အချစ်၏ နောက်ဆက်တွဲစာမျက်နှာ - ဝင်းဝင်းလတ် ၂

 


အချစ်၏ နောက်ဆက်တွဲစာမျက်နှာ - ဝင်းဝင်းလတ် ၁

....................


"ပြီးစီးသွားတဲ့ ခွဲစိတ်ကုသမှုရဲ့အခြေအနေကို ခွဲစိတ်ခန်းထဲကအသံ နားထောင်ကြည့်ရုံနဲ့ သိနိုင်တယ်"  

လွန်ခဲ့သော ၄-နှစ်က ပြောင်းရွှေ့သွားသော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဦးဟန်တင် ပြောလေ့ 

ရှိသည်။ 

"မဟုတ်ဘူးလား နော်အေမီ"  

နောက်ဆက်တွဲအနေဖြင့် နော်အေမီကို ကျီစယ်တတ်သေးသည်။ 

     ဆရာကြီးပြောလည်း ပြောစရာ။ ဆရာပြောမှပင် ကိုယ့်ကိုယ်ကို သတိထားမိရသည်။ ခွဲခန်းထဲမှ တွန်းထုတ်သွားသော လူနာအခြေအနေက ကောင်းမွန်လျှင် နော်အေမီ ခွဲစိတ်ခန်း စခန်းသိမ်းပုံက စိတ်ပါ လက်ပါရှိလှတော့၏။ ခွဲစိတ်ကိရိယာတွေကို ဆေးကြောသန့်စင် သိမ်းဆည်းသည်။ အဝတ်အထည်များကို လျှော်ဖွပ်စေရသည်။ ပစ္စည်းအားလုံးကို ပြန်လည်ပေါင်းတင်ဖို့ စီစဉ်ရ၊ ခွဲစိတ်ခန်းတစ်ခုလုံးကို ဆေးကြောစေရ၊ လုပ်နေကျအလုပ်များကို လုပ်နေရသည်ပင် မထင်မိ။ စကားတပြောပြော စီစဉ်ကာ ကိုယ်နှင့် အလုပ်သမားလေး တွေနှင့် အဆင်ပြေ၊ အပေးအယူတွေမျှကြလို့။ 

"နော်အေမီရဲ့ဆိုင်းဝိုင်းကြီးက အသံသိပ်မြည်ရင် ပေးရှင့် အိုကေလို့ပဲ"  

နော်အေမီနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများကို နော်အေမီရဲ့ ဆိုင်းဝိုင်းကြီးဟု ဆရာကြီးက 

ရည်ညွှန်းလေ့ရှိသည်။ 


     နေ့လယ်က ဝမ်းဗိုက်မှာ ဓားဒဏ်ရာသုံးချက်ရလာခဲ့သော လူနာအတွက် ခွဲစိတ်ခန်းဖွင့်ခဲ့ရ၏။ ခွဲစိတ် ကုသမှုပြီးတော့ ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာများကို တဂျောင်းဂျောင်းမြည်အောင် သိမ်းဆည်းမိလေသည်။ ခွဲစိတ်ကုသမှုက အောင်မြင်ချောမောခဲ့လို့လည်း မှန်ပါရဲ့။ ထို့ထက်တော့ နော်အေမီ စိတ်တိုနေမိသည်လေ။ 

"သူများ အနေရကျပ်မှ သူ ရင်ချောင်လေသလား မသိ"  

စိတ်ထဲက ရေရွတ်မိသည်။ 

"ကိုယ့်ပါးစပ်ပေါက် မလုံနေတာ ကိုယ်အရင်ဆုံး ကုဖို့ကောင်းတာပေါ့"  

မညှာမတာအတွေးဖြင့် လက်ထဲက သံမဏိထည်တစ်ခုကို သံဇလုံထဲသို့ လှမ်းပစ်ထည့်သည်။ 

နော်အေမီရဲ့ စိတ်တိုတောင်းမှုက ဒေါ်ခင်ဦးနွယ်ဘက်သို့ လှည့်သွားခဲ့ပြန်၏။ 

     မမတစ်ယောက်ကလည်း မမပဲ။ ဆရာဦးဟန်တင်နေရာ ဆက်ခံရောက်ရှိလာသော ခွဲစိတ်အထူးကု ဆရာဝန် ဒေါ်ခင်ဦးနွယ်က နော်အေမီထက် သုံးနှစ်ခန့်မျှ ငယ်လိမ့်မည်။ လုပ်ငန်းသဘောအရ " မမ" ဟု နော်အေမီက ခေါ်ကာ ဒေါ်ခင်ဦးနွယ်ကလည်း " မမအေမီ" ဟု တစ်ပြန်ခေါ်ခဲ့သည်။ နော်အေမီနှင့် ဒေါ်ခင်ဦးနွယ်က ဒေါ်ခင်ဦးနွယ် အလုပ်သင်ဆရာဝန်ဘဝတွင် ရန်ကုန်ဆေးရုံကြီးမှာ တစ်ကြိမ်ဆုံကာ ခင်မင် ခဲ့ဖူးကြသည်။ 

     ပြောင်းရွှေ့သွားသော ဆရာကြီးဦးဟန်တင်မှာ လုပ်သက်လည်းရင့်၊ အရွယ်လည်းရသော ဆရာဝန်ကြီး တစ်ဦးဖြစ်သည်။ သဘောကောင်းသူဖြစ်ပေမယ့် အလုပ်ခွင်အတွင်းမှာတော့ စည်းကမ်းကြီးသည်၊ စည်းကမ်း တင်းကြပ်သည်ဟုပင် ဆိုနိုင်၏။ သူ့စည်းဘောင်အတွင်း ရောက်လာထိပါးရင်တော့လား ... ခွဲစိတ်ခန်း တစ်ခုလုံး တုန်သွားမတတ် တုံ့ပြန်တတ်ပေ၏။ မမကတော့ လူနာ၊ ဆရာဝန် ဆက်ဆံရေးတွင်သာ စည်းထား တတ်ပေမယ့် လုပ်ဖော်ကိုင်ဖက်ချင်းအပေါ်မှာတော့ လိုက်လိုက်လျောလျောရှိလွန်းသည်။ ပြောသာ ပြောရ၊ နယ်တွင် အထူးကုဆရာဝန်အဖြစ်က ရန်ကုန်လိုမြို့ကြီးမှ အထူးကုများလို လက်ထောက်ဆရာဝန်များနှင့် ကင်းရှင်းသီးခြားစွာနေလို့မရ။ နယ်ဆေးရုံတစ်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုက အချင်းချင်း စည်းလုံးရိုင်းပင်းမှု၊ နားလည်ခွင့်လွှတ်မှု၊ လုပ်ငန်းတာဝန် မခွဲခြားမှုတို့အပေါ်မှာ များစွာတည်နေသေးသည်။  

     မမက သည်းခံတိတ်ဆိတ်နေလေ ထိုအမျိုးသမီးငယ်က ပိုမိုရဲတင်းလာခဲ့လေ။ စင်စစ် ဆေးရုံ တစ်ရုံလုံးက သိပေမယ့် မသိယောင်ပြုကာ မမပြောသမျှကို လက်ခံနားထောင်နေကြခိုက် လူထူပြီဆိုလျှင် 

" ဒေါ်မူယာတင်" က မမရဲ့အတိတ်ကို တူးဆွတတ်မြဲပေ။ 

     သည်နေ့လယ် ခွဲစိတ်နေစဉ်ကိုပဲ ကြည့်။ အသည်း၊ ဘေလုံးတွေများ ထိခိုက်ပေါက်ပြဲသွားသလား ရှာဖွေနေသည့်အချိန်တွင်မှ မေ့ဆေးတာဝန်ယူထားသော ဒေါက်တာမူယာတင်က အမှတ်မထင်လို ... 

     "မမ ကြားပြီးပြီလား။ ဆရာက သူ့ဝါ့(ဒ်)ထဲက စတတ်(ဖ်)တစ်ယောက်နဲ့ ငြိနေကြပြန်သတဲ့။ ဆရာ့ ဆေးရုံက မူယာ့သူငယ်ချင်း လက်ထောက်ဆရာဝန်ဆီက ရတဲ့သတင်းဆိုတော့ ယုံကြည်လောက်တဲ့ သတင်း 

ဌာနကလို့ ဆိုရမှာပေါ့နော် မမ။ ဆရာက စွံကိုစွံတာ ထင်ပါရဲ့ အဟင်း ဟင်း"  

     လူနာခေါင်းရင်းမှာ ခုံနိမ့်လေးတစ်ခုပေါ် တက်ရပ်ကာ ခွဲစိတ်ကုသမှုကို စီးမိုးကြည့်ရင်းက ပြောလိုက်သည်။ အလုပ်လုပ်နေသော မမရဲ့လက်များက မထူးခြားပေမယ့် မမကို ကူနေရသော နော်အေမီ မှာတော့ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ မမ လက်အမူအယာ လုပ်ပြကာ တောင်းလိုက်တာ ဇာဂနာလား၊ ကတ်ကြေးလား ဘာပေးရမလဲ ယောင်မှားချင်သွားရသည်။ မမကတော့ အာရုံစူးစိုက်မပျက်၊ စကားတုံ့ပြန်ခြင်းလည်း မပြု။ 

     "မမအကြောင်းကျတော့လည်း ဝါ့(ဒ်)ထဲမှာ အမြဲပြောနေတတ်ပြန်တာတဲ့။ ဒါတစ်ခုတော့ မမနဲ့ တူတယ်။ မမကလည်း ဆရာ့အကြောင်း၊ သားတွေအကြောင်းကို အမြဲပဲပြောတတ်တယ်လို့ မူယာတောင် ပြန်စာ ထဲမှာ ထည့်ရေးလိုက်သေးတယ်"  

     အတော်ကြီးကျယ်တဲ့အလုပ်လေ။ ဒီဆေးရုံကအကြောင်းကို ဟိုဆေးရုံမှာ ပြောစေတဲ့အလုပ်လောက် ဒေါ်မူယာက အခြားအလုပ်တွေကို စိတ်ဝင်စားမှာမဟုတ်။ ခွဲခန်းထဲမှာ သည်အသံတစ်ခုသာပဲ စူးစူးရှရှ။ လုပ်ရကိုင်ရ စိတ်အနှောင့်အယှက်ဖြစ်ရသော သည်အခြေအနေမျိုးကို နော်အေမီ စိတ်ထဲက ကျိန်ဆဲလိုက် မိသည်။ 

     " Mesentery (အူများကို ဆိုင်းထားသောအမြှေး)မှာတော့ တစ်ချက်ထိထားတယ်။ တခြားနေရာ တွေတော့ မထိဘူးထင်ရတာပဲ။ အပေါ်ယံလေးတွေပဲဖြစ်မှာ။ သေချာရှာကြည့်ကြဦးစို့ မမအေမီ"  

     ဒဏ်ရာ အလွယ်တကူ ရှာတွေ့လိုက်ပေမယ့် အခါတိုင်းလို စိတ်ပေါ့ပါးမသွားခဲ့။ နော်အေမီ စိတ်မအီမသာရှိခဲ့သည်။ 

     "မမတို့များ ဆရာ့ကို သတိရလိုက်တာနဲ့ Stab Wound တောင် တစ်ခါတည်း တွေ့တော့တာပဲ အဟင်း ဟင်း"  

     ဒေါ်မူယာတင်ရဲ့ အလွတ်မပေးတမ်း စူးရှရှအသံ။ နော်အေမီက ဆတ်ကနဲ မော်ကြည့်မိလျှင် ခွဲစိတ်ခန်းအကူ မောင်တင်လှရဲ့ ပုခုံးနှစ်ဖက်တွန့်ကာ မျက်လုံးပြူးပြလိုက်သည်နှင့် ဆုံနေသည်။ မောင်တင်လှက နော်အေမီရဲ့ မျက်စောင်းဒဏ်ကြောင့် ခွဲစိတ်ခန်းတံခါးကို အလျင်စလို တွန်းဖွင့် ထွက်သွား ခဲ့သည်။ မမကတော့ အပ်ချုပ်မပျက်ပေ။ "ဒီက စာရရင် ဆရာ့မှာ ပျော်နေတာပဲတဲ့"  

မတ်ရပ်ပန်ကာကြီးက တအီအီလည်နေကာ ဒေါ်မူယာတင်ကတော့ တဂျီဂျီပေ။  

     "မူယာကတော့ မယုဆီ စာပြန်ရေးလိုက်ပါတယ်။ မမနဲ့ ဆရာကတော့ အဆက်အသွယ်ရှိဟန် မတူပါဘူးလို့။ သားတွေနဲ့သာ စာအပြန်အလှန် အဆက်အသွယ် ရှိကြတာပါလို့။ မေသန္တာက သိပ်သဝန် တိုတတ်တာလေ။ သူ အိမ်ထောင်ရေး ကံခေတယ်လို့ ဆရာက ဆေးရုံမှာ ခဏခဏ ညည်းတယ်တဲ့"  

သူက ဘာဆိုင်လို့ ဝင်ရှင်းနေရပြန်ပါလိမ့်။ သူ့ပဲ ကျေးဇူးတင်ရဦးတော့မလိုလို။ နော်အေမီလည်း 

မဆီမဆိုင် ကြားဝင်စိတ်တိုနေမိပြီ။ မမကမူ အေးဆေးစွာ။ 

"မမအေမီရေ၊ ဗိုက်ပိတ်တော့မယ်နော်။ Instrument တွေ၊ Gauze တွေ စစ်ပါဦး"  

မမလှမ်းပြောမှ နော်အေမီ အကွက်တွေ့ကာ တွယ်ထည့်မိသည်။  

     "ဗိုက်ထဲမှာ ကတ်ကြေးတစ်ချောင်းကျန်ခဲ့ရင်တော့ အဲဒါ ဒေါက်တာမူယာပဲတော့။ ကျုပ်က အလုပ် လုပ်နေတုန်း စကားလာများရင် လက်ယောင်တတ်တယ်"  

     ရယ်ရွှန်းဖတ်ရွှန်းဖြင့် တွယ်တာတောင်မှ မူယာတင်ကတော့ မျက်နှာမပျက်။ တဟင်းဟင်း ရယ်မောလျက်။ 

     "ကိုယ်တော့ ဘာမှမကြားဘူး မူယာ။ နားလည်းစွင့်မနေဘူးလေ။ သူ့လမ်းသူလျှောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်နေခဲ့တာ ကြာပြီပဲ။ သူ့လမ်းပေါ်မှာ သူ့သဘောနဲ့သူ နေနေတာ ဘာမှ ဝေဖန်စရာမရှိပါဘူး"  

     နှာခေါင်းစည်းအထက်က ဒေါ်မူယာသို့ လှမ်းကြည့်လိုက်သော မမမျက်လုံးများက သန့်စင်ကြည်လင် နေသမျှ လေးနက်စူးရှနေခဲ့သည်။ နော်အေမီ အနည်းငယ် ဘဝင်ကျမိ၏။ ခွဲစိတ်ခန်းထဲက လေထုကလည်း ခုမှပင် သန့်ရှင်းစင်ကြယ်သွားတော့သလို ထင်မိသည်။ နော်အေမီ အသက်ရှူကောင်းတော့သည်။ 

     "မမကတော့ ဟုတ်တာပေါ့နော်။ မေသန္တာတစ်ယောက်တော့ သနားပါတယ်။ ဝဋ်လည်တယ် ဆိုရမှာ ပေါ့လေ။ တကယ်ဆိုရင် မေသန္တာက ဆရာ့ထက် အများကြီးငယ်တာပဲ။ မူယာ့ထက်တောင် ဂျူနီယာ ကျသေးတယ်။ သိပ်လည်းလှတာပဲဟာ။ သူက ဆရာ့ကို ဒီလောက်ချုပ်ချယ်ထားစရာ မလိုပါဘူး။ လူဆိုတာက ကျဉ်းကြပ်တော့လည်း ထွက်ပေါက်ရှာချင်မှာပေါ့လေ"  

     ဒေါ်မူယာတင့် ပါးစပ်ထဲ ရောက်ရင်တော့ ဘယ်သူ့နာမည်ပဲဖြစ်ဖြစ် ရေစုန်မျောတော့တာပဲ။ နော်အေမီ တွေးလိုက်မိသည်။ မမက တစ်ခုခုပြောတော့မလို ဒေါ်မူယာသို့ လှမ်းကြည့်လိုက်သေးသည်။ ပြောတော့မပြောခဲ့။ သူမအလုပ်ကို ဆက်လုပ်နေခဲ့လေ၏။ ဝမ်းဗိုက်အရေပြား ပြန်ချုပ်ခြင်းက တစ်ခဏချင်း ပြီးစီးသွားခဲ့သည်။ 

"မူယာရေ၊ ပေးရှင့် ကွန်ဒီရှင် ကောင်းတယ်နော်"  

"အိုကေပဲ မမ"  

"မမအေမီရေ၊ ပွဲသိမ်းရင်တော့ အသံမြည်ပစေနော်"  

နော်အေမီသို့ လှမ်းစနောက်ခဲ့ရင်း ဒေါ်ခင်ဦးနွယ် ခွဲစိတ်ခုံအပါးမှ ထွက်ခွာသွားတော့သည်။ 

"စိတ်ချ မမရေ၊ မမြည်မှာတော့ မပူနဲ့"  

     ဒေါ်မူယာတင်တစ်ယောက် မေ့ဆေးမပြယ့်တပြယ် လူနာနှင့် ကျန်ရစ်ဆဲမှာပင် နော်အေမီရဲ့ အသံ မြည်သော ခွဲစိတ်ပစ္စည်းကိရိယာသိမ်းဆည်းပွဲက စတင်ချေခဲ့ပြီပင်။ 

 

     နွေလေပြည်သည် မအေးမြ။ လေတိုးဝှေ့သွား၍ ဖုန်မှုန့်တွေ လူးထလာရုံ၊ သစ်ရွက်တွေ ပိုေ<ကလာရုံသာ ရှိခဲ့သည်။ မအေးသည့်အပြင် ပူစပ်ရှားရှားဖြစ်ခဲ့ကာ မခံချိမခံသာ နိုင်နေခဲ့သည်။ ရွက်ေ<က တစ်အုပ်မှာ ရပ်တည်ရာမရနိုင်ဘဲ လေဝှေ့တိုင်း လိုက်ပါလွင့်မျောနေကြသည်။ ဆင်နားရွက်တံခါး တွန်းဖွင့် ထွက်လိုက်လျှင် ဆေးရုံစင်္ကြံပေါ်တွင်ပါ နားခိုရောက်ရှိနေသော ရွက်ခြောက်ေ<ကတချို့ကို တွေ့လိုက်ရ လေသည်။ 

     သူ့ဆေးရုံကို အလွန်သန့်ရှင်းစွာ မြင်လိုလှသော မြို့နယ်ဆရာဝန်ကြီးမှာ ဖုန်ထူရွက်ေ<ကသော နွေကိုဖြင့် စည်းကမ်းကန့်သတ်ရမည် မဟုတ်တော့ပါပေ။ ဆေးရုံကို တစ်ပတ်လှည့်ပြီးလျှင်ပင် သူ့ဂျူတီ ကုတ်ဖြူတစ်ထည်လုံး ဖုန်ရောင်ထလာတတ်သည့် နွေ။ 

     ဒေါက်တာ" ဦးအောင်မြင်" သည် ညာဘက်လက်မှ တုတ်ကောက်ကို အားပြုလျက် စင်္ကြံတစ်လျှောက် လျှောက်လာခဲ့သည်။ သူ့ရဲ့အရပ် မားမားမြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်ထွားထွားတွင် တုတ်ကောက်သံ တဒေါက်ဒေါက်ပေး၊ ဖြည်းဖြည်းလမ်းလျှောက်လာဟန်သည် သည်မြို့ဆေးရုံလေးရဲ့ အမှတ်သင်္ကေတတစ်ခု သဖွယ် ဖြစ်နေခဲ့ပြီ။ 

သည် " မြေလတ်" မြို့က ဦးအောင်မြင် မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြို့လေးဖြစ်သည်။ စဉ်ဆက် ပြည့်စုံ 

ကြွြွဝခဲ့သော ဦးအောင်မြင်၏မျိုးရိုးက မြေလတ်မြို့၏ အစဉ်အလာရှိသော မြို့မိမြို့ဖထဲတွင် ပါဝင်ခဲ့သည်။ 

      သူ့ကျတော့ တစ်ဘာသာ။ စက်ပိုင်၊ လယ်ပိုင်၊ ကုန်သည်ပွဲစားကြားမှ ဆရာဝန်တစ်ဦး ဖြစ်လာ ခဲ့သည်။ သူဝါသနာကြီးသော ခွဲစိတ်ကုပညာဘက်တွင် ပို၍လိုက်စားထူးချွန်လာခဲ့သည်။ ခွဲစိတ်ကုပါရဂူဘွဲ့ရ တစ်ဦး ဖြစ်လာဖို့ ကြိုးစားလေ့လာမှု အားကောင်းလှ၍ သူ့ရှေ့အလားအလာမှာလည်း ကောင်းမွန်ခဲ့သည်။ သူထိခိုက်ဒဏ်ရာမရခင်အထိ ဆိုပါတော့လေ။ 

     လွန်ခဲ့သော ၁၂-နှစ်ကျော်ကာလက ရှမ်းကုန်းပြင်မြင့်တစ်နေရာတွင် သူလိုက်ပါခဲ့သောကား တိမ်းမှောက်သည့် ထိခိုက်မှုတစ်ခုနှင့် ကြုံခဲ့ရသည်။ ကားပေါ်အတူပါသည့် ကွင်းဆင်းဆေးကုသအဖွဲ့က ဝန်ထမ်းများခမျာ ဒဏ်ရာကိုယ်စီရကြ။ " မနှင်းအေး" မည်သော နာ့(စ်)လေးတစ်ဦးသည်မူ ပြင်းထန်လှသော ဒဏ်ရာနှင့်ပင် လမ်းတစ်နေရာမှာ ဆုံးပါးခဲ့ရ။ အောင်မြင်က အထိခိုက်ဆုံးသူ ဖြစ်ခဲ့သည်လေ။ 

     ချစ်သူအနှင်း ဒဏ်ရာခံစားနေသည်ကို မြင်နေရလျက် မလှုပ်မယှက် ကြည့်နေခဲ့ရသည့်အဖြစ်။ ချစ်သူကို ဆုံးရှုံးလိုက်ရကာ နာတာရှည်ဝေဒနာတစ်ခုကိုလည်း ရရှိခဲ့ပါလေ၏။ ကျောရိုးဆစ် တစ်နေရာတွင် ထိခိုက်မိသောဒဏ်ရာကြောင့် ကိုယ်အောက်ပိုင်းလှုပ်ရှားနိုင်စွမ်း နည်းပါးသွားမှုကို လနှင့်ချီ၍ ကုသကာ နှစ်နှင့်ချီ၍ ပြန်လည်လေ့ကျင့်ခဲ့ရသည်။ သူ့ရဲ့ ဆရာဝန်တစ်ဦးအဖြစ် ရပ်တည်နေလိုသေးသော စိတ်ဆန္ဒနှင့် လေ့ကျင့်ကြိုးစားမှုများကြောင့်သာ ပြန်လည်ကျန်းမာလာနိုင်ခဲ့ခြင်းပင်။ 

     ဆရာဝန်တစ်ဦးရဲ့ သာမန်လုပ်ငန်းဆောင်တာမျှကို ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့သည်။ သူဝါသနာ အရှိဆုံးသော အလုပ်တစ်ခုကိုတော့ လက်လွတ်ဆုံးရှုံးခဲ့ရတော့သည်။ ခွဲစိတ်ကုသမှုများကို သူ မစွမ်းဆောင် နိုင်တော့ပါပေ။ ဇာတိမြို့မှ ဆေးရုံတွင်ပင် သူ့ကို တာဝန်ချထားပေးခဲ့သည်။ ၁၀-နှစ်ကျော်ခဲ့ပြီ။ ခွဲစိတ်ကုသမှု များအတွက် မြို့နယ်ဆရာဝန်မှ မစွမ်းဆောင်နိုင်သဖြင့် မြေလတ်မြို့မှာ ခွဲစိတ်အထူးကုဆရာဝန်များကို အချိန် အခါ မသင့်သေးဘဲ ရရှိလာခဲ့ပါလေ၏။ 

     ခွဲစိတ်ကုသလူနာဆောင်နှင့် ခွဲစိတ်ကုသခန်းများကိုလည်း သစ်လွင်သပ်ရပ်သော အဆောက်အအုံသစ် များအဖြစ် မြေလတ်ဆေးရုံက ပိုင်ဆိုင်ခွင့်ရလာခဲ့သည်။ ထိုအဆောက်အအုံသစ်များကတော့ ဦးအောင်မြင်၏ မိဘများ စေတနာဒါနပေ။ 

     " မြေလတ်မြို့၊ စက်သူဌေး ဦးပြည့်နှင့် ဒေါ်သေးသွယ် စေတနာ" ဟူသော ကမ္ဗည်းစာတန်း ရေးထိုး ထားသည့် ခွဲစိတ်ဆောင်သို့ နေ့စဉ် မရောက်ဘဲမနေနိုင်ဖြစ်ရသည်က သူ့ရဲ့ စိတ္တဇတစ်မျိုးလား ထင်သည်လေ။ 

     သူငယ်ချင်း " ဟန်တင်"  ပြောင်းရွှေ့ရမည်ဆိုတော့ အောင်မြင် စိတ်ပျက်အားလျော့သည်။ သူ့ရဲ့ ခွဲစိတ် ကုသပညာရပ်အပေါ် အထူးတလည် စိတ်ဝင်စားမှုကို ဟန်တင်ကတော့ နားလည်စာနာသူဖြစ်ပေ၏။ အခြား ခွဲစိတ်ကုဆရာဝန်တစ်ဦးဦး အထူးသဖြင့် မိန်းမတစ်ယောက်အနေနှင့် သည်လိုနားလည်တတ်မှု ရှိနိုင်ပါ မည်လား။ သူ့ကုသခြင်းဆိုင်ရာမှာ ဝင်ရောက်စွက်ဖက်သည်ဟု အထင်ရောက်ဖို့က များလေ၏။ သူမလုပ် နိုင်တဲ့ အလုပ်တစ်ခုကို မိန်းမတစ်ယောက်က လာရောက်လုပ်ကိုင်ပေးမှာ ဆိုတော့လည်း အောင်မြင် စိတ်ထဲက မကောင်းချင်။ 

     မြန်မာပြည်မှာ အရေအတွက် အလွန်နည်းပါးသေးသော အမျိုးသမီး ခွဲစိတ်အထူးကုအဖြစ် ဒေါက်တာ ခင်ဦးနွယ်က ရန်ကုန်မြို့ဆေးရုံကြီးတစ်ရုံမှ သူ၏ မြေလတ်ဆေးရုံသို့ ပြောင်းရွှေ့ဝင်ရောက်လာမည်ဆိုပဲ။ နောက်တော့ ကြာရှည်စွာ မအံ့သြလိုက်ရ။ ဆေးလောကမှာ ကျယ်ဝန်းသလောက် ဆေးလောကသားတို့က အပျံ့အနှံ့ ရှိနေတတ်ပေရာ ဒေါက်တာခင်ဦးနွယ်ရဲ့ ကိုယ်ရေးရာဇဝင်က " မြေလတ်" သို့ ပျံ့လွင့်ရောက်နှင့် လာခဲ့တော့သည်။ 

     သူမတွင် မြို့နယ်လေးတစ်ခုမှာ လာရောက်ခိုနေချင်စရာ အကြောင်းအချက် ခိုင်လုံနေခဲ့သည်ပဲ။ ဦးဟန်တင်လက်ထက်က ခွဲစိတ်ကုသစွမ်းဆောင်နိုင်မှုဖြင့် သတင်းကြီးခဲ့သော သူ့ဆေးရုံကို အိမ်ထောင်ပျက်ခဲ့ သလို စိတ်ဓာတ်လည်း ပျက်ပြားချင်ပျက်ပြားနေမည့် အမျိုးသမီးတစ်ယောက် လက်ထဲသို့ ထိုးအပ်ရတော့မည့် အဖြစ်က ဦးအောင်မြင်ကို ရင်လေးနေစေခဲ့တာလည်း အမှန်ပင်။ 

     သူမ မြေလတ်သို့ ရောက်ရှိလာပုံကမူ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သည်။ ဆေးရုံအဖွဲ့က ဘူတာရုံမှာ ကြိုကြဖို့ စီစဉ်ထားပေမယ့် သူမရောက်လာတော့ ဘယ်သူမှ မသိလိုက်ကြရပေ။ ဦးအောင်မြင်၏ ရုံးခန်းကို သူမဘာသာ ရှာဖွေတွေ့ရှိ ဝင်ရောက်လာခဲ့သည်။ 

"ကျွန်မ ဒီဆေးရုံကို ထရန်စဖာကျတဲ့ ခင်ဦးနွယ်ပါ ဆရာ"  

     သူ့ရဲ့ ကြီးမားသောကျွန်းစားပွဲရှေ့တွင် ရပ်လာသော အမျိုးသမီးငယ်ကို ကြည့်ကာ ဦးအောင်မြင် ခေတ္တမှင်တက်မိနေပေ၏။ ၅-ပေ ၅-လက်မခန့်ရှိမည်ဖြစ်သော သူမအရပ်နှင့် မလိုက်ဖက်စွာ ပါးလျသော၊ ကျန်းမာရေးကောင်းပုံလည်းမရသော အမျိုးသမီးတစ်ဦးက ပင်ပန်းခက်ခဲသော ခွဲစိတ်ဆရာဝန်ဘ၀ ပိုင်ဆိုင် ထားသည်ဆိုတာ ဘယ်လိုများဖြစ်နိုင်မှာပါလိမ့်။ ပြီးတော့ သူမက ငယ်ရွယ်လွန်းသည်။ ဖျော့တော့သော အသွေးအရောင်ကြောင့် သူမမှာ ပိုမိုငယ်နုနေသယောင် ထင်ရသည်။ သွယ်လျလျအလှနှင့် အမျိုးသမီးမှာ သိပ်မအောင်မြင်သော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးသာ ဖြစ်သင့်သည်ထင်၏။  

"သြော် ထိုင်ပါ ဒေါက်တာ။ ဦးဟန်တင်နေရာရောက်လာတဲ့ ဆာဂျင်ထင်ပါတယ်နော်"  

     မလိုအပ်ပါဘဲ မေးခွန်းက ထုတ်မိသေးသည်။ သည်အခါ စောစောက မှိန်ဖျော့သည်ထင်မိသော မျက်လုံးများက စူးရှလင်းလက်လာခဲ့ပြီး ... 

"ဟုတ်ကဲ့၊ ထရန်စဖာအော်ဒါ ပါပါတယ်"  

ကြည်လင်အေးဆေးသောအသံဖြင့် တုံ့ပြန်ခဲ့သည်။ 

     "ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့က မမျှော်လင့်ခဲ့ဘူး။ ဘူတာမှာ ကြိုကြ ဖို့တောင် သီရေတာစတတ်(ဖ်) နော်အေမီတို့က စီစဉ်နေကြပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာ"  

     ဆေးရုံပြောင်းရွှေ့ရောက်လာသော ဆရာဝန်၊ ဆရာမ ဝန်ထမ်းများကို ကြိုဆိုနှုတ်ဆက်နေကျ စကားများသာ ပြောနေရသည်။ မျက်လုံး၊ နှုတ်ခမ်းရောင်ဖျော့ဖျော့၊ ပါးပြင်နှစ်ဖက် သွယ်ကျကာ သောက မကင်းသေးဟန် ညှိုးလျမျက်နှာဖြင့် အမျိုးသမီးငယ်ကို သူ့ဆေးရုံရဲ့ ခွဲစိတ်ကုသခန်းထဲမှာ ခွဲစိတ်ခန်းဝင်ဝတ်စုံ အစိမ်းရောင် ဝတ်ဆင်လျက်ရှိနေမည့်အဖြစ်ကို စိတ်ကူးကြည့်လို့ပင် မရနိုင်ခဲ့ပေ။ 

     "ကဲ၊ ကျွန်တော့်ဆေးရုံကိုလည်း ဒေါက်တာနဲ့ မိတ်ဆက်ပေးရင်း ကျွန်တော့်စတတ်(ဖ်)တွေနဲ့ ဒေါက်တာ့ကို တစ်ခါတည်း ဆုံပေးလိုက်တာပေါ့"  

သူက လက်စွဲတော်တုတ်ကောက်ကို လှမ်းယူကာ အားယူထရပ်ဖို့ ကြိုးစားတော့ သူမ အံ့သြရိပ်မပြဘဲ စိတ်ဝင်စားစွာသာ လှမ်းကြည့်နေခဲ့လေ၏။  

     " အောင်မြင်" က ဒေါ်ခင်ဦးနွယ်အကြောင်း သိရှိထားသလို " အောင်မြင်" ရာဇဝင်ကိုလည်း သူမ သိရှိ ထားလေဟန်ပေ။ ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ကို သည်မြို့အဆင့်မှာ ဘာကြောင့်ထားရှိရတာ သူမ သိရှိထားခဲ့၍ပင်။ မြို့ကြီးများကို ရှောင်ခွာကာ သည်မြို့လေးသို့ လျှောက်ယူထားခဲ့ပြီပဲ။ 

     "ကျွန်မ ရောက်လာတဲ့အကြောင်း သတင်းပို့ရုံပဲ ဝင်ခဲ့တာပါဆရာ။ မိသားစုအတွက် စီစဉ်စရာလေး တွေလည်း ရှိသေးလို့ ဆေးရုံကို ဂျူတီဝင်မှပဲ လာပါရစေ။ ဆေးရုံမှာ အိမ်ရçမရလည်း မသိသေးတော့ မြို့ထဲက တည်းခိုခန်းမှာပဲ ခဏတည်းနေပါတယ် ဆရာ"  

အမျိုးသမီးရဲ့ တည်တည်နှင့် ခပ်ကင်းကင်းနေလိုဟန် အစီအစဉ်များကို ဦးအောင်မြင် အနည်းငယ် စိတ်ပျက်မိကာ ... 

     "ဆေးရုံဟောင်းဝင်းထဲမှာပဲ ဒေါက်တာ့အတွက် အိမ်ရှိပါတယ်။ ဦးဟန်တင်နေခဲ့တဲ့ အိမ်ပါပဲ။ ဒေါက်တာ ဆေးရုံကို တစ်ချက်ကလေးပဲ ဖုန်းဆက်ခဲ့ရင် ကျွန်တော်တို့ အားလုံး စီစဉ်နိုင်ခဲ့မှာပါ။ အိမ်ရှင်း ထားဖို့၊ ရေဖြည့်ထားပေးဖို့တွေ ဆေးရုံက အလုပ်သမားလေးတွေကို ကျွန်တော် ခိုင်းလိုက်ပါ့မယ်။ ညနေ လောက်တော့ ကျွန်တော် ဒေါက်တာ့ကို ကားလွှတ်ကြိုခိုင်းလိုက်ပါ့မယ်။ ဒေါက်တာ " နေလ" မှာ တည်းလိမ့်မယ် ထင်တယ်"  

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"  

ဒေါ်ခင်ဦးနွယ် နှုတ်ဆက်ထွက်ခွာချိန်တွင် မိုးဖွဲဖွဲလေး ကျနေခဲ့သည်။ ထိုအချိန်မှာ ဆေးရုံကားက 

ကိစ္စတစ်ခုဖြင့် မြို့ထဲသို့ ရောက်နေခဲ့သည်။ သူ့ကိုကြိုမည့် အိမ်ကကား လာဖို့က နည်းနည်းစောနေသည်။ 

"ဒေါက်တာ ခဏလေးစောင့်လိုက်ပါလား။ ခဏနေရင် ကျွန်တော့်ကားလည်း လာတော့မှာပါ။ 

ကျွန်တော် လိုက်ပို့ခိုင်းလိုက်ပါ့မယ်"  

"ရပါတယ် ဆရာ။ ကလေးတွေ မျှော်နေမှာစိုးလို့"  

     ပြောရင်း ဒေါ်ခင်ဦးနွယ်က သူမလက်ပွေ့အိတ်ထဲမှ ခေါက်ထီးလေးကို ထုတ်ယူလိုက်သည်။ သို့နှင့် သူမလက်ပွေ့အိတ်ထဲမှ လျှို့ဝှက်ချက်များကို ဦးအောင်မြင် စောစီးစွာသိလိုက်ရလေသည်။ ထီးကိုင်းလေး တွေနှင့် ငြိကာ ကစားစရာ သံမြားတံချွန်ချွန်လေးများက အရင်ကျလာခဲ့သည်။ ပြီးတော့ ရုပ်ပြစာအုပ်လေးက နှစ်အုပ်။ ဦးအောင်မြင်က တစ်ခုပြီးတစ်ခု ကျလာသော ပစ္ခည်းတွေကို မျက်ခုံးများမြှင့်၍ ကြည့်လိုက်မိသည် ထင်၏။ ဒေါ်ခင်ဦးနွယ်က ပထမဆုံးအကြိမ်အဖြစ် နူးညံ့စွာ ပြုံးရယ်သည်။ 

     "သားတွေဆီမှာတွေ့လို့ သိမ်းထားလိုက်ရတာ။ ဒီမြားတံလေးတွေက မျက်လုံးတွေဘာတွေ ထိခိုက် နိုင်တာပေါ့။ ဒါလည်း သူတို့မတွေးမိကြဘူး ဆရာ။ အပြောင်းအရွှေ့နဲ့ဆိုတော့ စာမကျက်ရတဲ့ အရသာကို သူတို့က သိသွားကြပြီလေ"  

     သားတွေအကြောင်းပြောရင်း နူးညံ့သက်ဝင်လာသော မျက်နှာကို မြင်ရတော့ သူတွေးပူပင်မိ သလောက်လည်း ဆေးရုံအတွက် ရင်လေးစရာ မရှိတန်ရာဟု ဦးအောင်မြင် တွေးထင်မိပြန်လေ၏။ ဒေါ်ခင်ဦးနွယ်ကတော့ မြားချွန်ချွန်လေးများနှင့် ရုပ်ပြကို ပြန်ကောက်ယူထည့်လျက် မိုးဖွဲဖွဲအောက်မှာပင် ထွက်ခွာသွားတော့သည်။ 


................


အချစ်၏ နောက်ဆက်တွဲစာမျက်နှာ - ဝင်းဝင်းလတ် ၃



Related Posts

No comments:

Post a Comment