အချစ်၏ နောက်ဆက်တွဲစာမျက်နှာ
ဝင်းဝင်းလတ်
ဆရာမ ဝင်းဝင်းလတ်၏ ကိုယ်ရေးအကျဉ်း
ဆရာမ ဝင်းဝင်းလတ်၏ အမည်ရင်းမှာ ဝင်းဝင်းရှိန်ဖြစ်ပြီး ဖခင် ဒုတိယဗိုလ်မှူးကြီးထွန်းရှိန် (အငြိမ်းစား)၊ မိခင်ဒေါ်မြအုန်းတို့မှ လက်ပံတန်းမြို့တွင် ၁၉၅၁-ခုနှစ်၊ ဇူလိုင်လ ၁၁-ရက်နေ့က မွေးဖွားသည်။ မွေးချင်းငါးယောက်အနက် ဒုတိယသမီးဖြစ်သည်။
တက္ကသိုလ်ဝင်တန်းကို ၁၉၆၈-ခုနှစ်၊ ရန်ကုန်မြို့ အ-ထ-က-(၁) ကမာရွတ်၊ မရမ်းခြံ အမျိုးသမီး ကျောင်းမှ အောင်မြင်သည်။ ၁၉၆၉-၁၉၇၆ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ တက်ရောက် ပညာ သင်ကြားသည်။ ၁၉၇၇-၇၈ ခုနှစ်တွင် အလုပ်သင်ဆရာဝန်ဖြစ်သည်။
၁၉၈၁-၉၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ် မိုးကောင်းပြည်သူ့ ဆေးရုံနှင့် မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၅-ခုနှစ် ဧပြီလတွင် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီး ၁၉၉၅-၉၆ ခုနှစ်အထိ ကချင်ပြည်နယ် ကာမိုင်းမြို့နယ်၊ ဖားကန့်၌ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခဲ့သည်။ ယင်းကာလတွင် "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" အပြင် မဂ္ဂဇင်းဝတ္ထုတိုများ ရေးသားခဲ့သည်။
၁၉၉၇-၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် UNDP/UNOPS - CDRT ဝေးလံ ခေါင်းပါးမြို့နယ်များ ဖွံ့ဖြိုးရေးစီမံကိန်းတွင် လူမှုဖွံ့ဖြိုးရေးအရာရှိ (Human Development Officer) အဖြစ် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ၂၀၀၁-၂၀၀၅ ခုနှစ်အတွင်း Save the Children (US) ၏ Myanmar Field Office တွင် ကလေးသူငယ်များစောင့်ရှောက်ရေးအဖွဲ့ မျိုးဆက်ပွားကျန်းမာရေးစီမံချက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
၂၀၀၅-၂၀၀၆ ခုနှစ် မေလ(မကွယ်လွန်မီ)အထိ Care Myanmar တွင် Assistant Health Program Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၆-ခုနှစ် မေလ ၁၉-ရက် Care Myanmar တွင် တာဝန်ထမ်းဆောင်လျက်ရှိစဉ် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဒေါက်တာစိန်လှကျော် (Myanmar ISOS-Total Myanmar)နှင့် သားသုံးဦး ကျန်ရစ်သည်။
ဆရာမ ဝင်းဝင်းလတ် ဖြတ်သန်းခဲ့သော အနုပညာမှတ်တိုင်များ
- ၁၉၇၄-ခုနှစ် သြဂုတ်လထုတ် ရှုမဝမဂ္ဂဇင်းတွင် "စိတ်သိအိပ်မက်"ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ ဤသည်မှ အစပြု၍ ရှုမဝ၊ ဟန်သစ်၊ စန္ဒာ၊ စံပယ်ဖြူ၊ မဟေသီ မဂ္ဂဇင်းတို့တွင်
ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားခဲ့ပါသည်။
- ၁၉၉၀-ပြည့်နှစ်တွင် ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဖြင့် "နားကျပ်ကို ကိုင်ဆောင်၊ ကလောင်ကို ကိုင်စွဲ" အမည်ဖြင့် မြန်မာလူငယ်ဆရာဝန် ၁၂-ဦး ပါဝင်ရေးသားသော ဝတ္ထုတိုပေါင်းချုပ်စာအုပ် ထုတ်ဝေခဲ့ရာ ဆရာမ ဝင်းဝင်းလတ်သည်လည်း စာရေးသူတစ်ဦး အဖြစ် ပါဝင်ရေးသားခဲ့ပါသည်။
- ၁၉၉၀-ခုနှစ်အတွင်းမှာပင် အဆိုပါ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ထုတ်ဝေသော မြန်မာ အမျိုးသမီးစာရေးဆရာ ၁၂-ဦး စုစည်းရေးသားသည့် ဝတ္ထုတိုပေါင်းချုပ်တွင်လည်း စာရေးသူတစ်ဦးအဖြစ် ဆရာမ ပါဝင်ရေးသားခဲ့ပါသည်။
ဆက်လက်၍ ဆရာမ ဝင်းဝင်းလတ်သည် မဟေသီမဂ္ဂဇင်းတွင် ရေးသားခဲ့သည့် ဝတ္ထုရှည်ကို လုံးချင်း အဖြစ် ပြန်လည်ထုတ်ဝေသော "အချစ်၏ နောက်ဆက်တွဲစာမျက်နှာ" (အဆိုပါ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာဖြင့် ၁၉၉၇-ခုနှစ် အမျိုးသားစာပေဆု ဆွတ်ခူးရရှိခဲ့သည်။)
"နန်းထဲမှာပင် အို ... လေ့ ပျော်မရွှင်" (၁၉၉၇-ခုနှစ်)၊ "အချစ်၏ နောက်ဆက်တွဲစာမျက်နှာ" ဒုတိယအကြိမ် (၁၉၉၉-ခုနှစ်)၊ "ကတ္တီပါကားလိပ်များကားနှင့် အခြားဝတ္ထုတိုများ" (၂၀၀၀-ပြည့်နှစ်) (ဝင်းစာပေ၊ တိုက်-၃၈၊ အခန်း-၁၉၊ ဗဟိုစည်၊ လမ်းမတော်မှ ထုတ်ဝေခဲ့)၊ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" တတိယအကြိမ် (၂၀၀၇-ခုနှစ်)" တို့ကို ရေးသားခဲ့ပါသည်။
ဆရာမ ဝင်းဝင်းလတ်သည် မဟေသီမဂ္ဂဇင်း၌ပင် ဆက်လက်၍ "အောက်မေ့ဖွယ်သူ" (၂၀၀၄ခုနှစ်တွင် ရေးသားပြီးစီး)နှင့် မကွယ်လွန်မီအထိ "ဘဝ၊ အလုပ်နှင့် အချစ်ကို တည်ဆောက်ခြင်း" (၂၀၀၅-၂၀၀၆)တို့ကို ရေးသားဆဲဖြစ်ပါကြောင်း။
ဝတ္ထုရှည်အဖွဲ့ငယ်၏ မှတ်ချက်
ဝတ္ထုရှည်စိစစ်ရေးအဖွဲ့သည် ယခုနှစ်အတွက် ဝတ္ထုရှည်စာအုပ်ပေါင်း ၂၅၈-အုပ် ရရှိခဲ့ပါသည်။ အစည်းအဝေးပေါင်း ၄-ကြိမ်ခေါ်ယူ၍ စာအုပ်များကို ဖတ်ရှုစိစစ်ခဲ့ရာ ဝင်းဝင်းလတ်၏ "အချစ်၏ နောက်ဆက်တွဲစာမျက်နှာ" စာအုပ်ကို ရွေးချယ်ရရှိခဲ့ကြပါသည်။
မြန်မာနိုင်ငံ မြေလတ်ပိုင်း၊ မြို့ကလေးတစ်မြို့၏ ဆေးရုံလေးတစ်ခုကို နောက်ခံထား၍ တစ်ခုလပ် ခွဲစိတ်ကုဆရာဝန်မလေးတစ်ယောက်နှင့် လက်ထောက်ဆရာဝန်လေးတစ်ယောက်တို့သည် အဓိကဇာတ်ဆောင် များအဖြစ် ပါဝင်ပြီး ထိုဆရာဝန်မကလေးနှင့် လက်ထောက်ဆရာဝန်ကလေးတို့၏ အချစ်ဇာတ်လမ်းကို ရေးဖွဲ့ ထားခြင်းဖြစ်သည်။ ဝတ္ထု၏ နောက်ခံကာလ၊ ဒေသ ပါဝင်ကြသည့် ဇာတ်ဆောင်ဆရာဝန်များ၊ သူနာပြုများ၊ လူနာများ၏သရုပ်မှာ ပီပြင်အသက်ဝင်လှသည်။ ထို့ထက်သော် အလွန်စေတနာကြီးသည့် ဆရာဝန်မလေး၏ ဣန္ဒြေ၊ မိခင်ဝတ္တရား၊ သမားကောင်းတို့၏ စေတနာနှင့် ဂုဏ်သိက္ခာ၊ ဇွဲသတ္တိ၊ ပြန်လည်နိုးကြားလာသည့် အချစ်စိတ်တို့ကို ဇာတ်လမ်းဖြင့် သရုပ်ဖော်ရာတွင် စာရေးသူ၏ကလောင်သည် အလွန်ထက်မြက်၍ စာဖတ် သူအား ဝတ္ထုနောက်သို့ ဆွဲခေါ်သွားနိုင်သည်။
ရှားရှားပါးပါး ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်၍ အမျိုးသားစာပေဆုနှင့် ထိုက်တန်ကြောင်း ထောက်ခံ ပါသည်။
ကျေးဇူးတင်ခြင်းများနှင့်အတူ
၁၉၉၈-ခုနှစ်အတွင်းမှာ ကျွန်မနဲ့ စာဖတ်သူတို့ တွေ့ဆုံမှု မရှိခဲ့ပါဘူး။ သည်အတွက် စာဖတ်သူများ ကဲ့သို့ပဲ ကျွန်မကိုယ်တိုင်လည်း အားမလိုအားမရခဲ့မိတာ အမှန်ပါ။ ကျွန်မ အဝေးမှာ ရောက်နေခဲ့ပါတယ်။ ဘဝကဏ္ဍသစ်တစ်ခုထဲမှာ အသားတကျဖြစ်အောင်နေနေရတဲ့ ကာလတစ်ခု၊ ဝန်းကျင်သစ်နဲ့ သဟဇာတဖြစ်ပြီ ဆိုရင်ပဲ ကျွန်မရဲ့ အချိန်မှန်သမျှ အဲဒီကျေးလက်လူမှုဖွံ့ဖြိုးရေးဆိုတဲ့ စီမံကိန်းထဲ စီးဝင်လို့ မလောက်ငနိုင် အောင်ကို ဖြစ်လာပါတော့တယ်။ ရေတိုစီမံကိန်းဝန်ထမ်းတွေ ရင်ဆိုင်ရလေ့ရှိတဲ့ အချိန်မလုံလောက်မှု အခက် အခဲထဲမှာ အေးဆေးလွတ်လပ်စွာ တွေးပြီးရေးမှဖြစ်တဲ့ စာရေးဆရာ(အနည်းဆုံး ကျွန်မလိုလို့ ပြောမှ မှန်မယ် ထင်ပါတယ်။ ကျွန်မက ပင်ကိုယ်ကကို အရေးမသွက်လှတဲ့ စာရေးဆရာလေ)တစ်ယောက် ရောက်နေတာ သဘာဝမကျလှတဲ့အဖြစ်ပါနော်။ ကျွန်မ စာမရေးဖြစ်ခဲ့ဘူး။ စာအုပ်တွေကိုတောင် အလွန်နောက်ကျစွာမှ ဖတ်ဖြစ်ရတဲ့ ကျေးလက်တောရွာတွေမှာ လှည့်လည်ရောက်ရှိနေခဲ့ပါတယ်။
၁၉၉၇-ခု၊ စက်တင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းကိုတော့ ကံအားလျော်စွာ အဲဒီလမှာပဲ ကျွန်မ ဖတ်ရတယ်။ အစ်မဖြစ်သူ "နှင်းနုအေး" က ပို့ပေးခဲ့တယ်။ ကျွန်မဝတ္ထု ဝေဖန်ရေးသားချက်ဖြစ်တဲ့ ဆရာ ဆူဒိုနင်ရဲ့ "နောက်ဆက်တွဲစာမျက်နှာ" ဆောင်းပါး ပါတယ်လေ။ မမ မပို့ပေးခဲ့ရင် ကျွန်မ ဒီလောက်စောစော ဖတ်ဖို့ရာ မမျှော်မှန်းနိုင်ပါဘူး။ ရနံ့သစ်က ကျွန်မထံ အလိုအပ်ဆုံးအချိန်မှာ ရောက်လာတာလို့ ဆိုနိုင်ပါတယ်။ ရခိုင်ငှက်ဖျားနဲ့ ပထမဆုံးမိတ်ဆက်နေမိတဲ့အချိန်၊ ဆေးတွေအကြိမ်များစွာသောက်ဖြစ်ခဲ့သလို ဆရာ့ဆောင်းပါး ကိုလည်း အကြိမ်များစွာ ဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း မျက်ရည်လည်မိတာ ဝန်ခံချင်ပါတယ်။ ကျွန်မဝတ္ထု အပေါ် ဒီလောက်ခံစားပေးနိုင်လိမ့်မယ်လို့ ဘယ်သူ့အပေါ်မှာမှ မမျှော်လင့်ခဲ့မိဘူး။ ရခိုင်ငှက်ဖျားကနေ ဆရာ ဆူဒိုနင်ရဲ့ ဆောင်းပါးနဲ့ နေကောင်းခဲ့တယ်လို့ပင် ဆိုနိုင်ပါတယ်။
တစ်လတည်း မဟေသီမှာ ပါခဲ့တာဖြစ်ပေမယ့် ကျွန်မ လအနည်းငယ် နောက်ကျပြီး ဖတ်ဖြစ်ခဲ့တာ ကတော့ ကြည်လင်အေးရဲ့ ကျွန်တော်တို့ဝန်းကျင်ထဲမှာ ပါဝင်တဲ့ ကျွန်မစာအုပ် ဝေဖန်ချက်ပါ။ ကျွန်မ ဇာတ်ကောင်တွေကို "ဆရာမရဲ့ဝတ္ထုမှာ ဇာတ်ဆောင်တိုင်းရဲ့ ခံယူချက်နဲ့ ဘဝအမြင်ကို ဒဿနသမားတွေရဲ့ စရိုက်သဘာဝမျိုးနဲ့ မဟုတ်ဘဲ ယေဘုယျလူသားတွေ ပြုမူပြောဆို တွေးခေါ်ပုံတွေနဲ့ ရေးသွားတာဟာလည်း အင်မတန် သဘောကျဖို့ကောင်းပါတယ်" လို့ ဝေဖန်ထားပါတယ်။
စာရေးဆရာတွေ ရသစာပေတစ်ပုဒ် ဖန်တီးတယ်ဆိုတာ တကယ့်အဖြစ်မှန်လို့ထင်ရအောင်၊ သဘာဝနဲ့ တူအောင် သဘာဝအတုတစ်ခု ဖန်တီးပေးဖို့ တာဝန်ရှိတာမို့ ဆရာ့ရဲ့ဝေဖန်စာဟာ ကျွန်မကို စိတ်သက်သာရာ ရသွားစေပါတယ်။ ဝမ်းလည်းသာမိတယ်။
အောက်တိုဘာ ၁၉၉၇ မှာတော့ မြားနတ်မောင်မဂ္ဂဇင်းမှာ "ဆရာ မောင်ခိုင်လတ်" ၊ ရနံ့သစ် မဂ္ဂဇင်းမှာ "ဆရာ မိုးရဲ" ၊ "ဆရာ ဖေမြိုင်" တို့ ကျွန်မစာအုပ်အပေါ် ဝေဖန်ချက် ဆောင်းပါးများကို ဖတ်လိုက် ရတယ်။
ဆရာမောင်ခိုင်လတ်က ကျွန်မစာအုပ်တင်မက စာရေးသူ ကျွန်မအပေါ် ကျွန်မစာတွေကတစ်ဆင့် သူမြင်မိတဲ့ အမြင်ကို ပွင့်လင်းစွာ ရေးသွားခဲ့ပါတယ်။
"ဆရာမဝင်းဝင်းလတ်သည် ဆေးပညာအကြောင်းသာမက လူတွေအကြောင်းကိုပါ ရေးတတ်သူ ဖြစ်သည်။ စင်စစ် ဆရာမဝင်းဝင်းလတ်သည် ဆရာဝန် စာရေးဆရာမျှသာဖြစ်သည်။ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြု၍ ရံဖန်ရံခါ ဝတ္ထုရေးသူဖြစ်သည်။ ဆရာမ ဝင်းဝင်းလတ်သည် ဆရာဝန် စာရေး ဆရာဖြစ်သော်လည်း အပျော်တမ်းမဆန်ပေ။ စာရေးဆရာ ဆရာဝန်ကဲ့သို့ သူ့လုပ်ငန်းအပေါ် လေးနက်စူးရဲ လှသည်။ အေဂျေကရိုနင်၏ အကောင်းဆုံးလက်ရာတစ်ပုဒ်ဖြစ်သော The Citadel ဝတ္ထုရှည်ကြီးထဲက ဒေါက်တာအင်ဒရူးမေဆန်ကဲ့သို့ ဒေါက်တာခင်ဦးနွယ်သည်လည်း ဆေးပညာကို လူထုလက်သို့ ပို့ပေးချင်သူ၊ ဆေးကုသဖို့ အမြဲတွေးတောကြံဆပြီး တက်ကြွနေတတ်သူဖြစ်သည်" လို့ ဆရာက ရေးခဲ့ပါတယ်။ ဆရာ မောင်ခိုင်လတ်ရဲ့ "ဝင်းဝင်းလတ်ရဲ့ စာပေကောင်းမှုအပေါ် အစဉ်အမြဲ ကျေးဇူးတင်သတိရနေမည်သာ ဖြစ်ပါသည်" ဆိုတဲ့ စာပိုဒ်လေးကတော့ ကျွန်မကို ခံစားမိစေပါတယ်။ စာပေကောင်းမှု အစဉ်ပြုနိုင်သူ ဖြစ်ရပါ စေ၏လို့ ကျွန်မ အမြဲဆုတောင်းရင်း ကြိုးစားနေပါ့မယ်။
ဆရာမိုးရဲရဲ့ "ဆိုရေးရှိက ဆိုအပ်လှ၏" ဆောင်းပါးမှာ "ဆရာဝန်ပီသသော၊ ဆရာဝန်ကျင့်ဝတ် ထိန်းသိမ်းသော၊ စေတနာဆရာဝန်ဖြစ်သော၊ စိတ်ထားမြင့်မြတ်သည့် ဆေးဝန်ထမ်းများဖြစ်သော ပုဂ္ဂိုလ်များ အတွက် ပြောင်မြောက်စွာ ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်" လို့ ဆရာက ဆိုခဲ့ပါတယ်။
ကျွန်မစာထဲမှာ ဆရာဝန်တွေ များစွာပါဝင်ပါတယ်။ အတွေ့အကြုံရင့်ကျက်ပြီး ဆရာဝန်၊ နုနယ် သေးတဲ့ ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ မြို့နယ်ဆရာဝန်၊ ညွှန်ကြားရေးမှူး ဆရာဝန်၊ အမှုစစ်ဆေးရတဲ့ ဆရာဝန်၊ အစစ်ဆေးခံရတဲ့ ဆရာဝန်။ သူတို့ကို သတိမူမိသည်ဖြစ်စေ၊ မမူမိသည်ဖြစ်စေ ကျရာကဏ္ဍမှာ လှုပ်ရှားရှင်သန်နေသူတွေ၊ ဆေးဝန်ထမ်းကောင်းတွေအဖြစ် ဖန်တီးထားခဲ့ပါတယ်။ လူကောင်းရှိရင် လူဆိုးလည်း ရှိနိုင်သလို ဆရာဝန်လူဆိုးလည်း ရှိမှာ ဓမ္မတာပါပဲ။ ဒါပေမယ့် လူတွေရဲ့ အသက်နဲ့ ရင်းနှီး လုပ်ကိုင်ရတဲ့ အသက်မွေးဝမ်းကျောင်းမျိုး ရွေးချယ်အသက်မွေးပြီဆိုရင်တော့ လူကောင်းဖြစ်ပါမှ နောင်သံသရာ အတွက် ကောင်းမွန်နိုင်မှာပါ။ လူဆိုးပင်ဖြစ်လင့်ကစား လူသားချင်း အလွန်နီးကပ်စွာ ကူညီပေးရတဲ့ အလုပ်တစ်ခုမှာ အကြင်နာ၊ စေတနာနဲ့ စာနာတရားတွေရဲ့ ရိုက်ခတ်မှုကို ဘယ်သူမှ ကြာရှည်ကြံ့ကြံ့ခံ မနေနိုင်ပါဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ ဆရာမိုးရဲ ဆိုခဲ့သလို ဆေးဝန်ထမ်းကောင်းများအတွက် ကျွန်မ ရည်စူးခဲ့ပါတယ်။
ဆရာဖေမြိုင်ရဲ့ "တစ်ကျော့ပြန်နှင်းဆီ၊ ရွှေသားအနုပညာနှင့် မွှေးမြသော လင်းအရုဏ်" ဆောင်းပါး ကိုတော့ ကျွန်မ လွမ်းမောဖွယ်ဝတ္ထုတစ်ပုဒ်လို ခံစားမိရတယ်။
"သူ့ရဲ့ဘဝမှာ သိမ်းဆည်းထားတာတွေ အကုန်ထုတ်ချလိုက်တာပဲဖြစ်မယ်။ ဒါ လက်ကုန်ပဲ ဖြစ်မယ်ထင်တယ်ဗျ"
ဒီဇာတ်လမ်းကျောရိုးက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကာလတည်းက အတွေးထဲမှာ ရှိနေခဲ့တယ်။ ဝန်ထမ်း ဘဝက အငြိမ်းစားယူလိုက်ပြီးမှ အချိန်အားရပြီး စာရေးဖြစ်ခဲ့တာလို့ ကျွန်မ ဝန်ခံခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ ဆယ်နှစ်ကသာ စာရေးဖြစ်ခဲ့ရင် ပီပြင်တဲ့စာတစ်ပုဒ်ဖြစ်ဖို့ မလွယ်လှဘူး ထင်မိတယ်။ ကျွန်မကိုယ်တိုင် တာဝန် ခံပြီး လူနာတစ်ယောက်ကို မခွဲမစိတ်ခဲ့ဖူးသေးဘူး။ ရဲမှုခင်းတွ အစုံအလင် မလိုက်ဖူးသေးဘူး။ မစစ်ဆေးဖူး သေးဘူး။ ဆယ်နှစ်တာ အတွေ့အကြုံတွေက ကျွန်မကို ပိုပြီးခံစားစေမိခဲ့ ပိုပြီးပီပြင်တဲ့စာတွေ ရေးစေချင်ခဲ့ရ ပါတယ်။ ဘဝမှာ သိမ်းဆည်းထားတာတွေဆိုတာ အမှန်ပါပဲ။
ဆရာဖေမြိုင် စိတ်ထိခိုက်စွာ ငြိမ်သက်သွားစေခဲ့တဲ့ "ဒါလက်ကုန်ပဲ ဖြစ်မယ်ထင်တယ်ဗျ" ဆိုတဲ့ စာရေးဆရာလေးရဲ့စကားကိုတော့ ဆရာဖေမြိုင်ကပဲ "လူ့ဘဝ၏ မြင့်မြတ်ခမ်းနားမှုကို လှပစွာ ဖွဲ့နွဲ့သော ရွှေသားစစ်စစ် အနုပညာ လက်ရာမှန်တို့ကို ဆရာမ ဝင်းဝင်းလတ်ထံမှ ရရှိလိမ့်ဦးမည်ဟု ခိုင်မာစွာ ယုံကြည် မျှော်လင့်နေမိပေသည်" လို့ အကဲဖြတ်ပြီးပြီပဲနော်။
၁၉၉၇ နိုဝင်ဘာ မဟေသီ၊ ဆရာမောင်ရိုးရဲ့ စင်တင်တဲ့စာကဏ္ဍမှာ အောက်တိုဘာလထုတ် မဂ္ဂဇင်းထဲက စာအချို့ကို ပြန်လည်စင်တင်ခဲ့ပါတယ်။ မြားနတ်မောင်မဂ္ဂဇင်းထဲက "ကျန်းမာသန်စွမ်းသော စာမျက်နှာများ - မောင်ခိုင်လတ်" ၊ ရနံ့သစ်မဂ္ဂဇင်းထဲက "ဆိုရေးရှိက ဆိုအပ်လှ၏ - မိုးရဲ" နှင့် "တစ်ကျော့ပြန် နှင်းဆီ၊ ရွှေသားအနုပညာနှင့် မွှေးမြသော လင်းအရုဏ် - ဖေမြိုင်" တို့ရဲ့ ဆောင်းပါးကောက်နုတ်ချက်များကို ဖော်ပြရင်း ဆရာမောင်ရိုးက ဆရာမဝင်းဝင်းလတ်အနေနဲ့ နောင် ဒီထက်မက ဆထက်ထမ်းပိုးတိုးပြီး ရေးနိုင် ပါစေလို့ ဆုတောင်းပေးတာ ဖတ်လိုက်ရပါတယ်။
၁၉၉၇ ဒီဇင်ဘာ မဟေသီမှာ ဆရာ မောင်တင်ဆင့်ရဲ့ ဆရာမ ဝင်းဝင်းလတ်သို့ အိတ်ဖွင့်ပေးစာကို ဖတ်ရပါတယ်။
"အထူးသဖြင့် ကျွန်တော် နှစ်သက်မဆုံးဖြစ်ရတာက မြန်မာဝတ္ထုရေးဆရာမတစ်ဦး ဖန်တီးတဲ့ ဝတ္ထု၊ မြန်မာဆန်ဆန် မြန်မာရနံ့တွေ ရနေတာပါပဲ။ ပတ်ဝန်းကျင်အရေးအဖွဲ့၊ ဇာတ်ကောင်တွေရဲ့ အမူအရာ၊ အပြော အဆို၊ အတွေးအကြံတွေဟာ မြန်မာတွေဆိုတာ ဘယ်သူဖတ်ဖတ် အလွယ်သိနိုင်ပါတယ်။ အဲဒီလူမျိုးရဲ့ရနံ့ဟာ ဘယ်လူမျိုးအနုပညာ၊ ဘယ်နိုင်ငံအနုပညာမှာဖြစ်ဖြစ် အရေးကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်"
မြန်မာဆန်တာ၊ မြန်မာရနံ့ကိုရတာ ကျွန်မ ကြိုးပမ်းထားချက်တစ်ခုကို မြင်တာပါပဲ။ ဆရာက အလွန် မြန်မာဆန်စွာ ဆရာမ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့လိုက်ပါသေးတယ်။
တစ်လတည်း ရွှေပါးစပ် ငွေပါးစပ်ကဏ္ဍမှာ ဆရာဇန်မြင့်က "အချစ်၏ နောက်ဆက်တွဲစာမျက်နှာရဲ့ နောက်ဆက်တွဲစာမျက်နှာများကို ပေါင်းချုပ်ထုတ်လိုက်လျှင်ပင် စာတစ်အုပ် ဖြစ်လာနိုင်သည်" လို့ အစပြု ထားပြီး ...
"၁၉၉၈-ခုနှစ် ပြက္ခဒိန် နောက်ဆုံးရက်များ။ သဇင်မွှေးမြ နတ်တော်လဆန်း၊ ဆရာမဝင်းဝင်းလတ်နဲ့ ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရဦးမည်ဟုလည်း ယုံကြည်နေမိပါသေးသည်"
ဆရာဇန်မြင့်စာက ကျွန်မစာအုပ် လူတွေကြားထဲ ပျံ့နှံ့ရောက်ရှိသွားခဲ့တာ။ ခင်ဦးနွယ်၊ သက်ဇော်နိုင်၊ ဆရာယစ်၊ ဦးအောင်မြင်၊ နော်အေမီတို့ လူတွေကြား တဖြည်းဖြည်းဝင်ရောက်သွားပြီး ရင်းနှီးနွေးထွေးစွာ ရောနှောပျောက်ကွယ်သွားကြတာကို စိတ်ချလက်ချ ကြည့်နေချင်တဲ့ ကျွန်မကို တုန်လှုပ်သွားစေခဲ့ပါတယ်။
သည့်နောက် စာဖတ်သူတွေရဲ့ စာတွေထဲမှာလည်း ဆုရစေချင်တယ်ဆိုတဲ့ဆန္ဒတွေ၊ ဆုတောင်းတွေ တဖွဲဖွဲ ပါဝင်လာခဲ့ပါတယ်။
ဆုရွေးချယ်တာ ကြေညာလိုက်တဲ့ရက်မှာ ကျွန်မဟာ ရန်ကုန်နဲ့ အလွန်ဝေးကွာတဲ့ တောင်ပိုင်း ချင်းပြည်နယ်ထဲမှာ ရောက်နေခဲ့တယ်။ ဆုမရလိုက်ရင် ကျွန်မအတွက်ထက် ကျွန်မစာအုပ်ကို ဆုရစေချင်သူတွေ အတွက် အားနာစရာ၊ ဝမ်းနည်း မျက်နှာပျက်စရာအဖြစ်တွေကနေ တိမ်းရှောင်နေလို့ သိပ်ကောင်းတဲ့နေရာ။ အဲဒီနေ့ ဆုကြေညာတဲ့အချိန်မှာ ကံအားလျော်စွာ ကျွန်မ တီဗီရှေ့မှာ ရောက်နေခဲ့ပါတယ်။
ဝေးလံခေါင်းပါးမြို့နယ်များ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ အစီအစဉ်နဲ့ "ကျေးလက်ပြန်လည်တည်ဆောက်ရေး သင်တန်းတစ်ခု" ကို ဖိလစ်ပိုင်ကျေးလက်ပြန်တည်ဆောက်ရေးတက္ကသိုလ် IIRR, Institute of International Rural Reconstruction က သင်တန်းဆရာများ သင်တန်းပို့ချပေးနေတဲ့အချိန်၊ ကျွန်မက စီမံကိန်းဝန်ထမ်းတွေကို စကားပြန်လုပ်ရင်း သင်တန်းပါ ကူပေးပေးရတဲ့ အကူသင်တန်းဆရာအဖြစ်ပါ။
ခါတိုင်း ညဆိုရင် တစ်နေကုန်အောင် မောင်းရတာမို့ ကျွန်မ ပင်ပန်းလို့ နားဖြစ်ပြီ။ အဲဒီနေ့က မနားဖြစ်သေးဘူ။ ဒေသစီမံကိန်းအရာရှိဖြစ်ပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်၀ လေးမြို့နယ် တာဝန်ရှိတဲ့ မစ္စတာ အက်(စ်)ဆူဇူကီး (Mr. S Suzuki)က နေ့လယ်က "လောင်းကဒူး" ဆိုတဲ့ ကျေးရွာလေးမှာ ကွင်းဆင်းတဲ့ လက်တွေ့သင်တန်း ဗီဒီယိုခွေပြလို့ ကြည့်နေဖြစ်တာ။ ဗီဒီယိုပြီးလို့ တီဗီအပြောင်းမှာ တိုက်ဆိုင် မှုပါပဲနော်။ ကျွန်မ စာပေဆုသတင်း ကြေညာချက်ကို ကြားလိုက်ရတာပါပဲ။
ထူးဆန်းတိုက်ဆိုင်မှု နောက်တစ်ခုက အဲဒါ ပလက်ဝမြို့လေးမှာလေ။ စာရေးစဉ်က အမည်ကြားဖူးရုံ၊ အနေအထား ဘယ်လိုရှိတယ်ဆိုတာ သိရုံနဲ့ ဒေါက်တာသက်ဇော်နိုင်ကို ပထမဆုံး တာဝန်ချထားပေးခဲ့တဲ့ ပလက်ဝမြို့လေးပေါ့။ သက်ဇော်နိုင်ရဲ့ ဆေးရုံလေးက UNDP ရုံးလို့ လွယ်လွယ်ခေါ်ကြတဲ့ ဝေးလံခေါင်းပါး မြို့နယ်များ ဖွံ့ဖြိုးရေးစီမံကိန်းရုံးရှိရာ တောင်ကုန်းထက်ကနေ စီးမျှော်ကြည့်ရင် လှမ်းမြင်နိုင်တဲ့ တောင်ခြေဆီ မှာပါ။
ရယ်စရာကောင်းတာက ကျွန်မကို ခင်မင်တဲ့ စာဖတ်သူတွေနဲ့ အလွန်ဝေးကွာတဲ့နေရာ၊ ကျွန်မရဲ့ မိသားစုနဲ့အတူ ခင်ဦးနွယ်၊ သက်ဇော်နိုင်၊ ဆရာယစ်ကို ခင်မင်တဲ့ စာဖတ်သူတွေနဲ့အတူ ဝမ်းသာပျော်ရွှင် ရှိနေချင်တဲ့အချိန်မှာ ပထမဆုံး ဝမ်းသာလှိုက်လှဲ လာနှုတ်ဆက်တဲ့ ဆရာဦးခင်ဝင်းက ကျွန်မဝတ္ထု မဟေသီ အခန်းဆက်အဖြစ် ပါစဉ်က နှစ်လဖတ်ဖြစ်လိုက်တဲ့သူ၊ သူငယ်ချင်း ဒေါက်တာရီရီစံက ဖတ်ပါ ဖတ်ပါ အတန်တန်တိုက်တွန်းပြီး စာအုပ်ပေးထားပေမယ့် (သူလည်း စီမံကိန်းဝန်ထမ်းပီပီ အလုပ်က ခပ်များများမို့) ခုထိ မဖတ်ရသေးတဲ့သူ။ ကျန်တဲ့သူတွေက ကျွန်မကို ခုမှ စာရေးမှန်းသိတဲ့ ဖိလစ်ပိုင်အမျိုးသား Mr. Felix, Mr. Arizala နဲ့ ဖိလစ်ပိုင်အမျိုးသမီး Dr. E Gonzaga၊ စာရေးမှန်းသိပေမယ့် စီမံကိန်းထဲက အချိန်တွေ ပွန်းပဲ့မှာ စိုးရိမ်တတ်တဲ့၊ ကျွန်မတို့က ကွယ်ရာမှာ Mr. Workoholic လို့လည်း ခေါ်တဲ့ Mr. S Suzuki၊
ပြီးတော့ ပလက်၀ စီမံကိန်းဖွံ့ဖြိုးရေးဝန်ထမ်းလေးတွေ၊ အားလုံးက ဝမ်းသာအားရ ဝိုင်းအုံနှုတ်ဆက်ကြ။
ကျွန်မရဲ့ ပျော်ရွှင်မှုတွေဟာ ကျွန်မစာကို မသိကြသူတွေကိုပါ ကူးစက်ပျော်ရွှင်သွားစေခဲ့ပါတယ်။ နောက်တစ်ည မစ္စတာ ဆူဇူကီး ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ ဘာဘီကျူး မီးပုံပွဲမှာ ကျွန်မဝတ္ထုထဲက အဓိက ဇာတ်ဆောင် တာဝန်ကျခဲ့ဖူးတဲ့ မြို့လေးမှာ ဆုရရှိကြောင်း ကြေညာတာ ကြားသိရတဲ့ တိုက်ဆိုင်မှုကို ကျွန်မ ပြောပြဖြစ်ခဲ့တာ။
ရင်းနှီးခင်မင်နေတဲ့ ကျေးလက်လူထုကျန်းမာရေးဆရာဝန်အဖြစ် ဖွံ့ဖြိုးရေးတွေ နှစ်ပေါင်းဆယ့်ငါး နှစ်ကျော်၊ နိုင်ငံများစွာမှာ လှည်လည်လုပ်ကိုင်နေတဲ့ Dr. E Gonzaga နဲ့တော့ တိုက်ဆိုင်မှုနောက်တစ်ခုကို ကျွန်မ ပြောဖြစ်ခဲ့ပါသေးတယ်။ IIRR တက္ကသိုလ်ဝင်းကြီးထဲမှာ စိန်ပန်းပင်တွေ များစွာစိုက်ထားတယ်တဲ့။ စိန်ပန်းပင်ဟာ ဒီတက္ကသိုလ်ရဲ့ သင်္ကေတတစ်ခုပါတဲ့။ ကျွန်မတို့သင်တန်းမှာ ကျေးလက်ဖွံ့ဖြိုးရေးသမိုင်း၊ IIRR ရဲ့ သမိုင်းရယ်လို့ ကဏ္ဍတစ်ခုပါဝင်ပြီး အဲဒီကဏ္ဍအဆုံးမှာ စိန်ပန်းပင်ကြီးတစ်ပင်ရုပ်ပုံလွှာနဲ့ အဆုံး သတ်လေ့ရှိပါတယ်။ ပင်ပန်းခက်ခဲကြမ်းတမ်းတဲ့ ကျေးလက်လူထုရဲ့ဘဝရယ်၊ ဖွံ့ဖြိုးရေးဝန်ထမ်းတွေရဲ့ ဘဝရယ် ရောနှောတော့မယ်ဆိုရင် စိန်ပန်းပင်ကြီးကို အတုယူပါဆိုတဲ့ သဘောပါ။ နွေလယ်ခေါင်ခေါင်မှာ နွေနေကို အန်တုပြီးပွင့်တဲ့ စိန်ပန်းပင်ကို IIRR က အလွန်မြတ်နိုးစွာ ဖွံ့ဖြိုးရေးလုပ်ငန်းသင်္ကေတတစ်ခုအဖြစ် သတ်မှတ်ထားခဲ့တယ်တဲ့။
မှတ်မိမလား မသိဘူးနော်။ ကျွန်မစာထဲမှာ ဆေးရုံဝင်း အဝင်ဂိတ်ဝရဲ့ တစ်ဖက်တစ်ချက်မှာ ရဲရဲ နီအောင်ပွင့်တဲ့ စိန်ပန်းပင်အောက်က ဒေါက်တာခင်ဦးနွယ် ဖြတ်သွားဖြတ်လာရင်း အားတွေယူခဲ့တာ။ စာဖတ်သူထင်တဲ့အတိုင်းပါပဲ။ အဲဒီဖွံ့ဖြိုးရေးဘာသာရပ်သမိုင်းကို ကျွန်မသင်တန်းပေးရပြီဆိုရင် အကောင်းဆုံး ပေးနိုင်ခဲ့တာချည်းပဲပေါ့။ နိဂုံးချုပ် စိန်ပန်းပင်ရုပ်ပုံလွှာကြီးကို လှမ်းပြလိုက်တဲ့အဆင့်မှာ ကျွန်မ ခင်ဦးနွယ်ကို အမြဲအမှတ်ရခဲ့တယ်။
ဒီအကြောင်းကို Ms. Thrill လို့ ကျွန်မတို့ခေါ်ကြတဲ့ သင်တန်းဆရာ အမျိုးသမီးဆရာဝန်ကို ပြောပြ ဖြစ်ခဲ့ပါတယ်။ သူက စာရေးဆရာတွေစိတ်ကူးနဲ့ ပြင်ပက တကယ့်အဖြစ် တိုက်ဆိုင်မှုလေးတွေကို ရေးထားတဲ့ ဒိုင်ဂျက်(စ်)ထဲက စာလေးတစ်ပုဒ်အကြောင်းကို ပြန်လည်ပြောပြခဲ့တယ်။ အံ့သြစရာကောင်းတဲ့ တိုက်ဆိုင်မှု တွေပေါ့။
ကျွန်မရဲ့ ဆုရစာအုပ်နဲ့ပတ်သက်ပြီး ကျေးဇူးတင်မိသူတွေ များစွာရှိနေပါသေးတယ်။ ကျွန်မရဲ့ စာမူကို ၁၇-လတိုင် မဂ္ဂဇင်းအခန်းဆက်အဖြစ် ဖော်ပြပေးခဲ့ပြီး စာအုပ်ထုတ်ဝေဖြစ်အောင် ကြိုးပမ်းပေးခဲ့တဲ့ မဟေသီ အဖွဲ့။ ပြီးတော့ ပန်းချီပညာရှင်များ။ ကျွန်မရဲ့ စာဖတ်သူတွေ။
ကျွန်မစာအုပ် နှစ်ကြိမ်တိုင် ပို့ပေးပေမယ့် မရရှာတဲ့ မတ္တရာမြို့နယ် တောင်တံငါ အ-မ-က, က ဆရာမ ဒေါ်ဝင်းဝင်းမြင့်၊ တစ်နေ့မှာ သူနဲ့ ကျွန်မ ဆုံနိုင်ခွင့် ရှိခဲ့ရင် အခန်းဆက်ဝတ္ထုရှည်ကို လစဉ်ကူးယူ ထားပါတယ်ဆိုတဲ့ လယ်ဂျာစာအုပ်ရှည်ကြီးကို ကြည့်စမ်းချင်လှပါတယ်။
ကျွန်မ ရန်ကုန်မှာ မရှိမှန်းသိပေမယ့် ကျွန်မ ဖတ်ရတဲ့အချိန်မှာ ဖတ်ရပါစေလို့ အမြဲစာရေးတဲ့ သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးများရုံးက ဒေါ်အေးအေးမြင့်၊ ကျွန်မစာကို ကောက်ကိုင်ပြီး ရောက်တဲ့နေရာက ဖတ်လိုက်ရင် လုပ်ငန်းခွင်အမော၊ ဘဝထဲက အမောတွေ ပြေပျောက်ပြီး ခွန်အားပြည့်ဝလာတယ်တဲ့။ တကယ် ကတော့ သူ့စာတွေကိုဖတ်ရင်း ကျွန်မ ခွန်အားတွေ ပြန်လည်သွင်းယူနေမိတာ။
မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်က မြမြထွေးရဲ့ စာတွေကလည်း ကျွန်မအပေါ် အဖော်မွန်ကောင်းလို အားရှိစေတာ။ ကျွန်မအပေါ် စာရေးအားပေးကြတဲ့ ပြည်တွင်းပြည်ပ စာဖတ်သူအားလုံးရဲ့ ကျေးဇူးရှိပါတယ်။ ကျွန်မအတွက် ခွန်အားတွေ ဖြစ်စေခဲ့တာ။
ကျွန်မ စီမံကိန်းလုပ်ငန်းထဲ နစ်မြုပ်နေတာကို ကြည့်ပြီး စာရေးဖို့ အမြဲသတိပေးတိုက်တွန်းခဲ့တဲ့ ဦးစောအောင် (စာရေးဆရာ ဦးစောအောင်၊ ယခင် ကျောက်တော်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၊ ယခု ပျဉ်းမနားမြို့နယ်)၊ ဒေါ်မေသိန်း (ယခင် ကျောက်တော်မြို့နယ် ပညာရေးမှူး၊ ယခု ရခိုင် ပြည်နယ် ပညာရေးမှူးရုံး)။ ကျွန်မကို စာပေဆုလည်းရစေချင်၊ ရလိမ့်မယ်လို့လည်း တစ်ပေးခဲ့တာ သူတို့လည်း ပါတယ်လေ။ ကျွန်မမှာ "ဟုတ်များဟုတ်မလား" လို့ ပြောရင်း ရယ်မောနေခဲ့ရတာ။
၁၉-၁၁-၉၈ ကြေးမုံသတင်းစာ အင်တာဗျူးမှာ ပြောခဲ့တဲ့စကားတွေကိုပဲ ကျေးဇူးတင်ခြင်းများစွာနဲ့ အတူ ကျွန်မ ထပ်လို့ပြောပါရစေ။
ကျွန်မ မမျှော်မှန်းရဲခဲ့တဲ့ အမျိုးသားစာပေဆု ရရှိချိန်မှာ ၁၉၉၇-ခုနှစ် စာအုပ်ထွက်စဉ်ကပင် မျှော်မှန်း တွက်ဆပေးရင်း ဆုတောင်းပေးခဲ့ကြတဲ့ စာပေဝေဖန်ရေးဆရာများ၊ စာရေးဆရာများနဲ့ စာဖတ်သူများအားလုံး တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။
ဝင်းဝင်းလတ်
............................................................................................
မြသန်းတင့်၏ အမှာ
(၁)
"ကိုယ်ရယ်၊ ဆရာမရယ်၊ ခုတင်ကြီးရယ် ..."
ဝင်းဝင်းလတ်က သူ့ဝတ္ထုကို အမှာရေးပေးဖို့ ပြောသည့်အခါ ကျွန်တော်သည် ထိုစကားလုံးလေး များကို ချက်ချင်း အမှတ်ရလိုက်သည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်လောက်က ရှုမဝမဂ္ဂဇင်းတွင် မဂ္ဂဇင်းဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ဝတ္ထုအမည်မှာ "စလူရွက်ဖြူ လက်ကယ်ကိုင်မိလို့" ဟု ထင်သည်။ ရေးသူမှာ ဝင်းဝင်းလတ်။
ဝင်းဝင်းလတ်ဆိုသည့် ကလောင်အမည်ကို ကျွန်တော် မကြားဖူးသေး။ သူ့ဝတ္ထုကို ဖတ်ဖူးဖို့ ဆိုသည်မှာ အဝေးကြီး။ သူ့ဝတ္ထုမှာ ရန်ကုန်မြို့ထဲတွင်နေသည့် ဆမ လက်မှတ်ရခါစ ဆရာဝန်မလေး မြို့စွန် (ဥက္ကလာပလား၊ သာကေတလား မသိ)သို့ သွား၍ ဆေးခန်းထိုင်ရသည့်အကြောင်းဖြစ်သည်။ ဆေးခန်းထိုင်ချိန် ကလည်း မနက်ခင်းတို့ နေ့လယ်တို့စသည့် အသွားအလာလွယ်ကူသည့် အချိန်မျိုးမဟုတ်။ အသွားအလာ ခက်သည့် အချိန်ဖြစ်သည်။ သူမ နေထိုင်ရာ ရန်ကုန်မြို့လယ်ကောင် လမ်းတစ်လျှောက်မှ ဘတ်(စ်)ကား အတန်တန်စီး၍ သွားရသည်။ ဆေးခန်းရောက်တော့ ဆရာဝန်မပေါက်စကလေးမို့ အားမကိုးကြ။ အားကိုး တကြီးနှင့် လာသူများမှာလည်း ပဲပြုတ်သည်၊ ဆိုက်ကားသမား၊ ပန်းရန်နောက်လိုက်၊ မဆလာသယ် စသည့် လက်လုပ်လက်စား ဆင်းရဲသားများသာ ဖြစ်သည်။ သူတို့ကျတော့ ပိုက်ဆံမတတ်နိုင်ကြ။ တစ်ခါတစ်လေ အခမဲ့ ကုပေးလိုက်ရသည်။ မြို့လယ်နှင့် မြို့စွန်ဆိုတော့ ဘတ်(စ်)ကားအတန်တန်ဖြင့် အသွားရ အလာရ ခက်သည်။ ည ၉-နာရီလောက် ပြန်လျှင် လမ်းတွင် အမူးသမားတွေ၊ လူရှုပ်လူပွေတွေ၏ အန္တရာယ်တွေလည်း ကြောက်ရသေးသည့်။ အထူးသဖြင့် မိုးတွင်းမှာ အဆိုးဆုံးဖြစ်သည်။ မိုးတွေလေတွေထဲမှာ ညကြီးအချိန်မတော် အိမ်ပြန်ရသည်။ အိမ်မှာ အိမ်ဖော်မကလေးရှိတုန်းကတော့ သူ့ကို ခေါ်သွားရသည်။ အိမ်ဖော်မလေး မရှိသည့် အခါတွင် ပင်စင်စား အဖေကြီးက လိုက်ပို့ရသည်။
"စလူရွက်" ထဲမှ ဆရာဝန်မလေးသည် နေ့လယ်တွင်လည်း ရွှေဘုံသာလမ်းက ဆေးခန်းတစ်ခန်းမှာ သွားထိုင်ပါသည်။ သူများဖွင့်ထားသည့် ဆေးတိုက်တွင် ကော်မရှင်စားဖြင့် ဝင်လုပ်ရခြင်းဖြစ်သည်။ အထူးကု ဆိုင်းဘုတ်တွေ ကြားထဲတွင် သူ့ဆိုင်းဘုတ်ကလေးသည် မျက်နှာငယ်နေသည်။ ညနေ အထူးကုဆရာဝန် ကြီးတွေ လာသည့်အခါ ဆေးခန်းတွင် လူတွေ တန်းစီနေသည်။ တိုကင်နံပါတ်ပြားတွေ အစောကြီး ယူကြ ရသည်။ သို့ရာတွင် နေ့လည်ပိုင်း သူ့အချိန်တွင် သူမဆေးခန်း၌ လူတစ်ယောက်မျှ မရှိ။ ကိုယ်ရယ်၊ ဆရာမရယ်၊ ခုတင်ကြီးရယ် ဒါပဲရှိသည်။
ကျွန်တော်သည် ဝင်းဝင်းလတ်၏ "စလူရွက်" ထဲမှ ဆေးကျောင်းဆင်းခါစ ဆရာဝန်မလေး၏ဘဝကို
ဖတ်ပြီး မောဟိုက်သွားသည်။
ကျွန်တော့်ဆွေမျိုးသားချင်းများ၊ ကျွန်တော့်အသိမိတ်ဆွေများထဲတွင် "စလူရွက်" ထဲက ဆရာဝန်မ လေးလို ဆေးကျောင်းဆင်းခါစ ဆေးခန်းဖွင့်နေသူတွေ အများကြီးရှိသည်။ သူတို့က သူတို့အခက်အခဲ၊ သူတို့ ပြဿနာကို ရင်ဖွင့်ကြသည်။ သို့ရာတွင် ဝင်းဝင်းလတ်၏ "စလူရွက်" ကို မဖတ်မီအထိ သူတို့ပြဿနာများကို အလေးအနက် မထားမိခဲ့ပါ။
ဝင်းဝင်းလတ်၏ "စလူရွက်" ကို ဖတ်ပြီးသည့်အခါတွင်မူ ကျွန်တော်သည် သူတို့ဘဝကို ပို၍စာနာ တတ်သွားပါသည်။
(၂)
ထို့နောက်မှ ကျွန်တော်သည် ဝင်းဝင်းလတ်၏ ဝတ္ထုတိုကလေးများကို ဖတ်ဖြစ်သွားသည်။ သို့ရာတွင် ဝင်းဝင်းလတ်သည် စာသိပ်ရေးဖြစ်ဟန်မတူ။ တစ်ခါတစ်ရံမှသာ ဖြတ်ရသည်။ လူချင်းမသိသဖြင့် ဘယ်ရောက် နေသည်ကိုလည်း သတိမထားမိ။ ရခိုင်ပြည်နယ် စစ်တွေမှာလိုလို သူ့သတင်းကို ဝိုးတိုးဝါးတားသာ ကျွန်တော် ကြားရသည်။ သူ့စာတွေကို မတွေ့သဖြင့် မိတ်ဆွေ အယ်ဒီတာများကို မေးရာမှ ဝိုးတိုးဝါးတား သိရခြင်း ဖြစ်သည်။ သူတို့ကိုယ်တိုင်ကလည်း သိပ်မသေချာ။
လွန်ခဲ့သည့် သုံးလေးနှစ်ကတော့ ကချင်ပြည်နယ်ကို စာဆိုတော်ဟောပြောပွဲ တာဝန်ဖြင့် ရောက်သွားသည်။ ဟိုပင်သို့ အရောက်တွင် ဟိုပင်ဆေးရုံအုပ်အဖြစ် ခေတ္တအမှုထမ်းနေသည့် ဝင်းဝင်းလတ်က ဟောပြောပွဲသို့လာပြီး ထမင်းစားဖိတ်သည်။ ဤညက မိုးညှင်းတွင် ရှိနေသည့် ဒေါက်တာစိုးထွဋ်က ဖိတ်ထား သဖြင့် ဟိုပင်တွင် ထမင်းစားချိန်မရ။ ထမင်းစားချိန် မရလျှင် လက်ဖက်ရည်သောက်သွားပါဟု ဖိတ်ပြန်သည်။ ကျွန်တော်တို့က အင်းတော်ကြီးမှအပြန် ညနေ ၆-နာရီလောက်တွင် ဝင်မည်ဟု ချိန်းခဲ့သည်။
သို့ရာတွင် ထုံးစံအတိုင်း ကျွန်တော်တို့သည် အချိန်မှန်ရောက်မသွားကြပါ။ ည ၈-နာရီလောက်မှ
ဟိုပင်သို့ ပြန်ရောက်ခဲ့ကြသည်။ ဆေးရုံဝင်းထဲကို ဝင်တော့ ဝင်းဝင်းလတ် မရှိတော့။ ကျွန်တော်တို့ကို ၂-နာရီခန့် စောင့်နေကြောင်း၊ ကျွန်တော်တို့အတွက် လက်ဆောင်ပစ္စည်းထားခဲ့ကြောင်းဖြင့် ဆေးရုံတွင် ကျန်ရစ်ခဲ့သည် ဆရာမများက ပြောပြသည်။
ကျွန်တော် ထိုခရီးအကြောင်းကို ရေးသည့် ဆောင်းပါးတစ်ပုဒ်ထဲတွင် ကျွန်တော်တို့ နောက်ကျ ရသည်ကို ခွင့်လွှတ်ပါရန် ဝင်းဝင်းလတ်အား တောင်းပန်ရသည်။ သူ့ကိုလည်း မတွေ့ခဲ့ရ။ သူ့စာများကိုလည်း သိပ်မဖတ်ရ။
မနှစ်ကတော့ "မဟေသီ" တွင် ဝင်းဝင်းလတ်၏အခန်းဆက်ဝတ္ထုရှည်ကို တွေ့လိုက်ရသဖြင့် ကျွန်တော် ဝမ်းသာသွားသည်။ သို့ရာတွင် ကောင်းကောင်းမဖတ်ဖြစ်ခဲ့ပါ။ အခန်းဆက်ဆိုတော့ ဖတ်ဖြစ်သည့်အခါရှိသလို မဖတ်ဖြစ်သည့်အခါတွေလည်း ရှိသည်။ စာအုပ်ထွက်မှ ဖတ်ဖြစ်တော့မယ်လေ။
သို့ရာတွင် ကျွန်တော်သည် စာအုပ်မထွက်မီ မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် မပြီးဆုံးမီ
ဝင်းဝင်းလတ်၏ "အချစ်၏ နောက်ဆက်တွဲစာမျက်နှာ" ကို ဖတ်ခွင့်ကြုံသည်။
(၃)
ဝင်းဝင်းလတ်၏ "အချစ်၏ နောက်ဆက်တွဲစာမျက်နှာ" သည် စစချင်း စာဖတ်သူကို ဆွဲခေါ်သွား၏။ သူ ဇာတ်လမ်းကို ဖွင့်ပုံက စိတ်ဝင်စားစရာ။ မြေလတ်မြို့ကလေးတစ်မြို့မှ ဆရာဝန်မချောချောကလေး ခင်ဦးနွယ် (ခွဲစိတ်မှုဆရာဝန်မကလေး)၏ ရုပ်ပုံလွှာ။ အသက်ငယ်ငယ်ကလေးဖြင့် တစ်ခုလပ်ဖြစ်ခဲ့ရသည်။ သူ့ခင်ပွန်းဟောင်းက ဒေါက်တာအောင်သူရ။ သူတို့နှစ်ဦး ဘာကြောင့်ကွဲကွာသွားရသလဲ။ နှစ်ယောက်စလုံး ဆရာဝန်တွေ၊ လူငယ်တွေ။ အသက် ၃၀-ကျော်တစ်ဝိုက်မှာသာ ရှိကြသေးသည်။ ဘယ်လောက် လွမ်းစရာ ကောင်းသနည်း။ သူတို့နှစ်ယောက်မှာ ချစ်စရာကောင်းသည့် စည်သူနှင့် ညီသူဆိုသည့် သားကလေးနှစ်ယောက်
ရှိသည်။ ဘယ်လောက် အဆင်ပြေတဲ့ဘဝလဲ။
သို့ရာတွင် ဝင်းဝင်းလတ်သည် သူ့ဝတ္ထုကို ပြဿနာနှင့်စဖွင့်လေသည်။ သူတို့နှစ်ယောက် ဘာကြောင့် ကွဲကွာသွားခဲ့ရသလဲ။ ဘယ်သူ့အပြစ်လဲ။ ခင်ဦးနွယ်အပြစ်လား၊ အောင်သူရအပြစ်လား။ အမေနှင့်အတူ လိုက်နေသည့် ကလေးတွေကကော သူတို့ကို စွန့်ပစ်သွားသည့်အဖေကို ဘာကြောင့် တွယ်တာနေရသေးသလဲ။
ဝင်းဝင်းလတ်သည် ခင်ဦးနွယ်၏ ပုဂ္ဂိုလ်ရေးရာဘ၀ တစ်စိတ်တစ်ပိုင်းကို ခပ်မြန်မြန် ပြည်ဖုံးကား ချပစ်လိုက်ပြီး သူ၏ လူမှုဆက်ဆံရေးဘဝ၊ သူ၏ လုပ်ငန်းခွင်ထဲသို့ စာဖတ်သူကို ခေါ်သွားသည်။ စာဖတ် ပရိသတ်မှာ ခင်ဦးနွယ်အကြောင်းကို သိချင်နေဆဲ။ ဘာမျှ ရေရေရာရာ မသိလိုက်ရဘဲ ခင်ဦးနွယ်၏ ဆေးရုံခန်း ထဲသို့ ရောက်သွားသဖြင့် စိတ်ပျက်သွားရသည်။ မချင့်မရဲဖြင့် လိုက်သွားခဲ့ရသည်။
သို့ရာတွင် ဝင်းဝင်းလတ်သည် စာဖတ်ပရိသတ်အာရုံကို နောက်ရှုခင်းများဖြင့် ဖမ်းစားထားလိုက်ဖြစ် ပါသည်။ သီရေတာထဲက လူနာဦးမြမောင်၊ လူကြီးလူကောင်းပီသသည့် ဆေးရုံအုပ်ကြီး ဦးအောင်မြင်၊ မနာလို၍ မထိတထိပြောတတ်သည့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာမူယာတင်၊ သဘောကောင်းသည့် သူနာပြု ဆရာမများ၊ ပြီးတော့ ယမကာလေး တမြမြနှင့် ဒေါက်တာယဉ်မျိုး၊ ပြီးတော့ လက်ထောက်ဆရာဝန် သက်ဇော်နိုင်။
ဝင်းဝင်းလတ်သည် လူ့စရိုက်ဖွဲ့ရာတွင် ပီပြင်သည်။ ဥပမာ ဒေါက်တာယဉ်မျိုး၏စရိုက် ဆိုပါတော့။ ဒေါက်တာယဉ်မျိုးက လူပျိုကြီး။ အရက်ကြိုက်သည်။ တစ်ဖက်သားကို အထင်သေး တတ်သည်။ အထူးသဖြင့် မိန်းမဆို ပို၍အထင်သေးသည်။
"မိန်းမဟာ မိန်းမပီသရမယ်။ မိန်းမပီရမယ်ဆိုတာ အတွေးတိမ်ရမယ်။ သဘောထား သေးသိမ်ရမယ်။ မာယာများရတယ်။ ကောက်ကျစ်ရမယ်။ စပ်စုရမယ်။ အတင်းအဖျင်ပြောရမယ်။ မိန်းမဖြစ်ပြီး သိပ်မြင့်မြတ်နေ ချင်လို့မရဘူး။ သိပ်ထူးချွန်ပြောင်မြောက်ချင်နေတာမျိုးက အမြင်မတော်ဘူး။ သူ့(ခင်ဦးနွယ်)မှာ မိန်းမပီသတာ ဆိုလို့ လှတာရယ်၊ သားတွေရဲ့အမေ ဖြစ်တာရယ် ဒါပဲရှိတယ်" (ဒေါက်တာယဉ်မျိုး)
သူ့အမြင်သည် နည်းနည်းတော့ ရုပ်ကြမ်းဆန်သည်။ သို့ရာတွင် ထိုအမြင်မျိုးသည် လက်တွေ့ကျ၍ နှလုံးသားအေးစက်သည့် ယောက်ျားများတွင် တွေ့ရတတ်သည့်အမြင်မျိုးဖြစ်သည်။
"ဝမ်းဗိုက်ထဲမှာ အူအတက်ဟာ အပိုပဲ။ လူကို ဒုက္ခပေးဖို့ စောင့်နေတာ။ ယောက်ျားတွေနဲ့ အတူတူပဲ"
(ခင်ဦးနွယ်)
ခင်ဦးနွယ်ကတော့ ယောက်ျားတွေကို စိတ်နာနာနှင့် ဆိုခဲ့သည်။ ဆေးကျောင်းတောင် မပြီးသေး။ ပထမနှစ်မှာ အောင်သူရနှင့် အိမ်ထောင်ကျခဲ့ပြီး ကွဲသွားခဲ့ကြသည်။ အောင်သူရက မေသန္တာဆိုသည့် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်သွားခဲ့သည်။ သူကလည်း ကွာရှင်းပေးခဲ့သည်။
သက်ဇော်နိုင်ကတော့ ခင်ဦးနွယ်ထက် ငယ်သည်။ ဒေါက်တာယဉ်မျိုးထက်လည်း ငယ်သည်။ စိတ်ကူး ယဉ်သည်။ ခင်ဦးနွယ်၏ မေတ္တာကို လိုချင်သည်။ ခင်ဦးနွယ်ကလည်း ရိပ်စားမိသည်။ သို့ရာတွင် ပြဿနာက မလွယ်ပါ။
သားနှစ်ယောက်ဖြစ်သည့် စည်သူတို့ ညီသူတို့က အမေ့ကို စိတ်မချနိုင်အောင် ဖြစ်ခဲ့ကြသည်။ သက်ဇော်နိုင်ကိုလည်း သံသယရှိကြသည်။ ဤတွင် ကလေးတွေနှင့် အမေ ပဋိပက္ခ၊ သားအကြီးနှင့် သက်ဇော်နိုင် ပဋိပက္ခ၊ သူတို့နှစ်ယောက်နှင့် ပတ်ဝန်းကျင်၏ ပဋိပက္ခတို့ တစ်ရစ်ပြီးတစ်ရစ် ပေါ်လာကြသည်။
စည်သူ ဆယ်တန်းဖြေအပြီးတွင်လား မသိ၊ လူရမ်းကားများနှင့် ရန်ဖြစ်သည်။ သက်ဇော်နိုင်က
ကလေးတွေကို ဝင်ကယ်သဖြင့် သက်ဇော်နိုင် ဓားထိုးခံရပြီး ခွဲစိတ်ကုသမှုလုပ်ရသည်။
ပြဿနာတွေ ယှက်လိမ်နေစဉ် သူတို့နှစ်ယောက် (သက်ဇော်နိုင်နှင့် ခင်ဦးနွယ်)တို့ လူနာရှင်တစ်ဦး၏
တိုင်ကြားချက်အရ ပေါ့လျော့မှုဖြင့် အထက်မှ စုံစမ်းစစ်ဆေးခြင်းခံရသည်။
ခင်ပွန်းဟောင်း ဦးအောင်သူရ အရောက်၊ သက်ဇော်နိုင် ဓားထိုးခံရပြီး ခွဲစိတ်ပြီးခါစ အချိန်၊
သားနှစ်ယောက် အမေ့ကို ဆန့်ကျင်ခဲ့မိသည့်အမှားအတွက် နောင်တ စသည်တို့သည် ဇာတ်လမ်း၏ အထွဋ် အထိပ်ပိုင်းဟု ခေါ်နိုင်သည်။
ဤအချိန်တွင် ခင်ဦးနွယ် မြစ်ကြီးနားသို့ ပြောင်းရတော့သည်။ သက်ဇော်နိုင်က သူ့နှလုံးသားကို တောင်းခံနေပြီ။ သူဘာလုပ်မလဲ၊ ငြင်းမလား။ သက်ဇော်နိုင်ကို မြေလတ်မြို့ကလေးက ဆေးရုံတွင် ထားပစ် ခဲ့ရမလား။
အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာဟာ အချစ်ပဲလား။ မေတ္တာတို့ သစ္စာတို့ သံယောဇဉ်တို့ မဖြစ်နိုင်
ဘူးလား။
ယင်းမှာ ဝင်းဝင်းလတ်၏ ဒဿနဖြစ်သည်။ သူ့ဝတ္ထု၏ ဒဿနဖြစ်သည်။
(၄)
ဝတ္ထုဟာ ဘာလဲ။ ဝတ္ထုတစ်ပုဒ်(ဝတ္ထုရေးဆရာ)က ဖြေရှင်းရသည့် ပြဿနာတွေဟာ ဘာလဲ။ ဇာတ်လမ်းကို ဘယ်လိုပြောမလဲ၊ ဝတ္ထုထဲက ဇာတ်ဆောင်တွေရဲ့ ဒဿနရှုထောင့်နဲ့ ဝတ္ထုရေးဆရာရဲ့ ဒဿန ရှုထောင့်ဆိုတာ ဘယ်အရာတွေလဲ။ ဝတ္ထု(သို့မဟုတ်) ဝတ္ထုရေးဆရာဟာ အချိန်ကာလကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ။ နေရာဒေသကိုကော ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။ ဝတ္ထုထဲက ဇာတ်ဆောင်တွေကို စရိုက် ပီပြင်အောင်၊ သရုပ်ပေါ်အောင် ဘယ်လိုရေးမလဲ။ ဒိုင်ယာလော့(အချီအချ စကားပြောခန်း)ရဲ့လုပ်ငန်းဟာ ဘာလဲ။ ဇာတ်လမ်းဇာတ်ကွက် ပြန်ပြောတဲ့နေရာမှာ ဒိုင်ယာလော့ကို ခွင်ကျအောင် ဘယ်လိုသွင်းထည့်မလဲ။
ယင်းမှာ ဝတ္ထု(ဝတ္ထုရေးဆရာ)က ရင်ဆိုင်နေရသော ပြဿနာများဖြစ်သည်။ ဝင်းဝင်းလတ်က ဒီလို ပြဿနာများကို အတတ်နိုင်ဆုံး ဖြေရှင်းသွားခဲ့သည်။
ကျွန်တော်သည် ဝင်းဝင်းလတ် ခေါ်သွားသော မြေလတ်မြို့ကလေးက ဆေးရုံသို့ ရောက်သွားကာ
အချစ်ကြောင့် နူးညံ့ရွှန်းမြနေသော သက်ဇော်နိုင်နဲ့ ခင်ဦးနွယ်တို့၏ မျက်နှာနုနုများကို မြင်ခဲ့ရသည်။
မြသန်းတင့်
.............................................................
ဆေးရုံခြံစည်းရိုး အပြင်ဘက်မှ မန်ကျည်းပင်အိုတန်းကို ခွဲစိတ်ခန်းမှ လှမ်းမြင်နေရသည်။ မန်ကျည်း တန်းမည်သော ထိုလမ်းကလေးတွင် မန်ကျည်းရွက်နုသစ်တွေဖြင့် စိမ်းနုနု အရိပ်ဝေလာစ။ ရွာတွေဆီမှ လှည်းတစ်စီးက တအိအိမောင်းနှင်ခိုက်ဖြစ်သည်။ မန်ကျည်းရွက်ဝါတွေက ထိုလှည်းပေါ်သို့ တဖွဲဖွဲနှင့် ေ<ကမဆုံး။ ဖုန်လုံးတွေက လှည်းနောက်မှ ပြေးလိုက်နေကြသည်။ မွန်းတည့်နေ့ ကျဲကျဲပူပြင်းနေ၏။ ကြည့်လေ
ရာရာ သွေ့ခြောက်တိတ်ဆိတ်နေခဲ့သည်။
လက်ဆေးကန်တွင် လက်ဆေးကြောရင်း ပြတင်းမှတစ်ဆင့် ငေးမောမိနေသည်။ စူးစိုက်ခဲ့ရသော အမြင်အာရုံကြောတွေကို အညောင်းဖြေ လျှော့ထားရင်း ပြင်ပအဝေးသို့ အကြည့်လွှင့်ထားမိသည်။ နွေနေ့လယ်က သည်နေ့တွင်မှ ပိုလို့ငြီးငွေ့ဖွယ်။ အထီးကျန်ဆန် ခြောက်သွေ့လှချည့်ကွယ်။
ခွဲစိတ်ခန်းထဲမှာတော့ တိတ်တိတ်ဆိတ်ဆိတ် မဟုတ်ခဲ့။ စောစောလေးကမှ ခွဲစိတ်မှုတစ်ခု ပြီးထား ခဲ့သည်။ ခွဲခန်းသုံး သံမဏိထည်ပစည္စ ်း သိမ်းဆည်းသံတွေက ဆူညံစွာထွက်ပေါ်နေခဲ့သည်။ ခွဲစိတ်ခန်း တာဝန်ခံ နော်အေမီရဲ့ မျက်နှာပြည့်ပြည့်ကြီး အလိုမကျရိပ်ထင်နေခဲ့မှာ မြင်ယောင်ကြည့်မိသည်။ ခွဲစိတ်ကုသမှု တစ်ခုကတော့ အောင်မြင်ပြီးဆုံးခဲ့ပြန်တာပဲ။ ပင့်သက်တစ်ရှိုက်နဲ့အတူ ခင်ဦးနွယ် တွေးညည်းမိသည်။ မျက်နှာသုတ်ပဝါပိုင်းကို ဖမ်းဆွဲယူ လက်သုတ်ကာ အလျင်စလို ဖြန့်လွှားတင်မိသည်။ ခွဲစိတ်ခန်းထဲမှ ထွက်လာမည့်သူ တစ်ဦးဦးနှင့်မှ ရင်မဆိုင်နေချင်ဘဲ ခွဲခန်းကို ကျောခိုင်းလို့ ခြေလှမ်းသွက်သွက်ထွက်ခဲ့မိ၏။ သံမဏိထည်ပစ္စည်း သိမ်းဆည်းဆူညံသံတွေက ခင်ဦးနွယ်ရဲ့နောက်ဘက်မှာ တဖြည်းဖြည်း ဝေးနေရစ်ခဲ့ပြီ။
........................။.................................................
Download>>PDF
No comments:
Post a Comment