တယောက်တည်း


တယောက်တည်း

အမေ...
ညအိပ်မပျော်တာ
အမေတယောက်တည်း မဟုတ်ပါဘူး။
အရွယ်စုံမှာ အပူမျိုးစုံနဲ့ပါ။

အမေ...
နာနေတာလည်း
အမေတယောက်တည်းမဟုတ်ပါဘူး။
ဆေးရုံတွေမှာ ကုတင်မရတဲ့လူနာတွေ အများကြီးပါ။

အမေ...
သွားလာနိုင်တယ်ဆိုပေမဲ့
စားဖို့အတွက် လက်ဖြန့်တောင်းနေရတဲ့
လူအိုတွေ မီးပွိုင့်မှာ ရှိပါတယ်။

အမေ...
ကျွန်တော်တို့ မြို့နိုင်ငံပဲမဟုတ်ပါဘူး။
ကမ္ဘာအရပ်ရပ်မှာပါအမေ။
လူ့လောကမှာပါအမေ။
(ယုံကြည်သူတွေအတွက်
ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာဘုံတွေမှာ
ပိုဆိုးပါတယ်)

အမေ...
နေမကောင်းလို့ အဖေဆေးရုံတက်တာ
အကူပါတဲ့သားက ဓါတ်လိုက်လို့ အရင်သေသတဲ့။

အမေ...
ကုန်တိုက်မှာ၊ စားသောက်ဆိုင်မှာ
လမ်းမှာ သွားလာနေကြတဲ့လူတွေလည်း အမျာကြီးပါပဲ။

အမေ...
ဘာသာ အယူမတူပေမဲ့
အိုတယ်၊ နာတယ်၊ သေကြတာတော့
လူတိုင်းပါပဲ။

အမေ...
မသေခင်သေးမှာ
(ကျွန်တော်တို့အတွက်)
တန်ဖိုးအရှိဆုံး အလုပ်ကတော့
ကုသိုလ်စိတ်ဖြစ်အောင် ဆောင်ရွက်ခွင့်ပါပဲ။

အမေ...
အသက်ရှင်နေတဲ့အချိန်မှာ
မဟာကုသိုလ်စိတ်ဖြစ်ဖို့
သတိ၊ သတိ၊ သတိ။

မိုးခိုင်
၂၀၁၈၀၉၀၁

Related Posts

No comments:

Post a Comment