မောင်ထူးမြတ် ဖတ်ဖို့ ရေးတဲ့စာ - မေငြိမ်း

 



မောင်ထူးမြတ် ဖတ်ဖို့ ရေးတဲ့စာ 

 

(၁) 

သားကလေး ရှိမနေတဲ့ မေမေ့အိမ်ကလေးရဲ့ရှေ့က မြက်ခင်းပြင်ကလေးမှာ မေမေ ပေါင်းသင်း မွမ်းမံ နေရတဲ့ ပျိုးပင်လေးတွေကတော့ ပန်းတွေပွင့်နေပြီကော… သားရေ။ 

xxx 

သစ္စာပန်းရောင်စုံတွေဟာ တောမြို့ကလေးရဲ့ ရာသီဥတုထဲမှာ ခပ်ရိုင်းရိုင်းပဲ 

ပွင့်နေကြတယ်။ လွတ်လည်း လွတ်လပ် ကြတယ်။ ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေနဲ့ ဂရုတစိုက် မစိုက်ပျိုးနိုင်ပါဘဲနဲ့တောင် သူတို့ဟာ ရအောင် ပွင့်ကြရှာတယ်။ အမေက ရောင်စုံပျိုးတော့ သူတို့ကလည်း ရောင်စုံ ပွင့်ကြတယ်။ 

 


အနီရယ်၊ အဝါရယ်၊ အဖြူရယ်၊ ပန်းရောင်ရယ် သူတို့ရဲ့ အရွက်ရှည်ရှည်တွေနဲ့ သူတို့ရဲ့ ရိုးတံ ရှည်ရှည်၊ အပွင့် ရှည်သွယ်သွယ်တွေဟာ သိပ်လိုက်ဖက်ညီတဲ့ Harmony ပဲ။ ဟာမိုနီဖြစ်တယ်လို့ပြောရင် ပိုလှမယ် ထင်ပါတယ်။ ဒါတောင် တချို့က အဖူး၊ တချို့က အပွင့်၊ တချို့က အငုံရယ်။ အဲလိုမတူတာကိုက ညီညတွ် လှပတယ် ထင်ပါရဲ့ကွယ်။ ဒါပေမဲ့ သားရေ အံ့သြစရာကောင်းတာက သူတို့တွေကို အရွယ်တော် ကိုက်ဖြတ်ပြီး လှပ ညီညတွ် အောင် အမေက ပြင်ဆင်ပြီး ပန်းအိုးမှာ စိုက်လိုက်တော့ ပန်းတွေ ဝေဆာသွားတဲ့ မြင်ကွင်းဟာ လှလိုက်၊ သာယာလိုက်တာ သားရယ်။ ပွင့်တချို့၊ ငုံတချို့၊ ဖူးတချို့နဲ့ပဲ ပြေပြစ်လို့ သူတို့ရဲ့ ပင်ကိုအလှရယ်၊ ပန်းစိုက်အိုးရဲ့ အရှိန်အဝါရယ်နဲ့ အမေ့ရဲ့ ပြင်ဆင်ပေးမှုကလည်း သူတို့ကို ပြည့်စုံတဲ့အလှ ဖြစ်စေတာပေါ့နော် သား။ ဒါနဲ့ပဲ အမေ့မှာ ပီတိဖြစ်ရပြန်တယ်။ ဒါပေမဲ့ အမေကိုယ်တိုင် တပင်တပန်း ပျိုးခဲ့ရ တဲ့ ပန်းငုံကလေး သားကကျတော့ဖြင့် အဝေးမှာ။ 

အဲသည် ပျိုးပင်ပေါက်ကလေး ပန်းငုံကလေးကို ဘယ်သူ ပေါင်းသင်နေလဲ၊ ဘယ်သူတွေက မြေဆွပေး နေရသလဲ၊ ဘယ်သူ ရေလောင်းနေသလဲကွယ်...။ အဖိုးရယ်၊ အဖွားရယ်၊ အဒေါ်ရယ်၊ ဦးလေးရယ်ပေါ့… ဟုတ်လား...။ ဒါဖြင့် အဲသည်ပျိုးပင်လေးအတွက် တကယ့် တကယ် တာဝန်ရှိနေသူတွေက ဘယ်သူတွေလဲ ကွယ်…။ ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့သူတွေဟာ ကိုယ့်ပျိုးပင်ကလေးကို အစွမ်းကုန် ရှင်သန်ပွင့်လန်းဖို့ တာဝန် အရှိဆုံးပေါ့ကွယ်။ ဒါပေမဲ့ အမေက အဝေးမှာ...။ 

ခုချိန်မှာ အမေစဉ်းစားနေတာက အမေ့ပျိုးပင်ကလေးကို အမေရှိတဲ့ မြေမှာ ပြောင်းပြီး စိုက်ဖို့ပေါ့ သားရဲ့။ 

ကျောင်းဆရာမဆိုတဲ့ တာဝန်နဲ့ စေတနာကြောင့် ဒီမြို့ကလေးကို အမေ ရောက်လာရတော့ သားကို ရန်ကုန်မှာထားခဲ့ရတာ အမေ ဘယ်လောက်ကြေကွဲမယ် ထင်သလဲကွယ်။ တကယ်တမ်းကျတော့ သားနဲ့အမေ အတူမနေရတဲ့ အမေ့ဘဝဟာ တကယ့်ကို အဓိပ္ပါယ် မဲ့တာပါကလား။ “အမေ”ဆိုတဲ့ ဝေါဟာရ ကတောင် အမေ့ ရင်ကို ပြင်းပြင်း ရိုက်နှက်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်လို့။ 

အမေ့တပည့်တွေကို “မောင့်ကိုလွမ်းတော့”ဆိုတဲ့ အိုင်ချင်းကလေး သင်တော့တောင် အမေက ပြောမိသေး။ 

“မိကိုလွမ်းလည်း..သောက်တော်ရေချမ်းစားတော်ကွမ်းနဲ့ သွန်းတဲ့ညောင်ရေပန်းသပြေနှင့်ပြေဖူးငဲ့ရှင်.. ဖကိုလွမ်းလည်း...သောက်တော်ရေချမ်းစားတော်ကွမ်းနဲ့ သွန်းတဲ့ညောင်ရေပန်းသပြေနှင့်ပြေဖူးငဲ့ရှင့်... 

မောင်ကလေး…မောင့်ကိုလွမ်းတော့ သောက်တော်ရေချမ်းစားတော်ကွမ်းနဲ့ သွန်းတဲ့ညောင်ရေပန်းသပြေနှင့်မပြေပါလို... “သောက်တော်ရေအိုး ကျွမ်းထိုးကောင်နှယ်” 

ဆိုတဲ့အထဲမှာ ဆရာမ သာဆိုရင်တော့ “သားကလေးကို လွမ်းရတာပဲ အဆိုးဆုံးလို့ 

ပြောချင်တာပဲ”လို့ပြောရင်း မျက်ရည်ကျချင် လာခဲ့သေးတာ။

ကလေးတစ်ယောက်ရဲ့ ပထမငါးနှစ်တာဟာ မိဘနဲ့အတူ ကြီးပြင်းသင့်သတဲ့။ ခုတော့သားလေးခမျာ အဖေက လည်း အဝေးမှာ၊ အမေကလည်း အဝေးမှာ။ ဒါ... ဖြစ်သင့် သလားဟင်။ အမေက ဘာတွေ လုပ်နေတာလဲ။ ဘာတွေကို ရွေးချယ်နေတာတဲ့လဲ။ 

သူတပါးတွေစိုက်ခဲ့တဲ့ ပျိုးပင်တွေအများကြီးကို မွမ်းမံပေးဖို့အတွက် ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပျိုးပင်ပေါက်ကလေး ကို ထားခဲ့တာ အမေ တရားရဲ့လား။ ဒါမှ မဟုတ်... ကိုယ့်ရဲ့ သွေး၊ သားကလေးကိုတောင် စွန့်ပြီး ကလေးတွေ အများကြီးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သူရဲကောင်းဆန်ရမှာလား...။ နှစ်ခုစလုံး မှန်လို့တော့လည်း မဖြစ်ပြန်ဘူး သားရေ...။ ဒါနဲ့ပဲ အမေရှိတဲ့နေရာကို သားကလေး ရောက်ဖို့ပဲ စဉ်းစား ပြင်ဆင်ရတော့တယ်။ 

(၂) 

သားကလေးရောက်လာတဲ့အခါ... 

အမေ နေခွင့်ရ ထားတဲ့ ခနော်နီခနော်နဲ့ ဝန်ထမ်းအိမ်ကလေးမှာ သားရဲ့ အသံတွေ ဝေလွင် ဆူညံ နေတော့ မယ်၊ အိမ်ကလေး သိမ့်သိမ့်ခါအောင် သားကလေး ခုန်ပေါက်တော့မယ်။ သေချာတာ ကတော့ အမေ့အိမ်မှာ သားအဖွားတွေရဲ့ အိမ်တွေလို တီဗွီတွေ၊ ဗီဒီယိုတွေ၊ တီဗွီဂိမ်း တွေ၊ ရေခဲသေတ္တာတွေ မရှိပေမဲ့ သားအတွက် လိုအပ်မယ်လို့ အမေယုံကြည်တဲ့ အဖေ တစ်ယောက် ရဲ့ လုံခြုံမှုမျိုးနဲ့ အမေတစ်ယောက်ရဲ့ နွေးထွေးမှုမျိုးပေးမယ့် အမေရှိတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံ၊ သားငါး၊ ဟင်းရွက်တွေရှိတယ်။ လတ်ဆတ် သန့်ရှင်းတဲ့ လေညှင်း ရနံ့တွေ ရှိတယ်။ သွေးသားကို စိုပြေ လန်းဆန်းစေမယ့် သစ်ပင်စိမ်းတွေ ရှိတယ်။ သားရဲ့ မျက်လုံးတွေကို တောက်ပ ကြည်လင်စေမယ့် 

တောတောင်ရှုခင်းတွေ ရှိမယ်၊ သားမကြားဖူးခဲ့တဲ့ သွပ်မိုးပေါ်ကျတဲ့ မိုးသံ ဝုန်းဒိုင်း တွေ 

အောက်မှာ အမေနဲ့အတူ အိပ်ရတဲ့အခါ သားပျော်မှာလို့ အမေယုံတယ်။ 

တွေးရင်းနဲ့တောင် အမေ့မှာ ပျော်ရတယ်၊ မြို့ပြမဟုတ်တဲ့ ပတ်ဝန်းကျင်မှာ အနည်းဆုံးတော့ သားအတွက် ခွန်အားတွေ ပျော်ရွှင်လွတ်လပ်မှုတွေ အမေ ပေးနိုင် မှာပေါ့။ ရှေ့နှစ်ဆို သားလေး ကျောင်းနေရတော့မှာ၊ အမေ့အိမ်နားမှာ မူလတန်းကျောင်းလေး ရှိတယ် သားရဲ့.... အဆင်ပြေလိုက်တာနော်... လို့လည်း 

ဝမ်းသာလို့။ အတွေးနဲ့တင် အမေ့ဘဝမှာ ပြည့်စုံသွားလိုက်တာ...။ 

xxx 

တကယ်လည်း သားကလေးက အမေ့ရဲ့ မြို့ကလေးမှာ ပျော်ခဲ့တယ်။ တကယ်တော့ 

အမေ့မှာလည်း ခုမှပဲ အသက်၀၀ ရှူရဲတော့တာ။ မြို့ကြီးမှာ ကြီးပြင်းခဲ့ရတဲ့ အထူးသဖြင့် ပြည့်စုံပျော်ရွှင်ခဲ့ရတဲ့ သားဟာ အမေ့ရဲ့ တောမြို့ကလေးမှာ မပျော်ရင်ဖြင့်ဆိုတဲ့ အတွေးက လည်း အမေ့ရင်ကို ဖိစီးခဲ့ဖူးသေးတာကိုး။ 

ခုတော့ သားလေးက တောအုပ်တွေမှာ အံ့ဩပျော်ရွှင်၊ တောင်ကုန်းတွေဆီမှာ အံ့ဩပျော်ရွှင်၊ စမ်းချောင်း ကလေး တွေမှာ အံ့ဩပျော်ရွှင်၊ လယ်ကွင်းစိမ်းစိမ်းတွေမှာ အံ့ဩ ပျော်ရွှင်၊ ကြာကန်ထဲက ကြာဖြူ ကြာနီတွေမှာ အံ့ဩပျော်ရွှင်၊ တောင်ပေါ်ကနေ အောက်ဘက် ဝေးဝေးက လယ်ကွင်းတွေ၊ လမ်းကွေ့ကွေ့တွေ၊ သစ်ပင် အုပ်အုပ်တွေကို ငုံ့ကြည့်ရတဲ့ အရသာထဲမှာ အံ့ဩ ပျော်ရွှင်၊ အုပ်ဖွဲ့ပြီး အရောင်တောက်တောက်ပပ တွေနဲ့ အလှပြိုင်နေ ကြတဲ့ တိမ်တိုက်တွေကို ကြည့်ပြီး အံ့ဩပျော်ရွှင်။ သားဟာ အံ့ဩပျော်ရွှင်လို့ချည်းသာ နေတော့တယ်။ 

ပြီးတော့ အမေ အလျှံပယ်ကျွေးတဲ့ ပုဇွန်ဆီပြန်ဟင်းတွေ၊ ကြက်သားကြော်တွေကို လည်း သားက အံ့ဩတာပဲ။ 

အစားအစာတွေကို သားက ပလုပ်ပလောင်း စားလို့၊ အမေကတော့ မြို့ပြမှာတုန်းကလို သားကို ပုဇွန်သား ကျွေးပြီး အမေကတော့ ပုဇွန်ဆို ခေါင်းမှကြိုက်တာလို့ ဆိုရတဲ့ အခြေအနေ မဟုတ်တော့တာကိုဘဲ ပီတိ ဖြစ်နေ မိတယ်။ ကိုယ့်သားကို စားချင်သလောက် စားစမ်းလို့လည်း ကျွေးနိုင်ပြီကိုး။ အဟာရ ပြည့်ဝတဲ့၊ အစားဝလင်တဲ့ ကလေးဟာ ဦးနှောက် ဉာဏ်ရည် မြင့်တယ်၊ ကျန်းမာသန်စွမ်း တယ်၊ တောင့်တင်း ကြံ့ခိုင်ကြတယ် မဟုတ်လား ကွယ်။ ဒါဖြင့် အမေ့ သား ကလေးက ကျန်းမာသန်စွမ်း ဉာဏ်ကောင်းတဲ့ ကလေးလေးအဖြစ် ကြီးပြင်းရမှာပေါ့ ဟုတ်လား။ ဒါဖြင့် သားကလေးလိုပဲ စားသောက် နေထိုင်ခွင့် ရမယ့် အမေ့ရဲ့ ပျိုးပင်ကလေး တွေကကော....။ 

xxx 

လူ့ဘဝဆိုတာ အကောင်းတွေချည်းပဲတော့ ပြိုင်တူ မရနိုင်ဘူးပေါ့။ အမေ့ပျိုးပင်လေးတွေဟာ ကျေးလက် ဆန်ဆန် ရှင်သန်ကြီးပြင်းခဲ့သူတွေမို့ သူတို့ရဲ့အလှ သူတို့ရဲ့ဘဝဟာ အရိုင်းတော့ ဆန်တယ် သားရယ်။ သူတို့မှာ တောက်ပတဲ့ မျက်လုံးတွေနဲ့ သွေးရောင်အပြည့် လွှမ်းတဲ့ နှုတ်ခမ်းတွေနဲ့ သန်စွမ်းကြံ့ခိုင်တဲ့ ကြွက်သား အစိုင်အခဲတွေနဲ့။ သူတို့ဟာ အင်မတန် အားကျ မက်မောစရာ ကောင်းလောက်အောင်လည်း တင့်တယ် ကြတယ်။ အဟာရပြည့်တဲ့ အမူအရာတွေကလည်း ဖျတ်လတ်လို့။ အမေကတော့ သူတို့လေးတွေကို ကြည့်ပြီး သားအပေါ် အားထားသလိုပဲ အားထား အားကိုးလို့ 

ယုံကြည်လို့...။ သည်ပျိုးပင်တွေဆီက ပွင့်လာမယ့် ပန်းတွေနဲ့ ကမ္ဘာကို အလှဆင်မယ်ပေါ့။ ရနံ့ သင်းထုံ ကြိုင်လှောက် စေမယ် ပေါ့။ သူတို့ မျက်လုံးတွေရဲ့ အားမာန်၊ လက်ချောင်းတွေရဲ့ အားမာန်၊ ကျစ်လျစ် ဖွံ့ထွားတဲ့ ကိုယ်ကာယရဲ့ အားမာန်၊ လွတ်လပ် ပေါ့ပါးပျော်ရွှင်တဲ့ စိတ်နှလုံးတို့ရဲ့ အားမာန်တွေကို အမေ ယုံကြည် အားထား ခဲ့တယ်။ သူတို့ ရဲ့ စိတ်နှလုံးကို နည်းနည်းလေး ပဲ့ကိုင်ပေးလိုက်တာနဲ့ သူတို့ရဲ့ ဦးနှောက် တွေက လန်းစွင့်ပြီး အမေလိုချင်တဲ့ ပန်းပွင့်တွေ ငွားငွားစွင့်စွင့် ပွင့်မှာပဲလို့ အမေ သေချာ နေခဲ့တယ်။ 

 


သူတို့ရဲ့ အရိုင်းဆန်မှုကိုလည်း အမေက အားထားတာပဲ။ အဲသည် အရိုင်းဆန်မှု ကြောင့် သူတို့ဟာ သဘာဝကို ရဲရဲ ရင်ဆိုင်တတ်မယ်။ (သဘာဝနဲ့ ပိုနီးစပ်တဲ့အတွက်) သဘာ၀ နဲ့ တသွေးတသားတည်းကျတဲ့ သူတွေမို့ သဘာဝနဲ့ ပို ရင်းနှီး လွတ်လပ်စွာ သဘာဝကို 

ကိုယ်လိုသလို ဖန်တီး ပြုပြင် နိုင်စွမ်းလည်း ရှိကြမယ်ပေါ့။ 

“သားတို့သမီးတို့ဟာ မျက်မွှေးတဆုံးလောက် အမြင်နဲ့ မတင်းတိမ် သင့်ကြတော့ဘူး။ နိုင်ငံတကာ ထိအောင် ကြည့်ရမယ်၊ ကမ္ဘာကိုမြင်အောင် ကြည့်ရမယ်၊ ကိုယ့်ဘ၀ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တိုးတက်ဖို့ ကိုယ်တိုင်က တိုးတက်စွာ မြင်တတ် ကြားတတ် သိတတ်မှ ရမယ်၊ မင်းတို့ဟာ မြို့ပြက ကလေးတွေထက် ပိုလို့ ကျန်းမာ သန်စွမ်းခွင့် ရကြတယ်။ အဟာရပြည့်ခွင့် ရကြတယ်၊ ခေတ်မီမယ်ဆိုရင်လည်း ခေတ်ကိုလိုက်မီနိုင်တဲ့ အခွင့်အရေးတွေ ရှိကြတယ်...။ ကိုယ့်မြို့မှာ နိုင်ငံတကာလေယာဉ်ကွင်း ရှိမှ၊ ဖက်စပ်ကုမ္ပဏီတွေ ရှိမှ၊ အဲလိုမှ မဟုတ်ဘဲ သတင်းစာတွေ ရှိတယ်၊ ဗီဒီယိုတွေ ရှိတယ်၊ ဂြိုလ်တုစလောင်းတွေလည်း ရှိတယ်၊ စာအုပ်စာတမ်းတွေ ရှိတယ်၊ လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရာတွေ အားလုံး ရှိပြီပဲ။ လေ့လာကြပါ၊ စူးစမ်းကြပါ၊ ဆင်ခြင်ကြပါ၊ ကြံစည်ကြပါ၊ ကြိုးစားကြပါ၊ ကိုယ့်မိသားစု ချမ်းချမ်းသာသာနေနိုင်ဖို့ ကြိုးစားသလို ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းပြည်အတွက် ကြိုးစားဖို့ စိတ်ရှိမှ ဆရာမတို့ဟာ တိုးတက်တဲ့ လူမျုးိဖြစ်မယ်...။ သူများနိုင်ငံ တိုးတက်တာကို အားကျရုံသာမကဘဲ အတုယူ ကြိုးစားချင်စိတ်ပါ မွေးကြပါ။ အနာဂတ် အတွက် မင်းတို့ကို ဆရာမတို့တွေက သိပ်ကို အားကိုးပါတယ်”

မြန်မာစာသင်ရတဲ့ အမေ့ရဲ့ သင်ခန်းစာတွေနဲ့ ကြုံကြိုက်တဲ့အခါများစွာမှာတော့ အမေက သူတို့ကို အဲလို စကားမျုးိတွေ မကြာခဏ ပြောပြဖြစ်တယ်။ သူတို့ရဲ့ လန်းဆန်းတဲ့ မျက်လုံးတွေ၊ အမေအားကိုးတဲ့ မျက်လုံးတွေ ထဲကိုလည်း စူးစိုက်ကြည့်မိတယ်။ ဒါပေမဲ့ သားရယ်... သူတို့မျက်လုံးတွေဟာ အမေမျှော်လင့်ထားသလို ထူးထူး ခြားခြား တောက်ပ လာကြတာမျိုးမတွေ့ရဘူး။ ဒါထက်ပိုလို့ သူတို့ရဲ့ မျက်လုံးတွေဟာ လေးလံ ထိုင်းမှိုင်းသွား တာ၊ နားလည်ရခက်ခဲသလို ညစ်ညူးသွားတာတွေသာ တွေ့ရတယ်။ အဲသည်ထဲကပဲ အမေကတော့ အနည်းဆုံး တစုံတယောက်ကိုတော့ မျှော်လင့်မိသေးတယ်။ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး သားရယ်။ သည်တော့မှပဲ တစ်ခုခုတော့ လွဲမှားနေပြီလို့ အမေ 

တွေးနေမိတယ်။ 

(၃) 

အဲသည်မြို့ကလေးဟာ တောင်တွေက ပွေ့ပိုက်ပြီး သူတို့ရဲ့ လက်ဖဝါးတွေပေါ် ဖြန့်တင်ပြထား သလို အခင်းအကျင်းလေးနဲ့ ရှိနေတယ်။ သူ့ရှေ့မှာ အင်မတန် ရေစီးသန်တဲ့ မြစ်တစ်စင်းကလည်း သူ့ကို အန္တရာယ် တွေ အလွယ်တကူ မကျရောက်နိုင်အောင် တားဆီး ပေးထားသလို ရှိနေတယ်။ အဲသည်မြို့လေးဟာ ကုန်းတက်ကုန်းဆင်း လမ်းတွေနဲ့ ထန်းပင်အုပ်အုပ်တွေနဲ့၊ ရေတံခွန်နဲ့၊ စမ်းချောင်းနဲ့ အင်မတန် သာယာ အေးချမ်းတာတော့ အမှန်ပါပဲ။ အထူးသဖြင့်ကတော့ အဲသည်မြေလေးဟာ သာသနာအရောင် ထွန်းလင်း ဝင်းပ တဲ့ မြေ ဖြစ်နေတာပါပဲ။ 

မြို့ကလေးကို ဝိုင်းအုံ ထွေးဖက်ထားကြတဲ့ တောင်တန်းတွေပေါ်မှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တောမှီ ရဟန်းတွေနဲ့ ဘာသာတရား ကိုင်းရှိုင်းသူတွေနဲ့ စိုပြည် နေလေ့ရှိတယ်။ မြို့ကလေးရဲ့ ဥပုသ်နေ့တွေမှာ တစ်မြို့ လုံးလိုလို စီးပွားရေးအလုပ်တွေ နားလိုက်ကြပြီး လူကြီးသူမ အတော်များများက အေးချမ်းဆိတ်ငြိမ်မှုတွေကို သယ်ပိုးပြီး တောင်တွေပေါ် အသီးသီး တက်ကြတယ်။ ပြီးတော့ ဘုန်းတော်ကြီးတွေရဲ့ တရားပေးမှုအောက်မှာ ဗုဒ္ဓရဲ့ အဆုံးအမကို ခံယူပြီး သီလဘာဝနာ ပွားကြတယ်။ အဲသည်မြို့ကလေးဟာ ဘုန်းတော်ကြီးတွေရဲ့ အုပ်ချုပ်မှု ကို လိုလိုလားလား ခံယူထားတဲ့ မြို့ ကလေးဖြစ်တယ်။ 

ဒါကြောင့်ပဲ ထင်ပါရဲ့... သူတို့တွေဟာ တစ်နေ့လုပ်အားခတွေကို အကုန် သုံးပစ်ကြ တယ်။ စည်းစိမ် ချမ်းသာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အပြည့်အ၀ ခံစားကြတယ်။ လောလောဆယ် အလုပ်လုပ်ကြမယ်။ အသက် နည်းနည်း ရလာရင်၊ ဒါမှမဟုတ် အချိန် နည်းနည်း ပိုလာရင် ဥပုသ်သီတင်း စောင့်မယ်၊ တရားဘဝနာ ပွားများမယ်။ အဲဒါဟာ အဲသည် မြို့ကလေးရဲ့ ပစ္စုပ္ပန်ပဲ။ ပြီးတော့ အတိတ်လည်း ဖြစ်တယ်။ အဲဒါပဲ အနာဂတ်လည်း ဖြစ်တယ်။ ဒါတွေကို အမေ တဖြည်းဖြည်းနဲ့ သိလာတယ်။ အဲသည် ပစ္စပ္ပန်ထဲ (အတိတ်ထဲ အနာဂတ်ထဲ)မှာ 

အမေ့ ပျိုးပင်လေးတွေက အပျိုးခံခဲ့ရတာ၊ ရှင်သန် ကြီးပြင်းခဲ့ရတာ။ 

နယ်ခြား မြို့ကလေးလို ဖြစ်နေခဲ့တဲ့ အဲသည် မြို့ကလေးက မြို့သူမြို့သားတွေဟာ ပိုက်ဆံ သိပ်ရှိတဲ့အခါ ရွှေတွေ လက်ဝတ်ရတနာတွေ အများကြီး ဝယ်တယ်။ ပါတိတ်ဝတ်စုံ အကောင်းစားတွေ ဝယ်တယ်။ ဆိုင်ကယ်တွေ စက်ဘီး ကောင်းကောင်းတွေ ဝယ်စီးတယ်။ ဟင်း ကောင်းကောင်းတွေ စားတယ်။ ည ရှစ်နာရီ ဆိုရင်တော့ တီဗွီ ပိတ်၊ မီးမှိတ် အိပ်ကြရုံပဲ။ လူငယ် အများစုကတော့ ထန်းရည်မူးပြီး မှောင်ကုပ်ကုပ် လမ်း တွေ ပေါ်မှာ သီချင်း တညည်းညည်းနဲ့ လျှောက်ပြီး အိမ်ပြန်ကြတယ်။ 

အဲသည် ဝန်းကျင်ဓလေ့မှာ အသားတကျ နားလည်အောင် အမေ အတော် အချိန်ယူခဲ့ ရတယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။ ရောက်စကတော့ အမေ့စိတ်ထဲမှာ အဲသည် လူတွေ ဟာ တိုးတက်ချင်စိတ် မရှိလိုက်တာ၊ ညံ့လိုက်တာ။ ဒါကြောင့်လည်း ခုလို..... ဆိုတဲ့ ဂရုဏာ ဒေါသတွေနဲ့ မောခဲ့ရတာပေါ့။ ခုကျတော့ဖြင့် အံ့ဩတာ။ သူတို့ဟာ အဲသည်လောက် သက်သောင့်သက်သာနိုင်စွာ ကြီးပြင်းဖို့ ဘယ်လောက်များ ကျင့်သားရခဲ့သလဲပေါ့။ သူတို့ရဲ့ မျိုးရိုးစဉ်ဆက် ဘယ်နှစ်ဆက် ကတည်းကများ ခုလို နေကျင့် ခဲ့ရသလဲပေါ့။ သေချာတာကတော့ သူတို့ဟာ မနာလိုချင်စရာ ကောင်းလောက်အောင် အပူအပင်ကင်းနေတာပါပဲ။ အဲဒီ သစ်ပင် ပန်းပင်တွေက မလန်း တတ်ဘူး လား..။ တကယ်ဆို.. ဗိုလ်ချုပ်အောင်ဆန်း လည်း... သခင်ကိုယ်တော်မှိုင်း လည်း... ဇော်ဂျီ မင်းသုဝဏ် လည်း.. ခင်နှင်းယု လည်း… ဂျူး လည်း… နယ်မြို့လေးတွေဆီကနေ ပွင့်လာခဲ့တဲ့ ပန်းတွေပဲ..။ 

အဲဒီအခါ အမေကတော့ အမေ့ရဲ့ ပျိုးပင်ကလေးတွေထဲမှာကော အဲသည်လို ဗိုလ်ချုပ်အောင်ဆန်း အငယ်စား လေးတွေ၊ တဂိုး အငယ်စားလေးတွေ၊ ဂန္ဓီ 

အငယ်စားလေးတွေ မပါနိုင်ဘူးလားလို့ မျှော်လင့်ဆဲပါပဲ။

(၄) 

အမေနေရတဲ့ လမ်းသွယ်လေးရဲ့ ထိပ်မှာ စာအုပ်အငှားဆိုင်လေး တစ်ဆိုင် ရှိတယ်။ တစ်မြို့လုံးမှာ စာအုပ် အငှားဆိုင် သုံးဆိုင်ပဲ ရှိတဲ့ မြို့ကလေးမှာတော့ အမေနဲ့နီးတဲ့ အဲသည့် ဆိုင်ကလေးက အသေးဆုံး ဆိုင်ကလေး ပေါ့။ စာအုပ် အင်မတန်ကြိုက်တဲ့ အမေ့အတွက် အဲသည် စာအုပ်ဆိုင်လေးမှာ တစ်လ တစ်လ ဖတ်စရာ မဂ္ဂဇင်း ငါးမျိုးလောက်ပဲ ရှိပြီး ဝတ္ထုကျတော့ တစ်အုပ်မှ မရနိုင်ဘူးကွယ်။ အမေမသိတဲ့၊ ဆုံးတဲ့အထိလည်း မဖတ်နိုင်တဲ့ နာမည်လေးငါးလုံးနဲ့ စာရေးဆရာမတွေ ရေးတဲ့ ဝတ္ထုတွေ ကတော့ အဲသည် စာအုပ်ဆိုင်ရဲ့ စင်ကလေးအပေါ်မှာ အပြည့်ပါပဲ။ စာအုပ်ဆိုင်နဲ့ မျက်စောင်းထိုးက ဗီဒီယိုရုံမှာတော့ ကလေးလူကြီး အတော် များများ ရှိရဲ့။ ဒါဟာ အဲသည်မြို့ကလေးရဲ့ ရွေးချယ်မှုပေါ့။ သူတို့ တစ်နေ့တစ်နေ့ ဘယ်လိုအရာတွေကို ရယူနေကြရသလဲဆိုတာကို တဖြည်းဖြည်း သိလာရတဲ့ အမေကတော့ သူတို့ကို တစတစ ဂရုဏာသက်လာမိတော့တယ်။ 

ပြီးတော့ ဒါတွေကို လက်ခံယူနေတဲ့ သူတို့ကိုပဲ အပြစ်တင်ရမလား၊ ပေးနေကြတဲ့ သူတွေကိုပဲ အပြစ်တင်ရမလား မသိဘဲ အမေ တနေ့ တနေ့ စိတ်မောလာတယ်။ မင်းတို့ သည်လို စာတွေ ဖတ်ရတယ်၊ သည်လို ရုပ်ရှင်တွေ ကြည့်ရတယ်လို့ ပြောလည်း အဲသည် အများစုထဲမှာ အမေတစ်ယောက်တည်း... မချိလိုက်တာ သားရယ်။ အမေ့ ပျိုးပင်လေးတွေကတော့ ခပ်ရိုင်းရိုင်း သန်စွမ်းဆဲ။ အမေ့ရဲ့ လက်တွေ ကတော့ သူတို့ဆီမှာ လာကပ်ညိတဲ့ ပေါင်းမြက်တွေနဲ့စာရင် တဖြည်းဖြည်းပိုမို ချည့်နဲ့ လိုက်လာသလားပဲ။ 

xxx 

အာဟာရ ကြွယ်၀ လတ်ဆတ်တဲ့ လေကိုရှူ၊ လွတ်လပ် ကျယ်ပြောတဲ့ ဝန်းကျင် ထဲမှာ ကြီးပြင်းရတဲ့ သူတို့လေး တွေဟာ ဉာဏ်ရည် မြင့်မားကြမှာပဲ။ အဲသည် ဉာဏ်ရည် တွေကို သူတို့ ဘယ်မှာ အသုံးချကြပါလိမ့်။ အမေ့ရဲ့ ပျုးိပင်ကလေးတွေထဲက တစ်ပင် ကတော့ 

ပြောတယ်။ 

“ဘယ်နေရာမှာ အသုံးချရမှာလဲ ဆရာမ၊ ပြီးတော့ ဘာအတွက် အသုံးချရမှာလဲ၊ ပြီးတော့ အသုံးချခွင့်...” 

သူ့ရဲ့ မဆုံးတဲ့ စကားမှာ အမေတော့ အများကြီး သိလိုက်တာပဲ။ ဒါနဲ့ပဲ ညနေ ခြောက်နာရီကျော် မှောင်စပျိုးချိန် လမ်းမှောင်ကုပ်ကုပ်တွေပေါ်မှာ သီချင်း တပိုင်းတစကို ထန်းရည်နံ့သံပါပါနဲ့ ဆိုညည်းရင်း အိမ်ပြန်မယ့် လူတွေထဲမှာ နောင်တချိန်ဆို အမေ့ရဲ့ အဲသည် ပျုးိပင်ကလေးလည်း ပါလာဦးမှာပေါ့။ 

“တော်ပါပြီ ဆရာမရယ်၊ အချိန်တန် ကျောင်းပြီး အလုပ် ဆက်လုပ်၊ မိန်းမယူ၊ ကလေး 

မွေးကြ၊ ဘဝမှာ ဒါ့ထက် ပိုရစရာမှ မရှိတော့တာ”

အမေကတော့... 

“မဟုတ်သေးဘူး၊ လူ့ဘဝဆိုတာမှာ….လို့ အစချီပြီးတော့ ခေတ်ကို ဘယ်လို 

ကျော်ဖြတ်ရမှာ၊ စနစ်ကို ဘယ်လို ပျိုးယူရမှာ” 

ဆိုတဲ့ စကားတွေကိုပဲ အတင်း မျို မျို ချနေရတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကလေးတွေရဲ့ ခွန်အားကိုလည်း နှမြောနေမိတယ် သားရယ်။ တကယ် မချိတင်ကဲ 

ဖြစ်စရာ ကောင်းတာပါပဲ။ 

တဖြည်းဖြည်းနဲ့ ပန်းစိုက်အိုးတွေမှာ ပန်းအလှထိုးနေတဲ့ အမေ့လက်တွေဟာ နှေးကွေး လေးလံလာတယ်။ သည်ပန်းအိုးကလေးတွေကို ခင်းကျင်း ပြင်ဆင်ဖို့ သပ်ရပ် လှပတဲ့ နေရာ။ ပြီးတော့ သည်ပန်းအိုးထဲက ပန်းကလေးတွေ အကြာကြီး လန်းဆန်းဖို့ လိုအပ်တဲ့ လွတ်လပ် ကျယ်ပြောတဲ့ လဟာပြင်။ ပန်းလေးတွေ လန်းစွင့်ဖို့ လိုအပ်တဲ့ လွတ်လပ် သန့်ရှင်းတဲ့ လေ။ ဒါတွေကော အမေ့ဆီမှာ ရှိသေးရဲ့လားလို့ ခုတော့ အမေ တွေးနေရပြီ။ မရှိရင်တော့ အမေက ဖန်တီး ပေးနိုင်မှာတဲ့လား...။ ပန်းကလေးတွေကတော့ ပွင့်ဆဲ။ မြေပေါ်မှာ သဘာ၀ နေရောင်ကို ခိုလှုံလို့၊ လွတ်လပ်တဲ့ လေကို ရှုလို့၊ မိုးကောင်းကင်ကို 

မော့်မျှော်လို့။ 

အမေကတော့...သူတို့တွေကို ချိုးယူလို့ အမိုးအကာရဲ့အောက်မှာ ပန်းစိုက်အိုးနဲ့ ချုပ်နှောင်လို့ တင့်တယ်စေမတဲ့၊ တန်ဖိုး ပိုလို့ မြင့်ရမတဲ့၊ ခမ်းနား ထည်ဝါ သွားစေမတဲ့။ ပျိုးပင် ကလေး တွေက အမေ့ဆီမှာ ပျော်မှာလားလို့.. ခုတော့ အမေ တွေးနေမိတယ် သားရေ။ ခမ်းနားခြင်း၊ တန်ဖိုးမြင့်ခြင်း၊ တင့်တယ်ခြင်း တို့ကို လွတ်လပ်ခြင်း၊ လတ်ဆတ်ခြင်း၊ နွေးထွေးခြင်း တို့နဲ့ သူတို့လေးတွေက လဲလှယ်ပါ့မလား။ ဒါတွေကတော့ သူတို့ရဲ့ ရွေးချယ်ခွင့် ပေပဲ။

 


အမေကတော့ လူပီသဖို့ လူ့ဘောင်ဘဝအတွက် လှပစေဖို့လို့ ရည်စူးတဲ့ တန်ဖိုးကိုသာ မျှော်လင့် သင့်တယ်လို့ ယုံကြည်တယ် သားရေ။ မြေပေါ်မှာပွင့်ရင်း အလဟဿ ညှိုးနွမ်း သေပျက်မယ့်အစားတော့ ပန်းစိုက်အိုးထဲမှာ အချုပ် အနှောင်ခံရင်း လောကကို အလှဆင်တော့မယ်။ ဒါကို အမေ့ရဲ့ ပျိုးပင်ကလေးတွေ နားလည်အောင် အမေ ဘယ်လို ပြောရမလဲ။ သူတို့ဟာ အမေ့လက်ထဲ မရောက်ခင် ဟိုး ကာလ ကာလတွေကတည်းက စနစ်တကျ ကွပ်ညှပ် ပုံသွင်း ခံခဲ့ရပြီးပြီ ထင်ပါရဲ့။ ဒါမှမဟုတ်လည်း စနစ်တကျ စွန့်ပစ်ခံခဲ့ရပြီးပြီ ထင်ပါရဲ့။ 

ကဲ.... ခပ်ရိုင်းရိုင်း အပွင့်တွေနဲ့ပဲ မထင်မရှား အသိအမှတ်ပြုမခံရဘဲ ညှိုးရော် သေကျေ သွားကြမှာလား...။ လှပမြင့်မြတ်တဲ့၊ ခမ်းနားထည်ဝါတဲ့ ခင်းကျင်း ပြင်ဆင် ပေးထားမှုထဲမှာပဲ (ကြည့်သူခံစားသူတွေအတွက်) အနှောင်အတည်း ခံရင်း ညှိုးရော်ကြမလား...။ သူတို့လေးတွေ ကတော့ ပုံသေ ရှင်သန်မှုထဲမှာ ငြိမ်သက်မြဲ။ အမေ့မှာသာ ကရုဏာဒေါသော မျှော်လင့်ချက်တွေနဲ့ .. နွမ်းယဲ့။ 

xxx 

သားကလေးရေ... သားပျော်တဲ့ သည်နယ်မြေလေးဟာ တကယ်တော့ ပန်းရိုင်းတွေသာ ပွင့်တယ်။ တောမြေမှာ လေကို လွတ်လွတ် လပ်လပ်ရှူဖို့ နေရောင်ကို ၀၀လင်လင် စားသုံးဖို့ ကောင်းကင်ကို အမြင်ရှင်းရှင်း ရှုကြည့်ဖု့ိ တစ်ခုတည်း အတွက် နဲ့ တော့ အသုံးချတန်ဖိုး နဲ့ ပြဋ္ဌာန်းချက်တစုံတရာ မရှိဘဲ ပွင့်ရတဲ့ ပန်းကလေးဘဝကို သားကလေး အားမကျဘူး မဟုတ်လား ဟင်။ 

ပန်းစိုက်အိုးထဲမှာ တယုတယ ပြင်ဆင်ထားတဲ့ ပန်းတစ်ပွင့်အနေနဲ့ မြင်ရတဲ့သူတွေ စိတ်နှလုံးကို သာယာ ကြည်နူးအောင်၊ စိတ်ခွန်အားတွေရှိအောင်၊ ပတ်ဝန်းကျင်ကလေး လှပသိမ်မွေ့သွားအောင်၊ အချိန် ကာလ ကလေး နူးညံ့ပျော့ပြောင်း သွားအောင်တော့ 

ဆောင်ကျဉ်းပေး နိုင်သင့်တယ် မဟုတ်လားကွယ်။ 

ဒါဆို...အမေ့ရဲ့ သားကလေးကတော့ ပန်းစိုက်အိုးထဲက ပန်းကလေးပဲ ဖြစ်ရမယ်နော်။ အမေက စနစ်တကျ ပြင်ဆင်ပေးတဲ့အခါ သားက ရှိသမျှ၊ ရသမျှ ခွန်အားတွေနဲ့ လန်းစွင့် မွှေးမြ ရမယ်။ အတားအဆီး အကာ အကွယ် တွေကို ခုခံ တွန်းလှန်ရင်း ရနိုင်သလောက် အာဟာရ ကို စားသုံးတတ်ရမယ်။

 


မြေမှာတုန်းက မတ်မတ်ရပ်နိုင်ခဲ့သလို ပန်းစိုက်အိုးရဲ့ အကာအကွယ်ကိုလည်း ယုံကြည် အားကိုး တတ်ရမယ်။ သည်အတွက်တော့ အမေ့ရဲ့ ကိုယ်ပိုင် ပန်းကလေးအတွက် အမေ စနစ်တကျ ပြင်ဆင်ရပေဦးတော့မှာ ပေါ့ကွယ်...။ 

xxx 

အဲသည် ပန်းရိုင်းတွေကိုတော့ ထားရစ်ခဲ့ရတော့မယ် ထင်ပါရဲ့ကွယ်။ သူတို့ဟာ အမြဲ ခုလိုပဲ သန့်ရှင်း လတ်ဆတ် တဲ့ လေ၊ ခိုင်မာပြေပြစ်တဲ့ မြေနဲ့ တိမ်ကင်းစင်တဲ့ ကောင်းကင်ယံကိုသာ တွေ့နေရမယ်လို့ မျှော်လင့်နေကြတဲ့ ပန်းရိုင်းလေးတွေပဲ။ 

တကယ်ကျတော့ လောကဆိုတာထဲမှာ ကြမ်းတမ်း ခက်ထန်တဲ့ လေရိုင်းတွေ၊ အင်အားကြီးတဲ့ မိုးရေစက်တွေ၊ တိုက်စားခံရတတ်တဲ့ မြေတွေရှိနေတာ သူတို့က မယုံကြည် တတ်ကြဘူး။ တကယ်လို့ ကြုံလာရရင်လည်း ခေါင်းငုံ့ခံနေမယ့် အဲသည် ပန်းရိုင်းတွေရဲ့ သန်စွမ်းမှုကို နှမြောတသမိစွာနဲ့ပဲ အမေကတော့ သူတို့ကို ချန်ထား ခဲ့ရတော့မယ်။ 

ဘဝဆိုတာ တခါတရံမှာ အချစ်တွေ၊ အပျော်တွေ၊ ရရှိခြင်းတွေကို လိုချင်လျက်နဲ့ စွန့်လွှတ်ခဲ့ရတတ်ပါတယ်။ သားလေးရေ.. အဲသည်ပျော်ရွှင်ဖွယ် တောင်တန်းတွေ၊ တောအုပ်တွေ၊ တိမ်တိုက်တွေ၊ ဟင်းလင်းပြင်တွေ၊ မြစ်ရေစီးသံတွေကို အမေတို့ ထားခဲ့ကြစို့ရဲ့။ ဟိုး ရှေ့မှာ အသက်ရှု ကျပ်တဲ့၊ ခေါင်းပါးမှုတွေ များတဲ့၊ ဒါပေမဲ့ တိုးတက်ခြင်း တွေ ရှိတဲ့၊ ယှဉ်ပြိုင်ခြင်းတွေ ရှိတဲ့၊ အနိုင်အရှုံးတွေ ပီပြင်တဲ့ မြို့ပြက တို့ကိုစောင့်နေတယ်။ 

ပြီးတော့ တိုက်ခိုက် ရှင်းလင်းရင်းနဲ့ သားတက်ရမယ့် အနာဂတ်စင်မြင့်ကလည်း အဲသည်မှာပဲ သားကို စောင့်နေ တာလေ။ တက်ရမယ့် လှေကားထစ်တွေကတော့ အများသားပေါ့ ကလေးရယ်။ ဒါမှလည်း အမြင့်ကို ရောက်တဲ့ အခါ တန်ဖိုး ပိုမြင့်လာမှာပေါ့။ အမေကတော့ အမေ့ရဲ့ ပွင့်လာမယ့် ပန်းကလေးအတွက် 

ရွှေစင်နဲ့အတိပြီးတဲ့ ပန်းအိုးကလေးကို ပြင်ရင်း စောင့်နေတော့မယ်။ 

အဲဒီအတွက်ကြေကွဲလက်စနဲ့ပဲ... 

ပန်းရိုင်းတွေထဲက ခဏ ထွက်ပြေးကြစို့ရဲ့ သားရေ... ...။ ။ 

မေငြိမ်း 

၉၅စက်တင်ဘာ။ 

အဝါရောင် မန္တလေး­၂ ဝတ္ထုတိုစု


Related Posts

No comments:

Post a Comment