ရင်ထဲကလရောင်


ရင်ထဲက လရောင်
ရန်ကုန်မှာ သာတဲ့လ၊ သာပေမယ့်လည်း အလကား ဆိုတာ အားလုံး အတွက် မဟုတ်ကြောင်း တစ်ယောက်ယောက်က အဆိုပြုရင် မဆိုင်းမတွ ထောက်ခံကြသူတွေထဲမှာ ပါဝင်ပါမယ်။
ရန်ကုန်ဟာ တိုကျိုမဟုတ်ပါဘူး။ နယူးယောက်လည်း မဟုတ်ပါဘူး။ လပြည့်ညလရောင် ခံစားခွင့်ဟာ ရန်ကုန်နေရာ အတော်များများမှာ ရှိနေပါသေးတယ်။ ဗမာပြည် မှာ ရှိနေပါသေးတယ်။
မှတ်မိသလောက်ကတော့ ကဆုန်လပြည့်ညဟာ ရိုးရာဓလေ့ပွဲတော် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပကြတဲ့ ညတွေထဲမှာ မပါဘူးလေ။ ဒီတော့လည်း အေးချမ်းစွာ ချမ်းမြေ့စွာ သာယာစွာ ကောင်းမှုကုသိုလ်ပြု ညောင်ရေသွန်းလောင်း အမျှအတန်းေ၀ ဝေမျှ ကောင်းလေစွပါ။
ဒီည လပြည့် လရောင် ရသည်မြင်သည်ဖြစ်စေ၊ မရသည် မမြင်သည်ဖြစ်စေ ရှိသမျှ အပူသောက ခဏ လျှော့ထား လျော့ပါး နေပါလေ။
အပြင်မှာ လရောင်အောက်မှာ ရွက်စိမ်း ရွက်ဝါတို့ အရောင်ဖျော့ပေမယ့် စိုနေတယ်။ ဝါ ရွှေ နီ ပန်း ခရမ်း ရောင်စုံပန်းတွေလည်း အရောင်ဖျော့ပေမယ့် လန်းဆန်း နေမယ်။ လေပြည်လေညင်း ရှိကြောင်း သက်သေခံ ကြမယ်။
တစ်နှစ်တာ ဘယ်နှစ်ရက်များ အေးချမ်းစွာ နေကြရသလဲ။ လွယ်တာဖြစ်ဖြစ် ခက်တာဖြစ်ဖြစ် နှိပ်စက် တတ်တဲ့ မေးခွန်းတွေ လရောင်အောက်ကို သယ်မလာဖို့တော့ ကြိုတင်ဆုံးဖြတ်ထားရင် ကောင်းမယ် ထင်ပါတယ်။
ဆက်သွယ်ရေးတွေ တိုးတက်လာလို့ ဖိုးလမင်းကို အောင်သွယ်ခိုင်းသူများ ရှိတော့မယ် မထင်ပါဘူး။
ဒါပေမဲ့ ရင်ထဲကစကားတွေ ဖွင့်ဟလာဖို့ လရောင်က မြူဆွယ်တတ်တယ် တွန်းအားပေးတတ်တယ်ဆိုတာ
ကြုံဖူးရင် သိကြပါလိမ့်မယ်။
ဒီလိုည အပြင်မမြင်တဲ့အခန်းထဲပဲနေရဲတာ ကြာပေါ့။
မိုးခိုင်
၀၂၀၅၂၀၁၅

Related Posts