မေတ္တာများနှင့် စိန်ပန်းနီနီ
အခန်း ( ၁ )
ရန်ကုန် - မုတ္တမ အမြန်ရထားကြီးသည် အလံတစ်ရာ စေတီတော်ကြီးကို လက်ဝဲဘက်၌ ချန်ထားခဲ့ကာ သထုံဘူတာဆီ ရှေးရှု ခုတ်မောင်းနေ၏။
အင်္ကျီဖြူနှင့် ဘောင်းဘီပြာကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် နုပျိုမွန်ရည်သော လက်မှတ်စစ် လုလင်သည် အထက်တန်းတွဲအတွင်း၌ လက်မှတ်များကို စစ်ဆေးနေ၏။
ခုံတန်းစဉ် ရှစ်ကို စစ်ဆေးပြီးသည့်နောက် လက်မှတ်စစ် လုလင်သည် ခုံတန်းစဉ် ကိုးမှ ခုံနံပါတ် 'က-၉' အနီး၌ ရပ်လိုက်၏။
ယင်းခုံ၌ ထိုင်သူ လူရွယ်က လက်ဝဲဘက် ခုံတန်းဆီ အာရုံစိုက်လျက်
လိုက်ပါလာသောကြောင့် လက်မှတ်စစ် ရပ်လာသည်ကို သတိပြုမိဟန် မတူ။
”လက်မှတ်လေး ခင်ဗျာ”
လက်မှတ်စစ် လုလင်က အသံပြုလိုက်မှ လူရွယ်က ထိတ်လန့်တကြား မော့ကြည့်၏။ ပြီးမှ ရှက်ပြုံး ပြုံးပြီး လက်မှတ်ကို ထုတ်ပြသည်။
လက်မှတ်ပေါ် ဘောလ်ပင်နှင့် ခြစ်နေရင်းက လက်မှတ်စစ် လုလင်၏ မျက်လုံးများသည်လည်း စောစောက ခရီးသည် လူရွယ်ဘက်သို့ အမှတ်မထင် ရောက်သွားသည်။
သည်တစ်ကြိမ်တွင် လက်မှတ်စစ်လုလင်ကိုယ်တိုင် ခေတ္တစိုက်ကြည့်မိနေ၏။
လေတိုးသဖြင့် အနည်းငယ် လှုပ်ရှားနေသည့် နက်မှောင်သော ဆံပင် ဆံနွယ်များ နက်မှောင်သည် ဆိုခြင်းထက် ပိတုန်းရောင်ကဲ့သို့ ပြာပြာမှောင်မှောင်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
သည်ဆံပင်ဆံနွယ်များက မျက်လုံးများကို ရှေးဦးစွာ ဆွဲငင်ဖမ်းယူသည်။ နောက် ဘေးတိုက် အမြင်တွင်ပင် အချိုးကျ ချောမောသမျှ ဝင်းဝါ သန့်စင်သည့် မျက်နှာ။ ပြီးတော့ ဆံပင်ရောင် ကဲ့သို့ပင် ပြာမှောင်ချင်သော မျက်ခုံးနှင့် မျက်တောင် ကော့ကော့ရှည်ရှည်များ။
လက်မှတ်စစ် လုလင်သည် မသိမသာ မျက်မှောင် တစ်ချက်ကြုတ် သွားပြီးမှ မျက်လုံးများကို ရုပ်သိမ်းလျက် လက်မှတ်ကို ခရီးသည် လူရွယ်အား ပြန်ပေးသည်။
လူရွယ်က လက်မှတ်စစ် လုလင်အား အပြုံးနှင့် ကြည့်သည်။
လက်မှတ်စစ်လုလင်က 'က-၉' နှင့် မျက်နှာချင်းဆိုင်ရှိ 'က-
၁၀' ခုံမှ ခရီးသည်၏ လက်မှတ်ကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီး လက်ဝဲဘက် ခုံတန်းဆီ ကူးလိုက်၏။
သည်ဘက်မှာက နှစ်ခုံတွဲလျက် မျက်နှာချင်းဆိုင် လေးခုံ ရှိသည်။
'ခ-၉ နှင့် ဂ-၉' တွင် လူကြီးတစ်ဦးနှင့် မိန်းမကြီး စုံတွဲ ထိုင်နေသည်။ 'ခ-၁၀' မှာက ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် မိန်းမငယ်တစ်ဦး။
'ဂ- ၁၀' မှာက လက်မှတ်စစ် လုလင် စောစောက ကြည့်မိသည့် မိန်းမချော။
မိန်းမချောနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော ခန့်ချော ချောသည့်
မိန်းမကြီးက လက်မှတ် လေးစောင် ထုတ်ပေး၏။
လက်မှတ်များကို စစ်ဆေးပြီးနောက် လက်မှတ်စစ် လုလင်သည်
မိန်းမချောဘက် လှည့်ကာ ပြုံးလျက် နှုတ်ဆက်သည်။
”ဆရာမ. မော်လမြိုင် သွားမလို့လား"
မိန်းမချော၏ ပါးစပ်လေး ဟသွားသည်။ ပထမမူ မျက်သား ပြာသော မျက်လုံးများက ဝန်းဝန်းလည်သွားသည်။ ထို့နောက် မျက်တောင်ကော့များကို လှန်ကာ လက်မှတ်စစ် လုလင်ကို စိုက်ကြည့်နေသည်။ ဘာမျှတော့ မဖြေ။
”ဆရာမ ဒေါ်လဲ့လဲ့ မဟုတ်လား၊ ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ်၊ ကျွန်တော့်နာမည် မောင်သိန်းလွင်ပါ၊ ရန်ကုန် ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်မှာ မြန်မာစာအဓိက ယူခဲ့ပါတယ်။ ဆရာမရဲ့ တပည့်တစ်ဦးပါ"
မိန်းမချောက ပါးစပ်လေး ဟ၍ သူ့ကို ကြည့်မြဲ ကြည့်နေသည်။
မျက်လုံးပြာများက မသိမသာ ဝန်းဝန်းလည်နေ၏။
မိန်းမကြီးက ပျာပျာသလဲ ဝင်ပြော၏။
”ဪ ဟုတ်ပါတယ် ဒေါ်လဲ့လဲ့ပါ၊ ငါ့တူက သမီးကို မှတ်မိတယ်ပေါ့ "
”မှတ်မိတာပေါ့ ခင်ဗျာ၊ ဪ...ဒါထက် ဆရာမ သြစတြေးလျကို ပညာတော်သင် သွားခဲ့တယ် မဟုတ်လား၊ အခု ပြန်ရောက်ပြီပေါ့နော်”
”ငါ့တူက ဒါကိုတောင် သိတာကိုး၊ ဟုတ်တယ်၊ ပြန်ရောက်တာ တစ်နှစ်ကျော်ပြီ၊ မင်းဆရာမ နာမည် အပြည့်အစုံက အခု အဲ ဒေါက်တာလဲ့လဲ့ တဲ့"
”ဝမ်းသာလိုက်တာ ခင်ဗျာ၊ ကျွန်တော်တို့ တပည့်ဆိုတာက ဘယ်ရောက်နေနေ ဆရာ ဆရာမတွေကို မမေ့ပါဘူး၊ ဆရာမကိုတော့ အထူးအမြဲ သတိရတာပေါ့၊ ဆရာမက ကျွန်တော်တို့ လေးစား နှစ်သက်တဲ့ စာရေးဆရာမကြီး မဟုတ်လား၊ ဒါပေမဲ့ အခုတလော ဆရာမ ဝတ္ထုတွေ မထွက်ဘူးနော်"
နောက်ဆုံး မေးခွန်းကို မောင်သိန်းလွင်က မိန်းမချောအား ကြည့်လျက် မေးခြင်း ဖြစ်၏။
အဖြေကို မိန်းမကြီးကပင် ပေးသည်။
”အင်း... မင်း ဆရာမက ပြန်ရောက်စလည်း ဖြစ်နေတယ်။ ပြီးတော့ ကောင်းကောင်း နေမကောင်းဘူးကွယ်”
မောင်သိန်းလွင်က မိန်းမကြီးကို ကြည့်သည်။ ထိုနောက် မိန်းမချောကို ပြန်ကြည့်၏။
မိန်းမများ၏ မျက်လုံးများတွင် မျက်ရည်များ လျှံနေ၏။ သည်ကြားထဲက ညှိုးနွမ်းစွာ ပြုံးလျက် ရှေးဦးစွာ ပြောသည်။
” မောင်သိန်းလွင်လို့ ခေါ်တယ်.. ဟုတ်လား"
”ဟုတ်ပါတယ် ဆရာမ”
”ဆရာမ က မောင်သိန်းလွင်ရဲ့ ဆရာမ ဟုတ်တယ်နော်”
"ခင်ဗျာ "
"ဒီကကို ဆရာမ မှတ်မိတယ်"
"ဟုတ်ကဲ့ ကျွန်တော် မှတ်မိပါတယ်""
မျက်တောင်ကော့များ ခတ်လာသည်။ ညှိုးနွမ်းသော အပြုံးက အနည်းငယ် ပိုတောက်ပလာ၏။
” မောင်သိန်းလွင်ကို မမှတ်မိတာ ခွင့်လွှတ်ပါနော် ဒီကလည်း သိပ်မှတ်မိချင်တယ်။ ဒါပေမဲ့ ဒါပေမဲ့...”
စကားက ရပ်သွားပြီး မျက်လုံးပြားများကသာ မောင်သိန်းလွင်ကို စိုက်ကြည့်နေ၏။
”ဪ... အင်း... ဆရာမ မမှတ်မိတာ မဆန်းပါဘူး။
တပည့်ဆိုတာက များတယ် မဟုတ်လား။ ကျွန်တော်တို့ကသာ ဆရာ ဆရာမတွေကို မှတ်မိနိုင်တာ၊ ကွဲသွားကြားတာကလည်း နေဦး... ကျွန်တော် ဒုတိယနှစ် ကျောင်းသားတုန်းက ၁၉၇၄ ခုနှစ် ဆိုတော့... အဲ ခြောက်နှစ်လောက် ရှိပြီ"
မိန်းမများ၏ မျက်လုံးများက ပြတင်းမှ ကျော်၍ အပြင်ကို ကြည့်သည်။ သူ့ကိုယ်သူ ပြောဟန် ညည်းညည်းလေး ပြော၏။
”၁၉၇၄ ခုနှစ်က... ခြောက်နှစ်လောက် ရှိပြီ"
ရထားက အရှိန်သွားပြီး သထုံဘူတာသို့ ဝင်လာ၏။
မကိုင်းတိုင်း ထားသော ခါးကို မတ်ကြီး မောင်သိန်းလွင်က ပြော၏။
”ဟော... သထုံ ရောက်ပြီ၊ ကျွန်တော် ဆင်းရတော့မယ်။ ဒီလိုင်းမှာ ကျွန်တော် တာဝန်ကျပါတယ်။ ကြုံတဲ့အခါ လိုတဲ့ အကူအညီ တောင်းပါ"
ရထားက ဘူတာတွင် ရပ်နား၏။
မောင်သိန်းလွင်က အားလုံးကို နှုတ်ဆက်သောအခါ ယခုအချိန်အထိ ငြိမ်နေသော လူကြီးက ပြော၏။
" ဒီမှာ ဆင်းရမှာကို အခုလို နှုတ်ဆက်တာကို ဦးတို့ အားလုံးက ကျေးဇူးတင်ပါတယ်"
”ကိစ္စမရှိပါဘူး ခင်ဗျာ ကျွန်တော့်ဝတ္တရားပါ၊ သွားပါဦးမယ်၊ ဆရာမ... ကျွန်တော် သွားမယ်နော်”
မောင်သိန်းလွင်က ရထားပေါ်မှ ဆင်းသွား၏။
ပလက်ဖောင်းပေါ်တွင် လျှောက်သွားသော မောင်သိန်းလွင်၏
နောက်ကျောကို မိန်းမချောက ပြတင်းမှနေ၍ လှမ်းကြည့်နေသည်။
”သနားပါတယ်။ သူ့ကို သမီး မမှတ်မိဘူး၊ သမီးကို သူစိတ်ဆိုးသွားမလား"
လူကြီးက ရယ်၏။
"ဘာကြောင့် စိတ်ဆိုးရမှာလဲ သမီးရယ်၊ သူ ပြောသွားသားပဲ ကွဲသွားကြတာ ကြာပြီတဲ့""
မိန်းမချောက လူကြီးကို စိုက်ကြည့်၏။ ထိုနောက် ခေါင်းကို ဖြည်းညင်းစွာ ခါ၏။
”ဒါတွေကို စဉ်းစားမနေနဲ့ သမီး၊ ဖေဖေ ခဏခဏ ပြောတယ်။
ဖေဖေနဲ့ မေမေ ရှိတယ်၊ သမီးမှာ ဘာမှ ပူစရာမရှိဘူး၊ မမှတ်မိတာတွေဟာလည်း နောက်တော့ မှတ်မိလာမှာပေါ့၊ အရေးကြီးတာက သမီး စိတ်ချမ်းချမ်းသာသာ နေဖို့ပဲ၊ ပြီးတော့ မော်လမြိုင် ရောက်ရင် သမီး ပျော်သွားမှာပဲ၊ မော်လမြိုင်ဟာ ဖေဖေတို့ နေတဲ့ မြို့ပဲ၊ သမီးလည်း ငယ်ငယ်ကတည်းက ပျော်ပျော်ကြီး နေခဲ့တဲ့ မြို့ "
ရထားက ဘူတာမှ ပြန်ထွက်သည်။
မိန်းမချောက ပလက်ဖောင်းပေါ်တွင် ကျန်ရစ်သော လူများကို ကြည့်သည်။ သည်လူတွေကြားမှာ မောင်သိန်းလွင် ဆိုသော သူငယ်ကို မတွေ့တော့။
မောင်သိန်းလွင်... လူငယ်တစ်ယောက်။ ပြီးတော့ နာမည်တစ်ခု။ သည်နာမည်က ဘာထူးခြားသနည်း။ နာမည်တစ်ခုသာ မိမိအတွက် သည်ထက် ဘာမျှ မထူးခြား။
ပလက်ဖောင်းပေါ်တွင် ကျန်ရစ်သော အခြားလူတွေတွင်လည်း နာမည်တွေ ရှိမည်။ အင်းလေ.. လူတွေဆိုတော့ နာမည်တွေ ရှိမည်ပေါ့။ နာမည် ဆိုသည်က ဘာနည်း။ နာမည်က ဘာတွေ သိနိုင်သနည်း။
သထုံမြို့သည်လည်း နောက်၌ ဝေးဝေးကျန်ရစ်သည်။
ယခု ဝေးဝေး ကျန်ရစ်သော မြို့က သထုံမြို့၊ နံနက်က ဟိုအဝေးမှာ ထားခဲ့ရသော မြို့က ရန်ကုန်။ ရန်ကုန်ပဲ... သထုံပဲဟု မိမိက မသိ။ သူတို့ပြောမှ သိရသည်။ သူတို့က ရန်ကုန် ဆိုတော့ ရန်ကုန်ဟု မှတ်လိုက်ရသည်။ သထုံ ဆိုပြန်တော့လည်း သထုံဟု မှတ်ရပြန်သည်။
သည်လိုပဲ မှတ်ထားရသည်။ သူက ဖေဖေ၊ သူက မေမေ၊ ဟိုသူငယ်မလေးက အေးကြည်၊ မိမိက သမီး၊ နာမည်က လဲ့လဲ့။
ဟိုသူငယ်နှင့် ပြောတုန်းက မိမိနာမည် အပြည့်အစုံမှာ ဒေါက်တာလဲ့လဲ့ဟု မေမေက ပြောခဲ့သည်။ ပြီးတော့ ဆရာမ၊ နောက်ပြီးတော့ စာရေးဆရာမ လဲ့နှင်းရည်။ အို... မှတ်ထားရတာတွေ၊ မှတ်ထားရတာတွေ။ သည့်ပြင်တော့ အဓိပ္ပာယ် မရှိ။ ဘာမျှ မရှိ။
လက်လေးတစ်ဖက်က မိမိ၏ ပေါင်ပေါ်ထိ ရောက်လာသည်။
" အင်း "
”မမလဲ့ ရေခဲရေ သောက်မလား”
မမလဲ့... အင်း မိမိနာမည်က လဲ့လဲ့။
လဲ့လဲ့က သိမ်မွေ့စွာပြုံး၍ အေးကြည်ကို ကြည့်သည်။
”ဘာဖြစ်လို့ မေးတာလဲ”
”ပူလာတယ်လေ၊ မမ ရေငတ်မလားလို့”
ရထားတွင်းသို့ ဝင်နေသော လေများမှာ ပူနေကြောင်း လဲ့လဲ့ သတိပြုမိသည်။ မိမိ ရင်မှာလည်း ပူနေ၏။
”အင်း အင်း... သောက်မယ်၊ သောက်ပါ့မယ်”
ရေခဲဓာတ်ဘူးကြီးကို ဖွင့်လျက် အေးကြည်က ရေခဲရေ လုပ်ပေးနေသည်။
လဲ့လဲ့က ဓာတ်ဘူးပေါ်မှ ကုန်အမှတ်တံဆိပ် နာမည်ကို စိတ်တွင်းမှ ဖတ်သည်။
ထိုင်းပေါ်လီ... သားမဲချက်(စ်)... အန်ဘရိတ်ကေးဘဲ(လ်)...။
အင်္ဂလိပ်စကားလုံးများ။ ဪ... သည်စကားလုံးများကိုတော့ မိမိ သိသား။ အဓိပ္ပာယ်ကိုလည်း နားအလည်သား။
အေးကြည် လှမ်းပေးသော ရေခဲရေ ဖန်ခွက်ကို ယူ၍ လဲ့လဲ့က တစ်စုပ် စုပ်သောက်သည်။
အေးမြသည်။ အင်း ပင်လယ်ပြာကြီးကဲ့သို့ အေးမြသည်။ ကျယ်လိုက်ပါသည့် ပင်လယ်ပြာကြီး။ အဆီး မရှိ၊ အတား မရှိ၊ နယ်နိမိတ် မရှိ။ ရွက်လှေကြီးလည်း ရှိသည်။ အိုး ရွက်လှေကြီး မဟုတ်။ အဆောက်အအုံကြီး။
”လဲ့လဲ့သည် ခေါင်းကို ဖြည်းညင်းစွာ ခါသည်။
"မကုန်နိုင်ဘူးလား မမလဲ့"
"အင်..."
"ဪ ရေခဲရေ တော်ပြီလားလို့"
လဲ့လဲ့က ရေခဲရေဖန်ခွက်ကို ငုံ့ကြည့်သည်။
ဖန်ခွက်အပြင်တွင် ရေပေါက်လေးတွေ ဥနေသည်။ ကိုင်ထားသော လက်က အေးအေးမြမြ ခံစားနေရသည်။
"မမလဲ့ ဖြည်းဖြည်းပဲ သောက်မယ်"
"ဪ... ဟုတ်ကဲ့"
ဖန်ခွက်က အေးမြသမျှ ကိုယ်ကို တိုးထိလာသော လေက ပူတလှည့်၊ အေးတလှည့်။
မိမိက ရထားသွားရာဘက်ကို ကျောခိုင်းထားသည်။ လက်ယာဘက်မှာက တောင်တန်းများ ရှိသည်။ သထုံ ဆိုသည်က ထွက်လာစက တောင်တန်းများသည် နီးသည်။ မြင့်လည်း မြင့်သည်။ ယခုတော့ ဝေးသွားပြီ။ နိမ့်လည်း နိမ့်သွားပြီ။
လက်ဝဲဘက် ပြတင်းများမှတစ်ဆင့် လယ်ကွင်းများကို တွေ့ရသည်။ အဆီး မရှိ။ အတား မရှိ ကျယ်သည်။ သွေ့လည်း သွေ့ခြောက်သည်။ လေက ယင်းဘက်မှ ဝင်လာသောကြောင့် ပူသည်။
လယ်ကွင်း ဆိုတော့ မြေကြီး၊ ပြန့်နေသော မြေကြီး။ အဲသည်
မြေကြီးတွေမှာရော နာမည်မရှိဘူးလား။ မြေကြီးကို ဘယ်လို နာမည်ပေးကြမည်နည်း။
လဲ့လဲ့သည် ရေခဲရေကို ကုန်အောင် သောက်ပြီး ဖန်ခွက်ကို အေးကြည်အား ပြန်ပေးလိုက်၏။
ဖေဖေက စာအုပ်တစ်အုပ်ကို ဖတ်နေ၏။ မေမေက မျက်တောင် စင်းလျက် ငိုက်နေသည်။
လဲ့လဲ့သည် ရထားဘေးမှ မြေပြင်ကို ငုံ့ကြည့်သည်။
မြေပြင်က ပြေးနေသည်။ အဆက်မပြတ် ပြေးနေသည်။
အခု မျက်စိအောက် မြေက ခဏလေးတွင် ဟိုး.. အနောက် ရောက်သွားသည်။ နောက် မျက်စိအောက် တစ်ခု။ နောက်တစ်ခါ ဟိုးအနောက် ရောက်သွားသည်။
ကျန်ရစ်သည်။ မြေကြီးတွေ ကျန်ရစ်သည်။ အချိန်တွေလည်း ကျန်ရစ်သည်။
မိမိနောက်မှာ အချိန်တွေ အများကြီး ကျန်ရစ်သည်။ ဒါကိုတော့ မိမိ သိသည်။ အချိန်တွေ ကျန်ရစ်သည်။ သထုံတုန်းက အချိန်။ ရန်ကုန်တုန်းက အချိန်။ အဲသည် နောက်တုန်းက အချိန်။ အဲသည်အချိန်တွေက ဘယ်လိုလဲ။ ဘယ်မှာလဲ။
ဖေဖေက မစဉ်းစားနှင့်ဟု ပြောသည်။ မိမိကတော့ စဉ်းစားရသည်။ အချိန်တွေဆိုတော့ ဟောသည် မြေကြီးလို နေရာတွေလည်း ရှိမည်။ ပြီးတော့ မိမိလည်း ရှိမည်။ ရှိရမည်ပေါ့။ အဲသည် မိမိက ဘယ်မှာလဲ။ အချိန်တွေနှင့် နေရာတွေကကော ဘယ်မှာလဲ။
လဲ့လဲ့သည် ဝမ်းနည်းစွာနှင့် ခေါင်းခါ၏။ ဝဲလာသော မျက်ရည်များကို မျက်တောင်ခတ်၍ ကြိုးစားထိန်းသည်။
ရထားဘေးအနီး မြေကြီးတွေက နောက်သို့ အမြန်ပြေးနေကြသည်။
ဟိုးအဝေးက သစ်ပင်နှင့် တောအုပ်တွေက ဖြည်းဖြည်းလည်ပြီး ရထားနောက် အပြိုင်လိုက်ကြသည်။
တောင်တန်းကြီးတွေ ပြန်ပေါ်လာသည်။ နီးလည်း နီးပြီး၊ မြင့်လည်း မြင့်လာပြန်၏။ ဘယ်တုန်းက ဘယ်က ပေါ်လာကြသနည်း။
မေမေ့အသံ ပေါ်လာ၏။
"ကြည့်စမ်း. ငိုက်သွားလိုက်တာ၊ ဇင်းကျိုက်တောင် ရောက်ပြီ"
"ဇင်းကျိုက်"
မေမေက အပြင်ဘက်သို့ လက်ညှိုးထိုးပြ၏။
"တောင်ကြီး သိပ်မြင့်တာပဲ"
အဲဒီတောင်ကြီးကို ဇင်းကျိုက်တောင်လို့ ခေါ်တယ်၊ ဟိုးထိပ်မှာ ဘုရား၊ ဇင်းကျိုက်ဘုရား... သမီး မမှတ်မိဘူးလား
”ရှင်...”
”သမီး ငယ်ငယ်တုန်းက ဘုရား တက်ဖူးကြတယ်၊ မေမေက သမီး မတက်နိုင်ဘူးလို့ ထင်တာ၊ ဒါပေမဲ့ ဘုရားဆီ သမီးက မေမေတို့ထက် အရင်ရောက်သွားတယ်”
”ဒါဖြင့် ဒါ.. မော်လမြိုင် ရောက်ပြီနော်”
”ကြံကြံဖန်ဖန် သမီးရယ်၊ ဇင်းကျိုက်က ဇင်းကျိုက်၊ မော်လမြိုင်က မော်လမြိုင်၊ မေမေတို့ မော်လမြိုင်ကနေ ဘုရားဖူး လာကြတာ၊ ဇင်းကျိုက်၊ ကျိုက်ထီးရိုး၊ မြသပိတ်တောင်၊ သမီး မမှတ်မိဘူးလား”
လဲ့လဲ့ကလည်း မေမေ့ကို စိုက်ကြည့်သည်။
မေမေ့မျက်နှာက ညှိုးနေသည်။ မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲနေ၏။ လဲ့လဲ့က အားယူ၍ ပြုံးပြသည်။
”သမီး မှတ်တော့ မမှတ်မိဘူး၊ ဒါပေမဲ့ မှတ်မိအောင် သမီး ကြိုးစားနေတယ် မေမေ”
ရထားက ဘူတာတွင် မရပ်။ ဆက်ခုတ်သည်။ ဘူတာတွင် ဇင်းကျိုက် ဟု ရေးထားသော စာတန်းကို လဲ့လဲ့ ဖတ်လိုက်ရသည်။
တောင်ထွတ် မြင့်မြင့်ကြီးက စီးစီးမိုးမိုးနှင့် မြင်ကွင်းမှ တော်တော်နှင့် မပျောက်။
လဲ့လဲ့သည် ထိုင်ခုံကို ကျောမှီပြီး မျက်လုံးများကို ပိတ်လိုက်၏။
ခံ့ညားသော တောင်ထွတ်မြင့်မြင့်ကြီးက မျက်လုံးတွင်းမှ ပျောက်မသွား။
ဇင်းကျိုက်...
ဪ တောင်မြင့်ကြီး၏ နာမည်က ဇင်းကျိုက်။
သို့ရာတွင် တောင်မြင့်ကြီးကို မေးမည်။ ဇင်းကျိုက် ဆိုတာ ဘာလဲ။
တောင်မြင့်ကြီး ဖြေနိုင်မည် မဟုတ်။
မိမိလိုပင် ဖြေနိုင်မည် မဟုတ်။
မိမိ နာမည်က လဲ့လဲ့။ လဲ့လဲ့ကို မေးမည်။ လဲ့လဲ့ဆိုသည် မည်သူနည်း။
မဖြေနိုင်ပါ။ တောင်မြင့်ကြီးလိုပင် မိမိ မဖြေနိုင်ပါ။
ရထားအရှိန်က မြန်လာသဖြင့် လဲ့လဲ့၏ ကိုယ်လေးမှာ သိမ့်သိမ့် လှုပ်နေသည်။
ရထားကြီးကို လဲ့လဲ့ ကျေးဇူးတင်သည်။
လှုပ်ပါစေ။ သိမ့်သိမ့်လှုပ်ပါစေ။
ဒါမှ မသိမည်။ တိတ်တိတ် ကျိတ်လျှက် ရိုက်ငိုမိနေသော မိမိအဖြစ်ကို ဒါမှ လူတွေ မသိမည်။
အခန်း ( ၂ )
အဝတ်အစားက လဲပြီးသွားပြီ။ ဖြီးလိမ်းပြင်ဆင်၍လည်း ပြီးပြီ။ မှုံနံ့သာ နောက်ဆုံး တစ်ချက် တို့ပြီး လဲ့လဲ့သည် မှန်တွင်းလည်းကောင်း ပေါ်နေသော မိမိ၏ သဏ္ဌာန်ကို ငေးစိုက်ကြည့်သည်။
အဲသည်သဏ္ဌာန်က လဲ့လဲ့၊၊ လဲ့လဲ့ ဆိုသည်မှာ အဲသည်သဏ္ဌာန်၊၊ မှတ်ထားရမည်။ မမေ့အောင် မှတ်ထားမည်။ လဲ့လဲ့ ဆိုလျှင် အဲသည်သဏ္ဌာန်။
လဲ့လဲ့က မျက်လုံးများကို ပိတ်လိုက်ပြီး မှန်တွင်း၌ တွေ့ခဲ့ရသောသဏ္ဌာန်ကို ပြန်မြင်ကြည့်သည်။
အစသော် ချက်ချင်း ဘာမျှမမြင်။ နောက်မှ တဖြည်းဖြည်း ထင်လာသည်။ မှန်တွင်းက သဏ္ဌာန်။ ပီသလှသည် မဟုတ်။ ရေးရေးဝါးဝါး။ သို့ရာတွင် မှန်တွင်းက သဏ္ဌာန်မျိုး။ အစက ဤသဏ္ဌာန်မျိုး ရေးရေးဝါးဝါးကိုပင်မြင်ကြည့်၍မရ။ အခုတော့ ရေးရေးဝါးဝါး မြင်ပြီ။ ဪ... လဲ့လဲ့ ဆိုလျှင် သည်ပုံမျိုး။ လဲ့လဲ့က မျက်လုံးပြန်ဖွင့်လိုက်သည်။
မှန်တွင်းမှ သဏ္ဌန်ကို တချက် ကြည့်ပြီး မှန်တင်ခုံပေါ်မှ ပစ္စည်းများကို ကြည့်သည်။
ဆွတ်ဆွတ်ဖြူသော ကိုယ်ထည်။ ဝင်းဝင်းမှည့်သော ရွှေရောင်အဖုံးနှင့် အယ်လစ်ဇဘက်အားဒင်း အသားလှဆီဘူး၊ စိမ်းပြာနုရောင် မက်(စ်)ဖက်တာခရင်းပတ်ဖ်ဘူးဝိုင်းနှင့် မျက်တောင်သ ကိရိယာ လေးထောင့်ဘူးပြား၊ ရွှေရောင် မက်(စ်)ဖက်တာ နှုတ်ခမ်းဆိုးတောင့်ကြုတ်၊ အီးဗင်းနင်းအင်ပဲရစ်(စ်) ခေါင်းလိမ်းဆီ ခရင်းဘူးပြာ၊ ရေမွှေးပုလင်းက သုံးလုံး၊ နှင်းဆီနက်တံဆိပ်နှင့် ဂိုလာ ကိုယ်လိမ်းပေါင်ဒါဘူးကြီး၊ ဖော်မြူလာ ဆစ်စတင်း ရှမ်ပူးပုလင်း၊ အလှပြင်ပစ္စည်းတွေက စုံသည်။ မှန်တင်ခုံပေါ်တွင် စနစ်တကျ သပ်သပ်ရပ်ရပ် စီစီစဉ်စဉ်လည်း ရှိနေသည်။
သည်ပစ္စည်းတွေကို ဘယ်တုန်းက ဘယ်သူ လာထားသနည်း။ မေမေလော... အေးကြည်လော။
လဲ့လဲ့သည် ရေမွှေး မဆွတ်ရသေးသည်ကို သတိရသည်။
ရက်ဗလွန် ရေမွှေးပုလင်းကြီးကို ယူကာ ငွေရောင်အဖုံးကို ဖွင့်လျှက် ခလုတ်ကို နှိပ်မည်ပြုပြီးမှ နမ်းကြည့်သည်။ ရနံ့က အနည်းငယ် ပြင်းလွန်းသည် ထင်၏။ ရာသီက ပူအိုက်အိုက်လွန်းနိုင်သည်။
လဲ့လဲ့က ရှယ်နယ်(လ်)ဖိုက် ရေမွှေးပုလင်းပြားလေးကို ယူ၍ ဖန်တုံးအဖုံးလေးကို ဖွင့်ကာ နမ်းကြည့်ပြန်သည်။
ရနံ့က မွှေးသော်လည်း စိတ်တွင်းမှ အေးမသွား။
ပုလင်းပြားလေးကို ချပြီး အော်ဒီကိုလုန်း ရေမွှေးပုလင်းကြီးကို ယူ၍ အဖုံးဖွင့် နမ်းကြည့်ပြန်သည်။
ပုလင်းက ပုံပန်းမကျ။ သို့သော် ရနံ့က သင်းသည်။ ရင်တွင်းမှ အေးအောင် သင်းသည်။
လဲ့လဲ့သည် လက်ဖျား၌ ရေမွှေး ဆွတ်ကာ နားသယ်ဆံစနှင့် လည်ပင်းများကို တို့ဆွတ်သည်။ လက်ကိုင်ပဝါလေးကိုလည်း တို့ဆွတ်လိုက်၏။
လက်ကိုင်ပဝါလေးကို နှားခေါင်းနား ကပ်၍ ရနံ့သင်းသင်း အေးအေးကို ရှိုက်ရှူသည်။
စိတ်တွင်းမှာ ကြည်လင်လန်းဆန်းသွားသည်ဟု ခံစားရ၏။
လဲ့လဲ့က အခန်းတစ်ခွင်ကို မျက်လုံး ဝှေ့ကြည့်သည်။
စိမ်းဖြူနုနု ဆေးရောင်နှင့် အခန်းနံရံများက အမြင် အေးချမ်းသည်။ တောက်ပသော သစ်သား တစ်ယောက်အိပ် ကုတင်ထက်မှာ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်နှင့် ခြင်ထောင်တို့က ဖြူဖွေးသန့်စင်နေသည်။
ပြတင်းကျယ်တခုအနီး၌ စာရေးစားပွဲတခု ရှိသည်။ မှန်တင်ခုံနှင့် မျက်နှာချင်းဆိုင်လျှက် နံရံတစ်ဖက်တွင် တပ်ထားသော ကိုယ်လုံးပေါ် မတ်တပ်ဗီရိုတစ်လုံး ရှိနေသေးသည်။
လဲ့လဲ့က မှန်တင်ခုံနှင့် ဗီရိုကြားတွင် သွားရပ်သည်။
သည်လိုဆိုတော့ မိမိပါနှင့် သဏ္ဌာန်သုံးခု။ လဲ့လဲ့ သုံးယောက်။
အားလုံး အင်္ကျီဖြူနှင့် ထဘီပြာနုနုလေးကို ဝတ်ထားကြသည်။
လဲ့လဲ့က စာရေးစားပွဲဆီ လျှောက်သွားသည်။ အဲ့သည်ပေါ်မှာကလည်း လဲ့လဲ့တစ်ယောက်။
သည်လဲ့လဲ့ကမူ ခြောက်လက်မခန့် ငွေရောင်ဘောင်တွင်းမှ ပြုံးပြုံးလေး ကြည့်နေသည်။
ကိုယ်တစ်ပိုင်းပေါ်ပုံ ဖြစ်သည်။ လေးထောင့်ဦးထုပ်ကို ဆောင်းထားပြီး ဝတ်ရုံနက်ကို ခြုံထားသည်။
နံရံပေါ်က ဓာတ်ပုံကြီးတခုတွင်းမှာလည်း လဲ့လဲ့တစ်ယောက် ရှိသေးသည်။ အဲ့သည် လဲ့လဲ့ကတော့ ဘီးဆံထုံးနှင့်၊ ပန်းရောင် အစင်းများပါသည့် ဝတ်ရုံနက်နှင့်။
သည်လဲ့လဲ့ကလည်း မိမိကို ပြုံးပြနေသည်။
သူတို့၏ အပြုံးလေးတွေက လှပနေသည်။ တောက်တောက်ရွှန်ရွှန်း ရှိသည်။
လဲ့လဲ့က မှန်တင်ခုံရှေ့ သွားရပ်ပြီး ပြုံးကြည့်၏။
ပြုံးရသည်က ပင်ပန်းသည်။ ပြီးတော့ မှန်းတွင်းက မိမိ၏ အပြုံးက ဓာတ်ပုံများတွင်းက သူတို့အပြုံးလို မလှပ။ မတောက်ရွှန်း။
လှပတောက်ရွှန်းအောင် ဘယ်လိုပြုံးရမည်နည်း။
လဲ့လဲ့သည် ခုတင်ထက်၌ ငြိမ်ငြိမ်လေး ထိုင်သည်။
မနေ့က သည်တိုက်ကြီးဆီ ရောက်လာသည်။ သည်အခန်းမှာ တစ်ည အိပ်ပြီးပြီ။ သည်တိုက်ကြီးက မိမိတို့၏ အိမ်ဟုဆိုသည်။
သည်အခန်းက မိမိနေခဲ့သည့် အခန်းဟု ဆိုသည်။
အဲသည်တော့ အင်း ... မှတ်ထားရသည်။ မှတ်ထားလိုက်ရသည်။
လဲ့လဲ့က မိမိကိုယ်ကို ငုံ့ကြည့်သည်။
မိမိက ရေမိုးချိုး ဝတ်စား ပြီးလိမ်း ပြင်ဆင်ပြီးပြီ။ ပြီးတော့ ဘာလုပ်ရမည်နည်း။ ဝတ်စားပြီးလိမ်း ပြင်ဆင်ပြီးလျှင် ဓာတ်ပုံတွင်းက လဲ့လဲ့တို့ ဘာလုပ်သနည်း။ မိမိကတော့ မသိ။
လဲ့လဲ့သည် စိတ်ရှုပ်ထွေးလာပြီး ရှေ့တည့်တည့်ရှိ တံခါးဆီလာ၏။ တံခါးမှ ထွက်လိုက်သောအခါ ဝရန်တာလေးပေါ် ရောက်သွားသည်။
မိမိက အိမ်ပေါ်ထပ်မှ၊ အောက်က ခြံဝင်းကြီးက ကျယ်သည်။ မြက်ခင်းလေးတွေကလည်း စိမ်းနေ၏။
အိမ်နှင့် အတန်လှမ်းသော ခြံစည်းရိုး၏ အပြင်ဘက်တွင် ကတ္တရာ လမ်းမကြီး ရှိသည်။ လမ်းတစ်ဖက်မှာက ခြံကြီးတွေ၊ စိမ်းမှောင်သော သစ်ပင်အုပ်ကြီးတွေနှင့် ခြံကြီးတွေ။
နေက စောင်းကျနေပြီ။ လေက အေးအေးလေး တိုက်လာခဲ့၏။
ဪ ဒါက မော်လမြိုင်။ မော်လမြိုင် ဆိုသည်ကလည်း နာမည် တစ်ခု။ သစ်ပင်တွေ၊ တောတွေ၊ တောင်တွေနှင့် မြေကြီး၏ နာမည်တစ်ခု၊၊
အိမ်၏ လက်ဝဲဘက် မြေပြင်ဆီသို့ လဲ့လဲ့၏ မျက်လုံးများ ရောက်သွားသည်။
အင်္ဂတေလမ်းဘေး မြက်ခင်းစပ် သစ်ပင်ရိပ်၌ သစ်လွင်လှပသော ဖက်ဖူးရောင် ကားလေးတစ်စီး ရပ်ထားသည်။ လူတစ်ယောက်က ကား ကိုယ်ထည်ပေါ် ကြက်မွေးနှင့် ယုယုယယ လှည်းနေသည်။
ကားလေးကို အတန်ကြာ စိုက်ကြည့်နေပြီးမှ လဲ့လဲ့သည် အခန်းတွင်း ပြန်ဝင်ကာ ခြံတွင်းဆီ ဆင်းခဲ့သည်။
ကားကို ကြက်မွေးနှင့်လှည်းနေသော လူကြီးက ပြုံး၍ နှုတ်ဆက်သည်။
”လဲ့လဲ့ ရေချိုးပြီးသွားပြီလား”
”ဟုတ်... ဟုတ်ကဲ့”
လဲ့လဲ့က လူကြီး၏ မျက်နှာကို ကြည့်ရင်း ဖြေသည်။
သူ့မျက်နှာက သဘောကောင်းပုံရသည်။ မနေ့ကတည်းက လာကြိုသော သူနှင့် ကားကို သင်္ဘောဆိပ်မှာ တွေ့ခဲ့သည်။ အဲသည်ကတည်းက သူက မိမိကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံသည်။
သူ့နာမည်က ဘယ်သူ။ ဖေဖေ ခေါ်သံတော့ အကြားလိုက်သား။
ယခုတော့ သတိမရပြီ။
”ကဲ လဲ့လဲ့၊ ဘယ်သွားမလဲ"
”ရှင်”
"လဲ့လဲ့ သွားချင်ရင် သွားဖို့ ဦးလေး ကားထုတ်ထားတာ"
"လဲ့လဲ့ သွားဖို့၊ လဲ့လဲ့က ဘယ်သွားရမလဲ"
လူကြီးက ရယ်၏။
"ခါတိုင်း ပြန်လာလို့ ဟောဒီလို နွေညနေစောင်း ဆိုရင် ရေချိုးပြီး
လဲ့လဲ့ ဟိုဟိုဒီဒီ သွားတတ်တာပဲ"
"ဟိုဟိုဒီဒီ... အဲဒါက ဘယ်ကိုလဲ"
"ဪ.. ဟိုသင်း သာယာအေးချမ်းတဲ့ နေရာလေးတွေကိုပေါ့၊ လဲ့လဲ့က သာယာအေးချမ်းတဲ့ နေရာလေးတွေကို ကြိုက်တယ်၊ အဲဒီမှာ တစ်ယောက်တည်း ထိုင်တယ်၊ တစ်ခါတလေ အကြာကြီး ထိုင်တယ်၊ ပြီးတော့ ကဗျာလေးတွေရေးတယ်တဲ့၊ ဝတ္ထုလေးတွေရေး တယ်တဲ့၊ လဲ့လဲ့ပဲ ဦးလေးကို ပြောတာလေ"
လဲ့လဲ့ ကဗျာစပ်တတ်တယ်"
"အင်း..."
"ပြီးတော့ ဝတ္ထုလည်း ရေးတတ်တယ်"
"အင်း.."
လဲ့လဲ့က သက်ပြင်းရှိုက်သည်။ အတန်လေးကြာမှ မေးသည်။
"အဲဒီသာယာအေးချမ်းတဲ့ နေရာလေးတွေက ဘယ်မှာလဲ"
"လဲ့လဲ့ မမှတ်မိဘူး၊ ဒါကို ဦးလေး နားလည်ပါတယ်၊ ကဲ..
သွားချင်ရင် ကားပေါ်တက်၊ ဦးလေး လိုက်ပြပေးမယ်"
လဲ့လဲ့က တိုက်ကြီးဆီ လှမ်းကြည့်၏။
မေမေက တိုက်တွင်းမှ ထွက်လာသည်။ မေမေလည်း ရေချိုးပြီးစ မှုန်နံ့သာနှင့်။ မေမေက ချောသည်။ ယခု မျက်နှာက ပြုံးရွှင်နေသည်။
" ဟော သမီး ဘယ်သွားမလို့လဲ"
လဲ့လဲ့က မဖြေ။ ဖြေစရာလည်း မရှိ။
"လဲ့လဲ့ကို သွားနေကျ နေရာလေးတွေ လိုက်ပြမယ်လို့ ကျွန်တော်က ပြောနေတယ်။ သူ ဟိုသင်း မှတ်မိအောင်လေ"
"အား... ကောင်းတယ် ကောင်းတယ်၊ သွားလေ... သမီး၊
သမီး ဒီလိုပဲ မောင်ဟန်မြင့် သွားနေကျ"
" မေမေက မလိုက်ဘူးလား"
"ဟင့်အင်း သမီး သွားနေကျ နေရာတွေကို သမီး ဒီအတိုင်းပဲ သွားပါစေလို့ သမီး ဖေဖေက မေမေ့ကို အဲဒီလိုပဲ မှာထားတယ်"
လဲ့လဲ့က မေမေ့ကို တစ်ချက် စိုက်ကြည့်သည်။ ထိုနောက် ဘာမျှ မပြောတော့ဘဲ ကားနောက်ခန်း၌ ဝင်လိုင်၏။
ဦးဟန်မြင့်က ကားလေးကို မြို့တွင်းမှ မောင်းထွက်ခဲ့ပြီး လမ်းမကြီးအတိုင်း လက်ယာဘက်သို့ ဆက်လာခဲ့၏။
"အဲဒီအတိုင်း သွားရင် ဘယ်ရောက်မလဲ"
" လေယဉ်ပျံကွင်းကို ရောက်သွားမယ်။ အဲဒီက ညာဘက်ချိုးပြီး
ဆက်သွားရင် ဟိုး... တောင်ဝိုင်း တောင်ခြေအထိ ရောက်သွားမယ်"
" တောင်ဝိုင်း"
"ဟုတ်တယ်၊ ဪ... ဟိုမှာလေ"
ဦးဟန်မြင့်က လက်တစ်ဖက်ဖြင့် ရှေ့တည့်တည့်သို့ ညွှန်ပြ၏။
လဲ့လဲ့က တောင်တန်းကြီး တစ်ခုကို မြင်ရသည်။
ဪ... သည်တောင်တန်းကြီးကိုတော့ အိမ်အပေါ်ထပ်မှလည်း မြင်ရသား၊ နာမည်သာ မသိသည်။ ယခုတော့ သူ့မှာလည်း နာမည်နှင့်။ တောင်ဝိုင်း။
"အဲဒီတောင်ဝိုင်းကို အခု သွားမလို့လား"
"မဟုတ်ဘူး"
ဦးဟန်မြင့်က ကားလေးကို လက်ယာဘက်သို့ ချိုးကွေ့လိုက်၏။
ဂိတ်ဝကြီးတစ်ခု။ ဂိတ်ဝအနီး ဆိုင်းဘုတ်ကြီးတစ်ခုအပေါ်၌ မော်လမြိုင်ကောလိပ်ဟု ရေးထားသည်။
"ဒါ ကောလိပ်"
"ဟုတ်တယ်၊ လဲ့လဲ့ တက်ခဲ့တဲ့ ကောလိပ်"
လဲ့လဲ့ ငြိမ်သွား၏။ လဲ့လဲ့ တက်ခဲ့တဲ့ ကောလိပ်ဟူသော စကားက နားတွင်း၌ မြည်နေ၏။
လမ်းမကြီးက ညီညာဖြောင့်တန်းပြီး ကျယ်ဝန်းသည်။ တစ်ဖက် တစ်ချက်၌ အိမ်နှင့် ခြံဝင်းများ ရှိသည်။ ခြံဝင်းများတွင်းရှိ ပန်းချီများ၌ နီနီ၊ ဖြူဖြူပန်းတွေ အဆုပ်လိုက် ပွင့်နေသည်။ ပန်းခိုင်ဝါ အတွဲတွဲနှင့် သစ်ပင်များလည်း ရှိကြ၏။ ပြုပြင်ထားသော ပန်းခင်းများကိုလည်း တွေ့ရသည်။
လဲ့လဲ့က ဆိုသည်။
"ပန်းခြံကြီး"
"ဟုတ်တယ်၊ မော်လမြိုင်ကောလိပ်က ခုအချိန်ဆို ပန်းခြံကြီး"
အုတ်ခုံဖြူနှစ်ခု ရှိသော ခြံဝတစ်ခုအလွန်၌ ဦးဟန်မြင့်က ကားကို ရပ်၏။
"ဘာပြုလို့လဲ ဟင် ဦးလေး"
"လဲ့လဲ့ ဆင်းလျှောက်လေ၊ လဲ့လဲ့က ဒီနေရာမှာ အမြဲ ဆင်းလျှောက်တယ်၊ ဟိုမှာလေ လဲ့လဲ့ သိပ်ချစ်တယ် ဆိုတဲ့ ပန်းတွေ"
လဲ့လဲ့က ရှေ့တည့်တည့်သို့ ကြည့်သည်။
လှသည်။ လမ်းတစ်ဖက်တစ်ချက်တွင် ထိန်ထိန် နီနီနှင့် လှသည်။
ဦးဟန်မြင့် က ဆင်းလာပြီး နောက်ခန်းတံခါး ဖွင့်ပေးသောအခါ လဲ့လဲ့သည် အိပ်မက်တွင်းမှ လူကဲ့သို့ ဆင်းလိုက်သည်။
"လဲ့လဲ့ လျှောက်လာ၊ ဦးလေး ဟိုးကောလိပ်ကြီးရှေ့မှာ စောင့်နေမယ်"
ကားလေးက ဖြည်းဖြည်းလိမ့်ပြီး ဆက်ထွက်သွားသည်။
လဲ့လဲ့က လမ်း၏ လက်ဝဲဘက် ပလက်ဖောင်းပေါ် တက်ရပ်လိုက်သည်။ အသက်ရှူလေး အောင့်ထားပြီး လဲ့လဲ့က ရှုခင်းကို ငေးကြည့်သည်။
လမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် သူတို့ တန်းစီနေကြသည်။
အပင်လေးတွေက ဝိုင်းဝိုင်းပြေပြေနှင့် အနိမ့် အမြင့် ညီညာသည်။ အားလုံးက ရဲရဲနီသော အပွင့်တွေကို ပင်လုံးကျွတ် ဝေအောင်၊ လျှမ်းအောင်၊ ထိန်အောင် ဆင်ထားကြသည်။ ပြိုင်နေသော ပင်တန်းနီနီ နှစ်တန်း၏ အပြင်တွင် စိမ်းမြသော
အခြားသစ်ပင်များ ရှိကြသည်။ သည်အစိမ်းတွေ အလယ်တွင် ပင်တန်းနီနီ နှစ်သွယ်က သီးသန့်ဖြစ်သော တောတန်းနီနီလေး ဖြစ်နေသည်။
တောတန်းနီနီလေး အောက်တွင် လဲ့လဲ့က ဖြည်းညင်းစွာ စလျှောက်သည်။
ဘေးတစ်ဖက်တစ်ချက်ကလည်း ထိန်ထိန်နီသည်။ ခေါင်းထက်ကလည်း ထိန်ထိန်နီသည်။ လဲ့လဲ့၏ မျက်လုံးတွင်းမှာရော ရင်တွင်းမှာပါ ထိန်ထိန်နီနေသည်။
လမ်းခုလတ်တွင် လဲ့လဲ့က ရပ်လိုက်၏။
လဲ့လဲ့ လျှောက်နေသော ပလက်ဖောင်းဖြူဖြူပေါ်တွင်လည်း ပန်းနီနီလေးတွေ ရှိနေသည်။
အချို့က နွမ်းခြောက်နေသည်။ အချို့က ပြားကျေနေ၏။ တချို့တလေက ကြွေခါစမို့ ထင်သည်။ လန်းလန်းလတ်လတ် နီနီရဲရဲ။
လဲ့လဲ့က ခေါင်းပေါ်သို့ မော့ကြည့်သည်။ ပန်းနီနီတွေက ကြော့ကြော့မော့မော့။ လေအတိုးမှာ နွဲ့ကြ၊ ယိမ်းကြသေးသည်။ ကနေသယောင်၊ မြူးနေသယောင်၊ ပျော်နေသယောင်။
သည်ကြားထဲက ပွင့်ဖတ် ပွင့်လွှာလေးတွေက တစ်ချီတစ်ချီတွင် ကြွေကျလာနေသေးသည်။
လဲ့လဲ့က ပလက်ဖောင်းပေါ်မှ ပန်းတစ်ခက်ကို ကောက်ယူလိုက်သည်။ ပွင့်ဖတ်လေးတွေက နီသည်။ ပွင့်ဖတ်ထိပ် အနားသားလေးတွေမှာ ရွှေဝါသွေး ရိပ်ရိပ်လေး ပြေးနေသည်။ ဪ... ဒါကြောင့် သူတို့သည် ထိန်ထိန်နီရဟန် တူသည်။
လဲ့လဲ့က ပန်းခက်လေးကို ဝမ်းနည်းစွာနှင့် ကြည့်သည်။
လှလိုက်သည့် ပန်းကလေး။ မြေ၌ အကြွေမှာ နင်းသူက နင်းရက်သည်။
မိမိကတော့ မနင်း၊ မချေ။ အို... မကြွေပါစေနှင့်။
လဲ့လဲ့သည် ပန်းခက်လေးကို ကိုင်ပြီး ဆက်လျှောက်လာသည်။
ပင်တန်းနီနီလေး ဆုံးသွား၏။
ဖြူဖွေးခန့်ထည်သော သုံးထပ်တိုက် အဆောက်အအုံကြီးက မားမား ရပ်နေသည်။ လဲ့လဲ့က အဆောက်အအုံကြီးကို မော့၍ ကြည့်သည်။
ကောလိပ်... ။
ဪ မိမိ တက်ခဲ့သည် ဆိုသော ကောလိပ်။
လဲ့လဲ့က မတုန်မလှုပ် ရပ်နေခိုက် ဦးဟန်မြင့်က ချဉ်းကပ်လာသည်။
" ဟောဟိုမှာ မြင်လား၊ တောင်ဝိုင်း"
ဦးဟန်မြင့် ညွှန်ပြသော လက်ဝဲဘက်ဆီသို့ လဲ့လဲ့က လှမ်းကြည့်သည်။
ညီညာကျယ်ဝန်းသော လမ်းမကြီးက သည်ဘက်ဆီ ခွဲထွက်လာသည်။ ပြေပြေလေး လျှောနိမ့်သွားပြီး တံတားဖြူလေးတစ်ခု အရောက်၌ ပြန်မော့တက်ကာ လက်ဝဲဘက်သို့ ဝိုက်ကွေ့သွားသည်။
လမ်းမကြီးအတိုင်း လိုက်မဝေ့ဘဲ မျက်လုံးများကို ရှေ့တည့်တည့်သို့ ဆန့်မျှော်ကြည့်လျှင် စိမ်းညို သော တောင်တန်းကြီးကို တွေ့ရ၏။
လဲ့လဲ့က တံတားဖြူလေးကို ပြန်ကြည့်သည်။ တံတားဖြူလေးအနီး လမ်းမဘေးမှ တောအုပ်လေးက လှပသည်။ သစ်ပင်များက သစ်ပင် ပီသ အချိုးကျသည်။
လဲ့လဲ့က ဦးဟန်မြင့်ကို မော့ကြည့်၏။
ဦးဟန်မြင့်က အေးချမ်းစွာ ပြောသည်။
"လဲ့လဲ့ အကြာကြီး ထိုင်တတ်တယ် ဆိုတာ အဲဒီတံတားဖြူလေးနားမှာပေါ့ "
"အဲဒီမှာ ဘာရှိလဲ"
"အဲဒါတော့ ဘယ်ပြောတတ်မလဲ၊ လဲ့လဲ့ ထိုင်တတ်တာကို ပြောတာ၊ လဲ့ သွားကြည့်လေ၊ ဦးလေး ဒီက လှမ်းကြည့်နေမယ်"
တံတားဖြူလေး... လှပသော တောအုပ်။ မိမိ ထိုင်တတ်သည် ဆိုသော နေရာလေး။
လဲ့လဲ့က ဖြည်းညင်းစွာပင် တံတားဖြူလေးဆီ ရှေးရှုလျှောက်လာသည်။
အနီးရောက်မှ တံတားဖြူလေးသည် ချောင်းတစ်ခုပေါ်မှာ ရှိနေကြောင်း လဲ့လဲ့ တွေ့ရသည်။
တံတား၏ လက်ဝဲဘက် အင်္ဂတေ ဘေးကာ လက်တန်းပေါ်မှ စီးငုံ့၍ လဲ့လဲ့က ချောင်းတွင်းကို ကြည့်သည်။
ချောင်းတွင်း၌ ရေမရှိ။ ရေခန်းနေသော မြေပြင်တွင် အရွယ်အစား အမျိုးမျိုးသော ကျောက်ခဲ ကျောက်တုံးလေးများ ပေါ်နေကြသည်။
လဲ့လဲ့က ကိုယ်ကို လှည့်ပြီး ဘေးကာလက်တန်းကို မှီရပ်၍ တောင်တန်းကြီးကို ကြည့်သည်။
သည်နေရာက ကြည့်တော့ တောင်တန်းတစ်ကြောလုံးကို မြင်ရသည်။ဟိုနား တစ်ဆူ၊ သည်နား တစ်ဆူနှင့် တောင်တန်းပေါ်တွင် စေတီဖြူဖြူလေးတွေလည်း ရှိနေသည်။
တောင်တန်းကြီးက ငြိမ်ငြိမ်ကြီး လဲလျောင်းနေသည်။ သည်လို ငြိမ်ငြိမ်ကြီး လဲလျောင်းနေသည်မှာ မည်မျှ ကြာပြီနည်း။
သည်ချောင်းမှာ ရေခန်းသည်မှာလည်း မည်မျှ ကြာပြီနည်း။ ရေမရှိတော့သည့် ချောင်းကို ချောင်းဟု ခေါ်နိုင်ပါသေးသည်လော။
လဲ့လဲ့၏ ရင်မှာ ဆို့ဆို့နှင့်နှင့်လေး ဖြစ်သွားမိသည်။
ဘာကိုမျှ မမှတ်မိသော မိမိ၏ ဘဝသည် ရေမရှိတော့သည့် သည် ချောင်းလေးနှင့် ဘာများ ကွာခြားပါသနည်း။
မျက်ရည်ဝဲလျက်က လဲ့လဲ့သည် လှပသော တောလေးကို ကြည့်သည်။
တောလေးက လှပပါသည်။ သို့ရာတွင် တောလေးက သပ်သပ်။ မိမိက သပ်သပ်။ တောင်တန်းကြီးကလည်း သီးသန့်။ မိမိကလည်း သီးသန့်။ ချောင်လေးက ချောင်းလေး... မိမိက မိမိ။
အိုး.. မိမိက တစ်ယောက်တည်း။ သည်လောကကြီးမှာ တစ်ယောက်တည်း။ မိမိ၏ တစ်ယောက်ထီးတည်း အဖြစ်ကို မိမိသာလျှင် သိသည်။
လဲ့လဲ့သည် လက်တွင်းမှ ပန်းခိုင်လေးကို ကြည့်သည်။
ပန်းခိုင်လေးကလည်း ထီးတည်း။ ဟိုတောတန်းနီနီ ပင်ထက်က မြူး၊ ကြွ၊ လှနေသော ပန်းတွေနှင့် အဆက်ပြတ်ခဲ့ရပြီ။
ကိုယ့်ဘဝ ကိုယ် သိပါစ အို ပန်းခိုင်လေးရယ်။
လဲ့လဲ့က စတင်ငိုသည်။ တိတ်တိတ်လေး ကျိတ်၍ငိုသည်။ လူမသိအောင် ငိုသည်။
အင်္ဂတေလက်တန်းကို တစုံတစ်ခုနှင့် အသာအယာ ခေါက်သံ ကြားသဖြင့် လဲ့လဲ့က အထိတ်တလန့်လေး မော့ကြည့်သည်။
သူက လက်တန်းတစ်ဖက်ထိပ်၌ ရပ်နေသည်။
လဲ့လဲ့ကို စိုက်ကြည့်နေပြီးမှ လက်တွင်းမှ ကျောက်ခဲလေးတစ်လုံးကို ချောင်းတွင်းသို့ သူ ပစ်ချလိုက်၏။
လဲ့လဲ့ ကြောင်ကြည့်နေခိုက် သူက ဖြည်းညင်းသက်သာစွာဖြင့် လဲ့လဲ့ဆီသို့ လျှောက်လာသည်။
"ခင်ဗျားကို ကျွန်တော် နှောင့်ယှက်မိတယ်"
သူ့အသံက သူ့အမှုအရာကဲ့သို့ပင် အေးချမ်းသက်သာသည်။ သူ့စကားက တောင်းပန်သော စကားမူ မဟုတ်။ တောင်းပန်မှုသဘော မပါဟုလည်း မဆိုနိုင်။
"ကျွန်တော့်ဘာသာ ကျွန်တော် လမ်းလျှောက်လာတာပဲ၊ ဒါပေမဲ့ ငိုနေတဲ့ မိန်းမသားတစ်ယောက်ကို ဥပေက္ခာပြုပြီး ကျွန်တော် ဖြတ်မသွားနိုင်ဘူး၊ ကျွန်တော် ဘာအကူအညီ ပေးနိုင်ပါသလဲ"
လဲ့လဲ့က သူ့ကို ကြောင်ကြည့်နေဆဲ ဖြစ်သည်။ သူ့နောက်ဆုံး အမေးကို ကြားမှ ဖြည်းညင်းစွာ ခေါင်းခါ ပြ၏။
"အင်းလေ... ငိုနေတဲ့ လူတစ်ယောက်ကို ကျွန်တော်က ဘာမို့ အကူအညီပေးနိုင်မှာလဲ၊ ဝတ္တရားရှိလို့သာ မေးရတယ်၊ ခင်ဗျား ငိုနေတာတွေ့တော့ ကျွန်တော်လည်း အားကျမိတယ်"
"ရှင် "
လူဆိုတာဟာ ခံစားတတ်တဲ့ သတ္တဝါပဲ၊ ရယ်စရာ ရှိရင် ရယ်မယ်။ ငိုစရာရှိရင် ငိုမယ်၊ ငိုစရာရှိရက်နဲ့ ငိုခွင့်မရှိတဲ့ လူတွေလည်း ဒီလောကမှာ ရှိတယ်၊ ဥပမာ- ကျွန်တော်တို့လို ယောက်ျားတွေပေါ့၊ ကျွန်တော်တို့မှာ ငိုခွင့်က သိပ်မရှိဘူး"
"ရှင်ကကော ငို ငိုချင်နေလို့လား"
"မတိတ်တမ်း နှစ်ကိုယ် နှစ်ကိုယ် ယှဉ်တယ်၊ ပြိုင်ငိုချင်စမ်းပါဘိလေးလို့ ရှေးက စာရှိတယ်။ ကျွန်တော့်အတွက်လည်း ဒီလိုပဲ၊ ပြိုင်ပြီးတော့ မဟုတ်တာတောင် တစ်ယောက်တည်း ငိုချင်မိတဲ့ အချိန်တွေ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော် အဲ... မငိုခဲ့ပါဘူး"
"ရှင်က ဘာလို့ ငိုချင်ရတာလဲ"
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ကိသာဂေါတမီကို ဗုဒ္ဓက သေခြင်းတရား မရှိတဲ့ အိမ်က မုန်ညင်းစေ့ ရှာခိုင်းခဲ့ဖူးတယ်၊ ကိသာဂေါတမီဟာ သေခြင်းတရား မရှိတဲ့အိမ် ရှာမတွေ့ပါဘူး၊ ဒီလိုပဲ မငိုချင်တဲ့ လူတစ်ယောက်ကို ဒီလောကမှာ ရှာလို့ မတွေ့နိုင်ဘူး ထင်တယ်"
လဲ့လဲ့က သူ့ကို စူးစိုက်ကြည့်သည်။
သူ့ရုပ်ရည်က မွန်ရည်သည်။ မျက်နှာထားက တည်ကြည်ပြီး ချိုသာအေးချမ်း၏။ ပေါ်ထင်သော မျက်ခုံးများအောက်မှ မျက်လုံးများသည် ကြည်လင်ပြီး ပျော့ပျောင်းနူးညံ့၏။
"ရှင်... ရှင် ဘယ်သူလဲ"
သူက လဲ့လဲ့၏ လက်တွင်းမှ ပန်းလေးကို ကြည့်ပြီး ဖြေ၏။
"ကျွန်တော့်နာမည်က ခင်ဗျား လက်ထဲက ပန်းရဲ့ နာမည်ပဲ၊ တိုက်ဆိုင်တတ်တယ်"
"ရှင်... ဒီ ဒီ... ပန်းနာမည်"
"ဟုတ်တယ်"
လဲ့လဲ့က ဝမ်းနည်းစွာ ပြုံးရင်း ခေါင်းခါသည်။
"ဒီပန်းနာမည်ကို ကျွန်မ ကျွန်မ မသိဘူး"
"ဗျာ.. ဒီပန်းနာမည်ကို ခင်ဗျား မသိဘူး"
"မသိဘူး၊ ကျွန်မ မသိတာတွေ အများကြီးပဲ၊ မသိတာတွေကို မသိဘူးလို့ လျှောက်ပြောနေရင်လည်း ဆုံးတော့မှာ မဟုတ်ဘူး၊ ဒီတော့ မသိခြင်းတွေ အများကြီးနဲ့ပဲ ကျွန်မ နေနေရတယ်"
သူက လဲ့လဲ့ကို စိုက်ကြည့်နေပြီးနောက် ခေါင်း တဆတ်ဆတ်ညိတ်၏။
"မသိခြင်းတွေ အများကြီးနဲ့ နေနေရတယ်ဆိုတဲ့ ခင်ဗျားရဲ့ စကားကို ကျွန်တော် သိပ်ကြိုက်တယ်၊ အမှန်က လူတိုင်းလိုလိုဟာ မသိခြင်းတွေ အများကြီးနဲ့ နေနေကြတာ၊ ထားပါတော့လေ၊ ဟောဒီပန်းလေး နာမည် ကျွန်တော် ပြောပြမယ်၊ စိန်ပန်း .. တဲ့"
"စိန်ပန်း"
"ဟုတ်တယ်၊ သူက မျက်နှာငယ်ပန်းပါ"
"ရှင်... မျက်နှာငယ်ပန်း"
"ပိတောက်နဲ့ ယှဉ်တော့ သူ မျက်နှာငယ်ရတယ်၊ ဪ..ပိတောက်ကိုရော ခင်ဗျား သိသလား"
မဲ့ပြုံးလေး ပြုံးပြီး လဲ့လဲ့က ခေါင်းခါပြ၏။
"ပိတောက်ဆိုတာ ဟောဟိုအပင်က ပွင့်တာ"
သူက လမ်းဘေးရှိ အပင်တစ်ပင်ကို လက်ညှိုးညွှန်ပြ၏။
အပင်က အတန်လေး မြင့်သည်။ ရွက်နုတွေက လန်းဆန်းသစ်လွင်နေ၏။
"သင်္ကြန်ရောက်ခါနီးပြီ၊ သင်္ကြန်ဆို သူတို့ ပွင့်ကြမယ်၊ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်တည်းတဲ့၊ သူက ရှားရှားပါးပါး ပွင့်တယ်၊ သူ့ကို မြတ်နိုးကြတယ်လေ၊ ရှားပါးတယ် မဟုတ်လား၊ ဟောဒီ စိန်ပန်းခမျာကတော့.."
သူက လဲ့လဲ့၏ လက်တွင်းမှ စိန်ပန်းပွင့်လေးကို ညွှန်ပြသည်။
"သူလည်း တစ်နှစ်မှ တစ်ခါ ပွင့်တာပဲ၊ သူကတော့ အကြာကြီးပွင့်တယ်၊ ဟောဒီလို နွေဦးက စပွင့်လိုက်တာဟာ မိုးတွေ ဖြိုင်ဖြိုင်ရွာတဲ့အထိပဲ၊ မိုးကပ် ခြွေခြွေ၊ လေကပ် ဖြုတ်ဖြုတ် သူကတော့ ဆက်ပွင့်နေတာပဲ၊ သူ့ကို ဘယ်သူကမှ တန်ဖိုးမထားပါဘူး၊ ဒါပေမဲ့ မိုးထဲ လေထဲမှာ ဘယ်ပန်းတွေ
ကုန်ကုန်၊ ဘယ်ပန်းတွေ တုံးတုံး သူကတော့ ပွင့်မြဲ ပွင့်ရက်ပဲ"
လဲ့လဲ့က စိန်ပန်းပွင့်လေးကို ငိုင်ငိုင်လေး ကြည့်နေ၏။ အတန်လေးကြာမှ မေးသည်။
"ရှင်ကတော့ စိန်ပန်းကို ချစ်တယ်ပေါ့ "
"ကိုယ်ချင်းစာတယ်လို့ ပြောရမယ်၊ ကျွန်တော့်နာမည်ကလည်း
စိန်ပန်းတဲ့၊ တချို့က စိန်ဘန်းလို့ အသံထွက် ခေါ်ကြတယ်"
"ရှင့်နာမည်က စိန်ပန်း၊ စိန်ပန်းလို့ ရှင့်ကိုယ်ရှင် သိတယ်ပေါ့"
"ခင်ဗျား ဘာဆိုလိုပါသလဲ"
လဲ့လဲ့က စိတ်ပျက်စွာ သက်ပြင်းလေး ချလိုက်၏။ မိမိ ဆိုလိုသည်ကို သူ နားလည်အောင် မည်သို့ ရှင်းရမည်နည်း။
"ကျွန်မ နာမည်ဟာ လဲ့လဲ့လို့ ရှင့်ကို ပြန်ပြောချင်တယ်၊ ဒါပေမဲ့ လဲ့လဲ့ဆိုတာကို ကျွန်မ မသိဘူး၊ ကျွန်မ သိတာက လဲ့လဲ့ ဆိုတာဟာ လူများတွေပြောလို့ ကျွန်မ မှတ်ထားရတဲ့ နာမည်တစ်ခု"
"ခင်ဗျားနဲ့ စကားပြောရတာဟာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်၊ ခင်ဗျား နာမည်ဟာ လူများပြောလို့ မှတ်ထားရတာ တစ်ခု ဟုတ်လား၊ အဲဒါဟာ အမှန်သဘောတစ်ခုပဲ ခင်ဗျ၊ ဒီလောကမှာ နာမည်မှန်သမျှဟာ လူများ လို့ မှတ်ထားရတာချည်းပဲ။ သူ့ဘာသာသူတော့ ဘာမှ အဓိပ္ပာယ် မရှိဘူး"
လဲ့လဲ့က ခေါင်းလေးခါ၏။
"ကျွန်မ ပြောတာကို ရှင် နားမလည်ပါဘူး"
" ဟော... ခင်ဗျာ၊ ကျွန်တော်ကတော့ ခင်ဗျား ပြောတာကို ကျွန်တော် သိပ်သဘောပေါက်မိတယ်လို့ ထင်နေတာ"
လဲ့လဲ့က မဲ့ပြ၏။
"ရှင် သဘောမပေါက်ပါဘူး၊ ဥပမာ- ခုနက ရှင်က ရှင့်နာမည် စိန်ပန်းလို့ ပြောလိုက်တယ်၊ ရှင် ပြောပုံက ဟိုသင်း သိပ်သက်သာတာပဲ။ ရှင်က စိန်ပန်း စိန်ပန်းက ရှင်၊ ရှင်နဲ့ စိန်ပန်းဟာ တစ်ခုတည်း တစ်လုံးတည်း ဘာမှ မခြားနားသလိုဘဲ၊ အခု ကျွန်မ ပြောတာကိုကော ရှင် နားလည်ရဲ့လား"
"အား - နားလည်တယ်။ ကောင်းကောင်း နားလည်တယ်။
ခင်ဗျားက ကျွန်တော့်ဒုက္ခကိုတောင် သိနေပါရောလား"
"ရှင် ရှင့်ဒုက္ခ"
"ဟုတ်တယ်၊ ခင်ဗျား ပြောသလိုပဲ၊ စိန်ပန်းက ကျွန်တော်၊ ကျွန်တော်က စိန်ပန်း၊ တစ်ခုတည်း တစ်လုံးတည်းပဲ။ အဲဒါကို တခြားစီ ဖြစ်ဖို့ ကျွန်တော်ကြိုးစားတာ ကြာပြီ၊ ဒါပေမဲ့ မရပါဘူး၊ မရတော့ ဒုက္ခပေါ့"
"ရှင်က အဲဒါကို ဒုက္ခလို့ ခေါ်တယ်"
"ကျွန်တော် ဆိုတာက မရှိတဲ့ တရားပဲ၊ စိန်ပန်းဆိုတာဟာလည်း အဲ.. မရှိတဲ့ တရားတစ်ခုပဲ၊ မရှိတာ နှစ်ခုကို အရှိလို ဖမ်းယူ ဆုပ်ကိုင်ထား ရတယ်၊ အဲဒီသဘောဟာ ဒုက္ခမဟုတ်လို့ ဘာလဲ"
"ရှင် ဆိုတာကလည်း မရှိတဲ့ တရား၊ စိန်ပန်း ဆိုတာဟာလည်း မရှိတဲ့ တရား၊ နို့ ဒါဖြင့် ရှင်က ဘာလဲ"
"ကျွန်တော် ဆိုတာက မှတ်ထားရသူ၊ ကျွန်တော် မှတ်ထားတာတွေ ကျွန်တော် ပြောပြမယ်၊ ကျွန်တော့်နာမည်က စိန်ပန်း၊ ကျွန်တော့်အလုပ်က အယ်ဒီတာ၊ အယ်ဒီတာ ဆိုတာ ဘာလဲလို့ ခင်ဗျားက မေးဦးမလား မသိဘူး၊ အယ်ဒီတာ ဆိုတာက စာရေးဆရာတွေကို မွေးထုတ်ပေးသူ၊ သူတို့ရဲ့ ဇာတ်လမ်းတွေကို စိစစ်တည်းဖြတ်ပေးတဲ့သူ"
လဲ့လဲ့၏ ရင်မှာ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ့အားလည်း စူးစူးစိုက်စိုက် ကြည့်မိသည်။
"ရှင် ရှင် ဒါဖြင့် စာရေးဆရာ၊ စာရေးဆရာမတွေကို သိ...သိတယ်ပေါ့ "
"ထင်ရှားတဲ့ စာရေးဆရာ၊ စာရေးဆရာမတွေ ဆိုရင် ကျွန်တော် သိပါတယ်"
လဲ့လဲ့၏ ရင်မှာ ပိုခုန်လာ၏။ အသံလေး တုန်တုန်ဖြင့် မေးသည်။
"ရှင် ဒါဖြင့် စာရေးဆရာမ လဲ့ လဲ့နှင်းရည်ကိုကော သိ...သိသလား"
"လဲ့နှင်းရည်"
သူက ဤနာမည်ကို ရွတ်လိုက်ပြီး စဉ်းစားသယောင် ခေတ္တငြိမ်နေ၏။
"လဲ့နှင်းရည် အင်း လှဲနှင်းရည်၊ နေပါဦး ဘာတဲ့၊ မေတ္တာလမ်းဆုံ၊ဘဝလမ်းခွဲ၊ တစ်ယောက်တည်းပဲ ထားရစ်၊ နှုတ်မဆက်ဘူး လွမ်းရစ်မယ်၊ ကြွေရွက်ကိုပဲ စောင့်တော့မည်၊ အင်း အင်း ... ခမျာ အလွမ်းသန်ရှာတယ်"
"ရှင် ဘာတွေ ပြောနေတာလဲ"
"ဪ...လဲ့နှင်းရည် ဆိုလို့ပါ၊ ကျွန်တော် မှတ်မိသမျှ လဲ့နှင်းရည် ရေးခဲ့တဲ့ ဝတ္ထုနာမည်တွေကို ရွတ်ကြည့်တာ"
"ဒါ.. ဒါဖြင့် ရှင် ရှင် လဲ့နှင်းရည်ကို သိတယ်ပေါ့"
"လူကို ကျွန်တော် မတွေ့ဖူးပါဘူး၊ သူ့စာတွေကို သိတာပါ"
လဲ့လဲ့သည် သက်ပြင်းလေး ရှိုက်လိုက်၏။
"ရှင် လဲ့နှင်းရည်ကို တွေ့ဖူးရင် သိပ်ကောင်းမှာပဲ"
"ခင်ဗျား ဘာပြုလို့"
"ကျွန်မဟာ လဲ့နှင်းရည်လား"
"ဗျာ..."
"ကျွန်မကို ခွင့်လွှတ်ပါ၊ ကျွန်မ စကားတွေက အဆက်အစပ်မရှိ ဖြစ်နေတယ်၊ ကျွန်မ ဘယ်လို ပြောရမလဲ၊ ရှင့်ကို မေးမယ်လေ၊ ကျွန်မဟာ လဲ့နှင်းရည်ပါ ဆိုရင် ရှင် ဘယ်လိုပြောမလဲ"
သူက မျက်မှောင်ကြုတ်၍ လဲ့လဲ့ကို ကြည့်သည်။ ခဏအကြာတွင် သူ့မျက်နှာက ရေးရေးပြုံးလာ၏။
"ကျွန်တော် ကြားဖူးတာက လဲ့နှင်းရည်ဟာ အင်မတန်ချောတယ်။ ခင်ဗျားဟာလည်း စိတ်မဆိုးနဲ့နော်၊ အင်မတန် ချောတဲ့ မိန်းမသားတစ်ယောက်ပဲ၊ ပြီးတော့ ခင်ဗျားနာမည်က လဲ့လဲ့၊ အို..."
သူက စကားကို ရုတ်တရက် ရပ်လိုက်၏။ ကြုတ်ထားသော မျက်မှောင်အောက်မှ သူ့မျက်လုံးများက လက်လာသည်။
"ရှင် ဘာဖြစ်သွားတာလဲ"
"ခင်ဗျား နာမည် လဲ့လဲ့နော်"
"အဲဒီလို ပြောကြတယ်"
"ဒေါက်တာဒေါ်လဲ့လဲ့ မဟုတ်ဘူးလား"
"အဲဒီလိုလည်း ပြောကြတယ်"
" မြန်မာစာဌာနက ဆရာမ ဒေါ်လဲ့လဲ့၊ သြစတြေးလျက ဘာသာဗေဒနဲ့ ပါရဂူဘွဲ့ ယူလာတဲ့ ဒေါက်တာဒေါ်လဲ့လဲ့၊ ဟုတ်တယ် မဟုတ်လား"
"အဲဒါတွေလည်း သူတို့ ပြောကြတာပဲ"
"ခင်ဗျာ.. ဘယ်လို"
လဲ့လဲ့က ပင်ပန်းစွာ ပြုံးလိုက်၏။ မိမိအဖြစ်ကို သူ နားလည်အောင် မည်သို့ ပြောရမည်နည်း။ ယခုမှ စတွေ့ရသော သူစိမ်းတစ်ဦးအားလည်း မိမိက မိမိအကြောင်းကို ဘာကြောင့် ပြောရမည်နည်း။
ပတ်ဝန်းကျင်မှာ မမှောင်သေးသော်လည်း နေရောင် ရုပ်သိမ်းသွားပြီကို လဲ့လဲ့ သတိပြုမိ၏။
"ရှင် စိတ်ရှုပ်သွားပြီ ထင်တယ်၊ ကျွန်မကို ခွင့်လွှတ်ပါ၊ ကျွန်မကို ဂရုတစိုက် စကားလာပြောလို့ ရှင့်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ ပြန်ပါဦးမယ်"
သူက ဘာမျှမပြော။ လဲ့လဲ့ကိုသာ အံ့သြဟန်ဖြင့် မျက်လုံးပြူး၍ ကြည့်နေသည်။
ဘာကြောင့် မသိ။ လဲ့လဲ့၏ ရင်မှာ နာလာသည်။ မျက်ရည်များလည်း ပြန်စို့လာသည်။
လဲ့လဲ့က သူ့အပါးမှ ချာခနဲ လှည့်ကာ ထွက်ခွာလာခဲ့သည်။
လမ်းခုလတ်တွင် မိမိဆီ လျှောက်လာနေသော ဦးဟန်မြင့်ကို တွေ့သည်။
"လဲ့လဲ့ ဘာဖြစ်သလဲ"
"အို ဘာ... ဘာမှ မဖြစ်ပါဘူး"
"ဟိုလူက ဘာလုပ်သလဲ"
"ဘာ.. ဘာမှ မလုပ်ပါဘူး၊ သူသူ လူကောင်းတစ်ယောက်ပါ"
အပြန်၌ ကားလေးသည် ပင်တန်းနီနီအောက်မှ ဖြတ်မောင်း၏။
"စိန်ပန်း"
လဲ့လဲ့က စိတ်တွင်း၌သာ အသံမထွက်ဘဲ ရွတ်ဆိုသည်။
သည်အပင်တွေထက်က အပွင့်တွေက စိန်ပန်း။ ဪ.. မိမိလက်တွင်း ယခုတိုင် ပါလာသေးသော ပန်းခက်ကလေးကလည်း စိန်ပန်း။
ဟိုလူတစ်ယောက်၏ နာမည်ကလည်း စိန်ပန်း။
နာမည်တွေ နာမည်တွေက ဘာပြောသနည်း။ တစ်ခုတည်း မပြော။ နှစ်ခု ပြောသည်။ ပြောချင်သည် ပြောသည်။
နာမည် ဆိုသည်က ဟိုလူ ပြောသကဲ့သို့ မှတ်ထားရသည့် အရာတွေ။ သူတို့ဘာသာသူတို့ ဘာမျှ အဓိပ္ပာယ် မရှိ။
အို. လဲ့လဲ့အတွက်တော့ အဓိပ္ပာယ် ရှိချင်သည်။ လဲ့နှင်းရည်အတွက်လည်း အဓိပ္ပာယ် ရှိချင်သည်။
လဲ့လဲ့သည် လဲ့နှင်းရည်လား လဲ့နှင်းရည်သည် ဒေါက်တာလဲ့လဲ့လား။
မြတ်စွာဘုရား - သုံးခုစလုံး နာမည်တွေပါတကား။
မူးနောက်လာသဖြင့် လဲ့လဲ့သည် ခေါင်းကို ထိုင်ခုံနောက်မှီထက် လှန်တင်ကာ ငြိမ်ငြိမ်လိုက်လာရသတည်း။
အခန်း ( ၃ )
'ကံ့ကော်တန်းလေးအောက်သို့ မျိုးတစ်ယောက် ရောက်ခဲ့ရပြန်သည်။ သည်တစ်ကြိမ်တော့ တစ်ယောက်တည်း။ မျိုး တစ်ယောက်တည်းပါ။
ကံ့ကော်တွေလည်း မပွင့်ပြီ။ ဥဩငှက်လည်း တေးမဆိုပြီ။ မျိုး၏ နားတွင် တေးပမာ ချိုသည့် မောင့်စကားသံတွေကိုလည်း မကြားရပြီ။
မျိုးက မချိပြုံးလေး ပြုံးမိသည်။
ပတ္တမြားပလ္လင်... ကံ့ကော်ဦး... ။
မောင် ညွှန်းလေ့ရှိသော အနာဂတ်။
အလွန်ဝေးသော အနာဂတ်။ ဒါပေမဲ့ အလွန်လှပသော အနာဂတ် မောင့်အပြောနှင့်ပင် မျိုး ကြည်နူး လွမ်းဆွတ်ရသော အနာဂတ်။
ပစ္စုပ္ပန်မှာတော့ မောင် မရှိပြီ။ ဝေးလံသော အနာဂတ်ဆီက သွား စောင့်နေသလား မောင်၊ မောင် ပြောတဲ့ မေတ္တာ သစ္စာကို ရင်မှာပိုက်ပြီး ဘဝတွေကို ဖြတ်လို့ မျိုး လိုက်ခဲ့ရမှာလား...။
အဲဒီကျတော့မှလည်း မောင် မရှိရင် ...'
လဲ့လဲ့သည် ဝတ္ထုစာအုပ်ကို အသာချထားလိုက်သည်။
လဲ့လဲ့၏ မျက်လုံးများတွင် မျက်ရည်များ လျှမ်းနေသည်။ မိမိကိုယ်ကို မျက်ရည်လျှမ်းသည်ကို မိမိ သိသည်။ မိမိ ရင်ကလည်း ဆွေးဆွေးမြည့်မြည့်လေး ဖြစ်နေသည်။ သည်လို ဆွေးဆွေးမြည့်မြည့်လေး ဖြစ်နေသည်ကိုလည်း သိသည်။ အို... ခံစား၍ပင် ကောင်းသေးတော့။ မျိုးကို သနားသည်။ မျိုး မောင့်ကိုလည်း သနားသည်။ သူတို့ ပြန်တွေ့ကြပါမည်လော။ မျိုး ပြောသည့် ဝေးလံလှသော ဟိုအနာဂတ်ဆီမှာ သူတို့ ပြန်တွေ့ကြပါမည်လော။ တွေ့ကြပါစေ။ တွေ့ရမည်ပေါ့ ။ မိမိသာဆိုလျှင် ပြန်တွေ့ခိုင်းမည်။ လဲ့နှင်းရည်ကတော့
ပြန်တွေ့ခိုင်းမည်လော။ အင်းလေ... သူလည်း ပြန်တွေ့ခိုင်းချင်မည်ပေါ့။ ပြန်မတွေ့ခိုင်းချင်ဘဲနှင့် ဘာလို့ သူ ရေးရသနည်း။ မျိုးနှင့် မောင့်အကြောင်းကို သနားစရာကောင်းအောင် ဘာလို့ သူ ရေးရသနည်း။ နှင်းရည် ရေးရသနည်း။
လဲ့လဲ့က စာအုပ်မျက်နှာဖုံးကို ကြည့်သည်။
လဲ့နှင်းရည်... မေတ္တာလမ်းဆုံ ဘဝလမ်းခွဲ။
လမ်းဆုံ ဆိုတော့ သီးသန့်ဖြစ်သော လမ်းလေးနှစ်ခု တစ်နေရာမှာ လာဖြတ်မိကြသည်။ ပြီးတော့ ကိုယ့်ခရီး ကိုယ် ဆက်ပြေးကြရသည်။ ရှုထောင့် တစ်ခုက ကြည့်လျှင်တော့ လမ်းဆုံ။ ရှုထောင့်တစ်ခုက ကြည့်ပြန်တော့ လမ်းခွဲ။ မေတ္တာထောင့်က ကြည့်တော့ လမ်းဆုံ။ ဘဝထောင့်က ကြည့်တော့ လမ်းခွဲ။ မျိုးနှင့် မျိုး မောင်တို့၏ မေတ္တာလမ်းဆုံ ဘဝလမ်းခွဲ။
လဲ့လဲ့သည် စာအုပ်လေးကို ပြန်ကိုင်သည်။
ဝတ္ထုက ဆုံးတော့မည်။ အဆုံးအထိ မဖတ်ရက်သဖြင့် လဲ့လဲ့က စာအုပ်ကို ခေတ္တချထားခြင်း ဖြစ်သည်။
သို့ရာတွင် မိမိက ဖတ်ရမည်။ အဆုံးအထိ ဖတ်ရမည်။ မျိုးမှာ ဘာပြောစရာ ရှိသေးသနည်း။ အင်းလေ လဲ့နှင်းရည်မှာ ဘာပြောစရာ ရှိသေးသနည်း။
လဲ့လဲ့က ဆက်ဖတ်သည်။
'အဲဒီကျတော့ မောင် မရှိရင်...
မျိုးက သက်ပြင်းလေး ရှိုက်ပြီး ခေါင်းကို မော့လိုက်သည်။
ပြာလွင်သော ကောင်းကင်ကြီးအား တွေ့ရ၏။ တိမ်ကင်းသဖြင့် ကောင်းကင်သည် အဆီးအတားမရှိ ကျယ်လွှင့်နေသည်။
သံသရာဆိုသည်က မည်မျှ ကျယ်သည်။ သည်ကောင်းကင်ကြီးထက် ကျယ်မည်။ အဆပေါင်း မရေနိုင်အောင် ကျယ်မည်။ သံသရာ ကျယ်ပါစေ၊ ရှည်ပါစေ၊ မျိုး လိုက်ခဲ့မည်။ ဘဝနှင့် သံသရာမှာ ဘယ်ဟာမှ မမြဲဆိုပေမယ့် မြဲသောတရားတစ်ခုကိုတော့ မျိုး သိသည်။
သစ္စာ...
သည်သစ္စာကို ရင်မှာပိုက်ပြီး မျိုး လိုက်ခဲ့မည်။ လမ်းခွဲမရှိတော့သည့် ဘဝအဆုံးတစ်ခုဆီ...
မျိုး လိုက်ခဲ့ပါမည်'
ဝတ္ထု အဆုံးတွင် လဲ့လဲ့က ငိုင်နေသည်။
ပြာလွင်သော ကောင်းကင်ကြီး။ ပြာလွင်သော ပင်လယ်ကြီးမူ မဟုတ်။
မိမိကတော့ ပြာလွင်သော ပင်လယ်ကြီးကို သိသည်။
သိသည်။ မြတ်စွာဘုရား သိသည် ဆိုတော့ မှတ်မိခြင်းပေါ့။
မှတ်မိလေသော ပင်လယ်ကြီး။ ပြာသည်။ ကျယ်သည်။ ပြီးတော့ ရွက်လှေကြီး။ အဆောက်အအုံကြီး။
လဲ့လဲ့က ခေါင်းခါသည်။
အပြီးသတ်ကျတော့ ဒုံရင်းဒုံရင်းပင်။ ပင်လယ်ပြာကြီး၊ ရွက်လှေကြီး၊ အဆောက်အအုံကြီး။ သည့်ထက် ဘာမှ ပိုမမှတ်မိ။
လဲ့လဲ့သည် ဝတ္ထုစာအုပ်လေးကို စိုက်ကြည့်သည်။
သူက လဲ့နှင်းရည် ရေးသည်ဆိုသော ဝတ္ထုအမည်များကို ရွတ်ပြ လိုက်၏။ မိမိအခန်းတွင်းရှိ လေးထောင့် မှန်ဗီရိုလေးထဲတွင် လှဲနှင်းရည် ရေးသော ဝတ္ထုစာအုပ်များ ရှိနေသည်။
မေတ္တာလမ်းဆုံ ဘဝလမ်းခွဲ။ တစ်ယောက်တည်းပဲ ထားရစ်ပါ။ နှုတ်မဆက်ဘူး လွမ်းရစ်မယ်။ ကြွေရက်ကိုပဲ စောင့်တော့မည်။
မထူလှသော မေတ္တာလမ်းဆုံ ဘဝလမ်းခွဲ ဝတ္ထုလေးကို မိမိ စဖတ် ကြည့်သည်။ ပြီးတော့ မျက်ရည်လျှမ်းရသည်။ ရင်မှာ ဆွေးဆွေးမြည့်မြည့် ဖြစ်ရသည်။ သည့်ပြင်တော့ ဘာမျှ အမှတ်မရ။
လဲ့နှင်းရည်ကိုသာ အနည်းငယ် မကျေမနပ် ဖြစ်မိသည်။
မျိုးနှင့် မောင့်ကို သူက ခွဲပစ်လိုက်သည်။ ခွဲမပစ်၍ မရဘူးလား။ ဘာ့ကြောင့် ခွဲပစ်ရသနည်း။ လဲ့နှင်းရည် ရက်စက်သည်။
လဲ့နှင်းရည် ရက်စက်သည် ဆိုတော့ မိမိ ရက်စက်သည်ပေါ့။
လဲ့နှင်းရည်က မိမိ၊ မိမိက လဲ့လဲ့။
မြတ်စွာဘုရား ... မိမိကကော ရက်စက်တတ်သလော။ တစုံတရာ ရက်ရက်စက်စက်ကော လုပ်ခဲ့မိဖူးသလား။
အောက်ထပ်မှ နာရီထိုးသံ ကြားရသည်။ နာရီသံက တစ်ချက်တည်း ဖြစ်သော်လည်း တိတ်ဆိတ်သော ညမှာ ကျယ်သယောင် ဖြစ်နေသည်။
လဲ့လဲ့က လက်ပတ်နာရီလေးကို ကြည့်သည်။
ဆယ့်နှစ်နာရီခွဲ... သန်းခေါင်ကျော်ပြီ။
သို့ရာတွင် လဲ့က မအိပ်ချင်သေး။ ညဉ့်နက်သည်အထိ မအိပ်ချင်သည်မှာ ကြာပြီ။ မအိပ်ချင်တော့ ဘာလုပ်ရမည်နည်း။
လဲ့နှင်းရည် ဆိုလျှင် စာရေးမည်ပေါ့။ မိမိကကော စားပွဲပေါ်တွင် စာရေးစက္ကူတွေ အဆင်သင့် ရှိသည်။ မင်အိုးနှင့် ဖောင်တိန်လည်း ရှိသေး၏။
မိမိကော စာရေးရမည်လော။ ဘာကို ရေးရမည်နည်း။
လဲ့လဲ့က စာရွက်တစ်ရွက်ကို ယူသည်။ ဖောင်တိန်လေးကိုလည်း အဖုံး ဖွင့်ကိုင်လိုက်သည်။
ရေးလေဟု လဲ့လဲ့က မိမိကိုယ်မိမိ တိုက်တွန်းသည်။
သို့ရာတွင် ဘာကစ၍ ရေးရမှန်း မသိ။ လဲ့နှင်းရည် ဆိုလျှင် ဘာက စ၍ ရေးသနည်း။
ဘာကစ၍ ရေးရမှန်း မသိတော့။ လဲ့လဲ့က စာရွက်ပေါ်တွင် ဖောင်တိန်နှင့် ဟိုခြစ် သည်ခြစ် လုပ်သည်။
စာရွက်ပေါ်တွင် မျဉ်းဖြောင့်များ၊ မျဉ်းကောက်များ၊ မျဉ်းတွန့်များသာ ပေါ်လာ၏။
လဲ့လဲ့သည် ထိတ်လန့်သွား၏။
မိမိ စာကော ရေးတတ်ပါ၏လော။ စာရေးခြင်းကို မှတ်မိပါ၏လော။
လဲ့လဲ့သည် စာလုံးလေးများကို ရေးကြည့်၏။ က၊ ခ၊ ဂ၊ ဃ၊ င...။
လဲ့လဲ့က ပြုံးသည်။ မိမိ စာရေးတတ်သည်။
လဲ့လဲ့သည် ရင်လေးခုန်လာ၏။ မိမိ စာရေးတတ်သည်။ သည်တော့ ဆက်ရေးကြည့်မည်။ ဘာတွေ ရေးရမည်နည်း။
လဲ့လဲ့သည် တောင်ခြစ် မြောက်ခြစ် လုပ်နေပြန်၏။
ခဏအကြာတွင် အမှတ်မထင် ရေးမိသွားသော စာလုံးလေးများကို လဲ့လဲ့က မျက်လုံးပြူး၍ ကြည့်နေသည်။
မျိုး. မောင် .. ရက်စက်သည်။
မည်သူ ရက်စက်သနည်း။ မျိုးလား... မောင်လား... လဲ့နှင်းရည်လား...။
အို.. ဘာဆိုင်လို့နည်း။ မျိုးက မရက်စက်ပါ။ မောင်ကလည်း မရက်စက်ပါ။ လဲ့နှင်းရည်ကော ဘာကြောင့် ရက်စက်ရမည်နည်း။
လဲ့လဲ့၏ ခေါင်းတွင်း တစ်နေရာက တဝီဝီ အော်လာ၏။ မူးနောက်နောက်လည်း ဖြစ်လာသည်။
လဲ့လဲ့က ဖောင်တိန်လေးကို ချပြီး ခေါင်းလေး မော့၍ လေကို ရှူ၏။
ခေါင်း အနောက်ပြေသောအခါ ဖွင့်ထားသော တံခါးမှ လေအေးလေး ဝင်လာနေသည်ကို သတိပြုမိ၏။
အခန်းတွင်းမှာ အနည်းငယ် အိုက်နေသည်။ မိမိကိုယ်မှာလည်း ချွေးလေးစို့နေ၏။
လဲ့လဲ့က နေရာမှထပြီး ၀ရန်တာဆီ ထွက်လာခဲ့၏။
အပြင်မှာက အေးနေသည်။ လေက ညင်ညင်သာသာ တိုက်ခတ်နေသည်။
လရောင် ရှိနေ၏။ ထိန်ထိန်ကြီးတော့ မဟုတ်။ မှုန်မှုန်ပြာပြာလေးရယ်။
လဲ့လဲ့က လက်ဝဲဘက် မိုးပြင်ကို ကြည့်သည်။ လခြမ်းလေးက စောင်းစောင်းလေး သာနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ သစ်ပင်ကြီးများကလည်း ငြိမ်နေသည်။
မြေပြင်မှ အရိပ်များကလည်း မလှုပ်မယှက်။
လရောင်မှုန်သော ညပြာပြာတွင် တစ်ယောက်တည်း လုပ်နေရသော မိမိအဖြစ်ကို လဲ့လဲ့ သတိပြုမိသည်။
လဲ့လဲ့၏ ရင်တွင်းဝယ် အားငယ်သယောင်လည်း ဖြစ်မိသည်။ လွမ်းဆွတ်သယောင်လည်း ဖြစ်မိသည်။
ဘာကို လွမ်းဆွတ်သနည်း။ မိမိ ဘာကို လွမ်းဆွတ်သနည်း။
ငိုင်နေသော လဲ့လဲ့၏ နားတွင် သာယာပျောင်းနွဲ့သော အသံတစ်သံ ပေါ်လာသည်။
တယောသံ...
တယောက အိမ်လက်ယာဘက်ဆီမှ လာနေသည်။
လဲ့လဲ့က တယောသံ လာရာဘက်ဆီသို့ ကြည့်သည်။
သည်ဘက်မှာက မိမိတို့ ခြံဝင်းနှင့် ယှဉ်စပ်နေသော အခြား ခြံတစ်ခုရှိသည်။ လရောင်တွင် သစ်ပင်များကြားက တစ်ထပ်တိုက်ပုလေး တစ်လုံးကို ယင်းခြံအတွင်း၌ တွေ့ရသည်။
တယောသံက တစ်ဖက်ခြံတွင်း တစ်နေရာမှ လာသည်။
ဪ ညသန်းခေါင်ကျော်တွင် အိပ်မပျော်သူမှာ မိမိ တစ်ယောက်တည်း မဟုတ်။
လဲ့လဲ့ ငြိမ်နားထောင်နေစဉ်တွင် သီချင်းဆိုသံက ပေါ်ထွက်လာ၏။
'စိန်ပန်း ပန်းချီ၊ ခြယ်ပြနေသည်၊ ပတ္တမြားသွေးတဲ့ ဖွေးဖွေးနီ၊ တောရေးရေးထက် သစ်လို့နေပြီ...'
လဲ့လဲ့၏ မျက်လုံးလေး ပြူးသွား၏။ စိန်ပန်း ပန်းချီ။ မိမိနား ကြားလိုက်ရသည် မှန်၏လော။ ပတ္တမြားသွေးဟုပင် ပါသေးသည်။နေ့လည်ကတွေ့ခဲ့ရသော စိန်ပန်း ဆိုသည်က ဟုတ်သည်။ ပတ္တမြားသွေး စွေးစွေးနီနီ။
'တိမ်တောင် လေနှင့်ချီ၊ ရှုလေတိုင်း ပြာမှိုင်းဝေရီ၊ ညိုမှောင်အံ့ပျ၊နွေနှောင်းလများ ချစ်မိပါသည်၊ သစ္စာစကား ဆိုပြဟန်ညီ၊ မေတ္တာများနှင့် စိန်ပန်း မိုးအလှပန်းချီ'
အသံက ယောက်ျားသံ ဖြစ်သည်။ တယောသံလေးက ချွဲနွဲ့သော်လည်း တေးသံကမူ မချွဲမနွဲ့။ တစုံတရာ ခံစားမှု ပါသော်လည်း တေးသံက အေးချမ်းတည်ငြိမ်သည်။
အဘယ်ယောက်ျားသားသည် အဘယ် အကြောင်းကြောင့် ညဉ့်နက် သန်းခေါင်တွင် ထ၍ ထူးထူးဆန်းဆန်း စိန်ပန်းအကြောင်း တေးကို ဆိုနေရ သနည်း။
'မမွှေးပါပြီ၊ သင်းရနံ့တွေ မထုံပြီ၊ ပါရမီမစုံလှလို့၊ ချစ်ရသူအား၊ကိုယ် တောင်းပန်သည်၊ ခေါင်းမှာပင် ဆင်မမြန်းနှင့်၊ လမ်းမက ပန်း... လမ်းပေါ် ပန်းသည်၊ လမ်းမမှာ သင့်... လမ်းပေါ် ပွင့်မည်'
သည်အပိုဒ်မှာတော့ သူ့အသံက လှိုက်လှိုက်လှဲလှဲနိုင်သည်။ ကြေကြေကွဲကွဲလည်း ရှိသည်။ လဲ့လဲ့၏ ရင်မှာလည်း သနားစိတ် ပေါ်လာသည်။ တေးဆိုနေသူကိုလော၊ စိန်ပန်းကိုလော။ ဤသည်ကိုတော့ လဲ့လဲ့ မသိ။
'တောင်တန်းလေး နီနီ၊ ပန်းတော့ ရှိမည်၊ မိုးမှောင်ဖုံးလို့ မိုးချုန်းထစ်မြည်။ မိုးလုံးပတ်လည်၊ မိုးထဲ လေထဲ ကိုယ်ပဲ ပွင့်ရသည်'
သည်အပိုဒ် အဆုံးတွင် တေးသံရှင်က မမွှေးပါပြီမှ စ၍ ပြန်လျှော့ ဆိုနေသည်။
တေး၏ အဓိပ္ပာယ်ကို လဲ့လဲ့ နားလည်လာသည်။ မျက်ရည်လေးလည်း စ,ဝဲ၏။
တေးသံရှင်က မျက်နှာငယ် စိန်ပန်း၏ ဘဝကို ကိုယ်စား ပြောပြနေသည်။ ဘာကြောင့် ပြောရသနည်း။
လဲ့လဲ့သည် ညနေက အမှတ်မထင် တွေ့ခဲ့ရသော သူ့ကို သွားသတိရသည်။
သူ့နာမည်ကလည်း စိန်ပန်း။ ကြံကြံဖန်ဖန် လူနာမည် စိန်ပန်း။
စိန်ပန်းဟူသည် မျက်နှာငယ်ပန်းဟုလည်း သူက ဆိုခဲ့သေးသည်။
အို... ယခု တေးဆိုနေသူကကော ဘယ်သူနည်း။
လဲ့လဲ့က ခြေဖျားလေးထောက်ပြီး အသံလာရာဆီ ကြည့်သည်။
အသံက တိုက်ပုလေး၏ အရှေ့ လက်ယာဘက်ယွန်းယွန်း တစ်နေရာမှ လာနေသည်။ လရောင်ကလည်း မှိန်သည်။ သစ်ပင်များကလည်း ရှိနေသည်။ လူကို လဲ့လဲ့ မတွေ့ရ။
တေးသံကသာ ဆက်ပေါ်နေ၏။
'မြရွက်လေးတွေ နုနုစိပ်သည်၊ မြရိပ်လွှာထက် ကိုယ် ရှိသည်။
မိုးတွေထန် လေတွေပြင်းတော့ မြေဆင်းရလည်း ကိုယ် မမှုပြီ'
တေးသံရှင်က သည်အပိုဒ်ကို နှစ်ခါ ထပ်ဆိုသည်။
လဲ့လဲ့၏ မျက်လုံးများ၌ ပလက်ဖောင်း ဖြူဖြူပေါ် ပန်းနီနီလေးတွေကို မြင်ယောင်လာသည်။
'နင်းလာသူ ခြေလာဦးတော့၊ အပြုံးလည်း မပျက်ပြီ၊ အမုန်းလည်း မဖက်ပြီ၊ ဆေးသစ်လို့ ခြယ်မည်၊ သစ္စာစကား ဆိုပြဟန်ညီ၊ မေတ္တာများနှင့် စိန်ပန်း မိုးအလှပန်းချီ'
တေးသံက ဆုံးသွား၏။ လဲ့လဲ့က ငြိမ်နေသည်။
လဲ့လဲ့၏ စိတ်တွင်းတွင် ပင်တန်းနီနီလေးအောက် ပြန်ရောက်နေသည်။ ခေါင်းပေါ်မှာလည်း စိန်ပန်းနီနီ။ ဘေးတစ်ဝိုက်မှာလည်း စိန်ပန်းနီနီ။ မြေပြင်မှာလည်း စိန်ပန်းနီနီ။
လဲ့လဲ့သည် ဝရန်တာပေါ်၌ ကျနေသော လရောင်ကို ပြန်မြင်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားသည်ကိုလည်း သတိရ၏။
လဲ့လဲ့က တေးသံ လာရာဆီ လှမ်းကြည့်သည်။ စောစောတုန်းက ကဲ့သို့ပင် လူရိပ်လူယောင်ကို မတွေ့ရ။ ဘာသံမျှလည်း ထပ်မပေါ်လာတော့။
လဲ့လဲ့က သက်ပြင်းလေး ရှိုက်လိုက်ပြီး ကောင်းကင်ကို ကြည့်သည်။ မိုးသားလေးတွေ ရှိနေသည်။ များများတော့ မဟုတ်။ ပါးပါးလွှာလွှာနှင့် ဟိုတစ်စု သည်တစ်စု။ မသိမသာ ရွေ့ရွေ့ လေးလည်း လွင့်နေကြသည်။
တစ်နေ့တော့ မိုးတွေ ရွာမည်။ အဲသည် အချိန်အထိ စိန်ပန်းနီနီလေးတွေ ရှိနေဦးမည်လော။ ရှိနေဦးမည်ဟု သူက ပြောသည်။ စောစောက တေးသံရှင်ကလည်း ပြောသည်။
မိုးတွေထန်၊ လေတွေပြင်းတော့ ခမျာတွေ မြေဆင်းကြဦးမည်။ သည်အခါ နှင်းသူက နင်းကြဦးမည်။ မိမိဆိုလျှင် မနှင်း။ မနင်းပါဘူး။
လဲ့လဲ့က အိမ်တွင်းသို့ ဖြည်းဖြည်းလေး လှမ်းပြီး ပြန်ဝင်သည်။
တစုံတရာကို နင်းမိမည် ကြောက်ပြီး ဖွဖွ ဖြည်းဖြည်းလှမ်း၍ ပြန်ဝင်သည်။
လက်ဖဝါး နှစ်ဖက်ထက် မေးလေးတင်ကာ စာရေးစားပွဲတွင် ထိုင်လျက် လဲ့လဲ့ ငိုင်နေသည်။
ရင်တွင်းမှာက ခံစားမှုမျိုးစုံနှင့် ပြည့်လျှမ်းနေသည်။
လွမ်းဆွက်သည်။ ဘာကို လွမ်းဆွတ်မှန်း မသိ။ ကြေကွဲသည်။
ဘာကြောင့် ကြေကွဲမှန်း မသိ။ ဪ... ငိုချင်သည်။ ငို၍လည်း မရပါတကား။
လဲ့လဲ့သည် အမှတ်မထင် ဖောင်တိန်လေးကို ကောက်ကိုင်ပြီး စာရွက်ပေါ်တွင် ရေးကြည့်သည်။
'စိန်ပန်း'
သည်စာလုံးလေးက ပေါ်လာ၏။ လဲ့လဲ့က ခေတ္တ တွေတွေလေး
ကြည့်နေပြီးနောက် ဆက်ရေးသည်။
'စိန်ပန်း၊ ဒီနေ့မှ ဒီပန်းနာမည်ကို သိသည်။ စိန်ပန်း ခေါ်သော လူတယောက်ကိုလည်း သိသည်။ မျိုးနှင့် မောင်တို့ကိုလည်း သိရသည်။ အားလုံးက နာမည်တွေ။
စိန်ပန်းနှင့် စိန်ပန်းဆိုသော လူတယောက်က အပြင်၌ တကယ်ရှိသည်။ မျိုးနှင့် မောင်က ဝတ္ထုထဲက လူတွေ၊ ဘာကွာခြား သနည်း။
မိမိအတွက်တော့ မှတ်ထားရခြင်းတွေပါ။ လဲ့လဲ့ ဆိုသော နာမည်ကဲ့သို့ မှတ်ထားရခြင်းတွေပါ။
မျိုးနှင့် မောင်၏ ဇာတ်လမ်းကို မိမိ သိသည်။ လဲ့နှင်းရည် ပြောပြသောကြောင့် ဖြစ်သည်။
စိန်ပန်း ဆိုသော ပန်းပွင့်လေးမှာပင် ပြောပြသူ ရှိသောကြောင့် ဇာတ်လမ်းလေး ရှိနေသည်။ မျက်နှာငယ်ပန်း။
စိန်ပန်း ဆိုသော လူတစ်ယောက်မှာကော ဇာတ်လမ်းရှိသလော။ ရှိမည်ပေါ့။ သူ့ဇာတ်လမ်းကို သူ သိမည်။ တစ်ပါးသူ မပြောပြဘဲ သူ့ဘာသာသူ သိမည်။
လဲ့လဲ့မှာကော ဇာတ်လမ်း မရှိဘူးလား။ သူ့မှာလည်း ရှိရမည်။ သူများ ပြောပြသော ဇာတ်လမ်း မဟုတ်။ သူ့ဘာသာသူ သိသော ဇာတ်လမ်း။
သည်ဇာတ်လမ်း မရှိပါ။ လဲ့လဲ့ မသိပါ။ မသိပါ။ မသိပါ။
မသိပါ။'
ရေးရင်းက လဲ့၏ ရင်တွင် ဒေါသနှင့် နာကြည်းမှုများ ပေါ်လာသည်။ မသိပါ... ဟူသော စာလုံးများကို နာကြည်းစွာဖြင့် တစ်လုံးပြီး တစ်လုံး ရေးချသည်။ နောက်ဆုံး စာလုံးက အကြီးကြီး ဖြစ်နေသည်။
လဲ့လဲ့မှာ တုန်ယင်နေ၏။ လူမှာ အားကုန်သကဲ့သို့ မောပန်းနွမ်းလျ လာသည်။ ဖြည်းညင်းစွာ ထပြီး လဲ့လဲ့က တံခါးကို ပိတ်သည်။ မီးကိုလည်းပိတ်လိုက်သည်။
ခြင်ထောင် မချသေးဘဲ အိပ်ရာထက် အသာလှဲသည်။
မျက်လုံးကို မှိတ်လိုက်သောအခါ ဘာမှ မရှိတော့။ ရင်ခုန်သံသာ ရှိနေသည်။ ရင်ခုန်သံကို ကြားနေရခြင်းကပင် သိခြင်း၊ အသက်ရှင်နေရသည်ကို သိခြင်း။
သိခြင်းဟူသည်က အသက်ရှင်နေရခြင်း၊ အသက်ရှင်နေရခြင်း ဟူသည်က သိခြင်း။
မိမိ သိနေရဦးမည်။ အသက်ရှင်နေသရွေ့ သိနေရဦးမည်။ သိခြင်းတွေက ဘယ်တော့ ပြည့်စုံမည်နည်း။
လဲ့လဲ့၏ မျက်လုံးများတွင် စိန်ပန်းပင်တန်းလေး ပေါ်လာ၏။
စိန်ပန်းပင်တန်းအောက် လဲ့လဲ့ ပြန်ရောက်နေသည်။
ခေါင်းပေါ်မှာလည်း နီနီ။ ဘေးတစ်ဝိုက်မှာလည်း နီနီ။ မြေပြင်မှာလည်း နီနီ။
လွမ်းဆွတ်ဖွယ်ကောင်းသော တေးသံကို လှဲလှဲ ကြားရသည်။
သည်တေးက အဝေးမှ လာသည်။ ဘေးတစ်ဝိုက်မှ လာသည်။ မြေပြင်မှလည်း လာသည်။ ကောင်းကင်မှလည်း လာသည်။
လဲ့လဲ့က လွမ်းဆွတ်သည်။
လွမ်းလွမ်းဆွတ်ဆွတ်နှင့် လဲ့လဲ့ အိပ်မောကျသွား၏။
အခန်း ( ၄ )
လဲ့လဲ့ အိပ်ရာမှ နိုးသောအခါတွင် အခန်းတွင်းသို့ နေရောင်များ ထိုးဝင်နေပြီ။
လဲ့လဲ့က ထထိုင်ပြီး လက်ပတ်နာရီလေးကို ကြည့်သည်။
နံနက် ရှစ်နာရီပင် ရှိနေပြီ။
နွေဖြစ်သဖြင့် နံနက်မှာ အိုက်တိုက်တိုက်လေးနိုင်သည်။
လဲ့လဲ့က အိမ်ရှေ့ပိုင်း တံခါးကို ဖွင့်၍ ဝရန်တာသို့ ထွက်ကာ တေးသံသာ လာရာဘက်သို့ ကြည့်သည်။
”အို”
လဲ့လဲ့ နှုတ်မှ အသံလေး တိုးတိုးထွက်လာသည်။ကိုယ့်မျက်စိကိုပင် ကိုယ် မယုံမိ။
စိမ်းသော သစ်ပင်များကြားတွင် ထိန်ထိန်နီသော အပွင့်အုပ် တစ်ပိုင်း တစ်စကို တွေ့ရသည်။
တစ်ဖက် ခြံတွင်း၌ စိန်ပန်းပင် ရှိသည်တကား။
မနေ့ ညနေက မိမိ သတိမပြုမိ။ ဪ... အဲသည်ခြံဘက်ကိုပင် ဂရုပြုမကြည့်မိခဲ့။
သည်ခြံတွင်းက တစ်ထပ်တိုက်လေးတွင် မည်သူ နေသနည်း။ ညက တယော ထတီးသူသည် မည်သူနည်း။
ညက တေးသံရှင်သည် စိန်ပန်းအကြောင်းကို စိန်ပန်းပင်အောက်မှ သီဆိုဟန်တူသည်။ စိတ်ကူးယဉ်သော လူတစ်ယောက်။ အင်း ... စိတ်ကူးယဉ်သော လူတစ်ယောက်။
သို့ရာတွင် သည်လူတစ်ယောက်ကို မိမိက ဘာကြောင့် စောစောစီးစီး ထသတိရနေရသနည်း။
ဝရန်တာတွင် အတန်ကြာ ငိုင်ရပ်နေပြီးမှ လဲ့လဲ့သည် အခန်းတွင်းပြန်ဝင်ကာ စာရေးစားပွဲအနီးတွင် ရပ်သည်။
"ဟော.."
လဲ့လဲ့ အံ့သြရပြန်သည်။
စာရေးစားပွဲနှင့် မျက်နှာချင်းဆိုင်ရှိသော ပြတင်းမှလည်း ထိန်ထိန်နီသော စိန်ပန်းတို့ကို တွေ့နေရသည်။
လဲ့လဲ့က ပြတင်းပေါက်နား ကပ်သွားသည်။
သည်ကနေ ကြည့်တော့ စိန်ပန်းပင်ကြီး တစ်ပင်လုံးကို တွေ့ရသည်။
ဪ... နောက်မှီရှိသော ခုံတန်းရှည်တစ်လုံးကိုပင် တွေ့ရသေး၏။
စိန်ပန်းပင်က အတန်ကြီးသည်။ ကိုင်းမ၊ ကိုင်းခွဲများက ကွေးကွေးလိမ်လိမ်နှင့် တစ်မျိုးတစ်ဖုံ လှပသည်။ ညွတ်ဝိုင်းကျနေသော အပွင့်အုပ်က ထီးနီနီကြီးပမာ ကျယ်ဝန်းဘိသည်။
စိန်ပန်းပင်ကြီးကို ငေးကြည့်နေသော လဲ့လဲ့မှာ မမျှော်လင့်သော သဏ္ဌာန်လေးတစ်ခုကို တွေ့ရသဖြင့် စိတ်ဝင်စားသွားပြန်သည်။
လူငယ်လေးတစ်ဦး။ စိန်ပန်းပင်ကြီးနှင့် မလှမ်းမကမ်းတွင် အလုပ်များနေသည်။
သူငယ်က ပေါက်ပြားတစ်လက်နှင့် မြေကို တူးယက်နေ၏။ သူ့အရပ်လေးနှင့် ယှဉ်တော့ ပေါက်ပြားအရိုးမှာ ရှည်သကဲ့သို့ ဖြစ်နေသည်။ ပေါက်ပြားကို မနိုင်မနင်း ကိုင်နေရဟန်ကလည်း သိသာထင်ရှားနေသည်။
သည်အရွယ်နှင့် ပင်ပင်ပန်းပန်း ဘာလုပ်နေရှာသနည်း။
အမှတ်မထင် ကြည့်ရင်း လဲ့လဲ့က သူငယ်လေးအပေါ် ကရုဏာသက် မိနေသည်။
ဝတ်ထားသော အဝတ်အစားလေးများက နွမ်းသည်။ ပုဆိုးတိုတိုလေးက ညိုညစ်ညစ်နိုင်သည်။ စွပ်ကျယ်လက်ပြတ် အဖြူလေးကပင် အဖြူရောင် အားနည်းနေသယောင် ရှိ၏။
နွမ်းသော သဏ္ဌာန်လေးကို စိုက်ကြည့်နေခိုက် မြင်ကွင်းဝယ် ဝင်းသော သဏ္ဌာန်လေးတစ်ခု ပေါ်လာပြန်သဖြင့် လဲ့လဲ့မှာ အံ့သြရပြန်သည်။
ကောင်မလေးတစ်ယောက်။ ဂါဝန်လေးက ဝါဝါ။ အဝေးကြည့်ရတော့ အသားလေးများကလည်း ဂါဝန်ရောင်အတိုင်း ဝင်းဝါနေသည်။ ရှူးဖိနပ် အထက်နားက ခြေအိတ်လေးများက ဖြူဖွေးနေသည်။ လည်ကုပ်ဆီ ဝဲကျနေသော ဆံပင်များက နက်မှောင်သည်။
လှပသော ကောင်မလေးတစ်ယောက်။ သည်ကောင်မလေး ဘယ်ကပေါ်လာသနည်း။ မချောဝါဝါလေးက သူငယ်လေးနား ကပ်သွားကာ ခါးထောက်လျက် ကြော့ကြော့လေး ရပ်နေသည်။
သူငယ်လေးက အလုပ်ကို ရပ်ပြီး ပေါက်ပြားကို ကိုင်လျက် မချောလေးကို ကြည့်သည်။
မချောလေးက တစုံတရာ မေးသည်နှင့် တူ၏။ ကောင်ကလေးက ပြန်ဖြေနေသည်။
မချောလေးက လက်တစ်ဖက်က ခါးထောက် မပျက်။ ကျန်တစ်ဖက်က ဟိုဟိုသည်သည် ညွှန်ပြပြီး စကားပြောနေသည်။ ကောင်ကလေးကလည်း ပြန်ပြောသည်။ သူ့အမူအရာကတော့ ယိုယို့ကျုံ့ကျုံ့နိုင်သည်။
မချောလေးက စတိုင်ပါပါနှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ လမ်းလျှောက်ရင်းလည်း စကားပြောနေဟန် တူသည်။ ကောင်ကလေးက ငြိမ်ငြိမ်လေး ရပ်နေသည်။
မချောလေး ပြောသည်ကို နားထောင်နေရသလော။ မေးသမျှကို ဖြေနေရသလော။ ... ခမျာ သူ့အလုပ်လေး ပျက်တော့မည်။
မချောလေးက လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး အပင်ကြီး တစ်ပင်ကို လက်ညှိုးထိုးပြ၏။
လဲ့လဲ့ကပါ သစ်ပင်ကို လှမ်းကြည့်သည်။ သည်သစ်ပင်ကို လဲ့လဲ့မှတ်မိသည်။ ပိတောက်ပင်... သည်ပိတောက်ပင်ကြီးကတော့ မြင့်သည်။ စိန်ပန်းပင်ကြီးနှင့်ယှဉ်လျက် ပေါက်နေ၏။ လဲ့လဲ့ ကြည့်နေစဉ် ကောင်ကလေးက ပေါက်ပြားကို ချထားပြီး စိန်ပန်းပင်ကြီးအောက် လျှောက်သွားကာ တစုံတရာကို ကောက်ယူခဲ့ပြီး ကောင်မလေးကို ပေး၏။
စိန်ပန်းပွင့်ခက် တစ်ခက် ဖြစ်ကြောင်း လဲ့လဲ့ လှမ်းမြင်ရသည်။
ကောင်မလေးက စိန်ပန်းပွင့်ခက်ကို သေသေချာချာ စစ်ဆေးကြည့်နေသည်။ တစ်ချက် နမ်းကြည့်လိုက်ပြီးနောက် ကောင်မလေးသည် တစုံတရာ သဘောကျဟန် ရယ်၍ စိန်ပန်းပွင့်ခက်ကို မြေပြင်သို့ လွှင့်ပစ်လိုက်သည်။
”ကြည့်စမ်း” ဟု လဲ့လဲ့က ရေရွတ်မိသည်။
ရက်စက်သည့် ကလေးမ။ မျက်နှာငယ် ပန်းလေးကို လွှင့်ပစ်သည်။ ခြေနှင့်များ နင်းဦးမည်လော။
တော်ပါသေး၏။ မချောလေးက ဘာမျှ ဆက်မလုပ်ဘဲ တိုက်ပုလေးဆီ ပြန်လျှောက်ကာ အတွင်းသို့ ဝင်သွား၏။
ကောင်ကလေးက စိန်ပန်းပွင့်ခက်လေးကို ပြန်ကောက်ယူပြီး မချောလေး ဝင်သွားရာ အိမ်ဆီသို့ ငေးကြည့်နေ၏။
ထိုစဉ် အခြားကောင်ကလေး တစ်ကောင်က စက်ဘီးလေး စီး၍ ပေါ်လာသည်။
သည်ကောင်ကလေးကတော့ ပန်းရောင်ရှပ်အင်္ကျီ လက်တိုလေး ဝတ်ထားသည်။ ပုဆိုးလေးကလည်း သစ်သစ်လွင်လွင်။ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ခွဲထားသည်။ လက်၌လည်း လက်ပတ်နာရီ ပတ်ထား၏။
သူက ခြေကား ထောက်၍ စက်ဘီးကို ရပ်ထားပြီး ဘဲ(လ်)ကိုသာ ကလင်... ကလင်... နှင့် တီး၏။
တိုက်တွင်းမှ မချောလေး ပြေးထွက်လာသည်။ စက်ဘီးပေါ်မှ ကောင်ကလေးကို ရယ်မော နှုတ်ဆက်ပြီးနောက် တိုက်တွင်း ပြန်ဝင်သွား၏။
မကြာမီ မိန်းမစီး စက်ဘီးလေးကို တွန်း၍ မချောလေး ပြန်ထွက်လာသည်။
သူတို့နှစ်ယောက်က စက်ဘီးလေးတွေ ကိုယ်စီ စီးပြီး ခြံတွင်းမှထွက်သွားကြ၏။ လဲ့လဲ့၏ မျက်လုံးများက ပထမ ကောင်လေးဆီ ရောက်သွား၏။
သည်ကောင်ကလေးကတော့ ရပ်နေဆဲ။ လက်တွင်းမှာလည်း စိန်ပန်းပွင့်ခက်လေးကို ကိုင်ထားဆဲ။ သူ့ခေါင်းလေးကသာ မချောလေးနှင့် ဟိုကောင်ကလေး ထွက်သွားရာဘက်ဆီ လှည့်ပြီး ငေးကြည့်နေသည်။
ဘာကြောင့် မသိ။ လဲ့လဲ့ကလည်း ကရုဏာသက်ပြီး ကောင်ကလေးကို ငေးကြည့်နေသည်။
ကောင်ကလေးက မူလ သူ အလုပ်လုပ်နေရာသို့ ဖြည်းညင်းစွာ ပြန်သွားသည်။
ကောင်လေးက အလုပ် ပြန်မလုပ်တော့။ ပေါက်တူးကို ထမ်းယူပြီး အိမ်ဘေးဘက်သို့ ထွက်သွားသည်။ သူ့လက်တစ်ဖက်ကတော့ စိန်းပန်းပွင့်ခက်လေးကို ကိုင်လျက်။
ကောင်ကလေး မြင်ကွင်းမှ ပျောက်သွားမှ လဲ့လဲ့က သက်ပြင်းချသည်။
လဲ့လဲ့က မျက်နှာသစ်၊ အဝတ်အစားလဲ၊ မှုန်နံ့သာ တို့ပြီး အောက်ထပ်သို့ ဆင်းလာခဲ့၏။
လက်ဖက်ရည်စားပွဲတွင် ဖေဖေနှင့် မေမေ့ကို တွေ့ရ၏။
ဖေဖေက စားသောက်ပြီးပြီနှင့် တူသည်။ သတင်းစာ တစ်စောင်ကို ထိုင်ဖတ်နေ၏။ မေမေက နှုတ်ဆက်သည်။
”လာ သမီး၊ အတော်ပဲ၊ မေမေလည်း မစားရသေးဘူး”
”အို... နေမြင့်လှပြီး သမီးကို စောင့်နေတာလား”
” မေမေလည်း ဘုရားပန်းလဲ၊ ဘုရားရှိခိုးနေတာနဲ့ အင်း.... နေတော့ နည်းနည်းမြင့်သွားတယ်။ သမီး အိပ်ကောင်းတယ် ထင်တယ်”
လဲ့လဲ့က ဘာမျှ မဖြေ။ မိမိ အိပ်ကောင်းသည် မဟုတ်။ ညဉ့်နက်မှ အိပ်ပျော်သဖြင့် အိပ်ရာထ နောက်ကျခြင်းသာ ဖြစ်သည်။
ကုလားထိုင် တစ်လုံးတွင် လဲ့လဲ့ ဝင်ထိုင်ပြီးသောအခါ ဖေဖေက သတင်းစာကို ဘေးချလိုက်ပြီး ပြော၏။
"သမီး အိပ်ရေးဝတယ် မဟုတ်လား"
"ဟုတ်ကဲ့ ဖေဖေ၊ သမီး ဟိုသင်း အိပ်ရာဝင်တော့ နောက်ကျသွားတယ် "
”ကိုယ့်အိမ်ပဲ သမီး၊ ကြိုက်တဲ့အချိန် အိပ်၊ ကြိုက်တဲ့အချိန် ထပြီးတော့ ဟောဒီလို နွေက စောစောအိပ်လို့ မရပါဘူး”
အေးကြည်က ကြက်ဥဟပ်ဘွိုင်နှင့် ပေါင်မုန့်မီးကင်များ လာချပေး၏။ လဲ့လဲ့နှင့် မေမေတို့က စတင် စားသောက်ကြ၏။ ဖေဖေကလည်း ကော်ဖီအနက်တစ်ခွက် သောက်နေ၏။
လဲ့လဲ့က ကြက်ဥတစ်လုံး၊ ပေါင်မုန့်မီးကင် ထောပတ်သုတ် နှစ်ချပ်နှင့် သီးမွှေးငှက်ပျောသီး တစ်လုံး စားပြီး မေမေ ပေးသော လက်ဖက်ရည်တစ်ခွက်ကို သောက်၏။ လက်ဖက်ရည် သောက်နေစဉ် စောစောက လှမ်းတွေ့ရသော တစ်ဖက်ခြံမှ ကောင်မလေးနှင့် ကောင်ကလေးများကို လဲ့လဲ့ သတိရ၏။
" မေမေ ဟိုဘက်ခြံမှာ ဘယ်သူ နေသလဲ ဟင်"
”ဟိုဘက်ခြံ မဟုတ်ဘူး၊ အဲဒါလည်း မေမေတို့ခြံ”
"ရှင်..."
”ဟိုဘက်ခြံ တစ်ပိုင်းမှာ တိုက်လေး ဆောက်ပြီး အားတာနဲ့ လူငှား ခဏထားတာ”
”လူငှား ဘယ်သူ့ ထားလဲ မေမေ”
” ကောလိပ်က လက်ထောက်ကထိက လင်မယားလေ”
”ဪ သူတို့မှာ သားသမီး ရှိသလား”
”မရှိပါဘူး၊ လက်ထပ်ပြီးစ ရှိကြသေးတယ်၊ ပြောင်းလာတာလည်း မကြာကြသေးဘူး၊ ပြီးတော့ အခုလို နွေကျောင်းပိတ်ဆိုရင် သူတို့ ရန်ကုန် ပြန်နေကြတာ၊ စာမေးပွဲ မေးခွန်းတွေ သွားစစ်ရတယ်တဲ့”
”ဒါပေမဲ့ မနက်က အဲဒီခြံမှာ သမီး ကလေးလေးတွေ တွေ့တယ်”
”ကလေးလေးတွေ”
”ဟုတ်တယ်၊ ဟိုသင်း... ဆယ်နှစ်၊ ဆယ့်တစ်နှစ် အရွယ်လောက် ရှိမယ်”
မေမေက လဲ့လဲ့ကို စိုက်ကြည့်သည်။ ထို့နောက် ဖေဖေ့ကို မေးခွန်းထုတ်ဟန်ဖြင့် လှမ်းကြည့်၏။
ဖေဖေက အထူးစိတ်ဝင်စားဟန် မရှိသော အမူအရာဖြင့်
”အနီးအနားက ကလေးတွေများ လာဝင်ဆော့ကြသလား မသိဘူး”
”မဟုတ်ဘူး ဖေဖေ ကောင်မလေးတစ်ယောက်၊ ဂါဝန်ဝါဝါလေနဲ့ ချောချောလေး၊ အဲဒီအိမ်ထဲကပဲ ထွက်လာတာ၊ စက်ဘီးလေးတောင် ယူထုတ်လာသေးတယ်”
ဖေဖေက စဉ်းစားသယောင် မျက်မှောင်ကြုတ်၏။ မေမေက မယုံနိုင်သော မျက်နှာပေးဖြင့် လဲ့လဲ့ကို ကြည့်ပြီး မေး၏။
”သမီး တကယ် တွေ့လိုက်တယ်”
မေမေ့မျက်နှာပေးကို လဲ့လဲ့ နားမလည်။ မေမေ့ပုံကလည်း တစ်မျိုးကြီး။
"သမီး တကယ် တွေ့တာပေါ့၊ ကောင်လေးတစ်ယောက်က ခပ်နွမ်းနွမ်း၊ ပေါက်ပြားလေးနဲ့ မြေပေါက်နေတယ်၊ ကောင်မလေးနဲ့ စကားပြောတယ်၊ နောက် စက်ဘီးနဲ့ ကောင်လေးတစ်ကောင် ထပ်ရောက်လာတယ်။ အဲဒီကောင်လေးနဲ့ ကောင်မလေးက စက်ဘီးစီး ထွက်သွားကြတယ်၊ ဟို ကောင်လေးသာ ကျန်နေခဲ့တာ”
”သမီး အိပ်မက် မက်တာတော့ မဟုတ်ဘူးနော်”
”ကြံကြံဖန်ဖန် မေမေကလည်း၊ သမီး အိပ်ရာက နိုးမှ ပြတင်းပေါက်က မြင်ရတာ”
မေမေက ပါးစပ်အဟောင်းသားနှင့် လဲ့လဲ့ကို ကြည့်နေသေးသည်။ ပြီးမှ ဖေဖေ့ကို လှမ်းကြည့်သည်။
ဖေဖေက ချောင်းတစ်ချက် ဟန့်ပြီး ပြော၏။
”ဖေဖေ ခုနက ပြောသလို အနီးအနားက ကလေးတွေ ဝင်ဆော့တာ ဖြစ်မှာပေါ့၊ ဒီလိုပဲ ကလေးတွေ စက်ဘီး လျှောက်စီးပြီး ခြံတွေထဲ ဝင်တတ်ကြတယ်”
လဲ့လဲ့မှာ ဇဝေဇဝါ ဖြစ်သွား၏။
ဟိုကောင်လေးနှင့် ကောင်မလေးမှာ ဖေဖေပြောသကဲ့သို့ စက်ဘီး လျှောက်စီးကြသူများလော။
သို့ရာတွင် ကောင်မလေးက တိုက်တွင်းမှ ထွက်လာသည်။ သူ့အမူအရာလေးက သည်အိမ်တွင် နေသည့်ဟန်မျိုး အပြည့်ရှိသည်။ စက်ဘီးနှင့် ဟိုကောင်လေး လာတော့ တိုက်တွင်းမှ လူချည်း ထွက်လာသည်။ ပြီးမှ စက်ဘီးလေးကို ထုတ်လာသည်။ ဤသည်ကို မိမိ ကောင်းကောင်းမှတ်မိသည်။
မှတ်မိသည်။ လဲ့လဲ့မှာ ထိတ်လန့်သယောင် ဖြစ်သွား၏။
မိမိက အဘယ်မျှ မှတ်မိစွမ်း ရှိသနည်း။ မိမိ၏ ဦးခေါင်းကို မိမိမည်မျှ စိတ်ချနိုင်ပြီနည်း။
လဲ့လဲ့က အားငယ်စိတ်၊ သံသယစိတ်များနှင့် ဖေဖေ့ကို အားကိုးတကြီး လှမ်းကြည့်သည်။ ဖေဖေက အသာအယာ ရယ်၏။
”ငါ့သမီးကလည်း နေကောင်းကောင်း မကောင်းသေးဘူး၊ မတင်လှိုင် မေးပုံမြန်းပုံတွေကလည်း သမီး စိတ်ထွေအောင် လုပ်သလို ဖြစ်နေပြီ၊ ကဲ...ဖေဖေ မေးမယ်၊ ဒီကလေးတွေကို သမီး တကယ် မြင်လိုက်တယ် မဟုတ်လား”
လဲ့လဲ့က လေးလေးလေး ခေါင်းညိတ်ပြ၏။
”သမီး မြင်လိုက်ရင် ကလေးတွေ ဟိုဘက်ခြံထဲ လာကြလို့ပေါ့။
အိမ်ရှင်တွေ မရှိပေမယ့် အိမ်စောင့်တွေတော့ ကျန်ခဲ့မှာပေါ့၊ သူတို့နဲ့ သိလို့လာကြတာ ဖြစ်မှာပေါ့၊ ဆန်းတာမှ မဟုတ်ဘဲ”
လဲ့လဲ့က တွေတွေလေး ငြိမ်နေ၏။ ဖေဖေ ပြောသည်က ဖြစ်နိုင်သည်။ ဥပမာ- ကောင်မလေးက အလျင်ရောက်နှင့်ပြီး သူ့အသိ အိမ်စောင့်တွေနှင့် စကားဝင်ပြောနေမည်။ နောက် သူ့အဖော် ကောင်ကလေးက လိုက်လာသည်။ ပြီးတော့ ပြန်သွားကြသည်။
သို့ရာတွင် ပေါက်ပြားနှင့် ကောင်ကလေးကကော။ သည်ကောင်ကလေးကတော့ ဝင်ဆော့သူ မဖြစ်နိုင်။ ပေါက်ပြား ဆိုသည်မှာ ဆော့ကစားရာ၌ သုံးသော ပစ္စည်း မဟုတ်။ သူ့အမူအရာလေးကလည်း ဆော့ဟန် မဟုတ်။ အလုပ် လုပ်ဟန်သာ။
ဪ... သည်ကောင်ကလေးက အိမ်စောင့်၊ ခြံစောင့်၏ သားသမီးထဲက ဖြစ်နိုင်သည်။ သည်လိုဆိုလျှင်တော့ ခြံတွင်းမှာ သူ လုပ်စရာလေးတွေရှိနိုင်သည်။ သူ့မိဘက ခိုင်းထားသည်လား။ သူ့မိဘကို ကူညီသည်လား။ သူ့အဝတ်အစားလေးများကမူ နွမ်းပါဘိ။
ဖြစ်နိုင်ဖွယ်ရာများကို စဉ်းစားနေရာမှ လဲ့လဲ့သည် တစုံတရာကို သတိရပြန်၏။
”ဖေဖေ...ညက သမီး တယောသံ ကြားသေးတယ်"
ဖေဖေက သတင်းစာ ပြန်ဖတ်နေရာမှ လူကို ကြည့်သည်။
”ဟုတ်လား "
”ဟုတ်တယ်၊ အဲဒီဘက်ခြံက"
”အဲဒီဘက်ခြံက"
သည်တကြိမ်မူ မျက်မှောင် မကြုတ်တကြုတ်နှင့် မေးသော ဖေ့ဖေ့အသွင်၌ အံ့ဩဟန် အနည်းငယ်ပါသည်။
"လမ်းမပေါ်က မဟုတ်ဘူး ဖေဖေ၊ အဲဒီခြံထဲက၊ သမီးသေသေချာချာ သိတယ် "
ဖေဖေကတော့ စဉ်းစားသယောင် ငြိမ်နေသည်။ မေမေကမူ လဲ့လဲ့ကိုကြည့်လိုက်၊ ဖေဖေ့ကို ကြည့်လိုက်နှင့် လုပ်နေ၏။
အတန်လေးကြာမှ ဖေဖေက ဖြေ၏။
”အင်း... ဟိုဘက်ခြံမှာ ဧည့်သည်များ ရောက်နေသလား မသိဘူး”
"ဧည့်သည်..."
”အိမ်ရှင်တွေ မရှိပေမယ့် သူတို့ မိတ်ဆွေတွေထဲက လာတည်းခိုတာ ဖြစ်နိုင်တယ်၊ နွေဆို... တို့ မော်လမြိုင်က ဧည့်သည်အများသား၊ ရန်ကုန်ထက်စာတော့ ဒီက ရာသီဥတု အေးတယ် မဟုတ်လား၊ တော်တော်ကြာမှ ဖေဖေ အဲဒီဘက် လျှောက်သွားပြီး စုံစမ်းကြည့်ပါဦးမယ်”
ထိုမျှသာ ပြောပြီး ဖေဖေက သတင်းစာ ပြန်ဖတ်နေသည်။
လဲ့လဲ့က မေမေ့ကို ကြည့်သည်။ မေမေက မျက်လွှာချပြီး လက်ဖက်ရည်ကြမ်း သောက်နေ၏။
လဲ့လဲ့က အိမ်ပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။
လဲ့လဲ့၏ စိတ်တွင်း၌ တစုံတရာ မကျေမနပ် ဖြစ်နေသည်။ ဘာကို မကျေနပ်မှန်းလည်း မသိ။
လဲ့လဲ့သည် ပြတင်းဝတွင် ရပ်လျက် တစ်ဖက်ခြံဆီ ကြည့်သည်။
တစ်ဖက်ခြံ၌ လူရိပ်လူယောင် မတွေ့ရ။ သစ်ပင် ပန်းပင်များအလယ်တွင် တစ်ထပ်တိုက်ပုလေးက ငြိမ်ငြိမ်လေး ဝပ်နေ၏။
မိမိတို့ခြံနှင့် တစ်ဖက်ခြံတွင် သီးသန့် ခြံစည်းရိုး မရှိဘဲ ပုဏ္ဍရိက်တန်းလေး တစ်ခုသာ ခြားထားကြောင်း လဲ့လဲ့ သတိပြုမိသည်။
ပုဏ္ဍရိက်တန်းလေးက တစ်ဆက်တည်း မဟုတ်။ နှစ်နေရာတွင်ပြတ်နေ၍ ဟိုဘက်နှင့် သည်ဘက် အလွယ်တကူ ကူးနိုင်သည်။
ခြံတွင်း ဆင်းပြီး တစ်ဖက်ခြံသို့ ကူးကြည့်ချင်စိတ် လဲ့လဲ့၌ ပေါ်လာသည်။ သို့ရာတွင် ခဏမှာပင် မသင့်တော်ကြောင်း စဉ်းစားမိသည်။
ဖေဖေက တစ်ဖက်ခြံ၏ အိမ်တွင် ဧည့်သည် ရောက်နေနိုင်သည်ဟု ပြောခဲ့၏။ ဧည့်သည်သည် ညက တယော ထတီးသူလော။ ဤသို့ဆိုလျှင် ယောက်ျားတစ်ဦး၊ ယောက်ျားတစ်ဦး ရှိသော ခြံတွင်းသို့ မိမိက အဘယ်သို့လျှင် သွားသင့်မည်နည်း။
လဲ့လဲ့က ပြတင်းဝမှ အနည်းငယ်ခွာ၍ ကိုယ်ကို နံရံနှင့် ကွယ်လျက် အတန်ကြာအောင် စောင့်ကြည့်နေသည်။
မည်သည့် လူရိပ်လူယောင်မျှ ပေါ်မလာ။
လဲ့လဲ့သည် စာရေးစားပွဲ၌ လာထိုင်၏။
မျက်စိများတွင်း၌ ကလေးများ၏ သဏ္ဌာန်များက မပျောက်။ အထူးသဖြင့် စိန်ပန်းပွင့်ခက်လေး ကိုင်ပြီး ဝိုင်းကြည့်ကျန်ရှာသော ကောင်ကလေး၏ သဏ္ဌာန်က မပျောက်။
သူလည်း မျက်နှာငယ်ပန်းကို ချစ်ရှာသူလေးပေလော။ ဪ...ခမျာလေးကိုယ်၌က မျက်နှာငယ်အသွင်။ အဝတ်အစားလေး နွမ်းနွမ်းနှင့်။
စားပွဲပေါ်တွင် လဲ့နှင်းရည်၏ ဝတ္ထုစာအုပ်လေးက ရှိနေသည်။ ညက မိမိ လက်ဦးတည့်ရာ လျှောက်ရေးထားသော စာရွက်ကလည်း ရှိနေ၏။
လဲ့လဲ့က ရေးထားမိသည်များကို ပြန်ဖတ်သည်။
မိမိက စာရေးတတ်သည်ကိုး။ ကဗျာကော စပ်တတ်သည်လော။
ဦးဟန်မြင့်ကတော့ မိမိ ကဗျာစပ်တတ်သည်ဟု ဆိုသည်။ ကဗျာကို ဘယ်လို စပ်ရသနည်း။ လဲ့လဲ့က ဖောင်တိန်လေးကို အဖုံးချွတ်ပြီး စာရွက်ပေါ်တွင် စာလုံးများ ရေးခြစ်ကြည့်မိပြန်သည်။
လဲ့လဲ့... လဲ့နှင်းရည်... မသိပါ။ စိန်ပန်း...
ရေးပြီးသည်များကို စိုက်ကြည့်နေခိုက် လဲ့လဲ့၏ လျှာဖျားတွင် စကားလုံးလေးများ ပေါ်လာသည်။ ပေါ်လာသော စကားလုံးလေးများကို လဲ့လဲ့က ရေးချလိုက်၏။
' မေတ္တာများနှင့် စိန်ပန်း မိုးအလှပန်းချီ '
ညက တေးမှ မှတ်မိလိုက်သော စာသားအချို့။
ကဗျာစပ်တတ်လျှင် စိန်ပန်းအကြောင်း ဘယ်လို စပ်မည်နည်း။
ဤသည်က ကဗျာလော။ သီချင်းဟူသည်က ကဗျာလော။ မိမိ ကဗျာစက်တတ်လျှင် စိန်ပန်းအကြောင်း ဘယ်လို စပ်မည်နည်း။
ဪ... စိန်ပန်းပွင့်ခက်လေးကို ကိုင်ကာ ငိုင်ကျန်ရစ်သူ ဟိုကလေးသည်လည်း ကဗျာစပ်တတ်လျှင် စိန်ပန်းအကြောင်း ဘယ်လို စပ်မည်နည်း။
ညက တေးကမူ စိန်ပန်းအကြောင်း တော်တော်ပြောပြသွားသည်။ မမွှေး မသင်းသည့် မျက်နှာငယ်ဘဝ။ မိုးထန်ထန် လေထန်ထန်က အနင်းခံ ဘဝ။ ပြီးတော့ မေတ္တာနှင့် သစ္စာ။
အို... ဘာဆိုင်၍နည်း။ မေတ္တာ၊ သစ္စာ ဆိုတာတွေနှင့် စိန်ပန်းက ဘာဆိုင်၍နည်း။ စိန်ပန်း ဆိုသည်က နာမည်တစ်ခု။ ဟိုး ဇင်းကျိုက် ဆိုသည့် တောင်ကြီးလို နာမည်တစ်ခု။ လဲ့လဲ့ ဟူသည်ကဲ့သို့ နာမည်တစ်ခု။ သူက ဘာတွေကို သိမည်နည်း။ မသိသော အရာက သူ့ဘဝကို သူ ဘယ်လို ပြန်ပြောမည်နည်း။ ဘဝဆိုသည်မှာက အတိတ်တွေ ရှိရမည်။ အနည်းဆုံး ဝတ္ထုတွင်းက မျိုးလို အတိတ်တွေ ရှိရမည်။ အတိတ်တွေ ရှိလျှင်တော့ ပြောပြစရာ ရှိမည်။
လဲ့နှင်းရည်ကတော့ ပြောပြသည်။ သည်လိုဆိုတော့ လဲ့နှင်းရည်မှာအတိတ်တွေ ရှိသည်။
လဲ့လဲ့၏ ကိုယ်မှာ တောင့်တင်းသွားသည်။ အမျိုးအမည် မသိသော စိုးရိမ်ကြောက်လန့်မှု တစ်ခုက ရင်မှာ လွှမ်းခြုံလာသည်။
လဲ့နှင်းရည်၏ အတိတ်။ မျိုး၏ အတိတ်။ မိမိ၏...။
လဲ့လဲ့သည် နေရာမှ ထလိုက်၏။ ရည်ရွယ်ချက် မရှိဘဲနှင့် ပြတင်းဝနား သွားရပ်သည်။
စိန်ပန်းပင်ကြီးကို ငေးကြည့်နေမိခိုက် တစ်ဖက်ခြံတွင်းသို့ အနီရောင် မော်တော်ကား ခုံးခုံးလုံးလုံး တစ်စီး ဝင်လာသည်ကို တွေ့ရ၏။
ကားလေးက တိုက်ပုလေး၏ ဆင်ဝင်ဘက်တွင် ဆိုက်သည်။
ကားရှေ့ခန်းမှ ဆင်းသူကို တွေ့ရသော လဲ့လဲ့၏ နှုတ်ဖျားမှ စကားတစ်လုံး ထွက်လာသည်။
” ကိုစိန်ပန်း ”
ဟုတ်သည်။ မှတ်မိသည်။
ကားပေါ်မှ ဆင်းပြီး အိမ်တွင်း ဝင်သွားသူက အခြား မဟုတ်။
ကိုစိန်ပန်းမှ ကိုစိန်ပန်း။
အခန်း ( ၅ )
ယနေ့ ညနေ၌လည်း မနေ့က ညနေတုန်းကကဲ့သို့ပင် လဲ့လဲ့က စိန်ပန်းပင်တန်း အောက်မှ လျှောက်သည်။ မနေ့ ညနေတုန်းကကဲ့သို့ပင် မြေခနေသော စိန်ပန်းပွင့်ခက် တစ်ခက်ကို ကောက်ယူလာခဲ့သည်။
ကောလိပ် အဆောက်အအုံကြီးရှေ့၌ မိမိ၏ ကားစိမ်းလေးအပြင် အခြားကားတစ်စီးက ရပ်ထားသည်။ သည်ကားအရောင်က အနီ။ သဏ္ဌာန်က ခုံးခုံး လုံးလုံး။
လဲ့လဲ့၏ မျက်လုံးများက တံတားဖြူလေးဆီ ရောက်သွားသည်၏ ခဏ၌ လှမ်းနေသည့် ခြေလှမ်းများမှာ တုံ့ခနဲ ဖြစ်သွား၏။
ကိုစိန်ပန်းဟု ခေါ်သော လူတယောက်က တံတားဖြူလေးတွင် ရောက်နှင့်နေပြီ။
လဲ့လဲ့က တွေတွေလေး ခေတ္တငြိမ်နေပြီးမှ မိမိ၏ ကားဆီ ကြည့်သည်။
ကားရှေ့ခန်းတွင် ဦးဟန်မြင့်က မိမိဆီ မကြည့်ဘဲ စာအုပ်တစ်အုပ်ကို ဖတ်နေ၏။ ခေတ္တ ချီတုံချတုံ ဖြစ်နေပြီးမှ လဲ့လဲ့သည် ရင်လေး မခုန်တခုန်ဖြင့် တံတားဖြူလေးဆီ ဆက်လျှောက်လာခဲ့၏။
သူက မိမိဘက် ခပ်စောင်းစောင်း ကျောပေးလျက် စီးကရက်တစ်လိပ် ခဲရင်း တောင်တန်းကြီး ရှိရာဘက်သို့ ငေးကြည့်နေ၏။
လဲ့လဲ့က သူနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သောအခါ သူက
ဖြည်းညင်းစွာ လှည့်ကြည့်၏။ သူ့အသားက ဖြူဝင်း၏။ တည်ရာမှ ပြုံးလိုက်ပုံကလည်း လက်ဝင်းသည်။
”ကျွန်တော် ခင်ဗျားကို မျှော်နေတယ်”
”ရှင်...”
”ဒါပေမဲ့ ခင်ဗျား လာမှ လာပါ့မလားလို့”
လဲ့လဲ့က သူ့မျက်နှာကို ကြည့်သည်။ သူ့မျက်နှာက ပြုံးနေသည့် ကြားက အေးချမ်းတည်ငြိမ်သည်ဟု လဲ့လဲ့ ထင်သည်။
"ဒီနေရာကို ကျွန်မ လာဦးမယ်လို့ ရှင် ထင်တယ်ပေါ့ "
"အစကတော့ မထင်ပါဘူးလေ၊ ဒါပေမဲ့ ဒီနေရာရောက်တော့
ခင်ဗျားကို ကျွန်တော် သတိရတယ်၊ ပြီးတော့..."
သူက ခေတ္တဆိုင်းလိုက်၏။
"ပြီးတော့ ခုနက ကျွန်တော် ပြောသလိုပဲ၊ ခင်ဗျားကို မျှော်နေမိတယ်"
လဲ့လဲ့က သူ့မျက်နှာမှ မျက်လုံးများကို လွှဲလိုက်ပြီး တံတားလက်တန်းကို မှီလျက် ရပ်လိုက်၏။
"ရှင်က မနေ့တုန်းကလို ကျွန်မ ဒီလာ တိတ်တိတ်လေး ခိုးငိုနေတာကို တွေ့ချင်သေးလို့လား"
"မတွေ့ချင်ပါဘူး၊ ခင်ဗျားကို ကျွန်တော် မငိုစေချင်ဘူး၊ ခင်ဗျားမှ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ကျွန်တော် မငိုစေချင်ပါဘူး"
"ရှင်တစ်ယောက်က လွဲလို့ပေါ့ "
"ခင်ဗျား..."
"ရှင့်ဘာသာတော့ ရှင် ငိုချင်တယ်၊ မနေ့တုန်းက ရှင် ပြောခဲ့တာလေ"
သူက ပြုံး၏။
"ခင်ဗျား မှတ်မိသားပဲ၊ ဟုတ်တယ်၊ ကျွန်တော့်မှာ ငိုချင်မိတဲ့ အချိန်တွေ ရှိခဲ့ပါတယ်၊ ကိုယ် ငိုချင်ဖူးလို့၊ လူတွေကို မငိုစေချင်ဘူး၊ ငိုချင်တာနဲ့ မငိုစေချင်တာဟာ ခြားနားပါတယ်"
"ထားပါလေ၊ ရှင်ကကော ဘာလို့ ငိုချင်ရတာလဲ"
"ခင်ဗျား ဒီမေးခွန်း မေးတာ နှစ်ခါ ရှိပြီ၊ ကိစ္စမရှိပါဘူး၊ ကျွန်တော်ဖြေပါ့မယ်၊ အတိတ် ဆိုတာတွေကို ကျွန်တော်က မေ့ဖျောက်ချင်တယ်၊ ဒါပေမယ့် မေ့ဖျောက်လို့က မရဘူး၊ အတိတ်တစ္ဆေ ခြောက်တဲ့အခါမျိုးမှာ ကျွန်တော် ငိုချင်မိတယ်၊ ဒါပါပဲ"
"ရှင်က အတိတ် ဆိုတာကို ဘာလို့ မေ့ဖျောက်ချင်ရတာလဲ"
"အတိတ်ဆိုတာ မရှိတဲ့ တရားပဲ၊ မရှိတော့တာကို အရှိလို့ စွဲမှတ်ထားရတာဟာ မနေ့က ကျွန်တော် ပြောခဲ့သလိုပဲ၊ ဒုက္ခပေါ့"
"အတိတ်ဆိုတာ မရှိတဲ့ တရား"
"ဟုတ်တယ်၊ အတိတ်ဆိုတာ ဘယ်မှာ ရှိသလဲ၊ အတိတ်ရှိတဲ့နေရာကို ခင်ဗျား ပြနိုင်သလား၊ အဲ... တစ်နေရာမှာတော့ ရှိလေရဲ့၊ အဲဒါကတော့ စိတ်ထဲမှာပါ၊ စိတ်ထဲက အတိတ်ဆိုတာက မှတ်ထားရတာတွေပါ၊ အစစ်အမှန်တရားတွေ မဟုတ်ပါဘူး"
လဲ့လဲ့က ပြုံး၏။
"ခင်ဗျား ဘာပြုံးတာလဲ"
"ရှင့်ဘဝနဲ့ ကျွန်မဘဝ လဲချင်တယ်"
"ခင်ဗျာ..."
"ကျွန်မက ကျွန်မရဲ့ အတိတ်တွေကို သိပ်သိချင်တယ်"
"ဘာလို့ ခင်ဗျားက အတိတ်တွေကို သိချင်ရတာလဲ"
"အတိတ်ကို မသိဘဲနဲ့ ဘဝကို ဘယ်လိုလုပ် နားလည်ရမလဲ"
သူက လဲ့လဲ့ကို တစ်ချက် စိုက်ကြည့်၏။
"ရှင် ကျွန်မ ပြောတာကို နားလည်ရဲ့လား"
"နားလည်ပါတယ်၊ ခင်ဗျား ပြောတာ မှန်သင့်သလောက် မှန်တယ်၊ အတိတ်ကို သိရမယ်၊ ဒါပေမဲ့ အတိတ်ကို အတိတ်အဖြစ်ပဲ သိရမယ်၊ ဒီထက်ပိုလို့ မကောင်းဘူး"
"ရှင် ဘယ်လို၊ အတိတ်ကို အတိတ်အဖြစ်ပဲ သိရမယ်၊ အဲဒါဘာပြောတာလဲ "
"အတိတ်ဆိုတာဟာ မရှိတော့တဲ့ တရား၊ ပျက်သွားတဲ့ တရား၊
ကုန်သွားတဲ့ တရား၊ ကင်းသွားတဲ့ တရား၊ ချုပ်သွားတဲ့ တရား၊ အဲဒီလိုပဲ သိရမယ်။ အင်းလေ အဲဒီလိုပဲ သိနိုင်ရင် ကောင်းမယ်"
"ရှင်က အဲဒီလို သိတယ်ပေါ့ "
သူက ခေါင်းခါ၏။
"ကျွန်တော် အဲဒီလို မသိသေးပါဘူး၊ ဒါကြောင့် အဲဒီလိုပဲ သိနိုင်ရင် ကောင်းမယ်လို့ ကျွန်တော် ပြောတာ"
လဲ့လဲ့က သူ့ကို တစ်ချက် စူးစမ်းစိတ်ဖြင့် ကြည့်မိ၏။
"ဪ ဒါထက် ရှင့်နာမည် ကိုစိန်ပန်းနော်"
"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ
"ရှင်ဟာ ကျွန်မရဲ့ အိမ်နီးပါးချင်း ဖြစ်နေတယ် ဆိုတာကိုရော သိရဲ့လား"
"ခင်ဗျာ..."
"ရှင် အခုနေတဲ့ အိမ်က ဟိုသင်း... ကျွန်မတို့အိမ်နဲ့ ခြံချင်းကပ်လျှက်..."
သူ့မျက်နှာတွင် အံ့ဩဟန်ပေါ်လာ၏။
"အို... ဒါဖြင့် ခင်ဗျား ဟို... ဦး... ဦးထင်ကျော်ရဲ့ သမီးပေါ့၊ ဟုတ်လား"
လဲ့လဲ့က ခေတ္တစဉ်းစား၏။ ဦးထင်ကျော်... ဟုတ်သည်။ ဖေဖေ့နာမည်၊ မေမေ့နာမည်က ဒေါ်တင်လှိုင်။ မှတ်ထားရသည်များ။
"ရှင် ဖေဖေ့ကို သိတယ်ပေါ့"
"မနက်ကမှ သိတာပါ၊ ကျွန်တော် တည်းတဲ့ အိမ်ဘက်ကို ကူးလာတာနဲ့ စကား နည်းနည်းပါးပါး ပြောခဲ့ရပါတယ်၊ အင်းလေ... ခင်ဗျားဟာ ကျွန်တော့် အိမ်နီးပါးချင်း ဆိုတာ သိရလို့ ကျွန်တော် ဝမ်းသာပါတယ်"
လဲ့လဲ့က တစုံတရာ မေးသင့်၊ မမေးသင့် စဉ်းစားနေသည်။
အတန်လေးကြာမှ မရဲတရဲလေး မေး၏။
"ရှင် တယောထိုးတတ်သလား"
"ခင်ဗျာ..."
"ညက ရှင်တို့ခြံဘက်က တယောသံ ကြားရတယ်၊ စိန်ပန်းအကြောင်းလေ၊ သီချင်းက စိန်ပန်းအကြောင်း"
"တယောထိုးသံ၊ သီချင်းက စိန်ပန်းအကြောင်း"
"ဟုတ်တယ်၊ အဲဒါ ရှင်...ရှင်လား"
"ကျွန်တော် တယော မထိုးတတ်ပါဘူး။ ပြီးတော့ စိန်ပန်းအကြောင်း သီချင်း ရှိသလား"
"ညက ကျွန်မ ကြားတယ်"
"အဲ့ဒီလိုဆို ကျွန်တော်လည်း ကြားချင်လိုက်တာ၊ စိန်ပန်းအကြောင်း ဘာစပ်ထားသလဲ"
လဲ့လဲ့မှာ စိတ်ပျက်သယောင် ဖြစ်၏။
"ဒါဖြင့် တယောထိုးတာ ရှင် မဟုတ်ဘူးပေါ့ "
"ကျွန်တော် ပြောပါရောလား၊ ကျွန်တော် တယောမထားတတ်ဘူးလို့"
"တခြား တယောက်ယောက်ကော မထိုးဘူးလား"
"တခြား တယောက်ယောက် ဆိုလို့ အိမ်မှာ ကျွန်တော့်ကို ထမင်းချက်ကျွေးနေတဲ့ ဦးဘစွမ်း ဆိုတာပဲ ရှိတယ်၊ ဦးစွမ်းက ချက်တဲ့ပြုတ်တဲ့ နေရာမှာပဲ ကျွမ်းတယ်၊ ဂီတမှာတော့ လေတောင် ချွန်တတ်မှာ မဟုတ်ဘူး၊ အသက်လည်း ငါးဆယ်ကျော်ပြီ"
"အိမ်မှာ ဒါဖြင့် ရှင်တို့ နှစ်ယောက်တည်းပေါ့ "
"အိမ်ရှင် ကျွန်တော့်မိတ်ဆွေ လင်မယားက ရန်ကုန် သွားနေတယ်၊ ဦးဘစွမ်း ဆိုတာက သူတို့ ထားခဲ့တဲ့လူ၊ ဟုတ်တယ်၊ အခုတော့ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ"
"ကလေးတွေကော"
"ခင်ဗျာ..."
" ကောင်မလေး လှလှလေးတစ်ယောက်၊ ဂါဝန် အဝါလေးနဲ့၊ နောက် သားသားနားနား ကောင်လေး တစ်ကောင်၊ ပြီးတော့ ပေါက်ပြားလေးနဲ့ တခြား ကောင်လေးတစ်ကောင်၊ သူကတော့ ခပ်နွမ်းနွမ်းလေး"
"သူတို့ကို ခင်ဗျား ဘယ်မှာ တွေ့တာလဲ"
"ရှင်တို့ ခြံထဲမှာ၊ နေဦး မနက် ရှစ်နာရီလောက်က"
"မနက် ရှစ်နာရီလောက်က"
"ဟုတ်တယ်၊ ကောင်မလေးက ရှင်တို့ တိုက်လေးထဲက ထွက်လာတာ"
"ဘုရားရေ... ကောင်မလေးက ကျွန်တော်တို့ တိုက်ထဲက ထွက်လာတယ်"
"ဟုတ်တယ်၊ စက်ဘီးလေး ထုတ်ယူလာတယ်"
" ဟောဗျာ... စက်ဘီးလေးတောင် ထုတ်ယူလာတယ် "
"ရှင်က ဘာတွေ အံ့သြနေတာလဲ''
"ခင်ဗျား ပြောတာကိုပေါ့၊ မနက် ရှစ်နာရီအထိ ဧည့်ခန်းမှာ ကျွန်တော် သတင်းစာ ထိုင်ဖတ်နေတာ၊ အိမ်ထဲ ဝင်တဲ့ ခေါက်တံခါးကလည်း ပိတ်ထားတယ်၊ ဦးဘစွမ်းလည်း ဈေးသွားနေတယ်"
"ရှင် တကယ်ပြောတာလား"
"ခင်ဗျား ဘာဆိုလိုပါသလဲ"
"ဟိုသင်းလေ ကလေးလေးတွေ ရှင်တို့အိမ် လာမလည်ဘူးလား"
"ကျွန်တော့်ဆီ ဘယ်ကလေးတွေက ဘာလို့ လာလည်ရမှာလဲ"
လဲ့လဲ့သည် မျက်မှောင်ကြုတ်မိ၏။ ခေါင်းတွင်း၌လည်း မူးနောက်ချင်သယောင် ဖြစ်မိ၏။
"ဒါထက် ခင်ဗျား တကယ် မြင်တယ်ပေါ့"
လဲ့လဲ့က သူ့ကို ဆတ်ခနဲ ကြည့်၏။
"ရှင် မေးသလိုပဲ ပြန်မေးရမယ်၊ အဲဒါ ဘာဆိုလိုပါသလဲ"
"မလဲ့လဲ့ ခင်ဗျား ကျွန်တော့်ကို စိတ်ဆိုးသွားသလား"
သူ့မျက်နှာက တည်ကြည်မြဲ တည်ကြည်သည်။ သူ့အသံ၌မူ ဝမ်းနည်းဟန်ပါ၏။
လဲ့လဲ့က မဖြေ။ စောစောက မိမိ၏အသံမှာ အနည်းငယ် မာသွားသည်ကို လဲ့လဲ့ သတိပြုမိ၏။
"ခင်ဗျား မဖြေဘူး၊ ထားပါလေ၊ ကျွန်တော့် မေးခွန်းဟာ ခင်ဗျားကို စော်ကားသလို ဖြစ်သွားရင် ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် တစ်ခု မေးမယ်၊ မြင်တာတွေ မှန်တယ်၊ ဒါပေမဲ့ မှန်တာ မြင်ရဲ့လား၊ ဒီစကားကို မလဲ့လဲ့၊ ကြားဖူးသလား"
လဲ့လဲ့ ခေါင်းခါပြ၏။ ခင်ဗျားဆိုတဲ့ အသုံးနှုန်းကို မသုံးတော့ဘဲ မလဲ့လဲ့ဟု သူ ပြောင်းလဲသုံးပုံကို သတိပြုမိ၏။ သူ့အသံကလည်း ချိုသာသည်။
"အဲဒီစကားကို ပညာကြီးတော်မူတဲ့ ပုဂ္ဂိုလ်ကြီးများက စကားအဖြစ်နဲ့ သုံးတော်မူလေ့ရှိကြတယ်။ မြင်တာတွေ မှန်တယ်။ ဒါပေမယ့် မှန်တာ မြင်ရဲ့လား၊ အဓိပ္ပာယ် နက်နဲလွန်းတာမို့ ကျွန်တော် မှတ်ထားတယ်၊ ကျွန်တော်တို့ ပုထုဇဉ်တွေဟာ အာရုံခြောက်ပါးကို တော်တော်လေး အားကိုး ယုံကြည်တတ်ကြတယ်။ ဒါပေမဲ့ အာရုံခြောက်ပါးဟာ လှည့်စားတတ်ပါတယ်၊ အထူးသဖြင့် မနောအကြည်မှာ ပေါ်လာတဲ့ အာရုံမျိုးဟာ ပိုလှည့်စားတယ်။ ဥပမာ...ကျွန်တော် ပြောခဲ့တဲ့ အတိတ်ဆိုပါတော့"
သူက ပြုံး၏။ သည်အပြုံးကတော့ တစုံတရာကို နာကြည်းသော အပြုံး။
သူ ဆက်ပြော၏။ လဲ့လဲ့ကို ပြောသည်ထက် သူ့ဘာသာသူပြောနေဟန်ပေါ်သည်။
”အတိတ်ဆိုတာ ဘယ်မှာ ရှိသလဲ၊ ရင်ထဲမှာ ရှိတယ်၊ အဲဒါကလည်း တင်စားပြောရတာပါ၊ စိတ်ထဲမှာ ရှိတာပါ၊ ဒီစကားဟာတောင် မမှန်ပါဘူး၊ အကြောင်းဆုံလို့ ပေါ်လာတာပါ၊ ကောင်းကင်မှာ လက်ခနဲ့ ပေါ်လာတဲ့ လျှပ်စစ်ဟာ ဘယ်မှာ ရှိသလဲ၊ မပေါ်ခင်မှာလည်း မရှိဘူး၊ ပေါ်ပြီးတော့လည်း မရှိဘူး၊ အကြောင်းဆုံခိုက် ပေါ်လာတယ်၊ အတိတ်ဆိုတာဟာလည်း ဒီလိုပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့က ရှိတယ်ဆိုပြီး ဖက်တွယ်ထားမိကြတယ်”
သူက ခပ်လှမ်းလှမ်းဆီ ညွှန်ပြသဖြင့် လဲ့လဲ့က လိုက်ကြည့်သည်။
ကောလိပ် အဆောက်အအုံကြီး၏ အခြေ၌ မြက်စိမ်းလေးများ လွှမ်းသော ကုန်းမြင့်လေး ရှိသည်။ ကုန်းမြင့်လေး၏ အောက်၌ စိမ်းမှောင်သော ကံ့ကော်ပင်ပျိုတောလေး ရှိ၏။
"အဲဒီ ကံ့ကော်တောလေးမှာ မလဲ့လဲ့ ဘာမြင်သလဲ၊ မလဲ့လဲ့က ဘာမှ မမြင်ဘူးလို့ ပြောမယ်၊ ကျွန်တော်ကတော့ မြင်နေတယ်လေ၊ မျက်လုံးနဲ့တော့ မဟုတ်ဘူး၊ စိတ်ထဲမှာ မြင်နေတယ်၊သူ့အသားလေးက ဝါတယ်၊ ထဘီဝါဝါလေးကိုပဲ သူ ဝတ်တတ်တယ်၊ အင်္ကျီလေးကတော့ အဖြူပါ၊ ဒါပေမဲ့ အသားလေးကလည်း ဝါဝါ၊ ထဘီလေးကလည်း ဝါဝါဆိုတော့ အင်္ကျီလေးပါ ဝါနေတယ်၊ အဖြူသွေး ပါပေမယ့် ရွှေဝါရောင်လွှမ်းတဲ့ ကံ့ကော်ပွင့်လေးလိုပါ၊ ဒါဟာ မြင်တာ မဟုတ်ဘူး၊ မြင်ယောင်တာပါလို့ ပြောမယ်၊ ဟုတ်ကဲ့၊ ဒါပေမဲ့ ခံစားမှုက ရှိနေတယ်၊ ဘာကြောင့် ခံစားရသလဲ၊ ရှိတယ်လို့ ဖက်တွယ် ထားမိလို့ပေါ့"
တိမ်မှ ပြန်ဟပ်သော နေရောင်ကြောင့် ညနေမှာ ရွှေရည်ဝင်းနေသည်။
သူ့စကားကို နားထောင်နေစဉ် ရွှေရည်ဝင်းသော သဏ္ဌာန်လေး တစ်ခုကိုလည်း ကံ့ကော်တောအလယ်တွင် လဲ့လဲ့ မြင်ယောင်မိသည်။ တစ်ယောက်လည်း ပါသေးသည်။ သူက ဘယ်သူနည်း။
ဪ... မောင်၊ မျိုးနှင့် သူ့မောင်။
လဲ့လဲ့က အတွေးကို ရပ်ပစ်လိုက်ပြီး မေး၏။
"ရှင်က အဲဒါတွေ ဘာလို့ ကျွန်မကို ပြောပြနေတာလဲ
" မြင်လို့ ခံစားရတယ်။ ဒီလိုပဲ တခါတလေ ခံစားရလို့ မြင်တယ်။ သို့မဟုတ် မြင်တယ်လို့ ထင်တယ်၊ ကျွန်တော် ဒါကို ပြောချင်လို့ပါ"
"ရှင် ဆိုလိုတာက မနက်က ကျွန်မ မြင်ခဲ့တာတွေဟာ မြင်တာမဟုတ်ဘူး၊ ဒီလို မဟုတ်လား"
"ကျွန်တော် ဒီလိုတော့လည်း မပြောဝံ့ဘူး"
"မပြောဝံ့ဘူး၊ မပြောဘူးလို့တော့ ရှင် မဆိုဘူးနော်"
သူက တစ်ချက် ရယ်၏။
"ရှင် ဘာရယ်တာလဲ"
"ဪ.. မလဲ့လဲ့က စကားသုံး ခွဲခြားပြနေလို့ပါ၊ အင်း စာရေးဆရာမ ပီသပါတယ်"
"ရှင် ဘာပြောလိုက်တယ်"
"ဪ... စာရေးဆရာမ ပီသတယ်လို့"
"ရှင်... ရှင်က ကျွန်မကို စာရေးဆရာမလို့ ဆိုသလား"
"လဲ့လဲ့ဟာ ဒေါက်တာဒေါ်လဲ့လဲ့၊ ဒေါက်တာ ဒေါ်လဲ့လဲ့ဟာ လဲ့နှင်းရည်ဆိုရင် မလဲ့လဲ့ဟာ စာရေးဆရာမပါ"
လဲ့လဲ့၏ ရင်မှာ ခုန်လာသည်။ လူမှာလည်း မသိမသာလေး တုန်လာ၏။
"ကျွန်မ အဲဒါတွေ တစ်ခု.. တစ်ခုမှ မသိ.. မသိဘူး"
"မလဲ့လဲ့ ဒီစကား ပြောတာ နှစ်ခါရှိပြီ၊ ကျွန် တော့်ကို ခွင့်ပြုပါ၊ တစ်ခု ကျွန်တော် မေးပါရစေ"
လဲ့လဲ့က သူ့ကို ကြည့်သည်။ သူကလည်း လဲ့လဲ့ကို ကြည့်နေ၏။
"ရှင် ဘာမေးမလို့လဲ"
"မလဲ့လဲ့ ဘာဖြစ်ခဲ့သလဲ"
သူ့မေးခွန်းက တိုသည်။ မေးဟန်က ပြတ်သည်။ သူ့စကားသည် လဲ့လဲ့၏ ရင်တွင်းသို့ တိုက်ရိုက်လာသကဲ့သို့ ရှိသည်။
လဲ့လဲ့က သူ့ကို ကြည့်မြဲ ကြည့်နေ၏။ သူ့မျက်လုံးများကို မြင်နေရသည်၊ သည်မျက်လုံးများက အလွန်ကြည်လင်သည်၊ ငြိမ်သက်ခြင်းလည်းရှိသည်။ မိမိတစ်ကိုယ်လုံးကို သိမ်းဆွဲထားသည်ဟုလည်း ခံစားရ၏။
လဲ့လဲ့က မျက်လွှာချလိုက်ပြီး ဖြည်းညင်းစွာ ဖြေ၏။
"ကျွန်မ ခေါင်းမှာ ဒဏ်ရာရခဲ့တယ်"
"ဪ"
"မတော်တဆ လဲကျခဲ့တယ်လို့ ဖေဖေကပြောတယ်။ ကျွန်မ မသိဘူး၊ ကျွန်မ သိတာက..." လဲ့လဲ့သည် ဆိုင်းသွား၏။
" ပြောပါ၊ မလဲ့လဲ့ ဘာသိသလဲ"
"ကျွန်မ သိတာက ကျွန်မ ဆေးရုံပေါ်မှာ ရောက်နေတာပဲ။ ကျွန်မ အတွက်တော့ အဲဒါဟာ ကျွန်မရဲ့ ဘဝအစပဲ"
သူ့ထံမှ ဘာစကားသံမှ မလာ။ အတန်ကြာ၍ လဲ့လဲ့ မော့ကြည့်လိုက်သောအခါ သူက မိမိကို စိုက်ကြည့်မြဲ ကြည့်နေကြောင်း တွေ့ရသည်။
သူ့မျက်လုံးများက စောစောတုန်းကနှင့် မတူတော့။ ယခုအကြိမ်တွင်မူ နူးညံ့ပျော့ပျောင်းနေသည်။ စာနာထောက်ထားခြင်း သဘောတွေကို ဖော်ပြနေသည်ဟုလည်း လဲ့လဲ့ ထင်သည်။
နောက်ဆုံး၌ သူက တိုးတိုး ဆို၏။
"ကျွန်တော် စိတ်မကောင်းပါဘူး"
လဲ့လဲ့က သူ့ကို စိုက်ကြည့်မြဲ ကြည့်နေသောအခါ သူက ထပ်ဆို၏။
"ကျွန်တော် စိတ်မကောင်းပါဘူး၊ မလဲ့လဲ့ရဲ့ အဖြစ်ကို ကျွန်တော် ကိုယ်ချင်းစာ နားလည်ပါပြီ၊ ဪ.. နေဝင်တော့မယ်၊ ကျွန်တော်တို့ ပြန်ကြရအောင် "
သူ ပြောဟန်က သက်သာသည်။ ရင်းနှီးသူတို့သာ ပြောသော စကားမျိုးဟုလည်း လဲ့လဲ့ ထင်သည်။
သို့ရာတွင် နေက အမှန်ဝင်တော့မည် ဖြစ်သဖြင့် လဲ့လဲ့မှာ ဘာမျှမပြောသာ။ ဪ ဘာများကော ပြောစရာ ရှိသနည်း။
သူနှင့်တွဲပြီး ကားများဆီသို့ လဲ့လဲ့က ဆိတ်ဆိတ်ငြိမ်ငြိမ်လေး လျှောက်လိုက်လာခဲ့၏။
လဲ့လဲ့၏ ကားနောက်ခန်း တံခါးကို သူက ဖွင့်ပေး၏။
ကား စထွက်သောအခါတွင် လဲ့လဲ့က နှုတ်ဆက်စကား ပြောရန် ကြိုးစားသည်။ ပြော၍က မရ။
"သွားမယ်"
သည်စကားလုံးလေးက ရင်ထဲတွင်တော့ ပေါ်လာသည်။ အပြစ်ကင်း၍ ရိုးလှသော သည်စကားလုံး လွယ်လွယ်လေးကို နှုတ်ကမူ ပြော၍မရ။
ရင်ထဲတွင်တော့ ဝမ်းနည်းသည်။ ဘာဝမ်းနည်းမှန်းလည်း မသိ။
အိမ်အပေါ်ထပ် မိမိ၏အခန်းဆီ ပြန်ရောက်သောအခါ အလင်းရောင် အားနည်းနေပြီ ဖြစ်သဖြင့် လဲ့လဲ့က မီးချောင်းကို ဖွင့်လိုက်သည်။
ကိုယ်လုံးပေါ်မှန်၌ တွေ့ရသော မိမိသဏ္ဌာန်ကို လဲ့လဲ့က အံ့အားသင့်လျက် ကြည့်သည်။
မိမိက အင်္ကျီအဖြူနှင့် ထဘီဝါလေးကို ဝတ်ထားသည်။ မိမိအသားကလည်း ဝါဝင်းသည်။ သည်တော့ တစ်ကိုယ်လုံး ဝါဝင်းသည်။
လဲ့လဲ့၏ ဦးနှောက်တွင်း တစ်နေရာမှ တစီစီ အော်မြည်လာသည်။
သည်ကြားထဲက ကံ့ကော်တောကိုလည်း မြင်ယောင်နေသေးသည်။
" မောင်... "
သည်အသံကိုလည်း ကြားသည်။ ဘယ်ကလာသော အသံနည်း။ ဘယ်သူ့အသံနည်း။
ဒယီးဒယိုင်နှင့် လဲ့လဲ့က ပြတင်းဝဆီ ကပ်လာပြီး လေကို ရှူသည်။
အပြင်ဘက်တွင် မှောင်ရီစ ရှိနေသော်လည်း အလင်းရောင် လုံးဝမပျောက်သေး။
တစ်ဖက်ခြံတွင်းရှိ စိန်ပန်းပင်ကြီးက ညိုညိုနီနေ၏။
မှောင်ရီချိန်က ဆိတ်သုဉ်းသည်။ ထီးထီးမားမားနှင့် ညို့ညို့ နီသော စိန်ပန်းပင်ကြီးမှာလည်း ဆိတ်သုဉ်းသည်။
မိမိရင်တွင်းမှာလည်း ဆိတ်သုဉ်းလှသည်။
လဲ့လဲ့က ပြတင်းမှ ခွာပြီး အိပ်ရာထက်တွင် ခွေခွေလေး လှဲသည်။
ပြီးတော့ တတ်နိုင်သည့် တစ်ခုကိုသာ ပြု၏။
လဲ့လဲ့ ငိုသတည်း။
အခန်း ( ၆ )
လဲ့လဲ့က ဖတ်နေသော စာအုပ်ကို ချလိုက်ပြီး မျက်စိပိတ်၍ စဉ်းစားသည်။
ဘာသာစကား။ စကားပြေတွေကိုလည်း ဘာသာစကားနှင့် ဖွဲ့စည်း တည်ဆောက်ထားသည်။ ကဗျာတွေကိုလည်း ဘာသာစကားတွေနှင့်ပင် တည်ဆောက်ထားသည်။
သို့ရာတွင် စကားပြေတခုကို ဘာသာတခုမှ အခြားဘာသာတခုသို့ အဓိပ္ပာယ် ပြည့်ဝစွာ ပြန်ဆို၍ရသည်။
ကဗျာကိုတော့ ယင်းသို့ ပြန်ဆိုရန် မလွယ်။ ကဗျာကို ဘာသာမပြန်နိုင်ဟု ဆိုသူက ဆိုကြသည်။ ဘာသာမပြန်နိုင်ခြင်းဟူသော သဘောကို ထောက်ပြကာ စကားပြေနှင့် ကဗျာမှ ဘာသာစကားတို့ ခြားနားစွာ အလုပ်လုပ်ပုံကို ဆွေးနွေးကြသည်။
စကားပြေမှ ဘာသာစကားနှင့် ကဗျာမှ ဘာသာစကားတို့ မတူဘူးလော။ ကဗျာမှာ ဘာသာစကားအပြင် အခြားထူးခြားမှု ရှိနေသေးသလော။ ရှိနေသေးလျှင်လည်း ဘာသာစကားမှလွဲ၍ အခြား ဘယ်ဆီက လာသနည်း။ လာသနည်း။
လဲ့လဲ့သည် စိတ်ပျက်ပြုံးလေး ပြုံးလိုက်ပြီး စာအုပ်မျက်နှာ ကြည့်သည်။
ဒေးဗစ်လော့(ခ်ျ) ရေးသားသည့် ဝတ္ထုများမှ ဘာသာစကားဟူသော ကျမ်းတစ်ခု ဖြစ်သည်။
ဗီရိုထဲတွင် သည်လိုကျမ်းမျိုး တော်တော်များများ ရှိနေသည်။ ဒေါက်တာလဲ့လဲ့၏ ကျမ်းတွေဟု သူတို့က ပြောသည်။
ဒေါက်တာလဲ့လဲ့ကတော့ သည်ကျမ်းတွေကို နားလည်ပေမည်။ ဪ... နားလည်ရမည်ပေါ့။ မိမိကတော့ အင်း ဖတ်၍ရသည်။ ဖတ်၍ရခြင်းသည် နားလည်ခြင်းလော။
လဲ့လဲ့က တစ်ယောက်တည်း ခေါင်းခါသည်။
မိမိ ဖတ်၍တော့ရသည်။ နားလည်လှသည်တော့ မဟုတ်။ နားမလည်လှသည့်အပြင် ခေါင်းကိုက်ချင်သည်။ ဒေါက်တာလဲ့လဲ့ကတော့ ခေါင်းမကိုကိုက်ဘူးလော။
စဉ်းစားနေသော လဲ့လဲ့၏ နားတွင် ပျော်ရွှင်ဆူညံ အော်ဟစ်သံများကို ကြားရသည်။
လဲ့လဲ့က ဝရန်တာသို့ ထွက်ပြီး လမ်းမဆီ ကြည့်သည်။
ဂျစ်ကားတစ်စီးက လမ်းမပေါ်တွင် မောင်းသွားသည်။ ကားပေါ်မှလူတွေမှာ ရေတို့ဖြင့် စိုရွှဲနေသည်။
မတ်တတ်ရပ် လိုက်ပါလာသူ လူငယ်နှစ်ဦးက တစုံတရာကို လှမ်းအော်ပြီး လဲ့လဲ့ကို လက်ပြသွားကြသည်။
လမ်းဘေးရှိ ညောင်ပင် မျိုထားသော သစ်ပင်ကြီး တပင်အောက်မှ ကလေးတသိုက်က ဖြတ်သွားသော ဂျစ်ကားကို ရေနှင့် ပက်ကြသည်။
လက်ဝဲဘက် လှမ်းလှမ်း၌ တံတားတခု ရှိသည်။ ဤနေရာတွင်လည်း ရေခွက်ကိုယ်စီနှင့် ကလေးများကို တွေ့ရသည်။
စက်ဘီးတစီးက တံတားနား ရောက်လာသည်။ စက်ဘီးပေါ်မှ လူကို ကလေးများက ဝိုင်း၍ ရေနှင့်ပက်ကြသည်။
သင်္ကြန်... သည်စကားက လဲ့လဲ့၏ နှုတ်ဖျား၌ ပေါ်လာသည်။
မနေ့က သင်္ကြန်အကြိုနေ့ဟု မေမေက ပြောသည်။ သည်နေ့နံနက်ကလည်း သင်္ကြန်အကျနေ့ဟု မေမေ ပြောသည်။
ဪ... သင်္ကြန်ဆိုသည်မှာ ရေပက်ကြသောအခါ...
လဲ့လဲ့၏ နှာခေါင်းများတွင် ရေနံ့နှင့် မြေနံ့များကို ရသည်။ သည့်အပြင် ထူးဆန်း သင်းပျံ့ မွှေးကြိုင်သော ရနံ့တမျိုးကိုလည်း ရနေ၏။
ညက မိုးရွာသည်ကို လဲ့လဲ့ သတိရသည်။ ခြံတွင်းမှ မြေက မစို့မစို့လေး ရှိနေသည်ကို လဲ့လဲ့ တွေ့ရသည်။ သစ်ပင်များမှ သစ်ရွက်များကလည်း ထူးဆန်း သင်းပျံ့ မွှေးကြိုင်သော ရနံ့တမျိုးကိုလည်း ရနေ၏။ စိမ်းမြသစ်လွင်နေကြ၏။
မွှေးရနံ့က ဘယ်က လာသနည်း။ သင်းပျံ့ပုံလေးက ယဉ်လှသည်ဟု လဲ့လဲ့ စိတ်တွင် ထင်မိသည်။
လဲ့လဲ့၏ မျက်လုံးများက လမ်းမ တဖက်ဘေးရှိ သစ်ပင်ကြီးတပင်ဆီ ရောက်သွားသည်။
သစ်ပင်ကြီးပေါ်တွင် ရွှေပွင့်ရွှေလွှာများ ထိန်ထိန်ဝင်းနေသည်။
ပိတောက် သည်အပင်ကို လဲ့လဲ့ ကောင်းစွာ မှတ်မိ၏။ အို...
ပိတောက်တွေ ပွင့်နေပါပကော။
သတိမူမိကာမှ မျက်နှာချင်းဆိုင်ရှိ ခြံကြီးများတွင်းမှ အခြားပိတောက်ပင်များကိုလည်း လဲ့လဲ့ မြင်သည်။ အားလုံးက ရွှေပွင့်ရွှေလွှာတွေကို ဆင်ထားကြသည်။
ပိတောက်.. ပြီးတော့ စိန်ပန်း။
လဲ့လဲ့သည် ဝရန်တာ တစ်ဖက်စွန်းသို့ သွားပြီး တဖက်ခြံတွင်းသို့ ကြည့်မိသည်။ ရဲရဲနီနေသော စိန်ပန်းပင်ကြီး၏ တစိတ်တပိုင်းကို ခါတိုင်းလိုပင် တွေ့ရသည်။
ဪ... သူနှင့် ယှဉ်နေသော ပိတောက်ပင်မှာလည်း ပိတောက်ပန်းတွေနှင့်။
လဲ့လဲ့သည် အခန်းတွင်းသို့ အပြေးကလေး ပြန်ဝင်လာပြီး ပြတင်းဝမှ ရပ်လျက် စိန်ပန်းပင်ကြီးနှင့် ပိတောက်ပင်ကြီးကို ကြည့်သည်။
သည်နေရာကတော့ နှစ်ပင်လုံးကို ပြည့်ပြည့်ဝဝ မြင်ရသည်။
လှလိုက်သည့် သစ် နှစ်ပင်။ နှစ်ပင်လုံး ပင်လုံးကျွတ် ပွင့်လျှက်နေကြသည်။
ဘယ်အပင်နှင့် ဘယ်ပန်းက ပို၍လှသနည်း။
စိန်ပန်းပင်က အမျိုးအချိတ် ပိုကျသည်ဟု လဲ့လဲ့ ထင်သည်။ ပန်းချင်းယှဉ်တော့ တပန်းက ရဲရဲနီ၊ တပန်းက ဝါဝါရွှေရွှေ၊ နှစ်မျိုးလုံး လှပသည်။ ပင်လုံးလွှမ်းအောင် ပွင့်ပုံမှာ စိန်ပန်းကပင် သာသည် ထင်၏။
သည်ကြားထဲက သူက မျက်နှာငယ်ပန်း။
ဪ သူက မမွှေးရှာ။ ယခု မိမိနှာခေါင်းတွင် သင်းပျံ့နေသော မွှေးရနံ့များမှာ ပိတောက်မှ လာသည် ထင်သည်။
”သင်္ကြန် ရောက်ခါနီးပြီ၊ သင်္ကြန်ဆို သူတို့ ပွင့်ကြမယ်၊ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်တည်းတဲ့၊ သူက ရှားရှားပါးပါး ပွင့်တယ်၊ သူ့ကို မြတ်နိုးကြတယ်လေ၊ ရှားပါးတယ် မဟုတ်လား၊ ဟောဒီ စိန်ပန်းခမျာ ကတော့...”
တံတားဖြူလေးပေါ်တွင် သူ ပြောခဲ့သော စကားများကို လဲ့လဲ့ပြန်ကြားယောင်လာသည်။
စိန်ပန်းပင်ကြီးနှင့် ပိတောက်ပင်ကြီးကို ငေးကြည့်နေသော လဲ့လဲ့မှာ မြင်ကွင်းတွင်းသို့ ဝင်လာသော သဏ္ဌာန်တစ်ခုကြောင့် မျက်လုံးပြူးသွားသည်။
လူငယ်တစ်ဦး။ ဟုတ်သည်။ ကလေးတစ်ယောက် မဟုတ်။ လူငယ် တစ်ဦး။
ဪ... လူပျိုပေါက်လေး။
လူငယ်က တိုက်ပုလေး၏ ခေါင်းရင်းပိုင်းမှ ပေါ်လာသည်။ သူက မိမိရှိရာဘက်သို့ ခေတ္တ မျက်နှာလှည့်သည်ကို လဲ့လဲ့ သတိပြုမိ၏။
လဲ့လဲ့က ကိုယ်ကို ရုပ်လိုက်ပြီး နံရံကွယ်လျက် ဆက်ကြည့်သည်။
လူချောလေး တစ်ဦး။ အဝတ်အစားလေးတွေကမူ နွမ်းသည်။
သူကကော ဘယ်က ပေါ်လာသနည်း။ ဘာလာလုပ်ပြန်သနည်း။
လူငယ်က စိန်ပန်းပင်ကြီးအောက်၌ ရပ်လိုက်ပြီး စိန်ပန်းပွင့်များကို မော့ကြည့်သည်။ ထိုနောက် ပိတောက်ပင်ကြီးကို လှမ်း၍ မော့ကြည့်နေပြန်၏။
"ဟော .."
ဟု လွှတ်ခနဲ နှုတ်မှ တိုးတိုး အသံထွက်မိသွားသည်။
ကောင်မလေးတယောက်။ ကောင်မလေး မဟုတ်။ အပျိုလေး။အပျိုပေါက်မလေး။
သည်တချီတော့ လုံးလုံး မျက်စိမမှားနိုင်။ သေသေချာချာ မြင်ရသည်။ အပျိုမလေးက တိုက်ပုလေးအတွင်းမှ ထွက်လာသည်။
ပထမ ဆင်ဝင်အောက်၌ ခေတ္တရပ်ပြီး ဟိုဟိုသည်သည် ကြည့်သည်။
ကြည့်စမ်း.. လှလိုက်သည့် ကောင်မလေး။
လည်တိုင်လေးက သွယ်ပြီး ရှင်းကာ ဝင်းလိုက်သည့်ဖြစ်ခြင်း။
ကိုယ်လေးကလည်း ကြော့ပီး ရှင်းကာ ယဉ်လိုက်သည့်ဖြစ်ခြင်း။ ပခုံးကျော်စ ဆံပင်လေးများကလည်း နက်မှောင်ပါဘိ။ ထဘီဝါဝါလေးနှင့်မို့
တကိုယ်လုံး မှာလည်း ဝင်းပါဘိ။ ဝါပါဘိ။
မချောလေးက ကောင်ချောလေးကို တွေ့သွားဟန်တူသည်။ စိန်ပန်းပင်ကြီးဆီသို့ လျှောက်သွားသည်။
မချောလေးက စိန်ပန်းပွင့်များကို လက်ညှိုးညွှန်ပြပြီး တစုံတရာ ပြောသောအခါ ကောင်ချောလေးက ရယ်ပြုံးပြီး ခေါင်းခါ၏။ မချောလေးကလည်း ရယ်လိုက်ပြီးမှ ပိတောက်ပင်ကြီးကို လက်ညှိုးညွှန်ပြပြန်သည်။
ကောင်ချောလေးက ပိတောက်ပင်ကြီးဆီ တွေတွေလေး လှမ်းကြည့် ပြီးနောက် တစုံတရာ ပြန်မေးသည်။ မချောလေးက ခေါင်းညိတ်ပြသောအခါ ကောင်ချောလေးက သူ လာခဲ့ရာ အိမ်ခေါင်းရင်းပိုင်းဆီ လျှောက်သွား၍ ပျောက်ကွယ်သွား၏။
ပိတောက်ပွင့်များကို မော့ကြည့်လျက် မချောလေး ကျန်ရစ်သည်။
လှ လှသေးတော့။ ကောင်မလေးကလည်း ဝင်းဝင်းဝါဝါ။
ပိတောက်ပန်းတွေကလည်း ဝင်းဝင်းဝါဝါ။
ထိုစဉ် ခြံတွင်းသို့ စက်ဘီးတစ်စီး တိုးဝင်လာသည်။
"ဪ.. ဟု လဲ့လဲ့ ရေရွတ်မိ၏။"
လူပျိုပေါက်ကလေး တစ်ဦးပင်။
သူ့ကိုယ်မှာ ရေတွေဖြင့် ရွှဲနေသည်။ ရေရွှဲနေပေမယ့် သူ့အဝတ်အစားများက သစ်လွင်ကောင်းမွန်သည်။
"ဪ ဪ... ဒီလိုကိုး"
ဟု လဲ့လဲ့က သဘော မှတ်ချက်ချမိ၏။
အကြောင်းမှာ ကောင်လေးက စက်ဘီးပေါ်မှ ဆင်းပြီး ပန်းစည်းကြီး တစ်စည်းကို ကောင်မလေးအား ပေးသောကြောင့်ဖြစ်သည်။
ကောင်မလေးက ပိတောက်ပန်းစည်းကြီးကို ပိုက်လျက် ကောင်လေးကို ပြုံးပြုံးလေး ကြည့်နေသည်။ ငနဲသားလေးကလည်း ပြုံးလျက်-
'ဟိုက်' ဟု လဲ့လဲ့ အော်မိပြန်၏။
ခြံဝမှာ ကောင်လေး သုံးကောင်။ လူပျိုပေါက်လေး သုံးကောင်။ သူတို့လက်တွင်းမှာက ပုံးတွေ၊ ဖလားတွေနှင့်။
ရှေ့ဆုံးမှ တုတ်တုတ်ခိုင်ခိုင်နှင့် ကောင်လေးတကောင်က ဖလားကို ကိုင်၍ ပြေးဝင်လာသည်။
ကောင်မလေးထံမှ အလန့်တကြား အော်သံ ကြားရ၏။
မချောလေးက ပန်းစည်းကြီးကို လွှတ်ချကာ အိမ်ဆီ ပြန်ပြေး၏။
တဟုန်ထိုး ပြေးလာသော တုတ်တုတ်ခိုင်ခိုင် ကောင်လေး၏ လက်မှ ဖလားကို ပန်းစည်းယူလာသော ကောင်လေးက ဝင်လု တားမြစ်သည်။
ဖလားမှာ မှောက်လန်ကာ ရေတွေ ဖိတ်ကုန်၏။
တုတ်တုတ်ခိုင်ခိုင် ကောင်လေးက ဒေါသတကြီးဖြင့် ဖလားနှင့် ရိုက်မည် ရွယ်၏။
"ဘုရား ... ဘုရား ရန်ဖြစ်ကုန်ကြပြီ"
ဖလားနှင့် အရွယ်ခံရသော ကောင်လေးက တုန်လှုပ်ဟန်မပြ။
မားမားရပ်လျက် ခန့်ခန့်ကြီး ခါးထောက်ကာ ရန်ပြုသူကို စိုက်ကြည့်နေ၏။ အာဂသတ္တိ။
တုတ်တုတ်ခိုင်ခိုင် ကောင်လေး၏ ဖလား ကိုင်ထားသော လက်သည် ပြန်ကျလာ၏။ သူက ခေတ္တမူ ခါးထောက်ရပ်နေသူ ကောင်ကလေးကို စောင့်ကြည့်နေသေး၏။ ထိုနောက် မြေပြင်၌ ကျနေသော ပန်းစည်းကို ရုတ်တရက် ကောက်ယူလိုက်ပြီး ခြံပြင်သို့ လျင်မြန်စွာ ထွက်ပြေးသွား၏။
မမျှော်လင့်၍ ထင်သည်။ သတ္တိခဲကောင်လေးက ခေတ္တကြောင်လျက် ကျန်ရစ်သည်။ သို့ရာတွင် ခဏချင်းမှာပင် ထွက်ပြေးသူနောက်သို့ အပြေး လိုက်တော့၏။
ကျန်ကောင်လေး နှစ်ကောင်ကပါ ထွက်သွားကြရာ ခြံတွင်း၌ မည်သူမျှ မကျန်တော့။
ရင်တဖိုဖိုဖြင့် လဲ့လဲ့က ဆက်ကြည့်ရှုနေ၏။
မကြာပါ။ ကောင်ချောလေး ပြန်ပေါ်လာ၏။
ဪ... သူ့လက်တွင်းမှာ တံချူတခုနှင့်။
မချောလေးလည်း တိုက်တွင်းမှ ပြန်ထွက်လာသည်။
မချောလေးက လက်ဟန်၊ ခြေဟန်နှင့် အဖြစ်အပျက်တို့ကို ပြန်ပြောပြသည် ထင်၏။
ကောင်ချောလေးက တံချူလေးကို ကိုင်လျက် ခြံပြင်ဘက်သို့ ငေးကြည့်နေသည်။
ပြေးလိုက်သွားသော ကောင်ကလေးက ခြံဝမှ ပြန်ဝင်လာသည်။
သူ့လက်တွင်း၌ ပိတောက်ပန်းစည်း ပြန်ပါမလာ။
သူတို့သုံးယောက်သည် ခေတ္တ စကားပြောနေကြပြီးနောက် ပန်းစည်းယူလာသော ကောင်ကလေးက ကောင်ချောလေး၏ လက်မှ တံချူကို လှမ်းယူရာ ကောင်ချောလေးက မပေးချင် ပေးချင်ဟန်ဖြင့် ပေးလိုက်ရ၏။
လဲ့လဲ့က ကြားထဲက မခံချင် ဖြစ်ပြီး အံကြိတ်သည်။
"ဒါ သက်သက်အနိုင်ကျင့်တာ၊ လူများ ချူတံကို"
ပန်းစည်းယူလာသော ကောင်ကလေးက ပိတောက်ပင်ကြီးနား ချဉ်းကပ်သွားပြီး ပိတောက်ပန်းတို့ကို တံချူနှင့် ချူရန် ကြိုးစား၏။
သို့ရာတွင် မမီ။ တံချူက တိုနေ၏။
"ကောင်းတယ်" ဟု လဲ့လဲ့က ဩဘာပေးသည်။
ကောင်ကလေးက တံချူကို ပစ်ချလိုက်ပြီး ကောင်ချောလေးကို တစုံတရာ ပြောနေ၏။
သူ့အမူအရာက အပြစ်တင်ဟန်။ သရော်ဟန်။
ကောင်ချောလေးကတော့ ဘာမျှ မပြော။ ငြိမ်ငြိမ်လေး ရပ်နေ၏။
ပန်းစည်း ယူလာသော ကောင်လေးက မချောလေးနား ကပ်ပြီး တစုံတရာ ပြောနေပြန်သည်။
ထိုနောက် သူ့စက်ဘီးလေးကို စီးပြီး ပြန်ထွက်သွား၏။
ထိုအခါကျမှ ကောင်ချောလေးက သူ့ချူတံလေးကို သူ ပြန်ကောက် ကိုင်သည်။
သူ ဘာလုပ်ဦးမည်နည်း။ အပင်ပေါ် တက်မည်လော။
သို့ရာတွင် ပိတောက်ပင်စည်ကြီးက ချောပြောင်နေကာ ခွဆုံကြီးက မြင့်လှ၏။
စူးစမ်းစိတ်ဖြင့် လဲ့လဲ့ ကြည့်နေခိုက် ကောင်ချောလေးက စိန်ပန်းပင် ကြီးဆီ သွား၏။
စိန်ပန်းပင်ကြီး၏ ခွဆုံက မမြင့်။ ခက်မကြီးများကလည်း ဖြာထွက်နေကြသည်။
ကောင်ချောလေးက စိန်ပန်းပင်ကြီးပေါ် အလွယ်တကူ တက်သွားပြီး ခက်မကြီးတခုပေါ်မှနေ၍ တဖက် ပိတောက်ပင်ကြီးဆီ တံချူနှင့် လှမ်းချူ၏။
ဉာဏ်ကောင်းလိုက်သည့် သတ္တဝါလေး။ တံချူက ပိတောက်ပွင့်များဆီ ကောင်းကောင်းမိသည်။
ကောင်ချောလေးက ပိတောက်ခက်များကို ချူချပေး၏။ ရွှင်မြူးဟန်နှင့် မချောလေးက ပိတောက်ခက်များကို လိုက်ကောက်နေ၏။
သူတို့ကို ကြည့်ပြီး လဲ့လဲ့ပါ ရွှင်မြူးလာ၏။ ရင်တွင်းမှာ ကြည်နူး၍လည်း လာသည်။
ကောင်ချောလေးက စိန်ပန်းပင်ကြီးထက်မှ ပြန်ဆင်းလာပြီး ပိတောက်ခက်များကို ယူကောက်ပေးသည်။
မကြာမီ မချောလေး၏ ရင်ခွင်တွင် ပိတောက်ပန်းတွေ တပွေ့တပိုက်ကြီး ဖြစ်နေ၏။
မချောလေးက ပိတောက်ပန်းတွေကို အားရပါးရ ရှူရှိုက်နမ်းသည်။ ပြီးတော့ လည်တိုင်ကြော့လေးကို ဆန့်ကာ ခေါင်းလေးကို မော့၍ ကျေနပ်ဝမ်းသာဟန် ရယ်မောသည်။
သူတို့နှစ်ဦးက ခေတ္တရပ် စကားပြောနေကြသေးသည်။
နောက်ဆုံးတော့ မချောလေးက
ပိတောက်တခက်ကို ကောင်ချောလေးအား ပြန်ပေးခဲ့ပြီး အိမ်ဆီသို့ ပြန်လျှောက်လာသည်။
ပြတင်းမှ ခွာပြီး လဲ့လဲ့က သေသေချာချာ လိုက်ကြည့်သည်။
မချောလေးက အိမ်တွင်းသို့ ဝင်သွား၏။
ကောင်ချောလေးက မချောလေး ပေးခဲ့သော ပိတောက်ခက်လေးကို ခေါင်းလေး ငိုက်ပြီး စိုက်ကြည့်နေသည်။ ထိုနောက် တံချူလေးကို ထမ်းလျက် လာလမ်းအတိုင်း ပြန်လျှောက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
လဲ့လဲ့က အတန်ကြီးကြာအောင် ဆက်ကြည့်နေသေးသည်။
ကောင်ချောလေးလည်း ပေါ်မလာတော့။ မချောလေးလည်း ပေါ်မလာတော့။ အခြား လူရိပ်လူယောင်လည်း ဘာမျှ ပေါ်မလာတော့။
ရှုခင်းသည် ရုတ်တရက် ဆိတ်သုဉ်းသွားသည် ထင်ရ၏။ ပတ်ဝန်းကျင် တခုလုံးပင် တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု လဲ့လဲ့ ထင်သည်။
ရဲရဲနီသော စိန်ပန်းပင်ကြီးနှင့် ထိန်ထိန်ဝါသော ပိတောက်ပင်ကြီးတို့သည်သာ မလှုပ်မယှက် ငြိမ်သက် ကျန်ရစ်သည်။
ဪ... ဇာတ်လမ်းလေးတပုဒ် ပြီးသွားပြန်လေပြီ။
ဇာတ်လမ်း... လဲ့လဲ့က မျက်မှောင်ကြုတ်မိ၏။
ဒါ... ဇာတ်လမ်းလော။ မဟုတ်။ ဇာတ်လမ်း ဆိုသည်က ဝတ္ထုတွင်းက ကိစ္စ။ လဲ့နှင်းရည်၏ ဝတ္ထုတွင်းမှ မျိုးနှင့် မောင်တို့လို ကိစ္စမျိုး။ ယခုဟာက မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ ယခုတွင်လေးမှာ မြင်လိုက်ရသည်။
ယခု။ အဲ... ယခု ဆိုသည်က အဘယ်မှာနည်း။
လဲ့လဲ့က စိန်ပန်းပင်ကြီးနှင့် ပိတောက်ပင်ကြီးဆီ မျှော်ကြည့်သည်။
အဲဒါတွေက နေရာတွေ။ ယခုဆိုသော အချိန်က ဘယ်မှာနည်း။
ပြီးတော့ ကောင်ချောလေးနှင့် မချောလေးတို့ကော ဘယ်ရောက်သွားကြပြီနည်း။
မိမိ ရင်တွင်း တနေရာမှာ ကျန်ရစ်သည်။ မြတ်စွာဘုရား၊ အဲသည်လိုဆိုတော့ အတိတ်။ မရှိတော့ပြီဖြစ်သော အတိတ်။
လဲ့လဲ့က ခေါင်းခါ၏။ သည်အတွေးတွေက ဘာကြောင့် ဝင်လာရသနည်း။
အတိတ်ဖြစ်ဖြစ်၊ ပစ္စုပ္ပန်ဖြစ်ဖြစ် မိမိ မြင်လိုက်ရသည်။ အဲ... မိမိ မှတ်မိသည်။
ဟိုးတလောကတုန်းက မြင်ခဲ့ရသော ကလေးလေး နှစ်ယောက်ကိုလည်း ပြန်အမှတ်ရသည်။ အဲသည်တုန်းက ကောင်ကလေးက နွမ်းနွမ်းလေး။ ခုနက ကောင်ချောလေးလို နွမ်းနွမ်းလေး။ ကောင်မလေးကတော့ ဂါဝန်လေးနှင့် မြတ်စွာဘုရား။ ဂါဝန် ဝါဝါလေးနှင့် ။ ခုနက မချောလေးလို ဝါဝါဝင်းဝင်းလေး။
လဲ့လဲ့က မိမိ၏ မျက်လုံးများကို ပွတ်ကြည့်သည်။ လက်နှင့် ကိုယ်ကို စမ်းကြည့်သည်။
ဪ... ဒုက္ခ။ မိမိအဖြစ်က ကိုယ့်ကိုယ်ကိုယ်ပင် မယုံဝံ့ မယုံရဲသော ဒုက္ခ။
လဲ့လဲ့က စိန်ပန်းပင်ကြီးနှင့် ပိတောက်ပင်ကြီးဆီ ကြည့်ပြန်သည်။
ဆိတ်သုဉ်းသည်။ ကောင်ချောလေးနှင့် မချောလေး မရှိတော့ ဆိတ်သုဉ်းလှသည်။
လဲ့လဲ့၏ ရင်၌ အမည် မဖော်ပြနိုင်သော ခံစားမှုမျိုးစုံ ပေါ်လာသည်။
ကြည်နူးသယောင်ယောင်။ လွမ်းဆွတ်သယောင်ယောင်။ ဝမ်းနည်းသယောင်ယောင်။
လဲ့လဲ့၏ မျက်လုံးများတွင် ကံ့ကော်တောလေး ပေါ်လာသည်။ ပြီးတော့ ရွှေဝါရည်ဝင်းသော သဏ္ဌာန်လေး။ ဪ... သူ့အဖော်လည်း ပါသေးသည်။
ခုနက မချောလေးနှင့် ကောင်ချောလေးများလား။
အို... ဘာဆိုင်၍နည်း။ ဟိုဟာက မျိုးနှင့် မောင်။ အဲ... မျိုးနှင့် မောင်သာ ဖြစ်ရမည်ပေါ့။ မိမိ မြင်ယောင်သည်ကိုး။ သည်ကောင်ချောလေးနှင့် မချောလေးကတော့... ။
သူတို့ကကော ဘယ်သူတွေနည်း။ ဘယ်က လာကြသနည်း။ ဘာလာလုပ်ကြသနည်း။
လဲ့လဲ့၏ ရင်မှာ ထိတ်သွားသည်။ သံသယစိတ် တမျိုးက ဝင်လာ၏။
ဟိုးတလောတုန်းက ကောင်ကလေးနှင့် ကောင်မလေးကို မိမိ မြင်ခဲ့ရသည်။ ကောင်မလေးက စက်ဘီးလေးကို တိုက်တွင်းမှ တွန်းထုတ်ယူလာခဲ့သည်။
သည်အကြောင်းကို ပြောတော့ ကိုစိန်ပန်း ဆိုသူက မိမိကို တအံ့တသြ လုပ်သည်။ ထူးဆန်းနက်နဲသော စကားတရပ်ကိုလည်း ပြောခဲ့သေးသည်။
'မြင်တာ မှန်တယ်၊ မှန်တာ မြင်ရဲ့လား'
ယခုလည်း မိမိက မြင်ရပြန်ချေပြီ။ ကောင်ချောလေး တကောင်နှင့် မချောလေးတယောက်ကို မြင်ရပြန်ချေပြီး ဤသို့ မြင်ရသည်က အမှန်လော၊၊
လဲ့လဲ့က အံကြိတ်လိုက်သည်။ မိမိက ဘာလုပ်ရမည်နည်း။ မိမိ တခုခုတော့ လုပ်ရမည်။ ကိုယ့်ကိုယ်ကိုယ် ဘာဆုံးဖြတ်မိသည်ဟု ရေရေရာရာ မသိလိုက်ဘဲ လဲ့လဲ့သည် အိမ်ပေါ်ထပ်မှ အပြေးလေး ဆင်းလာခဲ့မိ၏။
အခန်း ( ၇ )
ခြံနှစ်ခုကြားရှိ ပုဏ္ဍရိက်တန်းအနီးတွင် လဲ့လဲ့ ရပ်သွား၏။
ပုဏ္ဍရိက်တန်း၌ ပြတ်နေသော ဝင်ပေါက်ကို ကျော်လိုက်လျှင် ဟိုဘက်ခြံတွင်းသို့ အလွယ်ရောက်သွားနိုင်သည်။ သို့ရာတွင် လဲ့၏ ခြေတို့က လှမ်းဝင်ရန် တုံ့နေသည်။ သင့်တော်ပါမည်လော။
ဝေခွဲမရသော လဲ့လဲ့က အဓိပ္ပာယ်မဲ့ ဟိုဟိုသည်သည် ကြည့်၏။
မိမိတို့ ခြံဘက် မလှမ်းမကမ်း၌ အေးကြည်က ကြိုးတန်းတွင် အဝတ်များ လှန်းနေ၏။
ဟိုဘက်ခြံက တိုက်လေးတွင် ယောက်ျားသား တဦးတည်း နေ၏။ အဲသည်ဘက်ဆီ မိမိ ကူးသွားသည်ကို မြင်လျှင် လူတွေက ဘာပြောကြမည်နည်း။
ရင်တွင်း၌ မသက်မသာနှင့် လဲ့လဲ့က တဖက်ခြံဆီ လှမ်းကြည့်၏။
လက်တွင်း၌ စာအုပ်တအုပ်ကို ကိုင်ပြီး သူက မိမိဆီကို အေးအေးဆေးဆေး လျှောက်လာနေ၏။
သူ့မျက်နှာက ဖြူဝင်းသန့်စင်သည်။ တည်တည်ကြည်ကြည်နှင့် ချောသည့် လူချောတဦး ဖြစ်ကြောင်း ရှေးဦးစွာအဖြစ် လဲ့လဲ့ သတိပြုမိ၏။
"မလဲ့လဲ့ ခြံထဲ ဆင်းလမ်းလျှောက်သလား"
ခေတ္တ တွေနေပြီးမှ လဲ့လဲ့ ခေါင်းညိတ်ပြ၏။
သူက အသာအယာ ရယ်မော၏။
"သင်္ကြန် မပြီးမချင်းတော့ မလဲ့လဲ့ ခြေချုပ်မိပြီ၊ ကိုယ့်ခြံထဲမှာပဲ ကိုယ် လမ်းလျှောက်ရတော့မယ်၊ ခြံက ကျယ်တော့ တော်သေးတာပေါ့၊ပြီးတော့ ကိုယ်ပိုင်ခြံထဲ ကျူးကျော်ပြီး ဘယ်သူမှ ရေမလောင်းရဲကြပါဘူး"
လဲ့လဲ့၏ မျက်လုံးများက ခြံဝင်းတံခါးများဆီ ရောက်သွား၏။
မိမိတို့ဘက်မှ တံခါးက ပိတ်ထားသည်။ ဤဘက်ခြံဝင်းတံခါးကမူ ပွင့်လျက်ရှိ၏။
"ဒါပေမဲ့ ဒီဘက်ခြံထဲ ခုနက ကောင်လေးတွေ အတင်းဝင် ရေလောင်းကြတယ် မဟုတ်လား"
"ဗျာ... ကောင်လေးတွေ ရေဝင်လောင်းကြတယ်၊ ဘယ်သူ့ကိုလဲ"
"ကောင်မလေးချောချောလေးလေ၊ အင်္ကျီဝါဝါ၊ ထဘီဝါဝါလေးနဲ့"
သူ့မျက်မှောင်က ကြုတ်သွား၏။
"ကောင်မလေး ချောချောလေး၊ အင်္ကျီဝါဝါ၊ ထဘီဝါဝါနဲ့"
"ဟုတ်တယ်၊ ဒီတိုက်ထဲက ထွက်လာတာပဲ၊ ပြီးတော့ ဒီတိုက်ထဲ ပြန်ဝင်သွားတယ်၊ ဟိုသင်း ဧည့်သည် ဧည့်သည် ရောက် ရောက်နေသလား"
သူ့မျက်လုံးက ပြူးကျယ်သွားပြီး လဲ့လဲ့ကို အတန်ကြာ စိုက်ကြည့်နေသည်။
"ဧည့်သည် မလဲ့လဲ့ ဘာပြောတာလဲ"
"ဟိုသင်းလေး ရှင် တယောက်တည်း နေတဲ့ဆီ နောက်ထပ်ဧည့်သည်များ ရောက်သလားလို့၊ ဒါမှမဟုတ် ရှင့်နှမသားချင်းထဲက ထပ်ပြီး လိုက်... လိုက်လာကြသလားလို့"
မမျှော်လင့်ဘဲ စကားပြောရသည်မှာ ခက်ခဲလာကြောင်း လဲ့လဲ့သတိပြုမိသည်။ မိမိစကား၌ မလိုလားအပ်သော အဓိပ္ပာယ် ပါသွား၊ မသွား လဲ့လဲ့ စဉ်းစားနေမိ၏။
"ကျွန်တော် တည်းနေတဲ့ဆီ ဘယ်ဧည့်သည်မှ ထပ်မရောက်ပါဘူး။ ကျွန်တော့်နောက် ထပ်လိုက်လာမယ့် နှမသားချင်းလို့ ဆိုရအောင်လည်း ကျွန်တော့်မှာ နှမသားချင်း တယောက်မှ မရှိဘူး၊ ဘယ်လို ပြောရမလဲ ဝတ္ထုတွေထဲကလို ပြောရရင်တော့ ဒီလောကကြီးမှာ ကျွန်တော် တယောက်တည်းပါ"
နောက်ထပ် ပြောရမည့် စကားကို မနည်းကြီး လဲ့လဲ့ စဉ်းစားယူရ၏။
"ဟိုသင်း ... ဟိုသင်းလေ၊ အဲဒီလို ဧည့်သည်မျိုး မဟုတ်တောင် ဒီ... ဒီမော်လမြိုင်က ရှင်... ရှင့်အသိထဲက တယောက်ယောက် လာမလည်ဘူးလား"
"မလဲ့လဲ့ ဆိုလိုတာက ကောင်မလေး ချောချောလေးတယောက်... ဟုတ်လား"
လဲ့လဲ့က ခေါင်းညိတ်ပြ၏။
"ဘုရားရေ... နေရင်းထိုင်ရင်း ကျွန်တော့်ကို အမှုများပတ်ဦးမလား မသိဘူး"
လဲ့လဲ့ အားနာသွား၏။ မိမိ မဆင်မခြင် လုပ်မိ၊ ပြောမိ၍ အဓိပ္ပာယ်ကို တလွဲတချော် ဖြစ်ကုန်ပြီ။
"ကိုစိန်ပန်း... ကျွန်မ တောင်းပန်ပါတယ်နော်၊ ကျွန်မ တခြား...တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ကျွန်မ သိချင်တာက ဟိုသင်း... ဟိုသင်း"
လဲ့လဲ့ စကားမဆက်နိုင်တော့။ နေရာမှ ခွာပြေးချင်သည်။ ခွာပြေး၍ကလည်း မသင့်တော်။
အားနာခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ရှုပ်ခြင်းတို့နှင့် လဲ့လဲ့သည် သူ့ကို ငေးကြည့်နေမိသည်။
" ပြောလေ မလဲ့လဲ့၊ ပြောပါ၊ ဘာသိချင်လဲ "
လဲ့လဲ့ မျက်ရည်ဝဲလာ၏။ ခေါင်းလေးကို ဖြည်းညင်းစွာ ခါပြီးဆို၏။
"ကျွန်မ... ကျွန်မ... ဘာ.. ဘာပြောရမှန်း မသိတော့ဘူး"
"အို.. ဘာပြောရမှန်း မသိတော့ဘူး"
လဲ့လဲ့သည် မိမိကိုယ်ကို ဒေါသထွက်လာသည်။ ရင်တွင်း တနေရာမှလည်း တစုံတရာ နာနာကြည်းကြည်း ဖြစ်လာ၏။ သူ့ကိုပင် ရုတ်တရက် မုန်းသကဲ့သို့ ဖြစ်သွား၏။
"ဟုတ်တယ်၊ ကျွန်မ ဘယ်ကစပြောရမှန်း မသိတော့ဘူး၊ ဒါပေမယ့် ရှင် ပြောခဲ့တယ်လေ၊ မြင်တာ မှန်တယ်၊ မှန်တာ မြင်ရဲ့လား"
"ဪ ဟုတ်ကဲ့၊ ကျွန်တော် ပြောခဲ့တယ်"
"အခု ကျွန်မ မြင်ပြန်ပြီ"
"ခင်ဗျာ"
တံချူလေးနဲ့ ကောင်လေးတယောက်ရယ်၊ အင်္ကျီဝါ ထဘီဝါနဲ့ ကောင်မလေးချောချော တယောက်ရယ်၊ ပန်းစည်း ယူလာတဲ့ တခြားကောင်လေးတယောက်ရယ်၊ ပြီးတော့ ရေဝင်လောင်းတဲ့ ကောင်လေး သုံးယောက်ရယ်"
သူက လဲ့လဲ့ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက သူ့မျက်နှာထားကဲ့သို့ပင် အလွန်တည်ငြိမ်သည်။
ခဏအကြာ၌ သူ့မျက်တောင်များက သုံး လေးချက် ပုတ်ခတ်လျက် လှုပ်ရှားလာ၏။ မျက်နှာတွင်လည်း ထောက်ထားညှာတာမှုကို ပြသော အပြုံးပေါ်လာ၏။
"ကျွန်တော် နားလည်ပါပြီ၊ တခါတုန်းကလိုပဲ ကျွန်တော် မေးမယ်"
သူ့အသံက နူးညံ့ပျော့ပျောင်းသည်။
လဲ့လဲ့က ခေါင်းညိတ်ပြမှ သူက ဆက်ပြော၏။
"မလဲ့လဲ့၊ အဲဒါတွေကို တကယ် မြင်ခဲ့တယ်ပေါ့"
"ကျွန်မ မြင်... မြင်တယ်"
" ကောင်းပါပြီ၊ မလဲ့လဲ့ကို ကျွန်တော် ကူညီပါ့မယ်"
"ရှင်..."
သူက အဝတ်လှန်းနေသော အေးကြည် ရှိရာသို့ လှမ်းကြည့်ပြီး ရုတ်တရက် လက်ခုပ်တီးလိုက်၏။
အေးကြည် လှည့်ကြည့်သောအခါ သူက လက်ယပ်ပြ ခေါ်၏။
အနီးသို့ အေးကြည် ရောက်လာသောအခါ သူက ဖိတ်ခေါ်၏။
"မလဲ့လဲ့နဲ့ ဟောဒီကလေးမ ကျွန်တော့်အိမ် ခဏလိုက်ခဲ့ကြပါ"
လဲ့လဲ့က နားမလည်နိုင်ဘဲ သူ့ကို ကြည့်သောအခါ သူက ရှင်းပြ၏။
" မြင်တာ မှန်တယ်၊ မှန်တာ မြင်သလား၊ မလဲ့လဲ့ ဒါကို သိချင်တယ် မဟုတ်လား"
လဲ့လဲ့က ခေတ္တငြိမ်နေ၏။ ပြီးမှ ခေါင်းညိတ်ပြမိသည်။
"ဒါဖြင့် လိုက်ခဲ့ကြပါ"
သူက ရှေ့ဆောင်ပြီး တထပ်တိုက်လေးဆီ သွားရာ နားမလည်ဟန်ဖြင့် အေးကြည်က လဲ့လဲ့ကို ကြည့်သည်။
ခေတ္တ တုံ့တုံ့လေး ဖြစ်နေပြီးမှ လဲ့လဲ့က အေးကြည်နှင့်အတူ သူ့နောက်သို့ လိုက်ခဲ့၏။
သံခေါက်တံခါးတပ် အိမ်အရောက်မှ လဲ့လဲ့က မေးသည်။
"ရှင် ရှင် ဘာပြမလို့လဲ"
သူက ပြုံးပြီး ဆို၏။
မလဲ့လဲ့ မြင်ခဲ့တဲ့ အင်္ကျီဝါဝါ၊ ထဘီဝါဝါနဲ့ မိန်းမချောလေးကိုပါ။
"ဒါဖြင့် သူ... သူ ရှိတယ်ပေါ့"
သူက မဖြေ။ လဲ့လဲ့တို့ကိုသာ အိမ်တွင်းသို့ ခေါ်ဆောင်ခဲ့သည်။
ဧည့်ခန်းမှာက လူသူမရှိ။
သူက ဘုရားခန်းကို ရှေးဦးစွာ ပြသည်။
ထိုနောက် နှစ်ယောက်အိပ် ခုတင်နှင့် ဗီရိုတလုံး ရှိသော အခန်းပြ၏။
"ဒါက ကျွန်တော့်မိတ်ဆွေ အိမ်ရှင်တွေ နေတဲ့အခန်း"
သူက ဧည့်ခန်း၏ တဖက်စွန်း၌ ရှိသော အခန်းကို ပြပြန်၏။
"ဒီအခန်းကတော့ ကျွန်တော့်မိတ်ဆွေရဲ့ ဇနီး အလှပြင်တဲ့ အခန်းနဲ့တူတယ်"
ကိုယ်တဝက် ပေါ်သော ကြည့်မှန်တပ် အလှပြင်ဗီရိုပုနှင့် ထိုင်ခုံမှလွဲ၍ အခန်းတွင်း၌ အခြားပစ္စည်း များများစားစား မရှိ။
သူက နောက်တခန်းကို ပြပြန်၏။
ယင်းအခန်းတွင်း၌မူ သပ်သပ်ရပ်ရပ် ပြင်ထားသော တယောက်အိပ် ခုတင်တလုံး ရှိသည်။ အဝတ်အစား ထည့်သော ခေတ်မီပုံစံ သေတ္တာကြီးတလုံး ရှိ၏။ အုပ်ဆောင်းတပ် စာကြည့်မီးတိုင် တင်ထားသည့် စာရေးစားပွဲခုံတလုံးလည်း ရှိသည်။
စာအုပ်များကို စနစ်တကျ ထောင်စီ ထည့်ထားသော ခါးစောင်းခန့် မြင့်သည့် စတုရန်းပုံ မှန်ဆွဲတံခါးတပ် ဗီရိုတလုံးလည်း ရှိသေး၏။
"ဒီဥစ္စာကတော့ ကျွန်တော့်မိတ်ဆွေတွေရဲ့ စာကြည့်ခန်းပါ၊ အခုတော့ အဲ.. ကျွန်တော့် အိပ်ခန်းပေါ့ "
သူက လဲ့လဲ့တို့ကို အိမ်နောက်ပိုင်းသို့ ခေါ်သွားပြန်၏။
ထမင်းစားခန်းမှ ဖြတ်ပြီး မီးဖိုချောင်သို့ ရောက်သောအခါ မီးဖိုပေါ်ရှိ ဟင်းအိုးတလုံးကို မွှေနေသည့် အသက်ငါးဆယ်ခန့် ဗိုက်ရွှဲ၍၊ ပါးဖောင်းဖောင်းနှင့် လူတဦးကို တွေ့ရ၏။
"ဦးဘစွမ်းရေ ဟောဒီမှာ မလဲ့လဲ့တို့ လာလည်တယ်"
ဦးဘစွမ်းက ပြုံးပြုံးရွှင်ရွှင်ကြီး နှုတ်ဆက်၏။
"အား ဆရာမပါလား၊ ပြန်ရောက်တယ်လို့တော့ ကျွန်တော်သိတယ်၊ မတွေ့ရသေးဘူး၊ နေကောင်းတယ်နော် ဆရာမ"
သူက ရင်းရင်းနှီးနှီးကြီး နှုတ်ဆက်သော်လည်း လဲ့လဲ့က ဘာပြန်ပြောရမှန်း မသိ။ ဆရာမ ဟု ခေါ်လိုက်သံကသာ နားတွင်း၌ ပဲ့တင်ထပ်နေ၏။
လဲ့လဲ့ ကြောင်ကြည့်နေခိုက် ကိုစိန်ပန်းက ဝင်ပြော၏။
"မလဲ့လဲ့က လူတယောက် လာရှာတာ၊ အဲဒါ ခင်ဗျား တွေ့ရင် ပြောပြလိုက်ပါ"
"ခင်ဗျာ... လူတယောက်"
"မိန်းကလေးတယောက်၊ အင်္ကျီဝါဝါ ထဘီဝါဝါနဲ့၊ ပြီးတော့ ချောချောလေး"
ဦးဘစွမ်းက နားမလည်ဟန်ဖြင့် ကိုစိန်ပန်းကို ကြည့်သည်။
"မိန်းကလေး ချောချောလေး၊ အင်္ကျီဝါဝါ ထဘီဝါဝါနဲ့၊ ဆရာဘာပြောတာလဲ"
"အဲဒီမိန်းကလေးကို ဦးဘစွမ်း မတွေ့ဘူးလား"
"ကျွန်တော် မတွေ့လိုက်ဘူးလား၊ ဘယ်မှာလဲ"
"ဒီအိမ်ထဲမှာ"
" မြတ်စွာဘုရား... ဒီအိမ်ထဲမှာ"
ဦးဘစွမ်းက ပါးစပ်ကြီး ဟပြီး ကိုစိန်ပန်းကို တလှည့်၊ လဲ့လဲ့ကို တလှည့် ကြည့်နေသည်။
"ဖြေလေ ဦးဘစွမ်း"
"ခင်ဗျာ ကျွန်တော် ဘာဖြေရမှာလဲ"
"အဲဒီမိန်းကလေးကို တွေ့လိုက်သလားလို့"
"ကြံကြံဖန်ဖန် ဆရာရယ်၊ ဒီအိမ်ထဲမှာ ဆရာနဲ့ ကျွန်တော်ပဲရှိတဲ့ဥစ္စာ၊ မနောက်ပါနဲ့ ဆရာရယ်၊ ကျွန်တော်က ကြောက်တတ်တယ်"
ကိုစိန်ပန်းက သဘောကျဟန် ရယ်သည်။
"ကဲ.. ထားပါ၊ ထားပါ၊ ခင်ဗျား ဟင်းအိုး ထပ်မွှေ ဦး၊ တူးကုန်ဦးမယ်"
ကိုစိန်ပန်းသည် ရယ်ရင်း အိမ်ရှေ့ ပိုင်းသို့ ပြန်ထွက်ရာ လဲ့လဲ့ပါ လိုက်ခဲ့ရ၏။
အိမ်ရှေ့ ဆင်ဝင်အောက် ရပ်မိကြမှ ကိုစိန်ပန်းက မေးသည်။
"မလဲ့လဲ့ ကျေနပ်ပြီလား"
လဲ့လဲ့က မဖြေ။ အပေါ်နှုတ်ခမ်းကိုသာ အောက်သွားလေးများနှင့် ခဲထားမိ၏။
"မလဲ့လဲ့ မကျေနပ်ဘူး၊ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ မလဲ့လဲ့ကို ကူညီမယ်လို့ ကျွန်တော် ပြောခဲ့တယ် နော်"
လဲ့လဲ့က လှုပ်ရှားလာပြီး ကြိုးစားဖြေ၏။
"ကျွန်မ ကျေနပ်ပါတယ်၊ လာနှောင့်... နှောင့်ယှက်မိတာကို တောင်းပန်ပါတယ်"
"အိုး မဟုတ်ဘူးလေ၊ ကျွန်တော်တို့ မပြီးသေးဘူး၊ ဆက်ရှာရဦးမယ်"
"ရှင် ဆက်ရှာရဦးမယ်"
"ဟုတ်တယ်၊ မလဲ့လဲ့ မြင်ခဲ့ရတဲ့ မိန်းကလေးကို ကျွန်တော်တို့ ဆက်ရှာရမယ်၊ ဪ... ကလေးမ၊ မင်း ပြန်နိုင်ပါပြီ"
သူ့အမူအရာက ခံ့ညားသည်။ သူ့အသံက သြဇာပြည့်သည်။
အေးကြည်က လဲ့လဲ့ကို တချက်သာ ကြည့်ပြီး နေရာမှ ထွက်သွား၏။
"ရှင် ခုနက မိန်းကလေးကို ဆက်ရှာမယ် ပြောတယ် နော် "
"ဟုတ်ကဲ့"
"ဘယ်မှာ ရှာမလဲ"
သူက အေးချမ်းစွာ ပြုံးလျက် ဖြေ၏။
"အတိတ် သို့မဟုတ် အနာဂတ်မှာ"
"ရှင်..."
"ပစ္စုပ္ပန်မှာ မရှိရင် အတိတ် သို့မဟုတ် အနာဂတ်မှာ ရှာကြည့်ရမယ်"
"အတိတ် သို့မဟုတ် အနာဂတ်မှာ ရှာကြည့်ရမယ်၊ ရှင် ဘာပြောတာလဲ "
"ပစ္စုပ္ပန်ကလွဲရင် အတိတ်သဘောနဲ့ အနာဂတ်သဘောပဲ ရှိတော့တယ်။ အဲဒီသဘောတွေမှာ ကျွန်တော်တို့ ရှာကြည့်ကြတာပေါ့၊ ဪ...မလဲ့လဲ့ လာ၊ ကျွန်တော်တို့ ဟိုနေရာလေးမှာ ထိုင်ဆွေးနွေးကြရအောင်"
စိန်ပန်းပင်ကြီးနှင့် ပိတောက်ပင်ကြီးကြား အရိပ်အောက်တွင် နောက်မှီရှိသော ခုံတန်းရှည်တခု ရှိရာ ယင်းဆီသို့ သူက လဲ့လဲ့ကို ခေါ်လာခဲ့၏။
"ထိုင်ပါ မလဲ့လဲ့၊ ကျွန်တော့်ကိုလည်း ထိုင်ခွင့်ပြုပါ"
လဲ့လဲ့က ခုံတန်းရှည်၏ တဖက်စွန်း၌ ထိုင်သည်။ သူက အခြားတဖက်စွန်း၌ ထိုင်၏။
စိန်ပန်းတပင်လုံးက ရဲရဲနီနေသည်။ ပိတောက် တပင်လုံးကလည်း ထိန်ထိန်ဝါနေ၏။ ပတ္တမြားရောင်နှင့် ရွှေဝါရောင်တို့သည် ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံပြီး မိမိတကိုယ်လုံးကိုပင် သိမ်းပိုက်လိုက်သည်ဟု လဲ့လဲ့ ခံစားရ၏။
ဪ... သင်းရနံ့ကလည်း ကြိုင်လှိုင်နေသည်။
သူက အေးချမ်းသက်သာစွာ မေး၏။
"မလဲ့လဲ့ မြင်ခဲ့ရတာက မိန်းကလေးတယောက်တည်း မဟုတ်ဘူးနော်၊ ကောင်လေးတွေလည်း ပါသေးတယ်၊ ဟုတ်လား"
လဲ့လဲ့က ခေါင်းညိတ်ပြ၏။
"သူတို့ ဘာလုပ်ကြသလဲ၊ ဘာဖြစ်ကြသလဲ၊ ကျွန်တော့်ကို ပြန်ပြောပြပါလား''
လဲ့လဲ့က ပင်ပန်းစွာ ပြုံး၏။
"ကျွန်မ မြင်တာတွေ ပြောတော့ ရှင်က ယုံမှာမို့လို့လား"
"ကျွန်တော် မလဲ့လဲ့ကိုတော့ ယုံတယ်"
"အဲဒါ ဘာပြောတာလဲ"
"ရှင်းပါတယ်၊ မမြင်ဘဲ မလဲ့လဲ့ မပြောဘူး၊ အဲဒါကို ကျွန်တော် ယုံတယ်"
အကဲခတ်ကြည့်ရှုသော လဲ့လဲ့၏ မျက်လုံးများနှင့် သူ့မျက်လုံးများ ရင်ဆိုင်တိုးသည်။ လဲ့လဲ့က မျက်လုံးများကို လွှဲပစ်မည် ကြိုးစားသော်လည်း မရ။
သူ့မျက်လုံးများက ကြည်လင်သည်။ အလွန့်ကို ကြည်လင်သည်။ အေးချမ်းမှု ရှိသကဲ့သို့ ထူးဆန်းသော သတ္တိတခုလည်း ရှိနေသည်။
လဲ့လဲ့က သူ့ကို ငေးစိုက်ကြည့်နေ၏။ သူ့နှုတ်ကသာမက သူ့မျက်လုံးများကပါ အမိန့်ပေးနေသည်ဟု လဲ့လဲ့ ထင်သည်။
" ပြောပါ မလဲ့လဲ့၊ ကျွန်တော် နားထောင်နေတယ်"
လဲ့လဲ့မှာ အားအင်ကုန်ခန်းသကဲ့သို့ ဖြစ်လာသည်။ မျက်လွှာကိုချကာ စိတ်လည်း လျှော့ပြီး လဲ့လဲ့က တလုံးချင်း စ,ပြော၏။
”သင်္ကြန်ဆိုတာကို ကျွန်မ သိလာတယ်၊ သူတို့ ရေပက်နေကြတယ်လေ၊ ပိတောက်တွေလည်း ပွင့်နေကြပြီ၊ သင်းနေ ကြိုင်နေတဲ့ ရနံ့တွေဟာ ပိတောက်ပွင့်တွေဆီက လာမှာပဲလို့ ကျွန်မ ခန့်မှန်းမိတယ်...
အဲဒီတုန်း ဟောဒီ ပိတောက်ပင်ကြီး အောက်မှာ သူ့ကို စ,တွေ့တယ်၊ လုလင်ချောလေး တယောက်ပါ၊ ဘာကြောင့်လဲ မသိဘူး၊ သူ့ကို မြင်မြင်ချင်း ကျွန်မ ကရုဏာသက်မိတယ်၊ သူ့အဝတ်အစားလေးတွေက နွမ်းတယ်၊ ဒါပေမဲ့ ဘယ်လောက်နွမ်းနွမ်း၊ သူဟာ လူချောလေး တဦးပဲ၊ သူက ဒီနားလေးမှာ ရပ်ပြီး စိန်ပန်းပင်ကြီးကို တလှည့်၊ ပိတောက်ပင်ကြီးကို တလှည့် ကြည့်တယ်၊ သူဟာ စိန်ပန်းချစ်သူလား၊ ပိတောက်ချစ်သူလား၊ စိန်ပန်းချစ်သူလို့ ကျွန်မ ထင်မိတယ်...၊
အဲဒီတုန်းမှာ တထပ်တိုက်ထဲက မိန်းမချောလေး ထွက်လာတယ်၊ သူတို့ အသိတွေပါ၊ သူတို့ ခင်ကြပါတယ်၊ ဒါပေမဲ့ သူတို့ကြားမှာ တစုံတရာ ကွာခြားမှု ရှိတယ်၊ ကွာခြားတာက တကဏ္ဍ၊ ခင်မင်ကြတာက တကဏ္ဍ၊ လောကမှာ ဒီလိုပဲ ဖြစ်တတ်တယ်၊
မိန်းကလေးက သူ့ကို ပိတောက်ပန်း ခူးခိုင်းတယ် ထင်တယ်၊ သူခြံနောက်ပိုင်း ပြန်ဝင်သွားတယ်၊ အပင်က မြင့်တော့ တံချူ သွားယူရမှာပေါ့...
သူ ပျောက်သွားတုန်း စက်ဘီးနဲ့ လူပျိုပေါက်လေး တယောက် ထပ်ရောက်လာတယ်၊ သူ့လက်ထဲမှာ ပိတောက်ပန်းစည်းကြီး၊ တကူးတက ယူလာတော့ သူ့ခမျာလည်း မိန်းကလေးပေါ်မှာ သံယောဇဉ် တစုံတရာ ရှိလိမ့်မယ်ပေါ့...
လှပတဲ့ ရှုခင်းလေးတွေပါ၊ ဒါပေမဲ့ အလှဖျက်တဲ့ လူတွေက ပေါ်လာတယ်...
ကောင်လေး သုံးယောက်၊ ဂင်တိုတိုနဲ့ ကောင်လေး တကောင်က မိန်းကလေးကို အတင်းရေဝင်လောင်းတယ်...
ပန်းစည်းကြီးကို လွှတ်ချပြီး မိန်းကလေးက တိုက်ထဲ ဝင်ပြေးတယ်၊
စက်ဘီးနဲ့ လာတဲ့ ကောင်လေးက ဝင်တားတော့ နှစ်ယောက် ထိုးမယ် ကြိတ်မယ် ဖြစ်ကြတယ်...
ဂင်တိုတိုနဲ့ ကောင်လေးက သတ္တိမရှိပါဘူး၊ ပန်းစည်းကြီးကိုသာ ကောက်ယူပြီး ထွက်ပြေးသွားတယ်၊ ပန်းစည်းရှင် ကောင်လေးက နောက်က အတင်းလိုက်သွားတယ်...
ပထမ ကောင်ချောလေးက တံချူလေးနဲ့ ပြန်ပေါ်လာတော့ သူတို့ မရှိကြတော့ဘူး
မိန်းကလေးလည်း ပြန်ပေါ်လာပြီး ကောင်ချောလေးကို အဖြစ်အပျက်တွေ ပြန်ပြောပြန်တယ်...၊
တံချူလေး ကိုင်ပြီး ကောင်ချောလေး နားထောင်နေတုန်း ပန်းစည်းယူလာတဲ့ ကောင်လေး ပြန်ရောက်လာတယ်။ သူ့လက်ထဲမှာ ပန်းစည်း ပြန်ပါမလာဘူး...၊
ဟိုလူဆိုးလေးကို မမိလို့လား၊ ဒါမှမဟုတ် မိတဲ့အချိန်မှာ ပန်းစည်းဟာ ပျက်စီးနေပြီမို့လား၊ ပန်းစည်းတော့ ပြန်မပါလာဘူး၊
ပန်းစည်း ယူလာတဲ့ ကောင်လေးက ကောင်ချောလေး လက်ထဲက တံချူကို အတင်းယူတယ်...
ဒါ အနိုင်ကျင့်တာပဲ၊ သူ ဒီလို မလုပ်ထိုက်ဘူး၊ ပြီးတော့ ဟိုမိန်းကလေးက ပိတောက်ပန်း စ,တောင်းတာ သူ့ကို မဟုတ်ဘူး၊ ကောင်ချောလေးဆီကပါ၊ သူ ခူးပေးတဲ့ ပိတောက်ပန်းကိုကော မိန်းကလေးက ပန်ချင်ပါ့မလား၊
သူ ခူးတော့လည်း ပိတောက်ပန်း မရပါဘူး၊ တံချူက တိုနေတယ်လေ၊ တံချူ တိုလို့ပဲ သူက ကောင်ချောလေးကို အပြစ်တင်နေပုံရသေးတယ်...၊
မိန်းကလေးကို စကားပြောပြီး သူ ပြန်သွားတယ်။ နောက် ပန်းစည်းတစည်း ယူခဲ့ဦးမယ်လို့ ကတိပေးသလား မသိဘူး၊
ဒါပေမဲ့ မလိုပါဘူး၊ ကောင်ချောလေးက တံချုတိုလေးနဲ့ပဲ ပိတောက်ပန်းရအောင် ခူးပေးတယ်...၊
ပိတောက်ပင်ကြီးက တက်ဖို့ ခက်တယ်၊ စိန်ပန်းပင်ကြီးကတက်ဖို့ လွယ်တယ်။
ကောင်ချောလေးက စိန်ပန်းပင်ကြီးပေါ် တက်ပြီး ပိတောက်ပင်ကြီးက ပိတောက်ပန်းတွေကို လှမ်းခူးပေးတယ်...။
ဒီစိန်ပန်းပင်ကြီးနဲ့ ပိတောက်ပင်ကြီးရဲ့ ဆက်သွယ်မှု အနေအထားကို သူ သိပြီးသားနဲ့ တူတယ်။
ကောင်ချောလေးက ပိတောက်ပန်းတွေ ချူချပေးတော့ မိန်းကလေးက ရွှင်ရွှင်မြူးမြူးနဲ့ လိုက်ကောက်ယူတယ်၊ နောက်တော့ ကောင်ချောလေးလည်း စိန်ပန်းပင်ကြီးပေါ်က ဆင်းလာပြီး ဝိုင်းကူကောက်ပေးတယ်...၊
အားလုံး ပြီးတော့ ပိတောက်ပန်းတွေကို ရင်မှာ ပိုက်ထားတဲ့ မိန်းကလေးရဲ့ သဏ္ဌာန်က သိပ်လှတယ်၊ သိပ်ပြီး ရွှင်မြူးဝမ်းသာပုံလည်း ရတယ်...၊
ပိတောက်ပန်းတွေကို မြတ်မြတ်နိုးနိုး နမ်းရှူလိုက်ပြီး ကျေကျေနပ်နပ်ကြီး ရယ်မောလိုက်တာတောင် ကျွန်မ တွေ့လိုက်ရတယ်၊ ဒီမိန်းကလေး ဘာလို့ ဒီလောက် ကျေနပ်ဝမ်းသာရသလဲ...၊
နောက်ဆုံးတော့ ပိတောက်ပန်းလေး တခက်ကို ကောင်ချောလေးကို ပြန်ပေးခဲ့ပြီး မိန်းကလေးဟာ တိုက်ထဲ ပြန်ဝင်ပျောက်သွားတယ်...၊
မိန်းကလေး ပေးခဲ့တဲ့ ပိတောက်ပန်းခက်လေးကို ကိုင်ပြီး ကောင်ချောလေးလည်း ခြံနောက်ပိုင်းဘက်ဆီ ပြန်ဝင်ပျောက်သွားတယ်...၊
ကျွန်မ ဒါတွေ မြင်ခဲ့ရတယ်၊ ရှင်က ကျွန်မကို ယုံတယ်လို့ ပြောခဲ့တယ်၊ အခုကော ယုံသေးလား”
ရှည်လျားစွာ ပြောခဲ့ရသည်ကြောင့် လဲ့လဲ့မှာ အနည်းငယ် မောသကဲ့သို့ ရှိသည်။
မည်သို့ဖြစ်စေ စီကာပတ်ကုံး ပြောပြနိုင်သော မိမိကိုယ်ကို အံ့သြမိသည်။ ရင်တွင်း၌ ပေါ့ပါးသွားပြီး တစုံတရာကို ကျေနပ်နှစ်သိမ့်သကဲ့သို့လည်း ခံစားရ၏။
သူက လဲ့လဲ့၏ အမေးကို မဖြေဘဲ မေးခွန်းတရပ်သာ ပြန်ထုတ်၏။
"အဲဒါတွေကို မလဲ့လဲ့ ဘယ်တုန်းက မြင်လဲ"
"ခုနကပဲ၊ ကျွန်မ သတိရှိတယ်၊ ကျွန်မ မြင်တာ မှန်ရဲ့လားလို့ သေချာချင်တာနဲ့ ချက်ချင်း ဆင်းလာခဲ့တာ"
"ဒါပေမဲ့ မလဲ့လဲ့၊ ကျွန်တော်လည်း ဟောဟိုမှာ ထိုင်စာဖတ်နေခဲ့တယ်"
သူက ဆင်ဝင်ဘက်ဆီ ညွှန်ပြ၏။ ပန်းချုံတခုဘေး၌ နောက်မှီရှိသော ဆက်တီကုလားထိုင် တလုံး ရှိနေ၏။
"ဒါဖြင့် ရှင် ... ရှင်ကော မမြင်ဘူးလား"
"ကျွန်တော် မမြင်ပါဘူး၊ မြင်ခဲ့တယ်ဆိုရင် မလဲ့လဲ့နဲ့ ကျွန်တော် အခုလို ဆွေးနွေးနေစရာ ဘယ်အကြောင်း ရှိမလဲ"
"ဒါဖြင့် ရှင် ကျွန်မ ပြောတာတွေကို မယုံဘူးပေါ့"
"ယုံပါတယ် မလဲ့လဲ့၊ မယုံဘဲနဲ့ မလဲ့လဲ့နဲ့ ကျွန်တော် အခု ဘာလို့စကားပြောနေမလဲ"
လဲ့လဲ့က သူ့ကို စိုက်ကြည့်သည်။ မိမိကို နောက်ပြောင်နေသည်လော။ အရူးလုပ်နေသည်လော။ သို့ရာတွင် သူ့အသံက ချိုသာတည်ငြိမ်သည်။ သူ့မျက်နှာထားက လေးနက်သည်။
"ရှင် ဆိုလိုတာက ကျွန်မ မြင်တာ မှန်တယ်၊ မှန်တာ မမြင်ဘူး၊ ဒီလို မဟုတ်လား"
"မလဲ့လဲ့က ဒီစကားကို ပြန်ဖော်လို့ ကျွန်တော် ဝမ်းသာတယ်။ ကျွန်တော် ပြောခဲ့တဲ့ စကားတခုလည်း ရှိသေးတယ်"
လဲ့လဲ့က သူ့ကို ကြည့်သောအခါ သူက ဖြည်းလေးစွာ ရွတ်ပြ၏။
"မြင်လို့ ခံစားရတယ်၊ ဒီလိုပဲ ခံစားရလို့ မြင်တတ်တယ်၊ ဒီစကားကိုကော မလဲ့လဲ့ မှတ်မိသလား"
"အဲဒါ ရှင် ဘာပြောတာလဲ"
အနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေကို အင်္ဂလိပ်လိုတော့ ခရီးအေးတား၊ မြန်မာလိုတော့ ဖန်ဆင်းတီထွင်သူတွေလို့ ခေါ်ကြတယ်၊ မဖန်ဆင်းမတီထွင်ခင် သူတို့ မြင်ကြရလိမ့်မယ်၊ သူတို့ မြင်ကြရတာကို ကာလအားဖြင့် ဘယ်ကာလမှာ ချမလဲ၊ အတိတ်မှာလား၊ ပစ္စုပ္ပန်မှာလား၊ အနာဂတ်မှာလား၊ စိတ်ကူးစိတ်သန်း ဆိုတော့ အနာဂတ်မှာပဲ ချရမှာထင်တယ်၊ အနာဂတ်ဆိုတော့ ပစ္စုပ္ပန်ရဲ့ အချိန်၊ နေရာသဘောကတော့ ကင်းလွတ်တယ်၊ အဲဒီမြင်မှုမျိုးကိုတော့ စံတစ်မျိုးနဲ့ ကျွန်တော်တို့ တိုင်းတာ သတ်မှတ်ရမယ် ထင်တယ်"
"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ ဟင်"
"ကျွန်တော် ရှင်းပြပါမယ်၊ မလဲ့လဲ့ ဉာဏ်မီနိုင်ပါတယ်၊ သိပ္ပံပညာရှင်ကို ခဏဖယ်ထားကြရအောင်၊ ပန်းချီဆရာကြီးတွေ၊ ဝတ္ထုရေးဆရာလို စာရေးဆရာကြီးတွေဟာ ဖန်ဆင်းတီထွင် မချလိုက်ခင် မြင်တတ်ကြတယ်၊ ဗစ်ဆူရဲ့ အင်မိတ်ဂျရီလို့ ခေါ်တဲ့ မြင့်မှုဆိုင်ရာ စိတ်ကူးစိတ်သန်း ထက်မြက်တယ်လို့ ဆိုကြတယ်၊ အဲဒီလို မထက်မြက်ဘဲလည်း သူတို့ဟာ ပြောင်မြောက်အောင် မဖန်ဆင်း မတီထွင်နိုင်ဘူး၊ ကျော်ကြားတဲ့ ကျွန်တော့်မိတ်ဆွေ စာရေးဆရာ တယောက်ကျတော့ မြင်ရုံတွင်မကဘူး၊ အနံ့များတောင် ရသတဲ့၊ အဲဒါလည်း ဖြစ်နိုင်ပါတယ်"
လဲ့လဲ့က နားမလည်နိုင်ဘဲ သူ့ကို ကြည့်နေ၏။ သူကမူ လေးနက်စွာ ဆက်ရှင်းပြနေသည်။
"မလဲ့လဲ့က မြင်တာတွေ ပြောစဉ်အခါက မလဲ့လဲ့ရဲ့ ဘဝနဲ့ စရိုက်ကို ကျွန်တော် ကောင်းကောင်းမသိသေးဘူး၊ ဒါကြောင့်လည်း မြင်တာ မှန်တယ်၊ မှန်တာ မြင်ရဲ့လား ဆိုတဲ့ စကားကို ကျွန်တော် သုံးခဲ့မိတယ်၊ စိုးရိမ်လို့ သုံးမိတာပါ၊ အမှန်က ဒီစကားက မြင့်လွန်းပါတယ်၊ အရိယာအရှင်သူမြတ်များသာ အပြည့်အဝ နားလည်တော်မူတဲ့ စကားပါ၊ ကျွန်တော်တို့ ပုထုဇဉ်တွေကတော့ မြင်တာ မှန်တယ်ဆိုပြီး အနည်းနဲ့ အများ ဖက်တွယ်ကြသူချည်းပါပဲ၊
ပေါ်သမျှ အာရုံတရားတွေကို အနှစ်အသားအဖြစ် စွဲယူထားကြသူချည်းပါပဲ၊ ပစ္စုပ္ပန်ဆတ်ဆတ်ကို သတိမထားမိဘဲ အတိတ် အနာဂတ်နဲ့ နေကြသူချည်းပါ၊ ကျွန်တော်ကိုယ်တိုင်ဟာလည်း အတိတ် အနာဂတ်နဲ့ နေနေသူပါလို့ ဝန်ခံပြီးပြီပဲ"
သူက ရယ်သည်။ ဘာသဘောကျသည် မသိ။ အတန်ကြာအောင် ရယ်နေသည်။
"ရှင် ဘာလို့ ရယ်နေတာလဲ"
ကိုယ့်ကိုယ်ကိုယ် သဘောကျလို့ပါ၊ မျက်စိကန်းနေတဲ့ လူတယောက်က တခြားလူတယောက်ကို မမြင်ဖူးလို့ ပြောမိသလို ဖြစ်နေတယ်၊ ထားပါတော့၊ ကျွန်တော်တို့ ပုထုဇဉ်ချင်း ပုထုဇဉ်အဆင့် သဘာဝကပဲ စကားပြောကြရအောင်၊ အဲဒီအဆင့် အဲဒီသဘာဝအနေနဲ့ ပြောရရင် မလဲ့လဲ့ မြင်နေတာတွေဟာ အမှန်တွေလို့ ကျွန်တော် မပြောတောင် အခြေအမြစ် မရှိဘူးလို့ ကျွန်တော် မပြောဝံ့ဘူး"
"ရှင်..."
"ခုနက ပြောခဲ့တဲ့ ပန်းချီဆရာ၊ စာရေးဆရာကြီးတွေရဲ့ သဘာဝကို ပြန်ကောက်ကြရအောင်၊ ဖန်ဆင်းတီထွင်တော့မယ်ဆိုရင် သူတို့ မြင်တတ်ကြတယ်၊ အဲဒီအမြင်ကို ကျွမ်းကျင်မှုဆိုတဲ့ အတတ်နဲ့ အကောင်အထည် ဖော်ထုတ်လိုက်ရင် အနုပညာလက်ရာ ဆိုတာဟာ ပေါ်ထွက်လာတယ်၊ အနုပညာလက်ရာ မပေါ်ခင် သူတို့ မြင်တာတွေကို အနာဂတ်မှာပဲ ချထားရမယ်၊ အနာဂတ်ဆိုတာက မရှိသေး မဖြစ်သေးတဲ့ သဘောပဲ၊ အဲဒီလို မြင်မှုမျိုးကို ပစ္စုပ္ပန်ရဲ့အချိန်နဲ့ နေရာသဘောတွေမှာ လိုက်ရှာနေရင် မလဲ့လဲ့ရဲ့ အင်္ကျီဝါဝါ၊ ထဘီဝါဝါနဲ့ မိန်းမချောလေးကို ကျွန်တော်တို့ ဘယ်ဆီမှာမှ ရှာတွေ့မှာ မဟုတ်ဘူး"
လဲ့လဲ့၏ ရင်မှာ ခုန်လာ၏။ သူ ပြောပြသည်တို့ကို နားလည်သယောင်ယောင်တော့ ရှိလာသည်။ ဘာကြောင့် ရင်ခုန်ရမှန်းတော့ မသိ။
"ရှင် ဆိုလိုတာက ကျွန်မ တွေ့လိုက်ရတဲ့ မိန်းကလေးဟာ တကယ်မရှိဘူး၊ ဟုတ်လား"
"ပစ္စုပ္ပန်မှာ မရှိဘူးလို့ ပြောကြရအောင်"
"ဒီမှာ ကိုစိန်ပန်း"
"ခင်ဗျာ..."
"ရှင် ကျွန်မကို စိတ်ချမ်းသာအောင် လှည့်ပြောနေတာလား"
" ဟော ခင်ဗျား စိတ်ဆိုးသွားပြန်ပြီ၊ ကောင်းပြီ၊ ကျွန်တော်မေးမယ်။ ဟိုတခါတုန်းကလည်း မလဲ့လဲ့ ကောင်လေးတကောင်နဲ့ ကောင်မလေးတကောင်ကို တွေ့ခဲ့ရတယ် နော်"
လဲ့လဲ့က မဖြေဘဲ ငြိမ်နေ၏။
"အဲဒီတုန်းကတော့ ကလေးလေးတွေ မဟုတ်လား၊ ဒါပေမဲ့ ကောင်လေးတကောင်ကတော့ ခပ်နွမ်းနွမ်း၊ ကောင်မလေးကတော့ ဂါဝန် ဝါဝါလေးနဲ့၊ အခု ကောင်ချောလေးကလည်း ခပ်နွမ်းနွမ်း၊ ကောင်မလေးကလည်း အင်္ကျီဝါဝါ၊ ထဘီဝါဝါလေးနဲ့၊ မပြောင်းလဲတာကတော့ နောက်ခံကားပေါ့၊ ဟောဒီစိန်ပန်းပင်ကြီးရယ်... ဟောဒီ ပိတောက်ပင်ကြီးရယ် ကျွန်တော် မေးမယ်၊ ဒီနေ့ မလဲ့လဲ့ တွေ့ခဲ့ရတဲ့ ကောင်ချောလေးနဲ့ မိန်းမချောလေးဟာ လူပျိုပေါက် အပျိုပေါက် ဖြစ်လာကြတဲ့ ဟိုကလေးနဲ့ ကလေးမလေး မဟုတ်လား"
"ရှင်... ဘာပြောတယ်"
"မလဲ့လဲ့ တွေ့ခဲ့ရတာတွေက အဆက်အစပ် မရှိတာတွေ မဟုတ်ဘူး အဆက်အစပ် ရှိနေတယ်၊ သာမန် အဆက်အစပ် ရှိရုံတွင်မကဘူး၊ ဒက်ဗလက်မင့်(တ်) ဆိုတဲ့ တိုးတက်ဖြစ်ထွန်းမှု အစဉ် ရှိနေတယ်၊ မြန်မာလို ရိုးရိုးလေး ပြောရရင်တော့ ဇာတ်လမ်း ရှိနေတယ် မလဲ့လဲ့၊ ဇာတ်လမ်း ရှိနေတယ်"
"ရှင်... ဇာတ်လမ်း"
"ဟုတ်ကဲ့... ဇာတ်လမ်း၊ ဇာတ်ဆောင်တွေလည်း ရှိနေတယ်လေ၊ ဪ... မလဲ့လဲ့က ဇာတ်ဆောင်တွေရဲ့ အကြောင်းတွေကိုတောင် အတော်သိနေပြီ"
"ကျွန်မက ဇာတ်ဆောင်တွေရဲ့ အကြောင်းတောင် သိနေတယ်၊
ရှင် ဘာပြောတာလဲ"
"ခုနက မလဲ့လဲ့ ပြောခဲ့တယ်လေ၊ သူတို့ကြားမှာ ကွာခြားမှု ရှိတယ်တဲ့၊ ကွာခြားတာက တကဏ္ဍ၊ ခင်မင်ကြတာက တကဏ္ဍတဲ့၊ လောကမှာ ဒီလိုပဲ ဖြစ်တတ်တယ်တဲ့"
လဲ့လဲ့၏ မျက်လုံးလေးများ ပြူးသွား၏။ ပါးစပ်လေးလည်း ဟသွားသည်။ မှန်သည်။ မိမိ ပြောမိခဲ့သည်။ မိမိက ဘာကြောင့် ဤကဲ့သို့ ပြောမိ ရသည်နည်း။
"ပြီးတော့ မလဲ့လဲ့ ပြောခဲ့သေးတယ်လေ၊ ဟိုပန်းစည်း လာပေးတဲ့ ကောင်လေးကလည်း မိန်းကလေးပေါ်မှာ သံယောဇဉ် တစုံတရာ ရှိလိမ့်မယ်တဲ့၊ မိန်းကလေးရဲ့ သံယောဇဉ်က ဘယ်သူ့အပေါ်မှာ ရှိနေတာတောင် မလဲ့လဲ့ ရိပ်မိတယ်၊ မိန်းကလေး ပိတောက်ပန်း စတောင်းတာ သူ့ကို မဟုတ်ဘူးတဲ့၊ ကောင်ချောလေးဆီကပါတဲ့၊ သူ ခူးပေးတဲ့ ပိတောက်ပန်းကိုကော မိန်းကလေးက ပန်ချင်ပါ့မလားတဲ့"
လဲ့လဲ့က မျက်လုံးပြူး ပါးစပ်ဟလျက် သူ့ကို ကြည့်နေသည်။
ရင်ကတော့ တဒိန်းဒိန်း ခုန်နေ၏။ မှန်သည်။ မိမိက သိနေသည်။ ဘာကြောင့် သိရသနည်း။
သူက အေးချမ်းစွာ ပြော၏။
"ကျွန်တော်တို့ အင်္ကျီဝါဝါ၊ ထဘီဝါဝါလေးနဲ့ မိန်းမချောလေးကို ရှာကြတယ်နော်၊ သူ့ကိုတော့ မတွေ့ဘူး၊ ဒါပေမဲ့ သူ့ထက် အရေးကြီးသူ တယောက်ကိုတော့ တွေ့ကြပြီ"
"ရှင်... ဘယ်သူ့ကိုလဲ ဟင်"
"လဲ့နှင်းရည်ကိုပါ"
"ရှင် လဲ့နှင်းရည်"
"ဟုတ်တယ်၊ လဲ့နှင်းရည် စာရေးနေပါတယ် မလဲ့လဲ့၊ မသိစိတ်နဲ့ လဲ့နှင်းရည် စာရေးနေပါတယ်"
"လဲ့နှင်းရည် စာရေးနေတယ်၊ မသိစိတ်နဲ့ စာရေးနေတယ်၊ ရှင် ပြောတာကို ကျွန်မ နားမလည်ဘူး"
"နားလည်ဖို့ ခက်ပါတယ် မလဲ့လဲ့၊ ဒါပေမဲ့ ကျွန်တော် တစ်ခု တောင်းပန်ပါရစေ"
လဲ့လဲ့က သူ့ကို ကြည့်သည်။ သူ့မျက်လုံးများက တစုံတရာသော ထက်သန်မှုကို ပြနေသည်။ သူ့မျက်နှာအသွင်ကလည်း လေးနက်မှုနှင့် ထက်သန်မှု ရောလျက် ပြနေ၏။
"ရှင် ဘာတောင်းပန်မလို့လဲ"
"မလဲ့လဲ့ စာဆက်ရေးပါ"
"ရှင်..."
"မလဲ့လဲ့ စာဆက်ရေးပါ"
"ကျွန်မ ကျွန်မ စာကြိုးစား ရေးကြည့်မိပါတယ်၊ ဒါပေမဲ့ ရေးလို့မရဘူး"
"ဒါပေမဲ့ မလဲ့လဲ့မှာ ရေးချလိုက်စရာ ဇာတ်လမ်းတစ်ခု ရနေပြီပဲ"
"ရှင်... ဇာတ်လမ်း"
"မလဲ့လဲ့ကို ကျွန်တော် ကူညီပါ့မယ်၊ ဟောဒီလို ဇာတ်ကြောင်းလေး စကြရအောင်"
သူက စိန်ပန်းပင်ကြီးကို မော့ကြည့်သည်။
" ဟောဒီ စိန်ပန်းပင်ကြီးကလည်း တခုခု ပြောပြနေတယ် မလဲ့လဲ့၊ ပိတောက်ပင်ကြီးကလည်း တစုံတရာ ကူညီပြီး ပြောချင်ရာပုံရတယ်၊ ဪ.. ဒီသစ်ပင်ကြီး နှစ်ပင်အောက်မှာ စခဲ့တယ် ဆိုပါတော့...၊
" ကောင်လေးက အဲ... သူ့ကို တိုးတိုး လို့ ခေါ်ကြရအောင် ကောင်မလေး နာမည်ကတော့ ထွေး၊ တိုးတိုးနဲ့ ထွေးရဲ့ ဇာတ်လမ်း"
သူ့လေသံက တမျိုးတဖုံ ဖြစ်သည်။ လှိုက်လှိုက်လှဲလှဲနိုင်သည် ထင်ရ၏။
လဲ့လဲ့ ရင်မှာ ပိုခုန်လာသည်။ တိုးတိုးနှင့် ထွေး။ သည်နာမည် နှစ်ခုကလည်း ချစ်စဖွယ်။ သနားစဖွယ်။
"ထွေးက ဟောဒီခြံကြီးနဲ့ တိုက်ရဲ့ ပိုင်ရှင် သူဌေးရဲ့ သမီးလေးပါ၊ တိုးတိုးကတော့ သူဌေးရဲ့ အလုပ်သမားတယောက်ရဲ့ ညီလေးပါ၊ မလဲ့လဲ့ ပြောသလိုပဲ သူတို့ကြားမှာ ခြားနားမှုက ရှိပါတယ်၊ ဒီတရားကိုတော့ မေတ္တာလို့ ခေါ်ပါတယ်၊ တိုးတိုးနဲ့ ထွေးတို့ရဲ့ မေတ္တာဇာတ်လမ်းပါ၊ ဟောဒီစိန်ပန်းပင်ကြီးအောက်မှာ စ,ခဲ့ကြတယ်၊ ဪ ကျွန်တော် ပြောဖို့ မလိုပါဘူး။ မလဲ့လဲ့ မြင်ခဲ့ပြီးပါပြီ"
လဲ့လဲ့က သက်ပြင်းကို ချလိုက်သည်။ မိမိ မြင်ခဲ့ပြီးပြီ။ ဟုတ်သည်။
တိုးတိုးနှင့် ထွေး။ မိမိ မြင်ခဲ့ပြီးပြီ"
"ရှင်က ကျွန်မ... ကျွန်မ အဲဒီအကြောင်းကို ရေးလို့ရမယ် ထင်... ထင်တယ်ပေါ့"
"ထင်တာ မဟုတ်ဘူး၊ မလဲ့လဲ့ ရေးတောင်နေပါပြီ"
"ရှင်..."
"ရေးတယ် ဆိုတာဟာ ပြောခြင်း တမျိုးပါ မလဲ့လဲ့၊ စောစောက မလဲ့လဲ့ ပြောပြသွားတာတွေဟာ စီကာပတ်ကုံးနဲ့ သိပ်ချောမောလှပပါတယ်"
လဲ့လဲ့က ခေတ္တစဉ်းစားသည်။ ခဏ၌မူ ပြုံးမိ၏။
"မလဲ့လဲ့ ဘာပြုံးတာလဲ"
" ဪ ... ရှင် ပြောတာနဲ့ ကျွန်မ အားရှိလာသလိုပဲ "
သူကလည်း ပြုံးသည်။ ဤအပြုံးက ကျေနပ်ဝမ်းမြောက်သည့် အပြုံးဟု လဲ့လဲ့ ထင်သည်။
"ကဲ ကျွန်တော်တို့ သွားကြရအောင်၊ ဪ... မလဲ့လဲ့ကို ကျွန်တော် လက်ဆောင်တခု ပေးစရာ ရှိသေးတယ်"
တိုက်ပုလေး၏ ဆင်ဝင်အောက်၌ လဲ့လဲ့က ရပ်စောင့်သည်။ သူက အတွင်းသို့ ဝင်သွားပြီး တစုံတရာ ယူလျက် ပြန်ထွက်လာ၏။
"အဲဒါ ဘာလဲ ဟင်"
” မေတ္တာများနှင့် စိန်ပန်းနီနီ ”
"ရှင်..."
"မလဲ့လဲ့ ဟိုတညက ကြားခဲ့ရတယ် ဆိုတဲ့ သီချင်း ထင်တယ်၊ စိန်ပန်းအကြောင်း၊ ညိုလတ် ဆိုတဲ့ အဆိုတော် မိန်းကလေးက ဆိုထားတယ်၊ ဟိုတစ်နေ့က မြို့ထဲ သွားရင်း ဆိုင်တခုက ဖွင့်တာ ကြားလို့ ဟောဒီတိပ်ခွေလေး ကျွန်တော် ဝယ်ခဲ့တယ်"
လဲ့လဲ့က တိပ်ခွေလေးကို လှမ်းယူကာ သူ့ကို နှုတ်ဆက်ပြီး ပြန်ခဲ့၏။
မိမိအခန်းဆီ ပြန်ရောက်သောအခါ စိန်ပန်းပင်ကြီးဆီ လှမ်းကြည့်မိ၏။
ဟုတ်သည်။ စိန်ပန်းပင်ကြီးက တစုံတရာ ပြောပြနေသည်။
မိမိ ရင်တွင်းကလည်း တစုံတရာ ပြောနေ၏။
ဘာတွေ ပြောနေမှန်းတော့ မသိ။ သူ တိုက်တွန်းသကဲ့သို့ ရေးချကြည့် ရမည်။
ဘာကို ရေးရမည်နည်း။ လဲ့လဲ့က တိပ်ခွေလေးကို ကိုင်ကြည့်သည်။
'မေတ္တာများနှင့် စိန်ပန်းနီနီ'
လဲ့လဲ့က ငိုင်လျက် စဉ်းစားသည်။
ခဏ၌မူ လဲ့လဲ့သည် ကျေနပ်အားရစွာ ပြုံးလိုက်သတည်း။
အခန်း ( ၈ )
'စိန်ပန်း-ပန်းချီ၊ ခြယ်ပြနေသည်။ ပတ္တမြားသွေးတဲ့ စေးစွေးနီ၊ တောရေးရေးထက် သစ်လို့နေပြီ၊ တိမ်တောင်လေနှင်ချီ၊ ရှုလေတိုင်း ပြာမှိုင်းဝေရီ၊ ညိုမှောင်အုံ့ပျ နွေနှောင်းလများ ချစ်မိပါသည်၊ သစ္စာစကား ဆိုပြဟန်ညီ၊ မေတ္တာများနှင့် စိန်ပန်းမိုးအလှပန်းချီ'
အဖုံးဖွင့်လျက်သား ဖောင်တိန်ကို ကိုင်လျက် လဲ့ ငြိမ်နေသည်။
ညိုလတ်၏ တေးသံက ဖွင့်ထားသော ကက်ဆက်မှ ထွက်ပေါ်လာ နေ၏။ အသံက တည်တည်ငြိမ်ငြိမ် အေးအေးလေးနှင့် သာယာသည်။ ဆိုဟန်က သက်သက်သာသာ ရှိသော်လည်း ခံစားမှု အသက်က နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပါနေသည်။
ကရုဏာသံရှင် ဤအဆိုတော်မလေးတဦး ရှိလေမှန်း မိမိ အဲ...မသိ။ ချစ်ဖွယ်၊ လွမ်းဖွယ် အဓိပ္ပာယ်ကြွယ်သော ဤသီချင်းလေး ရှိမှန်းလည်း မိမိ မသိ။
လဲ့လဲ့က မျက်မှောင်သာသာ တွန့်မိသည်။
မသိ။ ဤစကားကို မည်မျှ မှန်ကန်စွာ မိမိ သုံးနိုင်သနည်း။
မသိသည်လား မမှတ်မိသည်လော။
ခက်သည်က ဤသီချင်းကို ဟိုးတညက မိမိ ကြားဖူးသည်။
ဆိုသံကတော့ ယောက်ျားသံ၊ ဆိုသူ ရှိသလော၊ သို့တည်းမဟုတ် မိမိ မြင်နေရသည်တို့ကဲ့သို့ ပစ္စုပ္ပန်နယ်ပယ်မှာ ချပြမရသည့် ကြားခြင်း တမျိုးတမည်လော။
သူ ပြောသကဲ့သို့ အနာဂတ်မှာ ချလိုက်ရအောင် အနာဂတ် ဆိုသည်က ဘယ်ကို ထောက်မှီ၍ ပေါ်လာသနည်း။
အနာဂတ်၊ ပစ္စုပ္ပန်၊ အတိတ် သည်သဘောတွေက ဘယ်ပုံ ဆက်သွယ် နေသနည်း။
ယင်းဆက်သွယ်ပုံသဘောကိုတော့ ကိုစိန်ပန်း ဆိုသူက ရှင်းမပြ။ မိမိကို စာရေးရန်သာ တိုက်တွန်းသည်။
စာရေးရန်က စိတ်ကူးစိတ်သန်း ရှိရမည်။ စိတ်ကူးစိတ်သန်း ဆိုသည်က အနာဂတ်သဘောဟု သူ ပြောခဲ့သည်။
ထောက်မှီရာ အခြေပြုစရာ မရှိဘဲနှင့် စိတ်ကူးစိတ်သန်းတွေက ဘယ်က လာမည်နည်း။ လဲ့လဲ့က စာရွက်ဖြူပေါ် ငုံ့ကြည့်၏။
'မေတ္တာများနှင့် စိန်ပန်းနီနီ'
သည်ခေါင်းစီးကိုတော့ မိမိ ရေးချလိုက်မိပြီ။ ပြီးတော့ ဘာဆက် ရေးရမည်နည်း။
တိုးတိုးနှင့် ထွေးတို့အကြောင်း။
ဪ သူက ပြောလိုက်ပုံဖြင့် လွယ်လှချည့်။ တိုးတိုးနှင့် ထွေးတို့ အကြောင်း။
တိုးတိုးနှင့် ထွေးတို့အကြောင်း မိမိ ဘာသိသနည်း။
လဲ့လဲ့က ပြတင်းကို ကျော်ကာ စိန်ပန်းပင်ကြီးဆီ ကြည့်သည်။
လရောင်က ထိန်ထိန်သာနေသောကြောင့် စိန်ပန်းပင်ကြီးကိုတော့ လှမ်းမြင်ရသည်။ ပတ္တမြားရောင်တို့သာ မပေါ်ပြီ။ လရောင်မျှတွင် အရောင်အသွေးတို့ ဘယ်မှာ ပေါ်နိုင်မည်နည်း။
ခပ်နှင့်နှင့် ရှိုက်ရှိုက်လေး ဆိုသော ညိုလတ်၏ သီချင်းသံကသာ ပေါ်လာနေ၏။
'မမွှေးပါပြီ၊ သင်းရနံ့တွေ မထုံပြီ၊ ပါရမီ မစုံလှလို့ ချစ်ရသူအား
ကိုယ် တောင်းပန်သည်၊ ခေါင်းမှာပင် မဆင်မြန်းနဲ့၊
လမ်းမက ပန်း၊ လမ်းပေါ် ပန်းသည်၊ လမ်းမမှာပွင့်၊
လမ်းမှာ သင့်သည်'
လဲ့လဲ့ ရင်က ဆို့သွား၏။
စိန်ပန်းပင်ကြီးက စကားပြောနေသည်။
ဪ.. ပိတောက်နှင့် ယှဉ်လိုက်တော့ သင်းရနံ့ မထုံသောသူက ပါရမီ မစုံသူ။
စိန်ပန်း ဆိုသည်က မျက်နှာငယ်၊ တိုးတိုးလေးလို မျက်နှာငယ်။
လဲ့လဲ့၏ မျက်လုံးများတွင် ပေါက်ပြားလေး ကိုင်ထားသော သူငယ်လေး ပြန်ပေါ်လာသည်။
သူ့ကို စတွေ့တုန်းက စိန်ပန်းပင်ကြီးအောက်မှာ။
စိန်ပန်းတွေက နီနေသည်။ နေရောင်ရှိတော့ စိန်ပန်းတွေက ညိုလတ် ဆိုသကဲ့သို့ စွေးစွေးနီနေသည်။
ဪ... နံနက် ဆိုပါစို့။ ပြတင်းကို အသာဖွင့်လိုက်မည်။ ရဲရဲနီနေသော စိန်ပန်းပင်ကြီးကို ဘွားခနဲ တွေ့ရသည်။ တွေ့ရသည်။
လဲ့လဲ့၏ ဖောင်တိန် ကိုင်ထားသော လက်က လှုပ်ရှားလာသည်။
ညီညာသပ်ရပ်လှပသော စာလုံးလေးများလည်း တစ်လုံးချင်း ပေါ်လာ၏။
ထွေးက မျက်လုံးများကို အသာဖွင့်လိုက်၏။
ကြည်လင်သော အလင်းရောင်ကြောင့် ခေတ္တမူ မျက်လုံးများက ကျိန်းသကဲ့သို့ ဖြစ်မိသည်။
ခဏအကြာတွင်ကား မျက်လုံးများလည်း မကျိန်းတော့။ အိပ်ချင်မူးရီ ဖြစ်မှုလည်း ခေါင်းတွင်းမှ ကွယ်ပျောက်သွားသည်။
ဇာခြင်ထောင်က သန့်ရှင်းဖွေးဖြူနေသည်။ အိပ်ခန်း နံရံကလည်း သန့်ရှင်း ဖွေးဖြူနေသည်။
ထွေးက ကျေနပ်စွာ ပြုံးသည်။
အိမ်သစ်၊ အခန်းသစ်၊ နံနက်ကိုလည်း နေ့သစ်ဟု ခေါ်နိုင်သည်လော။
ထွေးက ခုတင်ထက်မှ ဆင်းလိုက်သည်။
အိပ်ရေး ကောင်းကောင်းဝသောကြောင့် ထွေးမှာ လန်းဆန်းနေသည်။
စိတ်တွင်းမှာလည်း ပျော်ရွှင်နေ၏။ စာမေးပွဲလည်း ပြီးပြီ။ ကျောင်းလည်း ပိတ်ပြီ။
ထွေး၏ စိတ်တွင်းဝယ် ပျော်ရွှင်ရုံမက ပေါ့ပါးနေသည်။
ထွေးက ပြတင်းကို ကြည့်သည်။
မှန်တံခါးမှ ရွှေရောင် နေခြည်နုနု တိုးဝင်လာ၏။
ပြတင်းနား ကပ်ပြီး ထွေးက မှန်တံခါးကို ဖွင့်လိုက်သည်။
"ဟယ်"
ထွေးက ဝမ်းသာမှု ရောသော အံ့သြသံလေး ပြုမိ၏။
ဘွားခနဲ ပေါ်လာသည်။ ဟုတ်သည်။ ဘွားခနဲ ပေါ်လာသည်။
စိန်ပန်းပင်ကြီး... ရဲရဲနီသော စိန်ပန်းပင်ကြီး၊ ရဲပါဘိ... နီပါဘိ...လှပါဘိ။
ကြည့်စမ်း... သည်အပင်ကြီး ရှိမှန်း သတိမပြုမိခဲ့။ ပင်လုံးကျွတ် ရဲရဲနီအောင် ဘယ်အချိန်ကတည်းက ပွင့်နေသနည်း။
ထွေး၏ မျက်လုံးများက စိန်ပန်းပင်ကြီးနှင့် ယှဉ်ပေါက်နေသော ပိတောက်ပင်ကြီးဆီသို့ ရောက်သွားသည်။
ပိတောက်တွေကတော့ မပွင့်သေး။ ဖွင့်လျှင် ဘယ်မျှ ကောင်းလိမ့်မည်နည်း။
တစ်ပင်က နီနီ၊ တစ်ပင်က ဝါဝါ၊ ခုလို ပြတင်းဝမှာ ရပ်နေလျှင် မွှေးနေသည်။ ပိတောက်နံ့တွေက မွှေးနေမည်။
ပြတင်းမှ လတ်ဆတ်အေးမြသော လေက ဝင်လာနေ၏။
ထွေးက လေကို အားရပါးရ ရှူရှိုက်သည်။
လေက မမွှေးပါ။ သို့ရာတွင် ရှူရှိုက်၍ ကောင်းသည်။
ကျောင်းမှာ ဆရာမက ပြောပြဖူးသည်။ နံနက်စောစောတွင် လေကောင်းလေသန့်ကို ရှူရမည်။
ဘယ်နှကြိမ်ပါလိမ့်...အဲ... ဆယ့်ခြောက်ကြိမ်...။
ထွေးက လေကို ဆယ့်ခြောက်ကြိမ်ရှူလိုက်၊ ထုတ်လိုက် လုပ်သည်။
ပြီးမှ မိမိကိုယ်ကိုမိမိ သဘောကျစွာ ရယ်လိုက်၍ ရေချိုးခန်းဆီ ပြေးလာခဲ့၏။
ငွေရောင် ရေတိုင် တပ်ထားသော ကြွေခွက်တွင် ထွေးက သွားတိုက်၊ မျက်နှာသစ်သည်။
ညအိပ်ရာဝင်စဉ်က သွားတစ်ခါ တိုက်ပြီးပြီဖြစ်သောကြောင့် ယခု နံနက်တွင်တော့ ထွေးသည် သွားကို မြန်မြန်တိုက်သည်။ မျက်နှာကိုတော့ သီချင်းလေး ညည်းရင်း စိတ်ရှည်စွာ သစ်၏။
မျက်နှာသုတ်နေစဉ် ဆာလာသောကြောင့် ဆံပင်ကိုသာ အမြန်ဖြီးပြီး ထမင်းစားခန်းသို့ သွက်သွက်လေး လာခဲ့၏။ လက်ဖက်ရည် စားပွဲတွင် မေမေက တဦးတည်း ထိုင်စားသောက်နေ၏။
" ဟော မေမေတောင် စားနေပြီ၊ ဖေဖေကော"
" ဖေဖေက ပြီးလို့ လမ်းလျှောက်တောင် ထွက်သွားပြီ"
"အို... အစောကြီး ရှိသေးတယ်"
"မစောဘူး၊ ခုနစ်နာရီခွဲပြီးပြီ"
"ဟင် ခုနစ်နာရီတောင် ခွဲပြီးပြီ"
ထွေးက လက်ဖက်ရည်ကို အလျင်ငဲ့ကာ တကျိုက်၊ နှစ်ကျိုက် သောက်၏။
ထိုနောက် ပေါင်မုန့်မီးကင်ပေါ် ထောပတ် သွက်သွက်လေး သုတ်လျက် အလောတကောလေး စား၏။
ထွေး စားသောက်ပုံကို ကြည့်ပြီး မေမေက ဆို၏။
" ကျောင်းသွားစရာ မရှိဘဲနဲ့ ဖြည်းဖြည်း စားစမ်း ထွေး၊ မိန်းကလေးဆိုတာ အစားအသောက် စားတာက အစ ဣန္ဒြေ ရှိရတယ် မေမေ ဘယ်နှခါ ပြောရမလဲ"
" မေမေကလည်း... ထွေးက မမတို့လို အပျိုမှ မဟုတ်သေးဘဲဟာ"
"အပျိုဟုတ်ဟုတ် မဟုတ်ဟုတ်၊ မိန်းကလေးဆိုတာ ဣန္ဒြေ ရှိရတယ်"
" ထွေးက သွားစရာရှိလို့ မြန်မြန်စားတာ"
"ဘယ်သွားမလို့လဲ"
"စက်ဘီး လျှောက်စီးမလို့"
"ဘာ... တယောက်တည်းလား"
"မဟုတ်ဘူး၊ ကိုလတ် လာမယ်"
"ဟဲ့ ဒီကောင် လာမလား"
"လာမယ်လို့ သူ ပြောတာပဲ"
မေမေက ဘာမျှ ဆက်မပြောတော့ဘဲ လက်ဖက်ရည် သောက်နေ၏။
ထွေးကတော့ လက်ဖက်ရည်နှင့် မုန့်ကို လျင်မြန်စွာ စားပြီး အခန်းဆီ ပြန်ခဲ့၏။
မျက်နှာကို မှုန်နံ့သာ တို့သည်။ ဂါဝန် အဝါလေး လဲပြီးနောက် ကုပ်ဝဲဆံပင်ကို တချက် နှစ်ချက် ထပ်ဖြီးသည်။
အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့ပြီး ခြေအိတ်စွပ်၊ ဖိနပ်စီးသည်။
ကိုကိုလတ် မရောက်မီ မိမိက ပြီးနှင့်ပြီ။ ကိုယ်တော်ချော ဘာအပြစ် ပြောနိုင်မည်နည်း။
အိမ်ရှေ့ဆင်ဝင်၏ လက်ဝဲဘက်၌ ထွက်ရပ်ပြီး ထွေးက ခြံကြီး တစ်ခွင်ကို ကြည့်သည်။
ခြံနောက်ပိုင်းရှိ ပင်စည် မဖြူတဖြူနှင့် ဒူးရင်းပင်ကြီးများက မြင့်သည်။
အို... အသီးတွေပင် ကြီးလှပြီ။
ဝိုင်းဝိုင်းအုပ်အုပ်နှင့် မင်းကွတ်ပင်တို့ထက်လည်း အသီး နီနီတွတ်တွတ်တို့ ပြွတ်ပြွတ်ရိုက်နေပြီ။
ခြံရှေ့ပိုင်းရှိ အုန်းပင်ပျိုတို့၏ စိမ်းမြမြ ဝါလွင်လွင် အလက်ရှည်တို့က ငြိမ့်ငြိမ့်လေး လှုပ်နေကြ၏။
စက္ကူပန်းရုံကြီးတွေထက်လည်း ခရမ်း၊ အနီ၊ လိမ္မော်၊ အဖြူ၊ အဝါရောင်မျိုးစုံသော အပွင့်တို့ အအုပ်လိုက် အဆုပ်လိုက် တခဲနက် ပွင့်နေကြသည်။ တရုတ်စံကားပင်တို့ထက် အရွက် မရှိပြီ။ ရွှေဝါပွင့်လေးများသာ ကြယ်လေးများပမာ ပွင့်နေကြသည်။
ထွေး၏ ရင်တွင်း၌ ကြည်နူးသာယာလာ၏။
မြို့တွင်းက အိမ်ပတ်ဝန်းကျင်ထက် သည်ခြံကြီးက အများကြီးပိုကျယ်သည်။ ပိုလှပသည်။
ထွေးသည်။ အိပ်ရာ ထစက တွေ့ခဲ့ရသော စိန်ပန်းပင်ကြီးကို သတိရသည်။ သည်အပင်ကြီးက ခြံရှေ့ပိုင်း လက်ယာဘက်တွင် ရှိ၏။
ထွေး နေရာမှ လှမ်းကြည့်သောအခါ ရဲရဲနီသော အပင်ကြီး၏ အပေါ်ပိုင်းကို တွေ့ရ၏။
ဆင်ဝင်အောက်မှ ဖြတ်ကာ ထွေးက စိန်ပန်းပင်ကြီးဘက်သို့ ထွက်လာခဲ့၏။
စက္ကူပန်းရုံနှင့် ခွာပြာရုံကို ကျော်မိ၍ စိန်ပန်းပင်ကြီးအောက်သို့ လှမ်းမြင်နိုင်သော နေရာအရောက်၌ ထွေး၏ ခြေလှမ်းလေးများက တုံ့သွားသည်။ မျက်လုံးလေးများလည်း မသိမသာလေး ပြူးသွား၏။
ကောင်ကလေးတယောက်... ဟုတ်သည်။ မိမိနှင့် ရွယ်တူခန့် ကောင်ကလေးတယောက်၊ ပုဆိုးတိုတို၊ စွပ်ကျယ် လက်ပြတ်လေးနှင့်။
ကောင်ကလေးက ပေါက်ပြားတလက်နှင့် မြေကို တူးယက်နေ၏။ လူနှင့်ယှဉ်တော့ ပေါက်ပြား လက်ကိုင်တံက ရှည်သယောင် ဖြစ်နေသည်။
ထွေးက ဆက်လျှောက်သွားပြီး ကောင်ကလေးအနီး၌ ခါးလေး ထောက်လျက် ရပ်၏။
ကောင်ကလေးက သူ့အလုပ်ကို ရပ်လိုက်ပြီး အံ့သြဟန် မျက်နှာပေးနှင့် ထွေးကို ကြည့်နေ၏။
"နင် ဘာလို့ မြေတွေ တူးနေရတာလဲ"
" မြေတူးတာ မဟုတ်ဘူး၊ မြေဆွပေးနေတာပါ"
"အင်းလေ... ဘာလို့ မြေဆွနေရတာလဲ"
"ပန်းစိုက်ဖို့"
"ပန်း... ဘာပန်းစိုက်မလို့လဲ"
"အက်ဖရိကန်ဒေစီ"
"ဘာရယ်..."
"အက်ဖရိကန်ဒေစီ... ဟိုသင်း... ကျိုင်းတုံပန်းလို့ တချို့က ခေါ်ကြတယ်"
"အက်ဖရိကန်ဒေစီကို ငါ သိပါတယ်"
ကောင်ကလေးက ထွေးကို တချက် ကြည့်ပြီး မျက်လွှာချလျက် ငြိမ်ငြိမ်လေး နေ၏။
ထွေးကသာ ကောင်ကလေးကို သေချာစွာ အကဲခတ် ကြည့်ရှု၏။
သူ့ပုဆိုးလေးက အဆင် အကွက် မပီအောင် ဟောင်းနေ၏။ သူ့စွပ်ကျယ်လက်ပြတ်ကလေးကလည်း ကောင်းကောင်းမဖြူတော့ဘဲ နွမ်းညို နေ၏။
"နင်.. ခုနက ပြောတဲ့ ပန်းနာမည်ကို ပြန်ပြောစမ်း"
"အက်ဖရိကန်ဒေစီ"
" ထွေးက သဘောကျသွားပြီး ပြုံး၏။
"ဘာလို့ အဲဒီလို ခေါ်တာကော သိသလား"
"မသိဘူး၊ ဒါပေမဲ့ အက်ဖရိကန် ဆိုတော့ အက်ဖရိကတိုက်က လာတဲ့ပန်းနဲ့ တူတာပဲ"
ထွေး၏ မျက်ခုံးလေးများ အပေါ်သို့ မြင့်တက်သွား၏။
"နင် အင်္ဂလိပ်စကား တတ်သလား"
ကောင်ကလေးက မျက်လွှာချထားရင်းက ဖြေသည်။
"ငါ ကျောင်းနေပါတယ်"
" ကျောင်းနေတယ်၊ ဘယ်ကျောင်းမှာလဲ "
"အစိုးရအထက်တန်းကျောင်းမှာပါ "
"ဘယ်နှတန်း ရောက်ပြီလဲ"
" ကျောင်းပြန်ဖွင့်ရင် ခြောက်တန်းမှာ တက်ရမယ်"
ထွေးက ပါးစပ်လေး ဟသွား၏။ ကောင်ကလေးက မိမိနှင့် အတန်း အတူတူပါတကား။
"နင် ဒီခြံထဲမှာ နေလို့လား"
ကောင်ကလေးက ခေါင်းညိတ်ပြ၏။
"နင် ဘယ်သူ့သားလဲ"
ဤတကြိမ်တွင်တော့ ကောင်ကလေး၏ နှုတ်က အနည်းငယ် ဆိုင်းသည်။ ခေတ္တလေးကြာမှ ဖြေ၏။
"အစ်ကိုနဲ့ နေတယ်"
"နင့်အစ်ကိုက ဘယ်သူလဲ"
"ကိုမြငြိမ်းပါ"
"ဪ ဪ... ည ခြံစောင့်တဲ့ ကိုမြငြိမ်းလား"
ကောင်ကလေးက ခေါင်းညိတ်ပြ၏။
"နင့်နာမည်က ဘယ့်နှယ် ခေါ်သလဲ"
"တိုးတိုး"
"တိုးတိုး မောင်တိုးပေါ့ ဟုတ်လား"
ကောင်ကလေးက မဖြေ။ ထွေးကသာ ရယ်လိုက်၏။
" ကောင်းပါပြီ၊ နင့်ကို ငါ တိုးတိုးပဲ ခေါ်ပါ့မယ်၊ ငါ့ကို နင် အဲ...ထွေးလို့ပဲ ခေါ်၊ ကြားလား"
တိုးတိုးက ထွေးကို တစ်ချက် ပြန်ကြည့်ပြီး ခေါင်းညိတ်ပြ၏။
"နင်က ပန်းစိုက်တာ ပန်းကြိုက်လို့ပေါ့... ဟုတ်လား"
သည်တကြိမ်တော့ တိုးတိုးက ပြုံး၏။
"ပန်းတော့ ကြိုက်တာပေါ့၊ ဒါပေမဲ့ ပန်းစိုက်တာက ရောင်းဖို့၊ ပိုက်ဆံရတယ်"
"ဪ... နင်တို့ ပန်းရောင်းစားတယ်ပေါ့ "
"ဟုတ်တယ်၊ အက်ဖရိကန်ဒေစီက တပွင့်ကို တမတ် ရတယ်၊ တို့အိမ်ဘေးမှာ အများကြီး စိုက်ထားတယ်"
"ဒီမှာတော့ အခုမှ စိုက်မယ်ပေါ့။ အစကတည်းက ဘာလို့ မစိုက်တာလဲ"
"ဒီပန်းက ရေသိပ်ကြိုက်တယ်။ အိမ်နားမှာက ရေတွင်း ရှိတယ်၊ ဒီနေရာကတော့ ဝေးတယ် မဟုတ်လား၊ အခုမှ နင် နင်... ထွေးတို့အိမ်က ပြီးတော့ ရေပိုက်တွေ ဘာတွေ ခြံထဲမှာ ရှိလာပြီ၊ စိုက်လို့ရပြီပေါ့၊ စိုက်မှာကတော့ မိုးတွင်းမှပါ၊ အခု မြေပြင်ထားတာ"
"ဒီနေရာမှာ... ဟုတ်လား"
"အိမ်ရှေ့မျက်နှာစာမှာလည်း စိုက်မယ်တဲ့၊ အဲဒါကတော့ သူဌေးက ခိုင်းတာတဲ့၊ အိမ်လှအောင်တဲ့"
"ဪ... ဒီလိုပဲ နင် လျှောက်မြေပြင်ဦးမှာပေါ့၊ ဟုတ်လား"
"တယောက်တည်း ဘယ်နိုင်မလဲ၊ အစ်ကိုပါ လုပ်မှာပေါ့၊ ငါ... ငါ... အဲ တိုးတိုးက ကူရတာ"
ထွေးက တိုးတိုး၏ မျက်နှာလေးကို ကြည့်သည်။
အသားက လတ်သည်။ အဝတ်အစားက နွမ်းသော်လည်း မျက်နှာလေးက ချောမောကြည်လင်သည်။ မိမိကို နင်လုံး ငါလုံး မရိုက်ဘဲ ကြိုးစားစကားပြောနေခြင်းအားလည်း သတိပြုမိ၏။
သူက နင်လုံး ငါလုံး မရိုက်ဘဲ မိမိကသာ ရိုက်နေလျှင် ကောင်းပါ မည်လော။
"တိုးတိုး... ထွေးကတော့လေ ပန်း သိပ်ကြိုက်တာပဲ သိလား"
ထွေးက ပိတောက်ပင်ကြီးဆီ မော့ကြည့်ပြီး ဆက်ပြော၏။
" ဟောဒီ ပိတောက်တွေ ပွင့်ရင် သိပ်ကောင်းမှာပဲ"
တိုးတိုးက ပိတောက်ပင်ကြီးကို လိုက်ကြည့်ပြီးမှ ပြော၏။
"ဒါပေမဲ့ စိန်ပန်းပင်က ပွင့်နှင့်ပြီ၊ စိန်ပန်းလည်း လှပါတယ်"
တိုးတိုးသည် စိန်ပန်းပင်ကြီးဘက် လျှောက်သွားပြီး စိန်ပန်းပွင့်ခက် တခုကို ကောက်ယူလာကာ ထွေးကို လှမ်းပေး၏။
ထွေးက စိန်ပန်းပွင့်ခက်လေးကို ကြည့်သည်။ လှတော့ လှသည်။
ထွေးက စိန်ပန်းပွင့်ခက်လေးကို နမ်းကြည့်ပြီးနောက် ရယ်မောလျက် မြေပြင်သို့ ပစ်ချလိုက်၏။
"စိန်ပန်းက လှတော့ လှပါရဲ့၊ ဒါပေမဲ့ မမွှေးဘူး၊ ပြီးတော့ သူ့ ဘယ်သူ ပန်လို့လဲ"
တိုးတိုးက ထွေးကို မျက်နှာငယ်လေးနှင့် ကြည့်နေ၏။
ထွေးမှာ စိတ်မကောင်း ဖြစ်သွား၏။
" ထွေးက နောက်တာပါ၊ ပိတောက်ပန်းတွေ ပွင့်ရင် တိုးတိုး ခူးပေးပေါ့၊ ထွေး လွှင့်မပစ်ပါဘူး"
ထွေးသည် သာယာစွာ ရယ်မောလိုက်ပြီး တိုက်ဆီ ပြန်လာခဲ့၏။
ဧည့်ခန်းရှိ နာရီက ရှစ်နာရီကို ပြနေ၏။
ထွေး စိတ်ပျက်သယောင် ဖြစ်မိခိုက် အိမ်ရှေ့မှ စက်ဘီး ခေါင်းလောင်း သံ ကြားရ၏။
ထွေးက အပြင်ဘက်သို့ ပြေးထွက်ခဲ့သည်။
"ကြည့်စမ်း... ကိုယ်တော်၊ ရှိုးတွေ မိုးတွေ ထုတ်နေတာနဲ့ နောက်ကျတာ မဟုတ်လား"
ကိုကိုလတ်က ကြော့အောင် မော့အောင် ရှိုးထုတ်လာသည်။ စက်ဘီးပေါ်မှ မဆင်းဘဲ ခြေကား ထောက်ထားလျက်က ရယ်ပြနေ၏။
"အပြစ်တင် မစောနဲ့၊ လာရတဲ့ခရီးကိုလည်း ကြည့်ဦး၊ ဟင်း... တို့က ကတိတည်ပါတယ်"
"အမယ်... ဘယ်သူက လာခိုင်းလို့လဲ"
"ကဲပါ... စကားရှည်တာနဲ့ နေပိုမြင့်သွားမယ်။ မနက်ဖြန်ကို ဒီထက် စောစောလာခဲ့မယ်"
ထွေးက မလုံဘဲ ရယ်မိ၏။ ကိုကိုလတ် စောစောလာ၍လည်း မိမိက နိုးဦးမည် မဟုတ်။
ထွေးသည် အိမ်တွင်း ပြန်ဝင်ပြီး မိမိ၏ စက်ဘီးလေးကို ထုတ်ယူ လာခဲ့၏။
" ကောလိပ်ကြီးဘက်ကို သွားမယ်နော်"
"သဘော... ထွေးသဘော"
ကိုကိုလတ်နှင့် ယှဉ်တွဲလျက် စက်ဘီးစီး ထွက်ခဲ့ရင်း ထွေးက စိန်ပန်းပင်ကြီးဘက် ကြည့်၏။
တိုးတိုးက စိန်ပန်းခက်ကလေးကို ကိုင်ထားလျက်နှင့် မိမိတို့ကို ငေးကြည့် ကျန်ရစ်၏။
"ကိုလတ်"
"အင်း..."
"တိုးတိုးကို မသိဘူးလား"
"ဟင့်အင်း..."
"ကိုလတ်နဲ့ တကျောင်းတည်း မဟုတ်လား"
"ဟုတ်တယ်"
"ဒါတောင် မသိဘူး"
" မြင်တော့ မြင်ဖူးကြတာပေါ့ "
"ဘာဖြစ်လို့ နှုတ်မဆက်သလဲ"
"အိုး... လူတကာ လိုက်နှုတ်ဆက်မနေနိုင်ပါဘူး"
"ကိုလတ်က ကြီးကျယ်တယ်"
" ထွေးအပေါ် မကြီးကျယ်ရင် ပြီးတာပဲ မဟုတ်လား"
"ဟွန်း... ကြီးကျယ်တော့ကော ဂရုစိုက်လို့ "
"ကဲ... ဂရုမစိုက်တဲ့ ကောင်မလေး နေရစ်၊ တို့ နင်းပြီ"
ကိုကိုလတ်က စက်ဘီးကို အရှိန်မြှင့်၍ ရှေ့မှ စီးပြေး၏။ နောက်၌ ကျန်ရစ်သော ထွေးကလည်း ဖိနင်းကာ အမီလိုက်သည်။
အမှန်က ကိုကိုလတ် တကယ် စက်ဘီးနင်းပြီဆိုလျှင် ထွေး ဘယ်တော့မှ လိုက်မမီ။ ယခုလည်း မမီ။
ကောလိပ် ဂိတ်ဝတွင်းသို့ ချိုးဝင်ပြီး ကိုကိုလတ် ပျောက်ကွယ်သွား သည်အထိ ထွေးက တောင်ဝိုင်းလမ်းမကြီးပေါ်တွင် ကျန်ရစ်သည်။
ထွေးက စက်ဘီးကို လျှော့နင်းသည်။ ကောလိပ် ဂိတ်ဝသို့ ရောက်သောအခါ လိုက်မချိုးတော့ဘဲ ထွေးက လေယာဉ်ပျံကွင်းဘက်သို့ ဆက်စီး လာခဲ့၏။
ဘိုးဘွားရိပ်သာကို ကျော်ခဲ့ပြီးနောက် အောင်သုခ ဘုန်းကြီးကျောင်းဝင်းထောင့် သစ်ပင်များ အကွယ်တွင် ထွေးက ဝင်ပုန်း၍ စောင့်နေ၏။
အတန်ကြာသောအခါ စက်ဘီးကို တရကြမ်း နှင်း၍ ကိုကိုလတ် လိုက်လာသည်ကို ထွေး တွေ့ရ၏။
မိမိကို ကိုကိုလတ် လွန်သွားသည်အထိ ငြိမ်နေ၍ ထွေးက ပုန်းနေရာမှ ထွက်ခဲ့၏။
"ဟာ ဟာ... တို့က ဒီမှာ၊ မီအောင် လိုက်ခဲ့ဟေ့ ကိုလတ်"
ထွေးက စက်ဘီးကို လာလမ်းအတိုင်း အပြင်းပြန်နင်း၏။ ကုန်းအဆင်းလည်း ဖြစ်နေသောကြောင့် ထွေး စက်ဘီးက ပိုမြန်သည်။
ကောလိပ်ဂိတ်အတွင်းသို့ ချိုးကွေ့ခါနီး၌ ထွေးက နောက်သို့ တချက် ပြန်ကြည့်သည်။ ကိုကိုလတ်က ပြန်လိုက်လာနေသော်လည်း နောက်၌ အတန် ပြတ်ကျန်ရစ်သည်။
ထွေးသည် အားရပါးရလေး ရယ်မောပြီး ပြေပြေလျှောနေသည့် အဓိပတိလမ်းမကြီးအတိုင်း တရှိန်ထိုး ဆက်စီးခဲ့သတည်း။
တနံနက်တုန်းကကဲ့သို့ပင် ထွေးက အိပ်ရာမှ လူးလဲထလိုက်၏။ တနံနက်တုန်းကကဲ့သို့ပင် ထွေးသည် ပြတင်းတံခါးကို ဖွင့်လိုက်သည်။
စိန်ပန်းပင်ကြီးကို ဘွားခနဲပင် တွေ့ရသည်။ နောက်တော့ ပိတောက်ပင်ကြီး။
"အို... "
ထွေးက ရွှင်ရွှင်မြူးမြူလေး အသံထွက်မိ၏။
ပိတောက်တွေ ပွင့်နေသည်။ ရနံ့တွေလည်း သင်းကြိုင်နေ၏။
ထွေးက အမြန်ဆုံး သွားတိုက်၊ မျက်နှာသစ်ပြီး ထမင်းစားခန်းဆီသို့ ပြေးလာခဲ့၏။
သည်တကြိမ်၌ လက်ဖက်ရည်စားပွဲတွင် လူစုံနေ၏။
ဖေဖေ...မေမေ... မမကြီး... မမလေး...
မမကြီးက နှုတ်ဆက်၏။
"အံမယ်... ဒီနေ့ ထွေးက အစောကြီး အိပ်ရာက ထတယ်ဟေ့၊ ဘာလဲ... ရေကစားမလို့လား"
မမလေးက ပြုံးသယောင် တည်သယောင်နှင့် ဝင်ပြောသည်
"မဟုတ်ပါဘူး၊ ထွေးက ကျွန်မတို့နဲ့ ဥပုသ်စောင့် လိုက်မလို့တဲ့"
ထွေးက လွတ်နေသော ကုလားထိုင်တွင် ဝင်ထိုင်ပြီး အရေးကြီးသော သတင်းကို ပို့သည့်ဟန်ဖြင့် ဆို၏။
"ပိတောက်ပင်တွေ ရွှေရည်လူးနေပြီ "
မမကြီးက လှပဝိုင်းစက်သော သူ့မျက်လုံးကြီးများကို ပြူးပြပြီး-
"ဘာရယ်..."ဟု မေး၏။
"ပိတောက်တွေ ပွင့်နေပြီ"
"အဲဒါ ဘာဖြစ်လဲ"
"အိုး... ခူးမှာပေါ့"
"ခူးပြီး ဘာလုပ်မလဲ" ဟု မမလေးက မေးသည်။
ထွေးက ပြုံးပြီး ဖြေ၏။
"သီချင်းတော့ ရှိတယ်၊ မမလေးပဲ ခဏခဏဆိုတာ "
"ဘယ်လို..."
"ချစ်သူကို ရည်စူး ခူးတဲ့လို့ခြွေ"
မမလေး၏ နီရဲသော လျှာလေးတစ်လစ် ဖြစ်သွား၏။ မမကြီးကတော့ ပြုံးရုံပြုံးနေသည်။ ဖေဖေကမူ အလွန်သဘောကျဟန်ဖြင့် အော်ရယ်ရာ မေမေက မာန်သည်။
"ဖအေလုပ်တဲ့သူက ဒါ ရယ်စရာလား၊ မိထွေး... ဒါ မိန်းကလေး ပြောရတဲ့ စကားလား"
" မေမေကလည်း... ထွေးက သီချင်းဆိုပြတာ"
"မိရှေ့ ဖရှေ့မှာ ဒီသီချင်းမျိုး ဆိုပြစရာလား"
"ဪ... မင်းကလည်းကွယ်၊ သီချင်းရှိနေတာပဲ၊ ငါ့သမီးက ဆီဆိုင်လို့ ရွတ်ပြတာ၊ ဟုတ်တယ် မဟုတ်လား ထွေး"
"ဟုတ်တယ် ဖေဖေ၊ ကဗျာလည်း ရှိသေးတယ်လေ"
" အေး အေး... လုပ်ပါဦး "
"တစ်နှစ်တွင် ဒီတစ်လ၊ တစ်လတွင် တစ်ရက်တည်း၊ ခက်ခဲတဲ့ရက်ဗုဒ္ဓါ ၊ ပွင့်ရှာကြ စုံမြိုင်တွင်း"
"အဲ... ဟုတ်တယ်၊ အဲဒါ ဦးကြော့ စပ်တာ၊ ငါ့သမီးက ဘယ်လောက် တော်သလဲ"
မေမေက ဖေဖေ့ကို မျက်စောင်းထိုး၏။
"ကြပ်ကြပ်မြှောက်ပေး၊ထွေးဟာ အစ်မတွေလို မဟုတ်ဘူး၊ နည်းနည်းကဲတယ်၊ အဲ့ဒါ ဖအေကြီးကြောင့်ပဲ"
"ကဗျာတွေ... စာတွေ... သီချင်းတွေ ဝါသနာပါတာ အပြစ်လား မိန်းမရဲ့၊ ကဲ... ငါမေးမယ် ၊ သမီးကြီး၊ ဘွဲ့ရရင် ဘာလုပ်မလဲ"
မမကြီးက လေသံဖြင့် ရယ်နေသည်။ ဖြေတော့ မဖြေ။
"ထားတော့... သမီးကကော ဒီနှစ် တက္ကသိုလ် ရောက်ရင် ဘာယူမလဲ"
ဖေဖေက မမလေးကို မေးပြန်သောအခါ မမလေးက ခေတ္တဆိုင်းနေပြီးမှ ဖြေ၏။
"သိပ္ပံဘာသာတွဲ ယူမယ်"
"ဟုတ်ပြီလေ၊ ပြီးတော့ ဘာလုပ်မလဲ "
"အဲဒါတော့ နောက်မှ ဆုံးဖြတ်ရမှာပေါ့"
" နောက်မှ ဆုံးဖြတ်ရမယ်၊ အေး အေး... ကဲ... ထွေးကတော့ ဘာလုပ်မလဲ "
" ထွေးက ကြီးလာရင် စာရေးဆရာမ လုပ်မယ်"
ဖေဖေက မြင်လား... ဟူသော မျက်နှာပေးဖြင့် မေမေ့ကိုကြည့်၏။
မေမေက နှာခေါင်းရှုံ့ပြပြီး ထွေးကို ဆို၏။
"ကဲ... စာရေးဆရာမကြီး ၊ မြန်မြန်သုံးဆောင် ၊ ဥပုသ်သွားယူကြမလို့၊ လိုက်မယ် မဟုတ်လား"
"ဥပုသ်စောင့်ရင် ပန်းမှ မပန်ရတော့ဘဲ"
"ဘာပြောတယ်"
" ထွေးက ရယ်စရာ ပြောတာပါ၊ မေမေတို့ သွားကြ၊ ထွေး အိမ်စောင့်ပေးမယ် "
"ပြီးတော့ ရေဆော့မယ်ပေါ့"
ထွေးက မဖြေဘဲ ပြုံးလျက် အစားအသောက် ဆက်စားသည်။
ထိုအခိုက်တွင်ပင် အော်သံ တစ်သံနှင့် ပြေးလွှားသံများကို ခွင်း၍ ပေါ်လာ၏။
"လာကြပါအုံး လိမ့်ကျလို့၊ လိမ့်ကျလို့"
ထွေးက အလျင်ခုန်ထသည်။ ကျန်လူများက နောက်မှ လိုက်လာကြ၏။
စိန်ပန်းပင်ကြီးနှင့် ယှဉ်ပေါက်နေသော ပိတောက်ပင်ကြီးအောက်၌ ကလေးသုံးယောက် ဝိုင်းနေကြသည်။ ခြံနောက်ပိုင်းမှ ကိုမြငြိမ်းလည်း ပြေးလာနေ၏။
ပိတောက်ပင်အောက် မြေပေါ်တွင် တိုးတိုးက ယိုင်ယိုင်လေးထိုင်ပြီး လက်ကလေးတဖက်ဖြင့် အခြားလက်တဖက်ကို နှိပ်နေ၏။ နဖူးနှင့် ပါးတွင်လည်း ပွန်းလျက် သွေးစို့နေ၏။
"ဟင်... တိုးတိုး၊ ဘာဖြစ်သွားသလဲ၊ ဘာဖြစ်သွားသလဲ"
တိုးတိုးအနီးတွင် ဒူးထောက် ထိုင်ချလိုက်ပြီး ထွေးက မေးသည်။
တိုးတိုးက မဖြေ။ အံလေး ခဲထားရင်း လက်ကိုသာ နှိပ်နေ၏။
မျက်လုံးတွင်ကား နာလွန်း၍ ထင်သည်။ မျက်ရည်တွေ ဝိုင်းနေ၏။
"ကြည့်စမ်း... ဒီကောင် သစ်ပင်ပေါ် တက်တယ် ထင်တယ်၊ ဟုတ်တယ် မဟုတ်လား"
မေးရင်း ကိုမြငြိမ်းက ထိုင်၍ သူ့ညီ၏ လက်ကို ကိုင်ကြည့်သည်။
" ဖြည်း ဖြည်းလုပ်ပါ၊ ကျိုးနေရင် ဘယ့်နှယ်လုပ်မလဲ "
ဟု မမကြီးက ဝင်သတိပေး၏။
ကိုမြငြိမ်းက လက်မောင်းကို အသာစမ်းကြည့်ပြီးမှ -
"ကျိုးတော့ မကျိုးသေးဘူး၊ နာနေလား" ဟုမေးသည်။
တိုးတိုးက ခေါင်းညိတ်ပြသည်။ ကိုမြငြိမ်းက လက်ကို အသာလှုပ်ကြည့်၏။
"နာလား"
"နာတယ်"
"သိပ်နာနေလား"
"သိပ်... သိပ်တော့ မနာ... မနာဘူး"
"မင်း ဘာလို့ သစ်ပင် တက်ရတာလဲ"
တိုးတိုး နှုတ်ဖြင့်မဖြေ။ သူ့မျက်လုံးများကသာ မြေပြင် တနေရာကို လှမ်းကြည့်၏။
တိုးတိုး ကြည့်ရာသို့ ထွေးက လိုက်ကြည့်သောအခါ ချိုးချထားသော ပိတောက်ကိုင်းများကို တွေ့ရ၏။
မေ့မေ့အသံ ပေါ်လာ၏။
"ကြည့်စမ်း၊ ပိတောက်ကိုင်းတွေ ချိုးချထားတာကိုး၊ တယ်ဆော့တဲ့ ကလေးပဲ၊ ဘာလို့ ဒီလို လုပ်ရသလဲ"
တိုးတိုးက မျက်နှာငယ်လေးနှင့် မေမေ့ကို ကြည့်သည်။
ထွေးက ပျာပျာလေး ဝင်ပြောသည်။
"သူ... သူ ဆော့တာ မဟုတ်ဘူး "
"ဘာ..."
" ထွေး... ထွေး ခူးခိုင်းလို့"
"ဘာ... ထွေး ခူးခိုင်းလို့၊ ဘာလို့ ခူးခိုင်းရလဲ"
ထွေးက ဖေဖေ့ကို လှမ်းကြည့်၏။
ဖေဖေက စိတ်မကောင်းဟန် မျက်နှာထားဖြင့် ဝင်ပြော၏။
"မသေကောင်း မပျောက်ကောင်း၊ ကဲ... ပြီးတာတွေ ပြီးပါစေတော့၊ ထွေးက ပန်းလိုချင်ရင် လူကြီးကို ခူးခိုင်းရတယ်၊ မောင်မြငြိမ်း၊ ကလေးကို ခေါ်သွားပြီး ဆေးလေး ဘာလေး ထည့်ပေးလိုက်"
တိုးတိုးက နေရာမှထပြီး ထော့နဲ့ထော့နဲ့နှင့် ပိတောက်ခက်များကို လိုက်ကောက်၏။
စောစောက ဝိုင်းကြည့်နေကြသော ကလေး သုံးယောက်ကလည်း ပိတောက်ခက်များကို ကိုယ်စီ ကောက်ယူကြပြီး ခြံဝဆီ ပြေးသွားကြ၏။
ကိုမြငြိမ်းက တိုးတိုးကို အော်သည်။
" ဟေ့ကောင် ထားခဲ့၊ ငါကောက်ခဲ့မယ် "
တိုးတိုးက မရပ်ဘဲ ပိတောက်ပွင့်များကို ဆက်သာ ကောက်၏။
ထွေးက တိုးတိုးနား ကပ်သွားပြီး ပြော၏။
"တိုးတိုး ထားခဲ့လေ၊ ထွေးဘာသာ ထွေး ကောက်မယ်"
" ထွေး မကောက်နဲ့၊ ပိုးကောင်တွေ ဘာတွေ ပါရင် ကိုက်နေလိမ့်မယ် "
"အို... ထွေး ပိုးကောင် မကြောက်ပါဘူး "
ထွေးက ဝင်ကောက်၏။ ထွေးသာမက မမကြီးရော၊ မမလေးပါ ဝင်ကောက်ကြရာ ထွေးက မျက်စောင်း လှမ်းထိုးပြီး ပြော၏။
"ဥပုသ်သည်တွေ ပန်းမပန်ရဘူး"
မမလေးက ဆင်ခြေပေး၏။
"ဥပုသ်မှ မယူသေးတာ၊ ပန်လို့ရတယ်၊ ဘာလဲ မိထွေး... သဝန်တိုသလား၊ ဟောဒီမှာ ကြည့်၊ တို့ပန်တယ်၊ သြော်... မေမေကော ပန်ဦးမလား"
မေမေက မျက်စောင်းထိုးပြီး လှည့်ထွက်သွားရာ ဖေဖေက ရယ်လျက်နောက်မှ လိုက်သွား၏။
ပိတောက်ပင်အောက်တခွင်မှာ ပျော်စရာ ဖြစ်သွား၏။
မမကြီးက စ,သည်။
" ထွေးရေ... ခုနက သီချင်းလေး ဆိုပါဦး "
"အို... ဘာလို့ ဆိုရမှာလဲ"
"ကြည့်ဟေ့ ၊ မိထွေး သီချင်းမဆိုရဲတော့ဘူး"
"မမကြီးနော်... မမကြီး"
မျက်နှာ ရဲရဲလေးဖြင့် ထွေးက အော်သဖြင့် အကြီးမ နှစ်ယောက် ရယ်ကြ၏။
စုလိုက်တော့ ပိတောက်ခက်တွေက တပုံကြီး ဖြစ်နေ၏။
ကိုမြငြိမ်းက အားလုံးကို ပွေ့ယူယမ်းပြီး ပြော၏။
"အရွက်တွေ ခြွေပြီး ကျွန်တော်လာပေးမယ် ၊ ကဲ... တိုးတိုးလာ၊ မင်းလည်း ဆေးထည့်ပေးရဦးမယ်"
ညီအစ်ကိုနှစ်ယောက် ထွက်သွားကြသည်ကို ညီအစ်မ သုံးယောက်က ကြည့်ကျန်ရစ်သည်။
မမလေးက မေးသည်။
"အဲ့ဒါ ကိုမြငြိမ်း ညီလား၊ သားလား"
"ညီ..."ဟု ထွေးက ဖြေသည်။
မမကြီးက မှတ်ချက်ပေး၏။
" ကောင်လေးက ကောင်ချောလေး "
မမလေးက ပြုံးစိစိနဲ့ ထွေးကို ကြည့်သောကြောင့် ထွေးက မျက်နှာစူပြီး အိမ်သို့ ပြန်ခဲ့၏။
ကောင်ဆယ်(လ်) အမျိုးအစား ကားဖြူကြီးနှင့် လူကြီးတွေ ဥပုသ်စောင့်ရန် သွားကြသောအခါ ဘုန်းကြီးကျောင်းလှူရန် ပိတောက်ပန်းတွေ ယူသွားကြ၏။
ထွေးက အိမ်တွင် နေရစ်၏။ မူလကတော့ ရေကစားရန် အကြံနှင့် ဖြစ်သည်။ ယခုတော့ ရေမကစားချင်တော့။
ထွေး စိတ်တွင်းမှ မကောင်း။ ပိတောက်ပင်အောက် မြေမြင်တွင် ယိုင်ယိုင်လေး ထိုင်ပြီး လက်မောင်းလေးကို နှိပ်နေရှာသည့် တိုးတိုးကို မြင်ယောင်နေမိ၏။
ဘယ်လောက် အမြင့်ကြီးက ကျသနည်း။ မကျိုးမပဲ့ပေမယ့် နာတော့နာရှာမည်။ မျက်လုံးများတွင် မျက်ရည်တွေ ဝဲနေသည်ကို မြင်ခဲ့ရသည်။ မျက်နှာလည်း ပဲ့သွားသည်။
သည်ကြားထဲက ထော့နဲ့ထော့နဲ့နှင့် ပိတောက်ခက်တွေကို လိုက်ကောက်ရှာသေးသည်။ မိမိကိုတော့ ပိုးကောင် ကိုက်မည်စိုး၍ မကောက်နှင့်ဟု တားသည်။
ထွေးက အိမ်ရှေ့ထွက်ပြီး လမ်းမဆီ ကြည့်သည်။
ကလေးတသိုက်က ရေပက်ကစားနေကြသည်။ ရယ်သံမောသံ အော်ဟစ်သံတို့က ထွေးဆီ လွင့်လာနေသည်။
တိုးတိုးကော ရေမကစားချင်ဘူးလော။ ကစားချင်ရှာမည်ပေါ့။ သို့ရာတွင် ယနေ့တော့ ကစားနိုင်ရှာမည် မဟုတ်။ သူက ကစားချင်ဦးတော့၊ လိမ့်ကျထားသူကို လူကြီးတွေက ကစားခွင့်ပေးမည် မဟုတ်။
ထွေးက ပန်းရုံနားတွင် ရပ်ပြီး ပိတောက်ပင်ကြီးကို ကြည့်သည်။
ခွဆုံကပင် အတော်မြင့်သည်။ တိုးတိုး မည်သို့ တက်သနည်း။ ပြီးတော့ ဘယ်လောက်မြင့်မြင့်က ကျသနည်း။
ထွေးက စိန်ပန်းပင်ကြီးကိုလည်း ကြည့်သည်။
စိန်ပန်းပွင့်တွေကိုတော့ မည်သူမျှ မခူး။ မမွှေးသော်လည်း သူတို့ကလည်း လှသည်။ စိန်ပန်းပင်ကြီးရယ်၊ ပိတောက်ပင်ကြီးရယ်၊ နီနီနှင့် ဝါဝါ ဘယ်သူက ပိုလှသနည်း။
ဖြန်းခနဲ ရေသံ၊ စိမ့်ခနဲ အအေးကြောင့် "အမေ့"ဟု ထွေးမှာ အလန့်တကြား အော်မိပြီး နောက်သို့ လှည့်ကြည့်မိ၏။
ရေတခွက်လုံး ကိုင်လျက် ကိုကိုလတ်က စပ်ဖြဲဖြဲနှင့် ရပ်နေ၏။
"ကိုလတ်... ဒါ ဘာလုပ်တာလဲ"
"သင်္ကြန်ကျလို့ ရေပက်တယ် ၊ စိတ်မဆိုးပါနဲ့ အစ်မကြီးရယ်"
"အဲဒီလို အလစ်ပက်ရသလား"
"အလစ်ပက်ရမှ အရသာ ရှိတာ"
"အဲ့ဒါ ရိုင်းတာ"
"ရေပက်တာများ ရိုင်းတာ ယဉ်တာ ရှိသေးတာလား"
"ရှိတယ်... ရှိတယ်"
"ထားပါတော့ဗျာ... ထားပါတော့၊ တို့က အစက အလစ်ပက်မလို့ မဟုတ်ပါဘူး၊ တို့ လာတာကို မမြင်ဘဲ ငေးနေတာ တွေ့လို့ ပက်မိတာ"
ထွေးက ခြံဝသို့ လှမ်းကြည့်သည်။ ကိုကိုလတ်၏စက်ဘီးလေးက ခြံဝတွင် ရပ်ထား၏။ သူ ပြောသကဲ့သို့ပင် သူ လာသည်ကို မိမိက မမြင်သဖြင့် စက်ဘီးပေါ်မှ ဆင်းပြီး အလစ်ရေဝင်လောင်းပုံရသည်။
ထွေးက တင်းထားသော မျက်နှာကို လျှော့ပြီးမေးသည်။
"နင် ဘာလာလုပ်တာလဲ"
" ရေပက်ခံထွက်ရင်း လှည့်ဝင်လာတာ၊ နင်ကော ရေမကစားဘူးလား"
"ဟင့်အင်း"
"အဖော်မရှိလို့လား၊ လာလေ... ဟိုရှေ့က အသိုက်နဲ့ သွားရောပက်ကြရအောင်"
"မပက်ချင်ပါဘူး"
"ဟာ ဟာ... အပျိုလို ဣန္ဒြေနဲ့ နေမယ်ပေါ့"
" အေး... "
ကိုကိုလတ်က မျက်တောင် ပုတ်ခက် ပုတ်ခက် လုပ်ပြီး ထွေးကို ကြည့်၏။
"အင်း... အပျိုနဲ့တော့ တူလာပြီ"
"ဘာပြောတယ်"
"ဂိုက်တွေ၊ ဆိုက်တွေ လုပ်နေလို့ ပြောတာ၊ တကတဲ... ငါ စိတ်ပျက်သွားပြီ"
"ဘာစိတ်ပျက်တာလဲ"
"ငါက နင်နဲ့အတူတူ ရေကစားရမလားလို့ လာတာ"
ကိုကိုလတ်က အမှန်ပင် စိတ်ပျက်ဟန်နှင့် ပြောသောကြောင့် ထွေးမှာ သနားသယောင် ဖြစ်သွားပြန်၏။
"ဒီနေတော့ မကစားတော့ဘူး ကိုလတ်ရယ်"
"ဘာပြုလို့"
" မေမေတို့ကို ငါက အိမ်စောင့်ပေးမယ် ပြောထားတာ၊ ပြန်လာလို့ ရေပက်နေတာ တွေ့ရင် ဥပုသ်စောင့် မလိုက်ချင်လို့ ညာတာလို့ ပြောလိမ့်မယ်"
"ဒါဖြင့် မနက်ဖြန်ကျရင်ကော"
ထွေးက ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။
ကိုကိုလတ်က ပိတောက်ပင်ကြီးကို လှမ်းကြည့်သည်။
"ကြည့်စမ်း... ပိတောက်တွေ ပွင့်နေလိုက်တာ"
"အင်း...မလှဘူးလား"
"လှတယ်"
"နင် ငါ့ကို တက်ခူးပေးမလား"
"အိုး... ဒီလောက် မြင့်တာကြီး"
"နင် မတက်ရဲဘူးလား"
"ငါက ကောင်းကောင်း သစ်ပင် မတက်တတ်ဘူး။ ပြီးတော့ ဒီတောင်ဝိုင်းနားက သစ်ပင်တွေမှာ ပိုးကောင်တစ်မျိုး ရှိတယ် "
"ဘာပိုးကောင်လဲ"
"အမြီးက အဆိပ်ပန်း ထွက်တယ်၊ အကိုက်ခံရရင် အပိမ့်တွေထွက်ပြီး မျက်နှာတွေ... နှာခေါင်းတွေ ထူလာတတ်တယ်"
"နင် ကြောက်တယ်ပေါ့"
" ကြောက်တယ်တော့ မဟုတ်ဘူး၊ ပိတောက်ပန်းများ တက်ခူးဖို့ မလိုပါဘူး၊ မြို့ထဲမှာ ရောင်းနေတာ တွေ့တယ်၊ နင်လိုချင်ရင် ငါ ဝယ်ခဲ့မယ်"
ထွေးက ကိုကိုလတ်၏ မျက်နှာကို စိုက်ကြည့်၏။
ကိုကိုလတ်၏ မျက်နှာက သွယ်၏။ မျက်လုံးများက ကြည်ပြီးတောက်ပ၏။ မျက်ခုံးများက နဖူးဆီသို့ စောင်းစောင်းလေး ပျံတက်ပြီး ကော့နေ၏။ နှုတ်ခမ်းများက ပါးပြီး ပင်ကိုအနေကပင် ပြုံးသယောင် ရှိသည်။
"နင်က ငါ့ ဘာလို့ ကြည့်တာလဲ"
"အဟင်း... နင့်မျက်နှာက ကောင်းမလေးနဲ့ တူလို့"
"ဘာ..."
"နင်က ဖိုးလှချင် မဟုတ်လား၊ နင့်မျက်နှာ အပိမ့်တွေထွက်ပြီး ထူလာမှာ ကြောက်မှာပေါ့"
"နင် ဒါ ငါ့ကို စော်ကားတာ"
"အလို... ဘာစော်ကားလို့လဲ"
" ငါ့ကို မိန်းမနဲ့ တူတယ်ဆိုတာ စော်ကားတာပေါ့"
"တူလို့ တူတယ် ငါပြောတာ"
ကိုကိုလတ်က ရင်ကော့ပြီး ခါးထောက်လိုက်၏။
"ဒီမှာ အထွေး... ငါ ယောက်ျား၊ ဒီလောကကြီးမှာ ငါ ကြောက်တဲ့ လူတယောက်မှ မမွေးသေးဘူး၊ ခုလို ပြောတာလေ... နင် မိန်းကလေးမို့၊ ယောကျာ်းလေးချင်းသာဆို နင့် ငါဆွဲထိုးပြီးပြီ"
ထွေးက အံ့အားသင့်သွား၏။ မိမိက အမှတ်မထင် ပြောမိသည်ကို သူက ဤမျှ ဖြစ်ရသလော။
ထွေးလည်း ဒေါသလေး ထွက်လာ၏။
ထွေးကလည်း ရင်လေးကော့၊ ခါးလေးထောက်ကာ ရှေ့တလှမ်း တိုးလိုက်၏။
"ထိုးကြည့်စမ်း၊ သတ္တိရှိရင် ထိုးကြည့်စမ်း"
"ငါ ပြောပြီးပါရောလား၊ နင် မိန်းကလေးမို့လို့... လို့"
"ဟွန်း... ကြီးကျယ်လို့"
ကိုကိုလတ်က ထွေးကို တချက် စိုက်ကြည့်ပြီး ချာခနဲ လှည့်၍ သူ့စက်ဘီးဆီ သွား၏။ ထွေးမှာ နောင်တရသကဲ့သို့ ဖြစ်သွား၏။
သူက မိမိထံ အကောင်းလာသည်။ မိမိက ရန်စလွှတ်လိုက်သကဲ့သို့ ဖြစ်နေသည်။
"ကိုလတ်... ကိုလတ်"
ကိုကိုလတ် တစ်ချက်သာ လှည့်ကြည့်ပြီး စက်ဘီးပေါ် လွှားခနဲတက်၍ ထွက်ခွာသား၏။
ထွေး ဝမ်းနည်းသွား၏။ ခဏမှာပင် ဒေါသလည်း ပြန်ထွက်လာ၏။
နေပါစေ... စိတ်ကောက်သွားပြီ။ ဘယ်လောက် ကြာမည်နည်း ကြည့်... ကြည့်ရသေးတော့။
ဂါဝန်တခုလုံး ရေစိုနေသည်ကို ထွေး သတိရလာသည်။
အဝတ်လဲရဦးမည်။ မေမေတို့ ပြန်လာ၍ အဝတ်လဲထားသည်ကို မြင်လျှင် ရေထွက်ဆော့ထားသည်ဟု ထင်ကြမည်။ မောင်မင်းကြီးသား ကောင်းမှု။
စိတ်မသက်မသာဖြင့် ထွေးသည် အိမ်တွင်း ပြန်ဝင်လာခဲ့ပြီး ရေချိုး အဝတ်လဲရသည်။
မှုံနံ့သာ တို့ခိုက် မှန်တင်ခုံတွင် တင်ထားမိသော ပိတောက်ပန်းများကို ထွေး တွေ့သည်။
ပိတောက်ပန်းကို နံနက်ကတည်းက ပန်မည် စိတ်ကူးသော်လည်း မမေလးတို့ စ,မည်စိုးသောကြောင့် ဟန်လုပ်၍ မပန်သေးဘဲ ထားရသည်။
ယခုတော့ ထွေးက ပန်သည်။ ဥပုသ်ယူလာသော မမေလးတို့ စ,ကြတော့မည် မထင်။ အို... စ,လည်း အရေးလုပ်လို့။
ပိတောက်ပန်း ပန်ရင်းက တိုးတိုးကို သတိရပြန်သည်။
ခမျာ မည်သို့ ရှိရှာလေမည်နည်း။ မိမိ ပယောဂ မကင်းဘဲ ဖြစ်ခဲ့ရသည့် အမှုကို မိမိ သွားသတင်းမမေးထိုက်ပေဘူးလော။
အမှန်က အိမ်စောင့်ပေးမည်ဟု ထွေး ပြောခဲ့ခြင်းမှာ အပိုဖြစ်သည်။ အိမ်တွင် အိမ်ဖော်တွေ ရှိသည်။
ထွေးက အိမ်နောက်ပေါက်မှ ထွက်လာခဲ့သည်။
အုန်းပင်၊ ကွမ်းသီးပင်၊ ဒူးရင်းပင်၊ မင်းကွတ်ပင်တို့နှင့် ကွမ်းစင်များကို ကျော်ဖြတ်ပြီးသောအခါမှ ကိုမြငြိမ်းတို့၏ အိမ်လေးကို လှမ်းမြင်ရသည်။
အိမ်နှင့် မလှမ်းမကမ်းမှာက ချောင်းလေး တချောင်း ရှိသည်။ အိမ်ပက်ဝန်းကျင်တဝိုက်ရှိ ကျိုင်းတုံဒေလီယာ ပန်းခင်းတို့မှာ အနီရောင်၊ အဝါရောင်၊ အဖြူရောင် ပန်းပွင့်တို့နှင့် လှပနေ၏။ စိမ်းနုသော ရွက်ဖားကြီးများနှင့် ငှက်ပျောပင်များကလည်း အမြင်အေးသည်။
ကိုမြငြိမ်းက အိမ်အနီးရှိ ပန်းခင်းတခုကို ရေလောင်းနေ၏။
"ဟင်... ထွေး၊ ဘာလာလုပ်လဲ"
ထွေးက မဖြေဘဲ အမှုမဲ့ အမှတ်မဲ့ဟန်နှင့် မေး၏။
"ဦးလေးကိုမြငြိမ်း၊ ရေလောင်းနေတုန်းပဲလား"
" လောင်းရတယ်၊ ဒီပန်းတွေက ရေကြိုက်တယ်၊ နွေလည်း နွေ မဟုတ်လား၊ ပြီးတော့ ဒီမနက် တယောက်တည်း လောင်းရတော့ နေနည်းနည်း မြင့်သွားတာပေါ့"
"တိုးတိုးကော"
"တိုးတိုးလား... အိပ်နေတယ်"
"သူ... သူ ဘယ့်နှယ်နေသေးလဲ ဟင်"
"သစ်ပင်ပေါ်က ကျတာဆိုတော့ နည်းနည်းပါးပါး နာတာပေါ့၊ လက်တဖက်လည်း ရောင်သွားတယ်"
"ဟင်... လက်တဖက် ရောင်သွားတယ်"
"ဟုတ်တယ်၊ နည်းနည်းဒဏ်ဖြစ်တာပေါ့"
"အရိုးတွေ ဘာတွေ ဘာမှ မဖြစ်ဘူး မဟုတ်လား"
" မဖြစ်ပါဘူး၊ အရိုးဖြစ်ရင် အော်နေရမှာပေါ့"
ထွေးက အိမ်လေးကို လှမ်းကြည့်သည်။ တက်သွားပြီး ကြည့်၍တော့ မကောင်း။
"တိုးတိုး အော်တော့ အော်မနေရဘူးပေါ့နော်"
"မအော်ရပါဘူး"
" ဆေးရုံ သွားမပြဘူးလား "
"ဪ... မလိုပါဘူး၊ ထွေးရယ်"
ထွေးက ကိုမြငြိမ်း၏ မျက်နှာကို အကဲခတ်ကြည့်သည်။
" ထွေး ဘာလာလုပ်တာလဲ "
" ထွေးလား... တိုးတိုး ဘယ်လိုနေလဲလို့ လာသတင်းမေးတာ"
"ဪ သြော်... ကိစ္စမရှိပါဘူး၊ မပူပါနဲ့ ထွေးရယ်"
"အမှန်က ဦးလေး ကိုမြငြိမ်း၊ တိုးတိုး အခုလို ဖြစ်တာဟာ ထွေးကြောင့်..."
"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ ထွေးရယ်၊ မတော်တဆ ဖြစ်တာပါ"
" ထွေးက ပိတောက်ပန်း တက်မခူးခိုင်းရင် အဲဒီလို မတော်တဆ ဖြစ်ပါ့မလား "
ကိုမြငြိမ်းက ထွေး၏ မျက်နှာလေးကို စိုက်ကြည့်ပြီးနောက် ပြုံးသည်။
" ထွေးက ဒါကြောင့် စိတ်မကောင်း ဖြစ်နေလို့လား "
ထွေးက ခေါင်းညိတ်ပြ၏။
"စိတ်မကောင်း မဖြစ်ပါနဲ့ ထွေး၊ သူ ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး"
"ဦးလေးကိုမြငြိမ်းက သူ့ကို ဆူသေးလား"
"မဆူပါဘူး ထွေး၊ မဆူပါဘူး"
"မဆူပါနဲ့နော် ဦးလေးကိုမြငြိမ်း၊ တိုးတိုး ကြည့်ရတာလေ သိပ်လိမ္မာတယ်နဲ့ တူတယ်"
ကိုမြငြိမ်းသည် တချက် ငိုင်သွားပြီးနောက် ခေါင်းညိတ်လျက်ဖြေသည်။
"လိမ္မာပါတယ် ထွေး၊ တိုးတိုးက လိမ္မာပါတယ်"
"တိုးတိုးက ဦးလေးကိုမြငြိမ်းတို့နဲ့ လာနေတယ်နော်၊ အဖေ အမေ တွေကကော ဘယ်မှာ နေလဲဟင်"
ကိုမြငြိမ်း၏ မျက်နှာသည် ညှိုးသွား၏။
"အဖေရော... အမေရော မရှိတော့ဘူးလေ၊ ဦးလေးက အစ်ကိုကြီး၊ ဒီတော့ တိုးတိုးက ဦးလေးနဲ့ နေတာပေါ့"
ထွေးမှာ စိတ်မကောင်း ထပ်ဖြစ်သွား၏။ အစက တိုးတိုး အစ်ကိုနှင့်နေသည်ကိုမူ သိသည်။ မိဘမရှိမှန်းတော့ မသိခဲ့။
"ဦးလေးက တိုးတိုးကို ကျောင်းလည်း ထားပေးတယ်နော်"
"အင်း... ဦးလေးက ငယ်ငယ်က စာမကြိုးစားဘူး၊ ကြီးတော့ ဆင်းရဲတာပေါ့၊ တိုးတိုးကို ဒါကြောင့် ကျောင်းထားတာ၊ တိုးတိုးက ဥာဏ်လည်း ကောင်းတယ်၊ စာလည်း ကြိုးစားတယ်၊ အိမ်မှာလည်း အဖော်ရတယ်၊ တိုးတိုးက ထွေး ပြောသလိုပဲ လိမ္မာပါတယ်၊ ရန်တွေ ဘာတွေလည်း မဖြစ်တတ်ဘူး၊ သဘောသိပ်ကောင်းတယ်"
" ထွေးလည်း အဲဒီလိုပဲ ထင်တယ်၊ ထွေး သူငယ်ချင်း ကိုကိုလတ် ဆိုတာ ရှိတယ်၊ သူက စွာပြီး အားကြီးရန်ဖြစ်တတ်တယ်၊ ထွေးက မကြိုက်ဘူး၊ တိုးတိုးကတော့လေ ကြည့်ရတာ သိပ်အေးတာပဲ၊ ရန်မဖြစ်တတ်တဲ့ လူဟာကောင်းတယ် "
"တိုးတိုး ရန်မဖြစ်တတ်ပါဘူး၊ ပြီးတော့ ထွေးတို့ ဒီပြောင်းလာမယ်ဆိုကတည်းက ဦးလေး သူ့ကို မှာထားတယ်၊ ထွေးတို့ ဖေဖေဟာ ဦးလေးတို့ကျေးဇူးရှင်လို့၊ ဒါကြောင့် ထွေးတို့ အိမ်သားတွေ မငြိုငြင်အောင် နေရမယ်လို့၊ မနက်က ပိတောက်ကိုင်းတွေ ချိုးချထားတာ ထွေးတို့ မေမေက ကြိုက်ပုံမရဘူး၊ ဦးလေးဖြင့် လန့်သွားတာပဲ၊ ထွေး ဝင်ကယ်ပေလို့"
" ထွေး ဝင်ကယ်တာ မဟုတ်ဘူး၊ ထွေးက တကယ်ခူးခိုင်းထားတာကိုး "
"ဘာပဲဖြစ်ဖြစ် ထွေးကို ဦးလေး ကျေးဇူးတင်ပါတယ်"
ထွေးက အိမ်လေးဆီ တချက် ကြည့်ပြီး နှုတ်ဆက်၏။
" ထွေး ပြန်တော့မယ်၊ ညနေကျလို့ တိုးတိုး မသက်သာဘူး၊ တစ်ခုခုဖြစ်တယ်ဆိုရင် ထွေးကို ပြောနော်၊ ဖေဖေ့ကို ပြောပြီး ထွေး ဆေးရုံ လိုက်ပို့ခိုင်းပေးမယ်"
" ကောင်းပါပြီ ထွေးရယ်၊ ကောင်းပါပြီ "
ထွေးက အိမ်ဆီသို့ ပြန်ခဲ့၏။ တိုးတိုးနှင့် မတွေ့ခဲ့ရသော်လည်း သတင်း သွားမေးခဲ့ရသဖြင့် မိမိ၏ ဝတ္တရားကျေသည် ထင်၏။
ထွေးက အိမ်တွင်းသို့ မဝင်ဘဲ အိမ်ခေါင်းရင်းမှ ပတ်ကာ စိန်ပန်းပင်ကြီးနှင့် ပိတောက်ပင်ကြီးဆီ လာခဲ့၏။
လေချိုက တသုန်သုန် တိုက်ခတ်နေသောကြောင့် စိန်ပန်းပွင့်များရော၊ ပိတောက်ပွင့်များပါ သဲသဲသိမ့်သိမ့် လှုပ်ရှားနေကြသည်။
အသက်ရှိ၍ စကားများ ပြောတတ်ကြလျှင် အလှချင်းပြိုင် အနိုင်လုကြမည်လော။
ထွေးက မိမိကိုယ်ကို ငုံ့ကြည့်မိသည်။
ရွှေဝါရောင်ကို ကြိုက်သော မိမိက အင်္ကျီဝါ၊ ထဘီဝါလေးကိုသာဝတ်ထားမိသည်။ ခေါင်းမှာလည်း ပိတောက်ရွှေဝါကို ဆင်မြန်းထားသည်။
သြော်... သည်လိုဆိုတော့ စိန်ပန်းပွင့်က သနားစရာ။ လူမဆင် တော်မဝင်သည့် မျက်နှာငယ်ပန်း။
ထွေးက မြေ၌ တွေ့သော စိန်ပန်းတခက်ကို ကောက်ကာ ရင်မှာကပ်ထားကြည့်သည်။ သည်လိုဆိုတော့ ပတ္တမြားပွင့်များကလည်း အလှလေသား။
"မပန်ပေမယ့် ရင်မှာ ပွေ့ထားရင်လည်း ကျေနပ်တော့၊ ဟုတ်လား"
ထွေးက စိန်ပန်းပွင့်လေးကို စကားပြောကြည့်သည်။
ထိုနောက် လှိုက်လှိုက်လှဲလှဲလေး ရယ်မိသတည်း။
သင်္ကြန်က ပြီးသွားပြီ။
သည်နှစ်သင်္ကြန်တွင် ထူးထူးဆန်းဆန်း ထွေး ရေမကစားမိ။ ပြောင်းလာစ ဖြစ်သဖြင့် အဖော်တွေ မရှိသေး။ စိတ်ကောက်သွားသော ကိုကိုလတ်ကလည်း သင်္ကြန်တွင်း တခုလုံး ပေါ်မလာ။
ရေမကစားရသဖြင့် သင်္ကြန်ရက်များက ရှည်လျားလှသည် ထင်၏။ အပြင်သို့လည်း မထွက်ရသောကြောင့် ရှည်လျားသော သင်္ကြန်ရက်များသည် ထွေးအတွက် ပျင်းရိဖွယ်လည်း ကောင်းလှ၏။
သင်္ကြန်အပြီး နှစ်ဆန်းတရက်အလွန်
နောက်တနေ့ နံနက်စောစော အဝတ်အစားလဲ၊ ဖိနပ်စီးလျက် ထွေးသည် စက်ဘီးစီးထွက်ရန် အဆင်သင့် ဖြစ်နေ၏။
ထွေးက ဧည့်ခန်းဆိုဖာတခုပေါ်၌ ထိုင်စောင့်နေသည်။
ကိုကိုလတ် စိတ်ကောက်ပြေလောက်ပြီ ထင်သည်။ သူ စိတ်ကောက်ပြေလျှင် ဘာမျှ မဖြစ်ခဲ့သည့်ဟန်မျိုးနှင့် ကိုယ်တော်ချော ပြန်ပေါ်လာတတ်သည်။
ခုနစ်နာရီ ထိုးပြီးသည်အထိ ကိုကိုလတ် ပေါ်မလာသောအခါ၌ ထွေး စိတ်မရှည်တော့။ မခံချင်မှုသည် ဒေါသနှင့်ယှဉ်၍ ရင်တွင်းမှာ ပေါ်လာသည်။
သူ မလာလျှင် မိမိတယောက်တည်း လျှောက်စီးမည်။ ဘာဖြစ် သနည်း။
ထွေးက စက်ဘီးလေးကို တွန်းထုတ်ယူလျက် အိမ်ပြင်သို့ ထွက်ခဲ့သည်။
ပထမ ပေါက်ပြားသံ တရှပ်ရှပ် ကြားရသည်။ ထိုနောက် အိမ်ရှေ့ မျက်နှာစာမြေကို တူးယက် ပြုပြင်နေသော တိုးတိုးကို တွေ့ရ၏။
ထွေးက စက်ဘီးကို တွန်းလှိမ့်ယူသွားပြီး တိုးတိုးအနီး၌ ရပ်လိုက်၏။
"ဟင် တိုးတိုး၊ နေကောင်းသွားပြီလား"
တိုးတိုးက ခါးလေးဆန့်ပြီး ထွေးကို ပြုံးပြသည်။
"တိုးတိုး လက်ရောင်တာ ပျောက်သွားပြီလား"
" ပျောက်သွားပါပြီ"
" ပေါက်တူး ပေါက်တော့ လက်ပြန်နာလာမှာပေါ့"
တိုးတိုးက သူ့လက်မောင်းလေးကို တချက် ငုံ့ကြည့်ပြီး ပြုံးရုံပြုံးပြသည်။ ဘာအဖြေမျှတော့ မပေး။
"ဒါတွေ တိုးတိုးတယောက်တည်း လုပ်ရမှာလား"
" နောက်တော့ အစ်ကိုလည်း လာလုပ်မှာပေါ့"
ထွေးက တိုးတိုးကို စိုက်ကြည့်နေသောအခါ တိုးတိုးက မေးသည်။
" ထွေး စက်ဘီး လျှောက်စီးမလို့လား"
"အင်း..."
"တယောက်တည်း"
"ကိုလတ် မလာဘူး၊ တယောက်တည်းပေါ့၊ ကိစ္စမရှိပါဘူး"
ထွေးသည် တိုးတိုးကို ပြုံးနှုတ်ဆက်၍ စက်ဘီးလေးကို စီးပြီး ခြံတွင်းမှ ထွက်ခဲ့၏။
လမ်းမကြီးက ကျယ်ပြီး ယာဉ်သွားယာဉ်လာ ရှင်းသည်။ အနည်းငယ် နေမြင့်နေသည့်တိုင်အောင် လေက လတ်ဆတ်ပြီး အေးမြသည်။
ထွေးက လေယာဉ်ပျံကွင်းဆီသို့ ဦးတည်၍ စက်ဘီးကို မှန်မှန်လေး နင်းသည်။
အစသော် အဖော်မပါသဖြင့် ထွေး၏ စိတ်တွင်း၌ မဝံ့မရဲ ရှိသည်။ ခဏတွင်ပင် လွတ်လပ်သော အရသာကို ခံစားရပြီး ထွေးရင်တွင်းမှာ ကျေနပ်လာ၏။
ကိုကိုလတ် မလာလည်း ဘာဖြစ်သနည်း။ သည်တဝိုက်မှာက မြို့တွင်းမှာကဲ့သို့ လိုက်လံနှောင့်ယှက်တတ်သော လူရှုပ်လူပွေလေးများ မရှိ။
ယင်းအတွေးပေါက်၍ မဆုံးမီ ရှေ့တူရူမှ မိမိထံ ရင်ဆိုင်၍ စက်ဘီးကိုယ်စီ စီးလာကြသော လူငယ်လေး သုံးဦးကို တွေ့ရသဖြင့် ထွေး ရင်လေး ဖိုသွားသည်။
ထွေးက ဣန္ဒြေဆောင်ပြီး စက်ဘီးကို ဆက်စီးသည်။
လူငယ်သုံးဦးထံမှ လေချွန်သံများကို ကြားလိုက်ရ၏။
စက်ဘီးတစီးက ပြန်ကွေ့လာပြီး ထွေးကို ကျော်တက်ကာ ရှေ့မှ ကန့်လန့်လိုက်လုပ်သည်။ ကျန်နှစ်ဦးက ထွေး၏ တဖက်တချက်မှ ကပ်လိုက်ကြ၏။
ထွေးက စက်ဘီးကို ရပ်ပြီး မြေသို့ ဆင်းလိုက်၏။
လူငယ်လေးတွေက ရယ်မောကာ ရှေ့သို့ အနည်းငယ် ဆက်ပြီး နောက်ပြန်ကွေ့လာကြ၏။
ထိုအခိုက်တွင်ပင် မမျှော်လင့်သော အသံကို ထွေး ကြားလိုက်ရ၏။
" ထွေး... ဘာဖြစ်လဲ"
"အာ... တိုးတိုး"
လူကြီးစီး စက်ဘီးတစီးနှင့် တိုးတိုးက ထွေးအနီးသို့ ရောက်ရှိလာသည်။
တိုးတိုးက သူ့စက်ဘီးကို ဒေါက်ချ ထောင်ထားလိုက်ပြီး ထွေး၏ အနီး၌ လာရပ်၏။
ထွေးက လူလေးများဘက်သို့ ကြည့်သည်။
သူတို့က စက်ဘီးများပေါ်မှ မဆင်းဘဲ ခြေကားဆောက်၍ ရပ်နေကြ၏။
တိုးတိုးက ခါးထောက်ကာ ကိုယ်ကို မတ်မတ်ထားလျက် လူငယ် လေးများကို ပြော၏။
"မင်း လွတ်လွတ်လပ်လပ် စက်ဘီး လျှောက်စီးကြတာ တို့မနှောက်ယှက်ဘူး၊ တို့ကိုလည်း မနှောင့်ယှက်ကြပါနဲ့ကွာ"
လူငယ်သုံးယောက်အနက် အထွေးဆုံး
တယောက်က မထီမဲ့မြင်ဟန်ဖြင့် ပြန်ပြော၏။
" နှောင့်ယှက်တော့ မင်းက ဘာလုပ်ချင်လဲ "
"ငါက အကောင်းပြောတာကို မင်းက လူမိုက်စကား ပြောတယ်၊ မင်းကို ငါ ခြောက်တာ မဟုတ်ဘူး၊ မင်းတို့က မြို့ထဲက၊ ဒါက တို့အရပ်၊ အခုနေ တို့ ရန်ဖြစ်ကြရင် ဘာဖြစ်သွားမလဲ၊ ငါ ထပ်ပြောမယ်၊ မင်းကို ငါ အကောင်းပြောတာ၊ တို့ ရန်မဖြစ်ချင်ဘူး၊ မင်းတို့လည်း လွတ်လွတ်လပ်လပ် စက်ဘီးစီး၊ တို့လည်း စီးမယ်"
ကောင်ထွားလေးက တိုးတိုးကို စိုက်ကြည့်နေသေးသည်။ သို့ရာတွင် သူ့အဖော်တယောက်က ဝင်ပြော၏။
" ဟေ့ကောင်... သူ ပြောတာ မှန်တယ်ကွ၊ ဒါ သူတို့အရပ်၊ လာ... သွားကြမယ်"
ကောင်ထွားလေးက တိုးတိုးကို မကျေမနပ်ဟန် တချက် ကြည့်ပြီးမှ သူ့အဖော်များနှင့်အတူ ထွက်ခွာသွားသည်။
ထွေးက သက်ပြင်းလေးချပြီး ပြော၏။
"အင်း တိုးတိုး ပေါ်လာပေလို့ပဲ၊ ထွေးဖြင့် အတော့်ကို လန့်သွားတယ်"
"သူတို့ နောက်ရုံ နောက်ကြတာပါ၊ သိပ်တော့ မဆိုးကြပါဘူး၊ တိုးတိုး ပြောတာကို သူတို့ နားလည်ကြသားပဲ"
"မိန်းကလေး တယောက်တည်းတုန်းက လိုက်နှောင့်ယှက်ကြပြီး ယောက်ျားလေးတယောက် ရောက်လာမှ လျှော့သွားတဲ့ ကောင်တွေကို တိုးတိုးက မဆိုးဘူးလို့ ပြောတယ်"
"ဆိုးတော့ ဆိုးတာပေါ့၊ ဒါပေမဲ့ ရန်မဖြစ်ဘဲ ရှောင်သွားကြတာကိုတော့ တိုးတိုးတို့ ကျေးဇူးတင်ရမှာပေါ့"
ထွေးက တိုးတိုးကို ကြည့်သည်။ တိုးတိုး အမူအရာက တည်ငြိမ်ပြီး ပြောဟန်ဆိုဟန်က လူကြီးလေးနှင့် တူနေသည် ထင်သည်။
"တိုးတိုး ထွေးနောက် လိုက်ခဲ့တာလား"
တိုးတိုးက ခေါင်းညိတ်ပြ၏။
"အဲဒီ စက်ဘီးကြီး ဘယ်က ရတာလဲ"
"အစ်ကိုစက်ဘီးလေ၊ တိုးတိုးတို့ စျေးတွေ ဘာတွေ ဒါနဲ့ သွားတာ"
ထွေးက စက်ဘီးကြီးကို ကြည့်၏။ စက်ဘီးကြီးက ဟောင်းနေပြီ သံချေးစားသည့်နေရာ စားနေ၏။
"ကဲ... ထွေး ဆက်စီးလေ၊ တိုးတိုး လိုက်ခဲ့မယ်"
"ဆက်စီးရမှာတောင် ထွေးတော့ စိတ်ပျက်သွားပြီ"
"စီးပါ ထွေး၊ ဒီအရပ်ထဲမှာတော့ တိုးတိုး ပါရင် ထွေးကို ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ပါဘူး၊ အားလုံးက တိုးတိုးနဲ့ သိတယ်၊ ခုနကကောင်လေးတွေလည်း နောက်တွေ့တောင် နှောင့်ယှက်ကြမှာ မဟုတ်ပါဘူး"
"ဒါဖြင့် ဒီက ပြန်လှည့်ပြီး ကောလိပ်ထဲကို သွားမယ်"
" ထွေးသဘော"
ထွေးက မိမိ၏ စက်ဘီးလေးကို သွက်လက်ပေါ့ပါးစွာ စီးခဲ့၏။
တိုးတိုးက သူ့စက်ဘီးဟောင်းကြီးနှင့် နောက်မှ လိုက်သည်။
စက်ဘီးကြီးက မြင့်သဖြင့် တိုးတိုးသည် ထိုင်ခုံပေါ် ထိုင်လျှက် မနင်းနိုင်၊ ဘားတန်းပေါ်မှ ခွကာ မတ်တတ်ရပ်လျက် နင်းရသည်။
တိုးတိုး၏ အခက်အခဲကို မြင်သောကြောင့် ထွေးက မိမိ စက်ဘီးကို လျှော့စီးပြီး စောင့်ခေါ်ရသည်။
"တိုးတိုး အဲဒီစက်ဘီးကြီးကို စီးရတာ မပင်ပန်းဘူးလား"
"မပင်ပန်းပါဘူး၊ တိုးတိုး အကျင့်ရနေပြီ"
ကောလိပ် အဆောက်အအုံကြီး၏ ရှေ့မျက်နှာစာ လက်ယာဘက်တွင် ကျယ်ဝန်း၍ ပြေပြစ်သော ကုန်းလျှော မြေကွက် ရှိသည်။ မြေကွက် အလယ်တွင် အရိပ်ကောင်းသော ဘန့်ပွေးပင်များ ရှိနေသည်။
ဘန့်ပွေးပင်များ ရိပ်တွင် စက်ဘီးများကို ထောင်ထားကြပြီး ထွေးနှင့် တိုးတိုးတို့က အနားယူကြ၏။
" ထွေးလေ ဒီနေရာလေးကို သိပ်ကြိုက်တာပဲ။ သစ်ပင်တွေလည်း အုပ်အုပ် အုပ်အုပ်နဲ့ လှတယ်။ တောင်တန်းကြီးကလည်း လှတယ်။ ဟောဟိုချောင်းလေးမှာ ရေရှိရင် ဘယ်လောက် ကောင်းမလဲ"
"ဒါ နာဂဝံသချောင်း၊ မိုးတွင်းနဲ့ ဆောင်းတွင်းမှာဆို ရေရှိတယ်၊
မိုးတွင်းမှာဆိုရင် ဟောဟိုနားမှာ ရေတံခွန်လေးတခုတောင် ရှိတယ်"
"ဘယ်နားမှာလဲ"
တိုးတိုးက မလှမ်းမကမ်းရှိ သစ်ပင်အုပ်လှလှဆီ ညွှန်ပြသည်။
"အဲဒီနားမှာ၊ ရေတံခွန်အောက်နားကျတော့ ရေနက်တယ်၊ ရေကူးလို့ ရတယ်"
"တိုးတိုး ကူးဖူးလား"
တိုးတိုးက ခေါင်းညိတ်ပြ၏။
"တိုးတိုး ဒီမှာ နေတာ ကြာပြီနော်
"ဟင့်အင်း... သုံးနှစ်ပဲ ရှိသေးတယ်"
"သုံးနှစ်ပဲ ရှိသေးတယ်၊ အစက ဘယ်မှာ နေသလဲ"
"မန္တလေးမှာ"
"မန္တလေးမှာ ဘယ်သူနဲ့ နေတာလဲ"
"အစကတော့ အမေနဲ့၊ နောက်တော့ ဆရာတော်... ဟိုသင်း...ဘထွေးတော်တဲ့၊ ဆရာတော် ကျောင်းမှာ"
"ဘထွေးဆိုတာ ဘာပြောတာလဲ"
"အဖေ့ညီကို ပြောတာ"
"ဦးလေးပေါ့" တိုးတိုးက ပြုံး၏။
"တိုးတိုးတို့က ဘထွေးလို့ ခေါ်တယ်"
"ဦးလေး ကိုမြငြိမ်းကတော့ ဒီ ဘယ်လိုရောက်လာတာလဲ"
"အဲဒါကတော့ အစ်ကိုက အစ်မလှနဲ့ အိမ်ထောင်ကျတာကို၊ အစ်မလှက မော်လမြိုင်သူ မဟုတ်လား"
ထွေးက ခေတ္တ ငြိမ်စဉ်းစားသည်။ အစက အမေနှင့် နေသည် ပြော၏။ နောက် ဘထွေး ဆရာတော်နှင့် နေသည်ဆို၏။ အဖေက အလျင်ဆုံးသည် ထင်၏။ နောက် အမေ။
ချောမော၍ အေးချမ်းပျော့ပျောင်းသော တိုးတိုး မျက်နှာလေးကို ကြည့်ကာ ထွေးက သနားလာသည်။ စိတ်မကောင်းဖွယ်ဖြစ်မည့် မိဘတွေအကြောင်း မမေးရန် ဆုံးဖြတ်လိုက်သည်။
"တိုးတိုး ထွေးနောက် ဘာလို့ လိုက်ခဲ့တာလဲ "
တိုးတိုးက ထွေးကို တချက် ကြည့်ပြီးမှ မြေပြင်ဆီ မျက်လုံး လွှဲသွားသည်။ ဘာမျှတော့ မဖြေ။
"ဖြေလေ တိုးတိုး"
တိုးတိုးက ထွေးကို ကြည့်ပြန်သည်။ အတန်လေးကြာမှ ဖြေသည်။
" ထွေး တယောက်တည်းမို့လို့ပါ"
"စိတ်ပူလို့ပေါ့၊ ဟုတ်လား"
တိုးတိုးက မဖြေသဖြင့် ထွေးက ရယ်သည်။
" ထွေးက နောက်တာပါ၊ တိုးတိုးကို သိပ်ကျေးဇူးတင်တယ်၊ တိုးတိုးသာ ရောက်မလာရင် ဘာဖြစ်မလဲ မသိဘူး"
" ထွေး မြို့ထဲမှာ နေတုန်းကလည်း ဒီလိုပဲ စက်ဘီး လျှောက်တာပဲလား"
"အဲဒါ ပြောတာပေါ့။ မြို့ထဲမှာက သိပ်မစီးနိုင်ဘူး၊ ကားလည်း ရှုပ်တယ်၊ လူလည်း ရှုပ်တယ်၊ ဒီမှာက သိပ်လွတ်လပ်တယ်"
"ဒီမှာက ဘာမှ မရှိဘူး၊ ခြံတွေနဲ့ တောတွေချည်းပဲ၊ ထွေး မပျင်းဘူးလား"
"ဟင့်အင်း... ထွေးက ခြံတွေ၊ တောတွေ တောင်တွေဆို သိပ်သဘောကျတာ၊ ဖေဖေကလည်း သဘောကျတာပဲ၊ ဒါကြောင့် မြို့ထဲမှာ အိမ်ရှိသားနဲ့၊ ဒီမှာ တိုက်လာဆောက်တာပေါ့၊ ပြီးတော့ ဖေဖေက ပြောတယ်၊ လေယာဉ်ပျံကွင်းလည်း ရှိတယ်၊ ကောလိပ်ကြီးလည်း ရှိပြီး နောင်ကို ဒီနားက မြေတွေက
ပိုအဖိုးတန်လာမယ်တဲ့"
တိုးတိုးက မရဲတရဲဟန်နှင့် မေး၏။
" ထွေးတို့ ပြောင်းလာစက ထွေးတို့ မမတွေ ပါမလာကြသေးဘူးနော်"
"ဒါလား... မမကြီးက ရန်ကုန်တက္ကသိုလ်မှာ တက်နေတာ၊ ဘီအေ နောက်ဆုံးနှစ်၊ မမလေးက မက်ထရစ် ဖြေထားတယ်၊ ထွေးတို့ ပြောင်းလာစက မမကြီး ပြန်မရောက်သေးဘူး၊ မမလေးကလည်း စာမေးပွဲ ဖြေတုန်းဆိုတော့ မြို့ထဲက အိမ်မှာပဲ နေခဲ့သေးတာပေါ့"
"ကိုကိုလတ်က ထွေး သူငယ်ချင်းနော်"
"ဟုတ်တယ်။ မြို့ထဲတုန်းက တစ်လမ်းတည်း နေကြတယ်၊ အိမ်ချင်းလည်း မဝေးဘူး၊ ထွေး ဖေဖေနဲ့ သူ့ဖေဖေကလည်း သူငယ်ချင်း"
"သူ ဒီနေ့ ဘာလို့ မလာလဲဟင်"
ထွေးက ခေတ္တမျက်မှောင်လေးကြုတ်မိပြီးမှ အမှန်အတိုင်း ဖြေ၏။
"သူ ထွေးနဲ့ စိတ်ကောက်သွားတယ်။ ကိုလတ်က ဒီလိုပဲ တခါတလေ အားကြီး မာနကြီးချင်တယ်၊ ထွေးကလည်း ဒါမျိုး မကြိုက်ဘူး၊ နေဦး...တိုးတိုးနဲ့ သူနဲ့ တစ်ကျောင်းတည်း နေတာ မသိကြဘူးလား"
တိုးတိုးက လေးလေး လေး ဖြေ၏။
"သိကြပါတယ်"
"ခင်တော့ မခင်ဘူးပေါ့"
တိုးတိုးက စဉ်းစားသယောင် ဆိုင်းနေပြီးမှ ဖြေသည်။
"သူက သူတို့ သူဌေးသားချင်းသာ ပေါင်းတာ"
"သူဌေးသားလည်း လူပဲ၊ ဆင်းရဲသားလည်း လူပဲ"
တိုးတိုးက ထွေးကို တစ်ချက် ကြည့်၏။
"လူတိုင်းက ထွေးလို မဟုတ်ဘူး"
" ထွေးကတော့ ထွေးပေါ် ကောင်းတဲ့လူဆိုရင် ခင်တယ်၊ မကောင်းတဲ့ လူဆိုရင် မခင်ဘူး၊ ဪ... နေဦး၊ ထွေး နေ့တိုင်း ဘိုင်စကယ် လျှောက်စီးရင် တိုးတိုး ဒီလိုပဲ လိုက်မလား"
တိုးတိုးက ခေါင်းညိတ်ပြ၏။
"တိုးတိုး အလုပ်တွေ မပျက်ဘူးလား"
"ဟင့်အင်း တိုးတိုးမှာ အချိန်တွေ အများကြီး ရှိတာပဲ"
"ပြီးတော့ ဟောဒီခြံတွေထဲ ထွေး လျှောက်လည်ကြည့်ချင်တယ်၊ တိုးတိုး လိုက်ပြမလား"
တိုးတိုးက ခေါင်းညိတ်ပြပြန်၏။
ထွေးက ကျေနပ်စွာ ပြုံးသည်။
မိမိ သူငယ်ချင်းအသစ် တစ်ယောက် ရပြီ။ သူကမူ ကိုလတ်ကဲ့သို့ စိတ်ကောက်တတ်သူ၊ စိတ်တိုတတ်သူ ဟုတ်ဟန်မတူ။
ထွေးက ဘန့်ပွေးပင်များကို မော့ကြည့်၏။ ရွက်ဟောင်းတို့ မရှိပြီ နုနုစိမ်းသော ရွက်သစ်ကြီးများနှင့် စိုလန်းလှပနေကြ၏။
မြေပြင်မှ ဘန့်ပွေးရွက်ဟောင်းများကလည်း ရဲရဲနီနီနှင့် တမျိုး လှပသည်။
ထွေးက ဘန့်ပွေးရွက်နီ တစ်ရွက်ကို ကောက်ယူပြီး တိုးတိုးကို ပြ၏။
"ပတ္တမြားရွက် တဲ့၊ ဝတ္ထုတွေထဲမှာ ရေးတာ ထွေး ဖတ်ဖူးတယ်"
တိုးတိုးက နားမလည်ဟန်နှင့် ထွေးကို ကြည့်သည်။
"တိုးတိုးက စိန်ပန်းကို လှတယ်လို့ ပြောတယ် မဟုတ်လား၊ ပတ္တမြား ပွင့်ပေါ့၊ စိန်ပန်းပွင့်ကို တိုးတိုးရဲ့ ပတ္တမြားပွင့်လို့ ထွေး နာမည်ပေးလိုက်ပြီ"
မိမိ၏ စကားကို မိမိ သဘောကျပြီး ထွေးက ရယ်သောအခါ တိုးတိုးကပါ လိုက်ရယ်၏။
"အဲဒီလိုနွေကျရင် ကြွေတဲ့ ရွက်ဝါတွေ ဘာတွေကို ထွေး သဘောကျလား"
"ရွက်ဝါ ဟုတ်လား၊ ပြန်ပြောစမ်း"
"ဘာပြုလို့လဲ"
" ပြန်ပြောစမ်းပါ ဆိုမှ"
တိုးတိုးက သဘောမနောကောင်းစွာနှင့် 'ရွက်ဝါ'ဟု ဆိုသည်။
"အဲဒါလည်း ဝတ္ထုတွေ၊ ကဗျာတွေထဲမှာ သုံးတဲ့စကားပဲ။ တိုးတိုး ဘယ်လိုလုပ် သိလဲ"
"သီချင်းထဲမှာ ပါတယ်"
သီချင်းထဲမှာ ဘယ်သီချင်းလဲ
"ရွက်ဝါကြွေ နွေမူးမူး၊ မိန်ရာသီ ခါမီ လသာခေါင်၊ မြလွှာမှောင်
တောင်ခိုးမြူး၊ ရွှေဖီဦး ပေါ်ရော့မယ်လေလေ့၊ မွေရက်ကယ် နေနိုင်တယ်"
ထွေး၏ မျက်လုံးလေးများ ပြူးသွားသည်။ တိုးတိုး ရွတ်လိုက်သော စကားလေးတွေက ကဗျာစကားလုံးလေးများကဲ့သို့ လှပသည်။ သံနေသံထားလေးကလည်း သာယာသည်။
"အဲဒါ ဘာသီချင်းလဲ"
" မြမြမောင်းမောင်း "
"ဘယ်လိုမြမြမောင်းမောင်း ဟုတ်လား"
"ဟုတ်တယ်၊ သီချင်းကြီးလေ၊ ပတ်ပျိုးလို့ ခေါ်တယ်"
ထွေး အံ့သြရပြန်၏။
"တိုးတိုးက သီချင်းကြီး တတ်လား"
"တိုးတိုး မယ်ဒလင် တီးတတ်တယ်"
"ဟယ် တိုးတိုး ဘယ်မှာ သင်လဲ"
"တိုးတိုး ငယ်ငယ်ကတည်းက မန္တလေးမှာ စသင်တာ၊ ပြီးတော့ အစ်ကိုလည်း တတ်တယ်၊ အစ်ကိုက တိုးတိုးကို ဆက်သင်ပေးတယ်"
ထွေး၏ မျက်လုံးလေးများ ဝင်းလက်လာ၏။ ဝမ်းသာမှုကြောင့် ရင်လေးလည်း ခုန်လာသည်။
"တိုးတိုး... အဲဒီသီချင်း ထွေးကို ဆိုပြစမ်း
"အာ... သီချင်းကြီးက အတီးမပါရင် ဆိုရတာ ခက်တယ်၊ နောက်မှ တိုးတိုး ဆိုပြမယ်"
ထွေးက နေရာမှ ထ၏။
"လာ... ပြန်ကြမယ်၊ နေ့ခင်းကျ ထွေး တိုးတိုးတို့ အိမ်ဘက် လာခဲ့မယ်၊ တိုးတိုး ဆိုပြရမယ်နော်"
တိုးတိုးက ခေါင်းညိတ်ပြ၏။
ထွေးနှင့် တိုးတိုးတို့ စက်ဘီးစီး ပြန်လာခဲ့ကြသည်။
ကောလိပ်ဝင်းအတွင်းရှိ သစ်ပင်အများမှာ ရွက်သစ် ဆင်ထားကြသည်။
တစ်ပင်တလေထက်၌ ရွက်ဝါ တစ်ရွက်စ၊ နှစ်ရွက်စ ကျန်နေသေးသည်။
တစ်ရွက်စ၊ နှစ်ရွက်စ ကြွေနေသော ရွက်ဝါများလည်း ရှိနေသည်။
' မြမြမောင်းမောင်း၊ ပြာညိုရွှေ-တိမ်ခြေ ငွေနှင်းပေါင်း၊ ဝေအစည်စည်၊ လေပြည်လေညင်း၊ လုံနိုင်အောင်သာ၊ လောင်းပြန်တော့ သာလေလေ့၊ ပြောင်းရိုက်ကယ် ဆော်ကာသာ...'
တိုးတိုးက မယ်ဒလင်လေးကို တီးရင်း သီဆိုပြနေသည်။ ထွေးက တိုးတိုး ပေးထားသော ဂီတဝိသောဓနီကျမ်းကို ဖွင့်ကာ သီချင်းစာသားများကို ကြည့်ရင်းက နားထောင်နေ၏။
နေရာက တိုးတိုးတို့ အိမ်နားရှိ ချောင်းလေးဘေးတွင် ဖြစ်သည်။
ချောင်း၏ တဖက်ကမ်းပါးက မြင့်သည်။ ယင်းဘက်ရှိ ခြံတွင်းတပင်မှ တပင်ဆီ ကူးဆက်နေသော နွယ်တန်းကြီးများလည်း ရှိသည်။
သည်ဘက်ကမ်း တနေရာတွင်ကား ရေတိုက်စားထားသဖြင့် ကွေ့လေး ဖြစ်ပေါ်နေသည်။
ကွေ့လေး၌ ကမ်းပါးသည် မမြင့်တော့ဘဲ လျှောလျှောပြေပြေ ရှိသည်။ သဲဖြူမြေသန့်က ချောင်းရေစပ်အထိ ပြန့်ဆင်းနေသည်။
ချောင်းတွင်း၌ ကြည်လင်သော စမ်းရေသည် ဖြည်းဖြည်းညင်ညင် စီးနေ၏။
သဲဖြူမြေသန့် ချောင်းကွေ့လေးအနီးရှိ မင်းကွတ်ပင်ရိပ် ကွပ်ပျစ်လေးပေါ်တွင် ထွေးနှင့် တိုးတိုးတို့ ထိုင်နေကြခြင်း ဖြစ်သည်။
ထွေးက စာအုပ်မှ စာသားများကိုလည်း ကြည့်သည်။ ခြေလေးတဖက်ဖြင့် စည်းလိုက်ရင်း တီးဆိုနေသော တိုးတိုးကိုလည်း တချက် တချက် ကြည့်သည်။
ပတ်ဝန်းကျင်ကိုလည်း တချက် တချက် လွှမ်းခြုံကြည့်မိသေး၏။ ထွေးစိတ်တွင်း၌ကား သာယာ၍ ကြည်နူးနေသည်။
'အုံးရွှေသာ၊ ယွန်းမော်ကြာယံလယ်၊ ညှိုးညှိုးငယ်ငယ်၊ သေများ သေချင်ဖွယ်၊ ဘုန်းကြွယ်ကြွယ် ဖန်ပဲအား၊ ဝေယံလယ် စံပယ်မြနှယ်လေ၊ ရတစေ နေလွန်းအား၊ ပူသူများ ရော့မယ် လေလေ့၊
မေ့ရက်ကယ် နေနိုင်တယ်...'
နောက်ဆုံး စာသားများကို တိုးတိုး ဆိုဟန်က လှိုက်လှိုက်လှဲလှဲရှိသည်။ သနားစဖွယ်လည်း ရှိသည်။
ထွေးက ရင်တွင်း၌လည်း လှိုက်သည်။ မျက်လုံးများတွင် မျက်ရည်လေးများ ဝဲလာသည်ကိုလည်း မိမိဘာသာ သတိပြုမိ၏။
'သဇင်၊ စံကား၊ ချရား၊ စံပယ်၊ စံဖီ ရွှေသွယ်၊ ပျံကလယ်ဝတ်မှုန်ဖွေး၊
လေပြည်တသွေးသွေး၊ စုံမြိုင်ခြေ ကျေးက ပန်းသာထွေ၊ ဆောင်းယွန်းယံဗွေ၊ လေဝန်းရစ်ကာခွေ၊ ရွက်ဝါကြွေ နွေမူးမူး၊ မိန်ရာသီခါမီ၊ လသာခေါင်၊ မြလွှာမှောင် တောင်ခိုးမြူး၊ ရွှေဖီဖူး ပေါ်ရော့မယ်လေလေ့၊ မေ့ရက်ကယ် နေနိုင်တယ်၊ ညှိုးငယ်ခွေ ယိမ်းနွမ်း၊ ပူပုံပန်းရွှေ ပင်လယ်၊ အို... ကြာနှယ်ကွာ ရေဝေး၊ မြင်လာပါပဲဆွေး...'
တိုးတိုးက သီချင်းကို အဆုံးသတ်သည်။ ထွေးက ပြုံးလျှက် ဖြစ်သော်လည်း မျက်ရည်ဝန်းဝန်းလေးနှင့် ဆို၏။
"တိုးတိုး သီချင်းက လွမ်းဖို့ကောင်းတယ်"
"ဟုတ်တယ်၊ အဲဒီသီချင်းက လွမ်းဖို့ကောင်းတယ်""
ထွေးက ပတ်ဝန်းကျင်တဝိုက်ကို ကြည့်မိပြန်သည်။
မြင့်မားသော ဒူးရင်းပင်ကြီးများတွင် အသီးစိမ်းစိမ်း ဝါဝါများသာ ရွက်သစ်လွင်လွင်နှင့် ရွက်ဟောင်းဝါဝါတို့ ရှိနေကြသည်။
မြေပြင်တွင်လည်း ဘယ်အချိန်က ကြွေထားမှန်း မသိသော ရွက်ဝါများ ရှိနေ၏။
ကောင်းကင်ပြာတွင် တိမ်ဖြူတွေ လွင့်ပါးနေကြသည်။
နွေနေ့လယ်တွင် မြူများ ပြာပြာဝေဝေ ရှိနေသေးသည်။
"ပြီးတော့ တိုးတိုး သီချင်းက နွေအကြောင်း စပ်ထားတာနော်"
"အင်း"
" နွေဆိုတာ လွမ်းဖို့ကောင်းတယ် "
တိုးတိုးက ထွေးကိုသာ ကြည့်သည်။ ဘာမျှတော့ မှတ်ချက်မပေး။
"ဒါပေမဲ့ တိုးတိုး သီချင်းက ခက်တယ်၊ ထွေး လိုက်ဆိုကြည့်တယ် မရဘူး"
"သီချင်းကြီး ဆိုတာက ချက်ချင်း လိုက်ဆိုလို့ မရဘူး၊ နောက်တော့ ရသွားမှာပေါ့"
" ထွေး ဒီလို လိုက်လိုက်ဆိုကြည့်ရင် ရသွားမလား "
"နည်းနည်းပါးပါးတော့ ရမှာပေါ့၊ တကယ် ဆိုတတ်ချင်ရင်တော့ စည်းဝါးပါ နားလည်ရတယ်"
"စည်းဝါးဆိုတာ ဘာလဲ"
"စည်းဝါး ဆိုတာ အဲ... ဘယ်လိုပြောရမလဲ၊ တိုးတိုး ခုန တီးနေတုန်းက ခြေထောက်နဲ့ စည်းလိုက်နေတာ မတွေ့ဘူးလား"
"အင်း တွေ့တယ်"
"အဲဒီလို လိုက်တတ်ရမယ်"
ထွေးက ခြေဖဝါးနှင့် မြေပြင်ကို ပုတ်ကြည့်သဖြင့် တိုးတိုးက ရယ်ပြီး ပြော၏။
"အဲဒါက တိုးတိုး လက်မအားလို့ ခြေထောက်နဲ့ လိုက်တာ၊ လက်နဲ့ ဒီလို လိုက်ရတယ်"
တိုးတိုးက လက်ဖျောက်တီးပြ၏။
" ဪ ထွေး သိပြီ၊ ဟို... ချွင် ချွင်နဲ့ လုပ်တဲ့ဟာ "
"ဟုတ်တယ်၊ အဲဒါ စည်း၊ အိမ်မှာ ရှိတယ်၊ တိုးတိုး သင်စက စည်းမှားရင် ဆရာက ခေါင်းခေါက်တယ်"
" ထွေး မှားရင်လည်း တိုးတိုးက ခေါင်းခေါက်မယ်လို့ ပြောတာပေါ့ "
"မခေါက်ပါဘူး၊ ထွေးက တကယ် သင်ချင်လို့လား"
"တကယ် သင်ချင်တာပေါ့"
" ထွေးတို့ နေတဲ့ စိန့်ဂျိုးဇက်ကွန်ဗင့်မှာ ပီယာနိုတွေ ဘာတွေ ၊သင်ပေးတယ် မဟုတ်လား"
"အဲဒါ ပြောမလို့၊ ထွေးက တီးတတ်ချင်တာ မဟုတ်ဘူး၊ ဆိုတတ်ချင်တာ၊ စကားလုံး လှလှလေးတွေပါတဲ့ သီချင်းတွေ ဆိုတတ်ချင်တာ၊ ကွန်ဗင့်မှာက အင်္ဂလိပ်သီချင်းတွေသာ သင်တာ၊ နေဦး... ခုနက တိုးတိုး ပြောသလို စည်းတတ်သွားရင် သီချင်းဆိုတတ်သွားရောလား"
"ဟုတ်တယ်"
"စည်း ဘယ်လိုလုပ် သင်သလဲ"
"စည်းနဲ့ ဝါးနဲ့ ထံတျာတေရှင်က စသင်ရင် တတ်တာပေါ့"
"ဘာတေရှင်"
တိုးတိုးက သူ့မယ်ဒလင်လေးကို တီးပြီး ဆို၏။
”စည်းနဲ့ ဝါး၊ စည်းနဲ့ ဝါး၊ စည်းနဲ့ ဝါး၊ စည်းနဲ့ ဝါး၊ စည်းနဲ့ ဝါးလေး စည်းနဲ့ ဝါး။ စည်းနဲ့ဝါးလေး စည်းနဲ့... ထံတျာတေရှင်၊ ထံတျာတေရှင်၊ ဒျန့် ဒျန့်၊ ထံတျာတေရှင်၊ ... ... ၊ ဒလုဒလု၊ ထံ ဒျန့်ဒျန့်၊ တောပင် ဘောလုံး နှံ့ပါလို့လေး”
ထွေးက ရယ်၏။
" ထွေးက ဘာရယ်တာလဲ "
"တိုးတိုး သီချင်းကလည်း ဒလုတွေ... ဒန့်တွေနဲ့ သီချင်းလည်း မဟုတ်ဘူး"
"အဲဒါတွေက သိပ်အရေးကြီးတယ်၊ အဲ့ဒါတွေ မတတ်ရင် အတီးလည်း မတတ်ဘူး အဆိုလည်း မတတ်ဘူး၊ တိုးတိုးတို့ သင်တုန်းက ထံတျာ.. သီတာ..သာယာ ဝေဘာ..ထွေတလာ.. အဲ့ဒီငါးပုဒ် အရင်သင်ရတာ"
"အဲဒါတွေကကော ဘာတွေလဲ"
"ကြိုးလို့ ခေါ်တဲ့ သီချင်းတွေ၊ ဪ... အဲဒီသီချင်းတွေထဲမှာလည်း ထွေး ပြောတဲ့ စကားလုံး လှလှလေးတွေ ပါပါတယ်။ အဲဒီစာအုပ် ပါတယ်၊ နေဦး... တိုးတိုးကိုပေး"
တိုးတိုးက သီချင်းစာအုပ်ကို လှမ်းယူပြီး စာမျက်နှာ တနေရာ လှန်သည်။
" ရော့ ဖတ်ကြည့်၊ ထွေတလာလာ၊ ဗောဓိသံသာကြိုးတဲ့ "
ထွေးက စာအုပ်ကို လှမ်းယူပြီး ဖတ်ကြည့်သည်။
'ထွေတလာလာ၊ နေမသာသာ၊ ချမ်းပင် ချမ်းမြအေး၊ မှိုင်းမှိုင်းဝေ၊ မိုးပင်မိုးကစွေ၊ မှိုင်းမှိုင်းဝေဝေ၊ တောင်လေသုတ်ဖြူး၊ ဆောင်းဦး ဆောင်းဦးဟေမာ၊ ကိုယ်ထီးနေရာမှာ၊ ရွာလာ ရွာလာ၊ ရော့ရော့စွေ လွမ်းမပြေ၊ ထွေထူးထပ်ချည်ငဲ့လေ'
ထွေးက ကျေနပ်စွာ ပြုံး၏။
"ဟုတ်တယ်နော်၊ စာသားလေးတွေ လှတယ်"
" ထွေးက စာသား လှတာလေးတွေ ဘာလို့ ကြိုက်တာလဲ "
ထွေးက အသံလေး ထွက်အောင် ရယ်သည်။ ပြီးမှ တည်တည် ဖြေ၏။
"ထွေးက ကြီးရင် စာရေးဆရာမ လုပ်မလို့"
တိုးတိုးက မျက်လုံးလေး ပြူး၍ ထွေးကို ကြည့်သည်။
" ထွေးလေ လွမ်းစရာ၊ သနားစရာကောင်းတဲ့ ဝတ္ထုတွေ ရေးချင်တယ်၊ နွေအကြောင်းတို့၊ ဆောင်းအကြောင်းတို့၊ ရွက်ဝါတို့၊ နှင်းတို့၊ မြူတို့၊ သဇင်တို့၊ ပိတောက်တို့၊ နေဦး.. စိန်ပန်းတို့ အဲဒါတွေပါမှ လွမ်းစရာကောင်းတယ် မဟုတ်လား၊ အဲဒါတွေကို စာလုံးလှလှလေးတွေနဲ့ ရေးရတယ်"
တိုးတိုးက ထွေးကို ပါးစပ်လေးဟ၍ ကြည့်နေသည်။
ထွေး စာရေးဆရာမ လုပ်မယ်ဆိုရင်လေ မေမေနဲ့ မမကြီးတို့က မယုံချင်ဘူး၊ ထွေးကို အထင်သေးသလား မသိဘူး၊ ထွေး လုပ်ပြမယ်၊ မမလေး မဆိုတတ်တဲ့ သီချင်းကြီးလှလှတွေတောင် ထွေး ဆိုပြလိုက်ဦးမယ်၊ တိုးတိုး သင်ပေးမယ် မဟုတ်လား"
"သင်ပေးပါ့မယ်၊ တိုးတိုး မသင်တတ်တာဆိုရင် အစ်ကို့ကို သင်ပြ ခိုင်းမယ်၊ အစ်ကိုက သီချင်းကြီးတွေ အများကြီး ရတယ်"
"တကယ် အများကြီး ရတယ်"
"ရတယ်။ ပြီးတော့ အစ်ကိုက တယောတီးလည်း သိပ်ကောင်းတယ်"
"တယော"
ထွေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီးနောက် မေးသည်။
"တိုးတိုးကော တယောမတီးတတ်ဘူးလား"
"ဟင့်အင်း"
"တိုးတိုး တယောလည်း တီးတတ်အောင် သင်ပါလား"
"ဘာပြုလို့လဲ" ထွေးက မဖြေဘဲ ရယ်နေ၏။
" ထွေး ဘာလို့ ရယ်နေတာလဲ "
"ဪ... အဟင်း၊ ဝတ္ထုတွေထဲက ဇာတ်လိုက်တွေက တယောတီးတယ်။ တိုးတိုးလည်း တီးတတ်အောင် သင်ပေါ့၊ ထွေး ဝတ္ထုရေးတဲ့အခါကျတော့ တိုးတိုးကို ဇာတ်လိုက် လုပ်ပေးမယ်"
"တိုးတိုး ဇာတ်လိုက် မလုပ်ချင်ပါဘူး"
"ဘာပြုလို့"
"တိုးတိုးလည်း ဝတ္ထုတွေ ဖတ်ဖူးပါတယ်၊ ဝတ္ထုတွေထဲက တယောတီးတဲ့ ဇာတ်လိုက်တွေက အလွမ်းသမားတွေချည်းပဲ"
"ဪ တိုးတိုးက မလွမ်းချင်ဘူးပေါ့"
တိုးတိုးက မဖြေဘဲ ပြုံးနေသည်။
"တိုးတိုးက မလွမ်းချင်ပေမယ့် ထွေးက လွမ်းချင်တယ်၊ ကဲ...ခုနက သီချင်း ပြန်တီးဦး"
တိုးတိုးက မြမြမောင်းမောင်း သီချင်းကို ပြန်ဆိုတီးပြသည်။
တခါမက... ထွေး ကျေနပ်သည်အထိ သုံး လေးခါ ဆိုတီးပြရသည်။
ညနေစောင်းခါနီး၌ ထွေး ပြန်သောအခါ တိုးတိုးက ကျိုင်းတုံဒေလီယာ ပန်းရောင်စုံတွေကို ခူးပေးလိုက်သည်။
ထွေးအတွက်တွင်မက မမကြီးနှင့် မမလေးတို့အတွက်ပါဟု တိုးတိုးက ပြောသည်။
အိမ်ပြန်ရောက်သောအခါ ပန်းများကို မမကြီးနှင့် မမလေးတို့အား ထွေးက ခွဲဝေပေးသည်။
မမကြီးက ပြော၏။
"ကြည့်စမ်း၊ လှလိုက်တဲ့ ပန်းတွေ၊ အစက ရှမ်းပြည်နယ်မှာသာပေါက်တယ်ထင်တာ၊ တို့ မော်လမြိုင်မှာလည်း ဖြစ်သကိုး"
မမလေးက-
မော်လမြိုင်မှာလည်း နေရာတိုင်း မဖြစ်ဘူး၊ ဒီတောင်ဝိုင်းတဝိုက်မှာသာ အောင်တာ၊ တောင်ဝိုင်းတဝိုက်တောင်မှ ကိုမြငြိမ်းတို့ အအောင်ဆုံး"
ဟု ဝင်ပြော၏။
မေမေက ဆက်ရှင်းပြ၏။
"ဒီပန်းမျိုး ဒီရောက်တာ ဘာမှ မကြာသေးဘူး၊ ကောလိပ်က ဆရာတစ်ဦးက မျိုး ယူလာပြီး စ,စမ်းစိုက်တာတဲ့၊ သူ့အတုယူပြီး တချို့က.လိုက်စိုက်ကြည့်တာ မအောင်လို့ လက်လျှော့ကြရသတဲ့၊ မောင်မြငြိမ်းကသာ အဲဒီ ဆရာနဲ့ ခင်လို့ သူ့ဆီက မျိုးရော စိုက်နည်းပါ ရတာနဲ့ ဟန်ကျနေတာတဲ့၊ အောင်မယ်... ဒီပန်းစိုက်တာ ဘယ်လောက်ဟန်ကျတယ် ထင်သလဲ"
မေမေက သူ့ဘာသာသူ မေးခွန်းထုတ်ပြီး သူ့ဘာသာ သူ ပြန်၏။
"ငါ ဟိုနေ့က မောင်မြငြိမ်းကို မေးကြည့်တော့ ဆောင်းဦးကနေ
မိုးဦးအထိ အပွင့် သုံးသောင်းလောက် ရသတဲ့၊ အပွင့်တရာကို အစိတ်ဈေးနဲ့ လာကောက်သတဲ့၊ အပွင့် သုံးသောင်းဆိုရင် ငွေခုနစ်ထောင့်ငါးရာ၊ စရိတ်စက နုတ်ရင် အများဆုံး ငါးထောင်လောက်တော့ ကျန်တာပေါ့၊ ငွေငါးထောင်ဆိုတာ နည်းသလား"
"ဟာ.. ဒီလောက်တောင် ရသလား"
မမကြီးက အံ့သြဟန်ဖြင့် မေးရာ မေမေက ခေါင်းညိတ်ပြ၏။
"နင်တို့ အဖေက အိမ်ရှေ့မှာ အလှစိုက်ခိုင်းမလို့တဲ့၊ ငါကတော့ မောင်မြငြိမ်းကို ပြောလိုက်ပြီ၊ မြေလွတ်တဲ့ နေရာတွေ အကုန်စိုက်ရမယ်လို့ တစ်ရာသီ ငွေ လေး ငါးထောင် ဆိုတာ နည်းတာမှတ်လို့"
ထွေးက ဝင်စုံစမ်း၏။
"အဲဒီငွေတွေ ဘယ်သူ ယူမလဲ"
"ဟဲ့... ငါ့ ခြံထဲ စိုက်တာ ငါ ယူမှာပေါ့၊ ငါ သိတောင် နောက်ကျနေတယ်၊ နင့်အဖေက ဒူးရင်းတို့ မင်းကွတ်တို့က ရတာနဲ့တွင် တင်းတိမ်နေတာ၊ ဘယ်ဖြစ်မလဲ၊ ပြီးတော့ ရှိသေးတယ်၊ ဒီပန်းမျိုးက ရေသိပ်ကြိုက်သတဲ့၊ ရေကလည်း ရေရှားချိန်မှာမှ ပိုလိုလာသတဲ့၊ တို့ မော်လမြိုင်ကလည်း နွေပေါက်လာတာနဲ့ ရေရှားတယ် မဟုတ်လား၊ ဒီပန်းကို သိပ်မစိုက်ကြတာ အဲဒါကြောင့်တဲ့၊ ရေဖိုးနဲ့ ရှုံးသွားမယ်။ အခု တို့ခြံထဲမှာက ရေပေါတယ်၊ ဒီတော့ ဒီနှစ် စမ်းစိုက်ကြည့်မယ်"
ထွေးသည် တစုံတရာကို ရင်တွင်းမှ မကျေနပ်ဘဲ ထွက်လာခဲ့ပြီး ရေချိုး၏။
ဖြီးလိမ်းပြင်ဆင်ပြီးသောအခါ ကျိုင်းတုံဒေလီယာ အနီတစ်ပွင့်ကို ခေါင်း၌ ပန်သည်။
မှန်တွင်း၌ တွေ့ရသော ခေါင်းထက်မှ ပန်းကလေးကို ကြည့်ပြီး ထွေး စဉ်းစားသည်။
ပန်းနှင့် ပိုက်ဆံ။ ပိုက်ဆံနှင့် ပန်း။ ဘာဆိုင်သနည်း။
စိန်ပန်းကဲ့သို့ ရောင်းမရသော ပန်းကို မလှဟု ဆိုမည်လော။
ဧည့်ခန်းသို့ ထွေး ပြန်ထွက်လာ၍ မကြာမီမှာပင် စက်ဘီးခေါင်းလောင်းသံကို ကြားရ၏။
"အင်း... ကိုယ်တော်ချော ပေါ်လာသေးသကိုး"
ကိုကိုလတ်က ပြုံးဖြဲဖြဲနှင့် အိမ်ရှေ့တွင် ရပ်နေ၏။ လက်တွင်းမှာလည်း ပိတောက်ပန်းစည်းတစ်စည်းကို ကိုင်ထားသည်။
"မြို့ထဲမှာ ပိတောက်ပန်းတွေ ရောင်းတာ တွေ့လို့ ဝယ်လာခဲ့တာ၊ ငါ ကတိတည်ပါတယ်၊ ရော့..."
ထွေးက စိတ်မြူးတက်ကြွခြင်း မရှိလှဘဲ ပိတောက်ပန်းစည်းကိုလှမ်းယူ၏။
"လူတွေက ပိတောက်ပန်းကို သင်္ကြန်မှ ပွင့်သလေး၊ တစ်နှစ်မှ တစ်ခါ ပွင့်သလေးနဲ့ ပြောကြတယ်၊ အခု သင်္ကြန်ပြီးပြီ၊ ပွင့်နေတာပဲ၊ နင်တို့ အပင်ကြီးက ပွင့်နေသေးလား"
ကိုကိုလတ်က ပိတောက်ပင်ကြီးကို လှမ်းကြည့်သည်။
ထွေးလည်း ပိတောက်ပင်ကြီးဆီ လှမ်းကြည့်သည်။
ပိတောက်ပင်၌ ဘာအပွင့်မှ မရှိတော့။ စိန်ပန်းပင်ကြီးကသာ ရဲရဲနီနီ ပွင့်မြဲပွင့်လျက်။
"ပိတောက်တစ်ပင်ဟာ တစ်နှစ်မှ တခါပဲ ပွင့်တာပေါ့၊ သင်္ကြန်မှာ သူက ဦးအောင် ပွင့်လိုက်တော့ သူ့ပိတောက်က ပိတောက်ဦးပေါ့"
"ငါ ယူလာတဲ့ ပိတောက်ကတော့ ပိတောက်ဦး မဟုတ်ဘူး၊နင် အဲဒီလို ပြောတယ်ပေါ့"
ထွေးက ဘာမျှမဖြေဘဲ ပိတောက်ပန်းစည်းကို ကြည့်နေသည်။
ကိုကိုလတ်က ထွေး၏ အမူအရာကို ကြည့်ပြီး မကျေနပ်ဟန်ပြဖြင့် မေးသည်။
"နင် ဒီပိတောက်ပန်းတွေ မလိုချင်တော့ဘူးပေါ့ "
"အို... အဲ့ဒီလို မဟုတ်ပါဘူး"
"ဒါပေမဲ့ နင် သိပ်ဝမ်းသာပုံမရပါဘူး၊ ငါကတော့ တပင်တပန်း ယူလာရတယ်"
ကိုကိုလတ်၏ အသံရော မျက်နှာထားကပါ စိတ်ထိခိုက်ဟန်ပြသောကြောင့် ထွေးက ပျော့ပျော့လေး ပြုံးလိုက်ရသည်။
"ဝမ်းသာပါတယ် ကိုလတ်ရယ်... ဝမ်းသာပါတယ်။ ထွေး ပန်းစည်း သွားထားလိုက်ဦးမယ်၊ လာလေ... အိမ်ထဲဝင်"
"ဟင့်အင်း... အိုက်တယ်၊ အပြင်မှာပဲ ကောင်းတယ်"
ထွေးက ပိတောက်ပန်းစည်းကြီးကို အိမ်တွင်း ဝင်ထားပြီး ပြန်ထွက်ခဲ့၏။
ကိုကိုလတ်က ထွေး၏ ခေါင်းကို ကြည့်ပြီး မေးသည်။
"နင် ပိတောက်ပန်း မပန်ခဲ့ဘူးလား"
"ငါက ပန်းပန်ထားပြီးပြီပဲ"
"အဲဒီပန်း လွှင့်ပစ်လိုက်ပေါ့"
"အို... ပန်ထားပြီးသား ပန်းကို လွှင့်ပစ်ရမယ်"
ကိုကိုလတ်က ထွေးကို စိုက်ကြည့်နေပြီးမှ မျက်နှာထား တည်တည်အိုအိုနှင့် ဆိုသည်။
" အေးလေး... ပန်ချင်ပန်၊ မပန်ချင် နေပေါ့၊ ငါက ငါ့ကတိအတိုင်း လာပေးတာ"
ကိုကိုလတ်က သူ့စက်ဘီးလက်ကိုင်ထက် လက်လှမ်းတင်နေသည်။
"ဒါ ဘာလဲ၊ ပြန်တော့မယ်ပေါ့"
"နို့... ဘာလုပ်စရာရှိလဲ"
"စိတ်ကောက်ပြန်ပြီပေါ့ "
"အိုး မိန်းကလေးမှ စိတ်ကောက်တာ"
ထွေးက ကိုကိုလတ်ကို မျက်စောင်းလေးထိုးပြီး ဆိုသည်။
" ပြန်ချင်ပြန်၊ မပြန်ရင် ထွေးက သံပရာရည် ဖျော်တိုက်မလို့ "
ကိုကိုလတ်၏ မျက်နှာက ပြုံးလာသည်။
"အစက အဲဒီလို ပြောပါလား"
" ပြောမလို့ဘဲ၊ ရိနေတာကိုး၊ ဟွန်း... လာ အိမ်ထဲကို ကြွ "
ကိုကိုလတ်က ဧည့်ခန်းသို့ ဝင်လိုက်ခဲ့၏။
ထွေးက ကိုကိုလတ်ကို သံပရာရည် ဖျော်တိုက်သည် ။
ကိုကိုလတ် သံပရာရည် သောက်နေစဉ် ရေမိုးချိုး၍ အဝတ်အစားလဲပြီးသော မမကြီးနှင့် မမလေးပါ ထွက်လာကြသောကြောင့် လေးဦးသား စကားကောင်းကြသည်။
ကိုကိုလတ် ပြန်သောအချိန်၌ နေဝင်စပြုနေပြီး
" ဪ... ထွေး၊ မနက်ကို စက်ဘီးလျှောက်စီးဖို့ ငါ လာခဲ့မယ်နော်"
ထွေးရင်မှာ ထိတ်ခနဲ ဖြစ်သွား၏။ ခက်ကပြီ တိုးတိုးကိုလည်း စက်ဘီးလျှောက်စီးရန် ပြောထားသည်။ ကိုကိုလတ် မလာတုန်းကတော့ တိုးတိုးနှင့် လျှောက်စီးသည်။ ကိုကိုလတ် လာမှ တိုးတိုးကို ချန်ထား၍မကောင်း၊ ကိုကိုလတ်ကလည်း တိုးတိုး ပါလာလျှင် ကြိုက်မည် မဟုတ်။
"ကိုလတ် မလာပါနဲ့တော့"
"ဘာဖြစ်လို့"
"ကိုလတ် လာရတာလည်း ဝေးတယ်၊ ပြီးတော့ နွေဦးပေါက်လာပြီ မဟုတ်လား၊ မနက်ပေမယ့် ပူတယ်"
"အသားမည်းမှာ ကြောက်တယ်ပေါ့"
ထွေးက မဖြေဘဲ ငြိမ်နေသည်။ ကိုကိုလတ်ကို လှည့်စားပြောမိ၍ စိတ်မကောင်း။ အခြားနည်းလည်း မစဉ်းစားတတ်။
ကိုကိုလတ်က သေချာရန် ထပ်မေးသည်။
"တို့ကို စိတ်ကောက်လို့တော့ မဟုတ်ပါဘူးနော်"
"အို... မဟုတ်ပါဘူး"
"ဒါဖြင့် ပြီးရော၊ ညနေ အားတဲ့အခါ လှည့်လှည့်လာခဲ့ပါမယ်၊ထွေး ဒီမှာ နေရတာ မပျင်းဘူးလား"
"မပျင်းပါဘူး၊ တောတွေ တောင်တွေနဲ့ သာယာတယ်"
"ဟား ဟား .. စာရေးဆရာမလောင်းကြီး၊ စိတ်ကူးယဉ်လို့ ကောင်းတယ်ပေါ့"
ကိုကိုလတ် ထွက်ခွာသွား၍ မျက်စိအောက်မှ ပျောက်သွားသည်အထိ ထွေးက ခြံဝတွင် ရပ်နေသည်။
နေဝင်သွားပြီ ဖြစ်သော်လည်း အနောက်ဘက်မိုးပြင်မှ တိမ်တို့သည် ရွှေရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင် ရောင်စုံရောလျက် လှပနေသည်။ မှောင်ရိပ်ကျစ ဖြစ်သဖြင့် အစိမ်းရောင်ဖျော့စ သစ်ပင်တောတန်းတို့ထိပ်တွင်
ဆိုင်းဝေနေသော မြူငွေ့ငွေ့ကိုလည်း တွေ့ရသည်။
တောတောင်တွေနှင့် သာယာသော ဤပတ်ဝန်းကျင်တွင် မပျင်းပါဘူးဟု မိမိက ကိုကိုလတ်ကို အမှတ်မထင် ပြောလိုက်ခဲ့သည်။
မိမိ၏ စကားကို ကိုကိုလတ် နားလည်ပါမည်လော။ ပန်းတွေ၊ရွက်ဝါတွေ၊ မြူတွေနှင့် ချစ်ဖွယ်ကောင်းသော နွေ၏အလှအကြောင်းကိုရော ကိုကိုလတ် သိပါမည်လော။ နွေ၏ အလှတွေအကြောင်း ပါသည့် မြမြမောင်းမောင်း သီချင်းအကြောင်း ပြောပြလျှင် ကိုကိုလတ်က ဘာပြောမည်နည်း။ အထူးသဖြင့်
ဤသီချင်းလေးကို တိုးတိုးဆီမှ ရသည်ဆိုလျှင် ကိုကိုလတ် ဘာပြောမည်နည်း။ ပြီးတော့ မိမိခေါင်း၌ ပန်ထားသော ပန်းပွင့်သည် တိုးတိုး ပေးသော ပန်းမှန်းသိလျှင် ဘာပြောမည်နည်း။
ရင်ဝယ် စိတ်လေး မရှုပ်တရှုပ်နှင့် ထွေးသည် ခြံတွင်းသို့ ဖြည်းညင်းစွာ လှမ်းဝင်လာခဲ့၏။
ပန်းတွေ၊ ရွက်ဝါတွေ၊ မြူတွေနှင့် ထွေး ချစ်သော နွေက အကုန်မြန်သည်။ မိုးစောသော မော်လမြိုင်တွင် ဖြစ်သဖြင့် နွေအကုန်က မြန်သည်။
မေလ တဝက်မကျိုးခင်ကတည်းက မိုးတွေ ဖြိုင်ဖြိုင်ရွာချသည်။
မိုးထန်ထန် လေထန်ထန်တွင် ဘယ်အပင်မှာမှ ပန်းတို့ မရှိ။ တိုးတိုးတို့၏ ကျိုင်းတုံဒေလီယာပန်းခင်းတွင် အပွင့်များ တုံးစပြုပြီ။
စိန်ပန်းပင်ကြီးကသာ မိုးထဲ လေထဲတွင် ဆက်ပွင့်နေဆဲ။ ရဲရဲနီအောင် ဆက်ပွင့်နေဆဲ။
မိုးမှာက ကောင်းကင်သည် ညို၏။ ကောင်းကင်က ညိုတော့ မိုး၏ နေ့များကလည်း ညိုသည်။ မှိုင်းသည်။ ညိုမှိုင်းသော မိုးနေ့များတွင် နီနီရဲရဲ တောက်တောက်လွင်လွင်နှင့် လောကကို အလှဆင်နေသည်မှာ စိန်ပန်းပင်ကြီးသာ ရှိသည်။ အပေါ်မှာသာမက မြေပြင်တွင်လည်း ပတ္တမြားပွင့်များ ရဲရဲနီသည်။
ကျောင်းတွေ ပြန်ဖွင့်သောအခါ ထွေးက ကားဖြင့် ကျောင်းတက်ရသည်။ အိမ်မှ မြို့တွင်းသွားလမ်းရှိ ခြံများ၌ ဟိုနေရာ တစ်ပင်၊ သည်နေရာ တစ်ပင် စသည်ဖြင့် စိန်ပန်းပင်များကို တွေ့ရသည်။
မိုးအခါတွင်မှ စိန်ပန်းပင်တွေက ပိုလှလာသည် ထင်၏။ နွေတုန်းကမူ အရွက်က နည်းပြီး အပွင့်က များသည်။ ယခုတော့ အရွက်တွေလည်း စုံပြီ။ နုနုစိတ်စိတ်ရွက်လေးတွေ နောက်ခံပြုသည့် ပတ္တမြားပွင့်တွေက ပိုကြည့်ကောင်းလာသည်ဟု ထွေး ထင်သည်။
ပန်းအကြောင်းတွေကို စာဖွဲ့သော သီချင်းများကို ထွေး ရသည်။
စိန်ပန်းအကြောင်းကိုတော့ မည်သူမျှ စာမဖွဲ့ကြ။ မျက်နှာငယ်ပန်းမို့ လျစ်လျူရှုကြသည် ထင်၏။ မိထွေးဖွဲ့မည်၊ တနေ့ကျ ဖွဲ့မည်။
မျက်နှာငယ် စိန်ပန်းအတွက် ထွေး ရင်တွင်း မကောင်းဖြစ်မိ သကဲ့သို့ တိုးတိုးအတွက်လည်း ထွေး စိတ်မကောင်း။
တောင်ဝိုင်းလမ်းနှင့် အထက်လမ်းမကြီး ဆုံရာမှ အတန်လှမ်းလှမ်းတွင် တိုးတိုး နေသော အစိုးရအထက်တန်းကျောင်းကြီး ရှိသည်။ ယင်းကျောင်းများကို ကျော်ပြီးမှ ထွေး နေသော ကွန်ဗင့်ရောက်ရန် အများကြီး သွားရသေးသည်။ အသွားလည်း လမ်းကြုံ၊ အပြန်လည်း လမ်းကြုံသဖြင့် ထွေးက တိုးတိုးကို ကားနှင့် ခေါ်သွားချင်သည်။
ကျောင်းတွေ မဖွင့်ခင် တရက်က ထွေးက စကားခေါ်ကြည့်သောအခါ မေမေက မျက်နှာထားတင်းတင်းဖြင့် 'မရှုပ်ချင်စမ်းနဲ့'ဟု မာန်သည်။ ဖေဖေကပင် ထွေးနှင့် မေမေ ပြောနေသည်ကို မကြားချင်ယောင်ဆောင်နေ၏။
ထွေး စိတ်မကောင်း။ ကားအကျယ်ကြီးပေါ်တွင် လမ်းကြုံ၍ လူလေးတယောက် တင်ခေါ်ရန် ဘာကြောင့် ဝန်လေးရသနည်း။
မေမေတို့က စည်းကမ်းကြီးသကဲ့သို့ တိုးတိုးကလည်း စည်းကမ်းကြီးသည်။
မိုးတွေ သည်းသော ဇွန်လတစ်ညနေတွင် ထွေးက ကားနှင့် ကျောင်း ဆင်းလာခဲ့၏။
တောင်ဝိုင်းလမ်းခွဲ အလွန်တွင် မိုးထဲတွင် လျှောက်ပြန်လာနေသော တိုးတိုးကို တွေ့ရသည်။
ထွေးက ဒရိုင်ဘာကို ကားရပ်ခိုင်းသည်။
"လာ တိုးတိုး၊ တက် ""
တိုးတိုးက ထီးတော့ ဆောင်းထားသည်။
သို့ရာတွင် မိုးတွေ ပက်သောကြောင့် ပုဆိုးတခုလုံး ရွှဲစိုနေသည်။
ထွေးက ကားနောက်ခန်း ပြတင်းမှန်ကို တဝက်ချလျက် လှမ်းဖိတ်ခေါ်နေသော်လည်း တိုးတိုးက မလှုပ်။
"မိုးသည်းတယ်၊ တိုးတိုး အများကြီး ဆက်လျှောက်ရဦးမယ်။ လာတက်"
တိုးတိုးက ပြုံးပြီး ခေါင်းခါပြ၏။
"မလိုက်ဘူး၊ ဘာပြုလို့"
"တိုးတိုး ဒီလိုပဲ လျှောက်နေကျပါ"
"ဒါပေမဲ့ အခု မိုးတွေ သိပ်သည်းနေတယ်"
" ထွေးရယ်... မိုးတွင်းဆို မိုးသည်းတာပေါ့ "
ထွေးက တိုးတိုးကို ကြည့်ပြီး မျက်ရည်ဝဲချင်လာ၏။
တိုးတိုး၏ မျက်နှာလေးကမူ ခါတိုင်းကဲ့သို့ပင် တည်တည်ကြည်ကြည်နှင့် ပျော့ပျောင်းနူးညံ့သည်။
"တိုးတိုး အအေးမိလိမ့်မယ်"
"မမိပါဘူး၊ တိုးတိုး လျှောက်နေကျပါ"
ဒရိုင်ဘာကလည်း မနေသာဟန်ဖြင့် ဝင်ပြော၏။
"မိုးသည်းလို့ လိုက်ခဲ့တာပဲ၊ ကိစ္စမရှိပါဘူး တိုးတိုး တက်ပါ"
"တိုးတိုးဘာသာ လျှောက်ပြန်ပါရစေ ဦးလေးရယ်၊ ဦးလေးကိုရော ထွေးကိုပါ ကျေးဇူးတင်ပါတယ်၊ ထွေး မိုးတွေ ပက်ကုန်ပြီ၊ သွားတော့"
ထွေးက တိုးတိုးကို ဝမ်းနည်းစွာ ကြည့်နေစဉ် ဒရိုင်ဘာက ကားကို ပြန်မောင်းထွက်၏။
"တိုးတိုးက ဒီလိုပဲ ထွေး၊ သိပ်စည်းကမ်းရှိတယ်"
"ရှင်..."
အခု ထွေး ပါမှ မဟုတ်ဘူး၊ ဦးလေးနဲ့ လမ်းမှာ ခဏခဏ ကြုံဖူးတယ်၊ ကိုယ်နဲ့ တခြံတည်း နေကြတာ မဟုတ်လား၊ ဦးလေးက ရပ်ခေါ်ပါတယ်။ ဒါပေမဲ့ သူ ဘယ်တော့မှ မလိုက်ဘူး"
"အဲဒါ ဘာဖြစ်လို့လဲ"
"အပြောအဆို မခံချင်လို့ ဖြစ်မှာပေါ့ ထွေးရယ်၊ အင်းလေ...အဲဒါ ကောင်းပါတယ် "
ထွေးက ငိုင်ငိုင်လေး စဉ်းစားသည်။
မိမိက မိုးတွေ သည်းနေသဖြင့် ကရုဏာသက်ပြီး မဆင်မခြင် ခေါ်မိသည်။
အကယ်၍ တိုးတိုး တက်လိုက်လာလျှင် ပြီးတော့ မေမေ သိသွားလျှင် မေမေ ဘာပြောမည်နည်း။
"ဦးလေးက အဲဒီအကြောင်း မေမေ့ကို ပြောပြဖို့ ကောင်းတယ်''
"ဘယ်အကြောင်းလဲ"
"တိုးတိုး စည်းကမ်းရှိတဲ့ အကြောင်း"
"ဦးလေး ပြောပြဖူးပါတယ်"
" မေမေက ဘာပြောလဲ "
"ဘာမှတော့ မပြောဘူး၊ ခေါင်းညိတ်နေတယ်"
"အဲဒါဆိုရင် မေမေ သဘောကျလို့"
တိုးတိုးအကြောင်းကို သိရင် ထွေးတို့ မေမေ သဘောကျမှာပါ၊ တိုးတိုးဟာ အင်မတန် စည်းကမ်းရှိတဲ့ ကလေး"
မည်သို့ဖြစ်စေ ထိုညနေက အဖြစ်ကလေးကြောင့် ထွေး စိတ်မကောင်း။ တခြံတွင်း အတူနေကြသည်။
မိမိကတော့ ကားနှင့် ကျောင်းတက်သည်။ တိုးတိုးကတော့ မိုးထဲလေထဲတွင် ကုန်းကြောင်း။
သို့ရာတွင် တိုးတိုးကို မေမေ သဘောကျသော အကြောင်းသည် ထိုနှစ် မိုးတွင်းမှာပင် ဖန်လာခဲ့၏။
ထွေးတို့ ခြံတွင်း မြေလွတ်များ၌ ကျိုင်းတုံဒေလီယာပန်းခင်းများ ပေါ်လာခဲ့၏။
ဇွန်လထဲတွင် တိုးတိုးတို့ ညီအစ်ကိုက ပန်းပင်လေးများကို စိုက်ပေးကြသည်။
သူတို့ ပန်းခင်းရှိ အုပ်ကောင်းသော အပင်များမှ ခွဲယူစိုက်ပေးကြခြင်း ဖြစ်သည်။
မေမေက သူ့တွက်ကိန်းနှင့်သူ ကျေနပ်နေ၏။
"တို့ခင်းက သူတို့အခင်းထက် နှစ်ဆ ရှိတယ်။ အဲဒီလိုဆို ပန်းလည်း နှစ်ဆ ထွက်မယ်။ ပန်းနှစ်ဆ ဆိုတော့ ငွေလည်း နှစ်ဆပေါ့"
ထမင်းဝိုင်း၌ မေမေက ပြောရာ ဖေဖေက -
"ပွင့်လည်း ပွင့်ဦးမှပေါ့ "
ဟု မှတ်ချက်ပေးသည်။
"ဘာလို့ မပွင့်ရမလဲ၊ မျိုးလည်း ကောင်းတယ်၊ စိုက်တာလည်း စနစ်ကျတယ်၊ ဝဲလည်း နိုင်တယ်၊ ပွင့်ရမှာပေါ့"
"မင်း ဘာဝဲထည့်လဲ"
" နောက်ချေး ထည့်တယ်။ တိုးတိုး ဆိုတဲ့ ကောင်လေးက ပြောတယ်။ သူတို့ မနှစ်က ကျောက်မှုန့်နည်းနည်း ထည့်ပေးတယ်တဲ့၊ ပွင့်အား ပိုကောင်း သတဲ့ "
မမလေးက-
" ကျောက်မှုန့်ဆိုတာ ဘာလဲ " ဟု မေး၏။
" ကျောက်မှုန့်ဆိုတာ အပွင့် အသီး အားကောင်းတဲ့ ဖော့စဖိတ် ဓာတ်မြေသြဇာ "
မမကြီးက ရယ်သည်။
"အံမယ်... မေမေက ဓာတ်မြေသြဇာ အကြောင်းတွေ ဘာတွေသိလို့"
ဖေဖေကမူ စိတ်မချဟန်နှင့် မေးသည်။
"ဒီမှာ စမ်းစိုက်ကြည့်တဲ့လူတွေ ရှိတယ်၊ မအောင်ဘူး ပြောကြတယ်"
"ဘယ်အောင်မလဲ၊ လျှို့ဝှက်ချက်တွေ ရှိတယ်"
"ဘယ်လို လျှို့ဝှက်ချက်တွေ"
"ပန်းခင်းက တော်တော်ယုယရတယ်၊ အပင်အုပ်ကောင်းလွန်းရင်လည်း မနှမြောဘဲ ခွဲနုတ်ပစ်ရတယ်။ ပိုးဝင်တဲ့အပင် တွေ့ရင်လည်း ဒီလိုပဲ နုတ်ပြီး မီးရှို့ပစ်ရသတဲ့၊ ဟိုတစ်နေ့က တိုးတိုးက ပိုးဝင်နေတဲ့ အပင် ကျွန်မကို ပြတယ်၊ သူ ပြလို့ ပိုးဝင်နေမှန်း သိတာပါ၊ ဒီအတိုင်းဆိုရင်တော့ ဘာမှ မသိသာဘူး၊ အဲ... မသိလို့ ဒီအတိုင်းထားရင် တစ်ခင်းလုံး ကူးစက်ပြီး အပင်တွေ ရောဂါရကုန်မယ်၊ မအောင်ဘူးဆိုတဲ့ လူတွေဟာ အဲဒါတွေ နားမလည်လို့ ဖြစ်မှာပေါ့"
" အေးလေး မင်း ကျေနပ်ရင် ပြီးတာပဲ "
မေမေ့ ပန်းခင်းများကို တိုးတိုးတို့ ညီအစ်ကိုပင် ဂရုစိုက် ယုယပေး ကြရသည်။
ညနေ ကျောင်းက ပြန်လာလျှင် တိုးတိုးက ပန်းခင်းများ၌ ပေါင်းနုတ်သည်။ အပင်များ ကျပ်လျှင် ခွဲသည်။ ပိုးဝင်သော အပင်များကို နုတ်ပစ်သည်။ ပန်းခင်း ပေါင်းများ မပျက်အောင်လည်း အမြဲပြုပြင်ပေးသည်။
ပန်းခင်းများ ဘေးတွင် မေမေနှင့် တိုးတိုး စကားလက်ဆုံကျနေသည်ကို ထွေး မကြာခဏ တွေ့ရ၏။
ဇူလိုင်လထဲတွင် မေမေက ထွေးထံ စုံစမ်းသည်။
"တိုးတိုး ဆိုတဲ့ ကောင်လေးဟာ လူကြီးတွေ ရှေ့မှာတော့ တော်တော်ယဉ်ကျေးပြီး လိမ္မာတယ်၊ ကွယ်ရာမှာ ဘယ်လို နေလဲ"
ထွေးက မဲ့ပြသည်။
"ညည်းက ဘာမဲ့တာလဲ"
" မေမေက အခုမှ မေးတာကိုး "
"ဘာ..."
" ထွေး သိတာ ကြာပြီ။ ဒါပေမဲ့ ထွေးက ပြောရင် မေမေက ယုံချင်မှ ယုံမှာ "
"ဘာကို မယုံမှာလဲ"
"တိုးတိုးအကြောင်း"
" အေးလေ... အခု မေးနေတယ် မဟုတ်လား "
"တိုးတိုးက မျက်နှာမပြောင်ဘူး၊ စိတ်မတိုတတ်ဘူး၊ ရန်မဖြစ်တတ်ဘူး၊ မဟုတ်ကဟုတ်က မပြောတတ်ဘူး၊ ပြီးတော့ သူ့အစ်ကို စကားကို သူ သိပ်ရိုသေတယ်"
"ဘာလဲ... သူ့အစ်ကို စကား"
"သူ့အစ်ကိုက သူ့ကို ပြောထားတယ်၊ ဖေဖေနဲ့ မေမေဟာ သူ့ ကျေးဇူးရှင်တွေတဲ့၊ ကျေးဇူးရှင်တွေ ငြိုငြင်အောင် မနေရ မလုပ်ရဘူးတဲ့၊ ထွေးကို သူ လေးလေးစားစားနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်"
မေမေက ခေတ္တငြိမ်နေ၏။
"ငါ စဉ်းစားတယ်။ ဒီကောင်လေး ညနေ ကျောင်းက ပြန်ရောက်တာ နောက်ကျတယ်၊ နောက်ကျတော့ ပန်းခင်းတွေကို ပြုပြင်ပေးဖို့ သိပ်အချိန်မရဘူးပေါ့၊ ညည်း ပြောသလို လိမ်လိမ်မာမာ ဆိုရင် ကားနဲ့ လိုက်ခိုင်းမလို့"
ထွေးက မမျှော်လင့်သော စကားကို ကြားလိုက်ရသဖြင့် မေမေ့မျက်နှာကို တအံ့တသြ ကြည့်သည်။
"တခုတော့ ရှိတယ်၊ ခွေးလေး အရောဝင် ပါးလျက် နားလျက်တက်အောင် ညည်း သိပ်အရောမဝင်နဲ့"
"ဟင်း... အဲဒါတော့ ထွေး တာဝန်မခံဘူး"
"ဘာပြောတယ်"
"တိုးတိုးက ထွေးသူငယ်ချင်း ဖြစ်နေပြီ၊ သူငယ်ချင်းကို သူငယ်ချင်းလို ထွေး ဆက်ဆံမှာပဲ၊ အဲဒါကို အရောဝင်တယ်လို့ မေမေတို့က ပြောရင်"
"မိထွေးနော် နင် တော်တော်ကြီးကျယ်"
" ထွေး ကြီးကျယ်တာ မဟုတ်ဘူး၊ မေမေ့ကို အမှန်အတိုင်း ပြောတာ၊ ဒါပေမဲ့ မေမေ မပူပါနဲ့၊ တိုးတိုးဟာ ထွေးတို့ ကားကို စီးမယ် မထင်ပါဘူး"
"ဘာပြုလို့"
"မသိဘူးလေ၊ ထွေး ထင်တာ ပြောတာ"
မေမေက နားမလည်ဟန် မျက်မှောင်ကြုတ် စဉ်းစားနေ၏။
ထွေး ထင်သည့်အတိုင်းပင် မှန်ခဲ့၏။
နောက်တနေ့ ကျောင်းသွားခါနီး ဒရိုင်ဘာ ကားထုတ်နေသည်ကို ထွေးက အိမ်ရှေ့တွင် စောင့်နေခိုက် ထူးထူးဆန်းဆန်း သူ့စက်ဘီးဟောင်းကြီးနှင့် ထွက်သွားသော တိုးတိုးကို တွေ့ရ၏။
မေမေက ထွက်လာပြီး ပြော၏။
"ညည်း ပြောတာ မှန်တယ်၊ သူ ကားမစီးပါဘူးတဲ့၊ သူ စောစောပြန်ရောက်နိုင်အောင် စက်ဘီးနဲ့ ကျောင်းတက်ပါမယ်တဲ့၊ အေးလေ... ကောင်းသားပဲ"
မိုးမရွာသော တနင်္ဂနွနေ့ တနေ့၌ တိုးတိုးတို့ အိမ်တွင် သီချင်းသွားတက်စဉ် စကားစပ်လျက် ထွေးက မေးသည်။
မေမေက ကားနဲ့ လိုက်ခိုင်းတာ၊ တိုးတိုးက ဘာလို့ ငြင်းတာလဲ တိုးတိုးက မဖြေဘဲ ငြိမ်နေ၏။
"တိုးတိုး မေးတာ ဖြေလေ"
"လူကြီးက ကောင်းတိုင်း ကိုယ်က အခွင့်အရေး မယူရဘူး"
"အို... ဒါ အခွင့်အရေးယူတာမှ မဟုတ်ဘဲ "
"အခွင့်အရေးယူရာ ကျတာပေါ့ ထွေးရဲ့၊ စကားပုံရှိတယ် မဟုတ်လား၊ မျက်နှာသာပေး ရွှေရေးပန်းကန် မတက်ရဘူးတဲ့"
"ဒါဖြင့် ဟိုတနေ့က မိုးတွေ သိပ်သည်းနေလို့ ထွေးက ခေါ်တော့ကော ဘာလို့ မလိုက်လဲ"
တိုးတိုးက မဖြေ။
"ကြည့်... မဖြေပြန်ဘူး၊ မျက်နှာသာပေး ရွှေရေးပန်းကန်တက် တယ်လို့ တနေ့ ထွေးက ပြောမှာ ကြောက်တယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား"
"အို အိုး... မဟုတ်ပါဘူး
"နို့... ဘာပြုလို့လဲ"
" ထွေးကလည်း သိပ်အမေးအမြန်းထူတပ်၊ ရော့ ရော့... စည်းနဲ့ဝါး၊ ထွေတလာလာ ပြီးပြီ၊ အဲဒါ ကျေရင် ဂန္ဓမာတောင်ဘွဲ့ကို အစ်ကိုက သူကိုယ်တိုင် သင်ပေးမယ်တဲ့"
"အို... တကယ်"
ထွေးက စည်းနှင့် ဝါးကို ကောက်ကိုင်ယူသည်။
တိုးတိုးကလည်း မယ်ဒလင်လေးကို ကိုင်၏။
ထွေးက သာယာစွာ စည်းဝါးမှန်မှန်နှင့် ဆို၏။
'ထွေတလာလာ၊ နေမသာသာ၊ ချမ်းပင် ချမ်းမြအေး၊ မှိုင်းမှိုင်းဝေဝေ၊မိုးပင် မိုးကငွေ၊ မှိုင်းမှိုင်းဝေဝေ၊ တောင်လေသုတ်ဖြူး၊ ဆောင်းဦး ဆောင်းဦးဟေမာ၊ ကိုယ်ထီးနေရာမှာ'
ထွေးက သီဆိုရင်းက တိုးတိုးကို ကြည့်နေသည်။
ယခု တိုးတိုးက မယ်ဒလင်လေးကို တီးနေ၏။
တနေ့ ဆိုပါတော့။ နောက်အကြာကြီး နေသော တနေ့မှာ ဆိုပါတော့ တိုးတိုးက တယောလေး တီးနေလိမ့်မည် ထင်သည်။ မိမိကတော့ ယခုလိုပင် တေးဆိုနေမည်။
ဝတ္ထုတွေထဲမှာက တယောတီးသူသည် ဇာတ်လိုက်။ တေးဆိုသူက...
ထွေးက အတွေးကို ဖြတ်ပြီး စည်းမမှားအောင် မနည်း ကြိုးစား လိုက်ရသည်။
'ရွာလာ ရွာလာရော့ရော့စွေ၊ လွမ်းမပြေ ထွေထူးထပ်ချည်ငဲ့လေ၊ သံသရာ ကံဟောင်း ကပ်ချည်လေး...'
အခန်း ( ၉ )
စိန်ပန်းပင်ကြီးအောက်ရှိ ခုံတန်းရှည်၏ တဖက်စွန်း၌ ထိုင်လျက် ကိုစိန်ပန်းက လဲ့လဲ့ ရေးပြီးသမျှသော ဝတ္ထုစာမူမှ နောက်ဆုံးအခန်းကို ဖတ်ကြည့်နေသည်။ ခုံတန်းရှည်၏ အခြားတဖက်စွန်း၌ လဲ့လဲ့က ငြိမ်ငြိမ်လေး ထိုင်နေ၏။
ညနေက တိတ်ဆိတ်နေသည်။ တချက်တချက်တွင် စိန်ပန်းပွင့်လွှာများက မြေပြင်သို့ ပြုတ်ကြွေကျနေ၏။
ကိုစိန်ပန်း၏ ခေါင်းက မော့လာပြီး မျက်နှာက ပြုံးလျက် လဲ့လဲ့ကို ကြည့်သည်။
"မလဲ့လဲ့ ဝတ္ထုက တော်တော်ပြီးလာပြီပဲ"
လဲ့လဲ့က မဲ့မဲ့ကလေး ပြုံး၏။
"ခက်တာက ကျွန်မ ရှေ့ဆက်ရေးလို့ မရတော့ဘူး"
"စာရေးတဲ့ လူတိုင်းဟာ တနေရာ မဟုတ်
တနေရာမှာ ရှေ့ဆက်ရေးလို့မရဘဲ တန့်နေတတ်တယ်လို့ ကျွန်တော် ကြားဖူးတယ်"
လဲ့လဲ့က သက်ပြင်းလေးသာ ချ၏။ ဘာမျှတော့ မပြော။
"မလဲ့လဲ့ နားပြီး ပြန်ရေးရင်တော့ ရေးစရာတွေ ပေါ်လာလိမ့်မယ်လို့ကျွန်တော် ထင်တယ် "
"ကျွန်မ ဆက်ရေးလို့ မရတာ သုံးရက်ရှိပြီ၊ စရေးတုန်းကတော့ လွယ်လိုက်တာ၊ အခုတော့ ဘာမှ ရေးစရာ ပေါ်မလာတော့ဘူး"
"မလဲ့လဲ့ ဘာဆက်ရေးဖို့ ကြိုးစားလဲ"
"ရှင်... ဘာမေးတာလဲ"
"တိုးတိုးတို့ ထွေးတို့ရဲ့ ကလေးဘဝကိုပဲ ဆက်ရေးဖို့ ကြိုးစားသလား၊ ဒါမှမဟုတ် အချိန်ကို ခုန်ကူးတော့မလား"
"ကျွန်မ အဲဒါကို မစဉ်းစားမိသေးဘူး"
သူက ခေါင်းတညိတ်ညိတ် လုပ်၏။
"ဟိုတလောတုန်းက ဝတ္ထုနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတခုကို ကျွန်တော် သွားတက်နားထောင်တယ်။ စာတမ်းရှင်တစ်ဦးက ဝတ္ထုရှည်က အချိန်ရဲ့ ရက်စက်ခြင်း သဘောကို တင်ပြ ဆွေးနွေးသွားတယ်၊ တိုင်ရင်နီအော့(ဖ်) တိုင်း(မ်)လို့ သူက ခေါ်သွားတယ်"
လဲ့လဲ့က မျက်တောင်ကော့များ လှန်၍ သူ့ကို ကြည့်သည်။ သူ့စကား၌ လဲ့လဲ့ စိတ်ဝင်စားလာ၏။
"ဝတ္ထုရှည်ဟာ နေရာနဲ့ အချိန်သဘောက ကင်းလို့မရဘူး၊ ဒါပေမဲ့ သမိုင်းမှတ်တမ်းနဲ့ ပုဂ္ဂလိက ဒိုင်ယာရီတွေက အချိန်ပြတဲ့ စနစ်မျိုးကို မဆင်မခြင် ဝတ္ထုရှည်မှာ သွားသုံးလို့ မရဘူး၊ အနုပညာသဘောကို ထိခိုက်မယ်၊ အနည်းဆုံး ဇာတ်မျောသွားမယ်၊ တခါ ပကတိရုပ်လောကက အချိန်နဲ့ လူ့စိတ်ထဲက အချိန်သဘော ကွာခြားချက်လည်း ရှိသေးတယ်၊ ရုပ်လောကက အချိန်ကတော့ တချိန်က တချိန်ကို အစဉ်မပြတ် ရှေ့ဆက်သွားနေတယ်၊လူ့စိတ်ထဲက အချိန်ကတော့ ရှေ့နောက် ကူးချင်သလို ကူးတယ်၊ တနေရာမှာ ရပ်ချင်လည်း ရပ်နေလိမ့်မယ်၊ ခုန်ကျော်သွားတာလည်း ရှိတယ်၊ အချိန်နှစ်ခု တပြိုင်နက် ယှဉ်ချင်လည်း ယှဉ်နေလိမ့်မယ်၊ လူ့စိတ်ထဲက အချိန်သဘောကို ရုပ်ရှင်က ပိုမိုလွယ်လွယ်ကူကူ ကိုင်တွယ်ပြနိုင်တယ်၊ ဝတ္ထုရှည်ကတော့ အဲဒီသဘောကို ကိုင်တွယ်ပြရ ခက်တာမို့ ခုနက ပြောတဲ့ တိုင်ရင်နီအော့(ဖ်)တိုင်း(မ်) ဆိုတဲ့ အချက် ပေါ်လာသတဲ့၊ ဟောပြောသွားတာကို ကျွန်တော် မှတ်မိလိုက်တာလေ"
လဲ့လဲ့က ငိုင်ငိုင်လေး စဉ်းစားနေပြီးမှ ပျော့ပျော့ပြုံး၏။
"လူ့စိတ်ထဲက အချိန်ဟာ တနေရာမှာ ရပ်ချင်လည်း ရပ်မယ်ဆိုတဲ့ စကားကို ကျွန်မ သဘောကျတယ်။ အခု ကျွန်မ စိတ်ထဲမှာ ထွေးနဲ့ တိုးတိုးတို့ရဲ့ အချိန်တွေဟာ ရပ်သွားပြီး ကျွန်မ... ကျွန်မ... ရှေ့ဆက် ဘာ...ဘာမှ မမြင်... မမြင်တော့ဘူး"
ကိုစိန်ပန်းက လဲ့လဲ့၏ မျက်လုံးများကို ကြည့်လာသည်။ လဲ့လဲ့ကလည်း သူ့မျက်လုံးများကို အားလျော့နေသော စိတ်ဖြင့် ပြန်ကြည့်နေမိ၏။
ကိုစိန်ပန်းက အသာအယာ ရယ်မောလိုက်၏။
"မလဲ့လဲ့ ထင်တာ ဖြစ်ပါလိမ့်မယ်၊ ထွေးနဲ့ တိုးတိုးနဲ့ အချိန်တွေဟာ ရပ်မသွားပါဘူး၊ မရပ်လိုက်ပါနဲ့ မလဲ့လဲ့၊ ထွေးခမျာ မရပ်ချင်ရှာပါဘူး၊ ထွေးဟာ အချိန်ကို ခုန်ကျော်ပြီး ကြည့်နေပြီ"
"ရှင်... ထွေးက အချိန်ကို ခုန်ကျော်ပြီး ကြည့်နေပြီ"
"ဟုတ်ပါတယ် မလဲ့လဲ့၊ မလဲ့လဲ့ နောက်ဆုံး ရေးထားတဲ့ အခန်းကို ပြန်ဖတ်ကြည့်စမ်း၊ ရုပ်ရှင်မှာဆို အချိန်ကို အသာလေး ခုန်ကျော်သွားလိမ့်မယ်၊ တိုးတိုးက မယ်ဒလင်လေး တီးလို့၊ ထွေးက စည်းနဲ့ ဝါးလေး ကိုင်ပြီး သီချင်းဆိုလို့၊ အဲဒီရှုခင်းလေးကို တဖြည်းဖြည်း မှုန်ဝါးလိုက်ပြီး ရှုခင်းအသစ်ကို ဖော်လိုက်နိုင်တယ်၊ အဲဒီရှုခင်းမှာတော့ လုလင်ပျိုလေးတစ်ဦးက တယောတီးနေမယ်။ မိန်းမပျိုလှလှလေး တစ်ဦးက သီချင်းဆိုနေမယ်၊ ဪ... သူတို့ကို မလဲ့လဲ့ မြင်ဖူးပြီးပြီပဲ"
"ရှင် သူတို့ကို ကျွန်မ မြင်ဖူးပြီးပြီ"
"ဟုတ်ပါတယ်။ အင်္ကျီဝါဝါ ထဘီဝါဝါနဲ့ မိန်းမချောလေးကို လိုက်ရှာကြရင်းက ကျွန်တော်တို့ ဒီဝတ္ထုကို ရခဲ့ကြတာ မဟုတ်လား"
လဲ့လဲ့က မသိမသာ နှုတ်ခမ်းကိုက်မိ၏။
"ကျွန်မ အဲ အဲ... ဒီအထိ ရေး... ရေး... ရမလား"
" ရေးရလိမ့်မယ် မလဲ့လဲ့ "
"ဘာပြုလို့လဲ"
"နို့မဟုတ်ရင် ထွေးကို ကျွန်တော်တို့ ဘယ်တော့မှ မိတော့မှာ မဟုတ်ဘူး"
လဲ့လဲ့က ငြိမ်စဉ်းစားပြီးမှ ညည်းညည်း ပြော၏။
" ထွေးကိုကော ကျွန်မတို့ ဘာလို့ လိုက်ဖမ်းရမှာလဲ"
"အဲဒါတော့ လဲ့နှင်းရည်ကို ကျွန်တော်တို့ မေးကြည့်ရလိမ့်မယ်"
"ရှင်..."
" ထွေးကို လှဲနှင်းရည်က တွေ့တာပါ၊ သို့မဟုတ် လဲ့နှင်းရည်က ဖန်ဆင်းတာပါ၊ အဲဒီအတွက် လဲ့နှင်းရည်မှာ အကြောင်းရှိမှာပေါ့"
လဲ့လဲ့၏ ခေါင်းမှာ မူးနောက်လာသည်။ တဝီဝီ အသံများကိုလည်း ကြားရပြန်၏။
"မလဲ့လဲ့ ဘာဖြစ်သလဲ"
"အို အို... ဘာ... ဘာ...မှ မဖြစ်ပါဘူး၊ ခေါင်းထဲ နည်းနည်း ရှုပ်...ရှုပ်သွားလို့"
"မလဲ့လဲ့ စဉ်းစားလွန်းလို့နဲ့ တူတယ်၊ ကဲ... ဒီလိုလုပ်၊ ကျွန်တော်က ကူပြီး စဉ်းစားပေးမယ်"
သူက နေရာမှထပြီး လဲ့လဲ့ရှေ့၌ ဖြည်းညင်းစွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက် တစ်ဦးတည်း သူ့ကိုယ်သူ ပြောဟန်နှင့် လေးလေးပြော၏။
”သံသရာဟောင်း ကပ်ချည်ငဲ့လေး၊ ထွေး နောက်ဆုံး ဆိုသွားတဲ့သီချင်းလေ၊ ကျွန်တော် ဒီစကားကို သိပ်ကြိုက်တယ်၊ သံသရာ ကံဟောင်း ကပ်ချည်ငဲ့လေး၊ သံသရာမှာ ကျင်လည်ရသမျှ ဘယ်သူတွေဟာ ကံ ကံ၏အကျိုးက လွတ်ကင်းမလဲ၊ ထွေး ဆိုတဲ့ ကောင်မလေးနဲ့ တိုးတိုး ဆိုတဲ့ ကောင်လေးဟာ ဘာကြောင့် လာဆုံကြသလဲ၊ ဘာကြောင့်လဲ... ထွေးဟာ တိုးတိုးပေါ်မှာမြင်မြင်ချင်း ကရုဏာလေး ရှေ့ထားမိသလဲ၊ ပုရေနိသင်၊ ဆက်တိုင်း ပြင်သားတဲ့၊ အရှင်မဟာရဋ္ဌသာရက ဒီလို ဆိုတယ်၊ ဘဝါ ဘဝေ အဆက်ဆက်က နှစ်ဖြာ ရေစက် ပြုသမျှမကွာ၊ ဦးပြုံးချိုကတော့ ဒီလို စပ်တယ်၊ ပုရေနိသင်လို့ ပြောပြော၊ နှစ်ဖြာရေစက်လို့ ဆိုဆို အတူတူပါပဲ မလဲ့လဲ့၊ အတူတူပါပဲ၊ ကံ ကံ၏အကျိုးတွေပါ”
လဲ့လဲ့က သူ့ကို အံ့သြစွာ ကြည့်သည်။ သူ့အသံက ဆွေးဆွေးမြည့်မြည့်နိုင်သည်။ ပြောဟန်က ခံစားမှု အင်အားတခုကိုလည်း ပြနေ၏။
"ကံ ကံ၏အကျိုးကြောင့် သူတို့ ဆုံခဲ့ကြရတယ်၊ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ ခြားနားမှုက ရှိနေတယ်။ ဒီခြားနားမှုကို ထွေးက သိပ်သဘောမပေါက်ဘူး၊ ထွေးက သူဌေးရဲ့ အလိုလိုက်ခံရတဲ့ အထွေးဆုံးသမီး၊ စိတ်လေးက မာပြီး ထက်ချင်တယ်၊ တိုးတိုးကတော့ ဘ၀ကို သတိနဲ့ ကြည့်ရသူလေး၊ သူ့ဘဝက သူ့ကို သင်ပေးထားတယ်၊ ဒီတော့ ခြားနားမှုကို သိတယ်၊ သိတဲ့အတိုင်းပဲ အမှား မရှိအောင် သူ ကြိုးစားနေတယ်။ သူ နေတတ်ထိုင်တတ်လို့ပဲ စည်းကမ်းကြီးတဲ့ ထွေးတို့ မေမေဟာ သူ့ကို အလိုက်သိတဲ့.. ယုံကြည်စိတ်ချရတဲ့ သူငယ်လေးတယောက်အဖြစ် မှတ်ယူထားတယ်၊ ငယ်သေးလို့ သူ မပြောတတ်သေးဘူး၊ ဒါပေမဲ့ သူဟာ စိန်ပန်းပင်လို ကျင့်တယ်၊စိန်ပန်းပင်ဟာ တော်ဝင်ပန်း မဟုတ်ဘူး၊ သူ့ကို ဘယ်သူကမှ ခေါင်းမှာ မဆင်ဘူး၊ ဒါပေမဲ့ သူက သစ္စာရှိစွာ ပွင့်တယ်၊ လောကကို နှိမ့်ချစွာနဲ့ အလှဆင်တယ်၊ အနည်းဆုံး ထွေးရဲ့ စိန်ပန်းပွင့်လေးအဖြစ် သူ ရိုးသားစွာနေဖို့ ကြိုးစားတယ်"
သူက ထူးဆန်းသော အပြုံးတချက်ကို ပြုံးပြီး လဲ့လဲ့ကို ရပ်ကြည့်သည်။ လမ်းဆက်မလျှောက်တော့ဘဲ စိန်ပန်းပွင့်နီများဆီ ငေးကြည့်လျက် ဆက်ပြောပြန်၏။
"ထွေးနဲ့ တိုးတိုးတို့ဟာ အပြစ်ကင်းတဲ့ ကလေးဘဝကို ဒီလိုပဲ သန့်သန့်ရှင်းရှင်း ကြင်ကြင်နာနာနဲ့ ကုန်လွန်ခဲ့ကြတယ်၊ လဲ့နှင်းရည်က ဒါကို သိတယ်၊ ဒါကြောင့်လည်း အချိန်ကို ခုန်ကျော်ဖို့ သူ ကြိုးစားတယ်၊ သံသရာ ကံဟောင်းက တမျိုးတဖုံ ကပ်လာတဲ့ အချိန်ဆီကိုလေ"
လဲ့လဲ့ ရင်မှာ သိမ့်သိမ့်ခုန်လာသည်။ သံသရာ ကံဟောင်း ကပ်လာချိန်။ သူက သည်စကားကို ထပ်တလဲလဲ ပြောသည်။ သည်စကားကို လဲ့လဲ့က နားလည်သယောင်ယောင်လည်း ရှိသည်။ ဘာမှန်းတော့လည်း မသိ။ ရင်ကသာ ခုန်လာသည်။
"အဲဒီအချိန်ဟာ ပိတောက်တွေရော စိန်ပန်းတွေပါ ပွင့်တဲ့ သင်္ကြန် အချိန်မှာပါပဲ မလဲ့လဲ့၊ ထွေးရော... တိုးတိုးရော.. ဪ... ကိုကိုလတ်ရော ဆယ်တန်းဖြေပြီးကြတဲ့ အချိန်ပါ၊ ဘဝရဲ့ ချစ်စရာ၊ လွမ်းစရာကောင်းတဲ့ အချိန်လေး တချိန်ပါ၊ ဪ... တခြားသီချင်းတပုဒ်ထဲမှာ ညိုလတ် ဆိုထားတာ ရှိတယ်၊ မနှစ် နွေတုန်းက ပုရစ်ဖူးတွေလည်းစည် ချစ်ဦးချိန်နဲ့ ကြုံရလေသည်တဲ့၊ အင်း... ပုရစ်ဖူးစည်တဲ့ ချစ်ဦးချိန်၊ ဘယ်သူတွေရဲ့ ချစ်ဦးချိန်လဲ၊ ထွေးနဲ့ တိုးတိုးတို့ရဲ့ ချစ်ဦးချိန်လား၊ ကိုကိုလတ်အတွက်ကတော့ကော၊ သူ့အတွက်ကော ချစ်ဦးချိန် မရှိဘူးလား၊ သူလည်းပဲ ထွေးကို သံယောဇဉ် ရှိတယ် မလဲ့လဲ့၊ အမှန်ပြောရရင် သူက ထွေးကို ပိုဆိုင်တယ်၊ ဒါမှမဟုတ် ပိုဆိုင်တယ်လို့ ပြောခွင့်ရှိနေတဲ့သူ၊ သူတို့ သုံးယောက် အဲဒီနွေဦးအလွန်မှာ ဇာတ်လမ်းရှင်းရတဲ့ ပြဿနာ ပေါ်လာတယ်"
ခေါင်းကို ငုံ့လျက် နားထောင်နေရာမှ လဲ့လဲ့က သူ့ကို မော့ကြည့်သည်။ သူကလည်း စကားကို မဆက်တော့ဘဲ လဲ့လဲ့ကိုသာ ပြန်ကြည့်နေ၏။
လဲ့လဲ့က နေရာမှ ဖြည်းလေးစွာ ထလိုက်၏။
"ကျွန်မ သဘောပေါက်ပြီ ထင်တယ် ကိုစိန်ပန်း"
သူက ပြုံးပြီး စာမူစာရွက်များကို လဲ့လဲ့အား လှမ်းပေးသည်။
"ကျွန်မ သွားမယ်"
သူက ဘာမျှမပြော။ လှုပ်လည်း မလှုပ်။
"ကျွန်မ ကြိုးစားပြီး ရေးကြည့်ဦးမယ်"
သူက ပြုံးလျက် ခေါင်းညိတ်ပြ၏။
လဲ့လဲ့က အိပ်မက်တွင်း လမ်းလျှောက်သူကဲ့သို့ မိမိတို့ အိမ်ဘက်ဆီ လျှောက်လာခဲ့မိ၏။
ထိုင်ရဦးမည်။ တွေးရဦးမည်။ ပြီးတော့ ရေးရဦးမည်။
ညဉ့်က နက်ပြီ။ ရေးစရာတွေ ရှိ၍ ရေးချနိုင်စဉ်က ညဉ့်နက်သည်ကို မသိ။
အရုဏ်ဦး ရောင်နီတွေ ပျိုးလေမှ ကလောင်ကို မချချင် ချချင်နှင့် ချခဲ့ရသော အခါများလည်း များစွာ ရှိခဲ့သည်။
ယခုတော့ လဲ့လဲ့သည် စာစမ်းရေးကြည့်မိသည့် ညကကဲ့သို့ပင် ဘာစာမှ မရေးမိ၊ စာရွက်ကြမ်းတခုပေါ်တွင်သာ မျဉ်းဖြောင့်၊ မျဉ်းတွန့်၊ မျဉ်းကွေးများလို ဖြစ်နေမိ၏။
အချိန်ကို ခုန်ရမည်။ အချိန်ကို ခုန်လိုက်တော့ ထွေးက အပျိုချောကလေး။
လဲ့လဲ့က ခေါင်းခါ၏။
ဘာကြောင့် အချိန်ကို ခုန်ရမည်နည်း။ အချိန်ကို ရပ်ထား၍ မရဘူးလော။
သန့်သာ၊ ရှင်းသော၊ ပျော်ဖွယ်၊ ရွှင် ဖွယ် ကလေးဘ၀။ အဲ...သည်ကလေးဘဝမှာ အချိန်ကို ရပ်ထား၍ မရဘူးလော။
တိုးတိုးရယ် ထွေးရယ် ပိတောက်ပင်ကြီးရယ်... ပြီးတော့ စိန်ပန်းပင်ကြီးရယ်။
ရပ်နေသော အချိန်မှာ... ထာဝရဖြစ်သော အချိန်မှာ...လဲ့လဲ့က စိန်ပန်းဟူသော စကားလုံးလေးကို ရေးမိ၏။
ဪ... သည်စကားလုံးလေးနှင့် ငေးကြည့်နေမိပြီးမှ ဆက်ရေးသည်။
စိန်ပန်း... ရယ်တဲ့။ အင်း...စိန် ပန်း ရယ်...တဲ့၊ ဘာဖြစ်သနည်း။
လဲ့လဲ့က မျက်မှောင်ကြုတ်ပြီး ငြိမ်နေသည်။
တစုံတရာသော ခံစားမှုသဘောက မိမိကို လွှမ်းခြုံလာနေသည်ဟု လဲ့လဲ့သည် ရေးရေးထင်၏။
လဲ့လဲ့၏ ဖောင်တိန်ဖျားမှ စာလုံးလေးများသည် တစ်လုံးပြီး တစ်လုံး တဖြည်းဖြည်း ပေါ်လာသည်။
စိန်ပန်းရယ်တဲ့ ထိန်ထိန်နီ
ပွင့်သိင်္ဂီ ရွှေပိတောက်
တောတလျှောက် မကြိုင်မီ
ကဗျာ... ဟုတ်သည်။ ထွေးတယောက် ကဗျာစပ်နေသည်။
စားပွဲမှာ ထိုင်လျက် ထွေး ကဗျာစပ်နေသည်။
မြေသင်းနံ့တွေက မွှေးနေ၏။ ပိတောက်နံ့တွေလည်း ကြိုင်နေ၏။
အခန်း (၁၀ )
'စိန်ပန်းရယ်တဲ့ ထိန်ထိန်နီ၊
ပွင့်သိင်္ဂီ ရွှေပိတောက်
တောတလျှောက် မကြိုင်မီ၊
ပွင့်ဦးတယ်လို့ မာန်မချီ
ရာသီရဲ့ မေတ္တာပန်း။
သူ့ခေါင်းမှာလည်း တဝေဝေ
ငါ့ခေါင်းမှာလည်း တဝေဝေ
ပိတောက်တွေ ဂုဏ်ရှိန်မြင့်ပြန်တော့
လေသင့်ရာ ကိုယ် မမွှေးသူမို့
အရေးမပြိုင်ဆိုင်ဘု
ဖြစ်နိုင်လျှင် ခိုင်ရွှေသွေးကို
ပေးချင်ရဲ့ ကိုယ့်သက်တမ်း...'
ကဗျာလေးကို အထပ်ထပ်ဖတ်ပြီး နောက်ဆုံး၌ ထွေးသည် နှစ်နှစ်ခြိုက်ခြိုက် အားရပါးရလေး ပြုံးလိုက်၏။
ပြီးပြီ။
စိန်ပန်းအကြောင်း ကဗျာလေးတပုဒ် စပ်မည်ဟု ငယ်ငယ်ကတည်းက ခဲထားမိသည်။
ယခုတော့ စပ်ပြီးပြီ။
စာဆိုတော် မဂ္ဂဇင်းသို့ပင် ပို့ရမည်။
ယခုလက ဧပြီ။ မေလထုတ်တော့ မမီတော့။
ဇွန်လထုတ်မှာ ပါအောင်တော့ ဆရာဦးအုန်းသော်ဆီ အမှာစာ ရေးရမည်။
ဇွန်လဦးမှာ စိန်ပန်းတွေ ကျန်သေးသည်။ သည်တော့ ရာသီစာလေး ဖြစ်နိုင်သေးသည်။
ကံကောင်းလျှင် အဖွင့်ကဗျာလေးပင် ဖြစ်သွားနိုင်သေးသည်။
ပြတင်းမှ နံနက်ခင်း၏ လေညင်းသည် အသာအယာ ဝင်လာ၏။
မြေသင်းနံ့တွေက မွှေးနေ၏။ ပိတောက်နံ့တွေလည်း ကြိုင်နေသည်။
ညက မိုးရွာသည်။
ဟိုး... သုံး လေးရက်ခန့်ကတည်းက ပိတောက်ဖူးငုံ စိမ်းစိမ်းလုံးလုံးလေးတွေကို သတိပြု၍ မြင်ခဲ့သည်။
ညက မိုးရွာတော့ ယခု ပိတောက်တွေ ပွင့်ပြီပေါ့။
ညက တစ်ဝက်တပျက်နှင့် မပြီးသော ကဗျာကို နံနက်စောစော ထ၍ ပြန်ကိုင်နေမိသောကြောင့် ပိတောက်ပင်ကြီး ပွင့်၊ မပွင့် မကြည့်မိသေး။
နှစ်တိုင်း ပိတောက်ပွင့်ချိန်နှင့် သင်္ကြန်ရက် မဆုံ။
ယခုနှစ်တော့ ဆုံပြန်ပြီ။
လေမှာ ပိတောက်တွေ မွှေးနေပြီ မဟုတ်လော။
ထွေးက စာရေးစားပွဲမှ ထပြီး အိမ်ရှေ့ ဆင်ဝင်အောက်သို့ ထွက်လာခဲ့၏။
အပြင်ကျမှ ပိတောက်နံ့တွေက ပိုကြိုင်နေသည်။
ထွေးက မွှေးကြိုင်၍ လတ်ဆတ်သော လေကို အားရပါးရ ရှူသည်။
အိမ်ရှေ့မျက်နှာစာတွင် လည်းကောင်း၊ ခြံ၏ လက်ဝဲဘက်တွင်လည်းကောင်း ကျိုင်းတုံဒေလီယာ ပန်းခင်းတို့တွင် ပန်းရောင်စုံ ပွင့်နေသည်။
သည်ပန်းတွေကတော့ မမွှေး။ သို့ရာတွင် တန်ဖိုးရှိသည်။
မေမေ ချစ်သော ပန်းများ...
ထွေးက ပြုံးလိုက်ပြီး စက္ကူပန်းချီကြီး၏ အထက်မှ ကျော်၍ မြင်ရသော ပတ္တမြားပွင့်များနှင့် ရွှေပွင့် ရွှေခိုင်များကို ကြည့်၏။
သည်ပန်းတွေကတော့ ထွေး ချစ်သော ပန်းများ။
ထွေးက ပန်းချုံကို ပတ်ပြီး ထွက်လာခဲ့၏။
ပိတောက်ပင်ကြီးအောက်တွင် မိမိထက် ဦးသူကို တွေ့ရသည်။
" ဟော... တိုးတိုးက ရောက်နှင့်ပြီ "
"မနက်စောစောကတည်းက တိုးတိုး တစ်ခေါက် ရောက်ပြီးပြီ။
ထွေး ဒီနေ့ အိပ်ရာထ နောက်ကျသလား"
" နောက်မကျဘူး၊ ထွေး ကဗျာစပ်နေလို့ "
"ပိတောက်အကြောင်းလား"
"တိုးတိုး ဘယ်လို ထင်သလဲ"
တိုးတိုးက မဖြေဘဲ ထွေးကို ပြုံးကြည့်နေ၏။
"စိန်ပန်းအကြောင်းပါ တိုးတိုးရယ်၊ ထွေးလည်း စိန်ပန်းကို ချစ်ပါတယ်၊ ဪ... တိုးတိုး ထွေးကို စိန်ပန်းခူးပေးမလား"
"ဘာလုပ်မလို့လဲ"
"သိဘူးလေ၊ ဟိုငယ်ငယ်တုန်းကတော့ တိုးတိုးက လှတယ်ဆိုပြီး စိန်ပန်းပွင့်တစ်ခက် ကောက်ပေးတယ်၊ မှတ်မိသေးလား"
တိုးတိုးက သဘောကျဟန်နှင့် ရယ်၏။
"ဒါပေမဲ့ တိုးတိုး တကယ်ခူးပေးတာက ပိတောက်ပါ"
"အခုကော ခူးပေးဦးမလား"
"ခူးပေးမလို့ တိုးတိုး လာကြည့်နေတာ"
"အမယ်လေး... မလုပ်ပါနဲ့ တိုးတိုးရယ်၊ ပိတောက်ပန်း မပန်ရရင် နေပါစေ၊ ငယ်ငယ်တုန်းကလို တိုးတိုး လိမ့်ကျနေပါဦးမယ်"
"တိုးတိုး အပင်ပေါ် မတက်ပါဘူး၊ တိုးတိုး တံချူလေး လုပ်ထားတယ်"
"တကယ်"
"တကယ်... တိုးတိုး သွားယူလိုက်ဦးမယ် နော်၊ ထွေး စောင့်နေ"
တိုးတိုးက သူတို့အိမ်ဘက်သို့ ထွက်သွား၏။
ထွေးက စိန်ပန်းပင်ကြီးကို တလှည့်၊ ပိတောက်ပင်ကြီးကို တလှည့် ကြည့်သည်။ မိမိ စပ်ခဲ့သော ကဗျာမှ စာပိုဒ်လေးကိုလည်း သတိရသည်။
'သူ့ခေါင်းမှာလည်း တဝေဝေ
ငါ့ခေါင်းမှာလည်း တဝေဝေ
ပိတောက်တွေ ဂုဏ်ရှိန်မြင့်ပြန်တော့...'
ပိတောက်ကတော့ ဂုဏ်ရှိန်မြင့်သည်။
ပွင့်ကတည်းက ခေါင်းမှာတင်ရန် ပွင့်လာသည့်ပန်း။
စိန်ပန်းကို ချစ်သော မိမိပင်လျှင် ပိတောက်ဦးကိုတော့ တစ်နှစ် တခါ ခေါင်းမှာ ဆင်လိုက်ချင်သည်။
ဪ... ပိတောက်ဦးဟူသည်ကလည်း တစ်နှစ် တခါသာ ကြုံနိုင်သည့် အလှမျိုး။
အတွေးကောင်းနေသော ထွေးသည် စက်ဘီး ခေါင်းလောင်းသံကြောင့် ခြံဝဆီ လှမ်းကြည့်သည်။
ကိုကိုလတ်က ပိတောက်စည်းကြီး တစ်စည်းကို လက်တစ်ဖက်ဖြင့် ပိုက်လျက် စက်ဘီးစီး ဝင်လာသည်။ သူ့တကိုယ်လုံးလည်း ရေတွေ ရွှဲနေ၏။
ကိုကိုလတ်က ပိတောက်စည်းကြီးကို ထွေးအား လှမ်းပေး၏။
"အဲဒါ ဝယ်လာတာ မဟုတ်ဘူး၊ ကိုယ်တိုင် ခူးလာတာ"
"အမယ်... တယ်ဟုတ်ပါလား၊ ကိုလတ် သစ်ပင် တက်တတ်ပြီပေါ့"
"သစ်ပင် တက်တာများ ဘာခက်လို့လဲ ထွေးရယ်၊ မတက်ချင်လို့ မတက်တာ၊ တက်ချင်တော့လည်း တက်ခဲ့ရတာပေါ့"
"ဒါ ထွေးဖို့ တမင် ခူးခဲ့တာပေါ့
" ထွေးဖို့ မခူးလို့ ဘယ်သူ့ဖို့ ခူးရမှာလဲ"
"မသိဘူးလေ၊ ကိုလတ်မှာက လက်ဆောင်ပေးစရာ လူတွေ များတယ် မဟုတ်လား"
ကိုကိုလတ်က မျက်မှောင် မတွန့်တတွန့်ဖြင့် ထွေးကို စိုက်ကြည့်ပြီးမှ ပြုံးလဲ့လဲ့ဖြင့် ဆို၏။
"အဲဒါ.. ထွေး သိရင် ပြီးရော"
"ဘာပြောတယ်"
"လက်ဆောင်ပေးစရာ လူတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ မပေးဘူး၊ ထွေးကိုပဲ ပေးတယ်၊ မကျေနပ်ဘူးလား"
ထွေး၏ ပါးလေးများ ရဲသွား၏။ ကိုကိုလတ်က စကားတတ်သည်။စကားတတ်သူကို မိမိက သွားစ,မိတော့ ခံလိုက်ရပြီ။
ထွေးက မျက်လွှာချထားပြီး ပန်းစည်းကိုသာ စိုက်ကြည့်နေလိုက်ရ၏။
တိုးတိုးက တံချူသွားယူနေပြီ။ မိမိက ပိတောက်ပန်းတစ်စည်းရနေပြီ။ ဘာလုပ်ရမည်နည်း။
ထွေးက မျက်လွှာပြန်ပင့်လျက် ကိုကိုလတ်ကို ကြည့်သည်။ ကိုကိုလတ် ပခုံးပေါ်မှ ကျော်၍မြင်ရသော သဏ္ဌာန်များကြောင့် ထွေးသည် အလန့်တကြား အော်မိ၏။ ဘာလုပ်မိသည် မသိဘဲ ပန်းစည်းကြီးကို လွှတ်ချ၍ ထွေးက ထွက်ပြေးသည်။
ရေဖလားတစ်လုံးကို ကိုင်လျက် တဟုန်ထိုး ပြေးဝင်လာသော သူ၏လက်ကို ကိုကိုလတ်က ဖမ်းဆွဲလိုက်ရာ ဖလားမှောက်၍ ရေတွေ သွန်ကျ ကုန်သည်။
အသားညိုညို၊ ဂင်တိုတိုနှင့် လူငယ်က ရုတ်တရက် စိတ်မထိန်းနိုင်ဟန်နှင့် ဖလားကို မြှောက်၍ ကိုကိုလတ်ကို ရိုက်မည် ရွယ်၏။ ကိုကိုလတ် ခြေတစ်လှမ်း နောက်ဆုတ် ရပ်လျက် ခါးထောက်ပြီး လူငယ်ကို ပမာမခန့် ကြည့်သည်။
"ကိုကိုလတ်... မင်းက ငါ့ ဘာလို့ တားရတာလဲ"
"သူများ ခြံထဲ ရေဝင်မလောင်းရဘူးကွ ဘလှရ"
"ဒါ သင်္ကြန်ကွ"
"သင်္ကြန်ဆို လမ်းမမှာ လောင်း"
"ဪ.. မင်းကောင်မလေးကို မလောင်းရဘူးပေါ့"
" အေး..."
ဘလှနှင့်အတူ ဝင်လာကြသော လူငယ်နှစ်ဦးက အရိပ်အခြည်ကို ရပ်ကြည့်နေကြသည်။
ဘလှ၏ မျက်လုံးများက မြေပြင်တွင် ကျနေသော ပိတောက် ပန်းစည်းကြီးဆီ ရောက်သွား၏။ ခဏတွင်မူ သူ့နှုတ်ခမ်းများက တွန့်လျက် ပြုံးလာသည်။
ဘလှက ပိတောက်ပန်းစည်းကြီးကို မြေမှ မြောက်အောင် ကန်ပစ် လိုက်သည်။ ပန်းစည်း မြေအကျတွင် ကောက်ယူလိုက်ပြီး ခြံတွင်းမှ တဟုန်ထိုး ထွက်ပြေးသည်။
ဘလှ လုပ်သည်မှာ ရုတ်တရက်နှင့် လျင်မြန်လွန်းရကား ပထမသော် ကိုကိုလတ်သည် ကြောင်လျက် ရပ်ကြည့်နေမိသည်။ နောက်တခဏတွင်မူ ကိုကိုလတ်က ဘလှနောက် ပြေးလိုက်သည်။ ဘလှ၏ အဖော်များကလည်း ကိုကိုလတ် နောက်မှ လိုက်ကြသည်။
ဖြစ်ပျက်သမျှ အိမ်ရှေ့ ခေါက်တံခါးအနီးမှ ထွေးက လှမ်းမြင်နေရသည်။ ထိတ်လန့်ရင်ဖိုနေသော ထွေးသည် သူတို့အားလုံး ပျောက်ကွယ်သွားသည့်တိုင်အောင် အိမ်မှ ထွက်မလာရဲ။
တံချူလေး ကိုင်လျက် တိုးတိုး ပြန်ပေါ်လာမှ ထွေးက ထွက်လာခဲ့၏။
"တိုးတိုး နောင်ဂျိမ်ပွဲ မကြည့်လိုက်ရဘူး"
" နောင်ဂျိမ်ပွဲ "
"ဟုတ်တယ်၊ ဘလှနဲ့ ကိုလတ်ရယ်"
ထွေးက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြ၏။
"ဘလှတစ်ကောင်က သိပ်ဆိုးတာပဲ"
"ဟုတ်တယ်၊ သူတို့ ဆက်ရန်ဖြစ်နေကြဦးမလား မသိဘူး"
"မဖြစ်ကြဘူး ထင်တယ်။ သူငယ်ချင်းချင်းတွေပဲဟာ၊ ပြီးတော့ ဘလှကို ကိုကိုလတ်က ငယ်နိုင်ပါ"
တိုးတိုးက ခြံဝဆီ ငေးကြည့်ရင်း ပြော၏။
ခြံဝမှ ကိုကိုလတ် ပြန်ဝင်လာသည်။ သူ့မျက်နှာက မှုန်ညို တင်းမာ နေ၏။
"ကိုလတ်... ဘာဖြစ်ခဲ့သေးလဲ"
"မဖြစ်ဘူး၊ ဒီကောင် အပြေးသန်တယ်"
"ပန်းစည်းကြီးကော"
"သူ လမ်းဘေးမှာ ချပစ်ခဲ့တယ်။ ခွေးကောင် ခြေထောက်နဲ့ကန်သွားတာမို့ ပြန်မကောက်ခဲ့တော့ဘူး"
ကိုကိုလတ်၏ မျက်လုံးများက တိုးတိုး၏ လက်တွင်းမှ တံချူဆီ ရောက်သွား၏။
" ဟေ့ကောင် တိုးတိုး၊ အဲဒီတံချူနဲ့ ဘာလုပ်မလို့လဲ "
"ပန်းခူးကြည့်မလို့"
ကိုကိုလတ်က ပိတောက်ပင်ကြီးကို မော့ကြည့်၏။ ခဏ၌မူ သူ့ မျက်နှာက ရွှင်လာသည်။
"မင်း တံချူ ငါ့ခဏ ပေးစမ်း"
တိုးတိုးက ကိုကိုလတ်၏ မျက်နှာကို လှမ်းကြည့်သည်။ တံချူကိုတော့ လှမ်းမပေး။ ကိုကိုလတ်က ပိုင်စိုးပိုင်နင်း ဆွဲယူသောအခါ၌ကား မကန့်ကွက်။
ကိုကိုလတ်က ပိတောက်ပင်အောက် သွားရပ်ပြီး တံချူကို မြှောက်ကြည့်၏။
ပိတောက်ပင်ကြီး၏ ပင်စည်က လူတဖက်မက ကြီးမားလှ၏။
ပထမဆုံး ဖြာထွက်သည့် ခွဆုံကလည်း အမြင့်ကြီး။ တံချူက တိုပြီး အပွင့်များရှိရာ မမီ။
ဟိုနေရာ စမ်းချကြည့်၊ သည်နေရာ စမ်းချကြည့် လုပ်ပြီး ကိုကိုလတ်သည် စိတ်ပျက်ဟန်နှင့် တံချူကို မြေပြင်သို့ လွှတ်ချလိုက်၏။
"တိုးတိုး... မင်း တော်တော်ရှော်တဲ့ ကောင်ပဲ၊ ဒီတံချူလေးနဲ့ ဒီအပင်ကြီး မီမလား"
တိုးတိုးက အေးချမ်းစွာ ဖြေ၏။
"စမ်းခူးကြည့်မလို့လို့ အစကတည်းက ပြောထားသားပဲ"
"မင်းတို့ အိမ်မှာ တခြား တံချူရှည်ရှည် ရှိသေးလား"
"ဟင့်အင်း"
"မင်း ဒီအပင်ပေါ် တက်နိုင်သလား"
တိုးတိုး မဖြေမီ ထွေးက ဝင်တားမြစ်၏။
"ဟင့်အင်း မတက်ရဘူး၊ တိုးတိုးလည်း မတက်ရဘူး၊ ကိုလတ်လည်း မတက်ရဘူး၊ ဘယ်သူမှ မတက်ရဘူး၊ ဒီအပင်ကြီး ဘာမှတ်လဲ၊ တိုးတိုး ငယ်ငယ်က လိမ့်ကျပြီးပြီ"
ကိုကိုလတ်က ပိတောက်ပင်ကြီးကို တချက် ကြည့်ပြီး ဆို၏။
"အပင်ကြီးက အိုလှပြီ၊ တို့ အိမ်နားက အပင် အပင်ပျို၊ နိမ့်နိမ့်လေးနဲ့ ပွင့်တယ်၊ နေဦး ကိုယ် ပြန်ခူးလိုက်ဦးမယ်"
ကိုကိုလတ်က သူ့စက်ဘီးဆီ ပြန်သွား၏။
စက်ဘီးပေါ် မတက်မီ သူက အပြုံးတစ်မျိုး ပြုံးပြီး တိုးတိုးကို လှမ်းပြော၏။
" ဟေ့ကောင် တိုးတိုး၊ တံချူတိုတိုလေးနဲ့ ဘယ်တော့မှ ပန်းခူးဖို့ မကြိုးစားနဲ့၊ ကြားလား"
ကိုကိုလတ် ထွက်သွားသောအခါ တိုးတိုးက သူ့တံချူလေးကို ပြန် ကောက်ယူသည်။
"တိုးတိုး ခူးပေးမယ်၊ ထွေးက အောက်က ကောက်၊ အရမ်းတော့ မကောက်နဲ့နော်၊ ပိုးကောင်လေး ဘာလေး ကြည့်"
"ဟင့်အင်း... တိုးတိုး အပင်ပေါ် မတက်ရဘူး"
"အင်းပါ၊ ပိတောက်ပင်ပေါ် မတက်ပါဘူး"
တိုးတိုးက စိန်ပန်းပင်ကြီးဆီ သွားပြီး တံချူကို ဖြာထွက်နေသော ခက်မကြီးတစ်ခု၌ မှီထောင်သည်။ ထိုနောက် စိန်ပန်းပင်ကြီးပေါ်သို့ ပေါ့ပါးလွယ်ကူစွာ တက်သွား၏။
ကျကျနန ထိုင်နိုင်သော ကိုင်းခွဲခွဆုံ တခု၌ နေရာယူပြီးမှ တိုးတိုးက လှမ်းပြောသည်။
" ထွေး တိုးတိုးကို တံချူ လှမ်းပေးပါ "
ထွေးက တံချူကို ယူပြီး တိုးတိုးဆီ လှမ်းပေး၏။
"တိုးတိုး သိပ်ဉာဏ်ကောင်းတာပဲ၊ ထွေး အဲဒီလို မစဉ်းစားမိဘူး"
ရှည်သွယ်သော ပိတောက်ကိုင်းများက နွယ်များပမာ စိန်ပန်းပင်ကြီးဘက်သို့ ညွတ်ကျလျက် ရှိသည်။
စိန်ပန်းပင်ထက်မှနေ၍ တံချူနှင့် လှမ်းကာ တိုးတိုးက ပိတောက်ခက်များကို ချူချပေး၏။
ကြံကြံဖန်ဖန် လုပ်ပြသော တိုးတိုးကိုလည်း သဘောကျသည်။ မြေဆီ ကျလာသော ရွှေပွင့်ရွှေခိုင်များကို တွေ့ရတော့လည်း ဝမ်းသာသည်။
ထွေးက ရွှင်ရွှင်မြူးမြူနှင့် ပိတောက်ခက်များကို လိုက်ကောက်သည်။
ပိတောက်ခက်တွေ အတော်များများ ရသောအခါ ထွေးက လှမ်းခေါ်သည်။
"တိုးတိုး လာဆင်းခဲ့တော့၊ အများကြီး ရပြီ"
"သိပ်မှ မများသေးဘဲ"
"များပါပြီ။ ဆင်းခဲ့တော့၊ လိမ့်ကျနေဦးမယ်"
"လိမ့်မကျနိုင်ပါဘူး ထွေးရဲ့"
"ဟင့်အင်း ဟင့်အင်း... ဆင်းခဲ့တော့"
တိုးတိုး ပြောသကဲ့သို့ ပိတောက်ခက်တို့ မများလှသေးသည်မှာ မှန်သည်။ သို့ရာတွင် အလွယ်တကူ အလှမ်းမီရာ၌ ပိတောက်ပန်းတို့ ကုန်သဖြင့် တိုးတိုးက ရှေ့တိုး ခူးနေသည်ကို မြင်သောကြောင့် စိုးရိမ်ပြီး ထွေးက ဆင်းခိုင်းခြင်း ဖြစ်သည်။
ထွေး အမိန့်ကို နာခံပြီး တိုးတိုးက ဆင်းလာခဲ့ကာ ပိတောက်ခက်များကို ကူကောက်ပေး၏။
ထွေးက ပိတောက်ခက်တွေကို ရင်မှာ အပ်ပြီး အားရပါးရ မွှေးသည်။ ထိုနောက် အသံလေး ထွက်အောင် ရယ်၏။
" ထွေး ဘာလို့ ရယ်တာလဲ "
"ဪ... ဘာပဲပြောပြော ပိတောက်ကို တွေ့ရင် ထွေးတို့ မိန်းကလေးတွေဟာ ရူးကို ရူးတယ်
"ပိတောက်ကို လူတိုင်း ချစ်ပါတယ် ထွေး"
"တိုးတိုးလည်း ချစ်တယ်"
"ချစ်ပါတယ် ထွေးရယ်၊ စိန်ပန်းကို ချစ်တာလည်း တမျိုး၊ ပိတောက်ကို နှစ်သက်တာလည်း တခုခုပေါ့"
"သိပါဘူး၊ တိုးတိုးက ပိတောက်ကို မချစ်ဘူးလားလို့"
" ထွေးရယ်၊ တိုးတိုးလည်း လူပါ "
ထွေးက တိုးတိုးကို တချက် စိုက်ကြည့်၏။
"ဒါဖြင့် ရော့.. တဝက်ခွဲယူ"
"ဟင့်အင်း... ထွေးဖို့ တမင်ခူးပေးတာ"
"တစ်ခက် နှစ်ခက်တောင် ပြန်မလိုချင်ဘူးလား"
တိုးတိုးက ပြုံးရုံ ပြုံးနေ၏။
ထွေးက ရင်၌ ပိုက်ထားသော ပိတောက်ခက်များထဲမှ လှလှလေးတစ်ခက် ရွေးပြီး တိုးတိုးကို ပေးသည်။
ထိုနောက် ကျေနပ်စွာ တချက် ရယ်လျှက် ကိုယ်ကို ချာခနဲ လှည့်ပြီး အိမ်ဆီသို့ မပြေးရုံတမယ်လေး လျှောက်လာခဲ့၏။
မာဇဒါဖင်မီလီယာ ကားစိမ်းလေးကို မောင်းလျက် ထွေးက ခြံတွင်းမှ ထွက်လာခဲ့သည်။
လမ်းမကြီးအတိုင်း အရှေ့ဘက်သို့ လိုက်ခဲ့ပြီးနောက် ကောလိပ်ဝင်း အတွင်းသို့ ချိုးဝင်သည်။
သည်လမ်းတွင် ငယ်စဉ်က စက်ဘီး လျှောက်စီးသည်။ ယခုတော့ ကားမောင်းသည်။ ဖင်မီလီယာကားလေးကို မောင်းရသည်မှာ စက်ဘီးစီးရ သကဲ့သို့ လွယ်ကူပေါ့ပါးသည်ဟု ထွေး ထင်၏။
ကျောင်းအုပ်ကြီး အိမ်အလွန်မှ စ,ကာ အဓိပတိလမ်းမကြီး၏ တစ်ဖက်တချက်၌ တန်းစိုက်ထားသော စိန်ပန်းပင်ပျိုများကို တွေ့ရသည်။
ကောင်းလိုက်သည့် အကြံဉာဏ်။ ကြီးလာကြ၍ ပွင့်ချိန်တွင် သည်တလျှောက်က ပတ္တမြားပွင့်တန်း ဖြစ်လာမည်။
ထွေးက ကျောင်းကြီး၊ မျက်နှာစာ လက်ယာဘက်ရှိ မြေလွတ်တနေရာ၌ ကားကို နောက်ဆုတ်ထိုးပြီး ရပ်ထား၍ ကားပေါ်မှ ဆင်းလိုက်သည်။
ကျောင်းပိတ်ချိန် ဖြစ်သောကြောင့် လူသူရှင်းပြီး တိတ်ဆိတ်နေသည်။ နောက်နှစ်လနီးပါး ဆိုလျှင် ကျောင်းပြန်ဖွင့်သောအခါ ဤကျောင်းဝင်း အတွင်းတွင် ကျောင်းသား၊ ကျောင်းသူတွေနှင့် စည်မည်။ ထိုအခါ ကျောင်းသူလေးတွေထဲတွင် မိမိလည်း ပါတော့မည်။
ပြုံးပြုံးလေး တွေးနေရာမှ တစုံတခုကို သတိရပြီးထွေး၏ မျက်နှာလေးမှာ အနည်းငယ် ညှိုးသွား၏။
ထွေးသည် ဘန့်ပွေးပင်အုပ်ရှိရာ မြေကွက်လပ်သို့ လျှောက်လာ ခဲ့၏။
ပြုပြင်ထားသဖြင့် မြေကွက်လပ်သည် ယခင်ကထက် ပိုမိုညီညာပြီး ပိုမိုကျယ်ဝန်းနေသည်။ ညီညာသည် ဆိုသော်လည်း ပြေပြေလေးမူ လျှောနေသည်။
မြက်တောစိမ်းစိမ်းကို ဖြတ်သွားသော ခြေလမ်းလေးအတိုင်း လျှောက်လာခဲ့၏။
ဘန့်ပွေးပင်အုပ် အရောက်၌ တိတ်ဆိတ်သော ညနေဝယ် လေယာဉ်စီးကာ ပျံ့လွင့်လာသော တယောသံကို ကြားရသည်။
ကုန်းလျှော၏ အနိမ့်ပိုင်းတွင်လည်း ဟိုနား တစ်ပင်၊ သည်နား တစ်ပင်နှင့် ဘန့်ပွေးပင်၊ ကျွဲတညင်းပင်နှင့် ဖက်သန်းပင်တို့ ပေါက်နေကြသည်။
ကုန်းလျှောအတိုင်း ဆင်းပြီး ထွေးက အသံလာရာဆီ ဆက်လျှောက် လာခဲ့၏။
ကုန်းလျှော၏ အခြေကို ဝန်းဝိုက်လျက် နာဂဝံသချောင်းလေးက စီးဆင်းနေသည်။ ရုက္ခဗေဒဥယျာဉ်တွင်း ၀င်ခါနီး၌ ချောင်းရေပြင်သည် ပြန့်ကျယ်သွားပြီး သဘာဝရေကန်တစ်ခု ဖြစ်နေသည်။
ချောင်းကမ်းအထက် မလှမ်းမကမ်းရှိ ဘန့်ပွေးပင် တစ်ပင် အောက်မှ မြေသန့်ရာတွင် ထိုင်လျက် တိုးတိုးက တယောထိုးနေသည်။
တိုးတိုးအနီးတွင် ထွေးက အသာသွားရပ်သည်။
တိုးတိုးက ထွေးကို အပြုံးနှင့်သာ နှုတ်ဆက်ပြီး တယောထိုးမြဲ ထိုးနေ၏။
ထွေးက လက်ကလေးတဖက်ဖြင့် စည်းဝင်လိုက်ပြီး တေးသွားနှင့် တီးကွက်ကို ခေတ္တ နားထောင်ကြည့်သည်။
”စိန်ခြယ်ခြူးသန်းနော်”
တိုးတိုးက တယောထိုးရင်းက ခေါင်းညိတ်ပြသောအခါ ထွေးက ပြုံးယောင်ယောင် မျက်နှာလေး နှင့် မျက်စောင်း ထိုးပြီး ပြော၏။
"မလွမ်းချင်ဘူးဆို"
တိုးတိုးက တယောထိုးလျက်က ရယ်သည်။
ထွေးက သီချင်းစာသားများကို စိတ်တွင်းမှ လိုက်ဆိုရင်း ပတ်ဝန်းကျင်ကို ကြည့်သည်။
မိုးမရွာသော ဇူလိုင်လ၏ ညနေမှာ တိမ်တောက်သဖြင့် ဝင်းလျှံလှပနေသည်။
အရှေ့ဘက်ကောင်းကင် ပြာပြာကြည်ကြည်တွင် ဝိုင်းလုဆဲ ဖိုးလမင်းဖြူဖြူက အစောကြီး ထွက်နေသည်။
အမြင့်လေးမှ ရပ်၍ ဆီးကြည့်ရသောကြောင့် လက်ယာဘက်ရှိ ပင်စည်ဖြူသော ပညောင်ပင်ရင်းအနီး ချောင်းကွေ့တွင်းမှ ရေကြည်ကြည်ကို လှမ်းတွေ့ရသည်။
မြက်ပင်ရှည်နှင့် ချုံပင်ပုတို့ ကွယ်သဖြင့် ချောင်းသည် ပျောက်သွား ပြီးနောက် လက်ဝဲဘက် သစ်တောစပ်တွင် သဘာဝရေကန်လေးအဖြစ် ပြန်ပေါ်သည်။
ကျောက်သားမြေကို ဖြတ်စီးလာသော တောင်ကျချောင်းရေ ဖြစ်သောကြောင့် မိုးတွင်းမှာပင် ရေက ပြာလဲ့လဲ့ ကြည်လင်သည်။
အနီးကပ် သွားကြည့်လျှင် ကြမ်းပြင်မှ ကျောက်တုံး ကျောက်ခဲလေးများကို တွေ့ရမည်။ ရေမျက်နှာပြင်ကလည်း ကောင်းကင်မှ အရောင်စုံကို ပြန်လက်ပြနေမည်။
'စိန်ခြယ်ခြူးသန်း၊ ရေနန်းဘုံလယ်'၊ တိုးတိုး သီချင်း အရွေးကောင်း သည်။
ထွေးက ကိုယ်ကြော့ကြော့လေးကို ဘန့်ပွေးပင်စည်တွင် မှီလိုက်ပြီး
မတ်တတ်ရပ်လျက်နှင့်ပင် သီချင်းကို ရောက်သည့်အပိုဒ်မှ ဝင်၍ အေးအေးလေး ဆို၏။
'ရေနယ်သာဦး၊ ခြူးစိန်နွဲ့ရီ... ဟေမာန်ထွေဟန်၊ လေပြန်လောင်း၊ ရွှေလျှံမောင်းလို့၊ ဒေါင်းယဉ်သာ၊ ဂေါရာစင်္ကြာ၊ ယွန်းလုဖန်မင်း၊ ဂေါယာစင်္ကြာ၊ ယွန်းလူဖန်မင်း'
သီချင်းဆိုရင်းက ထွေးသည် အဝေးသို့ ငေးငေးလေး ကြည့်သည်။
မိုးပြာကို နောက်ခံပြုထားသော တောင်ဝိုင်း တောင်တန်းကြီးက စိမ်းမှောင်နေသည်။ တောင်ထိပ်နှင့် တောင်ယံမှ စေတီတို့က ဖွေးဖွေးဖြူနေ၏။
ဪ... မိုးပြာပေါ်မှ လောကကို ငုံ့ကြည့်နေသော လဝန်းကြီးကလည်း ဖွေးဖွေးဖြူနေသည်။
လဝန်းကြီးကို သည်အတိုင်း မြင်နေရုံမျှနှင့်ပင် ထွေးရင်မှာ အေးမြသည်။ ထွေးက သီချင်း၏ နောက်အပိုဒ်ကို ဆက်ဆိုသည်။
'ပုဏ္ဏမာ၊ ယုန်လွှာခင်း၊ ဘုံသာလင်းလို့ ဝင်းပြေပြေ၊ သပြေဒီပါ အေးမြလေး၊ သပြေဒီပါ အေးမြလေး...'
ဆက်လိုက်လာသော နောက်တစ်ပိုဒ်ကိုမူ ထွေးသည် ပိုမို၍ လှိုက်လှိုက်လှဲလှဲလေး ဆိုသည်။
'ကြေးသွင်းနိတုံ၊ ဆင်းရွှေမှုန်၊ ယမုန်သီတာ ဧရာလမ်း၊ ခွေကာပန်းရ၊လွမ်းမပြေ၊ မယ့်ကို သေစေ၊ ညွှန်းရော့သလား၊ မယ့်ကို သေစေ ညွှန်းရော့သလား'
တိုးတိုးက တယောလေးကို စည်းဝါး နှေးကာ ဖြည်းဖြည်းညင်ညင် ရပ်လိုက်၏။
ထွေးက မျက်မှောင်လေး တွန့်ပြီး ကန့်ကွက်၏။
ရတုပိုဒ် ဘာလို့ ဆက်မတီးလဲ""
"ဟာ... ဒီသီချင်းက လွမ်းလွန်းအားကြီးတယ်၊ ရှေ့ဆက်တီးရင် စိတ်ချမ်းသာစရာတွေချည်းပဲ"
" နို့... အစက ဘာလို့ တီးသေးလဲ "
"အစက အတီးသက်သက်၊ ကိုယ့်ဘာသာ
တယောက်တည်း"
"ဪ... ကိုယ့်ဘာသာ တယောက်တည်း လွမ်းမယ်"
"အား...အင်း..."
" ထွေးကတော့ မလွမ်းရဘူး "
" ထွေးက လွမ်းရတာ ပျော်တယ် ဆိုရင်ကော"
" ထွေးကို မလွမ်းစေချင်ပါဘူး၊ ထွေးကို ပျော်နေစေချင်တယ် "
"အို... တောက်တီးတောက်တဲ့၊ မဟုတ်တာ"
ထွေးက ရယ်မောလိုက်ပြီးနောက် သူ့အနီး၌ ထိုင်သည်။
"အလကားပါ ရှင်ရယ်၊ ဘယ်သူက လွမ်းရတာ ပျော်မလဲ"
နှစ်ဦးသား ခေတ္တတိတ်လျက် ငြိမ်နေကြသည်။
"ဪ... တိုးတိုး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ ပို့လိုက်ပြီးပြီလား"
"မပို့ရသေးဘူး"
"ဘာပြုလို့"
တိုးတိုးက သက်ပြင်းလေးချ၏။
"တိုးတိုး စဉ်းစားနေတုန်းပဲ"
"ဘာလို့ စဉ်းစားနေရလဲ၊ လေးဘာသာ ဂုဏ်ထူးလည်း ရတယ်။ အမှတ်လည်း လေးရာ့ကိုးဆယ်တောင် ကျော်တယ်၊ ဆေးတက္ကသိုလ်ပဲ လျှောက်လိုက်ပေါ့ "
" ထွေးရယ် ဆေးတက္ကသိုလ် တက်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး"
"ဦးလေး ကိုမြငြိမ်းက ဘာပြောလဲ"
"အစ်ကိုကတော့ တက်တဲ့"
"အင်းလေ တက်ပေါ့"
"သူက တက် ဆိုပေမယ့် တိုးတိုး အများကြီး စဉ်းစားရမယ်။
အစ်ကို့မှာကလည်း ကလေးတွေနဲ့၊ တိုးတိုးအတွက် အစ်ကို့မှာ ဝန်ထုပ်ဝန်ပိုး ကြီးမယ်"
"အစမှာသာပါ တိုးတိုးရယ်၊ အခု အစိုးရလက်ထက်မှာ ဉာဏ်ကောင်းပြီး ကြိုးစားတဲ့ ကျောင်းသားတွေအတွက် ဆင်းရဲပေမယ့် မပူရပါဘူး၊ တိုးတိုး ဆေးတက္ကသိုလ်ရောက်ပြီးရင် စကောလားရှစ်ဖြစ်ဖြစ်၊ ပညာသင် ထောက်ပံ့ကြေးဖြစ်ဖြစ် ရမှာ သေချာတယ်"
တိုးတိုးသည် ခေတ္တငိုင်နေပြီးမှ မေး၏။
" ထွေးက တိုးတိုးကို ဆရာဝန် ဖြစ်စေချင်သလား "
"အင်း... ဖြစ်စေချင်တယ်။ တိုးတိုးက စိတ်ထားလည်း အေးချမ်းတယ်။ လူတဖက်သားကိုလည်း သိပ်ကူညီချင်တယ်၊ ပြီးတော့ "
ပြီးတော့ "
"ဟိုသင်းလေ... ဘဝကို ရုန်းကန်ခဲ့ရသူ မဟုတ်လား၊ ဒီတော့ ပြည်သူတွေအပေါ်မှာ ကိုယ်ချင်းစာတရား ရှိမယ်၊ တိုးတိုးဘဝနဲ့ စရိုက်ဟာ ဆရာဝန်အဖြစ်နဲ့ အကိုက်ဆုံးပဲ"
"တိုးတိုးလည်း ဆရာဝန် ဖြစ်ချင်ပါတယ်
" ဖြစ်ချင်ရင် လျှောက်လိုက်ပေါ့၊ တွေးပူမနေနဲ့၊ ထွေး ပြောသလို အဆင်ပြေလာနိုင်တဲ့ လမ်းတွေ ရှိပါတယ် "
" ထွေးကော ဘာလျှောက်မလဲ "
"အိုး... ထွေးအတွက်က လွယ်လွယ်ရှင်းရှင်းလေး၊ အစကတည်းက ဝါသနာပါတဲ့ ဝိဇ္ဇာလိုင်းပဲ ယူတယ်၊ အခု သုံးဘာသာ ဂုဏ်ထူး ရတယ်။ ထွေး လျှောက်နိုင်တာတွေ အများကြီးပဲ၊ ဒါပေမဲ့ ထွေးက မြန်မာစာ အဓိကပဲ ယူမယ်၊ ဘာမှပြဿနာမရှိဘူး၊ အဲ... ကိုလတ်တော့ ဒုက္ခရောက်နေတယ်"
"ဘာပြုလို့"
"စီးပွားရေး လျှောက်ရမလား၊ ပညာရေး လျှောက်ရမလား၊ ဥပဒေ လျှောက်ရမလားနဲ့ ခေါင်းရှုပ်နေတယ်၊ သူက ကောင်းမယ်ထင်တာ လျှောက်နေတာ၊ ဘာဝါသနာပါမှန်းလည်း ကိုယ့်ကိုယ်ကိုယ် မသိဘူး"
" ထွေး ဒီမော်လမြိုင်ကောလိပ်ပဲ တက်မယ်ပေါ့ "
"ဒါပေါ့၊ ထွေးက ကိုယ့်မြို့က ကောလိပ်မှာပဲ ကိုယ် တက်ချင်တယ်။ ပြီးတော့ ဟောဒီ တော၊ တောင် ရေ မြေဝန်းကျင်ကို ထွေး မခွဲချင်ဘူး"
တိုးတိုးကလည်း သက်ပြင်းရှိုက်ပြီး ပြော၏။
တိုးတိုးလည်း ဒီ... ဒီပတ်ဝန်းကျင်ကို မခွဲချင်ပါဘူး
ထွေးက တိုးတိုးကို ကြည့်သည်။ တိုးတိုးက ထွေးကို မကြည့်ဘဲ ခေါင်းငုံ့လျက် မျက်လုံးများကို မြေမှာ စိုက်ထားသည်။
ထွေးက သက်ပြင်းခိုးရှိုက်သည်။ မိမိက တိုးတိုးကို ဆေးတက္ကသိုလ်သို့ သွားရန် တိုက်တွန်းနေမိသည်။ တိုးတိုး ဆေးတက္ကသိုလ်သို့ သွားလျှင် သည်တော၊ တောင်၊ ရေ၊ မြေနှင့် သည်ပတ်ဝန်းကျင်ကို ခွဲခွာသွားရမည်။
ပတ်ဝန်းကျင် ဆိုသည့်အထဲတွင် မိမိလည်း ပါသည်။ ပါမည် ထင်၏။
ထွေးသည် ရင်နင့်ချင်သော အတွေးကို မောင်းထုတ်လိုက်ပြီး တွေးခေါ်မြော်မြင်မှု စကားကို ဟန်လုပ်၍ ပြော၏။
"ပျော်ရာမှာ မနေရတဲ့၊ တော်ရာမှာသာ နေရမတဲ့၊ အဲဒီစကားဟာ တိုးတိုးအတွက် ပိုမှန်တယ်၊ ဪ... ဦးလေး ကိုမြငြိမ်း ပြောခဲ့တဲ့ စကားတခုကို ထွေး သွားသတိရတယ်"
"အစ်ကိုက ထွေးကို ဘာပြောလဲ"
"ကြာပြီ၊ ငယ်ငယ်တုန်းက ဟို တိုးတိုး ထွေးကြောင့် သစ်ပင်ပေါ်က လိမ့်ကျတုန်းကလေ"
"တိုးတိုး ထွေးကြောင့် လိမ့်ကျတာ မဟုတ်ပါဘူး"
"ထားပါလေ၊ တိုးတိုး သစ်ပင်ပေါ်က လိမ့်ကျပြီး နေမကောင်းလို့အိပ်နေတုန်း ထွေး သတင်းလာမေးတယ်၊ အဲဒီတုန်းက ဦးလေး ကိုမြငြိမ်းက ပြောတယ်။ သူ ငယ်ငယ်က စာမကြိုးစားလို့ ကြီးတဲ့အခါမှာ ဆင်းရဲရသတဲ့၊ သူ ဒါကြောင့် တိုးတိုးကို ကျောင်းထားတာတဲ့၊ တိုးတိုးက ဉာဏ်လည်း ကောင်းတယ်တဲ့"
"ထွေးက ဘာလို့ အဲဒီစကားကို အခု ပြန်ပြောတာလဲ"
"ဪ... ဘဝမျှော်မှန်းချက်လေ၊ လူတိုင်းမှာ ရှိကြတဲ့ ဘဝမျှော်မှန်းချက် အကြောင်းတော့ လူတိုင်း နားလည်နိုင်တယ်၊ ဒါပေမဲ့ တိုးတိုး သိရဲ့လား၊ တချို့လူတွေကျတော့ ကိုယ်ချစ်ခင်တဲ့သူရဲ့ ဘဝအတွက်ကို ကိုယ့်ဘဝလိုပဲ မျှော်မှန်းချက် ထားတတ်ကြတယ်"
တိုးတိုးက ထွေးကို ကြည့်သည်။ ထွေးက မျက်လုံးချင်း အဆိုင်မခံဘဲ အဝေးသို့ လှမ်းကြည့်နေ၏။
" ထွေး ပြောတာ တိုးတိုး သိပ်နားမလည်ဘူး "
"တိုးတိုးကလည်း နားဝေးလိုက်တာ၊ တိုးတိုးဘဝ အောင်မြင်တာကို ဦးလေး ကိုမြငြိမ်းက တွေ့ချင်မှာပေါ့လို့"
ထွေးက လည်တိုင်လေး ငဲ့စောင်းလေး စောင်းပြီး တိုးတိုးကို ကြည့်လျှက် ပြော၏။
တိုးတိုးကလည်း ထွေးကို စူးစူးစိုက်စိုက်လေး ပြန်ကြည့်သည်။ ပြီးမှ ခေါင်းအသာညိတ်လျက် ပြော၏။
" ထွေး ပြောတာ တိုးတိုး သဘောပေါက်ပြီ၊ ထွေး တိုက်တွန်းတဲ့အတိုင်း တိုးတိုး လုပ်ပါတော့မယ် "
ထွေး၏ မျက်နှာလေးက ရွှင်သွားပြီး ပြော၏။
"ကဲ... တစ်ပုဒ် တီးဦး"
"ဘာတီးရမလဲ"
ထွေးက ဘန့်ပွေးပင်ကို မော့ကြည့်ပြီးမှ ဖြေသည်။
" မြမြမောင်းမောင်း "
"မိုးတွင်းကြီး နွေသီချင်း တီးရမယ်"
"စိတ်ထဲမှာ နွေရောက်ကြည့်လိုက်ရင် ရတာပဲ"
" ထွေး ဘာပြောတာလဲ "
"ကြည့်... သိပ်အမေးအမြန်း ထူတာပဲ၊ ထွေး ဆိုချင်တဲ့သီချင်း ဆိုမှာပေါ့"
တိုးတိုးက တယောလေး တီးပေးရ၏။ ထွေးက သီဆို၏။
" မြမြမောင်းမောင်း၊ ပြာညိုရွှေ... တိမ်ခြေ ငွေနှင်းပေါင်း”
ပတ်ပျိုးလေး ဆုံးအောင် ဆိုပြီးသောအခါ တိုးတိုးနှင့် ထွေးတို့က
ကုန်းလျှောလေးကို တက်ကာ နှစ်ကိုယ်ယှဉ်တွဲလျက် ပြန်လာကြသည်။
မြေကွက်လပ်အလယ် အရောက်တွင် တိုးတိုးက ရုတ်တရက် ပြော၏။
" ထွေး... ဟိုမှာ ကိုကိုလတ်ရယ် "
"ဘယ်မှာလဲ"
"ကားဘေးမှာလေ"
ထွေးက လှမ်းကြည့်၏။
စက်ဘီးကို မလှမ်းမကမ်း၌ ထောင်ထားသည်။ ကိုကိုလတ် ကိုယ်တိုင်ကတော့ ထွေး၏ကားကို မှီရပ်လျက် စီးကရက်တစ်လိပ်ကို ဖွာနေ၏။
ထွေးက ခေါင်းလေးကို မော့ကာ မျက်နှာလေး တည်တည်ထားလျှက် ဆက်လျှောက်၏။
ကားအနီး ရောက်သောအခါ ထွေးက ဣန္ဒြေရရပင် မေး၏။
"ကိုလတ် ရောက်နေတာ ကြာပြီလား"
"အင်း ကြာပြီ"
"ဘာလို့ ထွေးတို့ဆီ မလာခဲ့လဲ"
"အနုပညာရှင်ကြီးတွေ အနုပညာနဲ့ သာယာနေကြတာ မနှောင့်ယှက်ချင်တာနဲ့ ကိုယ်က ကားစောင့်ပေးနေတာ"
"အား... ကျေးဇူးကမ္ဘာပါတဲ့ ကိုလတ်"
ကိုကိုလတ်က သူ့နှုတ်ခမ်းပါးများကို တွန့်၍ပြုံးပြီး ထွေးကို စိုက်ကြည့် နေ၏။ တိုးတိုးကမူ တယောလေးကို ပိုက်ပြီး ငြိမ်ငြိမ်ရပ်နေ၏။
"ကိုလတ်ကော တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ တင်လိုက်ပြီလား"
"တင်လိုက်ပြီ"
"ဘာဦးစားပေးလဲ"
"ရလာတော့ သိလိမ့်မယ်"
"အခု ဘာလို့ မပြောရတာလဲ"
"မသေချာဘဲ ကိုယ်က မကြွားချင်ဘူး၊ နှုတ်ခမ်းမွေး မနိုင်ဘဲနဲ့ ပဲကြီးဟင်းလည်း မသောက်ချင်ဘူး"
"ဘာပြောတယ်"
ကိုကိုလတ်က မဖြေဘဲ တဟဲဟဲသာ ရယ်နေ၏။
တိုးတိုးက ငြိမ်နေရာမှ လှုပ်ရှားလာပြီး နှုတ်ဆက်၏။
" ထွေးတို့ စကားပြောရစ်ကြဦး၊ တိုးတိုး ပြန်မယ် "
"ဘာလို့ ပြန်နှင့်ရမလဲ၊ ထွေးနဲ့ လိုက်ခဲ့"
တိုးတိုးက ထွေး၏ မျက်နှာကို ကြည့်သည်။
ထွေးမျက်နှာလေးက တင်းတင်း ရှိသည်။ မျက်လုံးလေးများကလည်း မာနေ၏။
ထွေးက ကိုကိုလတ်ဘက် လှည့်ပြီး ပြော၏။
"ကိုလတ်ကော လိုက်မလား"
"စက်ဘီးကြီးနဲ့ ဘယ့်နှယ်လုပ် လိုက်မလဲ"
"အဲဒါဖြင့်လည်း ပြီးရော၊ ထွေးက ခေါ်ပါတယ်နော်"
"အား အား... ကျေးဇူးကမ္ဘာပါပဲ"
ထွေးက သော့လှည့် ကားတံခါး ဖွင့်ပြီး မောင်းသူ ထိုင်ခုံတွင်ထိုင်လျက် တစ်ဖက် တံခါးကို ဖွင့်၍ တိုးတိုးကို တက်စေသည်။
ကားထွက်ခဲ့ပြီး အတန်လေးကြာမှ တိုးတိုးက မေးသည်။
"တိုးတိုးဘာသာ ဘာလို့ လျှောက်မပြန်ရတာလဲ"
"ကိုလတ် မျက်နှာထားကို မကြိုက်လို့"
"ဘယ်လို..."
"တိုးတိုးကလည်း သိပ်အ,တာပဲ၊ တိုးတိုးက တခြား၊ ထွေးကတခြား ပြန်သွားကြရင် ကိုလတ်က ဘယ်လို အဓိပ္ပာယ်ကောက်မလဲ"
တိုးတိုးက ငြိမ်နေပြီးမှ မေးပြန်သည်။
"အခု ထွေးကားနဲ့ တိုးတိုး တက်လိုက်လာတာ တွေ့လို့ ဒေါ်ဒေါ်က မေးရင် ဘာပြောမလဲ"
"အမှန်အတိုင်း ဖြေလိုက်ရုံပေါ့ "
"အင်..."
"လမ်းကြုံလို့ တိုးတိုးကို ထွေး တင်ခေါ်လာတယ်၊ ဘာဖြစ်သလဲ"
တိုးတိုးက ဘာမျှ မပြောတော့။ ထွေးကသာ ကားလေးကို မှန်မှန် မောင်းလာခဲ့၏။
ထွေးက ကားကို အိမ်ရှေ့ဆင်ဝင်အောက်၌ ရပ်သည်။
တိုးတိုးက ဆင်းပြီး နှုတ်ဆက်၏။
" ကျေးဇူးပါပဲ ထွေး "
" ကျေးဇူးလုပ်မနေနဲ့၊ ထွေး လျှောက်ခိုင်းထားတာကို လျှောက်"
" ကောင်းပါပြီ ထွေးရယ် "
ထွေး ကားပေါ်မှ ဆင်းလာသောအခါ ဧည့်ခန်းဝ၌ ရပ်နေသော မေမေက ဆီးမေးသည်။
"တိုးတိုးက ဘယ်က ပါလာတာလဲ"
"လမ်းကြုံလို့ တင်ခေါ်လာတာ မေမေ"
မေမေက မျက်နှာထားတစ်မျိုးနှင့် ကြည့်နေသည်ကို သတိထားမိသော်လည်း ထွေးက
ဣန္ဒြေ မပျက်ဘဲ အိမ်တွင်းသို့ ဝင်လာခဲ့သတည်း။
ရထားထွက်ရန် ငါးမိနစ်သာ လိုတော့ကြောင်း ကြေညာသံ ပေါ်လာ၏။ ကိုကိုလတ် အလျင် ထွေးကို နှုတ်ဆက်၏။
"သွားမယ် ထွေး"
"သွားတော့ ကိုလတ်၊ စာလည်း ကြိုးစားနော်"
"အား... ကိုယ် ကလေး မဟုတ်တော့ဘူး"
ကိုကိုလတ်က ကျန်သူငယ်ချင်းများကိုပါ နှုတ်ဆက်ပြီး သူ့ အဖော် နှစ်ဦးနှင့်အတူ အထက်တန်းတွဲဆီ သွက်သွက်လျှောက်သွား၏။
ကျောင်းသူ ကျောင်းသား အများစုက ရိုးရိုးတန်းနှင့် သွားကြသည်ဖြစ်သောကြောင့် လိုက်ပို့သူ အများစုမှာလည်း ရိုးရိုးတန်းတွဲဘေးတွင်သာ ရှိနေကြသည်။
အခြား ကျောင်းသူ ကျောင်းသားများ တွဲပေါ်သို့ တက်ကုန်ကြပြီဖြစ်သော်လည်း တိုးတိုးက ပလက်ဖောင်းပေါ်တွင် ကျန်နေရစ်သည်။
ထွေးက သတိပေးသည်။
"တိုးတိုးက တက်တော့လေ၊ ရထား ထွက်တော့မယ်"
တိုးတိုးက ကိုမြငြိမ်းကို အလျင် နှုတ်ဆက်၏။
"ကျွန်တော် သွားတော့မယ် အစ်ကို"
ကိုမြငြိမ်းထံမှ အသံထွက်မလာ။
ညီကို စိုက်ကြည့်နေသော သူ့မျက်လုံးများ၌သာ မျက်ရည်တို့ လျှံနေ၏။
တိုးတိုးက သူ့အစ်ကိုထံမှ မျက်နှာလွှဲလိုက်ပြီး ထွေးဘက် လှည့်လိုက်၏။
တိုးတိုး၏ မျက်လုံးများတွင်လည်း မျက်ရည်တို့ လျှံနေသည်။
ထွေးလည်း မျက်ရည်စို့လာ၏။
တိုးတိုးက ထွေး၏ မျက်နှာလေးကို အကြာကြီး စိုက်ကြည့်နေ၏။
ထွေးရင်မှာ ဆို့လည်း ဆိုသည်။ ဖိုလည်း ဖိုသည်။ အံ့လည်း အံ့သြသည်။
ယခုကဲ့သို့ တိုးတိုးသည် ဘယ်တုန်းကမှ မိမိကို အကြာကြီး စိုက် မကြည့်ဖူး။
"တိုးတိုး သွားပြီ ထွေး"
ထွေးက ပါးစပ်လေး ဟ၍ တိုးတိုးကို ကြောင်ကြည့်မိသည်။
တိုးတိုး နှုတ်ဆက်ပုံက တစ်မျိုးကြီး။ သွားမယ် မဟုတ်၊ သွားပြီ။
"သွား... သွားတော့၊ တိုး... တိုးတိုး၊ စာ... စာရေးနော်"
တိုးတိုးက ခေါင်းလည်း မညိတ်၊ နှုတ်နှင့်လည်း မဖြေဘဲ ထွက်လိမ့်စ ရထားပေါ်သို့ တက်သွား၏။
ပလက်ဖောင်းပေါ်ရှိ လိုက်ပို့ကြသော ကျောင်းသူ ကျောင်းသားများက လက်များ ပြကြသည်။ တွဲပေါ်ရှိ ကျောင်းသူ ကျောင်းသားများကလည်း လက်များ ပြ၍ ရထားကြီး ဆောင်ရာ ပါသွားကြသည်။
အထက်တန်းတွဲမှ ကိုကိုလတ် လက်ပြသည်ကိုလည်း မြင်သည်။
ရိုးရိုးတန်းမှ တိုးတိုး လက်ပြသည်ကိုလည်း မြင်သည်။ ရထားကြီး အဝေးသို့ ရောက်သွားသည်အထိ ထွေးက လက်မြှောက်ပြလျက် ရပ်နေ၏။
တစုံတယောက်က အော်သည်။
"ကဲဟေ့... သွားကြမယ်၊ သင်္ဘောပေါ် နေရာကောင်းမရဘဲ နေဦးမယ်"
လိုက်ပို့ကြသော ကျောင်းသူ ကျောင်းသား အားလုံး ဆိပ်ကမ်းသို့ တစုတဝေး ပြန်ဆင်းကြရာ ထွေးနှင့် ကိုမြငြိမ်းတို့က နောက်မှ လိုက်လာကြ၏။
ထွေးတို့က သင်္ဘောပဲ့ပိုင်း အပေါ်ထပ်မှ စီးကြသည်။
ထွေး၏ သူငယ်ချင်းမတစ်ဦးက ပြောသည်။
"အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့် ရတဲ့ သူငယ်ချင်းတွေကို လိုက်ပို့ရတော့ ဝမ်းသာသလိုလို၊ အားကျသလိုလို၊ ဝမ်းနည်းသလိုလို"
အခြားတစ်ယောက်က ဆို၏။
"အဲဒါ တို့အတွက်ပါ၊ ထွေးတို့က အမှတ်ကောင်းလျက်နဲ့ တမင်မသွားချင်လို့ မသွားတာ"
"ထွေးက အသက်မွေးဝမ်းကျောင်း တက္ကသိုလ် သွားဖို့မှ မလိုဘဲ၊စာရေးဆရာမကြီး ဖြစ်နေပြီဟာ"
"စာရေးဆရာမကြီး မဟုတ်ရသေးပါဘူး နုနုရယ်၊ ထွေးက ခု ကဗျာဆရာမ ပေါက်စလေးပါ"
"အဲ... ကဗျာဆရာမလေး၊ အခု အလွမ်းကဗျာ ကောင်းကောင်း စပ်နိုင်ပြီပေါ့ "
" နုနုပြောတာ တို့ နားမလည်ဘူးဟေ့ "
"ဪ. ဌေးဌေးကလည်း၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သော် ဆိုတဲ့ စာမျိုးက ခွဲခွာနေရမှ အသည်းနှလုံးက ပေါ်လာတာမျိုး၊ တခုပဲ ရှိတယ်၊ ငှက်သွင်ပျံကြွနိုင်ရင် ခမျာ ဘယ်ဆီ နားမလဲ၊ ကံ့ကော်တောလား... မင်္ဂလာဒုံမှာလား"
"နားမလည်သေးဘူး"
"ဥပဒေသင်တန်းက ကံ့ကော်တောမှာ၊ ဆေးတက္ကသိုလ် (၂) က မင်္ဂလာဒုံမှာ၊ ကဲ... ရှင်းပြီလား"
" နုနုနော် ဘာတွေ လျှောက်ပြောနေတာလဲ "
ဟု ဆို၍ ထွေးက နုနု၏ လက်မောင်းကို ထုသည်။ ဌေးဌေးနှင့် နုနုတို့က ရယ်နေကြ၏။
သင်္ဘောက သံလွင်မြစ်လယ်သို့ ရောက်လာသည်။ မိုးမြူတွေ လွမ်းသဖြင့် မုတ္တမဆိပ်ကမ်းသည် မှုန်မှုန်ဝေဝေနှင့် အဝေးမှာ ကျန်ရစ်သည်။
မြစ်ပြင်က ပင်လယ်နှင့် တူသည်ဟု ထွေးစိတ်မှာ ထင်မိသည်။
အမှန်မှာလည်း ဘီလူးကျွန်းကြီးသာ ခံမနေလျှင် သည်နေရာက ပင်လယ်ကွေ့။
မြမြမောင်းမောင်း ပတ်ပျိုးမှ နောက်ဆုံးစာပိုဒ်က ထွေး၏ ရင်တွင်ပေါ်လာ၏။
'ညှိုးငယ်ခွေယိမ်းနွမ်း၊ ပူပုံပန်း ရွှေပင်လယ်၊ အို... ကြာနှယ်၊ ကွာရေဝေး၊ မြင်လာပါပဲ ဆွေး'
မည်မျှ ဟန်လုပ်ထားသည် ဖြစ်စေ မိမိအသွင်က ညှိုးနေမည်။
သတိပြုမိသွားက နုနုတို့ ပိုစ,တော့မည်။
ထွေးက ဣန္ဒြေလေးဆောင်ပြီး နေရာမှထကာ သင်္ဘောတဖက် ဘေးလက်တန်းအနီးတွင် ရပ်လျက် အဝေးဆီ ငေးပါလာသော ကိုမြငြိမ်းဆီ လျှောက်သွား၏။
ကိုမြငြိမ်းက ထွေးကို လှည့်ကြည့်သည်။ သူ့မျက်လုံးများတွင် မျက်ရည်တို့ ဝဲနေဆဲ။
"မခွဲဖူးတော့ ဦးလေး ကိုမြငြိမ်း စိတ်ထိခိုက်မှာပေါ့ နော်"
ကိုမြငြိမ်းက မဖြေဘဲ ထွေး၏ မျက်နှာကို စိုက်ကြည့်မြဲ ကြည့်နေသည်။
"မမကြီး တက္ကသိုလ်ကို သွားတုန်းက မခွဲဖူးတော့ စိတ်ထိခိုက်တယ်တဲ့။ နောက်တော့လည်း ရိုးသွားတာပဲတဲ့၊ မေမေ ပြောဖူးတယ်၊ ဦးလေး ကိုမြငြိမ်းလည်း ရိုးသွားမှာပါပဲ။ ပြီးတော့ တစ်နှစ်ကို နှစ်ခါ ကျောင်းပိတ်ထားတာပဲ၊ ကြာကြာ မခွဲရပါဘူး"
ကိုမြငြိမ်းက မျက်ရည်ဝဲလျက်နှင့် ပြုံး၏။
"ဒါပေမဲ့ တိုးတိုးက ကျောင်းပိတ်ပေမယ့် ပြန်မလာရတော့ပါဘူး"
"ရှင်... ဘာပြုလို့"
"တိုးတိုးက မန္တလေးကို ပြန်ရမယ်၊ နောင်နှစ်တွေမှာ မန္တလေးဆေးတက္ကသိုလ်ကို ပြောင်းပြီး ဘထွေး ဆရာတော်ကျောင်းကပဲ ဆက်တက်ရမယ်"
ထွေးက မျက်လုံးလေး ပြူးသွားပြီး ကိုမြငြိမ်း၏ လက်မောင်းကို လက်လေးတစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် မေးမိသည်။
"ဘာပြုလို့လဲ ဟင် ဦးလေးကိုမြငြိမ်း၊ ပိုက်... ပိုက်ဆံ မတတ်နိုင်လို့လား"
ကိုမြငြိမ်းက ငိုင်နေသည်။ အတန်ကြာမှ ပြန်မေးသည်။
"တိုးတိုးက ထွေးကို ဘာမှ ပြောပြမသွားဘူးနော်"
"ဟင့်အင်း..."
"နောက်တော့ သူ ထွေးဆီ စာရေးပါလိမ့်မယ် ထင်တယ်၊ အင်းလေ သူက မပြောပြလည်း နောက်တော့ ထွေး သိလာပါလိမ့်မယ်"
"ဘာမို့လို့လဲ ဟင် ဦးလေး၊ ထွေးကို မပြောပြနိုင်ဘူးလား""
"ဦးလေး မပြောချင်ဘူး၊ ဦးလေး ရင်နာတယ်"
ကိုမြငြိမ်းက အလွန်စိတ်ထိခိုက်ဟန် မျက်နှာထားနှင့် ထွေးကို ကြည့်ပြီးနောက် သင်္ဘောအောက်ထပ်သို့ ဆင်းပြေးသည်။
ပဟေဠိ...
ထွေးအတွက် ပဟေဠိ
ပဟေဠိ၏ အဖြေကို ယင်းနေ့ညမှာပင် ထွေး သိရသည်။
ရင်တွင်း၌ ဟာနေသော ထွေးက စာရေးစားပွဲတွင် ထိုင်ပြီး ကဗျာ စပ်ကြည့်သည်။ ဘာကဗျာမှ စပ်မရ။
ခံစားမှု ရှိလျှင် ကဗျာစပ်၍ ရမည်ဟု အစက ထွေး ထင်သည်။
ခံစားမှုက ကြီးလွန်းပြန်တော့ စာတစ်လုံးမျှ ရေးချ၍ မရ။
ဪ... ရင်ဟာသည်ကိုရော ခံစားမှု စာရင်းမှာ သွင်းနိုင်ပါ၏လော။
မေမေက ဝင်လာပြီး ထွေး၏ ခုတင်ပေါ်၌ ထိုင်သည်။
မေမေ့မျက်နှာက တည်သည်။ တင်းသည်ဟုပင် ခေါ်နိုင်၏။
"မိထွေး... ညည်း တက္ကသိုလ် တက်တော့မယ်၊ ဒီတော့ ညည်း ကလေး မဟုတ်တော့ဘူး"
ထွေးက မေမေ့ကို အံ့သြစွာ ကြည့်သည်။
မေမေ့စကားကတော့ မဆန်း။ မေမေ့ အမူအရာနှင့် ပြောဟန်က ဆန်းနေသည်။
"ညည်းကို အထွေးဆုံးဆို တို့ အလိုလိုက်ထားခဲ့တယ်၊ ဒါပေမဲ့ အလိုလိုက်မှုမှာ အကန့်အသတ် ရှိတယ်၊ ဒီနေ့ကစပြီး ညည်း ဒါကို ပြတ်ပြတ်သားသား သိထားရမယ်၊ အခု ငါ ဒီစကားကိုလည်း ညည်းအဖေနဲ့ တိုင်ပင်ပြီးမှ ပြောတာ"
မေမေ့စကားက ပို၍ဆန်းလာ၏။
ထွေးသည် ပါးစပ်လေး ဟ၍ မေမေ့ကိုသာ ကြည့်မိ၏။
"ညည်းနဲ့ တိုးတိုး နေပုံထိုင်ပုံကို ငါ မကြိုက်ဘူး၊ ဒါပေမဲ့ ဆင် အိပ်ရာ ဆိတ်နှိုး ဖြစ်မှာစိုးလို့ ငါ မပြောခဲ့ဘူး၊ ကဲ... အခုမှပဲ မေးတော့မယ်၊ ညည်းနဲ့ တိုးတိုး ဟိုတလောက တစ်ညနေ ကောလိပ်ဝင်းထဲမှာ ဘာသွားလုပ် ကြလဲ"
ထွေး၏ ကိုယ်လေးမှာ တောင့်သွား၏။
"မေမေ့ကို ကိုလတ်က ဘာပြောလဲ"
"ကိုကိုလတ်ကို ဘာမှ အပြစ်တင်မနေနဲ့၊ သူက ဝတ္တရားမို့ တိုင်တာ၊ ငါ မေးတာ ဖြေဦး၊ ညည်းတို့ ဘာသွားလုပ်ကြလဲ"
"တိုးတိုးက တယောထိုးတယ်၊ ထွေးက သီချင်းဆိုတယ်၊ ပြီးတော့ ရှေ့ရေး တိုင်ပင်ကြတယ်"
"ဘာ ရှေ့ရေး"
"တိုးတိုးရဲ့ ရှေ့ရေးပါ၊ တိုးတိုးဟာ ဆေးတက္ကသိုလ် ဝင်နိုင်တဲ့အမှတ် ရရဲ့သားနဲ့ ဝင်ဖို့ မဝင်ဖို့ ချီတုံချတုံ ဖြစ်နေတယ်၊ ထွေးက ဆေးတက္ကသိုလ်ပဲ လျှောက်ဖို့ တိုက်တွန်းတယ်"
"ညည်းက ဘာလို့ တိုက်တွန်းရတာလဲ"
"သူငယ်ချင်းတစ်ယောက်ကို ကြီးပွားစေချင်လို့၊ တိုင်းပြည်အတွက်လည်း ဘဝမှန်ပြီး ဘဝသိတဲ့ ဆရာဝန်တစ်ဦး တိုးစေချင်လို့"
"သူငယ်ချင်း..."
မေမေက ထွေး၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။
" မေမေ ဘာဆိုလိုတာကို ထွေး သိပါပြီ၊ ဟုတ်တယ် မေမေ၊
ဟုတ်တယ် မေမေ၊ တိုးတိုးဟာ ထွေးရဲ့ သူငယ်ချင်းပါ၊ တိုးတိုးဟာ ထွေးရဲ့... ထွေးရဲ့..."
ထွေး စကားမဆက်နိုင်။ ဘာကြောင့် မဆက်နိုင်မှန်းလည်း မသိ။
"သူငယ်ချင်း ဆိုပြီး အဲဒီနေရာမှာ အဲဒီလို သွားလုပ်နေတာ သင့်တော်ရဲ့လား"
" ထွေးတို့ တစ်ခါမှ အဲဒီလို အရင်က မလုပ်ဖူးဘူး၊ ထွေးတို့ သီစရာ ဆိုစရာ ရှိရင် ဒီခြံထဲမှာပဲ မေမေတို့ ရှေ့မှောက်မှာ သီတယ် ဆိုတယ်။ အဲဒီ ညနေကတော့ ထွေးက တက္ကသိုလ်ဝင်ရေးအတွက် ပြောချင်တာနဲ့ တိုးတိုးတို့ အိမ် သွားတယ်။ တိုးတိုး အဲဒီဘက် ထွက်သွားတယ် ဆိုတာ သိလို့ ထွေး ကားမောင်းကျင့်ရင်း လိုက်သွားမိတာ"
မေမေက ထွေး၏ မျက်လုံးများကို စိုက်ကြည့် ကြည့်နေပြီးမှ ပြော၏။
"ညည်း လုပ်ပုံ မဟုတ်ဘူး၊ ကိုကိုလတ်က စိတ်သဘောပြည့်ဝလို့ တော်တော့တယ်၊ သူ့မိဘ သိသွားရင် ဘာဖြစ်မလဲ"
"ရှင်... သူ့မိဘ ဘာဆိုင်လို့လဲ မေမေ"
"ညည်း မမကြီးရော၊ မမလေးရော မိဘစကား နားထောင်ပြီး မိဘ ပေးစားသူကို ယူသွားကြတယ်၊ တို့အမျိုးမှာ ဆင်းရဲသူ မရှိဘူး၊ ဂုဏ်နိမ့်သူ မရှိဘူး၊ အလိုလိုက်မှုမှာ အကန့်အသတ် ရှိတယ်လို့ ငါ ပြောတာ ဒါပဲ၊ ညည်း အခု တက္ကသိုလ်တက်တော့မယ်၊ ကလေး မဟုတ်တော့ဘူး၊ ဒီတော့ ညည်း ရှေ့ရေးကို ညည်း သိထားရမယ်၊ ကိုကိုလတ်ဟာ ညည်း လက်ထပ်ရမယ့်လူပဲ"
ထွေးက မျက်လုံးလေးပြူး ပါးစပ်ကလေး ဟ၍ မေမေ့ကို ကြည့်သည်။
"ညည်းဟာလည်း ကိုကိုလတ်ကို ရွေးမှာပဲလို့ တို့ အစက ထင်ခဲ့တယ်၊ မမျှော်လင့်ဘဲ တိုးတိုး ဆိုတဲ့ ကောင်လေးက ဝင်လာတယ်၊ ငါ အပြတ်လုပ်မယ်လို့ စိတ်ကူးတာ ကြာပြီ၊ ညည်းအဖေ ပညာရှိကြီးက ဆင်အိပ်ရာ ဆိတ်နှိုးမလေး ဘာလေး လုပ်နေလို့"
" မေမေ... ထွေး အနေအထိုင် မတတ်တာကို အပြစ်တင်ချင် တင်ပါ။ ဒါပေမဲ့ ထွေးနဲ့ တိုးတိုးတို့ရဲ့ ဆက်ဆံရေးဟာ အင်မတန် ဖြူစင်ပါတယ်။ တိုးတိုးဟာလည်း အင်မတန် စိတ်ထားမွန်မြတ်တဲ့ လူငယ်တစ်ဦးပါ "
"ငါကလည်း ယုတ်မာတယ်လို့ မပြောဘူး၊ ဒါပေမဲ့... ငါတို့လည်း ငယ်ရာက ကြီးလာတာ၊ ထားတော့... ပြီးတာ ပြီးပါစေ၊ ညည်းရှေ့ရေးကို ငါ စကားကုန် ပြောပြီးပြီ၊ နောင်ကို တိုးတိုး ဆိုတဲ့ ကောင်လေးနဲ့လည်း ကင်းကင်းပြတ်ပြတ် နေပါ၊ သူ့ကိုလည်း ငါ စကားကုန် ပြောလွှတ်လိုက်ပြီ"
" မေမေ.. တိုးတိုးကို ဘာပြောလွှတ်လိုက်သလဲ "
"ပညာသင်တာ သင်၊ ငါ တတ်နိုင်သလောက် ကူညီမယ်၊ ဒါပေမဲ့
ဒီကို ပြန်မလာရဘူး၊ ညည်းနဲ့လည်း အဆက်အသွယ် မလုပ်ရဘူး၊ ငါ့စကား နားမထောင်ရင် မြငြိမ်းတို့ပါ ဒီခြံထဲက ထွက်သွားရမယ်၊ ညည်းလည်း ငါ့စကား နားမထောင်ရင် ကျောင်းဆက်တက်ဖို့ စိတ်ကူးမနေနဲ့၊ အိမ်ထောင်ချတယ် ဆိုတာ လွယ်လွယ်လေး..."
မေမေက နေရာမှ ထကာ ခံ့ညားစွာဖြင့် အခန်းတွင်းမှ ထွက်သွား၏။
တကိုယ်လုံး တုန်ယင်လျက် ထွေး ကျန်ရစ်သည်။
လွယ်လွယ်လေးဟူသော မေမေ့စကားက ထွေး၏ နားတွင် ပဲ့တင်ထပ် ကျန်ရစ်သည်။
လွယ်လွယ်လေး... မေမေ ပြောပုံကလည်း လွယ်လွယ်လေး။ ဘဝအရေးတွေအတွက် ဆုံးဖြတ်ချက် ချလိုက်ပုံကလည်း လွယ်လွယ်လေး။
ထွေးက စားပွဲပေါ် မျက်နှာမှောက်ပြီး ငိုသည်။
ငို၍ အားရမှ ပြတင်းကို ကျော်လျက် အပြင်ဘက်သို့ ငေးကြည့်သည်။
စိန်ပန်းတွေလည်း မနီ။ ပိတောက်တွေလည်း မဝါ။
မော်လမြိုင်ကောလိပ် အဆောက်အအုံကြီး၏ ဗဟိုအလယ် ဆင်ဝင်အောက်မှ ထွက်ပြီး ထွေးသည် လမ်းကို ကူးလိုက်ကာ ဘန့်ပွေးပင်အုပ် ရှိရာသို့ ဖြည်းဖြည်း လျှောက်လာခဲ့၏။
ငယ်စဉ်က တိုးတိုးနှင့် အတူ ထိုင်ခဲ့သော နေရာလေးတွင် ထွေးက ထိုင်လိုက်၏။
သစ်ပင်အရိပ်များတွင် မိမိကဲ့သို့ ထိုင်နေသူများကို တွေ့ရသည်။ မိမိကဲ့သို့ တယောက်တည်းမူ မဟုတ်။
မိန်းမဖော်ချင်း ဝိုင်းဖွဲ့စကားပြောနေသူများလည်း ရှိသည်။ အခြား အဖော်အတွဲများလည်း ရှိသည်။
နေမွန်းတည့်ပြီး ဖြစ်သဖြင့် အရိပ်များက အရှေ့ဘက်သို့ ကျနေသည်။
လေတွင် ဆောင်း၏ အနံ့အသက်လေးများက မွှေးကြိုင်နေသည်။ တောစုနှင့် သစ်ပင်တန်းတို့၏ ထိပ်တွင် နှင်းမြူရိပ်တို့ ပြာပြာဝေဝေလေး ခိုသန်းနေသည်။
ပြင်းထန်သော ခံစားမှု မိုး လေတို့ ထွေး၏ ရင်တွင်းဝယ် မရှိပြီ။
နှင်းမြူရိပ်ကဲ့သို့ ပြာပြာဝေဝေလေး ခိုသန်းနေသော ခံစားမှု တမျိုးတော့ ရှိ၏။
လွယ်အိတ်ဝါလေးတွင်းမှ စာအုပ်တအုပ်ကို ထုတ်ပြီး စာအုပ်ကြားတွင် ညှပ်ထားသော စာလေးတစောင်ကို ထွေးက ဖတ်သည်။
” ထွေးရေ...
ခွဲခါနီးတုန်းက ထွေးက စာရေးနော်လို့ မှာလိုက်တယ်၊
အခု တိုးတိုးက စာရေးနေတယ်၊ ပထမဆုံးစာဟာ နောက်ဆုံးစာလည်း ဖြစ်ရတော့ တိုးတိုး စိတ်မကောင်းပါဘူး၊ ဒီစကားကို တိုးတိုးဘာကြောင့် ပြောရတယ် ဆိုတာကို ခုချိန်လောက်ဆို ထွေး သိလောက်ပြီ ထင်တယ်။ တနေ့မှာ ဒီလိုပဲ ဖြစ်လာနိုင်တယ်ဆိုတာ တိုးတိုး ကြိုသိထားတာမို့ စိတ်ထိခိုက်ပေမယ့် တိုးတိုး ဖြေတတ် နေတတ်ပါတယ်။
တိုးတိုးဟာ ဘာကြောင့် ဘာကို ဆုံးဖြတ်သွားသလဲ ဆိုတာကိုတော့ ထွေး သဘောပေါက် နားလည်စေချင်တယ်။
မော်လမြိုင်ကို ပြန်မလာဖို့၊ ထွေးနဲ့ ရှင်းရှင်းကင်းကင်း နေဖို့ ပြောတဲ့ ဒေါ်ဒေါ်ကို တိုးတိုး နားလည်ပါတယ်။ တိုးတိုးကို နားမလည်တဲ့ ဒေါ်ဒေါ့် အတွက်သာ တိုးတိုး ဝမ်းနည်းမိတယ်။
တိုးတိုး အခုလို ရှောင်ထွက်ခဲ့တာဟာ အစ်ကိုမြငြိမ်းတို့ကိုခြံထဲက နှင်ထုတ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှု တခုတည်းအတွက်ကြောင့် မဟုတ်ပါဘူး၊ ဒါလည်း ပါပါတယ်လေ။ ဒီခြံထဲက ထွက်သွားရရင် ကလေးတွေ တပြုံကြီးနဲ့ အစ်ကို ဘယ်သွားနေပြီး
ဘာလုပ်စားရမလဲ၊ တိုးတိုးကြောင့် အစ်ကိုတို့ မိသားစု တခုလုံး ဒုက္ခရောက်မှာကို တိုးတိုး ဘယ်ကြည့်ရက်ပါ့မလဲ။ ဒါပေမဲ့ အဲဒီအကြောင်းထက် လေးနက်တဲ့ အကြောင်း တိုးတိုးမှာ ရှိပါသေးတယ်။
ငယ်ငယ်တုန်းက မဆင်ခြင်မိဘဲ ပိတောက်ကိုင်းတွေ တက်ချိုးရာက လိမ့်ကျတာ တိုးတိုး မမေ့ဘူး။ ဒီလိုပဲ ကိုယ်ကျင့်တရားရေးရာမှာ အရိပ်နေနေ အခက်ချိုးချိုး လုပ်ရင် ဘဝမှာ လိမ့်ကျပြီး သံသရာမှာ ခြေထောက်ကျိုးရမှာ တိုးတိုး ကြောက်ပါတယ်။ဘဝနဲ့ သံသရာဆိုတာ ရှည်ပါတယ် ထွေး၊ နှလုံးသားကိစ္စဆိုတာ ပိတောက် တခါပွင့်တဲ့ရက်လောက်ပဲ ရှိလိမ့်မယ်လို့ တိုးတိုး ထင်တယ်၊၊
ပြီးတော့ ထွေးအတွက်လည်း ရှိသေးတယ်၊ ထွေးဘဝ ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်ရေးကိုသာ တိုးတိုး လိုလားတယ်၊ တိုးတိုးကြောင့် ဘဝမှာ အနှောင့်အယှက် မဖြစ်စေချင်ဘူး၊ အခုလောက် ၊ အနှောင့်အယှက်လေးတွေ ပေါ်ခဲ့ရတာတောင် တိုးတိုး စိတ်မကောင်းပါဘူး။
ဘဝ သတိရှိလျက်နဲ့ တိုးတိုး အနေအထိုင် မဆင်ခြင်ခဲ့မိတာလေးတွေ ရှိခဲ့တယ်။ အဲဒါကတော့ မရှောင်လွှဲနိုင်လို့ပါ၊ တိုးတိုးက ထွေးရဲ့ ပါရမီကိုလည်း ကူညီ ဖြည့်ခဲ့ရသေးတာကိုး။
ငယ်ငယ်တုန်းက ထွေးကို သီချင်းတွေ စ,သင်ပေးမိတာကတော့ အမှတ်မထင်ပါ။ နောက်ပိုင်းကျတော့ တိုးတိုးဟာ ထွေးရဲ့ စာပေ၊ ကဗျာနဲ့ အနုပညာပါရမီကို တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးနေရတာလို့ တိုးတိုး နားလည်လာတယ်၊ အဲဒီအတွက် တိုးတိုး အမြဲဂုဏ်ယူပြီး ဝမ်းသာနေမယ်၊ ထွေးရဲ့ ဘဝပန်းတိုင် ရောက်အောင် ထွေး ဆက်ကြိုးစားပါတော့။
တိုးတိုးနဲ့ ဘဝပန်းတိုင် ရောက်အောင်လည်း တိုးတိုး ဆက်ကြိုးစားတော့မယ်၊ တိုးတိုးဟာ ပြည်သူတွေအပေါ်မှာ ကိုယ်ချင်းစာတရား ထားနိုင်တဲ့ ဆရာဝန်တယောက် ဖြစ်လာနိုင်တယ် ဆိုတဲ့ ထွေးရဲ့ စကားကို တိုးတိုး ကြားယောင်နေတယ်၊ ပြည်သူ့ကြားက မွေးဖွားလာတဲ့ ပြည်သူ့ဆရာဝန်တယောက် ဖြစ်လာအောင် တိုးတိုး ကြိုးစားတော့မယ်။
ထွေးရဲ့ မေမေက သူ့စကား နားထောင်ရင် တိုးတိုးပညာသင်စရိတ်ကို သူ ထောက်ပံ့ပါမယ်လို့ ပြောခဲ့ပါတယ်၊ တိုးတိုးကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ တိုးတိုး ငြင်းခဲ့တယ်။
ထွေး ပြောသလိုပဲ တိုးတိုးဟာ ဘဝမှာ ရုန်းကန်ခဲ့ရသူပါ၊ဘဝမှာ ရှေ့ဆက် ရုန်းကန်ဖို့ တိုးတိုး မကြောက်ပါဘူး၊ ပြီးတော့ ၊ ထွေး ပြောခဲ့သေးသလို ဉာဏ်ကောင်းပေမယ့် ဆင်းရဲတာနဲ့ ထိုက်တန်ရာ ပညာကို ဆက်မသင်နိုင်ဘူး ဆိုတဲ့ ခေတ်ဟာ ကုန်သွားပါပြီ၊ အဲဒါကို တိုးတိုး ယုံတယ်။
အခု လောလောဆယ်တော့ တိုးတိုး ထပ်လျှောက်ကြည့် တာကို သက်ဆိုင်ရာတွေက ခွင့်ပြုလို့ မန္တလေး ဆေးတက္ကသိုလ်ကို ပြောင်းခွင့်ရတယ်၊ မန္တလေးမှာတော့ တိုးတိုး အဆောင်က မတက်ဘဲ ရတယ်၊ နေ စရာ ရှိတယ်လေ၊ နိုင်ငံက ပေးတဲ့ စကောလားရှစ် ဒါမှမဟုတ် ပညာသင် ထောက်ပံ့ကြေး ရရင် တိုးတိုး ဘဝဟာ သိပ်မခက်တော့ဘူးလို့ ထင်တယ်၊၊
တိုးတိုးရဲ့ စေတနာ တိုးတိုးရဲ့ ယုံကြည်ချက်၊ တိုးတိုးစောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်သိက္ခာတွေအတွက် ဒီဘဝမှာ ထွေးကို တိုးတိုး နှုတ်ဆက်တာ ထွေး လက်ခံပါ၊ ပြီးတော့ ခွင့်လည်း လွတ်ပါ။
ဪ... အစကတည်းက တိုးတိုးဟာ ထွေးရဲ့ ခေါင်းမှာဆင်မယ့် ပိတောက်ပန်းအဖြစ်ကို မမှန်းခဲ့ပါဘူး၊ ထွေးဘဝ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ လှစေတဲ့ စိန်ပန်းအဖြစ်ကိုသာ ရွေးချယ်ခဲ့သူပါ။
ရာသီကုန် သက်တမ်းဆုံးတော့ စိန်ပန်းတောင်မှ ဆက်ပွင့်ခွင့် မရှိပါဘူး ထွေး။
အဲဒီလောကတံထွာ ဓမ္မတာကို ဆင်ခြင်ပြီး တိုးတိုးရဲ့ နှုတ်ဆက်ခြင်းကို လက်ခံပါ။
ခွင့်လွှတ်ပါ ထွေး။
မေတ္တာများနဲ့...
တိုးတိုး ”
တိုးတိုး စာမှာက လိပ်စာမပါ။ ဪ.. ဘဝတွင် နောက်ဆုံးအဖြစ် နှုတ်ဆက်သူက ဘယ်မှာလာ လိပ်စာထည့်ပေးပါတော့မည်နည်း။
ထွေးက စာလေးကို စာအုပ်ကြား ပြန်ညှပ်ပြီး စာအုပ်ကိုလည်း လွယ်အိတ်တွင်း ပြန်ထည့်လိုက်သည်။
ကိုမြငြိမ်းဆီမှ တဆင့်ရသော ဤစာလေးကို ထွေး အကြိမ်ကြိမ် အခေါက်ခေါက် ဖတ်ကြည့်ပြီးပြီ။
တိုးတိုး စာက ရှင်းသည်။ ရှည်ရှည်လျားလျား ဖွဲ့နွဲ့လေး ရေးထားသော်လည်း အဓိပ္ပာယ်က တိုတိုနှင့် ရှင်းသည်။
နှုတ်ဆက်ခြင်း.... သည်ဘဝ သည်မျှဟု နှုတ်ဆက်ခြင်း။
သူက နှုတ်ဆက်တော့ ကိုယ်က ဘာများ တတ်နိုင်ပါမည်နည်း။
မိန်းမသားတယောက်က ဘာများ တတ်နိုင်ပါမည်နည်း။ ဪ... သူကနှုတ်မဆက်သည်ထား။ မိဘဂုဏ်ရှိန် အနှောင်အဖွဲ့ အသိုင်းအဝိုင်းအလယ်တွင် မိန်းမသား ဖြစ်သော မိမိက ဘာများ တတ်နိုင်သနည်း။ မိမိမှာက ဘယ်လောက်များရော သတ္တိရှိသနည်း။
ထွေးက ဝမ်းနည်းစွာ ပြုံးမိ၏။
မိမိမှာ သတ္တိတခုတော့ ရှိသည်။ အဲသည် သတ္တိကို တိုးတိုး သိမည် မဟုတ်။ မေမေလည်း သိမည် မဟုတ်။
ပန်းမပန်ပါ။ ပန်းပန်မှ နန်းဆန်သည်လော။ နန်းမဆန်၍လည်း သည်လောကမှာ ဘာဖြစ်ရမည်နည်း။
စိန်ပန်းကိုလည်း ခွင့်လွှတ်ပါသည်။
ပိတောက်ကိုလည်း တောင်းပန်ပါသည်။
ပန်းမပန်ဘဲ မိထွေး လှပါသည်။ လှနိုင်ပါသည်။ လှနိုင်အောင်လည်း ကြိုးစားရမည်ပေါ့။
ကျောင်းကြီးဆီမှ အတန်းပြောင်း ခေါင်းလောင်းသံ ပေါ်လာသည်။
ထွေးက နေရာမှ ထလိုက်၏။
ခေါင်းလေးကို မော့၊ မျက်နှာလေး ချီပြီး တည်ကြည်စွာဖြင့် ထွေးသည် ကျောင်းကြီးဘက်သို့ ပြန်လျှောက်လာခဲ့လေ၏။
စာရွက်များထက် ဖတ်နေရာမှ ခေါင်းမော့လာပြီး ကိုစိန်ပန်းက-
" ကောင်းတယ် မလဲ့လဲ့၊ တော်တော်ကောင်းတယ်"
ဟု မှတ်ချက်ပေးသည်။
" ကောင်းတယ် ဆိုတော့ ကျွန်မ ဇာတ်သိမ်းလိုက်ပုံက ဟိုသင်း ဆတ်တောက်တောက် မဖြစ်ပါဘူးနော်"
ကိုစိန်ပန်းက လဲ့လဲ့ကို မျက်လုံးပြူးကြည့်၏။
"ဗျာ... ဇာတ်သိမ်းလိုက်ပြီ"
"ဟုတ်တယ်လေ"
ကိုစိန်ပန်းက မျက်လုံးပြူးကြည့်လျက်နှင့်ပင် ခေါင်းခါသည်
"ရှင် မကြိုက်ဘူးလား"
"မကြိုက်တာ မဟုတ်ဘူး၊ မလဲ့လဲ့ ဝတ္ထုက မဆုံးသေးဘူး"
"ရှင်... မဆုံးသေးဘူး၊ ရှင် ဘယ်လိုလုပ် သိသလဲ "
"အား..."
ကိုစိန်ပန်းက ခေါင်းကုတ်ပြီး စဉ်းစားဟန်ပြသည်။
"ဒီလိုလေ... ကျွန်တော် ဖတ်ကြည့်သွားတာ ဒီအခန်းအဆုံး ရောက်တော့ အခန်းအဆုံးတခုလို့ပဲ ရင်ထဲမှာ ခံစားရတယ်၊ ဇာတ်သိမ်းသွားပြီလို့၊ မခံစားရဘူး။ အဲဒီတော့ မဆုံးသေးဘူးပေါ့ "
"ဒါပေမဲ့ ကျွန်မက ဆုံးလိုက်ပြီ""
"ဝတ္ထုတပုဒ်ကို ဝတ္ထုရေးသူက ဆုံးချင်တိုင်း ဆုံးလို့မရဘူး"
"ရှင်... ဒါဖြင့် ဘယ်သူက ဆုံးပေးမလဲ"
"ဇာတ်ဆောင်က"
"ဇာတ်ဆောင်က..."
"ဟုတ်တယ်၊ အခု ကြည့်လေ၊ ထွေးက သူ့ဇာတ်လမ်းကို မဆုံးလိုက်သေးဘူး၊ သူ့ဘဝကို သူ ဒီလောက်နဲ့ နိဂုံးမချုပ်ချင်သေးဘူး၊ သူ တစုံတခု သန္နိဋ္ဌာန်ချလိုက်တယ်၊ ဇာတ်ကြောင်းတခုလုံး ပြန်ကြည့်၊ ထွေးရဲ့ စိတ်ကလေးက မာမာ ထက်ထက်ကလေး၊ တခုခု လုပ်မယ်ဆိုရင် မဖြစ်မနေ လုပ်တတ်တယ်၊ အခု သူ တခုခု လုပ်တော့မယ်၊ အဲဒါကို မလဲ့လဲ့က ချုပ်ချယ်မလို့လား၊ အဲဒီလိုဆိုရင် မလဲ့လဲ့ကို ထွေးက ကျေနပ်မှာ မဟုတ်ဘူး"
"ဘာပြောတယ်၊ ထွေး ကျွန်မကို ကျေနပ်မှာ မဟုတ်ဘူး"
"အား... အင်း ဟုတ်တယ်၊ နို့ မလဲ့လဲ့ကို ထွေးက ကျေနပ်တယ်လို့ မလဲ့လဲ့ ထင်သလား "
လဲ့လဲ့က မျက်မှောင်ကြုတ်၏။
"မလဲ့လဲ့ သိပါတယ်၊ ထွေးက မကျေနပ်ပါဘူး၊ မလဲ့လဲ့ကိုယ်တိုင်ကလည်း ထွေးကို အခွင့်အရေး ပေးကြည့်ချင်ပါသေးတယ်၊ အဲဒီလို မဟုတ်ရင်
မလဲ့လဲ့ သိပ်ရက်စက်ရာကျသွားမယ်"
လဲ့လဲ့မှာ တုန်လှုပ်သွား၏။
"ကျွန်မက ဘယ်သူ့အပေါ် ရက်စက်လို့လဲ"
" ထွေးအပေါ်ကိုပေါ့၊ ပြီးတော့... အဲ.. တိုးတိုးအပေါ်လည်း ဆိုပါတော့လေ"
"ကျွန်မ... ကျွန်မ... မရက်စက်ဘူး၊ ဘယ်သူ့အပေါ်မှာမှ မရက်စက်ဘူး"
သူက တုန်တုန်ယင်ယင် ဖြစ်နေသော လဲ့လဲ့ကို တချက် စိုက်ကြည့်ပြီး အသာအယာ ရယ်၏။
"အင်းပါလေ... ကျွန်တော်က စကားအဖြစ် ပြောတာပါ။ မလဲ့လဲ့ မရက်စက်ချင်ပါဘူး၊ ဒါကြောင့်လည်း စောစောက မလဲ့လဲ့ ကျွန်တော့်ကို မေးတာပဲ၊ ဟုတ်တယ် မဟုတ်လား"
"ရှင့်ကို ကျွန်မ ဘာမေးလို့လဲ"
"ဇာတ်သိမ်းလိုက်ပုံက ဆတ်တောက်တောက် မဖြစ်ဘူးလား ဆိုတာလေ" လဲ့လဲ့က နှုတ်ခမ်း ကိုက်၏။
"မလဲ့လဲ့ ဇာတ်သိမ်းကို မလဲလို့ မကြိုက်ဘူး၊ ဇာတ်သိမ်းလို့ မရသေးဘူးဆိုတာ မလဲ့လဲ့ သိတယ်"
တွေတွေနေပြီးမှ လဲ့လဲ့က သက်ပြင်းရှိုက်သည်။
"ဒါဖြင့် ကျွန်မ ဘာဆက်ရေးရမလဲ"
"ဘာဆက်ရေးရမလဲ ဆိုတော့ ထွေး ဘာဆက်လုပ်မလဲ၊ အဲ...အဲဒါပေါ့လေ"
" ထွေးက ဘာဆက်လုပ်နိုင်တော့လို့လဲ "
သူလည်း ငြိမ်ပြီး တိတ်သွား၏။ ခုံစွန်းတွင် ထိုင်နေရာမှ ထပြီး လမ်းလျှောက်၏။
" ထွေး ဘာဆက်လုပ်နိုင်သလဲ၊ မှန်တယ်၊ ထွေးခမျာ ဘာဆက်လုပ်နိုင်မလဲ၊ တိုးတိုးနဲ့ ပြန်အဆက်အသွယ် လုပ်မလား၊ ဥပမာ... မလွှဲသာတုန်း ခပ်ခွာခွာ နေကြမယ်။ နှစ်ဦးစလုံး ပညာသင် ပြီးဆုံးကြမှ ချစ်တာ ချစ်တာ ပဓာန ဆိုပြီး ဘဝခရီးကို လက်တွဲလျှောက်ကြမလား၊ အဲ... အဲဒီလို မဖြစ်နိုင်ဘူးလား "
လဲ့လဲ့က မျက်နှာလေး မဲ့ပြီး ခေါင်းခါ၏။
"ရှင် တစ်ခု မေ့နေတယ်။ ထွေးနဲ့ တိုးတိုးဟာ ချစ်သူတွေ မဟုတ်ကြသေးဘူး"
"ဗျာ..."
"ဟိုသင်းလေ... သူတို့ သံယောဇဉ်တော့ ရှိနေကြပါတယ်၊ ဒါပေမဲ့ နှလုံးသားကို တံခါးဖွင့်ပြီး ဘယ်သူကမှ ဘယ်သူ့ကို ပဋိညာဉ်တွေ၊ အာမခံချက်တွေ မပေးကြသေးဘူး"
"အား...အား...ဟုတ်... ဟုတ်တယ်"
"တိုးတိုး စာကိုကြည့်၊ ထွေး ခေါင်းမှာ ဆင်မယ့် ပိတောက်ပန်းအဖြစ် သူ မမှန်းဘူးတဲ့၊ ပိတ်ပြောထားတယ်၊ တိုးတိုးကို ကျွန်မ အပြစ်တင်နေတာမဟုတ်ဘူး၊ ဒါပေမဲ့ သူက တံခါးတွေအားလုံး ပိတ်လိုက်ပြီ"
လဲ့လဲ့သည် ဆက်မပြောတော့ဘဲ စိန်ပန်းပင်ကြီးဆီ မော့ကြည့်နေ၏။
"မလဲ့လဲ့ တိုးတိုးကို နည်းနည်းတော့ ဟိုသင်း... မကျေနပ်ဘူးပေါ့"
လဲ့လဲ့က သူ့ကို ဆတ်ခနဲ လှည့်ကြည့်၏။
"ကျွန်မနဲ့ တိုးတိုး ဘာဆိုင်လို့တုံး"
"အား ဟိုသင်းလေ၊ မဟုတ်ဘူးလေ၊ စာရေးသူအနေနဲ့ ဇာတ်ဆောင် အပေါ်မှာ ကျေနပ်ရဲ့လား၊ အဲဒါ အရေးကြီးတယ်၊ နေဦး... ကျွန်တော်တို့ ပြန်စဉ်းစားကြည့်ရအောင်"
သူက ရပ်နေရာမှ လမ်းပြန်လျှောက်သည်။
"တိုးတိုးက အဲဒီလို ဘာကြောင့် လုပ်ရသလဲ၊ သူ့စာမှာ အကြောင်း တော့ ပြထားတယ်၊ တိုးတိုးဟာ လိမ်တော့ မလိမ်ဘူး၊ သူ့အစ်ကို မိသားစုအတွက် သူ စိုးရိမ်တယ်၊ အဲဒီအကြောင်းကို သူ ထိပ်ကတင် ပြောထားတယ်၊ အင်း သနားစရာပဲ၊ ဒါပေမဲ့ တိုးတိုး မှန်တယ် ထင်တယ်။ လောကမှာ တချို့ လူငယ်တွေက ဟိုမငဲ့ ဒီမငဲ့ ထင်တာ စွတ်လုပ်တတ်ကြတယ်၊ ဒါကြောင့်လည်း မိဘတွေ... မိဘတွေနဲ့ တစ်ဂိုဏ်းတည်းထားရမယ့် ကျေးဇူးရှင်တွေပါ ဒုက္ခရောက်ကြရတာ ရှိတယ်၊ တိုးတိုးက ဒါမျိုး မလုပ်ချင်ဘူး၊ အင်း...မလုပ်ပါဘူးလေ"
သူက စကားကို ခေတ္တရပ်လျက် ခေါင်းတညိတ်ညိတ် လုပ်နေပြီးမှ ဆက်ပြောသည်။
"ဒါဖြင့် ဆရာဝန်ဖြစ်တဲ့အထိ ထိန်းချုပ် သည်းခံနေ၊ ဆရာဝန်ဖြစ်တဲ့အခါကျရင် ကိုမြငြိမ်းတို့ မိသားစုအတွက် သူ တာဝန်ယူနိုင်ပြီ၊ အဲဒီကျမှ ခြံထဲက မောင်းအထုတ်ခံရလည်း ဂရုစိုက်စရာ မလိုတော့ဘူး၊ ထွေးနဲ့လည်း ဘဝကို အတူလက်တွဲ လျှောက်သွားနိုင်တယ်၊ ဒါမျိုး လုပ်ဖို့က ကတိဖျက်ရမယ်၊ သစ္စာမဲ့ရမယ်၊ ကျေးဇူးကန်းရမယ်၊ တိုးတိုး စရိုက်နဲ့က ဖီလာဖြစ်နေတယ်၊ ဘဝမှာ လိမ့်ကျပြီး သံသရာမှာ ခြေထောက်ကျိုးမယ်ဆိုတဲ့ တိုးတိုးရဲ့ စကားက ရှင်းနေတယ်၊ အင်မတန်လည်း မှတ်သားထိုက်တယ်၊ အဲ့... တိုးတိုးက လုပ်ချင်တောင်မှ ကိုမြငြိမ်းက ခွင့်ပြုမယ် မထင်ဘူး၊ ဒီလောကမှာ လူမွဲပေမယ့် စိတ်ဓာတ်မမွဲတဲ့ လူတွေ အများကြီး ရှိတယ်၊ ကိုမြငြိမ်းဟာ ဒီလို လူမျိုးလို့ ကျွန်တော်တော့ ထင်တယ်"
သူက ရပ်ပြီး လဲ့လဲ့ကို လှည့်ကြည့်၏။
" ပြောပါ... ရှင် ဆက်ပြောပါ "
"ကျွန်တော်က ဇာတ်ဆောင်ရဲ့ စရိုက်နဲ့ ဇာတ်လမ်းဟာ ကိုက်ရဲ့လား ဆန်းစစ်ကြည့်နေတာပါ၊ ကျွန်တော့်အထင်တော့ ကိုက်တယ်၊ အင်း... တိုးတိုးခမျာလည်း ဘာမှ မလုပ်နိုင်ဘူး၊ တံခါးပိတ်လိုက်ရမှာပဲ၊ မလဲ့လဲ့ ပြောသလို တံခါးပိတ်လိုက်ရမှာပဲ"
"တိုးတိုး ပိတ်ထားတဲ့ တံခါးတွေကို ထွေးက မိန်းကလေးတန်မဲ့ လိုက်ဖွင့်ရမလား၊ ရှင် ထွေးဘက်က ကြည့်ဦး"
"အို...အို... ဟုတ်ပါတယ် ထွေး မလုပ်နိုင်ပါဘူး၊ မိန်းကလေးတယောက်အနေနဲ့ မလုပ်နိုင်ပါဘူး၊ ပြီးတော့ ဘယ်လောက် စိတ်ထက်တယ် ပြောပြော၊ မြန်မာမိန်းကလေးတယောက်သာ ဖြစ်တဲ့ ထွေးဟာ မိဘဩဇာ အရှိန်အဝါကို လက်တွေ့မှာ ဘယ်လောက် လွန်ဆန်နိုင်မှာလဲ၊ ဪ... ဒါကြောင့် ထွေးကလည်း သူ့ကိုယ်သူ မေးသားပဲ၊ သူ့မှာ သတ္တိရော ဘယ်လောက် ရှိသလဲတဲ့"
"ကဲ... ဒီတော့ ကျွန်မ ဘာဆက်ရေးနိုင်တော့မှာလဲ"
"ကျွန်တော်လည်း အဲဒါကို စဉ်းစားနေတာ၊ ဪ... ဒါထက် ထွေးမှာ သတ္တိရှိသလား၊ မလဲလဲ့ ဘယ်လို ထင်သလဲ"
"ရှင်..."
" ထွေးမှာ သတ္တိရှိသလား၊ နေဦး... ထွေးကတော့ ရှိတယ်လို့ပြောသွားတယ်၊ သတ္တိဆိုတာ ဘာလဲ၊ မိုက်တာ မဟုတ်ဘူး၊ ရမ်းတာ မဟုတ်ဘူး၊ ဪ... အာ... အင်း... အင်း.. အင်း"
သူက တစုံတရာကို သဘောကျဟန် တအင်းအင်းနှင့် ခေါင်းညိတ် နေ၏။
"ရှင် ဘာတွေးမိလဲ"
"ထွေး နောက်ဆုံး ပြောသွားတဲ့ စကားလေ၊ ဘာတဲ့ စိန်ပန်းကိုလည်း ခွင့်လွှတ်ပါတယ်၊ ပိတောက်ကိုလည်း တောင်းပန်ပါတယ်၊ ပန်းမပန်ဘဲ မိထွေး လှပါတယ်၊ လှနိုင်ပါတယ်တဲ့... မလဲ့လဲ့၊ ကျွန်တော်ကတော့ ထွေးကို သိပ်ကြိုက်သွားပြီ"
"ရှင်..."
" ထွေးမှာ သတ္တိရှိတယ်၊ သတ္တိရှိဖို့ ဘာလိုသလဲ၊ ရပ်တည်စရာအမှန်တရား တခု လိုတယ်၊ အဲဒီအမှန်တရားကို ထွေး တွေ့သွားတယ် "
လဲ့လဲ့က သူ့ကို မျက်လုံးဝန်းဝန်းများနှင့် ကြည့်သည်။ ရင်မှာလည်း ခုန်လာ၏။
" ထွေးဟာ တိုးတိုးနဲ့ အဆက်အသွယ် လုံးဝမလုပ်တော့ဘူး၊ သမီးကောင်း တယောက်အနေနဲ့ မိဘ တားမြစ်ချက်ကို လိုက်နာတယ်၊ ဒါပေမဲ့ သူ မချစ်တဲ့သူကိုလည်း သူ မယူဘူး၊ အဲဒါကတော့ လူ့အခွင့်အရေး၊ မိန်းမသား တယောက်အတွက် သိပ်အရေးကြီးပြီး သိပ်အခြေခံကျတဲ့ လူ့အခွင့်အရေး၊ အတတ်နိုင်ဆုံး သမီးကောင်းအဖြစ်နဲ့ နေပြတယ်၊ တပြိုင်နက်မှာ သူ့ရဲ့ လူ့အခွင့်အရေးကို သူ လိမ္မာပါးနပ်စွာနဲ့ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတယ်၊ အဲဒီ အမှန်တရားမှာ ရပ်တည်နေတဲ့ ထွေးကို ဘယ်သူက အလွယ်တကူ ဘာလုပ်နိုင်ကြတော့မှာလဲ "
"လိမ္မာပါးနပ်စွာနဲ့ဆိုတာ ရှင် ဘာပြောတာလဲ"
" ထွေးဟာ အသက်လေး ကြီးလာတယ်လေ၊ ငယ်ငယ်တုန်းကလို ဇွတ်မလုပ်ဘူး၊ လုံလောက်တဲ့ အကြောင်းကို ကိုယ့်ဘက်က ရအောင်ယူထားတယ်၊ ဥပမာ... ထွေး ပညာဆက်သင်တယ်၊ ထွေးဟာလည်း တိုးတိုးလိုပဲ ပညာချွန်တာပဲလေ၊ ပြီးတော့ သူ ဝါသနာပါတဲ့ ပညာမှာ သူ ထူးချွန်အောင် လုပ်နေတာ၊ ပညာထူးချွန်ပြီး တိုးတက်မှု ပြနေတဲ့ သမီးတယောက်အပေါ်မှာ ထွေးရဲ့ မေမေဟာ တစုံတရာသော အတိုင်းအတာ၊ တစုံတရာသော အချိန်အပိုင်းအခြားအထိတော့ အလိုလိုက်ထားရမှာပဲ၊ မဟုတ်ဘူးလား"
"အဲဒီအတိုင်းအတာနဲ့ အချိန်အပိုင်းအခြား ဆိုတာကကော ဘာလဲ"
"အဲဒါကို ကျွန်တော်လည်း မသိဘူး၊ မလဲ့လဲ့လည်း မသိဘူး၊ထွေးတော့ သိနိုင်လိမ့်မယ် ထင်တယ်"
" ထွေးတော့ သိနိုင်လိမ့်မယ်၊ အဲဒါ ရှင် ဘာပြောတာလဲ "
" အောင်မြင်တဲ့ ဝတ္ထုရေးဆရာကြီးတွေရဲ့ ဝတ္ထုပညာရှင်ကြီးတွေ ပြောတာ ရေးတာကို ကျွန်တော် မှတ်ထားဖူးတယ်၊ ဇာတ်ဆောင်တွေ အသက်ဝင်လာပြီဆိုရင် စာရေးဆရာဟာ သူတို့ကို အမိန့်ပေးခိုင်းလို့ မရတော့ဘူးတဲ့၊ သူတို့စရိုက်နဲ့ သူတို့ ဆက်လုပ်သွားကြသတဲ့၊ အဲဒီအခါမျိုးမှာ စာရေးဆရာဟာ သူတို့ကို လွှတ်ပေးလိုက်ရသတဲ့၊ မလဲ့လဲ့လည်း ထွေးကို လွှတ်ပေးလိုက်ပါ၊ မလဲ့လဲ့ ဇာတ်သိမ်းကြည့်တယ်လေ၊ မရဘူး၊ ဟုတ်တယ် မဟုတ်လား၊ ထွေးမှာက ဆက်လုပ်စရာတွေ ရှိနေသေးတယ်။ အဲဒီတော့ ကျွန်တော် ပြောသလို ထွေးကို လွှတ်ပေးကြည့်လိုက်စမ်းပါ "
လဲ့လဲ့၏ မျက်နှာက တဖြည်းဖြည်း ပြုံးလာ၏။
"ရှင်က ဝတ္ထုအကြောင်း တော်တော်နားလည်တယ် ထင်တယ်နော်"
"ကျွန်တော်ဟာ အယ်ဒီတာတစ်ဦးလို့ ပြောခဲ့တယ် မဟုတ်လား၊အမှန်က ကျွန်တော်ဟာ ဒရမ္မကက်တစ္စ တစ်ဦးပါ၊ ဒရမ္မာ ဆိုတာကို ဇာတ်ထုပ်လို့ ဘာသာပြန်ရအောင်၊ ဇာတ်ထုပ်တိုင်းမှာက ဒရမ္မကက်တစ်ပါဆိုနီးလို့ခေါ်တဲ့ ဇာတ်ဆောင်တွေ ပါတာပေါ့၊ အဲဒီဇာတ်ဆောင်တွေရဲ့ သဘောသဘာဝကို ကျွန်တော် အသင့်အတင့် နားလည်တယ် ဆိုပါတော့"
"ရှင်နဲ့ ဆွေးနွေးရတာ ကျွန်မအတွက် အတော်အကျိုးရှိတယ်"
"အာ... ကျွန်တော်ကလည်း ခင်ဗျားနဲ့ ဆွေးနွေးခွင့်ရလို့ သိပ်ကျေးဇူး တင်တယ်"
"ရှင့်ကို ကျွန်မ ဒုက္ခလာပေးနေရာ မရောက်ဘူးလား"
"ဟင့်အင်း... အစက နွေမှာ ဒီလာနားသာ နားရတယ်၊ အတော်ပျင်းစရာကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်မိတယ်။ အခုတော့ မလဲ့လဲ့ ဝတ္ထုကြောင့် ကျွန်တော် မပျင်းတော့ဘူး၊ ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော် မပြန်ခင် မလဲ့လဲ့ရဲ့ ဝတ္ထုကို ကျွန်တော် အစအဆုံး ဖတ်သွားရချင်တယ်"
"ရှင် တကယ် ပြောတာလား"
"ကျွန်မကို မလဲ့လဲ့လို့ မခေါ်ပါနဲ့တော့"
"ခင်ဗျာ... ဘာပြုလို့"
"မလဲ့လဲ့လို့ ရှင် ခေါ်သံကြားရတာ ကျွန်မစိတ်ထဲ တမျိုး တမျိုးကြီးပဲ"
"ဒါဖြင့် ကျွန်တော် ဘယ်လို ခေါ်ရမလဲ"
လဲ့လဲ့ စကားပြောရပ်သွား၏။ ဘာကြောင့် ဤစကား မိမိ သွားစမိသနည်း။
လဲ့လဲ့ နေရာမှ ထ၏။
"ကျွန်မကို ဟို...လဲ့...လဲ့လဲ့လို့ပဲ ခေါ်ပါ၊ မ...မ..ဆိုတာ မထည့်ပါနဲ့"
သူက ကျေနပ်ဝမ်းမြောက်ဟန် ပြုံးပြီး ဖြေ၏။
" ကျေးဇူးတင်ပါတယ် ကျွန်တော် လဲ့လဲ့ကို လဲ့လဲ့လို့ပဲ ခေါ်ပါတော့မယ် "
လဲ့လဲ့က သူ့ကို ကျောခိုင်းပြီး ထွက်ခွာလာသည်။
ညနေ မှောင်ရီတွင် စိန်ပန်းပင်နီနီကို နောက်ခံပြုရပ်ကျန်ရစ်သော သူ့သဏ္ဌာန်က လဲ့လဲ့၏ မျက်လုံးအိမ်၌ ဆက်ပါလာ၏။
ခေါင်းတွင်း၌ ကြားနေကျ တဝီဝီ အသံကိုလည်း ကြားနေရသည်။
အခန်း ( ၁၁ )
"ကဲ... မိထွေး၊ ကြိုက်တာလုပ်၊ ညည်းသဘော၊ ညည်းသဘော"
လဲ့လဲ့က စက္ကူဖြူကို ကြည့်ပြီး ပြော၏။ ထိုနောက် မိမိကိုယ်ကို သဘောကျပြီး ရယ်၏။
ဝတ္ထုရေးရသည်မှာ အရူးနှင့် တူလှဘိသည်။ မရှိသောသူနှင့် စကား ပြောရသည်။ ငြင်းသည့်အခါလည်း ငြင်းလိုက်ရသေးသည်။
ယခုတော့ မငြင်းတော့။ လွှတ်ပေးလိုက်မည်။ ထွေးကို လွှတ်ပေးလိုက်မည်။ မိုးပျံပျံ မြေလျှိုးလျှိုး။ မိုးပျံပျံ...
လဲ့လဲ့ မျက်မှောင်ကြုတ်သွား၏။ ပြတင်းမှ မြင်ရသော ကောင်းကင်ကို လှမ်းကြည့်၏။
ကောင်းကင်က နက်မှောင်နေ၏။ မျက်တောင်ခတ်ပြနေသော ကြယ်များမူ ရှိ၏။ ကြာကြာကြည့်တော့ ကြယ်များ၏ အရောင်ကြောင့် ကောင်းကင်သည် မနက်မှောင်တော့။ နက်နက်သာ ပြာသည်။ ကျယ်ကျယ်ဝန်းဝန်းနှင့် နက်နက်ကြီး ပြာသည်။ ပင်လယ်ပြာကြီးကဲ့သို့ ကျယ်ဝန်းသည်။
ပင်လယ်ကြီး လာပြန်ပြီ သည်ပင်လယ်ပြာကြီး။ ရွက်လှေ အဆောက်အအုံကြီးကလည်း ပေါ်လာပြန်လေပြီ။
ဘာကြောင့် ပင်လယ်ပြာကြီးက ဤမျှ ကျယ်ဝန်းရသနည်း။ နယ်နိမိတ် မရှိဘူးလား။
နယ်နိမိတ် မရှိအောင် ကျယ်သည်ကိုလည်း ဘာကြောင့် မိမိက စီးမြင်နေရသနည်း။
ဘယ်တုန်းကကော မြင်ဖူးခဲ့သနည်း။ ဪ... မှတ်မိပြီ။ အေးကြည်က ရေခဲရေ ဖန်ခွက်လေး ပေးသည်။
ရထားပေါ်မှာ... မိမိက ပြတင်းအနီးတွင် ထိုင်နေသည်။ ပြတင်းမှနေ၍ လှမ်းမြင်ရသည်။ ပင်လယ်ပြာကြီးတော့ မဟုတ်ပါလား။ စိမ်းစိမ်းအုပ်အုပ်... တောအုပ်။ တောအုပ်လည်း မဟုတ်။
လဲ့လဲ့၏ ခေါင်းတွင်း၌ တဝီဝီ မြည်သံ ပေါ်လာပြန်၏။ မူးဝေဝေလည်း ဖြစ်လာသည်။
လဲ့လဲ့က စိတ်လျှော့ချလိုက်သည်။ မလျှော့ချ၍ကလည်း မဖြစ်။
အာရုံတွေ အားလုံးက ရောရောထွေးထွေး ဖြစ်နေသည်။ အဆက်အစပ်ကလည်း မရှိ။
'... အာရုံ ခြောက်ပါးဟာ လှည့်စားတတ်ပါတယ်၊ အထူးသဖြင့်
မနောအကြည်မှာ ပေါ်လာတဲ့ အာရုံမျိုးဟာ ပိုလှည့်စားတတ်တယ်'
သူ ပြောခဲ့သော စကား။ ကိုစိန်ပန်း ပြောခဲ့သော စကား။ လှည့်စားတတ်သော အာရုံတရားတွေနှင့် မိမိက ဘာကြောင့် အဖြေရှာ နပန်းလုံးရမည်နည်း။ လွှတ်ထားလိုက်မည်။ ပေါ်ချင်ရာ ပေါ်၊ လွှတ်ထားလိုက်မည်။
အာရုံတွင် ထွေးက ပေါ်လာသည်။ ပြတင်းဝနားတွင် ထွေးက ထိုင်နေ၏။ ပြတင်းမှတဆင့် ထွေးက ငေးကြည့်နေသေး၏။
ထွေးက ဘာမြင်သနည်း။ ဘာမြင်မြင် ရေးချလိုက်မည်။
ထွေးဆိုသည်က မရှိသည့်တရား။ ထွေး မြင်နေရသည်တို့မှာလည်းမရှိသည့် တရား၊ အားလုံးက မရှိသည့်တရား။
ရေးချလိုက်မည်။ ဘာဖြစ်သနည်း။
ဖြည်းဖြည်းငြိမ့်ငြိမ့် ဘီးလိမ့် ရွေ့လာသော လေယာဉ်ပျံကြီးက ဖြည်းဖြည်း ငြိမ့်ငြိမ့်ပင် လက်ဝဲဘက်သို့ ကွေ့ချိုးသည်။ ဖြည်းဖြည်းငြိမ့်ငြိမ့် ခေတ္တဆက်လာ ပြီးနောက် ဖြည်းဖြည်းငြိမ့်ငြိမ့်ပင် လက်ဝဲဘက်သို့ ကွေ့ချိုးပြန်၏။
သည်တကြိမ်မှာတော့ အတက် အဆင်း ပြေးလမ်းကြီးပေါ် ရောက်လာပြီး လေယာဉ်ပျံကြီးက ရပ်သွား၏။
ရှေ့သို့ တတ်နိုင်သမျှ ရှည်ရှည် မြင်ကွင်း ရလိုသောကြောင့် ထွေးက နဖူးလေးကို ချိုင့်ခွက်သော ဘဲဥပုံ ပြတင်းမှန်အနီး ကပ်လျက် လှမ်းမျှော်ကြည့်သည်။
မိမိတို့ရှေ့တွင် တန်းစီ စောင့်နေသော လေယာဉ်ပျံကြီးများကို တွေ့ရသည်။
တစ်စင်းပြီးမှ တစ်စင်း တက်ရမည်ဆိုတော့ အတန်လေး စောင့်ရဦးမည် ထင်၏။
ထွေးက လက်ဝဲဘက်သို့ တည့်တည့် လှမ်းကြည့်၏။
စနစ်တကျ ညီညီညာညာ လှလှပပ စိုက်ထားသည့် သစ်တောတန်းကို တွေ့ရသည်။
အပင်အားလုံးက ရွယ်တူ ရပ်တူ။ မမြင့်လွန်း မနိမ့်လွန်း။ အရွက်များက စိမ်းမြမှောင်သည်။
မော်လမြိုင်သူ ဖြစ်သဖြင့် အပင်များကို မြင်ရုံနှင့် ရာဘာပင်ပျိုများ ဖြစ်ကြောင်း ထွေး သိသည်။ လှအောင် စိုက်ထားသော ရာဘာတောတန်း။
ရာဘာတောတန်းက ဂေါက်သီးရိုက်လမ်းကို ရံသွယ်ကာပေးထားသည်။ မြက်ခင်းစိမ်း အကွက်ပေါ်၌ ကျင်းစိမ်နေကြသော ဂေါက်သမား လေးဦးအားလည်း ထွေး တွေ့ရ၏။
ထွေးက ပြုံးမိသည်။ လေယာဉ်ပျံကွင်းကြီးနှင့် ဂေါက်သီးကွင်းကို စပ်ယှဉ်ထားသည်အား စိတ်ကူးကောင်းသည်ဟု ခေါ်ရမည်လား။
လေယာဉ်ပျံ ဆင်းသံ၊ တက်သံ ဆူဆူညံညံတွေကြားမှာ မည်သို့ ဂေါက်သီးရိုက် ကစားနိုင်ကြသည်နည်း။
ဖေဖေကတော့ ဆိတ်ဆိတ်ငြိမ်ငြိမ် အနှောင့်အယှက် ကင်းကင်းရှိမှ ဂေါက်သီးရိုက်၍ ကောင်းသည်ဟု ပြောဖူးသည်။
ဖေဖေ... မေမေ... ပြီးတော့... အမိနိုင်ငံ။
ထွေး၏ ရင်လေး ခုန်လာ၏။ သည်ကနှင့် ရန်ကုန်က ဘာမျှ မဝေး။ မန္တလေးနှင့် ရန်ကုန်လောက်သာ ရှိမည် ထင်၏။ တကယ်တမ်း ပျံသန်းရချိန်က ဘာမျှ ရှိမည်မထင်။
တနေကုန် တနေခန်း ပင်လယ်ပြာကြီးတွေကို ဖြတ်ပြီး လာခဲ့ရသော ခရီးတွေနှင့် ယှဉ်တော့ ဘာမျှ မရှိ။
သည်ကြားထဲက ထွေး စိတ်တွင်းဝယ် လောနေမိသည်။ လေယာဉ်ပျံကြီး တက်ရန် စောင့်နေရသည်ကို ကြာလှသည် ထင်နေ၏။
နောက်ဆုံးတော့ ဂျက်လေယာဉ်ပျံကြီးက လှုပ်လာပြီး ရှေ့တိုးသည်။ ခေတ္တရပ်ပြန်ပြီး စက်ရှိန်မြှင့်နေသည်။
မကြာခင်တွင် တဟုန်ထိုး ပြေးပြီး လေထဲ ရောက်လာခဲ့၏။
အောက်တွင်မူ လယ်ကွင်းများကို တွေ့ရ၏။ ခေါင်မိုးစောက်စောက် ချွန်ချွန်နှင့် ဘာသာရေး အဆောက်အအုံများကိုလည်း တွေ့ရသည်။
နှစ်အတော်ကြာ တွေ့ခဲ့ရသော ရှုခင်းတွေနှင့်က ကွာသည်။ ဘာသာရေး အဆောက်အအုံ ပုံစံ အနည်းငယ် ခြားနားသည်မှအပ မြန်မာပြည် အောက်ပိုင်းမှ ရှုခင်းတွေနှင့် တူသည်။
မကြာလှပါ။ မြေပြင်က အလွန်ဝေးသွားသည်။ လေယာဉ်ပျံကြီးက တိမ်တို့၏အပေါ်တွင် အရှိန်မှန်မှန်နှင့် ပျံနေ၏။
လေယာဉ်မယ်လေးများက အစားအသောက်များ လာပေးသည်။
သူတို့လေးတွေ၏ အမူအရာက သိမ်မွေ့သည်။
ဪ... ပိုးကဲ့သို့ ချောမွတ် သိမ်မွေ့သည်ဟုပင် သူတို့ လေယာဉ်ပျံလိုင်းက ကမ္ဘာ့မဂ္ဂဇင်းလောကတွင် ကြော်ငြာနေသည် မဟုတ်ပါလော။
မြန်မာမလေးများ၏ အပြုံးကိုတော့ မမှီဟု ထွေး ထင်သည်။ မြန်မာပြုံးကို မြန်မာသာ ပြုံးတတ်သည်။
သည်လမ်းတွင် မြန်မာ့လေယာဉ်လည်း ပြေးနေပြီဟု ထွေး သိရသည်။
ကူးပြောင်းခဲ့ရသော လေကြောင်းကုမ္ပဏီက လွှဲပေးလိုက်သည့်အတိုင်း စီးခဲ့ရသည် ဖြစ်သောကြောင့် သည်လေယာဉ်နှင့်သာ ထွေး လိုက်ခဲ့သည်။
ကိုယ့်အမျိုးသား လေယာဉ်ပေါ်မှာဆိုလျှင် ယခုအချိန် ကိုယ့်စကား ကိုယ် ပြောနေရပြီ။ အနည်းဆုံး မြန်မာပြုံးပြုံးတတ်သည့် မြန်မာလေယာဉ်မယ်လေးတွေနှင့် မြန်မာလို စကားပြောနေရပြီ။
အစားအသောက် လင်ပန်းကို ပြန်သိမ်းသွားပြီး၍ ဘာမျှ မကြာမီမှာပင် လေယာဉ်မယ်လေးက ခရီးဆုံး၍ ဖြည့်ရမည့် ပုံစံများကို လာပေး၏။
ဪ... ကိုယ့်ပြည်ထောင်စုသို့ ကိုယ် ပြန်ရောက်တော့မည်။
ရောက်ပင် ရောက်နေပြီလော မသိ။
ထွေးက ပုံစံများကို ဂရုစိုက် စဉ်းစား ရေးဖြည့်၏။
အားလုံး ပြီးသောအခါမှ ထွေးက ပြတင်းမှနေ၍ အောက်သို့ ငုံ့ကြည့်၏။
”အို...”
ထွေးက ဝမ်းသာအားရလေး အော်သည်။
ပင်လယ်၊ ပင်လယ်ကွေ့၊ သဲသောင်တွေက များသည်။ အမြင့်မှ ဆီးကြည့်နေရသောကြောင့် ပင်လယ်ရေကြည်ကြည် တိမ်တိမ် အောက်မှ သဲသောင်မြေများကိုပင် မြင်ရလေသည်။
သည်ပင်လယ်ကွေ့ကို ထွေး ကောင်းကောင်းမှတ်မိသည်။ မော်လမြိုင်မှ ရန်ကုန်သို့ လေယာဉ်ပျံနှင့် သွားတိုင်း မြင်နေကျဖြစ်သည့် ပင်လယ်ကွေ့၊ မုတ္တမပင်လယ်ကွေ့ လေယာဉ်ပျံကြီးကလည်း မသိမသာ နိမ့်ဆင်းပြီး ပျံလာသည်။
ကုန်းမြေများလည်း တစ်စ တစ်စနှင့် ပေါ်လာခဲ့ပြီ။
ဟောဟိုက ရွှေရောင်ဝင်းဝင်းနှင့် စေတီတော်က ရွှေတိဂုံလော...
မဟုတ်သေး။ မဖြစ်နိုင်သေး။ ဪ... ကျိုက်ခေါက်။ ဟိုမှာ သန်လျင်... အို... ရန်ကုန် ရောက်တော့မည်။
ထွေးက လက်နှင့် အလွယ်တကူ သယ်လာသော ပစ္စည်းလေးများကို စစ်ကြည့်သည်။ လက်ပွေ့အိတ်လေးကို ဖွင့်ပြီး မှုန်နံ့သာအနည်းငယ် တို့ခြယ်သည်။
ထွေးက ပြတင်းမှ ငုံ့ကြည့်ပြန်သည်။
သည်တကြိမ်တော့ ရန်ကုန်ကို ကောင်းစွာ တွေ့ရပြီ။
ရွှေတိဂုံစေတီတော်ကြီးက ဝင်းဝင်းဝါဘိသည်။ ကုန်းတော်ကလည်း မြေပြင်မှာ မြင်ရသည်ထက် ပိုမြင့်၍ ပိုလှသည်။ မြစိမ်းရောင် တောင်မြင့်သွယ်သွယ်။ သည်ပေါ်မှာက ရွှေတောင် ရွှေပုံ ရွှေဗိမာန်ကြီး။ သည်ကျက်သရေနှင့် သည်မင်္ဂလာ၊ သည်တင့်တယ်ခြင်းမျိုး ဘယ်မှာ ရှိသနည်း။
ထွေးက လက်အုပ်လေးချီပြီး ရှိခိုးသည်။
တောတောင်ရေမြေ အဆောက်အအုံတို့နှင့် တကွသော ရန်ကုန်မြို့ကြီးကို ကြည့်ပြီး ရှေးဦးစွာ ပေါ်လာသော သီချင်းကို ထွေးက ရင်တွင်းမှ ဆိုသည်။
”ဒါ... တို့ပြည်... ဒါ တို့မြေ... ဒါငါတို့ပြည်”
သူတို့ လေယာဉ်ပျံတွေ သူတို့မြေပေါ် ရောက်လျှင် သူတို့သီချင်းတွေကို ဖွင့်ပေးတတ်သည်။
ကိုယ့်လေယာဉ်ပျံ မဟုတ်တော့ ကိုယ့်သီချင်းတွေ မကြားရ။
ကိစ္စ မရှိ ထွေးဘာသာ ထွေးဆိုမည်။
"ဒါ... တို့ပြည်... ဒါ တို့မြေ... ဒါငါတို့ပြည်"
ဝဲနိမ့်လျက် လေယာဉ်ပျံကြီးက မင်္ဂလာဒုံလေယဉ်ကွင်းတွင် ဆင်းလိုက်၏။
လက်ဆွဲသေတ္တာ၊ လက်ဆွဲအိတ်များကို သယ်ဆောင်ပြီး ထွေးက လေယာဉ်ပေါ်မှ ဆင်းကာ လေဆိပ် အဆောက်အအုံကြီးသို့ အခြားခရီးသည်များနှင့်အတူ လျှောက်လာခဲ့သည်။
လေဆိပ် အဆောက်အအုံ ဆင်ဝင်ကြီးပေါ်တွင် ခရီးသည်များဆီ လက်များ မြှောက်ပြကာ ကြိုဆိုနေသူများ ရှိကြသည်။
ကြိုဆိုနေသူများကြားတွင် ပါမည့် မိမိ၏ အိမ်သားများကို ထွေးက လှမ်းမျှော်ရှာကြည့်သည်။ ဟော...တွေ့ပြီ။
မမကြီး... မမလေး... ဖေဖေ... ဪ...
ဖေဖေဘေးမှ လက်မြှောက် ဝှေ့ယမ်းပြနေသူက ကိုကိုလတ်။
မေမေကာ... မေမေလည်း ပါရမည်ပေါ့။ လူအများနှင့် ရောနေဟန်တူသည်။ ခပ်လှမ်းလှမ်းမှ ကြည့်ရသဖြင့် အားလုံးကို မိမိ မြင်နိုင်သည် မဟုတ်။
ထွေးက အဆောက်အအုံကြီးအတွင်းသို့ ဝင်ခဲ့၏။
လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ နိုင်ငံကူးလက်မှတ်ကို အပ်သည်။ အကောက်ခွန် အရာရှိများထံ ပစ္စည်းကြေညာချက် ပုံစံကို ပေးသည်။
လူနှင့် ခွဲယူလာရသည့် ပစ္စည်းများ အရောက်ကို စောင့်ရဦးမည်ဖြစ်သောကြောင့် အပြင်သို့ ချက်ချင်း မထွက်နိုင်သေး။
ထွေးက နယ်နိမိတ်ခြားနားထားသော အရံအတားဆီ လျှောက်သွား၏။
အပြင်ဘက်တွင်က ဖေဖေနှင့် ကိုကိုလတ်တို့ ရပ်နေကြသည်။
ဖေဖေက အနည်းငယ်လေး ပိန်သွားသယောင် ရှိသည်မှတပါး အခြား ပြောင်းလဲမှု မရှိလှဟု ထင်သည်။ ကိုကိုလတ်ကမူ စပို့ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်တို့နှင့် ရှေးတုန်းကအတိုင်း ရှိုးစမိုးအပြည့်နှင့် ဖြစ်၏။
" ဖေဖေ..."
"သမီး..."
ပြန်မတွေ့သေးမီကမူ မည်သို့ နှုတ်ဆက်လိုက်မည်။ မည်သို့ စကားတွေ ပြောလိုက်မည်ဟု စိတ်ကူးထားသော်လည်း ထွေးမှာ ယခု နှုတ်မှ စကားတွေ ထွက်မလာနိုင်။ ဖေဖေ... ဟု တစ်ခွန်းသာ ခေါ်နိုင်ပြီး ရင်မှာ ခံစားမှုနှင့် ဆို့နေ၏။
ဖေဖေကလည်း စကားမပြောနိုင်။ မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများတွင် မျက်ရည်တွေ လျှံနေ၏။ သို့ရာတွင် ချစ်ခင်မြတ်နိုးခြင်းနှင့် ဝမ်းမြောက်ခြင်း သဘောတွေက မျက်နှာတွင် ပေါ်လွင်နေ၏။
အတန်လေးကြာမှ ထွေးက ရယ်နိုင်ပြီး ပြော၏။
" ဖေဖေ ဘာမှ ပြောင်းမသွားသေးဘူး "
" ဖေဖေက အား... မအိုသေးတော့ အဲ လူပျိုကြီးပေါ့၊ ဟား ဟား... "
ဖေဖေ့စကားကြောင့် ထွေးက အားရပါးရ ရယ်လိုက်ပြီးမှ ကိုကိုလတ်ကို နှုတ်ဆက်ရ၏။
"ကိုလတ်ကော ဘယ်တုန်းက ရောက်နေတာလဲ"
"သုံးရက် ရှိပြီ၊ တမင်လာရတာပါ ထွေးရယ်"
" ကျေးဇူးတင်ပါတယ် ကိုလတ်ရယ်၊ ထွေးက ခင်မင်သူအားလုံးနဲ့ သိပ်တွေ့ချင်နေပါတယ်၊ ဪ... ဖေဖေ၊ မေမေကော "
" မေမေ အိမ်မှာပဲ နေရစ်တယ် "
"ဟင်..."
"သမီး မေမေက နည်းနည်းလေး နေမကောင်းဘူး၊ ရာသီကလည်း ပူတယ် မဟုတ်လား၊ ဒါထက် သမီးပစ္စည်းတွေ များလား၊ အကောက်ခွန်ဆောင်ဖို့ ဖေဖေ ပိုက်ဆံ အလုံအလောက် ယူခဲ့တယ်"
"သိပ်တော့ မများပါဘူး၊ ဒါပေမဲ့ ဆောင်သင့်သလောက် ဆောင်ရမှာတော့ ပါခဲ့တယ် ဖေဖေ"
ကိုကိုလတ်က ဝင်မေး၏။
"ထွေး ကားဝယ်ခဲ့သေးတယ်ဆို"
"အဲဒါက သင်္ဘောနဲ့ ရောက်လာမှာ၊ စာအုပ်သေတ္တာနဲ့ တခြားပစ္စည်းတွေနဲ့ အတူတူ"
လူနှင့် ခွဲယူလာသော ပစ္စည်းတွေ ရောက်လာသောကြောင့် ထွေးက အကောက်ခွန်အရာရှိများထံ ပြန်ခဲ့၏။
ထုံးစံအတိုင်း ရှာကြဖွေကြ စစ်ဆေးကြသည်။
သို့ရာတွင် ကိုယ့်ပြည်ကိုယ် ပြန်ဝင်ရသည် ဖြစ်သောကြောင့် မျက်နှာ မငယ်ရ။ အကောက်ခွန်အရာရှိများက ပြုံးချိုဖော်ရွေသည်။
သူများ ပြည်ဝင်ရစဉ်ကမူ အားငယ်ဖို့ကောင်းသည်။ ရွှေမျက်နှာများက တင်းကြသည်။
ထွေး၏ ပစ္စည်းများကို ကြည့်ပြီး အကောက်ခွန်အရာရှိတစ်ဦးက မေး၏။
" ဂေါက်ဆက်(တ်) ပါတယ်။ ဆရာမ ဂေါက်သီးရိုက်သလား"
"ဟင့်အင်း ဖေဖေ့ဖို့ပါ"
"ပီဂျီအက်(ဖ်) ဆိုတာ တုတ်ကောင်းခင်ဗျ"
"ဟုတ်တယ်၊ သူတို့ပြည်က ထုတ်တာ၊ သူတို့ သိပ်ဂုဏ်ယူတယ်"
"သစ်သားတုတ်တွေလည်း အထိုင်ကျပြီး ကောင်းတယ်၊ သံတုတ်တွေကလည်း သံချေးမတက်ဘူး၊ ဒီကလူတွေလည်း ကြိုက်ကြပါတယ်၊ ဆရာမ ဖေဖေတော့ ဝမ်းသာမှာပဲ၊ ဪ... ဆရာမရေ... ကင်မရာနဲ့ ကက်ဆက်တွေ အတွက်တော့ အခွန်အတော်ကျမှာပဲ"
"လုပ်ပါရှင်၊ ထုံးစံအတိုင်း လုပ်ပါ"
ကိစ္စအားလုံး ပြီးစီးသောအခါမှ ထွေးက အပြင်သို့ ထွက်လိုက်သည်။
ထွေး လက်မှ သယ်လာသော ပစ္စည်းများကို ကိုကိုလတ်က ဆွဲယူ သယ်ဆောင်၏။
အပြင်ခန်းမတွင် မမကြီးနှင့် မမလေးတို့က စောင့်နေသည်။
မမကြီးနှင့် မမလေးတို့က ထွေးကို ပြေးဖက်ကြ၏။
" ထွေး ပါးစို့တွေ နီလာတယ် " ဟု မမကြီးက ဆို၏။
"ပိုလည်းလှလာပါတယ်"ဟု မမလေးက ချီးမွမ်းသည်။
"ကလေးတွေကော..."
"ထွေး တူတွေ တူမတွေက လိုက်လာချင်သမှ ဆွေဆွေ့ကိုခုန်နေကြတာ၊ နှစ်မိသားပေါက် ပေါင်းတော့ ကားလည်း မဆံ့ဘူး၊ ပြီးတော့ ကြိုဆိုခွင့် ဦးရေကလည်း ကြိုလျှောက်ရတာ၊ များလွန်းရင် အားနာဖို့ကောင်းတယ်၊ ထွေး အစ်ကိုတွေလည်း ဒါကြောင့် လိုက်မလာကြတာ"
မမကြီးက ရှင်းပြသည် အဆုံး၌ မမလေးက အတွန့်တက်သည်။
"ကြိုသူထဲမှာ အရေးကြီးတဲ့သူ ပါရင် ပြီးတာပဲ မဟုတ်လား ထွေးရဲ့"
ထွေးက မျက်နှာလေး တည်တည်ထားပြီး မေး၏။
" မေမေ တော်တော်နေမကောင်းဘူးလား "
"သိပ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နှလုံးဆိုတာက သတိရှိတာ ကောင်းတယ်"
" နှလုံး... "
"သိပ်စိတ်မပူပါနဲ့ ထွေး၊ ကြိုတင်သိတယ်၊ ဆရာဝန် ဦးတယ်၊ ဒီအရွယ် ဒီလောက်တော့ ဖြစ်တတ်ကြတာပဲ"
လက်တွန်းလှည်းနှင့် ယူလာသော ပစ္စည်းများအနက် ဂေါက်သီးအိတ်ကြီးကို ပုတ်ပြပြီး ဖေဖေက အော်မေး၏။
"ဒီမှာ ဘာလဲဟေ့"
မမလေးက ဆိုသည်။
"ကြည့်စမ်း၊ မိထွေးက မျက်နှာလိုက်တယ်၊ ဖေဖေက ပထမဦးစားပေး၊ ဟုတ်တယ် မဟုတ်လား"
ထွေးက ရယ်နေသော်လည်း ဖေဖေက ဝမ်းသာ ဂုဏ်ယူစွာ ပြော၏။
" အေးလေ... ဘာပြုလဲ၊ ညည်းတို့ပဲ ပြောတယ်၊ ဖေဖေက အထွေးကို အချစ်ဆုံးတဲ့၊ အထွေးကလည်း ဖေဖေ့ကို အချစ်ဆုံး ဖြစ်မှာပေါ့၊ ဟုတ်ဘူးလား "
ကားနှစ်စီးနှင့် လေယာဉ်ပျံကွင်းမှ ထွက်လာကြသောအခါတွင် ထွေး၏ ရင်တွင်း၌ မကျေနပ်။
မမကြီးနှင့် မမလေးတို့က ကားတစ်စီး။
မိမိ၊ ဖေဖေနှင့် ကိုကိုလတ်တို့က ကားတစ်စီး။ ကိုကိုလတ်က ဤမျှ နေရာယူခွင့် ရှိနေပြီလော။
ပြည်လမ်းမကြီးတလျှောက် ကားနှင့် လာခဲ့စဉ် စိန်ပန်းပင်တို့ ရဲရဲနီအောင် ပွင့်နေကြသည်ကို ထွေး သတိပြုမိ၏။
ကိုကိုလတ်က ပြော၏။
"ဧပြီထဲမှ ထွေးက ပြန်ရောက်လာတယ်၊ ပူမယ်နော်"
"အင်း... ကမ္ဘာ့တောင်ဘက်ခြမ်းမှာက ဆောင်းဦး၊ ဒီမှာက နွေဦး၊ ရာသီဥတု ချက်ချင်း ခြားနားသွားတာတော့ သိတယ်ပေါ့"
ယောက်လမ်းရှိ မမကြီးတို့ တိုက်ဆီ ထွေးတို့ ရောက်လာကြ၏။
ထွေးက တိုက်အပေါ်ထပ်သို့ အရင်ပြေးတက်ခဲ့၏။
မေမေက ခုတင်ပေါ်တွင် ထိုင်နေ၏။
မေမေ့ သဏ္ဌာန်က ဖြူဖြူဝင်းဝင်း ပြည့်ပြည့်ဖြိုးနှင့် ခန့်ဆဲ။ လှဆဲ။ မျက်နှာကမူ အန်းနေ၏။
မေမေက လက်ကား၍ ရင်ဖွင့်ပေးသည်။ ထွေးက မေမေ့ရင်ခွင်တွင်း ပြေးဝင်သည်။
ပြောချင်သည့်စကား ပြော။
အမိနိုင်ငံ ပတ်ဝန်းကျင်... မိခင်ရင်ခွင်...
သည်နှစ်ခုနှင့် တူသည် လောကမှာ မရှိ... မရှိ။
" မေမေ "
"အင်..."
" မေမေ သိပ်.. သိပ်နေမကောင်း ဖြစ်နေလား ဟင် "
"နည်းနည်းဆိုတော့ သမီးရယ်၊ ပရက်ရှာက တက်နေတယ်၊ မော်လမြိုင် ကနေ ဒီလာရတဲ့ ခရီးပန်းမှုကလည်း ရှိတယ်၊ ရာသီကလည်း ပူတယ်၊ ပြီးတော့ လေယာဉ်ပျံကွင်း လိုက်လာရင် မောပန်းရတဲ့အထဲ သမီးကို ပြန်တွေ့ရလို့ မေမေ ဝမ်းသာလုံးဆို့သွားမှာ သမီးအဖေက ပူသတဲ့"
" တော်ပါသေးရဲ့ မေမေရယ်၊ သမီး အခုမှ စိတ်ချမ်းသာသွားတယ် "
" မေမေလည်း စိတ်ချမ်းသာသွားပြီ၊ မေမေ မျှော်လိုက်ရ စောင့်လိုက်ရ... ပူလိုက်ရတာ သမီးလေးရယ်၊ အခုတော့ မေမေ သိပ်စိတ်ချမ်းသာသွားပြီ၊ ရှေ့လျှောက်လည်း မေမေ စိတ်ချမ်းသာရတော့မယ်လို့ မေမေ မျှော်လင့်တယ် "
မေမေ့ကို ဖက်ထားသော ထွေး၏ လက်လေးများက အားလျှော့ချင်သယောင် ဖြစ်သွားသည်။ မေမေ ဘာဆိုလိုသည်ကို ထွေးက နားလည်သည်။ ဪ... သည်ပြဿနာက ဘယ်တော့ အဆုံးသတ်မည်နည်း။
ထွေးက မေမေ့ကို တင်းအောင် ပြန်ဖက်ပြန်ရင်းက အပေါ်ထပ် ပြတင်းကျယ်ကြီးများမှတဆင့် အပြင်ဘက်သို့ ငေးကြည့်သည်။
အပြင်ဘက်၌ စိန်ပန်းတစ်ပင်က ရဲရဲနီနီ ပွင့်နေပြီ။
ပိတောက်ပန်းကို မမြင်။ ဪ... ပိတောက်ပင်ကိုပင် ထွေး မတွေ့ ရပါတကား
စိန်ပန်းကိုတော့ ခွင့်လွှတ်ခဲ့ရသည်။ သို့မဟုတ် စွန့်လွှတ်ခဲ့ရသည်။ သို့မဟုတ် ခွင့်လွှတ်ပြီး စွန့်လွှတ်ခဲ့ရသည်။
လမ်းမ တောတန်း၌ သူ့သဘာဝနှင့် ပွင့်နေသော စိန်ပန်းဟူသည်က ကိုယ် မဆင်လိုဘဲ ကိုယ့်ခေါင်းပေါ် ရောက်မလာ။ ဆင်ပါ... မြန်းပါဟု သယ်ဆောင်ကာ လာပေးမည့်သူကလည်း မရှိ။
ပိတောက်ကတော့ မျက်နှာ ကြီးသည်။ မဆင်လိုပါ ဆိုသည့်ကြားက လက်ဆောင်ပေးသူတွေက များလှသည်။ သည်ပန်းမှ မပန်လျှင် နန်းမဆန်ဟု နားပူနားဆာတိုက်သူတွေက ရှိနေသည်။
မိထွေး ဘယ်ပုံ ခုခံရပါ့။
ထွေး ပြန်ရောက်ချိန်က ဧပြီလ ကုန်ခါနီး။ ကျောင်းတွေက မေလဆန်းတွင် ဖွင့်မည်။ မေမေ့ရောဂါကလည်း ထွေး ရောက်စက ပြောပြကြသည်ထက်
အခြေအနေ ပိုသိမ်မွေ့သည်။ မေမေ့ကို အထူးကုဆရာဝန်ကြီးများထံ ပြသနေရသောကြောင့် ရန်ကုန်တွင် ဆက်နေကြသည်။ မော်လမြိုင် မပြန်နိုင်။
ကျောင်းတွေ ပြန်ဖွင့်သောအခါ ထွေးက မိခင်ဌာန ဖြစ်သော ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရ၏။
မိုးပြိုင်ပြိုင် ရွာ၍ ရာသီ အေးချမ်းသော မေလနောက်ပိုင်းတွင် မေမေနှင့် မော်လမြိုင် ပြန်ကြသည်။
ထွေး ပြန်ရောက်သည့်နေ့က စကားဦးသန်းပြခဲ့သော ကိစ္စကို မေမေက နောက်ထပ် မပြောသဖြင့် ပထမသော် ထွေးက အံ့ဩမိသေးသည်။
နောက်မှ မေမေသည် ကိုယ်စားလှယ် ထားခဲ့မှန်း ထွေး သိလာရ၏။
ထွေးက မမကြီးတို့ အိမ်တွင် နေသည် အစတွင် မမကြီးတို့ ကားနှင့် ကျောင်းတက်ရသည်။
မိမိ ဝယ်ခဲ့သော ကော်ရိုလာကားလေး ရောက်လာသောအခါ ကိုယ့်ကား ကိုယ်မောင်း ကျောင်းတက်သည်။
လွတ်လပ်သော ဘဝတွင် ထွေး... အင်း... ပျော်သည်။
ဇွန်လအတွင်း တည၌ ညီအစ်မ နှစ်ဦးတည်း ရှိကြခိုက် မမကြီးက ပြောသည်။
"မနက်ဖြန်ဆို ဘာနေ့လဲဟေ့ ထွေး"
"အင်း ဘာနေ့လဲ"
"ကြည့်စမ်း... ကိုယ့်မွေးနေ့တောင် ကိုယ် သတိမရဘူးလား"
ထွေးက ရယ်၏။ မိမိ၏ မွေးနေ့တွေ ဘာတွေကို သတိမထား။
မွေးနေ့တွင် တယောင်တဆောင် ဟိုဟာလုပ် သည်ဟာလုပ် လုပ်နေကြသည်မှာလည်း အပိုတွေဟု ထင်သည်။
မမကြီးကတော့ သည်ကိစ္စမျိုးလေးများကို ဂရုစိုက်သည်။ မိသားစု အားလုံး၏ မွေးနေ့များကို သူ မှတ်မိသည်။
"ထွေး မငယ်တော့ဘူး၊ နှစ်ဆယ့်ခုနစ်နှစ် ပြည့်တော့မယ်"
"အဲဒီတော့..."
"အဲဒီတော့ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ရတယ်၊ အချိန်တွေတောင် အတော်လွန်လာပြီ"
ထွေးက ပြုံးစိစိ လုပ်နေ၏။
"ဘွဲ့တွေ... ဒီဂရီတွေ... ရာထူးတွေ ထုတ်မပြနဲ့၊ မိန်းမဆိုတာဟာ..."
"ဆိပ်ကမ်းကျွန်းသောင် ရှိလင့်ကစား ရေမရှိသော မြစ်သည် ၊အချည်းနှီးတည်း၊ မောင်တစ်ကျိပ်ပင် ရှိလင့်ကစား လင်မရှိသော မိန်းမသည် အချည်းနှီးတည်း"
"အင်း... ထွေးသိရင် ပြီးတာပဲ"
"ဒါပေမဲ့ အတတ်ပညာရှိတဲ့ မိန်းမကို အချည်းနှီးတည်းလို့ ဦးဩဘာသက ဆိုမသွားဘူး"
"မိထွေးနော်... မကပ်နဲ့၊ အတတ်ပညာစကားသာ ပြောရရင် ငါ့မလည်း ဘွဲ့ရှိတာပဲ၊ အငယ့်မှာလည်း ဘွဲ့ရှိတာပဲ"
"အဲဒါ မေးမလို့၊ မမကြီးတို့ မမလေးတို့ ဘာလို့ လင်ယူတာလဲ"
"ဘာလို့ ယူသလဲ၊ မိထွေးနော်... ငါ ပြောလိုက်ရရင် မကောင်းဘူး၊ မိဘ ပေးစားလို့ ယူတာပေါ့"
"ဪ..."
"ဘာ ဪလဲ"
"ဘာမှ မဟုတ်ပါဘူးလေ"
" ထွေး ဘာပြောချင်တယ်ဆိုတာ မမကြီး သိပါတယ်၊ ချစ်လို့ယူကြတာ မဟုတ်ဘူး၊ ဟုတ်တယ် မဟုတ်လား"
ထွေးက မဖြေဘဲ ငြိမ်နေ၏။
"စာရေးဆရာမကြီးနဲ့ အချစ်အကြောင်း ဆွေးနွေးရဦးမယ်၊ အချစ်စစ်အချစ်မှန် ဆိုတာကို အချိန်ရဲ့ အရှေ့ အနောက် သဘောနဲ့ အနက်အဓိပ္ပာယ် ပေးလို့ ရသလား"
"ဘယ်လို ဘယ်လို"
"မယူခင်ကသာ အချစ်ပေါ်နိုင်သလား၊ ယူပြီးမှတော့ အချစ် မပေါ်နိုင်ဘူးလား၊ ယူပြီးမှ ပေါ်လာတဲ့ အချစ်ကို ဘာကြောင့် အချစ်လို့ မခေါ်နိုင်ရသလဲ"
ထွေးက သဘောကျမိ၏။ မမကြီးက ယုတ္တိဗေဒ မညံ့လှ။
"မမကြီးက အခု မမကြီးရဲ့ ယောက်ျားကို ချစ်တယ်ပေါ့"
"ချစ်... သိပ်ချစ်"
"မမကြီး သိပ်ကံကောင်းတာပေါ့၊ ထွေး ဝမ်းသာပါတယ်"
"ဘာပြောတယ်"
"မမကြီး ကံကောင်းတယ်လို့"
"ဘာကိုကံကောင်းတယ်လဲ"
" ဪ မယူခင်က ပေါ်တဲ့အချစ် ယူပြီးမှ ပေါ်တဲ့အချစ် ခြားနားတာကို ပြောမလို့ပါ၊ ယူပြီးမှ ပေါ်တဲ့အချစ်ဆိုတာ ဖြစ်နိုင်ကောင်းပါတယ်။ ဒါပေမဲ့ အာမခံချက် မရှိဘူး "
"ဘယ်လို... အာမခံချက် မရှိဘူး"
"ဟုတ်တယ်၊ ပြီးရင် အချစ်ပေါ်လာပါလိမ့်မယ်လို့ အာမခံချက်မရှိဘူး မယူခင်က ပေါ်တဲ့အချစ်မှာက အာမခံ မလိုဘူး၊ သူက ရှိပြီးနေပြီ၊ ရှိပြီးနေတဲ့အပြင် သူက အာမခံချက်တောင် ထပ်ပေးသေးတယ်"
"အလို... ဘာတဲ့လဲ"
"ဘာရယ်..."
"အိမ်ထောင်ရေးနဲ့ အိမ်ထောင်ရေး မဟုတ်တဲ့ အဖို အမ ပေါင်းသင်းခြင်းတွေ ရှိတယ်၊ အချစ်ဟာ... အိမ်ထောင်ရေးကို အိမ်ထောင်ရေးအစစ်လို့ လိပ်ပြာသန့်အောင် အာမခံပေးတယ်"
"စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ ထွေး၊ ညည်း အပျိုကြီး ဖြစ်သွားလိမ့်မယ်"
"ထွေးက အပျိုကြီး လုပ်မယ်လို့ပဲ ဆုံးဖြတ်ထားတာ"
"ဒါပေမဲ့... ဖေဖေနဲ့ မေမေက ခွင့်မပြုဘူး"
ထွေးက မတုန်မလှုပ် ငြိမ်နေ၏။
"မမကြီး ပြောပြရဦးမယ်၊ ဖေဖေရော မေမေရောလေ ထွေးကို သိပ်ချစ်ကြတယ်။ မမကြီးတို့ထက်တောင် ပိုချစ်တယ်လို့ ထင်တယ်။ အဲဒီအတွက် မမကြီး မနာလို မဖြစ်မိပါဘူး၊ မမကြီးတို့ကလည်း ထွေးကို ချစ်တယ် မဟုတ်လား၊ အခု ကြည့်စမ်း... ဖေဖေနဲ့ မေမေက မော်လမြိုင်မှာ အိမ်ကြီးတစ်လုံး ထပ်ဆောက်ထားတယ်**
"အိမ်ကြီးတစ်လုံး"
"ဟုတ်တယ်... ထွေးဖို့၊ အဲ... ထွေးတို့ဖို့"
"ထွေးတို့ဖို့..."
"ထွေးတို့ လက်ထပ်ပြီးရင် နေကြဖို့၊ သူကလည်း မိဘ စီးပွားရေး လုပ်ငန်းတွေကို ဦးစီးလုပ်ပြီး မော်လမြိုင်မှာပဲ နေတယ် မဟုတ်လား၊ ထွေးကိုလည်း မော်လမြိုင် ကောလိပ်ကို ပြောင်းလျှောက်ခိုင်းမယ်တဲ့၊ သဘောကတော့ ဖေဖေနဲ့မေမေဟာ ထွေးကို မျက်စိအောက်က အပျောက်မခံချင်ကြဘူး၊ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဆွေမျိုးအလယ်မှာ ထည်ထည်ဝါဝါ နေရမှာဟာ
ဘယ်လောက် ကောင်းသလဲ၊ မမကြီးတို့တောင် ဒီလောက် ကံမကောင်းဘူး"
ထွေးက ငိုင်သွားမိပြီးမှ ခေါင်းကို ခါနေ၏။
"ထွေးက ဘာလို့ ကိုကိုလတ်ကို မယူချင်ရတာလဲ"
"မချစ်နိုင်လို့"
"လာပြန်ပြီ ဒီအချစ်၊ အစက စကားကိုပဲ မမကြီး ပြန်ကောက်ရမယ်၊ မချစ်ပေမယ့်လည်း ချစ်လာနိုင်ပါတယ်လို့၊ အာမခံချက် မရှိဘူးလည်း မဟုတ်ပါဘူး၊ ထွေးတို့ဟာ ငယ်သူငယ်ချင်းတွေ၊ မိဘချင်းကလည်း သူငယ်ချင်းတွေ၊ ပစ္စည်းဥစ္စာကလည်း မပူရဘူး၊ ဂုဏ်သရေ အခြေအနေလည်း မြင့်တယ်၊ အဲဒါတွေဟာ အာမခံချက်တွေပေါ့ ထွေးရဲ့"
"ထားပါတော့လေ၊ ဒါပေမဲ့ သိပ်အရေးကြီးတဲ့ တစ်ချက် ထွေး ပြောခဲ့ပြီးပြီပဲ"
"ဘာလဲ..."
"လိပ်ပြာသန့်ရေးလေ၊ အိမ်ထောင်ရေးကို အိမ်ထောင်ရေးအစစ်လို့ လိပ်ပြာသန့်ရေး"
"သိပ်ခေါင်းမာမနေနဲ့ ထွေး၊ မေမေ တခုခု ဖြစ်သွားရင် ညည်းတရားခံ ဖြစ်နေလိမ့်မယ်"
"ဘာ ဘာပြောတယ် မမကြီး"
ထွေးမှာ ရုတ်တရက် တုန်လှုပ်ချောက်ချားသွား၏။
"မေမေဟာ စိတ်ကြီးတယ်၊ နှလုံးရောဂါလည်း ရှိနေတယ်၊ ညည်း သတိထားဖို့ ပြောတာ"
ထွေးက ဝမ်းနည်းစွာ ဆို၏။
"ထွေးကို အကျပ်ကိုင်ကြပြီပေါ့ နော်"
အကျပ်ကိုင်တာ မဟုတ်ဘူး ထွေး၊ ထွေး
တသက်တာ ကောင်စားရေးအတွက် မမကြီးတို့အားလုံးက ဝိုင်းပြောနေကြရတာ
ထိုညက ထွေး အိပ်မက် မက်သည်။
အိမ်ကြီးတစ်လုံး ပြိုကျသည်။ သစ်တွေ၊ အုတ်တွေကြားတွင် မေမေက ပိနေ၏။ မေမေ့ကို ဆွဲထုတ်ယူရန် ထွေး ကြိုးစားနေဆဲ လေတွေ မိုးတွေက ကျလာ၏။ စိန်ပန်းပွင့်တွေက တဖြုတ်ဖြုတ် ကြွေကျနေသည်။ မိုးရေထဲတွင် စိန်ပန်းပွင့်ကြွေတွေ ရဲရဲနီနေ၏။ ကောင်းကင်ကြီးကလည်း ရဲရဲနီနေသည်။ ရေတွေကလည်း မြင့်တက်လာ၏။ မြင့်တက်လာသော ရေတွေကလည်း ရဲရဲနီနီ။
ပြိုကျနေသော အိမ်ကြီးဆီ ထွေး ပြန်ရောက်လာ၏။
အိမ်ကြီးက မရှိပြီ။ သစ်တွေ၊ အုတ်တွေလည်း မရှိပြီ။ မေမေလည်း မရှိပြီ။
'ယူသွားကြပြီ' ဟု တစုံတယောက်၏ ပြောသံကို ကြားရ၏။
ထွေးက ပြေးသည်။ ကောင်းကင်နီနီကြီးဆီ ရှေးရှုပြေးသည်။ မြေကြီးတွေက မည်းမည်းနီနီ။ မီးလောင်မြေကဲ့သို့ မည်းမည်းနီနီ။
ထွေး လန့်နိုးချိန်၌ ဇောချွေးတွေပြန်နေ၏။
မမကြီး၏ စကားသံက နားတွင် ပေါ်လာ၏။
"မေမေ... တစ်ခုခု ဖြစ်သွားရင် ညည်း တရားခံ ဖြစ်နေလိမ့်မယ်"
မေမေက တခုခု ဖြစ်လာခဲ့၏။
ထိုတခုခုကို ဆရာဝန်တွေက မိုင်ယိုကားဒီးယ် အင်ဖတ်ဟု အမည်ပေးကြသည်။ သာမန်လူတွေအနေနှင့်ကတော့ နှလုံးရောဂါ၊ နှလုံးရောဂါ တစ်မျိုး။ သည်လိုသာ သိသည်။ နှလုံးရောဂါနှင့်လည်း ဆင်သည်။ သည်လိုလည်း ပြောကြသည်။
သည်ရောဂါ ဘာကြောင့် ဖြစ်သနည်း။ ဆရာဝန်တွေကမူ သူတို့သိသော ရောဂါအကြောင်းရင်းကို ပြောပြနိုင်မည်။ လူတွေကတော့ ထွေးကြောင့်... မိထွေးကြောင့်... မိထွေး တရားခံ... ။
သီတင်းကျွတ် ကျောင်းပိတ်ရက်များအတွင်း မော်လမြိုင်သို့ ထွေး ပြန်ခဲ့သည်။ သည်တော့မှ မေမေက ကိုကိုလတ်နှင့် လက်ထပ်ရေးကို ဇွတ်ပြောတော့၏။
ထွေးက ငြင်းသည်။ အကြောင်းအကျိုးပြ၍ ငြင်းသည်။ မျက်ရည်ခံ ထိုး၍ ငြင်းသည်။ မေမေလည်း ဇွတ်ပင် တိုက်တွန်းသည်။ မေမေ တခုခု ဆုံးဖြတ်ပြီးပြီဆိုလျှင် ပြင်ခိုင်းရန်က မလွယ်။ နောက်ဆုံးတော့ ထွေးက
"ချစ်သူနှင့် ကွေကွင်းရခြင်းဟာ ဒုက္ခတဲ့ မေမေ၊ မချစ် မနှစ်သက်သူနဲ့ ပေါင်းရခြင်းဟာလည်း ဒုက္ခပဲတဲ့၊ တချို့လူတွေဟာ ဒုက္ခတမျိုးပဲ ခံစားရတယ်၊ အဲဒီဒုက္ခဟာလည်း ကြီးလှပါပြီ၊ မြတ်စွာဘုရားသခင် အသိအမှတ်ပြုတော်မူထားတဲ့ ဒုက္ခပါ၊ သမီးကျတော့ အဲဒီဒုက္ခ နှစ်ရပ်လုံးကို ပေါင်းပြီး ခံရမယ်၊ ဒါကို ကြည့်ရက်သလား မေမေ"
"ဘာ... ဘာ၊ ညည်း ဟိုကောင်... ဟိုကောင်လေးနဲ့"
"အထင်မလွဲပါနဲ့ မေမေ၊ သူ အခု ဘယ်မှာ ရှိနေတယ်ဆိုတာ သမီး မသိဘူး၊ သူနဲ့ သမီးတို့ လုံးဝအဆက်အသွယ် မလုပ်ခဲ့ကြပါဘူး၊ မခွဲကြခင်တုန်းကလည်း မေမေ့ကို သမီး တခါက ပြောခဲ့တဲ့အတိုင်းပါပဲ၊ သမီးနဲ့ သူနဲ့ ဆက်ဆံရေးဟာ သန့်ရှင်း ဖြူစင်ခဲ့ပါတယ်၊ ဒါပေမဲ့ သမီးစိတ် သမီး သိပါတယ်၊ သူ့ကို သမီး ချစ်တယ်၊ ချစ်လျက်သားနဲ့ မေမေ့စကား နားထောင်ပြီး သူ့ကို သမီး စွန့်လွှတ်ခဲ့ပါတယ်၊ သမီးဘက်က အတတ်နိုင်ဆုံး မေမေ့ဆန္ဒကို ဖြည့်ပြီးပါပြီ၊ ဒီတခါတော့ သမီးဆန္ဒကို အတတ်နိုင်ဆုံးအလိုလိုက်ပါဦးလို့ မေမေ့ကို သမီး အသနားခံနေတာပါ"
မေမေ ငြိမ်ကျသွားသည်။ မေမေ့ မျက်လုံးများမှ မျက်ရည်ပေါက်များ ကျလာသည်ကို ထွေး တွေ့ရသည်။
ထွေးက မေမေ့ကို ဖက်မည် ကြိုးစား၏။
မေမေက ထွေး လက်များကို ဖယ်ပြီး အခန်းတွင်းမှ တုန်တုန်ယင်ယင် ထွက်သွား၏။
နောက်ရက်များတွင် မေမေက ဤအကြောင်းနှင့် ပတ်သက်၍ စကားတခွန်းမျှ မဟတော့။
ကျောင်းဖွင့်၍ ရန်ကုန်သို့ ပြန်သောအခါတွင် ကိစ္စတရပ် ပြီးပြတ်သွားပြီဟု ထွေး ယုံကြည်ခဲ့သည်။
ထွေး ရန်ကုန် ပြန်ရောက်၍ တပတ်အကြာတွင် ဖေဖေ့ထံမှ တယ်လီဖုန်း လာသည်။
မေမေ နှလုံးရောဂါ တစ်ချီ ထပ်ဖြစ်၍ မော်လမြိုင်ဆေးရုံကြီး၌ ထင်ထားရသည် ဟူသတည်း။
ထွေးရော၊ မမကြီးရော၊ မမလေးပါ မော်လမြိုင်သို့ လိုက်ခဲ့ကြသည်။
ရထားပေါ်တွင် ငိုရင်း မမလေးက ပြောသည်။
"မေမေ သေရင် မိထွေး သတ်တာ"
"ဟင်... ဘာပြောတယ်"
"မေမေ သေရင် ညည်း သတ်တာ"
ထွေးက နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်၏။
သို့ရာတွင် မမလေး၏ စကားက နားထဲတွင် ပဲ့တင်ထပ်နေသည်။
"မေမေ သေရင် မိထွေး သတ်တာ၊ ညည်း သတ်တာ"
မေမေက မသေပါ။
ဆေးရုံကြီးတွင် ဆယ်ရက်ခန့် ပြုစု ကုသ၍ သက်သာလာသောအခါ မမကြီးနှင့် မမလေးတို့က မေမေ့ကို ရန်ကုန်သို့ ခေါ်လာခဲ့သည်။
ရန်ကုန်တွင်က နှလုံးအထူးကု ဆရာဝန်ကြီးများလည်း ရှိသည်။
ပြုစုမည့် သမီးတွေလည်း ရှိသည်။
မမကြီးတို့ အိမ်တွင် အိပ်ရာပေါ်၌ မေမေက သက်သက်သာသာ နားနားနေနေ နေရသည်။ သမီး သုံးယောက်က တယောက် တလဲ ပြုစုကြရ၏။
ရောဂါဒဏ်ကြောင့်လော... ဘာကြောင့်လော မသိ။ မေမေ့ အမူအရာတွေ ပြောင်းကုန်သည်။
မေမေက စကား သိပ်မပြောတော့။ အထူးသဖြင့် ထွေးနှင့် သိပ်မပြော။ ရယ်မောခြင်းလည်း နည်းသည်။ အထူးသဖြင့် ထွေးရှေ့မှာ ရယ်မောခြင်း နည်းသည်။
ထွေး ရင်မှာ နာကျင်သည်။ နေရင်းထိုင်ရင်းက အပြစ်ရှိသူကဲ့သို့ ခံစားလာရသည်။
မမလေးက မျက်နှာထား တင်းတင်းမာမာလေး လုပ်သောအခါတွင် ထွေး အခံရ ပိုခက်သည်။
အမြဲတမ်း ရွှင်ရွှင်ပြုံးပြုံး နေတတ်သော ဖေဖေ့မျက်နှာပင်လျှင် ညှိုးညှိုးနွမ်းနွမ်း ရှိလေသောအခါတွင်ကား ထွေး မနေတတ်တော့။
နောက်ဆုံးတော့ ဖေဖေ့ကိုသာ ဖွင့်မေးရတော့၏။
မေမေက အပေါ်ထပ်တွင်သာ နေရသည်။ မမကြီးက မေမေ့အနားတွင် ရှိသည်။
အောက်ထပ် စာကြည့်ခန်းတွင် တစ်ဦးတည်း စာထိုင်ဖတ်နေသော ဖေဖေ့အနီးတွင် ထွေး ဝင်ထိုင်၏။
"ဖေဖေ့ကို သမီး တစ်ခု မေးချင်တယ်"
"မေးလေ သမီး၊ ဘာမေးမလို့လဲ"
"မေမေ အခုလို ဖြစ်တာမှာ သမီးက တရားခံလား"
"ကြံကြံဖန်ဖန် သမီးရယ်"
"ဒါပေမဲ့ သူတို့အားလုံးက ဒီလိုပဲ ပြောနေကြတယ်"
"အင်း... သူတို့ကတော့ ဒီလိုပဲ ပြောကြမှာပဲ"
"ရှင်..."
"ဖေဖေ့ကိုလည်း ပြောတာပဲလေ"
"ရှင်... ဖေဖေ့ကိုလည်း..."
"ဟုတ်တယ်"
"ဖေဖေ့မှာ ဘာအပြစ် ရှိလို့လဲ"
ဖေဖေက လက်တွင်း၌ ကိုင်ထားသော စာအုပ်ကို ဘေးချထားလိုက်ပြီး ရှင်းပြ၏။
"သမီး ပထမ ဘွဲ့ရပြီးပြီးချင်းကတည်းက သမီး မေမေက လက်ထပ် ပေးချင်တယ်၊ သမီးက မဟာဝိဇ္ဇာတန်း ဆက်တက်ချင်တယ်၊ သမီးဘက်က ရပ်ပြီး သမီး အလိုလိုက်ခဲ့တယ်၊ မဟာဝိဇ္ဇာတန်း တက်လျက်ကနေ သမီး ပညာတော်သင် အရွေးခံရပြီး နိုင်ငံခြား သွားမယ် လုပ်တော့လည်း သမီး မေမေက သဘောမတူဘူး၊ တခါ ဖေဖေပဲ သမီးဘက်က လိုက်ခဲ့တယ်"
ထွေးက ခေါင်းညိတ်၏။
ဖေဖေ ပြောခဲ့သည်မှာ အမှန်ချည်း ဖြစ်၏။ ဖေဖေ ထောက်ခံမှု မရဘဲ ထွေး ဤမျှ တောင့်ခံထားနိုင်မည် မဟုတ်ခဲ့။
"အခု သမီး ပြန်လာပြီ၊ ယောက်ျားလေးဘက်ကလည်း မေးလှပြီ၊ သမီးကလည်း အလျှော့မပေးဘူး၊ သမီး မေမေက ထင်တယ်၊ ဖေဖေကသမီးကို သိပ်ချစ်တယ်၊ သမီးကလည်း ဖေဖေ့ကို ချစ်တယ်၊ သူ ပြောမရပေမယ့် ဖေဖေသာ တစ်လုံး ဝင်ပြောရင် သမီး နားထောင်မှာပါတဲ့"
ဖေဖေက မျက်တောင် တဖျပ်ဖျပ် ခတ်၏။ ထွေးက မျက်ရည်ဝဲသည်။
"ဖေဖေ မလုပ်ရက်ဘူး၊ ငါ့သမီး စိတ်ဆင်းရဲမှာ ဖေဖေ မကြည့်ချင်ဘူး"
ထွေး မျက်ရည်ပိုဝဲ၏။ နှုတ်ခမ်းကို ကိုက်ထားမိသည်။
"အခု မေမေက ဒီအခြေ ဖြစ်လာတယ်။ အဲဒီတော့ တရားခံရှာရာမှာ ဖေဖေ့ကိုလည်း သူတို့ စာရင်းသွင်းကြတာပေါ့ "
ဖေဖေက ပြုံးသည်။ သို့ရာတွင် ဖေဖေ့အပြုံးက မလန်း၊ မလက်။
"မေမေ့ ရောဂါအခြေအနေကိုကော ဖေဖေ ဘယ်လို ထင်လဲ ဟင်"
" နှလုံး ဆိုတာမျိုးက အပြောရ ခက်သားပဲ သမီးရယ်၊ ကောင်းချင်လည်း ဆက်ကောင်းသွားတာပဲ၊ ဖျတ်ခနဲ ထဖောက်ချင်လည်း ဖောက်တတ်တာပဲ၊ စိတ်ချမ်းသာ လက်ချမ်းသာ ရှိနေဖို့ကတော့ အရေးကြီးတာပေါ့ "
"မေမေဟာ စိတ်မချမ်းသာလို့ တခုခု ဖြစ်သွားတယ်ဆိုရင် ဖေဖေ့ စိတ်ထဲ ဘယ်လိုနေမလဲ ဟင်"
ဖေဖေက ချက်ချင်း မဖြေ။ သက်ပြင်းတစ်ချက် ရှိုက်ပြီးမှ မေး၏။
"ဖေဖေ အမှန်ကို ဖြေရမလား သမီး"
"ဖြေပါ ဖေဖေ"
"သမီးအတွက်ရော၊ ဖေဖေ့အတွက်ရောပေါ့ လေ၊ တို့ အစွမ်းကုန်လုပ်နိုင်တာ တခုကို မလုပ်ခဲ့မိကြလေခြင်းလို့ နောင်တတရားများ နှိပ်စက်လေမလား မသိဘူး သမီးရယ်"
ထွေးက ခေါင်းငုံ့ချလိုက်သည်။
မျက်ရည်ပေါက်များကို ကျကုန်စေပြီးမှ ဖေဖေ့မျက်နှာကို ပြန်ကြည့်သည်။
"သမီး နားလည်ပါပြီ ဖေဖေ၊ အဲဒီနောင်တမျိုး သမီးတို့ကို မနှိပ်စက်စေရပါဘူး"
ထွေးက ဖေဖေ့အနီးမှ ဖြည်းလေးစွာ ထလာခဲ့သည်။
လှေကားရင်းတွင် ခေတ္တရပ်ပြီး အပေါ်ထပ်သို့ ကြည့်သည်။
မေမေ့ဆီ တကယ်တမ်း တက်သွားမည် ကြံတော့ ခြေလှမ်းက တုံ့နှေးချင်သည်။
ထိုစဉ် သူ့စကားများကို သတိရသည်။
”... ဘဝမှာ လိမ့်ကျပြီး သံသရာမှာ ခြေထောက်ကျိုးရမှာ တိုးတိုး ကြောက်ပါတယ်”
ဪ... ထွေးလည်း ကြောက်ပါသည်။ တိုးတိုးကဲ့သို့ပင် ကြောက်ပါသည်။
ထွေးက လှေကားကို ဖြည်းဖြည်းစ,တက်၏။
ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် မြန်မာစာဌာနရှိ မိမိ၏ စားပွဲတွင် ငုံ့အလုပ် လုပ်နေရာမှ ရှေ့တွင်
တစုံတယောက် လာရပ်သဖြင့် ထွေးက မော့ကြည့်သည်။
ကျောင်းသားအရွယ် မဟုတ်။ ဆရာတယောက်လည်း မဟုတ်။ မျက်နှာကတော့ မြင်ဖူးသယောင်ယောင်။
"ဘာကိစ္စပါလဲ ရှင်"
"ဪ ထွေးက ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ်။ ကျွန်တော် ဘလှပါ"
ထွေးက မနည်း ရုပ်ဖမ်းယူရ၏။
ဆံပင်တွေက ရှည်သည်။ နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးများလည်း ရှိသည်။
စပို့ရှပ် မြင်းချေးရောင်နှင့် ဘောင်းဘီရှည် အညိုကို ဝတ်ထားသည်။
တုတ်ခိုင် သန်မာသော လက်တဖက်ပေါ်တွင် ဆေးမင်ကြောင် စိမ်းပြာပြာ ရှိနေ၏။
"ဪ ကိုဘလှ၊ ထိုင်ပါ"
ဘလှက စားပွဲရှေ့ရှိ ကုလားထိုင်၌ ထိုင်၏။
"ကိုဘလှ မော်လမြိုင်မှာပဲနော်''
"အင်း... "
"ဘာလုပ်နေလဲ"
"စက်လှေ မောင်းတယ် ဆိုပါတော့ဗျာ"
ထွေးက ပြန်စဉ်းစားသည်။
မိမိ... တိုးတိုး... ကိုကိုလတ်... ဘလှတို့ တစ်နှစ်တည်း ဆယ်တန်း ဖြေကြသည်။ ဘလှ ဆယ်တန်း မအောင်။
"တစ်နှစ်က ထွေးတို့ ခြံထဲ အတင်းဝင်ပြီး ထွေးကို ကျွန်တော် ရေဝင်လောင်းတာ အမှတ်ရတယ်၊ ကျွန်တော်လည်း အဲဒီတုန်းက အတော်ဆိုးတယ်"
"ကိစ္စမရှိပါဘူး ရှင်၊ ကျွန်မတို့ တစ်ကျောင်းတည်း မနေကြပေမယ့် ရှင်တို့၊ ကိုကိုလတ်တို့၊ ကျွန်မတို့ဟာ တစ်လမ်းတည်း နေခဲ့ကြတဲ့ သူငယ်ချင်းတွေပဲဟာ"
"ဒါပေမဲ့ အခု ဘဝတွေက မတူကြဘူးဗျာ"
ဘလှ၏ အသံက တစ်မျိုး ဖြစ်၏။ ဝမ်းနည်းသံလော... နာကြည်းသံလော ထွေး ခွဲမရ။
"အခု ဘာကိစ္စ လာတာလဲ၊ ကျွန်မ ဘာအကူအညီ ပေးနိုင်သလဲ ဟင်"
ဘလှက အခန်းတခွင် မျက်လုံးဝေ့ကြည့်၏။
"ကျွန်တော် ထွေးနဲ့ ဆွေးနွေးစရာ ရှိလို့"
ထွေးကလည်း အခန်းတခွင်ကို ကြည့်သည်။
အခြား ဆရာ ဆရာမများ သင်တန်း သွားနေကြသဖြင့် မိမိ တစ်ဦးတည်း ရှိနေသည်။
ပါမောက္ခ ဆရာမကြီးကတော့ သူ့အခန်းတွင်းဝယ် ရှိနေ၏။
"ကျွန်မနဲ့ ဘာဆွေးနွေးစရာ ရှိနေလဲ"
ဘလှ၏ နှုတ်ခမ်းများက တွန့်လာပြီး ပြုံး၏။
"ကိုကိုလတ်အကြောင်း"
"ရှင်... ကို... ကိုလတ်အကြောင်း"
"ဟုတ်တယ်၊ ထွေးရဲ့ အဲ... ကိုလတ်အကြောင်း"
စကားအဆုံး၌ သူက အနည်းငယ် ရယ်သံပြု၏။
"ကိုလတ်အကြောင်း ဘာပြောမလို့လဲ"
သူက သတင်းစာ ဖြတ်ပိုင်းလေး တခုကို ထုတ်ပြ၏။
မိမိနှင့် ကိုကိုလတ်တို့ စေ့စပ်ကြောင်းလမ်းခြင်း ကြော်ငြာ ဖြစ်၏။
ထွေးက မေးခွန်းထုတ်သော မျက်လုံးများနှင့် ဘလှကို ကြည့်၏။
"ကျွန်တော် လာစဉ်ကတော့ ချီတုံချတုံပါပဲ၊ ဒါပေမဲ့ စောစောက ထွေးက ကျွန်တော်တို့တွေဟာ သူငယ်ချင်းတွေပါလို့ ဆိုထားတော့ ကျွန်တော် အားတက်သွားတယ်၊ ဪ... တိုးတိုးဟာလည်း ကျွန်တော်တို့ သူငယ်ချင်း တစ်ဦးပါပဲ"
ထွေးက မျက်နှာ၌ ဘာအမူအရာကိုမျှ မပြဘဲ သူ့ကို ဆက်အကဲခတ် နေ၏။
"သူငယ်ချင်းချင်းပဲလေ၊ တိုတိုနဲ့ တည့်တည့်ပဲ ကျွန်တော် ပြောမယ်။ ဒီမင်္ဂလာသတင်းဟာ မော်လမြိုင် တမြို့လုံး စိတ်ဝင်စားတဲ့ သတင်းပါ။ အကြီးအကျယ် အခမ်းနားဆုံး မင်္ဂလာဆောင်တခု ဖြစ်မယ်လို့လည်း မျှော်လင့် နေကြတယ်။ ဒါပေမဲ့ အဲဒီမင်္ဂလာဆောင်ကို တတ်နိုင်ရင် မဖြစ်စေချင်တဲ့ လူနှစ်ဦးတော့ ရှိတယ်၊ တစ်ဦးကတော့ သတို့သမီးလောင်း ကိုယ်တိုင်ပါပဲ၊တစ်ဦးကတော့ ဘလှ ဆိုတဲ့ ကျွန်တော်ပါ"
"ရှင် ရှင် ဘာပြောလိုက်တယ်"
"အမှန်က ဒီမင်္ဂလာဆောင်ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ပြီးမြောက်ခဲ့ရမှာပါ။ ဘာကြောင့် ခုထိ ကြာခဲ့ရသလဲ၊ ကျွန်တော်တို့ သူငယ်ချင်းချင်းတော့ သိကြတယ်ပေါ့ဗျာ၊ ဟုတ်တယ် မဟုတ်လား"
"ကိုဘလှ ရှင် ဘာကို ဦးတည် ဆွေးနွေးနေတာလဲ"
"ရောက်လာပါလိမ့်မယ် ထွေး၊ ကျွန်တော် ပြောခဲ့သလိုပဲ၊ ဒီမင်္ဂလာဆောင်ကို မဖြစ်မြောက်ချင်တဲ့ လူနှစ်ဦး ရှိတယ်။ တစ်ဦးက သတို့သမီးလောင်း၊ တစ်ဦးက ကျွန်တော် ဘလှ၊ အခု ဘလှက သတို့သမီးလောင်းကို ကူညီချင်လို့ ရောက်လာတာ"
ထွေးက မျက်နှာထားကို တည်လိုက်ပြီး ပြတ်ပြတ်လည်း ပြော၏။
"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျွန်မတို့ လက်ထပ်ဖို့ အားလုံး စီစဉ်ပြီးပြီ"
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ထွေးက လက်ထပ်ချင်လွန်းလို့လား၊ ဒါမှမဟုတ် ထွေး မိဘတွေကို မလွန်ဆန်နိုင်လို့လား၊ ဖြေပါဦး ထွေး"
"ဒါတွေကို ရှင် သိဖို့ မလိုဘူး"
"ခက်တာက ကျွန်တော် သိပြီး ဖြစ်နေပြီ၊ ထားပါတော့လေ၊ ဘလှ ဘာလုပ်ချင်တယ် ဆိုတာကိုပဲ တင်ပြပါ့မယ်"
ဘလှက လွယ်ထားသော အိတ်တွင်းမှ တစုံတခုကို နှိုက်ယူပြီး ထွေးအား ပေး၏။
ဓာတ်ပုံတခု။ ခပ်ဝေးဝေးမှ ဆွဲရိုက်ထားသော ပုံဟု ထွေး သိသည်။ သို့ရာတွင် ပုံတွင်းမှ လူများကမူ ထင်ရှား ပီသသည်။
တစ်ဦးက ယောက်ျား၊ ကိုကိုလတ်။ တစ်ဦးက မိန်းမပျိုလေး တယောက်၊ နုနယ်ငယ်ရွယ်သေးသည်။ ကိုယ်ဟန်လေးက ကြော့ရှင်းသည်။ မျက်နှာလေးက သနားကမား။
ဪ... ကျောင်းသူလေးအရွယ်၊ ကျောင်းသူလေးတို့ ဟန်။
ကိုကိုလတ်၏ လက်တဖက်က မိန်းကလေး၏ ခါးကို ပိုက်ဖက်ထားသည်။
ထွေးက ဘလှကို မော့အကြည့်တွင် ဘလှက ဓာတ်ပုံကို ပြန်ဆွဲယူ လိုက်၏။
"အဲဒါ ဘာအဓိပ္ပာယ်လဲ ကိုဘလှ"
ထွေးက အသံကို မတုန်အောင် ကြိုးစားထိန်း၍ ပြောသည်။ ထွေး ရင်ကမူ ခုန်နေ၏။
"ထွေး မိဘတွေအကြောင်း ကျွန်တော် သိပါတယ်။ ထွေးအတွက် အကောင်းဆုံးလို့ သူတို့ မှန်းပြီး ဆောင်ရွက်ထားကြတာပါ၊ အကောင်းဆုံးလို့ သူတို့ ထင်တာဟာ အကောင်းဆုံး မဟုတ်မှန်း သိရင် သူတို့ ဘာလုပ်မယ်ဆိုတာကို ကျွန်တော် ခန့်မှန်းနိုင်ပါတယ်"
ထွေး ရင်က ပိုခုန်လာ၏။ ဘလှ၏ စကားကို ထွေး နားလည်သည်။
"ရှင် ဒီပုံ ဘယ်လို ရခဲ့သလဲ"
ဘလှ၏ မျက်နှာက တည်သွားသည်။ တည်ရုံမက မာသွား၏။
"အဲဒီပုံထဲက မိန်းကလေးဟာ ကျွန်တော့်... ကျွန်တော့် နှမ...နှမလေးပါ"
စကားအဆုံး၌ ဘလှက အံကြိတ်ထား၏။
"ရှင့်... ရှင့်နှမလေး"
"ဟုတ်တယ်၊ ကျွန်တော့်ရဲ့ တစ်ဦးတည်းနဲ့ အချစ်ဆုံး မိတဆိုး ဖတဆိုး နှမလေးပါ"
အကြောသန်း၍နီသော ဘလှ၏ မျက်လုံးများတွင် မျက်ရည်များ ရှိနေ၏။
"ကျွန်မ ဒီထက် အကြောင်းအကျိုး စုံစုံလေး မသိရဘူးလား"
"သိရပါမယ်လေ၊ ကျွန်တော် စိတ်ထိခိုက်လွန်းလို့ စကားရပ်သွားတာပါ။ ကျွန်တော်ဟာ ကျွန်တော် ပြောခဲ့သလိုပဲ စက်လှေ မောင်းပါတယ်၊ ပင်လယ်သွား ယောက်ျားဟာ အန္တရာယ်များသတဲ့ ထွေး၊ ကျွန်တော်ဟာ အန္တရာယ်တခုကြောင့် အိမ်ကို အချိန်အတော်ကြာအောင် ပြန်မရောက်နိုင်ခဲ့ဘူး၊
ကိုကိုလတ်ဟာ ကျွန်တော့်သူငယ်ချင်းပါ၊ သူငယ်ချင်း ဆိုပေမယ့် တန်းတူရည် မဟုတ်ပါဘူးလေ၊ ကျွန်တော့်အဖေက အရင်က သူတို့ သစ်စက်က အလုပ်သမား အခု ကျွန်တော်ကလည်း သူတို့ရဲ့ အဲ... အလုပ်သမားတစ်ဦးပဲ ဆိုကြပါစို့"
ထွေးက နားလည်ကြောင်း ခေါင်းညိတ်ပြ၏။
"ကျွန်တော့် နှမလေးကို အိမ်မှာ အဒေါ်တယောက်နဲ့ပဲ ထားရတယ်၊ ကျွန်တော့် နှမလေးဟာ ဆယ်တန်းကျောင်းသူလေးပါ၊ ကျွန်တော့်လိုမဟုတ်ဘူး၊ စာတော်တယ်၊ စာကြိုးစားတယ်။ ခုနက ပြောခဲ့သလို အချိန် အတော်ကြာကြာ ကျွန်တော် အိမ်ပြန်မရောက်တော့မှာမို့ ကျွန်တော့် နှမလေးကို
စောင့်ရှောက်ဖို့ ကိုကိုလတ်ကို အပ်ထားခဲ့ရပါတယ်"
ထွေးက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေ၏။
"ကျွန်တော် ပြန်... ပြန်ရောက်တော့
အစ်ကိုတယောက်အနေနဲ့ မကြည့်... မကြည့်ဝံ့ မကြည့်ရက်တဲ့ ဘ... ဘဝကို ရောက်... ရောက်နေပါပြီဗျာ"
ထွေးက သူ့ကို ထောက်ထားညှာတာစွာ ကြည့်လျက် ဆို၏။
"ကျွန်မ နားလည်ပါတယ်"
"ကိုကိုလတ် မသိတာ တခု ရှိတယ်၊ တခြား ကျွန်တော့် အပေါင်းအသင်းတွေကိုလည်း တတ်နိုင်သမျှ ကြည့်ရှုကြဖို့ ကျွန်တော် မှာထားခဲ့တာပါပဲ၊ ကျွန်တော့် အပေါင်းအသင်းတွေက စုံတယ်၊ ရတဲ့ အခွင့်အရေးကို အသုံးချတတ်တဲ့ လူတွေလည်း ပါတယ်၊ သူတို့ဆီက ခုနက ဓာတ်ပုံမျိုးတွေ ကျွန်တော် ရခဲ့တယ်"
ဘလှက စကားမဆက်တော့ဘဲ နေသဖြင့် ထွေးက မေးသည်။
"ဒီတော့ ရှင် ဘာလုပ်ချင်လဲ ကိုဘလှ"
"ကျွန်တော့်ဆီမှာ တခြား အထောက်အထားတွေလည်း ရှိပါသေးတယ်၊ ကျွန်တော် ဝန်ခံပါတယ်၊ အဲဒီ အထောက်အထားတွေဟာ ရုံးတင်ပြီး စကားပြောလို့ရတဲ့ အထောက်အထားတွေ မဟုတ်ပါဘူး၊ ဒါပေမဲ့ ထွေးမိဘတွေအတွက်တော့ လုံလောက်တဲ့ အထောက်အထား ဖြစ်စေရမယ်လို့ ကျွန်တော် အာမခံတယ်"
"အဲဒီတော့"
"အဲဒီတော့ ဆက်ပြောရမှာ ရှက်လည်း ရှက်ပါတယ်၊ ထွေးကို အားလည်းနာပါတယ်"
"ပြောသာ ပြောပါ ကိုဘလှ"
"ဒီအထောက်အထားတွေကို မလိုချင်ဘူးလား"
ထွေးက စဉ်းစားပြီးနောက် ဝန်ခံသည်။
"ကျွန်မ လိုချင်ပါတယ်"
"အဲဒီလိုဆိုရင် ဟိုသင်း... ထွေး ကျွန်တော့်ကို ဘယ်လောက် ကူညီနိုင်မလဲ"
"ရှင်..."
"ရှက်တယ်၊ အားနာတယ်လို့ ကျွန်တော် ပြောပြီးပါပြီ၊ ဒါပေမဲ့ ကျွန်တော့်မှာ ကျွန်တော့်ဒုက္ခနဲ့ ကျွန်တော်"
"ပြောပါ"
"ကိုကိုလတ်နဲ့ အပေးအယူ လုပ်လိုက်ရင် ကျွန်တော် ဘယ်လောက် ရမယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီလူယုတ်မာနဲ့ ကျွန်တော် မဆက်ဆံချင်ဘူး၊ သူ့ငွေလည်း မလိုချင်ဘူး၊ ကျွန်တော် အဓိကလုပ်ချင်တာက သူ့ကို လက်စားချေ ချင်တာပါ၊ သူ ထွေးကို ဘယ်လောက် လက်ထပ်ချင်တယ် ဆိုတာ ကျွန်တော် သိတယ်၊ အဲဒီ သူ့ရည်မှန်းချက်ကြီး ပျက်စေရမယ်၊ ဪ... ထွေးကိုလည်း သူလိုလူ လက်ထဲ ရောက်မသွားစေချင်ပါဘူး၊ ဒါပေမဲ့ ဒီအထောက်အထားတွေကြောင့် လက်ထပ်ရေး ပျက်သွားရင် ဘယ်သူ့လက်ချက်မှန်း သူ သိမယ်၊ အဲဒီအခါ ကျွန်တော့် ထမင်းအိုး ကွဲပြီပဲ၊ ကျွန်တော့်ဘဝကို အသစ်တခု ပြန်စရမယ်၊ ပြီးတော့ ကျွန်တော့်အပေါင်းအသင်းတွေကလည်း ရှိသေးတယ်၊ ကိုကိုလတ်ဆီက ဘာရနိုင်မှန်း သူတို့လည်း သဘောပေါက်တယ်၊ သူတို့ ကျေနပ်အောင်လည်း ကျွန်တော် လုပ်ရဦးမယ်"
"ကျွန်မ နားလည်ပြီ ဆိုပါတော့၊ ရှင် ဘယ်လောက် လိုချင်သလဲ"
"တစ်သောင်း"
"တစ်သောင်း..."
"ကျွန်တော် အားနာပါတယ်"
"ကျွန်မ ဈေးဆစ်ချင်လို့ မဟုတ်ဘူး၊ လက်ထဲမှာ အဲဒီလောက် အလွယ်မရှိဘူး၊ အိမ်ကိုလည်း ဖွင့်ပြောလို့ မဖြစ်သေးဘူး၊ ကျွန်မ ကြံရဦးမယ်၊ ရှင် အချိန် သုံးရက် ပေးနိုင်မလား "
"ပေးနိုင်ပါတယ်"
"ဒီလိုဆို ဖိန်းနွှဲခါ ဒီကိုပဲ လာပေါ့၊ ဒီအချိန်..."
"အား... ဒီမှာတော့ မဖြစ်ဘူး ထင်တယ်"
"ဘာပြုလို့"
စကားကုန် ပြောရမယ် ထင်တယ်၊ ငွေတစ်သောင်း ဆိုတာက မနည်းဘူး၊ ကျွန်တော့်ဆီက အထောက်အထားတွေ ရပြီးမှ ထွေး စိတ်ပြောင်း သွားမယ် ဆိုပါတော့ လျှော့ပေးချင် ပေးမယ်၊
တပြားမှ မပေးချင် မပေးဘူး၊ ကျွန်တော် လုပ်တာက ငွေညှစ်သလိုလို ဘာလိုလို၊ ဒီမှာက ထွေးတို့ ပိုင်နက်၊ တက္ကသိုလ်က ဌာနကြီး တခုအထဲ"
"ရှင် ကျွန်မကို မယုံဘူးလား"
"ကိုယ့်ဘက်က ဘေးကင်းအောင် လုပ်ရပါမယ် ထွေး၊ ပြီးတော့ ကျွန်တော့် အပေါင်းအသင်းတွေကလည်း ရှိသေးတယ်၊ သူတို့က လူသူကို သိပ်မျက်နှာပြချင်ကြတဲ့ လူတွေ မဟုတ်ဘူး၊ တချို့ အထောက်အထားတွေဟာ သူတို့ လက်ထဲမှာပဲ ရှိသေးတယ်၊ ကျွန်တော် ပြောသလိုပဲ သူတို့က ကိုကိုလတ် ဆီကလည်း ရနိုင်မှန်း သိကြပါတယ်လေ၊ ကျွန်တော်က သူတို့ပေါ်မှာ ဩဇာရှိတာကလည်း တကြောင်း၊ ကာယကံရှင် ဖြစ်နေတာလည်း တကြောင်း၊ ဒီအကြောင်းတွေကြောင့်သာ ကျွန်တော့် အစီအစဉ်ကို သူတို့ လက်ခံကြတာ၊ ဒါပေမဲ့ ထွေးနဲ့ ကျွန်တော် ပစ္စည်း လက်ပြောင်းလက်လွှဲ လုပ်တာကို သူတို့ မလှမ်းမကမ်းက ကြည့်နေချင်ကြတယ်လေ၊ ဟောဒီ နေရာမျိုးကိုတော့ သူတို့ မလိုက်လာချင်ဘူး။
ထွေးက ချင့်ချိန်ကြည့်နေ၏။ သူ ပြောသည်မှာ ကြောင်းကျိုးဆီလျော်သည် ထင်၏။
"ရှင်တို့မှာ ရှိသေးတဲ့ အထောက်အထားတွေ ဆိုတာက ဘာတွေလဲ"
"မေးထိုက်တဲ့ မေးခွန်းပါ၊ အဓိကအားဖြင့် တော့ ဓာတ်ပုံတွေပါပဲ၊
ဟောဒါမျိုးတွေလည်း ပါသပေါ့ "
သူက ဘောင်းဘီအိတ်တွင်းမှ ရွှေဆွဲကြိုးတစ်ကုံးကို ထုတ်ပြီး ထွေး ရှေ့၌ တန်းလန်းဆွဲပြ၏။
"ဒါ ကိုကိုလတ် အမြဲဆွဲခဲ့တဲ့ ဆွဲကြိုးပဲ၊ သူ့နာမည် အတိုကောက်လည်း ပါတယ်၊ ဒီဆွဲကြိုးကို ကျွန်တော့်နှမ ဘယ်လို ရထားခဲ့သလဲ မသိဘူး၊ တောင်းယူထားတာလား၊ မေ့ကျန်ရစ်တာကို ပြန်မပေးဘဲ ယူထားလိုက်သလား မသိဘူး၊ ဒီဆွဲကြိုးဟာ အင်မတန်ခိုင်တဲ့ ဆွဲကြိုး၊ ဇွတ်ဖြတ်ယူဖို့တောင် မလွယ်ဘူး၊ ဇွတ်ဖြတ်ယူတာ... ပြတ်ကျထားတာ ဆိုရင်လည်း ဖြတ်ရာ ပြတ်ရာပဲ ဖြစ်ဖြစ်၊ အဆက်ပဲ ဖြစ်ဖြစ် ရှိရမယ်၊ ဒါပေမဲ့ ဆွဲကြိုးဟာ မူလလက်ရာ တစက်မှ မပျက်ဘူး၊ အကောင်းပကတိ၊ ကိုကိုလတ်ကိုယ်တိုင် ဖြုတ်ပေးနိုင်မှ ရနိုင်တဲ့ သဘောကို ပြနေတယ်"
ထွေးက ဆွဲကြိုးကို ကြည့်နေသည်။ ကိုကိုလတ် ဆွဲသော ဆွဲကြိုးမှန်း မှတ်မိသည်။ ကိုကိုလတ် လူပျိုပေါက်စက ဆွဲကြိုးဆွဲသောကြောင့် သူ့ကို မိမိ သရော်ဖူးသည်။
"ဒါပဲလား"
"ဪ ထွေးက တော်တော်သေချာချင်တယ်နော်၊ ရှိပါသေးတယ်၊ ကိုကိုလတ်ကိုယ်တိုင် နောက်ကျောမှာ လက်မှတ်ထိုးပြီး ပေးထားတဲ့ ကိုကိုလတ်ရဲ့ ဓာတ်ပုံလိုဟာမျိုး ဆိုပါတော့၊ ဒါတွေအားလုံးဟာ ကျွန်တော် ပြောခဲ့သလိုပဲ ရုံးတော်မှာ စကားပြောနိုင်တဲ့ သက်သေခံပစ္စည်းတွေတော့ မဟုတ်ပါဘူး၊ တခုချင်းစီအနေနဲ့ကျတော့လည်း အဓိပ္ပာယ် မရှိလှပါဘူးလေ၊ ပေါင်းစုလိုက်ရင်တော့ ထွေးတို့ ကိစ္စအတွက် လုံလောက်တဲ့ အထောက်အထားတွေပါ
"ထားပါလေ... ကျွန်မတို့ ဘယ်မှာ ဘယ်လို တွေ့ကြမလဲ"
"စုံထောက်ဝတ္ထုတွေထဲကလို သိပ်ခေါင်၊ သိပ်လူပြတ်တဲ့ နေရာမျိုး မဟုတ်ပါဘူး၊ အဲဒီလောက်လည်း မလိုပါဘူး၊ တခုတော့ ရှိတယ်၊ ထွေး အဖော်တော့ ခေါ်မလာပါနဲ့"
ထွေးက သူ့ကို စိုက်ကြည့်မိသည်။
"ထွေးက ကျွန်တော် တောင်းဆိုတာတွေ များလွန်းတယ် ထင်သလား၊ ထွေး မကျေနပ်ရင်လည်း အခု ပြောခဲ့ကြတာတွေကို မေ့ပစ်လိုက်ပါလေ၊ ကျွန်တော် ပြန်ရုံပဲပေါ့ "
သူက နေရာမှ ထ၏။
"အို... နေဦးလေ၊ ရှင့်အစီအစဉ်နဲ့ နေရာကို ပြောပါဦး၊ ကျွန်မ ကျေနပ်လောက်ရင် ရှင် အကြံပြုတာ ကျွန်မ လက်ခံပါမယ်"
သူက ပြန်ထိုင်၏။
ကျွန်တော့်အစီအစဉ်မှာ ထွေးက ကားပေါ်ကတောင် ဆင်းဖို့မလိုပါဘူး။ ကျွန်တော်ကလည်း ကားပေါ် မတက်ဘူး၊ ကျွန်တော် ပေးတဲ့ ပစ္စည်းတွေကို ထွေး အရင်ကြည့်ပါ၊ ကျေနပ်မှ ကျွန်တော့်ကို ထွေး ငွေပေးပါ"
"နေရာက"
"ဟောဒီကနေ သိပ်မဝေးပါဘူး၊ ထွေးတို့ရဲ့ တက္ကသိုလ်နယ်ပယ်ထဲများလို့ ဆိုနိုင်ပါတယ်"
သူက ထွေးထံမှ စာရွက်တရွက် တောင်းပြီး ပုံကြမ်းဆွဲပြ၏။
လှေလှော်အသင်း ရှိရာ ကျွန်းဆွယ်သို့ သွားသော လမ်းအတိုင်း ထွေးက ကော်ရိုလာကားလေးကို မောင်းဝင်လာခဲ့သည်။
ထွေး၏ရင်မှာ အနည်းငယ်လေး ခုန်နေသည်။ စိုးရိမ်စိတ်ကလည်း ငွေ့ငွေ့ရှိနေ၏။ မိမိ ယခု လုပ်နေသည်မှာ သင့်လျော်ပါ၏လောဟုလည်း သံသယဖြစ်မိသည်။
ကားလမ်းအတိုင်း အတန်လေး လာခဲ့ပြီးမှ လက်ယာဘက်သို့ ချိုးကွေ့ကာ ကားကို ထွေးက ရပ်လိုက်၏။
သည်နေရာတွင်က မြေလမ်းတခု ဖြစ်ပေါ်နေသည်။ လမ်းပေါ်ရှိ ကားဘီးရာများလည်း ရှိနေသည်။
ထွေးက ကားကို အလွယ်တကူ နောက်ပြန်ဆုတ်နိုင်သော အနေအထားဖြင့် ရပ်ထားသည်။ နောက် ဂီယာကိုလည်း ထိုးထား၏။ ကားတံခါး သုံးပေါက်ကို မှန်အပြည့်တင်ပြီး အတွင်းမှ ခလုတ်ချ သော့ပိတ်ထား၏။
ထွေးက ရှေ့သို့လည်း ကြည့်သည်။ ဘေးဘီကိုလည်း ကြည့်သည်။ အတွင်းမှန်၊ အပြင်မှန်များမှ တဆင့် နောက်သို့လည်း ကြည့်သည်။
အရေးဆိုလျှင် သော့ကို အမြန်ဖွင့် စက်နှိုးပြီး တစ်ရှိန်ထိုး နောက်ဆုတ် ကွေ့၍ လှေလှော်အသင်း ရှိရာသို့ မောင်းချသွားနိုင်၏။
ထွေးက မိမိ၏ စီမံချက်ကို မိမိ သဘောကျသွားသည်။
ဘဝတသက်တာ ပျော်ရွှင်ရေးအတွက် ဤမျှတော့ စွန့်ထိုက်သည် ထင်၏။
ငွေ ပါလာသောကြောင့် ထွေးက စိတ်ပူမိခြင်း ဖြစ်၏။ တစ်ဖန် တွေးပြန်တော့လည်း မိမိ၌ ငွေပါမည်ကို ဘလှတို့သာ သိသည်။ သည်ငွေတွေကလည်း သူတို့အတွက်သာ ဖြစ်သဖြင့် သူတို့ကို ပူရန်မရှိဟု ထင်သည်။ ဤအတိုင်း ဆိုပြန်တော့ ဘာကို ပူရန် ရှိတော့သနည်း။
ထွေး၏ စိတ်လေးက အေးလာသည်။ သို့ရာတွင် သတိကို မလျှော့ဘဲ ငြိမ်ငြိမ်လေး ထိုင်နေ၏။
ကားပေါ်မှနေ၍ လှေလှော်အသင်းကို လှမ်းမြင်ရသည်။ ယင်းဆီ၌ လူရိပ်လူယောင် ရှိနေသည်။
သည်နေရာမျိုးလေးတွေတွင် ယခင်က အတွဲလေးတွေ ရှိတတ်သည်ဟု ကြားဖူးသည်။ ယနေ့တော့ မတွေ့။ ဪ... တနည်းအားဖြင့်တော့ ကောင်းသား။ သို့မဟုတ်လျှင် မိမိ၏ ကားကို မှတ်မိသူများက ဆရာမတစ်ယောက် ဤနေရာ ဘာလာလုပ်နေသနည်းဟု မေးခွန်း ထုတ်ကြလေမည်။
ထွေးက လက်ပတ်နာရီကို ငုံ့ကြည့်၏။
နံနက် ဆယ့်တစ်နာရီ ထိုးတော့မည်။
ချိန်းထားချိန် နီးပြီ။
ထွေးက အင်းလျားကန်ဘက်သို့ ကြည့်သည်။
ကန်လယ်ရှိ ကျွန်းများ၏ထိပ်တွင် နှင်းငွေ့ပြာပြာကို တွေ့ရသည်။ ဆောင်း၏ မိုးပြင်ကလည်း မွဲမွဲပြာပြာလေးနိုင်သည်။
ထွေး၏ မျက်လုံးများက အတွင်းနောက်ကြည့်မှန်ဆီ ရောက်သွား၏။
မိမိဆီ လျှောက်လာနေသော ဘလှကို တွေ့ရ၏။
သူက ဣန္ဒြေရရနှင့် ကားအနီး လာရပ်၏။
"ထွေး ရောက်နေတာ ကြာပြီလား"
"သိပ်မကြာလှသေးပါဘူး"
သူက အင်္ကျီအပြာ၊ ဘောင်းဘီအနက် ဝတ်ထား၏။ ဆံပင်က သိပ်မရှည်တော့။ မျက်နှာတွင် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးများလည်း မရှိတော့။ ယခုမှ ငယ်ရုပ် ပိုပေါ်သည်။
သူက လက်တွင်းမှ ပလတ်စတစ်အိတ်နှင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို ပေးသည်။
"ထွေး ကြည့်ပါ၊ ကျေနပ်တယ်၊ တန်တယ် ထင်ရင် ငွေကို ဟောဟိုနားမှာ လာပေးပါ"
ထွေးဆီမှ စကားပြန်ကို မစောင့်တော့ဘဲ သူက ရှေ့ဆက်လျှောက် သွားပြီး မလှမ်းမကမ်းရှိ မြေကမူတခုပေါ်တွင် ထိုင်နေ၏။
ထွေးက ဘေးဘီကို ကြည့်ပြန်သည်။ နောက်မှန်များကိုလည်း ကြည့်၏။
ပတ်ဝန်းကျင် အခြေအနေ အားလုံးကို ကျေနပ်ပါမှ ထွေးက အထုပ်ကို ဖြေကြည့်သည်။
ကိုကိုလတ်နှင့် ကလေးမတို့ တွဲလျက်ပုံများ ဆယ်ပုံ ပါသည်။
စက်စဲကမ်းခြေ ရေစပ်တွင် တစ်ဦးလက် တစ်ဦး ဆွဲလျက် ရွှင်မြူးနေကြပုံက အသက်ပါသည်။ အုန်းခြံကြီး တခုတွင်း၌ တစ်ဦး ခါး တစ်ဦး ဖက်လျက် လျှောက်နေကြပုံက အင်း... ကြည်နူးဖွယ်ပင် ရှိသေးတော့။
ထွေးက စဉ်းစားမိသည်။ ဘလှ၏ အပေါင်းအသင်း ဆိုသော သူများက အဘယ်ကဲ့သို့သော လူစားများနည်း။ ဤပုံများကို ကရိကထခံ၍ ဘာကြောင့် ရိုက်ထားကြသနည်း။
ခဏ၌ပင် ထွေး သဘောပေါက်၏။
ကိုကိုလတ် လူပါး ပုလင်းထိသည်။ လည်လွန်းသော ဘီး မသန့်ရာ သင့်သည်။
ဘလှ၏ အပေါင်းအသင်းများက ရရာ အခွင့်အရေးကို အသုံးချတတ် သူတွေ ဖြစ်သည် ဆို၏။
ဘလှ၏ နှမလေးနှင့် သူဌေးသား စခန်းသွားနေခြင်းမှာ သူတို့အတွက် ရသော အခွင့်အရေး ဖြစ်သည်။
ယခု မိမိနှင့် ကိုကိုလတ်တို့ လက်ထပ်မည် ဆိုသောအခါ အခွင့်အရေးကို သုံးချိန်တန်လာသည်။
ဘလှ ပြောသည်မှာ မှန်၏။
ကိုကိုလတ်ထံမှ သူတို့ ကောင်းကောင်းမြက်မြက် ရနိုင်သည်။
ဤပုံများကို ကိုကိုလတ် လက်တွင်း မရောက်ဘဲ မိမိ လက်တွင်းရောက်သည်မှာ မိမိ ကံကောင်းသည်။ ဘလှကို ကျေးဇူးတင်ရမည်။
ကိုကိုလတ်၏ ကိုယ်တပိုင်းပုံ တခုလည်း ပါသည်။ ဓာတ်ပုံ နောက်ကျော၌ ကိုကိုလတ်၏ လက်မှတ်ပါပြီး လက်မှတ်၏ အထက်တွင် အနှင်းသို့... ဟု ရေးထားသည်။
ဪ... ကလေးမ နာမည်က အနှင်း။ ချစ်စရာ သနားစရာ။
ထွေးက ကျန်ပစ္စည်းများကို အထူးမကြည့်တော့။ လုံလောက်ပြီ ထင်သည်။
ပလတ်စတစ်ထုပ်ကို ကားအံဖုံးတွင်း ထည့်၊ သော့ခတ်ပြီး ငွေထည့်ထားသော လွယ်အိတ်လေးကို ယူလျက် ထွေးက ဘလှထံ လျှောက်လာခဲ့သည်။
"ကျွန်မ ကျေနပ်ပါပြီ၊ ဟောဒီထဲမှာ ရှင် ပြောထားတဲ့အတိုင်းပဲ"
ဘလှက လွယ်အိတ်ကို လှမ်းမယူ။
သူ့မျက်နှာက မရယ် မပြုံးဘဲ သေသေကြီးနှင့် ထွေးကို စိုက်ကြည့် နေသည်။
"ရော့ ယူလေ၊ ရှင် ဘာကြည့်နေတာလဲ"
သူက မယူ။ မယူသည့်အပြင် ခေါင်းခါ၏။
"ဘာပြုလို့လဲ၊ နည်း... နည်းတယ် ထင်လို့လား"
သူက ခေါင်းညိတ်၏။
"ကျွန်မ အခု ဒီလောက်ပဲ တတ်နိုင်လို့ပါ ကိုဘလှ၊ ကျွန်မ ချမ်းသာတာ မှန်ပေမယ့် ကျွန်မက ငွေကို အလုံးအရင်းနဲ့ ကိုင်သူ မဟုတ်ဘူး၊ ဒီငွေ တစ်သောင်းတောင် ကျွန်မ အတော်ကြံဖန်ရှာခဲ့ရတယ်၊ ဒါပေမဲ့ ကျွန်မ ရှင့် ကျေးဇူးကို မမေ့ပါဘူး၊ နောင် ရှင် အကူအညီ လိုတဲ့အခါ ကျွန်မဆီ လာပါ၊၊
ကျွန်မ တတ်နိုင်သမျှ ကူပါ့မယ်
သူက ခေါင်းဆတ်ခါပြီး ပြော၏။
"ထွေး... ကျွန်တော် ပြောတာကို နားမလည်ပါဘူး"
"ရှင်..."
"ထွေး နားမလည်ဘူး၊ ကျွန်တော်လည်း ဟောဒီ မြေပုံပေါ် ထိုင်မိမှ ပိုသဘောပေါက်လာတာ"
သူက သူ ထိုင်နေသော မြေကမူလေးကို ပုတ်ပြပြီး ပြောပြသည် ထွေးက မျက်လုံးလေး ပြူးလျက် မေး၏။
"ရှင်... ဒါ... မြေပုံ"
"ဟုတ်တယ်၊ အနှင်းရဲ့ မြေပုံလေးနဲ့ တူတယ်"
"အနှင်း... အနှင်း မြေပုံ"
ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါမှာ အနှင်းကို အစ်ကိုတယောက် အနေနဲ့ မကြည့်ဝံ့ မကြည့်ရက်တဲ့ ဘဝကို ရောက်နေပြီလို့ ကျွန်တော် မပြောခဲ့ဘူးလား၊ လူတယောက် မကြည့်ဝံ့ မကြည့်ရက်ဆုံးဟာ သူ အချစ်ဆုံးလူရဲ့
မြေပုံဗျ... ထွေး"
"ဒါ... ဒါဖြင့် ရှင့်နှမလေး မရှိ- မရှိတော့ဘူးပေါ့၊ ဟုတ်လား"
"မရှိတော့ဘူးလေ... မရှိတော့ဘူး၊ ပန်းကောင်း အညွန့်ကျိုးဘဝကနေ မဖုံးနိုင် မဖိနိုင်တဲ့ ဘဝကို ရောက်ရတဲ့ ကျွန်တော့် နှမလေးဟာ ကျွန်တော် အိမ်ပြန်လာတဲ့အခါကို ရင်မဆိုင်ရဲဘူး၊ ကျွန်တော် ဘယ်ကနေ အိမ်ပြန်လာတယ် ဆိုတာလည်း ပြောပြမယ်"
သူက မဲ့မဲ့ကြီး ပြုံး၏။
"ပင်လယ် သွားတဲ့လူဟာ အန္တရာယ်များတယ်လို့ ပြောကြတယ်၊
ကျွန်တော်ကတော့ အန္တရာယ်မှာ ပျော်တဲ့လူပါ၊ အန္တရာယ်ကို တွေ့ရင် တခြားလူတွေက ကြောက်ကြတယ်၊ ကျွန်တော်ကတော့ လှိုင်းထဲကို လင်းပိုင် ဝင်တိုးရသလို ပျော်တယ်၊ ကျွန်တော်တို့လို လူမျိုးတွေ ရှိလို့လည်း ကိုကိုလတ်တို့လို လူမျိုးတွေ ချမ်းသာနိုင်တာပဲ၊ ဟဲ ဟဲ..."
သူက သဘောကျစွာ ရယ်နေပြီးမှ စကားဆက်၏။
"အဲဒါကြောင့်လည်း ကျွန်တော်ဟာ ပတ်ပတ်လည်မှာ အုတ်တံတိုင်းသာ ရှိတဲ့ နေရာတခုထဲ ရောက်သွားတယ်၊ သုံးနှစ် ခင်ဗျ၊ သုံးနှစ်၊ အဲဒီထဲမှာတော့ လင်းပိုင်ကြီး လှိုင်းမတိုးနိုင်တော့ဘူးပေါ့ဗျာ၊ အဲဒီတော့မှ ကျွန်တော် စဉ်းစားမိတယ်၊ ကျွန်တော့်ဘဝဟာလည်း အန္တရာယ်ကြားမှ ခရီးသွားရတဲ့လူ ပြီးတော့ အုတ်တံတိုင်းကြီးတွေထဲ ရောက်တဲ့လူ၊ ကိုကိုလတ်တို့ကတော့ တိုက်သစ်ကြီးတွေနဲ့ နေတယ်၊ ခင်ဗျားရဲ့ ဟောဒီကားလေးမျိုး စီးတယ်"
ထွေးက သူ့ကို ငေးကြည့်နေမိသည်။
သူက မြေပုံဟု သူ ခေါ်သော မြေကမူလေးပေါ်တွင် ထိုင်နေသည်။
သူ့နောက်ကျောနှင့် ဘေးတဖက်တွင် တောချုံများက ရှိနေ၏။
သူ ပြောနေပုံကမူ အေးအေးဆေးဆေး။ သူ့စကားတွေကသာ ဆန်းနေ၏။ သူ့စကားများမှ အုတ်တံတိုင်းကြီးဟူသော စကားတစ်လုံးက ဘာကို ဆိုလိုသနည်း။
"ခုလည်း ဒီမြေပုံပေါ်မှာ ထိုင်ပြီး ဒါကိုပဲ ကျွန်တော် စဉ်းစားနေတာ၊ အင်း... နည်းတယ်ဗျာ၊ နည်းတယ်၊ ခင်ဗျာ ကျွန်တော် ပြောတာကို နားလည်ပြီလား"
"ရှင်..."
သူက မြေကမူကို လက်နှင့် ပုတ်လိုက်ပြီး နေရာမှ ဖြည်းဖြည်းလေး ထ၏။
"ခင်ဗျားကိုလည်း တစိမ့်စိမ့် ထိုင်ကြည့်နေမိတယ်။ ကျွန်တော်မှန်တာ ပြောမယ်၊ ခင်ဗျားဟာ သိပ်လှတယ်၊ ကျွန်တော့် နှမလေးဟာလည်း ခင်ဗျားလောက် မလှပေမယ့် တော်တော်လှပါတယ်ဗျာ၊ ဒါပေမဲ့ အခု ခမျာ မြေပုံအောက် ရောက်သွားရပြီ၊ ကျွန်တော် သိပ်စိတ်ထိခိုက်တယ်၊ ကိုကိုလတ် စိတ်ထိခိုက်မလား၊ မထိခိုက်ပါဘူးဗျာ၊ မထိခိုက်ပါဘူး၊ သူ ဘယ်တော့မှ ထိခိုက်မလဲ"
သူ့လည်ပင်းက ကျိုးကျသွားပြီး သူ့မျက်နှာက တဖက်သို့ လွှဲသွား၏။ သူ့ရင်က ကျိတ်ရှိုက်နေသူ တစ်ဦး၏ ရင်ကဲ့သို့ မြင့်ချည် နိမ့်ချည် ဖြစ်နေ၏။
ထွေးက ကရုဏာသက်သွားသည်။ သူ ငိုနေရှာပြီ။
သူ့မျက်နှာက ထွေးဘက်သို့ ပြန်လှည့်လာ၏။
သူ့မျက်လုံးကြီးများက ပြူးနေ၏။ ရဲရဲနီ၍လည်း နေသည်။ သူ့မျက်နှာကလည်း စောစောက မျက်နှာမျိုး မဟုတ်တော့။ ဘလှ၏ မျက်နှာ မဟုတ်တော့။
လူတယောက်၏ မျက်နှာလည်း မဟုတ်တော့။
ထွေးက လှည့်ပြေးမည် ကြံသည်။
သို့ရာတွင် ဘောင်းဘီအိတ်တွင်း နှိုက်ထားသော သူ့လက်တဖက်က လျင်မြန်စွာ လှုပ်ရှားလာပြီး တစုံတခုကလည်း ထွေး၏ လည်ပင်းကို လာပတ်သည်။
ထွေး မအော်နိုင်၊ မအော်နိုင်ရုံမက အသက်ရှူ၍ပင် မရတော့။
ထွေးက ကြောက်အားလန့်အားနှင့် ရုန်းသည်။ ရှိသမျှ ခွန်အားကို ထုတ်၍ ရုန်းသည်။ မလွတ်။
ထွေး၏ ခြေဖျားလေးများက မြောက်လာသည်။ ကိုယ်လေးကလည်း ကော့လာသည်။ အသက်ရှူကလည်း ကျပ်သထက် ကျပ်လာ၏။ ကြီးမား ပြင်းထန်သော ကြောက်ရွံ့ခြင်းကလည်း ထွေးကို စိုးမိုး လွှမ်းခြုံလာ၏။
သူ့မျက်နှာကြီးက ထွေး မျက်နှာပေါ် စီးမိုးလျက် ကပ်သထက် ကပ်လာသည်။ ပြူးကျယ် နီရဲသော မျက်လုံးကြီးများ၊ ကျနေသော ဆံပင်များ၊ စေ့ကြိတ်ထားသော သွားကျဲကြီးများ။
ရုတ်တရက် သည်မျက်နှာကြီးနှင့် ထွေးမျက်နှာက ကွာသွားသည်။
ထွေးက လေထဲတွင် မြောက်သွားသည်ဟု ခံစားလိုက်ရ၏။
အမှောင်ကြီး ပိတ်မကျလာမီ ထွေးက စူးစူးရှရှ ထိတ်လန့်တကြား အော်မိသည်။
အခန်း ( ၁၂ )
လဲ့လဲ့က စူးစူးရှရှ ထိတ်လန့်တကြား အော်နေမိသည်။
တံခါးဖွင့်သံ၊ ပြေးလွှားလာသံများ နောက်၌ ဖေဖေ့အသံက ပေါ်လာသည်။
"သမီး... သမီး... ဘာဖြစ်သလဲ"
လဲ့လဲ့က အုတ်နံရံအနီး ကပ်လျက် ကြမ်းပြင်တွင် ယိုင်လဲနေသည်။
ဖေဖေက ပွေ့ထူပေးမှ လဲ့လဲ့သည် လဲနေရာမှ ထလိုက်သည်။
မေမေရော၊ အေးကြည်ပါ အခန်းတွင်းသို့ ရောက်နေကြပြီ ဖြစ်၏။
ဖေဖေနှင့် မေမေက လဲ့လဲ့ကို တွဲပြီး ခုတင်ပေါ်တွင် ထိုင်ခိုင်း၏။
မေမေက လဲ့လဲ့အနီး ဝင်ထိုင်ပြီး လှဲလှဲ ပခုံးလေးကို ဖက်ထား၏။
လဲ့လဲ့က ဖြည်းလေးစွာ မေး၏။
"သမီး... အိမ်ပြန်ရောက်ပြီနော်"
မေမေက ဖေဖေ့ကို လှမ်းကြည့်ရာ ဖေဖေက ဖြေ၏။
"ရောက်ပါပြီ သမီးရယ်၊ ရောက်နေပါပြီ"
"သမီး... မသေဘူးနော်"
"မသေပါဘူး သမီးရဲ့၊ မသေလို့ သမီး အခု ဖေဖေတို့ မေမေတို့နဲ့စကားပြောနေတာ"
"ဘ... ဘလှ ရော"
"ဪ... သမီးက ဘလှကိုပါ သတိရပြီပေါ့၊ ဖေဖေ ပြောပြပါမယ်၊ အေးကြည်ရေ၊ မင်း မမကို ရေမွှေးလေး ပေးပါ"
အေးကြည်က လက်ကိုင်ပဝါ တစ်ထည်တွင် အော်ဒီကလုံး ရေမွှေး ရွှဲရွှဲ ဆွတ်ပြီး လဲ့လဲ့အား ပေး၏။
လဲ့လဲ့က ရေမွှေးကို ရှူသည်။ သင်းကြိုင်အေးမြသော ရနံ့က ခေါင်းနှင့်ရင်တွင်းသို့ ရောက်သွားသည်။ မျက်စိမှိတ်၍ ခေတ္တမှိန်းပြီး လဲ့လဲ့က နားသည်။
မျက်စိဖွင့်လျက် ပြန်ကြည့်သောအခါတွင် အားလုံးက ကြည်ကြည်လင်လင် ဖြစ်နေ၏။
ကြမ်းပေါ်တွင် စာရွက်များက ပြန့်ကျဲကျနေ၏။ ဖောင်တိန်လေးကလည်း အဖုံးဖွင့်လျက်နှင့် တုံးလုံးလေး လဲနေသည်။ ကုလားထိုင်ကလည်း စားပွဲနှင့် တခြားစီ ဖြစ်နေ၏။
ဪ... မိမိ စာရေးနေခဲ့သည်။ မှတ်မိပြီ စာရေးနေခဲ့သည်။
အိမ်မှာ... မော်လမြိုင်မှာ...။
သို့ရာတွင် ဘလှကိုလည်း မှတ်မိသည်။ ကြောက်မက်ဖွယ်သော သူ့မျက်နှာကြီးကိုလည်း ယခုပင် မြင်ယောင်သည်။
လဲ့လဲ့က ဖေဖေ့ဘက် လှည့်ပြီး တည်ငြိမ်စွာ မေး၏။
"သမီး အားလုံးကို ပြန်မှတ်မိပါပြီ၊ ကန်စောင်းမှာ ဘလှက သမီးကို သတ်ဖို့ ကြိုးစားတယ်လေ၊ သမီးတော့ သေပြီလို့ ထင်တာ၊ သမီး ဘာလို့ မသေခဲ့လဲ"
ဖေဖေက ပြုံးသည်။ ဖေဖေ့အပြုံးက စိတ်ချမ်းသာမှု အပြည့်ပေါ်သော အပြုံး။
"သမီး မသေဘူးလေ၊ သမီး သိပ်ကံကောင်းတယ်။ ဖြစ်ပုံက ဒီလို။ သမီးနဲ့ ဘလှကသာ မသိတယ်၊ သမီးတို့ကို လှမ်းမြင်တဲ့ လူတွေ ရှိနေတယ်၊ သူတို့ကတော့ ဂဠုန်စီမံချက်နဲ့ ဒီလို နေရာမျိုးတွေကို သတိထား စောင့်ရှောက်နေကြတဲ့ တာဝန်ကျ ပုဂ္ဂိုလ်တွေပဲ၊ သမီး ကားဝင်လာတာရယ်၊ ဘလှ ရောက်လာတာရယ်ကို သူတို့ မြင်တယ်၊ ဒါပေမဲ့ သမီးတို့ နှစ်ယောက်ရဲ့ အနေအထိုင်နဲ့ အပြုအမူတွေမှာက ရုတ်တရက် အပြစ်မတွေ့ကြဘူး၊ မဟုတ်ဘဲနဲ့လည်း ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို သူတို့ မနှောင့်ယှက်ချင်ကြဘူး၊ သင်္ကာမကင်းတော့လည်း သူတို့ ဖြစ်မိကြတယ်၊ ဒါကြောင့်လည်း ပုန်းကွယ်ပြီး သတိနဲ့ သူတို့ အကဲခတ်ကြည့်နေကြတယ်၊ အဲ... ဘလှက သမီးရဲ့ အသက်လည်း ရန်ရှာရော သူတို့က ပုန်းကွယ်ရာက ထွက်လာပြီး အချိန်မီ ပြေးလာကယ်လိုက်ကြရတယ်လေ၊ သမီးလည်း ကံကြီးပေလို့၊ တာဝန်ကျပုဂ္ဂိုလ်များကလည်း သတိရှိ လျင်မြန်ကြပေလို့"
"ဘလှကော အခု သူ ဘယ်မှာလဲ"
"ဘလှက အခု စိတ်ရောဂါအထူးကု ဆေးရုံမှာပါ သမီး"
"ရှင်... စိတ်ရောဂါအထူးကုဆေးရုံမှာ"
"ဘလှလို လူမျိုးကို ဆိုင်ကိုပက်သစ် ပါဆွန်နယ်လီတီလို့ ခေါ်တယ်တဲ့၊ စိတ္တဇဝေဒနာရှင် တစ်မျိုးပေါ့၊ ပိုဆိုးတာက ရာဇဝတ်မကင်းတဲ့ လုပ်ငန်းကို လုပ်မိရာကနေ ထောင်သုံးနှစ် ကျသွားတယ်၊ ထောင်ထဲမှာ ရန်ဖြစ်ရာက ခေါင်း ဒဏ်ရာရခဲ့သေးသတဲ့၊ ထောင်က လွတ်လာတဲ့အခါကျတော့လည်း
သူ အင်မတန် ချစ်တဲ့ နှမလေးဟာ..."
ဖေဖေက စကားမဆက်ဘဲ ရပ်နေ၏။
"ဒီလောကမှာ မရှိတော့ဘူး ဆိုပါတော့ ဖေဖေ၊ သမီး ဒီဇာတ်လမ်းကို သိပြီးပါပြီ"
"စိတ်မချမ်းသာစရာ ရှက်စရာ... ရင်နာစရာ ဇာတ်လမ်းပါ၊
သမီး သိပြီးပြီဆိုရင် ဖေဖေတို့ ထပ်မပြောတော့ပါဘူးလေ၊ အဲ... ဘလှကတော့ စိတ္တဇဝေဒနာရှင် ဆိုတော့ ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်းနဲ့ မဆိုင်တဲ့သမီးကို သတ်ပြီး လက်စားချေဖို့ ကြံစည်တာပဲ၊ အခုတော့ စိတ်ဝေဒနာရှင်မှန်း သိကြလို့ သက်ဆိုင်ရာက သူ့ကို စိတ်ရောဂါအထူးကုဆေးရုံကြီးဆီ ပို့ထားလိုက်ကြပါပြီ။ ဖေဖေတို့လည်း ကျေနပ်ပါတယ် သမီး၊ ဘလှဟာ အမှန်မှာတော့ သနားစရာကောင်းတဲ့ ကံဆိုးသူ တယောက်ပါ၊
ဘလှအပေါ်မှာ ရိုင်းစိုင်းရက်စက်ခဲ့တဲ့လူကိုသာ ဖေဖေနဲ့ မေမေတို့ ခွင့်မလွှတ်ဘူး၊ သူဟာ လောကမှာ ဘာကောင် ဖြစ်နေ ဖြစ်နေ ဖေဖေနဲ့ မေမေရဲ့ စာရင်းမှာတော့ သူဟာ လူ မဟုတ်တော့ဘူး၊ သူ့ကို လူ့စာရင်းက ဖေဖေနဲ့ မေမေတို့ ထုတ်ပစ်လိုက်ပါပြီ၊ ဖေဖေ ပြောတာ သမီး နားလည်ရဲ့လား"
လဲ့လဲ့က မျက်ရည်ဝဲလျက် ခေါင်းညိတ်ပြပြီး မေမေ့ကို ကြည့်သည်။ မေမေကလည်း မျက်ရည်ဝိုင်းသော မျက်လုံးများနှင့် လဲ့လဲ့ကို ကြည့်လျက်၊ လဲ့လဲ့၏ လက်လေးကို ယုယကြင်နာစွာ ဆုပ်ကိုင်လာ၏။ လဲ့လဲ့ကလည်း မေမေ့လက်ကို ပြန်ဆုပ်ထားလိုက်သည်။
"သမီး နောက် ဘာဖြစ်ခဲ့တယ် ဆိုတာလည်း ပြောပြပါဦး ဖေဖေ"
"သမီးက ဘလှ လက်က လွတ်ပြီး အရှိန်နဲ့နောက်ပြန်လဲကျခဲ့တယ်၊ သမီး ကံဆိုးချင်တော့ မြေပြင်မှာရှိတဲ့ ကျောက်ခဲကြီး တစ်လုံးနဲ့ သမီး ခေါင်းရိုက်မိသွားပြီး မေ့မြောသွားခဲ့တယ်၊ ဆေးရုံကြီး ရောက်ပြီးတဲ့ နောက်တရက်တိတိ သမီးဟာ သတိပြန်မလည်လာဘူး၊ ဖေဖေတို့ဖြင့် ပစ်လိုက်ရပြီ ထင်ခဲ့တယ်၊ အဲ... သမီး သတိပြန်လည်ပြီး နေပြန်ကောင်းလာတဲ့ နောက်ပိုင်းမှာကျပြန်တော့လည်း သမီးဟာ အတိတ်ကို လုံးဝပြန်အမှတ်မရတော့ဘူး"
ဖေဖေက ကြုံတွေ့ခဲ့ရသော စိတ်ဒုက္ခကို ပြန်ခံစားရသည့်ပမာ မျက်နှာ ညှိုးသွား၏။
"ခေါင်းမှာ ဒဏ်ရာရပြီးမှ အတိတ်ကို အမှတ်မရတော့ဘူး ဆိုတော့ ဦးနှောက် ချို့ယွင်းသွားပြီလို့ ဖေဖေတို့ ထင်ခဲ့ကြတာပေါ့၊ ဦးနှောက် ချို့ယွင်းသွားတာ ဆိုရင်တော့ ကုသလို့ ဘယ်ရတော့မလဲ၊ ဒါပေမဲ့ ဖေဖေတို့ လက်မလျှော့ဘဲ ဆရာဝန်ကြီးတွေနဲ့ ကုသဖို့ တိုင်ပင်ခဲ့တယ်၊ အဲဒီတော့မှ သာမန်လူတွေ နားလည်ထားတာက တခု၊ ဆေးပညာနဲ့ စိတ်ပညာသိပ္ပံတွေက တွေ့ရှိ ထားတာက တမျိုး ဖြစ်မှန်း ဖေဖေတို့ သိခဲ့ကြရတယ်"
ဖေဖေက ခက်ခဲသော သဘောကို ရှင်းပြရန် ကြိုးစားသည့်ဟန်ဖြင့် ခေတ္တရပ်နေပြီးမှ ဆက်ပြောပြသည်။
"ခေါင်းမှာ ဒဏ်ရာရသွားလို့ အတိတ်ကို မေ့သွားခြင်းဟာ ဦးနှောက် ချို့ယွင်းသွားလို့လည်း ဖြစ်နိုင်တယ်၊ ဒဏ်ရာရစဉ် ကြုံတွေ့ရတဲ့ ထိတ်လန့်ကြောက်ရွံ့မှုကြောင့်လည်း ဖြစ်နိုင်တယ်။ ဒဏ်ရာမရခင်ကတည်းက ရှိနှင့်တဲ့ စိတ်အခြေအနေ၊ စိတ်ဒဏ်ရာ... စိတ်ဝေဒနာတွေကြောင့်လည်း ဖြစ်နိုင်တယ်၊ စနစ်တကျ စစ်ဆေး လေ့လာပြီးမှသာ ဘာကြောင့် ဖြစ်တယ်လို့ ဆုံးဖြတ်နိုင်တာမျိုး၊ သမီး အတိတ်မေ့ပုံရဲ့ အရှည်အလျားနဲ့ ပမာဏ၊ ဖေဖေတို့ ပြောပြနိုင်သမျှက သိရတဲ့ သမီးရဲ့ ဘဝနဲ့ စိတ်အခြေအနေ၊ အဲဒါတွေကို ထောက်ရှုပြီး ဆရာဝန်ကြီးတွေက သမီးကိစ္စမှာ ရုပ်အကြောင်းတွေထက် စိတ်အကြောင်းတွေက အဓိကဖြစ်နိုင်တယ်လို့ သဘောရကြတယ်၊ စိတ်အကြောင်းကြောင့် ဆိုရင်တော့ ဦးနှောက် ချို့ယွင်းတာလို မဟုတ်ဘဲ ကုသလို့ ပျောက်ကင်းဖို့ မျှော်လင့်ချက် အများကြီး ရှိတာပေါ့ သမီးရယ်၊ အဲဒီတုန်းမှာ တိုက်ဆိုင်ချင်တော့ သူကလည်း နိုင်ငံခြားက ပြန်ရောက်လာတယ်၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဖြစ်တဲ့ သူ...ဒေါက်တာ... ဒေါက်တာစိန်ပန်းကို ဖေဖေတို့ သွား သွားတွေ့ခဲ့ကြတယ်"
ဒေါက်တာစိန်ပန်း... လဲ့လဲ့က မျက်လုံး ဝန်းဝန်းများနှင့် ဖေဖေ့ကို ငေးကြည့်လိုက်မိ၏။
"ဟုတ်ပါတယ်၊ သူ့ဆီ ဖေဖေရော မေမေပါ သွားခဲ့ကြပါတယ်သမီး၊ သမီး သိဖို့က ဒီအချိန်မှာ ဖေဖေနဲ့ မေမေ့အတွက် သမီးထက် အဖိုးတန်တာ ဒီလောကမှာ မရှိတော့ပါဘူး၊ သမီး ပြန်လည်ကျန်းမာရေး၊ သမီး စိတ်ချမ်းသာလာရေးတို့ထက် အရေးကြီးတာလည်း ဖေဖေနဲ့ မေမေတို့မှာ တခြား ဘာမှ မရှိတော့ဘူး"
မေမေက မျက်ရည်ဝဲလျက် ပြုံးပြပြီး လဲ့လဲ့၏ လက်ကလေးကို ဆုပ်ညှစ်ပြန်၏။
ဖေဖေက ဆက်ပြော၏။
"ဒေါက်တာစိန်ပန်းက သမီးကို သူ့လက်ထောက်တွေနဲ့ ရှေ့ပြေး လေ့လာစစ်ဆေးကြည့်စေပြီးမှ သမီးကို ကုသပေးဖို့ တာဝန်ယူလိုက်ပါတယ်၊ အားလပ်ရက် ရှားရှားပါးပါး ရတဲ့ ဒီနွေရာသီ အချိန်လေးမှာ မော်လမြိုင်ကို သူ လိုက်လာခဲ့တယ်၊ ကုသရေး နည်းသစ်တခုကို တီထွင် စမ်းသပ်ကြည့်မှာ ဖြစ်လို့လည်း သက်ဆိုင်ရာက သူ့ကို အားလပ်ရက် ပေးလိုက်တာလည်းဖြစ်တယ်"
လဲ့လဲ့က ဖေဖေ့ကို ငေးကြည့်နေပြီးမှ ငြိမ်ငြိမ်လေး နားထောင်နေ၏။ စိတ်ထဲတွင်တော့ သူ့နာမည်ကို ရွတ်နေမိသည်။ ဒေါက်တာစိန်ပန်း... အယ်ဒီတာ ကိုစိန်ပန်း မဟုတ်။
"သူက သမီးကို ဆိုက်ကိုဒရမ္မာ ဆိုတဲ့ ကုသနည်းနဲ့ ကုသတယ်၊ ဆိုက်ကိုဒရမ္မာတောင်မှ အနောက်နိုင်ငံတွေမှာ သုံးကြတဲ့နည်း ရိုးရိုး မဟုတ်ဘဲ သူ တီထွင်ကြည့်တဲ့ နည်းသစ်တဲ့၊ ဒီနည်းကို သူ သုံးနိုင်တာကတော့ သမီးဟာ စာရေးဆရာမတစ်ဦး ဖြစ်နေလို့တဲ့၊ သူ ရှင်းပြလို့ ဖေဖေ နားလည်သလောက် ပြောပြရရင်တော့ ဆိုက်ကိုဒရမ္မာ ဆိုတဲ့ ကုနည်းမှာ ဝေဒနာရှင်ဟာ ဇာတ်ထုပ် တခုထဲမှာ ဝင်သရုပ်ဆောင်ရတယ်၊ ဇာတ်ထုပ်ကတော့ အဲဒီဝေဒနာရှင်ရဲ့ ဘဝကို ကုသရေးသမားက ပညာနဲ့ မွမ်းမံ ပြန်လည်တည်ဆောက်ပေးလိုက်တဲ့ စိတ်ဇာတ်ထုပ်ပါပဲ၊ ဝေဒနာရှင်ဟာ သရုပ်ဆောင်ရင်းကနေ သူ့ဘဝကို ဓမ္မဓိဋ္ဌာန် ကျကျ ပြန်မြင်ရှုတတ်လာပြီး စိတ်ကျန်းမာခြင်း ကောင်းသွားတဲ့ သဘောပါပဲ၊ သမီးကျတော့ အဲဒီဇာတ်ထုပ်ထဲ ကိုယ်တိုင် ဝင်သရုပ်ဆောင်ခြင်းအစား ဇာတ်လမ်း ရေးရတယ်၊ ဇာတ်လမ်းကတော့ မသိစိတ်က ဖုံးလွှမ်းထားတဲ့ သမီးရဲ့ ဘဝပါပဲ၊
ကိုယ့်ဇာတ်လမ်းကို ကိုယ့်ဇာတ်လမ်းမှန်း မသိတော့ သမီးက စိတ္တဇတင်းအား အနှောင်အဖွဲ့နဲ့ အနှောင့်အယှက်က လွတ်လပ်စွာနဲ့ ရေးတယ်၊ ကိုယ်တိုင် မဟုတ်ပေမယ့် ကိုယ့်ဇာတ်ဆောင်က တဆင့် ကိုယ်ဝင်သရုပ်ဆောင်နေတယ်၊ အဲဒီလို သရုပ်ဆောင်နေရင်းကနေ ကိုယ့်ဘဝကိုယ် ပြန်ထိုးထွင်းသိလာတယ်၊ စိတ်ဒဏ်လည်း ပြေပြီး မသိစိတ် ဖုံးလွှမ်းမှုလည်း ပြယ်သွားတယ်၊ အဲ... အဲဒီလို ဖြစ်မယ်လို့ ဖေဖေ နားလည်သလောက် ပြောပြတာလေ"
လဲ့လဲ့က တွေတွေလေး စဉ်းစားနေရာမှ မေးသည်။
"တစ်ဖက်ခြံထဲမှာ သမီး တွေ့ခဲ့ရတဲ့ ကောင်လေးတွေ ကောင်မလေးတွေက ဘယ်ကလဲ ဟင်"
"သူတို့လေးတွေက ဒေါက်တာစိန်ပန်းရဲ့ သွန်သင်ချက်နဲ့ စေတနာ့ဝန်ထမ်း ဝင်သရုပ်ဆောင်ပေးကြတဲ့ ကျောင်းသူ ကျောင်းသားလေးတွေပါ၊ သမီးတို့ ငယ်ငယ်ကနဲ့ တူအောင် ဖေဖေတို့ တိုင်ပင်ပြီး သရုပ်ဆောင်ခိုင်းခဲ့ ကြတယ်လေ၊ ဪ... ဖေဖေနဲ့ မေမေတောင် မသိချင်ယောင်ဆောင်ပြီး လိမ်ပေးခြင်းနဲ့ ဝင်သရုပ်ဆောင်ပေးခဲ့ကြသေးတယ်၊ ဟဲ ဟဲ..."
ယနေ့ညအတွက် ရှေးဦးစွာအဖြစ် ဖေဖေရော... မေမေပါ ရယ်ကြသဖြင့် လဲ့လဲ့ကလည်း လိုက်ပြုံးသည်။
မေမေက မေးသည်။
"သမီး နေကောင်းပါတယ်နော်"
"နေကောင်းပါတယ် မေမေ၊ သမီး နေကောင်းပါတယ်"
"မေမေ ဝမ်းသာလိုက်တာ သမီးရယ်"
အေးကြည်က စာရွက်များနှင့် ဖောင်တိန်ကို ကောက်ပြီး စားပွဲပေါ် တင်၏။
"မနက်တောင် မိုးလင်းခါနီးနေပြီ၊ မမ ဆက်ရေးဦးမလား"
လဲ့လဲ့ နေရာမှ ထ၍ ပြတင်း အနီး သွားရပ်ပြီး အပြင်ဖက်သို့ ငေးကြည့်နေသည်။
ရောင်နီတွေက သန်းနေပေပြီ။ စိန်ပန်းပင်ကြီးကို လှမ်းမြင်ရသော်လည်း ပတ္တမြားပွင့်များကို မတွေ့ရသေး။ ဪ... မိုးလင်းလျှင်တော့ တွေ့ရမည်။
လဲ့လဲ့က မျက်မှောင်ကြုတ်လျက် အတန်ကြာ စဉ်းစားနေသည်။
ပြတင်းမှ လဲ့လဲ့ ပြန်လှည့်လိုက်သောအခါ ဖေဖေက မေးသည်။
"အိပ်လိုက်ပါလား သမီး၊ သမီး စာရေးဖို့ လိုသေးလို့လား"
လဲ့လဲ့က မိမိ ရေးထားသော စာရွက်များကို ကိုင်ကြည့်သည်။
"လိုသေးတယ် ဖေဖေ"
"လိုသေးတယ်"
"ဟုတ်တယ်၊ သမီး ဝတ္ထုက မပြီးသေးဘူး"
ဖေဖေက နားမလည်ဟန်နှင့် လဲ့လဲ့ကို ကြည့်နေသည်။
"ဒီည သမီးအားလုံးကို ပြန်သတိရတာ ဒေါက်တာစိန်ပန်းကို သွားမပြောပါနဲ့ဦး ဖေဖေ"
"ဘာပြုလို့လဲ၊ သူ သိရင် သိပ်ဝမ်းသာရှာမယ် သမီး"
"အဲဒီလိုဆိုရင် သမီးဘဝကြီး ပြန်တန့်ရပ်သွားလိမ့်မယ် ထင်တယ်"
မေမေက မျက်လုံးပြူးသွားသည်။ ဖေဖေကမူ သွက်သွက်ဝင်မေး၏။
"ဘယ်လို ဘယ်လို... သမီး"
"သမီးဝတ္ထုက မပြီးသေးဘူး၊ အဲဒါကို သမီး သိတယ်။ မပြီးမချင်းလည်း သမီး စိတ်ချမ်းသာမှာ မဟုတ်ဘူး၊ ဒီတော့ စိတ်ဝေဒနာရှင်အဖြစ်နဲ့ပဲ ဝတ္ထုကို ဆုံးအောင် ဆက်ရေးကြည့်လိုက်ချင်သေးတယ်၊ ဒေါက်တာစိန်ပန်းဆီကလည်း စိတ်ဝေဒနာရှင်အဖြစ်နဲ့ပဲ သမီး အကူအညီ ရယူချင်သေးတယ်၊ သူ့အကူအညီ မပါဘဲနဲ့လည်း သမီးဝတ္ထုကို ပြီးအောင် ရေးနိုင်မှာ မဟုတ်ဘူး၊ အို... သမီး ပြောတာကို ဖေဖေတို့ နားလည်ကြပါ့မလား မသိဘူး"
လဲ့လဲ့က ငိုမဲ့မဲ့ မျက်နှာထားလေးဖြင့် ဖေဖေ့ကို စိုက်ကြည့်နေသည်။
ဖေဖေ့ မျက်လုံးများက အရောင်လဲ့လာသည်။ မျက်နှာထားကလည်း ကြည်လင်လာ၏။
ဖေဖေက ခေါင်းတဆတ်ဆတ် ညိတ်ပြီး ပြော၏။
"ဖေဖေ နားလည်ပြီ၊ သမီး ဝတ္ထု မပြီးသေးဘူး၊ ဟုတ်တယ်၊ မပြီးသေးဘူး၊ ဆက်ရေးပါ သမီး၊ ဒီညအကြောင်းတွေကို ဖေဖေရော မေမေရော.. အေးကြည်ရော ဒေါက်တာစိန်ပန်းကို မပြောကြပါဘူး၊ သမီးဘဝကြီး ပြန်တန့် သွားမှာကို ဖေဖေတို့ အလိုမရှိဘူး၊ ဖေဖေတို့က ကတိပေးတယ် သမီး၊ ကတိ ပေးပါတယ်"
"အဲ... ဒါဖြင့်ရင် သမီး အခု နားလိုက်ဦးမယ် ဖေဖေ၊ သမီး သိပ်... သိပ်ပင်ပန်းသွားတယ်"
မေမေနှင့် ဖေဖေ အခန်းထဲမှ ထွက်သွားကြ၏။
အေးကြည်ကမူ လဲ့လဲ့ အိပ်ရာထက် လဲလျောင်းပြီးသည်အထိ အစစ ကူညီဆောင်ရွက်ပေးပြီးမှ ထွက်သွား၏။
လဲ့လဲ့၏ မျက်တောင်များက စင်းကျလာသည်။ ခေါင်းတနေရာမှ အနည်းငယ် နာနေကြောင်း သတိပြုမိသော်လည်း အိပ်ချင်စိတ်က တားမရ။
ဤဝတ္ထု စကိုင်ကတည်းက တခါမျှ မက်မက်မောမော အိပ်ချင်စိတ် မပေါ်ဖူးဘူး။
ယခုတော့ အိပ်ချင်သည်။ တားမရအောင် အိပ်ချင်သည်။
အိပ်ချင်လွန်းလှသည့်ကြားမှ အိပ်ပျော်ကျမသွားခင်လေးတွင် နာမည် တစ်လုံးကိုတော့ အမှတ်ရသွားသည်။
ဒေါက်တာစိန်ပန်း...
အခန်း ( ၁၃ )
ညနေက တိတ်ဆိတ်နေသည်။
စိန်ပန်းပွင့်နီများက တဖြုတ်ဖြုတ် ကြွေကျနေရာ ပင်အောက် မြေပြင်တွင် ပန်းနီနီတို့ ပြန့်ကျဲနေကြ၏။ သည်ကြားထဲက ပင်ထက်တွင် ပတ္တမြားပွင့်တို့ အဆုပ်လိုက် အခိုင်လိုက် မြိုင်ဆဲ လှိုင်ဆဲပင် ရှိနေသည်။
လဲ့လဲ့က ထဘီဝါဝါ၊ အင်္ကျီဖြူဖြူလေးကို ဝတ်ထားပြီး ခုံ၏ တဖက်စွန်းတွင် ထိုင်လျက် စိန်ပန်းပင်ကြီးဆီ ငြိမ်ငြိမ်လေး မော့ကြည့်နေ၏။
ခုံတန်း၏ အခြားတဖက်တစ်စွန်း၌ ထိုင်လျက် ကိုစိန်ပန်းက စာမူကို ဖတ်နေသည်။ သူ့နဖူးရေက တွန့်ပြီး သူ့မျက်မှောင်က ကြုတ်နေ၏။
သူက လဲ့လဲ့ကို ဆတ်ခနဲ ကြည့်သည်။
"မလဲ့လဲ့... အဲ... လဲ့လဲ့ရဲ့ ဝတ္ထုက ဆုံးသွားပြီ"
"ရှင်..."
"လဲ့လဲ့ရဲ့ ဝတ္ထုက ဆုံးနေပြီ"
"ရှင် ဘယ်လိုလုပ် သိသလဲ"
"အာ... အို... ဟိုသင်း"
လဲ့လဲ့က အနည်းငယ်လေး ပြုံးပြီး ပြော၏။
"ရှင့်စိတ်ထဲမှာ ဝတ္ထုဟာ ဆုံးသွားပြီလို့ ခံစားရတယ်ပေါ့၊ ဟုတ်လား"
"အင်း... အင်း ဟုတ်တယ်"
"ခက်တာက ကျွန်မ စိတ်ထဲမှာ အဲဒီလို မခံစားရသေးဘူး"
"ခင်ဗျာ..."
"ရှင် ဘာဖြစ်နေတာလဲ ကိုစိန်ပန်း၊ ဝတ္ထုကို သေသေချာချာ ပြန်ဖတ်ကြည့်ဦး၊ ဆုံးသေးရဲ့လားလို့"
သူက မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကို ကိုက်ထား၏။
"ရှင် မဖြေဘူး၊ ကျွန်မ ပြောပြမယ်၊ ထွေးက မေ့မြောသွားတယ်၊
ထွေးအတွက် တလောကလုံးက မှောင်အတိကျသွားတယ်၊ အဲဒါ ဝတ္ထုအဆုံးလား"
"အား... အင်း... နေဦး၊ ထွေး အဲဒီလို ဖြစ်သွားတော့ မလဲ့လဲ့စိတ်ထဲ ဘယ်လို ခံစားရသလဲ"
"ဘယ်လိုမှ မခံစားရဘူး"
"ဗျာ..."
ထွေး ဆိုတာက တကယ်ရှိတာမှ မဟုတ်ဘဲ၊ ကျွန်မ ဖန်ဆင်းထားတဲ့ ဇာတ်ဆောင်၊ ဇာတ်လမ်းအရသာ ရေးလိုက်တာ၊ ထွေး မေ့မြောသွားလို့ ကျွန်မက ဘာလို့ ဘာကို ခံစားရမှာလဲ"
သူက ခေါင်းကုတ်သည်။ သူ့အမူအရာက တစုံတရာ စိတ်ညစ်စိတ်ပျက်သည့်ဟန် ပေါ်နေ၏။
လဲ့လဲ့ကသာ လေအေးလေးနှင့် ဆက်ပြော၏။
"အဲ... ကျွန်မ သိတာကတော့ ဇာတ်လမ်းက မဆုံးသေးဘူး၊ဆက်ရေးရမယ်၊ ကျွန်မ ဆက်ရေးရမယ်၊ မဟုတ်ဘူးလား"
သူက စဉ်းစားသယောင် ငြိမ်နေပြီးမှ မေးသည်။
"လဲ့လဲ့က ဘာဆက်ရေးမလဲ"
"အဲဒါကို မသိလို့ ရှင့်ဆီ ကျွန်မ လာခဲ့တာပေါ့"
သူက နေရာမှထပြီး လမ်းလျှောက်သည်။ သူ့နှုတ်မှ စကားတွေတော့ ထွက်မလာ။ သူ့အမူအရာကို ကြည့်နေပြီးမှ လဲ့လဲ့က မှတ်ချက်ပြုသည်။
"ရှင် နှုတ်မသွက်တော့ပါလား"
"ဗျာ..."
"အရင်အခါတွေက ရှင် ခုလို လမ်းလျှောက်ရင် ရှင့်ပါးစပ်က အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်လာတာ သိပ်မြန်တယ်၊ အခုတော့ ရှင်လည်း ပိတ်နေပြီနဲ့ တူတယ်၊ ရှင့်ကြည့်ပြီး ကျွန်မတောင် စိတ်ပျက်ချင်လာတယ်"
သူက ရပ်ပြီး လဲ့လဲ့ကို စိန်းစိန်းစိုက်ကြည့်သည်။ လဲ့လဲ့က ဖြည်းညင်းစွာ မျက်လွှာချထားလိုက်၏။
သူက ခေတ္တ လမ်းပြန်လျှောက်ပြီးမှ တဖန် ရပ်၍မေး၏။
"လဲ့လဲ့ စိတ်ထဲမှာ ဝတ္ထုက မဆုံးသေးဘူးလို့ တကယ် ထင်နေတယ်ပေါ့"
"အင်း"
"ဒါဖြင့် ကျွန်တော် မေးမယ်၊ လဲ့လဲ့ ဘာဆက်ရေးချင်သလဲ"
"မသိလို့ ရှင့်ကို ကျွန်မ လာမေးနေတယ်လို့ ပြောပြီးပါရောလား"
"မဟုတ်ဘူးလေ၊ ဘာဆက်ရေးရမှန်း မသိဘူး ဆိုတာနဲ့ ဘာဆက် ရေးချင်သလဲ ဆိုတာက မတူဘူး"
"ကျွန်မ နားမလည်ဘူး"
"ဒီလိုလေ... လဲ့လဲ့ ဝတ္ထုကို အလွမ်းနဲ့ သုံးချင်သလား၊ အပျော်နဲ့ ဆုံးချင်သလား"
"အဲဒါလည်း ကျွန်မ မသိဘူး"
သူက လမ်းပြန်လျှောက်သည်။
ဤတကြိမ်တွင် သူ့နှုတ်မှ စကားများ ထွက်လာ၏။
"ကျွန်တော်တို့ ဇာတ်လမ်းကို ဒီလို စဉ်ကြည့်ရအောင်၊ ထွေးကို ကယ်သူ ပေါ်လာတယ်၊ ဒါကြောင့် ဘလှ လက်ချက်ကြောင့် ထွေး မသေဘဲ ဆေးရုံသာ ရောက်ခဲ့ရတယ်၊ ထွေး ဆေးရုံက ဆင်းတဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းသွားပြီ၊ ဖြစ်ခဲ့သမျှတွေကို သိကုန်ကြလို့ တကြောင်း၊ ထွေးရဲ့ ကားပေါ်က တွေ့ရတဲ့ အထောက်အထားတွေကြောင့် တကြောင်း ထွေးမိဘတွေက ထွေးကို ကိုကိုလတ်နဲ့ မပေးစားတော့ဘူး"
"အဲဒီတော့..."
"ထွေးနဲ့ တိုးတိုးကို ပြန်ဆုံပေးလိုက်ရင် လဲ့လဲ့ရဲ့ ဝတ္ထုဟာ အပျော်နဲ့ ဇာတ်သိမ်းနိုင်တယ်"
"ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူး"
"ခင်ဗျာ... ဘာဖြစ်လို့"
"ထွေးဟာ တိုးတိုးနဲ့ ဘယ်လိုလုပ် ပြန်ဆုံနိုင်မလဲ၊ ထွေးက တိုးတိုးကို ပြန်ဆုံချင်တယ်လို့ ရှင် ထင်သလား၊ အဲဒါ ဆိုရင်တော့ ရှင် ထွေးကို အထင်သေးတာပဲ"
"ဗျာ... ခင်ဗျာ"
"ဒီဇာတ်လမ်းမှာ စပြီး စွန့်ခွာသွားသူက ထွေး မဟုတ်ဘူး၊ တိုးတိုး၊ ဘဝမှာ သူက နှုတ်ဆက်သွားသူ၊ အပြစ်မတင်ပေမယ့် ထွေးဟာ တိုးတိုးကို စိတ်တော့ နည်းနည်းနာ နာမယ်လို့ ရှင် မတွေးမိဘူးလား"
သူက ခေါင်းခါ၏။
"ဘာကြောင့် ထွေးဟာ တိုးတိုးကို စိတ်နာရမလဲ၊ တကယ်တော့ တိုးတိုးဟာ ဘယ်မှာလာ ထွေးကို စွန့်ခွာသွားချင်မလဲ၊ ဖြစ်လာတဲ့ အခြေအနေတွေကြောင့် မလွှဲမရှောင်သာလွန်းလို့သာ တိုးတိုးဟာ ထွေးကို နှုတ်ဆက်သွားရတာပါ၊ နှုတ်ဆက်သွားရတာနဲ့ စွန့်ခွာသွားတာဟာ မတူပါဘူး လဲ့လဲ့၊ အများကြီး ခြားနားပါတယ်"
"ထားပါတော့လေ၊ ထားပါတော့၊ ဒါပေမဲ့ ကွဲကွာသွားကြတဲ့ နှစ်တွေကလည်း ကြာပြီ၊ ဒီအချိန်လောက်ဆိုရင် တိုးတိုးမှာ နောက်ချစ်သူတွေ ဘာတွေ ရှိနေရောပေါ့၊ အိမ်ထောင်တောင် ကျချင်ကျနေလောက်ပြီ၊ ကဲ... ဘယ့်နှယ်လုပ်မလဲ"
သူက ထူးဆန်းသော ရယ်သံတခုကို ပြုလိုက်ပြီးနောက် ခေါင်းခါလျက်ပင် ပြောသည်။
"လဲ့လဲ့ ပြောသလိုပဲ ပြောရလိမ့်မယ် ထင်တယ်၊ လဲ့လဲ့ဟာ တိုးတိုးကို အထင်သေးတယ်"
"ရှင်... ဘယ်လို"
"တိုးတိုးဟာ ထွေးကို သိပ်ချစ်ပါတယ် လဲ့လဲ့၊ သိပ်ချစ်ပါတယ်။
ချစ်တာမှလေ... စိန်ပန်းခမျာရဲ့ မေတ္တာမျိုးနဲ့ သူ ချစ်တာပါ၊ အိမ်ကြီးရှင် အပျိုချောက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ ဟိုး အဝေးတောတန်းမှာ စိန်ပန်းက ပွင့်လို့နေမှာပဲ၊ ဒီလိုပဲ... အဝေးကနေ တိုးတိုးက ထွေးကို ချစ်နေတာပါပဲ၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာနယ် ဆိုတဲ့ ကိုယ်ပိုင်ကမ္ဘာလေးမှာ ထွေးအပြင် ဘယ်သူမှ မရှိပါဘူး၊ ထွေးကလွဲပြီး ဘယ်သူ့ကိုမှ သူ နေရာ မပေးနိုင်ပါဘူး"
လဲ့လဲ့က ငြိမ်နေသည်။
အတန်ကြာစွာ ငြိမ်နေသည်။
ထို့နောက် ခေါင်းလေးကို ခါပြီး ပြော၏။
"ရှင် အကြံပေးပုံလေးကတော့ ကောင်းတယ်၊ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ယုတ္တိမရှိဘူး ထင်တယ်၊ ကျွန်မ ဝတ္ထုကို ယုတ္တိမရှိတဲ့နည်းနဲ့ ဇာတ်မသိမ်းချင်ဘူး"
"ဗျာ... ယုတ္တိမရှိဘူး၊ ဒါဖြင့် လဲ့လဲ့ ဘယ်လို ဇာတ်သိမ်းမလဲ"
"အဲဒါလည်း ကျွန်မ မသိဘူး၊ ကျွန်မကို သွား... သွားခွင့်ပြုပါဦး"
လဲ့လဲ့က နေရာမှ ထသည်။
သူ့မျက်နှာကို တချက် စိုက်ကြည့်ပြီးမှ လဲ့လဲ့သည် မိမိတို့၏ခြံဘက်သို့ အပြေးကလေး ထွက်ခွာလာခဲ့၏။
မိမိတို့ ခြံတွင်းဘက် ပုဏ္ဍရိက်တန်း၏အနီး စက္ကူပန်းရုံကြီး အကွယ်၌ လဲ့လဲ့က ရပ်လိုက်သည်။
ခေတ္တ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေပြီးမှ လဲ့လဲ့က ပန်းရုံကြားမှနေ၍ သူ့ထံသို့ ချောင်းကြည့်၏။
သည်နေရာမှ သူ့ကို ကောင်းစွာ လှမ်းမြင်နိုင်သည်။
ရဲရဲနီသော စိန်ပန်းပင်ကြီးကို နောက်ခံပြုလျက် သူက ကျောက်ရုပ်ပမာ ငြိမ်ရပ်နေ၏။
လဲ့လဲ့ ကြည့်နေစဉ် သူက ခုံတန်းရှည်အနီးသို့ ချဉ်းကပ်သွားပြီး တစုံတရာ ယူကျုံးမရ ဖြစ်မိဟန်ဖြင့် ခုံတန်းရှည်၏ နောက်မှီထိပ်ကို လက်သီးဖြင့် ထုနေသည်။
နောက်ဆုံးတော့ သူက ခုံတန်းရှည်ထက်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဖဝါးများ၌ မှောက်အပ်လျက် ငြိမ်သက်နေသည်။
လဲ့လဲ့၏ ရင်တွင်းမှာ ဆို့ဆို့လေး ဖြစ်သွား၏။ မျက်လုံးများတွင်လည်း မျက်ရည်လျှမ်းလာ၏။
လဲ့လဲ့က ခြေသံလေး ဖော့လျက် တဖက်ခြံသို့ တိတ်တိတ်ပြန်ကူး၏။
တိုက်လေး၏ ဆင်ဝင်ထောင့်ရှိ ပန်းချုံဘေးတွင် ခေတ္တရပ်ပြီးမှ ရုတ်တရက် ထွက်လိုက်သည်။ ရုတ်တရက်လည်း ခေါ်လိုက်သည်။
"တိုးတိုး..."
သူက လန့်ဖျပ်သွားဟန်နှင့် မော့ကြည့်ပြီး နေရာမှလည်း ထလိုက်၏။
"ထွေး"
သူက လဲ့လဲ့ထံ ပြေးလာသည်။ လဲ့လဲ့ကလည်း သူ့ထံ ပြေးသွားသည်။
သူ့ရင်ခွင်တွင်း ပြေးဝင်ပြီး သူ့ပခုံးထက် မျက်နှာလေးကို တင်လိုက်မိသည့် ခဏလေး၏ အတွင်းမှာပင် ထိန်ထိန်နီသော ပတ္တမြားပွင့်များနှင့် ပတ္တမြားပင်ကြီးကို လဲ့လဲ့သည် မြတ်မြတ်နိုးနိုး သတိပြု မြင်လိုက်မိသေးသည်။
ပြီးပါပြီ။
မေတ္တာရည်၍
တက္ကသိုလ်ဘုန်းနိုင်
၂၃-၁၀-၈၀
No comments:
Post a Comment