ဇော်ဇော်အောင် - ကတ္တီပါလွမ်းချင်း

 


ကတ္တီပါလွမ်းချင်း

............



အကယ်၍ ဖြစ်နိုင်သည်ဆိုပါလျှင် သူ့ကိုဖက်ရုံက လေးသာ ဖက်ထားချင်ပါသည်။ အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင် သူ့ကိုနှင်းဆီ ဥယျာဉ်တစ်ခု လက်ဆောင်ပေး လိုက်ချင်ပါသည်။ ချိုအေးငြိမ့်သော မောင့်လပြည့်ဝန်း သီချင်းသံသည် ကျွန်တော့်အသည်းနှလုံးကို ယူဆောင် ပျံတက်သွားပေပြီ။ ပင်လယ်ကဗွီးပင် ခြေရင်းက မြက် ခင်းအစပ်မှာ ချထားခဲ့ရန် တောင်းပန်ပါသည်။ အပွင့် ဟောင်းထဲမှ ရနံ့သည် ချိုမြိန်လတ်ဆတ်စွာ သစ်နေ၏။ ကျွန်တော် သူ့ကိုသိပ်ချစ်တဲ့အကြောင်း သူသိဖို့ကောင်းပါ သည်။ အမှန်စင်စစ်. . . ။ နံ့သာဖြူ သေတ္တာထဲမှာ ကံ့ ကော်ပင် လေးဆယ့်သုံးပွင့် ရှိနေပါ၏။


*

သစ်ပင်အောက်မှာ ရွက်ခြောက်တွေ။ အညိုရင့် ရောင် ပြောင်လက်နေတဲ့ မဟော်ဂနီ သစ်ရွက်ခြောက်ကလေးတွေပေါ်မှာ ဖိနပ်မပါ ခြေဗလာနဲ့ သူလျှောက် နင်းသွားနေတယ်။ အဲဒီလို သူဆော့ပြေးသွားတာကို ခုံတန်းလျားပေါ်မှာ ထိုင်ရင်း၊ ကျွန်တော်စောင့်ရင်း ထွေ တလာတွေးရင်း သူ့ကို ထိုင်စောင့်ရင်း၊ တွေးရင်းနဲ့ သူ့ကို ကျွန်တော် သိပ်ချစ်တယ်။ လင်းပွင့်တဲ့ ကောင်းကင်ပြာဟာ တိမ်များ ကင်းစင်မဲ့တဲ့အခါ သိပ်ရက်စက်တယ်လို့ ခံစား ရတယ်။ သူ့ အလှကလည်း သိပ်လင်းပွင့်တယ်။ အဖုံး အကွယ်မရှိ အဝှက်အသိုမရှိ၊ ပတိကလှနေတာကို ဆို လိုတာပါ။ ဟန်လုပ်စရာ ဟန်ဆောင်စရာ မလိုတာမျိုး။ တကယ်တော့ ခြယ်သတယ်ဆိုတာ ဟန်ဆောင်တာတစ် မျိုးပဲ မဟုတ်လား။ နီမနေတဲ့ နှုတ်ခမ်းကို သွေးရောင် လျှမ်းအောင် ပန်းရင့်ရင့်ဆိုးရတာမျိုး။ သူဟာ အဲလို ဟန်လုပ်ပေးရတဲ့ အခြယ်အသ မလိုတဲ့ မိန်းကလေး တစ်ယောက်။ ကိုယ်နေဟန် နွဲ့နွဲ့သွက်သွက်ကလေးရယ်။ အားမရစရာ အလှလို့ ခေါ်ရလေမလား။ ထူးခြားတာကတော့ သိမ်မွေ့မှုပဲ။ ဘယ်အခါကြည့်ကြည့် သိမ်သိမ်မွေ့ မွေ့ ကလေး။ ကြောင်ပေါက်စ ဝဝကစ်ကစ်ကလေး တစ်ကောင်ရဲ့ ဝမ်းဗိုက်မှာရှိတဲ့ အမွေးနုနုကလေးတွေကို ထိတွေ့ခံစားသလို ခံစားရတယ်။ သူနဲ့အတူ ရှိနေခြင်းကို သိမ်မွေ့ နူးညံ့မှုတစ်ခုကို ရင်ဆိုင်တွေ့ကြုံခံစားနေရ သလိုပဲ။ သူနဲ့အတူ ရှိနေရရင် စိတ်တွေဟာ အလိုလို နူး ညံ့ပျော့ပျောင်းလာတယ်လို့ ထင်ရတယ်။ နောက်တစ်ခု ကတော့ သူ့ရဲ့စိတ်ပဲ။ သူ့စိတ်ဟာလည်း သိပ်လင်းပွင့် တယ်။ မြင်ရတာကိုမှ လှတယ်လို့ သုံးနှုန်းချင်တဲ့ ကျွန် တော့်အစွဲအလမ်းကြောင့် သူ့စိတ်ကို လှတယ်လို့ မပြော လိုပါဘူး။ ဒါပေမဲ့ တစ်ခြားပြောစရာ စကားလုံးလည်း မရှိဘူး။ ဇန်နဝါရီလ မိုးကောင်ကင်လို သူ့စိတ်ဟာ သိပ် လင်းပွင့်တယ်။ ဟန်ဆောင်တာ၊ ဟန်လုပ်တာ၊ ကွယ်ဝှက် တာမျိုး ဘာမှ မရှိဘူး။ မဟုတ်တာ၊ မမှန်တာကိုလည်း လိမ်ညာမပြောတတ်ဘူး။ ဥပမာဆိုပါတော့ မေသူ ကျွန် တော့်ကို မချစ်ဘူး။ ဘယ်တုန်းကမှ မချစ်ဘူး။ နောင် လည်း ချစ်မှာမဟုတ်ဘူးဆိုတာ သိပါရဲ့။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုတစ်ခွန်းပဲ ပြောတယ်။ ဇော် အောင်ရယ် နင့်ကိုငါ မချစ်ဘူးတဲ့။ မျှော်လင့်စောင့်စားရ တာကို အရသာဧကန်လို့ မထင်ပေမယ့် မိုက်မိုက်မဲမဲ ကျွန်တော်ကတော့ တစ်နေ့နေ့မှာ ချစ်လာလိမ့်မယ်လို့ မျှော်လင့်စောင့်စားမိတယ်။ အဲဒီအကြောင်းကိုများ စကားစလိုက်ရင်. . . မေသူဟာ မျက်လုံးတွေနဲ့ ရယ် တယ်။ သူနဲ့အတူ အနေကြာခဲ့တော့ သူ ့အကြောင်း၊ အလေ့အထ၊ အမူအကျင့်ကို အသေးစိတ် သိနေတယ်။ မျက်နှာတည်တည်ငြိမ်ငြိမ် မျက်လုံးတွေကတော့ ရယ်နေ လျက်။ အဲဒီလိုပဲ ခေါင်းကိုငဲ့ပြီး လှပတဲ့ သူ့မေးရိုးကလေး ကို ဆယ်ဒီဂရီလောက်စောင်းပြီးတော့လည်း ရယ်တတ် တယ်။ လက်ချောင်းဖြူဖြူသွယ်သွယ်ကလေးတွေ ဖြန့် ကားဝှေ့ယမ်းပြီးတော့လည်း ရယ်တတ်တယ်။ ပါးစပ် တင်းတင်းစေ့ပြီး မျက်လုံးတွေနဲ့ ရယ်လိုက်တဲ့ အရယ်ဟာ လှောင်ရယ်ပါပဲ။ အနာဂတ်ကို နင်ပိုင်သလား၊ ငါတော့ မပိုင်ဘူးလို့ သူပြောတဲ့အခါ လူဆိုတာ အနာဂတ်အတွက် ကြိုတင်စဉ်းစားပြင်ဆင်. . . စတာတွေ၊ လူရဲ့ မျှော်လင့် ချက်နဲ့ ကြိုးပမ်းမှု စတာတွေ ကျွန်တော်ပြောတော့ ဇော် အောင်ရယ် လူဆိုတာ ကိုယ်အသေအချာ ပိုင်ပိုင်နိုင်နိုင် နားလည်တဲ့အကြောင်းကိုမှ ပြောရတယ်ဟဲ့လို့ ပြန်ပြော ပါတယ်။ ကျွန်တော် ဘာမှဆက်မပြောပါဘူး။ အဲဒီလိုပဲ စကားကို တစ်ဝက်နဲ့ရပ်လိုက်ရတာတွေ ကျွန်တော်တို့အဖို့ များလှပါပြီ။ မေသူ ကျွန်တော့်ကိုမချစ်ဘူးဆိုတာ တည်းက ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်သူနဲ့ ခွဲမနေနိုင်ဘူး။ အခုလည်းလေ သစ်ရွက်ခြောက်တွေပေါ် ဖိနပ်မပါဘဲ လိုက်လျှောက်နင်းပြေးသွားနေတာ ကျွန် တော် ထိုင်စောင့်ကြည့်နေတယ်။

*

အချစ်ဆိုတာ ဘာလဲလို့ တချို့က သိပ်သိချင်ကြ ဘယ်။ တချို့လည်း ဘဝလမ်းတစ်ဝက်မှာ လက်လျှော့ လိုက်ကြပုံရပါရဲ့။ တချို့လည်း အချစ်ကိုသိဖို့ ကြိုးစား ရင်း သေဆုံးသွားကြတယ်။ မဆိုင်လိုက်တာ။ မေသူနဲ့ အနေကြာခဲ့လို့ အချစ်ဆိုတာ သိဖို့မဟုတ်ဘူးဆိုတာ ရေး ရေးသဘောပေါက်လာခဲ့တယ်။ အချစ်ဆိုတာ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာ မဟုတ်ဘူး။ မဟုတ်သင့်ဘူးဆို ဘာလည်း သိလာခဲ့တယ်။ အချစ်ဆိုတာ ပေးဆပ်နေရ ဘာ မဟုတ်ဘူးဆိုတာလည်း သိလာခဲ့တယ်။ သိလာခဲ့ ဘယ်လို့ ထင်တာပဲလေ။ မေသူက အချစ်ဆိုတာ ချစ်နေ ရတာပဲရယ်လို့ ကျွန်တော့်ကို သင်ကြားပြသပေးခဲ့တယ်။ ကျွန်တော် မေသူ့ကို ချစ်နေတာဟာ ချစ်နေတာပါပဲ။ သည်ထက်ပိုစရာလည်း အကြောင်းမရှိဘူး။ လိုစရာလည်း အကြောင်းမရှိပါဘူး။ အချစ်ဆိုတာ အကြောင်းတရား သား၊ အကျိုးတရားလား၊ နှစ်ခုလုံးမဟုတ်ဘူးလို့ မေသူက ပြာခဲ့တယ်။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက် တစ်ခု ရှိရမယ်။ နှစ်ခုလုံးမရှိတဲ့အချစ်ဟာ အဲဒီနှစ်ခုလုံး ဟုတ်တော့ဘူးတဲ့။ မေသူပြောတာ ကျွန်တော်ယုံတယ်။ ကျွန်တော်ကောင်းကောင်း နားမလည်ကြောင်း ပြောတဲ့ အခါ နင်ရင့်ကျက်လာတဲ့တစ်နေ့ သိလာမှာပါ ဇော်ဇော်အောင်ရယ်လို့ ပြန်ပြောတယ်။ အဲဒီစကားပြောတုန်းက သူ့မျက်လုံးတွေ ဝေရီရီ။ ပြီးတော့ အဲဒီစကားပြောတဲ့ အချိန်မှာ သူက ကျွန်တော့်ထက် သုံးနှစ်ငယ်တယ်။ ကျွန် တော်က အသက်အစိတ်၊ အဲဒီပေါကြောင်ကြောင် ကောင် မလေးကို ကျွန်တော် သိပ်ချစ်တာပဲ။ ဘာမှ မရေရာ မသေချာတဲ့အကြောင်း သိပ်သေချာတဲ့ ဒီလောကမှာ သူ့ကိုကျွန်တော် သိပ်ချစ်တဲ့အကြောင်းဟာ အရေရာဆုံး လို့ အနှစ်တစ်သောင်းအထိ ကျွန်တော်ယူသွားမှာပဲ။ သူ ဘာပြောပြောလေ နင့်ကိုသိပ်ချစ်တယ် မေသူရယ်။

*

ရယ်စရာပါပဲ။ ရှောက်သီးဆေးပြား စားတတ်တဲ့ အကျင့်ကို ကျွန်တော်စွန့်လွှတ်လိုက်ပြီ။ ရယ်စရာဆိုတာ အဲဒါကို ပြောတာပါ။ သူ့ဆီကိုသွားတဲ့အခါတိုင်း ပုလင်း အညိုကလေးထဲက ရှောက်သီးဆေးပြားတွေ ကျွန်တော် နှိုက်ယူပြီး စားလေ့ရှိတယ်။ တစ်ခါတလေ ရှောက်သီးဆေး ပြားကုန်နေရင် ကြာကြာမနေဘဲ ကျွန်တော်လှည့်ပြန်ခဲ့ တယ်။ သူလည်း ရှောက်သီးဆေးပြား ဝယ်ဝယ်ထားပါ တယ်။ လာတိုင်း ရှောက်သီးဆေးပြားစားတာကို သူသတိ ပြုမိလို့ တစ်နေ့တော့ စကားစမေးတယ်။ အဲဒီမေးခွန်းကို ပဲ ကျွန်တော်စောင့်နေတာ။ ငါ့ပါးစပ်ကို အအားမထား ချင်လို့၊ ပါးစပ်အားနေရင် နင့်ကိုငါချစ်တဲ့အကြောင်း ပြောမိနေမှာလို့ ပြောလိုက်တယ်။ ဇော်အောင်... သိပ်ပြောချင်တဲ့စကားကို မပြောဘဲ နေကြည့်စမ်း။ သိပ် အရသာရှိတာ နင်တွေ့ရလိမ့်မယ်လို့ ပြောတယ်။ အဲဒီ အရသာကို ငါတစ်သက်လုံး ခံစားသွားပါ့မယ်ဟာ. . . လို့ သူ့ကိုပြန်မပြောဘဲ နေလိုက်တယ်။ အဲဒီနေ့ကစပြီး ရှောက်သီးဆေးပြားကို ပုလင်းအညိုကလေးထဲက နှိုက် ယူစားတတ်တဲ့အကျင့်ကို ကျွန်တော်စွန့်လွှတ်လိုက်ပြီး သိပ်ပြောချင်တဲ့စကားတွေ မပြောဘဲနေတတ်တဲ့အကျင့် ကို ကျွန်တော်မွေးမြူခဲ့တယ်။ နင့်ကိုလေ ငါ။

*

သုံးထပ်အမြင့် အဆောင်ထက်မှ သူ့မျက်နှာကို လျှပ်ပြက်တရိပ်မြင်လိုက်ရ၏။ ထိုစဉ်က သူပြုံးနေသည်။ မည်သူ့ထံမှာမှ မရှိသောအပြုံး။ ရေညှိတက် စိုစွတ်သော လှေကားမှ သူဆင်းလာသည်။ ဝင်းမွတ်သော ခြေသလုံး ကလေးများကို မြင်ရ၏။ မွန်စီယာမာစဲဒူးချင့်ကို လိုက်ရှာ ကြပါ။ သူ့ထံမှ ကျွန်တော့်ဘဝကို အဖိုးအခအဖြစ်ပေး ၍ ပန်းချီကားတစ်ချပ် အပ်လိုပါသည်။ မာလကာပင် သည် ခရမ်းနုရောင် အခိုးအငွေ့များဖြစ်၍ ပျောက်ကွယ် သွားသည်။ ပိတောက်ပန်းများလည်း အခါမဟုတ် ပွင့်ကြ ပြီ။ လှေကားမှ သူဆင်းလာသည်။ သူနှင့်ကျွန်တော်သည် ရှည်လျားသော စင်္ကြန်အမိုးအောက်တစ်လျှောက် အေး ဆေးစွာ သွားနေကြ၏။ ကော်ရစ်ဒါစင်္ကြန်လမ်းသည် မိုးရေပက်သဖြင့် စိုစွတ်ရွဲစိုနေ၏။ မိုးရေထဲမှာ မဟော် ဂနီရွက်များ၊ သော်ကရွက်များ ပြတ်၍လွင့်မျောလာကြ သည်။ ဇီဇဝါရနံ့ ရောယှက်သော မိုးစက်မှုန်သည် ခရမ်း နုရောင် တောက်ပနေကြ၏။ တစ်လမ်းလုံး သူစကားမ ပြော။ ပခုံးစွန်းချင်းထိမိဖို့ နှစ်လက်မသာ လိုတော့သည်။ ဝါးရုံပင်စပ်တွင် ခွေးကလေးတစ်ကောင် အအေးမိ၍ သေဆုံးနေသည်။ ရှိန်းမြပူနွေးစွာ ကျွန်တော်တို့နှစ် ယောက် ပခုံးစွန်းချင်းထိမိကြ၏။ အဖြူပေါ်တွင် အနီစက် ကလေးများပါသော သူ့အင်္ကျီစသည် ပျော့ပျောင်းကြမ်းရှ စွာ ရှိ၏။ လျှပ်ရောင်တစ်ချက်ပျက်၍ ပိတောက်ပွင့်ဝါဝါ များ မိုးရွာပက်သလို လွင့်စင်ဖွာကြဲသွားသည်။ သူနှင့် နှစ်လက်မအကွာအဝေးမှ အလင်းနှစ် တစ်သန်းအထိ ကျွန်တော်လွင့်စင် ထွက်သွားသည်။ ဥဩငှက်၏အသိုက် သည် မိုးတွင်းကာလတွင် စိုစွတ်၍နေပေလိမ့်မည်။ ကျွန်တော်တို့ ဘယ်ရောက်လာကြပြီလဲ။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးကိုလွန်သည်နှင့် မိုးမှုန်ကြားမှ ပုလဲ ရောင် အင်လျားကန်ကို မြင်ရတော့သည်။ ကမ်းစပ်မှာ လှေတစ်စင်း။ ထိုလှေနှင့် ကျွန်တော်တို့ လှော်ခတ်လာ ခဲ့ကြသည်။ မိုးမြင့်စွန်း တိမ်တိုက်ဖြူတစ်ခုအတွင်းမှာ ကျွန်တော်နေသည်။ ကျွန်တော့်အိမ်သို့ သွားကြ၏။ အခန်းထဲမှာ ခရမ်းရောင်သစ်ခွပန်းများ ဖြန့်ကြဲထားသည်။ ဦးအောင်စိုး၏ ပန်းချီကားများ၊ ခင်မောင်ရင်၏ ပန်းချီကားများလည်း ရှိ၏။ ပန်းချီကားအပြည့် အဖုံးပါ သော ကျွန်တော့်လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်တွင် ချထားသည်။ ပြတင်းပေါက်ပေါင်ပေါ်မှာ ကျွန်တော့် ... ဖြေ ကြောင်ကြီးအိပ်ငိုက်နေ၏။ သူ့အမြီးနားမှာ ရပ်နေသော နာရီဟောင်းတစ်လုံးရှိသည်။ အမှန်တော့ အချိန်သိဖို့ မလိုပါ။ ကျွန်တော်သည် ကမ္ဘာပေါ်မှာရှိသောအချိန်အား လုံးကို ပိုင်ဆိုင်ထားပါသည်။ ကျွန်တော့်ဆရာ၏ ဗေဒါ လမ်းကဗျာစာအုပ်၊ ကေ၏ ရဲတိုက် ထိုစာအုပ်နှစ်အုပ် သည် ကျွန်တော့်ခေါင်းအုံးဘေးမှာ ရှိနေသည်။ ပိုးသား မီးအုပ်ဆောင်း စိမ်းဝါရောင်တွင် ပင့်ကူမျှင်များရောထွေး ခြ ရစ်လျက်။ ကျွန်တော်အိပ်ရာကို သန့်ရှင်းပြန့်ပြူးစွာ ခင်း ထားသည်။ လက်စမသတ်ရသေးသော ကဗျာတစ်ပိုဒ် သည် ခုတင်ခြေရင်းတွင် တွန့်ခွေလိပ်နေ၏။ စီးကရက် ရွှ ပြာစများလည်း ဖြူယော် အနှံ့ပြန့်နေသည်။ အပြင်ဘက် မှာ တိမ်တိုက်ငယ်တစ်ခု ရွေ့လျားသွားသောအသံလိုလို ကြားရ၏။ မေသူ၏ အင်္ကျီစမှ အနီရောင်အစက်ကလေး များ လွင့်ပျံပြေးထွက်သွားသောအသံကို ကန်ရေပြင်ထက် မှ လှိုင်းတွန့်များကြားမှာ ကျွန်တော်တွေ့လိုက်ရ၏။ သူ့ထံ မှ စူးရှသင်းပျံ့သော ကိုယ်သင်းနံ့ကို အပြာရောင်ပေါ်တွင် အဖြူစင်းများပါသော ကျွန်တော့်လက်ကိုင်ပဝါနှင့် တိတ် တိတ်ကလေး ထုပ်ယူသိမ်းဆည်းထားလိုက်သည်။ သူ မသိပါစေနှင့်။ ရက်သတ္တနှစ်ပတ်အကြာ မေသူနှင့် မတွေ့ ရဘဲ နေခဲ့ပြီးနောက် ယခု သူကျွန်တော့်အခန်းမှာ ရှိနေ သည်။ အဖြူရောင်လိပ်ပြာတစ်ကောင်သည် အခန်းပတ် ပြီ လည်မှာ ပျံဝဲနေသည်။ နှစ်လိုဖွယ်ရာ ချိုမြိန်စွာ ယစ် မူးစေတတ်သော ရေကန်ထဲမှာ ကျွန်တော့်ဦးနှောက်သည် နစ်မြှုပ်သွား၏။ ကျွန်တော်ဘာမှမသိပါ။ သူ ့ကိုချစ် ကြောင်းတစ်ခုသာ သိပါသည်။ အချစ်တစ်ခုသာ နား လည်သဘောထားသော အသုံးမကျသည့်လူများ ဤ ကမ္ဘာတွင် မရေမတွက်နိုင်အောင် ပေါများလှသည့်အ တွက် ထိုလူတို့၏ အမည်စာရင်းတွင် ကျွန်တော်တစ် ယောက် ထပ်တိုးသည့်အတွက် ဘာမှဖြစ်ဟန်မဟုတ်ပါ။ အချို့သောအရာများ ပြတ်သားကြည်လင်လာလေလေ၊ အချို့သော အရာများ ဝိုးဝါးရီဝေလာလေလေ ဖြစ်၏။ သူ့ကိုချစ်သည်မှာ ပြတ်သားကြည်လင်လာလေလေ ဘာကြောင့် ချစ်မိသည်ဆိုသော အကြောင်းသည် ဝိုးဝါးရီဝေ လာလေလေ ဖြစ်ရပါသည်။ ဘာကြောင့် ချစ်မိမှန်းမသိ။ ဘာကြောင့် ချစ်မှန်းမသိ။ ဘာကြောင့်ချစ်နေမှန်းမသိ။ တစ်ခါတစ်ရံ မသိခြင်းက ကောင်းပါသည်။ သူနှင့်ကျွန်တော် စကားပြောကြသည်။ သူက ဘာမှပြန်မပြောပါ။ ကျွန်တော်ပြောသမျှ နှုတ်ခါးပါးလှပ် ပါးစပ်ပိတ်၍ ပြုံးကာသာ နားထောင်နေ၏။ ထိုသို့ ပါးစပ်ပိတ်၍ ပြုံးကြည့်နေခြင်းသည် စကားအခွန်းပေါင်း တစ်သိန်းဖြစ်တော့သည်။ အပြုံးကို ကျွန်တော်ကြည့်မြင် ခံစားနေရခြင်းသည်လည်း ကြည်နူးရင်နင့်ဖွယ်ရာ ကောင်းလှချေ၏။ သူ၏ ရွှန်းလဲ့မှုကို ကျွန်တော်ကြားယောင်နေ၏။ သူ၏ ပါးလျား မှေးမှိန်သော ကိုယ်သင်းနံ့ကို ကျွန်တော် မြင်တွေ့နေရ၏။ သူ၏ တင့်တယ်ထည်ဝါမှု အသရေကို ကျွန်တော် သောက်သုံးနေရ၏။ ကျွန်တော့်ကိုယ်ပိုင် မိုးကောင်းကင်မှာ လပြည့်ဝန်းများ စက္ကန့်နှင့်အမျှ ပေါ်ထွက်လင်းထွန်း နေပါသည်။ ဒေါ်လာ တစ်သောင်းတန်သော ဆာရီယယ် လစ်ဇင်း ပန်းချီကားတစ်ချပ်ကို မဝယ်နိုင်သောကြောင့် သူ့ကို ကျွန်တော့်မျက်လုံးထဲမှာ သိမ်းထားလိုက်သည်။ မနေ့က သူဘယ်သွားနေလဲ။ အခု မေသူ ကျွန်တော်နှင့် အတူ ရှိနေ၏။ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်၍ သံပုရာ ရှမ်ပူနှင့် ခေါင်းလျှော်၍၊ ရေနွေးဖြင့် ရေချိုး၍၊ လျှော်ဖွပ် ပြီးစ မီးပူတိုက်ထားသော အဝတ်တို့ကိုဝတ်၍ ဘလူးဘာယူးနှင့် မောင့်လပြည့်ဝန်းကို ဖွင့်၍၊ မုတ်ဆိတ် လက်ဖက်ရည် ချိုပေါ့ကျကိုသောက်၍၊ ကျားမသန်းဌေးမှာ ဆေးကောင်းစွာစပ် ဖွာရှိုက်၍၊ ခေါင်းအုံးမပါ ပြောင်ချောသော ကြမ်းပြင်ထက်မှာအိပ်၍ မျက်စိတူရှုရှိရာ သုံးတောင်ခန့် အကွာတွင် သူ့မျက်နှာကိုထား၍ တစိမ့်စိမ့်ကြည့်နေမိပါသည်။ ထိုအခါ ကျွန်တော်သည် ရှင်ဥတ္တမကျော်တော သားကိုလည်းကောင်း၊ ဇော်ဂျီ၏ ဗေဒါလမ်းကိုလည်းကောင်း၊ ဇေယျနှင့် ပုဂံမြို့ဟောင်းကိုလည်းကောင်း၊ စိန်ဗေဒါကြီးနှင့် မြို့မအငြိမ့်ကိုလည်းကောင်း၊ ပန်းချီအောင် စိုးနှင့် ခင်မောင်ရင်ကိုလည်းကောင်း၊ မေရှင်နှင့် မာမာအေးကိုလည်းကောင်း၊ မိုနေနှင့် ရောရှင်ဘတ်ကိုလည်း ကောင်း၊ ချင်းတွင်းမြစ်ကိုလည်းကောင်း၊ ဓနိဈေး၊ ဝါးဈေး ကို လည်းကောင်း ကျွန်တော့်ကိုယ်ကျွန်တော် လည်း ကောင်း မေ့လျောသွားပါသည်။

*

သူ့ဆံပင်ကို ဘယ်လိုပြင်ထားကြောင်း အမှတ်မ ထားမိပါ။ ထိုဆံပင်ကို တအားဆောင့်၍ ဆွဲပစ်လိုက်ချင် သည်။ သူနာ၍ ငိုသောအခါ ကျွန်တော်သူ့ကို ဖက်ထား မည်။ ရွှေဝါရောင် မွေးညင်းနုကလေးများ လှုပ်ခါယမ်း သွားအောင် သူ့လက်မောင်းကို ပါးပြင်ကပ်၍ လေးတွဲ သက်ပြင်းချလိုက်မည်။ သူတစ်ကိုယ်လုံး ပိတောက်ပန်း တွေ ဖုံးလွှမ်းနေသည် ထင်မိ၏။ တကယ်တမ်းမှာတော့ ကျွန်တော်သည် သူ့ကိုချစ်နေမိသူသာ ဖြစ်ပါသည်။ ချစ် မိနေခြင်းတစ်ခုသာလျှင် သူနှင့်ကျွန်တော် ဆက်စပ်ပတ် သက်နေပါသည်။ ထိုထက်ပိုသော ဆက်စပ်မှုမျိုးကို ကျွန်တော် မတောင်းခံပါ။ လိုလည်း မလိုချင်ပါ။ သူ့ ရုပ် ခန္ဓာကို ခေတ္တခဏမျှပင် ကျွန်တော်မပိုင်ဆိုင်ချင်ပါ။ သို့ သော်လည်း တစ်ခါတစ်ရံ. . .။

သူ့ကျောပြင်မှ ကိုယ်ငွေ့ဖြင့် ကျွန်တော့်ရင်ကို နွေး စေ၍ အခါမလပ် သိစေတတ်သော စေတသိက်တို့ ပျက်စီး ကင်းဝေးစေ၍ လောက၏ အချိန်များကို ကုန်လွန်သွား စေချင်ပါသည်။ စကားဖြူပင်ကြားမှ ဆင်းသက်ဖြာကျလာသော လရောင်ခြည်၏ ခိုးမှုခိုးရာဖြင့် သူရှိရာသို့ သွားချင်ပါသည်။ ဇာပွင့်ဝါဝါအခန်းဆီးစများ ဖယ်ရှား လိုက်သံကြောင့် သူနိုးလာလျှင် စကြာဝဠာနှစ်ခုစာမျှ ပြေးလွှားပုန်းအောင်းနေပါမည်။ နာတာရှာကင်စကီးကို မြွေကြီးတစ်ကောင် ရစ်ပတ်ထား၏။ ချိုသင်းမြ၍ ပြောင် လက်သော သူ့နှုတ်ခမ်းကလေးများကို ကျွန်တော့် လက် နှင့် အသာအယာ ထိတွေ့ ချင်သော ဆန္ဒသည် အချစ် ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့သည်ကို ကျွန်တော်ယုံကြည်ရန် ခဲယဉ်းပါသည်။ နှစ်တစ်သောင်း မျှ သက်တမ်းရှိသော ကြာညိုပန်းသည် လန်းဆန်းမွှေးပျံ့

စွာဖူးပွင့်လာနေသည်လား။ သာယာသော လေညင်းသည် ပြတင်းပေါက်မှ ဝင်လာကာ ဘလိပ်ဓားသွားများ ကို အပိုင်းပိုင်း ပြတ်၍ သွားစေ၏။ အရာအားလုံး၏ အဓိပ္ပာယ်များတွင် တန်ဖိုးများ ရှိကြ၏။ တန်ဖိုးများတွင် လည်း အဓိပ္ပာယ်ရှိမှ အဆင်ပြေညီညွတ်လိမ့်မည်ထင်သည်။ အဆင်ပြေ၍ ညီညွတ်မှုရှိသော ဂုဏ်ကို သုဗော ဓာလင်္ကာရ ကျမ်းတွင် မည်သို့ခေါ်ထားကြောင်း ကျွန်တော် မမှတ်မိပါ။ စကားလုံးတစ်လုံးသည် အကြောင်းအရာ တစ်ခု၊ တန်ဖိုးတစ်ခု၊ အဓိပ္ပာယ်တစ်ခုကို မည်သည့်အခါ တွင်မှ ပြီးပြည့်စုံစွာ ဖော်ပြနိုင်လိမ့်မည်မဟုတ်။ ဘာသာ စကားသည် ရင်ထဲက အချစ်ကို မည်သည့်အခါတွင်မှ ပြည့်မီအောင် ဖော်ပြနိုင်ခြင်းမရှိကြောင်း မှန်ကန်စွာ လက်ခံ ထားသော်လည်း ကျွန်တော်သည် မေသူ၏အကြောင်း ဤဝတ္တုကိုဘာသာစကားဖြင့် ရေးသောကြောင့် ဘာသာ စကားဖြင့် ရေးနေပါသည်။

“လှပသော ကျွန်တော်ချစ်ရသည့်မေသူ'ဟူသော စကားရပ်ကို အမှတ်ပေးစည်းမျဉ်းအရ သဒ္ဒါမှားသည်ဟု ပြော၍ ပြင်ဆင်ပြောင်းလဲထားလိုပါသော်လည်း မည်မျှ ပင် ပြင်ဆင်ပြောင်းလဲ ရေးသားစေကာမူလည်း ကျွန် တော့်ရင်ထဲက ဒိုးယိုပေါက်မှုန်ဝါးနေသော အချစ်ကို မြင်ကြရလိမ့်မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ရံရောအခါက ချစ်မိသူလူတစ်ယောက် ရှိခဲ့သည်ဖြစ် ၍ ထိုလူသည် ကျွန်တော်ဖြစ်သောကြောင့် အဆိုပါချစ် မိသူသည် ကျွန်တော်ဖြစ်ပါသည်ဆိုလိုက်လျှင် ကျွန်တော် သည် ထိုချစ်မိသူပင်ဖြစ်ပါသည်။ နင့်ကိုငါ ဘာပြောရဦး မလဲ မေသူ။ ငါ့ကိုချစ်တယ်ဆိုတာကလွဲလို့ အကုန်ပြော ဇော်အောင်၊ ငါနားထောင်မယ်။ ကျွန်တော်သူ့ကို အလွန် မှန်တတ်သော ဗေဒင်အကြောင်း လက္ခဏာအကြောင်း ပြောပြ၏။ အလွန်မှားတတ်သော ဗေဒင်အကြောင်း လက္ခဏာပညာအကြောင်း ပြောပြ၏။ ပရမတ်တရားလေး ပါးအကြောင်း ပြောပြ၏။ ရေကန်ဘေးမှ ပေါ်ပီပန်းခင်းအကြောင်း ပြောပြ၏။ ပြင်သစ်ရုပ်ရှင်ကားအကြောင်း ပြောပြ၏။ သမထလေးဆယ် ကသိုဏ်းဆယ်ပါးအကြောင်း ပြောပြ၏။ ကွန်မြူနစ်လူ့အဖွဲ့အစည်း၏ ရွှေရောင်မျှော်လင့် ချက်သည် မည်မျှ ရယ်စရာကောင်းကြောင်း ပြောပြ၏။ ‘အောင်မြေသာစံ’ပတ်ပျိုးအကြောင်း ပြောပြ၏။ ဂျက်ဆင် ပေါလော့(က)၏ “ဩတွမ်ရစ်သမ်ပန်းချီကားအကြောင်း ပြောပြ၏။ ဟင်နရီရူဆိုး၏ ‘မြွေအလိမ္မာမယ်ဆရာ’ပန်းချီ ကားအကြောင်း ပြောပြ၏။ ဦးစံဝင်း၏ ရွှေတိဂုံပန်းချီကား များအကြောင်းနှင့် ဦးနန်းဝေ၏ ‘ဖရောင်းပန်း’ပန်းချီကား အကြောင်းကိုလည်း ပြောပြ၏။ ပူနွေးစူးရှသော သံချွန် တစ်ချောင်းကို ပျားရည်သုတ်လိမ်း၍ ကျွန်တော်နှလုံးသား တည့်တည့်ထိုးဖောက်လိုက်သလို သူ့အပြုံးကို ကျွန်တော် ခံစားရကြောင်း ပြောပြ၏။ ထိုအခါ မေသူ ပြုံးပြန်၏။ ကျွန် တော် တစ်ကြိမ်ထပ်၍ သေဆုံးသည်။ အပြင်ဘက်မှာ နုပျို သော လေညင်းသည် အဝါရောင် ကံ့ကော်ဝတ်မှုများကို သယ်ဆောင်လာနေသည်။ ပန်းဝတ်မှုန် မိုးဖွဲများကြားတွင် သူရော ကျွန်တော်ပါ ပျောက်၍သွား၏။ တပ်မက်မှုရာဂ မပါသောအချစ်သည် နှင်းဆီပွင့်ဖတ်ကဲ့သို့ သန့်ရှင်းကြောင်း ကျွန်တော် ယုံသည်။ သူနှင့်အတူတကွ ရှိနေရခြင်းသည် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ကြောင်း ကျွန်တော်ယုံသည်။ ကျွန်တော် သူ့ကို ချစ်ကြောင်း ကျွန်တော်ယုံသည်။ သူ ကျွန် တော့်ကိုမချစ်ကြောင်း ကျွန်တော်ယုံသည်။ ကျွန်တော့် နာမည်သည် ဇော်ဇော်အောင်ဖြစ်ကြောင်း ကျွန်တော် ယုံသည်။ သူ့နာမည်သည် မေသူဖြစ်ကြောင်း ကျွန်တော် ယုံသည်။ ကမ္ဘာပေါ်တွင် စိတ်ကောင်းရှိသူ အနည်းငယ် ကျန်သေးကြောင်း ကျွန်တော်ယုံသည်။ အနုပညာသည် ဝေဖန်ရေးနှင့် ဝေဖန်ရေး ဒဿနနယ်ပယ်မှ သတ်မှတ် ချက်များ နှုန်းစံများကို ဖြိုလဲဖျက်ဆီး၍ ထိုးဖောက်ထွက် သွားနိုင်ကြောင်း ကျွန်တော်ယုံသည်။ အချစ်ကို အချစ် အတိုင်းထားနိုင်လျှင် ကမ္ဘာလောက စိမ်းလန်းသာယာလိမ့် မည်ဟု ကျွန်တော်ယုံသည်။ သို့သော် အချစ်ကို သည်အ တိုင်း ကျွန်တော်မထားနိုင်ပါ။ ထို့ကြောင့် အချစ်ကို အ ချစ်အတိုင်း မထားနိုင်သူအတွက် နေဆယ်စင်း ဝင်းဝင်းတောက်သလို အပူပြင်းလောင်မြိုက်ကြောင်း ကျွန်တော်ယုံ သည်။ နောက်ထပ် ဘာကိုယုံရဦးမည်လဲ။ ယုံတယ်ဆိုတာ ဘာလဲ။ တုံ့ပြန်မှုကို မမျှော်လင့်။ အချည်းနှီးသော ချစ် ခြင်းဖြင့် ချစ်သူသာလျှင် တကယ်ချစ်သူဖြစ်၏ဟု မီရိုစ လဗ်ဟိုလဗ်က ပြောခဲ့သည်။ ကျွန်တော်မယုံပါ။ အမှန် စင်စစ် တုံ့ပြန်မှုလည်း မလိုအပ်၊ မတုံ့ပြန်မှုလည်း မလို အပ်။ ချစ်ရန်အတွက် အချစ်အတွက်၊ ချစ်နေရန်နှင့် ချစ်သာလျှင် လိုအပ်၏။ အချစ်အတွက် အချစ်သာလျှင် လိုအပ်၍ အခြားဘာမှ မလိုအပ်ဟု ကျွန်တော်ယုံသည် ဟု ထင်၏။ အချစ်သည် ဝိုင်းစက်ဆူဖြိုးသော သုညတစ် လုံးသာ ဖြစ်၏။ ထိုအချစ်သည် ပိတ်ထားသော တံခါး၏ ကြေးဝါသော့ခလောက်မှ သော့ပေါက်အတွင်းသို့ ဝင် သွားသည်။ ထိုအခါ ကျွန်တော်နှင့်သူ ပြန်လာခဲ့ကြသည်။

*

အပြန်လမ်းမှာ ပန်းတွေရှိသည်။ ဥယျာဉ်တစ်ခု နှင်းဆီပန်းတွေ အပြည့်နှင့်တွေ့ ရသည်။ ငါးမန်းတစ် ကောင်၏ ပွင့်ဟနေသော ပါးစပ်ကြီးကိုလည်း တွေ့ ရသည်။ ကိုကာကိုလာ သံဗူးများ အပြည့်ထည့်ထားသော ရေခဲသေတ္တာတစ်လုံးကို တွေ့ ရသည်။ ယစ်မူးငိုက်မှေး နေသော ပါမောက္ခအိုကြီးကို တွေ့ ရသည်။ သေဆုံးသွား သော ဘာသာစကားကိုလည်း တွေ့ ရသည်။ သီချင်းဆို နေသူတစ်ယောက် နှင်းပိုးကိုက်ထားသော ပန်းသီးတစ် လုံးကိုလည်း တွေ့ ရသည်။ ပျက်ပြယ်သွားသော စာချုပ် တစ်စောင်ကိုလည်း တွေ့ ရသည်။ လေဆာရောင်ခြည်ခွဲ စိတ် ဓားတစ်လက်ကိုလည်း တွေ့ ရသည်။ ပျို့ဟောင်း တစ်စောင်နှင့် ပိုးဟပ်တစ်သိုက်ကိုလည်း တွေ့ ရသည်။ လူတော်တော်များများထံမှ ထုတ်ယူထားသော ကျော ရိုးပုံတစ်ပုံကိုလည်း တွေ့ရသည်။ အနက်ရောင်ပန်းချီကား တစ်ချပ်နှင့် စကားလုံးမဲ့ကဗျာတစ်ပုဒ်ကိုလည်း တွေ့ ရ သည်။ ရွှေချည်ထိုး ပိုးအင်္ကျီနှင့် ကိတ်မုန့်တစ်လုံးကိုလည်း တွေ့ရသည်။ ဖန်တီးရှင်၏ လက်ချောင်းများကိုလည်း တွေ့ရသည်။ ဘာမှမရှိခြင်းကိုလည်း တွေ့ရသည်။ အပြန်လမ်းမှာ ပန်းတွေရှိသည်။ ထို့နောက် ကျွန်တော်တို့ နေရာအသီးသီးသို့ပြန်ရောက်ကြသည်။ ထိုနေ့က သူ့ကိုကျွန်တော် နောက်ဆုံး တွေ့လိုက်ရခြင်းဖြစ်ပါသည်။ မေသူရယ်။

*

အချိန်တို့သည် သဘာဝမကျစွာ လျင်မြန်သော နှုန်းဖြင့် ပြောင်းလဲရွေ့လျားခဲ့ကြ၏။ မေသူနှင့်ကျွန်တော် ကွဲကွာခဲ့သည်မှာ. . . ။ ဥပုသ်သီတင်းကို မပြင်လိုက်ရဘဲ ရေသည် စီးသွား၏။ မေသူ့ကို ကျွန်တော်ချစ်နေမြဲ။ အတူတကွ ရှိနေရခြင်း ကောင်းချီးမင်္ဂလာကို အစီအစဉ် မကြေငြာဘဲ ကျွန်တော့်ထံမှ မည်သူရုပ်သိမ်းသွားသနည်း။ စိမ်းလန်းသော တောင်ကုန်းများ မီးလောင်သွားသော အခါ မီးကျွမ်းသစ်ငုတ်များနှင့် ညိုမည်းသော မြေပြင်သာ ကျန်ရစ်သည်။ မျှော်လင့်ချက်များ ဧကန်သေဆုံးသွား သော်လည်း အချစ်သည် အသက်ရှင်ကျန်ရစ်၏။ ကျွန် တော့်ပခုံးတွင် သိုင်းလွယ်ထားသော ရှမ်းလွယ်အိတ်အ တွင်းမှာ ပညာများရှိနေသည်ဟု ကျွန်တော်ထင်နေသော် လည်း အမှန်စင်စစ် မသိခြင်းများသာ ဖြစ်နေကြောင်းကို ကျွန်တော်မသိ။ အချိန်တို့ လျင်မြန်ပြောင်းလဲခဲ့သော်လည်း နေ့ရက်ညတို့သည် ရှည်လျားလှ၏။ သူမရှိဘဲ ကင်းမဲ့လပ် ဟာနေခြင်းသည် ကြိမ်ဖန်များစွာသစ်၍ အစိမ်းရောင် တောက်ပနေသည်။ မိုးစက်မှုန်တွေကြားမှာ၊ နှင်းမှုန်တွေ ကြားမှာ တန်ခူးလမှာ တိုက်သောလေတွေကြားမှာ သူ့ကို မရှာဖွေပါ။ မေသူ ကျွန်တော့်ဘဝအတွင်းမှ ထိန်လင်းစူး ရှစွာ ပျောက်ကွယ်သွားသော်လည်း ရှာဖွေရန်မလိုပါ။ မေသူသည် ကံ့ကော်ပင်အောက်မှာ ရှိ၏။ စာအုပ်ထဲမှာ ရှိ၏။ စာသင်ခန်းထဲမှာ ရှိ၏။ စာကြည့်တိုက်ထဲမှာ ရှိ၏ နှုတ်ခမ်းဆိုးဆေးများ ပေကျံနေသော လက်ဖက်ရည်ပန် ကန်ထဲမှာရှိ၏။ ပိတောက်ပင်ပေါ်မှာ ရှိ၏။ ပိတောက်ပွင့် တွေကြားမှာ ရှိ၏။ သစ်ရွက်ခြောက်တွေကြားမှာ ရှိ၏ ခုံတန်းလျားနားမှာရှိ၏။ နေရာတိုင်းမှာ ရှိ၏။ နေရာသည် ဘာလဲ။ နေရာဆိုသည်မှာ ကျွန်တော်ဖြစ်၏။ နေရာ မေသူနှင့်ကျွန်တော် ကွဲကွာခဲ့သည်မှ

သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကြာခဲ့ပါပြီ။

*

မင်းမော်လာပေးတဲ့ စာအုပ်ကလေး ညကဖတ်ဖြစ် တယ်။ အတော်ညဥ့်နက်သွားတယ်။ ‘ဩဂုတ်လအပူရှိန်’ ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တစ်အုပ်။ တောင်အာဖရိ က စာရေးဆရာတစ်ယောက် ရေးတာ။ နှစ်ခြိုက်ခံစားရ တာတွေ အတော်များများပါတယ်။ စာအုပ်ကောင်းက လေးတစ်အုပ်တွေ့ ရင် ကိုယ်တစ်ယောက်တည်း မဖတ် နိုင်ဘဲ အဲလိုဝေငှပေးတာဟာ အင်မတန်ချစ်စရာကောင်း တဲ့၊ အင်မတန်ရည်မွန်တဲ့ အကျင့်ကလေးပဲ။ ကျေးဇူးတင် ပါတယ် သူငယ်ချင်း မင်းမော်။ ဒီလိုပါပဲ။ ဟင်းကောင်း တစ်ခွက် အစားကောင်းလေးတစ်လုပ်တစ်ဆုပ်ကို တစ် ယောက်တည်းမျိုမကျဘဲ ခင်မင်သူတွေကို မျှဝေကျွေးတာ ဟာ ယဉ်ကျေးသူများရဲ့ ယဉ်ကျေးမှု။ တစ်လောကလည်း ငြိမ်းကျော်က မောရစ်ဝိတ်ရဲ့ ရသပညာလက်ရွေးစင်စာ အုပ်ကြီး လာပေးတယ်။ သူငယ်ချင်း ဖတ်ကြည့်တဲ့။ သူ့ ကိုလည်း စာအုပ်တစ်အုပ် ပြန်ငှားလိုက်တယ်။ ဟာမင် ဘတ်(စ)ရဲ့ “အရှေ့ဘက်သို့ ခရီး'ဆိုတဲ့ ဝတ္ထု။ နုပါပေ တယ်ဆိုတဲ့ ဝတ္ထုရေးနေသူဖြစ်ပေမယ့် ငြိမ်းကျော်ဟာ ဒီလိုလေးလံတဲ့စာမျိုး ကြိုက်တတ်မှန်း သိထားတယ်။ တစ်ယောက်နဲ့တစ်ယောက် စာအုပ်ချင်းလဲဖတ်ကြ၊ ပြန် ဆုံတဲ့အခါမှာ ပြောကြဆိုကြ။ သဘောမတူရင် ငြင်းကြ ခုန်ကြ၊ သဘောတူရင်လည်း ပီတိဖြာကြ၊ ဒါဟာ ဘဝပဲ။ ဒီအတိုင်း ဖြစ်တည်နေကြတာပါပဲ။ နီရဲစေးပျစ်တဲ့ လက် ဖက်ရည်နဲ့အတူ ရင်ထဲကို ဝင်သွားလေရဲ့။ ငါတို့ နောက် ။ ထပ်ပုံမှန်အတိုင်းဆိုရင် ဘယ်နှနှစ် အသက်ရှင်နေကြဦး မလဲ။ ဘဝရဲ့ အချိန်တွေဟာ တစ်ခါတစ်ရံ စေးနည်းတွန့် တိုလွန်းလှတယ်။ အခုဆိုရင် ထွန်းထွန်းဆေးသိပ္ပံမရှိတော့ ဘူး။ သိန်းသန်းထွန်းတော့ အင်းထဲမှာ ရှိသေးရဲ့။ ပြောစရာလူတွေ တဖြည်းဖြည်း ပါးသွားပြီ။ မင့်ကို ငါမ ကျေနပ်ဘူးလို့ စားပွဲခုံလက်သီးနဲ့ထုပြီး အသံကုန်အော် လိုက်ရင် ဘေးနားက ကလေးတွေ လန့်ကုန်မယ်။ စိတ်ဆိုးနေတာလား။ မခံချင်ဖြစ်တာလား။ သူက ဘာပြော လို့လဲ။ ရင်ထဲမှာ ဒေါသတွေ ပြည့်ဖောင်းလာရင် ရှေ့မှာ ရှိတဲ့ လက်ဖက်ရည်ပန်းကန်ထဲ သကြားထပ်ထည့်ဖို့ အ ရှည်ကြီးကို ခေါ်လိုက်ပါ။ သကြားချိုချိုရဲ့ အရသာ ရင်ထဲ ရောက်သွားရင် နည်းနည်းတော့ သက်သာသွားလိမ့် မယ်။ စာဖတ်ပါ။ စာအုပ်ငှားပါ။ စာရေးပါ။ လက်ဖက်ရည် သောက်ပါ။ မောင်စံဖော်ဆီကိုသွားပြီး သူ့ဆီက ငှားထား တဲ့ ‘ကပ်(ဖ)ကာရဲ့ ပေးစာများ”စာအုပ် ပြန်ပေးရဦးမယ်။ စာအုပ်ချင်း လဲဖတ်ပါ။ သူက ပြောလို့ ငါ့ကိုဘယ်လိုရေး လိုက်လို့ မကျေမနပ် မခံချင်ဒေါသတွေဖြစ်နေရင် ရေးပျက်ကရောပေါ့။ လိုလားသည်ဖြစ်စေ၊ မလိုလားသည် ဖြစ်စေ၊ သည်အတိုင်း ဖြစ်တည်နေတဲ့ဘဝမှာ အချိန်ဆို တာ ကိုယ်ထင်တာထက် မြန်မြန်ကုန်တတ်တယ်။ စိတ် မဆိုးနဲ့ သူငယ်ချင်း။ သောက်လိုက် သောက်လိုက်။ မင့် လက်ဖက်ရည်တွေ အေးကုန်ပြီ။ ငွေစံပယ် သုံးလိပ် လောက် ယူခဲ့ပါဟေ့။

*

စာသင်ရတယ်။ ကလေးတွေ ဘောလုံးပွဲကို လိုက် ကြီးကြပ်ထိန်းသိမ်းပေးရတယ်။ သူတို့နိုင်လာရင် သံပုရာ ရည်လိုက်တိုက်ရတယ်။ သူတို့ပြဿနာကလေးတွေ၊ သူ တို့အရေးကိစ္စကလေးတွေကို လိုက်ရှင်းပေးရတယ်။ ကိုယ့်အမြင်မှာ သေးသေးကလေးဖြစ်ပေမယ့် သူတို့အဖို့ တော့ အကြီးအကျယ်ကိုး။ ချော့ရတာတွေ ရှိတယ်။ ခပ် ပေပေကလေးတွေကို ခြောက်ရတယ်။ နံနက်ကျောင်း လာ။ ဆိုင်မှာ နံနက်စာစား။ ညနေအဆောင်ပြန်၊ ဆောင်မှာ ညနေစာစား၊ ညကျတော့ လှည်းတန်းထိပ် ဦးချစ်ဆိုင်သွား၊ ည စာဖတ်၊ အိပ်။ အဲဒီဘဝမှာ အစ လည်းမရှိဘူး။ အဆုံးလည်း မရှိဘူး။ အတိတ်လည်း မရှိ ဘူး။ အနာဂတ်လည်း မရှိဘူး၊ ပစ္စုပ္ပန်သာရှိနေတယ်။ ပစ္စုပ္ပန်သာ ရှိတယ်လို့ပြောတာကို ငြင်းချင်တဲ့လူ ရှိကောင်း ရှိမယ်။ ငြင်းချင် ငြင်းလေ။ ငြင်းတာဟာ သူ့ကိစ္စပဲ။ ပစ္စုပွန်သာရှိတယ်လို့ ယူဆတာ ကိုယ့်ကိစ္စပဲ။ ဒါပေမဲ့... အယူအဆဆိုတဲ့ စကားရပ်ဟာ လွယ်လွယ်ပေါ့ပေါ့ ပြော လို့မရကြောင်း ဝိုးတဝါးသိကလေး သိလာခဲ့ပြီ။ အထူးသ ဖြင့် ကိုယ်ပိုင်အယူအဆ ဆိုတဲ့စကားကို ရဲရဲပြောနိုင်ဖို့ အတော်ရင်းနှီးမြှုပ်နှံရပါလားဆိုတာ ရေးတေးတေးတော့ ရိပ်မိလာပြီ။ ဇော်ဇော်အောင်ဟာ ပစ္စုပ္ပန်ထဲမှာပဲ နေ တယ်လို့ ပြောလိုက်တာဟာ စိန်တွေစီပြီး ရွှေကွပ်ထားတဲ့ ကြွားဝါမှုပါပဲ။ အတိတ်ဟာ မြေကြီးကိုခွဲ ဘွားခနဲပေါ် လာပြီး ငါသည်အချစ်ဖြစ်၏လို့ မိုးကြိုးပစ်သလို အော်ဟစ်တတ်ပါတယ်။

*

ကျွန်တော့်အခန်းတံခါးပေါက်မှာ အခန်းစီးစ အပြာ ရောင်တပ်ထားတယ်။ အခန်းစီးစကို လက်နဲ့သိမ်းပယ်ပြီး မေသူ ကျွန်တော့်အခန်းထဲ ဝင်လာတယ်။ တံခါးပေါက် ပေါင်ကွပ်ထားလို့ မေသူဟာ ကျွန်တော့်ရှေ့မှာ ပုံတူ ပန်းချီကားတစ်ချပ်လို ငြိမ်သက်နေတယ်။ လာလေ ထိုင်။ မေသူ ဝင်လာတယ်။ ကျွန်တော့်စားပွဲရှေ့က ကုလားထိုင် မှာ ညင်ညင်သာသာ ဝင်ထိုင်တယ်။ သူ့နောက်က ကလေးတစ်ယောက် ပါလာတယ်။ ဆံတိုပြတ်နဲ့ နုပျိုတဲ့ မျက်နှာကလေး။ အမေရဲ့ အလှကို ပြည့်ဝဖူလုံစွာ အလှ ဆက်ခံထားတဲ့ မိန်းကလေးပါပဲ။ သမီး ထိုင်လေ။ ဟိုကု လားထိုင် ဆွဲယူ။ မေသူ ကျွန်တော့်ကို ကြည့်နေတယ်။ သူ့မျက်လုံးတွေဟာ ဝမ်းသာနေတယ်။ နင် မအံ့ဩတော့ ဘူးလား ဇော်အောင်။ အင်မတန်ဝေးလံတဲ့ အရပ်က တယောသံနွဲ့နွဲ့သဲ့သဲ့ကလေး ကြားလိုက်ရတယ်။ ကျွန် တော့်မျက်စိထဲမှာ အပြာရောင်မီးဖွားတွေ တဖျပ်ဖျပ် လွင့်စင်ဖြာထွက်နေတယ်။ အင်း. . . အမှန်ကတော့ အံ့ ဩစရာပေါ့လေ။ ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဘည်းက အင်မတန်ပါးနပ်တဲ့ မေသူဟာ အခုဆိုရင် ပါး နပ်ရုံမက ရင့်ကျက်နေရောပေါ့။ ကျွန်တော်မအံ့ဩဘူး ဆိုတာ သူသိနေပါတယ်။ ဒါ ငါ့သမီး။ ဪ. . . ။ နင် ဒီမှာရှိတယ်ဆိုတာ ငါသိတယ်။ မအံ့ဩပါဘူး။ သမီးက ဒီတက္ကသိုလ်ရတယ်လေ။ အေး. . . ကောင်းတာပေါ့ ဟာ။ သမီးအမှတ်ရာနှုန်းက ခုနှစ်ဆယ့်ကိုးတဲ့။ ဘောဂဗေဒကိုပဲ ဝါသနာပါတယ်၊ ယူချင်တယ်ဆိုလို့ လျှောက်တာ ရတယ်။ အင်းလေ နင့်သမီးပဲ။ မေသူ အနှစ်နှစ်ဆယ် သို့ ပြန်ပြေးသွားပြီး ရယ်မောတယ်။ သူ့သမီးကို ကျွန် တော့်အပ်တယ်။ ကျွန်တော်ကလည်း အထိုက်အလျောက် စကားပြန်ပြောတယ်။ သူ့ အမေနဲ့ ကပ်ထိုင်ပြီး မျက်လွှာ ချထားသည်။ သမီးဟာ စကားဝင်ပြောချင်တဲ့ အမူအရာ ပေါ်နေတယ်လို့ ထင်မိတယ်။ ညနေ အဆောင်ကိုလိုက် ပို့မယ်လို့ ပြောတယ်။ ဘယ်အချိန်လဲ။ ဘယ်အဆောင် လဲ။ ငါလိုက်ပို့ပါ့မယ်။ ဒီလိုလုပ်လေ။ ငါ့ကို ဝင်ခေါ်ပါ လား။ ငါ ညနေ ၄ နာရီအထိ ရှိနေမယ်။ အဆောင်မှူးက ငါနဲ့ 

ခင်ပါတယ်။ ကောင်းသားပဲ နင်စောင့်နေလေ။ ဇော် အောင် နင်ဘာမှမပြောင်းလဲပါလား။ ကျွန်တော့်အခန်း ထဲက ပန်းအိုးထဲမှာ နှင်းဆီပန်း ပန်းနုရောင်တစ်ပွင့်တည်း ထိုးထားတာကို ပြောတာလား၊ ဆံပင်စုတ်ဖွား မပြီးမသင် ပဲ ထားတာကိုပြောတာလား။ နံရံမှာချိတ်ထားတဲ့ ကျွန် တော့်တိုက်ပုံအင်္ကျီဟာ ကျွန်တော်နှစ်သက်တဲ့ မီးခိုးရောင် ဖြစ်နေတာကို ပြောတာလား။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က မပြောနဲ့၊ လွန်ခဲ့တဲ့ စက္ကန့်က ဇော်ဇော်အောင်ဟာ အခု စက္ကန့်မှာ မရှိတော့ဘူးဆိုတာ သူတကယ်မသိတာလား။ ခပ်ပေါ့ပေါ့ ပြောလိုက်တာလား။ ဒါမှမဟုတ် အို... ဘာကိုပြောတာများလဲ။ ငါအများကြီး ပြောင်းလဲနေပါပြီ ဟာ။ အသက်တွေ ကြီးလာပြီလေ။ ပြီးတော့လည်း ငါမသိ တာတွေ ပိုများလာလို့ ကြောက်နေပြီလေ။ နင်ငါ့ကိုတော့ သိပါတယ်နော်။ ငါနင့်ကို အရင်ကလည်း မသိခဲ့ဘူး။ အခုလည်း မသိဘူး မေသူ။ ငုံ့ထားတဲ့ခေါင်းဟာ ဆက် ခနဲ မော့လာပြီး မျက်လွှာတစ်ချက်နဲ့ ကျွန်တော့်ကိုကြည့် လိုက်တယ်။ ဒီသမီးလေးဟာ အမေ့ဆီက အလှအပတွေ ကိုသာမက၊ ပါးနပ်မှုကိုပါ အမွေဆက်ခံထားတယ်လို့ ကျွန်တော်အတည်ပြုလိုက်မိတယ်။ မျက်လွှာပြန်ချသွား တယ်။ မေသူက သူ့သမီးကို ငဲ့စောင်းပြီး ပြုံးကြည့်တယ်။ စိတ်အထင် နာရီဝက်လောက်နေပြီး ပြန်သွားတယ်။ ကျွန်တော့်အခန်းထဲမှာ မေသူရဲ့ ရနံ့တွေ ပဲ့တင်သံတွေ ကျန်ရစ်တယ်။ တစ်ချိန်လုံး ဟန်ဆောင်ပြီး မအံ့ဩသလို နေခဲ့ရသမျှ လျှောချပြီး ကျွန်တော်မျက်စိ မှိတ်လိုက်တယ်။ စောစောက မမေးလိုက်ရတဲ့ မေးခွန်းတွေဟာ အချင်း ချင်း တိုက်ခိုက်ပြိုလဲ လွင့်စင်သွားကြတယ်။ မေသူရယ် ဇော်အောင်ရဲ့ဘဝဟာ သမုဒ္ဒရာအောက် ကြမ်း ပြင်မှာ လှုပ်တဲ့ငလျင်လို တိုးတိုးညင်းညင်း မြည်ဟည်းလာ နေတယ်။


ကျွန်တော့်စားပွဲပေါ်မှာ ပန်းအိုးတစ်အိုး အမြဲရှိ တတ်တာ၊ ပန်းအိုးထဲမှာလည်း ပန်းရောင်နှင်းဆီ တစ် ပွင့်တည်း ထိုးတတ်တာ ကျွန်တော့်အနီးမှာ ပန်းချီကား တွေကို မြတ်မြတ်နိုးနိုးထားတတ်တာ၊ တိုက်ပုံအင်္ကျီ မီး ခိုးရောင်ကို နှစ်သက်တာ၊ ဆံပင်စုတ်ဖွား မဖြီးမသင်ပဲ နေတတ်တာ အဲဒါတွေက အရင်က အတိုင်းပဲ။ လူဆိုတာ အကျင့်ကို ဖျောက်လို့ရခဲသား၊ မပြောင်းလဲပါဘူး။ ဇော် ဇော်အောင် ဘာမှမပြောင်းလဲပါဘူး၊ မပြောင်းလဲတာ တစ်ခုရှိနေသေးတယ် မေသူ။ နင့်ကိုချစ်နေတာလေ။ အဲဒီစကားကို ကျွန်တော်မပြောလိုက်ပါဘူး။ သမီးကို ကျောင်းဆောင်လိုက်ပို့တယ်။ အသုံးအဆောင်ပစ္စည်းတွေ တစ်လှေကြီး တစ်ထမ်းကြီး။ သတိထားမိတာက မေသူရဲ့ သမီးကလေး အသုံးအဆောင်ပစ္စည်းတွေထဲမှာ ပြည်တွင်း ဖြစ်ဆိုလို့ ကျောက်ပျဉ်ရယ်၊ သနပ်ခါးတုံးရယ်၊ တံမြက် စည်းရယ် အဲဒီသုံးခုပဲ ပါတယ်။ အားလုံးဟာ ဈေးကြီးပေး ဝယ်ရတဲ့ နိုင်ငံခြားဖြစ်တွေချည်းပဲ။ ကားပေါ်ကအဆင်း ကျောင်းဆောင်ဝမှာ စုပုံထားတဲ့ ပစ္စည်းတွေကို ကျွန် တော် ကြည့်နေမိတယ်။ မေသူ သိပ်ပါးနပ်တယ်ဆိုတာ ပြောခဲ့ဖူးတယ်မဟုတ်လား။ ကျွန်တော့်ကို ကြည့်တယ်။ လှလှပပ ပြုံးတယ်။ မေသူအသက် လေးဆယ့်သုံးနှစ်ရှိ ပြီ။ နုပျိုခြင်းတွေကို ဘယ်လိုထိန်းသိမ်းထားသလဲ မသိ ဘူး။ သူ့ အပြုံးဟာ အရင်က အပြုံးမျိုးပဲ။ ငါ့သမီးမှာ မြန်မာဆန်တဲ့ မြန်မာပစ္စည်းဆိုလို့ နင်တွေးနေသလိုပဲ ဇော်အောင်။ ကျောက်ပျဉ်ရယ်၊ သနပ်ခါးတုံးရယ်၊ တံမြက်စည်းရယ် ဒါပဲပါတယ်။ ဒါပေမဲ့ နင်မသိသေးတာ တစ်ခုရှိသေးတယ်။ မြန်မာစိတ်တဲ့။ ကျွန်တော် ဘာမှ ပြန်မပြော လိုက်ဘူး။ သမီးကိုပို့ပြီး အဆောင်က ပြန်လာခဲ့ကြတယ်။ လှိုင်နယ်မြေက မိန်းကလေးအဆောင်တွေဟာ သူ ့အဖို့ နေရာအသစ်အဆန်းတစ်ခုပဲ။ ကားထောင့်စွန်းမှာ ကပ် ထိုင်ရင်း အပြင်ဘက်ကို ငေးပြီး လိုက်လာတယ်။ ကျွန် တော့်ကို ဆရာဆောင်ပို့ပြီး သူပြန်သွားတယ်။ မနက်ဖြန် သူနဲ့တွေ့ဖို့ အချိန်သတ်မှတ်ပေးသွားတယ်။ ဇော်ဇော် အောင်ရဲ့ဘဝဟာ သမုဒ္ဒရာအောက် ကြမ်းပြင်မှာလှုပ်တဲ့ ငလျင်လို တိုးတိုးညင်းညင်း မြည်ဟည်းနေတယ်။

*

ဇော်အောင် ငါတစ်ခုမေးမယ်။ နင် စိတ်ဆိုးမှာလား။ အင်းလေ ငါဟာ စိတ်ဆိုးရမယ့်လူမှ မဟုတ်ဘဲ။ နင်နဲ့ ငါဟာ တစ်ယောက်နဲ့တစ်ယောက် အချစ်ဆုံး၊ နားအ လည်ဆုံး သူငယ်ချင်းတွေ မဟုတ်လား။ နင်ဘာလို့ အိမ် ထောင်မပြုတာလဲ။ အင်းလေ ရယ်တော့ ရယ်စရာဖြစ်နေ မှာပဲ။ ငါဟာ နင်သိတဲ့အတိုင်း ဟိုတုန်းက အဲလိုစပ်စပ် စုစု မလုပ်တတ်ဘူး။ အခုလည်း ငါမစပ်စုတတ်ပါဘူးဟာ။ နင့်အကြောင်းဆိုတော့ အဲလိုစပ်စုတာ ငါ့မှာ စပ်စုပိုင်ခွင့် ရှိနေပါတယ်နော်။ မဟုတ်လား ဖြေလေ။ အေးလေ အ ကြောင်းရှိမှာပေါ့။ အဲဒီအကြောင်းကို ငါမသိရလည်း ဖြစ်ပါတယ်။ ငါထင်ထားတာတော့ ရှိတယ်။ နင်ဘာလို့ အိမ်ထောင်မပြုတာလဲဆိုတဲ့အကြောင်း ငါထင်ထားတာ ရှိတယ်။ အင်းပါ. . . . အင်းပါ။ အဲဒီထဲမှာပဲ ငါနေပါ့ မယ်။ ကိုသော်ကကိုတော့ နင်သိတယ်နော်။ မသိဘူး ဟုတ်လား။ အင်းလေ သူက ငါတို့ထက် လေးနှစ်လောက် စီနီယာကျတယ်။ တွေ့ ဖူးမှာ မဟုတ်ဘူး။ ငါလည်း အရင် က မတွေ့ဖူးပါဘူး။ သူနဲ့လက်ထပ်တော့မှပဲ တွေ့ဖူးတာ။ ငါ နင်နဲ့တွေ့ပေးချင်တယ်။ ငါ့အချစ်ဆုံး သူငယ်ချင်းဆို တာ ပြချင်တယ်။ နင် ဘာပြုံးတာလဲ။ ငါတို့ဟာ ငယ် ပေါင်းတွေပါ ဇော်အောင်ရယ်။ ငယ်ပေါင်းမှ ရိုးရိုးငယ်ပေါင်း မကပါဘူး။ တစ်ယောက်အကြောင်းတစ်ယောက် သိပ်သိတဲ့ ငယ်ပေါင်းတွေပါ။ တစ်ယောက် ရင်ထဲမှာ ဘာရှိတယ်ဆိုတာ တစ်ယောက်သိနေတဲ့ သိပ်သိနေတဲ့ သူတွေပါ။ နင်ပြုံးလိုက်ပုံက ထူးခြားတဲ့အဓိပ္ပာယ်ရှိတယ် ဆိုတာ ငါသိပါတယ်။ ထားပါတော့လေ။ ထားပါတော့ ပဲ ထားပါတော့။ ဒီမယ် ငါလေ နင်နဲ့တွေ့ ရတာ သိပ်ဝမ်း သာတာပဲ။ ဘာရယ် ဇော်အောင်။ နင်အရင်တုန်းက အတိုင်းပဲ။ အသက်ကြီးလာတာကို ပြောတာမဟုတ်ဘူးလေ။ စိတ်ကိုပြောတာ။ အင်မတန် ခေါင်းမာတဲ့စိတ်၊ အစွဲကြီးတဲ့ စိတ်၊ ပြီးတော့လေ ဘယ်လိုပြောရမလဲ နားလည်ရ သိပ်ခက်တဲ့ စိတ်။ ဒါတော့ ဒါပေါ့ဟာ။ တစ်ယောက်အ ကြောင်း တစ်ယောက် သိပ်သိတယ်ဆိုပေမယ့် နင့်စိတ်မှာ ငါမသိခဲ့တဲ့ ဘယ်လိုမှမသိနိုင်တဲ့ အပိုင်းကလေးတစ်ပိုင်း လောက်တော့ ရှိသေးတယ်။ ထားပါတော့လေ။ ဒီမယ် ဇော်အောင် ငါတို့ကွဲကွာခဲ့တဲ့ ဒီအနှစ် နှစ်ဆယ်အတွင်း ။ ဩော်. . . ဇော်အောင်ရယ်။ နှစ်ဆယ့်တစ်နှစ်ငါးလနဲ့ ဇော်အောင်ရယ်. . . . ငါဘာဆက်ပြောရမှန်း တောင် မသိတော့ပါဘူးဟယ်။


မေးလေ။ စိတ်ဆိုးမှာလားဆိုတာ နင်မေးချင်တဲ့ မေးခွန်းလေ။ ပြီးတော့ နင်ဟာ ငါစိတ်ဆိုးရမယ့်သူလား။ အဲဒါဆိုရင်တော့ မမေးနဲ့ပေါ့။ ဟုတ်ပါတယ်။ အချစ်ဆုံး နားအလည်ဆုံး သူငယ်ချင်းပါပဲ။ ဒီထက် မပိုပါဘူး။  မေးလေ။ အဲဒီမေးခွန်းဟာ ရယ်စရာ မကောင်းဘူးလားဟယ်။ စပ်စုပိုင်ခွင့်၊ ဟုတ်လား။ ရှိပါတယ်။ နင့်မှာ စပ်စု င်ခွင့်မကပါဘူး ငါနဲ့ပတ်သက်လို့ ငါ့အပေါ်မှာ ဘာမဆို လုပ်ပိုင်ခွင့် ရှိနေပါတယ်။ အဲ အိမ်ထောင်မပြုတဲ့အ ကြောင်းက အကြောင်းရှိလို့ပဲပေါ့။ ဘာလို့ ဒါတွေသိချင် နေရတာလဲ မေသူ။ ဘာလို့ သိချင်နေရတာလဲ။ မသိဘဲ နေရတာ တစ်ခါတစ်ခါ အရသာ ရှိပါတယ်။ နင်က ဘယ်လို ထင်လို့လဲဟင်၊ ထင်ထားတာရှိရင် အဲဒီအထင် ကိုပဲ အတည်ပြုလိုက်ပေါ့။ အဲဒီအထင်ထဲမှာပဲ နေလိုက်ပေါ့။ ကိုသော်က ငါမသိဘူး။ အေးဟုတ်တယ်။ ငါမသိဘူး ထူးခြားတဲ့အဓိပ္ပာယ် မရှိပါဘူးဟာ။ ငါတော့ ဝမ်းသာတယ်ရယ် မဟုတ်ပါဘူး။ နင်ထင်လို့ပါ။ အရင်တုန်းကနဲ မတူပါဘူး။ ငါအခု အသက်ကြီးလာပြီလေ။ ခေါင်းမာ တယ်ဆိုတာတော့ မဟုတ်ဘူး။ ငါ့လောက် ပျော့ညံ့တဲ့လူ ကမ္ဘာမှာ မရှိပါဘူး။ အစွဲအလမ်းကြီးတယ်ဆိုတာလည် မဟုတ်ဘူး။ နေပါဦး နင်ဟာ ငါ့ရင်ထဲမှာဘာရှိတယ်ဆို တာ သိပ်သိဆို။ မသိနိုင်တဲ့အပိုင်းကလေးတစ်ပိုင်း ဟုတ် လား။ အလင်္ကာစကားဟောင်းကြီးအတိုင်း ငါ့ရင်ထဲကို ခွဲပြလိုက်ချင်တယ် မေသူ။ ဒါမှ ငါ့ရင်ထဲမှာ ဘယ်လောက် ရွံစရာ၊ မုန်းစရာ၊ စက်ဆုပ်စရာတွေ ရှိတယ်ဆိုတာ နင်သိ သွားအောင်။ အနှစ်နှစ်ဆယ် ဟုတ်လား။ အနှစ်နှစ်ဆယ်လားမေသူ။ ဒီမယ် ငါပြောမယ်။ နှစ်ဆယ့်တစ်နှစ် ငါးလနဲ့ ဒီနေ့ပါဆိုရင် တစ်ရက်စွန်းပြီ မေသူ။ နှစ်ဆယ့်တစ်နှစ် ငါးလနဲ့ တစ်ရက်။ အကောင်းဆုံးကတော့ နင်ဘာမှ ဆက်မပြောနဲ့တော့ မေသူ။ ဒီမယ် သူငယ်ချင်း၊ တို့သူငယ် ချင်းနှစ်ယောက် ပြန်ဆုံတုန်း. . . ပျော်စရာ စကားကလေးတွေ ပြောကြရအောင်။ ငါက ရန်ကုန်မှာနေတော့ အိမ်ရှင်ပေါ့။ နင်သွားချင်တဲ့ဆီ ငါလိုက်ပို့မယ်။ နင်စားနိုင်တဲ့ အစားအစာတွေ ငါဝယ်ကျွေးမယ်။ ဆိုပါတော့ဟာ အင်းလျားကန်ဘေးက ဗူးသီးကြော်တို့၊ ရှမ်းထမင်းချဉ် တို့၊ လက်သုတ်စုံတို့၊ မရမ်းပေါင်းတို့၊ ဆီးပေါင်းတို့၊ ဟုတ်လားနော်။ မေသူ သွားကြစို့နော်။

*

ဘာလို့ဒါတွေ ပြန်မေးနေချင်ရတာလဲ မေသူရယ်။ နင် ဘာမေးမယ်ဆိုတာ ငါသိပါတယ်။ အကြောင်းမထူး ကြတော့ပါဘူး။ (Hoderlin)ရဲ့ ကဗျာတစ်ကြောင်း ငါ မှတ်မိနေတယ်။ ဒါပေမဲ့ သူငယ်ချင်းရယ် ငါတို့သိပ်နောက် ကျခဲ့ပြီတဲ့။ But, Friend, We Have Come Too Late. ဂျာမန်ကဗျာဆရာကြီး မေသူ။ 1770 မှာ မွေးတယ်။ 1843 မှာ ကွယ်လွန်တယ်။ သူဟာ နှစ်ပေါင်းနှစ်ရာ လောက်က ကြိုတင်ပြီး တို့နှစ်ယောက်အတွက် အဲဒီကဗျာတစ်ကြောင်းကို စပ်ခဲ့တာလား။ ဟင် မေသူ ငါ အိမ်ထောင်မပြု မမေးပါနဲ့ မေသူရယ်။ အို. . . မေသူ။ နင့်ကိုချစ်လို့၊ အိမ်ထောင် မပြုတာ။ ဒီစကားကို ရူးရူး မိုက်မိုက် ယောက်ျားတွေ သမိုင်းတစ်လျှောက်လုံး မရေ မတွက်နိုင်အောင် ပြောခဲ့ကြပြီ။ ငါလည်း အဲဒါပဲ ထပ်ပြော ရမှာပဲ။ အရူးစာရင်း မရေတွက်နိုင်အောင်ရှိနေမှ ငါတစ် ယောက်ထပ်တိုးလို့လည်း အကြောင်းမထူးပါဘူး။ သိပြီ လား မေသူ။ ငါ နင့်ကိုချစ်လို့။ သိပလား မေသူ။ ဇော်အောင်က မေသူ့ကိုချစ်လို့။ ချစ်လို့။ သိပလား၊ သိပလား၊ ဟင် မေသူ။ နင်သိပလား။ ဘာ.. ဘာပြောလိုက်တယ် မေသူ။ နင် ဘာ. . ပြော.. လိုက်. . တယ် မေသူ။ နင် ဘာပြောလိုက်တယ် မေသူ။ တော်ပါတော့ မေသူရယ်. . တော်ပါတော့။ ငါပြုံးတာလား။ ကမ္ဘာပေါ်မှာ ဘယ်သူမှ . အဓိပ္ပာယ်ဖော်လို့ မရနိုင်တဲ့ ပြုံးနည်းမျိုးနဲ့ ပြုံးပြတတ်နေ ကြာပါပြီ မေသူရယ်။ တော်ပါတော့ မေသူရယ်။ တော်ပါတော့၊ တော်ပါတော့။ ငါ တောင်းပန်ပါတယ်။ တော်ပါတော့။ တော်ပါတော့ မေသူရယ်။ ဟင်. ဟင်. အနှစ်နှစ်ဆယ် ဟုတ်လား။ ဒီမယ် ဒေါ်မေသူသော် ငါ့ ဘဝထဲက နင်ပျောက်သွားတာ၊ နင်ထွက်သွားတာ နှစ် ဆယ့်တစ်နှစ် ငါးလနဲ့ ဒီနေ့ပါဆိုရင် တစ်ရက်ရှိပြီ။ အနှစ် နှစ်ဆယ်။ ဟင်း. . ဟင်။ နှစ်ဆယ့်တစ်နှစ် ငါးလနဲ့ တစ် ရက်။ ဘာဆက်ပြောရမှန်းတောင် မသိဘူးဟုတ်လား။ နင်ဘာမှ ဆက်မပြောတာ အကောင်းဆုံးပဲ မေသူ။ ဘာမှ ဆက်မပြောနဲ့တော့။ ပြောစရာလည်း အကြောင်းမရှိပါ ဘူး။ နင့်သမီးလေးကို ငါ့သမီးအရင်းလို တကယ်ဖြူစင် ကြီးမားတဲ့မေတ္တာနဲ့ ငါအစွမ်းရှိသမျှ စောင့်ရှောက်လိုက် ပါ့မယ်။ အကောင်းဆုံးက အို. . လေ၊ နင်မန္တလေးကို အမြန်ဆုံး ပြန်တော့ မေသူ။ နောက်ထပ် ရန်ကုန်ကို ဘယ်တော့မှ မလာနဲ့တော့။ ပြန်ပါတော့။ ပြန်ပါတော့ မေသူရယ်။ ငါတောင်းပန်ပါတယ်။ ပြန်ပါတော့။

*

နောက်တစ်နေ့ မေသူမန္တလေး ပြန်သွားတယ်။

ကျွန်တော် မတွေ့လိုက်ရဘူး။ နှုတ်မဆက်လိုက်ရဘူး။ သမီးလေးက ပြန်ပြောမှပဲ သိရတယ်။ သမီးဆီမှာ စာတို ကလေးတစ်စောင် ရေးပစ်ထားခဲ့တယ်။

*

ဇော်အောင် ငါ့သမီးလေး မေသူဇော်ကို စောင့် ရှောက်လိုက်ပါ။ မေသူ။

*

တက္ကသိုလ်နယ်မြေမှ မိုးတွေ ဖြိုင်ဖြိုင်ရွာစ ပြုလာ ပြီ။ ဘာလို့များ သမီးလေးကို ဒီနာမည် မှည့်ပေးထားရသလဲ မေသူရယ်။

*

နာမည်ဆိုသည်မှာ အမှန်တော့ ခေါ်စရာတစ်ခုပါပဲ။ 

နှင်းဆီပန်းမှာ နာမည်ရှိ၏။ လမ်းကြိတ်စက်မှာ နာ မည် ရှိ၏။ အနက်ရောင်ခေါက်ထီးမှာ နာမည်ရှိ၏။ နာမည်ဆိုသည်မှာ အမျိုးမျိုးဖြစ်နိုင်၏။ ဟစ်တလာ၊ အိုက်ခမန်း၊ ပီကာဆို၊ ဗန္ဓုလ၊ ရှိုပင်၊ ဟိုးမား၊ ဂျွန်ဝိန်း၊ ဖရင့်လွိုက်ရိုက်၊ ဖာရာဖောဆက်၊ လင်ကွန်း၊ ဦးဖေ မောင်တင်၊ ဟိုင်ဒဂ်ဂါ၊ အိုနာစစ်၊ ဆီဇန်း၊ နာတာရှာကင် စကီး၊ စိန်ဗေဒါကြီး၊ ဝေါ်သာဗွန်ဘရောင်း၊ ယောမင်းကြီး ဦးဖိုးလှိုင်၊ ဂျင်ဂျုန်း၊ ဘရုစလီ၊ ဂါဂါရင်၊ လေဒီဒိုင်ယာနာ၊ ကနောင်မင်းသားကြီး၊ ရှိတ်ယာမာနီ၊ ရှိတ်စပီးယား၊ ဂိုလ် ဒါမီယာ၊ ဆရာစံ၊ နန်းတော်ရှေ့ ဆရာတင်၊ ဟင်းမလား၊ လဲနွန်၊ ကျန်စစ်သား၊ ဟင်နရီမာတီ၊ ယူကလစ်၊ အိုင်စင် စတိန်း၊ ကောပါးနီးကပ်၊ အင်ဒရိုပေါ့၊ အစ်(ရှ)မဲ့လ်၊ ဇော် ဇော်အောင် အားလုံးသည် နာမည်များဖြစ်ကြ၏။ ထိုနာ မည် အားလုံးသည် ခေါ်စရာများ ဖြစ်၏။ နာမည်ဆိုသည် မှာ ခေါ်စရာတစ်ခုသာ ဖြစ်၏။

*

သမီးလေး မေသူဇော် အပြင်ဘက်မှာ မိုးတွေရွာနေတယ်။ အဓိပတိ လမ်းမကို နက်မှောင်ပြောင်လက်အောင် ဆေးကြောနေတာပေါ့။ မိုးမှုန်မိုးငွေ့တွေကြားမှာ ကံ့ကော်ပင်တွေ ဝါးနေတယ်။ မိုးရေထဲက လေထုကို ဖြတ်လာတဲ့ ဇီဇဝါပန်းရနံ့တွေ ရမိလား သမီး။ မိုးစက်မှုန်တွေကြားမှာ တက္ကသိုလ်ဟာ လှမြဲ၊ ပမြဲ မပြောင်းလဲပါဘူး။ သမီးရဲ့ မေမေနဲ့ဦးတို့ ကျောင်းသား ကျောင်းသူဘဝက အတိုင်းပါ ။ ဒီတက္ကသိုလ်မှာနေပါ၊ ဒီတက္ကသိုလ်ကို ချစ်ပါ၊ ဒီတက္ကသိုလ်က ရခဲ့တဲ့အသိတွေ၊ ဉာဏ်ပညာတွေနဲ့ ထိုက်တန်စွာ အလုပ်ကိုကြိုးစားလုပ်ပါ။ စာမေးပွဲအောင်လက်မှတ်နဲ့ အတူ ရင့်ကျက်ခြင်း၊ သိက္ခာရှိတဲ့လူသားတစ်ယောက်ဖြစ် ခြင်း၊ ကိုယ့်ကိုယ်ကို သိရှိခြင်းတွေပါ ပေးလိုက်လိမ့်မယ်ဆိုတာ သမီးမျှော်လင့်ထား။ ရအောင်လည်း ယူသွား။ အဲဒါတွေပါအောင် ယူသွားနိုင်ဖို့ဆိုတာကတော့ စာမေးပွဲ အောင်ဖို့ထက် ခက်ပေလိမ့်မယ်။ စာကြိုးစား။ ပျော်စရာရှိရင် ပျော်ပေါ့။ အပြစ်ကင်းတဲ့ ရယ်မောသံတွေလျှံနေတဲ့ တက္ကသိုလ်ဟာ ဦးတို့လို တက္ကသိုလ်ကို ဖက်တွယ်နေတဲ့ သူတွေအတွက် လေပြည်လေညင်းပါပဲ။ ဘဝရဲ့ အပူ အလောင်တွေ လျောကျသွားစေပါတယ်။ မိုးစဲသွားပြီနော်။ သစ်ပင်တွေရဲ့ အစိမ်းရောင်ဟာ ဒီလိုအခါမျိုးမှာ ဘာနဲ့မှမတူအောင် လှနေတယ်။ သတိထားမိလား သမီး။ ရှားရှားပါးပါးပွင့်တဲ့ ပိတောက်ပန်းတွေလေ ဟိုမှာမြင် လား။ သမီးတို့ မန္တလေးမှာ ဘယ်လိုခေါ်သလဲ။ ကဗျာစပ်တဲ့  ဦးသူငယ်ချင်းတစ်ယောက်ကတော့ ကာလနှောင်းမှ၊ အကြောင်းပြရန်၊ တမင်ချန်သော၊ နွေကျန်မြိုင်လှောက် မိုးပိတောက်ကို၊ စိုးထောက်စာနာ၊ မကြင်နာဟု၊ ရင်နာသူတို့ ၊ အပြစ်ဖို့စေ၊ ကိုတို့အတွက်၊ မေတ္တာဆက်မည့်၊ တစ်ခက် စပယ်ရှိနှင့်ပြီလို့ တစ်ခါက ရေးဖူးတယ်။ အင်းလေ ကြာပါပြီ။ ဦးလည်း ပိတောက်ပန်းတွေကို သိပ်သဘောကျတာ ပေါ့။ ဒီလိုပဲပေါ့ သမီးရယ်။ ကိုယ်နှစ်သက် သဘောကျတဲ့ အရာနဲ့ တွေ့ကြုံရရင် ပျော်တယ်။ စိတ်ချမ်းသာတယ်လို့ ဆိုနိုင်တာပါပဲ။ သီရိဆောင် အင်း သီရိဆောင်မှာ မိုးပိ တောက်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးတယ်။ အခုတော့ ရှိသလား သိပါဘူးကွယ်။ အမှတ်တမဲ့ပါပဲလေ။ သမီးမေမေ သီရိဆောင်မှာ နေတာလား။ အင်း ဟုတ်တယ် မဟုတ်ပါဘူး အင်းလျားဆောင်ပါ။ ဩော်. . . အေးအေး သီရိဆောင် ဟုတ်တယ်။ နှစ်ပေါင်းနှစ်ဆယ် ကျော်ပြီပဲ သမီးရယ် ဦးလည်း မေ့ရောပေါ့။ ဪ. . . သမီး အဆောင်ထမင် ဟင်း ဘယ်လိုလဲ။ ဒါပေါ့လေ ပထမတော့ အပြောင်းအလဲ တစ်ခုကြုံတိုင်း ကသိကအောင့် ဖြစ်တတ်စမြဲပါပဲ။ အမေ့ သမီးပဲ၊ အမေ့သတ္တိမျိုး ရှိပြီးသား၊ ပါပြီးသားဆိုတာ ဦးယုံပါတယ်။ သမီးမေမေဟာ အင်မတန် သတ္တိရှိတဲ့ မိန်းမ တစ်ယောက်ပါပဲ။ ဦးဆိုလိုတာက ဒုက္ခကိုတွေ့ကြုံရတဲ့ အခါမျိုးမှာ စိတ်ဓာတ်ကျမသွားဘူး။ ပြုံးပြုံးရယ်ရယ် ရင်ဆိုင်နိုင်တယ်။ ပြုံးတာ ရယ်တာဟာ ဟန်ဆောင်တာ တမင်လုပ်တာ ဖြစ်ချင်ဖြစ်မယ်လေ။ ဒါပေမဲ့ တော်ရုံတန် ရုံ လူဆိုရင် ကိုယ့်ဒုက္ခကြုံတဲ့အခါ ဟန်ဆောင်ပြုံး၊ ဟန်လုပ် ရယ်တတ်ဖို့ကို မလွယ်လှပါဘူးကွယ်။ အဲဒီအရည်အချင်းရှိတာကို ဆိုလိုတာပါ။ ဦးကတော့ သည်လောက် သတ္တိမရှိပါဘူးကွယ်။ ခပ်ပျော့ပျော့၊ ခပ်ညံ့ညံ့ထဲကပါ။ ဦးရဲ့ဘဝမှာလား။ ဒုက္ခဆိုတာတော့ ကြုံရတာပေါ့ သမီးရယ်။ လူမှန်သမျှ ဒုက္ခနဲ့ကြုံရတာချည်းပဲပေါ့။ အရေးကြီးတာက ဒီဒုက္ခကိုဆိုပါတော့။ အခက်အခဲလို့ပဲ ဆိုပါတော့။ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကြိုးစားတာက အရေးကြီးတာပါ။ ကိုယ့်ဒုက္ခက လွတ်မြောက်အောင်၊ ကိုယ့်အခက်အခဲကို ပြေလည်ကျော်လွှားနိုင်အောင် လုပ်တဲ့အခါမှာ သူများကို ဒုက္ခမပေးနဲ့။ သူများကို ဒုက္ခရောက်စေပြီးမှ ကိုယ့်ဒုက္ခ ကိုယ့်အခက်အခဲကို ဖြေရှင်းတယ်ဆိုတာ အောက်တန်းကျတယ် သမီး။ ရှက်စရာကောင်းတယ်။ မညစ်ပတ်နဲ့၊ မကောက်ကျစ်နဲ့၊ ရိုးရိုးသားသား ကြိုးစားပြီး ကိုယ့်အခက်အခဲကို ကိုယ်ဖြေရှင်း အောင်မြင်ရမှာပေါ့။ ဩော်. . . သမီးရယ် ဦးဘယ်လို ပြောရမလဲ။ မင့်မေမေကို ချစ်မိတဲ့အတွက် ဦးဟာ အခုအထိ အဲဒီချိုမြိန်တဲ့ ဒုက္ခတွေထဲမှာ နေလျက်ပါပဲ။ ဒုက္ခထဲမှာပဲ ရှိပါတယ်။ ချစ်နေတဲ့ဒုက္ခကို ဦးလွန်မြောက်အောင် မကျော်လွှားနိုင်ခဲ့ပါဘူး။ ဦး မအောင်မြင်ခဲ့ပါဘူး။ ဦး မအောင်မြင်ခဲ့ပါဘူး သမီးရယ်။ ဒါပေါ့ ဒါပေါ့။ ဦးအယူအဆက အဲဒီအတိုင်းပဲ။ မဖြေရှင်းနိုင်တဲ့အခက်အခဲ မလွန်မြောက်နိုင်တဲ့ ဒုက္ခဆိုတာ မရှိပါဘူးကွယ်။ ကြည့် စမ်း သမီး၊ ပိတောက်ပန်းတွေ ဟိုအပင်မှာလည်း ပွင့်နေ လိုက်တာနော်။

*

အချစ်ဆိုသည်မှာ စာကြည့်တိုက်ချောင်ကြားတစ် နေရာမှာ စွန့်ပစ်ထားသော စာအုပ်အမည် ကတ်ပြားဟောင်း တစ်ခုသာဖြစ်၏။ ဆာ့(တ်)က အချစ်ကို ပိုင်ဆိုင်သောအချစ်ဟု ယူဆခဲ့ပါလျှင် သူနှင့်ကျွန်ုပ် သဘောကွဲ လွဲ၏။ အချစ်သည် အကွက်တစ်သောင်းပါသော စိန်တုံး တစ်တုံးဖြစ်၏။ အချစ်ကို ကဗျာဖွဲ့၍ မရနိုင်ကြောင်း၊ ဝတ္ထုရေး၍ မရနိုင်ကြောင်း လူအချို့မသိကြ။ မှတ်သား လိုက်ကြပါလေ။ မော်တော်ကားတစ်စီးသည် ညာဘက်သို့ ချိုးကွေ့၍ အခိုးအငွေ့ဖြစ်ကာ ပျောက်ကွယ်သွား၏။ လောကကြီးသည် တစ်ခါတစ်ရံ ရယ်စရာကောင်းသည်ဟု တွေးမိကာမျှဖြင့် လောကသည် ရယ်မော၍ပြီးသွားပြီ။ မိုးခြိမ်းလျှပ်ပြက်လိုက်သောအခါ ကောင်းကင်သည် ကွဲ အက်သွား၏။ သို့သော်ချက်ချင်း အကောင်းပကတိ ပြန် ဖြစ်သွားသည်။ ဘဝ၏ပါးလျားအားနည်းသောနေရာတွင် ကွဲအက်သွားပါက အကောင်းပကတိပြန်ဖြစ်ရန် မျှော်လင့်ချက် လွန်စွာနည်းပါးကြောင်း ကျွန်ုပ်သိသင့်ပါလျက်မသိ။ ဝေးလံသော မြင်ညာအရပ်မှာ တစ်ခုသော မြစ်အကွေ့မှာ ကမ်းနဖူးထိပ်တွင် ရေနံရွှဲရွှဲ မည်းနက်သော ကျွန်းသားနှစ်ထပ်အိမ်ကြီးတစ်လုံး ရှိ၏။ ဝရန်တာသည် မြစ်ကွေ့ကို မျက်နှာပြုထား၏။ ရေယာဉ်သည် ငြိမ့်၍ ခြင်း၊ စိမ်းလဲ့နေသည်။ တစ်ဖက်ကမ်း သောင်ခုံငယ်သည် သူ့ပါး လို ပြင် တစ်ဖက်နှင့် တူလှစွာ။ မိုးမောက်ပြေပြေ လျောနေ ၏။ ကမ်းပေါ်က တောအုပ်အတွင်းမှာ စိမ်းညို့ရွက်တို့ ဒုက္ခ အကြားတွင် ဖွေးဖွေးဝေနေ၏။ လေပြည်တစ်ချက် ဖြူးလိုက်သည်။ တံငါတဲအချို့ဆီမှ ငါးညှီနံ့သင်းပျံ့ပျံ့ကလေး ကို နှစ်သက်ဖွယ်ရာ ရလိုက်၏။ မြစ်၏အစ သန့်ရှင်းစင် ကြယ်သော ရေစိမ်းလဲ့တွင် ပျော်ရွှင်စွာ အတူတကွ ကူးခတ်ချင်ပါသည်။ သူမရှိပြီ။ ကျွန်ုပ် ဆေးတံသည် မီးသေ သွား၏။ မီးခြစ်ကျောက်သည် အဝါရောင်မီးပွားများကို ဘယ်နေရာတွင် ဖွက်ထားသည်ဟု မသိရ။ ဖြူလျော်သော မီးခိုးခွေလိပ်များသည် ပျင်းရိအညောင်းဆန့်နေကြ၏။ သနားသဖြင့် ကျွန်ုပ်အား ဆေးတစ်အိုးနှင့် နွားနို့ချိုချို တစ်ခွက်ပေးကြပါ။ မြစ်ပြင်ပေါ်မှာ မြူငွေ့ပြာပြာနုများ သန်းလာနေသည်။ သူမရှိပြီ။ ‘အောင်မြေသာစံ’ပတ်ပျိုး ဆုံးသွား၏။ ကျွန်ုပ်ကား ယခုအထိ အစထဲမှာပင် ရှိနေသေး သည် ထင်ပါသည်။ လေပြင်းတစ်ချက် ဝေ့လိုက်သည်နှင့် သဲခင်းသာဝယ် သီဒါကြည်လဲ့ငှက်သံနွဲ့နှင့် လွမ်းဖွယ် မြိုင်ခြေ မြူခိုးဝေ။ မီးခိုးငယ်ဖြူ လူတွေလား ကူတွေလား၊ ပန်းနုရောင်အသွေးနှင့် လည်ဆံမွေးတခါခါ ပြေးလာ သော မြင်းတစ်ကောင်ကို တွေ့ ရပြန်သည်။ ကျွန်ုပ်သည် သဲသောင်ရေစပ်မှာ ကျောက်သလင်းဖြူ ခေါင်းအုံးတစ်လုံး အတွင်း လဲလျောင်းနေ၏။ အင်ကြင်းပန်းဖြူဝါဝါများ ဖွဲ ဖွဲဖြုတ်ဖြုတ် ကြွေကျ၍ ကျွန်ုပ်တစ်ကိုယ်လုံး အင်ကြင်း ပန်းတွေ ဖုံးကာ ကျောက်ဖြူသားခေါင်းမှာ အင်ကြင်းပန်း တွေ လျှံကျနေ၏။ အလွန်ညံ့ဖျင်းစွာ မီးကင်ထားသော ပေါင်မုန့်တစ်ချပ်ကို အလွန်ညံ့ဖျင်းစွာ မီးကင်ထားသောကြောင့် မီးကျွမ်းသော ပေါင်မုန့်နံ့ကို ရ၏။ ပြည့်စုံခြင်းက နိဂုံးချုပ်စကားပြောရန် ကြံစဉ်မှာပင် မပြည့်စုံခြင်းက ပြုံးရယ်တံခါးတွန်းဖွင့်၍ ဝင်လာသည်။ သံသရာဆိုသည် မှာ ဘာလဲ။ ကြိုးပြတ်၍ ကျိုးပဲ့နေသော တယောတစ်လက် သဲပြင်မှာ တစ်ဝက်မြုပ်နေသည်။ စတန်း သို့မဟုတ် ပါလ် မင်း၏တယောကွန်ရှာတို ဘွဲ့တစ်ဘွဲ့ကို ဤသောင်စပ် တွင် သူနှင့်အတူ နားထောင်ချင်ပါသည်။ ခြေကျင်းဝတ် ပတ်လည် ရေမြုပ်သည်အထိ သူ့ခြေထောက်ဖြူဖြူကလေး များ မြစ်ရေတွင်းမှာထား၍ လှုပ်ရှားလှုပ်ယိမ်းဆော့ကစား နေသည်ကို ကြည့်ချင်ပါသည်။ ဩော်. .လှိုင်းတစ် ထောင် ဗျိုင်းတောင်ခတ် ကမ်းစပ်ကိုသွား။ မည်သည့်စားပွဲမှ ထုတ်ယူထားသည်မသိရသော အံဆွဲဟောင်းတစ်ခု ပင့်ကူမျှင်များ ရစ်ထွေးစွာ ပက်လက်လန်နေသည်။ အံဆွဲထဲမှာ သုံးမရသော ကျမ်းတစ်စောင်သည် မြေကြီး

ထဲတွင် လိုဏ်ခေါင်းတူး၍ ပျံသန်းတတ်သော လေယာဉ် တစ်စင်းအကြောင်း အိပ်မက် မက်နေ၏။ ခေတ်သစ် ကဗျာသမိုင်း ရေးသားရာတွင် ညကြီးမင်းကြီးထပြီး ထိုင် နေတတ်သူကို ချန်လှပ်ကြသော သူတစ်စုကြည့်သည့် ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ် ဤသောင်စပ်၏ အသရေ ကို ဖျက်နေသည်။ မှန်ဖိုးကို ကျွန်ုပ်ပေးပါမည်။ တစ်စုံတစ်ယောက် လာယူလှည့်ပါ။ ပျော်ရွှင်မှုများ ရနိုင်သော လူ့ လာက အရောင်းဆိုင်အဝင်ဝမှ ကုန်ပြီဟူသော ဆိုင်း ဘုတ်ကတ်ပြားတစ်ခု တွေ့မြင်နေရ၏။ အနုပညာသမား သည် သူပိုင်သော ပစ္စည်းဥစ္စာကို ဦးခေါင်းအတွင်းမှာ စား၏။ စိန်ရွှေရတနာ နီလာပုလဲများ စီခြယ်တန်ဆာ ဝင်အပ်သော သောက်ရေခွက်အတွင်းမှာ ရေတစ်စက်မျှ ရှိ၍ ဤမြစ်ရေလက်တစ်ခုပ်ကို ကျွန်ုပ်သောက်သုံးလိုက်၏ ။ ရင်ထဲမှာ ရှားမီးကျည်းပမာ တောက်ပသော အပြုံး သည် တစ်ကိုယ်လုံးအနှံ့ အေးအေးစိမ့်ပျံ့၍ သွားပါသည်။ နွေးသော မိုးစက်များ ကျလာပြန်ပါပြီ။ ဝါညိုညစ်သော လက်ဖက်ရည်ချိုပေါ့ကျများ စွန်းထင်းပေကျံနေသည့် စားပွဲတစ်လုံး မိုးစက်များနှင့်အတူ ကျလာ၏။ တစ်လောကလုံးမှာရှိသော သုညများ၏ ရယ်မောသံကို ကြားရ၏။ နှုတ်ဆက်လိုက်ပါသည်။ မွန်းစီယာပေါလ်ဆာ(တ်)။ ဪ သောင်ယံသဲက ပုလဲလိုလိုပါလား။ စားပွဲပေါ်မှာ မစစ်ရသေးသော အဖြေလွှာတစ်အုပ် ရှိ၏။


*


ဘဝဆိုတာ ဝတ္ထုကြီးတစ်ပုဒ်လိုပဲလို့ တစ်ယောက် ယာက်က ပြောဖူးတယ်ဆိုတာ အမှတ်ရနေတယ်။ ကယ်သူလဲတော့ မသိတော့ဘူး။ ဟုတ်ချင်လည်း ဟုတ် မယ်။ ဒါပေမဲ့ ဖတ်ကောင်းအောင်ရေးတဲ့ အနုပညာ မြာက်တဲ့ ဝတ္ထုကြီးတွေလို စလယ်ဆုံး သုံးပါးလုံး ညီ ညွှတ်တာတွေ၊ အစဉ်ပြေတာတွေ၊ အဆင်ပြေတာတွေ တာ့ ဖြစ်ချင်မှဖြစ်မှာ။ အစမရှိဘဲ ဆုံးသွားတာ၊ အစထဲ ာပဲ ရှိနေတာ၊ အစမှာပဲ ဆုံးသွားတာ အမျိုးမျိုး ဖြစ်နိုင် ါတယ်။ သူက ဘဝကိုး။ ဝတ္ထုမှ မဟုတ်ဘဲ။ ဝတ္ထုဆိုတာက . . . . ။ သမီးလာ။ ရော့ . . ရပ်ဝေးအခြေစိုက် လုပ် အားပေးစခန်းမှာ သမီးစားဖို့ မုန့်ပုံး။ ဦးက ပိုက်ဆံချမ်း သာပါတယ်ကွ။ ဟောဒါက ဖျော်ရေမှုန့်ပုလင်း။ လိမ္မော် ရည်လေ။ ရေနဲ့ဖျော်သောက်ရုံပဲပေါ့။ အေး သူငယ်ချင်း တွေနဲ့အတူ စားကြပေါ့ကွာ။ ကုန်သွားလည်း စခန်းက ကျွေးတာပဲ စားပေါ့ကွ။ အေးအေး။ ပင်ပန်းမှာပေါ့ကွ။ ပင်ပန်းပါစေ။ ပျော်ပွဲစားထွက်သွားတာမှ မဟုတ်ဘဲ။ ကိုယ်လုပ်သမျှလေး စေတနာထားနိုင်ရင် အများအကျိုး ရှိတာက နောက်၊ ပထမဆုံးက ကိုယ်စိတ်ချမ်းသာတယ်။ ဦး မလိုက်နိုင်ပါဘူးကွာ။ ဦးမှာ စာဖတ်စရာ၊ စာရေးစ ရာတွေ တစ်ပုံကြီးရှိနေပါတယ်။ အေးအေး သမီး။ ကျန်း မာရေး ဂရုစိုက်ဟေ့။ ဪ. . . မေသူရယ်။


*

အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင် သမီးလေး မေသူ ဇော်အတွက် အောင်မြင်မှုနှင့် ပျော်ရွှင်မှုအားလုံးကို ရှာ ဖွေစုစည်း၍ ပေးလိုက်ချင်ပါသည်။ နှင်းဆီပန်းခင်းကို ဖြတ်သွားသော လေညင်းပြေပြေကဲ့သို့ သမီးလေးဘဝါ မွှေးပျံ့ပါစေ။ ဟုတ်ယောင်ထင်မှုများကို ဖယ်ရှားလိုက်သောအခါ အရှိတရားသည် ချွန်ထက်စူးရှစွာ ဓားသွားတစ်ချောင်းလို မတ်မတ်ထောင်နေ၏။ မိုက်မလင်းနိုင်ဘူး။ မြိုက်ခင်းညာဆီမှာ ခါတော်မီသီမစေ့နိုင်လို့၊ သည်ကွေ့မှာ နေကုန်မျော။ အမျောသမား အနစ်သမားတွေ။ မျှော်လင့်ထားတာသော အရာတွေက ဖြစ်မလာ။ ဖြစ်လာသည်က မမျှော်လင့်ထားသော အရာတွေ။ ဝိုးဝါးမှုန်ရီသော ဟုတ်ယောင်ထင်မှားမှုနှင့် စူးရှချွန်ထက်သော ဖြစ်ရပ်မှန်တို့ စပ်ကြား၊ အလင်းနှစ်တစ်သန်း အကွာအဝေး အပိုင်းအ ခြားအတွင်းမှာ အပြာရောင်မီးဖွားများ လွင့်စင်ဖြာထွက် နေသည်။ ကံ့ကော်တောအုပ်အတွင်းမှာ ရွာသောမိုးသည် အရာအားလုံးကို စိုစွတ်စေသည်လေ။ ခေါင်းပြားချပ်၍ သေဆုံးသွားသော ခွေးကလေးကို ကျွန်ုပ်ကျင်းတူး မြေ မြှုပ်ပေးရဦးမည်။ ခွေးမချစ်တတ်သော်လည်း ခွေးသေကို မိုးရေထဲမှာ ပစ်မထားချင်ပါ။ ဆေးပြာသုတ်ထားသော သစ်သားတဲအိမ်တစ်လုံး၊ သစ်ခွပန်းရုံတစ်ရုံနှင့် ဒေါန ပန်းခင်းတစ်ခင်း၊ ဗူးစင်ရိပ်အနီးမှ ရေချိုးတွင်းတစ်တွင်း၊ ပန်းချီကားများ၊ အနည်းငယ်မျှသော ကျွန်ုပ်၏ဘဝလိုအ များ ရေမှတ်ထားသော စာရင်းစာရွက် ဘယ်မှာကျပျောက် ခဲ့သည်မသိပါ။ အပြင်ဘက်မှာ မိုးတိတ်ပါတော့။ ရေတံ ခွန် တစ်ခုကို ခပ်ဝေးဝေးမှ ပြောင်းပြန်မြင်နေရသကဲ့သို့ မီးခိုးငွေ့များ ပျင်းရိလေးတွဲစွာ အထက်သို့တက်နေကြ သည်။ မီးခိုးငွေ့များနှင့်အတူ ကျွန်ုပ်လိုက်ပါသွားပါတော့ မည်။ အတ္တ၏အရိပ်သည် မြေကြီးပေါ်မှာ ဖုန်မှုန့်ထဲမှာ တွန့်လိမ်နေ၏။ သိသည်ဟု ထင်ထားသူများ ဆူညံကျယ် လောင်စွာ စကားပြောနေချိန်တွင် ကျွန်ုပ်သည် မီးခိုးငွေ့ များကြားတွင် တစ်ပါတည်း ပျောက်သွား၏။ ထိုနေရာမှာ သံကြိုးနှင့်တွဲထားသော ခွေးခြေခုံတစ်လုံးသာ ကျန်ရစ် သည်။ ခွေးခြေခုံပေါ်တွင် ဈေးကြီးပေး၍ ဝယ်မှရသော ရှနဲလ်နံပါတ်ငါး ရေမွှေးပုလင်း အလွတ် တစ်ခုရှိ၏။ ရေမွှေးပုလင်းထဲတွင် ပုတ်အဲ့နံစော်သော ဇော်ဇော် အောင်၏ နာမည်ရှိသည်။ ကျွန်ုပ်ပြန်လာတော့မည် မဟုတ်ပါ။


အမှန်စင်စစ်

နံ့သာဖြူသေတ္တာထဲမှာ

ကံ့ကော်ပွင့်ခြောက်များ

မရှိပါ။ 

ဘာမှ မရှိပါ။

မေသူ . . ။ 

ငါလေ. . . ။

အို ...

ဘာမှ မရှိဘူး 

ဘာမှ မရှိဘူး 

ဟုတ်တယ်၊ 

• • • ဘာမှ မရှိဘူး။


ဇော်ဇော်အောင်



Related Posts

No comments:

Post a Comment