သင်္ကြန်အိပ်မက် ၁


သင်္ကြန်အိပ်မက် ၁


အိပ်မက်မမက်ဖူးတဲ့လူရှိပါသလား။ ကြိုးစားအားထုတ်ရင်တော့ အိပ်မက် မမက်တော့တဲ့သူတွေရှိနိုင်ပါတယ်။ သူတို့ကတော့ ပြောမှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ မက်နေဆဲပေါ့။
မိုးအိပ်မက်တွေ၊ ဆောင်းအိပ်မက်တွေ၊ ကောင်မလေးရေ 
မင်းမိုးရဲရင် ကိုယ်ဆောင်းရဲရမယ်လေ။
နွေညအိပ်မက်တွေအကြောင်း နားထောင်မလား။ လသာတဲ့ည ပိတောက်ပင်အောက်မှာပေါ့။ ဆူညံလွန်းတဲ့ ဂီတသံအောက်မှာဆိုရင်တော့ ကိုယ့်နှလုံးသားထဲက သင်္ကြန်အိပ်မက်ကို မျက်လုံးမှိတ်ပြီးဖတ်ကြည့်လိုက်ပါ။
နေ့စဉ်ပိတောက်ပွင့်ပါစေလို့ မင်းဘယ်တော့မှ ဆုတောင်းဖို့ မလိုဘူးဆိုတာ ယုံလိုက်ပါ။ တို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး လွမ်းဖို့ မကြိုးစားကြရအောင်လေ။
အခုသင်္ကြန်မှာ အရင်နှစ်တွေက သင်္ကြန်တွေ အကြောင်း နောင်နှစ်တွေမှာ ကြုံချင်တဲ့ သင်္ကြန်တွေအကြောင်းပြောဖို့ လိုသလား။
လာ ပိတောက်လမ်းမှာ လမ်းလျှောက်ကြမယ်။
အချစ်ဆိုတာ လက်ချင်းမြဲမြဲတွဲ၍ ဘဝထဲ ရဲရဲတိုးဝင်ချင်းသာဖြစ်သည်တဲ့ (ဇော်ဇော်အောင်)။ တို့နှစ်ယောက် ဒီထက်ပို စောပြီးတွေ့ကြရင်လည်း ပိတောက်တွေ ကြိုပွင့်မှာ မဟုတ်ဘူးနော်။ ဟိုမှာကြည့်လိုက် တို့လိုပဲ မဏ္ဌာပ်အပေါ်အောက်မှာ ဟေမာနေဝင်း ပိုးဖလံသီချင်းနဲ့ ရေလောင်းနေကြတယ်။
မသုဓမ္မစာရီမဟုတ်ဘူး။ မို့မို့မြင့်အောင်မဟုတ်ဘူး။ မိုးမိုးအင်းလျားမဟုတ်ဘူး။ ရုပ်ရှင်မဟုတ်ဘူး။ ဝတ္ထု မဟုတ်ဘူး။ ညီမလေးက အချစ်ကို ကိုးကွယ်တာ မဟုတ်ဘူး။
အိပ်မက်ထဲက သင်္ကြန်ဟာ သင်္ကြန်အိပ်မက်ပဲ ဖြစ်တယ်။
ဝေဒနာဆိုတာ မွေးရာပါလေကွယ်။ ကဗျာဖွဲ့မလား။ စာနွဲ့မလား။
ပန်းချီဆွဲမလား။ တေးသီမလား။ တူးပို့နဲ့ကက၊ ဒုံးဒုံး ဒုန်းဒုန်းနဲ့ခုန်ချင်သပခုန်၊ ပိတောက်ကိုတော့ အရောင်မပြောင်းဖို့ လိုတယ်နော်။
မနက်ဖြန်ည သင်္ကြန်အိပ်မက်မှာ
မိုးပဲရွာပါစေ၊ ငလျင် မလှုပ်စေနဲ့တော့ပေါ့ကွယ်။
မိုးခိုင်
ဧပြီ ၁၄၊ ၂၀၁၆

Related Posts