စန္ဒယားထဲကအပြုံးများ


စန္ဒယားသံထဲမှာ ပြုံးရနံ့ပါသော နှင်းဆီပန်းပွင့်များ ပါဝင်မလာသော်လည်း သူကျေနပ်သည်။ သီချင်းများစွာ တီးခတ်ပြီးသောအခါတွင် သီချင်းတပုဒ်မျှ ပြီးစီးအောင် သူတီးခတ်သွားခြင်းမရှိပါ။ သီချင်းတပုဒ် ပြီးအောင် တီးရန် တာဝန်သူ့မှာ ရှိပါသလား။ ပရိသတ်တယောက်ယောက်နားဆင်နေမည်ဆိုပါက သူ့တွင် ထိုတာဝန် ရှိကောင်းရှိပါလိမ့်မည်။ ခလုတ်ပေါ်တွင် လက်ချောင်းများထိလိုက်ခြင်းဖြင့် အသံထွက်လာခြင်းကို စန္ဒယားတီးသည်ဟု ဆိုပါလျှင် သူစန္ဒယားတီးပါသည်။ ကံကောင်းသည်မှာ လျှပ်စစ်အကူအညီဖြင့်သာ အသံထုတ်ပေးနိုင်သော ထိုတူရိယာတွင် သူမှတပါး အခြားသူ မကြားနိုင်စေသော နားကြပ်တပ်နားထောင်စရာ ပါဝင်ခြင်းပင်။ မိမိကြောင့် သူတပါးအနှောက်အယှက် မဖြစ်စေရန် သူသတိထားပါသည်။ သို့ရာတွင် လောကတွင် သူမသိသော အကြောင်းအရာ များလွန်းလှပါသည်။
လေထဲကအလွမ်းအကြောင်း တယောက်ယောက်ရေးဖူးပါသည်။ ရေးသူကို သူ မှတ်ထားဖူးခြင်း မရှိပါ။ လေထဲမှာလွမ်းနေကြသည့်လူတွေထဲမှာ သူလည်း ပါသည်။ သူတို့ ဘာကြောင့် လေထဲတွင် လွမ်းနေကြပါသလဲ။ ကံ့ကော်ပွင်လျှင်သော်လည်းကောင်း၊ ပိတောက်ပွင့်လျှင်သော်လည်းကောင်း၊ ရေတမာပင်အောက်က ဖြတ်လျှောက်သောအခါတွင်သော်လည်းကောင်း စသည်ဖြင့် ရေမြေတောတောင် ရာသီ အပြောင်းအလဲတွင် သူတို့ လွမ်းကြလေ၏။ ဘတ်စ်ကားပေါ်ကသော်လည်းကောင်း၊ ကိုယ်ပိုင်ကားပေါ်ကသော်လည်းကောင်း စသည်ဖြင့် ကွမ်းတံတွေးထွေးသည်ကို တွေ့မြင်ရလျှင် သူတို့ ဒေါသထွက်ကြလေ၏။ အချို့ အသံထွက် ဆဲရေးတိုင်းထွာကြလေ၏။ အချို့ အသံတိတ် ဆဲဆို ကျိန်းမောင်းကြလေ၏။
အချို့ အတန်းပညာအတွက် နှစ်ပေါင်းများစွာ သင်ယူခဲ့သူများ ဖြစ်ကြသည်။ အချို့ တနှစ်ဝင်ငွေ များစွာ ရရှိသူများ ဖြစ်ကြသည်။ အချို့ ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်ကြသည်။ အချို့ ဘာသာ မတူကြပါ။ အချို့ လူမျိုးများ ကွဲပြားကြပါသည်။ အချို့ မွေးရာဇာတိ မတူကြပါ။ ဗီဇနှင့်ပတ်ဝန်းကျင် နှစ်မျိုးစလုံး အရေးကြီးကြောင်း မခင်လေးနိုင်နှင့်သူ အတွေးချင်း တူညီကြပါလိမ့်မည်။ စင်္ကာပူဘဏ်တခုမှာလည်း ထုတ်ယူငွေ အသေအချာ မစစ်ဆေးပါက မှားယွင်းဖွယ်ရာရှိကြောင်း သတိပေးအတွေ့အကြုံတခုကို တွေ့ရဖူးပါသည်။ မခင်လေးနိုင် စင်္ကာပူဆိုတဲ့ ဧရိယာစတုရန်းမိုင် ကျဉ်းကျဉ်းလေးမှာ နေပျော်သည်လား။
အကျယ်အဝန်းကို အချိန်နှင့်နှိုင်းယှဉ်ပြောတတ်ဖို့ သင်တန်းတခုခုရှိလျှင် သူတက်ဖို့ စိတ်ကူးပါသည်။ ငါးနှစ်ကလေးနှင့် အသက်ငါးဆယ် လူကြီးတဦးကို နှိုင်းယှဉ်စဉ်းစားနိုင်ပါသည်။ ထိုအချိန်၏ကွာခြားချက်ကို နားလည်ဖို့တော့ လိုပါလိမ့်မည်။ ခပ်ညံ့ညံ့ပဲကောင်းပါတယ် ဆိုသော ဝတ္ထုခေါင်းစဉ်ကို နွမ်ဂျာသိုင်း ဘယ်ကရသလဲ။ ခဏငှားပါ။ လည်ပင်းနာသည်မှာ လည်ပင်းရှိနေခြင်းကြောင့်ဖြစ်ပါသည်။ လည်ပင်းမရှိလျှင် လည်ပင်းမနာပါ။ ပုံမှန် အသံမထွက်နိုင်ပါ။ ခါတရံ ဆာလောင်မှုကြောင့် ဝမ်းဘိုက်ထဲက ထွက်သောအသံနှင့် ဝါယောဓါတ်လည်ပတ်မှု သဘောအရ လေလည်သံသည် လည်ချောင်းထဲက ထွက်သောအချို့သူများ၏ အသံထက် သာယာနာပျော်ဖွယ် ဖြစ်ကောင်းဖြစ်နိုင်သည်။ လေးဖြူ သီချင်းတပုဒ်ထဲ အခွေ ဘာကြောင့်ထုတ်သလဲ။ သူမသိပါ။
လှည်းတန်းနှင့် သမိုင်းလမ်းဆုံကြားမှာ ဘောလုံးကွင်း မည်မျှရှိသနည်း။ သူမသိပါ။ ကွင်းတကွင်းကတော့ ကလပ်တခုက ပိုင်ပါလိမ့်မည်။ သူ ဘောလုံးကွင်း မပိုင်ချင်ပါ။ မခင်လေးနိုင်အတွက် ဘောလုံးကွင်း မလိုအပ်ပါ။ ပုံဆွဲခုံတခုရှိလျှင် ဗမာပြည် လျှပ်စစ်အခြေအနေကို ရေးဆွဲကြည့်ဖို့ အဆင်ပြေပါလိမ့်မယ်။
ကောက်ထားသော စာရင်းက ရရှိသော ရလာဒ်များ မှန်ကန်ကြောင်း မည်သို့ယူဆပါမည်နည်း။
တိတ်ဆိတ်သော အသံသည် ကျယ်လောင်လွန်းလှကြောင်း သူ မသိသေးပါ။
ခလုတ်အဖြူ ခုနစ်ခုကြားတွင်တော့ ခလုတ်အနက်ငါးခု ရှိပါလိမ့်မယ်။
ထိုအဖြူနှင့်အနက် ညီညွှတ်သောအခါ အသံသာပါသည်။
မည်သို့ပင်ဖြစ်စေ သာယာသော အသံထွက်ရန် တီးခတ်သူလိုအပ်သလို
ထိုတီးခတ်မှုကိုလည်း နားဆင်သူက ဆုံးဖြတ်ပါလိမ့်မည်။
နားဆင်သူ အကြားအာရုံ မတူသလို၊ ခံစားချက်များလည်း မတူညီပါ။
သဘာဝသည် သဘာဝသာဖြစ်ကြောင်း စိုင်းခမ်းလိတ် သီချင်းရေးပါသည်။

မိုးခိုင်

Related Posts

No comments:

Post a Comment