ကောင်မလေး (၂၀၁၅)



ကောင်မလေး (၂၀၁၅)
ကောင်မလေးရေ
မင်းက ကမ္ဘာကျော်ခေါင်းဆောင်တွေရဲ့
အထုပ္ပတ္တိတွေ ဖတ်တဲ့အချိန်
ကိုယ်ငယ်တုန်းက သိုင်းလောကမှာလေ။
ကောင်မလေးရေ
မင်းက အမေရိကန်၊ဗြိတိန် စာကြည့်တိုက်တွေထဲ
စာအုပ်စာရင်းတွေ ကြည့်နေချိန်မှာ
ကိုယ်ငယ်တုန်းက
ရပ်ကွက်စာအုပ်ဆိုင်လေးထဲမှာပေါ့။
ကောင်မလေးရေ
မင်းက ဒေသန္တရဗဟုသုတအတွက်
အားလပ်ရက် တိုင်းပြည်အနှံ့သွားလာချိန်မှာ
ကိုယ်ငယ်တုန်းက
ကံ့ကော်တောမှာပဲပျော်လို့ပေါ့။
ကောင်မလေးရေ
မင်းက အင်္ဂလိပ်စကားပြောကောင်းဖို့
အဲယားကွန်းအခန်းထဲ နားထောင်လေ့ကျင့်ချိန်မှာ
ကိုယ်ငယ်တုန်းက
လမ်းဘေးလက်ဘက်ရည်ဆိုင်ကဖွင့်တဲ့သီချင်းနားထောင်နေခဲ့ပေါ့။
ကောင်မလေးရေ
မင်းက အင်တာနက်သုံး အလုပ်ကြော်ငြာရှာ
အွန်လိုင်းက အလုပ်တွေလျှောက်တဲ့အချိန်မှာ
ကိုယ်ငယ်တုန်းက
အငယ်ဆုံးပြည့်သူ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိဖြစ်ဖို့အလုပ်ရှာနေခဲ့ပေါ့။
ကောင်မလေးရေ
အထောက်အပံ့ကောင်းရတဲ့အချိန်
အကျိုးရှိအောင်အသုံးချတတ်ရင်
မြန်ဆန်တဲ့အောင်မြင်မှုရဖို့
အခွင့်အလမ်းကောင်းပေါ့။
ကောင်မလေးရေ
ကိုယ်က မင်းထက် အရာရာမှာ ညံ့ပါတယ်။
ပြည့်စုံသွားအောင်
အများပြည်သူအကျိုးအတွက်
စိတ်ထားကောင်းလေးတော့ထားလိုက်ပါကွယ်။
မိုးခိုင်
၂၀၁၅၁၁၁၃

Related Posts