(၁)
မေမိုးမြင့်မောင်။
မေမိုးမြင့်မောင်။
စိုးမောင် အခန်းပေါက်ဝရောက်စဉ်မှာပင် သူ့ဆရာဇော်နိုင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း တတွတ်တွတ်ရွတ်သံကြားရသော်လည်း အသံမကွဲပြား။
မေမိုးမြင့် မောင်။ ဟုတ်ပြီ။ စိုးမောင်နားထဲမှာ ကြားရသည်။
အခန်ထဲသို့ ကပျာကယာပြေးဝင်ပြီး
ဆရာ ကျွန်တော် သိတယ်ဆရာ..ဟုစိုးမောင်အပြောကို
ဟေ.. ၊ အလွတ်စုံထောက်ဇော်နိုင် တအံ့တဩတုန့်ပြန်မိသည်။
ကျွန်တော် အခု သွားခေါ်လိုက်မယ် ဆရာ။
ဟေ့ နေဦး စိုးမောင်။
ပြောပြီးပြေးထွက်သွားသော စိုးမောင်ကတော့ ဇော်နိုင်ပြန်ပြောစကား နားမထောင်။
ဒီကောင် အလွဲတွေတော့ လုပ်ဦးမှာပဲ။ ဇော်နိုင်ခေါင်းတခါခါဖြင့် စိတ်ပျက်လက်ပျက်တွေးပြီး အလုပ်စားပွဲတွင်ထိုင်သည်။
အချိန်မကြာလိုက်။ စိုးမောင် အမောတကောဖြင့် ပြန်လာသည်။ ဘေးမှာတော့ နေ့စဉ် သတင်းစာပို့သော လူငယ်။
ဆရာ၊
ကျွန်တော် မေမိုးမြင့် မောင်ပါဆရာ။ စိုးမောင် စကားမဆုံးသေး သတင်းစာပို့ လူငယ်က ဝင်ပြောသည်။
ဆရာစိုးမောင်က သူ့ဆရာနှင့်အခုလိုက်တွေ့၊ ငွေတစ်သောင်းပေးမယ်ဆိုလို့ လိုက်ခဲ့တယ်ဆရာ။
ကျွန်တော့်အစ်မ မေမိုးမြင့် ဇာဘော်လီဆိုင်မှာ ဆရာစိုးမောင်က အခု ဖေ့စ်ဘုတ်မှာ ကြော်ငြာနေတဲ့ အုန်းမှုတ်ခွက်ဘော်လီ ရောက်ပီလား လာစုံစမ်းရင်း ကျွန်တော်တို့ သိကြ..။
ဟုတ်တယ်ဆရာ ဒီ အုန်းမှုတ်ခွက်နဲ့...။
တော်စမ်း စိုးမောင်။ ဇော်နိုင် စိတ်မရှည်နိုင်တော့ပါ။
ညီလေးလည်း သတင်းစာပို့ နောက်ကျမယ် သွားတော့။ မင်းအချိန်တွေ ဆုံးရှုံးလို့ ငါးထောင်တော့ ယူသွား။
ကျေးဇူးပါဆရာ။
စာပို့လူငယ် အခန်းပြင်ရောက်သည်အထိစောင့်ပြီး ဇော်နိုင်ပြောသော
စိုးမောင်၊ လကုန်ရင် မင်းလခထဲက ဒီ ငါးထောင် အဖြတ်ခံရမယ် စကားကို စိုးမောင်က
ဆရာ ဒါ မတရားဘူးဆရာ။ ကျွန်တော် မေမိုးမြင့်ရဲ့မောင်ကို သူကစက်ဘီးနှင့်သွားတာ နောက်က ပြေးလိုက်ခေါ်ရတယ်။ ဆရာက ဘာမှ မမေးဘဲ ပြန်လွှတ်တယ်။
မင်းကို ဘယ်သူက ခေါ်ခိုင်းလဲ။
ဆရာပဲ မမိုးမြင့် မောင်၊ မေမိုးမြင့် မောင်လို့ ရွတ်နေတာ ကျွန်တော် သေသေချာချာ ကြားရတယ်။
ဆရာ့အမှုအသစ်အတွက် အထောက်အကူ ဖြစ်ဖို့ မေမိုးမြင့် မောင် အဝေးမရောက်ခင် ကျွန်တော် ချက်ချင်း ပြေးခေါ်တာလေဆရာ။
တော်စမ်း စိုးမောင်။ မင်းကိုငါ အကြိမ်ကြိမ်မှာတယ်။ ငါ့စကားဆုံးအောင် နားထောင်ပြီးမှ ခိုင်းတာလုပ်ဖို့။ ငါရွတ်နေတာ မင်းကြီးတော် အုန်းမှုန့်ခွက်ဇာဘော်လီ မေမိုးမြင့်ရဲ့မောင် မဟုတ်ဘူး။
မေမိုးမြင့်မောင်ကွ။
ရော့ ဒီမှာဖတ်။
ဇော်နိုင်ပေးသော စာရွက်ကို စိုးမောင်ဖတ်သည်။
အမည်။ မေမိုးမြင့်မောင်
အဘအမည်။ ဦးမြင့်မောင် (ယူဆ)
အဖိုးအမည်။ ဦးမောင် (ယူဆ)
အသက်။ မျိုးဆက်ပွား ကျန်းမာရေးအသက်အပိုင်းအခြား၏ အလယ်ကိန်း
ကျား၊မ။ မ
ရုပ်ရည်သွင်ပြင်။ ခင်သီတာထွန်း၊ ဂျနီဖာလိုပက်ဇ်၊ သက်မွန်မြင့် တို့နှင့်ဆင်သည်။
ပညာအရည်အချင်း B.A(Eng); D.B.L; M.B.A
ပျောက်ဆုံးသောနေ့။ LGBTQIA ...
xxxxxxxxxxxxxxxx.
(၂)
တောင်ငူဆောင်ရှိ ပူပူနွေးနွေး ကတိကရာထူးတိုးရထားသော ငယ်သူငယ်ချင်းကို ဂုဏ်ပြုစကားပြောပြီး ဇော်နိုင်အောက်ပြန်ဆင်းလာသည်။ ကျောင်းသားဘဝက ဆရာဦးထွန်းမြင့်နှင့် တစ်ခန်းတည်း အတူထိုင် ဆရာဦးဇော်မြင့်ကို သူတို့သူငယ်ချင်းများ၏ အမှတ်တရကဗျာစာအုပ်လက်ဆောင်ပေးရင်း ခုနစ်မိနစ်အကြောင်း မေးဖြစ်သည်ကို တွေးရင်းပြုံးမိသည်။
တောင်ငူ-ဂျပ်ဆင် အဝင်လမ်းတစ်လျှောက် ပိတောက်နဲ့စိန်ပန်း နွမ်းနွမ်းကြွေနေတယ်။ ထိုနေ့က ဒဂုံဆောင်ရှေ့ရှိ ပိတောက်နှင့်စိန်ပန်းပွင့်များ ညကမိုးလေကြောင့် မြက်ခင်းစိမ်းပေါ်မှာရော လမ်းပေါ်မှာပါ ပြန့်ကျဲနေခဲ့သည်။ ဂျပ်ဆင်ဘက် လမ်းလျှောက်ဦးမည် စိတ်ကူးစဉ် ဘောင်ဘီနောက်အိပ်ထဲက ဖုန်းမ
မြည်လာသည်။ သူ့ရုံးက ဖုန်းနံပါတ်။
ဟယ်လို။
ဆရာ၊ ကျွန်တော်တို့ ချိန်းခြောက်ခဲ့ရပြီဗျ။
စိုးမောင် ဘာလဲကွာ၊ အရင်းအဖျားမရှိ။ သေချာပြောစမ်း။
ကျွန်တော် ရုံးခန်းမှာ သန့်ရှင်းရေးလုပ်နေတုန်း ဖုန်းလာတယ်ဆရာ။
ဒိုင်ခွက်မှာ နံပါတ်တွေ အများကြီး၊ နိုင်ငံခြားဖုန်းထင်တာပဲ။
မေမိုးမြင့်မောင်ကို မရှာနဲ့။ ဒါပထမအကြိမ် သတိပေးခြင်းပဲ။ ဒါပဲပြောပြီး ဖုန်းချ သွားတယ်။
အခုချက်ချင်းပဲ ဆရာဆီ လှမ်းဆက်တာ။
အေးရပြီ။ ငါရုံးရောက်မှဆက်ပြောရအောင်။ ဒါပဲ။ ဇော်နိုင် ဖုန်းပိတ်ပြီး ကားထားရာသို့ ပြန်လှည့်ရသည်။ မေမိုးမြင့်မောင်ကို သူရှာနေတာ သူပါမှ သိသူ သုံးယောက်။ ရှာခိုင်းသူရယ်၊ စိုးမောင်ရယ်။
မရှာစေချင်တဲ့လူက ဘယ်သူလဲ။ ဘာကြောင့်လဲ။ သူ့ရုံးကို ဖုန်းဆက်တာ ဘယ်ကလဲ။
သန္တာလေးရေ တခုလောက် ကူညီပါဦး။ ဆက်သွယ်ရေးမှာ အလုပ်လုပ်သော သူငယ်ချင်းကို ဇော်နိုင် ဖုန်းဆက်သည်။
ကိုဇော်နိုင် လိုတာရှိရင် ဆက်တယ်နော်။ သန္တာကိုတော့ ကုန်တိုက်အသစ်သွားချင်လို့ ပို့ပေးပါဆိုတော့ မပို့ဘူး။ အဲဒီတုန်းက တကယ်ပဲ အရေးတကြီးလှုပ်ရှားစရာ ရှိလို့ပါ သန္တာရယ်။ ဘယ်သွားချင်လဲပြော။ သန္တာလေးက သူ့ကို တွယ်တာချင်သလို အရိပ်အယောင်ပြတတ်သည်။ သူ့အတွက်ကတော့ သူငယ်ချင်းသံယောဇဉ်သာ။ မိမိရုံးကို အရှေ့ဖျားတိုင်းြပ်တစ်ခုက အများသုံးဖုန်းနဲ့ဆက်သည်တဲ့။
သူ့အတွက် ရုပ်ရှင်က စိတ်ဝင်စားဖွယ်မရှိ။ သန္တာပြောသမျှ အင်းအဲလုပ်၊ ခွာပေးသမျှ နေကြာစေ့တွေစား။ ရုပ်ရှင်ပြီးတော့ သန္တာလေးက တခုခု စားချင်သေးသည် ပြောသော်လည်း အိမ်မှာပဲစားဖို့ ပြောပြီး ပါဆယ်ဝယ်သည်။
ဇော်နိုင်စိတ်ထဲမှာ သူတို့ကို စောင့်ကြည်သူ ရှိနေကြောင်း သိလာသည်။ သန္တာလေးအိမ်ရှိရာ ဘူတာရုံလမ်းကို သွားဖို့ အင်းစိန်လမ်းဘက်သွားရာ မရွေးလဲ ပြည်လမ်းဂုံးကျော်တံတားကို တက်လာခဲ့သည်။ နောက်ကလိုက်လာသည်။ တိုရိုတာ လင့်ခရူဇာ။ အင်းယားလမ်းထဲကွေ့ဝင်သည်။
ဇော်နိုင် နင်ဘယ်တွေ မောင်းနေတာလဲ။ ငါ ပုဂံလမ်းက အမအိမ် ခဏဝင်ဖို့ပါ။ သန္တာလေးကို မသိစေချင်။ အင်းယားလမ်းတလျှောက် အနောက်က ပါလာသည်။ မီးပွိုင့်မှာ ညာချိုးပြီး ဇော်နိုင် ဘယ်ဘက်ယဉ်ကြောပြောင်းရန် အချက်ပြထားလိုက်သည်။ နောက်ကကား ကျော်တက်သွားပြီ။ ဇော်နိုင်လည်း ပုဂံလမ်း မဝင်ဖြစ်တော့၊ သန္တာလေးကို စံရိပ်ငြိမ်ရှိ သူ့အိမ်အရောက် ပို့ပေးခဲ့ပြီးဇော်နိုင် အိမ်ပြန်လာသည်။ သူ့မှာ စဉ်းစားစရာတွေရှိသည်။
မေမိုးမြင့်မောင်။ ပြည်တွင်းမှာပဲရှိသလား။ ပြည်ပတိုင်းပြည် ရောက်နေသလား။
xxxxxxxxxxxxxxxxxxxxxx
(၃)
စန္ဒယားအဖုံးပေါ်ရှိ ပန်းအိုးထဲက နှင်းဆီကတော့ မနက်ခင်းကတည်းက ထိုးထားသည်ဖြစ် အနည်းငယ်နွမ်းနေသည်။
မေမိုးမြင့်မောင် စန္ဒယားအဖုံးကို ဖွင့်ပြီး စန္ဒယားမတီးတတ်သော ကလေးငယ်တစ်ယောက်လို လက်ညှိုးလေးနှင့် ခလုတ်များကိုနှိပ်သည်။
သူစန္ဒယားမတီးဖြစ်သည်မှာ ဘယ်လောက်ကြာပြီလဲ။ ကြာတော့ရော ဘာဖြစ်လဲ။ မကြာတော့သေးတော့ရော ဘာဖြစ်လဲ။ ဘာမှအရေးမကြီးပါဘူး။
အတွေးကဆန့်ကျင်နေသော်လည်း ကျင့်သားရခဲ့သော လက်ချောင်းများက စနစ်တကျ ပြေးလွှားချင်သည်။ အထိုင်အနေအထားကို ပြင်ဆင်လိုက်ပြီး မေမိုးမြင့်မောင်၏ လက်အစုံ စန္ဒယားခလုပ် အဖြူအနက်များပေါ်မှာ ဘယ်မှညာ၊ ညာမှာဘယ် လူးလာခေါက်တုန့် ပြေးလွှားတီးခတ်သည်။ တီးနေကျ မိုးကိုနမ်းပါ။ နားထဲမှာ သီချင်းစာသားများကြားယောင်လျက်။
တစ်ခုခုတော့ လိုနေသည်။ မတီးတာကြာလို့ အသံမလှတာလည်း မဟုတ်။ ခံစားချက်ကြောင့်လား။
အော် အသံရှိန်ထိန်းခြေခလုတ်ကို သူမနင်းနိုင်ဘူးပဲလေ။
တက္ကသိုလ်ရာပြည့်မှာ တက္ကသိုလ်ကျောင်းကငွေလမင်း။ သူ ဆိုတီးဖို့ကြိုးစားခဲ့တဲ့သီချင်း။
ဖြူ နီညို ပြာ စိမ်း ဝါ တွေ ခြယ်သောအခါ ရောင်စဉ်ဖြာ လှလိုက်တာ... အရောင်အသွေး စုံလှသည်။ စန္ဒယားခလတ်နှင့် သူ့လက်ချောင်းလေးများ ထိတွေရာက ဖြစ်ပေါ်လာသော အရောင်များနှင့် နားဆင်သူ ပရိသတ်ဆီက ထွက်ပေါ်လာနေသော အရောင်များ လိုက်လျောညီထွေ ရှိလှသည်။ အလှတရား။ ဒီစကားလုံးက သူ့စိတ်ထဲ ရောက်လာသည်။ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထု ထဲကလား။ စန္ဒယားလှထွတ် သီချင်းထဲကလား။ လှသည်။ လှနေသည်။ လှနေကြသည်။ ဂီတကလည်း လှသည်။ နားဆင်သူတွေလည်း လှသည်။ အော် တီးခတ်သီဆိုနေသည့် ကလေးမလေးက ပိုလှသည်။ မြတ်စွာဘုရား။ ကိုယ့်အတွေးကို သစ်ပုပ်ပင်ကြီး သိလေမလား။
သီချင်းဆုံးသွားသည်ကို ဇော်နိုင် မသိလိုက်။ အစီအစဉ်ကြေညာသူ ပြောသွားတာ မကြားလိုက်ပေမဲ့ စတင်တီးခတ်လာသော တေးသွားကို သူသိသည်။ တခါက သူရဲ့ ရင်ထဲက သီချင်း၊ ရင်ကွဲတဲ့သီချင်း၊ ကိုဆွေနွယ်များ သူ့အကြောင်း ရေးဖွဲ့လေသလား ထင်မှတ်မှားလောက်အောင် တိုက်ဆိုင်တဲ့ သီချင်း။
အော် ဒီလို အဖြစ်မျိုးထဲမှာ ချစ်ကျိုးနည်းရမှာလား..
ဒုန်း ဒုန်း ဒုန်း ဒုန်း ဆရာ ဆရာ
ဟေ
ဆရာ ဆရာ
ဟေ့ အော်မနေနဲ့တော့ ငါနိုးပြီ။ မနေ့ညက ငယ်သူငယ်ချင်းများနှင့်ဆုံသည်။ ဇော်နိုင် မသောက်တော့ပေမဲ့ ငယ်သူငယ်ချင်းများ ဆုံဆည်းသောညကိုတော့ မပျက်မကွက်သွားသည်။
ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားဘဝကို အကြောင်းတွေ စမြုံ့ပြန်ပြောဆို၊ ငယ်ကျိုးငယ်နာဖော် နောက်ပြောင်ကျီစယ်။ ညအတော်နက်သည်။
အိပ်မက်။ အိပ်မက်ထဲက စန္ဒယားတီးနေတာ မေမိုးမြင့်မောင်လား။
xxxxxxxxxxxxxxxxxx
No comments:
Post a Comment