ချစ်ခြင်းရနံ့ အချစ်ဆိုတာ



ချစ်ခြင်းရနံ့

နွေညရဲ့ အိမ်မက်ထဲကို
ပိတောက်ရနံ့တွေ သယ်ယူခဲ့တဲ့
လေပြည်ညှင်းရဲ့ ပီတိလို…

မိုးစက်ပွင့်လေးတွေရဲ့ အနမ်းတွေကို
ချမ်းမြေ့စွာ ခံယူခဲ့တဲ့
စပယ်ဖြူတစ်ပွင့်ရဲ့ ရှက်ပြုံးလို…

ဆောင်းရဲ့ မနက်ဖြန်နှင်းတွေကို
တမ်းလင့်ကာ ကြိုနေခဲ့တဲ့
သဇင်ငယ်တစ်ခက်ရဲ့ မျှော်လင့်ခြင်းလို…

မျက်ဝန်းနက်ရဲ့ အကြည့်တစ်ခုကို
နွေးထွေးစွာ ရင်ခုန်ခဲ့တဲ့
ရင်ထဲနှလုံးသားရဲ့ ချစ်ခြင်း…။


မိုးခိုင်

....................................................

အချစ်ဆိုတာ

မြင်လွှာအစ ရင်မှာဖိုလှိုက်
တရှိုက်မက်မက် စွဲလန်းလျက်သာ
ခံစားလာသော အမောတစ်ခု

အချစ်ဆိုတာ
ခင်ရာအစ ကြင်နာရသော
သံယောဇဉ်နွယ် တွယ်ညှိရစ်ပတ်
အဖြတ်ခက်သော အမောတစ်ခု

အချစ်ဆိုတာ
သနားစာနာ ကရုဏာနှင့်
မေတ္တာယိုဖိတ် အတိတ်ဖူးစာ
နှင်းအပ်လာသော အမောတစ်ခု

အချစ်ဆိုတာ
အားကိုးရှာချင် ဘဝင်စိတ်ဝမ်း
တမ်းကာနေသူ အပူတစ်နွေ
ပြေပျောက်စေသော အမောတစ်ခု

အချစ်ဆိုတာ
ဘယ်လိုပါလို့ ပြောဖို့ခက်ခဲ
ကွဲပြားခြားနား ခံစားသူဆီ
မူတည်နေသော အမောတစ်ခု

အချစ်ဆိုတာ…

မိုးခိုင်

Related Posts