နွေဦးကျက်သရေ - ဇော်ဂျီ


 နွေဦးကျက်သရေ 

နွေပေါက်လာတိုင်း ရွက်သစ် ရွက်နုများသည် ကျွန်တော်တို့ အိမ်အနီးရှိ ငုစပ်ပင်၌ အစီအရီ ထွက်လာကြသည်။ ကြည့်ရမြင်ရသောအခါ ဝမ်းသာစရာ ကောင်းသည်။ စိတ် နုပျိုလာသည်ဟုပင် ထင်ရလေသည်။ သို့ရာတွင် ကျွန်တော် တွေး နေမိသည်ကား ထွက်လာသော ရွက်သစ်ရွက်နုများ အကြောင်း မဟုတ်။ ထိုရွက်သစ်ရွက်နုများ ထွက်ရာဖြစ်သော ငုစပ်ပင်အောက်က ရေချမ်းစင် အကြောင်းသာ ဖြစ်သည်။ ထိုရေချမ်းစင်၌ လူတို့၏ စိတ်သစ် စိတ်နု၊ စေတနာသစ် စေတနာနုတို့လည်း ပေါက်နေကြလေပြီဟု တွေး မိခြင်း ဖြစ်လေသည်။ 

တစ်ခါတုန်းက ကျောင်းသားတစ်စုသည် ရန်ကုန်မှ အထက်သို့ ခရီးထွက်ကြသည်။ ခရီးထွက်ခြင်း အကြောင်းမှာ သရေခေတ္တရာမြို့ဟောင်း၊ ပုဂံမြို့ဟောင်းရှိ ရှေးဘုရား ဂူကျောင်းတန်ဆောင်းတို့၏ အလှအပကို ကြည့်ရှုရန် ဖြစ်သည်။ ထိုကျောင်းသားတစ်စုတွင် ကျွန်တော်လည်း ပါသည်။ ရာသီကား ကျောင်းပိတ်ရက် တပေါင်းလ ခြစ်ခြစ်တောက်ပူသော ရာသီဖြစ်သည်။ ခရီးလမ်းသည် မီးရထားလမ်းတစ်လျှောက်ဖြစ်၍ မီးရထားသည် တငြိမ့်ငြိမ့် တလှုပ်လှုပ် ခုတ်နေသည်။ နေသည် တဖြည်းဖြည်း တက်လာရာ ပူလာလေ၏။ မွန်းတည့်ခါနီးလေလေ ပူလေလေ ဖြစ်လာသည်။ ဒါနနှင့် သီလမပါ သေခါမှသိသည်။ ရေဘူးနှင့် ဖိနပ်မပါ နွေခါမှသိသည်ဟူသော စကားသည် ကျွန်တော်တို့၏ စိတ်၌ ထက်မြက်လာသည်။ ထိုမျှလောက် ပူပြင်းလှသော ရာသီတွင် ခရီးသွားနေကြသော ကျွန်တော်တို့မှာ ရေဘူး ပါမလာခြင်းကြောင့် ဖြစ်ဟန်တူသည်။ မွန်းတည့်ခါနီးလေလေ ပူလေလေ၊ ရေငတ်လေလေ ဖြစ်လာသည်။ ထိုအခါ ရေဘူးယူမလာရကောင်းလားဆို၍ အချင်းချင်း သူ့ကိုငါမဲ၊ ငါ့ကို သူမာန် ပြုကုန်ကြလေသည်။ တစ်ယောက်က “ဟေ့လူတွေ အခုမှ တောင်ပြောမြောက်ပြော လုပ်မနေကြနဲ့၊ ရှေ့ဘူတာရောက်တော့ ရေတောင်း သောက်ကြရုံဘဲ ရှိတယ်” ဟု ငေါက်လိုက်ရာ ရေငတ်သဖြင့် စိတ်တိုနေသော ကျွန်တော်တို့တစ်စုသည် ငြိမ်ကျသွားရလေသည်။ သို့နှင့်ပင် တစ်ထောင့်က အဖော်တစ်ယောက်က “ဘူတာကလဲ ရောက်ခဲလိုက်တာဗျာ” ဟု မီးရထားကို အားမရ၊ ညည်းလိုက်သေးသည်။ ဤသို့ဖြင့် မီးရထားသည် ဘူတာရုံအနီးသို့ ချဉ်းကပ်လာလေသည်။ 

ဘူတာရောက်လျှင် ရေသောက်လိုက်မဟဲ့ဟူသော အမူအရာဖြင့် မီးရထား ပြတင်းပေါက်တွင် ခေါင်းပြူတစ်ပြူတစ် လုပ်ရသည်မှာ အမောပင် ဖြစ်သည်။ တအောင့် ကြာသောအခါ မီးရထား ရပ်သည်။ ကျွန်တော်တို့ ရေမဲ့ ရေငတ်တစ်စုသည် ဝမ်းသာ၍မဆုံး ဖြစ်ကြရသည်။ 

 သို့ရာတွင် ကျွန်တော်တို့ တစ်စုသည် မီးရထားမှ ဆင်းမည်ပြုပြီးမှ ကိုယ်ရှိန် သတ်လိုက်ကြရသည်။ လားလား မိန်းမပျိုတစ်စုသည် ရေအိုးကိုယ်စီ ရွက်၍ မီးရထား ပြတင်းပေါက်များဆီသို့ လာ၍ “ရေအလိုရှိလျှင် ယူကြပါရှင်၊ ရေလှူပါတယ်ရှင်” ဟုဆို၍ ရေအိုးများကို ကမ်းပေးကြပါသည်။ ကျွန်တော်တို့ ရေမဲ့‌ရေငတ်တစ်စုသည် ကမ်းပေးလိုက်သော ရေအိုးကို လှမ်းယူ၍ ရေအငတ်ဖြေလိုက်ကြပါသည်။ ကျွန်တော်တို့ ရေသောက်ရာဖြစ်သော ဘူတာသည် ကျေးရွာဘူတာ ခပ်သေးသေးဖြစ်သည်။ ရေလာတိုက်သော မိန်းမတစ်စုသည် ကျေးရွာသူများ ဖြစ်ကြသည်။ ထမီကို ဒူးလောက် တိုတို ဝတ်ကြသည်။ မျက်နှာတွင် သနပ်ခါး ထူထူပိန်းပိန်း လိမ်းထားကြသည်။ ပုံပန်းမှာ ကောက်စိုက်သမများ ဖြစ်တန်ရာသည်။ မီးရထားသည် ကြာရှည်ရပ်နေလေ့ မရှိသဖြင့် ထိုမိန်းမတစ်စုသည် ရေလိုသော မီးရထားခရီးသည်များ ရေအစေ့အငှ ရအောင် အားထုတ်ကြသည်။ နေပူစပ်ခါးကို သူတို့မသိ။ ရေလိုချင်သူ ရေမရလိုက်မည်ကိုသာ သူတို့ သိကြဟန် တူသည်။ ထို့ကြောင့် မိန်းမသားတန်မဲ့ အပြေးအလွှား ရေလိုက်ပေးကြခြင်း ဖြစ်သည်။ 

ထိုရေဒါနရှင် တစ်စုကို ကျွန်တော်တို့ ယခုထက်တိုင် မြင်နေမိသည်။ သူတို့ ဝတ်စားထားသည်မှာ ချည်ထည် တပတ်နွမ်းများသာ ဖြစ်သည်။ အလုပ်ကြမ်း လုပ်ကြသူများ ဖြစ်သဖြင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည်။ ရုပ်ရေမှာ ချောသည် လှသည်ဟု မဆိုသာ။ သို့ရာတွင် သူတို့၏ ရေအလှူစေတနာ၊ ရေဝေအမူအရာတို့ကြောင့်ပေလား မသိ။ သူတို့၏ ရုပ်ရေသည် ဝမ်းသာစရာ ကောင်း၍၊ ကျေးဇူးတင်စရာ ကောင်း၍၊ ကြည်ညိုစရာ ကောင်းသည်ဟု ထင်မိသည်။ ထိုအခါက ကျွန်တော့်ကိုယ်ကို ကျွန်တော် ပြန်ကြည့်မိသည်။ ရှပ်အင်္ကျီ ဖြူဖြူစင်စင်နှင့်၊ ပိုးလုံချည်နှင့်၊ လက်ပတ်နာရီနှင့်၊ ဆီမွှေးလိမ်း ဘိုကေနှင့် ဖြစ်သည်။ ဤအချင်းအရာတို့သည် ယဉ်ကျေးမှုလော။ ဤသို့ မေးကြည့်သည်။ ဤအချင်းအရာတို့သည် ယဉ်ကျေးမှုဟု ဆိုလျှင် ထိုမိန်းမပျိုတစ်စု၏ အမူအရာသည် အဘယ်နည်း။ ကျွန်တော်တို့ သွားကြည့်မည်ဟု အားခဲလာခဲ့သော ရှေးမွန်မြန်မာတို့၏ အနုပညာလက်ရာတို့ကို ယဉ်ကျေးမှုဟု ဆိုလျှင် ထိုမိန်းမပျိုတစ်စု၏ အမူအရာသည် အဘယ်နည်း။ ထိုနေ့မှစ၍ ယဉ်ကျေးမှုအကြောင်းကို တွေး မိတိုင်း နေပူကြဲကြဲတွင် ရေလိုက်ဝေသော ထိုမိဆင်းရဲ တစ်စု၏ အမူအရာကို ကျွန်တော် ထည့်မတွေးဘဲ မနေနိုင်တော့ပြီ။ စင်စစ်မှာ ကျွန်တော်တို့သည် မိမိတို့၏ ယဉ်ကျေးမှု အစဉ်အလာတစ်ခုကို နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ပြီး ဖြစ်လေပြီ။  ကျောက်စာမဖတ်ရဘဲ့နှင့် တွေ့ခဲ့ပြီး ဖြစ်လေသည်။ 

ထိုအခါက ထိုကျေးရွာဘူတာ၌ တွေ့မြင်ခဲ့ရသော ရေဝေအမူအရာသည် ထိုဒေသက မိဆင်းရဲတစ်စု၏ ဒါနစေတနာသာ ဖြစ်ချိမ့်မည်ဟု ထင်လိုက်မိသည်။ သို့ရာတွင် ထိုအမူအရာမျိုးသည် မြန်မာနိုင်ငံ အပြန့်အနှံ့ သိန်းချီသောင်းချီ၍ ရှိလေသည်။ နိုင်ငံ၏ ဓလေ့ထုံးစံတစ်ခုအနေနှင့်ပင် ရှိလေသည်။ နွေပေါက်လာလျှင် ထိုအမူအရာမျိုးသည် ပုန်းရာမှ ပေါ်လာသည်။ အိပ်ရာမှ နိုးလာသည်။ ရှုလော့၊ ညောင်ပင်ရိပ်ကောင်းကောင်းရှိလျှင် သူ ရှိတတ်သည်။ ကုက္ကိုရိပ် ကောင်းကောင်းရှိလျှင် သူ ရှိတတ်သည်။ ပိတောက်ရိပ် ကောင်းကောင်းရှိလျှင် သူ ရှိတတ်သည်။ ထိုသူကား အခြားမဟုတ်။ သစ်ကိုင်းမှ ဆိုင်းကြိုးဖြင့် တလွဲလွဲခိုနေတတ်သော ရေချမ်းအိုး ဖြစ်သည်။ မိန်းမချော မိန်းမလှ ဒန်းစီးနေသည်နှင့်ပင် တူလေသည်။ တဖန် အညာဒေသများတွင် ထနောင်းပင်ခွ ကောင်းကောင်းရှိလျှင် ခွကြား၌ သူ ရှိတတ်သည်။ အမိသည် သူ၏ ခါးစောင်းတွင် သားငယ်ကို ခါးထစ်ခွင် ချီထားသည်နှင့်ပင် တူလေသည်။ 

တဖန် သစ်ပင်အမှီ မရှိလျှင် လေးတိုင်စင်နှင့် ရှိတတ်လေသည်။ ခရီးပန်းလာသူသည် ရေမှုတ်ဖြင့် ရေခပ်၍ သောက်သည်။ သောက်ပြီးသောအခါ ရေမှုတ်တွင်းက ရေကျန်ကို အိုးခံ ကရွတ်ခွေ၌ သွန်သည်။ ထို့ကြောင့် မဟုတ်လော။ မြက်ပင်စိမ်းလဲ့လဲ့တို့သည် ကရွတ်ခွေတွင် ဝိုင်းခွေ၍ ပေါက်လျက် ရှိတတ်သည်။ တဖန် ခရီးပန်းလာသူသည် ရေချမ်းစင် ခါးပန်းတွင် ရေအလှူရှင်၏ အမည်ကို ဖတ်ကြည့်ရာသည်။ ဦးဟဝါ၏ ကောင်းမှု။ ဒေါ်ဟဝါ၏ ကောင်းမှု။ တစ်ခါတစ်ရံ ရေချမ်းစင် ခါးပန်းတွင် မြန်မာပီပီ နောက်တီးနောက်တောက် လုပ်ချင်သော စာတန်းကို သူ မြင်ရာသည်။ မြင်သည်နှင့် တစ်ပြိုင်နက် ပြုံးရာသည်။ လူပျိုကြီး ဦးဟဝါ၏ ကောင်းမှု။ အပျိုကြီး ဒေါ်ဟဝါ၏ ကောင်းမှု။ ကုသိုလ်ရှင် လူပျိုကြီး မစွံနိုင်လွန်းသောကြောင့် အိမ်နီးနားချင်းများက ပျက်ရယ်ပြုထားကြဟန် တူသည်။ ကုသိုလ်ရှင် အပျိုကြီး ဟိုင်းနေပြီ ဖြစ်သောကြောင့် အဖော်များက ကျီစယ်ထားကြဟန် တူသည်။ သို့တည်းမဟုတ် ကုသိုလ်ရှင် လူပျိုကြီး စွံချင်ရှာသောကြောင့် ကြော်ငြာကမ်းထားဟန် တူသည်။ ကုသိုလ်ရှင်အပျိုကြီး အိုချင်ရှာသောကြောင့် ရေချမ်းစင်ကို ရမယ်ရှာထားဟန် တူသည်။ ကျွန်တော်တို့၏ ရေချမ်းအိုးသည် သေးသေးတာတာသာ ဖြစ်သည်။ သို့ရာတွင် သတ္တဝါခပ်သိမ်းကို ချစ်ခင်နေသည်။ ကရုဏာ သက်နေသည်။ ပြောင်ပြနေသည်။ ထို့ကြောင့် ရေချမ်းအိုးတည်ခြင်း ရေချမ်းစင် ဆောက်ခြင်းသည် သဒ္ဒါစေတနာနှင့် ပြုသည်ဟု ဆိုလျှင်လည်း ဟုတ်သည်။ ရယ်ချင်၊ မောချင်၊ ပြောင်ချင်၊ ပျက်ချင်၍ ပြုသည်ဟု ဆိုလျှင်လည်း ဟုတ်သည်။ မြန်မာ ပီပါပေသည်။ ထိုအမူအရာမျိုးသည် နွေပေါက်တိုင်း နု၍ သစ်၍ ပေါ်လာတတ်သည်။ ထိုအမူအရာမျိုးသည် နွေဦးကျက်သရေတစ်ခု ဖြစ်လေသည်။ ထိုအမူအရာမျိုးကို မြန်မာနိုင်ငံသားတို့၏ ရေချမ်းစင် ယဉ်ကျေးမှုဟု ခေါ်ထိုက်လေသည်။ တဖန် လူထုအတွက် လူထုက ပြုနိုင်သော အမူအရာမျိုးဖြစ်သဖြင့် လူထုယဉ်ကျေးမှု ဟူ၍လည်း ဆိုနိုင်လေသည်။ 

နွေဦးကျက်သရေတစ်ခု ကျန်ပါသေးသည်။ 

နွေပေါက်ပြီဆိုလျှင် သူ့အသံကို ရပ်တိုင်းရွာတိုင်း မြို့တိုင်းလိုလို၌ပင် ကြားရတတ်သည်။ အိုးစည်ဗုံမောင်း သံနှင့်အတူ ကြားရတတ်သည်။ ကျွန်တော်တို့ဆီမှာ ကိုဖေဆိုသော လူတစ်ယောက် ရှိသည်။ ကိုဖေသည် သူ့အလုပ် သူ့အကိုင်နှင့် ခပ်အေးအေး နေသူဖြစ်သည်။ ရပ်ရွာတွင် အညတြသာ ဖြစ်သည်။ သို့ရာတွင် နွေပေါက်၍ ပိတောက်ပွင့်လျှင် သူ့စိတ်လည်း ဖူးရာမှ ပွင့်လာသည်။ ကိုဖေသည် ရပ်ရွာတွင် လမ်းသလားလေတော့သည်။ သူတစ်ယောက်တည်း မဟုတ်။ အဖော်သုံးလေးယောက် ပါတတ်သည်။ ပြွေမှုတ်သူက မှုတ်သည်။ အိုးစည် တီးသူက တီးသည်။ လက်ခုပ်တီးသူက တီးသည်။ ကိုဖေက မျောခွက်ပိုက်လျက် အိမ်ပေါက်စေ့ဝင်၍ “ဇီဝိတဒါန နွားလွှတ်ပွဲအတွက် တစ်ပဲ နှစ်ပြား နည်းများမဆို ကုသိုလ်ပါဝင်ကြပါခင်ဗျာ” ဟု နှိုးဆော်သည်။ သူ့အသံဆိုသည်မှာ ထိုအသံကို ဆိုလိုခြင်း ဖြစ်သည်။ နွားသတ်ရုံကနွားသည် သနားစရာ ကောင်းသည်။ မျက်ရည် အသွယ်သွယ်နှင့် ဖြစ်သည်။ ထိုသို့ ကိုဖေ ပြောလေ့ရှိသည်။ သူ့စိတ်ထဲတွင် ထိုသို့ မြင်ဟန်တူလေသည်။ ထို့ကြောင့် ထက်လှစွာသော ဓားအောက် လည်ပင်းရောက်နေသော နွားကို အရပ်က လှူလိုက်သော တစ်ပဲစု နှစ်ပြားစုနှင့် သူ ဝယ်သည်။ ထို့နောက် ချိုဖျားတွင် ပိတောက်ပန်းကို ဆင်သည်။ နွားတစ်ကောင်လုံးကို သနပ်ခါး အမွှေးအကြိုင် လိမ်းကျံပက်ဖြန်းသည်။ ထို့နောက် ပြွေသမား၊ အိုးစည်သမားများနှင့် ဒုတိယမ္ပိ ရပ်ရွာကို လှည့်သည်။ ဤအခါတွင် အလှူခံဖို့ မဟုတ်။ လှည့်ပြဖို့ ဖြစ်သည်။ သေဘေးသို့ ရောက်နေသော နွားကိုရပ်ရွာ၏ အကူအညီဖြင့် သေဘေးမှ လွှတ်ခဲ့ကြောင်း သက်သေပြဖို့ ဖြစ်သည်။ ရပ်သူ ရွာသားတို့၏ စေတနာကို ရပ်သူ ရွာသားများသို့ပင် အကောင်အထည် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ကိုယ့်စေတနာကို ကိုယ်ပြန်မြင်၍ ဝမ်းမြောက်စေချင်သော သဘောပင် ဖြစ်သည်။  ကိုဖေကို ကျွန်တော် စောဒကတက်ခဲ့သော အချက်တစ်ခုကို ပြောပြချင်ပါသေးသည်။ ထိုအချက်ကို ထည့်ပြောမှ ကောင်းမည်ထင်သည်။ ကိုဖေသည် ဘုန်းကြီးကျောင်းသား ဖြစ်သည်။ မြန်မာ့ရှေးရိုးစည်းကမ်း အစဉ်အလာနှင့် ရင်းရင်းနှီးနှီး လက်ပွန်းတတီးနေ၍ ကြီးပြင်းလာသူ ဖြစ်သည်။ ကျွန်တော့်မှာ လောကဓာတ်ကျောင်းသား ဖြစ်သည်။ မြန်မာ့ရှေးရိုး စည်းကမ်း အစဉ်အလာ၏ သဘောသကန်ကို ကိုဖေလောက် မသိသူ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ကိုဖေအား “ဗျို့ ကိုဖေရဲ့၊ ခင်ဗျာ့ နွားလွှတ်ပွဲ ကောင်းပါရဲ့ဗျာ၊ နို့ပေတဲ့ တစ်နှစ်တစ်ခါ လွှတ်ရုံနဲ့ နွားအားလုံး ဘယ်ချမ်းသာမှာတုန်းဗျ။ နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်း လွှတ်နိုင်မှ ဟန်မယ်ဗျ” ဟု လှောင်လို ပြောင်လိုသော သဘောဖြင့်၊ ဝါ၊ မင့်ထက် ငါ တတ်သည်ဟူသော သဘောဖြင့် ငေါ့ပြောလိုက်သည်။  ထိုအခါ ကိုဖေက “ဖြစ်မှဖြစ်ရပလေ ကိုရင်ရယ်၊ ကိုရင် တွေး သလို တွေး မယ်ဆိုလျှင်လဲ တွေး သင့်ပါရဲ့။ နို့ပေတဲ့ ဒီလိုလဲ တွေး ကြည့်အုံးလေ။ တကယ်ဆိုတော့ သူ့အသက်ကို ကယ်ရမယ်ဆိုတဲ့တရားဟာ နွားအတွက်သာ ဘယ်ဟုတ်မလဲ သတ္တဝါ ခပ်သိမ်းအတွက်ပဲ ဖြစ်သင့်တာပေါ့။ ဒီတော့ နွားလွှတ်ပွဲရဲ့ သဘောကို ဒီလို ယူကြည့်စမ်းပါ။ နွားလွှတ်ပွဲကျင်းပတဲ့အခါတိုင်း ဘေးသင့်နေတဲ့ သတ္တဝါမှန်သမျှ၊ ဒုက္ခိတသတ္တဝါမှန်သမျှဟာ ကယ်အပ် စောင့်ရှောက်အပ်တဲ့သတ္တဝါတွေပါလားလို့ သတိတရား မဖြစ်နိုင်ပေဘူးလားဗျာ။ ဒီသတိတရားဟာ ကျုပ်တို့ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း နွေပေါက်တိုင်း နှိုးဆော်နေတာနဲ့ မတူဘူးလားဗျာ။ ဒီတော့ ကျင်းပတဲ့ပွဲက အရေးမဟုတ်ပါဘူးဗျ။ ကျင်းပတဲ့ ပွဲရဲ့ သဘောကသာ အရေးပါ” ဟု ကိုဖေက ကျွန်တော့အား အေးအေးဆေးဆေး ပြန်ဖြေလိုက်ပါသည်။ ဟုတ်သည်။ ကိုဖေ့အပေါ်မှာ ကျွန်တော် လူလည် လုပ်မိပြီ။ ကျွန်တော် ခေါင်းငုံ့နေလိုက်ရပါသည်။ 

 မြန်မာပြည် မလွတ်လပ်ခင်တုန်းက နွားလွှတ်ပွဲတစ်ပွဲကို မြင်သဖြင့် အနှောင်အဖွဲ့နှင့် နေရတုန်းဖြစ်သော ကိုယ့်တိုင်းပြည်ကို နွားကြီးကဲ့သို့ လွတ်မြောက်စေချင်သော စိတ်ကူး ကျွန်တော့မှာ ပေါက်ဖူးသည်။ လွတ်မြောက်ပါစေဟုလည်း ဆုတောင်းဖူးသည်။ ယခုအခါ မြန်မာပြည် လွတ်လပ်ပေပြီ။ သို့ရာတွင် နွားလွှတ်ပွဲကို နှစ်စဉ်နှစ်တိုင်း နွေပေါက်တိုင်း မြင်ချင်ပါသေးသည်။ မတော်လောဘ အနှောင်အဖွဲ့မှ၊ မတော်ဒေါသ အနှောင်အဖွဲ့မှ၊ မတော်မာန အနှောင်အဖွဲ့မှ မြန်မာပြည်သည် ဘေးမဲ့နွားကြီးကဲ့သို့ လွတ်မြောက်ပါစေဟု ဆုတောင်းဖြစ်အောင် သတိလစ်၍ မနေချင်သောကြောင့် ဖြစ်ပါသည်။ 

ရှုလော့။ နောက်ဆုံးက အိုးစည်ဝိုင်း။ အိုးစည်သံ၊ ပြွေသံ၊ လင်ကွင်းသံ၊ လက်ခုပ်သံ၊ သံချပ်ထိုးသံတို့သည် မြည်၍ လိုက်လာကြသည်။ အိုးစည်ဝိုင်း အရှေ့တွင် ဘေးမဲ့နွားကြီး။ ပိတောက်ပန်းနှင့် သနပ်ခါးနှင့်၊ သိက္ခာနှင့်၊ တစ်လှမ်းချင်း လှမ်း၍ ပါလာသည်။ နွားကြီး၏ အရှေ့တွင် ကိုဖေ၏ အက။ ကွေး၍၊ ကော့၍၊ ယိမ်း၍၊ ယိုင်၍ ရှေ့ဆုံးက သွားသည်။ ဤသို့လျှင် မေတ္တာ အမူအရာ၊ ကရုဏာ အမူအရာ၊ ဝမ်းမြောက်သော အမူအရာတို့သည် လမ်းတကာတွင် စီတန်း လမ်းလျှောက်ကြလေသည်။ အမြတ်ဆုံးသော စီတန်းလမ်းလျှောက်ခြင်းမျိုးပေတည်း။ ထို့ကြောင့် နွားလွှတ်ပွဲ ကျင်းပခြင်းသည် သဒ္ဒါစေတနာနှင့် ပြုသည်ဟု ဆိုလျှင်လည်း ဟုတ်သည်။ ကချင် ခုန်ချင်၍ ပြုသည်ဆိုလျှင်လည်း ဟုတ်သည်။ မြန်မာ ပီပါပေသည်။ ထိုအမူအရာမျိုးကို မြန်မာနိုင်ငံသားတို့၏ နွားလွှတ်ပွဲ ယဉ်ကျေးမှုဟု ခေါ်ထိုက်လေသည်။ တဖန် လူထုအတွက် လူထုက ပြုနိုင်သော အမူအရာမျိုး ဖြစ်သဖြင့် လူထုယဉ်ကျေးမှုဟူ၍လည်း ဆိုနိုင်ပါသတည်း။ 

ဇော်ဂျီ 

(Photo credit - MM Times)

Related Posts

No comments:

Post a Comment