သစ်ပင်ခုတ်လှဲခြင်းအနုပညာ



သစ်ပင်ခုတ်လှဲခြင်းအနုပညာ

ကျွန်တော် သစ်ပင်စိုက်ဖူးပါသည်။ သေချာပါသည်။ ကျွန်တော် သရက်ပင် (၃)ပင်၊ စိန်ပန်းတစ်ပင်နှင့် အခြားသစ်ပင်နှစ်ပင် စိုက်ဖူးပါသည်။ သို့သော်လည်း ကျွန်တော် စိုက်ခဲ့သောသစ်ပင်များ မည်သည့်အရွယ်၊ မည်သည့်အချိန်အထိ ရှင်သန်ကြီးပြင်းသည်၊ ရှိနေဆဲလား၊ မရှိတော့ပြီလား၊ ကျွန်တော် မသိပါ။
သေချာပါသည်။ ကျွန်တော် သစ်ပင် မခုတ်ဖူးပါ။
အရင်းလှဲ အဖျားထင်းဖြစ်ဟူသောစကား၏ အနက်ရင်းသည် သစ်ပင်ခုတ်ခြင်းက ဆင်းသက်လာပါသလား။ သက်တမ်းရင့် ကြီးမား မာကျောသော သစ်ပင်ကြီးတစ်ပင်ကို အရင်းက လှဲနိုင်ဖို့ လိုအပ်ချက် များစွာရှိပါလိမ့်မည်။ ပညာပါပါလိမ့်မည်။ အင်အားများ လိုအပ်ပါလိမ့်မည်။ ထိုအပင်ကြီး ပြိုလဲရာ လမ်းကြောင်းတွင် အခြား နစ်နာ ထိခိုက်မှု မရှိရန် လိုအပ်ပါလိမ့်မည်။ သူနှင့်ကျွန်တော် နှစ်ယောက်စလုံး သစ်တောပညာ မသင်ဖူးပါ။ သဘာဝဘေးနှင့် သစ်ပင်လဲ၊ ဓါတ်ကြိုးပြတ်၊ လျှပ်စစ်မီးပြတ်တောက်မှုကိုတော့ ကြုံဖူးကြပါသည်။
တခါက ဝါးရုံတောမှာ ယိမ်းနွဲ့က ဝါးပင်များ၏ ဂီတစည်းချက်သံကို ကျွန်တော်တို့ ငေးမော နားထောင်ဖူးပါသည်။ လေပြင်း၏သွေးခွဲမှုနှင့် အချင်းချင်း မီးပွင့်သည်အထိ တိုက်ခိုက်မှုကိုတော့ ကျွန်တော်တို့ ကြားဖူးသော်လည်း မမြင်ဖူးကြပါ။ ဝါးသည် သင့်ရာ ယိမ်း၍ အလိုက်သင့်နေသည်။ သို့သော်လည်း သက်တမ်းစေ့ ရှင်သန်ဖို့ မလွယ်ပါ။ မိုးခါးရေ သောက်နေရုံမျှဖြင့် ဝါးတိုင်း သက်တမ်းစေ့ မနေနိုင်ပါ။
ကျွန်တော်တို့နှစ်သက်သောပိတောက်ကတော့ အရိပ်နေနေ အခက်ချိုးချိုးများအတွက် သည်းခံနိုင်သော ခန္တီပါရမီရှင်များအဖွဲ့တွင် ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိကြသည်။ ကျွန်တော်တို့ ခရေပင်အောက်ကနေ၍ ပိတောက်ခက်များကို ငေးမောဖူးပါသည်။
အကိုင်း၊ အခက် အဖျားအနားတို့ကို အရင်ချိုင်ရမလား။ ရေသောက်မြစ်ကို ရှာပြီး အရင်ဖြတ်ရမှာလား။ သင်းသတ်ရမလား။ ဘယ်လောက် ကြာမှာလဲ။ အမြစ်မတူးနိုင်ရင် ပြန်ရှင်လာမလား။ အောက်ခံ သက်တမ်းရင့် ပင်စည်အခံမှာ ပင်ပျိုကိုင်းသစ်တွေ ပြန်ရှင်လာနိုင်သလား။
ပန်းအိုး၊ ပန်းထိုးတာ အတတ်ပညာလား၊ အနုပညာလား။ ပန်းပင်၊ သစ်ပင်စိုက်တာရော အနုပညာလား၊ နိုင်ငံရေးလား။ သစ်ပင်ခုတ်တာကရော စီးပွားရေးလား၊ အတတ်ပညာလား။
သူမေးသော မေးခွန်းများကို မဖြေနိုင်သော်လည်း ကျွန်တော်တို့သည် မုန်တိုင်းမလာခင် အချိန်အထိ ချစ်သူများအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။

မိုးခိုင်
၂၁၀၈၀၄၂၁

Related Posts

No comments:

Post a Comment