လွင့်မျောနေသောပိတောက်တခက်


 

တိမ်ပေါ်မှာမျောလွင့်နေသောပိတောက်တခက်ကို အမြင့်ပျံငှက်အချို့တွေ့မြင်ကြပါလိမ့်မည်။ ထိုငှက်တို့ စကားပြောနေကြသည်ကို မြင်ရသော်လည်း အသံမကြားရပါ။ အသံကြားရသော်လည်း နားမလည်ပါ။ နားလည်သော်လည်းမနှစ်သက်ပါ။ နှစ်သက်သော်လည်းသူတို့အကြံပြုချက်ကို ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ကဗျာကိုနားမလည်ခြင်းသည် ပြသနာမဟုတ်ပါ။ နားလည်ယောင်ဆောင်ခြင်းသည် ပြသနာဖြစ်သည်။

ပင်ပမ်းလွန်း၍အိပ်စက်ပါရစေ။

အိပ်မက်ထဲက အနုကြမ်းစီးသူများကို မမှတ်မိတော့ပါ။ တရေးနိုးတွင်နေပြည်တော်ဆြာဒွေး၏ မနက်ငါးနာရီအထိ ထီပေါက်နိုင်သောဂြိုလ်နက္ခတ်အကြောင်းဖတ်ရသည်။ နက္ခတ်သည် နေပြည်တော် လတ္တီကျု၊ လောင်ဂျီတွဒ်တွင်ဖြစ်သည်လား။ ရန်ကုန်မှာရောဖြစ်သလား။ နာရီပြန်နှစ်ချက်တီးတွင်ဖွင့်လှစ်သောအောင်ဘာလေထီဆိုင်ရန်ကုန်မြို့တွင်ရှိပါသလား။ လိမ္မော်ရောင်ကောလိပ်သတ္တဗေဒကျောင်းသားဟောင်းတာတာသည်သူ၏အိပ်မက်ထဲတွင်သိန်းတစ်သောင်းထီပေါက်ပြီးသိန်းတစ်ထောင်လှူလိုက်သည်။ ဦးရီးတော်၏အကူအညီတောင်းခံမှုကို အချိန်မဆိုင်းဘဲရုံးအောက်ဆင်းပြီးအန်ကယ်ဆမ်ထီထိုးသောတူမတော်လက်ကိုင်အိတ်ထဲတွင်ငွေသားသုံးဒေါ်လာပဲပါခြင်းသည်လည်း အကြောင်းတရားတခုဖြစ်သည်။

သည်အီးတွေအပြန်အလှန်ထဲမှာညနေလေးနာရီခွဲပါပြီ။ မိုးချုပ်လျှင်ကားငှားရခက်ပါသည်။ အလုပ်ချိန်ရှစ်နာရီလည်းကျော်နေပါပြီ။ မည်သို့ပင်ဆိုစေဟိုက်ဒမန်းနဲ့ငှားခဲ့သောကားပေါ်တွင်ဝင်လက်စအွန်လိုင်းမှာ လမ်းမတော်ဝါးတန်းက လျှပ်စစ်မီးပျက်ခြင်းတွင် မရိုးသားမှု ရှိနေသလားပတ်ဘလစ်ပို့စ်တင်ပြီး မရှဲကြရန်ရေးထားသည်ကို ရန်ကုန်မြို့တော်အတွင်း မတရားမှုများ စောင့်ကြည့်ဖော်ထုတ်ရေး အများနှင့်သက်ဆိုင်သော အဖွဲ့က ရှဲပါသည်။

တခါက ကျွမ်းကျင်မှုရယ်၊ ရိုးသားမှုရယ်၊ စေတနာရယ် အားလုံးပေါင်းတော့ ပန်းဝေသီကြော်ငြာကို ကြားယောင်ပါသည်။ ခေတ်ပညာ၊ ဆေးပညာတတ်ကျွမ်းသူလည်း အကြောင်းမညီညွတ်သောအခါ ရောဂါကျွမ်းနေသည်ကို နောက်ကျမှသိပြီး အချိန်မမှီသည်ကို စိတ်မကောင်းစရာ ကြားသိရသည်။

ရေထဲကငါးကို ကုန်းပေါ်ကဗဟုသုတများပြောပြရန်ခက်ခဲနေသော လိပ်တကောင်ကို ကိုယ်ချင်းစာဖို့ တိုက်တွန်းစကားပြောရန် အမြင့်ပျံငှက်များအချင်းချင်း တိမ်ပေါ်မှာမျောလွင့်နေသော ပိတောက်တခက်အား ငေးမောရင်း စကားပြောနေကြသည်ကို မြင်ရ၏။


မိုး ခိုင်

၂၀၁၉၀၁၁၀

Related Posts

No comments:

Post a Comment