ကျွန်တော့်မျက်လုံးများသည် ဖန်၍နေကြလေပြီ။ ကျိန်းစပ်သော ဝေဒနာကိုလည်း ခံစားနေရသည်။ မျက်ရည်ပူများကလည်း မျက်လုံးအိမ်ဝယ် စုလျက်နေ၏။ နားထင် တဖက်တချက်ကို တူကြီးများဖြင့် တဒိန်းဒိန်း ထုနေသည်အလားဟု ထင်ရလောက်အောင် ခေါင်းကိုက်နေပါသည်။ ကျောရိုးတစ်လျှောက်တွင် တုတ်ချောင်း လျှိုထားသကဲ့သို့ တောင့်တင်းနေသည်မှာလည်း အခံရ ခက်လှပါသည်။ မျက်နှာတစ်ခုလုံးလည်း ချွေးဆီများပြန်ကာ စေးကပ်ကပ်၊ စေးထန်းထန်း ဖြစ်နေ၏။ နေရထိုင်ရသည်မှာ မသက်သာလှပါ။ အဘယ့်ကြောင့်ဆိုသော် မနေ့ညက တစ်ညလုံး အိပ်မရသောကြောင့် ဖြစ်ပါသည်။ ယခု အရုဏ်ကျင်း၍ လင်းတော့မည်။ ပြတင်းပေါက်မှ မျှော်ကြည့်သော် အရှေ့ဆီမှ ရောင်နီကို မြင်ရ၏။ သည်စားပွဲတွင် သည်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း တစ်ည လွန်မြောက်ခဲ့ပေပြီ။ လဘက်ရည်ကြမ်းအအေးကို တစွပ်စွပ်သောက်ရင်း တစ်ညလုံး အလုပ်လုပ်ခဲ့သည်။ ယခု မိုးလင်းတော့မည်။ နာရီပြန်တစ်ချက်နှင့် သုံးနာရီကြားတွင် အိပ်တော့မည်ဟု ကြိမ်ဖန်များစွာ ကြံခဲ့မိ၏။ သို့သော် မအိပ်ဖြစ်။ လဘက်ရည်ကြမ်း သောက်လိုက် လမ်းလျှောက်လိုက်နှင့် မအိပ်ဖြစ်အောင် ကြိုးစားကာ အလုပ်ဆက်၍ လုပ်ခဲ့သည်။ သုံးနာရီအကျော် လေးနာရီ အကူးလောက်တွင် မျက်စိပြန်ကျယ်လာသည်။ ယခုအိပ်၍ မရတော့ပါ။ အိပ်ချင်စိတ်ကား ရှိ၏။ အိပ်ရာ နူးနူးညံ့ညံ့ ထွေးထွေးနွေးနွေး ကလေး တစ်ခုပေါ်တွင် ပက်လန်လှန် ကျောဆန့်ကာ အိပ်လိုက်ရလျှင် အလွန့်အလွန် အရသာရှိပေမည်ဟု စဉ်းစားမိ၏။ သို့သော် ယခု ကျွန်တော် အိပ်၍မရတော့ပါ။
စားပွဲက ထ၍ တံခါးကိုဖွင့်ကာ ဆင်ဝင်ဘက်သို့ ထွက်ခဲ့ပါသည်။ မိုးမိထားသော ဝါဂွမ်းများနှင့်တူသည့် တိမ်ဆိုင်များကို အရှေ့ကောင်းကင် တစ်ဝိုက်တွင် တွေ့ရ၏။ တိမ်များ၏ အရောင်သည် တောက်၏။ ရောင်နီသည်လည်း ပြန့်ပြန့်လွင်လွင် ရှိလှ၏။ သို့သော် ကောင်းကင်ဝမှ ထိုအရောင်များသည် လမ်းမီးများ၏ အရောင်ကို မထိုးဖောက်နိုင်သေးပေ။ အပြာရောင်လဲ့လဲ့ ရှိသော်လည်း လမ်းမီးများကား ထိန်လင်းထွန်းတောက်လှ၏။ တစ်တိုင်နှစ်တိုင် သုံးလေးတိုင် ကြိုးကြား တည်ရှိနေသော လမ်းမီးတိုင်များသည် အဝေးအမှောင်တွင်းသို့ တိုးဝင် ပြေးသွားနေသည်နှင့် တူ၏။ ကတ္တရာစေးလမ်းမကား ပြောင်လက်နေ၏။ ဆေးဖြူဖြင့် ရေးထားသော လမ်းပြကားကွေ့မျဉ်းများသည် ကတ္တရာစေးလမ်းပေါ်တွင် ထင်းနေ၏။ လမ်းပေါ်တွင် လူသွားလူလာ ရှင်းသေး၏။ ရံဖန်ရံခါ အရှိန်ပြင်းစွာ မောင်းဝင်လာသော ပန်းကားများ၊ ဟင်းသီးဟင်းရွက် ကားများလောက်သာ တွေ့ရ၏။. အကောင်သေးသလောက် အသံကျယ်သော သုံးဘီးကလေးများ ဒုန်းပြေး၍ သွားသည်ကိုလည်း တွေ့ရ၏။ အလုပ်သမားအပြည့် တင်လာသော အလုပ်သမား ကားကြီးများကိုလည်း မြင်ရ၏။ ဆိုက်ကားများလည်း လှုပ်ရှားစ ပြုပေပြီ။ ဆိုက်ကားများ လှုပ်ရှားစပြုကြသည်နှင့် တပြိုင်နက် လမ်းမသည် အသက်ဝင်၍ လာတော့သည်။ လူသံသူသံ ကြား၍ လာတော့သည်။ ခရီးသည်များကို တင်ကာ ဟိုမှသည်မှ၊ သည်မှဟိုမှ လူးလာတုံ့ခေါက် ပို့ဆောင်နေကြသော ဆိုက်ကားများကို တွေ့ရပေပြီ။ အချို့သည် ခရီးသည် မပါသောကြောင့် သီချင်းတအေးအေးနှင့် ဖြည်းဖြည်းနင်း၍ သွားကြသည်။ လမ်းကြိုလမ်းကြားမှ ဆိုက်ကားများ ထွက်၍ ထွက်၍ လာကြ၏။ ပွသောဆံပင်၊ တွန့်ကြေလျော့ရဲသော အဝတ်အစား၊ နွမ်းနယ်လေးလံသော အမူအရာများကို ထိုမိန်းမငယ်များတွင် အထင်အရှား တွေ့မြင်ရပါသည်။ သည်ဆိုက်ကားများ ဘယ်ကလာ၍ ဘယ်ကို သွားကြမည်ကို ကျွန်တော်မသိပါ။ မိန်းမငယ်များနှင့်အတူ ဟိုလမ်းကြို သည်လမ်းကြား အမှောင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားကြ၏။ သည်မိန်းမများ ဘယ်က လာကြသနည်း။ သည်မိန်းမငယ်များ ဘယ်က လာကြသနည်း။
ကျွန်တော် စဉ်းစားပါသည်။ ကျောင်းသူတစ်ဦးသည် နံနက် ၉ နာရီတွင် ကျောင်းတက်ကာ ညနေ ၄ နာရီတွင် ကျောင်းဆင်း၍ အိမ်ကိုပြန်၏။ စာရေးမတစ်ဦးသည် နံနက် ၉ နာရီတွင် ရုံးတက်ကာ ညနေ ၄ နာရီတွင် ရုံးဆင်း၍ အိမ်ကိုပြန်၏။ ဈေးသည်မတစ်ဦးသည် နံနက် ၉ နာရီတွင် ဈေးထွက်ကာ ညနေ ၄ နာရီတွင် ဈေးသိမ်း၍ အိမ်ကိုပြန်၏။ သည်မိန်းမငယ်များကကော။ လောကတွင် ယောကျ်ားတိုင်း၊ မိန်းမတိုင်း၊ လူတိုင်းသည် မိမိတစ်ဝမ်းတစ်ခါး လှရေးအတွက် အလုပ်လုပ်ကြ၏။ ရုန်းကုန်ရ၏။ လူတိုင်း အလုပ် လုပ်ရသည်ပင်။ ဆုံလည် ကုလားထိုင်ပေါ်တွင် ထိုင်၍ ပန်ကာအောက်တွင် အလုပ်လုပ်ရသူနှင့် မြေကြီးပေါ်တွင် ထိုင်ကာနေပူထတွဲင် အလုပ်လုပ်ရသူ ဟူ၍သာ ကွာခြား၏။ သူတောင်းစားသည် တောင်းစားသော အလုပ်ကို လုပ်၏။ ဆိုက်ကားသမားသည် ဆိုက်ကားနင်းသော အလုပ်ကို လုပ်၏။ လယ်သမားသည် လယ်စိုက်သော အလုပ်ကို လုပ်၏။ တောင်သူသည် ယာလုပ်သော အလုပ်ကို လုပ်၏။ ကျောင်းသားသည် စာသင်သော အလုပ်ကို လုပ်၏။ ဝိပဿနာသမားသည်ပင်လျှင် တရားထိုင်သော အလုပ်ကို လုပ်သေးသည်။ သူတောင်းစားသည် အလုပ်လုပ်ရန် ဈေးလမ်းဆုံသို့ သွားရ၏။ ဆိုက်ကားသမားသည် အလုပ်လုပ်ရန် ခရီးသည်ရှိရာသို့ သွား၏။ လယ်သမားသည် အလုပ်လုပ်ရန် လယ်တောသို့ သွားရ၏။ တောင်သူသည် အလုပ်လုပ်ရန် ယာတောသို့ သွားရ၏။ ဝိပဿနာသမားသည်လည်း အလုပ်လုပ်ရန် ဆိတ်ငြိမ်ရာအရပ်သို့ သွားရ၏။ အလုပ်ပြီးသောအခါ အားလုံး အိမ်ပြန်ကြ၏။ အလုပ်လုပ်ရန် အလုပ်ရှိရာအရပ်သို့ သွားရသူချည်းပင်။ မိမိ၏ ဖြစ်ရာတည်ရာအရပ်နှင့် အလုပ်ရှိရာ အရပ်တို့၏ စပ်ကြားခရီးသည် လူ၏ဘဝလမ်းကြောင်းပင် ဖြစ်ပေသည်။
သည်မိန်းမငယ်များ ဘယ်ကလာကြသနည်း။ သူတို့ဘဝ၏ ဖြစ်ရာတည်ရာ အရပ်တို့ကား အဘယ်မှာနည်း။ သူတို့အလုပ်ရှိရာ အရပ်ကား အဘယ်မှာနည်း။ သည်မိန်းမငယ်များ ဘယ်ကို သွားနေကြပါသနည်း။
ကျောင်းသူကလေးများသည် ကျောင်းဆင်း၍ အိမ်ကိုပြန်၏။ စာရေးမလေးသည် ရုံးဆင်း၍ အိမ်ကိုပြန်၏။ ဈေးသည်မလေးသည် ဈေးမှအလုပ်ပြီး၍ အိမ်ကိုပြန်ကြသော ကျွန်တော့် နှမကလေးများကို မြင်ရလေတိုင်း မနက်စောစော ပွယောင်းခြောက်သွေ့သော ဆံပင်၊ တွန့်ကြေလျော့ရဲသော အဝတ်အစား၊ နွမ်းနယ်လေးလံသော အမူအရာတို့ဖြင့် ဆိုက်ကားစီးကာ အိမ်ပြန်ကြရရှာသော မိန်းမငယ်များ အကြောင်းကို ကျွန်တော် တွေး မိပေဦးတော့မည်။ ထိုအခါ နှလုံးစိတ်ဝမ်း မချမ်းမြေ့ဖွယ် စိတ်လှုပ်ရှားမှုများကို ခံစားရပေဦးတော့မည်။
ထိုမိန်းမငယ်များ၏ ဘဝလမ်းကြောင်းကို ပြောင်းလဲပေးရန် မည်သူ တာဝန်ယူပါမည်နည်း။
မောင်ဇော်
No comments:
Post a Comment