ကျွန်တော် ဘွဲ့ကြိုတက္ကသိုလ် ကျောင်းသားဘဝမှာ ကျောင်းတက်ရက် ပိုပါတယ်။
တစ်ချို့ စနေ၊ တနင်္ဂနွေတွေပါ ကျောင်းသွားတယ်လေ။ ကျောင်းတက်ရက် ပိုတယ်ပေါ့။
စာသင်ခန်းဝင်ချိန်ကတော့ လျော့ပါတယ်။
ရီစရာကောင်းမလားတော့ မသိဘူး။
၁၉၈၃၊ ပထမနှစ် စက်မှုတက္ကသိုလ်မှာ ကျွန်တော် အပျော်ဆုံး စာသင်ခန်းဝင် အချိန်က မြန်မာစာ ဘာသာရပ်။ အဲဒီတုန်းက သင်ခဲ့တဲ့ အက္ခရာစဉ်- ဗျည်းစဉ်၊ သရစဉ်၊ အသတ်စဉ်၊ ဗျည်းတွဲ (ပင့်၊ရစ်၊ဆွဲ၊ထိုး) အခုထိမှတ်မိနေတုန်း။
စိတ်ထဲပြန်ရောက်လာတာက စကားပြေထဲပါတဲ့ စိမ်းလန်းသော တောင်ကုန်းများ ဆိုတဲ့ ဆောင်းပါးပါ။ ဘယ်သူရေးလဲ မှတ်သားတဲ့ အလေ့အကျင့် (အဲဒီအချိန်က) နဲခဲ့လို့ မမှတ်မိတော့ပါဘူး။
သုတသက်သက်မဟုတ်ဘဲ ရသပါ ပါတဲ့ ဆောင်းပါး (ကျွန်တော့်အတွက်ပေါ့လေ)။
အသေးစိတ် မမှတ်မိပါဘူး။
တောင်ကုန်းတစ်ခုမှာ ပူဇော်ထားတဲ့ စေတီဘုရားရှိတယ်။ ဒီဘုရားပေါ်တက်ဖို့ စိမ်းလန်းတဲ့ တောင်ကုန်းလေးတွေပေါ်တက်ပြီး လျှောက်လှမ်းရတယ်။ ငယ်ရွယ်နုပျိုသူတွေက ပျော်ပျော်ပါးပါး ပြေးလွှား၊ တက်ရောက်ကြ အဲလိုပေါ့လေ။ ကြီးလာတော့လည်း ဒီ ဘုရားပေါ်တက်ဖို့
စိတ်လန်းတဲ့ တောင်ကုန်းတွေကို ဖြတ်သန်းသွားဖို့
အားအင်လျော့နဲသွားပြီဖြစ်တဲ့ လူကြီးတစ်ယောက်ရဲ့ သံဝေဂနဲ့ယှဉ်တဲ့ အတွေးအမြင်ပါတဲ့ ဆောင်းပါး။
အဲဒီတုန်းက ဖတ်တဲ့ အချိန်မှာပဲ လူကြီးတစ်ယောက် မြေကြီးမှာ တောင်ဝှေးနဲ့မြေကြီးထောက်ရပ်ပြီး
တောင်ကုန်းအထက်မှာရှိတဲ့ ဘုရားဆီ အဝေးက ဖူးမျှော်ကြည်ညိုနေပုံကို မြင်ယောက်ဖူးခဲ့တယ်။
အဲဒီတုန်းက သူ့မျက်နှာ သဲသဲကွဲကွဲတော့မဟုတ်ဘူး။
အခုတော့
အော် ကျွန်တော်ဖြစ်နေတာကိုး။
ဟူး တော်ပါသေးရဲ့။ အချိန်မီလေး သိလိုက်လို့။
2015-03-22