အဖိုးကြီးစစ်တမ်း - တင်မိုး
အသက်ကလေး ထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက်အောက်စကားတွေ တပြောပြောနဲ့
တသောသောနေပြီး
အမောဖြေတတ်တဲ့ အဖိုးကြီး ။
သေရိပ်နီးခါမှ စိတ်ပုတီးနာနာကိုင်
မဟာမြိုင်တောရ မှီးပေမယ့်
ဒေါသကလည်း ကြီးတတ်သေးရဲ့
လောဘမီးကလည်း အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး ။
ရွာလယ်မှာ စွာကျယ်စွာကျယ်နဲ့
ငါဟယ်မင်းဟယ် ငြင်းမယ်လို့မကြံနဲ့
မင်းတု့ိကမမှန် ငါသာလျှင်အမှန်လို့
ငါမာန်တွေတက် ငါအရိုးမျက်လက်တို
အခက်ပို အမျက်သိုနေတဲ့ အဖိုးကြီး ။
ဒီလိုအဖိုးကြီးမျိုးတော့
ဆောရီး ဆောရီး မဖြစ်ချင်ပေါင်။
ကြွေခါနီးတဲ့သစ်သီးလို
အသက်ကြီးတော့လည်း
အဖိုးကြီး ဖြစ်မှာပေါ့လေ ။
ဒါပေမယ့် ...ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ်ကိုယ်ဆင်း ကိုယ့်ယာခင်းကိုယ်စိုက်
လျှာအလိုမလိုက် ဘာကိုမှမကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလည်းမပြတ် ကဗျာတွေလည်းဖတ်
ရပ်သူရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
စရပ်ငုံးတို တာတမံခရိုးအနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန်အဖိုးကြီးပဲ
ဖြစ်ချင်တယ် ။ ။
တင်မိုး