ကံ့ကော်ခြေရာများ
............................
ကံ့ကော်တွေနှုတ်ဆက်စပြုနေကြပြီမောင်။
ဆောင်းနှောင်းရဲ့
နှင်းကြွင်းရနံ့ဆိုတာကိုလည်း မောင်မရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်မ
ပိုပြီးခံစားတတ် လာခဲ့တယ်။ မောင့်ကို နေ့တိုင်းပဲ သတိရမိတယ်ဆိုတာ ကျွန်မပြောရင်
(မောင်သာရှိနေအုံးမယ်ဆိုရင်) မောင်ယုံကြည်မှာပဲမဟုတ်လား။
““အော် ငယ်ရယ်၊ မောင့်ကို ချစ်လွန်း၊ နားလည်တတ်လွန်းတဲ့
ငယ်ပြောတဲ့ စကားကိုမှ မောင်မယုံရင် ဒီကမ္ဘာကြီးမှာ မောင့်လောက်မိုက်မဲတဲ့လူ
ရှိပါအုံးမလား “ လို့ မောင်ပြောမယ်စကားကို ကျွန်မကြားယောင်လိုက်တယ်။
ဒီနေ့လည်း ခါတိုင်းနေ့တွေလိုပဲ ကျွန်မ
ကျောင်းကိုစောစောထွက်လာခဲ့တယ်လေ။ အရှည်ကြီးဆိုင်က (ကိုတင်အောင်အဖေဆုံးလို့)
ခဏပိတ်ထားလို့ ကျွန်မ ဦးချစ်ဆိုင်မှာပဲ ထိုင်ဖြစ်တယ်။ ဦးချစ်ဆိုင်ဆိုလို့ အရင်နေရာ
မဟုတ်တော့ ဘူး မောင်၊ ကျွန်မတို့ ကျောင်းသားဘဝကရှိခဲ့တဲ့ တောင်ငူ Canteen
တစ်ခုလုံး နေရာ ရွှေ့လိုက်ပြီလေ။
မောင် ကြိုပြီးနိမိတ်ဖတ်ခဲ့တဲ့နေရာမှာပါပဲ။
တောင်ငူဆောင်နဲ့ မန္တလေးဆောင်ကြား အရိပ်ကောင်းတဲ့ အပင်ကြီးတွေဘက်မှာ
တက္ကသိုလ်ရိပ်သာလမ်းဘက်ကို မျက်နှာမူပြီးဆောက်ထားတယ်။ ဦးချစ်ဆိုင်က ကျွန်မတို့တောင်ငူဆောင်ဘက်
အနီးဆုံးနေရာမှာ။ အစွန်းဆုံး ဆိုတော့ မျက်နှာစာနှစ်ဖက်ရတာပေါ့။
ဆိုင်တန်းတွေပြောင်းစမှာပဲ ဦးချစ်ဆိုင်က ဗာဒံကိုင်းတွေချိုးပြီးစိုက် ထားတော့
အခုဆိုရင် အရိပ်ကောင်းကောင်းရနေပြီမောင်။ ကျွန်မတစ်ယောက်တည်း ဗာဒံပင်လေးအောက်က စားပွဲမှာထိုင်ရင်း
အရင်ဆိုင်ဟောင်းရဲ့ ဗာဒံပင်အောက်စားပွဲမှာထိုင်တုန်းက မောင် ဆိုညည်းပြတဲ့ “ကြင်နာသူလေးရဲ့
အချစ်ရိပ်နဲ့စာလိုက်ရင် ဗန်ဒါပင်ရိပ်ဟာ အေးချမ်းမှုမပြေဘူးကွယ်” ဆိုတဲ့
စိုင်းထီးဆိုင်ရဲ့ သီချင်းစာသားကို သတိတရကြားယောင်ရင်း
ဝမ်းပမ်းတနဲပြုံးလိုက်မိတယ်။
စာမေးပွဲတွေပြီးလို့ စာစစ်နေတဲ့အချိန်မှာ
အဝေးသင်တက္ကသိုလ် (ကျွန်မတို့ အချိန်ကတော့ စာပေးစာယူပေါ့လေ) ကကျောင်းသားတွေအတွက်
အနီးကပ်ပို့ချတဲ့ အချိန်လည်းမရောက်သေးဆိုတော့ ကျောင်းမှာစည်ကားမနေဘူးမောင်။
တောင်ငူဆိုင်တန်းက တစ်ချို့ဆိုင်တွေဆို ဖွင့်တောင်မဖွင့်ဘူး။ တကယ်က ဒီလိုရက်တွေမှာ
ကျွန်မအတွက်အားလပ်ချိန်များတယ်မောင်။ Tutor ပေါက်စပို့စာစစ်တဲ့
အထဲလည်းမပါဘူး။ ကျွန်မ Thesis လည်းပြီးသွားပြီလေ။
“ငယ် Master ပြီးရင်မောင်တို့လက်ထပ်ကြမယ်"
ဆိုတဲ့ မောင့်စကားကို မောင်မှတ်မိမှာပါနော်။ ဟော ဥသြတွန်သံ။
တောင်ငူ(အဆောင်ဝန်းကျင်) မနက်ခင်းရဲ့ ချမ်းမြေ့ကြည်းနူးစရာ အခြေအနေ တွေကတော့
အရင်အတိုင်းပါပဲမောင်။ ရာမညဆောင်နဲ့ - တောင်ငူဆောင်ကြားမှာ အဆောင်သစ်တစ်ခု
ထပ်ဆောက်ထားတယ်၊ အခု သမိုင်းနဲ့ အိုင်အာ (နိုင်ငံတကာဆက်ဆံရေးပညာ)က
အဲဒီအဆောင်သစ်မှာပေါ့။
ကျွန်မ အဆောင်ပေါ်တက်၊ ဌာနကိုသွား၊
လက်မှတ်ထိုးပြီးတော့ Main Library မှာစာအုပ်ငှားဖို့
ထွက်လာခဲ့တယ်။
ကျွန်မတို့ရဲ့ အဲဒီနေ့က တကယ်ကို
အံ့သြစရာပဲနော်မောင်၊ ဒဂုံဆောင်ရှေ့နားကစိန်ပန်းပင်ကြီး ရဲရဲနီနေတဲ့ အချိန်မှာ
ဘေးကပိတောက်ပင်အကြီးကြီးမှာ ကျန်နေတဲ့ ပိတောက်ဖူးတွေက မိုးရွာလို့ပွင့်၊
လေတိုက်တော့ ကြွေ၊ ကတ္တရာလမ်းနက်နက်နဲ့
အဆောင်ရှေ့မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဝါရွှေတောင်ကြွေတွေနဲ့ ရဲရဲနီနီ
စိန်ပန်းကြွေတွေရယ်လေ၊ အရမ်းကိုလှတာနော်။ မောင်က ချက်ချင်းဆိုသလိုပဲ .
“တောင်ငူ ဂျပ်ဆင် အဝင်လမ်းတစ်လျှောက်
ပိတောက်နဲ့ စိန်ပန်း
နွမ်းနွမ်းကြွေနေတယ်”လို့ အသံသာသာနဲ့ပြောခဲ့တယ်လေ။ ဒီလမ်းလေးကို
ကျွန်မတို့မေးမြန်းစုံစမ်းကြည် သလောက် ဘယ်သူမှ နံမည်မပြောနိုင်ကြဘူးနော်။ မောင်
သည်းတာလေ။ ငယ်နဲ့မောင် ချစ်သူနှစ်ယောက် အတူလျှောက်တော့
ချစ်သူတို့လျှောက်သောလမ်းပေါ့ တဲ့။
သတိရတယ် မောင်ရယ်။
.......................................................................
အခုကျွန်မ မောင်ပြောတဲ့
ချစ်သူတို့လျှောက်သောလမ်း၊ ကျွန်မတစ်ယောက်တည်းဆိုတော့ ဘယ်လိုခေါ်ရမလဲ၊ ကျွန်မ
ဒီလမ်းလေး အတိုင်းလျှောက်လာခဲ့တယ်မောင်။ ။
ခုလို ကျွန်မအတွက်
ကိုယ်ပိုင်အချိန်လေးတွေရှိတိုင်းလည်း လွမ်းရပါတယ်မောင်။ ။
မောင့်ကို၊ မောင်နဲ့ကျွန်မတို့ရဲ့
ချစ်သူဘဝနဲ့ကျောင်းတက်ခဲ့ရတဲ့အချိန်လေးတွေကို လွမ်းမိတိုင်း လည်း
ကျွန်မကြည်နူးချမ်းမြေ့မိတယ်။ ရွှေဘိုဆောင်ရှေ့ကိုရောက်တဲ့အချိန်မှာတော့
အဆောင်ရှေ့က ကိုင်းနေတဲ့ပေါက်ပင်ကြီးကို တအားကြီးကိုင်းကျ မသွားအောင်လို့ အုတ်နဲ့
အခိုင်အခန့် တိုင်ထောက်တဲ့နေ့က မောင်နဲ့ ကျွန်မ နေ့တစ်ဝက်လောက်ထိုင် ကြည်ကြတာ
သတိရလိုက်တယ်။ အခုထိ ပေါက်ပင်ကြီး အကိုင်းမပျက်ရှိနေသေးတယ်မောင်၊
အုတ်တိုင်ကိုတော့ထုံးတွေ သုတ်ထားတယ်လေ။
ဟိုးတုန်းက
ဂျပ်ဆင်မျှော်စင်အပေါ်ကိုတက်ကြည်လို့ရတယ်၊ မောင့်အမတောင်တက်ဖူးသေးတယ် လို့
မောင်ပြောခဲ့ဖူးတာကိုလည်း ဂျပ်ဆင်ကြီးကိုမြင်တိုင်း
ကျွန်မကြားယောင်မိပါတယ်မောင်ရယ်။ ပြီးတော့ရီစရာလေးတစ်ခု။
မောင်သူငယ်ချင်းသီဟက သူ့ကောင်မလေးကို
ကြံကြံဖန်ဖန်ပြောတဲ့စကား။ “ကိုယ်တို့အခုလိုထိုင်နေတုန်း ဂျပ်ဆင်ကြီးပြိုကျလာရင်
နှစ်ယောက်စလုံးကြွမှာပဲ၊ ကျောင်းမှာလည်း ရေရေလည်လည်နံမည်ကြီးသွားမှာ သေချာတယ်”တဲ့။
ဒီလိုပြောလို့ သီဟကောင်မလေးက တစ်ပတ်လောက်စိတ်ကောက်နေတယ်လို့ မောင် ပြောပြတော့
ကျွန်မ အရမ်းရယ်ခဲ့တာလေ၊ မျက်ရည်တောင်စို့ခဲ့ရပါရောလား။
ဂျပ်ဆင်ဘေးကဝါးရုံလေး အရင်အတိုင်းရှိပေမဲ့
ဂျပ်ဆင်ကင်တီးကတော့ မရှိတော့ဘူးမောင်။ စာသင်ဆောင်နဲ့အရမ်းကပ်နေလို့
အသံတွေအရမ်းဆူညံနေတာနဲ့ ဖျက်ပြီး မာလာဆောင်နောက်က ကင်တီးဆီမှာသွားဒေါင်းလိုက်တယ်။
ဂျပ်ဆင်နံဘေးစက္ကူပန်းရုံအောက်က(ယင်းမာလက်ဘက်ရည်ဆိုင်ရဲ့)
စားပွဲမှာ မောင်နဲ့မောင့်သူငယ်ချင်းတွေ ဝိုင်းဖွဲ့၊ ပြောဆို၊ ဆွေးနွေး၊
ငြင်းခုံနေကြတဲ့ အသံတွေ၊ သဏ္ဌန်တွေကို ကျွန်မရင်ထဲက မေ့ပျောက်နိုင်ပါ့မလား။
တစ်ခါတစ်လေ ကျွန်မကိုယ်တိုင်လည်း မောင်တို့နဲ့အတူ ထိုင်ဖြစ်ခဲ့တယ်လေ။
“အနုပညာ အကသင်တန်းက
တုမယှဉ်သာ အလှတွေဆန်းပါဘိ
အပန်းဖြေရိပ်သာခန်းမမှာ
အကအလှတွေနဲ့
ခဏခဏဆံကေကိုသပါတဲ့
အရပ်ခပ်ရှည်ရှည်နှမ
တရုပ်ကပ်ဘောင် သစ်ပြားကြားရယ်က
တစ်ချက်မခပ်ပေါင် မျက်တောင်များရယ်နဲ့”
…
အပန်းဖြေရိပ်သာရောက်တိုင်းလည်း
မောင့်ကဗျာလေးကို ကျွန်မစိတ်ထဲကအလိုလိုရွတ်ဆိုမိတယ်။ ကျွန်မချစ်ရတဲ့မောင့်ဆီက
ကျွန်မကို ပထမဆုံးပေးတဲ့ရည်းစားစာလည်းဖြစ်တဲ့ ဒီကဗျာလေးကို ကျွန်မ အလွတ်ရနေတာ
မဆန်းပါဘူးကွယ်။
တရုပ်ကပ်သစ်ပြားတံခါးတွေမရှိတော့ဘူးမောင်။
အုတ်နံရံနဲ့ မှန်ပြုတင်းတွေနဲ့ ဖြစ်သွားပြီလေ။ မောင်နဲ့ကျွန်မ အာရ်စီအပေါ်
သစ်တိုပင်ကြီးအောက်က ကျောက်ပြားအုတ်ခုံမှာ ထိုင်ဖူးတယ်နော်။ ပြီးတော့ ကြောင်လိမ်လှေကားက
ဆင်းကြတာလေ။ အာရ်စီကနေ စာကြည်တိုက်ဘက်ကို အဓိပဓိလမ်းမကြီးအောက်က ကူးသွားလို့ရတဲ့
ရေမြောင်းကြီး ရှိသေးလားတော့ ကျွန်မ မသိနိုင်တော့ဘူးမောင်။
မိန်းမသားကလည်းဖြစ်ပြန်၊ ဆရာမလည်းဖြစ်နေပြန်တော့ ကျွန်မ ဘယ်လိုမှကြည် ဖို့
မတတ်နိုင်တော့ဘူး။
စာကြည်တိုက်သစ်ကြီးမှာ။ မောင့်စိတ်ကူးလေး
အရမ်းကောင်းခဲ့တာလေ။
အဝင်ကပဲမြင်ရတဲ့ စာကြည်ခုံရဲ့နောက်မှီမှာ
ကြိုရောက်နေတဲ့သူက လက်ကိုင်ပုဝါလေးချည်ထားဖို့။
အပေါ်တစ်ခေါက်တက်၊
အထဲထိဝင်ရှာစရာမလိုတော့ဘူးပေါ့။
` ဒီခုံကို သူများဦးနေရင်ရော” လို့
ကျွန်မကမေးတော့ မောင်က
`သူများဦးနေရင်လည်း
အပြင်မှာဘဲထိုင်စောင့်ကွာ” တဲ့။ တတ်လည်းတတ်နိုင်တဲ့မောင်။ ပထမတစ်ရက်ကတော့
ကျွန်မအရင်ရောက်၊ လက်ကိုင်ပုဝါလေးချည်ထား၊ မောင်ရောက်လာ၊ အဆင်ပြေလို့။ နောက်တစ်ရက်
ကျွန်မကနောက်ကျတယ်။ အဝင်ကကြည်လိုက်တော့ ချည်ထားတယ်ပေါ့။ နီးလာတော့လက်သုတ်ပဝါကြီး။
ကျွန်မမှာ အထဲပဲဝင်ကြည်ရမလို၊ အပြင်မှာပဲထိုင်စောင့်ရမလို ဖြစ်နေတုန်း
နောက်ကမောင်ရောက်လာတယ်။ ကျွန်မတို့နှစ်ယောက် စိတ်ကူးယဉ်ကဗျာဆန်ချင်တာလေး
လည်းပျက်ပါလေရော။ ။
စာကြည်တိုက်ရောက်ပြီးမှ
ဓါတုဗေဒကသူငယ်ချင်းတစ်ယောက်ဆီမှာ စာတစ်အုပ်ခဏငှားဖို့ မှာထားတာ သတိရတာနဲ့
ထွက်လာခဲ့တယ်။
သစ်ပုတ်ပင်ကြီးကိုမြင်တော့လည်း
မောင်ပြောပြတဲ့ မောင့်သူငယ်ချင်း ကိုချိုနဲ့ကိုကျော်ကျော်ငြိမ်း သစ်ပုတ်ပင်ကြီးကို
သူတို့ထက် တက္ကသိုလ်ရောက်တာ စောတယ်၊ အသက်အများကြီးကြီးတယ်၊ ဒါကြောင့် ဂါရဝပြုရမယ်
လို့ပြောပြီး ထိုင်ကန်တော့ကြတယ် ဆိုတာကို တွေးမိ၊ ပြုံးလိုက်မိပါရဲ့။
ကျွန်မတွေ့ချင်တဲ့သူငယ်ချင်းက
ဘွဲ့နှင်းသဘင်ခန်းမမှာ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အမှတ်စာရင်းကိစ္စအတွက် သွားတယ်ဆိုလို့
သိပ်ပြီးအရေးကြီးတွေ့ဖို့တော့ မဟုတ်ပေမယ် ဘာရယ်မဟုတ် ကျွန်မလျှောက်လာခဲ့တယ်။
အဆိုင်အဆိုင်တွဲလွဲကျနေတဲ့
အသည်းကွဲရောင်သော်ကပန်း တဲ့။ အခြားအပင်တွေထက် ဒီကွန်ဗို့ ဘေးနှစ်ပင်ကပွင့်တဲ့ သော်ကပန်းကမှပိုလှတာ
တဲ့။ မောင့်စကားတွေ မှတ်မိနေတဲ့ကျွန်မကို သူငယ်ချင်း တစ်ယောက်က “အဲဒီလောက်မှတ်ဉာဏ်ကောင်းရင်
နင်ဆယ်တန်းတုန်းက အမှတ်ကောင်းကောင်းရသင့်တယ်” လို့ တမင်ပြောဖူးတယ်။
မောင့်စကားတွေကို ကျွန်မဦးဏှောက်ထဲမှာမှတ်ထားတာမှမဟုတ်ဘဲကွယ်။ ရင်ထဲ၊
နှလုံးသားထဲမှာ စွဲနေခဲ့တာလေ။
ဒီကွန်ဗို့ရှေ့မြက်ခင်းမှာ
မောင်နဲ့မောင့်သူငယ်ချင်း (ကိုသူရစိုး၊ ကိုဇော်လတ်ထွန်း၊ ကိုပြည်စိုး၊
ကိုစိုင်းအောင်မျိုးကျော်၊ ကိုထင်မင်းကျော်၊ ကိုအာကာအောင်၊ ကိုထိန်လင်း၊
ကိုကျော်ကျော်ငြိမ်း၊ ကိုကိုလွင်) အုပ်စုကို ကျွန်မရိုက်ပေးတဲ့ဓါတ်ပုံကတော့
အမှတ်တရတစ်ခုပဲပေါ့။ သူတို့တွေ တက္ကသိုလ် စိန်ရတုမှာ စာမူခွင့်ပြုချက်နဲ့
အိပ်မက်တွေကိုချည်တဲ့ကြိုး ဆိုတဲ့ကဗျာစာအုပ်ထုတ်ကြသေးတယ်လေ။
ကျွန်မတွေ့ချင်တဲ့သူငယ်ချင်းနဲ့တွေ့ပြီး စာအုပ်ရခဲ့တယ်။
စာကြည်တိုက်မဝင်တော့ဘဲ ဌာနကိုပဲ တန်းပြန်တော့မယ်လို့စိတ်ကူးလိုက်တယ်။
ကျွန်မ အဓိပတိလမ်းအတိုင်းလျှောက်လာခဲ့တယ်မောင်။
ဆောင်းနှောင်းရဲ့နှင်းကြွင်းရနံတွေကို
ကံကော်ပွင့်လေးတွေက သယ်ဆောင် ယူငင်သွားစပြုနေကြပြီး မကြာခင်မှာပဲ ဝါဝါထိန်ထိန် ငုဝါခိုင်လေးတွေ၊
ရွှေပိတောက်တွေ၊ နောက် ခရမ်းရောင်ပျဉ်းမပန်းတွေ၊ အဲဒီနောက် ရဲရဲနီနီတဲ့စိန်ပန်းတွေ
၊
မောင့်ရဲနှုတ်ဆက်ခဲ့တဲ့ကဗျာ။
ခွဲခွာရတော့မယ်ဆိုတဲ့အသိနဲ့
တစ်ပြိုင်တည်းမှာပဲ
ဘယ်တော့မှနှုတ်မဆက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဘဝတစ်လျှောက်လုံး ဆွတ်ပျံ့လွမ်းတနေရမယ့်
အားမာန်တွေ လွှမ်းခြုံနေတဲ့
ရင်နင့်ဖွယ်ဖြစ်ရပ်တွေ ကျန်ရှိနေတဲ့
ချစ်စရာ လွမ်းစရာ တမ်းတစရာ
ပန်းကမ္ဘာ အလွမ်းကမ္ဘာ
သိပ်ကိုလှပတဲ့ တက္ကသိုလ်
တကယ်တော့ အမိတက္ကသိုလ်ဟာ
အနှစ်သာရပြည်ဝတဲ့
ကာရန် နဘေ လင်္ကာ တေးသွား
စကားလုံးအားကောင်းတဲ့
ကဗျာတစ်ပုဒ်ပါပဲ
တက္ကသိုလ်ဆိုတာ ကဗျာတစ်ပုဒ်ပါပဲ။
ဟုတ်ပါတယ်မောင်။ တက္ကသိုလ်ဟာကဗျာတစ်ပုဒ်။
ဒီကဗျာရှည်ကြီးကို ကျွန်မတို့ရဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေက စပြီးရေးသားခဲ့သလို
အစဉ်အဆက် ကျွန်မတို့ရဲ့ တပည် သားမြေးတွေ ဆက်လက်ရေး သားကြအုံးမှာပါပဲ။
မောင်နဲ့ကျွန်မ
နှစ်ယောက်အတူလျှောက်ခဲ့ဖူးတဲ့ ဒီအဓိပတိလမ်းမကြီးမှာ ခြေရာတွေ
ထင်ကျန်ရစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ချန်ရစ်လို့ ကျန်ရစ်ခဲ့တဲ့ခြေရာတွေကို အပြင်မှာ
ပြန်ရှာ မတွေ့နိုင်တော့ပါဘူးမောင်။
ဒါပေမယ် ကျွန်မရင်ထဲမှာတော့၊
ကျွန်မရင်ထဲကတက္ကသိုလ်မှာတော့၊ ကျွန်မရင်ထဲကအဓိပတိလမ်းမမှာတော့
မောင်နဲ့အတူလျှောက်နေဆဲ ခြေရာလေးတွေ ချန်ရစ်နေမြဲ လွမ်းနေဆဲပါ မောင်။
မိုးခိုင်
၁၉၉၀
ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ReplyDeleteကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။
*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159