ဆောင်းအိပ်မက်များ

 

အဝေးကို သွားကြည့်ရအောင်။ အိပ်ယာပေါ်မှာ မောနေတဲ့သူ့ကို ထားခဲ့လိုက်ပါ။ လမ်းထဲက လျှောက်လာတဲ့အခါ ဖြတ်သွားဖြတ်လာ အသွင်မျိုးစုံတွေ့ရတယ်။ ကျောင်းရောက်တော့ ခင်မင်တဲ့ သူငယ်ချင်းတွေ၊ သူတို့ဘဝ၊ သူတို့အကြောင်း။ မကျေနပ်မှုတွေ၊ ကျေနပ်မှုတွေ။ မတူညီတဲ့ ဘဝတွေ၊ တူညီတဲ့ ဘဝတွေ။ အလုပ်ထဲ သွားလိုက်ပါဦးမယ်။

မြို့တွေဆီ အလည်ဆက်သွားတယ်။ တမြို့ပြီးနောက်တမြို့။ ဈေးရောင်းတယ်။ ဈေးဝယ်တယ်။ ဘုရားသွား၊ ကျောင်းတက်၊ ရုပ်ရှင်ကြည့်၊ မင်္ဂလာဆောင်၊ ကလေးမွေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုအသင်း၊ နာရေးကူညီမှုအသင်းး။ မတူညီတဲ့ဘဝတွေ၊ တူညီတဲ့ ဘဝတွေ။

ခွေးတွေ၊ကြောင်တွေ၊ အသီးအရွက်စားသူတွေ၊ တံငါသည်တွေ၊ သားသတ်လိုင်စင်အတွက် လဘ်ပေးလာ်ယူမှုတွေ၊ သယံဇာတကျိန်စာသင့်တဲ့နိုင်ငံတွေ၊ လက်နက်ပွဲစားတွေ။ စစ်။ မုန်တိုင်း။ အာဏာ။ ငလျင်။ အောက်စ်ဖို့ဒ်က သင်္ဘောစီးပြီး ဟားဗတ်ကို ဆက်သွားကြည့်တယ်။ အရင်ရက်က ပါရာမောင့်ရုပ်ရှင်ခြံကြီးမီးလောင်ပြင်တော့ မသွားတော့ပါဘူး။

.......................................................................

ဆန်နီပစ်ကပ် နောက်အမိုးမပါတဲ့ ကားနောက်ခန်းမှာ ကျွန်တော်ပါလာတယ်။ အင်းယာမြိုင်ကျော်လာတော့ ဂျူးဂျူ ကို သူငယ်ချင်းနှစ်ယောက်နဲ့အတူ တွေ့လိုက်တယ်။ နံ့သာနုရောင်ခေါ်မလား။ ကျွန်တော် အရောင်တွေ သိပ်မသိဘူး။ ယောက်ျားဝတ် ရှပ်အင်္က ျီပုံစံနဲ့ တင်ပါးဖုံး ဝတ်ထားတယ်။ ဘေးကသူငယ်ချင်းကို ရယ်ပြီး စကားပြောတယ်။ ဂျူးဂျူ ပိုလှနေတယ်။

ကောင်ကင်ဘုံကနေ တက္ကသိုလ်ရိပ်သာလမ်းမှာ အလည်လာ လမ်းလျှောက်သလား။

ရာမညရှေ့ မှတ်တိုင်မှာ ကျွန်တော် အများနည်းတူ မီးပွိုင့်ဖက် လှမ်းလှမ်းကြည့်မိတယ်။ ဘတ်စ်ကားတွေ ဘယ်ရောက်နေကြပါလိမ့်။ တဖြည်းဖြည်းနဲ့ လူအုပ်ကြီးက ပိုများလာတယ်။ ကျွန်တော့်လိုပဲ လွယ်အိတ်လွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေများတယ်။ လက်တစ်ဖက်နဲ့ဆွဲခြင်းကိုင်၊ နောက်တစ်ဖက်က စာအုပ်လက်ပွေ့ ရင်ကပ်ထားတဲ့ ဆရာမငယ်လေးတွေ ဘတ်စ်ကားပေါ် ဘယ်လို တိုးတက်မလဲ ကျွန်တော် စဉ်းစားမရဘူး။

ကျွန်တော် ဒီလူအုပ်ကြီးထဲမှာ မနေချင်တော့ဘူး။ လမ်းလျှောက်လာပြီး မကြာခင်မှာ ဒိုင်နာတစ်စီး ကျွန်တော့်ကို ကျော်သွားတယ်။ နောက်ခြေနင်းခုံက တိုးလို့တွဲလောင်းတွေ အခုဆို တစ်ချို့   မြေကွက်များပိုင်ရှင်ဘောစိ၊ ပရော်ဖက်ဆာဒေါက်တာ၊ ရာထူးကြီး တစ်ရက်တစ်ရက် တံဆိပ်မဲလမ်းလျှောက်ဂျော်နီထက် ပိုဈေးကြီးတာ ဝယ်သောက်နေတဲ့ ဒေါ်လာစား။ ဘတ်စ်ကားမှာ တွဲလောင်း။

ကားရှင်းနေတဲ့ ပြည်လမ်းပေါ်မှာ ခြံနံပါတ် ၁၅ က သားကြီး စက်ဘီးစီးလာတယ်။ သူ့ကို လှမ်းခေါ်ပြီး အနားရောက်လာတော့မှ လိုက်ပို့ခိုင်းဖို့ စိတ်ကူး ဖယ်လိုက်တယ်။ ကျော်သိုက်ဇော်က သီရိဆောင်ဖက်အခြမ်း ဂျက်ဆင်ကို ဝင်တဲ့လမ်းထိပ် အုတ်ခုံမှာ ထိုင်နေတာ တွေ့လို့ နာရီမေးတော ဆယ်နာရီခွဲတဲ့။ ကျွန်တော့်စိတ်ထဲမှာ ကိုးနာရီခွဲ။ သူ့နာရီက တစ်နာရီလောက် စောနေသလား။

သေချာအောင်ကြည့်ဖို့ ကုတင်ဘေးခုံပေါ်တင်ထားတဲ့ ဖုန်းကို လှမ်းယူဖို့ အလုပ်မှာ လှည့်မရဘူး။ အားတခုခုက အိပ်ယာပေါ်က ထမရအောင် ဆွဲထားသလိုပဲ။

ကျွန်တော် ပြုံးလိုက်ပါတယ်။ ထဖို့ ကြိုးစား ရုန်းကြည့်တယ်။ မရဘူး။ ထပ်ကြိုးစား။

...............................................................

ပလူကောင်တောင်ပံတွေရဲ့နောက်မှာခြတွေအရေအတွက် ဘယ်လောက်ရှိမလဲ။ မိုးပေါ်တက်သွား၊ မြင့်သထက်မြင့်အောင်တက်သွား။ ကမ္ဘာပတ်ကြည့်။ စကြာဝဠာအပြင်ထွက်ပြီး အိပ်ယာပေါ်က မောနေတဲ့လူကို ငဲ့ကြည့်လိုက်ပါ။ ဘဝတခုစာ။

သံသရာမှာ ဘဝများစွာ။


Related Posts

1 comment:

  1. Mystino | No deposit bonuses for 2021
    Mystino casino 카지노 is a new casino where the main goal is to raise funds from your 10cric login customers. ミスティーノ For the players to use the casino bonuses as bonuses,

    ReplyDelete