မင်းလူ - ပန်းကျောင်း (၁)

အခန်း (၁)

 

ကမ္ဘာမကြေ မြန်မာပြည်

ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။

ကမ္ဘာမကြေ မြန်မာပြည်

ဒို့ ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။

ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ။

ဒါ ဒို့ပြည် ဒါဒို့မြေ

ဒို့ပိုင်တဲ့မြေ

ဒို့ပြည် ဒို့မြေ

အကျိုးကို ညီညာစွာ ဒို့တစ်တွေ

ထမ်းဆောင်ပါစို့လေ

ဒို့တာဝန်ပေ... အဖိုးတန်မြေ...။

 

ကျောင်းဆင်းပြီဖြစ်သည်။ ကျောင်း၏အလယ်လှေကားမကြီးမှ ကျောင်းသား၊ ကျောင်းသူများ တိုးဝှေ့ဆင်းလာကြသည်။

ယောက်ျားကလေးနှင့် မိန်းကလေးများ ရောထွေးလျက်။ တစ်ယောက်နှင့်တစ်ယောက် တိုးမိတိုက်မိသည်လည်းရှိသည်။ ကျောင်းသားနှင့်ကျောင်းသူ အသားချင်းထိမိကြသည်လည်း

ရှိသည်။ သို့ရာတွင် သူတို့ ရင်မခုန်အားကြ။ ကြက်သီးထဖို့လည်း ရှိသည်။ သို့ရာတွင် သူတို့ ရင်မခုန်အားကြ။ ကြက်သီးထဖို့ လည်း သတိမရကြ။ သူတို့ ထမင်းဆာနေကြသည်ကိုသာ သိသည်။ အိမ်ကို မြန်မြန်ရောက်ဖို့ သာ စိတ်စောနေကြသည်။ အချို့ကား ကျူရှင် ကို အမီပြေးဖို့ကြိုးစားနေကြသည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့ အားလုံးအလျင်စလိုရှိနေကြသည်။ အချို့က ဘတ်စ်ကားမှတ်တိုင် သို့ သွားသည်။ အချို့ ခြေလျင်ပြန်ကြမည်။ ကိုယ်ပိုင်ကားဖြင့်လာ ကြိုသူ လေးငါးဦးရှိသည်။

 

ကျော်စွာတို့အုပ်စုသည် ဆင်ဝင်အောက်သို့ ရောက်လာ သည်။ လှဝင်းဦးသည် သူ့ရှေ့က ကျောင်းသားတစ်ယောက်၏ လွယ်အိတ်ထဲသို့ ပြောင်းဖူးရိုးတစ်ခုကို အသာထည့်လိုက်သည်။ ရှေ့မှကျောင်းသားက မသိလိုက်သောကြောင့် လှဝင်းဦးသဘော ကျသွားသည်။

 

ကျောင်းသူတစ်စု ဆူဆူညံညံထွက်လာသည်၊ အတန်းထဲ မှာ တစ်ချိန်လုံးစကားမပြောခဲ့ရသောကြောင့် ခုမှ အတိုးနှင့်ပြော ရခြင်းဖြစ်သည်။ ကျောင်းသားသုံးယောက်သည် သင်္ချာပုစ္ဆာ အဖြေ အတွက် ငြင်းခုန်ရင်း လျှောက်သွားကြသည်။

 

စောစောအောင်နှင့်စုစုထွက်လာသည်။ အေးမြင့်သောင်း၊ ကျော်စွာနှင့် ချစ်ကိုဝင်းကို လက်ကုပ်၍ပြသည်။ သူတို့ သည် စောစောအောင်ကို စိုက်ကြည့်နေကြသည်။ စောစောအောင်က ထီးကိုဖွင့်သည်။ ထီးကြားထဲမှ စက္ကူအပိုင်းအစလေးများ ထွက်ကျ လာသည်။ စောစောအောင်ရှက်သွားသည်။ ခြေလှမ်းသုတ်သုတ် လှမ်း၍ ထွက်သွားသည်။ ချစ်ကိုဝင်းသည် သူ့လုပ်ကြံမှု အောင်မြင် သွားသောကြောင့် ဝမ်းသာနေသည်။

 

တင်မြဝင့်သည် တစ်လှမ်းချင်းလျှောက်လာသည်။ အနီ ရောင် ဖင်မလီယာ ကားကလေးဆီသို့ ညင်သာစွာသွားသည်။ ဒရိုင်ဘာသည် ကားတံခါးကို ဖွင့်ပေးသည်။ တင်မြဝင့် သည် ကားထဲသို့ ဝင်ထိုင်လိုက်သည်။ ဒေါသဖြစ်မနေပါဘဲလျက် ကား တံခါးကို အသံမြည်ဟိန်းသွားအောင် တအားဆွဲပိတ်လိုက်သည်။ ကားကလေးသည် ငြိမ့်ကနဲထွက်သွားသည်။

 

ကား၏နောက်တွင် ဘယ်သူကြိုးဖြင့်လာချည်ထားမှန်း မသိရသော နို့ဆီခွက်အစုတ် တစ်လုံးက ကလုံကလင် ကလုံကလင် မြည်လျက် မြေတွင် ဒရွတ်တိုက်ပါသွားသည်။ ကျော်စွာတို့ အုပ်စု လည်းရယ်မော ဟားတိုက်ရင်းကျောင်းဝင်းထဲမှ ထွက်လာကြ သည်။ ဇော်ခင်မော်က ကားဒရိုင်ဘာအလစ်တွင် နို့ဆီခွက်သွား မည်ရပုံကို အားပါးတရပြောလာသည်။

 

ကျော်စွာသည် အိမ်အဝင်ဝကတည်းက ဟင်းကို သဘောကျနေမိပြီဖြစ်သည်။ ငပိဖုတ်နံ့သည် ပုစွန်ဆီနံ့ သင်းနေသည်။ သူ့

အမေသည် ကဇွန်းရွက် လယ်တောဟင်းနှင့် ငပိထောင်းကို ချက်ပြုတ်နေပြီဟု သူသိလိုက်သည်။ သူဆာနေပြီ။ အိမ်ရှေ့က ရေစည်ပိုင်းကို ငုံ့ကြည့် သည်။ ရေကဖင်ကပ်လောက်သာ ကျန်သည်။ လွယ်အိတ်ကို စားပွဲပေါ်သို့ ပစ်တင်ပြီး မီးဖိုချောင်ထဲ

"မေမေ. . ဘာကူညီရဦးမလဲ”

"မရှိတော့ပါဘူးသားရယ်. . ကျက်လုပါပြီ"

"ဒါဖြင့်ရင် ကျွန်တော်ရေသွားခပ်လိုက်အုံးမယ်၊ စည်ပိုင်းထဲမာှ ၊ ရေမရှိတော့ဘူး”

"ပြီးမှ အေးဆေးဆေး ခပ်ပါလားကွယ်၊ ဟင်းက

ခုကျက်တော့မှပဲ သားသိပ်ဆာနေပြီ မဟုတ်လား”

“သိပ်မဆာသေးပါဘူး မေမေ”

“သားကလည်းကွယ်.. ကျောင်းမှာလည်း ပင်ပန်း လာတာ”

“ကျောင်းမှာ မပင်ပန်းဘူးမေမေရဲ့၊ အေးအေးဆေးဆေး ထိုင်နေရတာပဲ။ တစ်နေ့လုံးထိုင်နေရတော့ ညောင်းနေပြီ။ ရေခပ် လိုက်တော့ အညောင်းပြေသွားတာပေါ့။ ပြီးတော့ ထမင်းလဲပိုစား လို့မြိန်တာပေါ့”

ကျော်စွာသည် မေမေ့ပါးကို တစ်ချက်နမ်းသည်။ မေမေ့ ပါးသည် မမွှေးပါ။ ချွေးစော်နံပါသည်။ သို့ရာတွင် ကျော်စွာ အဆာ ပြေသွားပါသည်။

 

ရေဘုံဘိုင်တွင် လူစည်ကားနေလိမ့်မည်။ ရေဘုံဘိုင်ဆို သည်မှာ လူစည်ကားအပ်သော အရာ ဟုတ်သလား၊ မဟုတ်သလား တော့ ကျော်စွာမသိပါ။ ရေဘုံဘိုင်ရောက်လျှင်သတင်းစုံ၊ အတင်းစုံ ကြားရမည်ကိုတော့သိပါသည်။

 

သူတို့ ရပ်ကွက်ထဲက လူများသည် သူများကောင်းကြောင်း မကောင်းကြောင်းကို ချဲ့ထွင်၍ပြောရန် အလွန်ဝါသနာကြီးကြ သူများဖြစ်ကြပါသည်။ သို့ရာတွင် သူတစ်ပါး ကိုတော့ တကယ်တမ်း မကောင်းကြံစည်တတ်သူများမဟုတ်ပါ။ သူတစ်ပါး ကောင်းရာ

ကောင်းကြောင်းကိုတော့ ဆောင်ရွက် လိုကြပါသလားလည်း မသိရပါ။ အကြောင်းမှာ သူတို့ ကိုယ်တိုင် ကပင်မိမိတို့ ကြီးပွားရာ ကြီးပွားကြောင်းကို မလုပ်နိုင်ကြသူများ ဖြစ်ကြသော ကြောင့် ဖြစ်ပါသည်။

 

ကျော်စွာထင်ထားသည့်အတိုင်းပင်ဖြစ်ပါသည်။ ရေဘုံဘိုင်တွင်ရေပုံးတွေ တန်းစီနေပါသည်။ မိုးဦးနောက်ကျသော

ကြောင့် ရေအခက်အခဲရှိပါသည်။ ရေအခက်အခဲရှိနေခြင်းကြောင့် ပင် ဤရေဘုံဘိုင်တွင် လူစုမိကြသည်။ ရပ်ရေးရွာရေးကိစ္စများကို ဤနေရာတွင်ပြောဖြစ်ကြသည်။ အထူးစည်းဝေးနေစရာမလိုပါ။

 

များစွာသော အခါတို့တွင် ရောက်တတ်ရာရာ စကား များ၊

“မဖြစ်နိုင်တာတော်၊ ကလေးနဲ့ လူကြီး လက်သီးထိုးတာ ကလေးက နိုင်ရတယ်လို့"

“ကလေးဆိုပြီး ကလေးမဟုတ်ဘူးလား၊ ဟိုဖရေဇာဆိုတဲ့ ၂ ကောင်ကကော”

“ဟာ၊ ဒေါ်အေးကြည် ကလည်း ကလေးဆိုတာ လူနာမည် ။ ကပ်ဆီးယပ်ကလေးတဲ့။ မိုဟာမက်အလီလို့လည်းခေါ်တယ်။

အဲဒါ ဂျိုဖရေဇီယာနဲ့ ထိုးတာ သူက နိုင်သွားတယ်လို့ပြောတာ။ နှစ်ယောက်စလုံး လူကြီးတွေချည်းပဲ”

လက်ဝှေ့ပွဲ အကြောင်း နားစွန်နားဖျားကြားရာမှ နားမလည်သော မိန်းမကြီးတစ်ယောက်နှင့် ရှင်းပြသော ယောက်ျားကြီးတစ်ယောက်၏ စကားများ။

"အင်္ဂါဂြိုလ်မှာ သက်ရှိတွေ ရှိချင်ရှိနိုင်တယ်တဲ့”

"ဒါနဲ့ အင်္ဂါဂြိုလ်မှာ ရေမရှိဘူးဆို၊ ရေမရှိဘဲနဲ့ ဘယ်လို မှ အသက်ရှင်နိုင်မှာလဲ"

"ဟ.. ဒါတော့ မပြောနိုင်ဘူး ရေမသောက်ဘဲ အသက် ရှင်နိုင်တဲ့ သတ္တဝါတွေ ရှိချင်ရှိနိုင်တာဘဲ”

"အေးဗျာ.. အင်္ဂါဂြိုလ်မှာလူတွေသာရှိရင်တော့ ဘယ်လို ပုံစံဖြစ်မလဲ မသိဘူး”

“မျက်စိသုံးလုံးနဲ့၊ ခြေထောက်တွေအများကြီးနဲ့ ဖြစ်ချင် ဖြစ်နေမှာပါ"

“သိပ်ရယ်စရာကောင်းမှာပဲနော်"

“ဟေ့၊ နေကြဦးကွ၊ အင်္ဂါဂြိုလ် ကို အာကာသယာဉ် လွှတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

“ဖြစ်နိုင်တာပေါ့ ဘကြီးရ”

“သတင်းစာထဲမှာ တွေ့ရတဲ့ အင်္ဂါဂြိုလ်မျက်နှာပုံက မင်္ဂလာ ဒုံနားက တောင်ကုန်းတွေလိုပါပဲ။ သူ တို့ ဆီက တောင်ကုန်းတစ်ခုခုကို ဓါတ်ပုံရိုက်ပြီး ညာတာလား မသိဘူး”

"ဟာ.. ဒီလောက် သိပ္ပံ ထွန်းကားနေတဲ့ ခေတ်မှာ မဖြစ်နိုင်တာ မရှိပါဘူး။ ပြီးတော့ အမေရိကန်ဆိုတာ ထိပ်တန်း နိုင်ငံကြီးတစ်ခုပဲ။ တကယ်မဟုတ်ဘဲနဲ့တော့ မကြေညာပါဘူး”

“အင်္ဂါဂြိုလ်ကို တော်တော်ကြာကြာ သွားရမှာပဲနော်”

“ဂျက် လေယာဉ်ထက် အဆပေါင်းများစွာ မြန်တဲ့ နှုန်းနဲ့ သွားတာတောင် တစ်နှစ်နီးပါးသွားရတယ်”

"ဒါနဲ့.. ဟိုကနေ ဒီကမ္ဘာကို ဓါတ်ပုံတွေ ဘယ်လိုလုပ်ပို့ သလဲဗျ”

“ရေဒီယိုနည်းနဲ့ ပို့တာပေါ့ဗျာ။ အသံလွှင့်ရုံက လွှင့်တဲ့ အသံကို ရေဒီယိုကတစ်ဆင့် လေထဲကနေ ဖမ်းယူသလိုပေါ့"

“အေးဗျာ.. သိပ်အံ့သြဖို့ ကောင်းတာပဲ။ ခေတ်ကြီး ကတော့ အရမ်းကိုတိုးတက်နေတော့တာပဲ"

"ဟောတော့.. ကျုပ်ရေပုံးပေါက်သွားပြီ။ တစ်နေ့ကမှ သံဖြူဆိုင်မှာ သွားဖာလာတာ၊ တော်တော်သောက်သုံးမကျတဲ့ ကောင်တွေ”

 

ကျော်စွာ စဉ်းစားနေသည်မှာ သူတို့ လို မဟုတ်ချေ။ အင်္ဂါဂြိုလ်မှာ လူရှိချင်မှရှိနိုင်သည်။ သို့သော် ရေမရှိ။ ထိုသူများ သည် ရေကိုအသုံးမပြုဘဲ အသက်ရှင်နေနိုင်သည်။ ထိုအခါ ထိုသူ များ၌ ရေအခက်အခဲမရှိ၊ ရေဘုံဘိုင်တွင် တန်းစီစရာ မလို။ ကံထူး လေစွ။

 

ရေဘုံ ဘိုင်မှရေသည် တွန့်တိုစွာကျနေသည်။ မိမိ အလှည့်ကျ၍ ရေတစ်ပုံးရပြီဆိုလျှင် အိမ်ကိုမြန်မြန်ပြန်ထည့်။ ပြီးတော့ မြန်မြန်ပြန်လာ နောက်ဆုံးက ပြန်စီ။ အလှည့်ကျလျှင် ရေတစ်ပုံးယူ၊ ပြီးတော့ နောက်ဆုံးကပြန်စီ၊ ကျောင်းမှာ သင်ခဲ့ ရသည့် ရေသံရာလည်ခြင်းဆိုသည်မှာ ဒါမျိုးလားမသိပါ။

 

ကျော်စွာပျင်းလာပြန်သည်။ သူ့ စိတ်သည် ဖေဖေထံ ရောက်ရှိသွားလေသည်။ ဖေဖေရှိစဉ်ကဆိုလျှင် ကျော်စွာတို့ မိသား စုသည် အခြေ အနေ တော်တော်ကောင်းသည်ဟု ဆိုရပါမည်။ ဖေဖေသည် နာမည်ကျော် စာရေးဆရာကြီး တစ်ဦးဖြစ်သည်။ ဝင်ငွေလည်း ကောင်းသည်။အသောက်အစားကင်းသော ဖေဖေသည် ကျော်စွာတို့ သားအမိကို တင့်တယ်စွာထားနိုင်သည်။ တစ်ဦးတည်းသောသား ကျော်စွာကို ဖေဖေရောမေမေကပါ သိပ် ချစ်ကြပါသည်။ အလိုလည်းလိုက်ပါသည်။ စည်းမဲ့ကမ်းမဲ့ကား မဟုတ်။ စာရေးဆရာ၏သားဖြစ်သော ကျော်စွာသည် သူများ

ထက်ပို၍ အမြင်ကျယ်သည်။ လူမှုရေးနားလည်သည်။ ငယ်စဉ်ကပင် စကားကြီး စကားကျယ်များပြောတတ်သည်။ တစ်ခါတစ်ရံ

မေးခွန်းများကို ဖေဖေစာရေးဆရာကပင်လက်မြှောက်ရ မည်။

 

“ဖေဖေ၊ နတ်တွေက ထမင်းကို မစားဘူးဆို၊ အငွေ့ ပဲ ရှူတယ်ဆို ...”

“အေး .. ဟုတ်တယ်ကွ”

“ဒါဆိုရင် နတ်တွေက ချေးမပါဘူးပေါ့”

“ဒါပေါ့ကွ”

“သေးလည်း မပေါက်ဘူး”

“အင်းပေါ့”

“ဒါပေမယ့် .. အီးတော့ပေါက်မှာပေါ့”

“ဟာကွာ .. သားကလည်း ကတ်သီးကတ်သတ်”

ကျော်စွာရှစ်တန်းအောင်သောနှစ်တွင် ဖေဖေဆုံးသည်။ ဖေဖေဆုံးသွားသောအခါ ကျော်စွာတို့သားအမိသည် အခြေယိုင်ခဲ့ ရသည်။ ဖေဖေသည် လူ့လောကကို စွန့်ခွာသောအခါ ဘာပစ္စည်း ကိုမျှ မယူသွားခဲ့ပါ။ သို့ရာတွင် ပေးကမ်းစွန့်ကြဲမှု ရက်ရောသော ဖေဖေသည် ကျော်စွာတို့အတွက် များများစားစား မထားနိုင်ခဲ့ပါ။

 

ထို့ကြောင့် ဖေဖေဆုံးပြီး ခြောက်လခန့်အကြာမှာပင် မေမေသည် ကုန်သည်ဖြစ်ခဲ့ရသည်။

ကုန်သည်ဟုဆိုရာတွင် ငွေ ကြေးထောင်သောင်းကိုင်ပြီး ကုန်ကူးသော ကုန်သည်ကြီးမျိုးမဟုတ် ပါ။ ပြွန်တန်ဆာ၊ မြို့လှ၊ ပျဉ်းမနားစသော မြို့များတွင် ရှားပါး

သောကုန်ပစ္စည်းများကို ရထားဖြင့်တင်သွား၊ အပြန်တွင် ရန်ကုန် ၌ရှားပါးသော ကုန်ပစ္စည်းကလေးများကို ပြန်တင်လာခြင်းသာဖြစ် သည်။ သို့ရာတွင် မှောင်ခိုကုန်များကား မဟုတ်ပါ။ ထို့ကြောင့် လည်း တန်ဖိုးနည်းသော ကုန်များကို ရောင်းသော အသေးစား ကုန်သည်ကလေးသာ ဖြစ်ပါသည်။

 

ကျော်စွာသည် မေမေ့ကိုသနားသည်။ မေမေ့အသက်သည် လေးဆယ့်ငါးနှစ်သာရှိသေးသော်လည်း သွေးတိုးရောဂါရှိ

သည်။ မေမေ့ကို အလုပ်မလုပ်စေချင်ပါ။ သူက လုပ်ကျွေးချင်ပါသည်။ သို့ရာတွင် ကျော်စွာ အသက်သည် တစ်ဆယ်ခုနှစ်နှစ်ကျော်

ရုံကလေးသာ ရှိသေးသည်။ တစ်ခါကတော့ သူ အလုပ်လုပ်ချင်ကြောင်း မေမေ့ကို ပြောမိသည်။ မေမေသည်ဝမ်းနည်းစွာဖြင့် ပြန်ပြော ပါသည်။

“သားလေးရယ် .. သားငယ်ငယ်လေးရှိပါသေးတယ်။ မေမေသား ဘွဲ့ရတဲ့အထိ လုပ်ကျွေးနိုင်ပါသေးတယ်ကွယ်”

“မေမေပင်ပန်းလှပါတယ် မေမေရယ်"

“အလုပ်လုပ်တာပဲ သားရယ်၊ ပင်ပန်းမှာပေါ့၊ နည်းနည်း ပင်ပန်းတာနဲ့ များများပင်ပန်းတာပဲ ကွာမယ်၊ အလုပ်မှန်ရင် ပင် ပန်းတာ ချည်းပဲ။ အေး၊ ပညာတတ်တဲ့လူကတော့ နည်းနည်းပဲ ပင် ပန်းမှာပေါ့၊ ဒါကြောင့်သားကိုဘွဲ့ရတဲ့အထိ ပညာသင်ပြီးမှ အလုပ်လုပ်ပါလို့ ပြောတာပေါ့”

“အလုပ်လုပ်ပြီး ညကျောင်းတက်ရင်လဲရသားပဲ”

“မဖြစ်ပါဘူး သားရယ်၊ နေ့လယ် အလုပ်လုပ်ရတဲ့အခါ ပင်ပန်းမယ် ညကျတော့ ကျောင်းစာမှာ အပြည့်အဝ အာရုံ မစိုက်နိုင်တော့ဘူး၊ ပြီးတော့ .. စာကျက်ချိန်လဲ ရမှာမဟုတ်ဘူး”

“ဒါပေမယ့် ..."

“တော်တော့သားရယ်၊ ဆက်မပြောပါနဲ့တော့”

မမမျက်ရည်ဝဲလာသည်။ ကျော်စွာ ဆက်မပြောရဲ ပါ။ မေမေ မငိုစေချင်ပါ။ သို့ရာတွင် ပြင်ပဗဟုသုတအတွက် စာအုပ်များဝယ်ဖတ်ရန် ဟူသောအကြောင်းပြချက်ဖြင့် မနက်ပိုင်း သတင်းစာပို့သည့်အလုပ်ကိုတော့ လုပ်ပါရစေဟု တောင်းပန်သည်။

ဒါကိုတော့ မေမေခွင့်ပြုပါသည်။ ကျော်စွာသည် ဆယ်တန်းအောင် ပြီးလျှင်တော့ အလုပ်လုပ်ရင်း လုပ်သားကောလိပ်တက်မည်ဟု စိတ်ထဲက ဆုံးဖြတ်လိုက်ပါသေးသည်။

 

“ကျော်စွာ ... နင့်အလှည့်ရောက်ပြီ”

ကျော်စွာသည် ရေပုံးကို ဘုံဘိုင်ခေါင်းအောက်မှာချသည်။ ဘုံဘိုင်ရေသည် အင်အားချည့်နဲ့စွာ ကျနေသည်။ အချိန်တန်တော့ လည်း ရေပုံးကို ပြည့်သွားစေသည်။

 

အခန်း (၂)

 

ယနေ့ အတန်းပိုင်ဆရာမ ကျောင်းမလာချေ။ ကျောင်း ခေါ်ချိန်စာရင်း (ရက်ဂျစ်စတာ)ခေါ်ရန် ကျော်စွာကို တာဝန်ပေး ထားခဲ့သည်။ ကျော်စွာသည် နာမည်တစ်ဦးချင်း ခေါ်သည်။ ခုံအမှတ် တစ်ဆယ်အထိ ပြဿနာမပေါ်၊ ခုံအမှတ် တစ်ဆယ့်တစ် မှစ၍ ပြဿနာပေါ်လာသည်။ ဖြစ်ပုံမှာ ရယ်စရာလည်းကောင်း ပါသည်၊၊

 

ခုံအမှတ်တစ်ဆယ့်တစ်မှ တစ်ဆယ့် ခုနစ် အတွင်းရှိ ကျောင်းသားခုနစ်ယောက်သည် အလောင်းအစားတစ်ခု ပြုလုပ် သည်။ မိမိနာမည်ခေါ်လျှင် မိမိရှေ့မှ ထူးသွားသူနှင့်မတူအောင် ထူးရမည်။ တူသွားလျှင် အားလုံးကို လက်ဖက်ရည်တိုက်ရမည်။

 

“လှဝင်းဦး”

“ရှိပါတယ်”

“အေးမြင့်သောင်း”

"ရှိ"

“ချစ်ဝင်း"

“ရှိသည်”

ကျော်စွာသည် နာမည်ခေါ်ရာမှ ရပ်လိုက်သည်။ ကျောင်း သားကျောင်းသူများ သည် ပြုံးစိစိဖြစ်နေကြသည်။ ဆက်ခေါ်သည်။

"လှမြင့်"

“လာပါ၏"

“ထွန်းထွန်း”

“ရှိပ ... ရှိပ”

“ဇော်ခင်မော်”

“ရှိသဗျို့"

ကျော်စွာရပ်လိုက်ရပြန်သည်။ မိန်းကလေးများ ခေါင်းငုံ့လျှက်က တခွီးခွီးရယ်နေကြသည်။

“အဲဒီလိုတော့ မနောက်ကြပါနဲ့ကွာ၊ ငါက ဆရာမတာဝန် ပေးသွားလို့ ခေါ်ရတာပါ"

ကျောစွာ တောင်းပန်ရတော့သည်။ ခုတစ်ခါခေါ်လျှင် ချစ်ကိုဝင်းအလှည့်ရောက်ပြီဖြစ်သည်။ သူသည် ကျော်စွာကိုလည်း အားနာသည်၊ ရိုးရိုးပင်ထူးလိုက်လို့ ရှေ့ကကောင်တွေနှင့်တူသွား လျှင် လက်ဖက်ရည်တိုက်ရတော့မည်။ သူများထက်ထူးခြားအောင် လည်း ထူးလိုက်ချင်သည်။ ချစ်ကိုဝင်းခေါင်းကုတ်နေသည်။

“ချစ်ကိုဝင်း"

“ပျိုတို့မောင် လာပြီဗျ"

အတန်းသားအားလုံး “ဝါးကနဲ' ရယ်ကြတော့သည်။ ကျော် စွာကိုယ်တိုင်ပင် ဣန္ဒြေမဆယ်နိုင်တော့ အားလုံးနှင့်ရော၍ ရယ် လိုက်ရတော့သည်။ ကျောင်းခေါ်ချိန် ခေါ်ပြီးချိန်ကျတော့ သူတို့ အားလုံးသည် ကျော်စွာကို တောင်းပန်ကြသည်။

 

ဒုတိယအချိန် သည် ဓာတုဗေဒအချိန်ဖြစ်သည်။ ဓာတုဗေဒ ဆရာ ဦးထွန်းတင်သည် သောက်လက်စဆေးပေါ့လိပ်တိုကလေးကို အခန်းဝက သံဆန်ခါကြားမှာ ညှပ်ထားခဲ့ပြီး ဝင်လာသည်။

“မင်္ဂလာပါ ဆရာ”

“မင်္ဂလာပါ၊ ထိုင်ကြပါ”

ဆရာဦးထွန်းတင်သည် အသင်အပြ အလွန်ကောင်းသူ ဖြစ်သည်။ သူသည် သင်ကြားရာတွင် စာအုပ်ကိုမကိုင်ဘဲ အလွတ် သင်နိုင်သူ ဖြစ်သည်။ စမ်းတဝါးဝါး မရှိ တိကျသည်။ အပိုလည်း မပြော။ အတိုဆုံး၊ အရှင်းဆုံး အလွယ်ကူဆုံးနှင့် မှတ်မိအောင် လည်း သင်သည်။ သူသည် ဓါတုဗေဒလောကတွင် နာမည်ကြီးသူ ဖြစ်သည်။ သို့ရာတွင် သူ ဆင်းရဲသည်။

 

တက္ကသိုလ်မှာတုန်းက သူနှင့်လည်ပင်းဖက်ပေါင်းလာသူ တွေ သူ့လောက်မတော်သူတွေသည် ယခုအခါ နာမည်ကြီးကျူရှင် ဆရာများဖြစ်နေပြီ။ ဆရာဦးထွန်းတင်ကား ကျောင်းအနီးရှိ အခန်း ကျဉ်းက လေးတစ်ခု ဌားနေ ရသည်။ ကလေးတစ်ယောက်ပြီး တစ်ယောက် တိုးလာသည်နှင့်အမျှ သူ့စားဝတ်နေရေးသည် ကျပ် တည်းလာသည်။ သို့ရာတွင်သူ၏ သင်ကြားမှုသည် လျော့ကျမ သွားဘဲ တက်ကြွမြဲ၊ အပင်ပန်းခံမြဲ၊ စေတနာထားမြဲပါ။

 

“ကဲ ... ဟိုတစ်နေ့က ကြေးနီဆာလ်ဖိတ်ပြုလုပ်နည်း ပြီးသွားပြီ။ အဲ ဆာလ်ဖိတ်ဆိုလို့ ပြောရဦးမယ်။ မင်းတို့ ဆာလ်ဖိတ်ရယ်၊ ဆာလ်ဖိုက်ရယ် မမှားကြနဲ့နော်”

နောက်ဆုံးတန်းက ဖေမြင့်နှင့်မြင့်အောင်သန်းသည် ပိုက်ဆံကြေးစာအုပ်လှန်နေကြသည်။

 

ဆရာက တစ်ချက်စိုက်ကြည့် လိုက်မှ ငြိမ်သွားသည်။

"ဒီနေ့တော့ ညီမျှကိန်းအကြောင်းသင်မယ်။ ဒြပ်စင်တစ်ခု မျကိန်းဆိုတာ . ၀၀၈ အလေးချိန်အကျိုးရှိတဲ့ ဟိုက်ဒြိုဂျင်၊ ဒါမှမဟုတ် ၈ အလေးချိန်အကျိုးရှိတဲ့ အောက်စီဂျင်၊ ဒါမှမဟုတ် ၃၅.၅ အလေးချိန် ရှိတဲ့ကလိုရင်းနဲ့ ဓာတ်ပြုနိုင်တဲ့ ဒြပ်စင်ရဲ့ အလေးချိန်အချိုးကို ခေါ်တာပဲ။ ဥပမာ ကွာ၊ ၁, ၀၀၈ ဂရမ်ရှိတဲ့ ဟိုက်ဒြိုဂျင်ဟာ ၃ ဂရမ်ရှိတဲ့ ကာဗွန်နဲ့ ဓါတ်ပြုတဲ့အတွက် ကာဗွန် ရဲ့ညီမျှကိန်းဟာ ၃ ဖြစ်တယ်”

 

ဆရာဦးထွန်းတင်သည် အတန်းသားများ နည်းလည် မလည် အကဲခတ်သည်။ ထို့နောက်မှ ဆက်သင်သည်။

“ကဲ ... သွပ်ရဲ့ ညီမျှကိန်းကို ရှာကြည့်ရအောင် ဖန်ဘူး တစ်ခုကိုယူ။ အေးကွာ။ ပုံမှာ ဖေါ်ပြထားတဲ့အတိုင်း တပ်ဆင်ပြီး ပြီဆိုပါစို့။ အလေးချိန်သိပြီးသား သွပ်ကို ဖန်ဘူးထဲမှာထည့်၊ ပြီး တော့ ..."

 

စန်းမောင်သည် ဆရာကို စိုက်ကြည့်ရင်း နားထောင်နေ ရာမှ ဆရာ့စကားများကို မကြားတချက်ကြားတချက် ဖြစ်လာ သည်။ နောက်တော့ မကြားတော့ချေ။ သူ့အတွေးလည်း တစ်နေ ရာသို့ ရောက်ရှိသွားပါသည်။

 

သူ့အိမ် သို့မဟုတ် သူ့ဆိုင်၊ သူ့အိမ်မှာ ကုန်စုံဆိုင်ကလေး တစ်ခုဖွင့်ထားသည်။ သူသည် တရုတ်ကပြားဖြစ်သည်။ သူ့အဖေ သည် မကျန်းမာတော့။ မျက်စိလည်း မှုန်နေပြီဖြစ်သည်။

သူ့အဖေသည် သူကျောင်းတက်နေသည်ကို သိပ်သဘော မကျလှချေ။ စန်းမောင်ကတော့ ပညာကိုရနိုင်သလောက် သင်ချင် သေးသည်။

စန်းမောင်သည် အဖေ့ကို စိတ်မချချေ၊ အဖေသည် မျက်စိ မှုန်သောကြောင့် ပစ္စည်းမှားပေးမိမှာ၊ ပိုက်ဆံမှားအမ်းမိမှာ စိုးရိမ် သည်။ တစ်ခါကလည်း အဖေသည် ငါးကျပ်တန်ကို တစ်ဆယ်တန်မှတ်၍ မှား အမ်းမိသောကြောင့် ငွေရှစ်ကျပ်လောက် ပါသွားပြီးပြီ။

 

“စန်းမောင် သွပ်ရဲ့ညီမျှကိန်း ဘယ်လောက်လဲ”

ဆရာ့အမေးကြောင့် စန်းမောင်လန့်သွားသည်၊ ဖြေမိဖြေ ရာကို ရမ်းပြောလိုက်သည်။

“ရှစ်ကျပ်ပါဆရာ”

“ဝါး ... ဟာ .. ဟား .. ဟား .. ဟား"

အတန်းသားများ၏ ရယ်သံသည် ဆူညံသွားသည်။ ဆရာသည်ပင် သွားပေါ်အောင်ပြုံးမိသည်။ စန်းမောင် အလွန်ရှက်သွား သည်။ မျက်စိပေကလပ် ပေကလပ်လုပ်သည်။ ခေါင်းကုတ်သည်။ သူသည် အခက်အခဲတစ်ခုခုတွေ့လျှင် ခေါင်းကုတ်မြဲဖြစ်သည်ကို သိသော အတန်းသားများက ရယ်ကြပြန်သည်။

 

“စန်းမောင်၊ မင်းဆရာသင်တာကို သေသေချာချာ နားမ မထောင်ဘဲ ဘာတွေစဉ်းစားနေတာလဲ”

“ကျွန် ... ကျွန်တော် ... ဟိုဒင်း"

စန်းမောင်သည် ခေါင်းကုတ်ပြန်သည်၊ ပြီးတော့မှ သူစဉ်းစားနေသည့် အကြောင်းကို မရဲတရဲပြောပြသည် ၊ ရယ်ကြပြန် သည်။ ဆရာဦးထွန်းတင်က .

"ဒါ.. ရယ်စရာမဟုတ်ဘူးဟေ့ စန်းမောင်က မင်းတို့ လို ကျောင်းစာတစ်ခုတည်းကို အေးအေးဆေးဆေး သင်ရတာ မဟုတ်ဘူး၊ သူ့အိမ်ရဲ့ စားဝတ်နေရေးအတွက်လဲ အလုပ်လုပ်ရသေးတယ်။ ဒါလှောင်စရာမဟုတ်ဘူး၊ ချီးကျူးစရာ။ အေး ဒါပေမယ့် စန်းမောင်ကလည်း စာသင်ချိန်မှာ အလုပ်အကြောင်း စဉ်းစားနေတော့ မသင့်တော်ဘူး၊ ကျောင်းချိန်မှာ ကျောင်းစာကိုပဲ စိတ်ဝင်စား သင့်တယ်။ အလုပ်အကြောင်းကို အလုပ်ချိန်ကျမှ စဉ်းစား ဟုတ် လား၊

ကဲ၊ ကဲ .. ထိုင်တော့ ”

 

စန်းမောင်သည် ခေါင်းကုတ်ရင်းထိုင်ချလိုက်သည်။ စန်း မောင်လိုပင် ကျောင်းတက်ရင်း ဈေးရောင်းရသူတစ်ယောက် ရှိ ပါသေးသည်။ မေရီဖြစ်ပါသည်။ အင်္ဂလိပ်နာမည်ဖြစ်သော်လည်း မြန်မာဆန်သော ကရင်မလေးဖြစ်ပါသည်။ သူသည် မုန့်စားဆင်း ချိန်ဆိုလျှင် မုန့်ဈေးတန်းက ခေါက်ဆွဲသုတ်ဆိုင်မှာ အမေနှင့် ကူရောင်းရသည်။ အခြားသူများက မုန့်စားဆင်းချိန်ကို မုန့်စားရန် မျှော်သကဲ့သို့ မေရီကလည်း မုန့်ရောင်းရန်မျှော်သည်၊ သို့ရာတွင် ယခုလောလောဆယ်မူ သူ့အာရုံသည် ဆရာ့ဆီမှာသာ ရှိပါသည်။

 

မည်သို့ပင်ဖြစ်ပါစေ။ ကျော်စွာတို့ ဒဿမတန်း(C) သည် ပျော်စရာကောင်းပါသည်။ သိန်းနိုင်တို့အုပ်စုမှလွဲလျှင် ညီညီညွတ် ညွတ်ရှိကြပါသည်။ သူတို့ကတော့ ဆိုးကြပါပေသည်။ ဆရာ၊ ဆရာမ

တွေ နှင့် လည်းမတည့်။ ကျောင်းသားကျောင်းသူတွေနှင့်လည်း အစေးမကပ်၊ ကျောင်းစောင့် ဦးမိုးကောင်းတို့၊ ဦးဝင်းနိုင်တို့နှင့်ပင် မတည့်ချင်ကြ။ သူတို့က လွဲလျှင်ကျော်စွာတို့အတန်းသည် ဘာမျှ ပြဿနာမရှိပါ။

 

ကျော်စွာတို့အတန်းမှာ ရယ်စရာကောင်းသော အတွဲက လေးများလည်းရှိသည်။ ဥပမာ - သောင်းမြင့်နှင့် မြင့်သန်း၊

သောင်းမြင့်သည် ပုပုဝဝဖြစ်သည်။ မြင့်သန်းသည် ပိန်ပိန်ရှည်ရှည်။ နောက်တစ်တွဲ ရှိသေးသည်။ ချိန်ကွန်းနှင့်ပတေး၊ ချိန်ကွန်း က တရုတ်အစစ်၊ ပတေးတ ကုလားအစစ် ဖြစ်သည်။ အတွဲတွေ အားလုံးထဲမှာ ကျော်စွာတို့အတွဲသည် အညီညွတ်ဆုံးဖြစ်သည်။

ကျော်စွာ၊ အေးမြင့်သောင်း၊ ဇော်ခင်မော်၊ လှဝင်းဦးနှင့် ချစ်ကိုဝင်းတို့ဖြစ်သည်။

 

ကျော်စွာက တည်ငြိမ်သည်။ စကားကို အချက်အလက် ကျကျ ပြောတတ်သည်။ အေးမြင့်သောင်းက အေးအေးဆေးဆေး နေတတ်သည်။ တစ်ခါတစ်ရံ ဘယ်သူနှင့်မျှ စကားမပြောဘဲ တစ် ယောက်ထဲတွေးနေ ငေးနေတတ်သည်၊ ဇော်ခင်မော်သည် ထူးခြား ဆန်းပြားသော အကြံအစည်များကို ကြံတတ်သည်။ သူတစ်ပါးကို လုပ်ကြံ နောက်ပြောင်ရမည်ဆိုလျှင် အပင်ပန်းခံ၍ တီထွင် နောက်ပြောင်တတ်သည်။ လှဝင်းဦးသည် သဘောကောင်းသည်။ သူငယ်ချင်းတွေ လုပ်ချင်တာရှိလျှင် ဘယ်တော့မှ မငြင်းဘဲ

အစဉ်လိုက်လုပ်တတ် သည်။ သူသည် ဂျူဒိုသမားလည်း ဖြစ်သည်။ သို့ရာတွင် သူငယ်ချင်းတွေက နောက်ပြောင်ထိုးကြိတ်ပြီဆိုလျှင်

အမြဲ ငြိမ်ခံနေတတ်ပါသည်။ ချစ်ကိုဝင်းသည် ခေါင်းကြီးသည်။ သူသည် အတန်းထဲ မှာ အပေါဆုံးဘွဲ့ကို ရထားသူလည်းဖြစ်သည်။ စကားများသည် ဆရာလုပ်တတ်သည်။ ပျော်ပျော်နေတတ်သည်။ သူတို့အားလုံး စာတော်ကြသည်။ လိမ္မာကြသည်၊ ထို့ကြောင့် ဆရာ၊ ဆရာမများကလည်း ချစ်ကြသည်။ လူငယ်တို့သဘာဝ နောက်ပြောင်

ဇာတ်သည် ကို တော့ အားလုံးက ခွင့်လွှတ်ထားကြပါသည်။ သူတို့သည် အတန်း၏ ညာဘက်နောက်ဆုံးတန်းမှာ စုထိုင်ကြသည်။

 

စောစောအောင် စာကျက်နေသည်။

သူတို့အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ ဆင်ဝင်လည်းရှိသည်။ ဆင်ဝင်၏ ဘယ်ဘက်အခြမ်းသည် စောစောအောင်၏ စာ

ကြည့်ခန်းဖြစ်သည်။ ယနေ့တွင်မူ စောစောအောင် ဆင်ဝင်ရှိ ဝရန်တာသို့ ထွက်၍ စာကြည့်သည်။ မျက်စိညောင်းလာသော အခါ အိမ်ရှေ့ပန်းခြံထဲသို့ ကြည့်ပြန်သည်။ သူတို့အိမ်သည် လမ်းမနှင့်ဆယ်ပေလောက်ကွာသည်။ လမ်းမနှင့်အိမ်အကြားတွင် ပန်းခြံရှိ သည်။

 

စပယ်ပန်းကလေးတွေ ပွင့်နေကြပြီ။ အုန်းပင်ကြီးမှာလည်း အုန်းသီးတွေ သီးနေပြီ။ ကောင်းကင်မှာ မိုးသားကင်းစင်သဖြင့် ကြယ်ကလေးတွေကို မြင်ရသည်။

 

စောစောအောင်သည် သူတို့မိသားစုတွင် အငယ်ဆုံးဖြစ် ပါသည်၊ ကိုကိုကြီးသည် ဘွဲ့ရပြီး၍ အလုပ်ပင်လုပ်နေပြီ။ မမသည် လည်း ဆေးတက္ကသိုလ်မှာ တတိယအမ်ဘီအတန်း ရောက်နေပြီ။ စောစောအောင်သည် ကိုကိုကြီးနှင့် မမတို့ကို အားကျသည်။ စာကြိုးစားသည်။

 

"ချောမွတ်နေသော ပြင်ညီမျက်နှာပြင်မှ အလင်းပြန်သော အခါ၌ ရိုက်လင်းတန်း၊ ပြန်လင်းတန်းနှင့် မတ်မျဉ်းတို့သည် ပြင်ညီ တစ်ခုတည်း၌ တည်ရှိ၏။ ရိုက်ထောင့်မှာအမြဲတစေ ပြန်ထောင့် နှင့်ညီ၏"

 

သူ့မှာ အကျင့်တစ်ခုရှိ၏။ ဘယ်လိုမှ ဖျောက်ဖျက်၍ မရ သော အကျင့်ဖြစ်သည်။ စာကျက်လျှင် အသံထွက်အောင် အော် ကျက်ရမှ ကျေနပ်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဆေးတက္ကသိုလ် က မမ အနှောင့်အယှက်မဖြစ်စေရန် ဤဝရန်တာသို့ ထွက်အော် နေခြင်းဖြစ်သည်။

 

“စာကျက်နေတဲ့မမ၊ သီချင်းလေးတစ်ပုဒ်တော့ မောင်ဆို ပြမလေ .. ကမ္ဘာမကြေ မြန်မာပြည် ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ”

ခြံစည်းရိုးနားမှာရပ်၍ ဆိုနေသောသီချင်းသံကို ကြားရ သည်။ သိန်းနိုင်တို့အုပ်စုဖြစ်ကြောင်း သူ သိပါသည်။ သူမကြားချင်ယောင်ဆောင်နေလိုက်သည်။ စာကိုသာ ဆက်ဆိုသည်။ သို့သော် မရ။ သိန်းနိုင်သည် နောက်ပြောင်နေပြီ၊

 

“စာကျက်ချင်ယောင်ဆောင်ပြီး .. ရည်းစားစာတွေ ဖတ်နေတဲ့မေ၊ ကမ္ဘာမကြေ မြန်မာပြည် ဒို့ဘိုးဘွားအမွေစစ်မို့ ချစ် မြတ်နိုးပေ.."

 

စောစောအောင် မတ်တပ်ရပ်လိုက်သည်။ သိန်းနိုင်သည် သူ့ကို စပ်ဖြဲဖြဲကြည့်နေသည်။ စောစောအောင် ဒေါသဖြစ်သွား သည်။

* နောက်စရာလား”

“နောက်ဆရာမဟုတ်ပါဘူး၊ အရင်ဆရာပါပဲ”

“နင်သူများစာကျက်နေတာကို ဘာဖြစ်လို့လာ နှောင့် ယှက်ရတာလဲ”

“အံမယ် ငါသိပါတယ်ဟာ၊ စာကျက်နေတာမဟုတ်ပါဘူး သမိန်ပေါသွပ် ဖတ်နေတာမဟုတ်လား”

ထိုအချိန်မှာပင် ကျော်စွာတို့အုပ်စု ရောက်ရှိလာလေ

သည်။

“ဘာဖြစ်ကြတာလဲ”

စောစောအောင် အားတက်သွားသည်။

“တို့စာတို့ စာကျက်နေတော့ လာနှောက်ယှက်နေတယ်”

ကျော်စွာသည် သိန်းနိုင်ဘက်သို့ လှည့်လိုက်သည်။

"သူငယ်ချင်းကလည်းကွာ၊ သူ့ဖာသာ စာကျက်တာ၊ ကျက်ပါစေ"

"မင်းနဲ့ဘာဆိုင်လို့လဲ”

သိန်းနိုင်သည် ကျော်စွာကို ဘုကြည့်ကြည့်သည်။ ကျော်စွာပြုံးလိုက်သည်။

“ဘာမှတော့ မဆိုင်ပါဘူးကွာ၊ ဒါပေမယ့် မင်းစာကျက် နေတုန်း အဲဒီလိုလာနှောင့်ယှက်ရင်လည်း မင်းစိတ်ဆိုးမှာပဲ မဟုတ် လား ကိုယ်ချင်းစာကြည့်ပေါ့”

“ကိုယ်ချင်းစာစရာမလိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါမှ စာမကျက်ပဲ”

“အေးပေါ့ကွာ.. မင်းစာမကျက်ပေမယ့် သူများစာကျက် တာကို တော့ နှောင့်ယှက်ဖို့ မကောင်းပါဘူး ပြီးတော့ မင်းတို့ နောက် ပုံကလည်း နိုင်ငံတော်သီချင်းနဲ့၊ နိုင်ငံတော်သီချင်းဆိုတာ သူ့နေ ရာနဲ့သူ ဆိုမှ တန်ဖိုးရှိတယ်၊ မြတ်နိုးရာလဲ ရောက်တယ်၊ ခုလို သူများကိုနှောက်ယှက်ဖို့ နိုင်ငံတော်သီချင်းကို မသုံးသင့်ပါဘူး။ သူငယ်ချင်း”

“မင်း ... တော်တော်လူပါးဝတဲ့ကောင်ပဲ”

သိန်းနိုင်သည် သူ့လူတွေကိုခေါ်ပြီး ထွက်သွားသည်။ ကျော်စွာတို့က ငါးယောက်၊ သူတို့က သုံးယောက်ဖြစ်နေသော ကြောင့်ရှောင်ထွက်သွားခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ထိုနေရာ တွင် လက်သီးထိုးပွဲကလေး တစ်ခုဖြစ်မည်မုချ။ ကျော်စွာသည် စောစောအောင်ကို ပြုံးပြရင်းနှုတ်ဆက်ခဲ့သည်။

“ကြိုးစားထား၊ ကြိုးစားထား၊ ကြိုးစားမှ တိုးပွားမည်၊ မကြိုးစားလျှင် ဖိုးကုလားပဲ ရမည်တဲ့။ ဟဲ... ဟဲ”

စောစောအောင်ပျော်သွားသည်။ နှောင့်ယှက်ခြင်းနှင့် ရိုး သားစွာ နောက်ပြောင်ခြင်းကို ခွဲခြားတတ်ပါသည်။

“ဟေ့ .. ဖိုးကုလား”

ချစ်ကိုဝင်းသည် ကျော်စွာကို နောက်ပြန်သည်။

“ဟေ့ကောင် .. ခေါင်းကြီး ဟိုက ကြားသွားဦးမယ်”

“ကြား သွားရင်လည်း ကောင်းတာပေါ့၊ မင်းက ကြိုက်နေ တာသူသိသွားတာပေါ့”

“ဟာကွာ .. ငါမကြိုက်ပါဘူး” “

လှဝင်းဦးက လောင်ပြန်သည်။

“အေးပါ၊ မကြိုက်ဘူးလုပ်နေ၊ တော်ကြာ စောစောအောင်က ကိုလှဝင်းဦးနဲ့ကြည်သွားပြီးဆိုမှ ဂီး ဂီး နဲ့ မငိုနဲ့”

“သွားစမ်းပါ ဂျူဒိုငပေါကများ၊ မင်းစောစောအောင်တို့ အိမ်က ခွေးကြီးကိုပဲ နိုင်အောင်သတ်စမ်းပါဦး”

သူတို့သည် ကျော်စွာနှင့် စောစောအောင်ကို ရှစ်တန်း လောက်ကတည်းက နောက်ပြောင်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ခုထိတော့ နှစ်ယောက်စလုံး ဘာမျှမဖြစ်ကြသေး။ ရိုးရိုးသားသားပါ။ ခုမဖြစ်ကြသေးဟု ဆိုသောကြောင့် နောက်ဖြစ်လာမည်ဟူ၍

မဆိုလိုပါ။ မဖြစ်ဘူးဟုလည်း မဆိုနိုင်ပါ။ စိတ်သည် ဆန်းကြယ်ပါသည်။

 

ကျော်စွာ

မနေ့ညက စောစောအောင်ရှေ့မှာ မင်းငါ့ကို အရှက်ခွဲ ခဲ့တာ မှတ်မိတယ်မဟုတ်လား၊ စောစောအောင်ကို ငါရှိတ်နေတယ် ဆိုတာ မင်းသိတယ်။ မင်းကလည်း စောစောအောင်ကို ရှိတ်နေပဲမဟုတ်လား၊ ဒါကြောင့် မနေ့ညက မင်းငါ့ကိုအပြတ် သိက္ခာ ချလိုက်တာပေါ့။ မင်းက စောစောအောင်ရှေ့မှာ အမှတ်တွေရအောင် လုပ်လိုက်တာမဟုတ်လား၊ ဂုတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းလို့မရဘူး။ ဒီတော့ မင်းနဲ့ငါ တစ်ယောက်ချင်းအပြတ်ရှင်းချင်တယ်၊ မင်းနိုင်ရင်တော့ စောစောအောင်ကို မင်း ဆက်လိုက်၊ ငါနိုင်ရင် မင်းရှောင်ပေးရမယ်၊ မင်းလည်း သိုင်းသင် ဖူးတာပဲ။ ငါကလည်းကရာတေးသမားပဲ။ လက်ခံရင် အကြောင်းပြန်၊ ဒါပဲ။

မင့်ဘော်ဒါ

သိန်းနိုင်

 

မုန့်စားဆင်းချိန်မှာ သိန်းနိုင်တို့အုပ်စုက သန်းကြွယ် သည် ကျော်စွာကို စာတစ်စောင်လာပေးသည်။ ကျော်စွာသည် စာကို သူငယ်ချင်းတွေပြလိုက်သည်။ ဂျူဒိုလှဝင်းဦးက

“ချကွာ .. ဒီကောင်သိပ်ထောင်တယ်၊ မင်းလည်း သိုင်း ဦးအောင်သောင်း တပည့်ပဲ”

ဇော်ခင်မော်က တစ်စုံတစ်ခုကို တွေးပူဟန်ဖြင့် ပြောသည်။

“ချတာတော့ ဟုတ်ပါပြီ။ မင်းရှုံးသွားရင် ဘယ့်နှယ့်လုပ်

မလဲ"

ချစ်ကိုဝင်း ဇော်ခင်မော်စကားကို ရိပ်မိလိုက်သည်။

“မင်းရှုံးရင်တော့ စောစောအောင်ကို လက်လွှတ်လိုက်

ရမှာပဲ”

အေးမြင့်သောင်းသည် တစ်ချိန်လုံးငြိမ်နေရာမှ ဝင်ပြော သည်။

“ဒီကိစ္စကို တို့ဆုံးဖြတ်စရာမလိုဘူး ကျော်စွာဖာသာ ဆုံး ဖြတ်လိမ့်မယ်။ အေး ... ကျော်စွာ စဉ်းစားဖို့ကတော့ မင်းရဲ့သိက္ခာ ကို ထိခိုက် မထိခိုက် ဆိုတာပဲကွ”

 

အေးမြင့်သောင်းအကြံပေးသည်ကို ကျော်စွာလက်ခံသည် ခုကိစ္စတွင် သိန်းနိုင်၏ စိန်ခေါ်မှုကို လက်ခံလိုက်လျှင် သူ့အတွက် ထိခိုက်၊ မထိခိုက်ကို စဉ်းစားရမည်။ ကျော်စွာကိုယ်တိုင်ကလည်း

ကျောင်းသားအချင်းချင်း ရန်မဖြစ်လိုပါ။ ထိုးကြ ကြိတ်ကြပြီဆို လျှင် နာကြမည်ပင်၊ ဘယ်သူပင်နာသည်ဖြစ်စေ၊ မကောင်းပါ၊ ပြီး

တော့ စောစောအောင်ကိစ္စ။ သူက စောစောအောင်ကိုကြိုက်နေ သည်ဟု သိန်းနိုင်က ဆိုသည်။ သူ စောစောအောင်ကိုရိုးရိုးပင် ခင်ပါသည်၊ မကြိုက်ပါ။ ဒါကိုတော့ သူ့ကိုယ်သူ သေချာသည်။ အကယ်၍ သိန်းနိုင်၏ စိန်ခေါ်မှုကိုလက်ခံလိုက်လျှင် သူ စော စောအောင်ကို ကြိုက်နေပါသည်ဟု ဆိုလိုက်သည်နှင့်မခြားရှိလိမ့် မည်။ မိန်းကလေးတစ်ယောက်အတွက် ရန်ဖြစ်ရမည်ကိုလည်း သူ မလိုလားပါ။ ထို့ကြောင့် စောစောအောင်ကို ရိုးရိုးသားသားပင် ခင်ပါကြောင်း၊ သိန်းနိုင် နှင့်လည်း ရန်မဖြစ်လိုကြောင်း၊ မနေ့ညက ကိစ္စအတွက် သူ တောင်းပန်ကြောင်း သိန်းနိုင်၏ချိန်းဆိုမှုကို လက်မ ခံနိုင်ကြောင်း အကြောင်းပြန်ကြားလိုက်သည်။ အေးမြင့်သောင်းတို့ ကလည်း သဘောတူကြသည်။

 

သို့ရာတွင် ပြဿနာသည် ထိုမျှဖြင့်မ ရပ်ပါ၊ သိန်းနိုင်ထံမှ နောက်ထပ်စာတစ်စောင် ရောက်လာပြန် မည်။

 

ကျော်စွာ

မင်းငါ့ကို ဖျားသွားပြီမဟုတ်လား၊ အေးပေါ့ကွာ၊ ငါနဲ့ ဖိုက်ရင် မင်းရှုံးမယ်ဆိုတာ သိလို့မဟုတ်လား၊ မင်းစောစောအောင် ကို လက်လွတ်မခံနိုင်လို့ မဟုတ်လား၊ ပြီးတော့ မင်းက မုဆိုးမသား ဆိုတော့ ဒီပွဲမှာ မင်းသေသွားရင် မင်းအမေကို လုပ်ကျွေးမဲ့သူ မရှိတော့မှာစိုးလို့ မဟုတ်လား။ မင်းကို ငါသိပ်သနားတာပဲကွာ။

သိန်းနိုင်

 

'မုဆိုးမသား ....'

ကျော်စွာသည် ဒေါသ ထောင်းကနဲ ဖြစ်သွားသည်။ သိန်းနိုင်သည် သူ့ကိုသာမက အမေ့ကိုပါ စော်ကားလာခဲ့ပြီ။ အကယ်၍သာ အတန်းထဲမှာမဟုတ်ခဲ့ပါမူ ကျော်စွာသည် သိန်းနိုင် ကို ယခုပင် သွားထိုးမိလိမ့်မည်။ ကျော်စွာသည် သူတော်စင် မဟုတ် ပါ။ လူငယ်တစ်ဦးမျှသာ ဖြစ်ပါသည်။ လူငယ်ဆိုသည်မှာ ဖျတ်လတ်သော အစိတ်အပိုင်း၊ ဆုံး ဖြတ်လွယ်သည်။ စိတ်နောက်ကို ကိုယ်က ချက်ချင်းလိုက်နိုင်သည်။ မှားသည်။ မှန်သည်ဆိုသည်မှာ နောက်ပိုင်း၊။

 

သို့ရာတွင် ဆုံးဖြတ်ချက်တစ်ခုကို အလျှင်အမြန်ချတတ် သော အကျင့်ကို ကျော်စွာမနှစ်သက်ပါ။ ပြီးတော့လဲ ဆရာမ၏ မျက်နှာ အကယ်၍ သူသည် သိန်းနိုင်၏ စိန်ခေါ်မှုကိုလက်ခံပြီး သိန်းနိုင်နှင့် ယှဉ်ပြိုင်ထိုးသတ်ကြသည် ဆိုပါစို့။ ထိုအကြောင်းကို ဆရာမသာသိသွားခဲ့လျှင် ရင်ထုမနာဖြစ်တော့မည်။ ကျော်စွာ လူ ဆိုးကလေးဖြစ်သွားပြီဟု ဆိုတော့မည်။ ဒီလိုတော့ အဖြစ်မခံနိုင် ပါ။ ဆရာမသည် သူ့ကို လူလိမ္မာကလေးအဖြစ်သာ မြင်စေချင် သည်။ ထို့ကြောင့် သိန်းနိုင်၏ ဒုတိယအကြိမ် ချိန်းဆိုချက်ကိုလည်း ကျော်စွာငြင်းပယ်လိုက်ပြန်သည်။

 

ကြောက်တယ်ဟုဆိုချင်လည်းဆို ပါစေတော့။ သိန်းနိုင်လို လူမျိုးက သူ့ကို လူကြောက် ဟု ထင်ခြင်းထက် ဆရာမက သူ့ကို လူဆိုး ဟုထင်သွားမည်ကို ပို၍ စိုးရိမ်မိပါသည်။

 

သို့ရာတွင် ပြဿနာသည် အဆုံးမသတ်သေး။

ညနေကျောင်းဆင်းသောအခါ ကျော်စွာ၊ အေးမြင့် သောင်း၊ လှဝင်းဦး၊ ဇော်ခင်မော်နှင့် ချစ်ကိုဝင်းတို့သည် အိမ်သို့ အတူတူလျှောက်၍ ပြန်ကြသည်။ သချိုင်းထဲက ဖြတ်၍ လာကြသည်။ အိမ်သို့ အမြန်ဆုံးရောက်နိုင်သော ဖြတ်လမ်း။

 

သင်းချိုင်းအလယ်လောက် ရောက်သော အခါ လူသွား လမ်းကလေးကို ပိတ်၍ ရပ်နေသောသူများကို တွေ့ရသည်၊ သိန်း နိုင်နှင့် အပေါင်းအပါများ၊

“ဒီလမ်းကမှ လာပါ့မလားလို့ စိုးရိမ်လိုက်ရတာကွာ”

သိန်းနိုင်၏ ခနဲ့သံ။

ကျော်စွာသည် သိန်းနိုင်နှင့် ဆယ်ပေအကွာလောက်သို့ လျှောက်သွားသည်။ ကျော်စွာက ပြောသည်။

“လမ်းဖယ်ပေးပါကွာ၊ ငါတောင်းပန်ပါတယ်”

“ငါ့ကို ကျော်ပြီးသွားနိုင်ရင် သွားလေကွာ။ ငါကတော့ လမ်းဖယ်မပေးနိုင်ဘူး”

“ငါ မင်းနဲ့ရန်မဖြစ်ချင်ဘူး၊ ကျောင်းသားအချင်းချင်း ရန်ဖြစ်တာ မကောင်းပါဘူးကွာ”

“လူကြားကောင်းအောင် ဟစ်မနေစမ်းပါနဲ့ကွာ။ ကြောက် ရင် ကြောက်တယ် ပြောစမ်းပါ"

"ဟေ့ကောင် .. လမ်းဖယ်မလား၊ မဖယ်ဘူးလား”

လှဝင်းဦး ဒေါသဖြစ်လာပြီ၊ သိန်းနိုင်နားသို့ ကပ်ရန် ခြေလှမ်းပြင်သည်။ အေးမြင့်သောင်းက ဆွဲထားလိုက်သည်။ ဇော်ခင်မော်သည် အသားတစ်ဆတ်ဆတ်တုန်နေသည်။ သို့ရာတွင် ကျော်စွာသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

"လမ်းမဖယ်ရင်လည်း နေပါကွာ။ ငါတို့ နောက်ကြောင်း ပြန်လှည့်ပြီး တခြားလမ်းကသွားရုံပဲရှိတယ်။ မင်းနဲ့ တော့ ရန်မဖြစ်ချင်ဘူး"

 

ကျော်စွာတို့နောက်ဖက်သို့ ပြန်လှည့်၍ လျှောက်ရန်ပြင်သည်။ သို့ရာတွင် နောက်ကျလေပြီ။ သိန်းနိုင်၏လူများသည်

ကျော်စွာတို့ကို နောက်ဖက်မှ ပိတ်ရပ်ထားလိုက်ကြပါပြီ။ မတတ် နိုင်၊ ကျော်စွာသည် သိန်းနိုင်ဘက်သို့ လှည့်လိုက်သည်။

 

“ကောင်းပြီ သူငယ်ချင်း၊ မင်းက မလုပ်လို့မဖြစ်အောင် စီစဉ်ထားတာကိုး၊ ဒါပေမယ့် မင်းနဲ့ငါနဲ့ နှစ်ယောက်ချင်းပဲ ယှဉ် မယ်။ ဘေးလူမပါရဘူး။ လက်နက်မသုံးရဘူး”

“ဒီလိုမှပေါ့ကွ”

 

သိန်းနိုင်သည် ဘောင်းဘီအနက် ဝတ်ထားသည်။ မြေပုံ တစ်ခုပေါ်မှာ မတ်တပ်ရပ်နေသည်။ ကရာတေးသမားတစ် ယောက် အတွက် အမြင့်မှာနေခြင်းသည် တပန်းသာသည်၊

 

ကျော်စွာသည် ကျောင်းမှာဝတ်သော ပုံစံအတိုင်းပင်။ လုံချည်ကို တိုတိုဝတ်သည်။ လွယ်အိတ်နှင့် တိုက်ပုံအင်္ကျီကို အေးမြ သောင်းတို့ထံ ပစ်ပေးလိုက်သည်။ သူသည် သိုင်းသမားတစ် ယောက်၏ ရပ်ပုံရပ် နည်းအတိုင်း နေသည်။ ခြေထောက်ကို နည်းနည်းကား ဒူးကို နည်းနည်းကွေး၊ ကျော်စွာသည် သိုင်းပညာ ၏ ခံဝန်ချက်အတိုင်း တစ်ဖက်မှ မစမချင်း သူက မစဟု ဆုံးဖြတ် ထားသည်။

 

သိန်းနိုင်သည် သူရပ်နေသော မြေပုံရှိ သေသူ၏ အမည် မှတ်တိုင်ကို လက်ဝါးစောင်းဖြင့် ရိုက်လိုက်သည်။ မှတ်တိုင်သည် သိပ်ဆွေးမြည့်နေပြီ မဟုတ်သော်လည်း ထက်ပိုင်းကျိုးသွားသည်၊ မှတ်တိုင်သည် သိန်းနိုင်ကို ဘာမျှပြန်မလုပ်ချေ။ သို့ရာတွင် ကျော်စွာသည် လူသေမဟုတ်။ ကျော်စွာပြုံးလိုက်သည်။

 

တိုက်ပွဲစလေပြီ။

ထို နေရာသည် ဆင်ခြေလျော။ သိန်းနိုင်က အထက်ပိုင်းမှာ။

ကျော်စွာကအောက်ပိုင်းမှာ။ ကျော်စွာ ထင်ထားသည့်အတိုင်းပင် သိန်းနိုင်သည် မြေကြီးပေါ်သို့ အနေအထားမှန်မှန် ကျလာသည်။ ယခု ကျော်စွာအထက်မှာ သိန်းနိုင်က အောက်မှာ။

သိန်းနိုင်သည် ကျော်စွာထံ ပြေးဝင်လာခဲ့သည်။ “ယား ...

ကျော်စွာသည် ညာခြေထောက်ကို နောက်တစ်လှမ်းဆုတ် သည်။ သူ့ကိုယ်သည် တစ်စောင်းအနေအထား ဖြစ်သွားသည်။ ထိုအနေအထားသည် ရန်သူတိုက်ကွက်၏ ဧရိယာကို ကျဉ်းသွား စေသည်။ ဒါသိုင်းပညာပါပဲ။

ကျော်စွာသည် ဝင်ရောက်လာသော သိန်းနိုင်၏ လက်သီး ကို ဘယ်လက်ဖြင့် ဖယ်လိုက်သည်။ သူ့အရှိန်နှင့်သူ ယိုင်ထွက်သွား သော သိန်းနိုင်၏ ဝမ်းဗိုက်ဆီသို့ ခြေဖြင့်လှမ်းခတ်လိုက် သည်။

“အင့် .."

သိန်းနိုင် ရှေ့သို့ငိုင်ကျသွားသည်။ ကျော်စွာ လိုက်ဝင်မ သွားမိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ သိန်းနိုင်သည် ရှေ့ သို့ ငိုက်နေရာမှ ကိုယ်ကို တစ်ပတ်လှည့်ပြီး ဘေးကန်ကန်လိုက် သောကြောင့်ဖြစ်သည်။

 

ကျော်စွာနှင့်သိန်းနိုင်တို့ ပူးကပ်သွားကြပြန်သည်။ အခြေအနေ သည် ရှုပ်ထွေးသွားသည်။ လက်သီးတွေ ရှုပ်နေသည်။ ခြေထောက်တွေ ရှုပ်နေသည်။ လူချင်းပြန်ကွာသွားသည်။ ကျော်စွာ နှာခေါင်းက သွေးတွေကျနေသည်။

 

လှဝင်းဦးသည် လက်သီးကိုဆုပ်လိုက်သည်။ သူသည် ကျော်စွာကို အားမရတော့ချေ။ သူသည် ဂျူဒိုသမား မဟုတ်လား။ ဇော်ခင်မော်သည် ခြေထောက်အောက်က မြေကြီးခဲကို ဖနောင့်ဖြင့်

ပေါက်သည်။ အေးမြင့်သောင်းသည် ကျော်စွာတိုက်ပုံအင်္ကျီကို ဆွဲချေပစ်နေမိသည်။ ချစ်ကိုဝင်းတစ်ယောက်သာ တည်တည် ငြိမ်ငြိမ်ရှိနေသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့ အားလုံး ကျော်စွာ အတွက် စိတ်ပူနေကြသည်။

 

ကျော်စွာသည် နှာခေါင်းမှ သွေးများကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ သူ့အတွေးထဲတွင် စောစောအောင်၏ မျက်နှာ သည် ဖျတ်ခနဲပေါ်လာခဲ့သည်။ အို ... ဘာဆိုင်လို့လဲ။ သို့ရာတွင် သူအားတက်လာခဲ့သည်။

 

နောက်တစ်ကြိမ် လူချင်းကူးကပ်မိပြန်ပြီ။ အခြေအနေ သည် ရှုပ်ထွေးသွားပြန်သည်။ ကျော်စွာသည် သိန်းနိုင်ကို သူက ထိုးဖို့ထက် သိန်းနိုင်၏လက်သီး သူ့ကိုမထိဖို့ ကြိုးစားကာကွယ် နေရသည်။ သိန်းနိုင်၏ လက်သီးတစ်ချက်မိလျှင် မသက်သာ ကြောင်း သူသိခဲ့ပြီ။

 

ထိုအချိန်မှာပင် သိန်းနိုင်၏ ခြေလှမ်းသည် တစ်ကွက်မှား ခဲ့ရတော့သည်။ ကျော်စွာသည် သူ၏ညာခြေဖြင့် သိန်းနိုင်၏ ဘယ်ခြေကို ရိုက်ချလိုက်သည်။ သိန်းနိုင်၏ ခြေနှစ်ချောင်းသည် လေတွင် လွတ်ထွက်သွားသည်။ သိန်းနိုင်မြေသို့ လဲလေပြီ။

 

" အိပွန်း”

လှဝင်းဦးသည် ဂျပန်လို လှမ်းအော်လိုပါသည်။ တစ်ချက် ကောင်း' ဟူသော အဓိပ္ပာယ်ဖြစ်ပါ၏။ ဂျူဒိုပြိုင်ပွဲမှာဆိုလျှင်တော့ ပွဲသိမ်းလေပြီ။ ခုလည်း ပွဲသိမ်းခြင်းဖြစ်ပါသည်။ မြေသို့ လဲကျသွား

သော သိန်းနိုင်ပြန်အထတွင် ကျော်စွာ၏ ခြေဖျားသည် သိန်းနိုင်၏ မေးဖျားကို ထိထိမိမိကြီး ခေတ်မိသွားပါသည်။

 

ခရာမမှုတ်သောလည်း ပွဲသိမ်းပြီဖြစ်ကြောင်း အားလုံး သိပါသည်။ သိန်းနိုင်သည် ပြန်မထနိုင်တော့ပါ။

 

“ဂျောက်”

ဟူသော အသံနှင့်အတူ သိန်းနိုင်ဘက်မှ လူတစ်ယောက်သည် နံချက်ကူ ကိုထုတ်လိုက်သည်။ ကျော်စွာထံ သို့ ပြေးဝင်သွားသည်၊ အေးမြင့်သောင်းသည် ခြေထိုးခံပေး လိုက်သည်။ လှဝင်းဦးသည် သူ့လက်ကို အသာအယာ ချုပ်ကိုင်၍ နန်ချပ်ကူကို လုလိုက်သည်။ ပြီးတော့ တူးလက်စကျဉ်းတစ်ခုထဲ သို့ ပစ်ချလိုက်သည်။

 

“မင်းတို့ ယောကျ်ားမဟုတ်ဘူးလား။ ဝင်မကူရဘူး၊ လက်နက်ယူမလာရဘူးလို့ ကတိပေးထားတယ် မဟုတ်လား"

ဇော်ခင်မော်က ဟောက်လိုက်မှ သူတို့ ငြိမ်သွားသည်။ သိန်းနိုင်သည် ခေါင်းထောင်လာသည်။ သူ့လူတွေ သူ့ကိုထူမပေး ကြသည်။ သူ့ပါးစပ်က သွေးတွေစီးကျနေသည်။ သူ့မျက်လုံးများ ဝင်းဝင်းတောက်လျက်။ ကျော်စွာသည် သိန်းနိုင်ကို ကြည့်ရင်းက ပြောသည်။

“နောက်တစ်ခါ မင်း ငါ့ကို စော်ကားရင် ဟော ဟို ကျင်းဟာ မင်းအတွက်ပဲ”

 

အပြန်လမ်း၌မူ ကျော်စွာအတွက် စဉ်းစားစရာတွေ ပါလာ ခဲ့သည်။ ခုကိစ္စတွင် သူမှားသည်ဟု ထင်မိသလိုလို ဖြစ်လာခဲ့သည်။ ဆရာမ၏ မျက်နှာ၊ မေမေ့မျက်နှာ၊ ပြီးတော့ ခုကိစ္စကို စောစော

အောင်သိလျှင် သူ့ကို ဘယ်လိုထင်ပါမည်နည်း၊ သိန်းနိုင်နှင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စောစောအောင်ကြောင့်မဟုတ် ဟု သူ့ကိုယ်သူ ထင်သည်။ သို့ဖြစ်လျှင် စောစောအောင်ကို ထည့် စဉ်းစားဖို့ ဘာလိုသနည်း။ အို ... ရှုပ်လှပါသည်။

 

တစ်ချိန်တည်းမှာပင် သူမမှားဘူးဟု ထင်လာပြန်သည်။ ခုကိစ္စကြောင့် သူ့မှာအတွေ့အကြုံတစ်ခု တိုးလာခဲ့သည်။ သူကို မေမေ့ကို စော်ကားလာသူကို လက်တုံ့ပြန်ခြင်းသာဖြစ်သည် ဟု ယူဆသည်။ ဒီလိုကောင်မျိုးကို ဒီလိုတုံ့ပြန်မှ ရမည်။ နဂါးမှန်း သိအောင် မျက်စောင်းထိုးပြလိုက်ခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် အိမ်သို့ပြန်နေသော ခြေလှမ်းများသည် အဘယ်ကြောင့်တုံ့နှေးနေ ရပြန်ပါသနည်း။ ကျော်စွာမဆုံးဖြတ်တတ်တော့ပါ။ ထို့ကြောင့် မေမေ့ကို ဖွင့်ပြောပြလိုက်ခြင်းဖြစ်ပါသည်။ မေမေ ဆုံးဖြတ်ပါ။

 

“သူကသားကို မုဆိုးမသားလို့ ပြောတယ်မဟုတ်လား။ ပြီးတော့ သားသေသွားရင် မေမေ့ကို လုပ်ကျွေးမယ့်သူ မရှိတော့မှာ ကို သားကကြောက်တယ်လို့ ပြောတယ်မဟုတ်လား။ သူပြောတာ မမှန်ဘူးလား။ အားလုံးမှန်ပါတယ်။ ဒါပေမယ့် သူက သားကို စော်ကားချင်လို့ ဒီစကားကို ပြောတာပဲ။ ခု သားနဲ့သူနဲ့ ယှဉ်ပြိုင်လို့ သားအနိုင်ရခဲ့ပြီနော်။ အေး၊ သူက သားကိုထပ်ပြီး မစော်ကား တော့ဘူးလို့ ပြောနိုင်ပါ့မလား။ သူ့ဟာ သားကသူ့ကို နိုင်သွားတာ ကို အခဲမကျေဖြစ်ဦးမှာပဲ။ ဒီလိုနဲ့ ဒီရန်စဟာ ပြီးဆုံးနိုင်ပါ့မလား ဒီတော့ မေမေသားကို အကောင်းဆုံး အကြံတစ်ခုပေးမယ်။ သူဘာပဲပြောပြော ပြန်မတုံ့ပြန်နဲ့။ ဂရုမစိုက်ဘဲ နေလိုက်ပါ။ သူ့ရဲ့ စော်ကားမှုတွေဟာ အလိုလိုရပ်သွားလိမ့်မယ်”

 

ထို့ကြောင့်ပင် သိန်းနိုင်က နောက်တစ်ကြိမ် စိန်ခေါ် လာသောအခါ ကျော်စွာက လက်မခံခဲ့ခြင်းဖြစ်လေသည်။ ကြာလာ

တော့လည်း သိန်းနိုင်သည် ဘာမှမပြောတော့ပါ။ သိန်းနိုင်၏ စိတ် ထဲတွင် အကျိတ်အခဲ ရှိသေးသည်၊ မရှိသေးသည် မသိရသော် လည်း ကျော်စွာကိုတော့ ထပ်မံစိန်ခေါ်ခြင်း မပြုလာတော့ပါ။ မေမေ့စကားမှန်ပါသည်။

 

အခန်း(၃)

 

“နင်ပေါက်တာ "

“You ပေါက်တာ”

“နင့်ဟာနင် အသံမမြည်အောင် ကျိတ်ပေါက်ပြီး အနံ့ ထွက်လာမှ သူများကို လိုက်လွှဲမချနေနဲ့”

“အမယ် .. You ဟာ You ဂျီအီ ဂျီလန့်ဖြစ်နေပြီး တော့"

“ဟ .. ဘာတွေများ မဲနှိုက်လို့ ဘာတွေပေါက်လို့လဲ ၊ ဆူညံဆူညံနဲ့"

ပူနိပ်နဲ့တင်မြဝင့်တို့ ငြင်းခုန်နေရာသို့ ချစ်ကိုဝင်းရောက် လာခဲ့ခြင်းဖြစ်လေသည်။

“မဲနှိုက်နေတာ မဟုတ်ဘူးကွ၊ ဒီမှာ ဟိုက်ဒြိုဂျင်ဆာလ်ဖိုဒ်နံ့ထွက်လာလို့ အဲဒါသူပေါက်ပြီးတော့ ငါပေါက်တယ်လို့ လာစွပ်စွဲတယ်"

"မဟုတ်ဘူးလား”

“မဟုတ်ဘူး”

“ဟေ့ .. တင်မြဝင့်ရော၊ ပူနိပ်ရော ငြင်းမနေကြနဲ့ ဇီဝကိစ္စ ဆောင်ရွက်တာပဲကွာ၊ ရှက်စရာမဟုတ်ပါဘူး”

“မဟု တ်ပါဘူးကွာ၊ သူ့ဟာသူ့ ပေါက်ပြီး ငါ့ကို သက်သက်လာပြောတာ၊ အနံ့ကလည်း တော်တော်ဆိုးတယ်”

'You နော်You"

 

ချစ်ကိုဝင်းသည် ဒီကိစ္စ ကို သူ ဖြေရှင်းမည် ဟု ဆုံးဖြတ်လိုက်သည်။

“ ကဲ၊ ကဲ.. ခု တစ်ခါတော့ ရှိ ပစေတော့။ နောက်ဆိုရင်ဒီလိုလုပ်၊ အနံ့ထွက်လာပြီဆိုရင် အနီးတစ်ဝိုက်မှာ ရှိတဲ့လူတွေက အိမ်ကဘာဟင်းနဲ့ ထမင်းစားလာတယ်ဆိုတာ

ပြောရမယ်။ ပြီးတော့ အနံ့ကို သေသေချာချာ ရှူကြည့်ရမယ်။ ဥပမာကွာ၊ အနံ့က ဘဲဥဆိုပါတော့၊ ဒါဆိုရင် ဘဲ ဥဟင်းနဲ့ ထမင်းစားလာတဲ့လူ ပေါက်တာပဲ”

 

“ဟ.. ငါက စုံထောက်မှ မဟုတ်ဘဲကွ။ အနံ့ရှူရုံနဲ့ ဘာဟင်းစားလာပြီး ပေါက်တဲ့အနံ့ဆိုတာ ဘယ်ခွဲခြားနိုင်ပါ့မလဲ"

 

“ရပါတယ်ကွ”

 

“အေး.. ကောင်းပြီ။ ဒီလိုဆိုရင် နောက်ကို အနံ့ ထွက်လာရင် မင်းကိုလာခေါ်မယ်။ မင်း လာကြည့်ပြီးတော့ ဘာဟင်းဆိုတာ ခွဲခြားပေး”

 

ချစ်ကိုဝင်း မျက်နှာရှုံ့မဲ့သွားသည်၊ သူ့စကားသူ ထိသွားသောကြောင့် ထိုနေရာမှ အမြန်လစ်ထွက်သွားသည်။

ပူနိပ်သည် တင်မြဝင့်ကို ဘယ်လိုနှံရမည်နည်းဟု အကြံထုတ်နေသည်။ သူသည် ခေသူမဟုတ်ပါ။ အမည်ရင်းသည်။ ပူနိပ်မဟုတ်၊ အေးမြင့် ဖြစ်သည်။ ငယ်စဉ်က အတန်းထဲ ကောင်မလေးတစ်ယောက်ကို လိုက်နောက်သဖြင့် ကောင်မလေးက သူ့ခေါင်းကို ထီးနှင့်ရိုက်သည်။ သူ့ခေါင်းမှာ အဖုကြီးဖြစ်သွားသည်။ သူ့ခေါင်းက အဖုကြီးကို အတန်းထဲမှာ တစ်ချိန်လုံး နှိပ်နေရသောကြောင့် သူ့ကို “အဖုနှိပ်” ဟု ဝိုင်းခေါ်ကြသည်။ “အဖုနှိပ်” မှသည် 'ဖု နှိပ်”၊ ထိုမှ ပူနိပ်” ဖြစ်လာခဲ့ ရခြင်းတည်း။ သမိုင်းကြောင်းနှင့် လာသောပူနိပ် ဖြစ်ပါသည်။

 

“ဟေ့ .. တင်မြင့်"

“ဘာလဲ"

“ဒီမှာ.. သေသေချာချာနားထောင်”

ပူနိပ်သည် ဘူကနဲ အသံမြည်အောင် တစ်ချက် ပေါက်လိုက်သည်။ တင်မြဝင့်ပင် လန့်သွားလေသည်။

“ကဲ.. ကြားတယ်မဟုတ်လား”

“အဲဒါ ဘာဖြစ်သလဲ၊ နင်ပေါက်တာပဲ”

“အေးပါ၊ ငါပေါက်တာပါ။ နောက်ဆိုရင် မှတ်ထား၊ အသံမြည်အောင် ပေါက်ရင် ငါပေါက်တာ။ အသံမမြည်ဘဲ အနံ့ချည်းပဲ ထွက်လာရင်တော့ နင်ပေါက်တာ”

“အမယ်.. ဒီလိုဘယ်ရမလဲ”

“ဒါဖြင့်.. နင်လဲ အသံမြည်အောင်ပေါက်လေ” “တော်စမ်းပါဟာ”

“မင်္ဂလာပါဆရာမ”

ဆရာမ ဝင်လာသောကြောင့် သူတို့၏ ငြင်းခုံခြင်းကို ရပ်နားလိုက် ကြသည်။

 

ဆရာမ၏အမည်မှာ ဒေါ်ခင်မေမြင့် ဖြစ်ပါသည်။ ကျော်စွာတို့ အတန်းပိုင်ဆရာမဖြစ်သည်။ မြန်မာစာ သင်သည်။

ကျော်စွာ သိရသလောက်ဆိုလျှင် ဆရာမသည် ကျန်းမာရေး မကောင်းပါ။ အလွန်ချူချာသည်။ ရောဂါလည်း စုံသည်။ သို့ရာတွင် ဆရာမသည် ကျောင်းပျက်ခဲလှပါသည်။ နေမကောင်းလျက်က

ကျောင်းလာသည်။ စာသင်ဖြစ်အောင် သင်သည်။ လူတို့တွင် အထက်သန်ဆုံး ဝါသနာတစ်မျိုးစီရှိကြသည် ဆိုလျှင် ဆရာမ၏ ဝါသနာသည် စာသင်ခြင်းပင် ဖြစ်ပါလိမ့်မည်။ ဆရာမ သည်

ကျောင်းတစ်ခုတည်းကို မသင်ပါ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့ကိုပါ သင်သည်။

 

ကြည့်ပါ။

“တီထွင်ဆန်းသစ်တယ်ဆိုသော ကောင်းတဲ့အလုပ်တစ်ခု ဆိုတာ မင်းတို့အားလုံး သိပါတယ်။ ဒါပေမယ့် အခြေခံမပါတဲ့ တီထွင်ဆန်းသစ်မှုဟာတော့ အလကားပဲ။ ဥပမာ... မြန်မာစာ ပေရဲ့ အခြေခံဟာ ဗျည်းသုံးဆယ့်သုံးလုံး မဟုတ်လား၊ မြန်မာ စာပေအရေးအသားဟာ ခေတ်အလိုက်ပြောင်းလဲလာခဲ့တယ်။ ရေးဖွဲ့ဟန်တွေဟာ တစ်မျိုးပြီးတစ်မျိုး တီထွင်ဆန်းသစ်လာခဲ့တယ်။ အဲဒီလို ရေးဟန်တွေတီထွင်ခဲ့ပေမယ့် ကကြီး ခကွေးမပါဘဲ စာရေး လို့ ရမလား။ မရဘူးနော်၊ နောက် .. ဥပမာတစ်ခုပြောရဦး မယ် မင်းတို့ရူပဗေဒမှာ စက်အကြောင်း သင်ပြီးခဲ့ပြီမဟုတ်လား၊ စက်ရဲ့ အခြေခံအပိုင်းတွေဟာ ဘာလဲ၊ ဝက်အူတို့ သပ်တို့၊ ခွေး သွားစိပ်တို့ ဘီးတို့ ဝင်ရိုးတို့ မဟုတ်လား၊ အေး ... ခုချိန်မှာ အသံ ထက်မြန်တဲ့ လေယာဉ်တို့၊ ကွန်ပျူတာတို့၊ ကုန်ကုန်ပြောမယ် မိုင်သန်းပေါင်းများစွာဝေးတဲ့ အင်္ဂါဂြိုဟ်ကို သွားနိုင်တဲ့ယာဉ်အထိတောင် တီထွင်နိုင်နေပြီ။ အဲဒီအာကာသယာဉ်မှာရော စက်ရဲ့ အရိုးဆုံး၊ အခြေခံအကျဆုံးဖြစ်တဲ့ ဝက်အူတို့ ခွေးသွားစိပ်တို့ ကိုထည့်မသုံးလို့မရဘူး ဆိုတာပဲ၊ ဒီလိုပါပဲကွယ်၊ တို့မြန်မာ့ယဉ်ကျေးမှုရဲ့ အခြေခံဟာ ဘာလဲ၊ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေပါပဲ တို့တစ်တွေဟာ ခေတ်အခြေအနေအလျောက် နေပုံ၊ ထိုင်ပုံတွေ ဝတ်စားဆင်ယင်မှုတွေ၊ ဆံပင်ပုံစံတွေ ပြောင်းလဲခဲ့ကြတယ်။ ခေတ် စကားအရဆိုရင်တော့ တီထွင်ဆန်းသစ်ကြတယ်၊ မိုဒန်ပေါ့ကွယ်။

အေး .. ဒါပေမဲ့ အဲဒီလိုတီထွင်ဆန်းသစ်ကြရာမှာ အခြေခံကို ပစ်ပယ်လို့မရပါဘူး။ ဆက်လက်ထိန်းသိမ်းကြရမယ်။ ဥပမာ .. မင်းတို့ဟာ လှုပ်ရှားသွားလာမှု လွယ်ကူအောင် ဘောင်းဘီ ဝတ် ချင်ဝတ်ကြလိမ့်မယ်၊ ဒါပေမယ့် လူကြီးသူမတွေရှေ့ကဖြတ်သွား ရင် ခေါင်းငုံ့သွားကြရမယ်။ မင်းတို့ဟာ တမလွန်လို့ခေါ်တဲ့ နောက် ဘဝကို ယုံကြည်မှ ယုံကြည်ကြမယ်။ ဒါပေမဲ့ .. မင်းတို့ ကုသိုလ် ကောင်းမှုပြုကြရမယ်။ မင်းတို့ဟာ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးချင်

မှ ရှိခိုးမယ်။ ဒါပေမယ့် .. မင်းတို့ဟာ မင်္ဂလာတရားတော်ကို အမြဲတမ်း ကျင့်သုံးကြရမယ်။ နိဂုံးချုပ်အားဖြင့်တော့ မင်းတို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ စကားအသုံးအနှုန်းတွေ ဘယ်လိုပဲပြောင်း မင်းတို့ရဲ့ မြန်မာ့ရိုးရာအစဉ်အလာ ဓလေ့ထုံးစံရဲ့ အနှစ်သသာ ရကို မပစ်ပယ်ကြဘူးဆိုရင် မြန်မာ့ယဉ်ကျေးမှုဟာ မပြောင်းလဲ မပျက်စီးဘဲ အစဉ်တည်တံ့နေလိမ့်မယ်”

 

ဆရာမကို ကျော်စွာလေးစားကြည်ညိုပါသည်။ ဆရာမ စကားကို နားထောင်ပါသည်။ ဆရာမသည် ခေတ်ဟောင်းက အတွေးအခေါ်ဟောင်းများကို စွဲမြဲစွာ ဆုပ်ကိုင်မထားပါ။ ခေတ်သစ် အတွေးအခေါ်သစ်ကို ကြိုဆိုပါသည်။ သို့ရာတွင် အသစ်တည်ဆောက်ရာ၌ အဟောင်းကအသစ်ကို မပစ်ပယ်သင့်ကြောင်း ထောက်ပြခဲ့ပါသည်။ ဆရာမလို လူကြီးမျိုး ဘယ်နှစ်ယောက်များ ရှိပါသလဲ မကျော်စွာမသိပါ။ အများကြီးရှိစေချင်ပါသည်။

 

“ကဲ ... ဒီနေ့ သဒ္ဓါနေ့မဟုတ်လား၊ စာမေးပွဲမှာ မေး လေ့ရှိတဲ့ သဒ္ဓါ အထားအသို မှန်ကန်အောင်စီစဉ်ပါ ဆိုတဲ့မေးခွန်း အကြောင်း ပြောကြရအောင်၊ အေးလေ .. စာမေးပွဲမေးခွန်းဆို ပေမယ့် မြန်မာစာအရေးအသားမှာ တစ်သက်လုံး ဂရုစိုက်သွား သင့်တဲ့ အချက်အလက်တွေလို့ မှတ်ထားကြပါ။”

 

“မောင်အေးမြင့်တို့ ဘာဖြစ်နေကြတာလဲ” ဆရာမအမေးကြောင့် ပူနိပ် လန့်ဖျပ်သွားသည်။ “ဟို သူပေါက်တာဆရာမ”

“ကဲ .. ထိုင်တော့ သေသေချာချာ နားထောင်၊ မင်းတို့ ကို ပထမဆုံး သတိပေးချင်တာက ကြိယာဝိသေသနနောက်မှာ အသုံးခံပုဒ်မထည့်ရဘူးဆိုတာကိုပဲ ဥပမာ ... သူသည် လျှင်မြန် စွာ ပြေးသည်လို့ပဲ ရေးရမယ်။ လျှင်မြန်စွာဖြင့် ပြေးသည်လို့ မရေး ရဘူး၊ အဲ .. ပြီးတော့ မင်းတို့စာရေးတဲ့အခါ အောက်ဆုံးက လေးစားစွာဖြင့် လို့ရေးတယ်မဟုတ်လား။ အမှန်က လေးစား လို့ပဲ ရေးရမယ်၊ “ဖြင့်" ထည့်ရေးချင်ရင် လေးစားခြင်းဖြင့်လို့ ကြိယာ ကို ကြိယာနာမ်လုပ်ပေးရမယ်။

 

ကဲ ... ဒီမှာကြည့်ကြ”

ဆရာမသည် ကျောက်သင်ပုန်းပေါ်တွင် တစ်ကြောင်း ရေးပြသည်။

“ကိုက်မည့်ဟန်ပြင်နေသော သူဌေးကြီး၏ ခွေးကိုကြိုးဖြင့် ချည်ထားလိုက်သည်”

 

ကျော်စွာနှင့် ကျောင်းသားအချို့က ဝါကျ၏သဘောကို နားလည်သဖြင့် ကျိတ်ရယ်ကြသည်။

“ဒီဝါကျကို ကြည့်စမ်းပါဦး၊ အမှန်တကယ် ကိုက်မည့်ဟန် ပြင်နေတာက ဘယ်သူလဲ”

"ခွေး"

“အေး .. ဟုတ်တယ်၊ ဒါပေမယ့် သဒ္ဒါအထားအသိုမှားတော့ ကိုက်မည့်ဟန်ပြင်နေတာက ဘယ်သူလို့ အဓိပ္ပါယ်ရောက် သွားသလဲဟေ့”

“သူဌေးကြီး”

“ကြည့်စမ်း သဒ္ဓါ အထားအသိုမှားတာနဲ့ ဝါကျက ရယ်စရာဖြစ်သွားတယ်”

 

ဆရာမက ရယ်စရာကောင်းသည်ဟု မပြောခင်ကပင် တဟားဟား တဝါးဝါးရယ်နေကြပြီဖြစ်သည်။ ဇော်ခင်မော်ကမူ ကျော်စွာကို တိုးတိုးကလေး ကပ်ပြောသည်။

 

“ဟေ့ကောင် ... မင်းလည်း စောစောအောင်ဆီ စာရေးရင် 'ချစ်လှစွာသော ဦးတင်အောင်၏သမီးစောစောအောင် သို့” လို့ရေးပါလားကွ”

“ငြိမ်ငြိမ်နားထောင်စမ်းပါ”

ဆရာမ စာဆက်သင်သည်။

“ပြီးတော့ ရှိသေးတယ်၊ ဝါကျတစ်ခုမှာ ကြိယာဝိသေသန ကြိယာနဲ့ ကပ်လျက်မှာရှိနေရမယ်။ ဥပမာ.. ကျွန်တော်

အလွန်ထမင်းဆာသည်လို့ မရေးရဘူး။ ကျွန်တော် ထမင်းအလွန်ဆာသည်လို့ ရေးရမယ် ကဲ.. မေးစရာရှိသေးလား”

 

သိန်းနိုင်သည် မတ်တတ်ထရပ် သည်။ ဆရာမက လှမ်းကြည့်သောအခါ လုံချည်ကို ပြင်ဝတ်ပြီး ပြန်ထိုင်သွားသည်။

ဆရာမလည်းသိန်းနိုင်ကို တစ်စုံတစ်ရာ ပြောမည်ဟု ဟန်ပြင် ၏။ ကျော်စွာ မတ်တတ်ထရပ်သောကြောင့် မပြောဖြစ်ချေ။

"ဆရာမ. . ကျွန်တော် တစ်ခုမေးပါရစေ”

“မေးပါ. . မေးပါ”

“ခုနပြောသလို ကြိယာဝိသေသနက ကြိယာနဲ့ကပ်လျက် ရှိရမယ်ဆိုတော့ ဝမ်မြောက်သည်ကို ဝမ်းအလွန်မြောက်သည်လို့ ရေးလို့ ရမလား၊ အလွန်ဝမ်းမြောက်သည်လို့ ရေးရမလား”

 

“အေး.. ဒီမေးခွန်းဟာ မေးသင့်တဲ့ မေးခွန်းပဲ၊ မြန်မာစာ မှာ အနက်ရင်း အနက်ပွားဆိုပြီး အဓိပ္ပါယ်နှစ်မျိုးထွက်တဲ့ စကားလုံးတွေ ရှိတယ်။ ခုန မောင်ကျော်စွာပြောသလို ဝမ်းမြောက် သည် ဆိုတာဟာ အနက်ရင်းအရဆိုရင် ဝမ်းဗိုက်ကအထက်ကို မြင့်တက်သွားတယ်လို့ အဓိပ္ပါယ်ရတယ်။ ပြီးတော့ အဲဒီစကားလုံး တွေဟာ စကားလုံးတွေပဲ၊ တွဲလျက်ရေးမှ အဓိပ္ပါယ် ပေါက်နိုင်တယ်။ စကားလုံးတစ်လုံးနဲ့ တစ်လုံးခွဲရေးလိုက်ရင် လိုချင်တဲ့အဓိပ္ပါယ်ကို မရနိုင် ဘူး။ ဒါကြောင့်မို့ 'ဝမ်း' နဲ့ “မြောက်ကိုခွဲပြီး ဝမ်းအလွန်မြောက် သည်လို့ မရေးသင့်ဘူး၊ အလွန်ဝမ်းမြောက်သည်လို့ ပဲ ရေးသင့်

တယ်"

 

မိုးသည်ရွာနေ၏။

ဆရာမများအခန်းမှ ကျော်စွာထွက်လာသော အခါ မိုးသည် သည်းထန်တုန်း။ ဆရာမက ကျောင်းခေါ်ချိန်စာရင်းများ ၊

လုပ်ခိုင်းနေသောကြောင့် အိမ်အပြန်နောက်ကျသည်။ ကျောင်းဝင်း ထဲမှာ ကျောင်းသား တစ်ယောက်မျှ ရှိတော့မည်မထင်။ ကျောင်းရှေ့ ဆင်ဝင်သို့ ရောက် သောအခါ စောစောအောင် နှင့်စုစုတို့ မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။

 

“ဟေ့၊ မပြန်ကြသေးဘူးလား”

စုစုသည် ကျော်စွာကို လှမ်းကြည့်သည်။

“တို့မှာ ထီးမပါလို့”

“ထီးမပါရင်လဲ နင်တို့ အိမ်နားကို ကြုံတဲ့ လူတစ်ယောက် ယောက်ထီးနဲ့ လိုက်သွားရင် ပြီးရော၊ ဒီအချိန်ထိ နင်တို့ နှစ်ယောက်တည်း ဒီမှာရပ်နေတော့ မသင့်တော်ဘူး”

“မဟုတ်ပါဘူးဟ၊ ငါတို့ နှစ်ယောက် အတန်းထဲမှာ စာကူးနေတာ တို့ ထွက်လာတော့ တို့ အိမ်နားကိုသွားမယ့်လူတွေ မရှိတော့ဘူး”

“စာကူးတာများ ဘယ်တော့ကူးကူး ရတာပဲ၊ တကယ်လို့ ညမိုးချုပ်ထိ ရွာနေရင် နင်တို့ ဘယ်လိုလုပ်မလဲ”

 

ခုချိန်ထိ စောစောအောင်က စကားတစ်ခွန်းမှ မပြော မလာချေ။ စုစုကသာ ကျော်စွာနှင့် အမေးအဖြေလုပ်နေသည်။ စောစောအောင်သည် ကျော်စွာကို စိတ်ဆိုးမိသည်။ ဒုက္ခရောက်နေ သူကို အားပေးကူညီရမည့် အစား သူကပင် အပြစ်တင် စကား မာနေသေးသည်။ စောစောအောင် သည် ကျော်စွာကိုမကြည့်တော့ဘဲ တစ်ဖက်သို့ လှည့် နေလိုက်သည်။ မိုးသည် ရွာနေတုန်းပါ။

 

“ရော့.. ငါ့ထီးယူသွား၊ ညနေကျမှ နင်တို့ အိမ်မှာ ငါလာယူမယ်”

ကျော်စွာအသံကို ကြားရသည်။

“နင်ကကော”

စုစု အသံကို ကြားရသည်။

"ငါက ယောက်ျားလေးပဲ”

စောစောအောင်သည် ကျော်စွာဘက်သို့ လှည့်ကြည့်သည်။ ဆင်ဝင်အောက်မှာ ကျော်စွာ မရှိတော့ပါ။ ကျော်စွာသည် လွယ်အိတ်ကို ပိုက်လျက် မိုးရွာထဲတွင် လျှောက်သွားနေပြီဖြစ်ပါ သည်။ စောစောအောင်သည် စုစုလက်ထဲမှ ကျော်စွာ့ထီးကို လှမ်း ယူမိသည်။

 

ကျော်ထီးကလေး၏ လက်ကိုင်တွင် K.S ဟူသောစာ လုံးကလေးကို မညီမညာထွင်းထားသည်။ ဘလိတ်ဓားနှင့်ထွင်း၍ သင်္ဘောဆေးအဖြူသုတ်ထားခြင်းဖြစ်ပါလိမ့်မည်။ ထီး၏ခေါင်း သည် ပြုတ်ထွက်သွားသောကြောင့် ပြန်ချုပ်ထားခြင်းဖြစ်လိမ့်မည်။ ထီးပိတ်လျက် လမ်းလျှောက်သောအခါ ထီးကို ကတ္တရာလမ်း ပေါ်ထောက်ကာ ထောက်ကာ လျှောက်တတ်သောကြောင့် ထီး၏ ထိပ်ကအခွန်သည် ကောက်၍ နေပါပြီ။

 

စောစောအောင်သည် စုံထောက်တစ်ဦးမဟုတ်ပါဘဲလျက် ကျော်စွာ၏ ထီးကို အဘယ်ကြောင့် စစ်ဆေးနေရပါသနည်း။

 

ကျော်စွာ့ထီးကလေးသည် တော်တော်စုတ်နေပါပြီ။ သို့ရာတွင် ဒီနေ့အဖို့တော့ စောစောအောင်ကို အိမ်ရောက်သည်အထိ မိုးဒဏ်မှ ကာကွယ်ပေးနိုင်ပါတော့မည်။ ညနေ ကျော်စွာထီးလာ ယူလျှင် ကျေးဇူးတင်ကြောင်းတော့ ပြောရမည်ဟု စောစောအောင် စိတ်ကူးမိ၏။

 

“သွားကြစို့လေ၊ ဘာစဉ်းစားနေတာလဲ”

စုစုကမေးပါသည်။

“ကျေးဇူးတင်ပါတယ်ဟာ”

"ဘာလဲဟ နင်ကလဲ၊ ဘာကျေးဇူးတင်တာလဲ။ ငါက ဘာလုပ်လို့လဲ"

စောစောအောင် ရှက်သွားသည်။ ထီးကို ကမန်းကတန်းဆွဲဖွင့်သည်။ မရချေ။

“ဟေ့ မိစော၊ ပတ်ထားတဲ့ကြိုးကို မဖြုတ်ဘဲ ထီးဖွင့်လို့ ဘယ်ရမလဲ"

စောစောအောင် ထပ်ရှက်သွားပြန်ပါသည်။ ရှက်သူတို့ ထုံးစံအတိုင်း လုပ်မိလုပ်ရာလုပ်ရင်း အမှားမှားအယွင်းယွင်းဖြစ်ပြီး ထပ်ရှက်ရခြင်းဖြစ်သည်။ စောစောအောင်သည် ထီးကို အမြန်ဆုံး ဖွင့်၍ ဆင်ဝင်အောက်မှထွက်လိုက်သည်။

“ဟေ့.. ငါ့ကိုလဲ ခေါ်ဦးလေဟာ”

စုစုသည် ထီးအရိပ်အောက်သို့ ပြေးဝင်လိုက်လာသည်။

“မိစော၊ နင်ဘာဖြစ်နေတာလဲ၊ အယောင်ယောင်အမှားနဲ့"

“ဘာမှ မဖြစ်ပါဘူးဟာ”

“ငါသိပါတယ် ၊ နင်ကျော်စွာကို ကျေးဇူးတင် ကြောင်းပြောချင်နေတယ် မဟုတ်လား”

စောစောအောင် တတိယအကြိမ်ရှက်သွားပြန်သည်။ စုစု ၏စကားသည် မှန်နေပါသည် မဟုတ်ပါလား။

“မဟုတ်ပါဘူးဟာ"

“ဒါဖြင့် ကျော်စွာကို ကျေးဇူးမတင်ဘူးပေါ့”

“ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ သူ့ထီးကို ငှားတာ ကျေးဇူးတင်ရမှာပေါ့”

“အေးလေ၊ ငါကလဲ ဒါကိုပဲ ပြောတာပါ" သို့ရာတွင် စုစု၏ မျက်နှာက မချိုမချဉ်။ သူ့နှုတ်ခမ်းက ပြုံးစိစိ။

"မိစုနော်၊ ဘယ်လိုဖြစ်နေတာလဲ”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့ ပြုံးတာလဲ၊ ရုပ်ကိုက စပ်ဖြဲဖြဲ” “ဪ.. ရယ်စရာတစ်ခု တွေးမိလို့ ”

“ဘာရယ်စရာရှိလို့လဲ”

“ဟိုဥစ္စာလေ၊ မိုးရွာနေတာ သိပ်ရယ်ရတာဘဲနော်”

“တော်ပြီ တော်ပြီ၊ နင်နဲ့ စကားမပြောတော့ဘူး” “ဒါဖြင့် ဘယ်သူနဲ့ ပြောမှာလဲ”

“ဘယ်သူနဲ့မှ မပြောဘူး”

“ကျေးဇူးတင်ပါတယ်လို့ မပြောတော့ဘူးလား”

စောစောအောင်သည် စုစု၏ လက်မောင်းကို ဆွဲဆိတ်သည်။ သူသည် ပျော်သလိုလိုဖြစ်မိသည်။ ဘာ့ကြောင့်မှန်းတော့ သူ မသိ။ မိုးရွာလို့ ပျော်သည် မဟုတ်မှန်းတော့ သိပါသည်။

 

ညနေကျသောအခါ ကျော်စွာသည် ထီးလာမယူချေ။

ကျော်စွာ မိုးမိပြီး ဖျားနေသောကြောင့် ဖြစ်မည်ဟု ၍ တွေးမိသေးသည်။ ကျော်စွာသည် တကယ်ပဲ ဖျားနေပြီဆိုလျှင် တော့ သူစိတ်မကောင်းဖြစ်ရပါမည်။

ည ခုနှစ်နာရီကျော်သွားပြီ။ ရေဒီယိုမှ နိုင်ငံခြားသတင်း များပင် ကြေငြာလို့ ပြီးပါပြီ။ ဇာတ် ဖျော်ဖြေမှုအခန်းမှ ခေတ္တရာစိန်၏ မဟောသဇာတ်ပင် လာနေပါပြီ။ ကျော်စွာသည် တကယ်ပင်ဖျားနေလေပြီလား မသိပါ။

 

“ဝါသော မပြတ်ရအောင် စာပြောရပ်ကြဦးစို့ ရဲ့ ”

ထိုအသံကြားမှပင် ညရှစ်နာရီထိုးတော့မည်ဖြစ်ကြောင်း သတိထားမိ၏။ကျော်စွာ၏ ထီးကလေးသည် သူ စာကျက်နေကျ ဝရန်တာတွင် ဖွင့်လျက်သားရှိနေသည်။ ထိုညက သူ စာကျက် နောက်ကျပါသည်။

 

ကျော်စွာ အိမ်ပြန်ရောက်သောအခါ သူ့တစ်ကိုယ်လုံး ရွဲနစ်လို့ နေပါသည်။ ခိုက်ခိုက်တုန်အောင်ချမ်းနေသည်။ မေမေ သည် မီးဖိုချောင်ထဲမှာ ရှိနေပါသည်။

“မေမေ ရေနွေးရှိလား"

“ဆူတော့မယ် သားရေ၊ ခဏလေး၊ ဟဲ. . သား တစ်ကိုယ် လုံး၊ ရွှဲလို့ ပါလား၊ ထီးကော"

“ထီးလား၊ ဟိုဥစ္စာဖြစ်လို့"

“ကိုင်းကျိုးသွားလို့ လား”

“မဟုတ်ပါဘူး”

“ပျောက်သွားတာလား"

“မဟုတ်ပါဘူး မေမေရဲ့။ သူငယ်ချင်းတစ်ယောက်ကို ငှားလိုက်လို့ "

“အင်း. . ငါ့သားကတော့ကွယ်၊ သူများကို ကူညီချင်တဲ့ နေရာမှာ နှစ်ယောက်မရှိဘူး၊ ကိုယ့်ထီးကို သူများငှားပြီး ကိုယ်က မိုးရေထဲမှာ လျှောက်လာတယ်"

"သဘောရိုးနဲ့ ကူညီတာပါ မေမေရဲ့”

သူ စကားမှားသွားကြောင်းကို ပြောပြီးမှ သိတော့သည်။ ရှက်ရပြန်သည်။

“အေးပါ၊ မေမေက သားကူညီချင်တဲ့စိတ်ရှိတာကို ချီးကျူးတာပါ၊ ကဲ သွား.. သွား၊ အဝတ်အစား မြန်မြန်လဲ၊ တော်ကြာ အအေးမိနေဦးမယ်၊ ခေါင်းကိုလဲ ခြောက်အောင်သုတ်နော်"

 

မေမေသည် စကားကို ဖြတ်လိုက်သောကြောင့် ကျေးဇူး တင်ရသေးသည်။ သို့ မဟုတ်လျှင် စကားတွေ မည်မျှဆက်ဦးမည်မသိ၊ ဆက်၍ ရှက်ရဦးမည်။ ကြီး ထမင်းစားပြီးသောအခါ ချမ်းစိမ့်စိမ့် ဖြစ်လာပြန်သည်။ စာမကျက်ဖြစ်တော့ဘဲ အိပ်ရာထဲသို့ ဝင်လှဲနေလိုက်သည်။ အိပ်လို့ ကား မပျော်သေးပါ။ အိပ်မပျော်သူတို့ ထုံးစံအတိုင်း စဉ်းစားဖို့ သာရှိသည်။

 

စောစောအောင်သည် ထီး အဘယ်ကြောင့် ယူမလာပါသနည်း၊ ယူမလာချင်သောကြောင့် ယူမလာခြင်းဖြစ်ကြောင်း အဖြေ ရသည်။ မေမေ ဘုရားရှိခိုးသံကို ကြားရသည်။

 

ဗုဒ္ဓါနံ ဇီဝိသဿ န သက္ကာကေနစိ အန္တရာယော ကာတုံ၊ တထာမေ ဟောတု”

စောစောအောင်သည် သူက ထီးငှားလိုက်သောကြောင့် ကျေးဇူးတင်နေမည်လား မသိပါ။

 

ဗုဒ္ဓါနံ၊ မြတ်စွာဘုရား၏ ဇီဝိတဿ အသက်၏။ အန္တရာ ယော၊ အန္တရာယ်ကို၊ တေနစိ တစ်စုံတစ်ယောက်သောသူသည်။ ကာတုံ၊ ပြုခြင်းငှာ၊ နသက္ကာ၊ မတတ်နိုင်။ တလာ၊ ထို့ အတူ၊ မေ အကျွန်ုပ်အား၊ ဟောတု ဖြစ်ပါစေသတည်း"

 

ညနေက စောစောအောင်အိမ်သို့ ထီး သွားမယူဖြစ်ခဲ့ပါ။ သူ ထီးလာမယူသောအခါ စောစောအောင်သည် သူ မိုးမိပြီးဖျား နေသည် ဟုများ ထင်နေမည် လား မသိပါ။ ထိုအခါတွင် စောစောအောင်သူ့ကို သနားနေမည်လား။ သူ အိပ်ပျော်သွားလေ သည်။

 

အိပ်မက်မျိုးစုံ မက် နေသည်။ အိပ်မက်ထဲတွင် စောစောအောင်လည်း ပါသည်။ သိန်းနိုင်လည်း ပါသည်။ အေးမြင့်သောင်းတို့ လည်း ပါသည်။ စောစောအောင် အိမ်သို့ သူ ထီးသွား ယူသောအခါ ခွေးတွေလိုက်ကိုက်သောကြောင့် ထွက်ပြေးရကြောင်း လည်းပါသည်။ သို့ရာတွင် တစ်ခုမှာ ရေရေရာရာမရှိ တိတိကျကျ မရှိ။ တစ်ပိုင်းတစ်စ အိပ်မက်များသာ။

 

အိပ်ရာမှ နိုးသောအခါ သူ့တစ်ကိုယ်လုံး ပူနေသည်။ သူဖျားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ မျက်စိတွေက ပူနေသည်။ ခေါင်းမထူချင်တော့။ သို့ရာတွင် လှဲနေလို့ မဖြစ်သေးပါ။ သတင်းစာပို့ဖို့က ရှိသေးသည်။ အားယူ၍ လူးလဲထသည်။ ခေါင်းက မိုက်ခနဲဖြစ်သွားသည်။ လမ်းလျှောက်ကြည့်သည်။ ခြေလှမ်းများက မမှန်။ ယိမ်ထိုးနေသည်။ မျက်စိများက ပြာဝေ နေသည်။ အိပ်ရာထဲ ပြန်လှဲနေသည်။ သတင်းစာပို့နိုင်တော့မည် မဟုတ်ပါ။

 

မေမေသည် ငန်းဆေးတစ်ခွက် လာတိုက်ပါသည်။ မေမေ့ ကို ခွင့် စာတစ်စောင်ရေးခိုင်းရသည်။ မေမေဈေးသွားရင်း အေးမြင့်သောင်းတို့ အဒေါ် ဆိုင်မှာ ဝင်ပေးခဲ့ပါဟု မှာလိုက်ရ သည်။ ။

 

ဒီနေ့ ကျောင်းမတက်နိုင်သောကြောင့် ကျော်စွာ စိတ်မကောင်းဖြစ်ရသည်။ ကျောင်းစဖွင့်သည်မှ ဒီနေ့အထိတစ်ခါမျှ မကျောင်းမပျက်ခဲ့ဖူးခဲ့။ ပြီး

ဒီနေ့ သည် ပထမဆုံးအကြိမ် ကျောင်းပျက်ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်ဆို၍ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေရှိဦးမည် ဟု မဆိုလိုပါ။ ခုတစ်ကြိမ်ပျက်ရသည်ကိုပင် ကျော်စွာ မကျေနပ်။

 

မိုးမိရုံမျှဖြင့် မထနိုင်လောက်အောင် ဖျားရသော မိမိကိုယ်ကို ဒေါသဖြစ်မိသည်။

 

သူ့ ထီးကို သူမေ့နေပြန်သည်။ ထို့အတူ စောစောအောင် ကိုလည်းမေ့နေပြန်သည်။ လောလောဆယ်၌မူ ကျောင်းမတတ်နိုင် သည့် ကိစ္စ သူ့ခေါင်းထဲရောက်နေသည်။ လူ့စိတ်ဆိုသည်မှာ အဆန်းသားပါ။ ကိုယ်မလုပ်နိုင်မှန်း သိရက်နှင့် စိတ်က ရောက် ရောက် နေတတ်သည်။ ဒီအချိန်ဆိုလျှင်တော့ မြန်မာစာအချိန် ပြီးပြီ။ ဇီဝဗေဒဆရာ ဝင်တော့မည်။ ဒီနေ့ ပလပ်စမိုဒီယမ်ခေါ် ငှက်ဖျားပိုးအကြောင်း သင်မည်ဟု ဆရာ ပြောထားသည်။ စာမေးပွဲအတွက် အရေးကြီးသော အကြောင်းအရာဖြစ်သော

ကြောင့် လက်မလွတ်သင့်တဲ့ ကျော်စွာ ထင်သည်။ သို့ရာတွင် မတတ်နိုင်ပြီ။ မိုးကိုပဲ စိတ်ဆိုးရမလား။ ထီးယူသွားသူကိုပဲ စိတ်ဆိုးရမလား။ ဟော.. အတွေးထဲသို့ စောစောအောင် ရောက်

လာခဲ့ပြန်ပြီ။ သူ ကျောင်းမတက်ကြောင်းသိလျှင် စောစောအောင် မည်သို့ ထင်ပါမည်နည်း၊

 

မေမေ အခန်းထဲဝင်လာသည်။ မေမေ့လက်ထဲတွင် ငန်း ဆေးခွက်နှင့်ရေနွေးကြမ်းပန်းကန် ပါလာသည်။ ထုံးစံအတိုင်းပင် ကျော်စွာကို နဖူးစမ်းသည်။ ပြီးတော့ ဆေးတိုက်သည်။

 

“ညနေကျရင် ဆရာမောင်သင်ဆီ သွားလိုက်ရင် ကောင်း မယ်ထင်တယ်”

“အခြေအနေကြည့်သေးတာပေါ့ မေမေရယ်။ ခုတော့ အခြေအနေမဆိုးသေးပါဘူး”

“ဒါပေမဲ့ ညနေကျရင်တော့ ထမင်းမစားနဲ့ ဦး၊ ဆန်ပြုတ် လေးသောက်နော်”

 

မေမေထွက်သွားသောအခါ စာအုပ်တစ်အုပ်ကို ဖတ် နေမိသည်။ သိန်းဖေမြင့်၏ ကျောင်းသားလူငယ်ပြဿနာများ။ အေးမြင့်သောင်းထံမှ ငှားလာသော စာအုပ်ဖြစ်သည်။ စာအုပ်ထဲ တွင် အေးမြင့်သောင်း မျဉ်းသားထားသော စာပိုဒ်များ ပါသည်။

 

အချို့နေရာများတွင် လူငယ်တွေနှင့်လူကြီးတွေ စိတ် သဘောထားချင်း အဘယ်ကြောင့် မတိုက်ဆိုင်ကြသနည်းဟု စဉ်းစားကြည့်မိသည်။ သူစဉ်းစားမိသောအချက်များကို သူငယ်ချင်း

နှင့်တွေ့မှ ဆွေးနွေးကြည့်ဦးမည်ဟု မှတ်ထားလိုက်သည်။ သူတစ်ယောက်တည်း၏ သဘောထားသည် မှန်ချင်မှန်မည် မဟုတ်လားမည်သို့ပင်ဖြစ်ပါစေ။ သေချာသည်ကတော့ တစ်ခုရှိသည်။ အချို့နေရာများတွင် လူကြီးတွေက မှားသည်ဆိုသောအချက်ပင်။

 

မေမေ ဝင်လာပြန်သည်။ မေမေ့လက်ထဲတွင် မဂ္ဂဇင်းစာအုပ််တစ်အုပ်ကိုင်ထားသည်။ မေမေ့မျက်နှာသည် တစ်စုံတစ်ခုကို မကျေနပ်သလိုပါ။

 

“သားရေ၊ ဒီစာပိုဒ်ကလေးကို ဖတ်ကြည့်စမ်းပါဦး”

မဂ္ဂဇင်းတွင်ပါသော ဝတ္ထုတစ်ပုဒ်ထဲမှ စာပိုဒ်တစ်ပိုဒ် ဖြစ်သည်။ အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်ကို ပြောပြနေသော ဇာတ်ကြောင်းတစ်ခုဖြစ်သည်။

 

တရံရောအခါ ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာတော်မူသည်။ ထိုအခါ သုမေဓာရသေ့သည် ရွှံ့ညွန်ထဲတွင် အလျားမှောက်၍ လမ်းခင်း

ပေးလေသည်။ ထို့နောက် ဒီပင်္ကရာ မြတ်စွာဘုရားအား ရွှံ့ညွှန်ထဲသို့ မဆင်းတော်မူဘဲ မိမိ၏ ကျောပေါ်မှ နင်း၍ လျှောက်

ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဒီပင်္ကရာ မြတ်စွာဘုရားက

“အချင်း... သုမေဓာ၊ သင်သည် ငါ့ကို ဤသို့ ညာညာ၍ နင်းခိုင်းနေသည်မှာ နှစ်ကြိမ်ရှိလေပြီ”

 

မေမေသည် အထက်ပါစာပိုဒ်ကို မကျေမနပ်ဖြစ်နေခြင်း ဖြစ်သည်။

 

“ဒီစာပိုဒ်ကို အမှတ်တမဲ့ကြည့်ရင်တော့ သာမန် ရယ်စရာ တစ်ခုလို့ပဲ ထင်မှာပဲ၊ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်စမ်း"

 

စဉ်းစားကြည့်သည်။ မကျေမနပ်ဖြစ်သလိုတော့ ရှိသည်။ ဘယ်လိုမကျေနပ်မှန်းကို စဉ်းစားလို့မရပါ။ မေမေက စကားဆက်သည်။

 

“သေသေချာချာ စဉ်းစားကြည့်ရင် ဘာသာရေးကို စော် ကားသလိုဖြစ်နေတယ်။ ဒီပင်္ကရာမြတ်စွာဘုရားဆိုတာ တကယ် ရှိချင်မှ ရှိမယ်ဆိုတာပြောမှာပဲ။ အေးလေ. . သားတို့လူငယ်တွေက

တော့ မရှိဘူးလို့ ပြောမှာပဲ။ ရှိတယ်ပဲဖြစ်ဖြစ် မရှိဘူးပဲဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို တေ ပြက်ရယ်ပြုဖို့ မသင့်ဘူး၊ တို့နိုင်ငံဟာ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရတဲ့နိုင်ငံပဲ။ ဘယ်ဘာသာကိုမှ မယုံကြည်ဘဲလဲ နေနိုင် တယ်။ ဒါပေမဲ့ သူတပါးရဲ့ ယုံကြည်ကိုးကွယ်မှုကိုတော့ ပြက်ရယ်မပြု သင့်ဘူးလို့ မေမေထင်တယ်”

 

“ကျွန်တော် သဘောပေါက်ပါတယ် မေမေ။ စာရေးဆရာ တစ်ယောက်အနေနဲ့ ဒီလိုမရေးသင့်ဘူးပေါ့။ ဒီစာကိုသာ နိုင်ငံခြား သားတွေ တွေ့သွားရင် သိပ်ရှက်စရာ ကောင်းမှာပဲ။ မြန်မာလူမျိုး ကမှ ဗုဒ္ဓဘာသာကို မလေးစားရင်းဘယ်သူက လေးစားတော့ မှာလဲ”

 

လူငယ်တို့သည် ဘုရားမှန်မှန် မရှိခိုးဘဲ နေချင်နေ၊ ဘုရား

ကျောင်းကန် မှန်မှန်မသွားဘဲ နေချင်နေ၊ ဘာသာတရားကိုတော့ လေးစားသင့်သည်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းအတွက်တော့ ဂုဏ်ယူ သင့်သည်ဟု ကျော်စွာထင်ပါသည်။

 

ညနေပိုင်းတွင်မူ အဖျားနည်းနည်း ပြန်တက်လာသည်။ စောင်ခြုံ၍မှိန်းနေလိုက်သည်။ ကျော်စွာစိတ်ထဲမှာ ဆန္ဒမျိုးစုံဖြစ်နေ မည်။ ထမင်းလည်းစားချင်သည်။ အပြင်ထွက်ပြီးတော့လည်း လမ်း လျှောက်ချင်သည်။ ဇော်ခင်မော်တို့ အိမ်သို့ သွားပြီး ဒီနေ့သင်သော စာတွေကိုလည်း ကူးချင်သည်။ ထီးလည်း သွားယူချင်သည်။ စောစောအောင်နှင့်တော့သိပ်မတွေ့ချင်ပါ။ သို့ရာတွင် ထိုအချိန် မှာပင် စောစောအောင် ရောက်ရှိလာခဲ့ပါသည်။

 

စောင်ခြုံ၍ မှိန်းနေရင်းက မေမေ့အသံကို ကြားရသည်။

“အေး. . ရှိတယ်ကွယ့်၊ လာကြလေ”

မေးသူ၏အသံကိုတော့ မကြားလိုက်ပါ။ ညနေစောင်းပြီ ဖြစ်၍ ကျောင်းဆင်းခဲ့ပြီဖြစ်သည်။ ချစ်ကိုဝင်းတို့ အဖွဲ့ပင် ဖြစ်လိမ့် မည်ထင်သည်။ စောစောအောင် ဖြစ်လိမ့်မည်ဟူ၍ကား လုံးဝ မထင်မိ၊ စောစောအောင်သည် သူ့အိမ်ကို တစ်ခါမျှ မလာခဲ့ဖူးပါ။မိန်းကလေးသူငယ်ချင်းအချို့ သူ့အိမ်ကို လာဖူးသော်လည်း

စောစောအောင်သည် တစ်ခါမျှ မလာဖူးခဲ့။ ကျော်စွာနှင့်သူ့ကို နောက်ပြောင်ကြသောကြောင့် ရှက်ပြီးမလာခြင်းလည်း ဖြစ်ကောင်းဖြစ်ပါမည်။ ကျော်စွာကတော့ စောစောအောင်တို့ အိမ်ကို နံနက်တိုင်း ရောက်တတ်သည်။ သတင်းစာပို့ သွားခြင်းဖြစ်ပါသည်။

 

သတင်းစာဖိုး တောင်းသည့် နေ့များဆိုလျှင်

စောစောအောင်တို့ အိမ်ဧည့်ခန်းမှာပင် ဝင်ထိုင်လေ့ရှိသည်။ စောစောအောင်တို့ မိဘများသည် ကျော်စွာကို သတင်းစာပို့သည့်

ကောင်ကလေးဟု သဘောမထားဘဲ စောစောအောင်၏ သူငယ် ချင်းတစ်ယောက်အဖြစ် ဆက်ဆံတတ်ပါသည်။

 

“သား သူငယ်ချင်းတွေ ရောက်နေတယ်”

မေမေက လာပြောသည်။

“အထဲကို လွှတ်လိုက်ပါလား မေမေ၊ အပြင်ထွက်ရင် လေစိမ်းတိုက်မှာ စိုးရတယ်”

ချစ်ကိုဝင်းတို့ သို့ မဟုတ် အခြားယောက်ျားလေးသူငယ် ချင်းများဟု ထင်သောကြောင့် ဤသို့ ပြောလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် အထဲသို့ ဝင်ခဲ့ရန် ပြောလိုက်ခြင်းသည် မှားသွားကြောင်း သူတို့ ဝင်လာမှပင် သိရတော့သည်။ အကြောင်းကား အခန်းထဲ ဝင်လာကြသူများသည် စောစောအောင်နှင့် ဆေးတက္ကသိုလ်က သူ့ အစ်မတို့ဖြစ်ကြသောကြောင့်တည်း၊

စောစောအောင်သည် ကျော်စွာထီးကို ကိုင်၍ဝင်လာသည်။ ကျော်စွာသည်လှဲနေရာမှ ထ,ထိုင်ရကောင်းနိုးနိုး၊ မျက်စိကို မှိတ်ထားရကောင်းနိုးနိုးဖြစ်နေသည်။ ဒီကြားထဲက သူ့မျက်နှာ

ချောင်ကျနေလိမ့်မည်လားဟု တွေးမိသေးသည်။ ဆံပင်ကိုလည်း လက်ဖြင့်သပ်၍ ဖြီးမိပြန်သည်။ မေမေက ဖျာချင်းပေးသည်။ စောစောအောင်တို့ ထိုင်ကြသည်။ ကျော်စွာသည် လှဲနေရာမှ ထထိုင်သည်။ စောစောအောင်က ပြောသည်။

“ထီးလာပေးတာ”

“ဪ.. ဟုတ်လား”

စောစောအောင် က ထီးကိုပေးသည်။ ကျော်စွာက ယူသည်။ ကျော်စွာသည် သူ့ထီးဟုတ်မှန်းသိပါလျက် ထီးကို ဟိုကြည့်ဒီကြည့် လုပ်နေမိသည်။ စောစောအောင်၏အမကတော့မူ ဆရာဝန်လောင်းတစ်ယောက်အနေဖြင့် လူနာလက်ကို ကိုင်ခြင်းသာဖြစ်သည်။ ကျော်စွာကတော့ရှက်သွားသည်။ ဆရာဝန်အစ်မကို ရှက်ခြင်းမဟုတ်မှန်းတော့ သေချာပါသည်။ စောစောအောင်ကို ရှက်ခြင်းဖြစ်ကောင်းဖြစ်ပါသည်။

“အဖျားရှိသေးတယ်။ ဘာဆေးသောက်ထားသလဲ”

“အေးကွယ့် .. ဒေါ်ဒေါ်တော့ ဆေးဝါကြီးပဲ တိုက်ထား

တယ်"

မေမေက ဝင်ဖြေသည်။

“ရေနွေးတည်ပေးပါ ဒေါ်ဒေါ်"

“ဘာလုပ်ဖို့လဲ အစ်မ”

ကျော်စွာက ဝင်မေးသည်။

“ဆေးထိုးရမယ်”

“ခင်ဗျာ”

“ဆေးထိုးရမယ်၊ မင်း ဖျားနေမှန်းသိလို့ ဆေးထိုးဖို့ ယူလာခဲ့တယ်”

“ကျွန်တော် ဆေးမထိုးချင်ဘူး၊ မနက်ဆိုရင် ကောင်းသွားမှာ"

“မထိုးလို့ မရဘူး၊ ဆေးထိုးလိုက်မှ မနက်ကို မင်း ကျောင်းသွားနိုင်မှာ”

“သားကလည်းကွယ်၊ ထိုးလိုက်ပါ။ ဒါမှမြန်မြန်နေကောင်းသွားမှာ၊ ဒေါ်ဒေါ်တောင်မှ သူ့ကို ဆရာမောင်သင်ဆီသွားဖို့ ပြောသေးတယ်”

ထိုအချိန်မှာပင် အေးမြင့်သောင်း၊ ချစ်ကိုဝင်း၊ လှဝင်းဦး နှင့် ဇော်ခင်မော်တို့ အခန်းထဲဝင်လာကြပြန်သည်။ ချစ်ကိုဝင်း သည် အခန်းထဲမဝင်မီကပင် အော်ကျယ်အော်ကျယ် ပြောလာခဲ့ သည်။

“ဟေ့ကောင်.. ကျော်စွာ၊ မင်းကိုတောင် မေးနေသေး တယ်၊ မသေသေးဘူးလားတဲ့၊ စောစော.. အယ်.."

ချစ်ကိုဝင်းသည် စောစောအောင်ကို တွေ့လိုက်သော ကြောင့် စကားကိုမဆက်ဘဲ ရပ်လိုက်ရသည်။

“ဘာလဲကွယ် မောင်ချစ်ကိုရဲ့၊ ဘယ်သူက မေးလို့လဲ”

“အာ.. ဟိုဥစ္စာပါ စောစောတုန်းကတောင် ကိုစိန်ထွေး က မေးသေးတယ်လို့ ပြောတာပါ"

“ဟာ... ဟေ့ကောင်၊ ဘာတွေလျှောက်ပြောနေတာလဲ အလကားပါ ဒေါ်ဒေါ်ရယ်၊ ဒီကောင် အရူးထပြီး တွေ့ကရာ လျှောက်ပြောနေတာ”

အေးမြင့်သောင်းက ဝင်၍စကားဖြတ်လိုက်ရသည်။ ကိုစိန်ထွေးဆိုသည်မှာ ခေါင်းရောင်းသူဖြစ်ကြောင်း သိသော စောစောအောင်ကမူ ကျိတ်၍ရယ်နေသည်။ မေမေက ရေနွေးတည် ရန်ထွက်သွားသည်။ ချစ်ကိုဝင်းသည် စောစောအောင်၊ တို့ ဘက်သို့ လှည့်လိုက်ပြန်သည်။

“ဘယ်တုန်းက ရောက်နေကြသလဲ.. ဟဲဟဲ” “သိပ်မကြာသေးပါဘူး”

ကျော်စွာက သိပ်မနောက်ပြောင်ရန် မျက်နှာရိပ် မျက်နှာကဲပြသည်။ ထိုအခါတွင်မှ ပိုဆိုးတော့သည်။ ဇော်ခင်မော်က

“ဘာလဲကွ ဧည့်သည်တွေကို လက်ဖက်ရည်တိုက် မလို့လား၊ ပေးလေ .. ပိုက်ဆံ၊ ငါသွားဝယ်ပေးမယ်”

“နေပါစေဟယ်.. မသောက်တော့ပါဘူး၊ ငါတို့ ခုပဲ ထမင်းစားလာကြတာ”

စောစောအောင်၏ အစ်မက ဘုမသိ ဘမသိ ဝင်ပြော သည်။ စောစောအောင်ကတော့ ခေါင်းငုံ့ရင်း ရယ်နေသည်။

“ဪ.. ဪ.. ထမင်းတောင် စားပြီးကြပြီကိုး၊ ဒီအိမ် မှာစားတာလား၊ ဘာဟင်းနဲ့လဲ၊ စားလို့ ကောင်းကြရဲ့လား”

“ဟေ့ကောင်တွေ တော်တော့ကွာ၊ ဒီမှာ အစ်မကို အားနာဖို့ကောင်းတယ်”

အေးမြင့်သောင်းက အတည်ပေါက်နှင့် ဝင်ဟောက်လိုက် ပြန်သည်။ ခုချိန်ထိ ကျော်စွာနှင့် စောစောအောင်သည် ဘာကိုမျှ ဝင်မပြောသေးချေ။ သူတို့ တစ်ယောက်ကိုတစ်ယောက် ရှက်နေ ကြသောကြောင့်ဖြစ်ပါသည်။ ဒါကိုသိသော လှဝင်းဦးက ဝင်လောင် ပြန်သည်။

“စောစောအောင် ရယ်၊ နင်မို့လို့ ဒီကောင်ထီးကို ယူဆောင်းတယ်၊ ထီးက သိပ်သန့်တာမဟုတ်ဘူး”

“အောင်မယ် .. ထီးက မသန့်ဘူးဆိုတော့ ရောဂါပိုးတွေ ကာတွေများကပ်နေလို့လား”

“မဟုတ်ပါဘူးကွ၊ ထီးမှာ ရွှံ့တွေပေနေလို့ မသန့်ဘူးလို့ မပြောတာ ဟဲဟဲ.. ကျော်စွာမှာ ရောဂါမရှိပါဘူး၊ အေးလေ.. စိတ် ရာဂါတော့ ရှိချင်ရှိမှာပေါ့”

“ဟုတ်လား၊ ဒီလိုဆိုရင် စိတ်ကျန်းမာရေးဆေးရုံကို မြန်မြန်ပို့မှပဲ”

“ဟာ.. အဲဒီ စိတ်ရောဂါမဟုတ်ဘူး၊ ဟို ဥစ္စာ၊ ဟိုဟာလေ"

“တော်တော်ကွာ၊ ဟိုမှာ မေမေလာပြီ”

မတတ် နိုင်တော့သည့် အဆုံး ကျော်စွာက ဝင်တားရ တော့သည်။ မေမေသည် ရေနွေးဇလုံကို ကိုင်၍ဝင်လာသည်။ ချစ်ကိုဝင်းသည် အရှိန်မသတ်နိုင်သေးပါ။

“ဟာ..ဒေါ်ဒေါ်က လက်ဖက်ရည်တောင် ဖျော်လာခဲ့ပြီ ကိုး။ ကျွန်တော်တို့ မသောက်တော့ပါဘူး”

“လက်ဖက်ရည် မဟုတ်ပါဘူးကွယ်၊ ရေနွေးပါ၊ ဘာလဲ လက်ဖက်ရည်သောက်ချင်လို့လား”

“မဟုတ်ပါဘူးဒေါ်ဒေါ်၊ ကျွန်တော်တို့ ခုပဲ ထမင်းစား လာကြတာပါ။ ဒါနဲ့ ရေနွေးက ဘာလုပ်ဖို့လဲ”

“ကျော်စွာကို ဆေးထိုးဖို့လေကွယ်”

“ကောင်းတယ်၊ ကောင်းတယ်။ ဒီကောင့်ကို စိတ်ငြိမ်ဆေး ထိုးပေးရမယ်”

ကျော်စွာသည် ဒီကောင်တွေကို တားလို့ မရမှန်းသိ၍ အရှုံးပေးလိုက်တော့ သည်။ စောစောအောင်၏ အစ်မသည် ဆေးထိုးအပ်နှင့်ပြွန်ကို ရေနွေးထဲစိမ်လိုက်သည်။ ထိုးဆေးပုလင်း ကလေး၏ သိမ်နေသော အပိုင်းကို လွှဓားသေးသေးလေးဖြင့် ဖြတ် သည်။ ထို့နောက် ပုလင်း၏ ထိပ်ပိုင်းကို လက်ဖြင့် တောက်၍ ဖြတ်လိုက်သည်။ ဆေးထိုးပြွန်တွင်အပ်ကိုတပ်၍ ဆေးကိုစုပ်ယူ သည်။ ကျော်စွာသည် သူလုပ်သမျှကို ငေးကြည့်နေမိသည်။ ဆေးထိုးရန် အဆင်သင့်ဖြစ်နေတော့မှ ပျာပျာသလဲပြောလိုက် သည်။

“လက်မောင်းကို ထိုးလို့ မရဘူးလား အစ်မ”

“မရဘူး၊ လက်မောင်းကို ထိုးရင် နာလိမ့်မယ်” “မနာပါဘူး အစ်မရဲ့ ရပါတယ်”

“မရဘူး၊ ကဲ.. မှောက်လိုက်"

ကျော်စွာက အင်တင်တင်လုပ်နေသည်။ စောစောအောင် သည် ဆက်ထိုင် နေ ရမလား၊ ထသွားရ ကောင်းမလားမသိ ဖြစ်နေသည်။ ရေသွားသောက်သလိုလို ထသွားလျှင် ရမည်ထင် သည်။ သို့ရာတွင် အေးမြင့်သောင်းနှင့်ဇော်ခင်မော်တို့ က အခန်း ပေါက်ဝကို ပိတ်၍ ထိုင်နေသောကြောင့် လက်လျှော့လိုက်ရသည်။

“ဟေ့ကောင်၊ မှောက်လေကွာ မင်းကလဲ ဆေးလာထိုး ပေးရတဲ့လူကို အားနာပါဦး”

အေးမြင့်သောင်းက ပြောသည်။ ကျော်စွာမှောက်လိုက်ရ လေသည်။ ဆရာဝန် အစ်မက ဆေးထိုးသည်။ အလေ့အကျင့် နည်းသေးလို့လားမသိ။ သူဆေးထိုးတာ နည်းနည်းနာသည်၊ သို့ရာ တွင် ကျော်စွာ အောင့်ခံနေလိုက်သည်။

“ကျော်စွာ .. နာလားကွ”

ရှက်ရသည့်ကြားထဲ ချစ်ကိုဝင်းက ဝင်နောက်ပြန်သည်။ ကျော်စွာပြန် ထိုင်လိုက်သည်။ သူသည် စောစောအောင်ကို မကြည့်ရဲ။ စောစောအောင်ကလည်း သူ့ကို မကြည့်ရဲ။

“ကျွန်မတို့ ပြန်တော့မယ်ဒေါ်ဒေါ်"

“ပြန်တော့မလို့လား၊ အကူငွေလေးဘာလေး ထည့်သွားဦးလေ"

“နင်သေမှ ထည့်တော့မယ်”

“ကျေးဇူးပါပဲကွယ်၊ ဒေါ်ဒေါ်ကလည်း အလုပ်များနေတာနဲ့ သားတို့ သမီးတို့ကို ဘာမှမကျွေးလိုက်ရဘူး”

“ဟာ. . ကိစ္စမရှိပါဘူး ဒေါ်ဒေါ်။ ကျွန်တော်တို့ က ကျော်စွာ မျက်နှာကိုမြင်လိုက်ရင် အဆာပြေသွားတာပါပဲ”

စောစောအောင်သည် ချစ်ကိုဝင်းကို မျက်စောင်းထိုးသည်။ ထို့နောက် မေမေ့ကို နှုတ်ဆက်၍ ပြန်သွားကြသည်။

“ဟေ့ကောင်... ကျော်စွာ”

“ဘာလဲကွ”

“မင်းတင်ပါးက အမာရွတ်တွေကို စောစောအောင် မြင်သွားပြီကွ”

“တော်စမ်းပါကွာ မှာ အမာရွတ်မရှိပါဘူး၊ အဲဒါက အရေးမကြီးဘူး၊ မင်းတို့ သိပ်လွန်လွန်းတယ်”

“ဘာကိုလဲ”

“မင်းတို့က လူရှေ့မရှောင်၊ သူရှေ့မရှောင် နောက်တာကိုးကွ။ သူ့အစ်မ ကို အားနာဖို့ကောင်းတယ်”

“အရေးမကြီးပါဘူးကွာ၊ မင်းအကြောင်းကို သူ့ အစ်မက လဲ သိချင်သိနေမှာပါ”

“ဘာ .. ငါ့အကြောင်လဲ”

“ဪ .. မင်းတင်ပါးက အမာရွတ်တွေအကြောင်းလေ ကွာ”

“တော်ပါတော့ကွာ”

“မင်း နက်ဖြန် ကျောင်းတက်မှာလား”

“ အေး”

 

အခန်း (၄)

 

ကျော်စွာ နေကောင်းသွားပြီဖြစ်သည်။ ဒီနေ့ကျောင်း တက်နိုင်မည်။မနက်ပိုင်းကတော့ သတင်းစာပို့ရမည်။ ဒီနေ့ အလုပ် နည်းနည်းရှုပ်သည်။ သတင်းစာယူသည့် အိမ်များကို မနေ့က လာမပို့နိုင်သည့်အတွက် တောင်းပန်ရသည်။ ခွင့်လွှတ်တတ်သူ များရှိသလို မကျေမနပ်ပြောဆိုသူများလည်း ရှိပါသည်။

 

စောစောအောင်တို့အိမ်ရှေ့တွင်စက်ဘီးကို ရပ်လိုက်သော အခါ ပန်းခြံထဲတွင် လမ်းလျှောက်နေသော ဦးတင်အောင်ကို တွေ့ ရသည်။ ကျော်စွာကိုတွေ့သောအခါ ခြံတံခါးဝနားသို့ လျှောက်လာ ခဲ့သည်။

 

“ဦးလေးလည်း သတင်းစာစောင့် နေတာပဲကွ”

“ဟုတ်ကဲ့ ဒီမှာပါဦးလေး၊ ကျွန်တော်မနေ့က ဖျားနေလို့ သတင်းစာမပို့နိုင်တာကို .."

“အံမယ်လေးကွာ၊ တောင်းပန်စရာမလိုပါဘူး၊ နေမ

ကောင်းတဲ့အကြောင်းကိုလည်း သမီးကပြောလို့ ဦးလေးသိပြီးပါပြီ၊

ဒါနဲ့မင်းက ထီးကို မိစောကို ပေးလိုက်ပြီး မိုးရွာထဲလျှောက်ပြန် လို့ မိုးမိပြီး ဖျားတာဆိုကွ”

 

“မိုးမိတာတစ်ခုတည်းမဟုတ်ပါဘူးခင်ဗျ။ ကျွန်တော် ကိုယ်တိုင်ကလဲ ကိုယ်ခံအားနည်းနေလို့ပါ”

 

“ဘာပဲဖြစ်ဖြစ်ပေါ့ကွာ၊ မိစောမှာ တာဝန်မကင်းဘူးလို့ ဦးလေးထင်တယ်။ ဒါကြောင့်မနေ့က ညနေက မင်းဆီလွှတ်လိုက်တာ”

 

“ကျေးဇူးတင်ပါတယ်ခင်ဗျာ”

 

“ဒါနဲ့ ... မင်းခု နေကောင်းသွားပြီလား”

 

“ကောင်းပါပြီ ဦးလေး၊ အစ်မ ဆေးထိုးပေးလို့ပါပဲ၊ ကျွန် တော်လည်း မနေ့က သတင်းစာပို့ ပျက်ခဲ့လို့ အိမ်တွေ ကို လိုက်တောင်းပန်နေရတယ်"

 

“ဦးလေးတို့ကတော့ နားလည်ခွင့်လွှတ်တတ်ပါတယ်ကွာ”

 

“ဟုတ်ကဲ့ .. တစ်ချို့အိမ်တွေကတော့ မကျေနပ်ကြ ဘူး”

 

“တင်မြဝင့်တို့အမေမှ ပါရဲ့လားကွယ့်”

စောစောအောင်တို့ အမေက ဦးတင်အောင်အနီးတွင် ဝင် ရပ်ရင်းမေးသည်။

 

“ဟုတ်ကဲ့၊ သူတို့အိမ်ကလည်း မကျေနပ်ဘူးတဲ့”

 

"အေးကွာ .. လူတွေကလည်း ခက်ပါတယ်။ ကိုယ် အတွက်တစ်ခုတည်း ကြည့်တတ်ကြတယ်၊ သူများဘက်က ဘယ်လို အခက်အခဲရှိတယ်ဆိုတာ မကြည့်ချင်ကြဘူး”

 

“သူတို့ဘက်ကလည်း မလွန်ပါဘူးခင်ဗျာ၊ သတင်းစာဆိုတာက ဒီနေ့ထွက်တာကို ဒီနေ့ဖတ်ရမှ ကောင်းတာ၊ သတင်းစာ ဖတ်ရတာ တစ်ရက်နောက်ကျ ရင် ကမ္ဘာကြီးနဲ့ တစ်ရက်အဆက် ပြတ်တာပဲလို့ စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်”

 

ဦးတင်အောင်သည် ကျော်စွာ၏ ပခုံးကို ရင်းနှီးစွာဖက် လိုက်သည်။

 

“မောင်ကျော်စွာစကားကိုတော့ ဦးလေး သိပ်သဘောကျ သွားပြီဟေ့၊ မောင်ကျော်စွာ ကြိုးစားကွာ၊ မင်းတစ်နေ့နေ့ ကြီးပွား မှာပဲ”

 

ကျော်စွာဝမ်းသာသွားသည်။ လူကြီးတစ်ယောက်က ချီးကျူးသောကြောင့် ဝမ်းသာခြင်းလား၊ စောစောအောင်၏ ဖခင်က ချီးကျူးသောကြောင့် ဝမ်းသာခြင်းလားတော့ သူမသေချာ။

 

စောစောအောင်သည် ကျော်စွာတို့ စကားပြောနေရာသို့ လျှောက်လာသည်။ ကျော်စွာကို မေးသည်။

 

“နေကောင်းသွားပြီလား”

“ကောင်းသွားပြီ၊ အစ်မကော”

“ကျောင်းသွားပြီ"

“အစ်မကို ကျေးဇူးတင်တယ်လို့ပြောလိုက်ပါ။” “တို့ကသာ ထီးငှားတဲ့အတွက် ကျေးဇူးတင်ရမှာပါ”

“ကိစ္စမရှိပါဘူး”

ကျော်စွာသည် စောစောအောင်နှင့် သူ့မိဘများကို နှုတ် ဆက်၍ ထွက်လာခဲ့သည်။ ဒီနေ့ စက်ဘီးနင်းရသည်မှာ အဘယ် ကြောင့် ပေါ့ပါးနေရပါသနည်း။

 

ကျောင်းတက်သောအခါ စာတွေကို အချိန်ရသလောက် ကူးရသေးသည်။ ဇီဝဗေဒ လက်တွေ့ချိန်တွင် သူတို့ဖားခွဲကြရလေ သည်။

ကျောင်းသား ကျောင်းသူတစ်ယောက်လျှင် ဖားတစ်

ကောင်စီ ယူခဲ့ကြရသည်။ ချစ်ကိုဝင်းဆိုလျှင် ဖားငါးကောင်ယူ မဲ့သည်။ သူသည် ဖားခွဲ ရမည် ကို ပျော်နေသည်။ သူသည်ဆေးတက္ကသိုလ်သွားချင်သူ မဟုတ်ပါလား၊ ချစ်ဝင်းကတော့ ဖားပြုတ်ရှာမရလို့ ဆိုပြီး ဖားခုံညင်းတစ်ကောင် ယူလာခဲ့သည်။ ဆရာက အခန်းအပြင်မှာ သွားလွှတ်ခိုင်းရလေသည်။ မိန်းကလေး တစ်ချို့သည် ဖားမဖမ်းရဲသောကြောင့် တစ်ကောင်မျှယူမလာကြ ချေ။ ချစ်ကိုဝင်းက သူ့မှာပိုနေသော ဖားလေးကောင်ကို ပေးမည်။ မုန့်ဝယ်ကျွေးရမည်ဟု ဆိုသည်။နောက်ဆုံး ဖားလေးကောင်ကို မုန့်ဟင်းခါးတစ်ခွက်နှင့် ဈေးတည့်သွားကြသည်။

 

ဒီကြားထဲ ပြဿနာတစ်ခု တက်လာသေးသည်။ ဖားခွဲရာ တွင် အရေးအပါဆုံးဖြစ်သော မေ့ဆေးပုလင်း ကျကွဲသွားခြင်းဖြစ်သည်။ အစကတည်းကမှ နည်းနည်းသာရှိသော မေ့ဆေးများ သံမံ တလင်းထဲသို့ စိမ့်ဝင်ကုန်သည်။

 

“ကဲ .. မောင်သိန်းဝင်း၊ ဆရာ့အိမ်ကို ပြေးစမ်းပါဦး ကွာ၊ ဆရာ့မိန်းမကို ပြော၊ စားပွဲပေါ်က ကလိုရိုဒေါင်းလို့ ရေးထား တဲ့ပုလင်း ပေးလိုက်ပါလို့”

“ဟုတ်ကဲ့ ဆရာ”

 

သန်းဝင်းသည် အပြေးကလေးထွက်သွားလေသည်။ ဆရာ့အိမ်သည် ကျောင်းနှင့်သိပ်မဝေးသော ရပ်ကွက်ထဲမှာ ဖြစ် သည်။ ခပ်သုတ်သုတ်သွားလျှင် အသွားအပြန် ဆယ်မိနစ်အလွန် ဆုံး။ ထို့ထက်ပို၍ မပြောနိုင်။ သို့ရာတွင် ဆယ့်ငါးမိနစ်ကြာသည့် တိုင် သိန်းဝင်းပြန်မရောက်သေးပါ။

 

“ဒီကောင် ဆရာ့အိမ်သွားရင်း ကွမ်းယာဆိုင်ကကောင် မလေးကို ဝင်ရှိတ်နေတာဖြစ်ရမယ်”

“လမ်းမှာ ကားတိုက်ပြီး သေသွားတာလည်းဖြစ်နိုင်တယ်”

“မဟုတ်မှလွဲရော၊ ဒီကောင် ဆရာ့အိမ်ရှာမတွေ့ ဘူးနဲ့

တူတယ်”

“ဒါနဲ့ သူကဆရာ့အိမ်ကို သိတယ်ဆိုကွ”

“ဟာ၊ ဒီသိမ်ချောင်းသားက အူတူတူနဲ့ပါကွာ”

သို့နှင့် လှမြင့်သည် သိန်းဝင်းနောက်သို့ လိုက်ရလေသည်။ ဆယ်မိနစ်နီးပါး ကြာသောအခါ လှမြင့်နှင့်သိန်းဝင်းတို့ ပြန်ရောက် လာသည်။ လှမြင့်ကပြောသည်။

“ဆရာ၊ ဒီကောင် ဆရာ့အိမ်ကို ရှာမတွေ့လို့ အူလည်လည်ဖြစ်နေတာ"

“ဟ၊ ဒါနဲ့ ဆရာ့အိမ်ကို ကျွန်တော်သိပါတယ် ဆိုကွ မောင်သိန်းဝင်းရ”

“ကျွန်တော် သေသေချာချာ မှတ်ထားတာပဲဆရာ”

“မင်းက ဘယ်လိုမှတ်ထားတာလဲ"

“အရင်တစ်ခါက ဆရာ့အိမ်ကို ကျွန်တော်လိုက်လာတုန်း က ဆရာ့အိမ်ရှေ့မှာ လုံချည်တွေ လှန်းထားတယ်လေ။ အဲဒီလုံချည်တွေကို ကျွန်တော် သေသေချာချာမှတ်ထားတာ။ ခုတစ်ခါ သွားတော့ လုံချည်လှန်းထားတဲ့အိမ်ကို ရှာမတွေ့တော့ဘူး”

“သေလိုက်ပါတော့ကွာ”

ဝိုင်းရယ်ကြလေသည်။ သိန်းဝင်းက မကျေနပ်။

“မဟုတ်ပါဘူးဆရာ၊ ကျွန်တော် သေသေချာချာမှတ်ထား တာပါ။ လုံချည်သုံးထည် တစ်ထည်က အပြာကွက်၊ တစ်ထည်က"

“တော်ပါတော့ကွာ၊ တော်ပါတော့။ မင်းကလည်း အ လိုက်တာဟိုကောင်တွေပြောလည်း ပြောစရာပဲ”

ဖားကလေးများသည် လူတို့ စမ်းသပ်ဖို့အတွက် အသက် အသေခံရန် အသင့်ဖြစ်နေကြပြီ။ ခွဲစိတ်ကိရိယာ မလုံလောက်။ ရှိတာက သုံးစုံတည်းပါ။ ကျောင်းသားကျောင်းသူက ငါးဆယ့်ကိုးယောက်။ ထို့ကြောင့် ခြောက်ယောက်လျှင် တစ်ဖွဲ့ကျခွဲကြရမည်။ အုပ်စုခေါင်းဆောင်က ဦးဆောင်၍ ခွဲမည်၊ ဆရာက အုပ်စုခေါင်း ဆောင်တွေကို ရှေးဦးစွာခေါ်၍ ခွဲစိတ်နည်းကို ပြသည်။

 

ကဲ.. စ၍ ခွဲကြတော့မည်။ မေ့ဆေးပေးရာတွင်လည်း ပြဿနာတစ်ခု။ ဖားတွေက ငြိမ်ငြိမ်မနေကြ။ လက်ထဲကနေ ခုန်ခုန် ထွက်ကြသည်။ စားပွဲပေါ်တွင် ဟိုပြေးသည်ပြေး၊ ဟိုခုန်၊ သည်ခုန်။ မိန်းကလေးတွေဘက်ရောက်သွားလျှင် လန့်အော်ကြသည်၊ တင်မြ ဝင့်၏ စူးရှသောအော်သံသည် တစ်ခန်းလုံးညံနေသည်။ ဖားတွေ က လျှောက်ခုန်၊ ကျောင်းသားတွေက လိုက်ဖမ်း၊ တစ်ခန်းလုံး ရုန်းရင်းဆန်ခတ်။ ပျော်စရာ။

 

စောစောအောင်တို့အုပ်စု၏ ခေါင်းဆောင်သည် လှဝင်းဦး ဖြစ်သည်။ သူသည် ဂျူဒိုသမားဖြစ်သော်လည်း ဖားကိုကြောက် သည်။ လူတစ်ယောက်ကို ထုံးကနဲကိုင်ပေါက်နိုင်သော်လည်း စားပွဲ ပေါ်မှာလျှောက်ပြေးနေသော ဖားကိုတော့ မဖမ်းရဲချေ။ စောစော

အောင်သည် သူ့ရှေ့ရောက်လာသော ဖားကို ဇက်ကနဲဖမ်းလိုက် သည်။ ပြီးတော့ ကလိုရို ဖောင်းဆွတ်ထားသော ဂွမ်းစကို ဖား၏နှာဝမှာ တေ့ထားလိုက်သည်။ စက္ကန့်အနည်းငယ်ကြာသော အခါ ဖားကလေးသည်အပြာရောင်လောကကြီးကို မျက်ကွယ်ပြု၍ မေ့မြောသွားလေတော့သည်။

 

ကျော်စွာသည် မေ့မြောနေသော ဖားကလေးကို ခွဲစိတ် လင်ပန်းပေါ်တွင် ပက်လက်လှန်၍ တင်လိုက်သည်။ ခြေလက်လေး ဘက်တို့ကို ပင်အပ်ဖြင့် စိုက်ထားလိုက်သည်။ ဒီဖားကလေးဟာ မကြာခင် သေတော့မှာပါကလားဟု သနားမိပြန်သည်။ သို့ရာတွင် မတတ်နိုင်ပြီ။

ဖား၏ဝမ်းဗိုက်ရှိအရေပြားကို ညှပ်ဖြင့်ဆွဲလိုက်သည်။

ကပ်ကျေးဖြင့် ညှပ်ရသည်။ အတွင်းက အမြှေးပါးကလေးကျန် အောင် သတိထား၍ ခွဲရသည်။

ဝမ်းဗိုက်တွင်းက ကလီဇာတွေကို အကုန်မြင်ရသည်။ နှလုံး ကလေးသည် တလှုပ်လှုပ်။

 

ဪ ... ဖားမှာလည်း နှလုံးသားနဲ့ ပါကလား။ အဆုတ်သည် ပိန်ချည်ဖောင်းချည်ဖြစ်နေသည်။ အို ... ဒီအဆုတ်က ဆက်ပြီး အလုပ်လုပ်နေတော့ ဒီဖားက ပြန်ရှင်လာဦးမှာတဲ့လား၊ အဆုတ်ကလေးက လှုပ်နေတာကိုတ စိတ်မချမ်းသာစရာပါ။ ဒီအဆုတ်ကို ထိုးဖောက်လိုက်မှ အလုပ် ဆက်လုပ်လို့ဖြစ်မှာပဲ။ သို့ရာတွင် ကျော်စွာသည် အဆုတ်ကို ဖောက်ပြစ်ရန် ဝန်လေးနေပြန်သည်။ ဖားကလေးတစ်ကောင်ခွဲ တာတောင် ဒါလောက်မေတ္တာဂရုဏာထားနေလျှင် ဆရာဝန် တစ်ယောက်ဖြစ်မလာနိုင်ဟု သူ့ကိုယ်သူ ဆုံးဖြတ်လိုက်သည်။

 

“ဟာ .. ဥတွေပေါ့၊ ဥတွေ၊ ဖားက အမကြီးဟ”

ချစ်ကိုဝင်း၏ စူးစူးရှရှအော်သံကို ကြားရသည်။ ဖားခွဲ တာကို စိတ်ဝင်စားစွာ ကြည့်နေသူများ လန့်ကုန်ကြသည်။ အေး မြင့်သောင်းကတော့ သူ့အလုပ်ကိုသာ စိတ်ဝင်စားနေသည်။ သူ သည် ဖားတစ်ကောင်ကို ခွဲစိတ်ကိရိယာမပါဘဲ ဘလိတ်ဓါးဖြင့် ၌ ခွဲနေသည်။

 

ဒီနေ့ သူတို့လေ့လာရမည်မှာ ဖားပြုတ်၏ အစာလမ်း ကြောင်းဖြစ်သည်။ အစာလမ်းကြောင်းကို ရှာရသည်။ ပုံဆွဲရသည်။ ပြီးတော့ပုံနှိပ်စာအုပ်ထဲကပုံနှင့် တူမတူ ပြန်ကြည့်ရသည်။ တူသည့် သူတွေလည်းရှိသည်။ နည်းနည်းကွဲပြားသည့် လူတွေလည်းရှိသည်။ အများကြီးကွဲပြားသည့် လူတွေလည်း ရှိသည်။ မည်သို့ပင်ဖြစ်ပါ ၈၊ ဒီနေ့ဖားခွဲသည့် အစီအစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ ပိုနေသော ဖားများကို ပြန်လွှတ်လိုက်ကြသည်။ သေနေ့မစေ့သေးသော ဖားများသည် ခုန်ဆွခုန်ဆွလုပ်၍ မြက်

တောထဲသို့ ဝင်ပြေးသွားကြလေသည်။

 

သို့ရာတွင် ကံဆိုးသောဖားကလေးတစ်ကောင် ရှိပါသေး သည်။ သူသည် တစ်နေရာတွင် ပိတ်မိနေသည်။ တင်မြဝင့်၏ မုန့်ဗူးထဲမှာ။ တင်မြဝင့်သည် ကျောင်းသို့ မုန့်ဗူးယူလာလေ့ရှိသည်။

ကျောင်းမှာရောင်းသော မုန့်များသည် ကျန်းမာရေးနှင့်မညီညွတ် ဆိုပြီး သူမစားချေ။

ပူနှိပ်ခေါ် အေးမြင့်သည် လက်တွေ့ခန်းတွင် ဖားခွဲနေကြချိန် အသာလစ်ထွက်ခဲ့သည်။ အတန်းထဲသို့ ပြန်လာ ပြီး တင်မြဝင့်၏မုန့်ဗူးထဲမှ ပေါင်မုန့်ထောပတ်သုတ်များကို စားပစ်သည်။ ထို့နောက် မုန့်ဗူးထဲတွင် ဖားအရှင်တစ်ကောင်ကို ထည့်ထား

မုန့်စားဆင်းချိန်ရောက်သောအခါ တင်မြဝင့်သည် မုန့် ဗူးကို ဖွင့်ပြီးသူ့ဘေးက မဝင်းစွိကို စကားပြောနေလက်စဖြစ်သော

ကြောင့် မုန့်ဗူးထဲသို့ မကြည့်တော့ဘဲ လက်ဖြင့်နှိုက်လိုက်သည်။ ဖား ကိုကိုင်မိသောအခါ ငယ်သံပါအောင် အော်တော့သည်။ ပူနှိပ်သည် ဣန္ဒြေမဆည်နိုင်တော့ဘဲ တအားရယ်သည်။ တင်မြင့်နှင့်ပူနှိပ်တို့ ရန်ဖြစ်ကြပြန်သည်။

 

“တော်ပြီ၊ ယူနဲ့ဖက်ပြီး စကားမပြောချင်တော့ဘူး”

“ငါကလဲ နင်နဲ့ဖက်ပြီး စကားမပြောချင်ပါဘူး၊ နှင့်ကိုယ် က နံလွန်းလို့”

“ဘာပြောတယ်”

“ဘာပြောရမလဲ၊ နင်နဲ့ဖက်ပြီး စကားမပြောချင်ပါဘူးလို့ ခပ်ဝေးဝေးကပဲ ပြောမယ်”

တင်မြဝင့်က ဆရာမနှင့်သွားတိုင်သည်။ ဆရာမက ပူနှိပ် ကို ခေါ်မေးသည်၊ ပူနှိပ်က သူမလုပ်ပါဘူးဟု ဘူးကွယ်သည်။ ပြဿနာသည် တရားခံမပေါ်ဘဲ ပြီးသွားလေသည်။ တင်မြဝင့်က မကျေနပ်။ ပူနိပ်ကတော့ တင်မြဝင့်ကို မကြားတကြား စသည်။

“ဖားပြုတ်ထောပတ်သုတ် စားလို့ကောင်းရဲ့လား”

 

***

ကျော်စွာတို့အတန်းတွင် ကျောင်း၏ စာပေဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့အတွက် အမှုဆောင်တွေ ရွေးသည်။ ဆရာမဒေါ်ခင်မေမြ သည် ဥက္ကဋ္ဌဖြစ်သည်၊ ဆရာမက သူ၏ စိတ်ကြိုက်လူများကို ရွေး ၍ အမှုဆောင်အဖွဲ့ ဖွဲ့ရန်ဖြစ်သည်။ ဆရာမသည် အတွင်းရေးမှူး နေရာကို ကျော်စွာ အား ရွေးချင်သည်။ သူ့မှာ သူကြိုက်နှစ်သက်သူကို တိုက်ရိုက်ရွေးပိုင်ခွင့်ရှိသော်လည်း အတန်းသူ အတန်းသား များ၏ ဆန္ဒကို သိချင်သေးသည်။

 

“ဆရာမတို့ ကျောင်းရဲ့ စာပေဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ အမှု မဆောင်တွေကို ရွေးဖို့ရှိတယ်။ ရွေးတဲ့နေရာမှာလည်း စာပေကို ပါသနာပါတဲ့လူ၊ တကယ်လည်း ရေးလက်စရှိတဲ့လူ၊ တကယ်အလုပ် လုပ်နိုင်မယ့် လူပဲ ဖြစ်စေချင်တယ်၊ ကဲ .. ဒီတော့ ဒုဥက္ကဋ္ဌ နရာ ရွေးကြရအောင်”

 

ရဲမြင့်ကို ဒုဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ရွေးလိုက်သည်၊ ဒီအထိပြဿနာမပေါ်သေး။ စည်းရုံးရေးမှူးအဖြစ်

တင်မောင်ဆွေနှင့် မခင်နွဲ့ကို ရွေးလိုက်ခြင်းတွင်လည်း ပြဿနာမရှိ။ အတွင်းရေးမှူးနေရာတွင် မှ ပြဿနာပေါ်ခဲ့ရသည်။

“အတွင်းရေးမှူးနေရာ”

မည်သူမျှ ဆန္ဒမပြုကြ။ ဆရာမပဲ ရွေးလိုက်ပါဆိုသော တီးတိုးသံအချို့ထွက်လာသည်။

“မင်းတို့မရွေးဘူးဆိုရင် ဆရာမပဲ ရွေးပေးရမလား”

“ဆရာမ အနေနဲ့တော့ မောင်ကျော်စွာကို ရွေးချင်တယ်။ သဘောတူလား”

“တူပါတယ်”

“ကန့်ကွက်ချင်တဲ့ လူရှိသေးလား”

မည်သူမျှ တုတ်တုတ်မလှုပ်ကြချေ။

“ကန့်ကွက်မယ့်လူ ရှိသေးလား”

သန်းနိုင်သည် မတ်တတ်ထရပ်လိုက်သည်။ ကျောင်းသား ကျောင်းသူအားလုံးလိုလို သူ့ကိုကြည့်နေကြသည်။

“ကျွန်တော် ကန့်ကွက်တယ်”

တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။ ကန့်ကွက်မှု ကို မကျေနပ်သည့် အသံများသာ။ ဆရာမက သိန်းနိုင်ကို မေး သည်။

“မောင်သိန်းနိုင်က ဘာဖြစ်လို့ ကန့်ကွက်တာလဲကွယ်"

"ဆရာမက အရွေးခံရတဲ့လူဟာ ကိုယ်တိုင် ရေးလက်စရှိ သူ ဖြစ်ရမယ်လို့ ပြောတယ်မဟုတ်လား။ ကျော်စွာစာရေးသလား၊ မရေးဘူးလားဆိုတာ ကျွန်တော်မသိဘူး”

“မနှစ်က နံရံကပ်စာစောင်မှာ မောင်ကျော်စွာရဲ့ ကဗျာ နဲ့ဆောင်းပါးတွေပါသားပဲ”

“ကျွန်တော် မဖတ်လိုက်ရဘူး”

“မောင်သိန်းနိုင်က မောင်ကျော်စွာကို သဘောမကျဘူး ဆိုရင် ဘယ်သူ့ကို တင်ချင်သလဲ”

“ကျွန်တော့်ကိုယ် ကျွန်တော်တင်ချင်တယ်”

“ဝါး .. ဟား .. ဟား ..

ရယ်သံတွေ ထွက်လာသည်။ လှောင်ရယ်ရယ်သံကပို၍ များသည်။ ဆရာမက ဝင်၍ တားရသည်။

“မရယ်ကြပါနဲ့ကွယ်။ စည်းကမ်းအရဆိုရင် ကိုယ့်ကိုယ်ကို တင်ပိုင်ခွင့်ရှိပါတယ်”

“စာလုံးပေါင်းတောင် မှန်အောင်မရေးနိုင်တဲ့ လမ်းသရဲ ကများ စာပေအသင်း အတွင်းရေးမှူး လုပ်ချင်သေးတယ်။ ငါတော့ ဒီနေရာဟာ ကျော်စွာနဲ့အလိုက်ဆုံးလို့ ထင်တာပဲ"

စုစုက စောစောအောင်ကို တိုးတိုးကလေးပြောသည်။ စောစောအောင်က စုစု စကားသည် အနှောင့် အသွားမလွတ်

ကြောင်း သိနေည်။ မကြားချင်ယောင်ဆောင်နေလိုက်သည်။ ဆရာမက စကားဆက်ပြန်သည်။ ပြီး

“ကဲ ... မောင်သိန်းနိုင်ကလဲ အမှုဆောင်အဖွဲ့ထဲ ပါချင်တယ်ဆိုတော့ အတွင်းရေးမှူးနေရာမှာ နှစ်ယောက်ဖြစ်နေတယ်”

ကျော်စွာမတ်တတ်ရပ်လိုက်သည်။ ပြီး

“ဆရာမ၊ သိန်းနိုင်ကိုပဲ အတွင်းရေးမှူး တင်လိုက်ပါ။ ကျွန်တော် ဖယ်ပေးပါ့မယ်”

“ဘယ်ဖြစ်မလဲ”

ယောက်ျားလေးအုပ်စုမှ အသံထွက်လာသည်။ ဆရာမက • • •

“ကဲ၊ ဒီလိုလုပ်ပါ၊ မဲစနစ်နဲ့ ရွေးကြရအောင်၊ ဗြောင်မဲစနစ်ပေါ့၊ ဟုတ်လား။ ကျော်စွာကို တင်ချင်တဲ့လူ မတ်တတ်ရပ်ပါ”

သိန်းနိုင်တို့အုပ်စုမှလွဲ၍ အားလုံး မတ်တတ်ရပ်ကြသည်။ အားလုံးငါးဆယ့်တစ်ယောက်

“မောင်သိန်းနိုင်ကို တင်ချင်တဲ့လူ”

သိန်းနိုင်တို့ အုပ်စု မတ်တတ်ရပ်ပါသည်။ ငါးယောက်၊ သိန်းနိုင်၏ မျက်နှာသည် နီရဲနေသည်။ သူသည် ခေါင်းငုံ့ထားသည်။

“ကဲ၊ မဲအရေအတွက်အရ မောင်ကျော်စွာက များတယ်၊ ဒါကြောင့် မောင်ကျော်စွာကိုပဲ အတွင်းရေးမှူးအဖြစ် ရွေးပါတယ် ၊

လက်ခုပ်သံများသည် တစ်တန်းလုံးဆူညံသွားသည်။ လှဝင်းဦးသည် ကျော်စွာကို တိုးတိုးပြောသည်။

“ဟေ့ကောင် မင်းကို စောစောအောင်က ထောက်ခံတယ် ကွ”

ထို့နောက် တွဲဖက်အတွင်းရေးမှူးနေရာ ရွေးသည်။ ချစ်ကိုဝင်းရရှိ သွားလေသည်။ မနှစ်က နံရံကပ်စာစောင်တွင် သူ၏ ဟာသကဗျာများသည် လူကြိုက်များသည် မဟုတ်ပါလား။

ကျောင်းဆင်းချိန်သို့ရောက်လာခဲ့သည်။ ကျော်စွာတို့အုပ်စုသည် မပြန်ကြသေးဘဲ ကျောင်းရှေ့ကွပ်လပ်ထဲက ကုက္ကိုပင်

အောက်မှာ ထိုင်နေကြသည်။ နေ့လယ်က အတွင်းရေးမှူးရွေးရှိ အကြောင်းကို ပြန်ပြောနေကြသည်။ အေးမြင့်သောင်းက

“အလကားပါကွာ၊ သိန်းနိုင်ဆိုတဲ့ကောင်က သက်သက်ပါ။ ရှုပ်တာပါ။ တခြားလူကို တင်မယ်ဆိုရင် ဒီကောင်ဘာမှ ပြောမှာ မဟုတ်ဘူး၊ မင်းကိုတင်မယ်ဆိုလို့ ဝင်ရှုပ်တာ”

“ဝင်ရှုပ်တော့ အရှက်ကွဲတာပေါ့ကွ၊ ဒီကောင့် ထောက်ခံမယ့်လူက သူ့အုပ်စုက ငါးယောက်တည်းရှိတာ မဟုတ်လား"

“အေးကွာ၊ ဒီကောင့် မျက်နှာကိုနီရဲနေတာပဲ။ ဒီတစ်ခါ တော့ ကောင်းကောင်းမှတ်မိသွားပြီ”

ဇော်ခင်မော်တို့က ဝင်၍ ပြောကြသည်။ စောစောအောင် နှင့် စုစုတို့သူတို့နား ရောက်လာသည်။

“မပြန်သေးဘူးလား”

စောစောအောင်က ကျော်စွာကိုမေးသည်။ လှဝင်းဦးကဝင်ဖြေသည်။

“မပြန်သေးဘူးဟ၊ တို့မှာ ထီးပါမလာလို့”

စောစောအောင်သည် ဘာမှမပြောတော့ဘဲ ထွက်သွား သည်။ ကျော်စွာက လှဝင်းဦးကို အပြစ်တင်သည်။

“မင်းကလည်းကွာ သိပ်မနောက်ပါနဲ့”

“ခဏခဏ နောက်ပေးမှ မင်းကိုသူက အမြဲတမ်းသတိရ နေမှာ ပေါ့ကွ”

“တော်စမ်းပါကွာ၊ သူသတိရနေတော့ ငါက ဘာလုပ်ရမှာ

“အောင်မာ မင်းကလေ တကယ် မင်္ဂလာယူတဲ့ကောင်။ မင်းအတွင်းစိတ်ကို ငါမသိဘူးများ မှတ်နေသလား”

“ငါ့အတွင်းစိတ်က ဘာဖြစ်နေလို့လဲ”

“ခုအချိန်မှာ မင်းရဲ့ အတွင်းစိတ်က”

“ဘာဖြစ်သလဲ”

“သြော်၊ မင်း ထမင်းဆာနေပြီ မဟုတ်လားလို့ ပြော

မလို့ပါ"

“ဟေ့ကောင်တွေ ဟိုမှာ ကုဋေတစ်သန်းလာနေပြီ"

ချစ်ကိုဝင်းက ဝင်ပြောသည်။ အမှန်ပါ။ တင်မြဝင့်သည် ခြေတစ်လှမ်းကို ကုဋေတစ်သန်းတန်အောင် လျှောက်၍ လာနေ ပါသည်။ သူသည် ကျော်စွာတို့ရှေ့မှ ဖြတ်လျှောက်သွားသည်။ ချစ်ကိုဝင်းက

“အေးကွာ၊ ဒီလမ်းတွေချိုင့်နေတာ ဘာကြောင့်လဲလို့ စဉ်း စားနေတာကြာပြီ။ ခုပဲ အဖြေပေါ်တော့တယ်”

တင်မြဝင့်သည်ချစ်ကိုဝင်းကို မျက်စောင်းထိုးသည်။ ခြေတို ဆောင့်၍ လမ်းလျှောက်သည်။

“ဟ .. ငလျင်လှုပ်တယ်ဟ၊ ငလျင်လှုပ်တယ်”

တင်မြဝင့်သည်သူ့အိမ်ကကားအတွင်းသို့ ဝင်လိုက်သည်။ တံခါးကို ဂျိုင်းကနဲမြည်အောင် ဆောင့်ပိတ်သည်။ ကားမောင်းသူသည် စက်နှိုးလိုက်သည်။ မရချေ။ နောက်တစ်ခါနှိုးသည်။ မရ

ချေ၊ နောက်တစ်ကြိမ်။ နောက်တစ်ကြိမ်။ မရပြန်ချေ။ ကားမောင်းသူအောက်ဆင်းသည်။ စက်ဖုံးဖွင့်သည်။ ဘက်ထရီအိုးက ဓာတ်ကြိုး တွေကို ပြုပြင်သည်။ စက်ပြန်နှိုးသည်။ မရပါ။ တင်မြဝင့်သည် ကားမောင်းသူကို ကြိမ်းနေသည်။ ကျော်စွာတို့သည် တင်မြဝင့် တို့ကားနားသို့ လျှောက်သွားကြသည်။

“ဘာကူညီရမလဲ”

“မလိုပါဘူး”

တင်မြဝင့်ကဖြေသည်။ ကားမောင်းသူက

“ငါ့တူတို့ နည်းနည်းတွန်းပေးရင်တော့"

“ဟာ .. ရပါတယ်”

သူတို့ ကားကိုတွန်းရန် ဟန်ပြင်သည်။ တင်မြဝင့်က ကားပေါ်မှ ဆင်းချေ။ ကျော်စွာက သွားပြောသည်။

“ဟေ့ .. တင်မြဝင့် တို့က ကူညီပြီး တွန်းပေးနေတာ၊ နင်ကကားပေါ်ကတောင် မဆင်းဘူး၊ နင်မတွန်းချင်လည်း နေပေါ့၊ ဒါပေမယ့် ကားပေါ်ကတော့ ဆင်းပေးမှပေါ့"

“တို့က ကားကိုပဲ တွန်းချင်တာ၊ နင့်ကို တွန်းချင်တာမ

ဟုတ်ဘူး”

“ကားပေါ်မှာနေချင်လည်း ကားပေါ်ကနေ တွန်းပေါ့"

လှဝင်းဦးတို့က ဝင်၍ လောင်သည်။ တင်မြဝင့် မနေသာသောကြောင့် ဆင်းလိုက်ရသည်။ သူတို့ ကားကိုတွန်းသည်။ တင်မြ ဝင့် ကတော့ မတွန်းချေ။ ချစ်ကိုဝင်းသည် ဇော်ခင်မော်ကို မျက်စိ မှိတ်ပြလိုက်သည်။ ။

“ကားကလေးက စုတ်လိုက်တာ ပြောစရာမရှိဘူး”

“ညအခါ လသာသာ ကိုယ်တော်သုံးတယ် လေပုန်းကမြူး၊ ဟာ ဘာဆိုင်လို့လဲ”

ကားစက်နှိုးသွားလေသည်။ တင်မြဝင့်၏ မျက်နှာသည် ပြုံးလာသည်။ သူသည် ပိုက်ဆံအိတ်ဖွင့်၍ ငါးကျပ်တန်တစ်ရွက် ထုတ်လိုက်သည်။ ကျော်စွာကို ပေးသည်။

“ရော့ .. နင်တို့ လက်ဖက်ရည်သောက်ဖို့”

“ဘာပြောတယ်”

ကျော်စွာအသံသည် နည်းနည်းမာသွားသည်။ တင်မြဝင့် လန့်သွားသည်။

“ဟို၊ ဟို .. မဟုတ်ပါဘူး၊ နင်တို့က ငါကို ကူညီလို့”

“မလိုပါဘူး”

“နင်တို့ မောနေကြပြီ မဟုတ်လား”

“ဒီမှာ .. တင်မြ၊ တို့က အတန်းသူ အတန်းသားချင်းမို့လို့ ကူညီတာ။ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး၊ တို့ကို ပိုက်ဆံပေးပြီး ခိုင်းလို့ မရဘူး။ သိရဲ့လား”

ကျော်စွာ ခပ်တည်တည် ပြောလိုက်သည်။ တင်မြဝင့် မျက်နှာငယ်သွားသည်။

“စိတ်မဆိုးပါနဲ့ဟယ်၊ ငါက ပိုက်ဆံပေးပြီး ခိုင်းတဲ့သဘော မဟုတ်ပါဘူး၊ နင်တို့ကို မုန့်ဝယ်ကျွေးတဲ့သဘောပါ။ ငါတောင်း ပန်ပါတယ်"

“ကိစ္စမရှိပါဘူး”

“ကျေးဇူးတင်ပါတယ်ဟာ၊ ငါသွားမယ်နော်”

တင်မြဝင့်က ထွက်သွားသည်။ ချစ်ကိုဝင်းက ကျော်စွာ ကို ပြောသည်။

“မင်းကလည်းကွာ၊ သူပေးတဲ့ပိုက်ဆံ ယူထားလိုက် ပြီးရော”

“ဘာလုပ်ဖို့လဲ”

“လက်ဖက်ရည်သောက်ရတာပေါ့ကွ”

“မလိုပါဘူးကွာ”

“တင်မြဝင့်ဖို့ ပိုက်ဆံငါးကျပ်ဟာ ဘာမှ တန်ဖိုးမရှိပါဘူး ကွာ”

“အေး .. မှန်တယ်၊ ဒါပေမယ့် တို့ တစ်တွေ ဟာ ဘာကောင် တွေလဲဆိုတာ သူ သိသွားစေချင်လို့ ငါမယူလိုက်တာ၊ တို့တစ်တွေဟာ ဆင်းရဲပေမယ့် သူများကို ကူညီတတ်တယ်၊ တို့

ကောင်တွေကို ပိုက်ဆံပေးပြီးခိုင်းလို့ မရဘူးဆိုတာကို ပြလိုက်တာ ပဲကွ”

 

အခန်း (၅)

 

အာတပ္ပနဗေဒင် လက္ခဏာဆရာ

ကျားကြီး ကျော်ဝင်း

ရှေ့ဖြစ် နောက်ဖြစ် အလယ်ဖြစ် ဟောသည်။

(မှတ်ချက်။ ။ မိန်းကလေးများကို အခမဲ့ဟောသည်။)

 

ချစ်ကိုဝင်းသည် ကျော်ဝင်း၏ထီးတွင် မြေဖြူဖြင့် အထက် ပါစာကိုရေးသည်။ ပြီးတော့ ထီးကိုပြန်ပိတ်ထားသည်။ ကျော်ဝင်း ကတော့ မသိချေ။ သူသည် ဗေဒင်ဟော၍ ကောင်းတုန်း၊ မိန်းကလေးတွေနှင့် တရုန်းရုန်း။ ကျော်ဝင်းသည် မဟာဘုတ်တိုင်ထူတတ်သည်။ လက္ခဏာ နည်းနည်းပါးပါးတတ်သည်။ ချစ်ကိုဝင်းက မိန်း ကလေးများကို အခမဲ့ဟောသည်ဟု ရေးထားသော်လည်း အမှန် မှာ ထိုသို့မဟုတ်ချေ။

 

မိန်းကလေးများဆိုလျှင် မုန့်ဝယ်ကျွေးမှ ဟော တတ်သည်။ ယောက်ျားကလေးများဆိုလျှင်တော့ အခမဲ့ဟောပေး တတ်ပါသည်။ သူဟောတာ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ပျော်ကြသည်တော့ အမှန်ပါ။ သူ့အမည် ကျော်ဝင်းကနေ ကျားကြီး ကျော်ဝင်းဟူ၍ အဘယ်ကြောင့်ဖြစ်လာမှန်း မည်သူမှ မသိကြချေ။

 

ကျားကြီးကျော်ဝင်းသည် စောစောအောင်ကို ဗေဒင်ဟောပေးနေသည်။

“တစ်ကြွင်းတယ်ဆိုတော့ .. အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ၊ ဟာ.. နင်က သိုက်ဖွားပဲ၊ ပြီးတော့ .. အင်္ဂါသိုက်ရတယ် ဆိုတော့ အိမ်ထောင်ရေး ကောင်းတယ်၊ အိမ်ထောင်လည်း မြဲမယ်”

“ဟယ် .. ငါအဲဒါတွေ မသိချင်ပါဘူး၊ ပညာရေးပဲ သိချင်တယ်”

“ပညာရေးလဲ ကောင်းတာပဲ၊ ကြာသပတေး အဓိပတိ မဟုတ်လား”

“ဗေဒင်ဆရာ လာပါဦးဗျို့၊ ကျွန်တော်တို့ကိုလည်း ကြည့် ပေးပါဦး”

လှဝင်းဦးက လှမ်းအော်သည် ကျားကြီးကျော်ဝင်းသည် သူတို့ဆီကို လျှောက်လာခဲ့သည်။ မလာလို့လည်း မရ။ တစ်ခါခေါ် လို့ မလာလျှင် လောင်တော့မည်ကို သိသည်။ လှဝင်းဦးကို စ၍ ဟောသည်။

“ဗေဒင်မတွက်နဲ့ကွာ၊ လက္ခဏာကြည့်ပေး” "ဟာ .. မင်းကလည်း မဟာဘုတ်တိုင် ထူကြည့် ပါဦးကွ”

“ဘာလဲ .. မင်းကယောက်ျားလေးမို့လို့ လက္ခဏာ ကြည့်မပေးဘူးပေါ့။ အေးပေါ့ကွာ၊ ယောက်ျားလေးလက်ဆိုတော့ ကိုင်လို့ ဘယ်ကောင်းမလဲ”

“ဟေ့ကောင် မင်းအဲဒီလိုမပြောနဲ့။ ငါက မိန်းကလေးတွေ ကို လက္ခဏာကြည့်ရင် ဘယ်တော့မှ လက်မကိုင်ဘူး။ ငါကနေ့တိုင်း စိပ်ပုတီးစိပ်တဲ့ကောင်ကွ"

“ထားပါတော့ ... ထားပါတော့။ ကဲ .. ငါ့ကို လက္ခဏာ ကြည့်ပေးကွာ”

“အင်း .. ဒီလိုင်းကလေးက ဘာပါလိမ့်”

“ဆယ့်သုံးလိုင်းလေကွာ”

ဇော်ခင်မော်က ဝင်လောင်ပြန်သည်။

"လှဝင်းဦး၊ မင်းကို လူမျိုးခြား မ စမယ့်ကိန်းရှိတယ်”

“မှန်လိုက်လေ၊ ဆရာရယ်၊ မနက်ကပဲ စက္ကူဝယ်တဲ့ ကုလားလာလို့ စာအုပ်တွေ ပိဿာချိန်နဲ့ ရောင်းလိုက်သေးတယ်”

“တော်ပြီကွာ၊ မင်းသိပ်နောက်တဲ့ ကောင် လာ.. ကျော်စွာကို ဟောပေးမယ်”

ကျားကြီးကျော်ဝင်းသည် စက္ကူတစ်ရွက်ပေါ်တွင် အကွက် ချသည် ကျော်စွာ၏ မွေးသက္ကရာဇ်ကိုယူ၍ မဟာဘုတ်တိုင်ထူသည်။

“ဟာ၊ ကျော်စွာက သောကြာထွန်းတယ်၊ မိန်းမကောင်း ကောင်းရမယ်”

ဇော်ခင်မော်က ကျားကြီးကျော်ဝင်းကို မျက်စိမှိတ်ပြသည်။

“ဒါနဲ့နေပါဦးကွ၊ ကျားကြီး ကျော်စွာက ဘယ်လိုမိန်းမ မျိုးရမှာလဲ”

“စာတော်မယ်ကွာ၊ လှမယ်ကွာ၊ သိက္ခာရှိမယ်ကွာ။ အဲဒါမျိုး ရမယ်။ ဒါနဲ့ကျော်စွာက အင်္ဂါသားနော်”

“အေး .. ဟုတ်တယ်”

“အင်း ... အင်္ဂါသားဆိုတော့၊ မင်းလက်ပြစမ်း၊ ဟာ ဟုတ်ပြီ။ မင်းအင်္ဂါသမီးနဲ့ပဲရမယ်”

ကျားကြီးကျော်ဝင်းကလည်း အလိုက်သင့်ပြောပေးသည်။

ချစ်ကိုဝင်းသည် အကွက်ဝင်လာပြီကို သိသည်။

“အင်္ဂါသမီးဆိုတော့” “စ၊ ဆ၊ ဇ၊ ဈ၊ ည ပေါ့ကွ”

“အဲ.. အဲဒါဆိုရင် စိန်၊ စန်း၊ စု၊ စော ဟုတ်ပြီ .. ဟုတ် ပြီ ၊ စောစောအောင်လည်း အင်္ဂါသမီးပဲ မဟုတ်လား” -

“အစစ်ပေါ့ကွ၊ ခုနပဲ စောစောအောင်ကို ဗေဒင်ဟော ခဲ့သေးတာပဲ"

“တော်ကြစမ်းပါကွာ။ မင်းတို့ကလည်း သူ့ကိုငါနဲ့ပဲ စ နေကြတာပဲ။ ဟိုကကြားသွားလို့ စိတ်ဆိုးနေဦးမယ်"

“အံမယ်လေးကွာ၊ ဟိုက စိတ်ဆိုးမှာမဟုတ်ဘူး၊ မင်းဘယ် နေ့စကား စမလဲလို့ စောင့်နေတာ"

“ဟေ့ကောင် ကြီး၊ ငါ့ကိုလည်း ကြည့်ပေးစမ်းပါ၊ ငါနဲ့ ဗုဒ္ဓဟူးသမီးနဲ့ ယူလို့ဖြစ်ပါ့မလား”

ပူနှိပ်က ဝင်မေးပြန်သည်။

“ဘယ်သူလဲကွ၊ ဗုဒ္ဓဟူးသမီးက”

“မင်းတို့မသိပါဘူး”

“တင်မြဝင့်ကလဲ ဗုဒ္ဓဟူးမဖြစ်နိုင်ဘူး”

“ဟာ .. ဒီဟာမဟုတ်ပါဘူး”

"မင်းက ဘာနေ့သားလဲ”

"စနေ”

“ဟာ .. ကောင်းတာပေါ့ကွာ၊ စနေနဲ့ဗုဒ္ဓဟူး အရူးတောင် စိတ်ကျန်းမာရေးဆေးရုံရောက်တယ်ဆိုတာ”

“မင်းကလဲ၊ စနေနဲ့ ဗုဒ္ဓဟူး အရူးတောင် ကျောင်းဆောက် ရပါတယ်ကွာ”

 

မုန့်လွှတ်ထားသော ထိုအချိန်မှာပင် ဆယ်တန်း(F) အခန်းဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားရသည်။ ကျော်စွာ တို့အုပ်စု ပြေးထွက်သွားကြသည်။ ဆယ်တန်း (F)ထဲသို့ဝင်လိုက် သောအခါ ..

 

ကျောင်းသားတစ်ယောက်ကို အခြားကျောင်း သားနှစ်ယောက်ကချုပ်ကိုင်ထားသည်။ အချုပ်ခံထားရသူကို အခြား ကျောင်းသားတစ်ယောက်က လက်သီးနှင့်ထိုးမည့်ဟန်ပြင်သည်။ သူ့ကို ကျော်စွာက ပြေး၍ ဆွဲသည်။ သို့ရာတွင် နောက်ကျသွား လေပြီ။

 

"ခွပ်”

နောက်တစ်ချက် မထိုးနိုင်မီမှာပင် ကျော်စွာက လက်သီး နှင့်ထိုးသော ကျောင်းသားကို ဝင်ဖက်ထားလိုက်သည်။

 

“ဘယ်လိုဖြစ်ကြတာလဲ မောင်လွင်ရာ”

“ဒီကောင် သူခိုးကွ”

ကျော်စွာသည် သူခိုးဆိုသော အထိုးခံထားရသည့် ကျောင်းသားကို ကြည့်လိုက်သည်။ သူ့နှာခေါင်းမှ သွေးတွေယို ကျနေသည်။ သူ့မျက်လုံးများမှာ မျက်ရည်ဝဲလျက်။

“ငါတို့ လက်တွေ့ခန်းထဲ သွားနေလို့ အတန်းထဲမှာ ဘယ်သူမှ မရှိတုန်း ဒီကောင်ကဝင်ခိုးတာ။ ငါတို့လက်တွေ့ပြီးလို့ ပြန်လာရင်း လက်ပူးလက်ကြပ်မိတာပဲ။ တောက် .. ငါကွာ”

 

မောင်လွင်က ရုန်းကန်ပြန်သည်။ ကျော်စွာက အတင်း ဖက်ရင်းက ပြောလိုက်သည်။

“ကဲပါ မောင်လွင်ရာ တကယ်ခိုးတာဆိုရင်လည်း ဆရာကြီးက စီစဉ်ဆုံးမလိမ့်မှာပေါ့။ လာကြကွာ ဆရာကြီး ရုံးခန်း ကို သွားမယ်”

 

ခိုးရာလိုက် သွားခြင်း ဖြစ်လေသလားဟု ထင်စရာရှိသည်။ သံသယဖြစ်နိုင်လောက်သော အကြောင်းကလည်း ရှိနေပါသည်။

လွန်ခဲ့သော ငါးရက်ခန့်က ဖြစ်ပါသည်။ တင်မြဝင့်တို့အိမ် က ကားပျက်နေသောကြောင့် လမ်းလျှောက်၍ပြန်ရသည်။ တင်မြဝင့်တို့အိမ်သည် ကျောင်းနှင့်မဝေးလှပါ။ သို့ရာတွင် ကားဖြင့်လာ ကြို နေကျဖြစ်ပါသည်။ ဒီနေ့တော့ လမ်းလျှောက်၍သာ ပြန်ရပါမည်။ ပူနှိပ်သည် ဘယ်အချိန်က အကွက်ချောင်းနေသည်မသိ။ တင်မြဝင့်နောက်သို့ လိုက်သွားသည်။ ခင်မောင်လွင်ကို အဖော် အဖြစ် ခေါ်သွားသည်။ ဒီလိုနေရာမျိုးမှာ ခင်မောင်လွင် ကို ခေါ် သွားသင့် ကြောင်း သူသိသည်။ ခင်မောင်လွင်သည် ဒီကိစ္စ မျိုးမှာ ဆရာကြီး၊ တင်မြဝင့်ဘေးတွင် အဖော်တစ်ယောက် ရှိနေ ပါသည်။ မဝင်းစွိဖြစ်သည်။ ဒီတရုတ်တော့ ခေါက်ထားလိုက် ဟု ခင်မောင်လွင်က ဆိုသည်။ သူတို့သည် တင်မြဝင့်တို့နောက်က လိုက်သွားကြသည်။ လူရှင်းသောနေရာတွင် ခင်မောင်လွင်က အခါ၊

တော်ပေးလေသည်။

ပူနှိပ်သည် တင်မြဝင့်တို့အနားသို့ ကပ်သွားလေသည်။

“ဟေ့ , တင်မြ”

“ဘာလဲ”

“နင့်ကို ငါချစ်တယ်"

“ဘာပြောတယ်”

နိဒါန်းမပျိုးဘဲ ပြောလိုက်သော ပူနှိပ်စကားကြောင့် တင်မြင့်လန့်သွားသည်။

“နင် နားလေးနေသလား.. နင့်ကိုငါချစ်တယ်လို့ ပြောတာ”

“အောင်မာ ... ပူနိုပ်စုတ်ကများ၊ ပါးကျိုးသွားချင်လို့ လား"

ပူနှိပ်သည် ကုပ်ကုပ်က လေး ပြန်လှည့်လာခဲ့ရသည်၊ ခင်မောင်လွင်ကို ပြန်ပြောပြသည်။

"ဟေ့ ကောင် ပါးကျိုးသွားမယ်လို့ ပြောတယ်ကွ”

နောက်တစ်နေ့တွင် တင်မြဝင့်က ဆရာကြီးကိုတိုင်သည်။ ဆရာကြီးက ပူနှိပ်ကိုခေါ်မေးသည်။ ပူနှိပ်က နောက်တာပါဟု

ဖြေသည်။ ဆရာကြီးက နောက်ဆုံးအကြိမ်အဖြစ် သတိပေးသည်။ သူငယ်ချင်းတွေက မေးသောအခါ

“အလကားပါကွာ၊ ဒီကောင်မလေး မာနကြီးလွန်းလို့ သက်သက်လိုက်ပြီး လှောင်တာပါ”

ထိုအချိန်တုန်းက ပူနှိပ်ကတကယ်နောက်တာပဲ ထင်ခဲ့ ကြသည်။

ခုတော့ ဆရာမကိုယ်တိုင်ပင် သံသယဖြစ်ခဲ့ရပြီ။ တင်မြ ဝင့်၏ အမေကိုယ်တိုင်ပင် သူ့သမီး ဘယ်သူနှင့်လိုက်သွားမှန်း မသိရ၊ တချို့ကလည်းပူနှိပ်နှင့်တော့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင် ဟု ယူဆကြသည်။ တချို့ကလည်း ပူနှိပ်နှင့်ပင် ဖြစ်ရမည်ဟု ထင် ကြသည်။

“ဟ တင်မြဝင့်က ပူနိပ်ကို ကြိုက်ပါ့မလားကွ”

“အေးလေကွာ၊ ပူနှိပ်က ပေါတောတော ကြောင်တောင် တောင်နဲ့ ဥစ္စာ ဖြစ်နိုင်ပါ့မလား”

"ချစ်ခြင်းမေတ္တာဆိုတာ ပေါတာ၊ ကြောင်တာနဲ့မဆိုင်ပါ ဘူးကွ။ နှလုံးသားနဲ့ပဲဆိုင်တယ်”

“ဖြစ်နိုင်တာကတော့ ပူနိပ်ကို ဆရာကြီးကခေါ်ဆူတာကို တင်မြင့်က သနားပြီး လိုက်သွားတာဖြစ်နိုင်တယ်”

မည်သို့ပင်ဖြစ်စေ၊ ဆရာမကိုယ်တိုင်ကပင် ညနေကျောင်း ဆင်းလျှင် ပူနိပ်တို့အိမ်သို့ဝင်၍ စုံစမ်းရန် ကျော်စွာတို့ကို တာဝန် ပေးရလေတော့သည်။

ကျောင်းဆင်းသောအခါ ကျော်စွာတို့သည် ပူနှိပ်တို့အိမ် ဘက်သို့ သွားရလေသည်။

“မင်းတို့ ဘယ်လို သဘောရလဲ”

“မပြောနိုင်ဘူးကွ။ အချစ်ဆိုတာကလည်း ခက်သားပဲ”

“အေးကွ၊ ဒီကောင့်ကိုလည်း မတွေ့တာ သုံး လေးရက်ရှိ ပြီ။ ခါတိုင်းဆို ညနေကျရင် ဒီကောင့်ကို နွားနို့သွားယူတာ တွေ့ နေကျပဲကွ၊ တို့အိမ်ရှေ့က ဖြတ်ဖြတ်သွားတာပဲ”

“ငါတို့လည်း အမှတ်တမဲ့မို့ သတိမထားမိဘူး”

“တင်မြဝင့်တော့ ကံဆိုးမိုးမှောင်ကျပြီထင်တာပဲ။ ပုံနှိပ် က ငပေါကွ”

“မင်းတို့ကလည်း အရမ်းလျှောက်ပြောမနေစမ်းပါနဲ့၊ ငါ တော့ ဟုတ်မယ်မထင်ပါဘူး”

ပူနှိပ်တို့အိမ်ရောက်လာသည်၊ ချစ်တိုင်းက အော်ခေါ် သည်။

“ပူနှိပ်ရေ .. ဟေ့ကောင် ပူနိပ်"

ပူနှိပ်တို့အမေထွက်လာသည်။

“ဒေါ်ဒေါ် .. ပူနှိပ်.. ဟို ... အေးမြင့်ရှိလား”

“ရှိတော့ရှိတယ်ကွဲ့၊ နေမကောင်းလို့ အိပ်နေတယ်"

ကျော်စွာတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြ သည်။ ဘယ်လိုလဲ အဘွားကြီးညာနေတာဖြစ်ရမယ်။

“ကျွန်တော်တို့ အရေးကြီးလို့ပါ။ ဆရာမက မေးခိုင်းလို့”

“အထဲကိုဝင်ကြဦးလေကွယ်”

အဘွားကြီး အိမ်ပေါ်တက်သွားသည်။ မကြာမီကပင် ပူနှိပ်သည် စောင်ကြီးခြုံ၍ ဆင်းလာတော့သည်။

“ဟင် .. ပူနှိပ်”

“မင်းရှိသေးတယ်နော်"

“မရှိလို့ ငါက သေရမှာလားကွ”

“မဟုတ်သေးပါဘူးကွ၊ ဒီလိုဟေ့ .. ဒီလို ဖြစ်သမျှအကြောင်းကို ပူနှိပ်အား ပြောပြလိုက်ကြသည်။

“ဟင် .. ဒီလိုဆို ကျောင်းမှာ တင်မြဝင့်နဲ့ငါနဲ့ ခိုးပြေး ကြပြီဆိုပြီး သတင်းကြီးနေတာပေါ့”

“အေးပေါ့ကွာ"

“ဝမ်းသာလိုက်တာ"

“ဘာဝမ်းသာတာလဲ"

“ဪ .. ငါတကယ်မရပေမယ့် ခဏလောက်တော့ နာမည်ကြီးလိုက်ရတာပဲ မဟုတ်လား”

“အောင်မာ၊ တင်မြအမေကြီးက အေးမြင့်နဲ့တော့ မပေးစားဘူး၊ ခွေးကို အမြီးဖြတ်ပေးစားမယ်လို့ ပြောနေတယ်”

“ဪ .. ဒါကြောင့် လှဝင်းဦး အမြီးပြတ်နေတာကိုးကွ”

 

အခန်း (၆)

 

'သိပ္ပံဆောင်သစ် အုတ်မြစ်ချပွဲနှင့် ဆောက်လုပ်ရေး လုပ်အားပေးပွဲ”

ဝင်းမြင့်အေးနှင့် မြင့်အောင်သန်းတို့သည် အထက်ပါ ရေးထားသော ကျောက်သင်ပုန်းကို မ လာကြသည်။ လုပ်အား ပေးပွဲ ပြုလုပ်မည့် ကွက်လပ်တွင်လာ၍ ချထားသည်။ ထိုဆိုင်းဘုတ် ၏ လက်ရာရှင်ကား ချစ်နိုင်။

 

ချစ်နိုင်သည် ကျော်စွာတို့အတန်း ထဲတွင် လက်ရေး အလှဆုံး၊ ပန်းချီဆွဲ အကောင်းဆုံးဖြစ်သည်။ သူသည် မနက်မိုးလင်းစကပင် ရောက်နေခဲ့သည်။ ရောင်စုံမြေဖြူများနှင့် စိတ်ရှည်လက်ရှည်ရေးနေခဲ့ရာ ခြောက်နာရီထိုးမှပင် ပြီးတော့သည်။ လုပ်အားပေးပွဲသည် ခြောက်နာရီခွဲတွင် စမည် ဖြစ်သည်။

 

ဤလုပ်အားပေးပွဲသို့ ရှစ်တန်းမှ ဆယ်တန်းထိ ကျောင်းသား ကျောင်းသူများ လာကြမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မနေ့ကပင် ဆရာကြီး ဦးသူတော်က ကျောင်းခန်းမတွင် စကား မပြောခဲ့သည်။

 

“နက်ဖြန်မှာ ဆရာကြီးတို့ကျောင်းရဲ့ သိပ္ပံဆောင်သစ် စတင်ဆောက်လုပ်ပွဲ အတွက် မင်းတို့ လုပ်အားပေးကြရမယ်။

 

ဒါပေမယ့် မင်းတို့မလာမနေ လာရမယ်လို့တော့ အတင်းအကျပ် မပြောလိုပါဘူး၊ မင်းတို့ထဲက ဒူလာညောင်းကျဖြစ်နေတဲ့လူ၊ မီး ယပ်ပိန်မီးယပ်ခြောက် ဖြစ်နေတဲ့လူတွေက တော့ မလာ ဘဲ နေနိုင်ပါတယ်။ ဆရာကြီးခွင့်လွှတ်တယ်”

 

ဆရာကြီးသည် အတင်းအကျပ် လာစေခြင်းမျိုးလည်း မဖြစ်အောင်၊ မလာပဲလည်း မနေနိုင်အောင် ဟာသနှော၍ ပြော ခဲ့လေသည်။

 

ခြောက်နာရီခွဲပြီး ကျောင်းကောင်စီ အတွင်းရေးမှူး မင်းနိုင်ဦးသည် ပြည်ထောင်စုအလံကို လွှင့်ထူလိုက်သည်။

ကျောင်းဝင်း တစ်ခုလုံး အိုးစည် ဒိုးပတ်သံများ ဆူညံသွားသည်။ ဒိုးပတ်အဖွဲ့ ခေါင်းဆောင်သည် သင်းဌေးဖြစ်သည်။

 

ကျောင်းသားများသည် ဆရာကြီး၏ စကားကို သံယောင်လိုက်ရင်း နောက်ပြောင်နေကြ သည်။ ။

. "ထွန်းရွှေ မရောက်သေးပါလားကွ”

“ ဒီကောင် မီးယပ်ချမ်းထနေလို့ မလာတာထင်တယ်”

“ဟေ့ကောင်တွေ ရောက်လာပါပြီကွ၊ ဘယ်ကလာ မီး ယပ်ဖြစ်ရမှာလဲ၊ ယောက်ျားဒူလာကွ”

“ဘယ်သူလဲကွ၊ အဗ္ဗဒူလာ မဟုတ်ဘူးကွ၊ ယူနွတ်"

 

ရွေးချယ်ထားသော နေရာတွင် ဆရာကြီး ဦးသူတော်က ရှေးဦးစွာ အုတ်မြစ်ချလေသည်၊ လက်ခုပ်ဩဘာသံများသည် ကျောင်းနံရံကို ပဲ့တင်ထပ်သွားသည်။

 

သိပ္ပံဆောင်သစ်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ် ကြခြင်းဖြစ်သည်။ ဒီသိပ္ပံဆောင်ပြီးလျှင် ကျောင်းသူကျောင်းသား များအတွက် တော်တော်အဆင်ပြေသွားမည်ဖြစ်သည်။ လက်ရှိ သိပ္ပံခန်းသည် ကျပ်ကျပ်တည်းတည်း ရှိလှသည်။

 

စာသင်ခန်းတစ်ခန်း ကို နှစ်ခြမ်းကန့်၍ ပြုလုပ်ထားရခြင်းဖြစ်သည်။ ဓာတုဗေဒတစ် ခန်း၊ ရူပဗေဒတစ်ခန်း၊ ဇီဝဗေဒအတွက်ဆိုလျှင် အခန်းပင်မရှိပါ။ ယင်းအခန်းနှစ်ခန်းကို လှည့်၍အသုံးပြုနေရသည်၊ သိပ္ပံဆောင်ပြီး လျှင်တော့ တစ်ခန်းစီရကြမည်ဖြစ်သည်။

ဒီနေ့ လုပ်အားပေးရမည့် အစီအစဉ်မှ သိပ္ပံဆောင် ဆောက်လုပ်မည့် နေရာကိုရှင်းလင်းရန်နှင့် မြေကြီးကို ညှိရန်ဖြစ်သည်။ မြက်ပင်ခြုံပင်များကို ခုတ်ထွင်သူက ခုတ်ထွင်၊ မို့မောက်နေ

သော နေရာကို ဖြိုချသူက ဖြိုချ၊ ပြိုနေသည့် နေရာကို ဖို့သူက ဖို့၊ မြေကြီးသယ်သူကသယ်။ ဓားခုတ်သံ၊ ပေါက်တူးပေါက်သံ၊ အားပေးသံ၊ အော်ဟစ်နောက်ပြောင်သံ တွေဆူညံနေသည်။ ပျော် စရာ၊ အားတက်စရာ၊

 

“စိုးပါနဲ့ မေရယ် မိုးကြယ်မို့လား ဒီတောင်ကို မောင်ဖြိုပါမယ် မြင်းမိုရ်မို့လား”

“ဘေးကို၊ ဘေးကို”

“ဟေ့ကောင်တွေ၊ ပေါက်တူးပေါက်တာ၊ ဘယ်လိုပေါက် တာလဲကွ”

“ဘယ်လိုပေါက်ပေါက် မင်းအပူလား”

“မဟုတ်ပါဘူးကွ၊ မင်းတို့ပေါက်တာမှန်တယ် ဆက်ပေါက် လို့ပြောမလို့ပါကွ”

ချစ်ကိုဝင်းသည် ဟိုပြေးဒီပြေး ဩဇာလိုက်ပေးနေသည်။ ဆရာတစ်ဦးကခေါ်၍ အမှိုက်များ မီးပုံရှို့ခိုင်းထားလိုက်မှ ငြိမ်သွားသည်။

 

ကိုအောင်သည် မှတ်တမ်းတင်ဓါတ်ပုံများ တဖျပ်ဖျပ်ရိုက်နေသည်၊ လှဝင်းဦးတို့နားသို့ ကိုအောင်ရောက်သွားသည်။ ဓါတ်ပုံ ရိုက်ရန် ကင်မရာဖြင့် ချိန်သည်။ လှဝင်းဦးက ကင်မရာဘက်လှည့် ၍ ပြုံးပြသည်။ ကိုအောင်က

“ဟေ့ကောင် .. သိပ်မပြုံးမနေနဲ့။ ဒါဟောပြောပွဲ မဟုတ်ဘူးကွ”

 

မိန်းကလေးတချို့သည် လုပ်အားပေးနေသူများကို ရေလိုက်တိုက်နေကြသည်။ စောစောအောင်သည် ကျော်စွာတို့နား သို့ ရောက်လာသည်။ ကျော်စွာကို ကြည့်၍ မေးသည်။

"ရေသောက်ပါဦးလား”

“ကျေးဇူးပါပဲ"

ဇော်ခင်မော်က ပင်၍ ပြောသည်။

“ငါ့ကိုလည်း မေးဦးလေ”

“မေးမလို့ပါပဲ ...... မေးမလို့ပါပဲ၊ ရေသောက်တော်မူပါဦး”

“သောက်တော်မူမှာပေါ့ ဒကာမလေးရဲ့

ဇော်ခင်မော်က ရေခွက်ကို ယူ၍သောက်သည်။ အေးမြင့် သောင်းကပါ တစ်ခွက်ခပ်သောက်လိုက်ပြီး”

“အံမယ်လေး .. အမောကိုပြေသွားတာပဲ၊ ကျော်စွာ မင်းကော အမောပြေမသွားဘူးလား”

“ပြေပါတယ်ကွာ”

“အင်း ... ကျော်စွာကတော့ကွာ”

“ဘာလဲ .. ဘာလဲ”

“ဪ ... ကျော်စွာကတော့ သိပ်ကြိုးစားတာပဲလို့ ပြော မလို့ပါဟာ”

“နင်တို့ကလေ အကောင်းလည်း ရေလာတိုက်ရသေးတယ် နောက်ဖို့ပဲ တတ်တယ်"

 

စောစောအောင်ထွက်သွားသည်။ ဇော်ခင်မော်က မကြားတကြားဆိုသည်။

 

“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက် မမ”

 

ခဏနားနေကြချိန်တွင် ကောက်ညှင်းပေါင်းစားကြသည်။ ကောက်ညှင်းပေါင်းကို ဦးဘိုသာ ဒေါ်စိန်နွဲ့တို့က လှူခြင်းဖြစ် သည်။

 

“ကျန်းမာပါစေဗျာ၊ ချမ်းသာပါစေ၊ ကျွန်တော်တို့ကို ကောက်ညှင်းပေါင်းကျွေးတဲ့ ဦးဘိုသာနဲ့ ဒေါ်စိန်တို့ သက် တော် ရာကျော်ရှည်ပါစေ"

 

“ဟေ့ကောင် ... ချစ်ကိုဝင်း၊ မင်းကလေ အလကားရ တိုင်း နင်းကန်စားနေ"

 

"ဟေ့ စားရမယ်ကွ၊ များများစားမှ များများလုပ်နိုင် မှာ၊ စကားပုံတောင်ရှိသေးတယ်၊ အူမတောင့်မှ မီးကင်းစောင့်နိုင်မတဲ့"

 

“အူမတောင့်မှ သီလစောင့်နိုင်မယ်ပါကွ”

 

နာရီဝက်ခန့် နားပြီး လုပ်အားပေးပွဲ ပြန်စပါသည်။ ကျော်စွာသည် ကမူတစ်ခုကို ပေါက်တူးဖြင့် ဖြိုနေသည်။

 

“ကျော်စွာ၊ မင်းမောရင် တစ်လှည့် ပေးဦးလေ"

 

သူ့နောက်မှ အသံကြား၍ လှည့်ကြည့်မိသည်။ သိန်းနိုင် သည် သူ့ကို ပြုံးကြည့်နေသည်။ ကျော်စွာကပြန်ပြုံးပြလိုက်သည်။

 

“မင်းမောနေရင် ငါတစ်လှည့်ပေါက်ဦးမယ်”

 

“ရပါတယ်ကွာ၊ ငါမမောသေးဘူး”

 

“ငါတော့မောပြီကွာ၊ ဟူး .. အလုပ်လုပ်ရတာ ကောက်ညှင်းပေါင်းစားရတာလောက် မကောင်းပါလားနော်”

 

ဇော်ခင်မော်က ဝင်ပြောသည်။ သိန်းနိုင်သည် ဇော်ခင်မော်ဆီက ပေါက်တူးကို ယူ၍ ဝင်ပေါက်သည်။ သိန်းနိုင်က ကျော်စွာကို ပြောလေသည်။

 

“ကျော်စွာ .. အရင်တုန်းကကိစ္စတွေ မေ့လိုက်ပါတော့ ကွာ”

 

“ငါအရင်ကတည်းက ဘယ်လိုမှ သဘောမထားပါဘူး”

 

"အေးကွာ၊ အရင်ကိစ္စတုန်းက ငါမှားတာပါ"

 

“ငါလည်း မှားတာပဲ”

 

“ဒီနေ့ကစပြီး ဇေကွာ”

 

“ငါသိပ်ဝမ်းသာတယ် သူငယ်ချင်း”

 

တစ်စုံတစ်ခုသောရည်မှန်းချက်ဖြင့် စုပေါင်းအလုပ်လုပ် ကြခြင်းဆိုသည်မှာ မတည့်သူများကို တည့်အောင်၊ မပြေလည်သူ များကို ပြေလည်အောင် ဖန်တီးပေးသောအရာပါတကား။

 

“ကြက်ခြေနီ .. ကြက်ခြေနီ”

 

စောစောအောင် အသံကြားကြားချင်း ဆေးသေတ္တာကို ဆွဲ၍ ပြေးထွက်လာခဲ့သည်။ လူတွေစုရုံးရာနေရာသို့ မြန်မြန်လာ ခဲ့သည်။ ကျော်စွာအလုပ်လုပ်နေသော နေရာမှာပါလား၊ ကျော်စွာ မဖြစ်ပါစေနှင့်ဟု ဆုတောင်းမိသလားဟု သူ့ကိုယ်သူ မသေချာ၊ ဝိုင်းကြည့်နေသူများကို တိုး၍ဝင်သည်။

 

“ဟယ် .. ကျော်စွာ”

 

သိန်းနိုင်သည် ကျော်စွာ၏ခြေထောက်ကို ဆုပ်ကိုင်ထား သည်။ ကျော်စွာ၏ခြေဖျားမှာ သွေးတွေရွှဲနေသည်။ ဘယ်လိုဖြစ်တာလဲဟု မေးနေဖို့အချိန်မရ၊ ဒဏ်ရာကို ရေဆေးဖို့ စီစဉ်ရသည်။

 

ကျော်စွာက အားနာနေပြန်သည်။ သူ့ခြေထောက်ကို စောစောအောင် မကိုင်စေလိုပါ။

 

“သိပ်မများပါဘူး၊ နေပူလို့ သွေးထွက်များတာပါ”

 

“ငြိမ်ငြိမ်နေစမ်းပါကွာ"

 

စောစောအောင်သည် ကျော်စွာ၏ဒဏ်ရာကို ဆေးကြော ပေးသည်။ အတွေ့အကြုံရင့်ပြီးသော ကြက်ခြေနီမကလေးသည် အဘယ်ကြောင့် လက်တုန်နေပါနည်း၊ ဆရာဝန်များ သည် မိမိနှင့် ရင်းနှီးသော လူနာများကို ကိုယ်တိုင်ခွဲစိတ်ရန် ဝန်လေး တတ်ကြသည်ဟု ကြားဖူးပါသည်။ အို မဆိုင်ပါဘူး။

 

ကျော်စွာသည် သူ့ခြေထောက်ပေါ်မှ ရွေ့လျားနေသော လက်ကလေးကို ကြည့်နေမိသည်။ စောစောအောင်၏ လက်ကလေးများသည် ဖြူဖြူသွယ်သွယ်ကလေးတွေပါ။ သူ့လက်ကလေးမှာ အမွေးနုနုကလေးတွေနှင့်ပါ။ ရွှေရောင်။ ဒီလောက်လှပ နုနယ် သည့် လက်ကလေးသည် ပေရေညစ်ပတ်နေသော သူ့ခြေထောက် ကို မရွံမရှာ ကိုင်တွယ်ဆေးကြောပေးရှာပါသည်။ ပြီးတော့လည်း အတွေ့အထိသည် နူးညံ့လေ။ သူ့ရင်ကို ဒိုင်းကနဲ ဒိုင်းကနဲ ခုန် လာအောင် နူးညံ့လေစွ။

 

“အောင်မလေးဗျ”

 

စောစောအောင်က တင်ချာဆေးရည်ဆွတ်ထားသော ဂွမ်းစဖြင့် ဒဏ်ရာပေါ် တို့လိုက်သောကြောင့် ကျော်စွာလန့်အော် မိခြင်းဖြစ်ပါသည်။

 

“သိပ်စပ်သွားလား ဟင်”

 

“အင် ... အင်၊ ဟို .. မ စပ်ပါဘူး”

 

“အေးကွာ၊ တင်ချာကို မစပ်ဘူးလို့ ပြောတဲ့လူ မင်းတစ်ယောက်ပဲရှိသေးတယ် ဆေးထည့်ပေးတဲ့လူကလည်း တော်လို့လား မသိဘူး”

 

ချစ်ကိုဝင်းက ဝင်လောင်သည်။ ကျော်စွာရှက်သွားသည်။ သို့ရာတွင် ကြာကြာရှက်ဖို့ အချိန်မရလိုက်ပါ။ စောစောအောင်သည် ပတ်တီးကို လျင်မြန်သွက်လက်စွာ စည်းနှောင်ပြီးသွားပြီဖြစ်ပါ

သည်။

 

“မင်း အိမ်ပြန် ရင်ကောင်းမယ်”

ဆရာမက ပြောပါသည်။

 

“ကျွန်တော် ဘာမှမဖြစ်ပါဘူး

 

“မရဘူး၊ အိပ်မပြန်ချင်ရင်လဲ ငြိမ်ငြိမ်ထိုင်နေ”

လုပ်အားပေးပွဲသည် နံနက်ဆယ့်တစ်နာရီခွဲတွင် ပြီးဆုံးသွားလေသည်။ နောက်အပတ်များတွင်လည်း တနင်္ဂနွေနေ့တိုင်း အလှည့်ကျ လုပ်အားပေးကြမည်ဖြစ်ပါသည်။ ညနေပိုင်းတွင် စောစောအောင်တို့ ညီအစ်မသည် ကျော်စွာ တို့ အိမ်ရောက်လာခဲ့သည်။ ကျော်စွာသည် စောစောအောင်၏ အစ်မကို မြင်ကတည်းက လန့်နေပြီဖြစ်သည်။

 

“သက်သာရဲ့လား”

စောစောအောင်က မေးသည်။

“သက်သာပါတယ်”

ကျော်စွာကဖြေသည်။

“သက်သာပေမယ့် ဆေးထိုးရမယ်” စောစောအောင်အစ်မကပြောသည်။

“ဟာ ... အစ်မကလဲ၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး" “

"မဖြစ်ပေမယ့် တိုက်တနပ်စ်ဝင်မှာစိုးရတယ်”

"ဆေးထိုးလိုက်တော့စိတ်ချရတာပေါ့သားရဲ့”

မေမေကပါဝင်၍ပြောသည်။ ကျော်စွာဆေးထိုးခံလိုက်ရ လေသည်။ မေမေသည် စောစောအောင်တို့ညီအစ်မကို လက်ဖက် သုတ် နှင့် ရေနွေးကြမ်း တိုက်ကျွေးသည် ။ မေမေသည် စောစောအောင်တို့ညီအစ်မ နှင့်စကား ပြောခိုင်းနေပြန်သည်။ စောစောအောင်ကသာမေမေနှင့်ဒိုင်ခံစကားပြောသည်၊ သူအစ်မ ကမူ တစ်ခါတစ်ခါမှဝင်ပြောသည်။ သူသည်အိမ်ခေါင်မိုး ကိုကြည့် လိုက် ကြမ်းပြင်ကိုကြည့်လိုက်၊ ထရံကိုကြည့်လိုက်၊ ကျော်စွာကမူ ဘာမှဝင်မပြောဘဲ စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ သို့ရာတွင် စာအုပ်ထဲတွင် စိတ်မဝင်စားပါ။ စောစောအောင်၏ အသံကို သာကြားနေရသည်။

 

“ သမီးကိုမေးရဦးမယ်၊ အိမ်ရှင်မကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာ သိချင်ရင် မီးဖိုချောင်ထဲက ဆားအိုးကိုကြည့်ရတယ်ဆိုတာ ဘာဖြစ်လို့လဲ သိလား”

 

" သိပါတယ်မေမေ"

 

စောစောအောင်သည် ကျော်စွာအမေကို “အမေ” ဟုခေါ် မိသောကြောင့် ရှက်သလိုလိုဖြစ်သွားသည်။ ကျော်စွာဘက်သို့ မသိမသာကြည့်သည်။ ကျော်စွာကမကြားဟန်ဆောင်နေသည်။

 

" ကျွန်မတို့ အမေလည်း ခဏခဏပြောဖူးပါတယ်။ ဆားအိုးထဲမှာ နနွင်းတွေဝင်ပြီး ဆားတွေကဝါနေရင် အိမ်ရှင်မကောင်းမပီသဘူးတဲ့"

 

" အေးဟုတ်တယ်ကွဲ။ အိမ်ရှင်မတော်တော်များများဟာ နနွင်းအိုးထဲကို လက်နဲ့နှိုက်ပြီးရင်လက်မဆေးဘဲ ဆားအိုးကိုထပ် နှိုက်တတ်တယ်။ အဲဒီတော့ ဆားအိုးထဲ နနွင်းတွေဝင်ပြီးဆားတွေပါ ဝါကုန်တော့တာပဲ

 

“ ဟုတ်တယ်အမေရဲ့"

 

ကျော်စွာသည် တစ်ဖက်သို့လှည့်၍ပြုံးသည်။ အမေတဲ့၊ အမေတဲ့ ၊ အင်းလေ... အမေအရွယ်မို့ အမေခေါ်တာ ဘာဖြစ်သလဲ။

 

“ ဟုတ်တယ်အမေရဲ့၊ တကယ် တော့ နနွင်းအိုးကို သူ့ဇွန်းနဲ့ သူ သပ်သပ်ထားတာကောင်းတယ်”

 

“ အေး... ငါ့သမီးကတော်သားပဲ။ တချို့ မိန်းကလေး တွေကမသိကြဘူး” ။

 

ဟော သမီးတဲ့။ သမီးတဲ့။ အင်းလေ... သမီးအရွယ်မို့ သမီးခေါ်တာ ဘာဖြစ်သလဲ၊ စောစောအောင်သည် ဝမ်းသာသလိုဖြစ်မိသည်။ ကျော်စွာ၏အမေက သူ့ကို ချီးကျူး ခြင်းကြောင့် ဝမ်းသာခြင်းဖြစ်သလားဟုတော့ မသေချာ။

 

အခန်း (၇)

 

ပထမအစမ်းစာမေးပွဲ နီးပြီဖြစ်ပါသည်။ ပထမအစမ်း စာမေးပွဲသည် သူတို့ကို ဆယ်တန်းအောင်စေ ရှုံးစေသော အရည်အချင်းမရှိပါ။ ပွဲမဝင်ခင်အပြင်က လေ့ကျင့်သော သဘောမျှသာ ဖြစ်သည်။ သို့ရာတွင် အစိုးရက စစ်ဆေးမည့် အတန်းတင် စာမေးပွဲကို တနည်းအားဖြင့်တော့ အထောက်အကူ ပြုပါသည်။ ဒီစာမေးပွဲတွင် အစိုးရစစ်စာမေးပွဲ မေးခွန်းပုံစံအတိုင်း မေးမည်။ ထို့ကြောင့် စာမေးပွဲတွင်ရရှိမည့် အမှတ်များသည် အစိုးရစစ်တွင် ရရှိနိုင်မည့်အမှတ်များနှင့် နီးစပ်ပါသည်။ မိမိ၏ အခြေအနေကို ပထမဆုံးအကြိမ်မှတ်ကျောက်တင်ကြည့်ခြင်း ဖြစ်သည်။

 

ကျော်စွာတို့ အုပ်စုသည် ညဘက်ကျလျှင် ကျော်စွာတို့အိမ်မှာစု၍စာကျက်ကြသည်။ စာကျက်ရတာ ငြီးငွေ့လာလျှင် တစ်ယောက်တစ်ယောက် နောက်ပြောင်ကြသည်။ မေမေ သည်လည်းလက်ဖက်သုတ်ပေးရ ရေနွေးအိုးတည်ပေးရ၊ ထမင်းကြော် ပေးရနှင့် အေးအေးမနေရရှာပါ။ တခါတရံ စောစောအောင်နှင့်၊ စုစု သူတို့ဆီရောက်လာတတ်သည် မရှင်းလင်းသော ပုစ္ဆာများ လာမေးကြခြင်းဖြစ်သည်။ ထိုအခါတွင် ချစ်ကိုဝင်းတို့သည် စောစောအောင်ကို မနောက်ပြောင်ကြ ရှာပါ။ သူတို့သည် လူငယ်ပီပီ စည်းကမ်းရှိကြပါသည်။

 

အစမ်းစာမေးပွဲဖြေဆိုပြီ။ သူတို့ မပေါ့ဆကြပါ။ ကြိုးစား၍ ကျက်မှတ်ကြသည်။ ပင်လည်းပင်ပန်းကြပါသည်။ စာမေးပွဲဖြေကြ ရသောအခါ ပင်ပန်းကျိုးနပ်သည်။ သူတို့အားလုံးဖြေနိုင်ကြသည်။ စာမေးပွဲပြီးသောအခါ သီတင်းကျွတ်ကျောင်းပိတ်ရက် စလေသည်။ သူတို့သည် သုံးလေးလမျှ ကျောင်းတက်လိုက်၊ စာကျက်လိုက်လုပ် နေကြရရာမှ အနားရကြသည်။ ကျောင်းစာတွေကိုခဏ မေ့ထားကြ သည်၊ နားသင့်သည့် အချိန်မှာ နားထားမှ၊ နောက်ပိုင်းတွင် ပင်ပန်းစရာတွေ ရှိသေးသည်မဟုတ်လား။

 

သီတင်းကျွတ်ပွဲတော်ရက်အတွင်းမှာ မီးထွန်းပွဲ လျှောက် ကြည့်ကြသည်။ တချို့လည်း အရပ်ဇာတ်စင်ပေါ် တက်လာကြ သည်။ မြဝင်းသည် သူတို့ရပ်ကွက် ပြဇာတ်ဖြစ်သော သူခိုးကြီး ငတက်ပြားဇာတ်လမ်းတွင် ငတက်ပြားအဖြစ် သရုပ်ဆောင်သည်။ ထိုအချိန်မှစ၍မြဝင်း၏ အမည်သည် ငတက်ပြား တွင်လေတော့ သည်။

 

ကျော်စွာတို့အုပ်စုလည်း ကျောင်းပိတ်ရက်များအတွင်း ညတိုင်းလို စုံကြသည်။ တစ်ခါတရံလည်း ဂစ်တာခေါက်၊ သီချင်း ဝိုင်းဖွဲ့ဆိုကြ၊ တစ်ခါတရံလည်း ရောက်တတ်ရာရာ စကားပြောကြ၊ လူငယ်တွေ ညဘက် အပြင်ထွက်လည်ပတ်ကြသည်ကို လူကြီးမိဘ တွေက သိပ်မကြိုက်ကြပါ။ အမှောင်သည် မကောင်းမှုလုပ်ရန် အားပေးတတ်သည်ဟု ယူဆတတ်ကြသည်။ လူငယ်များကမူ ညကို နှစ်သက်ကြသည်။ သီတင်းကျွတ်ပြီမို့ မိုးကလည်း မရွာတော့။ ဖိုး ရွှေလမင်းကြီး၏ အလင်းရောင်အောက်တွင် ထိုင်ရင်းထွေရာလေးပါး စကားပြောကြသည်မှာ အဘယ်မျှ ကြည်နူးဖွယ်ကောင်း

ကြောင်းကို လူငယ်တိုင်း သိကြပါလိမ့်မည်။

ဒီလိုစကားဝိုင်းကလေး များမှာ အစပြုကာ တစ်နေ့သောအခါ သူတို့သည် စည်းဝေးပွဲကြီး များဆီသို့ တက်ရောက်ကြပါလိမ့်ဦးမည်။

 

ဇော်ခင်မော်သည် ဂစ်တာတီးခြင်းကို ခဏရပ်လိုက်ပါ သည်။

 

“သီချင်းတွေလည်းစုံလှပြီ၊ စိုင်းထီးဆိုင် သီချင်းလည်း တစ်ပုဒ်မှ မကျန်တော့ဘူး”

 

“အေးကွာ၊ တို့ကလည်း သီချင်းတွေသာ ဆိုနေတယ်၊ ရည်ရွယ်ချက်လဲ မရှိဘူး”

အေးမြင့်သောင်းက ပြောသည်။ လှဝင်းဦးက မေးသည်။

 

“ဟ- သီချင်းဆိုတာ ရည်ရွယ်ချက်ရှိရမှာလားကွ”

 

“ရည်ရွယ်ချက်တစ်ခုခုနဲ့ဆိုရင် ပိုပြီး ဖီလင်ရှိတာပေါ့ကွ၊ ဥပမာ ကျော်စွာကွာ”

 

“ကျော်စွာက ဘာရည်ရွယ်ချက် ရှိလို့လဲ”

“ရှိတာပေါ့ကွ၊ ကျော်စွာက တစ်ယောက်ယောက်ကို ရည်ရွယ်ပြီး သီချင်းဆိုတာ၊ ဒီကောင့်မှာ ဖီလင်အပြည့်ရှိတယ်”

 

“တော်ကြစမ်းပါကွာ၊ မင်းတို့မလည်း စကားပြောရင် စောစောအောင်မပါလို့ မပြီးဘူး”

 

ချစ်ကိုဝင်းသည် ငြိမ်ချက်သားကောင်းလှသည်။ သူသည် ဘယ်သူနှင့်မျှ စကားမပြော။ ထိန်ထိန်သာသော လမင်းကြီးကို မော့ကြည့်နေသည်။ သူသည် စကားနည်းနေသည်ကို ကျော်စွာတို့က သတိထားမိသည်။

 

“ချစ်ကို၊ မင်းဘာတွေ ဖီလင် အပြတ် ဝင်နေတာလဲကွ၊ ငြိမ်လှချည်လား"

 

“ငါ တစ်ခု စဉ်းစားနေတာကွ”

 

“ဘာလဲ”

 

ချစ်ကိုဝင်းသည် တစ်စုံတစ်ခုကို လေးနက်စွာ တွေးနေသ လို ခဏမျှ ငြိမ်နေသေည်။ ပြီးတော့မှ

“လကြီးက ဘာဖြစ်လို့ ဝိုင်းနေတာလဲလို့ စဉ်းစားနေတာ”

 

“ချီးတဲ့မှပဲ၊ ငါတို့က အကောင်းမှတ်လို့”

 

“အလကား နောက်တာပါကွာ။ ငါစဉ်းစားနေတာက တို့ လူငယ်တွေ ဆံပင်ရှည်တာကို လူကြီးတွေက ဘာဖြစ်လို့ မကြိုက် တာလဲလို့ စဉ်းစားနေတာ”

 

“သောက်မြင်ကပ်လို့ ဖြစ်မှာပေါ့ကွ”

 

“ဒီလိုလဲ မဟုတ်သေးပါဘူးကွာ”

 

ဇော်ခင်မော်သည် ဂစ်တာကိုဘေးမှာ အသာချထား လိုက်သည်။ ဒီ ဆံပင်ရှည်ပြဿနာကို သူလည်း စိတ်ဝင်စားသည်။ လှဝင်းဦးသည် နေရာကို ပြင်ထိုင်လိုက်သည်။ သူလည်း စိတ်ဝင်စားသည်။ တကယ်တော့ဆံပင်ရှည်ပြဿနာသည် လူငယ်တိုင်း စိတ်ဝင်စားသော ပြဿနာတစ်ခုမဟုတ်လား။ ကျော်စွာက စ၍ မေးသည်။

 

“အေးလေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ လူငယ်တွေဆံပင် ရှည်တာ ဘာဆိုင်လို့လဲ”

 

“တူရကီမှာလျင်လှုပ်တာနဲ့ ဆီဈေးတက်တာနဲ့က ဘာမှမဆိုင်သလိုပေါ့ကွ”

 

“ဆံပင်ရှည်ထားတာ ကျန်းမာရေးထိခိုက်တယ်လို့ ပြောတယ်ကွ”

 

“အံမယ် .. ဆံပင်တိုတော့ကော ကျန်းမာလို့လားကွ၊ အာဟာရပြည့်ဝမှ ဆေးဝါးပြည့်စုံမှ ကျန်းမာမှာပါ”

 

“စာရေးဆရာကြီးတစ်ယောက်က ရေးတယ်ကွ၊ ဆံပင်ရှည် ထားတာနိုင်ငံခြားယဉ်ကျေးမှုကို အတုခိုးတာတဲ့”

 

“ဟုတ်လား အဲဒီဆရာကြီးက သျှောင်ထုံးကြီးနဲ့လား”

 

“အခု မြန်မာပြည်မှာ ထားနေကြတဲ့ ဆံပင်ပုံစံတွေ အားလုံးဟာ နိုင်ငံခြားက ပုံစံတွေချည်းပဲ၊ ခေါ်တာတောင် ကြည့်လေ၊

 

“ဘိုကေ”တဲ့”

 

“ဟ .. ရှင်းစမ်းပါဦး”

 

"ဒီလိုလေ ၊ ရှေးတုန်းက မြန်မာတွေရဲ့ ဆံပင်ဟာ သျှောင်ထုံးလို့ရတဲ့အထိ ရှည်တယ်။ နောက်တော့ အင်္ဂလိပ်လူမျိုးတွေကို တုပြီး ဆံပင်အတိုညှပ်ကြတယ်။ ကပ်သပ်ပြောကြစတမ်းဆိုရင် ပြောတာပါ”

 

“ဆံပင်ရှည်တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ပြောကြသေး

မယ်”

 

“ဒါဆိုရင် ပြန်မေးလိုက်ရုံရှိတာပဲ၊ ဘီယာသောက်တာ ဘာ အကျိုးရှိသလဲလို့ လောကမှာအဓိပ္ပါယ် မယ်မယ်ရရ မရှိဘဲနဲ့ လူတွေ လုပ်နေကြတဲ့အလုပ်တွေ အများကြီးပါကွာ၊ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် ပြီးတာပဲ"

 

အသက်လေးဆယ်ခန့်လူကြီးတစ်ဦးသည် ဒယီးဒယိုင် လျှောက်လာသည်။ သူ အရက်မူးလာဟန်တူသည်။

 

“ဟေ့ ကောင်တွေ ဘယ်သူမှ မကြောက်လို့ အရက် သောက်တာကွ"

ထိုလူကြီး ပြန်သွားမှ စကားပြန်ဖြစ်ကြသည်။

 

“တကယ်တော့ သရုပ်ပျက်တယ် မပျက်ဘူး၊ ယဉ်ကျေး တယ်၊ မယဉ်ကျေးဘူးဆိုတာ ဆံပင်နဲ့လဲ မဆိုင်ဘူး၊ အဝတ်အစား နဲ့လဲမဆိုင်ဘူး စိတ်ဓာတ်နဲ့ပဲဆိုင်တယ်၊ မြန်မာလူမျိုးတွေမှာ ရှိသင့်တဲ့ စိတ်ဓါတ်ရှိမယ်ဆိုရင် ဆံပင်တိုတို ရှည်ရှည် သရုပ်မှန် တယ်လို့ ဆိုရမှာပဲ”

 

“ငါ တစ်ခုပြောမယ်၊ တို့လူငယ်တွေ ဆံပင်ရှည်ပေမယ့် လူကြီးသူမတွေရှေ့က ဖြတ်သွားရင် ခေါင်းငုံ့ပြီး သွားကြတာပါ။ လူငယ်တွေဘောင်းဘီဝတ်ကြပေမယ့် ဘတ်စ်ကားပေါ်မှာ သက် ကြီးရွယ်အိုတွေ တက်လာရင် နေရာဖယ်ပေးကြတာပဲ။ ဒါမြန်မာရိုးရာ စိတ်ဓါတ်ပဲ၊ ပြီးတော့ မဟာဗန္ဓုလဟာ ခါးတောင်းကျိုက်ပြီး နယ်ချဲ့ကို တော်လှန်တယ်။ ခုခေတ် မြန်မာ့တပ်မတော်ဟာ

ဘောင်းဘီဝတ်ပြီး ကျူးကျော်သူကို တော်လှန်တယ်။ ဘယ်လို ဖြစ်ဖြစ်၊ ကျူးကျော်စော်ကားသူကို တွန်းလှန်တာဟာ မြန်မာ့စိတ်ဓာတ်ပဲကွ၊ မြန်မာမှာ မြန်မာ့စိတ်ဓာတ်ရှိဖို့သာ ပဓာနပဲ။ ဝတ် ဆင်ယင်မှုက သာမညပဲ"

 

“စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာ တစ်ယောက် က ပြောဖူးတယ်ကွ၊ ဝတ်စားဆင်ယင်မှုဟာ ယဉ်ကျေးမှုနဲ့မဆိုင်၊ တဲ့၊ လူနေမှု အဆောက်အအုံနဲ့သာ ဆိုင်တယ်တဲ့။ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံနဲ့ပတ်သက်တဲ့ အပြုအမူတွေသာ ယဉ်ကျေး ဆိုင်တယ်တဲ့။ ဝတ်စားဆင်ယင်မှုဟာ ခေတ်ကိုလိုက်ပြီး အမျိုး ပြောင်းလဲနေမှာပဲတဲ့။ လူနေမှုအဆောက်အအုံ ဟာလည်းပြောင်းလဲ နေမှာပဲတဲ့။ ဒါပေမယ့် ယဉ်ကျေးမှုမပြောင်းလဲ တော့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို မပယ်ဖျက်ဖို့ပဲ ကို ဆရာမ တစ်ခါက ပြောဖူးသလိုပေါ့ကွ၊ တို့လူငယ် ဟာ တမလွန်ခေါ်တဲ့ နောက်ဘဝကို ယုံကြည်ချင်မှ ယုံကြည်ကြ မယ်။ ဒါပေမယ့် တို့တစ်တွေ ကုသိုလ်ကောင်းမှု ပြုကြရမယ်။ တို့ ဟာ နေ့တိုင်း ဘုရားရှိခိုးချင်မှ ရှိခိုးဖြစ်ကြမယ်၊ ဒါပေမယ့် တို့ ဟာ ဒီမင်္ဂလာတရားတော်ကို အမြဲကျင့်သုံးကြရမယ်”

 

“အဲဒါကိုတော့ ငါတို့လည်း လက်ခံတယ်ကွ”

 

“အေးကွ .. စဉ်းစားကြည့်လေ။ မင်္ဂလာတရားတော်ရဲ့ ထိပ်ဆုံးက စာကြောင်းကိုကြည့်ပါလား၊ လူမိုက်ကို မပေါင်းသင်း ရာ .. တဲ့။ ဘယ်လောက်ကောင်းသလဲ"

 

“အေးကွာ၊ တို့တစ်တွေဟာ ဆံပင်ရှည်ထားကြပေမယ့် ယဉ်ကျေးသိမ်မွေ့ကြတယ်ဆိုတာ သိကြစေချင်တယ်”

 

“ငါတို့ဟာ ဆံပင်ရှည်ကြတယ်၊ တိုင်းပြည်ကိုလည်း ချစ် ပါတယ်။ ဆံပင်ရှည်တာနဲ့ တိုင်းပြည်ချစ်တာနဲ့ တစ်ခြားစီပါပဲ၊ ဆံပင်ရှည်တာက တို့ရဲ့ အပေါ်ယံဆင်ယင်မှု၊ တိုင်းပြည်ကိုချစ်တာက တို့ရဲ့ အတွင်းစိတ်ဓါတ်။ တိုင်းပြည်ကသာ အလိုရှိတယ်ဆိုရင် တို့လူငယ်တွေဟာ အချိန်မရွေး နေရာမရွေး အသင့်ရှိနေကြမှာ"

 

“ဒါနဲ့ ငါမေးပါရစေဦး၊ တို့ ဆံပင်ရှည်ထားတာကို တစ်ယောက်ယောက်က အတင်းအကျပ် ညှပ်ပိုင်ခွင့်ရှိသလား”

 

“လုံးဝမရှိဘူး”

 

“ဟုတ်ပါ့မလားကွ၊ တစ်ချို့နေရာတွေမှာ”

 

“ဒီမှာသူငယ်ချင်း ငါရှင်းပြမယ် ဆံပင်ဆိုတာ တို့အသွေး အသားက ဖြစ်လာတာမဟုတ်လား၊ တို့ ကိုယ်ကထွက်လာတဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခု မဟုတ်လား၊ တို့ရဲ့ ဆံပင်ကို အတင်းလာလုပ်ရင် တို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ချွတ်ယွင်းအောင် လုပ်တာ နဲ့ အတူတူပဲ"

 

"ဟုတ်တယ်ကွ၊ တို့ဆံပင်ကို တို့ပိုင်တယ်၊ တစ်ခြားသူတွေ ကို မထိခိုက်ဘူးဆိုရင် တို့ဆံပင်ကို တို့ကြိုက်သလို ထားနိုင်တယ်”

 

“ဒါပေမယ့် လူကြီးတစ်ချို့ကတော့ ကြည့်လို့မရဘူးလို့ ပြောကြတာပဲ”

 

“ကြည့်လို့မရရင် မကြည့်နဲ့ပေါ့ဗျာ၊ ဒါ တို့ရဲ့ လွတ်လပ်ခွင့်ပဲ"

 

“အေး ... လွတ်လပ်တယ်ဆိုပေမယ့် စည်းကမ်းတော့ ရှိရမယ်ကွ၊ လွတ်လပ်တယ်ဆိုပြီး လက်ညှိုးထိုးချင်တဲ့နေရာ ထိုးလို့ရတယ်။ ဒါပေမယ့် သူများနှာခေါင်းပေါက်ထဲအထိ သွားထိုးဖို့တော့ မသင့်ဘူး ဆိုတာလိုပေါ့။ ဆံပင်ရှည်ထားချင်ထားပါ။ ဒါပေမယ့် အပြုအမူတော့ မဟော့ရမ်းဖို့၊ ယဉ်ကျေးသိမ်မွေ့ ဖို့တော့ လိုတယ်”

 

“အေး၊ အဲဒါ ဟုတ်တယ်။ လေယာဉ်ပျံ စီးရတဲ့ အရသာ ကို လေယာဉ်ပျံစီးဖူးတဲ့လူမှ သိသလို ဆံပင်ရှည်ရတဲ့ အရသာ ကိုလည်း ဆံပင်ရှည်ထားဖူးတဲ့လူမှသိမှာပဲ”

 

“မော်စီတုန်းက ပြောဖူးတယ်ကွ၊ သွားကိုက်တဲ့ ဝေဒနာကို ကိုယ်တိုင်ခံစားဖူးမှ သွားကိုက်နေတဲ့လူကို ကိုယ်ချင်းစာကြည့်နိုင် တယ်တဲ့"

 

"တစ်ခုတော့ ရှိတယ်ကွ၊ လူကြီးတွေဟာ လူငယ်တွေအပေါ် ကိုယ်ချင်းစာကြည့်ဖို့ ကောင်းတယ်။ ကိုယ်ချင်းစာကြည့်လို့လဲ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တစ်ချိန်က လူငယ်တွေ ဖြစ်ခဲ့ကြလို့ပဲ။ လူငယ်တွေဖြစ်ခဲ့ဖူးလို့ပဲ။ လူငယ်တွေကတော့ လူ ကြီးတွေရဲ့ နေရာကနေ ဝင်ကြည့်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေဟာ လူကြီးဘဝကို မရောက်ဖူးကြသေးလို့ပဲ"

 

“ဒီလိုဆိုရင် တို့တစ်တွေ လူကြီးဖြစ်လာရင်တော့ လူကြီးတွေရဲ့ နေရာကနေ ဝင်ကြည့်ကြရတော့မှာပဲ။ အဲဒီအခါကျရင်

တော့၊ လူကြီးဖြစ်နေတဲ့ တို့တစ်တွေဟာ လူငယ်တွေအပေါ်မှာ ကိုယ်ချင်းစာနိုင်ပါမလား မသိဘူး”

 

ကျောင်းပြန်ဖွင့်ပြီ ဖြစ်ပါသည်။ ပထမ အစမ်းစာမေးပွဲ တုန်းက ရရှိသည့် အမှတ်များကို ဘာသာရပ်အလိုက် ထုတ်ပြန်သည်။ ဒီအချိန်တွင် မိန်းကလေးအချို့၏ ဝါသနာကို သိရသည်။ သူတို့သည် အတန်းထဲမှာ စာအတော်ဆုံးလူ ဆယ်ယောက်ခန့်၏ ခုံနံပါတ်များကို မှတ်ထားသည်။ တစ်ဘာသာအတွက် အမှတ်စာရင်းကို ကြေညာတိုင်း ထိုသူများ၏ အမှတ်ကို လိုက်မှတ်ထားသည်။

 

လေး ဘာသာလောက်သိပြီးလျှင် မည်သူပထမရမည်ကို ခန့်မှန်းကြသည်၊ ပညာရည်တိုးတက်မှု မှတ်တမ်း မထုတ်ပေးမီ မှာပင် မည်သူက ပထမ၊ မည်သူ ဒုတိယရကြောင်းကို သူတို့က သိနေပါ ပြီ။ ငါးဘာသာအတွက် အမှတ်များသိပြီးချိန်တွင် ချစ်ကိုဝင်းက ပထမ ကျော်စွာကဒုတိယ၊ စောအောင်က တတိယဖြစ်သည်။ နောက်ဆုံးကျန်သည့် ဘာသာ သင်္ချာ၊ ကျော်စွာကတော့ အဖြေကိုသိပြီးပါပြီး သူသည် သင်္ချာဘာသာတွင် အားနည်းသည်။ ခုနှစ်ဆယ်ကျော်သာရမှာဟု တွက်ထားသည်။

 

သူထင်ထားသည့်အတိုင်းပင် ဖြစ်ပါသည်။ သင်္ချာတွင် သူ ခုနစ်ဆယ့်ခြောက်မှတ်သာရသည်။ ချစ်ကိုဝင်းက ရှစ်ဆယ့်ငါး၊ စောစောအောင်က ရှစ်ဆယ့်ရှစ်မှတ်၊ နောက်ဆုံးအမှတ်ပေါင်း

တော့ ချစ်ကိုဝင်းက ပထမ၊ စောစောအောင်က ဒုတိယ၊ ကျော်စွာ က တတိယ ဖြစ်သွားလေသည်။ ကျော်စွာ ကျေနပ်ပါသည်။ သူ့

ထက်သာသွားသူမှာ စောစောအောင်ဖြစ်နေခြင်းကြောင့် ကျေနပ်ခြင်းဖြစ်သလားတော့ သူ့ကိုယ်သူ မသေချာ။

 

စုစုသည် စောစောအောင်ကို စလေသည်။

“မိစော၊ ကျော်စွာ သနားပါတယ်ဟယ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ နင်ကျော်စွာကို ...”

 

“မိစုနော် ..”

စောစောအောင်က စုစုကို ဆွဲဆိတ်သည်။ တစ်ခုခုကို ရှက်သွားလျှင် အနီးရှိရာကို ဆွဲဆိတ်တတ်သည်မှာ စောစောအောင် ၏ ဝါသနာပါ၊ ဒါကို ကျော်စွာတို့ကလည်း သိသည်။ ခုလည်း သူ စုစုကိုဆွဲဆိတ်သည်ကို ဇော်ခင်မောင်က တွေ့သွားလေသည်။

 

“ဟေ့ .. ဟေ့ .... ကျော်စွာ၊ စောစောအောင်က စုစု ကို ဆွဲဆိတ်နေပြီ”

 

“အဲဒါ ဘာဖြစ်သလဲ”

 

“ဘာဖြစ်ရမှာလဲ၊ မင်းတော့ စောစောအောင်ဆွဲဆိတ်တာကို တစ်သက်လုံး ခံသွားရတော့မှာပဲ၊ မလွယ်ဘူးကိုယ့်လူ”

 

“မင်းတို့လည်း ငါနဲ့သူနဲ့ကိုပဲ စနေတာပဲ”

 

“မင်း .. မဟုတ်လို့လား”

 

“မဟုတ်ပါဘူးကွာ”

 

“ထားပါတော့ ထားပါတော့”

 

"စောစောအောင်ကတော့ကွာ ဆယ်တန်းအောင်လို့ တက္ကသိုလ်ရောက်ရင် ဆိတ်ပညာ အဓိကယုဖို့ ကောင်းတယ်”

 

“ဟိုဟာက စိတ်ပညာပါကွာ”

 

ပညာရည်တိုးတက်မှု မှတ်တမ်းများကို ထုတ်ပေးသည်။ သို့ရာတင် သုံးဘာသာထက် ပို၍ ကျရှုံးသူများကိုတော့ မိဘကိုယ်

တိုင်လာထုတ်မှ ပေးမည်ဖြစ်ပါသည်။ သဘောမှာ သုံးဘာသာထက် ပို၍ ကျရှုံးသူများ၏ ပညာရေးအခြေအနေအတွက် မိဘများနှင့် ဆွေးနွေးလိုခြင်းဖြစ်ပါသည်။

 

လှရီအတွက် ပြဿနာတက်နေပြီ။ သူသည် ငါးဘာသာ ကျလေသည်။ မြန်မာစာ တစ်ခုတည်းသာ လေးဆယ့်နှစ်မှတ်ဖြင့်

အောင်သည်။ ပညာရည်တိုးတက်မှုမှတ်တမ်းရဖို့အတွက် သူ့အဖေ ကို ကျောင်းသို့ ခေါ်လာရမည်။ ဆရာမနှင့်တွေ့ပေးရမည်။ သူ့ အဖေသည် အရိုက်အနှက်ကြမ်းစွ။ အရိုက်ကြမ်းတာကို သူခံနိုင်သည်။ အတန်းသူ အတန်းသားတွေရှေ့မှာ အော်ကြီးဟစ်ကျယ် လုပ်မှာကို သုစိုးရိမ်သည်။ ရှက်စရာ ကောင်းလိမ့်မည်။ သူ အကြံ ထုတ်ရသည်။

 

ဟုတ်ပြီ။ အဖေနှင့်အမြွှာညီအစ်ကိုဖြစ်သော ဦးလေးရှိသည်။ ဈေးရှေ့မှာ ဆိုက်ကားနင်းသည်။ ဦးလေးသည် အဖေနှင့် ရုပ်ချင်းတစ်ထေရာတည်းဖြစ်သည်။ တစ်ခုပဲ ပြဿနာရှိသည်။ အဖေက ဆံပင်နှင့်။ ဦးလေးက ကတုံး၊ သို့ရာတွင် ဆရာမသည် အဖေ့ကို မြင်ဖူးတာမှ မဟုတ်ဘဲ။ အတန်းသားတစ်ချို့ကတော့ သိကြသည်။ ဆရာမ မသိရင်ပြီးတာပဲ။

 

ဦးလေးနှင့် သွားဆွေးနွေးရသည်။ ဦးလေးကလည်း နည်းနည်းဈေးကိုင်ပြန်သည်။ အရက်ဖိုးလေးဘာလေး ပေးမှတဲ့။ အပြန် အလှန် ဆွေးနွေးကြပြီးနောက် ငါးကျပ်နှင့်ဈေးတည့်သွားကြလေသည်။ သို့ဖြင့် ဦးလေးကို အဖေ့ကိုယ်စား ဆရာမရှေ့သို့ ခေါ်လာ ခဲ့လေသည်။

 

လှရီ၏ ဦးလေးအခန်းထဲဝင်လာကတည်းက အကြောင်း သိသော အတန်းသားအချို့က ကျိတ်ရယ်နေကြပြီ။ လှရီကတော့ ရင်တထိတ်ထိတ်၊ ဆရာမသည်လည်း အံ့ဩနေသည်။ ဘယ့်နှယ်လဲ၊ လှရီအဖေနာမည် 'ဦးဘိုေက ခုလာတော့ ခေါင်းတုံးကြီးနဲ့ ပါလား၊ ဆရာမကမေးသည်။

 

“မောင်လှရီအဖေ ဦးဘိုကေဆိုတာ”

 

“ဟုတ် .. ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ”

 

လှရီဦးလေးက ဖြေသည်။ မောင်မောင်အေးသည် မအောင့်အည်း နိုင်တော့သဖြင့် သူ့ရယ်သံထွက်လာသည်။ ဆရာမ

က သူ့ကိုလှမ်းကြည့်သည်။ သူ့မျက်နှာ ပြန်တည်သွားသည်။ လှရီ၏ ဦးလေးသည် ဦးဘိုကေဟူသော အမည်နှင့် သူ့ခေါင်းတုံးနှင့် မလိုက် ကြောင်းကို သိလိုက်သည်။ သူကလည်း လူလည်ပဲ။

 

“ကျွန်တော်လည်း ဒုလ္လဘရဟန်းခံပြီး ထွက်လာတာ မကြာ သေးဘူး ဆရာမရဲ့ ဟဲ ဟဲ "

 

“ဪ .. ဟုတ်ကဲ့ရှင့်”

 

ဆရာမက လှရီကို လှမ်းခေါ်သည်၊ လှရီသည် ဆရာမနား မှာ ကုပ်ကုပ်ကလေး သွားရပ်သည်။ ဆရာမသည် လှရီ၏ ဦးလေး ကို လှရီငါးဘာသာကျသည့်အကြောင်း၊ ဒီပုံစံအတိုင်းဆိုရင် စာမေး ပွဲကြီးတွင် အခက်အခဲရှိနိုင်ကြောင်း၊ အိမ်တွင် စာမှန်မှန်ကြည့် ရန် တိုက်တွန်းပေးစေလိုကြောင်း ပြောသည်။ လှရီ၏ ဦးလေးက လည်း မှင်သေလှသည်။

 

“ဟေ့ကောင် လှရီ၊ မင်းတော့ အိမ်ကျရင် မလွယ်ဘူးသာ မှတ်။ ငါ့လက်အကြောင်း မင်းသိတယ်မဟုတ်လား”

 

ဆရာမကလည်း တကယ်ယုံသည်။ လှရီ၏ ဦးလေးကို ရိုက်နှက် မဆုံးမရန် တောင်းပန်လိုက်သေးသည် ဦးလေးထွက်သွားမှ လှရီသည် သက်ပြင်းချနိုင်တော့သည်

 

အကြောင်းသိသော အတန်းသားတစ်ချို့ကား ကျိတ်၍ ရယ်ရလွန်း သဖြင့် အူတက်မတတ် ရှိနေပြီ။

 

ဆရာမသည် စာစသင်ရန် ဟန်ပြင်သည်။ ထိုအချိန်မှာပင် လှရီ၏အဖေ ဦးဘိုကေအစစ်သည် အတန်းထဲသို့ ဝင်လာလေ

တော့သည်။ သူသည် လှရီစာမေးပွဲကျကြောင်းသိ၍ လာခြင်း မဟုတ်။ လှရီအိမ်မှာ စာမကျက်ကြောင်းကိုဆရာမအား လာတိုင် ခြင်းသာဖြစ်ပါသည်။ ဆရာမသည် သူ့ကို မြင်သောအခါ အလွန်အမင်း အံ့ဩနေရသည်။ ခုနေလာတုန်းက ခေါင်းတုံးနဲ့၊ အခုလာ

တော့ ဆံပင်နဲ့ ဦးဘိုကေသည် ဆံပင်အတုတပ်၍ နောက်တစ် ခေါက်ပြန်လာခြင်းလည်း မဖြစ်နိုင်ပါ။ အတန်းသားများသည် တစ် ဝုန်းဝုန်းရယ်နေကြပြီ။ ဆရာမသည် ဘာပြောရမှန်း မသိမီမှာပင် ဦးဘိုကေသည် ဆရာမကို နှုတ်ဆက်လေသည်။

 

“ဆရာမ၊ ကျွန်တော့်သားအကြောင်း တိုင်ပင်ချင်လို့ပါ"

 

ဆရာမသည် ကြောင်အအဖြစ်နေရှာသည်။ ပြီးတော့မှ ..

“ဒါနဲ့ ဦးလေးက”

“ကျွန်တော် လှရီ အဖေပါ”

ဦးဘိုကေသည် အတန်းထဲမှာ လှရီကို လိုက်ရှာသည်။ လှရီက ခုံအောက်မှာ ဝင်ပုန်းနေသည်။ ဆရာမသည် မယုံကြည် နိုင်စွာ ထပ်မေးပြန်သည်။

“ဦးလေးက ဦးဘိုကေလား”

“ဟုတ်ပါတယ် ခင်ဗျာ”

“ဟို .. ဒါဖြင့် ခုနလာတာ”

“ဘာလဲဆရာမ ဘယ်သူလာတာလဲ”

ဆရာမက ရှင်းပြရလေသည်။ ခုန ဦးဘိုကေနှင့် တစ်ထေ ရာတည်းတူသော လူတစ်ယောက်လာကြောင်း လှရီ၏အဖေဟု ဆိုကြောင်း၊

“အဲဒီကောင်က ခေါင်းတုံးနဲ့မဟုတ်လား ဆရာမ”

“ဟုတ်ကဲ့ရှင့်”

“တောက်၊ အဲဒါ ကျွန်တော့်ရဲ့ အမြွှာညီ ဖိုးလုံးဗျ၊ ဆရာမ ရဲ့။ ဒါ လှရီရဲ့ အကြံဉာဏ်ဖြစ်မှာပဲ။ လှရီ ဘယ်မှာလဲ လှရီ ဟေ့ ကောင်လာခဲ့၊ ဒီကို”

လှရီသည် ခုံအောက်မှာ ပုန်းနေတုန်းပါ။ ဆရာမက လှမ်း ခေါ်သည်။

“မောင်လှရီ”

လှရီသည် မတတ်သာတော့သဖြင့် ထွက်လာရသည်။ မျက်နှာက ငိုမဲ့မဲ့။ ဦးဘိုကေသည် သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်

သည်။

“အဖေကို အရှက်ခွဲတဲ့ကောင်၊ ဘိုကေ့အကြောင်း ပြ သေးတာပေါ့”

 

*****

 

နက်ဖြန်ဆိုလျှင် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပါသည်။ နက်ဖြန်တွင် ကျော်စွာတို့ကျောင်း၏ ဘုံကထိန်ပွဲ ကျင်းပမည်ဖြစ် သည်။ ဒီနေ့ည ကျောင်းရှေ့ကကွက်လပ်တွင် ချက်ကြပြုတ်ကြမည် ဖြစ်သည်။ ယောက်ျားကလေးများကတော့ တစ်ညလုံးနေကြမည်။

မိန်းကလေးများကိုတော့ ဆရာကြီးက ညရှစ်နာရီ အထိသာ နေခွင့် ပြုသည်။ မနက်ကျမှ စောစောပြန်လာရမည်ဖြစ်သည်။ ဆရာကြီး သည် ညနေကပင် ကျောင်းခန်းမထဲ၌ ကထိန်အကြောင်း

ဟောပြောခဲ့ပါသေးသည်။ ကထိန်ဆိုတာက 'ကထိန'ဆိုသော စကားက လာကြောင်း၊ အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း လှူရသော သင်္ကန်းမျိုးဖြစ်ကြောင်း၊ အလွန် မွန်မြတ်ကြောင်း၊ ထို့ နောက် ကုသိုလ်အကြောင်း၊

“ကုသိုလ်ဆိုတာ လူတွေ ထင်နေကြသလို နောက်ဘဝ မှာ ချမ်းသာဖို့၊ သူဌေးဖြစ်ဖို့အတွက် မဟုတ်ဘူးကွယ့်၊ နိဗ္ဗာန်ကို ရချင်တယ်ဆိုရင် အလှူလှူရုံ တစ်ခုတည်းနဲ့ မရဘူး။ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှ ရတယ်။ လှူတယ်ဆိုတာဟာလဲ ကိုယ့်ဖို့မဟုတ် ဘူး။ သူများဖို့ လှူရတဲ့လူအဖို့ဘာမှ အကျိုးမရှိဘူး။ အလှူခံရတဲ့ လူအတွက်သာ အကျိုးရှိနိုင်တယ်။ အေး .. ဒါပေမယ့် လှူတယ် ဆိုတာ စွန့်လွှတ်တာပဲ၊ သဒ္ဓါထက်သန်စွာ စွန့်လွှတ်လိုက်ရလို့ ရရှိလာတဲ့ ကြည်နူးမှုဟာတော့ ဘယ်အရာနဲ့မှ မတူအောင် အဖိုး တန်လှပါတယ်။ ပုဗ္ဗ၊ မုဉ္စ၊ ပရဆိုတဲ့ မလှူမီ၊ လှူနေစဉ်၊ အကြည် လင်ဆုံး လောဘ၊ ဒေါသ၊ မောဟ အကင်းဆုံးစိတ်ဖြစ်ပေါ်လာ

ဟာ ကုသိုလ်ရတာပါပဲ။ အဲဒီနောက် လောဘ၊ ဒေါသ၊ မောဟ စိတ်တွေ ပြန်ဝင်လာတယ်ဆိုရင် ကုသိုလ်ဆိုတာလည်း မရှိတော့ဘူး။ ဒါကြောင့် ကုသိုလ်အမြဲတမ်းရချင် ရင် အလှူအတန်း အမြဲတမ်းလုပ်ကြပါ။ ကြီးကြီးကျယ်ကျယ် လှူမှ အလှူဖြစ်တယ်လို့ ဆိုလိုပါဘူး၊ ပေးကမ်းစွန့်ကြဲခြင်း၊ သူတစ်ပါးအတွက်၊ အများအတွက် မိမိ အကျိုးကို စွန့်လွှတ်ခြင်းစတဲ့ လုပ်ရပ်တွေဟာ ကြီးတယ် ငယ်မဟူ အလှူမြောက်တာပါပဲ ကုသိုလ်ရတာပါပဲကွယ်”

 

ဆရာကြီး၏ ဟောပြောချက်ကို ကျောင်းသား ကျောင်းသူ များက လက်ခံသဘောပေါက်ကြလေသည်။ ထို့ကြောင့်ပင် ကထိန်ပွဲမှာ ကျောင်းသားကျောင်းသူ များ ခြိမ့်ခြိမ့်သဲ ပါဝင်ကြသည် မဟုတ်ပါလား။ ညနေစောင်းကပင် ကျောင်းရှေ့ ကွက်လပ်မှာ ကျောင်း သား ကျောင်းသူများ ရောက်နေကြသည်။ နက်ဖြန်အလှူပွဲအတွက် ချက်ကြပြုတ်ကြမည်။

ရေခပ်သူခပ်၊ ကြက်သားခုတ်သူကခုတ်၊ ကြက်သွန် အခွံ သင်သူကသင် ငရုတ်သီးထောင်းသူကထောင်း၊ ဟိုဟာ လုပ်သလိုလို၊ ဒီဟကိုင်သလိုလို၊ ယောင်စိန်တွေလည်းရှိသည်။ ယောင်စိန် တွေ ရှိနေခြင်းကြောင့်လည်း သူတို့ မပျင်းကြခြင်းဖြစ်ပါသည်။ ချစ်ကိုဝင်းသည်လည်း ယောင်စိန်။ ကြက်သားခုတ်နေရာကထပြီး ရေသွားခပ်မလိုလိုနှင့် ဟိုသွားဒီသွား၊ ဟိုလိုက်ပြောင်၊ ဒီလိုက်နောက်၊ မည်သို့ပင်ဖြစ်ပါစေ၊ ပျော်စရာ ကောင်းသည်တော့ အမှန်ပါ။

 

ကျော်စွာကြက်သားခုတ်သည့်နေရာနှင့် စောစောအောင် ကြက်သွန်အခွံသင်သည့် နေရာသည် မဝေးလှပါ။ ချစ်ကိုဝင်းသည် ကျော်စွာနားသို့ ရောက်လာသည်။

 

“ကျော်စွာရေ ,,, ခုကတည်းက လေ့ကျင့်ကွ၊ နောက် ဆိုရင်တော့ ရုံးမသွားခင် မီးဖိုထဲမှာ ချွေးတလုံးလုံးနဲ့နေမှာ မြင်ယောင်သေးတယ်ကွာ”

 

ကျော်စွာကြားသည်။ စောစောအောင်ကို လှမ်းကြည့်သည်။ စောစောအောင်သည် ချစ်ကိုဝင်း၏ စကားကိုကြားသည်။ သူတို့ကို စောင်းပြောမှန်းသိပါသည်။ သို့ရာတွင် သူ မကြားဟန်ဆောင်နေသည်။ သူသည် ကြက်သွန်မွန်သောကြောင့် မျက်ရည်တွေထွက် လာသည်။ အင်္ကျီလက်မောင်းဖြင့် မျက်ရည်သုတ်သည်။ ချစ်ကိုဝင်း က တွေ့သွားလေသည်။

 

“ဟာ .. စောစောအောင် ငိုနေတယ်ဟုတ်လား၊ ဘာဖြစ် လို့လဲ ဘယ်သူက စိမ်းကားသွားလို့လဲ။ ငါစိတ်မကောင်းပါဘူးဟာ”

 

“တော်စမ်းပါဟာ ဘယ်ကလာ ငိုရမှာလဲ ဒီမှာကြက်သွန်မွှန်လို့ "

 

မောင်မောင်ခင်နှင့်စိန်မြင့်သည် ရေစည်လှည်းကို တွန်း လာသည်။ လှည်းထိပ်ပေါ်တွင် ချစ်ဝင်းသည် ခွထိုင်ရင်းအော်လာ သည်။

“သင်္ဃန်းကျွန်း ဘီအိုစီ၊ သင်္ဃန်းကျွန်း ဘီအိုစီ .. ဆယ့်သုံး အောက်ဆိုက်ကားနော်၊ အနည်းဆုံး တစ်မတ်ပဲ၊ လိုက် ချင်လိုက် မလိုက်ချင်နေ ... ဒါပဲ"

ဇော်ခင်မော်က ချစ်ဝင်းကို လှမ်းအော်လိုက်သည်။

“ဝါရှင်တန်သွားချင်လို့ ဘယ်လောက်လဲ" “ဝါရှင်တန်တော့ မရောက်ဘူး၊ မင့်နှမအိမ်ပဲရောက်မယ်"

ချစ်ဝင်းက ပြန်လောင်သည်။ ချစ်ဝင်းကို သူတို့က 'မောင်လေး မုတ်ဆိတ်”ဟု ခေါ်ကြသည်။ ချစ်ဝင်းကို သူ့ထက် အသက် ကြီးသော အစ်မကြီးတစ်ယောက်နှင့် ဝိုင်းစကြသည်။ ပြီး

တော့ သူ့မေးစေ့မှာလည်း မုတ်ဆိတ်မွှေး တစ်ပင်နှစ်ပင်ရှိသည်။ ပို့ကြောင့်သူ့ကို မောင်လေးမုတ်ဆိတ်ဟု ခေါ်ကြခြင်းဖြစ်ပါသည်။

 

သိန်းနိုင်သည် ခေါက်ဆွဲတောင်းကြီးကို မနိုင့်တနိုင် မ လာသည်။ လှဝင်းဦးနှင့်အေးမြင့်သောင်းတို့က သူ့ကို ကူညီ၍ မ ကြသည်။

 

လုပ်ရင်းကိုင်ရင်းနှင့်ပင် ခုနှစ်နာရီခွဲသွားပြီ။ မိန်းကလေး အချို့ပြန်ကြသည်။ တစ်ချို့လည်း အိမ်ကလာကြိုသည်။ တစ်ချို့ လည်း ကျောင်းသားတွေက လိုက်ပို့ကြသည်။ စောစောအောင်နှင့် စုစုသည် အိမ်ပြန်ဖို့ပြင်သည်။ သူတို့အိမ်က လာမကြိုကြပါ။ တစ် ယောက်ယောက်က လိုက်ပို့ရမည်ဖြစ်သည်။ အကွက်ချောင်းနေသော လှဝင်းဦးက

 

“ကျော်စွာ ... မင်းစောစောအောင်တို့ စုစုတို့ကို လိုက် ပို့လိုက်လေကွာ”

“ဟာကွာ၊ ငါဒီမှာ ကြက်ကိုင်နေတယ်၊ မအားဘူး၊ သိန်းနိုင်လိုက်ပို့လိုက်ကွာ”

သိန်းနိုင်ကို လိုက်ပို့ခိုင်းသဖြင့် စောစောအောင် မျက်နှာ ပျက်သွားသည်။ ကျော်စွာကို ကြည့်သည်။ ကျော်စွာက စောစော အောင်ကို ကြည့်သည်။ သူ မကျေနပ်ဘူးလား၊ စောစောအောင်က

“လိုက်မပို့ပါနဲ့ဟာ၊ ငါတို့ ဖာသာပြန်မယ်။ ကိစ္စမရှိပါဘူး”

သိန်းနိုင်သည် စောစောအောင်က သူ့ကို မလိုလား ကြောင်း သိပါသည်။ ထို့ကြောင့် ...၊

“ကျော်စွာကလည်းကွာ၊ မင်းပဲလိုက်ပို့လိုက် ငါကြက်သား ခုတ်ပါမယ်။ ငါလည်း သိပ်လမ်းမလျှောက်ချင်ဘူး၊ ခြေထောက် နာနေလို့"

ကျော်စွာ လက်ဆေးလိုက်သည်။ ဇော်ခင်မော်သည် ချစ်ကိုဝင်းကို တိုးတိုးပြောသည်။

“ဒီကောင် မင်္ဂလာယူနေကာကွ၊ အမှန်က လိုက်ပို့ချင်နေတာ"

ကျော်စွာက ဈေးကိုင်ပြန်သည်။

 

“တစ်ယောက်ယောက်တော့ လိုက်ခဲ့ကြဦးလေကွာ၊ ငါတစ်ယောက်တည်း”

 

“ဘာလဲ မင်းကကြောက်လို့လား၊ မင်းကို ဘယ်သူက ဘာ လုပ်မှာမို့လို့လဲ”

 

စောစောအောင်က ချစ်ကိုဝင်းကို မျက်စောင်းထိုးသည်။ အေးမြင့်သောင်းက ဝင်ထောင်ပြန်သည်။

 

“တစ်ယောက်ယောက်လိုက်သွားရင် ပြီးတာပဲ။ ဒီမှာက ဘယ်သူမှ အားကြတာမဟုတ်ဘူး။ တော်ကြာ အလုပ်မပြီးဘဲ နေမယ်”

 

ကျော်စွာသည် ဘာမျှ ထပ်မပြောတော့။ စောစောအောင် တို့ကို သူတစ်ယောက်တည်းပင် လိုက်ပို့လေသည်။

 

လ ထွက်ခါစဖြစ်သည်။ ကျော်စွာသည် တစ်စုံတစ်ခုကို ခံစားမိသည်။ ကြည်နူးသလိုလို၊ ဘာလိုလို၊ စောစောအောင်ကတော့ မည်သို့နေမည် မသိပါ။ စုစုသည် အိမ်ရောက်ချင်ဇောနှင့် ခြေလှမ်း သွက်သွက်လှမ်းသည်။ လမ်းတစ်ဝက်ကျိုးသည်ထိ ဘာစကားမျှ မပြောဖြစ်ကြ၊ တစ်ခုခုတော့ ပြောဖို့ ကောင်းသည်ဟု ကျော်စွာ စဉ်းစားမိသည် ။ ဘာပြောရမှန်းလည်း မသိ။ သူ သည် စောစောအောင် တို့နှင့် လေးပေလောက်အကွာမှ ဘေးချင်းယှဉ် လျှောက်လာသည်။ စုစုကို အရင်ဝင်ပို့ရသည်။ စုစုတို့ အိမ်ပြီးလျှင် ရှေ့ဓါတ်တိုင် နှစ်တိုင် လောက် အကွာမှာမှ စောစောအောင် တို့လမ်းကလေး။

 

ခုအချိန်မှာ ကျော်စွာနှင့် စောစောအောင်တို့နှစ်ယောက်တည်း တစ်လမ်းလုံးမှာ နှစ်ယောက်တည်းတော့ မဟုတ်ပါ။

 

တန်ဆောင်တိုင် မီးထွန်းပွဲ လျှောက်ကြည့်သူတွေလည်း ရှိပါသည်၊ တချို့နေရာတွေမှာ အရပ်ဇာတ်စင်ကလေးတွေရှိသည်။

 

“မီးထွန်းပွဲ လျှောက်မကြည့်ဘူးလား”

ကျော်စွာက မေးသည်။

 

“ဟင့်အင်း၊ မကြည့်ဘူး။ နက်ဖြန်မှ ကြည့်တော့မယ်။ ဒီနေ့ အိမ်မှာ အစ်ကိုမရှိဘူး။ တို့ကို လိုက်ပို့မယ့်လူ မရှိဘူး”

 

"ငါလိုက်ပို့မယ်လေ” ဟု ပြောသင့်သည်ဖြစ်၏ဟု ကျော်စွာ စဉ်းစားမိပါသည်။ သူ လိုက်ပို့မည်ဆိုလျှင် စောစောအောင်၏ အစ်မနှင့် စုစုပါ ပါမည်ဆိုလျှင် စောစောအောင်၏ မိဘများက ခွင့် ပြုမည် အမှန်ဖြစ်ပါသည်။ သူတို့သည် ကျော်စွာကို ယုံကြည်စိတ်ချကြပါသည်။ခုလိုညအချိန် နှစ်ယောက်တည်းပြန်လာသည်ကိုပင် ဘာမျှသံသယ ဖြစ်ကြမည် မဟုတ်ပါ။ သို့ရာတွင် ကျော်စွာက ဘာမျှမပြောချေ။

 

စောစောအောင်တို့ အိမ်ရှိသော မြေနီလမ်းကလေးကို ချိုးဝင်မိကြပြီ ၊ ဒီနေရာသည် လူ နည်းနည်းပြတ်သည် ။ စောစောအောင်သည် ကျော်စွာကို ယုံကြည်ပါသည်။ သို့ရာတွင် သူသည် အဘယ့်ကြောင့် ရင်ခုန်ရပြန်ပါသနည်း လမင်းကြီးသည် ဝါးရုံပင်ထိပ်ဖျားရောက်နေပါပြီ။

 

*****

 

ကုသိုလ်ရေးမို့ ကြိုးစားပါ

တို့တစ်တွေမှာ ချွေးတလုံးလုံး။

ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ

အမောပြေအောင်တိုက်ပါမမ။

 

ဘုံကထိန် လှည့်လည်ပွဲဖြစ်ပါသည်။ ကျောင်းကထိန်ဆို တော့လည်း စည်ကားလှသည်။ လူတန်းကြီးသည် ရှည်လျားလှပါ သည်။ ပဒေသာပင်တွေကလည်း အများကြီး။ ပဒေသာပင်တွေ နောက်က ကျောင်းသူကလေးများ။ နောက်က အိုးစည်ဒိုးပတ်ဝိုင်း။

 

ဒိုးကလေး ဒိုးကလေး

နိုင်ငံကျော်တဲ့ ဒိုးကလေး။

ဒိုးကလေးက လက်သံပြောင်

မိုးထိလျှံအောင် တီးမယ့် ယောက်ျား ဆရာကြီး ဆရာကြီး၊

နိုင်ငံကျော်တဲ့ ဆရာကြီး၊

ဆိုင်း ဆရာကြီးက လက်သံပြောင် အသားနီလန်အောင် ရိုက်မယ့် ယောက်ျား။

 

ဇော်ခင်မော်သည် ခေါင်းစွပ်ကလေးကို စွပ်ထားသည်။

ဆရာကြီးနှင့်တူအောင် နှုတ်ခမ်းမွေးဆွဲထားသော အရုပ် ခေါင်းစွပ်ကြီးဖြစ်ပါသည်။ သူ့လက်မှာလည်း ကြိမ်လုံး တစ်ချောင်း ကို ကိုင်၍ ရမ်းနေသည်။ ဆရာကြီးသည် ကျောင်းသားများက

နောက်ပြောင်နေကြောင်းသိသော်လည်း တပြုံးပြုံး၊ သူ့ကိုချစ်လို့ နောက်ပြောင်ရကြောင်း သူသိပါသည်။

 

အမေရယ်တဲ့ အမေရယ်

အမေရယ်တဲ့ အမေရယ်

အ-ထ-က ဝိုင်းတော်နား

သွားပါရစေ အမေရယ်။

မသွားလေနဲ့ သမီးရယ်

မသွားလေနဲ့ သမီးရယ်

နေ့ပွဲဆို တော်တော်ရှိရဲ့

ညပွဲဆို မှောင်မိုက်ထဲ

လူဆွဲတတ်တယ်။

အမေရယ်တဲ့ အမေရယ်

အမေရယ်တဲ့ အမေရယ်

အ-ထ-က ဝိုင်းတော်နား

သွားပါရစေ အမေရယ်။

မသွားလေနဲ့ သမီးရယ်

မသွားလေနဲ့ သမီးရယ်

ခါတရံ သူစိတ်ဆိုး

ဗြောကောက်ကြီးနဲ့ ထိုးတတ်တယ်။

ကောင်းတယ်လို့ ဘယ်သူကပြော

ကောင်းတယ်လို့ ဘယ်သူကပြော။

 

ကျော်စွာသည် ပဒေသာပင်ကို ထမ်းလာသည်။ လမ်းတစ် ဝက်ရောက်သောအခါ ခင်ကျော်ငြိမ်း ရောက်လာသည်။

 

“ကျော်စွာ၊ ငါ တစ်လှည့်ထမ်းဦးမယ်၊ မင်းကို ဒိုးပတ်အဖွဲ့ က ခေါ်နေတယ်ကွ”

 

ကျော်စွာသည် လူတန်း၏နောက်သို့ လျှောက်လာ ခဲ့ သည်။ ကျောင်းသူကလေးများအနီးသို့ ရောက်လာသည်။ တစ် တစ်ယောက်ကို ရှာနေမိသည်။ စိတ်ကရှာချင်လို့ မဟုတ်ဟု ထင်သော်လည်း မျက်စိက အလိုလိုရှာမိသည်။ သူ့ မျက်စိသည် တစ်နေရာတွင် ရပ်သည်။

 

အို.. လှလိုက်တဲ့ စောစောအောင်ရယ်၊ စောစောအောင်သည် ဆံပင်ကို ခါတိုင်းကဲ့သို့ ဖားလျားချမထားပါ။ ဆံပင်ကို နှစ် ဖက်ခွဲချည်၍ ပခုံးတစ်ဖက်တစ်ချက်မှာ ချထားသည်။ အင်္ကျီအဖြူ လက်ရှည်။ ချောကလက်ရောင် နှင့် အနက်ရောင် ချိပ်ထဘီ၊

ပြောင်လက်တောက်ပနေခြင်းမရှိပါဘဲလျက် ရိုးရိုးနှင့်ယဉ်သော အရောင်အသွေးပါ။ ပြီးတော့ သူ့မျက်နှာမှာ နှုတ်ခမ်းနီ ဆိုးမထား ပါ။ သူ့မျက်ခမ်းမှာ အမည်းရောင်မရှိပါ။ သူ့မျက်ခွံမှာ အပြာရောင် မရှိပါ။ သို့ရာတွင် သူ့မျက်နှာတွင် မှုန်မှုန်ကလေး လှနေ သည်။ စောစောအောင်သည် ဒီနေ့ သိပ်လှနေပါသည်။ ဒီနေ့ သိပ်လှသည်ဆို၍ ကျန်တဲ့နေ့တွေမှာ မလှဘူးဟု မဆိုလိုပါ။ နေ့တိုင်းပင် လှပါသည်။ အို.. ပရမတ္တ အလှပါပဲ။

 

စောစောအောင်သည် ကျော်စွာကို မြင်သော အခါ ပြုံးပြလေသည်။ ကျော်စွာသည် သူ့ကိုပြန်၍ပြုံးမပြနိုင်ဘဲ ငေး၍ ကြည့်နေမိပါသည်။ ထိုအချိန်မှာပင်...

 

ဟိုနားက ယောင်ပေ ယောင်ပေ

သားတစ်ယောက် အဖေ

ဟိုနားက ယောင်ပေ ယောင်ပေ

သားတစ်ယောက် အဖေ။

လူပျိုပုံ လာမလုပ်နဲ့

ရွာရုှပ်သတော့။

လူပျိုပုံ လာမလုပ်နဲ့

ရွာရှုပ်သတော့။

ပျို့အိမ်က ခွေးပိန်မနဲ့

ညားစေမယ်ပ

ပျို့အိမ်က ခွေးပိန်မနဲ့

ညားစေမယ်ပ။

 

ချစ်ကိုဝင်း၏ အသံပြဲကြီးကို ကြားရလေသည်။ ဒိုးပတ်ဝိုင်းသည် သူ့ကို လှမ်းနောက်လိုက်ခြင်းဖြစ်သည်။ အေးမြင့်သောင်း သည် လင်းကွင်းကြီးကို 'ချမ်းကနဲ'နေအောင် တီးလိုက်သည်။ သင်းဌေးသည် ဒိုးပတ်ကို ဆူညံစွာတီးသည်။ လှဝင်းဦးသည် ကွေးနေအောင် ကလေတော့သည်။

 

ကျော်စွာရှက်သွားသည်။ စောစောအောင်ကို လှမ်းကြည့်သည် ။ စောစောအောင် က ခေါင်းငုံ ထားသည် ။ စု စု က စောစေအောင် ကို ဘာတွေတိုးတိုး တိုးတိုးပြောသည်မသိ၊

စောအောင်က စုစုကို ဆွဲဆိတ်သည်။ ပြီးတော့ရယ်သည်။ ကျော်စွာသည် ဒိုးပတ်ဝိုင်းနားသို့ လျှောက်သွားသည်။ သူ့မျက်နှာ ပြုံးတုံးတုံး ဒိုးပတ်အဖွဲ့က သီချင်းတစ်ပုဒ်ဆိုပြန်သည်။

 

ကလေးရှက်တော့ ငိုသတဲ့ပျို့

လူကြီးရှက်တော့ ရယ်သတဲ့။

ကျော်စွာလေး ကျော်စွာရှက်တော့

အလိုဗျာ..

စောစောအိပ်လို့ စောစောထလို့

စောစော ချစ်လိုက်ကြပါစို့။

 

မည်သို့ပင်ဖြစ် ပါစေ ဒီနေ့တော့ ကျော်စွာသည် စောစောအောင် သိပ်လှကြောင်း သူ့ကိုယ်သူ ဝန်ခံလိုက်ရလေသည်။ လှတယ်ဟု ဝန်ခံရုံပဲလား။ ဒီထက်ပိုသလား၊ မပိုဘူးလား တော့ သူ့ကိုယ်သူ မသေချာ။

 

အခန်း (၈)

 

လေးဆယ့်နှစ်ယောက်စီး ဟီးနိုးကားကြီးသည် တရိပ်ရိပ် ပြေးနေသည်။ ရန်ကုန်-ပဲခူးလမ်းပေါ်မှာ စပါးခင်းများ ဝင်းမှည့် နေကြပြီ။ ကုက္ကိုပင်များသည် ကားနံဘေးမှ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်သွားကြသည်။

 

ဒုတိယအစမ်းစာမေးပွဲပြီး၍ ဒီဇင်ဘာကျောင်းပိတ်ရက် အတွင်း ကျော်စွာတို့ အတန်းက ပဲခူးသို့ ပျော်ပွဲစားထွက်ကြ ခြင်းဖြစ်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ပျော်စရာကောင်းသည် တော့အမှန်ပါ။ သီချင်းသံ တညံညံ။

 

🎼🎼ငယ်ငယ်တုန်းက တို့ဘဝအရွယ်၊

ပျော်စရာကောင်းလို့ အောက်မေ့တယ်။ ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့ ဆုတောင်းပါတယ်။

သူငယ်ချင်းတို့ အဝေးကကွယ်

လာလာလာလာ လားလာလာ🎼🎼

 

“ဟေ့ကောင်၊ ဆက်ဆိုလေကွာ”

“မေ့သွားပြီကွာ”

“ဟား ဟား ဟား၊ ဟား”

ကျော်စွာသည်ကား ပြတင်းပေါက်မှ နေ၍ အပြင်သို့ ငေးကြည့်နေသည်။ ချစ်ကိုဝင်းသည် အေးမြင့်သောင်းကို လက်ကုတ်ပြသည်။ သူတို့ သံပြိုင်ဆိုလေသည်။

 

တွေးမနေနဲ့ ရဲဘော်

ငေးမနေနဲ့ ရဲဘော်

ငြိမ်းချမ်းရေးအတွက် ရည်မျှော်..

 

ကျော်စွာက ပြုံးသည်။ စောစောအောင်က စုစုကို ဆွဲဆိတ် သည်။

 

အို.. ဘာတဲ့

စောစော အိပ်လို့ စောစောထလို့

စောစောချစ်လိုက်ကြပါစို့။

 

ပဲခူးမြို့သည် သူတို့ကို ဆီးကြိုလေသည်။ ရွှေမော်ဓောဘုရားသို့ အရင်ဝင်ကြသည်။ ထို့နောက် ဟင်္သာကုန်း၊ ရွှေသာလျောင်း၊ ရွှေဂူလေး၊ ကိုးသိန်းကိုးသန်း၊

 

ရွှေဂူလေးဘုရားက ချောင်းကလေးမှာ သူတို့စခန်းချကြ သည်၊ အစီအစဉ်အရ ပျော်ပွဲစားကစားနည်းများ ကစားကြရန်၊ ကစားနည်းတွေက ပျော်စရာလည်းကောင်းသည်။ ရယ်စရာလည်း

ကောင်းသည်၊ ပူဖောင်းပေါ်သို့ ဖင်ထိုင်ချ၍ ခွဲရသော ကစားနည်း မှာ အရယ်ရဆုံးဖြစ်သည်။

 

ခွဲထားသော အုပ်စုတစ်စုမှ လူတစ်ယောက်စီထွက်ရသည်။ သူတို့၏ ရှေ့ပေနှစ်ဆယ်အကွာတွင် လေမှုတ်ပြီး ပူဖောင်း လေးလုံးကို ချထားသည်။ ထို့နောက် သူတို့လေးယောက်၏ မျက် နှာကို အဝတ်စီးပေးလိုက်သည်။ ပြိုင်ပွဲစလျှင် သူတို့သည် ပူဖောင်း များဆီသို့ မမြင်မကန်း သွားကြသည်။ စည်းကမ်းအရ ပူဖောင်းများကို လက်ဖြင့် မစမ်းရ။ ပူဖောင်းပေါ် တည့်တည့် ထိုင်ချမိပြီး ပူဖောင်းကွဲသွားလျှင် အနိုင်။ ပူဖောင်းကို အရင်ဆုံးခွဲနိုင်ဖို့ ကြိုး စားရမည်။

 

ရယ်စရာတော့ ကောင်းသည်။ တင်စိုးသည် ပူဖောင်းရှိ ရာသို့ မှန်း၍ သွားသည်။ ပူဖောင်းနေရာသို့ တန်းတန်းမတ်မတ် ရောက်ပါသည်။ သို့ရာတွင် ပူဖောင်းကို သူ့ခြေဖြင့် ခတ်မိသွား သည်။ ပူဖောင်းလွင့်ထွက်သွားသည်။ သူသည် ဘယ်လိုက်ရှာရ မည်မသိ၊ ယောင်ချာချာဖြစ်နေသည်။

 

ချစ်ကိုဝင်းက ပို၍ဆိုးသည်။ သူသည် ပူဖောင်းနားရောက် ခါနီးတွင် လေတိုက်သဖြင့် ပူဖောင်းက လွင့်သွားသည်။ သူက

တော့ မသိ။ အပိုင်ထိုင်ချလိုက်သည်။ မြေပေါ်သို့ ဖင်ထိုင်လျက် ကျသည်။ ရယ်သံမောသံဆူဆူညံညံ။

 

ကစားလို့ မောကြတော့ ထမင်းစားကြသည်။ ပတေးကိုယ်တိုင်လည်လှီး၍ ချက်ထားသော ကြက်သားနှင့်အာလူးဟင်း။ မိန်း ကလေးများနှင့် ယောက်ျားကလေးများ မျက်နှာချင်းဆိုင် နှစ်တန်း ထိုင်၍ စားကြမည်။ ဆရာမကတော့ ထိပ်ဆုံးက၊

 

သူတို့ရှေ့မှာ ငှက်ပျောဖက်တွေခင်း၍ ထမင်းတွေပုံစားသည်။ ကျော်စွာက ဟင်းလိုက်ထည့်ပေးသည်။ ခရမ်းချဉ်သီးငါးပိချက်ကို အောင်ဝင်းက တာဝန်ယူထည့်ပေးရသည်။

 

ကျော်စွာသည် စောစောအောင်၏ ထမင်းပုံထဲသို့ ဟင်း ခတ်ထည့်ပေးသည်။ မရည်ရွယ်ပါဘဲလျက် အသည်းဖတ်ပါသွား လေသည်။ စုစုက ပြုံးသည်။ မဝင်းစွိက မျက်နှာကိုရှုံ့မဲ့လိုက် သည်။ သူက တောင်ပံရိုး ရသည်ကိုး။

 

စောစောအောင်၏ မျက်နှာချင်း

ဆိုင်မှာ အေးမြင့်သောင်း ကျော်စွာက သူ့ကို ဟင်းထည့်ပေးသော အခါ လည်ချောင်းရိုး ပါသွားလေသည်။

 

အေးမြင့်သောင်းက

“ဟင် .. ငါ့ကျတော့ လည်ချောင်းကြီး” “စကားမများနဲ့ ကိုယ်လူ၊ ကျရာပဲ”

“ကျပဲကျနိုင်လွန်းတယ်။ သူများကျတော့ အသည်းဖတ်ကြီး”

စုစု၏ရယ်သံ ခွိကနဲ ထွက်လာသည်။စောစောအောင် က အေးမြင့်သောင်းကို မလုံမလဲ ပြောလိုက်သည်။

“ငါ့ဆီက အသည်းဖတ်ယူပါလား၊ နင်စားချင်ရင်"

“ဟာ .. နေပါစေ၊ ကိုယ့်ကံနဲ့ကိုယ် သူထည့်ပေးတာ စားရတာပဲ။ ပြီးတော့ ငါက အသည်းမစားဘူး၊ ဟဲ . ဟဲ”

ထမင်းစားပြီးကြတော့ ခဏတဖြုတ် နားကြသည်။ ပြီး တော့မှ ပျော်စရာအကောင်းဆုံး ကစားနည်း။ ပျော်ပွဲစား၏ အသက် ဖြစ်သော ကစားနည်။ စာရွက်ကလေးတွေကို မိန်းကလေး တစ်လှည့် ယောက်ျားလေးတစ်လှည့် အပြန်အလှန်ပေး၍ စာရွက် ပေါ်တွင် ညွှန်ကြားထားသည့်အတိုင်း သရုပ်ဆောင်ပြရသော “ပါဆယ်ဂိမ်းစ်”

 

ဒိုင်လူကြီးအဖြစ် ကျော်စွာက တာဝန်ယူရလေ သည်။ ပထမဆုံးစာရွက်ကို ဆရာမက ကျောင်းသားတစ်ယောက်ကို ပေးရမည်ဖြစ်သည်။ဆရာမသည် သူ့နားမှာရှိနေသော လှဝင်းဦးကို ပေးလိုက်လေသည်၊ စာရွက်ပေါ်တွင် ရေးထားတာတ “မျောက်တစ်ကောင် လမ်းလျှောက်ပုံမျိုး ဖြင့်တစ်ပတ်လျှောက် ပြပါ" လှဝင်းဦး၏ သရုပ်ဆောင်ပုံသည် မျောက်နှင့်တကယ်ပင်တူ ပါသည်ဟု ချီးကျူးကြပါသည်။ ဒုတိယစာရွက်ကို လှဝင်းဦးက အမျိုးသမီးတစ်ဦးကိုပေးရမည်ဖြစ်သည်။ လှဝင်းဦးသည် မိန်း

လေးများ၏ မျက်နှာကို တစ်ယောက်စီလိုက်ကြည့်သည်။ ပြီးတော့ မှ မမြင့်ကြည်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး စာရွက် ကို ပေးလိုက်လေသည်။

 

မမြင့်ကြည်သရုပ်ဆောင်ရန်မှာ ငါးစိမ်းသည်မအသွင် ဖြစ်သည်။ သူက အစတော့ ရှက်နေသေးသည်။ နောက်တော့မှ

“ဘာ အလေးမပြည့်ဘူး ပြောချင်လို့လား၊ ပါးကျိုးသွား မယ်၊ ဘာမှတ်နေလဲ”

မမြင့်ကြည်သည် တကယ်လည်း ခပ်စွာစွာမို့ သူသရုပ်ဆောင်တာ လည်းကောင်းပါသည်။

 

ပွဲအကျဆုံးမှာ ချစ်ဝင်းခေါ် မောင်လေးမုတ်ဆိတ်သရုပ်ဆောင်ပုံဖြစ်ပါသည်။ သူ သရုပ်ဆောင် ရမှာက မိန်းကလေးတစ်ယောက်ကို ရည်းစားစကားလိုက်ပြောရန်။

 

မောင်လေးမုတ်ဆိတ်သည် သူ့နဖူးပြောင်ပြောင်ပေါ်မှာ ဝဲကျနေ သော ဆံပင်ကို သပ်လိုက်သည်။ သူ စ၍ သရုပ်ဆောင်ပါသည်။

 

“ဒီမှာ ညီမ၊ လက်ဖက်တမတ်ဖိုးလောက်ပေးပါ၊ အဲ .. မဟုတ်ပါဘူး၊ ညီမနာမည်လေးက ဘယ်လိုခေါ်ပါသလဲကွယ် ..

ဪ.. မသိဘူးတဲ့လား ... နာမည်က ဆန်းတယ်နော် .. မသိဘူးဆိုတော့ ဦးလှဘူးရဲ့ သမီးထင်တယ်။ ဒီလိုပါ ... ဒီလိုပါ၊ အသေဝနာစ ဗာလာနံ ဆိုသလို ညီမကို မြင်မြင်ချင်း ကိုယ် ချစ် မိလို့ပါ"

 

သုက ပရိသတ်ဘက်လှည့်၍ ပြုံးပြသည်။

“ညီမရယ် ကိုယ့်ကိုတော့ မီးပွိုင့်လို မစိမ်းလိုက်ပါနဲ့။ စိမ်းလိုက်ရင် ကိုယ် မောင်းထွက်သွား မိလိမ့်မယ်... တကယ်

တော့ ညီမနဲ့ ကိုယ့်ရဲ့ ဘဝဟာ နှစ်ချောင်းဆက်မှ တစ်ခု ဖြစ်တဲ့ နမ်ချက်ကူလို ဘဝမျိုးပါ”

ပရိသတ်က ရယ်ကြသည်။ သူ အားတက်သွားလေသည်။

 

“ ဒီမှာ ညီမ၊ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့လူမျိုး၊ ရေဘုံဘိုင်တွေ့တိုင်း ရေဝင်ရောတတ်တဲ့ နွားနို့ကုလားမျိုးတော့ ကိုယ့်ကို မထင်လိုက်ပါနဲ့။ ဖြူတယ် မည်းတယ်ဆိုတာ ပြတ်ပြတ် သားသား သိပါရစေ။ ဖြုတယ်ဆိုရင်တော့ ကိုယ်ဆက်မလျှော် တော့ပါဘူး။ အဲ ... ပင်မင်းဆိုင်နဲ့ ရောသွားပြီ”

 

ဒုတိယနောက်ဆုံးစာရွက်ကိုရသူက ကျော်စွာပါ။

စာရွက်ပေါ်တွင် ပျော်ပွဲစားထွက် သူများထဲမှ အလှဆုံး ဟု သင်ထင်သော အမျိုးသမီးတစ်ယောက်အား အောက်ပါစာရွက်ကို ပေးပါ"

 

ကျော်စွာသည် စာရွက်ပေါ်ကစာကို ဖတ်ပြသောအခါ မိန်းကလေးများသည် ခေါင်းငုံ့ သွားကြလေသည်။ ကျော်စွာ စဉ်းစားသည်။ ဘယ်သူ့ ကို ပေးရပါ့မလဲ။ အမှန်တကယ် သု အလှဆုံးဟု ထင်သူကတော့ စောစောအောင်ပါ။ သို့ရာတွင် သူ မပေးရဲ။ အလိုလိုကမှ အကောင်တွေက နောက်ချင်ပြောင်ချင်ရတဲ့ အထဲ။ ဘယ်သူ့ကို ပေးရမလဲ။ ကျော်စွာသည် မိန်းကလေး တစ်ယောက်စီကို လိုက်ကြည့်နေမိသည်။ စောစောအောင်လောက် ဘယ်သူမှ မလှဘူးဟုထင်သည်။

 

“ကြာတယ်ဟေ့”

ယောက်ျားလေးတွေကအော်သည်။ ချစ်ကိုဝင်းတို့ အုပ်စု ဘက်မှ “စောစောအောင်ကိုပေးလေကွာ” ဟု တိုးတိုး အသံထွက် လာသည်။ ပေးလို့ မဖြစ်ပါဘူးဟု သူ ထင်မိပြန်သည်။ သို့ရာတွင် ၊ သူ့ခြေလှမ်းများသည် စောစောအောင် ဆီသို့ အဘယ်ကြောင့် ၊ ဦးတည်သွားမိပါသနည်း။

 

စောစောအောင်သည် ခေါင်းငုံ့ထားလျက် သူ့ဆီသို့ ကျော်စွာလာနေကြောင်းကို သိနေသည်။ သူရှက်သည်။ သူ့ ရင်သည် တဒိတ်ဒိတ် ခုန်နေသည်။ ကျော်စွာက သူ့အား စာရွက်ကလေးကို ပေးသည်။ သူခေါင်းခါဖို့ ကြိုးစားသည်။ သို့ရာတွင် စာရွက်ကလေး ကို သူယူလိုက်သည်။ စာရွက်ပေါ်ကစာကို ဖတ်သည်။ သူလန့် သွားလေသည်။

 

“အချောဆုံး အခန့်ဆုံးဟု သင်ထင်သော အမျိုးသားတစ် ယောက်ကို အောက်ပါစာရွတ်ကလေးပေးပါ”

 

သူဘာလုပ်ရမှန်းမသိပါ၊ စုစုကို ဆွဲဆိတ်ပြန်သည်။ သူ ခေါင်းမမော့ရဲ၊ ကျော်စွာသည် သူ့ရှေ့မှာ ရပ်နေသည်။ သူ့ကို

ကျောင်းသား၊ ကျောင်းသူအားလုံး ဝိုင်းကြည့်နေကြသည်။ သူရှက် နေ သည်။

 

“ မြန်မြန်ရွေးပါဗျ"

စောစောအောင်သည် ရှက်စိတ်နှင့်မို့ ဘာလုပ်မိမှန်း မသိ လိုက်ပါ။ သူသည် အနားမှာရပ်နေသော ကျော်စွာလက်ထဲ သို့ စာရွက်ကလေးကို ထည့်လိုက်မိပါသည်။ ကျော်စွာသည် စောစော

အောင်အနားမှာ ရပ်နေမိတာ မှားပြီဟု ထင်လိုက်သည်။ သို့ရာတွင် သူဝမ်းသာသွားသည်။ သူ့လက်ထဲက စာရွတ်ကလေးပေါ်က စာကို ဖတ်ကြည့်သည်။ သူလန့်သွားလေသည်။

 

“ဖတ်ပါဗျို့"

ဇော်ခင်မော်က အော်သည်။ သူ့လက်ချက်ပင်ဖြစ် ကြောင်း ကျော်စွာသိလိုက်ပါသည်။ မတတ်သာသဖြင့် ဖတ်ပြလိုက် ရသည်။

 

“အချောဆုံးအမျိုးသားနှင့် အချောဆုံး အမျိုးသမီးတို့တွဲ၍ သီချင်းတစ်ပုဒ်ဆိုပြပါ”

 

လက်ခုပ်တီးကြသည်။ သူတို့ နှစ်ယောက်စလုံး ရှက်နေ ကြသည်။ ကျော်စွာသည် ခါးထောက်ရမလို၊ လက်ပိုက်ထားရမလို၊ လက်နောက်ပစ်ထားရမလို ဖြစ်နေသည်။

စောစောအောင်သည် ထိုင်ရာမှ မထချေ။ ခေါင်းငုံ့ ထားသည်။ စုစုသည် မတ်တတ်ထရန် တိုက်တွန်းနေသည်။

 

“ကြာတယ်ဟေ့၊ မြန်မြန်ဆိုပါ"

ကျော်စွာက နှစ်ယောက်တွဲသီချင်းတွေ မရဘူးဟုဆိုသည်။ စောစောအောင်က ခေါင်းကိုသာ တွင်တွင်ခါသည်။ သီချင်းမဆို တတ်ဘူးဟုပြောသည်။

 

“မယုံဘူး၊ မယုံဘူး။ စောစောအောင်သီချင်းဆိုတာ တွေ့ဖူးတယ်”

“ ဘယ်မှာလဲ"

“အတန်းထဲမှာ ကမ္ဘာမကြေဆိုတယ်”

 

ဆရာမကိုယ်တိုင်ကပင် သူတို့ကို သီချင်းဆိုရန် တိုက် တွန်းလေသည်။ မတတ်သာသည့် အဆုံး စောစောအောင် ၊ မတ်တတ် ရပ်လိုက်ရသည်။ ကျော်စွာနှင့် စောစောအောင်သည် မြေကွက်လပ်၏ အလယ်တွင် မတ်တတ် ရပ် နေရသည်။ စောစောအောင်က ကျော်စွာကို မေးသည်။

“ ဘာဆိုရမှာလဲဟ”

“ငါလည်းမသိဘူး”

သီချင်းရွေးနေတာက တော်တော်ကြာသွားပြန်သည်။ နောက်ဆုံးတော့ 'ပန်းညိုစုံတွဲ” သီချင်းဆိုရန် သဘောတူကြသည်။

 

သို့ရာတွင်တော်တော်နှင့် မဆိုကြပြန်။ ရှက်နေကြသည်။ အားလုံးက ထပ်မံတိုက်တွန်းမှပင်ဆိုလေတော့သည်။

 

“လေပြည်ငယ်သုတ်ပါလို့၊

ရွှေဘုတ်ကယ်အိုးအီ အံ့မှိုင်းငယ်ရီ၊

နေမှီအောင်တခိုလှမ်းခဲ့ရ

ကောက်ငန်းက သူပြန်ပုံမှာ

ခေတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့် ။

ပန်းဝင့်လို့ ရွာကိုဝင်၊

အမြင်ဆန်းပါဘိတယ်လေး...”

စောစောအောင်က အရင်စဆိုရလေသည်။ သူရှက်လေသောကြောင့်အသံတုန်လေသည်။

 

စောင့်နေတဲ့ ပျို၊ ဗျို့ ဗျို့

မောင့်ရွှေမယ့်ကိုယ် မလိုချစ်တဲ့သူ

တကယ်ပြော လယ်တောဆင်းနေရသကို

"ပျို ပျို့စကားရမ်းတာကို စိတ်ကောက်တော်မူပါနဲ့”

ကျော်စွာသည် အမူအရာလုပ်ရန်ကြိုးစားသည်။ မရချေ။ ရှက်နေသည်။

 

“အို.. အို.. ကြည့်ပါလားလို့”

 

“ပျိုပျို တမိကညာ

တစ်ပါးမို့ ညှာတာသနား

ချစ်အားတွေပို၊ တုတယ်မငြင်းလိုက်ပါနဲ့ သူငယ်ချင်း... သူငယ်ချင်းပျို ပျို”

 

“ခုမှတော့ ချော့လာပါနဲ့၊ ေငါ့တော့တော့ -

ဘာကလို ကိုကို"

 

“ကြည့်စားတာ႕ ရိုးရိုး”

 

“အို ဆုတ်ပါ တဖက်သို့..

 

ရှက်ရှက် ကြောက်ကြောက်မို့ သီချင်းစာသားတွေက မှား၊ အသံတွေကမမှန်။ သို့ရာတွင် ဆိုလို့တော့ပြီးသွားသည်။

 

လက်ခုပ် ဩဘာသံများသည် ဆူညံသွားလေသည်။ စောစောအောင်သည် မိန်းကလေးများအကြားသို့ ဝင်ပြေးလေ သည်။ သူသည် စုစု နောက်မှာ ကွယ်၍ ထိုင်လေသည်။ သူ့မျက်နှာကို စုစု၏ကျောပေါ်မှာ အပ်ထားလိုက်သည်။ သူရှက်နေပါသည်။ ကျော်စွာသည် ဇော်ခင်မော်၏ဘေးမှာ ဝင်ထိုင်သည်။ သူ့မျက်နှာသည် ရှက်စိတ်ဖြင့် နီရဲနေပါသည်။

 

အပြန်လမ်းခရီးမှာတော့ ကျော်စွာသည် ငေးငိုင်နေရပြန် သည်။ ကားပြတင်းပေါက်မှ အပြင်ရှုခင်းများကိုသာကြည့်မောရင်း လိုက်ပါလာသည်။

 

စောစောအောင်သည် တလမ်းလုံး ခေါင်းကိုငုံ့၍ သာနေ သည်။ စုစုကိုလည်း စကားမပြောတော့။

 

အားလုံးပျော်ရွှင်နေကြသည်။ ကားတစ်စင်းလုံးမှာ ငေးငိုင်နေသူဟူ၍ သူတို့ နှစ်ယောက်သာ ရှိပါသည်။ ကျန်သူများ သည် သီချင်းတကျော်ကျော်။

 

နောင်နှစ်ကိုလည်း လာဦးမယ်လေး

နောက်နှစ်ကိုလည်း လာဦးမယ်လေ။

 

သူတို့ နှစ်ယောက်ကို အားလုံးက ဝိုင်းကြည့်နေကြသည် ဟု ထင်သည်။ စကားတစ်ခွန်းပြောလျှင် သူတို့ကို စောင်းပြော သည်ဟု ထင်သည်။ သီချင်းတစ်ပုဒ်ဆိုလျှင် စောင်းဆိုသည် ဟု ထင်သည်။

 

သူငယ်ချင်းတစ်ယောက်နှင့် သူငယ်ချင်းတစ်ယောက် သီချင်းတွဲဆိုရသည်မှာ ဘာဆန်းသနည်း။ ရှက်စရာလိုသနည်း။ သို့ရာတွင် သူတို့ သူငယ်ချင်းများမဟုတ်ကြတော့ပြီ။ သူငယ်ချင်း မဟုတ်ဟုဆို၍ ရန်သူများဟု မဆိုလိုပါ။ ချစ်သူများဟုလည်။ မဆိုနိုင်သေးပါ။

 

မည်သို့ပင်ဖြစ်ပါစေ။ ဒီနေ့ ဒီအချိန်မှစ၍ ကျော်စွာသည် စောစောအောင်ကို သူငယ်ချင်းတစ်ယောက်ထက်ပိုသော အချစ်ဖြင့် ချစ်မိနေပြီဖြစ်ကြောင်းပါ။ သူသည် စောစောအောင် ကို ချစ်သူတစ်ယောက်လို ချစ်နေမိကြောင်း သူ့ကိုယ်သူ ဝန်ခံလိုက် ပါသည်။

 

စောစောအောင်ဘက်ကတော့ ဘယ်လိုပါလဲ မသိပါ။ စောစောအောင်သည် တစ်စုံတစ်ခုသော ဝေဒနာကို ခံစားရမိ သည်။ နာကျင်ခြင်းမဟုတ်သော်လည်း အခံရခက်သော ဝေဒနာ ပါ။ သူသည် မိန်းကလေးပီပီ ဣန္ဒြေဆည်ရမည်။ သူများကို မဟုတ်ပါ။ မိမိကိုယ်ကို ဖြေဆည်ရခြင်းဖြစ်ပါသည်။ မိမိကိုယ်ကို မိမိပြန်၍ ဟန်ဆောင်ရခြင်းသည် ကြီးစွာသော ဒုက္ခ၊ သူ့စိတ် အတွင်းမှာ လွန်ဆွဲနေကြသည်။ သူ့ကိုယ်သူမေးသည်။ သူ့ကိုယ်သူ ဖြေသည်။ “အို... မဟုတ်ဘူး” ဟု ငြင်းသည်။ စိတ်သက်သာရာ ရသလိုလို အရှိသားပါ။ သို့ရာတွင် ကျော်စွာကို အဘယ့်ကြောင့် ခိုးကြည့်မိပြန်ပါသနည်း။

 

“ကျော်စွာရယ် နင် ငါ့ကို ဘာဖြစ်လို့ နှောက်ယှက်ရတာ လဲဟယ်”

 

*****

 

ဒီဇင်ဘာနှင်းတို့သည် ကျနေကြသည်။ ကောင်းကင်သည် နှင်းဖြူတို့ ကြောင့် အပြာနုရောင်ဖြစ်နေသည်။ လမ်းဓာတ်မီးတိုင် သည် ဝါဖျော့ဖျော့ ။

 

ဇော်ခင်မော်သည် သီချင်းတစ်ပုဒ်ကို ဆွဲဆွဲငင်ငင် ဆိုနေ သည်။ အေးမြင့်သောင်းသည် ခေါင်းကိုငုံ့လျက် ဂစ်တာကို ခေါက် နေသည်။ ချစ်ကိုဝင်းသည် သူ့ပေါင်ကိုပုတ်ရင်း စည်းလိုက်နေ သည်။ လှဝင်းဦးကတော့ သီချင်းသွားအတိုင်း လေချွန်သည်။

ကျော်စွာသည် သီချင်းကို စိတ်မဝင်စားပါ။ သူတို့ ထိုင်နေသော နေရာနှင့် ဓားလွယ်ခုတ်လောက်မှာရှိသော နှစ်ထပ်အိမ်ကြီးကို ငေးကြည့်နေသည်။

 

“ကျော်စွာ၊ မင်းဘာဖြစ်နေတာလဲ”

“ဘာမှ မဖြစ်ပါဘူးကွာ”

“ဘာမှမဖြစ်ဘူးဆိုပေမယ့် မင်းကြည့်ရတာ ခုတင် သိပ်ငိုင်တာပဲ"

“ဖီလင်ဝင်နေလို့ ဖြစ်မှာပေါ့ကွ"

“ကျော်စွာကတော့ကွာ၊ သီချင်းလေးတစ်ပုဒ် တွဲဆိုရသေး တယ်၊ အပြတ်ခိုက်နေပြီလားကွ”

“မဟုတ်ပါဘူးကွာ”

“ဒါဖြင့်ရင် မင်း ဘာဖြစ်လို့ ဆွေးနေတာလဲ” “မဆွေးပါဘူး”

“မညာချင်စမ်းပါနဲ့ သူငယ်ချင်းရာ၊ မင်းနဲ့ ငါတို့နဲ့ အိမ်ကပိုက်ဆံခိုးပြီး ခေါက်ဆွဲကြော်ဝယ်စားတဲ့ အရွယ်ကတည်းက ပေါင်းသင်းလာတာပါ”

“ကဲကွာ၊ ရှင်းရှင်းမေးမယ်၊ မင်း စောစောအောင်ကို ခိုက်နေပြီမဟုတ်လား”

အေးမြင့်သောင်း၏အမေး။ ကျော်စွာကမဖြေပါ။

“မိမိငြင်းကြောင်းလို့ ပြောဦးမလို့လား။ ဒီမှာ သူငယ်ချင်း၊ မင်းမှာတိုင်ပင်စရာဆိုလို့ ငါတို့ပဲရှိတယ်။ မင်းစိတ်ထဲမှာ ရှိတာကို ငါတို့ ကိုတော့ အသိပေးဖို့ ကောင်းပါတယ်ကွာ”

 

သူငယ်ချင်းတွေကို ဖွင့်ပြောလျှင်ကောင်းမည်လားဟု စဉ်းစားမိသည်။ ပြောသင့်သည်လို့ လည်းထင်သည်။ ဝေဒနာဆို သည်မှာ ဝမ်းထဲမှာ ကျိတ်ထားတာထက် တစ်ယောက်ယောက်ကို ဖွင့်ပြောလိုက်ရလျှင် နည်းနည်းတော့ သက်သာစေသည် မဟုတ် ပါလား၊ သို့ရာတွင် သူရှက်နေပြန်၏။ အိမ်ကြီးဆီသို့ သူကြည့် ပြန်၏။ အိမ်ကြီးထဲမှာ မီးတွေလင်းနေတုန်းပါ။ စောစောအောင် စာကျက်နေသလား၊ သို့မဟုတ် သူ့အကြောင်းကို စဉ်းစားနေပါ သလား။

 

“မိစောရယ် ငါဘယ်လိုပြောရမလဲဟယ်” “ငါ စောစောအောင်ကို ချစ်နေပြီကွာ"

သူ ဖွင့်ဟဝန်ခံလိုက်ပါသည်။

“ကောင်းတယ်”

“ငါ သဘောတူတယ်”

“ဖြစ်သင့်တာကြာပြီ"

“လုပ်ရင်လဲ မြန်မြန်လုပ်ကွာ၊ စာမေးပွဲနီးပြီ” “သူ ငြင်းလိုက်မှာ ကြောက်တယ်ကွ”

သူ စိုးရိမ်သွားပြန်သည်။

“ ဒါတော့ကွာ သူ မကြိုက်ရင် ငြင်းမှာပေါ့" “ငြင်းတယ် မငြင်းဘူးဆိုတာ သူ့အလုပ်ပါကွာ”

“စောစောအောင်က မင်းကို ကြည်မှာပါကွာ”

သူတို့က အားပေးကြပါသည်။ ကျော်စွာက ဂစ်တာကို သူ့ပေါင်ပေါ်မှာတင်လိုက်သည်။

“ကျော်စွာ ... သီချင်းဆိုကွာ”

“ခုအချိန်မှာ မင်းနဲ့ အလိုက်ဆုံးသီချင်းကတော့ ပိတ်ထား သောတံခါးများနှင့် ဖွင့်ထားသော တံခါးများ”

“ကောင်းတယ်”

“ဘာကီးလဲ”

“မင်းအသံနဲ့ဆို ေအမိုင်နာနဲ့ လိုက်တယ်"

 

ကျော်စွာသည် ဂစ်တာကို စ,ခေါက်သည်။ အင်ထရိုခေါ် ပဏာမတီးလုံး၊ ထို့နောက် ကျော်စွာ၏ အသံသည် ငြိမ့်ညောင်း စွာ ထွက်ပေါ်လာသည်။

 

🎼

ဟောင်းနွမ်းနေတဲ့ ဂစ်တာကလေး အသည်းကွဲနေတဲ့ ကောင်ကလေး

ပိတ်ထားတဲ့ တံခါးလေး

ချစ်သူ့ အိမ်ရှေ့မှာ

ဂစ်တာလို့ ခေါ်တဲ့ ကိရိယာလေးနဲ့

အဆွေးသီချင်းတွေဆိုမယ်

ပိတ်ထားတဲ့တံခါးလေး ဖွင့်လိုက်ပါလားကွယ်။

လေ နတ်သားရယ်

မောင့်အသံကို ချစ်သူဆီပို့ပေးပါလားကွယ် ....။

အို ... တံခါးတွေ ပိတ်ထားသတဲ့လား။ ချစ်သူရဲ့ အသည်းတံခါး ကလေးကကော ပိတ်ထားတုန်းပဲလား။

အို .. အရှင် အချစ်ဘုရား ။

ဂစ်တာသံအကြား

ပိတ်ထားသော တံခါးများ

ပွင့်ပါစေသား။

အို ... အရှင် အချစ်ဘုရား၊

မောင့်တေးသံ အကြား

ပိတ်ထားသော အသည်းတံခါး

ပွင့်ပါစေသား 🎼

 

စောစောအောင် စာကျက်လို့မရတော့ပါ။ သီချင်းသည် ကျော်စွာအသံဖြစ်ကြောင်း သူသိပါသည်။ ဒီအသံကို သူမမှတ်မိ ဘဲ နေပါရိုးလား၊ ပျော်ပွဲစားခရီးမှာတုန်းက သီချင်းအတူတူ တွဲဆို ခဲ့ရသူ၏ အသံပါပဲ မဟုတ်လား။ ပြတင်းတံခါးကို ဖွင့်လိုက်ချင် သည်။ အို ... တံခါးမဖွင့်ပဲလျက်နှင့်လည်း လေနတ်သားဆို သူသည် သူ့ထံ ရောက်လာတာပါပဲ။ အသည်းတံခါးကို ဖွင့်ချင်ပါ သလားဟု သူ့ကိုယ်သူ မသေချာ။ အို ... အသည်းတံခါး မဖွင့် ဘဲလျက်နှင့်လည်း မြားနတ်မောင်ဆိုသူသည် သူ့ အသည်းနှလုံး ကို စိမ့်ဝင်၍ • • ။

 

*****

 

'ကျော်စွာရယ်.. နင် ငါ့ကို ဘာဖြစ်လို့ နှောက်ယှက် ရပြန်တာလဲဟယ် ..."

 

ကျောင်းပြန်ဖွင့်ပြီ ဖြစ်ပါသည်။ ဒုတိယအစမ်းစာမေးပွဲ မှာ အမှတ်စာရင်းတွေ ထုတ်ပြန်သည်။ ပညာရည်တိုးတက်မှု မှတ်တမ်းတွေပေးသည်။ ဒီတစ်ခါတော့ ကျော်စွာက ပထမရသွား သည်။ စောစောအောင်က ဒုတိယ၊ ချစ်ကိုဝင်းက တတိယ။

စောစောအောင် ကျေနပ်ပါသည်။ သူ့ထက်သာသွား သူမှာ ကျော်စွာဖြစ်သောကြောင့် ကျေနပ်ခြင်းဖြစ်သလားဟုတော့ သူ့ကိုယ်သူ မသေချာ။ မသေချာခြင်းလည်း ဖြစ်ချင်မှဖြစ်မည်။ သူ့ကိုယ်သူ လိမ်ညာခြင်းလည်း ဖြစ်နိုင်ပါသည်။

 

ချစ်ကိုဝင်းသည်လည်း ကျေနပ်ပါသည်။ သူ့ထက်သာ သွားသူမှာ ကျော်စွာနှင့် စောစောအောင် ဖြစ်နေခြင်းကြောင့် ကျေ နပ်ခြင်းဖြစ်သည်ဟု သူ့ကိုယ်သူ သေချာသည်။

 

ဆရာ၊ ဆရာမများသည် အချိန်မှန်မှန် စာသင်ကြသည်။ ကျောင်းသား၊ ကျောင်းသူများသည် ကြိုးစား၍ မှတ်သားနာယူ ကြသည်။ တနင်္ဂနွေနေ့ဆိုလျှင် ကျောင်းပိတ်၏။ နေ့လယ် ဆယ့်နှစ်နာရီကျောင်းတတ်၍ ညနေငါးနာရီမတ်တင်း ကျောင်းဆင်း၏။ ကျောင်းကြီးတစ်ခုလုံး ဘာမျှ မထူးခြားပါ။ သို့ရာတွင် ထူးခြားသူနှစ်ဦး ရှိပါသည်။ ကျော်စွာနှင့် စောစောအောင်ပါပဲ။

 

ကျော်စွာသည် ခုတလော တက်ကြွမှုမရှိလှ။ စာမေးပွဲတွင် ပထမရခဲ့သည်ကိုပင် သိပ်ဝမ်းသာပုံမပြေပါ။ သူ့လှုပ်ရှားမှုသည် လေးလံထိုင်းမှိုင်းလှသည်။ များစွာသော အခါတို့တွင် သူသည် တွေဝေငေးငိုင်နေတတ်သည်။ ဆရာ၊ ဆရာမတွေ စာသင်သည် ကို စိတ်ဝင်စားမှု လျော့လာသည်။ တစ်ခါတစ်ရံ ဆရာတွေ စာသင်နေသည်ကို ကြည့်နေသော်လည်း သူ့ စိတ်သည် အတန်း၏ လက်ဝဲ ဘက်ရှေ့ဆုံးခုံတန်းသို့ ရောက်နေတတ်သည်။ ထိုနေရာသည် စောစောအောင်ထိုင်နေသော နေရာမဟုတ်ပါလား၊ ကျော်စွာ ထိုင်နေသော နေရာသည် အတန်း၏ လက်ယာဘက် နောက်ဆုံး ခုံတန်းဖြစ်ပါသည်။

 

ကျော်စွာ၏နေရာမှသည် စောစောအောင်၏နေရာနှင့် ထောင့်ဖြတ်ဖြစ်သည်။ ထို့ကြောင့် စောစောအောင်၏ မျက်နှာကို သေချာစွာ မမြင်ရ၊ များသောအားဖြင့် စောစောအောင်၏ ကျော ဘက်၊ ဆံပင်နှင့် ပါးတစ်ခြမ်းကိုသာမြင်ရသည်။ တစ်ခါတစ်ရံမှ သာ ဖြောင့်စင်းသော နှာခေါင်းကလေး၊ ကော့နေသော မျက်တောင် ကလေး၊ အကယ်၍ စောစောအောင်၏ ရှေ့တည့်တည့်တွင် မှန် ကလေးတစ်ချပ် ရှိနေခဲ့လျှင် အဘယ်မျှ ကောင်းလိုက်လှပါမည် နည်း။

 

ကျောင်းပိတ်ရက်တုန်းက အဖြစ်တစ်ခုကို ကျော်စွာ သတိရမိသည်။ စောစောအောင်တို့ အိမ်ရှေ့မှာ ညဘက် သီချင်း သွားရောက်ဆိုပြီး နောက်တစ်နေ့တွင် ဖြစ်ပါသည်။

 

နံနက်စောစော နေထွက်ပြီဖြစ်သော်လည်း နှင်းမကွဲသေး ပါ။ ကျော်စ္စာသည် စက်ဘီးပေါ်မှ ဆင်းလိုက်သည်။ လက်ကိုင်ရှိ လွယ်အိတ်မှ ကြေးမုံသတင်းစာတစ်စောင်ကို ထုတ်ယူလိုက်သည်။ အိမ်ကြီးကို ကြည့်သည်။ ခြံဝင်းကြီးထဲကိုကြည့်သည်။ လူမတွေ့ရ ပါ။ ကျော်စွာပြုံးလိုက်ပါသည်၊ ညကပင် သူသည် အိမ်ရှေ့မှာ သီချင်းဆိုခဲ့ပါသေးသည်။ ခုလို နံနက်အချိန်ကြီးမှာသာ သူသည် ဂစ်တာတစ်လက်နှင့် သီချင်းလာဆိုလိုက်လျှင် ဘယ်လောက် ရယ်စရာကောင်းလိုက်လှပါမည်နည်း။

 

“သတင်းစာဖိုး ခင်ဗျ”

နှင်းဆီပန်းတွေ ကြားထဲမှာ လှုပ်ကနဲဖြစ်သွားသည်။ စောစောကတည်းက သူရှိနေပါကလား။ သူသည် ပန်းရောင်အင်္ကျီ နှင့် ထဘီကို ဝတ်ထားသည်။ ပန်းရောင်ဆိုသည်မှာ နှင်း နှင့် အလိုက် ဖက်ဆုံးအရောင်ပါပဲ။ နှင်းဆီပင်တွေကြားမှာ နှင်းဆီပွင့်တွေကြားမှာ ပန်းရောင်နှင်းဆီပွင့် ကလေးတစ်ပွင့် ရှိနေကြောင်းကို ကျော်စွာ စောစောက မသိခဲ့ပါ။ ဟုတ်တာပေါ့။ သူ့ မျက် နှာမှာလည်း ပန်းရောင်သမ်းနေလိုက်တာပါပဲ။ ပန်းရောင်နှင်းဆီပွင့်ကလေး သည် သူ့ထံသို့ လျှောက်လာလေသည်။ ကျော်စွာက သူ့ကိုပြော သည်။

 

“နှင်းဆီ .. အဲ မဟုတ်ပါဘူး။ သတင်းစာဖိုး ပေးတော့မလား”

သူ ရယ်သည်။ ပြုံးခြင်းထက် လွန်သည်ဆိုရုံမျှ ရယ်ခြင်း ပါ။ ကျော်စွာ ရှက်သွားသည်။ ကျော်စွာရှက်သွားကြောင်း သူသိ သည်။ သူလည်း ရှက်သွားလေသည်။ သူ့မျက်နှာကို ပြန်တည် လိုက်သည်။

 

“ခဏနေဦး”

သူ လှည့်ထွက်သွားသည်။ ကျော်စွာသည် သူ စကားမှား သွားခြင်း အတွက် ရှက် နေသည်။ ခုပင် ဒီနေရာမှ ထွက်သွား လိုက်ချင်သည်။ ရိုင်းရာကျမည်စိုး၍ စောင့်နေရလေသည်။ သူ ပြန်လာသည်။ ကျော်စွာကို ပိုက်ဆံပေးသည်။

 

“ကျေးဇူးတင်ပါတယ် ... သွားဦးမယ်"

ကျော်စွာ စက်ဘီးရှိရာသို့ ပြန်လှည့်သည်။ “သတင်းစာ ပေးသွားဦးလေ”

ဒီတော့မှပင် သူ့လက်ထဲက သတင်းစာကို သတိရတော့ သည်။ သတင်းစာမှ မပေးရသေးဘဲ။ ကျော်စွာ ရှက်သွားပြန်လေသည်။ သတင်းစာကိုပေးသည်။ သူ့မျက်နှာကို ကျော်စွာ မကြည့်ရဲ၊ သူက ပြောလေသည်။

 

“နင်က အသံကောင်းသားပဲ”

သူ ထွက်သွားသည်။ ကျော်စွာသည် ကြောင်၍ ကျန် ရစ်သည်။ ဘာတဲ့၊ အသံကောင်းတယ်တဲ့။ ပျော်ပွဲမှာ ဆိုတာကို ပြောတာလား။ မနေ့ညက ဆိုတာကိုပြောတာလား။ စောစောအောင်သည် ဘာရည်ရွယ်ချက်နှင့် ဒီစကားကိုပြောတာလဲ။ သူ့ ကို စိတ်ဝင်စားဟန် ပြတာလား၊ သူ့ကို လမ်းခင်းပေးတာလား။ သူ့ကို စတာလား၊ လှောင်တာလား၊ စောစောအောင်ရယ်။

 

ကျော်စွာသည် စက်ဘီးပေါ်သို့ တက်၍ ခြေနင်းကို တစ်အားနင်းချလိုက်သည်။ ချိန်းကြိုး ပြတ်ထွက်သွားလေသည်။

ကျော်စွာသည် အိမ်ကြီးဆီသို့ ပျာပျာသလဲ ကြည့်သည်။ ဘယ်သူမှ မရှိ။ စောစောအောင်သည် တစ်နေရာမှ သူ့ကိုချောင်းကြည့်ရင်း ရယ်မောနေပါလိမ့်မည်လား မသိပါ။ ကျော်စွာ ပြုံးလိုက်သည်။

 

“ဟေ့ကောင် ... ဘာပြုံးတာလဲ”

ချစ်ကိုဝင်း၏ အသံကိုကြားမှ သူ့ အတွေးစကို အလျင် အမြန်ရုပ်သိမ်းလိုက်သည်၊ ချစ်ကိုဝင်းကမေးသည်။

 

“ဘာကြောင်တာလဲ၊ တစ်ယောက်တည်း” “ဘာမှ မဟုတ်ပါဘူးကွာ၊ ဟာသပုံပြင်တစ်ခု စဉ်းစားမိ

လို့ပါ"

သူက အရှက်ပြေပြောလိုက်ပါသည်။ ထိုအခါမှ ပိုဆိုး တော့သည်။

" ဘာပုံပြင်လဲကွ၊ ပြောပါဦး”

“ဟို .. ဟိုဥစ္စာကွာ”

“ဟေ့ ...။ ဟိုဥစ္စာကွာ”

“ဟေ့ကောင် ဖိန့်မနေနဲ့ .. မင်း စောစောအောင် အကြောင်းစဉ်းစားနေတာ မဟုတ်လား”

တိုက်ရိုက်လာထိနေတော့လည်း သူ အနေရခက်သွား သည်။ ချစ်ကိုဝင်းကပြောသည်။

“စဉ်းစားနေရုံနဲ့ မပြီးဘူးနော်”

 

စောစောအောင်သည် သူ့ကိုယ်သူ မကျေနပ်ဖြစ်မိသည်။ သူသည် ဟိုတစ်နေ့တုန်းက ကျော်စွာကို အသံကောင်းသည်ဟု

ပြောခဲ့မိသောကြောင့် ဖြစ်ပါသည်။ ထိုနေ့က သူသည် မရည်ရွယ် ဘဲလျက် ထိုစကားကို ပြောမိခြင်းဖြစ်သည်။ ဒီတုန်းက ကျော်စွာ ရှက်သလို သူလည်း ရှက်နေပါသည်။ ထို့ကြောင့် ပြောမိပြောရာ ပြောလိုက်ရာက ထိုစကားထွက်သွားခြင်းဖြစ်သည်။ ထိုစကား

ကြောင့် ကျော်စွာ သူ့ကို အထင်သေးသွားမည်ကို စိုးရိမ်မိသည်။ ထိုစကားကြောင့် ကျော်စွာ့သီချင်းသံကို သူနားထောင်နေခဲ့ကြောင်း သိသာသွားစေနိုင်သည်။ သူက ကျော်စွာကို စိတ်ဝင်စားနေသည် ဟု ထင်သွားနိုင်သည်။ တကယ်ကော စိတ်မဝင်စားဘူးလား။ မဝင်စားပါဘူးဟု သူ့ကိုသူဖြေသည်။ သို့ရာတွင် သူသည် ကျော်စွာ နှင့် အဘယ်ကြောင့် မျက်နှာချင်းမဆိုင်ရဲဖြစ်နေ ရပါသနည်း။

 

မုန့်လွှတ်ချိန်တွင် စောစောအောင် အတန်းထဲက ထွက်လာသည်။ အတန်းပေါက်ဝတွင် ကျောင်းသားတစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွားသည်။ ကျောင်းသားကို မော့ကြည့်သည်။

ကျော်စွာပါ။ ကျော်စွာသည် သူ့ကို ကြည့်သည်။ စောစောအောင် သည် မျက်လွှာကို အမြန်ဆုံးပြန်ချလိုက်သည်။

‘ကျော်စွာရယ်... နင့်အကြည့်ကို ငါမခံနိုင်ပါဘူးဟယ်”

 

 

Related Posts

No comments:

Post a Comment