Source: https://www.facebook.com/kchochoko/posts/842976922383937
ဟိုး..ငယ်ငယ်
ကလေးဘဝကတည်းက
အသည်းမှာစွဲ
တစ်ယောက်တည်းပဲချစ်ဖူး
အချစ်ဦးလည်း သူမ
အချစ်ဆုံးလည်း သူမ
မေလို့ ယုယုယယခေါ်
အချစ်ပျော်သက်တမ်း
(အခုတော့လည်း..)
လွမ်းစရာလေးတွေပါပဲလားကွယ်၊
ဇာတ်လမ်းအစ
အလယ်တန်းကလေးဘဝတုန်းကလေ
မေဟာ
ဘိုမလေးလိုပါပဲ
သိပ်ကို လှလွန်းသူ
ပိုးဟပ်ဖြူမလေးလို့
ကျနော်တို့စရင်းနောက်ရင်း
ရင်တွင်းလှုပ်ခတ်
ချစ်တတ်လာခဲ့ပေါ့၊
(ငယ်ငယ်ရွယ်ရွယ်လေးနဲ့များ
ရည်းစားထားဖို့စိတ်ကူး
သည်ကောင်လေးမလွယ်ဘူး)လို့
အမေတို့ဆူနေတဲ့ကြားက
သူမအား
ရှစ်တန်းကျောင်းသားကျနော်
အဖော်တွေအားကိုးနဲ့
အလွတ်ကျက်ထားတဲ့ရည်းစားစကား
ဗမာဆေးပါတဲ့ကွမ်းယာစားပြီး
မနည်းကြီးအားတင်းပြော
ဇောချွေးများပြန်ခဲ့ဖူးပါတယ်၊
ငြူစူပြတဲ့ မေ
မကြည်ဖြူလှတဲ့အဖြေ
(ဆံပင်ရှည်ညှင်းသိုးသိုး
ဆေးလိပ်လည်း ခိုးသောက်တတ်သေး
ကျောင်းပြေးလည်းသန်
နံရံကပ်စာစောင်တွေမှာလည်း
သူများကိုပဲ ရိသဲ့သဲ့ကဗျာရေး
ဘေးလူတွေလည်း
မရှက်တတ်တဲ့နင့်လား
သည်တစ်သက် မစဉ်းစား..)တဲ့
မေ့ရဲ့စကားကိုနာကြား
ကျောင်းအိမ်သာနံဘေးနား
သွားငိုခဲ့ဖူးပါတယ်၊
မုန့်စားလွှတ်ခိုက်
မေ့အနားမှာ
မပျော်ပိုက်တော့သမို့
ကျောင်းပြေးဖို့အတွက်
ခပ်ရို့ရို့လေးလွယ်အိတ်ဆွဲထွက်ခဲ့
မျက်ရည်စက်တို့တွဲလွဲခို
ငိုလက်စမဆုံးခင်
လွယ်အိတ်ကိုငြင်သာစွာ
လှမ်းဆွဲတဲ့လက်ကလေးတစ်ဖက်
(မနက်က သက်သက်မဲ့ကြည်စား
အကြင်နာများပို
ကိုကို့ကိုပဲ ချစ်တယ်)တဲ့
မေ့ရဲ့စကားသံလေ
ဗေလုဝနတ်စောင်းသံထက်ချို
ကိုကိုတဲ့လေ
ကိုကိုတဲ့..
ရင်များပင်ဖိုရဲ့
ကိုကျော်ဟိန်းအိုက်တင်နဲ့ဖက်အနမ်း
အတန်းထဲလူရှင်းနေလို့သာပေါ့လေ
မေဟာ
ရှက်ရှက်နဲ့
မုန့်ဈေးတန်းဖက်ထွက်ပြေးသွား
(အားကျကြပါရဲ့လား ခင်ဗျာ)၊
ချစ်သူတွေဖြစ်လာကြ
ပထမဆုံးအတူကြည့်ဖူးတဲ့ရုပ်ရှင်
ကိုကိုနဲ့ပဲ နေချင်တယ် တဲ့
မြို့မရုံရဲ့ထိုင်ခုံနံပါတ် အေ ၁၃၊၁၄၊၁၅မှာ
နေရာယူထိုင်ကြတဲ့အခါ
မေလည်း ရှက်သွေးဖြာ
ကျနော်လည်း ရင်ဖိုစွာ
အတူယှဉ်ကာပင်မထိုင်ဝံ့ခဲ့
မေ့ရဲ့အဖော်ကို အလယ်မှာထား
ဇာတ်ကားသာပြီးသွားရဲ့
စကားလည်းမပြောဖြစ်ခဲ့ကြ
ရယ်ရတယ်နော် မေ
သူငယ်ချင်းတွေသာသိရင်
သင်ပေးလိုက်ကြသမျှ
အတိုးချပြီးထိုးကြမှာများ
မတွေးရဲစရာပါလားနော်..၊
အထက်တန်းကျောင်းသားတွေဖြစ်လာ
ချစ်ခဲ့ကြတာ နှစ်နှစ်ကြာပေမယ့်
ရင်ကတော့ ခုန်..ခုန်..ခုန်
ရန်ကုန်မြို့တော်မဟာသင်္ကြန်
မြို့တော်ဝန်မဏ္ဍပ်၊ဆရာအတတ်သင်
ပညာရေးတက္ကသိုလ်တွေမှာ
မြနန္ဒာ၊နွေမအက
မေတို့တွေလှည့်ပတ်ကကြတဲ့အခါ
ထပ်ချပ်မကွာ
လိုက်ပါအားပေး
လက်ဝါးတွေလည်း ရဲရဲစွေးပေါ့၊
မေကျူရှင်အသွားအပြန်
(သုံးဆယ့်သုံး)လမ်းထိပ် ဗံဒါပင်အောက်
မိုး၊လေမကြောက်
စောင့်ကြည့်နေမြဲ
ကားပြူတင်းထဲက မျက်ဝန်းနက်
လက်တစ်ပြ၊နှုတ်တစ်ဆက်
မက်မောစွာ ဆီးကြိုနေကျလေ
(သူငယ်ချင်းတွေကတော့..)
ဗံဒါပင်တစ္ဆေတဲ့ မေ၊
တနင်္ဂနွေ လေးနာရီတစ်မနက်
ဘုရားတက်ကြမယ်ချိန်းထား
အိပ်များပင်မပျော်ခဲ့
နိုးတစ်လှည့်၊အိပ်မရတစ်လှည့်နဲ့
ချစ်သူရဲ့ လမ်းထိပ်ကို
အမေတို့အိပ်ပျော်နေတုန်း
မနက်သုံးနာရီမှာရောက်သွား
ဆိုက္ကားသမားတွေနဲ့ကျားထိုးရင်းစောင့်
စောင့်ရင်း..စောင့်ရင်း
မိုးသာလင်းသွားခဲ့ရဲ့လေ
မေကတော့ရောက်မလာ
စိတ်တိုကာပြန်ခဲ့
ရှက်လည်းရှက်မိပါရဲ့၊
နောက်တစ်နေ့..ကျောင်းမှာတွေ့ကြ
(မနေ့က စောင့်နေတာ
ဘာဖြစ်လို့ မလာ..
စိတ်ဆိုးမယ်ကြံကာရှိသေး
အချစ်ရဲ့ရှင်းပြချက်
(မနက်တွေ့ရဖို့
ရင်ခုန်ထိတ်လန့်နေမိ
ညဉ့်နက်တဲ့အထိအိပ်မရ
မနက်သုံးနာရီမှ မှေးကနဲပျော်
ဟော့တော်..ခုနစ်နာရီမှာနိုး
ကိုကို စိတ်ဆိုးလားဟင်..)တဲ့၊
ဟင့်အင်..ဟင့်အင်
စိတ်ဆိုးချင်စရာမှ မဟုတ်တာ
(မိတ်ဆွေ မရယ်ပါနဲ့လေ)၊
အဲသည်လိုနဲ့..
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)
ထိုင်နေကျ ခုံတန်းလျား
ရွှေရင်ခုန်အနမ်းများဖူးပွင့်
တစ်ဆင့်တက်လှမ်း
အဓိပတိလမ်း၊ကန့်ကော်တန်းရောက်လာ
အာပူ၊လျှာပူ အပြိုင်စား
ဝက်သားတုတ်ထိုးဖိုး အလုအယက်ပေး
ယမ်းဘီလူးအအေးအတူသောက်
ဘယ်လောက် ပျော်စရာကောင်းသလဲနော်၊
မေဟာ..ချူချာသူမို့
နေမကောင်းဖြစ်တဲ့အခါ..ဗိုက်အောင့်တဲ့အခါ..
ခြေထောက်အကြောနာတဲ့အခါ..
နေရာချင်းလဲ
ကျနော်ပဲ ရောဂါသည်းပါတယ်၊
မေ့ကို
မတို့မထိနဲ့လေ
ကြွေရုပ်လေးလို အလှကြည့်
ရင်ခုန်နေမိဖူး
ကျနော် ရူးတာလားဗျာ၊
လေပြေညှင်
ရှင်းသန့်တဲ့ညခင်း
သာနေတဲ့ လမင်းကို
မော့ကြည့်ရင်းနဲ့လေမ သည်အချိန်မှာ
ဘာများ လုပ်နေလိမ့်မလဲလို့
တွေးနေရတာကို
ကျနော်ပျော်တယ်၊
အဲသည်လိုနဲ့ပဲ
အဖြစ်သည်းသည်း
အချစ်ကဲကဲချစ်ခဲ့ကြပေါ့၊
တစ်နေ့မှာတော့လေ
(ကိုကိုရေ..
ဖေဖေက ရာထူးဂုဏ်မက်
မေမေက အသပြာရူးဘုံမက်
သိပ်ခက်တာပဲ၊
အခုလည်း..
အိမ်ကသိသွား
ဆူလိုက်တာ တအားပဲ
အသည်းတွေ ကွဲရတော့မယ်ထင်ရဲ့)တဲ့
နွမ်းယဲ့မောလျစွာ
ချစ်တဲ့မေဟာ
စိတ်ညစ်နေရှာပါတယ်၊
အဲသည်နေ့ကစ
မေ ကျောင်းမတက်
တစ်ရက်၊နှစ်ရက်
သုံး၊လေးရက်နဲ့
ကျောင်းပျက်ရက်များလာ
ရေရေရာရာလည်း ဘာမှမသိရ
နောက်တော့မှ..
မိုးကုတ်ကဆိုလား
သူဌေးသားဆရာဝန်တစ်ယောက်နဲ့
နားဖောက်ကြောင်းလမ်းဖို့ကိစ္စ
မေ့ကိုစိတ်မချလို့
အိမ်မှာ အကျယ်ချုပ်ထားကြဆိုပဲ၊
တစ်ညနေ..
အိမ်မှာ
ပန်းပင်တွေရေလောင်းနေတုန်း
ဗြုန်းဆို
မေတို့အိမ်ဖော်လေးအပြေးရောက်လာ
(ရော့..အကို စာ..)ဆိုပြီးပေး
စကားမေးပင်မရလိုက်
ကတိုက်ကရိုက်နဲ့လှည့်ပြန်သွား
ရင်မောရပါလား အချစ်ရယ်၊
ချစ်သ့ူစာအိတ်
စိုးထိတ်စွာဖွင့်
လိပ်ပြာလွင့်မတတ်
မဖတ်ရဲရဲ၊ဖတ်ရဲရဲနှင့်သာ
(သည်ညဆယ့်နှစ်နာရီ
ခြံထောင့်ဆီက ပုန်းညက်ပင်အောက်
နောက်မကျနဲ့အရောက်လာ
တစ်ယောက်တည်းစောင့်နေရမှာ
မေကြောက်တတ်တာလည်းသတိရ
ထွက်ပြေးကြစို့ ကိုကို)တဲ့၊
မေ့ရဲ့စာ
ခင်ဗျားဆို ပျော်..မှာ..နော်၊
စက္ကန့်သံတစ်ချက်တစ်ချက်မှာ
အသက်ပါသွားမှာပင်စိုးရဲ့
တကယ့်တကယ်ဆို
ကိုကို သွေးကြောင်လွန်းပါတယ်မေ၊
တစ်ရပ်ကွက်တည်း အတူနေ
ချိုးဖြူရေအတူသောက်ကြပေမယ့်
ယိုင်နဲ့စုတ်ချာတဲ့ကိုကို့ဘဝနဲ့
မေ့ရဲ့ရွှေအိမ်စံအဖြစ်
တစ်ရံတစ်ဆစ်မှ မသင့်တော်သမို့
မျှော်နေမယ့် မေ
ကျနော်ကြွေတဲ့ မေ
သရဲ သိပ်ကြောက်တတ်တဲ့မေ
အမြဲ စိတ်ကောက်တတ်တဲ့မေ
မေ..မေ..မေ
မေရယ်..
သိပ်ကြောက်နေမှာလား
စိတ်ကောက်နေမှာလား
(ဒါမှမဟုတ်..)
ကိုကိုရောက်မလာလို့
သောကစွက်နေမှာလား
ဒေါသထွက်နေမှာလား
(သေချာတာကတော့..)
သိပ် မုန်းသွားမှာပေါ့နော်
သိပ် နာကျည်းသွားမှာပေါ့နော်၊
မီးကင်းဖက်ဆီက
ဆယ့်နှစ်ချက်နာရီပညတ်သံဟာ
ဆူညံစွာမြည်ဟီး
ကမ္ဘာကြီးပျက်သုဉ်းသလို
နှလုံးသည်းပွတ်ကိုမညှာမတာ
အပ်ဖျားနဲ့ဆွရဲ့နာနာ
ရူးသွပ်စွာ ငိုမိသူကျနော်
မေရယ်..
မျှော်နေတုန်းပဲလားကွယ်၊
နောက်တစ်ပတ်အကြာထုတ်
လုပ်သား၊ကြေးမုံ
စုံနေအောင်ပါတဲ့သတင်း
လက်ထပ်ပြီးစီးခြင်း တဲ့
နှလုံးသားကိုနင်းချေ
ကြေကွဲရင်နင့်ရသော်လည်း
မေ့ဘဝအိမ်လုံခြုံမှုအတွက်
ကြည်နူးပီတိဖြာလျက်ပါလေ၊
(အိမ်သူသက်ထားအဖြစ်ကို
ရည်ရွယ်ခဲ့ရိုး မှန်ပေမယ့်
ရယူခြင်းအဆင့်ကို လှမ်းရမယ့်အခါ
နှစ်ဖက်မျှငဲ့ညှာရမှာမို့
ကိုယ့်အဖို့ထက် သူ့အတွက်အဆင်သင့်မယ့်အရိပ်
ယာယီတဲနန်းမောင့်ရင်ခွင်မှာ..)
ကိုနေဝင်းသီချင်းစာသားထဲကလို
ယာယီကွန်းခိုသွားသည်လို့..၊
ဟိုး..ငယ်ငယ် ကလေးဘဝကတည်းက
အသည်းမှာစွဲ
တစ်ယောက်တည်းပဲချစ်ဖူး
အချစ်ဦးလည်း သူမ
အချစ်ဆုံးလည်း သူမပဲလေ
မေလို့ယုယုယယခေါ်
အချစ်ပျော်သက်တမ်း
(အခုတော့လည်း..)
လွမ်းစရာလေးတွေပါပဲလားကွယ်
လွမ်းစရာလေးတွေပါပဲလား။ ။
ကိုချို
(၁၉၈၇ မေလ မဟေသီသင်္ကြန်အထူးထုတ်မှ..)