နွေအတွေး(၁)



နွေအတွေး(၁)
နွေတေးဖွဲ့ သီချင်းစာသားတွေ ပြန်ယူသွားလိုက်ပါ။ ဒီမှာ အိမ်သာအထက်က မျက်နှာကျက်နဲ့ အိမ်ခေါင်မိုးကြားက ရှဉ့်တစ်ကောင်ရဲ့ အပုပ်နံ့ ဘယ်တော့ ပျောက်မှာတဲ့လဲ။ မနက်ဖြန်လား၊ သဘက်ခါလား၊ နောက်တစ်ပတ်လား။ ဒီလိုနဲ့ စောင့်ဆိုင်းနေရတဲ့ ရက်တွေ များပြီပဲ။ မျှော်လင့်ချက်တစ်စုံတစ်ရာ အကြောင်း သိချင်ရင် နီနီခင်ဇော်ဆီသွားလိုက်ပါ၊ ဆောင်းဦးလှိုင်ဆီ သွားလိုက်ပါ။ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်တဲ့ အကြောင်း ဝေလက ပိုသိပါလိမ့်မယ်။
ကြာခဲ့ပြီ။ လေးစက္ကန့်တစ်ကြိမ် အရောင်ပြောင်းတဲ့ ကင်ဇိုအင်္ကျီ ဝတ်တတ်တဲ့ ကောင်မလေး၊ တစ်နေ့ကသူမရဲ့ အနောက်ပိုင်း ပွဲတက် ထက်အောက် တစ်ဆက်တည်း ဝတ်စုံက ဘာအရောင်ပါလိမ့်။ ရှင်မဟာရဌသာရရဲ့ ညခင်းဆည်းရီတွင် ကျွန်ုပ်မြင်သည် ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ ဆိုတဲ့ ကဗျာစာသားကို စင်တင် တေးဂီတပွဲသွားမယ့် အမျိုးသမီးတစ်ယောက်အတွက် မသုံးပါနဲ့။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အိုးလေးလှုပ်တာနဲ့ ပိုသင့်တော်ပါတယ်။
ဘွဲ့နှင်းသဘင်ဘေးက အဆိုင်အဆိုင် တွဲလွဲကျပွင့်တဲ့ နီညိုရောင် သော်ကပန်းတွေ ပွင့်တော့မယ်တဲ့လား။ အလွမ်းကေ၀ နွေရောက်လို့ ပန်းတစ္ဆေ ရွှေပိတောက်တွေ ပွင့်ပြီခိုင် လို့ဆိုခဲ့တဲ့ ဂျက်၊ သူငယ်ချင်းကို သူငယ်ချင်းတွေ အခါအားလျော်စွာ သတိရပါတယ်။ တောင်ငူဂျပ်ဆင် အဝင်လမ်းတစ်လျှောက် ပိတောက်နဲ့ စိန်ပန်း နွမ်းနွမ်းကြွေနေတယ် ဆိုတဲ့ အိတ်ချ်၊ သူငယ်ချင်း နေမှကောင်းပါလေစ။
အံ့ဩစရာပဲ။ မနက်ခင်း ခြံထဲ အစာလာရှာတဲ့ ခိုတစ်အုပ်၊ သူတို့ဘယ်အချိန် ညည်းကြသလဲ။ အဆင်ပြေသူတွေရော၊ အဆင်မပြေသူတွေရော အကြောင်းအမျိုးမျိုးနဲ့ လူတွေ ညည်းလိုက်ကြတာ။ ဘယ်သံ၊ ညာသံ၊ အနိမ့်သံ၊ အမြင့်သံ စုံလို့။ ရော့ခ်၊ ပေါ့ပ်၊ ရက်ပ်၊ ရိုးရာ၊ တိုင်းရင်းသား ဂီတပုံစံ စုံလို့။ ဆူညံတဲ့ ဂီတသံနဲ့ ဝေဖန်ခြင်းကို အလိုမရှိတဲ့ လူတွေထဲမှာ သင်ပါ ပါသလား။ အိမ်မက်ဆုံရာမှာ ဝင်မပြိုင်ပါနဲ့။
မနက်ဖြန် နွေရောက်ပြီလေ သီချင်း ပြိုင်တူသီဆိုနေတဲ့လူတွေကြားထဲမှာ ကျွန်တော့်ကို မရှာဖို့ ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်။ အညာနွေပိုပူတာ အားလုံးသိပါတယ်။ သိရက်နဲ့ မသိချင်ယောင်ဆောင်တာ ပင်ပန်းမှန်းလည်း သိပါတယ်။ မသိတာ ပိုကောင်းတယ်ဆိုတာ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး။ ကာလ၊ ဒေသ၊ ပယောဂ မှာ မူတည်ပြီး ပြောင်းပါတယ်။ မပြောင်းတာ ပြောင်းလဲခြင်းပါ။
အဝတ်အစားလေး ပြောင်းလိုက်တယ်။ ရာထူးလေး ပြောင်းလိုက်တယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျားတောပြောင်းတာလား။ ကျားဖမ်းချင်ရင်တော့ ကျားဂူထဲ ဝင်ရမှာပေါ့။ သိုင်း ဝတ္ထုထဲမှာ အတွင်းအားကျင့်တာ အနှစ်နှစ်ဆယ်ဆိုတာ စာလေးသုံးလေးကြောင်းပါ။ ဖြူဖြူကျော်သိန်း အတွင်းကြွေ မသေခင် ပျောက်ပါစေ။
ဒီစာနဲ့ ဒီနေ့ တောင်သူလယ်သမားနေ့ကို ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ လာမယ့် ၁၃ ရက်နဲ့လည်း မဆက်စပ်ပါနဲ့။ လာမယ့် တပ်မတော် (တော်လှန်ရေး) နေ့နဲ့လည်း မဆက်စပ်ပါနဲ့။ သင်္ကြန်မှာ ပိတောက်ပွင့်ရင် အများစု ပျော်ကြပါတယ်။
ထိုညက မီးမလာပါ ဟူသောအမည်ဖြင့် ဝတ္ထု တိုတစ်ပုဒ် ရှိကြောင်း သူ့ကို ကျွန်တော် ပြောပြဖူးပါသည်။ သို့ရာတွင် သူသည် လျှပ်စီးမီးရှိသော အရပ်ဒေသသို့ တခါမျှ မရောက်ဖူးကြောင်း ကျွန်တော် မသိပါ။ သို့အတွက် ကျွန်တော်တို့နှစ်ယောက် သဘောထားကွဲလွဲသည့် အဆင့်သို့ မရောက်ခဲ့ပါ။ ချောင်းရေအေးမြမှုမှာ ကျွန်တော်တို့ ခံစားမှု တူညီခဲ့ပါသည်။
မနီးမဝေးကောင်းကင်ထက်ကို ငေးမောနေရင်း တဖြည်းဖြည်း များလာသော မီးခိုးများကို မြင်ရသော်လည်း ကျွန်တော် သူ့ကို ဒါ အဆင့် နှစ်လား သုံးလား ယောင်ရမ်းပြီး မမေးမိတော့ပါ။ ကျွန်တော်တို့ မူလရည်ရွယ်ခြင်းမှာ ငါးရှာခြင်း မဟုတ်သဖြင့် ငါးမရ ရေချိုးပြန်ခြင်း မဟုတ်ကြောင်း ကျွန်တော်တို ရယ်ရယ်မောမော ပြောဆိုနိုင်ခဲ့ကြပါသည်။
ကမ္ဘာဦးစကတည်းက အမှန်မသိသူများ၏ မှားယွင်းသောအသိကို လက်ဆက်ကမ်း သယ်ယူခဲ့သည့် အကြောင်းအရာအား ကျွန်တော် သိခွင့်ရလိုက်ပါသည်။ ဤအရာအောက် သေးငယ်သော အကြောင်းအရာများကို တခုတ်တရ ပြစ်တင်ဝေဖန်ဖို့ မလိုအပ်တော့ပါ။ သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည်တဲ့လား။ နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး မကြောက်ပေမဲ့ ကျွန်တော် ကြောက်ပါတယ်။ မအက္ခရာနှစ်လုံးရှေ့က စနေနံနှင့်စသော အမည်ပိုင်ရှင် မိန်းကလေးများ ပုံမှန်ထက် အနည်းငယ် ဆွဲဆောင်မှုအားကောင်းကြောင်းအဆိုကို ပယ်ဖျက်ဖို့ မကြိုးစားစေချင်ပါ။ ရှားလော့ဟုမ်းမှာ ညီမ တစ်ယောက်ရှိသည်ဟု ဇာတ်လမ်းဆင်၍ ရပါသည်။ ဆက်လက်၍ ဒေါက်တာဝပ်ဆင်၏ သမီးလေးကို တနေ့သောအခါ မြေးငါးယောက် အဖွားအဖြစ် ဖွဲ့ဆိုကောင်း ဆိုပါလိမ့်မည်။
အရည်မရ အဖတ်မရသော ကွမ်းစားခြင်းကို ကျွန်တော် ပြုလုပ်ဖူးသလားဟု မည်သူ တစ်ဦးတစ်ယောက်က တခါမျှပင် မေးမြန်းဖူးခြင်း မရှိပါ။ စောစောကားပေါ်တက်ပြီး နောက်ဆုံးမှ ဆင်းရသောကားမျိုး ရှိပါသလား။ အက်ဖ်အိုင် အက်ဖ်အို၊ အက်ဖ်အိုင်အယ်လ်အို အင်္ဂလိပ်စာလုံး အရှည်မသိရ၍ မိမိကိုယ်ကို ဒေါသထွက်တတ်သော သူများအား ကျွန်တော့်အနားသို့ ခေါ်လာခြင်း မပြုပါရန် မေတ္တာရပ်ခံပါသည်။
ကျွန်တော် တယောထိုးတတ်ဖို့ တခါမှ မကြိုးစားခဲ့ဖူးကြောင်း ပြောပြတဲ့အချိန်မှာ ပြုနေကျအတိုင်း သူ ပြုံးပါသည်။ နံမည်ကြီးလှသော ဘီသိုဘင်တေးသွားအမှတ်ကိုးဆိုတာကို တစ်နေ့သောအခါမှာ မမျှော်လင့်ဘဲ ကျွန်တော့် ကိုယ်ပိုင် ကွန်ပျူတာထဲတွေရကြောင်း ပြောပြစဉ်က ပြုံးခဲ့သည့် အရင်တစ်ယောက်ထက်တော့ သူ့အပြုံးက မဆိုစလောက် လျော့ရဲရဲ ရှိနေလေမလား။ အရေးမကြီးပါ။ ကျွန်တော် ဂီတာကြိုးမညှိဖူးဘူးဆိုတာ သူသိတဲ့အကြောင်း ကျွန်တော်မှတ်မိပါသည်။ ကျွန်တော်တို့နှစ်ယောက် အတူထိုင်ခဲ့သော ခုံးတန်းလျားအထက်ရှိ အပင် အမည်သည် ပန်းအိ ဖြစ်ကြောင်း ယနေ့ ကျွန်တော် သိခဲ့ရပါပြီ။ အခါအခွင့်သင့်လျှင် ပန်းအိဟု ချစ်စနိုးခေါ်ကြသော သူလဲလျောင်းရာကို ကျွန်တော် ပန်းအိနဲ့ အတူသွားပါမည်။
မိုးခိုင်


Related Posts