ဒီလိုညမျိုး...

 


ဒီလိုညမျိုး...
လရောင်အောက်မိုင်အဝေးညမှာ ကျွန်မအကြောင်း တွေးနေတဲ့လူတစ်ယောက်ရှိမယ်ဆိုခဲ့ရင်ဆိုတာမျိုး ကျွန်မတွေးတတ်တာ မကြာလှသေးပါဘူး။ ဒီလိုညမျိုး၊ ဒီလိုညမျိုးဆိုတဲ့စကားလုံးကို သုံးဖူးသူများပါလိမ့်မယ်။ ဒီလိုလူတွေထဲကလူတွေလိုပါပဲ၊ ကျွန်မရဲ့ဒီလိုညမျိုးက ထူးခြားလှတယ် မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ယောက်သောသူ မှတ်မိမယ်ဆိုရင်တော့ သူနှင့်ကျွန်မ ဒီလိုညမျိုးမှာ ဆုံခဲ့ပါတယ်။ ဒီလိုညမျိုးမှာ လကို အတူထိုင်ကြည့်ဖူးပါတယ်။ ဒီလိုညမျိုးမှာ စန္ဒယားလှထွတ်ရဲ့ ရုပ်ရှင်ခေါင်းစီးသီချင်းတွေ အတူနားထောင်ဖူးပါတယ်။ ဒီလိုညမျိုးမှာ ပိတောက်လမ်းတစ်လျှောက် အတူလျှောက်ဖူးပါတယ်။
ကျွန်မတို့ရဲ့စကားထဲမှာ လရောင်ဆမ်း၍ ရွာလမ်းမြေမာ ဝင်းဝင်းဝါခဲ့ဖူးပါတယ်။ ကျွန်မတို့ အညာက တမာနှင့်မကျီးပင်ရောယှက်နေတဲ့ကွပ်ပျစ်မှာ ထန်းမြစ်အတူ စားခဲ့ဖူးပါတယ်။ ဒီလိုညမျိုးမှာပဲ ကျွန်မက ချိုပြုံးရဲ့ တမာလမ်းက ပြန်ခဲ့ပါကို ဘယ်တော့မှ အပြင်မှာ မဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
'တမာတွေ ဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွာ ဆယ်လီနှစ်များ ကြာခဲ့ပြီမောင်ရေ'
ဒီလိုညမျိုးမှာ ကျွန်မရင်ထဲမှာ ညည်းနေတဲ့ သီချင်းများစွာရှိခဲ့ပါတယ်။
ဒီလိုညမျိုးကတော့ အိပ်မပျော်တဲ့ညထဲမပါခဲ့ဘူးလေ။ အိပ်မပျော်ဘူးဆိုတာ အိပ်တယ်၊ မပျော်ဘူးဆိုတဲ့ ပေါင်းစပ်မှု၊ ဒီလိုည ကျွန်မ မအိပ်ဖြစ်တော့ အိပ်မပျော်ဘူးလို့ မပြောနိုင်ဘူး မဟုတ်လား။
'အိပ်မပျော်သောညတွေ အသင်္ချေ မြင်တွေ့နေကြ အချစ်မျက်နှာလေး' ကျွန်မ လွှမ်းမိုးပြန်ဆိုတဲ့အသံမကြိုက်ဘူး။ ပူလွန်းတယ်။
ကျွန်မကို 'တပြည်သူ မရွှေထားရေ' လို့ပဲ တမ်းတပါ။ ဒီလိုညမျိုးမှာ ဒီလို စိတ်ကစဉ့်ကလျားနှင့်ကျွန်မ၊ ဒါ အလွမ်းလား။ ဒါ အချစ်လား။ ကျွန်မ သူငယ်ချင်းကတော့ပြောတယ်။ ဒါလည်း ဟုတ်ယောင်ထင်မှု တခုပါတဲ့။
လရောင်အောက်မိုင်အဝေး ဒီလိုညမျိုးမှာ ဟုတ်ယောင်ထင်မှုများစွာ ဘယ်လောက်ကြာအောင် ကျွန်မ ဖက်တွယ်ထားမလဲ။
မိုး ခိုင်
၂၀၁၇၁၁၀၂
တန်ဆောင်မုန်းလပြည့်အကြို

Related Posts

No comments:

Post a Comment