* နွေဦးဝင်သော် * { စဆုံး }
ငြိမ်းကျော်
ရသလွင်ပြင် - Facebook >> (1) Facebook က ကူးယူဖော်ပြသည်။
၁။https://www.facebook.com/share/p/1D8c8kemF3/
၂။https://www.facebook.com/share/p/1APFCZh9vi/
၃။https://www.facebook.com/share/p/1DGMUBnyhE/
၄။https://www.facebook.com/share/p/1FAFZFg31o/
၅။https://www.facebook.com/share/p/1DhScLt4bM/
၆။https://www.facebook.com/share/p/17xcayZLGz/
၇။https://www.facebook.com/share/p/1BtRfJH9Zg/
၈။https://www.facebook.com/share/p/1ByA3rjmPN/
၉။https://www.facebook.com/share/p/1DKQ3MUT3h/
၁၀။https://www.facebook.com/share/p/1DMKoGuXvt/
၁၁။https://www.facebook.com/share/p/1AvyCvmFPy/
၁၂။https://www.facebook.com/share/p/16dGLCuJhh/
၁၃။https://www.facebook.com/share/p/17j2YAe5ZG/
၁၄။https://www.facebook.com/share/p/17WJtEqpXi/
[ ၁ ]
“လမ်းဖယ်ပေးပါရှင်”
“ကျွန်တော် ရေလောင်းချင်လို့ပါ”
“တစ်ကိုယ်လုံး စိုရွှဲနေပြီပဲ ဥစ္စာ”
“ကျွန်တော် လောင်းရသေးတာမှ မဟုတ်ဘဲဗျာ”
“နောက်နေ့ သင်္ကြန်မတက်သေးပါဘူး”
“နောက်နေ့ဆိုတာ ခင်ဗျား ဒီမှာ ရှိချင်မှရှိမှာ၊ အသေချာဆုံးက ဒီနေ့၊ ဒီနေ့မှာတောင် အခု”
“ရေစိုထားလို့ ကြွက်စုတ်ဖြစ်နေတာတောင် ရှင်တော်တော် အပြောရ၊ အဆိုရ ခက်တဲ့သူပဲ”
“သူများတွေ ရေလောင်းတုန်းက ခင်ဗျား မငြင်းခဲ့ဘဲနဲ့... ကျွန်တော်ကျမှ ငြင်းနေတာကိုး"
“ဒါဖြင့်... တစ်ဖလားလုံး မလောင်းနဲ့၊ နည်းနည်းပဲလောင်း”
အင်း, ပါဟု သူပြောပြီး အမျိုးသမီး၏ ပခုံးပေါ်မှ တစ်ဖလားကုန်အောင် လောင်းချလိုက်သည်။ အို... ဒီလောက်တောင် လောင်းရသလားဟု အင်္ကျီရင်ညွန့်စကို အသားမကပ်အောင် ဖွရင်း မျက်စောင်းထိုးပြီး ပြောသည်။ ဟဲ..ဟဲ ဟု သူရယ်၏။
“မကျေနပ်သေးရင် ဧရာဝတီမြစ် သွားထမ်းယူလာပြီး လောင်းချင်လောင်းလေ”
အမျိုးသမီးက မကျေနပ်သံဖြင့် ထေ့သည်။
“ပစိဖိတ်သမုဒ္ဒရာ သွားထမ်းပြီး လောင်းချင်တာဗျ၊ ဪ..ဒါထက် ခင်ဗျား ဘယ်ဇရပ်မှာ နေသလဲ...ဟင်"
အမျိုးသမီး၏ လှမ်းမည့်ခြေက တုံ့ခနဲဖြစ်သွားသည်။ ဝိုင်းစက်သော မျက်လုံး အစုံ၏ အကြည့်မှာ စူးရှနေ၏။ ဘာပြောတယ်ရှင့်ဟု ဒေါသံနှင့် စပြီး
“လူကို ဘယ်ဇရပ်မှာနေလဲ ဘာလဲနဲ့၊ စော်စော်ကားကား...”
သူ မျက်နှာပျက်သွားပြီး လက်ကာကာ
“ဟာဗျာ….ဆောရီး တောင်းပန်ပါတယ်။ ကျွန်တော် မေးတာက ဘယ်ဇရပ်မှာ တည်းခိုနေပါသလဲလို့၊ ကျွန်တော်ဆို သိမ်တော်ကြီး အနောက်ချောင်ထဲက ဇရပ်မှာ တည်းနေတာ၊ အဲဒီသဘောပါ ”
သူ အားတုံ့အားနာပြုံးပြီး ရှင်းပြသည်။
“ဘယ်မှာနေနေ ရှင့်ကို ကျွန်မ ဖြေစရာလိုသလား”
အမျိုးသမီး၏အသံမှာ မာနေသည်။
“ဟုတ်ကဲ့..မေးသူရှိရင် ဖြေဖို့လိုပါတယ်။ ဒါမှမဟုတ်…နာမည်လောက်ဖြစ်ဖြစ် တော့ ပြောဖို့ကောင်းပါတယ်။ ယဉ်ကျေးမှုအရပေါ့ဗျာ”
အမျိုးသမီးသည် မျက်စောင်းခဲကာ သူ့ကိုကွေ့ကာ ရွာလမ်းဘက်သို့ လျှောက် သွားသည်။ သူရပ်၍ ကျန်ရစ်ခဲ့သည်။ ခပ်ဝေးဝေးမှ ကြည့်နေကြသော လှိုင်ထွန်း နှင့် ဝင်းမျိုးတို့က သူ့ထံ လျှောက်လာကြလေသည်။ ငွေဖလားကြီးကိုပိုက်ကာ သူတို့ဆီ လျှောက်လာသော တင်အောင်ရှိန်ကို သူတို့နှစ်ယောက်က ရယ်ကျဲကျဲနှင့် ကြည့်နေ ကြသည်။ မျက်နှာချင်းဆိုင်ရပ်ကြသောအခါ ဝင်းမျိုးက
“မနေ့ကတည်းက ရေလောင်းဖို့ချောင်းနေတာ၊ အခုမှ လိုအင်ဆန္ဒ ပြည့်ဝ ရှာတော့တယ်နော်”
သူ ပြုံးရင်း ပခုံးတစ်ချက်တွန့်၏။
“ဂျစ်ကန်ကန်ရယ်၊ ငါက ဘယ်ဇရပ်မှာ တည်းသလဲလို့ မေးတာ၊ ပါးစပ်က ထွက်သွားတော့ ဘယ်ဇရပ်မှာနေသလဲလို့ ဖြစ်သွားတယ်၊ ကံကောင်းလို့” ဟု သူ ပြောပြသည်။ လှိုင်ထွန်းက ရယ်သည်။ထို့နောက်
“ပြောချင်လွန်းအားကြီးပြီး ပြောတာကိုး။ ရှင်သာ သူတောင်းစားလို့ ပြန် မပြောသွားတာဘဲ မင်း ကျေးဇူးတင်ဦး။ အဲဒီတော့ သူက ဘာဖြေသွားလဲ”
“မျက်စောင်းခဲသွားတယ်ကွာ”
ဝင်းမျိုးက သူ့ကို တစ်ချက်ပြုံးပြီးမှ
“ငါ စုံစမ်းပေးပါ့မယ်။ မနက်ဖြန်ညနေဆို မင်း သိရပါပြီ”
“ဟာကွာ...ကြာလိုက်တာ၊ မနက်ဖြန်ညနေအထိတောင် စောင့်ရမယ်ဆိုတော့” ဟု ညည်းသံဖြင့် သူပြောသည်။ “ဒါဆိုလည်း ခုပဲ သူသွားရာလိုက်၊ သူ့ကိုပဲ လိုက်မေးပါလား” ဟု ဝင်းမျိုးက မျက်မှောင်ကြုတ်ပြီး ပြောသည်။ လှိုင်ထွန်းက ဝင်းမျိုး ပခုံးကို ပုတ်ပြီး၊ “အိုင်ဆေး... ဦးသိန်းမောင်....” ဟု စုံထောက်ဦးစံရှား၏ လေသံဖြင့် စကားစကာ
“ဒီသူငယ်မက အလယ်အလတ် သို့မဟုတ် အထက်တန်းလွှာက ဖြစ်ရမယ်၊ သူ ဝတ်ပုံစားပုံက သိသာတယ်။ ပြီးတော့ အကြိုနေ့မတိုင်ခင် နှစ်ရက်က ဘုရားဆီ တက်တဲ့ လှေကားနားမှာ စကားတစ်ခွန်း ကြားလိုက်တယ်။ ကျူတိုရီယယ် တဲ့၊ ဒါကို ထောက်သောအားဖြင့် တက္ကသိုလ်ကျောင်းသူလို့ ကျုပ် ယူဆသဗျ။ ပြီးတော့ အခုလာတဲ့အထဲက အမျိုးသမီးကြီးတွေကို ဒေါ်ဒေါ်...မမ…တဲ့၊ သူခေါ်တာ ကြားရတာအရ အမေပါမလာဘဲ ဒီကို အဒေါ်တွေ၊ အစ်မတွေနဲ့ လာတာပဲဖြစ်ရ မယ်၊ ရွာနဲ့ ဒီဇရပ်ဝန်းကျင်ကို ကူးဟယ် သန်းဟယ် နေပုံကိုထောက်ရင် ရွာထဲမှာ သူ့ ခင်မင်ရာ ခင်မင်ကြောင်း ရွာခံလည်း ရှိရမယ်ဗျ”
သူနှင့် ဝင်းမျိုးတို့က ပြုံးကြသည်။ လှိုင်ထွန်းက ဆေးတံခါသော အမူအရာပြပြီး
“ဒီသူငယ်မ မျက်နှာထား ခပ်တည်တည်ရယ်... လူကုံထံ မျက်နှာထားနဲ့ဆိုတော့ မာနရှိပုံရသဗျ၊ အသက်ကလည်း ၁၉၊ ၂ဝ၊ ဒါမှမဟုတ် ၂၂ အလွန်ဆုံး၊ ရည်းစား သနာကတော့ ဦးသိန်းမောင်ရေ...ရှိ မရှိ အမှန်းရခက်တာကို ကျုပ် ဝန်ခံပါတယ်”
ဝင်းမျိုးက သူ့ကို
“စာတွေ အဖတ်လွန်ပြီး ဦးနှောက်ပျက်သွားတယ်နဲ့ တူပါတယ်ကွာ… သွတ်.. သွတ်... သွတ်.. သွတ်..."
လှိုင်ထွန်းက အမူအရာပျက်သွားပြီး “ဘယ့်နှယ် သွပ်ချည်းတောင်းနေရတာလဲ၊ ဓနိမိုးမိုး သက်ငယ်မိုးမိုး ရရဲ့သားနဲ့” ဟု နောက်လေသည်။ ရယ်စရာတွေ ပြော အပြီးတွင် မျက်နှာတည်တည် ထားလိုက်သော လှိုင်ထွန်းက
“သူနဲ့အတူ လိုက်လိုက်လာတဲ့ အရပ်ပုပု အစ်မကြီးက မျက်နှာချိုတယ်။ မျက်နှာချိုတော့ ငါချည်း ကပ်ရလွယ်တာပေါ့။ မိတ်ဖွဲ့ပြီးလိုက်ရင် ဖြစ်နိုင်စရာ ရှိပါတယ်၊ တင်အောင်ရှိန်ရာ”
“လှိုင်ထွန်း၊ ဒီသတ္တဝါ မလွယ်ဘူး၊ ဟိုသတ္တဝါမလေးကို မြင်လိုက်ကတည်းကဘုရားရှိခိုး၊ ပုတီးစိပ်တာမှာတောင် သမာဓိ ပျက်နေပြီ"
သူ ပြုံးလိုက်၏။
*
မြို့သင်္ကြန်ပွဲကို ငြီးငွေ့ခဲ့သည်မှာ ကြာပေပြီ။
ရေပက်ခံ မဏ္ဍပ်တွေသို့ ကားနှင့်လည်၊ ကန်တော်ကြီး အင်းလျားတို့တွင် ရေကစား။ အစည်ကားဆုံး ရှမ်းလမ်း ရေသဘင် မရှိတော့ကတည်းက ပျင်းစရာ ကောင်းလာသည်။ သင်္ကြန်ပျော်တို့သည် အတာကာလတွင် ရန်ကုန်မှာ မနေကြတော့။ မန္တလေးနှင့် မော်လမြိုင်သို့ ရောက်ကုန်ကြသည်။ ရန်ကုန်သင်္ကြန်သည် သံချပ်သံ မကြားရ၊ ရေမစိုရသော သင်္ကြန်ဖြစ်ခဲ့သည်။ ကားလမ်းတစ်လျှောက်မှာ မဏ္ဍပ် နည်းလာသည်။ ကလေး ကစားစရာပွဲကဲ့သို့ ဖြစ်လာသည်။ တစ်ကိုယ်တော် လူပြက် လူပြောင်တွေကို မတွေ့ရတော့။
သည်နှစ် သင်္ကြန်နီးလာသောအခါ သူငယ်ချင်းတွေက “တောင်တော် မောင်နှမ ဘုရားပွဲသွားမယ်၊ ပွဲတော်ရက်က သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ” ဟု ပြောပြသည်။ ကျေးလက်တောရွာ ဓလေ့စရိုက်၏ ပျော်ရွှင်စရာကောင်းပုံတွေ၊ ပွဲတော်စည်ကားပုံတွေကို ဝင်းမျိုးက ပြောပြသည်။ လှိုင်ထွန်းက ပြောသံကြားသည် နှင့်ပင် သွားချင်သောစကား ပြောသည်။
တစ်နေကုန် ကားစီးရသောခရီး၊ မြို့နှင့်အလှမ်းဝေးသော တောင်ပေါ်ဘုရားပွဲ။ တောင်ခြေရွာများအနက် သာကီဝင်ရွာတွင် ဝင်းမျိုး၏ အမျိုးအိမ်ရှိသည်။
ထိုအိမ်တွင် မတည်းလိုပါက တောင်ခြေရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ၌ ဇရပ်အဆောင်ဆောင်ရှိသည်။ အဆင်ပြေရာဇရပ်တွင် တည်းခိုပြီး ချက်ပြုတ်စား သောက်နိုင်သည်။
ပွဲတော်ရက်တွင် နေ့စဉ်အလှူရှိသည်။ မည်သူမဆို မနက်စာ၊ ညစာ စား နိုင်သည်။ စားသောက် နေထိုင်ရေး အဆင်ပြေသဖြင့် အကြိုနေ့မတိုင်မီ နှစ်ရက်စောပြီး ရောက်ခဲ့ကြသည်။
ထိုအချိန်တွင် ဇရပ်ပေါင်း သုံး၊ လေးဆယ်မှာ ဘုရားပွဲလာသူအုပ်စုတွေ၊ မိသားစုတွေ တည်းခို၍ ပြည့်မတတ်ရှိနေပေပြီ။ ဝင်းမျိုးက ဆွေမျိုးထံသို့ စာတင် ကြိုရေးထားသဖြင့် ဇရပ်ငယ်တစ်ဆောင်ကို ဦးထားပေးကြသည်။ သို့မဟုတ်ပါက တည်းခိုစရာ ဇရပ် ရစရာမရှိ။ ဝင်းမျိုးက သာကီဝင်ရွာထဲရှိ ဆွေမျိုးအိမ်မှထမင်းအိုး၊ ဟင်းအိုး၊ ထမင်းစားပန်းကန်၊ ဟင်းပန်းကန်၊ ဇွန်း၊ ယောက်မတွေ သွားယူလာသည်။ ချက်ပြုတ်စားသောက်ကြသည်။
အတွေ့အကြုံသစ်ကို တွေး၍ ပျော်သည်ထက် လက်တွေ့မှာ ပိုပျော်ကြရလေ သည်။ ဘဲဥ၊ ကြက်ဥ၊ ဝက်အူချောင်း၊ ငါးခြောက်နှင့် ပဲအမျိုးမျိုးကို တစ်ပတ်၊ ဆယ်ရက်စာ ကြိုတင် ဝယ်ထားခဲ့သည်။ ငန်ငန်ချဉ်ချဉ်၊ ကိုယ့်လက်ရာကိုယ် ခံတွင်းမြိန်ကြသည်။
ဈေးက ဘုရားပွဲတော် ဈေးတန်းထဲတွင် ယာယီဈေး ဖွင့်ထားကြသည်။ ငါးရှားသည်မှတစ်ပါး အခြား သားစိမ်းသားစို ရှိသည်။ ရန်ကုန်တွင် ရရန်မလွယ် သော ချေသား၊ ဆတ်သား ရသည်။ ယုန်၊ တောကြက်၊ ဖြူ၊ ရေကြက်၊ ရေဝမ်းဘဲ၊ တောဝမ်းဘဲ၊ တောဝက်၊ မြွေသားပါ ဝယ်၍ ရသည်။
အသီးအနှံ စုံသည်၊ ဈေးပေါသည်။ ယင်းတိုက် ကြက်မအုပ် ဥသျှစ် ဂုံမင်း ဍရင်ကောက် တို့စရာတွေ စုံလင်ပေါများ၏။ အိမ်က ချက်ပေးလိုက်သော ငါးပိကြော် ပုလင်းကြီးတွေ သုံး၊ လေးပုလင်းနှင့် တို့စရာတွေမှာ မိတ်ဖက်ကျလျက် ရှိလေသည်။
ဘုရားပွဲတော်တွင် အငြိမ့်ဇာတ် မသွင်း၊ ရုပ်ရှင်မပြ။ မျက်လှည့်ပွဲ၊ ချားရဟတ် မပါ။ ဈေးတန်းနှင့် ဘုရားဖူးလာကြသူတွေ စည်ကားနေသည်ကို အထူးအဆန်း ဖြစ်ခဲ့ကြသည်။ ရပ်ဝေးမှ လာသူတွေ မပြတ်၊ ရွာနီးချုပ်စပ်မှ လာသူတွေ နေ့စဉ် တိုးပွားနေသည်။
အနီးဝန်းကျင် ရွာတွေက ဆွမ်းအုပ်တွေ အလှည့်ကျ လာပို့ကြသည်။ ယွန်းအုပ်တွေ၊ ဆိုင်းထမ်းတွေ၊ လက်ဆွဲချိုင့်တွေ၊ လေးငါးဆင့် ချိုင့်တွေဖြင့် လာပို့ကြသည်။ ဆွမ်းလာပို့သော လူတန်းသည် အယောက် သုံး၊ လေးဆယ်။
ဘုရားဖူးပရိသတ် များပြားလှသော်လည်း ဆူဆူညံညံမရှိ။ ဈေးဆိုင်တွေမှာ ကက်ဆက်မဖွင့်၊ အသံချဲ့စက်မဖွင့်။ တိတ်ဆိတ်ငြိမ်သက်သော ပွဲတော်၊ အေးချမ်းစွာဖြင့် စည်ကားရာပွဲတော်။ တချို့ ဇရပ်မှ ကက်ဆက်သံ ကြားရသော်လည်း ကြားရရုံသာ ဖွင့်ကြသည်။ တရားခွေကိုပင်လျှင် ကျယ်ကျယ်လောင်လောင် မဖွင့်ကြ။
ဘုရားဖူးသူတွေ၊ ပွဲတော်လာသူတွေ ရေပက်ကြ၊ လောင်းကြသော်လည်း အော်ကြီးဟစ်ကျယ် မဆူညံကြ။ ရောက်စ တစ်ရက်လောက်သာ ပျင်းသလိုလိုရှိလေ သည်။ နောက်နေ့တွင် လူတွေကို မြင်ရသည်နှင့်ပင် ပျော်လာသည်။ ပေါင်းမိုးတင်ထားသော နွားလှည်းတွေ အုပ်ဖွဲ့ပြီး လာကြသည်။ တချို့လှည်းတွေက သီချင်း သံပြိုင်ဆိုပြီး လာကြသည်။ တချို့လှည်းတွေက တစ်လှည်းနှင့်တစ်လှည်း သံချပ်တွေ တစ်လှည့်စီတိုင်ကာ လာကြသည်။ ညဘက်တွင် ပလွေသံ၊ မယ်ဒလင်သံ၊ ဒုံမင်းသံ၊ သီချင်းဆိုသံတွေကို ကျောင်းဝင်းအပြင်ရှိ လှည်းဝိုင်းတွေဘက်မှ ကြားရ၏။
နေရာအသစ်၏အငွေ့အသက်တွင် ပျော်စရာ၊ ကြည်နူးစရာ အတိပြီးနေသည် ဟု ခံစားရ၏။ “ငါ ဘာလွမ်းရမှန်းမသိဘဲနဲ့ လွမ်းနေတယ်။ ညနေ နေဝင်ရင် တောင်ခြေမှာ နေရောင်မရှိတော့ဘူး။ တောင်ပေါ်ကဘုရားနဲ့ အာရုံခံတန်ဆောင်းမှာ နေရောင်ကျနေတယ်။ ညကျရင် လှည်းဝိုင်းကြီးတွေဆီက မီးရောင်တလက်လက်နဲ့ ချက်ပြုတ်စားသောက်ကြ၊ ညဉ့်နည်းနည်းနက်ရင် သီချင်းသံ၊ မယ်ဒလင်သံသဲ့သဲ့ ကြားရတယ်၊ ကိုးနာရီထိုးရင် လျှပ်စစ်မီးငြိမ်း၊ အဲဒီကျမှ လရောင်က ထိန်လာတာ။ သစ်ရိပ်ဝါးရိပ်နဲ့၊ တောနဲ့ တောင်နဲ့၊ ကျေးသံငှက်သံနဲ့။ ဘာလွမ်းချင်မှန်း မပြော တတ်” ဟု သူပြောသည်။
“ဪ...ဒါထက် တစ်နေ့က မင်းပြောခဲ့တာ ရှိပါတယ် တင်အောင်ရှိန်၊ ဘာလွမ်းချင်မှန်းမသိဘဲ လွမ်းနေတယ် ဆိုတာလေ”
လှိုင်ထွန်းက အစဖော်ပြီး ပြောသည်။ “အင်း...” ဟု စီးကရက်ဖွာရင်း သူ ခေါင်းညိတ်၏။
“ဒီနေ့တော့ လွမ်းစရာတစ်ခု ရလိုက်ပြီပေါ့” ဝင်းမျိုးက အဟဲ ဟု ရယ်ပြီး
"လွမ်းစရာ မဟုတ်ဘူး လှိုင်ထွန်း၊ လောင်းစရာလေးတစ်ခု ရလိုက်တာကွ”
ကတ်သီးကတ်သတ် စဉ်းစားပြီး ပြောလေ့ရှိသော ဝင်းမျိုး၏စကားကြောင့် သူတို့ ပြုံးကြသည်။ သူ အပြင်သို့ မျက်နှာမူကာ ထိုင်လိုက်သည်။ လရောင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံထားသကဲ့သို့ရှိသည်။ သစ်ပင်ရိပ်များ ပြောက်တိပြောက်ကျား ကျနေ၏။
တောင်ကုန်းပေါ်ရှိ ဇရပ်တချို့မှာ သစ်ရိပ်ကင်းသဖြင့် ပီပီထင်ထင် ပေါ်လွင် လျက် ရှိပေသည်။ တန်ခူးည လေညင်းသည် မပြတ်မလပ် တိုက်ခတ်နေ၏။ သစ်ရွက်လှုပ်သံ၊ လေတိုးသံတွေကြားမှ တောင်ပေါ်စေတီ ဆည်းလည်းသံ တလွင် လွင်ကိုပါ သဲ့သဲ့ ကြားနေရ၏။
“သူ လမ်းလျှောက်တာ သိပ်ဖျတ်လတ်တာပဲနော်”
သူ့စကားကို လှိုင်ထွန်းက ဟဲဟဲ အရယ်ဖြင့် နောက်၏။ ဝင်းမျိုးက “နောက်ထပ်ကော ချီးကျူးစရာ ရှိသေးလား၊ တစ်ခါတည်း တစ်ဆက်တည်း ပြောထားနော်”
“မျက်နှာက သွယ်သွယ်နုနုလေး၊ မျက်ခုံးက ထူလည်းမထူ၊ ပါးလည်း မပါးဘူး။ မျက်ခုံး ဆက်ချင်ချင်တော့ ရှိတယ်၊ နှာတံ အလှဆုံး၊ နှုတ်ခမ်း အလှ ဆုံးပဲ၊ အကြည့်ကတော့ စူးသလားမမေးနဲ့၊ နဂါးဆို ပြာကျမယ်၊ အရပ်ကလည်း ငါ့နီးနီးပဲ"
သူက “မင်း ဘယ်လောက်ရှိလဲ တင်အောင်ရှိန်” ဟု လှိုင်ထွန်း မေးသောကြောင့်
"ငါးပေ ခုနစ်လက်မ၊ သူက လေးလက်မလောက်တော့ နိမ့်မယ်”
“ဟာ…ဒါဆို နှစ်ယောက်စလုံးအတွက် ခြောက်ပေပဲလုပ်လိုက် ဝင်းမျိုး” ဟု လှိုင်ထွန်း နောက်သည်။ “ဟာ... မင်းကြီးတော်” ဟု သူငေါက်သည်။ လှိုင်ထွန်းက ရယ်၍နေ၏။ “ဒီကောင်က နိဗ္ဗာန်ကုန်သည် လုပ်စားမလို့” ဟု ဝင်းမျိုး ပြန်နောက်သည်။ လှိုင်ထွန်းက ရယ်သံလျော့ပြီးနောက်
“အင်း... ဆိုပါဦး၊ အလှဘွဲ့ မျက်နှာကလေးကို မင်းပြောပြီးပြီ၊ ဆင်း... လည်ပင်း...၊ ပြီးရင် အဆင့်မကျော်ဘဲ အောက်ကို စုံဆင်း၊ ခြေဖဝါးအထိ”
“ကိုယ်ခန္ဓာ အချိုးအဆစ်လည်း တော်တော်လှပါတယ်” ဟု ဝင်းမျိုး ဝင် ပြောသည်။ “မင်း အခုမှ ဥပဒေ ဒုတိယနှစ်၊ ခုကတည်းက အခမဲ့ရှေ့နေ ဝင်မလုပ်နဲ့၊ သူ့ဘာသာသူ ပြောလိမ့်မယ်” ဟု လှိုင်ထွန်း တားသည်။ ဝင်းမျိုးက ဇက်ပုလိုက်သည်။ သူ ပြုံး၍နေ၏။ ဘက်ထရီမီးချောင်းကို မော့ကြည့်ရင်း
“မြင်သူကို စိတ်နှလုံးအေးချမ်းစေတဲ့ အလှ၊ ငြိမ်းချမ်းတဲ့ အလှ၊ ငါ ခံစား ရတာ အဲ့သလိုပဲ၊ ပူပြင်းတဲ့အလှ မဟုတ်ဘူး၊ ပြည့်စုံကြွယ်၀တဲ့အလှ အကုန်ရှိတယ်။ ဒါပေမဲ့ သိပ်ဣန္ဒြေရှိတဲ့ အလှအပလို့ ငါထင်တယ်"
ဝင်းမျိုးက “ဒီည ညအိပ်ရင် ငါတို့ နားငြီးတော့မှာပဲ လှိုင်ထွန်း၊ နေ့ခင်း ပြောသမျှထဲက စိတ်စွဲရင် ညကျ ဒီကောင် ယောင်ပြီးပြောတာ မင်းသိသားပဲ” ဟု ပြောလေသည်။
[] [] []
[ ၂ ]
တောင်တန်းတွေ၏ အရိပ်ကွယ်နေသဖြင့် နံနက်နေသည် ကျောင်းဝန်းကျင်၊ ဘုရားပွဲဈေးဝန်းကျင်သို့ ရောင်ခြည် မရောက်စေနိုင်သေး။ တောနှင့် တောင်တို့၏ အရိပ်အာဝါသကြောင့် နွေမနက်ခင်းကြောင့် ဆောင်းစကဲ့သို့ အေးမြနေ၏။ စောနေ သေးသဖြင့် ကလေးတွေတောင် ရေမပက်ကြသေးပေ။
ကရမက်ပင်ကြီးအောက်တွင် ဖလားပိုက်ကာ ရေလောင်းရန် စောင့်နေသူမှာ သူတစ်ယောက်တည်း ဖြစ်နေ၏။ ဈေးသွား၊ ဈေးပြန်တွေက သူ့ကို ကြည့်သွား ကြသည်။ အုတ်ခုံပဲ့ပေါ်တွင် သူထိုင်ကာ စီးကရက်သောက်နေသည်။ လက်ညောင်း လာ၍ ဖလားကို အုတ်ခုံပေါ်တွင် ချထားလိုက်သည်။
ရှနယ်ရေမွှေးနံ့သည် ဖလားရေတွင် သင်းကာ သူ့ထံသို့ လွင့်တက်လာသည်။ စီးကရက် နှစ်လိပ်ကုန်သွားပြီး ခဏအကြာတွင် ခရေပင်တန်းအောက်မှ လျှောက်လာသူ အမျိုးသမီးသုံးဦးကို မြင်လိုက်ရသည်။ မျှော်နေသူသည် လက်ယာ ဘက်အစွန်မှ လျှောက်လာ၏။ သူ့ကိုမြင်လိုက်သောအခါ ခြေတစ်ချက်တုံ့ပြီး လက်ဝဲဘက်အစွန်သို့ နေရာပြောင်းပြီးလျှောက်သည်၊ တစ်ခုခုပြောပုံရ၏။ အမျိုးသမီး ငယ် နှစ်ဦးကပါ သူထိုင်နေရာသို့ တစ်ပြိုင်နက်လိုလို လှမ်းကြည့်ကြလေသည်။
ဝါးတစ်ပြန်စာ နီးလာသောအခါ သူက ထိုင်နေရာမှ ရပ်၏။ ဖလားကို လှမ်းယူပြီး လမ်းတစ်ဖက်သို့ ကူးကာ ရပ်၍စောင့်သည်။ အမျိုးသမီးက အလယ်သို့ နေရာပြောင်းပြီး လျှောက်လာသည်။ လမ်းဘေးတွင် ရပ်နေသောသူက လမ်းအလယ် တွင် ခြေစုံရပ်၏။ တစ်လံကွာအနီးသို့ ရောက်သောအခါ သူက
“သင်္ကြန်ရေလောင်းပါရစေခင်ဗျာ”
အမျိုးသမီးသုံးဦးက ရပ်နေသည်။ မနေ့က ရန်တွေ့သွားသော အမျိုးသမီးက “အပြန်မှလောင်း၊ ဆရာတော်ဘုရားကို မုန့်သွားကပ်မလို့” ဟု ခပ်ဆတ်ဆတ် ပြောသည်။ “ဟုတ်သားပဲ” ဟု ပုပုဝဝ အမျိုးသမီးက ပြောသည်။ အရပ်မြင့်မြင့် အမျိုးသမီးက ရယ်ချင်သောမျက်နှာနှင့် ကြည့်၍သာနေ၏။
“အပြန်ဆိုရင် သူများ လောင်းထားမှာပေါ့၊ မနေ့ကလို စကားမများရအောင်'
“ရေစိုနေရင် ကျောင်းပေါ်မှာ ရေတွေ၊ သဲတွေနဲ့ ညစ်ပတ်နေမယ်၊ ပြန်မှလောင်း"
“အများကြီး မဟုတ်ပါဘူးဗျာ”
“ရှင်တစ်ယောက်ပဲ ရေလောင်းတယ်၊ ဘယ်ကလေးမှတောင် ရေမကစားသေးဘူး"
“ကလေးတွေထက် ကျွန်တော် ဝီရိယ ကောင်းပါတယ်။ ဒီဝီရိယ အကျိုးထူး လေးတော့ ခံစားချင်ပါတယ်”
“ရှင်တော်တော် လျှာရှည်တယ်၊ တစ်ခါတည်းပြောတာကို နားမဝင်ဘူး”
“မနက် အလင်းရောင် မလာခင်ကတည်းက ကျွန်တော် ဒီမှာ လာထိုင်စောင့် နရတာပါ ”
သူတို့နှစ်ယောက် ပြောနေသည်ကို အမျိုးသမီးနှစ်ဦးက ပြုံးမယောင် မျက်နှာနှင့် ကြည့်နေ၏။ အရပ်မြင့်သူ အမျိုးသမီးက “ကဲပါ..လွင်ရယ်...စတိပဲ လောင်းခိုင်း လိုက်ပါ၊ ဒီမယ် နည်းနည်းပဲလောင်း” ဟု ဝင်ပြောသည်။ သူ ပြုံးပြီး “ဟုတ်ပါတယ် မလွင်” ဟု အမည်ခေါ်ပြီး ပြောသည်။ “အမယ်၊ လူကို နာမည်ခေါ်၊ ဘာခေါ်နဲ့” ဟု မျက်နှာတည်တည်နှင့် ပြောသည်။
လွင် အမည်ရှိ အမျိုးသမီးကို ဖလားတစ်ငဲ့စာမျှ လောင်းသည်။ ကျန် အမျိုးသမီးနှစ်ဦးကို အင်္ကျီကုပ် စိုရုံမျှ သူလောင်းသည်။
“ကဲ… လမ်းဖယ်၊ ရှင် ရေကန်တော့ချင်တာ ကန်တော့ပြီးပြီပဲ”
အမျိုးသမီးနှစ်ယောက်က လွင်၏စကားကြောင့် ရယ်ကြသည်။ သူ မျက်နှာ နီယောင်ယောင် ဖြစ်သွားသည်။ လမ်းသာဖယ်ပေးလိုက်ရ၏။ ချေပစရာ စကားကိုတွေးမရခဲ့။
*
ရေတွင်းအနီးရှိ ဇရပ်တွင် လွင်ဟု အမည်ရှိသော အမျိုးသမီးနှင့် ဆွေမျိုး၊ မိတ်ဆွေတစ်စုနေကြသည်။ သာကီဝင် ရွာထဲရှိ ဒေါ်နန်းဟူသော အမျိုးသမီး မိသားစု၏ အသိအကျွမ်း၊ ဒေါ်နန်း၏အိမ်သည် ဝင်းမျိုး၏ ဆွေမျိုးအိမ်နှင့် ခြံချင်းကပ် ခြေရင်းခြံထဲက အိမ်။
လွင်ဟူသော အမျိုးသမီး၏အမည် အပြည့်အစုံမှာ နှင်းနှင်းလွင်။ ကြည့်မြင် တိုင်နယ်မြေမှ ဒုတိယနှစ် အောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် တက်နေသူ၊ သိပ္ပံသူဟု ဝင်းမျိုးက စုံစမ်းသိရှိရသမျှကို ပြောပြသည်။
“ဒါပဲလား မောင်မင်း"
သူ ဝမ်းသာအားရနှင့် နောက်သည်။ “ဒီလောက် သိရတာတောင် တယ်အား မရဘူးလား၊ ဒါ တစ်မနက် စုံစမ်းထောက်လှမ်းလို့ ရတာပဲ ရှိသေးတယ်” ဟု ဝင်းမျိုး ပြောသည်။ သူက “ငါ့တပည့် တော်တယ်၊ ကေဂျီဘီမှာ အကြီးအကဲ ခန့်မယ်” ဟု သူ အရွှန်းပြောပြီး
“ဝင်းမျိုး ဘဝင်မြင့်မသွားနဲ့၊ ကမ္ဘာ့ထိပ်တန်းလို့ မင်းကို ဂုဏ်တင်တာ မဟုတ်ဘူး၊ ဗန်းစကားနဲ့ သူပြောတာ၊ ကေ ဆိုတာ ကင်း...ဘုရင်၊ ဂျီဘီက ဂျီပုန်း...မိန်းမလျာ၊ ကင်းအော့ဖ် ဂျီပုန်း၊ ဂျီပုန်းတို့ရဲ့ဘုရင်...မိန်းမလျာ၊ ဂန်ဒူး၊ အခြောက်တို့ရဲ့ အကြီးအကဲလို့ ဗန်းစကားနဲ့ ပြောတာ”
လှိုင်ထွန်းက ကြံဖန်ပြီး ရယ်စရာပြော၍ ပွဲကျသွားကြသည်။ သူက ဝင်းမျိုးကို
“ကျေးဇူးကြီးမားပါပေတယ် သူငယ်ချင်း...မနက်ဖြန် သင်္ကြန်ကျန်ပါသေး တယ်။ သူတို့ဇရပ်ရှေ့ သွားပြီး မနက်စောစော သွားစောင့်မယ်ကွာ”
“အင်း…စာကျက်ဖို့ကျလျှင် ဒီလောက် ဝီရိယကောင်းမှာ မဟုတ်ဘူး” ဟု ဝင်းမျိုး ပြောသည်။
*
ကျက်သရေရှိသော အမျိုးသမီးတစ်ဦး၏ အလှအပတို့ မည်သည် ရုပ်ဆင်းရူပါ သက်သက်မဟုတ်။ ဣန္ဒြေရှိခြင်းနှင့် တည်ကြည်ခြင်းတို့ပါ ပါဝင်သည်ဟု စဉ်းစား မိလေသည်။ ထိုအလှသည် ပူလောင်ပြင်းပြခြင်း ကင်းသည်။ ဂန္ထဝင်ပန်းချီကား တစ်ချပ်ကို ကြည့်ခွင့်ရသကဲ့သို့ ရှိသည်။ ဂန္ထဝင် သီချင်းတစ်ပုဒ်ကို နားထောင်ခွင့် ရသကဲ့သို့ ရှိသည်။
သူ့အလှသည် သန့်စင်ရုံမျှမက မွန်မြတ်သည်ဟု ခံစားရသည်။ ရေကြည်ချမ်းမြ ထိုအလှကို အချိန်တိုင်းပင် မြင်ယောင်နေသည်။ လွင်ဟု အမည်ရှိသော သူ၏ မျက်လုံးအစုံသည် အချစ်ကို ဖန်တီးပေးခဲ့ပြီဟု နားလည်လာရသည်။
“သင်္ကြန်ပြီးရင် သူ ပြန်တော့မယ်ထင်တယ်”
လှိုင်ထွန်းက ရေနွေးကျိုရန် ပြင်ဆင်နေရာမှ လှမ်းကြည့်၏။
“ဘုရားပွဲတော်ပြီးရင် ပြန်မှာပေါ့"
“ငါ သူ့လိပ်စာ သိချင်တယ် လှိုင်ထွန်းရာ
“ဝင်းမျိုးက သူတို့အုပ်စုထဲ ဝင်ရောနေပြီပဲ၊ သိနိုင်စရာ ရှိပါတယ်။ မင်းက လည်း ခိုလို ညည်းတယ်ကွာ။ နေပါဦး။ မင်း သူ့ကို တကယ်စိတ်ဝင်စားနေတာ အမှန်ပဲလား” ဟု လှိုင်ထွန်းက ရေနွေးကရားကို မီးဖိုပေါ်တင်ပြီး မေးသည်။ သူ လေးနက်စွာ ခေါင်းညိတ်သည်။
“ဂျစ်ကန်ကန် ကြွပ်ဆတ်ဆတ်”
လှိုင်ထွန်းက စရိုက် မှတ်ချက်ပေးသည်။ ခပ်ထက်ထက်ဟု သူ ဖြည့်စွက် သည်။ “လိပ်စာမသိရဘဲ သူပြန်သွားရင် ဒုက္ခပဲ၊ ငါမောမယ်၊ ကျောင်းမှာ ခြေတို အောင်လျှောက်ပြီး ရှာရမှာပဲ” ဟု ကြောင့်ကြသံဖြင့် သူပြောသည်။ လှိုင်ထွန်းက ထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ
“မင်း တော်တော် အံ့ဩစရာကောင်းတာပဲ တင်အောင်ရှိန်”
သူ ပြုံးသည်။ လှိုင်ထွန်းက
“မင်း ဘာဖြစ်တာလဲ၊ မင်း ဘယ်မိန်းကလေးနဲ့မှ ခုလို ပျာယီးပျာလောင် မဖြစ်ဖူးပါဘူး”
“ငါလည်း မပြောတတ်ဘူး၊ သူ့ကို မြင်လိုက်ရတဲ့အချိန်ကစပြီး ဘာဖြစ်လို့မှန်း မသိဘူး၊ စွဲစွဲလမ်းလမ်းဖြစ်နေတယ်။ ရေစက်တို့၊ ဖူးစာတို့ဆိုတာ အဲဒါထင်တာပဲ”
စကားပြောနေစဉ် ဇရပ်ပေါ်သို့ တစ်ယောက်ယောက် တက်လာသံ ကြားရ သည်။ မီးဖိုဆောင်ဘက်သို့ လျှောက်လာရင်းနှင့် လေချွန်သံကြားရတော့မှ ဝင်းမျိုးဟု သိလိုက်ကြ၏။ ရေချိုးပြီးပြန်လာသော ဝင်းမျိုးသည် ဆံပင်ကို မျက်နှာသုတ်ပဝါဖြင့် ဖိပွတ်ရင်း အောက်ဆင့်သို့ ဆင်းလာ၏။
“သတ္တဗေဒတဲ့ တင်အောင်ရှိန်” ဟုပြောပြီး ခွေးခြေပေါ်မှာထိုင်သည်။ “ဟုတ်လား” ဟု သူ ဝမ်းသာအားရ ဆို၏။ “အိမ်လိပ်စာရော၊ ဖုန်းနံပါတ်ရော ရခဲ့ပြီးပြီ သူငယ်ချင်း” ဟု ဝင်းမျိုးက ဆံပင်သုတ်ရင်း ပြောသည်။
“မင်း... ငါ့ကျေးဇူးရှင်ဖြစ်နေပြီ ဝင်းမျိုး၊ ညကျရင် အာပဲ့ခြောက် မီးကင် ဆီဆမ်း ငါကျွေးပါ့မယ်” ဟု သူ ပြုံးရယ်ပြီး ပြောလိုက်သည်။
“ငါက လက်ဖက်ရည်ကြမ်း ကျိုတိုက်ပါ့မယ်ကွာ”
လှိုင်ထွန်းက ရွှတ်တွတ်တွတ် ပြောသည်။
*
“ကျွန်တော့်နာမည် တင်အောင်ရှိန်ပါ၊ ပထဝီဘာသာ ယူပါတယ်၊ ရန်ကုန် တက္ကသိုလ် ပင်မမှာပါ၊ မနှင်းနှင်းလွင်” ဟု သူ ပြောသည်။ နှင်းနှင်းလွင်သည် အုတ်ရေတွင်းပေါင်ကို မှီကာ ရေငင်ပုံးကို တွင်းထဲသို့ ချသည်။ သူ့ကို လှည့်ကြည့်ပြီး မဲ့ပြုံးတစ်ပြုံးပြုံးသည်။ ထို့နောက်
“ရှင့်ကို ဘယ်သူက မေးလို့လဲ”
သူ ရှက်ကိုးရှက်ကန်း ပြုံးသည်။ မဖြေ၊ မကြားသကဲ့သို့ နေသည်။
“ပြီးတော့... မနှင်းနှင်းလွင်နဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်"
နှင်းနှင်းလွင်သည် ရေငင်ရင်း မျက်နှာလွှဲထားကာ
“ဪ... မိတ်ဆက်တာကိုး”
“ဟုတ်ကဲ့”
“ကျွန်မရဲ့ ကြီးတော်တွေ၊ အဒေါ်တွေကျတော့ ရှင် ဘာလို့ လာမိတ်မဆက်တာလဲ"
သူ တစ်ချက်ရယ်ပြီးမှ
“မနှင်းနှင်းလွင်နဲ့ အရင်မိတ်ဆက်ပြီးရင် အားလုံးကို ကျွန်တော် မိတ်ဆက်ပါမယ်"
“ကျွန်မ ဘယ်သူနဲ့မှ အသိမဖြစ်ချင်ဘူးရှင့်”
“ကျွန်တော် တစ်ယောက်ကိုတော့ ခြွင်းချက်ထားပါဗျာ”
“အသိအကျွမ်း တစ်ယောက်တိုးရင် လေပိုကုန်တယ်၊ ခုပဲ ရှင့်ကို ပြန်ပြော နေရတာနဲ့ ကျွန်မ လက်ညောင်းတဲ့အပြင် ပါးစပ်ပါ ညောင်းနေရပါပြီ"
“ကျွန်တော် ရေကူခပ်ပေးမယ်လေ"
“လာ… ပနံလုပ်မနေနဲ့” ဟု နှင်းနှင်းလွင် ငေါက်ဆတ်ဆတ် ပြောသည်။ “အဝတ်တွေ ကူလျှော်ပေးချင်ပါတယ်ဗျာ” ဟု သူပြောသည်။ နှင်းနှင်းလွင် ဘာမျှ ပြန်မပြော။ ရေငင်ပုံးကိုယူကာ အုတ်ကန်ထဲသို့ ထည့်သည်။ သူ စကားစရခက်နေသည်။ ရေသုံးလေးပုံး ခပ်ပြီးချိန်အထိ သူ ရပ်လျက်သာရှိ၏။ ထို့နောက်မှ
“ဒါထက် ကျွန်တော် သိချင်တာလေးတစ်ခုလောက် မဖြေနိုင်ဘူးလားဗျာ”
သူ့ကို စွေခနဲကြည့်သည်။
“တခြားမဟုတ်ပါဘူး၊ မနှင်းနှင်းလွင်မှာ မေတ္တာရှိထားတဲ့သူတွေ ဘာတွေ ရှိသလား ဆိုတာပါ”
“အို… ရှင်၊ ဘာတွေလာမေးနေတာလဲ၊ ရှင်နဲ့ဘာဆိုင်လဲ” ဟု နီမြန်းလာသော မျက်နှာနှင့် ပြောလိုက်သည်။
“အထင်မမှားပါနဲ့ခင်ဗျာ၊ ကျွန်တော့်သူငယ်ချင်းတွေက မနှင်းနှင်းလွင်မှာ ချစ်သူရှိတယ်တဲ့၊ ကျွန်တော်က မရှိဘူး၊ ငြင်းနေကြတာ”
“လောင်းကြေးစားကြေးဆိုရင် ရှင်ရှုံးပြီ”
“တကယ်လားဗျာ”
“ဘာလို့ ညာရမှာလဲရှင့်"
သူ တွေခနဲဖြစ်သွားသည်။ နှင်းနှင်းလွင်သည် ဘာမျှဆက်မပြော။ သူ မျက်နှာ အိုစာစာဖြစ်သွားပြီး ခဏရပ်၍နေ၏။ အတန်ကြာမှ “ကျွန်တော်သွားမယ်” ဟု နှုတ်ဆက်၏။ “ကောင်းပါပြီ” ဟု ထေ့သံဖြင့် သူ့ကိုဖြေ၏။ ရေတွင်းလမ်း အတိုင်း သူလျှောက်လာသည်။ တည်းခိုရာဇရပ်၏ ဝရန်တာတွင် ကျောမှီပြီး ထိုင်နေကြသော ဝင်းမျိုးနှင့် လှိုင်ထွန်းက သမင်လည်ပြန် လှည့်ကြည့်နေကြသည်။
စွန့်စားခန်း၏အဆုံး၌ အရေးနိမ့်သွားခဲ့လေပြီ။
** **
၂ဆက်ပါမည်
* နွေဦးဝင်သော် * { ၂ }
ငြိမ်းကျော်
[ ၃ ]
ထမင်းစားပွဲဝိုင်းပေါ်တွင် တင်ထားသော ထန်းလျက်ပုလင်းကို ဝင်းမျိုး ဖွင့်ရင်း “စိတ်ညစ်ရင် အချိုစားပေးရတယ်၊ သကြားဓာတ်ရှိမှ စိတ်သက်သာတယ်” ဟု သူ့ကိုငဲ့ကြည့်ပြီး ပြောသည်။ “မင်းကို အရွဲ့တိုက်ပြောတာ ဖြစ်ချင်ဖြစ်မယ်၊ သိပ်လည်း စိတ်ပိန်မနေပါနဲ့ကွာ”ဟု လှိုင်ထွန်း အားပေးသည်။ “ဒီနေ့ သိကြားမင်း တက်မယ်၊ ညနေကျရင် ရေလေး ဘာလေး သွားမလောင်းတော့ဘူးလား” ဟု ဝင်းမျိုး မေးသည်။ သူ ခေါင်းကုတ်ပြီး ရယ်ကျဲကျဲနှင့် ပြန်ကြည့်သည်။
“ငါ ညက တော်တော်နဲ့ အိပ်မပျော်ဘူး၊ ဘဝဆိုတာကိုလည်း အကြာကြီး တွေးခဲ့တယ်”
ဝင်းမျိုးက “ဪ..အတော်ကြီးကျယ်လာပြီပဲ၊ ဘဝတွေ ဘဝက်တွေ စကား တောင် ပြောပြီ” ဟု ရယ်မလို မျက်နှာထားပြီး ပြောသည်။ “စဉ်းစားရမယ်၊ ဘဝကိုမသိရင် ဘာမျှမသိနိုင်တာပဲ” ဟု လှိုင်ထွန်း ထောက်ခံသည်။ “အတော် ကြီးကျယ်လာပြီ၊ ဟဲ... ဟဲ...” ဟု ဝင်းမျိုး ထပ်၍ပြောသည်။ သူတစ်ချက်ပြုံးကာ
“အချစ်ကိုတွေ့တာ ကြီးကျယ်တဲ့ အရာတွေထဲက တစ်ခု မဟုတ်ဘူးလား”
“ခုလိုပြောလိုက်လို့ ပိုပြီး ကြီးကျယ်သွားပြီ၊ ဟုတ်တယ် မဟုတ်လား လှိုင်ထွန်း”
“တစ်ဘဝ၊ တစ်သံသရာအတွက်ဆိုတော့ ငါ အဲသလိုပဲ တွေးတယ် ငမျိုးရာ"
“ခုကျမှ အကြီးကျယ်ဆုံး ဖြစ်သွားပြီ”
ဝင်းမျိုးကို သူ လှမ်းကြည့်ရင်း
“မေတ္တာတရားဆိုတာ မနေ့ညက ငါ စဉ်းစားစရာဖြစ်လာတယ်ကွာ၊ ငါ ဘာဖြစ်လို့ ချစ်သွားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။ မေတ္တာတရားဟာ ခွန်အားပဲလို့ ငါ ယူဆဖြစ်တယ်၊ သူ့ကိုချစ်တာဟာ ချစ်တာပဲ၊ ငါ့ကို ပြန်မချစ် ရင်လည်း ရတယ်၊ အဲဒီလိုပဲ ငါတွေးလို့ရခဲ့တာ”
နားစိုက်ပြီး ထောင်နေကြသူတွေ၏ မျက်နှာမှာ ပြောင်စစ မရှိတော့။ လှိုင်ထွန်းက ဆေးလိပ်ဖွာရင်း တွေးကြည့်နေ၏။ ဝင်းမျိုးက
“အကြီးကျယ်တကာ့ အကြီးကျယ်ဆုံးစကားပဲ၊ နားလည်အောင် မနည်း ကြိုးစားရတယ်။ အေး... ဒါပေမဲ့ အခုထက် ထပ်ကြီးကျယ်လာရင် မင်း ရူးသွား နိုင်တယ်၊ သတိထားတော့...”
သူ ပြုံးပြီး ခေါင်းကိုယမ်းလေ၏။ “မင်းပြောတာ စဉ်းစားစရာပဲ၊ မင်းက ချစ်မယ်၊ မင်းကို ပြန်မချစ်ရင်ရတယ်...ဟုတ်လား” ဟု ပြောမေးမေးသူ လှိုင်ထွန်းကို
“ငါက ဝတ္တရား ကျေပွန်သွားပြီလေ၊ ကျန်တာက သူ့ဝတ္တရားပဲ” လှိုင်ထွန်းက “အင်း...” ဟုဆိုကာ ခေါင်းကိုကုတ်ရင်း
“ပြန်မချစ်ရင် ရတယ်ဆိုတော့ မင်းကို သူ ပြန်မချစ်မှ ဘာလို့သိအောင် သွားဖန်တီးနေရသေးလဲ၊ လမ်းဘေးကနေ မျောက်ထိုင် ထိုင်ပြီးကြည့်နေ၊ သွားတာ ပြန်တာ မြင်နေနိုင်တာပဲ၊ သင်္ကြန်ရေ ဘာလို့လောင်းလဲ၊ ရေစိုစေချင်ရင် သူများ လောင်းတဲ့အချိန် အပြေးအလွှားသွားကြည့်။ မင်းချစ်တာ မင်းသိပြီးပြီပဲ၊ ဒါမှ မကျေနပ်သေးရင်လည်း ငါတို့ကိုပြော။ ဒါမှမရသေးလည်း ငါတို့ကိုပြော၊ ဒါမှမရသေး လည်း တောင်တော် မောင်နှမနတ်ကွန်းမှာ လက်အုပ်လေးချီပြီး လျှောက်ပြီးနေတဲ့ ကိစ္စများ ဘာလို့ လိပ်စာတောင်း၊ ဘာတောင်းရသေးလဲ”
ဝင်းမျိုးက ဝသီအတိုင်း အားပါးတရရယ်နေ၏။ သူ ပြုံးနေသည်။ ဒူးပေါ် တွင် တံတောင်တင်ကာ ခါးကိုင်းပြီး အညောင်းဖြေနေသော လှိုင်ထွန်းကို သူက
“ပြန်ပြီး ချစ်လိုချစ်ငြား မေတ္တာတုံ့ပြန်မလားလို့ ငါ မျှော်လင့်ချက် ထားသေး တာကိုး။ ခုန ငါပြောတာက အဆုံးစွန်ဆုံးထားပြီး ပြောတာ လှိုင်ထွန်း”
“မင်း ဘာလို့ချစ်လဲ”
“စိတ်ကောင်းနှလုံးကောင်း ရှိတယ်ထင်လို့”
“ရုပ်လှတာကော”
“ပါတယ်”
“ဦးနှောက်ချောင်နေရင်ကော”
“ဒါ ငါ့အမြင်ပဲ၊ ဟုတ်မှမဟုတ်တာ”
“ဆွေမျိုးမသန့်ရင်ကော”
“အပွေးမြင် အပင်သိနေလောက်တာပဲ လှိုင်ထွန်း”
“မျိုးရိုးမှာ ရောဂါဘယ မသန့်ရင်ကော”
“ခု မြင်နေရတဲ့ သူ့အသိုက်အဝန်းအရ ရှင်းနေတာပဲလေ”
“ဒါဖြင့် မင်းကို ငါမေးမယ်၊ မင်းက အခု အိုကေပဲ။ မင်းကို သူကကော မျိုးရိုးတို့၊ ဦးနှောက်တို့ ဘာတို့ မစဉ်းစားဘဲ နေမလား” ဟု သူ့ကို လှိုင်ထွန်း မေး၏။ “ဒီစကားရည်လုပွဲမှာ ငါ ဒိုင်လူကြီးဟေ့” ဟု ဝင်းမျိုးပြောကာ ဇရပ်တိုက် နံရံတွင် မှီလေသည်။ သူက စက္ကူယပ်တောင်ဖြင့် ခတ်ရင်း
“သူ စဉ်းစားပေါ့၊ စုံစမ်းပေါ့၊ အိမ်လာစုံစမ်း၊ ငါ့ဆွေမျိုး အသိုက်အဝန်း ရပ်ထဲရွာထဲ လာစုံစမ်း၊ ငါ့အိမ်က ကားနဲ့ ကြိုပို့ပေးမယ်၊ ထမင်းကျွေးလိုက်ဦးမယ်”
“မင်း စာရိတ္တကျတော့ကော”
“မင်း ခုနတုန်းက သူနဲ့ပတ်သက်တဲ့ အချက်တွေ တအိုကေတည်း အိုကေထားတယ်၊ အဲဒီအထဲမပါတဲ့ သူ့စာရိတ္တနဲ့ ပတ်သက်လာရင်ကော ရည်းစား များမယ်၊ စိတ်မတည်ကြည်ဘူး၊ ဆိုပါတော့ အဲဒါတွေ ရှိနေတယ်ဆိုရင် မင်း ချစ်မှာပဲလား”
သူ ချက်ချင်းမဖြေသေး။ ယပ်အခတ်ရပ်ပြီးနောက်
“အဲဒါတွေရှိတယ်၊ သိတယ်ဆိုပါတော့ ဟုတ်လား”
လှိုင်ထွန်းက ဆေးလိပ်ကို စဉ့်ပြာခံခွက်ထဲသို့ထည့်ကာ “အင်း” ဟု ဆို၏။
“အဲသလိုဆိုရင် ငါ သူ့ကို ဖွင့်မပြောတော့ဘူးလေ၊ တစ်ကိုယ်သိနဲ့ပဲ နေ လိုက်မယ်”
“ဖွင့်ပြောတော့ကော ဘာဖြစ်မှာမို့လို့လဲ” ဟု ဝင်းမျိုး ပြော၏။ သူ ခေါင်းခါကာ
“ကွာခြားတယ်လေ”
“နားမလည်ဘူး” ဟု ဝင်းမျိုး ပြောလေသည်။
“ဖွင့်ပြောပြီးပြီဆိုရင် ငါ ပိုစိတ်ဆင်းရဲရမယ်”
“မပြောရင် သူပဲ စိတ်ဆင်းရဲစေဆိုတဲ့ သဘောလား”
“ဟာ ဝင်းမျိုးရာ၊ ပြောမှ မပြောရသေးတာ၊ သူ သိမှ မသိရသေးတာ”
“ခု မင်း သိသာအောင် အမူအရာတွေနဲ့ ပြခဲ့ပြီးပြီလေကွာ”
“ငါ ဖွင့်ပြောမှာပါ၊ အခွင့်သာတဲ့ တစ်နေ့မှာ”
သူ ပြုံး၍ဖြေလိုက်သည်။
*
စိမ်းပြာရောင်ဖျော့ဖျော့ ထဘီနှင့် အင်္ကျီဆင်တူ ဝတ်ဆင်ထားသော နှင်းနှင်း လွင်က သူ့ကို လှမ်းကြည့်၏။ မျက်လုံးချင်းဆုံသည့် ခဏတွင် အကြည့်လွှဲလိုက် သည်။ ၃ဝ အရွယ်လောက်ရှိမည့် အရပ်မြင့်မြင့် အမျိုးသမီးက ဘေးမှ ယှဉ်လျှောက် နေသူ ၄ဝ သာသာ အမျိုးသမီးကြီးကို တစ်စုံတစ်ရာ ပြောလေသည်။
အမျိုးသမီးကြီးသည် ဘူးသီးကြော် စားနေသော သူတို့ထံသို့ ဖျတ်ခနဲ လှမ်းကြည့်၏။ ဖိုးဝရုပ်၊ ပစ်တိုင်းထောင်ရုပ် ဆိုင်ရှေ့သို့အရောက်တွင် ထိုအမျိုးသမီး ကြီးက သူတို့စားဝိုင်းသို့ နောက်ပြန် တစ်ကြည့် ကြည့်သွားသည်။
“ဟိုအမျိုးသမီးက ပြောပြလို့ ငါတို့ကို ဟိုအဒေါ်ကြီး နောက်တစ်ခါ ပြန် ကြည့်သွားတာ တွေ့လား”
လှိုင်ထွန်း၏ စကားကို သူ ခေါင်းညိတ်စဉ် ဝင်းမျိုးက “အင်း” လိုက်၏။ သူက ငရုတ်ချဉ်ရည်ထဲသို့ ဘူးသီးကြော်နှစ်ပြီး လက်စသိမ်း ဝါးစားရင်းနှင့်
“မနေ့ညက ငါ ရေလောင်းတာ၊ မလွင် ရွဲ့တာ သိထားပုံပဲ၊ ငါ ခုမှ စဉ်းစားမိတယ်၊ ငါ နည်းနည်းလွန်သွားတယ်၊ ရေကန်တော့ပါရစေ ခင်ဗျာ... သိကြားမင်း မတက်ခင်လေးလို့ ပြောလောင်းတာ၊ တစ်ဖလားကုန်တော့ ရှင့်ရေကုန် ပြီလားတဲ့၊ ခွင့်ပြုရင် ရေဆိုတာ မရှားပါဘူးဆိုပြီး တစ်ဖလားပြီး တစ်ဖလား၊ သူက ရေသွားခပ်ပါဦးလို့ ပြောပြီးရွဲ့၊ ငါးဖလား လောင်းပြီးတော့ သူက ရေသွား ယူပါဦး ပြောသေးတယ်။ သူ စိတ်တိုနေတာ သိတာနဲ့ ငါ ပြုံးပြီး ခုလို... ရေ လောင်းခွင့်ပြုတဲ့ကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူးလို့ ပြောလိုက်ရတယ်။ အဲဒီ တော့မှ စိတ်ပြေသွားတယ်နဲ့ တူပါတယ်။ သွားခါနီး ကြည့်တာက ဒေါကြည့်”
“မင်းကလည်း မင်း၊ မျက်နှာသာပေး ရွှေရေးပန်းကန်တက်” ဟု လှိုင်ထွန်း ပြောသည်။ “သင်္ကြန်က ဒီနေ့ဆက်မရှိလို့၊ ရှိရင် မင်းပါးနှစ်ဖက်ကို ငါတို့ ထုံး၊ နနွင်းလူးပေးရပြီ” ဟု လှိုင်ထွန်းက နောက်၏။ သူ တိုးတိုးရယ်၏။ ဆီကြေးရောင်ဖြင့် ညိုညစ်ညစ်ဖြစ်နေသော လက်သုတ်ပဝါကို သူ ယူသုတ်နေသည်။ လက်သုတ်နေရင်း နှင်းနှင်းလွင်တို့ သွားရာသို့ လှမ်းကြည့်၏။
စောင်၊ မွေ့ရာ၊ မှီအုံး၊ ခေါင်းအုံးနှင့် ဖျာတွေ ရောင်းသော ဆိုင်ရှေ့ရှိဈေးဝယ်သူကြားမှာ လှမ်းမြင်ရသည်။ ပွဲဈေးတန်းမှာ သိမ်းသူတွေ သိမ်းနေကြ၏။ နောက်နှစ်ရက်၊ သုံးရက်ဆိုလျှင် ဆိုင်တန်းတွေ ဖျက်ပြီးဖြစ်တော့မည်။
ဘုရားပွဲပြီးသွားချိန်၊ ဆိုင်တွေ ဖျက်သွားချိန်၊ ဇရပ်တွေမှာ တည်းခိုသူတွေ မရှိချိန်သည် လာမည့် သန်ဘက်၊ ဖိန်းနွှဲခါတွင် ဖြစ်လာတော့မည်။
ဆုံကြသူတွေ ကိုယ့်အိမ်ကိုယ့်ရာသို့ ပြန်ကြတော့မည်။
ယခုအခိုက်အတန့်လေး၏ တန်ဖိုးကား ကြီးမားပေစွ။ ကနေ့တစ်ည ကုန်ခါ ဦးတော့မည်။ နောက် လေးနာရီမပြည့်မီ နေဝင်တော့မည်။ ညသည် သုည။ နောက် တစ်နေထွက် တစ်နေဝင်။ တစ်နေ့တာ အချိန်သည် ယနေ့လိုပင် ကုန်လွယ်ဦးမည်။ ညတစ်ညသည် နောက်ထပ် အချည်းနှီး။
ထို့နောက် နောက်တစ်နေတက်ချိန်မှာ နှင်းနှင်းလွင်တို့ ပြန်ပြီးသား ဖြစ်နေ နှင့်မည်။ အချိန်ကို ရင်ထဲသို့ထည့်ပြီး နှမြောစိတ်ဖြင့် ထွက်လိုက်သောအခါ နေ နတ်သားထံ အသနားစကား ဆိုချင်သည်။ ဆိုင်းငံ့နေပါရန် အကြောင်း၊ နေဗိမာန် ရထားဘီးကို တန့်ထားပါရန်အကြောင်း။
“ဟေ့ကောင်... သတ္တဝါ”
သူ ဖျတ်ခနဲ ဖြစ်သွား၏။ သူ့လက်ထဲရှိ လက်သုတ်ပဝါကို ဝင်းမျိုး ဆွဲယူပြီး
“လက်သုတ်ပဝါ တောင်းနေတာတောင် မကြားဘူး”
သူ ရယ်လိုက်၏။
“အဲသလို ငေးကြောင်ကြောင်နဲ့ လှမ်းကြည့်မနေပါနဲ့တော့ကွာ၊ ဘူးသီးကြော် စားဖို့ ငါသွားဖိတ်ပေးမယ်”
လှိုင်ထွန်း ပြောသည်၊ သူ မပြော။ “သွားခေါ်ကွာ” ဟု ဝင်းမျိုးက ပြော၏။ လှိုင်ထွန်းသည် ထိုင်ရာမှထကာ၊ ပိန်းတန်းဖိနပ်စီးပြီး ဈေးတန်းအတိုင်း သွား၏။ “ဒီကောင် တကယ်သွားပြောမယ်နဲ့ တူတယ်” ဟု သူပြော၏။
“ဟာ… ငါတို့က လိပ်ပြာသန့်နေတာ။ ငါလည်း ခေါ်ရဲတာပဲ။ မသန့်တာက မင်း၊ မင်းအသိက မင်းကို တစ္ဆေခြောက်နေတာ” ဟု ဝင်းမျိုး ပြောပြီး နှုတ်ခမ်း ပါးနားသုတ်၏။ ခဏအကြာတွင် လှိုင်ထွန်းက ခပ်သုတ်သုတ် ပြန်လာ၏။
“ဗိုက်ပြည့်နေကြလို့ မစားတော့ဘူးတဲ့၊ ကျေးဇူးတင်ပါတယ်တဲ့” ဟု လှိုင်ထွန်းက နှီးကြောဖျာပေါ်တွင် ထိုင်ပြီး ပြော၏။
“ဘယ်သူက ပြောတာလဲ”
“မင်း မလွင်က”
သူ့မေးခွန်းကို လှိုင်ထွန်း ဖြေ၏။ အသိအကျွမ်း မဟုတ်သူက ဖိတ်မန္တက ပြုခြင်းကို လက်ခံရန် ခက်ပေလိမ့်မည်။ ပျိုရွယ်သော ယောက်ျားလေးက ဖိတ်ခြင်းကို ပျိုရွယ်သော မိန်းကလေးက သိမ်မွေ့စွာ ငြင်းပယ်ခြင်းမှာ မှန်ကန်သည်ဟု သူနား လည်သည်။
“သူနဲ့ပါလာတဲ့ အမျိုးသမီးနှစ်ယောက်ကကော ဘာပြောသေးလဲ”
“သူပြောသလို စကားမျိုးပဲပေါ့ကွာ”
ဘာကြောင့်ဟု မသိ၊ ရင်ထဲမှာ ကြည်နူးကျေနပ်နေသည်။
*
ပဲနီလေးနှင့် ကြာဆံဟင်းချိုအိုးကို သူ ချလိုက်သည်။ မီးသွေးဖိုပေါ်သို့ ရေနွေးကရားတင်ထားပြီး ဇရပ်ရှေ့ခန်းသို့ ထွက်လာခဲ့သည်။ ထိုစဉ် အမျိုးသမီး တစ်ဦးက စင်းလုံးလှေကားအတိုင်း တက်လာသည်။ ဝင်းမျိုးက ဘုရားစင်ပေါ်ရှိပန်းခြောက်တွေကိုကောက်ကာ ဒန်ပန်းထဲသို့ ထည့်နေရာမှ လှည့်ကြည့်၏။
မေတ္တသုတ်ကို ရွတ်လိုက်၊ မေ့သည်ကို စာအုပ်ဖွင့်ကြည့်လိုက်နှင့်နေသော လှိုင်ထွန်းက ရပ်ကာ လှေကားရှိရာသို့ ထသွား၏။ လှေကား တံခါးရံလေးကို တွန်းကာ ရှေ့ဆင့်ပေါ်သို့ တက်လာသူ အမျိုးသမီးက
“ကိုတင်အောင်ရှိန်ဆိုတာ”
“ကျွန်တော်ပါ” ဟု သူပြောကာ သုံးလေးလှမ်း လှမ်းသွား၏။ အသက် နှစ်ဆယ်သာသာ အသားညိုညို အမျိုးသမီးက တစ်ချက်ကြည့်ပြီး
“ဒါဖြင့် ကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်ယောက်ပေါ့လေ၊ ညနေ ခြောက်နာရီခွဲ ခုနစ်နာရီလောက်ကျရင် ရေတွင်းနားက ဇရပ်ကို လာပါတဲ့”
သူ့ကိုမေးပြီးမှ အခြားတစ်ယောက်ယောက် လာရန် မှာသည်။ သူ့ကို မလာစေလိုသော အပြော။ အောင့်သက်သက် ဖြစ်သွားရသည်။ လှိုင်ထွန်းက ထိုအမျိုးသမီးကို
“ဘယ်သူက မှာတာလဲခင်ဗျာ”
“မ… မာလာတင်က စကားပြောစရာရှိလို့ပါတဲ့”
“မ... မာလာတင်ဆိုတာ”
“ဒေါ်မြဆွေရဲ့ မိတ်ဆွေ”
“ဒေါ်မြဆွေတွေက အများကြီးပဲ၊ ကျွန်တော်တို့ အသိထဲမှာ သာကေတ ဒေါ်မြဆွေ၊ ရန်ကင်းက ဒေါ်မြဆွေ၊ ကမာရွတ်က ဒေါ်မြဆွေ.. ဘယ်ဒေါ်မြဆွေလဲ”
အမျိုးသမီးက မျက်မှောင်ကုတ်ကာ
“ခြောက်မိုင်ခွဲက ဒေါ်မြဆွေ”
ဝင်းမျိုးက ရယ်ချင်သဖြင့် ဘုရားစင်ဘက်သို့ မျက်နှာပြန်မူ၏။ “ဪ….” ဟု ခေါင်းကုတ်ပြီး သတိရဟန် မျက်နှာထားသည်။ စာအုပ်ကြားသို့ လက်ညှိုး လျှိုပြီး မှတ်ကာ
“မနှင်းနှင်းလွင်တို့ ဇရပ်ကကိုး”
“ဟုတ်တယ်”
“ဒေါ်မြဆွေက မနှင်းနှင်းလွင်ရဲ့ အစ်မလား”
“အို…မနှင်းနှင်းလွင်မှာ အစ်မရော၊ အမေရော ရှိမှမရှိတာ၊ အဲဒါ သူ့အစ်ကိုရဲ့မိန်းမ"
“ဟုတ်ပြီ၊ ဟုတ်ပြီ မမာလာတင်ဆိုတာ မနှင်းနှင်းလွင်နဲ့ ညီအစ်မဆိုတာ မဟုတ်လား”
“အို...ရှင်ပြောတာ တစ်ခုမှ မဟုတ်ဘူး၊ ဘာမှမတော်ဘူး။ မမာလာတင်က ဒေါ်မြဆွေနဲ့ ညီအစ်မလို ခင်မင်နေတဲ့သူ”
“အေးဗျာ...ကျွန်တော် လာခဲ့ပါ့မယ်။ ကျွန်တော် တစ်ယောက်တည်းလား” ဟု သူ မရယ်မိအောင် မျက်နှာတင်းထားပြီး မေးသည်။ နုံတုံတုံ အ,တတ အမျိုးသမီးထံမှ သိလိုသမျှ စကားနှိုက်၍ ရသမျှ သူပါ မနည်းဣန္ဒြေဆည်၍ နေရ၏။
“တစ်ယောက်ပဲလာတဲ့၊ ဒါထက် ရှင့်နာမည်က"
“လှိုင်ထွန်းပါ”
ပြန်မည်အပြုတွင် လှိုင်ထွန်းက
“ဒါထက် မနှင်းနှင်းလွင် ဆယ်တန်း ခုထိ မအောင်သေးဘူးလား”
မခံချင်စိတ်ကို ထိုအမျိုးသမီး၏ မျက်နှာတွင် ထင်းခနဲ တွေ့လိုက်ရသည်။
"အောင်တာမှ ကြာလှပြီ။သတ္တဗေဒ တတိယနှစ် ရှင့်” ဟု ခပ်ဆတ်ဆတ်ဖြေပြီး လှေကားအတိုင်း ပြန်ဆင်းသွားသည်။ ထိုအမျိုးသမီး ဝေးသွားတော့မှ သုံးယောက်သား ပြုံးရယ် ကြသည်။ “မင်း တော်တယ်” ဟု ဝင်းမျိုးက ချီးကျူး၏။
“သိလိုက်ရတာအများကြီးပဲ” ဟု သူပြောပြီး
“ခေါ်ခိုင်းပုံ ဆန်းတယ်"
“မိတ်ဆက်ဖို့လည်း မဖြစ်နိုင်ဘူး” ဟု ဝင်းမျိုးက ပန်းကို ခါးစောင်းတင် ကိုင်ထားပြီး ပြော၏။ “ငါ မနေ့က ရေလောင်းတာကို အပြစ်ဆိုဖို့လည်း ငါ့ခေါ်မှာ" ဟု သူ စဉ်းစားပြီး ပြောသည်။ “နေစောင်းတုန်းက ပွဲဈေးတန်းမှာ အကြော်စား ငါ သွားဖိတ်ခဲ့တာပဲ၊ ကောင်းကောင်းမွန်မွန် ပြန်ပြောခဲ့တာပဲ။ ခုခေါ်ပုံက အမှန်းရ ခက်တယ်” ဟု လှိုင်ထွန်း ပြောသည်။
ရင်ခုန်စရာ ကောင်းလာသည်ဟု သူ ပြောလိုက်လေသည်။
[] [] []
[ ၄ ]
ဓာတ်အိုးသုံး နှစ်ပေမီးချောင်း၏ အလင်းရောင်ကြောင့် ဇရပ်ရှေ့ရှိ ထန်းပပ် ကုလားထိုင်ပေါ်တွင် ထိုင်နေသူ အမျိုးသမီးကို မြင်ရ၏။ တစ်စုံတစ်ရာ ပြောဟန် တူ၏။ မျက်နှာချင်းဆိုင် ထန်းပပ်ကုလားထိုင်တွင် ထိုင်နေသူ အမျိုးသမီးကြီးက ထိုင်ရာမှ ထကာ ဇရပ် လှေကားဆီသို့ သွား၏။
လှိုင်ထွန်းဘက်သို့ တစ်ချက်မကြည့်။ ဇရပ်ထုပ်တန်းတွင် ဆွဲထားသော မီးချောင်းအရောင်ဖြင့် တက်သွားသူ အမျိုးသမီးကြီးကို ကောင်းစွာ မြင်ရ၏။ ညနေက နှင်းနှင်းလွင်တို့နှင့်အတူ ပါလာသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦး။
လှိုင်ထွန်းက ဇရပ်ဘက်သို့ မသိမသာ ကြည့်၏။ အကဲခတ်ချိန် ပို၍ရအောင်ခြေလှမ်းကို ဖြည်းပြီး လျှောက်နေလေသည်။ ကုလားထိုင်တွေဘေးသို့ အရောက်တွင် “ကျွန်တော် လှိုင်ထွန်းပါ”
အသက် ၃ဝ မပြည့်တတ်သေးဟန်ရှိသော အမျိုးသမီးက “ဪ... ထိုင်ပါ” ဟု ပြုံး၍ ဧည့်ဝတ်စကားဆို၏။ သူ ထိုင်ပြီးသောအခါ
“ကျွန်မ မာလာတင်ပါ”
“ဟုတ်ကဲ့၊ တွေ့ရသိရတာ ဝမ်းသာပါတယ်ခင်ဗျာ၊ တစ်ယောက်နဲ့တစ်ယောက် နာမည်သာ မသိရတာပါ။ ရေတွင်းကို ရေချိုးဆင်းရင်တော့ မျက်မှန်းတန်းပြီးသားပဲ”
“ဥသျှစ်ပင်တွေ ဝိုင်းနေတဲ့ ဇရပ်လေးကထင်တယ်။ ကိုလှိုင်ထွန်းတို့ တည်းကြ တာလေ”
“ဟုတ်ကဲ့၊ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့”
“ဟုတ်ကဲ့၊ တခြားမဟုတ်ပါဘူး” ဟု ဆိုင်းဆိုင်းဆဆ ပြောပြီး ရပ်ထားသည်။ လှိုင်ထွန်းက လက်တန်းနှစ်ဖက်ပေါ်တွင် လက်တင်ထားသည်။ ပြောမည့် စကားဆက်ကို စောင့်နေသည်။ မာလာတင်သည် ဆံပင်ရှည်ကို ကျောဘက်မှ သိမ်းယူပြီး ရှေ့သို့ချသည်။ ခဏအကြာတွင်မှ
“ဟိုဒင်း... ကိုလှိုင်ထွန်းရဲ့ သူငယ်ချင်း ကိုတင်အောင်ရှိန်နဲ့ပတ်သက်ပြီး ပြောစရာရှိလို့ပါ”
သူ မျက်တောင်မခတ်။ “ဟုတ်ကဲ့” ဟု စကားထောက်ပေးသည်။ မာလာတင် သည် အစ်တစ်တစ်မျက်ခွံကို ချထားပြီး မြေကြီးကို ကြည့်နေရာမှ ခေါင်းဖော်ကာ
“သူ အခါတွင်း တစ်တွင်းလုံး နှင်းနှင်းလွင်ကိုချည်း ရေလောင်းနေတာ သိတယ်မဟုတ်လား”
“သိပါတယ် မမာလာတင်”
“မာလာတင်လို့ ခေါ်လို့ရပါတယ်။ အဲဒီကိစ္စ ဘာပြောမလဲ၊ ဟိုဒင်း သူ နှင်းနှင်းလွင်ကို ရေတွင်းနား လာပြောတာတွေ၊ မေးတာတွေလေ”
“ဟုတ်ကဲ့”
“သူ့ကြည့်ရတာ နှင်းနှင်းလွင်ကို စိတ်ဝင်စားနေပုံပဲ”
“ဖြစ်နိုင်ပါတယ်”
“အဲ့ဒါဆိုရင် ကျွန်မ ပြောချင်တယ်”
“ပြောပါခင်ဗျာ”
နေရင်း အတန်ကြာအောင် စဉ်းစားနေသည်။ တောင်ပေါ်ဘုရားဆီသို့ ငေးမော့ကြည့်
“စိတ်မဝင်စားပါနဲ့လို့”
“ဟာ... ဘာဖြစ်လို့လဲ” ဟု လှိုင်ထွန်း အံ့အားတသင့် မေးလေသည်။
“အကြောင်းရှိလို့ပါ”
“မသိရလို့ မေးရင်ကောဗျာ”
“အဲဒါ သူတစ်ပါးကိုယ်ရေးကိုယ်တာပဲ ကိုလှိုင်ထွန်း”
လှိုင်ထွန်း ခဏငိုင်နေပြီးမှ
“ဒီစကားက မနှင်းနှင်းလွင်ပြောလို့ မာလာတင် ပြောပြတာလား”
“သူပြောခိုင်းတာတော့ မဟုတ်ပါဘူး။ သူပြောသလိုလို့ပဲ သဘောထားလို့ ရပါတယ်”
“တင်အောင်ရှိန်က စိတ်ဝင်စားမှုကို ရုပ်သိမ်းမယ်လို့ ကျွန်တော် မထင်ဘူး။ ဘာမှမှ မသဲကွဲတာ”
မာလာတင်သည် သေးငယ်ပါးလျားသော နှုတ်ခမ်းကို စုထားပြီး ပြုံး၏။ လှိုင်ထွန်းသည် လမထွက်သေး၍ အမှောင်စိုးမိုးနေသော ပတ်ဝန်းကျင်ကို ကြည့် သည်။ ဇရပ်မှ မီးရောင်တွေက ပြောက်တိပြောက်ကျား။ အလှမ်းကွာကာ ရှိကြ သဖြင့် လူသွားလမ်းတွေမှာ အလင်းရောင် မဆက်။ ကြယ်ရောင်ကောင်းကင်၏ အလင်းသည် ဝိုးတိုးဝါးတား။
“သူ မရုပ်သိမ်းရင် သူ စိတ်ညစ်ရမှာပေါ့”
“မနှင်းနှင်းလွင်မှာ ချစ်သူရှိနေလို့လား”
“အဲ့ဒါတွေကြောင့် မဟုတ်ပါဘူး”
“နားအလည်ရ ခက်လိုက်တာဗျာ”
“အဲဒါ အစရှိသေးတယ်၊ ဆက်ပြီး စိတ်ဝင်စားရင် အဲ့ဒီလို ပိုဖြစ်မယ်”
“ကျွန်တော် တစ်ခုမေးပါရစေ မာလာတင်”
“မေးပါ” ဟု မာလာတင်က ကျောင်းဝင်းမြောက်ဘက် သစ်တောဆီသို့ ကြည့်ပြီး ပြောသည်။
“မနှင်းနှင်းလွင် ချစ်သူများတဲ့ဉာဉ် ရှိလို့လား”
“ခုထိ တစ်ယောက်မှ မရှိသေးပါဘူး”
“ကိုယ်ကျင့်သိက္ခာ ပြဿနာမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသားပဲ”
“မှန်ပါတယ်”
“တင်အောင်ရှိန်က ဆက်ပြီး စိတ်ဝင်စားရင် တင်အောင်ရှိန် စိတ်ညစ်ရမှာကို ဘယ်သူက စိုးရိမ်လို့ ကျွန်တော့်ကို ခေါ်သတိပေးတာလဲဗျာ”
မာလာတင်သည် ဆံပင်ကိုဖွကာ အအိုက်ပြေအောင် နေသည်။ အဟင်းဟု တိုးတိုးရယ်သည်။ ဆယ့်လေးငါးလှမ်းသာကွာသော ဇရပ်ကို လှမ်းကြည့်ပြီးမှ
“ကိုလှိုင်ထွန်းက စကားအစ်တတ်တယ်နော်”
လှိုင်ထွန်း တစ်ချက်ရယ်၏။
“သိသင့်တဲ့အချက်ထင်လို့ ကျွန်တော် မေးတာပါ”
“ကျွန်မတို့က စိုးရိမ်လို့ပေါ့” ဟု မာလာတင် ဖြေသည်။
“ ကျွန်မတို့ ဆိုတဲ့အထဲက တို့ထဲမှာ မနှင်းနှင်းလွင်ပါ ပါ၊ မပါ မသိရဘူးလား”
မာလာတင်က ဆက်၍ ရယ်နေ၏။ “တားသာ တားမြစ်ပြီး ဘာကြောင့် တားမြစ်မှန်းမသိရတာ ခက်တယ်ဗျာ၊ အကြောင်းပြချက်မပါတာ တစ်မျိုးကြီးပဲ။ ဖြေပါဦး” ဟု ပြောပြီး မေး၏။ မာလာတင်သည် ရယ်သံမျှဉ်းမျှဉ်းနှင့်ပင်
“ဤနေရာသို့ မလာရ၊ တွေ့ရှိက အရေးယူမည်။ မည်သူမဆို ဤနေရာသို့ ဖြတ်သန်းသွားလာခြင်း မရှိစေရ၊ ဤနေရာသို့ ခွင့်ပြုချက် မပါရှိလျက် မဝင်ရောက် ရန် ကျပ်တည်းစွာ တားမြစ်သည်ဆိုတဲ့ တားမြစ်ချက်တွေဟာ ကမ္ဘာ့အရေးအကြီးဆုံး နေရာတိုင်းမှာ ရှိတာပဲ၊ ဘာကြောင့်လို့ ပြောဖို့ လိုမှမလိုတာ”
“ပြောလိုက်ရင် သတင်းကို တစ်ခြမ်းထုတ်ပေးတာနဲ့ တူမှာစိုးလို့လား”
မာလာတင် မဖြေ၊ မည်သည့်စကားမျှ မဆက်။ သိသာစွာ စကားဖြတ် တောက်လိုက်သည်။ ပြန်ရန်မှတစ်ပါး ဘာမျှမရှိအောင် နေနေသည်။ “ငါပြန်ဖို့ နှုတ်ဆက်မှ ဟုတ်ကဲ့ တစ်ခွန်းပဲ ပြောတယ်” ဟု လှိုင်ထွန်းက တင်အောင်ရှိန်ကို ပြောပြ၏။ “ပညာတော့ အတော်ရလာပုံပဲ” ဟု ဝင်းမျိုးက မှတ်ချက်ချ၏။ သူက လှိုင်ထွန်းနှင့် ဝင်းမျိုးကို တွေ၍ ကြည့်နေပြီးနောက်
“စဉ်းစားစရာပဲ၊ အများကြီးကို စဉ်းစားစရာပဲ၊ မလွင်ရဲ့ တိုက်တွန်းချက် မပါဘဲ ခုလို ခေါ်ပြောမယ် မထင်ဘူး”
“သိသာပါတယ်။ ဒါက” ဟု ဝင်းမျိုးပြော၏။ “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု ဝင်းမျိုး ကောက်ချက်ချသည်ကို လှိုင်ထွန်းက
“ဪ... ဟုတ်လား၊ ပထမတန်းစား စဉ်းစားတွေးခေါ်ချက်ပေပဲ”
ဝင်းမျိုး ပြုံးလိုက်၏။ ထို့နောက်
“တစ်ခုခုဆိုတာကလွဲလို့ ငါ အတိအကျ ဘယ်ပြောနိုင်မှာလဲဟ”
*
“ဪ… ဘာလိုလိုနဲ့ မနက်ဖြန်မနက်ဆို သူတို့လည်း ပြန်ကြတော့မှာပါလား” ဟု သူ ညည်းသံနှင့် ပြော၏။ မနက်တုန်းက လှိုင်ထွန်း ရေချိုးရန် ရေတွင်းဆီသို့ သွားသည်။ မာလာတင်က သောက်ရေအိုး ရေလာဖြည့်သည်။ မည်သည့်နေ့တွင် ပြန်မည်ကို လှိုင်ထွန်း မေးသည်။ မာလာတင်ဖြေ၍ သူတို့ သိခဲ့ကြသည်။ ခုနေ့တစ်ဝက်၊ မနက်ဖြန် တစ်နေကုန် တွေ့မြင်နိုင်သေးသည်ဟု ဝင်းမျိုး နှစ်သိမ့်စကား ဆိုသည်။
“ယုံတာ မယုံတာ အပထား၊ ရှေးဘဝေ ဘဝါ အဆက်ဆက်က ချဖူးသောပန္နက် ပန်ဖူးသော သစ္စာဆိုတဲ့ ဇာတ်စကား၊ ရင်ထဲမှာ အတော်ညိုတယ်၊ သံသရာ ဘဝပေါင်းများစွာကတည်းက ချစ်ခဲ့ကြလို့လား မသိဘူး၊ ငါ သူ့ကို တမ်းတမ်းတတနဲ့ အောက်မေ့နေတယ်၊ တစ်ခေါ်လောက်တောင် မဝေးကြသေးတဲ့ အခုလိုအချိန်၊ ဆက်ပြီး တွေ့စရာမလိုဘူး၊ မတွေ့နိုင်တော့ဘူးဆိုရင် ခုထက် ဆွေးမလား မပြော တတ်ပါဘူးကွာ၊ ငါ့ကိုယ်ငါ အံ့ဩမိတယ်"
တောင်ပေါ်သို့တက်ရာ လှေကားများကို ဖြည်းဖြည်းနင်းရင်း သူပြောလေ သည်။ လက်ယာဘက် တန်ဆောင်းတိုင်ဘက်သို့ကပ်ပြီး လျှောက်လှမ်းနေသူ ဝင်းမျိုးက အပေါ်သို့ မျှော်ကြည့်၏။ လှိုင်ထွန်းက တောင်အောက် အရှေ့ဆီသို့ ကြည့်၏။ မြူခိုးအုံ့ဆိုင်းထားရာ တောနက်။ သစ်ကြီးဝါးကြီးတို့၏ ရွက်များ စိမ်းစိမ်းတွေမှာ ပင်လယ်ကဲ့သို့ တစ်ငေးတစ်မျှော်စာ ကျယ်ပြောလှ၏။ မျက်စိတစ်ဆုံး အဝေးဆုံးမှာပင် တောင်စဉ်တောင်တန်းတွေ။
“တွေ့မြင်လိုက်ရတဲ့ ခဏလေးမှာပဲ ဇာတ်က နိဂုံးချုပ်သွားတာ နှမြောတော့ နှမြောစရာပါပဲ”
လှိုင်ထွန်းက ဇရပ်တွေရှိရာ အနောက်နှင့် အနောက်မြောက်ဆီသို့ လှမ်း၍ ငုံ့ကြည့်ပြီး ပြောသည်။
“စိတ်မလျှော့ပါနဲ့ တင်အောင်ရှိန်ရာ”
ဝင်းမျိုး အားပေးသည်။ ဘုရားရင်ပြင်တော် အစွန်းကို မြင်ရချိန်တွင် “တစ်ခုတော့ ရှိတာပေါ့ကွာ။ တရားရှိသားပဲ၊ တွေ့ကုန်ဆုံကျွဲတဲ့။ အဲ… အဲ့ တွေ့ဆုံကြုံကွဲ တော်တော်လျှာခလုတ်တိုက်တဲ့ ဝေါဟာရ။ ဒါ့ထက်ဆိုးတာရှိသေး တယ်။ ကင်းကွာ ကွေကွင်း ကွဲကွာတဲ့။ ထွက်သက်ဝင်သက်နဲ့ ပါးစပ်အပိတ်အဖွင့် ခြားထားပြီးမှ ပြောရတာ။ တရားနဲ့ ဖြေပေါ့ကွာ။ ဆုံရတာကိုက ကျောင်းကန် ဘုရားရိပ်မှာဆိုတော့ သံဝေဂလေးနဲ့ယှဉ်ပြီး နှလုံးသွင်းပေါ့” ဟု ဝင်းမျိုးက စိတ်ပြေ လက်ပျောက် စကားပြောသည်။ လှိုင်ထွန်းက ပြုံးလိုက်ပြီးနောက်
“ကျောင်းကိုပြန်ရောက်ရင် သွားရှာရင် တွေ့ရမှာပါ”
“တွေ့လည်း တွေ့တွေ့ပဲ ဘာထူးမှာလဲ” ဟု စိတ်ပျက်သံဖြင့် သူပြော၏။ ဝင်းမျိုး တစ်ချက်ရယ်၏။ ရင်ပြင်တော်ပေါ်သို့ ရောက်တော့မှ
“ခုဥစ္စာက ချဉ်တင်တင်ဖြစ်လို့ တမင်ခေါ်ပြောတာ ဖြစ်ချင်ဖြစ်နိုင်တယ်”
သူ နဖူးတွန့်ပြီး “အင်း...” ဟု အားထားသံပြု၏။
“ဝင်းမျိုး တွက်ကိန်းက ဖြစ်နိုင်ကိန်းရှိတယ် တင်အောင်ရှိန်၊ အတည်ပေါက်နဲ့ မင်း စိတ်ကသိကအောက်ဖြစ်အောင်လုပ်တာ ဖြစ်နိုင်တယ်”
“အင်း...” ဟု အားတက်သံ ပြုလိုက်သည်။ မျက်နှာမှာ ရွှင်ရွှင်ပျပျ ဖြစ် မလာသေး။ တန်ဆောင်းတိုင်ကို စိတ်လျှော့ကိုယ်လျှော့ မှီထိုင်လိုက်သော သူ့ကို လှိုင်ထွန်းက
“မနက်ဖြန်မနက်ကျတော့ ငါ မာလာတင်ကို သွားတွေ့မယ်”
“တွေ့ပြီးရင်”
ဝင်းမျိုး ဝင်မေးသည်ကို
“ဒီလိုကြီးတော့ မကျီစားပါနဲ့ဗျာလို့၊ ဒါဆို ပြန်ပြောမှာပဲ။ စကားပြဒါးချိန် ပြန်ချိန်ကြည့်ရတာပေါ့”
“ကောင်းသားပဲ” ဟု သူ အားရသံဖြင့်ပြော၏။ “အေး... မဆိုးဘူး၊ နည်းနည်းပါးပါးလည်း ပို့ပေးပေါ့ကွာ။ ဒီကောင် ဝေဒနာပြပွဲ ပြနေပြီ၊ ဘာပြီပေါ့ ” ဟု ဝင်းမျိုး ပြောသည်။ “အခြေအနေပေးရင် စိတ်ချ။ ဒီကောင့်ကို ပို့ပေးချင်တာမှ အရမ်း။ ဗျိုင်းတောင်နဲ့တော့ မပို့ပေးပါဘူး” ဟု လှိုင်ထွန်း ပြက်လုံးစကားဆို၏။
** ***
၃ဆက်ပါမည်
* နွေဦးဝင်သော် * { ၃ }
ငြိမ်းကျော်
[ ၅ ]
ညက စကားကောင်းနေကြ၍ ညဉ့်နက်သွားသည်။ နိုးလာချိန်တွင် တံခါးရွက် စပ်ထားရာ သစ်သား ကျုံ့နေ၍ ဟတတကြားမှ နေရောင် တိုးဝင်နေပေပြီ။ သူ နှိုးလိုက်သည်။ ဝင်းမျိုးတို့က အိပ်ရာထပြီး သိမ်းဆည်းကြသည်။ သုံးယောက်သား မျက်နှာသစ်၊ ရေချိုးရန် ရေလဲပိုင်း၊ ရေခံပုဆိုး၊ မျက်နှာသုတ်ပဝါ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာတွေယူကာ မန်ကျည်းပင်တန်းအောက်မှ လျှောက်လာ ကြသည်။
ဇရပ်လေးဆောင်ခြားသော နှင်းနှင်းလွင်တို့အုပ်စု တည်းခိုရာ ဇရပ်ဆီသို့ သူ လှမ်းကြည့်၏။ ကင်ပွန်းချုံတွေ၊ စံပယ်ချုံတွေ၊ ဇီဇဝါပင်ကြီးတွေ ကွယ်နေ၍ မမြင်ရသေး။
စကားတပြောပြောနှင့် လျှောက်လာကြသည်။
ရေတွင်းကို မြင်ရသောအခါ ဇရပ်ကိုပါ မြင်ရ၏။ ဟာခနဲဖြစ်သွားသော သူ့ကို လှိုင်ထွန်းတို့က ကြည့်သည်။ သူ့မျက်လုံး ရောက်နေရာသို့ ဝင်းမျိုးတို့ လှမ်းကြည့် ကြ၏။ ဇရပ်ပြတင်းတွေ ပိတ်လျက်သားရှိ၏။ တံခါးမကြီးနှစ်ခုသည် ပိတ်လျက်ရှိသည်။ ခြေရင်းတံခါးတွင် သော့ခလောက် ခတ်ထားသည်။ ရှေ့ဆင့်သို့ တက်ရာ လှေကားဦးရှိ တံခါးရံသည် ပိတ်လျက်။
“မနက်ဖြန်မှ ပြန်မယ်ဆိုပြီး ဒီနေ့ပဲ ပြန်သွားကြတာကိုး”
လှိုင်ထွန်းက နှုတ်ခမ်းမွေးရေးရေးကို လက်ခုံဖြင့် ပွတ်ရင်း ပြောသည်။ ဝင်းမျိုးက ပါးမို့မို့နှစ်ဖက် စုံလာသည်အထိ ပြုံးသည်။
“တမင် တစ်ရက်နောက်ကျပြီး ပြောသွားတာ”
ရင်ထဲမှာ ဟာနေသဖြင့် သူ ဘာမျှမပြောနိုင်။ လူသူကင်းမဲ့နေသော ဇရပ်ကို ခြေစုံရပ်ပြီး တွေ၍ ကြည့်နေ၏။ မောပန်းနွမ်းနယ်သော အကြည့်ဟု သူငယ်ချင်းတွေ နားလည်ကြ၏။ ဇရပ်ရှေ့တွင် ကြည့်နေရင်း မနက်အစောကြီးက ပြန်သွားကြတာ ဖြစ်မှာပဲဟု သူ တွေးသည်။ ဆက်၍ လျှောက်သွားသော သူငယ်ချင်းတွေနောက်သို့ သူလိုက်သွား၏။
ခါတိုင်း မနက်တွေမှာ ထိုဇရပ်ရှေ့သို့ အရောက်တွင် ခြေကို နှေးထားခဲ့ သည်။ မြင်ရလို မြင်ရငြား စိတ်ကူးနှင့် မနက် ရေချိုးသွားချိန်တိုင်း ပြုနေကျဓလေ့။ နှစ်ကြိမ်မျှ မျက်လုံးချင်း ဆုံခဲ့သည်။ ယနေ့သည် နှုတ်ဆက်အကြည့် ကြည့်မည်ဟု စဉ်းစားခဲ့သည်။
ရေတွင်း အုတ်ပေါင်ပေါ်တွင် ပစ္စည်းတွေ၊ ပုဆိုးတွေ တင်ကြသည်။ အုတ်ကန်ပေါင်ပေါ်သို့ ဆပ်ပြာခွက် တင်ထားရန် သူအလှည့်တွင် မြေဖြူနှင့် ရေးထားသောစာကို တွေ့ရလေသည်။ မရှေးမနှောင်း မြင်ကြသော ဝင်းမျိုးနှင့် လှိုင်ထွန်းက အုတ်ကန်ဆီသို့ လာကြ၏။ “စာရေးထားတာကိုး” ဟု ဝင်းမျိုးပြော၏ ။ “မင်းကို ရေးထားတာ” ဟု သူ့ပခုံးကို အသာပုတ်ပြီး လှိုင်ထွန်းပြော၏။
အုတ်ကန်ရှေ့တွင် သူ တင်ပျဉ်ခွေကာ ထိုင်၏။
သင်္ကြန်ပျော် ကိုငွေဖလားရှင့်
တစ်ဘဝတာအတွက် နှုတ်ဆက်ခဲ့ပါတယ်။
စိတ်တော့မကောင်းပါ။ မဖြစ်နိုင်၍။
ရေးသူအမည် ရေးမထား။ စာကို ဆယ့်လေးငါးခေါက် ကြည့်သည်။ ဝင်းမျိုးဘက်သို့ လှည့်၍ အလွတ်ရွတ်ပြလိုက်၏။ ဒီစာကို သရုပ်ခွဲရရင်ဟု စကားချီပြီး လှိုင်ထွန်းက
“သင်္ကြန်ပျော်ဆိုတာက မင်း..သူ့ကို ရေစောင့်စောင့်လောင်းလွန်းလို့ သင်္ကြန်မှာ ပျော်တတ်၊ ပျော်တဲ့သူတဲ့။ ကိုငွေဖလားဆိုတာ မင်းက ငွေဖလားနဲ့လောင်းလို့၊ တစ်ဘဝတာအတွက် နှုတ်ဆက်ခဲ့ပါတယ်ဆိုတာက ပြီးပြီတဲ့၊ နောင်...တွေ့စရာ မလိုတဲ့ အနက်၊ စိတ်တော့မကောင်းပါဆိုတာ အဓိပ္ပာယ်တွေ အများကြီး၊ အဲဒါ ရှင်းရရင် ဒီနေ့မနက်စာ ညစာ ရေလည်းမချိုးရ၊ ထမင်းလည်း ငတ်မယ်၊ လိုရင်းကိုအတိုဆုံးပြောရရင် မင်းကို သနားသံပါနေတယ်၊ ဒါပေမဲ့ မဖြစ်နိုင်၍ ဆိုတဲ့ဥစ္စာက မဖြစ်နိုင်လို့တဲ့၊ ရှင်းလား”
“ရှင်းပါတယ်၊ ရှင်းမှ ပိုရှုပ်တဲ့ ရှင်းနည်းပေပဲ” ဟု ဝင်းမျိုးက ထေ့၏။ အုတ်ကန်ထဲသို့ ရေခပ်ထည့်နေသူ ဝင်းမျိုးကို သူက
“ဘေးကို ရေမစဉ်စေနဲ့၊ ဒီဘက် နှုတ်ခမ်းကို ရေစီးမကျစေနဲ့ ဝင်းမျိုးရာ စာတွေပျက်ကုန်မယ်”
ဝင်းမျိုးက ရေငင်ရင်းနှင့်
“ဒါဆို လွယ်ပါတယ်၊ ဆရာတော်ဘုရားဆီ သွားလျှောက်။ ဒီအုတ်ကန် စာပါတဲ့အခြမ်းကို တပည့်တော် လွှနဲ့တိုက်ပြီး ယူသွားပါရစေဘုရား၊ တပည့်တော် အသစ်ပြန်ပြီး လုပ်ပေးပါ့မယ် လျှောက်။ အပြန် အဲဒီ အင်္ဂတေချပ်ကြီး ထမ်းပြန်၊ ပြီးတာပဲ”
သူ လက်ဖျစ်တစ်ချက်တီး၏။ မျက်နှာကို ကမန်းကတန်းသစ်၏။ သွားကို မြန်မြန်တိုက်၏။ မျက်နှာသုတ်ရင်း
“ပွဲဈေးတန်းမှာ ဓာတ်ပုံဆရာရှိသေးတယ်။ ခုသွားခေါ်ပြီး ဓာတ်ပုံရိုက် ထားမယ်”
“အင်း... ဒါမျိုးကျတော့ ဉာဏ်ကောင်းပါ့။ ကျောင်းစာသာ အဲသလို ဉာဏ်ကောင်းရင် ပါရဂူဘွဲ့ ရလောက်ပြီ”ဟု လှိုင်ထွန်းက ရယ်သံနှင့်ပြော၏။
[] [] []
[ ၆ ]
အိမ်သို့ပြန်ရောက်သောအခါ အဖေ၊ အမေနှင့် ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံတွေ မေးသည်။ နေရာထိုင်ခင်း ကောင်းပုံ၊ ပတ်ဝန်းကျင် သာယာပုံ၊ အလှူအတန်း စည်ကားပုံ၊ ပွဲတော် ကြည်နူးစရာကောင်းပုံတွေ သူ ပြောပြသည်။ “လာမယ့်နှစ်ကျရင် သွားမယ်” ဟု တစ်အိမ်သားလုံးက အားတက်သရော ပြောကြ သည်။ တစ်ရက် နှစ်ရက်အကြာတွင် ဝင်းမျိုးက နောက်သလား၊ လှိုင်ထွန်းက နောက်သလား မသိ။ “မင်း ချန်ထားတဲ့ ပျော်စရာဆိုတာ ဘာလဲ” ဟု အမေက ရယ်ကျဲကျဲနှင့် နောက်၏။ သူ မဖြေခဲ့။
ကျောင်းမဖွင့်သေးသော်လည်း သူတစ်ယောက်တည်း ကျောင်းသို့သွားခဲ့သည်။ သိပ္ပံဌာနတွေဘက်သို့ သွားသည်။ မနှင်းနှင်းလွင်နှင့် ဆင်တူသူကိုပင် မမြင်ခဲ့ရ။ ကျောင်းကလည်း ဖွင့်ရောပေါ့ဟု စိတ်ထဲက အပြစ်တင်သည်။
နှစ်ရက်၊ သုံးရက်ရှိသောအခါ လှိုင်ထွန်းက အိမ်သို့ရောက်လာ၏။ သမ္မတရုံမှာ ရုပ်ရှင်သွားကြည့်ရန် လာခေါ်သည်။ ရုပ်ရှင်ပြီး၍ ရုံမှအထွက်တွင် နှင်းနှင်းလွင်နှင့် မာလာတင်ကို အပေါ်မှ ဆီး၍မြင်ရသည်။ အပြေးသွားချင်သော်လည်း လှေကား ဆင်းသူတွေ ပြည့်ကျပ်နေ၍ လှမ်းကြည့်နေရသည်။ သမံတလင်းပေါ်သို့ ခြေအချတွင် အငှားကားရသွားသောကြောင့် နှင်းနှင်းလွင်တို့ကို မမီလိုက်။
ထိုနေ့က နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ထားစရာတော့ ရလေသည်။
*
“မနက်ဖြန် ကျောင်းဖွင့်ပြီဆိုတာနဲ့ မျက်နှာကြီးကိုက ဝင်းမျိုး ကြည့်လိုက် စမ်းပါဦးကွ”
လှိုင်ထွန်းက သူ့ကို လက်ညှိုးထိုးကာ ပြောလေသည်။ “ငါ့ကိုပြောတာလား” ဟု ဝင်းမျိုးက မသိယောင်ဆောင်ပြီး နောက်သည်။ သူ ပြုံးလေသည်။ ဝင်းမျိုးက မထင်ရှားသောမျက်ခုံးကို ဆတ်ခနဲပင့်ပြီး
“ပုထုဇဉ်ဆိုတာ ဒီလိုပေါ့ကွာ”
“အံမယ်၊ ဘာသာရေးစာအုပ်တွေ တော်တော်လည်း ဖတ်ပြီးရော၊ မင်းလေက တစ်မျိုးဖြစ်လာပါလား” ဟု သူရယ်မောပြီး ပြောလိုက်သည်။ ဝင်းမျိုးက
“စက္ခုအာရုံဆိုတဲ့ မျက်လုံးက မြင်တယ်။ ချစ်ချင်စိတ် ပေါ်လာတယ်။ ဥပါဒါန် အစွဲအလမ်းတွေပေါ့ လှိုင်ထွန်းရာ၊ အေး...အဲ့ဒါကစပြီး သမုဒယတွေ ဖြစ်ပေါ်လာ၊ ငါ..ငါ့ချစ်သူ သူ့ချစ်သူ ငါ စင်စစ်တော့ အနိစ္စတရားတွေချည်း... ဇာတိဇရာ ဗျာဓိမရဏကို မမြင်နိုင်သေးတဲ့ သဘောပေါ့ မောင်လှိုင်ထွန်း။ အဲ့ဒီ ကနေ သောကဗျာပါဒဆိုတာ ဖြစ်လာသပေါ့ကွယ်။ အပုပ်ကောင် ရုပ်ဆောင်တာ ချည်းပဲ။ ဒါပေမဲ့ အပုပ်ကောင်ဆိုပြီး ကောင်မလေးပါးကို သွားမဆိတ်နဲ့၊ ဂါတ် ရောက်မယ်။ ၃၆၆ ပုဒ်ထီး၊ ပုဒ်မနဲ့တိုးမယ် တပည့်ရေ၊ တရားသဘောနဲ့ ဥပဒေ သဘော ခွဲနားလည် ကြားလား”
တရားဓမ္မဟောသူ့ လေသံ၊ အဘိုးကြီး လေသံဖြင့်ပြောသည်။ “အရေးထဲ မင်းကပါ ဝင်အူမြူးနေတယ်” ဟု လှိုင်ထွန်း ပြောသည်။ သူ ရယ်လိုက်သည်။ “သူပါ ပထဝီမမကို တွေ့ရတော့မှာ မဟုတ်လား” ဟု သူပြောသည်။ ဝင်းမျိုး သည် ပထဝီဌာနက မဟာဝိဇ္ဇာတက်နေသူ အမျိုးသမီးနှင့် တကျွမ်းတဝင် ဖြစ်နေခဲ့ သည်။ ထိုအမျိုးသမီးသည် ဝင်းမျိုးထက် လေးငါးခြောက်နှစ် ကြီးသည်။ “ဒါပေါ့” ဟု ဝင်းမျိုးက ပြုံးဖြီးဖြီး ပြောသည်။ လှိုင်ထွန်းက
“ဘာသံယောဇဉ်မှ ငြိစရာမရှိတာ၊ ငါ တစ်ယောက်တည်း ဖြစ်နေပါကလားဟ"
ဝင်းမျိုးက စွံချင်ရင် စွန်ပလွံသီး စားရမယ်။ ယတြာသဘော၊ ဓာတ်သဘော” ဟု လှိုင်ထွန်းကိုပြော၏။ “တကယ်လား” ဟု လှိုင်ထွန်း မေးသည်။ ဝင်းမျိုးက လက်ပိုက်ပြီး မျက်နှာမော့၏။ အဝေးကြည့်မျက်မှန်မှာ လက်ခနဲဖြစ်သွား၏။
“စွန်ပလွံသီးယို တစ်နေ့ တစ်နေ့ ပိဿာငါးဆယ် ည၊ မနက် စားရမယ်။ တစ်နှစ်တိတိ စားပြီးရင် မင်းသဘောကျတဲ့ မိန်းကလေးက မင်းကိုပြန်ပြီး ကြည်ရစေ့ မယ်"
လှိုင်ထွန်းက တအားရယ်သည်။ သူ ရယ်ပြီးနောက် “ဥပဒေက အမျိုးသမီးကို သူ သဘောကျတယ်လို့ ပြောဖူးတယ်။ မင်း မြင်ဖူးတယ် မဟုတ်လား ဝင်းမျိုး" ဟု မေးပြော ပြောလိုက်သည်။ ဝင်းမျိုး ခေါင်းညိတ်၏။ ထို့နောက်
“ငါ မြင်ဖူးပါတယ်။ အရပ်မြင့်မြင့် အသားဖြူဖြူလေ”
“အလကားပါ..ငါ ခုတော့ စိတ်မဝင်စားပါဘူး”
လှိုင်ထွန်း ငြင်းသည်။ သူက
“မနက်ဖြန် ကျောင်းဖွင့်ရင် ငါ ငွေဖလား ယူသွားရမယ်”
ဝင်းမျိုးက မျက်နှာရှုံ့သည်။ “ဟင်း...” ဟု သက်ပြင်းချပြီး
“အုတ်ကန်မှာ မြေဖြူရေးထားတဲ့ ဓာတ်ပုံကို အဲဒီဖလားထဲ ထည့်ရမှာကွ”
လှိုင်ထွန်းက ဟဲ...ဟဲ...ရယ်ပြီးတော့မှ
“ရေ လာကန်တော့တာပါလို့ ပါးစပ်ကပါ ပြော၊ သိလား တင်အောင်ရှိန်”
“မင်းတို့ပေးတဲ့ အကြံဉာဏ်အတိုင်းဆိုရင် မလွင်နဲ့ ငါနဲ့ အဆင်ပြေမယ်လို့ အာမခံလား”
လှိုင်ထွန်းက “အာမ ခံနိုင် မခံနိုင်တော့ မသိဘူး၊ ကျောင်းမှာ မင်းနာမည် ကျော်မှာတော့ သေချာတယ်။ ရည်းစားစာကို ငွေဖလားထဲထည့်ပြီး မိန်းကလေးကို ဆက်တယ်လို့” ဟု ပြောသည်။ သူတို့နှစ်ယောက်က ဝါးခနဲ ရယ်စရာတွေ ပြောပြီးတော့မှ သူက
“မနက်ဖြန်ဆိုတာ ဒီညလွန်ရင် ရောက်ပြီပဲ”
“တွက်……တွက်…နှင်းနှင်းလွင်ရေ…သနားချစ်လေးနဲ့ပဲ ပြန်ချစ်ဖို့ သင့်နေပါပြီ။ ငါတို့ ထောက်ခံချက် ပေးပါတယ်ဟာ။ ဒီသူငယ် စာရိတ္တမကောင်းတာလေးက လွဲရင် ဘာတစ်ခုမှ မတော်ပါဘူးလို့” ဟု ဝင်းမျိုး ပြောသည်။ လှိုင်ထွန်းက ဝင်းမျိုးကို လက်တို့ကာ
“မနက်ဖြန်ဆိုတာကို မိုက်ကရိုစက္ကန့်ပါတွက်ပြီး စိတ်ကူးနေတာ၊ ဪ... ဒီမဟာကမ္ဘာကြီးမှာ မလွင်ဆိုတဲ့ မိန်းကလေးကို မြင်လိုက်ရခါမှ ဒီသတ္တဝါ အိပ်မဝင်၊ စားမပျော် သီချင်းတကြော်ကြော်နဲ့ ဖြစ်နေရရှာတာ”
*
စင်္ကြံအတိုင်း လျှောက်သွားရင်း ဖွေရှာသောအကြည့် သူကြည့်သည်။ သင်တန်းချိန် ဖြစ်သောကြောင့် အခန်းအပြင်ဘက်တွေမှာ ကျောင်းသား ကျောင်းသူတွေနည်းလှသည်။ ခန်းမကြီးဘက်သို့အကွေ့တွင် ရိပ်ခနဲ မြင်လိုက်ရသကဲ့သို့ ဖြစ်သွား သည်။
စာသင်ခန်းဘက်သို့ ခြေနောက်ပြန်ဆုတ်ပြီး ကြည့်သည်။ ရှေ့ဆုံးတန်း၊ တံခါးဘက်က ခုံရှည် လက်ယာဘက်အစွန်ဆုံး အုတ်နံရံနှင့် ကပ်လျက်ထိုင်နေသော နှင်းနှင်းလွင်။ သူ့ကို မမြင်၊ ဆရာမ သင်နေသည်ကို မှတ်စုလိုက်ရေးနေသည်။
ဝရန်တာဆီသို့ သူ လျှောက်သွားရင်း ရင်ထဲမှာ တလှပ်လှပ် ဖြစ်လာသည်။ မြင်သာသောနေရာတွင် ဝရန်တာပေါင်ကို ကျောမှီပြီး သူရပ်၏။ ဝင်းမျိုးတို့ပါလာ လျှင် ကောင်းစွဟု အောက်မေ့၏။ “တွေ့ပြီဟေ့…တွေ့ပြီ” ဟု ဝမ်းသာအားရ အော်ပြေးကာ ပြောပြလိုက်ချင်သည်။
လှိုင်ထွန်းတို့ကို သွားပြော၍ မဖြစ်သေး။
ကျောင်းချိန်အပြီးတွင် ပျောက်သွားမည်။ နောက်နေ့တွင် ဤခုံ ဤနေရာမှာ တွေ့ချင်မှ တွေ့ရမည်။ တွေ့နေသည်ကို အခွင့်အရေးတစ်ရပ်အနေနှင့် လက်လွှတ်ရန် မဖြစ်သေး။ စာသင်ချိန် တစ်ချိန်အကုန်အထိ စောင့်ရသည်။ လက်ပတ်နာရီကို ကြည့်လိုက်၏။ ၁၂ နာရီထိုးရန် မိနစ် ၂ဝ လိုသေးသည်။
ပျော်လာသောကြောင့် ဖြစ်မည်။ ခြေညောင်းသည်ကိုပင် သတိမရတော့။ ဪ... သူ ငါ့ကို မမြင်သေးပါလားဟု မချင့်မရဲ ဖြစ်လာ၏။ ရပ်သင့်သည် ထက် ပို၍ကြာလာသဖြင့် မှတ်စုမှတ်နေရာမှ ကျောင်းသူကျောင်းသားတချို့က လှမ်းကြည့်ကြသည်။ မဆိုင်သူတွေ ကြည့်ကြပြီး သက်ဆိုင်သူက မျက်နှာမူဖော်ပင် မရသေး။
ဆရာမ၏ စာသင်သံကို အကဲခတ်ရသည်မှာ ပို့ချချက်တစ်ရပ် အဆုံးသတ် တော့မည့်လက္ခဏာ ပါလာသည်။ ထိုခဏတွင် နှင်းနှင်းလွင်က အပြင်သို့ လှမ်းကြည့်သည်။ ဝရန်တာတွင် တစ်ယောက်တည်း ရှိနေသဖြင့် မျက်နှာလှည့်လိုက် သည်နှင့် မျက်လုံးချင်း ဆုံလေသည်။
အံ့အားသင့်သွားသော မျက်နှာကို ချက်ချင်း ဣန္ဒြေဆည်လိုက်မှန်း သတိပြု မိသည်။ သူ့ကို မျက်တောင်မခတ် ကြည့်နေသည်။ မှတ်မှတ်သားသား ဖြစ်လောက် သော အခိုက်အတန့်။ ထို့နောက် မျက်နှာလွှဲလေသည်။
ရင်ထဲမှာ စိမ့်ခနဲ ခံစားလိုက်ရသည်။
ထိုစဉ် ဆရာမက အခန်းအပြင်သို့ ထွက်လာ၏။ ကျောင်းသူ ကျောင်းသားတွေ အခန်းအပြင်သို့ ထွက်လာကြလေသည်။ နှင်းနှင်းလွင်သည် ထိုင်လျက်ပင် ရှိသေး၏။ အခန်းထဲမှာ ကျောင်းသူတစ်စု၊ ကျောင်းသားတစ်စုသာ ရှိတော့မှ တံခါးဝသို့ သူ လျှောက်သွားသည်။ ခုံစွန်းနှင့် တစ်တောင်သာသာ သူရပ်ပြီး ပြုံးသည်။ ပြန်ပြီး ပြုံးဖော်ရသားပဲဟု ဝမ်းသာရသည်။
“နေကောင်းတယ်နော်”
“နေကောင်းလို့ ကျွန်မ ကျောင်းတက်နေတာပေါ့”
“မမာလာတင်ကော”
“သူ့အိမ်မှာ သူနေတာပေါ့ရှင့်”
“ဒေါ်မြဆွေကော”
“ရှင့်အသိတွေ ကျနေတာပဲ။ သတင်းမေး၊ ဘာမေးနဲ့”
“ဟဲ.. ဟဲ...” ဟူသော ရယ်သံမှတစ်ပါး သူ့နှုတ်က ဘာစကားမျှမထွက်။ ပြောစရာမရှိ၍ နှစ်ဦးကြားတွင် စကားပြုပြီး ပြောမိပြောရာ ပြောရသည်။
“တောင်တော်မောင်နှမဘုရားပွဲက တော်တော်ပျော်စရာကောင်းတယ်နော် မလွင်”
“နာမည်ကို အပြည့်အစုံခေါ်...”
ငေါက်ဆတ်ဆတ်လေသံကို ပြန်လည်ကြားရသည်။ သူပြုံးကာ
“ခင်ဗျားက ကြုံရင် ဟောက်တာ၊ ဆူတာ၊ မာန်တာချည်းပဲ။ မစ္စ ကြုံဟောက် ဆူမာန်လို့ပဲ ခေါ်ချင်တယ်”
ထိုစဉ် ပြုံးမယောင် မျက်နှာကို လှစ်ခနဲ မြင်လိုက်ရ၍ သူ အားတက်သွားသည်။
“ရှင်... ဘာပြောစရာရှိလို့လဲ၊ ပြန်တော့လေ။ ဘာမှမှ မရှိတာ”
“ဟာဗျာ၊ မနှင်းနှင်းလွင်က အပြောရက်စက်လိုက်တာဗျာ။ ကျွန်တော်တစ်မနက်လုံး လိုက်ရှာနေရတာတောင် အားမနာဘူး”
“စာသင်ချိန် ခြေရှည်နေတာ၊ ဘာအားနာစရာလိုသလဲရှင့်”
“ဪဗျာ.. အသိဖြစ်ခဲ့တာလေးကိုတောင် ခင်ဗျား သတိမရချင်တော့ဘူးလား”
နှင်းနှင်းလွင် ခေါင်းခါကာ
“ဘုရားပွဲမှာသိခဲ့တာ ဘုရားပွဲမှာပဲ ထားခဲ့ပြီးပြီလေ”
“ပြတ်လှချည်လားဗျာ”
“မပြတ်ရအောင် ဘာအကြောင်းမှ ရှိမှမရှိတာ”
"သင်္ကြန်ရေ လောင်းခဲ့ဖူးတာကိုတောင် ခင်ဗျား အသိအမှတ်မပြုတာ အံ့ရော”
“ရေလောင်းဖူးတဲ့သူတွေ မှတ်သားထားရအောင် ကျွန်မက သိကြားမင်းမှ မဟုတ်တာပဲ”
“ကျွန်တော် ခင်တာကို ပစ်စလက်ခတ် အဆက်ဆံခံရတာ ဒီတစ်ကြိမ်ပဲ ကြုံဖူးတယ်”
“ကိုယ့်ဘာသာကိုယ်နေရင် ဒီလို ဘယ်ကြုံရမလဲရှင့်”
“မနက်ဖြန် ဒီအချိန်မှာ ဒီအခန်းမှာပဲ သင်ရမလား”
“တော်ကြာကျရင် ကျွန်မ ကျောင်းက ထွက်တော့မယ်”
သူ ရယ်လေသည်။ တင်းမာသော မျက်နှာမျိုးတော့ နှင်းနှင်းလွင်မှာ မရှိ။
“ဘုရားပွဲမှာ ရေတွင်းနားမှာတုန်းက ကျွန်တော် မေးတာလေးကော”
“ကျွန်မ ဘာမှမှတ်မထားတတ်ဘူး”
“ဒါဖြင့် အုတ်ရေကန်မှာ မြေဖြူနဲ့ ဘာလို့ရေးခဲ့လဲ”
ထို့နောက် သူ့ကိုကြည့်ကာ ခေါင်းခါပြီးနောက် နှုတ်ခမ်းထောင့်ကို ဆတ်ခနဲ တွန့်၏။
“ကျွန်မက ဘာလို့လက်ညောင်းခံရမှာလဲ”
သူ ပြုံးလိုက်၏။ “ပြန်တော့လေ...” ဟု သူ့ကိုနှင်၏။ “ကောင်းပါပြီဗျာ။မနေစေချင်မှတော့ ပြန်ပါ့မယ်” ဟု သူပြောသည်။ မာကျောလေခြင်းဟု စိတ်မကောင်း ဖြစ်ရသည်။ ကိုယ်ကိုလှည့်ပြီး လှမ်းခါစတွင်
“ဒီမယ်"
သူ သမင်လည်ပြန်ကြည့်ခိုက်
“နောက်လည်း လာမတွေ့တာ အကောင်းဆုံးပဲ”
ရင်ထဲတွင် အောင့်ခနဲ ဖြစ်သွားရသည်။ သူ အင်းမပြော၊ ခေါင်းမညိတ်။ မျက်နှာပျက်သွားသည်ကို နှင်းနှင်းလွင် မြင်ပေလိမ့်မည်။
[] [] []
[ ၇ ]
သူငယ်ချင်းတွေက ဟားတိုက်ပြီး ရယ်ကြလေသည်။
ခေါင်းကို တစ်ချက် နှစ်ချက် ကုတ်ပြီးနောက် သူ စီးကရက်ဖွာ၍သာနေ၏။ ထိုင်ခုံပေါ်တွင် ဒူးတစ်ဖက်ထောင်ကာ ထိုင်လိုက်သော လှိုင်ထွန်းက လက်ဖက်ရည် တစ်ငုံငုံ၏။ ရယ်ပြီးစ မျက်နှာနှင့် သူ့ကိုကြည့်ကာ
“မေတ္တာ တော်တော် ထားလိုက်တာပဲ တင်အောင်ရှိန်၊ နောင် မလာပါနဲ့တဲ့”
“မင်း ရင်ထဲ အတော် အောင့်သွားမှာပဲနော်”
ဝင်းမျိုး မေး၏။ သူ မျက်နှာရှုံ့လိုက်သည်။
“ငါ သူ့ကို စကားစမြည် သွားမပြောတော့ပါဘူး။ နေ့တိုင်း သွားပြီး တစ်ခေါက် တစ်ခေါက် ကြည့်မယ်”
သူ့စကားအဆုံးတွင် ဝင်းမျိုးက
“မျှော်တော်မူ ဇာတ်ကားပေါ့”
“ရွှေလည်တိုင်လို့လည်း ခေါ်လို့ရပါတယ်”
လှိုင်ထွန်းကပါ မှတ်ချက်ပေးသည်။ “နာမည် ပြောင်းလိုက်ပါလား” ဟုလှိုင်ထွန်း ဆက်ပြောပြီး
“တင်အောင်ငေးလို့”
သူ ပြုံး၍သာ နားထောင်နေ၏။
*
မိုးသားဖြူဖြူ။ တိမ်ညိုမှောင်ကင်းလျက်နှင့် ဝေါခနဲ ရွာချလိုက်လေသည်။ မိုးဦးလေပြင်းကပါ ဝီဝီမြည်ပြီး တိုက်ခတ်လာသည်။ လမ်းပေါ်ရှိ ရွက်ခြောက်တွေ လွင့်စဉ်သွားလေသည်။ သစ်ကိုင်းတွေ ယိမ်းကာ နွဲ့ကာ လှုပ်နေ၏။ သစ်ရွက် တို့သည် မိုးသက်လေပြင်းဒဏ်ကို ဖျပ်ဖျပ်ခါပြီး ခံနေရ၏။ သစ်ပင်ကြီးတို့သည် ပင်လုံးညွတ်မတတ် လေကြမ်း ထိနေ၏။
အိုက်စပ်သော မိုးရာသီ အစသည် ချက်ချင်း ပြောင်းလဲသွားသည်။
ကွမ်းတစ်ယာညက်သာသာ ကြာသောအခါ လေတိုက်အား လျော့သွားသည်။ မိုးသီးမိုးပေါက်တို့ မဟုတ်တော့။ မိုးဖွဲသည် စွေမည့်လက္ခဏာ ရှိလာလေ၏။ မြေပေါ်မှာ ရေတွေလျှံကာ စီးကာ ရှိသေးသည်။ အဆောင်တံစက်မြိတ် ရေမြောင်း တွေမှာ ရေပြည့်နေ၏။ မြက်ခြောက်ခင်းတွေမှာ ရေအောက်သို့ ရောက်နေသည်။ လေပင့်ခဲ့သဖြင့် ဝရန်တာအတွင်း စင်္ကြံလမ်းမှာ ရေတွေစိုရွှဲနေသည်။
ရပ်နေကျ ဝရန်တာမှာ ရေစိုနေရုံမျှမက သမံတလင်းမှာ ရေထွက်ပိုက်လုံး ပိတ်ဆို့နေဟန်တူ၏။ ရေတွေ အတော်တင်နေသည်။ သူရပ်လိုက်သည်။ ဝရန်တာ ပေါင်ကို ကျောမှီ၍ မဖြစ်၊ အရပ်ရ အနေရ ကသိကအောက် ဖြစ်နေလေသည်။ စာသင်ခန်းထဲတွင် ကျောင်းသူကျောင်းသားတွေ စာသင်နေသည်။ ဆရာ၏အသံကို သဲ့သဲ့ကြားရသည်။
နှင်းနှင်းလွင်သည် သူ့ကိုမြင်သည်။ ခေါင်းငိုက်ငိုက်ထားပြီး မှတ်စုဖတ်နေသည်။
စာသင်ချိန်တစ်ချိန် ကုန်သွားသည်။
သူ လှမ်းကြည့်ပြီး ရပ်နေရာမှ ခြေလှမ်းသည်။ ကိုယ့်စာသင်ခန်းရှိရာ ကိုယ်သွားရန် လှေကားဆီသို့ သူ ခြေလှမ်းမှန်မှန်သွားသည်။ နေ့စဉ် ပြုနေသမျှ ဝတ္တရားကဲ့သို့ ဖြစ်နေသည်မှာ တစ်လပင် ပြည့်တော့မည်။ ငေးမောကာ ကြည့်ရသော အလုပ်သည် အချစ်၏ ဝတ္တရားတစ်ရပ်ပင်ဖြစ်မည်။
ငေးမျှော်သူကို ပြန်လည်ကြည့်သောသူ၏ မျက်လုံးအစုံတွင် အချစ်မရှိဟု အောက်မေ့ဖြစ်ခဲ့သည်။ သူ အသိအမှတ် တုံ့ပြန်ပါမှ ငါ့မေတ္တာက အရာဝင်မှာလား ဟု တွေးခဲ့သည်။ ကြေညာတာ ငါ့အလုပ်၊ လျစ်လျူရှုချင်တာ သူ့အလုပ်။ ချစ်တဲ့သူက ငါ၊ မချစ်တဲ့သူက သူ။ ကိစ္စမရှိပါဘူး၊ သိပ်ရပါတယ်၊ ဘာဖြစ်လဲဟု တွေးရင်း စာသင်ခန်းထဲသို့ ဝင်ခဲ့သည်။
*
ရင်ထဲမှာ တင်းကျပ်စွာ ဆွေးမြည့်သလို ခံစားရသည်။
မလွင်မှာ အသည်းနှလုံးမရှိဟု စွပ်စွဲချင်စိတ်ပင် ပေါက်လာလေသည်။ ထိုမျှ စိမ်းကားနိုင်လွန်းသူကို မတွေ့ဖူးခဲ့၊ ကြားဖူးခဲ့ခြင်းပင်မရှိ။ လူတွေမှာ မေတ္တာတရားရှိသည်ဟု ဆိုရိုးရှိသည်။ သို့သော် ခြွင်းချက် ထားရပေလိမ့်မည်။
နှင်းနှင်းလွင်မှာ ကြင်နာမှုမရှိဟု ပြောစရာဖြစ်နေ၏။ သစ်ငုတ်တွေသည် လှုပ်လွန်းလျှင် နဲ့သည်ဟု ကြားဖူး၏။ နှင်းနှင်းလွင်သည် ဥပေက္ခာ ပြုနိုင်လွန်း၏။ အံ့ဖွယ်ကောင်းသကဲ့သို့ မယုံနိုင်ဖွယ်လည်း ဖြစ်နေသည်။
ထိုသို့သော မိန်းကလေးကို မေ့ပစ်ဖို့ ကောင်းလှသည်။
မည်သို့မျှ မေ့ပျောက်၍မရနိုင်မှန်း ကိုယ့်ကိုယ်ကိုယ် သိသောအခါ အပြစ် တင်မိသည်။ နှင်းနှင်းလွင်ကိုတော့ မဟုတ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုဖြစ်ခဲ့သည်။ မေတ္တာကို ကိုယ်ကသာ ပေးအပ်ချင်သည်ဟူသောအပြောကို ပြန်လည်စဉ်းစား မိသည်။ ပြန်လည်အပ်နှင်းသည်ကို အလိုမရှိဟု မပြောချင်။
မရရှိခါမှ မရစေ၊ မျှော်တော့ မျှော်လင့်ထားသည်။ မျှော်ရကျိုး နပ်သည် မနပ်သည် မတွက်ဆလိုခဲ့။ သို့ရာတွင် ထိုမျှ ပစ်ပစ်ပယ်ပယ် ဆက်ဆံသည်ကိုကား စိတ်မကောင်း။
တချို့သောသူတို့သည် ရက်စက်တတ်ပါတကားဟု တွေး၏။
တချို့သောသူတို့၌ ကရုဏာတရားသည် မွေးဖွားပြီ၊ လူဖြစ်စကပင် ပါမလာခဲ့ ဟု ထင်သည်။
*
“သူငယ်ချင်း... အချစ်ကို စလည်းတွေ့ရော နှလုံးသားရင်ကျပ်ပန်းနာရောဂါ ခံစားနေရပြီလား”
လှိုင်ထွန်းက ခုတင်ပေါ်တွင်လှဲပြီး သူ့ကိုမေး၏။ ပက်လက်ကုလားထိုင်တွင် ထိုင်နေသော သူက
“တကယ်လို့ အချစ်ဆိုတာ ၉၆ ပါးရောဂါထဲမှာပါရင် အဆိုးဆုံး ရောဂါ ဝေဒနာပဲ”
“ပြောစမ်းပါဦး။ ဘဝတွေ ဘဝက်တွေ” ဟု သူ့ကို နောက်သည်။ ပြတင်း ခန်းဆီးကို လေတိုးသဖြင့် ဖျပ်ဖျပ်လှုပ်နေသည်ကို သူ ငေးကြည့်နေ၏။ သူ မဲ့ပြုံးပြုံးပြီး
“လူတွေဟာ ဘာဖြစ်လို့များ တစ်ယောက်တည်းနေတဲ့အကျင့်ကို မကျင့်ခဲ့ကြတာလဲမသိဘူး။ နှစ်ယောက်နေတဲ့ အိမ်ထောင်ရေးစနစ်ကို ထူထောင်ခဲ့ကြတယ်”
“တစ်ယောက်တည်းဆိုရင် သရဲကြောက်လို့ဖြစ်မှာပေါ့”
“အကောင်းပြောတာ၊ မင်းလည်း စဉ်းစားကြည့်”
လှိုင်ထွန်းက သူ့ဘက်သို့ ကိုယ်စောင်းသည်။ ခေါင်းကို လက်ဖဝါးဖြင့် ထောက်ကာ
“သတ္တဝါတိုင်း ဗီဇ လိုအပ်ချက်ကိုးကွ”
“လူက ပိုပြီးရှုပ်ထွေးတယ်”
“သတ်မှတ်ချက်တွေ၊ တန်ဖိုးဆိုတာတွေ များတာကိုး၊ ပညတ်များတော့ ရှုပ်ထွေးတာပေါ့”
“လူဟာ ယဉ်ကျေးမှု များပြားလာလေလေ စံထားချက်တွေ၊ ရွေးချယ်မှုတွေ ထွေပြားလေပဲလို့ ငါထင်တယ် လှိုင်ထွန်း၊ မင်း ဘယ်လိုထင်လဲ”
သူ့ကိုကြည့်ရင်း “အင်း” လိုက်၏။ ထို့နောက် လှည့်နေရာမှ တင်ပျဉ်ခွေ ထိုင်သည်။ စာရေးစားပွဲစွန်းတွင် လက်တင်ပြီး
“ကျောက်ခေတ်တုန်းက ကိုယ်ရှာထားတဲ့ အသီးအနှံ၊ သားကောင်ကို သူများ ခိုးသွားလို့ အကြီးအကဲ သွားတိုင်ပြောတယ်။ ခုကျတော့ ကိုယ့်ကွန်ပျူတာ အခိုးခံရ လို့ ရဲစခန်းကို ရေဒီယိုဖုန်းနဲ့ လှမ်းတိုင်တယ်။ အခြေခံ အချက်တွေကတော့ မပြောင်းဘူး၊ ဒီအတိုင်းပဲ၊ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အချစ်ရယ်၊ အိမ်ထောင် သားမွေးရယ်ဆိုတာ အခြေခံအချက်ပဲ။ ကျောက်ခေတ်က အချစ်နဲ့ ငါတို့ဘိုးဘွား လက်ထက်က အချစ်ရယ်၊ ငါတို့ခေတ် အချစ်ရယ်၊ ယူဆတွေးခေါ်တာ ကွာမှာပဲ၊ အထူးသဖြင့် အမျိုးသမီးတွေအဖို့”
သူ ခေါင်းညိတ်သည်။ သူ တွေးမိခဲ့သည်ကို သတိရ၍
“ခင်ပွန်းဆိုတာ မှီခိုဖို့အဖော်၊ မယ်တစ်ရွက်။ လင့်လုပ်စာ ထိုင်စား၊ မယား ဝတ္တရားနဲ့အညီနေ ဟိုတုန်းက၊ ခုကျတော့ အမျိုးသမီးတွေက အလုပ်ခွင်ထဲ ဝင်ကြပြီ။ ယောက်ျားမယူဘဲနဲ့ ကိုယ့်စားဝတ်နေရေး ကိုယ်ဖန်တီးနိုင်ပြီပဲ။ ယောက်ျားကို အားကိုးရတယ်ဆိုတာ တစ်စတစ်စ ပပျောက်လာတယ်။ နှစ်ယောက်အိမ်ထောင်ပြု သားသမီးမြေးမြစ်နဲ့ အဆောက်အဦတစ်ခုဆောက်ချင်လို့ တည်ဆောက်တဲ့ အဓိပ္ပာယ်ပဲ ရှိတယ်။ လောက တစ်ခုလုံးထဲက လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်နိုင်ငံရဲ့ လူ့အဖွဲ့အစည်း လိုပဲ။ အိမ်ထောင်ရေး လူ့အဖွဲ့အစည်းဆိုတာ အသေးဆုံးပမာဏ၊ အဲဒီဥစ္စာကိုနှစ်ယောက်ပေါင်းပြီး ထူထောင်တာလို့ ငါထင်တယ်”
“ဟုတ်တယ်လေ၊ အဲ့ဒီမှာ အချစ်ကို ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ဘာသာပြန်ဖွင့်ဆို ချက်ပေးပြီး ရွေးချယ်ကြတာပဲ”
လှိုင်ထွန်း၏စကားကို သူ ခေါင်းညိတ်သည်။ လှိုင်ထွန်းက ခေါင်းအုံးကို ပေါင်ပေါ်တွင်တင်သည်။ ခေါင်းအုံးနှစ်လုံးဆင့်ပေါ်တွင် လက်တင်ပြီးနောက်
“တချို့က အဲဒီရွေးချယ်တာမှာ ဈေးသည်စိတ်နဲ့ တွက်တယ်။ ငွေကြေး သြဇာအရှိန်အဝါကိုပါ တွက်တယ်။ မြို့စားကြီးရဲ့ သမီးတော်ကို ရအောင်ယူတာ ဟာ သမီးတော်ကိုလည်း ယူတယ်၊ မြို့စားကြီးရဲ့ အရှိန်အဝါကိုလည်း ဖဲ့ယူတာပဲ မဟုတ်ဘူးလား။ သူဌေးသားကို ရအောင်ယူတာလည်း အဲသလိုပဲပေါ့။ သူဌေးသား ကိုရော သူဌေးကြီးရဲ့ ဓန တစ်စိတ်တစ်ဒေသကိုရော ယူတာ။ ဒါက ဈေးကွက် အိမ်ထောင်ရေး”
“အဲဒါကိုက ရှင်းနေတာ၊ အချစ်နဲ့ဆောက်တဲ့ အိမ်ထောင်ရေးမှ မဟုတ်တာ”
“ဟုတ်တယ် တင်အောင်ရှိန်၊ ဒါပေမဲ့ ဒွန်းစဏ္ဍားက ဘုရင့်သမီးတော်ကို ရအောင်ယူတယ်။ ဒွန်းစဏ္ဍားက ဘုရင့်သမက် ဖြစ်မလာဘဲ သမီးတော် ဒွန်းစဏ္ဍား မယားဖြစ်ရင် ဘုရင့်သမီးတော် ချစ်တာ မှားလား မှန်လား”
သူ ပြုံးသည်၊ ခဏစဉ်းစားသည်။ လှိုင်ထွန်းက သူ့အဖြေကို စောင့်နေ၏။ သူ ချောင်းတစ်ချက်ဟန့်ပြီး
“အိမ်ထောင်ရေးအတွက် အာမခံချက်မရှိတဲ့ အခြေအနေကို အချစ်ရှေ့တန်းတင် ပြီး ဆုံးဖြတ်ရင် မှန်တယ်လို့ ငါမယူဆဘူး”
“မင်း မှန်တယ်” ဟု လှိုင်ထွန်းကို အင်္ဂလိပ်လို ပြောသည်။ ထို့နောက် ပေါင်ပေါ်ရှိ ခေါင်းအုံးကို နေရာတကျ ပြန်ထားပြီး ခြေချ၍ထိုင်ကာ
“မျက်ကန်းအချစ်ဆိုတာ အလကားပဲ။ ဈေးတွက် တွက်တဲ့အချစ်လည်း အလကားပဲ။ ဘဝကို အဓိကထားပြီး အချစ်ကို စဉ်းစားဆုံးဖြတ်ရမှာပဲ။ လှလို့ ချောလို့ ဖြောင့်လို့ တောင့်လို့ချစ်တယ်၊ ငွေရှိလို့ချစ်တယ်၊ အာဏာရှိလို့ ချစ်တယ် ဆိုတာတွေ ရှိတယ်။ အဲဒါက တပ်မက်မှု၊ လှတာ၊ ငွေတို့၊ အာဏာတို့က တည်မြဲတဲ့အရာတွေမှ မဟုတ်ဘဲ၊ အဲဒါတွေလည်း မရှိရော တပ်မက် မက်မော စရာတွေလည်းပျောက်ရော ဖြစ်ကြတာတွေ အများကြီးပဲ၊ မေတ္တာစစ် မေတ္တာမှန်၊ အချစ်စစ် အချစ်မှန် အရင်းခံမရှိရင် နောင်လည်းကျရော ကွဲကြရော။ လင်ကွာမယားကွာ သိပ်များရင် ကောင်းတာမဟုတ်ဘူး၊ ဒါ ငါတွေးမိတာပါ"
“မင်းပြောတာ ဟုတ်ပါတယ်” ဟု သူ ထောက်ခံသည်။ ပက်လက်ကုလား ထိုင်တွင် ကိုယ်မတ်မတ်ထားပြီး သူ ထိုင်ရင်းနှင့်
“မလွင် ငါ့ကို ခါးခါးသီးသီး ဆက်ဆံနေတာ ငါ သဘောပေါက်ပါတယ်။ သူ ငါ့ကို သဘောမကျစရာရှိလို့ပေါ့၊ အိမ်ထောင်ဖက်အထိ စဉ်းစားမယ်၊ မဖြစ်နိုင် စရာရှိမယ်၊ အားနာလို့ ဘာလို့ ညာလို့ ငါ့ကို လက်သင့်မခံဘူး။ ချစ်သူအနေနဲ့က သူ လက်ခံနိုင်တယ်ထား... လက်မထပ်နိုင်ရင် ချစ်သူအနေနဲ့ပါ သူ မစဉ်းစားတဲ့ သဘော၊ အတွယ်အတာ ဖြစ်လာမှာကိုတောင် သူ ငြင်းပယ်နေတာ”
“ဒါပေါ့ တင်အောင်ရှိန်”
“စိတ်ဓာတ်အရတော့ သူက ပိုပြတ်သားနေတယ်။ ငါက အရမ်းလျှော့နေ ရတယ်။ သိပ်အောက်ကျို့ခံနေရသလိုပဲ။ အတန်းမရှိရင် သူ့ဌာနဆီ ခြေထောက်က ရောက်ရော၊ တစ်နေ့တစ်ခေါက်မှ သူ့ကို မမြင်ရရင် တစ်ခုခုဟာနေသလိုပဲ၊ ဝဋ်ခံနေရသလိုပဲ”
ပြောပုံကြောင့် လှိုင်ထွန်း ပြုံး၏။ နဖူးကျယ်ကို လက်ဖဝါးဖြင့် တစ်ချက်ပွတ်ပြီး “အင်း...” ဟု အသံရှည်ပြုပြီး
“ကြာရင် မင်းရိုးသွားမှာပါ၊ စာမေးပွဲနီးနေပြီပဲ။ စာကျက်ရတော့ မေ့သင့် သလောက် မေ့သွားမှာပေါ့”
“မထင်ပါဘူး”
“အချိန်ဟာ နှလုံးသားအတွက် ကျားလျှာပဲ။ တတိတိ ပွန်းပွန်းပြီး ပျောက် သွားတတ်တယ်။ ဝေဒနာနဲ့ အချိန်ဟာ ပရုတ်လုံးနဲ့ လေလိုပဲ။ ကြာရင် ပျောက် သွားတဲ့သဘော၊ ရှေ့နှစ်ခါဆို မင်း ခုလောက် မဖြစ်တော့ပါဘူး”
“စောင့်ကြည့်ရမှာပဲ၊ ငါ့ကိုယ်ငါ "
စာမေးပွဲဟူသောအသံကြောင့် “အင်း… စာမေးပွဲပြီးရင် သူ့ကိုမြင်ရဖို့ ခုလို မလွယ်တော့ဘူး” ဟု တွေးမိသည်။
** ***
၄ဆက်ရန်
* နွေဦးဝင်သော် * { ၄ }
ငြိမ်းကျော်
[ ၈ ]
လှေကားအနီးရှိ စင်္ကြံထောင့်တွင် ရပ်နေသော နှင်းနှင်းလွင်ကို တွေ့လိုက်ရ၍ ခြေတုံ့မတတ် ဖြစ်သွားရ၏။ နှင်းနှင်းလွင် ရပ်နေရာသို့ သူ တည့်တည့်သွားသည်။ နှင်းနှင်းလွင်သည် မာကျောနူးညံ့ခြင်းကင်းသော မျက်နှာထားနှင့်ရှိ၏။ အနီးသို့အရောက် သူရပ်သည်။ “အတန်းမရှိဘူးလား” ဟု မေးလိုက်သော သူ့ကို
“ရှိတယ်”
“ဘာလို့ စာသင်ခန်းထဲ မဝင်တာလဲ” ဟု မေး၏။
“ရှင်နဲ့ စကားပြောချင်လို့”
လေယူလေသိမ်းမှာ ခပ်ပြတ်ပြတ်ပင်။ “ဟုတ်လား..” ဟု သူပြောသည်။ ဆက်ပြောစရာ စကားမရှိ၍ အဝေးသို့ မျက်လုံးလွှဲထားသည်။ ခပ်ပါးပါး ရွာနေသော မိုးကို လှမ်းကြည့်နေစဉ်
“ရှင် စာသင်ခန်းနား လာလာရပ်ပြီး ကျွန်မကို ကြည့်ကြည့်နေတာ ကျွန်မ မကြိုက်ဘူး”
“ဟာဗျာ”
“မဟာဗျာနဲ့...၊ အတန်းထဲက သူငယ်ချင်းတွေရော ဘေးက အကုန်ရိပ်မိကြတယ်။ ဘယ်ကောင်းမလဲ”
“ကျွန်တော်က ပိုစတာကိုင်ပြီး မနှင်းနှင်းလွင်ကို လာကြည့်နေခြင်းဖြစ်သည်လို့ လုပ်တာမှမဟုတ်တာ၊ အထင်နဲ့ ထင်တာလေးပါ”
နှင်းနှင်းလွင်၏ မို့ယောင်ယောင် မျက်ခွံသည် ဆတ်ခနဲ တွန့်သွားပြီး
“အို…ဒီလောက် ပေါ်ပေါ်ထင်ထင်ကြီးဟာ၊ အားလုံး သိကြတယ်။ ကျွန်မသိက္ခာကျတယ်၊ မလာနဲ့၊ လာမရပ်နဲ့၊ လာမကြည့်နဲ့၊ ဒါပဲ”
“အဲဒီနေရာဟာ ရပ်လို့ကောင်းတယ်၊ သုံးထပ်အမြင့်မို့ လေကောင်းလေသန့် လည်း ရတယ်၊ ကျွန်တော် ထိုင်ရဖန်များလို့ လာရပ်တာပဲဗျာ”
“တခြားမှာ သွားရပ်”
“ကျွန်တော့် ပုဂ္ဂလိက လွတ်လပ်ခွင့်လေဗျာ”
“အလွဲသုံးစား လုပ်တာရော၊ သူတစ်ပါးကို ထိခိုက်စေတာရော နှစ်ခုစလုံး ဖြစ်နေတယ်ရှင့်”
“ခင်ဗျား တော်တော်ဆိုးတာပဲ မနှင်းနှင်းလွင်”
“ဒါ သဘောလောက်ပဲ ရှိသေးတယ်”
သူ မျက်မှောင်တစ်ချက် ချီသည်။ ပြည့်ဖောင်းဖောင်း နှုတ်ခမ်းကို တစ်ချက် စုသည်။ စုတ်တစ်ချက် သပ်ပြီးမှ
“ခင်ဗျား ကျွန်တော့်ကို သိပ်ကန့်သတ်လွန်းတယ်ဗျာ၊ အမိန့်ကြေညာချက်ချည်း ဖိပေးနေတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် လာရပ်ကြည့်နေတာလည်း တားမြစ် တယ်။ စာသင်ခန်းထဲမှာ ကျောင်းသူတွေ အများကြီး၊ ခင်ဗျားကို လာကြည့်တယ်လို့ စွပ်စွဲတယ်။ ကျွန်တော် ငြင်းတယ်ဗျာ။ ခင်ဗျားကို ကြည့်တာလို့ ပြောတဲ့သူရှိရင် လက်ညှိုးထိုးပြ။ ကျွန်တော် ဖြေရှင်းပေးမယ်”
နှင်းနှင်းလွင်သည် နုညက်ဖြူဖွေးသော ပါးနှစ်ဖက် စုန့်သည်အထိ ပြုံးပြီး ခေါင်းခါသည်။ “ရှင့်ကိုယ်ရှင် ညာနေတယ်နော်၊ ရှင့်ကြောင့် စာသင်ချိန်တစ်ချိန် အခု ကျွန်မ ပျက်ရတယ်။ မကောင်းဘူး ကိုတင်အောင်ရှိန်၊ ကျွန်မ တောင်းပန်ပါ တယ်၊ မလာပါနဲ့ရှင်” ဟု စိတ်မောသံနှင့် ပြောသည်။ “နေပါဦး” ဟု စကာ
“ကျွန်တော့်ကို ခင်ဗျား ဘာဖြစ်လို့ ဒီလောက် ခါးခါးသီးသီး ခါထုတ်နေတာ လဲဗျာ၊ အခု ခင်ဗျားပြောမှ ကျွန်တော် ပိုအောက်ကျို့ရတဲ့အဖြစ် ထပ်ဖြစ်သွားတယ်”
သူ့ကို ကြည့်နေရာမှ မျက်နှာလွှဲသည်။ သမံတလင်းကို လှမ်းကြည့်နေရင်း
“မဖြစ်နိုင်စရာတွေ အများကြီးရှိတယ် ကိုတင်အောင်ရှိန်”
“ကျွန်တော် မသိရဘူးလား”
မျက်နှာလွှဲထားပြီး ခေါင်းခါသည်။ ထို့နောက်
“ရှင်…ကျွန်မကို တွယ်တာနေတာ ကျွန်မ ဟိုမှာကတည်းက သိခဲ့ပြီးသား၊ ဟိုမှာကတည်းက ကျွန်မ ဖြတ်တောက်နေတာ ရှင်လည်း သိပြီးသားပါ။ ဒီကိုဆက်ပြီး သယ်မလာစေချင်တာလည်း ကျွန်မ ပြောခဲ့သားပဲ၊ ဘာလုပ်မလဲ ကိုတင် အောင်ရှိန်၊ အောင်ခြေရှိမှ ဖြေရတာ ကောင်းတယ်၊ ကျမယ့်အတူတူ မဖြေဘဲနေတာက ပိုကောင်းပါတယ်၊ ဒီသဘောပါပဲ”
ရင်ထဲမှာ မြည့်ခနဲ ခံစားလိုက်ရသည်။ သူ့ကိုကြည့်သော မျက်လုံးအစုံတွင် အဓိပ္ပာယ်တွေတော့ ရှိနေ၏။ မသိတော့ မသိ။ နှင်းနှင်းလွင်၏အသံမှာ ဆတ်မနေ တော့။ သိမ်မွေ့သော ပကတိ လေယူလေသိမ်း။ စကားအဆုံးတွင် သက်ပြင်းချသည်ကို လှစ်ခနဲ မြင်လိုက်ရလေသည်။
“အေးဗျာ၊ စိတ်မကောင်းပါဘူးဗျာ၊ ကောင်းပါပြီဗျာ၊ ကျွန်တော် ဒီမှာလာပြီး ကြည့်တဲ့အလုပ် မလုပ်တော့ဘူး၊ ကျွန်တော့်ကံပေါ့ဗျာ၊ မဟုတ်ဘူးလား”
“လမ်းမှာဆုံတဲ့အခါကျရင်တော့ ကျွန်မလည်း နှုတ်ဆက်မှာပါ”
သူ ခေါင်းတဆတ်ဆတ် ညိတ်သည်။ ထို့နောက်
“ပေးမထားတဲ့အရာကို ပြန်အရုပ်သိမ်းခံရတယ်ဆိုတာက ကျွန်တော် အခု ကြုံနေရတာမျိုးပဲဖြစ်မယ်”
နှင်းနှင်းလွင် ပြုံးသည်။ ဘာမျှမဖြေ။
*
သူတို့နှစ်ယောက် စကားပြောနေကြရာ စားပွဲဆီသို့ ဝင်းမျိုး လျှောက်လာ၏။ “ညက စာဖိကျက်ပြီး မွန်းလွဲခါနီးမှ အိပ်ရာက နိုးလာပုံရတယ်” ဟု လှိုင်ထွန်း ထင်ကြေးပေး၏။ ဝင်းမျိုးသည် အိပ်ရာထမျက်နှာနှင့် လှမ်းပြုံး၏။ စားပွဲအောက်ရှိခုံကို သူ အသင့်ထုတ်ထားလိုက်သည်။
ထိုင်ပြီးတော့မှ “ညက ကျောက်စာတွေ၊ မင်စာတွေ၊ သရဲစာတွေနဲ့ ကျက်ရ မှတ်ရတာနဲ့ သုံးနာရီခွဲပြီးမှ အိပ်ရတယ်” ဟု ဝင်းမျိုး ပြော၏။
“ငါလည်း ပုဒ်ထီး၊ ပုဒ်မတွေ အက်ဥပဒေတွေနဲ့ ညက နပန်းလုံးရတာပဲ၊ ခုမှစုပြီး ကသောကမျော လိုက်ရတာ” ဟု လှိုင်ထွန်းပြောသည်။ လှိုင်ထွန်းက ဝင်းမျိုး မရောက်မီက စကားကို ပြန်ဆက်ပြီး
“ဘာကြောင့်ဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်၊ သူ... မင်းကို နှင်တော့ နှင်တာပဲ။ ဒါပေမဲ့ အားနာပါးနာသံလိုလို၊ ငဲ့ညှာသံလိုလိုလည်း ပါနေတယ်။ လမ်းမှာတွေ့ရင် နှုတ်ဆက်နိုင်ပါတယ်လို့ မပြောဘူး။ သူက နှုတ်ဆက်ပါမယ်လို့ ပြောတာ ကြည့်၊ ပင့်ကူမျှင်လေးလောက် အမျှင် မျှဉ်းမျှဉ်းလေး တန်းနေတာ ငါတွေ့ရတယ်။ သူ့စကားထဲမှာလေ”
“ဘာလဲ” ဟု ဝင်းမျိုး မေး၏။ “မနက်ကကိစ္စကွ၊ သူ့ကို မလွင်က မျှော်တော်ယောင် လာမလုပ်ဖို့ ပြောလိုက်တာ” ဟု လှိုင်ထွန်း ပြောသည်။ သူက အသေးစိတ် ပြန်ပြောလိုက်သည်။ ဝင်းမျိုး နားထောင်နေစဉ် လှိုင်ထွန်းက လက်ဖက် ရည် ချိုပေါ့တစ်ခွက် ထပ်မှာလိုက်သည်။ သူ့စကားဆုံးသောအခါ ဝင်းမျိုးက
“ဆုကြီးချည်း မင်းဆက်တိုက် ပေါက်နေတယ်နော်၊ ကောတာရယ်... ဘု ကန့်လန့်ရယ်... နှင်တာရယ်... တားမြစ်တာရယ်၊ ဒါဖြင့် မင်း ခြေစုံရပ်လိုင်စင် မနက်ဖြန်ကစပြီး အသိမ်းခံရပြီပေါ့”
သူ ရယ်၏။ လှိုင်ထွန်းက ဆိုင်အတွင်းဘက်သို့ မျက်လုံးတဝေ့ဝေ့ပြီး
“ဒီကောင် တစ်ယောက်တည်းဆိုရင် အိညှက် အိညှက် ဇာတ်မျောကြီး ဖြစ်နေမှာပဲ ဝင်းမျိုး၊ မင်းတို့ငါတို့ ဇာတ်ရံမလုပ်ရင် မလွယ်ဘူး။ ငါ နှင်းနှင်းလွင် တို့အိမ်ကို သူ ကျောင်းလာနေတုန်း သွားမယ်၊ မာလာတင့် အိမ်လိပ်စာတောင်းမယ်၊ မာလာတင်ဆီသွားမယ်”
“ကောင်းတယ်” ဟု ဝင်းမျိုး ပြောသည်။ ရောက်လာသော လက်ဖက်ရည် ပန်းကန်ကို ဝင်းမျိုးက မိမိဘက်သို့ရွှေ့၏။ “ဘာအခက်အခဲဆိုတာ ငါလည်း သိချင်တယ်” ဟု ဝင်းမျိုး တွေးသံနှင့်ပြောပြီး “စာမေးပွဲက နီးလာတော့ မြန်မြန် ဆန်ဆန်လုပ်မှ ဖြစ်မယ်” ဟု လှိုင်ထွန်း ပြော၏။
“သူ့အိမ်ကို ငါသိချင်တယ်၊ အိမ်ရှေ့က ဖြတ်သွားရရုံပါ ”
သူ ညည်းပြီး ပြော၏။ လှိုင်ထွန်းက
“စာသင်ခန်းရှေ့မှာ သွားရပ်ကြည့်တာတောင် ဒီလောက်ဆိုရင် အိမ်ရှေ့သာ မင်း လျှောက်ပြန်သံပေး သွားလုပ်ရင် မိုးကြိုးနဲ့ ပစ်ထည့်မှာ သေချာတယ်”
ဝင်းမျိုးသည် ရယ်လေသည်။ သူပြုံးကာ ဆိုင်ဝင်းအတွင်းသို့ ကြည့်သည်။ ဆေးဖြူသုတ်ထားသော ဝါးခြမ်းပြားလေးတွေကို ညီညီညာညာ သပ်သပ်ရပ်ရပ် အရံအတား ပြုထားသော အခင်းအကျင်း။ ဗာဒံပင်တွေ၏ အရိပ်သည် အမိုးမိုး ထားသကဲ့သို့ ရှိလေသည်။
ဇော်စိမ်းပင်တန်းတွေ၊ ရွက်လှပင်တန်းတွေကြားတွင် နှင်းဆီအိုးတွေ အစီအရီ ရှိနေသည်။ ဆိုင်ခင်းရာ မြေကွက်ကြီး၏ အလယ်သာသာတွင် သကြားပင်အို သုံးပင်က တြိဂံထောင့်သုံးပင်ဆိုင်။ လေးထောင့်စားပွဲနိမ့်လေးတွေ၊ ထိုင်ခုံပုလေးတွေ။
တစ်စားပွဲနှင့်တစ်စားပွဲ လေးငါးလံမက ခြားသည်။ ကက်ဆက်သံ မဆူညံ။ ဥရောပဂန္ထဝင်တီးလုံးများကိုသာ တိုးတိုးညင်သာ ဖွင့်လေ့ရှိသည်။
“ဒီတစ်ပတ်အတွင်း မင်းဖြစ်ချင်တာတွေ ဖြစ်ရမယ်ကွာ”
ဝင်းမျိုး ပြောသည်။ သူက လက်ဖက်ရည်ကြမ်း တစ်ကျိုက်သောက်ပြီးနောက်
“မာလာတင်နဲ့တွေ့ရင် ကောင်းမယ်၊ ဘာပြဿနာဆိုတာ သိနိုင်မယ်”
“ဟုတ်တယ်၊ သဲလွန်စ မှန်းနိုင်မှာ သေချာပြီးသား” ဟု လှိုင်ထွန်း တွက် သည်။ သူက မှတ်စုစာအုပ် ပလတ်စတစ် ဂျာကတ်အတွင်းရှိ ဓာတ်ပုံသုံးပုံကို ဆွဲထုတ်လိုက်သည်။ အုတ်ရေကန်တွင် မြေဖြူနှင့် ရေးထားသောစာကို ဓာတ်ပုံရိုက် ထားခဲ့သည့်ဓာတ်ပုံ။ ဝင်းမျိုးက တစ်ပုံယူပြီး မှတ်စုစာအုပ်ထဲသို့ ထည့်ကာ
“တစ်ပုံလျော့ရင် ဒီညအိပ်လို့ ရမှရပါ့မလား”
သူ ပြုံးကာ
“နဂ္ဂတစ်ကော်ပြားပါ ငါတောင်းခဲ့တာ၊ ဖလင်ရှိနေတာပဲ၊ သန်းချီပြီး ကူးလို့ရတယ်၊ မင်းဘာလုပ်ဖို့လဲ”
“တစ်ချိန်ကျ သိမှာပေါ့”
*
အေးချမ်းငြိမ်သက်သော ရပ်ကွက်၏လမ်းသွယ်သို့ ကားဦးတည်လိုက်ချိန်တွင် ရင်ခုန်လာသည်။ မှောင်စမပျိုးတပျိုးအချိန်။ ကားထဲသို့ လှမ်းကြည့်လျှင် မည်သူ မည်ဝါဟု သဲကွဲနိုင်သေးသည်ဟု ထင်သည်။ လမ်းမီးတိုင်တွေ လင်းနေသည်။ ကောင်းကင်အလင်း ရှိသေးသည်။ လှိုင်ထွန်းက
“လမ်းထိပ်တိုက်ကနေ ရေသွား၊ မလွင်တို့တိုက်က ရှစ်ခုမြောက်၊ မလွင်တို့ ခြံခြေရင်းထောင့်မှာ ထီးရိုးဝါးရုံတစ်ရုံရှိတယ်၊ သူတို့တိုက်က တစ်ထပ်တိုက် ပြားပြားပြန့်ပြန့်လေး၊ ပန်းပင်တွေ အများကြီးရှိတဲ့ခြံပဲ၊ အဲဒါတွေမှတ်ထား”
လမ်းသွယ်ထိပ်က ခြံဘေးသို့ရောက်လာသည်။ ဝင်းမျိုးက ကိုရိုလာကားကို ဖြည်းဖြည်းမောင်းသည်။ “ရေလောင်းဖို့လည်း သစ်ပင်အောက်ကနေ ခိုးကြောင်ခိုးဝှက် စောင့်လောင်းရ။ ကျောင်းမှာကျတော့လည်း ခိုးကြောင်ခိုးဝှက် သွားကြည့်ရ။ နေတဲ့အိမ် သိဖို့ကျတော့လည်း ရပ်ကွက်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရ။ အင်း...၊ တင်အောင်ရှိန် မင်းဒုက္ခက သနားရမလို၊ ဟားရမလို” ဟု ဝင်းမျိုးက ကားမောင်းရင်း ပြော သည်။ လှိုင်ထွန်းက ရယ်ချင်သံနှင့်
“ခြေတုန်လက်တုန်ဖြစ်လို့ ကိုယ့်ကားကိုယ် မမောင်းနိုင်တဲ့အဖြစ်၊ မင်း သူ့ကို ဘယ်လောက်ကြောက်ရမှန်း ငါတို့ ခုမှပိုသိရပြီ”
လေးခုမြောက်အိမ်ကို အလွန်တွင် အနောက်ဘက်ခြံတွေဆီသို့ လှမ်းကြည့် သည်၊ ဝါးရုံကို တွေ့ရ၏။ ငါးခုမြောက်အိမ်ရှိရာ ခြံအလွန်တွင် “အဲဒီအိမ်ပါပဲ” ဟု ဝင်းမျိုးက မေးဆတ်ပြီး ညွှန်သည်။ တိုက်ပုပုပြားပြား အလျားပိုရှည်သည်။ မျက်နှာစာတစ်ခုလုံးတွင် သံပန်းတပ်ထားသည်။
ခြံကျယ်သောကြောင့် နှင်းဆီအိုးတွေ အများအပြား တွေ့ရသည်။ ခေါင်းရင်းနှင့် အိမ်ရှေ့ဘက်တွင် မြက်ခင်းရှိသည်။ အိမ်ရှေ့မြက်ခင်းနှင့် စည်းရိုးအစပ်နားတွင် ကွမ်းသီးပင် ငါးပင်ရှိသည်။
“မှတ်မိပြီလား”
လှိုင်ထွန်း မေးသည်ကို သူက
"အင်း"
ဝင်းမျိုးက စက်ရှိန်မြှင့်လိုက်သည်။
*
မာလာတင်က စမ်းချောင်းမှာနေသည်။ ကုန်သွယ်ရေးရုံးမှာ အရာရှိငယ်ဟု သိရသည်။ မာလာတင့်ရုံးကို သုံးလေးရက်ကြာလျှင် လှိုင်ထွန်း သွားတွေ့မည်ဟု ပြောသည်။ “ငါကွာမလွင်တို့အိမ် ခပ်တည်တည်နဲ့ဝင်ရတာ ဘုရားပွဲတုန်းက တွေ့ဖူး ခဲ့တဲ့ မျက်နှာနဲ့သာ တိုးရင် ငါ မလွယ်ဘူး။ အဒေါ်ကြီးတစ်ယောက်နဲ့ တွေ့တာ။ ကျွန်တော် မာလာတင့် သူငယ်ချင်းပါ၊ တောင်ကြီးမှာ နေပါတယ်။ မာလာတင့် လိပ်စာကို မနှင်းနှင်းလွင်တို့ဆီမှာ ရှိမယ်ထင်လို့ လာတာပါလို့ ဖြီးရ၊ ရွှီးရတာ။ မင်း ကံဇာတာ တက်လာပြီ တင်အောင်ရှိန်။ အိမ်လိပ်စာရော၊ ရုံးလိပ်စာရော တစ်ပါတည်း ရေးပေးလိုက်တာ။ အိမ်ဖုန်း၊ ရုံးဖုန်းရော မိလွင်အိမ်တို့ကဖုန်းရော ရလာခဲ့တာ” ဟု လှိုင်ထွန်း ပြန်ပြောပြသည်။
“သွားနေရတဲ့ ခရီးနီးနီး လာသလို ငါခံစားရတယ် လှိုင်ထွန်း”
“ဒါပေါ့... ဘာလဲ၊ ဘာအကြောင်းလဲဆိုတာ သိဖို့ နီးစပ်လာတာကိုးကွ” ဟု လှိုင်ထွန်း ပြောလေသည်။
“ဖုန်းမဆက်ဘဲ... မာလာတင်ဆီ လူကိုယ်တိုင် သွားတာကောင်းမယ်”
“ဒါပေါ့... ဖုန်းနဲ့ဆို ကြိုငြင်းနေရင် ခက်မယ်၊ အတွေ့မခံချင်ဘူးဆိုရင် ခက်မယ်"
“မင်းကိုတွေ့လိုက်ရင် မာလာတင် အရမ်းအံ့သြသွားမှာပဲ”
“သေချာတာပေါ့ကွာ”
“ရင်းနှီးခင်မင်မှုရအောင် အတော် စိတ်ရှည်ရှည်နဲ့ ကြိုးစားရမှာ တင်အောင်ရှိန်”
“သူတို့အုပ်စုက လွယ်လင့်တကူ ခင်မင်ရင်းနှီးလို့မရအောင် နေတဲ့နေရာမှာ တော့ အတူတူပဲ၊ မလွင်ကိုကြည့်”
လှိုင်ထွန်း ခေါင်းညိတ်သည်။
*
မသိနိုင်ကောင်းသောအရာဟူ၍ လောက၌မရှိဟု နားလည်ထားသည်။ လျှို့ဝှက်ချက်ဟူသည်မှာ မသိရသေးမီသာ ခေါ်ဝေါ်၍ရသော ဝေါဟာရ။ တစ်ဦး တစ်ယောက်၏ အကြောင်းကို မသိနိုင်စရာဟု မထင်။ စပ်စုရာမကျအောင် မမေး မမြန်းနေခြင်းနှင့် မသိနိုင်ခြင်းတို့သည် တခြားစီဖြစ်လေသည်။ နှင်းနှင်းလွင် တားဆီးနေသောအကြောင်းကို သိချင်လာသည်။ မည်မျှ ခက်ခဲခက်ခဲ သိအောင် ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
မနေ့က ကျောင်းဝင်းတံခါးနားမှာ ဆုံသည်။ သူ့ကို ပြုံးသွားသည်။ ရင်ထဲသို့ တိုးဝင်သည့်အပြုံး။ မရစဖူးသော အပြုံးကို ရရှိလိုက်သောကြောင့် နှုတ်ဆက်စကား ပြောဖို့ရာ မေ့သွားခဲ့သည်။ မေတ္တာကိန်းအောင်းရာ အပြုံးဟု သိရှိခံစားရသည်။ နှုတ်ခမ်းနှင့် မျက်လုံးတို့ကသာ ပြုံးသော အပြုံးဟု မထင်။ ရင်ထဲကလာသော အပြုံးဟု ယုံကြည်ခဲ့သည်။
နေ့စဉ်မှတ်တမ်းထဲတွင် တဖွဲ့တနွဲ့ ခမ်းခမ်းနားနား ရေးခဲ့လေသည်။
[] [] []
[ ၉ ]
လှိုင်ထွန်းကို တွေ့သောအခါ မာလာတင်သည် တအံ့တသြဖြစ်နေ၍ နှုတ်ဆက် စကားကို ချက်ချင်းပြန်မပြောနိုင်ဟု သိရသည်။ မာလာတင့်အခန်းသို့ လိုက်ပို့သော လက်ထောက်ညွှန်ကြားရေးမှူးက လှိုင်ထွန်းတို့အိမ်နှင့် သိကျွမ်းကြပြီးသား။ လှိုင် ထွန်းက အသင့်ပါလာသော ဝါဆိုသင်္ကန်းကပ် အလှူဖိတ်စာ ထုတ်ပေးပြီး ဖိတ် သည်။
ဆက်ဆက်လာပါရန် လှိုင်ထွန်း ဖိတ်သည်။ “လာပါမည်”ဟု မာလာတင် ပြောသည်။ လက်ထောက်ညွှန်ကြားရေးမှူး မမက “မမဝင်ခေါ်မယ်၊ အဲဒီနေ့ကျရင်” ဟု ပြောသည်။ မာလာတင်၏ အခန်းသို့ လိုက်ပို့ပေးသော ညွှန်ကြားရေးမှူး မမ အခန်းထဲမှ ထွက်သွားတော့မှ မာလာတင်က “တယ်တော်တဲ့ စုံထောက်ပဲ” ဟု လှိုင်ထွန်းကို ပြောသည်။
လှိုင်ထွန်းက သူ့အကြောင်း၊ နှင်းနှင်းလွင်အကြောင်း တစ်ခွန်းမဟခဲ့။ သို့သော် မာလာတင်က “ကိုငွေဖလားတစ်ယောက်ကော” ဟု မေးသည်ဆို၏။ “ရှိတယ်။ ကျောင်းတက်နေတယ်” ဟု လှိုင်ထွန်းက သာမန်ဖြေ ဖြေ၏။ “နှင်းနှင်းလွင်နဲ့ ကျောင်းမှာ ဆုံသေးလား” ဟု မာလာတင် မေးသည်။ “မဆုံဖြစ်ပါဘူး” ဟု လှိုင်ထွန်းက ပေါ့ပေါ့ပင် ဖြေသည်။
“ဝါဆိုသင်္ကန်းကပ်အလှူ နှင်းနှင်းလွင်ကိုကော မဖိတ်ဘူးလား” ဟု ဆက်၍ မေးသည်ဆို၏။ “လူချင်းလည်းမဆုံ၊ ဘယ်နေမှန်းမသိတော့ မဖိတ်တော့ပါဘူး” ဟု လှိုင်ထွန်း ဖြေ၏။ မေးသာမေးသော မာလာတင်သည် ပေးလေ ဖိတ်စာ၊ ကျွန်မ ဖိတ်ပေးမည်ဟု မပြော။
“သူ စကား အစ်ကြည့်တာပါ”
ဝင်းမျိုးက မှတ်ချက်ချ၏။ “ဒါပေါ့” ဟု လှိုင်ထွန်း ပြောသည်။
*
သူ အံ့အားသင့်သွား၏။ “တကယ်လား” ဟု မေးလိုက်သည်။ ဝင်းမျိုးက “တကယ်ပေါ့၊ ခုပဲ သူ့ဆီက ပြန်လာတာ၊ ငွေဖလားလေးထဲမှာ အုတ်ရေ ကန်စာ ဓာတ်ပုံလိပ်ထည့်၊ ပြီးမှ စက္ကူထူဘူးလည်းထည့်၊ ပန်းစက္ကူကပ်၊ ဖဲပြား အပြာလိပ်ပြာချည်ချည်။ မင်းပေးခိုင်းလို့ဆိုပြီး မလွင်ကို ငါပေးခဲ့တာ၊ ယူထား လိုက်တယ်”
“ဟာကွာ” ဟုသူပြောပြီး ခေါင်းကုတ်၏။ စိတ်ထဲမှာ ပျော်သလို၊ စိုးရိမ်သလို ဖြစ်လာ၏။ သူပေးသည်ဟုဆိုသော ပစ္စည်းကို လက်ခံဖော်ရ၍ ဝမ်းသာသည်။ ဆက်ဆံရေး အတင့်တရဲ တိုးသည်ဟု တွက်မှာကို စိုးရိမ်သည်။ ဝင်းမျိုး၏ စိတ်ကူးကောင်းပုံကို ချီးကျူးလိုက်သည်။ ဝင်းမျိုးသည် အနွေးထည် ရင်ဘတ် ကြယ်သီးတွေကိုဖြုတ်ကာ စာသင်ခန်း မှန်ပြတင်းဘေးတွင် ရပ်သည်။ ခုံတန်း ရှည်ပေါ်တွင် ထိုင်နေသော သူ့ကို
“အဲ့သလို လက်ခံမယ်မှန်း သိထားခဲ့ရင် မင်းကို စာကြိုရေးခိုင်းထားတာ ပေါ့ကွာ၊ နာသွားတယ်”
ထိုင်ခုံရှိရာသို့ လာထိုင်ပြီးနောက် ဝင်းမျိုးက ဆက်၍
“သူ ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျပဲ။ ငါ နောက်မယ့်သာ သွားနောက်ရတာ တထိတ်ထိတ်နဲ့”
သူ တိုးတိုးရယ်လိုက်၏။ ဝင်းမျိုးသည် နှစ်ထပ်ယောင်ယောင် ဖြစ်နေသော မေးကို လက်ခုံဖြင့် ပွတ်ရင်း ပြုံးနေ၏။ သူ နံရံကို ကျောမှီကာ မျက်နှာကြက်ကို ကြည့်ရင်း
“နောက် သုံးလေးရက်ဆို စာမေးပွဲတွေပြီးပြီ၊ ကျောင်းပိတ်ပြီ။ မင့်စိတ်ကူးနဲ့ မင်း ဒီနေ့ သွားလုပ်လိုက်တာ ကောင်းတယ်၊ ကျောင်းပိတ်ခါနီး အမှတ်တရလက် ဆောင် သွားပေးတဲ့သဘောပဲ”
“သန်ဘက်ခါ လပြည့်နေ့။ လှိုင်ထွန်းတို့အိမ် အလှူကျရင် မာလာတင် ပါလာရင် သိပ်ကောင်းမယ်"
“လာဖြစ်ဖို့ ပိုများတယ်” ဟု သူပြောလိုက်သည်။ သူတို့စကားပြောနေစဉ်လှိုင်ထွန်း ရောက်လာသည်။
*
ဧည့်သည်ပါးသွားချိန်လောက်တွင် မာလာတင် ရောက်လာသည်။ လှိုင်ထွန်းက သူတို့နှစ်ယောက်ကို လက်ညှိုးထိုးပြသည်။ ထမင်းစား ခုံဝိုင်းကြီးဘေးတွင် ထိုင်နေသော မာလာတင်က လှမ်းကြည့်ပြီး ပြုံး၏။ ဘုရားစင်ရှေ့တွင် ထိုင်နေသော သူတို့ နှစ်ယောက်က မာလာတင်နှင့် မျက်နှာချင်းဆိုင် လာထိုင်သည်။ မာလာတင်နှင့် ပါလာသူ လက်ထောက်ညွှန်ကြားရေးမှူး အစ်မကြီးက လှိုင်ထွန်း၏ အစ်ကို၊ အစ်မတွေနှင့် စကားလက်ဆုံကျနေ၏။
“ကိုငွေဖလား”
မာလာတင် ခေါ်ပုံကြောင့် သူတို့ရယ်ကြသည်။
"ဒါဖြင့် မနှင်းနှင်းလွင်က ဘုကန့်လန့်ပြောလွန်းလို့ မဘုမလို့ ခေါ်ရမယ်”
“ “အမယ်... သတိရတယ်နော်” ဟု မာလာတင်က ပြုံးရယ်ပြီး ပြောသည်။ အဆင်ပြေသော ဆက်ဆံရေးကြောင့် သူ အားတက်သည်။ တဖြည်းဖြည်း ခင်မင် လာနိုင်သော၊ ရင်းနှီးလာနိုင်သောအနေအထားကို မှန်းဆ၍ရသည်။ ရောက်တတ် ရာရာ စကားဝိုင်းတွင်ပင် တရင်းတနှီး ရှိလာသည်။ လှိုင်ထွန်းက မိဘညီအစ်ကို မောင်နှမတွေနှင့် မာလာတင်ကို မိတ်ဆက်ပေးသည်။ ပြန်ခါနီးတွင် မာလာတင်က
“ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပါနော်”
လှိုင်ထွန်းက “သဘောပေါက်ပါတယ်ဗျာ” ဟု ပြောသည်။ မာလာတင်၏ စကားကြောင့် သူတို့သုံးယောက် ရယ်ကြသည်။ မာလာတင်သည် သူတို့သုံးယောက် စလုံးကို အိမ်သို့၊ ရုံးသို့ အလည်လာရန် ဖိတ်ခေါ်သည်။ ဝင်းမျိုးနှင့် သူက အလည်လာရန် ဖိတ်သည်။ “လာလည်မှာပေါ့” ဟု မာလာတင် ပြောသည်။ မာလာတင် ပြန်သွားသောအခါ ဝင်းမျိုးက လက်ဖျစ်တစ်ချက်တီးပြီး
“ဇာတ်ခွင်က တစ်စတစ်စ ကျယ်လာပြီ၊ မလွင်နဲ့ ပတ်သက်လို့ သိရတော့ မှာပါ။ အရင်ကထက်စာရင် ပိုပြီးနီးလာပြီ”
သူ ခေါင်းညိတ်၏။ သံကြိုးကွင်းဆက်များကို တစ်ခုပြီးတစ်ခု ဆက်ရသကဲ့သို့ ဆက်ရပေမည်။
*
လက်ဖက်ရည်ဆိုင်ထဲသို့ နှင်းနှင်းလွင်တစ်ယောက်တည်း ဝင်လာသည်။သူ့ကိုမြင်၍ ဆိုင်ထဲသို့ဝင်လာမှန်း သိသာသည်။ သူ့ကို လှမ်းကြည့်ရင်း ခြေလှမ်း မှန်မှန် လှမ်းပြီး လျှောက်လာ၏။ စားပွဲရှေ့တွင် ခြေစုံရပ်ပြီး ပြုံးသည်။ ထိုင်ခုံကို သူ ဆွဲယူပြီး နေရာပေး၏။
“ထိုင်ပါ မနှင်းနှင်းလွင်” ဟု သူပြောသည်။ “ကျွန်မ လိုက်ရှာနေတာ နှံ့နေပြီ၊ ခု ဒီဆိုင်မှာမှ မတွေ့ရင် ပြန်တော့မလို့၊ ဒီမှာ ထိုင်နေကျလား” ဟု ပြောရင်းမေးရင်း ထိုင်သည်။ “ဟုတ်လား” ဟုပြောရင်း ဖလားကိစ္စအတွက် အပြစ်ဆိုမည်လား၊ မနေ့တုန်းက သူတို့အိမ်ရှေ့မှ ဖြတ်လျှောက်သွားသည်ကို အပြစ် ဆိုမည်လားဟု စိတ်ထင့်နေ၏။
“အကြောင်းထူးများရှိလား မနှင်းနှင်းလွင်"
“သိပ်များများစားစား မရှိပါဘူး။ မနက်ဖြန် ကျောင်းပိတ်ပြီလေ၊ ဒါနဲ့ လာတွေ့တာ။ ကျောင်းပိတ်ပြီဆိုတော့ နှုတ်ဆက်ဖို့ လာတာပါ။ ပြီးတော့ ကျောင်း ပိတ်တာနဲ့ အိမ်ရှေ့က လမ်းသလားတာ၊ ဘာတာလည်း လာမလုပ်စေချင်ဘူးလို့ ပြောမလို့ပါ ”
သူ ကျောတွန့်သွား၏။
“မနေ့က ကိစ္စရှိလို့ အဲဒီလမ်းက သွားတာပါ”
“ကျွန်မ ရိုက်ပြီး မစစ်ရသေးပါဘူး”
“ခင်ဗျား တွေ့လိုက်တယ်ထင်တယ်”
“ဟင့်အင်း”
“ပြီးတော့ ကျွန်မ နာမည်ပြောင်းလိုက်တာလည်း လာပြောတာပါ”
“ဟုတ်လား”
“ဟုတ်တယ်၊ မဘုမလို့”
“ဟာ... အကောင်းမှတ်လို့ဗျာ၊ မာလာတင်ကို ကျွန်တော် နောက်ပြီး ပြော လိုက်တာပါ” ဟု ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။ နှင်းနှင်းလွင်သည် လွယ်အိတ်ကို ပေါင်ပေါ်တင်ထားရင်း ပြုံးသည်။ “ဘာသောက်မလဲ” ဟု သူမေးသည်။
“ဘာမှ မသောက်တော့ဘူး”
“နှုတ်ဆက်ပွဲစစ်ရင် လက်ဖက်ရည်၊ ကော်ဖီ ပါမှဖြစ်မှာပေါ့။ ဒါမှ ပိုတူမှာပေါ့”
ချက်ချင်း ပြန်မပြော၊ တစ်ချက်ရယ်ပြီးမှ
“ကောင်းပါပြီလေ၊ ကျွန်မ ကော်ဖီသောက်ပါတယ်"
သူက သူက အလုပ်သမားကလေးကို ကော်ဖီမှာသည်။ ကော်ဖီပန်းကန် ရောက်မလာမီ
“ကျွန်တော်နဲ့ မနှင်းနှင်းလွင်နဲ့ ခုလိုအထိ ခင်မင်လာမယ် မမျှော်လင့်ခဲ့ပါဘူး။ ပြန်လည် ခင်မင်တဲ့အတွက် ဂုဏ်ပြုတဲ့ လက်ဖက်ရည်ပွဲလို့လည်း ယူဆလို့ရပါတယ်၊ ဟုတ်တယ်မဟုတ်လား”
ခေါင်းညိတ်ပြသည့်နောက်
“ဒါထက်တော့ ဘာမှမျှော်လင့်မထားတာ အကောင်းဆုံးပဲ”
“တတိယအကြိမ်မြောက် ကြားရတဲ့စကားပါ။ ပထမဦးဆုံးက တောင်တော် မောင်နှမ ဘုရားပွဲမှာ မာလာတင်ကတစ်ဆင့်၊ ဒုတိယက ရပ်ငေး လာမလုပ်နဲ့လို့ ပြောတုန်းက၊ ပြီးတော့ အခုတစ်ခါ”
“တော်တော် အမှတ်သညာကြီးပါလား ကိုတင်အောင်ရှိန်”
“ပိန်လိန်နေအောင် အထုအနှက်ခံထားရတာတွေအားလုံး ဝတ္ထုတစ်ပုဒ်လို တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော် ပြောတတ်အောင် လေ့ကျင့်နေတာပါ။ အတေး အမှတ်ထားတာ မဟုတ်ရပါဘူးခင်ဗျာ”
နှင်းနှင်းလွင် ပြုံး၍နေသည်။ အဖိုးတန် နှင်းဆီဖူးကဲ့သို့သော နှုတ်ခမ်းက လှုပ်လာသည်။
“ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ နေနေရတဲ့ အခြေအနေတစ်ခုကို ပျက်ပြား သွားမှာ ကျွန်မ စိုးရိမ်လို့ပါ”
“ကျွန်တော် သိပ်သိချင်တယ်ဗျာ”
“ဘာကိုလဲ ကိုတင်အောင်ရှိန်”
သူ မပြောသေး၊ ခဏကြာမှ
“ခင်ဗျားအကြောင်း”
နှင်းနှင်းလွင် တိုးတိုးရယ်သည်။ ကော်ဖီပန်းကန် ရောက်လာသည်။ နှင်းနှင်း လွင် လက်လှမ်းမီအောင် သူ နေရာရွှေ့ပေးသည်။ “စိတ်ဝင်စားစရာ မကောင်းပါဘူး၊ ဘာလို့မေးတာလဲ၊ ကျွန်မ ချစ်သူထားဖို့ စိတ်မဝင်စားတာ အဓိကအချက်ပဲ” ဟု ရယ်သံစွက်၍ ပြောသည်။
“ကျွန်မ ပျော်ပျော်ပဲနေချင်တယ်၊ စိတ်မညစ်ချင်ဘူး၊ ပြဿနာတောထဲမှာ မနေချင်ဘူး”
“ချစ်သူရှိရင် ပြဿနာရှိတယ်... ဒီလိုလား”
“လူ့လောကပဲရှင်၊ ဘုရားသခင်က လူကို မဖန်ဆင်းခင် ပြဿနာပင်က စောပြီး ပေါက်နှင့်၊ သီးနှင့်၊ ပွင့်နှင့်ပြီးသား မဟုတ်ဘူးလား”
သူ မဖြေတတ်။ ရယ်၍သာ နေလိုက်၏။
“ကျွန်တော် ငြင်းချင်ပါတယ်၊ ငြင်းလို့မရတာ ခက်နေတယ်ဗျာ”
“ရှင်စကားပြောရင် ရင်ထဲရှိတာ အကုန်ပြောတတ်တယ်နော်၊ ငြင်းချင်တာလည်း ပြောတယ်၊ ငြင်းမရလို့ ခက်နေတာလည်း ပြောတယ်”
“သူများ စဉ်းစားလို့မရအောင် ဘာလို့ချန်ထားမှာလဲ၊ မဟုတ်ဘူးလား”
“ကျွန်မကို တစ်ဝက်စောင်းတာတော့ မဟုတ်ပါဘူးနော်”
သူ ရယ်သည်။ နှင်းနှင်းလွင်သည် ကော်ဖီပန်းကန်လုံးကိုင်းကို ကိုင်ထားရင်း ဖြေမည့်သူကို စောင့်နေ၏။ “မဟုတ်ပါဘူး” ဟု သူ ခေါင်းခါပြီး ပြောသည်။ နှင်းနှင်းလွင် ကော်ဖီသောက်နေစဉ် သူ စကားမဆက်။ ကော်ဖီပန်းကန်ချထားတော့မှ
“ခင်ဗျားနဲ့ ကျွန်တော် ခုလို စကားပြောနေတာကို ကျွန်တော့် သူငယ်ချင်းတွေ တွေ့ရင် သိပ်ကို အံ့သြသွားမှာပဲ”
“ဘာဖြစ်လို့လဲ ကိုတင်အောင်ရှိန်”
“ကျွန်တော် ကိုယ်တိုင်တောင်မှ အိပ်မက်လို အံ့သြနေရသေးတာပဲဗျာ”
“တကယ် ထိုင်စကားပြောနေတာပဲရှင်”
“ကျွန်တော် အရမ်းပျော်တာပဲ၊ မပြောတတ်ဘူး”
“ဘာဖြစ်လို့...”
သူ သက်ပြင်းတစ်ချက်ချသည်။ နှင်းနှင်းလွင်ကို ကြည့်လိုက်သည်။ ဆိုင်ထဲ တွင် ထိုင်နေသူတွေကို မျက်လုံးဝေ့သည်။ ထို့နောက် မျက်လုံးချင်းဆုံပြီး
“အံ့ဩစရာကောင်းတဲ့နေ့ပဲ၊ ဒီမှာ ခုလိုလာထိုင်ပြောရင်း ပြောတဲ့စကားက ကျွန်တော့်ကို ဒုက္ခပေးတဲ့ စကားဖြစ်ချင် ဖြစ်ပါစေ၊ ပျော်မှာပဲ”
“ပျော်တာ ပျော်ပေါ့ရှင်၊ စည်းတွေကမ်းတွေ ကန့်သတ်ချက်တွေကို လိုက်နာပြီး ပျော်ရင် တစ်သက်လုံး ပျော်လို့ရပါတယ်။ စည်းဖောက်ရင် ခဏပျော်ဖို့တောင် မလွယ်ဘူး”
တုံ့ခနဲဖြစ်သွားရလေသည်။ နှင်းနှင်းလွင်က
“ဆုံဖို့ခက်လျက် အခွဲခက်ဆိုတဲ့ စကားထဲကလိုပေါ့။ ကိုတင်အောင်ရှိန်ကိုကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ကတော့ ခုလို ခင်မင်တာထက် မပိုတာပါဘဲ”
“ဘာဖြစ်လို့ စိုးရိမ်တကြီးနဲ့ တားမြစ်နေတာလဲ မနှင်းနှင်းလွင်” ဟု သူ မေးသည်။ “ရှင် ဒုက္ခရှာသလို ဖြစ်မှာစိုးလို့” ဟုဖြေသည်။ “ဘာဖြစ်လို့ စိုးရိမ်ရ တာလဲ” ဟု သူမေးသောအခါ
“ရှင်... ဒုက္ခရောက်မှာ စိုးလို့ပေါ့”
“ဘာလို့စိုးလဲ”
“ဖြေတတ်ချင်လိုက်တာ”
သူ ပြုံးသည်။ နှင်းနှင်းလွင်သည် ကော်ဖီကို ကုန်အောင်သောက်ပြီး လက်ကိုင် ပဝါထုတ်သည်။ နှုတ်ခမ်းနား ပါးနား သန့်ပြီးနောက် “ကျွန်မ ပြန်တော့မယ်” ဟု ဆိုသည်။ သူ ခေါင်းညိတ်ပြီး
“ကျွန်တော် ဘာဆိုတာ နားမလည်ဘူး၊ ဒါပေမဲ့ မနှင်းနှင်းလွင်ရဲ့ စေတနာ ကိုတော့ နားလည်တယ်”
ထိုင်ရာမှထရင်း နှင်းနှင်းလွင် ပြုံးကာ
“ဒီလောက်ဆို လုံလောက်ပါပြီ”
“သွားမယ်နော်” ဟုပြော၍ ဆိုင်ထဲမှ ထွက်သွားသည်။ သူ ငေးကြည့်ပြီး ကျန်ခဲ့သည်။ မမြင်ရတော့မှ မျက်နှာကိုငုံ့သည်။ အရာခပ်သိမ်းကို ရှင်းပြပြီး ရှင်းပြသည်ကို နားမလည်သောသူကဲ့သို့ ဖြစ်နေသည်။ အသိရခက်သောသူကို သိရအောင် အားထုတ်နေသူကဲ့သို့ဖြစ်နေသော ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သည်။
** **
၅ဆက်ပါမည်
* နွေဦးဝင်သော် * { ၅ }
ငြိမ်းကျော်
[ ၁၀ ]
တ,သဖွယ်ကောင်းသော အဖြစ်တွေထဲက အကောင်းဆုံး တ,သစရာဟု အောက်မေ့သည်။ တယုတယ ပြန်လည်စဉ်းစားစရာတစ်ခု။ ခါတိုင်းနှစ် ကျောင်းပိတ် ခဲ့ခြင်းများနှင့် ခုနှစ်ကျောင်းပိတ်ခြင်းသည် မတူ။ သည်နှစ် ကျောင်းပိတ်ချိန်တွင် အောက်မေ့ဖွယ် နှုတ်ဆက်ပွဲကို နှင်းနှင်းလွင် လက်ဆောင်ပေးသွားသည်။ ကျောင်းပိတ် သဖြင့် အိမ်မှာနေရဦး၊ နေရကျိုးနပ်သွားသည်။ ကျောင်းသို့မသွားဖြစ်နှင့်ဦး၊ မသွားလျက် နေရကျိုးနပ်သွား၏။
“အေးပေါ့ကွာ။ ထူးခြားစွာ ကျောင်းပိတ်ပွဲကျင်းပရာ စားပွဲခုံကို မင်း အပိုင်ဝယ်ချင်စိတ်တောင် ပေါက်နေမယ်ဆိုတာ ငါတို့သိပါတယ်” ဟု ဝင်းမျိုး ပြောသည်။ “အဲဒီအချိန်မှာ သူတို့နှစ်ယောက်ကို ငါတို့မြင်စေချင်နေတာ။ ငါနဲ့မင်း မမြင်လိုက်ရတာကို ဒီကောင် မချင့်မရဲဖြစ်နေတယ်” ဟု လှိုင်ထွန်း ပြောသည်။ သူ ကြည်နူးစွာပြုံးပြီး
“သူပြောသွားတဲ့ စကားတွေထဲမှာ စဉ်းစားစရာတွေတော့ အများကြီးပဲ။ ကာဆီးတဲ့စကားထဲမှာ အကြောင်းပြချက် အစစ်အမှန် ပါမလာသေးဘူးလို့ ငါ နားလည်တယ်”
ဝင်းမျိုးတို့က နားထောင်နေကြသည်။
“နားလည်ရ ခက်ခဲလာတာတော့ အမှန်ပဲ။ လူ့စိတ် လူ့စရိုက်ဟာ တော်တော် ရှုပ်ထွေးနက်နဲတယ်ဆိုတာ အရင်က ကြားဖူးခဲ့တာ။ ခုမှ ဝိုးတဝါး ကြုံရသေးတာပဲ ရှိသေးတယ်။ ဘာလဲ၊ ဘာသဘောနဲ့ပြောလဲ၊ သံယောဇဉ်မရှိသလိုနဲ့ ရှိ၊ ရှိသလိုနဲ့ မရှိ၊ တိမ်တောင်သဖွယ်ဆိုတဲ့ စကားလိုပေါ့။ ဘာရောင်လို့ မြင်လိုက်သိလိုက်တာနဲ့ ပြောမယ် ကြံရသေးတယ်၊ အရောင်က ပြောင်းသွားသလိုပဲ”
“လူမှုပြဿနာတစ်ခုခု ရှိတာကတော့ သေချာတယ်” ဟု သူ့စကားအဆုံးတွင် ဝင်းမျိုး ပြော၏။ “အဲဒါ ဘာလဲ” ဟု လှိုင်ထွန်း မေး၏။ “မလွင်က သူ့ကို…” ဟု ဝင်းမျိုး မေးတစ်ချက်ဆတ်ပြီး
“သံယောဇဉ်ဆိုတာထက် တစ်ဆင့်နိမ့်တဲ့ ညွတ်တွတ်တွတ် သဘောထား လေးထားတဲ့ လက္ခဏာတော့ ငါမြင်ရတယ်၊ ငဲ့တာလေးတွေ မြင်နေရတယ်။ မနေ့က လက်ဖက်ရည်ဆိုင်မှာ လာတွေ့တာတို့၊ ပြောတာတို့က မလွင် နည်းနည်း ကျွံထွက်လာတာ၊ တစ်လှမ်းစာကျွံတာတော့ မဟုတ်ဘူး၊ လှမ်းမလို့ ခြေပြင်တာ”
မိမိဘက်သို့ တိမ်းယိမ်းသည်ကို ကိုယ်တိုင် မထင်ဝံ့ဝံ့၊ ထင်ဝံ့ဝံ့ ရှိခဲ့သည်။ ဘေးက မှတ်ချက်ပါလာရသောအခါ အားရဝမ်းသာသည်။ “ဒါပေမဲ့” ဟု ဝင်းမျိုး စကားဆက်ကာ
“မင်း ခုနပြောတဲ့ စကားပေါ့ကွာ။ နားလည်ဖို့ ခက်ခဲတာ၊ သိမ်မွေ့နက်နဲတဲ့ လူ့စိတ်ကိစ္စ၊ ချစ်တယ်မချစ်ဘူးဆိုတာထက် သံယောဇဉ်အရေးအရာက နားလည်ရ ခက်တယ်၊ လက်ထပ်ဖို့မဖြစ်နိုင်ဘူး၊ ချစ်တော့ချစ်တယ်၊ မချစ်တော့မချစ်ဘူး။ ဂရုစိုက်တယ်၊ ငဲ့ညှာတယ်၊ တွေ့လား၊ စေတနာထားတယ်၊ မချစ်ဘူး၊ စိတ်ကိစ္စက ထွေပြားတယ်၊ နက်နက်ရှိုင်းရှိုင်း ရှုပ်ထွေးတယ်၊ မြင်းမိုရ်တောင်ကို မမြင်ချင်လို့ မရအောင် မြင်သာထင်သာပြီးသား၊ အဏုကြည့်မှန်ဘီလူးအောက်မှာမှ မြင်ရတဲ့ ပိုးမွှားကို မျက်လုံးရိုးရိုးနဲ့ မမြင်ရလို့ မရှိဘူး ငြင်းမရသလိုဘဲ။ မင်းနဲ့ မလွင်လည်း အဲသလို ဖြစ်နေသလားပဲ”
သူ တွေးပြီးမှ ခေါင်းညိတ်သည်။ “ဖြစ်နိုင်ပါတယ်” ဟု သူပြောသည်။
*
မိုးကာလ ကျောင်းပိတ်ရက်တို့သည် ရှည်လျားနှေးကွေးသည်ဟု ခံစားရ လေသည်။
စာမေးပွဲဖြေလိုက်၊ အောင်စာရင်း စောင့်လိုက်၊ ကျောင်းဆက်တက်လိုက်။ နှစ်စဉ် သံသရာ။ သူငယ်တန်းမှစ၍ ရေတွက်ကြည့်လျှင် ဆယ့်လေးနှစ်တိုင်ခဲ့ပြီ။ လာမည့် နောက်ဆုံးနှစ်ပါ ထည့်တွက်လျှင် ဆယ့်ငါးနှစ်။ မဟာဝိဇ္ဇာ တက်ခွင့်ရပါက ရေးဖြေ နှစ်နှစ်နှင့်ဆိုလျှင် ဆယ့်ခုနစ်နှစ်။
သာမန် တစ်ဘွဲ့ရ ကျောင်းသူ ကျောင်းသားဘဝတွင် ဆယ့်ငါးနှစ်ကာလသည်စာသင်ခန်းထဲတွင် ကျန်ခဲ့ရသည်။ အသက်ခြောက်ဆယ်အရွယ်တွင် အလုပ်ခွင်မှ အငြိမ်းစားယူကြရသည်။ အသက်ခြောက်ဆယ်အထိ အသက်ရှည်ဖို့ရာ အာမခံရေး မရေရာ။ ၆ဝ အထိဟု သတ်မှတ်ကြည့်လျှင် ဘဝ၏ လေးပုံတစ်ပုံသည် ပညာရေး အတွက် အသုံးပြုရသောကာလ။
ဘွဲ့ရပြီးပြီးချင်း အလုပ်ရဖို့အရေး၊ ပညာနှင့်နေရာ ကိုက်ညီနိုင်ရေး၊ နေ့စားနှင့် လေး၊ ငါး၊ ခြောက်နှစ် မနေရရေးတွေ တွေးမိသည်။ ရူပဗေဒ၊ ဓာတုဗေဒ၊ ပါဠိတို့ဖြင့် ဘွဲ့ရပြီးနောက် သမ စာရေး၊ ဆန်တာလီစာရေး၊ သစ်ဆိုင်စာရေး အလုပ် ဝင်ရသည် ဟူသော ပညာနေရာ အံလွဲနိုင်သေးသည်။ သမိုင်းဘာသာရပ် မဟာဝိဇ္ဇာ ဘွဲ့ရသူက ဓာတ်ဆီဆိုင် မန်နေဂျာအလုပ်တွင် အကျိုးပေးတတ်သည်လည်း ရှိသည်။
လူမှန် နေရာမှန် မဖြစ်သည့်ကိစ္စ။ လူမှန် နေရာမှန်ဖြစ်တော့ဖြစ်ပြီး အထက် အရာရှိများ ကိစ္စ။ အုပ်စုဖွဲ့ပြီး ပညာပြိုင်သည်ဆိုသော ကြားဖူးနားဝတွေ။ ဆရာမွေး၊ တပည့်မွေး စကားသစ်တွေ။ တိုင်းသူပြည်သားကောင်းရသော နိုင်ငံ၊ တိုင်းသူပြည် သားနှင့် မတန်သော အရာတွေ။ မြီရှင် နိုင်ငံတွေ၊ မြီစားနိုင်ငံတွေ။ မဟာအင်အား ကြီး နိုင်ငံတွေ။ ဖွတ်ကျောပြာစု နိုင်ငံတွေ။ အာကာသ စိုးမိုးရေးတွေ။ အခြားသော စကြဝဠာသို့ ယာဉ်ပျံယန္တရား စေလွှတ်ပုံတွေ။
“အင်း... ကြာလျှင် ဦးနှောက်ချောင်မလားမသိဘူး” ဟု အတွေးလွန်ရာမှ ရုပ်ပြီး စိတ်ထဲက ပြောဖြစ်သည်။ ချစ်နေသူတစ်ယောက်အကြောင်းကို စဉ်းစားပြီး နေစကြဝဠာသို့ နယ်ပယ်ချဲ့ထွင်သွားသောစိတ်ကူးကို ရယ်ချင်လာ၏။
လူ့လောကတွင် လူဖြစ်လာရ ဘဝရွှေရတု ထက်ဝက်မကျိုးသေး။ ငွေရတု ဘဝပင် လိုသေးသည်။ လူကို နားမလည်နိုင်ခြင်းသည် မကျေနပ်စရာ အကောင်းဆုံး ချွတ်ယွင်းချက်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုသည်။ လူ၏ ရုပ်ဒြပ် အဆင်းလက္ခဏာ ကို ပြော၍ရ၏၊ ရေးခြယ်၍ရ၏။ စိတ်ကို ဆုံးဖြတ်ချက် အပေးရခက်လှသည်။ ထို့ထက်သော် မေတ္တာကိစ္စသည် ထင်မြင်မှန်းဆရန်ပင် ခဲယဉ်းလေ၏။
မေတ္တာတွင် သနားခြင်း၊ ကြင်နာခြင်း၊ ညှာတာခြင်းတွေ ပါဝင်နေသကဲ့သို့ မေတ္တာကို ဖျက်သိမ်းနိုင်သော ခွန်အားတစ်ခုလည်း ပါဝင်နေတတ်လေသည်။ အချစ်တွင် ယုယခြင်းနှင့် တမင်ပြည့်စုံခြင်းတို့ အတူတကွ ရောနှောနေသည်ဟု ဆိုကြသည်။ ဖြစ်နိုင်သည်ဟု ထင်သည်။
“ငါ... မာလာတင်နဲ့ တစ်ခွန်းစ၊ နှစ်ခွန်းစ စတော့ စထားတယ်။ သူသိပ်မလျှိုပါဘူး။ ပြောတော့ ပြောလာမှာပါ။ သိပ်မကြာပါဘူး” ဟု လှိုင်ထွန်း ပြောသည်။ ထိုအခါ မတွေးတတ် တွေးတတ်နှင့် တွေးစရာတွေကို တွေးလေ သည်။
[] [] []
[ ၁၁ ]
မာလာတင်သည် သူ့အိမ်သို့ အလည်တစ်ခေါက် ရောက်ခဲ့သည်။ လှိုင်ထွန်းက ကားဖြင့် ကြိုပို့ တာဝန်ယူခဲ့သည်။ သူ့မိသားစုနှင့် သိကျွမ်းခဲ့သည်။ “ကိုတင် အောင်ရှိန်တို့ မိသားစုက ပျော်စရာကောင်းတာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ရယ်ရယ်မောမော၊ နောက်နောက်ပြောင်ပြောင် နေကြတယ်၊ တချို့ မိသားစုတွေဆို ဖအေက မှုန်ကုပ်ကုပ်နဲ့၊ မအေက စူတူတူ၊ သားသမီးတွေနဲ့ မေးထူးခေါ်ပြော၊ တချို့အိမ်ဆို စကားများ ရန်ဖြစ်၊ စိတ်ညစ်စရာ။ ကိုတင်အောင်ရှိန်တို့ မိသားစုက ကျွန်မတို့ မိသားစုနဲ့ရော၊ မိလွင်တို့ မိသားစုနဲ့ရောတူတယ်” ဟု ပြောသည်။ “မကြာခဏ လာလည်ချင်စရာ ကောင်းတယ်” ဟု ပြန်ခါနီးတွင် မာလာတင် ပြောသည်။
မာလာတင်နှင့် လေး၊ ငါး၊ ဆယ်ခါ ဆုံကြ၊ စားသောက်ဆိုင် ထိုင်ကြ သော်လည်း နှင်းနှင်းလွင်အကြောင်းကို သူ မမေးခဲ့။ မာလာတင်သည် စကားမစပ်မိအောင် သတိထားပြီး နေသကဲ့သို့ နေသည်။ မာလာတင် ဖိတ်သဖြင့် သီတင်းကျွတ် လပြည့်နေ့ အလှူသို့ သူတို့ သွားသည်။
“ဆယ့်တစ်နာရီလောက် မနက်စာ စားအမီ” ဟု မာလာတင် ပြောသည်။ ဆယ့်တစ်နာရီခွဲခါနီးမှ သူတို့ သွားကြသည်။ အလှူတွင် နှင်းနှင်းလွင်တို့နှင့် မတွေ့ရ။ တမင် အချိန်လွှဲပြီး ဖိတ်သည်ဟု တွက်ခဲ့ကြသည်။
နှင်းနှင်းလွင်နှင့်စပ်လျဉ်းပြီး စကားမဟသည်ကို မာလာတင် သတိထားမိပုံရသည်။
တစ်လောတုန်းက မာလာတင်၏ရုံးသို့ ဝင်းမျိုးက အိမ်အလုပ်နှင့်ပတ်သက်၍ရောက်သွားသည်။ လုပ်ငန်းကိစ္စပြီးသောအခါ မာလာတင်ထံသို့ ဝင်တွေ့သည်။ တန်ဆောင်တိုင်ပွဲတုန်းက သုံးပွင့်ဆိုင်မှာ ဝင်းမျိုး သီချင်းတက်ဆိုသည်ကို မာလာတင် မြင်ခဲ့၊ နားထောင်ခဲ့သည့်အကြောင်း ပြန်ပြောပြသည်။
ပရိသတ်ထဲတွင် မာလာတင်သည် နှင်းနှင်းလွင်တို့ ညီအစ်မနှင့် အတူရှိနေ သည်ဟု သိရသည်။ စင်မြင့် တေးဂီတ ဖျော်ဖြေပွဲပြီး၍ အိမ်သို့ ပြန်ရောက်သော အခါ နှင်းနှင်းလွင်၏ အိပ်ခန်းထဲတွင် လာအိပ်သော မာလာတင်ကို စကားတစ်ခွန်း နှစ်ခွန်း ပြောသည်။ တင်အောင်ရှိန်အကြောင်း။ ထိုအခါမှပင် ကျောင်းမှာ တရင်းတနှီး ဆက်ဆံခင်မင်နေသည်ကို သိရသည်ဟု မာလာတင် ပြောပြသည်။
ဝင်းမျိုးက အသေးစိတ် ပြန်ပြောပြလိုက်သောအခါ မာလာတင် ပို၍ အံ့သြနေသည် ဆို၏။
တင်ကြို ငြင်းဆန်ထားရခြင်း၏ အကြောင်းရင်းကို ဝင်းမျိုး မေးသည်။ မာလာတင်သည် ပြောမည် ပြင်ပြီးမှ မပြော။ “ဒီလောက် ရင်းနှီးနေကြပြီပဲ။ ကာယကံရှင် ပြောပြတာက ပိုကောင်းပါတယ်။ ပိုလည်း ပြည့်စုံမယ်” ဟု မာလာတင် ဆိုသည်။ “မပြည့်စုံတာလေးကိုပဲ အခု သိလို့မရဘူးလား” ဟု ဝင်းမျိုး ပြောသည်။
မာလာတင်က ပြုံးပြီး ခေါင်းခါခဲ့သည်။ “သူက မလွင်အကြောင်း မပြောတော့ ငါက မင်းအကြောင်းတွေ ပြောပြလိုက်ပါတယ်။ မင်း တွက်ဆတာတွေ၊ စွဲလမ်းတာ တွေ အကုန်” ဟု ပြောပြလေသည်။
[] [] []
[ ၁၂ ]
“ဒုက္ခပဲ၊ ငါတို့သုံးယောက်စလုံးရော မလွင်ရော စာမေးပွဲအောင်သွားကြတာ မဟာ ဧရာမ မောကြောကြီးပဲ၊ ဒီနှစ် တစ်နှစ်ပဲ ကျောင်းက လက်သင့်ခံတော့မယ်။ တစ်နှစ်ဆိုပေမဲ့ တွက်ကြည့်။ ခု ဒီဇင်ဘာလဆန်း၊ ဒီဇင်ဘာ တစ်လ၊ ဇန်နဝါရီက ဇူလိုင်၊ ဇူလိုင် သုံးလေးရက်မှာ စာမေးပွဲအပြီး၊ ခုနစ်လရယ် ခု တစ်လရယ်၊ ရှစ်လပဲ စာသင်ချိန်ရှိတယ်။ ရှစ်သုံးလီ နှစ်ဆယ့်လေး၊ ရက် ၂၄ဝ ပဲ ကျောင်းမှာ နေခွင့်ရှိတော့တယ်” ဟု လှိုင်ထွန်းက ဆေးလိပ်ဖွာရင်း ပြော၏။
“မိုက်ကရိုစက္ကန့်နဲ့ မြှောက်ကြည့်ရင် အချိန်အရေအတွက် ပိုများတယ်”
သူ နောက်သည်။ ဝင်းမျိုးက ထမင်းကြော်ကို ငုံ့၍စားရင်း
“နှမြောစရာစကားတွေ မပြောတာဘဲ ကောင်းတယ်”
“ဘာဖြစ်လို့လဲ” ဟု လှိုင်ထွန်းက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး မေး၏။
“ဝမ်းနည်းစရာကောင်းလို့ပေါ့ လှိုင်ထွန်းရ”
ဝင်းမျိုးက သူ့ကို မျက်စောင်းတစ်ချိတ်ဖြင့် ညွှန်းကာဖြေ၏။ သူ ရယ်လိုက် သည်။ ထို့နောက်
“ဝမ်းနည်း မနေတော့ပါဘူး။ ပဟေဠိက ခက်လို့၊ ပဟေဠိအဖြေရှာနေရလို့၊ အလျားလိုက်ရော၊ ဒေါင်လိုက်ရော ကန့်လန့်ဖြတ်ရော၊ ချဲထီတွက်တဲ့ ပါရဂူတွေ စေတီချိုင်း၊ အေဒီချိုင်း၊ ဘီစီချိုင်း အတိတ်ကောက်တော်တဲ့သူတောင် ငါ့ကိစ္စမှာ ရူးသွားနိုင်တယ်၊ ဘာဖြစ်လို့လဲ၊ ဘာအကြောင်းလဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲ၊ ဘ လေးလုံး၊ ဘဘ ဘဘရွတ်ပြီး တွက်ရတာ၊ အနားက လူဖြတ်သွားရင် ကြား တဲ့သူက ဟေ... လို့ထူးတာ ခံရမလားပဲ”
လှိုင်ထွန်း ရယ်သည်။ ဝင်းမျိုးက ထမင်းသီးမည်ကဲ့သို့ ဖြစ်သွား၏။ လက်ဖက်ရည်ကြမ်း ကမန်းကတန်း သောက်ချပြီး လည်ချောင်းရှင်းရသည်။
“မင်း ငါတို့နဲ့မဆုံတဲ့ ဒီလေးငါးရက်အတွင်း မလွင်နဲ့ ဆုံသေးလား”
လှိုင်ထွန်း၏ မေးခွန်းကို သူ ခေါင်းခါကာ
“ မမြင်ရတာ ကြာတောင် ကြာပြီနော်ဆိုတဲ့ ကိုင်ဇာ့သီချင်းပဲ ငါဆိုနေတာ”
“ဖုန်းလေးဘာလေး လှမ်းဆက်ပါလား”
လှိုင်ထွန်းကို သူမျက်လုံးဝိုင်းပြပြီးမှ
“မိုးကို မီးနဲ့ တက်ရှို့ခိုင်းနေတာပါလား လှိုင်ထွန်းရာ”
ဝင်းမျိုး ပြုံး၏။ ထို့နောက်
“ဆင့်ပါးစပ် နှမ်းပက် ဆက်ဆံရေးလေးပါ ဆုံးရှုံးသွားနိုင်တယ်"
“မဟုတ်ပါဘူး၊ ငါပြောတာက ခင်ဗျား စာမေးပွဲအောင်လို့ ဝမ်းသာတယ် ဗျာ၊ ဘာဗျာ၊ ဖုန်းဆက်ပြောဖို့ပါ” ဟု လှိုင်ထွန်းက အရယ်မျက်နှာနှင့် ပြောသည်။ “အဲဒီတော့မှ ဒီကောင် ဝမ်းနည်းသွားရမှာ” ဟု ဝင်းမျိုးက ထမင်းကြော်ဝါးသံနှင့် ပြော၏။ သူပြုံးသည်။
တိုက်ပုံအင်္ကျီ အပြင်အိတ်ထဲရှိ စီးကရက်ဘူးကို သူထုတ်ပြီး မီးခြစ်နှင့်အတူ စားပွဲပေါ်သို့ ချသည်။ စကားခဏရပ်ချိန်တွင် ခေါက်ဆွဲကြော်၊ ထမင်းကြော်ဆိုင်မှ ယောက်မခတ်သံ၊ ဒယ်မြည်သံ၊ မုန့်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အကြော်စုံ မှာသံတွေကို သတိပြုမိသည်။
စားသောက်ဆိုင်တန်းတွင် လွန်ခဲ့သော ဆယ့်လေးငါးရက်ကကဲ့သို့ ခြောက် ကပ်ကပ်မနေတော့။ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနှင့် အတော်အသင့် စည်ကားစ ပြုလာ၏။
“မာလာတင်က ကျောင်းကို အလည်လာမယ်ပြောတာ ဘယ်တော့တဲ့လဲ”
ဝင်းမျိုး၏အမေးကို လှိုင်ထွန်းက
“ကျောင်းဖွင့်ပြီး လေးငါးရက်နေရင် လာမယ်ပြောတာပဲ၊ သူ့ကျောင်းနေဖက် သူငယ်ချင်း နည်းပြဆရာမတွေဆီ အလည်လာရင်း ငါတို့နဲ့ပါ တွေ့မယ်တဲ့၊ စီးပွားရေးတက္ကသိုလ်ကို လာမှာ”
“သူက အပျိုကြီးလုပ်တော့မယ်နဲ့တူတယ်” ဟု ဝင်းမျိုး ပြောသည်။ “မင်းအပူလား” ဟု လှိုင်ထွန်းက ထေ့၏။ ရည်းစားမရှိဖူးတဲ့ အပျိုကြီးလား၊ရည်းစားပျက်ပြီး အပျိုကြီးဘဝ ကူးသွားတာလား မသိဘူး” ဟု ဝင်းမျိုးက ဆက်၍ပြော၏။ “ဟင်း ဟင်း” ဟု လှိုင်ထွန်းက ရယ်ချင်သံပြု၏။ ထို့နောက်
“မင်း စိတ်ဖောက်ပြန်လာပြီထင်တယ်၊ မာလာတင်နဲ့ပတ်သက်လို့”
ဝင်းမျိုးက “အဟဲ” ဟု ရယ်၏။ စားလက်စသိမ်းပြီး လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းသုတ်ပြီးနောက်
“ခင်စရာ ကောင်းလို့ပါ"
“ဟေ... လာပြန်ပြီလား တစ်ယောက်၊ တင်အောင်ရှိန့်အပြောမျိုး။ ခင်ပဲ ခင်တတ်ပလေ။ အမျိုးသမီးတွေကိုမှ ရွေးရွေးပြီး ခင်တတ်ပါ့ဗျာ” ဟု လှိုင်ထွန်းက ငေါ့တော့တော့ ဆို၏။ ဝင်းမျိုးက သူ့ကို ကြည့်ရင်းနှင့်
“ငါ မာလာတင်ကို ခင်တယ်လို့ပြောတာကို ဒီကောင်က မနာလိုသံနဲ့ ကန့်ကွက်တာ မင်းအကြားပဲနော် တင်အောင်ရှိန်”
လှိုင်ထွန်း ပြုံးလိုက်သည်။ ဇက်ပုပြသည်။ “ငါ ကောင်းစားရင် မင်းအတွက် ကောင်းစားလာမှာတော့ မတွေးဘူး၊ တွေ့လား” ဟု ဝင်းမျိုးက ဆက်၍ပြောသည်။ ဝင်းမျိုး၏ပြက်လုံးကြောင့် သူတို့ ပြုံးကြသည်။ ကျောင်းပိတ်ချိန် နှုတ်ဆက်ပွဲလေး တည်ရှိခဲ့ရာ လက်ဖက်ရည်ဆိုင်နှင့်စားပွဲကို မြင်ယောင်သတိရလိုက်သည်။
*
သူ့ကို မာလာတင်ကြည့်ပြီး၊ “ဟုတ်တယ်... အုတ်ရေကန်မှာ မြေဖြူနဲ့ ရေးခဲ့တာ လွင်ပဲ” ဟု ပြောပြလေသည်။ “ကျွန်တော် ဓာတ်ပုံရိုက်ယူထားတယ်” ဟု သူပြော၏။ “ပြောပြတယ်။ ကိုလှိုင်ထွန်းတို့ ပြောပြတယ်။ ငွေဖလားထဲ အဲဒီဓာတ်ပုံ ထည့်ပြီး သွားပေးတာရော ကျွန်မ သိတယ်” ဟု မာလာတင်က ပြုံးပြီး ပြောသည်။ “ကျွန်တော် သူ့ကိုမေးတယ်၊ မဖြေခဲ့ဘူးဗျ” ဟု သူက ခြေလှမ်းမှန်မှန်လျှောက်ရင်း ပြောသည်။ “ဘယ်ပြောမှာလဲ” ဟု မာလာတင်က နားသယ်ဆံပင်သပ်ရင်း ပြောသည်။ တံတားပေါ်သို့ ရောက်သောအခါ
“သူ့မှာ ဘာပြဿနာရှိနေလဲဟင်”
မာလာတင်သည် ကျောင်းသူတစ်စုကို လမ်းတိမ်းပေးသဖြင့် သူ့နောက်မှာ သုံးလေးလှမ်းစာ ကျန်ခဲ့သည်။ သူ ခြေနှေးပြီးလျှောက်၍ မာလာတင် မီလာသည်။ ဘေးချင်းယှဉ်တော့မှ
“သူ့ကို မေးမကြည့်ဖူးဘူးလား”
“မပြောဘူး၊ ချစ်သူရှိရင် စိတ်ညစ်ရမယ် ဘာမယ်၊ ဝေ့လည်လည်ပဲ ဖြေတယ်”
မာလာတင်သည် ပန်းရောင်သိုးမွေး အနွေးထည်လက်ဖျားကို ပင့်လိုက်ရင်း
“ကျွန်မထင်တာက ဘုရားပွဲမှာ ကျွန်မက ကိုလှိုင်ထွန်းကို ပြောတာလေ၊ အဲသလို ပြောလိုက်ကတည်းက ကိုတင်အောင်ရှိန် စိတ်ပျက်ပြီး နောက်ဆုတ်သွားမယ် ထင်တာ...”
သူ ပြုံးသည်။ ထို့နောက်
“ဘယ်သူက အဲသလို ပြောခိုင်းတာလဲ မာလာတင်”
ချက်ချင်းမဖြေ၊ သုံးလေးလှမ်း လှမ်းပြီးမှ
"မမဆွေ"
“မလွင့်အစ်မနော်”
ခေါင်းခါပြီးမှ မာလာတင်က
“ယောက်မ... လွင့်အစ်ကို ဦးမြတ်မောင်ရဲ့ဇနီး”
“မလွင်က မောင်နှမ ဘယ်နှယောက်ရှိလဲဟင်”
“အဲသလောက်တောင် မမေးခဲ့ဖူးဘူးလား၊ လွင့်ကို”
“စပ်စုတယ် ထင်မှာစိုးလို့ပေါ့ မာလာတင်ရာ”
မာလာတင်သည် လမ်းတစ်ဖက်သို့ ကူးပြီးတော့မှ
“မောင်နှမ သုံးယောက်၊ ဦးမြတ်မောင် ပြီးတော့ ကိုအောင်ညွန့်၊ ကိုအောင်ညွန့် ပြီးတော့ လွင်၊ ကိုအောင်ညွန့်က ဆော်ဒီအာရေးဗီးယားမှာ၊ အမ်အီးအောင်ပြီးတော့ ရေနံကုမ္ပဏီမှာ အလုပ်သွားလုပ်နေတယ်။ လူပျိုကြီးပဲ ရှိသေးတယ်”
“ဪ….” ဟု သူ စကားထောက်ပေးသည်။ သစ်တိုပင်ရိပ်အစသို့ ရောက် လာသောအခါ
“သူတို့မောင်နှမ သုံးယောက်စလုံးက ပညာ သိပ်ကြိုးစားကြတာ။ ဘဝကို အောက်ခြေကနေ အရမ်းကြိုးစားပြီး တက်ခဲ့ရတာ၊ တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတယ်၊ အရမ်းဂရုစိုက်ကြတယ်။ နားလည်မှုထားတဲ့နေရာမှာ မျက်ရိပ် မျက်ခြည်နဲ့တောင် နားလည်ကြတယ်”
သူက သူ ခေါင်းညိတ်သည်။ မဟော်ဂနီပင်တွေအောက်သို့ ရောက်လာသည်တွင်“ကျွန်တော့်ကို ဘာဖြစ်လို့ ကြိုပြီး ဟန့်တားခဲ့ရတာလဲ မာလာတင်”
“ကျွန်မ မပြောချင်ဘူး၊ သူများကိုယ်ရေးကိုယ်တာ မဟုတ်လား”
“သိက္ခာကျစရာ အချက်အလက်တွေ ပါလို့လား”
“အဲသလိုတော့ မရှိပါဘူး၊ ဘာပြောမလဲ သူ့အကြောင်းကို သူ့ကွယ်ရာမှာ ပြောရတာကိုက မကောင်းဘူးလေ”
ဥပဒေဌာနရှေ့မှဖြတ်ကာ သွားကြစဉ် သူက
“သူ့မှာ ချစ်သူရှိလား”
“မရှိပါဘူး”
“စေ့စပ်ထားတာကော”
“အဲသလိုလည်း မဟုတ်ပါဘူး”
“ဒါဖြင့် သူ့ကို ကျွန်တော် သံယောဇဉ်ရှိမှာ သူကိုယ်တိုင်ကလည်း မလိုလား၊ ဘေးကလည်း ဘာမှလို့ မလိုလားကြတာလဲ”
မာလာတင် ပြုံးသည်။ “မလိုလားကြတာတော့ မဟုတ်ပါဘူး။ မလိုလား အပ်စရာတွေ ဖြစ်လာမှာကို စိုးရိမ်လို့ပါ” ဟု မာလာတင် ပြောသည်။ ပန်းချီခန်း ရှေ့သို့ ရောက်လာကြသည်။ သူက
“ကျွန်တော် သိချင်တယ်ဗျာ၊ နောက်ပြီးတော့ မေးရဦးမယ်။ မာလာတင်တို့အိမ် အလှူတုန်းက ကျွန်တော်တို့နဲ့မဆုံအောင် ဘာလို့ အချိန်လွှဲပြီး ဖိတ်တာလဲ”
ချက်ချင်းမဖြေ။ စားသောက်ဆိုင်တန်းတွေရှေ့မှ ဖြတ်လျှောက်ရင်းနှင့်
“တောင်တော် မောင်နှမ ဘုရားပွဲမှာ မမဆွေက ပြောပေးပါဆိုလို့ ကျွန်မက လူကြမ်းမင်းသမီး ဝင်လုပ်ပေးခဲ့ရတယ်။ ကျွန်မအိမ်မှာ အဲဒီနှစ်ယောက်ဆုံရင် မမဆွေက တစ်မျိုးတစ်မည် ထင်သွားနိုင်တယ်လေ။ စဉ်းစားကြည့်လေ”
“ဟုတ်ပါတယ်” ဟု သူပြောသည်။ စင်္ကြံဘက်သို့ ကွေ့ကာ လျှောက်ကြ သည်။ အရှေ့ဘက်သို့ တည့်တည့်ချိုးပြီးနောက် မာလာတင်က
“ကိုတင်အောင်ရှိန်တို့ အုပ်စုနဲ့ ကျွန်မနဲ့ အခုလောက် ခင်မင်နေတာကို မမဆွေ မသိဘူး၊ လွင့်တောင်မှ ကျွန်မ တော်ရုံသင့်ရုံပဲ ပြောခဲ့တာ”
“ဘာဖြစ်လို့လဲ၊ တရားခံဖြစ်သွားမှာ စိုးလို့လား”
တစ်ချက်ရယ်လိုက်၏၊ မဖြေ။ စင်္ကြံရှည်အတိုင်း တောင်ဘက်သို့ လျှောက် ကြသည်။ အဆောင်တွင် စင်္ကြံဦးတိုက်သောနေရာသို့ ရောက်လာသည်။ အဆောင်ခေါင်းရင်းဘက် လမ်းသို့ကူးကာ လျှောက်ကြသည်။ ကျွန်းပင်တွေအောက်သို့ရောက်မှ သူက
“လျှို့ဝှက်ချက်က တော်တော်ကြီးကျယ်လား”
“အတင်းကို ကပ်မေးနေတာပါလား” ဟု ပြောပြီး တိုးတိုးရယ်၏။ “ဒီလို ...” ဟု ရယ်သံအရပ်တွင် မာလာတင် ပြော၏။ သူ လှည့်အကြည့်၌
“လက်ဖက်ရည်ဆိုင်မှာ ကိုဝင်းမျိုးတို့ ရှိမယ်မဟုတ်လား”
သူ ခေါင်းညိတ်သောအခါ
“အဲဒီကျမှ ပြောပြမယ်၊ ဟုတ်လား...”
စိတ်လှုပ်ရှားသွားသည်။ သူ ပြုံးရင်းနှင့်
“ခြေနင်းစကြာ ရချင်လိုက်တာ”
“ဘာလုပ်ဖို့လဲ ကိုတင်အောင်ရှိန်”
“ဝင်းမျိုးတို့ဆီကို ရွှတ်ခနဲ ရောက်သွားအောင်ပေါ့”
“ဖြစ်မှဖြစ်ရလေ...” ဟု မာလာတင်က ရယ်ပြီးပြောလေသည်။
[] [] []
[ ၁၃ ]
ဦးမြင့်လှိုင်နှင့် ဒေါ်စိန်စိန်တို့၏သား မောင်မောင်ကျော်ငြိမ်းသည် ကိုအောင်ညွန့် နှင့် သူငယ်ချင်း။ အလယ်တန်းကျောင်းသားဘဝမှ ခင်မင်လာကြသည်။ ထိုစဉ်က နှင်းနှင်းလွင်တို့၏ အစ်ကိုကြီး ဦးမြတ်မောင်တို့သည် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် အိမ်ငှားပြီး နေခဲ့ရသည်။
ဦးမြင့်လှိုင် မိသားစုနှင့် ဦးမြတ်မောင် မိသားစုသည် ကိုအောင်ညွန့်နှင့် မောင်မောင်ကျော်ငြိမ်း သူငယ်ချင်းနှစ်ဦးကြောင့် ဆွေမျိုးရင်းချာပမာ ခင်မင်ရင်းနှီး ခဲ့ကြသည်။ ဦးမြင့်လှိုင်သည် ရွှေငွေကျောက်မျက်ရတနာ ကုန်သည်ကြီး။
ဆွေကြီးမျိုးကြီး ရှိသည်။ ပြည်ပနိုင်ငံ တော်တော်များများတွင် ဆွေမျိုးတွေ သွားရောက်ကာ နေသူနေ၏။ အလုပ်လုပ်နေသူများလည်း ရှိသည်။
ဦးမြင့်လှိုင်တို့၏ အဆက်အသွယ် အကူအညီဖြင့် ဦးမြတ်မောင်သည် ရာထူး အခွင့်အလမ်းပိုသောနေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်။ ထိုရာထူးသည် လခအားဖြင့် မပြောပလောက်။ ပြောပနိုင်သည်မှာ ပြည်ပ ကုန်သည်ကြီးများ၊ ကုမ္ပဏီပိုင်ရှင်ကြီးများနှင့် အကျွမ်းတဝင်ရှိစေသော နေရာဖြစ်ခြင်းပင်။
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သောကြောင့် ဝန်ထမ်းအဖြစ်မှ အငြိမ်းစား ယူပြီး နိုင်ငံခြားကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်နိုင်ရန် အခွင့်အရေး ပေါ်ပေါက်ခဲ့သည်။
ထိုလုပ်ငန်းအတွက် လိုအပ်သမျှအားလုံးကို ဦးမြင့်လှိုင်က ကူညီခဲ့သည်။ ရန်ကုန်မြို့လယ် ရုံးခန်းဖွင့်နိုင်ရေးမှအစ ကုန်ကျစရိတ်များကို စိုက်ထုတ်ကူညီခဲ့ သည်။ အတိုးအညွန့်မပါသော ကူညီမှုပမာဏမှာ သိန်းဂဏန်း ကျော်ခဲ့သည်။
ဘဝအကွေ့အပြောင်း ကြုံရချိန်တွင် ငှားနေရသောအိမ်မှ ဖယ်ပေးရ၍ အိမ်ထပ်မံငှားရသောစရိတ်၊ စက်မှုတက္ကသိုလ်တွင် နောက်တစ်ဘွဲ့ အတွက် ကျောင်း တက်ခွင့်ရသူ ညီ၏ ကျောင်းစရိတ်၊ ကုန်ကျစရိတ်တွေ အများအပြား တက်လာချိန် နှင့်ကြုံရသည်။ ညီ ဒုတိယဘွဲ့ရချိန်တွင် ညီမက တက္ကသိုလ်ကျောင်းသူ ဖြစ်လာ သည်။
ပြည်ပ အဆက်အသွယ်ရှိလာသဖြင့် ညီဖြစ်သူကို အရှေ့အလယ်ပိုင်းဒေသ တစ်နိုင်ငံသို့ အလုပ်သွားလုပ်ရန် အခြေအနေပေးသည်။ ကုန်ကျစရာတွေ ထပ်တိုး လာသည်။ ထိုအခြေအနေ အကျပ်အတည်းကြားမှ လွတ်မြောက်နိုင်ရေးကို ဦးမြင့် လှိုင်တို့ပင် ကူညီခဲ့၏။
ဦးမြင့်လှိုင်တို့၏ အဆက်အသွယ်ကြောင့် ကိုအောင်ညွန့်သည် လခအကောင်း ဆုံး ကုမ္ပဏီတွင် အလုပ်ရခဲ့သည်။ ပြည်ပခရီးထောက်များတွင် အခက်အခဲမရှိအောင် မောင်မောင်ကျော်ငြိမ်းက ကူညီခဲ့သည်။ လေယာဉ်တစ်စင်းတည်း အတူထွက်နိုင်ရေး အထိ ဦးမြင့်လှိုင်တို့ ကူညီခဲ့သည်။
နှင်းနှင်းလွင် ပထမနှစ် စာမေးပွဲဖြေပြီးချိန်တွင် မောင်မောင်ကျော်ငြိမ်းက မိခင်ဖြစ်သူထံသို့ စာတစ်စောင် ရေးခဲ့သည်။ မောင်မောင်ကျော်ငြိမ်း၏ မိခင် ဒေါ်မြင့်မြင့်စိန်က နှင်းနှင်းလွင်၏ ယောက်မထံသို့ ထိုစာကို လက်ဆင့်ကမ်းသည်။
ဒေါ်မြဆွေက ခင်ပွန်းဖြစ်သူ ဦးမြတ်မောင်ထံသို့ မောင်မောင်ကျော်ငြိမ်း၏ စာကို ပေးလိုက်သည်။ စာဖတ်ပြီး တစ်ပတ်အကြာတွင် ညီမကိုခေါ်၍ “ဖတ်ကြည့်။ စဉ်းစားသင့်တယ်” ဟု ပြောပြီး ပေးဖတ်သည်။
မောင်မောင်ကျော်ငြိမ်း၏ စာထဲတွင် မိခင်ကို
… ကျွန်တော့်အတွက် အမေတို့ ချွေးမရှာထားမယ်လို့ ရေးတာ ဖတ်ရပါတယ်။ တခြားမိန်းကလေးတော့ ကျွန်တော် မမြင်ဘူး။ နှင်းနှင်းလွင်နဲ့ဆိုရင် ကျွန်တော် စိတ်ချမ်းသာမှာ အမှန်ပဲ။ သူငယ်ချင်းရဲ့ နှမဆိုတော့ မပြောရက်၊ မပြောရဲ၊ မပြောကောင်းလို့ မြန်မာပြည်မှာ နေစဉ်က ကျွန်တော် နှုတ်ဆိတ်နေခဲ့တာ အမေ။ မမဆွေကတစ်ဆင့် အမေ နားဖောက်ထားရင် ကောင်းတာပေါ့။ နားဖောက်ပြီးရင်တော့ အောင်ညွန့်ကို ကျွန်တော် တောင်းပန်စကားလှမ်းပြောလိုက်ပါ့မယ် အမေ...
ထိုစာကို နှင်းနှင်းလွင် ဖတ်ပြီးကတည်းက အစ်ကို၏ သဘောဆန္ဒကို သိလိုက်ပြီးဖြစ်သည်။ မမဆွေက ဒေါ်စိန်စိန်မြင့်ကို “အစ်မကြီးတို့ သဘောပါပဲ” ဟု ပြောကြားကြောင်း မာလာတင်က ပြောပြသည်။ လူကြီးစုံရာနှင့် ပြောဆိုသော အခမ်းအနား မကျင်းပသည်ကလွဲ၍ မောင်မောင်ကျော်ငြိမ်း ပြန်ရောက်ရင် စီစဉ် တာပေါ့ဟု စကားထားခဲ့ကြသည်။ “မောင်မောင်နဲ့ဆို ကျွန်တော် သဘောမတူစရာ မရှိပါ အစ်ကို” ဟု အောင်ညွန့်က ဦးမြတ်မောင်ထံသို့ စာရေးခဲ့သည် သိရသည်။ “နောက်နှစ်နှစ်၊ ဒါမှမဟုတ် သုံးနှစ်ဆိုရင် မောင်မောင်ကျော်ငြိမ်း လစ်ဗျားက ပြန်လာမယ်။ မင်္ဂလာကိစ္စပြီးသွားရင် နှင်းနှင်းလွင်ကိုပါ ဟိုခေါ်သွားမယ်” ဟု မာလာတင် ပြောပြသွားသည်။ မာလာတင် ပြန်သွားသည့်နောက် အတော်ကြာသည် အထိ သုံးယောက်သား စကားမပြောဖြစ်ကြ။
*
အစ်ကိုကြီးကိုလည်းကောင်း၊ အစ်ကိုငယ်ကိုလည်းကောင်း၊ နှင်းနှင်းလွင် ငဲ့ကွက်လျက်ရှိမည်ဖြစ်သည်။ သင့်လျော်သည်ဟု အစ်ကိုနှစ်ယောက်က ယူဆခဲ့ ခြင်းကိုလည်း နှင်းနှင်းလွင် ပစ်ပယ်ရန် ခက်ခဲပေလိမ့်မည်။ မောင်မောင်ကျော်ငြိမ်း ဆိုသူနှင့် ချစ်သူမဖြစ်ခဲ့၊ ထိုသူ၏ ချစ်ရေးဆိုခြင်းလည်း မရရှိခဲ့။ လူကြီးတွေမှ တစ်ဆင့် လက်ထပ်ရေးစကားကို တိုက်ရိုက် အရေးဆိုခဲ့သူ။ နှစ်မိသားစု၏ ကျေးဇူးခံ ကျေးဇူးအနေအထားသည် နှင်းနှင်းလွင်ကို ငြင်းသင့်၊ မငြင်းသင့်ပင် မရှိစေခဲ့။ ထိုအချိန်က နှင်းနှင်းလွင်တွင် ချစ်သူမရှိ။ တိမ်းညွှတ်ရန် စဉ်းစားရမည့်သူ ပင်လျှင် နှင်းနှင်းလွင် မရှိ။
သူနှင့် မဆုံစည်းရမီက ထိုအကြောင်းတွေ ရှိနေခဲ့ခြင်းကြောင့် နှင်းနှင်းလွင် တင်ကြိုကာကွယ်ခဲ့ခြင်းဟု သိရချိန်မှစ၍ အနေရမပျော်တော့။
“လူကြီးသူကြီးစုံရာနဲ့ စေ့စပ်ထားတာမှ မဟုတ်ဘဲ။ မင်း မျှော်လင့်ချက် ထားချင်လည်း ထားလို့ရပါသေးတယ်။ စိတ်ဓာတ် ပုံခနဲ လဲမကျပါနဲ့ကွာ”
လှိုင်ထွန်း အားပေးသည်။ သူ မရွှင်မပျ ပြုံးကာ
“အခြေအနေက ပိုတောင် ရှုပ်ထွေးလာသေးတယ်"
“တောင်တော်မောင်နှမ ဘုရားပွဲမှာတုန်းက မာလာတင်ကို မမဆွေက ဘေးဆီး ရန်ကာ စကားပြောခိုင်းတာ ရှင်းပါတယ်။ မာလာတင် ပြောသွားသားပဲ။ သူ့ညီမက မင်းကို ညွတ်တွတ်တွတ် ဖြစ်နေတာ မိန်းမချင်းမို့ ပိုသိတယ်ဆိုတာ။ မာလာတင်ကလည်း ကျွန်မတို့လည်း ရိပ်မိတာပေါ့တဲ့။ အဲဒီစကားက မင်းအဖို့ ဆွေးစရာပဲနော်” ဟု ဝင်းမျိုးပြော၏။
“မင်းဘက်မှာသာ ရှုပ်ထွေးနေတာ၊ ဟိုဘက်မှာ ရှင်းနေတယ်။ မောင်မောင် ကျော်ငြိမ်း ပြန်လာမယ်၊ လက်ထပ်ပြီး ခေါ်သွားမယ်၊ ဒါပဲ”
လှိုင်ထွန်း ပြောသည်။ ဝင်းမျိုးက
“ဟိုလူနဲ့က ချစ်တယ်မချစ်ဘူး၊ ပြောစရာကိုမလိုဘူး။ အဲဒီအချိန်မှာ မင်းကို သူတွေ့တော့ စိတ်ထဲမှာ ငြိသွားတယ်။ ခုအချိန်မှာ စိတ်အများရဆုံးလူဟာ မလွင်ပ” သူ ခေါင်းညိတ်ပြီး တွေးသည်။ နှင်းနှင်းလွင်သည် သူ့ကို မည်မျှ တွယ်တာပါသနည်း။ မေတ္တာသက်ဝင်သည် ဟူသောအဆင့်သို့ နှင်းနှင်းလွင် ရောက်ခဲ့ ပါသလား။ တွယ်တာခြင်း၊ မေတ္တာသက်ဝင်ခြင်းပမာဏကို သိလိုလှ၏။
မေ့ပျောက်နိုင်သော အငြိအတွယ်ဆိုပါက နှင်းနှင်းလွင် အခံစားရ သက်သာဖွယ် ရှိသည်။ သာမန်ထက် မဆိုသရွေ့ ပိုသော စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုလောက်သာ နှင်းနှင်းလွင်မှာ ဖြစ်ပေါ်ခဲ့လျှင် စကားဖွဲ့စရာပင် ကျန်ရစ်စရာမရှိ။
အကယ်၍ သူ့ကဲ့သို့ သူ့နီးပါး မေတ္တာထားမိခဲ့ပြီဆိုလျှင်ကား ဝင်းမျိုး ပြောသကဲ့သို့ စိတ်များနေပေရော့မည် သေချာသည်။
မျှော်ထားသော အခြေအနေတစ်ရပ်နှင့် တွေ့ကြုံလိုက်ရသော ပကတိတို့ ကွာခြားသော် စိတ်သည် တည်ရာမဲ့ဖြစ်တတ်သော သဘာဝရှိပုံရ၏။ တွယ်ရာမဲ့စိတ် သည် အားငယ်သော လက္ခဏာနှင့်တကွ ဖြစ်ပေါ်လာလေသည်။ တစ်သက်တာတွင် ပထမဆုံး တွေ့မြင်ခဲ့ရသောသူ၊ တစ်ဘဝလုံးအတွက် ချစ်မိခဲ့ရသောသူ၊ မကြေ ညာခဲ့သေးသော ချစ်သူ၊ ထိုသူကို ဆုံးရှုံးနှင့်ခဲ့ရပြီဟု ယူကျုံးမရ တွေးမိလေသည်။
အချစ်ကို တွေ့ရပြီဟု ကြွေးကြော်ချိန်တွင် အချစ်ကို ပျောက်ရသူကဲ့သို့ ခံစားရလေသည်။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေ၍ မတွေ့သူပမာ ရင်မှာဖြစ်သည်။ အပ်နှင်းမည့်သူသည် ပြန်မဆုံနိုင်သော အဝေးမှာ စောစောကပင် ရောက်ရှိနေပေပြီ။
“ကိုတင်အောင်ရှိန်...”
ကိုယ့်အတွေးနှင့်ကိုယ် တွေးပြီး လမ်းလျှောက်နေ၍ ခေါ်သံကျယ်ကျယ် ကြောင့် ဆတ်ခနဲဖြစ်သွားသည်။ ခေါ်သံလာရာ နောက်သို့ လှည့်ကြည့်သောအခါ လမ်းတစ်ဖက်မှ ကူးလာသော နှင်းနှင်းလွင်။ အနီးသို့အရောက်တွင်
“အမယ်လေး... ခေါ်လိုက်ရတာ၊ လေးငါးခွန်း”
“ဟုတ်လား”
မျက်နှာချင်းဆိုင်ရပ်ပြီး
“အတန်းမရှိဘူးလား”
ခေါင်းညိတ်လိုက်သော သူ့ကို
“ဘယ်သွားမလို့လဲ”
“စာကြည့်တိုက်”
“အချိန်ရလား”
“ရပါတယ်”
“တို့ မုန့်သွားစားမလို့၊ လိုက်ခဲ့ပါလား”
ကြည်လင်သောအကြည့်ဖြင့် သူ့ကိုကြည့်သည်။ တစ်စုံတစ်ရာ စကားဆိုချင် သော အရိပ်အငွေ့ကို မျက်လုံးအစုံမှာ တွေ့ရသည်။ သူ ခေါင်းညိတ်ပြီး “သွားလေ….” ဟု ပြောသည်။
*
လမ်းတစ်လျှောက်လုံးတွင် စကားသိပ်မပြောမိကြ။
အောင်စာရင်းထွက်သောနေ့က လာပုံတွေ၊ ဒီဇင်ဘာဆန်းစကပင် ဆောင်းအေး ပုံတွေ၊ မေခလာသီချင်းအခွေသစ်အကြောင်း၊ ပုဏ္ဏကတိုက်ခြင်းအမည်ရှိ ဗီဒီယို ရုပ်ရှင်အကြောင်း တစ်ခွန်းစ နှစ်ခွန်းစ နှုတ်သင့်ရာသာ ပြောခဲ့ကြသည်။ ရွှေတောင် ခေါက်ဆွဲဆိုင်သို့ ရောက်သောအခါ စားရင်းသောက်ရင်းနှင့်
“မနေ့က မမမာလာ အိမ်လာလည်တယ်”
သူ ခေါင်းတစ်ချက်ဆတ်သည်။
“သူ ကျောင်းကိုလာလည်ရင်း ကိုတင်အောင်ရှိန်တို့နဲ့ တွေ့တဲ့အကြောင်း ပြောတယ်။ အဲဒီနေ့က ကျွန်မကို ကိုတင်အောင်ရှိန်တို့လေးယောက် လာရှာတာလည်း ပြောတယ်။ ကျွန်မက အဲဒီနေ့က ကျောင်းမတက်ဖြစ်ဘူး။ သူ ကျွန်မအကြောင်း ပြောခဲ့တယ်ဆို”
သူ ခေါင်းညိတ်သည်။ ထို့နောက်
“ကျွန်တော် မေးလွန်းမက မေးလွန်းလို့ သူပြောပြရတာပါ ”
“သူ ပြောပြသွားတာ ကျွန်မ ဘယ်လိုမှ မအောက်မေ့ပါဘူး။ ကျေးဇူး တောင် တင်ရပါသေးတယ်။ ကျွန်မကိုယ်စား သူ စောစောစီးစီး ပြောပြပေးထားသလို မို့လို့ပါ”
ဝါးတဲကျယ်ကြီးထဲက ဝါးစားပွဲ၊ ဝါးထိုင်ခုံကြီးတွေကို သူ လှမ်းကြည့်ပြီး တစ်ချက်ပြုံးသည်။ နှင်းနှင်းလွင်သည် မျက်ခုံးပါးကို မသိမသာတွန့်ကာ
“ကျွန်မကိုယ်တိုင် ပြောပြခဲ့ဖို့ကောင်းတယ်၊ အမှန်က”
“ပြောလည်း ရတာပဲ”
“အားနာတယ်၊ မပြောရက်ဘူး။ ကျွန်မက ပြန်ချစ်နေလို့ အဲသလို သဘော ထားတယ် မထင်နဲ့နော်။ ကျွန်မ ကိုတင်အောင်ရှိန်ကို ခင်ပါတယ်။ မြင်ကတည်းက ခင်မင်ချင်ခဲ့ပါတယ်။ ကျောင်းနေဖက်သူငယ်ချင်းလို ခင်မင်ချင်တာပါ။ ဒါပေမဲ့ ရိုးရိုးတန်းတန်းခင်တဲ့အဆင့်မှာ ကိုတင်အောင်ရှိန် အမြဲနေနိုင်မယ် မဟုတ်ဘူးလို့ ကျွန်မစိတ်ထဲက သိနေတယ်။ အဲသလို အဆင့်တိုးရင် ကိုတင်အောင်ရှိန်ပဲ စိတ်ဆင်းရဲရမှာမြင်လို့ ကျွန်မ တံတိုင်းခတ်ခဲ့တာ။ ကျွန်မ ဒုတိယနှစ်တက်တဲ့ အချိန်မှာ ယောက်ျားလေးသူငယ်ချင်းတွေကိုတောင် အပြောအဆို သိသိသာသာ လျှော့ပစ်လိုက်တယ်။ မိတ်ဆွေ အပေါင်းအသင်းအသစ်... အဲ... ယောက်ျားလေးဆိုရင် မေးထူးခေါ်ပြောထက်မပိုအောင် ဆက်ဆံခဲ့တယ်။ ကျွန်မ...”
စကားကိုရပ်လိုက်၏။ သူက
“ကျွန်တော် သဘောပေါက်ပါတယ်”
“ကျွန်မမှာ ချစ်သူရှိခွင့် မရှိဘူးလေ”
“အစ်ကိုကြီးတို့က တားမြစ်ထားလား”
နှင်းနှင်းလွင် ခေါင်းခါ၏။ ထို့နောက်
“ဘာတစ်ခွန်းမှ ပြောမထားဖူးပါဘူး။ ကိုမောင်မောင်ကျော်ငြိမ်းစာကို ကျွန်မ ပေးဖတ်တာ ရှင်းနေတာပဲ။ ကျွန်မ နားလည်မှု ထားရမယ်လေ။ ဖွင့်ပြောပြီး တားမြစ်တာထက် တင်းကျပ်တဲ့ အသိတတ်တရား ကျွန်မ ထားနေရတာပဲ”
သူ ခြံဝသို့ ငေးတေးတေး ကြည့်နေ၏။
“အချိန်တန်ရင် ကျွန်မကို ယောက်ျားပေးစားမယ်။ သားသမီး မြေးမြစ်တွေ ရှိလာမယ့် အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သွားမယ်။ ကျွန်မဘဝက ဒါပဲ ကိုတင်အောင်ရှိန်”
အစက သပွတ်အူဟု ထင်ခဲ့သည်။ ယခုသော် ဝဲယာထက်အောက် ကန့်လန့် ဒေါင်လိုက် အလျားလိုက် ရှုပ်ယှက်ခတ်ခြင်း အမျှင်အတန်း ကင်းစင်နေသည်။ ဂြိုဟ်တွေ နက္ခတ်တာရာတွေကို နယ်နိမိတ်အတွင်းမရှိသော ဟင်းလင်းပြင် အာကာသကို မြင်ရသကဲ့သို့ ရှိလေသည်။ ပွင့်လင်းသော စကားတစ်ခွန်းတွင် နှင်းနှင်းလွင်၏ စိတ်နှလုံးကို မြင်လိုက်ရလေသည်။
“ကျွန်မကို ဘယ်သူမှ မချုပ်ချယ်ထားကြပါဘူး။ ဒါပေမဲ့ မလွတ်လပ်ဘူး။ တစ်ချိန်က ကျွန်မတို့ မောင်နှမတွေ ငါးပိရည်၊ တို့စရာပဲစားပြီး ကျောင်းတက်ခဲ့ ရတယ်။ အိမ်လခ တစ်ရက်နောက်ကျရင် အိမ်ရှင်က သဟောက်သဟက် ပြောတာ ခံရတယ်။ အစ်ကိုကြီး အရာရှိဖြစ်တော့ တိုက်ပုံတစ်ထည်ပဲရှိတယ်။ ဒါတောင် လပေးနဲ့ ဝယ်ခဲ့ရတာ။ အစ်ကိုကြီးနဲ့ အစ်ကိုငယ်က ကျွန်မကို သိပ်ချစ်တယ် ကိုတင်အောင်ရှိန်၊ အပျိုဖော်ဝင်စ ပြုလာတဲ့ ညီမလေးအတွက် သူတို့ အငတ်ခံတယ်၊ အစ်ကိုငယ် စက်မှုတက္ကသိုလ်တက်တော့ အင်္ကျီသုံးထည်၊ လုံချည်သုံးထည်ပဲ။ ထည်လဲဝတ်တယ်၊ ကားခပဲရတယ်။ တစ်ခါတလေ ရတဲ့မုန့်ဖိုးကို ညီမအတွက် ထဘီ၊ အင်္ကျီဖိုးဆိုပြီး စုထားတယ်။ ယောက်မက ခေါ်တော့သာ ယောက်မ၊ အစ်မပဲ၊ အမေပဲ”
နားထောင်ရင်း ရင်မှာ ဆို့ချင်လာသည်။ လွမ်းစရာ အကောင်းဆုံး ဇာတ်ကွက် တစ်ခုကို ကြားရသလို ရှိလာသည်။ မေတ္တာ၊ စေတနာနှင့် အနစ်နာခံခြင်းတို့၏ သင်္ကေတတွေကို ကြားရသည်။ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးခြင်း၊ ဦးစားပေးခြင်း၊ ကြင်နာခြင်းတွေဖြင့် စိတ်ခွန်အားဖြည့်တင်းကာ ဘဝတိုးတက်ရေး တွေကို ကြိုးစားခဲ့ကြ၊ တည်ဆောက်ခဲ့ကြသော မောင်နှမသုံးယောက် မိသားစု။
“အခု အစ်ကိုငယ် အလုပ်သွားလုပ်၊ ပစ္စည်းတွေပို့၊ အဲဒါတွေ ထုခွဲ၊ ကျွန်မတို့ မျက်နှာမငယ်ရတော့ဘူး။ အစ်ကိုကြီး ဘယ်လောက် ဘယ်လိုကြိုးစား ခဲ့ရတယ်ဆိုတာ ကျွန်မအမြင်ပဲလေ။ သူ အင်မတန်တော်တဲ့၊ ကောင်းတဲ့ မိတ်ဆွေ တစ်ယောက် ရခဲ့တယ်။ ကိုမောင်မောင်ကျော်ငြိမ်းရဲ့ အဖေနဲ့အမေ၊ သူတို့ကလည်း ကျွန်မကို သမီးမရှိလို့ သမီးလိုပါပဲ။ ခုထိ နှစ်စဉ် ဝတ်စုံ နှစ်ဆယ်၊ သုံးဆယ် ပို့ပေးနေကျ။ ဒါပေမဲ့ ကိုမောင်မောင်ကျော်ငြိမ်းနဲ့ ကျွန်မနဲ့ စကားလက်ဆုံ တစ်ခါမှ မပြောဖူးခဲ့ပါဘူး။ ကျွန်မက သူ့ညီအငယ်ဆုံးနဲ့မှ ရွယ်တူ။ ဆယ့်ငါးနှစ်ကွာတယ်လေ”
တရားသဖြင့် စီစဉ်ထားပြီးသော ဇာတ်လမ်းထဲသို့ မဆင်မခြင် ဝင်ရောက်မိလေခြင်းဟု နောင်တရလိုက်သည်။ သက်ပြင်းချလိုက်သော သူ့ကို နှင်းနှင်းလွင်က မြင်၍ စကားတန့်သည်။ စိတ်အနှောင့်အယှက်ဖြစ်နေသည်ဟု နှင်းနှင်းလွင် ထင်ဟန် တူ၏။
** ***
၆ဆက်ပါမည်
* နွေဦးဝင်သော် * { ၆ }
ငြိမ်းကျော်
[ ၁၀ ]
“စိတ်ညစ်သွားလား ကိုတင်အောင်ရှိန်”
သူ မျက်နှာချင်းဆိုင်သည်။ မပီမသပြုံးပြီး ခေါင်းကို ယမ်းသည်။
“ကျွန်တော် နောင်တရနေတယ် မနှင်းနှင်းလွင်...”
နှင်းနှင်းလွင် မျက်လုံးဝိုင်းသွား၏။ မျက်ခုံးကို ဆတ်ခနဲတွန့်သည်။ ကိုယ် ကို ရှေ့ယူပြီး သူ့ကို နားမလည်စွာ ကြည့်သည်။ နှုတ်ခမ်းပဟတတနှင့် ခဏနေသည်။ ထို့နောက်
“ဘာဖြစ်လို့လဲဟင်...”
သူ မျက်တောင် တစ်ချက်နှစ်ချက် ခတ်သည်။ နှုတ်ခမ်းနှင့် ထိနေသော လက်ချောင်းတွေကို ဖယ်ကာ
“မစူးစမ်းဘဲ ကျွန်တော် ဝင်လာမိခဲ့လို့၊ အခြေအနေကို မလေ့လာဘဲနဲ့ ရှေ့ချည်း တိုးလာခဲ့လို့ပေါ့ ”
နှင်းနှင်းလွင်သည် ခေါင်းကို အသာယမ်းသည်။ ငိုက်ထားသော သူ့မျက်နှာကို ကြည့်သည်။ ငုံ့၍ ငဲ့ကြည့်နေသော နှင်းနှင်းလွင်ထံမှ ရေမွှေးရနံ့သည် သူ့ထံသို့ ဝေ့လာလေ၏။
“အပြစ်မဟုတ်ပါဘူး ကိုတင်အောင်ရှိန်ရယ်။ နောင်တရစရာ မလိုပါဘူး။ ဘယ်သူသိနိုင်မှာလဲ။ လူတစ်ယောက် အိမ်ထောင်တစ်ခုရဲ့ အတွင်းရေးကို”
“မာလာတင်ဆီက စကားတွေ ကျွန်တော် သိပ်ကြားချင်ခဲ့တယ်။ ကြားရ တော့ ဆက်ပြီး မကြားချင်ဘူး၊ မသိချင်ဘူး။ ကျွန်တော် သတ္တိနည်းသွားတာလား၊ နှမြောလွန်းလို့လားဆိုတာတော့ မသိဘူး။ ချော်ပူဖုံးသွားသလို ခံစားခဲ့ရတယ်” ဟု သူပြောသည်။
“ရည်းစားစကားလားဟင်... အခုပြောလိုက်တာ”
အရွှန်းဖောက်သည်ကို သဘောပေါက်လိုက်သည်။ ညစ်ညူးစရာအာရုံမှ ဖယ်အောင်ပြုခြင်းဟု သူ သဘောပေါက်သည်။ သူပြုံးကာ
"ရည်းစားစကား ဖြစ်ရာကျသွားရင် တောင်းပန်တယ်နော်”
“ကိုတင်အောင်ရှိန်က ရယ်စရာသိပ်ကောင်းတာပဲ”
“ဘာဖြစ်လို့လဲ”
“ရည်းစားစာ တစ်စောင်မှလည်း မပေးခဲ့ဘဲနဲ့၊ ရည်းစားစကားလည်း တစ်ခွန်းမှ မဟဘဲနဲ့... မိန်းကလေးတစ်ယောက်ကို ရည်းစားလို့ ထင်နေတာ။ ခံစားချက်တွေပြောနေတာလေ”
သူ တစ်ချက်ရယ်သည်။ မွန်းတည့်ခါနီး နေရောင်ကျနေရာ မြေမျက်နှာပြင်ကို လှမ်းကြည့်ရင်း
“ဦးနှောက်တွေ ထူပူသွားပြီး မေ့တာလျော့တာ အဆင့်ကျော်တာတွေ ဖြစ်ကုန် တယ်နဲ့ တူပါတယ်ဗျာ”
နှင်းနှင်းလွင်သည် နှုတ်ခမ်းကို လက်ကိုင်ပဝါခေါက်ဖြင့် ကွယ်ပြီး ရယ်နေ လေသည်။ သူက ခေါက်ဆွဲပန်းကန်ကို ကြည့်သည်။ နှင်းနှင်းလွင်၏ ပန်းကန်တွင် လည်း သူ့နည်းတူ တစ်ဝက်သာသာ ကျန်နေသေးသည်။
“တော်ပြီလား”
ပန်းကန်ကို လက်ညှိုးထိုးပြီး သူမေးသည်။ နှင်းနှင်းလွင် ခေါင်းညိတ်၏။
“မကောင်းလို့လား”
“ပထမတန်းစား ရွှေတောင် ခေါက်ဆွဲပဲ”
“ဘာလို့ ဆက်မစားတာလဲ”
ချက်ချင်း မဖြေ။ သူ့ပန်းကန်ကို လှမ်းကြည့်ပြီးနောက်
“ကိုတင်အောင်ရှိန်ကော ဘာလို့ ဆက်မစားတာလဲ”
ဆက်၍မစားနိုင်အောင် ရင်မှာဆို့ကာ ပြည့်ကာ ဖြစ်နေသည်ကို သူ မဖြေ။ “ကျွန်မလိုပဲ စားလို့မရအောင် ဖြစ်နေလို့မဟုတ်လား” ဟု နှင်းနှင်းလွင်က လေသံမျှ ဖြင့် ပြောမေး မေးသည်။
ရင်တွင်းသို့ အရောက်ဝင်လာသော စကား။
[] [] []
[ ၁၄ ]
တပို့တွဲ ဆန်းစလ၏ အအေးသည် စူးရှလှသည်။
အနွေးထည် ဝတ်ထားလျက်နှင့် ချမ်းသည်။ ဝင်းမျိုးက အနွေးထည် ကော်လာကို ထောင်ထားလိုက်သည်။ အချမ်းပြေအောင် စီးကရက်ကို သောက်ရင်း ခြံထဲတွင် စိုက်ပျိုးထားသော အပင်တွေ၊ အသီးအနှံတွေအကြောင်း ပြောသည်။ ဧကခြောက်ဆယ်ကျော်သော စိုက်ပျိုးခြံထဲတွင် နှစ်ရှည်ပင်အချို့ သီးစပြုနေပေပြီ။
ပန်းနှင့် သစ်ခွတို့ကား လွန်ခဲ့သော ငါးနှစ်ခန့်က ဝယ်ပြီး နောက်နှစ်တွင် ရောင်းရေးဝယ်တာ စတင်ဖြစ်ခဲ့သည်။ ဥယျာဉ်ထွက် ရာသီပင်တို့ အဆက်မပြတ်ခဲ့။ ထိုခြံသို့ သူ မရောက်သည်မှာ တစ်နှစ်ကျော်ပေပြီ။ ဝင်းမျိုးတို့ မိသားစုသည် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ထိုခြံတွင် သွားရောက်နေထိုင်ကြသည်။
“သင်္ကြန်က နှစ်လပျော့ပျော့ပဲ လိုတော့တယ်။ ဒီနှစ် ဘယ်မှမသွားဖြစ်ရင် မင်းတို့ခြံထဲမှာ သွားနေတာ ကောင်းမယ်”
သူပြောသည်။ ဝင်းမျိုးက
“မလွင်တို့ကော တောင်တော်မောင်နှမ ဘုရားပွဲ သွားဖြစ်မတဲ့လား”
“မမေးကြည့်ရသေးဘူး”
“မင်းနဲ့ သူနဲ့ ဒီရက်အတွင်း မတွေ့ဖြစ်ခဲ့ဘူးလား”
“အမြဲတွေ့နေ၊ ဆုံနေရအောင် သူနဲ့ငါက သမီးရည်းစားလား”
ဝင်းမျိုး ပြုံးပြီး
“မသိဘူးလေ၊ ကာယကံရှင်ချင်းပဲ သိနိုင်တဲ့ကိစ္စ”
သူ ရယ်သည်။ “အတော် ဘဝင်မြင့်သွားပြီ” ဟု သူ ရယ်သံနှင့် ပြောသည်။ စာသင်ခန်းလွတ်ထဲတွင် ရယ်သံ ပဲ့တင်ထပ်၍သွားသည်ဟု ထင်ရ၏။
“သူနဲ့ငါ အခင်ဆုံးသူငယ်ချင်း"
သူ့စကားကြောင့် ဝင်းမျိုး ပြုံး၍
“ဖြစ်သွားပြန်ပြီ”
သူ ပြုံးပြီးနောက်
“ငါ ဒီထက် ဘာပိုရစရာရှိလို့လဲ ဝင်းမျိုးရာ”
ပြတင်းအပြင်သို့ သူ ငေးသည်။ ရွက်ကြွေတောမှာ ရွက်နုတွေ အပင်တိုင်းမှာ ဝေလျက်ရှိသည်။ ရွက်သစ်တို့၏ အဆင်းသည် စိုပြည်စွာ စိမ်းနေ၏။ ကြွေရွက်တွေမှာ ပင်အောက်မြေပြင်၌ အနှံ့ကျကာ နေလေသည်။
“မင်းနဲ့ မလွင်တို့ နှစ်ယောက်စလုံးကို ငါတို့ သနားတယ်”
သူ နဖူးတွန့်ပြီး
“သူ့အစ်ကိုတွေက သူ့ကို ဘာမှချည်နှောင်ထားတာ မရှိဘူး။ သူ့ကိုယ်သူ ချည်နှောင်ထားသင့်တယ်လို့ သူ ယူဆပြီး သူ့ဘာသာသူ ချည်ထားရတာ”
“မင်းနဲ့ မဆုံခင်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ချည်မန်းကွင်း စွပ်ထားရတာ မသိလိုက် မသိဘာသာ၊ မင်းလည်း သူတွေ့ရော ချည်မန်းကွင်း အနှောင်အဖွဲ့ ဒဏ်ကို သူသိရော။ အဲဒီကျမှ သူ့မှာ ဝန်ထုပ်ဝန်ပိုး ထမ်းရသလို ခံစားလာရတာ။ ငါထင်တာလေ”
“ဟုတ်ပါတယ် ဝင်းမျိုး၊ သူ ငါ့ကိုမေ့ပစ်နိုင်လေလေ သူ့အတွက် ကောင်း လေလေပဲ”
“သတိရအောင် မင်း မဖန်တီးနဲ့ပေါ့ကွာ”
သူ ခေါင်းညိတ်သည်။ “ငါ သူ့ဆီ မသွားပါဘူး။ လမ်းမှာ အဝေးကြီးက မြင်ရင်တောင် ငါ ရှောင်ပါတယ်။ မျက်နှာပြပြီး သွယ်ဝိုက် တောင်းဆိုနေတယ်လို့ မဖြစ်အောင် ငါ နေနေပြီပဲ သူငယ်ချင်း” ဟု သူပြောသည်။ ထို့နောက် “မဖြစ် နိုင်တဲ့ အရာကို အတင်းအဓမ္မ ဖန်တီးရင် စိတ်ဆင်းရဲကြရမှာမို့ ငါ နောက်ဆုတ် ခဲ့တာပဲ” ဟု သူ ဆက်ပြောသည်။ ဝင်းမျိုးက စီးကရက်မီးခိုးကို မော့၍ မှုတ် ထုတ်ပြီးနောက်
“မတတ်နိုင်မှု နိယာမကို မင်းယုံကြည်တယ်ဆိုပါတော့”
“ယုံကြည်တာထက် အဲဒီ နိယာမနဲ့ လိုက်လျောညီထွေအောင် နေလိုက်တာ၊လကမ္ဘာပေါ်မှာ သွားနေချင်တာဟာ အစကတော့ မတတ်နိုင်မှု၊ နောက်တော့ ဒုံးတွေတီထွင်၊ မဖြစ်ဖြစ်အောင် ပင်ပန်းတကြီး ကြိုးစားရတော့ မတတ်နိုင်မှု နိယာမထဲက လွတ်လာခဲ့တယ်။ ဒါ လကမ္ဘာလိုရုပ်နဲ့ လူရဲ့ ဆက်သွယ်ပုံ၊ လူလူချင်းကျတော့ ကိုယ်ကျင့်တရားတွေ၊ တာဝန်ဝတ္တရားတွေ၊ ကျေးဇူးတရားတွေ၊ စေတနာ မေတ္တာတွေက ကြားမှာရှိနေတယ်။ အဲဒါတွေ ကြားမှာရှိနေတော့ နတ်ဖန်တီး ရင် လူမှုရေး အမည်းစက်၊ စီးပွားရေး၊ နိုင်ငံရေး အမည်းစက် စွန်းရော။ မလွင် ငါ့ကိုလက်ခံရင် တစ်ဖက်မှာ လက်လွှတ်ရမယ်၊ တွေ့လား။ ဒီတော့ မတတ်နိုင် တာကို တရားတစ်ခုအနေနဲ့ ငါ နှလုံးသွင်းရုံအပြင် ဘာမှမရှိတော့ဘူးလေကွာ”
စကားအဆုံးတွင် ပင့်သက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်သည်။ စကား ကုန်ခန်းသွားသကဲ့သို့ သူ့မှာ ဖြစ်နေသည်။
*
“ဘာမှ ဖြစ်လာမှာမဟုတ်တဲ့ဇာတ်ကို စခဲ့တာဆိုတော့ ခုကော နောင်ကော ဘာမှ ဖြစ်လာစရာ မရှိပါဘူး” ဟု လှိုင်ထွန်းက မာလာတင်ကို လှမ်းပြောသည်။ သူက ကော်ဖီနှင့် မုန့်ပန်းကန်တွေကို ဗန်းထက်တင်ပြီး ယူလာသည်။ ဧည့်ခန်း ထဲတွင် သူ ပြန်ထိုင်သည်။ “ဦးလေးတို့၊ အဒေါ်တို့က ဘယ်သွားကြတာလဲ” ဟု မာလာတင် မေးသည်။ “ကျွန်တော့်ဦးလေးတစ်ယောက် ပဉ္စင်းခံလို့ အလှူသွား ကြတာ၊ ကျွန်တော်ပဲ ကျန်ခဲ့တာ။ အိမ်စောင့်” ဟု သူဖြေ၏။ ထို့နောက်
“ညက မလွင် ကျွန်တော့်ဆီကို ဖုန်းဆက်တယ်၊ တီဗွီသတင်း မလာခင်လေး”
လှိုင်ထွန်းက အံ့သြသွားသည်။ “ဟုတ်လား” ဟု မာလာတင်က တအံ့ တသြဆိုသည်။ “သတိရလို့ပါတဲ့၊ မတွေ့ရတာလည်း ကြာလို့ပါတဲ့။ ဒါပဲ….” ဟု သူ ပြန်ပြောပြ၏။ လှိုင်ထွန်းက ပြုံးပြီး
“တိခနဲနေအောင် ပြတ်နေကြရင် ကောင်းမယ်”
သူ မပြော။ မာလာတင်က
“သူ ကျွန်မဆီကို ရွှေတိဂုံဘုရား တပေါင်းပွဲတော်ကျရင် လာမယ်။ ညအိပ်ပြီး စကားတွေ ပြောရအောင်တဲ့။ တစ်ပတ်လောက်က ပြောတာ”
“သူတို့နှစ်ယောက်က ဘာနဲ့တူသလဲဆိုတော့ ချည်ပြတ်အောင်ဆိုပြီး ဆွဲတာ။ ပိုးအိမ်က ပိုးချည်ကို ဆွဲသလို ဖြစ်နေတယ်။ အမျှင်ကိုမပြတ်တော့ဘူး၊ ပိုရှည် လာတယ်။ တစ်ယောက်က ရှောင်တယ်၊ မလွင် သိတယ်၊ မတွေ့ မမြင်ရပြန်တော့ဖုန်းဆက်တယ်။ ဖုန်းဆက်တော့လည်း ဆုံရအောင် ဘာညာ မပြောဘူး။ ပြောချင်မှန်း သူကလည်း သိနေတယ်။ မခက်ပေဘူးလား မာလာတင်”
မာလာတင် ပြုံးသည်။ ဆက်လု မျက်ခုံးနှစ်ဖက်ကို ခဏကျုံ့ထားပြီးမှ “မမဆွေက ဟိုတစ်လောက ကျွန်မ အလည်ရောက်တော့ တစ်ခွန်းနှစ်ခွန်း မေးတယ်။ မောင်ငွေဖလားတို့နဲ့ကော တွေ့သေးလားတဲ့။ သူ့ယောက်မက တချို့ တစ်ဝက် ပြောထားလို့ သိနေတယ်။ အကုန်အစင်တော့ မဟုတ်ဘူး။ စိုးရိမ်စကား တော့ မမဆွေ ပြောတယ်လေ”
နေ၏။ သူ နားထောင်နေသည်။ လှိုင်ထွန်းက ကော်ပြန့်ကြော်ကို စားရင်း နားထောင်
“ကိုတင်အောင်ရှိန်နဲ့ ငြိမှာ စိုးရိမ်တယ်တဲ့။ စိတ်ညစ်စရာတွေ ဖြစ်ကုန်ရုံပဲ ရှိတယ်တဲ့။ မောင်နှမချင်းလည်း အကြီးအကျယ် ပြဿနာတက်၊ သေခန်းရှင်ခန်းပါ ပြတ်ထွက်ကုန်နိုင်တယ်တဲ့။ အဲဒီဒဏ်ကို လွင်ပဲ ပြန်ပြီး ခံရမှာတဲ့။ အရေးကြီးတာက ဒီအကြောင်းတွေ မောင်တင်အောင်ရှိန်သိအောင် မာလာ ပြောချင် ပြောပြထားပါ လားတဲ့”
“မာလာတင် ဘာပြန်ပြောခဲ့လဲ” ဟု လှိုင်ထွန်း မေး၏။ “ပြောသင့်သလောက် တော့ ကျွန်မ ပြောပြခဲ့ပြီးပါပြီလို့ ပြောလိုက်တယ်လေ။ ဒါဆို တစ်ဖက်က ချိန်ဆနိုင်တယ်၊ သဘောပေါက်မှာပါတဲ့” ဟု မာလာတင် ဖြေ၏။
*
အနေဝေးဝေးနေကြလျှင် အောက်မေ့တွယ်တာစိတ် လျော့မည်၊ ပါးမည်။ အဆုံး၌ ကွယ်ပျောက်သွားမည်ဟု ထင်ခဲ့သည်။ အာရုံထဲမှာ အမြဲထင်နေ၊ မြင်နေ သည်။ ငါ ခြေတစ်လှမ်းတိုးတိုင်း မလွင်တို့ မောင်နှမ ပြိုကွဲစရာဖြစ်မယ်။ ချစ်ခင် ရိုသေသမှုနဲ့ တည်ဆောက်ထားတဲ့ မောင်နှမတစ်စုကို ပြဿနာဝန်ထုပ် သွားတင်ပေးသလိုဖြစ်မယ်။ လူမှုငရဲတွင်းထဲသို့ နှင်းနှင်းလွင်၏လက်ကို ဆွဲပြီး ခုန်ချလိုက်သကဲ့သို့ဖြစ်မည်ဟု တွေးသည်။
စိတ်ကို ထိန်းချုပ်၍ ရသလောက်ရှိခဲ့သည်။ပင်ပန်းစွာ ခံစားရသည်။
“မင်းကို မလွင် လာရှာတယ်။ အရေးကြီးလို့လားဆိုတော့ ဘာကိစ္စမှ မရှိပါဘူးတဲ့။ ခရီးသွားဟန်လွှဲသဘောနဲ့ ပြောတယ်။ တမင် တကူးတက လာရှာတာငါသိပါတယ်” ဟု လှိုင်ထွန်း ပြောပြသည်။ “မင်း သွားတွေ့ရင် သွားတွေ့ လိုက် ပါလား။ ဘာကိစ္စဆိုတာ သိရတာပေါ့” ဟု ဝင်းမျိုး တိုက်တွန်းသည်။ သူ ခေါင်းခါလိုက်သည်။ ခေါင်းခါရသည်ကို စိတ်မကောင်းဖြစ်ရသည်။
“မေ့မေ့ပျောက်ပျောက် ဖြစ်လက်စအတိုင်းပဲ ကောင်းပါတယ်”
သူ့စကားကို ဝင်းမျိုးက
“တယ် အသည်းမာနေပါလား ဟ”
သူ ပြုံးလိုက်၏။ ထို့နောက်
“သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်းသည် မင်္ဂလာရှိ၏ဆိုတဲ့ စကား အတိုင်းပေါ့ကွာ”
“အံမယ် စာသံ၊ ကျီးသံတွေနဲ့ပါလား။ ခုတစ်လော စိတ်ညစ်ညစ်နဲ့ စာတွေ နင်းကန်ဖတ်။ စာကြည့်တိုက်က စာအုပ်တွေကို ဝါးစားသလိုဖတ်ပြီး ဒီကောင် လေသံပြောင်းလာတာ တွေ့လား လှိုင်ထွန်း” ဟု ဝင်းမျိုးက ပြောလေသည်။
“ဆေးကောင်းတွေ့သွားတာ ဝမ်းသာစရာပါပဲ”
လှိုင်ထွန်း၏အပြောကြောင့် သူ ပြုံးလေသည်။
“တကယ်လည်း သက်သာရာရခဲ့တယ်”
လှိုင်ထွန်းက
“လုံးဝမပျောက်တော့ မပျောက်သေးဘူးပေါ့”
“ရင်ကွဲနာဆိုတာ ပျောက်ခဲတယ်လေ လှိုင်ထွန်း”
သူ့အပြောကို သဘောကျ၍ လှိုင်ထွန်း ရယ်၏။ ဝင်းမျိုးက
“မင်း ခုလိုနေတာ အကောင်းဆုံးပဲ တင်အောင်ရှိန်။ နှစ်ယောက်စလုံးအဖို့ ကောင်းတာ”
“သတ္တိမွေးရတာပဲ ဝင်းမျိုး၊ လူဆိုတာ စားချင်ရင် စားရမှ၊ မစားဘဲနေလို့ ရအောင် ချုပ်တည်းထားနိုင်ဖို့ ခက်တယ်။ ချုပ်တည်းထားနိုင်တာဟာလည်း သတ္တိတစ်မျိုးပဲ"
သူ့စကားကို ဝင်းမျိုးက ခေါင်းညိတ်ထောက်ခံသည်။ လှိုင်ထွန်းက “ဟုတ်တယ်” ဟုပြောသည်။ နဖူးပေါ်သို့ ကျနေသော ကွေးကောက်သော ဆံပင်ကို လှိုင်ထွန်း ဖယ်ပြီးနောက်
“မလွင်နေရာက ငါ ဝင်စဉ်းစားကြည့်တယ်။ မင်းကို သူ ချစ်တယ်ထား။ချစ်လို့ မဖြစ်နိုင်ဘူး။ သူ့ အခြေအနေကိုက ကြိုပြီးဖြစ်နေတာ။ သူတို့မောင်နှမရဲ့ သံယောဇဉ်ပိုင်း၊ နားလည်မှု အပြန်အလှန်ထားတဲ့အပိုင်း၊ စည်းစည်းလုံးလုံး ချစ်ချစ် ခင်ခင် နေခဲ့တာတွေအားလုံး ဝါးအစည်းပြေသလို ဘယ်သူမှ မလုပ်ရက်တဲ့ အနေအထား၊ ကိုယ့်လိုအင်ဆန္ဒ တစ်ခုအတွက်ပဲ မကြည့်တတ်တဲ့ မောင်နှမတွေ၊ မလွင်ကို ဦးစားအပေးဆုံး၊ အငဲ့ညှာဆုံး၊ မလွင် ဘယ်လိုရုန်းမလဲ ဖယ်မလဲ။ တစ်ချိန်က ကောင်းပြီ ကောင်းရဲ့ ခုမှ တစ်မျိုးပြောင်းရမယ်ဆိုရင် ဧရာမ ပြဿနာ” “သိပ် သိတတ်မှုတွေ ရှိနေကြတော့ မလွင် စကားပြင်ဖို့ ခက်တယ်။ ဒါ ငါနားလည်တာ။ ဇွတ်မှိတ်ပြီး သဘောတူပြီးသားကို ခုပယ်ချလိုက်ရင် မလွင်နဲ့ သူ့ အစ်ကိုတွေနဲ့က မျက်နှာ မကြည့်ချင်အောင်ဘဲ ဖြစ်သွားကြမှာ သေချာတယ်” ဟု သူပြောသည်။ “အင်း... ဟုတ်တယ်” ဟု ဝင်းမျိုး ပြောသည်။
“ငါ မလွင်ကို ချစ်တယ်၊ ဒါပေမဲ့ ချစ်လို့မဖြစ်ဘူး။ ဒုက္ခပေးသလိုဖြစ်သွား မှာက ရှင်းရှင်းကြီး မြင်သာနေတာပဲ။ ဆင်ခြင်ရမယ့်သူ၊ တာဝန်အရှိဆုံးက ငါ၊ ဒါကြောင့် ငါ နောက်ကြောင်းလှည့်ပြီး ပြန်ပြေးနေရတာ...”
လှိုင်ထွန်း ပြုံးသည်။ သူ့စကားကို ဝင်းမျိုးက ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ “မွန်မြတ်တဲ့ နောက်ဆုတ်ခြင်းပါပဲ။ မင်းကို ငါတို့ ချီးကျူးပါတယ်”
“ရင်ထဲမှာတော့ တော်တော်နာနာကျင်ကျင်ပါပဲကွာ” ဟု သူက လေသံဖြင့်သာ ပြန်ပြောလိုက်လေသည်။
*
ဆောင်းရာသီသည် ကုန်လုခါနီးပေပြီ။
မနက်တိုင်းလိုလို နှင်းတွေ ပြိုကျနေတတ်သည်။ နေ့လယ်ပိုင်းတွင် အအေး ဓာတ် လျော့ကျလာ၏။ ညဉ့်နက်ပိုင်းတွင်မှ အတော်အသင့် အေးတော့သည်။ နွေကို ကူးခါနီးတွင် ကောင်းကင်သည် ကြည်လင်စင်ကြယ်သော အပြာချည်းသာ ရှိမနေတော့။ အဖြူနှောသော အပြာနုကောင်းကင်မှာ အုံ့အုံ့ပျပျ ဖြစ်နေတတ်သည်။ တိမ်ဖြူပါးပါးသန်းသော မိုးကောင်းကင်သည် နွေဦး၏ လက္ခဏာတစ်ရပ်။ သစ်ရိပ် ဝါးရိပ်တို့၏ရနံ့သည် မြေနံ့နှင့်ရောကာ သင်းသင်းပျပျ ဖြစ်လာလေ၏။
နေရောင်သည်လည်း နောက်ကျိကျိအဆင်းသို့ ပြောင်းလဲလာလေသည်။ ကောင်းကင်ဖြူကို တွေ့ရဖန်များလာ၏။
“ဒီနှစ်သင်္ကြန် တောင်တော်မောင်နှမ ဘုရားပွဲကို နှင်းနှင်းလွင်တို့ မသွားဖြစ်ကြဘူးတဲ့”
မာလာတင်ထံမှ သတင်းရသည်။ နှင်းနှင်းလွင်တို့ သွားဖြစ်ကြလျှင်ပင် မသွားဟု ဆုံးဖြတ်ထားသည်။ မတွေ့မမြင်ကြခြင်းသည် အကောင်းဆုံးဟု သဘော ထားခဲ့ပြီးဖြစ်သည်။ မတွေ့အပ်သောသူချင်း တွေ့ဆုံဖန် များလာလျှင် မည်သူမျှ မကယ်တင်နိုင်စရာတွေ ကြုံရချေလိမ့်မည်။ ငြိမ်းချမ်းသာယာသော မောင်နှမတစ်စုကို နှောင့်ယှက်ရာကျချိမ့်မည်။
“ကျွန်မကို လွင်ကပြောတယ်။ ကိုတင်အောင်ရှိန် သူ့ကို တမင်ရှောင်နေတာ သူ သိတယ်တဲ့။ ကောင်းပါတယ်တဲ့။ ဒီလောက်တောင် ကိုယ့်စိတ် ကိုယ်နိုင်ပါ့ မလား ထင်ခဲ့တယ်တဲ့။ ကျွန်မကို စိတ်နာသလား၊ စိတ်ကုန်သလား တစ်ခုခုပဲတဲ့”
“စိတ် ဘာလို့နာရမှာလဲ၊ စိတ်လည်း ကုန်စရာမရှိပါဘူး” ဟု မာလာတင်ကို သူ ရှင်းပြသည်။ တစ်ဆက်တည်းနှင့်
“အဲ... စိတ်လျှော့တာဆိုရင်တော့ မှန်မလား မသိဘူး မာလာတင်”
မာလာတင်က သဘောတူ ပြုံးပြီး
“မကြင်ရမီ ကျွမ်းနှင့်သည်ဆိုတဲ့ ကဗျာထဲကလို ဖြစ်နေတာကိုး”
“ထပ်တူထပ်မျှပါပဲ”
“သူလည်း အတော်စိတ်တင်းထားနေရတာ”
“ကျွန်တော် မှန်းလို့ရခဲ့ပါတယ်၊ သူ့ကို”
“ကျွန်မတော့ နှစ်ယောက်စလုံးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်”
မာလာတင်၏ မျက်နှာတွင် ရိပ်ခနဲ ညှိုးသွားသည်ကို မြင်လိုက်ရလေ၏။ သူ မျက်ခုံးတစ်ချက် ပင့်သည်။ နှုတ်ခမ်းကို တင်းတင်းစုစု ထားပြီးနောက် “
ကံတရားလို့ပဲ သဘောထားလိုက်တာ ကောင်းပါတယ် မာလာတင်” မာလာတင်၏ သင်ပြင်းချသံကို ကြားလိုက်ရသလိုလိုရှိ၏။
*
ဝင်းမျိုးတို့အိမ်မှာ သင်္ကြန်သုံးရက်စလုံး အကျွေးအမွေး အစီအစဉ်ရှိသည်။ ပို၍ ပျင်းစရာကောင်းလာသော ရန်ကုန်သင်္ကြန်တွင် လျှောက်မလည်ချင်ကြ၍ ဝင်းမျိုးအိမ်မှာပင် စားလိုက်၊ နေ့လယ် အိပ်လိုက်၊ စကားပြောလိုက်နှင့် နေရန် စိတ်ကူးကြသည်။
“မာလာတင်ကို ငါ ဖိတ်ထားတယ်" ဟု ဝင်းမျိုး ပြောသည်။ ဘယ်ရက်လာမှာဟုကား မသိရ။ သင်္ကြန်ရေကို ထိတွေ့ရသောအခါ မနှစ်က သင်္ကြန်ကို အောက်မေ့သည်။ တောင်တော်မောင်နှမ ဘုရားပွဲကို သတိရသည်။ နှင်းနှင်းလွင်ကို အမှတ်ရသည်။ သူငယ်ချင်းတွေ ရိပ်မိပုံရ၏။
“မနှစ်ကအကြောင်းတွေ မင်း စိတ်ရောက်နေတယ်ထင်တယ်"
သူ ဝန်ခံပြုံး ပြုံးကာ
“အမှတ်တရ အချိန်ပါပဲ"
“လူမှုရေး ပင့်ကူအိမ်မှာ သွားငြိရသလို ဖြစ်သွားတဲ့ကိစ္စအစ...ဟုတ်တယ် မဟုတ်လား”
လှိုင်ထွန်းက မေးသည်။ ဝင်းမျိုးက
“အသေးငယ်ဆုံး ပြဿနာလေးပါ။ နှင်းနှင်းလွင် ကြုံနေရတာ၊ ရိုးရိုးလေး။ ဒါပေမဲ့ သူတို့မောင်နှမသုံးယောက် တစ်ယောက်ကိုတစ်ယောက် ထားရှိတဲ့ သဘော ထားက လေးနက်တယ်၊ အနစ်နာခံတယ်။ တစ်ယောက်ကိုတစ်ယောက် မငဲ့ညှာဘဲ မနေနိုင်တဲ့ ကောင်းကွက်တွေ အများကြီး။ အဲဒီထောင့်ကပဲ ကြည့်ရမှာ။ အဲဒီတော့ နှင်းနှင်းလွင်အတွက် မြင်းမိုရ်တောင်ပဲ။ အခက်ခဲဆုံးပဲ”
လှိုင်ထွန်း ခေါင်းညိတ်ကာ
“မိသားစု သစ္စာဖောက်မှုလိုဖြစ်နေလို့ မလွင် နှုတ်ဆွံ့နေရတာလို့ ငါ နားလည်တယ်”
သူ ခေါင်းတဆတ်ဆတ် ညိတ်သည်။ “အဲဒီစကားဟာ အထိရောက်ဆုံး၊ အမှန်ဆုံးပဲ လှိုင်ထွန်း” ဟု ဝင်းမျိုး ပြောသည်။
သူ ပြုံးလိုက်ပြီးနောက်
“တိုင်းပြည်မှာ တိုင်းပြည်သစ္စာဖောက်၊ အမျိုးသားသစ္စာဖောက်၊ အဆိုးရွားဆုံး၊ အိမ်တစ်အိမ် မိသားစု တစ်စုမှာလည်း မိသားစုသစ္စာဖောက်ဆိုတာ လူစာရင်းက အထုတ်ခံရတာပဲ။ မလွင်ကို အဲဒီနေရာရောက်အောင် ငါ ဆွဲမခေါ်ရက်ပါဘူးကွာ”
“မလွင်ကိုယ်တိုင်လည်း မင်းသဘောထားကို နားလည်နေပါတယ်။ ငါ တွေးတာလေ” ဟု ဝင်းမျိုး ထင်ကြေးပေးသည်။
[] [] []
[ ၁၅ ]
အံ့အားသင့်သွားကြသည်။ မာလာတင်နှင့်အတူ ကားပေါ်မှ ဆင်းလာသော နှင်းနှင်းလွင်က သူတို့ကို အပြုံးနှင့် နှုတ်ဆက်သည်။ နှစ်ယောက်စလုံးမှာ သင်္ကြန်ရေ စိုရွှဲနေကြသည်။ “သွားပြီး ခရီးဦးကြို နှုတ်လေးဘာလေး ဆက်လေကွာ” ဟု ဝင်းမျိုးပြောတော့မှ အံ့သြစိတ်ကို ဖယ်ကာ သုတ်သုတ်သွားရသည်။
“ကျွန်တော်တို့က မနေ့ကရော၊ တစ်နေ့ကရော လာမယ် မျှော်နေတာ” ဟု မာလာတင်ကို သူပြောသည်။ “လွင်နဲ့ ချိန်းထားတဲ့ ဒီနေ့မို့ ဒီနေ့မှလာတာ” ဟု မာလာတင်ဖြေသည်။ “ကျွန်မက အဖိတ်မခံရဘဲ လိုက်လာတာပါ” ဟု နှင်းနှင်းလွင် ခနဲ့ပြော ပြောသည်။ “ဟာ...” ဟုသာ သူပြောနိုင်၏။
“ဘာ… ဟာလဲ”
နှင်းနှင်းလွင်က ပြုံးပြီးဆို၏။
“ဝင်းမျိုး ဖိတ်တယ်မှတ်တာ”
“တစ်ယောက်မှာ အပ်ကျတာကအစ သိနေကြတဲ့ သူငယ်ချင်းချင်း မသိဘူး၊ မမေးဘူးဆိုတာ ဟုတ်ပါ့မလား”
သူ မဖြေတတ်ပြုံး ပြုံးသည်။ မာလာတင်က နေရောင်ကာ အမိုးအောက်သို့ အရောက်၌
“အခါတွင်းကြီး ရန်မဖြစ်ကောင်းဘူးနော်”
သံတံခါးဝတွင် ရပ်၍ကြိုနေသော ဝင်းမျိုးကို သူက
“မင်း မဖိတ်ခဲ့တာ ငါ အပြောခံနေရတယ်"
“ကျွန်တော်က မလာနိုင်ရင် အားနာစရာ မလွင်ဖြစ်မှာစိုးလို့ပါ” ဟု ဝင်းမျိုးပြောသည်။ အိမ်ရှေ့ဆင့်တွင် ရေစစ်အောင် ခဏထိုင်ရင်း ပလတ်စတစ်ထုပ်ကို နှင်းနှင်းလွင်က သူ့ထံသို့ ကမ်း၏။ “ဘာလဲ” ဟု သူမေးသည်။ “ဖွင့်ကြည့်လေ” ဟု နှင်းနှင်းလွင် ပြောသည်။
ဝင်းမျိုး၏ ညီမတွေက မာလာတင်နှင့် နှင်းနှင်းလွင်ကို အဝတ်လဲထားရန် လာခေါ်ကြသည်။ ဧည့်ခန်းထဲမှ မဖြတ်ဘဲ အိမ်ဘေးမှ သွားကြသော နှင်းနှင်းလွင် တို့ကို သူကြည့်ပြီး ပလတ်စတစ်ထုပ်ကို ဖြေ၏။ အထုပ်သည် အတော်လေးနေ၏။ စက္ကူအထူဘူးကို ဖွင့်လိုက်သောအခါ အထဲမှာ ငွေဖလား။ ငွေဖလားထဲမှာ ဓာတ်ပုံ။ အုတ်ရေကန်မှာ မြေဖြူနှင့် ရေးထားသောစာ။ ဓာတ်ပုံနောက်သို့ အမှတ်မထင်ကြည့်သည်။ လှိုင်ထွန်းတို့ကပါ လှမ်းကြည့်ကြ၏။
“အဲဒီစာ ကျွန်မရေးခဲ့တာပါ”
သူ ပြုံးလေသည်။ လှိုင်ထွန်းသည် ဖလားနှင့် ဓာတ်ပုံကို ယူကြည့်ပြီး “အင်း...” ဟု သံရှည်ဆွဲပြီး ကုလားထိုင်တွင် ထိုင်၏။ ဝင်းမျိုးက မျက်နှာကြက်ကို မော့ကြည့်ရင်း တွေးနေ၏။ ပက်လက်ကုလားထိုင်တွင် ကျောမှီပြီး သူပြန်ထိုင်ရင်း အိမ်ရှေ့သို့ မျက်နှာမူထား၏။ မှန်တရုတ်ကတ်တွေထဲမှ တိုးဝင်လာသော တန်ခူးလေ တွင် ပိတောက်နံ့ပါလာသည်။ ပိတောက်ရနံ့ထဲတွင် မေတ္တာပါ ကိန်းအောင်းနေ သည်ဟု ကြည်နူးစွာ ခံစားရ၏။
“ဘာပြောတယ်၊ မရှောင်ပါဘူး၊ ဟုတ်လား ကိုတင်အောင်ရှိန်”
နှင်းနှင်းလွင်၏ မေးခွန်းကို သူ ခေါင်းတစ်ချက်ညိတ်ပြီး အဖြေပေး၏။ သူ့ကို နှင်းနှင်းလွင်က ပြုံးသည်။ ပန်းအိပင်နှင့် ကံ့ကော်ပင်ကြား နေရိပ်ရှိရာတွင် ထိုင်ပြီး ကြတော့မှ နှင်းနှင်းလွင်က
“ကျွန်မဆီကို ဘာလို့မလာတာလဲ၊ ကျွန်မလာရှာတာ လေးငါးခါ၊ ကိုလှိုင် ထွန်းတို့ မပြောဘဲနေမလား”
“မလာနဲ့ဆို... အမိန့်ထုတ်ထားတာကိုး"
“ခနဲ့တယ်ပေါ့”
“ဟင့်အင်း၊ လိုက်နာပြန်တော့လည်း တစ်ပြစ် ဖြစ်ပြန်ပြီလား”
“သူငယ်ချင်းတွေပဲ”
“ပြင်ဆင်ချက်ထုတ်တာလား မ... နှင်း နှင်း..."
“ခေါ်ပါ၊ သူများတွေခေါ်တဲ့အတိုင်း မလွင်ပဲပေါ့” ဟု သူပြောပြီး
“ပြင်ဆင်တာ မဟုတ်ပါဘူး။ အစကတည်းက သဘောတူညီချက်ထားပြီးသားပဲ"
“ခုန ငွေဖလားထဲက ဓာတ်ပုံနောက်မှာ ကျွန်မရေးတာလို့ ဘယ်သူရေးထား တာလဲ မလွင်"
နှင်းနှင်းလွင် ပြုံးလေသည်။ ထို့နောက်
“မဘုမလေ”
သူ ရယ်လေသည်။ ရယ်ပြီးနောက်
“အခုမှ ဘာလို့ဝန်ခံရတာလဲ မလွင်”
“ဪ…. ကျွန်မနဲ့ပတ်သက်ပြီး ဟိုလူ့မေး၊ ဒီလူ့မေး လျှောက်မေးမှာစိုးလို့”
သူ ရယ်၍သာနေ၏။
“အမိန့်တွေ၊ စည်းကမ်းတွေ ကြားထဲမှာ ကျွန်တော်နေရတော့ မေးရတော့ တာပေါ့ဗျာ”
နှင်းနှင်းလွင် ရယ်လေ၏။ “စည်းစနစ်ထဲမှာ နေရတာ ပျော်စရာမကောင်းပေ ဘူးလား” ဟု ရယ်သံနှင့်မေးသည်။ သူ မဖြေ၊ မာလာတင်က ပြုံးသည်။ “စကားနိုင်လုလို့ နိုင်တဲ့သူကို မုန့်လက်ဆောင်းကျွေးမယ်” ဟု မာလာတင်ပြောသည်။
“ခင်မင်မှုဆိုတာ အကျိုးရှိမှ ကောင်းမယ်လေ၊ ဟုတ်တယ်မဟုတ်လား မမမာလာ”
နှင်းနှင်းလွင်သည် လေတဟူးဟူးတိုက်သဖြင့် လှုပ်နေသော သစ်ရွက်တွေကို မော့ကြည့်ရင်းပြောသည်။ မာလာတင်က
“မပြောတတ်ပါဘူးကွယ်”
သူ ပြုံးပြီး
“မာလာတင်က ဘက်မလိုက် ညီလာခံ သဘာပတိပြော ပြောတယ်”
မာလာတင်က လွင့်ကာလှုပ်ကာရှိသော ဆံပင်တွေကို သိမ်းရင်း သပ်ရင်း
“စကားဆိုတာ မမှားရင် အကောင်းဆုံးပဲလေ။ စကားကျွံရင် နုတ်ဖို့ခက်တယ် မဟုတ်လား”
“ကျွန်တော့်ကို ခုလို ကြိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
နှင်းနှင်းလွင် ပြုံးသည်။ မာလာတင်ကို သူကဆက်၍
"အကျိုးပျက်ပြားစေမယ့် ခင်မင်မှုမျိုး ကျွန်တော် မထားမှာ သေချာပါတယ်။ကျွန်တော် လူတွေအားလုံးကို နားလည်အောင် ကြိုးစားလို့ရပါတယ်”
“သာဓုပါရှင်” ဟု မာလာတင်ပြောပြီး
“တစ်ခွန်းပဲ ခေါ်ထားဦးမယ်နော်”
သူ တစ်ချက် ရယ်ပြီးနောက်
“စောင့်ကြည့်ပေါ့ဗျာ၊ မဟုတ်ဘူးလား”
စကား ခဏဆိုင်းသွားကြသည်။ ထိုစဉ် ဝင်းမျိုးနှင့် လှိုင်ထွန်းတို့က ခေါက်ကုလားထိုင်တစ်လုံးစီ သယ်လာကာ သစ်ပင်ရိပ်အောက်မှာ လာထိုင်ကြ၏။ လမ်းထိပ်ရှိ ရေပက်မဏ္ဍပ်ဆီမှ သင်္ကြန်သီချင်းသံတွေ၊ ရေကစားသူတို့၏ ရယ်မော အော်ဟစ်သံတွေကို သဲ့သဲ့ကြားရ၏။ ဝင်းမျိုးက ခေါင်းကုတ်ရင်း
“မနှစ်က သင်္ကြန်အချိန်ကို သတိရလိုက်တာ၊ ပျော်စရာကောင်းတဲ့ ဘုရား ပွဲတော်ပဲနော်”
“လွမ်းစရာတွေ မပြောနဲ့ကွာ။ ငါ မျက်ရည်မခိုင်ဘူး” ဟု လှိုင်ထွန်းက နောက်၏။ ရယ်သံတွေထွက်လာစဉ် ဝင်းမျိုးက
“ပါးမခိုင်းဘူးလို့ ပြောစမ်းပါကွာ”
ဝင်းမျိုး သူ့ကို ကြည့်လိုက်၍ ဆက်ရယ်ကြသည်။ နှင်းနှင်းလွင်က
“ကိုဝင်းမျိုး သူငယ်ချင်းက ရဲတင်းတယ်၊ အခန်းဝလာရပ်ပြီး ကြည့်တာကြည့်"
ဝင်းမျိုး ခေါင်းခါကာ
“ရဲတင်းတော့ မဖြစ်နိုင်ဘူး၊ ပုဆိန်ဖြစ်ပါလိမ့်မယ်။ လက်အုပ်ချီပြီး ပုဆိန် ပေါက် ကန်တော့နေတာ ကျွန်တော်တို့ အမြင်ပဲ”
သူ့ကိုကြည့်ကာ ဟားကြလေသည်။ ရယ်မောပျော်ရွှင်စွာ စကားတွေ ပြောဆိုနေ ရ၍ စိတ်ထဲမှာ ချမ်းမြေ့လာသည်။ ခုံမင်ဖွယ် အသိုက်အဝန်းတစ်ခုဟု ခံစားလာရ သည်။ နှင်းနှင်းလွင်နှင့် မာလာတင်တို့ပါ ဤသို့ နေထိုင်ရသည်ကို ကြည်နူးလာ ကြသည်။ ညနေစောင်းသောအခါ ထမင်းလက်ဆုံစားကြသည်။ ရင်းနှီးမှုသည် ခုမှပင် ပို၍ ဖွံ့ဖြိုးလာသည်ဟု တွက်ရသည်။ မိတ်ဆွေ အပေါင်းအသင်းအရာသို့ ယခုမှ ပီသစွာ ဝင်ဆံ့လာသည်ဟု သတိပြုမိသည်။
နှစ်သစ်ကူးလက်ဆောင်အနေနှင့် ကိုရီးယားကုမ္ပဏီထုတ် နေ့စဉ်မှတ်တမ်းစာအုပ်ကြီးတစ်အုပ်ကို နှင်းနှင်းလွင်က လက်ဆောင်ပေးသည်။ လှပသော ဓာတ်ပုံ တွေပါသော စာအုပ်။ မရေးရက်၍ သိမ်းထားခဲ့သည်။ ထိုနေ့ကမှ သူ့အိမ်က အဖေ၊ အမေတို့နှင့် နှင်းနှင်းလွင် မြင်တွေ့ဖူးသည်။
သူ့အိမ်က လူကြီးတွေ၊ သူ့ညီအစ်ကို မောင်နှမတွေနှင့် မာလာတင် ခင်မင် ရင်းနှီးနေသည်ကို နှင်းနှင်းလွင် အံ့အားသင့်ခဲ့သည်။ “ကိုတင်အောင်ရှိန်တို့ သူငယ်ချင်း သုံးယောက်စလုံးရဲ့ အိမ်တွေက စရိုက်ဆင်ဆင်တွေ၊ ပျော်စရာ ခင်မင်စရာ ကောင်း ပါတယ်” ဟု နှင်းနှင်းလွင် ပြောသည်။
“သူတို့အိမ်တွေကို လွင်က သွားလည်စားသောက်၊ လွင့်အိမ်ကို အလည်လာဖို့ ဖိတ်ဖို့ခက်နေတာ အားနာတယ်” ဟု နှင်းနှင်းလွင်က မာလာတင်ကို ပြောသည်ဟု သိရသည်။ “သူ့အိမ်က ယောက်ျားလေးတွေနဲ့ အခေါ်အပြော မရှိရဘူးလို့ မကန့်သတ် ထားပါဘူး၊ မမဆွေ တစ်မျိုးထင်သွားမှာတော့ သူစိုးရိမ်နေတာ အမှန်ပဲ” ဟု မာလာတင် ထင်မြင်ချက် ပေးသည်။
“ကိစ္စမရှိပါဘူး။ ခုလိုနေလို့ သူ့အပေါ် ယောက်မတွေ၊ အစ်ကိုတွေက သံသယရှင်းနေတာပဲ ကောင်းပါတယ်” ဟု သူ မာလာတင်ကို ပြောသည်။
** ***
၇ဆက်ရန်
* နွေဦးဝင်သော် * { ၇ }
ငြိမ်းကျော်
[ ၁၆ ]
မိုးသေးမိုးဖွဲများကို ရွာချ တတ်သော လ နယုန်။
ပူအိုက်သော နွေရာသီသည် ကုန်ဆုံးခါနီးတွင် ညဉ့်ဦးမှာပင် အပူပြန်သည်။ ခြောက်သယောင်းနေသောလေကို ရှူရသည်မှာ ငြီးငွေ့စိတ်ကို ပိုစေသည်ဟု ထင်ရ၏။ ချွေးမပြတ် စို့နေသဖြင့် စိတ်မှာပင် အိုက်သည်။
နယုန်ကုန်မည်ပြင်မှ မိုးကျလာသည်။ မိုးရိပ်ကောင်းကင်ကြောင့် နေခြည်အကျ သက်သာလာသည်။ လေတွင် ရေငွေ့ရောလာသည်။ ညှိုးနွမ်းကာ အရွက်တွေ အဖျားလိပ်နေရာမှ လန်းဆန်းလာသည်။
ကွေးညွတ်သော အကိုင်းတွေ ဆန့်ဆန့်ပြန့်ပြန့် ဖြစ်လာလေသည်။ မြေသား သိပ်ကာ ချပ်ချပ်ရပ်ရပ်ရှိလာသော လမ်းတွေကို မြင်ရသည်။ လျှောက်ချင်စရာ ကောင်းသော လမ်းတို့၏ ဝဲယာတွင် မြက်သားပေါက်တွေကို စတင်မြင်ရလေ၏။ ကောင်းကင်မှာ နတ်စည်မြည်သံ ဂျိုးဂျိုးဂျိမ့်ဂျိမ့်တွေ ပြေးလွှားလာ၏။
“မနေ့ကအဖြစ်က တကယ့်မောကြောပဲ”
ဝင်းမျိုးက ပြောသည်။ သူ တစ်ချက်ပြုံးပြီး
“အဲဒီ ဒိုင်ယာရီစာအုပ် သူ လက်ဆောင်ပေးကတည်းက စာအုပ်ဗီရိုထဲမှာ ငါ သိမ်းထားခဲ့တာ၊ အဲဒီအထဲမှာ လိပ်စာကတ်ပြားပါနေမှန်း သိကို မသိခဲ့ဘူး။ မနေ့က ပြန်ရှာတော့မှ တွေ့တာ”
မနေ့က မနက်ပိုင်း ဒုတိယစာသင်ချိန်တွင် မာလာတင်နှင့်အတူ နှင်းနှင်းလွင်က စာသင်ခန်းဝတွင် လာရပ်ပြီး ဆရာမ မမြင်အောင် မျက်ရိပ်ပြ၍ခေါ်သည်။ ထွက်တွေ့သောအခါ ဒိုင်ယာရီထဲတွင် ဂျပန်ကုမ္ပဏီတစ်ခုမှ ညွှန်ကြားရေးမှူးတစ်ဦး၏လိပ်စာကတ်ပြား ပါသွားကြောင်း၊ ယခုချက်ချင်း သွားယူပေးစေလိုကြောင်း အရေး တကြီး ပြောလေသည်။
“နှင်းနှင်းလွင်၏ အစ်ကိုသည် ကတ်ပြားကို ထိုဒိုင်ယာရီတွင် ထည့်ကာ ခဏသိမ်းခဲ့ကြောင်း၊ ထို့နောက် ထိုဒိုင်ယာရီကို ညီမအား လက်ဆောင်ပေးကြောင်း၊ ယနေ့မနက်တွင် ကုမ္ပဏီက ပုဂ္ဂိုလ်ထံသို့ ဖုန်းဆက်ရန်ကိစ္စ ပေါ်ပေါက်လာကြောင်း၊ ညီမကို ပြောသည့်အခါ နှင်းနှင်းလွင် ခက်သွားကြောင်း၊ မမ မာလာကို လက်ဆောင် ပေးခဲ့တယ်” ဟု ညာခဲ့ရကြောင်း ပြောပြသည်။
အစ်ကိုကြီးက မာလာတင်၏ရုံးသို့ နှင်းနှင်းလွင်ကိုပါ ခေါ်သွားကြောင်း၊ မာလာတင်က အသိတစ်ယောက်ကို ကျွန်မက ထပ်ဆင့်လက်ဆောင်ပေးခဲ့ကြောင်း၊ ထိုအသိထံသို့ ယခုပင် သွားကာ ကတ်ပြားရှာပေးရန် အစ်ကိုကြီးပြော၍ ရောက် လာရကြောင်း၊ ဆင်ဝင်အောက်ရှိ ကားထဲတွင် အစ်ကိုကြီး ပါလာကြောင်း ပြောပြ သည်။
သူ့ကို မာလာတင်က
“ကိုတင်အောင်ရှိန်နဲ့ လွင်နဲ့ မသိဘူးလို့ ကျွန်မ ဖြီးထားတာ သတိမလစ် စေနဲ့နော်”
သူ သဘောပေါက်၏။ ဦးမြတ်မောင်၏ ကားဖြင့် အိမ်သို့ ပြန်ရသည်။ အိမ်ပေါ်သို့ မာလာတင်သာ တက်သည်။ နှင်းနှင်းလွင်တို့ မောင်နှမကို အိမ်ပေါ်သို့ ဖိတ်မန္တကပြုလျှင် သူ့မိသားစု နှင်းနှင်းလွင်ကို စကားပြော နှုတ်ဆက်ကြမည်။ ဖုံးကွယ်ထားသည်တို့ ပျက်သွားပေမည်။ ကတ်ပြားကို ရှာပေးပြီးနောက် ဦးမြတ် မောင်၏ ကားနှင့် ကျောင်းသို့ သူပြန်လိုက်ခဲ့သည်။ မာလာတင်က သူနှင့် ထိုမောင်နှမကို မိတ်ဆက်ပေးသည်။ ဟန်ဆောင်၍သာ နေရ၏။ ရယ်လည်း ရယ်ချင်၏။ စိုးလည်း စိုးရိမ်မိ၏။
“တစ်ချက်ညာလျှင် ကွင်းဆက်မိအောင် လျှောက်ညာရတာ ပိုပင်ပန်းတယ် နော်” ဟု သူပြောပြီး ရယ်၏။ လှိုင်ထွန်းနှင့် စကားပြောနေစဉ် ထိုင်နေကျ အခန်းလွတ်ထဲသို့ နှင်းနှင်းလွင် ဝင်လာ၏။ လက်ထဲမှာ မုန့်ထုပ်ကို ဝယ်လာနေကျ အတိုင်း ကိုင်ထားရင်း
“ဘာတွေ သဘောကျပြီး ဟားနေကြတာလဲ၊ မနေ့က ကိစ္စလား”
“ဟုတ်တယ်” ဟု သူပြော၏။ လှိုင်ထွန်းက
“အမူအရာတွေက အပီပဲဆို”
ထိုင်ခုံရှည်ပေါ်တွင် နှင်းနှင်းလွင် ထိုင်ရင်း
“ကျွန်မတို့ ရုပ်ရှင်ရိုက်လို့ရပြီ”
မုန့်ထုပ်အိတ်ကို သူ့ထံ ကမ်း၏။ “ငှက်ပျောကြော်..ကြိုက်လား” ဟု အိတ်ဖွင့်နေသော သူ့ကို ပြောပြီး မေး၏။ သူ မဖြေရသေးမီ လှိုင်ထွန်းက
“အလကားစားရတာတွေ အားလုံးကို ကြိုက်ပါတယ်”
သူ ရယ်သည်။ နေ့လယ် မုန့်စားချိန်တွင် နှင်းနှင်းလွင် မုန့်ဝယ်ဝယ်လာသည် မှာ ဓလေ့တစ်ခုကဲ့သို့ ဖြစ်လာလေသည်။
နှင်းနှင်းလွင်က ပြုံးရင်း
“မနက်ဖြန် ဘာစားကြမလဲ”
“ကြိုက်တာဝယ်လေ၊ မနက်ဖြန် ကျွန်တော် ဝယ်ကျွေးမယ်နော် မလွင်"
“သန်ဘက်ခါကျမှ ဝယ်ကျွေး”
“တနင်္ဂနွေနေ့ကြီး"
“ကျွန်မ ကိုတင်အောင်ရှိန်တို့အိမ်ဘက်ကို လာစရာရှိတယ်”
“ဒါဆို မလွင် ဘာစားမလဲ”
"ကြုံရာပေါ့"
“ကြုံရာဆိုလျှင် ကြုံဝှာမှာ ဝယ်မှရမယ်” ဟု လှိုင်ထွန်း နောက်သည်။
“မာလာတင်ပါ ပါမလား”
သူ့အမေးကို နှင်းနှင်းလွင်က
“ညကျရင် ဖုန်းဆက်မေးကြည့်မယ်၊ ပါချင်လည်း ပါလာမှာပေါ့”
“ဒိုင်ယာရီ အရှုပ်တော်ပုံပြောပြီး ရယ်ရတာပေါ့။ သူပါရင်”
လှိုင်ထွန်းက ဝင်ပြောသည်။
*
အမေတို့က နှင်းနှင်းလွင် လာလည်၍ လေး၊ ငါး၊ ရှစ်ခါရှိလာသောအခါ မေးသည်။ အမေသည် စကားသွယ်သွယ်ဝိုက်ဝိုက် မပြောတတ်။ “သား ချစ်သူ လား” ဟုပင် မေးလေသည်။ သူ ရယ်နေခဲ့သည်။ “အထင်မကြီးပါနဲ့ အဒေါ်ရေ့” ဟု လှိုင်ထွန်း ဝင်နောက်သည်။
မိသားစုအားလုံးနှင့် ခင်မင်ရင်းနှီးလာသော နှင်းနှင်းလွင်ကို လိုလားကြပုံရလေ၏။ “မဆိုးပါဘူး၊ ကျွန်တော့် မရီးလောင်းက ပညာလည်းတော်တယ်၊ ရုပ် လည်း ချောတယ်” ဟု ညီက နောက်လေသည်။ “အပြောချို၊ သဘောကောင်း တာလည်း ပြောပါဦး အစ်ကိုရာ” ဟု ညီမက အရွှန်းပြောသည်။ “ဒီနှစ်ထဲ ငါတို့အိမ်မှာ ခြေနှစ်ချောင်း ဝင်ကိန်းရှိတယ်လို့ စာကလေးဗေဒင်က ဟောထားတာ မှန်နေပြီထင်တယ်” ဟု အဖေက ပြက်လုံးထုတ်သည်။
ထင်ကြေးပေးကြသကဲ့သို့ တကယ်ဖြစ်လာလျှင် ကောင်းပေစွဟု စိတ်ကူးဖြင့် သာယာမိသည်။ အလှမ်းဝေးစွာ အနေစိမ်းစိမ်း နေခဲ့ရစဉ်က ဝမ်းနည်းစိတ်တွေ ဝေ့ခဲ့သည်။ နီးစပ်စွာ နေထိုင်ရသောအခါ စိတ်မှာ ကျေနပ်လာခဲ့သည်။
နှင်းနှင်းလွင်သည် ယခုအဆင့်သို့ တိုးလာမည်ဟု မမျှော်လင့်ထားခဲ့။ ထိုသို့ တိုးလှမ်းခဲ့သော အခြေအနေနှင့် စပ်လျဉ်းကာ “ကျွန်မကို အလွဲမထင်နဲ့နော်၊ မိတ်ဆွေအဆင့်အထိ ကျွန်မ လိုက်လျောသင့်တယ်လို့ ယူဆလို့ ကျွန်မ ခုလို ဆက်ဆံခဲ့တာ။ ရိုင်းသလိုလို ဖြစ်မိခဲ့တာလေးတွေကို ပြန်ပြီး လျော်သင့်တယ်လို့ အောက်မေ့ပြီး ကိုတင်အောင်ရှိန်တို့ အသိုက်အဝန်းထဲ ကျွန်မ ဝင်လာခဲ့တာ” ဟု နှင်းနှင်းလွင် ရှင်းပြခဲ့သည်။ မာလာတင်ပါ စကားဝိုင်းတွင်ရှိစဉ် အားလုံး၏ ရှေ့ မှောက်၌ တင်ကြိုကာကွယ်စကား ဆိုခဲ့သည်။
“နားလည်ပါတယ်ဗျာ၊ မလွင်က သံဆူးကြိုးကာတာ၊ ဝင်းထရံခတ်တာ အင်မတန် ဝါသနာပါတာလည်း ကျွန်တော်တို့အားလုံး အသိပါပဲ” ဟု သူ ရယ်မောပြီး တုံ့ပြန်ခဲ့သည်။ နှင်းနှင်းလွင်၏ တားဆီးထားသော စကားတွေကို ပြန်လည် တွေးမိသည့်အခါတိုင်းတွင် “ငါ့နှယ် အောက်ကျလိုက်တာ” ဟု ကိုယ့် ကိုယ်ကိုယ် မချင့်မရဲဖြစ်ရသည်။ ကန့်သတ်ချက်တွေ၊ စည်းကမ်းတွေဖြင့် ဆက်ဆံခြင်း ကိုပင်လျှင် ရတနာရသကဲ့သို့ တန်ဖိုးထားနေမိသည်။
လိုသည်မှာ ချစ်သူအနေနှင့်၊ ရသည်မှာ မိတ်ဆွေအနေနှင့်၊ တစ်စိတ်တစ်ဒေသ ရခြင်းသည် တစ်ခုလုံးကို မရခြင်းထက် တော်သေးသည်ဟု ကျေနပ်ခဲ့ရသည်။ ထို တစ်စိတ်တစ်ဒေသသည် တစ်ချိန်ချိန်တွင် ဒုက္ခပေးလာလိမ့်မည်ဟု တွေးတော့ တွေးဖြစ်ခဲ့၏။ ဝတ်ဆင်နိုင်ခွင့်မရှိသော ရတနာကို နောက်ထပ် မြင်မနေရလျှင် ကောင်းမည်ဟု စိတ်ကူးပေါက်ဖူးသည်။ သူတစ်ပါး ဝတ်ဆင်သွားချိန်အထိ တစ်ချိန် လုံး ငေးမျှော်မိပါက ဆုံးရှုံးရပြီဟု ထိုအခါတွင်မှ ပို၍ အနာတရ ခံစားရပေလိမ့် မည်။ ထိုသဘောကို သိနေသော်လည်း မျက်ကွယ်ပြုခြင်းငှာ မစွမ်းသာ။
တွေ့ဆုံနေရသည်ကို ချမ်းမြေ့နေသည်။
သူ့စကား၊ သူ့ရယ်သံကို နား၌ လွင်နေသည်။
ကာလ အတိုင်းအတာတစ်ခုတွင် ထိုအနေအထားတွေ ပျောက်ဆုံးသွားမှာ သိနေသော်လည်း နှစ်သက်နေသည်။
“ငါက ဘာနဲ့တူသလဲဆိုတော့ သားသတ်ရုံထဲက သတ္တဝါလိုပဲ၊ ဓားမတင်ခင် စားလိုက်၊ အိပ်လိုက်၊ ပျော်မြူးခုန်ပေါက်လိုက် လုပ်နေတာလေ”
ဝင်းမျိုးက မရွှင်မပျ မျက်နှာဖြစ်သွား၏။ နဖူးတွန့်ထားပြီး
“တွေ့ကြ၊ ဆုံကြ၊ ကွဲကြတာ သတ္တဝါတိုင်းရဲ့ ဓလေ့ပဲလေ။ သူနဲ့မင်းနဲ့ ခဏဆုံကြတာမှန်း သိထားရင် ပြီးပြီပဲ။ မင်းစိတ်မင်း မနိုင်ရင် ခပ်ခွာခွာ ပြန်နေပေါ့ သူငယ်ချင်း”
“ငါ ရှောင်နေခဲ့သေးတာပဲ။ သူက ငါတို့ဝိုင်းထဲ ပြန်ဝင်လာတာ”
ဝင်းမျိုးက ခေါင်းခဲကာ
“ပြန်ဝင်တာမဟုတ်ဘူး၊ ခုမှဝင်လာတာ”
“အေးပါ၊ ငါအပြောမှားသွားတာ။ သူ ဝင်လာတော့ သူ့အကြောင်းပြချက် နဲ့သူ၊ ငါ ဘာပြောရမလဲ”
“အတန်းရှေ့ လာမရပ်နဲ့လို့ သူတောင် နှင်ဖူးသေးတာပဲ။ မင်း ပြန်ပြီး နှင်ပါလား”
သူ ပြုံးလိုက်သည်ကို ဝင်းမျိုး သဘောပေါက်သည်။ ပြန်ဖြေသင့်ချိန် လွန်လာသောအခါ
“ဖြေလေကွာ.. ငါမေးတာ”
“ငါ သူ့လောက် မရက်စက်ရက်ဘူး ဝင်းမျိုး”
“ဒါဆိုလည်း ရှင်းနေတာပဲ၊ ညည်းမနေနဲ့။ သူ မင်းကို လာလာတွေ့၊ ဆုံနေကျနေရာမှာ ငါတို့နဲ့လာဆုံ၊ မင်းအတွက် မုန့်ပဲသရေစာ ဝယ်လာ။ သူ့ လျော်ကြေးက ပေးသင့်တာထက် ပိုနေတာ မင်းက ပိုသိပါတယ်။ မာလာတင်က တောင် စိုးရိမ်စရာ ကောင်းလာပြီတဲ့။ သူ့ပြောင်းလဲလာတာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပေးတာ”
“သံယောဇဉ်ဖြစ်စရာ အပြုအမူတွေ သိပ်များလာရင် ငါ ပိုပြီးခံစားရမှာ ကတော့ သေချာတယ် ဝင်းမျိုးရေ”
“လွန်ခဲ့တဲ့ တနင်္လာနေ့က ဘယ်ကဘယ်လို စကားစပ်သလဲ မမှတ်မိဘူး။ မာလာတင်က သူ့အစ်ကိုအကြောင်းမေးရင်းက စတယ်ထင်တယ်။ ကိုမောင်မောင် ကျော်ငြိမ်းအကြောင်း ပါလာတော့ မင်းမျက်နှာမကောင်း ဖြစ်နေတာ၊ မာလာတင် သိလို့ စကားချက်ချင်း ပြောင်းပစ်တာ။ မလွင်လည်း သိလိုက်ပုံရပါတယ်။ မင်း စိုးရိမ်ကြောင့်ကြလာတာ ငါတို့သိတယ်။ ဒါ အစ...”
မသိမမြင်ဖူးခဲ့သောသူ၊ အငြိုးရန်ဘက် မရှိလျက်နှင့် ထိုသူ့အမည်ကို မကြားချင် ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အားမရ။ စိတ်ဓာတ်မခိုင်မာရကောင်းလားဟု စိတ်တိုသွားသည်။ သဝန်တိုသွားသည်။ သဝန်တိုသွားတာ မဟုတ်လားဟု စိတ်ထဲမှာ မေးသည်။ သဝန်တိုခြင်းသည် ကောင်းသောဓလေ့မဟုတ်ဟု တွေးမိ၍ စိတ်ထဲမှာပင် ဖြေဖို့ ခက်ရပြန်သည်။
စိတ်အနှောင့်အယှက် ဖြစ်သွားမှန်း ရိပ်မိသူ မာလာတင်၏ အားတုံ့အားနာ အကြည့်ကို မျက်လုံးလွှဲကာ မသိယောင် ပြုခဲ့သည်။ ထိုအချိန်မှစပြီး စကားနည်းသွား သော သူ့ကို နှင်းနှင်းလွင်က “ငြိမ်လှချည်လား။ ဘာဖြစ်နေလဲ၊ နေမကောင်းဘူးလား၊ ဆီထမင်းစားမိလို့ ခေါင်းအုံသွားလား၊ ရင်ပြည့်သွားပြီထင်တယ်၊ မျက်နှာကလည်း မအီမလည်ပုံကြီး” ဟု ခဏခဏမေးသည်။ စကားဝိုင်းတွင် မှိုင်စရာရှိ၍ မှိုင်ကျ သွားမိသည်။ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျ ဖြစ်ရချေ၏။
*
မာလာတင်သည် ရေစက်စက်ကျနေသော ထီးကိုပိတ်ကာ လှေကားခုံ အောက်တွင် ထောင်ထားလိုက်သည်။ ဖိနပ်ကို ချွတ်ပြီးမှ ထဘီကို စွန်တောင် သာသာဆွဲကာ ခြေရေစစ်ရင်း အပေါ်ဆင့်သို့ တက်သည်။ အုန်းဆံခြေသုတ်ဖုံတွင် ခြေသုတ်ကာ သဲ၊ အမှိုက်၊ အမှုန်စ စင်အောင်ပြုသည်။ ထို့နောက် အဝတ်စ ချထားရာသို့ လျှောက်လာရင်း
“ဒီနားကျမှ မိုးက ရွာချလိုက်တာ။ တစ်လျှောက်လုံး ကြည်ကြည်လင်လင် ခြံထဲလည်းရောက်ရော တိတ်သွားပြီ”
တံခါးပေါင်ကို မှီပြီးရပ်နေသော သူ့ကို လှမ်းပြောသည်။ အဝတ်စဖြင့် ခြေသုတ်ပြီး တက်လာသော မာလာတင်ကို
“မိုးရွာတာနဲ့ ကျွန်တော် အိမ်ထဲပြန်ဝင်လာတာ၊ အပြင်ထွက်တော့မလို့။ နို့မို့ရင် လွဲပြီ”
“တော်သေးတာပေါ့၊ မတွေ့ရင် တစ်ဆင့် ထပ်လိုက်ရဦးမှာ”
“ကိစ္စရှိလို့လား၊ ထိုင်ပါဦး”
ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ပြီးမှ
“မရွှေလွင်က စာပေးလိုက်လို့”
ပိုက်ဆံအိတ်ကိုဖွင့်ပြီး စာအိတ်ကို ထုတ်ပေးသည်။ “ဘာများ အရေးကြီးလို့ ပါလိမ့်။ ဒိုင်ယာရီထဲမှာ ဘာများကျန်နေသေးလို့လည်း မသိဘူး” ဟု သူ ပြုံးပြီး ပြော၏။ မာလာတင်က ပျာယာခတ်ခဲ့ရသောအကြောင်းကို သတိရပြီး ဟင်းခနဲ တစ်ချက်ရယ်၏။ ထို့နောက်
“မဟုတ်ပါဘူး။ သူ ဟိုတစ်လောကကိစ္စနဲ့ပတ်သက်ပြီး ရေးတာ”
“ဘာပါလိမ့်”
“ကျွန်မက ကိုအောင်ညွန့် ကင်ညာနိုင်ငံကို ပြောင်းပြီး အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး မေးရင်း ကိုမောင်မောင်ကျော်ငြိမ်းကကော လစ်ဗျားနိုင်ငံမှာပဲလားလို့ လျှာချောင်မိတာ။ သူကလည်း အမှတ်တမဲ့ ဖြစ်သွားတယ်။ နောက်တော့ ကိုလှိုင်ထွန်း ရုံးဘက်လာရင် အဲဒီနေ့က ကိုတင်အောင်ရှိန်ကို ကလိသလိုဖြစ်သွားတာ စကား စပ်မိကြသေးတယ်။ လွင်က စနေနေ့က ဖုန်းဆက်ရင်း အဲဒါပြန်ပြောတော့ ကျွန်မ ပြောလိုက်မိတယ်။ ကိုတင်အောင်ရှိန် နှစ်ရက်၊ သုံးရက်လောက် စိတ်ကသိကအောက် ဖြစ်နေတာတို့ဘာတို့၊ ဒါနဲ့ သူ ဒီစာရေးတာ”
သူက ရှက်ပြုံး ပြုံးလိုက်သည်။
ကိုတင်အောင်ရှိန်ရှင့်
ကျွန်မ တောင်းပန်ပါတယ်။ ကိုတင်အောင်ရှိန်ကို ရှေ့မှာထားပြီး သူ့ အကြောင်းတွေကို ကျွန်မ အတော်လေး ပြောခဲ့မိတာနဲ့ ပတ်သက်လို့ပါ။ ကျွန်မ ကလိသလို ရိသလို ဖြစ်သွားချင် ဖြစ်သွားပါလိမ့်မယ်။ မရည်ရွယ်ရကြောင်း သစ္စာရေ သောက်ပြဝံ့ပါတယ်။ ကြားရတဲ့သူအဖို့ ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်မ တွေးသိလို့ ရပါတယ်။ ငါ့နားနှစ်ဖက် ထဲ ချော်ပူသံပူရေ လောင်းထည့်လိုက်လေသလား အောက်မေ့ရတယ် လို့ သူငယ်ချင်းတွေကို ကိုတင်အောင်ရှိန်ပြောတာ ကျွန်မ နားလည်ပါ တယ်။
ပြန်တောင်းပန်ရင်း ဒီစာရေးရတဲ့အကြောင်းရင်းကြောင့် စိတ်အနှောင့် အယှက် ထပ်ပြီးဖြစ်မှာလည်း ကျွန်မ စိုးပါတယ်ရှင်။ ကျွန်မ တမင်ပြောတာ မဟုတ်ဘူးလို့ ယုံကြည်စေချင်ပါတယ်။ စိတ်ဆင်းရဲစရာဖြစ်သွားတယ်ဆိုတဲ့အကြောင်းတွေ ကျွန်မ ပြန်ပြီး ကြားရပါတယ်။
ဒီလောက်ဆိုရင် ကျွန်မကို နားလည်ပြီထင်ပါတယ်။
မဘုမ တောင်းပန်ပါတယ် ကိုငွေဖလားရယ်... နော်။
လွင်
စာခေါက်ကို မာလာတင်ထံသို့ သူ လှမ်းပေး၏။ “ကျွန်မကို ပေးဖတ်ပြီးမှ စာအိတ်ထဲ ထည့်တာ”ဟု မာလာတင် ပြော၏။ စာအိတ်ထဲသို့ စာခေါက်ကို ထည့်ကာ လက်ထဲမှာ ကိုင်ထားသည်။ မာလာတင် ပခုံးစကို တောက်ကာ ရေစက်ဖယ်ရင်း
“သူရေးထားတာ သုံးရက်ရှိပြီ။ ပေးသင့်၊ မပေးသင့် ချိန်နေခဲ့တာတဲ့။ ဒီနေ့တော့ ပေးမယ်ဆိုပြီး ကျွန်မဆီ သူ လာပေးသွားတာ”
“ကျွန်တော့် စိတ်ထဲကဒဏ်ရာ ကျက်သွားပါပြီ”
မာလာတင် ပြုံးကာ
“ကိုတင်အောင်ရှိန်”
တစ်ခုခုပြောမည့် စကားစ။ သူ အကြည့်တွင်
“လွင်က တားမြစ်ရင်း တရွေ့ရွေ့နဲ့ သူပဲ ရှေ့တိုးလာတာ သိလား”
သူ ခေါင်းညိတ်၏။ မာလာတင်သည် ကျနေဆဲ တံစက်မြိတ် မိုးရေတွေကို လှမ်းကြည့်ကာ
“ကိုတင်အောင်ရှိန် သူ့ကို ပြန်ထိန်း၊ ဒီစာကိုဖတ်ရင် အတော် ရှင်းနေတာပဲ။ သူ သံယောဇဉ်တွယ်နေတာ ထင်းခနဲ အသိသာကြီး"
သူ ခေါင်းညိတ်လေသည်။
“ရှေ့တိုးလေလေ နှစ်ယောက်စလုံး စိတ်ညစ်ရလေလေ ဖြစ်မှာပဲ။ ကျွန်မ စိုးရိမ်တယ်။ ကိုတင်အောင်ရှိန် ဉာဏ်ပညာနဲ့ ချိန်ချိန်ဆဆရှိဖို့ အချိန်ရောက်လာပြီ”
“သူ့ကိုလည်း အခုလို ပြောခဲ့ဖူးလား”
“ဒါ့ထက် ပြောတယ်။ နားငြီးလောက်အောင် သူ့ကို သတိပေးခဲ့တယ်”
“အဲသလောက်တောင် မာလာတင် ပြောခဲ့ရတယ်ဆိုတော့ သူ ကျွန်တော့်ကို ချစ်နေလို့လားဗျာ”
“သူလည်း အသည်းနှလုံးနဲ့လူပဲ ရှင်”
ရင်ကို ထိသည့်စကား။
“သူ ကျွန်မကို စကားတွေ အများကြီးပြောခဲ့တယ်”
“ကျွန်တော်နဲ့ ပတ်သက်လို့လား”
“ဟုတ်တယ်”
“သိချင်လိုက်တာ”
“ခုကတည်းက စိတ်ကိုနိုင်အောင် ချုပ်တည်းဖို့ ကြိုးစားတော့လေ”
[] [] []
[ ၁၇ ]
မာလာတင်တို့အိမ်တွင် ဝါဆိုသင်္ကန်း ကပ်သည့်နေ့က သူတို့သုံးယောက် စလုံး၏အိမ်တွင် ဝါဆိုသင်္ကန်းအလှူရှိသည်။ ထို့ကြောင့် မာလာတင်တို့အိမ်သို့ သူတို့သုံးယောက် ရောက်ချိန်မှာ မွန်းတည့်ပြီးစ အချိန်ပင် ရှိနေပေပြီ။ နှင်းနှင်းလွင် သည် မာလာတင်တို့အိမ်သို့ ညအိပ်သွားကာ ကူညီလုပ်ကိုင်ပေးမည်ဟု ကြိုပြော ထားသည်။
သူတို့ရောက်သွားပြီး ခဏအကြာတွင် တစ်ညလုံး အိပ်ရေးပျက်ထားသော နှင်းနှင်းလွင်က ခဏမှေးရာမှ ထလာသည်။ ထမင်းစားရင်း စကားစမြည် ပြောကြ သည်။
စားပြီး ကွမ်းတစ်ယာညက်သာသာတွင် ခြံထဲသို့ ကားတစ်စီးဝင်လာသည်။ ကားပေါ်မှ ဆင်းလာသူကို မြင်နေကြ၏။ နှင်းနှင်းလွင်၏အစ်မ ဒေါ်မြဆွေ။ “ဟာ…… တည့်တည့်ကို လာတိုးတာပဲ” ဟု သူပြော၏။ “ရပါတယ်၊ ကိစ္စမရှိပါဘူး” ဟု မာလာတင် ပြော၏။
“ခုန စားထားတာလေးတွေ လည်ချောင်းဝ ပြန်တက်လာတယ်” ဟု လှိုင်ထွန်းက တိုးတိုးပြောသည်။ နှင်းနှင်းလွင်က “ပြဿနာမရှိပါဘူး” ဟု ပြုံးပြီး ပြောသည်။ “ဘုရားသိကြားမ,လို့ မမှတ်မိပါစေနဲ့ဗျာ” ဟု ဝင်းမျိုးက အသံနှိမ့်ပြီး ဆုတောင်း၏။
ဧည့်ခန်းထဲသို့ ရောက်လာသောအခါ မာလာတင်၏ မိဘ မောင်နှမတွေနှင့် စကားသွားပြော၏။ သူတို့ဝိုင်းကို လှမ်းကြည့်ရုံသာ ကြည့်သည်။ မျက်နှာထား ပုံမှန်။ မှတ်မိဟန်မတူဟု သူ တွေး၏ အတန်ကြာသောအခါ ဒေါ်မြဆွေသည်သူတို့ဝိုင်းသို့ လာ၏။
“မမဆွေ…. လာထိုင်၊ တစ်နာရီပဲ ကျော်တော့မယ်၊ နောက်ကျလိုက်တာ။ ဟိုမှာ ပြင်ထားပြီးသား အဆင်သင့်ရှိတယ်။ တစ်ခါတည်း စားလိုက်တော့”
မာလာတင်က ပြောသည်။ ဒေါ်မြဆွေ၏ ပါးနှစ်ဖက်နှင့် မေးတို့က စုန့်စုန့်ပုံ ဖြစ်လာ၏။ သူတို့သုံးယောက်ကို ကြည့်ကာ ပြုံးရင်း
“မြင်ဖူးပါတယ် အောက်မေ့တာ၊ လက်စသတ်တော့ မင်းတို့သုံးယောက်ကိုး”
သူတို့ ပြုံးလိုက်ကြ၏။
“မင်းတို့ကော စားပြီးကြပြီလား”
“ဟုတ်ကဲ့” ဟု သူဖြေ၏။ ဝင်းမျိုးတို့က ခေါင်းညိတ်၏။ ဒေါ်မြဆွေသည် မျက်လုံးမျက်ဖန်ကျဉ်းသော်လည်း စူးရှစွာကြည့်ကာ
“မမဆွေ စားလိုက်ဦးမယ်၊ မပြန်ကြပါနဲ့ဦးကွာ”
“ဟုတ်ကဲ့” ဟု လှိုင်ထွန်း ပြောသာပြောသည်။ မဝံ့မရဲ မျက်နှာဖြစ်နေ၏။ ဝင်းမျိုးက ခေါင်းညိတ်ပြီး “ဟဲ.... ဟဲ...” ဟု အဓိပ္ပာယ်မဲ့ ရယ်၏။ သူက ပြုံးသာ ပြုံးနေရသည်။ လိပ်ပြာမလုံသောမျက်နှာ။ မာလာတင်က ဒေါ်မြဆွေကို ထမင်းစားပွဲရှိရာသို့ ခေါ်သွားသည်။ နှင်းနှင်းလွင်က
“အလှူမလာဖြစ်ဘူး၊ လွင်ပဲသွားလို့ မနေ့က ပြောတယ်။ ခု ပေါက်ချလာ တယ်။ အစ်ကိုကြီး ပါမလာလို့ တော်ပါသေးရဲ့။ ကားကိုတွေ့တော့ ရင်ထဲ ထိတ်သွားတာ”
*
“နှင်းနှင်းလွင် တော်တော် မျက်နှာပူသွားတာ သိပ်သိသာတာပဲ” ဟု လှိုင်ထွန်း ပြော၏။ “မာလာတင်က ရေနွေးကြမ်း ထပ်ဖြည့်သလိုလို၊ လက်ဖက်ခြောက် ထပ်ထည့်သလိုလိုနဲ့ စားပွဲ ပြန်လာလိုက်၊ အိမ်ထဲဝင်လိုက်၊ စီးကရက် ထယူပေး၊ ပြာခံခွက် သွားသွန်နဲ့ ပျာနေတယ်။ မမဆွေက ကိုမောင်မောင်ကျော်ငြိမ်း အကြောင်းတွေ အားပါးတရ တမင်ပြောတာ၊ မလွင်အတွက် ဟိုက ဘာတွေဝယ်ပို့၊ ဘာအလှကုန် အို... စုံနေအောင် မင်းရှေ့မှာ တမင်ပြောတာ၊ လက်ထပ်ဖို့မှန်းတဲ့ နှစ်တွေ၊ လတွေရော ဖိတွယ်တာ” ဟု ဝင်းမျိုး ပြောလေသည်။
“မာလာတင့်အလှူ ငါတို့လာမယ်လို့ အပိုင်တွက်ပြီး လာတာ၊ ဒီစကားတွေ ပြောချင်လို့ တမင့်ကို မမဆွေလာတာ”
သူ့စကားကို ဝင်းမျိုးက
"ဒါပေါ့"
“လွင့်မှာ ဒီလို ဒီလို ရှိပြီးသားလို့ ငါ့ကို လာကြေညာတာပါကွာ”
“ဟုတ်တယ်လေ” ဟု ဝင်းမျိုး ပြော၏။ သူ မချိတရိ ပြုံးပြီး “နားထောင်ရင်း ငါ ချွေးပြန်လာတယ်။ ခေါင်းညိတ်၊ အင်းလိုက်နေရတာ ကိုက ဟိမဝန္တာတောင်ကို ရွက်ထားရသလို ပင်ပန်းလာတယ်။ လွင်က စကားဝိုင်း ထဲက ထွက်ပြေးချင်တဲ့ မျက်နှာနဲ့၊ ငါ သူ့ကို ပြန်သနားတယ်ကွာ”
“ပေါ်တင်ကြီးကို ထိုးနှက်တဲ့သဘောပဲ” ဟု လှိုင်ထွန်း မှတ်ချက်ချ၏။ ထို့နောက် “လေသံလေးက ချိုချိုလေး၊ ပြောတာကလည်း ညက်လို့၊ မျက်နှာက လည်း ပြုံးလို့၊ စကားလုံးကတော့ သင်တုန်းပဲ” ဟု ဆက်၍ပြောသည်။
*
သစ်တိုပင်ရိပ်ကြီးတွေအောက်က တိုးချဲ့ဆောင်သို့ နှင်းနှင်းလွင် မလာသည်မှာ သုံးရက်ရှိသွားပေပြီ။ လာနေကျ နေရာသို့ လာနေကျသူ ရောက်မလာသောအခါ မျှော်ရသည်။ စာသင်ချိန် မရှိသဖြင့် တစ်ယောက်တည်း ဆက်၍ ထိုင်နေလိုက်သည်။ ဝင်းမျိုးတို့က သုံးနာရီကျော်မှ စာသင်ချိန် ပြီးကြမည်။ ထိုင်ရင်း တွေးလိုက်၊ အတွေးပိလျှင် မဂ္ဂဇင်းဖတ်လိုက်၊ အာရုံလွင့်လျှင် အပြင်ကိုကြည့်လိုက်၊ သွားသူ၊ လာသူတွေကို အမြင်နောက်လျှင် စဉ်းစားလိုက်နှင့် ရှိနေခဲ့သည်။
ထိုစဉ် နောက်ဘက်မှ ဖိနပ်သံကို ကြားရသည်။ နားမှာ ကျက်မိနေပေပြီ။ နှင်းနှင်းလွင်၏ ခြေသံ။
လှည့်ကြည့်လိုက်သည်။ သူ့ကို ပြုံးသည်။
သူ့ဘေးသို့အရောက်တွင် လူသွားလမ်း ခြားထားရာ ယှဉ်လျက် ထိုင်ခုံရှည် တွင် ထိုင်၏။ လွယ်အိတ်ကို စာရေးခုံရှည်ပေါ်သို့ တင်၏။ ဘေးတိုက်ထိုင်ပြီးမှ မုန့်ထုပ်အိတ်ကို လှမ်းပေးသည်။ “မှိုကြွပ်ကြော်နဲ့ ပုစွန်ကြော်ရလို့ ဝယ်လာတယ်” ဟု ပြောသည်။ သူ လှမ်းယူပြီး ခုံဦးတွင် တင်၏။ အတော်ကြာသည်အထိနှစ်ယောက်သား စကားမဟကြ။
“စားလေ”
“စားမှာပေါ့၊ လွင် စားချင် စားနှင့်လေ၊ ကျွန်တော် သိပ်မဆာတတ်သေး လို့ပါ”
သူ့ကို ပြုံး၏၊ လျော့ရဲရဲအပြုံး။ ထို့နောက်
“ခုထိ မမဆွေ စကားတွေကြောင့် ရင်ပြည့်နေတုန်းမို့လား”
“မဟုတ်ပါဘူး” ဟု ပြုံးပြီး ခေါင်းခါလိုက်သည်။
“တောင်းပန်လို့မရအောင် အဆုံးစွန်ဆုံး ဖြစ်သွားတော့လည်း လွင် မတောင်း ပန်တော့ပါဘူး”
“ကျွန်မ” ပျောက်သောနေ့၊ အမှတ်တရနေ့။
“ကိစ္စမရှိပါဘူး၊ ကျောထောက်နောက်ခံ ဇာတ်လမ်းကို ကျွန်တော်သိတာ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယရှိလို့ လာပြောတာပါ”
“ဟုတ်ပါတယ်။ ပြဿနာနည်းနည်းရှိတယ် ကိုတင်အောင်ရှိန်ရေ့”
...ရေ့သံသည် ရင်မှာ စွဲလေ၏။ သူ မျက်ခုံးကို ဆတ်ခနဲ ပင့်ကာ
“ဘာဖြစ်လို့လဲဟင်”
“မမမာလာနဲ့ တစ်ဆင့်ပေးတဲ့စာကိစ္စ” ဟု နှင်းနှင်းလွင် မောပန်းသံနှင့် ပြောသည်။ သူ မျက်လုံးဝိုင်းလာ၏။ ကိုယ်သည် ရှေ့သို့ မသိမသာ ယို့သွားလေ၏။
“အဲဒီစာ ဘာဖြစ်လို့လဲ”
“မမဆွေက အဲဒီစာ လွင့်ကို ပေးပြတယ်”
“ဟာ... အဲဒီစာ ကျွန်တော့်ဆီမှာပဲဟာ”
နှင်းနှင်းလွင် ခေါင်းကို အသာယမ်းသည်။ မျက်တောင်ကော့တွေကို တဖျတ် ဖျတ်ခတ်ပြီး
“ဒီလို၊ အကြောင်းက နည်းနည်းရှည်တယ်။ လွင် အဲဒီစာကိုရေးပြီး ပေးရ ကောင်းမလား ဘာလား စဉ်းစားတာ သုံးရက်ကြာတယ်။ ရေးပြီးတဲ့နေ့ ညဘက် ရေးတာ။ နေ့ကျတော့ ကျောင်းလာ၊ စာရေးစက္ကူ စာအုပ်ကို အံဆွဲထဲ ဒီအတိုင်း ထည့်ထားခဲ့တယ်။ အစ်ကိုကြီးက မိတ်ဆွေတစ်ယောက်ဆီကို စာရေးမလို့ သူ့အခန်း ထဲက လုပ်ငန်းသုံးစာအုပ်ကို သွားယူတယ်။ ရုံးခန်းမှာ ကျန်ခဲ့တယ်။ ဒါနဲ့ လွင့် အခန်းထဲက စာရေးစက္ကူနဲ့ပဲ ရေးမယ်ဆိုပြီး ဝင်ရှာတာ၊ တွေ့တာပေါ့ အပေါ်ဆုံး စာရွက်မှာပဲဥစ္စာ။ ဒါနဲ့ မိတ္တူကူးဆိုင်သွားပြီး ကူးယူထား၊ စာကို ဟန်မပျက် ပြန်ထားတယ်။ ဒါပဲ။ ပြီးတော့ သူ့မိန်းမကို ပေးဖတ်တယ်။ အဲဒီစာထဲက ကိုတင်အောင်ရှိန်ဆိုတာ ဘယ်သူလဲ၊ ဘယ်ကလဲပေါ့။ မမဆွေက ပြောပြတော့ ပုံပန်းသဏ္ဌာန်တွေမေး၊ သူ့ကားနဲ့ ဒိုင်ယာရီသွားယူတာတွေရော ဘာရော ပေါ်ကုန်ရော။ အဲဒါပဲ”
သူ အသက်ရှူကျပ်ချင်လာ၏။ မောပန်းသွားသူ၏ မျက်နှာကိုကြည့်ကာ
“စာ မမ ဆွေကို သူပေးတာ ဘယ်နေ့ကလဲ”
“ကိုတင်အောင်ရှိန် မဖတ်ရခင် တစ်ရက်စောတယ်”
“မမဆွေကို အစ်ကိုကြီး ဘာပြောလဲ”
“ကြည့်လုပ်တဲ့၊ ငါ ခွေးဖြစ်မယ်တဲ့”
ရင်ထဲမှာ ပူခနဲ ခံစားလိုက်ရသည်။
“ဒါနဲ့ မာလာတင်တို့အိမ်အလှူမှာ မမဆွေ လာပြောတာပဲ ဆိုပါတော့”
နှင်းနှင်းလွင်က ခေါင်းကို ခပ်ငုံ့ငုံ့ထားကာ ငြိမ်နေလေသည်။ အရှက်ကို အထိပါးခံခဲ့ရသောအဖြစ်။ အစ်ကိုကြီးဖြစ်သူကို မျက်နှာချင်းဆိုင်ရန် ခက်စေမည့် အကြောင်း။
“မာလာတင် သိလား”
“မနက်က အစ်ကိုကြီးရုံးသွား၊ မမဆွေ ဈေးသွားတော့မှ မမမာလာအိမ် ဖုန်းဆက် ပြောပြလိုက်တယ်။ သူ ရုံးဆင်းရင် ကျောင်းကို ဝင်လာမယ်တဲ့၊ စောင့်ပါတဲ့”
သူ ခေါင်းကုတ်မည်ပြင်ပြီး လက်ကို စာရေးစားပွဲပေါ်သို့ တင်ကာ
“အစ်ကိုကြီး ဖတ်ဖြစ်သွားတာ အဆိုးဆုံးပဲ”
ရှက်ပြုံးပြုံးသည်။ ခေါင်းတစ်ချက်ညိတ်ကာ
“မမဆွေကို အစ်ကိုကြီးပြောတယ်။ စာသွားစာလာကို မင်း သတိထားကြည့်တဲ့။ မင်းယောက်မက အရမ်းကို တိမ်းညွတ်နေပြီတဲ့။ မင်း မိန်းမချင်း ပိုသိမှာပါတဲ့။ ရည်းစား မဖြစ်တဖြစ်အဆင့်ကို ရောက်နေပြီ၊ မြန်မြန်ထိန်းတဲ့”
နောက် ပြောပြီးသောအခါ နှင်းနှင်းလွင် တိုးတိုးရယ်နေ၏။ သူပါ ရော၍ ရယ်ပြီး
“လူကြီးနဲ့ လူငယ် အတော်ကွာလာတယ်နော်။ ကျွန်တော့်ဆီရေးတဲ့စာကို ရည်းစားမဖြစ်တဖြစ်စာတဲ့။ စိတ်အနှောင့်အယှက်မဖြစ်ဖို့ ရေးတဲ့စာ၊ ဘာမှ မပါ တာကို အဲသလို ယူဆတာကြည့်”
နှင်းနှင်းလွင် ပြုံး၏။ ဘာမှမပါသောစာဟု အထူးပြုပြောဆိုလိုက်သော စကားကို နှင်းနှင်းလွင် သတိပြုမိပုံရ၏။ လျှော့ချပြီး တမင်ပြောလိုက်ရသည်။
သူ့ကို အကဲခတ်သောအကြည့်နှင့် ကြည့်နေစဉ်
“ဒီပြဿနာအားလုံးရဲ့ တရားခံဟာ ကျွန်တော်ပဲ”
သူ့ကိုကြည့်ကာ ခေါင်းခါသည်။ နှုတ်ကမူ ဘာမျှမပြော။
“အစ်ကိုကြီးက လွင့်ကို တိုက်ရိုက် ဘာမှမပြောသေးဘူးပေါ့”
“မျှော်လင့်ထားပြီးသားပါ။ ခုနေတော့ ထမင်းတစ်ဝိုင်းတည်း စားရတာတောင် အိုးတိုးအမ်းတမ်း ဖြစ်နေတယ်”
“ကျွန်တော် သဘောပေါက်ပါတယ်”
“မျက်နှာပူတာဟာ အခံရဆိုးတဲ့ ဝေဒနာပဲနော်”
“ကျွန်တော် ပြန်တောင်းပန်ရမှာပါ”
“လွင်ကလည်း လွင်ပဲလေ”
ရယ်သည်။ နူးညံ့တိုးညက်သော ရယ်သံ၊ မျက်လုံးအစုံသည် ကြည်ကာ လဲ့ကာ ရှိလေ၏။ ရယ်သံနှင့် အကြည့်သည် အသည်းနှလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိလေသည်။ ဖြောင့်ချက်ပေးဆိုသော စကား။ အနက်အဓိပ္ပာယ်ပေါင်းများစွာက ကောင်းမြတ်ရာ အတိတ်နိမိတ်ဖြင့် ဖြာထွက်လျက်ရှိ၏။ ချစ်တယ်ဟု ပြောလိုက်လျှင် အတူတူပါပဲဟု ချက်ချင်းဖြေမည်ဟု စိတ်မှာ သိနေသည်။ ပြောဖြစ်တော့မည့် ဆဲဆဲတွင်
“ဆာနေတာနဲ့ အတော်ပဲ၊ စားတော်ထုပ်က ခုံပေါ်မှာ ပျင်းနေရှာတယ်”
လှိုင်ထွန်းက တိုက်ပုံအင်္ကျီချွတ်ရင်း အခန်းထဲသို့ ဝင်ဝင်ချင်း လှမ်းအော် ပြော၏။
** **
၈ဆက်ပါမည်
* နွေဦးဝင်သော် * { ၈ }
ငြိမ်းကျော်
[ ၁၈ ]
သဲသဲမဲမဲ ရွာသွန်းနေသော မိုးနေ့၏ ဒုတိယနေ့။
လမ်းမ လမ်းသွယ်တွေမှာ ရေလျှံနေသည်။ ရေတွင်းရေကန်တွေမှာ ရေပြည့် လောက်မည်။ ကောင်းကင်မှာ မည်းသောအခါ ရွာကောင်းလျက်ရှိ၏။ ကောင်းကင် ဖြူလာသော် ခဏပင် မတန့်။ တစ်ချက်တစ်ချက်၌ လေပြင်းက ကူ၏။ မိုးသံ၊ လေသံ တဝေါဝေါ ဖြန်းဖြန်း မြည်နေသည်။
အိမ်ထဲမှာ အခန်းအောင်းကာ တွေးနေရင်း ချမ်းစိမ့်စိမ့် ဒဏ်မပြေ။ လက်ဖျား တွေ ပဲကြီးခွံတွန့်နေသည်။
ကျောင်းစာဖတ်၊ အပြင်စာဖတ်။ မျက်လုံးညောင်းလာ၍ မျက်လုံးအစုံ မှိတ် ထားလိုက်၏။ နှင်းနှင်းလွင်ကို အာရုံက ပြေးမြင်သည်။ ချစ်စကား မပြောခဲ့သည်မှာ ကောင်းသည်ဟု ထိုနေ့က မှတ်ချက်ချခဲ့သည်။ “ဟုတ်တယ်” ဟု လှိုင်ထွန်း ထောက်ခံခဲ့သည်။
သူ့စိတ်သူ တားဆီးလို့မရတဲ့အချိန်၊ သူ့အိမ်က သိသွားတဲ့ကိစ္စက သူ့ကို သိပ်စိတ်လှုပ်ရှားစေတဲ့အချိန်၊ မင်းပြောရင် ပြောလိုက်တာနဲ့ ခေါင်းညိတ်လိုက်မှာ သေချာတယ်။ မာလာတင့်စကားကို သတိရတာလည်း ကောင်းတယ်။ သူ့အစ်ကိုက မမဆွေကို ကြည့်လည်းထိန်းနော်၊ ငါ ခွေးဖြစ်သွားမယ်ဆိုတဲ့ဥစ္စာကို မင်း စိတ်စွဲ ထားတာလည်း ပိုကောင်းတယ်” ဟု လှိုင်ထွန်း တွက်ချက်ပြသည်။
“သူ ငါ့ကို ချစ်နေပြီဆိုတာ ငါ သိလိုက်ပါပြီ လှိုင်ထွန်းရာ။ သူ အရမ်း ဦးနှောက်ခြောက်ရမယ်။ သူ့အစ်ကိုတစ်တွေ အစီအမံက ရှိခဲ့ပြီးသားကြီး။ သိနေတဲ့ ငါက ဇွတ်တိုးရင် ငါ့ကို ပြဿနာကောင်လို့ စွပ်စွဲမှာပဲ”
“သိပ်သေချာပြီးသားပေါ့”
“ရယ်ရတယ်၊ ငါက အရှိန်ပြန်သတ်ပြီး သူ့ကို တားရဆီးရပြန်တယ်။ သူ စိတ်တော်တော်ညစ်နေတာ သိသာတယ်။ စိတ်လေတေတေ လွင့်တင့်တင့် ဖြစ်နေပုံ ရတယ်”
“အဲဒါ ဘာဖြစ်လို့လဲ သိလား တင်အောင်ရှိန်”
သူ နားစိုက်လိုက်သည်တွင် “ချစ်တဲ့သူနဲ့ဆုံတဲ့အချိန် ဘာမှမတတ်နိုင်တဲ့ သူ့ဘဝသူ မကျေမချမ်းဖြစ်နေတာ။ ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ ဒေါသလည်း ထွက်နေတယ်။ မင်းကို လုံးဝဥဿုံ သူ နားလည်လာတယ်၊ တန်ဖိုးထားတယ်။ သူ့ချစ်သူ ဖြစ်ထိုက်တယ်လို့ ဆုံးဖြတ်မိတယ်။ ဒါပဲ... အဲ အခုအချိန်မှာ မင်း အရာရာ စည်းကမ်းကြီးရလိမ့်မယ်၊ အရာရာ စောင့်စည်းရမယ်။ စကားကုန်ပြောရရင် အခွင့်ကောင်းယူရင် သူကြည်ဖြူသဖြင့် ရကောင်းရနိုင်မယ်။ ဒါပေမဲ့ သူတော်ကောင်း တွေ မချီးမွမ်းမယ့် အချစ်မျိုးနဲ့ မချစ်မိအောင် သတိထားပါ။ မင်းကို ငါ ယုံကြည်ပါတယ်။ ချစ်စကားလည်း မပြောပါနဲ့။ အုပ်ထိန်းသူတစ်ယောက်က စိတ်ပျံ့လွင့်နေတဲ့ ကလေးတစ်ယောက်ကို ထိန်းသလို မင်းကိုထိန်းပေးမှ ရမယ်။ နောက်ပြီးတော့ စာမေးပွဲက လဝက်ပဲ လိုတော့တယ်” ဟု လှိုင်ထွန်းက ပြောလေ သည်။
“စိတ်ချပါ၊ မင်းကို ကတိပေးပါတယ်ကွာ” ဟု သူပြောခဲ့သည်။
*
“အစ်ကိုကြီးက မနေ့ညက တီဗွီအပြီးမှာ စကားပြောတယ်။ ဘဝကို ဆောက်လာခဲ့ကြတာတွေ။ ပြီးတော့ ကိုတင်အောင်ရှိန်နဲ့ ပတ်သက်တာ မေးတယ်။ ညီမက ခုထိအဖြေမှ မပေးတာလို့ ဆင်ဝှေ့ရန်ရှောင်ဖြေတော့ ကိုယ့်မှာ အိမ်ထောင် ပြုဖို့သူ ရှိပြီးသားဥစ္စာ၊ တစ်ဖက်ယောက်ျားလေးကို မျှော်လင့်ချက် ပေးထားသလို မဆက်ဆံရဘူး။ အဲဒီဆက်ဆံရေးဟာ အပြစ်ရှိတယ်တဲ့။ မျှော်လင့်ချက် ပေးမထား ပါဘူး။ သူ့ကို ညီမ အကုန်ပြောပြထားပြီးသားပါ။ ရိုးရိုးပဲ ခင်ခင်မင်မင် ဆက်ဆံ နေကြတာပါလို့ ဖြေခဲ့တယ်လေ။ စာကိစ္စပြောပြီး တစ်ခွန်း၊ နှစ်ခွန်း ဆူတယ်"
ဟု နှင်းနှင်းလွင် ပြောပြသည်။ “အဲဒါတွေ ခဏလေးမေ့ထား၊ စာမေးပွဲနီးနေပြီ။ ကြိုးစားမှ ဘွဲ့လွန်တက်ရမှာ။ အဲဒီတော့မှ ကျွန်တော်တို့ ဒီတစ်အုပ်စုလုံး ကျောင်းမှာ ဆုံကြရမှာ”
“တစ်နှစ် သေသေချာချာ ဆုံချင်ရင် လွယ်ပါတယ်”
“လွင် ပြော”
“ကျအောင်ဖြေလိုက်ရင် တစ်နှစ်ကျ… ဆက်နေ”
“ဒေါ်ဘုမ ဘုထိုးပြီ” ဟု သူ ရယ်ပြီးပြောသည်။ “အဟုတ်ပြောတာ၊ လွင်ပြောတာ ဘာသာရပ်တိုင်းကို တစ်ပုဒ်စီပဲ ဖြေမယ်” ဟုပြောသည်။ “ဟာ.. ဟု သူ ရင်ဝသံဖြင့် ဟာသည်။ “စာကျက်ရတာကို အနှောင့်အယှက် ဝင်နေတယ်။ ခေါင်းထဲမှာ စာမစွဲဘူး၊ စိတ်ညစ်စရာ ကောင်းလွန်းလို့” ဟု စိတ်ပျက်သံဖြင့် နှင်းနှင်းလွင် ပြော၏။
“မညစ်ပါနဲ့ လွင်ရာ။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ မေတ္တာပို့၊ အမျှဝေ စိတ်ညစ်ပြေရော"
“ဪ... ရွှတ်နောက်နောက်ချည်း ခုတစ်လော ပြောနေတယ်။ ဘယ်လို ဖြစ်သွားတာလဲ ကိုတင်အောင်ရှိန်” ဟု မေးသည်။ မျက်နှာတည်တည်၊ လေသံတင်း တင်း။ သူ့ကို မကျေနပ်နေမှန်း သူသိ၏။ သို့သော်
“ကိုငွေဖလားပါဗျာ”
မပြုံးမရယ် သူ့ကို စူးစူးကြည့်ကာ
“ဘယ်လိုလဲ.. လွင့်ရင်ထဲ ဘာဖြစ်နေတယ်ဆိုတာ မသိဘူးလား။ ရွှတ်နောက် နောက်တွေ ပြောနေတာချည်းပဲ”
သူ ဆက်၍ မနောက်ဝံ့။
“သိတာပေါ့။ စိတ်ညစ်သက်သာအောင် တမင်ပြောနေတာပဲဟာ။ စာမေးပွဲ နောက်ဆံငင်နေရလို့ စိတ်မညစ်အောင် ကျွန်တော် အပြောင်အပြက် ပြောပေးတာ "
“စာသင်ခန်းထဲဝင်ရတာ ခြေလေးနေတယ်”
“ဒါဆို ကျွန်တော် ထမ်းပြီးပို့ပေးမယ်။ အခန်းဝကနေ စောင့်ပေးမယ်”
ဟင်းခနဲ ရယ်သံနှင့် ငဲ့စောင်းပြီး ကြည့်သောအကြည့်။
“အဲ့သလိုမှ မဟုတ်လည်း.. ကျွန်တော့်စာသင်ခန်းဝမှာ လာရပ်"
“ရပ်သင့်ရင် ရပ်ရမှာပဲ”
တစ်ခွန်း ကျွံလာသည်။ “လူတွေဟာ စစ်မရောက်ခင်သာ မြားရေးပြပြီး မြားကုန်အောင် ပစ်ခဲ့ကြတာချည်းပါပဲနော်” ဟု မေးလေ၏။ သူမဖြေ။
“စစ်ကြိုပြီဆိုတော့ ရွံ့သွားတတ်ကြတာ များပါတယ်” ဟု နှင်းနှင်းလွင် ပြောသည်။
သိသဖြင့် တိတ်တိတ်ပင် နေလိုက်ရလေသည်။
[] [] []
[ ၁၉ ]
“မင်း ခြေတုံ့လိုက်တာကို သူသိတယ်ကွ။ အရင်က မြောင်းမရှိဘဲ ရေလာ အောင် မင်း ဖန်တီးတယ်။ ခု မြောင်းပေးလာတဲ့အခါ ရေက တမင်မလာတာ။ မချင့်မရဲဖြစ်တာရော၊ နားမလည်တာရော သူ ဖြစ်နေတယ်။ ဒါကြောင့် မင်းပြော သမျှ ဇွတ်ကန့်လန့်ပြော၊ ကောတောတောတွေပြော၊ အဲ့သလို သူလုပ်နေတာ” ဟု ဝင်းမျိုးက ပြောသည်။
“မနက်ဖြန် စာမေးပွဲ နောက်ဆုံးနေ့၊ ကျောင်းပိတ်ပြီဆိုတော့ ကျောင်းမှာလို နေ့တိုင်းတွေ့နေရတာ မရှိတော့ဘူးလေ။ အထိုက်အလျောက် ဝေးသွားတော့ အခြေ အနေ ကောင်းနိုင်ပါတယ်”
သူ ပြန်ပြောလိုက်သည်။ “မီးဝေးချိတ်မာ သဘောတရားနဲ့ ချဉ်းကပ်ဖြေရှင်း တော့မယ် ဆိုပါတော့” ဟု ဝင်းမျိုး မေး၏။ သူ ခေါင်းညိတ်သည်။ “မင်းအဖြစ်က တကယ့်ကို ဟာသပဲ” ဟု ဝင်းမျိုး ပြော၏။ သူ့အစ်ကိုကြီး စကားက ငါ့ကို တည့်တည့်ထိထားတယ်။ သူ့ဂုဏ်သိက္ခာ ဇောက်ထိုးမိုးမျှော်ကျမယ် ဆိုတဲ့ စကား လေ။ ငါ့ခြေထောက်ကို ထူးခတ်လိုက်တဲ့ စကားပဲ” ဟု သူလည်း တစ်ခွန်းချင်း ပြောသည်။
“မာလာတင်ဆီကလာတဲ့ စကားထဲမှာလည်း မမဆွေတို့က မင်းကို မေတ္တာ ရပ်ပါတယ်ဆိုတာ ပါတယ်။ ပြဿနာပေါ်ရေး၊ မပေါ်ရေးမှာ မင်းက အဓိကဇာတ် ကောင်။ မင်းရဲ့ သိတတ်မှု၊ မသိတတ်မှုကသာ ဆုံးဖြတ်နိုင်တယ်လို့ မမဆွေတို့၊ မာလာတင်တို့က တွက်ကြတယ်။ အင်မတန် တင်းထားတဲ့ မာန်ကျသွားတဲ့ မလွင်ကိုလည်း သူတို့ သိပ်ကို အံ့သြနေကြတယ်တဲ့”
“ရပါတယ်ကွာ..ငါ ခပ်ရှောင်ရှောင်၊ ခပ်ဖယ်ဖယ်နေရင်း နေရင်း ပြီးသွားမှာပါ"
စိတ်ညစ်လွန်း၍ ပေါ့ပေါ့တန်တန် သူပြောလိုက်၏။ ဝင်းမျိုးက တအံ့တအား ဖြစ်သွားပုံရသည်။ “လွယ်ပါ့ကွာ” ဟုဆို၏။
*
သစ်ရိပ်တွေကြားမှ နေရောင်သည် လက်ဖက်ရည်စားပွဲပေါ်သို့ စွေကာ ကျလျက်ရှိသည်။ မိုးကာလ ကောင်းကင်တွင် တိမ်ရောင်စုံ ဖြစ်ထွန်းသောအခါ နေရောင်မှာ အရောင်ပြောင်းလဲနေလေ့ရှိသည်။ ညနေဆည်းဆာသို့ ကူးခါနီးသော ကြောင့် တိမ်တွေ အဆင်းစုံသည်။ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ်နေသည်။ အနောက် ဘက်တစ်လျှောက်တွင် တိမ်တိုက်တွေ၊ တိမ်တောင်တွေ၊ အကွက်အမျှင်တွေက အရောင်စုံနှင့် ရှိနေ၏။
ရွှေဖလားရောင် နေခြည်သည် နှစ်ဦးစလုံး၏ ပါးပြင်ပေါ်မှာ လိမ်းကျံထား သကဲ့သို့ နေလေသည်။
“အစ်ကိုကြီးက ကိုမောင်မောင်ကျော်ငြိမ်း၊ ဒီနာမည် ထည့်မပြောရင် မဖြစ်လို့ စိတ်အိုက်မသွားနဲ့ဦး။ အဲ့.. သူ့စာပြတယ်၊ နားလည်တယ်လေ၊ သူနဲ့ပေးစားမယ်ဆိုတာ စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။ ညီမလေး သဘောကျလို့ တစ်ခွန်းမေးတယ်။ အစ်ကို ကြီးတို့ကို ညီမက ဘာမှပြောစရာမရှိပါဘူးလို့ လွင် ဖြေခဲ့ပါတယ်။ သဘောကျလား မကျလား၊ ငါ သူ့ကို ချစ်လား မချစ်ဘူးလား ဘာမှမစဉ်းစားမိခဲ့ဘူး။ သူ့ဆီက ပစ္စည်းပစ္စယ လက်ဆောင်ပို့တယ်။ စာတစ်စောင်မှ သူ မရေးဖူးဘူး။ လွင်ကလည်း မရေးခဲ့ဘူး။ ခုတော့ လွင် တစ်ခုပြောနိုင်တယ်။ ဘာလဲဆိုတော့ သူ့ကို လွင် မချစ်ဘူးဆိုတာ။ မေတ္တာတရားကိစ္စကို ငါ ဘာဖြစ်လို့များ လွယ်လွယ်ခေါင်းညိတ်မိခဲ့ ပါလိမ့်လို့ လွင့်ကိုယ်လွင် စိတ်ဆိုးရပြီ”
ဝတ္ထုတစ်ပုဒ်ကို နားထောင်နေခြင်းဟု သဘောထားရလေသည်။ ထို့ထက် ပိုသောသဘောနှင့် နားဖွင့်မိလျှင် စကားတွေကို မွေးဖွားတတ်သော အသည်းနှလုံး နိုးမည်စိုးရသည်။ ထိုစကားတို့သည် နှစ်ဦး၏ အနာဂတ်ကို သောကဗျာပါဒ ခံတွင်းထဲသို့ ဆွဲသွင်းသွားပေလိမ့်မည်။
“ခုကျမှ လွင် ငြင်းဆန်ရင် လွင်မှားမှာပဲနော်”
“ဟုတ်တယ် လွင်”
“ဒါဖြင့် မချစ်မနှစ်သက်တဲ့သူကိုယူပြီး တစ်ဘဝတာကုန်လွန်ဖို့ပဲ ရှိတော့ တယ်ပေါ့”
သူ 'အင်း...' လိုက်ပြီး ခေါင်းညိတ်၏။
“ဒါဖြင့် ဘဝဆိုတာ ဘာတန်ဖိုးရှိတော့မှာလဲ”
“အိမ်ထောင်ရှင်မ,ကောင်းဆိုတဲ့ တန်ဖိုးကျန်နေပါသေးတယ် လွင်”
“ငရဲအိုးထဲမှာ လွင် သရဖူဆောင်းဖို့ ရှိသေးတာကိုး”
ပြောပြီးတော့ တိုးတိုးရယ်သည်။ မနှစ်မမြို့ ရယ်သံ။ မိုးပိတောက်ပင်ပျိုသည် လေတွင် ယိမ်းနေ၏။ မနက်က မိုးရေထိထားသောကြောင့် ကိုင်းဖျားတွေ ညွတ်ကျ နေ၏။ လက်ခုပ်တစ်ဖောင်သာသာတွင် အညွန့်အဖျားတွေ လှုပ်နေလေသည်။
“လွင့်ကို ကျွန်တော် တစ်ခုပြောချင်တယ်”
“လွင်က စိတ်ညစ်ပြီဆိုရင် တွယ်ရာမဲ့၊ ကြိုတွေးပြီး စိတ်ညစ်တာဟာ ကြိုတွေးတာနဲ့ ဖြစ်မလာသေးတာနဲ့ တူဖို့ပဲ ကောင်းတယ်။ ခု ဖြစ်နေရသလိုချည်း ကို စိတ်ကို လွှတ်ချလိုက်တာ မကောင်းဘူး။ ဖြစ်မလာ၊ ကြုံမလာရသေးတဲ့ အနာဂတ်ဆိုတာဟာလည်း မသေချာသေးတဲ့ အရာပဲနော်။ မေ့မနေနဲ့ဦး”
“ဖြေသိမ့်တဲ့စကား ပြောတတ်တဲ့နေရာမှာ ကိုတင်အောင်ရှိန်က အတော်ဆုံး"
“တရားအရကော မဟုတ်ဘူးလား”
“ဟုတ်နိုင်ပါတယ်”
“ခု ဖြေလိုက်ပုံက စိတ်ညစ်သံတစ်ဝက်နဲ့၊ အံ့ရောဗျာ”
သူ့အပြောကြောင့် နှင်းနှင်းလွင် ပြုံးသည်။ သွားတက်ပေါ်တွင် နနွင်းရောင် နေခြည်က လက်ခနဲ ထင်သွားသည်။ သူ လက်ပတ်နာရီကြည့်သည်။ ထိုစဉ်
“ဘာလဲ ပြန်ချင်လှပြီလား။ ခုမှ ငါးနာရီ အစောကြီး၊ ဒီနေ့ အိမ်ပြန်နောက်ကျ မယ်လို့ လွင် အိမ်ကိုပြောလာခဲ့ပြီးသား”
သူ ရယ်လိုက်၏။ “မဟုတ်ပါဘူး” ဟု သူ ရယ်သံနှင့်ပြော၏။ နှင်းနှင်းလွင် သည် စားပွဲတွင် တံတောင်နှစ်ဖက်ထောက်ပြီး
“ကျောင်းပိတ်သွားပြီ၊ လာမယ့်နှစ် ကျောင်းဆက်တက်ခွင့်ဆိုတာ ဘုရား အလိုတော်အတိုင်းပဲ။ ကျောင်းဝင်းကြီးကိုကြည့်ပြီး လွမ်းလိုက်တာ”
“ကျွန်တော်တို့အုပ်စုတစ်စုလုံး ကံကောင်းမှာပါ”
“လွင်လည်း ဆုတောင်းပါတယ်။ ဘွဲ့လွန်လည်း ဆက်တက်ခွင့်ရကြပါစေ။ လာမယ့်နွေ သင်္ကြန်အချိန်မှာ တောင်တော်မောင်နှမ ဘုရားပွဲလည်း သွားဖြစ်ကြ ပါစေလို့”
ဆိုလိုသည်ကို သိလိုက်သည်။ သမုဒယသို့ ဦးတည်သောစကားမှန်သမျှကို မတုံ့ပြန်လျက် နေလာခဲ့၍ နေတတ်နေပေပြီ။
“ကိုတင်အောင်ရှိန်ကော အဲသလို ဆုမတောင်းဖြစ်ခဲ့ဘူးလား”
“ကျွန်တော်တို့အားလုံး ဆုတောင်းနေကြတာပါပဲ”
ကျွန်တော်ဟူသော တစ်ဦးသီးသန့်ထားကာ မဖြေသောကြောင့် အဖြေတန် ကြေး ထက်ဝက်သာရှိသည်။ ဖြေပုံကို အားရဟန်မရှိ။ သူ့ကိုကြည့်ရင်း နဖူးတစ်ချက် တွန့်သည်။ သဲမြေလမ်းဆီသို့ ငေးကြည့်ရင်းနှင့်
“ပြန်ကြရအောင်”
ရုတ်တရက် ပြောသည်။ “စောစောကပြောတော့ နေဦးမယ်ဆို” ဟု ပြော သင့်သည်။ ပြော၍မဖြစ်။ သူ ခေါင်းညိတ်သည်။ ထိုင်ရာမှထသည်။ နှင်းနှင်းလွင် သည် သူ့ကို ညှိုးနွမ်းစွာ ကြည့်နေလေသည်။
*
စာမေးပွဲ ပြီးသွားသည်မှာ လဝက်ခန့်ပင် ရှိပေပြီ။
မိုး သည်းထန်သောရက်များအတွင်း အပြင်သို့ မထွက်ဖြစ်။ ဝင်းမျိုးတို့နှင့် တစ်ခါ၊ နှစ်ခါသာဆုံသည်။ ဖုန်းထဲကသာ စကားပြောဖြစ်သည်။ နှင်းနှင်းလွင် နှင့်ကား ဖုန်းအဆက်အသွယ် မရှိ။
နှင်းနှင်းလွင် မလာ။ မာလာတင်နှင့်လည်း ဖုန်းဖြင့်သာ စကားတစ်ခါ ပြောဖြစ်သည်။
ကမ္ဘာတစ်ခုနှင့် ဝေးသွားစ ပြုသကဲ့သို့ ခံစားရသည်။ နှင်းနှင်းလွင်သည် မကျေမနပ်ဖြစ်သွားဟန်တူ၏။ ကောင်းသော စိတ်ကွက်မှုဟု ယူဆလိုက်လေသည်။
*
“ငါ အခုတော့ မလွင်ကို ပိုသနားမိတယ်” ဟု လှိုင်ထွန်း ပြောသွားသည်။ “မင်း သူ့ကို ခပ်ခွာခွာနေနေတာ သူသိတာပဲ။ သိလို့ မာလာတင်ကို သူပြောခဲ့တာပေါ့” ဟု ဝင်းမျိုး ပြောခဲ့လေသည်။ သူငယ်ချင်းတွေ၏ စကားကို ငြင်းစရာမရှိခဲ့။ ကိုယ်စခဲ့သော ဇာတ်ကို ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းသာယာစွာ သိမ်းဆည်းပေးရပေတော့မည်။
သူ့စင် သူ့ရုံ သူ့မင်းသား မင်းသမီး၊ သူ့ဇာတ်လမ်း ရှိနှင့်ပြီးသား အခြေ အနေကို မသိခဲ့ရ၍ အစအဦးဆုံး ဝင်မိခဲ့သည်။ သိသောအခါ ရင်သည်းပွတ်က ပူဆာလွန်းသဖြင့် အရိပ်အယောင်ပြမိခဲ့သည်။ လွင်၏ ချစ်သနားခြင်းကို ရလာသည် တွင် ကမ္ဘာမြေမှာ ပျော်ရွှင်စရာ လွင်ပြင်ကျဉ်းခဲ့သည်။ ယခုသော် အမှားတစ်ခုပြုမိသူ၏ နောင်တကဲ့သို့ ခံစားရသည်။
လွင်၏ တုံ့ပြန်မှုကို တစ်ချိန်တုန်းက အလိုရှိခဲ့သည်။ ယခုတွင် လွင်၏ စကားတစ်ခွန်းသည် ပြဿနာမီးလျှံကို စတင်ထွန်းညှိပေးရာ ကျတော့မည်။ လွင်က စတင်၍ ချစ်ပါကြောင်း ကြေညာချက် ထွက်ကောင်း ထွက်လာနိုင်သည်ဟု တွက်သည်။
ထိုနှုတ်ခမ်းကို မည်သို့ ပိတ်ပင်ရမည်ဟု နည်းလမ်းရှာနေမိသည်။ ကြားလိုခဲ့ သူမှာ ကိုယ်။ မကြားလိုပြန်တော့သောသူမှာ ကိုယ်။ ကျွန်တော့်ကို မချစ်ပါနဲ့တော့ ဗျာဟု ဘွာခတ်ကောင်းသောကိစ္စမဟုတ်။
လူတို့၏ အသည်းနှလုံးရေးရာသည် ရှုပ်ထွေးသိမ်မွေ့လှပါကလားဟု နားလည် လာရသည်။ ကြိုက်သလား... ကြိုက်ရင် ရအောင်ယူ။ မိန်းကလေးက ကိုယ့်ဘက် ပါနေပြီပဲ။ ချစ်လိုက်၊ ယူလိုက် ပြီးရောဟု သာမန်ကာလျှံကာ တွေး၍မဖြစ်။ သူ့အစ်ကိုတွေပဲ၊ သူ့မိသားစုပဲ။ ကိုယ်နဲ့လည်း ကျွမ်းဝင်ခင်မင်တာမဟုတ်။ ထောက်ထားရအောင် ဘယ်တုန်းကမှ ပတ်သက်ဖူးတာလည်း မရှိ။ နှစ်ယောက်ချစ် မိနေပြီပဲ။ ချစ်၊ လက်ထပ်။ ဟိုလူနဲ့ ချစ်သူမဟုတ်။ သူများချစ်သူလုတာမဟုတ်။ လူသိရှင်ကြား စေ့စပ်ထားတာလည်းမဟုတ်။ ဘာဖြစ်လို့ လွင် စိတ်ဆင်းရဲ၊ ကိုယ်လည်း စိတ်မချမ်းမသာ အဖြစ်ခံရမှာလဲဟု လူရိုင်းတွေး မတွေးအပ်ဟု သဘောရသည်။ ငါတို့ ချစ်သူဖြစ်ဖို့ အရေးကြီးတယ်။ ငါ စိတ်ချမ်းသာဖို့၊ ငါ့ ချစ်သူ စိတ်ချမ်းသာဖို့ ဘဝက တိုတောင်းလှတယ်၊ ဆုံစည်းခဲပါဘိ။ ငါတို့ ချစ်သူနှစ်ယောက်အရေးကသာ ငါတို့ဘဝအရေး။ ညီအစ်ကို မောင်နှမဆိုတာ အချိန်တန် လမ်းခွဲ၊ အိမ်ထောင်ခွဲ ထုံးစံ။ စကားပျက်ကွက်လို့ အစ်ကိုကြီးတို့ မျက်နှာပျက်ရလည်း ခဏပါ။ အချိန်တန်ရင် ဟိုလူလည်း မိန်းမတစ်ယောက်ယောက်ယူသွားမှာပါ။ အစ်ကိုကြီးတို့ ဂုဏ်သိက္ခာကျသလို ဖြစ်သွားရင် တောင်းပန်လိုက် ပြီးရော။ ငါတို့ကို စိတ်ဆိုးလှ ခဏပေပဲပေါ့။ ကိုယ့်အတွက်၊ ကိုယ့်နှလုံးသည်းပွတ် အတွက် ကိုယ်ကြည့်တာပဲ ကောင်းပါတယ်ဟု မစဉ်းစားရက်။
ကိုယ့်အသည်းနှလုံး ကောင်းစားရေးအတွက် လွင်နှင့် လွင်၏ မောင်နှမ တစ်တွေ၊ မိသားစုတို့၏ မေတ္တာတရားတွေ၊ စေတနာတရားတွေ၊ ကျေးဇူးထောက်ထား မှုတွေ၊ ငဲ့ညှာမှုတွေကို မဖျက်ဆီးရက်။ ဖျက်ဆီးရာကျမည်ကိုပင် မလိုချင်တော့။ ထိုတရားတွေကို လျစ်လျူရှုရန် လွင်ကို သွေးမဆောင်ချင်။ ထိုတရားတွေကို အသိအမှတ် မပြုရာကျမည့် အပြုအမူ၊ အပြောအဆိုတွေ လွင့်မှာ ရှိမနေစေချင် တော့။
[] [] []
[ ၂၀ ]
"ကျွန်မပါ... နှင်းနှင်းလွင်ပါ ကိုတင်အောင်ရှိန်။ အိမ်ထဲ ဝင်ခွင့်ရှိပါသလား ရှင့်"
သံတံခါးဝတွင် ခြေစုံရပ်ပြီး သူ့ကို မော့ကြည့်၏။ သူ ပြုံးသည်၊ “ဝင်ပါ” ဟု သူပြောပြီး လမ်းဖယ်ပေးရင်း
“ကျွန်တော်တောင် ဒီနေ့ ဖုန်းလှမ်းဆက်ပြီး ဆုံရအောင်လို့ပြောမလို့”
စူးရှသော မျက်စောင်း။ ဖိနပ်ချွတ်ပြီး ဧည့်ခန်းထဲသို့ ဝင်သည်။ သူ့ရှေ့မှ နီးကပ်စွာ ဖြတ်အလျှောက်တွင် ရေမွှေးရနံ့က ဝေ့၍ကျန်ခဲ့သည်။ နှင်းနှင်းလွင်သည် ဧည့်ခံပွဲတစ်ခုခုမှ ပြန်လာပုံရ၏။ အပြာနုရောင် ဇာအင်္ကျီလက်ရှည်။ စိမ်းဝါရောင် ပြေးသော ထဘီတွင် အပွင့်လေးတွေ ရောင်စုံနုနု ပုလဲပုတီးဆွဲထားသည်။
“ဘယ်ကပြန်လာတာလဲ”
ကြိမ်ကုလားထိုင်တွင် သူထိုင်ပြီး မေးသည်။
“ဒီကို သက်သက်လာတာ”
“ထမင်းစားပြီးပြီလား”
မေးရင်းနှင့် တိုင်ကပ်နာရီကို သူကြည့်၏။ ဆယ့်နှစ်နာရီခွဲပြီးပေပြီ။
“မစားခဲ့ရင် ကျွေးမှာမို့လို့ မေးတာလား၊ လောကွတ်စကားအနေနဲ့ စကား မရှိ စကားရှာ မေးတာလား”
သူ အဟဲဟု ရယ်သည်။
“ပထမမေးခွန်းထဲမှာ အဖြေပါတယ်လေ။ စားရင်ပြော ကျွန်တော်ကိုယ်တိုင် ခူးခပ်ကျွေးမယ်”
“မလိုပါဘူး….ညီမရှိသားပဲ။ သူ့ပြောရင် သူခူးကျွေးမှာပေါ့”
ဘယ်သူမှ မရှိဘူး၊ ကျွန်တော် အိမ်စောင့်ပဲ။ ပဲခူးဘုရားဖူးသွားကြတယ်”
“လွင် မှားပြီထင်တယ်” ဟု ပြုံးမယောင်မျက်နှာနှင့် ဆို၏။ “ဘာဖြစ်လို့လဲ” ဟု သူမေး၏။
“ယောက်ျားလေးတစ်ယောက်တည်းရှိနေတဲ့ အိမ်ထဲကို မစူးမစမ်း ဝင်လာမိတာ"
သူ အားပါးတရရယ်၏။ နှင်းနှင်းလွင်သည် နှစ်ယောက်ထိုင် ကုလားထိုင်တွင် ကျောမှီကာ ထိုင်၏။ လက်တန်းပေါ်တွင် လက်ဝါးထောက်ကာ သူ့ကိုကြည့်နေ၏॥
“လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ကို ကျွန်တော်နဲ့အတူသွားရင်တောင် ယုံကြည်ရပါတယ်”
“ကျေးဇူးတင်ပါတယ်... လေးစားပါတယ်”
“ကျွန်တော် အခွင့်အရေးသမား မဟုတ်ပါဘူး လွင်”
“ အမယ်လေး တော်ပါတော့ နားငြီးလိုက်တာ၊ ဂုဏ်ဖော်နေလိုက်တာ
သူ့ကိုပြုံးရင်း ခပ်ဆတ်ဆတ် ပြောသည်။ စကားစကို သူ ပြန်ကောက်ကာ “စားမလား” ဟု မေး၏။
“ဘာချက်လဲ”
“ပုစွန်ကြော်၊ ငါးပုဏ္ဏားဆီပြန်၊ ကင်ပွန်းချဉ်ရွက်ဟင်းချို၊ တညင်းသီး ဆား ရည်စိမ်တို့စရာ၊ ငါးပိကြော်၊ ငရုတ်သီးစိမ်းမီးကင်နဲ့ ပုစွန်ခြောက် ကြက်သွန်ဖြူ ဖျော်ထားတဲ့ ငါးပိရည်”
“စားပြီးပါပြီ။ ညနေစာကျမှ စားမယ်၊ မြိန်မှာပဲ။ အိမ်မှာ ထမင်းစားလို့ မကောင်းတာ ကြာပြီ။ အိမ်တကာ လျှောက်လည်စားတယ်။ ရွာစား မြို့စား လျှောက်လုပ်နေတယ်။ တစ်လနီးပါး မကတော့ဘူး”
အစားပျက်ခြင်း၏ သမားရိုးကျ အဓိပ္ပာယ်မဟုတ်ဟု သူသိ၏။ သို့သော် စကားမတုံ့ခဲ့။ စင်ရော်တောင်ပံကဲ့သို့ ကွေးကာ ကော့ကာ ရှိသော မျက်ခုံးနှစ်ဖက်ကို ပင့်ပြီး
“ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရဘူး၊ နေဆိတ်တယ်"
“အလုပ်များနေလို့ပါ”
“သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်၊ စကားပြောလိုက်၊ စာဖတ်လိုက်တော့ အလုပ်များမှာပေါ့လေ”
ပြောစရာစကား ခေါင်းပါးသောဒုက္ခမှာ အတော်ဆိုးလေသည်။ စကား အသုံးအနှုန်းမှအစ စိစစ်ရွေးချယ်ရသည်မှာ ပင်ပန်းလှလေ၏။ အပြုံးအရယ်တွေ ခုကာ ဆက်ကာ စကားပြောရသော်လည်း စကားစည် ဝေဝေဆာဆာမမြည်။ စကားစည်မြည်သံ ကျဲသည်ကို နှင်းနှင်းလွင် သတိမပြုမိအောင်
“ဒါထက်...မာလာတင်နဲ့ တွေ့သေးလား”
“ခုတစ်လော သူ့ဆီပဲ လွင် အရောက်များနေတယ်။ တစ်နေ့ကပဲ ဆုံသေး တယ်။ ခုတစ်လော ကိုတင်အောင်ရှိန်ငိုက်ငိုက်မနေဘူးလား”
“ဘာဖြစ်လို့လဲ”
“လွင်တို့ အတင်းပြောနေကြလို့”
သူ ရယ်ပြီးမှ
“အောင်စာရင်းကလည်း ထွက်ခဲလိုက်တာဗျာ”
“အိုး...အစောကြီး၊ ခုမှ အောက်တိုဘာလကုန်၊ ကျောင်းကို လွင် သုံးလေး ခေါက်ရှိပြီ သွားတာ။ ကိုတင်အောင်ရှိန်တို့ကော”
“တစ်ခေါက်မှ မရောက်ဘူး”
“အမိတက္ကသိုလ်အပေါ် စိမ်းကားလိုက်တာ၊ အံ့ရော”
သူ ပြန်မပြော။ မိုးအုံ့သောကြောင့် နေရိပ်ကျသွားရာ ခြံဝန်းကျင်သို့ လှမ်း ကြည့်လိုက်သည်။ နှင်းနှင်းလွင်က ခုံပေါ်ရှိ ပန်ကာခလုတ်ကို လှမ်းဖွင့်ပြီး
“ဘာဖြစ်လို့ လွင့်ကို အဆက်အသွယ် ဖြတ်ထားသလဲဆိုတာ သိချင်လို့ ဒီနေ့လာတာ”
မျှော်လင့်ထားပြီးသား မေးခွန်း။ သူပြုံးပြီး ခေါင်းခါ၏။ ထို့နောက်
“အဆက်အသွယ် ဖြတ်တယ်ဆိုတာ မဟုတ်ဘူး၊ လွင်”
“တစ်ချိန်တုန်းကတော့ စာသင်ခန်းဘေးမှာ လာလာရပ်တယ်။ ဘာလဲ… ဟိုတုန်းက လွင် မာရေကျောရေ နိုင်ခဲ့တာတွေကို တစိမ့်စိမ့်တွေးပြီး စိတ်နာလာလို့ လမ်းဖြတ်တာများလား... ဟင်"
“လုံးဝ မဟုတ်ရပါဘူးဗျာ”
“လွင် စိတ်တော်တော် မကောင်းဘူး”
မျက်နှာညှိုး၍လာ၏။ သူ အနေရခက်သွားသည်။ နှင်းနှင်းလွင်သည်နှုတ်ခမ်းကို ဖွဖွကိုက်ထားပြီး ပြတင်းဆီသို့ မျက်နှာလွှဲထား၏။ ပြတင်းခန်းဆီးစ ဇာဖြူပါးပါးသည် လှုပ်လျက်ရှိလေသည်။
“ကျွန်တော် မဆုံဖြစ်တာက ဘယ်မှလည်း သိပ်မထွက်မိလို့။ အပြင်ထွက်ရမှာ ပျင်းနေတယ်။ လွင့်ကို လမ်းဖြတ်တာလည်း မဟုတ်ဘူး။ ဘာမှစိတ်နာစရာလည်း မရှိဘူး။ အပေါင်းအသင်း၊ မိတ်ဆွေတွေပဲ။ ဘာလို့စိတ်နာရမှာလဲ”
ယုံကြည်ဟန်မရှိသောအကြည့်ဖြင့် သူ့ကို တစ်ချက်ကြည့်လေသည်။ စကားကြော ပြတ်သလိုလိုပင် ဖြစ်သွားရ၏။
“ဆက်ပြီး ညာလက်စနဲ့ ညာပြောပါဦး ကိုတင်အောင်ရှိန်”
သူ ရယ်ကျဲကျဲနှင့်
“မဟုတ်ပါဘူး၊ ညာနေတာ မဟုတ်ပါဘူး”
“သိသာပါတယ်၊ အစ်ကိုကြီးနဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ နောက်ပိုင်းကစပြီး၊ အသိသာကြီး”
“တစ်ခုတော့ ရှိပါတယ်။ ကျွန်တော့်ကြောင့် လွင်တို့ မောင်နှမတစ်တွေ ပြဿနာတက်သွားမှာ စိုးရိမ်တယ်”
“တစ်ဝက် ဝန်ခံပြီပေါ့နော်”
“ဟင့်အင်း... တစ်ဝက်ညာထားတာ၊ ရှိမှမရှိတာ။ ရှောင်တယ်ဆိုတာ ကျောင်း တက်တုန်းကလို နေ့တိုင်းမတွေ့လို့ လွင် ပြောတာပါ။ စုရပ်က ပျောက်သွားတာကိုး။ ကျောင်းလည်း တက်မှ မတက်ကြရတော့တာ။ ဒီတော့ မဆုံဖြစ်ကြတော့ဘူး”
“ဖုန်းမဆက်တာကကော”
“ဒါကတော့ လွင်ရာ၊ အစ်ကိုကြီးတို့နဲ့ တိုးမှာစိုးလို့ပေါ့”
အလျှောက်ကောင်းလိုက်သောကြောင့် စွဲချက်တစ်ခုမှ သက်သာရာရသွားသည်။
“လွင့်ကို ဘာတွေပဲ ရှင်းပြရှင်းပြ လွင် နားလည်ပြီးသားပါ ကိုတင်အောင်ရှိန်”
သူ နားထောင်နေလိုက်၏။ နှင်းနှင်းလွင်က ပန်ကာလေတိုး၍ လွင့်သော ဆံစတွေကို သိမ်းရင်းနှင့်
“လွင်နဲ့ပတ်သက်လို့ ကိုတင်အောင်ရှိန့် စိတ်ထဲမှာ ရှိတာတွေအားလုံးကို အကုန် ရုပ်သိမ်းလိုက်ပြီးပြီ။ ဟုတ်တယ် မဟုတ်လား။ လွင် သိပ်သိပါတယ်။ ကောင်းပါတယ်၊ အားလုံးကောင်းဖို့ ဒီလိုဆုံးဖြတ်တာ။ စကတည်းက လွင် ချမှတ်ခဲ့တဲ့စည်းကမ်းပဲ။ ဒါကို ကိုတင်အောင်ရှိန် လိုက်နာတာပဲလေ၊ မဟုတ်ဘူးလား။ ဒါပေမဲ့ လွင် ပြန်ပြီးခံစားနေရတယ်။ ဒါလည်း ကိုတင်အောင်ရှိန် သိနေပါတယ်။ လွင် အစွန့်ပစ်ခံရသလို ဖြစ်နေတာကို မခံစားချင်ဘူး”
သူ သက်ပြင်းချလေသည်။ ပြောပေစေ၊ ပြောချင်သမျှ ပြောပြပေစေ။ စကားတွေ ကုန်သွားတော့မှ တရားသဖြင့် ဖြစ်သင့်ရာကို ဆွေးနွေးမည်ဟု ပိုင်းဖြတ် လိုက်ရလေ၏။
“လွင် ဘာမှမတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူပဲ။ မလွန်ဆန်နိုင်တာဟာ တစ်ဖက်တည်းမှာပဲရှိရင် ကောင်းမယ်”
စကားခဏဆိုင်းလိုက်ပြီး သူ့ကိုကြည့်သည်။ ထို့နောက်မှ
“နှစ်ဖက်စလုံးမှာ မလွန်ဆန်နိုင်တော့ လွင် စိတ်ဓာတ်ကျလာတယ်။ စကား ပြောချင်လို့ လာမယ်ကြံတော့ လာဖို့ခက်ပြန်ရော။ ခေါင်းအပ်ပြီး ငိုချဖို့ ရင်ခွင် ပျောက်သွားသလို ခံစားရတယ်”
သူ ခေါင်းညိတ်သည်။ “ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော့်ကို အဲ့ဒါတွေ ပြောချင်မှန်းလည်း သိပါတယ် လွင်၊ ဒါပေမဲ့ပေါ့ဗျာ... ကျွန်တော် လွင်တို့ မောင်နှမအကြောင်း ပိုသိရလေလေ၊ နောင်တရလေလေ ဖြစ်နေတယ်။ ဖရိုဖရဲ မဖြစ်ကောင်းတဲ့ မိသားစု၊ အဲဒီလို ကျွန်တော် နားလည်တယ်။ ခုနေလောက်နဲ့ ကျွန်တော်တို့ စခန်းသိမ်းလိုက်နိုင်တာ အားလုံးအဖို့ ကံကောင်းတယ်။ လွင်လည်း အဲဒီလို ယူဆပါ။ ကျွန်တော်တို့ သတိဝီရိယ တစ်ခွန်းလစ်မရတဲ့ အခြေအနေ၊ တရားနဲ့မဖြေရင် တကယ်ကို မှားမယ့် အခြေအနေ၊ လွင့်ကို မိသားစုသစ္စာဖောက် ဖြစ်အောင် ကျွန်တော် မဖန်တီးကောင်းဘူး၊ လွင့်ဘာသာ အဲ့ဒီလိုဖြစ်အောင် ဖန်တီးရင်လည်း ကျွန်တော် တားဆီးရမှာပဲ။ တစ်ယောက်ယောက်နဲ့ ချစ်တယ်၊ ကြိုက်တယ်ဖြစ်ရင်လည်း ကျွန်တော် ကန့်ကွက် တားဆီးရမှာပဲ။ အပေါင်းအသင်းဝတ္တရားအနေနဲ့၊ သဘောပေါက်လား” ဟု သူ ပြောပြီး မေး၏။ နှင်းနှင်းလွင် ခေါင်းညိတ်သည်။ စောစောကကဲ့သို့ ဆွေးမြည့်သော မျက်နှာ မရှိတော့။ စိတ်ဓာတ်လျော့ဆုတ်သောအဆင်းက မျက်နှာပေါ်မှ လွင့်ပြယ်စပြုလာ၏။
“လွင် အခု ပြေးသူလည်း မဟုတ်ပါဘူး၊ လိုက်သူလည်း မဟုတ်တော့ပါဘူး”
“ပြန်လည် ချီးကျူးပါတယ် လွင်"
ထိုအခိုက် ဖုန်းမြည်သည်။
** ***
၉ဆက်ရန်
* နွေဦးဝင်သော် * { ၉ }
ငြိမ်းကျော်
သူ သွား၍နားထောင်၏။ အမျိုးသားအသံ။ “မနှင်းနှင်းလွင် ရှိပါသလား” ဟုမေး၍ “ဟုတ်ကဲ့ “ဟုတ်ကဲ့” ဟုဆိုကာ နှင်းနှင်းလွင်ကို လက်ယပ်ခေါ်၏။ “ဘယ်သူတဲ့လဲ” ဟု ဖုန်းကိုလက်လွှဲယူရင်း သူ့ကိုမေးသည်။ “မသိဘူး” ဟု သူဖြေရင်း ကုလားထိုင် ဆီသို့ သွားသည်။ မထိုင်ရသေးမီ “ဘယ်သူပါလဲ” ဟု နှင်းနှင်းလွင်မေးသံ ကြားရ၏။
သူ ထိုင်ပြီးနောက် မတ်တတ်ရပ်ကာ စကားပြောနေသော နှင်းနှင်းလွင်က
“ဟုတ်.. ဟုတ်ကဲ့ အစ်ကိုကြီး၊ မကြာပါဘူး”
သူ မျက်လုံးဝိုင်းသွား၏။ နှင်းနှင်းလွင် မျက်နှာပျက်နေလေ၏။
*
“အိမ်ကို ပြောခဲ့တာက မာလာတင်ဆီ၊ ရောက်လာတာက ငါ့ဆီ၊ ဟိုကို ဖုန်းဆက်တော့ မရှိမှ မရှိတာ မရှိပေါ့။ ဒါနဲ့ ငါ့ဖုန်းနံပါတ်တောင်းပြီး မှန်းဆက် တာ၊ တန်းတိုးရော။ ဘာမှ ပြောလား ဆိုလား မရှိဘူးလို့ ငါ့ဆီ လွင် ဖုန်းဆက် ပြောတယ်။ အခြေအနေက အဲ့ဒါပဲ” ဟု သူပြောပြသည်။ ဝင်းမျိုးက နှုတ်ခမ်း ပါးကိုစုပြီး ပျတ်ခနဲ အသံပြုသည်။ ရိုးတံရှည် မြက်ပွင့်တံကို ဆွဲနုတ်ပြီး
“အပြန်အလှန် နားလည်မှုရှိနေရင် မင်းတို့ စိတ်ချမ်းသာစရာ ရှိပါတယ်”
“ငါ သူ့ကို တရားပြရမယ့် ဓမ္မကထိက ဖြစ်နေပြီထင်တယ်”
သူ့ကို ဝင်းမျိုး လှည့်ကြည့်ပြီး တစ်ချက်ပြုံး၏။ သူက
“ကြေကွဲစရာတော့ ကောင်းပါတယ်”
“လောကမှာ ကြေကွဲစရာ ကြုံခဲ့ရတဲ့သူတွေ အများကြီးပါ။ အဖော်ရှိသားပဲ၊ ဘာအားငယ်စရာလိုလဲ” ဟု ဝင်းမျိုးက ရယ်စရာပြော၏။ သူ ခေါင်းညိတ်၏။ ခြံထဲရှိ ပန်းအိုးတွေ၊ ပန်းပွင့်တွေကို သူကြည့်ကာ
“လွင့်ကို ငါသနားတယ်”
“မင်းကို သူချစ်တယ်”
“ဟုတ်တယ်၊ အစက ငါ့ကိုချစ်ဖို့ ငါပြောခဲ့တယ်။ အခု မချစ်ဖို့ သတိပေးရတယ်”
“သူ့ကိုချစ်တဲ့ ငါမဟုတ်တဲ့ငါအနေနဲ့ ငါနေရတာ။ အဲ့သလိုလည်း ပြောဦး တင်အောင်ရှိန်”
“ဟုတ်တယ်၊ နေသားကျသွားတော့ မပင်ပန်း မကျဉ်းကျုတ်တော့ပါဘူး”
ဗုဒ္ဓံသရဏံ ပွင့်ဖတ်တွေ လှုပ်နေ၏။ နွယ်ပင်တွေ၊ ပင်ကြီးတွေ၊ ပန်းပင်တွေ၏ အရွက်လှုပ်သံကို ကြားရလေသည်။ တန်ဆောင်မုန်း ညနေခင်းတွင် တိုက်ခတ် သောလေမှာ အအေးဓာတ်က စိမ့်ဝင်နေ၏။
“လူတွေအားလုံးဟာ အနှောင်အဖွဲ့တွေနဲ့ချည်းပဲ။ ငါ အဲသလိုပဲ တွေးမိတယ် ဝင်းမျိုး၊ သိက္ခာရဲ့ အကျဉ်းသား၊ မေတ္တာရဲ့ အကျဉ်းသား၊ ဓနအကျဉ်းသား၊ အာဏာရဲ့ အကျဉ်းသား၊ လောဘ ဒေါသ မောဟရဲ့ အကျဉ်းသား၊ သူတစ်ပါးချတဲ့ အကျဉ်းမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် အကျဉ်းချကြတာ”
ဝင်းမျိုးသည် ဒန်းစင်ဆီသို့ ကြည့်ရင်း “အင်း...” ဟုဆို၏။
“ပစ္စည်းတစ်ခုကို တွေ့ရင် ယူတယ်၊ နောက် ပိုင်ရှင်ရှိ၊ မရှိ ကြည့်ပြီးမှယူတယ်။ နောက် ပိုင်ရှင်ရှိရင် ခွင့်တောင်းယူတယ်။ နောက် တောင်းသင့်မှ တောင်းတယ်။ နောက် ပေးတာတောင် ယူကောင်းမှယူတယ်။ ကျင့်ဝတ်သိက္ခာနဲ့ ဆိုင်တဲ့ ယဉ်ကျေးမှုအဓိပ္ပာယ် ဖွင့်ဆိုချက် နယ်နိမိတ်က ကျယ် ကျယ်လာတယ်။ အပြုအမူတွေကို သိပ်လေးနက်တဲ့ အဓိပ္ပာယ်တွေထဲ ထည့်လာကြရတယ်။ လူဆိုတာ ဟောသလို နေတယ်၊ တွေးတယ်၊ ကျင့်ကြံတယ်၊ အဲ့ဒါကိုပြတာပဲ”
“ဒါပေါ့ ဝင်းမျိုးရာ၊ လွင်က တခြားတစ်ယောက်နဲ့ ဆုံကြည့်၊ အဲဒီသူက ချစ်နေပြီဆိုရင် ချစ်မှာပဲ၊ ယူမှာပဲ။ ငါ့လို ဟိုငဲ့ ဒီတွက် စဉ်းစားမယ်မဟုတ်ဘူး။ အလကား ပေရှည်တယ်ဆိုပြီး စဉ်းစားမှာ မဟုတ်ဘူး”
“လွင်လည်း တော်ရှာပါတယ်။ အိမ်ကို သိပ်စဉ်းစားတယ်။ အစ်ကိုတွေနဲ့ ပတ်သက်ပြီး ဦးနှောက်ထဲမှာ မပြတ်ထားတယ်။ ဘာဖြစ်ဖြစ်ဆိုပြီး ဝကျောက် ဝကန်မလုပ်ဘူး။ ကိုယ့်ဘာသာကိုယ် ကျိတ်ခံစားတယ်။ ရုန်းမထွက်တာ ကြည့်လေ”
“ဟုတ်တယ်” ဟု သူပြောသည်။ ဝင်းမျိုးက စီးကရက်တိုကို တစ်ဖွာဖွာပြီး မြေမှာထိုးခြေလိုက်သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူသည်။ အေးမြမြ လေသည် ခွန်အားကို ထောက်ပံ့သလား မသိ။ ထိုင်းမှိုင်းမှိုင်းစိတ်သည် ပျောက် သလောက် ဖြစ်သွား၏။
“နှစ်ကိုယ်တူ နှုတ်ပိတ်နေကြကြေး၊ သဘောတူညီချက်ကို အဲဒီနေ့ကပဲ စတယ်ဆိုပါတော့၊ ဟုတ်လား”
ဝင်းမျိုး မေးသည်ကို ခေါင်းညိတ်သည်။
စကားပြောနေစဉ် လှိုင်ထွန်း၏ကားကို လှမ်းမြင်ရ၏။ ခြံထဲသို့ဝင်လာပြီး နှစ်ခန်းတွဲကားရုံရှိရာသို့ မောင်းသွားသည်။ စက်ရုပ်သံ ကြားရသည်။ တံခါးပိတ်သံ ကြားရပြီ။ မကြာမီ သူတို့ထိုင်နေရာ မြက်ခင်းဆီသို့ လှိုင်ထွန်း လျှောက်လာ၏။ မျက်နှာချင်းဆိုင် လာထိုင်သည်။ ထို့နောက်
“မာလာတင်တို့အိမ်က ငါအခုပြန်လာတာ”
သူက “ဟုတ်လား” ဟု ဆို၏။ “မင်း အပျိုကြီးဆီသွားတာ ခြေစိပ်လာပြီ။ ဟဲ.. ဟဲ..” ဟု ဝင်းမျိုးက ပြောပြီး ရယ်၏။ လှိုင်ထွန်း ပြုံးကာ
“တင်အောင်ရှိန်၊ မင်းကို မလွင် အစ်ကိုကြီးက တွေ့ပြီး စကားပြောမယ်လို့ မာလာတင် သတင်းပေးလိုက်တယ် သိလား””
“သူ ရှင်းပြမယ်၊ မေတ္တာရပ်မယ်၊ အဲ့ဒါပဲဖြစ်မယ်”
သူတွေးပြီး ပြောသည်။ “ဒါပေါ့” ဟု ဝင်းမျိုးဆို၏။ လှိုင်ထွန်းက လက်ကြားညှပ်ထားသော ဆေးပေါ့လိပ်တိုကို မီးညှိပြီးနောက်
“မနေ့က မလွင်တို့အိမ်မှာ ဧည့်သည်တွေ လာလည်ကြတယ်တဲ့။ ကိုမောင် မောင်ကျော်ငြိမ်းရဲ့ မိဘ မိသားစုတဲ့။ ဘာစကားတွေ ပြောတယ် ဆိုတယ်တော့ မသိဘူးတဲ့”
ရင်ထဲမှာ လှိုက်သွား၏။ ငါ့စိတ် တကယ်မခိုင်သေးပါလားဟု တွေးမိသည်။ ချစ်နေသောသူကို မေးထူးခေါ်ပြောမျှပင် မရှိနိုင်ရာကာလသည် မကြာတော့ဟု ထင်သည်။ ဝင်းမျိုးက သူ့ပခုံးကို လှမ်းပုတ်ပြီး
“ကြားရလို့ ဆွေးသွားပြီလား”
သူ ခေါင်းမညိတ်၊ ခေါင်းမခါ။
“အစကတည်းကမှ မပိုင်ဆိုင်ခဲ့ရတာ၊ ဆုံးရှုံးရပြီလို့ ပြောဖို့ခက်ပါတယ်ကွာ”
ဖြူဖွေးနုနယ်သော သူ့နဖူးပေါ်တွင် ချွေးစလေးတွေ စို့နေ၏။ ပါးယောင်ယောင် ရှိသော မျက်ခုံးကို တွန့်ထားရာမှ ပြန်လျှော့လေ၏။ ကြည်လင်ဝိုင်းစက်သော မျက်လုံးအစုံတွင် ပြုံးမယောင်ယောင် လက္ခဏာရှိသည်။
“ငါက ရထားလမ်းပေါ်မှာ ရပ်မိတဲ့ကား.… သူတို့ မလွန်ပါဘူး၊ သူ့လမ်းသူ သွားနေတာ”
သူ့စကားကို လှိုင်ထွန်း ခေါင်းညိတ်၏။ ထို့နောက်
“မာလာတင်ကို သူ ရင်ထဲရှိသမျှ အကုန်ဖွင့်ပြောတယ်။ သူဟာတဲ့.. အပ်နဖား ထဲမှာ ခုနစ်ဆောင်ပြိုင် အိမ်ဆောက်မိခဲ့တယ်တဲ့”
“ဘယ်သူက ပြောတာလဲ”
ပခုံးမှီပြီး ဝင်းမျိုး နားမရှင်း၍ မေးသည်။ လှိုင်ထွန်းက ပန်းအိုးတင်ရာ အုတ်ခုံကို
“မလွင်ပြောတာ”
“အထိရောက်ဆုံးဥပမာပဲ။ သူ့အကျဉ်းအကျပ်ကို ထင်းခနဲ မြင်လိုက်ရတယ်။ ဟုတ်နေတာပဲလေ”
ဝင်းမျိုးကို လှိုင်ထွန်း ကြည့်ပြီးမှ သူနှင့် မျက်လုံးချင်းအဆုံတွင်
“မင်းက မလွင်ကို ပြောဖူးတယ်ဆို။ ချစ်မိသူသာအမှားမို့ မင်းမှားပါတယ်လို့၊ ဟုတ်လား”
သူ ခေါင်းညိတ်သည်။ လှိုင်ထွန်းက ဆေးလိပ်မီးခိုး မှုတ်ထုတ်ပြီးမှ
“မာလာတင်ကို သူပြောတယ်။ ကိုတင်အောင်ရှိန် မမှားပါဘူးတဲ့၊ သူသာ မှားတာတဲ့။ ဒါကြောင့် ကိုတင်အောင်ရှိန်ပါ စိတ်ညစ်နေရပြီတဲ့။ နှင်လွှတ်ပြီးမှ အပြေးပြန်ခေါ်တာက သူပါတဲ့။ ကိုယ့်ဇာတ်ကိုယ် မနိုင်ဘဲ အဲဒီဇာတ်ထဲ ဆွဲခေါ် မိတာ သူပါတဲ့”
သူ ခေါင်းခါပြီး၊ “သူ့ကြောင့်၊ ငါ့ကြောင့် ပြောမနေချင်တော့ပါဘူး။ အရေးအကြီးဆုံးက ထိခိုက်ဒဏ်ရာ အနာတရ အပျက်အစီးမရှိဘဲ မျက်နှာချင်းဆိုင် တပ်နှစ်တပ် ပြန်ဆုတ်ဖို့ပဲ။ အထိခိုက် အနည်းဆုံးဖြစ်လေ ကောင်းလေပဲ” ဟု သူ ခိုင်းနှိုင်းသည်။
“တကယ်လို့ မလွင်က ဇွတ်တရွတ်ဖြစ်လာရင်ကာ”
လှိုင်ထွန်း မေးသည်။ မာလာတင်ထံမှ မည်သည့်စကားတွေ ကြားလာခဲ့၍ မေးပါလိမ့်ဟု သူ စဉ်းစားရလေ၏။ ရင်ထိတ်စရာကောင်းသော မေးခွန်း။
“ငါလည်း အဲဒါကို စိုးရိမ်တယ်၊ မိုးပြိုခဲ့သော်ပေါ့ကွာ”
သူ ဖြေပြောပြော၏။ ဝင်းမျိုးက
“မိန်းကလေးစိတ်ဓာတ်ဆိုတာ အသိရမလွယ်ကူဆုံးအရာပဲ တင်အောင်ရှိန်”
“ဟုတ်တယ်” ဟု လှိုင်ထွန်း ထောက်ခံ၏။ သူက လှိုင်ထွန်းကို
“မာလာတင်ကို ဘာပြောလို့လဲ”
“အများကြီးပဲ၊ ငါ ပြောပြမယ်။ ခုတော့ မောသေးတယ်၊ တော်ကြာမှ”
“တချို့ မိန်းကလေးက ရှိတတ်တယ်။ ချိန်းစကားပြောနေတာ အေးအေး ဆေးဆေး။ စကားထဲမှာ မာနကိုထိတာ၊ သစ္စာတရားကို ထိတာဖြစ်သွားရင် အဲဒီ တော့မှ မပြန်ဘူး၊ ဘာဘူး ထလုပ်ပစ်တာ ပျာရော။ ပြင်ဆင်ထားတာ မရှိဘဲနဲ့ ချော့လည်းမရ၊ ရှင်းပြလည်း မရ။ မခေါ်ရင် ခြေဦးတည့်ရာ ထွက်သွားမယ်၊ ဘာမယ်ဖြစ်ရော။ အဲသလိုနဲ့ ခိုးပြေးရတဲ့သူ မနည်းဘူး” ဟု ဝင်းမျိုး ပြောပြလေသည်။
*
ကိုမောင်မောင်ကျော်ငြိမ်း ပြန်ရောက်နေပြီဟူသော သတင်းကို မာလာတင် ပြောပြသည်။ နှင်းနှင်းလွင်တို့အိမ်သို့ အလည်လာကြသည်။ သမ္မတဟိုတယ်တွင် ညနေစာ စားကြသည်။ ရုပ်ရှင်ကြည့်ကြသည်။ မိသားစုနှစ်စု ရက်ခြားတွေ့ကာ လျှောက်လည်ကြ၊ စားသောက်ကြသည်။ ထိုသတင်းကို ကြားရသောအခါ တုန်လှုပ် ချင်သည်။
လက်ထပ်ဖို့ ပြန်လာသည်ဟု တွက်သည်။ လက်ထပ်ရေး အစီအစဉ်ကို မသိရသေးဟု မာလာတင် ပြောပြသည်။ လက်ထပ်ပြီးပါက အလုပ်သွားလုပ်ရာသို့ နှင်းနှင်းလွင်ကိုပါ ခေါ်သွားမည်ဟု ယခင်ကပင် သိထားပြီးဖြစ်လေသည်။
ဆုံးရှုံးရမည်ကိုမြင်သော် စိတ်မခိုင်ချင်၊ ခံစားရသည်၊ ဆွေးသည်။ ကိုယ့် သည်းပွတ်သည် သူ့၌ တည်ရှိသည်ဟု ယုံကြည်လာ၏။ လွင့်ကို တွေ့ချင်လိုက်တာဟု အောက်မေ့သည်။ သတင်းတွေကြားရပြီး ငါးရက်အကြာတွင် စာတိုက်မှ လာပို့သော ပို့စကတ်တစ်ခုရသည်။ နှင်းနှင်းလွင် ပို့လိုက်သည်။ နောက်နေ့များတွင်လည်း နေ့စဉ်ရက်ဆက် တစ်ခုတစ်ခုရသည်။ ပို့စကတ်ပေါင်း ဆယ့်တစ်ခုရသောနေ့တွင် မာလာတင် အလည်လာသည်နှင့် ကြုံသည်။
“သူ့စိတ်ကို နားလည်ရခက်လာတယ်”
ပို့စကတ်ကိုကြည့်ရင်း မာလာတင် မှတ်ချက်ချသည်။
“သူတို့ မင်္ဂလာဆောင်တော့မယ်ပေါ့”
သူ့မေးခွန်းကို
“ကျွန်မနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ဟိုလူ ပြန်ရောက်ခါနီး တစ်ရက်၊ နှစ်ရက်လောက်က သူလည်းမလာ၊ ကျွန်မလည်း မရောက်ဘူးဖြစ်ခဲ့တယ်”
“သူ့ပို့စကတ်မှာ ဘာမှမရေးဘူးဗျ”
“ကိုမောင်မောင်ကျော်ငြိမ်း ရောက်တဲ့အချိန်မှာ သူ ဒီကို ပို့စကတ်ပို့တာဘာအဓိပ္ပာယ်လဲ မသိဘူးနော်။ နှုတ်ဆက်တဲ့ သဘောလား၊ သူ စိတ်မပြောင်းဘူး ဆိုတာပဲလား။ တစ်ခုခုပဲ”
“ကျွန်တော်လည်း ဘာသာမပြန်တတ်ဘူး မာလာတင်"
“သုံးလေးရက်နေရင် ကျွန်မ သူ့ဆီရောက်မယ်။ အကြောင်းစုံ သိရမှာပါ”
“ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပ်သိချင်လာတယ်”
“ဘာဖြစ်လို့လဲ ကိုတင်အောင်ရှိန်” ဟု မာလာတင် မေးသည်။ သူ့မျက်နှာမှာ နီမြန်းသလို ရှိလာသည်။ ဖြေရန် ချိန်ဆနေသော သူ့ကို မာလာတင် ပြုံးလိုက်သည်။ ထို့နောက်
“မဖြေပါနဲ့တော့လေ၊ ကျွန်မ နားလည်ပါတယ်”
“နှမြောနေတာတော့ အမှန်ပဲ မာလာတင်”
“နှစ်ယောက်စလုံးကို ကျွန်မ နားလည်ပြီးသား”
မာလာတင်သည် သေးသွယ်သော နှာတံကို လက်ကိုင်ပဝါဖြင့်တို့ကာ ချွေးသုတ်ရင်း ပြောသည်။ သူသည် ဝရန်တာ သံပန်းတွင် လက်လှမ်းတင်ပြီး
“တကယ့် အဆုံးအဖြတ် အချိန်ရောက်လာပြီလို့ ထင်ရတာပဲ”
“ဖြစ်နိုင်ပါတယ်”
“ခုကျမှ ကျွန်တော် ကြံ့ကြံ့မခံနိုင်တာ ကျွန်တော် သိရတယ်။ ဒါပေမဲ့ နှုတ်ခမ်းကို သော့ခတ်ထားရမှာ ကျွန်တော် သိပါတယ်။ ဒီသော့ကို ဘာအကြောင်း ပြချက်နဲ့မှ ကျွန်တော် မဖွင့်ပါဘူး။ တင်းခံမယ်ဗျာ”
မာလာတင်သည် သူ့ကို စိတ်မကောင်းစွာ ကြည့်နေလေသည်။
*
မာလာတင် ပြန်သွားသောအခါ တွေးစရာတွေက ခါတိုင်းထက် ပိုများလာ၏။ တယ်လီဖုန်းထားရာ ခုံအနီးသို့ပင် သွားဖြစ်သည်။ နှင်းနှင်းလွင်ထံ ဖုန်းဆက်ပြီး မေးချင်စိတ်ပေါက်သည်။ သို့သော် မသင့်ဟု သတိထားရသည်။ ဝင်းမျိုးထံသို့ ဆက်ကာ မာလာတင်လာသည့်အကြောင်း၊ ယနေ့တွင်လည်း ပို့စကတ် ရသေးကြောင်း ပြောပြလိုက်၏။
“မင်းကို သံယောဇဉ်ရှိနေတဲ့သဘောနဲ့ ပို့နေတာလို့တော့ ငါ ရဲရဲပြောနိုင်တယ်” ဟု ဝင်းမျိုး ထင်ချက်ပေး၏။
“မနေ့တုန်းက ရန်ကင်း စားသောက်ဆိုင်မှာ သူတို့လူသိုက်နဲ့ လှိုင်ထွန်းနဲ့ တိုးတယ်။ မသိယောင် နေခဲ့တယ်တဲ့။ မမဆွေရော၊မလွင်ရော လှိုင်ထွန်းကို မြင်တယ်။ မလွင်က ခေါင်းကို ငုံ့ပစ်လိုက်တယ်တဲ့” ဟု ပြောသည်။
“မသိရသေးကြောင်း” သူ ပြောသည်။ စိတ်မကောင်းမည်ဖြစ်၍ လှိုင်ထွန်းနှင့် စကားပြောသည်။ “မင်း စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ” ဟု အကြောင်းပြ၏။ “ဘောင်းဘီရှည် ဝတ်ထားသော သားသားနားနား တစ်ယောက်ကိုပါ ထိုလူသိုက် ထဲတွင် မြင်လိုက်ရသည်” ဟုဆို၏။
“အသက်သုံးဆယ်ကျော်လောက်ရှိမည်။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံး မျက်ဖန်ကောင်းကောင်း၊ အရပ်မြင့်မြင့်၊ ဆံပင်မကောက်တကောက်” ဟု ကိုမောင်မောင် ကျော်ငြိမ်း၏ပုံပန်းကိုပါ လှိုင်ထွန်း ပြောပြ၏။ “မင်း… အားအားရှိ အဲဒီအကြောင်း တွေချည်း ထိုင်တွေးမနေနဲ့” ဟု လှိုင်ထွန်းက ဖုန်းချခါနီးတွင် ပြောသွား၏။
မည်သို့သော ဆက်ဆံရေးပုံသဏ္ဌာန်တွေ မြင်ခဲ့သဖြင့် ပြတ်တိပြတ်တောင်း ပြောသလဲဟု စဉ်းစားစရာ ဖြစ်ရပြန်၏။ အရေးတယူအကြောင်းမဟုတ်ဟူသော စကားမျိုး ဘာကြောင့် ပြောပါလိမ့်ဟု တွေးရလေ၏။ မာလာတင်ထံသို့ ဖုန်းဆက်ပြီး ပုံပန်းကို မေးကြည့်သောအခါ လှိုင်ထွန်း စကားပါ ပုဂ္ဂိုလ်မှာ ကိုမောင်မောင်ကျော် ငြိမ်းပင် ဖြစ်လေသည်။
အိပ်ရာဝင်ခါနီးတွင် ငါဘာလို့ ပျာယာခတ်နေသလဲဟု မေးမိ၏။ အပြော တစ်မျိုး၊ လက်တွေ့တစ်မျိုးဖြစ်နေပြီဟု အပြစ်ဆိုမိသည်။
ချောက်ချားနေပြီလားဟု မေးခွန်းထုတ်သည်။
မှန်ပါသည်ဟု ဝန်ခံလိုက်ရ၏။
*
နတ်တော်လဆန်းစ လေပြည်လေညင်းသည် သိမ်မွေ့စွာ တိုက်ခတ်လျက် ရှိလေသည်။
အအေးငွေ့သည် သိသာနေပေပြီ။ လမ်းလျှောက်တိုင်း လေအေးထဲသို့ တိုးဝင်ရသည်နှင့် တူနေသည်။ ခြေလှမ်းတိုင်းမှာ ဆောင်းငွေ့က လာ၍ထိသည်။ အသက်ရှူတိုင်းမှာ ဆောင်းရနံ့ကို ရလေသည်။ အချိန်တိုင်းမှာ လွင့်ကို သတိရနေ သည်။
သူငယ်ချင်းတွေကို မပြော၊ မခေါ်တော့ဘဲ ကျောင်းသို့ လာခဲ့သည်။ ဦးတည်ရာမဲ့ လျှောက်သည်။ ညောင်းလျှင် နားသည်။ ထမင်း ဟင်း မစားချင်။
လက်ဖက်ရည်တစ်ခွက်နှင့် မနက်စာ ပြီးသွားသည်။ ရင်မှာ မဟာ၊ စိတ်မှာသာ ဟာလေသည်။ သက်သာရာကိုရှာပြီး နေကြည့်သော်လည်း မပြေ။ ဖြေပြေရာကို ရှာလေခါမှ ပို၍မတွေ့။ နေရာဟောင်းသည် ဝေဒနာကို တိုးပင် တိုးလာစေတတ် သည်ဟု ထင်၏။
နေ့လယ် မုန့်တွေ ဝယ်လာတတ်သည့် အချိန်တွင် စိတ်က ပိုမို မငြိမ်းချမ်းတော့။
[] []
[ ၂၁ ]
သံရှည်ဆွဲထားသော ကားဟွန်းသံကို ကြားသလိုလို ရှိသည်။ နိုးသလိုလို၊ မနိုးသလိုလို ဖြစ်နေ၍ မသေချာ။ “ဟေ့ကောင်..တင်အောင်ရှိန်…. ထတော့လေကွာ” ဟူသော ဝင်းမျိုး၏အသံနှင့် ခြင်ထောင်မ,၍ ဝင်လာပြီး နှိုးသောအလှုပ်။ အိပ်နေရာမှ စွေ့ခနဲ ထထိုင်လိုက်သည်။ အိပ်မှုန်စုံမွှား အကြည့် သူကြည့်သည်။ မျက်နှာကြက် မီးကို ဝင်းမျိုး ထွန်းထား၍ အခန်းထဲမှာ လင်းနေသည်။ ကျိန်းစပ်စပ် မျက်လုံးနှင့် ကြည့်သော သူ့ကို
“ခုနစ်နာရီ ထိုးတော့မယ်၊ မလွင်လည်း ပါလာတယ်”
မလွင်ဟူသော အမည်ကြောင့် မျက်နှာသစ်လိုက်သကဲ့သို့ လန်းသွားသည်။ ခြင်ထောင်ထဲမှ ထွက်သည်။ အိပ်ခန်းထဲမှ ထွက်ကာ ရေချိုးခန်းဆီသို့ သွားသည်။ မျက်နှာသစ်ရင်း ရေပါ မြန်မြန်ချိုးပြီး အဝတ်အစားလဲသည်။ ခေါင်းကို ကမန်း ကတန်းဖြီးပြီး ဧည့်ခန်းထဲသို့ သွားသည်။ နှင်းနှင်းလွင်က သူ့ကို မြင်မြင်ချင်း
“ကာလနဂါး... အအိပ်ကြီးလိုက်တာ”
ဘေးချင်းယှဉ်၍ သူထိုင်ပြီး
“ညက စာဖတ်လို့”
“အလကား…ညလုံးပေါက် ဂစ်တာတီးနေတာ” ဟု ဝင်းမျိုး ဝင်နှောက်သည်။ အမေနှင့်အဖေတို့က ဧည့်ခန်းထဲသို့ ဝင်လာပြီး နှုတ်ဆက်စကား တစ်ခွန်း နှစ်ခွန်းပြော သည်။ ထို့နောက် အမေ ဈေးဝယ်ရာသို့ အဖေက ထုံးစံအတိုင်း လိုက်သွား၏။ ညီမက ကော်ဖီနှင့် မုန့်တွေ လာချပေး၏။
“သူ အစောကြီးလာခေါ်လို့ ငါ မင်းဆီ လိုက်ပို့ပေးရတာ”
ဝင်းမျိုးက နှင်းနှင်းလွင်ကို မေးငေါ့ပြပြီး ပြောသည်။သူက နှင်းနှင်းလွင်ကို မေးသည်။
“ဟိုလူ ပြန်သွားပြီ”
“ဘယ်တုန်းကလဲ”
“မနေ့မနက်က”
“ပို့စကတ်တွေ ရလား”
“ဆယ့်ခြောက်ခုရတယ် လွင်"
“ဟိုလူ ရောက်နေတာ ကိုတင်အောင်ရှိန် ကြားတယ်မဟုတ်လား”
သူ ခေါင်းညိတ်၏။
“အတွေးတွေ လွန်မှာစိုးလို့ လွင် ပို့နေတာ သိမှသိရဲ့လား”
“ထင်ပါတယ်၊ ဒါပေမဲ့..."
နှင်းနှင်းလွင် လက်ကာ၏။ သူ ဆက်မပြော။
“သူ ဟိုတုန်းက ရေးလိုက်တဲ့ စာထဲက အစီအစဉ် လာစီစဉ်တာလို့ လွင် ထင်တာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်အထိ သူ သူ့မာမီကို ရွှေ့ဖို့ ပြောသွားတယ်။ လွင်နဲ့ဆုံတော့ တစ်ခွန်းမေးတယ်။ သူ့စာထဲကပါတဲ့ကိစ္စ၊ စိတ်ဝင်စားမှုရှိရဲ့လားတဲ့။ လွင့်ကို မေးတယ်၊ လွင် ခေါင်းခါလိုက်တယ်။ သူ ဘာမှမပြောဘူး၊ စဉ်းစားပေါ့လို့ မပြန်ခင် တစ်ရက်ကတော့ ပြောတယ်။ လွင်က တစ်ခွန်းမှ ပြန်မပြောလိုက်ပါဘူး”
နှင်းနှင်းလွင်သည် သူ့အကြောင်းကို ပြောပြလိုက်လျှင် ကောင်းမည်ဟု ဆန္ဒဖြစ်၏။ မပြောသာသည်ကို တွေးမိသည်။
“ကျွန်တော်က မင်္ဂလာဆောင်ဖိတ်စာရိုက်ပြီလို့ တွက်နေတာ”
မဲ့ပြုံး ပြုံးပြီး ခေါင်းခါသည်။ လက်ဖက်ရည်သောက်ရန် သူပြောပြီး ပန်းကန်ကို ကမ်း၏။ “ကော်ဖီပါကွ” ဟု ဝင်းမျိုး နောက်၏။ နှင်းနှင်းလွင် သူ့ကို ပြုံးပြီးကြည့် သည်။ ကော်ဖီပန်းကန်တွင် နွေးပင်မနွေးသေးသော အချိန်အတွင်း လိုရင်းစကားတွေကို နှင်းနှင်းလွင် ပြောပြသည်။ ကော်ဖီသောက်ရင်း မုန့်စားရင်းနှင့် ဝင်းမျိုးက
“သူလာခေါ်တော့ ဘာများပါလိမ့်လို့ဆိုပြီး ငါ လန့်သွားတာ”
“လွင်က ချက်ချင်းရှင်းပြချင်လို့”
“အစ်ကိုကြီးက ကျွန်တော့်ကို တွေ့မယ်ဆိုတာကော လွင်...”
“မပြောတတ်ဘူး၊ လွင့်ကို ဘာမှမပြောသေးဘူး”
လက်သုတ်ပဝါဖြင့် နှုတ်ခမ်းသုတ်ရင်း သူ ခေါင်းတစ်ချက် ဆတ်သည်။ ဝင်းမျိုးက လက်ဖက်ရည်ကြမ်းငှဲ့ပြီးနောက်
“အမှန်က ငါတို့သုံးယောက် ကျောင်းကိုသွား၊ ဒါမှမဟုတ် တစ်နေရာရာ သွား။ စားရင်းသောက်ရင်း စကားပြောဖို့ကောင်းတာ၊ ကော်ဖီနဲ့ မုန့်နဲ့ ရောက်လာ တော့ ခက်သွားတယ်”
“မခက်ပါဘူး ကိုဝင်းမျိုးရယ်။ မနက်စာ စားကြတာပေါ့ တစ်နေရာရာမှာ၊ လွင်က ဒကာလေ”
နှင်းနှင်းလွင်သည် ပြဿနာတစ်ရပ်ကို ဖြေရှင်းလိုက်ရ၍ စိတ်ပေါ့ပါးသွား ဟန်ရှိ၏။ အိပ်ရာထခါစ ပြည့်အစ်အစ် မျက်နှာရှိနေသော သူ့ကို ဝင်းမျိုးက လှမ်းကြည့်၏။ ကြောင့်ကြမှုတစ်ခုမှ ယာယီလွတ်မြောက်ရ၍ သက်သာရာရသည့် အပြုံး သူပြုံးသည်။
“ကြားပါတယ်နော် ကိုတင်အောင်ရှိန်”
ကရုဏာမျက်လုံးအစုံဖြင့် သူ့ကို နှင်းနှင်းလွင် ကြည့်သည်။ သူ နားမလည်။ “ဘာကိုလဲ” ဟု သဲကွဲအောင် မေးသည်။
“ဒီရက်တွေအတွင်းမှာ ဘယ်လိုဖြစ်နေရတယ်ဆိုတာ”
သူ ရှက်ကိုးရှက်ကန်း ပြုံးလေသည်။ ဝင်းမျိုးက ဟဲခနဲ ရယ်သည်။
“ကျောင်းကို တစ်ယောက်တည်းသွားတာရော၊ ကျောင်းထဲမှာ နေကုန် လေလွင့်နေတာရော၊ အကုန်သိထားပြီးပါပြီနော်”
မငြင်းသာ၊ မကွယ်သာ၍ ရယ်၍သာ နေလိုက်သည်။
*
လှိုင်ထွန်းနှင့်အတူ မာလာတင်ပါ ပါလာသည်။ လှိုင်ထွန်းက ခြံထဲတွင် ချက်ပြုတ်စားသောက်ရန် စီစဉ်ထားသည်။ သူ့အိမ်တွင် နှင်းနှင်းလွင်က ကြို၍ စောင့်နှင့်နေ၏။ ဆွမ်းခံချိန်လောက်တွင် လှိုင်ထွန်းတို့က ကားနှင့်ရောက်လာကြ၏။ အိမ်မှာ ခဏသာနေပြီး ခြံရှိရာ မြို့ပြင်သို့ ထွက်ကြသည်။
တစ်နာရီကျော်ကျော်မျှ မောင်းရသည်။ အဝေးပြေးလမ်းမကြီးမှ ခွဲထွက်သော လမ်းထဲသို့ သုံးမိုင်ကျော် ဝင်ရသည်။ မြေနီလမ်းခွဲ၏ ဝဲယာတွင် သစ်ပင်ပိတ်ပေါင်း ထူထပ်လှသည်။ နေရောင် ပြိုးပြက်သာ ကျလေသည်။
ခြံထဲသို့ ရောက်သောအခါ ဝါးခြမ်းကို လက်ခုပ်လက်ဝါးပြု၍ မိုးထားသော တဲထဲတွင် နေကြသည်။ ကြမ်းခင်းဝါးကို ကြိမ်ဖြင့် သေသပ်စွာ တုပ်ထားသည်။ ဖွတ်မြီးထိုး အနားသတ်ထားသော ကြိမ်ကြိုးတို့မှာ ညီညီညာညာ ရှိလေသည်။ တိုင်ကိုးလုံးသည် ဝါးနက်ဝါး။ အကာမရှိသောတဲအတွင်းသို့ လေသည် အဘက်ဘက် မှ တိုးဝင်လာသည်။
“ကိုဝင်းမျိုး ပါလာရင် ကောင်းမှာပဲ”
မာလာတင်က သရက်ပင်ကြီးပေါ်တွင် တစ်ပင်လုံးဖုံးမျှ ပွင့်နေသော ဒီဇင်ဘာ ပန်းချုံနွယ်ဆီသို့ လှမ်းကြည့်ပြီး ပြောသည်။
“သူ့အိမ်က ငါးရံ့ခြောက်တွေ၊ ကကူရံခြောက်တွေ၊ စားစရာတွေ သွားပို့ခိုင်းလို့ တောင်တော်မောင်နှမ ဘုန်းကြီးကျောင်း သွားရတာ။ ရွာကအမျိုးတွေအတွက်လည်း ပစ္စည်းတွေ ယူသွားရသေးတယ်”
သူ ပြောပြလိုက်သည်။ “လာမယ့်သင်္ကြန် ဘုရားပွဲသွားဖြစ်ရင် ကောင်းမှာပဲ” ဟု မာလာတင် စိတ်ကူးပြီး ပြောသည်။ နှင်းနှင်းလွင်သည် တဲနှင့် မလှမ်းမကမ်းရှိကရမက်ပင်ကြီးအောက်တွင် အပွင့်တွေ လိုက်ကောက်နေသည်။
“ဆာကြပြီလားဟေ့”
ခြံစောင့်နေသော တဲရှေ့မှထွက်လာသော လှိုင်ထွန်းက အော်မေး၏။ သူက လက်ခါပြလိုက်သည်။ အော်မေးသံကြောင့် လှမ်းကြည့်လိုက်သော နှင်းနှင်းလွင်က “တို့စရာထဲမှာ ရှောက်ရွက် မပါဘူးလား။ မပါရင် ခူးထားရမလား” “တို့ရပါစေ့မဗျာ။ ခူးမထားနဲ့၊ နွမ်းသွားမယ်။ စားခါနီးမှ ခူးမယ်။ ကြက်မအုပ် ရွက်ကော၊ သီဟိုဠ်ရွက်ကော ခြံထဲမှာ အများကြီး” ဟု လှိုင်ထွန်းက အော်၍ ပြောလေသည်။
“သီးပင် စားပင်တွေ အများကြီးပဲနော်။ သရက်တွေ၊ ပိန္နဲတွေ ပိုများတယ်” မာလာတင်သည် ခြံထဲသို့ မျက်လုံးဝေ့ပြီး ပြော၏။ အရိပ်ကောင်းသော ခြံထဲတွင် ကျွဲကော၊ မာလကာ၊ ဩဇာ၊ သံပရာ၊ သင်္ဘောပင်တွေ စုံနေ၏။ အနောက်ဘက် ခြံထောင့်တွင် သီးသန့်ခြံကာပြီး စိုက်ထားသော ကွမ်းခြံရှိသည်။ ကွမ်းသီးပင်တန်းသည် အနောက်တောင်ဘက်တွင် တစီတတန်း ရှိလေသည်။ ကြခတ်ဝါးရုံ ပတ်လည်ရှိသော ခြံကျယ်ကြီးထဲတွင် ကျေးငှက်သံတွေကို မကြာခဏ ကြားနေရလေ၏။
“သီချင်းအော်ဆိုချင်လိုက်တာ”
တဲပေါ်သို့ တက်လာသော နှင်းနှင်းလွင်က ကြည်လင်ရွှင်ပျစွာ ပြောသည်။
“ဆိုပါလား”
သူ ပြောလိုက်သည်။ နှင်းနှင်းလွင်က
“အသံမကောင်းတာ ခက်တယ်”
ကရမက်ပွင့်တွေ၊ ဖန်ခါးသီးတွေ ကောက်ယူလာပြီး ကြမ်းပေါ်ချ၏။ မာလာတင်က ပြုံးပြီး
“စိတ်ပါ လွတ်လပ်တဲ့နေရာပဲ”
“ဝေဒနာ သက်သာတယ်ဆိုပါတော့” ဟု နှင်းနှင်းလွင်က ရယ်ကျဲကျဲ မျက်နှာနဲ့ပြောပြီး သူ့ကို လှမ်းကြည့်၏။ မာလာတင်က ခိခနဲ ရယ်၏။ ပန်းပွင့်တို့၏ ရနံ့သည် လေမှာ မျောပါလာလေ၏။
“မမ မာလာ..”
မာလာတင်က နှင်းနှင်းလွင်ကို “ဟင်” ဟု ထူး၏။
“တချို့ လူတွေဟာလေ တစ်မျိုးပဲနော်”
နှင်းနှင်းလွင်သည် တိုင်ကိုမှီပြီး စကားစကာ
“ဘာပြောမလဲ၊ ပက်ကျိသွားသလိုပဲ”
“နှေးကွေးတာကို ပြောတာလားလွင်”
"မဟုတ်ဘူး မမမာလာ၊ ခြေရာဖျောက်တာ စွပ်ကြောင်းကြီးကို ထင်းလို့”
သူ ဣန္ဒြေဆည်၍နေ၏။ မာလာတင်သည် မရယ်မိအောင် ထိန်းနေရသော မျက်နှာနှင့်ရှိ၏။
“သူများကို ဟုတ်တိပတ်တိဆုံးမပြီး ကိုယ့်ကိုယ်ကိုယ်ကျတော့ ဆုံးမလို့ မရဖြစ်နေတာ သနားပါတယ်”
ကြမ်းပေါ်တွင် သူ လှဲအိပ်လိုက်သည်။ ဝါးပိုးခြမ်းခေါင်းအုံးကို မာလာ တင်က လှမ်းယူပြီး ပေးသည်။ သူယူ၍ ခေါင်းအုံးသည်။
“မရင့်ကျက်သေးတဲ့သဘော နေမှာပေါ့နော် မမမာလာ”
"အင်း"
“စိတ်ဓာတ်ကျရင် မြွေလိုခွေနေရော။ အဲဒီလို လူမျိုးတွေဟာလေ ”
“မခွေပါဘူးဗျာ၊ လှဲအိပ်နေတာပါ” ဟု သူဝင်ပြောသည်။ မာလာတင် ရယ်သည်။ နှင်းနှင်းလွင်က သူ မရယ်မိအောင် အောင် တင်းထားသောမျက်နှာနှင့်
“ပြောသလို ကျင့်နိုင်မှ သူတစ်ပါးကိုလည်း တိုက်တွန်းသွန်သင်ဖို့ကောင်း တာ။ ဟုတ်တယ်မဟုတ်လား မမမာလာ”
“ကျွန်တော်တို့က မကျင့်နိုင်ဘူးဗျို့။ ဘာဖြစ်လို့ဆိုတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ရန်ကင်းတို့ ဘုံကျောင်းတို့ဘာတို့မှာ မိသားစုလိုက် မစားရ၊ မသောက်ရလို့”
“အို…” ဟု နှင်းနှင်းလွင် ဆိုကာ သူ့ခြေခုံကို ဖြန်းခနဲ လှမ်းရိုက်၏။ သူက ရယ်ရင်း ရုတ်ခနဲ ထထိုင်၏။ မာလာတင်က သဘောကျစွာ ရယ်နေလေသည်။ “အဆာပြေ ရယ်နေကြသလားဟေ့” ဟု လှိုင်ထွန်းက လှမ်းအော်ပြောသည်။
“အဲသလို မနောက်ကြေး”
နှင်းနှင်းလွင်သည် နီမြန်းသောမျက်နှာနှင့် ပြော၏။ ရယ်နေသော သူ့ကို လက်သီးဖြင့် ရွယ်၏။
“သူ့ကျတော့ နာတတ်ပါ့ဗျာ”
"မပြောနဲ့..."
မခံချိမခံသာ မျက်နှာ။ အောင့်သည်းအောင့်သက်အသံ။
“အဲ့သလိုပြောလေ ပိုပြီး စလို့နောက်လို့ ကောင်းလေပေါ့”
မာလာတင် သတိပေးသည်။ နှင်းနှင်းလွင် ခေါင်းခါပြီး
“အဲ့ဒါကလွဲရင် ကျန်တာ ဘာစစ ဘာနောက်နောက် မကြားချင်ဘူး၊ ဓားနဲ့ အမွှမ်းခံရသလိုမို့ပါ”
“ကိုတင်အောင်ရှိန် အကျီစားသန် ရန်ဖြစ်တတ်တယ်နော်” ဟု မာလာတင် ပြော၏။ သူ အရယ်ရပ်ကာ
“ဆောရီး... ဆောရီး... တောင်းပန်ပါ၏”
** ***
၁၀ဆက်ပါမည်
* နွေဦးဝင်သော် * { ၁၀ }
ငြိမ်းကျော်
[ ၂၂ ]
အောင်စာရင်းတွေ ထွက်လာသည်။
နှင်းနှင်းလွင်တစ်ယောက်သာ ဘွဲ့လွန် ဆက်တက်ခွင့်ရ၏။ “လွင် တစ်ယောက် တည်းဆိုတော့ တက်ချင်စိတ် မရှိတော့ပါဘူး” ဟု နှင်းနှင်းလွင် ညည်းညူသည်။ “ကျွန်တော်တို့ မကြာခဏ လာလည်မှာပေါ့” ဟု သူပြော၏။ စည်ကားလျက် ရှိသော ကျောင်းထဲတွင် တစ်နေကုန် နေကြသည်။
အိမ်သို့ ရောက်သောအခါ အမေက စာအိတ်တစ်အိတ် ထုတ်ပေးသည်။ ဒေါ်မြဆွေ အမည်ရှိ အမျိုးသမီးတစ်ဦး လာပို့ပေးသွားသည်ဟု သိရ၏။ နှင်းနှင်း လွင် အစ်မဟု ပြောပြီး တိတိကျကျ ဆွေမျိုးစပ်ပြလိုက်သည်။
စာအိတ်ကို အိပ်ခန်းထဲသို့ ရောက်မှ ဖွင့်ဖတ်လိုက်၏။
မောင်တင်အောင်ရှိန်
အစ်ကို စာရေးဖို့ စဉ်းစားတာ ကြာပါပြီ။ ခုမှ ရေးဖြစ်တယ်။ တခြားအကြောင်းတော့ မဟုတ်ပါဘူးကွာ။ နှင်းနှင်းလွင်အကြောင်း မင်း သိထားပြီးသားပါ။ မင်းကို အစ်ကို အပြစ်နည်းနည်းမှ မတင် ဘူးနော်။ တစ်ဖက်မှာ မောင်မောင်ကျော်ငြိမ်းတို့ မိသားစုရှိနေတယ်။ အစ်ကို မျက်နှာမပျက်ချင်ဘူး၊ စကားမပြင်ချင်ဘူး။ မင်းပေါ်မှာ အခြေအနေအားလုံး တည်နေပါတယ်။ အစ်ကိုတို့ ဂုဏ်သိက္ခာအတွက် ကူညီပါ ညီလေး။ ဘာလုပ်ပေးပါလို့ မရေးရက်အောင် မင်းကို အစ်ကိုတို့ အားနာလှပါတယ်။ သဘောပေါက်မယ် ထင်ပါတယ်ကွာ။
မြတ်မောင်
စာရွက်ကိုကိုင်ကာ ခဏတွေနေ၏။ ရင်ထဲမှာ ပြည့်ပြည့်ကျပ်ကျပ် ဖြစ်လာ သည်။ မျက်မှောင်ကြုတ်ထားရင်း စာကို တစ်လုံးချင်း ပြန်ဖတ်၏။ ထို့နောက် အိတ်ထဲသို့ ထည့်ကာ ခုတင်ပေါ် လှဲလိုက်သည်။ နံရံအဖြူကိုကြည့်ကာ တွေးသည်။ အခြေအနေသစ်တစ်ခု။ တိုးလာသော စဉ်းစားစရာတစ်ခု။
ဦးမြတ်မောင်၏ စာထဲတွင် မာကျောသံမပါ။ မေတ္တာရပ်ခံသံသာ လွှမ်းနေ၏။ သို့သော် နှင်းနှင်းလွင်နှင့် အဆက်အသွယ်ဖြတ်ပါ၊ လမ်းခွဲလိုက်ပါဟူသောအဓိပ္ပာယ်။ နောက်ဆုတ်ပါဟု နားလည်ရ၏။
ငါ ဘာလုပ်မလဲဟု စိတ်ထဲမှာ မေးသည်။ မဖြေတတ်သေး။
Π [] []
[ ၂၃ ]
“မာလာတင်က သူ့အစ်ကိုကြီး စာရေးတဲ့အကြောင်း ပြောပြလိုက်တာ တစ်နည်းတော့ ကောင်းပါတယ်ကွာ” ဟု လှိုင်ထွန်း ပြောသည်။ “ငါနဲ့ လွင်နဲ့က ချစ်သူရယ်လို့ မဟုတ်မှ မဟုတ်ကြတာ။ မယူရတဲ့အရာကို ပြန်တောင်းသလို ဖြစ်နေပြီ။ ငါ ဘာစကားပြန်ရမှန်းကို မသိဘူး” ဟု သူပြော၏။
“ရည်းစားဖြစ်နေရင် ဖြတ်၊ မဖြစ်သေးရင်လည်း မဖြစ်နဲ့၊ ဖြစ်ဖို့မကြိုးစားနဲ့။ ကင်းကင်းပြတ်ပြတ် နေပေးပါလို့ဆိုတဲ့စာပဲ” ဟု လှိုင်ထွန်း ပြောသည်။ “မာလာတင် ကတော့ မမဆွေကို အခြေအနေ အမှန်အတိုင်း ပြောပြလိုက်တယ်တဲ့” ဟု သူက ပြောသည်။
စာရပြီး တစ်ပတ်အတွင်း နှင်းနှင်းလွင်ထံ သူ မရောက်။
မာလာတင်၊ ဝင်းမျိုး၊ လှိုင်ထွန်းတို့နှင့်ကား သူ နေ့တိုင်းဆုံ၏၊ ဆွေးနွေး ကြသည်။ မာလာတင်က ဒေါ်မြဆွေကို ရှင်းပြမည်။ နှင်းနှင်းလွင်ကိုလည်း ဦးမြတ် မောင် ရေးသော စာအကြောင်း ပြောပြမည်ဟု ဆိုသည်။ ဒေါ်မြဆွေတို့ သမီးယောက်မ တွေ့ပြီးသောအခါ သူ့ထံ ဖုန်းဆက်ပြီး ပြောပြသည်။
နှင်းနှင်းလွင်သည် ဘာစကားမျှ မပြော။ နားထောင်၍သာ နေသည်ဟု သိရ၏။ မျက်ရည်ဝဲတဲတဲ ဖြစ်နေသည်ဟု မာလာတင် ပြောပြ၏။ ဒေါ်မြဆွေ သည် ယောက်မကို ကြည့်ကာ စိတ်ထိခိုက်နေပုံရသည်ဟု သိရသည်။ “ကိုမြတ်မောင် ကို မမဆွေ ခု မာလာတင် လာပြောသမျှ တစ်လုံးမကျန် ပြန်ပြောလိုက်ပါ့မယ်” ဟု ဒေါ်မြဆွေ ပြောသည်ဟု သိရလေသည်။
ထိုမှ နှစ်ရက်အကြာတွင် ဝင်းမျိုးထံသို့ နှင်းနှင်းလွင် ဖုန်းဆက်သည်။“ကိုတင်အောင်ရှိန်ကို လွင် မျက်နှာချင်း မဆိုင်ဝံ့တော့ဘူး။ ဘယ်တော့မှ မတွေ့တော့ ဘူးလို့ ဆုံးဖြတ်စရာပဲ ရှိတော့တယ်” ဟု ဝင်းမျိုးကို ပြောသည်။ ထိုစကားကို ပြန်ပြောပြပြီးနောက် “ငါ စိတ်မကောင်းဘူးကွာ” ဟု ဝင်းမျိုး ပြောသည်။
သူ ဘာမျှပြန်မပြောနိုင်အောင် ဖြစ်နေလေ၏။
*
“သူ ငါ့ကို မတွေ့ဘူး။ ခုလိုနေနေတာ သူ့အတွက်က ပိုကောင်းပါတယ်ကွာ” မောသံဖြင့် သူပြောသည်။ စကားအဆုံးတွင် စေတီပျက်ရှိရာသို့ ငေးကာ ကြည့်နေ၏။ ဝင်းမျိုးက သက်ပြင်းချပြီး ဆေးလိပ်ကိုသာ အတွင်ဖွာနေ၏။ နှံပဲ့ပင်ကို သူကျောမှီပြီး သောက်ရေကန်ဆီသို့ မျက်နှာမူထား၏။ ရေစုပ်သဖြင့် ကြာရိုးတွေ ပေါ်နေ၏။ ရွက်ခြောက်တို့သည် များစပြုလာ၏။
ကြုံလှီသော ကြာပွင့်လက်ကျန် သုံးလေးပွင့်သာ ရှိ၏။ ကန်ပေါင်ပေါ်ရှိမြက်တို့သည် ညှိုးခြောက်လျက် ရှိနေလေသည်။ ကန်ပတ်လည်ရှိ ထန်းပင်တို့သည် ငေးငေးငိုင်ငိုင် ဖြစ်နေသကဲ့သို့ အရွက်မလှုပ်။
“မင်းလည်း ခုလိုပဲနေ တင်အောင်ရှိန်၊ အရိပ်အယောင်ပြရာ ကျမယ့် ဥစ္စာ တောင် သတိထား၊ ဘာတတ်နိုင်မှာလဲ၊ ရေစက်က ဒီအထိပါလာတော့ ဒီမှာတွင် ခွဲပေါ့၊ မဟုတ်ဘူးလား”
သူ မလှုပ်မယှက် ထိုင်၍သာနေသည်။ စိတ်နှင့်ကိုယ်နှင့် ကင်းကင်းကွာကွာ။ အာရုံကို နေရာအတည်တကျ ချ၍မရ။ နွေမြက်၊ နွေပင်တွေကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ခံစားထင်မြင်မိသည်။ ဘဝဆိုတာ သောကဗျာပါဒ ထူပြောလွန်းသော အရာပါတကား ဟု ကြေကွဲစွာ မှတ်ချက်ချသည်။
ကျယ်ဝန်းသောနေရာတွင် လာထိုင်ရသဖြင့် လူ၏ တစ်ကိုယ်သည် ကမ္ဘာမြေပေါ်တွင် ပို၍ သေးငယ်သွားသည်ဟု အောက်မေ့သည်။ အမျိုးအမည် များပြားသော ဆန္ဒတွေ၊ စည်းကမ်းတွေ၊ အယူတွေ၊ လိုက်နာမှုတွေဖြင့် ဖွဲ့စည်း ထားသော လူ့ဘဝသည် သဲကန္တာရထဲက သဲတစ်ပွင့်။
ကာလသက်တမ်းသည် ကျွန်းပင်၏ ဆယ်ပုံတစ်ပုံပင် မသေချာ။ ဘဝ၏ အရှိ အဓိပ္ပာယ်သည် သုည၊ နတ္ထိ ဘာမှမရှိ။ တံဆိပ်ကပ် အမည်ပေးအနက်တို့ ကား များလှစွာ၏။ လူတွေထဲသို့ လူတစ်ယောက်ကို ထည့်သွင်းပြီး လူ့အဖွဲ့အစည်း၏ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နေစေသည်ကို ကန့်ကွက်စရာမရှိ။
တစ်ဦးတည်းအရေး၊ ပုဂ္ဂလိကဘဝအရေးတွင် ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ညီညွတ်ချင်မှ ညီညွတ်ပေလိမ့်မည်။ ထိုအခါ အထီးကျန် ခံစားချက်တွေသာ ပွားလာသည်ဟု စဉ်းစားမိလေသည်။
"ဦးမြတ်မောင်ရဲ့စာဟာ အခိုင်ဆုံးကြိုးတွေနဲ့ ရက်ထားတဲ့ ပိုက်ကွန်ပဲ။ ရုန်းဖျက်ပြီး အထွက်ရ ခက်တယ်နော် တင်အောင်ရှိန်”
စိတ်လွင့်နေရာမှ
"အင်း.."
“အင်မတန် ညက်တဲ့စာပဲ။ ငြင်းဖို့၊ ဆင်ခြေပေးဖို့၊ ပယ်ချဖို့ သိပ်ခက်အောင် ရေးထားတာ။ မင်းစိတ်ဓာတ်ကို ကြိုသိထားတာလည်း စာအရ ရှင်းတယ်”
“ဟုတ်တယ် ဝင်းမျိုး။ သူ သိပ်တော်တဲ့သူပဲ။ လူ့သဘောကို နောကျေ ထားပုံပဲ။ မယူနဲ့လို့ မာရေကျောရေပြောရင် ယူချင်စိတ် ပေါ်တယ်။ အမိန့်ထုတ် တာနဲ့ မေတ္တာရပ်ခံချက်လိုပေါ့။ ငါ ဘာတစ်ခွန်းမှ ပြန်မပြောနိုင်အောင် ရေးထား တာ။ ငါ့ကို သူ့ညီမနဲ့ ဖြတ်ပါ၊ နောက်ဆုတ်ပါလို့ မတိုက်တွန်းရက်ဘူးဆိုတာ ငါ့စိတ်ကိုထိတဲ့ ဥစ္စာပဲ”
“ချစ်သူရယ်လို့ ပြောမရတဲ့ အခြေအနေဆိုတော့ မင်း ဘာမှ လှမ်းမပြော၊ လှမ်းမရေးတာလည်း ကောင်းပါတယ်။ မာလာတင် အဲဒါပြောတာ အဆင်ပြေသွား တယ်"
သူ ခေါင်းညိတ်၏။ တောင်ပူစာတွေ၊ လယ်ကွင်းတွေ၊ ရွာစုစုလေးတွေဆီသို့ သူကြည့်နေသည်။ အေးစက်သော ဆောင်းလေသည် မွန်းတိမ်းချိန်မှစ၍ အဆက် မပြတ် ဝှေ့ယမ်းတိုက်ခတ်လျက် ရှိလေသည်။
“မင့်အိမ်က ဒီအခြေအနေ သိလား”
“ညီမကို မာလာတင်ပြောလို့ သိမှာပေါ့”
“ဘာပြောကြလဲ”
“မသိချင်ယောင် ဆောင်နေကြတယ် ဝင်းမျိုးရ"
“ငါ ဘွဲ့လွန်ဆက်တက်ခွင့်မရတာ တစ်ခုကောင်းတယ်။ နို့မဟုတ်ရင် ကျောင်းမှာ တစ်နေ့မဆုံ တစ်နေ့ဆုံ”
“အင်း….” ဟု ဝင်းမျိုးက ရင်ခေါင်းသံဖြင့် ဆို၏။ ထို့နောက် ဟင်းခနဲရယ်ပြီး
“မင်းမှာလည်း ချစ်သူ တစ်ပိုင်းတစ်ဝက်လောက်ရှိသလိုလို အဲသလို နေရ တာတောင် အပင်းလျှိုရသလိုလို၊ အရိုးမျိုရသလို တကယ့်ဒုက္ခ”
သူ မဲ့ပြုံး ပြုံးသည်။ ထို့နောက်
“ငါ ကြီးကြီးကျယ်ကျယ်တွေ တွေးနေမိတယ် ဝင်းမျိုးရာ...”
“ဘာတွေလဲ ဆိုပါဦး”
“နက်နဲထွေပြားတဲ့ လူ့ဘဝအကြောင်း”
"ရူးမယ်"
“ခုကော ကောင်းနေတယ်လို့ မင်းထင်လို့လား”
ထို့နောက် ဝင်းမျိုး ရယ်လေသည်။ သူ တစ်ချက်ရယ်သည်။ ရယ်ရင်း ခေါင်းကုတ်သည်။
“ရူးတာကမှ ကောင်းဦးမယ်၊ ခုဥစ္စာက”
သူ ဆက်မပြော။ “ပြောလေကွာ” ဟု ဝင်းမျိုးဆို၏။ “ပြောချင်စိတ် မရှိတော့ဘူးကွာ” ဟု စိတ်ပျက်သံဖြင့် သူပြောသည်။
*
စိုးရိမ်သွားသည်။ နှင်းနှင်းလွင်ကို အစ်ကိုကြီးက ဆွေးနွေးသည်ဟု မာလာတင် စပြီးပြော၏။ နှင်းနှင်းလွင်သည် အမှန်အတိုင်း ပြောပြသည်ဆို၏။ လေးနာရီ ကျော်ကျော်ကြာသော စကားပွဲတွင် ဒေါ်မြဆွေပါ ပါသည်ဟု သိရ၏။ အကြောင်းစုံ၊ စကားစုံသောအခါ ဦးမြတ်မောင်သည် အကြာကြီး စဉ်းစားနေသည်။ ဘာမျှ အဆုံးအဖြတ်မပေး။ တိုက်တွန်း တားမြစ်စကားလည်း မဆို၊ ထင်မြင်ချက်မမေး။ ထိုစကားဝိုင်း၏ရလဒ်သည် ထွက်မလာ။
တစ်ပတ်သာသာ အကြာတွင် နှင်းနှင်းလွင် အအိပ်၊ အစားပျက်လာရင်း မျက်နှာရောင်သည်၊ နှုတ်ခမ်းရောင်သည်ဟု မာလာတင် ပြော၏။ ဆရာဝန်ထံသို့ အစ်ကိုကြီးကိုယ်တိုင် လိုက်ပို့ပေးသည်။ စိတ်နှင့်ဆက်နေသောရောဂါဟု သိရသည်။ စိတ်အထူးကု သမားတော်ထံသို့ သွား၍ပြရသည်။ စိတ်ကျရောဂါတစ်မျိုးဟု မာလာတင် ပြောပြလေသည်။
အစ်ကိုကြီးနှင့် ယောက်မတို့ နှစ်ယောက်စလုံးက နှင်းနှင်းလွင်၏ရောဂါနှင့် စပ်လျဉ်း၍ စိတ်မချမ်းမသာ ဖြစ်နေကြသည်ဟု သိရသည်။
“ခုကော”
သူမေးသည်။ မာလာတင်က
“ရောဂါ သက်သာသွားပါတယ်။ ရောင်တာ ပျောက်သလောက် ရှိသွားပါပြီ”
“သူ ဆေးစားနေတုန်းပဲ ထင်တယ်”
“စိတ်ရောဂါ ပျောက်တဲ့ဆေးတွေ၊ စိတ်ငြိမ်ဆေးတို့ဘာတို့ စားရတယ်”
"ဦးမြတ်မောင်ကသူ့ညီမအတွက် အတော် စိတ်မကောင်းဖြစ်နေတာ”
“လွင့်နေရာ ဝင်စဉ်းစားရင် ဒီလောက်ဖြစ်တာ နည်းတောင် နည်းပါသေး တယ် မာလာတင်ရာ။ စိတ်ဒဏ်ချက်က မတန်တဆပြင်းတာ... မှန်းလို့ရပါတယ်”
မာလာတင် ခေါင်းညိတ်သည်။
“ကျွန်တော် သတင်းမေးဖို့ သင့်တယ်”
“သင့်တော့သင့်ပါတယ်။ ဒါပေမဲ့”
“ကျွန်တော် သဘောပေါက်ပါတယ်”
*
ဦးမြတ်မောင်သည် ညီမဖြစ်သူ၏ကိစ္စတွင် ညီမ စိတ်ထိခိုက်လောက်အောင် ဆောင်ရွက်မိလေသလားဟု မိမိကိုယ်မိမိ သံသယဖြစ်နေသည်။ ရောဂါတစ်ခုဟု အမည်ပေးရလောက်သော စိတ်ထိခိုက်မှုကို မိမိပြုခဲ့သည်ဟု နောင်တရနေသည်။ စိတ်ဓာတ်ကျဆင်းမှုသည် ထို့ထက်ပို၍ ကြီးကျယ်လာပါက နှမအတွက် ရင်ကျိုး ရတော့မည်ဟု ဇနီးကိုပြောသည်ဟု သိရ၏။
သူ့ထံသို့ စာရေးလိုက်ခြင်း၊ ညီမကို ဇနီးမှတစ်ဆင့် ဟန့်တားခြင်းတို့သည် နှင်းနှင်းလွင်၏စိတ်ကို အကျဉ်းအကျပ်တွင်းသို့ တွန်းပို့ရာကျသည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆနေသည်။
ထို့ပြင် မောင်မောင်ကျော်ငြိမ်းလာစဉ်က လှိုက်လှဲပျူငှာ မရှိရကောင်းလားဟု ဇနီးမှတစ်ဆင့် ပြစ်တင်ပြောဆိုခဲ့ခြင်းသည်လည်း နှင်းနှင်းလွင် စိတ်ဓာတ်ကို ထိခိုက်အောင် ပြုခြင်းတစ်ခုဟု ကိုယ့်ကိုယ်ကိုယ် ယူဆနေသည်။ နှမကိုကြည့်ကာ စိတ်သောက ရောက်နေသည်ဟု သိရသည်။
“မနက်မိုးလင်းလို့ ကော်ဖီသောက်တာနဲ့ ညီမမျက်နှာကို စေ့စေ့စပ်စပ် ကြည့်တော့တာတဲ့။ မျက်နှာအမ်းနေလား၊ နှုတ်ခမ်းထော်နေလား၊ မေးရောတဲ့။ ညက ညီမလေး အိပ်လို့ရလား၊ နှစ်နှစ်ခြိုက်ခြိုက်ကော ပျော်ရဲ့လား၊ အိပ်မက်တွေမက်သေးသလား၊ ဘယ့်နှယ်နေလဲ စုံအောင်မေးတယ်။ ကလေး ဂရုစိုက်သလို စိုက်တာတဲ့”
မာလာတင်ထံမှ သိခဲ့ရသမျှကို ဝင်းမျိုးက ပြန်လည်ပြောပြလေသည်။ မာလာတင်နှင့် နှင်းနှင်းလွင်တို့ နေ့စဉ်နီးပါး ဖုန်းအဆက်အသွယ်ရှိသည်။ ရက်ခြား လောက် လူကိုယ်တိုင်သွားကာ နှင်းနှင်းလွင်နှင့် စကားပြောသည်ဟု သိရ၏။
“မင်းကို သူမေးတာ သုံးလေးခါ ရှိပြီတဲ့”
ဝင်းမျိုး ပြောပြ၏။ သူ ခေါင်းတဆတ်ဆတ်ညိတ်ကာ
“ငါ့အသံကြား၊ ငါ့ကိုမြင်ခါမှ စိတ်ညစ်စရာ ထပ်ဖြစ်မှာစိုးတယ်။ တွေး စရာတွေ သူအစပြန်ကောက်အောင် လုပ်လိုက်တာမျိုးဖြစ်မယ်”
“ဒါလည်း ဟုတ်တာပဲ”
“မင်းတို့သွားတွေ့၊ သတင်းမေးရင်တောင် သတိရရာရကြောင်း ဖြစ်သွားမှာ စိုးရတယ်”
“အဲ့ဒါကြောင့် ငါနဲ့လှိုင်ထွန်း သွားမမေးခဲ့တာ။ ဒါလည်း မာလာတင်သိပါတယ်"
“တစ်လအတွင်း နှုတ်ခမ်းတွေ နှစ်ခါ ထပ်ရောင်တယ်နော်။ ရုပ်ပိုင်းမှာကို အတော်ခံရမှာ”
ဝင်းမျိုး ခေါင်းညိတ်သည်။ မိမိချစ်မြတ်နိုးသောသူ၏ ကျန်းမာရေးကိစ္စကို မသိသူကဲ့သို့ နေရသည်မှာ အနေရ အခက်ဆုံးအလုပ်။ လျစ်လျူရှုနေရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် မကျေနပ်။ အားပေးစကား၊ စိတ်သက်သာရာ စကားကိုသော်မှ သွားရောက်တွေ့ဆုံပြောဆိုရန် မဆီလျော်သောဘဝ။ နွမ်းနယ်ကြေကွဲရလေသည်။
“လူကြုံနဲ့ မင်းသတင်းမေးတာကို သူသိတယ်”
“ဘယ်သူပြောလဲ”
“မာလာတင်၊ မာလာတင့်ကို သူမေးတယ်။ သူ ခုလိုဖြစ်နေတာ မင်း သိလားပေါ့။ သိတယ်၊ သတင်းမေးပါတယ်လို့ မာလာတင် သူ့ကို ပြောပြခဲ့တယ်တဲ့”
“လွင်က ဘာပြန်ပြောလဲ”
“ဘာမှပြန်မပြောဘူးတဲ့”
လုံးဝဥဿုံ ဥပေက္ခာပြုခဲ့သည်ဟု နှင်းနှင်းလွင် ထင်မှာမဟုတ်တော့။
*
လှိုင်ထွန်းက ပြောပြ၍ အမေတို့ သိသွားသည်။ အမေတို့သည် ထိုအခါမှပင် ဇာတ်လမ်းအားလုံးကို သိကြလေသည်။ သူ့ကိုမေးသည်၊ သူပြောပြသောအခါ အကြောင်းစုံလင်သွား၏။
“ကလေးမလေးရဲ့ ကျန်းမာရေးက ကောင်းသွားလို့ တော်ပါသေးရဲ့။ နှုတ်ခမ်း တွေ ထူအမ်းပြီး ရောင်လာ၊ နှုတ်ခမ်းကွဲသလိုကွဲ၊ အစားအသောက် စားဖို့သောက်ဖို့ ပါ အခက်အခဲပေါ်ရ။ မျက်နှာ ရောင်အမ်းတယ်ဆိုတာကလည်း လူပုံအလယ် ထွက်ဖို့ခက်။ အင်း.. သနားစရာပဲ။ ရောဂါတွေကလည်း ဆန်းပါ့။ စိတ်ညစ်ညူး ကျဆင်းရင် ပြန်ဖြစ်တတ်တယ်ဆိုတော့ စိတ်ကို ပိုးမွေးသလို မွေးရမှာ” ဟု အမေပြောသည်။ “အဖေတို့ သတင်းမေးဖို့တောင် ခက်နေပြီ” ဟု အဖေက ပြော သည်။
ကျောင်းတက်၍ရအောင် ကျန်းမာရေး ကောင်းလာသဖြင့် စိတ်ချမ်းသာရ လေသည်။
[] []
[ ၂၄ ]
“ဦးမြတ်မောင်က ဖုန်းဆက်ပြီး စောင့်နေပါ။ ကိစ္စရှိလို့ အစ်ကိုလာမလို့” ဟု ဖုန်းထဲက ပြောသည်။ ဝင်းမျိုးကို သူ ဖုန်းဆက်ပြောသည်။ လှိုင်ထွန်းက အိမ်မှာမရှိ။ တစ်နာရီသာသာ အကြာတွင် ဦးမြတ်မောင် လာခေါ်သည်။ “ဘာရယ် မဟုတ်ပါဘူးကွာ၊ မင်း အိမ်ကို တစ်ခေါက်မှ အလည်မရောက်ဖူးသေးဘူးလို့ ညီမက ပြောလို့ လာခေါ်တာ။ ညီမ ဒီနေ့ ကျောင်းပိတ်တယ်လေ။ ညနေစာ စားပြီးမှပြန်။ အစ်ကို ပြန်ပို့ပေးမယ်” ဟု သူ့ကိုပြောသည်။
အံ့အားသင့်စရာ အပြုအမူနှင့် စကားတွေ။
အိမ်သို့ ရောက်သောအခါ နှင်းနှင်းလွင်သည် သူတို့နှစ်ယောက်ကိုကြည့်ကာ အံ့အားတသင့် ဖြစ်နေလေသည်။ ဦးမြတ်မောင်သည် ပြည့်တင်းသော ပါးနှစ်ဖက်တို့ စုန့်တက်လာသည်အထိ ပြုံးသည်။ ဆိုဖာပေါ်တွင် ထိုင်ရင်းနှင့်
“ညီမလေး သူငယ်ချင်းတွေထဲမှာ သူတစ်ယောက်ပဲ ဒီအိမ်ကို မရောက်ဖူး ဘူးဆိုလို့ အစ်ကိုကြီး သွားခေါ်လာတာ။ မောင်တင်အောင်ရှိန် လွတ်လွတ်လပ်လပ် နေပါကွာ။ သီချင်းဖွင့်ချင်လည်းဖွင့်ကြ။ ဗီဒီယိုကြည့်ချင်လည်း ကြည့်ကြ”
ထိုင်ရာမှ ချက်ချင်းထ၏။ စိတ်လှုပ်ရှားနေသော လက္ခဏာတွေ မပျက်သေး။ နောက်ဘက် အခန်းတွေဆီသို့ သွားခါနီးတွင် ခန်းဆီးအနီးမှာရပ်ပြီး သမင်လည်ပြန် ကြည့်သည်။
“ထမင်းတော့ စောပါသေးတယ်နော်”
တိုင်ကပ်ဓာတ်ခဲနာရီတွင် မွန်းလွဲနှစ်နာရီသာ ရှိသေး၏။ “ဟုတ်ကဲ့” ဟု သူ လှမ်းပြောသည်။ ခန်းဆီးကိုဖယ်ကာ အတွင်းသို့ ဝင်သွားသော ဦးမြတ်မောင်ကို သူ လှမ်းကြည့်သည်။ ထို့နောက် နှင်းနှင်းလွင်ကို မျက်လုံးချင်းဆုံသည်။
အကြောင်းပြချက်တစ်ခုခုဖြင့် မငြင်းမိသည်ကို အံ့သြရသည်။
“လွင် နေကောင်းနေပြီ မဟုတ်လား”
မေးရင်း နှုတ်ဆွံ့သွား၏။ နှင်းနှင်းလွင်၏ နှုတ်ခမ်းမှာ မသိမသာ ထူအမ်း အမ်းဖြစ်နေသည်။ သူ မျက်မှောင်ချီ၏။ “ကောင်းပါတယ်” ဟု နှင်းနှင်းလွင် ဖြေသည်။ နှုတ်ခမ်းကို သူ လက်ညှိုးညွှန်ကာ
“နှုတ်ခမ်းလေး နည်းနည်း ရောင်ချင်သလိုလို ဖြစ်နေတယ်”
“တစ်နေ့က ညနေက ပြန်ဖြစ်တာ”
“ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး။ ပျောက်သွားမှာပါ၊ ဆေးစားနေတာပဲ”
“စိတ်ညစ်စရာရှိလို့လား လွင်”
“စိတ်နဲ့ချည်း မဟုတ်ပါဘူး။ ပျောက်ခါနီးပါပြီ၊ အရင်နဲ့စာရင် အများကြီး သက်သာပါတယ်”
“စိတ်အထူးကုဆီမှာ ကုနေရတယ်ဆို”
ခေါင်းညိတ်သည်။ ထို့နောက် “မကြီးကျယ်ပါဘူး” ဟု မစိုးရိမ်စေလိုသော သဘောနှင့် ပြုံးပြီး ပြော၏။
“ကျွန်တော့်ကို လွင် ခေါ်ခိုင်းတာလား”
“ဟင့်အင်း... အစ်ကိုကြီး သွားခေါ်မယ်ဆိုတာတောင် မသိဘူး။ ကားပေါ်က နှစ်ယောက်သား ဆင်းလာတော့ ကိုယ့်မျက်လုံးကိုယ် မယုံချင်ဘူး။ ဘယ်လိုပြောပြီး ခေါ်လာတာလဲ ”
သူ ပြောပြလိုက်သည်။ နှင်းနှင်းလွင်သည် ခေါင်းတညိတ်ညိတ်နှင့် နားထောင် နေ၏။ သူ ပြော၍ ပြီးတော့မှ
“လွင် ကိုတင်အောင်ရှိန်ကို မတွေ့ရလို့ စိတ်ပြဿနာဖြစ်ပြီး ရောဂါလက္ခဏာ ပြလာတယ်လို့ အစ်ကိုကြီး တွက်တယ်နဲ့ တူပါရဲ့။ ဒါကြောင့် လာခေါ်တာဖြစ် မယ်"
“ဖြစ်နိုင်ပါတယ်၊ ဒါထက် မမဆွေကော”
တွေးစရာဖြစ်မည့် စကားတွေကို သူဖယ်ကာ သာမန်အကြောင်းသို့ စကားရွှေ့လိုက်၏။
“ဈေးသွားတယ်၊ ပြန်ခါနီးပါပြီ။ ကိုဝင်းမျိုးနဲ့ မတွေ့ရတာလည်း ကြာပြီ”
“တွေ့ချင်လား၊ လှိုင်လှိုင်ထွန်းကတော့ အိမ်မှာမရှိဘူး၊ ဝင်းမျိုးတော့ ရှိတယ်၊ လှမ်းခေါ်လိုက်ရမလား”
ခဏစဉ်းစားပြီးနောက်
“ကောင်းသားပဲ၊ ဆုံရတာပေါ့ ”
သူက ဖုန်းထားရာ စင်ဆီသို့သွားပြီး ဆက်၏။ လာရန်မှာပြီး စောစောက ဆိုဖာတွင် သူ ပြန်ထိုင်သည်။ ဧည့်ခန်း ရေမွှေးရနံ့ကြောင့် စိတ်ကြည်လင်လာသည်။ အတော်အသင့် ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် ပရိဘောဂတွေကို သပ်သပ်ရပ်ရပ် ထားသည်။ ပန်းအိုးတွေ၊ အလှပြပစ္စည်းတွေကို ထားပုံမှာ ဂျပန်အိမ်ဆန်သည်။
“ကျောင်းဘက်ကို မလာတော့ဘူးလား”
နှင်းနှင်းလွင်၏ အမေးကို
“အလုပ်စုံစမ်းတာ ဘာတာနဲ့ မရောက်ဖြစ်ဘူး”
သူ့ကို ပြုံးကာကြည့်လေသည်။ ကြား၍ကောင်းအောင်သာ ဖြေသောအဖြေဟု သိပုံရ၏။ သိသောအကြည့်ဟု သူ သဘောပေါက်သည်။
“ကိစ္စဝိစ္စလေးတွေ ပါးသွားရင် ကျွန်တော်တို့ဆုံဖို့ စီစဉ်ထားကြတယ်”
“တွေ့တဲ့အခါကျမှ ပြောဖို့ ကြိုစိတ်ကူးထားတဲ့ စကားမဟုတ်လား”
“တကယ်ပြောတာပါ”
“ကျွန်မ သတ္တိအတော်ရှိလာပါပြီ”
လွင် ပြန်လည်ပျောက်သွားမည်လားဟု စိုးရိမ်မိလိုက်သည်။
“လွင် ဘာလုပ်လုပ် ဘာပြောပြော ကျွန်တော် အမြဲထောက်ခံမှာပဲ”
နှင်းနှင်းလွင် ပြုံး၍သာ နေလေ၏။
“ဆယ့်နှစ်နာရီ ထိုးတဲ့အချိန်ကျရင် မုန့်ထုပ်တွေကို ယောင်လို့တောင် သတိမရဘူးလား”
“ဝယ်ကျွေးတဲ့သူကိုပါ ကျေးဇူးမမေ့ သတိရပါတယ်”
“တွေ့တော့မှ ပြောဖို့ ကျက်ထားတဲ့စကားထင်ပါရဲ့”
“ကျက်ထားတာ နောက်တစ်ခွန်းရှိသေးတယ်”
နှင်းနှင်းလွင် တိုးတိုးရယ်သည်။ နား၌ မရခဲ့သည်မှာ ကြာပြီဖြစ်သောရယ်သံ။ စိတ်အေးချမ်းသာ ရှိလာဟန်တူ၏။ မျက်နှာလေးမှာ ဝင်းလာသည်။
“အမေတို့ရော၊ ညီ၊ ညီမတို့ကရော လွင့်ကို သတိရနေကြတယ်”
“ကျေးဇူးတင်ပါတယ်။ လွင်လည်း အလားတူပါပဲလို့ ပြောပေးပါ”
“မာလာတင်နဲ့တော့ လွင်နဲ့ မကြာခဏ ဆုံမယ်ထင်ပါတယ်"
“ဒီနေ့ညနေတောင် လာမယ်ပြောထားတယ်၊ စောသေးတယ်”
*
နှုတ်ခမ်း ဟတတဖြစ်သွားသော မာလာတင်ကို ဝင်းမျိုးက လှမ်းပြုံး၏။ မာလာတင်သည် အံ့အားသင့်လွန်းသော မျက်နှာနှင့်ဖြစ်နေ၏။ ဧည့်ခန်းထဲသို့ တစ်လှမ်းချင်း လှမ်းဝင်လာသည်။ မျက်နှာချင်းဆိုင် ထိုင်လိုက်ကာ သူ့ကိုပြုံး၏။ ဘေးချင်းယှဉ်ထိုင်နေသော နှင်းနှင်းလွင်၏ ပခုံးပေါ်သို့ လက်ဖွဖွတင်သည်။
“အံ့သြလိုက်တာ”
မာလာတင် ဆို၏။ သူက ပြောပြ၏။ စကားဆုံးပြီး ခဏတွင် ဧည့်ခန်းထဲသို့ ဒေါ်မြဆွေ ဝင်လာ၏။ မာလာတင်ကို နှုတ်ဆက်စကားပြောသည်။ ထို့နောက် “ချက်လက်စ မပြတ်သေးဘူး၊ အိုးတွေပြတ်မှ လာစကားပြောတော့မယ်” ဟုဆိုကာ ဧည့်ခန်းထဲမှ ထွက်သွား၏။ “အစ်ကိုကြီးကော” ဟု မာလာတင်က နှင်းနှင်းလွင်ကို မေးသည်။ “အပြင်ခဏထွက်သွားတယ်။ မိတ်ဆွေတစ်ယောက် လာခေါ်လို့” ဟု နှင်းနှင်းလွင် ဖြေသည်။
“တစ်ယောက်ကိုတစ်ယောက် နားလည်မှုနဲ့ ခင်မင်လက်စ မပြတ်တာ ကောင်း ပါတယ်။ ကျွန်မတော့ အဲသလိုပဲ သဘောရပါတယ်။ ခင်ခင်မင်မင်၊ ဖေးဖေးမမနဲ့ နေကြရတာ ပျော်စရာကောင်းပါတယ်။ အခုလို နေရတာလေ”
မာလာတင်က ဝမ်းမြောက်စွာ ပြောသည်။ နှင်းနှင်းလွင်သည် သူ အိမ်ရောက် လာခါစကထက် လန်းဆန်းလာသည်။ ရယ်မောပျော်ရွှင်လာသည်။ ထမင်းဝိုင်းတွင် အပြုံး၊ အရယ်၊ အနောက်၊ အပြောင်တွေနှင့် စည်ကားသည်။
သူတို့ ပြန်ခါနီးတွင် နှင်းနှင်းလွင် မျက်နှာ နည်းနည်းညှိုးသည်။
[] [] []
[ ၂၅ ]
နှမ၏ ကျန်းမာရေးကို ဆိုးရွားလာမည်ကို စိုးလည်းရိမ်၏၊ စိတ်ချမ်းသာ အောင် ဖန်တီးလည်း ဖန်တီး၏။ သူနှင့် ပြန်လည်နီးစပ်သွားမည်ကို စိုးရိမ်ကောင်း စိုးရိမ်ဦးမည်လည်းဖြစ်၏။ ဦးမြတ်မောင်၏ရင်ထဲတွင် ရှုပ်ထွေးနေမည်ဟု တွေး၍ ရ၏။ ဖြေဆေးကျွေးသောသူ၏ ပူပန်သောကကို သူ သဘောပေါက်ခဲ့သည်။ သက်သာရာ သက်သာကြောင်းကို ဝိုင်းဝန်းကူညီသော သူတစ်ဦးအနေနှင့်သာ ကိုယ့်ကိုယ်ကိုယ် သဘောထားခဲ့သည်။ စိတ်ဓာတ်ကျဆင်းသော အပေါင်းအသင်း တစ်ယောက်ကို စိတ်ဓာတ်မြှင့်တင်ပေးသောအလုပ် ပြုလုပ်ပေးသူတစ်ဦးဟု မှတ်သား ထားလိုက်သည်။
နှင်းနှင်းလွင်သည် အစ်ကိုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက်စကား မပြော။ သို့သော် သူတွေးသလိုပင် တွေးလိမ့်မည်ဟု ထင်၏။ တာဝန်မကင်းဖြစ် ခဲ့ရာ ဖြစ်ခဲ့ကြောင်းကို ပြေစေတော့ဟူသော အလျှော့ပေးချက်။ ထိုအလျှော့ပေးမှု သည် မိမိမဖြစ်စေလိုသည်ကို အချိန်မရွေး ဖြစ်သွားနိုင်သည်ဟု ဦးမြတ်မောင် ကြောင့်ကြနေမှာ သေချာသည်။
ဦးမြတ်မောင် လာခေါ်သည့်နေ့က အိမ်အပြန်တွင် ဒေါ်မြဆွေကို သူ နှုတ်ဆက်ရင်း “စိတ်ချပါ မမဆွေ” ဟု သူ တစ်ခွန်းပြောခဲ့သည်။ ဒေါ်မြဆွေသည် ဆိုလိုသည်ကို သိသည်၊ ခေါင်းမညိတ်၊ ခေါင်းမခါ ဘာမျှမပြော။ မျက်နှာပူနေ သည်ကို သူတို့အားလုံး သတိပြုခဲ့ကြသည်။
နောက်နေ့တွင် နှင်းနှင်းလွင်က သူ့ထံသို့ ဖုန်းဆက်၏။
နေထိုင်ကောင်းကြောင်း၊ မနက်ဖြန်တွင် ကျောင်းတက်မည်ဖြစ်ကြောင်းပြောသည်။
ထို့နောက် “ကိုငွေဖလားဆီကို လာလည်ရမလားဟင်”ဟု မေးသည်။ ခွင့် တောင်းသံကြောင့် စိတ်မကောင်း ဖြစ်ရလေသည်။ “လာပေါ့...” ဟု သူ ပြောလိုက် သည်။
*
ဝင်းမျိုးက အဝေးကြည့်မျက်မှန်ကို လက်ကိုင်ပဝါဖြင့် ပွတ်ကာ မှန်ကြည်လင် အောင် ပြုနေသည်။ လှိုင်ထွန်းက ကိုယ်သုတ်ပဝါဖြင့် ဆံပင်တွေကို သုတ်နေ၏။ ရေချိုးပြီး ထွက်လာသော လှိုင်ထွန်းတွင် တစ်စုံတစ်ရာပြောလိုသော အရိပ်လက္ခဏာ ရှိနေ၏။ “ဝင်းမျိုး...” ဟု ခေါ်၏။ ဝင်းမျိုးက မျက်မှန်တပ်ပြီး လှမ်းကြည့်၏။
“စိတ်ကု အထူးသမားတော်ကြီးမှာ စိတ္တဇဖြစ်ရင် ဘယ်သူကုမှာလဲ”
လှိုင်ထွန်း နောက်သည်။ ဝင်းမျိုးက ဝိုင်းစက်သော မျက်လုံးအစုံဖြင့် သူ့ကို လှမ်းကြည့်ပြီး
“မလွင်က ပြန်ကုမယ်။ မလွင် နေကောင်းနေပြီပဲ။ အချစ်ရဲ့မျက်နှာက အားဆေးပါပဲဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်ရေးဖို့ ကောင်းနေပြီ”
လှိုင်ထွန်း ပြုံး၏။ “ဟုတ်တယ်” ဟုဆို၏။
“ပုံမှန်ဆက်ဆံရေးဖြစ်သွားတော့ စိတ်ရော ကိုယ်ရော ပုံမှန်ဖြစ်လာတာအမြင်ပဲ"
သူ ရယ်လိုက်သည်။ ထို့နောက်
“ငါက ငြမ်းကလေးတစ်ခုပါကွာ”
“ဘာ ငြမ်း... ဟုတ်လား” ဟု ဝင်းမျိုး မေး၏။ သူ ခေါင်းညိတ်ပြီး
“ဟုတ်တယ်၊ လောလောဆယ်မှာတော့ ရွှေချထားတဲ့ ငြမ်း။ နောင်တော့ဖျက်လိုက်ရုံပေါ့။ ငါ ကျေနပ်ပါတယ်”
လှိုင်ထွန်းသည် ကိုယ်ကိုရေသုတ်ရင်း ရပ်နေ၏။ နှုတ်ခမ်းပါးကို စေ့ထား သည်။ မျက်ရစ်မထင်သော မျက်လုံးအစုံကို မှေးပြီး တွေးနေသည်။ သူက လက်ဖက်ရည်ကြမ်း ပန်းကန်ကိုင်းကို ကိုင်ထားရင်းနှင့်
“ငါ ကရမယ့်အခန်းကို ငါ သဘောပေါက်နေပြီပဲကွာ။ ဘာလို့ ကွန့်ပြီး ကစရာလိုလဲ၊ စောင့်စည်းစရာ စောင့်စည်း၊ တွေ့ဆုံ စကားပြောစရာပြော။ အချိန် တန်ရင် သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွား၊ ဒါပဲရှိတာ”
ပြတ်သားသော စကား၊ သူငယ်ချင်းနှစ်ယောက်က အံ့သြနေသည်။ “ဘယ်လို ဖြစ်သွားတာလဲ” ဟု လှိုင်ထွန်း မေး၏။
သူပြုံးပြီး
“လွင်တို့ မောင်နှမတွေကို ငါ သနားတယ်ကွာ။ ငါ့ကိုယ်ငါထက် ငါ သနားတယ်။ နောက်ဆုံး ကုန်ကုန်ပြောမယ်။ လွင်...ကိုမောင်မောင်ကျော်ငြိမ်းကို လက်ထပ်ဖြစ်အောင်ထိ ငါ နားချပေးမယ်။ တာဝန်ကုန် အဲ့ဒီအဆင့်အထိ”
ဝင်းမျိုးက မီးညှိမည့်လက်ကို ခဏဆိုင်းကာ
“အရာရာမှာ ကိုယ်ချင်းစာနိုင်ဖို့ဆိုတာ သိပ်ခဲယဉ်းတဲ့ကိစ္စ။ မင်း ဘာတွေးပြီး ခုလိုပြောတယ်ဆိုတာ ငါ သဘောပေါက်ပါတယ်”
“လွင့်အစ်ကိုက ငါ့ကိုသဘောကျလို့၊ သဘောတူလို့၊ ကျေနပ်လို့ အိမ်အဝင် အထွက် လက်ခံတာ မဟုတ်ဘူးလို့ ငါသိထားဖို့လိုတယ်။ သူ့ညီမ ငါ့ကို တွေ့ချင်လို့လား၊ မတွေ့ရအောင် သူဖန်တီးလို့ ညီမ စိတ်ဆင်းရဲသွားတယ်။ ဒါကို ပြန်ဖြေတဲ့အနေနဲ့ ငါ့ကိုလာခေါ်တယ်။ သူ့ညီမအတွက် ဒါပဲ။ ငါ့အကျိုး စီးပွားအတွက် မဟုတ်ဘူးဆိုပြီး ငါ မငြင်းပါဘူး။ လွင် စိတ်ညစ်သွားရတဲ့ အထဲမှာ ငါက အဓိက၊ ငါ အဲ့သလိုပဲ နားလည်တယ်ကွာ”
လှိုင်ထွန်းသည် အိပ်ခန်းထဲသို့ ဝင်သွား၏။ ဝင်းမျိုးက ဆေးလိပ်ဖွာနေရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။ ထို့နောက်
“သဘောကတော့ ကိုယ့်ကြောင့် စူးရတဲ့ဆူး၊ ကိုယ်ကိုယ်တိုင် ပြန်နုတ်ပေး တယ်။ ဟုတ်လား... ဒီလိုလား”
“အမှန်ပဲ”
“ကောင်းပါတယ်။ မင်း ခံနိုင်ရည် အတော်ရှိလာသားပဲ”
“အဖြစ်အပျက်တွေက သင်ပေးတာလေ။ ခံစားချက်ကို ရှေ့တန်းထုတ်ရတဲ့ အချိန် ကုန်သွားပြီ။ ခုဟာက တာဝန်ဝတ္တရားလည်း ဝတ္တရား”
“တတ်သိနားလည်တဲ့ လူကြီးလို မင်းနေတော့မယ် ဆိုပါတော့”
“ဟုတ်တယ်၊ နေမယ်”
“နှစ်ယောက်စလုံး နေနိုင်ပါစေကွာ”
ခဏအကြာတွင် လှိုင်ထွန်းက အဝတ်အစားလဲ၊ ခေါင်းဖြီးပြီး ပြန်ရောက်လာ သည်။ “ငါ စဉ်းစားမိတယ်၊ ဦးမြတ်မောင်နေရာက” ဟု အစချီပြီး
“မလွင် သက်သာပြီး လုံးဝ ပျောက်သွားပြီ ဆိုပါတော့။ မင်းကို မလာနဲ့တို့၊ လမ်းဖြတ်ပါတို့၊ အဆက်အဆံမပြုပါနဲ့တို့ အဲဒီသဘော သက်ရောက်မှာမျိုး အတော် အပြောရခက်မှာပဲနော်။ ချစ်ကြိုက်သွားမှာ ခိုးခက်ပြေးမှာလည်း စိုးရ၊ တားဖို့လည်း ခက်ရနဲ့။ သဘောပေါက်လား တင်အောင်ရှိန်”
သူ ခေါင်းညိတ်၏။ ထို့နောက်
“စောစောက ငါပြောတာ အဲဒါပေါ့ လှိုင်ထွန်း၊ ငါက အလိုက်သိရမယ်။ သိတတ်ရမယ်။ ယတိပြတ် ဆုတ်ခွာတာမျိုး မဟုတ်ဘဲ မသိမသာ တရွေ့ရွေ့ ခွာထွက်ပေးရမယ်”
ဝင်းမျိုး သက်ပြင်းချသည်။ မျက်ရိုးမို့မို့ပေါ်သို့ လက်ဖဝါးကပ်ပြီး ချွေးစ ဖယ်၏။ အိမ်ရှေ့ပန်းခြံကို ကြည့်နေရာမှ သူ့ဘက်သို့ ကိုယ်လှည့်ထိုင်ပြီး
“လွင်က မင်း အခုလို ဟိုအရင်ကလို လာတွေ့တာတို့၊ ထိုင်ထိုင် စကား ပြောတာတို့ ပြန်လုပ်လာတော့ အတော်ပျော်နေတာ သိသာတယ်”
“ဟုတ်တယ်” ဟု လှိုင်ထွန်း ဆို၏။ သူက ပက်လက်ကုလားထိုင်ပေါ်သို့ ပြောင်းထိုင်ပြီးနောက်
“ဒါပေမဲ့ သူလည်း ဟိုအရင်ကလို နှုတ်မသွက်တော့ဘူး၊ ငါလည်း နှုတ် မရွှင်တော့ဘူး။ စကားခပ်အအ ဖြစ်နေတယ်။ ဟိုစကားက ဒီရောက်၊ ဒီစကားက ဟိုရောက်နဲ့”
ဝင်းမျိုးက
“ရှိုးတိုးရှန့်တန့်ဖြစ်တာ ပြေမှ မပြေကြသေးတာ။ ဒီလိုပဲ ရှိမှာပေါ့ကွာ”
လှိုင်ထွန်းက ခေါင်းတစ်ချက် ဆတ်ပြီး
“ဒီလိုလည်း ရှိမယ်။ တွေ့ဆုံခေါ်ပြော... နေသာ နေရတာ။ သိပ်မကြာခင်မှာ လမ်းခွဲထွက်ကြရမှာပဲဆိုတာ သိနေကြတာကိုး။ မပိုင်ဆိုင်ရမှန်း သိနေကြတဲ့ သက်ဆိုင်ချင်ရက်နဲ့ မသက်ဆိုင်ရတော့တဲ့ သူချင်းကိုးကွ”
သူ တိုးတိုးရယ်၏။ ရယ်သံပါးပါးနှင့်အတူ
“မင်း စကားလုံးတွေက အတော်ငြိတာပဲ။ မင်းစကားက ကောင်းလွန်းတော့ ငါ လွမ်းတာထက်တောင် ပိုလွမ်းလာတယ် လှိုင်ထွန်း”
ဝင်းမျိုးက ဟင်းခနဲ တစ်ချက်ရယ်၏။
** **
၁၁ဆက်ပါမည်
* နွေဦးဝင်သော် * { ၁၁ }
ငြိမ်းကျော်
သဇင်ပွင့်ရာ ရာသီဖြစ်၍လား မသိ၊ လေသည် သင်းပျံ့နေသည်။ လတ်ဆတ် အေးမြသောလေကို ရှူရ၍ အားတက်သည်။ သစ်ခွတွေ ပွင့်သဖြင့်လည်း ရနံ့ သင်းနေဟန်တူသည်။ ဆောင်း၏ အအေးအငွေ့အသက်ကို ကြည်နူးခြင်းသည် အောက်မေ့ခြင်းနှင့်တကွ ဖြစ်စေသည်ဟု ထင်ရ၏။ မြတ်နိုးဖွယ် ကာလတစ်ခုကို ဖြတ်သန်းနေရသည်ဟု ခံစားရ၏။
ထိုရက်များအတွင်း နှင်းနှင်းလွင်၏ အိမ်သို့ တစ်ခေါက်၊ ဌာနသို့ သုံးခေါက် ရောက်ခဲ့သည်။ အလုပ်အကိုင် ကိစ္စကိုပါ စုံစမ်း၊ အိမ်ကမှာသော ပစ္စည်းဝယ်၊ အပြန်တွင် နှင်းနှင်းလွင်ထံသို့ ဝင်မည်ဟု စိတ်ကူးခဲ့သည်။ အရှေ့ဖျား နိုင်ငံတစ်နိုင်ငံ တွင် အလုပ်သွားလုပ်ရန် လှိုင်ထွန်း လမ်းစရသည်။ အဆင်သင့်လျှင် သင်တန်း တစ်ခုခုသို့ပါ တက်ခွင့်ရနိုင်သည်ဟု သိရသည်။ တွေ့ရမည့် သူတို့နှင့် တွေ့ပြီး ချိန်တွင် မွန်းလွဲနှစ်နာရီနီးပါး ရှိပေပြီ။ ကော်ဖီမှုန့်၊ နို့ဆီနှင့် နို့စိမ်းဘူးတွေဝယ်ပြီး နှင်းနှင်းလွင်တို့ဌာနသို့ ကားကို မောင်းလာခဲ့သည်။
သုံးနာရီသာသာတွင် ရောက်သွားသည်။
သူ့ကို တွေ့သောအခါ ဓာတ်ခွဲခန်းထဲမှ ထွက်လာ၏။ စားသောက်ဆိုင် တန်းသို့သွားရာ လမ်းတစ်လျှောက်တွင် စကားတွေ ပြောလာကြသည်။ အအေး ဆိုင်ထဲတွင် ထိုင်ပြီးနောက် နှင်းနှင်းလွင်က
“ကျောင်းတက်နေတုန်းက ထိုင်နေကျ တိုးချဲ့ဆောင်လေးကို သတိမရဘူးလား"
“ရပါတယ်”
အအေးသောက်နေရင်းနှင့် သူက
“တနင်္ဂနွေနေ့တုန်းက လွင် အိမ်ကိုလာမယ်ဆိုပြီး ဘာလို့ မလာဖြစ်တာလဲ”
“အစ်ကိုကြီးက ရုပ်ရှင်သွားကြည့်မယ်လို့ ပြောတာနဲ့ မလာဖြစ်တာ၊ မျှော်လို့လား"
“ဘယ်မှမသွားဘဲ ထိုင်စောင့်နေတာပေါ့”
“နောင်ဆို ထိုင်မစောင့်နဲ့”
“ဘာဖြစ်လို့လဲ လွင်”
“ထိုင်စောင့်နေတာ ညောင်းတယ်။ အိပ်ရာထဲ လှဲစောင့် သက်သောင့်သက်သာပေါ့"
သူ ရယ်လိုက်သည်။ အရွှန်းအနောက် မပြောခဲ့သည်မှာ သတိပြုစေပြီအထိကြာခဲ့ပေပြီ။ ကြားရပြန်၍ နားဆန်းသည်။ ရွှင်လန်းလာသည်။
“မတ်တတ်ရပ်ပြီး စောင့်မယ်။ အညောင်းအညာပြေအောင်”
သူ အပြက်ပြောသည်။ နှင်းနှင်းလွင် ပြုံးလေ၏။ အနွေးထည်ကိုပါ ကြယ်သီးဖြုတ်ရင်း
“မနေ့က ကိုဝင်းမျိုး လာသွားသေးတယ်”
“ဟုတ်လား၊ သူနဲ့ကျွန်တော် မတွေ့တာ လေးငါးရက်ရှိပြီ။ သူက သူ့မိဘတွေ အော့ဖ်ဆက်ထောင်ပေးလို့ အဲဒီအလုပ်ထဲ နစ်နေတယ်”
“ကျောင်းပြီးသွားကြတော့ သူငယ်ချင်းတစ်တွေ နေ့တိုင်း မဆုံနိုင်၊ မတွေ့ နိုင်တော့ဘူးနော်။ ကျောင်းသားဘဝက ပျော်စရာပဲ”
“ကျောင်းပြီးတော့ အလုပ်ခွင်ဝင်၊ အိမ်ထောင်တွေကျ၊ တွေ့ဖို့ သာပြီးဝေး၊ ဟိုနယ်ပြောင်း ဒီနယ်ပြောင်းနဲ့၊ တစ်မျိုးကြီးပဲနော်... ဘဝကြီးက”
“ဟုတ်တယ်၊ လွင်တော့ စိတ်ညစ်စရာ အလေးအနက်တွေ မတွေးတာ အတော်ကြာပြီ။ အခု အိမ်မှာ ကြီးတော်တစ်ယောက်က တရားထိုင်တာ လာသင်ပေး နေတယ်။ ဆယ်ရက်လောက်ရှိပြီ”
“ဘာသင်ပေးလဲ လွင်”
“ထွက်သက် ဝင်သက် မှတ်တာ။ စိတ်တည်ငြိမ်အောင် ထိန်းတာလေ”
“ရလား”
“ခုမှ အစပဲဟာ၊ မိလိုက် လွတ်လိုက်ပေါ့” ဟု နှင်းနှင်းလွင် ပြောသည်။ ထောပတ်သီးဖျော်ရည် ဖန်ခွက်ကိုင်းကို ကိုင်ကာ ဇွန်းဖြင့် ခပ်စားပြီးနောက်
“လေးနက်တာကြီးတွေ မတွေးပါနဲ့ လွင်ရာ၊ အားလုံးဟာ အကျိုးအကြောင်း ဆီလျော်ပြီးသားတွေချည်းပါ။ စိတ်ချမ်းသာအောင်နေမှ၊ ဘဝက တိုတောင်းတယ်။ အရင်ကလို လွင် ဘုတောတာတွေ ကောတာတွေလုပ်ရင် ကောင်းမယ်"
မျက်ခုံးတစ်ချက် ပင့်ကာ
“ဘာဖြစ်လို့လဲ”
“နားရော စိတ်ရော ချမ်းသာလို့”
“တကယ်လား ကိုတင်အောင်ရှိန်”
သူ ခေါင်းအညိတ်တွင်
“ရန်တွေ့ချင်နေတာ ကြာပြီ၊ သိတယ်မဟုတ်လား။ ရှေ့တစ်လှမ်းတိုးလိုက်၊ နောက်ကို နှစ်လှမ်းဆုတ်လိုက် ပြစ်ချက်လေ။ အားတော့မှ ကျကျနန ရန်တွေ့ မယ်"
“ကာယကံရှင်အနေနဲ့လား၊ ဘေးလူ သဘောထားပြီးတော့လား”
“လွင် နားမရှင်းဘူး”
“ဪ…. ရှေ့တိုးခဲ့ပြီး နောက်ဆုတ်သွားတဲ့သူကို သဘောမကျတဲ့ ကာယကံရှင် အနေနဲ့ ရန်တွေ့မှာလား၊ ဒါကို မြင်နေရတဲ့ ဘေးက ပွဲကြည့်ပရိသတ်ထဲက တစ်ယောက်အနေနဲ့ ရန်တွေ့မှာလား အဲ့သလိုမေးတာ”
“လွင် ပရိသတ်ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါတယ်”
သူ ပြုံးသည်။ စာသင်ဆောင်တွေဘက်သို့ လှမ်းကြည့်ပြီး
“သင့်လျော်တဲ့ စကားပါပဲ လွင်”
“လွင့်ကိုယ်လွင် အစက အတော်အထင်ကြီးခဲ့တာ။ စိတ်မာတယ်၊ စိတ်ခိုင် တယ်၊ ပြတ်သားတယ်လို့၊ နောက်မှသိရတော့ တခြားစီပဲ”
“ကျွန်တော်က အခုမှ လွင် အခုပြောတာတွေကို လေ့ကျင့်နေတာ”
“ရပြီလား”
“တော်တော်ရပြီ လွင်”
စည်းခြားခြင်းကို ငြင်းဆိုခြင်း မရှိကြသော စကားတွေ။ ခြွင်းချက်ထားရခြင်း သည် အားနည်းမှုတစ်ရပ်ဟု သူ ပြောလိုက်သည်။ “သဘောတူပါတယ်၊ အဲဒီ စကားကို" ဟု နှင်းနှင်းလွင် ပြောသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်ကြသည်။
[] [] []
[ ၂၆ ]
“လွင့်ကို ကိုမောင်မောင်ကျော်ငြိမ်းက မေးတယ်။ သူ့အပေါ်ထားတဲ့ သဘော ထား၊ လွင်က သူ့ကို စိတ်ဝင်စားမှု ရှိ၊ မရှိပေါ့။ လွင်က စိတ်ဝင်စားမှု ရှိ၊ မရှိစဉ်းစားဖို့ ကျွန်မမှာ အခွင့်အရေး ရှိမှမရှိတာလို့ ဖြေခဲ့တယ်တဲ့။ ဆက်ဆံရေး အေးတိအေးစက်ဖြစ်လို့ အစ်ကိုကြီးက တယ်ပြီး သဘောမကျဘူး။ ညီမကို တိုက်ရိုက်တော့မပြောဘူး။ မမဆွေကတစ်ဆင့် ပြောခိုင်းတယ်” ဟု မာလာတင် ပြန်လည်ပြောပြသည်။
ယခုနောက်ပိုင်း နှင်းနှင်းလွင် စိတ်ငြိမ်ဆေး မှီဝဲစရာ မလိုတော့သော အခြေအနေကို ဦးမြတ်မောင် စိတ်ချမ်းသာကြောင်း သိရသည်။ သူ အသွားအလာ ကျဲသွားသည်ကို ဦးမြတ်မောင်က နှမဖြစ်သူအား မမေး၊ ဇနီးကိုသာ မေးသည်။ ဘာမျှတော့မပြောဟု သိရသည်။
“ကျွန်မကို မမဆွေက ပြောတယ်၊ သိလား၊ ကိုတင်အောင်ရှိန်ကို သူ အားနာတယ်တဲ့”
သူ မချိတချိ ပြုံးကာ
“မာလာတင်တို့အိမ် အလှူတုန်းက ကျွန်တော့်ကို ကိုမောင်မောင်ကျော်ငြိမ်းနဲ့ လွင်နဲ့ ဘယ်လိုဘယ်ညာဆိုတာ မြိန်ရေရှက်ရေ လာပြောတာကိုလား”
“အဲဒါလည်း ပါတာပေါ့ "
“ကျွန်တော် မမဆွေကို တစ်နေ့လောက်မှ လှမ်းနောက်ရဦးမယ်။ လွင်လည်း ကျန်းမာပကတိ ချမ်းသာစွာလည်းရှိရော ကျွန်တော့်ကို အိမ်အလည်လာဖို့ ခေါ်ဖော် တောင် မရတော့ဘူးလားလို့”
မာလာတင် လက်ကာပြီး ပျာပျာသလဲနှင့်
“သွားမပြောလိုက်နဲ့နော်၊ အစ်ကို ဦးမြတ်မောင်ကလည်း ကိုတင်အောင်ရှိန်ကို ရှိုးတိုးရှန့်တန့်ဖြစ်နေတာ။ မျက်နှာလည်းပူ အားလည်းနာ ကျေးဇူးလည်းတင်။ အဲသလို ဖြစ်နေတာ။ ကိုတင်အောင်ရှိန် တစ်ပတ်တစ်ခါ မရောက်၊ ဆယ်ရက်တစ်ခါ မရောက်တာ သူတို့ သတိထားမိတာပေါ့။ ဒါပေမဲ့ လာလည်ပါဦးလို့ ပြောဖို့ ခက်နေတယ်။ သဘောပေါက်မလားတော့ မသိဘူး”
သူ ခေါင်းညိတ်လိုက်သည်။ မကျဉ်းမကျယ် နဖူးကို လက်ကိုင်ပဝါဖြင့် ပွတ်ပြီး
“ပေါက်ပါတယ်။ ကျွန်တော့်ကိုလာခေါ်တာ ဆေးဆရာလို သဘောထားပြီး လာခေါ်တာ။ လွင့်ရည်းစားလို့ သဘောထားပြီး လာခေါ်တာလည်း မဟုတ်ဘူး။ လွင်နဲ့ ရည်းစားဖြစ်မယ်ဆိုရင်လည်း သဘောတူပါတယ်ဆိုတဲ့ သဘောနဲ့ လာခေါ် တာလည်းမဟုတ်ဘူး။ အရင်က သူတို့ ပြောထား၊ ရေးထားတာတွေကို ရုပ်သိမ်းတဲ့ အနေနဲ့လည်း မဟုတ်ဘူး။ ခုအချိန်မှာ ကျွန်တော်က အလိုက်သိစွာ ကိုယ်ရှိန် သတ်တာ သူတို့မသိဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ ခေါ်ရင် သူတို့ကို အဓိပ္ပာယ် ကောက်လွဲမယ်၊ မလာနဲ့ဆိုတာမျိုးကတော့ ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ မလုပ်ကောင်းဘူးလို့ မမဆွေတို့ နားလည်ပြီးသားပဲ”
မာလာတင်က ပင့်သက်တစ်ချက်မှုတ်သည်။ စိတ်မောသော လက္ခဏာ။ သူ့ကို စိတ်မကောင်းစွာ ကြည့်နေလေသည်။ ထို့နောက် သူ ပတ်သက်လာခြင်း မရှိမီက ရှိနှင့်ပြီးသော အစီအစဉ်ကို မည်သို့မျှ ပြုပြင်ပြောင်းလဲခြင်းငှာ မတတ်စွမ်းသောကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း ဦးမြတ်မောင်နှင့် ဒေါ်မြဆွေတို့က မာလာတင်ကို ပြောပြသည်ဟုဆို၏။ ထိုအစီအမံသာ မရှိခဲ့လျှင် ကန့်ကွက်စရာအကြောင်းမရှိဟု မာလာတင်ကို ပြောခဲ့ကြသည်ဟု သိရသည်။
“ကံကြမ္မာရဲ့ ရုပ်သေးရုပ်လေးတွေပါပဲ မာလာတင်”
“ခုလို သိသိကြီးနဲ့ မသိယောင်ဆောင်နေရတာ ပင်တော့ ပင်ပန်းတယ်။ ရေရှည်အတွက်တော့ ကောင်းတယ်”
*
အရာခပ်သိမ်းကို ဖွင့်ဟ ပြောပြကြေး၊ အတတ်နိုင်ဆုံး ဖေးမကူညီရေး၊ ကြံ့ခိုင်သော စိတ်နှလုံးနှင့် ရင်ဆိုင်ကြေး သဘောတူညီချက်ကို နှစ်ဦးကြားတွင်ထူထောင်လိုက်ကြသည်။ အရင့်ကျက်ဆုံး ခင်မင်မှုနှင့် နေသွားကြရန် စကားကို နှင်းနှင်းလွင်က စတင်ပြီး ပြောခဲ့သည်။ ကုသိုလ်ကံ ရှိနေသေးသရွေ့ တွေ့မြင်နိုင်ကြဦး မည်ဖြစ်သည်။ ဤအခွင့်အရေးကိုပင် ကျေနပ် တန်ဖိုးထားရမည်။ တွေ့ဆုံနေကြ အခိုက်အတန့်တွင် စိတ်ဆင်းရဲစရာများ တွေးတောပြောဆိုနေကြခြင်းကြောင့် ကံပေးရာအချိန်ကို အလွဲပြုရာကျမည်ဟု သူ ပြောခဲ့သည်။ သော
“မျက်နှာတွေ အမ်းလာ၊ နှုတ်ခမ်းတွေ ရောင်ကိုင်းလာတာ အစ်ကိုကြီး မြင်ရတော့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တာ စိတ်မကောင်းဘူး။ စိတ်ကြောင့် ဖြစ်တာလို့ သိရပြီးတဲ့နောက်မှာ သူ့ပယောဂ မကင်းဘူးလို့ ယုံကြည်တော့ တော်တော် စိတ်ထိခိုက်ခဲ့တာ။ လျှောက်စိုးရိမ်တော့ ဦးနှောက်ပျက်သွားရင် ငါ့ညီမလေးဘဝ ဆုံးပါပြီလို့ မမဆွေကို ပြောတယ်”
နှင်းနှင်းလွင်က ပြန်ပြောင်း ပြောပြသည်။
“အဲဒီတုန်းက ကျွန်တော် သိပ်လာချင်တာ”
“သိတယ်”
“သင့်၏၊ မသင့်၏ လျော်၏၊ မလျော်၏ ငဲ့ရညှာရ စောင့်စည်းရ စည်းစောင့် ရတဲ့ အကန့်အသတ်တွေထဲမှာ ကျွန်တော် နေခဲ့ရတယ် လွင်”
“လူ့စည်းကမ်း ကလနားတွေဟာ များလွန်းတယ်လို့ တစ်ခါတလေ ထင် တောင် ထင်မိတယ်။ နောက်တော့လည်း ဒီစည်းတွေ ကမ်းတွေကြောင့်ပဲ ကောင်းရာ ကောင်းကြောင်း ဖြစ်ရတာပဲဆိုပြီး ကျေနပ်လိုက်ရတယ်။ မကျေနပ်တောင် လက်ခံလိုက်ရတယ်”
“ဟုတ်ပါတယ်၊ သူများစိတ်ဆင်းရဲမှုနဲ့ ရင်းနှီးပြီးမှရမယ့် ကိုယ့်လိုအင်ဆန္ဒ ပြည့်ဝရေးကို ကျွန်တော် မလိုချင်ဘူး”
“သိသားပေါ့။ အစ်ကိုကြီးစာကို ရပြီးကတည်းက ကိုတင်အောင်ရှိန် နောက် ကြောင်းပြန်ဆုတ်တာလေ” ဟု ပြုံးပြီးပြောသည်။ သူ လိပ်ပြာမလုံစွာ ရယ်လေ သည်။
“ခုလည်း ကျွန်တော်တို့ မလှမ်းမကမ်း နေနေတာကိုပဲ အစ်ကိုကြီး ကိုမြတ် မောင် အလိုရှိမှာပဲ။ တွေ့ဆုံနေကြတာများမှာကို သူ လိုလားမယ်မဟုတ်ဘူး။ ရင်တထိတ်ထိတ်နဲ့ စိတ်မချနိုင်တာမျိုး သူ ဘယ်လိုချင်ပါ့မလဲ”
နှင်းနှင်းလွင် ခေါင်းညိတ်သည်။ ထို့နောက်
“မေးတယ်။ ညည်း...မောင်တင်အောင်ရှိန်တို့ အိမ်လေးဘာလေး မရောက် ဘူးလားတဲ့။ မောင်တင်အောင်ရှိန် ဒီလာမလည်တာ အတော်ကြာပြီပဲ၊ ကျောင်းကိုကော မလာဘူးလားတဲ့ အစ်တာ။ လွင်က ချိုပြီး ဖြေရတာပေါ့”
ပြောပြီးတော့ ရယ်သည်
[] []
[ ၂၇ ]
ပိုမိုပွင့်လင်းလာသော အခြေအနေတွင် စိတ်နှလုံး ခိုင်ကျည်စွာ ရင်ဆိုင်နိုင် အောင် ကြိုးစား၍ အတော်အတန် ရလာခဲ့သည်။ ကိုမောင်မောင်ကျော်ငြိမ်း၏ မိဘတွေ အလည်လာသောအကြောင်းကို နှင်းနှင်းလွင် ပြောသည်။ သတင်းစာပါ မထူးခြားသော သတင်းရိုးကြီးကို သိရသကဲ့သို့ သူ နေနိုင်လာခဲ့သည်။ ကိုမောင်မောင် ကျော်ငြိမ်း၏ မိဘတွေ ယခုတစ်လော အလာစိပ်လာသည်ဟု သိရသည်။ အစ်ကိုကြီး နှင့် မည်သည့်စကားတွေ ပြောသည်ကိုကား မသိရဟုဆို၏။ သာမန်စီးပွားရေး အကြောင်း၊ နှုတ်အလျဉ်းသင့်ရာ အကြောင်းပေပဲလား၊ သားရေးသမီးရေး ကိစ္စပေ ပဲလား မသိဟု နှင်းနှင်းလွင် ပြောပြသည်။
“ကိုမောင်မောင်ကျော်ငြိမ်း ပြန်သွားပြီးနောက် ယခုအထိ သူတို့အိမ်သို့ စာတစ်စောင်မျှ ရောက်မလာ” ဟု နှင်းနှင်းလွင် ပြောပြလေသည်။ သူတို့နှစ်ယောက် ၏ အခြေအနေကို မည်သို့ပင် ကြားရ၊ သိရစေဦး၊ ခံနိုင်ရည်ရှိပြီဟု ယုံကြည် လာသည်။ နှင်းနှင်းလွင်နှင့် အနေအထားကို ဝင်းမျိုးက
“ကြေကွဲစရာ လမ်းခွဲဖို့အတွက် ဉာဏ်ပညာနဲ့ယှဉ်ပြီး သတ္တိမွေးနေတဲ့ နှစ်ယောက်ပါပဲ”
“တို့ရဲ့ တွေ့ဆုံပုံက နောက်ကျနေနှင့်တာ ဘာတတ်နိုင်မှာလဲ သူငယ်ချင်းရယ်"
“တရားနဲ့ ဖြေရုံအပြင် ဘာရှိမှာလဲ။ အင်း... ဒီလိုပဲဖြစ်ရမှာပေါ့ကွာ”
“သူလည်း တရားတွေထိုင်၊ တရားစာဖတ် ရင်ဆိုင်ပွဲတစ်ခုအတွက် သူ ပြင်ဆင်နေတာလေ”
“ငါတို့ သဘောပေါက်ပါတယ်” ဟု ဝင်းမျိုး ပြောသည်။
*
နှင်းနှင်းလွင် အလည်ရောက်လာသောအခါ အမေနှင့်အဖေတို့က အံ့သြ ကြသည်။ မလာသည်မှာ ကြာခဲ့ပြီဟု မေးရိုးမေးစဉ် မေးရမည့်မေးခွန်းမှ ရှောင်ရှား ခဲ့ကြသည်။ ဖြေရမည့်သူ၌ ဉာဏ်အသင့်မကိုက်လျှင် မကောင်းဟု သဘောရ၍ အမှတ်မဲ့ပင် နေကြသည်။ “ဘာစားမလဲ၊ ဘာသောက်မလဲ” ဟု ရှေးကကဲ့သို့ လောကဝတ်စကား ပြောသည်။ နှစ်လိုစဖွယ် ခရီးကြုံ၊ စကားတွေသာ ပြောကြ သည်။ နေထိုင်မကောင်းရှိစဉ်က ကျန်းမာရေးသတင်းကိုလည်း မသိသကဲ့သို့ နေ ခဲ့ကြသည်။
သူ ပြော၍ အကြောင်းစုံကို အမေတို့ သိထားခဲ့သော်လည်း တစ်ဖက်သား စိတ်သက်သာရာရအောင် စကားဆင်ခြင်ခဲ့ကြသည်။ ပညာရေးနှင့် စပ်လျဉ်း၍ မေးမြန်းခြင်း မပြုခဲ့ကြပေ။
“အားလုံးက လွင့်ကို ခင်မင်နေကြတုန်းပဲနော် ကိုတင်အောင်ရှိန်”
“အခင်မင်ပျက်စရာ ဘာတစ်ခုမှ ရှိမှမရှိခဲ့တာပဲ”
“ခုထိ ဆက်လက်ခင်မင်ကြတာ ဂုဏ်ယူစရာကောင်းပါတယ်”
နှင်းနှင်းလွင် မဲ့ပြုံး တစ်ပြုံးပြုံးသည်။ သူ တစ်စုံတစ်ရာ ပြန်ပြောခါနီးတွင် ခြံဝမှာ လူရိပ်မြင်ရသည်။ လှိုင်ထွန်းက အိမ်ဆီသို့ လှမ်းကြည့်ပြီး လျှောက်လာ၏။ “ချိန်းထားရင်တောင်မှ လွဲဦးမယ်” ဟု နှင်းနှင်းလွင် ပြောလေသည်။ အိမ်ပေါ် ရောက်သောအခါ လှိုင်ထွန်းက နှင်းနှင်းလွင်ကို လှမ်းနှုတ်ဆက်သည်။ ကုလားထိုင် တွင် ထိုင်ပြီးမှ မာလာတင်နဲ့ ချိန်းထားတယ်။ “နေ့လယ်လောက် ဒီကိုလာမယ်” ဟု ပြောသည်။ လှိုင်ထွန်းသည် အနွေးထည်ကို ဇစ်ဖြုတ်ပြီး စီးကရက်ဘူးကို ထုတ်သည်။
“ဝင်းမျိုးကော”
သူ မေးသည်။ လှိုင်ထွန်းက စီးကရက်တစ်လိပ် ထုတ်ယူပြီး
“သူ အလုပ်အရမ်းများနေတယ်။ ဖလင်ခွဲတာဆိုလား၊ ဘာလား အဲဒါ သင်နေတယ်”
နှင်းနှင်းလွင်က
“ကိုဝင်းမျိုးနဲ့ မတွေ့တာကြာပြီ”
“ကျွန်တော်နဲ့လည်း ဒီလိုပဲ” ဟု လှိုင်ထွန်းပြောသည်။
*
သူနှင့် နှင်းနှင်းလွင် အံ့အားသင့်သွားကြ၏။ နှင်းနှင်းလွင်က ဟယ်ခနဲဖြစ်ကာ နှုတ်ခမ်းဟတတနှင့် ရှိနေ၏။ “တော်တော် သိုသိပ်ပါလား” ဟု သူ အံ့ဩစွာ ပြောလေသည်။ ရှက်ပြုံးနှင့် ကြည့်နေသော မာလာတင်က တစ်ချက်ရယ်၏။"အချိန်မတန်သေးလို့ ငါတို့ အသိမပေးခဲ့တာ။ ငါနဲ့သူနဲ့ ချစ်သူဖြစ်တဲ့အချိန်က မလွင် အစ်ကိုကြီးစာကို မမဆွေ မင်းဆီ လာပို့တဲ့နေ့” ဟု လှိုင်ထွန်း ပြောသည်။ သူက လှိုင်ထွန်းကို လက်ဆွဲနှုတ်ဆက်ပြီး “ဂုဏ်ပြုပါတယ်” ဟု ဝမ်းသာအားရ ပြောလေသည်။
“မမမာလာ တကယ်လျှိုတာပဲ”
မာလာတင် ပြုံးနေသည်။
“ကိုဝင်းမျိုးကော သိရဲ့လား”
မာလာတင်က ကျစ်ဆံမြီးဆံပင်ကို ကျောဘက်သို့ ဖယ်ချပြီး
“ဟင့်အင်း...”
သူက “ဝင်းမျိုးသိရင် ငါတို့လိုပဲ အံ့ဩမှာ” ဟု ပြောလေသည်။
“ဒါပေါ့” ဟု လှိုင်ထွန်း ပြောသည်။ မာလာတင်နှင့် လှိုင်ထွန်းတို့ ချစ်သူ ဖြစ်သွားခြင်းသည် အုပ်စုထဲတွင် ခိုင်မြဲမှုဂဟေဟု သူတွေးသည်။ ချစ်သူဖြစ်သွား ကြသူ နှစ်ဦးကိုကြည့်ကာ သူ ကြည်နူးနေသည်။ အပြောင်းအလဲတစ်ခုကို မထင် မှတ်လျက် သိလိုက်ရသောကြောင့် စကားပင်လျှင် မဝေဆာနိုင်သေး။
*
နှင်းနှင်းလွင်သည် မသိရသေး၍လား၊ သိလျက်နှင့်ပင်လား မပြောတတ်။ ထိုအကြောင်းကို မဟခဲ့။ လာမည့် တန်ဆောင်မုန်းလတွင် မောင်မောင်ကျော်ငြိမ်းကို မိဘတွေက ခဏခေါ်မည်၊ လက်ထပ်ပေးမည်ဟူသော အကြောင်း။ မောင်မောင် ကျော်ငြိမ်း၏ မိဘတွေက နှင်းနှင်းလွင်၏ အစ်ကိုနှင့် ယောက်မကို ပြောပြသည်ဟု သိရသည်။ ထိုအကြောင်းကို ဒေါ်မြဆွေက မာလာတင်အား အသိပေးသည်။
သူက မာလာတင်ကို မေးသည်။ နှင်းနှင်းလွင် သိ မသိ။ “မပြောတတ်” ဟု မာလာတင် ဖြေသည်။ မာလာတင်က နှင်းနှင်းလွင်ကို မေးကြည့်ပေးမည်ဆို၏။ မေးပြီးသောအခါ မေးမှ သိရကြောင်း နှင်းနှင်းလွင်ပြောသည်ဟု သိရ၏။
“မမဆွေတို့ ဘာလို့ မပြောသလဲ မသိဘူး” ဟု နှင်းနှင်းလွင် ဆိုသည်။ “မမဆွေကို မေးသင့်မှ မေး” ဟု မာလာတင် သတိပေးသည်။ “ကိုတင်အောင်ရှိန် သိလား” ဟု မေးသည်။ “သိပြီးကြောင်း” မာလာတင် ဖြေသည်။ “လွင် သူ့ကို တွေ့လိုက်ပါဦးမယ်” ဟု နှင်းနှင်းလွင် ပြောသည်ဟု သိရသည်။
မာလာတင် ဖုန်းဆက်ပြောပြပြီး ညဦးပိုင်းတွင် နှင်းနှင်းလွင် ဖုန်းဆက်သည်။ မနက်ဖြန်မနက် ကျောင်းသို့ လာအား၊ မလာအား မေးသည်။ “လာမည်” ဟု သူပြောသည်။ “ပြောစရာရှိလို့” ဟု နှင်းနှင်းလွင် ပြောလေသည်။
*
အရှေ့မှ စွေ၍ကျနေသော နေရောင်သည် မြေငွေ့နှင့် မြူခိုရာ သစ်ပင် တွေကြားမှ ဆင်းလျက်ရှိလေသည်။ အအေးသည် စိမ့်၍နေ၏။ သစ်ပင်ထူထပ်ရာ အရပ်တွင် အအေးဓာတ်သည် မြေပြန့်လွင်ပြင်ထက် ပိုသည်ထင်၏။ မကြာခဏ တိုက်ခတ်သော လေကြောင့် အအေးမလျော့။
“မနက်က ပိုချမ်းတယ်နော်... ကိုအောင်”
နားမှာ အဆန်းတကြယ် ဖြစ်ရလေ၏။ “ဘယ်လိုခေါ်တယ်၊ ကိုအောင်.. ဟုတ်လား” ဟု သူမေး၏။ “နာမည် အပြည့်အစုံခေါ်ရတာ မောလွန်းလို့” ဟု မပြုံးမရယ် မျက်နှာနှင့်ဖြေသည်။
“ခုလည်း ချမ်းတာပါပဲ။ အဲ့... အခုလေးတင် ပိုပြီး အေးလာတယ်”
ထိုအခါမှ နှင်းနှင်းလွင် ပြုံး၏။
“ထိကပါး ရိကပါးလေးမှ မပြောရရင် စားမဝင် အိပ်မပျော်ဘူးလား”
သူ ပြုံးပြီးနောက်
“ရာသီဥတုအကြောင်း သန့်သန့်လေး ပြောတာပါခင်ဗျာ”
စင်္ကြံအကွေ့သို့အရောက်တွင် သူက သူရပ်ခဲ့ရာနေရာကို လက်ညှိုးထိုးပြီး
“ကျွန်တော် ဒုက္ခခံခဲ့တဲ့ နေရာလေ... တစ်နှစ်က”
နှင်းနှင်းလွင် တိုးတိုးရယ်သည်။
“ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်ဆိုတာ အဲဒါပေါ့”
သူ ပြုံးသည်။ လှေကားအလယ် ရောက်သောအခါ
“မနေ့က မမမာလာ ပြောတဲ့ကိစ္စ၊ မမမာလာပြောမှပဲ လွင် သိရတာ”
“မမဆွေကို မေးလိုက်သေးလား”
“ဟင့်အင်း... မပြောဘဲထားတာကို မေးလို့မကောင်းဘူးထင်လို့”
“ဟုတ်ပါတယ်”
“စိတ်အနှောင့်အယှက် ပြန်ဖြစ်ပြီး စိတ်ကုဆရာဆီ ထပ်ရောက်မှာစိုးလို့နဲ့ တူပါတယ် ကိုအောင်ရယ်၊ ဒါပေမဲ့ လွင် စမ်းပြီး စိတ်ညစ်ကြည့်တယ်"
“အိုး….ပေါက်ကရ အစမ်းစိတ်ညစ်ခံကြည့်တယ်တဲ့” ဟု သူ အံ့ဩစွာဆို၏။ “ဟုတ်တယ်၊ အကုန်ပြန်စဉ်းစားပြီး စိတ်ညစ်ကြည့်တယ်။ ဘာမှမဖြစ်ဘူး” ဟု မြေညီထပ် သမံတလင်းကို အနင်းတွင် နှင်းနှင်းလွင် ပြောပြီး တိုးတိုးရယ်လေသည်။
“တော်ကြာ ဂဠုန်နှုတ်သီး ပြန်ဖြစ်လာဦးမယ်”
သူ့အပြောကြောင့် ဆက်၍ရယ်နေသည်။ စင်္ကြံသို့အကူးတွင် နှင်းနှင်းလွင်က
“ဟိုဘက်က လာပြောတာကို အစ်ကိုကြီးတို့က ကောင်းပြီ စီစဉ်ပါပဲပေါ့။ ပြဿနာက နီးလာပြန်တယ်နော်”
“ရင်ဆိုင်ဖို့သာ အားမွေးထား”
ရယ်မောပျော်ရွှင်သော မျက်နှာမှာ တည်၍လာ၏။
“လွင့်ကို နားလည်ရင် ပြီးတာပါပဲ”
“သိပ်နားလည်တာပေါ့”
“လွင်တို့နှစ်ယောက်က ရှေးကုသိုလ် မကောင်းခဲ့ကြဘူး ထင်ပါတယ်။ ဟိုဘဝတုန်းက အလှူမှာ အတူတကွ ရေစက်မချခဲ့ဘူးလား၊ ရေစက်ချခါနီးကျမှ ဂွမ်ဖြစ်ပြီး ရေစက်အတူ မချခဲ့ရဘူးလား မသိဘူး။ တစ်ခုခုပဲ၊ ခုဘဝမှာ အစီအစဉ် လွဲတာမျိုးနဲ့ ကြုံနေရတယ်”
လွမ်းဆွတ်စွာ စိတ်မောဖွယ်ရာစကား။ ခုဘဝတွင် သံယောဇဉ် တွယ်တာရသူ ကို ရှေးဘဝတွေတုန်းက တွယ်တာလက်စရှိခဲ့သည်ဟူသော အယူအဆ။ မှန် မမှန် မသိ၊ ဟုတ် မဟုတ် မသိ။ ဟုတ်သည်၊ မှန်သည်၊ ရှိသည်ဟု စဉ်းစား သောအခါ ရင်ထဲမှာ ညွတ်သည်။ သံသရာဟူသော ဘဝစက်ဝန်း၏ အမည်ကိုယ်၌ ကပင်လျှင် ဘဝအမောသံ ပေါက်လျက်ရှိလေသည်။
“ဒီလို ကြုံရပေတယ်လို့ ဒီဘဝကို ကျွန်တော် စိတ်မနာပါဘူး။ အလကားပဲ လို့လည်း မစွပ်စွဲချင်ပါဘူး”
“လွင်တော့ အဲ့သလို ခဏခဏဖြစ်မိတယ်”
“ကျွန်တော်လည်း ဖြစ်မိခဲ့ဖူးပါတယ်။ ဘဝဟာ တိုတိုလေး၊ ဒီကြားထဲပြဿနာက အစုံ။ ဘဝနဲ့ ပြဿနာနဲ့က ဆံ့တောင်မဆံ့ဘူး။ မသေခင် တန်ဖိုးရှိတာလေး၊ ဒီအချိန်လေးမှာ တစ်ဦးချင်းကိစ္စ၊ အများကိစ္စတွေပါ စဉ်းစားမိရော။ ဘယ်လ်အေမီဆိုတဲ့ ဝတ္ထုတစ်ပုဒ် ဖတ်ဖူးတယ်။ အဲဒီအထဲက ဇာတ်ကောင်က လူဆိုးလူယုတ်မာ၊ မိန်းမ လိုက်စားတယ်၊ အိမ်ထောင်တွေ ဖျက်ဆီးတယ်။ ကောက်ကျစ်စဉ်းလဲတဲ့ နေရာမှာလည်း ကမ်းကုန်၊ ဇာတ်သိမ်းတော့ မင်းစိုးရာဇာလို အကောင်တောင် ဖြစ်သွားတယ်။ ကောင်းစားသွားတယ်။ ဖတ်ပြီးတော့ ဒေါသဖြစ် လိုက်ရတာ။ ဘဝကို အတော် နားလည်ရခက်လာတယ်”
“အရှိပကတိနဲ့ ဆန္ဒနဲ့က ကိုက်ညီခဲမှာပါနော် ကိုအောင်”
သူ ခေါင်းညိတ်သည်။ ထို့နောက်
“သဘောထားပုံထားနည်းက ဘယ်လောက် သက်သာရာ ရ၊ မရ အဆုံး အဖြတ်ပေးမယ် ထင်ပါတယ်”
နှင်းနှင်းလွင်က
“လွင် တရားထိုင်တယ်၊ ခံစားရတာ ထင်သလောက် မလျော့ဘူး၊ နုသေးလို့ ထင်ပါတယ်”
“စိတ်တည်ငြိမ်အောင် ကျွန်တော်တော့ မနည်း ကြိုးစားရတယ်”
“လူဟာ ဝေဒနာစုံ ခံစားတတ်တဲ့ သတ္တဝါပဲ။ ဆန်းတာက တခြားသတ္တဝါ နဲ့မတူတာ ကိုယ်ချင်းစာနာစိတ်ပဲ။ ကိုယ် မထိခိုက် မတွေ့ကြုံရဘဲနဲ့ သူများထိခိုက် တွေ့ကြုံနေရတာကို စာနာခံစားတတ်တယ်။ ကိုယ့်မှာကြုံတာမျိုး သူတစ်ပါးကို မကြုံရအောင် စာနာစိတ် မွေးနိုင်တယ်။ အင်မတန်မြင့်မြတ်တဲ့ဥစ္စာပဲ”
“ဟုတ်တယ်” ဟု သူ ခေါင်းညိတ်ပြီး ပြော၏။
“ကျွန်တော်တို့ နှစ်ယောက်စလုံး သိပ်ကို သတ္တိရှိလာကြတယ်နော် လွင်”
“ဟုတ်တယ် ကိုအောင်”
“မော်ကွန်းထိုးလောက်တဲ့ အခင်မင်ဆုံး နှစ်ယောက်လို့ ပြောလို့ရမယ် ထင်ပါတယ်”
“အစစ်ပဲ”
[] []
[ ၂၈ ]
မာလာတင်နှင့် လှိုင်ထွန်းတို့နှင့်အတူ ရုပ်ရှင်သွားကြည့်သောအခါ နှင်းနှင်းလွင် လိုက်လာသည်။ ရုပ်ရှင်ကြည့် အစားအသောက်စား၊ လိုင်းကားဖြင့် အတူပြန်သော အချိန်မျိုးတွင် ပျော်သလိုလိုရှိသည်၊ ရယ်ချင်သလိုလိုလည်း ဖြစ်ရသည်။ ချစ်သူနှစ်ဦး ဘေးတွင် ကိုယ်ရံတော်၊ ပတ်ဝန်းကျင်ကမူ စုံတွဲနှစ်တွဲဟု အထင်ရပေလိမ့်မည်။ ရုံထဲတွင် ယှဉ်၍ထိုင်၊ ကားပေါ်တွင် ဘေးချင်းကပ်ထိုင်။ ထိုအချိန်တွင် ချစ်သူအတုကဲ့သို့ ဖြစ်နေသည်။ မာလာတင်တို့ ပျော်ပွဲစားထွက်ရာသို့ သူတို့ လိုက်ကြသည်။ “အို... ကိုယ်တစ်ယောက်တည်း” ဟု ဝင်းမျိုးက မာမာအေး သီချင်းအစကိုချည်း အော်ဆိုပြီး စောင်းသည်။ သူနှင့် နှင်းနှင်းလွင်ကို ဝိုင်း၍ ရယ်ကြ၏။
မေ့မေ့ပျောက်ပျောက် နေကြချိန်တွင် ပျော်စရာ ပြန်လည်ကောင်းလာ၏။
“ဒီနှစ် တောင်တော် မောင်နှမ ဘုရားပွဲ သွားမယ်တဲ့၊ အစ်ကိုကြီးတို့ ပြောတယ်”
“ပျော်စရာကြီးပဲ” ဟု မာလာတင်က နှင်းနှင်းလွင်စကားကို ဆက်၏။
“ကျွန်တော်တို့လည်း ဘယ်နေမလဲ၊ တည်းခဲ့တဲ့ဇရပ် ပေါက်စနလေးမှာပဲ တည်းမယ်”
ဝင်းမျိုးက အားပါးတရပြော၏။ သူက
“ငါ ငွေဖလားအသစ်တစ်လုံး ထပ်ဝယ်ရမယ်"
ရယ်လိုက်ကြလေသည်။ နှင်းနှင်းလွင်သည် သူ့ကိုလှမ်းကြည့်ပြီး
“ကိုအောင်ဟာ တော်တော့်ကို ဇွဲကြီးတဲ့သူ၊ ပက်တယ်ဟေ့... နေ့တိုင်းကိုစောင့်စောင့်ပြီး၊ ရယ်ချင်တယ်... သိလား မမမာလာ”
မာလာတင်က ငါးသေတ္တာဘူးကို ပလတ်စတစ်ခြင်းထဲမှ ယူရင်း၊ “ဟင်...” ဟု ထူးကာ လှမ်းကြည့်၏။
“ရေတွင်းနားမှာ လူပျိုစကား လာပြောပုံက ဘယ်လောက်သင်းသလဲဆို တာလေ၊ သူ့ကိုယ်သူ အမည်နာမ၊ နေရပ်နဲ့ ဖော်ပြပြီး မိတ်ဆက်တယ်။ ပြီးမှ မိတ်ဆွေဖြစ်ချင်တယ်တဲ့။ မနှင်းနှင်းလွင်မှာ ချစ်သူရှိလားတဲ့။ ဘုရားပွဲရောက်မှ မြင်ဖူးတဲ့သူကို လာမေးတာလေ။ သွယ်ဝိုက်ရည်းစားစကား”
ဝင်းမျိုးက ဟားတိုက်ပြီး ရယ်၏။ ရယ်သံတွေ လျော့သွားတော့မှ လှိုင်ထွန်းက
“စာသင်ခန်းရှေ့မှာ သွားသွားငေးလို့ နာမည်ပေးထားတာရှိတယ်။ တင်အောင်ငေး လို့"
သူ့မှာ ပွဲကျစရာ သတ္တဝါ ဖြစ်နေလေ၏။ ဝင်းမျိုးက ရယ်သံပါးပါးနှင့် “နောက်ပိုးသန်တယ်ဆိုတဲ့ ရှေးဝေါဟာရကို ခုမှ သိရတော့တယ်” ဝါးခနဲ ရယ်ကြသည်။ သူ့ရယ်သံက ပို၍ ကျယ်လေသည်။ လှိုင်ထွန်းက “ဒီကောင့်မှာ နာမည်တွေက အများကြီး။ ကိုငွေဖလားတဲ့၊ မလွင်ကလည်း နာမည်နှစ်ခု။ တစ်ခုက မဘုမတဲ့”
သူ ရယ်ပြီးတော့မှ ငါးသေတ္တာဖောက်နေသော လှိုင်ထွန်းကို လှမ်းကြည့်ကာ
“အုတ်ရေကန်မှာ စာရေးထားတဲ့သူက ရှိသေးတယ်နော်”
လက်တစ်ကမ်းအကွာ၌ ထိုင်နေသော နှင်းနှင်းလွင်က သူ့ကျောကို အသာ လှမ်းထု၏။ သူ ကျောကော့လိုက်သည်။ ပေါင်မုန့်လှီးနေသော ဝင်းမျိုးက
“ငွေဖလားထဲ ရည်းစားစာ ထည့်မပေးရလို့ နှစ်ညလောက် ဒီကောင် အိပ် မပျော်ဘူး မလွင်”
ရယ်သံတွေ၊ အပြုံးတွေနှင့် စည်ကားသော ပျော်ပွဲစားဝိုင်း။
*
မာလာတင်နှင့် လှိုင်ထွန်းတို့ စေ့စပ်ကြောင်းလမ်းပွဲသို့ နှင်းနှင်းလွင်နှင့်အတူ ဒေါ်မြဆွေပါလာသည်။ မင်္ဂလာ အခမ်းအနား တစ်ခုသဖွယ် ခမ်းခမ်းနားနား စီစဉ်သည်။ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပသည်။ သူနှင့် ဝင်းမျိုးတို့ စားပွဲသို့ နှင်းနှင်းလွင်တို့ သမီးယောက်မက လာသည်။ စားရင်း သောက်ရင်းနှင့် ဒေါ်မြဆွေ က “အလည်မလာသည်မှာ ကြာပြီ” ဟု သူ့ကိုပြောသည်။ “အလုပ်ကိစ္စအတွက်ဂျင်ခြေလည်နေလို့ပါ” ဟု သူပြောသည်။ “ကိုမြတ်မောင်ကလည်း မေးပါတယ်” ကို ဒေါ်မြဆွေ ပြောပြသည်။ စားသောက်ပြီး၍ ဒေါ်မြဆွေက မာလာတယ်" မိဘတွေရှိရာ စားပွဲသို့သွား၍ နှုတ်ဆက်စကားပြောသည်။ ထိုအချိန်တွင်
မာလာတင်တို့က သူတို့စားပွဲသို့ လာ၏။
“စွံတဲ့ သူ့လူတွေကျတော့လည်း ထွန်းထွန်းကားကားကို စွံတော့တာပဲနော်”
ဝင်းမျိုး နောက်သည်။ ရယ်ကြသည်။
“မစွံတာ မင်းတစ်ယောက်တည်းပဲ”
လှိုင်ထွန်းက ပြန်၍နောက်၏။ ဝင်းမျိုးက ခေါင်းခါကာ
“မဟုတ်ဘူး၊ ငါ့မှာ မစွံဖော် မစွံဖက် ဒီမှာရှိသေးတယ်”
သူ့ကို လက်မနဲ့ညွှန်ရင်း ပြောသည်။ အားလုံးရယ်ကြသည်။ နှင်းနှင်းလွင် သည် မျက်နှာမထားတတ်သလို ဖြစ်နေသည်။ ပျော်စရာပွဲလေးတစ်ပွဲ။ လှပသစ်လွင် သော အဝတ်အစားတွေ၊ ရယ်မောပြောဆိုသံတွေ ဝေဆာသောပွဲ။ သူငယ်ချင်း၏ အိမ်ထောင်ရေးဘဝ နိဒါန်းပျိုးသော ပွဲသဘင်။
“ကြည်နူးစရာပဲနော်”
မာလာတင်တို့က အခြားစားပွဲသို့သွားတော့မှ သူပြော၏။
“အားကျစရာကြီး”
နှင်းနှင်းလွင်က ပြန်ပြောသည်။
“နတ်ကရာ ကျီးမောဆိုလား ကျီးမော့ဆိုလား...ဒါမျိုးပေါ့”
ဆက်၍ ဝင်းမျိုး၏ ပြက်လုံးကြောင့် သူတို့နှစ်ယောက် ပြုံးကြသည်။ ဝင်းမျိုးက
“မာလာတင်တို့ရဲ့ကျေးဇူးရှင် ဖူးစာရေးနတ်မင်းဟာ မင်းပဲ တင်အောင်ရှိန်” သူ ပြုံးမြဲပြုံးနေ၏။ “ဟုတ်တယ်” ဟု နှင်းနှင်းလွင် ပြောသည်။
*** **
၁၂ဆက်ပါမည်
* နွေဦးဝင်သော် * { ၁၂ }
ငြိမ်းကျော်
ခွာညိုပွင့်တွေ တုံးသွားပေပြီ။ ဆောင်းသစ်ခွတချို့က ပွင့်လျက်ပင် ရှိသေး၏။ အချို့သော သစ်ပင်တို့သည် အရွက်များ ခြွေချလျက်ရှိသည်။ တမာရွက်နုသည် အဖူးနှင့်အတူ ထွက်လာ၏။ ကုက္ကိုရွက်နုတို့သည် အပွင့်တွေနှင့်တကွ ထွက်လာလေ သည်။ ဒန့်သလွန်ပွင့်ရနံ့သည် လေသင့်လျှင် တသင်းသင်းနှင့်ရှိလေသည်။ ငုပွင့် ကို မြင်ရ၍ နှင်းနှင်းလွင်က
“မကြာခင် နွေလာတော့မယ်”
“သင်္ကြန်ကို မျှော်တာလား လွင်”
သူ့ကို ပြုံး၍ ခေါင်းညိတ်သည်။
“လွင်က နွေဦးပေါက်ချိန်ကို အရမ်းချစ်တာ”
“ဟုတ်တယ်၊ နွေဦးမှာ အပင်တိုင်း ရွက်သစ်လည်း လဲတယ်။ အပွင့်တွေလည်း အစုံပွင့်တယ်။ မြေမျက်နှာပြင်ပေါ်မှာ ပန်းချီဆွဲထားတဲ့အတိုင်းပဲ”
“အဲဒီအချိန်မှာ လွင် ပျော်တယ်၊ ကြည်နူးတယ်။ ပြီးတော့ လွမ်းတယ်”
“လွမ်းတယ်” ဟူသောစကားကို သူလိုက်ပြောလိုက်သည်။ “ဟုတ်တယ်” ဟု နှင်းနှင်းလွင်ဆိုကာ
“အမေနဲ့အဖေ့ကိုလွမ်းတာ”
သူ စိတ်မကောင်း ဖြစ်သွားသည်။ စာနာစိတ်ဖြင့် နားလည်သည်။
“ပြီးတော့ အဲဒီရာသီရောက်ရင် စိတ်ထဲမှာ အားကိုးရှိတယ်။ ရင်ထဲမှာဖြစ်တာ လွင် ပြောမပြတတ်ဘူး”
“ကျွန်တော်က နွေကိုဖွဲ့တဲ့ရတုတွေဆိုရင် သိပ်ကြိုက်တာ”
“လွင်လည်း ဒီလိုပဲ၊ ဆရာဇော်ဂျီရဲ့ နွေဦးဝင်သော် ကဗျာဆိုရင် အလွတ် ရနေတယ်။ မကျက်ဘဲနဲ့ဖတ်ရင်း ဆွေးတယ်၊ ကြည်နူးတယ်။ မပြောတတ်ဘဲ ခံစားချက်တွေလည်း ပွားတယ်”
“ခုဆို နွေရာသီကို ပိုအမှတ်ရတယ်။ လွင်တော့ မသိဘူး”
“ဒီလိုပါပဲ ကိုအောင်ရယ်”
“တောင်တော်မောင်နှမဘုရားပွဲ သွားဖြစ်သတဲ့လား”
“သွားဖြစ်မယ် ကိုအောင်”
“ရွာတွေကော လွင် လျှောက်လည်ဖြစ်လား”
“လွင် ခုနစ်တန်း၊ ရှစ်တန်းကတည်းက နှစ်တိုင်းသွားတာ။ ရွာကလူတွေနဲ့ သိနေတာလည်း ကြာပြီ။ ခင်မင်နေကြတယ်” ဟု ဖြေသည်။ “ကျွန်တော်က ဒီတစ်ခါပဲ ရောက်ဖူးတာ။ ရွာတွေ တော်တော်တော့ နှံ့ခဲ့ပါတယ်။ ဝင်းမျိုးတို့အမျိုးတွေ ရှိတာပဲ၊ လေး ငါး ခြောက်ရွာ။ ရွာဓလေ့လေးတွေက ချစ်စရာကောင်းတယ်နော်” ဟု သူပြောသည်။ အလှူလုပ်လျှင် ရွာလုံးကျွတ် ဝိုင်းလုပ်ဝိုင်းစားအကြောင်း နှင်းနှင်းလွင် ပြောသည်။
“ကျွန်တော် သဘောကျတာ တစ်ခုရှိတယ်။ တစ်ခြံခြံကိုဝင်ရင် အိမ်ရှင် လှန်ထားလိုက်တယ်။ ခါးပန်းမှာ လှေကားတပ်လျက်ဆိုရင် လူရှိတယ်။ လှေကား ရှိ၊ မရှိ လှေကားကို လှမ်းကြည့်တာနဲ့ သိရတာ။ ဘယ်သူမှမရှိရင် လှေကားကို ဖြုတ်တာ၊ လှန်ထားတာကိုမြင်ရင် ခြံထဲက ချက်ချင်း ပြန်ထွက်ရတယ်။ လူမရှိတာ မြင်လျက်နဲ့ အိမ်အောက် အိမ်ပေါ် ဝင်ရင်၊ တက်ရင် မရိုးသားရာကျတယ်ဆိုတဲ့ သဘောပဲ”
“ဟုတ်တယ်၊ ဒေသတစ်ခုလုံးရဲ့ ဓလေ့ပဲ”
“ဒီနှစ်သင်္ကြန်ဆို ပိုပျော်စရာကောင်းမှာပဲလို့ ထင်တယ်”
နှင်းနှင်းလွင် ပြုံးလေသည်။ “ငွေဖလားဝယ်ပြီးပြီလား” ဟု သူ့ကိုနောက်၏။
“ရေလောင်းခံမယ့် သူက ဝယ်ထားပေးပေါ့”
“ရေလောင်းခံမယ်လို့ ဘယ်သူကပြောလို့လဲ ကိုအောင်”
“မေတ္တာထားရင် ရေလောင်းခံရမှာပေါ့လွင်”
“မေတ္တာထားတယ်လို့ ဘယ်သူက ပြောဖူးလို့လဲ၊ စဉ်းစားပါဦး”
“ဒါဖြင့် လွင်က ကျွန်တော့်ကိုပဲ သင်္ကြန်ရေလောင်းပေါ့”
တစ်ဦးကိုတစ်ဦးကြည့်ကာ ရယ်ကြလေသည်။ နွားနို့ဖန်ခွက်နှင့် ပေါင်မုန့် ပန်းကန်တွေကို ဆိုင်ရှင်အမျိုးသမီးကြီးက ဝါးစားပွဲပေါ်သို့ လာချပြီးတော့မှ နှင်းနှင်း လွင်က
“လွင်တို့နှစ်ယောက်က ရယ်စရာကောင်းနေပြီ။ နွားနို့ လက်ဖက်ရည်ကို မှော်ဘီတိုက်ကြီးမှာ သောက်တယ်၊ ထမင်းကို ပဲခူးမှာ သွားစားတယ်။ ရန်ကုန် ဆိုင်တွေ ကျောခိုင်းလိုက်ကြတာ။ ရန်ကုန်နဲ့ မိုင်တစ်ရာဝန်းကျင်မှာမှ အရသာ တွေ့နေကြတာ”
သူပြုံးပြီး
“ရှုမျှော်ခင်းနဲ့ အစားအသောက်ရောပြီး စားသောက်ကြတာလေ။ ကျွန်တော် တို့ အဲသလိုလုပ်လို့ ဝင်းမျိုး၊ လှိုင်ထွန်းတို့ကိုပါ အကျင့်ပါနေကြပြီ”
“မြို့ထဲမှာ ငြီးစီစီ ဖြစ်လာတာကိုး”
[] []
[ ၂၉ ]
လှိုင်ထွန်းနှင့် မာလာတင်တို့က နှင်းနှင်းလွင်တို့အိမ်သို့ သွားလည်ကြသည် ဆို၏။ ထိုအချိန်တွင် ကိုမောင်မောင်ကျော်ငြိမ်း၏ မိဘမိသားစု ရောက်နေသည် နှင့် ဆုံသည်။ စကားရိပ် စကားခြည်အရ နှင်းနှင်းလွင်နှင့် ကိုမောင်မောင်ကျော်ငြိမ်းတို့ မင်္ဂလာကိစ္စဟု နားလည်ရကြောင်း သူ့ကို ပြန်ပြောပြကြသည်။
“ကျွန်မတို့က ကိုတင်အောင်ရှိန်ကို အဲ့ဒီအကြောင်းတွေ မပြောချင်ဘူး။ လွင်ကလည်း စကားပိတ်လိုက်တယ်။ ပြောပြမနေပါနဲ့တဲ့။ ဒါပေမဲ့ သိသင့်တယ်လို့ ကိုလှိုင်က ပြောတယ်။ ဒါနဲ့ ပြောပြတာ”
သူ ခေါင်းတစ်ချက် ဆတ်ပြီး
“ဘေးလူတစ်ယောက်အနေနဲ့ ကျွန်တော် တစ်ကိုယ်ခွဲပြီး နားထောင်လို့ ရပါပြီ"
လှိုင်ထွန်းက စီးကရက်တိုကို ပြာခံခွက်ထောင့်တွင် ဖိခြေပြီးနောက်
“ကောင်းပါတယ်။ ငါတို့လည်း မင်းကို အဲသလိုပဲ မြင်ချင်ကြတယ် သူငယ်ချင်း”
“တစ်ခုခုကို ရင်မဆိုင်ဝံ့လို့ ဘယ်ဖြစ်ပါ့မလဲ မင်းသိပါတယ်။ မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ ဟုတ်တယ်မဟုတ်လား။ အသည်းနှလုံးကို မီးပြင်းပြင်း တိုက်ပြီး သံမဏိသား တင်ထားပြီးပြီ လှိုင်ထွန်းရာ၊ ပွဲကြည့်ပရိသတ်အနေနဲ့ ငါ နေပါပြီ”
ကျွန်မတို့က…” ဟု မာလာတင် စကားစပြီး ဆိုင်းသည်။ ထို့နောက်
“စိတ်မကောင်းတာကလွဲလို့ ဘာမှလည်း ဝင်ကူလို့ ရတဲ့ကိစ္စမဟုတ်ဘူး။တစ်ခုတော့ ဝမ်းသာရပါတယ်။ ကိုတင်အောင်ရှိန်တို့ နှစ်ယောက်စလုံး ခုလို စိတ်ခိုင်ခိုင် စိတ်နိုင်နိုင်နဲ့ နေနိုင်ကြတာကိုပဲ ဝမ်းသာနေရတယ်။ ကိုတင်အောင်ရှိန်က မှိုင်တွေချ။ လွင်က မျက်နှာတွေ၊ နှုတ်ခမ်းတွေ ရောင်ကိုင်းလာ၊ ကျွန်မတို့ စိတ်ညစ်လိုက်ကြတာ”
သူပြုံးလေသည်။ လှိုင်ထွန်း၏ စီးကရက်ဘူးထဲမှ တစ်လိပ်ယူပြီး သောက်ရင်း
“ကြုံချင်တာ ကြုံပါစေလေ... ကြုံဖို့ လူလာဖြစ်ထားပြီပဲ”
“လွင်လည်း ခံနိုင်ရည် အတော်ရှိလာပုံပဲကွ”
“ငါ့ထက် သူက ပိုအရေးကြီးပါတယ်”
“သူကလည်း ကိုတင်အောင်ရှိန်ကို အခုလိုပြောတယ်” ဟု မာလာတင် ပြောပြသည်။ “မလွတ်လပ်တဲ့ သူ့ဘဝကို သူ မကျေမနပ် ဖြစ်နေတယ်” ဟု လှိုင်ထွန်း မှတ်ချက်ပေး၏။
“ရှိနှင့်ပြီးသား၊ ဖြစ်နှင့်ပြီးသား အခြေအနေကို ဘာမကျေနပ်စရာ ရှိမှာလဲ လှိုင်ထွန်းရာ။ ပိုးဖလံနဲ့ မီးလိုပေါ့၊ မီးက ရှိပြီးသား မဟုတ်ဘူးလား။ ခုအချိန်မှာ သဗ္ဗေသတ္တာ ဝေနေယျာ သတ္တဝါအများ ကျန်းမာချမ်းသာပါစေလို့ပဲ မေတ္တာပို့နေ ပါတယ်"
သူ့ပြောပုံကြောင့် မာလာတင်တို့ ရယ်ကြသည်။
*
အစီအစဉ်တွေ ပြည့်စုံလျှင် မောင်မောင်ကျော်ငြိမ်းကို လာရန်ခေါ်ကြပေလိမ့် မည်ဟု တွေးကြည့်ရ၏။ ထိုသူရောက်ပါက မင်္ဂလာဆောင်မည်။ ရက်အနည်းငယ် နေပြီးလျှင် သျှောင်နောက်သို့ ဆံထုံးပါရပေတော့မည်။ ဤတွင် ဇာတ်လမ်းပြီးဆုံး သွားပေလိမ့်မည်။ နောင်သောအခါ လမ်းကြုံ၍ အလည်လာရန်ပင် အကြောင်းမရှိ။ မျက်နှာချင်းဆိုင် ဆုံမိလျှင် နှုတ်ဆက်ရန် မသင့်။ ကုန်ဆုံးသွားတော့မည့် ကာလကို မျှော်ရသည်မှာ မောလှသည်။ မေတ္တာပွဲတွင် အရေးနိမ့်ခဲ့ပြီကို သိထားခဲ့ရသော် လည်း လက်လွှတ် အဆုံးရှုံးခံရမည့် နေ့စွဲ၊ ရက်စွဲကို သိရန် တုန်လှုပ်နေခဲ့သည်။ သတ္တိဆိုသောအရာတွင် စိတ်လှုပ်ရှားမှု မပါလျက် နေမည်မဟုတ်ဟု တွေးမိသည်။ အဖြစ်အပျက်တစ်လျှောက်လုံးတွင် ဘာမျှ ဝေဖန်ခြင်း မရှိခဲ့သော အမေက ယခုအခါ စိတ်မကောင်းစကား ပြောလာသည်။
“တွေ့ကြုံနေရတဲ့ အခိုက်အတန့်မှာ တစ်ယောက်ကိုတစ်ယောက် စိတ်အချမ်းသာဆုံး ဖြစ်ပေစေပေါ့ကွယ်။ လူ့ဘဝကြီးဟာ ဒီလိုပဲ သား၊ တယ်တော့ မဆန်းပါ ဘူးကွယ်။ ကိုယ့်ရှေ့မှာ ဒါမျိုးတွေ ကြုံခဲ့ရသူတွေ ဒုနဲ့ဒေး။ ကိုယ်တစ်ယောက်တည်းမှ ကွက်ပြီး ကြုံရတာမဟုတ်ဘူး”
ခေါင်းကိုသာ တွင်တွင်ညိတ်၍ သူ နေခဲ့သည်။
*
နေ့လယ်ခင်းလောက် လာခဲ့မည်ဟု နှင်းနှင်းလွင် ဖုန်းဆက်ထားသောကြောင့် စောင့်နေခဲ့သည်။ မွန်းတည့်ပြီးချိန်တွင် ရောက်လာသည်။ အိမ်ပေါ်သို့ လှမ်းတက်ရင်း မုန့်ထည့်ထားသော စက္ကူအိတ်ကို ပေးသည်။ ပိုမိုအမှတ်တရ ဖြစ်စရာတွေဟု ကြည်နူးရသော်လည်း ခံစားရသည်။ အမေတို့၊ ညီမတို့က ခဏတစ်ဖြုတ်မျှသာ စကားလာပြောကြသည်။ ညီမက လက်ဖက်သုပ်နှင့် ကော်ဖီပန်းကန်တွေ လာချ ပေးသည်။ ဧည့်ခန်းထဲတွင် နှစ်ယောက်တည်းရှိတော့မှ စကားတွေ ပြောကြသည်။ အတော်ကြာတော့မှ
“မနေ့က မမဆွေ စကားတစ်ခွန်းပြောတယ်”
"အင်း..."
ခဏတွေ၍ နေပြီးနောက် နှင်းနှင်းလွင်က အိမ်ရှေ့သို့ လှမ်းကြည့်ရင်းနှင့်
“အစ်ကိုကြီးပြောလို့ မမဆွေပြောတဲ့စကားပါ။ တခြားမဟုတ်ပါဘူးတဲ့။ ကိုမောင်မောင်ငြိမ်းနဲ့ လက်ထပ်တဲ့အချိန်မှာ လွင်ဟာ တစ်ဖက်သားကို အပျိုပါ လို့ လိမ်ညာယူလိုက်တဲ့ အဖြစ်မျိုး မဖြစ်စေချင်ဘူးတဲ့။ ခင်ပွန်းလောင်းဖြစ်သူကို တင်ကြိုသစ္စာစောင့်သိတာဟာ အမျိုးသမီးကောင်းတွေရဲ့ ကျင့်စဉ်ပဲတဲ့၊ နားလည် လား"
သူ ခေါင်းညိတ်၏။ ရှက်ပြုံး ရောထွေးနေသောအကြည့်နှင့် ကြည့်ရင်း
“လွင်က မမဆွေကို ပြန်ပြောလိုက်ပါတယ်။ ကိုအောင်ဟာ လွင့်ချစ်သူလည်း မဟုတ်သေးဘူး။ စကားကုန်ကုန်ပြောရရင် ချစ်သူဖြစ်ဦးတော့ အခွင့်ကောင်းယူတဲ့သူ မဟုတ်ပါဘူးလို့၊ မမဆွေကအစ လွင်တို့ကို တစ်မျိုးထင်နေတယ်”
တိုးတိုးရယ်လိုက်သော သူ့ကို နှင်းနှင်းလွင်က ကြည့်ရင်း ပြုံးသည်။ သူက ရယ်သံသဲ့သဲ့နှင့်
“အရပ်က တယ်ပြီး အထင်ကြီးနေကြတာပဲနော်”
နှင်းနှင်းလွင်က ရယ်လေသည်။ သူက
“သတင်းစာထဲမှာ ကြော်ငြာထည့်ရမလိုဖြစ်နေတယ်။ ကျွန်တော် ကျွန်မ တို့သည် မည်သည့်အခါကမျှ ချစ်သူမဟုတ်ခဲ့ကြကြောင်း၊ ချစ်သူဟု ထင်လာသူ များကို ငြင်းကြောင်း၊ ချစ်သူဖြစ်ရန် အခွင့်အရေးမရှိပါကြောင်းလို့ မကောင်းဘူးလား "
သဘောကျစွာဖြင့် ရယ်နေသောအသံသည် နားမှာ ချိုချိုလွင်လွင် ဖြစ်နေ၏။ ခဏအကြာတွင် ရောက်ရာရာစကားတွေကြားက
“ဒါထက် ဟိုကိစ္စဝိစ္စတွေက နီးလာပြီလား”
“သတ်မှတ်ရက်က လာမယ့်တန်ဆောင်မုန်းတဲ့။ မမေးပါနဲ့ ကိုအောင်ရယ်။ အဲဒီအကြောင်းတွေ ကြားလည်း မကြားချင်၊ ဖြေလည်း မဖြေချင်ဘူး”
“ဟုတ်တယ်၊ ဒီတစ်ခါ ဂဠုန်နှုတ်သီး ပြန်ဖြစ်လာရင် တရားခံက ကျွန်တော် ဖြစ်နေဦးမယ်”
ပြုံးသော်လည်း မလှိုက်မလှဲ။ သူ အလုပ်သွားလုပ်ရေး အစီအစဉ်ကို နှင်းနှင်းလွင်က လမ်းကြောင်းလွှဲသည့်အနေနှင့် မေးသည်။ သူ ပြောပြလိုက်သည်။ “တစ်နှစ်လောက်တော့ ကြာမယ်ထင်တယ်” ဟု သူပြောလိုက်သည်။ မုန့်စား၊ ကော်ဖီသောက်၊ လက်ဖက်သုပ်စားပြီးသောအခါ
“ပြန်ရင် လိုက်ပို့မလား ကိုအောင်”
သူ ခေါင်းညိတ်၏။
“အိမ်အထိ လိုက်ပို့ပေးနော်”
“လမ်းထိပ်အထိဆို မရဘူးလား”
“အိမ်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ။ ဘာလဲ တွဲလျှောက်တာ လူများမြင်ရင် လာဘ်ပိတ်မှာ စိုးလို့လား...”
“မဟုတ်ပါဘူး။ အစ်ကိုကြီးနဲ့ တိုးမှာစိုးလို့၊ မျက်နှာပူတယ် လွင်"
“ပြောင်းပြန်”
“တစ်ဖက်သား စိတ်ကျဉ်းကျပ်ရင် မကောင်းဘူးလေ”
“သိပ်သိတတ်လွန်းရင် သိတတ်လွန်းတဲ့သူမှာ နေစရာရှားတယ်ဆိုတာ အမှန်ပဲ"
သူ ခေါင်းတစ်ချက်ညိတ်၏။ နှင်းနှင်းလွင်သည် လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းတို့ရင်း
“ကျပ်စည်းထားသလို တင်းကျပ်နေတယ်နော်”
“ဟုတ်တယ်”
“တစ်ခါတလေကျတော့ အကုန်လုံးဖြတ်ဖြတ် လွင့်လှက်ပစ်လိုက်ချင်တယ်။ လူသူမရှိတဲ့ ကန္တာရ လွင်ပြင်ထဲမှာ အော်ဟစ်ပစ်လိုက်ချင်တယ် ကိုအောင်၊ အနှောင် အဖွဲ့များလွန်းလို့ သိပ်ကို လွတ်လပ်ပစ်လိုက်ချင်တယ်"
“ဒကာမကြီး စိတ်ထိန်း စိတ်ထိန်း၊ ဒေါသ ဒီလောက်မကြီးနဲ့”
သူ အရွှန်းပြောသည်။ မပွင့်တပွင့်သာ ပြုံးကာ
“ဟုတ်တယ် ကိုအောင်”
“သတိ… ဂဠုန်နှုတ်သီးနော် နှုတ်သီး...”
ထိုအခါမှ တစ်ချက်ရယ်သည်။
*
လှိုင်ထွန်းတို့အိမ်သို့ အလည်သွားသည့်အခါ သွားသည်။ မာလာတင်တို့ အိမ်သို့ ရောက်သည့်အခါ ရောက်သည်။ ဝင်းမျိုးတို့အိမ်သို့ သွားသည့်အခါ သွားသည်။ သူတို့နှစ်ယောက်ကို နေ့စဉ်နီးပါး အတူတူလို ပြန်လည် မြင်လာရ သဖြင့် သူငယ်ချင်းတွေက အဆန်းတကြယ် ဖြစ်လာသည်။
သူငယ်ချင်းတွေနှင့် မဆုံဖြစ်သောအခါတွင် နှစ်ယောက်တည်း လမ်းလျှောက် စကားပြောသည်။ စားသောက်ဆိုင်ထိုင်သည်။ ဘတ်စ်ကား ဂိတ်စ ဂိတ်ဆုံး လျှောက်စီးသည်။ ရုပ်ရှင်အတူတူကြည့်သည်။ ကျောင်းမှာ ဆုံသည်။ တန်ဆောင်းတွင် ထိုင်စကားပြောသည်။ အနောက် ဘက် ကန်ပေါင်ပေါ်တွင် နေချိုသည်နှင့် ထိုင်ကြသည်။ မှောင်ရီပျိုးချိန်တွင် သူ လိုက်ပို့သည်။ လမ်းထိပ်မှ သူ ကွေ့ပြန်သည်။
ရက်များမကြာခင် တပေါင်းသို့ ကူးတော့မည့်နေကို ထီးရိပ်ဖြင့်ကာပြီး လမ်းလျှောက်ကြသည်။
“မင်းတို့နှစ်ယောက်က အလယ်ခေတ်တုန်းကလို ပြန်ပြီး ပူးတွဲပူးတွဲ ဖြစ်နေ ကြတာ ငါ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား ငအောင်”
ဝင်းမျိုး မေး၏။ နှင်းနှင်းလွင်နှင့် တွေ့စက ကာလ၊ တွေ့ဆုံနေကြသော အချိန်ကို အလယ်ခေတ်၊ နှစ်ယောက် ခွာခွာနေသော အချိန်ကို တတိယခေတ်ဟု ဝင်းမျိုးက အမည်ပေးထားသည်။
“ငါကိုယ်တိုင်လည်း သိမှမသိတာ”
“အနာဆိုတာ ကြာလေ မှည့်လေ၊ မှည့်လေ နာလေပဲနော်”
“သိပါတယ် ဝင်းမျိုးရာ၊ ဆုံနေရရင် စိတ်သက်သာတယ်ထင်လို့ ဆုံနေကြတာပါ"
“မင်းတို့ မလျှောက်ရသေးတဲ့လမ်း ကျန်သေးရဲ့လား”
“ကျန်ပါသေးတယ်၊ လွင့်အစ်ကိုတို့ အိမ်ရှေ့ကလမ်း”
ဝင်းမျိုး ဟားသည်။ ထို့နောက် လှိုင်ထွန်းနှင့် မာလာတင်တို့ စုံတွဲနှင့် သူတို့နှစ်ယောက် တိုးပုံတွေ ဝင်းမျိုး မေးပြီး ရယ်၏။ ပပဝင်းရုံတွင် တစ်ကြိမ်၊ စားသောက်ဆိုင်တွင် နှစ်ကြိမ်၊ တိရစ္ဆာန်ဥယျာဉ်တွင် တစ်ကြိမ်၊ အင်းလျားလမ်းမှာ တစ်ကြိမ် မျက်နှာချင်းဆိုင် တိုးသည်။ “မင်းတို့နှစ်ယောက်ကို ခြေလျင်နဲ့ တောင် တက် အသင်းဝင်တွေတဲ့၊ မာလာတင်က နာမည်ပေးတာ” ဟု ဝင်းမျိုး ပြောပြ၏။ သူ ရယ်လေသည်။
*
ဒေါ်မြဆွေက နှင်းနှင်းလွင်ကို ပြောသည်။ “မောင်တင်အောင်ရှိန်က ဒီက အခြေအနေတွေ သိလား။ မသိရင် ပြောပြဖို့ ညီမမှာ တာဝန်ရှိတယ်နော်” ဟု ပြောသည်ဆို၏။ မပြောလျက်နေပါက မဆုတ်သာအောင် ကျွံလာနိုင်သည်။ ထိုအခါ ဖျောက်ပယ်၍ မစွမ်းသော စိတ်ညစ်ညူးစရာတွေ ကြုံလာနိုင်သည်ဟု ဒေါ်မြဆွေ ပြောသည်။
“လွင် ပြောစရာ မလိုပါဘူး၊ သူသိနေတာပဲ။ ပြီးတော့... သူ လွင့်ကို နောက်တစ်ခါ ထပ်ပြီး ရည်းစားစကားမပြောမှာ သေချာထားပြီးသားပါ” ဟု နှင်းနှင်းလွင် ပြန်ပြောခဲ့သည်ဆို၏။
“လွင် စိတ်လည်း နည်းနည်းတိုသွားတယ်။ သိပ်စိုးရိမ်လွန်းအားကြီးနေကြ တာ အလကား။ ဒါကြောင့် ပြောလိုက်တယ်။ မမဆွေကို ဒီလောက်မစိုးရိမ်ပါနဲ့လို့”ဟု နှင်းနှင်းလွင် ပြောပြလေသည်။
နှင်းနှင်းလွင်ပြောပြပြီး သုံးလေးရက်အကြာတွင် လှိုင်ထွန်း ရောက်လာသည်။ သူတို့ဆီသို့ ဒေါ်မြဆွေ အလည်လာသွားရင်း ရှေ့ရေးကို ကြောင့်ကြစကား ပြော သည်။ “ခုတစ်လော နှင်းနှင်းလွင်က ခေါင်းနည်းနည်း မာသလိုလိုပဲ” ဟု ထင် မြင်ချက်ပေးသည်။
“သူ့အစ်ကိုကြီးကလည်း စိုးရိမ်နေတယ်။ သူတို့ကသာ အမှတ်တမဲ့၊ ကိုမြတ် မောင် ကားမောင်းသွားရင်း သူတို့နှစ်ယောက်ကို တွေ့တာ လေး၊ ငါးခါ မကဘူး။ ထီးအတူဆောင်းပြီး ရွှေတိဂုံဘုရားတောင်ဘက်မုခ်က ဆင်းလာတာချည်း နှစ်ကြိမ် ကြုံတယ်” ဟု ဒေါ်မြဆွေ ပြောသွားသည်။
“ကျွန်တော်တို့သိသလောက် သိတယ်ဆိုတာလည်း သူတို့အခြေအနေ အမှန်အတိုင်း သူတို့ သမီးရည်းစားဖြစ်လို့မရဘူးလို့ နှစ်ယောက်စလုံး နားလည်ထား ပြီးသား။ အဲဒီ အဆင့်အထိ မရောက်နိုင်ပါဘူး” ဟု လှိုင်ထွန်းက ဒေါ်မြဆွေကို ပြောပြခဲ့သည်ဟု သိရ၏။
“နှင်းနှင်းလွင်ကို ထိုအကြောင်း မပြောပြပါနှင့်” ဟု သူ စကားပိတ်လိုက်ရသည်။
[] []
[ ၃၀ ]
အစ်ကိုဖြစ်သူက စောင်းပါးရိပ်ခြည် သတိပေးသည့်အကြောင်း၊ လှိုင်ထွန်းတို့ မာလာတင်တို့ထံမှတစ်ဆင့် ဒေါ်မြဆွေ စကားပြောခဲ့သည်တို့ကို ဒေါ်မြဆွေကိုယ်တိုင် ဖွင့်ပြော၍ သိရကြောင်း နှင်းနှင်းလွင် ပြောပြီး စကားမဆက်။ သူ့တွင် သူ့အတွေး နှင့်သူ။ နှင်းနှင်းလွင်တွင်လည်း သူ့နည်းတူ။
တိတ်သွားသော ခဏတွင် ကျေးငှက်မြည်သံတွေ သဲ့သဲ့ကြားရသည်။ အေးချမ်း တိတ်ဆိတ်သော စေတီဟောင်းနှင့် ကျောင်းပျက်ရှိရာ ဤနေရာသို့ ဒုတိယအကြိမ် မြောက် သူ ရောက်လာခဲ့သည်။
ကန်ဟောင်းတည်ရာ ဤနေရာတွင် လွမ်းစရာတွေကို ပြောခဲ့ဖူးလေ၏။ ရောက်ရောက်ချင်းတုန်းက နှင်းနှင်းလွင်ကို ထိုအကြောင်း ပြောပြလိုက်သည်။ “ခုတော့ သိပ်လွမ်းစရာ မလိုတော့ပါဘူး” ဟု နှင်းနှင်းလွင် ပြုံးရယ်ပြီး ပြောသည်။
“ကိုအောင်..”
အတန်ကြာမှ နှင်းနှင်းလွင် အသံထွက်သည်။ ခေါ်သံဖြင့် သူ လှည့်ကြည့်သည်။
“ကိုအောင့်ကို လွင်ချစ်တယ်၊ မောင်ရယ်”
နားထဲတွင် မြည်သွား ဟိန်းသွားသလား အောက်မေ့ရ၏။ ရင်ထဲတွင် ခုန်လာသည်။ အေးမြသော်လည်း လေးလံလှသည့် အရာ ဖိစီးထားသကဲ့သို့ ဖြစ် နေ၏။ ကြီးမားလှစွာသော အပြောင်းအလဲကြီးတစ်ခုကို စိတ်လှုပ်ရှားစွာ ကြုံနေရ ၏။ မမျှော်ထားသောစကား။ မယုံကြည်နိုင်အောင် အံ့အားသင့်စေသည်။
“လွင်… ဘာပြောတယ်၊ ချစ်တယ်၊ ဟုတ်လား.. မောင်လို့ပါ ခေါ်တယ်ဟုတ်လား”
နှင်းနှင်းလွင် ပြုံးသည်၊ ခေါင်းညိတ်သည်။ သူ့ကိုကြည့်နေသော မျက်လုံး အစုံမှာ မျက်ရည်ဝိုင်းလာသည်။ ပါးနှစ်ဖက်ပေါ်သို့ မျက်ရည်စတွေ လိမ့်ဆင်းလာ ၏။ စိတ်ထဲမှာ တုန်လှုပ်သွားရသည်။
“လွင်… ဘာလို့ငိုတာလဲ လွင်”
ခေါင်းခါသည်။ ပြုံးရန် အားယူသောမျက်နှာကို သူ မျက်တောင်မခတ် ကြည့်နေ၏။ ရှပ်အင်္ကျီအိတ်ထဲရှိ လက်ကိုင်ပဝါကို ထုတ်ကာ မျက်ရည်စတွေကို တို့ပြီး သုတ်ပေးရင်း
“မငိုပါနဲ့ လွင်ရယ်... ကျွန်တော် သိပ်ကို သိပါတယ်၊ အဲဒီစကားပြောမှ သိမယ့်သူ မဟုတ်ပါဘူး လွင်ရာ...”
ဘဝတစ်သက်တာတွင် မည်သည့်အခါတွင်မျှ မေ့လျော့သွားစေနိုင်ခြင်း မရှိသော လွင့်အကြည့်ကို သူ ရလိုက်လေသည်။ မျက်ရည်သုတ်ပေးနေသော သူ့လက်ကို နှင်းနှင်းလွင်က အသာဖျစ်ညှစ်ထားသည်။ သူ ပြန်လည်၍ တယုတယ ဆုပ်ထားလေသည်။
“ပြန်မပြောဘဲ လွင် မနေနိုင်တော့ဘူး မောင်ရာ။ မောင်လို့ စိတ်ထဲက ခေါ်ခဲ့တာ ကြာလှပြီ။ ခုမှမဟုတ်ဘူး”
အံ့သြစိတ်က မပြယ်တတ်သေး။
*
အကြော်စုံပန်းကန်တွေ ရောက်မလာမီ သူက “မင်းတို့ကို ပြောစရာရှိတယ်” ဟု စကားပျိုးပြီးနောက်
“လွင်နဲ့ငါ ချစ်သူဖြစ်သွားကြပြီ”
“ဟာ” ဟု ဝင်းမျိုး အံ့သြသည်။ မာလာတင်က “ဟောတော့်...” ဟု အံ့အားတသင့်ဆို၏။ လှိုင်ထွန်းက မယုံသဖြင့်
“မလွင်... ဟုတ်လား”
နှင်းနှင်းလွင် ခေါင်းညိတ်ကာ
“သူမမေးတဲ့အချိန်... သူပြောခဲ့တာ မေ့တောင် မေ့နေမယ့်အချိန်မှာ လွင် အဖြေပေးလိုက်တာပါ”
“အံ့ဩစရာပဲ” ဟု နှင်းနှင်းလွင်ကို ကြည့်ကာ လှိုင်ထွန်း ပြောသည်။
သူတို့သုံးယောက်စလုံးမှာ ဝမ်းသာသင့်သလောက် ဝမ်းမသာသည်ကို မြင်သာ၊ သိသာ၏။ “ဘယ်သူကမှလည်း ကွန်ဂရက်ကျူလေးရှင်းလို့ ဝမ်းသာဂုဏ်ယူစကား မပြောကြပါလား မောင်” ဟု နှင်းနှင်းလွင်က သူ့ကို လှမ်းပြော၏။ “သိပ်ပျော်လို့ မေ့သွားတာဗျို့” ဟု ဝင်းမျိုးက ဖာထေးပြီး ပြောသည်။ “ဟုတ်ပါတယ်၊ ကြက်သေ သေနေတာ မလွင်” ဟု လှိုင်ထွန်းက ပြောသည်။ “ဝမ်းသာတာပေါ့ ညီမရယ်” ဟု မာလာတင်က ကမန်းကတန်း ဝင်ပြော၏။
ဖျာစပ်ရှိ ဇလပ်ဖြူပင်ကို သူ ကျောမှီသည်။ ခုံဝိုင်းပေါ်တွင် တံတောင် ထောက်ထားသော ဝင်းမျိုးက
“မင်းတို့နှစ်ယောက် ဘာစိတ်ပေါက်သွားပြီး အဲ့သလို ဖြစ်သွားရတာလဲ”
“ချစ်သူစိတ်ပေါက်သွားပြီး သမီးရည်းစား ဖြစ်သွားကြတာလေ”
“အောင်မယ်... သင်္ကြန်သံချပ် အတိုင်အဖောက် ကျနေတာပဲ” ဟု သူနှင့် ဝင်းမျိုးကို လှိုင်ထွန်းပြော၏။ မာလာတင်နှင့် နှင်းနှင်းလွင်တို့ ရယ်ကြသည်။
“ဝမ်းသာတယ် တင်အောင်ရှိန်ရော မလွင်ရော၊ နောက်နေ့တွေကျမှ ဆွေးနွေး ကြတာပေါ့။ ဒီနေ့တော့ မလွင်တို့ မင်္ဂလာရှိတဲ့သတင်း ကြေညာတဲ့ ပထမနေ့မှာ အကြော်ပဲ ဝအောင်စားမယ်”
ဝင်းမျိုးက လာချပေးသော အကြော်ပန်းကန်တွေကို နေရာရွှေ့ရင်း ပြောသည်။ နှင်းနှင်းလွင်က
“ရပါတယ် ကိုဝင်းမျိုးရယ်၊ မင်္ဂလာ ပထမနေ့က မနေ့ကပဲ...ပြောပေါ့”
ဝင်းမျိုးက ခေါင်းတစ်ချက်ကုတ်ပြီးမှ
“ရင်ဆိုင်ရမှာတွေက အများကြီးနော်”
နှင်းနှင်းလွင် ခေါင်းညိတ်ပြီးနောက်
“သိပါတယ်”
“ကျွန်တော်တို့က ဘေးကနေ မောနေတာ”
နှင်းနှင်းလွင် ပြုံးလေသည်။ သူ့ကိုကြည့်၏။ ထို့နောက် အားလုံးကို မျက်လုံးချင်းဆုံရင်းနှင့်
“လွင်တို့ မနေ့ကပဲ တစ်ယောက်ကိုတစ်ယောက် ချစ်သူအနေနဲ့ အသိအမှတ် ပြုခဲ့ကြတယ်။ မခွဲကြခင် အချိန်အတွင်း ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာ တရားနဲ့ ချစ်ခင်မြတ်နိုးကြမယ့် ချစ်သူတွေအနေနဲ့ နေကြမယ်။ နှစ်ဦးသဘောတူညီချက်အရ နှစ်ယောက် လက်တွဲထားပြီး လမ်းခွဲချိန်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြတော့မယ်” “ဟာ... လွင်ရာ၊ ကြားရတာနဲ့ ကျွန်တော် ဆွေးလာတယ်ဗျာ” ဟု ဝင်းမျိုးက မျက်နှာပျက်ပျက်နှင့် တားသည်။ မာလာတင်က သက်ပြင်းရှည်ချပြီး မျက်နှာငုံ့သွား၏။ လှိုင်ထွန်းက ပြုံးသည်။ လုမ္ဗိနီအင်ကြင်းပင်ကို မော့ကြည့်ရင်း
“တိုက်ပွဲတစ်ပွဲကို နှစ်ယောက်လက်တွဲပြီး အနိုင်တိုက်မယ့် သဘောမျိုးပေါ့” “ဟုတ်တယ် ကိုလှိုင်ထွန်း” ဟု နှင်းနှင်းလွင်က ပြတ်သားသောအသံနှင့် ဖြေသည်။ ပြတ်သားရဲရင့်သော နှင်းနှင်းလွင်၏ အမူအရာကို မာလာတင်က အံ့သြတကြီး ငေးကြည့်နေ၏။ နှင်းနှင်းလွင်သည် ထိုင်းမှိုင်းခြင်း အလျှင်းမရှိ။ ယခင်ကလို ငေးငိုင်နှေးကွေးခြင်း မရှိတော့၊ ရွှင်ပျနေသည်။ စကားအပြောအဆိုမှအစ ဖျတ်လတ်နေသည်။ အံ့ဖွယ်အပြောင်းအလဲ။
“ငါတော့ ရူးချင်လာပြီ”
လှိုင်ထွန်းက ညည်းသည်။ သူတို့နှစ်ယောက်က ရယ်ကြသည်။
“မင်းတို့က ဘာမှဖြစ်မှာမဟုတ်ဘူး။ ငါတို့က မင်းတို့နှစ်ယောက်ကိုကြည့်ပြီး ရင်ကွဲပက်လက် ဖြစ်မှာသေချာတယ်”
ဝမ်းနည်းသံနှင့် ပြောလိုက်သော ဝင်းမျိုးကို နှင်းနှင်းလွင်က လက်ခါပြပြီး
“ဒီလိုမှ လွင်တို့ နှလုံးမသွင်းရင် ဒုက္ခပိုရောက်မယ်လေ ကိုဝင်းမျိုးရဲ့။ ဒီတစ်နည်းပဲရှိတော့ ဒီနည်းနဲ့ပဲ ရင်ဆိုင်ရုံအပြင် ဘာရှိမှာလဲ။ ကိုဝင်းတို့ကလည်း လက်ခုပ်သြဘာပေးပြီး စိတ်ဓာတ်အားပေးပေါ့။ ကျွန်မတို့ မှားသလားဟင်”
ဝင်းမျိုး ခေါင်းခါ၏။ “မမှားတော့ မမှားပါဘူး၊ ဒါပေမဲ့ မြင်နေရတာ စိတ်မသက်သာဘူး” ဟု ဖြေသည်။
“တရားနဲ့ဖြေပေါ့ရှင်”
နှင်းနှင်းလွင် ရယ်မောပြီး နောက်သည်။ သူတို့တစ်တွေ သိပ်မရယ်နိုင်ကြ။
*
နှင်းပြိုလာ၏။
ဖြူဖွေးသော နှင်းကောင်းကင်သည် တိမ်တောင်ကဲ့သို့ အရှိန်နှင့် လွင့်လာ၏။ မြေသို့ဆင်းရင်း သစ်ပင်တွေကြားမှာ အုံကျင်းကွဲသကဲ့သို့ ဝင်လာ၏။ အလိပ်လိပ်နှင့် လှိုင်းထသကဲ့သို့ ရှိနေသည်။ အထပ်ထပ်အလွှာလွှာကဲ့သို့လည်း ရှိနေသည်။ ထူထပ်သိပ်သည်းရာမှ ပါးသည်။ ပါးသလိုလိုနဲ့ တောင်ပြိုသကဲ့သို့ နှင်းထုကျသည်။
** **
၁၃ဆက်ပါမည်
* နွေဦးဝင်သော် * { ၁၃ }
ငြိမ်းကျော်
“မျက်တောင်အဖျားလေးတွေမှာ နှင်းမှုန်လေးတွေလာတင်တာ မောင်သိလား ဟင်"
“သိတာပေါ့၊ ရေခဲမှုန်လေးတွေနဲ့ လာထိတာ၊ အသက်တဝရှူကြည့်၊ ရေခဲငွေ့ ရှူရသလိုပဲ၊ ဗိုက်ထဲကပါ ချမ်းလာလိမ့်မယ်လွင်”
“မောင်က နွေဦးရာသီကိုရော ဆောင်းရာသီကိုရော သဘောကျတာပဲလား”
“ကမ္ဘာမြေကြီးပေါ်မှာ လူလာဖြစ်ရတာပဲ လွင်ရယ်။ မိုးရာသီကိုလည်း မောင် သဘောကျတာပါပဲ”
“မောင် ခုတစ်လော သိပ်ကဗျာဆန်နေတယ်”
“စိတ်ချမ်းသာလို့ ဖြစ်ပါလိမ့်မယ် လွင်”
“ခုလို စိတ်ချမ်းသာတာတွေကို မောင် ဘယ်တော့လောက် မေ့လို့ရနိုင်မယ် ထင်လဲဟင်”
သူ ခြေစုံရပ်ပြီး ဖဝါးတစ်ချက် မြှင့်သည်။ လက်ပိုက်ထားကာ
“အသက်ကုန်တဲ့ အချိန်ရဲ့ နောက်ပိုင်းမှာ သတိမရရကောင်းလားလို့ လွင် အပြစ်တင်ရင် မောင် ခံရမှာပါပဲ”
“ဘာလို့ သိပ်စကားတတ်နေရတာလဲ”
“အတွေ့အကြုံဟာ မောင့်ရဲ့ဆရာလေ လွင်”
အဝါနုရောင် အနွေးထည် ဝတ်ထားသော နှင်းနှင်းလွင် ပြုံးသည်။ နဖူး တစ်ချက်တွန့်ပြီးနောက်
“လွင့်ကြောင့် စိတ်ညစ်စရာ အတွေ့အကြုံတွေ ရခဲ့တယ်လို့ကော မထင်ဘူးလား"
“ဟင့်အင်း... မထင်ပါဘူး”
“လွင်က လိပ်ပြာမလုံဘူး မောင်”
“အဲ့ဒါတွေ မေ့ပစ်လိုက်တော့”
“အဲဒါတွေ မေ့ပစ်ရရင် ဘာကို သတိရနေရမှာလဲ မောင်...”
“လောကထုံးစံဆိုတာ ဒီလိုပဲလို့ သတိရနေ… သက်သာတယ်။ တဖြည်းဖြည်းနဲ့ ဝေဒနာဆိုတာကို မေ့သွားမယ်”
“မောင့်ကိုထားတဲ့ သံယောဇဉ်ကိုတော့ မေ့လို့ရမယ်မဟုတ်ဘူး။ နေဦး... မေးရဦးမယ်။ လွင် မလွှဲမရှောင်သာဘဲ အိမ်ထောင်ပြုသွားရပြီးရင် မောင်ကော”
“လူပျိုကြီးဘဝနဲ့ပဲ နေတော့မယ်” ဟု သူဖြေ၏။ “မောင် အသက်ကြီးလာရင် ဆေးပေးမီးယူမရှိလို့ မဖြစ်ဘူးလေ။ သင့်တော်တဲ့သူနဲ့ အိမ်ထောင်ပြုဖို့တော့ လွင် တိုက်တွန်းပါတယ်။ သဘောထား အတော်ကြီးရတာ မောင်... ဒီစကားပြောဖို့” ဟု နှင်းနှင်းလွင် ပြောသည်။
မကြုံကြရသေးသော်လည်း စိတ်မှာဆွေးသည်။
“ပြဇာတ်ကနေရသလိုပဲနော် လွင်”
သူက ပြုံးကာ ခေါင်းညိတ်ပြီး
“ဟုတ်တယ်မောင်၊ တကယ့်ဘဝက တစ်မျိုး၊ စင်ရှေ့မှာ ကနေရတာကတ်မျိုး"
“အရင်က ရင်ဆိုင်ရမှာကို ချည့်နဲ့တယ်။ အခု စိတ်ခွန်အားရှိလာတယ်။ အဲ့ဒါတော့ မောင့်ရင်ထဲမှာ ထူးခြားလာတယ်”
“လွင် မောင့်လိုပဲ၊ သတ္တိရှိလာတယ်ဆိုပါတော့ မောင်ရာ”
နှင်းတောထဲတွင် လျှောက်ရင်း နှင်းနှင်းလွင်က သူ့လက်မောင်းကိုကိုင်ကာ လျှောက်လာ၏။
*
“ငါတို့ဆီမှာ လူနာနဲ့ သမားတော်နဲ့ ဆက်ဆံရေးက တစ်မျိုး၊ မရတော့တဲ့ ရောဂါကိုလည်း အားပေးတဲ့အနေနဲ့ ပျောက်သွားမှာပါ၊ ကောင်းလာတော့မှာပါလို့ နှစ်သိမ့်တယ်။ ဥရောပတို့၊ အနောက်နိုင်ငံတို့မှာက မရရင် မရတော့ဘူး။ ဘယ်နှလ၊ ဘယ်နှနှစ်ပဲ အသက်ရှင်နိုင်စရာရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကိုပြောရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီစဉ်စရာ စီစဉ်ဖို့ အပြီးအပြတ် လုပ်စရာ လုပ်ရတာကိုး။ သိစရာကို သိမှ၊ မသိဘဲ နေရရင် မဖြစ်ဘူး။ သဘာဝတရားတစ်ခုကို စနစ်တကျ ရဲရဲဝံ့ဝံ့ ရင်ဆိုင်စရာ ရင်ဆိုင်ရမှာပဲလေ။ အဲသလိုပဲ လှိုင်ထွန်း... ငါနဲ့လွင်နဲ့က တစ်ချိန်မှာ ရာသက်ပန် ကွဲကြတော့မယ့်အရေးကို လက်တွဲပြီး ရင်ဆိုင်နေကြတာ” ဟု သူပြောလေသည်။
လှိုင်ထွန်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး
“မင်း စောစောကပြောသလို ပြောရရင် လူရဲ့အဓိပ္ပာယ်ကို ထပ်ပြီး တိုးချဲ့တာ၊ချစ်သူဆိုတာရဲ့ အဓိပ္ပာယ်ကို ထပ်ပြီး တိုးချဲ့လိုက်တာ၊ ဟုတ်လား”
“ဟုတ်တယ်” ဟု သူပြောပြီး
“လူဆိုသည်မှာ... ကိစ္စထဲက တစ်ခုအပါအဝင်ပဲပေါ့ကွာ။ လူဆိုတာ ကျောက် ဂူထဲမှာ နေတဲ့လူ။ လူဆိုတာ မြက် သက်ငယ်တဲနဲ့ နေတဲ့သူ။ နောက်တော့ ပျဉ်ထောင်အိမ်၊ နောက်တော့ တိုက်ခံအိမ်၊ တိုက်၊ မိုးပျံတိုက်၊ ဖန်လုံအိမ်၊ တစ်ဆင့် ဆင့် ပြောင်းသလို၊ တိုးတက်လာသလို စိတ်ကိစ္စမှာလည်း အဲသလိုဖြစ်မှာပဲပေါ့။ ငါတို့စိတ် အလေးမပြိုင်ပွဲ ဝင်နေကြတာ”
လှိုင်ထွန်း ပြုံးလေသည်။ ထို့နောက်
“ချစ်သူ့ယဉ်ကျေးမှုသစ်လို့ ခေါ်ရမလားပဲ”
“ငါရော လွင်ရော မတန်တဆ အဖိစီးခံပြီး ခိုးရာမလိုက်ကြ၊ ရုံးတက် လက်မထပ်ကြတာကို မမဆွေတို့ သဘောပေါက် နားလည်နိုင်ကြရင် ကောင်း မယ်နော်”
“ခုလောက်ဆို နားလည်မှာပါ။ မာလာတင် ရှင်းပြထားပြီပဲ”
“မမဆွေတို့ကို ငါတို့နှစ်ယောက် ငဲ့ညှာရတာ အသည်းကွဲခတောင် ပြန် မရပါဘူးကွာ”
လှိုင်ထွန်းက မသိသာစွာ သက်ပြင်းချ၏။ စိတ်အိုက်လာသလားမသိ။ အိပ်ခန်း မှန်တရုတ်ကတ်တွေကို သွားဖွင့်၏။ ပလတ်စတစ်ကြိုး ကုလားထိုင်တွင် ထိုင်ပြီးတော့မှ
“ကိုယ့်စိတ် ချမ်းသာမှု အကျိုးစီးပွားကိုချည်း မင်းတို့ မကြည့်ကြတာ ချီးကျူးပါတယ်ကွာ။ ဘယ်လို နှိုင်းရမလဲ။ အင်း... ရှေးစကားလုံးနဲ့ပဲ ပြောရမှာပဲ။ သူများအတွက် အများအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံပြီး ယဇ် ပလ္လင်တင်တယ် ဆိုတာမျိုး၊ မလွယ်ပါဘူးကွာ၊ တော်ရုံလူဆိုရင်”
“သူများစိတ်ချမ်းသာမှုကို ငါနဲ့လွင် စောင့်ရှောက်ကြပါတယ်။ အဲ့ဒါကြောင့် ငါတို့ စိတ်ချမ်းသာမှုကို ပြန်လည် စောင့်ရှောက်နိုင်ပါစေလို့ ဆုတော့ တောင်းနေ ကြတာပဲ လှိုင်ထွန်းရာ”
“မင်းတို့ ဆုံးဖြတ်ချက်ချထားတာကို ဘယ်လိုအကြောင်းနဲ့မှ မပြောင်းလဲကြ ဘူးပေါ့” ဟု လှိုင်ထွန်း မေး၏။ သူ ခေါင်းတစ်ချက်ညိတ်ပြီးနောက်
“ဟင့်အင်း၊ မပြောင်းလဲပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာလို့ အလိုလိုက်ရမှာလဲ”
လှိုင်ထွန်းက ခေါင်းတဆတ်ဆတ် ညိတ်နေသည်။ ထိုစဉ် လှိုင်ထွန်း၏ညီ တစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။ မာလာတင် ရောက်နေကြောင်း လာ ပြောသည်။
[] [] []
[ ၃၁ ]
မောင်မောင်ကျော်ငြိမ်းက ဒေါ်မြဆွေတို့ထံ စာရေးနေကျအတိုင်း ရေးသည်။ သတိရကြောင်း၊ အလုပ်အကြောင်း ရေးသည်ဟု နှင်းနှင်းလွင် ပြောပြ၏။ မိဘ ထံသို့ရေးသော စာထဲတွင် တန်ဆောင်မုန်းလ၌ မင်္ဂလာကိစ္စ အစီအစဉ် စီစဉ်သည်ကို သိရကြောင်း၊ ဆိုင်းငံ့ထားစေလိုကြောင်း။ အဘယ့်ကြောင့်ဆိုသော် လုပ်ငန်းခွင် အရွှေ့အပြောင်းရှိနေကြောင်း၊ အင်ဒိုနီးရှား ကမ်းလွန်ရေနံလုပ်ငန်းသို့ ပြောင်းရန် ပြင်ဆင်ပြီးဖြစ်ကြောင်း မောင်မောင်ကျော်ငြိမ်း ရေးသားခဲ့သည်ဟု သိရသည်။
“မပြောကောင်း ပြောကောင်း နှိုင်းရရင် ကြိုးမိန့်ကို ရက်ရွှေ့လို့ ပျော်တဲ့လူလို လွင် ပျော်တယ် မောင်ရေ့”
နှင်းနှင်းလွင် ပြောပြသော သတင်းတွေကို မြေပဲလှော်ဝါးရင်း နားထောင်နေ သော ဝင်းမျိုးက ဟင်းခနဲ မြည်သံဖြင့် သက်ပြင်းရှည် ချလေသည်။ နှင်းနှင်းလွင်ကို သူ ကြည့်နေလေသည်။
“ခုအချိန်ဟာ တစ်ရက်ဆို ဆိုသလောက်ပဲ။ စိန်ရွှေရတနာနဲ့ မလဲနိုင်ဘူး။ တန်ဖိုးကြီးတဲ့နေ့တွေရက်တွေပဲ မောင်”
ဝါးရုံရိပ်အောက်ရှိ မြေမှာ ရေဖျန်းထားပြီး အမှိုက်သရိုက် လှည်းကျင်း ထားသည်။ သန့်သော မြေတလင်း။ ဝါးရုံကို ဝိုင်းနေအောင် ညီညီညာညာ ညှိထားသည်။ တစ်ရပ်အမြင့်သာသာအထိ အောက် အခက်အလက်တွေကို ခုတ်ရှင်း ထားလေသည်။ အပင်ဖျားတို့သည် အရပ်ရှစ်မျက်နှာသို့ ဖြာကာ ညွတ်နေ၏။ ထိုအခါ ထီးရိပ်ကဲ့သို့ ဖြစ်နေလေ၏။ အရိပ်တို့သည် အရွက်လှုပ်သဖြင့် လှုပ်နေသည် ကို သူကြည့်ကာ
“ဂျီဩမေတြီ သင်္ချာလိုပေါ့ လွင်၊ ကိုယ်တွက်ချင်သလို တွက်လို့မရဘူး။ ပေးထားချက်ပေါ်မှာ မူတည်ပြီးမှ တွက်ရမှာ။ မောင်တို့လည်း အခြေအနေရဲ့ ပေးထားချက်ပေါ်မှာ မူတည်နေရမှာပေါ့ လွင်ရာ”
“အင်း... ဟုတ်တယ်” ဟု ဝင်းမျိုးဆို၏။ သူက
“တွက်ရတဲ့အဆင့်တွေ များလာတဲ့သဘောပဲ။ အဖြေက တစ်ခုတည်းပဲ။ ကြာကြာတွက်နေရတာမျိုးပေါ့”
ဝင်းမျိုးသည် ချင်းသုပ်တစ်ဇွန်း ခပ်စားပြီး ကြက်သွန်ဖြူတစ်တက်ကို ရော၍ ဝါးရင်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။ နှင်းနှင်းလွင်သည် နှီးကြောဖျာပေါ်တွင် တင်ပျဉ်ခွေ၍ထိုင်ကာ သူ့ကို ကြည့်နေ၏။ သူက ရေနွေး ကြမ်းပန်းကန်ကို ကိုင်ထားရင်းနှင့်
“တစ်နည်းတော့ အချိန်ဝေးနေသေးလို့.. ခုဆို အချိန်ထပ်ဝေးသွားလို့ ခုလို အခွင့်အရေးလေး မဆုံးရှုံးသေးဘူးပေါ့။ နောက်တစ်နည်းကျတော့ လာမယ့်ဘေး ပြေးတွေ့လိုက်ရတာကမှ ကောင်းဦးမယ်ဆိုတဲ့သဘော။ ဒီနှစ်ခုကြားထဲမှာ မျှော်လင့် ချက်ဆိုတာ မထားကောင်းလို့မထားတာ အကောင်းဆုံးပဲ။ ဒါပဲ သက်သာရာရှိတာ”
နှင်းနှင်းလွင်က ခေါင်းညိတ်ပြီး
“လွင်လည်း အဲ့သလိုပဲ တွေးပါတယ်”
စားရင်းသောက်ရင်း စကားပြောရင်း ဝင်းမျိုးက ကားလမ်းဘက်သို့ မကြာခဏ မျှော်၏။ နေချိုလာသောအခါ “လှိုင်ထွန်းတို့ကလည်း ခုထိ မလာသေးဘူး” ဟု စိတ်မရှည်သံနှင့် ပြောသည်။ ကိုယ်ရေးကိုယ်တာ စကားတွေ မပြောမိကြတော့။ ကျောင်းအကြောင်း၊ ပညာရေးစနစ်အကြောင်း၊ ကိုင်ဇာ့သီချင်းအကြောင်း၊ မင်းလူ၏ ဝတ္ထုအကြောင်း၊ ဗီဒီယို ရုပ်ရှင်ကားအကြောင်း၊ မဂ္ဂဇင်း အသစ်တွေအကြောင်းနှင့် နှုတ်သင့်ရာအကြောင်းတွေသို့ စကားစုံရောက်သည်။
သဲကန္တာရတွေထဲတွင် နေရာတစ်နေရာပေးသဖြင့် တည်ကျင်းနေထိုင်လာသော လူမျိုးအကြောင်းကို ဝင်းမျိုး ပြောသည်။ ကြိုးစားမှုအရပ်ရပ်ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ ပညာရေးတို့တွင် ထိပ်တန်းဖြစ်လာပုံတွေ ပြောပြသည်။ သူက သမုဒ္ဒရာ ကြီးထဲရှိ ကျွန်းနိုင်ငံတစ်နိုင်ငံအကြောင်းကို ပြောသည်။ သူ့စကားစအတိုင်း ထိုနိုင်ငံ၏ စက်မှု၊ နည်းပညာ၊ ဓနအရာတွင် အားလုံးထက်သာအောင် ကြိုးစားပုံတွေ၊ စည်းစနစ်ကောင်းပုံတွေကို ဝင်းမျိုးက ဆက်၍ ပြောပြလေသည်။
“မင်းတို့ ငါတို့အတော် ကြိုးစားရမှာနော် တင်အောင်ရှိန်”
“ဟုတ်တယ်။ ငါ မြင်တာကတော့ သူတို့စိတ်ဓာတ်က နှစ်ချက်ပဲ။ တစ်ခုခု ကိုလုပ်ရင် အပီလုပ်တယ်။ တိုင်းပြည်အတွက် အသက်ပါရင်းပြီး သင်္ဘောခေါင်း တိုင်ထဲကို လေယာဉ်မောင်းပြီး ထိုးဆင်းတယ်လေ၊ အနိုင်ရဖို့။ နောက်တစ်ခုက တာဝန်ခံပြီး အလုပ်တစ်ခုလုပ်တယ်။ အစွမ်းကုန်ကြိုးစားပြီး လုပ်တာ။ အဲဒီကြား ထဲက ဆုံးရှုံးပျက်စီးသွားရင်၊ မအောင်မြင်ရင် ကိုယ့်ဝမ်းကိုယ် ဓားခွဲပြီး အပြစ်ပေး ပစ်တယ်။ ဒီစိတ်ဓာတ်နှစ်ခုနဲ့ သူတို့ ဆောက်ခဲ့ကြတာ။ ငါ ထင်တာလေ”
ဝင်းမျိုးက ခေါင်းညိတ်ပြီး “မှန်တာပေါ့” ဟု ပြောသည်။ ထိုစဉ် ကားဟွန်းသံ ကြားရသည်။ နားကျက်မိနေပြီဖြစ်၍ သိလိုက်၏။ လှိုင်ထွန်းသည် ကားကို ဆိုင် ဆီသို့ ဦးတည်ပြီး ဘီးလှိမ့်လာ၏။
*
အငှား လေးဘီးကားမောင်းတော့မှ နှင်းနှင်းလွင်က ဟင်းခနဲ တစ်ချက် ရယ်သည်။ “တည့်တည့်ကို တိုးတော့တာပဲ” ဟု စကားစပြီး
“အစ်ကိုကြီးတို့နဲ့အတူပါလာတာ ကိုမောင်မောင်ကျော်ငြိမ်းရဲ့အမေ”
“ဟုတ်လား” ဟု ဆိုကာ သူ မျက်လုံးဝိုင်းသွားရလေ၏။ “ဟုတ်လား” ဟု ဝင်းမျိုးကပါ သူ့နည်းတူ အံ့အားသင့်သည်။ “မာလာတင်ကတော့ သိတယ် မဟုတ်လား” ဟု သူမေး၏။ “သိတာပေါ့” ဟု နှင်းနှင်းလွင် ဖြေ၏။ “ငါ ဆတ်ဆော့တာ၊ ရုပ်ရှင်ကြည့်ဖို့ကိစ္စ” ဟု ဝင်းမျိုးက နောင်တသံဖြင့် မေး၏။ နှင်းနှင်းလွင်က “မဆိုင်ပါဘူး။ လွင်တို့ကလည်း ကြည့်ချင်နေတာ။ ကိုလှိုင်ထွန်းနဲ့ မာလာကိုပါ လွင် တမင်ချိန်းတာ၊ ကြည့်ပါလား” ဟု နှင်းနှင်းလွင်ပြောသည်။ “ဆုံရအောင်” ဟုဆိုကာ ချိန်းပြီး သမ္မတရုံတွင် ရုပ်ရှင်ကြည့်သည်။ အရောက်နောက်ကျသဖြင့် သတင်းတွေပြနေစဉ် ရုံထဲသို့ ဝင်ကြသည်။ ရုပ်ရှင် ပြီးသောအချိန်တွင် ဦးမြတ်မောင်၊ ဒေါ်မြဆွေတို့နှင့် တိုးသည်။
ဒေါ်မြဆွေနှင့်အတူ အသားဖြူဖြူ၊ အရပ်အမောင်းကောင်းသော အမျိုးသမီးကြီး တစ်ဦးကိုပါ တွေ့ရ၏။ “ညီမတို့လည်း သူငယ်ချင်းတွေနဲ့ လာကြည့်မယ်ဆိုလို့ရုံ ရောက်တော့ ကြည့်ပါသေးတယ်” ဟု ဦးမြတ်မောင်က နှင်းနှင်းလွင်ကို ပြောသည်။
“မာလာ အိမ်ကအထွက်နောက်ကျလို့” ဟု မာလာတင်ကပါ ပြောသည်။
ဦးမြတ်မောင်သည် ညီမ မျက်နှာထားတတ်ရန် မောင်မောင်ကျော်ငြိမ်း၏ မိခင် မရိပ်မိရန်၊ သံသယမဖြစ်စေရန် စကားဖန်တီးပြီး ပြောသည်။
ရုံအောက်သို့ရောက်သောအခါ အုပ်စုလိုက် ပြန်မည့်စကား မာလာတင် ပြောသည်။ ဦးမြတ်မောင်တို့ ကားမောင်းသွားတော့မှ “ဒုက္ခပဲ” ဟု ညည်း၏။ နှင်းနှင်းလွင် လက်ကာ၏။ မပြောစေလိုမှန်း သိ၍ မာလာတင် မပြော။ သူတို့သုံး ယောက်က သီးခြားပြန်သည်။ လှိုင်ထွန်းတို့က ဈေးဝယ်စရာရှိ၍ ဈေးသို့ သွား ကြသည်။
“အိမ်ရောက်ရင် ဆူတော့မယ် ထင်တယ်”
“ဆူချင်လည်း ဆူပေစေ၊ ဆူထိုက်ပါတယ်။ ကိုမောင်မောင်ကျော်ငြိမ်းရဲ့အမေ ပါလာလို့ အခြေအနေကိုက ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်လေ။ ဉာဏ်ကောင်းပေလို့ အိမ်ပြန်ရောက်မှ အဆူခံရမှာ။ အခု ကားပေါ်မှာ စိတ်မညစ် ချင်ပါဘူး။ ရုံအောက်မှာ မမမာလာက ဆွေမျိုးစပ်ပြတော့မလို့ လွင် လက်ကာတား လိုက်ရတယ်။ မောင် ချက်ချင်းကြီး စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့”
ဝင်းမျိုးက “ချိန်းထားရင် လွဲမယ်၊ ဆုံမယ့်ဆုံတော့ လူစုံတက်စုံ” ဟု ညည်းညူသံနှင့် ပြောသည်။ ဟောင်းနွမ်းသော စက်အိုသံကြောင့် အသံမြှင့်ပြီး စကားပြောရသည်။
“နှစ်ယောက်တည်းများကြည့်မိရင် ခုလိုသာဆို ပြဿနာပဲ”
သူတွေးပြီး ပြောသည်။ “အင်း..” ဟု နှင်းနှင်းလွင်က သွေးလန့်သံဖြင့် ဆို၏။ “ဒါပေါ့ကွယ်၊ ဒါပေါ့၊ ကံဆိုးချင်တော့ နတ်ပြည်ကအပ်နဲ့ လူ့ပြည်ကအပ်… အပ်သွားချင်း ကြံဖန်ထိတယ်ဆိုတာ အဲဒါပေါ့” ဟု ဝင်းမျိုးက ရယ်ပြီးပြောလေသည်။ နှင်းနှင်းလွင်က
“စဉ်းစားမနေနဲ့တော့ စိတ်ချမ်းသာမှုတွေ ပျောက်ကုန်မယ်။ ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ နေပျော်ပါတယ်ဆိုတဲ့ မောင် တစ်ခါက ပြောဖူးတဲ့ စကားအတိုင်းပဲပေါ့။ မေ့ထားလိုက်တော့”
သူ ရယ်လိုက်သည်။
*
စိတ်အေး၍နေရသော အခြေအနေသည် ရုတ်ခြည်းပင် ပြောင်းလဲလာသည်။ ရုပ်ရှင်ရုံထဲတွင် မျက်နှာချင်းဆိုင် တိုးသည့်နေ့က စိုးရိမ်ခဲ့သည်။ “ညဆယ်နာရီခွဲရင် လွင်... မောင့်ဆီကို ဖုန်းဆက်ပြီး အခြေအနေပြောမယ်” ဟု နှင်းနှင်းလွင်ပြောသည်။ ဖုန်းဆက်သောအခါ အစ်ကိုဖြစ်သူက ဆူပူခြင်းမရှိဟု သိရသည်။ “ညည်းအစ်ကို စိတ်ထဲမှာ ပျာယာခတ်သွားတာ” ဟု ဒေါ်မြဆွေလည်း ပြန်လည်ပြောပြသည်။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ စိတ်အေးခဲ့ရသည်။
သို့ရာတွင် လဝက်မျှအကြာတွင် မောင်မောင်ကျော်ငြိမ်းထံမှ သတင်းကို ဒေါ်မြဆွေတို့ သိရသည်။ အင်ဒိုနီးရှားသို့ အလုပ်ပြောင်းရွှေ့ရေး မဖြစ်ဟု သိရ သည်။ ထိုအချက်ကြောင့် မင်္ဂလာကိစ္စကို မောင်မောင်ကျော်ငြိမ်း၏ မိဘတွေက စီစဉ်ရန် စကားစသည်။ သားဖြစ်သူထံ စာရေးလိုက်သည်ဟု သိရသည်။
ယခင် တန်ဆောင်မုန်းလထက် သီတင်းဝါလ ကျွတ်ပြီး တစ်ပတ်အတွင်းမှာ မင်္ဂလာအစီအစဉ် ကျင်းပမည်ဟု သိရသည်။ အေးချမ်းရာမှ ပူပြင်းလာသော အနေအထား။ နှင်းနှင်းလွင်သည် ဣန္ဒြေမပျက်၊ ရယ်မောပြုံးရွှင်စွာနေသည်။ သို့သော် ခွန်အား မသိသာစွာ လျော့မှန်း သူ သတိပြုမိသည်။
“ကမ္ဘာမြေကြီးတောင်မှ နေဒဏ်ခံလိုက်၊ လရောင်ရလိုက်၊ မှောင်မိုက်လိုက်နဲ့ အပြောင်းအလဲတွေ ခံရတာပဲ။ မခံဝံ့စရာ မရှိပါဘူး”
သူပြောသည်။ သူငယ်ချင်းတွေက စိတ်အားပေးစကားတွေ ပြောကြသည်။
*
“လွင် စိတ်ဓာတ် ခယိုခယိုင် ဖြစ်ချင်တယ် မောင်ရာ။ ကံကြမ္မာလက်ထဲ ဝကွက်ပြီး အပ်ထားရတာ စိတ်ဆင်းရဲတယ်။ တစ်ခါတလေ စည်းတွေ ကမ်းတွေ ဘာတွေကို ပုန်စား ပုန်ကန်ချင်စိတ်တောင် ဝင်သလိုလို ဖြစ်လာတယ်”
နှင်းနှင်းလွင် စိတ်ကျဆင်းသောအခါ သူ စိတ်အားတက်နေ၍ တော်သေး သည်။ နှစ်ဦးစလုံး စိတ်ဓာတ် ဆုတ်ယုတ်ခြင်းနှင့် မကြုံသဖြင့် တော်သေးသည်။ အပြန်အလှန် ဖေးမ အားပေးနေခဲ့ကြသည်။
“လွင့်အစ်ကိုတွေရဲ့ ကျေးဇူးကို သူတို့စကား နားထောင်တယ်၊ နာခံတယ်ဆိုတဲ့ အပြုအမူနဲ့ ကျေးဇူးဆပ်ရမှာပဲ မဟုတ်လား။ ဒီနည်းကလွဲလို့ အခြားနည်း ရှိမှမရှိတာ”
ထိုင်းမှိုင်းသွားသော အမူအရာတွေကို နှင်းနှင်းလွင်တွင် ပြန်လည်တွေ့လာရ၍ စိတ်မကောင်းဖြစ်ရသည်။ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်လာမည် စိုးရသည်။
“ဝင်းမျိုးတို့က မောင့်ကို သတိပေးကြတယ်”
“ဘာကိုလဲ မောင်”
“လွင့်မှာ ဂဠုန်နှုတ်သီး၊ ဟနုမာန်နှုတ်ခမ်း ပြန်ဖြစ်လာရင် မင်းကြောင့်နော် တဲ့။ မောင်လည်း စိုးရိမ်တယ်”
နှင်းနှင်းလွင် ပြုံးပြီး ခေါင်းခါသည်။ ထို့နောက်
“အဲသလောက် မဖြစ်အောင် လွင် ကြိုးစားပါတယ်။ တရားပြန်ထိုင်နေတယ်၊ ပုတီးပြန်စိပ်နေတယ်”
စိတ်၏ မှီခိုရာကို ရှာရပြန်ပြီဖြစ်သော သူ့အတွက် ရင်ထဲမှာ နာကျင်လာရသည်။
[] [] []
[ ၃၂ ]
သင်္ကြန်ကျရန် ဆယ့်လေးငါးရက်သာ လိုတော့သည်။
နှင်းနှင်းလွင်တို့ မိသားစုက ဘုရားပွဲ သွားဖြစ်သည်ဟုဆို၍ မာလာတင် က ငါးခြောက်ငါးခြမ်း၊ ပဲ၊ အာလူး၊ နို့၊ သကြားကအစ ကြို၍ဝယ်ထားသည်။ သူတို့အုပ်စုကလည်း စားသောက်ဖွယ်ရာတွေ စ၍ဝယ်သည်။ အမေက ငရုတ်၊ ကြက်သွန်တွေ ဝယ်စုပေးရင်း
“ကလေးမလေးကိစ္စက နေ့ရက် သတ်မှတ်လိုက်ပြီလား သား”
မေးသူက စိတ်မကောင်း၊ ဖြေရမည့်သူမှာ စိတ်မချမ်းမြေ့။
“ဝါကျွတ် ပြီးပြီးချင်းလို့တော့ သိရတယ်။ သင်္ကြန်... တောင်တော်မောင်နှမ ဘုရားပွဲကို လွင့်အစ်ကို အတူမလိုက်ဘူးတဲ့။ ဆရာတော်တစ်ပါးဆီ နေ့ကောင်း ရက်သာမေးဖို့ နေခဲ့မယ်။ သူတို့ကိုးကွယ်တဲ့ ဆရာတော်က အကြိုနေ့ကျမှလား အကျနေ့ကျမှလား မသိဘူး။ ရန်ကုန်ကြွလာမှာမို့လို့တဲ့။ ပြီးမှ ဘုရားပွဲမပြီးခင် လိုက်လာမှာတဲ့ အမေ”
“တကယ်အတည်ဖြစ်သွားပြီကိုး”
အမေက ဘာကိုရည်ရွယ်၍ ပြောမှန်း သိလိုက်၏။
*
တည်းခဲ့ဖူးရာ ဇရပ်လေးကို မြင်ရချိန်တွင် ရင်ခုန်လာသည်။
သော့ဖွင့်ပြီး အတွင်းကို မြင်ရသောအခါ ကြည်နူးသည်။ အမှိုက်သရိုက် လှည်းကျင်းပြီး ရေဆေးသန့်စင်သည်။ မွန်းလွဲခါနီးတွင် ပစ္စည်းပစ္စယတွေကို နေရာချသည်။ ဇရပ်အသီးသီးတွင် တည်းမည့်သူတွေက သန့်ရှင်းရေး လုပ်ကြသည်။ရေတွင်းမှာ အလှည့်ကျစောင့်ကာ ရေငင်ကြရသည်။ တိတ်ဆိတ်နေသော ကျောင်း ပရိဝုဏ်ထဲတွင် လူသံသူသံတွေနှင့် စည်ကားလာလေသည်။
နေစောင်းတော့မှ ရေမိုးချိုးရန် ရေတွင်းရှိရာသို့ ဆင်းကြသည်။
နှင်းနှင်းလွင်တို့ ဇရပ်ရှေ့သို့ ရောက်သောအခါ “ဟေ့... မောင်” ဟူသော ခေါ်သံကို ကြားရသည်။ လှေကားဦးတွင် ရပ်နေသော နှင်းနှင်းလွင်က နိုင်ငံခြား ဆပ်ပြာမွှေးတုံးတစ်တုံး လှမ်းပေး၏။
“ညနေစာ မောင်တို့မချက်နဲ့၊ လွင်တို့ လာပို့မယ်”
သူ ခေါင်းညိတ်၏။ ဝင်းမျိုးက
“မပို့နဲ့လေ မလွင်။ ကျွန်တော့် အမျိုးအိမ်က ဒီနေ့ညနေစာ ဖိတ်ထားတယ်။ မနက်ကျမှ မလွင်တို့ ပို့တာ စားမယ်”
“ဒါဖြင့်လည်း ပြီးတာပဲ” ဟု နှင်းနှင်းလွင် ပြောသည်။ ဒေါ်မြဆွေက အိပ်ရာလိပ်တွေကို နေရာချနေရာမှ သူတို့ဆီသို့ လှမ်းကြည့်ပြီး ပြုံး၏။ ဒေါ်မြဆွေ၏ မိတ်ဆွေ အမျိုးသမီး လေး၊ ငါးဦးက ပစ္စည်းတွေ ချိတ်တန်ချိတ်၊ တင်တန်တင် နေသည်။ ထိုအုပ်စုထဲရှိ မာလာတင်က “ရွာထဲ ဘယ်အချိန်သွားမှာလဲ” ဟု လှမ်းမေး၏။ “နေချိုတော့မှပါ” ဟု လှိုင်ထွန်း ဖြေသည်။ “လိုက်မလို့လား”လို့ ဝင်းမျိုးက မေးသည်။ မာလာတင် ခေါင်းညိတ်သည်။
ရေတွင်းသို့အရောက်တွင် အုတ်ရေကန်ကို သူ ကြည့်၏။ နှင်းနှင်းလွင်ရေးခဲ့ သော စာကိုကြည့်၏။ မြေဖြူမှုန့်ပင် မထင်တော့။ နှမြောစွာကြည့်နေသော သူ့ကို
“ဘာလဲ၊ စာအကြွင်းအကျန် ထင်နေသေးလားလို့ မင်းကြည့်တာ မဟုတ်လား”
ဝင်းမျိုး မေး၏။ အပြုံးဖြင့် သူဝန်ခံသည်။
“သူငယ်ချင်း အရာခပ်သိမ်းဟာ မတည်မြဲဘူး”
ဝင်းမျိုးက တရားဓမ္မသံနှင့် ပြော၏။ ခေါင်းပေါင်း ကျွတ်မျှ မြင့်မားလှသော ကျွန်းပင်တွေ၊ ကညင်ပင်တွေကို သူ မော့ကြည့်နေသည်။ ရေတွင်းတည်ရာ၏ ဝန်းကျင်တွင် ထူထပ်လှသော သစ်ပင်ကြီးတွေကြောင့် အပူရှိန် မရှိ။ စိမ့်နေ၊ အေးနေသည်။ လေသည် တစ်ချက်တစ်ချက်၌ ဟူးဟူးထနေအောင် တိုက်ခတ်တတ် သေးသည်။
“ဒီကိုမလာခင်တစ်ပတ်က လွင် အပြောင်းအလဲတစ်ခု လုပ်ခဲ့တယ်။ ငါ ဟိုမှာတုန်းက မင်းတို့ကိုမပြောတာ တခြားမဟုတ်ဘူး။ စိတ်ကသိကအောက်ဖြစ်မှာစိုးလို့”
သူ့စကား ဆုံးလျှင်ဆုံးချင်း လှိုင်ထွန်းက ပခုံးထက်က မျက်နှာသုတ်ပဝါကို ဝါးလုံးတန်းတွင် တင်ရင်း
“ဘာအပြောင်းအလဲ လဲ”
ပလတ်စတစ်ဆပ်ပြာခွက် အဖုံးထဲသို့ နှင်းနှင်းလွင် ပေးလိုက်သော ဆပ်ပြာကို စက္ကူပတ်ဖြေပြီးထည့်ကာ
“ဒီမှာဆုံကြတာ ငါနဲ့လွင် နောက်ဆုံး ဆုံကြခြင်း၊ တွေ့ကြခြင်းပဲ။ ကြာရင် နေမြင့်လေ အရူးရင့်လေ နှစ်ယောက်စလုံးဖြစ်မယ်တဲ့၊ အဲဒါပဲ။ ငါလည်း သူပြောတာ သဘောကျပါတယ်။ ခုဆို ငါ တော်တော်ခံနေရပြီ။ အစ်ကိုကြီးက ရန်ကုန်မှာ မင်္ဂလာရက်ကိစ္စ မေးမြန်းနေပြီ။ ဖိတ်စာတောင် စုံစမ်းချင် စုံစမ်းခဲ့မှာ”
ဝင်းမျိုးက ရေလဲပိုင်း လဲနေရာမှ ဆိုင်းသွားပြီး တွေ၍နေ၏။ နဖူးတွန့်ကို ဖြေလျှော့လိုက်ပြီးမှ
“စိတ်ခိုင်ကြရင် မတွေ့တာ ရောဂါ မတိုးစေတဲ့နည်းပဲ”
သူ့ကို လှိုင်ထွန်းက စူးစူးစိုက်စိုက်ကြည့်ရင်းနှင့်
“အခွင့်အရေးတစ်ခုကို ကိုယ့်ဘာသာကိုယ် ရပ်စဲပစ်နိုင်တဲ့ သတ္တိကလည်း နည်းနည်းနောနော သတ္တိမဟုတ်ဘူး။ ဆက်ပြီးနေရင် နစ်သထက်နစ်မယ့် နွံထဲက အပြတ် ရုန်းထွက်တာ မဆိုးပါဘူး။ ငါတို့လည်း အဲသလိုပဲ မြင်နေတာ။ တွေ့ဆုံနေ အတူသွား အတူစား နေနေလေလေ ရင်ကွဲနာကျရမယ့် ပမာဏကြီးလေလေပဲ သူငယ်ချင်း”
သူ ခေါင်းညိတ်လိုက်သည်။ သူ မည်သို့ခံစားရမည်ကို နားလည်ကြသော အကြည့်နှင့် ကြည့်ကြသည်။ စကားခဏစဲသောအချိန်တွင် ရွက်ခြောက်များ လွင့် ပြေးသံကို ကြားနေရလေ၏။
*
မတ်စောက်ခြင်းမရှိသော ချောင်းကမ်းပါးကို မျက်နှာပြုထားသော ရွာတန်း ရှည်။ မျက်နှာချင်းဆိုင် ချောင်းတစ်ဖက်တွင်လည်း ရွာတန်းရှည်၊ ကျောချင်းကပ် အိမ်တွေ၊ ထိုအိမ်တို့နှင့် မျက်နှာချင်းဆိုင်အိမ်တွေ။ ရွာအတွင်းလမ်းသည် အရှေ့၊ အနောက် ဖြစ်သော်လည်း ဖြောင့်တန်းသည်မဟုတ်။
ချောင်းရိုးအတိုင်း ကွေ့ကွေ့ကောက်ကောက်။ မနက်လှသော်လည်း ကျယ်သောချောင်းမှာ မိုးတွင်းသာဆိုလျှင် မြစ်ပြင်ကျယ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ သဲသောင်ခုံ တွေထွန်းသော ချောင်းထဲတွင် ရေစီးကြောင်းသည် ကွေ့ကာ ဝေ့ကာ စီးဆင်းနေ၏။ ဒူးဆစ်ပင် မမြုပ်သော ရေထဲတွင် အဝတ်လျှော်သူ၊ ရေချိုးသူ၊ သုံးရေ ခပ်သူတွေ ရှိနေ၏။
သဲသောင်ခုံပေါ်တွင် မြေပဲပင်တွေ၊ ဖရဲပင်တွေ၊ ဥယျာဉ်သီးနှံစင်တွေ။ အပင်တွေ တစ်မျှော်တစ်ခေါ်။ စိမ်းစိုလျက်ရှိသော စိုက်ခင်းမှာ မျက်လုံးအေးစရာ ရှုခင်းသဖွယ် ဖြစ်နေလေ၏။
ဝင်းမျိုး၏ အမျိုးအိမ်မှ ထမင်းစားပြီး ခဏအကြာတွင် ပြန်လာကြသည်။ ဝင်းမျိုးက အခြား အမျိုးအိမ်နှင့် အသိတွေအိမ်သို့သွားပြီး နှုတ်ဆက်သည်။ ဝင်းမျိုးနှင့်အတူ သူတို့ပါ လိုက်ကြသည်။ ဝင်းမျိုးက သူငယ်ချင်းတွေနှင့် မိတ်ဆက် ပေးသည်။
“ဟောဒါ... ကိုသံချောင်း၊ သူက ကိုသံချောင်းရဲ့ဇနီး မခင်မှီ။ ဟောဒါ ကျွန်တော့်သူငယ်ချင်းတွေ၊ သူက လှိုင်ထွန်း၊ သူက လှိုင်ထွန်းနဲ့ စေ့စပ်ထားတဲ့ မာလာတင်၊ သူက တင်အောင်ရှိန်၊ သူက နှင်းနှင်းလွင်၊ နှင်းနှင်းလွင်နဲ့ သူနဲ့က ဘယ်လိုပြောရမှန်း မသိအောင်တော့ ပတ်သက်နေတယ်။ စပ်ဟပ်ပြောပြဖို့ ခက်နေ တယ်”
ဝင်းမျိုးက လက်ညှိုးညွှန်ကာ ရယ်မောပြောဆိုပြီး မိတ်ဆက်ပေး၏။ အသက် သုံးဆယ်အရွယ် ဇနီးမောင်နှံက ရောနှောရယ်မောသည်။ လက်ဖက်ရည်ကြမ်းနဲ့ ပဲခြမ်းကြော်သုပ် စားရင်း တရင်းတနှီး ရှိလာကြသည်။
ကိုသံချောင်းသည် နေဒဏ်၊ မိုးဒဏ် မရှောင်နိုင်သော စိုက်ပျိုးရေး အလုပ် ကြောင့် အသားတွေ မည်းကြုတ်နေ၏။ မပိန်မဝ ကိုယ်နေဟန်ရှိ၏။ စကားပုံတွေ ညှပ်ပြောတတ်သည်။
မခင်မှီသည် အရယ်သန်သည်။ လှိုက်လှဲဖော်ရွေသည်။ အသားအရေမှာ ခင်ပွန်းသည်ကဲ့သို့ပင် ရှိသည်။ အိမ်ထောင်ကျသည်မှာ နှစ်နှစ်ကျော်ပြီဟု သိရ၏။ သားထောက်သမီးခံ မရှိကြသေး။ နေ့တိုင်း အလည်လာရန်၊ ထမင်းလာစားရန်၊ လက်ဖက်ရည်ကြမ်းသောက်လာရန် ဖိတ်ကြသည်။
“ငါက အမျိုးအိမ်တွေမှာထက် ကိုသံချောင်းတို့အိမ်မှာ ပျော်တယ်။ သူက မယ်ဒလင် အတီးကောင်း၊ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းတွေအကုန်ရတယ်။ မောင်မောင်ညွန့် သီချင်းတွေလည်း အကုန်နီးနီး ရတယ်” ဝင်းမျိုး ပြောပြသည်။ မြင်ကတည်းက သူ့မှာ ခင်မင်ချင်စိတ်ပေါ်ကြောင်း အပြန်လမ်းတွင် သူ ပြောပြသည်။
“ပျော်ပျော်ရွှင်ရွှင် နေတတ်တာ သဘောကျတယ်။ နေရထိုင်ရတာ နွမ်းပါး ပေမယ့် စိတ်မဆင်းရဲတဲ့ လင်မယားပဲ”
နှင်းနှင်းလွင် ထင်မြင်ချက် ပေးသည်။ လှိုင်ထွန်းက တောရိပ်တောင်ရိပ်ကို ငေးမျှော်ကြည့်ပြီး
“ဘဝကို အရသာမတွေ့ပေမဲ့ မြိန်တော့ မြိန်နေတဲ့သူတွေပဲ”
“ဟုတ်တယ်” ဟု ဝင်းမျိုး ပြောသည်။ “သူတို့လင်မယားဆီမှာပဲ ငါ တစ်ခေါက်လာတုန်းက နေခဲ့တာ။ အိမ်ထောင်ရေးဆိုတာ သူတို့နှစ်ယောက်ကိုမြင်မှ သဘောပေါက်တယ်။ အနွံအတာခံတယ်။ အတူရုန်းကန်ဖို့ အိမ်ထောင်ပြုတာ။ ညှာလည်း ညှာကြတယ်။ အပင်ပန်းခံတာလည်း လက်ဖျားခါလောက်တယ်။ သုံးရာ ခြောက်ဆယ့်ငါးရက်စလုံး အလုပ်လုပ်တယ်။ စိုက်တယ် ပျိုးတယ်၊ ရောင်းဝယ်တယ်” ဟု ဝင်းမျိုးက ပြောပြသည်။
*
ခါးပန်းပေါ်တွင် ခေါင်းအုံးတင်ပြီး လှဲသည်။ မဂ္ဂဇင်းစာအုပ် ဖတ်ခါစတွင် “မောင်ရေ….” ဟူသော ခေါ်သံကြောင့် ခေါင်းထောင်ကြည့်သည်။ လှေကားအလယ်သို့ ရောက်နေသော နှင်းနှင်းလွင်။ ညာဘက် လက်ဖဝါးထက်တွင် ငွေဖလားကြီး။ ရှေ့ကြမ်းပြင်အဆင့်ပေါ်သို့ ရောက်လာသည်။ ခေါင်းရင်းခန်းဘက်သို့ ဆက်လျှောက် လာသည်။ လူးလဲ၍ ထအထိုင်တွင်
“မောင့်ကို ရေလောင်းမလို့”
မဂ္ဂဇင်းစာအုပ်ကို ကြမ်းပေါ်မှာ ချထားလိုက်ပြီးမှ
“လွင်က ဦးသွားပြီ... မောင်က ညနေကျမှ လောင်းမယ်လို့ စိတ်ကူးထားတာ”
သူ ပြုံးပြီးပြော၏။ နှင်းနှင်းလွင်သည် အလယ် ပုဏ္ဏားကွယ်တွင် ပခုံးထိကာ အပေါ်ဆင့်မှာ ထိုင်သည်။
“မွှေးလိုက်တာ... လူမှာလား၊ ဖလားထဲကလား မသိဘူး”
တစ်ဝရှူပြီးမှ သူ ပြောလေ၏။ နှင်းနှင်းလွင်က ကိုယ်တစောင်းထိုင်သည်။ မျက်နှာချင်းဆိုင်သည်။ ရွှင်ရွှင်ပျပျအပြုံးနှင့်“နှစ်ခုစလုံးဆီက”
“လွင်က စောစောကတော့ မလာဘူး။ ဝင်းမျိုးနဲ့ လှိုင်ထွန်းက ပွဲဈေးတန်း သွားကြပြီ”
“ဘာဖြစ်လို့လဲ”
“မဏ္ဍပ်တိုင် တက်ပြတယ်ဆိုတာ ပရိသတ်ရှိနေမှ ကောင်းတာ”
“ဟာဟ...” ဟု တမင် ရယ်သံပြု၏။ ဘာမျှမပြော။ သူက ခေါင်းရင်း ပုဏ္ဏားကွယ်တွင် ကျောကပ်ပြီး ထိုင်လိုက်သည်။ စကားမဆက်ဖြစ်ကြ။ စကား နည်းပါးအောင် စိတ်ကို တုံ့ဆွဲထားသကဲ့သို့ ဖြစ်နေကြသည်။ မြေနီလမ်းတွေ၊ မြက်ပင်ညှိုးညှိုးတွေ၊ ဝါးရုံတောတွေကို သူ ငေးကာငိုင်ကာ ကြည့်လျက်ရှိ၏။ တံစက်မြိတ်ကို ပင်ကိုင်းဖျားလာထိပြီး အုပ်ဆိုင်းနေသော မိုးပိတောက်ပင်ဆီသို့ နှင်းနှင်းလွင် တစ်ချက်ကြည့်ပြီး
“ဒီမလာခင် လွင် ပြောခဲ့တာကို စိတ်အနှောင့်အယှက် ဖြစ်နေသေးလား ကိုအောင်”
“အဲဒီတုန်းကရော အခုရော စိတ်အနှောင့်အယှက်မဖြစ်တာ အမှန်ပဲ လွင်”
“မမဆွေကို အဲ့ဒီအကြောင်း လွင် ပြောပြခဲ့တယ်။ ဒီဘုရားပွဲမှာ နောက်ဆုံး ဆုံခြင်းလို့။ မမဆွေ တစ်ခွန်းဝေဖန်တယ်။ လွင်က ရုပ်သေးကြိုးဆွဲ ဆရာမနဲ့ တူနေပြီတဲ့။ လွင် ရှက်သွားတယ်၊ ပြန်တွေးတော့ ဟုတ်နေတယ်လေ”
သူ ပြုံးပြီး ခေါင်းခါသည်။ ထို့နောက်
“မတူပါဘူး လွင်”
“မောင်ရယ်...”
မောပန်းသော အသံ။ နှင်းနှင်းလွင် မျက်နှာကို သူ စေ့စေ့ကြည့်၏။
“လွင် အရမ်းခံစားနေရတယ်၊ လွင် ဘာလုပ်ရမလဲ ဟင်"
“စိတ်အလိုမလိုက်နဲ့”
“အို.. မောင်က ဆုံးမပဲ့ပြင်နေပါလား”
“မောင်က အသက်ရှစ်လကျော်ကျော် ကြီးတယ်လေ”
“အစ်ကိုပေါ့”
“အင်း... လာပြန်ပြီ အစ်ကို၊ ညီမရဲ့ စိတ်ဓာတ်တို့ ဘာတို့ကို ဘာမှလည်း မလေ့လာ၊ စိတ်ဝင်စားရကောင်းမှန်း မသိခင် ဒီလူနဲ့ သင့်လျော်တယ်ပြောတော့လွင်က ပြီးစလွယ်ပဲပေါ့။ အင်းပဲပေါ့၊ ဟုတ်ကဲ့ပေါ့။ ခေါင်းတစ်ချက် အညိတ်မှား တာ တစ်ဘဝလုံး လာထိခိုက်ရော။ နေပါဦး အစ်ကိုကြီးရာ လွင် စဉ်းစားပါရစေဦးတဲ့ စကား။ ဒီစကားက တစ်ချက် ဟဖော်မရခဲ့ဘူး။ အဲသလိုပြောရင် ရပါတယ်။ အခု မောင်က အစ်ကိုတဲ့၊ လန့်လာတယ်”
သူ ဟက်ဟက်ပက်ပက် ရယ်လေသည်။ ဇရပ်ရှေ့ရှိ ဒန်းကြီးပန်းပွင့်၏ သင်းသောရနံ့သည် နွေ၏ လေပြည်လေညင်းထဲတွင် စီးဝင်လျက် ရှိလေသည်။ “စိတ်ကို ထိန်းချုပ်၊ သတိမှတ်၊ လောကတံထွာ လူတို့ရွာမှာ ဖြစ်မြဲကိစ္စ ကြုံမြဲကိစ္စ၊ ရှင်လျက်နဲ့ မကွဲလည်း တစ်ချိန်ကျရင် သေကွဲကွဲရမယ့် ထုံးတမ်း ရှိတယ်ဆိုတာ တွေး။ ဒါ အကောင်းဆုံးပဲ”
လေးနက်စွာ တစ်ခွန်းချင်းပြောနေသော သူ့ကို နှင်းနှင်းလွင် ကြည့်နေလေ၏။
“မောင့်တရားက မောင့်ရင်ထဲမှာကော စွဲမြဲပြီလား”
“ယိုင်လိုက်၊ ခိုင်လိုက်ပဲပေါ့”
“ဒီဘုရားပွဲပြီးလို့ ပြန်ကြတာနဲ့ တစ်ယောက်ကိုတစ်ယောက် လုံးဝ ကျောခိုင်း မယ်ဆိုတာ အစ်ကိုကြီးကိုပါ လွင် ပြောပြခဲ့တယ်။ စိတ်မကောင်းစကားပဲ ပြောနိုင် တယ်။ လွင်တို့ မောင်နှမက ဘာနဲ့တူသလဲဆိုတော့ ကိုယ်ရှာတဲ့နွယ်ကြိုးနဲ့ကိုယ် အချည်အနှောင်ခံရတာ။ ကိုယ့်ထောင်ချောက်မှာ ကိုယ်မိနေတာလေ”
မွန်းယိမ်းပြီးစ နေရောင်ပြောက်များမှာ လှုပ်လျက်ရှိလေသည်။
“ကိုယ်ချင်းစာပြီး သိပါတယ်လို့ အစ်ကိုကြီး ပြောတယ်။ အကုန်ဝန်ခံလိုက် ပါတယ်။ မောင်နဲ့ ချစ်သူဖြစ်တာရော၊ လွင်ကစပြီး မောင့်ကို မွှေးခဲ့တာကအစ၊ ဒါပေမဲ့ စည်းကမ်းကြီးစွာ နေထိုင်ကြပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဇာတ်က သိမ်းရပြီလေ မောင်။ အကုန်သိထားကြတာ အကောင်းဆုံး မဟုတ်လား။ ရိုးသားတဲ့ မောင့်ရဲ့ဂုဏ်ကို ပေါ်လွင်စေချင်တာလည်း တစ်ကြောင်းပေါ့”
နှင်းနှင်းလွင်၏ အသံသည် ကြေကွဲသံဘက်သို့ တိမ်းနေ၏။ သူ ခေါင်း တဆတ်ဆတ် ညိတ်ပြီးနောက်
“မောင်... မောင် ကျောခိုင်းလို့ရမယ်လို့ မောင့်ကိုယ်မောင် ထင်လား”
“အမိန့်ကို နာခံသလို လိုက်နာရမှာပဲ လွင်”
“လွင်တော့ မနည်းစိတ်တင်းရမှာပဲ။ စိတ်ကူးကြည့်တာတောင် မွန်းလာ တယ်။ ဝဋ်ပဲနော် မောင်”
သူမဖြေ။ရင်ထဲမှာ လှိုက်ခနဲ နင့်သွားလေ၏။
** **
၁၄ဇာတ်သိမ်းဆက်ပါမည်
* နွေဦးဝင်သော် * { ၁၄ }
ငြိမ်းကျော်
{ ဇာတ်သိမ်း }
နုသစ်သော ရွက်စိမ်းများနှင့်အတူ ပန်းပင်တွေ အပွင့်ဝေသည်။
အနီစူးစူး စိန်ပန်းတွေ၊ ပန်းရောင် စိန်ပန်းတွေ၊ ပိတောက်ပွင့်ရောင် စိန်ပန်း တွေက နေရာအနှံ့။ ပင်လုံးညွတ်အောင် ပွင့်သော ငုဝါတွေ၊ ပျဉ်းမတွေ၊ စိန်ပန်း ပြာတွေကို ကြည့်လေရာတွင် မြင်ရသည်။ တစ်တောလုံး၊ တစ်တောင်လုံး ပန်းတွေ ပွင့်ကြသလားဟု အောက်မေ့ရ၏။ နွေသစ်ခွတို့သည် မြင့်မားသော သစ်ပင်ကြီး တွေမှာ ကပ်၍ ပွင့်နေသည်။ လေထဲမှာပင် မွှေးပျံ့လျက်ရှိလေ၏။
ရွာသင်္ကြန်ကို ပျော်နေကြသည်။
ညအခါ ကြာဖက်ထုပ်ရေနှင့် ကစားကြသည်။ လူစုပြီး တစ်အိမ်တက်ဆင်း လောင်းသည်။ သစ်ပင်ပေါ်မှ ချောင်းပြီး လောင်းသည်။ ရယ်သံ မောသံ သံချပ် သံတွေကို နားသာယာသည်။ သူတို့အုပ်စုကို ကိုသံချောင်းတို့ လင်မယားက
ခေါင်းဆောင်ပြီး ညဉ့်နက်သည်အထိ ရေကစားကြသည်။
“မနက်ဖြန် ပထမ အကြတ်နေ့နော်”
သူ့မေးခွန်းကို ဝင်းမျိုး သိ၏။ အချစ်နှင့် လမ်းခွဲရက်ကို ရေတွက်နေခြင်းဟု ဝင်းမျိုးတို့ သိကြသည်။
“လွင့်အစ်ကိုကြီး ရောက်မလာသေးဘူး မဟုတ်လား”
လှိုင်ထွန်း မေး၏။ သူ ခေါင်းညိတ်ပြီး
“ရောက်လာရင် မာလာတင် လာပြောမှာပေါ့”
“နေပါဦး ကိုတင်အောင်ရှိန်... ခင်ဗျားနဲ့ နှင်းနှင်းလွင်က သမီးရည်းစားလား”
ဟု ကိုသံချောင်းက ကောက်ညှင်း ပေါင်းချောင်အိုး မီးထိုးပေးရာမှ လှည့်မေး၏။ သူ ပြုံးနေသည်။ “ဘယ်လိုထင်လို့လဲ” ဟု လှိုင်ထွန်း မေး၏။ “အဲသလိုထင်လို့ မေးတာပေါ့ဗျာ။ ကျုပ်တို့လင်မယားက နားအလည်ရခက်နေလို့” ဟု ထင်းချောင်း တစ်ချောင်းထည့်ပြီး ပြောလေသည်။
“ကျုပ်တို့ရှေ့ကျရင် မနှင်းနှင်းလွင်က နာမည်ပဲ ခေါ်တယ်။ မောင်ဆိုပြီး လွှတ်ခနဲခေါ်တာ သုံး၊ လေးခါလည်း ကြားရတယ်” ဟု ကိုသံချောင်း ပြောပြီး ပြုံးသည်။ မခင်မှီကို သူပြောမည့်စကားကို စိတ်ဝင်တစား စောင့်နေ၏။
ဝင်းမျိုးက “ဒီလိုဗျာ” ဟု အစချီပြီး အကျဉ်းချုံ့၍ ပြောပြသည်။ ဝင်းမျိုးပြောနေစဉ် ကိုသံချောင်းက “ဟာ... ဟုတ်လား၊ ဩော်၊ အို၊ ဒုက္ခပဲ၊ ဒီလိုကိုး”တွေနှင့် မျက်နှာပြောင်းကာ နားထောင်သည်။ “ဖြစ်မှဖြစ်ရလေ၊ ဟင်၊ သနားစရာ ကောင်းလိုက်တာ၊ ရှင်တို့ပြောတာနဲ့ ကျွန်မတောင် မျက်ရည်ကျချင်လာပြီ” တွေနှင့် စကားထောက်ရင်း မခင်မှီ စုတ်သပ်သည်။
“ဒါဖြင့် ဒီကပြန်ပြီး ဟိုရောက်တာနဲ့ ဘာသိဘာသာ နေကြပြီပေါ့... ဟုတ်လား ကိုဝင်းမျိုး”
မခင်မှီက စကားအဆုံးတွင် မေးသည်။ ဝင်းမျိုး ခေါင်းညိတ်သည်။
“လောကကြီးဟာ တယ်ဆန်းသကိုးဗျာ။ ကိုတင်အောင်ရှိန်ရာ ကြားရတာ စိတ်မကောင်းဘူးဗျာ။ ဒါကြောင့် ခင်ဗျားတို့နှစ်ယောက် တစ်ချက် တစ်ချက်မှာ မျက်နှာမကောင်း ဖြစ် ဖြစ်သွားကြတာကိုး။ သိပါဘူး။ အပြင်ပန်း ပျော်ရွှင်နေပေလို့၊ ဗိုက်ထဲက ဘယ်ကောင်းနိုင်မတုံး”
ကိုသံချောင်းက ဝါးကွပ်ပျစ်ပေါ်တွင် ထိုင်နေသော သူ့ကို လှမ်းပြော၏။ သူ ပြုံး၍သာနေ၏။ မခင်မှီက
“မနက်ဖြန် ကျွန်မတို့အိမ်မှာ ထမင်းစားကြနော်”
ဝင်းမျိုးက “ကျွန်တော်တို့လည်း ဟင်းတွေချက်ပြီး ယူလာခဲ့မယ်။ ဟင်းလျှော့ ချက်၊ ထမင်းသာ ပိုချက်ထားဗျာ” ဟု ပြောလိုက်သည်။ “ထန်းလျက် မီးတောက် တစ်လုံး ကျွန်တော် မှာထားတယ်။ ဝင်းမျိုး အစ်မဝမ်းကွဲ အိမ်ဘေးက အိမ်မှာ။ ယူလာခဲ့မယ်” ဟု လှိုင်ထွန်း ပြောသည်။ “ကောင်းတာပေါ့” ဟု ကိုသံချောင်းက ဆေးကြေးစွဲရာ သွားတွေပေါ်သည်အထိ ပြုံးပြီး ပြော၏။
“ခင်ဗျားတို့ မပေါင်းကြရမယ့် သမီးရည်းစားနှစ်ယောက် အ....”
ထင်းခွဲနေသော မခင်မှီက လမ်းဘက်သို့ ကြည့်ရင်း “တော်တော့… ဟိုမှာ လာနေကြပြီ” ဟု ဟန့်သည်။ စကားဖြတ်လိုက်ရသော ကိုသံချောင်းက တစ်ချက် ပြုံး၏။
ရင်းတိုက်ရွက်နုတွေ အားပါးတရ ခူးပြီး ပြန်လာကြသော မာလာတင်နှင့် နှင်းနှင်းလွင်တို့ကို သူ လှမ်းကြည့်သည်။
*
မာလာတင်က ပျာယီးပျာယာ တက်လာသည်။
ဝင်းမျိုးက ဓာတ်အိုးငုတ်နှစ်ခုတွင် လျှပ်စစ်ကြိုးခေါင်းတွေ ညှပ်လိုက်၏။နှစ်ပေမီးချောင်း အလင်းရောင်သည် ဇရပ်လေးပေါ်တွင် လင်းသွား၏။ သူက မာလာတင်ကို ကြည့်လိုက်သည်။ သူတို့ရှေ့တွင် ထိုင်ရင်း
“အစ်ကိုကြီး ဦးမြတ်မောင် မြို့ကို ညနေ ငါးနာရီလောက်က ရောက်နေ ပြီတဲ့။ မနက်ကျမှပဲ လာတော့မယ်တဲ့။ လှည်းဆရာ လာပြောသွားလို့”
ရင်ထဲမှာ ထိတ်ခနဲ ခံစားရ၏။ မင်္ဂလာကိစ္စအတွက် စီစဉ်၍ ပြီးစီးသွားပေ ပြီဟု နားလည်လိုက်၏။
“လွင် သိလား”
“သိတာပေါ့။ ဒီလှည်းဆရာနဲ့သိတာ ကြာလှပြီလေ။ ကားဂိတ်မှာ အစ်ကို ကြီးနဲ့ဆုံလို့၊ ခရီးပန်းလာလို့ မြို့ပေါ်မှာ တစ်ညနားမယ်တဲ့။ မနက်စောစော နေမပူခင် လာမယ်တဲ့။ လွင့်ရှေ့တင် မမဆွေကို ပြောတာ”
မာလာတင် ပြောပြသည်။ ထို့နောက် ဆက်၍
“သူ တော်တော် ချောက်ချားသွားတယ်”
“ဖြစ်မှာပေါ့။ အချက်ပြသလို ဖြစ်သွားတယ်လေ” ဟု လှိုင်ထွန်း မှတ်ချက် ပေး၏။ ဝင်းမျိုးက
“မနက်ဖြန် ကိုသံချောင်းတို့အိမ်က ထမင်းစားဖိတ်ထားတာ မလွင် လိုက်လို့ ဖြစ်ပါတော့မလား”
“မပြောတတ်ဘူး” ဟု မာလာတင်က စိတ်ညစ်သံဖြင့် ဖြေသည်။
“လပြည့်နေ့ညမှာ ငပုပ်ဖမ်းလိုက်သလိုပဲ” ဟု လှိုင်ထွန်းက ပုံခိုင်း၏။
*
အရုဏ်ဆွမ်းကပ်ရန် သုံးနာရီလောက်တွင် အိပ်ရာမှ ထကြသည်။
ချက်ကြပြုတ်ကြရင်း စကားပြောကြသည်။ မာလာတင်တို့ ဇရပ်မှလည်း ချက်ပြုတ်သံ၊ ထင်းခွဲသံ၊ စကားပြောသံ သဲ့သဲ့ကို ကြားရသည်။ လေးနာရီသာသာ တွင် ဇရပ်ရှေ့မှ ခေါ်သံ ကြားရ၏။ မာလာတင်နှင့် နှင်းနှင်းလွင်။ လက်နှိပ်ဓာတ်မီး ကိုယ်စီနှင့်။ သူ ထသွားပြီး တံခါးမကြီး ဖွင့်လိုက်၏။ ဇရပ်ပေါ်သို့ တက်လာပြီးတော့မှ နှင်းနှင်းလွင်က
“လေးနာရီခွဲရင် တောင်ပေါ်တက်မယ်၊ အရုဏ်ဆွမ်းကပ်ဖို့”
“ရတယ်၊ ထမင်းအိုး ခုပဲငှဲ့ပြီးတယ်။ ဟင်းက ကျက်နေတာ ကြာလှပြီ”
“ဆွမ်းနဲ့ ဆွမ်းဟင်းလို့ ပြောရတယ် မောင်ရ”
သူနှင့် မာလာတင် ရယ်၏။ ပြောပြီး ပြန်သွားကြသည်။ တံခါးရွက် တစ်ရွက်သာ ဟထားပြီး စားဖိုဆောင်ဘက်သို့ သူ ပြန်သွား၏။
*
ရင်ပြင်တော်ပေါ်သို့ ရောက်သောအခါ ငါးနာရီ ထိုးခါနီးပေပြီ။း ကောင်းကင် အလင်းရောင်ဖြင့် မြင်မြင်ထင်ထင် ရှိနေပေပြီ။ ဆွမ်းကပ်ပြီးသူ ပြီးပေပြီ။ ဘုရားရှိခိုး သူ၊ တရားထိုင်သူ၊ ပုတီးစိပ်သူတွေ ဆယ့်လေးငါးယောက်မျှ ရှိ၏။ ဖယောင်းတိုင် မီးပူဇော်၍ မရအောင် လေထန်နေသည်။ အမွှေးတိုင်မီးတွေ ရဲ၍နေ၏။
ဆွမ်းကပ်ပြီး ရင်ပြင်တော်ပေါ်တွင် ခဏထိုင်ကြသည်။ ဒေါ်မြဆွေနှင့် အမျိုးသမီး မိတ်ဆွေတွေက နောက်မှ ဆင်းလိုက်လာကြ၏။ လှေကားထစ်ပေါင်း များစွာကိုနင်းပြီး ဆင်းရသည်မှာ တစ်ခုခုကို ရေတွက်ရသည်နှင့် တူနေ၏။ အေးစက်သော လေက မပြတ်တိုက်ခတ်နေလင့်ကစား ကိုယ်မှာ ချွေးစို့နေ၏။
မကြာခင် နေတက်လာတော့မည်။
တစ်နေ့ စပြီ။
ဦးမြတ်မောင်သည် ဆွမ်းခံချိန်မတိုင်မီ ရောက်လာပေတော့မည်။ မင်္ဂလာ အခါရက်ကို ဒေါ်မြဆွေအား အသိပေးပေလိမ့်မည်။ မာလာတင်ကို ဒေါ်မြဆွေ ပြောပြပါက ကြားရချေတော့မည်။
“လွင်...”
သူတို့ကို ခေါ်၏။ “ဟင်” ဟုထူးပြီး သူ့ကိုကြည့်၏။ နုနယ်သော အလင်းရောင်သည် နှင်းနှင်းလွင်၏ မျက်နှာပေါ်တွင် ထင်နေ၏။
“ဒီနေ့ ထမင်းစားဖိတ်ထားတဲ့အိမ် လိုက်နိုင်မလား”
“လိုက်မှာပေါ့ မောင်ရ”
“တော်ကြာဆို အစ်ကိုကြီး ရောက်လာမှာမို့ မေးတာ”
“ကိစ္စမရှိပါဘူး၊ ဘယ်ဆိုတာ မမဆွေကို ပြောပြီးမှ သွားတာပဲဟာ”
မာလာတင်တို့အုပ်စုသည် ထူးခြားစွာပင် စကားနည်းလှ၏။
*
“မာလာတင်တို့ နှစ်ယောက်ကော” ဟု မခင်မှီက ခရမ်းချဉ်သီးတွေကို ရေဆေးနေရင်း မေး၏။ “လိုက်လာကြလိမ့်မယ်၊ ကျွန်မတို့က ဟင်းတွေ တချို့ တစ်ဝက် ယူလာတာ။ သူတို့လာတော့ ကျန်တာ သယ်လာလိမ့်မယ်။ အဝတ်တွေ၊ဆပ်ပြာ စိမ်စရာစိမ်၊ တစ်ထည်နှစ်ထည်လည်း လျှော်စရာရှိလို့” ဟု နှင်းနှင်းလွင် ပြောသည်။ ကြံမဆိုင်နှင့် ဘဲသားဟင်းချိုထည့်ရာ ဟင်းလိုက်ချိုင့်ကို အပေါ်ဆင့် ပေါ်သို့ နှင်းနှင်းလွင် တင်သည်။ သူက နှစ်ဆင့်ချိုင့်ကို မီးဖိုဆောင်ဘက်သို့ သွားပြီးထား၏။
“ကိုသံချောင်းကော...”
သူ မေး၏။ မခင်မှီက
“ဆတ်သား ကျပ်တင်ရတယ်ဆိုလို့ အရှေ့ပိုင်း ထွက်သွားတယ်။ ခု ရောက်မှာပါ။ ထိုင်လေ... အပေါ်မှာ”
“ဘာလုပ်ပေးရမလဲ ဟင်..” ဟု နှင်းနှင်းလွင် မေးသည်။ မခင်မှီ ပြုံးသည်။ “မလုပ်ပါနဲ့၊ ဟင်းရော ထမင်းရော ကျက်နေတာကြာပြီ။ စားခါနီးရင် နွေးရုံလေးပဲ” ဟု ပြောသည်။ “ဒီအချိန် ခရမ်းချဉ်သီးက ရသေးတယ်၊ နွေသီး၊ ဆလတ်ရွက် ရှားပြီ၊ သူများတောင်ယာမှာ မရှိတော့ဘူး။ တုံးတာကြာပြီ။ ကျွန်မတို့ အခင်းထဲ ရှိသေးလို့။ ခရမ်းချဉ်သီးနဲ့ ဆလတ်ရွက်သုပ်၊ ကြိုက်လား” ဟု မခင်မှီက ပြောမေး မေး၏။
“ကြိုက်ပါတယ်”
နှင်းနှင်းလွင်က မြေပေါ်တွင် ဖိနပ်ချွတ်ပြီး လှေကားပေါ်သို့ တက်၏။ ဝါးလှေကား။ တစ်ရပ်သာသာမြင့်သော အဆင့်တွင် မှေးကပ်ထားသည်။ လှေကား ဦးနှင့် ခါးပန်းဝါးလုံးကို ချည်နှောင်ထားခြင်း မရှိ။ အိမ်မှာ လူမရှိလျှင် လှေကား လှန်ထားရန် အရှင်ထားသည်။ နှင်းနှင်းလွင်က သူ့လက်ကိုကိုင်ကာ အိမ်ပေါ်သို့ တက်၏။
သူ အိမ်ပေါ်သို့တက်ပြီး ခဏအကြာတွင် ဘုန်းတော်ကြီးကျောင်းဆီမှ အိုးစည်မြည်သံ၊ စည်တော်မြည်သံ၊ မောင်းတော်ကြီးမြည်သံ ကြားရ၏၊ ရှစ်ချက်၊ ပဲ့တင်သံပါသော နာရီသံ။ ဆွမ်းခံချိန်။
“မမဆွေက မနေ့ညဦးပိုင်းမှာ မောင့်ဆီ လာစကားပြောမလို့”
“ဘာလို့ မလာလဲ”
“မျက်နှာ သိပ်ပူနေတယ်။ အားနာတာရော၊ သနားတာရော ပါနေတယ်တဲ့။ တခြားမဟုတ်ပါဘူး။ အားပေးစကား၊ ဖြေသိမ့်စကား သူ ပြောချင်နေတယ်”
“ရပါတယ်၊ လာရောပေါ့၊ မောင်က လာလို့ မကောင်းဘူး။ မမဆွေ့မိတ်ဆွေတွေလည်း ရှိနေတယ် မဟုတ်လား”
“မပြောဖြစ်တာဘဲ ကောင်းတယ်”
“ဘာဖြစ်လို့လဲ လွင်”
“အိပ်ပျော်သွားစေချင်ရင် မနှိုးတာ အကောင်းဆုံးပဲ”
စကားပြောရင်း ဝင်းမျိုးတို့ကို စောင့်ရသည်။ ကိုသံချောင်းက ဦးစွာ ရောက် လာ၏။ ဆွမ်းခံထွက်လာသော ဆရာတော်များကို လှမ်း၍ဖူးစဉ် ဝင်းမျိုး ရောက် လာ၏။ အမောဖြေပြီးမှ
“အစ်ကိုကြီး ရောက်လာတယ်”
ဝင်းမျိုးကို ကြည့်ကာ
“ဘယ်အချိန်ကရောက်တာလဲ ကိုဝင်းမျိုး”
“ခုနစ်နာရီလောက်ပဲ။ အင်း... ခွဲတော့ မခွဲသေးဘူး။ မာလာတင်က ကြားလာ
တာတွေ ရေတွင်းမှာ လာပြောပြတယ်။ လက်ထပ်ဆိုတာတို့၊ ပြဿနာဆိုတာတို့ ကြားရတယ်။ ပြီးတော့ နှစ်ယောက်စလုံး မျက်စိမျက်နှာ ပျက်နေတယ်တဲ့”
ရင်ထဲမှာ နှလုံးသွေး အခုန်အတိုး မြန်လာလေ၏။
“မာလာတင်တို့လည်း အခြေအနေ သိပ်မဟန်လို့ အဝတ်တောင် ဆက် မလျှော်ဘူး။ ဒီကိုလာဖို့ ပစ္စည်းပစ္စယတွေ ယူနေကြတယ်။ ငါ့ကိုသွားနှင့်ဆိုလို့”
ဝင်းမျိုးက မျက်မှောင်ကြုတ်ထားရင်း ပြောသည်။
*
“ပါလာတဲ့ ဧည့်သည်တွေက ဆရာတော်ဘုရားကြီးဆီ မုန့်ဆွမ်း သွားကပ်နေ ကြတယ်။ မမဆွေနဲ့ အစ်ကိုကြီးက တိုးတိုး တိုးတိုး ပြောနေကြတာ။ အသံမသဲကွဲ ဘူး။ တစ်လုံးတလေသာ ကြားရတာ။ သူ့မိဘတွေပါ ဒီလိုက်လာမလို့ဆိုတဲ့ စကားကိုတော့ ပီပီသသ ကြားရတယ်။ နှမကို မတွေ့လို့ မကျေမနပ်ဖြစ်တာလား၊ ဘာလား မသိဘူး” ဟု မာလာတင်က မျောတိုင်ကိုမှီပြီး ပြော၏။ “မျက်နှာ အတော်မကောင်းဘူး။ ရယ်သံလိုလိုလည်း ကြားလိုက်ရသလိုပဲ” ဟု လှိုင်ထွန်း က ဖြည့်ပြော၏။
ထမင်းဝိုင်းတွင် စကားမစည်ဝေ။
“သန်ဘက်ခါဆို သင်္ကြန်တက်ပြီ”
လှိုင်ထွန်း ပြော၏။ ကိုသံချောင်းက
“ကျွန်တော်တို့ဆီမှာ နှစ်ဆန်းတစ်ရက်နေ့လည်း ရေကစားကြတယ်”
“ကစားမှာပေါ့ဗျာ” ဟု သူပြော၏။ မခင်မှီက နှင်းနှင်းလွင်ကို
“ဘယ်နေ့ပြန်ကြမှာလဲ”
“နှစ်ဆန်းနှစ်ရက်နေ့ ပြန်မယ်”
ဆွေးမြည့်စေသော စကား။ အိမ်အပြင်သို့ သူ မျက်နှာလွှဲထား၏။ ဖက်မညှိုး စေသော နေပူရှိန်မျှသာ ကျနေ၏။ ကောင်းကင်အပြာတွင် တိမ်ဖြူတိမ်ညိုစတွေ တဖြည်းဖြည်း ပြေးနေ၏။ ပျော်ရွှင်မှုသည် ရင်ထဲမှာ ခန်းခြောက်လျက်ရှိလေသည်။ တွယ်တာမြတ်နိုးကြသူနှစ်ဦး၏ အဓွန့်ခရီးသည် နောက်နှစ်နေထွက်နှစ်နေဝင်အချိန် တွင် ကုန်ဆုံးသွားကြပေတော့မည်။
“ဟော... ဟိုမှာ အစ်ကိုကြီး... ဒီကိုလိုက်လာတယ်” ဟု မာလာတင်ပြော၏။
လမ်း၏ အနိမ့်ပိုင်းတွင် ဘုန်းကြီးကျောင်းသားလေးတစ်ယောက်ကို လမ်းပြ အဖြစ် ခေါ်လာသည်။
သူ့ရင်ထဲမှာ ပူလာ၏။ နှင်းနှင်းလွင်သည် သက်ပြင်းချ၏။ အိမ်ကို ကျောင်းသားလေးပြပြီး နောက်ကြောင်းပြန်သွား၏။
ဦးမြတ်မောင်ကို သူက မမှိတ်မသုန် ကြည့်နေ၏။ တိုးလာသော ခြေလှမ်း တိုင်းသည် သူ၏ သည်းပွတ်ကို ခြေခွဲနေသည်ဟု ခံစားနေရ၏။ တမာပင်အောက် တွင် ဦးမြတ်မောင် ရပ်၏။ “မိလွင်… ခဏ” ဟု လှမ်းခေါ်သည်။ နှင်းနှင်းလွင် အိမ်ပေါ်မှ သုတ်သုတ်ဆင်းသွား၏။ ထိုမောင်နှမကို ကြည့်နေကြ၏။ မည်သူမျှ စကားမဟ။ စိုးရိမ်စွာ ကြည့်နေကြ၏။ “အဲဒါ လွင့်အစ်ကိုကြီး” ဟု မာလာတင်က မခင်မှီကို တိုးတိုးပြောသည်။
စာအိတ်ရှည်တစ်အိတ်ကို ထုတ်ပေး၏။
နှင်းနှင်းလွင် ဖွင့်ဖတ်၏။ စာကို လက်ညှိုးထိုးကာ ထောက်ပြကာနှင့် ဦးမြတ်မောင် ပြောနေ၏။ ဝေးလွန်း၍ လေသံမျှပင် မကြားရ။
နှင်းနှင်းလွင်သည် စာကို အိတ်ထဲသို့ထည့်ပြီး အစ်ကိုနှင့်ရပ်၍ စကားပြော နေ၏။ ဦးမြတ်မောင်သည် ညီမ၏ ပခုံးအိုးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ဖွဖွစုံရိုက် လိုက်ပြီး လာရာလမ်းအတိုင်း ပြန်သွား၏။
“မြန်မြန်လာတာ မဟုတ်ဘူး”
မြန်မြန်မလာရကောင်းလားဟု ဝင်းမျိုးက မချင့်မရဲ အော်ပြော၏။ နှင်းနှင်း လွင်သည် မျက်နှာတည်တည်နှင့် တစ်လှမ်းချင်းလျှောက်ရင်း သူတို့ရှိရာသို့ ကြည့် ៣ ॥
“တစ်ခုခုပဲ၊ ပြဿနာတစ်ခုခုပဲ”
ကိုသံချောင်းက စိတ်မကောင်းသံဖြင့် မှတ်ချက်ချ၏။
“စာအိတ်က ဟိုလူထည့်တဲ့စာပဲ ဖြစ်ရမယ်။ စီစဉ်ဖို့အကြောင်းပြန်တာပဲနေမယ်"
ဝင်းမျိုး ထင်ကြေးပေး၏။ “အင်း...” ဟုဆိုကာ လှိုင်ထွန်းမှာ မပြောတတ် သလို ဖြစ်နေ၏။ “မလွယ်ပါလား” ဟု မခင်မှီ ညည်းသံချ၏။
“အဲ့ဒါပဲနေမှာပါ”
မာလာတင်က စိတ်လျှော့သံနှင့်ဆို၏။ တံစက်မြိတ်အောက်သို့ ရောက်သော အခါ မာလာတင်သည် “မြန်မြန်လာဟယ်” ဟု စိတ်စောသံဖြင့် လှမ်းပြော၏။ နှင်းနှင်းလွင် မပီမသ ပြုံးသည်။ ဖိနပ်ချွတ်ပြီး လှေကားအတိုင်း တက်၏။ လက်ထဲမှ စာအိတ်ကို လှမ်းကြည့်ကြသည်။ နိုင်ငံခြားက စာအိတ်။ တံဆိပ်ခေါင်း တွေ တန်းစီကပ်ထား၏။ မှတ်ပုံတင်စာ၊ အပေါ်ပိုင်းမှ လိပ်စာမှာ ဦးမြတ်မောင်တို့ လိပ်စာ။ စာရွက်ခေါက်ကို ဆွဲထုတ်၏။ မည်သူမျှ အသက်မရှူရဲသလို ဖြစ်နေကြ ၏။
စာရွက်ကို ဖြန့်ချလိုက်ပြီး
“မျဉ်းနီသားထားတာ အရင်ဖတ်၊ ပြီးမှ အေးအေးဆေးဆေးဖတ်”
ခေါင်းချင်းဆိုင်ကာ ဖတ်ကြသည်။ မာလာတင်က အသံထွက်ပြီး
“ကျွန်တော့်ကို သိပ်စိတ်ဝင်စားမှု မရှိဘူးလို့လည်း ထင်ပါတယ်။ ကျွန်တော် လေ့လာရသမျှတော့ စိတ်မဝင်စားဘူးလို့ပဲ အဖြေရပါတယ်။ အလေးအနက် ပြန် စဉ်းစားပြီး မင်္ဂလာအစီအစဉ်ကို ကျွန်တော် ရွှေ့ဖို့ မာမီတို့ကို ပြောခဲ့တာပါ။ အဲဒီ အောက်မျဉ်းသားတာက... ကျွန်တော် အခု လက်ထပ်လိုက်တဲ့သူက လစ်ဗျားသူပါ။ ခု ကျွန်တော်ပြန်ရင် လိုက်လာမယ်။ ကျွန်တော်တို့ နိုင်ငံသား ခံယူမယ်။ အောက်ဆုံးက အင်း... ကျွန်တော် ကိုအောင်ညွန့်ဆီကိုလည်း အကျိုး အကြောင်း ဖုန်းဆက်ပြီး ပြောခဲ့ပါတယ်။ အစ်ကိုကြီးတို့သဘော…”
စာဖတ်နေစဉ် အံ့သြသံတွေ ကြားရသည်။
အားလုံးက နှင်းနှင်းလွင်ကို ကြည့်လိုက်ကြ၏။
နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ မျက်ရည်စတွေ ဝေ့နေသော မျက်လုံးအစုံ ဖြင့် သူ့ကိုကြည့်နေ၏။
“ကိုမောင်မောင်ကျော်ငြိမ်းက ဟိုမှာ လစ်ဗျားသူနဲ့ လက်ထပ်လိုက်တာ ရေးတဲ့စာ”
မာလာတင်က မခင်မှီတို့ လင်မယားကို ရှင်းပြ၏။ အပ်တစ်ထောက် ပမာဏ၊ မုန်ညင်းတစ်စေ့ အလေး၊ မျက်စိတစ်မှိတ် ကာလအတွင်းတွင် ဘဝသည် အကွေ့အပြောင်းတစ်ခုနှင့် ကြုံတတ်ပါကလားဟု သူ အံ့အားတသင့် တွေးနေလေ သည်။
*
“မောင်တို့ဘဝ စပြီနော် လွင်”
နှင်းနှင်းလွင် ခေါင်းခါ၏။ သူ့ကို ချစ်မြတ်နိုးစွာ ကြည့်ရင်း “စမယ် ကြံခါရှိသေးတယ်မောင်။ မောင် အလုပ်ဝင်ဖို့ ရှေ့ဆုံးကရှိတယ်။
လက်ထပ်ပြီးရင် ဘယ်မိဘအရိပ်မှာမှ မနေချင်ဘူး။ အိမ်ငှားမယ်၊ စပေါ်သောင်းချီပြီး လိုလာပြီ”
"အင်း..."
“ငကျွဲနှစ်တင်းအိတ် တစ်တင်းဘယ်လောက်လဲမောင်”
သူ မသိ။ ရယ်ကျဲကျဲနှင့်သာ နေရ၏။ “တစ်ရာ့ရှစ်ဆယ်ရှိတယ်မောင်။ ဆီကော ဘယ်လောက်လဲ” ဟု ဆက်၍ မေး၏။
“မသိဘူး”
“သုံးဆယ့်ခွန်နဲ့ လေးဆယ်ကြားမှာ”
သူ တိုးတိုးရယ်နေစဉ်
“ကလေးတိုက်ဖို့ နို့မှုန့် ဘေဘီလက်တစ်ဘူး ငါးဆယ်”
အိမ်ရှေ့ ကုန်းပြေပြေအနိမ့်ပိုင်းကို သူကြည့်သည်။ အိမ်ပေါ်တွင် မည်သူမျှ မရှိ။ ဟိုနားခဏသွားမလို့၊ ညောင်းလို့ လမ်းလျှောက်မလို့၊ မခင်မှီနဲ့ မြေပဲပင်အညွန့် သွားဖြတ်မလို့၊ တောထိုင်မလို့ အကြောင်းပြကာ အိမ်ပေါ်မှ အလျှိုအလျှို ဆင်းသွား ကြသည်။ လွတ်လပ်စွာ စကားပြောဆိုရန် အလိုက်တသိ ဖယ်ပေးကြသည်ဟု နားလည်ရ၏။
“သကြားတစ်ပိဿာ ဘယ်လောက်လဲ မောင်”
“ဆယ့်သုံးလေးကျပ်တော့ ရှိမှာပေါ့”
မှန်းဆပြီး သူ စကားရော၏။ နှင်းနှင်းလွင် ခေါင်းခါကာ
“နှစ်ဆယ့်ခြောက်ကျပ် မောင်ရေ့၊ မီးသွေးတစ်ခြင်း အစိတ်”
သူ ရယ်၍သာနေ၏။
“ဘဝစပြီတဲ့... မောင် ဘာမှမသိသေးပါဘူး”
“သင်ယူပါ့မယ်။ လွင့်ဆီက”
စကားတွေ ထိုင်ပြောနေသောနေရာသို့ အနောက်နေ စွေ၍ ဝင်လာ၏။ “သူတို့ဆီ လိုက်သွားရအောင်” ဟု လွင် ပြော၏။ ထိုင်ရာမှ ထလိုက်ကြသည်။ လှေကားဦးနေရာ ကြမ်းခင်းတွင် ခြေစုံသာ ရပ်နေကြရ၏။ လှေကားသည် အိမ် အောက်မှာ ရောက်နေသည်။ တစ်ယောက်ယောက်က နောက်ပြောင်သွားသည်။
“မနက်ကျရင် တောင်တော်မောင်နှမ နတ်ကွန်းမှာ လက်ဖက်သွားတင်ရမယ်။ မောင် စကားကြွေး၊ ကတိကြွေးရှိလို့”
သူ့ကို နှင်းနှင်းလွင် တအံ့တသြကြည့်ပြီး
“ဘာစကား၊ ဘာကတိလဲ မောင်”
“တွေ့စတုန်းက သွားရှိခိုးရင်း ပူဆာခဲ့တယ်။ အဲဒီအမျိုးသမီးကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ မေတ္တာရှိတာပါ အမေကြီးနဲ့ အဘိုးခင်ဗျာ။ ကျွန်တော်နဲ့ ဖူးစာဆုံအောင် မ,စပါ။ ဖူးစာဆုံရင် လက်ဖက်တစ်ပွဲ လာတင်ပါ့မယ်လို့ မောင် ဆုတောင်းခဲ့တာ၊ အဲ့ဒါ”
သဘောကျစွာ ရယ်နေရင်း
“မောင်ဟာလေ၊ ကြံကြံဖန်ဖန်။ ကိုငွေဖလားရဲ့ နှုတ်ကတိကြွေးပေါ့၊ ဟုတ်လား” ဟု မေးလေသည်။
** **
ငြိမ်းကျော်
( ၁၉၈၉ အားမာန်သစ်စာပေ ပကြိမ် )
{ ၂၀၂၃ စိတ်ကူးချိုချို ဒုတိယအကြိမ် }

No comments:
Post a Comment