သစ္စာပျက်မှတ်တမ်း
#ဇော်ဇော်အောင်
ကြာခဲ့ပြီ။
ကြာခဲ့ပြီ အချစ်ရယ်...။
အနှစ်နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့၏ အသည်းနှလုံးသည်
အပိုင်းအစပေါင်း နှစ်ဆယ်တိတိ ကွဲအက်ပြတ်ကြွေပြီးသောအခါ ပြီးသည့်နောက်တွင်မူကား
ရယ်မောသံသည် သွေ့ခြောက်တွန့်လိမ်အက်ကွဲ၍ အဓိပတိလမ်း၏ဘေး ဖုန်မှုန့်များထဲတွင်
လဲလျောင်းနေသည်။ ထိုနေရာတွင် ကမ္ဘာတည်သရွေ့ ရှိနေလိမ့်မည်။ နောင်အနှစ်တစ်သန်းကြာသောအခါ သိပ္ပံပညာရှင်များ၊ |
သုတေသီများသည် တူးဖော်အမှတ်မထင် ရရှိလိုက်ကြသော
ရယ်မောသံကျောက်ဖြစ်ရုပ်ကြွင်းကို စားပွဲပေါ်တင်၍ စာတမ်းဖတ်ကြလိမ့်မည်။ ထိုအခါ
မသေသောအချစ်သည် သူ့အကြောင်း တစ်စွန်းတစ်စ တစ်ပါဒမျှ မပါဝင်သော သုတေသနစာတမ်းကို
နားထောင်၍ ပြုံးနေလိမ့်မည်။ ထိုအပြုံးသည် မိုက်မဲသော၊ အရှက်မရှိသော သစ္စာတရား ကို
တိတ်ဆိတ်စွာ ငေါက်ငမ်းနေပေလိမ့်မည်။
အနှစ် နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့ သည်။
ထိုစဉ်က...
ထိုစဉ်က ကံ့ကော်ပွင့်တွေ ဝေနေသည်။ ဥဩငှက်၏ တေးသံသွင်းရိပ်မြုံသည်
အင်းလျားကန်စပ် တစ်ခု တည်းသော စိန်ပန်းပြာအပင်ပေါ်တွင် ရှိခဲ့၏။ နှင်းကြွင်းတို့
စိုစွတ်သော မြက်ခင်းသည် အဆောင်တံခါးပိတ်ချိန် သံစကာကွက်များနောက်မှ မြင်လိုက်ရသော
မျက်လုံးကလေးများနှင့် တူ၏။
ထိုစဉ်က တက္ကသိုလ်က လေပြည်ညင်းသည် ဒေါန ပန်းခင်းတစ်ခုလုံးကို
သယ်ဆောင်လာသည်။ ဒေါန လေပြည်ညင်းနှင့်တူသော ရယ်မောသံကို တစ်ရံမလပ်ကြားနေရ၏။
သစ်ပုပ်ပင်ကြီးသည် ထိုစဉ်က မအိုသေး။
နုပျိုသော ခြေထောက်ဖြူဖြူလေးတစ်စုံသည် ဖိနပ် မပါ၊ ဗလာပြေး၍
ညိုရင့်ပြောင်လက်သော မဟော်ဂနီရွက်ခြောက်များကို လိုက်လံနင်းချေခဲ့သေးသည်။
လဲပြိုမှု ယိမ်းယိုင် သွားသောအခါ သူရယ်သည်။ ထိုရယ်သံကို အဓိပတိလမ်းက
ဖမ်းယူဝှက်ထားလိုက်ပြန်သည်။ ယခု ဘယ်ဆီရောက်နေပြီ မသိပါ။
ထိုစဉ်က...
သီရိဆောင်တွင် ကံ့ကော်ပင် တစ်ပင် ရှိခဲ့ဖူး၏။ သူ့အပွင့်တွင်
ကြည်သာသော ချစ်သူတို့၏ ပန်းနုရောင် ရနံ့များ ရှိသည်။ ပွင့်ချပ်များတွင်
ချစ်သူတို့၏ အပြုံးများ ရှိ၏။ ဝတ်ဆံများတွင် သဝန်တိုသော အချစ်စစ် အချစ် မှန်များ
ရှိ၏။ အရွက်များတွင် ဟန်လုပ်သော စိမ်းကားမှု များ ရှိ၏။ အကိုင်းအခက်တို့သည်
လောကတံတိုင်းတိုင် ယှက်ဖြာနေ၏။ ထိုအပင်သည် ထာဝရ။ ထိုစဉ်က သီရိဆောင်တွင်
ကံ့ကော်ပင်တစ်ပင် ရှိခဲ့ဖူး၏။ ကံ့ကော်ပန်း များ ဝေနေသည်။ နှင်းဖြူတွေ မှိုင်းနေ၏။
တက္ကသိုလ်များ ကံကော်တွေဝေ၍ နှင်းဖြူတွေ မှိုင်းပြီဆိုပါလျှင် ဘာကိုမျှ မမြင်ရ၊
လောကသည် ပိတ်ဖုံးလျက်။ ရှည်လျား ကော့ သွယ်သော မျက်တောင်များပေါ်တွင် ထင်နေသည့်
နှင်း မှုန်ကလေးများကိုသာ မြင်ရသည်။
အင်းလျားရေပြင်သည် ပူနွေးသော အငွေ့များကို ထုတ်လျက်ရှိသည်။
ဖြူဖွေးနဲ့ သွယ်သော လက်ချောင်း ကလေးများ ဖြန့်၍ ရေပြင်မှ အနွေးဓာတ်ဖြင့်
မီးလှုံခဲ့ဖူးပါသည်။ အင်းလျားရေပြင်၏ အကြည့်သည် ယခုအခါ
လောက်
စိမ်းစိမ်းကားကား မရှိလှ။ ပြုံးမြနေသည်ထင်၏။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီး၏ နောက်တွင်
ကျွန်းဆွယ်တစ်ခုမှ ဖြတ်ထွက်သွားသော ကမ္ဘာပေါ်မှာ အလှဆုံးသော
ကျွန်းကလေးတစ်ကျွန်းရှိသည်။ သည် ဘက် အငူစွန်းမှာ ကိုင်း၍ ပေါက်နေသော သစ်ပင်ကြီး
တစ်ပင်လည်း ရှိသည်။ နောင် အနှစ်နှစ်ဆယ်ကြာသော အခါ သစ်ပင်ကိုင်းကိုင်းကြီးရှိ မရှိ
ငြင်းခုံခဲ့ကြသေး၏။ ချစ်သူတို့၏ ငြင်းခုံမှုသည် ကွဲကွာခြင်းနှင့် အထီးကျန်
နိမိတ်ကို ယူလာကြောင်း ထိုစဉ်က မသိ။ ထိုသစ်ပင်ကြီး မရှိတော့ပြီ။
အဖြူရောင်နောက်ခံတွင် အနီ၊ အပြာနှင့် အနက်ပတ်လည်စင်းများပါရှိသော
လုံချည်ကို တိုတိုမ၍ ကျွန်း ကလေးသို့ ကူးလာသောအခါ ဖြူဝင်းသွယ်မွတ်
ခြေသလုံးကလေးများ အင်းလျားရေပြင်တွင် အရိပ်ထင် ကျန်ရစ်၏။ ထိုအရိပ်ကို ကျီစယ်တတ်သော
ရေကန်မိုက်က ဖမ်းယူဖွက်ထားခဲ့သည်။ ယခုဘယ်ဆီတွင် ရောက် လေပြီမသိ။ ပျောက်ကွယ်သွားသော
သစ်ပင်ကြီးရှိခဲ့ဖူးရာ နေရာဟောင်းကိုမြင်မိတိုင်း လျှော့ထားသည်မှာ ကြာ ပြီဖြစ်သော
အားတင်းမှုတို့သာ ဆူဝေလာပါသည်။
ဗဟိုစာကြည့်တိုက်၏ဘေးတွင် ကံ့ကော်တောအုပ်ကလေး မရှိသေး။
မြက်ခင်းကွက်လပ်၏အလယ် စိန်ပန်း ပြာပင်ကြီးတစ်ပင်သာ ကြီးမားစွာ ရှိခဲ့၏။
အကိုင်းအခက် များသည် ပုံပြင်ထဲက စုန်းမကြီး၏ ခြေထောက်များနှင့်တူသော
ထိုအပင်ကြီးသည် အရုပ်ဆိုးလှ၏။ သို့သော် တစ်ပင်လုံး အပြာနုရောင်သန်းလာသောအခါ ဘယ်သူမှ
တုမရသော အလှပေါ်လာသည်။ အပွင့်တွေကြွေ၍ ပင်အောက်ခြေ မြက်ခင်းတစ်ဝိုက်
အပြာနုရောင်တွေ ဖုံးသောအခါ ထိုအလှသည် အထွတ်အထိပ်သို့ ရောက်တော့၏။ ဘယ်သောအခါမှ
ပြန်လည်ဖတ်တော့မည်မဟုတ်သော ဒိုင်ယာရီဟောင်းတစ်ခုမှ မတ်လ (၁၉)ရက်နေ့ ဟူသော
စာမျက်နှာနေရာတွင် ယခုတိုင် ရှိနေပေလိမ့်ဦးမည်။ ထိုတစ်ခုသော ပွင့်ဖတ်၏
အပြာနုရောင်သစ္စာ တရားသည် ယခုအခါ မည်းညစ်စွာ ပျက်ယွင်းခဲ့လေပြီ။
သစ္စာတရားဆိုသည်မှာ မည်သို့သော တရားမျိုးပါလဲ။ သမိုင်းစာအုပ်၏
ဝါကြင်ရော်နေသော စာမျက်နှာ ပေါ်မှ ဒဿနပညာရှင်သည် မိုက်မဲသော အပြုံးစဖြင့်
မသိကျိုးကျွန် ပြုနေသည်။
တက္ကသိုလ်များ ဓမ္မာရုံတွင် ဉာဏ်တော်တစ်တောင်သာသာ
ကြေးသွန်းဘုရားတစ်ဆူရှိသည်။ သစ္စာမြဲ၍ လက်တွဲမဖြုတ်လိုသော ချစ်သူတိုင်း
ထိုဘုရားထံတော် ပါးမှာ သစ္စာထားကြသည်ဟု အစဉ်အလာ ဆိုရိုးရှိခဲ့ဖူး သည်။ လွန်ခဲ့သော
အနှစ်နှစ်ဆယ်က ဖူးမြော်မြင်တွေ့ ခဲ့ရသည့် အသရေတော် တည်ငြိမ်ခြင်းသည် မပြောင်းမလဲ
သပ္ပာယ်ဆဲပင် ရှိပါလိမ့်မည်။ တက္ကသိုလ်များ ဓမ္မာရုံသို့ မရောက်သည်မှာ
အနှစ်နှစ်ဆယ်ကြာခဲ့ပါပြီ။
အို... အရှင်၊ လောကသုံးပါးသခင် မိုက်မဲလေးလံ သာ ဘုရားတပည့်တော်အား
ခွင့်လွှတ်တော်မူပါ။
စိမ်းကားစွန့်ပစ်မှု၏ အထိမ်းအမှတ်ရနံ့သည် ခရေပန်းနံ့ဖြစ်လေမည်လား။
ထိုပန်းသည် ဤလောကတွင် မနှစ်သက်ဆုံး၊ အမုန်းဆုံးပန်း ဖြစ်၏။ လွန်ခဲ့သော အနှစ်
နှစ်ဆယ်က အမုန်းဆုံးပန်းကို ကြိုက်ခဲ့ရပြန်ပါသည်။ အင်းဝလမ်းမှ ထွက်သော်
အင်းလျားပေါ်သို့ ရောက်၏။ အင်းဝ ဝင်းတံခါးနှင့် တည့်တည့်တွင် အဒေါ်ကြီးလု(စ်) ၏
ကလေးများကျောင်း ရှိ၏။ ကလေးများကျောင်းနှင့် ဘုရားကျောင်း၏အကြားတွင်
ခရေပင်တန်းနှင့် လမ်း ကလေးနီနီရှိ၏။ ချစ်သူတို့၏ ခရေလမ်းဟု အမည်တွင်ခဲ့သည်။ ယခုမည်သို့
ခေါ်ကြသည်မသိ။ ချစ်သူတို့ ခရေ လမ်းမှာ ခရေပန်းတွေ ဖွေးနေအောင် ကြွေတတ်ပါသည်။ ရေတမာ
တစ်ရွက်ကို ခူးဆွတ်၍ အရွက်များကို သတ်လိုက်သောအခါ အကြောတံစိမ်းစိမ်းကလေး ကျန်၏။
ထိုရေတမာကြောတံတွင် ခရေပန်းများသီ၍ ခရေသီတံနှစ်ခုကို သူ့ခုတင်ခေါင်းရင်းမှာထား၍
ဘုရားကို လှူခဲ့သည်ဟု ဆိုပါသည်။ အဘယ်ကဲ့သို့သော စိမ်းကားစွန့်ပစ်ခြင်းဆုကို
တောင်းယူရမည်နည်း။ ။
လက်ဖက်ရည်ဆိုင်ကလေးမှာ နှစ်နာရီ ကြာ၏။ ဘာ စကားတစ်ခွန်းကိုမျှ မပြော။
မျက်လွှာချ၍ လက်ဖက် ရည် ပန်းကန်ကိုသာ ငုံ့ကြည့်နေဖူးသည်။ ပန်းနုရောင်ဖျော့ဖျော့
နှုတ်ခမ်းဆိုးဆေးများ စွန်းထင်းသော လက်ဖက်ရည် ပန်းကန်ပေါင်းတစ်သိန်းခန့်ပင်
ရှိပေရော့မည်။ အေးစက်ခွဲပျစ်ဝါကြင်သော လက်ဖက်ရည်များသည် မျက်လွှာချထားသူ၏
ရှက်ယောင်ပြုံးကို သောက်သုံးဝါး မျိုးလိုက်ပြန်၏။ ပြန့်ကျဲကျနေသော စီးကရက်ပြာတောင့်
ပြာစများသည် နှစ်ဦးသားကြားတွင် တံတိုင်းတစ်ခုကို တည်ဆောက်စပြုနေကြောင်း ထိုစဉ်က
မသိခဲ့။ စားပွဲအောက်မှာ ခွေးလေးတစ်ကောင်သည် စားကြွင်းစားကျန် များကို ရှာဖွေနေ၏။
ချစ်ခြင်းမေတ္တာ၏ အကြီးအကျယ် အမြင့်မားဆုံးကိစ္စသည် လုံးဝ
မချစ်ဘဲနေခြင်း ဖြစ်သည် ဟူ၍များ
ပြောဖူးပါသလား။
ဤစကြာဝဠာတွင် အနိမ့်အမြင့်၊ အတိုအရှည် အပူနှင့် အအေး စသည် စသည်တို့ မရှိကြ။
ရှိသည်ထင်သော အရာနှစ်ခု၏ နှိုင်းယှဉ်ခြင်းသာ ရှိကြသည်ဟု မည်သူပြောခဲ့ပါသနည်း။
အချစ်နှင့် အမုန်းသည် အခြေအနေ နှစ်ရပ်၏ နှိုင်းယှဉ်ခြင်းသာ ဖြစ်ကောင်းဖြစ်
ပါလိမ့်မည်။
သို့သော် ချစ်တော့ ချစ်ပါသည်။ မေ့တော့ မေ့လိုက်ပါဟူသော
စကားတစ်ခွန်းသည် မည်သည့်ဝိဘာဂအုပ်စုတွင် ပါဝင်ပါသနည်း။ ချစ်၍ နေရခြင်း၊ ချစ်၍
နေခွင့်ရှိ ခြင်းကို မည်သူ့ထံတွင် သွားရောက် တောင်းခံရပါမည် နည်း။
ရက်စက်သော၊ စိမ်းကားသော၊ ကွေ့ဝိုက်သော၊ ကောက်ကျစ်သော၊ လှည့်ပတ်သော၊
အမိုက်မ၊ မာရီယာ ....။ အနှစ်နှစ်ဆယ်မျှ သင်၏ကိုယ်နံ့နှင့် သင့်ပန်းနုရောင်
နှုတ်ဖျားမှ ပဲ့တင်သံများကို ကျွန်ုပ်၏ နှလုံးသားတွင်
သိုဝှက်သိမ်းဆည်းထားခြင်းဖြင့် သင့်အား ဒဏ်ခတ်ခဲ့သည်ကို ဤမှတ်တမ်းဖြင့်
သိစေလိုပါသည်။ သင့်နှုတ်ခမ်းပါးလှပ်၊ ပါးစပ်ပိတ်၍ ပြုံးတတ်သော ခရမ်းရောင်အပြုံး
ကွယ်ပျောက်သွားသည့် ခဏဝယ် ကျွန်ုပ် တွင် ရေးရန်မကျန်တော့ပြီ။ ခရမ်းရောင်မိန်းမ၊
မာရီယာ။ အနှစ် နှစ်ဆယ်ကြာခဲ့ပါပြီ။ အချစ်မ၊ အမုန်းမ၊ အမိုက်မ၊ မာရီယာ...။
No comments:
Post a Comment