ကုသိုလ်ဆက်

 


ကုသိုလ်ဆက် 

 

 ကျွန်တော်၏ အိမ်ရှေ့ရှိ သနပ်ပင်ကြီးကား နှစ်ကာလ ကြာရှည်လှပြီဖြစ်၍ သက်ကြီးရွယ်ရင့်တို့ဘာဝ ကွေးကောက်ကိုင်းညွှတ်သော ကိုယ်နှင့် ရင့်ရော်ကြမ်းခက်သော အရွက်များဖြင့် မလှသောအသွင်ကို ဆောင်တော့၏။ ဤသနပ်ပင်ကြီးကဲ့သို့ ကွေးနိုင်၊ ကောက်နိုင်၊ ကိုင်းနိုင်သည့် အပင်မျိုးရှိမည်မထင်။ 

 

 ကျွန်တော်တို့၏ အိမ်ကလေးပေါ်သို့ မိုးနိုင်အောင်ပင် မမြင့်သော်လည်း ပင်စည်ကို ဘီလူးလက်များဖြင့် ဆွဲ၍ ဆန့်လိုက်ပါမူ ယခုရှိသောအမြင့်ထက် နှစ်ဆလောက်တိုး၍ မြင့်ပေလိမ့်မည်။ ဤပင်အိုကြီးသည် ယခင်ရှေးက ပင်ပျိုပင်နုဖြစ်ခဲ့၏ ။ လန်းဆန်းဝေဆာခဲ့၏ ။ နွေရာသီဦး ရွက်ဟောင်းကြွေ၍ ရွက်သစ်တွေဖူးသည့် အခါတွင် နုထွတ်စိမ်းဖတ်သည့် အညန့်အရွက်ကလေးများကို ကျွန်တော်တို့ငယ်စဉ်က နှစ်တိုင်းနှစ်တိုင်းခူးကာ ချူကာ ချဉ်ရေဟင်းချက်၍ မြိန်မြိန်ရှက်ရှက်ကြီး စားသောက်ခဲ့ကြ၏။ 

 

 ယခုကားရွက်ညွန့် ရွက်သစ်များဝေဆာခြင်း မရှိတော့ပေ။ သိသိသာသာ ရွက်သစ်လဲခြင်း မရှိတော့ပေ။ ရှေးအခါက နေမင်းပူရှိန်သည် နွေခါချိန်တွင် ထူထပ်ပေါများသော အရွက်တို့၏ တန်ခိုးကြောင့် ကျယ်ဝန်း စိမ့်အေးသောအရိပ်ဖြင့် ဝင်ရောက်ခိုလှုံသူ ခရီးသည်တို့အား နှစ်သိမ့်စေခဲ့၏ ။ ယခုကား ကျိုးတိုးကျားတားရှိသော အရွက်တို့ကို နေမင်း၏ပူရှိန်သော အရောင်တို့သည် အလွယ်တကူ ထိုးဖောက်ကာ သစ်ပင်အောက်ရှိ အရိပ်ကို ကွက်တိကွက်ကျားနေအောင် ဖန်တီး၏။ ဖြတ်သန်းသွားလာသော ခရီးသည်တို့သည် ခိုလှုံရပ်နားစရာ အရိပ်ရှိသည်ဟုပင် မသိမမှတ်ကြတော့ပေ။ 

 

 ဤသနပ်ပင်ကြီးကား သဘာဝဓမ္မအတိုင်း တဖြည်းဖြည်း အိုမင်းမစွမ်း ရှိခဲ့ရသည် မဟုတ်ရှာပေ။ လူတို့၏ စိတ်လိုရာကို ဖြည့်စွမ်းနိုင်စေခြင်းငှာ ဖန်တီးကြံစည်ထားသည့် လောကဓါတ်ပညာ၏ အသိုင်းအဝိုင်း အစေအပါးတို့ကြောင့် ညှဉ်းဆဲခြင်းခံခဲ့ရရှာ၏။ နှစ်တိုင်းပင် ဓာတ်ကြိုးဖက်မှ၎င်း၊ မြူနီစီပယ်ဖက်မှ၎င်း၊ လက်နက် အပြည့်အစုံနှင့် ကုလားများလာ၍ ဓာတ်ကြိုးများ သွယ်ထားသော လမ်းဖက်ရှိ အရွက်အခက် ကိုင်းကြီးကိုင်းငယ်များကို ဖြတ်တောက်ခုတ်ထစ် သုတ်သင်ပစ်ကြကုန်၏။ 

 

 အပင်ကြီးကား သနားစရာ။ အိမ်ဖက်ကလည်း အလင်းရောင်မရ။ လမ်းဖက်ကလည်း ခုတ်ပစ်။ အရှေ့ဘက်ကလည်း အိမ်သို့သွယ်ထားသော ဓာတ်ကြိုးကြောင့် အကိုင်းအခက်မထုတ်ရ။ သုံးဖက်မှ အနှိပ်စက်ကို ခံရရှာသဖြင့် ကျန်တစ်ဖက်သို့ ကိုင်းထွက်ကာ ကောက်ကွေး ခြင်းဘဝသို့ ရောက်ရရှာလေသည်။ 

 

 ကျွန်တော်၏အဖွားသည် ရေအိုးစင်တည်၍ ရေကုသိုလ်ပြုရန် ဆုံးဖြတ်လိုက်၏။ ရေအိုးစင် ပုံပန်းသဏ္ဌာန်နှင့် ဆောက်လုပ်ပုံကို စီမံသူကား ကျွန်တော်၏ဖခင်။ လက်စိုက်၍လုပ်ကိုင်သူကား တပည့်ကျော် မြသီး။ ကျွန်တော်ကား နံဘေးမှရပ်လျက် အားပေးအားမြှောက်ပြုကာ မနောကံ ဝစီကံဖြင့် ကူညီ၏။ ရေအိုးစင်ကလေး သပ်သပ်ရပ်ရပ်ရှိပေပြီ။ ခိုင်ခိုင်ခန့်ခန့် တည်ထားပေပြီ။ သင်္ဘောဆေးဖြူ သုတ်ထားသည့် အမိုးနှင့်ခြေတံတို့ကြောင့် ကျက်သရေပဝင်းလျက် ရေသောက်သူများ ရေမွတ်သိပ်ခြင်းကို ပြေပျောက်စေရုံသာမက သနပ်ပင်ကြီးအောက်မှလွဲ၍ အဘယ်နေရာ၌ ထားပါအံ့နည်း။ ရေသောက်သူများကား ရေကိုအားရပါးရ ခပ်ယူကြ၏။ သောက်၍မကုန်နိုင်သည့်အခါ သစ်ပင်ရင်းသို့ ပက်သွန်ခဲ့ကြ၏။ ကျွန်တော်တို့၏ ကုသိုလ်ကို ပွားများစေလိုကြဟန်တူ၏။ 

 

 တစ်နေ့သောအခါ သနပ်ပင်ကြီး၏ အောက်ခြေမှ သနပ်ပင်ပျိုကလေးတစ်ပင် မြေနားတွင် ကပ်လျက် ပေါက်လာ၏။ ဤသနပ်ပင်ကြီးကို ကျွန်တော်တို့ မျှော်လင့်ခြင်းကင်းသော ဘဝ၊ သစ်သစ်လွင်လွင် ဖန်တီးနိုင်ရန် ပေးသောဘဝသို့ ရောက်ရှိလေပြီဟု မှတ်ယူထား၏။ မည်သည့်မိုးဦးလေဦး တိုက်ရာတွင် လဲပြိုမည်နည်းဟု စောင့်စားခဲ့၏။ မလဲပြိုစေချင်။ သို့သော် လောကသဘာဝအတိုင်း ဤတလှုပ်လှုပ် တကုပ်ကုပ်ရှိသော ပင်အိုသည် လဲပြိုခြင်းသဘောကို လွန်ဆန်နိုင်မည် မဟုတ်တော့ဟု ထင်မိခဲ့၏ ။ ဤမွဲခြောက်ခြောက် ရော်ရင့်ရင့်ရှိသောအပင်သည် သက်တမ်းစေ့လုနီးပြီ ဖြစ်ရကား၊ ခက်နုကိုင်းပျို ပေါက်ရောက်ထိုးထွက်ရန် မတတ်နိုင်တော့။ အားကုန်ခဲ့ပြီဟု ကျွန်တော်တို့မှတ်ယူခဲ့၏ ။ 

 

 ယခုကား ဤအပင်၏ ကိုယ်လုံးပင်ခြေအရင်းနားမှ အသက်သစ်ဖြစ်သော ပင်ပျို ကိုင်းခက်ကလေး ထွက်လာ၏။ ထွက်လာရုံသာမက တစ်နေ့တခြား ကြီးထွားလာ၏။ 

အရွက်အခက်တို့နှင့် ပြည့်စုံလာ၏။ တစ်နေ့တစ်နေ့ မြင့်လာ၏။ ကောင်းကင်အထိ တက်ရန်ပင် တာဝန်လေးလှမည် မဟုတ်ဟူသော သဘောမျိုးရှိလေရော့သလားမသိ။ အညွန့်တလူလူနှင့် ထောင်လွှားကာ နုမာန်ပျိုးလျက်ရှိ၏။ လူမချိုး၊ နွား မစား၊ ဆိတ်မညှဉ်းပဲ ဝဋ်ကင်းလာခဲ့၏ ။ 

 

 ယခုအခါ ဤအပင်ကလေးသည် ကျွန်တော်၏ တစ်ရပ်ရှိပေပြီ။ အပင်ကလေးဟု ကျွန်တော်ဆို၏။ ပင်စည်လုံးမှ ပေါက်လာသော အကိုင်းကလေးပင် စင်စစ်ဖြစ်သော်လည်း မြေနားမှကပ်ပေါက်သည် တစ်ကြောင်း၊ တည့်တည့်မတ်မတ် တဟုန်တည်းထိုး၍ အပင်များကဲ့သို့ ပေါက်လာသည် တစ်ကြောင်း၊ ဤအကြောင်းတို့ကြောင့် အပင်ကလေးနှင့် တူနေ၏။ ပင်ပျိုကလေး၏ အရွက်နုကလေးများကို မြင်ရတိုင်း ကျွန်တော်၏စိတ်သည် နုပျိုသစ်လွင်လာ၏။ မတွေးဘူးသော အကြံများ၊ မကြုံဘူးသော စိတ်ကူးများ၊ စိတ်မကူးဘူးသော မျှော်လင့်ချက်များ၊ မမျှော်လင့်ဘူးသော ဉာဏ်သစ်များသည် ပေါ်ပေါက်ဝေဆာလာ၏။ 

 

 ပင်ပျိုကလေး၏ စိမ်းစိုနုဖတ်သောအဆင်သည် လောကကြီးကို တန်ဆာဆင်တော့၏။ ပင်ပျိုကလေး၏ မကြောက်မရွံ့ ၊ မထိတ်မလန့်၊ မကြောင့်မကြ၊ မစိုးရိမ်သောအသွင်သည် ကျွန်တော့်အား အားပေးလျက်ရှိ၏။ ဤပင်ပျို၏ မျှော်လင့်ခြင်းသည် ကျွန်တော့်၏ မျှော်လင့်ခြင်း။ ဤပင်ပျို၏ ရဲဝံ့ခြင်းသည် ကျွန်တော်၏ရဲဝံ့ခြင်း။ ဤပင်ပျို၏ နုပျိုတောင့်တင်း ဝေဆာခြင်းသည် ကျွန်တော်၏နုပျိုတောင့်တင်းဝေဆာခြင်း။ ဤပင်ပျိုခရီးသည် ကျွန်တော်၏ ခရီး။ ဤပင်ပျိုကား ကျွန်တော်၊ ကျွန်တော်ကား ဤပင်ပျိုဟု ဆိုရမတတ် ဤပင်ပျိုသည် ကျွန်တော်၏စိတ်ကို ဖုံးလွှမ်းစိုးမိုးလေတော့သည်။ 

နွယ်စိုး 


Related Posts

No comments:

Post a Comment