မင်းလူ - ပန်းကျောင်း (၂)

အခန်း (၉)

 

“အချစ်” ဆိုသော အရာသည် ဘယ်လိုမှန်းလည်းမသိပါ။ သူသည် ဘယ်လိုကဘယ်လို ရောက်လာသည်မသိ။

 

နွေရောက်တော့မည်ဆိုလျှင် ဥဩငှက်က ကြိုတင် သတင်းပေးတတ်ပါသည်။ မိုးရွာတော့မည်ဆိုလျှင် မိုးသားတိမ်လိပ်တို့ က ကြိုတင် သတိပေးတတ်ပါသည်။ ဆောင်းလာတော့မည်ဆို လျှင် နှင်းတို့က ကြိုတင်သတိပေးတတ်ပါသည်။

 

သူ့ကျတော့ သည်လိုမဟုတ်ပါ။ ကြိုတင်အသိမပေးပါဘဲလျက် နှလုံးသားထဲသို့ တိတ်တဆိတ်ရောက်လာသည်။ ေနသားကျပြီဆိုမှ ဘွားကနဲပေါ်လာတတ်ပါသည်။

အချစ်ဆိုသည်မှာ ဘယ်လိုကဘယ်လို ရောက်လာပါသလဲ မသိပါ။ အသက်ရှုရင်းက အောက်စီဂျင်နှင့်အတူ ပါလာသလား။ ေရသောက်ရင်းက ရေနဲ့ အတူ ပါလာသလား။ အစာစားရင်းက စာတွင် ကပ်ပါလာသလား။

အချစ် ဘယ်ကစခဲ့ပါသနည်း။

 

ဗြဟ္မာကြီးလေးဦးကဟု ဆိုမှာလား။ အာဒမ်နှင့် ဧ၀ကဟုဆိုမှာလား။ မြားနတ်မောင်ကဟု ဆိုမှာလား၊ သိပ္ပံနည်းအရ၊ ခန္ဓာဗေဒနည်းအရဆိုလျှင်တော့ ပီကျူထရီဂလင်းက စသည်ဟု ဆိုနိုင်ဖွယ်ရှိ၏၊ ပီကျူထရီသည် ဦးနှောက်အောက်တွင်ရှိသော အကျိတ်တစ်ခုဖြစ်၏။ အရွယ်သည် ကုလားပဲစေ့လုံးခန့် ရှိပြီး အလေးချိန်မှာ ဂရမ်တခ်ဝက်မျှသာ ရှိလေသည်။ ဤမျှသေးငယ်

သော အကျိတ်ကလေးသည် လူတစ်ကိုယ်လုံးကို ခိုင်းစေလျက်ရှိ၏။ အသားအရောင်ကို ဖြစ်ပေါ်စေလေသည်။ ဆီး၊ ဝမ်းတို့ကို ထိန်းညှိ ပေးသည်။ လိုအပ်သော အချိန်တွင် အရပ်ရှည်ထွက်စေသည်။ အမွှေးအမျှင်များပေါက်စေသည်။ ပြီးတော့ ဆန့်ကျင်ဘက်လိင်ကို တပ်မက်စေခြင်းဟူသော “အချစ်” ကို ဖြစ်ပေါ်စေသည်။ ပီကျူထရီ သည် တော်တော်ရှုပ်သည့် အကောင်ပေကပဲ။

 

ကျော်စွာသည် သူ လူပျိုပေါက်ဖြစ်ခဲ့စဉ်က အကြောင်း တွေကို ကောင်းစွာ သတိမထားမိခဲ့။ ခုနစ်တန်း၊ ရှစ်တန်းတုန်းက ဖြစ်ပါသည်။ သူ့ အသံဩလာခဲ့ခြင်း၊ အရပ် ရုတ်တရက် ရှည်ထွတ် လာခဲ့ခြင်း၊ သူ့ ကိုယ်တွင် အမွှေးအမျှင်များ ပေါက်လာခဲ့ခြင်းကို သတိမပြုမိခဲ့ပါ။ “အချစ်' ကျတော့ သတိမပြုလို့ မရတော့ပါ။ “အချစ်” သည် ပြင်းထန်သော အရှိန်ဖြင့် သူ့နှလုံးသားကို ဝင်ဆောင့်သောအခါ သူ ထိတ်လန့်စွာ အသိအမှတ်ပြုခဲ့ရပါသည်။

 

စောစောအောင်သည် သူ့ မမက သူ့ကို “နင်အပျိုဖြစ်ပြီ” ဟုပြောခဲ့သော လွန်ခဲ့သော သုံးနှစ်ခန့်ကာလက ဘာမျှမဖြစ်သလို နေခဲ့၏၊ သူ့ ကိုယ့်ခန္ဓာ အချိုးအစား ပြောင်းလဲဖွံ့ဖြိုးလာခြင်းကို သတိမူဘဲ နေခဲ့၏။ “အချစ်'ကျတော့ သတိမမူလို့ မရတော့ပါ။

“အချစ်”သည် ပြင်းထန်သော အရှိန်ဖြင့် သူ့နှလုံးသားကို ဝင်ဆောင့်ေသာ အခါ သူ ထိတ်လန့်စွာ အသိအမှတ်ပြုခဲ့ရလေသည်။ အချစ်သည် ဘယ်လိုနည်း။ တစ်ခါတစ်ရံ သွက်လက်စေ၏။ တစ်ခါတစ်ရံ လေးလံထိုင်းမှိုင်းစေ၏။ တစ်ခါတစ်ရံ ဝမ်းသာ ၏။ တစ်ခါတစ်ရံ ဝမ်းနည်းစေ၏။

 

ကျော်စွာသည် တည်ငြိမ်သည်မှာ မှန်ပါ၏။ သူ့ အတွေး အခေါ် သူ့ စကားတို့ သည် အရွယ်နှင့်မလိုက်အောင် လေးနက် သည်မှာ မှန်ပါ၏။ စောစောအောင်သည် ဣန္ဒြေရှိသည်မှာ မှန်ပါ ၏။ သူ၏လှုပ်ရှားမှုများသည် အရွယ်နှင့်မလိုက်အောင် တည်ငြိမ် သည်မှာ မှန်ပါ၏။

 

လူငယ်များဖြစ်ကြသည်။ သူတို့၏ ဦးနှောက်သည် လန်းဆန်းသည်။ သူတို့ ၏ အတွေးအခေါ်သည်ဖြူစင်သည်။ သူတို့၏

သွေးသည် ရဲရင့် သည်။ သို့ရာတွင် သူတို့ ၏ နှလုံးသားက မရင့်ကျက်ကြသေးပါ။ ထိုနှလုံးသားများသည်ပင် ဝမ်းနည်းမှတ် တမ်းများ၊ ဝမ်းမြောက်ဖွယ် သတင်းများကို ဖြစ်ပေါ်စေလေသည်။

 

*****

 

“ကျော်စွာရေ စဉ်းစားနေရုံနဲ့ မပြီးသေးဘူး။ လက်တွေ့ အကောင်အထည်ဖော်မှနော်”

 

သူငယ်ချင်းတွေက တိုက်တွန်းလာကြသည်။ သူကလည်း အကောင်အထည်ဖေါ်ချင်လှပါပြီ။ သို့ရာတွင် သူ တွေဝေနေဆဲပါ။

 

“စာမေးပွဲက နီးပြီကွာ၊ စာမေးပွဲပြီးမှပဲ”

 

“ဟေ့ကောင်၊ လုပ်မနေနဲ့၊ စာမေးပွဲ နီးတာက နီးတာပဲ။ ဒီလိုကိစ္စမျိုးက အချိန်ဆွဲနေလို့ ရတာမဟုတ်ဘူး။ ကြားထဲက တစ်ကောင်ကောင်က ဖြတ်ခုတ်သွားရင် မောပဲ။ ကြောက်ရ မယ်နော်။ ပြီးတော့ စာမေးပွဲပြီးရင် စောစောအောင်နဲ့ တွေ့ရဖို့ သိပ်မလွယ်ဘူး။ အခွင့်အရေးရတုန်း လုပ်ထား"

 

“တက္ကသိုလ်ရောက်ရင် လုပ်လို့ ရတာပဲ”

 

“ဟ ကောင်ရ၊ တက္ကသိုလ်ရောက်တော့ မင်းနဲ့ သူနဲ့ တက္ကသိုလ်တစ်ခုတည်းမှာ ကျချင်မှ ကျမှာပေါ့။ ပြီးတော့ မင်းက အလုပ်လုပ်ပြီး လုပ်သားကောလိပ်တက်မှာဆို၊ အဲဒါဆို မင်း သူနဲ့ တွေ့ဖို့ သိပ်မလွယ်တော့ဘူး”

 

ကျော်စွာ စိုးရိမ်သွားပြန်သည်။ စာမေးပွဲ မဖြေခင် အတွင်း ဖြစ်အောင်လုပ်လိုက်လျှင် ကောင်းမည်လားဟု စဉ်းစားမိ ပြန်သည်။ သို့ ရာတွင် သူ မရဲပြန်ပါ။ စောစောအောင် စိတ်ဆိုး သွားမည်ကို စိုးရိမ်မိပြန်သည်။

 

“သူ စိတ်ဆိုးချင် ဆိုးမှာကွ၊ ပြီးတော့ ဆရာမကို သွားတိုင်ရင် အရှက်ကွဲမှာ”

 

“စိတ်ဆိုးရင်လဲ ဆိုးပေစေပေါ့ကွာ၊ ဆရာမကို သူ မတိုင်ရဲပါဘူးကွာ။ တိုင်လိုက်ရင် သူအရှက်ကွဲမှာပေါ့”

 

“မဖြစ်သေးပါဘူးကွာ၊ ငါ့အကြောင်းလည်း မင်းတို့ သိသားပဲ၊ ငါက ငါ့သိက္ခာကို သိပ်ထိန်းတာ”

 

“ဟေ့ကောင် အရက်သမားဖြစ်မှတော့ မူးမှာကို ကြောက် နေလို့ မရဘူးဆိုသလိုပဲ။ မင်းသိက္ခာတွေ ခဏခေါက်ထားလိုက်၊ ၊ ပြီးတော့ စောစောအောင်ကလည်း မင်းကို ကြည်ပါတယ်ကွာ။ မင်းလိုကောင်မျိုးကိုမှ မကြည်ရင် ဘယ်သူ့သွားကြည်မှာလဲ"

 

သူတို့ပြောတာတော့ ဟုတ်တော့ဟုတ်သလိုလို ထင်ရပြန်ပါသည်။ ပြီးတော့လည်း စောစောအောင် အမူအရာတွေ ။ ခုတစ်လော စောစောအောင်၏ အမူအရာတွေ ပြောင်းလဲနေသည်၊ ကျော်စွာကို မြင်လျှင်ရှက်သလိုလို ကြောက်သလိုလို။ ဒါ သူ မရိုးသားလို့ ပါပဲ မဟုတ်လား။ မည်သို့ပင်ဖြစ်ပါစေ။ နည်းနည်း

တော့ အစပျိုးစမ်းသပ်ချက် လုပ်ကြည့်မည်ဟု စဉ်းစားမိသည်။ သို့ရာတွင် စောစောအောင်နှင့် တကယ့်တကယ်တွေ့တော့လည်း သူ နှုတ်ဆွံ့နေမိပြန်သည်။ ကြည့်ပါလေ။

 

စောစောအောင်တို့ ကျောင်းကအပြန် သူတို့ ငါးယောက် နောက်ကလိုက်သွားကြသည်။ လူရှင်းသောနေရာတွင် ကျော်စွာကို သူငယ်ချင်းများက အခါတော်ပေးလေသည်။

 

စောစောအောင် အနီးသို့ ချဉ်းကပ်ရန် ကျော်စွာက တွန့်ဆုတ်တွန့်ဆုတ်လုပ်နေ ပြန်သည်။ ချစ်ကိုဝင်းက သူ့ကို အတင်းတွန်းလွှတ်သည်။ ဇော်ခင်မော်က

“သွားလေကွာ၊ သိပ် ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့။ ဘေးလူ တွေ သိကုန်လိမ့်မည်”

“ကဲ.. သွားကွာ၊ ကြာတယ်”

လှဝင်းဦးက တွန်းလွှတ်လိုက်သည်။ သူတို့ က နောက်ချန် နေရစ်သည်။ ကျော်စွာသည် ခြေလှမ်းအမှားမှား လျှောက်သွား သည်။ စောစောအောင်တို့ နောက် ဆယ်ပေခန့် အကွာတွင် သူ့ခြေလှမ်းများက နှေးသွားလေသည်။ သူ ကြောက်နေပြန်သည်။ နောက်ကို လှည့်ကြည့်သည်။ သူငယ်ချင်းတွေက ဆက်လုပ်ရန် အချက်ပြသည်။ သူ စောစောအောင်တို့ အနားကပ်မိသည်။

 

“ဟေ့.. ဟေ့"

သူက မရဲတရဲခေါ်သည်။ စောစောအောင်က သူ့ကို လှည့်ကြည့်သည်။ ကျော်စွာကို မြင်တော့ အံ့သြသွားသည်။ ကျော်စွာ မည် စောစောအောင်နှင့် မျက်လုံးချင်း ဆုံလိုက်မှာပင် ပြောမည်ဟု စဉ်းစားထားသော စကားလုံးများ မေ့ပျောက်ကုန်လေသည်။ သူ နှုက်ဆွံ့ရလေပြီ။ စောစောအောင်ကလည်း ကျော်စွာ က ခေါ်ပြီးမှ ဘာမှမပြောသောကြောင့် ကြောင်ကြောင်အအ ဖြစ် နေရသည်။ စုစုက ကြားဝင်ရလေတော့သည်။

 

“ဟဲ ကျော်စွာ.. ဘာပြောမလို့လဲ"

“ဟို.. ဟိုဥစ္စာ”

“ပြောလေဟာ...."

“ဟို.. ထမင်းစားပြီးပြီလား”

“ဘာ စားရဦးမှာလဲဟ။ ခုမှ ကျောင်းကပြန်လာတာ နှင် အသိသားပဲ"

စောစောအောင်က 'ခစ်ကနဲ” ရယ်သည်။ ကျော်စွာရှက် သွားလေသည်။

“အေး. . ဟုတ်သားပဲ”

“နင် အဲဒါလေးမေးမလို့ လိုက်လာတာလား။ တခြား ဘာကိစ္စ ရှိသေးလဲ"

“အေးဟာ... အဲဒါ မေးမလို့ပါ”

"ကြောင်လှချည်လား”

စုစုက လောင်လွှတ်လိုက်လေသည်။ ကျော်စွာ ကုပ်ကုပ် ကလေး ပြန်ခဲ့ရသည်။ သူငယ်ချင်းတွေနား ရောက်သောအခါအေးမြင့်သောင်းက စမေးသည်။

“ဘယ်လိုလဲကွ။ ဇေရဲ့ လား”

“ဇေပါတယ်ကွာ"

“ဟ.. ဟယ်ပိုင်ပါလား”

“ ဒါကြောင့် ငါပြောတာပေါ့ကွ စောစောအောင်က မင်းကြည်ပါတယ်လို့ ”

“ဒါနဲ့ ... မင်း ဘယ်လိုစပြောသလဲ” “ထမင်းစားပြီးပလားလို့ "

“ဟာကွာ.. မင်းကလဲ”

“နေစမ်းပါဦးကွ၊ အဲဒီတော့.. သူက"

“သူက ဘာမှမပြောဘူး၊ စုစုက ခုမှ ကျောင်းကပြန်လာတာ ဘယ်စားရဦးမလဲလို့ ပြောတယ်”

“ပြီးတော့”

“ဒါပဲလေ”

“ဟင်... နောက်ထပ် မင်းက ဘာမှမပြောတော့ဘူးလား”

“ဟင့်အင်း. . ဘာမှမပြောတော့ဘူး”

"ခွီးတဲ့မှပဲ၊ ဒါ ဇေတာလားကွ”

“ဇေတာပေါ့၊ ကောမှ မကောတောပဲ”

“ကြောင်ပါကွာ ”

ကျော်စွာ ထွက်သွားပြီးနောက် စုစု သည် လည်း စောစောအောင်ကို မေးမြန်းနေလေသည်။

 

“မိစော ကျော်စွာ လိုက်တာတာ မရိုးဘူးနော်"

“ဘာမရိုးတာလဲ”

“လာတုန်းကတော့ တစ်ခုခုပြောမလို့ ထင်တယ်၊ အနားရောက်မှ မပြောရဲလို့ စကားလွှဲချတာဖြစ်မှာ”

“သက်သက် လိုက်နောက်တာ ထင်ပါတယ်ဟယ်"

“ကျော်စွာ ဘယ်တုန်းက အဲဒီလို နောက်ဖူးလို့လဲ၊ နင် သတိထားနေ"

“မဖြစ်နိုင်ပါဘူးဟာ”

သို့ရာတွင် စိတ်ထဲကတော့ ဖြစ်နိုင်သည်ဟု ထင်နေသည်။

 

သူလှည့်ကြည့်လိုက်တော့ ကျော်စွာရှက်ကိုးရှက်ကန်းဖြစ်သွားပုံသည် ခိုးထုပ်ခိုးထည် နှင့်မိသည့်ပုံမျိုး၊ ပြီးတော့လည်း ကျော်စွာ့မျက်လုံးများသည် မရိုးသားပါ။ သူ့မျက်လုံးများကကော၊ ကျော်စွာ ကိုကြည့်ရာတွင် ရိုးသားပါရဲ့လားဟု စိုးရိမ်မိပြန်သည်။

“ကျော်စွာရယ်၊ နင့်ကို ငါရိုးရိုးပဲ ခင်ပါရစေဟယ်”

 

******

 

ကျော်စွာသည် သူ့ကိုယ်သူ မကျေမနပ်ဖြစ်မိသည်။ စောစောအောင်ရှေ့မှာ သူ ဘာဖြစ်လို့ ကြောက်ရပါသနည်း။ ဘာဖြစ်လို့ မပြောရဲခဲ့ရပါသနည်း။ သတ္တိနည်းလှသည်ဟု သူ့ ကိုယ် သူ မချင့်မရဲဖြစ်ရသည်။ တစ်ချိန်တည်းမှာပင် သူ မပြောဖြစ်ခဲ့တာ

ကောင်းသည်ဟု ထင်မိပြန်သည်။ အကြောင်းမှာ ဆယ်တန်း၊ မအောင်ခင် အချစ်အကြောင်း မစဉ်းစားသင့်ဘူးဟု သူ ထင်မြင် လာပြန်သောကြောင့်ဖြစ်ပါသည်။ ပြီးတော့လည်း သူ့ သိက္ခာ။

 

ကျော်စွာသည် ကျောင်းနေစဉ်ကာလတစ်လျှောက် နာမည်ပျက်မရှိခဲ့ဖူးပါ။ ဆရာ ဆရာမတိုင်း၏ ချစ်ခင်ခြင်းကိုလည်း ခံခဲ့ရသည်။ ကျောင်းသူ ကျောင်းသားအချင်းချင်း၏ လေးစားမြင်၊ ကိုခံခဲ့ရသည်။ အကယ်၍များ သူက စောစောအောင်ကို ချစ်နေ ဆိုသဖြင့် စောစောအောင်က ဆရာ ဆရာမများကို တိုင်ကြားခဲ့လျှ တစ်သက်လုံးထိန်းလာသမျှ အလကားဖြစ်ရတော့မည်။ ဆယ်တန်း

အောင်၍ ဒီကျောင်းက ထွက်ရခါနီးမှ ထွက်ခတ်ခတ် ရမည်။ အဖြစ်မျိုးကို သူ မလိုလားပါ။ သို့ရာတွင် သူငယ်ချင်းများက တိုက်တွန်းဆဲ။

 

“နောက်တစ်ကြိမ် ထပ်ကြိုးစားဦးလေကွာ”

“ငါ မကြိုးစားချင်တော့ဘူးကွာ”

“ဟ.. ဘယ်လိုဖြစ်သွားတာလဲ၊ စောစောအောင်ကို မခိုက်တော့ဘူးလား”

“အဲဒီလိုတော့ မဟုတ်ပါဘူးကွာ ဒါပေမယ့်”

"ဒါပေမယ့်မနေနဲ့၊ စာမေးပွဲဖြေရဖို့က တစ်လလောက်ပဲ လိုတော့တာ၊ စာကြည့်ဖို့ ကျောင်းပိတ်မှာနဲ့ဆို အရက်နှစ်ဆယ် ကျော်ကျော်လောက်ပဲ လိုတော့တယ်။ အချိန်မရှိတော့ဘူး”

“အဲဒါကြောင့် မကြိုးစားချင်ဘူးလို့ပြောတာ၊ စာမေးပွဲ နီးနေတဲ့ အချိန်မှာ အဲဒါတွေ မစဉ်းစားတာကောင်းပါတယ်ကွာ၊ တော်ကြာ စာမေးပွဲကို ထိခိုက်နေလိမ့်မယ်"

“မဟုတ်သေးပါဘူးကွ။ ဖွင့်ပြောလိုက်လို့ ကြည်ရင်ကြည် တယ်၊ မကြည်ရင် မကြည်ဘူး ပြတ်ပြတ်သားသား သိလိုက်ရတော့ စိတ်အေးအေးနဲ့ စာမေးပွဲဖြေနိုင်တာပေါ့။ ဖွင့်မပြောဘဲနေတော့ တအုံနွေးနွေးနဲ့ ရင်ထဲမှာ မရှင်းမလင်းဖြစ်နေရင် မကောင်းဘူး”

“ငါတော့ မလုပ်ချင်သေးဘူးကွာ”

“ဒါဖြင့်ရင် မင်း ဒီလိုပဲ ရင်ထဲမှာကျိတ်ပြီးဆွေးနေမလား”

“ဒါပေါ့”

“မင်း နေနိုင်လို့လား”

“နေလို့ ရအောင် နေရမှာပေါ့ကွာ” သို့ရာတွင် သူ စာတစ်စောင်ကို ရေးလေသည်။

 

အခန်း (၁၀)

 

ပထမဦးဆုံးပြဿနာမှာ စောစောအောင်ကို ဘယ်လို ခေါ်ဝေါ် သုံးစွဲမည်နည်း ဆိုခြင်းပင်ဖြစ်ပါသည်။ သူ အမျိုးမျိုးစဉ်း စားကြည့်သည်။

"စော' ဟု သုံးနှုံးမည်လား။

သိပ်မကြိုက်။

“အစော”

ရိုးလွန်းသည်။

“စောစော”

စိတ်သိပ်မတွေ့သေး။

'အောင်'

ခေါ်ရတာ ထောင့်နေသည်။

“အောင်အောင်"

အို.. ဘယ်လောက်လှလိုက် သည့် အသုံးအနှုန်းကလေး ပါလဲ။ 'အောင်အောင်'တဲ့။

 

ဒုတိယပြဿနာ။ ဘယ်လို က ဘယ်လို ရေးရမှန်း မသိခြင်းဖြစ်ပါသည်။ ကျော်စွာသည် ရည်စားစာ တစ်ခါမှ မရေးဖူးပါ။ သို့ရာတွင် ကျော်စွာဆိုတာ စာပေဝါသနာပါသူပဲ။ စာအုပ်

တွေ အများကြီးဖတ်ဘူးတာပဲ။ ပြီးတော့လည်း ခံစားချက်က စေ့ဆော်နေပြီပဲ။ သူ ရေးလေသည်။

 

အောင်အောင်

ဒီစာက ဘယ်အကြောင်းအရာကို ဦးတည်တယ်ဆိုတာ 'အောင်အောင်' သိပြီးဖြစ်မှာပါနော်။

ဒီစာဟာ 'အောင်အောင်ကို အနှောက်အယှက် တစ်စုံ တစ်ရာဖြစ်စေမယ်ဆို ရင် 'ကို" ကြိုတင်တောင်းပန်ပါတယ်။ 'အောင်အောင်'မှာရည်မှန်းထားတဲ့လူ ရှိပြီးသားဆိုရင်တော့ ဒီစာကို ဆက်ဖတ်ဖို့ မလိုတော့ပါ။ ချစ်သူတွေကြားထဲမှာ ဝင်ပြီးနှောက်ယှက်တဲ့အလုပ်မျိုးကို 'ကို ဘယ်တော့မှ မလုပ်ပါ။

ရည်မှန်းထားတဲ့သူ မရှိသေးဘူးဆိုရင်တော့ ဒီစာကို ဆက် ဖတ်ဖို့ တောင်းပန်ပါတယ်။

'အောင်အောင်'ယုံချင်ရင်ယုံရအောင် ကို ပြောပြပါမယ်။ 'ကို 'မှာ အချစ်နဲ့ ပတ်သက်တဲ့အတွေ့အကြုံမရှိသေးပါဘူး။ ဒီတစ်ခါ ပထဆုံး အကြိမ်ပါပဲ။ ပြီးတော့ နောက်ဆုံး အကြိမ်ပါပဲ။ ဘာလို့ ဆို.. 'ကို' ဟာ 'အောင်အောင် တစ်ယောက်တည်းကိုသာ တစ်သက် လုံး ချစ်သွားမှာမို့ပါ။ အောင်အောင်'ကိုချစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် မပြောရဲခဲ့ပါဘူး။ ဘာလို့ဆို.. 'အောင်အောင်'ဟာ သိပ် မာနကြီးတယ်လို့ သတင်းကြီးခဲ့တယ် မဟုတ်လား။ 'အောင်အောင်' ဟာ တကယ်ပဲ မာနကြီးသူကလေးလို့ 'ကို” စိုး ရိမ်မိပါတယ်။

ဒါပေမယ့်'အောင်အောင်ရယ်၊ ချစ်တဲ့ အခါကျရင် ဘယ်သူကများ ကြာရှည် မျိုသိပ်ထားနိုင်လိမ့်မှာလဲ၊

စိတ်တော့ မဆိုးလိုက်ပါနဲ့ 'အောင်အောင်ရယ်၊ လူတွေ ဟာ ကိုယ့်ချစ်သူ စိတ်ဆိုးမှာကို ကြောက်တတ်ကြတယ် မဟုတ်လား

'အောင်အောင် နဲ့ မိုက်လုံးချင်း ဆုံမိတဲ့အခါ 'ကို 'ရင်ခုန်ရ ပါတယ်။ လူတွေဟာ ချစ်သူကို တွေ့တဲ့အခါ ရင်ခုန်တတ်ကြတယ် မဟုတ်လား

ပြီး .. ရှက်လည်း ရှက်မိပါတယ် ။ ဘာလို့ ဆို..'အောင်အောင်'က 'ကို' ကိုသူငယ်ချင်းတစ်ယောက်လို ရိုးရိုးသားသား ခင်ခဲ့ ပေမယ့် 'ကို'က 'အောင် အောင်ကို သူငယ်ချင်းတစ်ယောက်ထက်ပိုတဲ့ အချစ်နဲ့ ချစ်မိခဲ့ပါတယ် မဟုတ်လား။ ဒါပေမယ့် “အောင်အောင်ရယ်.. ချစ်တဲ့အခါကျရင် ဘယ်သူကများ ကြာရှည်မျိုသိပ်ထားနိုင်လိမ့်မှာလဲ။ စာမပြန်ဘဲ

တော့ မနေလိုက်ပါနဲ့ 'အောင်အောင် ရယ်။ 'ကို”ကို မချစ်နိုင်ဘူး ဆိုရင်တောင် “မချစ်နိုင်ဘူး မုန်းတယ်လို့ ရေးလိုက်ပါ 'မုန်းတယ်” ဆိုတဲ့စာ ပြန်လာရင်တောင် အဲဒီစာကို “ကို တစ်သက်လုံး အမြတ် တနိုးသိမ်းထားပါ့မယ်။ 'ချစ်တယ် ဆိုရင်တော့...

'ကို သိပ်ပျော်ရမှာပါ။ ဂျိန်းဖောတေးဟောင်းကလေး တစ်ပုဒ်ရှိတယ်၊ 'သစ်ခွပန်းကို ပင်ယံမြင့်မှာ တွေ့နိုင်တယ်။ ရွှေမှုန့်ကို မြစ်ကမ်းပါးမှာ တွေ့နိုင်တယ်။ တောင်ဆိတ်ကို

တောင်ကုန်းပေါ်မှာ တွေ့နိုင်တယ်။ သစ်ခွပန်းလိုလှပြီး ရွှေမှုန့် လို အဖိုးတန်တဲ့ မိန်းကလေးရယ်။ တောင်ဆိတ်လိုများ အပြေး မြန်နေလေရော့သလားကွယ်။ ဒါပေမယ့်.. “စောစောအောင်” ရယ်.. “ချစ်တယ်”လို့ ပြောပါနော်...

ကျော်စွာ

 

ရေးလိုက် စဉ်းစားလိုက်၊ စိတ်ကြိုက်မတွေ့လို့ ဆုတ်ပစ်လိုက်၊ စဉ်းစားလိုက်၊ ရေးလိုက်။ စာတစ်စောင် ပြီးစီးသွားလေသည်။ ထိုစာကို အေချာပြန်ကူးသည်။ အောက်ဆုံးမှာ လက်မှတ်ထိုးရာတွင် ပြဿနာ ရှေးဦးစွာ စာရွတ်လွတ်တစ်ခုပေါ် များ လက်မှတ်တွေ အများကြီး ထိုးကြည့်သည်။ တကယ့်စာပေါ် မှာ ထိုးသည့်အခါ မလှဘဲနေမည်စိုး၍ လေ့ကျင့်ခြင်းဖြစ်သည်။ စိတ်ကြိုက်ဖြစ်အောင် လေ့ကျင့်ပြီးမှ တကယ့်စာပေါ်မှာ လက်မှတ် ထိုးလိုက်သည်။ လက်တုန်သွားသောကြောင့်လက်မှတ်မှာ မလှတော့ပါ။ နောက်ဆုံးစာမျက်နှာကို အသစ်ပြန်ရေးသည်။ လက်မှတ်ထိုးသည်။ တစ်ခေါက်ပြန်ဖတ်သည်။ ပြီးတော့.. စာအိတ်ပြာကလေး ထဲမှာ ထည့်၍ ပိတ်လိုက်သည်။

 

အကြမ်းရေးထားသောစာကို သူငယ်ချင်းတွေအားပြ ကြည့်သည်။ အေးမြင့်သောင်းက ဖတ်ကြည်ပြီး ..

“ဟ.. မိတယ်ဟေ့ စောစောအောင် မပြောနဲ့ ငါတောင် မင်းကို ခိုက်ချင်လာပြီ”

“ကျော်စွာကို ခိုက်ရအောင် မင်းက ဂျီပုန်းကြီးမို့လို့လား”

ဇော်ခင်မော်ကဝင်လောင်သည်

ချစ်ကိုဝင်းက

“ငါသာ စကီကလေးတစ်ယောက်ကို ကြိုက်နေရင် ကျော်စွာကို ရေးခိုင်းမှာပဲ”

“အဲဒါ ထားစမ်းပါဦး၊ မင်း ဒီစာကို ဘယ်လိုပေးမှာလဲ”

လှဝင်းဦးကမေးသည်။ ကျော်စွာ မဖြေတတ် “မသိဘူး”

“ကျောင်းက အပြန် လိုက်ပေးပေါ့"

ချစ်ကိုဝင်းက အကြံပေးသည်။ ။

“ဟာ.. ရုတ်ရုတ်ရက်ရက်ဖြစ်မယ်။ ဣန္ဒြေပျက်တယ်”

လှဝင်းဦးက ကန့်ကွက်သည်။ ဇော်ခင်မော်က အကြံ တစ်ခု ထပ်ပေးပြန်သည်။

“ဒီလိုလုပ်၊ စောစောအောင်ဆီက စာအုပ်တစ်အုပ် ငှားကွာ ၊ စာကူးချင်လို့ ဆိုပြီး ပြန်ပေးတော့ စာထည့်ပေးလိုက်"

“မကောင်းဘူး၊ ကျော်စွာက ကျောင်းမှ မပျက်ဘဲ စာကူး စရာမလိုဘူးဆိုတာ စောစောအောင် သိမှာပေါ့။ ပြီးတော့ စာကူးချင်ရင် ငါတို့ဆီက စာအုပ်ငှားလို့ ရတာပဲ။ ယုတ္တိမရှိဘဲ ဖြစ်နေ

မယ် "

 

ကျော်စွာကလည်း ထိုအကြံကို မကြိုက်ပါ။ စာကူးချင်သည်ဟု ငှားပြီးစာထည့်ပေးခြင်းသည် လိမ်လည်ခြင်းဖြစ်သည်ဟု သူထင်သည်။ သို့ဖြင့်ထိုစာသည် မပေးဖြစ်ခဲ့ပြန်၊ စာထည့်ထား

သော စာအုပ်အဖုံး ညစ်ပတ်သောကြောင့် အဖုံးအသစ် လဲလိုက်ရသည်။

 

ထိုအတော အတွင်းတွင် စာကို အမြန်ဆုံးပေးဖြစ်ရန် အကြောင်းတစ်ခုဖြစ်လာလေသည်။ ဆယ်တန်းက ကျောင်းသား တစ်ယောက်က စောစောအောင် ကို စကားလိုက် ပြောသော သတင်းဖြစ်ပါသည်။ စောစောအောင်က စကားတစ်ခွန်းမျှ ပြန်မပြောသောကြောင့် ထိုကျောင်းသား တပ်လန်ခဲ့ရသည်ဟုဆိုသည်။ သို့ရာတွင် သူ နောက်တစ်ကြိမ်ကြိုးစားဦးမည်အမှန်၊ ကျော်စွာ စိုးရိမ်လာသည်။

“မိစောရယ်.. ငါ စွန့်စားရတော့မှာပေါ့"

 

အတန်းသူ အတန်းသားအားလုံး လက်တွေ့ခန်းထဲ ရောက်နေကြပြီဖြစ်ပါသည်။ ကျော်စွာသည် လက်တွေ့ခန်းထဲမှ အသာလစ်ထွက်ခဲ့သည်။ အတန်းရှိရာသို့ ပြန်လာခြင်းဖြစ်ပါသည်။ လက်တွေ့ချိန်ပြီးလျှင် အတန်းထဲသို့ ပြန်လာကြဦးမည်ဖြစ်သဖြင့် အတန်းသူ အတန်းသားများသည် သူတို့၏ လွယ်အိတ်များကို အတန်းထဲမှာပင် ထားခဲ့ကြသည်။ ဒါ ကျော်စွာအတွက် အခွင့် အရေးပါ။ အတန်းထဲမှာ ဘယ်သူမှ မရှိချိန်တွင် စောစောအောင်၏ စာအုပ်တစ်အုပ်ကြားသို့ စာညှပ်ထည့် ပေးလိုက်မည်။ ဘယ် လောက်ကောင်းသည့် အကြံဉာဏ်ပါနည်း။

 

ကျော်စွာ အတန်းထဲသို့ ဝင်ခဲ့ သည်။ အတန်းထဲမှာ ဘယ်သူမျှမရှိပါ။ လူရိပ်လူခြည်ကြည့်သည်။ စင်္ကြန်လမ်းကိုကြည့် သည်။ ဘယ်သူမျှမလာ၊ စောစောအောင်တို့ ထိုင်ခုံတန်းဘက်သို့ လာခဲ့သည်။ သူ့ရင်တွေ ခုန်နေလေသည်။ ဒီလောက် စိတ်ချလက်ချ လုပ်ကိုင်ရပါလျှက် သူ့ရင်တွေ ဘာကြောင့်ခုန်ရပါသနည်းဟု သူ့ကိုယ်ပြုံးမိပြန်သည်။

 

စောစောအောင်၏ လွယ်အိတ်ကို ခုံထဲမှ ဆွဲထုတ်ရန် ဟန်ပြင်သည်။ ထိုအခိုက်မှာ

“ဟေ့ကောင် ဘာလုပ်နေတာလဲ”

ကျော်စွာ လန့်သွားသည်။ အသံရှင်ကို လှည့်ကြည့်သည်။ သိန်းနိုင်ဖြစ်ပါသည်။ သိန်းနိုင်က မေးသည်။

“ဘယ်လုပ်နေတာလဲကွ”

“ဟို ဘာမှ မဟုတ်ပါဘူးကွာ။ ငါ့ ဖေါင်တိန် ကျပျောက် သွားလို့ လာရှာတာ”

“ဟုတ်လား၊ ဖေါင်တိန်က စောစောအောင် လွယ်အိတ် ထဲမှာတော့ ရောက်မနေနိုင်ပါဘူး”

“ဟာကွာ .. မင်းကလဲ”

“ငါသိပါတယ် ကျော်စွာရယ်”

“မဟုတ်ပါဘူးကွာ ဒါနဲ့ မင်းက ဘာလာလုပ်တာလဲ”

“ငါလား စိန်မြင့် စာအုပ်တွေနဲ့ မောင်မောင်ခင် စာအုပ် တွေကို လွယ်အိတ်ချင်း လဲထည့်ထားမလို့”

“ဒါဖြင့်လဲ လုပ်လေကွာ”

“မလုပ်တော့ပါဘူးကွာ၊ မင်းသာ လုပ်စရာရှိ ဆက်လုပ်ပါ။ ငါ ဘယ်သူမှ မပြောပါဘူး၊ ငါ့ကို စိတ်ချပါ”

သိန်းနိုင်ထွက်သွားလေသည်။ ကျော်စွာသည် ဆက်လုပ် သင့်၊ မလုပ်သင့် စဉ်းစားနေသည်။ ခုကိစ္စကို သိန်းနိုင်ရိပ်မိသွားပြီ။ သိန်းနိုင်သည် သူနှင့် တော်တော်ခင်မင်နေကြပြီ မှန်ပါသည်။ သို့ရာတွင် ယခင်က ဖြစ်ခဲ့သော ရန်စကလေးကို သိန်းနိုင် မေ့ပစ် နိုင်ပါမည်လား။ အို.. ခုလဲ သူသိသွားပြီပဲ။ မထူးတော့ပါဘူး။

 

စောစောအောင်၏ လွယ်အိတ်ကို ထုတ်လိုက်သည်။ လွယ်အိတ်ထဲက ဓာတုဗေဒ ပုံနှိပ်စာအုပ်ကို ယူသည်။ စာမျက်နှာ တစ်ရာလေးဆယ့်ခြောက်နှင့် တစ်ရာလေးဆယ့် ခု နှစ်ကြားတွင် စာအိတ်ကို ညှပ်ထည့်လိုက်သည်။ ထိုစာမျက်နှာများကြားတွင်မှ ညှပ်ထားရာခြင်းမှာ အကြောင်းရှိပါသည်။

 

ဓာတုဗေဒ ဆရာသည် ဒီနေ့ အိမ်မှာတွက်ရန် ပုစ္ဆာများ ပေးလိုက်သည်။ တိုက်တေးရှင်းပုစ္ဆာများသည် စာမျက်နှာ တစ်ရာ လေးဆယ့်ခုနှစ်မှာ ရှိသည်။ စောစောအောင်သည် အိမ်ရောက်လျှင် ဓာတုဗေဒပုစ္ဆာများတွက်ရန် ထိုစာမျက်နှာကို လှန်ရမည်။ ထိုအခါ စာကို တွေ့မည်။ ဘယ်လောက်ပိုင်သနည်း။

 

စွန့်စားတယ်၊ စွန့်စားတယ်ဆိုပြီးတကယ့်တကယ်ကျတော့ ဘာမျှမခက်ခဲပါကလား၊ လောကသည် ဘယ်လိုနည်း။ ခက်ခဲသည် ဟု ထင်မှတ်ထားသော အရာများသည် တစ်ခါတစ်ရံ လွယ်ကူ တတ်သည်။ လွယ်ကူသည်ဟု ထင်မှတ်ထားသော အရာများသည် တစ်ခါတစ်ရံခက်ခဲနေတတ်သည်။ တင်ကြို ဓိတ်ကူးထားသော ကိစ္စ များသည် လက်တွေ့တွင် တလွဲတချော် ဖြစ်နေတတ်ခြင်းသည် လောကပါတကား...။

 

*****

 

ဟုတ်ပါသတဲ့လား။

ဟုတ်လိုက်ပါလေရဲ့ ။

လေပြည်ကလေးက ပလွေမှုတ်ပါသည်။ ငှက်ကလေးတွေက သီချင်းဆိုပါသည်။ စွယ်တော်ရွက်ကလေးတွေက လက်ခုပ်တီးပါသည်။

လက်ပံပွင့်ကလေးတွေ လေမှာ ဝဲ၍ ကပါသည်။

 

ဥဩပျိုသည် မောင်ကျော်စွာနှင့် မစောစောအောင်တို့ ၏ ဝမ်းမြောက်ဖွယ်သတင်းကို ပြည်လုံးကျွတ်ဖြန့်ချိပါသည်။

 

အို.. ဘယ်လောက်များ ပျော်စရာကောင်းလိုက်လှပါ သလဲကွယ်။

 

*****

အစကနေစ၍ ပြောပါသည်။ မဟုတ်သေးပါဘူး။ “အစ” ဆိုသည်မှာ ဘဝအစကို မဆိုလိုပါ။ အချစ်၏ အစကိုသာ ဆိုလိုပါ သည်။

 

ကျော်စွာက စောစောအောင်ကို စာပေးပြီး ဖြစ်ကြောင်း ကို သိကြပြီးဖြစ်ပါလိမ့်မည်။ စောစောအောင်ဆီက ပြန်ကြားချက်ကို သိချင်နေကြပြီ ဟုထင်ပါသည်။ ဒီကလည်း ပြောပြချင်လှပါပြီကော။ ဒီလိုပါလေ၊

 

“စောစောအောင်ကလည်း ကျော်စွာကို ချစ်ပါ သတဲ့ ။ဒါက 'လိုရင်းတိုရှင်းနည်းနဲ့ ပြောတာပါ။ အရှည်ကို ပြောရ မည်ဆိုလျှင် 'ကျော်စွာက စောစောအောင်ကို ချစ်နေကြောင်းဖြင့် စောစောအောင် အား စာပေးရာ စောစောအောင်ကလည်း

ကျော်စွာကို ချစ်ပါကြောင်းဖြင့် ကျော်စွာ အား စာပြန်ပေးလေသည်' ဟူ၍ ဖြစ်ပါသည်။

 

ကျော်စွာက စာတစ်စောင်တည်းပေးရုံဖြင့် ကျော်စွာ အချစ်ကို လက်ခံလိုက်သောကြောင့် စောစောအောင်ကို အထင် မသေးကြစေလိုပါ။ မိန်းကလေးဆိုသည်မှာ မိမိသိက္ခာမြှင့်တင်မည်။ စာတစ်စောင်တည်း ပေးရုံဖြင့် ချက်ချင်းလက်မခံရ။ ဈေးကိုင် ထားရမည်။ ဒါမှ ယောက်ျားတွေက လေးစားမည်ဟူသော အယူအဆများသည် ခေတ်ကုန်သွားပြီး အောက်'နေပါပြီ။ အနှစ် နှစ်ဆယ်အယူအဆများ ဖြစ်နေပါပြီ။

 

ကြိုက်လျှင် ကြိုက်တယ်၊ မကြိုက်လျှင် မကြိုက်ဘူး ခပ်ရှင်းရှင်းခပ်ပြတ်ပြတ်မှဖြစ်ပါမည်။ အချိန်ဆွဲနေလို့ မရပါ။ ခေတ်ကိုကြည့် ပါလေ။ “တိုရှင်းလိုရင်း'ခေတ် မဟုတ်ပါလား။ အမယ်... လိုရင်းတိုရှင်း” ဆိုတာတောင် နည်းနည်းရှင်သေးသည်။ 'လို-တို-ရှင်းပါ။ ပြီးတော့လည်း “လယ်-စိုက်-ရှင်းတဲ့၊ “က-ပ-စ”တဲ့။ 'ပ-လ-န'တဲ့။ 'တ-က-သတဲ့။ အို.. ရှုပ်ကုန်ပြီ။

 

“မိစော”

“တို့ကို ဘယ်လိုခေါ်မှာလဲ”

“သိဘူး”

“ဟာ.. အဲလိုကြီးတော့ မခေါ်နဲ့ကွာ” “ခစ်..ခစ်. . ခစ်...”

“ကိုကျော်လို့ ခေါ်ပါလား”

“ခေါ်ချင်ပါဘူး”

“ဒါဖြင့် မောင်လို့ ခေါ်”

“ဟင့်အင်း.. မကြိုက်ဘူး”

“ဒီလိုဆိုရင် ကိုကိုလို့ခေါ်ပါလား”

“ခေါ်ဘူး”

“ခေါ်ပါ၊ ကိုကိုလို့”

“မနက်ဖြန်မှ ခေါ်မယ်"

“ဒီနေ့ခေါ်”

“ခေါ်မယ်.. ခေါ်မယ်"

“ကိုကိုကကော ဘယ်လိုခေါ်ရမှာလဲ”

“ခေါ်ချင်သလိုခေါ် “

“လာဦး'လို့ ခေါ်မယ်နော်”

“သွားပါ. . နောက်မနေနဲ့ "

“အောင်အောင်လို့ ခေါ်မယ်”

“ခေါ်လေ"

“အောင်အောင်”

“ဘာလဲ"

“အို.. အောင်အောင်ဆိုရင် ကိုကိုလို့ ပြန်ထူးရမယ်”

“ဒါဖြင့် ပြန်ခေါ်လေ”

 

“အောင်အောင်"

“ကိုကို”

“ချစ်ရဲ့လား”

“ချစ်ဘူး”

“ချစ်ဖူးဆိုတာ ဘယ်သူ့နာမည်လဲ”

“အောင်အောင်"

“ဘာပြောရမလဲ”

“သိဘူးလေ”

“တစ်ခုခုတော့ ပြောရမှာပေါ့နော်"

“အင်းပေါ့"

“ချစ်တယ်ကွာ”

“အဲဒါက ရိုးနေပြီ”

“ဒါဖြင့် ပုံပြောပြမယ်"

“ပြောလေ”

“ဟိုးတစ်ခါတုန်းကတဲ့" “အင်း”

“ကောင်လေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် တွေ့ ကြရောတဲ့"

“အင်း"

“ကောင်လေးက လူကြီးကို မေးတယ်တဲ့။ ဦးလေး၊ တစ္ဆေဆိုတာ ဦးလေးယုံလားလို့” “အင်း”

“အဲဒီတော့ လူကြီးက ပြန်ပြောတယ်တဲ့။ သိပ္ပံခေတ်ကြီး မှာ တစ္ဆေဆိုတာ မရှိပါဘူးကွာ၊ ငါတော့ မယုံဘူးဟေ့.. လို့ပြန် ပြောသတဲ့”

“အင်း”

“ဒီတော့ ကောင်လေးက ကျွန်တော်တော့ တစ္ဆေရှိတယ် ဆိုတာ ယုံတယ်ဗျာလို့ပြောပြီး ကောင်လေးက ပျောက်သွားရောတဲ့။ ကောင်လေးကိုယ်တိုင်က တစ္ဆေဖြစ်နေတာကိုး"

“ဟင်း.. ဟင်း၊ ရယ်ရသားပဲ”

“အောင်အောင် သီချင်းဆိုပြကွာ"

“ဆိုတတ်ဘူးရှင့်”

“ဆိုတတ်ပါတယ်ကွာ၊ ပျော်ပွဲစားထွက်တုန်းက ဆိုတာပဲ”

“အဲဒီတုန်းက ကိုကိုလည်း ဆိုတာပဲ၊ ကိုကိုဆိုပြ”

“ကိုကို အသံက မကောင်းပါဘူး”

“ကောင်းပါတယ်၊ ဆိုပြ.. ဆိုပြ"

“မနက်ဖြန်မှ ဆိုပြမယ်"

 

******

“အောင်အောင် ဟိုနေ့က အောင်အောင်နဲ့ ရပ်ပြီးစကား ပြောနေတာ ဘယ်ကောင်လဲ”

“ဘယ်နေ့ကလဲ"

“မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့” “ဪ.. အဲဒါ အောင်အောင့် အစ်ကို ဝမ်းကွဲလေ”

“ဘင်္ဂလားအစ်ကိုလား”

“ကိုကို၊ အဲလိုမပြောနဲ့နော်”

“ပြောရမယ် အစ်ကိုဝမ်းကွဲ တဲ့။ ပြောနေလိုက်တာ။ ကြည်လို့၊ ရယ်လို့။ ပြီးတော့ တွဲလျှောက်သွားလိုက်သေးတယ်”

“ကိုကို သိပ်သ၀န်ကြောင်တယ်"

“ကိုကိုက သဝန်ကြောင်တာမဟုတ်ဘူး၊ အောင်အောင်က သစ္စာမဲ့တာ”

“မဟုတ်ဘူး၊ မဟုတ်ဘူး"

..............

..............

“တိတ်ပါကွာ... ကိုကိုက တကယ်စိတ်ဆိုးလို့ ပြောတာ မဟုတ်ပါဘူး”

............

“မငိုပါနဲ့တော့နော်... ကိုကိုတောင်းပန်ပါတယ်"

“ကိုကိုက အောင်အောင့်ကို မယုံကြည်ဘူး” “ယုံပါတယ်ကွယ်.. ယုံပါတယ်”

...........

“ကိုကိုနော်.. အဲလို အရမ်းကြီးမနမ်းနဲ့။ မုန်းတယ်”

“ဒါဆို ဖြည်းဖြည်းလေးနမ်းမယ်နော်"

“ေဟာတော့ ... ကိုကိုနှုတ်ခမ်းမှာ နှုတ်ခမ်းနီတွေ ပေကုန်ပြီဟေ့”

 

“ကိုကိုနဲ့ အောင်အောင်နဲ့ ချစ်နေတာ အဖေတို့ အမေတို့ သိသွားပြီ”

“အို.. ဘာဖြစ်လဲ၊ နောက်လဲသိမှာပဲ”

“ဟုတ်ဘူးကိုကိုရဲ့၊ အိမ်က သဘောမတူဘူးတဲ့”

“သဘောမတူဘူး ဟုတ်လား”

“ဟုတ်တယ် ကိုကိုရဲ့၊ အဲဒါ ဘယ်လိုလုပ်ကြမလဲဟင်"

“ကိုကိုတို့ ထွက်ပြေးကြတာပေါ့”

“ကြောက်တယ် ကိုကိုရယ်”

“ကိုကို တစ်ယောက်လုံးရှိသားပဲ”

 

*******

 

“ကိုကို၊ အဖေတို့က ကိုကိုနဲ့ အောင်အောင့်ကို သဘော

တူတယ်တဲ့”

“ဟုတ်လား၊ ကောင်းတာပေါ့"

“ကရဝိတ်ခန်းမမှာ လက်ထပ်ပေးမယ်တဲ့၊ ကိုကို ဥတ္တရ ဆောင်ကြိုက်လား၊ ဒက္ခိဏဆောင်ကြိုက်လား”

 

********

 

“သူငယ်ချင်း၊ ခဲဖိုးမပေးရင်တော့ ဒီနေ့ည မောင်ရင်တို့ ကောင်းကောင်း အိပ်ရမှာ မဟုတ်ဘူးနော်”

“ဟာကွာ၊ မင်းတို့ ကလဲ”

“အေးလေ၊ မပေးချင်လဲနေပေါ့၊ ငါတို့ ကတော့ တစ်ညလုံးထိုင်စောင့်နေမှာပဲ။ မင်းကိုလည်း မအိပ်ရအောင် ဆွဲထားမှာ"

“မလုပ်ပါနဲ့ကွာ၊ ရော့.. ရော့ ငါးဆယ်" “ဟာ... ငါးဆယ်မရဘူး၊ တို့လူအုပ်က များတယ်၊ တစ်ရာ

ပေးကွာ”

“ကဲ့ကွာ.. ရော့ တစ်ရာ”

 

********

 

“ကိုကို ကော်ဖီသောက်မလား၊ ထမင်းစားမလား”

“မွှေးမွှေးပေးမယ်”

“ကိုကိုနော်"

“သားသားကော"

“သားသား အဖေတို့ အိမ်က လာခေါ်သွားတယ်လေ၊ ပြီးတော့ အဖေကမှာသွားတယ်။ ကိုကိုသားသားကို သွားခေါ်လို့ရှိရင် ကားခဏသုံးချင်တယ်တဲ့"

“အေးအေး . . ကားဆိုလို့ ပြောရအုံးမယ်၊ ကိုရိုလာ တွေဈေးကျလိမ့်မယ်တဲ့။ အဲဒါ ကိုကိုတို့ ကားကို ပြန်ထုတ်ပြီး မက်ဂင်ဂေါ့ဖ် တစ်စင်းပြန်ဝယ်ရင် မကောင်းဘူးလား”

“ကိုကို သဘောပဲလေ"

 

*******

 

“အောင်အောင်၊ မင်းလုပ်ပုံက မဟုတ်သေးပါဘူး။ လင်မယား နှစ်ယောက်နဲ့ သားတစ်ယောက်တည်းရှိတာ တစ်လ ခြောက်ရာနဲ့ မလောက်ဘူးလား”

“ခြောက်ရာဆိုတာ ဘာရှိတာလိုက်လို့ ခုခေတ်ကုန်ဈေး နှုန်းကိုလဲ ကြည့်ပါဦး”

“ဘယ်လောက်ကြီးကြီး ခြောက်ရာနဲ့ လောက်နိုင်တယ်။ ဒါတောင် အဝတ်အစားဖိုး၊ ကားဓါတ်ဆီဖိုး မပါသေးဘူး”

“မလောက်တာတော့ ဘယ်တတ်နိုင်မလဲ” “လောက်အောင်သုံးရမှာပေါ့ကွ”

"အောင်အောင်က ဘာတွေ ဖြုန်းတီးပစ်နေလို့လဲ”

“သူများတွေ လခနှစ်ရာသုံးရာနဲ့ လောက်အောင်သုံးနေ တာ မင်းက ခြောက်ရာနဲ့ မလောက်ဘူးဆိုတော့”

“ကိုကို က အ သားနှစ်မျိုးလောက်မပါရင် မစားဘူး မဟုတ်လား။ ပြီးတော့ သားသားကိုလည်း အဟာရဖြစ်အောင် ကျွေးရသေးတယ်”

“ဘယ်လောက်ပဲ ကျွေးကျွေး၊ ခြောက်ရာတော့ မကုန်ဘူး။ မလောက်သေးဘူးဆိုတာ မင်းအသုံးမကျလို့”

“ကိုကို၊ အဲလို မပြောနဲ့"

“ပြောတယ်ကွ၊ ပြောရမယ်။ ဈေးဖိုးတင် အသုံးကြီးတာ မဟုတ်ဘူး၊ မင်းတစ်လကို အဝတ်အစားသုံးစုံလောက် မချုပ်ရရင် မျက်နှာမကောင်းဘူး၊ ဖိနပ်ဆိုလဲ ခုနှစ်ဆယ် ရှစ်ဆယ်တန် မဟုတ်ရင် မစီးချင်ဘူး၊ ပန်းချယ်ရီဖိနပ်ဆိုင်ကို မင်းပဲ လုပ်ကျွေးနေတာ ပဲ။ ရေမွှေးဆိုရင်လဲ ရှယ်နယ်ဖိုက်မှ၊ ပေါင်ဒါဆိုလဲ မက်စ်ဖက် မှ၊ ယာ့ဒလေမှ ”

“ကိုကို ဘီယာ သောက်တာကျတော့ကော" “ငါရှာတဲ့ပိုက်ဆံနဲ့ ငါသောက်တာ”

“အဲဒါလဲ ဖြုန်းတာပဲ"

“ဟေ.. မင်းငါ့ကို ဘာမှ မပြောနဲ့"

“ပြောတယ်၊ ပြောတယ်”

“မပြောနဲ့”

“ပြောတယ်”

“ပြောဦးကွာ၊ ပြောဦးကွာ”

 

*********

 

“ဟဲ့.. သား၊ ဘာတွေ တဖျန်းဖျန်းရိုက်နေတာလဲ။ ခြင်ကိုက်လို့လား”

 

မေမေ့ အသံကိုကြားမှ သူ့ အတွေးစများကို ရုပ်သိမ်းလိုက် ရသည်။ သူအတွေးလွန်သွားသည်ကို ပြုံးမိသည်။ ... စိတ်ကူး ထဲမှာတော့ တော်တော်ပျော်စရာကောင်းပါကလား။ စိတ်ကူးထဲမှာ ဆိုလျှင် ပျော်ရတာလဲ ပျော်စရာပဲ၊ ဝမ်းနည်းရတာလဲ ပျော်စရာ ပဲ။ ရန်ဖြစ်ရတာလဲ ပျော်စရာပဲ မည်သို့ပင်ဖြစ်ပါစေ စိတ်ကူး များသည် တကယ်ဖြစ်မလာဘူးဟု မည်သူပြောနိုင်ပါသနည်း။ စကားလည်း အရှိသား။

 

“အိပ်မက်များသည် စိတ်ကူးများ ဖြစ်လာ၍ စိတ်ကူးများ သည် လက်တွေ့ဖြစ်လာရမည်'တဲ့...။

 

အခန်း (၁၁)

 

ကောင်းသောနံနက်ခင်းပါ။ နံနက်ခင်းတိုင်းသည် ကောင်းတတ်စမြဲပါ။ သို့ရာတွင် ဒီနေ့ ပိုကောင်းပါသည်။

 

တပေါင်းလ၏ နံနက်ခင်းဆိုသော်လည်း အေးမြပါသည်၊ လေပြည်ကလေးသည် အပူဓာတ်ကို ယူဆောင်မလာသေးပါ။ ကျော်စွာသည် ပန်းပွင့်ကလေးများနှင့်အတူ အိပ်ရာမှ နိုးခဲ့ပါသည်။

 

အို ... ဘယ်လောက်လှလိုက်သည့် နံနက်ခင်းကလေး ပါလဲ။

နံနက်ခင်းတိုင်းသည် လှတတ်စမြဲပါ။

သို့ရာတွင် ဒီနေ့ပိုလှပါသည်။

မျက်နှာသစ် သည်။ သွားတိုက်တာ ခါတိုင်းထက် ပိုကြာသွားသည်။ ပါးစပ်ကိုဆေးပြီးနောက် သွားကိုလက်ညှိုး ဖြင့် တိုက်ကြည့်သည်။ “ကျွိကျွိ ကျွိ” မြည်သည်။ “ကြောင်လှချည်လား” ဟု သူ့ကိုယ်သူ ပြုံးမိသည်၊

 

ထမင်းကြော်စားသည်။ ရေနွေးကြမ်းသောက်သည်။ 'ဂျော်မက်ထရီ' ငါးပုဒ်တွက်သည်။ မေမေ့ကို မီးဖိုထဲမှာ ကူညီသည်။ ရေချိုးသည်၊ ဆပ်ပြာ နှစ်ခါတိုက်သည်။ ခြေသည်းများကို အုန်းဆံဖြင့်တိုက်သည်။ “အချစ်” သည် ခြေသည်းများ ပြောင်ခြင်း၊ မပြောင် ခြင်းနှင့် ဆိုင်သလား၊ မဆိုင်ဘူးလားတော့ သူ့ကိုယ်သူ မသေချာ။ သို့ရာတွင် “အချစ်” သည် လူတို့ကို သန့်ရှင်းချင်စိတ်ပေါက်စေ သည်မှာတော့ သေချာသည်။

 

မျက်နှာသုတ်ပဝါဖြင့် ကိုယ်ကိုသေချာစွာ သုတ်သည်။ လက်က အမွေးကလေးများထောင်လာအောင် ပွတ်တိုက်သည်။ သူသည် ချွေးဘယ်လောက်ထွက်ထွက်၊ ကိုယ်နံ့ မနံတတ်ကြောင်း၊ သိပါသည်။ သို့ရာတွင် ကိုယ်လိမ်းပေါင်ဒါကို အဘယ်ကြောင့် လိမ်းနေမိပြန်ပါသနည်း၊

 

မှန်ကြည့်သည်။ ပါးပေါ်တွင် ဝက်ခြံဖုတလေးတစ်ခု ရှိသည်မှလွဲ၍ သူ့မျက်နှာသည် အပြစ်မရှိပါ။ မှန်ထဲက သူ့ရုပ်ပုံ ကို သူပြုံးပြလိုက်သည်။ မှန်ထဲကကောင်တ ပြန်ပြုံးပြသည်။ သူ မဲ့ပြသည်။ မှန်ထဲက ပြန်မဲ့သည်။ မျက်စိမှိတ်ပြသည်။ ပြန်မှိတ်ပြ သည်။ သူအရှုံးပေးလိုက်သည်။ မှန်ထဲကကောင်ကလည်း ပြန်အရှုံး ပေးသည်။ လူ့ဘဝမှာ လိမ်ညာခြင်းကင်းတာဆိုလို့ မှန်ပဲရှိတယ် ဟု သူ မှတ်ချက်ချလိုက်သည်။ “မှန်' တဲ့ အတိုင်း တုံ့ပြန်တတ်လို့ များ “မှန်” လို့ ခေါ်သလားမသိပါ။

 

ခေါင်းဖြီးသည်။ ဆံပင်ကတော့ နည်းနည်းရှည်နေပြီ။ သို့ရာတွင် သပ်ယပ်စွာဖြီးလိုက်လျှင် ဖြစ်ပါသည်။ ဆံပင်ကို ခွဲလိုက်သည်။ ခွဲကြောင်းရာက မညီဘဲ ဖြစ်နေသည်။ ပြန်ခွဲသည်။

နောက်နားက ဆံပင်က နည်းနည်းထောင်နေသည်။ လက်ဖြင့် ဖိချ လိုက်သည်။ ရှေ့နားက ဆံပင်က နည်းနည်ကောက် နေသည်။ နောက်ကို လှန်ပြီးလိုက်သည်။

 

ခေါင်းဖြီးပြီးမှ စွပ်ကျယ်အကျီမဝတ်ရသေးကြောင်း သိရ သည်။ စွပ်ကျယ်ဝတ်လျှင် ခေါင်းမှစွပ်ချရမည်။ ဖြီးထားသောဆံပင်ပျက်ကုန်လိမ့်မည်။ မတတ်နိုင် စွပ်ကျယ်ကို ခေါင်းမှစွပ်ချ လိုက်သည်။ ဆံပင်ပုံနည်းနည်းပျက်သွားသည်။ ဒီလို ဆံပင်ဖွာသွား မှ ပို၍ ကြည့်လိုတောင်းသည်။ သူ ပြုံးမိသည်။ ဆံပင်ကို ထပ်မဖြီး

တော့။ ။ လွန်ခဲ့ သော ဆယ် ရက်ခန့် ကမှ သမဝါယမဆိုင်က မဲပေါက်သော လုံချည်အသစ်ကို ထုတ်ဝတ်သည်။ လုံချည်ကို တစ်ခါမျှ မဝတ်ရသေးပါ။ သို့ရာတွင် တစ်ခါလျှော်ပြီးပါပြီ။ လုံချည် အသစ်ဆိုလျှင် ကော်တွေနှင့် တောင့်တောင့်ကြီးကြီးဖြစ်နေတတ်ကြောင့်ရေစိမ်၍လျှော်ထားခြင်းဖြစ်သည်။ အဖြူစင်ဆုံးသော အင်္ကျီအဖြူကို ဝတ်သည်။ ပင်နီတိုက်ပုံအင်္ကျီကိုဝတ်သည်။ ဒီတိုက်ပုံ ကတော့ အမြဲလို ဝတ်နေကျပါ။

ထမင်းစားသည်။ သူ့လက်ကို မည်သူမျှ နမ်းကြည့်လိမ့် မည်မဟုတ်မှန်းသိသော်လည်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ

ဆေးသည်။ လွယ်အိတ်ကိုလွယ်၊ မေမေ့ကိုနှုတ်ဆက်၍ ထွက်လာခဲ့ သည်။

ဝင်းအဝနားတွင် သူ့ခွေးကြီး 'ဂေါ်လီ' က အမြီးနှံ့ပြနေသည်ကို တွေ့ရသည်။ ဂေါ်လီကို သူပြုံးပြနှုတ်ဆက်လိုက်သည်။

 

“သွားမယ်ဟေ့.. ဂေါ်လီ"

ဂေါ်လီက “အောင်း ..." ဟု အော်လိုက်သည်။ သူကမူ 'အောင်' ဟု ကြားလေသည်။

 

********

 

“မောင်ကျော်စွာ ဆရာကြီးခေါ်နေတယ်”

ကျောင်းစာရေး ဦးဝင်းနိုင်က လာခေါ်သည်။ ကျော်စွာ ရင်ထိတ်သွားလေသည်။ ကျောင်းတက်ချိန်ထက် ဆယ်မိနစ်လွန်သည် အထိ ဆရာမလည်း ရောက်မလာ၊ စောစောအောင်လည်း ရောက်မလာသေးကြောင်း သိရကတည်းက သူစိုးရိမ်နေခဲ့မိသည်။ ဟုတ်မှာပါပဲ။ ပြဿနာစပြီဟု သူသိလိုက်သည်။ တစ်ချိန်တည်းမှာပင် စာပေအဖွဲ့ ကိစ္စဖြစ်မှာပါဟု သူ့စိတ်ကို သူဖြေသည်။ သို့ရာတွင် သူ့ခြေလှမ်းများသည် အမှားမှား။ ရုံးခန်းရှေ့ တံခါးဝ နားတွင် သူ့ခြေထောက်က တုံ့ဆိုင်းသွားသည်။ စိတ်ကိုတင်း၍ ရုံးခန်းထဲသို့ ဝင်လိုက်သည်။

 

ဆရာကြီး၏ စားပွဲရှေ့တွင် ဆရာမဒေါ်ခင်မေမြင့်။ ပြီးတော့လည်း ဆရာမ၏ ဘေးတွင် စောစောအောင်ထိုင်နေသည်။ သူသည် ဆရာကြီးရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

 

" ထိုင်လေ ... မောင်ကျော်စွာ”

ဆရာကြီးက ပြောသည်။ ဆရာမကို သူကြည့်သည်။ ဆရာမက သူ့ကိုကြည့်သည်။ သူ ဆရာမကို မကြည့်ရဲတော့ပြန်။ ခေါင်းကို ငုံထားလိုက်သည်။ မစစ်ဆေးမီကပင် ဝန်ခံနေသည့် သဘောပါလား။

 

“ ဒါ .. မောင်ကျော်စွာ့ စာလား”

ဆရာကြီးက စာတစ်စောင်ကို သူ့ရှေ့မှာ ချပြသည်။ အပြာရောင် စာအိတ်ကလေးပါ။ ကမ္ဘာပေါ်တွင် စာအိတ်ပေါင်း များစွာရှိပါသည်။ သို့ရာတွင် ထိုစာအိတ်သည် သူ့အိတ်ဖြစ်

ကြောင်း ကျော်စွာ သိလိုက်ပါသည်။ ဆရာကြီးက သူ့ကိုခေါ်ခိုင်းလိုက်ကတည်းက ရင်ထိတ်ခဲ့ရပြီးဖြစ်သောကြောင့် သူ ထပ်မံမတုန် လှုပ်တော့ပါ။ ထိတ်လန့်ရလွန်းသောကြောင့်၊ အစွမ်းကုန်ထိတ်လန့်ပြီးဖြစ်သောကြောင့် ထပ်တိုး၍ မထိတ်လန့်တော့ခြင်းလည်းဖြစ်ပါမည်။

 

“ ဟုတ် ... ဟုတ်ပါတယ် ခင်ဗျာ”

သူသည် စောစောအောင်ကို ဖျတ်ကနဲ ကြည့်သည်။ စောစောအောင် ခေါင်းငုံ့ထားပါသည်။ ငိုနေပါသလား မသိပါ။

 

“ ဒီစာကို မောင်ကျော်စွာက စောစောအောင်ကိုပေးတယ် ဆိုတာဟုတ်သလား”

 

သေချာနေပြီးသော အကြောင်းအရာတစ်ခုဖြစ်ပါလျက် ဆရာကြီးသည် အဘယ်ကြောင့် ထပ်မေးရပြန်ပါသနည်း။ လုပ်ငန်း သဘောနှင့် ပတ်သက်သော စကားမျိုးများသည် တစ်ခါတစ်ရံ လူမှုရေးဘဝများနှင့် မအပ်စပ်ပြန်ပါ

 

" ဟုတ်ပါတယ် ဆရာကြီး”

ဒီအဖြေကို ခေါင်းငုံ့ လျက်သည်။ ဦးခေါင်းကိုမော့ ရင်ကိုကော့၍ ရဲဝံ့စွာဖြေနိုင်သော အမျိုးသည် အတန်းထဲမှာ အမေးခံရသည့်အချိန်တွင် ဖြစ်ပါလိမ့်မည်။

 

“ဆရာကြီးကို စောစောအောင်ကလာတိုင်လို့ ဆရာ ကြီးက ဆရာမကိုပါခေါ်ထားတာပါ၊ မောင်ကျော်စွာက ဘာများ ပြောစရာရှိသေးသလဲ”

ကျော်စွာက ခေါင်းခါပါသည်။

 

" စောစောအောင်က ဘာများပြောချင်သေးသလဲ"

စောစောအောင်က ခေါင်းခဲ့ပါသည်။

 

" ဆရာမကကော"

" ကျွန်မတပည့် မောင်ကျော်စွာဟာ အလွန်လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ် ဆရာကြီး၊ ကျွန်မအတန်းကို ရာက်ပြီးမှ အပြစ်တစ်စုံတစ်ရာမရှိခဲ့ဖူးပါဘူး။ အရင်အတန်းတွေတုန်းကလဲ အပြစ်မရှိခဲ့ဘူး ဆိုတာကျွန်မယုံကြည်ပါတယ်။ ခုကိစ္စ မှာမောင်ကျော်စွာ ဒီလိုလုပ်မယ်လို့ ကျွန်မ မယုံကြည်ပါဘူး။ တစ်ယောက်ယောက်က မြှောက်ပင့်ပေးလို့ လူငယ်တို့သဘာဝ မခံချင်လို့ လုပ်တာလဲ ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ်ရင်လဲ စောစောအောင် ကို သူ ကြည်စားတာဖြစ်ချင်လဲ ဖြစ်နိုင်ပါ တယ်ရှင်။ ဟုတ်တယ်မဟုတ်လားမောင်ကျော်စွာ”

 

ဆရာမသည် မောင်ကျော်စွာအတွက် ထွက်ပေါက်ကို လမ်းကြောင်းပေးလိုက်သည်။ နောက်တော့မှ ကျော်စွာကို တစ်ယောက်တည်း ကျိတ်၍ဆုံးမည်ဟု အကြံရှိသည်။ တကယ် လည်းကျော်စွာဒီလိုလုပ်လိမ့်မည်ဟု ယု မယုံကြည်။ သို့ရာတွင် ကျော်စွာက ခေါင်းခါပြလိုက်လေသည်။

 

“ဒါဖြင့် မင်းတကယ် အတည်လုပ်တာပေါ့”

ဆရာကြီးကမေးသည်။ ကျော်ရွာက ခေါင်းညိတ်လိုက် ပါသည်။ ဆရာမ၏ မျက်မှန်သည် လက်ခနဲဖြစ်သွားသဖြင့် သူကို တအံ့တသြကြည့်လိုက်ကြောင်း သိလိုက်သည်။

 

“ မင်းကိုယ်တိုင်ကဝန်ခံနေပြီဆိုတော့ ဆရာကြီးတို့ယုံရတော့မှာပေါ့။ ကဲ မောင်ကျော်စွာကို ဆရာကြီးမေးမယ်။ မင်းမှာ အပြစ်ရှိသလား”

 

“ရှိပါတယ်ခင်ဗျာ"

သူမငြင်းပါ။ မှန်ရာကို ပြောခြင်းသည် လူငယ်တို့အလုပ် ဖြစ်ပါသည်ဟု သု နားလည်သည်။

 

“ ဆရာမ ပြောစရာရှိပါသေးသလား”

" မရှိပါဘူး... ဆရာကြီး”

ဆရာမအသံသည် တိမ်ဝင်နေသည်။ ဆရာမအံ့သြနေသလားမသိပါ။ ကျော်စွာသည် လူငယ်တစ်ယောက်မျှသာဖြစ်ကြောင်း သေချာစွာစဉ်းစားလျှင် ဆရာမအံ့ဩ နေမည် မဟုတ်ပါ။ မည်သို့ပင်ဖြစ်ပါစေ၊ ဆရာကြီးသည် အမိန့်တစ်ခုကို ချမှတ်လိုက်ပါသည်။

 

“ မောင်ကျော်စွာဟာ စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရဲ အတွင်းရေးမှူးတစ်ယောက်ဖြစ်တဲ့ အပြင် စံပြကျောင်းသား တစ်ယောက်လည်းဖြစ်တယ်။ ကျောင်းရဲ့ အဖွဲ့ အစည်းတစ်ခုမှာ တာဝန်ရှိတဲ့လူတစ်ယောက်။ ပြီးတော့စံနမူနာပြရမယ့် ကျောင်းသား တစ်ယောက်က ဒီလိုလုပ်ရင် ကျန်တဲ့လူတွေ အတွက် ခက်ကုန်လိမ့်မယ်။ ဒါကြောင့် မောင်ကျော်စွာကိုအပြစ်ပေးရမယ်။ ဆရာကြီး မင်းကို ရိုက်ရလိမ့်မယ်”

 

“ ခင်ဗျာ"

ကျော်စွာအလွန်အမင်းတုန်လှုပ်သွားသည်။ အရိုက်ခံရ၍ နာကျင်မည်ကို သူ ကြောက်သောကြောင့်မဟုတ်ပါ။ ရှက်သော

ကြောင့် သာဖြစ်ပါသည်။ လုပ်ရဲလျှင် ခံရဲရမည်ဟု သူနားလည် ပါသည်။ သို့ရာတွင် ရှက်ရဲရမည်' ဟုတော့ သူ နားမလည်ပါ။

 

“ကဲ မောင်ကျော်စွာ၊ မတ်တပ်ရပ် ဟိုဘက်လှည့်” ။

ကျော်စွာ မတ်တတ် ရပ် လိုက် သည်။ တစ်ဖက်သို့ လှည့်လိုက်သည်။ စောစောအောင်၏ ရှိုက်သံကို ကြားရသည်။ သူ့ကို သနားသောကြောင့် ငို ရှိုက်နေခြင်းမဟုတ်ကြောင်း

ကျော်စွာသိပါသည်။ ရှက်လို့ငိုတာသာဖြစ်ပါစေ စောစောအောင်၊

 

ဆရာကြီးက ကျော်စွာကို သက်ညာစွာရိုက်သည်။ မနာပါ။ သို့ရာတွင် နာသည်။ အရိုက်ခံ ရသော နေရာသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်းဖြစ်ပါလျက် သူ့ရင်သည် အဘယ့်ကြောင့် နာရပါသနည်း။ သူ့နှလုံးသည် အရှိုးရာများ အဘယ့်ကြောင့်ထင် ရပါသနည်း။

 

“မိစောရယ်.. ရက်စက်လှချည်လားဟယ်”

စောစောအောင်ကို ဘယ်လိုအကြည့်ဖြင့် ကြည့်ခဲ့မိမှန်း သူမသိ၊ ဝမ်းနည်းသော အကြည့် နာကြည်းသော အကြည့်၊ ဒေါသ ဖြစ်သောအကြည့်၊ ဘယ်အကြည့် ဖြစ်မည်ဟု မည်သူ ပြောနိုင် ပါမည်နည်း။

 

အတန်းထဲသို့ ပြန်ရောက်လာသည်။ သူ့မျက်နှာကို မြင်ရ ကတည်းက သူငယ်ချင်းတွေက အခြေအနေကို သိလိုက်ပြီ။

 

“ဘယ်လိုဖြစ်တာလဲ။ ဆရာကြီးကဘာပြောသလဲ၊ ဘာ လုပ်လိုက်သလဲ”

သု ဘာမျှမဖြေ။ ခေါင်းကိုခါသည်။ မျက်နှာကို စားပွဲမှာ အပ်ထားသည်။ မိန်းကလေးတစု၏ “ဝါးကနဲ ရယ်သံကို ကြားရ သည်။ လှောင်တာလား။ သူမော့ကြည့်သည်။ မိန်းကလေးများသည် သူတို့ဖာသာဘာကို သဘောကျနေသည် မသိ၊ သို့ရာတွင်သူ့ကို

စောင်းပြောနေခြင်းသာဖြစ်သည်ဟု သူထင်သည်။ တကယ်တော့ အတန်းသူ အတန်းသားအများစုသည် သူ့အကြောင်းကို မသိကြ သေးပါ။ သို့ရာတွင် သူတို့ ရယ်လျှင် သူ့ကို လှောင်သည်ဟု ထင်သည်။ သူတို့ တီးတိုးစကားပြောလျှင် သူ့ အကြောင်းပြောသည် ဟုထင်သည်။ သူတို့မျက်လုံးများသည် ဘယ်ကိုကြည့်နေသည် ပင်ဖြစ်စေ၊ သူ့ကိုကြည့်သည်ဟု ထင်သည်။ ' 'အသက်နှင့် လူလုပ်တာမဟုတ်၊ အရှက်နှင့် လူလုပ်တာ' ဟူသောစကားသည်သာ တိကျစွာ မှန်ခဲ့ပါလျှင် ခုအခါ သူ သေနေ လောက်ပါပြီ။

 

ဆရာမနှင့် စောစောအောင်သည် အတန်းထဲသို့ ပြန်မရောက်ကြသေးပါ၊ စောစောအောင် အငိုမတိတ်သေး လို့လည်း ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် နီနေသော မျက်လုံးများ ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါမည်။ဆရာမသာ အတန်းထဲဝင်လာခဲ့ လျှင်ဆရာမ မျက်နှာကို မည်သို့ကြည့်ရပါမည်နည်း။

 

ထိုအချိန်မှာပင် အချိန်ပြောင်းခေါင်းလောင်းထိုးသည်။ အတန်း အတန်းသားများ မတ်တတ်ရပ်ကြ သည်။ သစ္စာ အဓိဌာန် ငါးချက်ကိုထုံးစံ အတိုင်းဆိုကြသည်။

 

“ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် တိုင်းရင်းသား လုပ်သား ပြည်သူများ အပေါ် သစ္စာရှိပါမည်"

“ ကျွန်ုပ်တို့သည် လုပ်အားတန်ဖိုး ချစ်မြတ်နိုးသော စိတ် ကို မွေးမြူ၍ လုပ်သားကောင်းဖြစ်မြောက်အောင် ကြိုးစားပါမည်”

“ကျွန်ုပ်တို့သည်....”

“ကျွန်ုပ်တို့သည်--

“ကျွန်ုပ်တို့သည်....."

ကျော်စွာသည် လွယ်အိတ်ကို ဆွဲလျက် အတန်းပြင်သို ပြေးထွက်ခဲ့ပါသည်။ စာသင်ခန်းများကို မည်သို့ ကျော်ဖြတ်ခဲ့ သနည်း၊ ကျောင်းရှေ့မြက်ခင်းပြင်ကို မည်သို့ ကျော်ဖြတ်ခဲ့ သနည်း၊ ဝင်းတံခါးနားသို့ မည်သို့ရောက်လာခဲ့သနည်း။ သူရပ် လိုက်သည်။

 

ကျောင်းကြီးဆီသို့ လှည့်ကြည့်မိသည်၊ အမိကျောင်းတော် ကြီးသည်ငြိမ်သက်လျက်ပါ။ ကျောင်းရှေ့ အလံတိုင်တွင် ပြည်ထောင်စုအလံသည် လေတွင် တဖျပ်ဖျပ်လွင့်လျက်ရှိသည်။ ပြည်ထောင်စုအလံ၏ အောက်တွင် အသင်းလေးသင်းကို ကိုယ်စား

သော ဝါ၊ စိမ်း၊ နီ၊ ပြာ အလံငယ်လေးခုတို့သည် သူ့ကို လက်ပြ နှုက်ဆက်နေကြသည်။

လေပြည်ကလေးက ပလွေမမှုတ်ပါ။

ငှက်ကလေးတွေက သီချင်းမဆိုပါ။

စွယ်တော်ရွက်ကလေးတွေ လက်ခုပ်မတီးပါ။ လက်ပံပွင့်လေးတွေ လေမှာဝဲ၍ မလာပါ။

ဥဩငှက် က လေးက 'ပြန်တော့၊ ပြန်တော့ ဟုအော်သည်။

ကျောင်းရှေ့က ကုက္ကိုပင်ကြီးက သစ်ရွက်တွေ ကြွေကျနေသည်။ အချို့သစ်ရွက်များသည် သစ်ပင်အနီးနားပင် ကျသည်။ အချို့ သည် ခပ်လှမ်းလှမ်းမှာ ကျသည်။ အချို့သည် လေတွင်ဝဲ၍ ဝေးရာ ဝေးရာသို့။

 

သူသည် ဝေးရာသို့ လွင့်မြောနေသော သစ်ရွက်များတွင် သန္ဓေဝင်စားပါတော့မည်လား၊

“ ဝမ်းနည်းမှတ်တမ်း စပါပြီ။

 

အခန်း (၁၂)

 

“အမှန်” ဆိုသည်မှာ အဘယ်နည်း။

“အမှား” ဆိုသည်မှာ အဘယ်နည်း။

တချို့က မိမိအတွက် ကောင်းလျှင် မှန်သည်။ မိမိအတွက် မကောင်းလျှင် မှားသည်ဟု ဆိုသည်။

တချို့က လူ အများအတွက်ကောင်းလျှင် မှန်သည် ။ လူအများအတွက် မကောင်းလျှင် မှားသည်ဟု ဆိုသည်။

အချို့က အမှန်တရားသည် တိကျမှုမရှိ၊ တစ်ချိန်တစ်ခါ တွင် မှားလျှင်မှားမည်ဟု ဆိုပြန်သည်။

 

''ကမ္ဘာကြီးသည် လုံးပါသည်' ဟု တင်ပြခဲ့သော သိပ္ပံ ပညာရှင်ကြီးကို အာဏာရှင်များက 'ပြားရမည်' ဟု အတင်း အကျပ်ဆိုခိုင်းသည်။ သိပ္ပံပညာရှင်ကြီးကလည်း မတတ်သာသဖြင့် ပြား' လိုက်ရလေသည်။ နောက်ပိုင်းတွင် တကယ် “လုံး” ကြောင်း

လာရသော အခါတွင် ထိုသိပ္ပံပညာရှင်ကြီးကို ချီးကျူးကြရ ပြန်သည်။

 

" အဆိုတစ်ခုသည် တပြိုင်နက်တည်းတွင် မှန်လည်းမှန် မည်။ မှားလည်း မှားသည် ဆိုသည်မှာ မဖြစ်နိုင်ပါ။” ဒါက သင်္ချာ သဘောပါ။

 

အနားပြိုင်တြိဂံဟူ၍ ဘယ်မှာရှိမည်နည်း၊ ထောင့်မှန် စက်ဝိုင်းဟူ၍ အဘယ်မှာရှိမည်နည်း။ သို့ရာတွင် တစ်ပေအရှည်ရှိ

သော မျဉ်းဖြောင့်တစ်ကြောင်းသည် မိုင်လေးဆယ်မျဉ်းကောက် တစ်ကြောင်းဖြစ်မည်ဟု 'အိုင်းစတိုင်း' က ဆိုပြန်လေသည်။ တြိဂံ တစ်ခု၏ အတွင်းထောင့်သုံးခုပေါင်းခြင်းသည် တစ်ရာ့ရှစ်ဆယ်ရှိ သည်ဟု စိန္တိတကထာက ဆိုသော်လည်း တြိဂံကို စက်ဝိုင်းလုံးတစ်ခု ပေါ်မှ ဆွဲ လျှင် အတွင်းထောင့် သုံးခု ပေါင်းခြင်းသည် တစ်ရာ့ရှစ်ဆယ် ဒီဂရီထက် ကျော်နေပြန်သည်။

အမှန်တရားသည် ဘယ်လိုပါနည်း။

 

ကျော်စွာ ကျောင်းမတက်တာ သုံးရက်ရှိပြီ။

ထုံးစံအတိုင်းဆိုလျှင် သုံးရက်ထက်ပိုပြီး ကျောင်းပျက်လျှင် ခွင့်တိုင်စာပို့ရမည် ဖြစ်သည်။ ခါတိုင်းဆိုလျှင် ကျောင်းသည် သူပျော်မွေ့ရာဌာန၊ သူ့ကို ပညာတွေပေးရာဌာန။

 

အခုတော့ ဖြင့် ဒီလို မဟုတ်ပါပြီ။ ကျောင်းဘက်သို့ ခြေဦးလှည့်ရန် သူမဝံ့ပြီ။ ကျောင်းသည် သူ့ကိုမျက်ရည်ကျစေသော ဌာန၊ အရှက်တရားတွေပေးသော ဌာန။

 

ကျောင်းနှင့်ပတ်သက်သော ကိစ္စဟူသမျှ သူမေ့ချင်သည်။ ပညာမတတ်လျှင် ဘာဖြစ်မည်၊ ညာဖြစ်မည် ဆိုသောစကားမျိုး။ တစ်ယောက်ယောက်က ပြောလာခဲ့လျှင်သူရယ်မောပစ်မိ ပါ။ မည်။ ပညာမတတ်လျှင် တိုးတက်ကြီးပွားဖို့ မလွယ်ကူကြောင်း၊ သူသိပါသည်။ သို့ရာတွင် သူ့တွင်ကြီးပွားတိုးတက်လိုသောစိတ် မရှိတော့ပါပြီ။ ဒီအယူအဆသည် သူ့ထံတွင် ဘယ်လောက်ကြာကြာ ရှိနေမည်နည်။ တစ်နှစ် ဖြစ်ချင်ဖြစ်မည်။ နှစ်နှစ် သုံးနှစ် ဖြစ်ချင်ဖြစ်မည်။ တသက်လုံးလည်း ဖြစ်ချင်ဖြစ်မည်။ ထို့ အတူ ရက်ပိုင်းအတွင်း ပြောင်းလဲလျှင်လည်း ပြောင်းလဲသွားမည်။

 

မည်သို့ပင်ဖြစ်ပါစေ ခုအချိန်မှာတော့ ကျောင်းကို သူ မေ့ချင်သည်။ ယုတ်စွအဆုံး ကျောင်းနှင့် ပတ်သက် သော သူငယ်ချင်းများကိုပင် သူမေ့ချင်သည်။ ကြည့်ပါလေ။

 

အရေးအခင်း ဖြစ်သော အချိန်တွင် မေမေအိမ်မှာမရှိပါ။ ပျဉ်းမနားဘက်သို့ ခရီးထွက်သွားသည်။ ထိုမှ မန္တလေးအထိ ဆက်သွားမည်။ ကျော်စွာစာမေးပွဲနီးမှ ပြန်လာမည်။ တကယ်တော့ မေမေသည် ကျော်စွာပညာရေးခရီးတွင် ပြေပြစ်ချောမောစေရန် အပင်ပန်းခံ၍ စီးပွားရှာနေခြင်းဖြစ်ပါသည်။ သို့ရာတွင် ခုအခါ မှာတော့ ကျော်စွာ လွတ်လပ်စွာ တေနိုင်လေနိုင်ရန် ရှောင်ပေး သလိုဖြစ်နေပါသည်။ ဒီအကြောင်းကို ကျော်စွာတွေးမိပါရဲ့ လား မသိပါ။

 

ကျော်စွာ အရိုက်ခံရသောနေ့ ညနေပိုင်းက အဖြစ် အပျက်။ အိမ်ကို ဘယ်လိုပြန်ရောက်ခဲ့မှန်း သူမသိ။ ခေါင်းအုံးမှာ မျက်နှာအပ်၍ သူငို သည်။ စဉ်းစားကြည့်ကြပါ။ ကျော်စွာ ဘယ်လောက်ရှက်လိုက်လှမည်ကို စဉ်းစားကြည့်ကြပါ။ သူသည် ပညာရေးဘဝတစ်လျှောက်လုံး လိမ်မာစွာ နေခဲ့သည်။ နာမည်ပျက်မရှိခဲ့ဖူးပါ။ နာမည်ကောင်းသာ ရှိခဲ့ပါသည်။ သူ့ကို ဆရာဆရာမတွေကလည်း ချစ်သည်။ ကျောင်းသားများကလည်း ခင်သည်။ ကျောင်းသူတွေကလည်း လေးစားသည်။ ခုအခါမှာ သူ ဘယ်လောက်ရှက် လိုက်လှမည်ကို စဉ်းစားကြည့်ပါ။ သူ့ အရှက် ကို ခွဲသူကို စိတ်နာသည်။ စောစောအောင်ကို သူမုန်းသည်။

မေ့ကော မေ့နိုင်ပါသလားဟုတော့ သူ့ကိုယ် သူ မသေချာ။

 

ညနေကျောင်းဆင်းချိန်တွင် သူငယ်ချင်းတွေ သူ့ဆီ ရောက်လာသည်။ အေးမြင့်သောင်း၊ ဇော်ခင်မော်၊ လှဝင်းဦးနှင့် ချစ်ကိုဝင်းတို့ဖြစ်ကြသည်။ ထိုအချိန်တွင် သူသည် ခေါင်းအုံးတွင် မျက်နှာအပ်ထားဆဲပါ။ ငိုတော့ မငိုတော့ပါ။

 

“ကျော်စွာ ငါတို့ကို သေသေချာချာပြောပြစမ်းပါဦးကွာ”

ကျော်စွာက ခေါင်းခါသည်။

“ဒီလောက်လဲ ဖြစ်မနေပါနဲ့ကွာ”

“ငါ သိပ်ရှက်တယ်”

သူတို့ လည်း သိသင့်သလောက် သိပြီးပါပြီ။ သို့ရာတွင် အသေးစိတ်သိလိုသောကြောင့် မေးရခြင်းဖြစ်ပါသည်။ ပြီးတော့

ကျော်စွာကို နှစ်သိမ့်ဖျောင်းဖျကြရန် လာခြင်းဖြစ်ပါသည်။ သို့ရာတွင် ကျော်စွာက သူတို့ကို နှင်ထုတ်သည်။

"သွားကြစမ်းပါကွာ၊ ငါ့ဖာသာ အေးအေးဆေးဆေး နေပါရစေ"

 

နောက်တနေ့ ကျောင်းသွားချိန်တွင် သူတို့ ရောက်လာ ကြပြန်သည်။

“ကျော်စွာ ကျောင်းသွားရအောင်လေကွာ” ကျော်စွာက မလိုက်ချေ။

“မင်းကလည်းကွာ ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်ပေါ့။ လာပါကွာ ကဲ.. အဝတ်အစားလဲ”

“ငါ မလိုက်ဘူး။ ဒါပဲ”

သူတို့ က အတင်းခေါ်ကြပြန်သည်။ မရပါ။ သူတို့ လက်လျော့သွားပြန်သည်။

 

စောစောအောင်သည် အိမ်ရောက်ရောက်ချင်း သူ ပထမဦးဆုံးလုပ်ရမည့် အလုပ်ကို သတိရလိုက်သည်။ ငိုဖို့ ဖြစ်၏ ထို့ကြောင့် ငိုလိုက်သည်။

သူသည် ကျော်စွာကို မုန်းသည်ဟု သူ့ကိုယ်သူ မယုံကြည် ချစ်သည်ဟုလည်း မဆိုရဲ။ ကျော်စွာသည် မုန်းစရာကောင်းသော လူတစ်ယောက်မဟုတ်ပါ။ ကျော်စွာ၏ အချစ်ကို သူ မငြင်းပယ်လို ပါ။ ကျော်စွာသည် ချစ်နိုင်သူ တစ်ယောက်ဖြစ်သည်။ သို့ရာတွင် သူ မချစ်ရဲပြန်။ ဘာကြောင့်မှန်းသူမသိ။ တစ်ခုတော့ သိပါသည်။ သူ ကြောက်သည်။

 

ကျော်စွာ၏စာကို ဖတ်ရစဉ်က သူ အံ့ဩခဲ့ရသည်။ အမှန် တော့ သူ မအံ့ဩသင့်။ ကျော်စွာက သူ့ကို ချစ်နေပြီမှန်း သူသိခဲ့ ပါသည်။ တနေ့နေ့ တွင် ကျော်စွာ ချစ်ရေးဆိုလာမည်မှန်း သူသိ ခဲ့ပါသည်။ သို့ရာတွင် ကျော်စွာစာကို ဖတ်ရတော့ သူ အံ့ဩခဲ့ရ သည်။ ပြီးတော့လည်း ကြည်နူးသာယာသလို ဖြစ်ခဲ့ရသည်။

 

စိတ်ကူးထဲက ဘဝများသည် ပျော်စရာ။ သို့ရာတွင် စိတ်ကူးတိုင်းသည် အကောင်အထည်များဖြစ်မလာနိုင်။ သူသည် မိန်းကလေးပါ။ မိန်းကလေးဆိုသည်မှာ ဣန္ဒြေကိုထိန်းရမည်။ အညှာ မလွယ်ရ။ အချစ်၏တန်ဖိုးကိုမြင့်ရမည်။ လွယ်လွယ်နှင့် ရသော အရာများသည် တန်ဖိုးမရှိ။

 

'လေ' သည်လွယ်လွယ်နှင့် ရသောကြောင့်တန်ဖိုးမရှိ၊ “ထမင်း သည် ခက်ခဲစွာရှာဖွေရသော

ကြောင့် တန်ဖိုးရှိသည်။ သို့ရာတွင် ဆရာကြီးကို သွားတိုင်ရ လောက်အောင် တန်ဖိုးမြှင့် ခြင်းသည် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်လာစေမည်ဟု သူ မသိခဲ့ရိုးအမှန်ပါ။

 

အမှန်အားဖြင့် စောစောအောင်လုပ်သင့်သည်မှာ ဤသို့ ဖြစ်သည်။ ကျော်စွာက အဖြေတောင်းလာလျှင် အချစ်အကြောင်း မစဉ်းစားချင်သေးဟု ဖြေရမည်။ ထိုအခါ ကျော်စွာက နောက်တစ်ကြိမ်ထပ်ကြိုးစားလိမ့်မည်။ မတင်မကျ ပြန် ပြောရမည်။ နောက်တစ်ကြိမ်ထပ်ကြိုးစားပြန်လျှင် ဆယ်တန်းစာမေးပွဲ အောင် ပြီးမှ အဖြေပေးမည်ဟု ဆိုရမည် ၊ စာမေးပွဲ အောင်ပြီးမှ ချစ်ပါမည်ဟု အဖြေပေးရမည်။ သို့ရာတွင် စောစောအောင်သည် ဒီလောက်အထိ “မိန်းကလေးပါး' မဝသေးပါ။ ထို့ကြောင့်ပင် သူသည် ဆရာကြီးကို တိုင်ကြားခဲ့သည် မဟုတ်ပါလား။

 

သူ၏ တိုင်ကြားချက်သည် ကျော်စွာကို ထိခိုက်စေသည် ဟု သိရသောအခါ သူပြင်းထန်စွာ တုန်လှုပ်ရသည်။ ကျော်စွာ၏ နာကျည်းသော အကြည့်ကိုခံရသည့်အခါ သူ ပြင်ထန်းစွာ ငိုခဲ့ရ သည်။

 

ထိုကိစ္စနှင့်ပတ်သက်၍ ကျော်စွာကို သူ တောင်းပန်သင့်သည်ဖြစ်၏ ဟု ယူဆသည်။

"ကျော်စွာရယ် ငါ့ကို ခွင့်လွှတ်ပါဟယ်"

 

*******

 

"ကျော်စွာရယ် ငါ့ကို ခွင့်လွှတ်ပါဟယ်။

နင် ဒီလောက်ဖြစ်သွားလိမ့်မည် မထင်လို့ ငါ ဆရာကြီးနဲ့ သွားတိုင်တာပါ။

ဘာဖြစ်လို့ သွားတိုင်မိတာလဲ ဆိုတာလည်း ငါမသိပါဘူး။ ဒါပေမယ့် နင့်ကိုငါမုန်းလို့ မဟုတ်ပါဘူး"

“ဟား.. ဟား.. ဟား.. ဟား”

ကျော်စွာ ဟားတိုက်ရယ်လိုက်သည်။

“ဟာ ဟာ့.. ဘာတဲ့၊ နင့်ကို ငါ မုန်းလို့ မဟုတ်ပါဘူး တဲ့၊ ဒါဖြင့်ရင် ချစ်လို့ သွားတိုင်ပေါ့လေ။ ချစ်ဦးကွ.. ချစ်ဦးကွာ”

ကျော်စွာသည် စောစောအောင်၏စာကို ဆွဲထုတ်ပစ်လိုက် သည်။ အေးမြင့်သောင်းတို့ သည် ကျော်စွာကို အံ့သြစွာကြည့်နေ ကြသည်။ ကျော်စွာသည် ဟားတိုက်ရယ်ရင်းက မျက်နှာကို ချက် ချင်းပြန်တည်လိုက်သည်။ သူရူးသွားပြီလားဟု ထင်စရာရှိပါသည်။

 

“ဟေ့ကောင်..သူငယ်ချင်း ကျော်စွာ”

ကျော်စွာသည် အံကိုကြိတ်ရင်း ရပ်နေသည်။ သူ့လက်သီး များက ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“မင်းကလည်းကွာ သိပ်ဒေါသမကြီးပါနဲ့”

“ဒီမှာ ကျော်စွာ၊ ငါတစ်ခုပြောပြမယ်။ စောစောအောင် က မင်းအတွက် သိပ်စိတ်မကောင်းဖြစ်နေတယ်”

“ဟုတ်လား၊ သူက ငါ့ကို သနားနေသလား။ ကျေးဇူးတင် ပါတယ်လို့ ပြောလိုက်ပါ"

“ပြီးတော့လဲ စောစောအောင်ကို ကြည့်ရတာ ရွှင်ရွှင်ပျပျ မရှိဘူး၊ အမြဲမှိုင်နေတာပဲ။ ပိန်လဲ ပိန်သွားတယ်”

“အေးကွာ.. စိတ်မကောင်းစရာပဲ”

“ဟေ့ကောင်... မင်းက ရိမနေစမ်းပါနဲ့"

“ဒီမှာ သူငယ်ချင်းတို့၊ ခုကိစ္စဟာ စိမ်ပြေးတမ်းကစား နေတာ မဟုတ်ဘူး၊ 'ဘွာ'ခတ်လို့ မရဘူးကွ။ လူတစ်ယောက်ရဲ့ နှလုံးသားကို ပေါက်ကွဲပျက်စီးသွားအောင်လုပ်ပြီးမှ “ဆောရီး”ဆို လို့ မရဘူးကွ”

'ဒါပေမယ့်.. မင်း ကျောင်းပြန်တက်ရမယ်”

“ဝမ်းနည်းပါတယ်ကွယ်။ ခု အချိန်မှာ မျက်နှာကို ကျောင်းမှာ ဘယ်လိုပြရမှာလဲ”

“ဘာဘဲဖြစ်ဖြစ်၊ နက်ဖြန်မနက် ငါတို့ မင်းကိုလာခေါ် မယ်။ မင်းကျောင်းတက်ရမယ်”

“မတက်ဘူး”

“မတက်လို့ မရဘူး။ ဆရာမက မင်းကိုရအောင်ခေါ်ခဲ့ရ မယ်လို့ မှာလိုက်တယ်"

 

ကျော်စွာ၏ မျက်နှာသည် တွေဝေသွားသည် ။ ဆရာမသည် သူ့အတွက် ယူကျုံးမရဖြစ်နေမည် အမှန်။ ဆရာမ သည် သူ့ကို ဘယ်လောက်ချစ်ကြောင်း သူသိသည်။ သို့ရာတွင်

ကျောင်းကို ပြန်မတက်ဘူးဟု သူဆုံးဖြတ်ထားသည်။ လှောင်သော အပြုံးများ၊ အထင်သေးသော မျက်လုံးများကို သူကြောက်သည်။

 

“မင်း မနက်ဖြန်ကျောင်းမတက်ရင် ဆရာမကိုယ်တိုင် မင်း အိမ်ကို လာခေါ်လိမ့်မယ်”

 

အခန်း (၁၃)

 

အိမ်တံခါးကို သော့ခတ်လိုက်သောအချိန်တွင် နံနက် ခြောက်နာရီပင် မထိုးသေး။ အိမ်ဝင်းအပြင်ကိုထွက်လိုက်သည်။ ဘယ်ကိုသွားရမည်မသိ။ အိမ်မှာ သူ ရှိမနေလျှင်ပြီးရော ဆိုသော သဘောဖြင့် ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ပြီး ကျောင်းသွားချိန်ကျလျှင် သူငယ်ချင်းတွေက သူ့ကို လာခေါ်ကြတော့မည်။ ကျောင်းတက်ဖို့ လာရောက်တိုက်တွန်း ကြလိမ့်မည်။ သူ ကျောင်းကို လိုက်မသွားခဲ့လျှင် ဆရာမကိုယ်တိုင် လာခေါ်တော့မည်။ ထို့ကြောင့် အိမ်မှ ရှောင်ထွက်လာခဲ့ခြင်းဖြစ် ပါသည်။ ညလူခြေတိတ်ချိန် မှ အိမ်ကိုပြန်လာတော့မည်။

 

ဘယ်ကိုသွားရမည်မသိ။ ခြေဦးတည့်ရာ လျှောက်လာခဲ့ သည်။ ဘူတာရုံသို့ ရောက်လာသည်။ ဘူတာရုံတွင် လူတွေ များ ပျားပန်းခတ်လျက်။ မြို့ထဲသို့ ကုန်ရောင်းသွားမည့် သူတွေ၊ ရုံးသွားမည့် သူတွေ၊ ကျောင်းသွားမည့်သူတွေ လူအားလုံးမှာ ရည်ရွယ်ချက်တွေ နှင့် သူမှာ ရည်ရွယ်ချက်မရှိ။ အသံတို့ သည် ဆူညံနေကြသည်။

 

“ဘိန်းမုန့်.. ဘိန်းမုန့်”

“ဟဲ့ ဖိုးချို၊ လက်မှတ်ဝယ်ပြီးပြီလား၊ ကောင်းလေးကိုက ယောင်တိ ယောငအ်။ အရူးလိုလို တောသားလိုလိုနဲ့"

“ဆရာ မျိုးမြင့်ရဲ့ ဗေဒင်ဟောစာတမ်းတွေ၊ သင်္ကြန် စာတွေ”

“ဟော.. ခေါင်းလှည့်လာပြီ၊ ခေါင်းလှည့်”

ရထားတစ်စင်းဆိုက်လာသည်။ လူတွေ တိုးဝှေ့တက်ကြ သည်။ ကျော်စွာလည်း ရထားပေါ် တက်မိသည်။ သူ့မှာ လက်မှတ် မပါပါ။ ခဏကြာတော့ ရထားထွက်လာသည်။

 

“တနည်းအားဖြင့် မီးရထားနှင့်ခရီးသွားကြတဲ့ လုပ်သား ပြည်သူများ ခင်ဗျား. . ကံဆုံလို့ ကြုံကြရတဲ့ မိတ်ဆွေများအတွက် ဆေးစွမ်းကောင်း တစ်လက် ကျွန်တော့်ဆီမှာ ပါလာခဲ့ပါတယ်။ ဘာဆေးတဲ့လဲ၊ ကိုးဆယ့်ခြောက်ပါးရောဂါပျောက်တယ်လို့ မဆို လိုပါဘူး။ အဲ.. ဒါပေမယ့် သုံးတတ်ရင်တော့ အဆိပ်တောင် ဆေး ဖြစ်သတဲ့၊ အနာသိတော့ ဆေးရှိသတဲ့။ ကဲ.. ဘာဖြစ်သလဲ။ ချောင်း ဆိုး သလား၊ သံပုရာရည်ကလေးနဲ့ သောက်ပါ။ အားနည်းလို့ မူးဝေ ထိုင်းမှိုင်းနေပါသလား၊ သကြားနဲ့ ရောသောက်ပါ။ ဝမ်းချုပ်နေ သလား၊ အိပ်ရာဝင်ခါနီး ဆားကလေးနဲ့ ခပ်သောက်ပါ။ သုံးလုံး

တောင်ထွက်ယှဉ်ပြိုင်ကာရယ်.. ဖိုခနောက်ဆိုင်တည်နေပါတယ် ဆိုတဲ့ ပုပ္ပါးတောင်ကြီးက အဖိုးတန်ဆေးမြစ်များနဲ့ စီမံထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ ရောင်းတာ နောက်ဆုံးနှုတ် ဆက်တဲ့အနေနဲ့ ပါ။ နက်ဖြန်ဆိုရင် ကျွန်တော် ပုပ္ပါးတောင်ကို တစ်ခေါက်ထပ်သွားပြီး ဆေးမြစ်သွားတူးရပါဦးမယ်။ ဟုတ်ကဲ့.. တစ်ထုပ် တစ်ကျပ်ပါခင်ဗျာ”

ဆေးရောင်းသူ တစ်ဦး၏ အာဝဇ္ဇန်းရွှင်စွာ ပြောနေပုံများ၊ ကို ကြားရသည်။ ကျော်စွာနားက လူကြီးတစ်ဦးက

"ဒီလူကတော့ နေ့တိုင်း နှုတ်ဆက်နေတာပဲ။ ဒီနေ့ နောက်ဆုံး ဒီနေ့ နောက်ဆုံးနဲ့ သုံးလလောက်ရှိနေပြီ”

 

ရထားသည် ရန်ကုန်ဘူတာကြီးသို့ ဆိုက်လာသည်။ ကောင်ကလေး တစ်ယောက်သည် ရထားအရှိန်မသေမီ ခုန်ဆင်း လိုက်သည်။ ကိုယ်ကို မထိန်းနိုင်ဘဲ လဲကျမလို ဖြစ်သွားသည်။

ဪ.. အရှိန်မသေခင်တော့ ဒီလိုပါပဲ။ အရှိန်သေမှ ဆင်းသော သူများသည် ဘာမျှ မဖြစ်ကြချေ။

 

ကျော်စွာသည် ရထားပေါ်မှ ဆင်းလိုက် သည်။ စင်္ကြန်ပေါ်သို့ တက်လျှောက်လာခဲ့သည်။ ခုံးတံတားလေးကို

ကျော်သည်။ ပန်းဆိုးတန်းလမ်းအတိုင်း လျှောက်လာခဲ့သည်။ ခုအချိန်ထိ သူဘယ်သွားရမှန်း မသိသေးပါ၊ မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းဆုံသို့ ရောက်လာသည်။ လက်ယာဘက်သို့ ကြည့် မိသည်။ ဆူးလေ၊ ဘုရားဘက်သို့ လျှောက်ခဲ့ သည်။ ဘုရားပေါ်သို့ သူတက်သည်။ ပန်းသည်တို့၏ ခေါ်သံများကို ကြား ရသည်။

 

ကြေးဆင်းတုတော်တစ်ဆူ ရှေ့တွင် သူထိုင်လိုက်ပါသည်။ သူ ဘုရား ရှိမခိုးတာ ဘယ်လောက်ကြာပြီနည်း။ ဩကာသကို စိတ်ထဲက ဆိုကြည့်သည်။ မမှတ်မိတော့။ သို့ရာတွင်..ဘုရားရိပ် သည် သူ့ကို နည်းနည်းအေးချမ်းစေသည်တော့ အမှန်ပါ။ ဘုရားကို သူဝတ်ပြုလိုက်ပါသည်။

 

ဘုရားပေါ်က ဆင်းလိုက်သည်နှင့် ပူလောင်ခြင်းကို ခံစား ရပြန်သည်။ မဟာဗန္ဓုလ ပန်းခြံထဲသို့ ဝင်လာခဲ့သည်။ အင်္ဂတေခုံ တန်းကလေးတစ်ခုမှာ ထိုင်သည်။ ခပ်လှမ်းလှမ်းက ခုံတန်းမှာ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ စုံတွဲထိုင်နေ ကြသည်။ လက်ကလေးကိုင်လိုက်၊ ပုခုံးကလေးဖက်လိုက် ခါးကလေး တို့လိုက်။ သူ့ဘယ်ဘက် ခုံတန်းမှာ လူကြီးတစ်ယောက် နှစ်ခြိုက် စွာအိပ်ပျော်နေသည်။ ပန်းခြံအမှုထမ်းတစ်ယောက်သည် ရေကန်ထဲက ငါးများကို လိုက်ဖမ်းနေသော ကလေးငယ်များကို ကြိမ်း မောင်းနေသည်။

 

လွတ်လပ်ရေး ကျောက်တိုင်ကြီးကို ကြည့်မိပြန်သည်။ လွတ်လပ်ရေးဆိုသည်မှာ အဘယ်နည်း။ ကျောင်းမတက်ဘဲ ခုလို

လျှောက်သွားနေခြင်းသည် လွတ်လပ်ရေးဖြစ်ပါသလား။ သမီးရည်းစားတွေ လွတ်လပ်စွာ စကားပြောနိုင်ခြင်းသည် လွတ်လပ်ရေးဖြစ် ပါသလား။ ပန်းခြံထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်းသည် လွတ်လပ်ရေးဖြစ်ပါသလား။ ရေကန်ထဲက ငါးများကို ထင်သလို ဖမ်းနိုင်ခြင်းသည် လွတ်လပ်ရေး ဖြစ်ပါသလား။

 

ဆာလောင်မွတ်သိပ်ခြင်းကို ခံစားရသည်။ မနက် ကတည်းက ဘာမျှမစားရသေးကြောင်း ခုမှ သတိရသည်။ ပန်းခြံ ထဲက ထွက်လာခဲ့သည်။ နံပတ်ကိုးကားမှတ်တိုင်တွင် ဗယာ

ကြော်သုတ် ဆိုင်တစ်ဆိုင် တွေ့ရသည်။ သုံးပွဲကုန်အောင်စားပဝ် လိုက်သည်၊ စားပြီးတော့လည်း ရေသောက်ချင်လာပြန်သည်၊

 

“ရေခဲရေအေးအေးလေး.. ရေခဲရေ”

ရေခဲရေတစ်ခွက် ဝယ်သောက်သည်။ ရေခဲရေရောင်းသောကောင်ကလေးသည် သူနှင့်ရွယ်တူလောက်ပင် ရှိပါသည်။ သူ

ကျောင်းမနေဘူးလား။ သူ့ မိဘတွေက ဘာလုပ်သလဲ။ အို.. သူ့မှာ မိဘဆိုတာမှ ရှိရဲ့လား၊ သူ ဘယ်မှာနေသလဲ။

 

သုံးဆယ့်နှစ်လမ်းထဲသို့ ရောက်လာပြန်သည်။ စက္ကူထုပ် တွေ၊ မင်ဗူးတွေ ရောင်းသောဆိုင်များ၊ ရာဘာတံဆိပ်တုံးလုပ်ပေး ဆိုင်များ၊ ပုံနှိပ်တိုက်များ။

ခေါင်းတုံးဆံတောက်နှင့်လူတစ်ယောက် သည် ကုလားတစ်ယောက်နှင့် အချီအချစကားပြောနေသည်။

“ခင်ဗျားကလည်း လုပ်မနေစမ်းပါနဲ့၊ အန်တီကြီးဆီမှာ ကျုပ်မေးပြီးပါပြီ။ နှစ်ရာ့ရှစ်ဆယ်ပါဗျာ။

“ဟာ. . ဆရာကလဲ လုပ်ငန်းရှင်တွေ ပစ္စည်းထုတ်မ ပေးတာ ကြာပြီမဟုတ်လား ဆရာသိသားပဲ”

“ငါးကျပ်တော့ လျှော့ဗျာ ပြီးရင် ဟိုကို လိုက်ပို့၊ လေးနာ ရီပီတိမှာ ဆုံမယ်"

 

“နာရီလမ်းပေါ်သို့ ရောက်ခဲ့ပြန်သည်။ 'နာရီလမ်း” ဆိုသည်မှာ အနော်ရထာလမ်းကို ဆိုလိုပါသည်။ ပန်းဆိုတန်းမှ သိမ်ကြီးဈေးအထိ အနော်ရထာလမ်းတစ်လျှောက်သည် နာရီဆိုင် များနှင့်ပြည့်နှက်နေသည်။ အသစ်လည်းရှိသည်။ အဟောင်းလည်း ရှိသည်။ အစစ်လည်းရှိသည်။ အတုလည်း ရှိသည်။ တစ်ရာကျော် မှ တစ်သောင်းကျော်တန်အထိ ရှိသည်။

 

ရွှေဆိုင်လမ်း (ရွှေဘုံသာလမ်း)ထောင့်တွင် ရွှေကြိုများနှင့် တွေ့ရသည်။

“အစ်ကို ရွှေရောင်းဖို့ပါသလား၊ ထောင့်ရှစ်ရာအထိပေးမယ်။ အထည်လား၊ အခေါက်လား"

သူက လှည့်ကြည့်မိသည်။ သူ့နောက်မှ တကောက် ကောက်လိုက်လာသည်။ သူကြောက်လာသည်။ “မရောင်းဘူးဗျ'ဟု လှည့်ဟောက်လိုက်မှ ပြန်ထွက်သွားသည်။

 

သိမ်ကြီးဈေးရှေ့ မှတ်တိုင်မှ အမှတ်တစ်ဆယ်ကားကို တက်စီးမိသည်။ ကားသည် ဘယ်ကိုသွားနေမှန်းသူမသိ။ မှတ်တိုင် တစ်ခုပြီးတစ်ခု ကျော်လာခဲ့သည်။ မှတ်တိုင်တစ်ခုတွင် ကားရပ် လျှင် လက်မှတ်ရောင်းသူက အော်လေသည်။

 

“ဗိုလ်တထောင်ဘုရား.. ဗိုလ်တထောင်ဘုရား” သူ ကားပေါ်မှ ဆင်းလိုက်သည်။ ဘုရားကို ဝင်ဖူးဖို့ စိတ်မကူးတော့။ စိတ်ချမ်းသာမှုကို ရမည်စိုးသောကြောင့်တော့ မဟုတ် ပါ။ ဗိုလ်တထောင်ဆိပ်ကမ်းသို့ လာခဲ့သည်။ ဘောတံတားတစ်ခု ပေါ်မှာ သူထိုင်သည်။

 

ဧရာဝတီမြစ် အတွင်းမှာ သင်္ဘောငယ်တွေ သမ္ဗာန်တွေ၊ လှေတွေ သွားလာနေကြသည်။ မြစ်ကို စုန်ဆင်းသူများသည် မပင်ပန်းကြချေ။ မြစ်ကို ဆန်တက်သူများ ပင်ပန်းကြသည်။ သူသည် “ဇော်ဂျီ၏ ပဲ့နင်းကဗျာထဲမှ စာပိုဒ်ကို သတိရမိသည်။

 

“အလို အိုပဲ့နင်းရယ်

မင်း လူ လှည့်စား "

ဒီကဗျာကို အတန်းထဲမှာ အဓိပ္ပါယ်ကောက်ကြစဉ်က ကျောင်းသားအများက 'မြစ်သည် လူ့လောကနှင့်တူကြောင်း၊ လှေငယ်သည် လူ့ဘဝနှင့်တူကြောင်း၊ ပဲ့နင်းသည် ကံ ကြမ္မာ နှင့်တူကြောင်း၊ ကံကြမ္မာလှည့်စားသမျှ လူ့ဘဝသည် ပြောင်းလဲ နေရကြောင်း၊ ကျော်စွာ အဓိပ္ပါယ်ကောက်ပုံက တစ်မျိုး၊ 'မြစ်သည် လူ့ လောကနှင့်တူကြောင်း၊ လူ့ဘဝကို လူကသာ ထိန်းကျောင်း နိုင်ကြောင်း၊ ကံကြမ္မာကို လူကသာ ဖြစ်ကြောင်း၊ လူသာပဓာန ဖြစ်ကြောင်း၊

ခုချိန်မှာတော့ ကိုယ့်ဘဝကို ကိုယ်ထိန်းကျောင်းပဲ့ကိုင် နိုင်ပါရဲ့ လား မောင်ကျော်စွာ

ကူလီထမ်းနေသူများကို တွေ့ရတော့ ငယ်ငယ်က လူကြီး တွေဆုံးမစကားကို သတိရမိပြန်သည်။

 

“ပညာမတတ်လျှင် ကူလီထမ်းရမည်'တဲ့

ပညာတတ်လျှင်တော့ ကုလီမထမ်းရဘူးပေါ့။ ဆိုက်ကားတော့ နင်းလို့ ရတယ်ပေါ့။ ဒီလိုလည်း မဟုတ်ပါ။ “ပညာတတ်လျှင် အယုတ်ညံ့ဆုံး အလုပ်လုပ်တာတောင် သူများအောက် မကျ

ဘူးတဲ့။

 

ဒီလောက်တောင် တတ်သိ နားလည်နေလျက်သားနဲ့ ဘာဖြစ်လို့များ တေချင် လေချင်ရတာလဲ မောင်ကျော်စွာ။

ဪ.. ဆံပင်ညှပ်သမားတွေကို ဘယ်သူက ဆံပင်ညှပ် ပေးသလဲ။

ဆရာဝန်တွေ ဖျားရင် ဘယ်သူက ဆေးကုသပေးသလဲ။

 

အိမ်ကို ညဆယ်နာရီ ထိုးခါနီးမှ ပြန်ရောက်လာသည်။ သော့ခလောက်တွင် ချိတ်ထားသော စာတစ်စောင်က သူ့ကို ဆီးကြိုလေသည်။ ဆရာမ၏ စာ။

 

သား မောင်ကျော်စွာ

သားကို ဆရာမ ထွေထွေထူးထူး ပြောနေစရာမလိုဘူး ထင်တယ်။ ပြောမယ်ဆိုရင်လဲ ဆရာမပြောသမျှ စကားတွေ၊ ဆရာမ အကြောင်းပြချက်တွေ အားလုံးကို သား သိနားလည်ပြီး သားဖြစ်နေမှာပါ။ ဒါကြောင့် ဆရာမ တစ်ခုပဲ ပြောချင်ပါတယ်။ သား ကျောင်းပြန်တက်ပါ။ သား အိမ်သော့ခတ်ထားလို့ ဒီစာကို ရေးခဲ့တယ်။

ဆရာမ

 

သူ စိတ်ထိခိုက်ရပြန်သည်။ ဆရာမသည် သူ့ကို ဘယ်လောက်သံယောဇဉ်ကြီးကြောင်း သူသိသည်။ သူကလည်း

ကမ္ဘာပေါ်မှာ မေမေနှင့်ဆရာမကို အချစ်ဆုံးဖြစ်ပါသည်။ ဒီထဲမှာ စောစောအောင်ကော မပါဘူးလား။ အို.. စောစောအောင် က ဘာဖြစ်လို့ ပါရသလဲ။ သူ့ကို မချစ်ချင်ပါဘူး။ မုန်းချင်ပါတယ်။ စောစောအောင်ကို သူမုန်းချင်သည်။ အမှန်ကတော့ ကိုယ့်စိတ်ကို ကိုယ်ပိုင်တာပဲ။ မုန်းချင်လျှင် မုန်းလိုက်ရုံသာ ရှိသည်။ ခုတော့ မုန်းဖို့ ကြိုးစားရဦးမည်။ လူ့စိတ်ဆိုသည်မှာ ဘယ်လိုကြီး မှန်းလဲမသိပါ။ သိစိတ်က မုန်းချင်သော်လည်း မသိစိတ် က မမုန်းချင်လျှင် မုန်းလို့ မရပြန်ပါ။

သိစိတ်နှင့်မသိစိတ် လွန်ဆွဲရာတွင် မည်သူ နိုင်မည်နည်း။

 

*******

ကျောင်းဝင်းထဲသို့ ဝင်လိုက်သည်။ သူ့ခြေလှမ်းသည် တုံ့သွားပြန်သည်။ ဖြည်းဖြည်းဆက်လျှောက်သည်။ ကျောင်းမှာ ဘယ်သူမှ မရှိပါ။ ကျောင်းပိတ်ရက်ဖြစ်ပါသည်။ ထို့ကြောင့် သူလာရဲခြင်းဖြစ်သည်။

 

အမှန်တော့ကျောင်းကို သူ မလာချင်ပါ။ သို့ရာတွင် တစ္ဆေကြောက်နေသူသည် တစ္ဆေရှိမည်ထင်သည့်နေရာကို မကြည့် ဘဲ မနေနိုင်သလိုပါ။

 

သူ့အတန်းဘက်သို့ လာခဲ့သည်။ အခန်းထဲကို ဝင်သည် သူ့ခုံနေရာမှာ ထိုင်သည်။ အကျင့်ပါနေသောကြောင့်လားမသိပါ။ သူ မျက်လုံးများသည် အခန်း၏ လက်ဝဲဘက်ရှေ့ဆုံးခုံတန်းဆီသို့ ရောက်သွားသည်။ သူ မျက်နှာကို ချက်ချင်းလွှဲလိုက်သည်။ ကျောက်သင်ပုန်းဆီသို့ ကြည့်မိသည်။ ကျောက်သင်ပုန်း၏ အပေါ်ဆုံး ထောင့်မှာ ရေးထားသောစာတစ်ကြောင်းကို တွေ့ရသည်။

 

'စာမေးပွဲဖြေရန် ဆယ့်ရှစ်ရက်သာ လိုတော့သည်” က သူ ဝမ်းနည်းသွားသည်။ ခုချိန်ဆိုလျှင် သင်ခန်းစာတွေ ပြီးပြတ်ကုန်ပြီ။ ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်နေကြတော့မည်။

 

ဆရာမသည် စာကို တက်ကြွစွာသင်နေသည်။ ကျောင်းသူကျောင်းသားများသည် စိတ်ပါဝင်စားစွာ နားထောင် နေကြသည်။

“အရေး အကြီးဆုံးကတော့ မေးခွန်းကို သေချာစွာ ဖတ်ဖို့ နဲ့ အချိန်ကို လုံလောက်စွာ အသုံးချဖို့ပဲ။ ဘယ် မေးခွန်းဟာ ဘယ်နှစ်မျက်နှာ သင့်တယ်။ အချိန်ဘယ်လောက်ယူသင့်တယ် ဆိုတာ တွက်တတ်ဖို့ပဲ”

 

“ဟား.. ဟား ဟား, , ”

သူ အသံထွက်အောင်ရယ်လိုက်သည်။ အခန်းတစ်ခုလုံး မြည်ဟိန်းသွားလေသည်။ သူ့အသံကို သူ့ဖာသာ လန့်သွားသည်။ တကယ်တော့ အခန်းထဲမှာ တစ်ယောက်တည်းပါ။

 

အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ တိတ်ဆိတ်ခြင်းသည်။ ဆူညံခြင်းကိုဖြစ်ပေါ်စေသည်။ တိတ်ဆိတ်လွန်းသောအခါ လေတိုးသံသည်ပင် ဆူညံခြင်းကို ဖြစ်စေသည်။ သူ့နားထဲတွင် ဟားတိုက်ရယ်သံများကို ကြားလာသည်။ လှောင်သောရယ်သံများ။ အခန်းထဲမှာ ဘယ်သူမှမရှိပါဘဲလျှက် လူ အများက သူ့ကို ဝိုင်းကြည့်နေကြသည်ဟု ထင်လာပြန်သည်။ သူ ကြောက်လာပြန်သည်။

 

သူ့ ခုံနေရာကို နှမြောတသစွာ ကြည့်မိသည်။ ဒီနေရာလေးလွတ်နေတာ ဘယ်လောက်ကြာပြီလဲ။ စောစောအောင် သည် အတန်းထဲသို့ ဝင်လာသောအခါ လွတ်နေသော နေရာ ကလေး ဆီသို့ မျက်လုံးကို တစ်ချက်ဝေ့၍ကြည့်တတ်ပါမည်လား။ အို သူ့ အကြောင်း မတွေးချင်ပါဘူး။

 

ရုပ်ရှင်ရုံထဲသို့ ဝင်လာသောအခါ ဗဟိုသတင်းကားပင် ပြီးလုနေပြီ။ သူ့ခုံနေရာမှာ ဝင်ထိုင်လိုက်သည်၊ သူထိုင်သောနေရာ သည် လူတော်တော်ရှင်းသည့်နေရာ။ ရှေ့နှစ်တန်းကျော်လောက် မှာ လူသုံးလေးယောက်၊ နောက်ဆုံးတန်းမှာ လေးငါးယောက်။ လူ ဒီလောက်ရှင်းနေလျှင် ဇာတ်ကားသည် ကောင်းမှကောင်း ရဲ့လား။ အို.. ဘာဇာတ်ကားလဲဆိုတာကော သူသိပါရဲ့လား။

 

မင်းသားနှင့်မင်းသမီးရန်ဖြစ်ကြသည်။ နောက်တည့်သွား ကြသည်။ နောက် ချစ်သွားကြသည်။ မင်းသမီးကို လမ်းသရဲတွေ က နှောက်ယှက်သောကြောင့် မင်းသားနှင့် ထိုးကြကြိတ်ကြသည်။ မင်းသားက နိုင်သွားသည်။ မင်းသားနှင့် မင်းသမီး လျှောက်လည် ကြသည်။

 

ရုပ်ရှင်ကို ဆက်မကြည့်ချင်တော့ အပြင်ထွက်လာခဲ့ သည်။ မှောင်စပျိုးပြီ၊ ဘယ်ကိုမှ သွားချင်စိတ် မရှိ။ ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။

 

“ညီလေး၊ ကရဝိတ်မှာ ထမင်းစားချင်လို့ ပိုက်ဆံ ဆယ့်ငါးပြားလောက်ပေးပါ"

သူ့ပခုံးကို နောက်ကတို့၍ လာ သည် ။ သူလှည့်ကြည့်သည်။ စိတ်ဝေဒနာသည် တစ်ဦး၊

 

“အစိုးရကို သိန်းလေးဆယ် ချေးထားတာ ပြန်မရသေးလို့ ပိုက်ဆံဆယ်ငါးပြားလောက်”

သုက မတ်စေ့တစ်စေ့ ထုတ်ပေးသည်။ ထိုသူက ပိုက်ဆံ ဆယ်ပြားပြန်အမ်းပြီး ထွက်သွားသည်။ သူ ပြုံးလိုက်သည်။

 

အမှတ်နှစ်ကားတစ်စင်းဆိုက်လာသောကြောင့် တက်စီးလိုက်သည်။ ကျောက်မြောင်းမှာ သူဆင်းသည်။ လမ်းတစ်ခုထဲက ဆိုင်းသံ ဗုံသံများ ကြားရသည်။ လမ်းထဲသို့ ဝင်လာခဲ့သည်။ နတ်ကနားပွဲ။

 

“ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ်၊ ကိုကြီးကျော်... ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ်၊ ကိုကြီးကျော်... "

"အသောက်သမားမှန်ရင် တင်ကာသတယ်၊ ကစားသမား မှန်ရင် တင်ကာပသတယ်"

 

နတ်ဝင်သည် သည် မိန်းမလျာဖြစ်သည်။ သူ့ခေါင်းမှာ ပဝါစီးထားသည်။ သူ့ခါးမှာ အချိတ်ပုဆိုး၊ သူ့ကိုယ်သည် တစ်ဆတ်ဆတ်တုန်နေသည်။ ယိမ်းထိုးရင်း ကနေသည် ဆိုင်းသံ သည် မြူးမြူးကြွကြွ။

 

နတ်ဝင်သည်သည် မီးညှိပြီးသား စီးကရက်တလိပ်ကို ကျော်စွာ အား လာပေးသည်။ စီးကရက်ကို ယူ၍ ဖွာလိုက်သည်။ မသောက်တတ်သောကြောင့် မီးခိုးသီးမလိုဖြစ်သွားသည်။

 

နတ်ဝင်သည်ကို မိန်းမကြီးတစ်ယောက်က အရက် ပုလင်း လာပေးသည်။ နတ်ဝင်သည် သည် အရက်ပုလင်းကို မော့ ချလိုက်သည်။ ထိုအချိန်မှာပင် ဆိုင်းကသုတ်လိုက်သည်။ ပုလင်း ကို ကိုင်၍ သူက,လေသည်။ ကျော်စွာပြုံးလိုက်ပြန်သည်။

 

တဖက်ရပ် တဲငယ် ကလေးဖြစ်သည်။ သူ တစ်ခါမျှ မရောက်ဖူးသော နေရာဖြစ်ပါသည်။ ရေနံဆီမီးခွက်ကလေးသည် မှိတ်တုတ် မှိတ်တုတ်။

 

ဝါးကွပ်ပျစ်ကလေးပေါ်တွင် စားစရာများရှိသည်။ အမဲ ခြောက်ကြော်၊ ငါးရှဉ့်ကြော်၊ ဘဲခြေထောက်။ ပဲခြမ်းကြော်၊ တညင်းသီး၊

ပြီးတော့ ပုလင်းများ၊ အရက်ဆိုင်ဘေးက အမြည်းဆိုင်ကလေး ဖြစ်သည်။ ဝါးခြမ်း တွေကို တန်းရိုက်ထားသော ခုံပေါ်တွင် ထိုင် လိုက်သည်။

 

“မောင်လေး ဘယ်နှစ်ပက် ယူမလဲ”

သူ မဖြေတတ်။ ဘယ်နှစ်ပက်ဆိုလျှင် မူးမလဲ။

“တစ်ပိုင်းယုမလား”

“ခင်ဗျာ”

တစ်ပိုင်းဆိုတာ ဘယ်လောက်လဲ သူမသိ။

“တစ်ပိုင်းယူပါလားလို့”

“ဟုတ်ကဲ့”

“ဟို.. ကျော်စိန် လာစမ်း။ နင့်အစ်ကိုကို တစ်ပိုင်း သွား ဝယ်ပေးလိုက်၊ မောင်လေး သူ့ကို ပိုက်ဆံပေးလိုက်။ ဆိုင်ကြီးမှာ ရသေးတယ်"

ကောင်လေးကို ပိုက်ဆံပေးလိုက်သည်။ ပုလင်းကိုယူ၍ ထွက် သွားသည်။ အရက် ဆိုင်ထဲကို သူ ဝင်လို့ရသလား။ အရက် ဆိုင်၏ အဝတွင် “မိန်းမနှင့် ကလေးများ မဝင်ရ" ဟုစာဆွဲထားသည်။ အရက်ပုလင်းကိုဆွဲ၍ ပြန်ရောက်လာပါပြီ။

ပဲခြမ်းကြော်သုတ်တစ်ပွဲ ဝယ်လိုက်သည်။ ဆိုင်ရှင် အမျိုး သမီးကြီးက ဖန်ခွက်ကလေးတစ်ခွက်နှင့် ရေတစ်ခွက်ကို သူ့ရှေ့မှာ ချပေးသည်။ သူသည် ပဲခြမ်းကြော်ကလေးကို တစ်စေ့ချင်းယူ၍ ဝါးနေသည်။ သူရှက်နေပြန်သည်။ အရက်ကို တစ်ခါမျှ မသောက်ဖူးပါ။ ရေနှင့်ရော၍ သောက်ရမည်လား။ ဒီအတိုင်းသောက်ပြီးမှ ရေသောက်ချရမည်လား။

 

သူ့ဘေးမှာထိုင်နေသော လူကြီးကို ကြည့်မိသည်။ ထိုသူ သည် အရောင်လွင့်နေသော အလုပ်သမားအင်္ကျီအပြာကို ဝတ်ထားသည်။ အလုပ်သမားလား၊ လူကြီးသည် တစ်ဝက်မျှကျန် နေသော ဖန်ခွက်ကို မော့ချလိုက်သည်။ ပြီးတော့လည်း ရေ မသောက်ချေ။ ဘာအမြည်းမှလည်းမစား။ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပလာသည်။ ခဏချင်းမှာ ပြန်၍ မှေးမှိန်သွားပြန်သည်

 

လူကြီးက လေချဉ်တက်သလို လုပ်လိုက်သည်။ ဖန်ခွက် ကလေးကို ထောင်ကြည့်သည်။ လက်ကျန်မရှိ၊

“ဒေါ်အုန်း၊ တစ်ကျပ်ဖိုးလောက် အကြွေးရောင်းစမ်းပါ"

“မလုပ်နဲ့တော်၊ မနေ့ကလဲ နှစ်ကျပ်ဖိုး အကြွေးသောက် ပြီးပြီ”

“ ပေးစမ်းပါဗျာ မကိုက်သေးဘူးဗျ”

“ကျွန်မလည်း အကြွေးပေးရလွန်းလို့ မွဲတော့မယ်။ ဒီနေ့ အရောင်းပါးလို့ပါ"

 

လူကြီးသည် ကျော်စွာဘက်သို့ လှည့်ကြည့်သည်။ ပြီးတော့ ကျော်စွာပုလင်းကို တပ်မက်စွာကြည့်သည်။ ပုလင်းထဲတွင် တစ်စက်မျှ မလျော့သေးပါ။ ကျော်စွာ ကြောက်လာသည်။

 

“ညီလေးက တစ်ယောက်တည်း တစ်ပိုင်းဆွဲထားတယ်ဆို တော့ တော်တော်ရင့်နေပြီထင်တယ်။ ဟဲ.. ဟဲ.. အေ့”

ကျော်စွာသည် သူ့ပုလင်းကို ထိုလူကြီးရှေ့မှာ ချပေးလိုက်သည်။ ပြီးတော့ မတ်တတ်ရပ်လိုက်သည်။ လူကြီးကမေးသည်။

“ညီလေးကော ...

“ခင်ဗျားပဲ သောက်လိုက်ပါတော့ဗျာ ... "

သူလှည့်ထွက်လာခဲ့သည်။ သူသည် အရက်မသောက် မိခြင်းအတွက် သူ့ကိုယ်သူ ကျေနပ်နေသည်။ အကြောင်းမှာ မေမေသည် အိမ်သို့ပြန်ရောက်နေသောကြောင့်ဖြစ်ပါသည်။

 

အိမ်ထဲသို့ဝင်လိုက်သောအခါ အိမ်အပြင်က ကွပ်ပျစ် ကလေးမှာ ငုတ်တုတ်ကလေးထိုင်နေသော မေမေ့ကို တွေ့ရလေသည်။ သူ စိတ်မကောင်းဖြစ်သွားသည်။ ည ဆယ်နာရီရှိပါပြီ။

 

“မေမေ ရောက်နေတာ ကြာပြီလား ။

“ သိပ်မကြာသေးပါဘူးကွယ်။ ကိုးနာရီလောက်ကမှ ရောက်တာပါ"

မေမေစောင့်နေတာ တစ်နာရီတောင်ကြာခဲ့ပြီပေါ့။ သူ သည် တံခါးကို သော့ခတ်ခဲ့သောကြောင့် မေမေသည် အိမ်အပြင် မှာ ထိုင်စောင့်နေရခြင်းဖြစ်ပါသည်။ သူ ဝမ်းနည်းသွားပြန်သည်။

 

“ကျွန်တော်လည်း သူငယ်ချင်းတွေအိမ်မှာ စာသွားကူး နေတာနဲ့ နည်းနည်းနောက်ကျသွားတယ်"

မေမေ့ကို သူလိမ်ပြောသည်။

 

“ငါ့သားလည်း မေမေ မရှိတော့ စာကျက်ရတာက တစ်ဖက်၊ ထမင်းဟင်းချက်ရတာက တစ်ဖက်နဲ့ တော်တော် ပင်ပန်း နေရှာတော့မှာပဲ”

 

သူ စိတ်ထိခိုက်သွားရပါသည်။ မေမေ့ကို အမှန်အတိုင်း ဖွင့်ပြောတော့မည်ဟု စိတ်ကူးမိသည်။ သို့ရာတွင် သူ မဝံ့ပြန်။ သူ့အကြောင်းကိုသာ သိသွားလျှင် မေမေသည် ဘယ်မျှ စိတ်ထိခိုက် မည်နည်း။

 

ထိုညက အိပ်မပျော်။ နက်ဖြန်အတွက် ပူပန်ရပြီ။ နက်ဖြန် ကျလျှင်သူ ကျောင်းမတက်ကြောင်း မေမေ မသိရအောင် ဘယ်လို လုပ်ရပါမည်နည်း။ အရင်ကလို မနက် အစောကြီးထထွက်သွားလို့ မရတော့ပြီ။ မေမေ့ကို လိမ်ညာလို့ ရသည်ပင်ထားဦး၊ သူငယ်ချင်းများသည် မေမေ့ကို သူ့အကြောင်းတိုင်ကြားကြပါတော့မည်။

 

ကျောင်းပြန်တတ်လျှင် ကောင်းမလား၊ မတက်ချင်။ သို့ ဖြစ်လျှင် ဘယ်လိုလုပ်မလဲ။

 

အခန်း (၁၄)

 

နေသည် အရှေ့မှပင် ထွက်လာ၏။ စက္ကန့်များသည် ခါတိုင်းလိုပင် ရွေ့လျား၏။ စက္ကန့်ခြောက်ဆယ်ပြည့်သောအခါ တစ်မိနစ်ဖြစ်၏။ မိနစ်ခြောက်ဆယ်ပြည့်သောအခါ တစ်နာရီဖြစ်၏။ ငှက်ကလေးများသည် အစာရှာထွက်ကြ၏။ ပန်းပွင့်ကလေးများသည် မွေး၏။ ဒီနေ့သည် ခါတိုင်းနေ့များနှင့် ဘာမျှ မထူးခြားပါ။ သို့ရာတွင်...

ဒီနေ့သည် ကျောင်းပြေးသော ကျောင်းသားတစ်ယောက် ကို ကျောင်းပြန်တက်စေပြီး... အခြား ကျောင်းသားတစ်ယောက်ကို

ကျောင်းမှ ရာသက်ပန်ထုတ်ပယ်ပစ်မည့်နေ့ ဖြစ်မည်ဟု မည်သူ ပြောနိုင်ပါသနည်း။

 

ကျော်စွာ အိပ်ရာမှ နိုးလာသောအခါ မေမေသည် ဈေး သို့ ထွက်သွားခဲ့ပြီ။ မျက်နှာသစ်ပြီးသောအခါ မေမေကြော်ထား ခဲ့ သော ထမင်းကြော်ကို စားနေသည်။ ထို အချိန်မှာပင် လူတစ်ယောက်သည် သူ့ဘေးနားသို့ ရောက်ရှိလာလေသည်။

 

“သိန်းနိုင်”

သူ့နှုတ်မှ အသံထွက်အောင် ရေရွတ်မိပါသည်။ သိန်းနိုင် သည် သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

 

"ငါ ဟိုနေ့တွေက သုံးခေါက်တောင် လာတယ်။ အိမ်တံခါး သော့ခတ်သွားလို့ ပြန်ပြန်သွားရတာ၊ မင်းဘယ်သွားနေတာလဲ”

ကျော်စွာက ဘာမျှမဖြေ။ သူသည် သိန်းနိုင်ကို သိပ်စကား မပြောချင်၊ သိန်းနိုင် ဘာပြောမည်ကို သူသိသည်။

 

"မင်း ဘာဆက်ပြောမယ်ဆိုတာ ငါသိတယ်။ မင်းဘာမှ မပြောရင် ငါ မင်းကို ကျေးဇူးတင်လိမ့်မယ်”

 

“ငါ ဘာပြောမယ်ဆိုတာ မင်းသိသလို၊ မင်းဘာပြန်ပြော မယ်ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ ငါပြောရမှာပဲ”

 

“မပြောနဲ့ကွာ"

 

“ပြောမယ်ကွာ။ မင်းကျောင်းပြန်တက်ပါ"

 

“မတက်ဘူးကွာ”

ကျော်စွာသည် ထမင်းကြော်ပန်းကန်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။

 

“သိပ်ဒေါသမကြီးပါနဲ့ကွာ၊ မင်းကိုငါ စေတနာနဲ့ ပြောတာပါ။ ခုအချိန်မှာ ကျောင်းမှာ စာမေးပွဲအတွက် အရေးကြီး တဲ့ အချက်တွေ သင်နေပြီ။ မင်းအနေနဲ့”

 

“မင်း ငါ့ကို ဆရာ့လာလုပ်နေတာလား”

 

“ငါ ဆရာလာလုပ်တာ မဟုတ်ပါဘူး ကျော်စွာ၊ မင်းကသာ ငါ့ကို အမြဲတမ်းဆရာလုပ်ခဲ့တာပါ။ အခု ငါကမင်းကို သတိပေးတာပါ။ မင်းလို သိပ်တော်တဲ့ သူငယ်ချင်းတစ်ယောက်အတွက် စိုးရိမ်လို့ သတိပေးတာပါ"

 

“ကျေးဇူးတင်ပါတယ်ကွာ.. မင်းပြန်ပါတော့”

 

“မပြန်ဘူး သူငယ်ချင်း”

 

“ကဲ.. မင်းမပြန်ရင်လည်းနေ ငါ အပြင်သွားတော့မယ်"

ကျော်စွာက မတ်တတ်ထရပ်လိုက်သည်။ သိန်းနိုင်က လည်း တံခါးပေါက်ဝမှာ ပိတ်၍ ရပ်လိုက်သည်။

 

"ဒီလိုလုပ်လို့ ဘယ်ရမလဲ ကျော်စွာရယ်။ မင်း ငါ့စကား ကို နားထောင်ရမယ်။ မင်း ကျောင်းပြန်တက်ရမယ်”

 

“မင်း ငါ့ကို အမိန့်ပေးလို့ မရဘူး”

 

“ရတယ်ကွာ၊ မင်း ကျောင်းပြန်တက်ရမယ်”

 

“မင်း ပြန်ပါတော့ကွာ”

 

“ကျော်စွာ .. မင်းဟာ ပျော့ညံ့လှချည်လားကွာ။ လူငယ် ဆိုတာ ရဲရင့်ရတယ်ကွ၊ စွန့်စားမှုတစ်ခုကို လုပ်ပြီးရင် အဲဒီစွန့်စား မှုကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရဲရတယ်ကွ၊ အချစ် အတွက်ကြောင့်ဆိုပြီး ကိုယ်ရဲ့ တိုးတက်မှုတွေကို လျစ်လျူရှု တေပေလေလွင့်နေတာ လူငယ်တွေရဲ့ အလုပ်မဟုတ်ဘူး”

 

“ဒီမှာ သူငယ်ချင်း လူငယ်တွေဟာ ရဲရင့်တယ်၊ တက်ကြွတယ်၊ စွန့်စားတယ်။ အဲဒီလိုပဲ... အသည်းလည်း ကွဲတတ်တယ်ကွ အသည်းကွဲတာလည်း လူငယ်တွေရဲ့ အလုပ်တစ်ခုပဲ”

 

“ဪ.. မင်းက အခု အသည်းကွဲနေတာလား”

ကျော်စွာ အငိုက်မိသွားသည်။ ဘာမျှ ပြန်မဖြေပါ။

 

"အသည်းကွဲတယ်ဆိုတာ လူငယ်တွေရဲ့ အလုပ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် တေပေလေလွင့်နေတော့ လူငယ်တွေရဲ့ အလုပ် မဟုတ်ဘူး။ အသည်းကွဲတာနဲ့ တေတာ ပေတာနဲ့ တစ်ခြားစီပဲ"

 

“ဒီမှာ သိန်းနိုင် ငါအခု ကျောင်းမတက်ဘဲနေတာ စောစောအောင်ကြောင့် မဟုတ်ဘူး”

 

“ဒါဖြင့် ဘယ်သူ့ကြောင့်လဲ"

 

“ငါ မသိဘူး”

 

"ဒီလိုလိမ်လို့ ဘယ်ရမလဲကွာ၊ အကြောင်းမရှိဘဲနဲ့ အကျိုးဆိုတာ ဖြစ်မလာပါဘူး။ ကဲ.. ငါမေးမယ်။ ခု စောစောအောင် ကို မင်းဘယ်လို သဘောထားသလဲ”

 

“ငါ သူ့ကို မုန်းချင်တယ်"

 

“ဒါပေမယ့်... မုန်းလို့မရဘူး မဟုတ်လား”

 

“မင်း ငါ့အိမ်ထဲက အခု ထွက်သွားကွာ"

ကျော်စွာက သိန်းနိုင်၏ ရင်ဘတ်ကို တွန်းလိုက်သည်။ သို့ရာတွင် သိန်းနိုင်သည် နေရာမှ မရွေ့၊

 

“တယ်ခက်ပါလား ကျော်စွာ၊ အေးလေ. . တကယ်တော့ ငါပြောပြနေတာထက် ပိုပြီး မင်းကိုယ်မင်း နားလည်နေမှာပါ။ ဒါပေမဲ့ အသိခေါက်ခက် အဝင်နက်နေတာက ခက်တယ် ဘုန်းကြီး

သေလို့ ဖြစ်တဲ့ တစ္ဆေလိုပဲ။ အဲဒီတစ္ဆေမျိုးက ဣတိပိသော ရွတ်လို့ မရဘူး”

 

“ဟေ့ကောင်၊ တော်တော့”

 

“ကျော်စွာ.. ကျော်စွာ... မင်း စောစောအောင်ကို မုန်းလို့ မရသေးပါဘူးကွာ”

ကျော်စွာသည် ဘာမျှ ပြန်မပြော။ ဝန်ခံတာလား။ သူ အံကြိတ်ထားသည်။

 

"ဒီမှာ ကျော်စွာ၊ ကိုယ့်မှာ ဖြစ်ပေါ်နေရတဲ့ ဒုက္ခကို ထုတ် ပြပြီး တစ်ခုခုကို တောင်းဖို့ ကြိုးစားတာဟာ သူတောင်းစားတွေ ရဲ့ အလုပ်ပါကွာ”

 

“ဟေ့ကောင်.. မင်း ငါ့ကို စော်ကားနေတာလား” ကျော်စွာသည် သိန်းနိုင်၏ အင်္ကျီကို ဆုပ်ကိုင်လိုက်သည်။

သူ့မျက်လုံးများသည် ဝင်းဝင်းတောက်လျက်။ သိန်းနိုင်က ပြုံးလိုက် သည်။

 

“မင်းကော ဘထူးသလဲ။ တေနေ ပေနေ လေလွင့်နေတဲ့ မင်းဘဝရဲ့ ဒုက္ခကိုပြပြီး စောစောအောင်ရဲ့ အချစ်ကို ရယူဖို့ကြိုး စားနေတာပဲ မဟုတ်လား”

 

“ဟေ့ကောင် "

ကျော်စွာသည် သိန်းနိုင်ကို လက်သီးနှင့်ထိုးသည်။ သိန်းနိုင်သည် ထရံကိုမှီလျက် လဲကျသွားသည်။ သူ့နှုတ်ခမ်းစွန်း မှာ သွေးစများ၊ သူ့ မျက်လုံးစွန်းများမှာ မျက်ရည်စများ။ သို့ရာတွင် သူပြုံးလိုက်သည်။

 

"ကျော်စွာ.. မင်းငါ့ကို ထိုးခဲ့တာ နှစ်ခါရှိပြီ။ နှစ်ခါစလုံး စောစာအောင်ကိစ္စနဲ့ချည်းပဲ။ ပထမ တစ်ခါတုန်းက မင်းကို ငါ စိတ်ဆိုးတယ်။ ခုတစ်ခါတော့ ငါစိတ်မဆိုးပါဘူး။ ဒါပေမယ့် ဝမ်းနည်းတယ်။ ပြီးတော့ မင်းကို ငါသနားတယ်။ မင်းကို ကျောင်း ပြန်တက်လာအောင် ငါမပြောနိုင်ဘူးဆိုတာ ငါသိပါပြီ အေး... ဒါပေမဲ့ မင်းကျောင်းပြန်တက်လာအောင် ပြောပေးနိုင်မယ့်လူ တစ်ယောက်ဆီကို ငါသွားမယ်”

 

သိန်းနိုင် လှည့်ထွက်သွားသည်။ ကျော်စွာသည် ထရံကို လက်သီးနှင့်တအားထိုးချလိုက်သည်။ အိမ်ဝင်းတံခါးမှ ထွက်သွား

သော သိန်းနိုင်ကို သူ ငေးကြည့်နေသည်။ သူ ဝမ်းနည်းလာသည်။

သူ ငိုသည်။

 

******

နေမင်းကြီးသည် ပူ၏။

ကောင်းကင်သည် ပြာ၏။

သု တွေးသည်။ တွေးတောခြင်းအလုပ်သည် သူ့အတွက် မဆန်းတော့ပါပြီ။ သူသည် လွန်ခဲ့သော ရက် များစွာကပင် တွေးတောခဲ့ ရပါသည် ။ ကျောင်းသွားလျှင် သူ တွေးသည်။

ကျောင်းရောက်လျှင် သူ တွေးသည်။ ကျောင်းကပြန်လျှင် သူ တွေး သည်။ ညကျလျှင် သူ တွေးသည်။ အတွေးများ သည် သူ့ကို စိတ်ချမ်းသာမှု တစ်ခါမျှ မပေးပါ။

 

ကျောင်းသွားရမည်ကို သူ ကြောက်သည်။ ကျောင်းသည် သူ့ ကို ဝေဒနာများပေးသည်။ ကျောင်းသား ကျောင်းသူများသည် သူ့ကို “အသည်းခွဲသူကြီးအဖြစ်လည်းကောင်း၊ လိမ္မာသော

ကျောင်းသားတစ်ယောက်ကို ကျောင်းမှ ထွက်ခွာစေသူကြီးအဖြစ် လည်းကောင်း ရှုတ်ချနေကြသည်ဟု သူထင်သည်။

 

ကျောင်းသို့ သွားလျှင် သူ့ ခြေလှမ်းတို့သည် နှေးနေ၏။ ကျောင်းမှ ပြန်လျှင် သူ့ ခြေလှမ်းတို့သည် မြန်၏။ ကျောင်းသည် သူ့အတွက် ပျော်စရာမဟုတ်တော့ပါပြီ။ ကျော်စွာ ကျောင်းမှာ မရှိတော့သောကြောင့်မပျော်တော့ခြင်းလည်း ဖြစ်ကောင်းဖြစ်ပါ မည်။ ထိုသို့ မဟုတ်ဘဲလည်း ရှိချင်ရှိပါမည်။ သို့ရာတွင် သူသည် ကျော်စွာကို အဘယ်ကြောင့် သတိရနေရပြန်ပါသနည်း။

 

အတွေးလွန်နေသောကြောင့် စုစုတို့ အိမ်ကိုပင် လွန်လာ ခဲ့သည်။ ပြန်လှည့်ခေါ်မည် ပြင်သည်။ ထိုအခိုက်မှာပင်

 

“မိစော"

စောစောအောင် လန့်သွားသည်။ ခေါ်သူကို ကြည့်သည်။ သိန်းနိုင်သည် သူ့ရှေ့မှာ ပိတ်၍ ရပ်နေသည်။

 

“ခဏ နပေါဦး”

 

စောစောအောင် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူ ရှေ့ တစ်လှမ်းတိုးသည်။ သိန်းနိုင်က ကာထားသည်။

 

"ဖယ်လေ”

သိန်းနိုင်က မဖယ်ချေ။ စောစောအောင်၏ မျက်နှာသည် ခက်ထန်သွားသည်။ ဒီလို အချိန်မျိုးမှာ သူ နှောင့်ယှက်ဖို့ ကောင်းသလား"

 

“နင်.. ဘာလာနှောင့်ယှက်တာလဲ၊ လမ်းဖယ်ပေးပါ။ ငါသွားတော့မယ်”

 

“နှောင့်ယှက်တာ မဟုတ်ပါဘူးဟာ ငါ ပြောစရာတစ်ခုရှိလို့ "

 

“မသိဘူး"

စောစောအောင်သည် နောက်ပြန်လှည့် လျှောက်သည်။ သိန်းနိုင်က လိုက်လာသည်။

 

“မဟုတ်ပါဘူး ဟာ၊ ငါ ဟိုဥစ္စာ”

စောစောအောင်သည် လမ်းတဖက်သို့ ဖြတ်ကူးလိုက် သည်။

 

“မိစော နေဦး၊ ငါပြောမှာက တစ်ခြားမဟုတ်ဘူး။ ကျော်စွာကိစ္စ”

 

ကျော်စွာ ဆိုသော အသံကို ကြားလိုက်ရသဖြင့် စောစောအောင် ၏ခြေလှမ်းသည် တုံ့ရပ်သွားသည်၊ “ကျော်စွာ "ဆိုသော အသံသည် သူ့ခြေလှမ်းများကိုသာမက သူ့ သတိတရား များကိုပါ ရပ်စေသည်။ အို.. သူ့နှလုံးသွေးကိုပင် ရပ်တန့်စေပါ သည်။ ထို့ကြောင့်ပင် ဟွန်းကို ကျယ်လောင်စွာ တီး၍လာနေသော ဟီးနိုးကားကြီးကို သူမမြင်မိခြင်းမဟုတ်ပါလား။

 

“မိစော.ကား ... ကား”

 

သိန်းနိုင်က လှမ်းအော်သည်။ သို့ရာတွင် စောစောအောင် သည် ဘာကိုမျှ မကြားတော့ပြီ။ မသိတော့ပြီ။ လမ်းလယ်ကောင်မှာ သူတစ်ယောက်ထဲ။

 

“ မိစော”

 

သိန်းနိုင်သည် စောစောအောင်ကို ပြေး၍ တွန်းထုတ် လိုက်သည်။ စောစောအောင်သည် လမ်းဘေးသို့ လွင့်စင်ကျသွား သည်။ အရှိန်ပြင်းစွာ ဝင်ရောက်လာသော ဟီးနိုးကားကြီးသည်. . ။

 

ဓါတ်ကြိုးတန်းပေါ်မှာ နားနေသော ငှက်ကလေးများ သည် သူတို့ မိခင်များ၏ ရင်ခွင်တွင် အကြောက်ပြေ ခိုလှုံကြရန် ထွက်ပြေးသွားကြသည်။

 

နေမင်းကြီးသည် ထိုမြင်ကွင်းကို မကြည့်ရက်သောကြောင့် တိမ်လက်တို့ဖြင့် သူ့မျက်နှာကို ကာထားသည်။

 

ဗန်ဒါပင်ကြီးသည် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သစ်ရွက် တစ်ရွက်ကို ချွေချလိုက်သည်။ မြေကြီးမိခင်၏ ရင်ခွင်ပေါ်မှာ သိန်းနိုင်သည် ပုံ့ပုံ့ကလေးပါ။

 

စောစောအောင် သတိပြန်ဝင်လာသည်။ မတ်တတ်ထရပ်သည်။ ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးကို တိုးဝှေ့၍ ဝင်လိုက် သည်။

 

“ဟယ်. . သိန်းနိုင်ရယ်”

 

သိန်းနိုင်သည် လူကြီးတစ်ယောက်၏ ရင်ခွင်ထဲမှာ။ စောစောအောင်သည် သိန်းနိုင် အနီးသို့ ပြေးသွားသည်။ ဒူးထောက်ထိုင်ချလိုက်သည်။ သိန်းနိုင်တစ်ကိုယ်လုံး သွေးတို့ဖြင့် စိုရွှဲနေသည်။ သူသည် မျက်စိကို ဖြည်းလေးစွာ ဖွင့်သည်။ မျက်ရည်များကြောင့် ဝိုးတဝါးဖြစ်နေသည့်ကြားက စောစောအောင်ကိုမြင်ရသည်။ စောစောအောင်ကကော သိန်းနိုင်ကို ပြတ်သားစွာ မြင်ရ ပါရဲ့လား၊ သူ့မျက်လုံး အိမ်မှာလည်း မျက်ရည်စတွေနဲ့ပါ။

 

သိန်းနိုင်သည် စောစောအောင်ကို စိုက်၍ကြည့်နေသည်။ သူသည် စောစောအောင်ကို စကားတွေများစွာ ပြောနေသည်။ သို့ရာတွင် အသံက ထွက်မလာ။ သွေးများသာ ပါးစပ်ထဲမှ ငေါက်ကနဲ အန်ထွက်လာသည်။ စောစောအောင်သည် သိန်းနိုင်၏ လက်ကိုကိုင်လိုက်သည်။

သို့ရာတွင် သိန်းနိုင်သည် သတိ မရှိတောပါပြီ။ သူ့ခြေ ထောက်သည် ဆတ်ခနဲ ဆတ်ခနဲ တုန်ခါနေသည်။

 

“သူငယ်ချင်းရယ်..."

စောစောအောင့် ငိုပါသည်။ သိန်းနိုင်၏ ရင်ခွင်မှာ မျက်နှာအပ်၍ ပါသည်၊ သိန်းနိုင်၏ သွေးများသည် သူ့မျက်နှာမှာ ပေသည်။ သူ့ အင်္ကျီမှာပေသည်။ သူ့လွယ်အိတ်မှာ ပေသည်။ သူ့ စာအုပ်တွေမှာပေသည်၊ ထိုသွေးများသည် ဘယ်သူ့အတွက် ထွက်လာသနည်း။

 

သိန်းနိုင်၏ စိတ်အာရုံများသည် သူ့အိမ်သို့ ပြန်ပြေးနေကြသည်။ အိမ်မက်ထဲမှာ ပြေးရသလိုပါ။ ခြေတစ်လှမ်းလှမ်းဖို့ သည် ခက်ခဲစွ၊ မြေကြီးကိုမထိ။ လေထဲမှာ သွားနေရသလိုပါ။

သူ့အိမ်သည် တံခါးပိတ်ထားသည်။ တံခါးဝမှာ ကျောက်ဖရုံသီးတစ်လုံးချိတ်ဆွဲထားသည်။ အိမ်အနားသို့ ရောက်သောအခါ သူ့အိမ်သည် ထန်းပင်နှစ်ပင်လောက် မြင့်နေသည်။ အိမ်တံခါး သည် အကြီးကြီး ဖြစ်နေသည်။ တံခါးကို တွန်းဖွင့်သည်။ မရ။ အားစိုက်၍ တွန်းသည်။ မရ။

 

“မေမေ.. မေမေ”

 

သူ ခေါ်သည်။ အသံ ထွက်မလာ။

ကျော်စွာနှင့် စောစောအောင်သည် လက်တွဲ၍ လျှောက် လာသည်။ သူက လှမ်းခေါ်သော်လည်း သူတို့ မကြားကြ။ တစ်ယောက်ကို တစ်ယောက်ကြည့်၍ ရယ်မောရင်း ဆက်လျှောက် သွားကြသည်။

 

သူ ငိုသည်။ မျက်လုံးထဲမှ မျက်ရည်များထွက်မလာဘဲ သွေးတွေ ထွက်လာသည်။ သူ့နားထဲမှ အသံများကို ကြားလာသည်။ “ဗျိုင်းတောင်'ဆိုင်းတီးသံကို ကြာလာသည်။

 

သူ မောလာသည်။ အသံများသည် တဖြည်းဖြည်း ဝေး၍ ဝေး၍..။ သူ့ အာရုံများသည် မှောင်၍ မှောင်၍..၊

 

သူတစ်ပါး ထိခိုက်မှု အာမခံဌာနမှ ငွေစက္ကူတစ်ထပ်သည် အပြင်ထွက်ရန် အလှပြင်နေကြလေသည်။

 

အခန်း (၁၅)

 

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် အောက်ဆုံးထပ်ရှိ အခန်း ကလေးထဲက ကျောက်ခုတင်ကြီးသည် အေးစက်နေသည်။ သူ့ အပေါ်မှာ လှဲနေသော လူတစ်ယောက်၏ ကိုယ်ခန္ဓာသည်လည်း အေးစက်နေသည်။ ကျောက်ခုတင်က အေးစက်နေသောကြောင့် လူက အေးစက်နေတာလား။ လူက အေးစက်နေသောကြောင့်

ကျောက်ခုတင်က အေးစက်နေတာလား၊ ဒီပြဿနာသည် ခုအချိန် မှာ အရေးမကြီးပါ။

 

“သားကြီးရေ.. သားကြီးရဲ့”

 

သူ့ မိခင်သည် ငိုကြွေးမြည်တမ်း၏။ သို့ရာတွင် သိန်းနိုင် သည် သိနိုင်ကြားနိုင်လိမ့်မည် မဟုတ်ပါ။ သိန်းနိုင်သာ မဟုတ်ပါ။ သူ၏ ဟိုဘက် ကျောက်ခုတင်များမှ လူများသည်လည်း ဘာကိုမျှ ကြားသိကြလိမ့်မည် မဟုတ်ပါ။

 

သိန်းနိုင်၏ ဟိုဘက်ခုတင်မှာ အဘိုးကြီးတစ်ယောက်၏ အလောင်းရှိသည်။ ငိုမည့်သူ မရှိ၊ သူ၏ ဟိုဘက်မှာ ကုလားမ တစ်ယောက်၏ အလောင်း။ ကုလားကြီးတစ်ယောက်နှင့် ကုလား မလေးတစ်ယောက်တို့က ကုလားလိုပြော၍ ငို နေသည်။ ကုလားလို ပဲပြောပြော၊ မြန်မာလို ပဲ ပြောပြော၊ အင်္ဂလိပ်လိုပဲပြောပြော ဝမ်းနည်းစရာ ကောင်းတာချင်းကကော အတူတူပင်ဖြစ်ပါသည်။

 

သေခြင်းတရားသည် လူမျိုးကို မရွေး၊ မိန်းမ ယောက်ျား ကိုမရွေး၊ အသက်ကြီးငယ်ကို မရွေး၊ ဆင်းရဲ ချမ်းသာကို မရွေး၊ မည်သူ၏ မျက်နှာကိုမှ မထောက်၊ မည် သူ၏ အာဏာကိုမျှ မကြောက်။ လောကတွင် တရားအမျှတဆုံးသည် သေခြင်းတရား ပင်ဖြစ်ပါသည်။

 

သိန်းနိုင်သည် အင်္ကျီအဖြူနှင့်တက်ထရွန်လုံချည် ကျောင်းစိမ်းရောင်ကို ဝတ်ထားသည်။ သူ့ခြေမနှစ်ဖက် နှင့်လက်မ နှစ်ဖက် တို့ကို ပူး၍အပ်ချည်ကြိုးအနက် ဖြင့်ချည်ထားသည်။ သူ့လက်နှစ် ဖက်ကို ရင်ဘတ်ပေါ်မှာ တင်ထားသည်း မျက်နှာနှင့်ကိုယ်အထက် ပိုင်းကိုမူ ဒဏ်ရာများရှိနေ သောကြောင့် ဇာပဝါ ပါးပါးကလေးဖြင့် အုပ်ထားသည်။

 

စောစောအောင်သည် သိန်းနိုင်၏ ခြေရင်းတွင် ရပ်နေ သည်။ သူမငိုပါ။ သို့ရာတွင် မျက်ရည်များဝဲနေသည်။ ပြီးတော့ သူကြောက်နေသည်။ သိန်းနိုင် သေရခြင်းသည် သူ့ကြောင့် ဖြစ်သည်ဟု လူအများက ထင်နေကြပါမည်။

 

လူတစ်ယောက်သည် သူ့ကြောင့် ကျောင်းမှ ထွက်ပြေး သွားခဲ့သည်။ လူတစ်ယောက်သည် သူ့ကြောင့် သေဆုံးခဲ့ရ ပြန်သည်။ အမှန်တော့ သူသည် ဤသို့ဖြစ်စေရန်အတွက် မရည်ရွယ်ခဲ့ရိုးအမှန်ပါ။ သို့ ရာတွင် ခုအချိန်မှာ သူ့ကို လူအများက မုန်းတီးသော အကြည့်များဖြင့် ကြည့်နေကြပါမည်လား မသိပါ။

 

ကျော်စွာ ရောက်ရှိလာသည်။ အမှန်အားဖြင့် ရက်အတန် ကြာပျောက်ကွယ်သော ကျော်စွာကို တွေ့ရလျှင် လူတို့ အံ့ဩသင့် ကြသည် ဖြစ်၏။ သို့ရာတွင် မည်သူမျှမအံ့ဩနိုင်ကြပါ။ ခုအချိန်

မှာ သူသည် အရေးကြီးသော လူတစ်ယောက်မဟုတ်ပါ။ သိန်းနိုင်၏ အမေကမူ ကျော်စွာ့ကို မြင်သောအခါ ငိုပြန်လေသည်။

 

“သားကြီးရေ. . မင်းချစ် တယ် ဆို တဲ့ သူ ငယ် ချင်း လာပြီလေ၊ ထကြည့်ပါဦး”

 

သို့ရာတွင် သိန်းနိုင်က ထ,မကြည့်ချေ။ စောစောအောင် သည် ကျော်စွာ့ကို လှမ်းကြည့်သည်။ သူသည် ကျော်စွာ့ရင်ခွင်ထဲသို့

ပြေးဝင်၍ ငိုလိုက်ချင်သည်။ မကြည့်။ ကျော်စွာက သူ့ကို လုံးဝ

မကြည့်၊ သိန်းနိုင်၏ မျက်နှာကိုသာ စိုက်ကြည့်နေသည်။ သိန်းနိုင် ၏ လက်ကို ဆုပ်ကိုင်ထားသည်။ မျက်ရည်တို့သည် ဝဲလျှက်။ သူ့နှုတ်ခမ်းများသည် တလှုပ်လှုပ် တရွရွဖြစ်နေသည်။ စကားသံကား ထွက်မလာ။ သူသည် စောစောအောင်တို့ ရှိသည်ဟုပင် ထင်ပုံမရ။ စောစောအောင် ဝမ်းနည်းလာသည်။ သူငိုသည်။ စုစု သည် သူ့ပခုံးကို လာ၍ဖက်သည်။

 

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်၏ ဟိုဘက်မှာ လဟာပြင် ဈေးရှိသည်။ ဈေးထဲမှာ လူတို့သည် ပျော်ရွှင်စွာ စားသောက်နေကြသည်။ ပျော်ရွှင်စွာရောင်းဝယ်နေကြသည်။ သိန်းနိုင် ဝတ်ထားသော လုံချည်အစိမ်းကလေးသည်လည်း ဒီဈေးထဲက

ပျော်ရွှင်စွာ ဝယ်ခဲ့ခြင်းဖြစ်ပါမည်။

 

ဟိုဘက်မှာ ပျော်ရွှင်ခြင်းရှိသည်။ ဒီဘက်မှာ ငိုကြွေးခြင်း ရှိသည်။ ပျော်ရွှင်ခြင်းနှင့်ငိုကြွေးခြင်းတို့ ကို ရွှေတိဂုံဘုရားလမ်းက ခြားနားထားလေသည်။

 

ပျော်ရွှင်ခြင်းနှင့်ငိုကြွေးခြင်း၊ နှစ်နေရာစလုံးမှာ လူစည် ကားနေသည်။ ဘယ်နေရာသည် လူစည်ကားအပ်သော နေရာဖြစ် ပါသလဲ။

 

အလောင်းကို လက်စတစ်စဖြင့် ပတ်သည်။

ထို့နောက် ခေါင်းသွင်းသည်။

အသုဘကားဆီသို့ သယ်သွားသည်။

ရေအိုးကိုခွဲသည်။

ကြေးစည်ထုသည်။

ဆေးရုံကြီးကို နှုတ်ဆက်ထွက်ခွာသည်။

ဒီတစ်လောင်းထွက်သွားလို့ ဆေးရုံကြီးက ဝမ်းမနည်းသေးပါ။

နောက်ထပ် လာကြဦးမှာပဲ။

ကျိုက္ကဆံ သင်းချိုင်း အဝင်ဝတွင် အသုဘကားကို ရပ်သည်။ သိန်းနိုင်၏ ခေါင်းကို သူငယ်ချင်းများက ထမ်းလာကြ သည်။ ခေါင်း၏ရှေ့မှ အရင်ဦးအောင် သွားနှင့်ကြသူတို့ က ခေါင်းဘက်သို့ လှည်၍ မြေကြီးခဲများဖြင့် ပေါက်ကြသည်။ သေသူ၏ ဝိညာဉ်သည် သင်္ချိုင်း အထိ လိုက်မလာနိုင်အောင် ချောက်လှန့်ကြ ခြင်းဖြစ်ပါသည်။ ခေါင်းကို ဇရပ်ဆီသို့ သယ်သွားကြသည်။

 

သရဏဂုံတင်နေသောအချိန်တွင် ကျော်စွာသည် ဇရပ် အပြင်သို့ ထွက်လာခဲ့သည်။

 

တစ်ချိန်တုန်းက သူနှင့်သိန်းနိုင်တို့သည် ဒီသင်္ချိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြဖူးပါသည်။ သိန်းနိုင် ခါးထောက်၍ ရပ်နေ ပုံ၊ သူနှင့်ထိုးသတ်ကြပုံ၊ သိန်းနိုင်လဲကျသွားပုံ၊ သူ့ကို ဝင်းဝင်း၊

တောက်သော မျက်လုံးများဖြင့် ကြည့်နေပုံတို့ကို မြင်ယောင်လာ သည်။ ထိုအချိန်က သိန်းနိုင်သည် လှုပ်ရှားနေသူ။ ခုအချိန်မှာတော့ ဝိညာဉ်ကင်းမဲ့လျက် ငြိမ်သက်နေသူပါ။ ခပ်လှမ်းလှမ်းမှာ သိန်းနိုင် အတွက် တူးထားသောကျင်းကို တွေ့ရသောအခါ 'နောက်တစ်ခါ မင်းငါ့ကို စော်ကားရင် ဟောဟို က ကျင်းဟာ မင်းအတွက်ပါ ၊ ဟု သူကြုံးဝါးခဲ့ပုံကို ကြားယောင်လာသည်။

 

“မောင်သိန်းနိုင်ရေ... အမျှ.. အမျှ”

သိန်းနိုင်အဖေ၏ အက်ကွဲတုန်ရီသာ အမျှဝေသံကို ကြားရသည်။ သာဓုခေါ်သံများကို ကြားရသည်။ ကြေးစည်သံများ ကို ကြားရသည်။

 

“သူငယ်ချင်းရေ .. အမျှ အမျှ ၊ အမျှ”

ကျင်းနားမှ ခေါင်းကိုချသည်။ ဆရာကြီးသည် အမိန့်စာ ကို ပြန်လေသည်။ ဆရာကြီး၏အသံသည် ခါတိုင်း အလွန်အောင် မြင်ခန့်ငြားခဲ့ပါသည်။ ခုတော့ တုန်ရီနေသည်။ တိမ်ဝင်နေသည်။

 

“အထက(...) သင်္ဃန်းကျွန်း၊ ဒသမတန်း (င)မှ ခုံအမှတ် နှစ်ဆယ့်ခုနှစ် မောင်သိန်းနိုင် နာခံလော့၊ သင်သည် ကျွန်ုပ်၏ ကျောင်းရှိ ဒသမတန်း (င)တွင် ပညာသင်ကြားနေဆဲ ၁၉၇၅ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက် ဆယ့်တစ်နာရီ လေးဆယ့်မိနစ်အချိန်တွင် မတော်တဆ ထိခိုက်မှုတွင် ကွယ်လွန် အနိစ္စရောက်ခဲ့ရပါသည်။ ။ ထို့ ကြောင့် ယခုအချိန်မှ စ၍ သင့်အား ကျွန်ုပ်တို့၏

ကျောင်းမှ ကျောင်းသားအဖြစ် ဝမ်းနည်းစွာ ထုတ်ပယ်လိုက်ရ ပါသည်။ သင်သွားလိုရာသို့ သွားနိုင်ပြီ။ သင် ကောင်းရာသုဂတိ လားပါစေ. . ပုံ.. သူတော်... ကျောင်းအုပ်ဆရာကြီး”

 

လိပ်ပြာလေးတစ်ကောင်သည် လွမ်းသူ့ပန်းခွေပေါ်မှာ နားနေသည်။ ဒီပန်းခွေမှာ ဝတ်ရည်ရှိပါဦးမည်လား။ နေသည် ခြစ်ခြစ်တောက်ပူနေသည်။ သို့ရာတွင် သူတို့၏ ရင်ထဲက အပူထက် ပိုမိုနိုင်ပါမည်လား။

 

သိန်းနိုင်၏ အမေသည် ငိုကြွေးရင်းက တက်သွားသော ကြောင့် ဝိုင်းဝန်းပြုစုကြရသည်။ မိန်းကလေးတွေက ငိုကြသည်။ယောက်ျားလေးတွေက မျက်ရည်ဝဲကြသည်။

 

ကျော်စွာသည် အံကိုကြိတ်ထားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူသည် ဘယ်သူ့ကိုမျှ စကား မပြော။ တစ်ခုခုသော ပြောခဲ့လျှင် သူ့အသံသည် ငိုသံပါနေပါလိမ့် မည်။

 

သိန်းနိုင်၏ ခေါင်းကို နောက်ဆုံးအနေဖြင့် ဖွင့်ကြည့်ကြ သည်။ သိန်းနိုင်၏ အမေသည် သိန်းနိုင်၏ ပါးကိုနမ်းသည်။ မခွာတော့၊ သိန်းနိုင်၏ အဖေက ပုခုံးကိုဆွဲ၍မသည်၊ သိန်းနိုင်၏ အမေသည် သိန်းနိုင်ကို အတင်းဖက်ထားသည်။ သူ သတိမေ့မြော သွားသည်။ သူ့ကိုမ၍ ကားဆီသို့ သယ်သွားကြရသည်။

 

အခေါင်းကို မြေချသည်။ မြေကြီးကို ဖို့သည်၊ သူငယ်ချင်း များသည် မြေကြီးခဲကလေးများကို ကျင်းထဲသို့ ပစ်ချကြသည်။ လူ အနည်းငယ်သာကျန်တော့သည်။ ကျော်စွာသည် သိန်းနိုင်၏ မြေပုံအနားမှာရပ်နေသည်။ သိန်းနိုင်၏ အမည်နှင့် အသက်ရေးထားသော မှတ်တိုင်ကို စိုက်ကြည့်သည်။ သူ့နှုတ်မှ တိုးတိုး ကလေးရေရွတ်လိုက်ပါသည်။

 

“မင်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရပါစေ့မယ် သူငယ်ချင်း ရယ်...။

 

စောစောအောင်သည် ကျော်စွာနားမှာ လာရပ်သည်။ ကျော်စွာသည် စောစောအောင်ကို ငုံ့ကြည့်သည်။ စောစောအောင် က ကျော်စွာကိုမော်ကြည့်သည်။ သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက် သဲကွဲစွာ မမြင်ရပါ။ မြင်ကွင်းတို့၏ အကြားတွင် မျက်ရည်များရှိနေသည်။ စောစောအောင်၏ နှုတ်ခမ်းကလေးသည် တလှုပ်လှုပ်တရွရွ၊

 

"ကျော် စွာ"

ငိုသံဖြင့် ခေါ်သည်။ ကျော်စွာသည် နှုတ်ခမ်းကို ကိုက် လိုက်သည်။ သူ့မျက်လုံးများမှာ မျက်ရည်များ စီးကျလာသည်။ သူ လှည့်ထွက်သွားသည်။

 

စောစောအောင်သည် မြေပုံနားမှာ ဒူးထောက်လျက် ကျသွားသည်။ သူ ငိုသည်။

 

လွမ်းသူ့ ပန်းခွေမှ ပန်းကလေးတစ်ပွင့် ကြွေကျနေသည်။ မြေကြီးပေါ်က ပန်းကလေးဟာ ဝတ်ရည် မရှိတော့ပါ။ မကြာမီ အချိန်အတွင်းမှာ ထိုပန်းကလေးသည် နွမ်းရော်သွေ့ခြောက်၍ သွား ပါလိမ့်မည်။ သို့ရာတွင် ကိစ္စမရှိပါ။ ပန်းခင်းထဲမှာ ဖူးပွင့်စပန်းတွေ အများကြီး ကျန်ပါသေးသည်။

 

အခန်း (၁၆)

 

“ဖေဖေ မေမေ မသင်အားလို့

သားသား ကျောင်းကို လာရတယ်”

“ဖိုးသာထူး ဖိုးသာထူး

အလွန်ဝတဲ့ ဖိုးသာထူး။

ဖိုးသာထူးက ဝမ်းပူပူ

ဖိုးပါကြီးနဲ့ တူ၊

တူပါသကွဲ့ မယုံငြား

ဒီမှာ ကြည့်ပါလား”

 

အရှိန်ဖြင့်သွားနေသော မော်တော်ကားပေါ်မှ ခုန်ချလျှင် လဲကျတတ်ပါသည်။ အရှိန်သေသွားသော မော်တော်ကားပေါ်မှ ခုန်ချလျှင် ဘာမှမဖြစ်နိုင်ပါ။

 

ကျော်စွာ၏ စိတ်သည် တည်ငြိမ်ကို ရခဲ့ပြီ။ ဆယ်တန်း စာမေးပွဲကို ဝင်ဖြေဖြစ်ခဲ့သည်။ ဂုဏ်ထူးနှစ်ခုဖြင့်အောင်ခဲ့သည်။ စာမေးပွဲအောင်ပြီးနောက် မူလတန်းကျောင်းကလေးမှာ လုပ်အား ပေးနေခဲ့သည်။

 

ဒီကျောင်းကလေးသည် သူ့ အတွက် အားသစ်မွေးရာ သို့ မဟုတ် အားသစ်များကို ဖြန့်ဖြူးပေးရာ ဌာနပါ၊ ၊

 

ကလေးများကို စာသင်ပေးရသည်မှာ ပျော်စရာပါ။ သူ ပထမဆုံး အတန်းဝင်သည့်နေ့ က သူ ရောက်လျှင် ရောက်ချင်း

ကျောင်းသူကလေးများ စားပွဲနား ရောက်လာကြသည်။ သူတို့ လက်ထဲမှာ ပန်းတွေ။

 

“ဆရာကြီးဖို့ ယူလာတာ”

အစကတော့ ကြောင်သွားသည်၊ အမှန်က ဒီလိုပါ။ သူကလေးတို့ ၏ မူလ အတန်းပိုင်သည် ဆရာမဖြစ် သည်။ သူကလေးတို့ သည် ဆရာမကို နေ့စဉ် ပေးနေကျ။ ခု သူရောက် လာတော့လည်း သူ့ကို ပန်းပေးကြပြန်သည်။ ယောက်ျားဆရာသည် ပန်းမပန်ကြောင်း သူတို့ သိချင်မှ သိကြမည်။ ဒါက အရေးမကြီးပါ။ ဆရာကို ချစ်ခင်ရိုသေရမည်ဟူသော စိတ်ကလေးများသည်သာ အရေးကြီးပါသည်။

 

ခုဆိုလျှင် သူသည် ကလေးတို့ ဆီမှ ပန်းကလေးများကို နေ့စဉ်ရနေကျ။ ပန်းကလေးတွေမျိုးစုံ၊ နှင်းဆီပန်းလည်းပါသည်။ စပယ်ပန်းလည်း ပါသည်။ စက္ကူပန်းလည်း ပါသည်။ တောပန်း ကလေးတွေလည်းပါသည်။ မည်သို့ပင်ဖြစ်စေ သူ့စားပွဲပေါ်မှာ ပန်းတွေနဲ့ဝေ။ သူတို့၏ ကျောင်းသည် ပန်းကလေးတို့၏ ကျောင်းပင်မဟုတ်ပါလား၊ 'ပန်းကျောင်းမှာ သူပျော်သည်။

 

ကြည့်ပါလေ...။

“အောင်ဇေယျာမြင့်၊ မတ်တတ်ရပ်ပါဦး၊ သားသားက ဘာအရောင် အကြိုက်ဆုံးလဲ"

“အပြာရောင်ပါ ဆရာကြီး”

“အပြာရောင်ကို ဘာဖြစ်လို့ ကြိုက်တာလဲကွာ" “လှလို့ "

“မှန်လိုက်လေကွာ၊ ကဲ.. စိမ်းလဲ့လဲ့ကကော၊ ဘာအရောင်အကြိုက်ဆုံးလဲ"

“အနီရောင်"

“ဘာဖြစ်လို့ ကြိုက်တာလဲ"

"ချစ်လို့"

“တော်လိုက်တာဟေ့၊ ကဲ.. ကဲ.. ကိုကိုနိုင်က ပြောပါဦး။ ဘာအရောင် အကြိုက်ဆုံးလဲ"

“ဖက်ဖူးရောင် ကြိုက်ပါတယ်”

“ဟ.. တယ်ဟုတ်ပါလား၊ ဘာဖြစ်လို့ ကြိုက်တာလဲကွယ်”

“ဖက်ဖူးက ရောင်လို့ ”

 

******

သူ့ဘဝသည် တည်ငြိမ်မှုကို ရခဲ့ပြီ။

တည်ငြိမ်ခြင်းနှင့် အရှုံးပေးခြင်းသည် တခြားစီပါ။

ရိုးသားခြင်းနှင့် နုံအခြင်းသည် တခြားစီပါ။ ကြိုးစားခြင်းနှင့် ကောက်ကျစ်ခြင်းသည် တခြားစီပါ။

ရဲရင့်ခြင်းနှင့်ရမ်းကားခြင်းသည် တခြားစီပါ။ စွန့်စားခြင်းနှင့် လမ်းမှားခြင်းသည် တခြားစီပါ။ လွတ်လပ်ခြင်းနှင့် စည်းကမ်းမဲ့ခြင်းသည် တခြားစီပါ။ ထို့ အတူ...

ချစ်ကြိုက်ခြင်း၊ အသည်းကွဲခြင်း၊ အနစ်နာခံခြင်းတို့ နှင့် တေပေလေလွင့်ခြင်းသည်လည်း တခြားစီ ဖြစ်ကြောင်း သူ နားလည်ခဲ့ပြီ။

 

နွေသစ်ရွက်ဘဝမှ သူလွတ်မြောက်ခဲ့ပြီး၊ မိုးကြိုးမုန်တိုင်း တို့ သည် လွင့်ပျောက်ကုန်ကြရပြီ။ ဆောင်းအိမ်မက်ဆိုးတို့ သည် သူ့ကို မခြောက်လှန့်တော့ပြီ။ ဝမ်းနည်းမှတ်တမ်းများကို သူ မေ့လိုက်နိုင်ပြီ၊

 

စောစောအောင် ဆိုသော ကောင်မလေးတစ်ယောက်ကို ကော သူ မေ့နိုင်ခဲ့လေပြီလား။

 

“ဆရာကြီး ... ဧည့်သည်လာတယ်”

“အားလုံးမတ်တတ်ထ၊ ဆရာမကို နှုတ်ဆက်။ မင်္ဂလာပါ

ဆရာမ”

 

ကျောင်းသားကျောင်းသူကလေးများ၏ နှုတ်ဆက်သံကို ကြားရသည်။ ဧည့်သည် ဆရာမကို ကြည့်လိုက်သည်။

 

“မိစော...

စောစောအောင်သည် အပေါက်ဝမှာ ရပ်နေ သည်။ ကျော်စွာသည် စောစောအောင်ဆီ ပြေးသွားသည်။

 

စောစောအောင်သည် ကျော်စွာဆီသို့ ပြေးလာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လိုက် ကြသည်။ စောစောအောင်သည် ကျော်စွာ ရင်ခွင်တွင် မျက်နှာအပ် ၍ ငိုသည်။ ကျော်စွာသည် စောစောအောင်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

 

တကယ်တော့ ကျော်စွာသည် သူ့နေရာမှာ မတ်တပ်ရပ် နေဆဲပါ။ စောစောအောင်သည်လည်း အပေါက်ဝမှာ မတ်တတ်ရပ် နေဆဲပါ။ သူတို့၏ စိတ်များသည် တစ်ယောက်ကို တစ်ယောက် ပြေး၍ ပွေ့ဖက်လိုက်ကြခြင်းဖြစ်ပါသည်။

 

ကျော်စွာက စောစောအောင်ကို လှမ်းကြည့်သည်။ စောစောအောင်ကလည်း ကျော်စွာကို လှမ်းကြည့်သည်။ ကျော်စွာ သည် စောစောအောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ စောစောအောင်သည် သူ့ကို မျက်နှာငယ်လေးနှင့် ကြည့်နေပါသည်။ တောင်းပန်သောအကြည့်၊ တိုးလျှိုသော အကြည့် ခယသောအကြည့် ကျော်စွာ သနားသွားသည်။ စောစောအောင်ကို ပြုံးပြနှုတ်ဆက်လိုက်ပါသည်။

 

"နင် ဒီအတန်းမှာ ရှိတယ်ဆိုလို့ တို့ လာခဲ့တာ၊ ငါလည်း ဒီကျောင်းမှာ လုပ်အားပေးမလို့”

 

“ဟုတ်လား.. ဒီနေ့ လုပ်အားပေးဆရာမ အသစ် တစ်ယောက် ရောက်မယ်လို့တော့ သတင်းကြားသားပဲ။ နင်မှန်း တို့ မသိလို့ "

 

ကျော်စွာသည် စောစောအောင်ကို စိုက်ကြည့်လိုက်သည်။ စောစောအောင်သည် ခေါင်းငုံသွားသည်။

 

“နင်တို့ကို စိတ်ဆိုးနေတုန်းပဲလား ကျော်စွာ"

“မဆိုးတော့ပါဘူး၊ နင်ကကော တို့ကို မုန်းနေတုန်းဘဲ လား”

“အစကတည်းက မုန်းမှ မမုန်းပဲ”

“ဒါဖြင့်ရင်..."

တစ်စုံတစ်ခုသော ရည်မှန်းချက်ဖြင့် လုပ်အားပေးခြင်း ဟူသည် အထင်လွဲနေကြသော သူငယ်ချင်းများကို ပြန်လည်သင့် မြတ်စေခြင်းပါတကား။ နီးလျက်နဲ့ဝေးနေကြရသော ချစ်သူများ ကို ပြန်လည် ဆုံဆည်းစေသော အရာပါတကား။

 

“တို့လေ.. တို့ ဆယ်တန်းမအောင်မချင်း အချစ်ရေးကို မစဉ်းစားဘူးလို့ ဆုံးဖြတ်ထားတယ်”

“ဒါဖြင့် ခု ဆယ်တန်းအောင်ပြီးတော့ စဉ်းစားတော့မယ်

ပေါ့”

“ ဒါတော့.. နင် စဉ်းစားကြည့်ပေါ့"

ကျော်စွာ စဉ်းစားကြည့်သည်။ စဉ်းစားကြည့်တော့ ပျဉ်းမနားအထိတောင် သွားစရာမလို၊ ဒင်္ဂါးစေ့ဟာ အဝိုင်းလေးပါပဲ။ သူငယ်ချင်းတွေနှင့်နောက်ပြောင်ခဲ့သည်ကို သတိရမိသည်။

 

“စဉ်းစားကြည့်တော့ ပျဉ်းမနားအထိ.. အဲ မဟုတ်ပါဘူး”

စောစောအောင်က ရယ်လေသည်။

“စဉ်းစားကြည့်တော့....”

ကျော်စွာသည် စကားကို ဆက်မပြောရဲ။ စောစောအောင် သည် လက်ကိုင်ပဝါကလေးကို သူ့လက်ညှိုးမှာ ရစ်ပတ်နေသည်။ ကျော်စွာကို သူ မကြည့်ရဲ။ သူ ရှက်နေသလား၊ ကျော်စွာက မရဲ တရဲပြောလိုက်သည်။

 

“တို့ကို .. တို့ကို ချစ်တော့မယ် မဟုတ်လား” “အဲဒီလိုတော့ မဟုတ်သေးပါဘူး”

“ဒါဖြင့် မချစ်ဘူးလား”

စောစောအောင်က ခေါင်းခါသည်။

“ဘယ်လိုလဲဟာ”

“တို့ ဘွဲ့ရပြီးတဲ့အခါကျရင် နင့်ကို အဖြေပေးမယ်လေ”

“ဟင်.. အကြာကြီး”

“ဘာလဲ... မစောင့်နိုင်လို့လား . ဒါဖြင့်”

“ဟာ.. ဟာ.. မဟုတ်ပါဘူး၊ စောင့်နိုင်ပါတယ်။ စောင့်ပါမယ်..၊ တို့ပြောတာက ဘွဲ့ရပြီးရင် ပေးမယ့်အဖြေက ဘယ်လိုမှန်းမှမသိပဲ”

“တို့ကို မယုံလို့လား"

“ယုံတော့ ယုံပါတယ်။ ဒါပေမယ့် တို့ကို ကတိတစ်ခုပေး လေ။ ဘွဲ့ရပြီးတဲ့အခါကျရင် ချစ်ပါတယ်လို့ အဖြေပေးမယ်လို့"

“နင်က ဒီကြားထဲမှာ ကောင်းကောင်းနေပေါ့” “အေး.. ဟုတ်ပြီ၊ တို့က ကောင်းကောင်းနေလို့ ရှိရင် ဘွဲ့ရပြီးတဲ့အခါ ချစ်ပါတယ်လို့ အဖြေပေးမယ် မဟုတ်လား”

စောစောအောင်က ဘာမျှ ပြန်မဖြေ။

ကလေးများသည် ကျော်စွာပေးထားသော ဂဏန်းသင်္ချာ ပုစ္ဆာများကို ကြိုးစား တွက်ချက် နေကြသည်။ အဖြေမှန်ရရန် မဝေးတော့ပါ။

“ပြောလေဟာ"

စောစောအောင်က ခေါင်းညိတ်သည်။ ကျော်စွာ ပျော် သွားသည်။ သူ့လက်ထဲက မြေဖြူခဲကို အထက်သို့ မြှောက်ပစ် လိုက်သည်။ မြေဖြူခဲသည် သူ့နားက အမှိုက်ပုံးပေါ်သို့ ကျသည်။ “ဒေါင်'ဟု မြည်သွားသည်။ သူကမူ “အောင်'ဟုကြားလိုက်လေသည်။

 

“တို့ကတော့ ပိုင်သွားပြီနော်။ အေးလေ... တစ်ယောက် ထဲ အပြေးပြိုင်ရတာဆိုတော့ တို့ပဲ ပထမရမှာပါ”

“ဒါပေမယ့် ပြေးနေရင်းနဲ့ လမ်းမှာ လဲကျသွားရင် ဘယ် လိုလုပ်မလဲ"

“လဲကျသွားတော့ ခိုင်လူကြီးက လာပေးမှာပေါ့" “တို့.. ဒိုင်လူကြီး မလုပ်ချင်ဘူး”

“ဒါဖြင့် ဘာလုပ်မလဲ”

“ဆုပေးတဲ့လူ လုပ်မယ်"

ကလေးများသည် ဂဏန်းသင်္ချာပုစ္ဆာ၏ အမှန်ကို ရရှိ သွားကြသည်။

 

ကျော်စွာနှင့်စောစောအောင်တို့ သည် ကလေးများ၏ ကျောက်သင်ပုန်းများမှာ “အမှန်"အမှတ်အသားများ ရေးခြစ်ပေး ကြလေသည်။

ကျောင်းဆင်းခေါင်းလောင်းထိုးသည်။ ကလေးများ မတ်တတ်ရပ်ကြသည်။ နိုင်ငံတော်သီချင်းကို ဆိုကြလေသည်

 

“ကမ္ဘာမကြေ မြန်မာပြည်

ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။

ကမ္ဘာမကြေ မြန်မာပြည်

ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကို အသက်ပေးလို့ ကာကွယ်မလေ။

ဒါ ဒို့ပြည် ဒါဒို့မြေ ဒို့ပိုင်တဲ့မြေ

ဒို့ပြည် ဒို့မြေ

အကျိုးကို ညီညာစွာ ဒို့ တစ်တွေ

ထမ်းဆောင်ပါစို့လေ ဒို့တာဝန်ပေ ... အဖိုးတန်မြေ..."။

 

သူတို့၏ အသံကလေးများသည် စူးစူးရှရှကလေးတွေ ဖြစ်သည်။ အောင်မြင်ခန့်ညားမှု မရှိကြပါ။ သူတို့ မတ်တတ်ရပ် နေကြပုံများသည် ညီညီညာညာ မရှိကြပါ။

 

သို့ရာတွင်

တစ်နေ့သောအခါ သူတို့သည် တိုင်းပြည်၏ တာဝန်ကို ညီညာခန့်ညားစွာ ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပါသတည်း။

 

မင်းလူ

Related Posts

No comments:

Post a Comment