ငြိမ်းကျော် - ပဉ္စမမြောက်ဆောင်းရက်များ

 

ပဉ္စမမြောက်ဆောင်းရက်များ


( ၁ )

မှုန်နေအောင်ကျနေသော နှင်းထုကြောင့် ရာမညဆောင်ကိုလွန်လာပြီး သဲလမ်းအစပ်ကို နင်းလိုက်သည်အထိ လက်ဖက်ရည်ဆိုင်ကို ပီပီမတွေ့ရ၊ ငှက်ပျောခင်း၏ နံဘေးသို့ရောက်တော့မှ ဆိုင်ကိုတွေ့ရ၏။

 

ဆိုင်အဝင် သံခြေနင်းပြားပေါ်သို့ ရောက်သောအခါ စားပွဲ၊ ကုလားထိုင်၊ အဆင်အပြင်အလုံးစုံကို ကြည်ကြည်လင်လင်မြင်သည်။ မီးချောင်းတွေကြောင့် ဆိုင်တွင်း၌ လင်းနေသည်။

 

မျက်လုံးက ကြည့်နေကျနေရာသို့ ရောက်သွားသည်။ အုတ်ထရံနှင့်ကပ်လျက် စားပွဲတန်း၊ အရှေ့ဘက်အဆုံးစွန်။ မည်သူ့ကိုမျှ မတွေ့ရချေ။

 

ထို့ကြောင့့် စားပွဲဆီသို့ တန်းတန်းမတ်မတ် သွား၍ ထိုင်လိုက်သည်။

 

သူထိုင်ထိုင်ချင်း ဆိုင်အမှုထမ်းတစ်ယောက်က ရောက်လာသည်။

 

“လက်ဖက်ရည်ပဲလား” ဟုမေးသည်။ သူက- “တော်ကြာမှ သောက်မယ်ဗျာ” ဟု အဖြေပေးလိုက်သည်။

ထိုဆိုင်အမှုထမ်းလှည့်ထွက်မည်အပြုတွင် စားပွဲအနီးသို့ လျှောက်လာသောလူရိပ်ကို တွေ့ရသည်။ လှည့်အကြည့်တွင် ပြုံး၍ပြောသည်။

 

“ကို ရောက်နေတာကြာပလား”

 

သူ ရှေ့တည့်တည့်ရှိခုံတွင် ထိုင်တော့မှ

 

“ဟင့်အင်း... ခုလေးတင်ပဲ”

စကားအဆုံးတွင် ဆိုင်အမှုထမ်းကို လက်ဖက်ရည်နှစ်ခွက် မှာလိုက်သည်။ ထိုသူက ခေါင်းညိတ်ကာ စားဖိုဆောင်ဘက်သို့ ထွက်သွားသည်။

 

သူတို့ စကားမပြောဖြစ်ကြ၊ ဆိုင်အပြင်ဘက်သို့ ငေးကြည့်နေသည်။ ထိုအခိုက်အတန့်သည် တိတ်ဆိတ်လျက်ရှိသည်။ လက်ဖက်ရည်ဆိုင်တွင် လူပါးလျက် ရှိသေးသည်။ တစ်စားပွဲတွင် ကျောင်းသား နှစ်ယောက်၊ အနောက်ဘက်ထောင့်တွင် သုံးယောက်၊စကားပြောသံကိုပင် တစ်ခါတစ်ခါမှ ကြားရသည်။

ငြိမ်သက်လှသောကြောင့် တောင်ပိန္နဲရွက်များပေါ်မှတစ်ဆင့် သွပ်မိုးပေါ်သို့ ကျလာသော နှင်းစက်သံကို ဖြိုးဖြိုးဖြောက်ဖြောက် ကြားရသည်။

အအေးဓာတ်သည် စကားစဟူသမျှကို သိမ်းဆည်းထားတတ်သလားမသိ။လက်ဖက်ရည်နှစ်ခွက် ရောက်ပြီးသည်အထိ နှစ်ဦးစလုံး၏ နှုတ်ခမ်းတွေ မလှုပ်မရှား။

ဆိုင်အမှုထမ်းက ဒုတိယအကြိမ်ရောက်လာသည်။ သစ်သီးကိတ်တစ်ပန်းကန်နှင့် ဘဲသားမုန့်တစ်ပွဲ လာပို့သည်။ အကြမ်းပန်းကန်နွေးလောက်ချိန်သာသာ အကြာတွင်မှ

“ကို ဘာဖြစ်နေတာလဲ”

 

မလုံမလဲတော့ ပြုံးမိသည်။

 

“ဘာမှ မဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲ အမွန်”

 

အမွန်က ပြုံးစေ့စေ့နှင့်...

 

“ကိုကြည့်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး”

သည်စကားကို ငြင်းတော့မငြင်းချင်။ရင်ထဲမှာကိုက လေးလံသောအထုပ်အပိုးတစ်ခုကို သယ်ပိုးထားရသည့်နောက် လူတစ်ကိုယ်လုံးမှာ ထိုင်းနေရော့မည်ပ။ မှိုင်းနေတော့မည်ပ။

 

အမွန့်ကို မှန်သောစကားဆိုနေကျ။ မှန်သောအဖြေ ဖြေနေကျဖြစ်ပြန်၍ မကွယ်ဝှက်လို။ ဟန်ဆောင်စကားတွေဖြင့်ပင် မညာချင်။ သည်တော့ ဘာမှပြန်မပြောခြင်းဖြင့်သာ ပေးရမည့်အဖြေကို ရှောင်တိမ်းလိုက်သည်။

“ကို နေမကောင်းဘူးလား”

 

“ကောင်းပါတယ်”

“အစ်ကိုနဲ့ မရီးတော်တို့က ဘာပြောလိုက်လို့လဲ”

 

စူးစမ်းပုံကို သဘောကျ၍ ပြုံးမိသည်။

 

“ဘာမှ မဖြစ်ပါဘူးအမွန်ရဲ့”

အမွန်ခေါင်းခါသည်။ တွေ၍နေသည်။ တစ်စုံတစ်ရာ စဉ်းစားနေပုံရသည်။ ပြီးတော့မှ ပြောသည်။

 

“အမွန့်ကို ပြောစရာစကားရှိလို့လား”

 

ဖြေဖို့စဉ်းစားမိသည်။ ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် ခေါင်းကို ဖြည်းဖြည်းညိတ်ပြလိုက်သည်။

 

“ဒါဖြင့်လည်း ပြောလေ၊ အမွန်ကို့ရှေ့ကို ရောက်နေပြီပဲဟာ”

လက်ဖက်ရည်ပန်းကန်ကို စိုက်၍ကြည့်ရင်းဖြေလိုက်သည်။

“ဖြည်းဖြည်းပေါ့ အမွန်၊ လက်ဖက်ရည်သောက်ပါဦး”

အမွန် မသိမသာ သက်ပြင်းချလိုက်သည်။

“အမွန့်မှာလည်း ပြောစရာပါလာတယ်”

ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားရသည်။ ပြောမည့်စကားချင်း တူနေသလားဟုလည်းတွေးမိသည်။စကားချင်းတူကြလျှင်ဖြင့် ဝမ်းနည်းစရာလား၊ ဝမ်းသာစရာလား ကြိုတင်သိရှိချင်လှသည်။

 

“ဝမ်းနည်းစရာလား၊ ဝမ်းသာစရာလား အမွန်”

 

မျက်နှာကို ငုံ့ထားရင်းအမွန်ဖြေသည်။

“ကို့စကားကကော”

 

မေးခွန်းက စိတ်အနေကျုံ့သွားစေသလား မဆိုနိုင်။ သတိထား၍ ဖြေမိသည်။

“ဝမ်းသာစရာနားမျိုးနဲ့ နားထောင်ရင်တော့ ဝမ်းသာစရာပေါ့၊ ဝမ်းနည်းစရာနားမျိုးနဲ့ နားထောင်လိုက်ရင်တော့ ဝမ်းနည်းစရာ ဖြစ်ချင်ဖြစ်မှာပေါ့ အမွန်ရယ်”

အမွန်နှုတ်ခမ်း တစ်ဖက်တွန့်၍ ကျသွားသည်ကို မြင်လိုက်ရသည်။ ခေါင်းကိုမဖော်၊တညိတ်ညိတ်နှင့် တွေးကြည့်နေဟန် ရှိသည်။ အပြုံးတစ်ချက်ကို တွေ့လိုက်ရသည်။

 

နားအလည်ရအခက်ဆုံး၊ တစ်ဝက်တစ်ပျက်အပြုံးမျိုး။ စိတ်အကြပ်အတည်း ပေါ်လာသောအခါမျိုးတွင် အမွန့်ထံ၌ ထိုအပြုံးမျိုးကို တွေ့ရတတ်သည်။ သူ့ကို အလုံးစုံသိနားလည်ထားသူ အမွန့်အဖို့မှာ သူ့စကားကိုလွယ်လင့်တကူ သဘောပေါက်ပြီးသားဟု ယုံကြည်သည်။

 

“ကိုရယ်... ခက်လိုက်တာ”

 

ညည်းသံသဲ့သဲ့တွင် ပင့်သက်ရောလျက်ရှိသည်။

“အမွန့်စကားကကော...”

ရုတ်ချည်းမဖြေ၊ အောက်နှုတ်ခမ်းကို သွားတက်ဖြင့် အသာအယာ ဖိကိုက်ထားသည်။ ခေါင်းကိုမော့လိုက်သည်။

“ပြောတာပေါ့ကိုရယ်၊ အေးအေးဆေးဆေးပေါ့”

အမွန့်မျက်လုံးအစုံသည် မျက်ရည်ကြည်ဖြင့် လဲ့နေသလားထင်ရ၏။ မျက်လုံးကိုမလွှဲတမ်း ကြည့်နေ၏။ သူ့မျက်လုံးသည် အမွန့်မျက်နှာမှ တစ်ဆံခြည်မခွာ။

နဖူးပေါ်က ဆံစတွေကိုကြည့်သည်။စိမ်းလျက်နေသောမျက်ခုံးကိုကြည့်သည်။

အလှဆုံးမျက်နှာကို ကြည့်သည်။အလှဆုံးနှာတံကို ကြည့်သည်။

အကြောစိမ်းလေးတွေ ပြေးနေသော ပါးပြင်ကိုကြည့်သည်။ ချစ်စဖွယ်နှုတ်ခမ်းလေးကို ကြည့်သည်။

ကြည့်ဖန်များတော့ ပို၍ လှသည်ထက်လှလာသည်ဟု ထင်မိစေသော အမွန့်မျက်နှာတွင် ရှက်ပြုံး တစ်စနှစ်စကို တွေ့ရသည်။

“လက်ဖက်ရည်သောက်ဦးလေ၊ အေးကုန်ဦးမယ်”

အမွန့်စကားသည် အာရုံလွှဲသည့်စကား။ မျက်လုံးကို စားပွဲဆီသို့ ပို့လိုက်ရသည်။

 

“ရော့... ကို၊ ဒီပန်းကန်က ပိုပြည့်တယ်၊ အမွန့်ဆီက လက်ဖက်ရည်ကိုသောက်ပါ”

 

မငြင်းဆန်သာ၍ လှမ်းယူရသည်။ သူ့ပန်းကန်ကို အမွန့်ဘက်သို့ရွှေ့ပေးလိုက်ရသည်။ တစ်ငုံနှစ်ငုံ သောက်ပြီးသောအခါ သစ်သီးကိတ်ပန်းကန်ထဲက အကြီးဆုံးအချပ်ကိုယူကာ...

 

“အမွန် ဒါကိုစားပေါ့၊ ဒါ့ထက်သေးတာကို ကျွန်တော်စားမယ်၊ ဟုတ်လား”

 

အမွန့်အပြုံးမှာ ကြည်နူးပြုံး၊ မုန့်ချပ်ကိုယူ၍ တစ်ကိုက် ကိုက်သည်။ ထိုအချိန်တွင် ကျောင်းသားလေးငါးယောက်က ဆိုင်တွင်းသို့ ဝင်လာသည်။ တစ်ယောက်ကို တစ်ယောက် စကားနိုင် လုလာကြဟန်ရှိသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် ထိုင်မိကြတော့မှ ငြင်းခုံသံ လျော့သွား လေသည်။

ရွှတ်နောက်တတ်သူဟု ထင်ရသော ကျောင်းသားတစ်ယောက်က သူတို့နှစ်ဦးကို လှည့်ကြည့်ရင်းနှင့်...

 

“အဟမ်း... အဟမ်း၊ အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေသတည်း”

 

ဟု မကြားတကြား ရွတ်သည်။သူတို့နှစ်ယောက်စလုံး မျက်နှာအထားခက်သွားသည်။ အမွန်က မကြားယောင်ပြုကာ လက်ဖက်ရည်ကြမ်းငှဲ့သည်။ သူက ဆေးလိပ်မီးညှိသည်။ သူကအပြင်သို့ ငေးကြည့်သည်။ အမွန်က မျက်လုံးချင်းလွှဲထားသည်။

နှင်းမှုန်တွေက ကျမြဲကျနေသည်။ကိုယ့်အတွေးကို ကိုယ်တိုင် ဖိတ်ခေါ်ထားမိသဖြင့် စကားမဆက်မိကြ။

 

“ညိုတို့ကလည်း ခုထိမလာကြသေးဘူး”

 

အမွန်က တိုးတိုးဆိုသည်။

 

*****

 

“အမွန်ပြောမယ်ဆိုတာပြောလေ”

 

ကြားလျက်နှင့်ပြန်မဖြေ။ လွယ်အိတ်ပေါ်တွင် ပုံဖော်ထားသော ပန်းပွင့်ပုံကို လက်ညှိုးနှင့် လိုက်ရေးနေသည်။ စောင့်နေရသူကို အမွန်အားနာနေပုံ တွေ့ရသည်။ ခေါင်းကိုငဲ့ကာ မျက်လွှာလှန်၍ ကြည့်သည်။ မျက်နှာကိုသော် အမွန်မဖော်။ ပင့်သက် ဟင်းခနဲဖော့ကာ မှုတ်ထုတ်သည်။

 

“ကို့မှာပြောစရာရှိတယ်ဆို၊ ကိုအရင်ပြောလေ”

နှုတ်မရဲလှ။ တကယ်တမ်း ဖွင့်ပြောရမည်ဆိုသောအခါ သွေးကကြောင်ချင်သည်။ ရင်တွေပင် တုန်လာသည်။ အသံတွေလည်း တုန်နေလိမ့်မည်ထင်၏။

 

ကြောင့်ကြစိတ်တွေက သဏ္ဌာန်အမျိုးမျိုးဖြင့် ခြောက်လှန့်လာပြန်သည်။ စိုးရိမ်စိတ်တွေက တစ်ကိုယ်လုံးမှာ ပြန့်လာသည်။ အမွန်ဖြေမည့် အဖြေတွေကို စိတ်ကူးတွင် စီကြည့်သည်။

‘အင်း’ ‘ဟင့်အင်း’ တစ်ခုခု။သို့မဟုတ် အမွန့်မျက်နှာ နီသွားမည်။ သို့မဟုတ် အရှက်မျက်နှာ၊ သို့မဟုတ် ဒေါသမျက်လုံး။

 

တွေးကြည့်သမျှ အားလုံးမှာ ထိတ်လန့်စရာချည်း။ အဆုံးစွန်ဆုံးမှာ သူ့စကားအဆုံးတွင် အမွန့်မျက်နှာ ပျက်ကောင်းပျက်သွားချိမ့်မည်။ ထိုင်ရာမှ ဝုန်းခနဲထလိုက်ကောင်း ထလိုက်မည်။ ထို့နောက် သူ့ပါးပေါ်တွင် အမွန့်လက်ဝါးတွေ အဆက်မပြတ်ကျလာကောင်း ကျလာလိမ့်မည်။

နောက်ဆုံးတွင် အမွန့်ဒေါသစကား နာကြည်းစကားတွေ ကြားကောင်းကြားရလိမ့်မည်။အဆုံးတကာ့အဆုံးတွင် အမွန်သည် နှင်းထုကြားထဲသို့ ထွက်ပြေး ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားလိမ့်မည်။

ထိုအခါ ခင်မင်ရင်းနှီးလာခဲ့ကြသည်မှာ တတိယမြောက်ဆောင်းရာသီသို့တိုင် ရှည်ကြာခဲ့ပြီးသော လူနှစ်ယောက်၏ ဆက်ဆံရေးက ရုတ်ခြည်း၊ ပြိုပျက်သွားလိမ့်မည်။

ဤတွင် အမွန်သည် နာကြည်းခြင်းကို ဆောင်ယူသွားမည်။ သူ့ထံ၌ နောင်တရခြင်းကို ထားရစ်ခဲ့ပေလိမ့်မည်။

သို့သော် အားတင်းစိတ်ကို ဆွဲယူမိသော် ပြောတော့မည်ဟု နှုတ်ခမ်းပြင်မိသည်။သူ့ကိုတွယ်တာသော အမွန်သည် အရက်စက်ကြီး ရက်စက်လိမ့်မည်တော့ မထင်။ သူ့ကို နားအလည်ဆုံးသောအမွန်သည် ပြောတော့မည့်သူ့စကားကိုလည်း နားလည်မှု ထားနိုင်လ်ိမ့်မည်ဟု ထင်သည်။

 

ကြမ်းတမ်းသောစကား၊ ခါးသီးသောစကား၊ စိမ်းသောစကားကို တစ်ရံတစ်ဆစ်မျှမဆိုဘူးသည့် အမွန့်နှုတ်ခမ်း၌ ယုံကြည်မှုတွေကို ထားမိသည်။

တစ်ခုတော့ တွေးပူမိသည်။အမွန့်စေတနာ၊ အမွန့်သံယောဇဉ်နှင့် အမွန့်မေတ္တာတွေကို အယူကောက်လွဲစွာ သဘောထားခဲ့ရာ ကျလေမည်လား၊ အခွင့်ကောင်းယူရာ ကျသွားလေမည်လား၊ မွေးချင်းကင်းသူအမွန်က မောင်နှမရင်းချာသဖွယ် ဆက်ဆံလာခဲ့သမျှ အလွဲသုံးစားတွေးယူရာ ကျသွားလေမည်လား။

အမွန့်ကိုစော်ကားရာ ကျသွားလေမည်လား။ချင့်ချိန်လွန်းတော့လည်း အမွန့်ကို ချစ်တယ်” ဆိုသောစကားကို ပြောမဝံ့တော့။ မျိုသိပ်ထားဖို့သာ အားအင်မွေးမိသည်။

 

“ပြောလေကို၊ ဘာတွေစဉ်းစားနေတာလဲ”

ခေါင်းကို ဖြည်းညင်းစွာ ခါမိသည်။ သူ့ကိုကြည့်၍ အမွန်မျက်လုံးဝိုင်းသွားသည်။

 

“ဟော... ကိုတစ်ယောက်တော့ ရူးများရူးနေပလား မသိဘူး၊ ခုပဲပြောမယ်၊ ခုပဲခေါင်းခါနဲ့”

ရင်ထဲက စကားတစ်လုံးမှာ အလစ်တွင် ခုန်ထွက်သွားလေသည်။

“အမွန်ပြောသလို ကျွန်တော်ရူးသွားရင် အကောင်းသားပေါ့၊ ခုတော့ မရူးလို့ အခက်ပေါင်း သောင်းခြောက်ထောင် ကြုံနေရတာ”

အမွန့်မျက်နှာ ညှိုးရလေသည်။ သူ့စကား၏ အဓိပ္ပာယ်အနက်အရှိုင်းကို သိလိုက်ပေမည်။

“အဲဒါကြောင့် အမွန့်ကိုပြောစရာရှိတာ ပြောပါဆိုတော့လည်း ကို ဘာလို့ မြုံနေလဲ”

ပြုံးမိလေသည်။ သတ္တိက စိမ့်ဝင်လာပြန်သည်။ အကယ်စင်စစ် ထိုသတ္တိသည် အပြစ်ကင်းစင်လှသော အမွန့်မျက်နှာ၊ တည်ငြိမ်သော အမွန့်ဣနြေ္ဒတို့နှင့်ကား ရဲရဲရင်မဆိုင်ဝံ့သော သတ္တိမျိုး။စိတ်ကို အတတ်နိုင်ဆုံး တင်းပြုပြီး ပြောလိုက်မိတော့လည်း-

“ဒါဖြင့် မြုံမထားဘူးပြောမယ်၊ ဒါပေမယ့် အမွန်ပြောမယ်ဆိုတာကို အရင်ပြော၊ အမွန်ပြောပြီးပြီးချင်း ကျွန်တော်ပြောမယ်၊ ဟုတ်လား”

အမွန် ဖြေရခက်သွားသည် ထင်၏။ ခေါင်းကိုမော့၍ အမိုးဆီသို့ငေးသည်။ နှုတ်ခမ်းကို တင်းနေအောင် စေ့ထားသည်။ လည်တိုင်တွင် အကြောစိမ်းကလေးတွေ မပေါ့်တပေါ်။

“အမွန်ပြောမယ်ဆိုလို့ ပြောမယ်။ ဝမ်းသာစရာစကားတော့ မဟုတ်ဘူးကို”

စိတ်မောစေသော စကားပါတကား။ ရင်အခုန်မြန်စေသော စကားပါတကား။ စောင့်စားနေရသော စက္ကန့်ပိုင်းကာလကိုပင် ကြာရှည်စွဟု ထင်မိသည်။

“တစ်နေ့က ဦးလေးနဲ့ ဒေါ်လေးတို့ဆီက စာရောက်လာတယ်”

ဦးလေးတော်သူမှာ သူ့ဖခင်၏ညီအရင်း၊ ဒေါ်လေးတော်သူမှာ သူ့မိခင်၏ ညီမအရင်း။သူ့ဦးလေးနှင့် ဒေါ်လေးတို့ ဇနီးမောင်နှံသည် သြစတေးလျသို့ အပြီးအပိုင် သွားရောက်နေထိုင်လျက် ရှိသည်။

“သူတို့ ဟိုမှာ အစစအရာရာစီစဉ်ပြီးပြီတဲ့”

ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာသည်။

“ဖေဖေက မနေ့ကပြောတယ်”

အမွန့်ရှေ့သို့ ကိုယ်ကိုကိုင်းကာ နားကြားမလွဲအောင် အာရုံစိုက်ရသည်။

“သြစတြေးလျကို အပြီးအပိုင်သွားဖို့ ဆုံးဖြတ်လိုက်ပြီတဲ့”

နားထဲတွင် ကျဉ်ခနဲ ဖြစ်သွားသည်။ အပူဟပ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အံ့အားသင့်လွန်းသဖြင့် နှုတ်က “ဗျာ” ဟု ထွက်သွားသည်။ ထို့နောက် အလောတကြီး မေးလိုက်မိချေ၏။

“အမွန်လည်း လိုက်သွားရမှာလား”

နှင်းတွေရစ်ပတ်နေသော သစ်ပင်အုပ်ဆီသို့ အမွန်ငေးနေသည်။ အဖြေပေးရမည့်စကားအတွက် အမွန့်မှာခက်ခဲပင်ပန်းနေဟန် ရှိသည်။ စိတ်အကြပ်အတည်းထဲမှ အမွန်ရုန်းမထွက်နိုင်မှန်း သိလာသည်။အမွန့်ကို ကြည့်ရင်း စိတ်အစိုင်အခဲသည် တစ်စတစ်စ အရည်ပျော်လာသလား မပြောတတ်။

 

*****

 

ညိုညိုနှင့် ကိုကြည်လွင်တို့ နှစ်ယောက်စလုံးတို့က ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။

မျက်နှာလေးခုစလုံးသည် တည်ငြိမ်ခြင်းမက တည်ငြိမ်လျက်ရှိငြား ကြည်ကြည်စင်စင်မဟုတ်ကြ။ ရွှင်ရွှင်ပျပျ မဟုတ်ကြ။

 

မျက်လုံးတွေ တစ်နေရာတစ်နေရာတွင် အကြာကြီး။လက်ဖက်ရည်ပန်းကန်၊ အကြမ်းပန်းကန်လုံး၊ စားပွဲမျက်နှာပြင်၊ သမံတလင်း၊ စားပွဲတွေ၊ ကုလားထိုင်တွေ။

 

ဆိုင်ရှေ့ ဝါးတန်းစည်းရိုး၊ ဗာဒံပင်၊ ဂမုန်းပင်တွေ၊ သရက်ပင်တွေ၊ မှန်ဗီရို၊ မီးချောင်း၊ နှင်းတွေထဲက ငှက်ပျောခြံ၊ တက္ကသိုလ် ပရဝဏ်သံစည်းရိုး၊ နှင်းမှုန်တွေ။

 

တစ်ခါတစ်ရံ တစ်ယောက်မျက်လုံးနှင့် တစ်ယောက်မျက်လုံး။စင်စစ် အပြင်လောကတစ်ခုလုံးတွင် ရှာမတွေ့နိုင်သောအရာကို အမိအရ ဖမ်းယူရန် ကြိုးပမ်းနေကြသည်မျိုး။

 

“အမွန့် အဘိုးအဘွားတွေက ဘာမှမပြောကြဘူးလား”

 

ညိုညိုမေးခွန်းကို ခေါင်းခါ၍ အမွန်ဦးစွာဖြေသည်။

“မနေ့ကညနေဟာ အိမ်မှာဆွေမျိုးစုံတဲ့နေ့ပဲ၊ စီးပွားရေးကျလာလို့ လူအဝင်အထွက်နည်းသွားတာ ခြောက်နှစ်လောက် ရှိခဲ့ပြီးတဲ့နောက် မနေ့ကတော့ ဟိုအရင်တုန်းကလို ပထမဆုံးည်ကားခြင်းပဲ ညို ဖေဖေက အားလုံးကို ချက်ချင်းလာဖို့ ဖုန်းဆက်ပြီး အကြောင်းအရာကိုလည်း ကြိုပြောလိုက်တယ်။ဒီတော့ တားကြ၊ ဖျက်ကြ၊ ငိုကြ၊ ယိုကြနဲ့ပေါ့။ အဘိုးနဲ့အဘွားကလည်း တားတာပါပဲ။ ဖေဖေကရော မေမေကပါ ဆုံးဖြတ်ပြီးသား မပြင်နိုင်ဘူး။ ခု နှုတ်ဆက်ပွဲလုပ်တာလို့ ပြန်ပြောတယ်။ဒီတော့အဘွားက ညည်းတို့သွားချင်သွား၊ ဒါပေမယ့် အမွန့်ကို တို့နဲ့ထားခဲ့သင့်တယ်လို့ ပြောတယ်”

 

စကားပြတ်သွားသည်။ ညိုညို့မျက်လုံးသည် အမွန့်နှုတ်ခမ်းသို့ ရောက်နေသည်။

 

“ဖေဖေက ကျွန်တော်တို့က ဒီကိစ္စနဲ့ပက်သက်လို့ သမီးကိုဇွတ်မခေါ်ပါဘူး။ သမီးရဲ့ သဘောအတိုင်းပါ၊ သမီးက ကျွန်တော်တို့နဲ့ ခွဲမနေခဲ့ချင်ဘူး။ အတူလိုက်မယ်ဆိုလို့ ခေါ်သွားမှာပါလို့ ပြောလိုက်တယ်။ဒီတော့ အို- အစုံပါပဲ၊ ရန်တွေ့စကားတွေရော၊ ခနဲ့စကားတွေရော၊ ဗမာစစ်စစ်ဖြစ်ရက်နဲ့ သူများတိုင်းပြည် သွားနေရကောင်းလားနဲ့ပေါ့။ အမွန် ငိုတောင် ငိုမိတယ်”

 

လေသံမှာ တိုးလာသည်။ နှုတ်ခမ်းလှုပ်ပုံကပင် နှေးလာသည်။ အဖြစ်အပျက်တို့၏ ရုပ်လုံးတွေ ပေါ်လွင်စပြုလာသည်။

 

“အမွန်နေခဲ့လို့ မဖြစ်ဘူးလား”

 

ညိုညို့အသံသည် ချိန်ဆပြီးပြောမှန်း သိလွယ်သည်။ သည်စကားကို သူပြောဖို့စိတ်ကူးရခဲ့သော်လည်း သင့်မသင့်တွေးနေဆဲတွင် ညိုညို ဝင်ပြောလိုက်သဖြင့် ကျိတ်၍ ကျေးဇူးတင်မိသည်။

 

“အမွန့်ကို ဖေဖေဘယ်လောက် ချစ်တယ်ဆိုတာ ညို သိပါတယ်လေ၊ နောက်ပြီးတော့ ခုချိန်မှာ ဖေဖေမကျန်းမာတဲ့အခါ မဟုတ်လား၊ အမွန်လိုက်မသွားရင် ဟိုရောက်ပြီး မကြာခင်ပဲ ဖေဖေသေမှာ၊ အမွန် ဖေဖေ့ကို အငဲ့ညှာဆုံးပါ ညိုရယ်။ မေမေက အမွန့်ထက် ရွှေတွေငွေတွေကို ပိုချစ်ခဲ့ပေမယ့် ဖေဖေက သူ့ကိုယ်ထက် အမွန့်ကို ပိုလို့ချစ်တာ။ ဒီတော့ ဖေဖေအသက်ရှင်နေသမျှကာလပတ်လုံး ဖေဖေ့အပါးမှာ အမွန်ရှိသင့်တယ်မဟုတ်လား။စီးပွားရေးရော၊ ကျန်းမာရေးရော အဘက်ဘက်က ကျဆင်းလာလို့ ခုလိုအချိန်မျိုးမှာ အမွန်သိတတ်ရမှာပါ ညိုရယ်”

 

တစ်ခွန်းတော့ ဝင်ပြောမိသည်။

 

“အမွန့်မိဘတွေက ဘာဖြစ်လို့ ဟိုမှာသွားနေချင်ရတာလဲ အမွန်"

"မေမေ့အကြောင်းကို အမွန်ပြောပြလို့ ကို သိသင့်သလောက်သိနေသားပဲ။ စီးပွားရေးနဲ့ ပက်သက်လာရင် မေမေလောဘ မထိန်းနိုင်တာ အမှန်ပဲ မဟုတ်လား”

 

“အမွန်တို့စီးပွားရေးက ဒီလောက်အထိ ပျက်သွားတာမှ မဟုတ်သေးတာ”

 

အမွန်ပြုံးလေသည်။

 

“အမွန့်သဘောမဟုတ်ပါဘူး ကိုကြည်လွင်။ အမွန့်သဘောနဲ့ အမွန်ဆို ခုအနေအထားကပဲ သိပ်ချမ်းသာနေသေးတာ။ မေမေ့အနေနဲ့က ခု သူ့ကိုယ်သူ လူမွဲတဲ့၊ သူ့မှာတဲ့ ခုနေတဲ့ခြံရယ်၊ ဝင်းရယ်၊တိုက်စုတ်လေးရယ်ပဲ ရှိတော့တယ်တဲ့။ ကုမ္ပဏီ၊ စက်ရုံ၊ သင်္ဃန်းကျွန်းက ခြံနဲ့တိုက်လည်း ရောင်းခဲ့ရပြီတဲ့။ ဒီအခါ ဆွေမျိုးအသိုက်အဝန်းရဲ့ ဆက်ဆံရေးက ပုံပြောင်းလာတော့ အားလုံးကို စိတ်နာတယ်တဲ့။ ဒါကြောင့် သူ့ညီမရှိရာသွားနေပြီး အရင်ကထက်ကြီးပွားအောင် လုပ်ပြမယ်တဲ့။ သူ့ညီမဆီကလွဲရင် နေစရာအရပ် မရှိတော့ဘူးတဲ့။ ဒါကြောင့် သွားကိုသွားမယ်၊ တစ်စက္ကန့်တောင် မဆိုင်းချင်ဘူးတဲ့။ နောင် သူတကယ်လို့ စိတ်ပြောင်းလို့ ပြန်လာဖို့ကြံရင်တောင်တဲ့၊ စိန်စီတဲ့ ရွှေဖိနပ်ကိုစီးနိုင်မှ ပြန်လာမယ်တဲ့၊ ဒီတော့ စဉ်းစားကြည့်လေ”

 

သူ သက်ပြင်းချမိလေသည်။ကိုကြည်လွင်သည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။

“အမွန့်ဖေဖေကကော”

 

ညိုညို့မေးခွန်းကိုမဖြေမိ။ အမွန်နှုတ်ခမ်းကို ကိုက်၍ထားသည်။

“ဖေဖေက မေမေ့သဘောမှန်သမျှ အမြဲတမ်းလိုက်လျောခဲ့တာ ညို၊ သူနာစရာလည်း ရှိချင်ရှိမှာပေါ့။ မေမေ့လိုတော့ ပစ္စည်းပစ္စယ မက်မောလွန်းတာတော့ မဟုတ်ဘူး”

အခိုက်အတန့်အားဖြင့် ဆိုင်တွင်လူပါးသွား၍ အသံတိတ်နေသည်။ လက်ဖက်ရည်ဆိုင်နှင့်မတူချင်။တောရကျောင်းလေး တစ်ကျောင်းလို ဖြစ်နေသည်။ နှင်းလွှာပါးပါးခြုံထားသော တောအုပ်အလယ်က ကမ္မဋ္ဌာန်းကျောင်းကလေး။ နှင်းစက်ကြွေသံ ပြောက်တိပြောက်ကျားနှင့်။ နှင်းအအေးကို ပုံ့ပုံ့ယုံ့ယုံ့ခံနေရသော နေရာလေးတစ်နေရာ၊ ချစ်သူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ ဆုံနေရာ၊အပန်းဖြေနေရာ။ ဆိုင်ထဲတွင် အမွန်တို့လေးဦးသာ ရှိသည်။ စကားဝိုင်းနှင့် မတူတော့သဖြင့် ပြည်လမ်းဘက်က ကားသံပါစဲသွားသောအခါ ငြိမ်သက်မြဲ ငြိမ်သက်လျက်တည့်။

“ထွက်ခွာသွားခွင့် လျှောက်လွှာတော့ မတင်ရသေးဘူးပေါ့နော်”

ညိုညို့အသံတွင် စိုးရိမ်သံတွေ ရောနေသည်ထင်၏။

“ဒီတစ်ပတ်အတွင်း လျှောက်လွှာတင်ပြီးမှာပါ”

“ခွင့်ပြုချက်ရဖို့က ကြာသလား၊ မြန်သလား အမွန်”

အမွန်သည် လှုပ်ရုံမျှ ခေါင်းခါသည်။

“ဒါက အတပ်မပြောနိုင်ပါဘူး ညိုရာ၊ မြန်တယ်ဆိုတာတောင် တစ်နှစ်ကျော်၊ ဒေါ်လေးတို့ သွားတုန်းက နှစ်နှစ်ခွဲကျော်မှ သွားခွင့်ရတယ်”

ညိုညိုက မထိန်းနိုင်သော စကားတစ်ခွန်းကို ဝမ်းသာအားရ ဆိုလိုက်သည်။

“ဒီလိုဆို တော်သေးတာပေါ့၊ အမွန်နဲ့ ရုတ်တရက် ခွဲသွားရမှာလားလို့ ညိုပူနေတာ”

အမွန့်ကို သက်ပြင်းရှည်ချစေသောစကား။ ချက်ချင်းပြန်မပြောစေနိုင်သောစကား...

 

“အမွန်လည်း ဘယ်ခွဲချင်ပါ့မလဲ အညိုရယ်။ အားလုံးကိုပါ”

အဓိပ္ပာယ် တစ်စွယ်ထွက်သည်ဟု ညိုညိုတွေးမိသည်။ ကိုကြည်လွင်တစ်ယောက်လည်း သည်နည်းတူ တွေးမိလေသလား မဆိုနိုင်။

 

ညိုညိုကိုလှမ်းကြည့်သည်။ညိုညိုက သူ့ကိုဝေ့ခနဲကြည့်လိုက်သည်။ သူလည်းသိလိုက်သည်။ ပြည်လမ်းဘက်သို့ ငေးကြည့်နေမိသည်။ ညိုညိုက...

“ကိုထွေး ဘာစကားမှ မပြောတော့ဘူးလား၊ ငူတူတူကြီးနဲ့”

 

သူက ဟန်ပြု၍ ပြုံးသည်။

 

“ကျွန်တော်ပြောမယ့်စကားတွေကို ညိုတို့ ပြောလိုက်ကြပြီပဲဗျာ။ အတူတူပဲပေါ့”

 

ကိုကြည်လွင်က ပြုံးစိစိဖြင့် သူ့ကိုကြည့်ကာ-

 

“ကျန်ချင်ကျန်နေဦးမှာပေါ့ ကိုထွေးရာ၊ ထပ်ဖြည့်ပြီး ပြောဦးပေါ့ဗျာ”

သူ့မျက်လုံးသည် အမွန့်မျက်လုံးဆီသို့ ရောက်သွားသည်။ အမွန့်အပြုံးကိုတွေ့ရသည်။ သူခေါင်းခါလိုက်သည်။

 

အမွန်သည် သူ့မျက်လုံးကို နားလည်မည်ထင်သည်။

 

“ဟုတ်သားပဲ၊ ရောက်စတုန်းက ပြောစရာရှိတယ်ဆို ပြောလေ”

 

ညိုညိုက မေးတစ်ချက်ငေ့ါ၍-

“ကိုကြည်လွင်၊ ညိုတို့သွားစရာရှိတာ နောက်ကျနေမယ်” ဟု ပြောသည်။

အဓိပ္ပာယ်နှစ်ခွထွက်သော ကြားဖြတ်စကားဟုထင်သည်။ ကိုကြည်လွင်က အင်္ကျီအ်ိတ်ကိုနှိုက်ရင်း ဆိုင်အမှုထမ်းကို ခေါ်သည်။

ကိုထွေးက- “ကျွန်တော်ပေးပါ့မယ်ဗျာ၊ ထားလိုက်ပါ ကိုကြည်လွင်” ဟုပြောသည်။ အမွန်က လွယ်အိတ်ထဲမှ လက်ကိုင်အိတ်ကို ထုတ်ရင်း- “အို မဟုတ်တာ၊ အမွန်ပေးပါရစေ” ဟုပြောသည်။

 

အမွန့်လက်ကို ညိုညိုကာထားသည်။ ကိုကြည်လွင်က ကိုထွေးလက်ကိုဖယ်ကာ ဆိုင်အမှုထမ်းလက်ထဲသို့ ငွေစက္ကူ ထည့်လိုက်သည်။

 

“သြော်... ကျွန်တော်တို့ လက်ထပ်ဖို့ လူကြီးတွေ ရက်ရွေးလိုက်ကြတယ်”

 

ကိုကြည်လွင့်စကားကို ဝမ်းသာအားရ ကြိုဆိုမေးလိုက်သည်။

 

“ဘယ်နေ့လဲ ကိုကြည်လွင်”

 

“ဧပြီ ဆယ့်နှစ်ရက်”

အမွန်ကပြုံး၍ ညိုညို့လက်ကို လှမ်းဆုပ်ထာသည်။

 

“နှစ်လကျော်ကျော် လိုသေးတာပေါ့နော်။ ဝမ်းသာလိုက်တာ သူငယ်ချင်းရယ်”

ဆိုင်အမှုထမ်းက ငွေပြန်အမ်းသောအခါ ကိုကြည်လွင်က ထိုင်ရာမှထသည်။ ထို့နောက် ညိုညိုက-

 

“အိမ်ကိုလာဦးနော် အမွန်၊ ကိုထွေးလည်း အမွန်နဲ့လိုက်လာပါဦး” ဟုပြောသည်။

သူတို့နှစ်ယောက် နောက်ကျောကို ငေးကြည့်နေမိသူ နှစ်ယောက်စလုံးက အမွန်နဲ့ ကိုထွေး။

 

“ကိုပြောလေ၊ ပြောမယ်ဆိုတာ”

အမွန့်ကို အကြာကြီး စိုက်ကြည့်နေမိသည်။ နှုတ်ခမ်းကို တင်းနေအောင်စေ့ထားမိသည်။စိတ်နှင့်ကိုယ်နှင့် တခြားစီ ဖြစ်သွားသည်ဟုထင်ရ၏။

အမွန်နှင့်စကားပြောပြီးလျှင် ကျောင်းဝင်းအပြင်က ပလက်ဖောင်းအတိုင်း မြောက်ဘက်သို့ လမ်းအတူ လျှောက်မည်။ စံရိပ်ငြိမ် အဝင်ဝအထိလိုက်ပို့မည်။ ပြီးလျှင် ဌာနကိစ္စတွေလုပ်မည်။ သစ်ပင် နွယ်ပင်၊ သစ်ဥ ဖြတ်သားတုံးလေးတွေကို ဖယောင်းစိမ်မည်။ရုက္ခဗေဒ သရုပ်ခွဲကြည့်ရမည့် အဏုကြည့် မှန်ဘီလူးထဲတွင် အမွန့်စိတ်ထားကို ရှာကြည့်မည်။

အမွန့်အလှကို ရှာကြည့်မည်။တွေ့မြဲအတိုင်း တွေ့ရမည့်စိတ်ထဲက အမွန့်ကို စိတ်ထဲမှာပင် ချစ်စကားတွေ ဆက်ပြောမည်။

တွေးသမျှ အားလုံး၊ စိတ်ကူးသမျှ အလုံးစုံ၊ အားလုံး မနေ့ကနှင့် လုံးဝမတူတော့ချေတကား။

“ကျွန်တော်စကားပြောလို့မရဘူး အမွန်၊ ဆို့နင့်နင့်ကြီး ဖြစ်နေတယ်ဗျာ၊ ခွင့်လွှတ်ပါ အမွန်ရာ”

အားအတင်းဆုံးစကားကို ကြိုးစားပမ်းစား ပြောယူရသည်။ စကားအဆုံးတွင် အမွန်ခေါင်းငုံ့ ပစ်လိုက်သည်။

အပြင်တွင် နှင်းကွဲစပြုပါပြီ။မြောက်လေအဝှေ့တွင် ဒေါက်စရစ်ပန်းနံ့သည် မျက်စိလည်၍ လိုက်ပါလာသည်။

( ၂ )

အစ်ကိုက ဆေးတံအိုးထဲသို့ ဆေးသိပ်ရင်း လေးလေးနက်နက် စဉ်းစားနေသည်။ အစ်မက စိန်ပန်းသုပ်ပန်းကန်ကို စားပွဲပေါ်သို့ ချ၍ ကုလားထိုင်တွင် ထိုင်သည်။ အကြမ်းပန်းကန်သုံးလုံးထဲသို့ လက်ဖက်ရည်ကြမ်း လိုက်ဖြည့်သည်။ထို့နောက် ခေါင်းငုံ့ထားသော ကိုထွေး၏ ပခုံးကို လှမ်းပုတ်သည်။

 

“စားစရာရှိတာလည်း စားလိုက်ဦးကိုထွေး၊ တွေးတာလည်းတွေးပေါ့”

 

ခေါင်းကိုဖော်ပြီး ပြုံးပြလိုက်သည်။ အစ်ကိုက သူ့ကိုတစ်ချက်မျှ လှမ်းကြည့်သည်။

 

“တစ်ခုခုဖြစ်ပြီလို့တော့ အစ်ကိုလည်း ထင်သားပဲ။ မင်းတို့ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဆုံတဲ့နေ့က မင်း တစ်မျိုးဖြစ်နေတာကို အေးအေးကိုတောင် ပြောပြပါသေးတယ်ကွာ”

 

အစ်မက ထောက်ခံစကား ဝင်ပြောသည်။

 

“ဟုတ်တယ် ကိုထွေး၊ မမအေးထင်တာက ကိုထွေးနဲ့ အမွန် စကားများပြီး စိတ်ကောက်လာကြတယ်လို့ ထင်တာ။ ဟိုနေ့က အမွန်လာတုန်း ကိုလတ်က အမွန်နဲ့ကိုထွေးရန်ဖြစ်ကြပြန်ပြီလား၊ စိတ်ကောက်နေကြတုန်းပဲလားလို့ မေးတော့မှ အဲဒီအကြောင်းကို သိရတာ။ မင်း အိမ်မပြန်တာ တစ်ပတ်ရှိပြီ၊ ဌာနမှာ သူ့ဆရာနဲ့အတူ သစ်ပင်တွေ ခွဲစိတ်ပြီး ညလုံးပေါက် သုတေသနတွေ လုပ်နေလေရဲ့လို့ မမအေးပြောလိုက်တာ။ ဒါနဲ့ ဒီမနက် ကိုထွေးဆီကို သူပေါက်ချလာတာထင်တယ်၊ ဟုတ်လားကိုထွေး”

 

မမအေးကို ခေါင်းညိတ်ဖြေလိုက်သည်။ကိုလတ်သည် ဆေးတံကို မီးညှိပြီး ပြောလိုက်သည်။

 

“တစ်ခါတစ်ခါတော့ မင်းတို့ နှစ်ယောက်ကိုကြည့်ပြီး ရယ်ချင်တယ်။ မင်းတို့နှစ်ယောက်စလုံး ကိုယ့်ကိုကိုယ် ညာတာမှ တကယ့်ပိပိရိရိ၊ နှလုးကွဲထွက်တဲ့အထိညာမယ့် ဟန်ဆောင်မယ့်လူစားမျိုးတွေ။ ခုထက်ထိ မင်းဝန်မခံသေးတာကြည့်၊ အံ့စရာလား၊ ချီးကျူးစရာလား ငါမပြောတတ်ဘူး။မင်းတို့နှစ်ယောက်လို လူမျိုးကို တွေ့လည်းမတွေ့ဖူးဘူး၊ ကြားလည်းမကြားဖူးပါဘူး ကိုထွေးရာ”

 

သူတစ်ခွန်းမှ ပြန်မပြောမိ၊ ခန်းဆီးကို ငေးကြည့်နေသည်။ မမအေးက စိတ်ပင်ပန်း လေးလံစွာ နောက်သို့ မှီချလိုက်သည်။ သူ့ကို ကရုဏာမျက်လုံးဖြင့် ကြည့်သည်။

 

“ကိုထွေးတို့ ပြဿနာက ခေါင်းထဲမှာ အမြဲဝင်နေတယ်၊ ကျောင်းမှာ စာသင်ရင်းနဲ့လည်း ဒီပြဿနာပဲ တွေးနေတယ်။ အဲမွန်တယာကို သင်ပုန်းကြီးမှာရေးတာ အမွန်တယာလို့တောင် မှားရေးမိတယ်”

 

ကိုလတ်က ပြုံး၍ မမအေးကို ကြည့်သည်။ ထိုအခါတွင် သူတစ်ခွန်းပြောလိုက်သည်။

 

“မဟုတ်သေးပါဘူး။ မမအေးပြောပုံက ကျွန်တော်နဲ့အမွန် ဘာလိုလိုကြီး၊ အမွန်နဲ့ ကျွန်တော်က ဘာမှ ဖြစ်တာမှ မဟုတ်တာ၊ အမွန် သြစတြေးလျကို သွားမယ်၊ ဒီတော့ အရင်းနှီးဆုံး အခင်မင်ဆုံးတစ်ယောက်အနေနဲ့ ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။ ဒါပဲလေ၊ ဒါပါပဲ မမအေးရာ”

 

ကိုလတ်က အောင့်သည်းအောင့်သက်အသံဖြင့် ရယ်ပစ်လိုက်သည်။

 

“သေပြီး ခုနစ်ဘဝကူးတဲ့အထိ ဆေးတန်ခိုးပြတုန်းပဲ ဆိုတာမျိုးပါလား ကိုထွေးရ၊ မင်းနဲ့အမွန် ဘာမှမဖြစ်ဘူးဆိုတာ အကြွင်းမဲ့ယုံပါတယ်။ ဒါပေတဲ့လို့ ဘာမှမဖြစ်ဘူးဆိုတာ မဟုတ်ဘူးလို့လည်း လုံးဝနားလည်ပါတယ်ကွာ၊ သူများကို မဟုတ်မမှန်တဲ့စကားပြောတော့မှ မုသာဝါဒကံထိုက်တာ မဟုတ်ဘူး၊ကိုယ့်ကိုကိုယ် မဟုတ်မမှန်ပြောမိရင်လည်း မုသာဝါဒကံ ထိုက်တာနော်”

 

ခေါင်းကို ခါယမ်းလိုက်သည်။ မမအေးက စိန်ပန်းသုပ်ပန်းကန်ကို လှမ်းယူပေးသည်။ဇွန်းတစ်ဝက်ခန့်ခပ်စားပြီး ပန်းကန်ကို ချထားလိုက်သည်။

 

ထို့နောက် မမအေးလှမ်းပေးသော အကြမ်းပန်းကန်ကို ယူထားရသည်။ အသုပ်ကိုမဝါးဘဲ မျိုချပြစ်ကာ ရေနွေးကြမ်း ခပ်နွေးနွေးနှင့် မျှောချပစ်သည်။ ပန်းကန်လုံးကို စားပွဲမှန်ပေါ်သို့ ချလိုက်ချိန်တွင် ကိုလတ်၏ ရယ်သံတိုးတိုးက ထွက်ပေါ်လာသည်။

 

“အေးအေးကို ကိုလတ် မကြာခဏ ပြောဖူးပါတယ်၊ ကိုထွေးရဲ့ သိုသိပ်လွန်းအားကြီးတဲ့အကျင့်ဟာ သူ့ကိုပြန်ပြီး ဒုက္ခရောက်စေ လိမ့်မယ်ဆိုတာ၊ မြုံတာက နေရာတကာ၊ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်သားအထိ ကလေးလို ငိုတတ်တာ။အဲဒီတုန်းက အမေမဆုံးသေးဘူး၊ အမေဆူလိုက်ရင်၊ ခေါက်လိုက်ရင် ဆူဆူချင်း၊ ခေါက်ခေါက်ချင်း မျက်နှာမညှိုးဘူး။ အဲ ညအိပ်ပြီ၊ အားလုံးအိပ်ပျော်ပြီဆိုတော့မှ ကျိတ်ငိုတာ။

 

သူလိုချင်တဲ့ ပစ္စည်းဆိုရင် ဝယ်ပေးပါလို့ ဘယ်တော့မှ တိုက်ရိုက်ဖွင့်မပြောဘူး၊ဘယ်ဖောင်တိန်ကလေးက လှတယ်အစ်ကို၊ ဘယ်စာအုပ်က ဖတ်လို့ကောင်းမှာပဲ၊ အဲသလောက်ပြောတာ။

 

ဒီအကျင့်က ခုအသက်နှစ်ဆယ့်ခုနစ်နှစ် အရွယ်အထိ နေမြဲတိုင်း”

 

အစ်ကို့စကားတွေက ရင်ဝကို လာမှန်သည်။ ကိုယ့်ကိုကိုယ် မှန်ထဲတွင်ပြန်ကြည့်၍ မြင်ရပုံနှင့် တူနေသည်။သည်တော့ ငြိမ်နေလိုက်သည်။ မမအေးက ပြုံးစိစိနှင့် သူ့ကို ကြည့်နေသည်။

 

“ဒါဟာ စိုးရိမ်စရာကောင်းတဲ့အကျင့်၊ အခြေအနေ အခွင့်အခါကို နားမလည်တတ်တဲ့ လူတစ်ယောက်ဖြစ်သွားမှာ စိုးရိမ်ရတယ်”

 

“မဟုတ်ဘူး” ဟု စိတ်ထဲမှ ယတိပြတ်ငြင်းပစ်လိုက်သည်။

 

“ယောက်ျလေးပဲကိုထွေးရယ်၊ ပွင့်လင်းရဲရမှာပေါ့၊ ပွင့်လင်းလို့မှားတာဖြစ်ဖြစ်၊ မှန်တာဖြစ်ဖြစ် တာဝန်ယူရဲရမှာပေါ့၊ မမအေးတော့ အဲသလိုမြင်တယ်”

 

‘ပွင့်လင်းချင်တာပေါ့၊ တာဝန်ယူရဲတာပေါ့၊ မမအေးရော၊ အစ်ကိုရော ကျွန်တော့်ကို နားမှ မလည်ကြတာ’ ဟု စိတ်ထဲကနေ ငြင်းပစ်လိုက်သည်။

 

“ဒီနေ့ ပြောမှဖြစ်မယ့်စကားကို ဒီနေ့မှာပဲ ပြောဖြစ်အောင် ပြောဖို့၊ မနက်ဖြန်ကျမှ ပြောသင့်တဲ့စကားကို ဒီနေ့ မပြောမိအောင် ဆိုင်းဖို့ ချိန်တတ်ရမယ်ကိုထွေး၊ မြုံလွန်းတဲ့ဓလေ့ကို ကိုထွေးစွန့်သင့်ပြီထင်တယ်”

 

‘ခုတော့မှ ဆက်မမြုံလို့ မဖြစ်တော့ဘူးဆိုတာ အစ်ကို သိဖို့ကောင်းပါတယ်’ ဟု ရင်ထဲမှာ ဆင်ခြေတက်မိသည်။

 

တစ်ပြိုင်နက်တည်း အသံမှန်အောင် ထိန်းကာ “ကျွန်တော် အိပ်ရေးတွေပျက်လို့ ဒီည စောစောအိပ်ချင်တယ်” ဟုပြောရင်း ထလိုက်သည်။ ကိုလတ်တို့နှစ်ယောက်က ခေါင်းညိတ်ပြသည်။

 

အိပ်ခန်းဝသို့အရောက်တွင် “ဟိုနေ့က အမွန်လာတာတောင် ကိုထွေးရဲ့ အဲဒီအလေ့အထတွေ ပြောပြလိုက်မိသေးတယ်” ဟူသော မမအေးအသံကို ကြားလိုက်ရသည်။

 

*****

ခြင်ထောင်အမိုးတွင် အမွန့်မျက်နှာကို မြင်ရသည်။ ခေါင်းထဲတွင် ထွေးရှုပ်လာသည်။

 

ရင်ထဲတွင်ပူလောင်နေသည် ထင်ရသည်။ စိတ်ထဲမှာ အလူးလူးအလိမ့်လိမ့်။ မကွဲပြားသောဝေဒနာတွေ ဆင့်ကဲပေါက်ကွဲလာသည်။

 

‘ကိုထွေးနှုတ်ခမ်းကသိပ်လှတာပဲ၊ တည်ကြည်တဲ့သဘော ဆုံးဖြတ်တာကို မဖြစ်မနေလုပ်မယ့် သဘောတွေကို ကိုထွေး နှုတ်ခမ်းမှာ တွေ့နေရတယ်ရှင့်’

 

ဟု အမွန်ဆိုခဲ့သော သူ့ကို နှုတ်ခမ်းကို မီးရှို့ပစ်ချင်စိတ်ပေါက်လာသည်။ ဂါထာမန္တရားတစ်ထောင်စုတ်ပြီး ကုမ္ဘဏ်တစ်ကုဋေဖွင့်မှ ပွင့်မည့် ဂမ္ဘီရလိုဏ်ဂူကြီးထက် အဖွင့်ရခက်ခဲသော သူ့နှလုံးသားကို ခုတော့ မကျေမနပ်ဖြစ်ရသည်။မိုးလွန်ခဲ့သည်ကို မသိခဲ့လျက် ခုမှ ထွန်ချဖို့ ကြံရွယ်ခဲ့သော အခိုက်မျိုး။ ပြီးတော့ အရာရာကို အပြစ်တင်လိုက်ချင်ပြန်သည်။ကျန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဆုံးစည်းခဲ့ပါတော့လား၊ ဆယ်နှစ်မဟုတ်တောင်မှ ကိုးနှစ်၊ ရှစ်နှစ်၊

 

ခုနစ်နှစ်၊ ထားပါတော့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက် ဖြစ်ဖြစ်။ ဒီတုန်းကဆိုရင် သူ့အသက် နှစ်ဆယ့်တစ်နှစ် အမွန့်အသက် တစ်ဆယ့်ခုနစ်နှစ်၊ ဘာလို့

မတွေ့မိခဲ့ကြပါလိမ့်။ကြုံကြိုက်မယ့် ကြုံကြိုက်တော့ အခုကျမှ။ ရင်ကွဲနာစွဲရမယ့် အခုလိုအခါမျိုးကျမှ။

 

ကျောင်းကိုရောက်လာပုံကိုက မဟုတ်သေးပါဘူး။ သူကပထမနှစ်၊ ကိုယ်က ဒုတိယနှစ်။ ဘာသာရပ်ချင်းကလည်း ကွဲဖြစ်အောင် ကွဲလိုက်သေးတယ်။

 

သူက ဒဿနိက၊ ကိုယ်က ရုက္ခဗေဒ။ ဌာနချင်း အရှေ့နှင့်အနောက်၊ တွေ့ဖြစ်ဖို့ မလွယ်လိုက်တာ။တစ်ခုတော့ ရှိသေးတယ်။

 

ရုက္ခဗေဒရဲ့ ကိုကြည်လွင်နဲ့ ဒဿနိကရဲ့ ညိုညိုတို့က စောစောစီးစီး ရည်းစား ဖြစ်လိုက်ကြပါတော့လားလို့။

 

ကျောင်းရောက်ရောက်ချင်းဆို အမွန်နဲ့ကိုယ်နဲ့လည်း အသိဖြစ်ကြတာပေါ့၊ အမွန်ဒုတိယနှစ် ရောက်မှ သူတို့ ချစ်သူတော်စပ် ကြတယ်။

 

ဒီတော့ အမွန်နဲ့သိရတာ သုံးနှစ်တည်း။ ကာလတွေဘာတွေ ထည့်ပြောဖို့ မလိုပါဘူးလေ။ညိုညိုတို့ဆိုရင် သိကျွမ်းပြီး သုံးလလားကြာတယ်၊ ချစ်သူဘဝ ရောက်ကြရော။ လက်ထပ်ကြမယ်တဲ့။

 

ကိုယ့်ကိုက သတ္တိမရှိလွန်းတာ။အမွန့်ကိုတွေ့လိုက်ရရင် ဣနြေ္ဒကြီးတဲ့ဆရာမကြီးရှေ့ ရောက်သွားတဲ့ ကျောင်းသားပေါက်စလို စကားမှားလားမှားရဲ့။ စကားထစ်လား ထစ်ရဲ့။

 

အမွန်က စိုက်ပြီး ကြည့်တဲ့အခါတိုင်း မျက်လုံးချင်းမှ ရဲရဲမဆိုင်ဝံ့တာ။ အမွန့်ကို ကြောက်တာတော့ မဟုတ်ဘူး။

 

ချစ်တာရော၊ ခင်တာရော၊ လေးစားတာရော၊ မြတ်နိုးတာရော စုံနေလို့ ထင်ရဲ့။လေးစားတာနဲ့ မြတ်နိုးတာက အာစေးမိထားသလို ဖြစ်စေတယ်နဲ့ တူရဲ့။

 

အဆုံးမထင်တဲ့ မေးခွန်းတွေ၊ အတွေးတွေ ဖြာတော့မယ်လို့ စိတ်တင်းထားလေတဲ့ နေ့ကျတော့ သြစတြေးလျကိုတဲ့။

 

ရေခြားမြေခြား နေကြရတော့မှာက တစ်သက်လုံး၊ တစ်ဘဝလုံး၊ ထာဝရ။ ဒီသံသရာမှာ ဘယ်ပုံဘယ်နည်းနဲ့မှ မဆုံကြတော့မယ့်ဘဝ၊ အမြဲခွဲရတော့မယ့်ဘဝ၊ နှစ်ယောက်စလုံး အသက်ရှင်လျက်

 

နေကြပါလျက်ကနဲ့ သေကွဲကွဲပြီး ခွဲကြရတဲ့ ခွဲခွါလိုက်ရပုံမျိုး။ခုမှ ဘာလို့ ပြောတော့မလဲ။ နှုတ်ခမ်းကို ပိတ်ထားတော့၊ သော့အထပ်ထပ်ခတ်ပြီး

ပိတ်ပစ်လိုက်တော့။ ဒါပဲ တွေးမိသည်။အလင်းရောင်ကို မျက်စိက မခံနိုင်။

 

စာကြည့်မီးတိုင်ကို လှမ်းပိတ်ပစ်လိုက်သည်။မှောင်ထဲတွင် နေရသည်ကို လွတ်လပ်သည်ထင်ရ၏။ တိတ်ဆိတ်ခြင်းကို သဘောကျလာသည်။

 

ဆောင်းအအေးကို မမှုတော့။ စိတ်ထဲကနေပြီး အမွန့်ကို စကားတွေ အများကြီး ပြောခွင့်ရနေသမျှ ကာလပတ်လုံး အရာရာကို မေ့သွားမည်ပေါ့။

 

*****

( ၃ )

လအထွက်နောက်ကျသည်။အရှေ့ဘက်က သစ်ပင်တွေ ကွယ်နေသောကြောင့် လရောင်အရောက်နောက်ကျသည်။

 

အမှတ်တွင် စိတ်တွေ ပြန့်ကျဲနေသည်။ စကားတွေက ပြတ်တိပြတ်တောင်း၊ အထုံးအဆက်တွေ များလွန်းသောကြိုးနှယ်။

 

စိတ်ကူးပေါ်လာလျှင် ပြောလိုက်ကြသည်က တစ်ခွန်းနှစ်ခွန်း။ ထို့နောက် ဟိုငေး၊ သည်ငေး။ညိုညိုတို့အိမ်ဘက်က စကားပြောသံတွေ အာရုံတွင် ပေါ်လာသောအခါ ပေါ်လာတတ်သည်။

 

သီချင်းသံကို ခပ်တိုးတိုးကြားချင် ကြားရသည်။ တစ်ခါတစ်ရဲ ခပ်လှမ်းလှမ်းရှိ ကညင်ပင်ကြီးဆီမှ သစ်ရွက်ခတ်သံတွေ ကြားချင်ကြားရသည်။ ဆောက်တည်ရာမရှိသော စိတ်၏ ခြေဦးတည့်ရာကသာ အာရုံရောက်ရာ။

 

အနေရ အထိုင်ရ မကျဉ်းကျပ်ရအောင် စီစဉ်ပေးသော ညိုညိုကို ကျေနပ်မိသည်။ မနက်ဖြန်တွင် ကျင်းပမည့် ညိုညိုနှင့် ကိုကြည်လွင်တို့ လက်ထပ်ပွဲအတွက် ပြင်ဆင်နေကြသဖြင့် ညိုညိုတို့အိမ်တွင် ဧည့်ပရိသတ်များလှသည်။

 

ထိုအိမ်နှင့် ခေါင်းရင်းဘက် နှစ်အိမ်ကျော်ရှိ ညိုညို့ညီမဝမ်းကွဲအိမ်ရှေ့သို့ သူတို့ နှစ်ယောက်ကို ပို့ထားသည်။

 

အိမ်ရှေ့ခြံကျယ်ကြီးထဲတွင် စားပွဲတစ်လုံး၊ ကုလားထိုင်နှစ်လုံး ချပေးသည်။စားပွဲပေါ်တွင် လက်ဖက်ရည်ကြမ်းအိုး၊ အစုံနှင့် မုန့်အချိုတစ်ပွဲ ဒူးယားအစီခံ နှစ်ဆယ်ဝင် တစ်ဘူး၊

 

စားပွဲအောက်ဆင့်တွင် မဖွင့်ရသေးသော ရမ်အကြီးတစ်လုံး၊ ဖန်ခွက်တစ်လုံး၊ ရေခဲတစ်ပန်းကန်၊ဆိုဒါလေးလုံး။

 

“ကိုကြည်လွင်က အရက်ပုလင်းထုတ်ပေးတာ ကိုက သောက်မယ်လို့ ပြောထားလို့လား”

 

သရက်ကိုင်းပေါ်မှ တွဲလွဲကျနေသော ပွင့်တံခြွေပြီးခါစ လက်တံရှည်ပန်းပင်ကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

 

“ခုကော သောက်မလား၊ သောက်ရင် အမွန်ထည့်ပေးမယ်”

 

“အမွန်က အရက်မသောက်ရဘူးဆို၊ စောစောတုန်းက သောက်မယ်လုပ်တော့တစ်မျိုး၊ ခုတစ်မျိုး”

 

အမွန့်ကို စောင်းငဲ့ကြည့်လိုက်သည်။ နှုတ်ခမ်းကို မဲ့၍ ပြုံးကြည့်နေသည်။

 

“ဘယ်တော့မှ မသောက်ပါနဲ့ကိုရာ၊ အမွန်က စေတနာနဲ့ ပြောတာပါ၊ ကိုက အမွန်ပြောရင် နားထောင်မှာပါ၊ ဟုတ်တယ်နော်”

 

အမွန့်စကားကို သဘောကျ၍ တိုးတိုးရယ်လိုက်သည်။

 

“ဒီညမှာ အရက်သောက်မယ်လို့ ဘာလို့ပြောခဲ့တာလဲဟင်၊ ကို့မှာ စိတ်ညစ်စရာရှိလို့လား”

 

သူ့ကိုယ်ပွားတမျှဖြစ်နေသော အမွန်တစ်ယောက်က သူစိမ်းမေးပုံမျိုးမေးတော့ မခံချင်စိတ် ပေါ်လာသည်။

 

“စိတ်ညစ်လို့မဟုတ်ဘူး၊ စိတ်ညစ်စရာဆိုလို့ နှမ်းစေ့တစ်စေ့မတောင်မရှိဘူး၊ ပျော်လို့သိလား၊ ပျော်လွန်းလို့ အမွန်”

 

အငေါ်တူးလိုက်သောအဖြေမှန်း အမွန်သိလိုက်သည်။ ညှိုးကျသွားသော မျက်နှာကို ချက်ချင်းပင် ဣနြေ္ဒဆယ်လိုက်သည်။ ရယ်ရွှန်းဖွဲ့သောစကားမျိုးဖြင့် စိတ်ဖြေပေးရန် စိတ်ကူးရသည်။

 

“ညိုညို့အတွက်တင် ဘယ်ကမလဲ၊ ကျွန်တော့်အတွက်ပါ ကျွန်တော်တွေးပြီး ပျော်ရတာပေါ့အမွန်ရ၊ကျွန်တော့်မှာလည်း သူများတွေ မသိတဲ့ ပျော်စရာအကြောင်းတွေ ရှိတယ်မို့လား”

 

အမွန်သည် မျက်လုံးအဝိုင်းသားနှင့် သူ့ကိုကြည့်နေသည်။ မသဲကွဲသောအတွေးမျိုး တွေးမိပုံရှိသည်။ သူ့စကားကို ဇဝေဇဝါ ဖြစ်နေဟန်ရှိသည်။ နှုတ်ခမ်း မပွင့်တစ်ပွင့်။

 

“သူများတွေ မသိတဲ့ပျော်စရာအကြောင်းဆိုတော့ အမွန်တောင်မှ မသိခဲ့ဘူးပေါ့၊ ဟုတ်လား”

 

“သိပ်ဟုတ်တာပေါ့”

 

“ဘာပါလိမ့်၊ မသိရဘူးလားကို”

 

ဆေးလိပ်တိုကို မီးခိုးမှုတ်ထုတ်ကာ မျက်နှာမော့ထားပြီး...

 

“ကျွန်တော်လည်း ညိုညိုတို့လို တစ်အိုးတစ်အိမ်ထောင်တော့မလို့...”

 

အမွန်မျက်နှာပြောင်းသွားသည်။ အံ့အားတသင့် မေးမိဟန်တူသည်။

 

“အမျိုးသမီးက ဘယ်သူလဲ၊ ဘယ်ကလဲ ကို... ဟင်...”

 

နောက်မှီ၍ ထိုင်နေသော အမွန့်ကိုယ်သည် ရှေ့သို့ နည်းနည်းတိုးလာသည်။ စားပွဲအစွန်းကို ဘယ်လက်ဝါးဖြင့် လှမ်းထောက်ထားသည်။ လရောင်သည် သူ့မျက်နှာပေါ်သို့ လာ၍ ထင်လေ၏။ အမွန့် လက်ယာပါးပြင်ပေါ်တွင် အရိပ်ကျသွားသည်။ သူမဖြေတော့ အမွန်က ထပ်မေးသည်။

 

“ဌာနကပဲလား”

 

သူ့မျက်လုံးသည် ခြံဝက ပင်မယ်ကဗွီးရွက်တွေဆီမှာ။

 

“ဘာဖြစ်လို့လဲ အမွန်”

 

“ဌာနမှာ အလှတွေချည်းမဟုတ်လား၊ အဲဒီ အလှတွေထဲက တစ်ယောက်ယောက်က ကို့ကို ပြုစားလိုက်မှာပေါ့၊ ကိုကလည်း စကားတတ်တာနဲ့ဆိုတော့ အနေနီးတဲ့ဆီကပဲ ဖြစ်မှာပေါ့၊ ဟုတ်တယ် မဟုတ်လား”

 

အားရပါးရ ရယ်ပစ်လိုက်ချင်သည်။

 

“ပြုစားရအောင် သူတို့က စုန်းမတွေ မဟုတ်ဘဲ၊ ကျွန်တော် စကားတတ်တယ်ဆိုတာက ဟုတ်မှ မဟုတ်တာ၊ အနေနီးတာနဲ့ ဒီလို တွေးတယ်ဆိုတာလည်း မဟုတ်သေးပါဘူး။ကဲ... ဆိုပါတော့၊ ခုလို လသာတဲ့အခါ အမွန် လမ်းလျှောက်ဖူးတယ် မဟုတ်လား၊ ဖိုးလမင်းကြီးက ကိုယ်နဲ့အဝေးကြီးရယ်၊ ဒါပေမယ့် ကိုယ်သွားလေရာကကို ဖိုးလမင်းကြီးက ထပ်ကြပ်မကွာ လိုက်လာတာပဲ မဟုတ်လား၊ အရှေ့သွားသွား အနောက်သွားသွား”

 

အမွန်သည် ပြုံးပြကာ ခေါင်းညိတ်သည်။ သူ စကားမဆက်တော့၍ နားမလည်သလို နားလည်သလိုနှင့် ဆက်ပြောမည့်စကားကို နားစိုက်ထားသည်။ အတော်ကြာသည်အထိ သူ့နှုတ်ခမ်းမလှုပ်။ သည်တော့ မေးရသည်။

 

“အဲဒီတော့ ကို့ သတို့သမီးက ဘယ်သူလဲကို”

 

“အို... ဘယ်ကလဲ ကျွန်တော့်သတို့သမီး ရှိရမှာလဲ”

 

ထောက်ထားသောလက်ကို ရုပ်လိုက်သည်။ ကုလားထိုင်နောက်မှီနှင့် ကျောကပ်လိုက်သည်။လက်ပိုက်လိုက်သည်။ နှုတ်ခမ်းကို မဲ့ယောင်ပြုထားသည်။ သူ့ကို မျက်စောင်းနဲ့ ကြည့်သည်။

 

“ဒါနဲ့ ခုနတုန်းကတော့ ညိုညိုတို့လို တစ်အိုးတစ်အိမ်ထောင်မလို့ဆို”

 

“ဟုတ်တယ်လေ”

 

“ဟော လုပ်ပြန်ပြီ၊ အမွန်တော့ နားရှုပ်လာပြီ”

 

“ရှင်းရှင်းလေးပါ၊ ညိုညိုတိုိ့လို တစ်အိုးတစ်အိမ်ထောင်မလို့ စိတ်ကူးပြီး ပျော်နေတာပြောတဲ့ဥစ္စာ”

 

“အဲဒါကြောင့်မေးတာပေါ့၊ သတို့သမီးကောလို့”

 

“သြော် အမွန်နှယ်၊ စိတ်ကူးရုံကူးမိသေးတာ ဘယ်မှာ သတို့သမီးရှိဦးမှာတဲ့လဲ“

 

နှုတ်ခမ်းကို လက်ချောင်းလေးတွေဖြင့် ကွယ်၍ ရယ်နေသည်။ နှလုံးကြည်လင်သော ရယ်သံ၊ အကြောင့်ကြကင်းသော ရယ်သံ၊ ထိုရယ်သံသည် သူ့စိတ်ဝမ်း ငြိမ်းချမ်းစေချင်သည်မှာ အမှန်တကယ်၊

 

တစ်ရံမလပ် ကြားနေချင်သော ရယ်သံလွင်လွင်။ သို့သော် ရှေ့ကိုတွေးကြည့်တော့ ပျပျမြင်နေရသော လမ်းခွဲတစ်ခု၊ ထိုလမ်းခွဲကို မျှော်မကြည့်ဖြစ်အောင် စိတ်လွဲသည်။ မလွှဲ လွှဲအောင် ကောင်ကာငင်ကာ စကားဖြင့်ကူရသည်။

 

“သင်္ကြန်တုန်းက အမွန့်ကိုရေလောင်းရတာ အားမရသေးဘူး”

 

အမွန်က မျက်ခုံးပင့်ကာ ပြန်ပြောသည်။

 

“ဒါဖြင့် အခုလောင်းလေ”

 

“ရေတွေ စိုကုန်မှာပေါ့”

 

“သင်္ကြန်ရေလောင်းချင်တဲ့သူက လောင်းလို့ စိုကုန်တော့ ဘာဖြစ်မှာလဲ ကိုရဲ့”

 

“အခုအချိန် ရေစိုရင် အအေးမိသွားမှာပေါ့”

 

“အအေးမိတော့ကော”

 

“အအေးမိတော့ နေမကောင်းဖြစ်မှာပေါ့"

“နေမကောင်းတော့ကော”

 

“နေမကောင်းတော့ ရောဂါရမှာပေါ့အမွန်ရဲ့”

 

အမွန်က ခေါင်းခါသည်။

 

“နေမကောင်းတော့ ကြာတော့ သေသွားမှာပေါ့လို့ ကိုပြောရမှာ”

 

ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။ သိသိသာသာ မျက်နှာပျက်သွားမှန်း ကိုယ့်ကိုကိုယ် သတိပြုလိုက်မိသည်။ ကြိုတင်သိရလျှင် ထိုစကားကို မပြောဖြစ်အောင် ထားလိုက်ချင်သည်။ သူ မည်သို့ ခံစားရမည်ကို အမွန် မှန်းဆမိဟန်ရှိသည်။ အရွှင်လန်းဆုံး မျက်နှာပြင်ပြီး စိတ်ပြောင်းရန် ကြိုးစားသည်။

 

“သြော်... သင်္ကြန်အကျနေ့က ကို့ကို ပေးလိုက်တဲ့ ပိတောက်နှစ်ခက်ကော သိမ်းထားတယ် မဟုတ်လားကို”

 

သူ ခေါင်းညိတ်လိုက်သည်။ ဆေးလိပ်ကို ကုန်အောင် ဖွာပြိးနောက် တစ်လိပ် မီးညှိသည်။ နွမ်းနယ်သောစိတ်ကို စိမ်းဖန့်ဖန့်သစ်ရွက်ပေါ် တင်ထားလိုက်၊ မြင်ခင်းပြင်ပေါ် ချထားလိုက်၊ လရောင်ထဲတွင် ဖြန့်ချလိုက်နှင့် ပင်ပန်းလှချေ၏။

 

“ကို ဆေးလိပ်သောက်တာ သိပ်များတယ်”

 

တစ်ချက်မျှ ငဲ့ကြည့်ပြီး မလှုပ်မယှက် နေလိုက်သည်။

 

“ကိုက အမွန့်ကွယ်ရာမှာ နေချင်သလို နေမှာပါ၊ အမွန့်ရှေ့မှာသာ ခေါင်းညိတ်ပြီး ကွယ်ရာကျရင် ထင်သလို နေမှာပါပဲ၊ အမွန်လိုက်မြင်နေရတာမှတ်လို့”

 

သက်ပြင်းချမိသည်။ ထိုစကားကို ဧကန်ငြင်းရလိမ့်မည်။‘ကိုယ်သွားလေရာကို အမြဲတမ်း လိုက်နေတဲ့ ဖိုးလမင်းကြီးလိုပါ အမွန်ရာ။ ကျွန်တော့်မှာ အမွန့်ကွယ်ရာရယ်၊ အမွန့်ရှေ့ရယ်လို့ မရှိပါဘူး။ ဖိုးလမင်းကြီးလို့ပဲပေါ့၊ ဘယ်နေရာ ဘယ်အခါဖြစ်ဖြစ် ကျွန်တော့်ရှေ့မှာ၊ ဘေးမှာ၊ နောက်မှာ အမွန် အမြဲရှိနေတယ်၊ ကြည့်နေတယ်လို့ သိနေတယ်လေ။ ဒီတော့ အမွန့်ကွယ်ရာရယ်လို့ ဘယ်မှာ ရှိနိင်ပါတော့မလဲ’ အမွန့်မျက်နှာပေါ်တွင် လရောင်က ရုတ်တရက် ဖယ်သွားသည်။ ဆံကေခိုင် ပြေပြေအထုံးတွင် လရောင်ငြိနေသည်။ လက်မအဖျားကို ဖွဖွကိုက်ထားကာ မျက်နျာကို ဝှက်ထားသည်။

 

အနှောင့်အသွား လွတ်သင့်သလောက်လွတ်ရန် စကားပြင်ပြောမည်ဟု ကြံဆဲတွင် ကိုကြည်လွင် ရောက်လောသောကြောင့် ခက်ရသည်။

 

ကိုကြည်လွင်က လိမ္မော်ရည် နှစ်ပုလင်းလာပို့သည်။

 

“ဒီမယ်ကိုထွေး၊ ကိုထွေး သိပ်ကြိုက်တဲ့ စန္ဒရားချစ်ဆွေ သီချင်းချည်းပါတဲ့ တိပ်ခွေကို ဖွင့်တော့မယ်၊လိမ္မော်ရည်သောက်ရင်း နားထာင်ပေါ့၊ ချစ်ရေးခက်ခက်ရော၊ ချစ်ရက်ကယ်နှောင်းရော အကုန်ပါတယ်”

 

ဟုပြောပြီးပြန်ထွက်သွားသည်။သူထွက်သွားတော့ အမွန်မျက်နှာချင်းဆိုင်သည်။

 

“အမွန် အိမ်ပြန်ဖို့ အချိန်လိုပါသေးတယ်နော်”

 

ခေါင်းကို အသာအယာ ညိတ်ပြရင်းနှင့်...

 

“စောစောပြန်စေချင်လို့ မေးတာမဟုတ်ပါဘူးနော်”

 

တိုးတိုးရယ်မိသည်။

 

“အမွန်က ရန်စကား အမြဲပြောတယ်”

 

အမွန်ပြုံးနေသည်။

 

*****

( ၄ )

 

ဘာသာရပ်ထဲ၌ စိတ်ကိုနှစ်ထားဆဲတွင် ခဏသက်သာရာရသည် ထင်၏။ ဖြတ်သားတစ်ချို့ကို ဖယောင်းကျွေးထားပြီး တချို့ကို အနုဖြတ်စက်ဖြင့် ဖြတ်သားချလိုက်သည်။ တချို့မှာ မှန်ချပ်ပြားပေါ်တွင် အသင့်ရှိပြီး၊ မနက်ကရောက်လာသော ပင်စည်တစ်ချို့ကို အပုပ်ထိန်းချဉ်ရည်အက်စစ်တွင် စိမ်ထားလိုက်သည်။

 

အပင်ခန္ဓာဗေဒနှင့် စပ်လျဉ်း၍ ဆရာစီစဉ်ပေးထားသည့်အတိုင်း ဆောင်ရွက်ရသည်။ ဆရာသည် တိကျသော၊ စေ့စပ်သေချာသော သူ့ကိုယုံကြည်စိတ်ချသဖြင့် ဤလုပ်ငန်းကို ဆောင်ရွက်စေခြင်း ဖြစ်ဟန်တူသည်။

 

စာတွေ့လက်တွေ့ အတွေ့အကြုံ ကြွယ်ဝသောဆရာ၏ သုတေသနလုပ်ငန်းတွင် ပူးတွဲဆောင်ရွက်ခွင့် ရခြင်းသည် စာသင်ခန်းထဲတွင် လေးနှစ်တိုင်တိုင် နေခဲ့ရသည်ထက် တန်ဖိုးရှိသည်ဟု ယူဆသည်။

 

ထို့ကြောင့် လုပ်ငန်းခွင်တွင် မတိမ်းမစောင်းအောင် သတိထားရသည်။ ကြာတော့ ကျင့်သားရလာသည်။ ညလုံးပေါက် မအိပ်မနေ သုတေသနပြုသောအခါတွင် မျက်လုံးစင်းချင်စင်းမည်။ အမှားအယွင်းကင်းလာသည်။

 

“ဟေ့လူ ကိုထွေး၊ မနေ့ညကလည်း တစ်ညလုံးမအိပ်ဘူး၊ ခုလည်း မနားသေးဘူးဆိုတော့ ခင်ဗျားဥစ္စာ မလွန်လွန်းဘူးလားဗျာ

 

မိတ်ဆွေ သရုပ်ပြဆရာက ပြောသည်။ အသံကျက်မိသဖြင့် မည်သူမှန်းသိ၍ လှည့်မကြည့်ဘဲ သူဖြေလိုက်သည်။

 

“အထင်တော့မကြီးလိုက်ပါနဲ့ဗျာ၊ သိပ်တော် သိပ်တတ်လွန်းလို့ ကြိုးစားနေတယ် မထင်နဲ့နော်၊ တစ်လောကလုံးကို မေ့ထားချင်လို့ လုပ်ငန်းထဲမှာ အာရုံစိုက်ပစ်တာ၊ ပုတီးစိပ်သလိုပေါ့ဗျာ”

 

သူဖြေပုံကြောင့် သရုပ်ပြဆရာက ရယ်လိုက်သည်။

 

“ကိုထွေးတောင်မှ တစ်လောကလုံးကို မေ့ထားချင်တယ် ဘာညာနဲ့ ဖြစ်လာပြီကိုး”

 

အဏုကြည့်မှန်ပြောင်းတစ်လက်နှင့် အလုပ်ရှုပ်နေသော ဆရာမတစ်ဦးက ဝင်ပြောသည်။

 

ဆရာမစကားကြောင့် မဟာသိပ္ပံတန်းတက်နေသူ ကျောင်းနေဖက် အမျိုးသမီးတစ်ဦးက ခပ်တိုးတိုး ရယ်လိုက်သည်။

 

“ဒါပေါ့ဆရာမရယ်၊ လူဆိုတာ စိတ်ညစ်စရာတွေ ဝိုင်းရံထားတဲ့ သတ္တဝါကိုး၊ ဒီတော့ ကျွန်တော်ဆိုတဲ့ ငထွေးကလည်း ဘာသားနဲ့ထုထားတာမှတ်လို့၊ စိတ်ညစ်စရာဆိုတာ ထွက်သက်နဲ့ ဝင်သက်ကြားမှာ ကုဋေတစ်သိမ်း ဖြစ်ပျက်ချုပ်တယ်လို့ ပြောကြတာပဲ”

 

ကိုထွေးက ရယ်ပွဲဖွဲ့ပစ်သလိုလိုနှင့် ပြောသည်။ သူ့နောက်ဖက်ရှိ စားပွဲတစ်လုံးတွင် အစာကြောနှင့် ရေကြောကို ခွဲခြားရှာဖွေနေသူ ကျောင်းနေဖက်က တစ်ခွန်းဝင်ပြောသည်။

 

“ခင်ဗျားဆီ မကြာခဏလာနေတဲ့ အမွန်ဆိုတဲ့ ကလေးမလေးကတော့ လူတစ်ဖက်သားကို စိတ်ညစ်အောင် လုပ်တတ်တဲ့လက္ခဏာ မရှိဘူးလို့ ကျွန်တော်ထင်တယ်”

 

“ဟာ မဟုတ်တာဗျာ၊ အမွန်နဲ့ ကျွန်တော်က ရိုးရိုးပါ”

 

ပျာပျာသလဲ ဖြေလိုက်ပုံကြောင့် ဓာတ်ခွဲခန်းထဲတွင် ရယ်သံကျဲကျဲ ပေါ်လာသည်။

 

“အမွန့်ကို ကျွန်မတွေ့ဖူးတယ်၊ တော်တော်ကျက်သရေရှိတဲ့ အမျိုးသမီးလေးပဲ”

 

ကျောင်းနေဖက်စကားကို မကြားယောင်ပြုနေလိုက်သည်။

 

“ကိုထွေးထက် အရပ်နည်းနည်း နိမ့်သွားတာကလွဲလို့ ဘာမှ ပြောစရာမရှိဘူး”

 

ဟု အဏုကြည့်မှန်ဘီလူးတွင် မျက်စိတစ်ဖက်မှိတ်၍ ချိန်သားကိုက်နေသော ဆရာမက တစ်ခွန်းဝင်ပြောသည်။

 

“နောက်တစ်လ၊ တစ်လခွဲဆို ဝါကျွတ်တော့မှာပါဘား၊ ကျွန်တော်တို့လို အိမ်ထောင်သည်တွေ အတွက်တော့ မလိုပါဘူးလေ၊ လူလွတ်တွေ ဆိုတော့ရင် ဓာတ်ခွဲခန်းထဲချည်းနေလို့ ဘယ်စိုပြည်နိုင်ပါ့မလဲ”

 

ဓာတုဗေဒဆေးပုလင်းတွေနှင့် အလုပ်ရှုပ်နေသေူ သရုပ်ပြဆရာမက အရွှန်းဖောက်သည်။ရယ်သံတွေ ထွက်လာသည်။ ရယ်သံမစဲမှ ဆင်နားရွက်တံခါး တွန်းဖွင့်သံ ကြားရသည်။နည်းပြဆရာမတစ်ယောက်။

“ကိုထွေး၊ တယ်လီဖုန်းလာနေတယ်”

 

ပျော်စပြုနေသော ဖယောင်းရည်ထည့်ရာ စက္ကူခွက်ကို ချလိုက်ရသည်။ “ဟုတ်ကဲ့” ဟု ဆရာမကို လှည့်ပြောလိုက်သည်။စိတ်ထဲတွင် ‘အမွန်ဆက်တာ ဖြစ်မှာပါပဲ’ ဟု တွေးမိသည်။

 

*****

ကျယ်ဝန်းသောဧည့်ခန်းကို ကျဉ်းသည်ထက်ကျဉ်းလာသည်ဟု ထင်နေ၏။ ရောက်နေကျအိမ်၊မြင်နေကျ အပြင်အဆင်တွေကို မျက်လုံးစိမ်းနေမိသည်။ အထူးသဖြင့် အမွန့်နောက်ဘက်က နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားကို အာရုံတွင် မနှစ်မခြိုက်ဖြစ်နေမိသည်။

 

ကျောက်ဆောင်တစ်ခက်မျှ မရှိသောသဲသောင်ပြင်၊ အနောက်ဘက်တွင် ပင်လယ်ပြင်၊ အပေါ်မှာက အပြာရောင်ကောင်းကင်။

 

အပြာရောင်ရေပြင်သည် အဆုံးမမြင်ရသော အဝေးဆုံးတွင် ဆုံးလိမ့်မည်ဟု တွေးထင်ရသည်။ ရေပြင်နှင့် အပြာရောင်ခြားနားသောသဲသောင်အစပ်မှာ ကမ်းမမြင် လမ်းမမြင် အဝေးတကာ့အဝေးဆုံး တစ်နေရာသို့ အာရုံကို ပြန့်သွားစေသည် ဟု ခံစားရ၏။

 

ခြောက်သွေ့လွန်းသော၊ တမ်းတစရာကောင်းသော၊ လူသူကင်းမဲ့သော ဝေဒနာမျိုးကို လှုပ်နှိုးနေသည်ဟု ခံစားရ၏။တစ်စုံနှစ်စုံမျှသော ခြေရာပင် မထင်ရာ သဲသောင်ပြင်ကို ပို၍ မကြည့်ချင်ဆုံး။

 

“ကို နည်းနည်းပိန်သွားတယ်နော်၊ မျက်နှာကျနေတယ်”

 

မှန်လို အရိပ်တကြည့်ကြည့်စကား၊

 

“အမွန်လည်း သိသိသာသာ ပိန်သွားတာပဲ”

 

အမွန့်နှုတ်ခမ်းသည် ကြည်နူးပြုံးကို သိသာစေသည်။

 

“ဟိုနေ့က အမွန်လာတာ ကို့မိတ်ဆွေတွေက ပြန်မပြောပြဘူးလား”

 

ခေါင်းညိတ်၍ ဖြေလိုက်သည်။ ထိုနေ့က ကံဘဲ့လက်တွေ့သုတေသနဌာနသို့ ရောက်နေသည်။ကိစ္စအရေးကြီးသောကြောင့် ဌာနသို့ မဝင်ဘဲ ကံဘဲ့သို့ တန်းသွားလိုက်သည်။ သုံးနာရီထိုးပြီးတော့မှ ဌာနသို့သွားသည်။

 

ဤတွင် အမွန်ရောက်လာကြောင်း သိရသည်။ သိသိချင်း စိတ်ပူမိသည်။ ထိုနေ့က တစ်နေ့လုံးမိုးသည်းလှသည်။

 

ထို့ကြောင့် ဖုန်းဆက်မည် စိတ်ကူးမိသော်လည်း အလုပ်တွေ များသောကြောင့် ပျက်ကွက်သွားသည်။

 

နောက်နေ့တွင် အမွန့်ထံ သွားချင်သွားမည်။ ဖုန်းဖြစ်ဖြစ် ဆက်မည်ဟု တွေးထားသော်လည်း အစီအစဉ်လွဲသွားသည်။ စံရိပ်ငြိမ်နှင့် ဌာနမှာ အိမ်ဦးနှင့်ကြမ်းပြင်သာသာ။ သို့တစေ ညဆယ်နာရီထိုးမှ ပြန်ရသဖြင့် မသွားဖြစ်။

 

နောက်နေ့ညနေတွင် စောစောပြန်ပြီး အမွန့်ဆီသွားမည် ကြံသော်လည်း မဖြစ်ခဲ့။ထိုနေ့ညတစ်ညလုံး၊ သည်နေ့ညနေ လေးနာရီထိုးခါနီးတွင် အမွန့်ထံမှ ဖုန်းလာတော့မှ ရောက်ဖြစ်သည်။

 

“ကျွန်တော် တွေးပူတော့ပူမိတယ်၊ အဲဒီနေ့က မိုးကလည်းကောင်းလိုက်တာ၊ အဲဒါနဲ့ အအေးမိပြီး ဖျားတာမဟုတ်လား”

 

အနွေးထည်ကို ဆွဲစေ့ရင်း ခေါင်းတစ်ချက်ခါလိုက်သည်။

 

“ဟင့်အင်း၊ ကို့ဆီလာတဲ့နေ့၊ အဲဒီနေ့ မနက်ကတည်းက အမွန်ဖျားနေတာ”

 

“သြော်အမွန်ရယ်၊ ဖျားနေရက်နဲ့များ ကိစ္စက ဘာကိစ္စများမို့လို့တုံး”

 

စာနာစိတ်ဖြင့် ညည်းကာ မေးလိုက်သည်။အမွန့်မျက်နှာသည် စောစောကလောက်မနွမ်းတော့။ မျက်လုံးအစုံသည်လည်း စောစောကလောက် မညှိုးတော့။ နှုတ်ခမ်းသည်လည်း စောစောကလောက် မခြောက်ကပ်တော့။

 

“ဘာကိစ္စမှ မရှိပါဘူး၊ ကို အမွန့်ဆီ မလာတာကြာလို့ ဘာများဖြစ်နေသလဲလို့ သိချင်လို့ပေါ့”

 

ပြောပုံလေးက ကလေးလေးလို။ လေသံအဆုံးတွင် မေးငေါ့ဟန်အတန်မျှပါသည်။ အမူအရာက စိတ်ကောက်သလို၊ စကားနာထိုးသလို။

 

“ဒါနဲ့များ ဖုန်းဆက်လည်း ဖြစ်ရဲ့သားနဲ့။ အမွန်ကလည်း မိုးတစိမ့်စိမ့်ထဲမှာ ဘာလို့ လာရတာလဲ”

 

“ဆက်ချင်ပါဘူး၊ ကိုယ့်ခြေထောက်နဲပ ကိုယ်လာတာ။ သူ့ခြေထောက်ငှားပြီး လာတာကျနေတာပဲ”

 

ဆိုဖာနောက်မှီတွင် ကိုယ်တစောင်းမှီကာ မျက်နှာကို တစ်ဖက်သို့ ငဲ့လိုက်သည်။

 

“နေမကောင်းရင် မိုးရွာရွာ၊ နေပူပူ ဘယ်မှမသွားရဘူး၊ မလာရဘူး”

 

“သွားတော့ လာတော့ ဘာဖြစ်လဲ”

 

နေမြဲတိုင်းနေရာက ဆိုးမြဲအတိုင်းလေသံဖြင့်ပင် ဆိုပြန်သည်။

 

“ခုလို ဖျားတာပေါ့”

 

မျက်စောင်းတစ်ချက်ကို မြင်လိုက်ရသည်။

 

“သူ ဖျားတာကျနေတာပဲ”

 

ပြုံးလိုက်မိသည်။

 

“သြော် နေမကောင်းတဲ့လူက ရန်တွေ့တော့လည်း တက်တက်ကြွကြွတွေ့နိုင်သားပဲ”

 

သည်တော့မှ သူမပြုံးဘဲ မနေနိုင်။ မျက်နှာချင်းဆိုင် တည့်တည့်ထိုင်သည်။

 

“ရန်တွေ့မှာပေါ့၊ ကိုပြောတဲ့စကား ကို့ဆီလာတဲ့လူကပဲ အပြစ်ဖြစ်ရသေးတယ်”

 

“ဒီလို ရည်ရွယ်တာ မဟုတ်ပါဘူးအမွန်ရာ”

 

“ဒါဖြင့် ကို့ဆီလာတာ၊ ကိုက မကြိုက်လို့ပေါ့လေ၊ ဟုတ်လား”

 

“သြော် ခက်ပါလား၊ နေမကောင်းလို့ စိတ်တိုနေတိုင်း ရန်ချည်းတွေ့ဖို့ပဲ စဉ်းစားနေတာကိုး”

 

မျက်ခုံးတွန့်၍ သူ့ကိုကြည့်သည်။ မျက်နှာကို ခပ်တည်တည်ထားသည်။ တမင်မှန်းသိနေသည်။

 

“ရန်တွေ့တာမဟုတ်ပါဘူး၊ ကို့ဆီကို အမွန်လာတော့ ကို့စုန်းပျိုမလေးတွေက ‘ကိုထွေးနှမ လာပြီဟေ့၊ တို့ ဝေးဝေးနေကြစို့၊ ဒီလို နှုတ်သီးကောင်းလျှာပါး ကောင်မလေးကို ယောက်မတော်ဖို့ မဖြစ်လို့ ကိုထွေးကိုရှောင်ကြဟေ့’လို့ ပြောမှာစိုးလို့လား”

 

မည်သို့ပြန်ဖြေရမည် မစဉ်းစားတတ်တော့။

 

“ပြောအမွန် ပြောပြော၊ အဒေါ်၊ ဦးလေးတို့ကလည်း ဒီလောက်ခေါင်းမာတဲ့ မသံမဏိကို အဲဒီနေ့က တားသင့်ပါတယ်ဗျာ”

 

သူ့ကို တမျိုးတမည်ခေါ်သံကြောင့် ပြုံးစိစိဖြစ်သွားသည်။

 

“အဲဒီနေ့က အမေတို့ ကိစ္စရှိလို့ မြို့ထဲကိုသွားနေကြတဲ့ဟာ”

 

ထင်တော့ထင်သည်။အကယ်၍ ဖခင်နှင့် မိခင်တို့သာ ထိုနေ့က အိမ်တွင်ရှိနေလျှင် သွားခွင့်ပြုမည်မဟုတ်။ သမီးဖြစ်သူ၌ နှာစေးချောင်းဆိုးမျှ ဖြစ်လာလျှင် အအေးမိမည်စိုး၍ အိမ်အပြင် ခြံဝင်းထဲသို့ပင် ဆင်းခွင့်မပေးတတ်ကြောင်း သိခဲ့ဖူးသည်။

 

“ကောင်းပါတယ်”

 

“ကောင်းမှာပေါ့”

 

“ခုတော့ ပိုပြီးဖျားတာပေါ့”

 

“ကောင်းတာပေါ့”

 

“ဘာကောင်းတာလဲ၊ ပြီးတော့ စွာလောင်စွာလောင်လုပ်သေးတယ်၊ တော်တော်ခက်ပါတယ်”

 

ကျုံ့ကျုံ့ထိုင်နေရာမှ ခြေထောက်ချ၍ ထိုင်သည်။ ထဘီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်သည်။ မျက်လွှာချထားကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။

 

“ဘာခက်စရာရှိတာမှတ်လို့၊ ဟို အရင့်အရင်ကတော့ အမွန်က ညီမလေးပါတဲ့၊ ကျွန်တော့်ကို နားအလည်ဆုံး ညီမလေးပါတဲ့၊ ကျွန်တော့်စိတ်ဓာတ်ကို အဘက်ဘက်က ဖေးမဖော်ရတဲ့ ညီမလေးပါတဲ့။ ခုတော့ အဲဒီ ညီမက ဌာနလိုက်လာတာတောင် မိုးကို အပြစ်တင်သလိုလို၊ အဖျားကို အပြစ်တင်သလိုလိုနဲ့၊ ဟင်း...”

 

လွန်လေပြီးသောအခါက စကားတွေကို သူ သတိရလျက်ရှိကြောင်း ဖော်ပြသည် ထင်သည်။အမွန့်နည်းတူ ကိုထွေးက မှတ်မှတ်သားသားရှိနေသည်။

 

လွန်ခဲ့သော သုံးနှစ်ကျော်ကျော်တုန်းက ပထမနှစ်ဝက် အစမ်းစာမေးပွဲဖြေပြီးသည့် နောက်တစ်နေ့။မာလာစားသောက်ဆိုင်၊ အအေးဆိုင်၊ အနောက်ဘက်စွန်း။ အမွန်၊ ညိုညို၊ကိုကြည်လွင်နှင့် သူ။

 

ညိုညိုနှင့် ကိုကြည်လွင်တို့ ချစ်သူဖြစ်ကြခါစ မကြာလှသေး။ ကိုကြည်လွင်ခေါ်သွား၍ ညိုညိုတို့ရှိရာသို့ လိုက်ပါသွားဖြစ်သည်။

 

ထိုနေ့တွင် အမွန်နှင့် သိကျွမ်းရသည်။ ထိုနေ့က အမွန့်မျက်လုံးတစ်စုံကို ခုတိုင် လတ်တလောမြင်လျက်ရှိသည်။

 

ရိုးသားသော၊ ကြည်လင်သော၊ လှပသော၊ သိက္ခာရှိသော၊ တစ်ကြိမ်မြင်ပြီးလျှင် မေ့ပစ်နိုင်ခြင်း မစွမ်းသော အမွန့်မျက်လုံး။

 

ပေါ်လွင်သော၊ ဝိုင်းစက်သော၊ တပ်မက်ခြင်းကို မဖြစ်စေသော အမွန့်မျက်လုံး။ဣနြေ္ဒကြီးသော်လည်း စိတ်နှလုံးမြင့်မြတ်ခြင်းကို ဖော်ပြနေသော အမွန့်မျက်လုံး။

 

အကြင်နာမျက်လုံး။ သည်မျက်လုံးအစုံကြောင့်လားမသိ။ ခင်မိသည်။ အားပျက်စရာ၊ မဝေခွဲနိုင်စရာ ပြဿနာတွေ ကြုံလာရလျှင် ကိုကြည်လွင်နှင့် ညိုညိုတို့ တစ်ယောက်ယောက်ကို ပြောပြစမြဲ။

 

သည်တွင် အမွန်နားတွင် ကြားစကားတွေ တိုးလာသလို ပြောစရာစကားတွေကလည်း များလာရသည်။

 

တတိယနှစ်အရောက်တွင် စိတ်ညစ်စရာတချို့ ဖြစ်ပေါ်လာသည်။ ကိုလတ် မကျန်းမမာ ဖြစ်လာသည်။ ဆေးရုံတွင် သုံးလေးလကြာသည်။ ငွေကုန်ကြေးကျ များခဲ့သည်။ ကိုလတ် ကျန်းမာရေးအတွက် ကြွေးတင်ရသည်။

 

ထို့ကြောင့် စာမေးပွဲကြေးနှင့် ကျောင်းခလပြဿနာ တက်ရလေသည်။ ကိုကြည်လွင်သိ၍ ညိုညိုပါသိသွားသည်။

 

နောက်တစ်နေ့ စာမေးပွဲကြေးနှင့် ကျောင်းလခငွေ သွင်းပြီးပြေစာကို ကိုကြည်လွင်လာပေးသည်။အားနာလွန်း၍ စိတ်အနေရခက်သည်။ အားနာစိတ်ဖြင့် အပြစ်စကားဆိုမိသည်။ ကိုကြည်လွင်က သူသွားသွင်းခြင်း မဟုတ်ကြောင်း၊ အမွန် ငွေသွားသွင်းခြင်းဖြစ်ကြောင်း၊ သို့တစေ ကိုကြည်လွင် ဆောင်ရွက်ပေးသည့်အနေမျိုးဖြင့် ဖြစ်စေချင်ကြောင်း၊ အမွန်ကူညီလိုက်သည်ဟု ကိုထွေး မသိစေချင်ကြောင်း စသည့်စကား ဖွင့်ပြောသည်။

 

သည်တော့မှ မျက်နှာထားပင် ခက်ရချေတော့သည်။ သုံးလေးရက်ကြာသောအခါ သူငယ်ချင်း သုံးလေးယောက်ထံမှ ငွေရှာယူလာသည်။ အမွန့်ကို သွားတွေ့ပြီး ထိုငွေကို ပြန်ပေးသည်။အမွန့်မျက်နှာပေါ်တွင် စိုးရိမ်စိတ်တွေ ပေါ်လွင်နေသည်။

 

အမွန်ခေါင်းခါသည်။ အမွန့်လွယ်အိတ်ထဲသို့ ထည့်မည်ပြုသော်လည်း လွယ်အိတ်ကို ကိုယ်နှင့်ကပ်၍ ဖယ်သည်။

 

“ဟင့်အင်း၊ အမွန်ပြန်မလိုချင်ဘူး” ဟု ပြောရင်း ငြင်းသည်။ ကြိမ်ဖန်များစွာ ပြန်ပေးနေသောကြောင့် အမွန့်မျက်နှာထားပြောင်းသွားသည်။

 

“အမွန့်သဘောထားကို တစ်မျိုးထင်နေတယ် မဟုတ်လား၊ အဲသလို ထင်နေရင်တော့ အမွန် မငြင်းတော့ဘူး၊ ကို့လက်နဲ့ အဲဒီ လွယ်အိတ်ထဲ ပြန်ထည့်လိုက်တော့”

 

ဟုပြောကာ လွယ်အိတ်ကို စာသင်ခုံပေါ်သို့ တင်ပေးလိုက်သည်။ ထိုစကားကြောင့် လက်တုံ့သွားသည်။ရင်ထဲမှာ အမျိုးအမည် မခွဲခြားတတ်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ ထိုဝေဒနာသည်...

 

“မောင်နှမအရင်းတွေလို့လည်း တစ်ခါတစ်ခါ ပြောတယ်။ လက်တွေ့မှာတော့ သူစိမ်းထက် ဆယ်ဆစိမ်းသေးတယ်” ဟု တစ်ဆက်တည်း ပြောချလိုက်သောအမွန့်စကားကြောင့်လား၊ ပထမဆုံး သုံးလိုက်သော ကို နာမ်စားကြောင့်လား၊ မကွဲမပြား။

 

မည်သို့ပင် မကွဲပြာစေ၊ အမွန့်ကို တွယ်တာသောသံယောဇဉ် အလင်းအမျှင်သည် ထိုနေ့ ထိုအချိန်၊ထိုနေရာတွင် ခိုင်ခိုင်ဖွဲ့နှောင်ခဲ့ပြီးဖြစ်ကြောင်း သတိပြုမိလိုက်သည်။

 

“ဒီအထိ မတွေးပါနဲ့ အမွန်ရာ၊ ကျွန်တော့်စိတ်ကို အမွန်အသိဆုံးပါ”

 

မျက်လွှာတစ်ချက် မပင့်။

 

“အမွန့်အစ်ကိုတဲ့၊ အဲဒီ အစ်ကိုက မကြာခင်ပဲ မဟာသိပ္ပံတန်းကြီးလဲ တက်ရတော့မယ်၊ ဌာနမှာ ဆရာအလုပ်လည်းရတော့မယ်၊ ပြီးတော့ စုန်းဖြူ၊ စုန်းညို၊ စုန်းပြာပြာလှလှလေးတွေနဲ့ဆိုတော့...”

နှုတ်ဖျားအသံထက် ရင်ထဲကအသံကို နှလုံးကျက်မိလိုက်သည်။

 

“လာတာကို အပြစ်ပြောနေတာ မဟုတ်ပါဘူး အမွန်ရယ်”

 

ချက်ချင်းပြန်မဖြေသေး၊ မျက်လွှာကို ပင့်၍ ကြည့်သည်။ မဲ့ပြုံးတစ်ချက်ကို မပီမသ တွေ့ရသည်။ မည်သည့်အကြောင်းကြောင့် မသိ၊ ဘာတွေမှန်း မဆိုနိုင်၊ နှုတ်ခမ်းကို ဆတ်ခနဲ တွန့်ပစ်လိုက်သည်။ဘာစိတ်ကူးဖြင့်ကား မဆိုနိုင်၊ ဟင်းခနဲ တစ်ချက်ရယ်ကာ သက်ပြင်းချသည်။

 

“အချိန်အခါကလည်း မိုးတွေကြားထဲ၊ အခြေအနေကလည်း ဖျားနေလို့ ပြောတာပါ”

 

ရယ်စရာစကား မဟုတ်ပါဘဲလျက် အသံထွက်အောင် ရယ်နေသည်။ သူ့စကားကို အမွန်မည်သို့ သဘောထားနေကြောင်း နားမလည်နိုင်တော့။

 

“ဒါဖြင့် ကို့စကားရဲ့ အဓိပ္ပါယ်က အချိန်အခါနဲ့ အခြေအနေကို ကြည့်တတ်ရမယ်လို့ ဆိုလိုတာပေါ့”

 

“အင်းပါ... အဲဒါပြောတာ”

 

အမွန့်ပြုံးပုံမှာ ထိတ်လန့်စရာကောင်းသည်ဟု ထင်ရသည်။

 

“သြော်သွားချင်လို့သွားတယ်၊ လာချင်လို့လာတယ် ဆိုပေမယ့် အချိန်အခါနဲ့ အခြေအနေကို နားလည်တတ်ရမယ် ဆိုပါတော့”

 

“အင်း... ဆိုပါတော့”

 

အမွန့်မျက်လုံးကို တစူးတစိုက် ကြည့်မိသည်။

 

“သြော်... ဟော်... ဟော် အချိန်အခါနဲ့ အခြေအနေကို တွက်ဆနားလည်တတ်ရမယ် ဆိုပါတော့ကိုရယ်၊ ဟုတ်လား”

 

လှိုက်ခနဲ ခံစားလိုက်ရသည်။ နှလုံးသွေးခုန်သံသည် သည်းလှသောမိုးသံထက် မြည်လွန်းကျယ်လောင်လွန်းသည် ထင်ရ၏။

 

*****

( ၅ )

 

ဟားခါးတွင် ရှိခဲ့စဉ်က ရောက်လာသော အမွန့်စာသည် အသည်းညှာကို လှုပ်ခါထိစေသည် အမှန်၊စကားတွေက ရင်၌လာ၍ ဟပ်သည်။

 

ခုချိန်ဆိုရင် မြောက်ပိုင်းချင်းတောင်မှာ အအေးပြင်းထန်နေပြီ ထင်တယ်၊ အနွေးထည်ကို အမြဲဝတ်ထားပါ။ အမွန့်စကားကို နားထောင်လို့ အရက်မသောက်ဘဲနေမှာမို့လို့ အအေးဒဏ်ကို ခံစားရမှာပါ။ ဒီတော့ကော်ဖီနဲ့ ရေနွေးကိုသောက်နော်။ ညအိပ်ရာဝင်ရင် စောင်တွေအများကြီးခြုံအိပ်ပါ။ ရေမချိုးပါနဲ့၊ ရေနွေးပတ်တိုက်ပါ။ အစားအသောက်လည်း ဆင်ဆင်ခြင်ခြင် စားပါ။

 

ပြီးတော့ ကို အခုသွားတဲ့အလုပ်က သစ်ခွပင်တွေ စုဆောင်းဖို့ဆိုတော့ အမြင့်တွေဘာတွေ တက်ရမှာပဲ။ ကို ကိုယ်တိုင် မတက်ပါနဲ့၊ အတင့်မရဲ့ပါနဲ့၊ ထိခိုက် အနာတရ ဖြစ်မှာ အမွန် သိပ်စိုးရိမ်နေတယ် ကိုရယ်၊ အစစအရာရာ သတိကြီးပါကွယ်။ ကလေးတစ်ယောက်ကို ယုယသောစကားမျိုး၊ မောင် ပေါက်စနကလေးကို မျက်ခြည်ပြတ်မခံသော စကားမျိုး။

 

တစ်ခါတစ်လေတော့ ရယ်မိသည်။ ပူတတ်လွန်းသည်ထင်၏။ သို့ရာတွင် အကြင်နာတရား၌ အတိုင်းအဆမရှိသည်မှာ သူ့ကိုယ်တွေ့။ သူယုံပြီးသား။

 

သွားတာလာတာလည်း အဖော်မပါဘဲနဲ့ မသွားပါနဲ့။ မိုးမချုပ်ပါစေနဲ့ကို။တောတွေတောင်တွေ ဝိုင်းနေတဲ့နေရာဆိုတော့ ကျားတွေ ဘာတွေ ရှိမှာ။ ပြီးတော့

အတွေးတွေလည်း သိပ်မများနဲ့ဦး၊ တောင်ကမ်းပါးဘေးကပ်ပြီး လမ်းလျှောက်တဲ့အခါ အငေးလွန်အတွေးလွန်ပြီး ချောက်ထဲ ချောကျမှာ အမွန်စိုးရိမ်တယ်သိလား။

 

စိတ်မဖြောင့်နိုင်မှန်း သိနေရသည်။ သူ အတွေးမိခဲ့သည်တို့ကို အမွန် ကြံဖန်တွေးပုံက အံ့သြစရာ။

အံ့သြရင်းနှင့်စိတ်မကောင်းဖြစ်ရသည်။ အထိခိုက်ဆုံးမှာ ကိုလတ်တို့စာနှင့် ညိုညိုတို့စာထဲတွင် ပါဝင်မြဲဖြစ်သော အမွန့်အကြောင်းကို ဖတ်ရသောအခါ...

 

တို့က အမွန်သိပ်စိတ်မပူပါနဲ့၊ ကိုထွေးက သူငယ်နှပ်စားမှ မဟုတ်တာလို့ ပြောတော့ အမွန်က ဘာပြန်ပြောတယ်မှတ်လဲ။

 

ကိုကိုလတ်တို့၊ မမအေးတို့ မသိပါဘူး၊ ကိုထွေးဟာ ကလေးပါတဲ့၊ နေချင်သလိုနေ စားချင်သလိုစားတဲ့လူတဲ့။ အမွန် ဒီမှာ မရှိတော့တဲ့အခါဆိုရင် စိတ်ကတော့ ကိုထွေးဆီ ရောက်နေမှာတဲ့။ မင်းကိုစိတ်မချဘူးတဲ့။

 

အဲဒီတော့ ဒါဖြင့်လည်း ကိုထွေးကိုပါ သြစတြေးလျ ခေါ်သွားပါလား အမွန်လို့ အေးအေးက မေးပြောပြေလိုက်တယ်။ ကိုထွေးစိတ်သဘောထားကို သူအသိပါတဲ့။ ဒါပဲပြောတယ်၊ ခက်ပါတယ်ကွာ။

 

သြစတြေးလျ ဟူသော အသံကိုကြားလိုက်ရလျှင် အသည်းမှာ ကျဉ်သွားသည်။ အမွန်နှင့် သူ့အကြားတွင် သည်အမည်ကို လည်းကောင်း၊ သည်အမည်နှင့်ပက်သက်သော အကြောင်းအာတို့သည်လည်းကောင် မသိကျိုးကျွန်ပြုမိလျက်သား ရှိခဲ့ကြသည်။

 

မနှစ်က ဆောင်းတွင်းမျာ ထိုအကြောင်းကို ပထမဆုံး သိလိုက်ရသည်။ ပြီးတော့ ချစ်စကားဆိုမည်ကြံသည့်နေ့။

 

တစ်ဦးနှင့်တစ်ဦး ထာဝရခွဲရမည် ဟူသောအသိကို ကြားသိရသည့်နေ့။ မိုးအလွန်တွင် ထွန်မချဖြစ်အောင် ကြိုးပမ်းယူရသည့် စိတ်တို့ဖြင့် မဖွင့်ဟတော့ပါဘူးဟု ဆုံးဖြတ်လိုက်ရသည်။တင်းလိုက်ရသော အကြေကွဲဆုံးနေ့။

 

ထိုနေ့က အစပြု၍ အမွန်သည် ဟန်အဆောင်နိုင်ဆုံး မိန်းကလေးတစ်ယောက် ဖြစ်လာသည်ထင့်။သူသည်လည်းး မထူး၊ အမွန့်နည်းတူ မကြာမီ ရင်ဆိုင်ရတော့မည့် ရေခြားမြေခြားဘဝနှင့်စပ်၍ တစ်ခွန်းမဟမိကြ။

 

မပြောဖြစ်အောင် သတိထားနေခဲ့ကြသည်။ စကားမစပ်မအောင် ကြိုးစား၍ နေခဲ့ကြသည်။လျှောက်လွှာတင်လိုက်သည့်အကြောင်း။ လျှောက်လွှာတင်ပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာက

ခေါ်ယူမေးမြန်းသည့် အကြောင်း၊ ကုန်ဝယ်စာအုပ်မှအစ နိုင်ငံသား အခွင့်အရေးဆိုင်ရာများ စွန့်လွှတ်လိုက်ရသည့်အကြောင်း၊ သြစတြေးလျနိုင်ငံဘက်မှ စစ်ဆေးမေးမြန်းချက်များ ရောက်လာသည့် အကြောင်း စသည်အကြောင်းတို့ကို ညိုညိုတို့ထံမှ တစ်ဆင့်သာ သိခဲ့ရသည်။

 

သူ့ကို ထိုအကြောင်းများနှင့်ပက်သက်၍ စကားရိပ်မျှပင် အမွန် မဆိုခဲ့။ ကွေကွင်းရမည်ကို အမှန်သိနေကြလျက်နှင့် မသိလိုက်မသိဘာသာ အားတင်းထားရခြင်းမှာ ဆင်းရဲခြင်းတစ်မျိုးဟု သူထင်သည်။ တကယ်တမ်း ရင်ဆိုင်ရမည့်အခါ နှလုံးကွဲမထွက်အောင်၊ သည်းခြေပေါက်မထွက်အောင် မည်သို့မည်ပုံ ရဲဝံ့ထားရမည်ပ။ မည်သို့မည်ပုံ အသင့်နေရမည်ပ။စိတ်ကူးကြည့်ရုံမျှနှင့်ပင် စိတ်ကမခိုင်။ ရင်က မနိုင်တော့။

 

ကိုထွေး မြန်မြန်ပြန်လာမှပဲ၊ နို့မဟုတ်ရင်တော့ ညိုတို့နားကွဲမလားထင်ရတယ်ရှင့်။ဘယ်သူနေပါ့မလဲ၊ အမွန်ပေါ့။

 

‘ညိုရယ် ကိုထွေး ချင်းတောင်ကိုသွားတာ တစ်လခွဲကြာမှာ သိသားပဲ၊ဘယ်နေ့ပြန်လာမယ် ဆိုတာကို ဧကန်သိလျက်နဲ့ ခဏလောက်မတွေ့ကြတာတောင် အမွန်ဒီလို ခံစားရရင် အမွန် ဟိုကိုသွားတဲ့အခါ ကိုထွေးဘယ်လို ဖြစ်ကျန်နေခဲ့မလဲ မတွေးရဲပါဘူး’ တဲ့။ နောက်ပြီးပြောသေးတယ်။

 

‘အမွန်ကသာ ကိုထွေးကို သံယောဇဉ်ကြီးနေတာ။ ကိုထွေးက အမွန့်လောက် သံယောဇဉ်ကြီးမှ ကြီးပါ့မလား’ တဲ့။ ဒီစကားကို ညိုရော ကိုကြည်လွင်ကပါ

 

ပြန်ဖြေလိုက်ကြပါတယ်။ ကိုထွေးသိနိုင်ပါတယ်။နှလုံးတွင်း အောင့်နင့်သွားရသည်။

 

ညိုညိုတို့ အဖြေပေးသည့်စကားကို တွက်ဆမိသည်။ အမွန့် ထိုသံသယအတွက် ကိုယ်တိုင်ဖြေရန် လိုသည်ထင်၏။ထိုအဖြေတွင် မကြေညာသင့်တော့သော ကြေညာချက် ထွက်မသွားရန် ဆင်ခြင်ရမည်ဟု တွေးထားသည်။ ထိုစာကို ကလေးမြို့သို့ ပြန်ရောက်တော့မှ ရေးမည်ဟု ဆုံးဖြတ်လိုက်သည်။

 

လောလောဆယ်တော့ တစ်ပတ်တစ်စောင် စာရေးပါဟု အမွန်မှာလိုက်သည့်အတိုင်း သာမန်စာကိုသာ ရေးလိုက်သည်။

 

ထိုစာထဲတွင် လုပ်ငန်းခွင်အကြောင်း၊ ပါးရဲအလှပျိုဖြူများအကြောင်း၊ ရှေ့အပတ်ထဲတွင် တီးတိန်သို့ တက်မည့်အကြောင်း စသည်တို့။

 

ထို့အပြင် လာမည့်ဒီဇင်ဘာ ၂၄ရက်နေ့သည် အမွန်မွေးနေ့ဖြစ်ကြောင်း၊ ထိုနေ့အမီ ပြန်ရောက်နိုင်မည်ဖြစ်ကြောင်းများ ရေးခဲ့သည်။

 

အမွန်ပြန်စာကို တီးတိန်ရောက်ပြီး ငါးရက်အကြာမှ ရသည်။ လိပ်စာကို တည်းမည့်နေရာသို့ တင်ကြိုပေးထားခြင်းကြောင့် စာရောက်မြဲ ရောက်လာသည်။ အတူပါလာသူ ဆရာတစ်ဦးက ပြုံးလေသည်။

 

ကိုရေးတဲ့စာတွေက လေးငါးရွက်တည်း တိုနံ့နံ့နဲ့။ အမွန်ဖတ်ရတာ အားမရလိုက်တာ။ အလုပ်ကိုလည်း လုပ်နော်။ ပါးရဲလှလှလေးတွေချည်း လျှောက်ကြည့်အနေနဲ့ဦး၊ ကိုပြန်လာရင် သစ်ခွပန်းမျိုးစုံ ကြည့်ဖူးတော့မှာပါ။

 

ကို့ တတိယစာထဲမှာ ရေးလိုက်တဲ့ အမွန့်ကို အမြဲသတိရဖြစ်နေအောင် အမွန် သဘောအကျဆုံး ပန်းမျိုးဖြစ်တဲ့ သစ်ခွကိုမှ ကျွန်တော်ရွေးပြီး သုတေသနလုပ်ဖို့ ကွင်းဆင်းတာဆိုတာ အမှန်စကားလို့ အမွန်ယုံကြည်ပါတယါ။

 

ဒါထက်ကိုရေ၊ ချင်းတောင်မှာရော ဖိုးလမင်းကြီး သာနေသလားကွယ်။

 

ရှေ့နောက်ဝဲယာ သွားလေရာမှာ ဖိုးလမင်းကြီးက လိုက်ပါနေမြဲပဲတဲ့လားကိုရယ်။ အဲဒီ

 

ဖိုးလမင်းကြီးမှာ ဆုတ်ရက်လည်းမရှိဘူး၊ ကွယ်တဲ့ရက်လည်း မရှိဘူး ထင်ရဲ့။ ဟုတ်၊မဟုတ် အမွန့်ကိုဖြေ။ဆိုလိုချက်ကိုသူသိသည်။

 

ကလေးမြို့မှ မထွက်မီ တစ်ပတ်အလိုတွင် အမွန့်ထံ စာရေးလိုက်သည်။ ပြန်လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်စာမရေးရန်၊ ရထားဖြင့် ပြန်မည်ဖြစ်၍ ရန်ကုန်ဘူတာကြီးသို့ မည်သည့်ရက်တွင် ရောက်မည်ဖြစ်ကြောင်း၊ အပြန်တွင် မန္တလေးတက္ကသိုလ် ဝင်စရာရှိကြောင်း စသည်စသည် ရေးပြီးမှ- အမွန်ဖြေခိုင်းတဲ့ အဖြေကို ကျွန်တော်ဖြေမယ်။ ချင်းတောင်မှာရော၊

 

လမ်းတလျှောက်မှာရော ဆုတ်ကွယ်ရက်ကင်းတဲ့ ဖိုးလမင်းကြီးက အမြဲပဲ သာနေလျက်ပါ။ ကျွန်တော့်မှာ ထွက်သက်၊ ဝင်သက် ရပ်မသွားသရွေ့ အဲဒီ ဖိုးလမင်းကြီးကို အစဉ်ပဲ မြင်နေရမှာပါ အမွန်။ အမှန်မို့ ယုံကြည်ပါအမွန်။

 

ချင်းတောင်၏ ဆောင်းရက်များကား ပူပြင်းလှချေသည်။

 

*****

အမွန့်ရင်ခွင်ထဲတွင် သမီးလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။

 

“အမွန့်တူမက ဆယ်ရက်သမီးမို့ပဲ၊ ဆယ်လသမီးဆိုရင် ဘယ်လောက် အစားကြီးမလဲမသိဘူး၊ နို့သိပ်စို့တာ”

 

ညိုညို့ကို ပြုံး၍ ကြည့်နေသည်။ အသားညို ပိန်ရှည်ရှည် ညိုညိုသည် အသားဝါပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာသည်။ ရွှင်ရွှင်လန်းလန်း အမူအရာ ပီတိမျက်နှာနှင့်။ စိတ်ချမ်းသာစွာနှင့်။

 

“အမွန်ကတော့ တူ၊ တူမတွေကိုချီရင်း အပျိုကြီးလုပ်နေတော့မယ်လေ”

 

“ဆိုပါတော့”

 

ညိုညိုကရယ်နေသည်။အပ်ချုပ်စက်ပေါ်တွင် စုပုံတင်ထားသော အနှီးတွေကို ယူပြီး ပုခက်နှင့် အနီးဆုံးကုလားထိုင်တွင်ထိုင်သည်။ အမွန်က သူနှင့်မျက်နှာချင်းဆိုင် ထိုင်သည်။

 

“ညိုကြားဖူးတယ်၊ တစ်သက်လုံးတစ်ယောက်တည်း နေသွားကြတဲ့လူတွေဟာတဲ့ သူတစ်ပါးထက် ကိုယ့်ကိုကိုယ် ပိုချစ်ကြလို့တဲ့"

 

အမွန့်နှုတ်ခမ်းတစ်ဖက်တွင် ပြုံးစိစိဖြစ်နေသည်။ ညိုညို့ပေါင်ပေါ်မှ အနှီးသုံးလေးထည်ကိုယူ၍ ကူခေါက်ပေးသည်။ ညိုညိုသည် အမွန်ဖြေမည့်စကားကို စောင့်နေသည်။အမွန်မဖြေသေးတော့-

 

“ဘယ့်နှယ်လဲ၊ အမွန်ကော ဒီလိုပဲလား”

 

သည်တော့ ခေါင်းခါသည်။

 

“သူတစ်ပါး စိတ်ဆင်းရဲမှာ၊ ဒုက္ခရောက်မှာကို ငဲ့ကွက်ပြီးတစ်ယောက်တည်း နေသွားရတဲ့လူတွေ ရှိပါလိမ့်ဦးမယ် အညိုရယ်”

 

ညိုညိုသည် ဆက်ပြောမည့်စကားကို နားစွင့်လျက်-

 

“ပြီးတော့ ချစ်သူမရှိကြရှာလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့ညိုရဲ့”

 

“ဒီလိုဆို မွန့်မှာကော ချစ်သူမရှိသေးလို့ဘဲပေါ့၊ ဟုတ်လား”

 

နှစ်ယောက်သား ပြိုင်တူရယ်မောကြသည်။ အမွန်က ရယ်သံနှော၍ဆိုသည်။

 

“အို- ညိုမသိဘူးလား၊ အမွန့်မှာ ချစ်သူရှိတာပေါ့”

 

ညိုညိုသည် အရယ်ရပ်လိုက်ပြီး တအံ့တသြကြည့်သည်။ ပုခက်ကြိုးကို ဖြည်းဖြည်းဆွ ဲသည်။

 

“တကယ်”

 

“တကယ်ပေါ့ညိုရဲ့”

 

ညိုညိုသည် အမွန်လှမ်းပေးသော ခေါက်ပြီးသားအနှီးတွေကို ယူလိုက်ရင်း မေးသည်။

 

“ဘယ်တော့လက်ထပ်ကြမလဲ”

 

“မသိဘူး”

 

“ဟင် ဒါဖြင့် မရေမရာကြီးပေါ့”

 

“ဘယ်ဟုတ်မလဲညိုရဲ့၊ သိပ်ရေရာ သိပ်သေချာတာပေါ့”

 

“ဘာလဲ လူကြီးတွေက သဘောမတူလို့လား”

 

အမွန်ခေါင်းခါသည်။ နှုတ်ခမ်းကို တွန့်ပစ်သည်။

 

“မဆိုင်ပါဘူး၊ တူတူမတူတူ ချစ်သူက ချစ်သူပေါ့၊ ဒါပေမယ့် လူကြီးတွေ မသိကြသေးပါဘူး”

 

“ဖွင့်ပြောလိုက်ပါလား”

 

အမွန်ခေါင်းခါသည်။

 

“ဘာလဲ သူ့ဘက်က ဆင်းရဲလို့လား”

 

“သူ့ဘက်က ဆင်းရဲတာမဟုတ်ပါဘူး၊ သူဆင်းရဲနေတာ”

 

“သူ့မိဘတွေက စွန့်ပစ်ထားလို့လား”

 

အမွန်ခေါင်းခါပြန်သည်။ ညိုညိုသည် နားမလည်စွာ ငေးကြည့်သည်။

 

“မဟုတ်ပါဘူး၊ အမွန့်ကို သူချစ်မိတဲ့နေ့ကစပြီး သူ စိတ်ဆင်းရဲနေတာကို အမွန်ပြောတာ”

 

ညိုညို မျက်နှာထား ပြောင်းသွားသည်။ အမွန့်ဆိုလိုချက်ကို နားလည်လိုက်သည်။ အမွန့်ရင်ထဲက အနာတရ ဖြစ်နေပုံကို စာနာသိ သိလိုက်သည်။ ကိုထွေးမျက်နှာကို ရိပ်ခနဲ မြင်လိုက်သည်။ ရင်ထဲတွင် ဆို့နင့်နင့်ကြီး ခံစားလိုက်ရ၍

 

စကားစပြတ်သွားသည်။ နှစ်ယောက်စလုံး ငိုင်တွေတွေ ဖြစ်သွားသည်။ ခဏကြာတော့ အမွန့်ကိုကြည့်မိသည်။ မချိတင်ကဲမျက်လုံးဟု နားလည်ချင်သည်။

 

“သူငယ်ချင်းရယ်၊ မင်းဘဝကို အမွန် အားကျလိုက်တာကွယ်”

 

*****

“အညှာကိုပါစားနော်”

 

ခရမ်းသီးနှပ်ကို ကိုထွေး၏ပန်းကန်ထဲသို့ ခပ်ထည့်ရင်း အမွန်ကပြောသည်။ ကိုကြည်လွင်နှင့် ညိုညိုတို့နှစ်ယောက်က ပြုံးသည်။ ကိုထွေးက နားမလည်၍ ပြုံးလိုက်သည်။

 

“အညှာက အမျှင်တွေနဲ့ပဲဟာ၊ စားလို့ ဘယ်ကောင်းပါ့မလဲ”

 

အညိုက ထမင်းလုတ်ကို တစ်ချက်နှစ်ချက်သာဝါးပြီး မျိုချလိုက်သည်။

 

“အညှာကိုစားရင် လူပြုစားတာမခံရဘူးတဲ့၊ ကောင်းကောင်းစားရတယ်ကိုရဲ့”

 

ကိုကြည်လွင်သည် ထမင်းစားရင် တဟင်းဟင်းရယ်သည်။ ညိုညိုသည် ကိုထွေးကို ပြုံးစိစိနှင့်ကြည့်သည်။ ကတ်သီးကတ်သပ် ပြောတတ်သော အမွန့်စကားကြောင့် ကိုထွေးမှာ နားရှုပ်သွားလေသည်။

 

“ကျွန်တော့်မှာ မုန်းတဲ့လူမှမရှိတာ၊ ဘယ်သူက ပြုစားမလဲအမွန်ရဲ့၊ ပြီးတော့ ပြုစားတယ် ဘာတယ်ဆိုတာ အမွန်ယုံတယ်ပေါ့ လေ”

 

သည်တော့ ရယ်ကျဲကျဲနှင့်ကြည့်ကာ အမွန်ဖြေသည်။

 

“အစကတော့ အမွန်မယုံပါဘူး၊ ခုတော့ ယုံချင်တယ်၊ ပြုစားတယ် ဆိုတာကလည်း မုန်းတာမှ မဟုတ်ဘဲ၊ ချစ်ရင်လည်း ပြုစားတတ်သတဲ့၊ နောက်ပြီး ကို့ပတ်ဝန်းကျင်မှာက လှတဲ့စုန်း၊ ချောတဲ့စုန်း၊ ခရာတဲ့စုန်းမကလေးတွေ အများကြီး၊ ကို့ကို ပြုစားသွားမှာ စိုးရတယ်ရှင့်”

 

ညိုညိုသည် သဘောပေါက်သွားသောကြောင့် သီးလုမတတ်ရယ်လိုက်သည်။ ကိုကြည်လွင်သည် ပလုတ်ပလောင်းနှင့် ရယ်နေသည်။ ကိုထွေးက ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ အမွန့်မျက်လုံးကို

 

ကြည့်ရင်း ရောနှောရယ်မောနေမိသည်။ ရွှင်ပျသော အမွန့်မျက်နှာကို မြင်ရတော့ ချမ်းမြေ့လှသည်။ကြည်နူးပြုံးတွေက ဇွန်းသံ၊ ပန်းကန်သံကြားတွင် ပျံဝဲနေသည်။

 

*****

“ကို အရင်ဆင်း”

 

အဓိပ္ပာယ်ကို အပြည့်အဝနားလည်တော့ ငြင်းရသည်။

“ဟင့်အင်း၊ အမွန်အရင်ဆင်းပါ”

 

အမွန်ကလည်း သူ့နည်းတူ။

 

“ရှေ့အရင်ရောက်နေတဲ့သူက အမွန်ပဲဥစ္စာ၊ အမွန်အရင်ဆင်းပေါ့”

 

ညိုညိုသည် သူတို့နှစ်ယောက် တွက်ကတ်နေပုံကို သဘောကျ၍ ပြုံးကြည့်နေသည်။ကိုကြည်လွင်သည် ရွှတ်နောက်နောက် စကားဆိုသည်။

 

“ခု ရန်မဖြစ်နဲ့ဦးလေ”

 

အမွန့်မျက်စောင်းကို ဖျတ်ခနဲတွေ့လိုက်ရသည်။

 

“ကိုကြည်လွင်နော်၊ ဘာတွေလျှောက်ပြောနေတာလဲ၊ ညိုညို့လူကို မဆုံးမဘူးလား”

 

ညိုညိုက ပါးစပ်ကို လက်ဝါးဖြင့်ကာ၍ တခစ်ခစ်ရယ်ရင်း-

 

“ညို့လူကိုတော့ ညိုက ဆုံးမမှာပါကွာ” ဟု ပြောသည်။ ထိုစကားကြောင့် အမွန်နှုတ်ခမ်း စူပစ်လိုက်သည်။ ကိုထွေးမျက်နှာက ရှက်အမ်းအမ်းဖြစ်နေသည်။

 

ထို့ကြောင့် ယောင်ယမ်းပြီး လှေကားပေါ်မှ ဆင်းလိုက်သည်။ သူ့နောက်တွင် အမွန် ဆင်းလိုက်လာသည်။ ခြံဝရောက်သည်အထိ ညိုညိုတို့ ဇနီးမောင်နှံ၏ ရယ်သံကို ကြားနေရသည်။

 

မြေနီလမ်းတစ်လျှောက်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမဆိုမိကြ၊ ပြည်လမ်းသို့ ရောက်မှ ကိုထွေးက စ၍ စကားပြောသည်။

 

“သုံးဘီးကားစောင့်စီးကြတာပေါ့၊ ဟီးနိုးကားတွေက သိပ်ကျပ်တယ်၊ တနင်္ဂနွေနေ့ဆိုပေမယ့် ခါတိုင်းနေ့လိုပဲ အမွန်တက်နိုင်မှာ မဟုတ်ဘူး”

 

ရှက်ပြုံးမျက်နှာ မပြေနိုင်သေးဟန်တူ၏။ ခေါင်းကို ခပ်ငုံ့ငုံ့ထားပြီးခါသည်။

 

“လမ်းလျှောက်သွားကြရအောင်”

 

“ဝေးတော့ အမွန်လျှောက်နိုင်ပါ့မလားလို့ပါ”

 

“ခြောက်မိုင်နဲ့ စံရိပ်ငြိမ် ဘာဝေးတာမှတ်လို့”

 

သူခေါင်းညိတ်လိုက်သည်။ အမွန့်စကားကို ပယ်လေ့မရှိသောကြောင့် အမွန်က မပွင့်တပွင့် ပြုံးပြသည်။ လက်ဝဲဘက် လက်တစ်ကမ်းအကွာမှ သူနှင့် ယှဉ်လျှောက်လာသော အမွန့်ကို အင်းလျားကန်ပေါင်ဘက်သို့ အရောက်တွင် လှည့်ကြည့်သည်။

 

အင်္ကျီလက်ပြတ်နှင့်။ သည်အင်္ကျီကို ဝတ်တောင့်ဝတ်ခဲ။ ထဘီအပြာနု။ တစ်ထွာကျော်ကျော် ဆံမြိတ်စ၊ ဆံထုံးရင်းတွင် ဖယောင်းပန်းတစ်ပွင့်။ လှည့်ကြည့်နေမှန်း အမွန်သိပုံရသည်။

 

သူ့ကို မော့ကြည့်သည်။ အမွန့်ပါးမို့မို့နှစ်ဘက်တွင် သနပ်ခါးပါးကွက်ပါးပါးကို မြင်ရသည်။အမွန်ပြုံးလေသည်။

“ထမင်းစားလို့ မြိန်တယ်နော်”

 

ခေါင်းညိတ်၍ ဖြေလိုက်သည်။

 

“အမွန် ဟင်းချက်ကောင်းလို့ပါ”

 

“မြှောက်မြှောက်၊ စံရိပ်ငြိမ်ထိပ်ကျရင် လက်ဖက်ရည်တိုက်ပါ့မယ်”

 

အမွန်သည် တဟင်းဟင်း ရယ်၍ လိုက်ပါလာသည်။ တံတားဖြူသို့ ရောက်ခါနီးတွင်-

 

“ကို ဒီနေ့ တော်တော်ပျော်နေတယ် ထင်တယ်” ဟု ဆိုသည်။ “ဘာဖြစ်လို့လဲ” ဟု မေးသောအခါ “တစ်နေ့လုံး ရယ်စရာတွေ ပြောနေလို့” ဟု အမွန်ဖြေသည်။ဤတွင်-

 

“ဒီတစ်နေ့ထဲ မဟုတ်ပါဘူး အမွန်ရာ၊ ပျော်နေတာ သုံးလေးနှစ်လောက်ရှိပြီ။သိပ်မပျော်တော့တာတော့ တစ်နှစ်ကျော်လောက် ရှိသွားပြီ” ဟု စကားမှားသွားသည်။ အမွန်

 

သတိပြုမိပုံရသည်။ မျက်နှာညှိုးသွားသည်။

 

“အလုပ်တွေ ပိလွန်းလို့ မပျော်နိုင်တာပါ” ဟု ဖာထေးမိလိုက်သော်လည်း အမွန့်မျက်နှာက စောစောကလို မလန်းလာတော့။

 

နှစ်ဦးအကြားတွင် အသံတိတ်သွားသည်။ စီးပွားရေးတက္ကသိုလ် အဆောက်အအုံလေးသို့ ရောက်တော့မှ အမွန်စကားစသည်။

 

“ရှေ့လ ဆယ့်တစ်ရက်ဆိုရင် ကို့မွေးနေ့ရောက်ပြီနော်”

 

သင်္ကြန်အကြိုမတိုင်မီတစ်ရက်သည် သူ့မွေးနေ့။

 

“အသက်တစ်နှစ်ကြီးတာဟာ သေမင်းဆီ သဝဏ်လွှာတစ်စောင် ပို့ရတာမျိုးပဲ”

 

“ကိုရယ်၊ သေစကားမပြောပါနဲ့“

 

ပျာပျာသလဲ တားမြစ်သည်။ ထို့ကြောင့် စိတ်ဖြေစကား ဆိုရသည်။

 

“နောက်အနှစ်လေးငါးဆယ်ကြာရင် ရှောင်မရမယ့်တရားတွေ ကို ပြောတာပါ”

 

အမွန်မျက်မှောင်ကြုတ်လိုက်သည်။

 

“ဝမ်းနည်းစရာ အနာဂတ်မှန်သမျှကို မေ့မေ့ပျောက်ပျောက်နဲ့ နေနေရတာ ကောင်းမယ်ထင်တယ် ကိုရယ်”

 

နွေဆည်းဆာ၏လေပြေတွင် အသည်းကို မွှန်းတတ်သော သင်တုန်းဓားတွေ ဆင်ထားသည် ထင်ရလေသည်။

 

*****

( ၆ )

 

မိုးစွေတောင်ကုန်း၏ အရှေ့ဘက်ကမ်းပါးစွန်းတွင် ထိုင်လိုက်တော့မှ အသက်ရှူ၍ ပိုကောင်းလာသည်။ သစ်ဝါးရနံ့တွေရသည်။ အမြင့်ဆုံးသို့ တက်လာသောအခါ မြက်ခင်းပြင်ကို တွေ့ရသည်။ လေပြည်က တဝေ့ဝေ့။

 

မျက်လုံးရှေ့တွင် တားဆီးထားသော အရာမရှိ။ အပေါ်မှ ဆီး၍ မြင်ရသောအမြင်၊ အရှေ့တွင် တောင်ပူစာနှစ်လုံး၊ ချိုင့်ဝှမ်းတစ်ခု၊ တဲအိမ်သုံးလေးလုံး၊ ဥယျာဉ်စိုက်ခင်းတွေ။

 

ထိုရှေ့တွင် ပြည်လမ်း၊ ထိုရှေ့တွင် လယ်ကွင်း၊ ထိုရှေ့တွင် ကုန်းမြင့်။ ကုန်းမြင့်မျက်နှာပြင်သည် မင်္ဂလာဒုံ လေယာဉ်ပြေးလမ်း။ထိုရှေ့တွင် အပြာရောင်ကောင်းကင်ပြင်ကျယ်။

 

“ဒီနေရာလေးဟာ တော်တော်အေးချမ်းတဲ့ နေရာလေးနော်”

 

အမွန်သည် နဖူးပြင်မှ ဆံစမျှင်ကို ဖယ်လိုက်ရင်းပြောသည်။

 

“မြို့ရဲ့ အမြင့်ဆုံးနေရာပေါ့၊ အဘက်ဘက်ကို မြင်နေရတယ်”

 

“ကိုတို့နေတဲ့အပိုင်းနဲ့ အနောက်ဘက်ပိုင်းက တစ်မျိုးစီနော်”

 

“အရှေ့ဘက်က မြေညီတယ်၊ ဒီဘက်က ကုန်းမြင့်တွေချည်းဘဲ၊ ကုန်းမြင့်ဆယ့်နှစ်ခုနဲ့ ဒီမြို့ကိုတည်တာလို့ လူကြီးတွေ ပြောတာ ကြားဖူးတာပဲ”

 

သူ့ကိုငဲ့စောင်းကြည့်သည်။ နေခြည်သည် အမွန့် ညာဘက်ပါးပြင်ပေါ်သို့ ကျလာသည်။

 

“ရုက္ခဗေဒသမားက မြို့သမိုင်းကို ပြောပြတော့မယ်”

 

ကြည်နူးဖွယ်အခနဲ့စကားကြောင့် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

 

“ဒါပေမယ့် မြို့သမိုင်းက လွမ်းစရာကြီးပါ အမွန်ရယ်”

 

မျက်လုံးအဝိုင်းသားနှင့် အံ့သြသွားပုံရသည်။

 

“ပြောပြပါလားဟင်၊ သိရအောင်ပေါ့”

 

နားစွင့်နေသော အမွန့်ကို လှည့်ကြည့်သည်။ တည်ကြည်သော အမွန့်မျက်နှာတွင် သိလိုစိတ် အရိပ်အယောင်တွေ မြင်ရသည်။ ထို့ကြောင့် ဆေးပေါ့လိပ်ကို တစ်ဖွာနှစ်ဖွာသာ သောက်လိုက်သည်။

 

“မြို့သမိုင်းကို မပြောခင် နေရာတွေကို ပြောပြမှ အမွန်နားရှင်းမှာ လှိုင်မြစ် အနောက်ဘက်က မွန်မြို့ဟောင်းပေါ့။ အစကဒီလို၊ သထုံဘုရင်ရဲ့ သမီးတော်တစ်ပါးရှိတယ်တဲ့။ မွန်မင်းသမီးတစ်ပါး ဆိုပါတော့။

 

တစ်နေ့မှာ ဘိုးတော်၊ ဘွားတော် စံမြန်းတဲ့ ဘောလယ်မြို့ဟောင်းကို အကန်တော့သွားတယ်တဲ့၊သုံးလေးလကြာတော့ သထုံနေပြည်တော်ကို ပြန်တယ်တဲ့။ အပြန်မှာ သထုံကလာတဲ့အထောက်တော်တွေနဲ့ ဒီမြို့မှာ ဆုံမိကြတယ်။ အကြောင်းက သထုံကို ဂျွမ်းသူပုန်တွေ တိုက်နေလို့တဲ့။ ဒီတော့ မင်းသမီးလေးအဖို့ သထုံကို ဆက်သွားဖို့ ခက်သွားတာပေါ့။ ဒါနဲ့ လှိုင်မြစ်အရှေ့ ဒီနေရာမှာ တစ်ထောက်နားရတာပေါ့။

 

အဲဒီတုန်းက မြို့နယ်ငယ်၊ မြို့သိမ်လေးတစ်ခုတဲ့၊ တောင်ကုန်းတွေ မရှိဘူးတဲ့၊ စည်မျက်နှာပြင်လို မြေညီသတဲ့”

 

ဒူးနှစ်ဖက်ကို လက်ချိတ်၍တုပ်ထိုင်ကာ ထိုင်လိုက်ရင်း အမွန်ခေါင်းညိတ်သည်။

 

“ဘောလယ်ကို ဂျွမ်းစစ်သည်တွေ ဝိုင်းထားသတဲ့၊ ဒီမြို့ရဲ့ မြို့စားမင်းသားလေးက ဂျွမ်းစစ်သည်တွေ မထိုးဖောက်နိုင်အောင်လို့ မြို့ကို ကာကွယ်ရတယ်။ သထုံကခမည်းတော်၊ မယ်တော်တို့အတွက် ပူပင်သောကရောက်ပြီး နာမကျန်းဖြစ်လာတဲ့ မွန်မင်းသမီးလေးကိုလည်း ပြုစုနေရတာပေါ့။ ဆယ့်နှစ်နှစ်ကြာလို့ မွန်မင်းသမီးလေးက သထုံကိုဆက်သွားဖို့ စီစဉ်တယ်။ အဲဒီအချိန် မွန်မင်းသမီးလေးနဲ့ မြို့စားလေးတို့ဟာ ဖွင့်ဟလို့သာ တစ်ယောက်ကိုတစ်ယောက် မကြေညာကြတာ။ ချစ်မြတ်နိုးမှုချင်း၊ အကြင်နာချင်း၊ မေတ္တာခြင်း ထပ်တူထပ်မျှ ဖြစ်ခဲ့ကြပြီတဲ့။ ဒါနဲ့...”

 

“အင်း... ဒါနဲ့ ဆက်ပါဦးကို”

 

“မင်းသမီးလေး ရောက်လာတယ်ဆိုရင်ပဲ ခမည်းတော်က ဝမ်းသာလွန်းလို့ ထူထူထောင်ထောင် ဖြစ်လာတယ်၊ သိပ်ချစ်တဲ့ သားအဖကိုး၊ မကြာခင်မှာ ထီးမွေနန်းလျာအတွက် သမီးတော်ကို

မင်းသားတစ်ပါးနဲ့ စုလျားထိမ်းမြားဖို့ စီစဉ်တယ်။ မင်းသမီးလေးက ခမည်းတော်ကို စိတ်ချမ်းသာရေးအတွက် ခေါင်းညိတ်လိုက်တယ်။

 

ဒီသတင်းကို မြို့စားလေးကြားသတဲ့။ ဆယ့်နှစ်နှစ်ကာလအတွင်း ယာယီတဲနန်း ဆယ့်နှစ်နေရာ ဆောက်လုပ်ပေးခဲ့တဲ့ နေရာတွေကို အလွမ်းပြေသွားပြီး ကြည့်လေ့ရှိသတဲ့။ မင်းသမီးလေးရဲ့

လက်ထပ်ပွဲသဘင် ကျင်းပတဲ့နေ့မှာ အဲဒီ ဆယ့်နှစ်နေရာကို ကြည့်ပြီး သစ္စာဆိုတယ်တဲ့။ သူ့ကိုယ်ထက်၊ သူ့အသက်ထက် မင်းသမီးလေးကို ချစ်မြတ်နိုးပါတယ်တဲ့၊ ဒီသစ္စာမှန်ပါရင် အဲဒီ

ဆယ့်နှစ်နေရာကို မမှတ်မိအောင် လျှိုမြောင်တောင်ကုန်းတွေ ဖြစ်ပါစေသတဲ့။ ဒါနဲ့ ဒီမြို့ဟာ အဲဒီကုန်းမြင့်ဆယ့်နှစ်ခု ဖြစ်လာတာတဲ့၊ ကြားဖူးတာလေ”

 

အမွန်သည် အဝေးသို့ ငေး၍ နားထောင်နေသည်။

 

“မင်းသမီးလေးနဲ့ မြို့စားလေးကော ထပ်တွေ့သေးသတဲ့လား”

 

သူ ခေါင်းခါဖြေသည်။

 

“မတွေ့နိုင်ကြတော့ဘူးလေ၊ ဘာပြုလို့ဆို မင်းသမီးလေးလက်ထပ်ပွဲ ကျင်းပတဲ့နေ့မှာ မြို့စားလေး ရင်ကွဲနာကျပြီး သေသွားတယ်။ မင်းသမီးလေးလဲ နှလုံးကွဲပြီး သေသွားရှာတယ်တဲ့

 

သို့သော် အဆုံးတွင် မြို့သမိုင်းထဲက အကြောင်းအရာတချို့သည် မိုးစွေတောင်ကုန်းပေါ်သို့ တွယ်တက်လာသည်ဟု တွေးလောက်ဖွယ်တည့်။နှုတ်ခမ်းအဝသို့ စကားသံတွေ ထွက်မလာဖြစ်ကြ။

 

*****

 

လှိုင်မြစ်ရေးရေးကို အနောက်ဘက်တွင် မြင်နေရသည်။ သစ်ရွက်စိမ်းလွင်ပြင်ကြီးကို အနုအရင့် ကွဲ၍ တွေ့နေရသည်။ နေခြည်သည် သစ်ရွက်တွေပေါ်မှ ရှပ်၍ပြေးနေသည်။

 

အမွန့်မျက်နှာသည် ပျောင်းနွဲ့သော နေရောင်နှင့်၊ မြတ်နိုးဖွယ်မျက်နှာလှလှ။ မင်္ဂလာရှိစွာသော မိန်းမချောမျက်နှာ၊ မျက်ခြည်ပြတ်မခံနိုင်အောင် မြင်စမ်းချင်စွသော မိန်းမမြတ်မျက်နှာ။လမ်းအကွေ့သို့ ရောက်လာသည်။

 

လမ်းအနိမ့်ပိုင်းဖြစ်၍ နေရောင်သည် အမွန့်ကိုယ်ပေါ်မှ လွဲထွက်သွားသည်။ပြန်လည်မြင့်တက်လာသော တစ်ဖက်ကွေ့သို့ ရောက်သော် နေရောင်ခြည်သည် အမွန့်ဆံစ အပေါ်မှအစ တဖြည်းဖြည်း အောက်သို့ကျလာသည်။လမ်းအလယ်သို့ ရောက်လာချိန်တွင် အမွန်သည် တစ်စုံတစ်ရာကို သတိရဟန်ဖြင့် ပြောသည်။

 

“ကို၊ ဒီလ ရှုမဝဖတ်ပြီးပလား”

 

“အင်း ဘာဖြစ်လို့လဲ”

 

“ကြည်အေးကဗျာ ဖတ်လိုက်တယ် မဟုတ်လား”

 

ခေါင်းသာ ညိတ်ပြရသည်။ ဝိုးတဝါးဖြစ်နေသည်။ မျက်မှောင်ကြုတ်ထားပြီး စဉ်းစားသည်။ဖြေလိုက်စဉ်က ဖယ်လိုက်ရသော ဆေးပေါ့လိပ်ကို ပြန်ပြီးခဲထားသည်။

 

“သိမြင်ခြင်းဆိုတဲ့ ကဗျာလေ၊ အမွန်သိပ်ကြိုက်တာပဲရှင့်။ အစက ‘မောလိုက်တာကွယ်’ဆိုတာက စတယ်။ ပြီးတော့ ဆင်းရဲဝေဒနာကင်းတဲ့ အအိပ်မျိုးနဲ့ အိပ်ချင်တယ်တဲ့။

 

ဒုတိယပိုဒ်မှာကျတော့ အဲဒီလို အိပ်တဲ့အခါမှာလည်း မောင်က အပြစ်ပြောမလား၊ ခွင့်လွှတ်မလား ဆိုတဲ့ သောကတွေနဲ့ အိပ်မက် မမက်ချင်ပါဘူးတဲ့”

 

အမွန့်အသံတွင် မသိမသာ လှုပ်ခါနေသည်ထင်ရ၏။ မျက်နှာနေ မျက်နှာထားက စိုးစဉ်းမျှတော့ ပြောင်းနေသည်။ မြေညီလမ်းပေါ်သို့ ရောက်ပြီး သုံးလေးလှမ်း လှမ်းလာတော့မှ...

 

“နောက်ဆုံးအပိုဒ်ဟာ စိတ်အထိခိုက်ဆုံးပဲ၊ အဲသလို အိပ်ခြင်းမျိုးတွေနဲ့ အိပ်ပြီးလို့ နိုးလာတဲ့အခါကျရင် ဖြူဖွေးတဲ့ ပွင့်ဖတ်လေးတွေနဲ့ ပွင့်တဲ့ စံပယ်ပွင့်သစ်လို ဖြစ်ချင်ပါတယ်တဲ့။အဆုံးပိုဒ်ကို အမွန် အလွတ်ရနေပြီ၊ ကိုနားထောင်မလား”

 

ကြည်နူးကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

 

“ငြိတွယ်... အို- အစပိုဒ်ကစပြီးနားထောင်တာ ကောင်းပါတယ်။ ဒီလို ကို...

နိုးပြေသောအခါ၊ ဖြူလွှာပွင့်လှစ်

 

သစ်စပယ်သို့၊ ငြိတွယ်ပန်းလျ

 

ဘဝတစ်ရာ၊ အခါများစွာ

 

သေဆုံးပါလည်း၊ မြေမှာမပစ်

 

မွေးဖွားသစ်ခဲ့၊ ချစ်သက်ပါလှည်

ကြင်နာလှည့်ကွယ်

 

မောင့်ရဲ့သစ္စာ၊ မြင်ခဲ့ပါပြီ...

 

တဲ့။ ထိခိုက်စရာပဲနော် ကို”

 

အမွန် မျက်မှောင်ကြုတ်၍ နှုတ်ခမ်းစေ့လိုက်သည်။

 

“ဘဝတစ်ရာ၊ အခါများစွာ၊ သေဆုံးပါလည်း၊ မြေမှာမပစ်တဲ့။ မြေမှာမပစ် ဆိုတဲ့စကားလုံးက ကျွန်တော့်ရင်ကို စူးဝင်လာတယ် အမွန်ရယ်”

 

သူ့စကားကြောင့် အမွန်လှည့်ကြည့်သည်။ နေခြည်မကွယ်သေးသော်လည်း အမွန့်မျက်နှာတွင် မှိုင်းညိုရောင်ဆိုင်းနေသည်။ တစ်ယောက်ကို

 

တစ်ယောက် ပြုံးကြည့်ဖို့ အားယူကြသော်လည်း မပီသ။ ထို့ကြောင့် မျက်နှာချင်းလွှဲလျုက်ပြီး လမ်းအတိုင်း မျက်နှာမူလိုက်သည်။ ကိုထွေးတို့ နေထိုင်ရာအိမ်ခေါင်တွင် နေရောက်ခြည်၏ နှုတ်ဆက်အတို့အထိကို လှစ်ခနဲတွေ့လိုက်ရသည်။အပြာရောင်ကောင်းကင်သည် အဆုံးမရှိသော ခရီး၏ လမ်းပြတစ်ဦးပေတကား။

 

*****

အနောက်ဘက်ဝရန်တာရှိ ယင်းကြိုးလိပ်ကို ဖြေချလိုက်ပြီး ဆေးတံကို ပါးစပ်မှချွတ်သည်။စားပွဲတွင် တင်ပါးလွှဲမှီကာ ကိုထွေးကို ကြည့်သည်။

 

စောစောကစကားကို ကိုလတ်ဆက်တော့မည်ဟုသိလိုက်၍ ‘ကိရတိကားနှင့် ဗဟု၏ အိန္ဒိယပရဆေးပင်များ’ စာအုပ်ကို လက်ထဲမှ ချလိုက်သည်။

 

အေးအေးက ကျောင်းခေါ်ကြိမ် စာရင်းစာအုပ်နှင့် အလုပ်များနေရာမှ ကိုလတ်ဘက်သို့ တစ်ချက်ငဲ့ကြည့်၏။ ကိုထွေးသည် ပက်လက်ကုလားထိုင်ပေါ်တွင် နောက်မှီလိုက်ပြီး ငြင်းသည်။

 

“ခုန အစ်ကိုပြောလိုက်သလို ခဲမှန်ဖူးတဲ့စာသူငယ်လို ကျွန်တော်ဖြစ်ခဲ့တာကြောင့် ဖြစ်ချင်ဖြစ်မယ်။ အချစ်ဆိုတာ ဘာမှန်းမသိတဲ့ အရွယ်တုန်းက ကျွန်တော် ရည်းစားပျက်ခဲ့တာကို ခုထိ

အကြောက်လွန်နေတာလား ဘာလားတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် အဲဒီတုန်းက ကိစ္စက ပွဲဈေးတန်းမှာ အရုပ်ကလေးတစ်ရုပ်ဝယ်ပေးဖို့ ပူဆာတာ မရလို့ ငိုနေတဲ့ကလေးလိုပါ။ ခုအမွန်နဲ့ တွေ့တဲ့အချိန်မှာ အဲသလိုသဘောမျိုးမဟုတ်တော့ဘူး၊ အမွန့်ကိုကျွန်တော် ချစ်ရင်ချစ်မယ်၊ ပိုင်ဆိုင်ဖို့တော့ ဟုတ်ချင်မှ ဟုတ်မယ်”

 

ကိုလတ်ခေါင်းတခါခါနှင့် ရယ်နေသည်။

 

“ပိုင်ဆိုင်ဖို့ ဟုတ်ချင်မှဟုတ်မယ် ဆိုတဲ့စကားကို ကိုထွေးပြောတဲ့အချိန်ဟာ အမွန်တို့ သြစတြေးလျကို အပြီးအပိုင်ထွက်ခွာသွားဖို့ သတင်းကြားပြီးတဲ့နောက်မှ မဟုတ်လား”

 

အဖြေမပေးတတ်အောင် တွေသွားရသည်။ထိုစကားကြောင့် ရင်ထဲတွင် ဆတ်ခနဲ လှုပ်သွားလေသည်။ သူပြန်လည်မပြောဆိုနိုင်မှ ကိုလတ်က ရယ်သံစွက်၍ တစ်ခွန်း ပြောသည်။

 

“အမွန့် ကို ကျွန်တော်ချစ်နေရင် ချစ်နေမယ်တဲ့၊ ခုထိ မင်း ဒီစကားမျိုးပြောနေတုန်းပဲ၊ ပါးစပ်ကအဲသလို၊ မျက်နှာမှာက အထင်းကြီး”

 

“အမွန့်ကို ကျွန်တော် ချစ်နေတယ်လို့ပဲ ထားပါတော့ အစ်ကို”

 

“ရော်- ခက်ပါပေါ့၊ ထားပါတော့ပဲ ရှိပါသေးလား”

 

သူပြုံးမိသည်။ အေးအေးက ခစ်ခနဲ တစ်ချက်ရယ်လိုက်ပြီး-

 

“ကိုလတ်ဟာ သတင်းစာအယ်ဒီတာ လုပ်ဖို့ မကောင်းဘူး၊ ဆွဲချလိုပဲ အတင်းပဲ ဖြောင့်ချက်ပေးခိုင်းနေတော့တာပဲ“

 

ဟု ပြောလိုက်သည်။ ကိုလတ်က-

 

“မဟုတ်ပါဘူးအေးရယ်၊ ရေလာအောင် ပေးထားရတဲ့ မြောင်းခမျာမှာ ဆင်းလာမယ့်ရေကို အမျှော်လင့်ကြီး မျှော်လင့်ပြီး အတိမ်ကောခံရတဲ့ မြောင်းအတွက်ကို ကိုလတ် စိတ်မကောင်းလွန်းလို့ ဒီစကားပြောရတာ”

 

ဟုပြန်ဖြေသည်။

 

သူ့စကားအဆုံးတွင် ကိုထွေးကို လှမ်းကြည့်၏။ကိုထွေး ခေါင်းမဖော်။ အတန်ကြာတော့မှ စကားသံထွက်လာသည်။

 

“ချစ်တာတစ်ခုတည်းနဲ့ဆိုရင် အမွန့်ကို ကျွန်တော်ပြောရဲပါတယ် အစ်ကို”

 

ကိုလတ်နဖူးကြောတွေ တင်းလာသည်အထိ စဉ်းစားလိုက်သည်။

 

“ဒါဖြင့် ဘာဖြစ်လို့”

 

“သိပ်တည်ကြည်တဲ့မျက်နှာကို မြင်လိုက်ရင် ပြောမထွက်ဘူး၊ တစ်မျိုးပဲအစ်ကို တစ်မျိုးပဲ”

 

ခေါင်းကို ဆတ်ဆတ်ခါပစ်လိုက်သည်။ ပင့်သက်ကို မှုတ်ထုတ်ပစ်လိုက်သည်။

 

“သတ္တိနည်းတာပေါ့ကွာ”

 

“မဟုတ်ဘူးအစ်ကို၊ စိုးရိမ်တာဖြစ်ချင်ဖြစ်မယ်၊ ဘာဖြစ်လို့ဆိုရင် ဖြစ်နိုင်ပါ့မလားဆိုတဲ့အတွေးဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေတယ်”

 

“ငါ ကောင်းကောင်း နားမလည်တော့ဘူးကွာ”

 

ကိုလတ်စကားအဆုံးတွင် ကိုထွေးသည် မဲ့ပြုံး ပြုံးလိုက်သည်။

“အမွန်နဲ့ကျွန်တော် မတူဘူးမတန်ဘူးလို့ ထင်တယ်”

 

အေးအေးသည် ဘာမတူမတန်စရာရှိလို့လဲ ကိုထွေးရာ”ဟု ချက်ချင်းပြောရင်း စားပွဲဝိုင်းဆီမှ ထလာသည်။ ကိုလတ်က ခေါင်းခါသည်။

 

“ကျွန်တော် ဖွင့်ပြောပြီးတဲ့ နောက်မှသာ ခုလို ရာသက်ပန်ကွဲရမယ်ဆိုရင် အမွန်ရူးမတတ် ခံစားရလိမ့်မယ်။ ပြီးတော့ အပြစ်ကင်းတဲ့ အမွန့်ရဲ့ဘဝမှာ အမည်းစက်တစ်စက် ထင်ဖူးထားတဲ့ ကျွန်တော်နဲ့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး”

 

ကိုလတ်သည် ပို၍ နားမလည်သလို ဖြစ်လာသည်။

 

“ဘာ အမည်းစက်လဲ ကိုထွေး”

 

“အချစ်ဦးဟာ ဒီလောက် သဘောထားမသေးဘူးလို့ မမအေးထင်တယ်ကိုထွေး”

 

အေးအေးကို ခေါင်းညိတ်ပြရင်း သူဖြေသည်။

 

“ဒီအကြောင်းတွေ အကုန်လုံး အမွန်ကြားပြီးသားပါ မမအေး၊ အမွန်သဘောထားမသေးဘူးလို့ ကျွန်တော် အကြွင်းမရှိယုံပါတယ်။ အမွန်ဟာအခွင့်လွှတ်ဆုံးပါ။ ကျွန်တော့်ကို ဒီကမ္ဘာမှာ နားအလည်ဆုံး မိန်းကလေးပါ။ ကျွန်တော့်ကို အကြင်နာဆုံး၊ သံယောဇဉ်အကြီးဆုံးပါ။ ပြီးတော့ ကျွန်တော့်ကို အချစ်ဆုံးလို့လည်း ကျွန်တော်ယုံတယ်”

 

အသံတိမ်ဝင်သွားသည်။ ဆက်ပြောရန် ကြိုးပမ်းယူသော်လည်း မရတော့။ အံကို တင်းအောင်ကြိတ်ထားမိသည်။ အေးအေးသည် စိုးရိမ်စိတ်ဖြင့် သူ့ကိုကြည့်လိုက်သည်။ ကိုလတ်သည်

 

ဆေးတံကောက်ယူပြီး မီးညှိလိုက်သည်။ ကိုထွေးသည် အိမ်အပြင်သို့ ငေးကြည့်ရင်း အံတင်းထားရာမှ တဖြည်းဖြည်း လျှော့ချနေသည်။

 

မိုးချုန်းသံကို မကြားရသော်လည်း လျှပ်ရောင်သည် ယင်းလိပ်ကြားမှ တစ်ခါတစ်ခါ ဝင်လာသည်။

******

ကိုထွေးဆီကို စာရေးလိုက်သည်။ ရေးစရာအကြောင်းဆိုတာကလည်း တစ်ပတ်လျှင် တစ်ခု၊ နှစ်ခုတော့ရှိစမြဲ။

 

သူငယ်ချင်းတွေနှင့် အရက်သွားသောက်သည်ဟူသော သတင်းကြားရလျှင် နောက်နေ့၍ အမွန်စာရေးဖြစ်သည်။ ပညာရေးနှင့် ပက်သက်၍ မကျေနပ်မှုတွေ၊ ဒေါသတွေ ပေါက်ကွဲလာပြီဆိုလျှင် နောက်တစ်နေ့၌ အမွန်စာရေးဖြစ်သည်။

 

စိတ်အားငယ်နေသည်ဟု ကြားသိရပါက အမွန်စာရေးဖြစ်သည်။ ကိုထွေးသည် အမွန့်စာကို ဖတ်ပြီးသောအခါ ပြန်စာရှည်ကြီးကို ရေးမြဲ ဖြစ်လေသည်။ ယခုသော် ရေးစရာတွေ ပြည့်နေတော့

 

စာတစ်လုံးမျှ ထွက်မလာ။ ကိုထွေးနှင့်စပ်လျဉ်း၍ အရာရာကို မှတ်မှတ်ရရ သတိပြုမိသည်။ ပြောပုံ၊ ဆိုပုံ၊ နေပုံ၊ ထိုင်ပုံ၊ အသံ၊ အမူအရာတွေ၊ သိကျွမ်း၍ သုံးလေးလကြာသောအခါ ခင်မင်ရင်းနှီးလာသည်။ကိုထွေး၊ ကိုကြည်လွင်၊ ညိုညိုနှင့် သူတို့လေးယောက်သည် အစဉ်သဖြင့်ဆုံနေကျ။

 

တရင်းတနှီးဖြစ်လာပြီး တစ်နှစ်ကျော်ကျော်တွင် ကိုထွေးအတွက် ရင်မောစရာတွေ ခံစားလာရ၏။ကိုထွေး၏အစ်ကို အထိန်းသိမ်းခံရချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသလို ကိုထွေးအဖို့ အဘက်ဘက်က မပြေလည်ဖြစ်ချိန်၊ စိတ်ဓာတ်ကျလွန်းသောကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ပစ်ဖို့ ကိုထွေး စိတ်ကူးပေါက်မိသည့်အချိန်။

 

ထိုအချိန်တွင် ကိုထွေးစိတ်ဓာတ်၊ သဘောထား အလုံးစုံကို သူ နားလည်လာရသည်။နားလည်မိသည်နှင့်အမျှ ဖေးမအားပေးစကားတွေ ပြောရန် ကြိုးစားရလေသည်။ အားပေးစကားတွေ

သူပြောသောအခါ အားတက်သရော မျက်နှာနှင့် ခေါင်းညိတ်တတ်သောကိုထွေးကို ကြည့်၍ စိတ်ချမ်းသာရသည်။ ဖြေသိမ့်စကားတွေဖြင့် ကိုထွေးစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးရသည်။

 

အမွန့်စကားဆိုလျှင် နားထောင်တတ်သောကြောင့်လား မသိ။ ကိုထွေး လန်းဆန်းလာသည်ကို တွေ့မြင်ရသောအခါ ဝမ်းမြောက်ပီတိဖြစ်မိသည်။ ထိုပီတီသည် အလုံးစုံသော သဒ္ဓါတရားတွေကိုပါ

တိတ်တဆိတ် ခေါ်ယူခဲ့သည်လား မဆိုနိုင်၊ အကြင်နာ ပိုရလေတော့သည်။

 

တစ်နေ့နေ့တွင် ကိုထွေးထံမှ ကြားရလ်ိမ့်မည်ဟု တထစ်ချတွက်ထားသော ကိုထွေး၏စကားလုံးတွေကို စိတ်ကူးဖြင့် တင်ကြို ကြားယောင်ပြုကြည့်သည်။ ထိုအခါတွင် သူက ပြန်ပြောရမည့်

သူ့စကားလုံးတွေကို စိတ်ထဲက ပြောကြည့်မိသည်။ သို့သော် ထိုတစ်နေ့နေ့ ဆိုသော ကာလအပိုင်းအခြားသည် အကန့်အသတ်နှင့် ရှိမလာခဲ့။ မတိကျ မသေချာခဲ့။စောင့်ရင်းနှင့် မောခဲ့ရချေသည်တကား။

 

သူသိမှာပေါ့။ ဒီက ဘယ်လောက်ချစ်မယ်ဆိုတာကို သိရဲ့သားနဲ့ မျိုသိပ်ထားနိုင်လွန်းတယ်။ သူ့မျက်လုံးတွေကတော့ မကြာခဏ ပြောနေတယ်။ ကိုယ့်ကိုဖွင့်ပြောရမှာ ဝန်လေးနေတယ်ထင်ပါရဲ့။လိပ်ပြာမရဲဘူးနဲ့ထင်တယ်။ ဒီလောက်တောင် တစ်ယေယာက်ကို တစ်ယောက် နားလည်နေကြပြီပဲဟာ။

 

‘အမွန်ရယ်... အမွန့်ကို ကျွန်တော်ချစ်တယ်ဗျာ’ လို့ ဖွင့်ပြောတော့ ကိုယ်က စိတ်ဆိုးမှာတဲ့လား။

 

အပြစ်ပြောမှာတဲ့လား၊ ရန်တွေ့မှာတဲ့လား၊ အဲလိုများပြောလာရင်...

 

‘မောင့်ကိုလည်း အမွန်သိပ်ချစ်တာပေါ့ မောင်ရယ်’လို့ ချက်ချင်းပြန်ပြောမှာပေါ့။ ‘မောင်’ လို့လည်း သူအခေါ်မခိုင်းခင် ဦးအောင်ခေါ်ပစ်လိုက်မှာပေါ့။ ဒါမှ သူ့ ‘ကျွန်တော် ကျွန်တော်’ ဆိုတာကြီးပျောက်သွားမှာ။

 

သည်လိုစိတ်ကူးထွေလာတော့သည်။ ဆင်းရဲခြင်းသာ အဖတ်တင်သည်။ တစ်ခါတစ်ရံတော့ သည်စိတ်ကူးတွေကို ကိုထွေးဆီ ရေးပြလိုက်ချင်သည်။ တကယ်တွင် ရေးဖို့ ခွန်အားမရှိ။

 

မိန်းကလေးဟူသောအသိကို အဘယ်သို့ ဖျောက်ဖျက်ရဲမည်ပ။ တွေးကြည့်တော့ အများကြီး။ ကိုထွေးသည် အမွန့်နည်းတူပင် တွယ်တာမိကြသည့်အချိန်မှ ယခုအထိ အသေးအဖွဲ

 

ကလေးတွေကိုမျှ မေ့ထားခြင်းမရှိ။ မေ့လျော့ခဲ့ခြင်းမရှိ။ တခြားမကြည့်နှင့်။ နှုတ်ဆက်စကားမဆိုဘဲ ပြန်တတ်ခြင်းကိုပဲ ကြည့်တော့။ စွဲမြဲမှတ်သား သတိထားပုံမပျောက်။

 

ထိုအလေ့အထသည် လွန်ခဲ့သောသုံးနှစ်ကျော်က ရယ်စရာမောစရာသဘော၊ နောက်တော့ အနက်တစ်မျိုးဖြင့် လေးနက် လာသည်။ တွေ့ဖန်မြင်ဖန်များလာတော့ နှောင်တွယ်သော အဓိပ္ပါယ်သစ်ဖြင့် ပြောခဲ့ကြသည်။

 

ယခုအခါ ရှေ့တွင် မြင်နေရပြီဖြစ်သော မှိုင်းပျပျညောင်ညိုပင်သည် သည်းခြေကို ခိုက်စေတတ်သော ညောင်သီးစိမ်းတွေဖြင့် ဝေဆာနေရော့သလားဟု မှန်းမိသည်။

 

စာရေးစက္ကူပေါ်တွင်မူ စာတစ်လုံးတလေမျှ မှင်နှင့် ထင်မလာ။

 

( ၇ )

 

"ကိုက သိပ်ခက်တာပဲ၊ ဘာလို့များ ဖိနပ်သွားဝယ်ရတာလဲ၊ ပင်အပ်တွယ်ထားတဲ့ဟာ စီးလို့ရသားနဲ့”

 

အပန်းဖြေရိပ်သာ အဆောက်အအုံ၏ အုတ်ခုံမှ အဆင်းတွင် ညည်းသံနှင့်ဆိုသည်။ စောစောတုန်းက ကိုထွေးနင်းမိလို့ သူ့ဖိနပ်ပြတ်ခဲ့သည်။ သူက-

 

“ကျွန်တော်ဝယ်လာတာကို မစီးချင်ရင် အဲဒီစကားကို ဆက်ပြောပေါ့” ဟု မကြည့်ဘဲ ပြောလိုက်သည်။ စင်္ကြံရှည်ကို ဖြတ်အထွက်တွင်-

 

“မစီးချင်လို့ ပြောတာမှ မဟုတ်တာ၊ ကိုကလည်း စိတ်ကောက်တာက အရင်ပဲ” ဟု ပြုံး၍ ပြောလိုက်သည်။

 

“ကျွန်တော် စိတ်မကောက်ပါဘူးအမွန်၊ ငြင်းတယ်လို့ ထင်လို့ စိတ်မကောင်းဖြစ်သွားတာပါ”

 

အမွန်ခေါင်းခါသည်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ရင်း သူ့ကို ငဲ့စောင်းကြည့်သည်။

 

“ဖိနပ်ဆိုတာ သွားစရာကို ညွှန်းတဲ့ပစ္စည်း ဖြစ်နေလို့ အမွန်ပြောမိတာပါ”

 

အမွန့်မျက်နှာ လွှဲလိုက်ရသည်။မိုးသားအစွန်းတွင် တွန်းထွက်လာသော နေရောင်ခြည်သည် မြက်ခင်းပြင်ပေါ်သို့ ခပ်စွေစွေ ကျနေ၏။ ယုဒဿန် ဘုရားရှိခိုးကျောင်း၏ မြောက်ဘက်အခြမ်းသို့ အလင်းရောင်ထင်နေ၏။

 

မျှော်စင်၏ဆင်ဝင်ရှေ့က ဝါးရုံသည် တစ်ရွက်တစ်လေမျှ လှုပ်ခတ်ခြင်းမရှိ။

****

ညိုညိုသည် နို့စို့နေသော သမီးကို တစ်ချက်ငုံ့ကြည့်ပြီး ပြောလိုက်သည်။

 

“သမီး အခုဝတ်ထားတဲ့အင်္ကျီက အမွန့်လက်ရာလေ။ သူကိုယ်တိုင် ချုပ်တာ။ မနေ့က လာပေးသွားတာ၊ အင်္ကျီလေးငါးခြောက်ထည်ရယ်၊ ကစားစရာတွေရယ်၊ သမီးခြောက်လပြည့် လက်ဆောင်လာပေးတာတဲ့။ ဒီနေ့တော့ လာမလာမဆိုနိုင်ဘူး”

 

အင်္ကျီလက်ကို ခေါက်တင်ရင်း ပြောသည်။

 

“ကျွန်တော်နဲ့မတွေ့တာတော့ လေးရက်ရှိသွားပြီ၊ ဟိုနေ့ကဌာနကို လာတယ်”

 

ညိုညိုက ပြုံး၍ ပြောသည်။

 

“သူ့ဖိနပ်တက်နင်းလို့ ပြတ်တဲ့နေ့ကလား”

 

ကိုကြည်လွင် ရေနွေးကြမ်းငှဲ့ရင်း ရယ်နေသည်။

 

“မြတ်နိုးတဲ့ သဘောတွေပေါ့လေ”

 

ကိုကြည်လွင်က မျက်နှာထားတည်တည်နှင့် နောက်သည်။ ပြန်မပြောဘဲ ငြိမ်နေလိုက်သည်။

 

ညိုညိုတို့နှစ်ယောက်က ပြောစရာစကား မရှိသေးလို့လား၊ ပြောစရာစကားစဉ်းစားနေ၍လား မသိ။

 

အတန်ကြာငြိမ်နေကြသည်။ ကိုထွေးက လက်ဖက်ရည်ကြမ်းပန်းကန်ကို ယူသောက်ရင်း အိမ်ရှေ့ဘက်သို့ ငေးကြည့်နေ၏။

 

“အမွန်တို့ သွားဖို့နီးပြီတဲ့ကိုထွေး”

 

နင့်ခနဲ ခံစားလိုက်ရသည်။ ခေါင်းကိုသာ ညိတ်ပြကာ ညိုညို့ကို ကြည့်လိုက်သည်။

 

“သူတို့အဒေါ်က အမွန်တို့ နေဖို့ထိုင်ဖို့ နေရာထိုင်ခင်းတွေ ဝယ်ပြုလို့တောင် ပြီးကြပြီတဲ့။ မနေ့ညက ညို့ကိုပြောသွားတယ်”

 

“အင်း...”

 

“အမွန်တို့ နေမှာ ကင်ဘာရာမှာတဲ့”

 

“သြော်... ဟုတ်လား”

 

“ဒီဇင်ဘာ၊ ဇန်နဝါရီလောက် နောက်အကျဆုံး သွားရလိမ့်မယ်ထင်တယ်ဗျ”

 

“အင်း .. အင်း”

 

“နောက်သုံးလေးလပဲ လိုတော့တာပေါ့နော်”

 

ညိုညိုသည် တစ်ယောက်တည်း ညည်းတွားသလို ပြောသည်။ ညိုညို့စကားနောက်ပိုင်းတွင် စကားဝိုင်းဖြစ်မလာတော့။ ကိုကြည်လွင်က ကုလားထိုင်နောက်မှီတွင် ဇက်မှီကာ မျက်နှာကြက်ကို

 

ကြည့်နေသည်။ ကိုထွေး၏ မျက်လုံးအစုံသည် အိမ်ရှေ့သို့သာ ရောက်နေသော်လည်း ဘာကိုမျှ ရေရေရာရာ ကြည့်နေပုံမရှိ။

 

မည်မျှကြာသွားသည်မသိ။ ညိုညိုသည် အိပ်ပျော်သွားသော သမီးကို အသာပွေ့၍ အိပ်ခန်းတွင်းသို့ ဝင်သွားပြီးကလေးကို သိပ်ခဲ့သည်။

 

ညိုညိုပြန်ထွက်လာချိန်တွင် အပြင်၌ အမှောင်ပျိုးလျက် ရှိသည်။ ညိုညိုက မီးချောင်ခလုတ်ကို ဖွင့်သည်။ မျက်တောင် တစ်ချက်နှစ်ချက်ခတ်ပြီး မီးချောင်းလင်းလာသည်။ သည်တော့မှ ကိုကြည်လွင်က အနေအထားပြင်ပြီးထိုင်သည်။ ကုလားထိုင်နှင့် နောက်ကျောကပ်ထားပြီး နံရံနှင့် ခေါင်းကိုထိထားသော ကိုထွေးက ခေါင်းငိုက်လိုက်သည်။

“ကျွန်တော့်ကို ကိုထွေးစိတ်ဆိုးချင်လည်း ဆိုးတော့၊ ကျွန်တော်က ကိုထွေးလို မြုံမထားတတ်ဘူး၊ပြောစရာရှိတာ ပြောရမှာပဲ”

 

ခဏကြာတော့ စကားဆက်သည်။

“ခင်ဗျား အမွန့်ကို နှိပ်စက်လွန်းတယ် ထင်တယ်”

 

ပြင်းထန်သောအပြောကြောင့် ညိုညို့မျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ ကိုထွေးထံမှ မျက်လုံးလွှဲပစ်လိုက်သည်။ တွက်ဆနားလည်လိုက်သော ကိုထွေးက ချက်ချင်း ခေါင်းခါပစ်သည်။နှုတ်ခမ်းကို စေ့ထားလိုက်သည်။

 

“ခင်ဗျား အမွန့်ကို နားလည်သင့်ပါတယ်ဗျာ”

အံကြိတ်ထားသည်။

“သစ်ပင်တွေ၊ သစ်ဥသစ်ဖုတွေကို နားလည်ရုံနဲ့ မဖြစ်ဘူး၊ လူတွေရဲ့အကြောင်းကိုလည်း နားလည်အောင် ကြိုးစားရဦးမှပေါ့”

မခံမရပ်နိုင်အောင် ဖြစ်လာ၍လားမသိ။

 

“ကျွန်တော်သိပ်နားလည်တယ် ကိုကြည်လွင်၊ သိပ်ကိုနားလည်တယ်”

အသံက တော်တော်ကျယ်သွားသည်။ အော်လိုက်သံဟုင် ထင်ရလောက်၏။ ညိုညိုသည်

 

စိုးရိမ်စိတ်ဖြင့် သူ့ကိုကြည့်သည်။ ကိုကြည်လွင်က မကျေမနပ် ပြုံးလိုက်သည်။

“ဒီမယ် ကိုထွေး”

ကိုကြည်လွင့်ခေါ်သံသည် ရင်ထဲသို့ ဖောက်လာသည်ဟု ထင်ရ၏။ ခေါ်သူကို လှည့်မကြည့်။

 

“အမွန်က စပြောတဲ့ ရည်းစားစကားကို ခင်ဗျားနားထောင်ချင်လို့လား”

ထိုစကားလုံးကြောင့် ခေါင်းကို ဆတ်ခနဲ ထောင်ထားလိုက်သည်။ နှုတ်ခမ်းကို သွားဖြင့် ဖိကပ်ထားလိုက်သည်။ ရင်တွေခုန်လာသည်။ ခေါင်းထဲတွင် ဆူလာသည်။ အသက်ရှူရ ကျပ်လာသည်ဟုလည်း ထင်ရသည်။

 

“မဟုတ်ဘူး၊ တစ်ခုမှ မဟုတ်ဘူး။ ခုမှ ဘာလို့ ကျွန်တော်ပြောရတော့မှာလဲ။ အမွန့်ကို ဒုက္ခဝန်ထုပ်ဝန်ပိုးတွေနဲ့ မလွှတ်ချင်ဘူး။ လမိုက်ရက်ကျမှ ဗိုင်းငင်လိုက်ရင် ချည်ခင်တွေ ရှုပ်ကုန်လိမ့်မယ် ညိုညို။ ချုပ်တည်းထားရလွန်းလို့ ရင်တွေကွဲထွက်မတတ် ခံနေရတာကျတော့ ခင်ဗျားတို့ ဘာမှ မပြောကြတော့ဘူးတဲ့လား”

ညိုညိုသည် ကုလားထိုင်လက်တန်းတွင် တံတောင်တင်ပြီး မေးထောက်ကာ သူ့ကိုကြည့်သည်။

 

“ဒါဖြင့် လသာတဲ့ရက်တွေတုန်းကတော့ ဘာဖြစ်လို့ ဗိုင်းမငင်ခဲ့တာလဲ ကိုထွေးရယ်”

သူက ခေါင်းကို တခါခါ ခါသည်။

“ဗိုင်းငင်မလို့ အပြင်မှာ တိမ်ဖုံးသွားတဲ့နောက် ဘယ်လိုလုပ်ရတော့မလဲ ညိုညို”

“ရှင်...”

"ဟုတ်တယ်၊ ဖွင့်ပြောမယ်ကြံတဲ့နေ့မှ ပြန်မဆုံစတမ်းခွဲရမယ်လို့ သိလိုက်ရတဲ့နောက် ကျွန်တော် အမွန့်ကိုစိတ်ဒုက္ခ မပေးချင် တော့ဘူး၊ ဒါပဲလေ ဒါပဲ၊ ဒါပဲ”

ကိုကြည်လွင်သည် ကိုယ်ကို ရှေ့ကိုတိုး၍ မျက်လုံးအဝိုင်းသားနှင့် ကြည့်သည်။

“ဘယ်တုံးကလဲ”

သူက အားယူပြီး ပြုံးသည်။

“တစ်နှစ်က ဆောင်းတွင်းမှာ ခင်ဗျားတို့နှစ်ယောက်နဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်မှ ဆုံဖို့ ချိန်းတဲ့နေ့၊ ခင်ဗျားတို့နှစ်ယောက် လက်ထပ်ဖို့ လူကြီးတွေက ရက်သတ်မှတ်ပြီးတဲ့အကြောင်း ပြောသွားတဲ့နေ့”

စကားအဆုံးတွင် ကိုကြည်လွင်သည် ပြန်၍ ကျောမှီထိုင်လုက်သည်။ ညိုညိုသည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ကာ ခေါင်းငုံ့လိုက်သည်။ မေးကိုထောက်၍ ထားခဲ့သော

ညာလက်သည် ကုလားထိုင်လက်တန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ထိုအချိန်တွင် တိုင်ကပ်နာရီစက်သံကိုပင် ခပ်သဲ့သဲ့ကြားနေရသည်။

“ဒီအရင်က ပြောခဲ့မိရင်လည်း အကောင်းသား၊ အင်းလေ၊ ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ အကြောင်းကိုက ရှိနေမှတော့ ဘာတတ်နိုင်မှာလဲဗျာ”

ကိုကြည်လွင့်လေသံသည် တိုးတိုး။

 

“တကယ်လို့ စောစောကသာ အကြောင်းပါခဲ့ကြရင် ခုအချိန်ဆို သားတွေသမီးတွေနဲ့၊ အဲသလိုဆိုရင် ခုပြဿနာလည်း ကြုံရမှာ မဟုတ်တော့ဘူး”

ညိုညိုသည် မချိတင်ကဲပြောသည်။

 

“ကာလယန္တရားကို ပိုင်ချင်စမ်းလှတယ်၊ နောက်ကို ပြန်ဆုတ်လို့့ရရင် သိပ်ကောင်းမှာပဲ၊ ဟင်း... မောလိုက်တာဗျာ”

တတ်အားသရွေ့ ပြုံးထားသော သူ့မျက်နှာသည် ဣနြေ္ဒမပျက်ရုံ တစ်မည်သာသာ။ ညိုညိုသည် သူ့ကိုငေးကြည်နေသည်။ ကိုကြည်လွင်က ခေါင်းညိတ်သည်။ တည်ငြိမ်အောင် ကြိုးစားထားသော အသံနှင့် ဆက်ပြောသည်။

“တစ်ကယ်တော့ အမွန်ဟာ ကျွန်တော့်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိန်းကလေး တစ်ယောက်ပါ။ ထိန်းသိမ်းခဲ့ရတဲ့ အချိန်တွေမှာ ကျွန်တော်ဘယ်လောက် စိတ်ဓာတ်ကျနေတယ်ဆိုတာ

ညိုညိုတို့ ကိုကြည်လွင်တို့ အသိပါ။ ကျွန်တော် အမွန့်ကို ကျွန်တော့်အသက်ထက် ချစ်တယ်ဆိုတာ ယုံပါဗျာ။ စိတ်နှလုံးသိပ်ဖြူစင်တဲ့ မိန်းကလေးကို စိတ်ထဲက ကျိတ်ပြီး ချစ်မိတာတောင် အပြစ်ကြီးတစ်ခု

ကျူးလွန်မိထားသလို ဖြစ်ရတာပါ။ မွန်မြတ်တဲ့သူ့စေတနာကို မဖြူစင်မရိုးမသား တစ်ဖက်သတ် တွေးမိတာများလား လို့လည်း ကိုယ့်ကိုကိုယ်မေးမိပါတယ်”

အသံက တိမ်ဝင်သွားသယောင်ယောင် ဖြစ်လာသည်။

“ထားတော့၊ ဒါတွေက ရှေးရှေးကအကြောင်းတွေ၊ သူ့အဖေကို သိပ်ချစ်တဲ့အမွန်က ဒီမှာ နေနိုင်ခဲ့ပါ့မလား။ သူပြောခဲ့ပြီးပြီပဲ။ ခင်ဗျားတို့လည်း သိပြီးသား။

ကျွန်တော်ဖွင့်ပြောလိုက်ရင် အမွန့်အသည်းကို အမွန်ကိုယ်တိုင် ထက်ခြမ်းခွဲပါလို့ ပြောတာနဲ့ အတူတူပဲ ဖြစ်တော့မှာပေါ့။ ခု ကျွန်တော် ပြောတဲ့စကားတွေ သူပြန်များကြားရရင်တောင် အသည်းခိုက်ရပါလိမ့်မယ်၊ ဒါပါဗျာ၊ ဒါပါ၊ ရှင်းလောက်ပါပြီ”

( ၈ )

 

ဖန်ခွက်ထဲရှိ လိမ္မော်ရည်ကို ကုန်အောင်သောက်လိုက်ပြီး ပုလင်းထဲက လက်ကျန်ကို ငှဲ့ထည့်လိုက်သည်။

 

အမွန့်ဖခင်သည် ခေါင်းရင်းဘက်ရှိ ပလပ်စတစ် ပက်လက်ကုလားထိုင်တွင် ထိုင်နေသည်။ခြေဖျားမှ ကိုယ်အောက်ပိုင်း တစ်ခုလုံးကို စောင်ဖြင့်ထွေးထားသည်။ အပေါ်ပိုင်းတွင် ဆွယ်တာအင်္ကျီ ဝတ်ထားသည်။ တေဇောဘမ်းနံ့သည် တစ်ခါတစ်ရံ ဝေ့လာတတ်သည်။

 

“ဦးလေး သက်တော့ နည်းနည်းသက်သာတယ်မဟုတ်လား”

 

မျက်မှန်ကို လက်မဖြင့် ပင့်တင်ကာ ခပ်ပြုံးပြုံးဖြေ၏။

 

“ဒီလိုပါပဲ ကိုထွေးရာ၊ ထူးတော့ မထူးလှပါဘူး၊ ခုကောင်းလိုက် ခုမကောင်းလိုက်ဆိုပါတော့၊ ရောဂါက မည်မည်ရရမဟုတ်ပါဘူး၊ စားမကောင်းတာ၊ အိပ်မရတာ၊ ကိုက်တာခဲတာ တစ်ခုခုပေါ့ကွာ၊ လူကြီးနာဆိုတာ ဒါပဲထင်ပါရဲ့”

 

အမွန်က ဖခင်ဖြစ်သူကို လှမ်းကြည့်သည်။ထိုအခိုက် အမွန့်မိခင်သည် ဖယောင်းတိုင် လေးငါးတိုင်ကိုယူလာပြီး စားပွဲပေါ်သို့ ချလိုက်သည်။ပြီးတော့ ကိုထွေးကို-

 

“လိမ္မော်ရည်သောက်လိုက်ပါဦး” ဟုပြောသည်။ အမွန်က ဖန်ခွက်ကိုယူပြီး ကိုထွေးကို လှမ်းပေးသည်။ ဖန်ခွက်ကို လှမ်းယူရသည်။ အမွန့်ဖခင်က-

 

“ဧည့်သည်ကို ဆေးလိပ်တည်ဦးလေ” ဟုပြောသည်။ အမွန့်မိခင်က “ဟုတ်ပါရဲ့၊ မေ့လို့” ဟုပြောကာ ထမည်အပြုတွင် ကိုထွေးက တားသည်။

 

“ဟာ နေပါစေအဒေါ်၊ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ”

 

အမွန့်မိခင်ကပြန်၍ ထိုင်သည်။

 

“ဟုတ်လား၊ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ၊ နို့မဟုတ်ရင် အလုပ်ပိုတစ်ခုပဲကွ”

 

ဟု အမွန့်မိခင်က လှမ်းပြောသည်။ အမွန်က မသိမသာ ပြုံးကာ သူ့ကိုကြည့်သည်။ သူဆေးလိပ်ဖြတ်ခိုင်း၍ ဖြတ်ခဲ့ပုံကို သတိရဟန်တူသည်။

 

ထိုအပြုံးအကြည့်ကို သူတစ်ယောက်တည်းသိသည်။ သို့သော် မလုံမလဲ ဖြစ်မိတာကြောင့် လိမ္မော်ရည်ကို အကုန်သောက်လိုက်သည်။ ဖန်ခွက်ကို ဗန်းထဲသို့ ပြန်ထည့်ပြီး နှုတ်တည့်ရာစကားတွေ ပြောရသည်။

 

အမွန့်မိခင်က သူတို့ သြစတြေးလျရောက်လျှင် မှာစရာရှိတာမှာပါ၊ ကူညီပါမည်စသည့်စကားတွေ ပြောသောအခါ “ဟုတ်ကဲ့” မှတစ်ပါး အခြားစကားမဆိုဖြစ်။

 

အမွန်ကား ထိုအကြောင်းနှင့်စပ်လျဉ်း၍ကား တစ်ခွန်းမျှ ဝင်မပြော။ မျက်နှာခပ်လွှဲလွှဲထားပြီး နားထောင်နေသည်။ ပြောစရာတွေ ကုန်လာတော့မှ အမွန့်မိခင်နှင့် ဖခင်ကို ပြန်ရန်နှုတ်ဆက်သည်။

အမွန်က ပြိုင်တူထ၍ လိုက်လာ၏။ ချိတ်ထားသောသော့ကို ဖြုတ်ပြီး သံတံခါးကို ဖွင့်ပေးသည်။ ကိုထွေးဆင်းမည့်ခြေပြင်ပြီး ပြန်လည် ရုပ်လိုက်သည်။ အမွန်က ပြုံးသည်။ ထို့နောက် ပြိုင်တူလှမ်း၍ ဆင်းသည်။

 

အပြင်တွင် မီးသီးရောင်စုံ လင်းနေသည်။ အိမ်တိုင်းလိုလို မီးထွန်းထားသည်။ ထို့အပြင် သစ်ပင်များ၊ ရေတိုင်ကီများ၊ တောင်ပို့၊ မြေကြီးပေါ် ဖယောင်းတိုင် အလင်းသားနှင့်ရှိသည်။ လှေကားခုံနှင့် သုံးလေးလှမ်းအကွာ မြေကြီးပေါ် ဖယောင်းတိုင်တစ်တိုင်က လဲပြီး မီးငြိမ်းနေ၏။

 

အမွန်က ကောက်ယူလိုက်ပြီး လှေကားခုံပေါ်ရှိ ဖယောင်းတိုင်မှ မီးကူးကာ မြေပေါ်တွင်စိုက်သည်။ကျုံ့ကျုံ့ထိုင်ကာ ဖယောင်းတိုင်စိုက်ရင်း သူ့ကိုမော့ကြည့်သည်။ သူပြုံးပြသည်။

 

“ဘာလို့ မြေကြီးမှာထွန်းတာလဲ အမွန်”

 

မတ်တပ်ရပ်ပြီးဖြေသည်။

 

“အံမယ်၊ သိရက်သားနဲ့”

 

“မသိလို့ အကောင်းမေးတာပါ”

 

“သြော်... မြေကြီးကိုစောင့်တဲ့နတ်အတွက် မီးပူဇော်တာပေါ့”

 

စံပယ်ရုံကိုလွန်လာတော့ ထပ်မေးပြန်သည်။

 

“ဘာဖြစ်လို့လဲဟင်”

 

“မီးပူဇော်တော့ မြေနတ်က မဖမ်းစားဘူးပေါ့ကိုရဲ့”

 

ခြံဝအရောက်တွင် ရပ်လိုက်သည်။

 

“ရင်ထဲကို ဖယောင်းတိုင်ထည့်ပြီး မီးထွန်းလို့ရရင် သိပ်ကောင်းမှာပဲနော်“

 

အမွန် နားမလည်။

 

“ကတ်သီးကတ်သတ် ကိုရယ်၊ ဘာဖြစ်လို့တုံး”

 

“ရင်ထဲကနတ် မဖမ်းစားအောင် မီးပူဇော်တာမျိုး လုပ်ရရင် ကောင်းမလား တွေးမိလို့ပေါ့”

 

အမွန်သည် တွေခနဲဖြစ်သွားသည်။ ပင့်သက်တစ်ချက်ရှိုက်ပြီး လျော့ရဲရဲ ပြုံးပြသည်။ မတိုင်ပင်ထားပါလျက်နှင့် အရှေ့ကောင်းကင်သို့ ကြည့်မိသည်။ ခြံထောင့်ရှိ ထီးရိုးဝါးရုံ ထိပ်ဖျားတွင် ဝိုင်းဝိုင်းစက်စက် ဖိုးလမင်း။

 

"ညိုရယ်၊ အမွန့်ကို နားလည်ပါတယ်နော်”

 

“နားလည်ပြီးသားပါ သူငယ်ချင်းရယ်”

 

အမွန့်ပုခုံးကိုဖက်လိုက်ရင်း ညိုညိုကပြုံး၍ ဖြေလိုက်သည်။ ညိုညို့အပြုံးတွင် အသနားက ပိုနေသည်။ အမွန့်မျက်နှာကို ငဲ့၍ ကြည့်လိုက်သည်။ အမွန်က မော့ကြည့်သည်။ ယဲ့ယဲ့အပြုံးကပင် မပီမသ၊

 

မျက်တောင်တစ်ချက်နှစ်ချက် ခတ်ပြီး သက်ပြင်းချလိုက်သည။ စေ့စေ့စပ်စပ် ကြည့်နေသော ညိုညိုက မေးသည်။

 

“မျက်လုံးတွေ မှိန်နေတယ်၊ အမွန်ညက အိပ်ရေးပျက်ထားတယ်နဲ့တူတယ်”

 

ခေါင်းကို အသာညိတ်ပြသည်။ ညိုညိုသည် အမွန့်ပခုံးကို တင်းနေအောင် တစ်ချက်ဖက်လိုက်ပြီး လက်ကိုဖယ်လိုက်သည်။

 

“သိပ်မတွေးပါနဲ့ အမွန်ရယ်”

 

“မတွေးပါဘူးကွယ်၊ အတွေးတွေက သူ့ဟာသူ ခေါင်းထဲဝင်လာတော့ ဘယ်တတ်နိုင်ပါ့မလဲ”

 

ညိုညို့ခေါင်းထဲတွင် တစ်လောတုန်းက ကိုထွေးပြောခဲ့သောစကားတွေကို ပြန်လည်သတိရသည်။ မည်သည့်နည်းနှင့်မျှ အမွန့်ကို ပြန်လည်ပြောပြရန် မသင့်လျော်တော့သောစကားတွေဟု ယူဆသည်။

 

“ကိုကြည်လွင်တို့က ဘယ်အချိန်လောက် ပြန်လာမှာလဲဟင်”

 

အမွန်က စတင်ပြီး အကြောင်းအရာကို လွှဲလိုက်သည်။

 

“တော်ကြာဆို ပြန်ရောက်တော့မှာပါ၊ သုံးနာရီလောက် ပြန်ရောက်မယ်ပြောသွားတာပဲ၊ ခုပဲ နှစ်ချက်ထိုးပြီးပြီ”

 

တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ပြီး ညိုညိုက ဖြေသည်။

 

“ကိုထွေးသူငယ်ချင်း ရိုက်တဲ့ကား ကန်တော့ပွဲပေးလို့တဲ့။ ကိုကြည်လွင်ကိုပါ လာခေါ်သွားတာပဲ”

 

အမွန်က ခေါင်းညိတ်သည်။

 

“ဘယ်သွားစရာရှိလို့လဲ အမွန်”

 

“ဖေ့ဖေ့အသိကိစ္စပါ၊ ဟိုမှာ သူတို့အမျိုးတွေရှိလို့ အကူအညီပေးမလို့ ဖြစ်မှာပေါ့၊ ခု သွားမှာက အင်းစိန်ကျမ်းစာသင် ကျောင်းဝင်းထဲကိုပါ”

 

*****

 

"စန္ဒရားချစ်တွေသီချင်းတွေ ခုတစ်လောပြန်လာနေတယ်နော် ကို”

 

ဘုရားရှိခိုးကျောင်း၏ ဆင်ဝင်ဘေးသို့ ရောက်သောအခါ အမွန်က စပြီးပြောသည်။

 

“ခွဲခွဲခြားခြား ခံစားတတ်တဲ့အရွယ်မှာ သူ့သီချင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲအမွန်၊ သူက နှုတ်ခမ်းနဲ့ ဆိုတာမှမဟုတ်တာ၊ စွဲလမ်းခဲ့ရတာ မှတ်မှတ်ရရဆိုရင် ချစ်ရေးခက်ခက်၊ နောက် ခုနသီချင်းရော၊

 

ချစ်ရက်ကယ်နှောင်းရော၊ မေတ္တာအသည်း ကလေးများရယ်ရော၊ အကုန်ပါပဲ”

 

“အဲဒီတုန်းက အမွန်ဟာ ငါးတန်းခြောက်တန်းလားရှိသေးတာ ကို့လိုတော့ ဘယ်ခံစားတတ်ဦးမလဲ”

 

ကိုထွေးမျက်နှာတစ်ချက်ပျက်သွားသည်ကို အမွန်သတိပြုမိလိုက်သည်။ စကားမှားသွားသလားဟု တွေးမိလိုက်၏။ စဉ်းစားမရ။ ကိုထွေးကပြုံးသည်။ ပြုံးပုံက စိတ်ထင့်စရာ။

 

“ကျွန်တော်ရည်းစားပျက်ခဲ့တဲ့အကြောင်း အမွန့်ကို ကျွန်တော်ပြောခဲ့ဖူးတာနဲ့ ဒီစကားက မပက်သက်ပါဘူးနော်”

 

အမွန့်မျက်နှာ ညှိုးကျသွားသည်။ ခေါင်းကိုခါလိုက်သည်။

 

“အမွန်သတိတောင် မရပါဘူးကိုရယ်၊ အမွန် အဲသလို ရည်ရွယ်တာ မဟုတ်ပါဘူး”

 

ကန်ဆီသို့ ငေး၍ ဖြည်းဖြည်းပြောသည်။

 

“နှလုံးသွေးနဲ့ ချစ်တဲ့အချစ် ဆိုတာကို နားမလည်တဲ့အချိန်က ရယ်စရာ ဇာတ်ထုပ်ကလေးတစ်ခုပါ။ ကိုလတ်ကိုတောင် တစ်ခါပြောဖူးတယ်၊ ပွဲဈေးတန်းမှာ အရုပ်လှလှလေးတစ်ခု ပူဆာတာမရလို့ ငိုတဲ့ကလေးရဲ့အဖြစ်မျိုးပါ။ အဲဒါပါ အမွန်ရယ်”

 

အမွန့်မျက်နှာတွင် ပူပန်ရိပ်တွေ ဖုံးနေလျက်။

 

“အမွန့်စကား အသုံးအနှုန်း မှားသွားတာပါ၊ အမွန်တောင်းပန်ပါတယ်”

 

အမွန့်ကို သနားမိသည်။ တောင်းပန်စရာမဟုတ်ကြောင်း၊ စိတ်အမှတ်အသား မထားကြောင်း အမွန့်ကို ပြန်ပြောရသည်။

 

အမွန့်မျက်နှာ ကြည်ကြည်သာသာ ပြန်ဖြစ်မလာသော်လည်း စောစောကလောက်ကားမဟုတ်၊ လမ်းအလယ်သို့ ရောက်လာတော့ သူပြောသည်။

 

“နှလုံးသွေးနဲ့ရင်းပြီး ချစ်တယ်ဆိုတဲ့ သဘောကို ကျွန်တော်နားလည်တာ ဘာမှ မကြာသေးပါဘူးဗျာ။ ကျန်ခဲ့တဲ့ အတိတ်က အဲဒီ ဇာတ်ထုပ်ကလေးကို အဲဒီကျမှ သေသေချာချာ ခွဲခြမ်းကြည့်မိတာ”

 

အမွန်က မေးကို တစ်ချက်ဆတ်ပြီးပြောသည်။

 

“ထားလိုက်ပါတော့ အဲဒီအတိတ်ကို”

 

“ဟင့်အင်း၊ ထားလို့ဘယ်ဖြစ်မလဲ၊ အဲဒီအတိတ်ကို ဝေဖန်ကြည့်ရဦးမှာပေါ့။ အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ချင်တာမျိုးမှန်း ဝေဖန်ကြည့်မှ သိလာရတာ”

စကားကို ခဏဖြတ်လိုက်ဖြစ်သည်။ အမွန်သည် ရေကန်ပတ်လည်က မြက်ခင်းပြင်သို့ လှမ်းကြည့်ရင်း အာရုံစိုက်နေသည်။

 

“ပိုင်ဆိုင်မှုဆိုတာ နှလုံးသွေးနဲ့ ချစ်တဲ့ အချစ်အတွက် အဓိကမှ မဟုတ်တာ”

 

လမ်းမကြီးပေါ်သို့ ရောက်သောအခါ လျှောက်လာကြသောခြေတွေ ရပ်သွားကြသည်။ အမွန်က သူ့ကိုကြည့်သည်။ နှုတ်ခမ်းပြင်လိုက်သည်။ တစ်ခွန်းပြန်ပြောသည်။

 

“ဟုတ်ပါတယ်၊ ဒါပေမယ့် အမွန်ထင်တယ်၊ နှလုံးသွေးနဲ့ ချစ်တဲ့အချစ်အတွက် ပိုင်ဆိုင်မှုဆိုတာ အဓိက မဟုတ်ဘူး၊ အဲဒီမေတ္တာက ကွဲကွာရမှာကိုတော့ အတိုင်းအဆမရှိ ကြောက်တယ်”

 

သူ ပြန်မပြောနိုင်။ အမွန်က ထပ်မံ မပြောတော့။ တိမ်အလင်း၏ ရောင်ပြန်ကြောင့် ကန်ရေမျက်နှာပြင် လှုပ်နေသည်ကို မကွဲမပြား မြင်နေရလေသည်။

 

( ၉ )

 

ဆောင်းဝင်ပုံက မပီမသ။

 

လေထဲတွင် မြောက်လေအေးကို တစ်ချက်တစ်ချက်၌ ရှူရှိုက်မိသည်။ ထိုလေထဲတွင် သရက်ပင်ကို နွယ်တက်လျက်ရှိသော လက်ထပ်ပန်းရနံ့တွေ ပါလာတတ်သည်။

 

ထိုရနံ့သည် ဆွတ်ပျံ့ဖွယ်ဝေဒနာကို အမှတ်တမဲ့ စွဲကပ်လာစေသည်။ အတည်တကျ ချထားစရာ ကျောက်ဆူးမရှိသော စိတ်သည် မျောနေသည်။

 

သတိတရားဆိုသော သတ္တဝါကလည်း ရှောမွေးကဲ့သို့ အဖမ်းရခက်ပြန်ချေ၏။ ဒုက္ခတောတွင် မျက်စိလည်၍ တဝဲဝဲ ဖြစ်ခဲ့ရစဉ်က ဒဏ်ရာမျိုးကို တနုံ့နုံ့ ခံစားရသည်။

 

မြင်နေ၊ ကြားနေ၊ သိနေသမျှ အရာရာတိုင်းကိုမသိ၊ မသိ ဟု အာရုံပိတ်ကာ ငြင်းနေမြဲ ဖြစ်သည်။ လျစ်လျူရှုနိုင်သော အင်အားသတ္တိကို တောင်းဆိုမိသည်။ မရေသောအခါ ခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ် အမြွှာမြွှာ ဆွဲဆုတ်ပစ်ချင်သည်။

 

အသည်းနှလုံးတွေကို မှုန့်မှုန့်ညက်ညက် ကြေသွားစေချင်သည်။ ငွေ့ငွေ့လောင်မြိုက်နေသောမီးစတွင် ဟုန်းခနဲ ထတောက်ကာ ပြာကျသွားစေနိုင်ရာ လောင်စာရည် လောင်းချလိုက်ချင်သည်။

 

နေစရာအရပ် ရှားပါးလှချေသည်တကား။ရင်ထဲမှာ မောတယ်။ တလှိုက်လှိုက်လည်း ဖြစ်လာတယ်။ အမျိုးအမည် မခွဲခြားရဲတဲ့

 

ရောဂါတစ်မျိုးက နေရာရွေ့ပြီး စွဲကပ်နေတယ် ထင်တယ်။သိကျွမ်းရာက စ ခင်မိတယ်၊ မင်မိတယ်၊ ကြည်ဖြူမိတယ်၊ သဒ္ဓါမိမယ်ဆိုရင်လည်း သမုဒယ အစပျိုးပြီထင်ပါရဲ့။

 

ပီးတော့ စေတနာထားတယ်၊ အကြင်နာထားတယ်၊ ကရုဏာထားတယ် ဆိုတဲ့အခါကျရင် ချစ်မိပြီပေါ့။ မြတ်နိုးမှုက ဆင့်လာတဲ့အခါ အိပ်မောကျနေတဲ့ နှလုံးသားကို နှိုးလိုက်မိပြီးသား။

 

အသားစိုင်အသားခဲထဲမှာ ရှာလို့ ဘယ်လိုမှ မတွေ့နိုင်တဲ့အချစ်မျိုးက ပိုလို့လေးနက်တယ်၊ကွယ်လည်းမကွယ်ပျောက်ဘူး။ သူရွတ်ပြတဲ့ကဗျာထဲကလိုပေါ့။

 

ဘဝများစွာသေခဲ့တာတောင်မှ မြေမှာမလွှဲသာလို့ မြှုပ်နှံရတာ။ စွန့်ပစ်တာ မဟုတ်ဘူးကွယ်။မြေမှာပစ်ခဲ့တာ မဟုတ်ဘူးကွယ်။

 

အဲဒီသမုဒယက ဘဝမှာ မျိုးစေ့သဖွယ်ပါခဲ့တာ ထင်ပဟု တွေးမိသည်။ ဒဏ္ဍာရီထဲက ဇာမဏီငှက်လိုဖြစ်ရင် သိပ်ကောင်းမှာ ဟုလည်း စိတ်ကူးမိသည်။

 

ကာလဆိုတာကို မထိန်းချုပ်ထားနိုင်လို့ အိုမင်းလာတဲ့အခါ မီးပုံထဲ ဆင်းလိုက်တယ်လေ။ မီးပုံထဲက ပြန်ထွက်လာတဲ့အခါ နုပျိုမြဲ ပဲတဲ့။ သည်နည်းနဲ့ ကာလဆိုတဲ့အရာကို မမှုနိုင်တဲ့ကိုယ်ဖြစ်ရရင်တော့

 

ဟုတ်မှာပေါ့။ အစကိုပြန်သွားလို့ ရမှာပေါ့ဟု မဖြစ်နိုင်မှန်း သိသမျှကို အတွေးဖွဲ့သည်။ ယောက်ျားတစ်ယောက်ပေပဲဟု အားတင်းထားလျက်က ချောက်ချားလာသကိုး။ဘဝကို အကာပြဲ့ပြဲ့ အနှစ်မဲ့ဟု ယူဆချင်လာသည်။

 

စားချင်သည့်အခါ လွယ်လင့်တကူ စား၍ရအောင်၊ မပျက်စီးအောင် အသားကို ကျပ်တင်ကာ ထားသလိုလားဟု နှိုင်းကြည့်မိသည်။

 

နှလုံးအငွေ့မသေအောင် ထမင်းစားထားရသည်။ ရေသောက်ထားသည်။ ဆေးသောက် ထားရသည်။ နေကာမိုးကွယ် ထားရသည်။ အချိန်တန်လျှင် ထမင်းစားလို့ရအောင်၊ ထိုမတိုင်မီတွင်

 

သူတစ်ပါးနားလည်အောင် ပြောပြခြင်းငှာ မစွမ်းသော အချစ်မျိုးဖြင့် ချစ်မိသူကို လက်လွှတ်လိုက်ရဦးမည်။စင်စစ် ရောင်နီမသမ်းခင်ကပင် မိုးချုပ်သွားချေပြီတကား။

 

*****

ပျော်ပွဲစားမဟုတ်မှန်း အားလုံးသိနေကြမည် ထင်သည်။ ကျန်ခဲ့တဲ့တနင်္ဂနွေက ညိုညိုတို့အိမ်တွင်။သည်နေ့ ကိုထွေးတို့ အိမ်တွင်။

 

ကိုလတ်တို့က အမွန့်ကို ထမင်းစားလာပါဟု ဖိတ်ခြင်းမဟုတ်။ ထမင်းချက်စားကြရအောင်ဟု ခေါ်ခြင်းဖြစ်သည်။

 

ရက်သတ္တနှစ်ပတ်ကျော်လွန်လျှင် အမွန်တို့ တစ်ပြည်တစ်ရွာသို့ ရောက်တော့မည်ဖြစ်၍ နှုတ်ဆက် ထမင်းစားပွဲတစ်ခုကို ကျင်းပခြင်းသာ ဖြစ်သည်။

 

သို့သော် နှုတ်ဆက်စကားကိုသော် လည်းကောင်း၊ နှုတ်ဆက်ရာကျမည့်စကားမျိုးကိုသော်လည်းကောင်း မဟမိအောင် သတိထား၍ နေမိကြသည်။ ထို့ကြောင့်ထင်၏။ ယခင့်ယခင်တုန်းကစားကြဆုံကြပုံနှင့်ကား စိုးစဉ်းမျှမတူ ခြောက်တိ ခြောက်ကပ်။

 

ထမင်းပွဲသိမ်းပြီး၍ ဧည့်ခန်းတွင် မျက်နှာချင်းဆိုင်မိသောအခါ အေးတိအေးစက်။သဏ္ဌာန်လုပ်၍ သရုပ်ဆောင်ထားကြသော အမူအရာမျိုးတွေနှင့် တိုင်တွင်ချိတ်ထားသော ရုပ်သေးရုပ်တွေအလား။

 

ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်သွားတတ်သဖြင့် မကြာခဏ တိတ်ဆိတ်သွားသည်။ စိတ်တွေယောက်ယက်ခတ်နေသည်ကိုလည်း ကိုယ်ချင်းစာ၍ သိနေကြပြန်သည်။

 

“ခုမှ ငါးနာရီခွဲရှိသေးတာ၊ တော်တော်မှောင်နေပြီနော်”

 

အေးအေးက စကားမရှိ စကားရှာသည်။

 

“ဆောင်းတွင်းက ဒီလိုပဲ နေ့တာတိုတာပေါ့အေးရဲ့”

 

ကိုကြည်လွင်က ကောက်ကာငင်ကာ ဝင်ပြောသည်။

 

“ထမင်းဆိပ်တက်လို့လားတော့ မသိဘူး၊ တော်တော်အေးလာတယ်ဗျ”

 

အမွန်သည် စကားလုံးအနက်ကို ဖမ်းမဟန် မတူ။ ပြုံး၍ကား နေသည်။ ကိုထွေးသည် ခေါင်းတစ်ချက်ညိတ်ကာ “အင်း ဟုတ်တယ်” ဟုပြောသည်။ မျက်နှာချင်းဆိုင်ထိုင်နေသူ အမွန့်ထံသို့ မျက်လုံးလှန်ကြည့်ပြီး...

 

“အနွေးထည်ဝတ်တော့လေ၊ အမွန်အေးမှာပေါ့”

 

“သိပ်တော့မအေးပါဘူး” ဟု အမွန်ပြန်ပြောသည်။လက်ကမူ ကုလားထိုင်လက်တန်းတွင်တင်ထားသော ဆွယ်တာအင်္ကျီကို ယူသည်။ ဝတ်ပြီးတော့

 

ကိုထွေးကို ပြုံးပြသည်။ ထိုအပြုံးကို ကိုထွေးသဘောပေါက်သည်။ ထို့အပြင် သူနှင့်တွေ့ဆုံရာ ပထမဦးဆုံးဆောင်းတွင်းက ဆွယ်တာအင်္ကျီကိုမှ သည်နေ့ မှတ်မှတ်ရရ ရွေးချယ်၍ ယူလာသည်။ အပြာနုနု။

 

တွေ့မြင်ထူးခါစ အမွန်လိုပါပဲလားဟု တွေးမိသည်။ ရှေ့နှစ်ခါ သည်လိုဆောင်းတွင် အနွေးထည်ဆွယ်တာအပြာနုနု သည်အင်္ကျီနှင့်အမွန်ကို သည်နေရာတွင် မြင်တွေ့နိုင်တော့မည် မဟုတ်ပါလားဟု တစ်ပြိုင်နက် တွေးမိသည်။

 

ဆောင်းတို့၏ သဘောကား နေ့တာတိုလိမ့်မည် အမှန်တည့်။

 

*****

လေငြိမ်သဖြင့် အင်းလျားကန်၏ ရေမျက်နှာပြင်တို့တွင် လှိုင်းကြက်ခွပ်တို့ အိပ်မောကျလျက် ရှိသေးသည်။ စိမ့်၍ အေးနေသည်။ နှာသီးဖျား၊ နားရွက်ဖျားနှင့် လက်တွေက အအေးဒဏ်ကို ခံစားနေရသည်။

 

ရင်ထဲမှာတော့ ဆန့်ကျင်ဘက်။အပြင်ဘက်မှာဆောင်းမှ တကယ့်ဆောင်း၊ ရင်ထဲမှာဖြင့် နွေခေါင်ခေါင်။ နွေအစစ်။

 

မနက်ဖြန်သည်လိုအချိန်တွင် ဝေးကြ။ ရပ်ဝေးမြေခြားသို့ ထွက်ခွာသွားတော့မည့်သူ။ တစ်ဦးနှင့်တစ်ဦး အပြီးအပိုင် ကွဲကွာသွာ့းန် လမ်းခွဲထွက်ရတော့မည့်သူ။

 

သူအခု ရပ်နေရာခြေရာတွင်ဆိုလျှင် မနက်ဖြန် သည်အချိန်၌ နှင်းစက်ဖျက်၍ ပျက်ပြီးသား ဖြစ်ချိမ့်မည်။ မှတ်သားဖွေရှာရ မလွယ်ဖြစ်တော့မည်။

 

“ကြည်နူးစရာကောင်းတယ်နော်ကို”

 

ခေါင်းညိတ်ပြလိုက်သည်။

 

“စိတ်ငြိမ်းချမ်းမှု အခိုက်အတန့်တော့ ရစရာပဲ။ ဟုတ်တယ် မဟုတ်လား အမွန်”

 

သူ့ဆီသို့ အမွန့်မျက်လုံးရောက်မလာမီအတွင်း အမွန့်ကို ကြည့်နေမိသည်။ ပါးပေါ်ကသနပ်ခါးတွေကို မြင်နေရသည်။

 

နှာတံစင်းစင်းကို ကြည့်မိသည်။နီတွေးတွေးနှုတ်ခမ်းကို ကြည့်မိသည်။

 

ပါးချိတ်ပေါ်က အကြောစိမ်းလေးတွေကို မြင်နေရသည်။နဖူးပေါ်သို့ ကျနေသော ဆံစလေးတွေ၊ နားသယ်စလေးတွေကို ကြည့်လိုက်မိသည်။

 

တစ်ပတ်လျှိုဆံပင်ကို ကြည့်မိသည်။ ဆံပင်ကို လက်ယာပခုံးပေါ်မှ ရင်ညွှန့်ပေါ်တွင် ဖြတ်ကျော်တင်ထားသည်။ သည်လို သတိရအောင် ကြည့်ရင်းနှင့် တွေ့မြင်ဖူးခါစ ပထမဆောင်းကို သတိရနေသည်။ သည်လို သတိရအောင် အပြာနုရောင် ဆွယ်တာအင်္ကျီက လှုံ့ဆော်နေသည်ထင်၏။

 

“အမွန်နဲ့ ကိုသိတာ ငါးနှစ်ရှိပြီနော်၊ ကိုမှတ်မိလား”

 

အမှတ်တမဲ့မေးသော အမွန့်ကို ချက်ချင်းပင် ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

 

“မှတ်မိတာပေါ့၊ ကျွန်တော့်စိတ်ထဲတော့ မနေ့ကလားလို့ ထင်မိတယ်”

 

မပွင့်တပွင့်ပြုံးလေ၏။ စိတ်အနေကျဉ်းလာသောအခါ ပြုံးတတ်သော အပြုံးမျိုးဟု မှတ်မိနေသည်။ထိုသို့ပြုံးလျှင် သက်ပြင်းချလေ့ ရှိသည်ကိုလည်း သိနေသည်။ သိနေသည့်အတိုင်းပင်။

 

“အချိန်ကာလဆိုတာ ဒီလိုပဲ တိုတောင်းတယ်ထင်တယ်၊ ဘဝဆိုတာလည်းပဲ အဲသလိုလို့ပဲ အမွန်ထင်တယ်”

 

လေးလေးနက်နက်စဉ်းစားထားပုံရသည်။

 

“ဟုတ်တယ်အမွန်၊ အဲဒီအခိုက်အတန့်ကလေး အတွင်းမှာပဲ ရယ်ရတာတွေ၊ ငိုရတာတွေ ပတ်လည်ဝိုင်းနေတာပဲနော်။ တစ်ခါတစ်ခါတော့ အသက်ရှင်မှုကို သံသယလည်း ဖြစ်လာတယ်။

 

ဘာအဓိပ္ပါယ်နဲ့ လဲလို့ မေးမိတယ်။ ယုံကြည်ချက်တွေ ဘာတွေနဲ့ ကိုယ်လုပ်ချင်တာလုပ်ဖို့ တစ်ခါတစ်လေတော့ အသက်တစ်ရာမကနေချင်တယ်။ တစ်ခါတစ်ခါကျတော့ တစ်စက္ကန့်တောင်မှ မနေချင်ဘူး၊ အမွန်သိပါတယ်”

 

မျက်လုံးချင်း တည့်တည့်ဆိုင်နေသည်။စိုက်၍ကြည့်နေသည်။ ပြီးတော့ မျက်လွှာချထားလိုက်သည်။

 

“ကို စိတ်ဓာတ်ကျနေသလားဟင်”

 

ကိုထွေး ခေါင်းခါသည်။

 

“အမွန်ပြောခဲ့တဲ့စကားတွေကို မေ့ပစ်ရာကျမှာပေါ့။ မဟုတ်ဘူးလား”

 

တိုးတိုးရယ်လိုက်သည်။ အမွန်ကြည်နူးနေပုံရသည်။

 

“အသက်ရှင်နေသမျှကာလပတ်လုံး မျှော်လင့်ချက်တစ်ဝက်ရထားပြီးသား ကိုရာ”

 

ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။ အမွန်က နှုတ်ခမ်းကို လျှာဖျားဖြင့် သိမ်းပြီး ဆက်ပြောသည်။

 

“ကိုရယ်၊ မျှော်လင့်ချက်ဆိုတာ ရေရာတယ်ပဲဖြစ်ဖြစ်၊ မရေရာဘူးပဲဖြစ်ဖြစ်၊ မျှော်လင့်ချက်ပဲပေါ့၊ လုံးဝမျှော်လင့်ချက် မရှိတဲ့လူ၊ နည်းနည်းလေးမှ မရှိတဲ့လူနဲ့စာရင်တော့ အပုံကြီးသာသေးတာပေါ့၊ ကို သိပြီးသားပါ”

 

“ဒီစကားကို ထပ်တလဲလဲကြားရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ် အမွန်။ အမြဲကြားချင်ပါတယ်”

 

အမွန့်နှုတ်ခမ်းသည် ဆတ်ခနဲ တွန့်ကျသွားသည်။ မျက်နှာလွှဲလိုက်သည်။

 

“အမြဲ၊ ဟုတ်လား... ကို”

 

မေးခွန်းနှင့်အတူ လှည့်ကြည့်လိုက်သူ အမွန့်ကို ခေါင်းညိတ်ပြလိုက်သည်။ အမွန်က တွေပြီး ကြည့်နေသည်။ နောက်တော့ ခေါင်းခါပြသည်။

 

“မနက်ဖြန်ဆိုရင် အမွန်တို့ ခွဲကြပြီပဲ”

 

စကားတစ်ဝက်တွင် အသံက တိမ်ဝင်သွားသည်။ နင့်ခနဲ ဖြစ်သွားသောရင်ကို ကိုထွေး ဇွတ်တင်းပစ်ရသည်။

 

“မခွဲပါဘူး၊ အမွန့်ကို ပြောဖူးသားပဲ၊ ဖိုးလမင်းကြီးပါလို့၊ မှတ်မိတယ်မို့လား”

 

အားတက်သရောအပြုံးကို မြင်လိုက်ရသည်။

 

“အမွန်မှတ်မိပါတယ် ကို၊ ဒါပေမယ့် အမွန် စိတ်မဖြောင့်ဘူးသိလား၊ ဒီတော့ အမွန်စဉ်းစားတယ်။ ကို့ဆီမှာ တစ်ယောက်ယောက်တော့ အမွန့်ကိုယ်စား ထားခဲ့ဖို့”

 

“ဘာပြောတာလဲအမွန်၊ ဘယ်သူ့ကို ကျွန်တော့်ဆီမှာထားခဲ့မှာလဲ”

 

“မနက်ဖြန်သွားမယ့်သူက အမွန်အတုပါ၊ ကို့ဆီမှာ အမွန်အစစ်ကို ထားခဲ့မှာ၊ သိပ်ချစ်တဲ့ မောင်နှမတွေ ဆိုတော့ မျက်ကွယ်ပြုနိုင်ရိုး မရှိပါဘူး”

 

စကားတွေကို အဖုံးအဖိနှင့် ပြောတတ်ပါကလားဟု သတိပြုလိုက်သည်။ ဆတူခံစားရမည်ကလည်း သိမိကြသည်။

 

နေရှိန်တက်လာ၍ နှင်းကွဲစ ပြုလသည်။ နှင်းကွဲလာတော့ ပီပီသသ မြင်စမှတ်ပြုလာရသည်။

 

*****

 

ဒီနေ့ တစ်မျိုးကြီးပဲကွယ်၊ ပေါ့ရှပ်ရှပ်နဲ့။ လေပြင်းပြင်း တိုက်လိုက်ရင်တောင် လွင့်သွားမလား ထင်ရတယ်”

 

တန်းလျားနောက်မှီတွင် တံတောင်ဆစ်တင်ထားရင်း တိုးတိုးဆိုသည်။ ပြန်မပြောနိုင်အောင် ပင်ပန်းမိသည်။ ခေါင်းကိုသာ ခါပြလိုက်သည်။ ခဏကြာမှ ပြန်ဖြေနိုင်သည်။

 

“ကျွန်တော်လည်း အမွန့်လိုပါ၊ ကျွန်တော်စိတ်ထိခိုက်နေတာ အမွန်နားလည်မှာပါ၊ အမွန့်ကို ကျွန်တော့်အမေရဲ့နို့ကိုစို့တဲ့ နှမအရင်းတစ်ယောက် ဖြစ်စေချင်ပါတယ်ဗျာ။ ကျွန်တော့်စိတ်ထဲကတော့ ဒီအတိုင်းပါ။ ယုံပါ”

 

“ယုံပါတယ် ကိုရယ်၊ အစ်ကိုအရင်းလို အမွန်နှလုံးသွင်းခဲ့တာပါ၊ ဒါကြောင့်လည်း ကိုလို့ အမွန်ခေါ်တာပါ၊ ဒါကို ကိုကလည်း ယုံပါ”

 

တစ်နှစ်က ဆောင်းတွင် ကြားသိခဲ့ရသော ထာဝရခွဲခွာခြင်းသည် မနက်ဖြန် နံနက်တွင် အစပြုတော့မည်ဟု သိရှိခံစားလာရသည်။

 

လျှောက်လွှာတင်သည်။ နိုင်ငံသားအခွင့်အရေးများ ရုပ်သိမ်းခြင်းခံရသည်။ ပစ္စည်းပစ္စယများ ရောင်းချလိုက်သည်။ ထွက်ခွာခွင့်လက်မှတ်ရသည်။ ပြင်ဆင်မှုများပြုလုပ်နေသည် စသည့်သတင်းတွေကို

 

ညိုညိုတို့ထံမှ တစ်ဆင့်ကြားသိခဲ့သည်။ တစ်နေ့နေ့တွင် ရင်ဆိုင်ရတော့မည့် သည်အခြေအနေအတွက် သတ္တိမွေးကြည့်ခဲ့ရသည်။

 

ခုတော့ ထိုသတ္တိက မဖြစ်စလောက်။ အထုအထည်က ပိုးမျှင်သာသာ။

 

“သိပ်ပြီး သံယောဇဉ်ရှိတဲ့ ကို့အတွက် အမွန် နောက်ဆံတင်းတာတော့ အမှန်ပါပဲ။ စိတ်ဓာတ် ခိုင်မာစေချင်တယ်။ ကို လုပ်နေတဲ့အား မပျက်စေချင်ဘူးလေ၊ တစ်နေ့မှာ ကိုမျှော်လင့်ထားသမျှ

 

အောင်မြင်လာမှာပဲလို့ အမွန်တထစ်ချ ယုံကြည်တယ်၊ မြှောက်ပြောတာမဟုတ်ဘူး။ ကိုက သိပ်ကြိုးစားတဲ့ လူတော်တစ်ယောက်ပဲဟာ။ ပြီးတော့ နားလည်မှု ရှိပြီးသား။ အားမငယ်စေချင်ဘူး ကိုရာ... နော်”

 

ဝမ်းနည်းစိတ်နှင့် ခေါင်းညိတ်မိသည်။သဲလမ်းကို စိုက်၍ကြည့်ရင်း သူပြုံးသည်။ ပြန်ပြောခါနီးတွင် မျက်လုံးချင်းဆုံသည်။

 

စိတ်ပျံ့၍ သွားသောအခါ မျက်စိရှေ့က စာကြည့်တိုက် နံရံကို လည်းကောင်း၊မိမိကိုယ်ကိုလည်းကောင်း၊ ဖြတ်သန်းသွားလာကြသူတစ်ယောက်စ နှစ်ယောက်စကိုလည်းကောင်း၊သစ်ရွက်ခတ်သံတွေကိုလည်းကောင်း အာရုံတွင် ကွယ်ပျောက်သွားသည်။

 

သို့သော် ဖွင့်ပြောချင်သောစကားတွေထဲက တစ်ခွန်းကို ပြောဖြစ်အောင် ကြိုးစားရသည်။

 

“အမွန်နဲ့ ကျွန်တော် သဘောတူညီချက်လေးတစ်ခုတော့ လုပ်ချင်တယ်”

 

အံ့အားတသင့် လှည့်ကြည့်သည်။ မျက်တောင်ကို တဖျပ်ဖျပ်ခတ်ပစ်လိုက်ပြီး ပြုံးပြသည်။

 

“ဘာကိုလဲကို၊ ကို ဘာလုပ်ချင်သလဲ ပြောလေ”

 

ထိုစကားကို အားကိုး၍ တစ်လုံးချင်းပြောလိုက်သည်။

 

“ဒီလိုပါ၊ အမွန်ဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်ပေါ့ဗျာ၊ ဒါကလည်း စကားအဖြစ်သာ ပြောရတာပါ။မောင်ကို နှမကငဲ့၊ နှမကို မောင်ကငှဲ့ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် အမှတ်အသားလေး တစ်ခုတော့ရှိရင် ကောင်းမယ်ထင်လို့့ပါ”

 

ပြောပုံကို သဘောကျ၍ အမွန်က ထပ်ပြီးပြုံးကာ။

 

“အင်းပါ၊ ပြောပါလို့ အမွန်ဆိုသားနဲ့” ဟု ပြောသည်။

 

သူကတွေးနေသည်။ သက်ပြင်းတစ်ချက် ချလိုက်သည်။

 

“အမွန်ဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်ပေါ့ဗျာ၊ တစ်ချိန်မှာ ဘယ်သူပဲ အိမ်ထောင်ရက်သားကျကျ အရင်ဆုံး အိမ်ထောင်ကျတဲ့သူ ပေးထားခဲ့ဖူးတဲ့ လက်ဆောင်ပစ္စည်းတွေထဲက တစ်ခုခုကို ပြန်ပေးကြေး၊ ဖိတ်စာပို့စရာမလိုဘူးလေ၊ တစ်ခုခုပြန်ပို့ပေးရင် အဲဒီအဓိပ္ပါယ်နဲ့ပေါ့။ ဘယ့်နှယ်လဲ”

 

စကားအဆုံးတွင် အမွန်ရယ်လိုက်သည်။ ဟက်ဟက်ပက်ပက်ရယ်နေသဖြင့် သူနားမလည်သလို ဖြစ်သွားရသည်။ ရယ်သံနှင့်အတူပြောသည်။

 

“အမွန့်အဖို့တော့ ကို့လက်ဆောင်ထဲက ဘာတစ်ခုမှ ဒီတစ်သက်ပြန်မပို့ဘူး ကို၊မောင်နှမအချစ်ထဲက ဘယ်သူ့ကိုမှခွဲဝေ မပေးဘူး။ ကိုရေ အမွန့်ကိုယုံ”

 

သူကပြုံးလိုက်သည်။ ချက်ချင်းပင် ပြန်ပြောလိုက်သည်။

 

“ကျွန်တော့်မှာလည်း အမွန့်စကားမျိုးပဲ ပြောစရာရှိပါတယ်။ အမွန့်ကို စိတ်ဆင်းရဲစေမယ့် ယောက်မကို ကျွန်တော်လည်း ဘယ်ရှာပါ့မလဲ”

 

“အမွန့်ကို စိတ်ချမ်းသာစေမယ် ယောက်မကိုတွေ့ရင်ကော”

 

ကောက်ကာငင်ကာမေးလိုက်သောကြောင့် ရယ်မိသည်။ စကားကိုပြင်လိုက်ရသည်။

 

“မှားလို့၊ ဘယ်ယောက်မကိုမှ ကျွန်တော်မရှာပါဘူး အမွန်ရဲ့”

 

ယုဒဿန်မျှော်စင်တွင် နေကွယ်ခဲ့ချေပြီ။

( ၁၀ ) ဇာတ်သိမ်း

 

နှလုံးသည်းပွတ်ကို အစိုးမရ၊ စိတ်ကို အစိုးမရ၊ ကိုယ်ကို အစိုးမရ၊ ဆောက်တည်စိတ်သည် စိုးစဉ်းမျှ မငြိမ်သက်။တစ်ညလုံး သည်အတိုင်း။

 

ညနေက အမွန့်ကို သူ့အိမ်ဝအထိ ပို့ပြီး အိမ်ပြန်သည်။ အိမ်ရောက်တော့လည်း အနရအထိုင်ရ စိမ်းဆတ်ဆတ် ဖြစ်နေသည်။

ကိုလတ်နှင့်အစ်မတော် အေးအေးတို့က အလိုက်သိစွာ တစ်စုံတစ်ရာမေးမြန်းခြင်း မပြု။ထမင်းတစ်ဝက်တစ်ပျက် စားသည်ကိုလည်း မမေးမမြန်း။

 

ရှစ်နာရီကျော်ကျော်တွင် ကိုလတ်တို့ရုံးကကား ရောက်လာသည်။ ညအယ်ဒီတာတစ်ယောက်က အရေးပေါ်ခွင့်တင်သွားသဖြင့် လူစားဝင်ရန် လာခေါ်ခြင်းဖြစ်သည်။

 

ကိုလတ်အထွက်တွင် သူပါလိုက်မည်ဟု ပြောလိုက်သည်။ ဒီညဌာနတွင် အလုပ်သွားလုပ်မည်။ဌာနတွင် အိပ်မည်ဟု ပြောလိုက်သည်။ အေးအေးက မနက်ဖြန်အမွန်တို့ကို လိုက်ပို့ရန်ကိစ္စနှင့် ပက်သက်၍ပြောသည်။ အမွန့်စကားကို ပြန်လည်ပြောပြလိုက်သည်။

 

ဒီည အိမ်မှာအိပ်လျှင် မနက်ဖြန်နံနက်တွင် လေယာဉ်ပျံအသံကို ကြားရမည်ဖြစ်၍ ဌာနသို့ သွားလိုကြောင်း တစ်ဆက်တည်းဖြေသည်။

 

သို့နှင့်ဌာနတွင် လုပ်လက်စတွေကို ဆက်လုပ်ကြည့်သည်။ သူငယ်ချင်းနှင့်အတူ ဓာတ်ခွဲခန်းထဲတွင် အချိန်ဖြုန်းလိုက်သည်။ သန်းခေါင်ကျော်တော့မှ ခဏနားလိုက်သည်။ စိတ်ပင်ပန်းလွန်း၍လားမသိ။

 

လှဲချင်သည်။ စားပွဲပေါ်တွင် စာအုပ်တွေကို ခေါင်းအုံးလုပ်ကာ မှေးမိသည်။ တွေးစရာ အစအနတွေက စုပြုံရောက်လာကြပြန်သည်။

 

ဆယ့်နှစ်လအတွင်း ဒီကိုပြန်လာမယ်ဆိုရင် ပြန်လာနိုင်တဲ့ အခွင့်အလမ်းလဲ ရှိနေသားပဲ၊ပြန်များလာရင် သိပ်ကောင်းမှာပဲ။

 

အမွန့်မိဘတွေကလည်း ခက်လိုက်တာ။ ငါးနှစ်ကြာနေဖို့လောက် လျှောက်သင့်တာ။ ခုတော့ အပြီးအပိုင် လျှောက်ထားတာကိုး။

 

စီးပွားရေးသမားတွေကိုး။ ငွေကလဲလို့ ဘာမှ မြင်တာမှမဟုတ်တာ။ ကိုယ့်ပြည်ကိုယ့်ရွာကို မချစ်ခင်တဲ့ လူစားတွေပဲ။

 

ဒီအထဲမှာ အမွန်တော့ မပါပါဘူး။ အမွန်က ဒီိလိုမဟုတ်ပါဘူး။ အမွန်က အပြစ်မဲ့တဲ့သူပါ။ အမွန်က ရုပ်သေးရုပ်လေး တစ်ရုပ်ပါဟု တွေးမိသည်။

 

အတွေးတွေက ရင်ထဲမှာ မွှေနှောက်လွန်းလှသည်။ မေ့ပျောက်ကြည့်တော့မရ။ အမွန့်မျက်နှာက တရစ်ဝဲဝဲ။ ကိုယ်နေလှုပ်ရှားနေပုံက ပြက်ပြက်ထင်ထင်။ အသံတွေ။ အပြုံးတွေ၊ အကြည့်တွေ အားလုံးကို မေ့ပျောက်၍ မစွမ်းသာ။ မတမ်းတဖြစ်အောင် စိတ်တင်းတော့လည်း မရပြန်။စိတ်မလွင့်ပါးအောင် နည်းပြတန်း အဖြေလွှာတွေကို အမှတ်ပေးရန် ဖတ်ကြည့်သည်။ စိတ်မစူးစိုက်။

 

အလုပ်ဝင်ပြီး လေးငါးရှစ်လအတွင်း လုပ်ငန်း၌ အာရုံမချုပ်နိုင်သည်မှာ ရက်ပိုင်းအတွင်းသာဖြစ်သည်။စောင်းပါးရိပ်ခြည်မျှသာ သိနေသော သူငယ်ချင်းက သူ့ကို နားလည်နေသည်။ နံနက်လေးနာရီထိုးသောအခါ လုပ်ငန်းကို ခေတ္တရပ်လိုက်သည်။ လှည်းတန်းထိပ်သို့ သွား၍ တစ်ခုခုစားသောက်ရန် ပြောသည်။ အိပ်ချင်စိတ်မရှိတော့။ ခေါင်းညိတ်ပြလိုက်သည်။

 

*****

အလင်းရောင်သည် အရှေ့ဘက်တွင် မေးတင်လိုက်သည်။ အပေါ်ကစီး၍ ကြည့်ရတော့ အနေအထားတွေ အားလုံး လှနေသည်။ အင်းဝစားသောက်ဆိုင်၊ စင်္ကြံအမိုး၊ အုတ်ကြွပ်တန်း၊အင်းဝဆောင်မျက်နှာစာ တစ်ပိုင်းတစ်ကို သစ်ပင်တွေကြားထဲက မြင်နေရသည်။

 

ကံ့ကော်တောအုပ်ကို စွေတစောင်း မြင်ရသည်။ ပိဋကတ်တိုက်ကို ထက်ပိုင်းမြင်ရလေသည်။ရှေ့က ကံ့ကော်ပင်များ၊ အဓိပတိလမ်းတစ်လျှောက်က ရေတမာပင်များ၊ အပန်းဖြေရိပ်သာ။တောအုပ်အလယ်က ယုဒဿန်ဘုရားရှိခိုးဆောင်နှင့် မျှော်စင်ကို ကွက်တိကွက်ကျား မြင်ရသည်။

 

ဝန်းကျင်တစ်ခုလုံးတွင် ကျရောက်လျက်ရှိသော အလင်းရောင်သည် နာမကျန်းသူ၏ အသားအရေကဲ့သို့ ဖျော့တော့လှ၏။ မြူငွေ့ကြောင့်ထင်ရ၏။ ပြာပြာမှိုင်းမှိုင်း။ အမြင်ဟူသမျှသည် မောစရာချည်း။

 

မျက်နှာတွင် အုပ်၍ထားသော လက်ဖဝါးနှစ်ဖက်စလုံးသည် အအေးကြောင့် ကျဉ်နေ၏။အခုအချိန်ဆိုရင်... အခုချိန်ဆိုရင်...

 

အတွေးနှင့် စိတ်ကူးကြည့်မိသည်။ စ်ိတ်မကူရဲတော့၊ မျက်လုံးကို စုံမှိတ်ထားလိုက်သည်။အာရုံကြောတွေ အားလုံးရုတ်ခြည်းပင် အိပ်မောကျသွားစေချင်၏။ ယောက်ယက်ခတ်လွန်းသောစိတ်ကို ဖြစ်သည့်နည်းနှင့် ထူးခတ်ထားချင်၏။

 

မျက်လုံးဖွင့်ကြည့်သောအခါ နှင်းမှုန်တွေ ဆိုင်းလာသည်ကို တွေ့ရ၏။ ဝရန်တာတွင် ထောက်ထားသည့် တံတောင်နှစ်ဖက်ကို ရုပ်လိုက်သည်။ ခါးကို မတ်လိုက်သည်။ ချွေးငွေ့ငွေ့ ပြန်နေသည်ကို သတိပြုမိသည်။ တိုက်ပုံအင်္ကျီထဲက လက်ကိုင်ပဝါကို ထုတ်ယူကာ

 

မျက်နှာသုတ်လိုက်သည်။ ထိုစဉ် ငြိမ်သက်လွန်းကာ ငြိမ်သက်လျက်ရှိသော ပတ်ဝန်းကျင်တွင် ကားဂီယာခွေးသွားစိပ်ချင်း ပွတ်တိုက်သံတစ်ချက် ကြားရသည်။

 

အမှတ်တမဲ့ လှမ်းကြည့်သောအခါ မာဇဒါကားအစိမ်းနု။ အရှိန်ပြင်းပြင်းနှင့်တက်လာသည်။သဘောင်္မဲဇလီပင်တွေကြားက မြင်ရသည်။ ကားတွေထားရာနေရာသို့ ရောက်သောအခါ တုံ့ခနဲ ရပ်သွားသည်။

 

တံခါးနှစ်ဖက်စလုံး ပြိုင်တူပွင့်သွားသည်။ လူနှစ်ယောက် ထွက်လာသည်။ သူ့ဆီသို့ မော့ကြည့်လိုက်ကြမှ ကိုကြည်လွင်နှင့် ကိုလတ်တို့ နှစ်ယောက်မှန်းသိလိုက်သည်။ကိုလတ်က-

 

“ဟေး... ကိုထွေး၊ လာ လာ မြန်မြန်လာ” ဟု အမောတကော လှမ်းခေါ်သည်။ ကြောင်ပြီးကြည့်နေရာမှ “ဘာလဲ အစ်ကို ဘာလဲ” ဟုမေးလိုက်သည်။

 

သူ့အသံကြောင့် ဓာတ်ခွဲခန်းထဲက သူငယ်ချင်းဖြစ်သူက ပြေးထွက်လာသည်။ အနားရောက်တော့ အောက်သို့ လှမ်းကြည့်သည်။ ကိုကြည်လွင်က-

 

“ဘာလဲ မေးမနေနဲ့၊ ဆင်းလာခဲ့၊ ဆင်းလာစမ်းပါ” ဟု လှမ်းအော်ပြီးပြောသည်။ဒီတော့မှ “ကဲ... သူငယ်ချင်းရေ၊ တစ်ခုခုပဲ ငါသွားမယ်” ဟုပြောကာ အပြေးဆင်းလာသည်။

 

လှေကားထစ်ကို ဘယ်ပုံဘယ်နည်း နင်းမှန်းမသိ။ လက်တန်းကို လက်ဖြင့် လျှောကာထိန်းကာ ဆင်းလာခဲ့သည်။ ကားဆီသို့အရောက်ပြေးလာခဲ့သည်။

 

သူအနားမရောက်မီ ကိုလတ်က ကားထဲသို့ဝင်ပြီး စက်နှိုးထားသည်။ ကိုကြည်လွင်က နောက်ခန်းထဲသို့ ဝင်ထိုင်သည်။ ကိုထွေးသည် ကိုလတ်ဘေးသို့ ဝင်ထိုင်ပြီး တံခါးကို တအားဆွဲပိတ်သည်။

 

ကိုလတ်သည် ကားခေါင်းကို အနောက်ဘက်သို့ ဦးတည်လိုက်သည်။ အဓိပတိလမ်းပေါ်သို့ ရောက်သောအခါတွင် လက်ယာဘက်သို့ ချိုးလိုက်သည်။ ဘွဲ့နှင်းသဘင် လမ်းဆုံသို့ အရောက်တွင် ဘယ်ဘက်သို့ ကွေ့လိုက်သည်။ သစ်ပင်တွေ တရိပ်ရိပ် ကျန်နေခဲ့သည်။

ပြည်လမ်းအရောက်တွင် လက်ယာဘက်သို့ အရှိန်မလျော့ဘဲ ချိုးလိုက်သည်။တံတားဖြူအလွန်တွင် စက်ရှိန်ကို လျှော့ပစ်လိုက်ရသည်။နှင်းပြိုချေပြီ။

 

“ကျွန်တော်နားမလည်ဘူးဗျာ။ ဘာဖြစ်လို့လဲ၊ ဘာလဲ... အစ်ကို”

 

ရှေ့မီးကို ဖွင့်လိုက်ရင်းဖြေသည်။

 

“အမွန်က ခေါ်ခိုင်းလို့”

 

“ဗျာ...”

 

အံ့သြသွားသည်။ကိုကြည်လွင့်ဘက်သို့ စူးစမ်းသောမျက်လုံးနှင့် လှည့်ကြည့်သည်။

 

“ကျွန်တော့်ကို သူပြောတော့ လိုက်မပို့ရဘူးတဲ့”

 

“ဟုတ်တယ်ကိုထွေး၊ အဲဒါ ကျွန်တော်တို့တောင် မသိဘူး။ မနက်က သုံးနာရီကျော်ကျော်လောက် အမွန်တို့အ်ိမ် ကျွန်တော်တို့သွားမှ သိတာဗျ၊ အဲ... ကျွန်တော်တို့လည်းရောက်ရော ခင်ဗျားကို တွေ့ချင်တဲ့

 

အကြောင်းပြောတယ်၊ ခင်ဗျားကို သွားခေါ်ပေးဖို့ ပြောတယ်။ဒါနဲ့ ခင်ဗျားတို့အိမ် ကျွန်တော်ရောက်လာတာ။ ကားငှားရတာတော်တော်နဲ့ အဆင်မပြေလို့ လေးနာရီလောက်ကျမှ ရောက်တယ်ဗျာ၊ မမအေးနဲ့တွေ့တော့ ခင်ဗျား ဌာနမှာရှိမယ်လို့ သိရတယ်။ ပြန်ထွက်မယ်လုပ်တော့ မမအေးက ငါးနာရီလောက်ကျမှ အစ်ကိုပြန်လာမယ်၊ မမအေးကို လာခေါ်ပြီး အမွန်တို့အိမ် သွားမယ်ဆိုတာသိရလို့ အစ်ကို့ကို စောင့်ရတယ်။

အစ်ကို့ကားလည်း ရောက်ရောက်ချင်း အမွန်တို့အိမ်ဝင်၊ မမအေးကို ထားခဲ့၊ ခင်ဗျားဆီလာတော့ ဘယ်သူမှ မတွေ့ဘူး”

 

ကိုကြည်လွင်အသံက လှိုက်မောသံပါနေသည်။ ကိုလတ်က ရှေ့တည့်တည့်သို့ အာရုံစိုက်ထားသည်။ မှန်တွင် အငွေ့ပြန်သောကြောင့် မှုန်သွားတတ်သည်။ လက်တစ်ဖက်က စတီယာရင်ဘီးကိုထိန်းပြီ၊ ကျန်တစ်ဖက်က အပြင်ထုတ်ပြီးမှန်ကို ပွတ်သည်။ ရေသုတ်လက်တံကို ဖွင့်ထားသော်လည်း မှန်အတွင်းအပြင်ကို ပွတ်နေသည်။အင်းလျားလေးအကွေ့ကို လွန်လာခဲ့သည်။

 

“ကိုကြည်လွင်တို့လာတဲ့အချိန် ကျွန်တော်က လှည်းတန်းထိပ်ကိုရောက်နေတယ်”

 

“ခင်ဗျားသွားတတ်တဲ့နေရာ မှန်သမျှ အနှံ့ပဲ၊ စမ်းချောင်းက ကီဝိအိမ်တို့၊ ကိုကျော်တို့အိမ်လည်း ရောက်တယ်၊ သမိုင်းက ကိုဇော်တို့အိမ်လည်း ရောက်တယ်။ ကျောက်မြောင်းက ကိုစန်းမြင့်တို့အိမ်ရော၊ သင်္ဃန်းကျွန်းက ဝဏ္ဏတို့အိမ်ရော အစုံပဲဗျာ။

 

အစ်ကိုသတိပေးလို့ ဝင်ဒါမီယာက ရုပ်ရှင်စတူဒီယိုလည်း ရောက်ခဲ့သေးတယ်၊ခြောက်နာရီထိုးတော့ လက်လျှော့ပြီး အမွန်တို့အိမ် ပြန်သွားရတာပေါ့၊ လေဆိပ်ရောက်ပြီးတော့ အချိန်ရသေးတာနဲ့ ဒီကို တစ်ခေါက်ပြန်လာတာ၊ လူကိုသေချင်စော်နံသွားတာပဲ”

 

ကိုကြည်လွင့်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ရင်ထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။ နှလုံးသွေးတွေ ဆူလာသည်ထင်ရသည်။

 

ကိုလတ်က သူ့ကိုငဲ့ကြည့်ပြီးပြုံးသည်။ ကားစက်သံမှတစ်ပါး စကားမဆိုမိကြ။ ပင့်သက်တစ်ချက် ရှိုက်မိသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

 

“ဒီနေ့ ဆိပ်ကမ်းမှာ ကျွန်တော်တာဝန်ကျတာ မနည်းကြီးပြောယူရတယ်၊ ဒါကြောင့် ခင်ဗျားနဲ့ မနေ့ကမတွေ့ဖြစ်တာ။ နို့မဟုတ်ရင်တော့ ဘယ်မှာရှိတယ်ဆိုတာသိရမှာ၊ မနေ့က သူများအလှည့်မှာ တာဝန်အစားယူလိုက်ရတယ်လေ”

 

ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ စိတ်ကစောနေသည်။ အမွန့်ထံသို စိတ်ရောကိုယ်ပါ ချက်ချင်းရောက်သွားချင်သည်။ ကားအရှိန်နှေးကွေးလွန်းသည် ထင်၏။

 

“မီမှ မီပါ့မလားမသိဘူး”

 

စိတ်မောသံနှင့် သူ့ကိုယ်သူပြောသလို ပြောသည်။ ကိုကြည်လွင်က လတ်ပတ်နာရီကိုကြည့်ပြီး-

 

“ခုမှ ခုနစ်နာရီဆယ်မိနစ်ဆိုတော့ မီပါတယ်ဗျာ၊ လေယာဉ်ပျံက ခုနစ်နာရီလေးဆယ့်ငါးကျမှ ထွက်မှာပါ”

ရှစ်မိုင်ကုန်းအဆင်းတွင် ကိုလတ်က ကားအရှိန် အနည်းငယ်မြှင့်ပြီး မောင်းရင်းတိုးတိုးရယ်သည်။ ရယ်သံတွေ၊ ယူကျုံးမရသံတွေ၊ အားမလိုအားမရဖြစ်သံတွေ ရောနေသည်ထင်ရ၏။ ကိုထွေးက နားမလည်သောအကြည့်နှင့် လှည့်ကြည့်သည်။

 

“ဒီမယ်ကိုထွေး၊ ရာဇဝတ်ဘေး ပြေးမလွတ်ဘူးတဲ့ သိလား၊ ရာဇဝတ်မှု တစ်ခုခုကို ကျူးလွန်မိပြီဆိုရင် တရားခံကိုယ်တိုင် ဖြောင့်ချက်ပေးလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က ထုတ်ဖော်ပေးလို့ပဲဖြစ်ဖြစ် တရားခံပေါ်ရတာချည်းပဲ။ အဲသလို ကိုထွေး၊ အချစ်ဆိုတဲ့ပြစ်မှုကို ကျူးလွန်လိုက်မိပြီ ဆိုရင်လည်း တရားခံအစစ်ပြေးဖို့ လတ်ရိုးထုံးစံမရှိပါဘူးကွာ”

 

ပြန်မပြောနိုင်အောင် ဖြစ်ရသည်။မင်္ဂလာဒုံလေယာဉ်ကွင်း လမ်းခွဲသို့ ရောက်တော့မှ တစ်ခွန်းသာ ပြန်ပြောနိုင်သည်။

 

“ပြောသမျှအလုံးစုံကို ကျွန်တော်ရင်ဆိုင်နိုင်ပါတယ် အစ်ကိုရယ်၊ ပြောကြပါ၊ ပြောနိုင်ပါတယ်”

 

ရှေ့တွင် နှင်းထုတွေ တားဆီးနေသည်ကို ကားမှန်ထဲမှ လှမ်း၍ မြင်နေရသည်။

 

“အမွန်လည်း ခင်ဗျားကိုတွေ့မှ တွေ့ပါ့မလားလို့ စိတ်စောနေမှာပါပဲကိုထွေး၊ ခင်ဗျားကို တွေ့လိုက်ရရင်တော့ သူ သိပ်ဝမ်းသာမှာပဲ”

 

သစ်ပင်တွေ နောက်တွင် ကျန်နေရစ်ခဲ့သည်။လေဆိပ်အဆောက်အအုံထဲသို့ဝင်ကာ အုတ်တိုင်ဖြူဖြူလေးတွေကို လွန်လာခဲ့သည်။

 

*****

 

ကားရပ်လျှင်ရပ်ချင်း ကိုထွေးက ချက်ချင်းဆင်းသည်။ သူ့နောက်က ကိုကြည်လွင်က ကပ်လျက်သား ပါလာသည်။ လူသွားလူလာ အဖြတ်အသန်း များလှသဖြင့် မျက်လုံးအဝေ့အဝိုက်

 

ညာဘယ်ရွှေ့ကာ အမွန့်ကိုကြည့်ရသည်။ အသင့်ဖွင့်ထားသော မှန်တံခါးဆီသို့ မရောက်မှကပင် ရှာမိသည်။ မှန်အကာတွေကြောင့် ခန်းမကြီးထဲရှိ လူတွေကို မြင်နေရသည်။ အတွင်းသို့ ခြေလှမ်းမိသောအခါ

 

ရင်တွေ ပိုပြီးခုန်လာသည်။ တွန်းလှည်းတွေနှင့် ပစ္စည်းပစ္စယ သယ်ယူနေကြသော အမှုထမ်းများ၊လေယာဉ်အရာရှိများ၊ လုံခြုံရေးတာဝန်ခံများ၊ ခရီးသည်တို့ကို လိုက်ပို့သူများ၊ နိုင်ငံခြားသားများ၊

 

လေဆိပ်အမှုထမ်းများ သွားလာလှုပ်ရှားလျက်ရှိသည်။စုရုံးပြီး စကားရပ်ပြောနေကြသူများ၊ အပေါ်ထပ်နှင့်အောက်ထပ် တက်ဆင်းနေကြသူများ၊

 

ဘဏ်တိုက်ခွဲပတ်လည်တွင် အလုပ်လုပ်နေကြသူများ။လူတွေကွယ်နေသောကြောင့်လား၊ ပူလောင်နေသောကြောင့်လားမသိ။ အမွန့်ကို မတွေ့။

 

ကိုကြည်လွင်က သူ့ကိုဆွဲခေါ်ကာ- “ဟိုမှာ ဟိုမှာ” ဟုပြောသည်။

ကိုကြည်လွင် လက်ညှိုးညွှန်ရာသို့ လှမ်းအကြည့်တွင် အမွန့်ကို ညိုညို၊ အေးအေးတို့နှင့်အတူ တွေ့ရသည်။ အမွန်သည် သူ့ကိုလှမ်းမြင်သည်။

 

မြင်သည့်ခဏတွင် သူရှိရာသို့ ပြေးလာသည်။ သူက အမွန့်ထံသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။

 

လမ်းတဝက်တွင် အမွန်သည် လေယာဉ်မှူးတစ်ဦးနှင့် တိုက်မည့်တော့မည်နှယ် ဖြစ်သွားသည်။ခြေကိုတုံ့ကာရှောင်လိုက်ပြီး ခပ်သုတ်သုတ် လျှောက်လာ၏။ မျက်နှာချင်းဆိုင်မိတော့ အမွန်ပြုံးလေ၏။

 

“ကို ရောက်လာတယ်နော်”

 

ရင်တွေခုန်လွန်းသောကြောင့် ရုတ်တရက်ပြန်မဖြေနိုင်။ ပြုံးပြဖို့ပင် အတော်အားယူရသည်။

 

“အမွန် သိပ်ကို တွေ့ချင်လွန်းလို့ပါ”

 

သူ ခေါင်းညိတ်လိုက်သည်။ အမွန်က ကိုယ်ကိုလှည့်ကာ ညိုညိုတို့ရှိရာ ခြေဦးတည့်သည်။ သူ့ဘယ်ဘက်ဘေးတွင် ကပ်ပြီး အမွန်လိုက်လာသည်။

 

ပခုံးစွန်းချင်း၊ လက်ဖဝါးချင်း ရံခါထိမိ၏။အမွန်သုံးနေကျ ရေမွှေးရနံ့သည် ထုံထုံပျံ့ပျံ့။

 

အပေါ်ထပ်လှေကား၏ ဘယ်ဘက်နေရာသို့ရောက်သော် သူ့ကို ညိုညိုနှင့်အေးအေးတို့က ပြုံးပြသည်။

 

ထိုအချိန်တွင် ကိုလတ်သည် သူတို့အပါးသို့ ရောက်လာ၏။ ထို့နောက် အမွန့် မိခင်နှင့် ဖခင်တို့ ရောက်လာသည်။

 

စကားတစ်ခွန်းနှစ်ခွန်း ပြောရသေးသည်။ မိတ်ဆွေတစ်စု ရောက်လာသောကြောင့် အရှေ့ဘက်ခန်းမဆီသို့ ရောက်သွားပြန်သည်။

 

ကိုကြည်လွင့်အနီးသို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက် ရောက်လာသည်။စကားစမြည်ပြောပုံကို ထောက်လျှင် တစ်ဌာနတည်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်ဟန်ရှိ၏။

 

ထိုအရာရှိ ခေါ်ရာဘက်သို့ ကိုကြည်လွင် လိုက်သွားသည်။ ခန်းမထဲတွင် စကားသံတွေ၊အိတ်ဆောင်ရေဒီယိုမှ သီချင်းသံတွေကို ကြားနေရသည်။

 

ကိုလတ်က ခြေထောက်ကိုရွှေ့လိုက်သည်။ အေးအေးနှင့် ညိုညိုတို့က ဟိုလိုလို သည်လိုလိုနှင့် အရှေ့ဘက်သို့ လျှောက်သွားကြသည်။ ထိုအချိန်တွင် အာရုံတွေ ထွေပြားလာသည်လားမသိ။ နားထဲတွင်

 

အသံတွေ တိတ်ဆိတ်သွားသည်။အမွန့်ကို ငေးကြည့်နေမိသည်။ မနေ့က ဆွယ်တာအင်္ကျီနှင့်။ အမွန် အသက်ရှူမြန်နေသည်ဟု ထင်ရ၏။ ရင်ညွှန့်သည် မို့လာလိုက်၊ နိမ့်သွားလိုက်။

“ကျွန်တော် ဘယ်လိုဖြစ်နေတယ်ဆိုတာ အမွန်သိပါတယ်နော်”

 

အစွန့်စားဆုံးစကားလုံး။ ညှိုးနေသော အမွန့်မျက်နှာသည် ကြည်လင်လာသည်ထင့်။နှစ်နှစ်ကာကာပြုံး၍ ခေါင်းညိတ်သည်။

 

“သိတာပေါ့ကိုရယ်၊ အမွန်လည်းကို့လိုပါပဲ”

 

စကားတစ်ဝက်တစ်ပျက်တွင် ရှိုက်သံက ရောယှက်လာသည်ကို အမှတ်ထားမိလေ၏။ မေးကြောလေးတွေ တင်းလာသည်အထိ အံကြိတ်ထားသည်။ မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ ခေါင်းငုံ့ပစ်လိုက်သည်။

 

“ကို...”

 

ခေါ်သံ၏နောက်ကွယ်တွင် ခံစားမှု အတိုင်းအတာကို ချင့်တွက်နားလည်မိသည်။

 

“ဘာလဲအမွန်၊ အမွန်ဘာပြောချင်လဲဟင်၊ ပြောလေ”

 

အမွန့်နှာသီးဖျားလေးတွေ လှုပ်ရှားလျက်ရှိသည်။နှုတ်ခမ်းသည် မသိမသာ တုန်နေသည်။

 

သက်ပြင်းတစ်ချက် ချလိုက်သည်။ပျောက်သွားမည်စိုးသောအကြည့်နှင့် အကြာကြီးစိုက်ကြည့်သည်။ ပြီးတော့ အသံကို ထိန်းပြုကာ ခပ်ဖြည်းဖြည်း ဆို၏။

 

“ကိုပြောချင်တဲ့စကားရှိရင် အမွန့်ကို ပြောလိုက်ပါတော့ကွယ်၊ အမွန်ကြားချင်တယ်၊ ပြီးတော့ ပြန်လို့လည်း ပြောချင်တယ် ကိုရယ်”

 

ရင်တွေ ကွဲထွက်မတတ်ခံစားလိုက်ရသည်။ စကားအဆုံးတွင် နှလုံးသွေးအခုန်သည် ဆူပွက်တော့မတတ်။

 

သည်းပွတ်ထဲတွင် ငဲ့ညှာခြင်း၊ ထောက်ထားခြင်း၊ စာနာခြင်းတွေ တစ်စစီပြိုကျလာ၏။ကိုက်ထားမိသော နှုတ်ခမ်းကို လွှတ်လိုက်သည်။ အားတင်းလိုက်သည်။ ပြောဖို့စကားကို

 

ဆုံးဖြတ်လိုက်သည်။ နှုတ်ခမ်းကိုပြင်လိုက်သည်နှင့် အမွန့်မျက်နှာ လှုပ်ရှားလာသည်။အလှဆုံး မျက်လုံးအစုံကို သူကြည့်လိုက်စဉ်...

 

“မျက်လုံးတစ်ကြည့်၊ အပြုံးတစ်ချက်နဲ့ ရင်ထဲရှိတာကို တစ်ယောက်ကပြောတယ်၊ ဒီစကားကို တစ်ယောက်ကလည်း နားလည်တယ်၊ နားလည်လို့ မျက်လုံးတစ်ကြည့် အပြုံးတစ်ချက်နဲ့ပဲ ပြန်ပြောတယ်။

 

နားလည်လိုက်ကြပြီပဲမဟုတ်လား၊ နှုတ်ကဖွင့်ဟတဲ့ စကားဆိုတာ လိုသေးရဲ့လား အမွန်ရယ်”

စကားအဆုံးတွင် အမွန်သည် မျက်လုံးကို အသာမှိတ်လိုက်သည်။ သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း မျက်လွှာဖွင့်သည်။

 

ထို့နောက် ပြုံးသည်။ ခေါင်းတစ်ချက်ညိတ်သည်။ သူ့ကိုကြည့်သည်။

 

*****

 

ကားဦးသည် ဆောင်းလေအအေးထုကို အရှိန်ပြင်းစွာ ထိုးဖောက်လျက်ရှိသည်။

 

ကားစက်သံကို ဂျက်လေယာဉ်အင်ဂျင်သံက လွှမ်းမိုးနေသည်။ လျှိုတွေ၊ ချိုင့်ဝှမ်းတွေ၊

 

တောအုပ်တွေ၊ လမ်းကွေ့တွေကို ပီပီသသ မြင်နေရသည်။ သူ့မျက်လုံးထဲတွင် တရိပ်ရိပ်မြင်နေရသည်။

 

နှင်းကွဲသွားချေပြီ။

 

သို့သော် မှုန်ဝါးဝါး ဖြစ်လာပြန်သည်။

 

သူ့မျက်လုံးထဲတွင် နှင်းတွေ ဝေလာလေ၏။

 

×××××××××××

ငြိမ်းကျော်

Related Posts

No comments:

Post a Comment