အချစ်ဆုံး…



အချစ်ဆုံး…

အမှတ်ရမိတဲ့အခါ
ချစ်သူတွေပါလို့
ဖြေသိမ့်ခြင်းမဲ့
တွေးမိပါလိမ့်မယ်။

လမ်းခွဲတစ်ခုကို
တကယ်ပဲ
အတူလျှောက်ခဲ့လေသလား။

မျှော်လင့်ချက် မရှိတော့ပေမယ့်
ကျန်နေသေးတဲ့ မျှော်လင့်ခြင်းတွေကို
ကြေကွဲစွာ ထား ထားပါရစေလား။

အမှားတစ်ခုအတွက်ဆိုရင် နောင်တနဲ့ ကိုယ့်ဘာသာ အပြစ်ဖို့နေလိုက်မယ်။
အမုန်းတစ်ခုအတွက်ဆိုရင် အရှုံးနဲ့ ပြုံးနေလိုက်မယ်။
အမှားမဲ့၊ အမုန်းမဲ့ အချစ်မှာ
ရင်နင့်စရာ အချစ် အကြင်နာတွေကို
ရင်ထဲက ဘယ်လိုမှ ထုတ်ယူလို့ မရပါဘူး အချစ်ရယ်…။

မှတ်ဉာဏ်က မှတ်ထားတဲ့ အရာတွေကို မေ့သွားနိုင်ပေမယ့်
အသည်းမှာ နက်နက်ရှိုင်းရှိုင်း ကဗ္ဗည်းတင်ထားတဲ့အချစ်
မေ့ဖို့ မေ့နေခဲ့ပါတယ်။

ဆောက်တည်ရာမဲ့တယ်ဆိုတဲ့စကားလုံးကို ခံစားရတဲ့အခါ…
လွမ်းစရာရှိလာရင် နာစရာနဲ့ဖို့တဲ့၊
နာစရာမရှိတဲ့ အဖြစ်မှာ…
တာရှည်အလွမ်း ကျွမ်းလောင်ပါစေ
အဝေးမှာ ဆွေးမြေ့နေခွင့်ပြုပါလေ။

ရင်ထဲကိုယ်စီ တူညီခံစားကြတဲ့အခါ
ဖြေသာစရာ နေရာမဲ့လို့
အကြင်နာ အငွေ့အသက်လေးတွေ
ထာဝရ နွေးထွေးရှင်သန် ချန်ထားခဲ့ပြီပဲလေ။

ဘာသာစကား၊ စာတွေ ကဗျာတွေဆိုတာ
ရင်ထဲကခံစားမှုကို
ပီပြင်အောင် ပုံမဖော်နိုင်ပါဘူး အချစ်ရယ်…။
အိမ်မက်တစ်ခု ဖြစ်ပါစေတော့ဆိုတဲ့အတွေး
ဘယ်တော့မှ မတွေးဘူးဆိုတာ
ယုံလိုက်ပါ။
ချစ်ခဲ့တဲ့ အတိမ်အနက်
အိမ်မက်မဟုတ်ဘူးလေ။

နှစ်ဦးသားရဲ့ ချစ်ခြင်းတရားပေါက်ဖွားမှုဟာ
တန်ဖိုးမဖြတ်နိုင်လောက်အောင်
သန့်စင်မွန်မြတ်ခဲ့တယ်။
နှစ်ယောက်သား ရင်ခုန်ခဲ့ကြတဲ့
အချစ်ရဲ့ မြတ်နိုးမှုသဒ္ဒါကို
တစ်သက်တာ ရင်မှာ အမှတ်ရနေသလို…
ကြည်နူးခဲ့ရတဲ့
နေ့ရက် အချိန်လေးတွေကို
ရော်ရည်စိတ်ကူး တမ်းတနေသလို…
ချစ်သူကိုလွမ်းလို့
ချစ်သူဘ၀ လှပတဲ့နေ့ကလေးတွေ အတွေးထဲရှိနေလို့
အိမ်မပျော်တဲ့ ညတွေကို
ကြေနပ်စွာပဲ မအိပ်ပဲ နေလိုက်မယ်လေ။
ရင်ထဲမှာ အချစ်ရှိနေမှတော့
ဘယ်နေရာသွားသွား
ဘယ်အချိန်ရောက်ရောက်
ချစ်သူဟာ ကိုယ့်အနားမှာ…။

ချစ်ခြင်းရဲ့ ဝေဒနာ
မခံစားနိုင်လောက်အောင်
ခံစားရတဲ့အခါ
ငိုလိုက်မယ်လေ။
အချစ်ရဲ့ ချစ်သူအဖြစ်
ငိုလို့ကျတဲ့မျက်ရည်
မျက်ဝန်းရီဝေရုံမက
ပါးပြင်ထက်မှာ ထင်ကျန်ပါစေ
(ဘယ်သူမှ မမြင်နိုင်တဲ့နေရာဆို)
မသုတ်ဘဲ ထားလိုက်မယ်လေ။

ချစ်သူရဲ့မျက်ဝန်းရှိုက်သံ
ကြားယောင်မိတဲ့အခါ
ရင်နင့်ရပါတယ်။

ချစ်သူကို မျှော်လင့်နေတဲ့အတွက်
ဘယ်သူတွေ ဘယ်လို အပြစ်ပြောကြမလဲ
ကဲ့ရဲ့ရှုတ်ချကြမလဲ
ဂရုမစိုက်ဘဲ နေရုံပေါ့။

အချစ်ရူးတစ်ယောက်လို့အမည်တွင်မလား
ပြုံးနေလိုက်ရုံပေါ့။

တို့ရဲ့ချစ်ခြင်းကို
ချစ်သူနှစ်ယောက်သိကြတာပဲ
ဘယ်သူ့ကို ပြောပြဖို့လိုသေးလဲ
မလိုဘူးလေ ဘယ်သူမှ သိဖို့မလိုဘူး။

ကြည်နူးခဲ့ အပြုံးတွေ
သာယာခဲ့ချစ်တေးဖွဲ့ခွန်းသီစကားတွေနဲ့
အပျော်မျက်နှာနှစ်ခုဟာ
အပြုံးမဲ့
ရီဝေမျက်လုံး
မျှော်လင့်ချက်မဲ့
ပူဆွေးခြင်းသောကတွေနဲ့…

တစ်ခဏ မြင်တွေ့ခွင့်ရတဲ့အချိန်တွေမှာ
ဝေးကွားခြင်းရဲ့ဝေဒနာ တိုးလာခဲ့ပေါ့
မမြင်မတွေ့ဘဲနေရဲလားဆိုတော့
မတွေးရဲအောင်…

မြင်ခွင့်မရ ကြင်ခွင့်မရ
အချစ်ဆိုတာ
(ခါတစ်ရံမှာ)
နီးလျက်နဲ့ဝေး
ကိုယ့်ဝန်းကျင်မှာ ချစ်သူရဲ့ပုံရိပ်တွေ အမြဲတမ်း ကပ်လျက်ရှိသလို
ချစ်သူရဲ့ဝန်းကျင်မှာ ကိုယ့်ရဲ့… ကပ်လျက်
ခံစားရသူချင်းအတူတူ ဘယ်သူပိုတယ်လို့ ဆိုသင့်သလဲကွယ်..

အစတေးခံနှလုံးသားတစ်စုံနဲ့အချစ်တစ်ခု
မောင့်အချစ်ဆုံး..ရယ်
… ကို မောင်ချစ်တယ်
ချစ်နေမယ်
ချစ်ခွင့်ရခဲ့တယ်
အဆုံးပါပဲ.

နောက်တစ်ချစ်ဆိုတာ မောင့်အချစ်ဘဝမှာ မရှိနိုင်တော့
အချစ်ဆုံး… ချစ်သူလည်း ဆုံးခဲ့ပြီပဲလေ…။

(မိုးခိုင်)
ဒီဇင်ဘာ ၁၉၈၈

Related Posts