လောကဇာတ်ခုံတွင် ကိုယ်တိုင် ပါဝင်ဆင်နွှဲခြင်းမရှိဘဲ ပွဲကြည့်ပရိသတ် တစ်ယောက်အဖြစ် ဘေးကနေ ထိုင်ကြည့်ဖူးပါသလား။
အငြိမ့်ပွဲ၊ ဇာတ်ပွဲတို့ကို ကြည့်သောအခါ ပါဝင်ကပြသူများနှင့် မင်းသားမင်းသမီးများ၊ လူကြမ်းများ စသည်တို့က လူတွေ ဖြစ်တတ်ပျက်တတ်သော ဖွယ်၊ ကြေကွဲလွမ်းဆွတ်ဖွယ်၊ သနားကြင်နာဖွယ်၊ ပျက်ရယ်ပြုဖွယ်များကို သဏ္ဌာန်လုပ် သရုပ်တူအောင် ကပြကြလေသည်။
ထိုအခါ ပွဲကြည့်ပရိသတ် တို့သည် သောသောညံအောင် ရယ်ကြ၊ မောကြ၊ မျက်ရည်ထွက်အောင် ငိုကြ ယိုကြ၊ ဒေါသအမျက်ထွက်လိုက်ကြနှင့် ခံစားမှု အမျိုးမျိုးနောက်ကို လိုက်ပါကြလေကုန်၏။ သို့သော် ထိုသူတို့သည် မိမိကိုယ်တိုင် လူ့ဘ၀ဇာတ်ခုံ တွင် အမျိုးမျိုးအဖုံဖုံ ပါဝင်ကပြနေကြသည့် အဖြစ်ကိုမူ မေ့လျော့၍နေကြလေသည်။
မိမိတို့ကိုယ်တိုင် အချိုးမကျ အမြီးအမောက်မတဲ့သည့် အဖြစ်တွေကိုမေ့ကာ သူတစ်ပါးကို ရယ်သွမ်းသွေးကြ၏။ မိမိတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရောက်နေသည့် အဖြစ်ကို သတိမထားမိဘဲ သူတစ်ပါးဒုက္ခကို ကြည့်ကာ ဝမ်းနည်းပက်လက် ဖြစ်နေကြ၏။
နောက်ဆုံး မိမိကိုယ်တိုင်က ကောက်ကျစ်ယုတ်မာကာ သူတစ်ပါးအပေါ် နှိပ်စက်ကလူ ပြုမူတတ်သူ ဖြစ်ပါလျက် လူကြမ်းက မင်းသားကို နှိပ်စက်နေပုံကို ကြည့်ကာ ဒေါသ တကြီး ဆဲရေးနေသူများပင် ရှိလေသည်။
တကယ်တော့ ထိုသူတွေ၏ အဖြစ်သည်သာ အလွန်တရာ ရယ်ဖွယ် ကောင်း၍ ရှေ့နောက်မညီသော မုန်းတီးရွံရှာဖွယ်ကောင်းလှသော အဖြစ် တွေပင်ဖြစ်လေတော့၏။
No comments:
Post a Comment