နွေည

မနက်ဖြန်ပွင့်လာမည့် ကံ့ကော်ပန်းများအကြောင်း နွေည သိနိုင်ပါသလား။
နွေညဆိုတာ နွေညပါပဲ။ ဒီထက်ပိုပြီး ဘာမှ ထပ်မပြောကြ ပါစို့ရဲ့။ နွေညဟာ မောင်သီနဲ့ချစ်ကောင်းရဲ့ သတ်ပုံမှားတဲ့ည မဟုတ်ဘူး။ ပြီးခဲ့တဲ့ ဆောင်းည မဟုတ်ဘူး။ လာမယ့် မိုးည မဟုတ်ဘူး။
ဘဝရှင်သန်ခြင်းရဲ့ လေးနက်မှုအတွက် သေခြင်းတရားကို မမေ့ဖို့၊ နုပျိုလန်းဆန်းခြင်းရဲ့ တန်ဖိုးအတွက် အိုခြင်းတရားကို မမေ့ဖို့၊ ကျန်းမာရွှင်လန်းခြင်းရဲ့ အဓိပ္ပါယ် အတွက် နာခြင်းတရားကို မမေ့ဖို့၊ မမေ့မလျော့ သတိရှိဖို့ အကြောက်လွန်သူများစာရင်းကို နွေညမှာ မပြုစုသင့်ကြောင်း မည်သူမျှ မပြောပါ။
ဝါကျတို၊ ဝါကျရှည် အသုံးပြုခြင်းကို မြန်မာစာ ပညာရှင်များနှင့်ဆွေးနွေးပါ။ စာလုံးပေါင်း သတ်ပုံ အမှား ပြင်ဆင်ရန် အကြံပြုခြင်းကို ကြိုဆိုပါသည်။ random မဟုတ်သော sample အနည်းငယ်မျှဖြင့် population တွင် ပျက်စီးနေသလို ပြက်ရယ်ပြုကြသော တတ်ယောင်ကားများနှင့် ကျွန်တော် သဘောထားခြင်း မတိုက်ဆိုင်ပါ။
တစ်ဦးတစ်ယောက်နှင့် မိသားစု၊ ဆွေမျိုး၊ အဖွဲ့အစည်းကို အချိန်၊ နေရာ၊ အခြေအနေပေါ် မူတည်၍ တွဲကြည့်ခြင်း ခွဲကြည့်ခြင်းသည် rational thinking ဖြစ်သည်။
ပီတာဇော်မြင့်စကားလုံး ငှါးသုံးပါမည်။
မသိဘဲ ဝင်ဝင်မပြောပါနှင့်။ ပါးစပ်အားရင် ချောင်းဆိုးပါ။ လက်အားရင် တယောထိုးပါ။ အိမ်မက်ထဲမှာ နီရိုးဘုရင်ကို တွေ့ရင် သူ့ကို ကဗျာအကြောင်း မပြောပါနဲ့။
ပြောချင်ရာ ပြောကြပါလိမ့်မည်။ ရေးချင်ရာ ရေးကြပါလိမ့်မည်။ ပြချင်ရာ ပြကြပါလိမ့်မည်။
နားထောင်ချင်သူ နားထောင်၊ ဖတ်ချင်သူဖတ်၊ ကြည့်ချင်သူကြည့် ပါလိမ့်မည်။ ဝါဒဖြန့်ခြင်းသည် ဖြန့်သူ၏ အလုပ်ဖြစ်၍ လက်ခံခြင်း ငြင်းပယ်ခြင်းသည် သက်ဆိုင်သူ၏ရွေးချယ်ခြင်းဖြစ်သည်။
ရွေးချယ်နိုင်စွမ်း အသိပညာ အားနဲသော၊ ချို့တဲ့နွမ်းပါးသော၊ နုနယ် ငယ်ရွယ်သော လူများကို အကြောင်းအမျိုးမျိုးပြ (နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး..) ၍ စည်းရုံး လှုံဆော်သူများတွင် မရည်ရွယ်ဘဲ ပါဝင်နေမိသူများစာရင်း ပိတ်သင့်ပါပြီ။
မနက်ဖြန် ပွင့်လာမည့် ကံ့ကော်ပန်းများအကြောင်း နွေည သိနိုင်ပါသလား။
မိုးခိုင်
၈ ၃ ၂၀၁၅

Related Posts