စိမ်းလန်းသောတောင်ကုန်းများ
စိမ်းလန်းစိုပြေသောမြက်ခင်းတို့ဖြင့် ဖုံးလွှမ်းကာရှိသော တောင်ကုန်းတို့၏အကြားတွင် သပ္ပါယ်လှစွာသော စေတီတော်သည် ငြိမ်ဆိမ်တိတ်ဆိတ်ခြင်း တည်းဟူသော အသရေကို ဆောင်ကာ တည်ရှိ၏။
နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့်ရှိသော တောင်ကုန်းတို့ကို ကျော်လွန်၍ ဤစေတီတော်မြတ်သို့ လာရောက်ဖူးမြင်သူများသည် ကြည်လင်သောစိတ်ထား ရွှင်လန်းသော အာရုံဖြင့် ချဉ်းကပ်ကြသည်သာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မောင်နှမတစ်စုကား စေတီမြတ်အား ဖူးမျှော်အံ့ဟု ကြေညာ၍ အိမ်မှထွက်လာကြသော်လည်း စင်စစ်မှာမူ လွတ်လပ်ပျော်ရွှင်စွာ မိမိတို့ချည်း သွားလာလည်ပတ်ရခြင်းကို အဓိကထားသူ များဖြစ်ကြ၏။ နေ့လယ်စာကို အိမ်၌မစားသောက်ဘဲ သာယာသော တစ်နေရာရာတွင် ပျော်ပွဲစားသဖွယ် ယူဆောင်၍ စားသောက်လိုကြရကား စေတီတော်မြတ်၏ ပတ်ဝန်းကျင်ရှိ ကုန်းကလေး၊ ချိုင့်ကလေး၊ မြေညီမြက်ခင်းကလေး၊ စမ်းကလေးများရှိရာသို့ ကျွန်တော်တို့သည် တညီတညွတ်တည်း မျက်နှာမူကြ၏။ ‘ဘုရားဖူး သွားမလို့’ဟု အားရဝမ်းသာ စိတ်ထဲက အောက်မေ့ကြ၏။
မြေညီလမ်းတွင် လျှောက်လာစဉ် ခပ်ဝေးဝေးမှ စေတီတော်မြတ်အား မြင်တွေ့ရ ၏။ စိမ်းလန်းသော တောင်ကုန်းမြင့်များ၏ ခြေရင်းသို့ ရောက်သောအခါ စေတီတော်မြတ်အား မမြင်နိုင်ပေ။ ဤတောင်ကုန်းများသည် သာယာလှ၏။ ကြည်အေးသောရေကို ငတ်မွတ်မောပန်းသော ခရီးသည် သည် မဝနိုင်၊ မတော်နိုင်၊ အားမရနိုင်အောင် နှစ်နှစ်ခြိုက်ခြိုက်ကြီး သောက်သကဲ့သို့ ဤတောင်ကုန်းများ၏ စိမ်းလန်းသော အရောင်သည် ကျွန်တော်တို့၏ မျက်စိအာရုံကို တင်းတမ်စေခြင်းငှာ မတတ်နိုင်။ သာယာသောသဘာဝ၏ အရသာကို ကျွန်တော်တို့ မောင်နှမတစ်စုသည် လွတ်လပ်ပျော်ရွှင်စွာ ခံစားကြ၏။ မြင့်သောတောင်ကုန်းကို ပြေးတက်ကြကုန်၏။ နိမ့်သောချိုင့်ဝှမ်းသို့ ပြေးဆင်းကြကုန်၏။ ကျွန်တော်တို့ကား ငယ်ရွယ်၏။ သန်စွမ်း၏။ ကျန်းမာ၏။ နုပျို၏။ ငြိုငြင်ခြင်း၊ ပူပန်ခြင်း၊ စိုးရိမ်ခြင်းတည်းဟူသော စိတ်၏ အနှောင့်အယှက်များမှ လွတ်ကင်း၏။
ကျွန်တော်တို့အထတွဲင် ခင်လှကား အပျော်ဆုံးတည်း။ စိတ်အား အထက်သန်ဆုံးတည်း။ ကျွန်တော်တို့ စခန်းချမည့် စေတီတော်မြတ်ထံသို့ အလျင်အမြန်ဆုံး ရောက်ချင်သူတည်း။ ခင်လှသည် ၁၃ နှစ်အရွယ် ကျွန်တော့်ညီမလေးဖြစ်၏။ ကျွန်တော်တို့၏ ရှေ့ဆုံးမှနေ၍ လွှားကနဲ၊ လွှားကနဲနေအောင် အမြန်လျှောက်ကာ မိမိ၏ လျင်မြန်ထက်သန်သော စိတ်ကိုထင်ရှားစေ၏။ ခင်လှ၏ သန်မာနုပျိုသော ကိုယ်လုံး ကလေးသည် စိမ်းလန်းစိုပြေနေသော မြက်ခင်းပေါ်တွင် တစ်လှမ်းစီလျှောက်နေသည်ဟု မထင်ရ။ အားမစိုက်ရဘဲ လျင်မြန်စွာ အလိုလို ရွေ့သွားသည်ဟု ထင်ရ၏။
ခင်လှကား မိမိသွားလိုရာအရပ်သို့ ချက်ချင်းပင်ရောက်လို၏။ ရောက်အောင်လည်းသွား၏။ စိတ်သွားတိုင်း ကိုယ်ပါ၏။ ခင်လှကုသိုလ်ကောင်း၏။ ခင်လှသည် ရှေ့ခပ်လှမ်းလှမ်းမှ ကျွန်တော်တို့အား လှည့်ကြည့်၍ ‘ကိုကိုလေးတို့က နှေးလိုက်တာ’ဟု ပြုံးလျက်အော်ပြော၏။ နောက်ကျနေသော ကျွန်တော်တို့မောင်နှမတစ်စုသည် ခင်လှနှင့် အမှီ လိုက်ရလေသည်။
ကျွန်တော်တို့ကား စိတ်၏ပျော်ရွှင်ခြင်းကို မျိုသိပ်မထား။ သီချင်းဆိုကြ၏။ ရယ်စရာပြော၍ ရယ်ကြ၏။ ရယ်စရာမပြောဘလဲည်း ရယ်ကြ၏။ တောင့်တင်းကြံ့ခိုင်သော ခြေတံတို့သည် နုပျိုရွှင်လန်းသော စိတ်၏ အခိုင်းအစေကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေး၏။ စေတီတော်မြတ်သို့ ကျွန်တော်တို့ရောက်သောအခါ မည်သူမျှ မောသည့်လက္ခဏာဖြင့် ဟီးမချ။ မည်သူမျှ ပန်းသည့်လက္ခဏာဖြင့် ပစ်မလှဲချေ။ ဆူညံစွာ စားသောက်ကြ၏။ ခင်လှ၏ ပါးစပ်မှ တတွတ်တွတ်ပြောသော စကားသံတို့သည် စမ်းငယ်မှစီးဆင်းသော ရေသံတို့ဖြင့် ရောနှောကာ လေထတွဲင် လွင့်ပါသွား၏။ စေတီတော်မြတ်အနားတွင် ကျွန်တော်တို့စခန်းချသော်လည်း ဘုရားဝတ်ပြုရန်ကား ရုတ်တရက် သတိမရကြချေ။
‘မထွေး ဘုရားကန်တော့ဦးလေ’ ဟု ခင်လှအား ကျွန်တော်က သတိပေးရလေသည်။ ခင်လှအား တစ်ခါတစ်ရံ မထွေး ၊ တစ်ခါတစ်ရံ အထွေး ဟု ကျွန်တာ်ကခေါ်လေ့ရှိ၏။ အထွေး ၊ မထွေး ဟု ခေါ်ခြင်းကို ကလေးဘဝတွင် ခင်လှသည်သဘောမကျ မရှိခဲ့သော်လည်း ယခုကား ၁၃နှစ်အရွယ်ရှိပြီဖြစ်၍ မိမိကိုယ်ကို မိမိ လူကြီး ဖြစ်ပြီဟု မှတ်ယူကာ သဘောမကျလှချေ။ အစ်ကိုဖြစ်သူ ကျွန်တော်ကိုကား မခေါ်ပါနှင့် မတားမြစ်ဝံ့ချေ။ သို့သော် စကားပြောလျှင် ခင်လှ၊ ခင်လှဟု မိမိနာမည်ကို ထည့်၍ပြော၏။ အခြားသူများက ‘ခင်လှ’ဟု ခေါ်မှ ကြိုက်၏။
‘ခင်လှ ဘာဆုတောင်းရမလဲ’ဟု ကျွန်တော်ကိုမေး၏။ မောင်နှမတစ်စု ဝိုင်းရယ်ကြ၏။ တစ်ယောက် တစ်မျိုး အကြံပေးကြ၏။ ခင်လှကား နားပိတ်၍ပြေးလေပြီ။ စေတီတော်မြတ်ရှေ့တွင် ခဏတွေဝေနေ၏။ ပုဆစ်ဒူးချလျက် ခပ်သုတ်သုတ်ဝတ်ကျေဝတ်ကုန် ဦးသုံးကြိမ်ချ၏။ ဦးခေါင်းမော့လျက် ဆုတောင်းဟန်ရှိ၏။
ကျွန်တော်တို့ထံ ပြန်လာသောအခါ မောင်နှမတစ်စုက ‘ခင်လှ ဘာဆုတောင်းခဲ့သလဲ’ ဟု မေးကြ၏။ ခင်လှ ဆုတောင်းတာလေ၊ ပြောမယ်၊ ခင်လှလေ၊ အသက်အရှည်ကြီးနေချင်တယ်။ အသက်ရှည် နေရတာ သိပ်ကောင်းတာပဲနော်။ ခင်လှ ခုနကလျှောက်လာတုန်းက အော်လာတာ ကြားရလား။ ခင်လှစိတ်ထဲမှာ သိပ်ပျော်တာပဲ။ အသက်ရှင်နေရတာ သိပ်ကျေးဇူးတင်တာပဲ။ ဒါကြောင့် ခုနက ‘မြေ၊ မြေ ငါလျှောက်ဖို့ ခိုင်မာအောင်နေလို့ ကျေးဇူးတင်တယ်။ လေ၊ လေ ငါ့ကိုအေးအောင်တိုက်လို့ ကျေးဇူးတင်တယ်။ မြက်ခင်း၊ မြက်ခင်း ငါ့ကိုပျော်အောင် စိမ်းစိမ်းကလေးနေလို့ ကျေးဇူးတင်တယ်’လို့ အော်လာတယ်။ ဒါကြောင့် ဘုရားမှာ ခင်လှ စဉ်းစားပြီးတော့ ‘တပည့်တော်မ အသက်အရှည်ကြီး နေရပါစေဘုရား။ လူ့ပြည်နေလို့ သိပ်ကောင်းတာပဲလို့ ဆုတောင်းပြီးပြောခဲ့တယ်’ဟု စိတ်ပါလက်ပါပြောပြလေရာ ကျွန်တော်တို့မောင်နှမတစ်စုမှာ များစွာ သဘောကျကြလေသည်။
ကျွန်တော်တို့သည် စားသောက်ပြီးကြသောအခါ အသွားတုန်းကကဲ့သို့ပင် သွက်လက် ပျော်ရွှင်စွာ ပြန်လာကြ၏။ စေတီတော်မြတ်အား စောင်းငဲ့၍မျှမကြည့်ခဲ့ပေ။ နုပျိုငယ်ရွယ်သူတို့၏ ထုံးစံအတိုင်း ကျွန်တော်တို့မှာ ရှေ့ကိုသာဇောစိုက်လျက်သွားကြ၏။ စေတီတော်မြတ်အား ကျောခိုင်း၍ မျက်ကွယ်သွားသည့်အခါ သတိမရကြတော့ချေ။ ဤသို့ဖြင့်တောင်ကုန်းများကို သွက်လက်စွာ ကျော်လွန်၍ လာကြရာ အဆုံးစွန်သော တောင်ကုန်း၏ ခြေရင်းတွင် လူကြီးတစ်ယောက်ကို ကျွန်တော်တို့ တွေ့မြင်ရလေသည်။
ထိုသူမှာ အသက်က ၆၀ ကျော်ကျော်ရှိပေလိမ့်မည်။ ထိုသူသည် ယခင်အခါက ခန့်ညားသန်မာသော ရုပ်ကြန်သဏ္ဌာန် ရှိခဲ့ပေလိမ့်မည်။ ယခုအခါမူကား အသက်ကြီး အရွယ်ရင့်လော၊ ရောဂါဘယကြောင့်လော မသိ။ သန်သန်မာမာ မဟုတ်ကြောင်းကို ‘ကျ’နေသော မျက်နှာက သက်သေခံလျက်ရှိ၏။ တဘက်တစ်ခုကို လောဘက်ထိုး၍ စိမ်းလန်းသော တောင်ကုန်း၏ ခြေရင်းတွင် ခြေစုံရပ်ကာ စေတီတော်မြတ် ရှိရာအရပ်သို့ မျက်နှာမူလျက် တည်ကြည်ငြိမ်သက်စွာ ဘုရားအာရုံပြုနေသည်ကို ကျွန်တော်တို့မောင်နှမတစ်စု တွေ့မြင်ရ၏။
ရှေ့ဆုံးမှခင်လှသည် ရပ်တန့်လျက် ဘုရားအာရုံပြုသူ လူကြီးအား ငေးစိုက်၍ ကြည့်၏။ အော်ဟစ်ကျယ်လောင်စွာ ပြောခဲ့သော ကျွန်တော်တို့၏ စကားသံ၊ ရယ်မောသံသည် အလိုအလျောက် တိတ်ဆိတ်သွား၏။ ထိုသူ၏ နောက်ဖက်ရှိ မြေညီလမ်းနှင့် ရှေ့ဖက်ရှိ တောင်ကုန်းများသည် ထိုသူ၏အခြေအနေကို ထင်ရှားစွာ ပြ၏။ ထိုသူကား စေတီတော်မြတ်ကို ဖူးမျှော်လို၍ လာသူဖြစ်၏။
မြေညီလမ်းအဆုံးတွင် ထိုလူကြီးသည် မောလေပြီ။ တောင်ကုန်းများကို ဖြတ်ကျော်သွားခြင်းငှာ မတတ်နိုင်တော့ချေ။ ကျွန်တော်တို့အဖို့ စိမ်းလန်းသာယာသော တောင်ကုန်းများသည် ထိုလူကြီးအဖို့ကား ကာကွယ်ပိတ်ဆီးသော အနှောင့်အယှက်များတည်း။ ထိုလူကြီး ငယ်ရွယ်စဉ်က ကျွန်တော်တို့ကဲ့သို့ပင် လွှားကနဲ၊ လွှားကနဲဖြင့် တောင်ကုန်းများကို ကျော်သွားခဲ့ပေလိမ့်မည်။ ထိုလူကြီးငယ်ရွယ်စဉ်က စေတီတော်မြတ်အား အရေးတကြီး ဂရုမစိုက်ဘဲ ခပ်ပေါ့ပေါ့ပင် နေခဲ့ပေလိမ့်မည်။ စေတီတော်နားမှ ဖြတ်သန်း၍သွားသော်လည်း ငဲ့၍မျှမကြည့်။ စိတ်ထဲကမျှ အမှတ်မရဘဲ သွားလာခဲ့ပေလိမ့်မည်။ ယခုကား ထိုလူကြီးအိုပြီ။ စိမ်းလန်းသော တောင်ကုန်းများကို ကျော်မတက်နိုင်တော့ပြီ။ မောခြင်းဟူသော ဒုက္ခ ကပ်စွဲကပ်နေချေပြီ။ ကျွန်တော်တို့ကော။ ယခုမူကား ထိုလူကြီးသည် တောင်ကုန်း၏ ခြေရင်းမှပင် ဘုရားကိုအာရုံပြုနေရရှာ၏။ ငယ်ရွယ်စဉ်က မည်သည့်ကုသိုလ်၊ အကုသိုလ်များကို ပြုခဲ့ပါသနည်း။ နောင်ဘဝအတွက် စဉ်းစားရမည့် ယခုအရွယ်တွင် စေတီတော်မြတ်ထံသို့ ချဉ်းကပ်ခြင်းငှာ မတတ်နိုင်တော့ပြီ။ ကျွန်တော်တို့ကော။
ဘုရားကို တကယ်ပင် ချဉ်းကပ်ရန် မြင်မြင်ထင်ထင်ဖူးမျှော်ရန် လိုလားရသည့်အရွယ်၌ ဤစိမ်းလန်းသော တောင်ကုန်းများသည် စေတီတော်မြတ်အား ကွယ်ထားလေပြီ။ ဤစိမ်းလန်းသော တောင်ကုန်းများ၏ ခြေရင်းမှ စေတီတော်မြတ်အား မမြင်ရ။ စိတ်၌သာ အာရုံပြုနိုင်တော့သည်။ ကျွန်တော်တို့ကော။
ကျွန်တော်တို့သည် တစ်မိနစ်ခန့်မျှ ထိုလူကြီးအားငေးစိုက်လျက် ကြည့်မိ၏။ ခင်လှသည် ကျွန်တော်ထံသို့ ဖြည်းညှင်းစွာ လာလျက် ‘ကိုကိုလေး၊ ခင်လှ ဘုရားကိုပြန်ချင်တယ်’ဟု လေသံဖြင့် ပြောလေသည်။ မောင်နှမတစ်စု တိတ်ဆိတ်စွာ စေတီတော်မြတ်ရှိရာသို့ ပြန်လှည့်သွားကြ၏။ လမ်းတွင် ခင်လှသည်တစ်လှမ်းချင်း လှမ်း၍ ဖြည်းလေးစွာ သွား၏။ မောင်နှမတစ်စုမှာ စကားတစ်လုံးမျှ မပြောကြချေ။
စေတီတော်မြတ်သို့ ရောက်သောအခါ ကျွန်တော်တို့အားလုံး ငြိမ်သက်စွာ ရှိခိုးကြ၏။ ခင်လှသည် လေးနက်သောအာရုံဖြင့် ကြာရှည်စွာ ရှိခိုးပူဇော်၏။ ဘုရားရှိခိုးအပြီးတွင် ခင်လှ၏ရှိုက်သံကို ကြား၍ ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် မျက်ရည်အသွယ်သွယ်ကျ၍ ပါးစပ်မှ ‘အရှင်ဘုရား၊ တပည့်တော်မ ခုနက ဆုတောင်းတာ ပြင်ပါရစေဦး ဘုရား။ အသက်တော့ ရှည်ချင်ပါတယ်။ နို့ပေမယ့်၊ နို့ပေမယ့် အိုရင် ဒီတောင်ကုန်းတွေကို ဖြတ်လာနိုင်အောင် သန်သန်မာမာရှိပါရစေ။ အို၊ ခင်လှ မအိုချင်ဘူး။ အရှင်ဘုရားကို တောင်ကုန်းတွေ ကွယ်ပြီးနေရင် ခင်လှအိုရမှာ ကြောက်တယ်။ အို ဘုရာ့၊ ခင်လှ ဒီလိုပဲ အိုရမှာလားဘုရား။ ဒီမြက်ခင်းတွေ တောင်ကုန်းတွေ စိမ်းနေတာ ဘာလုပ်ဖို့လဲ။ အရှင်ဘုရားကို ခင်လှတစ်သက်လုံး မြင်ချင်ပါတယ်ဘုရား’ဟု တစ်လုံးစီ လှိုက်လှိုက်လှဲလှဲဆုတောင်းသည်ကို ကြားရပါသည်။ ကျွန်တော့်မှာ စကားမပြောနိုင်ဘဲ ညီမလေး၏ လက်ကိုကိုင်ကာ စေတီတော်မြတ်အား မော့၍ မော့၍ ငေးနေမိတော့သတည်း။
No comments:
Post a Comment