၁။
တေးသွားများသည် အိပ်မက်များဖြစ်ကြသောအခါ အိပ်မက်များသည် တေးသွားများ ဖြစ်ကြ၏။
၂။
အသံလာရာသို့ လှမ်းကြည့်သည်။ မမြင်ရ။ ရှေ့သို့ တိုး၍ ရွေ့လာလိုက်သည်။ အောက်ကလမ်းမှာ မြက်ခင်းနုများရှိမလား။ မြေနီလမ်းလား။ ဂဝံကျောက်တွေ ရှိသလား။ ရွှံ့ညွှန်တွေလား။ လူတွေ ခင်းထားသော ကတ္တရာလမ်းလား၊ ကွန်ကရစ်လမ်းလား။ ညီသလား။ မညီသော အနိမ့်အမြင့် အတက်အကျများနှင့် လျှိုမြောင် ချိုင့်ဝှမ်းလား။ သိဖို့ မလိုအပ်သောကြောင့် ကြည့်ဖို့လည်း မလိုအပ်ပါ။ လိုအပ်သည့် အရွေ့ရှိနေပါပြီ။
၃။
နရီတခုတည်းမှာ ရင်ခုန်သံနှင့်နှလုံးခုန်သံကို မြင်လိုက်ရသည်။
ရင်ခုန်သံထဲမှာပါဝင်လာသော ပိတောက်ရနံ့များကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ခဲ့ဖို့ နားလည်မှုရသည်မှာ ဒီဇင်ဘာနောက်ဆုံးညကဖြစ်ကြောင်း မေ့ဖို့ အကြောင်းမရှိပါ။ သို့ပါသော်လည်း လူသည် စက်ရုပ်နှင့် မတူညီပါ။ လက်ဝဲ၊ လက်ယာ လက်နှစ်ဖက် မတူညီပါ။ ခြေတောက်နှစ်ဖက်လည်း မတူညီပါ။ မတူညီသော အရာများ အစုံလိုက်ဖြစ်နေခြင်းသည် သဘာဝ၏ သဘာဝဖြစ်ကြောင်း နားလည်ဖို့ မခက်ပါ။ အငြိမ့်ပွဲတခုတွင် မင်းသမီးနှင့် လူရွှင်တော်များ အတိုင်အဖောက်ညီညွှတ်ဖို့ လိုအပ်ပါသည်။ မင်းသမီးဆိုကချိန်တွင် မကြည့်ချင်သူ များစွာရှိလျှင် ထိုသူများအတွက် လူရွှင်တော် ပြက်လုံးသီသန့်ပွဲ ဆောင်ရွက်ပေးပါ။ လူရွှင်တော် မပါသော အငြိမ့်ကြည့်ချင်သူများအတွက် မင်းသမီးတပင်တိုင်ကပွဲ စီစဉ်ပေးပါ။ ဇာတ်လမ်း သီချင်း ဇာတ်ကွက် အလွန်အမင်းလုပ်ချင်သော လူရွှင်တော်များကို ပြဇာတ်မင်းသားများဖြစ်အောင် ဖန်တီးပေးပါ။ အစီအစဉ်တကျနှင့် အစီအစဉ်မကျ ဖြစ်နေသည်မှာ ကြာခဲ့ပါပြီ။ ရင်ခုန်သံနှင့်နှလုံးခုန်သံ တူပါသလား။ အသံတခုတည်းလား။ အသံတခုစီလား။ မိတ်ဖက်သံတွေလား။ အသံတဝက်တည်းကွာတဲ့ နီးစပ်ကပ်တဲ့အသံလား။
သာယာနူးညံ့တဲ့ ကရုဏာသံကနေပြီးတော့ နရီစည်းဝါးတခုအတွင်းမှာ ဒေါသသံတွေဆီ မပြောင်းလဲလိုက်ပါနှင့်။ အိပ်မက်မက်ဖို့ အိပ်ယာဝင်ရန် ခေတ္တစောင့်ဆိုင်းစေချင်ပါသည်။
၄။
မိုးသံလေသံကြားမှာ မပီမသကြားရမည့် အပြန်အလှန်စကားများ သူတို့ မပြောကြပါ။ တချောင်းတည်း ထီးအောက်မှာ မိုးစက်များ နွေးထွေးနေသည်။ သူတို့လက်ထဲမှာ အချိန်နာရီမရှိပါ။ ကျောင်းစာအုပ်များ လွယ်အိတ်ထဲမှာ အနားယူပါ။ မျက်နှာချင်းဆိုင်အရပ်က လျှောက်လာသူများကို မသိလိုပါ။ ဘေးက ကျော်တက်သွားသူများကိုလည်း မသိချင်ပါ။ ယနေ့ ရွှေဈေး မသိချင်ပါ။ ယနေ့ နိုင်ငံခြားငွေ လှဲလှယ်နှုန်း မသိချင်ပါ။ ဖားဂုံညင်းအော်သံသည် ဂီတဖြစ်သည်။ သစ်ရွက်ကြွေသံသည် ဂီတဖြစ်သည်။ သစ်ကိုင်းကျိုးသံသည် ဂီတဖြစ်သည်။ ရင်ခုန်သံသည် ဂီတဖြစ်သည်။ ရှေ့မှာ အကြော်ဖိုလို မြေစိုက်တဲတခုတွေ့လျှင် သူတို့ ခေတ္တခိုလှုံကြလေမလား။ ဘယ်ညာခြေအစုံ ပြိုင်တူ မလှမ်း၍ ခြေလှမ်း အရေအတွက် မတူသော်လည်း ရှေ့နောက်ကွာဟခြင်း မဖြစ်ခဲ့။ သူတို့ခြေသံသည် စည်းနှင့်ဝါး နရီတခုအတွင်းက မိတ်ဖက်ဂီတသံများ ဖြစ်ကြသည်။ ဤလမ်းသည် ပိတောက်လမ်း ဖြစ်ချင်ဖြစ်မည်။ တမာလမ်း ဖြစ်ချင်ဖြစ်မည်။ ကံ့ကော်တန်းဖြစ်ချင်ဖြစ်မည်။ မိုးရွာချင်ရွာနေမည်။ နေပူချင်ပူနေမည်။ ချစ်ခြင်းဂီတသံကတော့ အတူတူပဲဖြစ်သည်။
၅။
တခါက ပုဂံလမ်းထိပ်က အမည်မရှိသော လက်ဘက်ရည်ဆိုင်လေးသည် ဂျေမောင်မောင်၏ အလွမ်းကဖီးမဟုတ်ပါ။ နေခြည် ပုလဲပန်းတွေ ပါးမို့မို့မှာ... ။ သူတို့ ငိုခဲ့ကြသလား။ ငိုနေကြသလား။ ငိုနေကြမလား။ အမုန်းအကြောင်း အရှုံးအကြောင်း စဉ်းစားဖို့ မလိုအပ်ပါ။ ချစ်ခြင်းသည် ဂီတဖြစ်သည်။ ချစ်ခြင်းသည် အနုပညာဖြစ်သည်။ ချစ်ခြင်းတွင် ချစ်ခြင်းမှတပါး အခြားမရှိကြောင်း နားမလည်သူများကို အချိန်ကုန်ခံရှင်းပြနေဖို့ အချိန်မရှိပါ။ ချစ်ခြင်းကို နှစ်ပေါင်းများစွာ တာရှည်ခံဖို့ အချို့က ကြွပ်ကြွပ်အိတ်နှင့်ထုတ်ပိုးရန် သတိပေးကြသည်။ ချစ်ခြင်းကို စက္ကူတရွက်ပေါ်မှာ လက်မှတ်ထိုး၍ ချည်နှောင်၍ မရပါ။ ရေခဲသေတ္တာထဲတွင် သိမ်းဆည်း၍ မရပါ။ ချစ်ခြင်းအတွက် ရေ၊ မီး၊ မင်း၊ ငလျင်နှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်မည်လား ပူပန်စရာ မလိုအပ်ပါ။ ချစ်ခြင်းဖွဲ့ဆိုဖို့ တူရိယာ မလိုအပ်ပါ။ ချစ်ခြင်းသည် နှလုံးသား၏ ဂီတသံစဉ်ဖြစ်သည်။
မိုးခိုင်
No comments:
Post a Comment