ ဟုသာ ရွတ်ဆိုနေမိ၏ ။


မီသည် ကျွန်တော် တလွဲထင်မှာကို ကြောက်နေကာ စကားလည်း သိပ်မပြော ပြုမိသည့် အမူအရာကိုလည်း တစ်ဝက်တစ်ပျက်နှင့် ထိန်းချုပ်ကာ စိမ်းတိမ်းတိမ်း ဖြစ်နေ၏ ။


‘ မီ . . . ကိုဆွေ ပြန်လာတာ အံ့သြနေတာလား ’


‘ မအံ့သွပါဘူး ’


‘ ကိုဆွေ မီ့ဆီ တစ်နေ့ပြန်လာမှာပဲ ဆိုတာ သိတယ်မဟုတ်လား မီ ’


‘ မီ သိပါတယ် . . . မီ စောင့်နေတာပဲ ’


သည်နေရာမှာ စကားရပ်သွားပြန်၏ ။


‘ မီ ဘာဖြစ်လို့ ငြိမ်နေတာလဲ ’


‘ ဘာပြောရမှာလဲ ’


‘ မီနဲ့ကိုဆွေ လက်ထပ်ပြီး လျှောက်လည်မယ့် အကြောင်းတွေပေါ့ မီရဲ့ ’


ကျွန်တော်လည်း စိတ်မကောင်းသလိုလိုဖြစ်ကာ နောက်ထပ် စကားပြောရအောင် မကြိုးစားတော့ချေ ။


သို့သော် မီသည် တဖြည်းဖြည်းနှင့် မျက်နှာအသွေးအရောင်ကလေး ရလာကာ စပြီးပြော၏ ။


‘ မီတို့ မေ့ပစ်စရာ ကောင်းတာတွေ မှန်သမျှ မေ့ပစ်လိုက်ရအောင် ဟင် . . . နော် . . . ကိုဆွေ ဘာမှစိတ်မကောင်း မဖြစ်နဲ့တော့ ’


ကျွန်တော်က နှစ်သိမ့်ချိုအေးစွာ . . .


‘ ဒါဟာ ကိုဆွေက တောင်းပန်ရမယ့် စကားပါ မီရယ် ’


****


 


မီနှင့်ကျွန်တော် လက်ထပ်လိုက်ကာ မြစ်ဝကျွန်းပေါ် လယ်ခင်းများသို့ အလည်သွားကြပါသည် ။


ကျွန်တော်တို့သည် လူကို အရှောင်ကြီး ရှောင်လျက် ရှိ၏ ။ တောသူတောင်သားများကိုပင် ရှောင်၏ ။


လောက၏ တကယ့်အဖြစ်ကို လှစ်မကြည့်ဝံ့ဘဲ သစ်ပင်ပန်းမန် ၊ ကောင်းကင် ၊ တိမ် ၊ ဥသြ ၊ ချိုး စသည့် အပေါ်ယံဟန်ပြ လောကကြီး၏ အလှကိုသာ စိတ်ဝင်စား၏ ။


သို့သော် . . . တွေ့ခဲ့ရသော အဖြစ်များသည် အနာရွတ်လိုပင် တစ်ခါတစ်ရံ အခွင့်ကြုံလျှင် ယားယံပြီး ပြန်ထသေးသည် ။


တစ်ညမှာ ကျွန်တော်တို့သည် ဗိုလ်တဲရှေ့ မြက်ခင်းပေါ် အတူရပ်လျက်ရှိ၏ ။


လမိုက်သော်လည်း ကြယ်များ စုံလှ၍ လင်း၏ ။


ကြယ်များသည် ကောင်းကင်မှာ ပျစ်ခဲနေကာ သက်ရှိသတ္တဝါများလို လှုပ်ရွနေသည် ။


ကြယ်တိုင်းသည် အလွန်ဖျတ်လတ် လျင်မြန်စွာ မျက်တောင်ခတ်နေကြ၏ ။


ထို့ကြောင့် ကောင်းကင်ကြီးသည် တုန်လှုပ်နေသလို ထင်ရလေသည် ။


မီသည် တစ်ကိုယ်လုံး တုန်လာရာ ပထမ ချမ်း၍ထင်မိသည် ။


နောက်တော့ နေကောင်းချင်လို့လားဟု ပူကာ ဗိုလ်တဲပေါ်သို့ တက်ရအောင်ခေါ်သည် ။


မီသည် ရပ်မြဲရပ်နေလေ၏ ။


‘ မိုးကို ကြည့်ပါဦး . . . သိပ်လှတာပဲ ’


‘ မလှဘူး ၊ ကြောက်စရာကြီး ။ ကောင်းကင်ကြီးက အနက်ကြီး နက်လို့ ။ မျက်နှာကြီးနဲ့ တူလိုက်တာ ။ ကြယ်တွေကတော့ မျက်လုံးတွေ မီ့ကို ကြည့်နေတာ ။ ပြီးတော့ မျက်စိမှိတ်ပြတယ် ။ ဒီမျက်နှာကြီးတွေ ၊ မျက်လုံးတွေ သိပ်များလွန်းလို့ မီ ကြောက်တယ် ’


ကျွန်တော်သည် ရယ်ရမလို တည်ရမလိုနှင့် မီ့ကို နားမလည်နိုင်ဘဲကြည့်ရာ တကယ်ပြောပြီး တကယ် ကြောက်နေမှန်း သိရ၏ ။


‘ ရူးတာလားတော့ မသိဘူး ။ မီ ကြောက်တယ် . . . လသာရင်လည်း ကြောက်တာပဲ ။ မီ လသာရင် မအိပ်နိုင်ဘူး ။ လကိုပဲ သေသေချာချာကြည့်တယ် ။ ကြည့်လေ . . . ကြည့်လေ ကြောက်စရာကြီး ။ လဟာ ပြိတ္တာကြီးနဲ့တူတယ် ။ ခြေလည်းမရှိ ၊ လက်လည်းမရှိ လုံးလုံးဝိုင်းဝိုင်းကြီး ။ ပြီးတော့ သရဲလိုပဲ ပုံအမျိုးမျိုး ပြောင်းတယ် ’


‘ မဟုတ်က ဟုတ်ကတွေ မီရယ် ’ ဟု ကျွန်တော်က ရယ်ပစ်ကာ ဗိုလ်တဲပေါ်သို့ ဆွဲခေါ်လာ၏ ။


မီသည် အတော်ပင်ကြောက်ကာ နှုတ်ခမ်းများပင် ဖြူနေလေ၏ ။


ကျွန်တော့်မှာ သနားလည်း သနား ၊ စိတ်လည်းမကောင်း ဖြစ်ရ၏ ။


‘ မီ နေမကောင်းဘူး ထင်တယ် ။ ကယောင်ချောက်ချား ဒါကြောင့်ဖြစ်တာ ’


‘ နေကောင်းပါတယ် မီ ကြောက်တာ ခုမှမဟုတ်ဘူး ။ ငယ်ငယ်ထဲကပဲ ။ မီ့မှာ အကြောက်နဲ့အရဲ တွဲနေတယ် ။ အဆန့်ကျင်ဆုံးနှစ်ခု တွဲနေတယ် ။ ဒါကြောင့် ထင်ရာတွေ ဖြစ်ခဲ့တာလား . . . မသိဘူး ။ မီ ကျောင်းမှာနေတုန်းက သူငယ်ချင်းတွေက ကြောက်တတ်လိုက်တာလို့ လှောင်ကြတယ် ။ ’


‘ တစ်နေ့တော့ မီတို့ကျောင်းရှေ့ ကားတိုက်ပါရော ။ ကျောင်းကားက လူကို ဝင်ကြိတ်တာ ကောင်မလေးတွေ ခုန်ပေါက်ပြီး ငိုပြေးတာပဲ ။ လူက ရုပ်ပျက်ဆင်းပျက် သေတာကိုး ။ လူကို နင်းလိုက်လို့ အသံကလည်း ဖောင်ဆိုမြည်တာပဲ ။ မီကတော့ အဲဒီ လူသေကြီးကို ရပ်ကြည့်နေလိုက်တာ မီ့ဖိနပ်တောင် သွေးတွေစီးလာပြီး ပေကုန်တယ် ။ မီ မကြောက်ဘူး ။ သနားလည်း မသနားဘူး ။ မီဟာ ဘာဖြစ်သလဲ ဆိုတာ သိချင်ပတယ် ’


မီ့မျက်နှာကလေးက မသာယာလှပေ ။ ကျွန်တော်လည်း


‘ ကဲ . . . ပါကွယ် . . . မီရယ် အလကားဟာတွေ တွေးမနေစမ်းပါနဲ့ အပင်ပန်းခံလို့ ’ ဟု ပြောပြီး တခြားစကား လှည့်ပြောင်းရ၏ ။


‘ မီ . . . အာဋာနာဋိယသုတ် ရပြီလား ဆိုစမ်းပါဦး ’


မီသည် ဗုဒ္ဓဘာသာလိုလို ၊ ခရစ်ယာန်လိုလိုနှင့် ဘာကိုမှ မကြည်ညိုဘဲ သူကိုယ်တိုင်သာ သူ၏ဘုရား ဖြစ်ခဲ့ရာ ယခုမှာမူ ကျွန်တော့်အလိုလိုက်ကာ ဘုရားတရား ရှိခိုးသည် ။ သုတ်များ ၊ ပရိတ်များ ကျက်သည် ။


သို့သော် မီသည် အများအားဖြင့် ဝတ္ထုများ ၊ မဂ္ဂဇင်းများ ၊ ကဗျာများကို ဖတ်ပြ၏ ။


ကဗျာဆိုလျှင် အနုအယဉ်အတွေး လွန်သွားတာမျိုးကို ကြိုက်၏ ။


ဝတ္ထုဆောင်းပါး ဆိုလျှင်တော့ စုံထောက်ခန်းများ ညှဉ်းဆဲသတ်ဖြတ်မှုများ စသည်များကို သဘောကျသည် ။


ကျွန်တော်တို့ နှစ်ယောက်သည် လယ်ကန်သင်းရိုးပေါ်မှာထိုင်ကာ ရောက်တတ်ရာရာ ပြောတတ်သေး၏ ။


 ‘  မီတို့ မိဘမဲ့ ကျောင်းသူတွေကို ကျွေးမွေးထားရတဲ့ စရိတ်ကျေအောင်လေ သိုးမွေးထိုးတာတို့ ၊ အင်္ကျီချုပ်တာတို့ အဲဒီအလုပ် ကျောင်းမှာ ပေးထားတယ် ။ မီက အချုပ်အလုပ်ဆို နည်းနည်းမှ ဝါသနာ မပါဘူး ။ သိပ်စိတ်ညစ်တာပဲ ။ ’


‘ ကောင်းတယ် ’ ဟု ကျွန်တော် ဖြတ်ပြောပြီး ရယ်လိုက်၏ ။


‘ တစ်နေ့တော့ ‘ စစ္စတာ ’ တစ်ယောက်က ပြောတယ် ။ အတန်းထဲ အတော်ဆုံးလူကို စက်ချုပ်တဲ့ အလုပ်က လွတ်မယ်တဲ့ ။ မီက အတန်းထဲမှာ အင်္ဂလိပ်စာ တစ်ခုပဲ ပထမရတယ် ။ ဒီပြင်ဘာသာတွေကတော့ ဘိတ်ဆုံးက ပထမပေါ့ ။ ဖတ်မှ မဖတ်ပဲ ၊ ပစ်ပစ်ထားလွန်းလို့ စာမေးပွဲနီးပြီဆိုရင် ကျက်စရာ စာအုပ် မရှိတော့ဘူး ။ ပျောက်ကုန်တာကိုး ’


‘ ဒါနဲ့ ကြိုးစားလိုက်တာ ထိပ်ဆုံးကျကျ ပါရောလား ’ ဟု ကျွန်တော်က နောက်လိုက်သည် ။


‘ ဒါနဲ့ မီလည်း စိန်လိုက်ဆိုပြီး ၅ ရက်ဆက်ပြီး မအိပ်ဘဲ စာကြည့်တာ ဘာသာတိုင်း ပထမ ထွက်တာပေ ။ ဒါပေမဲ့ ဒုတိယပဲ ပေးတယ် ။ ခါတိုင်းရနေကျ ကောင်မလေးက ပိုက်ဆံရှိတဲ့သူ သမီးမို့ ပထမ ပေးလိုက်တယ် ။ မီ စက်တော့မချုပ်ရတော့ပါဘူး ’


‘ မီ ဆယ်တန်းအောင်တာ ဘယ်နှနှစ်ရှိပြီလဲ ’ ဟု မေးရာ


‘ ၁၅ နှစ် ’ ဟု ဖြေသည် ။


‘ ၁၅ နှစ် ကတည်းက မီ သံသရာ ကျင်လည်ခဲ့တာပေါ့ ’


မီက သည်လိုထပ်ပြောရာက ငေးစိုက်သွားလေ၏ ။


ကျွန်တော်က စကားပြောင်းကာ


‘ ကဲ . . . မီရယ် ဘာဂျာကို အလကား ကိုင်ထားမယ့်အစား တီးတာက ကောင်းသေးတယ် ။ ကိုဆွေ ဆိုမယ် ၊ မီက တီး ။ ကိုင်းဘာသီချင်းလဲ ’ ဟု ပြောရ၏ ။


မီသည် ‘ ကွန်ဆတ်တီနာ ’ ခေါ် လက်ဆွဲဘာဂျာကို ကောင်းကောင်း တီးမှုတ်တတ်သည် ။


မီက မတီးဘဲ


‘ လက်တောင် ပျက်နေပါပြီ ။ နားထောင်လို့ မကောင်းပါဘူး ’ ဟု ဖြေသည် ။


‘ ကောင်းပါတယ် ၊ ဘာဖြစ်လို့ မကောင်းရမှာလဲ ။ မီက ဂီတဘက် တော်တော်သန်တယ် ။ သီချင်းဆိုလည်း သိပ်ကောင်းတာ ၊ ပီယာနိုလည်း တတ်တယ်ဆို ’


‘ နည်းနည်းပါးပါး ’


‘ တီးပါ မီရဲ့ . . . ကိုဆွေ ကောင်းကောင်း နားမထောင်ဖူးသေးဘူး ။ မီ တီးတတ်မှန်းတောင် အစက မသိဘူး ။ ဘာဖြစ်လို့ မပြောတာလဲ ’


‘ မီ ဘာဂျာလည်း မတီးတော့ဘူး ။ သီချင်းလည်း မဆိုတော့ဘူးလို့ နေခဲ့တာ ၇ နှစ် ရှိသွားပြီ ။ ကျောင်းထွက်စ ကတည်းကပဲ ’


မီက ကျွန်တော် မသိသော သူ့အကြောင်း သူ တွေးနေဟန်ဖြင့် မျက်လုံး မှုန်မှိုင်းလာပြန်၏ ။


ကျွန်တော်လည်း ထိုစကားကိုဖြတ်ကာ


‘ ကိုဆွေ . . . အပါကလေး လိုချင်တယ် ’ ဟု အလွယ်ဆုံး တွေ့သော စကားကို ကောက်ကာ မီ့ကို စလိုက်၏ ။


မီကမူ မျက်ရည်တွေ လည်လာလေ၏ ။


‘ ကိုဆွေ မီ့အကြောင်း မသိဘူး ၊ မီ ကိုဆွေ့ကို အပါလေးလည်း မပေးနိုင်ဘူး ။ အမာလေးလည်း မပေးနိုင်ဘူး ။ ဒါဟာ မီ့အပြစ် မဟုတ်ပါဘူး ။ ဘယ်သူ့အပြစ်လဲ ဆိုတာ အို . . . မီ ဘယ်လိုပြော ’


‘ တော်တော့ မီ ’ ဟု ကျွန်တော်က မီ့နှုတ်ခမ်းကို ပိတ်လိုက်၏ ။


‘ ဟိုမှာကြည့်စမ်း မီ . . . ဘယ်လောက် လှသလဲ ။ လောကကြီးမှာ သာသာယာယာတွေ ၊ ပျော်စရာတွေ ရှိသေးတယ် ။ စိတ်ညစ်တယ် ၊ ပျော်တယ်ဆိုတာ ကိုယ်က ဖြစ်တာပါ ။ မီ . . . ကြည့်လိုက်စမ်း မြင်လား ။ ကမ္ဘာအသစ်ကြီး မီနဲ့ကိုဆွေ နှစ်ယောက်တည်း အဲဒီ ကမ္ဘာမှာ မွေးထားတယ် ။ အဲဒီမှာ ‘ အရင်က ’ ဆိုတဲ့ စကားလုံး မရှိဘူး ’


မီသည် မျက်ရည်မကျဘဲ ငိုကာ


‘ ကိုဆွေ မီ့ဘက်မှာနော် ’ ဟု မေး၏ ။


‘ ကိုဆွေ . . . မီ့ဘက်မှာ ’


ဤသို့လျှင် စကားများကို ဘယ်လိုပြောင်းပြောင်း နောက်ဆုံး စိတ်မချမ်းမသာ ဖြစ်ရသည်နှင့်သာ ကြုံရသည် ။


ကျွန်တော်တို့သည် အတိတ်ကို လွယ်ကူစွာ မမေ့နိုင်တတ်ပေ ။


မိုးဦးကလေးကျသော် ကျွန်တော်တို့ ဟန်းနီးမွန်းမှ ပြန်လာ၏ ။ မိဘများ ဝယ်ပေးသည့် အိမ်မှာနေ၏ ။


ကျွန်တော်သည် အလုပ်လုပ်ဖို့သင့်ပြီ စိတ်ကူးသော်လည်း မီက မလုပ်စေချင်ပေ ။ ‘ မီတို့ဟာ ခု ပျော်နေတယ် မဟုတ်လား ။ ဒီအချိန်ဟာ မီ့ဘဝမှာ အထွတ်အထိပ်ပဲ ။ အထွတ်အထိပ်မှာ ဘယ်သူမှ အကြာကြီး မနေနိုင်ပါဘူး ။ အထွတ်အထိပ် ဆိုတာ ရောက်တာသာ လိုရင်းစွဲပဲ မဟုတ်လား ။ ခု ရောက်တုန်းမှာ အေးအေးနေရအောင် ။ ကိုဆွေ မီ့မှာ အချိန်များများ မရှိတော့ဘူး ’ ဟု ပြောတတ်ပေ၏ ။


မီသည် သူ အသက်အစိတ် မပြည့်ခင် သေရမည်ဟု တထစ်ချ အယူသည်း၏ ။


ကျွန်တော်တို့သည် အလကားပင် အား၍နေသဖြင့် မိုးရွာသည်ကိုပင် အဆန်းလုပ်ပြီး ကြည့်ကြသည် ။


မိုးဖွဲကလေးများ ကျစဆိုလျှင် ကြည့်၍ကောင်းသည် ၊ လှပသည် ။ မီသည် မိုးတွင်းကို အဓိပ္ပာယ် မရှိပင် ချစ်၏ ။ မိုးရွာလျှင် မီ စိတ်တစ်မျိုး ဖြစ်၏ ။


သို့ပေမည့် တိတိကျကျ မရှိ လွမ်းတယ်လည်း မခေါ်နိုင် ၊ ပျော်တယ်လည်း မခေါ်နိုင် ။


မီသည် မိုးပေါက်ကလေးများကို ပြတင်းဝက ငေးကြည့်ရင်း တွေးချင်ရာ တွေးရာက


‘ နောင်တ ဆိုတာဟာ လူမိုက်များရဲ့ နောက်ဆုံး ခိုလှုံရာပဲ ’ ဟု စကားအဆက်အစပ်မရှိ ပြော၏ ။


ကျွန်တော်က ဘာပြောရမှန်း မသိသဖြင့် ဘာမှမပြောဘဲ နေလိုက်၏ ။


မီလည်း မိုးရွာသည်ကို ငေးနေပြန်၏ ။


မိုးပေါက်များသည် ကြီးကြီးလာကာ ကြမ်းတမ်းသည်းထန်လာ၏ ။


လေသံများလည်း ညံလာ၏ ။ သစ်ပင်ကိုင်းခက်များ၏ ညည်းသံများကို ကြားရလာ၏ ။


ကျွန်တော်သည် ပြတင်းကိုပိတ်ကာ မီ့ကို အိမ်တွင်းသို့ ခေါ်လည်း မရပေ ။


မီသည် ပြတင်းမှန်သားကို ထိုးဖောက်၍ ပိန်းနေသော မိုးရေများကို ကြည့်နေ၏ ။


‘ သိပ်သည်းတာပဲနော် ကိုဆွေ . . . လမ်းလျှောက်ရရင် ကောင်းမယ် ’


မီသည် ထူးဆန်း၏ ။ ကျွန်တော်က နားမလည်နိုင်ဘဲ ထပ်မေးရာ


‘ သြော် . . . မိုးရေထဲ လျှောက်ရရင် ကောင်းမယ် ပြောတာပါ ’


‘ ရွဲကုန်မှာပေါ့ မီရဲ့ ။ ပြီးတော့ မိုးတွင်းဟာ ဖျားချင်စရာ ကောင်းတဲ့ရာသီ မဟုတ်ပါဘူး ’


‘ မီလေ . . . အရင်တုန်းကဆိုရင် မိုးသည်းထဲထွက်ပြီး လမ်းလျှောက်တာပဲ ။ မိုးပေါက်တွေ ကျလာတာ သိပ်စပ်တယ် ။ နည်းနည်းကြာသွားပြီ ဆိုရင် အေးလာ စိမ့်လာရော ။ နောက်တော့ ကိုယ်ပူလာရော ။ သိပ်အရသာ ရှိတာပဲ ကိုဆွေရယ် ။ စမ်းကြည့်ပါလား ။ ကိုယ်ထဲက ပူပူရှိန်ရှိန်နဲ့ ကိုယ်ပြင်က အေးလို့စိုလို့ ။ ပြီးတော့ အိပ်ရာထဲဝင် . . . စောင်ခြုံပြီး ဖျားပစ် ၊ ချောင်းဆိုးပစ်လိုက်ရော ’


မီက သူ့စကား ကလေးဆန်ပုံ မိုက်မဲပုံကို သတိမထားမိဘဲ စိတ်ထဲရှိရာသာ လျှောက်ပြော၏ ။


မီသည် စိတ်ထဲမရှိဘဲ ပါးစပ်ကသာပြောလျှင် စကားလို လည်ပတ်စွာ ပြောနိုင်၏ ။


ကျွန်တော်နှင့်မူ သူ့စိတ်ရင်းက ကြောင်လည်လည် အယူများဖြင့်  ဘာမှနားမလည်သည့် ကလေးငယ် တစ်ယောက်လို ပြော၏ ။


‘ လောကကြီးမှာ လူဖြစ်လာရတာ မီရယ် . . . လိမ္မာဖို့ သက်သက်လည်း ဘယ်ဟုတ်မလဲ ။ မိုက်ဖို့လည်း ပါသေးတာပဲ ။ လူဟာ အစုံပဲ တွေ့ခဲ့ရ ၊ ဖြစ်ခဲ့ရတာပဲ ။ လူတိုင်းဟာ အပြစ်နဲ့ချည်းပေါ့ ။ ကိုဆွေဖြင့် ဘယ်သူ ဘာဖြစ်ဖြစ် သူ့စိတ်က ပါလို့ပဲဆိုဆို ခွင့်လွှတ်ဖို့ပဲ ပထမ စဉ်းစားတယ် ။ ကိုဆွေလည်း အဲဒီလောက် သဘောထားတွေ ဘာတွေ ကြီးနေပြီ မီရဲ့ ’


ကျွန်တော်က တစ်ခါတစ်ခါ ဤသို့ပြောလျှင် မီက သက်သာသွားသလို သက်ပြင်းကလေးရှူ၏ ။


‘ လောကကြီးဟာ ရူးနေတာပဲနော် ’


‘ ဒါပေါ့ . . . မီ ။ ဒီတော့ လူတစ်ယောက်ဟာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ တစ်နေ့မှာ ပြန်တောင် မတွေးတော့ဘူး ဆိုရင် ပြီးတာပဲ ။ မီ အရင်ကဟာတွေကို မေ့ပစ်လိုက်ပါတော့ ။ ကိုဆွေဖြင့် တကယ့်ကို သတိတောင် မရတော့ဘူး ’


မီက ခေါင်းညိတ်၏ ။


မီသည် အတိတ်ကို မေ့ပစ်လိုက်ပါမည်ဟု ပြောပြီးသည်ကစ၍ သူ့ဘဝမှာ အသာအယာတွေချည်းပဲ ရှိခဲ့ဖူးသလို ပျော်စရာ ၊ ရယ်စရာတွေချည်းသာ ပြော၏ ။


သူ့စိတ်တွင်းကိုတော့ ဝင်မကြည့်နိုင်ပါ ။


မီသည် သူ့ကိုယ် သူ လိမ်နေတာ ဖြစ်ချင်လည်း ဖြစ်မည် ။


ကျွန်တော့်ကို လိမ်တာ ဖြစ်ချင်လည်း ဖြစ်မည် ။


သို့ပေမယ့် မီ မေ့မေ့ပျောက်ပျောက် ဖြစ်လာတာကတော့ မှန်၏ ။


မီသည် သူ့စိတ်တွင်းမှာ ကျွန်တော် တစ်ဦးတည်းကိုသာ ထားတော့သည် ။


ကျွန်တော်ကမူ


‘ လေးကို သတိရတယ် . . . မီ ’ ဟု ယောင်ပြီး ပြောမိရသေး၏ ။


မီက မျက်နှာထားကြီးကြီးဖြင့်


‘ ဘာလေးလဲ . . . ဘာပြောတာလဲ ’ ဟု မျက်မှောင်တွန့်ပြီး မေးတတ်၏ ။


သည်လိုနှင့် နေသားကျလာလျှင် ကျွန်တော်တို့သည် လူထဲတိုးစပြုလာ၏ ။


ခက်သည် လူတွေ ဖြစ်ပေ၏ ။


လူတွေသည် တဆိတ်တော့ လွန်လွန်းပြီနှင့်တူသည် ။


ကာယကံရှသင်တွေကိုယ်တိုင် မေ့လိုက်နိုင်သည့် အရာတစ်ခုကို ဘာကြောင့် သူတို့ မပြီးနိုင်အောင် ပြောနိုင် ၊ သတိရနိုင်ပါသေးသလဲ ။


ပြီးတော့ . . . ကျွန်တော်တို့ မကြိုက်မှန်း သိလေလေ သူတို့ အရသာ ရှိရှိနှင့် အဆင်းတွန်း လေလေပင် ။


နောက်ဆုံးမှာ သည်လူ့လောကကြီးတွင် ဖြစ်ခဲ့တာ တစ်ခုခုကို ဘယ်လောက် မေ့ပစ်နိုင်တယ်ဆိုဆို ပျောက်တော့ ပျောက်မသွားနိုင်ဟူသော ပညာတစ်ရပ် ရလာပေသည် ။


ကမ္ဘာကြီးမှာ လူတွေ များလွန်းသည် ။


ဒါထက် သိဟောင်းကျွမ်းဟောင်းတွေ များလွန်းသည် ။


ကျွန်တော်တို့သည် ရုပ်ရှင်ရုံ တစ်ရုံမှာ လူတစ်ယောက်နှင့် တွေ့၏ ။


‘ ဟဲလို မီ ’ ဟု ကလက်သည့် မိန်းမမျက်နှာပေးနှင့် နှုတ်ဆက်ကာ ကျွန်တော့်ကို ပြောင်ပျက်ပျက် စွေစောင်းပြီး ကြည့်၏ ။


အဓိပ္ပာယ်ပါသည့် အကြည့် . . .


မီက သူ့ကို လုပြေးတော့မှာကို ကြောက်သလို ကျွန်တော့်နားကပ်ကာ ငေးမောရှက်ရွံ့ပြီး နေသည် ။


‘ ပျောက်နေတာ အတော်ကြာပါပကော ။ ဘယ်သွားနေသလဲ ။ ကိုင်း . . . လာပါ တွေ့တုန်း စကားလေး ပြောရအောင် သွားနေကျ ဘား သွားရမကောင်းဘူးလား ’


မီသည် သံသေးသံကြောင်နှင့် အော်ဟစ်ခုန်ပေါက်လိုက်တော့မလို ရူးလုလု မျက်နှာထားဖြင့် ယိမ်းယိုင်လာသည် ။


ကျွန်တော်က မီ့ကို ပွေ့ထိန်းရင်း စေ့စေ့ပါအောင်သာ ကြည့်၏ ။


ထိုလူက ဒါနဲ့တောင် နုံပနေသေးတာ ။


‘ မီ . . . သဘောထားကြီးပါတယ် ။ ကျုပ်တို့နှစ်ယောက် ရန်သူ မဟုတ်နိုင်ပါဘူးနော် ’ ဟု ပြုံးစေ့စေ့နှင့် မိတ်ဖြစ်ဆွေဖြစ် ပြော၏ ။


‘ ဒီမှာ . . . လူတွေသာ မရှိရင် ခင်ဗျား နားရင်းကို ဘယ်လောက်နာနာ ကျုပ် ရိုက်နိုင်တယ် ဆိုတာ ခင်ဗျား သိမယ် ’


ကျွန်တော်က ထိုလူ့စကားကို သည်လိုပြန်၍ နှုတ်ဆက်လိုက်ရာ မီက ကြားမှဝင်ပြီး


‘ ဒါ . . . မီ့ယောင်္ကျား ’ ဟုသာ ပြောနိုင်၏ ။


မီသည် ငိုချလိုက်၏ ။


လူတွေ ဝိုင်းလာ၏ ။ ထိုလူလည်း ပျောက်သွား၏ ။


ကျွန်တော်သည် မီ့ကို ဖေးကိုင်ကာ အမေး ၊ အဖြေ ၊ အဆူအညံ လုပ်နေသည့် ကြားထဲက ထွက်ကာ အိမ်ပြန်လာ၏ ။


ထိုနေ့တွင် မီသည် မလှုပ်မယှက် တစ်နေရာထဲမှာ ထိုင်ကာနေ၏ ။


ကျွန်တော်ကမူ ထိုလူကို တစ်နှစ်လောက် မေ့မြောသွားအောင် လည်ပင်းမညှစ်ခဲ့သည်ကို နောင်တရ၏ ။


သည်အထဲ အကြင်နာ ပိုသူများက လာကြသေး၏ ။


‘ သြော် . . . မောင်သော်ဆွေတို့ ၊ မီတို့ လာပြီကိုး ။ တွေ့ရတာ ဝမ်းသာပါတယ်ကွယ် ။ ဒေါ်ဒေါ်ဖြင့် အဟုတ်ပါပဲ ။ မီတစ်ယောက် ခုလို လင်နဲ့သားနဲ့ တည်တည်တံ့တံ့ မိန်းမမြတ်ကလေး ဖြစ်နေတာ တွေ့ရပါစေလို့ ဆုချည်းတောင်းခဲ့ပါတယ် ။ မင့်ဦးကဖြင့် ‘ မောင်သော်ဆွေဟာ အင်မတန် တော်တယ် ’ နဲ့ ပြောနေတာပဲ ’


တကယ့်စေတနာပဲ ဆိုလျှင်တော့ ကျေးဇူးတင်ပါသည် ။


သို့သော် . . . ဘာပဲဖြစ်ဖြစ် မသိလိုက် မသိပါ တိတ်တိတ်နေကြရင် မကောင်းပေဘူးလား ။ ဘာကြောင့် သူများလင်မယား အေးအေးနေတာကို အစဖော် ဆွရပါသလဲ ။


ကျွန်တော်သည် ဘာလုပ်ရ ကောင်းမလဲ တွေး၏ ။ လူတစ်ယောက်ကို ကျွန်တော် ပြိုင်နိုင်၏ ။ လူအများကို မပြိုင်နိုင်ချေ ။ နိုင်နိုင် ၊ မနိုင်နိုင် ပြိုင်မည် ထားပါဦး ။ မီ့ကို ငဲ့စရာ ရှိသေးသည် ။ ထို့ကြောင့် အရှုံးပေးပြီး တောပြန်ရ ကောင်းမလား စဉ်းစား၏ ။


တောသည် အေး၏ ။ မိုးကလည်း အေးလှပါသည် ။ မီ့ရောဂါနှင့် အအေးနှင့် နည်းနည်းမှမတည့် ။ ယခုတစ်လော မိုးအေးရသည်အထဲ မီသည် စိတ်မကောင်းစရာတွေ တွေ့ရ၍ အိပ်ရာထဲမှာသာ ခွေခွေနေ၏ ။ ထို့ကြောင့် အိမ်အပြင်ကို မထွက်ဘဲ ရက်စက်ကြမ်းကြုတ်သည့် လူတွေထံမှ ပုန်းနေရန်သာ စိတ်ကူး၍ ရလေသည် ။


မီ့ကိုသာ စောင့်၍ကြည့်နေမိရာ ညတိုင်ကျရင်း မီ ကောင်းကောင်း မအိပ်သည်ကို တွေ့ရ၏ ။ တစ်ညမှာ မီသည် စာထဖတ်၏ ။ သန်းခေါင်ကျော်ခဲ့ပြီ ။ ကျွန်တော်က ထိတ်လန့်သွားကာ ‘ မီ ’ ဟု ခေါ်လိုက်သည်ကို ‘ မီ အိပ်မပျော်ဘူး ’ ဟု ပြောပြ၏ ။


‘ မီ ဘာတွေတွေးနေပြန်ပြီလဲ ’


‘ ဒါကြောင့်မဟုတ်ပါဘူး ။ ညအိပ်မပျော်တာ မီ့အကျင့်ပဲ ။ မီ တစ်ခါ တစ်ခါ တစ်ညလုံး ထိုင်နေတာပဲ ။ ရောဂါပြန်ထချင်ပြန်ပြီနဲ့တူတယ် ။ မျက်လုံးဟာ ကြောင်ကြောင်နေတယ် ။ ’


‘ အတင်းကြိတ်ပြီး အိပ်လည်းမပျော်ဘူး ။ စိတ်သာညစ်ရတော့တယ် ။ ဒီတော့ အိပ်ရာထဲ လူးလှိမ့်နေမယ့်အစား စာထဖတ်တာက ကောင်းသေးတယ် ’


မီသည် အစားအသောက်ကလည်း နည်းလှ၏ ။ ထမင်းတစ်နေ့နှစ်နပ် မှန်မှန်စားသည့်နေ့ အင်မတန်ရှားသည် ။ ကျွန်တော့်ကို အားနာပြီး ကြိတ်မှိတ်စားသော်လည်း မဖြစ်ပေ ။ ကျွန်တော်သည် မီ့ဖို့ နွားနို့များ ၊ အဖျော်များ လုပ်ပေးရသည် ။


မောကလည်း အမြဲတမ်း မောနေ၏ ။ ဆွယ်တာကိုလည်း မချွတ်ရ ။ ချောင်းဆိုး၍ သွေးပါ၍လာ၏ ။


ထို့ကြောင့် ဆေးအမြဲထိုးရတော့သည် ။


မီ့ရောဂါ အတွက် ဆရာဝန် ပြောစကားများသည် အားရစဖွယ် မကောင်းလှချေ ။


မီ့ကို ကြည့်ရသည်မှာ မသက်သာလှ၍ အရူးထကာ . . .


‘ မီ . . . စီးကရက်တို့ ၊ ဘရန်ဒီတို့ ပြန်သောက်နေလိုက်ရင် ကောင်းမလား ’ ဟု ကျွန်တော်က ကြောင်လိုက်မိရာ


‘ ကိုဆွေကလည်း ’ ဟု မီက ရယ်သည် ။


‘ သေရမှာတော့ မကြောက်ပါဘူး ။ ဒါပေမဲ့ . . . ’ ဟု မီက စကားစပြီး


‘ အို . . . တူတူပေါ့လေ ။ မသေချင်တာဟာ သေရမှာ ကြောက်လို့ပေါ့ ’ ဟု သူ့စကားကို လျှောချလိုက်၏ ။


‘ သေရမှာတော့ မကြောက်ဘူး ။ ဒါပေမဲ့ ကိုဆွေနဲ့ ခုလို နေရတဲ့ ဘဝကို နှမြောတယ် မဟုတ်လား ’


‘ နှမြောမယ် ဆိုရင်တော့ နှမြောစရာပေါ့ ကိုဆွေနော် ။ ခု မီဟာ ပျော်နေတုန်း အချိန်ကိုး ။ ဒါပေမဲ့ ပျော်တုန်းပဲ သေချင်ပါတယ် ။ ပျော်တုန်း သေရတာဟာ အနိုင်နဲ့ ပိုင်းလိုက်တာပေါ့နော် ’


‘ မီဟာ ငယ်ငယ်လေးပဲ ရှိသေးတယ် ။ ဘာလို့ သေရမှာလဲ ။ ခု ပျော်နေတယ် မဟုတ်လား ။ နောင်လည်း ပျော်ရမယ် ။ ကိုဆွေတို့ဟာ ခု အလင်းဘက် ရောက်လာပြီး ပျော်စရာတွေ အများကြီး တွေ့ရဦးမှာပဲ ’


‘ ဟုတ်ချင်ဟုတ်မှာပဲ ။ ဒါပေမဲ့ တော်လောက်ပါပြီ ။ မီ ငယ်ပေမဲ့ စုံအောင်တွေ့ခဲ့ပါပြီ ။ လူ့ဘဝမှာ တွေ့စရာ ၊ ကြုံစရာတွေ အစုံတွေ့ပြီးရင် သေရမှာဟာ ဝတ္တရားပဲ မဟုတ်လား ’


မီသည် ခုလိုတော့ သေမင်းကို သွေးအေးအေးနှင့် တွေ့ရဲပုံ မရပေ ။


မီသည် သူ့ကိုယ်သူ တစ်မျိုးစီ လှည့်ပြီးပြောကာ အားပေးနေ၏ ။


ကျွန်တော်က သနားကြင်နာစွာ


‘ မီ . . . ခုလိုပဲ ခဏခဏ ဖြစ်တာပဲ မဟုတ်လား ။ ဒါပေမဲ့ ပြန်နေကောင်းတာပဲ ။ ဟိုအရင် ဆေးမသောက်ဘဲနဲ့တောင် နေကောင်းသွားတာပဲ ။ ခု ဆေးတွေထိုး ၊ ဆရာဝန်နဲ့ ကုနေတာ ဘာဖြစ်လို့ မပျောက်ရမှာလဲ ’


‘ ဟုတ်ပါတယ် . . . မီ ခဏခဏ ဖြစ်တာပဲ ။ ဖြစ်တိုင်း သေမယ်ချည်း မီ ထင်တယ် ။ ဒါပေမဲ့ ပြန်နေကောင်းတာပဲ ။ ခုတော့ မီ တော်တော် ထင်နေတယ် ။ သေဖြစ်ပါပြီလို့ ။ အင်း . . . မီလည်း တော်တော် သတ္တိကြောင်လာပြီး သေမယ်ချည်းပဲ အရမ်းထင်နေတာပဲ ’


‘ မဟုတ်တာကွယ် ’


မီက အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပျော့နွဲ့စွာ ပြုံးလိုက်၏ ။ မီ ကျွန်တော့်စကားကို ယုံလာပြီ ၊ နေကောင်းမည့် အချိန်များကို မီ မျှော်ကာနေသည် ။


မီသည် အားနည်း ၊ နည်းလာသော်လည်း လန်းလန်းဆန်းဆန်းပင် နေသည် ။ စကားတော့ သိပ်မပြောနိုင်ချေ ။ မီသည် အလကားနေရင်း မောကာ ချွေးများပြန်နေ၏ ။ သို့သော် သွေးအပါ လျော့သွား၍ စိတ်ကျေနပ်စရာကောင်း၏ ။


သည်လိုနေရင်းက မိုးတိတ်သော ညတစ်ညမှာ မီသည် ဗြုန်းခနဲ အမောဖောက်ကာ မမျှော်လင့်ဘဲ မေ့မြောသွား၏ ။


သေတော့မည့် ခဏမှာ မီသည် သတိလစ်၏ ။ မီ့လက်သည်းများမှာ ပြာမည်းလာပြီး နှုတ်ခမ်းသည် အထက်သို့ လန်တက်နေပြီ ၊ အသားအရောင်ကလည်း ကြည်လောင်လောင် နိုင်လာ၏ ။ ပခုံးတစ်ဖက်သည် စောင်းရွဲ့ကာ မကြာခဏ ပင့်လိုက် ပင့်လိုက် ဖြစ်နေ၏ ။ သေမင်း၏လက်ရာ . . .


မီးသည် ထိတ်စရာ လန့်စရာတွေကို တွေ့ခဲ့တာ များပါပြီ ။ သက်သက်သာသာမှ သေရပါ့မလားဟု ကျွန်တော် ပူပင်ကာ ဘဝကူးကောင်းအောင် မီ့နားရွက်ကို နှုတ်ခမ်းနှင့်ထိကာ ဘုရားဂုဏ်တော်ကို ညင်သာတီးတိုးစွာ ရွတ်ပေး၏ ။


မီက သေငယ်ဇောမှာ တစ်ယောက်တည်း ရုန်းကန်ငြင်းဆန်နေ၏ ။


‘ ဟင့်အင်း . . . ဟင့်အင်း . . . ’


နောက်တစ်ခါ . . .


‘ မီးကလည်း လင်းလိုက်တာ ’


နောက်တစ်ခါ . . .


‘ လိမ်ပြောရင်တော့ ယုံပြီ . . . ’


ထို့နောက် အခါပေါင်း များစွာကိုမူကား နားမလည်တော့ချေ ။ မီသည် တဖြည်းဖြည်း ပျော့လာ၏ ။ အနည်းငယ် မျက်နှာချိုလာ၏ ။ မျက်လုံးပွင့်လာကာ ဟိုဟိုသည်သည် ကြည့်၏ ။ ကျွန်တော့်ကိုမှ မြင်သေးရဲ့လား ။ သို့ပေမည့် သတိကောင်းကောင်း ရနေသည် ။ မီက အပြုံးမဟုတ်သော အပြုံးကို ပြုံးကာ ‘ ဘုရားစာတွေတောင် ရွတ်ပေးနေပြီလား . . . ’ ဟု မေးရာက ကြောက်ရွံ့တုန်လှုပ်သွား၏ ။


မီသည် မေးတစ်ဖက်ရွဲ့ကာ ဖျတ်ခနဲ ငြိမ်ကျသွား၏ ။ စိတ်လျှော့လိုက်တာလား ၊ အသက်လွှတ်လိုက်တာလား . . . ကျွန်တော်သည် အလန့်တကြား စမ်းကြည့်လိုက်ရာ ဝိညာဉ်လွင့်စ ပြုနေပြီကို သိရလေသည် ။


‘ ဘလှဝင်း . . . ’


ကျွန်တော် တစ်ခါမှ မကြားဖူးသော ထိုနာမည်သည် မီ၏ အနည်းငယ် ရှုံ့မဲ့နေသော နှုတ်ခမ်းမှ အသက်နဲ့အတူ ပွင့်ပြီးထွက်လာ၏ ။


မီ့ဆီမှာ ကျွန်တော် သိတာတွေ အများကြီး ရှိပါသည် ။


မီ မရှိတော့ အလောင်းသာ ကျန်ခဲ့ပြီ ။ ကျွန်တော်သည် မီ မဟုတ်တော့သော မီ့ခန္ဓာကိုယ်နားက ထလာကာ ပြတင်းပေါက်မှာရပ်သည် ။ မီ ဒီက ထွက်သွားလေသလား မသိ ။ မီ ဝေးဝေးတော့ မရောက်သေးဘူး ထင်သည် ။ အိမ်ပြင်သို့ ပြတင်းမှ ကိုယ်တစ်ဝက်ထုတ်ကာ ဇနီးသည် မီ့ကို လှမ်း၍ နောက်ဆုံး နှုတ်ဆက်လိုက်မိ၏ ။


‘ သွားပေဦးတော့ မီလေးရယ် ၊ သွားပေဦးတော့ ။ နောင်ဘဝ ၊ ဘဝမှာ မီ ထပ်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့ ။ ’  


 


ကြည်အေး


(မူလ ထုတ်လုပ်သူ Ebook ဖန်တီးသူများ အားလုံးကို ကျေးဇူးတင်ပါသည်)

Related Posts

No comments:

Post a Comment